Friday, September 12, 2008

ကုလသမဂ္ဂက စစ်အစိုးရကို ဖယ်ရှားမှာလား


မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ စက်တင်ဘာလ 12 2008 23:15 - မြန်မာစံတော်ချိန်
(ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာ)
ကုလအထူးသံတမန်၏ မကြာသေးခင်က ပြီးဆုံးခဲ့သော ခရီးစဉ်အပြီးတွင် ကုလသမဂ္ဂ၏ ကြိုးပန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မြန်မာ့ဒီမိုကရေစီ အတိုက်အခံများ အကြားတွင် အားမလိုအားမရ ဖြစ်မှုများ သိသိသာသာ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤနိုင်ငံတကာ အဖွဲ့အစည်းကြီးမှတဆင့် လုပ်ကိုင် ဆောင်ရွက်ရန် ယန္တရား ရှားပါးလှသောကြောင့် အတိုက်အခံ နိုင်ငံရေး သမားများနှင့် တက်ကြွ လှုပ်ရှားသူများ အကြားတွင် အကြပ်အတည်း ကြုံနေရသော နိုင်ငံအတွက် အာဏာ ချိန်ခွင်လျှာကို ပြောင်းလဲရန်သာ ကျန်တော့သည်။ ဤအထဲမှ တခုမှာ ယခု လတ်တလော ဆောင်ရွက်နေသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စစ်အစိုးရက မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ် ပြုခံရသော အစိုးရအဖြစ် ဝင်ရောက်နေရာယူ ကိုယ်စားပြုထားခြင်းကို ငြင်းပယ် ကန့်ကွက်ရန် ကြိုးစားအားထုတ်မှု ဖြစ်သည်။



ဖယ်ရှား ထုတ်ပယ်ခြင်းအတွက် လုပ်ထုံးလုပ်နည်း စနစ်
ပထမဆုံး နားလည်ဘို့ လိုသည်မှာ ကုလသမဂ္ဂတွင် လျှောက်ထားမှု လုပ်သည်မှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အဖြစ်မှ ပြန်လည် ရုပ်သိမ်းရေးမဟုတ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံအတွက် စစ်အစိုးရ၏ ကိုယ်စားပြုနေမှုကိုသာ ဖယ်ရှားရေး ဖြစ်သည်။ ဤကိစ္စသည်လည်း လုံခြုံရေး ကောင်စီတွင်သာ အာဏာအပ်နှင်း ထားသော ကိစ္စဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ် စိန်ခေါ်မှုများကို အထွေထွေ အတွင်းရေးမှူးချုပ်၏ ယမန်နေ့က ရှင်းလင်းခန့်မှန်း ပြောကြားချက်အရ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီထံသို့ ကနဦးအနေဖြင့် ညွှန်ကြား လွှဲအပ်လိုက်ပြီး ဖြစ်သည်။ အကယ်၍ ဤကော်မီတီက သူ့ထံ ပေးပို့လာသော အဆိုပြုချက်ကို လက်ခံရန် ဆုံးဖြတ်ခဲ့လျှင် သူတို့၏ အဆိုပါ ထောက်ခံ တင်ပြချက်ကို အထွေထွေ ညီလာခံ၌ သုံးပုံနှစ်ပုံမဲဖြင့် ထောက်ခံ အတည်ပြု ပေးရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိုယ်စားပြုမှု ပြဿနာနှင့် စပ်လျဉ်း၍ ကော်မီတီတွင် အမျိုးမျိုး ဆုံးဖြတ်နိုင်သည်။ အဖွဲ့ဝင် ၉ ဦးပါ ကော်မီတီက ဤပန်ကြားချက်ကို ထောက်ခံနိုင်သည်၊ ငြင်းပယ်နိုင်သည်၊ သို့မဟုတ် ဆုံးဖြတ်ချက်ချခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်။ ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ခဲ့လျှင် ပြဿနာတွေ အများကြီး ပေါ်လာနိုင်သည်။ တိုင်းပြည်၏ ကိုယ်စားပြုမှုကို ဘယ်သူ့မှ မပေးဘဲ လစ်လပ်ထားနိုင်သည်၊ နောက်တက်လာမည့် ကော်မတီက မည်သည့် အရေးယူမှုမျှ မလုပ်ဘဲ ထားနိုင်သည်၊ မည်သည့် ထောက်ခံချက်မျှ မပေးဘဲလဲ ထားနိုင်သည်။

အဖွဲ့ဝင် ၉ ဦးပါ ကော်မီတီကို အထွေထွေ ညီလာခံကျင်းပသည့် အကြိမ်တိုင်းတွင် အသစ်ရွေးချယ် တာဝန်ပေးအပ်ရသည်။ သို့သော် အစဉ်အလာအရ တရုတ်၊ ရုရှ နှင့် အမေရိကန်တို့က အပြောင်းအလဲမရှိ ဤကော်မီတီတွင် အမြဲ နေရာရကြသည်။ ထို့ပြင် လုပ်ထုံးလုပ်နည်း စည်းမျဉ်း အပိုဒ် ၂၉ အရ ကိုယ်စားလှယ် တဦးဦးကို အဖွဲ့ဝင်နိုင်ငံ တခုခုက ကန့်ကွက်ခဲ့လျှင် ကိုယ်စားလှယ် စိစစ်ရေး ကော်မီတီက အစီရင်ခံ၍ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက် ပေးသည်အထိ ယာယီ ဆက်လက် ကိုယ်စားပြုခွင့်ရှိပြီး အခြား အဖွဲ့ဝင် ကိုယ်စားလှယ်များ အားလုံးနှင့် တန်းတူ တူညီသော အခွင့်အရေး ရှိသည်ဟု ပြဆိုထားသည်။

ထို့ပြင် စစ်အစိုးရကို ဖယ်ရှားရန် ကန့်ကွက်သည့် ပန်ကြားလွှာကို စဉ်းစားရန် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီကို ဖွဲ့စည်းရာတွင် တရုတ်၊ ရုရှ နှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်တို့က ၃ဝ ပြု ပါဝင်မည် ဖြစ်သည်။

ထို့ကြောင့် လုပ်ထုံးလုပ်နည်း နည်းစနစ်အရ ပြောလျှင် စစ်အစိုးရကို ဖယ်ရှားရန် အတိုက်အခံ၏ ပန်ကြားလွှာ အတည်ဖြစ်ရန်၊ အများစုဆုံးဖြတ်ချက်ရ၍ အထွေထွေ ညီလာခံသို့ ရောက်ရန်မှာ ကော်မတီတွင်ပါသော ကျန်ကိုယ်စားလှယ် ၆ ဦးအနက် ၅ ဦးက အမေရိကန်က ထားရှိမည်ဟု ယူဆရသော သဘောထားနှင့် အတူ ရပ်တည်ရမည်ဖြစ်ပြီး တရုတ်၊ ရုရှ နှင့် မြန်မာနိုင်ငံတို့ကို ဆန့်ကျင်ရမည် ဖြစ်သည်။

ဤသို့ဆိုလျှင် ဤကိုယ်စားလှယ် စိစစ်ရေး ကော်မတီက မည်သည့် စံထားချက်များကို အခြေခံ၍ ဆုံးဖြတ်ချက်ချကြမည်နည်း။ ။



ကိုယ်စားလှယ် စိစစ်ရေး ကော်မတီ ရှေ့မှောက်တွင် တင်ပြသော အတိုက်အခံ၏ လျှောက်လဲတင်ပြချက်
ရိုးရိုးသားသား ပြောရလျှင် ကော်မတီဝင်များ မှီငြမ်း ကိုးကားရန်အတွက် စစ်မှန်သော ကိုယ်စားလှယ်ဖြစ်ခွင့် စံထားချက် ဟူ၍မရှိ။

အတိုက်အခံ နိုင်ငံရေးသမားများက တင်သွင်းသည့် ပန်ကြားလွှာတွင် စစ်မျက်နှာ ၂ ဘက်ဖြန့်၍ ခုခံ ချေပထားသည်။ ယင်းတို့မှာ စစ်အစိုးရ၏ နိုင်ငံရေး အုပ်ချုပ်မှုအတွက် ရင်းမြစ်မူလအစနှင့် မည်သို့မည်ပုံ အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးနေသည် ဆိုသော အချက် ၂ ချက် ဖြစ်သည်။ ပထမအချက်မှာ ယခု ပယ်ဖျက်ခံလိုက်ရသော ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဖြစ်ပြီး နောက်တခုမှာ စစ်အစိုးရက သူ့နိုင်ငံသားများ အပေါ်တွင် စနစ်တကျ ကျူးလွန် ဖောက်ဖျက်လျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။

ကမ္ဘာတဝှမ်းမှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင် ကျွမ်းကျင်သူ ၉ ဦးပါဝင်သည့် “၂ဝဝ၈ ခုနှစ် အတွေးအမြင်” အဖွဲ့။ (၂ဝဝ၈ Opinion) ကလည်း ဤဒီမိုကရေစီ အတိုက်အခံတို့၏ ရပ်တည်ချက် သဘောထားကို ထောက်ခံထားသည်။ ပိုင်နက်နယ်မြေကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်သည် ဟူသော အချက်သည် နအဖ (မြန်မာအစိုးရ) ၏ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ တာဝန်ရှိမှုကို အစဉ်တစိုက် မသိကျိုးကျွန် ပြုနေခြင်းနှင့် သူတို့၏ အုပ်စိုးမှုတွင် လူထု၏ ထောက်ခံမှု ကင်းမဲ့နေသည် ဆိုသည့် သက်သေ ထင်ရှားပြပြီး ဖြစ်သည့်အချက်တို့ကို လွှမ်းမိုးပယ် ဖျက်ခြင်း မပြုနိုင် ဟု သူတို့က ဆိုထားသည်။

မြန်မာနိုင်ငံ၏ နယူးရောက် အထွေထွေ ညီလာခံတွင် ကိုယ်စားပြုမှုကို ဆန့်ကျင် ကန့်ကွက်ကြသည့် သူတို့သည် ဤ လျှောက်လဲချက်ကို ရေးသားတင်ပြရာ၌ သူတို့က ကိုယ်စားပြုမှုကို စဉ်းစားဆုံးဖြတ်ရာ၌ ပဓာနကျသော စံထားချက် ဖြစ်သည်ဟု ယုံကြည် ယူဆသော အချက်ကို တင်ပြခဲ့ခြင်း ဖြစ်သည်။ ဤအဆုံးအဖြတ် ပေးနိုင်သည့် အချက်များ ဖြစ်သည်ဟု ယုံကြည် ယူဆကြသည့် အချက်များဖြစ်သော ရွေးကောက်ပွဲ ရလဒ်နှင့် လူ့အခွင့်အရေးအား လေးစားလိုက်နာရေး ဟူသော အချက်များသည် စစ်အေးခေတ်၏ ပြာပုံထဲမှ နေ၍ တည်ဆောက်ထားခဲ့သော တရားဝင်မှုနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေသစ်တရပ် ဖြစ်သည်ဟု ပြောဆို ကန့်ကွက်မှုများလည်း ရှိနေသည်။

ဂရီဂေါ်ရီဖောက်စ် (Gregory Fox) က ၁၉၉၂ ခုနှစ်က သူရေးသားခဲ့သည့် “ဒီမိုကရေစီခေတ်ရှိ အစိုးရများ၏ တရားဝင်မှု” (Legitimacy of Governments in the Age of Democracy) ဆိုသော ဆောင်းပါးတွင် ဤသို့ ရေးသားထားခဲ့သည်။ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ကိုယ်စားလှယ်များကို သတ်မှတ်ရာတွင် အထွေထွေ ညီလာခံသည် ဒီမိုကရေစီ ဆိုသည့် အချက်ပေါ်တွင် မှီတည် ဆုံးဖြတ်ခြင်း မပြုခဲ့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ကုလသမဂ္ဂသည် ဒီမိုကရေစီ၏ မူလရင်းမြစ်ကို တရားဝင်မှု၏ စမ်းသပ်ချက် တရပ်အဖြစ် အသုံးပြုခဲ့ဖူးသည့် အစဉ်အလာကိုမူ ထောက်ပြရမည်သာ ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် ဖရန်စစ်ဖူကူယားမား (Francis Fukuyama) ၏ သမိုင်း၏ နိဂုံးနှင့် နောက်ဆုံးလူသား (The End of History and the Last Man) ဆိုသည့် စာအုပ်တအုပ် ထွက်ပေါ် လာခဲ့ခြင်းမှာလည်း တိုက်ဆိုက်မှုတရပ် မဟုတ်ပါ။ ဤစာအုပ်သည် ကမ္ဘာ့နိုင်ငံ အားလုံးသို့ ဒီမိုကရေစီ အစိုးရတည်းဟူသော တားဆီးမရသည့် ဒီလှိုင်းကြီးတရပ် တက်လာနေပြီ ဆိုသည့်အချက်ကို ကိုင်စွဲ ယုံကြည်ကြသူများအတွက် စာပေနယ်ပယ်တွင် စံပြုစရာ အချက်ကြီးတချက် ဖြစ်နေသည်။ သို့သော် အဆိုပါ ဒီလှိုင်းကြီးမှာလည်း အမေရိကန်က စစ်အေးတိုက်ပွဲတွင် အနိုင်ရလိုက်ပြီးသည့် နောက်ပိုင်းမှသာ အရှိန်အဟုန် ရလာခဲ့ခြင်း ဖြစ်သည်။ ၁၉၉ဝ စုနှစ်များ၏ အစပိုင်း နှစ်များသည် ဒီမိုကရေစီ၏ မျှော်မှန်း တမ်းတချက်များအတွက် စိတ်လှုပ်ရှားဘွယ် လှုပ်ရှားတက်ကြွနေသော ကာလများပင် ဖြစ်သည်။

ဖောက်စ် (Fox) က ဒီမိုကရေစီ မြှင့်တင်ရေး လုပ်ငန်းတွင် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီကို အသုံးပြုသင့်သည် ဆိုသော အဆိုကို တင်ပြခဲ့သည်။ ကော်မတီအနေဖြင့် အထွေထွေ ညီလာခံတွင် အစိုးရတရပ်ရပ်ကို နေရာပေးရာ၌ ရွေးကောက်ပွဲ ဖြစ်စဉ်ကို လေးစား လိုက်နာခြင်းတည်း ဟူသော အချက်ကို မလွဲမသွေ လိုက်နာရမည့် ရှေးဦးလိုအပ်ချက် တရပ်အဖြစ် ထားရှိသင့်သည်ဟု ခုခံချေပ ပြောဆိုခဲ့သည်။

ဤဒီမိုကရေစီ အလားအလာနှင့် စံသတ်မှတ်ချက် ခုခံချေပ ပြောဆိုချက်ကို ထောက်ခံသည့် အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ၉ ဦး အပါအဝင် စာရေးသူ အများအပြားကလည်း ကိုယ်စားလှယ် စိစစ်ရေးကော်မတီ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သော စစ်အေးလွန်ခေတ် အဖြစ်အပျက်များကို ရိုးတိုးရိပ်တိတ် ရည်ညွှန်း ပြောကြားခဲ့ကြသည်။

နိုင်ငံ၏ နယ်မြေအစိတ်အပိုင်း အများစုကို ထိန်းချုပ် ထားနိုင်ခဲ့သော်လည်း အထွေထွေ ညီလာခံတွင် ကိုယ်စားပြုနေရာ ယူခွင့်ကို အာဏာပိုင်များက ငြင်းပယ်ခြင်း ခံခဲ့ရသည့် နိုင်ငံများတွင် အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဟေတီ၊ လိုင်ဘေရီးယား နှင့် စီယာရာလီယွန်း နိုင်ငံတို့ ပါဝင်သည်။ ဤဖြစ်ရပ်များ၌ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ရွေးကောက်ပွဲ နည်းလမ်းဖြင့် မဟုတ်ဘဲ နိုင်ငံတော်အာဏာ ဖယ်ရှားခံရသည့် ရွေးကောက်ခံ အစိုးရများကိုသာ လိုက်လျော အသိအမှတ် ပြုပေးခဲ့သည်။

ထိုအချိန်မှစ၍ ရွေးကောက်ပွဲရလဒ်ကို မလိုက်နာ အသိအမှတ် မပြုသည့် အမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီအတွက် ထည့်သွင်း စဉ်းစားရမည့် အစဉ်အလာတရပ် ပေါ်ပေါက်လာခဲ့သည်။

ပန်ကြားလွှာ တင်သွင်းသူများ နောက်ထပ် တင်ပြသော အချက်တချက် ဖြစ်သည့် စစ်အစိုးရသည် သူ့လက်ထဲရှိ အာဏာကို မည်သို့မည်ပုံ အလွဲသုံးစားလုပ်သည် ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ ဖောက်က်စ် (Fox) က ဤသို့ မှတ်ချက်ပြု ပြောဆိုပါသည်။ မည်သို့ပင်ဖြစ်စေ (အသားအရောင် ခွဲခြားရေး စနစ်ကို ကျင့်သုံးနေသည့် ကာလက) တောင်အာဖရိကနိုင်ငံ၏ ဥပမာသည် ထင်ရှားသော သာဓကတခု ဖြစ်သည်။ ဤဖြစ်ရပ်မှလွဲ၍ နိုင်ငံတနိုင်ငံသည် ယင်း၏ အာဏာကို မည်သို့မည်ပုံ သုံးစွဲသည် ဟူသောအချက်ကို အခြေခံ၍ အစိုးရတရပ်၏ ကိုယ်စားလှယ်များကို ကိုယ်စားလှယ် အဖြစ်မှ ရပ်တည်ခွင့် ငြင်းပယ်ခဲ့သည့် နောက်ထပ် သာဓက မရှိ။ နိုင်ငံတော် အာဏာကို တရားမဝင် ကျင့်သုံးနေသောကြောင့် ယင်းအစိုးရကိုလည်း တရားမဝင် အစိုးရအဖြစ် ယူဆရမည်ဟူသော အချက်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် ဤဖြစ်ရပ်သည် ဖြစ်တန်ရာသော အချက်အလက်တခု ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထို့ကြောင့် အာဏာ၏ မူလရင်းမြစ် ဆိုသည့်အချက်ကို ဗဟိုပြုစဉ်းစားသည့် သာဓကမျိုး အများအပြား မရှိသော်လည်း နိုင်ငံတော် အာဏာကို မည်သို့မည်ပုံ သုံးစွဲကိုင်တွယ်သည် ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားခဲ့သည့် အစဉ်အလာမူ ကုလအထွေထွေ ညီလာခံနှင့် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ တို့၌ ရှိနေသည်။
သို့သော် စဉ်းစားစရာများမူ ရှိနေပါသည်။ အထွေထွေ ညီလာခံကဲ့သို့သော အဖွဲ့အစည်းကြီးများက ရောင်ပြန် ဟပ်ထားသည့် တရားဝင်မှုတည်း ဟူသော ပြဿနာ၏ ခေတ်သစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက တကယ်တမ်း လက်တွေ့တွင် ထွေးပွေ့ ကြိုဆိုကြပါ့မလား။ သဘောတရားရေးအရ ကွဲပြားခြားနားမှုများသည် အမှန်တကယ် ကုန်ဆုံးသွားခဲ့ပြီလား။ အမျိုးသားရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွါးများကို အသစ် ဖြစ်ထွန်း ပေါ်ပေါက်လာနေသော အပြည်ပြည်ဆိုင်ရာ တရားဥပဒေ မူဝါဒသစ်များ၏ လက်အောက်ခံ ပြဿနာအဖြစ် လိုလိုလားလား တိုးတက်လက်ခံ လာနေကြပါပြီလား။



နိုင်ငံတကာဝန်းကျင်ရှိ ရန်လိုမှု
ဟူးဗားအင်စတီကျူးရှင်း (Hoover Institution) ၏ အဆိုအရ ၁၉၉ဝ မှ နောက်ဆယ်စုနှစ်ဝက် အထိ ကာလအတွင်း ဒီမိုကရေစီနိုင်ငံများ၏ ရာခိုင်နှုံး တိုးတက်လာမှုကို ကမ္ဘာကြီးက မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ယခင်ထက် ဝက်ခန့်မှ ယခု ၅ နိုင်ငံတွင် ၃ နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်လာသည်ကို တွေ့ခဲ့ရပြီး ဖြစ်သည်။ သို့သော် ဖရီးဒမ်းဟောက်စ် (Freedom House) ၏ ရေးသားချက်များကို လေ့လာရလျှင် ၁ဝ နှစ်ကျော်အတွင်း ဒီမိုကရေစီအရ အုပ်စိုးနေသော နိုင်ငံများ၏ ရာခိုင်နှုံးသည် ထိထိရောက်ရောက် ဘာမှမပြောင်းလဲဘဲ ရှိနေသည်။ ယခင်နှစ်ကနှင့် နှိုင်းစာလျှင် ၂ဝဝ၈ ခုနှစ်အတွင်း အမှန်တကယ် အသိအမှတ် ပြုခံခဲ့ရသည့် ဒီမိုကရေစီ နိုင်ငံများ ပို၍ နည်းသွားသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသည့်။ '2008 Opinion' ၏ နိုင်ငံအလိုက် လေ့လာချက်များတွင် ဖေါ်ပြ ရေးသားထားချက်များတွင် ပါသည့် မည်သည့်နိုင်ငံမျှ ဤရာစုနှစ်အတွင်း ပေါ်ပေါက်လာသော နိုင်ငံများ မဟုတ်ပါ။ ကမ္ဘာကြီးသည် ပြောင်းလဲနေသည်။ အမျိုးသား အကျိုးစီးပွါးသည် နိုင်ငံတကာအတွေး အမြင်စိတ်ကူးစံများ အထက်တွင် ရောက်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်လာနေရသည်။

အမှန်အတိုင်း ပြောရလျှင် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီသည် ဆုံးဖြတ်ချက် ချမှတ်ရာ၌ ဒီမိုကရေစီ၏ အရင်းအမြစ်ကို ကြည့်မှကြည့်ဖူးကြရဲ့လား ဆိုသည်ပင် သိပ်မသေချာလှပါ။ တခုတော့ ဖြစ်နိုင်ပါသည်။ ၁၉၉ဝ စုနှစ်များ ကာလ ဒီမိုကရေစီခေတ်ထ၍ ဒီမိုကရေစီဆိုသည့် စကားလုံးများ လှိုင်ဘောလယ်အောင် ပြောနေကြချိန်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် အမှန်စင်စစ် နိုင်ငံတကာ မျက်နှာစာမှ အဓိက အင်အားကြီးနိုင်ငံများနှင့် (သို့မဟုတ်) ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ အမျိုးသား အကျိုးစီးပွါးကို အသိအမှတ်ပြု ချမှတ်ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံအကြောင်း ပြောလျှင် အမျိုးသား အကျိုးစီးပွါး နယ်ပယ်တွင် အန္တရာယ်အရှိဆုံး နိုင်ငံများမှာ မြန်မာ့ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အာဆီယံ နိုင်ငံများ၊ အိန္ဒိယနှင့် အရေးအကြီးဆုံး အန္တရာယ်အကြီးဆုံးမှာ တရုတ်တို့ ဖြစ်ကြသည်။ ဤဒေသတွင်း နိုင်ငံများ အသိုင်းအဝိုင်းသည် မြန်မာအတိုက်အခံ နိုင်ငံရေးသမားများ၏ အကျိုးစီးပွါးနှင့် သူတို့ အမျိုးသား အကျိုးစီးပွါးကို မျှယူ ကြည့်ရှုကြပါမည်လား ဆိုသည့်ကိစ္စမှာ သံသယဖြစ်စရာ အတော်ကောင်းပါသည်။

တဖန်နောက်တချက်မှာ အထွေထွေ ညီလာခံက ဖြုတ်ချခံလိုက်ရသော ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံရသည့် အစိုးရဘက်မှရပ်၍ နိုင်ငံကို အမှန်တကယ် စိုးမိုးအုပ်ချုပ်နေသော အစိုးရတရပ်အား အသိအမှတ်ပြုရန် ငြင်းဆန် ခဲ့သည့် သက်သေ သာဓကကိစ္စ အများစုနှင့် မြန်မာ့အရေးမှာ မတူပါ။ ကုလသမဂ္ဂအတွက် မြန်မာနိုင်ငံကို ကာကွယ်ရန် သူ့ကိုယ်သူအတွက် ပူပန်ကြောင့်ကြရန် အရေးပါသော အဖွဲ့အစည်းဆိုင်ရာ အမွေအနှစ် မြန်မာနိုင်ငံတွင် မရှိပါ။

ထိုသို့ဖြစ်ရမည့်အစား မစ္စတာ ဂမ်ဘာရီ၏ နောက်ဆုံး ခရီးစဉ်အပြီးတွင် ကုလသမဂ္ဂနှင့် ကုလ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များက သူသည် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည့် ဤအရှေ့တောင်အာရှ နိုင်ငံအတွက် လုပ်ရမည့် ဖြစ်စဉ်တရပ်ကို ဆက်လက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း တွင်တွင်ကြီး ပြောဆိုနေတုံးပင် ဖြစ်သည်။ အထွေထွေ ညီလာခံတွင် စစ်အစိုးရ၏ ကိုယ်စားပြုမှုကို ဖယ်ရှားလိုက်လျှင် မည်သည့်ဖြစ်စဉ်များပင် ပေါ်ပေါက်လာသည် ဖြစ်စေ အလျင်အမြန်ပင် အဆုံးသတ်သွားရန် ဖြစ်နိုင်ခြေက ပိုများနေသည်။

နောက်ဆုံးအနေဖြင့် ပြောရလျှင် အပြည်ပြည်ဆိုင်ရာ ဥပဒေကိုယ်နှိုက်က ကိုယ့်ဖာသာ ဆန့်ကျင်ဝိရောဓိ ဖြစ်နေခြင်း ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းကဲ့သို့ နိုင်ငံနယ်နိမိတ်များကို ကျော်လွန် တည်ရှိနေသည် ဆိုသည့် ဥပဒေများ အကြောင်းကို ပြောကြလျှင်ပင် ဤအပြည်ပြည်ဆိုင်ရာ ဥပဒေသည် ဝက်စ်ဖေလီယန် အလွန်ကာလ။ (Post-Westphalian) က ကျင့်သုံးခဲ့သော အမျိုးသားနိုင်ငံများ (nation states) ဆိုသည့် လောကထဲ၌သာ ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်လျက် ရှိနေဆဲ ဖြစ်သည် ဆိုသည့် အချက်ကိုတွေ့ရမည် ဖြစ်သည်။ ဤသို့နိုင်ငံ နယ်နမိတ်လွန် ဥပဒေ များကို ကုလသမဂ္ဂတွင်း၌ နောက်ထပ် အဟန့်အတား ဖြစ်စေသည့် အချက်မှာ ကုလ၏ ပဋိဥာဉ်စာတမ်းနှင့် ဖွဲ့စည်း တည်ဆောက်ပုံ ကိုယ်တိုင်က စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၅ ခုနှစ်တွင် တည်ရှိခဲ့သည့် ကမ္ဘာကြီး၏ အခြေအနေကို ရောင်ပြန်ဟပ် ဖေါ်ပြနေခြင်းပင် ဖြစ်သည်။ ထိုအချိန်က လက်ခံထားခဲ့သော အယူအဆမှာ အမျိုးသား နိုင်ငံသဘောတရားက လွှမ်းမိုးကြီးစိုးနေခြင်းပင် ဖြစ်သည်။

ဤသို့သော နိုင်ငံတကာ ဝန်းကျင်အခြေအနေ တရပ်တွင် စစ်အစိုးရ အနေဖြင့် အထွေထွေ ညီလာခံကသူ့ကို ညီလာခံ ခန်းမထဲက မောင်းထုတ်မည့်အရေးကို ကြောက်စရာ၊ စိုးရိမ်စရာ လိုပါသေးသလား။



ဘာတွေ ဖြစ်လာရမှာလဲ။
ကိုယ်စားလှယ် စိစစ်ရေး ဖြစ်စဉ်ကို ဒီမိုကရေစီ မကျသည့် အစိုးရများအား အပြစ်ပေးရာတွင် လက်နက်တခု အနေဖြင့်သာ သုံးခြင်းသာ အပြုသဘောမဆောင် အကျိုးမဖြစ်ထွန်းနိုင်ဟု မက်သယူဂရစ်ဖင် (Matthew Griffin) က အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံရေး ၂ဝဝ၈ ခုနှစ် တည်းဖြတ် ထုတ်ဝေခြင်းတွင် ရေးသား ဖေါ်ပြထားသည်။ အစိုးရတရပ်၏ အထွေထွေ ညီလာခံတွင် ကိုယ်စားပြု ပါဝင်ခွင့်ကို ဤသို့လုပ်ခြင်းဖြင့် တည်ရှိနေသော ပြဿနာကို အမှန်တကယ် ထိထိရောက်ရောက် ပြေလည်စေလိမ့်မည်ဟု မျှော်လင့်နိုင်သည့် အကျိုးအကြောင်းရှိမှသာ ပြုလုပ်ရမည် ဟု ဂရစ်ဖင် က ရေးသားခဲ့သည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကို ပိတ်ဆို့အရေးယူရာ၌ သဘောထားအမျိုးမျိုး အကြီးအကျယ် ကွဲလွဲခဲ့မှုသည် ထင်ရှားသော သာဓကဖြစ်သည်။ ယခုစစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပန်းချက် အောင်မြင်ရန် အခွင့်အလမ်းသည်လည်း အထွေထွေ ညီလာခံ၏ ကျယ်ပြန့်သော အစိတ်အပိုင်းက အနက်အဓိပ္ပါယ် ဖွင့်ပေးဘို့ လိုသည်၊ ယေဘူယျအားဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက ဤသို့လုပ်နိုင်ဘို့လိုသည်။ မြန်မာ့နိုင်ငံရေး လိပ်ခဲတည်းလည်း အခြေအနေကို အပေါင်းလက္ခဏာ ဆောင်သည့် အပြောင်းအလဲ ဖြစ်စေမလား၊ အနှုတ်လက္ခဏာ ဆောင်သည့် အပြောင်းအလဲ ဖြစ်စေမလားဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

ပိုကောင်းသည်ဟု ပြောနိုင်လျှင်၊ အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွါး၊ အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွါး တို့နှင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ အကျိုးစီးပွါးတို့ကို ကာကွယ် ထိန်းသိမ်းထားနိုင်သည် ဆိုလျှင် ဤကိစ္စ အောင်မြင်ရေး မျှော်လင့်ချက် ရောင်ခြည်ကို ခပ်ရေးရေးတော့ လှမ်းမြင်ရနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ယနေ့အနှံ့အပြား ဖြစ်ပေါ်တွေ့မြင်နေရသော အကျိုးစီးပွါးချင်း ပဋိပက္ခ၊ သဘောတရား ရေးရာများကို အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုတို့သည် ဤပန်ကြားလွှာ၏ ကံကြမ္မာအတွက် မျှော်လင့် အားထားနိုင်သော အရာများ မဟုတ်ပါ။ အရာအားလုံးထက် ပိုအရေးကြီးသည့် အချက်မှာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်၌ နှစ်ပေါင်းများစွာ ကျဆင်းနေခဲ့သော နှင်းခဲကြီးများ နောက်တကြိမ် အရည်ပျော်ဘို့ လိုသေးခြင်းပင် ဖြစ်သည်။ ။


0 အကြံပြုခြင်း: