Sunday, December 28, 2008

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၂)

အောင်ဝေး
ဒီဇင်ဘာ ၂၈၊ ၂၀၀၈
‘မည်သို့ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့၊ တိုက်ပွဲထဲက ပြည်သူတွေ’ ကွယ်လွန်သူ ကဗျာဆရာ မောင်လေးအောင်ရဲ့ ‘အချစ်ဖြင့် စီးဆင်းနေသော နှလုံးအိမ်’ ကဗျာကို ကျနော် အမြဲ ရွတ်ဆိုတတ်တယ်။

ပြည်သူတွေထဲမှာ လူငယ်တွေလည်း ပါတယ်။ ‘လူငယ်တွေဟာ ပြည်သူတွေပဲ’ ဆိုတဲ့ ရုရှား ကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ ကဗျာကိုလည်း ကျနော်သတိရနေတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ တိုးတက်တော်လှန်တဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထုကြီးတရပ်လုံးဟာ တခဲနက်လိုက်ပါ တိုက်ပွဲဝင်ခဲ့ကြတယ်။

နဝတစစ်အုပ်စုက အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်း ဗကသ၊ တကသ၊ လူ့ဘောင်သစ်၊ NLD လူငယ် စတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားလူငယ်တွေဟာ အစုအစည်းမပျက် ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်တဲ့ လူထုအစိုးရ ပေါ်ထွန်းရေးတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။

အဲဒီလို ခွပ်ဒေါင်းအလံတော်အောက်မှာ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တသားတည်း တသွေးတည်း လက်ချင်းဆုပ်ပြီး ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့အချိန်။

ဒီအချိန်မှာ နဝတစစ်အုပ်စုက ၁၉၈၉ခုနှစ် မတ်လထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဥက္ကဌဖြစ်တဲ့ ကိုမင်းကိုနိုင် ဒုတိယဥက္ကဌဖြစ်သူ ကိုကိုကြီး တို့ အပါအဝင် ဗကသ၊ တကသ ကျောင်းသား ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်ပါတော့တယ်။

နဝတ စစ်အုပ်စုဟာ တဖက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ပါတီတွေ တရားဝင် မှတ်ပုံတင်ကြလို့ ဆိုပေမဲ့ တဖက်မှာကျတော့ နိုင်ငံရေးပါတီတွေကို မတရား ဖိနှိပ် ချုပ်ခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှာ ကြီးစွာသော အနှောင့်အယှက် အဟန့်အတားတွေ လုပ်လာသလို၊ ဒုတိယ အင်အားအကြီးဆုံးပါတီ လို့ ဆိုနိုင်တဲ့ လူ့ဘောင်သစ်ပါတီကိုလည်း ဖိအား အမျိုးမျိုး ပေးလာပါတယ်။

ဒီလို ကျဉ်းထဲကျပ်ထဲမှာပဲ ဗကသ အထွေထွေအတွင်းရေးမှူးလည်းဖြစ် လူ့ဘောင်သစ်ပါတီကို ထူထောင်သူလည်း ဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ၁၉၈၉၊ ဧပြီလ (၂၁) ရက်နေ့မှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲဖို့ တောခိုသွားခဲ့ပါတော့တယ်။

ဒီလို နိုင်ငံရေးရာသီဥတုကြားမှာပဲ မုတ်သုန်မိုးနဲ့အတူ ကျနော်တို့ ပုသိမ်မြို့ NLD တိုင်းရုံးကို အဆိုတော် ထူးအိမ်သင် ရောက်ရှိလာခဲ့ပါတယ်။ ထူးအိမ်သင်ဟာ အခြား နယ်စပ်ရောက် ကျောင်းသားလူငယ်တွေလိုပဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြန်လည်ဖိတ်ခေါ်လို့ တောထဲက ပြန်ရောက်လာခါစအချိန်ပါ။

အဲဒီတုန်းက ထူးအိမ်သင်ဟာ လူငယ်လေးတယောက်ပါပဲ။ သူဟာပုသိမ်မြို့က ကျောင်းသားလူငယ်တွေကို သူ တောထဲမှာ ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် သင်ပေးပါတယ်။ သူ့သီချင်းက အဆိုတော်မွန်းအောင် သီဆိုနေတဲ့ ‘အဆုံးသတ်တိုက်ပွဲ’ သီချင်း။ ‘အရေးကြီးပြီ ညီနောင်အပေါင်းတို့ ၊ သွေးစည်းကာ ညီစေညီကြစို့’ ဆိုတဲ့သီချင်းပါ။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ၄၂နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အတွက်ကတော့ ပထမဆုံး အနေနဲ့ ကျင်းပဖို့ စီစဉ်တဲ့ အာဇာနည်နေ့ပါပဲ။

ကျနော်တို့တွေ တပတ်တခါ ပုသိမ်မြို့ တိုင်းတရားရုံးမှာ ပုဒ်မ ၁၄၄ အာဏာဖီဆန်မှု ရုံးချိန်းသွားလိုက်၊ ရုံးချိန်းတခုနဲ့တခုကြားမှာ စည်းရုံးရေးအတွက် နယ်တွေကိုဆင်းလိုက်၊ တခါတခါ ဆရာဦးဝင်းတင်တို့က လှမ်းခေါ်ရင်လည်း ရန်ကုန်ကို တက်လာလိုက်၊ အဲဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီ မေလ၊ ဇွန်လ မိုးထဲလေထဲမှာ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးတွေ ထွက်လိုက်၊ ရန်ကုန်ဌာနချုပ်ကို ပြန်ဝင်လာလိုက် လုပ်နေတဲ့အချိန်ပါ။

ပုသိမ်မှာ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ကျနော်တို့ကို ရုံးတင်တရားစွဲ ခြေချုပ်သဘောမျိုး လုပ်ထားပြီးတာတောင်မှ သူက ကျနော်တို့ရဲ့ ခြေတွေလက်တွေကိုပါ ချုပ်နှောင်ထားချင်ပုံရပါတယ်။ ဗိုလ်ချုပ်မြင့်အောင်နဲ့ ဘယ်လိုမှ ညှိနှိုင်းယူလို့မရတဲ့ တချို့ကိစ္စတွေကို သူ့အောက်က တ-ဝ-တ အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့ တစုံတရာ ဆွေးနွေးလို့ ရတတ်ပါတယ်။

ဒါပေမဲ့ တချိန်မှာတော့ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အဖြစ် ကြုံရပါတော့တယ်။ အဲဒါကတော့ (၄၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိစ္စပါ။

ဇူလှိုင်လဆန်းမှာ ရန်ကုန်ဌာနချုပ်က ကျနော်တို့ကို အရေးပေါ် လှမ်းခေါ်ပါတယ်။ အဲဒီအချိန်က ဌာနချုပ်မှာ ‘အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ ဆိုတဲ့ Confrontation လမ်းကြောင်း ပေါ်နေပါပြီ။

ဌာနချုပ်က ပြည်နယ်နဲ့တိုင်း မြို့နယ် စည်းရုံးရေး ကော်မတီ အသီးသီးကို (၄၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့ ညွှန်ကြားလာပါတယ်။

ကျနော်တို့လည်း ပုသိမ်မှာ NLDရဲ့ အာဇာနည်နေ့ အခမ်းအနား အစီအစဉ်ကို တ-ဝ-တ မှာ တရားဝင် စာတင်လိုက်ပါတယ်။

အာဇာနည်နေ့ ရောက်တော့ နံနက် (၈)နာရီလောက်မှာ ကျနော်တို့ NLD အဖွဲ့ဝင်တွေ စနစ်တကျ တန်းစီပြီး၊ လွမ်းသူ့ပန်းခွေတွေကိုင်လို့ ဓနိတန်းလမ်းထိပ်ကနေ ပုသိမ်၊ မုံရွာ၊ ရေဦး၊ မင်းလမ်းမကြီး အတိုင်း ကမ်းနာလမ်းထောင့်မှာရှိတဲ့ အာဇာနည်ကျောက်တိုင်ပန်းခြံကို ချီတက်ကြပါတယ်။

တ-ဝ-တ က လူအင်အား (၂ဝ)ပဲ ခွင့်ပြုတာမို့ ကျန်တဲ့အဖွဲ့ဝင်တွေ လိုက်ပါအလေးပြုခွင့် မရတော့ပါဘူး။ အာဇာနည်ကျောက်တိုင်ကို ရောက်လို့ ပန်းခွေချ အလေးပြုနေတဲ့ အချိန်မှာတောင် တ-ဝ-တ နဲ့ စစ်ထောက်လှမ်းရေး (၄) က စစ်ဗိုလ်စစ်သားတွေဟာ အကန့်အသတ်၊ အချုပ်အချယ်တွေ အမျိုးမျိုး လုပ်နေပါတော့တယ်။

ကျနော်တို့အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အမျှအတန်း ဝေပြီးလို့ အာဇာနည်ကျောက်တိုင်ပန်းခြံက စနစ်တကျ ပြန်ထွက်လာတဲ့အချိန်မှာတော့ ကျနော်တို့ NLD လူငယ်တွေထဲက မခိုင်သက်ဖြိုးဟာ မခံမရပ်နိုင်တော့ဘဲ အော်ဟစ် ပေါက်ကွဲပါတော့တယ်။

အဲဒီနေ့ညနေမှာပဲ မခိုင်သက်ဖြိုးကို စစ်ထောက်လှမ်းနဲ့ရဲတွေက သူ့အိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားပါတော့တယ်။ မခိုင်သက်ဖြိုး ပြန်လွှတ်ရေးအတွက် အရေးဆိုဖို့ ကျနော်တို့ တ-ဝ-တ ကို ချက်ချင်း လိုက်သွားကြပါတယ်။

တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က သလပ်ခွာဘက်ကို ရှောင်ထွက်သွားပါပြီ။ တ-ဝ-တ အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့ တွေ့ဖို့ ကျနော်တို့ သူ့ရုံးခန်းရှေ့မှာ (၄)နာရီလောက် မတ်တတ်ရပ် စောင့်ခဲ့ရပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက် တွေ့ခဲ့ရတော့တာပါပဲ။ ဘယ်လိုမှကို ညှိနှိုင်းလို့ မရတော့ပါဘူး။ မခိုင်သက်ဖြိုးကို အသည်ကြီးရဲစခန်းမှာ ချုပ်ထားပါတယ်။

နောက်တနေ့ ဇူလိုင်(၂ဝ)မှာတော့ ကျနော်အဖမ်းခံရပြီး ပုသိမ်ထောင်ထဲ ထပ်ရောက်သွားရပါတော့တယ်။ ကျနော်နဲ့အတူ NLDအဖွဲ့ဝင်တွေ တော်တော်များများလည်း အဖမ်းခံကြရပါတယ်။

‘အာဇာနည်မျိုး သေရိုးမရှိ’ ။ ။



(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန http://www.rfa.org/burmese )

0 အကြံပြုခြင်း: