Tuesday, August 5, 2008

စစ်အစိုးရခန့် ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်များ


(သတင်းသုံးသပ်ချက်)
သတင်းထောက် ဟန်တင်အောင်/ ၅ သြဂုတ် ၂၀၀၈

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တွေ့ခွင့်ရသည့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအနေဖြင့် သံဃာထု၏ နစ်နာမှုကို ထုတ်ဖော်မိန့်ကြားလိမ့်မည်မဟုတ်ဟု ရန်ကုန် သံဃာအသိုင်းအ၀န်းက ယူဆသည်။

စင်စစ် မြန်မာစစ်အစိုးရသည် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများအား ဘွဲ့တံဆိပ် တော်များ တီထွင်ဆက်ကပ်သည့်နည်း၊ ဇိမ်ခံကားများ၊ တီဗီများကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများ ဆက် ကပ်သည့်နည်းဖြင့် ဆရာတော်ကြီးများ ရာထူးခုံမင်လာအောင် ဖျက်ဆီးထားသည်ဟု သံဃာ အများစုက မြင်ကြသည်။

မြန်မာစစ်အစိုးရလက်ထက်တွင် သံဃာတော်များကို ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်အမျိုးအစားများ သိသိသာသာ များပြားလာသည်။ ထို့အတူ မြန်မာစစ်အစိုးရအား ငွေကြေးများများ လှူဒါန်းပြီး တရားဝင် လာဘ်ထိုးသူများအတွက် အမျိုးသားသူဌေးသူကြွယ်ဘွဲ့၊ အမျိုးသမီးသူဌေး သူကြွယ်
ဘွဲ့ စသည့်ဘွဲ့များကိုပါ ထပ်မံတီထွင်ခဲ့ပြန်သည်။

နောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာ ကြော်ငြာများ၌ အဆိုပါ သူဌေးသူကြွယ်ဘွဲ့များ တသီတတန်း ရေးထားသည့် အမည်များဖြင့် မြန်မာစစ်အစိုးရ သတင်းစာများတွင် ငွေအမြောက်အမြား အကုန်ခံ ထည့်သွင်းသည့် အလေ့များ ခေတ်စားလာသည်။

၁၉၉၁ ခု အောက်တိုဘာ (၂၄) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် စစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် ၄၂/၉၁ ကို ကြည့်လျှင် ယခင်အစိုးရများ လက်ထက် သံဃာတော်များအား ဆက်ကပ်သည့် ဘွဲ့ တံဆိပ်အမျိုးအစားမှာ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတနှင့် တိပိဋကဓရ ဆိုပြီး သုံးမျိုးသာ ရှိ၏။ လက်ရှိစစ်အစိုးရလက်ထက်တွင်မူ နောက်ထပ်ဘွဲ့တံဆိပ်တော်အသစ် (၂၁) ခုအထိ ထပ်မံ တိုးချဲ့ထားကြောင်း ဖော်ပြထားသည်။

စစ်အစိုးရလက်ထက် သံဃာတော်များအား အပ်နှင်းသည့် ဘွဲ့များကို ပြန်ကြည့်လျှင် ပညာပိုင်း ဆိုင်ရာ ဘွဲ့နှစ်မျိုးအနက် အဘိဓဇမဟာရဌဂုရုဘွဲ့က အမြင့်ဆုံးဖြစ်ပြီး သာသနာပိုင်းဆိုင်ရာဘွဲ့
(၅) မျိုးတွင် အဘိဓဇမဟာသဓမ္မ ဇောတိက ဘွဲ့က အမြင့်ဆုံးဖြစ်သည်။

တင်ပြမှုပိုင်းဆိုင်ရာ ဘွဲ့ (၃) မျိုးအနက် အဂ္ဂမဟာဂန္ဓ၀ါစက ပဏ္ဍိတဘွဲ့က အမြင့်ဆုံးဖြစ်ပြီး တရား ပြသမှုဆိုင်ရာ ဘွဲ့(၃) မျိုးတွင် အဂ္ဂမဟာ ကမ္မဌာနစရိယဘွဲ့က အမြင့်ဆုံးဖြစ်သည်။ တရားဟော ပိုင်းဆိုင်ရာ ဘွဲ့ (၂) မျိုးအနက် မဟာဓမ္မကထိက ဗဟုဇန ဟိတဓရဘွဲ့က အမြင့်ဆုံးဖြစ်ပြီး ၀ိသိဌ တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့က ပိဋကတ်ဆိုင်ရာ အမြင့်ဆုံးဖြစ်သည်။

အာဏာရှင်စစ်အစိုးရကို ထောက်ခံသည့်အတွက် အရည်အချင်း မပြည့်မီသည့် သံဃာတော်များ၊ ကျမ်းတစောင်မျှ မပြုစုဘူးသည့် သံဃာတော်များပင် နည်းအမျိုးမျိုးဖြင့် ဘွဲ့တံဆိပ်တော် ရသည့် အဖြစ်မျိုး ရှိသည်ဟု ရန်ကုန်တိုက်အုပ်ဆရာတော်ကြီးများက အမိန့်ရှိသည်။

အဘိဓဇနှင့် တိပိဋက ဘွဲ့တံဆိပ်တော်ရ ဆရာတော်များဆိုလျှင် မြန်မာနိုင်ငံအတွင်း အစိုးရပိုင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သုံးမျိုးဖြင့် ခရီးထွက်လျှင် အခမဲ့စီးနင်းခွင့် ပေးထားပြီး ကပ္ပိယဒကာနှစ်ဦးပါ အစိုးရစရိတ်ဖြင့် လိုက်ပါခွင့်ပေး၏။ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာ သဓမ္မ ဇောတိကဓဇဘွဲ့ရ ဆရာတော်များကိုမူ အစိုးရပိုင် ကုန်းကြောင်း၊ ရေကြောင်းနှစ်မျိုးဖြင့် ခရီး သွားလျှင် အခမဲ့ စီးနင်းခွင့်ပြုပြီး တနှစ်လျှင် ဆွမ်းစရိတ် ငွေ (၁) သောင်း ထောက်ပံ့သည်ဟု စုံစမ်းသိရသည်။

ဘွဲ့တံဆိပ်တော်များ ဖောင်းပွနေသည့် အကြောင်းတရားများအနက် ကျမ်းတစောင်မျှမပြုစုဖူးဘဲ ငွေနှင့်လာဘ်ထိုးပြီး ရယူထားသည့် ဆရာတော် အများအပြားရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးခေမာစာရက အမိန့်ရှိသည်။

အံ့သြဖို့ကောင်းသည့်အချက်မှာ လက်ရှိ စစ်အစိုးရ လက်ထက်၌ သိန်း (၅၀) အထက် စစ်အစိုးကို ပေးသူမှန်သမျှအား အမျိုးသား သူဌေးသူကြွယ်ဘွဲ့၊ အမျိုးသမီး သူဌေးသူကြွယ်ဘွဲ့ များ အပ်နှင်း ပေးသည့် ကိစ္စဖြစ်သည်။ အမျိုးသားများကို ပေးအပ်သည့် သူဌေးဘွဲ့ (၄) မျိုးအနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ ဘွဲ့က အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီးများအတွက် အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီဘွဲ့က အမြင့်ဆုံးဖြစ်သည်။

မြန်မာစစ်အစိုးရ ပေးအပ်သည့် အမြင့်ဆုံး အမျိုးသမီးသူဌေးသူကြွယ်ဘွဲ့ရသူများ စာရင်းတွင် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၏ ဇနီး ဒေါ်နန်းသန်းထွေး၊ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၏ ဇနီး ဒေါ်နီနီစသည့် ထင်ရှားသည့် စီးပွားရေးသမားများလည်း ပါဝင်သည်။

အမြင့်ဆုံး အမျိုးသား သူဌေးသူကြွယ်ဘွဲ့ရသူများထဲတွင် မြန်မာစစ်ခေါင်းဆောင်များနှင့် ရင်းနှီး သူဟု နာမည်ကြီးသည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ရင်းနှီး သူ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် (ဆရာကျောင်း)၊ အပစ်အခတ် ရပ်စဲရေးအဖွဲ့ ဖြစ်သည့် PNO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် ဦးအောင်ခမ်းထီ စသည့်ပုဂ္ဂိုလ်များ
ပါဝင်သည်။

ဦးအောင်ခမ်းထီသည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ (၁၇) ဖွဲ့အနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ သူဌေးဘွဲ့ရထားသည့် တဦး တည်းသော တိုင်းရင်းသားခေါင်းဆောင်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် သံဃာ့အရေးတွင် သံဃာတော်များအား စစ်အစိုးရဒလန်များက လူမဆန် စွာ ရက်စက်ခဲ့သည်ကိုပင် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများက ၀င်ရောက် ဟန့် တားခြင်း မပြုခဲ့ပေ။ ထိုမျှမက ဆန္ဒပြသည့် သံဃာတော်များကိုပင် စစ်ခေါင်းဆောင်များ လမ်း ကြောင်းပေးသည့်အတိုင်း ၀ိနည်းချိုးဖောက်သယောင် စစ်အစိုးရ မီဒီယာများကတဆင့် လိမ်ပေး ခဲ့သည့် သာဓကများ ရှိခဲ့သည်။

ယခုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်အား နိုင်ငံတော်သံဃာ့မဟာနာယက ဆရာ တော်ကြီးများ မည်သည့်စကားမျိုး မိန့်ကြားမည်ကို မှန်း၍ရနေသည်ဟု ရန်ကုန် သံဃာတော်များ က မိန့်ကြားသည်။ ။


0 အကြံပြုခြင်း: