Saturday, December 27, 2008

အသက်ဝင်လာသည့် မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေးဟာ ရွှေဝါရောင်တော်လှန်ရေးအပြီး ငြိမ်သက်နေရာကနေ အသက်ဝင် လှုပ်ရှားလာလို့ လူအများ စိတ်ဝင်စားရတော့ မယ့်အခြေအနေ ရောက်လာပြန်ပါပြီ။ဘီဘီစီ။ဗွီအိုအေ စတဲ့ သတင်း အသံတွေမှာရော။ အခြားသတင်းဌာနတွေမှာပါ ထွက်လာတဲ့ အသံတွေ နှိုင်းယှဉ်ပြီး မြင်တာကို ပြန်ဖောက်သည်ချပြချင်ပါရဲ့ ။
အခုဆိုရင် မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါ တယ်။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်တွင်း ရေးကို စွက်ဖက်တာဆိုပြီး ထုံးစံအတိုင်း ဘူးခံ-လက်မခံ ပယ်ချလိုက်ပါတယ်ခင်ဗျ။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ အရှေ့ အုပ်စုနဲ့ အနောက်အုပ်စုကြားမှာ လွန်ဆွဲတဲ့ ကွင်းပြင် တခုဖြစ်နေပါပြီ။ ဘာလို့လဲဆို တော့ အီးယူ၊အမေရိကန်နဲ့ ဒီမိုကရေစီ နိုင်ငံများက မြန်မာ့အရေးကိုထောက်ခံ အရှေ့အုပ်စုဖြစ်တဲ့ အာစီယံနိုင်ံများနဲ့ နအဖစစ်အစိုးရ ဆီက နှိုက်ယူစားခွင့် ရနေတဲ့ အရှေ့ အုပ်စုက တဖက်ဖြစ်နေတာ အခုတော့ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါပြီ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို နိုင်ငံအများက အသိအမှတ်ပြုထားပြီး ဒီအတွက် အကြံပြုချက်တွေနဲ့ တောင်းဆိုချက်တွေ အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်ကို မနေ့က(၂၅။၁၂။၀၈) ကုလ သမဂ္ဂ အထွေထွေညီလာခံကြီးမှာ ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေ ၄၅ မဲတို့နဲ့ အတည်ပြုလိုက်ပါတယ်။
ထင်ရှားအောင်နမူနာဆောင်ပြရရင် မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ အပါအ၀င် အာဆီယံနိုင်ငံတွေ ကတော့ အခု ဆုံးဖြတ်လိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူများပြီး အချို့က ကြားနေပါတယ်။ မြန်မာနဲ့နီးတဲ့ အရှေ့အာရှ ထဲကဆိုရင် ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့တီမောနိုင်ငံတွေကပဲ ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြ ပါတယ်။
အနောက်အုပ်စုဘက်က မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ အတိုက်အခံတွေကို လွတ်လွတ် လပ်လပ် ပါဝင်ခွင့်ပြုဖို့ ကိစ္စတွေကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ စစ်အစိုးရကို တောင်းဆိုထား ပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရ ကိုယ်စားလှယ် ကတော့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြ ပြီး နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးတာလို့ ယူဆခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ အရင်ချမှတ်ပြီးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုပဲ ဆက် လုပ်သွားမယ်လို့ မနေ့က ကုလ သမဂ္ဂမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေကတုန့် ပြန်ချေပ ပြော သွားပါတယ်။
သူပြောဆိုသွားပုံကတော့ ယဉ်သဗျ။ ဘာတဲ့ --“လူ့အခွင့်အရေးဆိုတာကို နိုင်ငံရေးအတွက် အသုံးချတဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ လက်မခံ နိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ လူထုဆန္ဒခံယူပွဲလုပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်နိုင်ပြီး ကိုယ့်ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ် တွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နေပါတယ်။
ကျနော်တို့အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း မှုလုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျနော် တို့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၇ ဆင့်ကို အောင်အောင် မြင်မြင် ဆက်လုပ်သွားဖို့ကို ပိုင်းဖြတ်ထားပါတယ်။ ပါတီစုံရွေးကောက်ပွဲ
ကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ဒီနိုင်ငံရေးလုပ်ငန်းစဉ် အဆင့် ၅ ကို လာမယ့် ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ လျာထားပါ တယ်။” တဲ့လေ။ သူ့ကွင်းမှာပြင်ပြီးသားနဲ့  အတိုက်အခံတွေ၊ ပြိုင်ဘက်တွေကို သူ့အားပေးတဲ့ အရှေ့ အိမ်နီးချင်းပရိတ်အား အပိုင်ယူပြီး ကိုယ့်အိမ်ကွင်းမှာ အစီအစဉ်တကျ အပိုင်ကုလားဖန်ထိုးပြီး အပိုင်ကန်မယ့် အခြေအနေပါ။
ကုလသမဂ္ဂအနေနဲ့ကတော့ လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်ပြီး မျှတဖို့လိုမယ်၊ အတိုက်အခံ ပါဝင် ခွင့်ရှိဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ယူဆထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံက တရားရေးစနစ်ကိုလည်း ဝေဖန် ထောက် ပြထားပြီး ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ အကြံပြုထားတာ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတာကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြောင်းလဲမှုအတွက် အခရာပဲလို့ ကုလ သမဂ္ဂက မြင်ထားပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရအနေနဲ့ပည်တွင်းပြည်ပက ဘယ်အကြံပြုချက်ကိုမှ အကောင်းမြင်တဲ့ သဘော မယူဆပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးတာလို့ ယူဆပြီး ဒါတွေကို လက်ခံခွင့်ပြု စရာမရှိဘူး လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုပြီးတဲ့နောက် အခုလို ပြောပါတယ်။
“ကျနော်တို့ရဲ့ ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် ကိစ္စတွေကို လက်ခံ ခွင့်ပြုမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအသုံး ချမှုဖြစ်တာကြောင့် ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ လက်မခံပါ ဘူး။ ဒါကို လက်ခံဆောင်ရွက်ဖို့ မလိုပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒ ကိုတော့ ထပ်လောင်း အတည်ပြုပြောလိုပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂနဲ့ရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဆိုပဲ။
အခုဆိုရင် မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ် သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ မနေ့ က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့ အချိန်မှာပဲ တရုတ်အစိုးရလည်း မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့ ကို နှစ်၃၀ စာချုပ်နဲ့ ၀ယ်ခွင့်ရပြီဖြစ်ကြောင်း။ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်တော့မှာဖြစ်ကြောင်း ထုတ် ဖော် ကြေ ငြာ ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေးအခြေအနေကိုပြန်ကြည့်ရင် အတိုက်အခံတွေထဲမှာ မြန်မာနိုင်ငံလွတ်လပ်ရေး တိုက်ပွဲနဲ့အတူ အခြေခံ သန္ဓေတည်လာခဲ့တဲ့ အနောက်မုန်း။ အရှေ့မျှော်အုပ်စုများကလည်း အင်အားမသေးလှသလို တရုတ်စီးပွါးရေးနဲ့ တရုတ်ရေတပ် မြန် မာ့ပင်လယ်ပြင်မှာ နေခွင့်ရနေ၊ပြီးတော့ အိန္ဒိယနဲ့ ရုရှားကလည်း ထောက်ခံမှုက နအဖဘက်ကို ရှိနေတာကလည်း မြန်မာ့ ဒီမိုကရေ စီ ထွန်းကားရေးအတွက်စဉ်းစားရမယ့် အချက်တချက် ဖြစ်နေပါတယ်။
ဘာပဲပြောပြော ကုလသမဂ္ဂရဲ့ အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံချက်၊ တင်ပြချက်တွေအပေါ် အခြေ ခံပြီး ပြုစုထားတာပါ။ ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က တော့ လာမယ့်ရှေ့နှစ် မတ်လမတိုင်ခင် မြန်မာနိုင်ငံကို ထပ်မံသွားရောက်နိုင်မယ်လို့ မျှော်လင့်နေပါ တယ်။ မတ်လမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ် လည်ညီလာခံ ကျင်းပမှာမို့ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ နောက်ထပ် အစီရင် ခံစာတခု ကုလသမဂ္ဂကို ထပ်တင်ရဖို့ရှိပါတယ်။
နောက်ပိုင်းတော့ ၂၀၀၉ ခုနှစ်မှာ တရုတ်က အနီးကွင်း။ အနောက်အုပ်စုက အဝေးကွင်း ဖြစ်တဲ့ မြန်မာ့ မြေပြင်မှာ ဘယ်လိုရှိမယ်ဆို တာ စိတ်ဝင်စားဖွယ်ဖြစ်လာကြောင်း ဖောက်သယ် ချလိုက်ပါတယ်ခင်ဗျ။

http://www.thuriya.org/မှ

0 အကြံပြုခြင်း: