Sunday, November 30, 2008

မျိုးဆက်တဆက်စာ ရင်းလိုက်ရပြီ

Friday, 28 November 2008 19:21 ko ko win
သံဃာတော်များ၊ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ ရှေ့နေများနှင့် အမျိုးသမီးများ အပါအဝင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်း လှုပ်ရှား နေသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဝေးလံသော အရပ်များသို့ ရွှေ့ဆိုင်းထောင်ချခြင်းများ ပြုလုပ်လိုက်ခြင်းက စစ်အစိုးရအနေနှင့် မြန်မာပြည် ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကို နောက်ဆုံး စော်ကားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်သူလူထုကို စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အား ဖိအားပေး ထောက်ခံ ခိုင်းကာ ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်မည်ဟု ပြောနေရင်းက ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ တုန့်ပြန်ချက်က အားနည်းလျော့ပါးလွန်းလှသည်။

ယခင်တပတ်က ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သော်လည်း ယင်းကြေညာချက်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ နှင့် ကြားနေ ၆၃ မဲ ရရှိခဲ့ သည်ကိုကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာမိသားစုက ခိုင်မာ ညီညွတ်သည့် ရာဇသံ ပေးနိုင်ခြင်း မရှိကြောင်း ပြညွှန်းနေသည်။

တချိန်တည်းတွင် အာဆီယံ ဒေသတွင်းနိုင်ငံများသည်လည်း မြန်မာစစ်အစိုးရ၏ လတ်တလော ဖမ်းဆီး ထောင်ချမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည့်ပြင် အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများကလည်း မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံဖို့ နေနေသာသာ ၎င်းတို့၏ အကျိုးစီးပွား အတွက် စစ်အစိုးရနှင့် ပူးပေါင်းခွင့်ရရေးကိုသာ ကြိုးပမ်းနေကြသည်။

တရုတ်ပြည်က လာမည့် ၂၀၀၉ တွင် ရခိုင်ပြည်နယ်မှတဆင့် ယူနန်ထိ ရေနံပိုက်လိုင်း တည်ဆောက် တော့မည် ဖြစ်ကြောင်း သတင်းများထုတ်ပြန် ထားပြီးဖြစ်သည်။ တချိန်တည်းတွင် အိန္ဒိယကလည်း ယခုအခါ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန် ကံထရိုက်စာချုပ်ချုပ်ဆို ပြီးပြီဖြစ်သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သည် ဆိုသော်လည်း အမေရိကန် အိမ်ဖြူတော်အနေနှင့် လတ်တလော မြန်မာ့အရေးကို လှည့်ကြည့်နိုင်မည့် အနေအထား မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရင်ဆိုင်နေရသည့် ကမ္ဘာ့စီးပွားပျက်ကပ် ကိစ္စ ဖြေရှင်းရန်၊ အစိုးရသစ်အပ်နှင်းရန်နှင့် အာဖဂန်နစ္စတန်နှင့် အီရတ် ပြဿနာများဖြေရှင်းရေးက ပိုမို အရေးကြီး သည့်ကိစ္စရပ်များ ဖြစ်နေပေသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်အခြေစိုက် မြန်မာပြည် လူ့အခွင့်အရေးရရှိရေးအတွက် လှုံ့ဆော် မဲဆွယ် နေသူများကမူ အမေရိကန်သမ္မတသစ် အိုဘားမားနှင့် ၎င်း၏ အစိုးရသစ်အနေနှင့် နိုင်ငံခြားရေး မူဝါဒကို ဦးစားပေးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုကိစ္စရပ်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

သို့ရာတွင် နိုင်ငံရေးကျွမ်းကျင်သူများ ဆိုသည့် ပညာ့အိုးကွဲများကတော့ “ဘာမှမရှိတာထက်စာရင် တခုခု ရှိတာက ပိုကောင်းပါတယ်” ဟူ၍ စိတ်ပျက်စရာ ပြောဆိုနေဆဲဖြစ်သည်။ ထိုသူတို့၏ ပြောဆိုမှုများက မြန်မာပြည်ကြီး အမှောင်မိုက်ဆုံး ကာလကို ချဉ်းကပ်နေပြီဟု ညွှန်ပြနေသည့်အလားပင်။

သူတို့ကပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အနှစ် ၂၀ အတွင်း မဟာဗျူဟာကျသော ကျဆုံးမှုကို ဆောင်ကျဉ်းခဲ့သူများဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြပြန်သည်။

ထိုပညာ့အိုးကွဲများက ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သမ်းကာ စစ်ဗိုလ်ချုပ်များချမှတ်ထားသည့် အခြေခံ ဥပဒေသစ်အောက်၌ အောင်မြင်သည့် အခွင့်အလမ်းတခု ပွင့်နိုင်သည်ဟု ယုံကြည်နေကြသည်။

အမှန်က နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များမှာ ပြည်သူလူထုကို အာဏာခွဲပေးဖို့ နေနေသာသာ ၎င်းတို့ အချင်းချင်းပင် ခွဲဝေယူရန် မလောက်မင ဖြစ်နေဆဲရှိသေးသည်။

တချိန်တည်းတွင် လက်တွေ့ကျသူများဟု မိမိကိုယ်မိမိ ပြောနေသူများကလည်း မြန်မာ့နိုင်ငံရေးကို အတွင်း နှင့် အပြင် ဟူ၍ ခွဲခြားကာ ပြည်ပ (အပြင်) မှ အတိုက်အခံများကို စစ်အစိုးရအပေါ်ဝေဖန်ရုံသာ တတ်နိုင်ပြီး ပြည်တွင်း (အတွင်း) ရှိ ပြည်သူလူထု နေ့စဉ်ခံစားနေရသည့် ဝေဒနာများကို အဖြစ်မှန်အတိုင်း မသိရှိသူများ ဟု စွပ်စွဲပြောဆို နေပြန်သည်။

သေချာသည်ကတော့ လတ်တလော ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး ကြိုးပမ်းသူ တို့ကသာ အတွင်း နှင့် အပြင် ဟူသော ဝေါဟာရများကို အမှန်တကယ် သိရှိသူများ ဖြစ်ပေလိမ့်မည်။ တနေ့တနေ့ မှောင်မိုက်စိုစွတ် ညစ်ပတ်ပေရေလှသော ကြိုးတိုက်ခန်းထဲတွင် နိုးထကာ အချိန်များစွာကို ကျော်ဖြတ်နေရသည့် သူတို့လောက် အတွင်းနှင့်အပြင် ခြားနားချက်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေအရ ရွေးစရာလမ်းလုံးဝမရှိ။ နိုင်ငံရေးအရ လမ်းပိတ်နေသည့် ယခု အနေအထားတွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းကသာ တခုတည်းသော ဖြေရှင်းရန်နည်းလမ်းဟု မြင်ပါသည်။

မြန်မာပြည်သူလူထုက ဒီမိုကရေစီ အရုဏ်ဦးကို မနက်ဖြန်တွင် မြင်ရလိမ့်မည်မဟုတ် ဆိုသည်ကို နားလည် ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအိုဟေးကင်တနာ၏ စကားအတိုင်း ပြောရလျှင် “ဒီမိုကရေစီဆိုတာ တညတည်းနဲ့ ရနိုင်တဲ့အရာမဟုတ်ဘူး။ မျိုးဆက်နဲ့ချီပြီးကို စောင့်ရမှာ” ဟု ဆိုရမည် ဖြစ်သည်။

ယနေ့အချိန်တွင် ငယ်ရွယ် နုပျိုပြီး ဥာဏ်ပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် ခေါင်းဆောင် များကို ကမ္ဘာက အလိုရှိနေသည်မှာ အမေရိကန်သမ္မတ အိုဘားမားက သက်သေဖြစ်သည်။ “အပြောင်းအလဲ” ဆိုသည့် စကားလုံးကိုလည်း ကမ္ဘာ့လူထုက မျှော်လင့်တကြီးဖြင့် ပြောဆိုနေကြပြီ။

သို့ရာတွင် မြန်မာပြည်၏ မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်သင့်သူများကတော့ လမ်းမပေါ်တွင် အသတ်ခံရ၊ နှစ်ရှည် ထောင်ချခံရ၊ ထွက်ပြေး တိမ်းရှောင် ပုန်းခိုရနှင့် ရုန်းကန်နေရဆဲ ဖြစ်သည်။

ထိုသို့ ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရသည့်တိုင်အောင် ထိုသူတို့က လုံးဝ ဒူးထောက် အရှုံးပေး လိမ့်မည်မဟုတ်ပေ။ စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် များချမှတ်ပြီးချိန်တွင် ၆၅ နှစ် ထောင်ဒဏ် သတ်မှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျက မကြောက်မရွံ့ ကြွေးကြော်ခဲ့သည်ကို အားလုံးသိပြီး ဖြစ်သည်။

“၆၅ နှစ်ထဲလားကွ” ဟု သူ ကြွေးကြော်ခဲ့ပြီ။

ကမ္ဘာကြီးက အရှေ့သို့ရွေ့လျားနေပါသည်။ လူသားအားလုံး မိမိလုပ်ဆောင်စရာ ရှိသည်တို့ကို နေ့စဉ် လုပ်ဆောင်နေရပါလိမ့်မည် …။ သို့သော် ရဲရင့်ကာ သတ္တိနှင့် ပြည့်စုံသော အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကိုတော့ မမေ့မလျှော့သင့်၊ ထို့ပြင် မှောင်ပိန်းသော နံရံလေးဘက်အလယ်တွင် သူတို့ကို သေဆုံးခွင့် မပြုသင့်ဟု ဆိုချင်ပါသည်။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၈)

အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၈

‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’

ပုသိမ်အကျဉ်းထောင်ရဲ့ နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို အားပေးစကား ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။

ကျနော်တို့ကို ဖမ်းပြီး နောက်တရက်မှာ ဗိုလ်မှူးကြီးအောင်ဘွင့်၊ ဗိုလ်ကြီးကျော်ရှိန်းနဲ့ ဗိုလ်ကြီးထွန်းတင်တို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ကနေ ပုသိမ်ကိုပြန်ရောက်လာရင် NLD တိုင်းရုံးမှာ ကြိုမယ့် ဆိုမယ့်သူ မရှိတော့လို့ပါပဲ တဲ့။

ဗိုလ်မှူးကြီးအောင်ဘွင့်ဆိုတာက အရင် မဆလခေတ်တုန်းက ဧရာဝတီတိုင်း ဒေသပါတီကော်မတီဥက္ကဋ္ဌပါ။ ဗိုလ်ကြီးကျော်ရှိန်းကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဗိုလ်ကြီးဝင်းထိန်တို့ရဲ့ ၁၉၇၆ ဦးနေဝင်းကို လုပ်ကြံဖို့ ကြံစည်တဲ့ ကိစ္စမှာ အမှုတွဲပါ။ ပုသိမ်အနောက်မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဗိုလ်ကြီးထွန်းတင်က ယခင်အစိုးရလက်ထက်တုန်းက မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌဟောင်းပါ။

သူတို့သုံးဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ပုသိမ်အရှေ့မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဦးဇော်ဝေကိုတော့ ပြန်လွှတ်မပေးပါဘူး။ ဦးဇော်ဝေက ယခင် မြို့နယ်ရဲစခန်းမှူး အငြိမ်းစားရဲအုပ်ဖြစ်ပါတယ်။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့ လူငယ်အများစုက ပုသိမ်မြို့ NLD တိုင်းရုံးကပါ။ ထွန်ဝင်း၊ ဝင်းနိုင်၊ နိုင်လင်း (ခေါ်) ဖြူဖွေး၊ တော်မီစတဲ့ ညီငယ်တွေ ပါပါတယ်။ ဧရာဝတီတိုင်းစည်းထဲက မြန်မာ့အလင်းအယ်ဒီတာ ဦးမြရှိန်လည်း အဖမ်းခံရတဲ့အထဲပါပါတယ်။

NLD ဟာ အဲဒီအချိန်တုန်းက လူကြီးလူငယ် အင်အားထုနဲ့ စုစည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းပါ။ အဓိကအားဖြင့် NLD မှာ ဒေါက်ကြီးသုံးဒေါက်ရှိတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးတို့၊ ဦးအောင်ရွှေတို့၊ ဦးလွင်တို့လို တပ်မှူးဟောင်းကြီးတွေရယ်၊ ဆရာဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဒေါက်တာတင်မျိုးဝင်း စတဲ့ တတ်သိပညာရှင်တွေရယ်၊ ပြီးတော့ တခါ လူထုလှုပ်ရှားမှုအစဉ်အလာရှိတဲ့ မော်ကျွန်း ဦးလှဖေ၊ မြောင်းမြသခင်စိုးမြင့် စတဲ့ နိုင်ငံရေးသမားကြီးတွေရယ်၊ အဲဒီလို ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာပါ။ အဲဒီအထဲမှာ လူကြီးတွေပါသလို လူငယ်တွေလည်း ပါဝင်ကြပါတယ်။

NLD မှာ အထူးသဖြင့် ကျနော်တို့ ပုသိမ်တိုင်းရုံးမှာ ကျနော်တို့ရဲ့ လုပ်ဟန်က လူကြီးတွေရဲ့ စကားကို လူငယ်တွေကနာခံ၊ လူငယ်တွေရဲ့ လှုပ်ရှားမှုကိုလူကြီးတွေက ထောက်ခံ၊ ဒါပဲဖြစ်ပါတယ်။

ကျနော်တို့ရဲ့မူက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးမခဲ့သလိုပါပဲ။ ဆရာကြီးမှိုင်းဟာ သူ့ခေတ်သူ့အခါတုန်းက မညီညွတ်ချင်ကြတဲ့ သူ့တပည့် ကြီးကြီးငယ်ငယ်တွေကို ဂရုဏာဒေါသောနဲ့ အခုလို ကဗျာဖွဲ့ပြီး ဆန်ရင်းနာနာဖွတ် ဆုံးမခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ ကဗျာက ‘လူကြီးကြီး နွားကြီးကြီးပုံဆွယ်။ လူငယ်ငယ်၊ နွားငယ်ငယ်နဲ့ပုံထား။ နွားနှစ်ကောင်၊ ချိုထောင်သွေးတော့၊ ဘေးဟုမှတ်သား’ တဲ့။

အဖမ်းခံရပြီး လေးငါးရက်လောက်မှာ ကျနော်တို့ အပြင်နဲ့ အဆက်အသွယ်ရလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ဝန်ထမ်းတချို့က လျှို့ဝှက်ကူညီလို့ပါ။ တပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ခရီးက ပြန်ရောက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရောက်ချင်းမှာပဲ၊ သင်္ဘောဆိပ်ကနေစောင့်ပြီး စစ်တပ်က ဒေါက်တာသက်မင်းကို အတင်းအကျပ် ဝင်ဖမ်းဆီးပြီး ကျနော်တို့ရှိတဲ့ ပုသိမ်ထောင်ထဲကို ပို့လိုက်ပါတော့တယ်။

ရန်သူက ကိုယ့်ကို ဆန့်ကျင်လာပြီဆိုရင် ဒါဟာ ကိုယ်က သူ့ကို ထိခိုက်နစ်နာအောင် လုပ်နိုင်လို့ပဲ။ ဒါ ကောင်းတဲ့ကိစ္စပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီး နောက်တနေ့မှာတော့၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီး မဆက်သေးဘဲ အဖမ်းခံထားရတဲ့သူတွေကိစ္စ အရေးဆိုဖို့ ပုသိမ်မှာ ရက်အကန့်အသတ်မရှိ ဆက်နေဦးမယ် ဆိုတဲ့သတင်း ကျနော်တို့အထဲကို ရောက်လာပါတော့တယ်။

ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေအားလုံး ပုသိမ်အကျဉ်းထောင် အုတ်ရိုးနဲ့ ကပ်နေတဲ့ သီးခြားတိုက်၊ တိုက်ခန်းတွေထဲကနေပြီး တညီတညာတည်း ပြိုင်တူ ကြွေးကြော်လိုက်ကြပါတယ်။

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

Thursday, November 27, 2008

ကပါ ကပါ စိန်မျောက်မျောက်တို့ ရာ။

အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ


ကိုမော်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 17:59 - မြန်မာစံတော်ချိန် သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။ ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။

လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။ ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။်

လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။

ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။

ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။ သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။

ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။ ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။

၎င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။

အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။ အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။

များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။

ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။ ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။

ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။

မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။

ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။ လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။

တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)

လှုပ်လေမြုပ်လေ ဆုပ်လေစူးလေ


မောင်မောင်လှကြိုင်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 18:01 - မြန်မာစံတော်ချိန်


မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ မြင်ကွင်းမလှပါဘူး။ အာဏာပိုင်တွေက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စနစ်တကျ နှိပ်ကွပ်နေပါတယ်။ တသက်တကျွန်းထက်ပိုတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို မတရားစီရင်မှုတွေနဲ့ အကျဉ်းချနေပါတယ်။

ဒါဟာ လူထုတွေက မဆန့်ကျင်ရဲအောင် ခြောက်လှန့်တာဖြစ်သလို၊ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံကို အပြီးတိုင် ဆောင်ရွက်ရေးလမ်းကြောင်းမှာ အနှာင့်အယှက်တွေကို ရှင်းလင်းတာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေကို မထီလေးစား ဖီဆန်ဆန့်ကျင်တာကို အငြှိုးထား လက်စားချေတာလည်း ဖြစ်ပါတယ်။

ဗြိတိသျှနယ်ချဲ့ခေတ်ကမှ 'သခင်ပေါက်စ ထောင် ၆ လ' ပဲ ရှိပါတယ်။ အခု နအဖ မတရားစီရင်တဲ့ ထောင်ဒဏ်ဟာ အဲဒီခေတ်ကထက် အဆ ၁၃၀ (၆၅ နှစ် x ၁၂= ၇၈၀ လ) ရှိနေပါတယ်။

ဦးတင်ဦးနဲ့ ဒေါ်စုတို့ကိုလည်း အာဏာပိုင်ကို အတိုက်အခံပြုတဲ့အတွက် အကန့်အသတ်မရှိဆိုသလို နေအိမ်အကျယ်ချုပ် ချထားပါတယ်။ အတိုက်အခံ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို နှစ် ၈၀ ကနေ နှစ် ရာကျော်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ရှိပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေအဖြစ် လုပ်ရဲရင် လုပ်ကြလို့ ခြိမ်းခြောက်စိန်ခေါ်ထားတာပါ။

နှစ်ရှည်ထောင်ဒဏ် မတရား ချခံလိုက်ရတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ မတရားပြစ်ဒဏ် ၂ ခု ကျခံလိုက်ရတာပါ။ တခုကတော့ နှစ်ရှည်ထောင်ဒဏ်တွေပါ။ နောက်တခုကတော့ နယ်နှင်ဒဏ်ပါ။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ လာရောက်တွေ့ဆုံနိုင်မှု ခက်ခဲတဲ့ ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့ပို့ဆောင်ခံရခြင်းပါ။ ပြစ်ဒဏ်နှစ်ခုစလုံးနဲ့ စိတ်ဓာတ်ပိုင်းကို ရိုက်ချိုးလိုက်တာပါ။

၂၀၁၀ ဆိုတာ နှစ်ဦး ဇန္န၀ါရီလကနေ နှစ်နှောင်းပိုင်း ဒီဇင်ဘာအထိပါ။ ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တနှစ်ကျော်ကျော်ကြီးများတောင် လိုတယ်လို့ ပြောမရပါဘူး။ နအဖ ထုံးစံအတိုင်း အချိန်ကို တိတိကျကျ ပြောမထားပါဘူး။ သူတို့ လုပ်ချင်ရင် အာဏာရှင်တို့ရဲ့လက္ခဏာတရပ်ဖြစ်တဲ့ "ဖ ဦးထုပ်သုံးလုံး"လမ်းစဉ်အတိုင်း "ဖြတ်ခနဲပေါ်တဲ့ အစီအစဉ်ကို ဖြုတ်ကနဲထပြီး ဖြစ်ကတတ်ဆန်း" လုပ်ကြမှာပါ။ ဒါကြောင့် ၂၀၁၀ မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ နှစ်ဦးမှာ မလုပ်သေးဘူးလို့ အသေအချာ မပြောနိုင်ပါဘူး။ အများဆုံး လိုလှမှ တနှစ်စွန်းစွန်းလောက်ပဲ ရှိတော့မှာပါ။ အတိအကျကိုတော့ နအဖ ခေါင်းဆောင်ပိုင်းအချို့နဲ့ သူတို့ရဲ့ ဝေဒဆိုင်ရာ အကြံပေးတွေပဲ သိမှာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးထောင်ခါပွဲမှာပဲ အကျဉ်းသား ၉၀၀၂ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလို အရေးတော်ပုံမပေါ်ပေါက်ဖို့၊ ၂၀၀၉ ခုနှစ်မှာ နအဖ အတွက် အကောင်းဖြစ်ဖို့ ကက်ကင်းကိုက် ယတြချေတာပါ။

မတရား ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့အညီ ပြုလုပ်မယ့် ရွေးကောက်ပွဲပြီးလို့ စိတ်ကြိုက်အစိုးရ ဖွဲ့ပြီးရင် စိတ်ချရပြီလို့ တွက်ဆကာ အောင်ပွဲခံတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ကောင်း လွှတ်မှာပါ။ နာမည်ကောင်း ယူကြဦးမှာပါ။

ဗိုလ်ချုပ်သန်းရွှေကလည်း လမ်းပြမြေပုံကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နအဖ အနေနဲ့က တဖက်သပ် စီစဉ်ထားတဲ့ လမ်းပြမြေပုံမှ တရွေးသား အလျှော့ပေးမှာ မဟုတ်ပါဘူး။ ဘယ်ဖိအား ဘယ်စကားနဲ့ပဲ နားချနားချ နားယောင်မှာ မဟုတ်သလို နားထောင်မှာလည်း မဟုတ်ပါဘူး။ "ဘယ်သူသေသေ ငတေမာဖို့" ပဲ ရှေ့ရှုသွားနေမှာပါ။

အာဏာပိုင်တွေကို ဆန့်ကျင်တယ်လို့ ယူဆရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်လိုက်လို့ နောင်ကြဉ်သွားကြမှာပဲ။ ၂၀၁၀ အတွက် ခလုတ်တံသင်း ရှင်းသွားမှာပဲလို့ နအဖ က ထင်တလုံးနဲ့ ကျေနပ်အားရနေမှာ အမှန်ပင်။ သူတို့မျှော်လင့်မထားတဲ့ ကွင်းဆက်ဖြစ်ရပ်တွေက တရစပ် ပေါ်ပေါက်လာနေပါတယ်။ မတရား အပြစ်ပေးခံလိုက်ရသူတွေ ကိုယ်တိုင်သာမက သူတို့ရဲ့ မိသားစုဝင်တွေကပင် အထူးသဖြင့် မိခင်တွေ၊ အမ ညီမတွေကတောင် ယုံကြည်ချက်ကြောင့် မတရားအပြစ်ဒဏ် ခံသွားရသူတွေအတွက် ဂုဏ်ယူဝင့်ကြွားစွာ အားပေးစကားတွေနဲ့ အာဏာပိုင်တွေရဲ့ မတရားစီရင်မှုကို အံတုရှုတ်ချလိုက်ကြပါတယ်။ စိတ်ဓာတ်တွေ ယိုင်လဲမသွားကြပါဘူး။

ပြည်တွင်းပြည်ပရှိ ပြည်သူအများကလည်း ခံပြင်းဒေါသဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြစ်တင်ရှုတ်ချကြပါတယ်။ လုံခြုံရေးကောင်စီကလည်း နအဖ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နိုင်ငံကြီးတွေကလည်း ပိုမိုဖိအားပေး အရေးယူဆောင်ရွက်ဖို့ စိုင်းပြင်းလျက်ရှိနေကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်စုနဲ့ စွယ်စုံအနုပညာရှင် ကိုသူရ ခေါ် ဇာဂနာကို နိုင်ငံတကာဆုတွေ ချီးမြှင့်လိုက်ပါတယ်။ အားနည်းသူတွေဘက်က အားပေးအားဖြည့်လိုက်ပါတယ်။

နအဖ နိုင်နင်းစွာ မကိုင်တွယ်နိုင်တဲ့ အရေးအကြီးဆုံး ၂ ခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးကဏ္ဍပါ။ အခုလို နအဖက မတရားတဲ့ တရားစီရင်မှုနဲ့ မတရားဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းမှာ ခိုင်မာတိကျတဲ့ တရားဥပဒေစိုးမိုးခြင်း မရှိကြောင်း မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် နအဖ အပေါ် ယုံကြည်မှုအား အလွန်အားနည်းသွားစေပါတယ်။

စီးပွားရေးမှာလည်း အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒလည်း နအဖမှာ ခိုင်ခိုင်မာမာ မရှိလှပါ။ ဒါကြောင့်လည်း အများပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အလွန်နည်းပါးပါတယ်။ ဆင်းရဲချမ်းသာမှုဟာ အလွန်ကွာဟလျက်ရှိနေပါတယ်။ မြန်မာပြည်သူအများစုရဲ့ ဆင်းရဲတွင်းဟာ နက်သထက် နက်နေပါတယ်။ ကမ္ဘာ့စီးပွားရေးကပ် သင့်နေတဲ့ မျက်မှောက်ကာလမှာ စီးပွားရေးအကျပ်အတည်းဒဏ်ကို အနည်းနဲ့အများ ခံနေရပါပြီ။ ကာလကြာလာတဲ့အခါ များစွာ ခံရမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ဒီဒဏ်ကို ပြန်လည်ကုစား နလန်ထူနိုင်မှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (good governance) တရပ် ဖြစ်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဆိုတာတွေ ချိနဲ့အားနည်းနေတဲ့ နအဖ အတွက်ကတော့ ဒီ ဂယ်ပေါက်က ထွက်နိုင်မှာ မဟုတ်ပါ။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် အဓွန့်ရှည်ရပ်တည်နိုင်ဖို့အတွက် ပြည်သူအများ ချစ်ခင်ကြည်ညို လေးစားခံရတဲ့ အုပ်ချုပ်သူတွေဖြစ်အောင် နအဖ အနေနဲ့ အများရဲ့ တောင်းဆိုမှုတွေကို အလေးထား လုပ်ဆောင်ရန်မှာ အချိန်မနှောင်းသေးပါ။ အချိန်မီ ပြန်လည်စဉ်းစားကာ ပြင်ဆင်ဆောင်ရွက်မှသာ 'လှုပ်လေ မြုပ်လေ ဆုပ်လေ စူးလေ' မဖြစ်မှာပါ။

မဆုံးတဲ့ အလွမ်း







မိုးချိုသင်း

နိုဝင်ဘာ ၂၇၊ ၂၀၀၈

အခုတလော စာမရေးဖြစ်တာကြာပြီ။ ကြားရတဲ့သတင်းတွေကလဲ မကောင်းဘူး။ ၆၅ နှစ်တဲ့၊ အနှစ် ၂၀ တဲ့၊ ၄၅ နှစ်တဲ့။ အမိန့်ချတဲ့လူတွေတောင် အဲဒီလောက် အသက်မရှည်နိုင်ဘဲနဲ့ ပါးစပ်ထဲရှိတာ လျှောက်ပြော၊ လျှောက်လုပ်နေတာ ရှက်စရာကောင်းလှတယ်။ အဲဒီလောက်လဲ မကြောက်ကြပါနဲ့။

ဒီမနက်မှာတော့ ကိုဇာဂနာ့အမျိုးသမီး မလွင်မာနဲ့ ဖုန်းပြောဖြစ်တယ်။ နောက်ထပ် ၁၄ နှစ်တဲ့ ညီမရေ..တဲ့။ ပထမအကြိမ် ၄၅ နှစ် ချပြီးသား။ နောက်တိုး ၁၄နှစ်ဆိုတော့ စုစုပေါင်း ၅၉ နှစ်ပေါ့။ ဒါပေမဲ့ အကိုက သီချင်းလေးဆိုပြီး ထောင်ထဲ ပြန်ဝင်သွားတယ် တဲ့။ နောက်ထပ် တရားရုံးကို ထပ်လာစရာ မလိုတော့ဘူး။ သူ့ဝေစု ပြီးပြီ။ ဘယ်လောက် နှစ်တွေ တပ်တပ်၊ မမှုပါဘူး။ ဒါတွေက ကိန်းဂဏန်းတွေပဲ။


လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကပေါ့။ ကိုယ်တို့ မိသားစုလဲ ဒီလို အဖြစ်မျိုး ကြုံဖူးတယ်။ အဲဒီတုန်းက ကဗျာဆရာကို ကဗျာရေးလို့ ၄နှစ် ထောင်သွင်း အကျဉ်းချစေ တဲ့။ အဲဒီတုန်းက ကိုယ်တို့က အမေဆုံးပြီးခါစ၊ အဖေက ကဗျာဆရာဆိုတော့ စိတ်က နူးနူးညံ့ညံ့မို့၊ ကိုယ်တို့ကလဲ သမီးတွေမို့ ကိုယ့်အဖေကို ပူမိတာပေါ့။

အဲဒီ ၄နှစ်စလုံး ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ စနေနေ့တွေတိုင်း ကိုယ်တို့ မောင်နှမတတွေ တွေ့ခွင့်တိုကင်ယူတိုင်း အမြဲတမ်း တိုကင် နံပါတ် (၁)။ ထောင်ဝင်စာ စ လက်ခံချိန် မနက် ၆နာရီဆိုရင် ကိုယ်တို့ ညီအမတွေကို ထောင်ဗူးဝမှာ တွေ့ရပြီ။ အစောဆုံးပဲ။ ၄နှစ်စလုံး တကြိမ်မှ မပျက်ခဲ့ဘူး။ အမြဲတမ်း တိုကင် နံပါတ် (၁) ပဲ။

ဒါပေမဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်ပဲ တိုကင်စောယူထား၊ ယူထား၊ နေ့လည် ၂နာရီကျော်မှ ပေးတွေ့တာပါ။ သူတို့ဖာသာ ဘယ်အချိန်မှ ပေးတွေ့ပါစေ၊ ကိုယ်တို့ကတော့ ကိုယ့်ဝတ္တရားမပျက် တိုကင် အစောဆုံးယူတာပဲ။ သူတို့လဲ သူတို့အလုပ် လုပ်သလို၊ ကိုယ်ကလဲ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။

ထောင်ဆိုတာက မျက်စိပိတ်၊ နားပိတ်တဲ့ နေရာ။ မျက်လုံးကန်း၊ နားမကြား၊ စကားပြောခွင့် ဆွံ့အ ရတဲ့ နေရာ။ မသွားနိုင် မလာနိုင် ခြေကျိုး လက်ကျိုးသလို ဖြစ်ရတဲ့ နေရာ။ ကိုယ်ချစ်ခင်သူတွေနဲ့ အတူတကွ မနေရ တဲ့ သီးခြား အကျဉ်းစံ နေရာ။ မိတ်ဆွေ အပေါင်းအသင်းကို ချစ်တဲ့ အဖေ၊ အနုပညာ အလှအပကိုသာ ခံစားပြီး စိတ်အေးချမ်းချင်တဲ့ အဖေ့အတွက် လူသတ်သမားတွေ၊ လူဆိုးတွေနဲ့ အခန်းကျဉ်းလေးမှာ စားအတူအိပ်အတူ လူ့အခွင့်အရေးဆိုတာ မူးလို့ ရှူစရာမရှိတဲ့ နေရာမှာ အဖေနေရှာတာကို တွေးပြီး ခံစားခဲ့ရတာ။

ကဗျာဆရာမို့ စိတ်ကလေးက နုနုမို့ အဖေများ စိတ်ဆင်းရဲနေမလား၊ စိတ်ဓာတ်ကျနေမလား တွေးပြီးပူပန်ရတွေဟာ အဖေနဲ့ ထောင်ဝင်စာ တွေ့ပြီးတာနဲ့ အားတွေရှိပြီး ပြန်လာရတယ်။ အထဲကလူက အပြင်ကလူကို အားပေးတယ်။ သံဇကာကြားက အဖေ့ကို ကြည့်တိုင်း ထောင်ဝတ်စုံ အဖြူလေးနဲ့အတူ မျက်နှာက အမြဲ ပြုံးရွှင် ကြည်စင်နေတာ။

အဖေ့ စိတ်အခြေအနေပြ ဂရပ်ဖ်မှာ အမြဲတမ်း ပုံမှန်။ လောက အထုအထောင်းကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ခဲ့တယ်။ ထိတွေ့ခွင့်တောင် မရတဲ့ သံဇကာ နှစ်ထပ်ခြားပြီး တွေ့ရတဲ့ ၁၀မိနစ်၊ ၁၅မိနစ်မှာ သမီးတွေကို ခွန်အားတွေ ပေးလိုက်တယ်။ ဒါတွေဟာ ဘာမှ အရေးမကြီးဘူး၊ အဖေတို့ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် ခံရတာ ရှက်စရာ မဟုတ်ဘူးလို့ သင်ပြ ခဲ့တယ်။ မတရားတာကို လက်မခံတာ၊ ငြိမ်မခံနေတာသာ လူ့ဘ၀ရဲ့ တန်ဖိုးဖြစ်တယ်လို့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။

ဒါကြောင့် ကိုယ်ဒီဝတ္ထုလေးကို အဲဒီတုန်းက အဖေ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာပါ။ အဖေ့ကို ချစ်တာပေါ့၊ ခွဲနေရရင် လွမ်းတာပေါ့။ ဘာငြင်းစရာ လိုမလဲ။ ဒါပေမဲ့ အဖေနဲ့တွေ့ပြီးတိုင်း ကိုယ့်စိတ်တွေ ပိုခိုင်မာလာသလိုပဲ။ အဖေ့ကိုလဲ စိတ်ချတယ်။ ဒါဟာ ကိုယ့်အဖေ၊ တရားမျှတမှုအတွက် ထောင်ကျခံနေတာ ကိုယ့်အဖေလို့ ပြောရဲတယ်။

ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘဲ လိပ်ပြာလုံတဲ့အတွက် လူကြားထဲမှာလဲ နေရဲ သွားရဲပါတယ်။ တချို့ပုဂ္ဂိုလ်ကြီးများလို လွတ်လပ်တဲ့ အပြင်မှာ တိုက်ကြီးတာကြီးနဲ့ ဟိန်းနေအောင် နေနိုင်ပေမဲ့ ပြည်သူကြားထဲမသွားရဲလို့ အစောင့်အရှောက်တွေနဲ့ ကိုယ့်ဖာသာကိုယ် မသေမချင်း ထောင်ချခံနေရတဲ့သူတွေနဲ့တော့ ကွာချင်တိုင်း ကွာပေလိမ့်မယ်။ ဒီလို ဘ၀သေတဲ့ အဖြစ်မျိုး ကိုယ်တို့ ဘယ်တော့မှ မမက်မောဘူး။

ဒါကြောင့် လွန်ခဲ့တဲ့ ၁၅နှစ်၊ ၁၉၉၃ ဖေဖော်ဝါရီလ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ မဆုံးတဲ့ အလွမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒီတုန်းက စာပေစိစစ်ရေး လွတ်အောင်လို့ အဖေ့ကို နာမ်စားသုံး ရေးခဲ့ရတာပါ။ အဲဒီဝတ္ထုတိုလေးကို သရုပ်ဖော်ပုံဆွဲပေးခဲ့တာ ပန်းချီဆရာ ကိုမုတ်သုန်ပါ။ သူက လှောင်အိမ်ထဲက ငှက်ကလေး တကောင်ပုံရယ်၊ ဆံပင်နှစ်ဖက်စည်းထားတဲ့ ကလေးမလေး တယောက်ပုံရယ်ကို ဆွဲပေးခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


မဆုံးတဲ့အလွမ်း
မိုးချိုသင်း
မဟေသီ။ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ

တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။

ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေး

နွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။

ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။

အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။

ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။

သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။

ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။

ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။

ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။

သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။

သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။
နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။

ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။

အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။

သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။

ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။

အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။

သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။

သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။

သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။

အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။

သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။

တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။

သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။

ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။

သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။

ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။

မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……

ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။

နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။

(“ဗမိုး” ဘာသာပြန်)

ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။

သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။

ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။

အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။

အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။

ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။

သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။

သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။

သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။

ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။

အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။

အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။

အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။

ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။

သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။

ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။

အဲဒါကတော့ …..

“နှလုံးသားထဲက ဒဏ်ရာ” တဲ့။

ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။


[ သမီး ငယ်ငယ် အတွက် တင်တဲ့စာ ]

(Photo - MoeMaKa, Illustration - Khun Myo Nge)

Wednesday, November 26, 2008

မလေးရှားနိုင်ငံအတွင်း နအဖထောက်လှမ်းရေးအား ဖမ်းဆီးမိခြင်း။



(၂၃၊၁၁၊၂၀၀၈) နေ့တွင်ဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် Prince ဟိုတယ် အတွင်း ကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် NCGUB မှ လူကြီးများ မြန်မာ့ နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထုများ၏ စားဝတ်နေရေး လက်ရှိအခြေအနေ ဆွေးနွေးပွဲတစ်ရပ်တွင် နအဖစစ်အုပ်စုမှ ထောက်လှမ်းရေးစေလွှတ်ပြီး သတင်းရယူခြင်းဖြစ်သည်။

နအဖအုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာပြည်တွင်းတွင်သာမက ပြည်ပ နိုင်ငံများထိ လိုက်လံချိုးဖောက်နေခြင်း ဖြစ်သည်။ ဆွေးနွေးပွဲပြုလုပ်သည့်နေ့တွင် နအဖသည် မလေးရှားနိုင်ငံမြန်မာသံရုံးမှတစ်ဆင့် မောင်မျိုးမြင့်မောင်ဆိုသူ မြန်မာ့စစ်ထောက်လှမ်းရေး တစ်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းပြီး သတင်းယူခိုင်းခြင်း ဖြစ်သည်။ မောင်မျိုးမြင့်မောင်ဆိုသူမှာ အစည်းဝေးခန်းမအတွင်း ဓာတ်ပုံရိုက်နေစဉ် အစည်းဝေးတက်ရောက်လာသူများမှ မသင်္ကာသဖြင့် ဖမ်းဆီးမေးမြန်းရာ မိမိမှာ မြန်မာသံရုံးမှ သတင်းရယူရန် စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေး ဖြစ်ကြောင်း အဖြစ်မှန်ကိုဝန်ခံခဲ့ပြီး သက်သေအထောက်အထား စာရွက်စာတမ်းများပါ ၄င်းထံမှ သိမ်းဆည်းရမိခဲ့ကြသည်။

“တော်တော် ညစ်ပတ်တဲ့ လုပ်ရပ်ပဲဗျာ သူတို့အနေနှင့် ပွင့်ပွင့်လင်းလင်း လာပြီး တက်ရောက်လို့ရတယ် ဒီဆွေးနွေးပွဲမှာ မြန်မာပြည်တွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ဘ၀ အခြေအနေကို ပရိုဂျက်တာတွေနှင့် ပြသပြီး ဆွေးနွေးခြင်းသာ ဖြစ်တယ်။ ဘာမှထူးခြားတဲ့ နိုင်ငံ ရေးလှုပ်ရှားမှု မဟုတ်ပါဘူး” အစည်းအဝေးတက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင်တစ် ယောက်မှ ပြောပြခြင်း ဖြစ်သည်။ အစည်းဝေးတက်ရောက်လာသူ ခေါင်းဆောင်များမှ စစ်ထောက် လှမ်းရေးအပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်မှုများ မပြုလုပ်ခဲ့သော်လည်း လူငယ်အချို့မှ ကျုး ကျော်စော်ကားခဲ့သော စစ်ထောက်လှမ်းရေးအပေါ် ဒေါသထွက်လျှက်ရှိကြသည်။

“ကျွန်တော်တို့ကတော့ သူ့ကို မေးမြန်းစစ်ဆေးပြီး ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ သူ့ကိုလည်း မင်းမြင်တဲ့အတိုင်းပဲ ငါတို့ရဲ့ဆွေးနွေးပွဲက မင်းတို့ရဲ့အစိုးရအကြောင်း မဟုတ်ဘူးဆိုပြီး” ဆိုပြီး ၄င်းတိုင်းရင်းသားခေါင်းဆောင်မှ ဆက်လက်ပြောကြားသွားပါသည်။

မြန်မာစစ်အစိုးရသည် ပြည်တွင်းရှိ ပြည်သူ့ကောင်းကျိုးများကို လုပ်ဆောင်နေသော ခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်စီရင်လျှက်ရှိပြီး ပြည်ပတွင် နေထိုင်လျှက်ရှိကြသော မြန်မာပြည်သားများကိုလည်း ခြိမ်းခြောက်နှေင့်ယှက်မှုအမျိုးမျိုးကို ငွေကြေး အများအပြားသုံးစွဲကာ ဆောင်ရွက်နေသည်။ သတင်းမီဒီယာများ၊ ဘလော့ဂါများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နေသူများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အတိုက်ခံပါတီများကို သဲသဲမဲမဲ ဖြိုခွဲ တိုက်ခိုက်လျှက်ရှိသည်။

ယခုလို အခြားနိုင်ငံများ၏ ပိုင်နက်ဒေသအတွင်း နအဖသံရုံးမှတစ်ဆင့် ထောက်လှမ်းရေး စေလွှတ်ကာ သတင်းများထောက်လှမ်းခိုင်းခြင်းသည် အဆိုပါနိုင်ငံအား မလိမ့်တပတ်နှင့် စော်ကားခြင်းဖြစ်သည်။ နအဖ၏ ကောက်ကျစ်သော အောက်တန်းကျလှသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။

ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း နအဖအား မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ သတိပေးချက်။

Nov26 Public Announcement

Get your own at Scribd or explore others: Burma

အလွမ်းသံစဉ်


နှင်းပန်းအိမ်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 13:27 - မြန်မာစံတော်ချိန် အနောက်ဘက် မိုးကုတ်စက်ဝိုင်းတလျှောက် ကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်ခဲများ၊ တိမ်ခိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားနေကြ၏။ ကောင်းကင်မှ တိမ်များသည် ကြေကွဲနေသည့် မိန်းမပျိုလေး လမ်းလျှောက်နေသလို လွင့်မျှောနေ၏။ မကြာခင်မှာပဲ ကောင်းကင်ကြီး ကြေကွဲစွာ ငိုချလိုက်သည့် မျက်ရည်များသည် မိုးစက်များအဖြစ် တောင်တန်းတွေကို ရွှဲရွှဲစိုစေသည်။

ထိုမျက်ရည်များနှင့် တောင်တန်းတွေကြားမှာ ကျမ ချစ်သူ ရှိပါသည်။ မောင့်ကိုတွေ့ဖို့ ရောက်ခဲ့သည့် ကျမသည် ပတ်ဝန်းကျင်ကို အဖော်ပြုခဲ့ရသည်။ ချစ်ခြင်းကြောင့် အားသစ်တွေ ဖြစ်ပေါ်ခဲ့သလို၊ ချစ်ခြင်းကြောင့်ပဲ မြင်သမျှ လွမ်းမောခဲ့ရသည်။

မောင်ရှိသည့် နေရာကို ကျမ သွားရသည့်ခရီးသည် မိုင်ပေါင်းရာချီပါသည်။ ထိုခရီး၏ ပတ်ဝန်းကျင်ရှုခင်းက ကျမတို့ မြို့ပြလိုမဟုတ်။ ကျယ်ပြန့်သော ကောင်းကင်အောက်မှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းပင်ပန်းပွင့်များက အင်မတန်မှ လှပပါသည်။ လှပသော ရှုခင်းများကို ကြည့်ပြီး အိမ်မှာ အဖွားနှင့် ကျန်ခဲ့သည့် သားနှင့် မောင့်ကို တလှည့်စီ လွမ်းနေပါသည်။ ထိုအလွမ်းတွေကို ပုံထားလို့ရလျှင် ကျမ၏ အလွမ်းများသည် ချင်းတောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်းများထက် ပိုမိုမြင့်မားပါလိမ့်မည်။

မောင့်ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်က မှတ်မှတ်ရရ ဇူလိုင်မိုးဦးကျမှာ ဖြစ်သည်။ ထိုခရီးသည် ကျမအတွက် ပထမဦးဆုံး စွန့်စားရသည့် ခရီးဆိုလျှင် လွန်မည်မထင်ပါ။ သုံးညနှင့် လေးရက် သွားရသည့် ခရီးမှာ မြို့ပေါင်းများစွာ ဖြတ်ခဲ့ရ၏။ အထင်ကရ မြစ်နှစ်ခုကို ဖြတ်ခဲ့ရ၏။ မဟာမြိုင်တောကြီးကို တညလုံး ကားဖြင့် ဖြတ်ရသည့် အချိန်တွင်တော့ ကျမ လွန်စွာမှ အားငယ်ခဲ့ရတော့သည်။

ကျမတို့ စီးလာသည့်ကားသည် မောက္ကတော်သဲချောင်းမှာ မိုးလွတ်အောင် စောင့်ရသည်။ မိုးမရွာသေးသော်လည်း မိုးနံ့ကို ကားသမားက သိသည်။ သည်တော၊ သည်တောင်ကို ကျွမ်းဝင်နေသည်မို့ သဘာဝနှင့် ရင်းနှီးနေခြင်း ဖြစ်မည်။

ကောင်းကင်မှာ ထိုညက ကြယ်တွေ မရှိပါ။ တိမ်စိုင်တိမ်ခဲတို့ဖြင့် မဲမှောင်နေသည့် ကောင်းကင်အောက်မှာ ကျမတို့ ကားတန်းကြီးက ငြိမ်သက်နေသည်။ ကျမ၏ ပထမဆုံး ခရီးမှာ အခုလို တောနက်ထဲက သဲချောင်း ပြင်အကျယ်ကြီးထိပ်မှာ မိုးခိုရမည်ဟု မတွေးမိခဲ့။ မောက္ကတော်သဲချောင်းထဲကို ရေမလွမ်းခင်မှာပင် မိုးစက်တွေက ကားမှန်ပြတင်းကို ထိမှန်လာကြသည်။ ကားပေါ်မှာတော့ အိပ်ငိုက်သူငိုက်၊ တွေးသူကတွေးနှင့် ငြိမ်သက်နေ၏။ တောင်ကျရေကို ကြိုဆိုရန် မောက္ကတော်က အဆင်သင့်ဖြစ်နေပြီ။ မိုးနံ့နှင့်အတူ ကောက်သစ်စပါးနံ့၊ သစ်ခွပန်းရနံ့ကို ရှုရှိုက်ရင်း ညကို အထီးကျန်စွာ တဦးတည်း ဖြတ်သန်းရမယ်လို့ တွေးမထင်ခဲ့ဖူးပါ။ ထိုအချိန်မှာ ကားဆရာက သီချင်းဖွင့်ပြီး တိတ်ဆိတ်မှုကို အဖော်ပြုလိုက်သည်။

ထွန်းအိန္ဒြိာဗိုလ်၏ "မိုးလေးဖွဲတုန်း" သီချင်းသည် နေရာဒေသ၊ အချိန်နှင့် အင်မတန်မှ လိုက်ဖက်နေ၏။ သီချင်းရေးဆရာက မျိုးကျော့မြိုင် ဖြစ်သည်။ သီချင်းရေးဆရာ၏ နှလုံးသွေးထဲက ထွက်လာသည့် သီချင်းစာသားတွေက ကျွန်မကို မျှော်လင့်ခြင်းများနှင့် အလွမ်းကို ဖြစ်စေခဲ့သည်။

"မိုးလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ်။ ပြတင်းတံခါးဆီပဲ၊ သွားလို့မော့ကြည့် ပြောလိုက်ချိန်၊ တကိုယ်ရေထဲ မိုးစက်တွေအလည် … ၊ ဝေးပြီး တနေ့ ပြန်တွေ့ကြမယ် .. . ယုံကြည်ထားမိုးစက်တွေရယ် …"

"တချိန်က သိတဲ့ ပျော်မြူးခြင်းတွေ ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ … ဘယ်လောက်ပဲ ဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်"

သီချင်းစာသားထဲမှာ လွင့်မျောနေသည့် ကျမသည် မောင်နှင့်အတူရှိသည့် အချိန်တွေကို တွေးမိရုံဖြင့် နှလုံးသွေးတို့ နွေးထွေးသွားသည်။


++++


မောင်နှင့် ကျမသည် ပန်းတိုင်တခုကို အတူသွားခဲ့သူများဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ဖို့ မောင့်ဇွဲ၊ လုံ့လ၊ ၀ိရိယက ကျမထက် ပိုသည်။ မောင်က ရေစုန်ကိုမလိုက်၊ ရေဆန်ကိုသာ လျှောက်သည့်သူဖြစ်သည်။ မောင်က သူခံစားရသည့် အကောင်းဆုံးများကို သူ့ပတ်ဝန်းကျင်ကိုပါ ခံစားစေချင်သည်။ နိမ့်ပါးသည့် ဘ၀များကို ဖေးမကူညီချင်သူဖြစ်သည်။ ထိုသို့သော မောင်နှင့် ကျမတို့ အနာဂတ်ကို ယုံကြည်မှုများစွာနှင့် လက်တွဲလျှောက်ခဲ့သည်။ ဘ၀တခုလုံးပုံ၍ မောင့်ကို ယုံကြည်ခဲ့ပါသည်။

အခက်အခဲ အမျိုးမျိုးကြားထဲမှ အိမ်ထောင်သည် ဘ၀ထဲကို လက်တွဲခုန်ချခဲ့ကြသည်။ ကျမတို့ ခုန်ချခဲ့တာ ပန်းမွေ့ယာပေါ် မဟုတ်။ ဒုက္ခဆူးတွေထဲကို ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုဒုက္ခဆူးတွေကို အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေဖြင့် နှုတ်ခဲ့ကြသည်။ ကာယကို အားကိုးပြီး လုပ်ရသည့် ပါတိတ်လုပ်ငန်းမှာ နှစ်များစွာ ကြာခဲ့သည်။ မောင့်လက်မောင်းလက်ဖျံမှာ ဖယောင်းစက်တွေ၊ ကျမ၏ လက်မှာ ပန်းပွင့်တွေကို ဆေးခြယ်သည့် ဆေးစက်တွေ ….။ ထိုလက်တွေဖြင့် ကျမတို့ဘ၀၊ ကျမတို့ပတ်ဝန်းကျင်ကို အတ္တ၊ ပရ မျှစွာ ဖန်တီးခဲ့ကြသည်။

အလုပ်နားရသည့်အခါ မြို့သစ်လယ်ကွက်လပ်များမှာ မောင်က အိမ်နီးချင်းအဖော်တွေနှင့် ငါးမျှားသည်။ ရလာသည့် ငါးသံချိတ်၊ ငါးဇင်ရိုင်းလေးများကို ကြော်ပြီး အိမ်ရှေ့ကန်ဇွန်းခင်းက ကန်ဇွန်းရွက်တွေကို ပူပူနွေးနွေးဖြစ်အောင် စားခါနီးမှ ကြော်လိုက်သည်။ မောင် ဗိုက်ဆာသည့်အချိန်နှင့်အကိုက် ကြော်ထားသည့် ကန်ဇွန်းရွက်ကြော်၊ ငါးကြော်တို့သည် ကျမတို့အတွက် အမှတ်တရ ဟင်းပွဲများဖြစ်သည်။ ထိုထက်ပို၍ ကျမတို့ မချက်နိုင်ခဲ့။ သို့သော် ကျမတို့ ဘ၀ကို ပြည့်စုံသည်လို့ ရောင့်ရဲနိုင်ခဲ့သည်။

မောင်ပေးခဲ့သည့် ဆိတ်ဖလူးပန်းတွေကိုလည်း အမှတ်ရမိသည်။ မနက်စောစော ခြံထောင့်မှာ ဆိတ်ဖလူးပန်းတွေ တဖြုတ်ဖြုတ် ကြွေတတ်သည်။ ဆိတ်ဖလူးပန်းလေးများကို ကောက်ပြီး နှီးကြိုးလေးနှင့် မောင်သီကုံးပေးတော့ ကျမ ဆံပင်ကောက်ကောက်မှာ ပန်ရသည်။ ဆိတ်ဖလူးပန်းနံ့ သင်းသင်းလေးက တမ်းတလွမ်းဆွတ်ဖွယ်ရာ။ ကျမနှင့် မောင် ပိုင်ဆိုင်ဖူးသော အရာများသည် ကျမအတွက် မြတ်နိုးဖွယ်ရာများ ဖြစ်ပါသည်။ ထိုအရာများကို သတိရတိုင်း မောင့်အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးသွားတတ်သည်။

မောင့်ဘ၀၏ တ၀က်တပိုင်းသည် ကျမဖြစ်၍၊ ကျန်တပိုင်းသည် သားဖြစ်ပါသည်။ သားကို မမွေးခင်တည်းက မောင်သည် "သားလေးမွေးမှာကွ" ဟု ယတိပြတ်ပြောသည်။ ကျမ ကိုယ်ဝန်ဆောင်စဉ် မောင်နှင့် အလုပ်မလိုက်ရတော့ဘဲ အိမ်မှာ ကျန်ခဲ့ရသည်။ အလုပ်သွားခါနီးတိုင်း မောင်သည် ကျမ ဗိုက်ကို လက်ဖ၀ါးကြမ်းကြမ်းနှင့် ကပ်ပြီး သားကို နှုတ်ဆက်တတ်သည်။

"သားလေးရေ၊ ဖေကြီး အစာရှာထွက်လိုက်ဦးမယ်။ သားအတွက် ပိုပြီးရှာရမှာဆိုတော့၊ ဖေကြီး ပိုအလုပ်လုပ်ရမှာပေါ့။ သားကြီးလာရင် သားက ကိုယ့်ကိုယ်ကိုပဲ ချစ်မှာလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ချစ်မှာလား၊ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ဖေကြီး ပြောပြမှာပေါ့"

မောင့်စကား ဆုံးသည့်အချိန်မှာပဲ သားတံတောင်ဆစ်နုနုလေးက မောင့်ကို ထိလိုက်သည်။

"ကြည့်စမ်း။ စမ်း ကြည့်စမ်း ပန်း .. ။ ဒါ သားတံတောင်ဆစ်လေး မဟုတ်လား။ သားက အထဲကနေပြီး မောင့်ကို နှုတ်ဆက်လိုက်တာ"

ကျမ မပြုံးဘဲ မနေနိုင်တော့ပါ။

"ကလေးက သိလို့ ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့၊ လှည့်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ပါ။ လရင့်ရင် ဒီအတိုင်းပဲလို့ ပြောကြတယ်"

မောင်က သားကို ချစ်စိတ်ဖြင့် သူ့ကို နှုတ်ဆက်တာ၊ ထောက်ခံတာဟု ပြောသည်။ မောင်သည် အရာရာကို ရိုးရိုးရှင်းရှင်း တွေးတတ်သည်။ သားကိုမွေးတော့ မောင်ပျော်ရွှင်နေ၏။ သားဦးမွေးတာ သားဖြစ်သည်မို့ ဖခင်တယောက် ပျော်ရွှင်နေတာ အဆန်းမဟုတ်ပေမယ့် ကျမရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ မောင်သည် ကျမနှင့် သားအပေါ် ကျမတို့က ချစ်မြတ်နိုးသည်ထက်ပို၍ ချစ်မြတ်နိုးသူဖြစ်သည်။

"သားက မောင့်ရဲ့ အောက်ဆီဂျင်ပါ ပန်းရယ်"

မောင်အလုပ်မသွားခင် သားအနှီးတွေကို လျှော်သည်။ သွက်လက်တက်ကြွနေသည့် မောင့်ကို ကြည့်ပြီး ကျမပါ ပျော်ရသည်။

သား သုံးလေးနှစ်အရွယ်ထိ အိမ်သာတက်ရင် အိမ်သာရှေ့မှာ ထိုင်စောင့်တတ်သည့် မောင့်ကို ပိုတယ်ဟု အမြင်ကတ်မိသည်။ သားကတော့ မေးစေ့ကို လက်ဖနောင့်နှင့် ထောက်ပြီး ဆောင့်ကြောင့် ထိုင်ကာ အိမ်သာတက်ရင်း ဖအေကို စကားတွေ ပြောတတ်သည်။

"ဖေကြီး အလုပ်သွားလို့ သားက တာ့တာလို့ ပြောရင်၊ ငှက်လေးတွေကလည်း ကျိကျိလို့ လိုက်ပြောတယ်"

"ဒါပေါ့၊ သားကို သူတို့က ထောက်ခံတာ"

"ငှက်ကလေးတွေက အိမ်တွေအများကြီးနော် ဖေကြီး"

"သားတို့ကိုလည်း သဘာဝက ပေးတာပဲလား။ သဘာဝဆိုတာ ဘိုးဘိုးကြီးရဲ့ နာမည်လား။ ဘိုးဘိုးကြီး နာမည်လည်း မဟုတ်ပါဘူး။"

"သဘာဝအကြောင်းကို သားကြီးလာတော့ ဖေကြီး ရှင်းပြမှာပေါ့သားရဲ့"

"ခု ရှင်းပြ"

မောင့်အကျပ်အတည်းကို ကျမ ၀င်ရှင်းရသည်။

"ကဲ.. ကဲ.. သားကို မေကြီးမေးမယ်။ သား ဖေကြီးနဲ့ မေကြီးကို သား ဘယ်သူ့ကို ပိုချစ်သလဲ"

"အမှန်အတိုင်းပြောရင် သားကို မေကြီးရိုက်မှာပေါ့"

ထိုသို့သော သားနှင့် ကျမကို မောင် ထားရစ်ခဲ့သည်။ အေးချမ်းသာယာ၍ အပြစ်ကင်းစင်သော ကျွန်မတို့ မိသားစုဘ၀ထဲကို မမျှော်လင့်သောကာလတွင် မုန်တိုင်းထန်ခဲ့သည်။ မုန်တိုင်းအရှိန်နှင့် လွင့်ပါးသွားသော မောင်သည် တောင်တန်းနှင့် မြို့လေးကို ရောက်သွားသည်။ တောင်တန်းတွေနှင့် မြို့လေး၏ ရာသီက ဧည့်သည် မောင့်ကို ကောင်းကောင်းကြိုဆိုနိုင်မယ် မထင်ခဲ့။ "ပူစရာရှိရင် အရမ်းပူ၊ အေးစရာရှိရင် အရမ်းအေးသည့် ရာသီနှင့် မာယာကို ကာကွယ်နိုင်ဖို့ မောင် ဘယ်လောက်ကြိုးစားနေမလဲ" လို့ တွေးပြီး ကျမ စိတ်ပူရသည်။ သဘာဝတရားနှင့် ရင်ဆိုင်တိုက်နေရသည့် မောင့်နောက်ကို ကျမ လိုက်ခဲ့သည်။

မိုး ဘယ်အချိန်က တိတ်သွားသလဲ ကျမ မသိလိုက်။ ကျမ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့ သဲချောင်းမှာ ရေခန်းနေသည့် စပယ်ယာလေးက ကားဆရာကို "ကားသွားလို့ရပြီ" ဟု အတည်ပြုသည်။ မိုးရေထိတွေ့ထားသည့် သဲချောင်းကို ဖြတ်တော့ ခရီးသည်တွေက ရင်တမမ။ သဲချောင်းကို ကျော်တော့ အားလုံး ၀မ်းသာသွားကြသည်။ ရှေ့လမ်းခရီးအတွက် စိတ်ပူစရာ မလိုတော့။ အဆိုးဆုံးလမ်းကို ကျမတို့ ကျော်နိုင်ခဲ့ပြီ။ ကားဆရာက အမောပြေ သီချင်းဖွင့်လိုက်သည်။ ထွန်းအိန္ဒြာဗိုလ်၏ "ကိုယ်တို့ ဝေးနေ မိုင်ပေါင်းကုဋေ" သီချင်းသည် ခရီးသည်များကို အမောပြေစေသည်။ ကားပေါ်ပါ ခရီးသည်အားလုံးသည် ချစ်သူတွေနှင့် ခေတ္တခွဲနေရသူများဖြစ်ပါလိမ့်မည်။

ထွန်းအိန္ဒြာဗိုလ်က သီချင်းရာဇ၀င်ကို ရှင်းပြသည်။ ထိုသီချင်းကို မဆိုခင်က ထွန်းအိန္ဒြာဗိုလ်နှင့် သူ့ချစ်သူ ကိုအောင်မင်းထွန်းတို့ တယောက်တနေရာစီ။ "ဘယ်သူ့ဆီမှာနေမယ်လို့ ဆုံးဖြတ်လို့ မရသေးတဲ့အချိန်၊ ထွန်းအိန္ဒြာဗိုလ်က စိတ်ကောက်ပြီး ဖုန်းမဆက်ဘဲ နေသတဲ့။ "ကိုယ်တို့ဝေးနေ မိုင်းပေါင်းကုဋေ" သီချင်းကိုဆိုတော့မှာ ချစ်သူက နိုင်ငံရပ်ခြားကနေ မြန်မာပြည် အပြေးလာခဲ့တယ်" လို့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်ကို ရှင်းပြသည်။ ချစ်သူနှစ်ဦးကို ပေါင်းစပ်စေသည့် သီချင်းရေးဆရာက မျိုးကျော့မြိုင်။ ထွန်းအိန္ဒြာဗိုလ်၏ ရင်တွင်းခံစားချက်ကို ထွင်းဖောက်မြင်နိုင်သူ။

"ဒီကမ္ဘာကြီးရဲ့ အဆုံးကို … ကိုယ်သွားမယ် …

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း၊ အကြင်နာခွန်အားတွေ … တောင်စွယ်များ ၀န်းရံကာရံထား ..

ကိုယ်အတွေးနဲ့ ၀င်ရောက်ခဲ့မယ် … ကိုယ်မမောဘူး အချစ်ကလေးရယ် ... ကာရံနဲ့ သီချင်းလေးများစွာ သူ့အတွက်ဆိုညည်းကာ .. ကိုယ်လာခဲ့မယ် တို့မဝေးဘူး .."

သီချင်းသံစဉ်တွေနှင့်အတူ မောင်ရှိရာအရပ်သို့ ကျမ ရောက်ခဲ့သည်။ ထိုသီချင်းကို ကျမဆိုလို့ မောင်ပြန်လာနိုင်ရင် ကျမ အချိန်နှင့်အမျှ ဆိုလိုက်ချင်ပါသည်။


++++


ဝေးတော့ ပိုလို့လွမ်းရသည့် မောင်နှင့် ကျမ တွေ့ဆုံမှုကို ရာသီကလည်း ၀မ်းနည်းကြေကွဲခဲ့သည်။ မိုးကောင်းကင်၏ မျက်ရည်စက်တွေက မိုးရေတွေဖြစ်သွားပြီး ကြေကွဲလိုက်တာမှ တောင်တန်းတွေ ရွှဲရွှဲစိုသွားသည်။

တွေ့ဆုံချိန် စက္ကန့် ၁၂၀၀ မှာ မောင်က သားမွေးနေ့အတွက် သူစပ်သည့် ကဗျာကို နှုတ်တိုက်ရွတ်ပြခဲ့သည်။

ဒီဇင်ဘာ ၁၅

မေးမြမြချမ်းကမ္ဗလာမှာ

မွှေးလှလှပန်းသခင်မရယ်က

သင်းရနံ့နဲ့ အတူဆောင်ကျဉ်း

အောက်ဆီဂျင်လေညှင်းကို

ပိန်ချုံးနေတဲ့ ငါ့ဖားဖိုထဲ

ကြင်နာစွာနဲ့ သွန်းလောင်းစေခဲ့တယ်။

လတ်ဆတ်တဲ့လေနုအေးကြောင့်

ခန်းခြောက်စရေအလျင်

စမ်းချောင်းတွေကလည်း

စီးဆင်းနိုင်ခဲ့တယ်။

မဲမှောင်တိမ်လွာဖုံးနေတဲ့

တစုံသော ကြယ်အမွှာကလည်း

သဘာဝအလှတရားတွေကို ခံစားနိုင်ခဲ့ပြီ။

ငါ့ဦးခွံရိုးအောက်က

သံချေးတက်လုနီးဓားဟာလည်း

သံချေးကွာကျ

ရွှေရောင်မြခဲ့ပြီ …. ။ ။

မောင့်အသံလှိုင်းတွေက လောကမြေပြင်ကို တိုက်ခိုက်လို့ ကောင်းကင်ပြာပြာပေါ်က တိမ်တွေ၊ တောင်တန်းတွေ၊ ကျေးငှက်ကလေးတွေက ၀ိုင်းဝန်းထောက်ခံအားပေးလို့ တေးသီနေကြသည်။

တစစီပြန့်ကျဲနေသည့် ကျမတို့ဘ၀၊ ကျမတို့ သောကအလွမ်းတွေကို ချိုးငှက်ကလေးတွေက နှုတ်သီးလေးတွေနဲ့ ကောက်ပြီး၊ အချစ်နှင့် သီကုံးလိုက်သည့် အလွမ်းသံစဉ်တွေက ကမ္ဘာမြေတခွင်လုံးကို ပြန့်နှံ့စီးဝင်သွားတော့သည်။


နှင်းပန်းအိမ်

(အယ်ဒီတာ။ ။ စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာသူဖြစ်ပြီး ယခု ၀တ္တုတိုကို စစ်အစိုးရ၏ စာပေစိစစ်ရေးဌာနက ဖြန့်ဝေထုတ်လုပ်ခွင့် ပိတ်ပင်ထားခဲ့သည်။)

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

Wednesday, 26 November 2008 15:58 အေးချမ်းမြေ့
စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။လူရွှင်တော် ကိုဇာဂနာ
နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။

အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။ ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။

မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။

သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။ အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။

ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။

“ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး” ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။

ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။

ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက “ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်” ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။

ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။

လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက “ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ” ဟု ပြောသည်။

ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

“နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ” ဟု ကိုအောင်သူငြိမ်းက ဆိုသည်။

ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။

ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။

“အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ” ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။

ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။

ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။

မြန်မာစကားတွင်လည်း “ကြောက်မွေးပါဇာဂနာနဲ့နုတ်” ဟူ၍ ရှိထားသည် မဟုတ်ပါလား။

၆၅ နှစ် မဟုတ်ဘူး

မိုးမိုး (လူ့ဘောင်သစ်)

နိုဝင်ဘာ ၂၄၊ ၂၀၀၈

၁၉၈၈ ခုနှစ်က စတင်သန္ဓေတည်မွေးဖွားလာတဲ့ ‘မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး’ ဆိုတဲ့ အမြုတေ တခုဟာ ကျမ အသက်ရှင်ရပ်တည်နေသမျှ ဘယ်သောအခါမှ ဖောက်ပြန်သွားမယ့် သွေဖယ်သွားမယ့် အကြောင်းတရား မဟုတ်ပါဘူး။ ကျမ စွမ်းအားရှိသမျှ ကျမ လုပ်နိုင်သမျှ ‘ဒီမိုကရေစီရသည်အထိ’ စစ်အုပ်စုကို တော်လှန်နေမှာပါပဲ။

ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ချစ်တဲ့ ညီအကိုမောင်နှမနဲ့ နိုင်ငံရေးရဲဘော်တွေဟာ ထောင်ဒဏ် အသီးသီး စီးပွားဒုက္ခအသီးသီးတွေကို ကြံကြံခံရင်း အသက်ပေးခဲ့သူတွေ စစ်အာဏာရှင်ရဲ့ လက်နက်အောက်မှာ သွေးမြေကျခဲ့တဲ့ ရဟန်း သံဃာ ကျောင်းသား ပြည်သူတွေနဲ့ အသက်ပေးဖို့အဆင်သင့်ရှိနေတဲ့သူတွေဟာ ကျမ ရဲ့မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့ကြုံရင်ဆိုင်ခံစားနေရတဲ့ အဖြစ်အပျက်တွေပါပဲ။

ဘယ်လိုပြစ်ဒဏ်မျိုးတွေပဲ ခံရပါစေ။ ငါတို့ယုံကြည်ချက်မပြောင်းလဲဘူးဆိုတဲ့ သူတို့ရဲ့ခိုင်မာတဲ့ စိတ်ဓာတ်၊ မြင့်မြတ်တဲ့ စိတ်ဓာတ် ခံယူချက်တွေနဲ့ လူယုတ်မာစစ်အုပ်စုတစုရဲ့အောက်မှာ အပြုံးမပျက်တိုက်ပွဲဝင်နေတာဟာ ကျမအတွက် လေးစားဂုဏ်ယူရသော တန်ဖိုးမဖြတ်နိုင်တဲ့ ညီအကိုမောင်နှမတွေပါပဲ။ အကြောင်းကြောင်းကြောင့် တယောက်တနေရာစီ ဝေးကွာနေရပါသော်လည်း မမျှော်လင့်သောအကြောင်းတွေနဲ့ တိုက်ဆိုင်မှုတွေကြောင့် မမျှော်လင့်တဲ့နေရာ မမျှော်လင့်တဲ့အချိန်မှာ သူတို့နဲ့ပတ်သက်သော ညီအကိုမောင်နှမတွေနဲ့ တွေ့ရဆုံရတဲ့အခါမှာ တော့ မှန်ကန်တဲ့တရား၊ မှန်ကန်တဲ့လုပ်ရပ်နဲ့ ယုံကြည်ချက်တူညီသူတွေ တချိန်မှာ ပြန်စုစည်းပြီး ‘အား’ ဖြစ်မယ် ဆိုတာ ကျမ အလေးအနက် ယုံကြည်မိပါတယ်။

ဘယ်လိုပဲဝေးနေသော်လည်း တတ်နိုင်သလောက် ရဲဘော်အကိုတွေနဲ့တွေ့ဖို့ ကျမ ကြိုးစားခဲ့ပါတယ်။ ကျမတို့ဆုံတွေ့ရတဲ့အခါတိုင်း အကိုတွေရဲ့ယုံကြည်ချက် ရည်ရွယ်ချက်တွေကို နားထောင်ရတာ ကျမအတွက် ဘာနဲ့မှမလဲနိုင်တဲ့ အရာတခုပါ။

ကွမ်းတမြုံ့မြုံ့နဲ့ “ညီမလေး မိုးမိုး ရေ” အကိုတို့ကလေဆိုပြီး ပြုံးပြုံးလေးနဲ့ ဟာသတွေနှောပြီး ဒဿနတွေ ခံယူချက်တွေ ဘဝရဲ့ဒဏ်တွေကို အပြုံးမပျက် ပြောပြတတ်တဲ့ ကိုမင်းဇေယျာရဲ့ နူးညံ့မှုတွေ သူတို့ရဲ့ခံစားမှုတွေ ကို မျှဝေ ခံစားရင်း အမြဲလေးစားခဲ့ရပါတယ်။ ဒီအဖြစ်တွေဟာ ကျမမျက်စိထဲက မထွက်နိုင်တဲ့ အမှတ်တရ ပုံရိပ်တွေပါပဲ။

ကိုဂျင်မီနဲ့ကျမက အသက်က မတိမ်းမယိမ်း … ၁၉၈၈၊ ၈၉ လူ့ဘောင်သစ်မှာတွေ့ကြတော့ သူက ပိန်ပိန်ပါးပါးနဲ့ ခပ်ဆတ်ဆတ်စကားပြောတတ်ပြီး ယုံကြည်ချက်တခုကို ခိုင်မာစွာဆုပ်ကိုင်ထားတဲ့ လူငယ်တယောက်အဖြစ် အမှတ်ရနေခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကိုဂျင်မီရဲ့ပုံရိပ်လွှာကိုပြန်တွေ့ရတော့ ကျမကိုယ်တိုင်မငယ်တော့ပါလား ဆိုတဲ့အသိ၊ ရင်ကျက်တည်ငြိမ်ပြီး ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို ပြောင်းလဲသွားတဲ့ လူလတ်ပိုင်း ကိုဂျင်မီအဖြစ် မြင်တွေ့ရတော့ ‘ငယ်ရွယ်တက်ကြွတဲ့ ဘဝတခုလုံး’ ပေးဆပ်ခဲ့တဲ့ ရဲဘော်တယောက်အဖြစ် ကျမ ဝမ်းနည်းဝမ်း သာခံစားရင်း (ငါတို့ရဲ့ငယ်ဘဝတွေကို ဖျက်စီးတဲ့ စစ်အစိုးရ ဆိုတဲ့ ဒေါသ) ကိုပါ ရောပြွန်းခံစားရင်း လေးစားဂုဏ်ယူပါတယ် ကိုဂျင်မီ။

ထိုအတူပဲ ၁၉၉၆၊ ၁၉၉၆ ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်မှာ မဟာသိပ္ပံတက်ရင်း ရုန်းကန်လှုပ်ရှားနေတဲ့ ကျမ ဘဝမှာ ယုံကြည်ချက်တူတဲ့ ကျမတို့အုပ်စုတွေဟာ အချိန်ရရင်ရသလို တွေ့ဖြစ်ကြပါတယ်။ လှည်းတန်း လက်ဖက်ရည်ဆိုင်၊ ကြည့်မြင့်တိုင်ကမ်းနားဈေးနားက လက်ဖက်ရည်ဆိုင်နဲ့ အများဆုံးထိုင်ဖြစ်တာကတော့ ကိုတိတ် (ကိုတိတ်နိုင်၊ အေအေပီပီ) နဲ့ သူငယ်ချင်းတစု ဖွင့်ထားတဲ့ Pepsi ဆိုင်လေးမှာပဲ။ ပြောကြဆိုကြ ငြင်းကြခုံကြနဲ့။

အမှတ်ရနေတာကတော့ အသက် ၂၀ ၀န်းကျင် သွယ်လျလျ ခန္ဓာကိုယ်နဲ့ ချစ်စရာကောင်းတဲ့ ညီမငယ် နီလာသိန်းကို အမှတ်ရနေပြီး ၁၉၉၆ မှာ ရဲဝံ့စွာ စစ်အာဏာရှင်ကို အန်တုရင်း စစ်အာဏာရှင်တွေရဲ့ မတရား ထောင်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၀၆ မှာပဲ ညီမငယ် နီလာသိန်းကို တွေ့ရချိန်မှာတော့ လူလတ်ပိုင်း အမျိုးသမီး အသွင်ကို ပြောင်းသွားခဲ့ပေမယ့် သူမရဲ့ချစ်စရာ လေးစားစရာကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်ကတော့ ပြောင်းလဲ မသွားခဲ့ပါဘူး။ ကျမပြောခဲ့တဲ့အတိုင်း မမျှော်လင့်တဲ့နေရာတခုမှာပဲ နီလာသိန်းရဲ့အကိုဝမ်းကွဲတွေ၊ ကိုဂျင်မီရဲ့ ညီမဝမ်းကွဲတွေဟာ ကျမနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာပြန်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ ဂုဏ်သတင်းတွေ ဘဝခံစားမှုတွေကို ပြောဖြစ်ခဲ့ကြပြန်တယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းချုံး ကျင်းပဖြစ်ခဲ့တဲ့ ကျမရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို နှစ်ဖက်မိဘဆွေမျိုး အနည်းငယ် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစုနဲ့ ကိုမင်းဇေယျဦးဆောင်တဲ့ ကျမ ခင်မင်လေးစားရ တဲ့ ရဲဘော် အကို တစုကို လက်လှမ်းမီသလောက် ဖိတ်ဖြစ်ခဲ့ပါတယ်။

မပျက်မကွက်တက်ရောက်လာတဲ့ ကိုမင်းဇေယျာနဲ့ အုပ်စုဟာ ကျမရဲ့ ဖခင်နဲ့လည်း ရင်းနှီးခင်မင်နေတဲ့အတွက် သူတို့ရဲ့စားပွဲဝိုင်းဟာ သူတို့ယုံကြည်တဲ့ စကားလုံးတွေနဲ့ စည်ပင်နေတာကို မြင်ရတဲ့အခါ ကျမနဲ့ ကျမ အမျိုးသားဟာ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်။

အဲဒီအချိန်မှာပဲ ကိုမင်းဇေယျာက ဦးဆောင်ပြီး ကျမကို သွေးသားရင်းချာ အကိုကြီးများကဲ့သို့ စကားလက်ဆောင်တခု ပေးခဲ့ပါတယ်။ “ငါ့ညီမ မိုးမိုး မျက်ရည်ကျရင် ငါတို့တွေရဲ့လက်သီးတွေဟာ ခင်ဗျားဆီကို ရောက်လာမယ်” တဲ့ …

အမြဲပြုံးပြီး ကွမ်းတမြုံမြုံနဲ့နေတတ်သူဟာ အမှန်တရားအတွက် မတရားမှုအတွက်ဆို ငါတို့ဟာ အမြဲရပ်တည်မယ် ဘယ်တော့မှ မခံဘူးဆိုတာ ပြုံးပြုံးလေးနဲ့ ပြောခဲ့တာဟာ ကျမတို့ ၂ ယောက်အတွက် ထာဝရ အမှတ်တရ မင်္ဂလာလက်ဖွဲ့အဖြစ် သတိရရင်း အမြဲပြန်ပြောဖြစ်ခဲ့ကြပါတယ်။

အခု ညီမ မျက်ရည်တွေကျနေရပါတယ် ကိုမင်းဇေယျ။ အဲဒီမျက်ရည်ဟာ လူယုတ်မာတစုရဲ့ မတရားနှိပ်စက် အငြိုးကြောင့် ဒေါသနဲ့ကျတဲ့မျက်ရည်၊ အားလုံးအတွက် ဂုဏ်ယူတဲ့မျက်ရည်ပါ။

မှန်ကန်တဲ့ ယုံကြည်ချက်တခုကို မယိမ်းမယိုင် ခိုင်မာစွာ ဆုပ်ကိုင်ထားတဲ့ လူတစု၊ ရောင့်ရဲတင်းတိမ်မှုကို အခြေခံပြီး တက်ကြွ နုပျိုလန်းဆန်းသော လူငယ်လူလတ်ဘဝတခုလုံးကို ရဲဝံ့စွာ အမှန်တရားအတွက် ပေးဆပ် နေသော လူတစု၊ မိဘညီအကိုမောင်နှမတွေနဲ့ ရှင်ကွဲကွဲစွာ မတရားနှိပ်စက်ခံနေရသော ကျမ ခင်မင်လေးစားရ ပါသော ရဲဘော်တစု။

မတရားမှု အဓမ္မနှိပ်စက် လက်နက်အားကိုးနဲ့ အနိုင်ယူနေတဲ့ လူမသမာတစုဟာ တရားဥပဒေမဲ့စွာ အရှက်ကင်း စွာနဲ့ လက်နက်မဲ့ ကျောင်းသား လူငယ်တစုကို အငြိုးကြီးစွာ ယုတ်မာပက်စက်တဲ့ ဉာဏ်အပြည့်နဲ့ နှစ်ရှည်ထောင် ဒဏ်ချတာဟာ ပြေးစရာမြေမရှိ ဂုဏ်သိက္ခာမဲ့ ရပ်တည်နေတဲ့ မသမာလူတစုဟာ ရှက်ရမ်း ရမ်းကားတဲ့ လုပ်ရပ်တခုဆိုတာ မြန်မာလူမျိုးများသာမက ကမ္ဘာကပါ ကဲ့ရဲ့ပြစ်တင်ရှုတ်ချနေကြတယ်ဆိုတာ အများပြည်သူ သိပြီးဖြစ်တယ်။



၆၅ နှစ်မဟုတ်ပါဘူး။ နှစ်ပေါင်း ၆၅၀၀ ဖြစ်နေပါစေ။ ငါတို့မကြောက်ဘူး။ ကျမချစ်တဲ့ ရဲဘော် အကို ညီမတွေနဲ့အတူ ကျမရဲ့စိတ်တွေဟာလည်း အကျဉ်းကျခံပြီး မခွဲတမ်း ရှိနေစေရပါမယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကျမ ဉာဏ်အား ကိုယ်စွမ်းအားရှိသမျှ အရေးတော်ပုံပြီးသည်အထိ လက်ဆင့်ကမ်း သယ်ဆောင်မယ်လို့ ကတိပြုရင်း …

“လေးစားပါတယ်၊ ဒို့ … ကျောင်းသား လူငယ်” ။ ။

မြန်မာပြည်မှ ရဲဝန်ထမ်းများမပါပါ။

ယောက်ျားကြီးတစ်ယောက် လမ်းလျှောက်လာသည်။
လမ်းကိုဖြတ်ကူးသည်။လမ်းလယ်ခေါင်တွင် 'ချယ်ကိုရီဂျစ်ကားတစ်စီး တံခါးများ
ပွင့်လျှက်ရပ်ထားသည်ကို တွေ့ရသည်။ ကားအနားတွင် အတိုက်ခံရသော
လမ်းဖြတ်ကူးသူ၏ အလောင်းရှိနေသည်။ မနီးမဝေးတွင်ရဲကားနှင့်
ရဲတစ်ဦးရပ်နေသည်။ ဗိုလ်မှူးအဆင့်ရှိသူက ယောက်ျားကြီးကို
လက်ယက်လှမ်းခေါ်လိုက်ပြီး ပြောသည်။
"ကျွန်တော့်နာမည် ဗိုလ်မှူးဒိုကိုနားယက်ပါ။
မိတ်ဆွေရဲ့မှတ်ပုံတင်ကတ်ပြားကိုကြည့်ပါရစေ။"
ယောက်ျားကြီး အိတ်ထဲက မှတ်ပုံတင်ကတ်ပြားကိုထုတ်ပြသည်။
"ဟုတ်ပြီး မစ္စတာအီဗန်နော့၊ စစ်ချက်ယူဖို့ အတွက်မေးတာကိုဖြေပါ။
ရဲကြပ်ပီထရော့ကရေးပါလိမ့်မယ်၊ လမ်းဖြတ်ကူးသူကို ခင်ဗျား ဘာဖြစ်လို့ 
ကားနဲ့တိုက်ရတာလဲ"
"ကျွန်တော်ဘယ်သူ့ကိုမှမတိုက်ဘူး၊ ဒါကျွန်တော့်ကား မဟုတ်ဘူး။"


"ပီထရော့ ရေးစမ်း၊ အပြစ်ကိုဝန်မခံ၊ ကားကခိုးလာတဲ့ကားလို့ "
"မဟုတ်တာပဲ ကျွန်တော်ကားမမောင်းတတ်ဘူး၊ ကားလိုင်စင်လဲမရှိဘူး"
" ပီထရော့ဆက်ရေး၊ ကားမမောင်းတတ်ဘဲ၊ ကားမောင်းလိုင်စင်မရှိဘဲ၊
မောင်းလာတယ်လို့ ရေး၊ ဒါနဲ့ ခင်ဗျားပါးစပ်က အရက်နံ့ရသလိုဘဲ"
"မဖြစ်နိုင်တာ မပြောစမ်းပါနဲ့ဗျာ၊ ကျုပ်ဘီယာပဲသောက်လာတာ"
"ပီထရော့ဆက်ရေး၊ အရက်မူးပြီး ကားမောင်းလာတယ်လို့"
"ဘာလဲ ခင်ဗျားတို့နှစ်ယောက် ခေါင်းမှကောင်းကြရဲ့လား၊ ကျွန်တော့မှာ
အလီဘိုင်ရှိတယ်ဗျ၊ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကျွန်တော်မယားငယ်ဆီ
ရောက်နေတယ်ဗျ"
"ပီထရော့ဆက်ရေး၊လင်ရှိမိန်းမကို မတရားကျင့်ခဲ့ကြောင်း ၀န်ခံတယ်လို့ ။"
"ဟေ့လူတွေ၊ခင်ဗျားတို့လိုအရူးတွေနဲ့ ကျုပ်ဘာမှစကားဆက်ပြောစရာမရှိဘူး။
ဒါပဲ၊ သွားမယ်။"
ယောက်ျားကြီး လှည့်ထွက်ချိန်မရလိုက်ချေ။
နံပါတ်တုတ်နှင့်အရိုက်ခံလိုက်ရသဖြင့် နေရာတွင်ပင် ခွေခွေလေးလဲကျသွားသည်။
ရဲမှူးက ဌင်းကို လက်ထိတ်ခပ်လိုက်ပြီးရဲကြပ်ကိုပြောသည်။

"ဆုံးအောင်ဆက်ရေးစမ်း ပီထရော့။ အသာတကြည်အဖမ်းမခံပဲ ပြန်လည်ရန်မူသဖြင့်
အင်အားသုံးဖမ်းဆီးခဲ့ရသည်လို့။
အေး. . . . ဒါနဲ့ဒီနေ့ ပဲ မင်းရဲချုပ်ကိုသွားပြီး ရုံးအဖွဲ့ဆီမှာ
နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းမိကြောင်း မှတ်တမ်းတင်စာရင်း သွင်းလိုက်၊
ကြားလား၊ အခု ရာဇ၀တ်မှုကြီးတွေကို တစ်ခုမှ ရဲကမဖေါ်ထုတ်နိုင်ဘူးလို့
ပြောရဲတဲ့ အကောင်ပြောကြည့်စမ်းပစေ၊ ဟင်း"

မြန်မာပြည်မှ ရဲဝန်ထမ်းများမပါပါ။ ဟုတ်ပါသည်..........မြန်မာပြည်မှ
ရဲတွေသည် ယခုလိုစစ်ချက်မယူ တစ်ခါတည်းတန်းပြီးဖမ်းခြင်းဖြစ်ပါသည်။

MRTV

နိုင်ငံတကာသတင်းဆိုသည်မှာ China Central Television (CCTV) ကိုဆိုလိုခြင်းဖြစ်သည်။
အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး၊ မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲရသည်။
သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ် မြောက်ခြစ်လုပ်နေရန်)
နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ဆိုလိုခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက် မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူများသာဖြစ်ကြသည်။
ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် "အဝါရောင်ဝမ်းဆက်" သို့မဟုတ် "အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။
စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံ အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။
နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည် သတင်းထူးဖြစ်သည်။
ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟု မှာကြားရသည် ဟူ၏။
အမြဲကြားရလေ့ရှိသည့်စကားလုံးများ "ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
အမြဲ မကြားရ သောစကားလုံးများ" စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"
မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)

Tuesday, November 25, 2008

ဘင်္ဂလားဒေ့ရှ် အင်တာနက်သတင်းစာမျက်နှာ အတိုက်ခိုက်ခံရခြင်း။

http://www.somriddhabangladesh.org/


ဘီဖိုး


အာဖတာ



ဘယ်သူမပြု မိမိမှုပေါ့ကွယ်


ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ

Tuesday, 25 November 2008 17:07 အောင်ဇော်
တိုင်းပြည် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ချုပ်ကိုင်ထားသဖြင့် မြန်မာပြည်ကြီးမှာ အကျဉ်းစခန်း သဖွယ် ပြောင်းလဲ ခဲ့ရသည်။ နောက်ဆုံး စစ်တပ်မှ တက်လမ်းရှိသည့် အရာရှိငယ်များ အပါအ၀င် တျပ်မတော် သားများသည်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမရှိမှ တိုင်းပြည်အခြေအနေ ယခုထက်ပိုမို ကောင်းလာမည်ကို သိနေကြပြီ ဖြစ်သည်။ တိုင်းပြည်ပျက်စီး ယိုယွင်းနေသည်ကို ထိုင်ကြည့်ရင်း တိုး၍ ဖြစ်ပေါ်လာနေကြသည့် မကျေနပ်မှုများကို အခြေခံ၍ သူတို့ တခုခုလှုပ်ရှား လာကြမည်လော။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအတွင်းမှ ခေါင်းမာဂိုဏ်းသားများကို အာဏာမှ ဖယ်ရှားဖြုတ်ချလိုက်ခြင်းသည်သာ ယခုတွေ့ကြုံ ခံစားနေရသော ဒုက္ခအကြပ်အတည်းများ အဆုံးသတ်သွားနိုင်သည့် တခုတည်းသော နည်းဖြစ်ကြောင်း တပ်မတော်သားများ၊ စစ်တပ်အရာရှိများက သိနေကြသည်။ ဤအချက်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ယခုစစ်အစိုးရလက်ထက်တွင် တပ်မတော်သားများ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာခဲ့ပြီး စစ်တပ်အတွင်း၌ပင် လူတန်းစား ကွာဟလာသည်ကို မြင်နေကြရသည်။ သာမာန်ရဲဘော်များမှာ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရသည့် အချိန်တွင် လာဘ်စား ဖောက်ပြန်နေကြသည့် ဗိုလ်ချုပ်များက မတန်မရာ ချမ်းသာနေကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏သစ္စာခံများကို စစ်တပ်၏ အစိတ်အပိုင်းတခုက ဖြုတ်ချအာဏာသိမ်းရန် ကြံစည်နေသည် ဟု ဆိုလျှင်လည်း လုံးဝဖြစ်နိုင်ခြေ ရှိပါသည်။ ထိုသူတို့မှာ မည်သူဟု အတိအကျ မသိနိုင်သကဲ့သို့ မည်သည့်အချိန်တွင် ထကြွကြမည်ကိုလည်း အတတ်မပြောနိုင်ပါ။ သို့သော် သေချာနေသည်ကတော့ ထိုသူများကသာ သူတို့၏ ခေါင်းဆောင် ကြီးကို ပြန်လှန်ကြပြီဆိုလျှင် သူတို့နှင့်အတူ စစ်တပ်အတွင်းမှပင် အများအပြား ပူးပေါင်းလာကြလိမ့်မည် ဖြစ်သည်။

အကယ်၍ သတ္တိကောင်းသည့် အရာရှိငယ်တချို့က ဤသို့သောအရေးကိစ္စများကို သူတို့လက်နှင့် ဖြေရှင်းရန် ကြိုးပမ်း ခဲ့သည် ဆိုလျှင်လည်း ဤအဖြစ်မျိုးက မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။

၁၉၇၆ ခုနှစ်တုန်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင်အောက်တွင် အရာရှိအဖြစ်တာဝန်ထမ်းနေသည့် ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်း၊ ဦးစန်းယု အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြဖူးသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ ကာကွယ်ရေးတက္ကသိုလ် (DSA) မှ ဆင်းလာသူ တခြားစစ်ဗိုလ် အရာရှိငယ်များက စစ်ရုံး ချုပ်တွင် လျှို့ဝှက်အစည်းအဝေးထိုင်၍ မြန်မာနိုင်ငံကို စစ်ဖိနပ်အောက် ပထမဦးဆုံး သွတ်သွင်းခဲ့သည့် အာဏာရှင် ဦးနေ၀င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြသည်။

ထိုအကြံအစည်ကို ထောက်လှမ်းရေးများက နောက်ဆုံးဖော်ထုတ်နိုင်ခဲ့ပြီး မည်သူက ဦးဆောင်လှုပ်ရှားနေသည်ကို လိုက် လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေခင်းတွင် ဗိုလ်ကြီးအုန်းကျော်မြင့်က ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ခိုလှုံခွင့်တောင်းခံရန် ဆုံး ဖြတ်ခဲ့သည်။ သူက သံအမတ်ကြီးနေအိမ်ရှေ့မှောက်ရောက်၍ မအောင်မြင်ခဲ့သော အာဏာသိမ်းအကြံအစည်ကို ရှင်းပြကာ ခိုလှုံခွင့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံး ထောက်လှမ်းရေးများက သူ့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် တချို့သော စစ်တပ်အရာရှိများကို ခုံရုံးတင်စစ်ဆေးစဉ် ကာလတွင် ထိုသူတို့မှာ ချက်ချင်း ဆိုသလို နေ့ချင်းညချင်း သူရဲကောင်းများ ဖြစ်လာကြပါသည်။ အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆ၍ စစ်မေးခံရသူ စစ်သားများနှင့် အရာရှိများက ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် သူ၏အုပ်စုကို မည်မျှ ကြည်ညိုလေးစားကြောင်း ပြောဆို ခဲ့ကြသည်။ အင်းစိန်တွင် စစ်ဆေးခဲ့သည့် လူအများကြားနာနိုင်သောခုံရုံး၌ တက်ရောက် နားထောင်ခဲ့ရသူများက သူပုန်အရာရှိငယ်များကို လေးစားကြောင်း ဖော်ပြပြောဆိုခဲ့ကြပါသည်။

စွပ်စွဲခံထားရသူ တပ်မတော်အရာရှိများက တရားခွင်စင်မြင့်ကိုသုံး၍ ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ခြစားနေသည့် အရာရှိများကို ပြစ်တင်ရှုံ့ချကြပြီး စစ်အစိုးရ၏ မူဝါဒများကို ဝေဖန် ခဲ့ကြသည်။ ဤမူဝါဒများကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခဲ့ရသည်ဟုလည်း ပြောဆိုခဲ့ကြသေးသည်။

သူတို့၏ သက်သေထွက်ဆိုချက်များက ရှေ့ဖြစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သည့် အလား မှန်ခဲ့ပါသည်။ နောက်ထပ် ဆယ်စုနှစ် တခုအကြာတွင် ပျက်စီးယိုယွင်းနေသည့် စီးပွားရေးအခြေအနေကြောင့် လူမှုရေးမငြိမ်မသက်မှုများ ဖြစ်လာခဲ့ရ ပြီး နောက်ဆုံး ဦးနေ၀င်း နှုတ်ထွက်ရသည်အထိ ဖြစ်စေခဲ့သည်။ (သို့သော်လည်း ကမောက်ကမနိုင်လှသည့် လွဲချော် မှုတခုမှာ ဦးနေ၀င်း၏ စီးပွားရေးမူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့သူ သူပုန်အရာရှိ ဗိုလ်ကြီးသိန်းဝင်းက ယခုလက်ရှိ စစ်ခေါင်းဆောင်များနှင့် နီးနီးစပ်စပ်ပေါင်း၍ သန်းကြွယ်သူဌေး ဖြစ်နေသည့်အချက်ပင် ဖြစ်သည်)

အရာရှိငယ် မြောက်များစွာကို ထောင်ချခြင်း၊ အရေးယူခြင်း၊ အတင်းအကျပ်နုတ်ထွက်စေခြင်းများ ပြုခဲ့သည့်ပြင် စစ်ရုံးချုပ် မှ အရာရှိငယ် ရာပေါင်းများစွာကို သူတို့၏တာဝန်များမှ ထုတ်ပယ်ခဲ့ပြီး အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်သည်ဟု ယူဆရသည့် တိုင်းမှူးများကိုလည်း အတင်းအကျပ် နုတ်ထွက်စေခဲ့သည်။ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒုတိယဥက္ကဋ္ဌဖြစ်နေသူ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးမှာလည်း ဤကိစ္စဖြင့် ထောင် သွင်းအကျဉ်းချခံရသည့် အရာရှိများတွင် တဦးအပါအ၀င် ဖြစ်သည်။ ၎င်းမှာ အာဏာသိမ်းရန် ကြံစည်သည်ကိုသိလျှက်နှင့် ထိမ်ချန်ထားမှုဖြင့် အရေးယူအပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က ဗိုလ်မှူးကြီးအဆင့်သာရှိသေးပြီး ဦးနေ၀င်းကို သစ္စာစောင့်သိနေသည့် ဗိုလ်သန်းရွှေက ဤဖြုတ်ထုတ်ရှင်းပွဲမှ ကံသီကာ လွတ်မြောက်ခွင့် ရခဲ့သည်။

ဗိုလ်ကြီးအုန်းကျော်မြင့်က အာဏာသိမ်းမှုတွင် သူတာဝန်ယူခဲ့သည့် အပိုင်းကဏ္ဍကြောင့် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။ သို့ သော်လည်း သူ၏အမည်ကို မြန်မာပြည်သူများက မေ့မသွားခဲ့ကြပါ။ အာဏာကို ချုပ်ကိုင်ထားပြီး တိုင်းပြည်ကို ဇီဝိန်ချုပ် အောင် တဖြည်းဖြည်းချင်းသတ်နေသူကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည့် သူ၏ သူရဲကောင်းဆန်လှသော လုပ်ရပ်ကို လူအများက ယခုတိုင် လက်ခုပ်တီးအားပေးလျက် ရှိသည်။

ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းမှု မည်သည့်အတွက်ကြောင့် မအောင်မြင်ဖြစ်ခဲ့ရလေသနည်း။ အာဏာသိမ်းပြီးလျှင် ခေါင်းဆောင်တင်ရန် ကြံထားသည့်သူများက သူတို့အကြံကို ဆိုင်းငံ့ထားရန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သောကြောင့်ဟု လူတချို့က ပြစ်တင်ကြသည်။

တကြိမ်တွင် သူတို့၏ စစ်တပ်ဂျစ်ကားကို ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းဆောင်များ နေထိုင်ရာ အေဒီလမ်းထဲအထိ မောင်းဝင်လာပြီး သူတို့အကြံကို အကောင်အထည် ဖော်လုဆဲဆဲတွင်မှ ပြန်၍ လက်လျှော့ ရုပ်သိမ်းသွားခဲ့သည်။ ထိုစဉ်က သူတို့၏ ကားမှန်ပေါ်သို့ ငှက်သေတကောင် ပြုတ်ကျလာသည့် အတွက် ကံမကောင်းဟု ယူဆကာ နောက်ဆုံးမိနစ်တွင်မှ အစီအစဉ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့သော အရာရှိငယ်များ စစ်တပ်ထဲတွင် မရှားကြောင်း ပြောဆိုနေကြပါသည်။ မြန်မာပြည်သူများကလည်း “သူတို့ဘယ်နေရာမှာ ရှိနေကြပါလိမ့်” ဟု မေးကောင်းမေးနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အတိတ်အတွေ့အကြုံ သင်ခန်းစာများအရ ပို၍ သတိကြီးကြီးထားနေကြခြင်းဖြစ်ပေလိမ့်မည်။ (သို့သော်လည်း ဗိုလ်ကြီးအုန်းကျော်မြင့်၏ အတွေ့အကြုံအရ သတိကြီးကြီး အထားလွန်နေခြင်းက မကောင်းကြောင်း ပြသထားပြီး ဖြစ်သည်။)

မျှမျှတတဆိုရလျှင် စစ်တပ်အတွင်း၌ သဘောထားပျော့ပြောင်းမှုကို မည်သူမဆို လိုလားနိုင်သည်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမှ၊ ဒီမိုကရေစီ အရေးကိုထောက်ခံသည့် သဘောထားရှိမှရယ်လို့ မဟုတ်ပါ။ ထိုသူတို့က တိုင်းပြည်အာဏာကို လိုချင်၍ ကြိုးပမ်းကြခြင်း မဟုတ်ဘဲ ကျဆင်းနေသည့် တပ်မတော်ဂုဏ်သိက္ခာကို ဆယ်ရန် သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

တချိန်က မြန်မာလူမျိုးများက ပြည်ပရန်မှ ကာကွယ်ပေးနိုင်ရေးအတွက် တပ်မတော်ကို အားကိုးခဲ့ကြပါသည်။ ဥပမာအား ဖြင့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ အာဏာရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျူးကျော်လာကြသည့် ကူမင်တန်တပ် ဖွဲ့များ ရန်မှ ကာကွယ်ပေးရေးအတွက် အားကိုးခဲ့ကြပြီး ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိပြီး မကြာမီဖြစ်ပွားလာခဲ့သည့် ရောင်စုံ သူပုန်ထမှုတွင်လည်း စစ်တပ်၏ ကာကွယ်ပေးမှုကို လူအများက မျှော်လင့်ခဲ့ကြပါသည်။

ယခုအခါ မြန်မာ့တပ်မတော်ကို သာမာန်ပြည်သူများက ရွံ့ကြောက်ကြောက်နေကြရသည်။ လက်ရှိ ဤသို့ဖြစ်နေရသည့် အခြေအနေကို တိုင်းပြည်တာဝန်ထမ်းနေကြသည်ဟု ယုံကြည်ထားကြသည့် တပ်မတော်အရာရှိ အများအပြားက စိတ်အနှောင့်အယှက် ဖြစ်နေကြရပါသည်။

စစ်တပ်အတွင်းတွင် အမှန်တကယ် မျိုးချစ်စိတ်ရှိသည့် တပ်မတော်အရာရှိများ ရှိနေကြကြောင်းကို မြန်မာ ပြည်သူ အများက သိထားကြပါသည်။ ထိုမျှမက သူတို့အထဲက တဦးတလေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာစက်ကို ရိုက်ချိုး နိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြပါသည်။

အာဏာပြန်သိမ်းမည့်ကိစ္စကို စိတ်ကူးယဉ်မှုတရပ်ဟု ယူဆနိုင်စရာ ရှိသော်လည်း ပြည်သူများအနေနှင့် တပ်မတော်ထဲတွင် အမှန်တကယ် ရဲစွမ်းသတ္တိနှင့် တည်ကြည်မှုရှိသည့် အရာရှိများ ကျန်ရှိနေသေးကြောင်း အမှန်တကယ် ယုံကြည်ချင်နေ ကြပါသေးသည်။

အောင်ဇော်ရေးသားသည့် A Coup Against Than Shwe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)


Tuesday, 25 November 2008 15:12 နော်မန် ရိုဘက်စ် စပီရီ
ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။

(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့် အရေးကို ကမ္ဘာက အချိန်တိုအတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ်ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာ စစ်အစိုးရအဖို့လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန်ရှိ သော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာ တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည်ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် တွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့် ရလဒ် ပြစရာမရှိ ဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင်ဂုဏ်ယူဖွယ်အချက် ဖြစ် စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစု သော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင် ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်းလာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ်ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာနိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံနှင့် တိုင်းရင်းသား သူပုန် လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိအဖွဲ့များဖြစ်ကြသည့် လွတ်လပ် သည့် လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူး ယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာ လာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုးကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှု သင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါသည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင် ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ် ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်းရေးမှူး -၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျစွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦး တည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာစေ ခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့် ရစေခဲ့ပြီး အချို့သောဖြစ်ရပ်များတွင် စစ်အစိုးရ လက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရလျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာ မည့် အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင် မည့် အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝမှုအောက်တွင် တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်းဝင်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ် ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက်ရေးနည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ ခေါင်း ဆောင်များ အနေနှင့် လာဘ်လာဘများ မျှော်ကိုးလက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုးစီးပွားအရ မတူ ကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ် ပေါက်လာစေနိုင် သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိ စေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင်၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွား ရေး အကျိုးစီးပွားများ ပျက်စီး ဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရ က လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ်အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့ သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများ နှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်း ကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ်ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကိုယူ၍ တိတ်တဆိတ်ခွင့်ပြုထား သောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုးပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိစေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

မင်္ဂလာ

ငြိမ်းအေးလှိုင်
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:38 - မြန်မာစံတော်ချိန်
ဘာလိုလိုနဲ့ ရှေ့လာမယ့်နှစ်ဆို ဆရာကြီးမင်းသုဝဏ် ဆုံးတာ ၅ နှစ် ရှိပြီ။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အနှစ် ၁၀၀ ပြည့်ပဲပေါ့။ ခေတ်စမ်းကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးတွေ တယောက်မှ မရှိကြတော့ဘူး။ သိပ္ပံမောင်ဝ ဆုံးပြီ။ တက္ကသိုလ်မောင်သန့်စင် ဆုံးပြီ။ ဆရာဇော်ဂျီ ဆုံးပြီ။ နောက်ဆုံး ကွယ်လွန်တာ ဆရာကြီးမင်းသုဝဏ်ပဲ။ ခေတ်စမ်းဆရာတွေ ကွယ်လွန်ခဲ့ကြပေမယ့် ခေတ်စမ်းရဲ့ အသီးအပွင့်တွေကတော့ ဒီကနေ့ မြန်မာစာပေလောကမှာ မွှေးမွှေးကြိုင်ကြိုင်နဲ့ ချိုမြနေမြဲပေါ့။

ကျနော်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကလေးတွေကို မက်မက်မောမောရှိတယ်။ ကဗျာ အပုဒ်တိုင်းလောက်ကိုလည်း နှစ်သက်သဘောကျတယ်။ ကလေး ကဗျာကလေးတွေ ဆိုရင်လည်း ကလေးကဗျာမို့၊ အချစ်ကဗျာ ကလေးတွေဆိုရင်လည်း အချစ်ကဗျာ ကလေးတွေမို့၊ ဒဿန ကဗျာကလေးတွေ ဆိုရင်လည်း ဒဿနကဗျာ ကလေးတွေမို့၊ တိုင်းချစ်ပြည်ချစ် ကလေးတွေဆိုလည်း တိုင်းချစ်ပြည်ချစ် ကဗျာကလေးတွေမို့ ချစ်လိုက်ရတာ မောနေတာပဲ။
"မိုးရေတက်ရေတဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်" ။


ဆိုတဲ့ "လယ်စောင့်တဲ" ကဗျာကလေးကို စပြီး ကြားရ၊ ရွတ်ဆိုရတဲ့အချိန်က ကျနော် မူလတန်း ကျောင်းသားဘ၀ပေါ့။ ဆရာရှင်းပြတဲ့ ကဗျာရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ နားမလည်ပေမယ့် ရွတ်ရဆိုရတာ ကောင်းလွန်းလို့ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိုးရေထဲမှာ အော်ဆိုခုန်ပေါက်ကြရတာလေ။

အသက်ကလေးရလာ ... ဒါမှမဟုတ် ... မိုးတွင်းလိုအခါမျိုးမှာ ခရီးသွားရလို့ လယ်ကွင်းတွေကိုများ ဖြတ်သွားရရင် အဲဒီ "လယ်စောင့်တဲ" ကဗျာက ရင်ထဲကို တန်းပြီး ရောက်လာတော့တာပဲ။ ကြည့်စမ်းပါဦး မိုးတွေက ဖြိုင်ဖြိုင်ရွာနေလိုက်တာ။ မိုးကုပ်စက်ဝိုင်းတလျှောက် ကြည့်လို့မဆုံးနိုင်လောက်အောင်ကို ရေတွေ ဖွေးနေတာ။ အဲဒီရေဖွေးဖွေးတွေကြား ... အဲဒီလယ်ကွက်စိမ်းစိမ်းတွေကြားမှာ လယ်စောင့်တဲကလေးက သူ့ရဲ့ ခြေတံရှည်ရှည်ကလေးတွေကို ထောက်ပြီး မညောင်းမညာ ... မညည်းမညူ ရပ်နေတာ ... ဘယ်လောက်တောင် လွမ်းဖို့ကောင်းလိုက်သလဲ။

သဘာဝ ပတ်ဝန်းကျင်ရဲ့အလှအပကို တောတောင်ရေမြေရဲ့ အစိမ်းအလန်းကို မြတ်နိုးတတ်အောင် ... မြင်တတ်အောင် ... ချစ်ခင်နှစ်သက်တတ်အောင် ဆရာရေးဖွဲ့ခဲ့တဲ့ ကဗျာတွေနည်းမှမနည်းဘဲ။ အဲဒီလို သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ခင်တတ်မြတ်နိုးတတ်ရင်း ... ကျနော်တို့ ကြီးပြင်းလာခဲ့ကြတော့ ... နှလုံးသားက စကားပြောလာပြန်တာပေါ့။ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာခဲ့ကြပြန်တာပဲပေါ့လေ။ အဲဒီအခါကျပြန်တော့ ဆရာ့ရဲ့ "နှင်းဆီ" ကဗျာကလေးကို တရှိုက်မက်မက် ဆိုမိရသေးတော့တယ်။


"လယ်တောကပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကျော့ဆုံးကို မြင်ပြန်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်

ဂုဏ်တင့်တယ်လေး။


မျက်နှာများသူတယောက်အပေါ် ... ဒါမှမဟုတ် ကိုယ့်အပေါ် စိမ်းကားရက်စက်သွားတဲ့ မိန်းကလေးအပေါ် ဒေါသအမျက်မပိုဘဲ မုဒိတာပွားနိုင်တဲ့ စိတ်ဟာ ဘယ်အတိုင်းအတာအထိ တန်ဖိုးရှိစေသလဲ ကျွန်တော် မခန့်မှန်းတတ်ပေမယ့် ဆရာ့ရဲ့ စေတနာကိုတော့ မီးမောင်းနဲ့ထိုးပြလိုက်သလို ရှင်းရှင်းလင်းလင်း တွေ့မြင်သိနားလည်ခွင့် ရရှိတဲ့အတွက် ကြည်နူးရွှင်ပြမိတာ အမှန်ပါ။

ဒီ "နှင်းဆီ" ကဗျာကလေးကို အခုလို ပြန်တွေးမိ၊ ပြန်ရေးမိတော့ ဆရာကြီးမင်းသုဝဏ်ကို ချစ်စနိုးနဲ့ ကျီစယ်နောက်ပြောင်ခဲ့တဲ့ ဆရာသော်တာဆွေကိုလည်း ဖျတ်ခနဲဆိုသလို ကျနော် သတိရလိုက်မိပြန်တယ်။ အဲဒီတုန်းက ဆရာသော်တာဆွေက သိပ်ကိုသောက်ဖြစ်နေတဲ့ အချိန်ဆိုပါတော့။ ဆရာသော်တာဆွေက ဆရာကြီးမင်းသုဝဏ်ရဲ့ "နှင်းဆီ" ကဗျာကလေးကိုဖျက်ပြီး ... သူ့ရဲ့သောက်တတ်စားတတ်တဲ့ စရိုက်ကလေးပေါ်အောင် ...


"ထန်းတောကပြန်

အန်ချင်တယ် ထန်းရေဘူးလွယ်လို့

မောင်မူးတယ်လေး။

မနက်ခင်းဆီက

ချက်ပုလင်းမြင်ပြန်တော့

ဘဲနံကင် ၀က်ကင်ကြီးရယ်နှင့်

မြည်းလိုက်ချင်သေး"


ကဗျာကလေးတပုဒ် လုပ်လိုက်ပါရော။ ဒီကဗျာကလေးကို ဆရာကြီးမင်းသုဝဏ် ဖတ်ရတော့ သဘောကျလွန်းလို့ မျက်ရည်ထွက်အောင် ရယ်တယ်ဆိုပဲ။ ဆရာကြီးကသာ သဘောကျတာ၊ ဆရာကြီးကို အလွန်အမင်း ချစ်ခင်လေးစားကြတဲ့သူတွေနဲ့ ဆရာကြီးရဲ့ အဲဒီ "နှင်းဆီ" ကဗျာကလေးကို စွဲစွဲလန်းလန်း နှစ်သက်မြတ်နိုးကြတဲ့သူတွေက အဲဒီလို လှပတဲ့ ကဗျာကလေးကို အရက်သမားကဗျာ လုပ်ပစ်ရသလားဆိုပြီး ပြောကြဆိုကြရေးသားကြတာကို အခု ကျနော် သတိရနေမိတယ်။

စာပေဟောပြောပွဲ ရာသီတခုမှာ ဆရာချစ်ဦးညို၊ ဆရာမနုနုရည် (အင်းဝ) ၊ ဆရာကောက်နွယ် (ကနောင်) တို့နဲ့အတူ ကျနော် ကွမ်းခြံကုန်းမြို့ကလေးကိုသွားပြီး ဟောပြောရတယ်။ ကွမ်းခြံကုန်းဆိုတာက ဆရာကြီးမင်းသုဝဏ်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်လား။ ပြီးတော့ တခုထူးခြားတာက အဲဒီ စာပေဟောပြောပွဲဟာ ကျနော့် စာရေးဆရာဘ၀ရဲ့ ပထမဦးဆုံးသော ဟောပြောပွဲ။ ဒီပထမဦးဆုံးသော ဟောပြောပွဲကို ကျနော် အင်မတန်ချစ်ခင်လေးစားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မွေးရပ်မြေနဲ့ စပြီး ဖွင့်လှစ်ရတာဆိုတော့ ကျနော် သိပ်ကို ၀မ်းသာဂုဏ်ယူမိတာပဲပေါ့။

ကွမ်းခြံကုန်းက စာပေဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ကဗျာဆရာတင်မောင်ထက် (ကွမ်းခြံကုန်း) ရဲ့ အိမ်ကိုရောက်ရောက်ချင်း ကျနော်တို့ လေးယောက်စလုံး အာသာပြင်းပြင်း ဆိုကြတာကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ နေအိမ်အဟောင်းကလေးရှိရာကို လိုက်ပို့ပေးဖို့ပါပဲ။

ကွမ်းခြံကုန်းမြို့ကလေးရဲ့ လမ်းမပေါ်ရောက်တော့ ကျနော်တို့ကို ကြိုဆိုလိုက်တာက မြောက်ပြန်လေပဲ။ သူက နှင်းပွင့်ကလေးတွေရဲ့ ရနံ့ကိုတောင် သယ်ဆောင်လာခဲ့သေးတယ်လေ။ အေးလွန်းလို့ တုန်ခိုက်နေပေမယ့် ကျနော်တို့ လေးယောက်စလုံးရဲ့ ခြေလှမ်းတွေက တုံ့ဆိုင်းလေးပင် မသွားကြဘူး။ သက်ရှိထင်ရှား ရှိနေသေးတဲ့ "ခေတ်စမ်းလက်ကျန်" ကြီးရဲ့ လူ့ဘ၀အစပြုရာ အသိုက်အမြုံ နေရောဟောင်းကလေးကို တွေ့ရတော့မယ်ဆိုတဲ့ ကြည်နူးစိတ်နဲ့ ရွှင်လန်းသွက်လက် တက်ကြွနေကြတယ်။

ဒါပေမဲ့ ဆရာကြီးရဲ့ နေအိမ်အဟောင်းကို ကျနော်တို့ မတွေ့ရပါဘူး။ ခေတ်ရေစီးက တိုက်စားသွားလို့ ဆရာ့ရဲ့ အသိုက်အမြုံဟောင်းနေရာမှာ အခြားအိမ်သစ်တလုံး ရောက်နေပြီ။ ကျနော့်ရဲ့ မျက်စိထဲမှာတော့ အိမ်သစ်ကို မမြင်ရဘူး။

"ပျဉ်းမငုတ်တို" ကို မြင်နေရတယ်

"ဆွမ်းအုပ်နီနီ" ကို မြင်နေရတယ်

"မျက်ရည်" ကို မြင်နေရတယ်

"ဖိုးမောင်" ကို မြင်နေရတယ်

"ဘကြီးအောင်ညာတယ်" ကို မြင်နေရတယ်

"ခေတ်စမ်း" ကို မြင်နေရတယ်

"ကြည့်စမ်းပါဦးဗျာ ဒီအိမ်နေရာကလေးက ထွက်ပေါ်လာတဲ့ `မင်းသုဝဏ်´ ဆိုတဲ့ လတစင်းဟာ မြန်မာစာပေလောက ကောင်းကင်မှာ မကွယ်တမ်း လင်းထိန် တောက်ပနေလိုက်တာများ"

ဆရာချစ်ဦးညိုရဲ့ နှုတ်ခမ်းဖျားက ထွက်ပေါ်လာတဲ့ မုဒိတာငှက်တောင်ပံခတ်သံ။ အဲဒီညက ဟောပြောခဲ့ကြတဲ့ ကျနော်တို့ လေးယောက်စလုံးရဲ့ ဟောပြောချက်တွေထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေ ပါနေမလဲဆိုတာ ပြောဖို့တောင် မလိုတော့ဘူးလေ...။

ဆရာကြီးကို လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ တကယ့်အဘိုးကြီးအို ဖြစ်နေပါပြီ။ ဆရာကြီးဆီက ကဗျာစာမူတောင်းဖို့ ကျနော် ရောက်သွားတာ။ ဒီတုန်းက ဆရာကြီးရဲ့ အသက် ၈၀ ကျော်နေပြီလေ။ ဒရင်းဘက်အပေါ်မှာ မှိန်းနေတယ်။ မဂ္ဂဇင်းအတွက် စာမူလာတောင်းတာဆိုတော့ ဆရာကြီးက ဒရင်းဘက်ပေါ်က ထလာပြီး ကျနော့်ကို ကြိုဆိုပါတယ်။ ကျနော်ပြောတဲ့ မဂ္ဂဇင်းအမည်ကို မှတ်စုစာအုပ်ကလေးထဲ ခဲတံတို ကလေးနဲ့ ရေးမှတ်ရှာတယ်။ အသက်က ကြီးပြီဆိုတော့ မေ့ပြီထင်ပါရဲ့။ ပြီးတော့ ကျနော့်ကို ...။

"အေး... အေး ...ရေးထားလိုက်မယ်။ ဒါပေမဲ့ ဆရာက မေ့ပြီဆိုတော့ မကြာခဏ ဖုန်းဆက်ပြီး မေးပေါ့၊ ဆရာ့ဖုန်းနံပါတ်ပေးလိုက်မယ် သိလား" လို့ ပြောပါတယ်။ ကျနော်လည်း ဆရာ့ကို ဦးသုံးကြိမ်ချပြီး ပြန်လာခဲ့တယ်လေ။

ဆရာက မကြခဏ ဖုန်းဆက်ပြီး မေးပေါ့လို့ ဆိုပေမယ့် ကျနော် မမေးခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်လို ပမွှားကဗျာဆရာလေးတယောက်က ဆရာကြီးလို ပညာရှင်ကြီးတဦးဆီကို ဖုန်းဆက်ပြီး မေးတယ်ဆိုတာမျိုး မလုပ်သင့် မလုပ်အပ်ဘူးလို့ တွေးမိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ကဗျာရေးပြီးလောက်ပြီလို့ ယုံကြည်ရတဲ့ အချိန်ကျမှသာ ဆရာကြီးရဲ့ သပြေညိုအိမ်ကလေးဆီကို ကျနော် ရောက်သွားခဲ့ပါတယ်။

"သြော်... အေး ... အေး ... ပြီးပြီကွ... ပြီးပြီ" လို့ ပြောရင်း ကဗျာကလေးနှစ်ပုဒ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း ဆရာကြီးလှမ်းပေးတဲ့ ကဗျာကလေးနှစ်ပုဒ်ကို တရိုတသေယူပြီး အဆင်သင့်ယူသွားတဲ့ စာမူခ စာအိတ်ကလေးကို ဆရာကြီး လက်ထဲထည့်ပြီး ထိုင်ကန်တော့လိုက်ပါတယ်။

ဆရာကြီးက "ဟေ့ ... ငါ့ကို တခြားကဗျာဆရာတွေထက် စာမူခပိုပေးတာမျိုး မလုပ်နဲ့နော် တန်းတူပဲပေး" လို့ ပြောပါတယ်။ ဒီစကားကိုကြားတော့ ကျနော့်မှာလေ ကြက်သီးမွေးညင်းထအောင် ကြည်နူးပီတီ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆရာကြီးလို အဆင့်အတန်းမျိုးမှာတောင် မရှိသေးဘဲ ကဗျာစာမူခကို တခြားကဗျာဆရာတွေနဲ့ တန်းတူ မပေးရကောင်းလား၊ ရွေးကဗျာစာရင်းမှာ နာမည်ထည့်ရကောင်းလား စသဖြင့် ဆူဆူပူပူလုပ်ကြတဲ့ ကဗျာဆရာတွေကို ကျနော် ရင်ဆိုင်နေရလို့ပါပဲ။ ပြီးတော့ ကဗျာဆရာအချင်းချင်း မခွဲခြားတတ်တဲ့၊ နားလည်ချစ်ခင်တတ်တဲ့ ဆရာကြီးရဲ့ ဖြူစင်တဲ့နှလုံးသားကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်လို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဆရာရဲ့ သပြေညိုကို ကျနော် အရောက်အပေါက် နည်းသွားခဲ့တယ်ဆိုပေမယ့် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ဆရာရဲ့ မွေးနေ့ ထမနဲပွဲတွေကိုတော့ မပျက်မကွက်ဆိုသလို ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ်။ ထမနဲ မွှေးမွှေးအိအိကလေးကိုစားရင်း ဆရာကြီးနဲ့ ဆရာဒဂုန်တာရာ၊ ဆရာကြီး မောင်ထင်၊ ဆရာကြီးပါရဂူ စတဲ့ ဆရာကြီးတွေရဲ့ စကားတွေ နားထောင်ရတာဟာ ရတနာတွင်းထဲ ခြေချော်ကျသလို အရသာရှိပါတယ်။ ခေတ်စမ်းအကြောင်း၊ စာပေသစ်အကြောင်း၊ လက်ရှိမြန်မာစာပေအကြောင်းတွေကို ဆရာကြီးတွေရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေနဲ့အတူ ကြားနာခွင့်ရတယ်ဆိုတာ နည်းတဲ့ ဒုလ္လဘ မဟုတ်ဘူးလေ။ ဖတ်ဖူးခဲ့တဲ့ အနောက်တိုင်း ကဗျာကလေးတပုဒ်ကိုတောင် သတိရမိတယ်။

"ငယ်ရွယ်လွတ်လပ်

အကန့်အသတ်မဲ့ စိတ်ကူးနဲ့

ငါ့ရဲ့ အိပ်မက်ထဲမှာ

ကမ္ဘာကြီးကို ပြောင်းပစ်မယ်" ။

အသက်ကလေးရလာ

"ပညာ" ဆိုတာ နည်းနည်းသိ

ပြန်ကြည့်လိုက်တော့မှ

"ကမ္ဘာကြီးဟာ ... ကမ္ဘာကြီးပါပဲ"။

အိပ်မက်ကို ဈေးဆစ်

ငါချစ်တဲ့ ငါ့တိုင်းပြည်

တခုခု ဖြစ်ရမည်ပေါ့

သည်တခါလည်း

"တိုင်းပြည်ဟာ တိုင်းပြည်" ပါပဲ။

ဘ၀ရဲ့ ဆည်းဆာချိန်

အိပ်မက်တွေအရှိန်ကုန်စ

ဇနီးမယား သမီးသားတွက်

ပေးဆက်ဖို့ ကြိုးစားဆဲ

သူတို့လည်း သူတို့ဘာသာ

"မိသားစုဟာ ဒီအတိုင်းပါပဲ"။

သေရာညောင်စောင်း

လဲလျောင်းချိန်ရောက်တော့မှ

ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)

"ငါဟာငါပဲ ဘာမှမပြောင်းလဲ" တဲ့။

ငယ်ရွယ်နုပျိုတဲ့ လူတယောက်ရဲ့ စိတ်ဓာတ်နဲ့အားမာန်၊ ရဲရင့်မှုနဲ့တက်ကြွမှု၊ ပြီးတော့ တောက်ပတဲ့ အိပ်မက်နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်လိုမှု။ အရွယ်ရောက်လာပြီး အသိနဲ့ပညာကလေးရလာတော့ အားလုံးဟာ သူ့ရဲ့ ပုံမှန်အတိုင်းသာ ဖြစ်ပျက်သွားခဲ့ကြတာကို သိလာခဲ့ရပြီလေ။ အဲဒီလို သိမြင်ခွင့်ရလိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ နောက်ဆုံးထွက်သက်ကို စောင့်နေရတဲ့ အချိန်မဟုတ်လား။ အိပ်မက်တွေကိုလည်း အကောင်အထည် မဖော်နိုင်ရှာတော့ဘူး။ ဒါဟာ လူ့သဘာဝပဲလေ။

ဒါပေမဲ့ ဆရာကြီးမင်းသုဝဏ်ကတော့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်။ ဆရာဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မဟဲ့လို့ စိတ်မကူးခဲ့ပေမယ့် မြန်မာစာပေလောကကိုတော့ ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ခေတ်စမ်းကနေတဆင့် ပြောင်းလဲလာခဲ့တဲ့ ကျနော်တို့ မြန်မာစာပေရဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ဆရာကြီးမင်းသုဝဏ်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှုကို တွေ့ရမှာ အမှန်ပဲ။

ဘာပဲပြောပြော ဆရာကြီးရဲ့ မွေးနေ့လက်ကမ်းစာစောင်တခုမှာ ကဗျာဆရာ ထွန်းဝေမြင့်က ...

"တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးတဦး ရှိနေတာ မင်္ဂလာ" လို့ ရေးခဲ့တယ်။ ဟုတ်တယ်။ တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးရှိနေတာ တကယ့်မင်္ဂလာပဲ။ သက်တော်ရှည် ကဗျာဆရာကြီးမှ မဟုတ်ဘူး။ ပညာရှိတွေ၊ ပညာရှင်တွေ ရှိနေတာဟာလည်း မင်္ဂလာပါပဲ။ အဲဒီ ကဗျာဆရာကြီးတွေ၊ ပညာရှိတွေ၊ ပညာရှင်တွေ တိုင်းပြည်မှာ မရှိတော့ဘူးဆိုရင်တော့ ... ... ...။


ငြိမ်းအေးလှိုင်