Sunday, September 28, 2008

သံဃာတော်များနှင့် နိုင်ငံရေး

မိုးနေ
စနေနေ့၊ စက်တင်ဘာလ 27 2008 15:44 - မြန်မာစံတော်ချိန်

ရတနာသုံးပါးမှ တပါးဖြစ်သည့် မြတ်စွာဘုရား၏ သားတော် သံဃာတော်များဦးဆောင်ခဲ့သည့် စက် တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကား တနှစ်ပြည့်ခဲ့ပြီးလေပြီ။ မြန်မာပြည်သူတို့မှာကား လေးစားကြည်နူး ခြင်းများ၊ ရင်နင့်ကြေကွဲခြင်းများနှင့် စစ်အစိုးရ၏ အဖိအနှိပ်ခံဘ၀မှ မလွတ်မြောက်နိုင်သေးဘဲ တနှစ်တာ ကာလကို တလူးလူး တလိမ့်လိမ့်နှင့် ထပ်မံဖြတ်သန်းခဲ့ကြရသည်။ စစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ကျဆုံးခဲ့ရသော ရဟန်းတော်များနှင့် ပြည်သူတို့၏ သွေးများက စိုစွတ်လတ်ဆတ်ဆဲပင်။ စစ်အစိုးရကား ကျဆုံးသွားရသည့် ဘုရားသားတော်များ၏ ၀ိဉာဉ်များကိုမှ အားမနာ။ "ငါ့ဆန်ကျင်သူ မသူတော်"ဟု လက်ကိုင်ထားကာ ၄င်းတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည့် သံဃာတော်များအား သံဃာတု၊ သံဃာယောင်များသာဖြစ်ပြီး ထိုဆန္ဒပြခဲ့ကြသည့် နိုင်ငံရေးလှုပ်ရှားမှုသည်လည်း ဗုဒ္ဓ၀ိနည်းတော်များနှင့် မညီညွတ်ဟု ၀ါဒဖြန့်ကြသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရက စွပ်စွဲခဲ့သော သံဃာတော်များ၏ နိုင်ငံရေးလှုပ်ရှားမှုဆိုသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် မိမိ၏ အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒါယကာပြည်သူများ ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကြက်၍ ရှေ့တန်းမှရပ်ကာ ကာကွယ်ခဲ့ ခြင်းပင် ဖြစ်သည်။ ထိုအပြုအမူ (စစ်အစိုးရ၏ အဆိုအရ နိုင်ငံရေးလှုပ်ရှားမှု) သည် သံဃာတော်များနှင့် အပ်စပ်ပါ၏လော။ မအပ်စပ်ပါဟု ဆိုခဲ့သော စစ်အစိုးရ ဗိုလ်ချုပ်များသည် ဗုဒ္ဓမြတ်စွာကိုပင် ဆန့်ကျင်သူများ ဖြစ်သွား ကြလေသည်။ အကျိုးရှိက အကြောင်းရှိရမည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ၏ မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန်ကြည်ညို လေးစားသော ကောသလမင်းကြီး၏ ကောသလတိုင်းနိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်သည်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ၏ ကပ္ပီလ၀တ်တိုင်းသားတို့ကဲ့သို့ သကျသာဂီအနွယ်များ မဟုတ်ကြပေ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် ဘုရား၏ အမျိုးအနွယ် သာကီဝင်အဖြစ်နှင့် သူ၏ မျိုး ဆက်ကို ဆက်လက်ရပ်တည်လိုလေသည်။ ထို့ကြောင့် သူက ကပ္ပီလ၀တ်ပြည်သို့ သာကီဝင်မင်းသမီးတပါး အား လက်ဆက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုခေတ် ထိုအချိန်က အလွန်မာနထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့်သည်ဟု ယူဆသော ကောသလမင်းအား သာကီဝင်မင်းသမီးကို မပေးလိုပေ။ သို့သော် ကောသလသည် ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်သဖြင့် ငြင်းလည်း မငြင်းဆန်ဝံ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ကျွန်မနှင့်ရ၍ မွေးထားသော ကျွန်ဇာတ်သာသာရှိသည့် ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်၍ ဆက်သလိုက်လေ၏။

ကောသလမင်းကြီးလည်း သာကီဝင်မင်းသမီးအမှတ်နှင့် ပေါင်းသင်းခဲ့၍ ၀ိရူဓူပမင်းသားကို ဖွားမြင်ခဲ့ လေသည်။ ထိုမင်းသားသည် တနေ့၌ ၄င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များ၏ ကပ္ပီလ၀တ်ပြည်သို့ သွားရောက်လည်ပတ်စဉ်တွင် ဇာတ်ခွဲခြားဆက်ဆံခြင်းကို ခံရရာမှ အစပြု၍ ၄င်းသည် ကျွန်မသားဖြစ်သည်ဟူသောအဖြစ်မှန်ကို သိရကာ သာကီဝင်များကို လွန်စွာအမျက်ထွက်၍ တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့လေသည်။ ထို့ကြောင့် ၄င်း မင်းဖြစ်သောအခါ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အားအလုံးအရင်းနှင့် စစ်ချီလေတော့သည်။ ထိုအချင်းအရာကို သိသော ဗုဒ္ဓသည် စစ်ချီရာလမ်း ကြောင်း၌ တရားထိုင်နေ၍ ၀ီရူဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့၏။ ဒုတိယနှင့် တတိယအ ကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့လေသည်။ စတုတ္ထအကြိမ်တွင်မူ ဗုဒ္ဓသည် သာကီဝင်တို့၏ အ တိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍မရနိုင်တော့သည်ကို သိ၍ မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ် သည်။

ဗုဒ္ဓသည် စစ်တိုက်ရန် ချီတက်လာသော စစ်တပ်ကြီးအား အဘယ်ကြောင့် တားမြစ်ခဲ့သနည်း။ ရှင်းပါ သည်။ ၄င်း၏ နိုင်ငံ၊ ၄င်း၏ လူမျိုးတို့အား ဘေးဒုက္ခမရောက်စေခြင်းငှာ မေတ္တာဓာတ်နှင့် တားမြစ်ခဲ့ခြင်းပင် ဖြစ် သည်။ ၄င်း၏ ဒါယိကာ၊ ဒါယိကာမ ပြည်သူတို့ ဒုက္ခမရောက်စေရန် မေတ္တာဖြန့်ကျက်၍ ရှေ့တန်းမှ ရပ်ကာ ကာ ကွယ်ပေးခြင်း မဟုတ်ပါသလော။ သို့ဆိုလျှင် ထိုအပြုအမူသည် ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်မှ သံဃာ တော်များ၏ အပြုအမူနှင့် ဘာများကွာခြားလေသနည်း။ ဗုဒ္ဓသည် ၀ိရူဓူပ၏ စစ်တပ်က ကပ္ပီလ၀တ်ပြည်သူတို့ကို ရန်ပြုမည့်ဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့သည်။ ရွှေဝါရောင်သံဃာတော်များသည် မြန်မာပြည်သူတို့ကို စစ်အစိုးရ ၏ ဆင်းရဲမွဲတေစေခြင်း၊ ဖိနှိပ်ခြင်းဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။

သို့ဆိုလျှင် သံဃာတော်များ နိုင်ငံ၏အရေးအတွက် မေတ္တာဖြင့် ပါဝင်ဆောင်ရွက်ခြင်းသည် ၀ိနည်းနှင့် ညီပါ၏လော။ အထက်ပါအဖြစ်က အထင်အရှားပြပါပြီ။ ဗုဒ္ဓသည်ပင် အမျိုးဘာသာ၊ သာသနာအတွက် ၄င်း၏ မေတ္တာလက်နက်ကို ဖြန့်ကျက်အသုံးပြုပါသည်။ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာလက် နက် ဖြန့်ကျက်ခဲ့ခြင်းကို ၀ိနည်းနှင့် မညီဟု မည်သည့်အခြေခံနှင့် ပြောမည်နည်း။ ၀ိရူဓူပမင်းနေရာတွင် နအဖ ဗိုလ်ချုပ်များဖြစ်ပါက သုံးလောကထွဋ်တင် သဗ္ဗုညုတ ရွှေဉာဏ်တော်ရှင် အနှိုင်းမဲ့ဗုဒ္ဓမြတ်စွာကိုပင် ဗုဒ္ဓအတုဟု ပြောလေဦးမည်လော မသိပေ။ ရက်စက်စွာ ရိုက်နှက်ညှင်းဆဲ၍ စစ်ချီရာလမ်းမှ ဖယ်ခိုင်းဦးလေမည်လား မသိပေ။

ဝိရူဓူပမင်းသားသည် သာကီဝင်တို့အပေါ်၌ ထားရှိသော အမုန်းမှအစပြု၍ ဗုဒ္ဓအားလည်း လေးစားကြည် ညိုခြင်းမရှိတော့ပဲ ၄င်း၏ ဖခင်ကိုယ်တိုင် ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်တဦးဖြစ်လျက်နှင့် ၄င်း သည် ဟိန္ဒူဘာသာဝင်အဖြစ်ကို ခံယူခဲ့သည်။ ထိုသို့သော ဘာသာခြားဘုရင်ကပင် ဗုဒ္ဒ၏လုပ်ရပ်ကို လေးစား စွာ လိုက်နာခဲ့သော်လည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုလေးစားပါသည်ဟု တကြော်ကြော်အော် ဟစ်နေသော နအဖဗိုလ်ချုပ်များမှာကား ဗုဒ္ဓ၏သားတော် သံဃာတော်များ၏လုပ်ရပ်ကို ရှုံ့ချရုံမျှမက သံဃာကို ညှင်းဆဲသတ်ဖြတ်သော ကံကြီးကိုပင် ကျူးလွန်ရဲကြသည်မှာ အာဏာအမှောင်ဖုံးလွှမ်းသွားကြခြင်းပင် ဖြစ် သည်။

ထိုဗိုလ်ချုပ်များသည် နေ့စဉ်နေ့တိုင်း အစိုးရသတင်းစာမျက်ဖုံးများတွင် ဘုရားဒါယိကာကြီးများ လုပ်ပြ နေသည်မှာ အတုအယောင်များပင်ဖြစ်သည်ကို ရွေှ့ဝါရောင်တော်လှန်ရေးက ဖော်ထုတ်ပေးသွားခဲ့လေသည်။ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် သံဃာတော်များ၏ အခန်းကဏ္ဍသည် မသေးခဲ့ပေ။ နယ်ချဲ့အင်္ဂလိပ်တို့လက်ထက်တွင် နိုင်ငံရေးတရားဟောသဖြင့် ပထမဆုံး အကျဉ်းကျခံရသူ မြန်မာနိုင်ငံသားမှာ ရခိုင်ရဟန်းတော် ဦးဥတ္တမပင် ဖြစ် သည်။ ၁၆၆ ရက် အစာငတ်ခံဆန္ဒပြခဲ့၍ ထောင်ထဲတွင် ပျံလွန်တော်မူခဲ့သော ရဟန်းတော် ဦးဝိစာရသည်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးတခုကို ဆိုလျှင် ဦးဝိစာရလမ်းဟူ၍ပင် နာမည်ပေးခဲ့သည်။ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်က ရဟန်းအတုဟု မသတ်မှတ်။ ၀ိနည်းနှင့်မညီဟု မဆိုခဲ့ပေ။ ယခု သူတို့ကို တော်လှန်ကာမှ အမျိုးမျိုးစွပ်စွဲသမုတ်နေခြင်းမှာ အလွန်ကလေး ဆန်လှသည်။ အမှန်မှာ ရဟန်းတော်များသည် ပြည်သူတို့ဘက်မှ ရပ်၍ မတရားမှုဟူသမျှ ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြခြင်းပင် ဖြစ်သည်။

အံ့သြဖွယ်ကောင်းသည်မှာ ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်အခါက အင်္ဂလိပ်အစိုးရသည် ဘာသာခြားအစိုးရဖြစ်လေသည်။ သို့သော် သွေးမြေကျရိုက်နှက်ခြင်းမပြု၊ ရဟန်းသံဃာတော်ဆိုသော ဂုဏ်ပုဒ်ကိုမူ လေးစားလိုက်နာခဲ့လေသည်။ ၁၉၈၈ အ ပြီးမှ ယခုအထိကာလအတွင်း အစာငတ်ခံ ဆန္ဒပြခြင်းများအပါအ၀င် ၄င်းတို့အား ဆန့်ကျင်ဆန္ဒပြခဲ့သည့် သံဃာတော်များအား တိရစ္ဆာန်များကို ရိုက်သကဲ့ သို့ ရိုက်နှက်ခဲ့သော နအဖအစိုးကတော့ ရိုက်နှက်ခဲ့သည်၊

ရွှေဝါရောင်တော်လှန်ရေးကို ပြည်သူများ တခဲနက်ထောက်ခံခဲ့ကြသည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ သံဃာ တော်များကိုလည်း လေးစားကြည်ညိုစွာ ဂုဏ်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဟုဆိုရာ၌လည်း နိုင်ငံရေးဆိုသည် မှာ နိုင်ငံနှင့်ဆိုင်သော အရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့် ကျယ်ပြန့်လှပါသည်။ မတရားသည့် အစိုးရ၏ အုပ် ချုပ်မှုကို ဆန့်ကျင်ခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပြီး နိုင်ငံတခုကို အုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေး၏ အဓိပ္ပာယ်များစွာထဲမှ တခုဖြစ်ပါသည်။


မိုးနေ

0 အကြံပြုခြင်း: