Thursday, September 18, 2008

"ရွှေဝါရောင် တော်လှန်ရေး” အပြီး တနှစ်အကြာ မြန်မာပြည်

မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 18 2008 15:00 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် ဆန္ဒပြ သံဃာတော်များနှင့် လူထု၏ ထစ်ချုန်းဟစ်ကြွေးလျက် ရှိသော အသံများကြားတွင် ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုမှ မန်နေဂျာမလေး ဝတ်ရည် (အမည်ပြောင်းထားသည်) လည်း သူမ၏ ရုံးခန်းလေးထဲမှ လမ်းပေါ်ရှိ ဆန္ဒပြလူအုပ်ကြီးကို ကြည့်ရှုရန် ပြေးထွက်လာခဲ့သည်။

ထိုနေ့ကား ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ဖြစ်ပါသည်ဟု ဝတ်ရည်က အမှတ်တရ ပြန်ပြောင်း သတိရနေမိသည်။ ပထမတော့ ကြောက်၍ ဆန္ဒပြလူအုပ်နှင့် ဝေးဝေးတွင် သူနေ နေခဲ့သေးသည်။ ဆန္ဒပြပွဲ အရှိန်ရလာသည်နှင့်အမျှ၊ ဆန္ဒပြ သံဃာတော်များ အရိုက်အနှက် ခံကြရသည်ဟူသော သတင်းများကို ကြားလာရသည်နှင့်အမျှ ဝတ်ရည်၏ ကြောက်စိတ်များလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။

“ကျမလဲ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တော့ဘူး၊ လမ်းပေါ်က လူထုနဲ့သာ အတူရှိနေချင်တော့တာ၊ သံဃာတော်တွေ နဲ့သာ အတူ ရှိနေချင်တော့တာ” ဟု အသက် ၂၇ နှစ်ရွယ် မန်နေဂျာမလေး ဝတ်ရည်က ပြောပါသည်။

နာရီဝက်မျှပင်မကြာ၊ ဝတ်ရည်လည်း လမ်းပေါ်မှ ဆန္ဒပြလူအုပ်ကြီးထဲတွင် ပါဝင် ချီတက်နေမိတော့သည်။ လက်နက်ကိုင် စစ်သားများက သူတို့သွားမည့် လမ်းပေါ်တွင် သံဆူးကြိုးခွေများဖြင့် အတားအဆီး အဟန့်အတားများ ပြုလုပ်ထားကြသည်။

သူနှင့်အတူ ဆန္ဒပြနေသောလူထုကြီး နောက်နာရီပိုင်းအတွင်း ဘာဖြစ်မည်ဆိုသည်ကို မသိ။ သူဤဆန္ဒပြပွဲ ကြီးတွင် ပါဝင်လာခဲ့ခြင်းမှာ လူထုကို အညှာတာကင်းမဲ့စွာ ရက်ရက်စက်စက် ရိုက်နှက်နေသော စစ်သားများကို စိတ်ဆိုး ဒေါသထွက်လွန်း၍သာ ပါလာမိခဲ့ခြင်း ဖြစ်သည်။ တချိန်တည်းတွင် ဤဆန္ဒပြပွဲကြီးက ပြည်သူလူထု နိစ္စဓူဝကြုံတွေ့နေရသော ဒုက္ခများမှ တစုံတရာ အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ကလည်း ရှိနေသည်။

“ကျမ နိုင်ငံရေးအကြောင်း သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ စစ်သားတွေက ဘုန်းကြီးတွေကို ရိုက်တယ်ဆိုတဲ့သတင်း ကြားရတော့ အရမ်း ဒေါသထွက်တယ်။ ပြည်သူတွေ ကြုံနေရတဲ့ အခက်အခဲတွေက သက်သာရာရမဲ့ အပြောင်းအလဲလေး တခုခုလဲ လိုချင်တယ်” ဟု ဝတ်ရည်က ရှင်းပြသည်။

သို့သော် သူ၏အိပ်မက်နှင့် မျှော်လင့်ချက်က ကြာကြာမခံပါ။ စစ်သားများက လူအုပ်ထဲကို ချိန်ရွယ် ပစ်ခတ်တော့သည်။ ဝတ်ရည်လည်းလူအုပ်နှင့်အတူ ရော၍ ပြေးနေရတော့သည်။ ဘယ်ဆီကို ဦးတည်ပြေးနေမိမှန်းလဲ မသိ။

အစောပိုင်းက ရှိခဲ့သော ကြောက်ရွံ့စိုးရိမ်မှုများ သူ့ထံတဖန် ပြန်လည် ရောက်ရှိလာပြန်သည်။ မတော်မတရား လုပ်ခဲ့သည့် စစ်သားများကို လက်စားချေလိုခြင်းနှင့် အပြောင်းအလဲအတွက် မျှော်လင့်ချက်တည်းဟူသော သူ၏ မျှော်လင့်ချက်မှန်သမျှလည်း အားလုံး ဆုံးရှုံးသွားပြန်သည်။

ကမ္ဘာလှည့်ခရီးသွား ကုမ္ပဏီတခု၏ မန်နေဂျာအဖြစ် ဝတ်ရည်ရသောလစာမှာ အတော်လေး ကောင်းပါသည်။ တလလျှင် ကျပ် တသိန်း (ဒေါ်လာ ၈ဝ ခန့်) ရသည်။ ဤလခမှာ ဗမာပြည်တွင် ရှားရှားပါးပါးရသော လစာကောင်းဖြစ်သည်။ ကုမ္ပဏီ အလုပ်သမားအများစုအတွက် ပျှမ်းမျှလစာမှာ တလလျှင် ကျပ် ၂၅ဝဝဝ မှ ၅ သောင်းကြားသာ ရှိသည်။

သို့သော် ထိုကောင်းလှပါသည်ဆိုသော လစာပင်လျှင် မိုးထိအောင် ထိုးတက်နေသော ကုန်ဈေးနှုံးများကြောင့် သူမအပါ အဝင် မိသားစု ၆ ယောက်အတွက် လောက်ငရုံမျှသာ ရှိသည်ဟု ဝတ်ရည်က ဆိုသည်။

“အရောင်းမြှင့်တင်ရေးအလုပ် လုပ်နေတဲ့ တခြားမိန်းကလေးတွေနဲ့ ယှဉ်ရင်တော့ ကျမ လစာက အတော်လေး ကောင်းတာပေါ့ရှင်၊ ဒါပေမဲ့လဲ မလောက်ပါဘူး” ဟု ဝတ်ရည်က ရှင်းပြပါသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လလယ်က လောင်စာဈေးနှုံးများ မြှင့်တင်လိုက်မှုကြောင့် သူတို့ရုံးရှိ ဝန်ထမ်းအားလုံး အတော်လေး ထိခိုက်ခဲ့ရကြောင်း၊ ရုံးသွားစရိတ်အတွက် အပိုငွေများ ကုန်ကျကြရကြောင်း၊ “စားဖြစ် နေဖြစ်ရုံဘဝကနေ ဓားပြ ထပ်အတိုက်ခံလိုက်ရသလို ပါဘဲရှင်” ဟု သူမက ပြောပါသည်။

ဤနောက်ခံအကြောင်း အချက်အောက်တွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးလာသည့်အခါ သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ လူထု၏ဘဝကို အပြောင်းအလဲလုပ်ပေးနိုင်မည့် အခွင့်အလမ်းတရပ်အဖြစ် သူမက ရှုမြင်ခဲ့သည်။

“ကျမက အစိုးရကို ဖြုတ်ချဘို့အထိ တွေးထားခဲ့တာ မဟုတ်ပါဘူး။ ကျမတို့ နေရထိုင်ရတာလေးများ နဲနဲအပြောင်းအလဲ ဖြစ်မလားလို့ ဆန္ဒပြပွဲတွေအပေါ် မျှော်လင့်ခဲ့မိတာပါ” ဟု ဝတ်ရည်က ဆိုသည်။

သို့သော် သေနတ်ပစ်သံများကြားရပြီး လမ်းများပေါ်တွင် သွေးထွက်သံယို ဖြစ်ပွါးမှုများကို တွေ့လာရသည့်အခါ သူမ၏ ကြောက်ရွံ့စိတ်များ တဖန် ပြန်ပေါ်လာပြန်သည်၊ အပြောင်းအလဲလေးများ ဖြစ်မလားဟူသော မျှော်လင့်ချက်ကလေးလည်း ကွယ်ပျောက်သွားပြန်သည်။

“လမ်းပေါ်မှာ သေနတ်သံတွေကြားရ၊ သွေးထွက်သံယိုတွေ မြင်ရတော့ ကျမ မျှော်လင့်ချက်လေးတွေလဲ အကုန်ကုန်တာပါဘဲ။ ကျမလဲ ရုံးဘက်ကို အတင်းပြန်ပြေးလာခဲ့တာ။ သူတို့တွေ ဒီလောက်အထိ ယုတ်မာပက်စက်လိမ့်မယ်လို့ တခါမှကျမ မတွေးခဲ့မိဘူး” ဟု ဝတ်ရည်က ပြောသည်။

သို့သော် ဤသို့ ဖြစ်ရသည်မှာ ဝတ်ရည် တဦးတည်း မဟုတ်ပါ။ သူ့တွင်ရှိနေသော ကြောက်ရွံ့မှုများ၊ မျှော်လင့်ချက် ကင်းမဲ့မှုများသည် စစ်အာဏာရှင်များ နှစ်ပေါင်း ၄ဝ ကျော် အုပ်စိုးခဲ့သော မြန်မာပြည်ရှိ လူအတော်များများထံတွင် ရှိနေသည်။

ဝတ်ရည်လိုပင် မျှော်လင့်ချက်၊ မျှော်မှန်းချက်အပြည့်ဖြင့် လွန်ခဲ့သောနှစ်က ဖြစ်ပွါးခဲ့သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရန်ကုန်မြို့မှ လူငယ်တဦးကလည်း “လမ်းမပေါ်မှာ ဆန္ဒပြသံဃာတွေကို ဖူးလိုက်ရတော့ ကျနော် စိတ်အရမ်း လှုပ်ရှားသွားပြီး ဆန္ဒပြပွဲထဲမှာ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝင်ပါခဲ့တာ” ဟု သူ့အမြင်ကို ပြောပြသွားပါသည်။

“ဒါပေမဲ့အစိုးရက သံဃာတော်တွေနဲ့ ဆန္ဒပြသူတွေကို သေနတ်နဲ့လဲ စပစ်ရော၊ ကျနော်လဲ မျှော်လင့်ချက်တွေ ဘယ်ရောက်သွားမှန်း မသိတော့ဘဲ စစ်အစိုးရ သူလျှိုတွေလက်က လွတ်အောင် ပြေးရတော့တာဘဲ၊ သူတို့က ခုထိကျနော့်ကို လိုက်ရှာနေတုန်း။”

ကျယ်ပြန့်တဲ့ထောက်ခံမှု

“ရွှေဝါရောင်တော်လှန်ရေး” ဟု ခေါ်ကြသည့် လွန်ခဲ့သောနှစ် စက်တင်ဘာက ဖြစ်ပွါးခဲ့သည့် ဆန္ဒပြပွဲများသည် စစ်သားများက ဆန္ဒပြသမားများကို မဲမဲမြင်ရာ အကုန်ပစ်သည့်အတွက်ကြောင့်၎င်း၊ အိမ်များ ဘုန်းကြီးကျောင်းများကို မြင်မြင်သမျှ ဝင်ရောက်စီးနင်းကာ သံဃာတော်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသွားခြင်းကြောင့်၎င်း မအောင်မမြင် ဖြစ်ခဲ့ရပုံ ရပါသည်။ သို့သော် ဤလှုပ်ရှားမှုကို အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်းမှ ဝန်ထမ်းများအပါအဝင် လူထုကြီး တရပ်လုံးက ထောက်ခံခဲ့ကြသည်။

မန္တလေးမြို့ ရယက ရုံးမှ အတွင်းရေးမှူး အမျိုးသမီးက ပြောသည်မှာ သံဃာတော်များ လမ်းလျှောက် ဆန္ဒပြသည်ကို ကြားသောအခါ သူမနှင့် သူမ၏ လုပ်ဖော်ကိုင်ဘက်အားလုံး လူမသိသူမသိ အလွန် စိတ်လှုပ်ရှားခဲ့ရကြောင်း၊ ဤဆန္ဒပြပွဲကို ပွင့်ပွင့်လင်းလင်း ထောက်ခံလို့ မရသော်လည်း သူတို့ဘဝတွေအတွက် အပြောင်းအလဲလေးများ ဖြစ်လာမလားဟု မျှော်လင့်မိခဲ့ကြောင်း ပြောသွားပါသည်။

“ဆန္ဒပြပွဲတွေက ကျမတို့ အားလုံးအတွက် အလှည့်အပြောင်းတခု ဖြစ်လာလိမ့်မယ်၊ ကျမတို့ဘဝတွေကို ပြောင်းလဲ ပေးလိမ့်မယ်လို့ ကျမတို့ အားလုံးက မျှော်လင့်ခဲ့ကြတာဘဲ” ဟု သူမက ပြောသွားပါသည်။

ရယက ရုံးအတွင်းရေးမှူး အနေဖြင့် သူမလစာ တလလျှင် ကျပ် ၂၅ဝဝဝ (အမေရိကန်ဒေါ်လာ ၂ဝ လျော့လျော့) ရသည်။ ဤငွေဖြင့် သူမနှင့် သူမ၏ ၅ နှစ်ရွယ်ကလေးတို့ မစားလောက်ပါ။

“ကျမတို့က ဆန္ဒပြပွဲတွေမှာ ဝင်ပါလို့မရဘူး၊ ဒါပေမဲ့ လူတွေ ချီတက် ဆန္ဒပြနေတာကြားရတော့ အရမ်းပျော်တယ်၊ အခြေအနေတွေတော့ ကောင်းလာတော့မှာဘဲလို့ မျှော်လင့်မိခဲ့ကြတာ” ဟု သူမက ပြောသွားပါသည်။

အလားတူ ရန်ကုန်မြို့ မြို့နယ်အဆင့် ရဲစခန်းတခု၏ တပ်ဖွဲ့မှူးကလည်း သူ့ကို ဆန္ဒပြသူများကို ဖြိုခွဲရန် နှင့် လုံခြုံရေးတာ ဝန်ယူရန် တာဝန်ပေးထားသော်လည်း ဆန္ဒပြပွဲများက အပြောင်းအလဲတခုခု ဖြစ်လာပါစေဟု စိတ်ထဲက ကြိတ်၍ ဆုတောင်းနေခဲ့မိကြောင်း ပြောပါသည်။

“ဒီဆန္ဒပြပွဲတွေက အပြောင်းအလဲ ဘာမှဖြစ်မလာတာတော့ ဝမ်းနည်းစရာဘဲ။ တာဝန်အရ ကျနော်က ဆန္ဒပြသမားတွေကို ဖြိုခွဲရမဲ့သူ၊ လူထုရဲ့ ဒုက္ခတွေအတွက် သံဃာတော်တွေက အော်ဟစ် ဆန္ဒပြနေတာ ကြားရတော့ ကျနော်အား တက်တယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသွားသည်။

အစိုးရဝန်ထမ်း တယောက်အနေနဲ့ သူ့မိသားစုကို ထောက်ပံ့ကျွေးမွေးဘို့ တရားမဝင် ရရှိနိုင်သည့် ဒုတိယ၊ တတိယ အပိုဝင်ငွေများ ရှိကြောင်း၊ ထိုဝင်ငွေများဖြင့် မိသားစုကို အလွယ်တကူပင် ဝလင်အောင် ထားနိုင်ကြောင်း၊ သူ့ကလေးများ၏ အနာဂါတ်အတွက်မူ ပူပန်မိကြောင်း ထိုအရာရှိက ဆက်လက်ပြောသည်။

“ကျနော့်ကလေးတွေကလဲ အတူတူပါဘဲ၊ ဒီစနစ်အောက်မှာ သူတို့အတွက် ဘာအနာဂါတ်မှ မရှိပါဘူး” ဟု ထိုရဲအရာရှိက တိုးတိုးတိတ်တိတ်ကြိတ်၍ ပြောသွားသည်။

ပိုဆိုးလာတဲ့ အားမလိုအားမရ ဖြစ်မှုများ

အိမ်များ၊ ဘုန်းကြီးကျောင်းများကို ဝင်ရောက်စီးနင်း၍ အဓိကကျသော သံဃာတော်များနှင့် လှုပ်ရှားတက်ကြွသူ များကို ဖမ်းဆီးခြင်းနည်းဖြင့် ဆန္ဒပြသူများကို အောင်မြင်စွာ နှိမ်နင်း လိုက်နိုင်ခဲ့သော်လည်း စစ်အစိုးရ၏ စီးပွါးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် လူထုကြား ပိုဆိုးလာနေသော မချင့်မရဲ ဖြစ်မှုများကိုမူ မြန်မာစစ်အစိုးရ မနှိမ်နင်းနိုင်ခဲ့ပါ။

သြစတြေးလျနိုင်ငံ Macquarie University စီးပွါးရေးဌာနမှ တွဲဘက်ပါမောက္ခ ရှောင်တားနဲလ် (Sean Turnell) ကမူ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွါးရေး အခြေအနေသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲများ ဖြစ်ပွါးချိန်ကထက် ပိုမိုဆိုးရွားနေကြောင်း၊ အထူးသဖြင့် မေလအတွင်း နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် ဖြစ်ကြောင်း ပြောသွားပါသည်။

“ဒီနေ့ ဗမာပြည်က သာမန်လူထု ကြုံနေရတဲ့ အခြေအနေက မနှစ်က လူတွေ လမ်းပေါ်ထွက်လာ ဆန္ဒပြကြတဲ့ အခြေအနေတုံးကထက် အများကြီး ဆိုးတယ်” ဟု တားနဲလ် က မဇ္ဈိမကို ပြောသွားပါသည်။

မေလ ၂ ရက် နှင့် ၃ ရက်နေ့များက နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးဖြစ်သော ဧရာဝတီတိုင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ အစိုးရက ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် အချိန်မီ မလုပ်နိုင်လျှင် တိုင်းပြည်တွင်းတွင် သိပ်မကြာခင် အကြီးအကျယ် စားနပ်ရိက္ခာ ပြတ်လပ်မှုကြီးနှင့် ကြုံရနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

ယခင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် အလုပ်ကောင်းလေးတခု ရထားခဲ့သည့် ဝတ်ရည်ကလည်း ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲများ ပြီးကတည်းက သူတို့လုပ်ငန်းမှာ လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့ကြောင်း၊ မေလအတွင်းကျ ရောက်ခဲ့သည့် သဘာဝကပ်ဘေးကြီး အပြီးတွင် ပိုဆိုးသွားကြောင်း ပြောသွားပါသည်။

“ကမ္ဘာလှည့်ခရီးသည်တွေအတွက် မြန်မာနိုင်ငံက လည်စရာပတ်စရာ ကောင်းတဲ့ နိုင်ငံလို့ မမြင်ကြတော့ဘူး၊ အဲဒီတော့ ခရီးသွား ကုမ္ပဏီတွေမှာ အလုပ်တွေ ပြုတ်ကုန်ကြတာ” ဟု ခရီးသွားကုမ္ပဏီ မန်နေဂျာအလုပ်မှ ထွက်ကာ သတင်းထောက် တဦးဖြစ်လာခဲ့သည့် ဝတ်ရည်က ပြောသည်။

ကမ္ဘာလှည့် ခရီးသည်နှင့် ဧည့်သည်အဝင် သိသိသာသာ ကျဆင်းသွားခြင်းကြောင့် မန္တလေးမြို့ရှိ နာမည်ကြီး ဆီဒိုနား ဟိုတယ်တွင် အလုပ်သမား ၄ဝ% အထိ လျှော့ချခဲ့ရကြောင်းဖြင့် အဆိုပါ အဆင့်မြင့်ဟိုတယ်မှ ဝန်ထမ်းတဦးက ပြောပါသည်။

“ဧည့်သည် အဝင်နည်းသွားလို့ အလုပ်သမား ၅ဝ လောက် လျှော့လိုက်တာ” ဟု မန္တလေး ဆီဒိုနားဟိုတယ် ဝန်ထမ်းတဦးက ဇွန်လအတွင်းက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

အလားတူပင် မြန်မာနိုင်ငံရှိ နာမည်ကျော် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ၃ ခုဖြစ်သော ချောင်းသာ၊ ငွေဆောင် နှင့် ငပလီတို့တွင်လည်း ကြောက်မက်ဘွယ် မုန်တိုင်းကပ်ဆိုးကြီး ကမ်းရိုးတန်းဒေသကို ဝင်ရောက် တိုက်ခတ်သွားအပြီး ၄ လ ကျော် ပိတ်ထားခဲ့ရသည်။

“စီးပွါးရေးလုပ်ငန်းတွေ မကောင်းတော့ လူငယ်တွေအတွက်လည်း ဗမာပြည်မှာ အလုပ်ရှာရတာ ခက်ခဲလာတယ်” ဟု ဝတ်ရည်က သူ့အမြင်ကို ဆက်လက်ပြောပြသည်။

“ဒီတော့ လူငယ်တွေအတွက်က နိုင်ငံခြားထွက်ပြီး ရရာ အလုပ်လုပ်ဘို့ဘဲ ကျန်တော့တယ်” ဟု သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဆန့်ကျင်မှုရဲ့ လက္ခဏာများ

လွန်ခဲ့သောနှစ် စက်တင်ဘာလက ဖြစ်ပွါးခဲ့သော ဆန့်ကျင်ဆန္ဒပြမှုများ မဖြစ်ပွါးရအောင် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်း၊ အဓိက တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်ခြင်းစသည်ဖြင့် ကြိုးပန်း ဆောင်ရွက်နေသော်လည်း လူထု၏ စစ်အစိုးရကို ခုခံဆန့်ကျင်လိုသည့် စိတ်ကိုမူ နှိမ်နင်း၍မရခဲ့ပါ။

လူထုအနေဖြင့် လမ်းပေါ်သို့ထွက်၍ ဆန္ဒမပြရဲသေးပုံ မရသော်လည်း၊ လူထု၏ ဒေါသနှင့် ဆန့်ကျင် တိုက်ခိုက်လိုစိတ်မှာမူ ငြိမ်သက်မသွားသေးပါ။ သူတို့နေ့စဉ် ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများကြောင့် ပို၍ပင် ဆိုးလာသေးသည်ဟု မန္တလေးမြို့ ရယက ရုံးမှ အတွင်းရေးမှူးက ပြောသည်။

“လူတွေက နေ့စဉ်နဲ့အမျှ မိုးထိုးနေတဲ့ ကုန်ဈေးနှုံးနဲ့အမီ လိုက်နိုင်အောင် လုပ်နေရတာ၊ စားဝတ်နေရေး ပြေလည်ရုံ လုပ်ဘို့ကို ပိုပိုပြီး ခက်လာနေတာ” ဟု သူမက ပြောသွားပါသည်။

“အစိုးရက အခြေအနေတွေ ပုံမှန်အတိုင်း ဖြစ်နေပါပြီလို့ပြောရင်၊ လူတွေရဲ့ဒေါသက သူတို့ဘက် လှည့်သွားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုပြောလို့ သူတို့ ပျော်နေတယ်၊ စိတ်ချမ်သားနေတယ် ပြောလို့လဲ မရပြန်ဘူး။ အသက်ရှင်နေနိုင်ရုံ လုပ်နေရတာနဲ့ကို လူထုမှာ အဲဒီထဲနစ်နေပြီ၊ သူတို့ဒေါသတွေကို မျိုသိပ်ထားလိုက်ရတော့တာ” ဟု သူမက ဆက်လက်ပြောသည်။

တက်ကြွလှုပ်ရှားသူ ကျောင်းသားဟောင်းတဦးဖြစ်ခဲ့ပြီး၊ ယခုမြန်မာ့အရေး လေ့လာသူ လုပ်နေသည့် ကိုအောင်သူငြိမ်း ကမူ အဓိကကျသည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းလိုက်ခြင်းဖြင့် နောက်ထပ်ဆန္ဒပြပွဲများ တကျော့ပြန်ဖြစ်လာမည် အစိုးရအနေဖြင့် တားဆီးလိုက်နိုင်သော်လည်း လူထုအနေဖြင့် သူတို့ရထားသော စိတ်ဒဏ်ရာ အနာတရများမှာမူ မကျက်သေးပါ ဟု ဆိုသည်။

“လူထုက လက်ရှိစနစ်ကို သည်းခံနိုင်ဖို့ဆိုတာ ဘယ်အချိန်ဖြစ်မယ်ဆိုတာ သာမသိတာ၊ ဖြစ်တော့ဖြစ်မှာဘဲ။ လူထုလှုပ်ရှားမှုကို စတင်ဖို့ ခေါင်းဆောင်က အရေးကြီးတယ်ဆိုပေမဲ့ တခါတရံကျတော့ လှုပ်ရှားမှုကဘဲ ခေါင်းဆောင်ကို မွေးထုတ်ပေးသွားတာ” ဟု ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက် လုပ်ကိုင်နေသော ကိုအောင်သူငြိမ်းက ပြောသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် သာမန်အရပ်သားများ အပါအဝင် ပြည်သူလူထုနှင့် ယခုအခါ ပြောဆို ဆက်ဆံနေရပြီဖြစ်သည့် ဝတ်ရည်ကလည်း ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို အစိုးရက ဖြေရှင်းမပေးနိုင်ခြင်းကြောင့် နောက်ထပ် ဆန္ဒပြပွဲများသည် မကြာမီတွင်ပင် ဖြစ်လာတော့မည်ဟု ပြောသည်။

“နောက်တခါထပ်ပေါ်လာမဲ့ ဆန္ဒပြပွဲက အားလဲပိုကြီးမယ်၊ အရှိန်အဟုန်လဲ ပိုကြီးမယ်၊ ဘာလို့လဲဆိုတော့ လူထုရဲ့ဒုက္ခက ပိုပိုပြီး ဆိုးလာနေတယ်၊ ဒါကို အစိုးရက ဖြေရှင်းပေးနိုင်မဲ့ အဖြေလဲရှိပုံ မရလို့ဘဲ” ဟု ယခုအခါတွင် မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် သူမျှော်မှန်းတောင့်တနေသော အိပ်မက်တခု ရှိနေပြီဖြစ်သည့် ဝတ်ရည်က ရော်ရမ်းမှန်းဆ ပြောကြားသွားခဲ့ပါသည်။


0 အကြံပြုခြင်း: