Saturday, October 25, 2008

တောင်ရောက် မြောက်ရောက် ဒါပေမယ့် သမိုင်းမှာ လမ်းမပျောက်ဖို့

မောင်ရစ်
အောက်တိုဘာ ၂၅၊ ၂၀၀၈Talk with Poet (U) Tin Moe - His Life at 1950s
MoeMaKa - Interview (2006 December, LA)
October 25th 2008
အခု တင်ဆက်မှာက ရုပ်သံအစီအစဉ်တခု ဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးနဲ့ စကားလက်ဆုံ (၂၀၀၆ ဒီဇင်ဘာ ခရစ္စမတ်ကာလ)။ ၁၉၅၀ ခုနှစ် ဆရာ စာပေ၀ါသနာ အစပိုင်း ကာလများအကြောင်း မိုးမခ ရုပ်သံ။ ဒါပေမယ့် ဒီ ရုပ်သံမှတ်တမ်းလေးကို ပရိသတ်ကို မတင်ဆက်ခင်မှာ မီးခိုးကြွက်လျောက် တွေးနေမိတယ်။

၂၀၀၆ အောက်တိုဘာက မိုးမခ ၃ နှစ် မိတ်ဆုံပွဲကို ကဗျာဆရာတင်မိုးနဲ့ ကဗျာဆရာ မောင်စွမ်းရည်တို့ကို ပင်တိုင်ထားပြီး ကျင်းပခဲ့တယ်။ ဆရာမိတ်ဆွေတွေ၊ ပရိသတ်တွေ ရပ်နီး ရပ်ဝေးက လာခဲ့ကြတယ်။ ၂၀၀၆ ဒီဇင်ဘာမှာ ဆရာနဲ့ သူနေထိုင်တဲ့ အယ်လ်အေမှာ စကားလက်ဆုံ ပြောဖြစ်ပြန်တယ်။

ပြောဖြစ်တဲ့ အကြောင်းအရာက - ၁၉၅၀ လွတ်လပ်ရေး ရပြီးခါစ၊ တိုင်းပြည် ခြေ ၂ချောင်းပေါ် စရပ်ချိန်မှာ ဆရာတို့က ၁၇ နှစ်၊ ရွာမှာ၊ ကိုရင်လူထွက်၊ ကျောင်းပညာရေး မဆက်ရသေး။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦတွေက၊ စာအုပ် စာပေတွေက ကျေးလက်က လူငယ်တွေကို ဘယ်လိုများ အထောက်အကူပေးခဲ့သလဲ။ ဘာစာအုပ်တွေ (လက်ဝဲ၊ လက်ယာ) ဘာတွေ ဖတ်သလဲ။ ရွာမှာ ဘာတွေ ၀ါသနာနဲ့ ပျိုးထောင်ခဲ့သလဲ။ ကျောင်းပညာရေး အသက် ဘယ်လို ဆက်ခဲ့သလဲကို မေးခဲ့တယ်။ ဆရာက ဖြေတယ်။

၂၀၀၇ ဇန္န၀ါရီမှာ ဆရာ ကွယ်လွန်ခဲ့တယ်။ ၂၀၀၇ ဇူလိုင်မှာ ဆရာ ကွယ်လွန်ခြင်း ၆ လပြည့် စာပေဟောပြောပွဲတခုကို ဆရာမိတ်ဆွေတွေ ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ တင်မောင်သန်း ပြီးတော့ ကြေးမုံဦးသောင်းတို့နဲ့ အမှတ်တရ ကျင်းပတယ်။ သူတို့စာတွေနဲ့ စာအုပ်တအုပ် ထုတ်တယ်။
ကြေးမုံ ဦးသောင်းကလည်း ဖုံတထောင်းထောင်းနဲ့ အထက်မြန်မာ ပုဂံက လာခဲ့တာပဲ။ ၁၉၄၆ လွတ်လပ်ရေး မရမီ သီသီအလို၊ အသက် ၂၀မှာ သတင်းစာလုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့သူ။ ဖတ်စရာ စာအုပ်စာတမ်းအစုံ၊ ခေတ်ပြိုင် ဒေါင်ဒေါင်မြည်တဲ့ ပညာသည်တွေနဲ့ လက်တွဲပြီး အမျိုးသားရေးကို ရပ်တည်ခဲ့တယ်။

၂၀၀၈ ဧပြီမှာ ဆရာ ကြေးမုံဦးသောင်း ကွယ်လွန်ခဲ့ပါတယ်။ ဆရာတို့ခေတ်ဦးပိုင်းမှာ ဖတ်စရာ စာအုပ်စာတမ်း အမျိုးစုံ၊ ဘာသာစုံ စာရေးဆရာ အများအပြား၊ သတင်းစာပေါင်းစုံ၊ သူပုန်ရောင်စုံကြားမှာ ထောင်ဝင် ထောင်ထွက် ကြီးပြင်းခဲ့တာပဲ။ ဆရာကို အလေးပြုတဲ့အနေနဲ့ အမှတ်တရ စာအုပ်တအုပ် ထုတ်ခဲ့တယ်။ သူရဲ့ ခေတ်ပြိုင် စာပေလောက ဆရာတွေအကြောင်း ရေးတဲ့ ဆောင်းပါးတွေ ပါဝင်တယ်။

အခု ၂၀၀၈ အောက်တိုဘာ။ ရှေ့ ၂ ပတ်ဆိုရင် ၂၀၀၈ နိုဝင်ဘာ ၈၊ စနေနေ့ - ဒီမှာ စာပေဟောပြောပွဲတခု ကျင်းပဖြစ်တော့မယ်။ ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ မာမာအေး၊ ဉာဏ်ဦးမောင် ပြီးတော့ ကဗျာဆရာ အောင်ဝေး။ တိုက်တိုက်ဆိုင်ဆိုင် လွတ်မြောက်လာသူ ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ သူတို့ရေးတဲ့ စာတွေနဲ့ သူ့ဆောင်းပါး စာအုပ် ထုတ်ဖြစ်တော့မည်။

ရန်ကုန်မှာ ပန်းချီ ၀သုန် ကွယ်လွန်တယ်။ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ် ၃၀ မှာ ဒဂုန်တာရာနဲ့ ဦးဝင်းတင် တို့အတူ တွဲ ဓာတ်ပုံမှတ်တမ်းကို တွေ့ရတယ်။ ၁၉၅၀ လွတ်လပ်ရေး ခေတ်ဦးပိုင်းမှာ မည်သို့ပင် ဖြစ်စေကာမူ သူတို့တတွေ … ခေတ်ပြိုင်တွေ … အမျိုးသားရေးအတွက် ကိုယ်ယုံကြည်ရာကို ရပ်တည်ဖို့ ပျိုးထောင် စတင်ခဲ့ကြတဲ့ ကာလတွေ။ အဲဒီတုန်းက သူတို့တွေ ဘယ်နေရာမှာလဲ။ ဘယ်လိုမျိုး သူတို့ဘ၀တွေကို စခဲ့ကြသလဲ။ မေးကြည့်ချင်လိုက်တာ။

၁၉၅၀ အလွန် ၁၉၆၀ အ၀င်က စလို့ စစ်အာဏာရှင်တွေ အောက်မှာ စာနယ်ဇင်းတွေ အမှောင်ကျခဲ့ပြီ။ အဲဒီ အမှောင်ထဲက စမ်းတ၀ါးဝါး လူငယ်တွေကို ရှေ့ကဆရာကြီးတွေက ဖလ်မီးအိမ်၊ ပညာမီးအိမ်၊ ကလောင်တိုင်ကို ပညာအလင်းမီးညှိပြီး ဆွဲခေါ် လမ်းပြခဲ့ကြလို့ အခု ရဲရင့်တဲ့ မျိုးဆက်သစ်လူငယ်တွေက စစ်အာဏာရှင်ကို ကြံ့ကြံ့ခံထားနိုင်ခြင်း ဖြစ်သည်။

အခု ၂၀၀၈၊ နောက် ၂၀၁၀ လာတော့မည်။ ထိမ်ဝှက်လို့ မရတဲ့ သမိုင်းက တော်လှန်ရေးလှိုင်းပေါ်တင်ရအုံးမှာတော့ သေချာပါသည်။ ဆရာကြီးတွေသည် သူတို့ရင်ထဲမှာ ပညာအလင်းထွန်းညှိတဲ့ စာအုပ်စာပေတွေကြောင့် လမ်းမပျောက်ခဲ့။ ဘ၀လမ်းလည်း မပျောက်၊ သမိုင်းလမ်းကြောင်းလည်း မပျောက်ခဲ့။ အဓိကကတော့ စစ်အာဏာရှင်ထိုးတဲ့ နဖားကြိုးနောက်လိုက် မဖြစ်ခဲ့ကြချေ။

သူတို့စာတွေ ဖတ်ပြီး ယခုမျိုးဆက်တွေ ကြီးပြင်းခဲ့လို့ အမှန်တရားနဲ့ တရားမျှတမှုနောက်ကို လိုက်ဖို့ ရဲရင့်လာရခြင်းဖြစ်သည်။ ယခု မျိုးဆက်တွေကကော ဘယ်လိုမျိုးစာအုပ် စာတမ်းတွေ ရေးသားပြုစု မှတ်တမ်းတွေထားပြီး နောင်ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် တရားမျှတမှု ချပ်ဝတ်တံဆာတွေ ထားရစ်ခဲ့မှာလဲကို တွေးနေမိသည်။

၂၀၀၈ နိုဝင်ဘာ ၈ မှာ စာပေဟောပြောပွဲ၊ ၂၀၀၈ နိုဝင်ဘာ ၉ မှာ မိုးမခ ၀ိုင်းတော်သားတွေ၊ မိုးမခ ချစ်သူတွေနဲ့ ဆရာကြီး ဆရာမကြီးတွေနဲ့ မိုးမခ ၅ နှစ်ပြည့် မိတ်ဆုံပွဲ ကျင်းပမည်။ မောင်ရစ်ကတော့ မြန်မာထုံးတမ်းစကားတခုကို သတိရမိသည်။ ဆုတောင်းကောင်းဖို့ လိုသည်တဲ့။ အခုလို မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်း မိကောင်းဖခင်နဲ့ ကြုံဆုံ ကြီးပြင်းခွင့်ရတာကို ကျေးဇူးတင်နေမိသည်။

ဆုတောင်းတွေ ရေစက်တွေ လွဲချော်ပြီး မသူတော်နောက်လိုက် တံလျပ်ရေထင် ရွှေသမင်အလိုက်မှားသူတွေ၊ မတရားမှုတွေ အမှားတရားတွေနဲ့ အသက်မွေးရတာကို ပျော်ပိုက် ဂုဏ်ယူနေမိသူ မဖြစ်ရတာကို ကျေးဇူးတင်ပါသည်။

ဆရာဦးတင်မိုးနဲ့ စကားလက်ဆုံ ရုပ်သံမှတ်တမ်းကို ပြန်ကြည့်မိသည်။ ဆရာကြီး ကံကောင်းသည်။ သူငယ်စဉ်က သူတော်ကောင်းတွေနဲ့ ကြုံဆုံခဲ့ရသည်။ မောင်ရစ်လည်း ကံကောင်းသည် ဆရာတင်မိုးလို သူတော်ကောင်းမျိုးနှင့် ကြုံတွေ့ခွင့်ရလိုက်သည်။ အခုလည်း သူ့ခေတ်ပြိုင်မိတ်ဆွေတွေနှင့် ကြုံတွေ့ ရင်းနှီးနေရသည်။ သို့မဟုတ်က ဆဒန်ဟူစိန် နန်းတော်က (ဒါမှမဟုတ် နေပြည်တော် လက်နက်မိုးအောက်က) ဓါးမနောက်ပိတ် ခွေးဖြစ်နေဦးမည်။

ပြီးတော့ အဖိုး၊ အဖွား၊ အဖေ၊ အမေတို့ကို ကျေးဇူးတင်မိသည်။ သူတို့တတွေ လက်ညိုးညွန်လိုက်ရာ အရပ်မှာ ယခုလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ကြုံဆုံခွင့်ရတာကိုးလေ။ ထိုပုဂ္ဂိုလ်ကြီးများရဲ့ စာဖတ်ပရိသတ်တွေနဲ့ မိမိတို့ ကြုံဆုံရင်းနှီးခွင့်ရတာကိုလည်း ကျေးဇူးတင်မိသည်။ သူတို့တွေက တိုင်းပြည်နဲ့ လူမျိုးအတွက် တရားမျှတမှုနဲ့ အမှန်တရားကို ချန်ထားရစ်ခဲ့သည်။ ယခု ခေတ်ပြိုင်လူငယ်တွေက နောင်လာမည့် မျိုးဆက်သစ်အတွက် ဘာချန်ရစ်ခဲ့မှလဲ။ ဆဲဆိုပြစ်တင် ကျိန်ဆဲစရာတွေ ထားခဲ့မှာလား။ ကောင်းရာ မွန်ရာလေးတွေ တတ်နိုင်သလောက် ပြုစုထားခဲ့မှာလား။
မောင်စွမ်းရည် ပြန် ပြောပြတဲ့ တင်မိုးအကြောင်း အပိုင်း (၂)
အောက်တိုဘာ ၂၂ ရက်၊၂၀၀၈
နယူးယောက်မြို့

0 အကြံပြုခြင်း: