Friday, September 12, 2008

တိတ်ဆိတ်နေသော အသံများ



ဥတ္တရမွန်း
စက်တင်ဘာ ၁၁၊ ၂၀၀၈
ဒီမိုကရေစီနိုင်ငံတော် ပြောင်းလဲဖြစ်ပေါ်လာရေးကို အားလုံး လိုလားကြပါသည်။ စိတ်မရှည်စွာနှင့် စောင့်မျှော်နေသည်မှာလည်း ကြာလွန်းလှပါပြီ။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တတ်နိုင်သည့်ဘက်မှ နည်းမျိုးစုံနှင့် လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ နောက်ဆုံး သံဃာတော်များပါမကျန် ပါဝင်လာကြသည်မှာလည်း အထင်အရှားပင်။ အများလိုလားနေကြသည့် ဒီမိုကရေစီပန်းတိုင်သို့ ဦးတည် ချီတက်ကြရာဝယ် အချင်းချင်း စည်းလုံးရေး၊ ညီညွတ်ရေးသည် အလွန်အရေးကြီးကြောင်း အမြဲလိုလို ကြားနေရသည်။ အခုရော ကျနော်တို့ တကယ်စည်းလုံးကြပြီလော?


ပြည်နယ်လား၊ တိုင်းလား
မြန်မာနိုင်ငံမြေပုံကို ပြန်ကြည့်ပါက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း စသည်ဖြင့် ပြည်နယ်နှင့်တိုင်း ၁၄ ခု ရှိပါသည်။ နာမည်တစ်ခုစီကို သေသေချာချာရွတ်ပြီး အာရုံမှာ တွေးကြည့်လိုက်ပါ။
ပြည်နယ်ဟုဆိုလိုက်သည်နှင့် 'တိုင်း'ထက် သေးငယ်သော ဒေသ သို့မဟုတ် တောင်ပေါ်တိုင်းရင်းသားများ နေထိုင်ရာဒေသဟု အလိုအလျောက် မျက်စိမှာလည်းပေါ်လာ၊ စိတ်ထဲမှာလည်း ထင်နေရသည်။
ကချင်ပြည်နယ်လို့ ဆိုလိုက်သည်နှင့် ကချင်လူမျိုးများ နေထိုင်ရာ၊ ရန်ကုန်တိုင်းလို့ ဆိုလိုက်သည်နှင့် ဗမာလူမျိုးများ နေထိုင်ရာ စသည်ဖြင့် အာရုံမှာ အလိုလို ပေါ်လာသည်။
အဲဒီမှာကိုက မှားနေပြီ။ တိုင်းနှင့်ပြည်နယ်ဟု ဆိုခြင်းအားဖြင့် အကြီးနှင့်အငယ်၊ တောင်ပေါ်နှင့် မြို့ပြ အစွဲကို ဖြစ်စေသည်။ ပြည်နယ်နှင့်တိုင်း ၁၄ ခု အစား ပြည်နယ် ၁၄ ခု ဟူ၍သာ သတ်မှတ်သင့်ပါသည်။


နိုင်ငံသား လား၊ တိုင်းရင်းသား လား
အမှန်စင်စစ် မြန်မာနိုင်ငံ၏ နေရာဒေသအားလုံးတွင် လူမျိုးပေါင်းစုံအနည်းအများ ရောနှော နေထိုင်လျက်ရှိသည်မှာ အားလုံးသိကြပါသည်။ ဥပမာ ကချင်ပြည်နယ်၌ ကချင်လူမျိုး အပါအ၀င်၊ ကုလား၊ ဗမာ၊ ရှမ်း၊ တရုတ်၊ လီဆူး စသည်ဖြင့် အခြားလူမျိုးများစွာ နေထိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။
တနေ့က မိတ်ဆွေတစ်ဦးပြောတာကို မှတ်မိသေးသည်။ သူငယ်ချင်းတစ်ယောက် ဖိတ်၍ ဗမာခရစ်ယာန်ဘုရားကျောင်းတစ်ခုကို သွားလည်မိသောအခါ အပြင်၌ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးးသော ဗမာများစွာကို တွေ့ခဲ့ရသည်ဟု အံ့သြစွာပြောပြသည်။
အလားတူပင် ခရစ်ယာန် မြန်မာနိုင်ငံသားများကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၌ တွေ့ဖို့ ခဲယဉ်းမည်၊ အပြန်အလှန်အားဖြင့်လည်း အတူတူပင် ဖြစ်ပါမည်။ ဒါကတော့လည်း မထူးဆန်းပါ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဟူသော အခွင့်အရေး လူတိုင်းမှာ ရှိကြသည် မဟုတ်လော။
သို့ရာတွင် ရည်ရွယ်ချက်တစ်ခုအတွက် ဗမာနှင့် အခြားလူမျိုးများ အတူဆွေးနွေးတိုင်ပင်ကာ အလုပ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်လော?
၂၀၀၄ ခုနှစ်က ငြိမ်းချမ်းရေးအတွက် ကရင်ခေါင်းဆောင် ဗိုလ်ချုပ်မြနှင့် မြန်မာစစ်အစိုးရဘက်မှ ဗိုလ်ချုပ်ခင်ညွန့် တို့ ၂ ဦးကြား တွေ့ဆုံဆွေးနွေးပွဲကို လေ့လာကြည့်ပါ (ဒီနေရာမှာ သွားကြည့်နိုင်သည်)။ နိုင်ငံ့ခေါင်းဆောင်အဆင့် ဆွေးနွေးပွဲ ဖြစ်ပါသည်။ ၉ မိနစ်နီးပါးကြာ ဗီဒီယိုမှတ်တမ်းတို၌ မည်သူက သရုပ်ဆောင်ကောင်းပြီး၊ တစ်ဦးပေါ်တစ်ဦး မည်သို့ သဘောထားသည်ကို မှန်းဆနိုင်ပါသည်။
တိုင်းပြည်က မပြိုကွဲသေး၊ အချင်းချင်း ကွဲနေတာ ကြာပြီဟု ထင်ပါသည်။ ထင်ထင် ရှားရှား မဟုတ်ပေမယ့်လည်း အခြေအနေများက ကွဲရန် မသိမသာ ဖန်တီးပေးခဲ့သလို ဖြစ်နေသည်။
တရုတ်နိုင်ငံကို ကြည့်ပါ၊ သူတို့မှာ လူမျိုးစုပေါင်း ၁၀၀ ကျော် ရှိသည်။ သို့သော် တရုတ်လူမျိုးတစ်ယောက်ကို “မင်း ဘာလူမျိုးလဲ”ဟု မေးပါက 'တရုတ်'ဟုသာ ဖြေမည်ဖြစ်ပြီး 'ကွမ်းတုံ' 'ဖူးကျန့်' 'ယူနန်'လို့ ဖြေမည် မဟုတ်ပါ။ 'တရုတ်' ပြောလိုက်ရုံနှင့် ထိုသူသည် တရုတ်ပြည်၏ နိုင်ငံသားတစ်ဦးဖြစ်သည်ဟု အဓိပ္ပာယ်ပေါ်လွင်နေပါသည်။ လူမျိုးအရ ထိုသူသည် ကွမ်းတုံ သို့မဟုတ် ဖူးကျန့်လည်း ဖြစ်ချင်ဖြစ်မည်။
မြန်မာနိုင်ငံတွင်မူ သူက 'ကချင်' ငါက 'ဗမာ'၊ သူက 'ကရင်' ငါက 'ရှမ်း' စသဖြင့် နိုင်ငံအတွင်းအတူနေထိုင်ကြသော ' မြန်မာ' ဟု မမြင်နိုင်ဘဲ လူမျိုးစွဲ၊ ဒေသစွဲ ဖြစ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။
ထိုသို့ဖြစ်နေရသည့် နောက်ခံသမိုင်းကြောင်းများလည်း ရှိတော့ ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် အားလုံးအတွက် မကောင်း၊ အကျိုးမဖြစ်နိုင်ပါ။


တိုင်းသူ ပြည်သား တသားတည်းလား
တဆင့်တက်၍ ဆွေးနွေးချင်သေးသည်။ မည်သူမဆို မြန်မာနိုင်ငံအတွင်း မွေးဖွားကြီးပြင်းလာသူ၊ နှစ်ပေါင်းများစွာ တရားဝင်နေထိုင်လာသူ အားလုံး 'မြန်မာနိုင်ငံသား' ဖြစ်သင့်သည်။
မြန်မာနိုင်ငံ၌ မွေးဖွားကြီးပြင်းလာသော တရုတ်၊ ကုလားများကို နိုင်ငံခြားသားဟု သတ်မှတ်နေခြင်းသည်လည်း မှားသည်ဟု ထင်ပါသည်။ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသော များစွာသော တရုတ်၊ ကုလားတို့သည် ယနေ့အထိ 'မြန်မာနိုင်ငံသား' မဖြစ်သေးဘဲ 'နိုင်ငံခြားသား' အနေဖြင့်သာ ရှိနေရသည်။ ထိုသူများသည် မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ တိုင်းပြည်အရေး တို့သည် သူတို့အတွက်မဟုတ်၊ သူတို့နှင့် မသက်ဆိုင်ဟု ထင်မှတ်ဖွယ်ရာ ဖြစ်နေသည်။
ထိုကြောင့် သူတို့အတွက် ရွေးချယ်စရာလမ်းမှာ စီးပွားရေးလုပ် သို့မဟုတ် နိုင်ငံခြားထွက်ဖို့ သာရှိတော့သည်။ ဆိုလိုချင်သည်မှာ မြန်မာနိုင်ငံမှာ မွေး၊ မြန်မာနိုင်ငံမှ ပညာကိုသင်၊ သို့သော် တိုင်းပြည်အတွက် မည်သည့်ဘက်ကမှ မပါဝင်နိုင်ဘဲ ဘေးရောက်၊ အဝေးရောက်ကုန်ကြသည်။ နိုင်ငံအတွက် ဆုံးရှုံးးမှု တရပ်ပင်။
အကျိုးဆက်အနေဖြင့် ထိုသူများ၏ ရင်ထဲမှာ ဆရာကြီး ရွှေဥဒေါင်းပြောသလို ' ဆူး' တစ်ချောင်း ထပ်ပေါက်လာပါသည်။
အမေရိကန်ပြည်ထောင်စုကို မကြာသေးမီက ရောက်လာသော ရှမ်းပြည်နယ်မှ လူငယ်တစ်ဦး၏ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ခံစားချက်ကို မေးကြည့်သောအခါ
“မြန်မာပြည်ကို ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်က နိုင်ငံခြားသားမှတ်ပုံတင်နဲ့ပဲ နေခဲ့ရတာဆိုတော့ ကိုယ့်နိုင်ငံ မဟုတ်သလို ခံစားရတယ်။ လူမျိုးကတော့ တရုတ်ပေါ့၊ ဒါပေမယ့် တရုတ်ပြည်ဆိုလည်း ကျနော်နဲ့ မဆိုင်သလိုပဲ၊ ကျနော့်အတွက် နိုင်ငံမရှိသလို ခံစားမိတိုင်း ဖီလင်ငုပ်တယ် အစ်ကိုရ . . . ” ဟု ထိုလူငယ်က ပြောပြခဲ့သည်။
မြန်မာနိုင်ငံကိုချစ်ကြသော နိုင်ငံခြားသားဟု သတ်မှတ်ထားခံရသည့် တရုတ်နှင့် အခြားလူမျိုးများ ဘယ်လောက်များ ရှိလိမ့်မလဲ။ သူတို့မှာ မြန်မာနိုင်ငံကို အကျိုးပြုနိုင်မည့် အရည်အချင်းများ အစွမ်းအစများ မရှိနိုင်ဘူးလား။
မြန်မာနိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုကို တရုတ်၊ အိန္ဒိယလူမျိုးတို့အပေါ် အပြစ်တင်ဝေဖန်နေသည်မှာလည်း မမှန်ဟု ထင်ပါသည်။ နဂိုကမှ ကွဲနေသည်ကို ထပ်ခွဲသလို ဖြစ်နေသည်။


ကိုယ်တွေ့ ကိုယ်တွေ့
ဟိုးယခင် စားသောက်ဆိုင်တစ်ခုမှာ အလုပ် လုပ်နေစဉ်တုန်းက ပင်ပန်းလွန်းသည်၊ လုပ်အားခနည်းသည်ဟု အမြဲတွေးပြီး မပျော်နိုင်တော့ဘဲ ဖြစ်နေစဉ်၊ သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်ပြသောအခါ သူက "စားသောက်ဆိုင်တွေက အားလုံးအတူတူပါပဲ၊ သူဌေး ကိုပဲ အပြစ်တင်မနေနဲ့၊ ကိုယ့်ဘာာသာ ရုန်းထွက်နိုင်အောင်သာ ကြိုးစားပါ" ဟုပြောခဲ့တာ မှတ်မိသေးသည်။
မှန်ပါသည်၊ ဒုက္ခရောက်တိုင်း ပြင်ပအခြေအနေ၊ အခြားသူများကိုချည်း အပြစ်မတင်သင့်ပါ။ ကိုယ်တိုင်ကြိုးစားပြီး ရုန်းထွက်ဖို့သာလိုပါသည်။ ကိုယ်တိုင် ဘာမှမလုပ်ဘဲ ထိုင်ပြီးအော်နေရုံဖြင့် ဘာမှပြောင်းလဲမသွားနိုင်ပါ။
Evolution ဆင့်ကဲဖြစ်စဉ်သီအိုရီအရ ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ သို့မဟုတ် အပြောင်းအလဲနှင့် ကိုက်ညီအောင် ပြုပြင်နေထိုင်သွားနိုင်သည့် သတ္တ၀ါသည်သာ ရှင်သန်ကျန်ရစ်မည်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရန် ကြိုးပမ်းနေရာတွင် ပြင်ပနိုင်ငံများ၏ ထောက်ခံမှု၊ ကူညီမှုတို့မှာ အရေးကြီးသော်လည်း အကယ်စင်စစ် လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာနိုင်ငံသားများ၏ ပါဝင်ဖြည့်ဆည်းနိုင်သည့် အင်အားသည် ပိုမိုကြီးမားပါသည်။ ထိုအင်အားကို မစည်းရုံးနိုင် မစုစည်းနိုင်သေး၍သာ ဖြစ်နေသည်။


မေးခွန်းလား၊ အဖြေလား
ဗုဒ္ဓဘာသာ ဘုန်းကြီးနှင့် ခရစ်ယာန် သင်းအုပ်ဆရာ အတူတကွ ရင်းနှီးစွာမိတ်ဖွဲ့ ဆွေးနွေးဖလှယ်မှု မဖြစ်နိုင်ဘူးလား?
ဗမာနှင့်ကချင်၊ ကရင်နှင့်ဗမာ စသဖြင့် အတူတူ လက်တွဲ တိုင်ပင်ဖော် မဖြစ်နိုင်ဘူးလား?
တရုတ် နှင့် ကုလား မြန်မာနိုင်ငံအရေးအတွက် မဆွေးနွေးနိုင်ဘူးလား?
အားလုံးဖြစ်နိုင်ပါသည်။ အလုပ်တစ်ခုဆောင်ရွက်ရာ၌ လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း အစွဲများကို မေ့ထားပြီး ရည်ရွယ်ချက်ကိုသာ ဦးတည်ထားလျက် ဖွင့်ထားသော နှလုံးသားဖြင့် သဘောထားကြီးစွာ၊ စိတ်ရှည်စွာ၊ ရင်းနှီးစွာဖြင့် ဆွေးနွေး ဆောင်ရွက်နိုင်ပြီဆိုလျှင် အခြားဘာလုပ်လုပ် မအောင်မြင်နိုင်စရာ အကြောင်း မရှိတော့ပါ။
ထိုသို့သော အခြေအနေကို ဖန်တီးနိုင်ရန် အနာဂတ် မြန်မာနိုင်ငံခေါင်းဆောင်များသည် လိုအပ်သော လမ်းစဉ်နှင့် နည်းလမ်းများကိုလည်း ချမှတ်ပေးရန်လိုအပ်ပါသည်။
အကယ်၍ အားလုံးကို မြန်မာနိုင်ငံသားအဖြစ် တစ်ခုတည်းတစုတည်း မမြင်နိုင်သေးဘဲ လူမျိုးအစွဲ ဒေသအစွဲဖြင့် ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း၊ တရုတ် ၊ နိုင်ငံခြားသား၊ တောင်ပေါ် မြေပြန့် စသဖြင့် မြင်နေသေးသရွေ့၊ နောက်ထပ် ရှေ့ဆက်ပြီး ငါ့မြင်းငါစိုင်း နေရင်တော့ဖြင့် . . . ။ ။

0 အကြံပြုခြင်း: