Thursday, October 23, 2008

သူရဲကောင်းတဦး ဆုံးရှုံးခြင်း


ငြိမ်းဝေ
ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008 13:05 - မြန်မာစံတော်ချိန်

(က)

၂၀၀၈-ခု၊ စက်တင်ဘာလ (၂၁) ရက်၊ ညနေ ... (၄း၀၀) နာရီ။

မဇ္ဈိမ အွန်လိုင်းသတင်းကို ဖွင့်တော့ ထိပ်မှာ တင်ထားသည့် သတင်းကို အရင်ဖတ်သည်။ ပြီးတော့မှ အောက်က တန်းစီဖော်ပြထားသည့် သတင်းကို ဆက်ဖတ်သည်။ ကျနော့်ပါးစပ်မှ တစုံတရာ မပီမသ ထွက်ပေါ်လိုက်သည့် အသံကြောင့် တူမလေး "နိုးနိုး" က ကျနော့်ကို အလန့်တကြား လှမ်းကြည့်၏။

"ဘာဖြစ်လို့လဲ ... ဘဘ"

ရုတ်တရက် သူ့ကို စကားပြန်မပြောနိုင်သေး။ ကျနော် ဖတ်ချင်သည့် သတင်းခေါင်းစဉ်ကို ကလစ်ကာ သတင်းအကျယ်ကို ဖွင့်ရ၏။ ပြီးတော့မှ ကိုဝသုန်၏ နာရေးသတင်းကို ကျနော်ဖတ်သည်။

"ဘာဖြစ်လို့လဲ ဘဘ"

ကျနော့်အနား လာရပ်ပြီးမှ ကျနော့်ကို စိုးရိမ်တကြီး ကြည့်နေသည့် တူမလေးကို အဖြေပေးဖို့ သတိရသွားသည်။

"ဘဘမိတ်ဆွေ ... ပန်းချီဆရာ ၀သုန် ... ဆုံးသွားလို့ပါ သမီးရယ် ...၊ အဲဒီ ပန်းချီဆရာက ဘဘ ဘ၀ထဲက သူရဲကောင်းတဦးပဲ သမီးရဲ့ ... ဖြစ်မှဖြစ်ရလေ သမီးရယ် ... ဘဘ လုံးဝ မမျှော်လင့်ထားမိဘူး...၊ သူ နေထိုင်မကောင်း ဖြစ်နေတာကိုလည်း ဘဘ မကြားခဲ့ရဘူး ... အခုတော့ ကိုဝသုန် ဆုံးသွားပြီ သမီးရယ်၊ ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပဲ"

သာမာန်ထက် လွန်ကဲသော စကားများ၊ စကားလုံးများကို ကျနော့်ထံမှ မကြာခဏ ကြားရဖန်များသဖြင့် ကျနော့်အပေါ် နားလည်နေပြီ ဖြစ်သည့် တူမလေး "နိုးနိုး" က၊ ကျနော့်ကို စိတ်မကောင်းသည့် မျက်နှာနှင့် ငုံ့ကြည့်နေသေး၏။

"ဟုတ်တယ် သမီးရေ ... ကိုဝသုန်ဆိုတာ ဘဘအတွက်တော့ တကယ့်ကို သူရဲကောင်းပါပဲကွာ"

(ခ)

သူ့ကို လူချင်းမတွေ့ဖူးခင်ကတည်းက သူ့ပန်းချီပုံများကို ကျနော် တွေ့ဖူးနေခဲ့သည်။ မိုးဝေမဂ္ဂဇင်းတွင် ပါရှိသည့် သူ့ရဲ့ ကဗျာသရုပ်ဖော်ပုံများကို ကျနော် စွဲလန်းခဲ့၏။ ကျနော်ထင်ပါသည်၊ ထိုစဉ်က ကျနော်သည်ပင်မက၊ စာပေ ၀ါသနာပါသူ လူငယ်တိုင်း သူ့ရဲ့ ကဗျာသရုပ်ဖော်ပုံများကို နှစ်သက်ခဲ့ကြသည်ဟု ကျနော်ယုံကြည်၏။ သူ့ကဗျာ သရုပ်ဖော်ပုံများက ကောက်ကြောက်များ ပျော့ပျောင်းသလောက် အင်မတန် ခွန်အားပြည့်သည့် သရုပ်ဖော်ပုံများ ဖြစ်ကြ၏။ ဖွဲ့စည်းပုံကလည်း သူနှင့် ခေတ်ပြိုင် တခြားပန်းချီပုံများနှင့် လုံးဝမတူ၊ လိုင်းခွဲ၏။ သစ်၏။ ကျနော် သိထားရသလောက် ပန်းချီဝသုန်သည် မိုးဝေမဂ္ဂဇင်းတွင်ပင် ကဗျာသရုပ်ဖော်ပုံများ စတင် ရေးဆွဲခဲ့သည်ဟု ထင်၏။ သူ့ရဲ့ကဗျာ သရုပ်ဖော်ပုံများ ထူးခြားသစ်လွင်ကာစက သူသည် မဂ္ဂဇင်းမျက်နှာဖုံး ပန်းချီကားကိုပင် ဆွဲခွင့်မရခဲ့သေး။

၁၉၇၃-ခု ...။ ရန်ကုန်အင်ဗွိုင်းခန်းမ၊ ပန်းချီပြပွဲတခု...။

ကျနော်တို့နှစ်ယောက် ခန်းမကြီးထဲဝင်သွားတော့ ပန်းချီကားကြည့်သူ လူ ၂၀ ခန့်ကို ခန်းမထဲတွင် တွေ့ရသည်။ ကျနော်က ကဗျာသရုပ်ဖော်ပုံဆွဲသည့် ပန်းချီဆရာ "၀သုန်" နှင့် လူချင်းတွေ့ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားလွန်းနေ၏။ ကျနော့်ကို ဦးဆောင်ခေါ်လာသူ "ကိုစန်းမောင်" ကမူ၊ ပန်းချီဆရာ "၀သုန်" နှင့် တွေ့ဖူး၊ သိဖူးနေပြီးဖြစ်၏။ "ပန်းချီဝသုန်" မှာ မိုးဝေမဂ္ဂဇင်းတွင် ၀င်ရေးကြသည့် ကဗျာဆရာများနှင့် အားလုံးလိုလို ရင်းနှီးပြီးဖြစ်၏။

အရပ်ရှည်ရှည် ... ပိန်မျောမျော၊ အသားညိုညို ... နှာတံကောင်းကောင်း၊ မျက်ခုံး မျက်လုံးကောင်းကောင်း လူတယောက၊် လူအုပ်ကိုဖြတ်ပြီး ကျနော်တို့ရှိရာ လျှောက်လာ၏။

"ကိုဝသုန်ရေ ... ဒါမျိုးတင့်နိုင်ပဲ"

ကိုဝသုန်က ကျနော့်ကို ပြုံးပြနှုတ်ဆက်သည်။ သူ့အပြုံးမှာ ပင်ပန်းနွမ်းနယ်နေသည်ဟု ထင်ရ၏။ သူသည် အင်ဗွိုင်းခန်းမ ပန်းချီပြပွဲ တာဝန်ခံဖြစ်သဖြင့် အလုပ်ရှုပ်ကာ ပင်ပန်းနွမ်းနယ်လျက်ရှိ၏။

"ခင်ဗျားနဲ့ ကိုစန်းမောင်ကဗျာကို သရုပ်ဖော်ပုံ ကျနော်ဆွဲပေးတာ ဘယ့်နှယ်လဲ၊ သဘောကျရဲ့လား"

ကိုဝသုန်က ကျနော်နှင့် ကိုစန်းမောင်၊ နှစ်ဦးတွဲပြီး ဘာသာပြန်ခဲ့သည့် "ပြောက်ကျား ရဲဘော်များ" ကဗျာရှည်ကို သရုပ်ဖော်ပုံဆွဲပေးခဲ့၏။ မိုးဝေစာပေမဂ္ဂဇင်းတွင် တင်ခဲ့သည့် ကဗျာဖြစ်၏။

"ဟာ ... ကြိုက်တာပေါ့ဗျာ၊ ဘယ့်နှယ့်ပြောပါလိမ့်။ ကိုဝသုန် လုပ်စရာရှိတာ လုပ်ပါ။ ကျနော်တို့က တကူးတက ဧည့်သည်တွေမှ မဟုတ်တာ"

လူတချို့ ကျနော်တို့အနား ရောက်လာကာ ကိုဝသုန်နှင့် စကားပြောကြသည်။ ကျနော်နှင့် ကိုစန်းမောင်က ကိုဝသုန်ကို နှုတ်ဆက်ပြီး လူချင်းခွါလိုက်ကြ၏။ ခဏကြာတော့ လူအုပ်ထဲမှဖြတ်ကာ ကျနော်တို့ဆီ ကိုဝသုန်ရောက်လာပြန်သည်။

"လာဗျာ ... အထဲမှာ လ္ဘက်ရည်သောက်ကြရအောင်၊ အပြင်မှာဆိုရင် စကားပြောလို့ရမှာ မဟုတ်ဘူးဗျ"

ကိုဝသုန်က ရှေ့ကဦးဆောင်ကာ၊ ပန်းချီကားများ၏ နောက်က အခန်းတခုထဲသို့ ၀င်ခဲ့ကြလေသည်။

(ဂ)

"ခင်ဗျားက ကျနော်နဲ့ တနှစ်ထဲ မွေးတာပဲ။ ဒါပေမဲ့ ကျနော့်ထက် ၅ နှစ်လောက် အနည်းဆုံး ငယ်မယ်လို့ ထင်ခဲ့တာ။ ပြီးတော့ ခင်ဗျားကော ... ကိုစန်းမောင်ကော၊ တကယ် အရက်မသောက်တတ်ကြဘူးနော်"

"ဟုတ်တယ်၊ အရက်မသောက်တတ်တာက ပြဿနာမဟုတ်ပါဘူးဗျာ။ ကျနော်တို့က မကြိုက်လို့ကို မသောက်ဖြစ်ကြတာပါ။ အခုလည်း ထန်းရေ မသောက်ပေမယ့် ပဲလှော်ဝိုင်းစားလို့ ရတာပဲဟာ။ ဘယ်လိုလဲ၊ ဒီပေါ်က မြင်ကွင်းကို သဘောကျတယ်မို့လား"

ကိုဝသုန်က ပန်းချီကားဒေါက်ဘေးတွင် ရပ်နေရင်းက ရွှေမော်ဓောဘုရားဆီ လှမ်းကြည့်၏။ သူ့မျက်လုံးများမှာ ရုတ်တရက် မှိုင်းသွားသည်ဟု ကျနော်ထင်မိ၏။ တောအုပ်များအတွင်း မြုပ်ချီပေါ်ချီ ဖြစ်နေသည့် ပဲခူးမြို့မြင်ကွင်းကို အပေါ်မှ မြင်နေရ၏။ ဖြောင့်တန်းသော ကားလမ်းတခုမှာ တောအုပ်ထဲမှာ ခေါင်းထိုးတိုးဝှေ့ကာ ခြင်္သေ့ကြီးနှစ်ကောင်၏ ခြေရင်းတွင် ၀ပ်စင်းရပ်တန့်သွားကြ၏။ ချွန်မြမြင့်မားသည့် ရွှေတောင်ကြီးတခုကို ထီးထီးမတ်မတ် မြင်နေရ၏။

"ခင်ဗျား ... ဒီနေရာ အရင်ကတည်းက ရောက်ဖူးနေတာလား"

"ဟုတ်တယ်။ ဒါပေမဲ့ ဒီနေရာကို ကျနော်က စပြီး တွေ့တာမဟုတ်ဘူး။ ကိုအောင်မြင့်က စပြီး တွေ့ထားတာ။ သူခေါ်လာလို့ ကျနော်လည်း ခဏခဏ ရောက်ဖူးတာ။ ခင်ဗျား လာလည်တော့ ပဲခူးမြို့ အပေါ်ဆီးမြင်ကွင်းကို ပန်းချီင်္ဆွဲလို့ ရမလားဆိုပြီး ကိုအောင်မြင့်နဲ့ တိုင်ပင်ပြီး ခင်ဗျားကို ခေါ်လာကြတာ။ အခုတော့ ခင်ဗျားက သဘောကျတယ်ဆိုတော့ ခေါ်လာရကျိုး နပ်တာပေါ့ဗျာ"

ထိုနေ့က ကျနော်တို့ဆီ လာလည်သော ပန်းချီဝသုန်ကို ကျနော်နှင့် နယ်ခံပန်းချီ ဆရာလေး "ကိုအောင်မြင့်" တို့က မဟာစေတီဘုရားကြီးဆီ ခေါ်လာခဲ့ကြ၏။ ထိုစဉ်က မဟာစေတီဘုရားကြီးမှာ မြေငလျင်ဒဏ်ကြောင့် ငှက်ပျောဖူးနေရာမှ စတင်ပြီး ပြတ်ကျနေ၏။ ထီးတော်သစ် ပြန်မတင်ရသေး။ ကိုအောင်မြင့်က မဟာစေတီဘေး၊ ထန်းတောထဲမှ ထန်းရေအိုး ၂ အိုးနှင့် ပဲလှော်တထုပ် ၀ယ်ကာ မဟာစေတီပေါ်သို့ ဦးဆောင်ပြီး တက်၏။ ပြတ်ကျနေသော ငှက်ပျောဖူးနေရာအထိ တက်ကြ၏။ ထိပ်ပေါ်သို့ ရောက်သောအခါ လှည်းနှစ်စီးသာသာ အုပ်ခုံအကျယ်ကို တွေ့ကြရ၏။ ထိုအုပ်ခုံအကျယ်ပေါ်တွင် သုံးယောက်သားရပ်ကာ ပဲခူးမြို့ကို အပေါ်ဆီးမှ ကြည့်ကြ၏။ ကိုဝသုန်က ချက်ချင်းဆိုသလို ပန်းချီဆွဲရန် ပြင်ဆင်လေတော့သည်။

"ကဲ ခင်ဗျားလည်း စကားပြောရင်း၊ ပဲလှော်ဝါးရင်း၊ စာဖတ်ရင်းပေါ့။ ကျနော်လည်း ပန်းချီဆွဲလိုက်ဦးမယ်။ ပဲခူး အမှတ်တရတပုံတော့ ရကောင်းပါရဲ့"

ကျနော်က ပဲလှော်ကို ဖြောင့်အောင် မ၀ါးနိုင်ပါ။ စာကို ဖြောင့်အောင် မဖတ်နိုင်ပါ။ မတ်တပ်ရပ်ပြီး ပန်းချီဆွဲနေသည့် ကိုဝသုန်ကိုသာ မသိမသာ အကဲခတ်နေခဲ့မိ၏။ ကိုဝသုန်နှင့် ပါတ်သက်သော သတင်း စကားများကို ပြန်တွေးနေခဲ့မိ၏။

ကိုဝသုန်သည် ဆင်းရဲလွန်း၏။ မာနကြီးလွန်း၏။ စာအလွန်ဖတ်၏။ နိုင်ငံရေးခံယူချက်ရှိ၏။ ထိုအချိန်မှ စတင်ကာ အသက်အရွယ်ချင်း တူသော်လည်း သူ့ကို ကျနော်က ကျနော့်ဘ၀ထဲက "သူရဲကောင်း" တဦးအဖြစ် လေးစားအားကျနေခဲ့မိ၏။ သူ၏ ရုန်းကန်ကြိုးစားမှုများ၊ သူရဲ့ကျော်ကြားစပြုလာနေသည့် ပန်းချီကားများ ...။ သူသည်ကား မိုးဝေစာပေမဂ္ဂဇင်း ကဗျာဆရာ အသိုင်းအ၀ိုင်းနှင့် တသားတည်းရှိခဲ့သော တဦးတည်းသော ပန်းချီဆရာ။

(ဃ)

ပန်းချီဝသုန်နှင့် ကျနော် နောက်ပိုင်းတွင် လူချင်း မဆုံဖြစ်တော့ပါ။ ကျနော်ကလည်း အစိုးရခန့် မူလတန်းပြ ကျောင်းဆရာဘ၀ကို စွန့်ကာ မထင်မရှား တံငါရွာလေးတရွာသို့ ပြောင်းရွှေ့ပြီး ဘ၀အချိုးအကွေ့များနှင့် လုံးချာလည်နေခဲ့၏။ သို့သော် ကိုဝသုန်၏ သတင်းများကိုမူ အမြဲမပြတ် ကြားနေခဲ့ရ၏။ အထူးသဖြင့် ကိုဝသုန်၏ အနုပညာမာနဆိုင်ရာ ဂုဏ်သတင်းမှာ ပုံပြင်များသဖွယ် ကျနော် ကြားနေခဲ့ရ၏။ ကိုဝသုန်နှင့် နာမည်ကျော် ရုပ်ရှင်မင်းသားတဦး၏ သတင်းမှာ ဟိုးဟိုးကျော်နေခဲ့၏။ ကိုဝသုန်သည် အနုပညာမာနနှင့် ပတ်သက်လာလျှင် လျှာပေါ်တွင် မြက်ပေါက်လာပစေ အလျှော့ပေး အညံ့ခံတတ်သည့် ပန်းချီဆရာမဟုတ် ဆိုသည်မှာ အနုပညာ အသိုင်းအ၀ိုင်းတခုလုံး သိရှိလက်ခံလာခဲ့ကြရ၏။ သူ့ကို ချစ်ဦးညိုက "ပန်းချီဝသုန် သို့မဟုတ် မာနဖြင့် ယဉ်ကျေးခြင်း" ဟု ရေးခဲ့ဖူးသည် မဟုတ်ပါလား။

၂၀၀၃ ခု၊ ဒီဇင်ဘာလထဲတွင် ကိုဝသုန်၏ "သားကလေး အမည်မသိနှင့် အခြားဝတ္ထုတိုများ" စာအုပ် ထွက်လာ၏။ ထိုအခါ သူ့ဝတ္ထုတိုများကို မဂ္ဂဇင်းတချို့တွင် ပြေးရင်းလွှားရင်း ဖတ်ခဲ့ရသည်မို့ အခုလို တစုတစည်းတည်း ဖတ်ခွင့်ရသောအခါ၊ ပြောမပြနိုင်လောက်အောင် ၀မ်းသာနေခဲ့မိ၏။ သူ့ဝတ္ထုများထဲက သူ့ရဲ့ စစ်မှန်လေးနက်လှသည့် အနုပညာမာနကို ကျနော် ဖတ်ရှုရ၏။ သိမ့်မွေ့နက်ရှိုင်းလှသည့် သူ့နှလုံးသားဓာတ်ခံကို ကျနော် ထိတွေ့ခွင့်ရ၏။ သူ့ဝတ္ထုများကို ဖတ်ကာ သူနှင့် ကျနော် ဝေးသထက်ဝေးရာမှ နီးသထက် နီးလာနေသည်ဟု ခံစားရ၏။ ထို့ကြောင့် ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းတွင် သူ၏ "သားကလေး အမည်မသိနှင့် အခြားဝတ္ထုတိုများ" စာအုပ်ကို ကျနော် ဝေဖန်စာ ... အမှတ်တရ ရေးခဲ့၏။

အခုတော့ ... ပန်းချီဆရာ (ကို) ၀သုန် ဆုံးပါးသွားခဲ့ပြီ။ ကျနော့်ဘ၀ထဲက ကျနော် လေးစားကြည်ညို အားကျခဲ့ရသည့် သူရဲကောင်းများအနက် "သူရဲကောင်းတဦး" ဆုံးရှုံးသွားခဲ့ရပြီ။ ကျနော် ယုံကြည်ပါသည်။ "ပန်းချီဝသုန်" ဆိုသည်မှာ ကျနော်အတွက်သာလျှင် သူရဲကောင်းတဦး မဟုတ်ပါ။ ကျနော်တို့တိုင်းပြည် အနုပညာ စစ်မျက်နှာပေါ်က သူရဲကောင်းတဦး ဆုံးရှုံးသွားခြင်း ဖြစ်သည်ဟုလည်း ကျနော် အခိုင်အမာ ဆိုလိုက်ပါပြီ။

"ပန်းချီဝသုန်" ကောင်းရာသုဂတိလားပါစေ ...။ ။



ငြိမ်းဝေ

0 အကြံပြုခြင်း: