Tuesday, December 9, 2008

ရေခဲအိမ်


အခြားနံရံ တဘက်တွင် နေ့ သည်အမှောင်ရောင် အဆိုးခံရလျှက် ပိန်းပိတ်အောင် မဲနက်နေသည်။
ပြတင်းပေါက်များ သည်လည်းကောင်း မြေနီရောင်လမ်းမ များသည်လည်းကောင်း အိမ်နံရံများ
သည်လည်းကောင်း အမှောင်ကြားတွင် ပြားပြားဝပ်လျက် ..
မီးလုံးဝါ၀ါများသာ ကျမ ဘက်မှာမရှိလျှင် ကျမလည်း အမှောင်အောက်မှာ ထိုင်နေရမှာ ..
လရောင်ဖြူဖြူများ ဖြားကျနေတတ်သော မြန်မာပြည်က ည များက လရောင်တွေတောင်
အခုလောက်ဆို မြောက်ဝန်ရိုးစွန်းမှာများ အေးခဲနေမလား ကျမ မသိနိုင်ပါ ။

ကျမ အသဲနှလုံးကိုတော့ အေးခဲအောင် သို့ မဟုတ် အေးစက်အောင်ကြိုးစားလို့ မရသေး ..
----------------------------------------------------------------------------------------

တစုံတဦးက ကျမအိမ်အပြန်ကို စောင့်မျှော် မနေလျှင် ထိုနေရာသည် အိမ်မဟုတ်
လို့ ကျမယုံကြည်ထားပါသည်။ ဒါသည် တိုင်ခန်း ဒါမဟုတ် အိမ်ခန်းသာ ဖြစ်ရမည် ။
ကျမမှာ အိမ်မရှိခဲ့တာ ၄နှစ် နီးပါးကြာခဲ့ပြီ ။

အခန်းတွေ တခုပြီးတခုပြောင်းရွေ့ လျက် ငှားရမ်းလျှက် ကိုယ်မပိုင်သော နေရာတွေမှာ ကျမနေခဲ့သည် ။
လေးလ တကြိမ် အမေရှိသော အိမ်ကို ကျမပြန်ခဲ့သည် ။ သို့ သော် ဒီတကြိမ်မှာတော့ အရင်လို
ကျမ အိမ်ပြန်ခွင့် လွတ်ကျသွားလေသည်။

လူငယ်တယောက် ရဲ့ မိုက်မဲခြင်းလား မြမိုရ်တောင်ကို ပြစ်ပေါက်ရင်း ကွဲကြေသွားလွင့်စင်သွားသော
ဆီးစိ လေးမှာ ကျမလား ..
ညောင်သီးသာစားရင်း လေးသုံကို နားမစွင့်မိသော ကျမသည် ချီကွေဗား လို လူတန်းစား တရပ်လုံးဧ။်
ရောဂါကို မကုနိုင်သေးခင် အိမ်အလွမ်းရောဂါ စွဲကပ်လျက် မိန်းမောရလေသည် ။
ထိုအချိန်တွင် ချစ်သူနှင့် ကျမ ဆုံရလေသည် ။

သူနှင့် ကျမ ပြောစရာ အနည်းဆုံးအကြောင်းအရာသည် နိုင်ငံရေးဖြစ်သည် ။ သို့ သော် အသိမိတ်ဆွေများ
အကြောင်းပြောမိသောအခါ ကျမက ကျောင်းတုန်းကလေ လို့ အစ ချီလျှက် သူက တော်လှန်ရေးထဲကလေ
ဟု သုံးနှုန်းတတ်လေသည် ။
ကျမတို့ နှစ်ယောက်သည် အစွန်း တဘက်တွင် အတူတကွ ရပ်နေပါလျှက် မျက်နှာခြင်းမဆိုင်ဖြစ်သော
စုံတွဲသာ ဖြစ်လေသည် ။

ကျမတွင် လူသိပ် မသိသော ဘလော့လေးတခုရှိလျှက် သူ့ ထံတွင် ဆန်းကြယ်သော သမိုင်းတခုရှိလေသည်။
သူသည် Pop website များကို ဖတ်လျှက် ကျမ က နိုင်ငံရေး website များကိုသာ အဖတ်များပါသည်။
ကျမသည် မေလတရက် တွင် အိမ်မှ အပြီးတိုင်ခွဲခွာခဲ့ ရလေသည် ။ သူသည် နှစ်ပေါင်းများစွာ
ကတည်းကပင် သူ့ အိမ်ကလေး ပြန်ခွင့်ပျောက်ဆုံးထားလေသည် ။
သစ်ရွက်များ မကြွေခင် နှင်းတို့ မလာခင် ကပျာကယာ တည်ခဲ့သော ကျမတို့ အိမ်ကလေးသည်
သူ့ အတွက် အခန်းလေးတနေရာထက် အဓိပ္ပါယ် မပိုမှန်း ကျမသိပါသည် ။

တခါတရံ ထမင်းအတူစား ချင်သော ကျမနှင့် , တဦးတည်း ရပ်တည်ချင်သော ချစ်သူတို့  လမ်းခုလပ်တွင်
ခလုပ်တိုက်သောအခါနာကြင်ရသူမှာ ကျမသာ ။
တခါတရံ နေရာကျဉ်းလေးကို ရှင်းလင်းချင်သော , လိုသည်ထက်ပို ဂရုစိုက်မိသော
ကျမ နှင့် စိတ်ရှုပ်လာသော အနှောင်အဖွဲ့ များကို မုန်းတီးသော ကျမချစ်သူတို့ သည် ရန်သူ များ ဖြစ်လာ ပြန်သည် ။
အဖြေရှာချင်သော ကျမ , ပြသနာကို မေ့ပျောက်ပြစ်ချင်သော ချစ်သူကို
မေးခွန်းများနှင့် ပြစ်ပေါက် သော အခါ ကျမလိုချင်သော အဖြေကားမရ ….
ဆွဲခါ ကိုင်ဆောင့်ချင် လောကအောင် ကျမဒေါသတို့ ဆူဝေ တတ်လာ သောအခါ လမ်းခွဲမယ်
ပြောတိုင်း တိတ်တဆိတ် တဘက်သို့ လှည့်နေတတ်သော ချစ်သူကို ပွေ့ ဖတ်ခါ ငိုမိတိုင်း ကျမတို့ 
အိမ်ကလေးသည် လှုပ်ရမ်းခါနေသည်ဟု ထင်မိသည် ။

တဘက်သတ် ကျမသတ်မှတ်ထားသော ကျမရဲ့ အိမ် .. ကျမရဲ့ မိသားစုကား ဒဏ်ရာဒဏ်ချက်
လိုအပ်ချက် တို့ ကို ကျမ တဦးတည်း ထားရှိသော အနှောင်အဖွဲ့ များက မကုစားနိုင်ပါ ။
ကြီးမား လှသော အဓိပ္ပါယ်ကို တဦးတည်းထမ်းပိုးရင်း ကျမ လက်ချောင်းတို့ တစစ်စစ်
နာကျင်လာလေသည် ။ အကူအညီတောင်းရန် စကားလုံးကား ပျောက်ဆုံးလျှက် ….
ကျမသာ သည် နေရာမှနေ ခွဲခွာရတော့ မည်ဆိုလျှင် ကျမ မုန်းသော ရေခဲထားသည့်
အစားအသောက်များလို ကျမ နှလုံးသားနှင့်တကွ အိမ်ကလေးကို ရေခဲပြီးထားခဲ့ချင်ပါသည် ။

မနွေးထွေးစေနိုင်တော့သော ကျမလက်များ မေတ္တာများ စိတ်ကူးများ နှင့် ချစ်ခြင်းများကို
မပျောက်ဆုံးနိုင်မည့် နေရာမှာ ထားခဲ့ရင်း လာရာအရပ်ကို အိမ်မက်ဗလာနှင့် ပြန်လှည့်ရန်
ကျမခြေထောက်များကအသင့်ဖြစ်လျှက် ။

သို့ သော် အသဲနှလုံးများကား မအေးခဲနိုင်သေး ။

မလေးမေ

2 အကြံပြုခြင်း:

လင်းလက်ကြယ်စင် said...

ရေခဲအိမ်တဲ့လား။ ဖတ်ရတာ နားလည်ခံစားမိပါတယ်။ ဘ၀မှာ ခံယူချက်တွေတူပြီး အစွန်းတစ်ဘက်မှာ အတူတကွရပ်မိရင်တောင်မှ မတူညီနိုင်တဲ့ ယူဆတွေးခေါ်မှု ၊ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှုတွေက မောင်နှံနှစ်ဦးကြားမှာ ပဋိပက္ခတစ်ခုပါပဲ။ ချစ်သူတိုင်း ပျော်ရွှင်ချမ်းမြေ့စွာဖြင့် သံစဉ်လှလှလေးတွေကို တီးခတ်ခံစားနိုင်ကြပါစေ :)

မလေးမေ said...

လင်းလက်ရေ.. ကျေးဇူးတင်ပါတယ်.. သို့ သော်ငြား ..ေ၇တောင်မခဲလိုက်နိုင်ပါဘူး .. အငွေ့ ပျံသွားပါပြီ ..