Tuesday, August 5, 2008

တရုတ်ကဗျာနယ်ပယ်ထဲက တော်လှန်ရေး


ဆောင်းပါး
ငြိမ်းဝေ
အင်္ဂါနေ့၊ သြဂုတ်လ 05 2008 12:42 - မြန်မာစံတော်ချိန်
ဟေမန္တ ... ။ ၁၉၇၈-ခု ။
ဘေဂျင်းမြို့တခုလုံး နှင်းတွေ ဖုံးနေလျက်။ မြို့အရှေ့ဘက် ဆင်ခြေဖုံးတနေရာ။ လူဦးရေ အနည်းငယ်သာ နေထိုင်တဲ့ ရွာကလေးတရွာ။ ညစ်ပတ်နောက်ကျိနေတဲ့ ချောင်းကလေးတခုကို ကျော်ပြီး ဘေဂျင်းမြို့ နယ်နိမိတ်ထဲက သံရုံးရပ်ကွက်ဆီ လှမ်းမြင်နေရတဲ့နေရာ ... ။ ဒီရွာကလေးဟာ စိုက်ပျိုးရေး ရွာကလေးတရွာ ဆိုပေမယ့် တိတ်ဆိတ်မှုတော့ မရှိလှပါဘူး။ ဒါပေမယ့်လည်း မြို့တော်ကြီးရဲ့ မျက်ကွယ်ဖြစ်နေတဲ့ နေရာတနေရာ သဘောတော့ ဆောင်ပါတယ်။

ပြတင်းပေါက်တွေမှာ ဟောင်းနွမ်းလှတဲ့ ခန်းဆီးပိတ်စတွေ တပ်ထားတဲ့ တဲကလေးတလုံး။ အဲဒီ တဲကလေးထဲမှာ လူငယ် ခုနှစ်ယောက်ဟာ ခနော်နီခနော်နဲ့ ဖြစ်နေတဲ့ ပုံနှိပ်စက်တလုံးကို ၀ိုင်းထိုင်နေကြပါတယ်။ အဲဒီ ခုနှစ်ယောက်ထဲက လူငယ်တယောက်ဟာ ကျနော်ပဲပေါ့။ သုံးရက်နဲ့သုံးည ရှိတဲ့အခါ "ယနေ့" လို့ အမည်ပေး ထားတဲ့ စာစောင်တခုကို ကျနော်တို့တတွေ အောင်မြင်စွာ ထုတ်ဝေ လိုက်နိုင်ကြပါတော့တယ်။ ဒါဟာဖြင့် ၁၉၄၉-ခုနှစ် ... ကွန်မြူနစ်ပါတီ အာဏာ ရလာပြီးနောက်ပိုင်း တရုတ်ပြည်မှာ ပထမဦးဆုံးအကြိမ် တရားမ၀င် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ စာစောင်ပါပဲ။ ကျနော်တို့တတွေ မြို့တော်ကြီးထဲက စားသောက်ဆိုင် တဆိုင်ဆီ စက်ဘီးကိုယ်စီ စီးပြီး သွားခဲ့ကြပါတယ်။ အရက်ခွက်ကိုယ်စီ ကိုင်မြှောက်ပြီး ကျနော်တို့ရဲ့ အောင်မြင်မှု အသီးအပွင့်အတွက် တိတ်ဆိတ်စွာပဲ ဂုဏ်ပြုပွဲ ကျင်းပ လိုက်ကြပါတယ်။

နောက်တနေ့ကြတော့ ကျနော်နဲ့ တခြား သူငယ်ချင်းနှစ်ယောက်၊ မြို့တော်ကြီးထဲ ၀င်လာကြပြီး "ယနေ့" ဂျာနယ် စာရွက်တွေကို နံရံတွေမှာ လိုက်ကပ်ကြပါတယ်။ ပုလိပ်တွေ မျက်စေ့လည်အောင်ဆိုပြီး ကျနော်တို့ စက်ဘီး နံပါတ်ပြားတွေကိုလည်း တယောက်နဲ့တယောက် လဲပြီး စီးကြရပါတယ်။ ၁၉၇၈-ခု၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ လောက်ကြတော့ ဘေဂျင်းမြို့ထဲက အစိုးရရုံးတွေ၊ မဂ္ဂဇင်းတိုက်တွေ၊ တက္ကသိုလ် ကျောင်းဝန်းအတွင်းနဲ့ တီယံအာမင် ယင်ပြင်မှာ၊ "ယနေ့" ဂျာနယ်ကို လူတွေ ဖတ်ခွင့် ရခဲ့ကြပါပြီ။ ကျနော်တို့ ဖြန့်ဝေတဲ့ "ယနေ့" ဂျာနယ် အပေါ် လူတွေက ဘယ်လို သဘောထားနဲ့ တုန့်ပြန်ကြသလဲ ဆိုတာကို သိချင်တော့ နောက်ပိုင်းမှာ၊ လူစည်ကားတဲ့ နေရာတွေမှာ လူအုပ်ထဲရောပြီး၊ စာစောင်တွေ ဝေကြပါတယ်။ လူတွေဟာ အနှစ် (၃၀) အတွင်း၊ အခုလို ကဗျာ ဆောင်းပါး၊ ၀တ္ထုတွေကို တခါမှ မဖတ်ခဲ့ရ၊ မတွေ့ခဲ့ရလို့ ကျနော်တို့ မျှော်လင့်ထားတာထက် ပိုပြီး အားတက်သရော ယူကြ၊ တောင်းကြ ဖတ်ကြတာကို တွေ့ရပါတယ်။

"ယနေ့" ဂျာနယ် ဖြစ်လာဖို့အတွက် အဓိက မူလတွန်းအားကတော့ ပြီးခဲ့တဲ့ ၁၉၆၀ ခုနှစ် အလွန်တုန်းက ဖြစ်ခဲ့တာလို့ပဲ ဆိုရပါလိမ့်မယ်။ မော်စီတုံးရဲ့ မဟာပစ္စည်းမဲ့ တော်လှန်ရေး ကာလတုန်းကပါ။ ဆင်းရဲနဲ့ အလယ် အလတ်တန်းစား လယ်သမား လူတန်းစားရဲ့ အကူအညီနဲ့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ ဆိုပြီး အထက်တန်း ကျောင်းသားတွေကို တပြည်လုံးအနှံ့ စေလွှတ်လိုက်တဲ့အချိန်။ မော်စီတုံးရဲ့အဓိက ရည်ရွယ်ချက်ကတော့ အတိုက်အခံတွေကို အသံတိတ်သွားစေဖို့၊ ပုန်ကန် ခြားနားချင်သူတွေကို ချေမှုန်းပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ လူ့အဖွဲ့အစည်းအတွင်း၊ အမြင့်ပိုင်းက ကျလာတဲ့ တပ်နီလူငယ်တွေကို တွန်းအားတခု ပေးတဲ့အနေနဲ့၊ သူတို့တတွေ ... လူ့အဖွဲ့အစည်းအပေါ် တင်နေတဲ့အကြွေးကို ဆပ်နိုင်ဖို့အတွက်ဆိုပြီး မော်စီတုံးရဲ့ ဝေါဟာရ အရပြောရရင် "ပြည်သူ့ဘုံအဖွဲ့" ထဲက ကျေးလက်ဘ၀ တကယ့်လက်တွေ့နဲ့ သူတို့ရဲ့ ယူဆချက်တွေ၊ ထင်မြင်ချက်တွေ ဘယ်လောက်အထိ ကွာဟနေသလဲဆိုတာ သိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးလက်တွေကို ပို့လိုက်တာပါ။ ဒီတပ်နီ လူငယ်တွေဟာ အမှန်တရား ရှာဖို့အတွက် စာအုပ်တွေဆီ တခါ ပြန်လာကြရတာလဲ ရှိပါတယ်။ သူတို့စိတ်ထဲက ရှုပ်ထွေး မှားယွင်းနေတဲ့ ခံစားချက်တွေကိုလည်း ဖွင့်ဟ ရေးသားစေပါတယ်။ ဆောင်းရာသီ ရောက်တဲ့ အချိန်တိုင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေ စတဲ့ အချိန်တိုင်း၊ တချို့တပ်နီလူငယ်တွေဟာ "ဘေဂျင်း" ကို ပြန်လာပြီး စာအုပ်တွေလဲကြ၊ သာမန် လွတ်လွတ်လပ်လပ် တွေးချင် လုပ်ချင်တဲ့ အုပ်စုတွေနဲ့ တွေ့ကြရပါတယ်။


ဒီတုန်းက ၊ ကျနော်က အသက်နှစ်ဆယ်။ "ရှီဆီ" ရဲ့ ကဗျာတွေကို ဖတ်ရတဲ့အခါ ကျနော် ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့ရတယ် ဆိုတာကို အခုထက်ထိ ကျနော် မမေ့နိုင်ဘူး။ "ရှီဆီ" ဆိုတာက စာပေ နယ်ပယ်မှာ "လက်ချောင်း ကလေးများရဲ့ထိပ်" ဆိုတဲ့ နာမည်နဲ့ ထင်ရှားတဲ့ ကဗျာဆရာပါပဲ။ "ရှီဆီ" ဟာ ၁၉၆၇- ခုနှစ်မှာ စာတွေ စတင်ပြီး ရေးပါတယ်။ သူဟာ နောင် နှစ်ပေါင်း (၃၀) ကျော် အကြာမှာ ပေါ်ပေါက်လာမယ့် "ကဗျာသစ် လှုပ်ရှားမှု" ကို အုပ်မြစ်ချသူ တဦးပါပဲ။ သူ့ကဗျာတွေဟာ ကျနော်တို့ကို နိုင်ငံရေးအရ ရိုက်သွင်းမှုတွေ နဲ့ ကင်းပြတ်စေခဲ့ပါတယ်။ သူ့ရဲ့ လတ်ဆတ် သစ်လွင်တဲ့ နိမိတ်ပုံတွေ၊ သူ့ကဗျာတွေရဲ့ ရွတ်ဖတ်လို့ ကောင်းလှတဲ့ နရီ အနိမ့် အမြင့်တွေဟာ လူငယ်တွေကို ယစ်မူးစေတော့တာပေါ့။ လူငယ်တွေဟာ သူ့ကဗျာတွေကို လက်ရေးနဲ့ ကူးပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ခဲ့ကြပါတယ်။ နောင် နှစ်ပေါင်းများစွာကြာမှ "လက်ချောင်းကလေးများရဲ့ ထိပ်" နဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ ဒီအချိန်ကြတော့ သူဟာ စိတ်ဝေဒနာရှင်တဦး ဖြစ်နေခဲ့ပါပြီ။ သူဟာ သူ့ရဲ့နောက်ဆုံး အချိန်တွေကို သူ့အိမ်နဲ့ ဆေးရုံ၊ ခေါက်တုန့် ခေါက်ပြန်ကူးရင်း ဖြတ်ကျော်ခဲ့ရပါတယ်။

အဲဒီ "လက်ချောင်းကလေးများရဲ့ထိပ်" ရဲ့ စာတွေကိုဖတ်ပြီး ကျနော်ဟာ ကဗျာရေးတဲ့အလုပ်ကို တိုးမြှင့်ပြီး လုပ်ခဲ့ပါတယ်။ ဒီတုန်းက ကျနော်က ဆောက်လုပ်ရေး အလုပ်သမားပါ။ ဘေဂျင်းမြို့နဲ့ မိုင်နှစ်ရာ လောက် ဝေးတဲ့ လျှပ်စစ် ထုတ်လုပ်ရေး စက်ရုံတရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနေရာမှာ ကျနော်ဟာ တော်တော့ကို အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ အခုလို အထီးကျန်ဆန်တဲ့အခါ ကျနော့်စိတ်ကို ထွက်ပေါက်ပေးနိုင်ဖို့ တစုံတခုတော့ လိုအပ်လာတာပေါ့။ ဒီတုန်းက ကဗျာဆရာ တယောက်အနေနဲ့ "မော်စီတုံး" ရဲ့ သြဇာတွေက ကျနော့်အပေါ် ရှိခဲ့တယ်။ မော်စီတုံးရေးတဲ့ ကဗျာပုံစံဖြစ်တဲ့ တရုတ် ရှေးဟောင်းကဗျာ ရေးနည်းကို ကျနော်ယူခဲ့တယ်။ လူတိုင်းလိုလိုပဲ မော်စီတုံးရဲ့ ကဗျာတချို့ကို တုပပြီး ရေးခဲ့ကြတယ်လို့ ကျနော်ထင်တယ်။ ကျနော်လည်းပဲ ရှေးဟန်နဲ့ ကဗျာတွေရေးတာပဲ။ ဒါပေမယ့်လည်း ပိုပြီး ရှုပ်ထွေးခက်ခဲလာနေတဲ့ ခံစားချက်တွေ၊ ဘ၀အလွမ်း အမောတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခွဲခွါနေရသူရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ဖို့ဆိုရင်တော့ ဒီပုံစံခွက် ကဗျာရေးဖွဲ့နည်းဟာ မလုံလောက်တော့ဘူး ဆိုတာကို ကျနော် ချက်ချင်း သိလာခဲ့တယ်။ အဲဒီ ဆောက်လုပ်ရေး လုပ်ကွက်အတွင်း အဆောင်တခုမှာ ကျနော်ဟာ တခြားလူ ဒါဇင်ပေါင်းများစွာနဲ့ အတူနေခဲ့ပါတယ်။ သန်းခေါင်ကျော် သန်းခေါင်လွဲ အချိန်ကြတော့ အိပ်ပျော်လို့ ဟောက်တဲ့ အသံအမျိုးမျိုးကို ခြံရံပြီး စားပွဲတင် မီးအိမ်တခု အောက်မှာ၊ ကျနော်ကဗျာတွေရေး၊ စာတွေ ဖတ်တော့တာပါပဲ။ ဒိနောက်ပိုင်းမှာ အပျော်တမ်း ဓါတ်ပုံရိုက်အလုပ်ကို အကြောင်းပြုပြီး၊ ၀ါဒဖြန့်ချိရေး အဖွဲ့တဖွဲ့ကို အဲဒီ ဆောက်လုပ်ရေး လုပ်ကွက်ထဲမှာပဲ ဖွဲ့ကြပါတယ်။ ဓါတ်ပုံ အမှောင်ခန်းတခုကိုလည်း ဖန်တီးခွင့် ရလာခဲ့ပါတယ်။ အဲဒီ အခန်းထဲမှာပဲ ကျနော့်ရဲ့ ကိုယ်ပိုင်လေ့လာမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။ လ အနည်းငယ် အကြာမှာတော့ ကျနော်ဟာ ၀တ္ထုလတ်တပုဒ် ရေးပြီးခဲ့ပြီး၊ ကဗျာ အတော်များများကိုလည်း စီစစ် တည်းဖြတ်ခဲ့ပါတယ်။

ဒီတုန်းမှာပဲ ကျနော်ရဲ့သူငယ်ချင်း "ရှော်ယီဖန်" အဖမ်းခံရပါတယ်။ သူဟာ မြေအောက် စာပေလုပ်ငန်းတွေကို စုစည်းရသူ ဖြစ်ပါတယ်။ သူ့ရဲ့စာရွက်စာတန်းတွေကို ပုလိပ်က အသေအချာ စစ်ဆေးတဲ့အခါ ကျနော့်ရဲ့ ၀တ္ထုနဲ့ ကဗျာတွေကိုလည်း တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ကျနော့်ကို မူလ အလုပ်ဟောင်းဖြစ်တဲ့ အလုပ်သမား ကြီးကြပ်ရေး အလုပ်ကို ပြန်လုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီ အချိန်ကတည်းက ကျနော်ဟာ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အခြေအနေအတွက် ကိုယ့်ကိုယ်ကို စတင်ပြီး ပြင်ဆင်ထားခဲ့ပါတယ်။ ညဥ့်နက်သန်းခေါင် အချိန်တွေမှာ ကားဘီးလိမ့်သံ ကြားရရင် ကျနော်က အိပ်ယာထဲက အထိတ်တလန့်နဲ့ အိပ်မရနိုင်ခဲ့ပါဘူး။ ပုလိပ်တွေဟာ ကျနော့် ကဗျာတွေကို ခေါင်းစဉ်တပ် စွပ်စွဲဖို့အတွက် အဲသလောက်အထိ နားမလည်ကြပါဘူး။ ဒါနဲ့ပဲ စာပေ သုတေသန ဌာနကို အကူအညီ တောင်းကြပါတယ်။ စာပေ သုတေသန ဌာနကလည်း သူတို့ကို ကူညီကြပါတယ်။ အဲဒီ အကူအညီကြောင့်ပဲ ကျနော်ဟာ အဖမ်းခံရမယ့်ဘေးက လွတ်ခဲ့ပါတယ်။ ကျနော့် ကဗျာတွေဟာ အနောက်တိုင်း ကဗျာတွေကို ကူးချထားတာသာ ဖြစ်တယ်ဆိုတဲ့ စာပေသုတေသနဌာန အကြံပေးတွေရဲ့ ကောက်ချက်က ကျနော့်ကို ကယ်လိုက်တာပါ။

အဲဒီအချိန် အဲဒီကာလကတော့ တနည်းအားဖြင့် စာအုပ်တွေ မြေမြှုပ် သဂြိုလ်ခံရတဲ့ ကာလပါပဲ။ စာအုပ်တွေဟာ လူတွေရဲ့မြင်ကွင်း နောက်ကွယ်မှာပဲ ရှိခဲ့ရပါတယ်။ ကျနော်တို့ဟာ ပိတ်ထားတဲ့ စာကြည့်တိုက်တွေထဲ ၀င်ပြီး စာအုပ်တွေ ခိုးတာမျိုး၊ စာအုပ် အဟောင်းဆိုင်တွေထဲမှာ စေ့စေ့ပေါက်ပေါက် ဆန်ကာချပြီး စာအုပ်ရှာရ တာမျိုး၊ တခြား ကျနော်တို့လို စာအုပ်တွေကို တောနင်းပြီး ရှာဖွေနေကြတဲ့ သူတွေဆီက ငှါးဖတ်ရတာမျိုး ...။ ဒီလိုနဲ့ ကျနော်တို့ကြားမှာ ဒီတုန်းက "ပေါရှု" ဆိုတဲ့ ဝေါဟာရစကားလုံး (လှည့်ပတ် ပြေးနေသော စာအုပ်) အသစ်တခု တိုးလာခဲ့ပါတယ်။ စာအုပ်ကောင်းတအုပ် တွေ့ဖို့ဆိုရင် သင်ဟာ နေရာအနှံ့ ပြေးရပါလိမ့်မယ်။ ဇွဲလည်း ကောင်းရပါလိမ့်မယ်။ ညှိညှိနှိုင်းနှိုင်း လုပ်တတ်ရမယ်။ ကတိ တည်ရမယ်။ အပြန်အလှန် အပေးအယူ ရှိရပါလိမ့်မယ် ...။

လူငယ်တဦးအဖို့ အကြောင်းအရာတခုကို ဖတ်ပြီဆိုရင် သူ့ဘ၀အတွက် တစုံတခုတော့ ရကိုရရပါလိမ့်မယ်။ ပထမတော့ ကျနော်တို့ဟာ စာအစုံဖတ်ရင်းနဲ့ အခြေအတင် ငြင်းခုန်ဖို့ စိတ်အားထက်သန်ကောင်း သန်ပါလိမ့်မယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ဟာ ရွေးချယ် စီစစ် လာတတ်ကြရမှာပါ။ ကျနော်တို့ဟာ "အ၀ါရောင် အဖုံးဖုံးထားတဲ့ စာအုပ်တွေ" အပေါ်မှာ ကျနော်တို့ရဲ့ နှလုံးသားကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစာအုပ်တွေဟာ အတွဲပေါင်းတရာရှိတဲ့ စာပေဆိုင်ရာ စာအုပ်တွေပါပဲ။ ဒီစာအုပ်တွေဟာ ဥရောပ ခေတ်ပေါ်စာပေ၊ ဆိုဗီယက်ယူနီယံနဲ့ အရှေ့ဥရောပ "နှင်းခဲပျော်ချိန်" ကာလ စာပေ အကြောင်းအရာတွေကို စုစည်းတဲ့ စာအုပ်တွေပါပဲ။ တကယ်တော့ ဒီစာအုပ်တွေဟာ အဆင့်မြင့် တာဝန်ရှိသူတွေသာ ဖတ်ခွင့်ရတဲ့ ကန့်သတ်ထားတဲ့ စာအုပ်တွေပါ။ ပြီးတော့ စောင်ရေ အင်မတန်နည်းစွာ ပုံနှိပ်ထုတ်ဝေပြီး၊ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာပါ။

"ဘေဂျင်း" မှာ ရှိတဲ့ သာမာန် လွတ်လပ်လပ် နေချင်တွေးချင်သူတွေ ကြားထဲမှာတော့ လေးနက်တဲ့ အကြောင်းအရာ ရတနာသိုက်ကို လိုက်လံရှာဖွေတဲ့သူတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ တယောက်နဲ့တယောက် စာအုပ်ချင်းလဲဖတ်၊ ငှါးဖတ်ဖို့ အချိန်ပြည့် စီစဉ်ပေးနေတဲ့ အဖွဲ့တဖွဲ့ဟာ ဆိုရင် တခါတရံမှာ အချင်းချင်းကြားမှာ ညှိနှိုင်းဆွေးနွေးဖို့ ရက်အနည်းငယ် ယူရတာမျိုး၊ နာရီ သတ်မှတ်ချက်နဲ့တကွ၊ စာအုပ်တွေ ဖလှယ်ပြီးဖတ်ကြဖို့ အချိန်ဇယား ဆွဲတာမျိုးတွေအထိ လုပ်ကြပါတယ်။

မြေအောက် စာရေးဆရာတွေအဖို့၊ ဒီ "အ၀ါရောင်အဖုံးနဲ့ စာအုပ်တွေ" ဟာ စိတ်ဓါတ်ရေးရာအရ ခိုလှုံလို့ရတဲ့ တခုတည်းသော မြင်ကွင်းအသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီစာပေ ပုံသဏ္ဌန်ဟာဖြင့် တရားဝင် တည်ရှိနေတဲ့ ဆိုရှယ်လစ် သရုပ်မှန်စာပေနဲ့ အခြေခံက အစ ကွဲပြားမှုရှိတယ်ဆိုတဲ့ နမူနာကိုတော့ ရခဲ့ကြပါတယ်။ ဒါကို အဲဒီအခါတုန်းက "ဘာသာပြန်စတိုင်" လို့ ခေါ်ခဲ့ကြပါတယ်။ အမှန်စင်စစ်တော့ တရုတ် စာရေးဆရာတွေ ဖြစ်ကြတဲ့ ၁၉၄၀-ခုနှစ် နောက်ပိုင်း အထင်ရှားဆုံး ကဗျာဆရာတွေ အပါအ၀င်ဖြစ်တဲ့ "မူဒန်" ၊ "ယွမ်ဂေရှား" ၊ "ချန်ဇင် ဂရောင်း" ၊ "ဇန်မင်း" နဲ့ နောက်ပိုင်းမှာ "သစ်ရွက် ကိုးရွက်စာပေအုပ်စု" အဖြစ် ထင်ရှားလာသူတွေ၊ ပြီးတော့ ၁၉၄၈-ခုနှစ် နောက်ပိုင်း ... သူတို့တတွေက ကျနော်တို့အတွက် ပေးနိုင်ခဲ့တာတွေကတော့၊ နိုင်ငံရေး အသစ် လမ်းညွှန်ချက်ရဲ့ အောက်မှာ တီထွင် စမ်းသပ်ရေးဖွဲ့ကြဖို့။ ပြီးတော့ နိုင်ငံရပ်ခြားစာပေတွေကို သုတေသန ပြုကြဖို့၊ ဘာသာပြန်ကြဖို့ တွန်းအားပေး ခဲ့ကြတာတွေပါပဲ။ အဲဒီ "တရုတ် ဘာသာပြန်စတိုင်" ဟာ ကျနော်တို့ မျိုးဆက်ကို မွေးဖွားပေးလိုက်ပြီး၊ တီထွင်ဖန်တီးမှုရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ပြနိုင်တဲ့၊ ပို့ဆောင်ရေး ယာဉ်တခု သဘောဆောင်ခဲ့ပါတယ်။ (စာပေယာဉ်တခု သဘောဆောင်ခဲ့ပါတယ်။)

၁၉၇၈-ခုနှစ် နွေဦးမှာ၊ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း အာဏာ လွန်ဆွဲမှုတခုအဖြစ်၊ ယာယီအားဖြင့် ယဉ်ကျေးမှု နယ်ပယ်မှာ ပြန်လည် လန်းဆန်းရေး ကာလဆိုတာ ပေါ်လာခဲ့ပါတယ်။ မြေအောက်မှာပဲ ထုတ်ဝေခဲ့ရတဲ့ စာစောင်တွေ၊ ဥပမာအားဖြင့် "ယနေ့" လို စာစောင်တွေဟာ၊ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဝေလာနိုင်ကြပါတယ်။ တခြား တရားမ၀င် အနုပညာလုပ်ငန်းတွေ၊ ဓါတ်ပုံပညာ နယ်ပယ်အဆုံး လွတ်လပ်ပွင့်လင်းစွာ အလုပ် လုပ်လာနိုင်ခဲ့ကြပါတယ်။ ဒီလို ဖြစ်လာတာတွေဟာ တရားဝင် ရေးသားထားတဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေကို အဓိက စိန်ခေါ်တဲ့ အဖြစ်အပျက်တွေ အနေနဲ့ အာဏာပိုင်တွေကြားမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

"ယနေ့" စာစောင်မှာ၊ အထူးသဖြင့် ကဗျာတွေကို ဦးစားပေး အများဆုံးဖော်ပြပြီး၊ "မောင်စီ" ၊ "ဂူချန်" ၊ "ဒေါဒေါ" ၊ "ရှုတင်း" ၊ "ယန်လီ" ၊ "ယောင်လန်" ၊ "ဇန်ဟီ" တို့ရဲ့ စာပေတွေနဲ့ တခြား အဓိကကျတဲ့ ကဗျာဆရာ တွေရဲ့ စာပေလက်ရာတွေ၊ ကဗျာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတုန်းက ကျနော်တို့ရဲ့ ပုံနှိပ်စက်က အင်မတန် ရှေးကျတဲ့ စက်ကြီးဖြစ်ပြီး၊ ကျနော်တို့ရဲ့ အယ်ဒီတာ ရုံးခန်းဆိုတာကလည်း မိသားစု လက်မှုလုပ်ငန်း လုပ်တဲ့ အခန်းတခန်းထက် နည်းနည်းပဲ ကျယ်ပါတယ်။ ကျနော်တို့ဟာ (၂) နှစ် အတွင်း၊ မဂ္ဂဇင်း (၉) ခု နဲ့ စာအုပ် (၄) အုပ်ကို ပုံနှိပ် ထုတ်ဝေခဲ့ကြပါတယ်။

ကျနော်တို့ဟာ တခြား စာပေလှုပ်ရှားမှု တချို့ကိုလည်း စည်းရုံး လှုပ်ရှားခဲ့ကြပါသေးတယ်။ တက္ကသိုလ် ကျောင်းသားထု အတွင်းမှာ ကျနော်တို့ရဲ့ စာပေလုပ်ငန်းတွေကို လစဉ် ပုံမှန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါတယ်။ ၁၉၇၉-ခု၊ နွေဦးမှာတော့ ဘေဂျင်းမြို့၊ ယူယောင်တန် ပန်းခြံထဲမှာ ကဗျာရွတ်ပွဲတခုကို ကျနော်တို့ စီစဉ်ခဲ့ကြပါတယ်။ နောင်တချိန်မှာ ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်လာမယ့် "ချန်ကွေ့" လည်း ပါဝင်ခဲ့ပါတယ်။ ဒီတုန်းက သူက "ဘေဂျင်း" ရုပ်ရှင် အကယ်ဒမီကျောင်းက ကျောင်းသားတယောက်ပဲ ရှိပါသေးတယ်။ ပုလိပ်တွေဟာ ကျနော်တို့ကို နီးနီးကပ်ကပ် စောင့်ကြည့်ကြပါတယ်။ အမှန်စင်စစ်တော့ ကျနော်တို့ရဲ့ ကဗျာရွတ်သံ စာကြောင်း တကြောင်းချင်းစီကို၊ လူတထောင်လောက်က ထိုင်ပြီး စိတ်ပါလက်ပါ နားထောင်ခဲ့ကြတဲ့ ကိစ္စဟာ ပုလိပ်တွေ အတွက် ပဟေဠိတပုဒ် ဖြစ်နေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ပစေ ... ကွန်မြူနစ်ပါတီရဲ့ ဒီမိုကရေစီနဲ့တကွ အဲဒီ တိုတောင်းလှတဲ့ ခဏပန်း အခြေအနေဟာ အလျှင်အမြန် နိဂုံးချုပ်သွားခဲ့ရပါတယ်။ "တိန့်ရှောင်ပင်" ဟာ "ဝေဂျင်ရှန်း" နဲ့ တခြား ဒီမိုကရေစီလှုပ်ရှား တက်ကြွသူတွေကို ဖမ်းဆီးဖို့ ချက်ချင်းပဲ အမိန့်ပေးပါတော့တယ်။ "ယနေ့" စာစောင်ကို ၁၉၈၀-ခု၊ ဒီဇင်ဘာလထဲမှာ ပိတ်ပစ်ဖို့ အမိန့်ထုတ်ခံရတဲ့ အချိန် အာဏာပိုင်တွေက ကျနော့်အပေါ် သံသယ ရှိခဲ့ကြပါတယ်။ "ယနေ့" စာစောင်နဲ့ ကျနော် ပါဝင် ပါတ်သက်ခဲ့မှုအပေါ် ကိုယ့်ကိုယ်ကို ပြန်လည် ဝေဖန်ဆန်းစစ်ဖို့ ဖိအားပေးကြပါတယ်။ ကျနော်ဟာ "ဇင်းဒေါ" မှာ အပျော်ခရီး ထွက်နေရာက ချက်ချင်း ပြန်လာခဲ့ပြီး အဲသလို ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ရေး လုပ်ဖို့ဆိုတဲ့ အလုပ်ကို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါရဲ့ အကျိုးသက်ရောက်မှုကတော့ ကျနော်ဟာ ရာထူး ချထားခံရတဲ့ အကျိုးပါပဲ။ တညနေခင်းမှာတော့ ကျနော့်လိုပဲ ရာထူးချထားခံရတဲ့ ကျနော့်ရဲ့သူငယ်ချင်းတယောက်က၊ ကျနော်ဟာ အဖမ်းခံရမယ့် စာရင်းထဲမှာ ပါနေတဲ့ အကြောင်း ဒီစာရင်းကို သူ့အနေနဲ့ ဌာနတွင်း လျှို့ဝှက် အစီရင်ခံစာထဲမှာ ဖတ်ခဲ့ရတဲ့အကြောင်း ပြောလာခဲ့ပါတယ်။ ကျနော် လွတ်နိုင်ပါဦးမလား ... ။ ကျနော့်ဇနီးနဲ့ ကျနော်ဟာ ညဥ့်နက် သန်းခေါင်တိုင်သည် အထိ စကားပြောခဲ့ကြပါတယ်။ နောက်တော့ ဒီအတိုင်းပဲဆက်ပြီ နေသွားရင်း အသေအချာ စောင့်ကြည့်နေဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ရှေ့ကဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အချိန်တော်တော်ကြာ နောက်တကြိမ် ထပ်ပြီး ဖြစ်လာခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ ကျနော်ဟာ နောက်တစ်ကြိမ် ကံအားလျော်စွာ အသက်ရှင် ရပ်တည်လို့ ရနိုင်ပြန်ပြီလို့ပဲ ခံစားမိပြန်ပါတယ်။

"ယနေ့" စာစောင်ကတော့၊ အပိတ်ခံလိုက်ရပါပြီ။ ဒါပေမယ့် အဲဒီ စာစောင်ထဲက ကဗျာတွေကတော့ တရားဝင် ထုတ်ဝေခွင့်ရတဲ့ မဂ္ဂဇင်းတွေထဲက ယေဘုယျ ခေါင်းစဉ်တခုဖြစ်တဲ့ "မရှင်းလင်းသော ကဗျာများ" ခေါင်းစဉ်ရဲ့အောက်မှာ စတင် ထည့်သွင်း ဖော်ပြနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံနဲ့အ၀ှမ်း ငြင်းခုန်ဆွေးနွေးကြရတဲ့ "အဲဒီ မရှင်းလင်းတဲ့ ကဗျာတွေ" ဟာ နှစ်များစွာ ကြာတဲ့အထိ အပြင်းအထန် ပျံ့နှံ့ခဲ့ပါတယ်။ လူငယ် စာဖတ်ပရိသတ်ဟာ တရားဝင် ဘာသာဗေဒနဲ့ ထိန်းချုပ်ထားတဲ့ အခြေအနေ အတွင်းမှာပဲ အသက်ရှူလို့ရတဲ့ လေအသစ်ကို တွေ့သွားခဲ့ကြပါတယ်။ အဲဒီ ဆွဲဆောင် ဖမ်းစားမှုကြောင့်ပဲ လူတိုင်းလိုလိုဟာ ကဗျာရေးဖွဲ့တဲ့ အလုပ်ကို စိတ်ဝင်စားလာခဲ့ကြပါတယ်။ ကဗျာကလပ်တွေနဲ့ ဆက်သွယ် ပူးပေါင်းလာခဲ့ကြပါတယ်။ ကဗျာတွေ စုပေါင်း ထုတ်ဝေကြ ပါတယ်။ ဒီလိုနဲ့ ကဗျာတွေဟာ စာမျက်နှာတခုရဲု့ ဘေးမှာရှိတဲ့ ကွက်လပ်မာဂျင်ထဲကို တွန်းပို့ခြင်း နောက်တကြိမ် ကြုံရပြန်ပါတယ်။

ဒီလိုဖြစ်ခဲ့ ကြုံခဲ့သည့်တိုင် "ယနေ့" စာစောင်ဟာ ကဗျာဆရာ မျိုးဆက်သစ်တခုရဲ့အပေါ်မှာ သူ့ကိုယ်သူ တိမ်တိုက်တခုလို ဆွဲချိပ်ထားနိုင်ခဲ့ပါတယ်။ "တတိယမျိုးဆက်" လို့ ခေါ်တဲ့ ကဗျာဆရာတွေဟာလည်း "ယနေ့ဂျာနယ် ကဗျာဆရာတွေ" နဲ့ မတူကွဲပြား ခြားနားလာခဲ့ရပြန်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ သူတို့ဟာ ယဉ်ကျေးမှု တော်လှန်ရေး နောက်ကြမှ ကြီးပြင်းလာကြတဲ့ ကဗျာဆရာတွေ ဖြစ်လို့ပါပဲ။ သူတို့ဟာ ကောင်းမွန်တဲ့ ပညာရေးနဲ့ ပျော်မွေ့နေကြပါပြီ။ ဒီအထဲက ပမာဏတချို့အတွက်တော့ သူတို့ဟာ သမိုင်းရဲ့ လေးပင်တဲ့ တာဝန်တွေပိပြီး လဲကျသွားနိုင်ပါသေးတယ်။ တချို့ကတော့ ဒီကနေ့ရဲ့ အဖြစ်အပျက် အမှန်တွေကို ပိုပြီး တိုက်ရိုက် မြင်တွေ့နိုင် ကြပါတယ်။ တချို့ကတော့ အဓိကနဲ့ သာမညထဲက မိတ်ဖက် အသံတွေကို ရွေးပြီး ရေးနိုင်သားနိုင်ကြပါတယ်။ ဒီလို အရေးပါတဲ့ ကဗျာဆရာ အုပ်စုထဲမှာ "ဘေဟွာ" ၊ "ဇန်ဇောင်" ၊ "ဆီချွန်" ၊ "ဟွေယောင်ဂျန်ဂီ" ၊ "ဆောင်လင်" ၊ "ဇေယောင်မင်း" ၊ "ဟန်ဒေါင်" ၊ "ဇန်းဇန်" တို့ ပါဝင်ကြပါတယ်။ အများစုဟာ "ဇီချွန်" ပြည်နယ်က ဖြစ်ကြပါ တယ်။ အများစုဟာ ကျနော့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ကျနော်တို့ဟာ တယောက်နဲ့ တယောက် မတူညီတဲ့ ကျွမ်းကျင်မှုတွေကို ဖလှယ်ကြဖို့ ဆိုတဲ့ အချက်ကို တွေ့လာကြပါတယ်။

တီယံအာမင်ယင်ပြင်ပေါ်မှာ သေနတ်သံတွေ ကြားရပြီးတဲ့ နောက်တနှစ်၊ ၁၉၉၀-ခုနှစ်မှာ တရုတ် ကဗျာဆရာ အုပ်စုတစုဟာ နော်ဝေးနိုင်ငံ "အော်စလို" မြို့မှာ ဆုံကြပါတယ်။ "ယနေ့" စာစောင်ကို ပြန်လည် လန်းဆန်းအောင် လုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီ အချိန်က စလို့ ပြန်ပြီး ပုံနှိပ် ထုတ်ဝေလာလိုက်တာ ဒီကနေ့အထိ ပါပဲ။ "ယနေ့" စာစောင် ရဲ့ နှစ်ပေါင်းနှစ်ဆယ်သမိုင်း ...၊ သူ့ရဲ့ မွေးဖွားခြင်းမှသည် သေဆုံးခြင်း၊ တခါ ... သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း ...၊ ဒါတွေဟာ ခေတ်ပြိုင် တရုတ်ကဗျာရဲ့ နိုးကြားတက်ကြွခြင်း လက္ခဏတွေလို့ပဲ ဆိုရပါ လိမ့်မယ်။ ။

( "THE POETRY OF OUR WORLD" စာအုပ်မှ၊ တရုတ်ကဗျာဆရာ "BEI DAO" ရဲ့ "HOW THE REVOLUTION OCCURRED IN CHINESE POETRY" ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါတယ်။

0 အကြံပြုခြင်း: