Monday, October 20, 2008

ဟစ်တလာရဲ့ လျှို့ဝှက် အိန္ဒိယတပ်မတော်

(ဂန္ဓီရဲ့အကြမ်းမဖက်ရေး နဲ့ ဘို့စ်ရဲ့စစ်ရေးမှသည် လွတ်လပ်ရေးသို့)
ဂါမဏိ
Monday, October 20, 2008 ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးအချိန်၊ မဟာမိတ်တပ်တွေနဲ့ ပြင်သစ်တော်လှန်ရေး ပြောက်ကျားတပ်တွေက စိတ်ဓာတ်ကျဆင်းပြိုကွဲနေတဲ့ဟစ်တလာတပ်တွေကို ပြင်သစ် ပြည်ကနေ တိုက်ထုတ်နေချိန်မှာ ဂျာမန်ထိပ်တန်းအရာရှိ ကြီး (၃) ယောက် မဟာမိတ် တပ်တွေဆီ ကူးပြောင်းလက်နက်ချလာပါတယ်။ သူတို့ပေးတဲ့သတင်းဟာ အဲဒီ ၁၉၄၅ ကာလတုံးက အင်မတန့်ကို ခေါင်းကြီးစေလောက်တဲ့ အထူးအကဲဆတ်သတင်းဖြစ်နေ လို့ ဗြိတိသျှထောက်လှမ်းရေးက အထူးထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကျမှ အများပြည်သူကို ထုတ်ပြန်ဖို့ အစီအစဉ်ချခဲ့ပါတယ်။

အဲဒီသတ်မှတ်ကာလမရောက်မီ ၁၇ နှစ်အလို ဒီနှစ်မှာ ဘီဘီစီသတင်းဌာနက ဒီလျှို့ဝှက်စာတမ်းကို ဖတ်ခွင့် ရခဲ့ပါတယ်။ ဒီစာတမ်းမှာ ဖက်ဆစ်စနစ်ကိုတိုက်ဖို့ ဗြိတိသျှအစိုးရနဲ့လက်တွဲခဲ့တဲ့ ထောင်နဲ့ချီတဲ့ အိန္ဒိယ စစ်သားတွေဟာ ဗြိတိန်ဘုရင်အပေါ် သစ္စာခံထားရာကနေ ဟစ်တလာကို ဘက်ပြောင်းသစ္စာခံခဲ့ပုံကို ဖော်ပြ နေပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဗြိတိသျှတို့ဘက်ကကြည့်ရင် အံ့သြတုန်လှုပ်စရာနဲ့ စိတ်ပျက်စရာ မဟာသစ္စာ ဖောက်မှုဇာတ်လမ်းကြီးဖြစ်လာပြီး ကိုလိုနီအိန္ဒိယနိုင်ငံက ဗြိတိသျှ အုပ်စိုးမှုကို လှုပ်ခါပြိုလဲစေဖို့ ခြိမ်းခြောက် ခဲ့ပါတယ်။

ဂျာမန်အရာရှိကြီးတွေက သူတို့ကို စစ်ကြောရေးလုပ်တဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိတွေကို ပြောပြတဲ့ ဇာတ်လမ်းက ၁၉၄၁ ခု ဧပြီ (၃) ရက်နေ့မှာ ဘာလင်မြို့တော်မှာ အစပြုခဲ့ပါတယ်။ အဲဒီနေ့မှာ အိန္ဒိယ တော်လှန်ရေးခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာ ဘို့စ်ဟာ ဂျာမဏီနိုင်ငံရဲ့မြို့တော် ဘာလင်ကို ရောက်ရှိလာ ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဗြိတိသျှအစိုးရရဲ့ (၁၁) ကြိမ် ဖမ်းဆီးထိန်းသိမ်း (သို့မဟုတ်) ထောင်ချတာခံရဖူးတဲ့ ဘို့စ်ဟာ အိန္ဒိယနိုင်ငံက ထွက်ပြေးလာတဲ့အခါမှာ သူ့ခေါင်းထဲမှာ ရည်ရွယ်ချက်တခုဘဲရှိပါတယ်။ အဲဒါကတော့ ဗြိတိသျှတွေကို အိန္ဒိယနိုင်ငံက မောင်းထုတ်ရာမှာ ဟစ်တလာရဲ့အကူအညီ ရယူဖို့ဘဲဖြစ်ပါတယ်။

ခြောက်လအကြာမှာတော့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန အကူအညီနဲ့ ဘို့စ်ဟာ "အိန္ဒိယလွတ်လပ်ရေး ဗဟိုဌာန" ကို တည်ထောင်ပြီး လက်ကမ်းစာစောင်တွေဖြန့်၊ ဟောပြောပွဲတွေ ကမ်ပိန်းတွေလုပ်၊ အသံလွှင့် စည်းရုံးတာတွေလုပ် စသဖြင့် အိန္ဒိယ လွတ်လပ်ရေးအရေးတော်ပုံကိုဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် ကုန်ပိုင်းမှာ ဟစ်တလာအစိုးရက ဘို့စ်ရဲ့အဝေးရောက် ယာယီ "လွတ်လပ်သောအိန္ဒိယအစိုးရ"ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့အတွက် စစ်တပ်တခု ထူထောင်ရာမှာ အကူအညီပေးဖို့ ဟစ်တလာနဲ့ ချန်ဒရာဘို့စ် သဘောတူစာချုပ် ချုပ်ခဲ့ပါတယ်။ အဲဒီတပ်ကို "လွတ်လပ်သော အိန္ဒိယတပ် Free India Legion" လို့ နာမည်ပေးခဲ့ပါတယ်။ (နောက်ပိုင်းကျမှ အာရှတိုက်ဘက်မှာ "အိန္ဒိယအမျိုးသား တပ်မတော် India National Army" လို့ တည်ထောင်ခေါ်ဝေါ်ခဲ့တာဖြစ်တယ်။) ဘို့စ်ဟာ အင်အား ၁၀၀၀၀၀ ရှိတဲ့စစ်တပ်ကို ထူထောင်ဖို့ ရည်မှန်းခဲ့ပြီး ဂျာမန်တွေအကူအညီနဲ့ လက်နက်တပ်ဆင် လေ့ကျင့်ဖွဲ့စည်း ပြီးတဲ့အခါ ဗြိတိသျှလက်အောက်မှာရှိတဲ့ အိန္ဒိယပြည်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖို့ ကြံခဲ့ပါတယ်။

ဆူဘတ်စ်ချန်ဒရာဘို့စ်ဟာ အဲဒီတပ်အတွက် စစ်သားစုဆောင်းဖို့ ဂျာမဏီနိုင်ငံမှာရှိတဲ့ စစ်သုံ့ပန်းစခန်း တွေကို သွားရောက်စည်းရုံးခဲ့ပါတယ်။ အဲဒီသုံ့ပန်းစခန်းတွေမှာ မြောက်အာဖရိကစစ်ဆင်ရေးအတွင်း ဂျာမန် ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်ရဲ့တပ်တွေကတိုက်လို့ လက်နက်ချအညံ့ခံခဲ့ရတဲ့မဟာမိတ်စစ်သားတွေထဲက သောင်း နဲ့ ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေကို ထားပါတယ်။

၁၉၄၂ ခု သြဂုတ်လရောက်တဲ့အခါ ဘို့စ်ရဲ့ စစ်သားစုဆောင်းရေးဟာ အရှိန်အဟုန်အပြည့်အဝ အသက်ဝင် လာခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေက ဟစ်တလာနဲ့ ဘို့စ်အပေါ် အစုလိုက် အပြုံလိုက် သစ္စာခံပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတွေ မှာဆိုတဲ့ သစ္စာအဓိဋ္ဌာန် အတိအကျကတော့ "ငါတို့သည် ဆူဘတ်စ်ချန်ဒရာဘို့စ် ခေါင်းဆောင်သော အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲအတွင်း ဂျာမန်လူမျိုးနှင့် ဂျာမန် နိုင်ငံတော်၏ခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို ဂျာမန်တပ်မတော်၏ စစ်သေနာပတိအဖြစ် လိုက်နာပါမည် ဟု ဘုရားသခင်ကိုတိုင်တည်၍ သစ္စာဓိဋ္ဌာန်ပြုပါ၏" ဖြစ်ပါတယ်။

အဲဒီအချိန်တုံးက ဘို့စ်ရဲ့တပ်ထဲဝင်ခဲ့သူတယောက်ဖြစ်တဲ့ ဗိုလ်ဘာရဝန်ဆင်းကို ဘီဘီစီသတင်းထောက်က စုံစမ်းရှာဖွေပြီး အင်တာဗျူးခဲ့ပါတယ်။ သူဟာ အဲဒီတုံးက သူနေတဲ့စစ်သုံ့ပန်းစခန်းကို အိန္ဒိယတော်လှန်ရေး သမားကြီး ဆိုက်ရောက်လာပုံကို ကောင်းကောင်းမှတ်မိနေဆဲဖြစ်ပါတယ်။ "အဲဒီမှာ သူ့ကို ကျုပ်တို့နဲ့ စကားပြောချင်တဲ့ ကျုပ်တို့တိုင်းပြည်က ခေါင်းဆောင် တယောက်အဖြစ် မိတ်ဆက်ပေးခဲ့တယ်" လို့ ဆင်းက ပြန်ပြောပြတယ်။ "သူက ကိုယ့်ဆန္ဒအလျောက် စာရင်းသွင်းတဲ့ ရဲဘော် (၅၀၀) လိုချင်တယ်၊ အဲဒီလူတွေကို ဂျာမဏီနိုင်ငံမှာ သင်တန်းပေးပြီး အိန္ဒိယနိုင်ငံထဲ လေထီးနဲ့ချပေးမယ်တဲ့။ လူအားလုံး လက်ထောင်ကြ တယ်။ ကျုပ်တို့ ကုလားသုံ့ပန်းတွေ ထောင်နဲ့ချီပြီး စာရင်းပေးကြတယ်ဗျ။"

စုစုပေါင်း ကုလားစစ်သုံ့ပန်း ၃၀၀၀ က လွတ်လပ်သောအိန္ဒိယတပ်အတွက် စာရင်းသွင်းခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ဝဲသမား တယောက်ဖြစ်တဲ့ ဘို့စ်ဟာ ဟစ်တလာရဲ့တင့်ကားတွေ ဆိုဗီယက်ရုရှားနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်တိုက်တဲ့အခါမှာ စိတ်ပျက် သွားခဲ့ပါတယ်။ ဒါ့အပြင် အခြေအနေပိုဆိုးသွားတာကတော့ စတာလင်ဂရက်တိုက်ပွဲပြီးနောက်မှာ ဂျာမန်စစ်တပ်တွေ စဆုတ်နေ ရပြီး ဝေးလံလှတဲ့ အိန္ဒိယပြည်က ဗြိတိသျှတွေကိုတိုက်ထုတ်ရာမှာ အကူအညီပေးနိုင်မယ့်အခြေအနေ မရှိ ဖြစ်လာတာပါဘဲ။

၁၉၄၂ ခုမေလမှာ ဘို့စ်နဲ့ဟစ်တလာ တွေ့ဆုံတဲ့အခါ ဘို့စ်ရဲ့သံသယတွေ ပိုခိုင်မာလာပါတယ်။ နာဇီ ဂျာမဏီခေါင်းဆောင်ကြီးဟာ ဘို့စ်လူတွေကိုသုံးပြီး စစ်ရေးအောင်ပွဲတွေ ရအောင်လုပ်ဖို့ထက် ဝါဒဖြန့်ချိရေး အောင်ပွဲတွေ ရအောင်လုပ်ဖို့ ပိုစိတ်ဝင်စားနေတယ်လို့ ဘို့စ်ကယုံကြည်လာပါတယ်။ ဒါကြောင့် ၁၉၄၃ ဖေဖော်ဝါရီမှာ ဘို့စ်ဟာ သူ့တပ်ဖွဲ့ဝင်တွေကို ထားရစ်ခဲ့ပြီး ဂျပန်ပြည်ကို သွားတဲ့ ရေငုပ်သင်္ဘောတစီးနဲ့ တိတ်တဆိတ်လိုက်ပါသွားခဲ့ပါတယ်။

ဂျပန်ပြည်ရောက်တော့ ဘို့စ်ဟာ ဂျပန့်အကူနဲ့ အင်အား ၆၀၀၀၀ ရှိတဲ့တပ်ကိုဖွဲ့၊ မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟာမိတ်ပြုပြီး အိန္ဒိယပြည်ကို ချီတက်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဂျာမဏီပြည်မှာတော့ သူစုဆောင်းခဲ့တဲ့ ရဲဘော်တွေဟာ ခေါင်းဆောင်မဲ့ဖြစ်ပြီး စိတ်ဓာတ်ကျဆင်း ကျန်ရစ်ခဲ့ပါတယ်။ မကျေမနပ် ဆူဆူပူပူတွေ တော်တော်ကြီးဖြစ်၊ တပ်တွင်းပုန်ကန်မှုတခုတောင်ဖြစ်ပြီး နောက်မှာ ဂျာမန်စစ်ဦးစီးဌာနက ဒီ အိန္ဒိယတပ်ကို ပထမဦးစွာ ဟော်လန်နိုင်ငံကို စေလွှတ်ခဲ့ပြီး နောက်ပိုင်း မှာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းကိုပို့၊ မဟာမိတ်တပ်တွေ ကမ်းတက်စစ်ဆင်လာမယ်လို့ မျှော်လင့် ရတဲ့ ကမ်းခြေမှာ အခိုင်အခန့် ခံကတုတ်တွေတည်ဆောက်ခိုင်းခဲ့ပါတယ်။

မဟာမိတ်တပ်တွေ ပြင်သစ်မြောက်ပိုင်းမှာ ဒီဒေးကမ်းတက်စစ်ဆင်ရေး လုပ်ပြီးနောက် လွတ်လပ်သော အိန္ဒိယတပ်ဖွဲ့ဟာ ဂျာမန်တပ်တွေနဲ့အတူ ပြင်သစ်နိုင်ငံတလွှားကိုဖြတ် ဆုတ်ခွာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီအိန္ဒိယတပ်ဟာ ဟင်းမလားရဲ့ ဝါးဖင် အက်စ်အက်စ်တပ်ထဲ ပေါင်းထည့်ခံထားရပါပြီ။ အခုလို တပ်ဆုတ် ရတဲ့အချိန်မှာ အိန္ဒိယတပ်ဟာ အရပ်သားပြည်သူလူထုတွေ ကြားထဲ ရိုင်းစိုင်းကြမ်းကြုတ်တယ်၊ ရွံမုန်းစရာ ကောင်းတယ်လို့လည်း နာမည်ဆိုးရလာပါတယ်။ မုဒိန်းကျင့်တာတွေ၊ တရားလက်လွတ်သတ်တာဖြတ်တာ တွေ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဒီလွတ်လပ်သောအိန္ဒိယတပ်ဖွဲ့ဟာ ဗြိတိသျှတွေကို အိန္ဒိယနိုင်ငံက မောင်းထုတ်နိုင်မယ့် အစား ပြင်သစ်ကနေ မောင်းထုတ်ခံရ၊ ဒီ့နောက် ဂျာမဏီနိုင်ငံကနေ မောင်းထုတ်ခံရပြီး မဟာမိတ်တပ် တွေရဲ့ ဖမ်းဆီးမှုကိုသာ ခံခဲ့ရပါတယ်။ စစ်ပြီးတနှစ်အကြာမှာ ဒီသုံ့ပန်းတွေကို အိန္ဒိယနိုင်ငံ ပြန်ပို့၊ နှစ်တို ထောင်ဒဏ်တွေချခဲ့ပြီးနောက် ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတပ်ဖွဲ့ထဲက အကြီးတန်းအရာရှိကြီး သုံးယောက်ကို ဗြိတိသျှအစိုးရက ဒေလီမြို့နားမှာ တရားရုံးတင် စစ်ဆေးတဲ့အခါ ဗြိတိသျှအိန္ဒိယစစ်တပ် အတွင်း တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာခဲ့ပြီး လမ်းပေါ်လူထုဆန္ဒပြပွဲတွေလည်း ပေါက်ကွဲခဲ့ပါတယ်။ အခုလို အိန္ဒိယစစ်တပ်ဟာ ဗြိတိသျှတွေခိုင်းတဲ့အတိုင်း လိုက်နာလိမ့်မယ်လို့ စိတ်မချရတော့ကြောင်း ဗြိတိသျှတွေ သဘောပေါက်လာတဲ့အခါ အိန္ဒိယလွတ်လပ်ရေးဟာ မကြာခင်မှာ နောက်ကနေ ရှောင်လွဲမရတော့ဘဲ လိုက် လာပါတော့တယ်။

ဒါပေမဲ့ ဆူဘတ်စ်ချန်ဒရာဘို့စ်ကတော့ သူတစိုက်မတ်မတ် ခက်ခက်ခဲခဲစွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေး အလင်းရောင်ကို မြင်မသွားရဘဲ ၁၉၄၅ ခုမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒိနောက်ပိုင်းမှာ ဗိုလ်ဘာရဝန်ဆင်းနဲ့ သူ့ရဲဘော် တပ်ဖွဲ့ဝင် တွေအကြောင်းကိုလည်း ဘာမှသိပ်မကြားရတော့ပါဘူး။ ဒီအဖြစ် အပျက်တွေကို မထုတ်လွှင့်ဖို့ ဘီဘီစီသတင်းဌာနကို စစ်အပြီးမှာ တားမြစ်ပိတ်ပင်ခဲ့ပြီး ထူးခြားလှတဲ့ ဇာတ် ထုပ်ကြီးဟာ မော်ကွန်းတိုက်ထဲ ပိတ်လှောင်ထားခံခဲ့ရတာ အခုအချိန်ထိဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ဆင်း ကတော့ အဲဒီစိတ်လှုပ်ရှားစရာကာလတွေကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ "ကျုပ်တို့တပ်ယူနီဖောင်းတွေ၊ ဘက်တံဆိပ်တွေနဲ့ ကျုပ်တို့ပုံစံတွေကို ကျုပ်မြင်ယောင်နေတုံးဘဲ။ ကျုပ်တို့တတွေ စစ်ချီသီချင်းတွေ ဝိုင်းဆိုကြ၊ နောက်ဆုံးမှာ နိုင်ငံလွတ်လပ်ရေး ရမယ့်အကြောင်းတွေ အားတက်သရောပြောကြဆိုကြတာ တွေကို မြင်ယောင်နေတုံးဘဲ" လို့ ဗိုလ်ဆင်းက ဘီဘီစီကို ဒီ ၂၀၀၄ ခုမှာ ပြန်ပြောပြခဲ့ပါတယ်။

ဘီဘီစီသတင်း ၂၃ - ၉ -၂၀၀၄

ဂါမဏိ

0 အကြံပြုခြင်း: