Thursday, November 13, 2008

နိုဝင်ဘာ ၁၃ ၊ ၂၀၀၈ သတင်း

.................................. အားလုံးကို ချက်ချင်း လွှတ် ကင်ပိန်းပိုစတာ ..................................

ကရင်ပြည်နယ်မှ သစ်များကို ဦးတေဇ ကုမ္ပဏီက ထုတ်လုပ်မည်
ဧရာဝတီ နိုဝင်ဘာ ၁၃ ၊ ၂၀၀၈

ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူး ကုမ္ပဏီက ကရင်ပြည်နယ်တွင်းရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချူပ်ရာ နယ်မြေတွင် မကြာသေးခင်က သစ်ထုတ်လုပ်ငန်း စတင်လုပ်ကိုင်နေ ကြောင်း သိရသည်။

အဆိုပါ သစ်လုပ်ငန်းနယ်မြေသည် KNU တပ်မဟာ(၆) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူ နယ်မြေမှ ၅ မိုင်ကျော် ကော့ကရိတ်ခရိုင်ရှိ မယ့်ကသာ သစ်တောအတွင်းတွင်ဖြစ်ပြီး KNU ကို အခွန် ပေး ဆောင်၍ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းသစ်ထုတ်လုပ်ငန်းအတွက်၂ ဘက် အကျိုးဆောင် ပေးနေသော ဘုရားသုံးဆူရှိ ကိုယ်စားလှယ် တဦးက ပြောသည်။

ထူးကုမ္ပဏီသည် ၎င်းနယ်မြေတွင် သစ်တန်ချိန် ၁၀၀၀ ခန့် ကိုခုတ်လှဲခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။

KNU သစ်တောထိန်းသိမ်းရေးဌာန၏ အချက်အလက်အရ ၎င်းနယ်မြေရှိ ကျွန်းသစ်နှင့် သစ်မာများ ထွက်ရှိရာ ဧက ၅၀၀၀၀ ၀န်းကျင်ရှိ မယ့်ကသာနှင့် ဧက ၂၀၀၀၀ ခန့်ရှိ ကျွန်းချောင်း သစ်တောနှစ်ခုသည် KNU အဓိက ထိန်းချုပ်ထားသော သစ်တောများဖြစ်သည်ဟုလည်း သိရသည်။

ဘုရားသုံးဆူမြို့တွင်း၌ ထူးကုမ္ပဏီက သစ်လုပ်ငန်းလုပ်ကိုင်ရန် တည်ဆောက်ထားသော သစ်စက်နှင့် သစ်တင်သည့်ကား အစီး၂၀ကျော်ကို မြင်တွေ့ရကြောင်း ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

အထက်ပါ သစ်ထုတ်လုပ်ငန်း အကျိုးဆောင်ကိုယ်စားလှယ်က ထုတ်လုပ်သည့်သစ်များ ပြည်တွင်း ပြည်ပသို့ သယ်ယူပို့ဆောင် နိုင်ရန် ဘုရားသုံးဆူမြို နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ သွားလမ်းကို အထူး ပြင်ဆင်နေကြောင်းလည်း ပြောသည်။

KNU တပ်မဟာ(၆)အတွင်း သစ်ထုတ်လုပ်ခွင့်ပေးထားသည်ဆိုသည့်သတင်းကို ဧရာဝတီ က ယင်း တပ်မဟာ(၆)မှဗိုလ်ကြီး ထက်နေကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်ရာတွင် ၎င်းက ထူး ကုမ္ပဏီမှ ယခင်တုန်းက သစ်ထုတ်လုပ်ရန် ခွင့်တောင်းခဲ့ဖူးကြောင်း သို့သော် KNU က ခွင့်မပြုခဲ့ကြောင်း၊ ယခုလည်း ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

KNU သည် ယခင်တုန်းကလည်း ထိုင်းနိုင်ငံအခြေစိုက် Sia Hook Firm ကုမ္ပဏီကဲ့သို့သော သစ်ကုမ္ပဏီများ ကို သစ်ထုတ်လုပ်ခွင့် သဘောတူစာချူပ် ချုပ်ဆိုခဲ့သည်။ ၎င်း သစ်ထုတ်လုပ်ငန်းမှရရှိသည့် ဝင်ငွေကို မြန်မာ စစ်အစိုးနှင့် တိုက်ခိုက်သည့် စစ်ပွဲများအတွက် လက်နက်ဝယ်ယူခြင်းဖြစ်သည်ဟု လည်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် အဆိုပါ KNU တပ်မဟာ (၆) ဒေသကို ယခုပွင့်လင်းရာသီတွင် စစ်အစိုးရနှင့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့က ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်း မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် တဦးက ပြောဆိုသည်။

ယင်းထိုးစစ်ကြောင့် KNU ထိန်းချုပ်ထားသော သစ်တောများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လက်လွတ် ဆုံးရှုံးနိုင်သည့်အတွက် KNU သည် လောလောဆယ် ၀င်ငွေရရှိရန် ဦးတေဇ၏ ထူးကုမ္ပဏီနှင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုပြီး သစ်ထုတ်လုပ်ခွင့်ပေးခြင်းဖြစ်မည်ဟုလည်း ၎င်း က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသား အများအပြား ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ
11/13/2008
မောင်သစ်အောင် (နိရဉ္စရာ) ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာသူ မြန်မာ နိုင်ငံသား တဒါဇင်နီးပါးအား ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
လွန်ခဲ့သော ကြာသပတေးနေ့က တောင်ပြို-ခေါင်းတုံး နယ်စပ်မှ ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၃ ဦးအား ဘင်္ဂလာ ရိုင်ဖယ် တပ်ဖွဲ့မှ မသင်္ကာမှု ဖြင့် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ ဦးမောင်ဘုချေ၏သား ဦး မောင်မောင်သိန်း (၃၉)နှစ်၊ ဦး စံလှဖြူ ၏သား ဦး မောင်ကြီး (၂၆)နှစ်နှင့် ဦးဘသိန်း၏သား ဦးအောင်ချစ်ကို တို့ဖြစ်ကြပြီး ၎င်းတို့မှာ မောင်တောမြို့ နယ်မှ ဖြစ်ကြသည်။

သူတို့ ၃ ဦးအား ထောက်လှမ်းရေး လုပ်ရန် လာသည်ဟု ယူဆပြီး မသင်္ကာမှုဖြင့် ယမန်နေ့က ဘင်ဒရိုင် (ရွာတော်) အကျဉ်းထာင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

၎င်းအပြင် နောက်ထပ် မြန်မာနိုင်ငံသား ၉ ဦးကိုလည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို တရားမ၀င် ကျူးကျော် ၀င်ရောက်မှုကြောင့် တက်ကနက် မြို့နယ် ဆင်မဖြူကျွန်း (ဆာဟ်ပေါ်ရီကျွန်း) တွင် လွန်ခဲ့သော တနင်္လာနေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ အာဘူကော်ဘီဆီဒီက်(၁၈)နှစ်၊ ရော်ဘီ အူလ္လာဟ် (၃၀)၊ မရု မိုဟာမတ်ဒ် (၁၈)၊ မိုဟာမတ် အာယူဘ် (၂၀)၊ မိုဟာမတ် ဆေလိမ်(၁၈)၊ နရု မိုဟာမတ် (၃၀)၊ ဖေါ်ရီဒူလ် အာလ်မော်၊ မိုဟာမတ် ဟာဆူနှင့် ဟာဆူ(၁၈)နှစ် တို့ဖြစ်ကြသည်။

သူတို့မှာ မောင်တောမြို့နယ်မှ ဖြစ်ပြီး ရေလမ်းကြောင်းမှ တဆင့် မလေးရှားနိုင်ငံကို သွားရောက်ရန် ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ မောင်တောမြို့နယ်မှ ဖြစ်ကြသည်။

စစ်အစိုးရ၏ နှစ်ရှည်ပြစ်ဒဏ် ချမှတ်နေမှုများအပေါ် နိုင်ငံတကာက ရှုတ်ချ
ဧရာဝတီ နိုဝင်ဘာ ၁၃၊ ၂၀၀၈

စစ်အစိုးရက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂက အလွန်အမင်း စိုးရိမ်ကြောင်းနှင့် အမေရိကန်အစိုးရက အပြင်းအထန်ကန့်ကွက်ရှုတ်ချ လိုက်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

“မိသားစုဝင်တွေ နဲ့ ရှေ့နေတွေကို ကြားနာခွင့်မပေးဘဲနဲ့ စစ်အစိုးရက တံခါးပိတ်တရားခွင်မှာ စီရင်ချက် ချခဲ့တာပဲ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Robert A Wood က သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။

Robert A Wood က လူ့အခွင့်အရေးလှုပ်ရှားနေသော အရပ်သားများကို ဆက်လက်ဖမ်းဆီးခြင်း၊ အနှောင့် အယှက်ပြု ခြင်းများကို ရပ်တန်းက ရပ်ရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

"စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးပြီး ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်တွေ ပါဝင်တဲ့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးတွေစဖို့ ကျနော်တို့တောင်းဆိုပါတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်အစိုးရအနေဖြင် နိုင်ငံတကာမိတ်ဆွေများနှင့်အတူပူးပေါင်းကာ မြန်မာစစ်အစိုးရကို ထပ်မံ၍ ဖိအားများပေးရန် အကောင်းဆုံးနည်းလမ်းရှာဖွေ နေကြောင်းလည်း သိရသည်။

"ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဗမာပြည်အခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့အရင် အကြိမ်များစွာ ပြောခဲ့သလို အလွန်ပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ နောက်ထပ် ဗမာအစိုးရကို ဖိအားထပ်တိုးဖို့လည်း ကျနော်တို့ ဆက်လက်ပြီး နည်းလမ်းရှာဖွေ သွားမှာဖြစ်ပါတယ်” ဟုလည်း Robert A Wood က ဆက်ပြောသည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် US campaign for Burma အဖွဲ့ကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပိုမို ပြုလုပ်ရန် အမေရိကန်အစိုးရကို တိုက်တွန်းထားသည်။

US campaign for Burma ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က “ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို အရေးပေါ်အစည်းအဝေးတခု အမြန်ခေါ်ယူပြီး မြန်မာစစ်အစိုးရ အပေါ် တကမ္ဘာလုံးက လက်နက်ရောင်း ချမှု ပိတ်ဆို့ဖို့ အပါအဝင် နိုင်ငံတကာရဲ့တုံ့ပြန် ဆုံးဖြတ်ချက်များချမှတ်သွားဖို့ အမေရိကန်အစိုးရကို ကျနော် တို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

“ကုလသမဂ္ဂလုံခြုံရေး ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့တောင်းဆိုထားတာကို မြန်မာစစ်အစိုးရက ဘာကြောင့်ပယ်ချလိုက်တယ်ဆိုတာဟာ အခုတော့ရှင်းသွားပါပြီ”ဟုလည်း သူကပြော သည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း မြန်မာ အတိုက်အခံလှုပ်ရှားသူများ ကိုထောင်ဒဏ် နှစ်ရှည်ချလိုက်မှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Marie Okabe က“လွန်ခဲ့တဲ့နှစ်အတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ ပြင်းထန်းလွန်းတဲ့ ထောင်ဒဏ်ချမှတ်တာတွေ ကြားသိရတဲ့အတွက် အထွေထွေအတွင်းရေးမှုချူပ်အနေနဲ့ အလွန်အမင်းစိုးရိမ် မကင်း ဖြစ်ရပါတယ်” ဟု ပြောသည်။

ထို့အတူ မလေးရှား၊ စင်္ကပူ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအစရှိသည့်နိုင်ငံများမှ ပါလီမန် အမတ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံ လွှတ်တော်အမတ်များအဖွဲ့(AIPMC)ကလည်း နိုဝင်ဘာလ ၁၁ရက်နေ့က ရန်ကုန် အင်းစိန်ထောင် အတွင်းရှိ တံခါးပိတ်အထူးခုံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော် ပြောကြားသည်။

နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၁၉ ယောက်ကို ထောင်ဒဏ်များချမှတ်
ကိုသက် နိုဝင်ဘာ ၁၃၊ ၂၀၀၈

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အသက် ၇၂ နှစ်ရှိ ဦးတင်ယု အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ် ၆ လစီ ချမှတ်လိုက်ကြောင်း သိရသည်။


ထောင်ဒဏ်ချမှတ်ခံရသူအများစုသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ဦးတင်ယု၊ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုး မင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင်နှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုရန်နိုင်ထွန်း တို့ဖြစ်ကြသည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုများကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး အများပြည်သူ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅ (ခ) တို့အပါအဝင် တခြားဥပဒေပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် ကိုရာဇာက “ဒါဟာတရားဥပဒေစိုးမိုးမှုကို တရားရုံးနဲ့ တရားသူကြီးတွေကပါ လိုက်နာနိုင်စွမ်းမရှိတော့တဲ့အခြေနေကို ဖော်ပြတာဖြစ်တယ်။ မြန်မာပြည်ကို စစ်အစိုးရက တရားလက်လွတ်အုပ်စိုးနေတယ်၊ ပြည်သူကရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရတရပ်သာဆိုရင် အခုလိုလုပ်ခွင့်မရှိဘူး၊ အဲဒီတော့ စစ်အစိုးရရဲ့တရားမ၀င်မှုကိုပါ အခုဖြစ်ရပ်က သက်သေပြနေတာပဲဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူများမှ ကိုရန်နိုင်ထွန်း၊ ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးတို့ကို လွန်ခဲ့သည့်လကုန်ပိုင်းက တရားစီရင်မှုကို နှောင့်ယှက်သည့်ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခြင်း ခံခဲ့ရသည်။

ဗကသများအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည့် မဟန်နီဦးကိုလည်း ယနေ့နေ့လယ်ပိုင်းက ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။ မဟန်နီဦးသည် အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ဥပဒေ နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်သည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင် ထောင်ဒဏ် ၄ နှစ်ခွဲနှင့် အန်အယ်လ်ဒီပါတီဝင် ကိုမျိုးခိုင်ကို ထောင်ဒဏ် ၆ နှစ်ခွဲ ယနေ့ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ အသိုင်းအဝန်းက ဧရာဝတီကို ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး အလုံမြို့နယ်တရားရုံးက မမြမြသိမ့်အား ထောင်ဒဏ် ၅ နှစ်ချလိုက်ကြောင်းလည်း သိရသည်။

၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသ များအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို အင်တိုက်အားတိုက်အကူအညီများပေးခဲ့သည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်ပြီး ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သည့် ကိုမင်းဟန်ကိုလည်း အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရက ယနေ့တနေ့တည်း နိုင်ငံရေးလှုပ်ရှားသူ ၂၀ ခန့်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ယခုအပတ်အတွင်း နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်ချမှတ်ခံကြရသည်။

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှာ ဆိုင်ခန်းဝယ်မည့်သူမရှိ
NEJ/ ၁၃ နိုဝင်ဘာ ၂၀၀၈
နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ကြီး ဆောက်လုပ်ပြီးစီးသွားသော်လည်း ဆိုင်ခန်းခများ ဈေးကြီးသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ လာရောက် ဖွင့်လှစ်ခြင်းမရှိဖြစ်နေသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို သိန်း (၄၅၀) နှင့် ဈေးခေါ်ထားသည့်အတွက် မည်သည့်ကုမ္ပဏီကမှ စိတ်မ၀င်စားဘဲရှိသည်ဟု ရန်ကုန်ကုမ္ပဏီ အသိုင်းအ၀န်းက ပြောသည်။

နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှ ဆိုင်ခန်းများ ရောင်းမရသည့်အတွက် နေပြည်တော်စည်ပင်အဖွဲ့မှ ကုမ္ပဏီများကို အဓမ္မ၀ယ်ခိုင်းရာ အချို့ကုမ္ပဏီများ ကြောက်ပြီးဝယ်ရသော်လည်း ဆိုင်ခန်းမဖွင့်ဘဲ ရုံးခန်းလိုလိုနှင့် အဖြစ်လုပ်ထားကြသည်ဟု စုံစမ်းသိရသည်။

“နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးကြီး မစည်ကားတာ နေပြည်တော် သပြေကုန်း
မြို့မရပ်ကွက်က တိုက်တွေအောက်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်များကြောင့်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲလာတယ်ဗျာ။ ဒီမှာတင် အဲဒီတနိုင်တပိုင် စတိုးဆိုင်လေးတွေကို နေပြည်တော်စည်ပင်က အတင်းပိတ်ခိုင်းလို့ ဒုက္ခရောက်ကုန်တယ်။ ဘာမှစာနာစိတ်မရှိတဲ့ သူတွေ” ဟု နေပြည်တော်လုပ်ငန်းရှင်တဦးက ပြောသည်။

သီရိရတနာအဆင့်မြင့်ဈေးခေါ် Shopping Complex ရှိ ဆိုင်ခန်းတခန်းကို ၀န်ကြီးဦးအောင်သောင်းကတော် အထည်ရောင်းရန်အတွက် တခန်းယူထားသည်။

အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား
မင်းနိုင်သူ/ ၁၃ နိုဝင်ဘာ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရန်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရန်ရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရန်ရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ်ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြားပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပါတ်(၁) မြို့နယ်အတွင်းမှာ အရန်ရဲတွေ
အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဋ္ဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေ အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့် ပေးလိုက်တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရန်ရဲများအား သင်တန်းပြီးဆုံးပါက အရန်ရဲကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါ ပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်း အချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ရန် ဖြစ်သည်။

"အဲဒီအရန်ရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး။ သူတို့ကို
လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်။ နောက် လက်ထိတ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ်၊ နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက
ပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး
အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးက
မိန့်ကြားသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲမှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်စည်ကားကားမရှိဘဲ ရန်ကုန် ရပ်ကွက်အတော်များများ တန်ဆောင်မုန်းလပြည့်ညမှာပင် မီးပျက်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံများ စီးပွားရေးကျပ်တည်းကြသည့်အတွက် ခါတိုင်း တန်ဆောင်တိုင် စည်ကားနေကျ လှည်းတန်း၊ ကြည့်မြင်တိုင် စသည့်နေရာများတွင် မစည်ကားဘဲ ဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားသူ (၁၈) ဦးကို ထောင်ဒဏ်များချမှတ်
ကိုဝိုင်း/ ၁၃ နိုဝင်ဘာ ၂၀၀၈

အင်းစိန်ထောင်တွင်းတရားရုံး၊ တာမွေတရားရုံးနှင့် အလုံမြို့နယ်တရားရုံးတို့မှ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ အနည်းဆုံး (၁၈) ဦးကို ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)၊ ကိုသန့်ဇင်မျိုး (လှိုင်သာယာ)၊ ကိုအောင်မင်းနိုင်ခေါ် မီးသွေး (ကြည့်မြင်တိုင်)၊ ဦးတင်ယု (လှိုင်သာယာ)၊ ကိုကျော်စိုးဝင်း၊ ကိုသန်းဝင်း (လှိုင်သာယာ)၊ ကိုမျိုးကျော်ဇင် (အင်းစိန်)၊ ကိုဝင်းမြင့်၊ ကိုဆန်းနိုင်၊ ကိုစိုးမင်းခေါ် စိုးငယ်၊ မလှလှမော် (လှိုင်သာယာ) စသည့် (၁၁) ဦးကို ပုဒ်မအသီးသီးဖြင့် အင်းစိန်ထောင် အထူးတရားရုံးမှ ထောင်ဒဏ် (၇) နှစ်ခွဲ စီချမှတ်လိုက်သည်။

၎င်းတို့အထဲမှ ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်းနိုင်ခေါ် မီးသွေး၊ မျိုးကျော်ဇင်တို့သည် လှိုင်ယာသာမြို့နယ်တရားရုံးတွင် အမှုစစ် ဆေးခံခဲ့ရစဉ်က တရားစီရင်ရေးနှင့်ပတ်သက်၍ အယုံအကြည်မရှိတော့ကြောင်း ပြောဆိုခဲ့သည့်အတွက် ပုဒ်မ ၂၂၈ ဖြင့် ထောင် (၆) လချထားခံခဲ့ရပြီးသူများဖြစ်သည်။

ထို့အပြင် ကိုအောင်မင်းနိုင်ခေါ် မီးသွေးသည် ပြီးခဲ့သည့်အပတ်က အနောက်ပိုင်းခရိုင် တာမွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၄) နှစ်ခွဲချထားခံခဲ့ရသူလည်းဖြစ်ပြီး မျိုးကျော်ဇင်သည်လည်း တရားရုံးမထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် (၆) လချခံရပြီးနောက် မကြာမီ အခြားပုဒ်မတခုဖြင့် ထောင် (၂) နှစ်ချခံထားရသူဖြစ်ကြောင်းလည်း သိရသည်။

အနောက်ပိုင်းခရိုင်တာမွေမြို့နယ်တရားရုံးက ယနေ့ပြစ်ဒဏ် ချမှတ်မှုများမှာ မဟန်နီဦး (ဥပဒေကျောင်းသူ) (၆) နှစ်၊ ကိုမျိုးခင် (၉) နှစ်ခွဲ၊ ကိုမျိုးခိုင် (၆) နှစ်ခွဲတို့ဖြစ်သည်။ အလုံမြို့နယ်တရားရုံးကလည်း မမြမြသိမ့်ကို (၅) နှစ်ချမှတ်ခဲ့သည်။

ထို့အပြင် အင်းစိန်ထောင်တွင်းတရားရုံးမှပင် ကိုမင်းဟန် (၁၁) နှစ်၊ ကိုမျိုးရန်နောင်သိန်း (၂) နှစ်နှင့် မင်းမင်းစိုး (၂) နှစ် အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။

ထောင်ဒဏ် (၆၅) နှစ်စီချမှတ်ခံရသည့် ၈၈ ကျောင်းသားများအပေါ် နောက်ထပ် ထောင်ဒဏ်ဆက်ချဖို့အလားအလာရှိ
ကိုဝိုင်း/ ၁၃ နိုဝင်ဘာ ၂၀၀၈

ပြီးခဲ့သည့် တနင်္လာနေ့က ထောင်ဒဏ် (၆၅) နှစ်စီချခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးနှင့်ပတ်သက်၍ ကျန်ရှိနေ သေးသော အမှုများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် နောက်ထပ်ထောင်ဒဏ် ဆက်ချဦးမည့်အလားလာရှိကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြောသည်။

စီရင်ချက်ချလိုက်ပြီးဖြစ်သောကြောင့် ယခင်က စနေ၊ တနင်္ဂနွေအစား ကြာသပတေး၊ သောင်္ကြာ၊ စနေ ပြောင်းတွေ့ရမည် ထင်မှတ်၍ ယနေ့ ထောင်ဝင်စာသွားတွေ့ရာ တွေ့ခွင့်မရခဲ့ဘဲ ထောင်တာဝန်ရှိသူများထံမှ ယင်းကဲ့သို့ သိရှိလာရခြင်းဖြစ်သည်။

ဒေါ်ညွန့်ညွန့်ဦးက “လုံးဝတွေ့ခွင့်မရှိဘူး။ ပါသွားတဲ့အစားအသောက်နဲ့ အနွေးထည်တောင် ပါဆယ်လက်မခံဘူး။ သူတို့အမှုဆက် စစ်ဆေးဖို့ ရှိသေးတယ်လို့ပဲ ဖြေတယ်။ စနေ၊ တနင်္ဂနွေမှပဲ အရင်တုန်းကလိုမျိုးပဲတွေ့ရမယ်။ ဘယ်လောက်ကြာမယ်ဆိုတာ တောင် မသိသေးဘူး။ အမှုတွေအများကြီး စွဲထားတာလေ။ နောက်ထပ်က ထပ်ချဦးမယ့်အလားအလာတွေရှိသေးတယ်” ဟု ပြောသည်။

ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခြင်းခံရသည့် ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးထဲမှ ကိုအံ့ဘွယ်ကျော်၏ မိခင်၊ ရွှီးခေါ် မစန္ဒာမင်း၏ ခင်ပွန်း၊ ကိုသက်ဇော်၏ ဖခင်တို့လည်း ယနေ့ ထောင်ဝင်စာလာတွေ့သည်ကို မြင်ခဲ့ရကြောင်း ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံရသူ အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခု စက်တင်ဘာ သံဃာ့ မေတ္တာသုတ် ရွတ်ဆို ဆန္ဒဖော်ထုတ်ပွဲမတိုင်မီ လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ပြီးနောက် နအဖ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံကြရသူများဖြစ်သည်။

ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံရသူများအပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန် လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ထပ်မံတောင်းဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ ထောင်ဒဏ်ချမှတ်ခြင်းများကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ထောင်ဒဏ်ချခံ ရသူ ဒီမိုကရေစီအရေး ဆောင်ရွက်သူများသည် ရာဇ၀တ်သားများမဟုတ်ဘဲ နအဖစစ်အစိုးရ၏ တရားမ၀င်မှုကို ငြိမ်းချမ်းစွာ စိန်ခေါ်သူများသာဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

သံဃာ့အရေးအခင်းနောက်ပိုင်း လူငယ်များ ဘာသာရေးကို အာရုံစိုက်
ပြည်တွင်း မျိုးဆက်သစ်ကျောင်းသားများအသင်း ဘာသာရေး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်
မြင့်မိုးဇော်/ ၁၃ နိုဝင်ဘာ ၂၀၀၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အသင်းမှဦးစီးကာ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင်
ရန်ကုန်တိုင်း သန်လျင်မြို့ရှိ ကျိုက်ခေါက်ဘုရားရင်ပြင်တော်ပေါ်တွင် နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များအား နေ့လယ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မျိုးဆက်သစ်ကျောင်းသားလူငယ်များအသင်းအား ယမန်နှစ် စက်တင်ဘာလအတွင်းက ရဟန်း သံဃာတော်များ၏မေတ္တာပို့ စုပေါင်းလမ်းလျှောက်ပွဲအပြီး သိပ်မကြာမီတွင် ဖွဲ့ စည်းခဲ့ပြီးနောက် ရဟန်းသံဃာတော်များအား နယ်လှည့်ကာဆွမ်းဆက်ကပ်လှူဒါန်းမှုများကို အပတ်စဉ်ပြုလုပ်ခဲ့သည်။ နောင်လည်း အလားတူ ကုသိုလ်ပွဲများ ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရှိရသည်။

“ကျနော်တို့အဖွဲ့က ယခုအခါမှာတော့ ဘာသာရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်မှာ ကျနော်တို့လုပ်နိုင်တာက ဒီတခုပဲရှိတာမို့ပါ။
ဒါပေမယ့် နောက်ဆိုရင်တော့ ကျနော်တို့ အင်အားပိုကောင်းလာတာနဲ့အမျှ လုပ်ကိုင်စရာတွေလည်း ပေါ်လာမယ်လို့ထင်ပါတယ်။ ဒီအဖွဲ့ကိုစတင်ဖွဲ့ကတည်းက သံဃာတော်တွေရဲ့ ဝေယျာဝစ္စတွေကို တတ်နိုင်သလောက်လုပ်မယ်ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာပါ။ ဒါဟာလည်း ပြီးခဲ့တဲ့နှစ်က စက်တင်ဘာလ မှာ သံဃာတော်တွေက ပြည်သူများအတွက် မေတ္တာပို့ဆုတောင်းပွဲတွေ လုပ်ခဲ့ကတည်းက ဒီစိတ်ကူးတွေ ကျနော်တို့မှာ ဖြစ်ပေါ်ခဲ့တာပါ။ ဒီအတွက် သံဃာတော်တွေအတွက် တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ဖွဲ့စည်းဖြစ်ခဲ့တာပါ” ဟု အဖွဲ့ဝင်တဦးက ပြောကြားသည်။

မျိုးဆက်သစ်ကျောင်းသားများအသင်းအား လက်ရှိရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင်
တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အခြားသောလူမှုရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့မှ ဆောင်ရွက်ခဲ့သော လူမှုရေးလုပ်ငန်းများတွင် နာဂစ်လေမုန်တိုင်းကြောင့် ဒုက္ခ ရောက်ခဲ့ကြသော ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

ယမန်နှစ် စက်တင်ဘာရဟန်းသံဃာတော်များ၏ စုပေါင်းမေတ္တာပို့ ချီတက်လမ်းလျှောက်ပွဲပြီး ကတည်းက ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ အမျိုးသမီးများသည် ဘာသာရေး အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်လာခြင်း၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များဖွဲ့စည်းကာ ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မျိုးဆက်သစ်ကျောင်းသားလူငယ် များအဖွဲ့နှင့် အလားတူ သန်လျင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ကုမ္မာရီ အသင်းကလည်း ဘာသာရေးနှင့်လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ လွိုင်ကထုံး အလှမယ်ရွေးချယ်ပွဲကျင်းပမြ၀တီမြို့မှ မေဖူးဝေ ပထမဆုဆွတ်ခူး
NEJ/ ၁၃ နိုဝင်ဘာ ၂၀၀၈ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ထိုင်းဘက်ခြမ်းရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ်တွင် တန်ဆောင် မုန်းလပြည့်နေ့ ထိုင်းရိုးရာ မီးမျှောပွဲ (လွိုင်ကထုံး) နှင့် တန်ဆောင်မုန်းလ မီးထွန်းပွဲကို ယမန်နေ့ညက ထာ့စိုင်လို့ဝ မြူနီစပယ်အဖွဲ့မှ ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ ထိုင်းလူမျိုးများနှင့် ဒေသတွင်းရောက် မြန်မာနိုင်ငံသားများ (၅) သောင်းခန့် ပွဲတော်သို့ လာရောက်ကြသည်။

တန်ဆောင်မုန်းလပြည့်ညတွင် ကျင်းပသည့် မီးမျှောပွဲတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် လွိုင်ကထုံး အလှမယ်ရွေးချယ်ပွဲ ကျင်းပခဲ့ရာ လွိုင်ကထုံးပွဲတော် ကျင်းပရေး ကော်မတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ အလှမယ်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင် မြန်မာအလှမယ်များမှာ မြဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ စေလွှတ်သူ (၁၀) ဦးနှင့် မယ်တော်ဆေးခန်းမှ (၂) ဦး၊ မဲဆောက်အတွင်းရှိ အလုပ်ရုံ၊ စက်ရုံများမှ (၃) ဦး စုစုပေါင်း (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပထဆုကို မမေဖူးဝေ (မြဝတီ)၊ ဒုတိယဆုကို မဇင်မာဦး (မြဝတီ)၊ တတိယဆုကို မရွှေစင်ထူး (မြဝတီ) တို့ အသီးသီး ရရှိခဲ့ကြသည်။

လွိုင်ကထုံး မြန်မာအလှမယ် ရွေးချယ်ပွဲနည်းတူ ထိုင်းလွိုင်ကထုံး အလှမယ်ရွေးချယ်ပွဲကိုလည်း တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့သည်။ ဆုရရှိသူများအား မဲဆောက်မြို့ပိုင်နှင့် ထာ့စိုင်လို့ဝ မြူနီစီပယ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက စလွယ်နှင့် ငွေသားဆုများ ချီးမြှင့်ခဲ့သည်။

ပထမဆုရရှိသူ မမေဖူးဝေက “နောင်ကိုလည်း လာခွင့်ရခဲ့မယ်ဆိုရင် ထပ်လာချင်ပါသေးတယ်။ အခုလို ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲမှာ လာရောက်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ဝမ်းသာတယ်။ အနိုင်အရှုံးအဓိက မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ ဗဟုသုတ အသစ်တွေလည်း ရတယ်။ မြန်မာ မိန်းကလေးတွေကိုလည်း ကိုယ်ကာယနဲ့ ကျန်းမာရေးကို လေ့ကျင့်ထိန်းသိမ်းဖို့နဲ့ မြန်မာအမျိုးသမီးဂုဏ်ကို ဆောင်နိုင်တဲ့လူတွေ ဖြစ်စေချင်တယ်။ လာရောက် အားပေးကြတဲ့ မဲဆောက်က မြန်မာတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားသည်။

တန်ဆောင်မုန်းလပြည့် လွိုင်ကထုံးမီးမျှောပွဲညတွင် မြန်မာနိုင်ငံသားများ ပွဲတော်လာရောက်နိုင်ရေးအတွက် ထိုင်းအာဏာပိုင်များက မဲဆောက်-မြဝတီ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအား ည (၁၂) နာရီအထိ ဖွင့်လှစ်ပေးထားသဖြင့် မြဝတီဘက်မှ မြန်မာနိုင်ငံသားများလည်း မီးမျှောပွဲသို့ လာရောက်ဆင်နွှဲကြသည်။ ပွဲတော်တွင် နှစ်စဉ် ထည့်သွင်းကျင်းပသည့် ထိုင်း-မြန်မာချစ်ကြည်ရေး လက်ဝှေ့ပွဲကို ယခုနှစ်တွင် ထည့်သွင်းကျင်းပခြင်း မရှိခဲ့ပေ။

ရတနာပုံ ဆိုက်ဘာစီးတီး ပြပွဲသို့ သွားဖို့အရေး ကွန်ပြူတာလုပ်ငန်းရှင်များ ၀န်လေး
သဲသဲ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 23:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုန်ကျစရိတ်များပြီး အကျိုးအမြတ်ရရန် မသေချာသဖြင့် ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာပြပွဲသို့ သွားရောက်ပြသရန်အတွက် ကွန်ပြူတာ လုပ်ငန်းရှင်များမှ ၀န်လေးနေသည်။

လာမည့် ဒီဇင်ဘာလအတွင်း စစ်အစိုးရ ဆက်သွယ်ရေး ၀န်ကြီးဌာနက ခေါ်ယူကျင်းပမည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးရှိ နည်းပညာပြပွဲသို့ ကုန်ကျစရိတ်များပြီး အကျိုးအမြတ်အတွက် မသေချာသဖြင့် သွားရောက်ရန် အခက်တွေ့နေကြောင်း ကွန်ပြူတာ လုပ်ငန်းရှင်များက ပြောဆိုခြင်းဖြစ်သည်။

“ဆိုင်ခန်းယူပြီး ပြပေးရမယ်လို့ ဆက်သွယ်ရေးဌာနက ပြောလို့သာ သွားခဲ့တာပါ။ ငွေကြေး အမြတ်အစွန်းကို မကြည့်ဘဲ လုပ်ခဲ့ရတာ။ ရန်ကုန်ပွဲတွေလောက် လူမလာဘူးလေ” ဟု ရန်ကုန်နှင့် မန္တလေးမြို့တွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ကွန်ပြူတာ ဆက်စပ်ပစ္စည်းဆိုင်မှ ဈေးကွက် မန်နေဂျာတဦးက သူတို့ အခက်အခဲကို မဇ္ဈိမကို ပြောပြသည်။

ယခင်နှစ်က ကုန်ကျစရိတ် ကြီးမားပြီး လာရောက်ကြည့်ရှုသူ နည်းပါးခဲ့သဖြင့် အကျိုးအမြတ်ရရန် မသေချာကြောင်း သိထားသလို၊ ယခုနှစ်တွင်လည်း မဖြစ်မနေ ပါဝင်ပြသရမည်ဟု ပွဲစီစဉ်သူ အာဏာပိုင်များက တိုက်တွန်းထားပြန်သည့်အတွက် ၀င်ရောက်ပြသရကြောင်း သူက ဆက်ပြောသည်။

ပြပွဲကြီးတွင် ပါဝင်ပြသကြမည့် လုပ်ငန်းရှင် အများအပြားမှာ မိမိတို့၏ စီးပွားရေး အခွင့်အလမ်းများ ထိခိုက်နစ်နာမှု ရှိမည်ကို စိုးရိမ်သဖြင့် သွားရောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကွန်ပျူတာ လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“ခရီးက ထောက်တယ်။ ဟိုမှာ ၀န်ထမ်းတွေ စားဖို့၊ နေဖို့ ဒါတွေ ရှိသေးတယ်။ သူတို့နဲ့က (စစ်အစိုးရ) စီးပွားရေးအရရော အကုန်ဆက်နွယ်နေတော့ သူတို့ခိုင်းတယ်ဆို သွားကြရတာပေါ့ဗျာ” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ်က ပြပွဲသို့ သွားရောက်ပြသခဲ့သည့် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ ကွန်ပြူတာ အစိတ်အပိုင်း ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်တဦးကလည်း ယခုလို ဝေးလံသည့်နေရာတွင် တကူးတက သွားရောက် ပြသရသည့်အတွက် ကုန်ကျစရိတ် ပိုများပြီိး လာရောက် ကြည့်ရှုသူ နည်းပါးသည့်အတွက် ယခုနှစ်အတွက် ဆိုင်ခန်းယူရန် ဆန္ဒပင် မရှိကြောင်း ယခုလို ပြောသည်။

“လာကြည့်မယ့်သူအတွက်က ခရီးကလည်း တကူးတကဆိုတော့ နည်းတယ်။ ကျနော်တို့ ကုမ္ပဏီဆိုရင် မကိုက်ပါဘူး။ အိပ်စိုက်ရတာပါ။ ဒီနှစ်တော့ သွားဖို့က ဖီလင်မလာဘူး” ဟု သူက ဆိုသည်။

ပြပွဲကို လာမည့်ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ရက်သတ္တ ၂ ပတ်ကြာ ကျင်းပရန် စီစဉ်ထားပြီး ဆိုင်ခန်းပေါင်း မည်ရွေ့မည်မျှ ပါဝင်မည်ကို သူတို့က အတိအကျ မသိကြပါ။

ကွန်ပြူတာပညာရှင်အသင်း တာဝန်ခံတဦးကမူ ဆိုင်ခန်းတခန်းလျှင် မြန်မာကျပ်ငွေ ၂ သိန်းခွဲဖြင့် ငှားရမ်းရမည်ဖြစ်ပြီး ပါဝင်ပြသမည့် ကုမ္ပဏီများမှ စပေါ်ငွေအဖြစ် ကျပ်ငွေ တသိန်းကို ပေးသွင်းနိုင်ပြီဟု ပြောသည်။

သူက “ကျမတို့ဆီမှာ စပေါ်သွင်းလို့ ရပါပြီ။ ဆိုင်ခန်းက ၆၀ နီးပါးလောက်တော့ ရှိမယ်” ဟု ခန့်မှန်းပြောဆိုသည်။

မန္တလေးတိုင်း ပြင်ဦးလွင် (မေမြို့) အနီးတွင် ရတနာပုံ ဆိုက်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်ကို မြန်မာစစ်အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရတနာပုံမြို့သစ် ဖွင့်လှစ်စက ပြည်တွင်းပြည်ပမှ ကုမ္ပဏီပေါင်း ၁၁၅ ခုက ခေတ်မီအဆင့်မြင့် အိုင်တီပစ္စည်းများ၊ ကွန်ပြူတာ ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ခင်းကျင်းပြသခဲ့သည်။

ထို့အပြင် ရတနာပုံ ဆိုက်ဘာစီးတီးအတွက် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဖိုင်ဗာလိုင်းဖြင့် အင်တာနက် ချိတ်သွယ်ယူရန် စီစဉ်ထားပြီး တရုတ်ပြည်နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းမှာ ပြီးစီးသွားသဖြင့် အသုံးပြုခဲ့သည်။ လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် လျှပ်စစ်မီးကို ရွှေလီ ရေအားလျှပ်စစ်မှ ထုတ်ယူခဲ့သည်။

ထိုင်းနိုင်ငံမှ SHIN Satellite ၊ တရုတ်မှ ZTE ၊ Alcatel Shanghai Bell ၊ မလေးရှားမှာ IP Tel နှင့် ရုရှားနိုင်ငံမှ CBOSS အစရှိသည့် ကုမ္ပဏီများက လာရောက်ကာ ရင်းနှီးမြုပ်နှံမည်ဟု စီစဉ်ခဲ့သော်လည်း ယခုအခါ မည်သို့ အခြေအနေ ရှိနေသည်ကို မသိရှိသေးပါ။

အဆိုပါ မြို့တော်သစ်ဖွင့်ပွဲနှင့် ခင်းကျင်းပြသခဲ့သည့် ပြပွဲအပြီး ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

တန်ဆောင်တိုင် ကထိန်ပွဲ စည်ကားမှု လျော့နည်း
သန်းထိုက်ဦး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 19:19 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဗုဒ္ဓဘာသာဝင်မြန်မာများ နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ ဖြစ်သည့် ယမန်နေ့က ကထိန်ခင်းပွဲသည် ရန်ကုန်တိုင်း မြို့နယ်များ၌ စည်ကားမှု မရှိဘဲ ဖြစ်ခဲ့သည်။

ယမန်နေ့က ကျရောက်သည့် တန်ဆောင်မုန်းလပြည်နေ့၌ ဘုရားများသို့ လာရောက်ဖူးမျှော်သူများနှင့် ဘုံကထိန်ပွဲများမှာ ယခင်နှစ်ကထက် လျော့နည်းသွားကြောင်း ရန်ကုန်ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

"ကထိန်တွေကတော့ လှည့်တာပေါ့နော်။ ဒါပေမဲ့ လပြည့်နေ့ဆိုတာတော့ နေ့ခင်းဘက်ပဲ ဖြစ်လိုက်တာကိုး။ ဘုရားပေါ်မှာ လူမရှိသလောက်ဘဲ။ သီတင်းကျွတ်လပြည့်က လူရှိသေးတယ်။ တန်ဆောင်မုန်း လပြည့်ကတော့ ၄ ပုံ ၁ ပုံတောင် မရှိဘူး" ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် စမ်းချောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် ဗုဒ္ဓဘာသာဝင်များက ဘုံကထိန်ပွဲများကို ရပ်ကွက်အလိုက် စုပေါင်း ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် နည်းပါးသွားပုံကို သူက ယခုလို ဆက်ပြောသည်။

"လူတိုင်းလူတိုင်းတော့ ဘုံကထိန် မခင်းနိုင်ကြဘူး။ ဒီကြားထဲမှာ သူ့ဘာသာ သူခင်းတာတို့၊ ခင်းတဲ့ ကထိန်တွေမှာလည်း အများစုက ကျနော်တို့အနားတ၀ိုက်မှာ အုပ်စု ၄ စု ဖွဲ့လိုက်တဲ့အတွက် ကျပ်ငွေ သိန်း ၇၀ နီးပါး ရတယ်။ ကျန်တဲ့နေရာတွေမှာဆို ကျပ်ငွေ ၃ သိန်းတို့၊ ၄ သိန်းတို့၊ တချို့တွေဆို ကျပ်ငွေ ၈ သောင်း ၉ သောင်းနဲ့ ကထိန်ဖြစ်သွားပြီးတော့ ဘုန်းကြီးကျောင်းတွေကို သွားပို့လိုက်ကြရတယ်" ဟု သူက ပြောသည်။

တောင်ဒဂုံမြို့နယ် ဒေသခံတဦးကလည်း ''ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ မြို့နယ် ရပ်ကွက် အဖွဲ့လေးတွေက ကထိန်လေးတွေကို မနည်းဖြစ်အောင် လုပ်နေရတယ်'' ဟု ပြောသည်။

သူက ဆက်ပြီး "ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ ကျပ်တည်းကုန်ပြီလေ။ လူတွေလက်ထဲမှာ ပိုက်ဆံမရှိဘူး။ အခုဆို ရပ်ကွက်လေးတွေ၊ အဖွဲ့လေးတွေက ကထိန်ခင်းတယ် ဆိုတောင်မှ သူတို့ မယက (မြို့နယ် အေးချမ်းသာယာရေးကောင်စီ) ကနေပြီး ရယက (ရပ်ကွက်) ကို ရပ်ကွက်အပိုင်း မဖြစ်မနေ ကထိန်ခင်းခိုင်းရတဲ့ သဘောနဲ့ လုပ်နေတာ။ အဲဒီ ကထိန်လေးတွေ ဖြစ်လာတာ" ဟု ပြောသည်။

ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်တိုင်း မြို့နယ်အသီးသီးနှင့် ရပ်ကွက်များ၌ စုပေါင်း မဟာဗုံကထိန် အလှူမင်္ဂလာပြုခြင်းနှင့် ကထိန်ခင်းကျင်း လှူဒါန်းမည့် ကထိန်သင်္ဃန်းနှင့် အရန်ပစ္စည်း ပဒေသာပင်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်များဖြင့် လှည့်လည်ကြရာ ကုသိုလ်သံများ ဝေစည်လျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပကြကြောင်း တွေ့ရှိရသည်ဟု ရေးသားထားသည်။

ယခုလ ၁၁ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ကျင်းပသည့် တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲမှာမူ စည်ကားသည်ဟု ဒေသခံများက ပြောသည်။ မသိုးသင်္ကန်းဆိုသည်မှာ ရက်လုပ်မှုပြီးသည်နှင့် ရဟန်း သံဃာတော်များကို ကပ်လှူပူဇော်မှု ပြုခြင်းကို ခေါ်ဆိုသည်။

မကြာသေးခင်က ကျရောက်ခဲ့သည့် ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန်ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြဝေဖန်မှုများ ပြုလုပ်သော်လည်း ပြီးခဲ့သည့်လ သီတင်းကျွတ်ပွဲတော်အပြီးမှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် အာဏာပိုင်များက ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့သေးသည်။

ကမ်းရိုးတန်းသုံး ဖုန်းများ ရန်ကုန်တွင် အသုံးပြုမှု တွင်ကျယ်
ဇာနည်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 18:02 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာ့ဆက်သွယ်ရေးမှ ကမ်းရိုးတန်းသုံး CDMA 450 MHz ဖုန်းများကို GSM ဖုန်းထက် ပိုမို ချပေးလာသောကြောင့် ရန်ကုန်မြို့တွင်း၌ ကျယ်ပြန့်စွာ သုံးစွဲလာသလို ဈေးနှုန်းလည်း ပိုမို မြင့်တက်လာသည်။

နာဂစ်မုန်တိုင်းနောက်ပိုင်း မုန်တိုင်းသင့် ဒေသများအတွင်း ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ကမ်းရိုးတန်းဖုန်းများကို စတင်ချပေးခဲ့ရာ ယခုတွင် ပိုမို ချပေးလာသော်လည်း ဈေးနှုန်းမှာမူ ပိုမို မြင့်တက်လာခြင်းလည်း ဖြစ်သည်။

"အခုဆို တော်တော်များများ ကမ်းရိုးတန်းဖုန်းတွေချည်း ချပေးတာ များတယ်။ ပြီးခဲ့တဲ့လက အလုံးရေ တသောင်းနီးပါး ချပေးတာ ရှိတယ်" ဟု အမည်မဖော်လိုသူ ဆက်သွယ်ရေးနှင့် ကြေးနန်းဌာနမှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ကမ်းရိုးတန်းဖုန်းများ အနေဖြင့် ရန်ကုန်မြို့တွင်း၌လည်း အခြား GSM ဖုန်းများနည်းတူ ဆက်သွယ်မှုလိုင်းများ အဆင်ပြေခြင်းကြောင့် အသုံးပြုလိုသူ ပိုများလာခြင်း ဖြစ်သည်။

"အဲဒီဖုန်းက တခြားဖုန်းတွေထက် လိုင်းပိုကြည်တယ်လေ။ လိုင်းမမိတဲ့ နေရာလည်း ရှိတော့ ရှိတာပေါ့" ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ထိုဖုန်းများကို စတင်ချပေးစဉ်က ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများကို ချပေးခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသများတွင် သာမက ရန်ကုန်ကဲ့သို့သော မြို့များတွင်ပါ အသုံးပြုနိုင်သဖြင့် စိတ်ဝင်စားမှု ပိုမိုများလာကာ ပြင်ပဈေးကွက်တွင် ဈေးနှုန်း မြင့်လာသည်။

ရန်ကုန်မြို့မှ ကမ်းရိုးတန်းဖုန်း အသုံးပြုသူ တဦးက "သူက GSM လိုပဲ လိုင်းမိတော့ အဆင်ပြေတယ်။ အရင်က ၀ယ်ရတာ ၁၇ သိန်းခွဲပဲ ရှိတယ်။ အခုကတော့ သိန်း ၂၀ ဖြစ်သွားပြီ" ဟု မဇ္ဈိမကို ပြောသည်။

မိုဘိုင်းဖုန်း အရောင်းအ၀ယ် ဈေးကွက်တွင် ကမ်းရိုးတန်းဖုန်းများမှာ အမြတ် ပိုမိုရသည်ဟု မိုဘိုင်းဖုန်း ၀ယ်ရောင်းဈေးကွက်မှ ပွဲစားများ အပြောအရ သိရသည်။

မိုဘိုင်းဖုန်း ၀ယ်ရောင်းလုပ်နေသော ပွဲစားတဦးက "ကမ်းရိုးတန်းဖုန်းက သွင်းဈေးက ၁၁ သိန်းဝန်းကျင်ပဲ ရှိတယ်။ အခုက လူသုံးများလာတော့ သိန်း ၂၀ လောက်ဖြစ်သွားတယ်လေ" ဟု မဇ္ဈိမကို ပြောသည်။

ယခင်က ကမ်းရိုးတန်းသုံးဖုန်း ပေါက်ဈေးမှာ ၁၇ သိန်းမှ ၁၈ သိန်းအထိသာ ရှိနေသည်။ GSM မိုဘိုင်းဖုန်း တလုံးအတွက် အစိုးရနှုန်းထားမှာ ၁၅ သိန်းနှင့် ၅ သောင်းရှိပြီး၊ ပြင်ပ မိုဘိုင်းဖုန်းလောကတွင်မူ GSM ဖုန်းတလုံးမှာ သိန်း ၂၀ မှ ၂၅ သိန်းအထိ ပေါက်ဈေး ရှိသည်။

မြန်မာနိုင်ငံတွင်း လက်ရှိအသုံးပြုနေသော မိုဘိုင်းဖုန်း အမျိုးအစားများမှာ ၀၉ ၈၀ xxx နှင့်စသော GSM, CDMA ကြိုးမဲ့ ခြင်းဖုန်း၊ ၇၀ xxx နှင့်စသော စီဒီအမ်အေ ဖုန်း၊ ၀၉ ၉၉ xxx နှင့်စသော TDMA ဖုန်းများ ဖြစ်သည်။ ယခု ကမ်းရိုးတန်းဖုန်းများမှာမူ CDMA 450 MHz အမျိုးအစား ဖုန်းများ ဖြစ်ကြသည်။

ကမ်းရိုးတန်းသုံးဖုန်းများမှာ အထိုင်ဖုန်းတခု လိုအပ်သည်။ SIM card ကို အသုံးပြုရပြီး GSM ဖုန်းများမှ SIM card နှင့် မတူကွဲပြား၍ Hand Set သီးသန့် အသုံးပြုရသည်။ ရန်ကုန်မြို့တွင်းနှင့် ကမ်းရိုးတန်းဒေသတွင် အသုံးပြုလျှင် အထိုင်ဖုန်း မပါဘဲ သုံး၍ ရနိုင်သော်လည်း ရန်ကုန် ဧရိယာနှင့် လှမ်းသော တွံတေး၊ သန်လျင်ကဲ့သို့ ဒေသများတွင်မူ အထိုင်ဖုန်းရှိမှ သုံးရသည်မှာ အဆင်ပြေကြောင်း ဖုန်းအသုံးပြုသူများက ပြောသည်။

လက်ရှိတွင် ကမ်းရိုးတန်းဖုန်းများကို ရန်ကုန် အပါအ၀င် ပုသိမ်၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စသည့် မြို့ပေါင်း ၅၀ ခန့်တွင် အသုံးပြုနိုင်သည်။

မိုဘိုင်းဖုန်းလျှောက်လွှာများကို ရန်ကုန်တိုင်းမှူး၊ ရန်ကုန်တိုင်း ဆက်သွယ်ရေး မန်နေဂျာတို့ထံသို့ တင်ရသည်။

ဆက်သွယ်ရေးမှတဆင့် ဖုန်းချပေးရန်အတွက် စာရင်းကိုမူ တိုင်းစစ်ဌာနချုပ် (တရက) ထံမှ အတည်ပြုမှုကို ယူရသည်။ လျှောက်လွှာများကို လူကြီးများနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းများကို ပိုမိုချထားပေးပြီး အခြား လျှောက်ထားသူများကိုမူ မဲစနစ်ဖြင့် ချထားပေးသည်ဟု ဆက်သွယ်ရေးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

တက်ကြွလှုပ်ရှားသူ ၁၅ ဦး ထောင်ဒဏ်များ ကျခံရ
ဖနိဒါ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 13 2008 18:27 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တရားဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်များ ချမှတ်နေမှု၏ နောက်ဆက်တွဲအနေဖြင့် ယနေ့တွင် အနည်းဆုံး ၁၅ ဦးထက်မနည်း ထောင်ဒဏ် ၁၁ နှစ်အထိ ရှည်လျားသော ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ရွှေဝါရောင်တွင် ပါဝင်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင် ဦးတင်ယု၊ ကိုသန်းနိုင်၊ ကိုစိုးမင်းမင်း၊ မလှလှမော်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ဦးဝင်းမြင့်၊ ကိုအောင်မင်းနိုင်၊ ကိုမျိုးကျော်ဇင်နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်များတွင် ထောင်ဒဏ် ၇ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖမ်းခံရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးလည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် ယနေ့တွင်ပင် ထောင်ဒဏ် ၂ နှစ်စီနှင့် ယခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အဖမ်းခံရသူ ကဗျာဆရာ မင်းဟန်လည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု၊ အခြား ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်၌ပင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံလိုက်ရသည်။

ကိုမင်းဟန်နှင့် နီးစပ်သူ ၈၈ ကျောင်းသားများအဖွဲ့ဝင်တဦးက "ကိုမင်းဟန်ကို ၈၈ ကျောင်းသားများအဖွဲ့နဲ့ ၂၀၀၇ ခုမှာ ပေါ်ပေါက်လာတဲ့ ဗကသ ကို အင်တိုက်အားတိုက် ကူညီခဲ့သူ၊ ကဗျာဆရာများ သမဂ္ဂမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူအဖြစ် ပြောနိုင်ပါတယ်" ဟု ပြောသည်။

အလားတူ ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ ဆန္ဒပြပွဲကို ဦးဆောင်သူဟု စွပ်စွဲခံထားရသူ အသက် ၂၁ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မဟန်နီဦး (ဥပဒေနောက်ဆုံးနှစ်) ကို တာမွေမြို့နယ် တရားရုံးက ယနေ့၌ပင် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်သည်။

ဖခင်ဖြစ်သူ ဦးထွန်းဦးက ''ကျနော်hသမီး သိပ်နစ်နာသွားတယ်။ အရင် သူ့နောင်တော်တွေတောင် ၆၅ နှစ် ချနေတာကို ကျနော်hသမီးအတွက် ဂရုမစိုက်တော့ဘူး။ ရှေ့ဆက်တက်ရင်လည်း ထူးလာမှာ မဟုတ်ပါဘူး။ ဒီအတွက် အခွင့်အရေး မရှိတော့ပါဘူး။ ဒါကြောင့် အယူခံဖို့ မလုပ်တော့ပါဘူးလေ'' ဟု ပြောသည်။

မဟန်နီဦးသည် သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းကို တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် အာဏာပိုင်များက စွဲချက်တင်ကာ ယခုလ ၇ ရက်နေ့က ထောင်ဒဏ် ၄ လ မျက်ကွယ်စီရင်ချက် ချပြီးနောက် ၅ ရက်အကြာတွင် ယခုလို ထောင်ဒဏ်ချခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP ၏ စားရင်းများအရ ယခုလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ အန်အယ်ဒီအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား ပြစ်ဒဏ်ချနေရာ စုစုပေါင်း ၅၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုလို ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ''အန်ကယ့်အနေနဲ့ သုံးသပ်တာက နိုင်ငံရေးအရ ဖိနှိပ်တယ်။ နိုင်ငံရေးဆိုတာ လက်ရှိ အခြေအနေနဲ့ သွားချင်တယ်။ ပြည်သူတွေ မကြိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီး ရွေးကောက်ပွဲ သွားမယ်။ ဒီဟာတွေအတွက် ပြည်သူလူထု အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို ပိုမိုပြီးတော့ ဖိအားပေးတယ်၊ ပြစ်ဒဏ် ပေးနေတယ်လို့ပဲ ယူဆပါတယ်" ဟု သုံးသပ် ပြောဆိုလိုက်သည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက်ချမှတ်
13 November 2008
ဦးအောင်လွင်ဦး

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်
နေချိန်မှာပဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ် ဆက်လက်ချမှတ်
နေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀ လောက်ကို
ရန်ကုန်မြို့မှာ သူတို့ကိုစစ်ဆေးနေတဲ့ တရားခွင်တွေကနေ ဒီကနေ့ ဆက်လက်ပြီး
ထောင်ဒဏ် ၂ နှစ်ကနေ ၁၁ နှစ် ကျော်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရုံးတင်စစ်ဆေးနေတဲ့ ရန်ကုန်မြို့ အင်းစိန်
ထောင်တွင်း အထူးတရားခွင်တွေနဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ တရားရုံးတွေက ဒီမို
ကရေစီရေးလှုပ်ရှားသူ အနည်းဆုံး လူပေါင်း ၂၀ လောက်ကို ထောင်ဒဏ်ပြစ်ဒဏ်တွေ
ဆက်လက်ချမှတ်ခဲ့တာပါ။ အခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ပြီးခဲ့တဲ့
နှစ်ထဲတုန်းက ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့
ကြွချီပွဲတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသူတွေ ဖြစ်ကြပြီးတော့ ဒီအထဲမှာ
၈၈ မျိုးဆက်ကျောင်းသားတွေ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) အဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့လည်း
ပါဝင်ခဲ့ကြတာပါ။

သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစု
လူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ
ချမှတ်လိုက်တာလည်း ဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တရားခွင်တွေ
ကို စောင့်ကြည့်နေတဲ့ ရန်ကုန်မြို့က လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်လေးက
အခုလို ပြောပြပါတယ်။

"ဒီနေ့ လှိုင်သာယာရုံးကနေ အင်းစိန် ထောင်တွင်းတရားရုံး၊ ဘူးရုံးကို ရွှေ့လိုက်တဲ့
၁၁ ယောက်၊ ရန်နိုင်ထွန်း၊ မီးသွေးခေါ် အောင်မင်းနိုင်၊ သန့်စင်မျိုး၊ ဦးတင်ယု၊
ကျော်စိုးဝင်း၊ ဆန်းဝင်း၊ ကိုမျိုးကျော်ခင်၊ ကိုဝင်းမြင့်၊ ကိုဆန်းနိုင်၊ စိုးမင်းမင်းခေါ်
စိုးငယ်၊ မလှလှမော်၊ အဲဒီ ၁၁ ယောက်ကို ထောင် ၇ နှစ်ခွဲ၊ အင်းစိန်အထူး ဘူးရုံးထဲက
ချလိုက်တယ်။ ပုဒ်မတွေက ၁၄၃၊ ၁၄၅၊ ၁၅၇၊ ၅၀၅(ခ)။ နောက်တခါ ကိုမျိုးခိုင်ကို
၆ နှစ်ခွဲ ချလိုက်ပါတယ်။ ဒါလည်း အနောက်ပိုင်းခရိုင်တရားရုံး၊ တာမွေကပါပဲ။ ပုဒ်မက
၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)။ အဲဒီပုဒ်မတွေနဲ့ ချလိုက်တယ်။

"နောက်တခါ အလုံမြို့နယ် တရားရုံးကနေ မမြတ်မြတ်သိမ့်ကို ထောင်ဒဏ် ၅ နှစ်
ချလိုက်တယ်။ အင်းစိန်ဘူးရုံးထဲမှာ ဒီနေ့ချလိုက်တဲ့ ကိုမင်းဟန်ကို ထောင်ဒဏ် ၁၁ နှစ်
ချလိုက်ပါတယ်။ ပုဒ်မက ၁၄၃၊ ၁၅၄၊ ၁၄၇၊ ၁၅၂၊ ၂၉၅၊ ၅၀၅(ခ)။ အဲဒီပုဒ်မတွေနဲ့
ချလိုက်တယ်။ လောလောဆယ်မှာ အမြင့်ဆုံးပါပဲ။ နောက်တခါ ကိုမျိုးရန်နောင်သိန်း၊
၂ နှစ်၊ ၅၀၅(ခ)။ ကိုမင်းမင်းစိုး ၅၀၅(ခ) နဲ့ ၂ နှစ်။ ဒါ အခုလက်ရှိ ချထားတဲ့ဟာ။ စာရင်း
အရ လက်ရှိ ၁၉ ယောက် သိထားတယ်။"

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေထဲမှာ အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာ
ရေးမကောင်းသူတွေလည်း ပါဝင်နေတာပါ။ အခုနောက်ဆုံး ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ
ချမှတ်ခံခဲ့ရတဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သူ ဦးတင်ယုဟာဆိုရင်လည်း ကျန်းမာ
ရေးယိုယွင်းနေသူတဦး ဖြစ်တယ်လို့ ဒီကနေ့ စီရင်ချက်ချမှတ်တာကို သွားရောက်စုံစမ်း
ခဲ့တဲ့ သမီးဖြစ်သူ မသင်းသင်းယုက ပြောပါတယ်။

"ဒီနေ့ အမိန့်ချမယ်ဆိုတာသိလို့ ကျမသွားတော့ ကျမကို မောင်းထုတ်တယ်။ အဲဒီ
ထိပ်ကလူက။ ၀င်လို့မရဘူးဆိုပြီး မောင်းထုတ်တယ်။ အဲဒါနဲ့ ဒီအပေါက်ဝကပဲ ကျမ
အဖေကို စောင့်နေလိုက်တယ်။ ဂိတ်ပေါက်ကလူကိုတော့ ကျမအဖေ လှိုင်သာယာ
၁၁ ယောက်အဖွဲ့ ဒီနေ့အမိန့်ချမယ်ဆိုတာသိလို့ ကျမတို့လာတာ၊ ဘယ်နှစ်နှစ်လဲဆိုတာ
ကျမတို့သိချင်တယ်၊ အစ်ကိုကြီးတို့ စုံစမ်းပေးပါဆိုပြီး မေးလိုက်တော့ စုံစမ်းပေးတယ်။
အမိန့်ကို ၇ နှစ်ခွဲဆိုပြီးချလိုက်တယ်။

"ကျမအဖေက ရောဂါနဲ့ဆိုတော့ ကျမကတော့ စိုးရိမ်တယ်။ အဖေ့မှာ အစာအိမ်ရောဂါ၊
သွေးတိုးရောဂါရှိတယ်။ ဟိုတပတ် စနေနေ့က ထောင်ဝင်စာသွားတွေ့တဲ့အချိန်မှာ
အဖေ့မျက်နှာဆို အမ်းနေတာပဲ။ ကျမက အဖေ သွေးတွေတိုးနေတယ်၊ အဖေ မတင်ပြ
ဘူးလားမေးတော့ တင်ပြတယ်၊ အဖေ့ကို ဘာမှလာမလုပ်ပေးသေးဘူးလို့ ပြောတယ်။"

အခုနောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ နေရာမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာ
တော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရတဲ့
ကျောင်းသားလူငယ်တွေလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီကနေ့ ထောင်ဒဏ် ၉ နှစ်နဲ့
၆ လအထိ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်က ဥပဒေနောက်ဆုံး
နှစ်ကျောင်းသူ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦးကတော့ ဒီလို နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှတ်နေတာတွေဟာ တရားမျှတမှု ကင်းမဲ့နေတယ်လို့
သူထင်မြင်ကြောင်း ပြောပါတယ်။

"တရားစီရင်ရေးနဲ့ပတ်သက်လို့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဟာတွေက အပြစ်
ဒဏ်တောင် ပေးဖို့မလိုတဲ့ကိစ္စတွေလို့ ကျနော်ကတော့မြင်တယ်။ အဖွဲ့အစည်း
လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်တော့ ရှိရမှာပဲလေဗျာ၊ ကျနော်တို့သိထားတာ။ ဒါ အဲဒီ
အဖွဲ့အစည်းက ဘာမှမလုပ်ဘူး၊ တိုင်းပြည်ကို ဘာမှမထိခိုက်ဘူးဆိုရင် အပြစ်ဒဏ်ချ
စရာမှ မလိုဘဲဗျာ။

"ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော့်ရဲ့အတွေးလေးတခုကတော့၊ ဒါကတော့ သမီးရယ်မဟုတ်
ဘူး၊ အားလုံးပါပဲ၊ နိုင်ငံကျော် စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့တဲ့ စကား
လေးကိုပဲ ကျနော်ပြောချင်ပါတယ်။ လူတယောက်ရဲ့တန်ဖိုးဟာ သူ ဖြတ်သန်း
ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ
ဘယ်လောက်သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းရမှာပဲတဲ့။ ကျနော့်သမီး
ကလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်ဗျာ။

"ဒီစီရင်ချက်နဲ့ပတ်သက်လို့ကတော့ဗျာ ကျနော် ခံစားချက်အရပြောရရင် သူ့ရှေ့က
နောင်တော်တွေ၊ အစ်မတော်တွေဖြစ်တဲ့ လူတွေတောင်မှ ၆၅ နှစ်တို့ ဘာတို့ နှစ်ကို
ရာနဲ့ချီချဖို့ အစီအစဉ်တွေ ရှိနေတဲ့အချိန်မှာ ကျနော့်သမီးချခံရတဲ့ ပြစ်ဒဏ်က ဘာမှ
မရှိဘူးလို့ ခံစားရတယ်ပေါ့ဗျာ။"

ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ အပြစ်ပေးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်က ဥပဒေနောက်ဆုံးနှစ်
ကျောင်းသူ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦး ပြောပြသွားတာဖြစ်ပါတယ်။

အခုလို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတွေကနေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
ထောင်ဒဏ်တွေ ဆက်တိုက်ဆိုသလို ချမှတ်နေတဲ့နေရာမှာ မကြာသေးခင်က တရား
ခွင်ကို မထေမဲ့မြင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၆ လ အပြစ်ပေးခံခဲ့ရပြီး
ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ထားတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ၉ ဦးရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ မိသားစုဝင်
တွေလည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေတဲ့အတွက် တစုံတရာတော့ မသိရသေးပါဘူး။

ဂျာမဏီနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ စီးပွားရေး ဆုတ်ယုတ်ကျဆင်း
13 November 2008
အာရှနဲ့ ဥရောပတလွှားက ငွေကြေးဈေးကွက်ဆိုင်ရာ သတင်းဆိုးတွေ ပိုကြားနေရ
တာကြောင့် ကမ္ဘာ့စီးပွားရေး အလွန်အမင်း ကျဆင်းနေပြီဆိုတာ အထောက်အထား
တွေ ပိုများလာပါတယ်။

ငါးနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဂျာမဏီနိုင်ငံဟာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု
ရင်ဆိုင်နေရပြီလို့ ဂျာမဏီအစိုးရရဲ့ တရားဝင်အစီရင်ခံစာက ဖော်ပြနေပါတယ်။
၂၀၀၈ ခုနှစ်ရဲ့ တတိယသုံးလပတ်မှာ ဂျာမဏီစီးပွားရေးဟာ ၀.၅% ကျုံ့လာတယ်လို့
အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါဆိုရင် သုံးလပတ် နှစ်ကြိမ်ဆက်တိုက် စီးပွားရေး
ဆက်တိုက်ကျုံ့လာတာပါ။ ဒီအတွက် ပြည်ပထုတ်ကုန်တွေလည်း ထိခိုက်လာတယ်လို့
အပြစ်တင်ထားပါတယ်။ ဂျာမဏီနိုင်ငံဟာ ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး တတိယ
မြောက်နိုင်ငံဖြစ်ပြီး ဥရောပမှာတော့ စီးပွားအင်အားအကြီးဆုံးလို့ ဆိုရမှာပါ။
အာရှဈေးကွက် ဒီကနေ့ပိတ်ချိန်မှာတော့ အာရှအဓိကစတော့ခ်အညွှန်းကိန်းတွေ အတော်လေး
ကျဆင်းခဲ့ပါတယ်။ မနေ့ကတော့ အမေရိကန်Wall Street မှာ စတော့ခ်ဈေးတွေ ကျဆင်းပြီး
ဒေါ်လာ ဘီလီယံ ၇၀၀ ဖိုး ငွေကြေးကျားကန်ပေးမှုအစီအစဉ်ကို အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ချက်
လည်း ထွက်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ စီးပွားရေးကျဆင်းဆုတ်ယုတ်မှုတွေ ကြုံရပြီး အခုလိုကျဆင်း
မှုဟာ ရေရှည်ရင်ဆိုင်ရမယ်လို့ ပဲရစ်အခြေစိုက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့
ကြီးက ပြောပါတယ်။ ကမ္ဘာ့စက်မှုထိပ်တန်းနိုင်ငံ၂၀ က ခေါင်းဆောင်တွေဟာ ဒီစီးပွားရေးပြဿနာ ငွေကြေးအကျပ်အတည်းတွေကို
ဖြေရှင်းဖို့ အခု စနေနေ့မှာ ၀ါရှင်တန်မှာ ဆုံကြဖို့ရှိပါတယ်။

အမေရိကန်မှာတော့ ၇နှစ်အတွင်းမှာ အလုပ်လက်မဲ့နှုန်း အများဆုံးဖြစ်လာပြီလို့ အမေ
ရိကန် အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံမှ နှစ်ရှည်ထောင်ဒဏ်များ ဘန်ကီမွန်း စိုးရိမ်
13 November 2008
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရှေ့ခရီးမှာ မြန်မာနိုင်ငံသား အားလုံးကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ထောင်ဒဏ်နှစ်ရှည်ချမှတ်မှု အမေရိကန် ရှုတ်ချ
13 November 2008
ဦးကျော်ကျော်သိန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ဒါဟာဖြင့် ဒီမိုကရေစီရေးလှုပ်ရှားသူ အယောက် ၃၀ နီးပါးကို နိုဝင်ဘာလ ၁၁ ရက်နေ့က ထောင် ဒဏ်ချမှတ်ခဲ့မှုအပေါ် နိုင်ငံတကာဘက်ကထွက်လာတဲ့ နောက်ဆုံး ဝေဖန်ကန့်ကွက်သံပါပဲ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံခြားရေးဌာနမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အဖွင့်မှာကိုပဲ မြန်မာနိုင်ငံက နောက်ဆုံး ဖြစ်ရပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားကို နိုင်ငံခြားရေးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Robert Wood က ထုတ်ဖော် ကြေညာခဲ့တာပါ။

“နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး အယောက် ၃၀ ကို ထောင်ဒဏ် နှစ်နှစ်ကနေ ၆၄ နှစ်အထိ ချမှတ်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ဒီ ရဲရင့်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေဟာ ငြိမ်းချမ်းတဲ့နိုင်ငံသားတွေဖြစ်ပြီး သူတို့ရဲ့ တခုတည်းသောအပြစ်က စစ်အစိုးရရဲ့ တရားမ၀င်တဲ့ အုပ်စိုးမှုကို စိန်ခေါ်တာပဲဖြစ်ပါ တယ်။”

အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ရှုတ်ချတဲ့ထဲမှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်တဲ့အချက်ကိုသာမက ဒီလူတွေရဲ့အမှုကို စစ်ဆေးစီရင်တဲ့ပုံစံကိုလည်း ပြစ်တင် ရှုတ်ချထားပါတယ်။

“အမှုတွေကို စစ်ဆေးစီရင်တဲ့ပုံစံကိုလည်း ကျနော်တို့ နောက်ထပ် ကန့်ကွက်ရှုတ်ချပါတယ်။ စစ်အစိုးရက အမှုတွေကို စစ်ဆေး တဲ့အခါမှာ မိသားစုဝင်တွေ၊ ဒါမှမဟုတ် ရှေ့နေတွေကို တက်ရောက်ခွင့်မပြုဘဲ စစ်ဆေးစီရင်ခဲ့ပါတယ်။”
အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ဒီ ပြစ်တင်ဝေဖန်ချက်မှာ ဒီကနေ့အချိန်ထိပြောရမယ်ဆိုရင် အပြင်းထန်ဆုံး စကားလုံးတွေပါဝင်နေပါတယ်။

တဆက်ထဲမှာပဲ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းကျင့်သုံးတဲ့ အရပ်သားတွေ အပေါ် အနှောက်အယှက်ပေးတာ၊ ဖမ်းဆီးတာတွေကိုရပ်ဆိုင်းဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အင်အားစုတွေ လူမျိုးစုအဖွဲ့အစည်းတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေး ခင်ရက်ပိုင်းက အကျဉ်း ချခဲ့သူတွေအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကိုလွှတ်ပေးဖို့လည်း အမေရိကန် ပြည်ထောင်စုက ထပ်ပြီး တောင်းဆို ထားပါတယ်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ခုလို ထောင်ဒဏ် ချမှတ်တာဟာ သဘောထားကွဲလွဲသူတွေအပေါ် ပိုပြီး ပစ်မှတ်ထားနှိမ်နင်းလာတာကိုပြနေပြီး လူထုကို ခြိမ်းခြောက်ဖို့ သိသိသာသာရည်ရွယ်တာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

မြန်မာစစ်အစိုးရဟာ အများကဝေဖန်ခံနေရတဲ့ အခြေခံဥပဒေအသစ်အရ သူတို့လုပ်မယ်လို့ကြေညာထားတဲ့ အတု အယောင် ပြုပြင် ပြောင်းလဲရေးတွေမတိုင်ခင် နိုင်ငံရေးလှုပ်ရှားသူတွေကို ရှင်းလင်းနေတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ပြီး ပြောဆို သွားမယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Robert Wood ကပြောကြောင်း ဗွီအိုအေသတင်းထောက် David Gollust ပေးပို့တဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် သူတို့ရဲ့ သြဇာအရှိန်အ၀ါကိုအသုံးပြုဖို့ ဒေသ တွင်းမဟာမိတ်တွေကို ဖိအားပေးသွားမယ်လို့လည်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ သံအမတ်ကြီး အဆင့်မထားဘဲ သံရုံး ယာယီတာဝန်ခံအဆင့်နဲ့သာ သံအဆက်အသွယ် ပြုလုပ်နေတာပါ။

နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ဖြစ်စေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ နိုင်ငံသားတွေအားလုံးကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးတယ်ဆိုတာကိုလည်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မရီး အိုကဘဲ (Marie Okabe) က ပြောသွားပါသေးတယ်။

ကုလသမဂ္ဂဘက်ကတော့ မြန်မာ့အရေး လက်ရှိလုပ်ဆောင်နေတာတွေကို ဆက်ပြီး လုပ်ဆောင်သွားပါမယ်တဲ့။

“မြန်မာနိုင်ငံရဲ့ကံကြမ္မာဟာ မြန်မာအစိုးရနဲ့ မြန်မာလူထုလက်ထဲမှာပဲ ရှိတယ်ဆိုတာ ကျမတို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း ငြိမ်းချမ်းပြီး သာတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ မြန်မာနိုင်ငံလူထုအားလုံး ပါဝင်လုပ်ဆောင်ခွင့် ရစေမယ့် ယုံကြည် လက်ခံနိုင်လောက်တဲ့၊ အားလုံးပါဝင်တဲ့၊ ပွင့်လင်းထင်သာမြင်သာမှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ကရော၊ သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကပါ တသမတ်ထဲ တောင်းဆိုလာတာပါ။ ဒီရည်ရွယ်ချက်အောင်မြင်တဲ့ထိ အတွင်းရေးမှူးချုပ်က ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

အမေရိကန်သမ္မတဘုရှ်က သူရဲ့ အာရှရေးရာ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ဟောင်းတဦးဖြစ်သူ Michael Green ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒရေးရာ အကြီးအကဲအဖြစ်ခန့်အပ်ရေး အမည်စာရင်း တင်သွားထားကြောင်း တနင်္လာနေ့ကပဲ သမ္မတအိမ်ဖြူတော်က ပြောထားပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ထောင်ဒဏ်များချမှတ်
ဉာဏ်မောင်။ နိုဝင်ဘာ ၁၃၊ ၂၀၀၈

ကြည့်မြင့်တိုင်နှင့် လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အင်းစိန် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဦးတင်ယုအပါအဝင် (၁၁) ဦးအဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် ထောင်ဒဏ် (၇) နှစ်ခွဲ အင်းစိန်ထောင်တွင်းတရားရုံးက ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဦးတင်ယုတို့ကို အမိန့်ချတာကို သွားတွေ့ဖို့ ထောင်အာဏာပိုင်တွေက ဝင်ခွင့်မပြုဘူး၊ အင်းစိန် ထောင်ထဲက တရားရုံးက အမိန့်ချလိုက်တာ၊ ပုဒ်မ (၄) ခုနဲ့ စွဲထားတာ၊ အဲဒီအထဲမှာ သန့်ဇင်မျိုး ကတော့ (၅) မှုနဲ့ စွဲထားတယ်”ဟု ဦးတင်ယု၏ဇနီးက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ဦးတင်ယု၊ မောင်စန်းနိုင်၊ ကိုစိုးမင်း၊ မလှလှမော်၊ ကိုရန်နိုင် ထွန်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ မောင်စန်းဝင်း၊ ကိုအောင်မင်းနိုင် (ခ) ကိုမီးသွေး၊ ကိုဝင်းမြင့်၊ ကိုမျိုးကျော်ဇင် တို့ဖြစ်သည်။

ထို့အပြင် လှည်းတန်းတရားရုံးတွင် အမှုရင်ဆိုင်နေရသူ ကိုသန်းဇော်မြင့်၊ ကိုသိုက်မင်း၊ မငယ်၊ ကိုသန့်ဇင်မျိုးနှင့် အခြားနှစ်ဦးတို့အား တရားရုံးအာဏာပိုင်များက အင်းစိန်ထောင်တွင်းတရား ရုံးသို့ ယနေ့ လွှဲပြောင်းလိုက်ပြီး မနက်ဖြန်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

“သန့်ဇင်မျိုးကို လှည်းတန်းမှာ စွဲထားတဲ့အမှုရယ်၊ သူတို့ကို လှည်းတန်းအချုပ်ကနေ ဒီနေ့ အင်းစိန်ထောင်ထဲကို ပြောင်းလိုက်တယ်၊ သူတို့က (၆) ယောက်အဖွဲ့၊ မနက်ဖြန်အမိန့်ချမယ်”ဟု ဆက်ပြောသည်။

ဦးတင်ယုအပါအဝင် အဖွဲ့ချုပ်ဝင်အချို့အား သြဂုတ်လအတွင်း အာဏာပိုင်များက နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ပုဒ်မ(၅၀၅-ခ)နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ပုဒ်မ(၁၄၃) ဥပဒေနှင့်ဆန့်ကျင်သည့် လူစုလူဝေးတွင်ပါဝင်မှု၊ ပုဒ်မ (၁၄၅) လူစုခွဲရန် အမိန့်ပေးထား သည်ကိုသိလျှက်နှင့် ဆက်လက်ပါဝင်နေမှု၊ ပုဒ်မ(၁၅၂) ဝန်ထမ်းကို ပြန်လည်ခုခံမှုတို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ်
ဖြိုးကြီး။ နိုဝင်ဘာ ၁၃၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း၊ တာမွေအရှေ့ပိုင်းခရိုင်တရားရုံး ခုံ(၁)က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)၊ အသင်းဖွဲ့(၆) ပုဒ်မများဖြင့် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သူ့ရှေ့က နောင်တော်တွေ၊ အမတွေကို ချမှတ် လိုက်တဲ့ နှစ်တွေနဲ့စာရင် ကျနော့်သမီးကို ချမှတ်လိုက်တာကို ဘယ်လိုပြောရမလဲ ကမ္ဘာကြီး မီးလောင်နေချိန်မှာ ဆီမီးခွက် မီးတောက်တာကို ဦးနှောက်ထဲတောင် မထားတော့ပါဘူးလို့ သဘောထားပါတယ်”ဟု မဟန်နီဦး၏ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောသည်။

မဟန်နီဦးအား တရားလိုသက်သေများက သံဃာတော်များစီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ သည်ဟု ထွက်ဆိုခဲ့သော်လည်း အဆိုပါရက်ပိုင်း မဟန်နီဦးမှာ စာမေးပွဲဖြေဆိုနေခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

“အဲဒီရက်တွေမှာက ကျနော့်သမီးက စာမေးပွဲဖြေနေတဲ့ရက်ပါ၊ ကျနော့်သမီး စာမေးပွဲဖြေဆို ကြောင်းရယ်၊ အောင်စာရင်းထုတ်ပြန်တော့ စာမေးပွဲဖြေထားလို့ အောင်မြင်တဲ့ ဘာသာ၊ ကျတဲ့ ဘာသာတွေကို ထုတ်ပြန်ပေးထားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာက ဖြေရင်ဖြေတယ်၊ မဖြေရင်မဖြေဘူးဆိုတာကို စာထုတ်ပေးပါလို့ တရားဝင် သြဂုတ်လ (၂၅) ရက်နေ့မှာ မော်ကွန်း ထိန်းဆီကို စာတင်ပြီးတောင်းတာ အကြောင်းမပြန်ခဲ့ဘူး”ဟု ပြောသည်။

ယခုကဲ့သို့ သမီးဖြစ်သူအား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်၍ “ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန် ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”ဟု ဆက်လက်ပြောသည်။

ထို့အပြင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ကိုမျိုးခင်အား ထောင်ဒဏ် (၆) နှစ်ခွဲနှစ် သစ်စက်အလုပ်သမား ကိုမျိုးခိုင်အား ထောင်ဒဏ် (၄) နှစ်ခွဲစီ အသီးသီးချမှတ်လိုက်သည်။

မြန်မာရေတပ် အနေနှင့် ဘင်္ဂလာရေတပ်ကို ယှဉ်နိုင်ရန် အခြေအနေမရှိကြောင်း စစ်ရေး လေ့လာသူများက ပြောဆို
11/13/2008မြန်မာ နအဖ ရေတပ်အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်ကိုယှဉ်နိုင်ရန် အခြေအနေမရှိသဖြင့် အငြင်းပွား ပင်လယ်ရေပြင်ပိုင်နက်မှ ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း နယ်စပ်ဒေသမှ စစ်ရေး အကဲခတ် တဦးက ပြောသည်။
သူက “ကုန်းတပ်မှာဆိုရင်တော့ မြန်မာဘက်က အသာရကောင်း ရနိုင်ပေမယ့် ရေတပ် ချင်းတိုက်မယ်ဆိုရင်တော့ မြန်မာဘက်က ဘယ်လိုနည်းနဲ့မှ ဘင်္ဂလာရေတပ်ကို မယှဉ် နိုင်ဘူး။ ဒါကြောင့် မြန်မာရေတပ်က အငြင်ပွားနယ်မြေကို သူပိုင်တဲ့ နယ်မြေဖြစ်ပါ တယ်ဆိုတာ တရားဝင်ကျေညာပြီးမှ နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။ ”ဟု ပြောသည်။

မြန်မာ နအဖ စစ်တပ်အနေဖြင့် ရေတပ်ချင်းယှဉ်နိုင်ရန် အခြေအနေမရှိသဖြင့် အငြင်းပွား ရေပိုင်နက်မှ ရေတပ်သင်္ဘောများ ဆုတ်ခွာသွားပြီး ကုန်းတပ်များကို နယ်စပ်တလျောက်တွင် အားဖြည့်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ စစ်ရေးအကဲခတ်က ယခုကဲ့သို့ ပြောသည်။

“မြန်မာရေတပ် သင်္ဘောတွေနဲ့ ဘင်္ဂလာရေတပ် သဘောင်္တွေကို နိုင်းယှဉ်ရင် ရန်ကုန် ကလာတဲ့ မြန်မာရေတပ်သင်္ဘောက ဘင်္ဂလာကအသေးဆုံး သင်္ဘောတွေလောက်ဘဲ ရှိတာပါ။ ခုလည်း ဘင်္ဂလာက နေဗီတွေကို မြန်မာရေတပ်က မြင်တော့တခါတည်းနဲ့ လစ်ပြေးသွားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာဘက်ကနယ်စပ် တလျောက်မှာ တပ်တွေတိုးချတာ ဖြစ်ပါ တယ်။ လိုအပ်ရင် ကုန်းပိုင်းက၀င်ရောက် တိုက်ခိုက်နိုင်အောင် စီစဉ်တာ ဖြစ်ပါတယ်။ ”

ဘင်္ဂလာရေတပ်မှာ ဖရီးဂိတ် သင်္ဘောများအပါအ၀င် အမေရိကန်လုပ် ခေတ်မှီ ရေတပ် သင်္ဘော အများအပြားရှိပြီး နည်းပညာပိုင်းတွင်လည်း မြန်မာရေတပ်ထက် သာကြောင်း သိရှိရသည်။

အကယ်၍ မြန်မာနှင့် ဘင်္ဂလာ စစ်ဖြစ်ပွားက ရေတပ်နှင့်လေတပ်တွင် မြန်မာက ဘင်္ဂလာကို ယှဉ်နိုင်ရန် အခြေအနေမရှိကြောင်းနှင့် ကုန်းတပ်တွင်သာ မြန်မာက ဘင်္ဂလာထက် သာကြောင်း အဆိုပါ စစ်ရေး အကဲခတ်က ပြောသည်။

မြန်မာ စစ်အာဏာပိုင်များ အနေဖြင့်လည်း ကုန်းတပ်ကို ပိုမိုအားကိုးပြီး ဘင်္ဂလာနှင့် ရေပိုင် နက် အငြင်းပွားသည့် အချိန်ကစတင်ပြီး စစ်သားအများအပြားကို ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်သို့ စေလွှတ်ခဲ့သည်။

အဆိုပါ အစီအစဉ်မှာ မြန်မာနယ်စပ် စစ်တကောင်းတောင်တန်းနယ်မှတဆင့် စစ်တကောင်း ကိုထိ ထိုးဖေါက်တိုက်ခိုက်ရန် ရည်ရွယ်ချက် ဖြစ်သည်ဟု စစ်ရေးအကဲခတ်သူက ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းတခုဖြစ်ပေါ်နေ
11/13/2008
မောင်သစ်အောင် (နိရဉ္စရာ)

စစ်အစိုးရ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တိုင်းထွာချက်အရ ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ တဖြည်းဖြည်း အားကောင်းလာနေ ကြောင်း ဖေါ်ပြသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အနောက်မြောက် ယွန်းယွန်းသို့ ညင်သာစွာ ရွေ့လျား နေကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် မိုးလေ၀သနှင့် ဇာလဗေဒဌာန၏ ကြိုတင်သတိပေးမှု မရှိခြင်းကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ယခုအခါ စစ်အစိုးရမှ မုန်တိုင်း သတိပေးမှုအပေါ် အထူးတလည် အာရုံစူးစိုက်မှု ရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရာဘာခြံ ဧက ၁၀၀ ကျော် ထပ်မံ သိမ်းဆည်းခံရ
သတင်း - IMNA
Written by မိကျလွန်းထော
Thursday, 13 November 2008 11:16
မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမှတ် (၃၁၈) လက်နက်ကြီးတပ်ရင်းသည် တပ်နယ်မြေတိုးချဲ့ရန်အတွက် ရာဘာခြံ ၁၂၀ ဧကခန့်အား ဒေသခံပြည်သူများထံမှ ထပ်မံ သိမ်းဆည်းလိုက်သည်။

လွန်ခဲ့သော နိုဝင်ဘာလ (၇) ရက်တွင် ၄င်းတပ်ရင်းက တပ်နယ်မြေ ပြင်ပရှိ ခြံပိုင်ရှင် (၇) ဦးအား ခေါ်ယူပြီး အဘစ်ကျေးရွာတွင် ၄င်းကိစ္စအတွက်ဆွေးနွေးခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ယခင်က ငွေ (၁၀၀၀၀) ကျပ် ပေး၍ပြုလုပ်ထားသော ခြံဝင်ခွင့်ကဒ်ကိုလည်း သိမ်းဆည်း လိုက်ပြီး ၄င်းခြံရှင်များအား နောက်ထပ် ခြံသို့သွားစရာမလိုတော့ဟုလည်း ပြောကြားသွား သည်ဟု ဒေသခံတစ်ယောက်က ပြောပြသည်။ ၄င်းအသိမ်းဆည်းခံရသော ခြံရှင် (၇) ဦးမှာ နိုင်အရွှေ၊ နိုင်အမွန်၊ နိုင်ဟလယ်၊ နိုင်သန့်၊ နိုင်ဗလိုင်၊ နိုင်ဇော်လတ်နှင့် နိုင်ပန်းရှိန် တို့ဖြစ်သည်။

''သူတို့တပ်မြေတိုးချဲ့ဖို့အတွက် သိမ်းလိုက်တာတဲ့၊ နောက်ထပ်လည်း ခြံသို့လုံးဝ သွားစရာမလိုဘူးလို့လည်း ပြောသွားတယ်၊ ကဒ်ကိုလည်းသိမ်းသွားတယ်၊ ကျွန်တော်တို့ တစ်နေရာရာကို တိုင်ချင်ပါတယ်၊ ဒါပေမယ့် ဘယ်မှာတိုင်ကြားရမှာလည်းမသိဘူးဖြစ်နေ တယ်'' ဟု အသိမ်းခံရသည့်ခြံနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

၎င်း၏ပြောပြချက်အရ ယခုထပ်မံသိမ်းဆည်းခံရသော ရာဘာခြံမြေ ဧက (၁၂၀)တွင် အစေးခြစ်နိုင်သောရာဘာပင် (၃၀၀၀) ကျော်ရှိပြီး လွန်ခဲ့သော ၂-၃ နှစ်မှစ၍ အစေးခြစ်နေကြောင်း၊ အသိမ်းဆည်းခံရသော ခြံပိုင်ရှင်များမှာ မုဒုံမြို့နယ်ရှိ အဘစ်ကျေးရွာ၊ ဆက်သွယ်ကျေးရွာ၊ ဒိုးမားကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာများမှဖြစ်ကြောင်း ဆိုသည်။

၎င်းတပ်ရင်းမှ ခြံဝင်ခွင့်ကို ပိတ်ထားသော်လည်း မိမိတို့၏ စီးပွားရေးအကြပ်အတည်းကြောင့် အသိမ်းခံရသည့်ခြံထဲသို့ ခိုးဝင်ပြီး ရာဘာစေးများ ခြစ်နေရသည်ဟု အသိမ်းခံရသည့်ခြံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ယခု အမှတ် (၃၁၈) တပ်ရင်း၏ တပ်မြေတိုးချဲ့ရန်အတွက်ယခုကဲ့သို့ သိမ်းဆည်းခြင်းသည် တတိယအကြိမ် သိမ်းဆည်းခြင်းဖြစ်ပြီး လွန်ခဲ့သော ဇူလိုင်လနှင့် အောက်တိုဘာလတွင် သိမ်းဆည်းထားသော ခြံမြေများနှင့် တဆက်တည်းဖြစ်သည်။ လွန်ခဲ့သော ဇူလိုင်လတွင် ရာဘာခြံ ဧက (၂၀၀) နှင့် အောက်တိုဘာလတွင် ဧက (၂၅၀) ကိုလည်း သိမ်းဆည်း ခဲ့ပြီးဖြစ်သည်။

၎င်းအပြင် လွန်ခဲ့သော သြဂုတ်လတွင်လည်း အမှတ် (၃၁၅) လက်နက်ကြီးတပ်ရင်းမှ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရားကျေးရွာနှင့်ပငကျေးရွာတဝိုက်ရှိ ရာဘာခြံ (၂၀၀) ဧကကိုလည်း သိမ်းဆည်းခဲ့ပြီးဖြစ်သည်။

တရားမဝင် လျှပ်စစ်မီးသွယ်တန်းမှုကြောင့် ဆိုင် (၄၀) ခန့်အရေးယူခံရ
Thu 13 Nov 2008, အာကာ၊ မင်းအာသံ
တရားမဝင် လျှပ်စစ်မီးသွယ်တန်းမှုကြောင့် မော်လမြိုင်တက္ကသိုလ်ဝန်းကျင်ရှိ ဆိုင်ပေါင်း (၄၀) ခန့် အရေးယူခံရသည်ဟု ၄င်းတက္ကသိုလ်ဝန်းကျင်က ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်တွင် နေပြည်တော်မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း (EPC)မှ လာရောက်စစ်ဆေးခဲ့ပြီး လျှပ်စစ်မီးတရားမဝင် ဖြန့်ဝေရာ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တာဝန်ရှိသူများနှင့် လျှပ်စစ်မီးတရားမဝင် သွယ် တန်းခြင်းကို လက်ခံထားသောဆိုင်များ ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်ဟု တက္ကသိုလ် ဝန်းကျင်ရှိ ဆိုင်ရှင်တစ်ဦးကဆိုသည်။

EPC မှ လာရောက်စစ်ဆေးပြီးနောက်ပိုင်းတွင် အရေးယူခံရသည့် ဆိုင်အားလုံး ယနေ့တိုင် လျှပ်စစ်မီးသွယ်တန်းခြင်းမှ ဖြတ်တောက်ခံထားရသည်ဟု လျှပ်စစ်မီးဖြတ်တောက်ခံရသော ဆိုင်ရှင်တစ်ဦးကဆိုသည်။

''လာစစ်ပြီးတဲ့နေ့ကစပြီး ဒီနေ့ထိ ကျနော်တို့ မီးဖြတ်ခံထားရတယ်၊ (၂၃) သိန်း ဒဏ်ရိုက်ခံရ မယ်လို့ မနေ့က ကျနော်တို့ကိုလာပြီး အကြောင်းကြားထားတယ်၊ လာမယ့် တနင်္လာနေ့မှာ ရုံး သွားပြီး ဖြေရှင်းရမယ်'' ဟု ၄င်းအရေးယူခံရသော ဆိုင်ရှင်က ပြောသည်။

၎င်း၏အဆိုရ အရေးယူခံရသည့် ဆိုင် (၄၀)ခန့်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် စတိုးဆိုင်များပါဝင်ပြီး ဒဏ်ငွေ (၂၃) သိန်းအား အချိုးကျတစ်ဆိုင်လျှင် (၅) သောင်းကျော် ပေး ဆောင်ရမည်ဟု ဆိုသည်။

တက္ကသိုလ်ဝန်းကျင်အသိုင်းအဝိုင်း၏ ပြောပြချက်အရ အရေးယူခံရသည့်ဆိုင်များတွင် တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တရားမဝင်မီးဖြန့်ဝေပေးရာတွင် တာဝန်ရှိသော ဗိုလ်မှူးတစ်ဦး ၏ဆိုင်လည်း ပါဝင်ပြီး ၄င်းမှာ ဒဏ်ငွေကျပ် (၅၅) သိန်း ပေးဆောင်ရသည်ဟု ဆိုသည်။

တရားမဝင်မီးဖြန့်ဝေမှုများခြင်းကြောင့် တက္ကသိုလ်ဝန်းကျင်ရှိ အိမ်နှင့်ဆိုင်များမှာ လျှပ်စစ်ဓါတ် အား လျှော့နည်းလွန်းပြီး အသုံးပြုရန် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ အချို့ဆိုင်များတွင် ကိုယ်ပိုင်လျှပ်စစ်အင်ဂျင်စက် ဝယ်ယူအသုံးနေရကြောင်း တက္ကသိုလ်ဝန်းကျင်ရှိ အိမ်ရှင်တစ် ဦးက ဆိုသည်။

''ကျနော်တို့မှာ အစိုးရမီး ဘယ်လိုမှသုံးလို့မရဘူး၊ အမြဲတမ်းပျက်နေတယ်၊ လာပြန်တော့ လည်း ဗို့အား(၁၀၀) လောက်ပဲရှိတယ်၊ မီးအားမြှင့်စက်သုံးလို့လည်း အဆင်မပြေဘူး'' ဟု အထက်ပါအိမ်ရှင်က ပြောပြသည်။

ဦးဝင်းတင်(မကြောက်တရားကိုစွဲကိုင်ကြ)

0 အကြံပြုခြင်း: