Monday, September 22, 2008

ဒီနေ့ မဂ္ဂဇင်းကာတွန်းများ


ဆောင်းပါး
ရဲခေါင်မဲမောင်
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 16:24 - မြန်မာစံတော်ချိန်


ကျနော်တို့ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေထဲက ကျနော် ဖတ်မိ သဘောကျမိတဲ့ ကာတွန်းလေးတွေ အကြောင်း ပြောပါမယ်။

မဂ္ဂဇင်းကာတွန်းဆိုတော့ ထုံးစံအတိုင်း စာမျက်နှာ တမျက်နှာတည်းပေါ်မှာသာ ရေးဆွဲ ထားတဲ့ ကာတွန်းလေးတွေ ဖြစ်တယ်။ ဒါက နေရာနှင့် အရွယ်အစားကို ပြောတာ ဖြစ်တယ်၊ အနှစ်သာရပိုင်း အနေနဲ့ကတော့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးတွေ၊ စကြဝဠာကြီးတွေလို ကျယ်ပြော နက်ရှိုင်း လေးနက်လှပါတယ်။ ရသမြောက် ဝတ္တုတပုဒ်၊ ကဗျာကောင်းတပုဒ် နဲ့ မခြား ဖတ်ရှု ခံစားသူကို အသိအမြင် ဗဟုသုတနှင့် လူပီသတဲ့ ခံစားချက်တွေကို အမှန်တကယ် ပေးစွမ်းနိုင်တဲ့ စွမ်းအားတွေ ကာတွန်းမှာ ရှိပါတယ်။

ရေးဆွဲတဲ့ အကြောင်းအရာတွေကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စသည့်ဖြင့် စုံလင်များပြားလှပါတယ်။ ဒါပေမယ့် ကာတွန်းဆရာရဲ့ ထိုးထွင်းသိမြင်မှု၊ နက်ရှိုင်းသိမ်မွေ့တဲ့ ခံစားမှု၊ နောက် အနုပညာမြောက်အောင် တင်ပြနိုင်မှုအပေါ်မှာ မူတည်ပြီး ကာတွန်းဆရာရဲ့ အရည်အချင်း၊ ကာတွန်းတွေရဲ့ တန်ဖိုးရှိမှု၊ အသုံးဝင်မှုပေါ်မှာ အနိမ့်အမြင့်ကွာခြားသွားတာကို ကျနော်တို့ သတိပြုမိကြမှာ ဖြစ်တယ်။

ကာတွန်းဆရာဟာ သမိုင်းခေတ်ထဲမှာ ရှင်သန်နေထိုင်နေသူပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူဖြတ်သန်း ကျော်လွှားနေရတဲ့ အဲဒီသမိုင်းခေတ်ရဲ့ ရိုက်ပုတ်ဖိစီးမှုတွေကို မလွဲမသွေ ခံစားနေရပါတယ်။ အဲဒီခံစားမှုထဲကနေ သန္ဓေတည်ပြီး ပေါက်ဖွားလာတဲ့ လောကအမြင်နဲ့ ဘဝအမြင်တွေဟာ ကာတွန်းဆရာတွေရဲ့ ကုန်ကြမ်းတွေ ဖြစ်လာပါတော့တယ်။ ဒီကုန်ကြမ်းတွေကို ကုန်ချောအဖြစ် အနုပညာပစ္စည်းအဖြစ် မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို တင်လိုက်တဲ့အခါမှာ အဲဒီ ကာတွန်းတွေဟာ လူထုရဲ့ မျက်မှောက်ခံစားမှုကို ဘယ်လောက်ထိ ကိုယ်စားပြုနိုင်လဲ၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို ဘယ်အတိုင်းအတာထိ ထင်ဟပ်စေနိုင်သလဲ ဆိုတာကို ကျနော်တို့ လေ့လာ အားထုတ်ကြရမှာ ဖြစ်တယ်။

မြန်မာကာတွန်းဆိုပြီး ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနုပညာ အသိုင်းအဝိုင်းထဲကို ကာတွန်းစရောက်လာတာ (၁၉၁၇) ခုနှစ်က ဖြစ်ပါတယ်၊ ဗြိတိသျှကိုလိုနီရဲ့ သူ့ကျွန်ဘဝကိုရောက် ရှိနေချိန်ပဲ ဆိုပါတော့။ အဲဒီအချိန်က ထုတ်ဝေတဲ့ သူရိယမဂ္ဂဇင်းထဲမှာ "ဘကြီးမေတ္တာတုံး၏ အာဒါသမုခ ဒီပနီ" ဆိုတဲ့ ရုပ်ပြောင်ခန်းတခု အမြဲပါပါတယ်။ အဲဒီခေတ် မြန်မာပြည်ရဲ့ နိုင်ငံရေး လောကကို သရော်လှောင်ပြောင်တာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ပြောင်တွေကို ပန်းချီဆရာ ဦးဘစိန် နှင့် ဦးဘထွန်းတို့က စပြီးရေးခဲ့ကြတယ် ပြောပေမယ့် နောက်ပိုင်းမှာတော့ ရွှေတလေး အမည်ခံ ဆရာကြီးဦးဘကလေးက ပင်တိုင် ရေးဆွဲခဲ့ပါတယ်။ ဒါကြောင့် မြန်မာကာတွန်းတွေဟာ နိုင်ငံရေး ကာတွန်းတွေကနေ မြစ်ဖျားခံပြီး ဒီကနေ့ခေတ်ထဲကို အားကောင်းမောင်းသန် စီးဆင်းလာခဲ့တယ် လို့ တထစ်ချ ပြောနိုင်ပါတယ်။

ကာတွန်းတွေရဲ့ သဘောသဘာဝ၊ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် ကာတွန်းဆရာတွေရဲ့ ရပ်တည်ချက်ကို အထိအမိဆုံး ဖော်ပြထားတဲ့ သမိုင်းဝင် လေးချိုးတပုဒ် ရှိခဲ့ပါတယ်။ ကာတွန်းဆရာကြီး ရွှေတလေး ကိုယ်တိုင်ရေးဖွဲ့ခဲ့တာပါ၊ နားထောင်ကြည့်ပါဦး။

မည်သူ့ထိပ်ကိုမျှ

ပိတ်ရော့လို့ မောင်မဆော်

ဟုတ်တိုင်း မှန်ရာတွေးလို့

ရေးရပါသော်။


နာလုံးတွေဖော်

အော်ကာပ မည်သူဆဲ။


ရွှေတလေး မှာဖြင့်

ကျေအေးဘယ်ခါ မဟူပ

ကမ္ဘာသူတက်မှန်ပြသည်သို့

အမှားကို အမှန်ကျအောင် ရေးရတာပဲ။

အဓိပ္ပာယ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါ၊ ကာတွန်းဆိုတာ မည်သူ တဦးတယောက်ကိုမျှ ထိခိုက် နစ်နာစေလိုတဲ့ စိတ်မျိုးနဲ့ ရေးဆွဲရတာ မဟုတ်ပါဘူး။ အဖြစ်အပျက် အကြောင်းတရား အမှန်တွေကိုသာ အဂတိ ကင်းကင်း သတ္တိရှိရှိ နှင့် ရေးဆွဲတင်ပြရမှာ ဖြစ်တယ်။ မတရားမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှု၊ ကိုယ်ကျင့်တရား ခြစားမှု၊ ဥပဒေမဲ့ပြုမူမှု အစရှိတဲ့ ပြုသူ ကာယကံရှင်တွေကို နာ စေတဲ့ အချက်အလက်တွေကို ဖော်ထုတ် ရေးဆွဲရမှာ ဖြစ်တဲ့အတွက် အဲဒီ ကာယကံရှင်တွေက ဘယ်လောက်ပဲ အော်အော်၊ ဘယ်လိုပဲဆဲဆဲ ရွှေတလေးအနေနဲ့ကတော့ အာဃာတထားမှာ မဟုတ်တဲ့အပြင် အမြဲ ကျေအေး ခွင့်လွှတ်နေမယ်လို့ ဆိုပါတယ်။ ဒါကလည်း စောစောက ပြောသလို မတရားမှု၊ စော်ကားမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ ဂုတ်သွေးစုပ်အမြတ်ထုတ်မှု အားလုံးကို လူ့ခန္ဓာကိုယ်တွင်းက ကလီစာတွေကို ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မြင်ရသလို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး မြင်ရတွေ့ရသိရအောင် ရေးပြတာပဲဖြစ်ပါသတဲ့။ ဒါကတော့ ကျနော်တို့မြန်မာပြည်ကို ကာတွန်း စတင်ရောက်ရှိလာပုံနှင့် ကာတွန်းတွေရဲ့ ဦးတည်ရာ လမ်းကြောင်းကို အကြမ်းသဘော ပြောပြတာ ဖြစ်တယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံတွေမှာ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေထဲက ပြောသင့်ပြောထိုက်တဲ့ ကာတွန်းလေးတွေ အကြောင်းကို ပြောပါတော့မယ်။ အခု ဒီအပတ်ကစပြီး ပြောမယ့် မိတ်ဆက်မယ့် ကာတွန်းလေးက ဆရာအော်ပီကျယ်ရဲ့ "အော်ပီကျယ်" ကာတွန်းများ စာအုပ်ထဲမှ ဖြစ်ပါတယ်။ ဒီကာတွန်းတွေကို မဂ္ဂဇင်းတွေထဲမှာ ဖော်ပြပြီးမှ လုံးချင်း ကာတွန်းစာအုပ်ထဲမှာ ပြန်လည် ပုံနှိပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ဒီကာတွန်းလေးတွေဟာ စာပေစီစစ်ရေးဆိုတဲ့ အနုပညာ သတ်ကွင်းထဲက နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့ပြီးမှ လူထုရှေ့ကိုရောက်လာတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်။

ဆရာအော်ပီကျယ် ရေးထားတဲ့ ကာတွန်းတွေက စာရေးဆရာတယောက် ကိုင်ထားတဲ့ ကလောင်တံကို မင်အိုးတစ်လုံးရဲ့ အဖုံးပေါ်မှာ ပိတ်ပြီးထိုင်ထားတဲ့ တိုက်ပုံဝတ် လူကြီးတစ်ယောက်က "ကလောင်က ထက်သားပဲ" လို့ ရယ်ကျဲကျဲနှင့် ပြောနေတဲ့ ကာတွန်းလေး ဖြစ်ပါတယ်။ ဒီကာတွန်းလေးကို ဖတ်ပြီးတွေးကြည့်ရင် အာဏာရှင်တွေရဲ့ မီဒီယာအပေါ်ကို လွှမ်းမိုးချုပ်ကိုင်မှုကို ပညာသားပါပါနှင့် ထုတ်ဖော်ရေးဆွဲထားတာကို တွေ့ရမှာ ဖြစ်တယ်။

"ဓါးသွားထက် ကလောင်သွားထက်" ဆိုတဲ့စကားရှိပါတယ်။ ကလောင်ရဲ့ အရေးပါ အရာရောက်မှုနှင့် အသုံးဝင်မှုကို ဂုဏ်တင် ပြောဆိုထားတာ ဖြစ်ပါတယ်။ အဲဒီလို ဂုဏ်တင် ပြောဆိုနေရအောင်လည်း ကိုလိုနီ နယ်ချဲ့အုပ်စိုးနေတဲ့ နှစ်တရာလောက်အတွင်းမှာ မြန်မာစာရေး ဆရာတွေရဲ့ ကလောင်သွားဟာ ချွန်ခဲ့ထက်ခဲ့တာ အမှန်ပဲ။ ဆီးဘန်နီ ဆရာတော်တို့၊ အချုပ်တန်း ဆရာဖေတို့ကအစ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဦးရွှေတလေး၊ ဦးဘဂျမ်း တို့အဆုံးထိ မြန်မာ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေရဲ့ ကလောင်ဖျားက ထွက်ကျလာတဲ့ စာတွေ၊ ကာတွန်းတွေ၊ ကဗျာတွေကြောင့် တိုင်းပြည်နှင့် လူထုရဲ့ရင်ထဲမှာ ဇာတိသွေး ဇာတိမာန်တွေ၊ အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် လိုစိတ်တွေ၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးမှုတွေ၊ အမျိုးသား စည်းလုံးညီညွတ်မှုတွေ ဖြစ်တည် အုံဖွဲ့လာနိုင်ခဲ့ပြီး နယ်ချဲ့ကို အမြစ်နှုတ် တွန်းလှန်နိုင်ခဲ့တယ်။

ဒါပေမယ့် အခု ဆရာအော်ပီကျယ် ရေးထားတဲ့ ကာတွန်းလေးမှာတော့ စာရေးဆရာရဲ့ ကလောင်ကို ထက်သားပဲလို့ ပြောလိုက်တဲ့သူဟာ မင်အိုးရဲ့ အဖုံးပေါ်မှာ ထိုင်နေပါတယ်၊ ကလောင်တံဆိုတာ သူချည်းသက်သက် ရေးလို့ ဆွဲလို့ရတာမျိုး မဟုတ်ဘူး။ မင်ကို ဆွတ်ပြီး တို့ပြီး ထည့်ပြီးမှ ရေးလို့ရတာမျိုး ဆွဲလို့ရတာမျိုး ဖြစ်ပါတယ်။ မင်ပါမှသာ စာလုံးထင်မှာ အရုပ်ထင်မှာ ဖြစ်တယ်။ အခုတော့ သူက မင်အိုးပေါ်မှာ ကျကျနနထိုင်နေတဲ့အတွက် ကလောင်ပိုင်ရှင် အနုပညာသည်အဖို့ မင်ကို အသုံးပြုခွင့်ရတော့မှာ မဟုတ်ပါဘူး။ မင်ကို အသုံးပြုခွင့်မရရင် ဘာစာလုံး ဘာအရုပ်မှလည်း ထင်ပေါ်လာမှာ မဟုတ်ဘူး။ စာပေအနုပညာရှင်တွေဆီက ဘာအနုပညာ ဖန်တီးမှုပစ္စည်းမှ ပေါ်ထွက်မလာတော့ဘူး ဆိုရင် ဒီအနုပညာ ဖန်တီးမှုကရရှိမယ့် အတွေးသစ် အမြင်သစ်တွေကို လုပ်သားပြည်သူတွေ အနေနဲ့ တို့ထိခွင့် ရမှာမဟုတ်ပဲ နစ်နာဆုံးရှုံး မှုတွေနဲ့သာ တွေ့ကြုံရမှာ ဖြစ်တယ်။

စာရေးဆရာနှင့် ကလောင်တံက မီဒီယာကို ကိုယ်စားပြုတာ ဖြစ်ပြီးတော့ မင်အိုးနှင့် မင်တွေက သက်ဆိုင်ရာ အာဏာရှင်တွေရဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်မှုတွေ၊ အတင်းအဓ္ဓမ လုပ်အားပေး စေခိုင်းမှုတွေ၊ လေဘေးရေဘေး ကူညီတဲ့အလှူရှင်နဲ့ ပစ္စည်းတွေကို ကန့်သတ် ပိတ်ပင်မှုတွေ၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့အခြေအနေ အကြောင်းတရား အဖြစ်အပျက်တွေကို ရည်ညွှန်းသွားတာပါပဲ။

ခြေလှုပ်ရင်ခြေ၊ လက်လှုပ်ရင်လက် ဆိုသလို မတရားတဲ့ ဥပဒေတွေနှင့် လူတွေကို တင်းကြပ် ပြီး တိုင်းပြည်နဲ့အဝှမ်း အမှောင်ချထားခြင်း ခံနေရတဲ့ ဒီကနေ့လို အခြေအနေမျိုးမှာ Media တွေကို ဖိနှိပ် ချုပ်ချယ်ထားပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ် နေချိန်အတွင်း အဲဒီ အာဏာရှင်တွေရဲ့ မျက်စိရှေ့မှောက်ကနေ လွတ်မြောက်လို့ ပြည်သူ့ရှေ့ရောက်အောင် ပညာသားပါပါနှင့် အာဏာရှင်တွေရဲ့ သရုပ်မှန်ကို ရေးဆွဲဖော်ပြနိုင်တဲ့ ကာတွန်းဖြစ်တာကြောင့် ဆရာအော်ပီကျယ်ကို ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါတယ်။

ကာတွန်းဆိုတာ အင်္ဂလိပ်စကားလုံး 'C.A.R.T.O.O.N' ကို အဲဒီ အသံထွက်အတိုင်း ခေါ်ထားတာပဲ ဖြစ်ပါတယ်။ မော်တော်ကားတို့၊ တယ်လီဖုန်းတို့၊ အင်ဂျင်နီယာတို့ကို ကျနော်တို့ မြန်မာတွေ ခေါ်နေကြသလိုပဲ ဆိုပါတော့။ အဓိပ္ပာယ် အတိအကျကိုတော့ ဘယ်သူမှ အသေအချာ ပြောနိုင်ကြမယ် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာ မဂ္ဂဇင်းတွေမှာတော့ စာအုပ်ရဲ့ ရှေ့တန်းမျက်နှာစာမှာ ကဗျာပြီးတာနဲ့ ကာတွန်းတွေကို အသားပေး ဖော်ပြနေတာ တွေ့နိုင်ပါတယ်။

မဂ္ဂဇင်းမာတိကာမှာ “ကာတွန်း” ကို ဖော်ပြတဲ့အခါ အချို့က “ကာတွန်း” လို့ ရိုးရိုးကလေး ရေးသား လိုက်ကြပေမယ့် တချို့တတွေက “ဟာသ”၊ အချို့က “ရုပ်ပြောင်”၊ တခါ အချို့ မဂ္ဂဇင်းတွေ ကျပြန်တော့ “ရယ်စရာ စာမျက်နှာ” အစရှိသဖြင့် ရေးတတ်ကြပါတယ်။ “ဟာသ”တို့၊ “ရယ်စရာ” တို့လို အရေးအသားတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားနဲ့ အမြင် ကွဲလွဲမှုလေးတွေ ရှိကြသလို “ရုပ်ပြောင်” ဆိုတာအတွက်လည်း စဉ်းစားချက်အချို့ ရှိနေကြပါတယ်။

ကာတွန်းမှာ “ရယ်စရာ” ဒါမှမဟုတ် “ဟာသ” ရသပါမှ ကာတွန်းပီသတဲ့ ကာတွန်းတပုံ ဖြစ်နိုင်တယ် ဆိုပေမယ့် “ရယ်စရာ” ချည်းသက်သက်နဲ့ “ဟာသ” ချည်းသက်သက် ရေးဆွဲထားမယ် ဆိုရင်တော့ အဲဒါ ကာတွန်းကောင်း မဟုတ်တော့ဘူးလို့ မှတ်ချက်ပေးသူတွေ ရှိနေကြပါတယ်။ ကာတွန်းဆိုတာ လောကအမြင်တခုခု ဒါမှမဟုတ် ဘဝအမြင်တခုခု ပါရမယ်၊ ပြီးတော့ ခေတ်ပြိုင်ခံစားမှု ဖြစ်နေရမယ်လို့ ဆိုပါတယ်။ ရယ်တော့ ရယ်ရတယ်၊ ဟာသလည်း တော်တော်မြောက်ပါရဲ့ ဒါပေမယ့်လို့ စောစောကပြောတဲ့ လောကအမြင်လည်း မပါ၊ ဘဝအမြင်လည်း နတ္ထိ၊ ခေတ်ပြိုင်ခံစားမှု ဆိုတာလည်း ဝေလာဝေးဆိုရင် ဘယ်မှာလာပြီး ကာတွန်းလို့ ပြောလို့ရပါတော့မလဲ ဆိုပြီး ပြောကြပြန်ပါတယ်။

၂ဝဝ၄ ခုနှစ် စာဆိုတော်လရာသီက ကျနော်ရယ်၊ ဆရာချစ်ဦးညိုရယ်၊ ဆရာအောင်သင်း ရယ်၊ တောင်ငူခရိုင် ဆွာမြို့ကို စာပေဟောပြောပွဲ သွားကြရပါတယ်။ ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ သွားကြတာဆိုတော့ ဆရာတပည့်သုံးယောက် ရထားပေါ်မှာ ရောက်တတ်ရာရာ ကလေးတွေ ပြောမိကြပါတယ်။ အဲဒီလို ပြောကြရင်း ကာတွန်းတွေ အကြောင်းဖက်ကို ရောက်သွားပါတယ်။ ဆရာအောင်သင်းက “ငါတို့ မြန်မာကာတွန်းတွေကို “ရုပ်ပြောင်” လို့ ရေးကြပြောကြတာကို ငါတော့ အတော် သဘောကျတယ်ကွ၊ ရုပ်ပြောင်ဆိုတာ စူးရှတာ၊ ထက်မြက်တာ၊ ပြောင်ပြောင်မြောက်မြောက် ရှိတာကို ပြောတာ၊ ကာတွန်းမှာ အိုင်ဒီယာအဓိကလို့ ပြောတာကို ငါမငြင်းပါဘူး၊ ဒါပေမယ့် လက်ရာကလေးပါ ကောင်းရင် ပရိသတ်ပိုပြီး စိတ်ဝင်စားမှု မရှိဘူးလား၊ ဒီကနေ့ မဂ္ဂဇင်းတွေမှာ အတွေးအခေါ်ကလည်း မပါ၊ ဆွဲထား ရေးထားတဲ့ ရုပ်ပုံတွေကလည်း ခပ်ညံ့ညံ့ ဆိုတာတွေကို တွေ့နေရတယ်။ အဲဒီ ကာတွန်းတွေဟာ “ရုပ်ပြောင်” တွေ မဟုတ်တော့ဘူးကွ သိလား၊ “ရုပ်ပျက်” တွေ၊ “ရုပ်ပျက်တွေ” လို့ ဆရာချစ်ဦးညိုနဲ့ ကျနော့်ကို ပြောပါတယ်။

ဒီတော့ ကာတွန်း ဒါမှမဟုတ် ရုပ်ပြောင်ဆိုတာ လက်ရာလည်း ကောင်းရမယ်၊ အိုဒီယာလို့ ခေါ်တဲ့ အတွေးအခေါ်ကလည်း စူးရှထက်မြက်ရမယ်ဆိုတာ ထင်ရှားပါတယ်။ ပြီးတော့ ကာတွန်းပညာဆိုတာ ပုံဆွဲခြင်း အတတ်ပညာနဲ့ စာရေးခြင်း အတတ်ပညာ နှစ်ခုကို အချိုးညီ ပေါင်းစပ်ရတဲ့ အနုပညာရပ် တခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံဆွဲခြင်း အတတ်ပညာမှာရော၊ စာရေးခြင်း အတတ်ပညာမှာပါ အထိုက်အလျောက် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ အချို့ ကာတွန်းကလေးတွေမှာ လက်ရာကလည်း ကောင်းပါရဲ့၊ အတွေးအခေါ်ကလည်း မဆိုးလှပါဘဲ အဲဒီ အတွေးအခေါ်ကို စာရေးပြီး တင်ပြလိုက်တဲ့အခါ ရှည်လျား ထွေပြားနေတာကြောင့် “ကာတွန်း မပီသတော့ဘဲ “စာတွန်း” တွေ ဖြစ်နေကြတာကို မကြာမကြာ တွေ့နေမြင်နေရပါတယ်။

ဒါကြောင့် ကာတွန်းတပုံအတွက် သရုပ်ဖော်ပုံကလေးတွေ ရေးပြီးလို့ရှိရင် အဲဒီရုပ်ပုံကလေးတွေက ပြောရမယ့်စကားကို တခါတည်း ရုပ်ပုံအပေါ်မှာ တန်းပြီး ချမရေးလိုက်သင့်ပါဘူး။ စာရွက်အလွတ်တရွက် အပေါ်မှာ ကိုယ်ပြောချင်တဲ့ စာကို ချရေးပြီး သေသေချာချာ ဖတ်ကြည့်ဖို့လိုမယ်လို့ ကျနော် ထင်ပါတယ်။ ပိုနေ ပွနေတဲ့ စကားလုံးတွေကို ဖြုတ်၊ လိုအပ်နေတယ်လို့ ထင်တဲ့ စာလုံးတွေကို အစားထိုးဖြည့်ပြီးတော့ အသံထွက် ဖတ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ နားဝင်ချောတဲ့ ဆိုလိုချင်တဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေတဲ့ ကျစ်လျစ်အား ရှိတဲ့ စကားပြောကို ရပြီဆိုတော့မှ အဲဒီစာသားကို စောစောက ရေးဆွဲထားတဲ့ ကာတွန်း ရုပ်ပုံတွေအပေါ်ကို ချရေးလိုက်သင့်ပါတယ်။

ကာတွန်းဆရာ တယောက်ရဲ့ တာဝန်ဟာ ဘယ်လောက်ကြီးမား လေးနက်သလဲ ဆိုတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ ဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးမောင်စိန်၊ ဦးဘထွေး၊ ဦးအောင်ရှိန်တို့ကအစ ရွှေမင်းသား၊ ငွေကြည်၊ မြေစာ၊ မောင်ဝဏ္ဏ၊ မောင်မောင် တို့အလည် အော်ပီကျယ်၊ ဇော်မောင်၊ ဝင်းအောင်၊ စိုးသော်တာ၊ ကိုရွှေထူး၊ နေမျိုးအေးတို့အဆုံး ဒီတာဝန်ကြီးကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတာဟာ ဒီကနေ့အထိပဲ ဆိုပါတော့။

စောစောက ပြောခဲ့သလို မြန်မာကာတွန်းတွေဟာ နိုင်ငံရေး ကာတွန်းတွေကနေ မြစ်ဖျားခံလာတာ ဖြစ်လေတော့ ဒီကနေ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ရေးနေကြတဲ့ အချို့သော ကာတွန်းလေးတွေဟာလည်း နိုင်ငံရေး ကာတွန်းလေးတွေ ဖြစ်နေတာကို သတိပြုမိပါတယ်။ ဒါပေမယ့် အားလုံး သိကြတဲ့အတိုင်း မြန်မာပြည်ရဲ့ စာပေလောကဟာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်၊ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့်ရှိတဲ့ ရာသီဥတုမျိုး မဟုတ်ပါဘူး။ ကတ်ကြေးတွေ၊ ဓားတွေ အောက်ကို ဖြတ်သန်း အစစ်ဆေးခံပြီးမှ စာဖတ်သူတွေရဲ့ မျက်စိရှေ့မှောက် ကို ရောက်ခွင့် ကြုံကြရတာပါ။ အထူးသဖြင့် နိုင်ငံရေးဆိုတာနဲ့ နိုင်ငံရေးသမားတွေကို ဖိဖိစီးစီး နှိပ်ကွပ်နေတဲ့ အချိန်မျိုးမှာ နိုင်ငံရေး ကာတွန်းတပုဒ်ကို ထုတ်ဝေ ဖြန့်ချိခွင့်ရအောင် ရေးရတာ အတော်မလွယ်တဲ့ ကိစ္စတရပ်ပဲ ဖြစ် ပါတယ်။

ဒါပေမယ့် ဝတ္ထုဖြစ်စေ၊ ကဗျာဖြစ်စေ၊ ကာတွန်းဖြစ်စေ၊ ခေတ်ပြိုင်ခံစားမှုကို ကိုယ်စားပြု မရေးဖွဲ့နိုင်ဘူးဆိုရင် ဒီအနုပညာရှင်ကို သမိုင်းက မှတ်တမ်းတင်မှာ မဟုတ်သလို နေရာပေးမှာလည်း မဟုတ်ပေဘူး။ ဒါကြောင့် ကာတွန်းဆရာဟာ သမိုင်းရဲ့ မှတ်တမ်းတင်မှုကိုလည်း ခံရအောင်၊ သက်ဆိုင်ရာ ရာစုနှစ်ရဲ့ တောက်ပတဲ့ ကြယ်တပွင့်ဆိုတဲ့ နေရာကလေးတခုလည်း ရအောင်ဆိုရင်၊ ပြီးတော့ စောစောကပြောတဲ့ ကတ်ကြေးတွေ ဓားတွေအောက်ကလည်း လွတ်အောင်ဆိုရင် သူ့ရဲ့ကာတွန်းကို ပညာသားပါပါနဲ့ ရေးဆွဲတင်ပြရပါတော့တယ်။ အဲဒီလို ကာတွန်းကလေး တခုကို မဂ္ဂဇင်း တအုပ်ထဲမှာ ကျနော် ဖတ်ခဲ့ရပါတယ်။

ကာတွန်းကလေးက အကွက်ကလေး ငါးကွက် ရေးထားတာပါ။ လူနှစ်ယောက် မတ်တတ် ရပ်နေကြတာဖြစ်ပြီး၊ ပထမအကွက်မှာ လူတယောက်က သူ့ရဲ့ အနောက်ဘက်ကို စိုးရိမ်တဲ့ အမူအရာနဲ့ လှည့်ကြည့် လိုက်ပါတယ်။ ကျန်တဲ့လူက အဲဒီလူရဲ့ အပြုအမူကို နားမလည်ဟန်နဲ့ အံ့သြနေတဲ့ ပုံကလေး ရေးထားပါတယ်။ ဒုတိယ အကွက်မှာတော့ စောစောက အနောက်ဘက်ကို လှည့်ကြည့်တဲ့လူကပဲ အရှေ့ဘက် တည့်တည့်ကို ကြည့်ပြန်ပါတယ်။ တတိယအကွက်မှာ အောက်ဘက်ကို သေသေချာချာကြည့်ပြီး စတုတ္ထအကွက်မှာ အပေါ် တည့်တည့်ကို ကြည့်လိုက်ပါတယ်။ အဲဒီလို အရှေ့ရယ်၊ အနောက်ရယ်၊ အပေါ်ရယ်၊ အောက်ရယ်ကို သေသေချာချာ ကြည့်ပြီးတော့မှ ပဉ္စမမြောက် အကွက်ဖြစ်တဲ့ နောက်ဆုံးအကွက်မှာ သူ့ရဲ့ရှေ့က ဘာမှန်းညာမှန်း မသိဖြစ်နေတဲ့သူကို လေသံတိုးတိုးကလေးနဲ့ စကားတခွန်း ပြောလိုက်ပါတယ်။ သူပြောလိုက်တဲ့ စကားလေးကတော့

“နေကောင်းတယ်နော်” တဲ့။

ရုတ်တရက် ကြည့်ရင်တော့ ဘယ်လိုမှ အဓိပ္ပာယ် မပေါက်နိုင်တဲ့ ကာတွန်းကလေးပါပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစား ကြည့်လိုက်ရင်တော့ဖြင့် စစ်အာဏာရှင် လက်အောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုရဲ့ မွန်းကြပ်ပိတ်လှောင်နေတဲ့ ဘဝတွေ၊ နေရာတကာမှာ အကြောက်တရားရဲ့ လွှမ်းမိုးခြင်းကို ခံနေကြရတဲ့ ဘဝတွေကို မြင်ကြ တွေ့ကြရမှာပါ။ ဟုတ်ပါတယ်။ ကာတွန်း ပုံထဲမှာပါတဲ့ ဇာတ်ကောင်ခမျာ အဲဒီ “နေကောင်းတယ်နော်” ဆိုတဲ့ စကားကလေးတခွန်းကို ပြောဖို့အတွက် အရင်ဆုံး၊ အရှေ့ရော၊ အနောက်ရော၊ အပေါ်ရော၊ အောက်ရော ဆိုသလို စိုးရိမ်တကြီး ကြည့်ရှာရပါသေးတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူ တဦးတယောက်မှ ရှိမနေတာ တကယ့်ကို သေချာသွားတော့မှ စောစောက “နေကောင်းတယ်... နော်” ဆိုတဲ့ စကားကလေးကို ပြောရဲတာပဲ ဖြစ်ပါတယ်။ ပြောရဲတယ် ဆိုတာတောင်မှ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း မဟုတ်ပါဘူး။ တိုးတိုးကလေးမှ တကယ့် တိုးတိုးကလေး။

တကယ်တော့ ဒီ “နေကောင်းတယ်... နော်” ဆိုတဲ့စကားဟာ လူတယောက်နဲ့ တယောက် တွေ့ရင် ယဉ်ကျေးမှုအရ နှုတ်ဆက်နေကျစကား၊ ပဋိသန္တာရစကားသာ ဖြစ်ပါတယ်။ ပြောကြားသူ ကိုယ်တိုင်ကိုသော်လည်းကောင်း အပြောခံရသူကိုလည်းကောင်း ဘယ်လိုမှ ထိခိုက်နစ်နာမှု မဖြစ်စေတဲ့ မရှိစေတဲ့ စကားပဲဖြစ်ပါတယ်။ ထိပ်တန်း လျှို့ဝှက် သတင်းတခုခု၊ တော်လှန်ရေး ကိစ္စတခုခု မဟုတ်ပါဘူး။ ကောင်းပြီ၊ ဒါဖြင့်ရင် ဒီစကားကလေး ပြောဖို့ကို ဘာဖြစ်လို့ အရပ်ရှစ်မျက်နှာကို အရင်ကြည့်၊ စိတ်ချရပြီ ဆိုတော့မှ တိုးတိုးကလေးကပ်ပြော လုပ်ရတာလဲလို့ မေးစရာ ရှိပါတယ်။ ကာတွန်းဆရာ ဆိုလိုချင်တာက စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘယ်သူ တဦးတယောက်မှ လုံခြုံမှု မရှိဘူး ဆိုတာကိုပါပဲ......။

အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် 'Informer' လို့ခေါ်တဲ့ သတင်းပေးတွေ ဖော်ကောင်တွေကို လက်သပ် မွေးထားတတ်ကြပါတယ်။ ဒီ 'Informer' တွေပေးတဲ့ သတင်း အချက်အလက်တွေ အပေါ် ဟုတ်တာမဟုတ်တာ နောက်ထား၊ သူတို့ သတင်းပေးလိုက်တဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ထောင်ချ သတ်ဖြတ်တာတွေ လုပ်ကြပါတယ်။ အာဏာရှင်ခေတ်မှာ လူနှစ်ယောက် မဆုံလိုက်နဲ့ ဆုံလိုက်ရင် တယောက်ဟာ အမြဲပဲ 'Informer' သတင်းပေး ဖြစ်နေတတ်ပါတယ်။

ကျနော့်ရဲ့ မိတ်ဆွေ စာရေးဆရာ ဆောင်းဝင်းလတ်ဟာ စားသောက်ဆိုင် တခုထဲမှာ စားရင်းသောက်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကလေးကို ခဲခြစ်ခြစ်ပြီး 'Sketch' ဆွဲလိုက်မိပါတယ်။ တခါတည်း ထောင်တနှစ် ကျသွားပါရောလား၊ ဒါကြောင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ နေနေရတဲ့ ပြည်သူလူထုအဖို့ “နေကောင်းတယ်နော်” လို့ဆိုတဲ့ စကားကလေးမျိုးကိုတောင် ကျယ်ကျယ် မပြောရဲရှာဘူး ဆိုတာကို ကာတွန်းဆရာက ပညာသားပါပါနဲ့ တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။


ရဲခေါင်မဲမောင်

0 အကြံပြုခြင်း: