Wednesday, May 7, 2008

လေဘေး ဒုက္ခ ဆက်သွယ် မေးမြန်းချက်(cyclone nargis)

မေး။ လပွတ္တာမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြပါ ဆရာ။

ဖြေ။ လပွတ္တာက သောကြာနေ့၊ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က စတိုက်တာ။ စတိုက်တဲ့ မုန်တိုင်းက ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ နည်းနည်းလေး လျော့သွားတယ်။ ဒါပေမဲ့ အရှိန်က မသေးဘူး။ လေက ပတ်လည်တိုက်သွားတာ။ မြို့က ကုန်းပေါ်မို့လို့ တော်သေးတယ်။ မြို့လယ်လမ်းမှာ ရေက ခါးလယ်လောက် ရှိတယ်။ မြို့စွန်တွေမှာ ရင်ဘတ်အထိ ရောက်တယ်။ ခေါင်းမိုးတွေ အကုန်လန်ကုန်တာ။ ပြိုတဲ့ အိမ်ကပြို။ တမြို့လုံး ခေါင်မိုးမလန်တဲ့ အိမ်မရှိသလောက်ဘဲ။ သွပ်တွေကလည်း မရှိတော့ဘူး။ လေနဲ့ ပါသွားတာ။


လူတွေက ခုထိ အမိုးမရှိဘဲ နေရတာ။ မိုးရွာတဲ့အခါ ကြမ်းခင်းရှိတဲ့ အိမ်တွေက အောက်မှာ မိုးသွားခိုနေရတယ်။ ဒီကြားထဲ မြွေက တက်သေးတယ်။ မြွေကိုက်လို့ ရွေးမြစ် ဟိုဘက်ကမ်းက လူတယောက် မြွေကိုက်ခံရလို့ သေတယ်။ ကျနော့် အိမ်နားက ကောင်မလေးကလည်း ဂျပ်မြွေ ကိုက်ခံလို့ ဆေးရုံတင်တာ ဆေးမရှိလို့ဆိုပြီး နှစ်ရက်လောက် စောင့်ခိုင်းနေတယ်။

မြို့ပေါ်က မြေးအဘိုးနှစ်ယောက် မုန်တိုင်းအရှိန်ကြောင့် တိုက်ပြိုကျပြီး သေတယ်။ မြေးအဘိုး နှစ်ယောက်က ညသန်းခေါင်ကျော်ကြီးမှာ မုန်တိုင်းကလည်း တိုက်တော့ အပေါ်က အမိုးကြီး ပြိုကျပြီး သေတာ။ အဘိုးက ဦးနှောက် ပွင့်သွားတယ်။ မြေးလေးက ပွဲချင်းပြီး သေတယ်။ နောက်ပြီး အိမ်ခေါင်မိုးတွေ လန်ကုန်လို့ ဘုန်းကြီးကျောင်းမှာ မိုးသွားခိုတဲ့လူတွေ ဘုန်းကြီးကျောင်း နံရံကြီး ပြိုကျလို့ လူ ၉ ယောက် သေတယ်။ ရေဆိုင်ကုန်းမှာလည်း ၈ ယောက် သေတယ်။ အဆောက်အဦးတွေ ပိကျပြီး သေတာ။

မေး။ ။ လူအထိအခိုက်များတာ ဘယ်ဖက်ဖြစ်မလဲ။

အသေများတာက မြို့ရဲ့ အောက်ဘက်ခြမ်း၊ ပင်လယ်နဲ့ ဆက်နေတဲ့ အခြမ်း၊ လပွတ္တာနဲ့ တတန်းတည်း ဆွဲလိုက်ရင် အောက်ပိုင်း အဆိုးဆုံး။ မြစ်ကြီး ၃ မြစ်ရှိတယ်ဗျာ။ ပြန်မလော့၊ ရွေး၊ အလယ်ကျော်မြစ်တို့ နားမှာရှိတဲ့ ရွာတွေက အကုန်ကုန်တာပဲ။ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ ၃ဝ ကျော်လောက်က ထိတာပဲ။ တအုပ်စုမှာ ကျေးရွာပေါင်း ၁ဝ ရွာ ပတ်ဝန်းကျင်စီ ရှိကြတယ်။ အဲဒီရွာတွေ အကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေက အိမ်လောက် မြင့်တယ်။ ၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်ဗျာ။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ ထောင်လောက်ရှိတဲ့ ရွာတရွာမှာ လူ ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်။ လပွတ္တာမြို့ တခြမ်းလုံး ပျက်သွားတာပဲ။

မေး။ ။ အထိအနာဆုံး ရွာနာမည်တွေ ပြောပြနိုင်မလား။

ပျဉ်စလူ၊ သင်္ကန်းကြီး၊ ရွေး အဲဒီရွာတွေက အဆိုးဆုံးပဲ။ ကျန်တဲ့ ရွာတွေလည်း အကုန်လုံးနီးပါး ပျက်သွားတယ်။

မေး။ ။ ပျဉ်စလူတို့၊ သင်္ကန်းကြီးတို့မှာ သေတဲ့ လူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးဦးရေ အရေအတွက် ရာခိုင်နှုန်းတွေ သိရမလား။

အမျိုးသမီးတို့ အမျိုးသားတို့ ခွဲလို့ မရဘူး။ ပျဉ်စလူက လွတ်လာတဲ့ ကလေးမ တယောက်ကို မေးကြည့်တယ်။ နင်တို့ ပျဉ်စလူမှာ ရေလွတ်တာ ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတော့ ၂ ရာ ၃ ရာလောက်ပဲ ရှိတယ်တဲ့။ ဒါဆို ရွာလူဦးရေက ဘယ်လောက်လဲဆိုတော့ ၄၊ ၅ ထောင်လောက် ရှိတယ်တဲ့။ ရေက အိမ်လောက် ကြီးနေတာ၊ လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။

မေး။ ။ အစိုးရက တရားဝင်ပြောထားတာက လပွတ္တာမှာ လူ ၁ ထောင်ကျော်ပဲ သေတယ်ဆိုပြီး ပြောထားပါတယ်။ အခုဆရာပြောတာက အနည်းဆုံး သောင်းဂဏန်း သေတဲ့ အနေအထား ဖြစ်နေတယ်။

အစိုးရပြောတာ မကျေနပ်လို့ ကျနော် ရန်ကုန်တက်လာတာ။ ရွာလုံးကျွတ် ပျက်သွားတာ အများကြီးပဲ။ လပွတ္တာတဝက် အောက်ခြမ်းမှာ တော်တော်များများ ရွာလုံးကျွတ် ပျက်သွားတာ။ လွတ်လာတဲ့ လူတွေက ၆ ယောက်လောက်မှာ တယောက် နှစ်ယောက်လောက်ပဲ။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန်သေတာပဲ။ လပွတ္တာ အောက်ဖက်ခြမ်းက ကုန်သလောက်ပဲ။

အလောင်းတွေက ပြန့်ကျဲနေတာ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာ။ လူသေတာတော့ဗျာ၊ ရင်တုန်စရာ ဖြစ်တယ်ဗျာ။

ထန်းတော၊ အုန်းတောတွေက ခါးပြတ်သွားတယ်ဗျာ။ မုန်တိုင်းလည်း ပြီးရော အုန်းတောတွေ မရှိတော့ဘူး။ ဂျပန်က ဆောက်ပေးတဲ့ တာဝါတိုင် (ဆက်သွယ်ရေးတိုင်) တွေဆိုရင် ကွေးပြီးတော့ လဲကျသွားတယ်ဗျာ။ တချို့တွေက မခံနိုင်လို့ တာပေါ် တက်ပြေးတယ်။ တာပေါ်မှာလည်း ရေက လည်ပင်းလောက် ရောက်နေတယ် ဆိုတော့ ကြာလာရင် ဘယ်ခံနိုင်မလဲ။ တာတွေ ပတ်ပတ်လည်မှာ သေနေကြတာ။ ရာဂဏန်းရှိတယ်။ လှိုင်းက အုပ်၊ လေက တိုက်ဆိုတော့ အိမ်တွေ အကုန်ပြိုကုန်တာ။ ၁ဝဝ ရာခိုင်နှုန်း ပျက်စီးတာ။

မေး။ အဲဒီက လူတွေအတွက် ကယ်ဆယ်ရေးတွေကို အစိုးရက ဘယ်လိုလုပ်ပေးလဲခင်ဗျ။

ဖြေ။ ကယ်ဆယ်ရေးသမားတွေတော့ဗျာ၊ ဖြစ်ပြီး နောက်တရက်အထိ မလာရဲကြဘူး။ လေက ပြင်းနေသေးတယ် ဆိုပြီး နောက်တရက်လောက်မှ လာကြတာ။ ဟိုမှာ အသက်ရှင်ကျန်နေတဲ့ လူတွေက တရက်ခွဲလောက် ထမင်းမစားဘဲ နေရတာ။ နောက်တော့ သူတို့ကို သွားကယ်လာတယ်။ အလောင်းတွေကိုတော့ မသယ်နိုင်လို့ ဒီအတိုင်း ထားပစ်ခဲ့ရတယ်။

ကယ်ဆယ်ရေး စခန်းက လပွတ္တာ ၅ ရပ်ကွက် ကမ်းနားလမ်းမှာ ဖွင့်ထားတယ်။ ကြက်ခြေနီ အလံတိုင် ထောင်ထားပြီး စားစရာ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ ပေးတယ်။ နေဖို့ကျတော့ လူတွေကို မြို့ထဲက ဘုန်းကြီးကျောင်းတွေ၊ ပညာသင် ကျောင်းဆောင်တွေမှာ ထားရတယ်။ တချို့ အသိရှိတဲ့ လူတွေက အသိအိမ်တွေမှာ သွားနေကြတယ်။

ဖျားနာတဲ့လူတွေကို ဆေးရုံပို့ရင်လည်း ဆေးရုံမှာက ဆေးမရှိ၊ အမိုးကလည်း လန်၊ လူနာတွေလည်း ပြည့်ကျပ်။ လူတွေကလည်း နီးစပ်ရာ ဆေးခန်းတွေကို သွားနေရတယ်။ ဒီအစိုးရက မလုပ်ပေးနိုင်ဘူးဗျာ။

အခု မြို့ပေါ်ကို တက်လာတဲ့လူတွေက ပြန်သွားဖို့ ဆိုတာ မလွယ်တော့ဘူးနော်။ ဟိုမှာ ရေမရှိတော့ဘူး။ သူတို့သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားပြီဗျာ။ ပင်လယ် ရေငံကြီးကို ဘယ်လို သောက်ရမှာလဲ။ စားစရာ၊ ဆန်ဆီဆားတွေ အားလုံး မရှိတော့ဘူး။ ပါကုန်ပြီ။ ဘာသွား စားသောက်တော့မှာလဲ။ မြို့ပေါ်မှာမှ ဆန်ပြုတ်လေးတောင် သောက်ရမယ်ဆိုပြီး ပြေးလာကြတာ။ ပိုက်ဆံလည်း မပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ။ သူတို့ ဘယ်လို ပြန်ကြတော့မှာလဲ။

မေး။ လပွတ္တာကို ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များမယ်လို့ သိရလဲ။

ဖြေ။ ၁ သောင်းလောက် ရှိတယ်။ သူတို့ပြောတာတွေ နားထောင်ရရင်ဗျာ တကယ်ကို စိတ်မကောင်းဘူး။ ၆ ယောက်ရှိတဲ့ မိသားစုမှာ ၂၊ ၃ ယောက်လောက်က ပါသွားတယ် ဆိုပြီး လူတွေက ငိုယိုနေကြတာ။ တကယ့်ကို ဝမ်းနည်းစရာပဲ။

မေး။ လူတွေက အစိုးရ မုန်တိုင်းသတင်း သတိပေးတာတွေ မသိကြလို့လား။

ဖြေ။ မိုးလေဝသတို့က လွှင့်တာတွေ ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဖော်မြူလာလို ဖြစ်နေတာက ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပေါ်ပြီးတော့ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။ နောက်တဖြေးဖြေး ရွှေ့လျားတယ်။ သူက အရှေ့ဘက်ကို ရွှေ့လျားတယ်။ ဆိုတော့ ဟိုင်းကြီးဘက် ရောက်သွားမယ်။ ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေတက်ပြီး ဘင်္ဂလားဒေ့ရှ်ကို တက်မယ်။ ဒါ ဖော်မြူလာပဲ။ မုန်တိုင်း ဖော်မြူလာ။

ကျနော် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ လပွတ္တာမှာ နေလာတာ။ ဒီအတိုင်းပဲ လူတွေကလည်း အေးဆေးနေကြတာ။ အခုကျမှ ဒီမုန်တိုင်းက ဟိုင်းကြီးကနေ ဖြစ်ပြီးတော့ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေ ရန်ကုန်ကို တက်တာ။ တခါမှ ဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှ လေက ပြင်းလာတယ်။ ရေတွေတက်လာမှ ကျနော်တို့ ဂရုစိုက်မိတာ။

မေး။ ။ ဆရာ ရန်ကုန်ကို ထွက်လာတဲ့ လမ်းမှာရော အခက်အခဲတွေ ရှိခဲ့လား။

ကျနော်တို့ လပွတ္တာ အထက်ခြမ်းက တောင်ကြောတွေ ရှိသွားပြီ။ မြောင်းမြထိကို တောင်ကြောကြီး ဖြစ်နေတော့ ကားလမ်းတွေ ပေါက်ပါတယ်။ လမ်းမှာတော့ တဲပြိုတာ၊ သစ်ပင်ပြိုတာတွေတော့ တွေ့ခဲ့ပါတယ်။ ရေကတော့ မတက်နိုင်ဘူး။ ကျနော် လပွတ္တာက ထွက်လာတာ မနေ့က မနက် ၁ဝ နာရီမှာ ထွက်လာတာ ည ၉ နာရီလောက်မှာ ရန်ကုန်ရောက်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။

Yangon လေဘေး ဒုက္ခ ဆက်သွယ် မေးမြန်းချက်
ရန်ကုန်တိုင်းအတွင်း တနာရီ မိုင် ၁၂ဝ ခန့် တိုက်ခတ်ခဲ့သည့် စနေနေ့က လေမုန်တိုင်းကြောင့် နေအိမ် ပျက်စီးသွားသဖြင့် အင်းစိန်မြို့ရှိ Full Gospel ဘုရားကျောင်းတွင် လေဘေး ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ချင်းအမျိုးသမီး မနန်းဘွန်ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ မိသားစုဝင်ဦးရေ ဘယ်နှစ်ယောက်ရှိလဲရှင့်။

ဖြေ။ မိသားစုက ကလေး ၃ ယောက်၊ ယောက်ျားရယ် ကျမရယ်နဲ့ဆိုရင် ၅ ယောက်။

မေး။ အိမ်က ဘယ်လို ဖြစ်သွားတာလဲ။

ဖြေ။ အိမ်အပေါ်မှာ သစ်ပင်ကျတယ်။ အိမ်က ပြင်လို့ မရတော့ဘူး။ အိမ်တိုင်တွေလည်း လဲသွားပြီ။ အငယ်ဆုံး ကလေးက ၁ဝ လ၊ အမျိုးသားက လေဖြတ်နေတာလေ။ ဘာမှ လုပ်လို့ မရတော့ဘူး။ အရမ်း ခက်ခဲတယ်။ မနက်ဖြန်အတွက် စားဖို့လည်း မရှိဘူး။

မေး။ အခု ဘုရားကျောင်းမှာ လူဘယ်နှစ်ယောက်လောက် ရှိလဲ။

ဖြေ။ လူဦးရေ ၈ဝ လောက် ရှိတယ်။

မေး။ သူတို့ရဲ့ အိမ်တွေကရော ဘယ်လို ဖြစ်သွားလဲရှင့်။

ဖြေ။ မုန်တိုင်းတိုက်လို့ အိမ်တိုင်တွေ လဲသွားတယ်တဲ့။ သစ်ပင်တွေ အိမ်ပေါ်ကျပြီးတော့ အိမ်ပြိုသွားတာပါ။ အခု နေစရာ မရှိဘူး။

မေး။ အဲဒါဆိုရင် အိမ်က မိသားစုတွေ ထိခိုက်တာ ရှိသေးလား။

ဖြေ။ မထိဘူးတဲ့၊ ဘုရား ကာကွယ်တယ်။

မေး။ ဘုရားကျောင်းကနေ စားဖို့သောက်ဖို့၊ နေဖို့ ဘယ်လိုစီစဉ်ပေးလဲရှင့်။

ဖြေ။ ဘယ်သူမှ မစီစဉ်ပေးဘူး။ ကိုယ့်ဟာနဲ့ကိုယ် ရှာစားရတယ်။ ဘယ်သူမှ မကျွေးဘူး။

မေး။ ဒါဆိုရင် အမက အိမ်ကို ဘယ်လိုမျိုး ပြန်ဆောက်မလဲ။

ဖြေ။ ဒါကတော့ ဆရာတွေက ဘာမှ ပြောလို့ မရသေးဘူးတဲ့။ တမံ သလင်းပေါ်မှာပဲ အိပ်ပါတဲ့။

မေး။ အားလုံးက တမံ သလင်းပေါ်မှာပဲ အိပ်ကြရတာလား။

ဖြေ။ တချို့က အိမ်ရှိတယ်၊ တချို့က မရှိဘူး။ တချို့က ပြင်နိုင်တယ်၊ ဆောက်နိုင်တယ်။ ကျနော်တို့က မဆောက်နိုင်ပါဘူး။ ကလေးက သေးသေးလေး ၃ ယောက်၊ ဘာမှ မလုပ်နိုင်ဘူး။ ဘာမှ အားကိုးလို့ မရသေးဘူး။

မေး။ အသက် ဘယ်နှစ်နှစ် ရှိပြီလဲရှင့်။

ဖြေ။ ကျမအသက် ၃၅ နှစ်ရှိပါပြီ။

မေး။ အဲဒါဆိုရင် တခြား အဖွဲ့အစည်းတွေရော၊ ရပ်ကွက်ထဲက အာဏာပိုင် အဖွဲ့တွေကရော ကူညီပေးတာ မရှိဘူးလားရှင့်။

ဖြေ။ မရှိဘူးရှင့်။

မေး။ ရပ်ကွက်ထဲက လူကြီးတွေ လာမကြည့်ဘူးလား။

ဖြေ။ မကြည့်ပါဘူး။ အလကား လာလုပ်ပေးတာ ဘာမှ မရှိပါဘူး။

မေး။ ဒါဆိုရင် မိသားစု စားဝတ်နေရေးအတွက် ဘယ်လို စဉ်းစားထားလဲ။ အိမ်ကိုရော ဘာဆက်လုပ်မလဲရှင့်။

ဖြေ။ ဒီလိုပဲ စားနေတယ်၊ နေတယ်လေ။ အမဆီက ဆန်တဗူး နှစ်ဗူး ယူတယ်။ ဆန်ပြုတ် သောက်တယ်။ မရရင်တော့ ဒီလိုပဲ နေတယ်။

မေး။ ဘုရားကျောင်းမှာရှိတဲ့ တခြားလူတွေရော ဘယ်လိုစားနေလဲရှင့်။

ဖြေ။ အလုပ်ရတဲ့ လူတွေလည်း ရှိတယ်။ အဝေးကြီးမှာ နေတဲ့သူတွေလည်း ရှိတယ်။

မေး။ အမတို့အိမ် ပြန်ဆောက်လို့ရှိရင် ဘယ်လောက် ကုန်ကျမလဲ။

ဖြေ။ အိမ်ပြန်ဆောက်မယ်ဆိုရင် ဓနိတဲတခုမှာ ၇ သောင်းလောက် ကုန်မယ်။

မေး။ အမအိမ်က ဘယ်နေ့တုန်းက ပျက်စီးသွားတာလဲ။ အိမ်ပေါ်မှာ သစ်ပင်လဲတာ ဘယ်အချိန်လဲရှင့်။

ဖြေ။ သောကြာနေ့ ည ၁ဝ နာရီလောက်ကနေ စတယ်။ လေမုန်တိုင်းတိုက်တဲ့အခါ နေစရာမရှိဘူး။ အိမ်ထဲမှာ ထိုင်နေကြတယ်။ ဘုရားကျောင်းလည်း သစ်သားတွေ အားလုံး ကွာကုန်ပြီ။ ခေါင်မိုးတွေအားလုံး ကွာကုန်တယ်။ ဘုရားကျောင်းကို နဲနဲ အဖီချပြီး မိုးကာနဲ့ အိပ်တယ်။

မေး။ ဒါဆိုရင် ဒီကြားထဲမှာ အပြင်ကနေ လာကူညီတာ ရှိလား။

ဖြေ။ မရှိပါဘူး။

မေး။ အမ နာမည်က ဘယ်လိုခေါ်လဲ။

ဖြေ။ ဒေါ်နန်းဘွန်ပါ။

မေး။ ရန်ကုန်ကို ဘယ်ကနေ လာတာလဲ၊ ဘယ်လောက် ကြာပြီလဲ။

ဖြေ။ ကလေးမြို့ကနေ လာတာပါ။ တနှစ်လောက်ရှိပြီ။ တီးတိန်ချင်းပါ။


မုန်တိုင်းထဲမှာ(Cyclone nargis)

နေ့လယ် ၂ နာရီလောက်မှာ ပုသိမ်က သူငယ်ချင်းတယောက်က လှမ်းဖုန်းဆက်တယ်။ ဟိုင်းကြီးကျွန်းမှာ လေအရမ်းကြမ်းနေပြီလို့ ကြားကြားခြင်း တခြားသူငယ်ချင်းတွေ မိတ်ဆွေတွေဆီကို ဖုန်းနဲ့ လှမ်းပြောဖြစ်တယ်။ ပြီးတော့ ချောင်းသာနားက ရွာတချို့ပျောက်သွားတယ်တဲ့ သတင်းစကားတွေကတော့ အမျိုးမျိုး ထွက်လာတယ်။ သေချာအောင် ချောင်းသာကို ဖုန်းခေါ်ပေမယ့် ဖုန်းခေါ်လို့မရတော့ဘူုး။

ရန်ကုန်မှာလည်း ရုံးတွေ၊ကျောင်းတွေ ပြန်လွှတ်ပေးနေပြီ။ လမ်းမပေါ်မှာ အိမ်ပြန်ဖို့ ကြိုးစားနေတဲ့ သူတွေကို ကားမှတ်တိုင် တွေမှာတွေ့လာရတယ်။ တချို့ကလည်း မယုံတ၀က်ယုံတ၀က်နဲ့ တချို့ကလည်း အထိတ်ထိတ်အလန့်လန့်နဲ့ အိမ်အရောက် ပြန်ကြတယ်။
ညနေ ၄နာရီ လောက်မှာ ရန်ကုန်မြို့ပေါ်က သတင်းဂျာနယ်တချို့က သတင်းထောက်တချို့ ဧရာဝတီတိုင်း ပုသိမ်ကို ဆင်းသွားကြတယ် ဆိုတဲ့ သတင်းစ ကြားရတယ်။ သိပ်မကြာခင်မှာပဲ လမ်းမှာ ရှေ့ဆက်သွားလို့မရဘူး ဆိုတဲ့ သတင်းတွေ လည်း ထွက်လာတယ်။
ည ၆နာရီထိ မုန်တိုင်းရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရသေးတော့ လူတွေက မယုံကြတော့ဘူး။ ည ၆ နာရီသတင်း မှာရော ၈ နာရီသတင်းမှာပါ မြန်မာ့ရုပ်မြင်သံကြားကနေ မုန်တိုင်းအထူးသတင်း ထုတ်ပြန်ချက်ဆိုပြီး လွှင့်လာတယ်။ ဒါပေမယ့် လူတွေက မယုံကြည်ကြတော့ဘူး။ မိုးလေ၀သက မုန်တိုင်းတိုက်မယ်လို့ ကြေညာရင် ရာသီဥတု သာယာပြီပဲ သူတို့က အမြဲတမ်းမှားနေတာလို့ ပြောနေကြတယ်။ အစိုးရ သတင်းစာနဲ့ အစိုးရပိုင် သတင်းမီဒီယာတွေပေါ်မှာ လူတွေ ယုံကြည်မှုမရှိကြဘူးဆိုတာ တွေ့ရတယ်။
မေလ ၂ ရက်၊ သန်းခေါင်ချိန် ၁၂ နာရီမှာ မိုးရွာပေမယ့် ခပ်ပါးပါးပဲ။ ဒါပေမယ့် ည ၁နာရီကျော်တော့ တဖြည်းဖြည်းနဲ့ လေတိုက်လာတယ်။ မိုးပါးပြီး လေထန်လာတယ်။
မေလ ၃ ရက်၊ နံနက် ၂နာရီ
လေပြင်းပြင်းထန်ထန်တိုက်လာတဲ့ အသံတွေကြောင့် အိမ်က လူကြီးတွေရော၊ ကလေးတွေပါ အားလုံး နိုးလာကြတယ်။ အိမ်ခေါင်းမိုးပေါ်မှာ လေတွေတဝေါဝေါနဲ့ တိုက်နေလိုက်တာ ကလေးတွေက ကြောက်ပြီး အော်ကြတယ်။ လူကြီးတွေက ဘုရားစာတွေ စရွတ်စပြုလာပြီ။ ဖုန်းတွေ ဆက်လို့ ရနေသေးတဲ့အတွက် သတင်းထောက်တွေအချင်းချင်း ဘယ်နေရာမှာ ဘယ်လို ဖြစ်နေပြီဆိုတာကို ပြောပြလို့ ရနေသေးတယ်။ အခြေအနေကတော့ သိပ် မကောင်းလှဘူး။ လေတွေက ပြင်းသထက်ပြင်းလာပြီကိုး။
မေလ ၃ ရက်နေ့ ၊ နံနက် ၄နာရီ
တဖြည်းဖြည်းနဲ့ ပိုပြင်းထန်လာတဲ့ လေတိုက်နှုန်းကြောင့် ၈ ထပ်တိုက်ပေါ်က လူတွေအားလုံး အောက်ဆင်းပြေးကြတယ်။ မပြေးလို့လည်း မဖြစ်ဘူး။ အိမ်ခေါင်မိုးပေါ်မှာ သွပ်တွေ စလန်နေပြီ။ အိမ်ထဲမှာ မိုးရေတွေ ရောက်နေပြီ။ မိုးစိုနေတဲ့ ကလေးတွေလည်း သိပ်ကြောက်နေကြပြီ။
မေလ ၃ ရက်၊ နံနက် ၄ နာရီ
ရန်ကုန်၊ ၀ါးတရာ
မိုးသံလေသံတွေနဲ့အတူ တသိမ့်သိမ့်လှုပ်နေတဲ့ သူတို့ရဲ့ တဲအိမ်လေးထဲမှာ အသက် ၈ နှစ်အရွယ်သားကြီးနဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်ကို ခပ်တင်းတင်းဖက်ထားရင်း သံဗုဒ္ဓေဂါထာကို အခေါက်ခေါက် အခါခါ ရွတ်နေမိတယ်လို့ မုန့်လက်ကောက်သည် မဦးက ပြောပြပါတယ်။
သူတို့ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာတော့ ကယ်ကြပါဦး ဆိုတဲ့ အသံတွေကြားရပြီး မကြာခင်မှာ တ၀ုန်းဝုန်းပြိုလဲသံတွေ ဆက်တိုက်ကြားလိုက်ရတယ်။ ဒါနဲ့ မဦးလည်း အိမ်ထဲမှာ မနေ သင့်တော့ဘူး ဆိုတဲ့အသိ ချက်ခြင်းဝင်လာပြီး ကလေး နှစ်ယောက်ကို လက်တစ်ဖက်ဆီကနေ ဆွဲလို့ တဲအိမ်ထဲကနေ ပြေးထွက်လိုက်တယ်။ သူတို့ သားအမိ သုံးယောက် အိမ်ရှေ့ လည်း ရောက်ရော သူတို့ တဲအိမ်လေး တအိအိနဲ့ ပြိုဆင်းသွားတာကို တွေ့လိုက်ရတယ်။
ကလေးနှစ်ယောက်ကို လက်တင်းတင်းဆုပ်ထားရင်း ဘယ်ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတဲ့ သူ့ ကို ဘေးအိမ်က မကျင်ငွေ က ဒီဘက်ကိုလာလို့ခေါ်ပြီး လဲပြိုနေတဲ့ သူတို့ရဲ့ အိမ်ဘေးနားမှာပဲ မြေပေါ်မှာ ပြားပြားမှောက် ၀ပ်စေတယ်။ မ၀ပ်လို့လည်း မဖြစ်ဘူး။ လေထဲမှာ ပျံဝဲနေတဲ့ သစ်သားတွေ၊ အိုးခွက်တွေနဲ့ တခြားပစ္စည်းတွေက သူတို့တွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ် မဟုတ်လား။
ကွင်းပြင်ထီးထီးထဲမှာ နေထိုင်ရတဲ့ သူတို့တွေက ခုချိန်မှာ ဘယ်ပြေးလို့ပြေးရမှန်းမသိနဲ့ ခိုကိုးရာမဲ့ ဘဝလေ။ သူတို့ နေထိုင်တဲ့ ၀ါးတရာဆိုတာ လှိုင်မီးဘေးတုန်းက မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေကို အစိုးရက ပြန်ချပေးခဲ့တဲ့ မြေရိုင်းနေရာ တခုဖြစ်ပါတယ်။ သစ်ပင်ကြီး တပင်မှ မရှိတဲ့ ကွင်းပြင်ထဲမှာ အကွက် ရိုက်ပြီး နေနေရတာပါ။

မေလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ

မေလ ၂ ရက်နေ့ ည ၁၂ နာရီနောက်ပိုင်းမှာ စတိုက်လိုက်တဲ့လေပြင်းဟာ ၃ ရက်နေ့ နံနက် ၁၁နာရီလောက်မှာ ငြိမ်စပြု လာပြီ။ ပြိုတဲ့ အိမ်တွေလည်း ပြိုခဲ့ပြီ၊ ခေါင်းမိုးလန်တဲ့ အိမ်တွေလည်း လန်ခဲ့ပြီ။ သစ်ပင်ပိတဲ့ အိမ်တွေလည်း မြေပြင်မှာ ပိပိပြားပြားဝပ်ခဲ့ပြီ။ လူတွေရဲ့ မျက်နှာတွေမှာလည်း မိုးရေနဲ့ မျက်ရေ ရောခဲ့ရပြီ။

သွေးဆုတ်နေတဲ့ မျက်နှာဖြူဖျော့ဖျော့တွေနဲ့ ကိုယ်စီကိုယ်ငှအိမ်ပြင်ထွက်ဖို့ ကြိုးစားရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့် တော့ ကိုယ့်တအိမ်တင် ဒုက္ခရောက်ခဲ့တာ မဟုတ်ဘူး။ သူများလည်း ကိုယ့်လိုပဲ ဒုက္ခရောက်နေတာပါလား ဆိုတာကိုလည်း ကိုယ်စီကိုယ်ငှ မြင်တွေ့နေရပြီ။ ဒါပေမယ့် ဘယ်သူ့ ဘယ်သူမှ ဘယ်ကနေ ဘယ်လို စလုပ်ရမယ်မှန်း မသိဖြစ်ကြရပြီ။
မေလ ၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ

လမ်းမတွေပေါ်ကို လူတွေ တယောက်စ နှစ်ယောက်စ စရောက်နေကြပြီ။ အိမ်က ကလေးတွေ ဗိုက်ဆာနေတဲ့အတွက် အစာရှာထွက်ကြတဲ့ မိဘတွေကိုလည်း လမ်းတွေပေါ်မှာ တွေ့နေရပြီ။ ဘယ်ဆိုင်မှ မဖွင့်ဘူးဆိုတဲ့ အသံတွေ၊ ဆိုင်တွေက လုမှာစိုးလို့ ပိတ်ထားကြတယ်ဆိုတဲ့ စကားတွေကြားကနေ မိဘတွေဟာ ကလေးတွေအတွက်၊ မိသားစုတွေအတွက် စားစရာတခုခုကို မရရအောင်ရှာကြဖို့ ကြိုးစားနေကြတယ်။ အိမ်နဲ့ ဆိုင်တွဲထားတဲ့ ဆိုင်ခန်းတွေရဲ့ တံခါးတွေကို တ၀ုန်းဝုန်း ထုရင်း ဖွင့်ပေးဖို့ ပြောကြတယ်။

တဖြည်းဖြည်းနဲ့ ဆိုင်ခန်းတွေရဲ့ တံခါးရွက်ကလေးတွေ စ ပွင့်လာတယ်။ ပြီးတော့ …စားစရာ ပစ္စည်းတွေကို အရင်ထက် ၁ ဆ တက်ပြီး ရောင်းကြတော့တယ်။ ဆန်တပြည်ကို ငွေကျပ် ၂ ထောင်ထိ ဈေးတက်ရောင်းနေတာတောင်ရှိတယ်လို့ တောင်ဒဂုံမှာ နေတဲ့ ကျောင်းဆရာမ တယောက်က ပြောပြပါတယ်။

နေစရာ အိမ်မရှိတော့တဲ့ သူတွေနဲ့ ဆန်ဝယ်စားဖို့အတွက် ပိုက်ဆံ မလောက်တဲ့ သူတွေကတော့ ဒီအတိုင်းပဲ ဘာလုပ်လို့ လုပ်ရမှန်းမသိ ငုတ်တုတ်ထိုင်နေကြတယ်လို့ ၀ါးတရာမှာနေတဲ့ မုန့်လက်ကောက်သည် မဦးက ပြောပြပါတယ်။

“မေလ ၃ ရက်နေ့ မပြောနဲ့ ၄ ရက်နေ့ နေ့လယ်ပိုင်းအထိ ဘယ်ကယ်ဆယ်ရေးမှ ကျမတို့ ဆီကို ရောက်မလာကြဘူး” လို့ သူက ပြောပါတယ်။

မေလ ၃ ရက်နေ့ ကစပြီး ကုန်ဈေးနှုန်းတွေဟာ အရင်ဈေးတွေထက် ၁ ဆကနေ ၂ ဆထိ တက်သွားကြတာကို တွေ့ရပါ တယ်။ ဘဲဥ တလုံးကို ငွေ ၂၀၀ နဲ့စရောင်းကြတယ်။ သွပ်ဆိုင်တွေက သွပ်တွေ တပေကို အနည်းဆုံး ကျပ် ၂၀၀၀ ဈေး ကနေ ၃၀၀၀ ဈေးထိ တက်ရောင်းနေကြတာကို အရင်ဈေးက သွပ် ၁ပေကို ၁၂၀၀ ဈေးပဲရှိတာပါလို့ အိမ်ခေါင်မိုးလန်လို့ သွပ်လိုက်ရှာနေတဲ့ သူတယောက်က ပြောပြပါတယ်။

ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေ စားစရာ အခက်အခဲဖြစ်နေမယ်ဆိုတာကို သိကြပေမယ့် ကိုယ့်အိမ်မှာလည်း အိမ်ပျက် နေလို့၊ အိမ်ရှေ့ လမ်းမကြီးမှာ ပိတ်နေလို့၊ ဆင်ဖြေဖုံး ရပ်ကွက်တွေထိ ကားလမ်း မပေါက်လို့ စတဲ့ အကြောင်းကြောင်း တွေကြောင့် အဲဒီနေရာတွေကို ဘယ်သူကမှ သွားပြီး ထမင်းထုပ်ဝေတာတွေ၊ ပစ္စည်းလှူဒါန်းတာတွေ မလုပ်နိုင်ကြပါဘူး။

“ကိုယ့်အချင်းချင်းပဲ အကူအညီပေးရတော့တာပဲ။ ဆန် ၂ ဘူးရှိတဲ့သူက ဆန်ပြုတ်ကြတယ်။ ကလေးနဲ့ အသက်ကြီးတဲ့သူ တွေကို ဦးစားပေးပြီး ဝေပေးကြတယ်။ အားလုံးကတော့ ကယ်မယ့်သူတွေ ကူညီမယ့်သူတွေကို မျှော်နေကြတာပဲ” လို့ ရွှေပြည်သာမှာ နေထိုင်သူ တဦးက ဆိုပါတယ်။

မေလ ၄ ရက်နေ့
အိမ်ခေါင်မိုးဖို့ သွပ်ရှာတဲ့သူတွေ၊ အိမ်ပြင်ဖို့ ကြိုးစားတဲ့သူတွေ၊ ဆန်ရှာတဲ့ သူတွေနဲ့ လမ်းမကြီးတွေပေါ်မှာ လူတွေ ပြန်ရောက်လာကြပါပြီ။ ဘတ်စ်ကားတချို့ စပြီးပြေးပါပြီ။ သို့ပေမယ့် ကားခတွေကတော့ တက္ကစီခတွေနီးပါး မြင့်နေတာ တွေ့ရပါတယ်။ ဘတ်စ်ကားခ ကျပ် ၅၀ ယူနေကျ ခရီးတွေကို မေလ ၄ ရက်နေ့မှာ တယောက် ကျပ် ၂၀၀၀၊ ၁၀၀ တန် ခရီးကိုတော့ ကျပ် ၃၀၀၀ ထိ တက်ယူကြတာ တွေ့ရပါတယ်။

“စီအန်ဂျီဆိုင်တွေရော ဓာတ်ဆီဆိုင်တွေပါ ပိတ်နေတယ်။ ကျနော်တို့ ဒီဇယ် ၁ဂါလန်ကို ကျပ် ၁သောင်းဈေးနဲ့ ၀ယ်ရတယ်။ လူတယောက် အနည်းဆုံး ကျပ် ၁၀၀၀ ကားခ မယူလို့မရဘူး” လို့ လိုင်းကားဆွဲနေတဲ့ ကားဆရာ တဦးက ပြောပါတယ်။

မေလ ၄ ရက်နေ့မှာ ကားတချို့လမ်းပေါ်ပြန်ရောက်လာသလို လူတိုင်းအိမ်တိုင်းမှာ သောက်ရေသန့် ပြဿနာတက်နေပါပြီ။ ၂၀ လီတာ သောက်ရေသန့် ဘူးကြီး ၁ ဘူးကို အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ၃၀၀၀ ထိ ဈေးအမျိုးမျိုးနဲ့ ရောင်းနေကြပါပြီ။ ဒါတောင် လိုသလောက်မရနိုင်ပါဘူးလို့ သိရပါတယ်။

မြို့ပေါ်မှာ နေထိုင်ကြသူတွေက ရေဒုက္ခ ခံနေရပြီး ဆင်ခြေဖုံးတွေမှာ နေတဲ့သူတွေကတော့ စားစရာ ဆန်ကို မ၀ယ်နိုင် တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ရွှေပြည်သာကနေ စမ်းချောင်းထိ လာပြီး အလုပ်ကြမ်းလုပ်တဲ့သူ တယောက်က ပြောပြပါတယ်။

“မနေ့ကတည်းက ထမင်းမစားရတဲ့ သူတွေ ကျနော်တို့ ဆီမှာ အများကြီးပဲ။ လူတွေကလည်း အားလုံးက ဒုက္ခရောက်နေကြ တော့ ကျနော်တို့ ဆီကို ထမင်းထုပ်ဝေတာတွေ ဘာတွေတောင် မလုပ်နိုင်ကြဘူး” လို့ သူက ပြောပါတယ်။
ကိုယ်ထူကိုယ်ထ လမ်းရှင်းကြပြီး ကိုယ့်အချင်းချင်း ရိုင်းပင်းနေကြတဲ့ လူတွေက စစ်အစိုးရဆီကနေ ဘယ်လို ပံ့ပိုးကူညီမှု တွေ ရမလဲ ဆိုတာကို ဘယ်သူကမှ မစဉ်းစားကြတော့ပါဘူုး။
လှိုင် ဆရာများရိပ်သာမှာ နေထိုင်သူ တက္ကသိုလ် ဆရာမ တဦးကတော့ “ကျမတို့ အိမ်တွေမှာ ခေါင်မိုးတွေ လုံးဝ မရှိတော့ ဘူး။ အဲဒါကို ကိုယ့်စရိတ်နဲ့ပဲ ကိုယ်ပြင်ရမယ်လို့ ပြောတယ်။ ခုသွပ်ဈေးနဲ့ အစိုးရလခစားကျမ ဘယ်လိုလုပ်ပြီး ပြင်နိုင်မလဲ။ ပိုက်ဆံမှ မရှိတာ၊ အဲဒီတော့ အိမ်မမိုးနိုင်လို့ မိုးရွာရွာနေပူပူ ဒီအတိုင်းနေရမှာပဲ” လို့ ပြောပြပါတယ်။
အစိုးရ၀န်ထမ်းတွေရဲ့ နေအိမ်အတော်များများဟာ တခြားအိမ်တွေထက် ပိုပျက်စီးကြတာကို တွေ့ရပါတယ်။ အစိုးရ၀န်ထမ်း အိမ်ရာတွေရဲ့ အရည်အသွေးဟာ အာမခံလောက်တဲ့ အခြေအနေမရှိတာကြောင့် ခုလို ပျက်စီးရခြင်းဖြစ်တယ်လို့ ၀န်ထမ်း အိမ်ရာ နေထိုင်သူတွေက သုံးသပ်ပါတယ်။
“၀န်ထမ်းအိမ်ဆိုတော့ဗျာ ဆောက်တဲ့သူတွေကလည်း ဖြစ်သလိုဆောက်ကြတယ်၊ ကန်ထရိုက်တွေ ခိုးကောင်းကြတာကိုး။ ခုလို အိမ်တွေပြို အမိုးတွေ လန်ကုန်တာတောင် သက်ဆိုင်ရာက ခုချိန်ထိ ဘာလုပ်ပေးမယ်ဆိုတာ မရှိဘူး။ အားလုံး ကိုယ့် စရိတ်နဲ့ ကိုယ်ပဲ လုပ်နေကြတယ်။ မလုပ်နိုင်တဲ့ သူတွေကလည်း ဒီအတိုင်းနေရတာပေါ့ဗျာ” လို့ အစိုးရ အမှုထမ်း အရာရှိ တဦးက ဆိုပါတယ်။
အစိုးရ ၀န်ထမ်းအပါအ၀င် အခြား ကုမ္ပဏီဝန်ထမ်းတွေလည်း ကားခ ဈေးကြီးတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ကားခဈေးနှုန်းတွေက ၄ ရက်နေ့ကထက်စာရင် နည်းနည်း ကျသွားပေမယ့် လောလောဆယ်မှာတော့ အရင် ၅၀ တန်ခရီးကို ကျပ် ၅၀၀၊ ၁၀၀ တန်ခရီးကို ကျပ် ၁၀၀၀ နှုန်းပေးနေရဆဲပါပဲ။
ဆန်ဈေးကတော့ သိသိသာသာတက်လာခဲ့တယ်။ အရင် ဆန်ကြမ်းတအိတ်ကို ကျပ် ၂ သောင်းဝန်းကျင် ပေါက်ဈေးကနေ ခု ၂ သောင်း ၈ ထောင်ထိ ပေးဝယ်ရတယ်။ ဆန်ပြည်လိုက် ၀ယ်စားရတဲ့သူတွေကတော့ ပိုပြီးအခက်တွေ့ရပါတယ်။
၅ ရက်နေ့ ည၁၀ နာရီနောက်ပိုင်းမှာ ရပ်ကွက်တွေထဲကို လော်စပီကာတွေနဲ့ ဆန်တပြည် ကျပ် ၇၅၀ နှုန်း၊ စားအုန်းဆီ တပိဿာ ကျပ် ၂၄၀၀နှုန်းတွေနဲ့ ရောင်းချပေးမယ်၊ သံနဲ့ သွပ်တွေကိုလည်း လိုသလောက်ရောင်းချပေးမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
“မနေ့ညက ကြေညာတာ ကြားပါတယ်။ ဒါပေမယ့် ကျမတို့ လှိုင်သာယာကိုတော့ ခုချိန်ထိ လာရောင်းပေးတာ မကြားရသေး ပါဘူး။ ဘယ်နေရာမှာ သွားရောင်းပေးနေလဲ မသိဘူး” လို့ လှိုင်သာယာ၊ ရွှေလင်ပန်းကျေးရွာမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
တခြား ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း လာရောက်ရောင်းချပေးခြင်း မရှိဘူးလို့ ကြားသိရပါတယ်။ ဆန်ကုန်သည်ကြီး တဦးကတော့ တခြား ဆန်ကုန်သည်တွေဆီကနေ ဆန်တွေတောင်းခံနေတယ်လို့ ကြားသိရပါတယ်။ ဘုရင့်နောင်က ဆန်ပွဲရုံ တွေမှာလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုတွေရှိတဲ့အတွက် ဆန်တွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ ဆန်ဈေးတွေကို ခုထက်ပိုပြီး မတက်နိုင်အောင် ထိန်းသိမ်းနိုင်မယ့် အခြေအနေမရှိဘူးလို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့နှင့် နိုင်ငံတကာကမြန်မာအား အကူအညီများပေးရန် စီစဉ်နေ

ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့နှင့် နိုင်ငံတကာက မြန်မာနိုင်ငံမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခများအတွက် အကူအညီများပေးရန် စီစဉ်လျှက်ရှိသည်။
မြန်မာနိုင်ငံတွင်းရှိ လေဘေးဒုက္ခသည်များအတွက် အရေးတကြီးလိုအပ်သော အမိုးပလတ် စတစ်စ၊ ရေသန့်ဆေးပြား၊ အိုးခွက်ပစ္စည်းများ၊ ခြင်ထောင်၊ အရေးပေါ်ဆေးဝါးများနှင့် အစား အသောက်များကို ပေးရန်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူးရုံးက ပြောသည်။

“မြန်မာအစိုးရက နိုင်ငံတကာအကူအညီတွေကို လိုအပ်တယ်လို့ပြောပါတယ်။ အရေးပေါ်အကူ အညီ အမေရိကန်ဒေါ်လာ (၅) သန်းခန့် လိုအပ်တယ်လို အစိုးရရဲ့ကြေညာချက်ကို ကျနော်တို့ တန်ဖိုးထား နားလည်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်တဲ့ငွေကို အရေးပေါ် ကယ်ဆယ်ရေးရံပုံငွေကနေ ခွဲဝေသုံးစွဲဖို့ အဆင်သင့်ရှိပါတယ်”ဟု လူသားချင်းစာနာထောက် ထားမှုလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး ရံပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူး ဂျွန်ဟိုးမက်စ်က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာဒုက္ခသည်များအတွက် ဒေါ်လာ (၁) သန်း ကူညီမည်ဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ်ပိုင် ဟာကျူလီလေယာဉ်တင်သဘောင်္ နှစ်စီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ကို တင်ဆောင်၍ မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ သတင်းဌာနတွင် ယနေ့ဖော်ပြထားသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံက ၎င်းတို့နိုင်ငံမှ ကယ်ဆယ်ရေးအကူအညီများကို ကုသလမဂ္ဂအေဂျင်စီ မှတဆင့် ပေးပို့မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ နယူးဇီလန်သံအမတ်ကြီး မစ္စ ဟယ်လင် ကလပ်က ယနေ့ပြောပြီး ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၅) သောင်း လှူဒါန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟွန်က ယနေ့ ပြောသည်။

သြစတြေးလျနှင့် အင်္ဂလန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံအား ကူညီရန်အဆင်သင့်ရှိနေပြီး တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၁) သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် အိန္ဒိယမှ သင်္ဘောနှစ်စီးစာ ကယ်ဆယ်ရေးပစ္စည်းများကို ပေးခဲ့သည်။

ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ (၁)သိန်း၊ တောင်းကိုးရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ (၁) သိန်းနှင့် ဒေါ်လာ (၂) သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ (၃) သန်း၊ ဥရောပသမဂ္ဂက ဒေါ်လာ (၃) သန်း၊ ဂျာမဏီနိုင်ငံက ယူရိုငွေ (၅) သိန်း၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ (၂) သန်းခွဲ၊ ဆွီဒင်နိုင်ငံ က မီးစက်များ ပေးပို့လှူဒါန်းရန်ရှိသည်။

နိုင်ငံတကာ ကြက်နီခြေနီအဖွဲ့(ICRC)က မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလုပ်သား (၂၅၀၀၀)စေလွှတ်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည်ဖြစ်သည်။

ယင်းသို့ ကုသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာနိုင်ငံအား အကူအညီများပေးရန် ပြင်ဆင်နေချိန်တွင် ရုရှားသမ္မတ ပလာဒီမာပူတင်နှင့် နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂီရစ်ဂ်ျ ပရာဆက်ကို အီရာလာ တို့ကလည်း မြန်မာနိုင်ငံအတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ ပေးပို့သည်။


ဘယ်သူကူလို့ ဖေးမမယ်(cyclone Nargis)

ကြည်ဝေ/လှိုင်သာယာ - ရန်ကုန်
မေ ၇၊ ၂၀၀၈

မိုးလင်းလင်းချင်း ဒီနေ့ စခန်းကနေ ထွက်ပေးရမယ်ဆိုတဲ့ အသိကြောင့် ခိုကိုးရာမဲ့စိတ်နဲ့ ၀မ်းနည်း ပက်လက်ဖြစ်သွားရ တယ်လို့ အသက် ၄၃ နှစ်အရွယ် ကလေး ၄ ယောက်မိခင် မတင်တင်ဝင်းက ပြောပြပါတယ်။ သူတို့က လေဘေးဒဏ် အပြင်းအထန် ခံစားလိုက်ရတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာ အပိုင်း ၂၀ ရပ်ကွက်မှာ နေတာပါ။


“ဒုက္ခသည် စခန်းမှာ လူက အရမ်းများနေတော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဆိုပြီး မနေ့က လူလျှော့တယ်။ လူတ၀က် လောက်လျှော့လိုက်တဲ့ အထဲမှာ ပါသွားတော့ ဒီနေ့ မနက် ထွက်ပေးခဲ့ရတယ်” လို့ လက်မောင်းပေါ်က အညိုရောင် ချည်အင်္ကျီနဲ့ မျက်ရည်ကို တို့သုတ်ရင်း သူက တိုးသက်စွာ ပြောပြပါတယ်။

ဓါတ်ပုံ Irrawaddy
သူ့ ခင်ပွန်းသည်ကတော့ ပြိုသွားတဲ့ တဲအိမ်နေရာမှာ တဲထိုးဖို့အတွက် ၀ါးနဲ့ ဓနိသွားဝယ်နေတယ်လို့ ဆိုပါတယ်။

ဝါးတလုံးကို ကျပ် ၁၅၀၀ ဈေးရှိပြီး၊ ဓနိတပျစ်ကို ၁၂၀၀ ကျပ် ဈေးပေါက်နေတယ်လို့ ၀ါးဝယ်လာသူ တဦးကပြောပြပါတယ်။ လေးပေ ငါးပေလောက်အကျယ်ရှိတဲ့ တဲတလုံး အတွက် ကုန်ကျစရိတ်ကတင် လုပ်အားခမပါ ကျပ် ၃သောင်း ၀န်းကျင် လောက် ဖြစ်နေတဲ့အတွက် ဒုက္ခသည်အတော်များများအနေနဲ့ တဲအိမ်မဆောက်နိုင်ကြပါဘူး လို့ ဆိုပါတယ်။

မုန်တိုင်း ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ၁၅ ပေ၊ ပေ ၂၀ အရွယ်တဲအိမ်မျိုး ပြန်ဆောက်မယ်ဆိုရင် ခုပေါက်ဈေးနဲ့ ကျပ် ၁ သိန်း လောက်ကုန်ကျနိုင်တဲ့အတွက် ၅ ပေ၊ ၆ပေ အကျယ်ရှိတဲ့ နေဖြစ်ရုံတဲအိမ်မျိုးပဲ ဆောက်မယ်လို့ သူက ပြောပြပါတယ်။

“လက်ထဲမှာလည်း ပိုက်ဆံက ၁သောင်းမပြောနဲ့ ၅ထောင်ပြည့်အောင်မရှိတော့ အိမ်က ကလေးတွေကို တဲပျက်တွေက သုံးလို့ရနိုင်သေးတဲ့ ၀ါးနဲ့ ဓနိတွေ လိုက်ရှာပြီးကောက်ခိုင်းနေရတယ်” လို့ သူက ဆိုပါတယ်။

ဒုက္ခသည် စခန်းကနေ မဖြစ်မနေ ထွက်ပေးရမယ့် မိသားစုတွေကတော့ အိမ်ပြိုအိမ်ပျက်တွေထဲကနေ ကောင်းနိုးရာရာ ၀ါးနဲ့ ဓနိတွေကို လိုက်ကောက်နေကြိပီး လူဝင်အိပ်လို့ရတဲ့ အရွယ်ခပ်သေးသေး တဲအိမ်လေးတွေပဲ ဆောက်နေကြတယ်လို့ လှိုင်သာယာ အပိုင်း ၂၀ ရပ်ကွက်မှာနေတဲ့ ဦးသိန်းဝင်းက လက်ရှိ ရပ်ကွက်တွင်း အခြေအနေကို ပြောပြပါတယ်။

“တတ်နိုင်တဲ့သူတွေကတော့ အိမ်တွေပြန်ပြင်ဆောက်ကြတာပေါ့၊ မတတ်နိုင်တဲ့သူတွေကတော့ မြင်တဲ့အတိုင်းပဲ ၀ါးတလုံး တောင် ၀ယ်နိုင်ကြတာ မဟုတ်တော့ ဒုက္ခသည် စခန်းမှာပဲ ကုပ်ကပ်နေကြတယ်။ အခု စခန်းကလည်း လူတွေလျှော့နေတာ ဆိုတော့ ပိုဆိုးတာပေါ့။ တဲအိမ်တောင် လူတိုင်းဆောက်နိုင်တာမှ မဟုတ်တာ” လို့ သူက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ထဲက မုန်တိုင်းဒဏ်ခံရသူတွေထဲမှာ သူတို့နေတဲ့ အပိုင်း ၂၀ ရပ်ကွက်က အဆိုးဆုံး ဖြစ်ပါတယ်။ လူနေ အိမ်ခြေစိပ်ပြီး တဲအိမ်လေးတွေဖြစ်တဲ့အတွက် လူတိုင်းနီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်ကြတာ တွေ့ရပါတယ်။

ငွေကြေးတတ်နိုင်သူ အနည်းစုကတော့ ၅ ရက်နေ့ကစပြီး ပျက်စီးသွားတဲ့ အိမ်တွေနေရာမှာ တဲအိမ်သစ်ကလေးတွေကို ဆောက်လုပ်ကြပေမယ့် အများစုကတော့ ငွေကြေးမတတ်နိုင်တဲ့အတွက် မုန်တိုင်းဘေးဒုက္ခသည်စခန်းအဖြစ် ဖွင့်ထားတဲ့ အထက်တန်းကျောင်းထဲမှာ သွားရောက်နေထိုင်ကြရတယ်လို့ ပြောပြကြပါတယ်။

အဆိုပါစခန်းမှာလည်း လူတွေပြည့်ကျပ်နေတဲ့အတွက် စစ်အာဏာပိုင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဆိုပြီး လူ တ၀က်တိတိလျှော့ချခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။ ယင်းစခန်းမှာ လူပေါင်း ငါးထောင်ခန့်နေထိုင် ခဲ့တယ်လို့ သိရပြီး ယခုအခါ လူ ၂ ထောင်ကျော်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

“မနေ့က လူကြီးတွေလာကြည့်သွားတယ်။ လူတွေက အရမ်းများတော့ ညအိပ်ရင် တယောက်နဲ့ တယောက်အသားချင်း ထိနေတော့ လေကောင်းလေသန့်လည်းမရဘူး။ ညစ်ပတ်တယ်၊ ရောဂါတွေ ဖြစ်ကုန်မယ်ဆိုပြီး လူလျှော့ဖို့ ပြောသွားတာနဲ့ မနေ့က ညတွင်းချင်း စခန်းက နေထွက်ရမယ့် သူ စာရင်းလုပ်တော့တာ” လို့ စခန်းမှာ နေထိုင်ခွင့်ရသူ အသက် ၆၇ နှစ် အရွယ် အမျိုးသမီးကြီးတဦးက ပြောပြပါတယ်။

စခန်းမှာ နေထိုင်ခွင့်ရသူတွေကတော့ သက်ကြီးရွယ်အိုတွေများတယ်လို့ ရယက တွေက ဆိုကြပေမယ့် စခန်းကနေ ထွက်ပေးရတဲ့ သူတွေရဲ့ ပြောပြချက်အရ စခန်းမှာ နေထိုင်ခွင့်ရသူတွေကတော့ ရယက တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ကြံ့ဖွံ့အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးသားချင်းနဲ့ နီးစပ်ခင်မင်သူတွေပဲ များတယ်လို့ သိရပါတယ်။

စခန်းမှာ နေထိုင်ခွင့်ရသူတွေကို အလှူရှင်ရှိရင် တအိမ်ထောင် ဆန်တပြည်နှုန်းဝေပေးတယ်လို့ သိရပါတယ်။ အလှူရှင် လည်း နေ့စဉ် မရှိတဲ့အတွက် ဆန်အပါအ၀င် စားသောက်စရာနဲ့ ရေသန့် အခက်အခဲကို ကြုံတွေ့နေရတယ်လို့ ဒုက္ခသည် တွေက ဆိုကြပါတယ်။

အဆိုပါ မြို့နယ်တွင်းက မုန်တိုင်းခံရသူတွေအနေနဲ့ ရေရရှိဖို့အတွက် ရပ်ကွက်အတွင်းက မပျက်မစီးကျန်ရှိနေတဲ့ တုံကင်နဲ့ တွင်းရေကို တန်းစီစနစ်နဲ့ အသုံးပြုနေရတယ်လို့ သိရပါတယ်။် တမိသားစုကို ရေ ၂ ပုံး နှုန်းသာ ရတဲ့အတွက် သောက်ရေ အဖြစ်ပဲ အသုံးပြုနိုင်ပြီး ချက်ပြုတ်ဖို့ ရေအခက်အခဲ ကြုံ နေကြတယ်လို့ အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေကတော့ တခြားရပ်ကွက်တွေထဲက ရေရောင်းတဲ့ အိမ်တွေဆီကနေ ရေတပုံးကို ငွေ ၃၀၀ ကျပ် နှုန်းနဲ့ ၀ယ်ယူ သုံးစွဲကြပါတယ်။ အများစုကတော့ အဆိုပါရပ်ကွက်ကနေ ၇ မိုင် ၈ မိုင် လောက်ဝေးတဲ့ လှိုင်မြစ်ရေကို တနိုင်တပိုင်သွားခပ်ယူပြီး သုံးစွဲနေရတယ်လို့ သိရှိရပါတယ်။

အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူအများစုဟာ နေ့စားအလုပ်သမားတွေများတဲ့အတွက် ခုလို အလုပ်မဆင်းနိုင်တဲ့ ကာလတွေမှာ စားစရာ ဆန်ဖိုးငွေတောင် မရှိသူက များတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပြကြပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ လက်ရှိဆန်ကြမ်းပေါက်ဈေးက ယခင် ကျပ် ၈၀၀ တန်ဆန်က ယခုအခါ အနည်းဆုံး ၁ပြည်ကို ၁ထောင် နှုန်းကနေ ၁၅၀၀ ဈေးထိရှိနေပြီး ယခင် ၈၀၀ ကျပ်တန် ဇီယာဆန်က ၀ယ်မရအောင်ဖြစ်နေတယ်လို့ လည်း ကြားသိရပါတယ်။

အစိုးရအနေနဲ့ ဆန်တပြည် ၇၅၀ ကျပ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာထားပေမယ့် ခုချိန်ထိ အဆိုပါ ရပ်ကွက်အတွင်း ရောင်းချပေးခြင်း မရှိသေးဘူးလို့လည်း သိရှိရပါတယ်။

ကားခတွေကလည်း လှိုင်သာယာမြို့နယ်ကနေ ဘယ်စီးစီး အနည်းဆုံး ၃၀၀ ကျပ်ကနေ ၁ ထောင်ကျပ်ထိ ဈေးဖြစ်နေတဲ့ အတွက် အလုပ်ဆင်းဖို့ အခက်အခဲဖြစ်နေတာ တွေ့မြင်ရပါတယ်။

“ဒီမှာက တရက်အလုပ်လုပ်မှ တရက်စားကြရတာ။ ခု ကားခတွေက ဈေးကြီးတော့ လူတိုင်းအလုပ်မဆင်းနိုင်ကြဘူး။ တချို့ပဲ အလုပ်ဆင်းကြတယ်။ အလုပ်အဆင်းအတက် တနေ့ကို ခရီးစရိတ် ၁ ထောင်လောက်ကုန်တယ်” လို့ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောဆိုပါတယ်။

အများစုအနေနဲ့ ကတော့ နီးစပ်ရာ ကားခမလိုတဲ့ လှိုင်သာယာမြို့နယ်ထဲက ရပ်ကွက်တွေမှာ သစ်ပင်ရှင်းပေးတာ၊ အိမ်မိုး ပေးတာ၊ အိမ်ပြင်ပေးတာ စတဲ့အလုပ်တွေကို ရှာဖွေ လုပ်ကိုင်ပြီး နေကြကြောင်း သိရှိရပါတယ်။

အဆိုပါ လှိုင်သာယာ၊ အပိုင်း ၂၀ ရပ်ကွက်မှာ လမ်းတလမ်းထဲတင် လူ ၁၀၀၀ ၀န်းကျင်ကနေ ၁၅၀၀ ၀န်းကျင်ကြား နေထိုင် လျက်ရှိပါတယ်။ လမ်းသွယ်ပေါင်း ၂၀ ၀န်းကျင်ထိ ရှိပြီး ရန်ကုန်တိုင်းအတွင်း လေမုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၄၀ ရှိကြောင်း အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါ မြို့နယ်တွေမှာလည်း လေမုန်တိုင်းဒဏ်ခံရသူများ တွက် ဒုက္ခသည်စခန်းတွေအဖြစ် စာသင်ကျောင်းများနဲ့ အဆောက်အဦ အလွတ်တွေမှာ ထားရှိကြပြီး ဘုန်းကြီးကျောင်း တချို့မှာလည်း ထားရှိကြောင်း ကြားသိရပါတယ်။မြို့နယ်တခုမှာ စခန်းပေါင်း အနည်းဆုံး ၃ ခုခန့်ရှိတယ်လို့ သိရပါတယ်။

တောင်ဥက္ကှလာပမြို့နယ်တွင် နေထိုင်သူ တဦးကတော့ “ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လို့မရဘူးလို့ပြောတာပဲ၊ ကျနော်တို့ ရပ်ကွက်မှာတော့ စည်ပင်သာယာပိုင် အခန်းလွတ်တခုထဲမှာ စုထားတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်ယူရပြီး တချို့မြို့နယ်တွေ မှာဆိုရင် ဘုန်းကြီးကျောင်းများအတွင်း စခန်းဖွင့်ခွင့်မပြုဘူးလို့လည်း ကြားသိရပါတယ်။

MYANMAR ,,Map of Cyclone NARGIS affected areas

CLICK here a Map of affected area


ဒီနေရာကိုဒီလိုလာမယ်ဆိုတာ၃၆နာရီကြိုသိခွင့်ရရဲ့နဲ့ငါ့လူမျိုးတွေပိုးစိုးပက်စက်သေကြေပျက်စီးရတာ
အသဲနာတယ်...ငါလည်းဘာမှထိထိရောက်မကူညီနိုင်ဖူး...လဲသေလိုက်ဖို့ကောင်းတယ်...
သူတို့လဲဘာမှမစွမ်းဆောင်နိုင်ပဲရာဇပလ္လင်ခွေးတက်ထိုင်လို့အခုလိုကဒ်သင့်ရတာ....
ရှက်တတ်လို့သေချင်တဲ့ဗိုလ်ချူပ်ကြီးတွေရှိရင်ပြော...ရင်ဘတ်၂ခုကြားလက်ပစ်ဗုံးခွဲပြီးငါလည်း
သေချင်လို့......
"""""အင်း.....ဒီနည်းနဲ့တော့ငါသေမှာမဟုတ်သေးပါဖူး။။ဗမာပြည်မှာရှက်တတ်တဲ့ဗိုလ်ချူပ်မှမရှိတာ""""

Burma victims 'need aid quickly


The United Nations estimates that about a million people have no shelter and urgently need food and drinking water.
The spokesman for the UN's Office for the Coordination of Humanitarian Affairs, Richard Horsey, told reporters that access by relief teams to the Irrawaddy Delta would be very difficult.The junta has appointed Deputy Foreign Minister Maung Myint to deal with visa applications. A resident in Rangoon described the situation he had seen in the river. He saw many dead bodies floating in Hlaing River in west of Rangoon. The bodies were rotting and pretty unsightly. Reports from the devastated town of Labutta speak of haggard, hungry refugees congregating there, amid the stench of dead humans and animals.
Also in the programme
Have Your Say
Do you think the government gave sufficient warnig to the people about Cyclone Nagris? Were there enough preventive measures to minimise the causalities? What are the best ways to help the victims of cyclone?

VIDEO VIEWS OF VICTIMS OF CYCLONE NARGIS IN MYANMAR(BURMA)


(more watch)=>



ရေပြဿနာ အဆိုးဆုံး
May 7th, 2008 by admin
မုန်တိုင်းပြီးနောက် ရေပြဿနာ အဆိုးဆုံးဖြစ်ပြီးခဲ့သည့် စနေနေ့တွင် မုန်တိုင်းကျရောက်ပြီးနောက် ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ အခက်အခက်ခဲနှင့် အကြီးအကျယ် ရင်ဆိုင်နေကြရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “လျှပ်စစ်မီးမရှိတော့ ရေက မရဘူး ဖြစ်နေတယ်။ ရေသန့်ဘူးတွေလည်း ဈေးတက်သွားတဲ့အပြင် ၀ယ်မရတော့ဘူး။ ရေတဘူးကို နဂိုက ကျပ် (၃၀၀) လောက်ရှိနေရာကနေ ခု တဘူး ကျပ် (၈၀၀၊ ၁,၀၀၀) ဖြစ်နေတယ်။ အားလုံးက ခေါ်ဈေး ဖြစ်နေ တယ်။ ရပ်ကွက်တွေမှာ အာဏာပိုင်တွေက ကားနဲ့ ရေလိုက်ဝေတာတွေ ရှိပေမယ့် လူတွေက များလွန်းတော့ ရတဲ့ လူကရ၊ မရတဲ့လူက မရ ဖြစ်နေတယ်” ဟု ပြောသည်။
အခြားမြို့ခံ တဦးကမူ ရေသန့်ဘူးကြီးများသာမက ရေသန့်ဘူးငယ်များလည်း ရှားပါးပြီး ဈေးတက် လာကြောင်း၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံများရှေ့၌ အယ်လ်ပိုင်း သောက်ရေသန့် ကားကြီးက ရေသန့် ဘူးငယ်များ ရောင်းချပေးရာ အလုအယက် တိုးဝှေ့ဝယ်နေကြကြောင်း၊ ရေသန့်ဘူး (၆) ဘူးပါ တကတ် ကျပ် (၁,၁၀၀) ရောင်းချနေပြီး လမ်းဘေးဈေးဆိုင်များတွင်မူ တဘူး ကျပ် (၃၅၀- ၄၀၀) ဖြစ်နေကြောင်း ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ရေကား အနည်းငယ်ဖြင့် ရေ လိုက်ဝေနေသော်လည်း လူဦးရေ (၅) သန်းခန့်ရှိသည့် ရန်ကုန်မြို့၌ မည်သို့မျှ မလောက်ငကြောင်း မြို့ခံများက ပြောသည်။

ပုဇွန်တောင်မြို့နယ်ဘက်၌မူ စစ်ဘက်နှင့် ၀န်ထမ်းနေအိမ်များကို မြို့တော်စည်ပင်က ရေတင်ကား များဖြင့် ရေပေးနေသည်ကို တွေ့၍ ရေလိုအပ်သည့် သာမန် အရပ်သားများက ရေ၀ိုင်းတောင်းကြ သည်ကို မပေး၍ စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကြကြောင်း သိရသည်။

ရေပေးဝေရေး ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်က ယမန်နေ့ည (၇း၀၀) နာရီမှစ၍ ရေပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် မီးစက်ဖြင့် ကိုယ့်ဖာသာကိုယ် စုပ်တင်ရမည် ဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း ပြည်သူအများစုသည် မီးစက်ကိုယ်ပိုင် မရှိသည့်အတွက် ရေမလုံ လောက်သည့်ပြဿနာဖြင့် ရင်ဆိုင်နေကြရသည်။
ညတုံးက သိမ်ကြီးဈေးမှာ မီးပြန်လာလာချင်း shock ဖြစ်လို့ မီးလောင်သေးတယ်
ဧရာဝတီတိုင်းမှာ သေတဲ့ သူဆိုရင် ရေထဲမျှောလိုက်ရတယ် ရှင်တဲ့သူက ဘယ်သူလာအစာကျွေးမှာလဲ စောင့်နေရတယ်
နအဖ က အကူအညီတွေပေးတယ်ဆိုတာကလည်း ကြံ့ဖွတ်မိသားစုဝင်တွေကိုပဲ ဥိးစားပေးတယ်
blogger တွေလည်း နေစရာအိမ်ပျောက်ကုန်လို့  အလကားနေရင်း လည်လည်ထွက်နေရတယ်
မြို့ပေါ်ကလူတွေ နယ်ကလူတွေလောက် အခြေအနေမဆိုးပါဘူး
ရေရနေပါသေးတယ်။ သူတောင်းစားခွက်ပျောက်တာက ဟိုးအောက်ဆုံးကလူတွေပါ
alpine တို့ PMG တို့ ကလူတွေ ဒီအချိန်မှာ ရေဆိုတာမျိုးကို ရောင်းစားနေသေးတယ်နော်..အံ့သြဖို့ကောင်းလိုက်တာ..
ဒါအပေါ်ယံသိတဲ့ သတင်းတွေ..အောက်ခြေလူတန်းစားက စားစရာတောင်မရှိ၊ သောက်စရာရေမရှိတဲ့ဘ၀ပါ

ပြည်သူတွေ နိမ့်သည်ထက်နိမ့်၊ ဒုက်ခရောက်သည်ထက်ရောက်ဖို့ပဲ ရှိပါတော့တယ်
အသက်ကလွဲပြီးဆုံးရှုံးစရာ သူတို့မှာ မကျန်တော့ပါဘူးရက်စက်လိုက်ကြတဲ့ စစ်ခေါင်းဆောင်တွေရယ်..နဲနဲလေးတောင် အပြစ်ရှိတယ်လို့ မခံစားကြရတာ အရမ်းအံ့သြဖို့ကောင်းတယ်
၁- ရေထဲမှာသေဆုံးသွားတဲ့ လူတသိန်းနီးပါးအလောင်းတွေကို အရင်ဆုံး ဆယ်ပြစ်ဖို့ လိုပါတယ်။
၂- သောကြာနေ့  ဆိုရင် ပုတ်ကုန်မယ်။
၃- ကူးစက်ရောဂါပိုးတွေပြန့်  နှံလာလိမ့်မယ်။
၎- သေတဲ့သူကကူစက်ရောဂါပိုး ထိမိရင် ဆေးမရှိပါ။
၅- သေတဲ့သူတွေကို ဆယ်တင်နိင်ဖို့ အတွက် လူအင်အား ယန္တရားအင်အားလိုအပ်ပါတယ်။
၆- ဆယ်တဲ့သူတွေတ၀က်ခန့် ဟာ ကူးစက်ရောဂါခံစားရလေ့ရှိပါတယ်။ ဆေးဖြန်းပြီးမီးရှို့ ရတာတွေ ၊ မှတ်တမ်းတင်ရတာတွေ လုပ်ရလေ့ ရှိပါတယ်။
၇- လောလောဆယ် နိင်ငံတကာ အကူညီများဟာ ပိုက်ဆံများသာ ဖြစ်နေပါတယ်။ ယန္တရားနဲ့ နည်းပညာတွေမပါပါ။
၈- ဆူနားမီ ဘေးဆိုးတုံး က ကပ်သင့်နိင်ငံတွေဟာ အမျော်မြင်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
၉- မြန်မာပြည်စစ်အစိုးရက သေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေကို ဆယ်ယူမဲ့ အနေထားမရှိဘူး ဖြစ်နေပါတယ်။

သစ်ပင်ရှင်းတာကို အလုပ်ကြီးအကိုင်ကြီးလို့ထင်ပြီး ကင်မရာတစ်လုံးနဲ့ ဟန်ရေးပြ သတင်းမှာတင်ဖို့ပဲသိတဲ့ကောင်တွေပါ