Thursday, June 26, 2008

ကြာသာပတေးသတင်းများ


ကချင်ပြည်နယ်တွင်း မူးယစ်ဆေးပျံ့နှံ့မှု စိုးရိမ်စရာ အခြေအနေ ရောက်နေ
26 June 2008
ဦးမိုးဇော်
ကချင်ပြည်နယ်အတွင်းက ကျောင်းသားလူငယ်တွေကြားမှာ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့
စိတ်ကြွဆေးပြား သုံးစွဲမှုတွေ များလာနေတဲ့အတွက် ဒီလိုသုံးစွဲမှုတွေကို အရေးယူ
နှိမ်နင်းပေးဖို့ ကချင်လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံ
တကာ မူးယစ်ဆေးဝါး တရားမ၀င် သုံးစွဲမှုနဲ့ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ
ကချင်ကျောင်းသားလူငယ်တွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး စာရွက်စာတမ်းတွေ
မြစ်ကြီးနားမြို့တွင်းမှာ လိုက်ကပ်ခဲ့ကြပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီ
အစဉ် ထိုင်းအခြေဆိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ကျောင်းသားအဖွဲ့တွေက ဒီနေ့မနက်မှာ မြစ်ကြီးနားမြို့အတွင်းက ဈေးနဲ့ တခြား
လူစည်ကားရာနေရာတွေမှာ မူးယစ်ဆေးဝါး အလိုမရှိဆိုတဲ့ စာရွက် ၂၀၀ လောက်
ကပ်ခဲ့တာဖြစ်ပါတယ်။ အခုလို စာကပ်ပြီး တိုက်တွန်းရတာဟာ ကချင်ပြည်နယ်အတွင်း
မှာ မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်မားလာနေလို့ လို့ ပြောပါတယ်။

“အခု ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီ မူးယစ်ဆေးဝါး အများကြီး ပျံ့နှံ့နေပြီလေ။
ရပ်ကွက်တိုင်းလိုလို၊ ရွာတိုင်းလိုလိုမှာ မူးယစ်ဆေးဝါး ရနိုင်တယ်။ ပြီးတော့ စာသင်
ခန်းတွေမှာကို ရနေပြီ။ ကျောင်းတွေမှာလည်း ရနေပြီ။ တက္ကသိုလ်ကျောင်းတွေ၊
ကောလိပ်ကျောင်းတွေမှာလည်း ရနေပြီ။ အဲဒါက အလားအလာမကောင်းဘူး။
နောင်အနာဂတ်အတွက်၊ တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်နယ်အတွက်က အလား
အလာမကောင်းလို့ ကျနော်တို့ အားလုံးသိဖို့အတွက် ကပ်ခြင်းဖြစ်တယ်။”
မြစ်ကြီးနားမြို့က ကချင်လူငယ်တယောက် ပြောသွားတာပါ။

ကချင်ပြည်နယ်အတွင်းမှာ အများဆုံးပျံ့နှံ့နေတာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ ယာဘခေါ်
စိတ်ကြွဆေးဖြစ်ပြီး ကျောင်းသားထုအတွင်းမှာတော့ ဘိန်းအရည်နဲ့ ချောင်းဆိုး
ပျောက်ဆေး ရောစပ်ထားတဲ့ ဖော်မြူလာလို့ခေါ်တဲ့ ဆေးတွေ အများဆုံးသုံးစွဲနေတာ
ဖြစ်ပါတယ်။

ဒီလို မူးယစ်ဆေးသုံးစွဲသူဦးရေ များပြားနေတဲ့အကြောင်းကို ကချင်ကျောင်းသား
လူငယ်က အခုလို ဆက်ပြောပါတယ်။

“အခုက လယ်လုပ်တဲ့သူလည်း ဘိန်းရှူနေကြပြီ၊ ကားမောင်းတဲ့သူလည်း ဘိန်းရှူနေတာ၊
နောက်ဆုံး ဆိုက်ကားနင်းတဲ့သူလည်း ဘိန်းရှူနေပြီလေ။ အခုက နေရာတကာလို
ဖြစ်နေတာ။ ကျောင်းသားထုထဲမှာလည်း ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းပြီးရင် တက္ကသိုလ်
ကျောင်းသားတွေ အားလုံးနီးနီးက ဒီ ယောက်ျားလေး ၅၀% က ဖော်မြူလာသောက်နေ
ကြတာ။ အစတုန်းက အပျော်ပေါ့လေ။ နောက်ဆုံးကျ စွဲကုန်တော့ ဒီ မသောက်နိုင်
တော့ ဘိန်းဖြူဘက်ကို ပြန်ကူးလာတာ။”

ဒီလို ဖော်မြူလာခေါ် မူးယစ်ဆေးသုံးစွဲမှုဟာ ကျောင်းသူတွေအကြားမှာပါ ပျံ့နှံ့နေတယ်၊
မူးယစ်ဆေးသုံးစွဲမှုဟာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ဘက်တွေက ကျေးရွာတွေမှာ
ဆိုရင် ပိုပြီးဆိုးတယ်လို့ အဲဒီဒေသကို သွားရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီး
တယောက်က ပြောပါတယ်။

“အခြေအနေကတော့ တော်တော်ဆိုးတယ်။ တအိမ်မှာဆိုရင် နှစ်ယောက်၊ တခါတလေ
သုံးယောက်အထိ သောက်တဲ့သူရှိတယ်။ ဘိန်းကလည်း ဒီလို အစားစားရှိတယ်။ ပထမ
ဆုံး ဘိန်းအမည်း သူတို့ ခပ်ပုံရှူကြတယ်။ ခပ်ပုံကတော့ နည်းနည်းဈေးကြီးတာပေါ့နော်။
ဈေးကြီးတော့ သူတို့ လုပ်အားခ မတတ်နိုင်ဘူးဆိုရင် မြန်မြန်လေး သူတို့ခံစားချက်
အာနိသင်ရဖို့အတွက်ကို ရှူကြတယ်။ ပိုသက်သာတာကတော့ ထိုးတာပေါ့။ နောက်ပိုင်း
ကျ သူတို့ ထိုးတဲ့အဆင့်ကို ရောက်သွားတယ်။

“ပထမအဆင့်က ဘိန်းမည်းရှူတယ်။ ဒုတိယအဆင့်က အဖြူ နံပါတ်ဖိုးကို မီးခိုးရိုက်ပြီးမှ
ရှူတယ်ပေါ့နော်။ နောက်ဆုံးအဆင့်ကတော့ သူတို့ ရေနဲ့တောင်မရောဘူး။ Drip ပိုက်ထဲ
ကို ဆေးမှုန့်ထည့်ပြီး သွေးကို စုတ်ယူပြီးမှ အဲဒီသွေးနဲ့ပဲ ရောလိုက်ပြီးတော့ ပြန်ထိုးလိုက်
တာပေါ့၊ အဲဒါ နောက်ဆုံးအဆင့်ပဲ။ ခုနက ပြောသလို တအိမ်မှာအနည်းဆုံးတယောက်
တော့ ရှိတယ်။ နှစ်ယောက်မဟုတ်ရင် သုံးယောက်ပေါ့၊ အဲလိုမျိုး ရွာသားတွေပြောတာ
ကတော့ အိမ်တိုင်းလိုလိုမှာ ရှိတယ်တဲ့။ မရှိတာက ဘာသာရေးဆရာအိမ်လောက်ပဲ မရှိ
ဘူးတဲ့။”

ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်တဲ့ ဒေသကတော့ ဖားကန့်
က ကျောက်စိမ်းတူးဖော်တဲ့ မှော်တွေပဲဖြစ်ပါတယ်။ အဲဒီဒေသမှာကတော့ သက်ဆိုင်ရာ
အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ဘိန်းနဲ့ ယာဘခေါ် စိတ်ကြွဆေးတွေကို ကျယ်ကျယ်
ပြန့်ပြန့် ရောင်းဝယ်နေကြပါတယ်။ မြင်းဆေးခေါ် ယာဘက တပြားကို ကျပ်ငွေ ၈,၀၀၀
လောက်ရှိပြီး ဂေါ်လီလုံးအရွယ် ဘိန်းမည်းတလုံးက ၁,၀၀၀ လောက်နဲ့ ဘိန်းဖြူကတော့
တခါရှူလောက်ရုံကို လေး-ငါးထောင်လောက် ဈေးပေါက်နေတယ်လို့ ဒေသခံတယောက်
က ပြောပါတယ်။

ဖားကန့်ဒေသက ရောင်းအားကောင်းတဲ့ မူးယစ်ဆေးရောင်းသူတဦးဟာ တရက်ကို
သိန်း ၈၀ ကျော်လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ရောင်းအားက တရက်ကို အရောင်းရဆုံးသူဆိုရင် တရက်ကို သိန်း ၈၀-၁၀၀ကြားမှာ
ရှိတယ်လို့တောင် ပြောသံကြားတာကြီးကို။ ဟို မြင်းဆေးတို့ ဘာတို့ ရောင်းတာ မပါ
သေးဘူး။ ခပ်ပုံအဆင့်လောက် ရောင်းတာတောင်မှ သိန်း ၆၀-၇၀-၈၀-၁၀၀ ရှိတယ်လို့
ပြောတာကိုး။ ကျနော်တို့ဒေသက မှော်များတာဆိုတော့ မြို့ပေါ်တော့ မရှိဘူးပေါ့၊
မှော်ကြိုမှော်ကြားမှာပဲပေါ့။ ရှရော်ခါးတို့ မနတို့ ဖားကန့်မြို့အထွက်တို့ ဆိပ်မူရဲ့ ရွာ
အထွက်တွေတို့ အဲလို ရွာအပြင်ဘက်တွေမှာ သွားလုပ်ကြတာလေ။”

ကချင်ပြည်နယ်အတွင်းမှာ ဒီလို မူးယစ်ဆေးသုံးစွဲတာ မြင့်တက်လာတာနဲ့အတူ အိတ်ခ်ျ
အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားနှုန်းကလည်း တိုးမြင့်လာနေတယ်လို့ မူးယစ်
ဆေးသုံးစွဲတာကို ဆန့်ကျင်တဲ့ ကချင်ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။

အခုအခါ ကချင်ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ များပြားလာနေပြီး ဘိန်း
စိုက်တာကို မြန်မာစစ်တပ်နဲ့ အပစ်ရပ် ကချင်အဖွဲ့ဝင်တချို့က အခွန်ကောက်ယူပြီး
ခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သားနဲ့
စီးပွားရေးလုပ်ငန်းရှင်တဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး
ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င်
ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ
စေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး
ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒီဆယ်စုနှစ်အတွင်းမှာ ဘိန်းစိုက်ဧရိယာ ဟက်တာ
၁၄၀,၀၀၀ ကနေ ၂၇,၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ ၂၀၀၆
ခုနှစ်နဲ့နှိုင်းစာရင် ၂၀၀၇ ခုနှစ်အကုန်မှာ ဘိန်းစိုက်ဧရိယာ ၂၉% ပြန်လည်တိုးမြင့်
လာပြီး ထုတ်လုပ်မှု ၄၆% မြင့်တက်လာတယ်လို့ အစီရင်ခံထားပါတယ်။




ဧရာဝတီကို ကူညီခွင့်မရသည့် ပြင်သစ် ဆက်သွယ်ရေးအဖွဲ့ မြန်မာပြည်က ထွက်ခွာ
26 June 2008
ဦးကျော်ကျော်သိန်း -
နိုင်ငံတကာက သဘာဝဘေးအန္တရာယ်သင့် ဒေသတွေမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာ
အထောက်အကူပြုပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံ
က မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားပြီး လုပ်ဆောင်ခွင့်မရတဲ့
အတွက် မြန်မာနိုင်ငံကနေ ပြန်ထွက်လိုက်ရပါပြီ။ သူတို့သာ ကူညီလုပ်ဆောင်ခွင့်ရမယ်
ဆိုရင် ကူညီကယ်ဆယ်ရေးတွေမှာ ပိုပြီးတော့ မြန်မြန်ဆန်လုပ်နိုင်မှာပါလို့ ကိုယ်တိုင်
ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

နိုင်ငံတွင်းမှာ ၁၅ ရက်ကြာ ရောက်နေခဲ့ပြီးတဲ့နောက် မတူထူးခြားတဲ့ အခြေအနေတခုနဲ့
ကြုံတွေ့ခဲ့ရပြီးချိန်မှာ ပြန်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်
နယ်စည်းမခြား ဆက်သွယ်ရေးအဖွဲ့ (TSF) ရဲ့ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ
ထားပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ သွားရောက်လုပ်ဆောင်ခွင့်ပြုဖို့ TSF က
ခွင့်ပြုမိန့်တောင်းခံတာ မရခဲ့ဘဲ ရန်ကုန်မှာပဲ ရပ်တန့်နေခဲ့ရပြီးတဲ့နောက် အဖွဲ့ဝင်တွေ
ဟာ သူတို့ရဲ့ အခြေစိုက်ရုံးတွေဆီ ပြန်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မြစ်ဝကျွန်းပေါ်
ဒေသဆီ သွားရောက်လုပ်ကိုင်ခွင့်ပြုပြီး TSF ကို သွားခွင့်မပြုတာဟာ သူတို့အဖွဲ့ရဲ့
ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ကိုင်ရတဲ့ သဘောသဘာဝကြောင့်
ဖြစ်တယ်လို့ မြန်မာနိုင်ငံသွားခဲ့တဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ TSF ရဲ့ ဘန်ကောက်
အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာ ဆိုင်မွန်
(Simon) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သတင်းဆက်သွယ်ရေးအပေါ် စိုးရိမ်စိတ်၊ မယုံကြည်စိတ်၊ သံသယစိတ် ရှိတယ်ဆိုတာ
ကို သိထားတဲ့အတွက် ဒီအချက်က ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ဟာ
တကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့
ကျနော်တို့ ကြိုးစားကြည့်တာပါ။ ကျနော်တို့အလုပ်ရဲ့ သဘောသဘာဝကိုက သိပ်ကို
အထိမခံတဲ့ကိစ္စ ဖြစ်နေတာကြောင့် အခုလိုခွင့်မပြုတာလို့ ကျနော်တော့ ယုံကြည်ပါ
တယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် TSF အဖွဲ့ဝင်လေးဦးပါ အဖွဲ့တဖွဲ့ကို
မြန်မာနိုင်ငံစေလွှတ်ဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခဲ့ပါ
တယ်။ ဒါပေမယ့် သံရုံးက ဘာမှ အကြောင်းပြန်ကြားခြင်းမရှိဘဲ တလကြာမြင့်ပြီးတဲ့
နောက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်လျှောက်ဖို့ ဆုံးဖြတ်ပြီး
စွန့်စားသွားရောက်ခဲ့တာပါလို့ ဆိုင်မွန်က ပြောပါတယ်။

ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ ဆက်သွယ်ရေးပစ္စည်း ကိရိယာတွေကို ယူဆောင်
မသွားဘဲ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုဖို့ လူပုဂ္ဂိုလ်တွေချည်းပဲ သွားခဲ့ကြတာပါ။
ရန်ကုန်ကို ရောက်ခဲ့ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုဖို့ မြန်မာအာဏာ
ပိုင်တွေဆီမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့
တာကြောင့် ပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူတို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အကူအညီပစ္စည်းတွေကို လျှင်လျှင်မြန်မြန်နဲ့
အချိန်မီပေးပို့နိုင်ရေးမှာ အကျိုးဖြစ်စေမှာပါလို့ ဆိုင်မွန်က ပြောပါတယ်။

“ကျနော်တို့ အဲဒီမှာရှိနေမယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်
တုံ့ပြန်လုပ်ဆောင်နိုင်မှုဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
ဆက်သွယ်ရေးပြဿနာကို သိထားပြီး ဒါဟာ စနစ်ကို နှေးကွေးစေပါတယ်။ ဒီစခန်း
အတွက် အစားအစာတွေ လိုနေပြီဆိုတာကို ပြောဖို့ သုံးရက်ကြာနိုင်ပါတယ်။ ဒါဟာ
ပြဿနာပါ။ တကယ်လို့သာ စနစ်ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ ရှိမယ်ဆိုရင်
လိုအပ်တာကို ချက်ချင်း သတင်းပို့ တောင်းခံနိုင်ပြီး မြန်မြန်ဆန်ဆန် ရောက်လာမှာမို့
ပိုပြီးတော့ မြန်မြန်လုပ်ကိုင်နိုင်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။

TSF အဖွဲ့ဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်လုပ်ကိုင်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်က သဘာဝ
ဘေးအန္တရာယ်သင့်တဲ့ ဒေသတွေမှာ အရေးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေး
တဲ့အဖွဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေး
လုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလ
သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်
ပေးပါတယ်။

အကူအညီလိုအပ်နေသူတွေ အနီးဆုံးမှာရှိနေတာကို သိလျက်နဲ့ မကူညီနိုင်တာဟာ
စိတ်ပျက်စရာပါပဲလို့ ဆိုင်မွန်က ဆိုပါတယ်။

“အကူအညီ လိုအပ်နေသူတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတာကို သိထားပြီး ဒုက္ခရောက်
နေတာကို လျော့ပါးအောင် လုပ်ဆောင်မပေးနိုင်တာကြောင့် စိတ်ပျက်လက်ပျက်
ဖြစ်ရတာကတော့ အသေအချာပါပဲဗျာ။ သတင်းဆက်သွယ်ရေးဟာ အသက်တွေကို
ကယ်တင်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းက အရေးပေါ်အခြေ
အနေဖြစ်တဲ့ ဒေသ ၁၅ ခုလောက်ဆီ ကျနော် သွားဖူးပါတယ်။ အခုလို ဟန့်တားခံရပြီး
အလုပ်မလုပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ ဒါ ပထမဆုံးပါပဲ။” လို့ TSF ရဲ့ အာရှ-ပစိဖိတ်
ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာဆိုင်မွန်က ပြောပါတယ်။

TSF အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အခုလို အရေးပေါ်အခြေအနေ လုပ်ငန်းတွေကို
လုပ်ဆောင်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ
နိုင်ငံနဲ့ သိပ်မကြာသေးခင်ကဆိုရင် ဖေဖော်ဝါရီလက ရေကြီးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံတွေ
မှာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။




မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသိသိသာသာ လျော့နည်းလာ
Xinhua/ ၂၆ ဇွန် ၂၀၀၈
ပြီးခဲ့သည့် (၁၀) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် (၁၄၀,၀၀၀) ဟက်တာမှ (၂၇,၇၀၀) ဟက်တာအထိ သိသိသာသာကြီး ထိုးကျသွားသည့်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ကျေးဇူးတင်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ယနေ့ ပြောကြားသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ သ၀ဏ်လွှာတွင် မူးယစ်
ဆေးဝါးသုံးစွဲသူ အရေအတွက်သည်လည်း ၂၀၀၅ ခုတွင် (၆၁,၄၅၅) ဦးရှိခဲ့ရာမှ ၂၀၀၈ ခု
ဇန်န၀ါရီတွင် (၅၄,၇၀၉) ဦးအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုများ အောင်မြင်လာရခြင်းမှာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ် စသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုပြီး ဒေသတွင်းရှိ နိုင်ငံများနှင့် သဘောတူစာချုပ်များချုပ်ဆိုကာ နိုင်ငံဖြတ်ကျော်၍ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

၁၉၉၉-၂၀၀၀ မှ စတင်သည့် မူးယစ်ဆေးဝါး ချေမှုန်းရေးစီမံချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး ကင်းမဲ့သည့် အ၀န်းအ၀ိုင်းတခု ဖန်တီးရန်အတွက် မြန်မာနိုင်ငံတွင် မွေးမြူရေး၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ ဆေးဝါးကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် သတိပေးအစီ အစဉ်များကိုလည်း ပြုလုပ်ကြောင်း ၎င်းက ပြောသည်။

ထိုသို့အားထုတ်မှု၏ တစိတ်တဒေသအနေနှင့် ဆေးကုသဌာနကြီး (၂၆) ခု၊ ဆေးကုသဌာနငယ် (၄၀) ခုတို့ကို ထူထောင်ပေးထားပြီး နိုင်ငံတ၀န်းတွင် ပြန်လည်ထူထောင်ရေးစခန်း (၇) ခု ဖွင့်လှစ် ထားကာ ၎င်းအနက် (၃) ခုမှာ ရန်ကုန်မြို့တွင် ရှိသည်ဟု ဆိုသည်။

၂၀၀၈ ခုအတွက် ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် “မူးယစ်ဆေး လွှမ်းမိုးစိုးမိုးနေရင် မင်းဘဝ၊ မင်းမိသားစု၊ မင်းပတ်ဝန်းကျင် မလုံခြုံပါ” ဆိုသည့် ဆောင်ပုဒ်နှင့်ညီရန် မူးယစ်ကင်းစင်နယ်မြေ ဖြစ်ရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးက တောင်းဆိုထားသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ချေမှုန်းရေး နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ညနေတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ ။

စားဝတ်နေရေးကြပ်တည်း၍ စစ်တွေမြို့က မိသားစုတစု သေကြောင်းကြံ
ကိုစိုး ဇွန် ၂၆၊ ၂၀၀၈
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင် စားဝတ်နေရေး အကြပ်အတည်းကြောင့် မိသားစု ၃ ဦး သေကြောင်း ကြံစည်သွားကြကြောင်း သိရသည်။

အဆိုပါ မင်းဂံ ရပ်ကွက်နေ ကိုမောင်မောင်စိုး အသက် ၃၈ နှစ် သည် နေ့စဉ် အိမ်စရိတ်ကို ဆိုက်ကား နင်း၍ ဖြေရှင်းနေရာမှ ယခုလ ၁၈ ရက်က စားဝတ်နေရေး အခက်အခဲကြောင့် ၎င်းနှင့်အတူ အသက် ၇ နှစ် အရွယ် သားအငယ်နှင့် ၈ နှစ်အရွယ် သမီးအကြီးတို့ သေကြောင်း ကြံစည်သွားခြင်းဖြစ်သည်ဟု စစ်တွေရှိ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

“ကလေးတွေအမေကလည်း ဆုံးသွားပြီ၊ သူကဆိုက်ကားနင်းတယ်၊ အဲဒါ စည်ပင်က လိုင်စင်ကြေးတောင်းတာတွေ အဖမ်း အဆီးတွေနဲ့ဆိုတော့ အလုပ်က ဘယ်လိုမှ အဆင်မပြေဘူး၊ သူကလည်း သူ့စိတ်ကို မထိန်းသိမ်းနိုင်ဘူး၊ နေ့လယ် ထမင်း စားတဲ့ အချိန် ပိုးသတ်ဆေးကို ကလေးတွေ အရင်ကြွေးလိုက်ပြီးနောက် သူလည်း စားပြီး သေကြောင်းကြံသွားတာပဲ၊ အရင်က အဲဒါမျိုးမရှိဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောပြသည်။

မင်းဂံ ရပ်ကွက်သည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်ရှိပြီး ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နေရာဟောင်းနှင့် နီးသည်ဟု ဆိုသည်။

စစ်တွေမြို့တွင် ဆိုက်ကားတစီးအတွက် စည်ပင်သာယာမှ တနှစ် လိုင်စင်ကြေး ကျပ် ၂ သောင်း ခန့် ကောက်ခံ ကြောင်း၊ ယခုအခါ စည်ပင်သာယာမှ မော်တော်ဆိုင်ကယ် အငှားလိုက်သူများကိုလည်း ခွင့်ပြုထားကြောင်း၊ ဆိုက်ကားနင်းသူများမှာ တရက်လျင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ဝန်းကျင်သာ ဝင်ငွေရရှိပြီး လူ တဦး၏ တနေ့ စရိတ်မှာ ဖျမ်းမျှ ကျပ် ၂၀၀၀ ခန့်ရှိရာ ဆိုက်ကားနင်း၍ ဝင်ငွေ ရှာသူ အများစုမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြကြောင်း စစ်တွေ ဒေသခံ တဦးက ပြောသည်။

“လူတယောက် ဆိုင်မှာ ထမင်းဝယ်စားမယ်ဆိုရင် တနပ်ကို အနိမ့်ဆုံး ကျပ် ၆၀၀ လောက်ကုန်တယ်၊ စစ်တွေမှာ အများစုက ပုဂ္ဂလိက ကိုယ်ထူကိုယ်ထ စီးပွားရေး လုပ်ကြတာများတယ်၊ ဒါပေမယ့် အခု လက်ရှိ အခြေအနေအရ စီးပွားရေး အဆင် မပြေသူက များပါတယ်၊ ဝန်ထမ်းက အနည်းစု ဖြစ်ပေမယ့် သူတို့က အဆင်ပြေတာများတယ်” ဟု ၎င်းက ဆိုသည်။

နောက်ဆုံး သတင်းအရ အဆိုပါအခင်းဖြစ်ပွားချိန်တွင် သေမှု သေခင်းနှင့် ပတ်သက်၍ ဒေသခံအာဏာပိုင်များနှင့် ရဲအဖွဲ့က တစုံတရာ စုံစမ်းမေးမြန်းအရေးယူခြင်း မရှိခဲ့ဘဲ ယခုရက်ပိုင်းတွင်မှ ရပ်ကွက်က တာဝန်ယူသင်္ဂြီုဟ်ပေး ထားသော မိသားစု ၃ ဦး ၏ အလောင်းများကို ပြန်လည်တူးဖော် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။


အကူအညီ အညံ့များနှင့် ဒုက္ခသည်လယ်သမားများ
ဆူးသစ် / ကွမ်းခြံကုန်း ဇွန် ၂၆၊ ၂၀၀၈
နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်ရှိ လေဘေး ဒုက္ခသည်လယ်သမားများ လယ်ယာ ထွန်ယက် စိုက်ပျိုးရန်အတွက် အစိုးရက အကြွေးစနစ်ဖြင့် ရောင်းချပေးသည့် မျိုးစပါးမှာ အညံ့များဖြစ်နေကာ စက်သုံး ဆီမှာလည်း အဆင်ပြေစွာမရရှိသောကြောင့် စပါးစိုက်ပျိုးရန်အခက်အခဲဖြစ်နေပြီး စပါးအထွက်နှုန်းလည်း မကောင်းနိုင် ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်ရှိ ရွာတချို့တွင် အာဏာပိုင်များက စတင်ပေးနေသော မျိုးစပါးများမှာ လူတိုင်းစေ့ မရကြသော်လည်း အညံ့အဖျင်းများဖြစ်နေပြီး အချိန်အတွယ်လည်း လျော့ကျသွားကြောင်း ဒေသခံ လယ်သမား ကိုဌေးကျော်က ပြောသည်။
“ကျနော်ပိုင်တဲ့ လယ် ၁၅ ဧက အတွက် မယက က ပေးတဲ့ မျိုးစပါး ၂ တင်းကို ပြာလိုက်တော့ ၁ တင်း ခွဲ ပဲ ကျန်တော့ တယ်၊ စပါးတွေက အဖျင်းတွေ၊ ပေးတဲ့မျိုးတွေကလည်းမျိုးအတွက် သီသန့်ဖယ်ထားတဲ့စပါးတွေမဟုတ်ဘဲ ရိုးရိုးစပါး တွေ၊ အထွက်နှုန်း မကောင်းနိုင်ဘူး၊ မျိုးစပါးတွေက စပါးပေါ်ရင်ပြန်ပေးရမယ်၊ လယ်သမားတချို့ကတော့ စိုက်ဖို့ ထွန် ယက်ပြင်ဆင်နေကြပါတယ်”ဟု ၎င်း ကပြောပြသည်။

ကိုဌေးကျော်သည် ကွမ်းခြံကုန်းမြို့နှင့် ၃ မိုင်အကွာရှိ ရွာတရွာမှ လယ်သမား တဦး ဖြစ်သည်။

မျိုးစပါးနှင့် ပတ်သက်ပြီး ကွမ်းခြံကုန်း မြို့နယ် ဆူးကလပ်ရွာသားတဦးကလည်း“မျိုးဆိုတာ အရင်းသားတွေချည်းပဲ အခြောက်ခံထားတာ။ ပင်တိုပင်ရှည် ညီအောင်ညှိထားတာ။ အခင်းညီမှမျိုးကောင်းတာ။ မျိုးကညီမှ သန့်မှ စပါး အထွက် ကောင်းမှာ။ အခုဟာက စားဖို့ထဲကပေးနေတာ။ အဖျင်းတွေပဲထွက်လာမှာပဲ”ဟု ရှင်းပြသည်။

မုန်တိုင်းသင့်ဒေသများကို မျိုးစပါးများပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက တခြားဒေသရှိ လယ်သမားများဆီမှ တောင်းခံခြင်းများရှိသည်ဟုလည်း ပဲခူးတိုင်း ဘုရားကြီးကျေးရွာအုပ်စုမှ လယ်သမား ကိုမင်းထွန်း ကပြောဆိုသည်။

“လယ်သမားတဦးကို စပါးတတင်းပေးရတယ်။ ရွာတရွာကို နွား ငါးရှဉ်း ပေးရတယ်”ဟု ၎င်းက ပြောသည်။

စိုက်ပျိုးထွန်ယက်ရန် လယ်ယာသုံးစက်ကိရိယာနှင့်စက်သုံးဆီများကို သက်ဆိုင်ရာကထောက်ပံ့ပေးမည်ဟု ဆို သော်လည်း ယနေ့အချိန်ထိ အဆင်ပြေစွာမရရှိကြသေးကြောင်းလည်း ကွမ်းခြံကုန်းမှ လယ်သမားများကပြောသည်။

“စက်တွေကလည်း အလကားပေးမှာမဟုတ်ဘူး အကြွေးနဲ့ရောင်းတာ။ လယ်ထွန်စက်တစီးကို ကျပ် ၁၅ သိန်းခွဲကို သုံးနှစ် သုံးရစ် စနစ်နဲ့ရောင်းပေးတာပါ။ ထွန်ယက်ဖို့အတွက် စက်သုံးဆီ တဂါလန်ကို၂၅၀၀ ကျပ်နဲ့ရောင်းပေးပေမယ့် ရွာလူကြီး တွေကရောင်းတဲ့အချိန်မှာ ရွာသားတွေကိုအသိမပေးတာကြောင့် နီးစပ်တဲ့လူတွေပဲ ရကြတယ်၊ ရှိတဲ့လယ် ဧက ထက်ပိုပြော ပြီးထုတ်သွားကြတာကြောင့်လည်း နောက်လူ တွေ မရကြဘူး”ဟု ကိုဌေးကျော်က ပြောသည်။

စိုက်ပျိုးစရိတ် ချေးငွေကိုမူ လယ်တဧက လျှင် ယခင် ကျပ် ၇၀၀၀ နှုန်း ပေးရာမှ ယခုနှစ် ကျပ် ၈၀၀၀ ပေးကြောင်း၊ သို့သော် ၅ ဧက အောက်မပေးကြောင်း၊ ၁၀ ဧက အထက်ဆိုလျှင်လည်း ၁၀ ဧက အတွက်သာပေးကြောင်းနှင့် ရွာတိုင်းကို ပေးခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

နေထိုင်ရာရွာနှင့် လုပ်ကိုင်သောလယ်ရှိသည့်ရွာ တနေရာစီဖြစ်နေသော လယ်သမားများမှာ မည်သည့် ဘက်က အကူအညီ ပေးမည်ကို မသိရှိရကြောင်းနှင့် ယခုအချိန်အထိ အကူအညီမရရှိသေးသည့် အတွက် လယ်ယာ စိုက်ပျိုး ရေးပြန်လည် လုပ်ကိုင်ရန် မလွယ်ကူဟု ကွမ်းခြံကုန်းမြို့နယ် ကျောင်းစုကျေးရွာရှိ လယ် ၁၁ ဧက ကို လုပ်ကိုင်နေပြီး တောကျောင်း ကျေးရွာတွင် နေထိုင်သူ လယ်သမား တဦးကပြောသည်။

သဘာဝဘေးဒဏ်သင့် ဒေသ ၅ ခုကမှ လယ်ဧက ၃.၂ သန်း (၁.၃ ဟက်တာ) အနက် မုန်တိုင်းကြောင့် ၆၀ ရာခိုင်နှုန်း ထိခိုက်မှုရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း၊ လယ်ယာသုံးကိရိယာများ အချိန်မီထောက်ပံ့မပေးနိုင်ပါက ငတ်မွတ် ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုများ ရေရှည်တွင် ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ပြောကြောင်း ရိုက်တာ သတင်း တပုဒ်တွင် ဖော်ပြထားသည်။


မုန်တိုင်းမိဒေသများမှ ကျွဲ နွားများ ခွာနာလျှာနာ ရောဂါ ဆိုးရွားစွာခံစားနေရ
ကြည်ဝေ ဇွန် ၂၆၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ ကျွဲ၊ နွားများတွင် ခွာနာ လျှာနာရောဂါများ ကူးစက်ဖြစ်ပွားလျှက်ရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဋ္ဌာန၊ မွေးမြူရေး နှင့်ကုသရေး ဦးစီး ဋ္ဌာနမှ စုံစမ်းသိရှိရသည်။
မုန်တိုင်းဒဏ်ကြောင့် သေဆုံးမှုမရှိဘဲ ကျန်ရစ်ခဲ့သော ကျွဲနွားများ၏ သုံးပုံ ၂ ပုံခန့်မှာ ယခုအခါ ခွာနာလျှာနာ ရောဂါ များဖြစ်ပွားလျက်ရှိပြီး ၎င်းရောဂါသည် မိုးရာသီတွင် ဖြစ်ပွားတတ်သော်လည်း ယခုနှစ်တွင် နှစ်နှစ်ဆယ် ကာလအတွင်း ဖြစ်ပွားနှုန်း အများဆုံးဖြစ်နေကြောင်း အဆိုပါ ဋ္ဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန် တဦးက ပြောပြသည်။

မုန်တိုင်းသင့်ဒေသများမှ ရောဂါဖြစ်ပွား လျက်ရှိသော ကျွဲနွားများမှာ ပါးစပ်မှ အမြှုပ်တစီစီထွက်ခြင်း၊ လျှာနာပြီး အစာ မစားနိုင်တော့ခြင်းနှင့် လမ်းမလျှောက် နိုင်တော့ခြင်းများဖြစ်ကာ တချို့မှာ တနေ့တခြား ရောဂါပြင်းထန်လာ ကြောင်း သိရှိရသည်။

ခွာနာ လျှာနာရောဂါသည် ကျွဲ၊ နွား၊ သိုး၊ ၀က်၊ ဆိတ် စသည့် သတ္တ၀ါတို့တွင် ဖြစ်ပွားတတ်သော ကူးစက် ရောဂါတမျိုးဖြစ်ပြီး ရောဂါ ကူးစက်ပျံ့နှံလွယ်ကာ သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ၈၀ ခန့် ရှိကြောင်း အဆိုပါ ဆရာဝန်က ဆိုသည်။

“နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ခဲ့တဲ့ ကျွဲတွေ၊ နွားတွေကို လယ်ထဲမှာ ပြန်ခိုင်းလို့မရ သေးပါဘူး။ တချို့ နွားတွေ ဆိုရင် စားကျက်မှာ လွှတ်ထားရုံနဲ့တင် သေသွားတာမျိုးတွေ ရှိတယ်။ သူတို့တွေလည်း လူတွေလိုပါပဲ ပြန်အလုပ်လုပ်နိုင်ဖို့ အချိန်လိုပါတယ်” ဟု အင်းစိန် ရုံးချုပ်မှ တိရိစ္ဆာန်ဆေးကု ဆရာဝန်တဦးက သုံးသပ်သည်။

အဆိုပါ ရောဂါဖြစ်ပွားလျှက်ရှိသော ဒေသများရှိ ကျွဲနွားများတွင်တွေ့ရသော ခွာနာ လျှာနာပိုးမှာ ဗိုင်းရပ်စ် အို အမျိုးအစား ဖြစ်ပြီး အခြားတိရစ္ဆာန်များသို့ အလွယ်တကူ ကူးစက်နိုင်သော ရောဂါဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက် အရ သိရသည်။

ခွာနာလျှာနာရောဂါ၏ သဘာဝအရ မိုးတွင်းကာလတွင် ဖြစ်ပွားပြီး တံတွေး၊ ဆီး၊ ၀မ်း၊ သွေးနှင့် နို့ရည်တို့မှတဆင့် ကူးစက် နိုင်သကဲ့သို့ လေနှင့် စားကျက်များမှ တဆင့်လည်း ကူးစက် နိုင်ကြောင်း သိရှိရသည်။ ရောဂါဖြစ်ပွားပြီး သေဆုံးသွားသော တိရိစ္ဆာန်တို့၏ အသားကို စားမိသူများ၊ ကိုင်တွယ်မိသူများ အနေနှင့်လည်း ရောဂါ ကူးစက်နိုင်သည်ဟု တိရိစ္ဆာန် ဆေးကု ဆရာဝန်က ပြောပြသည်။

မုန်တိုင်းသင့်ဒေသများတွင် အသက်သေဆုံးခြင်းမရှိဘဲ ကျန်ရစ်ခဲ့သော ကျွဲ၊နွားများကို မိုးစပါးအမီ စိုက်ပျိုးနိုင်ရေး အတွက် လယ်ယာလုပ်ငန်းခွင်တွင် အတင်းစေခိုင်းခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် အဆိုပါ ကျွဲနွားများသည် ခုခံအားနည်းလျက်ရှိ သောကြောင့် ရောဂါအလွယ်တကူ ၀င်ရောက်ရခြင်းဖြစ်ကြောင်း တိရိစ္ဆာန်ဆေးကု ဆရာဝန်များ အသိုင်းအ၀န်းမှ ကြားသိရသည်။

မြန်မာအစိုးရသည် မိုးစပါးအမီစိုက်ပျိုးနိုင်ရေးအတွက် ဒေသတချို့မှ လေဘေးဒုက္ခသည်များကို လုပ်ငန်းခွင် ၀င်ရောက် စိုက်ပျိုးရန် တွန်းအားပေးလျက် ရှိပြီး ခိုင်းနွား နှင့် ကျွဲများ ကိုလည်း လုပ်ငန်းခွင်အတွင်း စတင်ခိုင်းစေလျက်ရှိကြောင်း သိရှိရသည်။

ခွာနာလျှာနာရောဂါ ဖြစ်ပွား ပျံ့နှံလျက်ရှိသော မြို့နယ်များမှာ ဧရာဝတီတိုင်းအတွင်းမှ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံနှင့် ကျိုက်လတ် စသည့်မြို့နယ်များဖြစ်ကြပြီး ရန်ကုန်တိုင်းတွင် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပဲခုးတိုင်းတွင် က၀မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာကဏ္ဍတွင် အရေးပါသည့် ခိုင်းကျွဲကောင်ရေ စုစုပေါင်း ၂၆၀၈၂၀ ရှိရာမှ နာဂစ်မုန်တိုင်း ကြောင့် ၁၁၁၄၂၀ သေဆုံးခဲ့ပြီး ခိုင်းနွား စုစုပေါင်း ၃၈၄၈၁၈ ကောင် ရှိရာမှ ၃၇၁၀၂ ကောင် သေဆုံးခဲ့ကြောင်း ဇွန်လဆန်း ပိုင်းတွင် ထုတ်ပြန်ခဲ့သော လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှ စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်းတွင်လည်း ခိုင်းကျွဲ စုစုပေါင်း ၂၁၃၉၄၁ ကောင် ရှိရာ ၁၀၅၈၂၅ ကောင်သေဆုံးခဲ့ပြီး ခိုင်းနွား စုစုပေါင်း ၁၈၇၇၈၉ ကောင် ရှိရာ ၃၅၁၂၇ ကောင် သေဆုံးခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရသည်။

မြန်မာအစိုးရအနေနှင့် မုန်တိုင်းဒဏ်ခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသများမှ ဒေသတချို့သို့ လယ်ယာ လုပ်ငန်းခွင်အတွက် ကျွဲကောင်ရေ ၆၀၀၀ ပေးပို့ရန် စီစဉ်လျက်ရှိပြီး အက်ဖ်အေအို အနေနှင့် မုန်တိုင်းသင့် ဒေသများသို့ ကျွဲ၊ နွား ကောင်ရေ ငါးထောင်နှင့် သုံးလစာ တိရိစ္ဆာန်အစာများ ထောက်ပံ့ပေး နိုင်ရေးအတွက် စီစဉ်နေကြောင်း သက်ဆိုင်ရာ သတင်းဌာနများ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

“စိုက်ပျိုးထွန်ယက်ဖို့အတွက် ကျန်ခဲ့တဲ့ ကျွဲနွားတွေကို လုံးဝ အသုံးမပြုသင့်တော့ဘူး။ စားသုံးတဲ့သူတွေကနေ တဆင့်လည်း ကူးစက်နိုင်တဲ့အတွက် သူတို့တွေကို ဘေးမဲ့သဘောမျိုးပဲ ထားသင့်ပါတယ်” ဟု တိရိစ္ဆာန် ဆေးကုဆရာဝန်တဦးက အကြံပြုပြောဆိုသည်။

ထွန်စက်တစီးအနေနှင့် အကြမ်းဖျင်း ကျွဲ၊ နွား လေးရှဉ်း ထွန်ယက်သည်နှင့် ညီမျှသည့် အတွက် လယ်ယာစိုက်ပျိုးရေးတွင် ထွန်စက်ကိုသာ အဓိက အားထားသင့်ကြောင်း လယ်သမားများက ပြောပြသည်။


ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆန္ဒပြသူ အဖမ်းခံရ
ကိုသက် ဇွန် ၂၆၊ ၂၀၀၈
ရန်ကုန်မြို့ရှိ မြို့တော်ခန်းမအရှေ့၌ ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြရာ အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့ကို မြို့တော်ခန်းမရှေ့၌ ၁၀ မိနစ်ခန့် ကြွေးကြော်ဆန္ဒပြရင်း အဖမ်းခံရသည်ဟု အေပီ သတင်းတရပ် တွင် ဖော်ပြထားသည်။

မြို့တော်ခန်းမအနီးတွင် အလုပ်လုပ်ကိုင်သူတဦးက “မြို့တော်ခန်းမအရှေ့မှာ နေ့လယ် ၂ နာရီကျော်လောက်မှာ အမျိုးသမီး တယောက်တည်း ဆန္ဒပြသွားတာ၊ ဘယ်သူဆိုတာတော့ မသိဘူး” ဟု ဧရာဝတီကို ပြောသည်။

“မြို့တော်ခန်းမအရှေ့၊ ၃၂ လမ်းဘက်ပေါ့ … အဲဒီမှာ အမျိုးသမီးတယောက်ဆန္ဒပြတယ်၊ ကျနော်တို့ဆီက စုံစမ်းတဲ့အဖွဲ့တွေ ရောက်သွားတဲ့အချိန်မှာ ဖမ်းသွားပြီ။ ဆန္ဒပြလို့ ရဲတွေကဖမ်းသွားတယ်၊ ကား ၁၀ စီး လောက်က လမ်းပြောင်းပြန်မောင်း သွားတယ်၊ အဲဒါပဲ သိလိုက်ရတယ်။ ဘယ်အဖွဲ့အစည်းက၊ ဘာတွေကြွေးကြော်တယ် ဆိုတာတွေ မသိသေးဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

စစ်အစိုးရသည် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းက ၂၀၀၇ ခု သြဂုတ်လ၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ ကာလများအတွင်း ဆူးလေဘုရားအနီးရှိ အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သူ ဦးအုန်းသန်းအား အစိုးရကို အကြည်ညိုပျက်စေသည့်အမှု ပုဒ်မ ၁၂၄ (က) အရ ဒဏ်ငွေတထောင်နှင့် တသက်တကျွန်းကို ယခုနှစ်ဆန်းပိုင်းက ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများလည်းဖြစ်ကြပြီး ထပ်မံအဖမ်းခံထားရသည့် ဦးအုန်းသန်းနှင့် ကိုမျိုးရန်နောင်သိန်းတို့၏ ကျန်းမာရေးအခြေအနေများ ဆိုးရွားနေခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကျန်းမာရေးကြည့်ရှူ စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် လွန်ခဲ့သည့်အပတ်က စစ်အစိုးရကို တောင်းဆိုလိုက်သည်။

အာဏာပိုင်တို့က ဦးအုန်းသန်းကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်ပြီးနောက် ရာသီဥတုဆိုးရွားသည့် စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်သို့ ပြောင်းရွှေ့ခဲ့ရာ နဂိုအခံရှိသည့် ငှက်ဖျားရောဂါကို ပြင်းထန်းစွာခံစားနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

အာရုံကြောအားနည်းသည့်ဝေဒနာ ခံစားနေရသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းကို အင်းစိန် ထောင်အာဏာပိုင်တို့က တိုက်ပိတ်ထားရာမှ ထောင်ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ဝေဒနာကို အာရုံကြော အထူးကုဖြင့် ကုသပေးခြင်းမရှိပေ။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ၀င်ရောက်ကြည့်ရှုစစ်ဆေးခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။


လေဘေးဒုက္ခသည်များ ရေနှင့် အစားအစာ ပြတ်လပ်နေဟု ကုလ ပြောကြား
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 26 2008 15:39 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းသင့် ဒုက္ခသည် ထက်ဝက်ကျော်သည် ယခုထက်တိုင် အစားအစာ အထောက်အပံ့များ မရသေးဘဲ ငတ်မွတ်လျက်ပင် ရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ ပြောကြားလိုက်သည်။
လူသားချင်း စာနာသည့် အစီအစဉ်အရ ပေးအပ်သော အကူအညီများကို ဒုက္ခသည် ၄၅ ရာခိုင်နှုန်းသာ ရရှိပြီး၊ ကျန်ဒုက္ခသည်များမှာ မိမိဖာသာ ရပ်တည်နေကြရကြောင်း ကုလ၊ အာဆီယံ အဖွဲ့ဝင်များ၊ အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့မှ ပြုလုပ်ခဲ့သည့် ကပ်ဘေးအလွန် အကဲဖြတ် လေ့လာမှု ကနဦး အစီရင်ခံစာက ဖော်ပြထားခြင်း ဖြစ်သည်။
“ရှိသမျှ သိုလှောင်ထားတဲ့ ရိက္ခာရဲ့ ၄၂ ရာခိုင်နှုန်း ဖျက်ဆီး ခံလိုက်ရသဖြင့်၊ စားနပ်ရိက္ခာ အကူအညီကို ဆက်ပေးဘို့ လိုပါတယ်” ဟု ယနေ့ ကုလ ကြေညာချက်တွင် ဖော်ပြထားသည်။

ရေကန်များ ဆားငံရေဝင် ညစ်ညမ်းကုန်ခြင်းကြောင့် မုန်တိုင်း ဒုက္ခသည်များ၏ ထက်ဝက်ကျော် သို့မဟုတ် ၆ဝ% သည် သန့်ရှင်းသော သောက်သုံးရေ ချို့တဲ့လျက်ပင် ရှိသေးကြောင်းလည်း ကျေးရွာအုပ်စုအလိုက် အကဲဖြတ် လေ့လာမှု (VTA) ကို ကိုးကား၍ ကုလက ပြောဆိုသည်။

“လိုအပ်ချက်တွေကို ပြည့်မီဘို့ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး ကြိုးပန်းမှုတွေကို ဆက်လုပ်သင့်ပါတယ်” ဟု ကုလအဖွဲ့ကြီးက ဆိုသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသကို တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း ၁၃၈ဝဝဝ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးဖြစ်သော ဧရာဝတီတိုင်းကို ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက်ဖျက်ဆီးခဲ့သည့် အတွက် လူပေါင်း ၂ ဒဿမ ၄ သန်း၏ ဘဝများ ထိခိုက် ပျက်စီးခဲ့ရကြောင်းလည်း ကုလက ဆိုသည်။

ဤအကဲဖြတ် လေ့လာမှုအရ ကျေးရွာခေါင်းဆောင် ၆ဝ ရာခိုင်နှုန်းက မျိုးစပါး မလုံလောက်သဖြင့် လာမည့် စိုက်ပျိုးရာသီအတွက် စိုးရိမ်ပူပန် ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပြီး၊ အိမ်ထောင်စု ၇၈ ရာခိုင်နှုန်းက ယင်းတို့အနေဖြင့် ချေးငွေ မရရှိသဖြင့် လယ်ထဲ ပြန်မဝင်နိုင်တော့ဘဲ အလုပ်လက်မဲ့များ ဖြစ်ကုန်ပြီဟု ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

မုန်တိုင်းအပြီး အဓိက ကပ်ရောဂါဆိုးကြီးများ ကျရောက်ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မုန်တိုင်းဒုက္ခသည် ၂၂ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုရောဂါများ ခံစားနေရကြောင်းလည်း ဤလေ့လာမှု အစီရင်ခံစာက ဖော်ထုတ် တွေ့ရှိခဲ့သည်။

နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု (PONJA) သည် အပျက်အစီး အတိုင်းအတာ ပမာဏနှင့် လူသားချင်းစာနာသည့် ကယ်ဆယ်ရေး လုပ်ငန်း ကြိုးပန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည် ကိုးစားရသည့် အစီရင်ခံ လေ့လာ တင်ပြချက် တရပ်ကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် အလှူရှင်အစိုးရများကို ပေးအပ်ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သဘာဝကပ်ဘေးကြီးကို ပထမအကြိမ် စနစ်တကျ သုံးသပ်လေ့လာရာ၌ လူ ၃ဝဝ ကျော် ပါဝင် ဆောင်ရွက်ခဲ့သည်။

ကျေးရွာအုပ်စုအလိုက် အကဲဖြတ် လေ့လာမှု (VTA) အပြင် ကပ်ဘေးကြောင့် ပေါ်ပေါက်ခဲ့သည့် စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကိုပါ ထည့်သွင်းလေ့လာ တင်ပြမည့် အစီရင်ခံစာ အပြည့်အစုံကို ဇူလိုင်လဆန်းတွင် ထုတ်ပြန်သွားမည်ဟု ကုလက ပြောကြားသွားသည်။




မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ကချင်ကျောင်းသားများ လှုံ့ဆော်
မျိုးကြီး
ကြာသပတေးနေ့၊ ဇွန်လ 26 2008 17:15 - မြန်မာစံတော်ချိန်
ရွှေလီ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုံ့ဆော်စာများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက လိုက်လံကပ်ခဲ့ကြောင်း စစ်အစိုးရ အတိုက်အခံ ကျောင်းသား အဖွဲ့အစည်း တခုက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ကျရောက်သည့် ယနေ့တွင် “မူးယစ်ဆေးဝါး ... အလိုမရှိ၊ တိုက်ဖျက်ကြ”၊ 'No Drug' ဟူသည့် စာသားများကို A4 ဆိုဒ် စာရွက်တွင် ရေးသားကာ လူစည်ကားရာ လမ်းဆုံလမ်းထောင့်၊ ရပ်ကွက်များနှင့် အမှတ် (၁) (၂) ဈေးများတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (AKSU) က လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးကို နေရာတိုင်းမှာ ရနိုင်တယ်။ လူငယ်ထုရဲ့ ၅ဝ ရာနှုန်းက ဘိန်းမစားတတ်သူ မရှိဘူး။ ဒီ ဆိုးရွားလွန်းတဲ့ အခြေအနေကို ကမ္ဘာသိအောင် လုပ်တာဖြစ်တယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကိုမာဘရမ်က ပြောကာ စုစုပေါင်း စာရွက် ၂ဝဝ ခန့် လိုက်ကပ်ခဲ့သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဖြစ်သော်လည်း အတိုက်အခံ အဖွဲ့အစည်း ဖြစ်သဖြင့် အာဏာပိုင်များက လိုက်လံ ခွာယူခဲ့သည်ဟု သူက ပြောသည်။

AKSU အဖွဲ့ဝင်များက ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသည်မှာ စိုးရိမ် ထိတ်လန့်ဖွယ် အခြေအနေ ဖြစ်သဖြင့် ယခုလို မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပိုစတာများ လိုက်လံ ဖြန့်ရခြင်း ဖြစ်ကြောင်း ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ဖေါ်မြူလာ၊ ဒိုင်ရာဆီပင်၊ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာဘ အစရှိသည့် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ် ဖောက်ကား မှု ရှိနေကာ ဖေါ်မြူလာ တပုလင်းလျှင် ကျပ် ၈ဝဝဝ ခန့်၊ ဘိန်းဖြူသည် ပင်နယ်ဆလင် အဖုံးတဖုံးလျှင် ကျပ် ၁၅ဝဝ မှ ၂ဝဝဝ အထိ၊ စိတ်ကြွ ရူးသွပ်ဆေးပြား တလုံးလျှင် ကျပ် ၈ဝဝဝ မှ ကျပ်တသောင်း၊ ပိတ်စတွင် ကပ်ထားသည့် ပိတ်ဘိန်း တကျပ်သားလျှင် ကျပ်တသောင်းနီးပါး ပေါက်ဈေးရှိသည်။

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွင်းလည်း မူးယစ်ဆေး သုံးစွဲမှုများ ရှိနေသလို ကျောက်တွင်း၊ ရွှေမှော်များတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုအတွင်း ရဲ၊ ရှေ့နေ၊ တရားရေးဝန်ထမ်း၊ ထောင်မှူးနှင့် ဝန်ထမ်းများလည်း ပါဝင် ပတ်သက်နေသည်ဟု ဆိုသည်။

ကိုမာဘရမ်က ဓရဲ၊ ရှေ့နေ၊ ထောင်မှူး၊ တရားသူကြီးကအစပေါ့။ ဘိန်းဖြူ ၂ ကီလို ဖမ်းမိတယ်ဆိုရင် အပြစ်နည်းအောင် တကီလိုပဲ စာရင်းတင်ပေးမယ်။ ဆေးစစ်တဲ့အခါ ဆေးအောင်အောင် လုပ်ပေးမယ်။ အမှုက လွတ်အောင် လုပ်ပေးမယ်။ ငွေပေးပါ။ အဲလိုမျိုးတွေ အများကြီး ဖြစ်နေတယ်။ ဆေးရောင်းတဲ့သူက မရောင်းချင်တော့ပါဘူးလို့ ပြောတာတောင် ဆေးရောင်းဖို့ ရဲက ဆေးထုတ်ပေးတာ လုပ်တာမျိုးလည်း ရှိတယ်” ပြောသည်။

လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်နေခြင်းကို AKSU က သုတေသန လုပ်နေပြီး အထူးသဖြင့် ဖားကန့် ကျောက်စိမ်းမှော် ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမှာ အဆိုးရွားဆုံး ဖြစ်နေကြောင်းနှင့် HIV/AIDS ကူးစက်ခံရမှုများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း လေ့လာတင်ပြထားသည့် စာအုပ်တအုပ် မကြာခင် ထုတ်ဝေရန် ရှိသည်။

ကိုမာဘရမ်က “အများဆုံးက ဖားကန့်မှာ ဖြစ်တယ်။ အသက်အရွယ် အစုံပဲ။ ကျောက်တူး ရေမဆေးကျောက် လုပ်ကိုင်သူတွေထဲမှာ အများဆုံး တွေ့ရတယ်။ ဘိန်းဖြူကို အကြောထဲ ထိုးသွင်းရာကနေတဆင့် အဲဒီကနေ လိင်လုပ်ငန်း လုပ်ကိုင်သူတွေ၊ တဆင့်တဆင့် ရောဂါ ကူးစက်ကြတယ်။ လက်ရှိ အဖွဲ့က စာရင်း ကောက်ထားသူတွေ ပြောတာကတော့ AIDS ရောဂါ ကူးစက်ခံရသူ သောင်းနဲ့ချီ ရှိနေပြီလို့ သိရတယ်” ဟု ပြောသည်။

AKSU အဆိုအရ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုမှာ ပိုမို များပြားလာပြီး၊ ဟူးကောင်းချိုင့်ဝှမ်း၊ စတုန်းဒေသ၊ ပူတာအို၊ တနိုင်း၊ ဆွမ်ပရာဘွမ် ဧရိယာအထိ ကျယ်ပြန့်စွာ ရှိနေကာ ထွက်ရှိလာသည့် ဘိန်းများကို ဖားကန့်ကျောက်စိမ်းထွက် နယ်မြေများသို့ တင်ပို့ကာ ရရှိသည့်ငွေကို ကျောက်စိမ်း အရောင်းအဝယ် လုပ်ရင်း ငွေဖြူဖြစ်စေရန် ဖန်တီးနေကြသည်ဟု ဆိုသည်။




အိုလံပစ်တွင် မြန်မာများလည်း ဝင်ရောက် ယှဉ်ပြိုင်မည်
မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 18:29 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်တွင် မြန်မာအားကစားမောင်မယ် အနည်းဆုံး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်။

လာမည့် သြဂုတ်လတွင် တရုတ်နိုင်ငံ မြို့တော်ဘီဂျင်းတွင် ကျင်းပမည့် အိုလံပစ်တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်နှင့် လှေလှော်ပြိုင်ပွဲများအတွက် အားကစား မောင်မယ် ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့်အနက် အနည်းဆုံး ၄ ဦး သေချာသွားပြီ ဖြစ်သည်။

“လှေလှော်မှာ မရွှေဇင်လတ်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတယ်လေ။ ကျန်တဲ့ ကစားသမားတွေက အိုလံပစ် ဝင်ဖို့၊ မဝင်ဖို့ဆိုတာ အကြောင်းပြန် စာ မလာသေးဘူး။ တလလောက်အလိုမှာ အတည်ပြုချက် ရမယ်ထင်တယ်။ ရေကူးနဲ့ ပြေးခုန်ပစ်ကတော့ မြန်မာနိုင်ငံအတွက် အိုလံပစ်မှာ ပထမဆုံး အားကစားဆိုတော့ အဆင့်မီ၊ မမီ ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်” ဟု အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး (ယှဉ်ပြိုင်၊ လေ့ကျင့်) က ဦးနော်တောင်က မဇ္ဈိမကို ပြောသည်။

ကျော်ဇင် (ရေကူး)၊ မရွှေဇင်လတ် (လှေလှော်)၊ ပြေးခုန်ပစ်မှ စိုးမင်းသူနှင့် လဲ့လဲ့ဝင်းတို့သည် သွားရောက်ရန် သေချာသွားပြီ ဖြစ်သော်လည်း ဘုန်းမြင့်တေဇာ (လှေလှော်) နှင့် နေမျိုးအောင် (မြားပစ်) တို့အတွက် အကြောင်းကြားစာ မရရှိသေးပါ။

ဦးနော်တောင်က “အိုလံပစ်ကို ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် သူတို့ရဲ့ စံချိန်စံညွှန်းနဲ့မီမှ ယှဉ်ပြိုင်ခွင့် ရပါတယ်။ ဥပမာ မြားပစ် ပြိုင်မယ်ဆိုရင် ကမ္ဘာ့အဖွဲ့ချုပ်က မြားပစ်အသင်းက အတည်ပြုရတယ်။ လှေလှော်ဆိုရင်လည်း ကမ္ဘာ့လှေလှော် အသင်းက ခွင့်ပြုချက်ရမှ ယှဉ်ပြိုင်ခွင့်ရတယ်” ဟု ပြောသည်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူ မြန်မာ အားကစားသမားများအား စေလွှတ်ရန် ရွေးချယ်ထားသော်လည်း နိုင်ငံပေါင်း ၂ဝ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သွားမည့် ကမ္ဘာ့အိုလံပစ် ဖြစ်သည့်အတွက် ဆုတံဆိပ်ရရန် မျှော်မှန်းမထားသော်လည်း ကြိုးစားသွားမည်ဟု ဦးနော်တောင်က ပြောသည်။

၂ဝဝ၄ ခုနှစ် အိုလံပစ်ပွဲတော်၌ မြားပစ်နှင့် အလေးမပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ အလေးမတွင် အရည်အသွေး မပြည့်မီသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုနှစ်တွင် မြန်မာ အားကစားသမား အရေအတွက် ပိုမို၍ ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။

သြဂုတ်လဆန်းပိုင်းတွင် ကစားသမားများနှင့်အတူ မြန်မာ အားကစား ကော်မတီဝင် ၁၄ ဦး လိုက်ပါသွားမည်။

ယခုနှစ် မတ်လအတွင်းက တိဘက်ပြည်နယ် မြို့တော်လာဆာနှင့် အခြားနေရာများတွင် ဘုန်းတော်ကြီးနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ ပြုလုပ်ရာ တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွဲသဖြင့် ဘီကျင်းတွင် ကျင်းပမည့် ၂ဝဝ၈ အိုလံပစ်ပွဲကို သပိတ်မှောက်ရန် ပြည်ပရောက် တိဘက် များနှင့်အတူ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း လှုံ့ဆော်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ မြို့ကြီးအများအပြားတွင် ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဓာတ်ဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲကြီး များတွင် မြန်မာ စစ်အစိုးရက ပစ်ခတ်နှိမ်နင်းမှုအပြီး ၆ လခန့်အကြာတွင် တိဘက်လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။




ကယ်ဆယ် ထောက်ပံ့ရေး လုပ်သူများအကြား အတိုက်အခံများ ရှာဖွေနေ
ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:44 - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ သွားရောက် လုပ်ဆောင်နေသော ပုဂ္ဂလိက အသင်းအဖွဲ့များအကြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများ ပါဝင်ခြင်းကို စိုးရိမ်ကာ အာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ၀င်ရောက် လုပ်ကိုင်သူများနှင့် လာရောက် လှူဒါန်းကြသူများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တကွ အခြားသော စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်မှု ရှိ၊ မရှိ ထောက်လှမ်းရေးများက ရှာဖွေနေသည်။

"ဘယ်ပါတီတွေက လာလှူလဲ၊ ဘာလဲပေါ့၊ ဒါပေမဲ့ လတ်တလောက တနေ့ကို ၂ ခါလောက်လာပြီး မေးလား မြန်းလား လုပ်နေတော့ စိတ်က အနှောင့်အယှက် ဖြစ်လာတယ်" ဟု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ကျောင်းထိုင်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်ကြားသည်။

မည်သည့် အလှူရှင်မဆို ဒုက္ခ ရောက်နေသူများအတွက် ရိုးသားစွာ ကူညီကြခြင်းဖြစ်၍ မိမိအနေဖြင့် လက်ခံခဲ့သည်ဟု ဆရာတော်က ဆက်လက် မိန့်ဆိုသည်။

"မည်သည့် ပုဂ္ဂိုလ်မဆို တခြား ပယောဂ ကင်းကင်း ရှင်းရှင်းနဲ့ ရိုးရိုးသားသားလေး လှူရင် အကုန်လုံး လက်ခံပါတယ်" ဆရာတော်က ဆိုသည်။

ဘိုကလေးတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသော ပုဂ္ဂလိက အဖွဲ့တခုမှ အဖွဲ့ဝင်တဦးကလည်း "ကျနော်တို့ကိုတော့ အဲလို လာမေးတာမျိုး မရှိပေမယ့် ဘာတွေ လုပ်တယ်ဆိုတာကို စောင့်ကြည့် နေတာမျိုးတွေတော့ ရှိတယ်။ စိတ်ကျဉ်းကျပ်တာပေါ့။ ကိုယ်က ဘာမှ လုပ်တာ မဟုတ်တော့လေ" ဟု ပြောသည်။

အာဏာပိုင်များ အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့များတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ခြင်း ရှိလာမည်ကို စိုးရိမ် နေကြ၍ ဤသို့ စောင့်ကြည့်ခြင်း ဖြစ်သည်ဟု သူက ထင်ကြေးပေး ပြောဆိုသည်။



မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး
ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။

၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။

ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။

ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။

သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။




Myanmar to strive for realizing poppy-free target by 2014
2008-06-26 14:01:19
NAY PYI TAW, Myanmar, June 26 (Xinhua) -- Myanmar Police Chief Brigadier-General Khin Yi told the press in Nay Pyi Taw on Thursday that the country will strive for the realization of its target to become poppy-free nation by 2014.

Khin Yi made the remarks at a ceremony held at the Myanmar Police Force Headquarters in the new capital, also attended by Home Minister Major-General Maung Oo, to mark this year's International Day against Drug Abuse and Illicit Trafficking.

Myanmar has collaborated with the UN Office on Drug and Crime (UNODC) to conduct the global illicit crop monitoring program since2001 to measure poppy cultivation annually, he said.

According to the UNODC, for the six years period from 2001 to 2006, poppy cultivation in Myanmar reduced by 79 percent to 21,500hectares and opium production by 71 percent to 315 tons in 2006 from 105,000 hectares and 1,097 tons in 2001 respectively.

In 2007, there was increase with poppy cultivation by 29 percent to 27,700 hectares and opium production by 46 percent to 460 tons, the UNODC figures show.

Other police official clarified that there existed difference as such monitoring of poppy cultivation and opium production with the cooperation of China however reveal that there was drop in the aspects.

A press release distributed at the ceremony said that there was annual decline in the seizure of narcotic and amphetamine stimulant drugs from 1997 to 2008, an indicator of reduced production.

"Due to this reduced production, the price of these drugs had increased drastically, thus reducing the market size causing drug users to turn to psychotropic substances as substitute drugs," the release said..

As part of its collaboration efforts with neighboring countries in drug control, Myanmar has rendered 63 Chinese drug offenders to China since 2001, while in return China has done so by handing over 10 Myanmar people since 2005, the release disclosed, adding that similarly, Myanmar has extradited four Thai citizens to Thailand since 2004, while Thailand has also done so for eight Myanmars since 2005.

As in the previous years, Myanmar conducted a nationwide campaign to raise public awareness and anti-drug education to mark the international day this year.


0 အကြံပြုခြင်း: