Monday, November 3, 2008

နိုဝင်ဘာ ၃၊ ၂၀၀၈သတင်း

နိုင်ငံရေးအကျဉ်းသားများ၏ ရှေ့နေများ ဖိအားပေးခံနေရ
ကိုစိုး | နိုဝင်ဘာ ၃၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးအရေးယူထားသော နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေး နေသည့် ရှေ့နေ များသည် အာဏာပိုင်များ၏ ဖိအားပေး အကျပ်ကိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုများ အသိုင်းအ၀န်းမှ သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို အကျိုးဆောင်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ကိုညီညီလှိုင်အား မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရန်ကုန်တိုင်း တရားရုံးမှ တိုင်းတရားသူကြီး(၂)က တနလာင်္နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက လွန်ခဲ့သော သောကြာနေ့က အကြောင်းကြားခဲ့ သည်ဟု ကိုညီညီလှိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

“ရှေ့နေ ကိုညီညီထွေးကို ဖမ်းတုန်းကလည်း လှိုင်သာယာ ရဲစခန်းက ရဲအုပ်က ခရိုင်ရုံးက ခေါ်နေတယ်လို့ ပြောလို့ သွားတာ အဖမ်းခံလိုက်ရတယ်၊ ကိုညီညီလှိုင်ကတော့ ဒီနေ့ သွားမယ်လို့ ပြောတယ်၊ အခုထိ အခြေအနေ မသိရသေးဘူး”ဟု ၎င်းက ပြောပြသည်။

ကိုညီညီထွေးကို စံပြအနေနှင့် အရေးယူခြင်း ဖြစ်နိုင်ကြောင်း၊ ရှေ့နေများကို ပြင်ပလောကနှင့် နိုင်ငံရေး အကျဉ်းသား များကြားတွင် ကြားခံဆက်သွယ်ပေးနေသူများဟု အာဏာပိုင်များက ထင်မြင်သည့်အတွက် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ရှေ့နေ ကိုညီညီထွေးကို ၎င်း၏အမှုသည်များဖြစ်သော လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်၊ ကိုရန်နိုင်ထွန်းတို့နှင့်အတူ တရားရုံးအား အနှောင့် အယှက်ပေးသည့် ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက လွန်ခဲ့သော ကြာသပတေးတွင် ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုညီညီထွေးသည် ၂၀၀၇ ခု ဇွန်လ ၁၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့်အတွက် အဖမ်းဆီးခံရသော လှိုင်သာယာမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၁ ဦး၏ အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေစဉ် ဤကဲ့သို့ ဖမ်းဆီး အရေးယူခံရခြင်းဖြစ်သည်။

ရှေ့နေကြီး ဦးအောင်သိန်းကိုလည်း အကြောင်းပြချက်မသိရဘဲ တရားရုံးက လာမည့် လဆန်း ၆ ရက်တွင် ဆင့်ခေါ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေမှူး ဦးအောင်ထူးက မည်သည့် ပြစ်မှုမှ မကျူးလွန်သည့် ရှေ့နေ တဦးအား အရေးယူထောင်ဒဏ်ချမှတ်ခြင်းသည် ဥပဒေကို အလွဲသုံးစားပြုလုပ်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော် သိသလောက် ဦးညီညီထွေးက သူ့အမှုသည်တွေ ရစရာရှိတဲ့ အခွင့်အရေးကို တရားခွင်မှာ တောင်းဆိုတာပဲ၊ ဒါ ရှေ့နေတိုင်းမှာ တောင်းဆိုခွင့်ရှိတယ်၊ ဒါ ရှေ့နေရဲ့တာဝန်ပဲ၊ တောင်းကို တောင်းဆိုရမှာဖြစ်တယ်၊ အဲဒီလို တောင်းဆိုချက် တွေ အကုန်လုံးက တရားဝင်တယ်၊ တရားရုံးကို မထေမဲ့မြင်လုပ်တာမဟုတ်ဘူး၊ ဒီလို တောင်း ဆိုတာကို တရားရုံးကို မထေမဲ့မြင်လုပ်တယ်ဆိုရင်တော့ ဒါ ဥပဒေကိုအလွဲသုံးစားလုပ်တာပဲ၊ အဲဒီလိုအလွဲသုံးစား လုပ်ပြီး လွတ်လပ်တဲ့တရားစီရင် ရေးစနစ်ကို တရားသူကြီးတွေကိုယ်တိုင် ဖျက်ဆီးတာပဲ၊ ဒီနေ့ တရားသူကြီး တွေ က နအဖ ရဲ့ လက်ကိုင် တုတ်တွေဖြစ်နေ ပြီလို့ ပြောလို့ ရတယ်”ဟု ဦးအောင်ထူး ကပြောသည်။

ကိုညီညီလှိုင်၊ ကိုညီညီထွေးအပါအ၀င် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏အမှုများကို အကျိုးဆောင် ပေးနေ သော ရှေ့နေများမှာ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးမြင့်သောင်း၊ ဦးကျော်ဟိုး၊ ဦးမောင်မောင်လေး၊ ဦးတင်မောင်ဦး၊ ကိုစောကျော်ကျော်မင်း၊ ကိုဖိုးဖြူ၊ ဦးတင်တိုး၊ ဦးလှမြင့်၊ ဒေါ်ခင်ဌေးကြွယ် စသဖြင့် ၁၃ ဦးခန့် ရှိကြောင်း ထိုင်းနိုင်ငံအခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ပြောဆိုချက် အရ သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၉ ဦး ကိုလည်း ၎င်းတို့အား ရုံး ထုတ် စစ်ဆေးချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုများနှင့် အများပြည်သူ လာရောက် ကြားနာခွင့် ပြုရန်တို့ကို တောင်းဆိုသည့်အတွက် တရားစီရင်မှုကို အနှောင့်အယှက်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက်တနေ့၌ အင်းစိန် ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ယခု ဖမ်းဆီးခံထားရသည့် ၈၈ ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်သည် အကျဉ်းထောင်အတွင်း၌ မျက်စိ ဝေဒနာကို ဆိုးဝါးစွာ ခံစားနေရကြောင်း ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက ပြောသည်။

ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တွင် ၎င်း၏ မျက်စိဝေဒနာကို ဆေးခန်းသို့ သွားပြရာလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုလှမျိုးနောင်၏ ညာဘက်မျက်စိမှာ အကျဉ်းထောင် အတွင်းနှိုက်ပင် ကွယ်သွားခဲ့ကြောင်း သိရသည်။

မြန်မာဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွား
ဧရာဝတီ | နိုဝင်ဘာ ၃၊ ၂၀၀၈

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားရာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စစ်သင်္ဘောများ ပို့လွှတ် လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိ အစ်ဖ်တီခါ အာမက် ချိုဒူရီက မနေ့ကပြောကြား လိုက်သည်ဟု ရိုက်တာသတင်းတွင် ရေးသားထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် အခြေအတင်ဆွေးနွေးမှုများကို နှစ်နှင့်ချီ၍ ပြုလုပ်ခဲ့ကြပြီးနောက် ဘင်္ဂလား ပင်လယ် အော်အတွင်းရှိ သဘာဝဓာတ်ငွေ့ကြွယ်ဝသော အငြင်းပွားရာ နယ်မြေကို နယ်နိမိတ် သက်မှတ် ပိုင်းခြားခဲ့ကြ၏။

သို့ရာတွင် မြန်မာစစ်အစိုးရက နယ်နိမိတ်သက်မှတ်ပြီးသော အငြင်းပွားရာ ဒေသတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရန် အစဉ် ကြိုးပမ်းလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာ အကြံပေးအရာရှိက ပြောသည်။

၎င်းအနေနှင့် နှစ်နိုင်ငံအငြင်းပွားနေသည့်ကိစ္စရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆက်ပြော ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တခုဖြစ်သော bdnews24.com တွင်လည်း ယခုကဲ့သို့ ရေတပ်စစ်သင်္ဘော များ ချထားရခြင်းမှာ မြန်မာစစ်အစိုးရကို တရားဝင် တားဆီးကာကွယ်ခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။

“ကျနော်တို့ အနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲက နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်ကို ရောက်နေတဲ့ မြန်မာ ဓာတ်ငွေ့ရှာ ဖွေရေး သင်္ဘောတွေကို ပြင်းပြင်းထန်ထန် တားဆီးသွားဖို့ စီစဉ်ပြီးပါပြီ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိက ပြောကြားသည်။

အောက်တိုဘာလ အတွင်းက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက် ခဲ့ပြီး ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ကိစ္စ အပါအဝင် တခြားသော သဘာဝ ဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင် သွင်းရေး စသော နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆွေးနွေးခဲ့သည်။

အောက်တိုဘာ ၇ ရက်နေ့ကလည်း ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့သည် အခွန် ၂ ထပ်လျှော့ချရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေးပိုမိုတင်းကျပ်
အောင်သက်ဝိုင်း | အောက်တိုဘာ ၃၁၊ ၂၀၀၈

အစိုးရ ၀န်ကြီးဌာန ရုံးအဆောက်အအုံများကို အဓိကပစ်မှတ်ထား ဗုံးဖောက်ခွဲမည့် အကြမ်းဖက်သမားများ ပြည်တွင်းတွင် ထပ်မံရောက်ရှိနေသဖြင့် လုံခြုံရေးသတိပိုမိုထားကြရန် ညွှန်ကြားချက်များ အစိုးရ၀န်ကြီး ဌာနများအတွင်း ထုတ်ပြန်ထား ကြောင်း နေပြည်တော်နှင့် ရန်ကုန် အစိုးရ၀န်ထမ်း အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း တဒါဇင်ထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် အကြမ်းဖက် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်လာသည်ဆိုသော သတင်းများ ရရှိထားသောကြောင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရဲနှင့်စစ်တပ်များ ချထားပြီး လုံခြုံရေး အထူးတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။

“အစိုးရ၀န်ကြီးဌာနနဲ့ စက်ရုံတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုတွေ လုပ်နိုင်တယ်။ အဲဒီတော့ ၀န်ထမ်းတွေ လုံခြုံရေးသတိ ရှိကြဖို့ လိုတယ်ဆိုပြီး စက်ရုံမှူးက ခေါ်ပြောတယ်” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ စက်မှုဝန်ကြီးဌာနပိုင် အစိုးရစက်မှု ကုန်ထုတ်စက်ရုံမှ ၀န်ထမ်းတဦးကပြောသည်။

စက်တင်ဘာလက ရဲကား၊ စစ်ကားများဖြင့် လက်နက်အပြည့်အစုံ တပ်ဆင် ကင်းလှည့်ခဲ့သော်လည်း ယခုအခါ အစိုးရ ၀န်ကြီးဌာနပိုင် အဆောက်အအုံများ၊ သံရုံးများ၊ လမ်းဆုံလမ်းမများနှင့် အထင်ကရ နေရာများတွင်သာ အဓိကထားပြီး လုံထိန်းများကို ချထားတော့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက အတည်ပြုပြောဆိုသည်။

“အခု လုံခြုံရေးမြှင့်တာက ဗုံးခွဲမယ့်ရန်ကြောင့် အဓိကပဲ။ စက်တင်ဘာတုန်းကလို ရဲကားတွေနဲ့ လမ်းတွေပေါ်လှည့်တဲ့ လုံခြုံရေးမျိုးတော့ မဟုတ်ဘူး” ဟု ထို ရဲအရာရှိကပြောပြသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံအတွင်းတွင်လည်း နယ်မြေခံရဲများနှင့် ဈေးအာဏာပိုင်များက ပွဲရုံနယ်မြေ အတွင်း ဗုံးဖောက် ခွဲမှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် တင်းကျပ်သော လုံခြုံရေးအစီအစဉ်များ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

နေပြည်တော်တွင်လည်း အလားတူလုံခြုံရေးတင်းကျပ်မှုများ ရှိနေပြီး လာမည့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ကြံ့ဖွံ့ သင်းလုံးကျွတ် ညီလာခံကြောင့် လူအ၀င်အထွက် များကို အထူးစောင့်ကြပ် သတိထားမှုများရှိကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။

“နေပြည်တော်တ၀ိုက်ကတော့ အမြဲတမ်း လုံခြုံရေးရှိနေပါတယ်။ ဒါပေမယ့် အောက်တိုဘာလကစပြီး လုံခြုံရေးယူတဲ့ ရဲနဲ့ စစ်သားတွေ တအားများလာတာကို သတိထားမိတယ်” ဟု နေပြည်တော်အစိုးရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိကြီးတဦး၏ မိသားစုဝင်တဦးကပြောသည်။

မြန်မာနိုင်ငံရဲချုပ် ဗိုလ်မှူးချူပ်ခင်ရီက နေပြည်တော်ရှိ အစိုးရအဆောက်အအုံများ၊ ရေကာတာကြီးများ၊ ဆည်ကြီးများကို အကြမ်းဖက်ဖျက်ဆီးမည့် ပြည်ပအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို အချိန်မီတားဆီးနိုင် ခဲ့ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ၁/၂၀၀၈ တွင်ပြောကြားခဲ့သည်။

“အစိုးရက ဖောက်ခွဲမှုတွေဖြစ်မယ်၊ ဖောက်ခွဲရေးသမားတွေ ရောက်နေပြီလို့ ပြောပြီးတိုင်း ဗုံးပေါက်ကွဲ မှုတွေက အမြဲတမ်း ဖြစ်တယ်။ ပြီးတော့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေက လုပ်တာ၊ NLD က လုပ်တာဆိုပြီး ရှင်းတယ်။ အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် ဒီလို ဗုံးပေါက်ကွဲမှုတွေက အစိုးရရဲ့ နိုင်ငံရေး ကစားကွက်ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့မှ အထက်တန်းရှေ့နေ တဦးက သုံးသပ်သည်။

ပြည်တွင်း သတင်းမီဒီယာလောကမှ အယ်ဒီတာတဦးက လမ်းမကြီးများနှင့် အထင်ကရ နေရာများတွင် ရဲနှင့် စစ်သားများ လုံခြုံရေးယူနေသည့် မြင်ကွင်းမှာရန်ကုန်မြို့ခံများအတွက် အထူးအဆန်း မဟုတ်တော့ဘဲ ဖြစ်ရိုးဖြစ်စဉ် သဘောထားလာ ကြောင်း၊ လမ်းမများပေါ်တွင် ရဲနှင့်စစ်သားများ ပျောက်ကွယ်သွားခြင်းကသာ အထူးအဆန်း မြင်ကွင်းမျိုးဖြစ်လာကြောင်း ပြောဆိုသည်။

လုံခြုံရေးများ ဆက်တိုက်တင်းကျပ်ထားသည့် ကြားမှပင် ရန်ကုန်မြို့တော်တွင် ၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းက ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင်လည်းကောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့က မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လည်းကောင်း၊ အောက်တိုဘာလ လကုန်ပိုင်းကရန်ကင်း မြို့နယ်၊ ဘောက်ထော် အားကစားကွင်းအနီးနှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ လူနေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

Printable View

မစ္စတာ ဂန်ဘာရီ မြန်မာပြည်လာရန် စစ်အစိုးရဖိတ်ကြား
ဧရာဝတီ | နိုဝင်ဘာ ၃၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။


မစ္စတာ အီဗရာဟင် ဂန်ဘာရီ (ဓာတ်ပုံ - အေပီ)
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။

လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။

မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။

လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၎င်းအား ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ်သွားရောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။

နေပြည်တော် အရာရှိများ ၀န်ကြီးကို နေ့စဉ် ဘီယာငဲ့ပေးရ သစ်ပင်ရှင်အောင်မစိုက်သူအရာရှိကိုဝန်ကြီးကအလုပ်ဖြုတ်မည်
NEJ/ ၃ အောက်တိုဘာ ၂၀၀၈

နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့်သည် နေ့စဉ် ညနေ (၃) နာရီတိုင်း နေပြည်တော်မှာ ဂေါက်သီးကစားချိန် သို့မဟုတ် ဘိလိယက် ထိုးသည့်အချိန်များ၌ သတ္တုတွင်းဝန်ကြီးဌာန အရာရှိများကို ဘီယာငဲ့ဖို့ တာဝန်ပေးထားသည့်အတွက် အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်တင်နိုင်သိန်းကလည်း လက်အောက်ခံ အရာရှိများကို အဓမ္မ သစ်ပင်စိုက်ခိုင်းရာတွင် အရာရှိတဦးချင်းအမည်ကိုပါ သစ်ပင်တွင်ချိတ်ဆွဲခိုင်းပြီး သစ်ပင်ရှင်အောင် မစိုက်နိုင်သည့် အရာရှိကို အလုပ်ဖြုတ်မည်ဟု ညွှန်ကြားချက် ထုတ်ထားသဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ခြံထဲက အမှိုက်ကို စည်ပင်သာယာလာသိမ်း ရန်ကုန်မှာနိုင်ငံရေးကောလာဟလထွက်
မြင့်မိုးဇော်/ ၃ နိုဝင်ဘာ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲမှ အမှိုက်များကို နိုဝင်ဘာ (၁) ရက် နေ့လယ်ပိုင်း၌ စည်ပင်သာယာဝန်ထမ်းများ လာရောက်ရှင်းလင်းနေသဖြင့် နိုင်ငံရေးအရ တစုံတရာ အကြောင်းရှိမည်ထင်ပြီး ရန်ကုန်မြို့တွင် ဝေဖန်ခန့်မှန်းနေကြသည်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ နိုဝင်ဘာ (၁) ရက် နေ့လယ်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ခြံတခါးပွင့်နေသည့်အပြင် စည်ပင်သာယာဝန်ထမ်းများ ခြံထဲမှထွက်လာသည်ဟု သိရသည်။

မျက်မြင်သက်သေတဦးက “ကျနော်တို့ တက္ကသိုလ်ထဲမှာ ဘွဲ့ နှင်းသဘင်အခမ်းအနားကိုတက်ဖို့ အဲဒီတက္ကသိုလ်ရိပ်သာလမ်းကနေ ဖြတ်သွားတာပါ။ အဲဒီမှာ မြင်ခဲ့ရတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံတံခါးကပွင့်နေပြီး စည်ပင် အမှိုက်သိမ်းကားက ခြံရှေ့မှာ ရပ်ထားတယ်။ နောက်စည်ပင်ဝန်ထမ်းတွေက ခြံထဲကနေထွက်လာတာကို တွေ့ရတယ်” ဟု ပြောသည်။

ထိုမြင်ကွင်းကြောင့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာနိုင်သည့်အတွက် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အိမ်ခြံကို ဆေးသုတ် ရှင်းလင်းပေနေသလား စသဖြင့် ရန်ကုန်မြို့တွင် ခန့်မှန်းဝေဖန်ပြောဆိုနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဦးဥာဏ်ဝင်းက “(ဆေးသုတ် အမှိုက်ရှင်းတာ) ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါ စည်ပင်ကမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင် အစီအစဉ်နဲ့ လုပ်တာပါ။ တံခါးဆေးသုတ်တာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သုတ်တာ။ ကျနော်သိတာကတော့ ခြံထဲကမြက်ပုံကြီးကို စည်ပင်က လာယူတာဖြစ်ပါလိမ့်မယ်။ ဒေါ်စုရဲ့ အစီအစဉ်နဲ့ မြက်တွေကိုရှင်းတယ်။ ခြံထဲမှာ ရှင်းလိုက်တော့ မြက်ပုံကြီးဖြစ်နေတာပေါ့။ အဲဒါကို စည်ပင်က လာယူတာဖြစ်ပါလိမ့်မယ်။ ကျနော် အဲဒီလိုပဲ နားလည်ထားပါတယ်” ဟု ပြောသည်။

ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှ အမှိုက်များကို စည်ပင်သာယာမှ လာရောက် သိမ်းဖူးသည့် သာဓကရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ခြံကိုရှင်းလင်းရာ၌ အခြားသူများ လာရောက်လုပ်ကိုင်ခြင်းကို လက်ခံလေ့မရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောသည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ လမ်းပိုင်းကို မကြာခင်က ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဘေးတချက်ရှိ ယာဉ်တား မောင်းတန်များကိုမူ ဖြုတ်သိမ်းခြင်းမရှိသေးကြောင်း မျက်မြင်သက်သေများက ပြောသည်။

ဒီကေဘီအေဦးစီးမည့် ကရင်နှစ်သစ်ကူးပွဲကို စစ်အစိုးရပိတ်
NEJ/ ၃ နိုဝင်ဘာ ၂၀၀၈

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက် ခလောက်နို့ရွာဘက်ခြမ်းတွင် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖွဲ့ (ဒီကေဘီအေ) မှ ကမကထပြုကျင်းပမည့် ကရင်မျိုးနွယ်စုအားလုံးနှင့် နိုင်ငံတကာရောက် ကရင်များ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းများပါဝင်နိုင်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်သည်။

ပွဲတော်ကျင်းပရေးကော်မတီဝင် တဦးက “ဒီပွဲလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။ ပြီးခဲ့တဲ့လလယ်လောက်က အကြောင်းပြချက်မရှိဘဲ ပွဲကျင်းပခွင့်ကို ပိတ်လိုက်တယ်။ ဒီနှစ် ကျင်းပမယ့်ပွဲဟာ မြန်မာပြည် ကရင့်သမိုင်းမှာ အတော့်ကို ထူးထူးခြားခြား ဖြစ်ဖို့အတွက် စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်။ မြန်မာပြည်အနှံ့မှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား မျိုးနွယ်စုတွေအပြင် နိုင်ငံတကာရောက် ကရင်တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုလည်း ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေဘက်က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကိုစိုးရိမ်တာရယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ ဖိတ်မှာဆိုတော့ ကရင်တွေ ရင်းနှီးစည်းလုံးသွားမှာကို မလိုလားလို့ ပိတ်တယ်လို့ပဲထင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးကလည်း “ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို မြန်မာအာဏာပိုင်တွေဘက်က ကျင်းပခွင့်မပြုတာကတော့ သေချာသွားပြီ။ အကြောင်းပြန်တာ ရက်ပိုင်းလောက်ပဲရှိ သေးတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ဘက်က ဖြစ်အောင်လုပ်မှာပါ။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ပွဲကိုကျင်းပမယ်၊ အားလုံးကိုလည်း ဖိတ်မယ်။ နေရာကိုတော့ ဇွဲကပင်တောင်ခြေမှာ မဟုတ်တော့ဘူး ဒီကေဘီအေ (၉၉၉) တပ်မဟာ ဌာနချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်က ကွမ်ဘီရွာမှာပဲ ကျင်းပမှာဖြစ်တယ်။ ကရင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်မယ်၊ အကုန်လုံးလာလို့ရတယ်။ လက်နက်တွေ ဘာတွေတော့ ယူဆောင်ခွင့်မပေးဘူး” ဟု ပြောသည်။

ဒီကေဘီအေမှကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “အခုလို ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတာကတော့ နအဖဟာ ဒီကေဘီအေကို တပည့်ပီပီ လက်အောက်ခံအဖြစ်ပဲ နေစေချင်တယ်။ နအဖက ဖက်ဆစ်ဆိုတော့ ဖက်ဆစ်ဝါဒအတိုင်း လူတွေနဲ့ လူတွေရဲ့အတွေးအခေါ်ကို ထိန်းချုပ်မယ်။ ဒီကေဘီအေက တမူဆန်းပြီး ဟိုလူဖိတ်မယ်၊ ဒီလူဖိတ်မယ် ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ သိကြတဲ့အတိုင်းပဲ နအဖဆိုတာက ကရင်တွေကို မျိုးဖြုတ်ဖို့ပဲရှိတယ်။ ဒီပွဲကို ဒီကေဘီအေနဲ့ နအဖလိုလားသူတစုကနေ ကျင်းပမှာဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က နအဖကို လူထုထောက်ခံမှု ပိုရအောင်လုပ်ပေးတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေမှ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကျင်းပမည့်သတင်းများကို ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် Bi Weekly Eleven သတင်းဂျာနယ်နှင့် အခြားပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြထားပြီးဖြစ်သည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့သည် ကရင်သက္ကရာဇ် ၂၇၄၈ ခုနှစ် သလေထိုင်ခေါင်ဖိုး၊ လဆန်း (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

တွံတေးမြို့နယ်တွင် သားဖွားဆရာမရှားပါး
NEJ/ ၃ အောက်တိုဘာ ၂၀၀၈

တွံတေးမြို့ရှိ ကျေးရွာများတွင် ကလေးမီးဖွားခြင်းကို အရပ်လက်သည်ဖြင့် မွေးဖွားနေရဆဲဖြစ်ကြောင်း တွံတေးမြို့မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။


“တွံတေးမြို့က ရန်ကုန်တိုင်းထဲက မြို့တမြို့ဖြစ်ပေမယ့် အရပ်လက်သည်နဲ့ မွေးရတယ်ဆိုတာ သားဖွားဆရာမတွေ အလုံအလောက် ချမပေးနိုင်တဲ့အတွက်ပဲ” ဟု မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အရပ်လက်သည်နှင့် ကလေးမွေးဖွားခြင်းမှာ တွံတေးမြို့နယ်အတွင်း (၃၀) ရာခိုင်နှုန်းခန့် ရှိနေသေးကြောင်း ကလေးအထူးကုဆရာဝန်တဦးက ၎င်း၏မှတ်တမ်းများအရ ပြောသည်။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ လူတသောင်းတွင် သူနာပြုဆရာမ/၀မ်းဆွဲဆရာမ အရေအတွက် (၁၀) ဦး သာရှိသည်။

တွံတေးမြို့နယ် ဘုရားကြီးစံပြကျေးရွာမှ အရပ်လက်သည်ဖြင့် မွေးဖွားခဲ့ရသည့် ဒေါ်မြင့်ကြွယ်က “ရွာမှာ ကလေးမွေးတော့မယ်လို့ ဖြစ်နေချိန်မှာ သားဖွားဆရာမက တခြားတရွာကို ရောက်နေရင် အရပ်လက်သည်ကိုပဲ အားကိုးလိုက်ရတော့တာပဲ” ဟု ပြောသည်။

အဆိုပါမြို့နယ်ရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ကြိုတင်စောင့်ရှောက်မှု ဗဟုသုတ အရလည်း အားနည်းနေသေးသည်ဟု ယင်းဒေတွင် နာဂစ်မုန်တိုင်းနောက်ပိုင်း ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် ပရဟိတ အမျိုးသမီးများအဖွဲ့မှ ခေါင်းဆောင် အမျိုးသမီးတဦးက ပြောသည်။

တွံတေးမြို့သည် ရန်ကုန်နှင့် (၁၇) မိုင်ကျော်ခန့်သာဝေးပြီး ဆက်သွယ်သွားလာရေး လွယ်ကူသောမြို့ဖြစ်သော်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ ရွာများတွင် သားဖွားဆရာမ အင်အားနည်းကြောင်း ဒေသခံများက ပြောသည်။

တွံတေးမြို့တွင် ကုတင် (၂၅) ခုဆံ့ မြို့နယ်ဆေးရုံ (၁) ရုံ၊ ကုတင် (၁၆) ခုဆံ့ တိုက်နယ်ဆေးရုံ (၁) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၅) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၈) ခုရှိကြောင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးစာရင်းဇယားများအရ သိရသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲတခုတွင် ကျန်းမာရေးဝန်ထမ်းတဦးနှင့် သားဖွားဆရာမတဦးသာ ရှိသည်။

တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု (၆၅) အုပ်စုတွင် ရွာပေါင်း (၂၃၁) ရွာရှိကာ တမြို့နယ်လုံးတွင် လူဦးရေ (၂) သိန်းကျော်ရှိသည်။

ထိုင်းဘွဲ့ရသူများ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စိတ်ပင်ပန်းမှုဒဏ်ပိုခံရ
The Nation/ ၃ နိုဝင်ဘာ ၂၀၀၈

ထိုင်းနိုင်ငံတွင် ဘွဲ့ရသူများက နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စိတ်ပင်ပန်းမှုဒဏ် အများဆုံးခံနေရပြီး ဘွဲ့မရသူများက စီးပွားရေးအ ဆင်မပြေမှုကြောင့် စိတ်ပင်ပန်းမှုဒဏ် အများဆုံးခံနေရသည်ဟု မကြာခင်က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ အေဘက်တက္ကသိုလ်စစ်တမ်း တခု၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အခြားပြည်နယ် (၁၈) ခုမှ အိမ်ထောင်ဦးစီး သို့မဟုတ် မိသားစုအတွက် အဓိက ၀င်ငွေရှာ ပေးနေသူ (၃,၂၉၃) ကို ထိုင်းနိုင်ငံ အေဘက်တက္ကသိုလ်မှ စစ်တမ်းကောက်ယူ မေးမြန်းခဲ့ခြင်းဖြစ်သည်။

အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာစစ်အစိုးရ ကျူးကျော်သည်ဟု ဘင်္ဂလားဒက် စွပ်စွဲ
DPA/၂ နိုဝင်ဘာ ၂၀၀၈

ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့် ရေပိုင်နက်ထဲ ကျုးကျော်ပြီး မြန်မာစစ်အစိုးရက ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေနေခြင်းကို ဘင်္ဂလားဒက်အစိုးရမှ ကန့်ကွက်လိုက်ပြီး ဒါခါအခြေစိုက် မြန်မာသံအမတ်ကို ဆင့်ခေါ် သတိပေးလိုက်သည်။

ဘင်္ဂလားဒက်အစိုးရသည် ၄င်း၏အကျိုးစီးပွားကို ကာကွယ်နိုင်ခွင့်ရှိသည့်အလျောက် မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံကြား ရေပိုင်နက်သတ်မှတ်သည့်ကိစ္စ မပြီးဆုံးမီ မြန်မာဘက်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေနေခြင်း ရပ်ဆိုင်းပြီး မြန်မာသင်္ဘောများ ပြန်ခေါ်ဖို့ မြန်မာစစ်အစိုးရအား တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒက်နိုင်ငံခြားရေးဝန်ကြီးမှ ဒါခါအခြေစိုက် မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးအား ပေးသည့် ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

ရေပိုင်နက် အငြင်းပွားမှုကိစ္စမပြီးဆုံးမီကာလအတွင်း မည်သည့်နိုင်ငံကမျှ သယံဇာတကျူးကျော်ရှာဖွေမှု မလုပ်ရန်ကတိကို မြန်မာဘက်က ချိုးဖောက်သည်ဟု ဘင်္ဂလားဒက်က စွပ်စွဲသည်။

နိုင်ငံရေးအမှုများ ဆောင်ရွက်သူ ရှေ့နေနှစ်ဦး တရားစွဲခံရပြန်ပြီ
ဖနိဒါ
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 22:08 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ အမှုများကို ကူညီပေးနေသည့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား လှိုင်မြို့နယ် တရားရုံးက ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။

အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အမှုသည်များက တရားရုံးတော်ကို အယုံအကြည် မရှိတော့သဖြင့် သူတို့၏ ရှေ့နေပါဝါများ ရုပ်သိမ်းလိုက်ကြောင်း တရားသူကြီးထံ တင်ပြရာ လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်က တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

"သူတို့နှစ်ယောက်ကို ရန်ကုန် ဗဟိုတရားရုံးချုပ်ကနေ တရားရုံးအား မထီမဲ့မြင်ပြုမှု - ဥပဒေပုဒ်မ ၃ အရ တရားစွဲဆိုထားတယ်လို့ သိရတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ်ရှေ့နေတဦးကလည်း "ထောင်အာဏာပိုင်တွေက ထောင်ဝင်ခွင့် မပေးဘူး။ တရားရုံးချုပ်က စွဲထားတာ။ လှိုင်မြို့နယ် တရားသူကြီးကနေ တရားရုံးကို မထီလေးစား လုပ်တယ်ဆိုပြီး တရားစွဲလိုက်တယ်။ သမ္မာန်စာလည်း ပို့ထားပြီ" ဟု ပြောသည်။

နှစ်ဦးစလုံးအား တရားရုံးမှ ယခုလ ၆ ရက်နေ့တွင် ရုံးချိန်းရက် ပေးထားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါဆောင်ရွက်နေစဉ် တရားသူကြီးက သတိထားနေရန်နှင့် နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ချခံရနိုင်သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်အား ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုလို တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အလားတူပင် နိုင်ငံရေး အမှုများကို ဆောင်ရွက်ပေးနေသူ လူငယ်ရှေ့နေ ကိုညီညီထွေးကိုလည်း ပြီးခဲ့သည့်လ ၁၇ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးက သမ္မာန်စာ ပေးပို့ကာ ၃၀ ရက်နေ့တွင် ရုံးချိန်းပေးခဲ့သော်လည်း ရုံးချိန်းရက် မတိုင်ခင် ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်က တရားရုံးတော်ကို မထီလေးစားပြုမှု - ပုဒ်မ ၂၂၈ ဖြင့် ကိုညီညီထွေးကို ထောင်ဒဏ် ၆ လ ချမှတ်ပြီး၊ တပြိုင်တည်း တရားစွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေသည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကိုမူ ဖမ်းဝရန်းထုတ်ထားသည်။

ပြည်ပအခြေစိုက် မြန်မာလူငယ်ရှေ့နေများ ဥပဒေ အကျိုးဆောင်လုပ်ငန်း - Myanmar Youth Lawyers Law Firm က နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း - International Federation of Human Rights (FIDH) နှင့် နှိပ်စက်ခြင်းများကို ဆန့်ကျင်သည့် ကမ္ဘာ့အဖွဲ့ကြီး - OMCT ထံ ရှေ့နေ ကိုညီညီထွေးအား ကိုယ်ကာယ၊ စိတ်ဓာတ်ရေးရာ တစုံတရာ ထိခိုက်ခြင်းမျိုး စစ်အာဏာပိုင်များက မပြုလုပ်ရေးအတွက် အာမခံရန်နှင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုပေးစေလိုကြောင်း ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ အပါအ၀င် မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို တရားဥပဒေအဆင့် အပါအ၀င် မတရားပြုချက်များကို ရပ်တန့်ရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံတွင် အတည်ပြုပြဌန်းထားသည့် နိုင်ငံတကာ စာတမ်းများ၏ စံချိန်များနှင့်အညီ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အာမခံပေးရန်လည်း ပြောဆိုခဲ့သည်။

FIDH သည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခွင့်အရေးများကို လေးစားလိုက်နာရန် ကြိုးပမ်းဆောင်ရွက်နေသည့် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂ၊ ယူနက်စ်ကို၊ ဥရောပကောင်စီတို့တွင် အကြံပေးအဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ အာဖရိက လူသားနှင့် နိုင်ငံသားအခွင့်အရေး ကော်မရှင်တွင် လေ့လာသူအဖြစ်လည်း ဆောင်ရွက်နေသည်။

ရှေ့နေ ကိုညီညီထွေးနှင့် သူ လိုက်ပါဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသား ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်းနိုင် (ခ) မီးသွေးနှင့် ကိုမျိုးကျော်ဇင်တို့၏ လျှောက်လဲချက်များအား စစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ဥပဒေအရ မှားယွင်းပြီး ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ ၄၈၂ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာရောက်သည်ဟု ရှေ့နေ ကိုဖိုးဖြူက ယခုလို ပြောသည်။

"မြန်မာပြည်က ရှေ့နေရှေ့ရပ်တွေဟာ တရားစီရင်ရေးမှာ လွတ်လပ်စွာ အမှုလိုက်ပါဆောင်ရွက်ခွင့် ဆုံးရှုံးနေပါတယ်။ အမှုသည်ကိုယ်စား တင်ပြခွင့်၊ လျှောက်ထားခွင့်၊ ဆောင်ရွက်ခွင့်ကို ပိတ်ပင်ခံနေရပါတယ်။ ၁၈၈၀ ခုနှစ် ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ - ၈ ကို ချိုးဖောက်ခံနေရပါတယ်။ နိုင်ငံတကာ ဥပဒေနှုန်းစံတရပ်ဖြစ်တဲ့ ၁၉၉၀ ရှေ့နေများအတွက် အခြေခံမူတွေအရလည်း ညီညွတ်မှု မရှိပါဘူး" ဟု သူက ပြောဆိုလိုက်သည်။

ရေပိုင်နက် ကျူးကျော်မှုဖြင့် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ကန့်ကွက်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 12:24 - မြန်မာစံတော်ချိန်


ဒါကာ။ ။ မြန်မာပိုင် ရေယာဉ်များ သူ၏ ပင်လယ်ရေပိုင်နက်အတွင်း ၀င်ရောက်ကျူးကျော်မှုကို ဘင်္ဂလားဒေ့ရှ်က တနင်္ဂနွေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အကွက် 08-13 တွင် မြန်မာပိုင်ရေယာဉ်များ ကျူးကျော် ၀င်ရောက်နေသည်ကို ဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဖေသန်းဦးကို မြို့တော်ဒါကာရှိ နိုင်ငံခြားရေးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းရေးမှူး တော်ဟဒ် ဟိုစိန်က ဆန့်ကျင်ကြောင်း သဘောထား မှတ်တမ်းလွှာကို မြန်မာ သံအမတ်ကို ပေးအပ်ပြီး ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၄ ခုနှစ် ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ အက်ဥပဒေအရ မြန်မာအစိုးရမှ အဆိုပါ ကျူးကျော်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုသည်။

ထိုမှတ်တမ်းလွှာတွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ သူ၏ ပိုင်နက်များကို ကာကွယ်ရန် အခွင့်အာဏာ ရှိသည်နှင့်အညီ၊ မြန်မာအစိုးရပိုင် ရေယာဉ်များက ပိုင်နက် ကျူးကျော်သဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ပြဿနာများ ဖြစ်ပေါ်နေမှုကို မြန်မာအစိုးရမှ ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း ပါရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ရေပိုင်နက်ကျူးကျော်မှုအရေး ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို စေလွှတ်မည်

03 November 2008

ဦးဇော်ဝင်းလှိုင် - အစီအစဉ်ကိုရယူရန် (MP3)
ဦးဇော်ဝင်းလှိုင် - နားဆင်ရန် (MP3)



ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ အငြင်းပွားနေကြတဲ့ ရေပိုင်နက်ကိစ္စကို ဖြေရှင်းဖို့
အတွက် ဘင်္ဂလားဒေ့ရှ်က အထူးသံတမန်တယောက်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ မြန်မာ
နိုင်ငံစေလွှတ်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
နှစ်နိုင်ငံအကြား တင်းမာမှုတွေဖြစ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ရေပိုင်နက်ထဲဝင်ပြီး မြန်မာစစ်အစိုးရရဲ့ ရေတပ်သင်္ဘောတွေရဲ့ အကူအညီနဲ့ ရေနံ
နဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်နေတဲ့ကိစ္စကို တရားဝင်ကန့်ကွက်တဲ့အနေနဲ့ မနေ့က
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

အခုလို နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေ
သိရှိနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ကိုမျိုးထွန်းကို ဗွီအိုအေ
ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာ ကိုမျိုးထွန်းက အခုလို
ပြောပြပါတယ်။

"ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲမှာ မြန်မာကလာပြီး ဂက်စ်ရှာဖွေနေတဲ့အတွက် နှစ်နိုင်ငံ
ရေပိုက်နက်ထဲမှာ တင်းမာမှုဖြစ်နေပါတယ်။ မနေ့တုန်းက မြန်မာရေတပ်က အစောင့်
အရှောက်တွေနဲ့လာပြီး ဒီဘက်မှာ ဂက်စ်လာရှာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကလည်း
အဲဒီ ဂက်စ်ရှာတဲ့နေရာကို ရေတပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်။

"ပြီးတော့ မြန်မာသံအမတ်ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ခေါ်ပြီး သတိ
ပေးထားပါတယ်။ အခုတော့ နယ်စပ်ပြဿနာတွေက တင်းမာနေပါတယ်။ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံမှာ ဒီနေ့ထုတ် သတင်းစာတွေမှာလည်း ဒီသတင်းက မျက်နှာဖုံးသတင်းအဖြစ်
ပါနေပါတယ်။"

ဘင်္ဂလားဒေ့ရှ်က ပြဿနာဖြစ်တဲ့နေရာကို ရေတပ်လွှတ်တယ်ဆိုတော့ ဘယ်နှစ်စင်း
လောက် လွှတ်ပါသလဲ။

"အဲဒီနေရာကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ်က ရေတပ်သင်္ဘောသုံးစင်း လွှတ်ထားပါ
တယ်။"

မြန်မာဘက်က ရေတပ်သင်္ဘော ဘယ်နှစ်စင်းလောက်ပါတယ်လို့ အတိအကျ ကြားပါ
သလဲ။

"အဲဒါတော့ ဘယ်နှစ်စင်းပါတယ်ဆိုတာ ကျနော်တို့ အတိအကျ မသိရပါဘူး။ ဘင်္ဂလား
ဒေ့ရှ်ထဲမှာ ရေတပ် တပ်ဖွဲ့တွေနဲ့ ဂက်စ်လာရှာတယ်လို့ သတင်းရပါတယ်။ ဘယ်နှစ်စင်း
ပါတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။"

အခု ဘင်္ဂလားဒေ့ရှ် အစိုးရကရော ရှေ့ဆက် ဘာလုပ်မယ်လို့ ပြောပါသလဲ။ ကျနော်တို့
ကြားတာကတော့ အထူးသံတမန်ကို ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုလွှတ်မယ်လို့ ကြားပါ
တယ်။

"လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်က အထူးသံတမန်လွှတ်ပြီး ဒီကိစ္စကို အိမ်နီးချင်း
အစိုးရဖြစ်တဲ့အတွက် ပြေပြေလည်လည်နဲ့ ဆွေးနွေးပြီး ဖြေရှင်းမယ်လို့ပြောတယ်။
မြန်မာသံအမတ်ကြီးကို ပြောတာကတော့ ဒီပြဿနာကို ပြေပြေလည်လည်ပဲ ဆွေးနွေး
ပြီး ဖြေရှင်းချင်တယ်လို့ ပြောပါတယ်။"

ရေပိုင်နက်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ မြန်မာဘက်က ဘယ်လိုတုံ့ပြန်တယ်လို့များ
ပြောကြဆိုကြပါလဲ။

"အခုလောလောဆယ်တော့ မြန်မာဘက်က တုံ့ပြန်မှု ဘာမှ တိတိကျကျ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ တရားဝင်ပြောကြားတာ မရှိ
သေးပါဘူး။"

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံအမတ်ကလည်း ဘာမှ ထူးထူးခြားခြား မပြောဘူးလား။

"ဟုတ်ကဲ့၊ ဘာမှ ထူးထူးခြားခြား မပြောပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာ
သံအမတ်ကိုခေါ်ပြီး သတိပေးတဲ့အဆင့်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လာပြီးတော့
ရေပိုင်နက် ကျူးကျော်တဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့
သူတပါးနိုင်ငံထဲကို ၀င်ရောက်ကျူးကျော်လာတာဟာ မကောင်းတဲ့အလုပ်ဆိုပြီး သူတို့
က ကန့်ကွက်တာပဲရှိပါတယ်။

"ဒါပေမယ့် ဒီနယ်စပ်ပြဿနာကတော့ ပိုပြီးဆိုးလာဖို့ပဲရှိပါတယ်။ မနေ့ကလည်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ယောက်ကို နစကတွေက နယ်စပ်မှာ သတ်ထားတယ်။
ဒီသတင်းတွေက ဘင်္ဂလားဒေ့ရှ်လူထုကြားမှာ အတော့်ကို ရေပန်းစားနေပါတယ်။"

အဲဒါ ဘယ်နေရာမှာ ဖြစ်တာပါလဲ။

"အဲဒါ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်တာမဟုတ်ဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
၎ ယောက်ကို ဖမ်းခေါ်ပြီး ဟိုဘက်မှာ ပစ်သတ်တယ်။ ပစ်သတ်ပြီးမှ အလောင်းတွေကို
ဒီဘက်က စခန်းနားမှာ လာထားတယ်ဆိုပြီး ဒေသခံတွေက ပြောနေတယ်။ ဒီသတင်း
နှစ်ခုက ဘင်္ဂလားဒေ့ရှ်မှာထုတ်တဲ့ ဘင်ဂါလီသတင်းစာမှာရော တခြားသတင်းစာတွေ
မှာပါ မျက်နှာဖုံးသတင်းအဖြစ် ပါနေပါတယ်။"

မြန်မာနိုင်ငံဘက်ကဆိုရင် ဘယ်နေရာလောက်ဖြစ်မလဲ။

"မြန်မာဘက်ကဆိုရင် မောင်တောမြို့နယ် တောင်ပြို မြို့သိုက်အနီးမှာ ဖြစ်တာပါ။"

အဲဒီကိစ္စနှစ်ခုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တော်တော်လေး လှုပ်လှုပ်ရွရွဖြစ်နေတဲ့
သဘောလား။

"ဟုတ်ပါတယ်။ ဒီကိစ္စနှစ်ခုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရ
ကို ကိုင်တွယ်စေချင်တယ်။ အရင်က ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုကို ဖမ်းရင်လည်း
အခုလိုသတ်တာမျိုး မရှိပါဘူး။ အခုတော့ ၄ ယောက်တောင်မှ သတ်လိုက်တယ်၊
ပြီးတော့ အလောင်းတွေကို ဒီဘက်မှာလာထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေ
တယ်။ တဆက်တည်းမှာ ရေပိုင်နက်ကိုကျူးကျော်ပြီး ဂက်စ်လာရှာတယ်ဆိုတော့
နယ်စပ်ပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ခေါင်းရှုပ်နေတယ်။ ပြည်သူလူထု
ကလည်း ဒီနယ်စပ်နှစ်ခုမှာဖြစ်တဲ့ ပြဿနာတွေကို အတော်စိတ်ဝင်စားနေကြပါတယ်။"

အခု အစိုးရပိုင်းက ဖြေရှင်းတဲ့နေရာမှာ ဒီနှစ်ခုက ပေါင်းသွားပြီလား။ နယ်စပ်မှာ
သတ်တယ်၊ ရေပိုင်နက်လည်း ကျူးကျော်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က
ပေါင်းပြောတဲ့သဘောရှိလား။ ဒါမှမဟုတ် ရေပိုင်နက်ကိစ္စတခုတည်းကိုပဲ ထိပ်ပိုင်းမှာ
ဆွေးနွေးနေကြတာလား။

"အခုပြဿနာကတော့ မပေါင်းသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက အဓိကထား
ပြောနေတာ ရေပိုင်နက်ကျူးကျော်တဲ့ကိစ္စကိုပဲ အဓိကထား ကန့်ကွက်နေတယ်။
အဓိက သူတို့ ဖြေရှင်းချင်တယ်ဆိုပြီး ပြောနေကြပါတယ်။"

ရွေးကောက်ပွဲ တရက်အလို လူထုစစ်တမ်းများ အိုဘားမား ရှေ့ကပြေးနေဆဲ

03 November 2008

သတင်း - အစီအစဉ်ကိုရယူရန် (MP3)
သတင်း - နားဆင်ရန် (MP3)



အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တရက်လိုအထိ အရေးပါတဲ့ ပြည်နယ်တွေ
မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) က
ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) ထက်
အသာစီးရနေတုန်းပဲလို့ ဆိုပါတယ်။

Real Clear Politics.com ဆိုတဲ့ အင်တာနက်ဝက်ဘ်ဆိုက်က စုစည်းထားတဲ့ စစ်တမ်းတွေအရ
အထက်လွှတ်တော်အမတ် အိုဘားမားကပြိုင်ဘက် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
ထက် ပျမ်းမျှအားဖြင့် ၇% လောက် အသာစီးရနေတယ်လို့ ဆိုပါတယ်။ သမ္မတအဖြစ် အရွေးခံရဖို့
လိုအပ်တဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်မဲအိုဘားမားက ရရှိလိမ့်မယ်လို့ အဲဒီဝက်ဘ်ဆိုက်ရဲ့
ခန့်မှန်းသုံးသပ်ထားတာကြောင့် အိုဘားမားဟာပထမဆုံး အမေရိကန် လူမည်းသမ္မတ ဖြစ်လာ
မယ့်ကိန်း ရှိနေပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတကို
ရွေးချယ်ရာမှာ ပြည်နယ်တခုချင်းစီအလိုက် လူဦးရေနဲ့ လွှတ်တော်အမတ် အချိုးအစား
အရ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲအရေအတွက်နဲ့ ပိုင်းဖြတ်ရွေးချယ်တာ ဖြစ်ပါတယ်။
စုစုပေါင်း ၅၃၈ ကိုယ်စားလှယ်မဲ ရှိတဲ့အထဲက အနိုင်ရတဲ့ သမ္မတလောင်းအနေနဲ့ ၂၇၀
ရရှိရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ ဒီကနေ့ အစောပိုင်း ဖလော်ရီဒါ
ပြည်နယ်မှာ စတင်မဲဆွယ် စည်းရုံးပြီး ညသန်းခေါင်အချိန် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့
အရီဇိုးနားမှာ အဆုံးသတ်ပြီးတော့ တရက်ထဲတင် ပြည်နယ် ၇ ခုကိုလှည့်ပြီး မဲဆွယ်
စည်းရုံးမှာ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ပါတီ အနိုင်ရလေ့ရှိတဲ့
ပြည်နယ်တွေမှာ အိုဘားမားက အသာစီးရလာနေတာကို မက်ကိန်းက လိုက်လံခုခံ
နေတဲ့သဘော ဖြစ်ပါတယ်။

နာဂစ် ၆ လအလွန် မုန်တိုင်းဒဏ်သင့်သူတွေရဲ့ ဘ၀ နာလံ မထူသေး
02 November 2008
နော်ရှိုး -


မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့တာ ဒီနေ့  နိုဝင်ဘာလ ၂ ရက်ဆို ၆ လတင်းတင်းပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၆ လအတွင်း ကူညီကယ်ဆယ်ရေးတွေ အခက်အခဲတွေကြား ရောက်ရှိလာခဲ့ပေမယ့် ခုချိန်အထိ မုန်တိုင်းဒဏ်သင့် ပြည်သူတွေထဲမှာ နေ့စဉ် မှီဝဲဖို့  အစားအသောက်ကိုပင် အလုံအလောက်ရဖို့  မလွယ်ကူသေးဘူး။ နေ စဉ်သောက်သုံးစရာတွေ အလုံအလောက်ရှိမှာသာ လူတွေရဲ့  ဘ၀ ပုံမှန်ပြန်လည် လည်ပတ်နိုင်တဲ့ အဆင့်ရောက်နိုင်မှာမို့  နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ ထပ်လိုသေးတယ်လို့ 
မနေ့ ကထုတ်စေတဲ့ World Vision အဖွဲ့ ရဲ့  ၆ လပတ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး World Vision ကို ဆက်သွယ်မေးမြန်းထားတဲ့ မနော်ရှိုးက အကြောင်းစုံကို ပြောပြပေးပါပါတယ်။

World Vision အဖွဲ့ ရဲ့  မကြာခင်က ကွင်းဆင်းကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မုန်တိုင်းဒဏ်သင့် ပြည်သူအများဟာ မုန်တိုင်းတိုက်ခတ်ခဲ့ပြီးလို့  ၆ လအကြာမှာတောင် ပုံမှန်အတိုင်း ပြည်လည် မလှုပ်ရှား နိုင်ကြပဲ အခြေခံကျတဲ့ လိုအပ်မှုတွေ အများကြီး ရှိသေးတယ်လို့  ဆိုပါတယ်။ ဒာဓိကကတော့ အစားအသောက် မလုံလောက်မှုပါပဲ။ မုန်တိုင်းဒဏ်သင့်ဒေသမှာရှိတဲ့ ပြည်သူထဲက သုံးပုံနှစ်ပုံနီးပါးပဲ သန့် ရှင်းတဲ့သောက်သုံးရေကို ရနိုင်သေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ သုံးပုံတပုံကတော့ သောက်သုံးရေ အလုံအလောက် မရရှိတဲ့အပြင် ပြီးခဲ့တဲ့ တလတာအတွင်း နေ့စဉ် ထမင်းနပ်မှန်အောင် မစားခဲ့ရဘူးလို့  တွေ့ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ World Vision အဖွဲ့က အရေးဖော်ဆိုင်ရာအကြံပေးဖြစ်သူ Mr. Ashley Clenments ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက အခုလိုရှင်းပြပါတယ်။

“မကြာခင်တုန်းက ကျွန်တော်တို့  ကောက်ယူတဲ့ စစ်တမ်းတွေအရ မုန်တိုင်းဒဏ်သင့် မိသားစုတွေ တော်တော်များများ နေ့ စဉ် စားသုံးတဲ့ အစားအစာပမာဏကို လျှော့ချကြ့ရတယ်။ ဒီလို ထမင်းနပ်မှန်အောင်မစားရတာဟာ တချို့ ဆို ၁ လ ၂ လလောက်တောင်ရှိပါပြီ။ ဆိုတော့ ကောင်းလာတဲ့အခြေအနေတွေရှိသလို ပိုဆိုးသွားတဲ့ အခြေအနေတွေကိုလည်းတွေ့ ရပါတယ်။”

ဒီလို အစားအသောက်ပြတ်လပ်မှုတွေကြောင့် မုန်တိုင်းဒဏ်သင့်သူတွေအများစုဟာ နေ့စဉ်အသက်ဆက်ရေးအတွက် အဖွဲ့အစည်းတွေက ပေးလှူတဲ့ အစားအသောက် အထောက်အပံ့တွေကိုပဲ အားကိုးနေရတုံးပဲလို့ ဆိုပါတယ်။ နောက်တခါ အသက် ၅ နှစ်နဲ့  ၁၁ နှစ်ကြား ကလေးတွေရဲ့  ၃၀% နဲ့  အသက် ၁၂ နဲ့  ၁၇ နှစ်အရွယ်ထဲက ၅၀% ဟာလည်း ခုချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ ဆိုပါတယ်။ နောက်ထပ် ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေပဲ ဖြစ်ပါတယ်။ ဒါဟာ လူတွေသာမက လယ်ယာသုံး ကျွဲနွားတွေ အထိတောင် ဂယက်ရိုက်မှုရှိတယ်လို့ မစ္စတာ ကလန်မန့် က ဆက်ပြီးရှင်းပြပါတယ်။

“မုန်တိုင်းကို ရင်ဆိုင်ခဲ့ရတဲ့ လူကြီးရော ကလေးပါ စိတ်ပိုင်းဆိုင်ရာ ဖိစိးမှုတွေ အခက်အခဲတွေကို ကြုံရပါတယ်။ ဒီနေ့ပဲ ကျွန်တော် လယ်သမားတော်တော်များများဆီက ကြားခဲ့ရတာကတော့ မုန်တိုင်းတိုက်ပြီးကတည်းက သူ့ ရဲ့  သက်ရှင်ကျန်ရစ်တဲ့ ကျွဲတွေတောင် မုန်တိုင်းရဲ့  ခြောက်လှန့် မှုတွေကြောင့် ပုံမှန်အတိုင်းအလုပ်မလုပ်တော့ဘူး။ တိရိစ္ဆာန်တောင် ဒီလိုဖြစ်တယ်ဆိုရင် လူဆိုရင်မပြောပါတော့နဲ ဗျာ။”

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းကျော်သေဆုံးခဲ့ရုံသာမက လယ်ယာလုပ်ငန်းတွေမှာသုံးတဲ့ ကျွဲနွားပေါင်း ၂ သန်းဆုံးရှုံးခဲ့ရပါတယ်။ ဆန်စပါးစိုက်ပျိုးတဲ့ လယ်ဧက ၁ သန်းဟာလည် ဆားငံရေအောက်နှစ်မြုပ်ခဲ့ရသလို ငါးဖမ်းလှေရာပေါင်းများစွာနဲ့  အရေးကြီးတဲ့ အခြေအခံလူမှုအဆောက်အအုံတို့ လည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

ရေပိုက်နက် ကျူးကျော်မှု ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ သံအမတ်ကို ဆင့်ခေါ်

03 November 2008
ဦးရော်နီငြိမ်း

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ သူပိုင် ကိုယ်ပိုင် အငြင်းပွားပြီး ဆွေးနွေးဖြေရှင်းမှုတွေ မပြီးသေးတဲ့ ဘင်္ဂလား ပင်လယ်အော် နှစ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက သင်္ဘောတွေ ရောက်ရှိပြီး၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဘင်္ဂလားဒေရှ့်အစိုးရက တရားဝင် ကန့်ကွက်စာ ထုတ်ပြန်ပြီး မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို ဆင့်ခေါ်ပေးအပ်ခဲ့ပါတယ်။ မြန်မာသင်္ဘောတွေ ရှိရာ ရေပြင်ကိုလည်း ဘင်္ဂလားဒေရှ့် စစ်သင်္ဘောတွေ တစင်းကို စေလွှတ်ထားပြီး အငြင်းပွားနေတဲ့ ရေပြင်ကနေ မြန်မာ သင်္ဘောတွေ ချက်ချင်း ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီှးဌာနက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဘာတွေ ဖြစ်လာနိုင်သလဲလို့ မြန်မာသံအမတ်ဟောင်း ဦးခင်မောင်ကြည်ကို ဗွီအိုအေ ၀ိုင်းတော်သား ဦးရော်နီးငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နယ်နမိတ်အရဆိုရင် နတ်မြစ်အနီးမှာ ၃၉ ဒဿမ ၈ မိုင်ရှိတယ်။ အဲဒီ နယ်နိမိတ် ကိစ္စနဲ့ ပတ်သက်ပြီး ၁၉၈၈မှာ ဘင်္ဂလားဒေရှ့် ကုန်းပိုင်းနယ်နိမိတ် ကန့်သတ်ရေး သဘောတူချက် စာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ရန်ကုန်မြို့မှာ လက်မှတ်ထိုးပြီး အတည်ပြုခဲ့တယ်။ နတ်မြစ်ထဲမှာတော့ အငြင်းပွားမှုတွေက မကြာခဏရှိခဲ့တယ်။”

နှစ်နိုင်ငံဆက်ဆံရေးက အခုပဲ ကောင်းနေသလိုလိုနဲ့ ပြီးခဲ့တဲ့လ ကပဲ ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း အလည်သွားထားသေးတယ်။ စီးပွားရေးတွေရော ပူးပေါင်း ဆောင်ရွက်ဖို့တွေ ဆွေးနွေးခဲ့တယ်။ အခု ဒီကိစ္စ ဖြစ်တယ်ဆိုတော့ ဘယ်လိုများ မြင်ပါသလဲ။ ဘာတွေ ဆက်ဖြစ်နိုင်သလဲ။

“ဗမာပြည်မှာ ရခိုင်ကမ်းလွန်ဒေသမှာ သဘာဝ ဓာတ်ငွေ့တွေ တွေ့နေတဲ့ အခါ ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း သူတို့အနေနဲ့လည်း ခံစားချင်တဲ့ ပြဿနာရှိတယ်။ ကြာလာရင်တော့ ကြီးကျယ်လာမယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဗမာ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိထောက်လွှာ၊ ကန့်ကွက်လွှာတခု ပေးတယ်ဆိုတာက သံတမံ နည်းလမ်းမှာ ပထမဆုံး အဆင့် နည်းလမ်းပဲ။ သံတမံ အနေနဲ့ အဆက်အသွယ် ဖြတ်တောက်လာနိုင်တယ်။ ရန်သူသဘောမျိုး ဆက်ဆံလာနိုင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ အငြင်းပွားပြီး တိုက်တာခိုက်တာတွေ ဖြစ်လာနိုင်တယ်။ အခုက ပြဿနာ အစပျိုးတာပေါ့။ သံအမတ်ကို ခေါ်ပြီး ပြောတာဆိုတာ ကန့်ကွက်တာမျိုးက ကျွန်တော်တို့ မကြားခဲ့ဘူးပါဘူး။
ဒါဟာ ပထမဆုံး အကြိမ် ဖြစ်တယ်ဆိုတော့ မကောင်းတဲ့ လက္ခဏာပေါ့။”

၁၉၇၀ခုနှစ်တွေ ကုန်ခါနီးက ဖြစ်ခဲ့ဘူးတဲ့ ပြဿနာလေးလည်း မှတ်မိရင် ပြောပြပေးပါ။ နဂါးမင်း စစ်ဆင်ရေးဆိုပြီး ဒီဘက်ကနေ လုပ်ခဲ့တာတွေကိုပေါ့။

“အဲဒီတုန်းက ၁၉၇၉ခုနှစ်၊ မြန်မာပြည်မှာ နှစ်ကာလကြာမြင့်စွာနေလာတဲ့ ဘင်ဂါလီလူမျိုးတွေကို သွားပြီး နဂါးမင်း စစ်ဆင်ရေးဆိုပြီး မှတ်ပုံတင်တွေ စစ်ဆေးတော့ သူတို့က ဟိုဘက်နိုင်ငံကို ထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ ဘင်္ဂလားဒေရှ့်အစိုးရကလည်း မခံဘူး။ သူတို့က စစ်သဘောင်္တွေနဲ့ နတ်မြစ်ဘက်ကို စစ်ဆင်ရေး စစ်ချီလာတော့ ဦးနေ၀င်းလည်း ကြောက်လန့်ပြီးတော့ အလျော့ပေးလိုက်တဲ့ပုံတွေ့ရတယ်။ သူတို့လည်း ဘာပဲပြောပြော ဗမာပြည်တွင်းမှာလည်း နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေ မျိုးစုံတွေရှိတယ်။ အဲဒီ ပြဿနာတွေကို ဟိုဥစ္စာဖြစ်အောင်လဲ တမျိုး။ သူတို့ လောဘရမက်တွေ ကြီးပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာ ရှိသမျှ ရတနာသိုက်ကို သူတို့ အပိုင်စီးတာက တမျိုး။ ဖြစ်တာကတော့ ဗမာအစိုးရရဲ့ ရမက်ကြီးတာကြောင့် ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။”

ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုမရှိဘူး၊ ပြည်တွင်းမှာ မိမိကို ပြည်သူလူထုက ထောက်ခံမှု ကျဆင်းလာတဲ့အခါ အိမ်နီးနားချင်းနိုင်ငံတခုနဲ့ ပြဿနာ ရှာပြီး ပြည်သူလူထုကို အာရုံလွှဲတယ်ဆိုတဲ့ သဘောလား။

“ဒါမျိုးတွေက လုပ်ကို လုပ်လာတာ ကျွန်တော်တို့ တွေ့လာတာပဲ။ ပြဿနာ ပေါ်လာတိုင်း သူဟာ တိုင်းသူပြည်သားကို ဘယ်လိုလုပ် ပြန်ထိန်းရမလဲဆိုတာ သူရဲ့ နည်းဗျူဟာတခုကတော့ အနီးအနားနိုင်ငံတခုနဲ့ ပြဿနာ လုပ်တယ်။ တရုတ်-မြန်မာ အရေးအခင်းကို သူတို့ ဖန်တီးခဲ့တာဟာ ၁၉၆၇ခု ပတ်ဝန်ကျင် ဆန်ပြဿနာတွေ၊ အငတ်ဘေးတွေ ကြုံလာရတော့ တရုတ်တွေနဲ့ ပြဿနာလုပ်တယ်။ သူတို့မှာ အမှန်တော့ အင်အားမရှိဘူး။ လောလောဆယ် တိုင်းသူပြည်သားတွေ မျိုးချစ်စိတ်တွေ ထက်သန်ပြီး ကိုယ့်ဗမာအစိုးရဘက်က လိုက်အောင်ဆိုပြီး လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့မှ သူတို့က ဟိုဘက်အစိုးရကို တောင်းပန်ချင် တောင်းပန်လိုက်တာ။ မရဲဘဲနဲ့ ကျွဲပြဲစီးတဲ့ အကျင့်ကတော့ ဗမာအစိုးရမှာ ရှိတယ်။”

ရွေးကောက်ပွဲ အကြို ၂ ရက် လူထုစစ်တမ်းမှာ အိုဘားမား ရှေ့ပြေးနေဆဲ

02 November 2008

အမေရိကန်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ရက်ပဲ လိုတော့တဲ့အချိန် သမ္မတလောင်းများ ဖြစ်ကြတဲ့ ဘရက်အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့ အရေးကြီးတဲ့ပြည်နယ်များမှာ အကြီးအကျယ် မဲဆွယ်နေကြပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် အိုဘားမားဟာ Ohio ပြည်နယ် မဲဆွယ်ပွဲတွေ တသီကြီး ပြုလုပ်ရင်း Cleveland မြို့ မှာတော့ ရော့ခ် အဆိုတော် ဗရု စပရင်း စတင်း က သူ့ဘက်က ပါဝင်ကူညီပါလိမ့်မယ်။ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် မက်ကိန်းလည်းပဲ Pennsylvania ပြည်နယ် Philadelphia မြို့ အနီးမှာ မဲဆွယ်ပွဲကို စတင်ပါလိမ့်မယ်။ အမေရိကန်မှာ သမ္မတ ဖြစ်ရေးအတွက် အနည်းဆုံး လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ထဲက ၁၅မဲကို အိုဟိုင်းယိုးနဲ့ ပင်ဆယ်ဗေးနီးယား နှစ်ပြည်နယ်ပေါင်း က ရရှိမှာမို့ သူတို့ အရေးထား မဲဆွယ်နေကြတာပါ။ စနေနေ့ည ရုပ်သံလွှင့် ဟာသခန်းကနေ မက်ကိန်းက နိုင်ငံရေး ပြက်လုံးများ ထုတ်သွားပြီး စောစောပိုင်းကတော့ Virginia နဲ့ Pennsylvania ပြည်နယ်တို့မှာ အခွန်လျော့ချမယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ အားပျော့နေတဲ့ အမေရိကန် စီးပွားနေတဲ့ ဖြည့်တင်းပေးမယ်လို့ ဂတိပြု မဲဆွယ်ခဲ့ပါတယ်။

အိုဘားမားကလည်း Nevada၊ Colorado နဲ့ Missouri တို့မှာ မဲဆွယ်စဉ် စီးပွားရေးကိုပဲ အဓိကထား တင်ပြ သွားပါတယ်။ အိုဘားမားက အမေရိကန်ရဲ့ စီးပွားရေး ပြန်ကောင်းအောင် ပိုပြီးလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် ပိုပြီး လူကြိုက်များနေတာလို့ ဆိုပါတယ်။



0 အကြံပြုခြင်း: