Tuesday, July 29, 2008

စပါးစိုက်တဲ့ ဦးကြီးတွေ ချမ်းသာကြပါစေ

အေးချမ်းမြေ့ | ဇူလိုင် ၂၉၊ ၂၀၀၈

“မနက်ဖြန်ဆိုရင် ကျနော်တို့ရဲ့ စံပြစိုက်ကွင်းတွေမှာ ပျိုးပင်တွေ ပြန်စစိုက်တော့မှာဗျ” ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။ သူက ဆရာဝန်တဦးဖြစ်သော်လည်း ဆန်စပါး နှင့် ပတ်သက်၍ စိတ်ပါဝင်စား သောကြောင့် ဖိလစ်ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနကျောင်း (IRRI) တွင် သွားရောက် လေ့လာ သင်ယူခဲ့သူဖြစ်ပြီး ဗီယက်နမ်နိုင်ငံ တွင်ပြုလုပ်သည့် စပါးအခြောက်ခံခြင်းနည်းပညာဆိုင်ရာ သင်တန်းများတွင် တက်ရောက်ကာ လက်ရှိ စပါးအခြောက်ခံ နည်းပညာများကို ပြန်လည် ဖြန့်ဖြူးပေးနေသူ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ယခု စပါးပြန်စိုက်နေကြပြီ။ သတင်းက အမျိုးမျိုး ကြားနေရ၏။ မျိုးစပါးများ အပင်မပေါက်သည့်ကိစ္စ၊ လက်တွန်းထွန်စက် မလောက်ငသည့်ပြဿနာ၊ လက်တွန်းထွန်စက်ရှိသော်လည်း စက်သုံးဆီ မရှိသည့်ကိစ္စ စသည့် အသံများဖြစ်သည်။

ထိုအချိန်တွင် ဒေါက်တာမျိုးအောင်ကျော်နှင့် အဖွဲ့က လူအား၊ ငွေအား စိုက်ထည့်ကာ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ကွမ်းခြံကုန်း မြို့နယ်အပိုင် တောကျောင်းကျေးရွာ၌ စံပြစိုက်ခင်းများ စတင်စိုက်ပျိုး ပြသခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့က ထိုဒေသတွင် စံပြအနေဖြင့် မျိုးစပါး ရွေးချယ်ပုံကို သရုပ်ပြကာ တောင်သူဦးကြီးများကို ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင် စေခြင်းဖြင့် အစပြုခဲ့သည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောပြသည်။

“စစခြင်း ကျနော်တို့ရဲ့နည်းပညာကို ရွာသားတွေက လက်မခံဘူးဗျ။ အလှူရှင်တွေ မို့လို့သာ ကျနော်တို့ပြောတာကို သည်းခံ ပြီးနားထောင်နေကြတာ။ တကယ်တမ်း ကျနော်တို့ပြောတဲ့အတိုင်း သူတို့လိုက်မလုပ်ကြဘူး” ဟု ဒေါက်တာမျိုးအောင်ကျော် နှင့်အတူ ငွေအားလူအားစိုက်ကာ ပါဝင်နေသော ကိုသန်းထိုက်က ပြောပြသည်။

ကိုသန်းထိုက်က မြို့ပြအင်ဂျင်နီယာ တဦးဖြစ်ပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး ဒုက္ခသည်များကို လိုက်လံ လှူဒါန်းနေ ရာမှ ဒေါက်တာမျိုးအောင်ကျော်နှင့် ခင်မင်ရင်းနှီး သွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ခင်ဗျားတို့က လယ်ကွက်ပဲပေး။ ကျနော်တို့နည်းနဲ့ အစအဆုံးအလကား စိုက်ပေးမယ် ဆိုမှ လက်ခံတော့ တာ” ဟု ကိုသန်းထိုက်က ပြောသည်။ မျိုးစပါးများကို ဆားရေသုံး၍ အဖျင်းအညံ့ရွေးချယ်နည်းကို အသုံးပြုသည်ဟု ၎င်းကပြောပြ၏။

ယခင်က လယ်သမားများမှာ မျိုးစပါးကို အဖျင်းအညံ့ရွေးရာ၌ ရေထဲတွင်စိမ်ကြည့်ကာ နစ်သွားသည့် စပါးများကို အကောင်းဟု သတ်မှတ်သည်ဟု ဆိုသည်။

“ခုလို ဆားရေနဲ့ စိမ်လိုက်တော့ ရေထဲမှာနစ်ခဲ့တဲ့ စပါးတွေပါ ပေါ်လာတယ်။ အဲဒီလို ပေါ်လာတဲ့ စပါးတွေကိုပါ အဖျင်းအညံ့ စာရင်းသွင်းလိုက်တယ်။ လုံးဝ အပင်အောင်မယ့် မျိုးစပါးစေ့တွေပဲ ရတဲ့နည်းပေါ့။ တကယ်က ဒါ ဘာမှမခက်တဲ့နည်းပါ” ဟု ကိုသန်းထိုက်ကပြောသည်။

နာဂစ် ဆိုင်ကလုန်းဒဏ်ခံရသည့် ဒေသများတွင်ရှိသော မျိုးစပါးများ အားလုံး ပျက်စီးသွား သဖြင့် တခြားသောဒေသများမှ မျိုးစပါးများကို အလွယ်တကူယူကာ စိုက်ပျိုးရသည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောပြသည်။ များသောအားဖြင့် အညာဒေသ၊ ရှမ်းပြည် တို့မှ မျိုးစပါးများ ဖြစ်သည်ဟုဆိုသည်။ ထိုမျိုးစပါးဟု ဆိုသောစပါးများထဲတွင် လုံးဝ အရည် အချင်းမပြည့်မီသော စပါးများပါလာကြောင်း သူကဆက်ပြောသည်။

“တနေရာမှာ မျိုးစပါးဆိုလို့ စိုထိုင်းစကိုစစ်ကြည့်လိုက်တော့ ကျနော် တော်တော် လန့်သွားတာ။ မျိုးစပါးမှာ ရေငွေ့ပါဝင် နှုန်းက ၁၂ ရာခိုင်နှုန်းအများဆုံးရှိရမှာကို အဲဒီစပါးတွေမှာ ၁၈ အထိရှိနေတယ်” ဟု ၎င်းက ရှင်းပြသည်။ ထိုစပါးများမှာ မျိုးစပါး မဟုတ်ဘဲ ရိတ်သိမ်းခါစ စပါးများသာ ဖြစ်နိုင်သည်ဟု သိရသည်။ တချို့ဒေသများတွင် ဆန်အဖြစ်ကြိတ်ခွဲမည့် စပါးများကို မျိုးစပါးများအဖြစ် ပြန်ချပေးခြင်း ဖြစ်ကြောင်း ဒေါက်တာမျိုးအောင်ကျော်ကပြောပြသည်။

တောကျောင်းကျေးရွာနှင့် အနီးတဝိုက်တွင် သူတို့စိုက်ပျိုးပေးထားသော စံပြစိုက်ခင်း ဧက ၆၀ ကျော်ခန့်ရှိနေပြီဖြစ်ပြီး ယခုအခါ စတင်၍ပျိုးထောင်တော့မည် ဖြစ်သည်။ တခြားသော သူများက ၃၅ ရက် ခန့်စိုက်ရသော ပျိုးပင်အရွယ်အစားကို သူတို့က ရက် ၂၀ ခန့်နှင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစပါးပင်များမှ ထွက်လာသော စပါးများကို မျိုးစပါးအနေနှင့် ရှေ့နှစ်တွင် ပြန်လည် ဖြန့်ဝေမည်ဟု ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။

“ကျနော့်အနေနဲ့ကတော့ ဧရာဝတီတိုင်းကသုံးနေကျ မျိုးစပါးတွေကိုပဲ စိုက်စေချင်တယ်။ တကယ်က မုန်တိုင်းဒဏ်မခံရတဲ့ ပုသိမ်လို မြောင်းမြလို ဒေသတွေမှာ မျိုးစပါးတွေ ရှိတယ်။ တချို့ သေသေချာချာ သိမ်းထားတဲ့ တောင်သူဦးကြီးတွေ ရှိတယ်။ အဲဒါတွေကို စစ်တမ်းကောက် စာရင်းလုပ်ပြီး မျှပေးရင်ရတယ်။ ဒါပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်ခဲ့ဘူး” ဟု ၎င်းက ပြောပြသည်။

ရှမ်းပြည်မြောက်ပိုင်း ဒေသတွင်စိုက်ပျိုးနေသော စပါးမျိုးများမှာ ဆင်းရွှေလီ၊ ဆင်းရွှေဝါ အစရှိသည့် စပ်မျိုး စပါးများဖြစ်၍ ရာသီဥတုဒဏ် မခံနိုင်ဘဲ ထိုစပါးမျိုးများကို စိုက်လျင် ဓာတ်မြေသြဇာ မြောက်များစွာ ထည့်ပေးရသောကြောင့် အချိန်ကြာ သည်နှင့်အမျှ မြေကြီးကိုထိခိုက်နိုင်ကြောင်း ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။ ယခုအခါ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ယင်းစပါးမျိုးများ စိုက်ပျိုးရန် တရုတ်ကုမ္ပဏီတချို့က စတင်မိတ်ဆက်နေပြီ ဟု ဆို၏။

“ကျနော်ကတော့ လက်ရှိစိုက်နေတဲ့ ဒေသခံ အထွက်တိုးစပါးမျိုးပဲပိုကြိုက်တယ်။ သူက ဒဏ်ခံနိုင်တယ်။ ဒေသနဲ့ ပိုကိုက် ညီတယ်။ လက်ရှိမှာ အထွက်တိုးစပါးစိုက်နှုန်းက တနိုင်ငံလုံးနဲ့ယှဉ်ရင် သုံးပုံ ၂ ပုံလောက် ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ ထုတ်ပြန်ချက်အရ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံရသော ဒေသများတွင် လယ်ယာမြေ ဧက ၁. ၃ သန်းကျော် ပျက်စီးသည်ဟု ဆိုသော်လည်း လယ်ပြန်စိုက်ရန် လုံးဝမဖြစ်နိုင်သော မြေယာမှာ ဧက ၂ သိန်းကျော် သာရှိသည်ဟု ၎င်းကဆက်ပြောသည်။

“မြေတွေကို ဆားငန်ရေဝင်တယ် ဆိုပေမယ့် အဲဒါ အဓိက ပြဿနာမဟုတ်ပါဘူး။ အဲဒီလို ပြောကြလို့ ကျနော်ချက်ချင်း IRRI ကိုဆက်သွယ်ပြီး မေးကြည့်တယ်။ သူတို့က အဲဒါ ပြဿနာမရှိဘူးလို့ပြောတယ်။ သူတို့ဆီမှာ ဆူနာမီတုန်းကနဲ့ ဆိုင်ကလုန်း မုန်တိုင်း ဝင်သွားခဲ့ပြီးတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ဆန်နမူနာတွေ ရှိတယ်လေ” ဟု သူက ဆိုသည်။

ဆိုင်ကလုန်း မုန်တိုင်းအပြီး မုတ်သုန်မိုး ဆက်တိုက်ဝင်လာခဲ့ရာ ဆားငန်ရေများ ပျော်ဆင်းသွားပြီး ဆား ပါဝင်နှုန်းလျော့သွား သဖြင့် စိုက်ပျိုး၍ ဖြစ်နိုင်ကြောင်း သိရသည်။ ယခုနှစ်တွင် နည်းပညာ အားနည်းသော ကြောင့် တချို့သောဒေသများတွင် အချိန်မကုန်သင့်ဘဲ ကုန်ခဲ့ရကြောင်း ဒေါက်တာမျိုးအောင်ကျော်က ရှင်းပြ၏။ သူတို့အဖွဲ့ ၎င်းဒေသတွင် ဓာတ်မြေသြဇာကို မသုံးမဖြစ်အခြေအနေ မှသာသုံးစွဲ၍ သဘာဝ မြေသြဇာသုံးတတ်ရန်၊ ပျိုးပင်နည်းနည်း နှင့် ထွက်နှုန်းများများရရန်၊ အရည် အသွေး ပြည့်မီသော စပါးများ ထွက်ရန် စနစ်တကျစိုက်ပျိုးတတ်ဖို့ နည်းပညာ ဖြန့်ဖြူးရုံမက လက်တွေ့သရုပ်ပြ လုပ်ဆောင် ပေးလျက် ရှိ၏။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် အထွက်နှုန်းလျော့ပါးမည် ဖြစ်သော်လည်း ၅ ရာခိုင်နှုန်းခန့်သာ ထိခိုက်နိုင်သည်ဟု ဆိုသည်။ သို့သော် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းထက် ထိခိုက်မှုပိုရှိနိုင်သော ပြဿနာတရပ်ရှိသေးသည်။ ထိုပြဿနာက စပါးဈေးကို ဖိအားပေး၍ ချခိုင်းနေသည့် ပြဿနာဖြစ်သည်။

“ဧည့်မထတင်း ၁၀၀ ကို ကျပ် ၆ သိန်း ၇ သိန်းလောက်ဖြစ်လို့ ထိန်းတာက ပြဿနာမဟုတ်ဘူး။ ဒါက ထိန်းကိုထိန်းရမှာ။ ဒါပေမယ့် ခုဟာက ၃ သိန်း ၂ သောင်းနဲ့ ၃ သိန်းခွဲကြားမှာပဲ ရှိတယ်။ ကုန်ကျစရိတ်က ၃ သိန်းဝန်းကျင်လောက် ရှိနေတော့ ကျနော် တို့လို လယ်သမားတွေ အတွက် မကျန်သလောက်ဘဲ။ အရမ်းနစ်နာတယ်” ဟု ရန်ကုန်တိုင်း သုံးခွမြို့နယ် အတွင်းရှိ ကျေးရွာတရွာမှ လယ်သမားတဦးက ပြောပြသည်။

လယ်သမားများအနေနှင့် စပါးဈေးအလွန်ကျဆင်းသောကြောင့် စပါးကို စိုက်ပျိုးချင်စိတ် မရှိတော့ကြောင်း ၎င်းကပြောပြ သည်။ ၎င်းတို့နယ်ဘက်တွင် စပါးကို တာဝန်ကျေသာ စိုက်ပျိုးကြပြီး တာဝန်နည်းကာ အမြတ် များသော ပဲတီစိမ်းကိုသာ အားထား စိုက်ပျိုး ကြသည် ဟုဆိုသည်။

“ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ပဲပါဈေးကျတော့ ကျနော်တို့တွေ ၂ သီးစလုံးနစ်နာတယ်ဗျ” ဟု သူက ဆက်ပြောသည်။

ထိုပြဿနာကြောင့် လာမည့်နှစ်တွင် ဆန်အထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်သည် ဟု ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။ ယခုနှစ် နွေစပါးပေါ်ချိန်မှစ၍ ထိုပြဿနာ ကြုံတွေ့နေရပြီဟု ၎င်းက ဆိုသည်။

“စပါးကိုဈေးချခိုင်းတယ်။ ရေနံကဈေးတက်၊ အလုပ်သမားခ ဈေးတက်၊ ကျန်တဲ့ အစစ အရာရာ ဈေးတက်ပြီး စပါးဈေးက ကျနေတော့ တောင်သူဦးကြီးတွေ အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ ရင်းနှီးမြှုပ်နှံရမယ့် နေရာ မှာ ဝိတ်တွေ လျှော့လာကြ တယ်” ဟု သူက ဆက်ပြောပြသည်။

ပေါင်းပင်ရှင်းရန် အလုပ်သမားမငှားနိုင်တော့သောကြောင့် ပေါင်းများမရှင်းနိုင်တော့ဘဲ မျိုးမအောင်၊ အဆင့်မမီသည့် စပါး များစွာ ပါလာခဲ့ခြင်းက ဥပမာ တခုဖြစ်ကြောင်း သူကရှင်းပြသည်။

“အရမ်း အမြတ်ကြီးစားဖို့ မဟုတ်ပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ အမြတ်လေးရမှပဲ သူတို့ တောင်သူတွေ လုပ်ပျော်မှာပေါ့ ဗျာ။ အဲဒီအတွက်တော့ စဉ်းစားပေးသင့်တယ်” ဟု သူက သုံးသပ်သည်။

သူတို့အဖွဲ့ကလေးက လူအားကော ငွေအားပါစိုက်ထုတ်၍ မုန်တိုင်းသင့် ဒေသများကို ကူညီလျှက်ရှိသည်။ နည်းပညာကို လည်း တတ်နိုင်သလောက် ဖြန့်ဖြူးသည်။ သူတို့ သတင်းကို တဆင့်ကြားဖြင့် ဆက်သွယ်လာ သူတို့လည်း ရှိသည်။

လက်တွန်းထွန်စက်များ ပေးလှူခဲ့ရုံမက ထွန်ပေးသူကိုပါ အခပေး၍ငှားပေးသည်ဟု သူတို့ အဖွဲ့ထဲမှ လျှပ်စစ်အင်ဂျင်နီယာ တဦးဖြစ်သူ ကိုဝင်းကိုကပြောသည်။ ထွန်စက်မောင်းရန် ဆီလည်း ပေးသည်တဲ့။

“တနေ့ထွန်ယက်ခ ဆန် ၂ ပြည်ပေးတယ်ဗျာ။ အဲဒီတော့ ထွန်စက်မလောက်တဲ့ ပြဿနာလည်း မရှိတော့ဘူး။ အဲဒီလူက လယ်တိုင်းကို လိုက်ထွန်လိုက်ရုံပဲ။ ကျနော်တို့ ပေးတာနည်းတယ် ဆိုတာ တော့သိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဒီလောက်ပဲ တတ်နိုင်တယ်။ သူတို့လည်း ကျေနပ်ကြပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာပြည်မှာတုန်းက အိမ်နားက မူကြိုကလေးတွေ နေ့လယ်စာစားခါနီးတိုင်း အော်ဟစ် ဆုတောင်းတာ ကြားဖူးသည်။ “စပါးစိုက်တဲ့ဦးကြီးတွေ ကျန်းမာကြပါစေ” ဟု သူတို့နေ့တိုင်း ဆုတောင်းကြသည်။ စပါးစိုက်တဲ့ ဦးကြီးတွေ ကျန်းမာကြပါစေ ဟု ဆိုရုံသာမကဘဲ ချမ်းသာကြပါစေဟု တိုး၍ ဆုတောင်းသင့်သည် ထင်၏။

“ကျနော်ကတော့ လယ်သမားတွေကို တတ်နိုင်သလောက် ကူညီချင်တယ်ဗျာ။ လယ်သမားတွေဆီက တချိန်လုံးစားထား တော့ ပြန်လုပ်ကို လုပ်ပေးသင့်တယ်” ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောဆို သွားသည်။

0 အကြံပြုခြင်း: