Friday, October 17, 2008

မြန်မာပြည် စာနယ်ဇင်းလောကနှင့် ပတ်သက်၍ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

အင်တာဗျူး
ဧရာဝတီ | အောက်တိုဘာ ၁၇၊ ၂၀၀၈

လက်ရှိ မြန်မာပြည်စာနယ်ဇင်းလောက ဖိနှိပ်ခံရမှုနှင့် ယခင်စာနယ်ဇင်းလောက အခြေအနေကွာခြားချက်များ၊ မီဒီယာ၏ အခန်းကဏ္ဍ အရေးပါပုံတို့ကို ဧရာဝတီမဂ္ဂဇင်းက သတင်းစာဆရာကြီး ဦးဝင်းတင်အား မေးမြန်း၍ ဖော်ပြလိုက်ပါသည်။
ဦးဝင်းတင် (ဓာတ်ပုံ - မြတ်မိုးမောင်)
မေး။ ။ အက်ရှင်တိုင်းမ်စ်ဆိုတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဆရာ့ အကြောင်း တပိုဒ်ပါလို့ အပိတ်ခံရတယ် ကြားတယ်။ အဲဒီပေါ်မှာ ဘာပြောချင် လဲဆရာ။

ဖြေ။ ။ သူတို့ (အာဏာပိုင်တွေ) က ရှင်းရှင်းပြောရရင်တော့ ကြံဖန်ပြီး ချုပ်ချယ်ဖို့ကို နည်းမျိုးစုံနဲ့။ တလ ပိတ်မယ်၊ ၂ လပိတ်မယ် ဆိုတာမျိုး၊ ဒီဟာ လုပ်ခြင်းအားဖြင့် တခြားလူတွေကိုပါချုပ်ချယ်ပြီးဖြစ်သွားတယ် ဆိုတာမျိုး လုပ်ကြတာပဲဗျ။ ဒါက စာစောင်တစောင်ချင်းစီကို ပိတ်တာ။ နောက်တခုကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားမြစ်ထားတယ် ဆိုတာကို ပြတာ။ ဒီဟာနဲ့ ပတ်သက်တာကတော့ ကြုံနေရမှာပဲ။ ကြုံလည်းကြုံခဲ့ရတာပါပဲ။

မေး။ ။ မ ဆ လ ခေတ်မှာ ဆရာသတင်းစာ အယ်ဒီတာလုပ်တုန်းကနဲ့ ခုနဲ့ စိစစ်ရေး ကိစ္စတွေ၊ သတင်းစာ လောကတွေနဲ့ ဘယ်လိုကွာဟလဲ ပြောပါဦး။

ဖြေ။ ။ မကွာပါဘူး။ တူတူပါပဲ။ မထူးပါဘူး။ ဒီချိန်မှာစာစောင် ၂ စောင်ကို ပိတ်တယ်။ မဆလ ခေတ်တုန်းက စာစောင် တွေ အားလုံးပိတ်ပစ်ခဲ့တာပဲ။ နောက်တခါ စီးပွားရေးအရ ညစ်တာတို့ တခုချင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်တဲ့ နေရာမှာတော့ သီးခြား လုပ်ဆောင်မှုတွေ မတူပေမယ့် မျက်စိပိတ် နားပိတ်အောင် လုပ်ထားတာကတော့ ဦးတည်ချက်က ဘာမှ မကွာဘူး။ ကျနော်ပြောချင်တာကတော့ စာနယ်ဇင်းတွေအနေနဲ့ ရုန်းကန်ရမယ်။ အချင်းချင်း ညှိလုပ်တာပဲ ဖြစ်ဖြစ် တစောင်ချင်းစီပဲ ဖြစ်ဖြစ် ငုံ့ခံနေတာမျိုး မဟုတ်ဘဲနဲ့ တတ်နိုင်သလောက် အကြောင်းအရာ တခုချင်းစီပေါ်မှာ ရုန်းကန်မှု ရှိရမယ်။ အဲလိုပဲ ကျနော်က ယူဆတယ်။

ကျနော်ကတော့ သတင်းစာတွေ မလုပ်နိုင်တော့ဘူး။ သတင်းစာက များများလုပ်ရတယ်၊ မြန်မြန် လုပ်ရတယ်၊ ကျယ်ကျယ် လုပ်ရတယ်။ ကျုယ်ကျယ် လုပ်ရတယ် ဆိုတာက တောရော၊ မြို့ရော၊ ကမ္ဘာရော၊ မြန်မာရော။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှု ရေးတွေ လုပ်ရတယ်။ များများလုပ်ရမယ်ဆိုတာက အကြောင်းအရာ များနိုင်သမျှ များအောင် ထည့်ရတယ်၊ စုံနိုင်သလောက် စုံအောင် လူမှုဘဝကို လွှမ်းခြုံနိုင်အောင် အဲလိုပေါ့။ ပြီးတော့ မြန်မြန်လုပ်ရတယ်။ အရင်ခေတ်ကဆို တယ်လီဖုန်းလောက်ပဲ ရှိတဲ့ကြားက ဖြစ်အောင် လုပ်ရတယ်။ ဒီဟာတွေလောက်ကို ကျတော် မလုပ်နိုင်တော့ဘူး။ ခု ဂျာနယ်တွေ ကြိုးစားကြတယ် ကောင်းပါတယ်။ မှားကြတာတွေ ရှိမှာပဲ။ မှားပါစေ။ အရေးမကြီးပါဘူး။ မှားတယ် မှန်တယ်ဆိုတာ တခေတ်နဲ့ တခေတ် စံချင်းမှမတူတာ။ မှားတာကို ဂရုစိုက်စရာမလိုပါဘူး။

တခုပဲ ဝေဖန်ချင်တာက ခင်ဗျားတို့မှာ ရုန်းကန်တာနည်းနည်း နည်းတယ်ထင်တယ်ဗျ။ ကျနော်တို့ တုန်းကလည်း ဖိနှိပ်မှုက အတူတူပဲ။ မထူးဘူး။ ဒီခေတ်မှာ ဖိနှိပ်ခံရတာလည်း တူတူပဲ မထူးဘူးဗျ။ တချို့ကထင်ကြတယ် ဒီခေတ်မှာမှ ပိုဖိနှိပ်ခံရတယ် လို့ … ။ အဲဒါမဟုတ်ဘူး။ တူတူပါပဲ။ သူတို့မကြိုက်တာ တခုခု လုပ်မိရင်၊ ပါလာရင် ဘယ်ခေတ်ပဲဖြစ်ဖြစ် ပိတ်ပစ်တာပဲလေ။ ဖိနှိပ်ချုပ်ချယ်မှုက ဒီလိုပဲ ရှိနေမှာပဲ။ အဲဒီကြားကနေ ရုန်းကန်ကြရလိမ့်မယ်။

အဲဒီမှာ ကျနော်က ဘာဥပမာ ပြချင်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကာတွန်းဆရာတွေကို မိန့်ခွန်းတခုပြော ရတယ်။ အဲဒါလေး ပြောချင်တယ်။ အဲဒီတုန်းက သူတို့ကို ခင်ဗျားတို့ ကာတွန်းတွေ သိပ်ကောင်းတယ်ဗျာ။ ရေးတာတွေ လည်း ပြောင်မြောက်တယ် ဒါပေမယ့် ခင်ဗျားတို့မှာ ငုံ့ခံနေကြတာလေးတွေ ရှိတယ်။ ဒီလိုရေးလို့မရရင် ဟိုလိုလေးလှည့် ရေးရမယ်။ ဥပမာပြောရရင် အဲဒီတုန်းက တိရစ္ဆာန်ရုံမှာ ကလေးတယောက် ကျားကိုက်တယ်ဗျာ။ အဲဒီသတင်းကို ထည့်လို့ မရဘူး။ ဘယ်လိုမှကို ထည့်ခွင့် မပေးဘူး။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့ အနည်းဆုံးငုံ့မခံဘူးဆိုတာ ပြချင်တယ်။ ဖြစ်ချင် တော့ အဲဒီနေ့မှာ နိုင်ငံခြား သတင်းတပုဒ်က တိုက်တိုက်ဆိုင်ဝင်လာတယ်။ ခြင်္သေ့ကိုက်တဲ့သတင်းဗျ။ အဲဒါကို မျက်နှာဖုံးမှာ အကြီးကြီး ထည့်လိုက်တယ်။ ခြင်္သေ့နဲ့ ကျားနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဟာ ဒီကောင် တွေ ရေးပြန်ပလား ဆိုတာမျိုးဖြစ်သွားတယ်။ ဒီခြင်္သေ့ကိုက်တာကို အကြောင်းပြုပြီး ကျားကိုက်တဲ့ သတင်းကလည်း လူတွေကြားထဲမှာ ပြန့်နေတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေက အဲဒီပုံစံနဲ့တော့ လှုပ်ရှား နိုင်တယ်။ ရုန်းကန်ပါ။ သူတို့က ဒီလိုမရေးရဘူးဆိုရင် ရနိုင်တဲ့နည်းနဲ့ ရေးပါ။ သူတို့ကဒီလိုလုပ်ပါဆိုရင် မလုပ်နိုင်ဘူး တနည်းနည်းနဲ့ လှည့်လုပ်ပါ။

ဟိုခေတ်နဲ့ ဒီခေတ် ဖိနှိပ်ပုံ ဖိနှိပ်နည်း မတူတာပဲရှိတယ် ဖိနှိပ်တာကတော့ ဖိနှိပ်တာပါပဲ။ ဂျာနယ် တစောင်ချင်းကို အရေးယူ ပုံချင်းတော့ တူချင်မှတူမယ်။ ဟိုတုန်းကတော့ သိမ်းကျုံးပြီး အရေးယူတယ်။ ဒါပဲကွာတယ်။ ခု ဂျာနယ် တွေ အများကြီး ရှိတယ်။ ဘာတွေ ရေးနိုင်လဲ။ ဘာမှ မရေးနိုင်ဘူး။ ကျနော်တို့နာမည်တွေကို လုံးဝဖျောက်ထား ရာကနေ အခုနာမည်လေး တွေ ပါလာတယ်။ များများ မသုံးနိုင်ဘူး။ တချို့ဂျာနယ်တွေဆို ကျနော့်ကို အင်တာဗျူး လုပ်တယ်။ အဲဒါတွေ ကျနော်ဖတ် ရတယ်။ စာပေစိစစ်ရေးကို တင်တဲ့ မူတွေပေါ့။ ဒါပဲဗျ။ ဘာမှမထူးဘူး။

ထူးတာက ရုန်းကန်မှု နည်းတယ်။ ကျနော်တို့ လုပ်ခဲ့တာပဲ။ ကျနော်ဟံသာဝတီ သတင်းစာ လုပ်ခဲ့တယ်။ ကျနော့်ကို ဖိနှိပ် တာက ဒီခေတ် ဂျာနယ်တွေကို ဖိနှိပ်တာထက် ပိုတယ်လည်း မပြောလိုဘူး လိုတယ်လည်း မပြောဘူး တူတူပါပဲ။ ကျနော့် အသက်အရွယ်နဲ့ ကျနော့်ရာထူးနဲ့ ပင်စင်နီးတာနဲ့ ဒါတွေငဲ့ပြီး ကျနော် အေးအေး နေရင် ရတာပဲ။ ဒါပေမယ့် ကျနော်မနေ နိုင်ဘူး တတ်နိုင်သလောက် ရုန်းတယ်။ အဲဒီမှာ သူတို့မကျေနပ်ဘူး ကျနော့်လည်း ဖြုတ်ပစ်၊ ကျနော့်သတင်းစာလည်း ပိတ်ပစ်တာပဲ။

နမူနာလေးတခု ပြောပြမယ်။ တခါက ဝန်ကြီးကနေပြီး အမိန့်နဲ့ လာတယ်။ ပေါ်လစီလားဘာလားတော့မသိဘူးဗျ သတင်း စာမှာ ဘုန်းကြီးတရားပွဲတွေထည့်ရမယ်တဲ့၊ ရန်ကုန်မှာလည်း ထည့်တယ်။ ကျနော်ကမထည့်ဘူးလို့ မန္တလေးက ဘုန်းကြီး မြို့၊ ဟိုဘုန်းကြီး တရားဟောတာထည့်ပေး၊ ဒီဘုန်းကြီးဟောတာ ထည့်ပေးတာနဲ့ ခင်ဗျားတို့သတင်းစာ ဘာမှပါရတော့မှာ မဟုတ်ဘူး ထည့်ရမှာလားလို့ပြောလိုက်တော့မှ နောက် ဝန်ကြီးကလည်း မထည့်ပါနဲ့တော့လို့ ပြောတယ်။ အဲလိုပေါ့ဗျာ။ အဲလိုလုပ်ရတာပဲ။

နောက် ဦးနေဝင်းက တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း သေတော့ သူ့မိန့်ခွန်းကို ခေါင်းကြီးနဲ့ မျက်နှာဖုံးမှာ ထည့်ရမယ်လို့ ပြောတယ်။ ကျနော်ထည့်မယ်ဆို မီတာပေါ့။ ကျနော်မထည့်ဘူး။ မန္တလေးနဲ့ ရန်ကုန် အပြန်ပြန် အလှန်လှန် ဖုန်းဆက်တယ်။ ထည့်ရမယ်ပေါ့။ ကျနော်ကလည်း မထည့်ဘူး တင်းခံနေတယ်။ အဲဒီမှာ ညနေ ၄ နာရီ ၅ နာရီဖြစ်လာတယ်။ ကျနော်က မျက်နှာဖုံးကို ပြန်ဖျက်ရတော့မှာ မလုပ်နိုင်ဘူး။ လုပ်ရင် ကုန်မယ့် စာစီခတွေ စာရွက်ဖိုးတွေ ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့က အကုန်ခံမယ် ထည့်တဲ့။ အဲဒါနဲ့ ကျနော်က ဒါဆို နက်ဖြန် သတင်းစာ မထုတ်နိုင်ဘူးပြောလိုက်တယ်။ အဲဒီတော့မှ ဒါဆိုလည်း မျက်နှာဖုံးမှာ မလုပ်ပါနဲ့တော့ အတွင်းက စာမျက်နှာ ၃ တို့ဘာတို့မှာပဲ ထည့်ပါတော့ ဖြစ်သွားတယ်။ ရုန်းကန်ရတာတော့ နည်းနည်း ရှိတာပေါ့ဗျာ။

မေး။ ။ ဖိနှိပ်ခံရတာ တူတူပဲဆိုရင် အရည်အသွေးနဲ့ပတ်သက်လို့ကော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အရင်ခေတ်နဲ့ အခုခေတ် ဘယ်လို ကွာခြားလဲ သိချင်ပါတယ်။ တိုးတက်လာတာရှိလားပေါ့။

ဖြေ။ ။ ဒါကလည်း တော်တော်ပြောရခက်တာပဲဗျ။ အရည်အသွေးဆိုတာက ဘယ်ပေါ်မှာတည်တာလဲ။ အကြောင်းအရာ ပေါ်မှာ မူတည်တာလား။ ခေတ်ကာလကိုလိုက်ပြီး ပြောင်းလဲနေတဲ့၊ ရေးဖို့ လိုအပ်တဲ့ အချိန်မှာ အသိဥာဏ်ရှိတဲ့၊ ရေးနိုင်တဲ့ သူတွေက ရေးတာဖြစ်တဲ့အတွက် သာတာတွေလည်း ရှိတာပဲဗျ။ ဒီခေတ်မှာလည်း တချို့လူတွေ တော်တော် လုပ်ကြတာ ရှိပါတယ်။ ဒီခေတ်မှာ ကျော်ဝင်းတို့ဘာတို့ တော်တော် လုပ်နိုင်တာပဲဗျ။ လျော့သွားတယ်၊ ပိုပြီး ကောင်းလာတယ် ဆိုတာ မျိုးတော့ မရှိသေးဘူးထင်တယ်ဗျ။ ဒါကတော့ ခုချက်ချင်းပြောလို့ ရတဲ့ အကြောင်းအရာလည်း မဟုတ်ဘူးဗျ။ ခေတ် တခေတ်ကျော်သွားတဲ့ အချိန်ကျမှ သမိုင်းဝင် စံတင်ပြီး ကျန်ခဲ့မှသာ ပြောလို့ရမယ်ထင်တယ်။

အဲဒါကိုပဲ ကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ကြမှာပဲ။ ကျနော်ကတော့ အဲဒါနဲ့ ပတ်သက်လို့ မပြောချင်ဘူးဗျ။ မလိုဘူးလေ။ သူတို့လုပ်နေတာ ကောင်းတာပဲ။ ဒါပေမယ့် ဘယ်လောက်ကောင်းတယ် ဘယ်ပြောလို့ရမလဲ။ ဒီနေ့ဆုံးဖြတ်တာလည်း မှန်ချင်မှ မှန်မယ်။ ဒီနေ့ ကောင်းနေပေမယ့်လည်း နောက်တနေ့ကျတော့ လူတွေက မေ့သွားရင် ဘာမှမထူးဘူးဗျ။ ဒါပေမယ့် တခုတော့ သေချာပြောလို့ရတယ်။ ဒါကတော့ ခေတ်အလိုက် ခေတ်အလိုက် လုပ်နေကြရမှာပဲ။ ဒီနေ့လုပ်နေတာတွေက သာမာန်စံအနေနဲ့ ပြောမယ်ဆိုရင် ခေတ်တခေတ်မှာ လုပ်နေတဲ့ စံအရ မညံ့ဘူးဗျ။ ဆောင်းပါးတွေ ကောင်းတယ်ဗျာ။ ဗွိုက်စ်တို့ဘာတို့မှာ ရေးနေတဲ့ ပုံစံတွေဆိုရင် ပညာတတ်လူတန်းစားရဲ့ အသံမျိုးနဲ့ အထက်စီးက ပြောတဲ့ လေသံမျိုး ပေါက်ချင် ပေါက်နေမယ်။

ဘယ်လောက်ပဲ ဘာတွေ ဖြစ်နေနေ လုပ်နေတာကတော့ ကောင်းနေတာပဲဗျ။ လူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ ပုံစံမျိုး တွေလည်း တွေ့နေရပါတယ်။ တခုပဲဗျ။ ပိတ်ခံရလိုက်၊ တော်ကြာကြောက်သွားလိုက် ဆိုတာမျိုးမဟုတ်ဘဲ အဲဒီထဲက ဖောက်ထွက်ပြီး ရေးနိုင်ဖို့တော့လိုမယ်။ ကွာလတီကိုလည်း အဲဒီပေါ်မှာ ဆုံးဖြတ်ရမယ်ထင်တယ်။

မေး။ ။ ပြည်ပက မြန်မာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုကော ဆရာ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော်သိပ်မသိဘူးဗျ။ ခင်ဗျားတို့ဧရာဝတီတောင် (ထောင်) ဆေးရုံမှာ တုန်းက တခါလား ဖတ်ဖူးတယ်။ ဝက်ဘ်ဆိုက်တို့ဘာတို့တွေ ကျနော်သိပ်နားမလည်တော့ သိပ်မပြောချင်ဘူး။ သို့သော် ဘာပဲ ပြောပြော ခင်ဗျားတို့နဲ့ အတွင်းနဲ့ ကွာတဲ့ အချက်က ထင်ရှားတဲ့ ထင်မြင်ချက် တွေကို ဖော်ထုတ် နိုင်တဲ့ အနေအထား ကတော့ ခင်ဗျားတို့နဲ့ သူတို့ကွာနေတယ်ဗျ။ ခင်ဗျားတို့ကလွတ်နေတဲ့ သူတွေ ဆိုတော့ အတွင်းကလူတွေလို ချက်ချင်း လာပိတ်လို့မရဘူး။ နောက်တခု အပြင်မှာ ရှိတဲ့သူတွေက ကမ္ဘာ့အမြင်ကျတော့ ဆို့စ်ရယူမှုကျတော့ ပြည်တွင်းထက် အများကြီးသာတယ်။ ဒီ ၂ ချက်သာနေတဲ့အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့ နေရာမှာ အများကြီး အထောက်ကူပြု မယ်လို့ ယုံတယ်။ အထဲမှာက ရုန်းပါ ဆိုပေမယ့် ရုန်းကန်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်သေးတယ်။ ဒီတော့ ခင်ဗျားတို့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာကော မီဒီယာရဲ့ အခန်းကဏ္ဍကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍကတော့ အရေးကြီးတာပေါ့ဗျာ။ ခုမှမဟုတ်ပါဘူး။ မီဒီယာဆိုတာ တိုင်းရေး ပြည်ရေးရာ ကိစ္စတွေမှာ အသံတဝက်ဝင်ပြောတာ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ တဝက်ဝင်အုပ်ချုပ်တာ။ တိုင်းပြည်လုပ်ငန်းတွေကို ရှယ်ယာတဝက်ယူထားတဲ့ သဘောပဲဗျ။ မီဒီယာကို ဘယ်တော့မှ ငြင်းပယ်လို့၊ မျက်ကွယ်ပြုလို့ မရဘူး။ ဒါကိုတော့ ကြိုက် သော်ရှိ၊ မကြိုက်သော်ရှိ လက်ခံရမှာပဲဗျ။ သူတို့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကတပိုင်းပဲ။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီအရေးကတော့ ပိုမြင့်မားတာပေါ့ဗျာ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတာ ပေါ့ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ပိတ်ထားတဲ့ နိုင်ငံမျိုးမှာ ပိုပြီးအရေးကြီးတာပေါ့။ ခုအန်အယ်လ်ဒီ ရပ်တည်နေနိုင် တာ ပြည်ပမှာရှိတဲ့ မီဒီယာအား တွေကြောင့်ပေါ့ဗျာ။ ခု ကျနော့်ကိစ္စဆို အများကြီး အသံထွက်သွားတယ်ဗျာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကဆို ဘယ်လောက် ကြီးကျယ်တဲ့သူ ထွက်လာလာ များများစားစား မပါနိုင်ဘူးဗျ။ ခုကျတော့ အများကြီး ကျယ်ပြန့်သွား တယ်ဗျ။ ကျနော် ဘယ်လောက်ပင်ပန်းပင်ပန်း ပြောနိုင်သလောက်ပြောမယ် ရှင်းနိုင်သလောက် ရှင်းမယ်။ ဒါတွေ ပြောနိုင်ဖို့ ဖော်ပြဖို့က မီဒီယာက အဓိကကျတယ်ဗျ။

0 အကြံပြုခြင်း: