Saturday, November 1, 2008

စနေနေ့၊ နိုဝင်ဘာလ 01 2008 သတင်း

အဖွဲ့ချုပ်ဗဟိုတွင် ပြုပြင် ပြောင်းလဲမှုလုပ်ရေး နယ်အဖွဲ့ဝင်များ ဆွေးနွေး
ဇာနည်
စနေနေ့၊ နိုဝင်ဘာလ 01 2008 17:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မိတ္ထီလာနှင့် အနီးတ၀ိုက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ပါတီ ဗဟိုတွင် ပြုပြင်ပြောင်းလဲရေးနှင့် အင်အားတိုးချဲ့ရန် ယနေ့ပြုလုပ်သော လပတ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ တောင်သာမြို့နယ်များမှ အဖွဲ့ချုပ်ဝင်များက ပါတီအနေဖြင့် လက်ရှိ အခြေအနေတွင် နိုင်ငံရေး လုပ်ဆောင်မှုများ အားလျော့လာနေသောကြောင့် စွမ်းဆောင်ရေး တိုးတက်လာစေရန် ပါတီထိပ်ပိုင်းတွင် ပြင်ဆင်မှုများ အမြန် ပြုလုပ်သင့်သည်ဟုဆိုကာ ဗဟိုသို့ စာဖြင့် ရေးသားပေးပို့ရန် စီစဉ်လျှက် ရှိသည်။

"၂၀၁၀ မှာ ကျမတို့ ရင်ဆိုင်ဖို့ အတွက် အရံသင့် ပြင်ဆင်ဖို့ လိုအပ်နေပြီ။ သိပ်ကို နောက်ကျနေပြီ။ အချိန် သိပ်ဆွဲလို့ မဖြစ်တော့ဘူး။ အဲဒါကြောင့် ဗဟိုကို တိုးချဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်။ အလုပ်ဖြစ်အောင်လို့ ဒီလိုတိုးချဲ့ ဖွဲ့စည်းပေးပါလို့ ကျမတို့က တောင်းဆိုတာပါ" ဟု အဖွဲ့ချုပ် မိတ္ထီလာရုံး အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။

လေးမြို့နယ်မှ မြို့နယ်စည်း ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော လစဉ်ပုံမှန်ပြုလုပ်သော အစည်းအဝေးတွင် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် စည်းဝေး ခေါ်ပေးရန်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့အားဖြည့် ဖွဲ့စည်းပေးရန် လူငယ်များနှင့် ဗဟိုအဖွဲ့ဝင်လူကြီးများ အကြား ညှိနှိုင်းဆွေးနွေး အဖြေရှာပေးရန်တို့ တိုက်တွန်းတောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုကဲ့သို့ မြို့နယ်စည်း တောင်းဆိုချက်များက ပါတီတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သည့် လူငယ်နှင့် ထိပ်တန်းခေါင်းဆောင်ပိုင်း ကွဲပြားမှုကို ထပ်မံ မီးမောင်းထိုးပေးရာ ဖြစ်လာစေသည်။

တက်ရောက်လာသူများအထဲမှ အချို့က ပါတီဥက္ကဌ ဦးအောင်ရွှေ၏ ကျန်းမာရေးအပေါ် စိုးရိမ်မှုများရှိနေပြီး ဗဟို အစည်းအဝေးများက တိုင်းနှင့် ပြည်နယ်အဆင့်အထိ ညွှန်ကြားမှုများ မလုပ်နိုင်ခြင်းအတွက်လည်း ထောက်ပြခဲ့ကြသည်။

"လူကြီးတွေကို မလေးစားလို့လည်း မဟုတ်ဖူး၊ မုန်းလို့ ချစ်လို့လည်း မဟုတ်ဖူး၊ အဓိကကတော့ ဗဟို အလုပ်အမှုဆောင်တွေက အသက် ၇၀ ကျော်၊ ၈၀ တွေရှိနေတာ။ ဥက္ကဌ ကိုယ်တိုင်က ၉၀ လောက် ရှိနေပြီ။ အဲဒါကြောင့် လုပ်နိုင်တဲ့ စွမ်းအားက နည်းသွားပြီ" ဟု တောင်သာမြို့နယ်မှ ဦးသန်းမြင့်က မဇ္ဈိမကို ပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေ၏ အဓိက အရေးပါသူများအနက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ခံထားရသည်။ လက်ရှိ ဦးဆောင် လှုပ်ရှားနေသူများတွင် ဥက္ကဌ ဦးအောင်ရွှေမှာ အသက် ၉၁ နှစ်ဖြစ်ပြီး အများစုမှာ ၈၀ နှစ်ကျော်သူများဖြစ်သည်။

သို့သော် ပါတီပြန်ကြားရေးအဖွဲ့အတွင်း ငယ်ရွယ်သူများဖြင့် အားသစ်လောင်းခဲ့ရာ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် ဦးဝင်းနိုင်တို့မှာ လက်ရင်း အကြီးတန်းခေါင်းဆောင်များထက် အသက် ၃၀ ကျော် ငယ်ရွယ်သူများပင် ပါဝင်သည်။

"ဒီ စစ်အာဏာရှင် စနစ်ကို ဖယ်ချပြီး ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်မယ့် နေရာမှာ နှောင့်နှေးကြန့်ကြာရင် ပြည်သူတွေ နာတယ်။ လူထုနာတယ်။ တိုင်းပြည်နာတယ်။" ဟု ဦးသန်းမြင့်က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ပါတီတွင်း လူငယ်ခေါင်းဆောင်များ ခန့်အပ်ထားခြင်းနှင့် ပတ်သက်၍ အကြီးတန်း ခေါင်းဆောင်များနှင့် သဘောကွဲပြီး ရန်ကုန်တိုင်းအတွင်းမှ လူငယ် ၁၀၉ ယောက် နှုတ်ထွက်ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီတွင်း လူငယ်များကို မြေတောင်မြှောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး ဦးစားပေးလုပ်ခဲ့သည်ဟု ပါတီတွင်း နာမည်ရသူတဦး ဖြစ်သည်။

နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ပြန်လည်ချုပ်နှောင်ခံရသည် မေ ၂၀၀၃ ခုနှစ် မတိုင်ခင်အထိ လွတ်မြောက်နေစဉ်ကာလအတွင်း ရန်ကုန် ပါတီဌာနချုပ်တွင် လူငယ်များအတွက် စာပေစကားဝိုင်းများ ပုံမှန် ပြုလုပ်ခဲ့သည်။

အချို့သော ပါတီဝင်လူငယ်များမှာ နိုင်ငံခြားသံရုံးအချို့တွင် အင်္ဂလိပ်စာနှင့် လူထုဆက်ဆံရေးနှင့် စပ်ဆိုင်သော သင်တန်းများ တက်ရောက်ခွင့်တော့ ရရှိခဲ့ကြသည်။


မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေများ ကျဆင်းရန်ရှိနေ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ နိုဝင်ဘာလ 01 2008 18:12 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ကမ္ဘာတ၀ှမ်း စီးပွားရေး ကမောက်ကမဖြစ်နေမှု၏ အကျိုးဆက်များအရ လက်ရှိ ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းမှ ရရှိငွေကို များစွာ ထိခိုက်နိုင်ဖွယ် ရှိနိုင်သည် ဟု ကျွမ်းကျင်သူတဦးက ပြောကြားသည်။

"နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းဟာ ကျဆင်းနေတဲ့ ရေနံဈေးနှုန်းနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုအပေါ်မှာ အများဆုံး မှီတည်နေတဲ့အတွက် လာမည့်နှစ်မှာ ဆိုးကျိုးတွေ ရှိလာနိုင်တယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင် အမှုထမ်းခဲ့ဖူးသော ငွေကြေးမူဝါဒ ကျွမ်းကျင်သူတဦးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၀၈- ၂၀၀၉ ခုနှစ်သည် မတ်လ ၃၁ ရက်၊ ၂၀၀၉ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ကျွမ်းကျင်သူအဆိုအရ သဘာဝဓာတ်ငွေ့ ဈေးနှုန်းသည် ရေနံဈေးနှုန်းနှင့်အမြဲတမ်း ဆက်နွယ်မှုရှိနေသောကြောင့် ရေနံဈေးနှုန်း ကျဆင်းချိန်တွင် သဘာဝဓာတ်ငွေ့ ဈေးလည်း ကျဆင်းလာနိုင်သည်ဟု ပြောကြားသည်။

ရေနံဈေးနှုန်းသည် ဇူလိုင်လအတွင်း၌ တစည်လျှင် ၁၄၇ ဒေါ်လာဖြင့် စံချိန်တင် မြင့်တက်သွားခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ပြန်လည် ကျဆင်းလာခဲ့ရာ ယခုအချိန်တွင် တစည်လျှင် ၆၇ ဒေါ်လာ ပတ်ဝန်းကျင်ဈေး ဖြစ်နေသည်။

စာရင်းအင်းဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းများအရ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ၂၀၀၂-၂၀၀၃ခုနှစ်မှ စ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ ပြခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ထိုသို့ရောင်းချရခြင်းမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ထိ ရရှိခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကမ္ဘာ့စီးပွါးရေး ဆုတ်ယုတ်မှုကဲ့သို့သော မကောင်းသည့် လက္ခဏာများက ထိုင်းနိုင်ငံ၏ စီးပွါးရေးကို လာမည့်နှစ် စောစောပိုင်းအထိ ထိခိုက်နိုင်သည်ဟု ထိုင်းနိုင်ငံဘဏ်က ပြောသည်။

အခြားမြန်မာစီးပွါးရေး ကျွမ်းကျင်သူတဦးက ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများအား အဓိက ရည်ညွန်း၍ မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွါးရေး ကျဆင်းမှုကို စတင်ခံစားနေရပြီဟု ပြောကြားသည်။

"အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တေ၊ွ ဝန်ဆောင်မှုတွေကို ကမ္ဘာရဲ့ ဝယ်လိုအားဟာ အကျဘက်ကို ပြနေပါတယ်" ဟု သူက ပြောသည်။

အမေရိကန်၏ ချေးငွေ အကြပ်အတည်းက စခဲ့သည့် ငွေကြေးပြဿနာ၏ ရိုက်ခတ်မှုကို အဓိက ခံရသည့် ဥရောပသမဂ္ဂ နှင့် ဂျပန်တို့သည် မြန်မာနိုင်ငံ၏ အထည်လုပ်ငန်းမျိုးစုံမှ ထုတ်ကုန်များကို အဓိက တင်ပို့သည့် နိုင်ငံများ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိခိုက်
ဆောင်းပါး
ဇာနည်
စနေနေ့၊ နိုဝင်ဘာလ 01 2008 16:31 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နေသော အကျိုးဆက်က ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို စတင် ထိခိုက်လာနေသည်ဟု ယူဆရဖွယ်ဖြစ်ပြီး နောင်နှစ်တွင်လည်း အလုပ်အကိုင် ရှားပါးမှု ပိုလာဖွယ် ရှိသည်။

လောလောဆယ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံများအနက် ထက်ဝက်နီးပါးမှာ ကုန်မှာယူမှု မရရှိသဖြင့် ခေတ္တရပ်နားခြင်း (သို့မဟုတ်) အလုပ်သမား လျော့ခြင်းများ ပြုလုပ်ထားကြသည်။

"အခုလောလောဆယ် အခြေအနေမှာ နှစ်ကုန် low season (ကုန်အမှာနည်းသည့်ကာလ) ဖြစ်နေတဲ့အတွက် အော်ဒါ (ကုန်မှာယူမှု) တွေလည်း နည်းပါးတော့ တချို့အလုပ်သမားတွေ အိမ်ပြန်ရတာတွေ ရှိတယ်။ တချို့လည်း လစာရဲ့ တဝက်ပေးပြီး နားခိုင်းလိုက်တာတွေလည်း ရှိတယ်" ဟု စက်ရုံများ ရပ်နားရမှုနှင့် ပတ်သက်ပြီး ထိုင်းစက်မှုလုပ်ငန်း ဖက်ဒရေးရှင်း တပ်ခ် ခရိုင်ဥက္ကဌ မစ္စတာ ချိုင်းယုဒ် ဆေဏီးတန်းတိကွန်း (Mr.Chaiyuth Seneetantikul) က မဇ္ဈိမကို ပြောသည်။

လာမည့်နှစ်အတွင်း တပ်ခ်ခရိုင်အတွင်း ကုန်ထုတ်လုပ်ငန်းများသည် ၃၀ ရာနှုန်းအထိ ကျသွားနိုင်ပြီး ကျောက်မျက်စက်ရုံများ၊ လျှပ်စစ်ပစ္စည်း စက်ရုံများ ပိတ်ပစ်ရသည့် အဆင့်အထိ ရောက်သွားနိုင်သည်ဟု သူက ခန့်မှန်းပြောဆိုသည်။

အကျိုးဆက်အဖြစ် အလုပ်သမားများ လျှော့ချရမှုများ ဖြစ်လာနိုင်ပြီး ၁၀ ရာနှုန်းမှာ အလုပ်မှ နားရမည့် အခြေအနေများ ဖြစ်ပေါ်လာမည်ဟု သူက ခန့်မှန်းထားရာ ထောင်ပေါင်းများစွာသော မြန်မာလုပ်သားတို့ ထိခိုက်ဖွယ်ဖြစ်သည်။

တပ်ခရိုင်တွင်းရှိ မြို့တမြို့ဖြစ်သော မဲဆောက်တွင် အထည်ချုပ်စက်ရုံနှင့် သိုးမွေးစက်ရုံ အပါအ၀င် စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်တို့တွင် အလုပ်လုပ်နေသော အလုပ်သမားအများစုမှာ မြန်မာလူမျိုးများသာဖြစ်ပြီး စုစုပေါင်း ၂ သိန်းနီးပါး ရှိနေကြောင်း ထိုင်းအခြေစိုက် MAP တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာပေးအစီအစဉ်၏ ၂၀၀၈ ခုနှစ် ကိန်းဂဏန်းများက ဖော်ပြထားသည်။

"တကယ်လို့ အလုပ်သိပ်မရှိဘူး ဆိုရင် အလုပ်သမားတွေ နားခိုင်းရမယ်ဆိုရင် ထိုင်းအလုပ်သမား ဥပဒေအရ သူတို့ခံစားထိုက်တဲ့ လျှော်ကြေးငွေတွေ ရရှိခံစားခွင့် ရှိပါမယ်။ ထိုင်းရော မြန်မာအလုပ်သမားတွေကိုရော ခြုံပြီး ပြောတာနော်" ဟု Mr. Chaiyuth Seneetantikul က ဖြည့်စွက်ပြောပြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ - JACBA မှ ဥက္ကဌ ကိုမိုးကြိုးက "တချို့စက်ရုံတွေက အလုပ်သမားတွေကို လျှော့ချတယ်ဆိုပြီး ပြောတာပေါ့နော်။ အလုပ်သမားပေါင်း ၄၀၀ ကျော်ပေါ့။ မြန်မာပြည်ပြန်တဲ့သူတွေ ပြန်ကုန်ကြတယ်။ ကျန်ခဲ့တဲ့ သူတွေကတော့ ဒီမှာပဲ ပိန်လိမ်ပြီး နေနေကြတယ်" ဟု ပြောသည်။

ပုံမှန်အားဖြင့် နိုဝင်ဘာလမှသည် မတ်လအတွင်း သိုးမွေးနှင့် အထည်ချုပ်စက်ရုံများတွင် အလုပ်အမှာစာ ရရှိမှုနည်းပါးသဖြင့် လုပ်သားလျော့ချမှု ပြုလုပ်လေ့ရှိရာ လုပ်သားများမှာ တောင်ယာ၊ ဆောက်လုပ်ရေး၊ ဥယာဉ်ခြံမြေနှင့် အခြားသော စက်ရုံများသို့ သွားရောက်လုပ်ကိုင်လေ့ ရှိသည်။

သို့သော်လည်း ယခုနှစ်တွင် အလုပ်အကိုင်များ ရှားပါးလာသောသည်ဟု အလုပ်သမားသမဂ္ဂကများက ပြောကြသည်။

"သိုးမွေးစက်ရုံတွေက အဆိုးဆုံးပေါ့နော်။ ကျနော်တို့နားက စက်ရုံတခုဆိုရင် အော်ဒါမရှိတော့ဘူးဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားက ၂၀၀ လောက်ရှိတယ်။ သူတို့ကို ခွင့်ပေးတယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်လေ" ဟု မဲဆောက်မြို့မှ မြန်မာအလုပ်သမားတဦးက ပြောပြသည်။

သာမန်အားဖြင့် သိုးမွေးစက်ရုံများ အလုပ်ကောင်းသော ကာလသည် မတ်လလယ်ခန့်မှ အောက်တိုဘာ လကုန်အထိ ဖြစ်သည်။

ယခုနှစ် စက်ရုံအလုပ်ရုံများ နားသော အချိန်သည် ယခင်နှစ်များထက် ၁ လ စောနေပြီး အခြား လုပ်စရာ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့လည်း ပါးလာ၍ အလုပ်ရှာဖွေရန် ခက်ခဲနေသည်။

မြန်မာလုပ်သားများရေးရာ လုပ်ကိုင်နေသည့် အဝေးရောက် ဧရာဝတီအသင်းမှ ဥက္ကဌ ဦးသောင်းလှိုင်က "ဒီမနက်ကတင် ၂ ယောက်ကို မြန်မာပြည် ပြန်ပို့ပေးသေးတယ်။ နောက် ၄ ယောက်ကတော့ ဒီမဲဆောက်မှာပဲ တခြား အလုပ်ဝင်သွားတယ်" ဟု ပြောသည်။

အချို့ကတော့ မဲဆောက်မှသည် ကီလိုမီတာ ၅၀၀ ဝေးကွာသော မြို့တော် ဘန်ကောက်သို့ပင် သွားရောက် အလုပ်ရှာလေ့ ရှိသည်။

"ကျမအခု အပြင်မှာ ခြံလုပ်တယ်။ ပဲစိုက်ရတာပေါ့။ လခက တရက်မှ ဘတ် ၈၀ ရတယ်။ နေရေးစားရေး အဆင်မပြေတော့ဘူး။ အလုပ်ကောင်းတာ ထပ်မရရင် မြန်မာပြည်ပဲ ပြန်ရမှာပဲ " ဟု စက်ရုံ အလုပ်သမတဦးဖြစ်သူ မခင်စန္ဒာက ပြောသည်။

မဲဆောက်မြို့ရှိ စက်ရုံများမှာ ဥရောပနှင့် အခြား ပြည်ပနိုင်ငံများမှ အထည်ချုပ်နှင့် သိုးမွေးထည် အော်ဒါများကိုသာ ချုပ်လုပ်တင်ပို့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းအပြီး ၆ လအကြာ ဒုက္ခသည်များ ခြိမ်းခြောက်မှု အသစ်များနှင့် ရင်ဆိုင်နေရ
ဆော်လမွန်
စနေနေ့၊ နိုဝင်ဘာလ 01 2008 14:31 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လွန်ခဲ့သော ၆ လက မြန်မာနိုင်ငံ အနောက်တောင်ကမ်းခြေဒေသကို ဝင်ရောက် ဖျက်ဆီးသွားခဲ့သော ကြောက်မက်ဘွယ် ကောင်းလှသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြီးဒဏ်မှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများသည် ယခုအခါ ရေသန့် ပြတ်လပ်ခြင်းတည်းဟူသော ခြိမ်းခြောက်မှု အသစ်နှင့် ရင်ဆိုင်နေရပါသည်။

အစားအစာ ပြတ်လပ်ခြင်း၊ အိုးအိမ်များ မပြည့်စုံခြင်းတည်း ဟူသော ဒုက္ခများကို ခံနေရဆဲ ဖြစ်သော်လည်း ယခုအခါ သူတို့မှာ ရေသန့် ပြတ်လပ်ခြင်းတည်း ဟူသော ခြိမ်းခြောက်မှု အသစ်နှင့် ရင်ဆိုင်နေရပြန်သည်ဟု ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ လပွတ္တာမြို့နယ်မှ မုန်တိုင်း ဒုက္ခသည်တဦးက ပြောကြားသွားခဲ့ပါသည်။

"သောက်ရေအတွက် ကျနော်တို့က မိုးရေကိုဘဲ အားကိုးနေရတာ၊ အခုမိုးက ဒီလကစပြီး မရွာတော့ဘူး၊ ရပ်သွားပြီ၊ ကျနော်တို့မှာ သောက်သုံးရေ မလုံလောက်တဲ့ ပြဿနာနဲ့ ကြုံနေရပြန်ပြီ" ဟု အသက်မသေ ကျန်ခဲ့သူက ပြောပါသည်။

နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အများအပြားက အစိုးရနှင့်အတူ ဆားငံရေ ဝင်သွားသော ရေတွင်းများကို ပြန်လည် သန့်စင်ရန် ကြိုးစား လုပ်ဆောင်ခဲ့ကြသော်လည်း ယင်းရေတွင်းများမှာ ယခုတိုင် ရေသန့်မရသေးဘဲ သောက်သုံး၍ မရသေးဟု အဆိုပါ အသက်မသေ လွတ်မြောက်ခဲ့သူများက ပြောပါသည်။

"ရေကန်တွေကလဲ ပင်လယ် ဆားငံရေတွေနဲ့ ပြည့်သွားခဲ့တာ၊ အခုထိလဲ ဆားပေါက်နေတုံးဘဲ၊ လုံးဝသန့်သွားအောင် လုပ်ဘို့ဆိုတာ သိပ်ခက်ပါတယ်" ဟု သူက ဆက်လက် ပြောဆိုပါသည်။

မြန်မာနိုင်ငံ အနောက်တောင်ဒေသရှိ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ယူကေအခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်သည့် 'Save the Children' ကလည်း ဤမုန်တိုင်း ဒုက္ခသည်၏ ပြောဆိုချက်ကို ပဲ့တင်ထပ် ပြောကြားထောက်ခံခဲ့ပြီး၊ ရေပြတ်လပ်မှုသည် မုန်တိုင်းဘေးမှ အသက်မသေလွတ် မြောက်ခဲ့သူများအတွက် ခြိမ်းခြောက်မှု အသစ်တရပ် ဖြစ်လာနေသည်ဟု ပြောဆိုလိုက်ပါသည်။

မြန်မာနိုင်ငံတွင် ခြောက်သွေ့ရာသီ ယခုလတွင် စတင်ပြီဖြစ်ရာ မိသားစုများအတွက် သောက်သုံးရေသန့် ရရှိရေးသည် ရွေးချယ်စရာဟူ၍ အနည်းငယ်သာ ရှိတော့ကြောင်း၊ ရောဂါဘယများ ကူးစက်ပြန့်ပွါးလာမည့် အန္တရာယ် ပိုမိုများပြားလာပြီ ဖြစ်ကြောင်းဖြင့် 'Save the Children' က ပြောပါသည်။

"ခြောက်သွေ့ရာသီရောက်လျှင် ကြုံနေကျ ရေရှားပါးမှုဟာ ယခု မြစ်ဝကျွန်းပေါ်ဒေသရှိ ရေအရင်းအမြစ်များ အားလုံး ဆားငံရေ ဝင်ကုန်သည့်အတွက် ပိုဆိုးသွားရပါတယ်၊ ဒါဆိုင်ကလုံးမုန်တိုင်းရဲ့ အန္တရာယ် ဆက်လက် ခြိမ်းခြောက်နေတုံးဘဲဆိုတာ ပြတာပါဘဲ" ဟု မြန်မာနိုင်ငံဆိုင်ရာ 'Save the Children' ၏ ဒါရိုက်တာ အင်ဒရူးကတ်က်ဝုဒ် (Andrew Kirkwood) ကပြောပါသည်။

"ရေမလုံလောက်တာက ကလေးတွေကို တိုက်ရိုက် ထိခိုက်စေလိမ့်မယ်။ ရေကို ဝယ်သုံးရမယ်ဆိုရင် အခုထဲက ရှားရှားပါးပါး ရှိနေတဲ့ မိသားစုရဲ့ ငွေကြေးလေးတွေ ကုန်ခမ်းသွားရလိမ့်မယ်၊ ဒီလို မိသားစု စားဝတ်နေရေး အရင်းအမြစ်တွေအတွက် အပြိုင်အဆိုင် ကြိုးစားရှာဖွေရမယ် ဆိုရင်လည်း ဒီဒုက္ခသည်တွေရဲ့ အသိုင်းအဝိုင်းထဲမှာ ဆက်ဆံရေးတွေ ဆိုးဝါးသွားမှာဘဲ" ဟု ကတ်က်ဝုဒ်က ကြေငြာချက်တရပ် ထုတ်ပြန်ရာတွင် ပြောကြားသွားပါသည်။

မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် စားဝတ်နေရေး ဘဝများ ပြန်လည်ထူထောင်ပေးရာတွင်လည်း နောက်ထပ် အဓိက ပြဿနာကြီးတခု ဖြစ်နေကြောင်း၊ ကြောက်မက်ဘွယ်ကောင်းလှသည့် ပင်လယ်လှိုင်းလုံးများဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သော်လည်း သူတို့ အလုပ်အကိုင်များမှာ လုံးဝ အစားထိုးမရအောင် ထာဝရ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ကြောင်း၊ ယင်းသည် ရေပြတ်လပ်မှုအပြင် နောက်ထပ် ဒုက္ခတခု ဖြစ်ကြောင်းဖြင့် 'Save the Children' က ပြောပါသည်။

"စားဝတ်နေရေးလုပ်ငန်းအတွက် ပြန်လည် ထူထောင်ပေးခြင်းဟာ အားကိုးရာမဲ့ မိသားစုတွေအတွက် သိပ်ကို အရေးကြီးပါတယ်၊ ဆေးကုသစရိတ်လို အပိုကုန်ကျစရာတွေ ရှိလာရင် ဒီမိသားစုတွေအတွက် အတော်ကို ခက်ပါတယ်" ဟု မုန်တိုင်း ဒုက္ခသည်များအတွက် နောက်ထပ် ငွေများ ထပ်မံလှူဒါန်းကြပါရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ အလှူရှင်များကို တိုက်တွန်းရင်း ကတ်က်ဝုဒ် (Kirkwood) က ပြောဆိုသွားပါသည်။

"လူတယောက်ရဲ့ ဘဝကို ပြန်လည် ထူထောင်ဘို့ဆိုတာ သိပ်ကို ငွေကုန်ကြေးကျ များပါတယ်၊ ဆင်းရဲတဲ့သူတွေအတွက်ဆို ပိုဆိုးပါတယ်။ အစားအစာ ဝယ်ဘို့ဘဲဖြစ်ဖြစ်၊ ကလေးတွေကို ကျောင်းအပ်ဘို့ဘဲဖြစ်ဖြစ် ဘယ်လို ငွေကြေးလိုအပ်ချက်ဘဲ ရှိလာရှိလာ သူတို့မှာ ရွေးချယ်စရာလမ်းက သိပ်ကို နည်းပါတယ်" ဟု ကတ်က်ဝုဒ် က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရသည့် လပွတ္တာ၊ ဘိုကလေး နှင့် ဖျာပုံမြို့နယ်များသို့ လွန်ခဲ့သော ၂ ပတ်က သွားရောက်ခဲ့သူ ရန်ကုန်မြို့မှ ဒေသခံ စေတနာ့ဝန်ထမ်း တဦးကလည်း ဒုက္ခသည်များကို ပေးအပ်နေသည့် လူသားချင်းစာနာသည့် အကူအညီ အထောက်အပံ့များသည် သိသိသာသာ ကျဆင်းသွားကြောင်း၊ ယခုအခါ ဒုက္ခသည်များမှာ သူတို့ဘဝများ ပြန်လည် ထူထောင်ရေးတွင် အခက်အခဲများနှင့် ကြုံနေရကြောင်း ပြောပါသည်။

"ဒုက္ခသည်အတော်များများ လယ်လုပ်ဘို့ လယ်တွေရှိရာ ပြန်သွားခဲ့ကြပြီ၊ တံငါတွေကလည်း ပင်လယ်ကို ပြန်ထွက်ကြတယ်၊ ဒါပေမဲ့ ခက်နေတာက သူတို့ အလုပ်ခွင် ပြန်ဝင်နိုင်အောင် ထောက်ပံ့ကူညီတာ ဘာမှမရှိဘူး" ဟု အဆိုပါ စေတနာ့ဝန်ထမ်းက ပြောပါသည်။

ကျေးရွာသားများသည် သူတို့ အိုးအိမ်များအတွက် သိပ်ဂရုမစိုက်ကြကြောင်း၊ သို့သော် အလုပ်ခွင် ပြန်မဝင်နိုင်သည့် အတွက်မူ စိတ်ဓါတ်ရေးရာအရ ထိခိုက်မှုများ ရှိနေကြကြောင်း၊ လယ်သမားများလည်း ခိုင်းကျွဲနွား မရှိခြင်း၊ မျိုးစပါးမရ ခြင်းစသည်တို့ကြောင့် လယ်ထဲ ပြန်မဝင်နိုင်ကြကြောင်းဖြင့် သူက ပြောပါသည်။

အလားတူပင် ရေလုပ်သားများမှာလည်း လှေများ ပြန်မတည်နိုင်ခြင်း၊ လှေသစ်များ မဝယ်နိုင်ခြင်းတို့ကြောင့် အလုပ်ခွင် ပြန်မဝင်နိုင်ဘဲ သောင်တင် နေကြရကြောင်းဖြင့် စေတနာ့ဝန်ထမ်း လုပ်သားက ပြောပါသည်။ ထို့ပြင် ဒေသခံ အကူအညီပေးရေး စေတနာ့ဝန်ထမ်းအဖွဲ့ အတော်များများလည်း မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များကို ဆက်လက် မကူညီတော့ဘဲ ထွက်ခွါသွားကြပြီ ဖြစ်ကြောင်းဖြင့် သူက ဆက်လက် ပြောဆိုပါသည်။

"ဒါပေမဲ့ ကျနော်ထင်တယ်၊ အခြေအနေတခုလုံး ခြုံကြည့်ရင်တော့ သိပ်မဆိုးပါဘူး၊ ကျနော်တို့အစက ထင်ထားသလောက်တော့ မဆိုးပါဘူး" ဟု သူကပြောပါသည်။

သို့သော် လပွတ္တာမြို့နယ် သင်္ကန်းကြီးကျေးရွာမှ ဆားလုပ်ငန်း လုပ်ကိုင်သည့် မုန်တိုင်း ဒုက္ခသည်တဦးကမူ သူတို့ရွာကို ပေးပို့နေသည့် ကယ်ဆယ်ရေး ပစ္စည်းများသည် လွန်ခဲ့သော ၂ လကပင် မရတော့ဘဲ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း ပြောပါသည်။

ယခုအခါ သူ၏ ဆားချက်လုပ်ငန်းကို အနိုင်နိုင် ပြန်လည် လုပ်ကိုင်နေရသော်လည်း အရင်းအနှီး မပြည့်စုံခြင်းကြောင့် ချောချောမွေ့မွေ့ လုပ်ငန်း မလည်ပတ်နိုင်ဘဲ အခက်အခဲများ ရှိကြောင်း ပြောပါသည်။

"ဆားချက်မြေ ၁ ဧကအတွက် ငွေကျပ် ၃ သိန်းပေးမယ်လို့ ကတိပေးထားပေမဲ့ အစိုးရက တကယ်ပေးတော့ ကျပ် ၁ သိန်းဘဲ ရတယ်" ဟု သူက ပြောပါသည်။ ထို့ပြင် ဤငွေသည် ချေးငွေအဖြစ် ပေးခြင်းဖြစ်သည့်အတွက် လုပ်ငန်းမကောင်းလျှင် မည်သို့ ပြန်လည် ပေးဆပ်ရမည် ဆိုသည်ကိုပါ စိတ်ပူနေရကြောင်းဖြင့်လည်း သူက ဆိုပါသည်။

ဤအတောအတွင်း ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ၊ နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ကလည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဒုတိယအဆင့် ကွင်းဆင်း လေ့လာမှုများကို ဆောင်ရွက်လျက် ရှိပါသည်။

နာဂစ်လွန်ပူးတွဲ အကဲဖြတ် လေ့လာမှုလုပ်ငန်း (PONJA) ကို ဆောင်ရွက်အပြီး TCG က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ပြန်လည် တည်ဆောင်ရေး လုပ်ငန်းစဉ်များနှင့်အတူ အရေးပေါ် ကယ်ဆယ်ရေးအဆင့်ကိုလည်း တပြိုင်တည်း ယှဉ်ပြိုင် ဆောင်ရွက်သင့်ကြောင်း ရေးသားထားပါသည်။

ဤသို့ လေ့လာအကဲဖြတ်လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာစစ်အစိုးရက ခွင့်ပြုထားသည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်သည့် (PONJA) အစီရင်ခံစာနှင့် ဆန့်ကျင်ပြီး မြန်မာ လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် တရပ်က အစီရင်ခံစာတစောင် ရေးသားတင်ပြရာတွင် အခြေအနေများသည် (PONJA) ပါ အခြေအနေများထက် အများကြီး ပိုမိုဆိုးရွားပြီး၊ TCG က လျှော့လျှော့ပေါ့ပေါ့ ပြောထားသည်များ အများအပြား ရှိကြောင်းလည်း ထောက်ပြ ဝေဘန်ထားပါသည်။

မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည့် ကရင်လူမျိုး ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးသမား ကိုရွှေကလည်း (PONJA) အစီရင်ခံစာသည် မြန်မာစစ်အစိုးရ၏ ဒုက္ခသည်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို မုန်တိုင်းဒုက္ခသည်များထံ မလုံမလောက် တစိတ် တပိုင်းသာ ဝေငှဖြန့်ဖြူးပေးခဲ့ခြင်းတို့ကို မဖေါ်ပြဘဲ ချန်လှပ်ထားခဲ့ကြောင်း အစီရင်ခံစာ တစောင် ရေးသား ဝေဘန်ထားပါသည်။

နအဖ၀န်ကြီးများအား တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်များအဖြစ် လျာထား
NEJ/ ၃၁ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရ ဖွဲ့သည့်အချိန်တွင် တိုင်းဒေသကြီး လွှတ်တော်အသီးသီး ၁၃ ခု၏ ၀န်ကြီးချုပ်များအဖြစ် လက်ရှိ နအဖ စစ်အစိုးရ ၀န်ကြီးများကို ခန့်ထားဖို့ လျာထားသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

တိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်များအဖြစ် လျာထားသည့် ၀န်ကြီးများကို ၄င်းတို့၏ ဇာတိမြေနှင့် နီးစပ်သည့် တိုင်းများတွင် နိုင်ငံရေးစည်းရုံးမှုများလုပ်ရန် တာဝန်ပေးထားသည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ဥပမာ-မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောက်ကာကျေးရွာဇာတိဖြစ်သည့် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းကို မန္တလေးတိုင်းတိုင်းဒေသကြီး လွှတ်တော်ဝန်ကြီးချုပ်အဖြစ် လျာထားသည်။

မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မကြာခင် ကြံဖွံ့အဖွဲ့အား နိုင်ငံရေးပါတီအဖြစ် တရားဝင်ကြေငြာဖို့ရှိသည်ဟု ၀န်ကြီး ဦးအောင်သောင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ကြံဖံွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို မည်သည့်အမည်နှင့်ဖွဲ့မည်၊ ပါတီခွဲမည်မျှထားမည်စသည့် အသေးစိတ် အချက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထူးခြားသည့်အချက်မှာ ကြံ့ဖွံ့ခေါင်းဆောင် စစ်အရာရှိများ၏ ရာထူးများနှင့် တွဲပြီး ဖော်ပြလေ့ရှိသည့် ကြံ့ဖွံရာထူးများကို လွန်ခဲ့သည့် တပတ်ကျော်မှစပြီး မြန်မာသတင်းစာများတွင် ဖော်ပြခြင်းမရှိတော့ဟု ရန်ကုန်မြို့များက ပြောသည်။

ဘောလုံးပွဲမှရသည့် နာဂစ်လေဘေးရန်ပုံငွေ ဖျာပုံမြို့နယ်မှာစာသင်ကျောင်းများဆောက်မည်
NEJ/ ၃၁ အောက်တိုဘာ ၂၀၀၈

နာဂစ်လေဘေးရန်ပုံငွေအတွက် ရည်ရွယ်ကစားသည့် မြန်မာနှင့်ဘရာဇီး ဘောလုံးပွဲမှ ရရှိသော ကွင်းဝင်ကြေးငွေများကို နာဂစ်လေဘေးဒဏ်ခံရသော ဒေသများအနက် ဖျာပုံမြို့နယ်ရှိ စာသင်ကျောင်းများကို ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နာဂစ် လေဘေးကယ်ဆယ်ရေး ရန်ပုံငွေအတွက် ကျပ် သိန်း (၁၂၀) ရရှိခဲ့ကြောင်း၊ ယခုလ
(၂၆) ရက် ပထမပွဲစဉ်တွင် (၇၅) သိန်းနှင့် (၂၈) ရက် ဒုတိယပွဲစဉ်တွင် (၄၅) သိန်း ရရှိခဲ့ကြောင်း၊ ယင်းငွေများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဘရာဇီး ဘောလုံးအသင်းမှ အားကစားသမားများသည် အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ လေဘေးသင့်ဒေသများဖြစ်သည့် ကွမ်းခြံကုန်း၊ တွံတေး ၊ ကော့မှုး ၊ ဒေးဒရဲ ၊ ဖျာပုံနှင့် ကျိုက်လတ် ဒေသများသို့ သွားရောက်ကာ လေဘေးဒုက္ခသည်များကို တရင်းတနှီးတွေ့ဆုံကာ အားပေးခဲ့သည်။

ဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကာ ဘရာဇီး ဘောလုံးသမားများနှင့် ပြည်တွင်း ဂျာနယ်အချို့တို့မှ တာဝန်ရှိသူများ သွားရောက်ခဲ့ကြကြောင်း၊ လေဘေးသင့်ဒေသခံများက ဘရာဇီးဘောလုံးအဖွဲ့ကို တခဲနက်အားပေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့မှာ တာဝန်ရှိသူက ပြောသည်။

၎င်းက “လေဘေးသင့်ဒေသခံတွေကို မြင်တော့ သူတို့ စိတ်မကောင်းဖြစ်ကြတယ်၊ ပြီးတော့ သူတို့ ကို ကြိုဆိုတဲ့အတွက် အရမ်းဝမ်းသာကြတယ်၊ ဘရာဇီးနိုင်ငံအနေနဲ့  လေဘေးဒဏ်သင့်ဒေသတွေကို မလှူရသေးဘူးလေ၊ ဒါ့ကြောင့် သူတို့ လာလှူဦးမယ်တဲ့” ဟု ပြောသည်။

“လောလောဆယ်တော့ ဖျာပုံက အထက်တန်းကျောင်း တကျောင်းရဲ့ စာသင်ဆောင်နဲ့ အဲဒီမြို့က ကျေးရွာတ်ရွာက မူလတန်းကျောင်းကို ပြန်လည် ပြုပြင်ဖို့ ရာထား သတ်မှတ်ထားတယ်” ဟု ဘောလုံးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဘောလုံးပွဲစဉ်များတွင် ပွဲဦးထွက် ပွဲစဉ်အတွက် အထက်တန်း လက်မှတ်တစောင်ကို (၅၀၀၀) ကျပ်၊ ရိုးရိုးတန်း တစောင်လျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းခဲ့ရာမှ ဒုတိယပွဲစဉ်တွင် အထူးတန်းကို (၁၀၀၀) ကျပ်၊ ရိုးရိုးတန်းကို (၅၀၀) ကျပ်အထိ လျှော့ရောင်းခဲ့သည်။

ပထမနေ့ ကစားရာတွင် ဘရာဇီးအသင်းက မြန်မာအသင်းကို (၄) ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင်မူ ဘရာဇီးက ပထမပိုင်း မိနစ် (၃၀) အကြာတွင် (၁) ဂိုးသွင်းယူနိုင်ခဲ့ကာ ဒုတိယပိုင်း၌ မြန်မာဘက်က ချေပဂိုး သွင်းနိုင်ခဲ့သဖြင့် သရေပွဲဖြစ်ခဲ့သည်။

ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရကို ဘန်ကီမွန်း တိုက်တွန်း

01 November 2008

ဦးကျော်ဇံသာ -


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို အခါအခွင့် သင့်တဲ့အချိန်မှာ သွားရောက်ဖို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးဖြစ်စဉ် စောလျင်စွာ အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းသွားပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက်ရှိနေုတုန်း သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောကြားချက်ထဲမှာတော့ -


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
“ကျနော် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလက သွားရောက်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး စာနာမှု အထောက်အပံ့ ပေးရေးကိစ္စနဲ့ သွားရောက်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံထဲ စာနာမှု အကူအညီတွေ ပို့ဆောင်ရေး ကိစ္စကို ကျနော် ပေါက်မြောက်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အခုချိန်ထိလည်း ကုလသမဂ္ဂဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပံ့ပိုးနိုင်အောင် ဆက်လက် ဆောင်ရွက်နေဆဲပါ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်မှု တိုင်တန်းမှု တစုံတရာ ကျနော် မရရှိခဲ့ပါဘူး။ ဒီအထောက်အပံ့တွေဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှုနဲ့ ဆက်လက် ရောက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ပြောရရင် အခုတခါ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပို စိတ်ဝင်စားနေတာဟာ နိုင်ငံရေးကိစ္စ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စ ဖြစ်နေပါတယ်။ မြန်မာအာဏာပိုင်တွေ အထူးသဖြင့် ခေါင်းဆောင်တွေဟာ သူတို့ ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို စဉ်းစားကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီအချိန်မှာ ဒါဟာ သိပ်ကို လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ရေးကိစ္စ အပါအ၀င် သူတို့ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စကို စောလျင်စွာ ဆောင်ရွက်ကြသင့်ပါတယ်။

“ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တာဝန်ပေးချက်နဲ့အညီ ကျနော့်အဆင့်ကရော အထူးအကြံပေးပုဂ္ဂိုလ်က တဆင့်ပါ ဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာပြည်ကို ပြန်သွားဖို့လည်း ကျနော် စဉ်းစားနေပါတယ်။ သင့်လျော်မယ့်အချိန်ကို ကျနော် စောင့်နေပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်ပြီး နိုင်ငံရေး အခြေအနေ သင့်တင့်လျောက်ပတ်ချိန်မှာ သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အစိုးရဟာ အိမ်နီးချင်း အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး လွယ်ကူပြေလည်အောင် ကူညီဆောင်ရွက်ပေးဖို့ ကျနော် မျှော်လင့်ပါတယ်။ ၀န်ကြီချုပ် မန်မိုဟန်ဆင်း နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့ကပါ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ကျနော့်ကို အခိုင်အမာ ပြောခဲ့ကြပါတယ်။”

စီးပွားရေး နိုးထစေမယ့် အစီအစဉ် ကွန်ဂရက်စ် လွှတ်တော် ကြားနာ

01 November 2008

Dan Robinson's Report in Burmese -

နောက်အပတ် အင်္ဂါနေ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် လွှတ်တော် အမတ်တွေ ဟာ စီးပွားရေး ကပ် ရဲ့ သက်ရောက်မှု အကြောင်းတွေ ကို စီးပွားရေး ပညာရှင်တွေ နဲ့ ကျွမ်းကျင်သူတွေ ပြောကြတာ ကြားနေခဲ့ကြရ ပါတယ်။ စီးပွားရေး ပြန်ကောင်းလာအောင် လုပ်ပေးမယ့် အစီအစဉ် ရဲ့ အဆိုးအကောင်းတွေ ကိုလည်း ကြားခဲ့ကြရပါတယ်။ အမေရိကန် စီးပွားရေး ကို ပြန်ကောင်းလာအောင် လုပ်ဖို့ ရည်ရွယ်ပြီး ဥပဒေ အသစ်တွေ ပြဌာန်းကောင်းပြဌာန်းကြဖို့ ဒီမိုကရက် လွှတ်တော် အမတ်တွေ က နိုဝင်ဘာ လလယ်လောက်မှာ အောက်လွှတ်တော် ကို ပြန်ခေါ်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Dan Robinson သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန် က ၂၀၀၈ ခုနှစ် တတိယ သုံးလပတ် မှာ ကျသွားခဲ့ပြီး၊ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားတာတွေကလည်း တိုးများလာနေပါတယ်။ အဲဒီ အချက်တွေ ကို ထောက်ပြပြီး စီးပွားရေး ကို ပြန်ကောင်းလာအောင် လုပ်ပေးဖို့ နောက်ထပ် အစီအစဉ်သစ်တစ်ရပ် လိုအပ်မယ် လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ က ပြောပါတယ်။

စီးပွားရေး ကျနေတာ ဘယ်လောက် ဆိုးနိုင်တဲ့အကြောင်း ကို စီးပွားရေး ပညာရှင်တွေ နဲ့ ကျွမ်းကျင်သူတွေ က ဖြစ်နိုင်ခြေတွေ တင်ပြကြပါတယ်။ တော်တော်များများ က စီးပွားပျက် ကပ်လို့ ဆိုနိုင်တဲ့ အချက်တွေက ဖြစ်နေပြီ လို့ ပြောကြပါတယ်။ ပါတီ ၂ ပါတီ ရဲ့ ပူးတွဲ စီးပွားရေး ကော်မီတီ က ပညာရှင်တွေ ကို ခေါ်ယူ ကြားနာရာမှာ စီးပွားရေး ပိုင်ခြားသုံးသပ်မှု ဌာန ညွှန်ကြားရေးမှူး J. Steven Landefeld, ကပ်လို့ပဲ ခေါ်ခေါ် မခေါ်ခေါ်၊ စီးပွားရေး ကတော့ ထိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

“အလုပ်အသစ်တွေ ဖန်တီးနိုင်ဖို့ စီးပွားရေး က တော်တော် လေးကွေးနေတယ်။ အလုပ်လုပ်ချင်သူတွေ များလာနေတာ၊ လူဦးရေ တိုးများလာတာ၊ ထုတ်လုပ်ရေး အားက တက်လာတာ ကို စီးပွားရေး က မီအောင် မလိုက်နိုင်ပါဘူး။”

အရင် က ဘဏ္ဍရေးဝန်ကြီးဌာန အရာရှိတစ်ယောက် ဖြစ်ခဲ့ပြီး၊ အခု နယူးယောက် တက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ Nuriel Rubini ကတော့ အခု ဖြစ်နေတာ စီးပွားကပ်ဆိုက်နေတာ ဖြစ်တယ်လို့ ဆိုပြီး ၁၈ လ က နေ ၂၄ လ အထိကြာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

သူမ က အနည်းဆုံး ဒေါ်လာ သန်းပေါင်း ၃ သိန်းရှိမယ့် စီးပွားပြန်ကောင်းလာအောင် နှိုးမယ့် အစီအစဉ်တစ်ရပ် လုပ်ဖို့ အောက်လွှတ်တော် ကို တိုက်တွန်းပါတယ်။ အစိုးရ ရဲ့ ဒေါ်လာ သန်းပေါင်း ၇ သိန်း အစီအစဉ် က ငွေကြေးဈေးကွက် ကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ သူမ ပြောတဲ့ အစီအစဉ် က သာမာန် အမေရိကန်တွေကို ပံ့ပိုးပေးမယ့် အစီအစဉ် အသစ် ဖြစ်ပါတယ်။

ဒါပေမဲ့ အိုဟိုးအိုး တက္ကသိုလ် က စီးပွားရေး ပါမောက္ခ Richard Vedder ကတော့ အဲဒီလို ဆောင်ရွက်တာ အန္တရာယ် များလှတယ်လို့ ထင်ပါတယ်။ ငွေကြေး အကျပ်တည်း ဖြစ်နေချိန် မှာ အဲဒီလောက်ငွေကို ဘယ်ကယူမလဲ ဆိုတဲ့ မေးခွန်း ကို သူ က မေးပါတယ်။

ရေရှည်မှာ စီးပွားရေး အပေါ် ယုံကြည်မှု နည်းလာပြီး၊ မျှော်လင့်ချက်တွေ ပဲ ဖောင်းပွလာလိမ့်မယ် လို့ ပြောပါတယ်။


ဒါပေမယ့် အရင် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှာ သုတေသန ညွှန်ကြားရေးမှူး လုပ်ခဲ့ပြီး၊ အခု အမ်အိုင်တီ တက္ကသိုလ်ကြီး မှာ ရောက်နေတဲ့ Simon Johnson ကတော့ အမေရိကန် စီးပွားပျက်ကပ် က ကမ္ဘာ့အတိုင်းအတာ နဲ့ ရိုက်ခတ်နိုင်တာ ကို စဉ်းစားပါတယ်။ ဒါကြောင့် သူ က ဒေါ်လာ သန်းပေါင်း ၄ သိန်း ခွဲ အစီအစဉ် သစ်တစ်ရပ် ကို မြန်မြန်ဆန်ဆန် ချမှတ်ဖို့ အောက်လွှတ်တော် ကို တိုက်တွန်းပါတယ်။

ဒါပေမယ့် ပြည်နယ် ၂၅ ပြည်နယ်မှာက ဘဏ္ဍာရေး လိုငွေပြနေကြပါတယ်။ ၂၀၁၀ ရောက်ရင် ပြည်နယ်ပေါင်း ၃၉ ပြည်နယ် က စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁ သိန်း ၅ ထောင် လိုငွေ ပြလာကြလိမ့်မယ်လို့ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး David Paterson က ဆိုပါတယ်။

အောက်လွှတ်တော် မှာ သာမာန် အမေရိကန် ပြည်သူတွေ ကို ကူညီမယ့် စီးပွားရေး အစီအစဉ်အသစ် ကို ဒီမိုကရက် လွှတ်တော် အမတ်တွေ က ချမှတ်ချင်ကြပြီး၊ ရီပါဘလီကန် အမတ်တွေ က ဆန့်ကျင်ကြပါတယ်။ လက်ရှိ သမ္မတ ကလည်း အဲဒီလို အစီအစဉ်အသစ် ကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဒီမိုကရက်အမတ်တွေ အဖို့ နောက်နှစ်၊ လွှတ်တော် အသစ်ခေါ်ယူတဲ့ အချိန်အထိ စောင့်ပြီး၊ ဘားရက် အိုဘားမား နဲ့ ဖြစ်စေ၊ ဂျွန်မက်ကိန်း နဲ့ ဖြစ်စေ၊ သမ္မတဖြစ်လာမယ့် သူ နဲ့ အလုပ် အတူ လုပ်ကြရမှာ ဖြစ်ပါတယ်။

အမေရိကန် အစုရှယ်ယာဈေး အနည်းငယ် မြှင့်တက်

01 November 2008

Kent Klein's Report in Burmese

အမေရိကန်ပြည်တွေအနေနဲ့ အသုံးအစွဲမှုတွေ လျော့ချနေတဲ့ ကြားကပဲ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ က စတော့ ဈေးကွက်တွေ မသိမသာ တက်လာခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်ယန် (Kent Klein) က ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းပေးပို့ထားတာကို မညိုညိုလွင် က တင်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ အစီရင်ခံစာ နောက်တခုမှာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ အားနည်းနေတာတွေကို ဖော်ပြထားပါတယ်။ စက်တင်ဘာလအတွင်းမှာ လူတဦးချင်းရဲ့ အသုံးစားရိတ်ဟာ သုံးပုံတပုံ ကျော်ကျော်လေး ကျဆင်းသွားတယ် လို့ ကူးသန်းရောင်းဝယ်ရေး ဌာန က ပြောဆိုလိုက်ပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ် ဇွန်လက စကြည့်ရင် အကြီးမားဆုံး ကျဆင်းမှုတခု ဖြစ်ပြီး ဇူလိုင်လနဲ့ သြဂုတ်လတွေက အခြေအနေတွေကို ပေါင်းကြည့်လိုက်မယ် ဆိုရင်တော့ ၂၈ နှစ်အတွင်း အဆိုးရွားဆုံး ၃ လပတ်ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာလ က ကျဆင်းသွားခဲ့မှုက စီးပွားရေး ပညာရှင်တွေ ထင်မှတ်ထားသလို စီးပွားရေး အခြေအနေဟာ မသိမသာ ဆိုးရွားလာတာပါပဲ။

Standard and Poor’s ဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာ သုတေသန ကုမဏီရဲ့ အကြီးတန်း စီးပွားရေးပညာရှင် ဘက်သ် အန်း ဘိုဗီနို (Beth Ann Bovino) ကတော့ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှုဟာ အသုံးအစွဲတွေ ကျဆင်းလာမှုရဲ့ အဓိက အကြောင်းတချက် ဖြစ်တယ်လို့ ဆိုပါတယ်။


“၉ လတာ အလုပ်အကိုင် ဆုံးရှုံးမှုတွေကို မြင်ခဲ့ရပြီးနောက် ဒီလို အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဆက်လက် ရှိနေအုံးမယ့် အလားအလာကိုလည်း တွေ့နေရနေတော့ စားသုံးသူတွေအဖို့ အကျဉ်းအကြပ်နဲ့ ရင်ဆိုင်ရမယ် ဆိုတာတော့ သေချာပါတယ်။”

စိတ်မချရတဲ့ စီးပွားရေး အခြေအနေတွေနဲ့ ထိပ်ထိပ်ဖြာဖြာ ဖြစ်နေရတဲ့ စားသုံးသူတွေဟာ သူတို့ရဲ့ ငွေကြေးအသုံးအစွဲ တွေကို ပိုပြီးခြစ်ချုပ် လာကြပါတယ်လို့ လည်း ဗိုဗီနို က ဆိုပါတယ်။

“လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားတာတောင် စားသုံးသူတွေဟာ အလုပ်လက်မဲ့ အဖြစ်နဲ့ ကြုံတွေ့နေကြရပါတယ်။ အိမ်သုံးစားရိတ်တွေ အတွက်လည်း နည်းပါးလာပြီး အားလုံး မသုံးမဆွဲနိုင် ဖြစ်ကုန်ပါတယ်။ ဒီအတွက် ပိုချွှေတာ လာပြီး ဈေးတွေမှာ အချိန်ယူသွားရောက် သုံးစွဲတာတွေ မလုပ်နိုင်ကြတော့ဘူး လို့ ကျနော်တို့ ထင်ပါတယ်။”

အမေရိကန်စီးပွားရေး အခြေအနေဟာ လအနည်းငယ်တော့ အားနည်းနေတာတွေ ရှိနေအုံးမယ်လို့ မျှော်လင့်ရတဲ့ အဖြေပါပဲ လို့လည်း ဘိုဗီနို က ဆိုပါတယ်။

“စတုတ္ထ လပတ်ကတော့ တကယ့်ကို အားနည်းနေတဲ့ လပတ်တွေပါပဲလို့ ကျနော်တို့ ယူဆပါတယ်။ ဒီအခြေအနေတွေဟာ ၂၀၀၉ ခုနှစ် စောစောပိုင်း ကာလတွေအထိ ရှိနေမယ်လို့ ထင်ပါတယ်။”

စားသုံးသူတွေရဲ့ သုံးစွဲမှုနဲ့ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ရတဲ့သတင်းတွေ ကြားထဲကပဲ အမေရိကန်ရဲ့ စတော့ ဈေးကွက်ဟာ သောကြာနေ့မှာ အကောင်းဘက်ကို ပြနေပါတယ်။ ဥရောပဈေးကွက်မှာလည်း မသိမသာ ကောင်းလာတာကို တွေ့ရပါတယ်။ အမေရိကန်စားသုံးသူတွေရဲ့ ၀ယ်ယူသုံးစွဲမှု စိတ်ပျက်လောက်အောင် ကျဆင်းသွားမှုက အာရှ စတော့ ဈေးကွက်မှာ ဆုံးရှုံးမှုတွေ ဖြစ်လာအောင် သွားပြီး သက်ရောက်နေပါတယ်။

လောင်စာဆီဈေးကတော့ သောကြာနေ့က တစည်ကို ၆၅ ဒေါ်လာအောက် ရောက်သွားပြီး ဒီလထဲမှာ အကြီးမားဆုံး စံချိန်ချိုး ကျဆင်းမှု ဖြစ်သွားပါတယ်။ ရေနံစိမ်း ရောင်းချမှုတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ၆၀ % အထိ မြှင့်မား လာမှုကနေ ဒီလထဲမှာ ၃၅ % ကျဆင်းသွားပါတယ်။


ဒီအတွက်ကြောင့် ရေနံကုမ္ပဏီတွေရဲ့ အမြတ်အစွန်းဟာ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ အမြင့်ဆုံး စံချိန် တင်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒုတိယအကြီးမားဆုံး ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron က အဲ့ဒီအချိန်က အကျိုးအမြတ်တွေဟာ နှစ်ဆထက်ပိုများပြီး သန်း ၈ ထောင်နီးပါး ရရှိတယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင် စောစောပိုင်း တရက်ကတော့ သူတို့အမြတ်ငွေ ၅၈ % မြင့်မားလာတယ်လို့ Exxon Mobile က ပြောဆိုလိုက်ပြီး Royal Duch Shell ကုမ္ပဏီကတော့ ၂၂ % မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မော်တော်ကား ကုမ္ပဏီတွေ အတွက်ကတော့ ဒီအချိန်ဟာ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ ဂျပန်နိုင်ငံက တတိယ အကြီးဆုံး ကားကုမ္ပဏီ ဖြစ်တဲ့ နစ်ဆန်း ကုမ္ပဏီ နဲ့ ဆူဇူကီး ကုမ္ပဏီတွေကတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ လောင်စာဆီဈေး မြှင့်တက်သွားမှုတွေက သူတို့ရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ် ထုတ်လုပ်မှုမှာ အစီးရေ ၂ သန်းလောက် လျော့ချလိုက်ရပြီး အလုပ်သမား ၃,၅၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်သွားရတယ် လို့ နစ်ဆန်း ကုမ္ပဏီက ဆိုပါတယ်။

ရှေ့လာမယ့်နှစ်ပတ် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ဘဏ္ဍာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ပြန်လည် သတ်မှတ်လုပ်ဆောင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေကိုပါ တိုက်တွန်းဖို့ ဥရောပသမဂ္ဂကို ပြင်သစ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အရှုံးပေါ်နိုင်တဲ့ အလားအလာတွေ များပြားနေတာကို ပြန်ပြင်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ္ဍာရေး လုပ်ငန်းတွေကိုလည်း ပြောင်းလဲ သင့်တယ်လို့ ပြင်သစ်ကပဲ ဥရောပသမဂ္ဂကို ပြောဆိုခဲ့ပါတယ်။ G 20 ဘဏ္ဍာရေး ထိပ်သီးညီလာခံကို နိုဝင်ဘာလ ၁၅ ရက်နေ့ ကျရင် ၀ါရှင်တန်မှာ ကျင်းပကြမှာပါ။

ရုရှား သမ္မတ ဒစ်မစ်ထရီ မက်ဗီးယားဒဗ် (Dmitry Medvedev) ကလည်း ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ စနစ်တွေကို အပြောင်းအလဲ အများကြီး လုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာစနစ် အသစ်ဟာ စီမံခန့်ခွဲမှုဆိုင်ရာ အကြပ်အတည်းတွေ ရင်ဆိုင်နေတာ ပိုပြီး ကောင်းမွန်လာစေဖို့ နဲ့ အမေရိကန် ဒေါ်လာကို အရံငွေကြေး အဖြစ် ထားပြီး အာကိုးနေရတာကို လျော့ချဖို့တွေကို လာမယ့် ညီလာခံမှာ ပြောဆိုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လူထုစစ်တမ်းတွေမှာ အိုဘားမား အသာစီးရ

01 November 2008

အင်ဒီယားနားပြည်နယ် ဟိုက်လန် တွင် မဲဆွယ်စည်းရုံးရေး ဆင်းနေသူ ဘားရက် အိုဘားမား (အောက်တိုဘာ ၃၁၊ ၂၀၀၈)
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်ပဲ လိုတော့တဲ့အချိန် သမ္မတ လောင်းများ အဓိက ပြည်နယ်များမှာ မဲဆွယ်နေကြစဉ် လူထုသဘောထား စစ်တမ်းများ အရ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဘားရက် အိုဘားမားက ဂျွန်မက်ကိန်း ထက် အသာ ရနေပါတယ်။

ဒီနေ့ အထက်လွှတ်တော်အမတ် အိုဘားမားဟာ နီဗားဒါး၊ ကိုလိုရာဒို နဲ့ မစ်ဇူရီ ပြည်နယ်တို့မှာ မဲဆွယ်နေပြီး အဲဒီပြည်နယ် ၃ ခုစလုံးမှာ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးမှာ ရီပါပလစ်ကန်တို့ နိုင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ အိုဘားမားကို ပိုပြီး လူကြိုက်နေပါတယ်။

ဂျွန်မက်ကိန်းကလည်း အိမ်ဖြူတော် ရောက်ရှိရေး ပန်ဆယ်လ်ဗေးနီးယား နဲ့ ဗာဂျီးနီးယား ပြည်နယ်တို့မှာ စည်းရုံးနေ ပေမယ့်လည်း လူထု သဘောထား စစ်တမ်းများအရ သူက နောက်ကို ရောက်နေပါတယ်။ ဗားဂျီးနီးယား ဟာ ရီပါပလစ်ကန် တို့ အားထားရတဲ့ ပြည်နယ်ဖြစ်ပြီး ပန်ဆယ်လ်ဗေးနီးယား ကတော့ သမိုင်းနဲ့ချီ ဒီမိုကရက်တို့ကို ထောက်ခံတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတကို ပြည်နယ်အလိုက် ရွေးချယ်ရေး ကိုယ်စားလှယ်မဲများက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ၅၃၈ မဲထဲက မဲ ၂၅၀ ထက် မနဲ ရရှိသူ သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။





0 အကြံပြုခြင်း: