Sunday, November 23, 2008

မှိန်ဖျော့ပျောက်ကွယ်လုနီးပါး အမျိုးသားအောင်ပွဲနေ့

Friday, 21 November 2008 19:07 အေးချမ်းမြေ့
၁၉၂၀ ပြည့်နှစ်က မြန်မာနိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်နေသည့် ဗြိတိသျှအစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် နိုးကြားတက်ကြွသော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်ကာ စတင် သပိတ်မှောက်ကြတော့သည်။

ထိုအခါ မြန်မာပြည်တဝန်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများပါ လိုက်ပါ သပိတ်မှောက်ကြပြီး ကျောင်းသားတော်လှန်ရေး တိုက်ပွဲကြီး ဆင်နွှဲကြတော့သည်။ ၁၉၃၈ ခုနှစ် အမျိုးသားအောင်ပွဲ ကျင်းပနေပုံ
ကျောင်းသား သပိတ်ကြီး စတင်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့ အဖြစ် သက်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုနေ့ထူး နေ့မြတ်ကြီးက မြန်မာလူငယ်တို့ အကြား မှိန်ဖျော့ ပျောက်ကွယ်ကာ ရုံးပိတ်ရက်တရက် အဖြစ်သာ ကျန်ရှိတော့သည်။

၁၉၂၃ ခုနှစ်၊ မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ထက်တွင် တက္ကသိုလ် အက်ဥပဒေကို လက်ခံနိုင် လောက်အောင် ပြင်ပေးခဲ့ပြီး သပိတ်မှောက် ကျောင်းသားများ တည်ထောင် ခဲ့ကြသည့် အမျိုးသား ကျောင်းများကို အသိအမှတ် ပြုကာ အထောက်အပံ့ ပေးလာခဲ့သည်။ ကျောင်းသားတို့၏ အောင်ပွဲကား အံ့မခန်း ဖြစ်ခဲ့သည်ဟု ဆိုရပေ လိမ့်မည်။

ကျောင်းသား သပိတ်၏ ရလာဒ်အဖြစ် တက္ကသိုလ်တွင် ကျောင်းသား ကိုယ်စားလှယ် ကောင်စီ ဖွဲ့စည်းခွင့် ရခဲ့သည်။ ထို့အပြင် ပါမောက္ခ ဦးဖေမောင်တင်က မြန်မာစာကို အားပေးပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးကို အားထား ဆောင်ရွက်ခဲ့သဖြင့် မြန်မာစာပေ လောကကို တခေတ်ဆန်းစေသည့် စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာကြီး သိပ္ပံမောင်ဝ၊ ဆရာကြီးဇဝန၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့ကဲ့သို့သော စာရေးဆရာများလည်း တက္ကသိုလ်မှ စတင်ပေါ်ထွက် ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တမျိုးသားလုံး၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာနိုင်ငံရေး လောကတွင် ချန်လှပ်ထား၍ မဖြစ်နိုင်သော သခင်မြ၊ ဦးရာဇတ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ထိုကျောင်းသား သပိတ်မှ စတင်သန္ဓေတည် မွေးဖွားပေး လိုက်သည်ဟု ဆိုရမည် ဖြစ်သည်။

ဝမ်းနည်းစရာမှာ ကျောင်းသားထုက မတရားသော အမိန့်ဥပဒေကို ဆန့်ကျင် တော်လှန်ရာမှ စတင်အခြေခံ ဖြစ်ပေါ်လာခဲ့သော အမျိုးသား အောင်ပွဲနေ့ အကြောင်းကို ယခုခေတ် တက္ကသိုလ် ကျောင်းသား အများစုက လုံးဝနီးပါး မသိရှိတော့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ပညာသင်ကြားဆဲ ကျောင်းသားကျောင်းသူ ၂၅ ဦး၊ ဘွဲ့ရလူငယ် ၁၀ ဦး နှင့် အခြေခံပညာအဆင့်အထိ ပညာသင်ကြားခဲ့ရသည့်လူငယ် ၁၀ ဦး စုစုပေါင်း ၄၅ ဦးကို အမျိုးသားအောင်ပွဲ နေ့နှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ရာ တက္ကသိုလ်ပညာသင်ကြားဆဲ လူငယ် ၅ ဦးနှင့် ဘွဲ့ရ လူငယ် ၄ ဦးတို့ကသာ အမျိုးသားနေ့၏ အဓိပ္ပာယ်ကို သိရှိပြီး ကျန်လူငယ်များမှာ လုံးဝ မသိရှိတော့ကြောင်း ဖြေကြားသည်ကို တွေ့ရသည်။


“တက္ကသိုလ်မှာ အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာတွေတော့ မရှိတော့ဘူး။ တကယ်ဆိုရင် လုပ်သင့်တယ်။ အင်္ဂလိပ်အစိုးရကို ပထမဆုံး စတင်တော်လှန်ခဲ့တာ ကျောင်းသားတွေပဲ။ အောင်လည်း အောင်မြင်ခဲ့တယ်။ အင်္ဂလိပ်အစိုးရကို အနုနည်းနဲ့ ပထမဆုံးအနိုင်ရတဲ့ ကျောင်းသားတွေရဲ့တိုက်ပွဲပဲ” ဟု ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။

လှိုင်သာယာမြို့နယ်မှ ကိုးတန်းအထိသာပညာသင်ကြားခဲ့သူ အသက် ၂၀ နှစ်အရွယ်လူငယ်တဦးကလည်း အမျိုးသားနေ့ကို အလုပ်ပိတ်ရက်တခုအဖြစ်သာ နားလည်သည်ဟု ဆိုသည်။

“အမျိုးသားနေ့ဆိုတာ ကျောင်းသားလူထုက အာဏာရှင် အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို အကြမ်းမဖက် အနုနည်းနဲ့ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့တဲ့ နေ့တနေ့ပါ” ဟု ရန်ကုန်မြို့ခံ စာရေးဆရာတစ်ဦးက ဆိုသည်။

ထိုသို့သော နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့်စိတ်ဓာတ်များ အရှိန်မြင့် လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း သူက ဆက်လက် သုံးသပ်သည်။

“အမျိုးသားနေ့နဲ့ ကျောင်းသားဆိုတာက ခွဲခြားလို့မရဘူး။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်က နောက်ဆုံး မြန်မာနိုင်ငံကို လွတ်လပ်ရေးရစေတဲ့အထိ ၀ံသာနုစိတ်ဓာတ်တွေ အုံကြွစေခဲ့တယ်။ ဒါကြောင့် ဒီနေ့ခေတ် စစ်အစိုးရက အမျိုးသားနေ့ကို မျက်ကွယ်ပြုနေတာ။ အမျိုးသားနေ့အကြောင်းပြောတိုင်း ကျောင်းသားထုရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တွေ့ရမှာပါ” ဟု ထိုစာရေးဆရာက ပြောသည်။

အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ
စိစစ်ရေးက သတိထားဖြုတ်ပယ်ကြောင်းလည်း လစဉ်ထုတ် စာပေမဂ္ဂဇင်းတစောင်မှ အယ်ဒီတာ တဦးက ပြောသည်။

၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးမတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိန်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက်ပိုင်းတွင်တော့ လက်ရှိစစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှိန်ဖျော့အောင် ပြုလုပ်လာရာ လူငယ်များအနေနှင့် ထိုနေ့ရက်များကို တန်ဖိုးထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့သည့်အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသားလူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ စွဲထင်နေခဲ့ကြရသည်။

ထို့ပြင် ကလေးဖတ်စာစောင်များ ဖြစ်သော ရွှေသွေး၊ တေဇ စသည်တို့၏ မျက်နှာဖုံးများတွင် ပန်းချီ ဦးဘကြည် ကဲ့သို့သော မြန်မာ့ပန်းချီကျော်ကြီးများ၏ သရုပ်ဖော်ပုံများ၊ ဇာတ်လမ်းများဖြင့် အမျိုးသားနေ့အကြောင်းကို ကလေးငယ်များပင် သိရှိစေခဲ့သည်။

ယနေ့ခေတ်တွင်တော့ စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ တပည့်များကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း အချိန်ပေးပြောဆိုရန် အလွန် အားနည်းနေပေပြီ။

ငယ်ရွယ်နုပျိုသော ဆရာ၊ ဆရာမများမှာလည်း ၎င်းတို့ကိုယ်တိုင် မသိရှိတော့သော အကြောင်းအရာ များကို ကျောင်းသားများအား လက်ဆင့်ကမ်းရန် မဖြစ်နိုင်တော့ပေ။

“မျက်ဖြူစိုက်လေ ဆရာကြိုက်လေပေါ့။ အစိုးရကလည်း လူငယ်တွေ များများသိမှာ စိုးရိမ်နေတာနဲ့ .. လက်ရှိ လူကြီးတွေ၊ ဆရာ ဆရာမတွေက နောက်လူငယ်တွေကို မပြောပြနိုင်တာနဲ့ အတော်ပဲလေ” ဟု ရန်ကုန်မြို့နေ စာရေးဆရာမ တဦးကပြောသည်။

၁၉၂၁ ခုနှစ်က မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ အသင်းကြီး၏ ပြည်လုံးကျွတ် ညီလာခံကြီးတွင် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့သောကြောင့် ယခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာလ ၂၂ ရက်) တွင်ကျရောက်မည့် အမျိုးသားနေ့ သည် ၈၈ ကြိမ်မြောက် ဖြစ်သည်။

မှတ်ချက်။ ။ ရန်ကုန်တွင် နေထိုင်သော ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်း ပူးပေါင်းပါဝင်ရေးသားသည်။

0 အကြံပြုခြင်း: