Friday, June 6, 2008

ဒီနေ့မြန်မာသတင်းများ(သောကြာနေ့)

ကုလသမဂ္ဂ ရဟတ်ယာဉ်များ မြန်မာပြည်ဝင်ခွင့် ပေးသည် ဆိုသော်လည်း မ၀င်ရသေး
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အသုံးပြုဖို့ မြန်မာအစိုးရက ခွင့်ပြုထားတယ်ဆိုတဲ့ ရဟတ်ယာဉ် ဆယ်စင်းအနက် နောက်ထပ် ငါးစင်းဟာ ဘန်ကောက်ကနေ ရန်ကုန်မြို့ကို ဒီကနေ့ ပျံသန်းထွက်ခွာဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီ ဥတုမကောင်းလို့ဆိုပြီး ရွှေ့ဆိုင်းလိုက် ရပါတယ်။ ရဟတ်ယာဉ် အသုံးပြုခွင့်ကို မြန်မာအာဏာပိုင်တွေ ခွင့်ပြုခဲ့တာ သီတင်းပတ် အတော်ကြာခဲ့ပြီဖြစ်ပြီး ခုချိန်ထိ ရဟတ်ယာဉ်တွေ မရောက်နိုင်သေးဘဲဖြစ်နေရတာပါ။ ဘန်ကောက်က ကိုကျော်ကျော် သိန်းက အခုနောက်ဆုံး သိရတဲ့ ရဟတ်ယာဉ် ၅ စီး အခြေအနေအပါအ၀င် စုံစမ်းထားသလောက်ကို ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။

ရန်ကုန်မြို့က WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ခရစ္စ ကေး (Chris Kaye) ကို ကျနော် ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက ရဟတ်ယာဉ်ငါးစင်း ဒီကနေ့ ပျံသန်းဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ပြောပြခဲ့တာပါ။

“ရန်ကုန်နဲ့ ထိုင်းနိုင်ငံကြားမှာ ရာသီဥတုဆိုးရွားနေတဲ့အတွက် ပျံသန်းဖို့အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ရပါတယ်။ ပျံသန်းဖို့ရာ အပြည့်အ၀လုံခြုံမှုမရှိလောက်အောင် ဆိုးရွားနေတယ်လို့ သတ်မှတ်တာပါ။ အခုတော့ မနက်ဖြန်မှာ ပျံသန်းဖို့ စီစဉ်ထားပါတယ်။” - လို့ ခရစ္စကေးက ပြောပါတယ်။

ဗွီအိုအေက စုံစမ်းခဲ့သလောက်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မိုးအပြင်းအထန်ရွာနေခဲ့ပေမယ့် အခုလောလောဆယ်မှာ အရမ်း ကြီး ဆိုးရွားနေတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

ဒီကနေ့ ပျံသန်းဖို့စီစဉ်ပြီးမှ ရွှေ့ဆိုင်းလိုက်ရတဲ့ ရဟတ်ယာဉ် ငါးစင်းအပြင် နောက်ထပ် ၄ စင်းဟာလည်း မကြာခင်ရက်ပိုင်းမှာပဲ ဆက်သွားလိမ့်မယ်လို့ ခရစ္စ ကေးကပြောပါတယ်။

သြစတြေးလျနဲ့ ကနေဒါအစိုးရတွေရဲ့ အကူအညီနဲ့ ရဟတ်ယာဉ်ကိုးစင်းဟာ ဘန်ကောက်မှာ ရောက်နေခဲ့တာ ရက်အတော်ကြာ နေပါပြီ။ ဒီရဟတ်ယာဉ်တွေ မြန်မာပြည်ပျံသန်းရေး နှောင့်နှေး နေခဲ့ရတာနဲ့ပတ်သက်လို့ ဘန်ကောက်အခြေစိုက် WFP ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ပေါလ် ရစ္စလေ (Paul Risley) ဇွန်လ ၄ ရက်နေ့မှာ ပြောခဲ့တာက -

“ဒီရဟတ်ယာဉ်တွေ ပျံသန်းဖို့ကိစ္စမှာ ပထမဆုံးနဲ့ အခက်ခဲဆုံးစိန်ခေါ်မှုကတော့ မြန်မာအစိုးရ အနေနဲ့ WFP ကို ရဟတ်ယာဉ်တွေ အသုံးပြုခွင့်ပေးလိုတဲ့စိတ်ဆန္ဒပါပဲ။” လို့ ပြောခဲ့ပါတယ်။

မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတွေမှာ လူ သိန်းနဲ့ချီသေဆုံးခဲ့ရတဲ့အပြင် နဂိုထဲက ယိုင်နဲ့နဲ့ တံတား တွေ လမ်းတွေလည်း အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ နေရာ အများအပြားဟာ ခုချိန်ထိ သွားလာလို့မရတဲ့အခြေအနေမှာပဲ ရှိနေသေးပြီး ဒုက္ခသည်တွေဆီ ရောက်အောင် နှေးကွေးတဲ့လှေတွေနဲ့ပဲ ရက်အတော်ကြာ အချိန်ယူသွားနေရတုန်းပါ။ ဒီနေရာမှာ ရဟတ်ယာဉ်တွေသာ အသုံးပြုနိုင်မယ်ဆိုရင် အကူအညီပစ္စည်းတွေကို အချိန်တိုအတွင်း အရောက်ပို့နိုင်၊ လူတွေ နောက်ထပ် သေဆုံးမှု၊ ရောဂါဘယဖြစ်ပွားမှု၊ ဘေးဒုက္ခရောက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ သံသယဖြစ်စရာမရှိပါဘူး။

မြန်မာအစိုးရက ရဟတ်ယာဉ်အသုံးပြုခွင့် ပေးလိုက်ပြန်တော့လည်း အရပ်ဖက်ရဟတ်ယာဉ်ကိုပဲ အသုံးပြုခွင့်ပေးပြီး စစ်ဖက် ရဟတ်ယာဉ်တွေကို အသုံးပြုခွင့်မပေးပါဘူး။ ဒီအခါ အရပ်ဖက် ရဟတ်ယာဉ်တွေ ရရှိရေးက WFP အတွက် အခက်အခဲဖြစ်ခဲ့ရပြန် တာကြောင့် နှောင့်နှေး ရပြန်ပါတယ်။

စစ်ဖက်ရဟတ်ယာဉ်တွေကိုသာ အခုလို လူသားဘေးဒုက္ခကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် မြန်မာ အစိုးရက ခွင့်ပြုခဲ့မယ်ဆိုရင် အကူအညီပေးဖို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့က ရဟတ်ယာဉ်တွေဟာ မြန်မာကမ်းလွန်ပင်လယ် ပြင်မှာ ရပ်နားထားတဲ့ သင်္ဘောတွေပေါ်မှာ အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ စစ်ဖက် ရဟတ်ယာဉ်တွေဟာ အရပ်ဖက် ရဟတ်ယာဉ်တွေထက်လည်း သယ်ယူပို့ဆောင်နိုင်စွမ်းအား ပိုပြီး ကြီးမားပါတယ်။

ဒ့ါအပြင် ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ဖက်ရဟတ်ယာဉ်တွေ ဟာလည်း မြန်မာနိုင်ငံနဲ့ အနီးအနား ဒေသတွင်းမှာရှိနေခဲ့ပြီး ခွင့်ပြုချက်သာရမယ်ဆိုရင် နာရီပိုင်း အတွင်း အရောက်ပျံသန်းနိုင်ကြပါတယ်။ မလေးရှားဒုတိယ၀န်ကြီးက လည်း အာဆီယံ စစ်ဖက်ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီခွင့်ပြုဖို့ မြန်မာအစိုးကို မေတ္တာရပ်ခံတင်ပြခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရကတော့ စစ်ဖက်ယန္တရားတွေကို အသုံးပြုခွင့်ပေးဖို့ အစိုးရိမ်ကြီးစွာ ခွင့်မပြုခဲ့ပါဘူး။

နောက်ဆုံးမှာမှ ပထမဆုံး ရဟတ်ယာဉ်တစင်းကို မေလ ၂၂ ရက်နေ့မှာ WFP အနေနဲ့ ရန်ကုန်ပို့ နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ တောင်အာဖရိကနဲ့ ယူကရိန်းနိုင်ငံတို့က အရပ်ဖက် ကုမ္ပဏီတွေ ဆီကနေ ငှားရမ်းပြီး သြစတြေးလျနဲ့ ကနေဒါအစိုးရတို့က ရဟတ်ယာဉ်တွေကို ဘန်ကောက် အရောက် ကူညီသယ်ဆောင်ပေးခဲ့တာပါ။

နဂို ခွင့်မပြုတာကနေ ခွင့်ပြုခဲ့၊ ရဟတ်ယာဉ်တွေ အဆင်သင့်မရှိရာကနေ သီတင်းနှစ်ပတ်အတွင်း ရဟတ်ယာဉ်ဆယ်စင်း အဆင် သင့်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အပေါ် WFP တာဝန်ရှိသူတွေက အကောင်းမြင် ပြောဆိုခဲ့ကြပေမယ့် ဝေဖန်သူ အများစုကတော့ မြန်မာစစ်အစိုးရဟာ အကူအညီတွေ အလျင်အမြန်ပေးပို့နိုင်မယ့် ရဟတ်ယာဉ်တွေကို ဘာဖြစ်လို့ စောစောစီးစီး ခွင့်မပြုခဲ့တာလဲ၊ အလွယ်တကူရှိနေတဲ့၊ တခြား ဘာနှောင်ကြိုး ဘာရည်ရွယ်ချက်မှမပါဘဲ လူသားဘေးဒုက္ခ သက်သက်အတွက် အကူအညီပေးပါ မယ်လို့ ကမ်းလှမ်းခဲ့တဲ့ စစ်ဖက်ရဟတ်ယာဉ်တွေကို ဘာဖြစ်လို့ ခွင့်မပြုခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေကို မေးမြန်းနေဆဲ ရှိကြ ကြောင်းပါခင်ဗျား။



...........................................
မြန်မာအစိုးရ လုပ်ထုံးလုပ်နည်းများကြောင့် ကူညီရေးလုပ်ငန်းများအပေါ် အနှောင့်အယှက်ဖြစ်

06 June 2008

ဦးသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3)
ဦးသားညွန့်ဦး - နားဆင်ရန် (MP3)


နိုင်ငံခြားက ကျွမ်းကျင်သူတွေကို မုန်တိုင်းဒဏ် ကူညီကယ်ဆယ်ရေးအတွက် မြန်မာ
နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ကတိ
တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ နိုင်ငံခြားက ကူညီရေးလုပ်သားတွေဟာ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ဒေသတွေကို ရောက်ရှိဖို့
အစိုးရရဲ့ ဗျူရိုကရက်တစ် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကြောင့် အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါ
တယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အကန့်အသတ်တွေ ရှိနေတဲ့ကြားကပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အထောက်အပံ့တွေပေးနေတယ်၊ ဒါပေ
မယ့် ရက်ပေါင်း ၃၅ ရက်ကျော် တိုင်သာသွားတယ် စစ်အစိုးရရဲ့ ဗျူရိုကရက်တစ် အဟန့်အတားတွေကြောင့် ကူညီရေးလုပ်ငန်းတွေအပေါ် မချင့်မရဲဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန နိုင်ငံတကာကပ်ဘေးဒုက္ခ ကူညီထောက်ပံ့ရေးဆိုင်ရာ ညွန်ကြားရေးမှုး ကိုင်လူး
(Ky Luu) က ပြောသွားခဲ့တာပါ။

“အခြေအနေတွေအပေါ် မချင့်မရဲ အနှောင့်အယှက် ဖြစ်ရပါတယ်။ အခု ရက်ပေါင်း
၃၅ ရက်သာ တိုင်သွားတယ်။ ကျနော်တို့နဲ့ လက်တွဲလုပ်နေတဲ့ အန်န်ဂျီအို အစိုးရ မဟုတ်တဲ့အဖွဲ့တွေဆီက သတင်းအရ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ဒေသတွေကို
သွားရောက်နိုင်ဖို့ ဗျူရိုကရက်တစ် အနှောင့်အတားတွေ ရှိနေပါတယ်။ အခုဟာ အထောက်အပံ့တွေပေးဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေရော၊ ပစ္စည်းကိရိယာတွေရော ရောက်ဖို့လိုပါတယ်။ အခုအခြေအနေမှာ ကျနော်တို့သိရသမျှ ဘေးဒဏ်ခံရတဲ့ လူဦး
ရေ ၅၀% လောက်ဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ မရသေးပါဘူး။”

အကူအညီတွေ အတော့်ကို လိုအပ်နေသေးတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို အထောက် အပံ့ပစ္စည်းတွေတင် မဟုတ်ပါဘူး၊ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သား
တွေ၊ အခြေအနေ အပျက်အစီးကို အကဲခတ်သုံးသပ်ပြီး ဘယ်လိုပြန်တည်ဆောက်မလဲ
ဆိုတာ တွက်ချက်ဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ အတော့်ကိုလိုအပ်ပါတယ်။ ဒီလို နိုင်ငံတကာကျွမ်းကျင်သူတွေရဲ့ သုံးသပ်တွက်ချက်မှုအပေါ်မှာပဲ အလှူရှင်နိုင်ငံတွေအနေ
နဲ့ အကူအညီတွေ ဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ်ဆိုတာကို ယုံယုံကြည်ကြည်
စိတ်ချစွာနဲ့ ဆုံးဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျွမ်းကျင်သူတွေကို ၀င်ရောက်ခွင့်ပေး
ဖို့၊ ဒီလူတွေကိုလည်း နိုင်ငံတွင်းမှာ အကန့်အသတ်လုပ်ထားတာတွေ ဖယ်ရှားပေးဖို့
မနေ့က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုခဲ့ပါ
တယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ပြီးခဲ့တဲ့ မေလ မုန်တိုင်းပြီးပြီးချင်းကတည်းက ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပါတဲ့ DART အဖွဲ့ကို မြန်မာနိုင်ငံတွင်း
ဝင်ရောက်ဖို့ စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကို မြန်မာအစိုးရက ခုအချိန်အထိ
လက်မခံသေးဘဲ အဖွဲ့ခေါင်းဆောင်ဖြစ်သူကိုသာ မြန်မာနိုင်ငံတွင်း တလဗီဇာ
ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံကူးဗီဇာရဖို့ စောင့်နေသလို တချိန်တည်းမှာပဲ အကူအညီပေးရေးကိစ္စတွေကို ဘန်ကောက်ကနေ ကိုင်တွယ်ဆောင်ရွက်ပေးနေတယ်လို့ မစ္စတာ ကိုင်လူးက
ပြောသွားပါတယ်။

“အခုအချိန်အထိကို သူတို့ဟာ အကူအညီ ရန်ပုံငွေတွေ ဆက်ပေးနိုင်ဖို့ ကျနော်တို့နဲ့
တွဲလုပ်နေတဲ့ အဖွဲ့တွေနဲ့ အဲဒီမှာ ညှိနှိုင်းဆောင်ရွက်နေဆဲ ရှိပါတယ်။ သူတို့
ဘန်ကောက်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေတာတော့ မဟုတ်ပါဘူး။ အခု
ဆိုရင် USAID ကတဆင့် ကူညီရေးအစီအစဉ်တွေအတွက် ဒေါ်လာ ၂၇.၆ သန်း ရှိနေ
ပါတယ်။ ဒါတွေကို DART အဖွဲ့ကတဆင့် စီစဉ်နေတာပါ။ သူတို့ဟာ အခြားလက်တွဲ
ဘက် အဖွဲ့အစည်းတွေကနေ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ အရင် သီတင်းပတ်တွေတုန်းကတည်းက မျှော်လင့်ချက်အတိုင်းပါ။ DART အဖွဲ့သားတွေ
မြန်မာနိုင်ငံဝင်ရောက်ခွင့်ရမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒုက္ခသည် မြန်မာပြည်သူတွေအတွက် အမေရိကန်
ပြည်ထောင်စုအနေနဲ့ လက်ရှိအချိန်အထိ ဘယ်လောက်ကူညီနေသလဲဆိုတာကိုလည်း
နိုင်ငံတကာ ကပ်ဘေးဒုက္ခဆိုင်ရာ ထောက်ပံ့ကူညီရေးညွှန်ကြားရေးမှူး မစ္စတာကိုင်လူး
က အခုလို ရှင်းပြခဲ့ပါတယ်။

“အခုအချိန်အထိဆိုရင် အရေးပေါ် အထောက်အပံ့အဖြစ်နဲ့ USAID အမေရိကန်
ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးရေးအစီအစဉ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၇.၆ သန်း
ကျော် ထောက်ပံ့ကူညီထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကပေးမယ့် အကူအညီ အမေရိကန်ဒေါ်လာ ၇.၅ သန်းနဲ့ပေါင်းရင် အမေရိကန်အစိုးရ အကူအညီဟာ ဒေါ်လာ
၃၅.၁ သန်းရှိပါပြီ။ USAID ကနေ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၁၃ ခုက
တဆင့်ပေးတဲ့ ဒီအကူအညီငွေတွေဟာ လူဦးရေ ၁.၆ သန်း ခံစားခွင့်ရစေဖို့ ရည်ရွယ်
ထားပါတယ်။

“ဒါပေမယ့် ဒုက္ခရောက်နေသူတွေထံကို ဒီအကူအညီတွေရောက်ဖို့ အကန့်အသတ်တွေ
ရှိနေပါတယ်။ ဒီအကန့်အသတ်ဆိုတာ ကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ခွင့်ရ
ရေးတင် မဟုတ်ပါဘူး၊ ထရပ်ကားတို့ မော်တော်တို့လို သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်ချက်ပစ္စည်းတွေ၊ နောက်ပြီး ကူညီရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးမယ့် ကျွမ်းကျင်သူတွေနဲ့ အတတ်ပညာရှင်တွေပါ သွားဖို့လာဖို့ ခက်နေတာပါ။”

မြန်မာအစိုးရအနေနဲ့လည်း အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေ
က အကူအညီပစ္စည်းတွေ အထူးသဖြင့် နိုင်ငံခြားသားကျွမ်းကျင်သူတွေကို လက်ခံဖို့ တွန့်ဆုတ်နေပေမယ့် အာရှသားတွေနဲ့ အခြားအာဆီယံအသင်းက ကူညီမှုတွေကိုတော့
အတန်ငယ် လွတ်လပ်ခွင့်ပေးတဲ့သဘောတော့ ရှိပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရတို့ပူးတွဲပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဆိုတာလည်း
ဖွဲ့စည်းခဲ့ပြီးပါပြီ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို အမှန်
တကယ် ကူညီနိုင်ရေးအတွက် အာဆီယံနဲ့ ကုလသမဂ္ဂ ကြီးကြပ်ဆောင်ရွက်နေတာ
တွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒီကနေ သုံးသပ်ချက်တွေအတိုင်းလည်း သူတို့
အနေနဲ့ တုံ့ပြန်ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန နိုင်ငံတကာကပ်ဘေး
ဒုက္ခဆိုင်ရာ ကယ်ဆယ်ကူညီရေး ညွှန်ကြားရေးမှူး ကိုင်လူးက ပြောဆိုသွားပါတယ်။


.................................................
ပြင်သစ်စစ်သင်္ဘောကဆန်များ မြန်မာပြည်ကိုလွှဲပြောင်း

06 June 2008

ဦးကျော်အောင်လွင် - အစီအစဉ်ကိုရယူရန် (MP3)
ဦးကျော်အောင်လွင် - နားဆင်ရန် (MP3)


မုန်တိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်မှုတွေထဲက နောက်ဆုံးတိုးတက်မှုတချို့နဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ် (Michelle Montas) က မုန်တိုင်းဒေသ သုံးမြို့နယ်မှာ ရိက္ခာထောက်ပံ့ရေးတွေ သိသိသာသာ ရှိလာနေပါပြီ၊ မြန်မာစစ်အစိုးရက အ၀င်မခံ
လို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ်ရေတပ်သင်္ဘောက ဆန်တွေလည်း မြန်မာပြည်ကို
ပို့ဖို့ ပြင်ဆင်ထားပြီလို့ ပြောပါတယ်။ အပြည့်အစုံကို ဦးကျော်အောင်လွင်က တင်ပြ
ပေးထားပါတယ်။

“WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ပြောဆိုချက်အရ အခုရက်ပိုင်းတွေအတွင်း
အထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနဲ့ ဖျာပုံမြို့နယ်တွေမှာ စားရေရိက္ခာတွေဖြန့်ဝေဖို့ တိုးမြှင့်စီစဉ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကူညီရေး NGO အဖွဲ့တွေနဲ့ လုပ်ဆောင်နေပါ
တယ်။ မော်တော်ဘုတ်တွေ တော်တော်များများနဲ့ လုပ်နေတာပါ။ ရဟတ်ယာဉ်တစီး
ကလည်း ရန်ကုန်နဲ့ လပွတ္တာအကြား သယ်ယူပို့ဆောင်ရေးတွေလုပ်နေတာ ၄ ရက်
ရှိနေပါပြီ။ သွားလာရေးခက်ခဲတဲ့ နေရာတွေကို ရိက္ခာပစ္စည်းတွေ ပို့ဆောင်နေတာပါ။ ရဟတ်ယာဉ်နောက်ထပ် ၅ စီး ဒီကနေ့ပဲ မြန်မာပြည်ကို ရောက်လာပါလိမ့်မယ်။ တခြားရဟတ်ယာဉ်တွေလည်း ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မြန်မာပြည်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

“ မြန်မာစစ်အစိုးရက လာခွင့်မပေးလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ် ရေတပ်သင်္ဘောဟာ မနေ့ကပဲ အကောက်ခွန်ကင်းလွတ်ခွင့်ရလို့ ဆန်တန်ချိန် ၄၀၀ကို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ WFP ကုန်တင်လေယာဉ်ဆီကို လွှဲပြောင်းပေးခဲ့ပါပြီ။ ဒီကနေ့ပဲ ရန်ကုန်ကိုရောက်မှာပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ်က မြန်မာပြည်က မုန်တိုင်းဒေသကူညီရေး တိုးတက်လာမှု အခြေအနေတချို့ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

..........................................
မုန်တိုင်းဒုက္ခသည်များ ယာယီစခန်းမှ ဖယ်ရှားမည်ကို အမေရိကန်စိုးရိမ်

06 June 2008
မြန်မာနိုင်ငံမှာ လေပြင်းမုန်တိုင်းကျစဉ် အသက်မသေ ရှင်ကျန်ခဲ့ကြတဲ့ လေဘေး ဒုက္ခသည်တွေကို ယာယီစခန်းကနေ
စစ်အစိုးရက ဖယ်ရှားနေတဲ့အတွက် အမေရိကန်က စိုးရိမ်ကြောင်း ဖော်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် တာဝန်ခံ ကိုင်လူးက အဲဒီလို ဖယ်ရှားလိုက်မယ်ဆိုရင် လေဘေးဒုက္ခ
သည်တွေဟာ နိုင်ငံတကာ ကယ်ဆယ်ရေးပါရဂူများ သွားရောက်လုပ်ကိုင်လို့မရတဲ့
ဒေသများဆီ အတင်းအဓမ္မ ပြန်သွားခိုင်းတာ ဖြစ်လာလိမ့်မယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

လေဘေးဒုက္ခသည်တွေကို သူတို့ရဲ့နေအိမ်တွေ ပျက်စီးသွားပေမယ့် အတင်းပြန်ခိုင်း
နေကြောင်း Amnesty International အဖွဲ့က အစီရင်ခံထားပြီး လူ့အခွင့်အရေးအဖွဲ့
များကလည်း စစ်တပ်က လေဘေးဒုက္ခသည်များအား အတင်းစိုက်ပျိုးခိုင်းတဲ့
အထောက်အထားများ တွေ့ရကြောင်း ကြေညာပါတယ်။

ဧရာဝတီတိုင်းကို ဆိုင်ကလုံးလေပြင်းမုန်တိုင်း တိုက်ခတ်သွားပြီးကတည်းက လေဘေး
ဒုက္ခသည် ၅၀၀,၀၀၀ လောက် စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂက
ဆိုပါတယ်။ နိုင်ငံခြားကယ်ဆယ်ထောက်ပံ့ရေး ကျွမ်းကျင်သူ အလုပ်သမားများအား အကန့်အသတ်နဲ့သာ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ပြုပြီး ၀င်ခွင့်ရပြန်တော့လည်း အထိနာတဲ့ ဧရာဝတီတိုင်းကို အများအားဖြင့် သွားခွင့်မပြုပါဘူး။


.................................................
ဆောင်းပါး

အမေရိကန် စစ်သင်္ဘောများ ဘာကြောင့် ၀င်ခွင့်မပြုတာလဲ
အောင်ဇော် | ဇွန် ၆၊ ၂၀၀၈

အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်၏ အကြီးအကဲ ရောဘတ်ဂိတ် (Robert Gate) က မြန်မာနိုင်ငံ၏ မုန်တိုင်း ကပ်ဘေးဒဏ်သင့် ပြည်သူများကို အမေရိကန်စစ်သင်္ဘောများက ၀င်ရောက်ကူညီပေးရန် ခွင့်မပြုခဲ့ခြင်းအပေါ် မြန်မာ စစ် အာဏာပိုင်များအနေဖြင့် နားပင်းနေသည်၊ မထုံတက်တေးနေသည်ဟု စွပ်စွဲခဲ့သည်။ ဤသို့ ဖော်ပြပြောဆိုခဲ့ချက်က မှား ယွင်းနေပါသည်။

မြန်မာနိုင်ငံကို သက်ဦးဆန်ပိုင်ဆန်ဆန် အုပ်ချုပ်နေသည့် စစ်ဘုရင်များသည် နားပင်းနေခြင်း၊ မထုံတက်တေးနေခြင်း မဟုတ်ပါ။ အမှန်တွင် နိုင်ငံရေး အတွင်းကြေဒဏ်သင့်ခံထားရသည့် ၎င်းဗိုလ်ချုပ်များက စိုးရိမ်ကြောက်ရွံ့နေကြခြင်းဖြစ်ပြီး၊ သူတို့ကိုယ်သူတို့ အရေးပါနေသည်၊ သူတို့သာ တိုင်းပြည်အာဏာကို စွန့်လွှတ်လိုက်ပါက နိုင်ငံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သည်ဟူသည့် ထင်တလုံး ဘ၀င်ဖြင့် နေထိုင်နေကြခြင်း ဖြစ်သည်။

အချို့သော လေ့လာသုံးသပ်သူများကလည်း အလားတူ ဖော်ပြခဲ့ကြပါသည်။ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို အမေ ရိကန် စစ်သင်္ဘောများက ကယ်ဆယ်ခွင့် ငြင်းပယ်ခံရသည့် ယခုကိစ္စသည် ကိုလိုနီအတိတ်နှင့်သော်လည်းကောင်း၊ လက်ရှိ ဗိုလ်ချုပ်များ ကိုင်စွဲထားသည့် နိုင်ငံခြားသား မုန်းတီးရေး အယူအဆများနှင့် လားလားမျှ ပတ်သက်ခြင်း မရှိပါ။

မြန်မာ စစ်ဗိုလ်ချုပ်များ စိုးရိမ်ကြောင့်ကြနေသည့်ကိစ္စမှာ အကယ်၍ အမေရိကန်စစ်သင်္ဘောများနှင့် နိုင်ငံခြားတပ်ဖွဲ့များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကပ်ဘေးသင့်ပြည်သူများကို ၀င်ရောက်ကယ်ဆယ်ရန် ၀င်ခွင့်ပြုလိုက်ပါက၊ လူထု များက သူတို့အားကိုးနှင့် အုံကြွဆန့်ကျင်လာကြပြီး စစ်အစိုးရကို ဖယ်ရှားလိုက်မည်ကို စိုးရိမ်နေခြင်းပင် ဖြစ်သည်။ ဤအကြောက် တရားကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် စစ်အုပ်စုက အမေရိကန်များကို ၀င်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တို့က လူသားချင်းစာနာမှုကိစ္စသက်သက်ဖြင့်သာ ၀င်ရောက်လာခြင်း ဆိုသည်ကို မြန်မာစစ်ဗိုလ်ချုပ်များက အမှန်တကယ် စိတ်ထဲတွင် ယုံကြည်ထားနိုင်ပါသည်။ သူတို့ မယုံကြည်သည်က သူတို့၏ လူထုများကိုယ်တိုင်ကိုပင် ဖြစ် သည်။ ၀င်ရောက်လာကြသည့် နိုင်ငံခြားတပ်ဖွဲ့များကို မြန်မာလူထုက အားကိုး၍ အုံကြွနိုင်ပြီး စစ်အစိုးရ၏ နောက်ဆုံးနေ့ များ ဖြစ်သွားနိုင်ပါသည်။

ဆိုကြပါစို့။ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်လာကြသည့် အမေရိကန် ကမ်းတက်တပ်ဖွဲ့များနှင့် ၀န်ထမ်းများကို စိတ်ပျက်အားငယ်နေကြသည့် ပြည်သူများက သောင်းသောင်းဖြဖြ လက်ကမ်းကြိုဆို၍ သူတို့မုန်းနေကြသည့် နေပြည် တော်ရှိ စစ်အစိုးရကို ဖြုတ်ချပေးရေး တိုက်တွန်းကြမည့် အနေအထားကို မြင်ယောင်ကြည့်နိုင်ပါသည်။ ကယ်ဆယ်ရေး တာဝန်ဖြင့် ၀င်လာကြမည့် တပ်များက ချက်ချင်းဆိုသလို အစိုးရပြောင်းလဲရေး ဆောင်ရွက်မည့် အင်အားစုများ ဖြစ်လာ နိုင်ပြီး၊ သန်းရွှေစစ်အစိုးရကို ဆန့်ကျင်ကြမည့် လူထုအုံကြွမှုကို ထောက်ခံပံ့ပိုးပေးမည့် အင်အားစုများ ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း စစ်အစိုးရအနေဖြင့် USS Exxes က ဦးဆောင်လာသည့် အမေရိကန်စစ်သင်္ဘောများကို ကြောက်ရွံ့နေရန် အကြောင်း မရှိပါ။ သူတို့ ပြန်ထွက်ခွာသွားကြပြီ ဖြစ်သည်။ အကူအညီ ကုန်ချိန် တန် ၁,၀၀၀ ကျော် တင်ဆောင်ထားသည့် ပြင်သစ်စစ်သင်္ဘော မစ် (စ်) ထရယ် (Mistral) လည်း မြန်မာ့ရေပိုင်နက်အနီးမှ ခွာ၍ သွားခဲ့ရပါသည်။ သူတို့က မုန်တိုင်း ဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ ကြရသည့် ပြည်သူများကို ကုန်ပစ္စည်းများ တိုက်ရိုက်ချပေးခွင့် မပြုခဲ့သည့် မြန်မာအစိုးရ၏ သဘောထားအပေါ် အံ့သြ တုန်လှုပ်မိကြောင်း ပြောဆိုခဲ့သေးသည်။

ယခုရှိနေသည့် အမေရိကန်ရေတပ်ရေယာဉ်များတွင် ကမ်းတက်ရေယာဉ် ၃ စီးပါဝင်ပြီး၊ ကုန်ပစ္စည်းကြီးများ တင်ချနိုင်သည့် ရဟတ်ယာဉ်ကြီး ၂၂ စီး ပါဝင်သည့် USS Essex စစ်သင်္ဘောကြီးလည်း ရှိနေပါသည်။ ထိုမျှမက အခြားကမ်းတက် ယာဉ် ငယ်များလည်း ရှိနေကြပါသည်။ အမေရိကန် စစ်ရဟတ်ယာဉ်များကိုလည်း မြန်မာ့လေပိုင်နက်အတွင်း ပျံသန်းခွင့်ကို ငြင်းပယ်ခဲ့သော်လည်း၊ ထိုင်းနိုင်ငံ အူတာပေါင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အကူအညီပစ္စည်းများ သယ်ပို့ပေးရန် စီ-၁၃၀ အမျိုးအစား ကုန်တင်လေယာဉ်အချို့ကို ခွင့်ပြုခဲ့ပါသည်။ ဤအနေအထားကပင် စစ်အစိုးရ၏ ခွဲခြားကျင့်သုံးနေသည့် မူဝါဒကို သိသာထင်ရှားစေပါသည်။

အရပ်သား အကူအညီပေးရေးဝန်ထမ်းများကိုသာ မုန်တိုင်းသင့်ဒေသများတွင် ခွင့်ပြုမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက ဆိုခဲ့ပါသည်။ သို့သော် ဤနှုတ်ကတိကိုပင် အပြည့်အ၀ လိုက်နာဖြည့်ဆီးပေးခြင်း မရှိသေးပါ။

စစ်အစိုးရ၏ ယခုအပြုအမူကို "ရာဇ၀တ်မှုသင့်စေသည့် လျစ်လျူရှုမှု" ဟု ရောဘတ်ဂိတ်က ဖော်ပြစွပ်စွဲခဲ့ပြီး၊ မြန်မာစစ် အစိုးရထံသို့ ၁၅ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့သည်ဟု ဆိုပါသည်။ USS Essex သင်္ဘောမှ ရဟတ်ယာဉ်များကို အကူ အညီပေး ရေးပစ္စည်းများ သယ်ချပို့ဆောင်ခွင့်ပြုရန် တောင်းခံခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ကမ်းလှမ်းမှုများအားလုံးကို စစ်အစိုးရက ပယ်ချခဲ့ပါသည်။ စစ်အစိုးရ ဆက်လက်ခေါင်းမာနေပါက ပြည်သူထောင်ပေါင်းများစွာ သေကြေကြရလိမ့်မည် ဟု ဂိတ်က ပြောခဲ့ပါသည်။

အမေရိကန် ကယ်ဆယ်ရေး စစ်အဖွဲ့ကို ၀င်ခွင့်ပြု၍ အမှန်တကယ် ကပ်ဘေးသင့်နေရသည့် ပြည်သူများကို ကယ်ဆယ်ခွင့် ပြုလိုက်သည်ထက်စာလျှင်၊ ယခုလို မထုံတက်တေးနေ၍ မုန်တိုင်းသင့် ရွာသား ထောင်ဂဏန်းအချို့ကို သေဆုံးစေလိုက် သည်ကမှ ဗိုလ်ချုပ်သန်းရွှေအတွက် ပို၍ လုံခြုံမှု ရှိပါသည်။

မြန်မာပြည်သူ သန်းပေါင်းများစွာက အမေရိကန်စစ်သင်္ဘောများ အလာကို စောင့်ကြိုနေကြသည်ကို ဗိုလ်ချုပ်သန်းရွှေ ကောင်းကောင်း သိထားပါသည်။ မြန်မာပြည်သူများက စစ်သင်္ဘောများ သယ်ဆောင်လာမည့် ရိက္ခာ အကူအညီများ သက်သက်မျှကိုသာ စောင့်မျှော်နေကြခြင်း မဟုတ်ပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာစစ်အာဏာပိုင်များက စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်၌ Coral Sea အမည်ရ လေယာဉ်တင်သင်္ဘော အပါအ၀င် အမေရိကန် ရေတပ်စစ်သင်္ဘော ၅ စီးကို မြန်မာ့ရေပိုင်နက်အနီး ရောက်ရှိလာ ခဲ့သည် ဆိုပြီး၊ အမေရိကန် သံရုံးကို စောဒကတက် ကန့်ကွက်ခဲ့ပါသေးသည်။ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီ ၆ ရက် အလိုတွင် ဤသို့ ၀င်လာခဲ့ကြသည်ဟု ဆိုသည်။

ဤသို့ နိုင်ငံခြား စစ်သင်္ဘောများ တွေ့ရသည့် လက္ခဏာကို ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းအပါအ၀င် မြန်မာ စစ်ခေါင်းဆောင်များက အလွန်အမင်း စိုးရိမ်မှု ရှိကြပါသည်။ သို့သော်လည်း ၁၉၇၀ ခုနှစ်ကာလများက ဦးနေ၀င်းသည် အမေရိကန်ပြည်ထောင်စုထံမှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်သူပုန်များကို နှိမ်နင်းရေးအတွက် ရဟတ်ယာဉ် များအပါအ၀င် စစ်ရေးအကူအညီများကို ရရှိ ခံစားနိုင်ခဲ့ကြပါသေးသည်။

၎င်းအတိတ်ကာလများက မြန်မာနိုင်ငံအနေဖြင့် စစ်အရာရှိများကို အမေရိကန်ရှိ စစ်တက္ကသိုလ်ကျောင်းများသို့ ပို့ဆောင်၍ လေ့ကျင့် သင်ယူစေနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တရားဝင်မူဝါဒအရ ဆိုလျှင် ပဋိပက္ခဖြစ်နေသော အနေအထားမှလွဲ၍ ကျန်ကာလများတွင် အမေရိကန်များကို ကြိုဆိုသည့်သဘောထားရှိပြီး ယခုတိုင်လည်း ဤမူကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ပါသည်။

ဤမူအရ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလ၊ မငြိမ်မသက်ဖြစ်နေစဉ်တွင် အမေရိကန်သံရုံးရှိ ၎င်းတို့၏၀န်ထမ်းများကို ကယ်ဆယ်ထုတ်သွားနိုင်ရေး အတွက် စီ-၁၃၀ အမျိုးအစား ကုန်တင်ယာဉ်တစီး မြန်မာပြည်သို့ ဆင်းသက်ခွင့်ပြုရန် တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင်များက ငြင်းဆန်ခဲ့ကြဖူးပါသည်။

ထိုအချိန်က ကောလာဟလများလည်း ထွက်ပေါ်နေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အကူအညီပေး ရေးအတွက် အမေရိကန် စစ်သင်္ဘောများ လမ်းတွင် လာနေကြပြီဟု လူအများက ပြောဆိုနေခဲ့ကြပါသည်။ ဤကောလာ ဟလများကြောင့်ပင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းမှုအပြီးတွင် ထောင်နှင့်ချီသည့် မြန်မာပြည်သူ များ နယ်စပ်ဒေသနှင့် တောတွင်းသို့ ထွက်ခွါ၍ လက်နက်ကိုင်တိုက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤ ကောလာဟလများမှာ အမှန် မဖြစ်ခဲ့ဘဲ စိတ်ကူးယဉ်သက်သက်မျှသာ အဖြစ်ရှိခဲ့ပါသည်။ အမေရိကန် စစ်သင်္ဘောများ ကလည်း အမှန်တကယ် ရောက်ရှိမလာခဲ့ကြပါ။

ဤအဖြစ်မှ နှစ် ၂၀ ကြာသည့်ကာလတိုင် မြန်မာပြည်သူများက စစ်သင်္ဘောများကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။ ယခု တကြိမ်တွင်မူ လူသားချင်းစာနာသည့် အကူအညီများ ပေးပို့နိုင်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း ကြေကွဲဖွယ်ကိစ္စမှာ ယခုတကြိမ်တွင်လည်း ဤသင်္ဘောများ အမှန်တကယ် ရောက်မလာဘဲ စိတ်ကူးယဉ်သဖွယ်သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ ကျူးကျော်တိုက်ခိုက်ခဲ့ရာ၌ မြန်မာပြည်သူများ အကြား၌ အချင်း ချင်း တီးတိုး ရယ်စရာ ပြောခဲ့ကြသေးသည်။ " စိန်ပြီးလျှင် ရွှေလာလိမ့်မည်" ဟု ဆိုခဲ့ကြသည်။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူ (စိန်) ပြီးလျှင်တော့ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်း (ရွှေ) အလှည့်ကျလာမည်ဟု ရည်ညွှန်းပြော ဆိုကြခြင်း ဖြစ်သည်။

ယခုတကြိမ်တွင်လည်း ကောလာဟလအသစ်တခုက လူအများ ပါးစပ်ဖြားတွင် ရေပန်းစားနေပြန်ပြီ ဖြစ်သည်။

လူအများက စိတ်ပျက်အားလျှော့စွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ လေယာဉ်များမှ ကျဆင်းလာမည့် အကူအညီ ပစ္စည်းများ စောင့်မျှော်နေကြစဉ်တွင် အကြံပေးနက္ခတ်ဗေဒင်ဆရာတဦးက ဗိုလ်ချုပ်သန်းရွှေကို ပြောလာသည်ဟု ဆိုပါ သည်။ အကယ်၍ ယူနီဖောင်းဝတ် လူဖြူတဦးသာ မြန်မာ့မြေပေါ်သို့ ဆင်းသက်လာခဲ့ပါက စစ်အစိုးရ ချက်ချင်းပြိုကွဲရခြိမ့် မည်ဟု ဆိုပါသည်။ ဤအကြောင်းကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက အမေရိကန်ရေတပ်များ အကူအညီပေးလာမည့် ကိစ္စ ကို ငြင်းဆန်နေခြင်း ဖြစ်ပါသည်။ သူနှင့်အတူ ဗေဒင်နက္ခတ်အယူသည်းလှသည့် ၎င်း၏ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း ထောက်ခံ တိုက်တွန်းပေးနေပုံ ရပါသည်။

ကမ်းတက်ရေယာဉ်များနှင့် ရဟတ်ယာဉ်များမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆင်းသက်လာမည့် အမေရိကန်စစ်သားများ ကို "သူတို့လွတ်မြောက်ရေးအတွက် ကယ်ဆယ်ပေးကြမည့် တပ်ဖွဲ့များ" ဟု အထင်မှားနိုင်ကြပါသည်။ ဤအချိန်တွင် ဧရာ ၀တီမြစ်ဝကျွန်းပေါ်ဒေသ၏ ပြင်ပနေရာများတွင်ပါ လူထုအုံကြွမှုများ မီးမွှေးပေးလိုက်သလို ထတောက်လာကြမည်မှာ သံသယရှိစရာ မလိုပါ။ မုန်တိုင်းဒဏ်သင့်၍ ရှင်ကျန်ရစ်ရသူများက အကူအညီများ တောင်းဆိုကြမည့်အပြင်၊ ယခုအခါ ယာယီဒုက္ခသည်စခန်းများမှ နှင်ထုတ်ခံနေကြရသည့် ဒုက္ခသည်များကလည်း အကူအညီတောင်းကြမည်မှာ မလွဲပါ။ မြန်မာ တပ်ဖွဲ့များနှင့် နိုင်ငံခြားတပ်ဖွဲ့များအကြား လက်နက်ကိုင် ငြိစွန်းရမှုများလည်း ရှိလာနိုင်ပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသည်ပင် စစ်မြေတလင်း ဖြစ်သွားနိုင်ပါသေးသည်။

သို့သော်လည်း ဤစစ်ပွဲများ ဖြစ်လာပါက ဧရာဝတီမြစ်ဝကျွန်းပေါ်မျှနှင့်ပင် တန့်နေလိမ့်မည် မဟုတ်ပါ။ နေပြည်တော်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် စစ်အစိုးရကို ဆန့်ကျင်မည့် နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုလည်း ဖြစ်သွားနိုင်ပါသေးသည်။

အမေရိကန်စစ်သားများကို ဗိုလ်ချုပ်သန်းရွှေ၏ ခံတပ် နေပြည်တော်ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရကို ဖယ်ရှားပေးရန် တောင်းဆိုမှုများလည်း ဖြစ်လာနိုင်ပါသည်။ လေ့လာသူများနှင့် အတိုက်အခံများက ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချရန် နာရီဝက်မျှပင် မကြာနိုင်ဟု ဆိုကြပါသည်။ ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ လက်ဝေခံ လူ ၂၀ ကျော်ခန့် အုပ်စု ကိုသာ ဖယ်ရှားလိုက်ရန် လိုအပ်ပါသည်။

မြန်မာစစ်တပ်ကပါ ဤသို့သော သမိုင်းဝင်အခွင့်အရေးမျိုးကို ပူးပေါင်းလက်တွဲ ဆင်နွှဲကြလိမ့်မည်ဟု လူအများက ယုံကြည် ထားကြပါသည်။

ဤအဖြစ်က ယခုတကြိမ်တွင်လည်း စိတ်ကူးယဉ်အိပ်မက်အဖြစ်မျှသာ ကျန်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေကို တရား ဥပဒေရှေ့မှောက် ပို့နိုင်ရန် အခွင့်အရေးမှ တကြိမ်လွှဲရှောင်နိုင်ခဲ့ပြန်ပြီ ဖြစ်ပြီး၊ ပြည်သူပြည်သား ထောင်ပေါင်းများစွာ၏ အသက်ကို စတေး၍ သူ၏ လွတ်ရာလွတ်ကြောင်း လမ်းရှာဖွေနိုင်ခဲ့ပြန်ပြီ ဖြစ်သည်။ စစ်သင်္ဘောများကလည်း ဒုက္ခသည် များကို ကယ်ဆယ်ရေးအကူအညီများ မပေးနိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရပါသည်။

ဤစစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ခွင့်မပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုက ကနဦးကပင် သိရှိ ထား၊ ကြိုတွက်ထားသည်လည်း ဖြစ်နိုင်ပါသည်။ သူတို့၏ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများကို ချပေးရမည့်အစား လူမုန်းများလှသည့် စစ်အစိုးရကို ဖယ်ရှားရခြင်းမျိုးနှင့်လည်း နောက်ဆုံး ကြုံကြိုက်ရကောင်း ကြုံရနိုင်ပါသည်။ ယခုသူတို့ ကြုံကြိုက်ရသည့် တာဝန်သည်လည်း မပြီးဆုံးသေးသည့် တာဝန်မျိုး ဖြစ်နိုင်ပါသည်။ သူတို့အတွက် မခက်ခဲလှသည့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအရှုပ်ကို ရှင်းရန်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သေချာသည်မှာ ဤတာဝန်က နာဂစ် ဆိုက်ကလုန်း မုန်တိုင်းကြောင့် ကျန်ခဲ့သည့် အပျက်အစီးများကို ရှင်းလင်းရသည်လောက် ခက်ခဲပင်ပန်းလှမည် မဟုတ်ခြင်းပင်။


.......................................
စစ်အစိုးရ သတင်းစာက နိုင်ငံတကာ သတင်းဌာနများကို ပုတ်ခတ်ရေးသား
ကိုသက် | ဇွန် ၆၊ ၂၀၀၈

နိုင်ငံတကာရှိ လွတ်လပ်သည့်သတင်းဌာနများက မြန်မာနိုင်ငံရှိ ကိုယ်ကျိုးရှာ အတ္တသမားများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ သိက္ခာကျစေရန် လေဘေးဒုက္ခသည်များ ထောက်ပံ့ကူညီမှုကင်းမဲ့နေသယောင် အထင်မှားအောင် လုပ်ဆောင်နေကြ သည်ဟု စစ်အစိုးရထုတ် သတင်းစာများက ပုတ်ခတ်ထားသည်။

မြန်မာနိုင်ငံရှိ မသမာသူများသည် ဧရာဝတီတိုင်း လပ္ပတ္တာနှင့် ဘိုကလေးနယ်များသို့သွား၍ လုပ်ကြံဖန်တီး ဗီဒီယို ပြကွက် များရိုက်ကူးကာ ပြည်ပသတင်းဌာနများသို့ ပေးပို့လျက်ရှိသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။

“ဗီဒီယို သတင်းများ ရိုက်ကူးရယူရာတွင် မသိနားမလည်သူ လေဘေးသင့်ပြည်သူများကို ငွေပေးစည်းရုံး၍ လည်းကောင်း၊ ကြိုတင်စည်းဝါးရိုက်ထားသည့် ၎င်းတို့၏ အမာခံများကို ရှေ့ဆောင်မေးခွန်းများမေး၍ လည်းကောင်း၊ အဆိုးမြင်လုပ်ကြံ အဖြေများကိုပေးစေကာ ရိုက်ကူးထားကြောင်းနှင့် တချို့သော နေထိုင်ရေး၊ သန့်ရှင်းရေး၊ စားသောက်ရေးလိုအပ်ချက်များ ကို တဆိတ်တအိတ်လုပ်ကာ ပုံကြီးချဲ့သတင်းများ ရိုက်ကူးကြကြောင်း သိရှိရသည်” ဟု ကြေးမုံသတင်းစာတွင် ရေးသား ထားသည်။

စစ်အစိုးရသတင်းစာက အတ္တသမား၊ မသမာသူများနှင့် ပြည်ပ သတင်းဌာနများဟု နာမ်စားများသုံး၍သာ စွပ်စွဲ ရေးသား ထားခြင်းဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ဌာနအား ရည်ညွှန်းသည်ကို ဖော်ပြထားခြင်းမရှိသကဲ့သို့ အကြောင်းအရာပိုင်း ၌လည်း တိကျခိုင်မာသည့်အချက်အလက်များဖြင့် ကိုးကားဖော်ပြထားခြင်းမရှိပေ။

မုန်တိုင်းဒဏ်ခံရသည့်ဒေသများသို့ သွားရောက်ကူညီနေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတဦးက “နိုင်ငံတကာ အကူအညီတွေကို သတင်းမှတ်တမ်းတွေမရှိဘဲနဲ့ ဘယ်လိုလုပ်ရနိုင်မှာလဲ။ ဒါက ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပဲလေ။ ကျမတို့သွားခဲ့တဲ့နေရာတွေမှာတွေ့ခဲ့တာတွေနဲ့ မီဒီယာတွေက ဖော်ပြတာ တထပ်တည်းပါ … ဒါတွေဟာ မဟုတ်ဘူးလို့ ဘယ်သူကပြောတာလည်းလို့ ပြန်မေးရမှာ … ပြောတဲ့လူက သက်သေပြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ပြည်ပသတင်းဌာနများ၏ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကိုကြည့်ရှူရသဖြင့် မုန်တိုင်းဒုက္ခသည်များကို ကူညီလိုသည့် စေတနာရှင် ပိုမိုများပြားလာကြသည်ဟုလည်း အဆိုပါ ကယ်ဆယ်ရေးလုပ်သားက ပြောသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) ၏ ထိုင်းနိုင်ငံတာဝန်ခံ ဦးတိုးဇော်လတ်က “ဒီဗီဘီ က စစ်အစိုးရ မီဒီယာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ကို လိုက်လံတူးဆွပြီး တင်ပြဖို့တာဝန်ရှိတယ်လို့ ယူဆပြီး သတင်းတွေကို ဖော်ပြနေတာပါ”ဟု ပြောသည်။

“မြန်မာ့ရုပ်မြင်သံကြားမှာ ပြနေတာတွေက ဗိုလ်ချုပ်တွေက ဟိုဟာပေး၊ ဒီဟာပေးတာတို့ … ပြနေတာတွေက စိတ်မချမ်း သာစရာ တကွက်မှမပါဘူး။ လူတွေ သိန်းနဲ့ချီပြီးသေတဲ့ကိစ္စမှာ အနည်းဆုံးစိတ်မချမ်းသာစရာ တခုမှမတွေ့ရဘူး။ တကယ် တမ်းက ဟုတ်မှမဟုတ်တာ” ဟုလည်း ဦးတိုးဇော်လတ်က ပြောသည်။

..............................................
လူရွှင်တော် ဇာဂနာ၏ နေအိမ် ထပ်မံရှာဖွေခံရ
ကိုစိုး | ဇွန် ၆၊ ၂၀၀၈

ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသည့် မုန်တိုင်းဒုက္ခသည်များကို ကူညီပေးနေသော လူရွှင်တော် ဇာဂနာ၏ နေအိမ်ကို ယနေ့ နေ့လယ်တွင် အာဏာပိုင်များက ဒုတိယ အကြိမ် ထပ်မံရှာဖွေ၍ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ် ကြောင်း ကိုဇာဂနာ၏ မိခင်က ပြောသည်။

ယင်းသို့ လူရွှင်တော်ဇာဂနာ၏ အိမ်ကို ထပ်မံရှာဖွေ ခြင်းမှာ အာဏာပိုင်များက လူငယ်တဦးကိုလိုချင်သည့် အတွက် ဖြစ်ပြီး ယင်းလူငယ်ကို မရရှိပါက ကိုဇာဂနာ၏ ခယ်မဖြစ်သူကို ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။

“ဟုတ်ပါတယ်၊ ကိုသူရအိမ်မှာ ဒုတိယအကြိမ်ဝင်ရှာတာ၊ ဘာမှ မရတဲ့အခါကျတော့ ကိုသူရ တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထားတဲ့ ကလေးကို ရှာခိုင်းတယ်၊ သူက ကိုသူရမရှိတော့ ပြန်သွားတယ်၊ ဘယ်နေမှန်းလဲမသိဘူး၊ အဲဒီ ကလေးကို မတွေ့ရင် ခယ်မကို ခေါ်သွားမယ်လို့ ပြောတယ်၊ ဘယ့်နဲ့မှ မတတ်နိုင်ဘူး ခေါ်ရင်လည်းလိုက်သွား ပေါ့၊ သူတို့လက်ထဲမှာရှိတာ”ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။

ယမန်နေ့က လူရွှင်တော်ဇာဂနာကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် လေဘေး ကယ်ဆယ်ရေးလုပ်ငန်းမှတ်တမ်း စီဒီ ဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။

ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်သည်။ မုန်တိုင်း တိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်လျှက်ရှိသည်။

ယခုကဲ့သို့ လေဘေး ဒုက္ခသည်များကို ကူညီနေသူ ကိုဇာဂနာအား ဖမ်းဆီးခြင်းသည် ဒုက္ခသည်များအတွက် ကူညီပေးရေး လုပ်ငန်းကို ဖျက်ဆီးခြင်းပင် ဖြစ်သည်ဟု ဆရာမကြီး ဒေါ်ကြည်ဦးကပြောသည်။

“သူ့မျက်နှာနဲ့ ဆက်လှူမှာတွေကလည်း ရှိသေးတယ်၊ ဟို အဝေးနယ်မှာရှိတဲ့ မိန်းမအလှကျွန်း၊ ခမောက်စု ဆိုတဲ့ ရွာ၊ စပ်စု ဆိုတဲ့ရွာ တွေကို သွားပြီးလို့ တရက်ပဲ ရှိသေးတယ်၊ မောင်သူရကို ခေါ်သွားတာ၊ အဲဒီမှာ မျိုးစပါး၊ ဆီ၊ ဆား ဝယ်ပေးမယ်ဆို တာတွေ ပြောခဲ့တာ၊ ဒီမှာလည်း ဝယ်ထားတာ လက်စလက်နတွေရှိသေးတယ်၊ ရေသန့်တွေ အတွက် စရံပေးထားတာတွေရှိ သေးတယ်၊ အဲဒီလို သူများ အလှူအတန်းလုပ်နေတာကို ဖျက်ဆီးလိုက်သလိုဖြစ် တာပေါ့” ဟု ဆရာမကြီး ဒေါ်ကြည်ဦးက ဆက်လက်ပြောကြားသည်။

ထိုသို့ လူရွှင်တော်ဇာဂနာကို ဖမ်းဆီးပြီးနောက် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် လေဘေးသင့် ပြည်သူ များကို ခုတုံးလုပ်အသုံးချသူများနှင့် လုပ်ကြံသတင်းများကို ပြည်ပသတင်းမီဒီယာများသို့ ပေးပို့ ကိုယ်ကျိုးရှာနေ သူများ ရှိနေကြောင်း တိုက်ဆိုင်စွာ ရေးသား ဖော်ပြထားသည်။

............................................
ဇာဂနာ ပျောက်ဆုံးနေ

ဝိုင်းပီး
သောကြာနေ့၊ ဇွန်လ 06 2008 21:45 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နှစ်ရက်သာ ကြာမြင့်မည်ဆိုကာ ဖမ်းဆီးသွားခဲ့သော သရုပ်ဆောင် ကိုဇာဂနာ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုပင် စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောကြသည်။

အထူးရဲသတင်း တပ်ဖွဲ့များက ဇွန် ၄ ရက်နေ့က မေးမြန်းစရာရှိသဖြင့် ခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း လေဘေး ဒုက္ခသည်များကို အနုပညာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်တိုက်အားတိုက် ကူညီ စောင့်ရှောက်နေရင်း အဖမ်းခံရခြင်း ဖြစ်သည်။

ရဲများက စမ်းချောင်းမြို့နယ်ရှိ သူ၏ နေအိမ်တွင် ဝင်ရောက် ရှာဖွေပြီး စိန်စီသောည၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည စသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ သီဆိုသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်နှင့် ငွေများ သိမ်းဆည်းသွားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ကိုဇာဂနာသည် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ၅ ကြိမ်မြောက် ခံခဲ့ရပြီး၊ အနုပညာ လုပ်ငန်းများတွင် ဖျော်ဖြေ တင်ဆက်ခွင့် ပိတ်ပင်ထားခံရသည်။


..............................
ဆောင်းပါး

မြန်မာ့ ကာမိကာဇေ၊ သို့မဟုတ် ကိုယ်တိုင်ရေး သမိုင်း

ဆောင်းပါး
နေသန်မောင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 13:23 - မြန်မာစံတော်ချိန်

မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာ ရေပိုင်နက်အတွင်း နာဂစ် လေမုန်တိုင်းဒဏ် ခံရသူများအတွက် အရေးပေါ် အကူအညီ ပေးနိုင်ရေး သီတင်းပတ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည် ဆုတ်ခွါလိုက်တာနဲ့အတူ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ ၀င်ရောက် စွက်ဖက်ရေးအတွက် မျှော်လင့်ချက် အသီးသီးဟာလည်း နောက်ထပ်တကြိမ် ပြိုလဲသွားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ “နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစား လိုက်နာရပါမယ်” ဆိုတဲ့အပြောနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ရက်စက် ဖိနှိပ်နေတဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ အမေရိကန်လူသန်ကြီးရဲ့ နောက်ဆုံး ပေါ်လစီက လူအများအပြားကို အံ့အား သင့်သွားစေခဲ့ပါတယ်။ မေလဆန်းပိုင်းကစပြီး နာဂစ် လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လူပေါင်း (၁) သိန်းခွဲ နီးပါး အသက် ဆုံးရှုံးခဲ့ရမှုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ဗြိတိသျှ အစိုးရတို့ရဲ့ သဘောထားက အတော်ကလေးကို ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး လူသားချင်း စာနာရမယ့် ၀င်ရောက် စွက်ဖက်မှုဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် သုံးနှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာမှာ ဥပေဒအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တဲ့ ဒီစွဲချက်ဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် ဥရောပနိုင်ငံ (၂) နိုင်ငံက ဆောင်ရွက်ခဲ့တာမို့ မြန်မာပြည် အကျပ်အတည်းဟာ နေ့လားညလား ဖြစ်ခဲ့ရတာပါ။

နာဂစ်မုန်တိုင်းလွန် ကာလတွေမှာ အမေရိကန်အစိုးရဲ့ မြန်မာ့အရေး ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ လုပ်နိုင်တဲ့ အတိုင်းအတာ တခုအတွင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာကတော့ သံသယ မရှိပါဘူး။ စစ်အစိုးရနဲ့ သံခင်းတမန်ခင်း တိတ်တိတ်ပုန်း ညှိနှိုင်းပြီး အမေရိကန် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် ပေးပို့နိုင်ခဲ့ပါတယ်။ စစ်အစိုးရအပေါ် အာဆီယံ အပါအ၀င် အနောက်နိုင်ငံတွေက အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမေရိကန်ဟာ ခပ်မဆိတ် နေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ ၀ါရှင်တန်ဟာ လက်ရှောင်နေခဲ့ပါတယ်။ ဒီအတွက် ရလဒ်ကောင်းတခုကတော့ မြန်မာ စစ်အစိုးရအပေါ် အစဉ်တစိုက် ပိတ်ဆို့ဖိအားပေး တိုက်ခိုက်နေခဲ့တဲ့ အမေရိကန် ပေါ်လစီဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ တရုတ်အပါအ၀င် မြန်မာ့ အိမ်နီးချင်းတွေကို ကဲ ... ကြည့်ကြပါ၊ ဘယ်သူက မှားနေတာလဲလို့ ထုတ်ပြပြီး စစ်အစိုးရရဲ့ ဗီလိန်ရုပ် အသွင်မှန်ကို ဘွင်းဘွင်းကြီး ချပြလိုက်နိုင်တာပါ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအပေါ် အမေရိကန်က လျစ်လှူပြု မထားပါဘူးဆိုတဲ့ ပေါ်လစီကိုတော့ ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ သရုပ်မှန်ဝါဒ ချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး တအိအိ ပြိုကျခဲ့တယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွဆန္ဒပြမှု နောက်ပိုင်း၊ ၂၀၀၅ ခုနှစ် သန်းရွှေ စစ်အစိုးရ နေပြည်တော်ကို ဆိုင်းမဆင့်ဘုံမပါ ပြောင်းပြေးမှု၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းဒဏ် ပြဿနာ အရပ်ရပ်တိုင်းမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေ စစ်အစိုးရကို ၀င်ရောက် တိုက်ခိုက်ပါဆိုတဲ့ မျှော်လင့်ချက်တွေက (ကျူးကျော်မှု ထောက်ခံရေး၊ ဆန့်ကျင်ရေး သဘောထားတွေ ရှိနေလင့်ကစား) ပြည်သူတွေအကြား သက်သေ သကာယတွေအဖြစ် ထင်ထင်ရှားရှား ရှိခဲ့တာပါ။

၂၀၀၈ အမေရိကန်မှာ သမတ ရွေးကောက်ပွဲတွေ အတွက် ပဏာမ ပြင်ဆင်မှုတွေ အရှိန်ရနေချိန်၊ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရာထူးသက်တမ်း လအနည်းငယ်သာ ကျန်တော့တဲ့အချိန်၊ အမေရိကန် ပြည်ထောင်စုမှာ စီးပွါးရေး ကျဆင်း၊ ရေနံဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်နေပြီး လူထုတွေ ညည်းငြူနေချိန်မှာ အမေရိကန်ဟာ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ စွန့်စားခန်းတွေ လုပ်ဖို့ အကန့်အသက်တွေ တင်းကြပ် ပြည့်နေပါတယ်။ မြန်မာပြည် မုန်းတိုင်းဘေးသင့်လို့ သိန်းချီပြီး လူတွေ အသက်ဆုံးချိန် ပြင်သစ်နဲ့ ဗြိတိန်အစိုးရတို့ လောက်တောင် လေသံဟဟ မထွက်ခဲ့တဲ့ အမေရိကန်ဟာ သန်းရွှေ စစ်အစိုးရဲ့ လုပ်ရပ်အပေါ် “လျစ်လျူပြု ခံနေရတဲ့ ရာဇ၀တ်မှု” အဖြစ်သာ ရောဘတ်ဂိတ်က ပြောပြီး အမေရိကန် ပါဝင် ပက်သက်မှုကို တခန်းရပ်စေခဲ့ပါတယ်။

မြန်မာ စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ နှစ် (၂၀) ကြာခဲ့ပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာပြည်အပေါ် သဘောထားတွေကြောင့် လူထုဟာ ခြေကုန်လက်ပန်း ကျသလောက် ဖြစ်တာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အကူအညီကို နေ့နေ့ညည မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရတာတွေဟာ တခါမျှ အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ရှိသမျှ ဒုက္ခ အ၀၀ကိုသာ ခါးစည်း ခံတော့မယ်ဆိုတဲ့ စိတ်တွေနဲ့ ဆက်ပြီး အသက်ရှင်နေကြဆဲပါ။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေ စိတ်အပျက်ရဆုံး အယုံအကြည် ထားဖို့ မသင့်တော့တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ပြည်သူတွေက ထင်မြင်လာပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုကို အဆက်အပြတ် တောင်းခံရင်း တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး ဒီမျှော်ကိုးမှုတွေဟာ ဘယ်တော့မှာ အစစ်အမှန် ဖြစ်မလာခဲ့ပြန်ပါဘူး။

စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်မှာ လူထုတရပ်လုံးဟာ ထွက်ပေါက်ပိတ်ပြီး ပြင်ပကမ္ဘာရဲ့ ဒဏ္ဍာရီဆန်ဆန် ကယ်တင်မှုကို ငံ့လင့်လာပါတယ်။ ကိုယ့်အားကိုယ်ကိုးမှု အခြေခံတွေ တစတစ ဆုတ်ယုတ်လာပြီး စစ်ဖိနပ်အောက်မှု ဘ၀တွေကို စတေးနေကြရပါတယ်။

ဒီအခြေအနေမှာ စစ်အုပ်စုကို အမြစ်ဖြုတ် ခြေမှူန်းရေး လူထုတိုက်ပွဲတွေ အတွက် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ ကြပ်တည်းမှုကြီး လာတိုင်း လူထုအုံကြွမှု ပေါ်ပေါက်ရမယ် ဆိုတဲ့ သီအိုရီတိုင်းဟာ မမှန်ပါဘူး။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အုပ်စိုးမှုဟာ ခပ်ယိုင်ယိုင်ပဲ ရှိတယ်ဆိုတာ အားလုံး သိထားကြပေမယ့် ၀ုန်းခနဲ ပြိုလဲသွားအောင် ဖြိုလှဲနိုင်တဲ့ အားအပေါ် မေးခွန်း ထုတ်စရာပါ။ နှစ်ပေါင်း (၄၀)ကျော်ကြာ ဖိနှိပ်မှုတွေအောက် ပြားပြားဝပ်နေရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက် တခုပြီးတခု စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီး လူထုအာဏာ လှုပ်ရှားမှုအတွက် အားမှန်သမျှကလည်း တစစီ လွင့်စင်အောင် လုပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးသော ဥပမာကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သင်ခန်းစာအရ စစ်အုပ်စုအပေါ် ကြောက်ရွံ့စိတ်တွေ၊ မုန်းတီးမှုတွေ အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့ပေမယ့် စစ်ဗိုလ်တွေရဲ့ အာဏာ ဆုပ်ကိုင်ထားမှုအပေါ် အပြီးသတ် တွန်းလှန်နိုင်ဖို့ အတွက်တော့ နောက်တွန့်ခဲ့ပါတယ်။ ဒါတွေဟာ ပကတိ အမှန်တရားတွေ ဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့်ကို မရောက်ခဲ့ပါဘူး။

နာဂစ်မုန်တိုင်း ဖြစ်ပြီး ရက်အနည်းငယ် လောက်ကစပြီး ပြည်တွင်းပြည်ပက တက်ကြွ လှုပ်ရှားသူ အများစုက လေဘေးကပ်ဆိုးကို နိုင်ငံရေးနဲ့ မရောထွေးဖို့ကို ကြွေးကြော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ တောင်းခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုကလည်း မြန်မာပြည်က သဘာဝ ကပ်ဘေးကြီးကို နိုင်ငံရေး ပြဿနာတွေနဲ့ မရောထွေးဖို့ သတိကြီးကြီးထားပြီး ခြေလှမ်းတွေ စခဲ့ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ပွဲဦးထွက်မှာကတည်းက တပ်လန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ နာဂစ်အရေးကို နိုင်ငံရေးနဲ့ ပေါင်းစပ်ပြီး ပြည်တွင်းပြည်ပကို တုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးတွေ မုန်တိုင်းဒဏ် ခံရတဲ့နေရာကို သွားရောက်နိုင်ရေး၊ ကူညီရေး လုပ်ငန်းစဉ်တွေက ရက်ပေါင်း (၃၀) နီးပါး နောက်ကျခဲ့ရပြီး အသေအကြေ၊ အပျက်အစီးတွေက ပိုပြီး မြင့်မားခဲ့ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်ခွင့်သာ ပေးလိုက်ရင် ပြည်တွင်းမှာ သူထင်သလိုကြဲမယ့် ဆန္ဒခံယူပွဲအတွက် အခက် တွေ့နိုင်မယ့်အရေး၊ ၀င်ခွင့်ပေးပြီးရင် ချက်ချင်း ပြန်မောင်းထုတ်လုပ်လို့ မရနိုင်တာမို့ လက်ရှိ စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး မဟာဗျူဟာ လမ်းကြောင်း မှန်သမျှ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့တွေ၊ တပ်တွေ သိရှိသွားနိုင်မယ့်အရေး၊ ရန်ကုန်နဲ့ ဧရာဝတီတခွင် နိုင်ငံတကာအဖွဲ့တွေ ပြဲပြဲစင် ဒိုးယိုပေါက် ၀င်ထွက်နေပြီး အခြေအနေ မှန်သမျှ ကမ္ဘာကို အသိပေးနေမှုဟာ သူ့အစိုးရရဲ့ တည်ရှိမှုကို အကြီးအကျယ် စိန်ခေါ်လာနိုင်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ စည်းရုံးရေး မြင့်တက်လာရင်း နိုင်ငံတကာ မျက်စိရှေ့ စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်မယ့် လှုပ်ရှားမှုတွေ ဟန့်တားနိုင်ရေး စတဲ့ စတဲ့ ပြဿနာပေါင်း များစွာနဲ့ ယှဉ်တွဲ စဉ်းစားခဲ့ပါတယ်။

သက်သေ အထောက်အထား အနေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ မေလ (၂၄) ရက်နေ့ ဆန္ဒခံယူမှု ဖြစ်တဲ့နည်းဖြင့် ကျင်းပပြီးမှ ကုလသမဂ္ဂ အဖွဲ့တွေကို ၀င်ရောက်ခွင့်၊ ရန်ကုန်မှာ ကယ်ဆယ်ရေး ရန်ပုံငွေ နိုင်ငံတကာ အစည်းအဝေး ကျင်းပခွင့်တွေကို ဆက်တိုက် အချိန်ကိုက် ဆောင်ရွက်ခဲ့တာပါ။

သောက ဗျာပါဒတွေ ဝေနေတဲ့ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန်၊ ဆီ၊ ဆားလောက်တောင် တပ်မက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးမတော့ (၉၂)% ကျော်နဲ့ တစ်ဖက်သတ် အတည်ပြုလိုက်ပြီလို့ သန်းရွှေက လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့တာတောင်မှ လူထုဟာ တုပ်တုပ်မျှ မလုပ်ဘဲ ဝေဒနာတွေကို သက်သာရာရရေး နည်းလမ်းတွေ ရှာနေဆဲပါ။ သန်းရွှေအတွက်ကတော့ ဒီတောင်ကို အမောင်ကျော်နိုင်ခဲ့ပြီလို့ တထစ်ချ တွက်လိုက်ပုံ ရပါတယ်။ ပါးစပ်ပိတ်နေတဲ့ လူထုက သူနဲ့ တသဘောထဲ ရှိနေတယ်လို့ စိတ်ချလက်ချ ရှိနေပုံလည်း ရပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စစ်အာဏာရှင် ဖြုတ်ချရေး အန္ဒိမအောင်ပွဲအတွက် အဖြေတခုထွက်ဖို့က ၀မ်းနည်းစရာ ကောင်းလောက်အောင် ကို အခွင့်အလမ်း နည်းပါးနေပါတယ်။ ကုလသမဂ္ဂ အပေါအ၀င် နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်နေတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် လမ်းကြောင်းပိုပြီး လွဲသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းရွှေ စစ်အစိုးရ ဖြုတ်ချရေး ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဖာသာ ပီပီပြင်ပြင် မရွေးချယ်နိုင်ဘဲနဲ့ ဘယ်သူ့ ကူညီမှုကိုမှ တကယ်တမ်းရဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ သင်ခန်းစာတွေထဲကနေ ယူဖို့ အချိန်ရောက်နေပါပြီ။

လွတ်မြောက်ရာလမ်းကို သွားဖို့ဆိုတာ သွားချင်တဲ့ ဆန္ဒတစ်ခုတည်း ရှိယုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘဲ တကယ်တမ်း ကိုယ်ထိလက်ရောက် အစွန့်လွှတ် အပင်ပန်းခံ လျှောက်လှမ်းဖို့က ပိုပြီး ပဓါန ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်ဟာ ကောင်းကင်ဘုံက ချပေးလိုက်တဲ့ နတ်ပန်းတပွင့် မဟုတ်လို့ပါပဲ။

စိတ်ဓါတ်ဟာ ရုန်းကန်ရေးတိုင်းအတွက် အရေးအကြီးဆုံး အင်အားတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အဲဒီစိတ်ဓါတ်နဲ့ ပန်းတိုင်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ခြေထိုးခံရသူတွေ၊ မှောက်လျက် လဲသူတွေ၊ အနာတရ ဖြစ်သူတွေ ထုနဲ့ဒေး ရှိနေတဲ့ကြားက ယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်လေး တခုတည်းနဲ့ကို စွန့်လွှတ် အနစ်နာခံနေကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ်မျိုးကို မြန်မာပြည်သူတွေ အားလုံး မွေးဖို့ လိုပါတယ်။

အရင်တုန်းက စကားတစ်ခွန်း ရှိပါတယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် လူသောင်းနဲ့ချီ မလိုအပ်ပါဘူး၊ လူတရာလောက်ရှိရင်ပဲ အနိုင်ရပါပြီတဲ့။ ဒီကနေ့ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး ရုန်းကန်ရေး ခရီးရှည်ကြီး အတွက်ကတော့ မြန်မာပြည်သူ တဦးတယောက်တိုင်းဆီရဲ့ ဦးဆောင်မှု၊ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် မြင့်မားမှု၊ စွန့်လွှတ် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှုတွေက အရေးပါတဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။

၁၃ ရာစုနှောင်းပိုင်းမှာ မွန်ဂိုလီးယန်းတွေဟာ ဂျပန်ကျွန်းတွေကို သိမ်းပိုက်ဖို့ လှေတွေ၊ သင်္ဘောတွေနဲ့ ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေဟာ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ဖို့အား မရှိခဲ့ပေမယ့်လည်း ကံကြမ္မာက ဂျပန်တွေကို ကယ်တင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီကနေ့ အချိန်ထိ ဂျပန်လူမျိုးတွေကြားထဲ တသသ ပြောနေရဆဲ “ကာမိကာဇေ” ဆိုတဲ့ စကားလုံးပါပဲ။ မွန်ဂိုတွေ အင်အား အလုံးအရင်းနဲ့ ဂျပန်ကျွန်းတွေဆီ စစ်အင်အားအပြည့် ရေကြောင်းကနေ အကြိမ်ကြိမ် ချီတက်နေတုန်း ပစိဖိတ် သမုဒ္ဒရာရဲ့ အင်အားကြီးလှပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်းတိုင်းနဲ့အတူ ရေလှိုင်းလုံးတွေက မွန်ဂိုတပ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်ချခဲ့လို့ မွန်ဂိုတွေဟာ ဂျပန်ကို ကျူးကျော် သိမ်းပိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ဂျပန်ဟာလည်း မွန်ဂိုတွေအောက်က လွတ်မြောက်ခဲ့ပါတယ်။ နတ်ဘုရားက ဖန်ဆင်းတဲ့ လေမုန်တိုင်းလို့ မြန်မာပြန်ဆိုနိုင်မယ့် ကာမိကာဇေဟာ ဂျပန်တွေအတွက်ကတော့ ကယ်တင်ခြင်း နတ်ဘုရားသဖွယ် ဖြစ်ခဲ့ပါတယ်။

နာဂစ်ဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ ဘ၀တွေအထိ ရောက်အောင် တွန်းပို့ခဲ့တာမို့ မြန်မာ့ ကာမိကာဇေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီမုန်တိုင်းနဲ့အတူ ပါလာတဲ့ စစ်အစိုးရဲ့ တာဝန်ကင်းမဲ့မှု၊ ရက်စက် ယုတ်မာမှုတွေကို နိုင်ငံတကာ အလယ်မှာ ဘွားခနဲ ဖွင့်ချနိုင်ခဲ့ပါတယ်။ သူတော်ကောင်း ယောင်ဆောင်ပြီး မျိုးချစ်စစ်သား အမည်ခံနေတဲ့ ဘီလူးဇာတ် ခင်းနေတဲ့ နေပြည်တော်က မင်းသားကြီးတသိုက်ရဲ့ နေ၀င်ချိန်ကို ရေးဆွဲဖို့ မြန်မာပြည်သူတိုင်းဟာ တာဝန်အသီးသီး ယူကြမယ် ဆိုရင်ဖြင့် နာဂစ်ဟာ ကောင်းကင်ဘုံရဲ့ လေမုန်တိုင်း မြန်မာပြည်ရဲ့ ကာမိကာဇေအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။

ပြောင်းလဲမှုတွေ သယ်ဆောင်လာမယ့် ကောင်းကင်ဘုံရဲ့နိမိတ်၊ ဖိနှိပ်မှုတွေကို အဆုံးသတ်စေမယ့် နိမိတ်အဖြစ် မှတ်ယူမယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအထိ စောင့်ဆိုင်းနေဖို့ မသင့်ပါဘူး။ သန်းရွှေ သေဆုံးမယ့်နေ့ကို လက်ပိုက် စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငကန်းသေရင် ငစွေပေါ်လာမှာမို့ ဒီစစ်ဘုရင်ရူး မျိုးဆက်ကို ဒီအချိန်မှာပဲ နိတိတံစေဖို့ နိုင်ငံရေး အသိစိတ်တွေ နိုးကြားဖို့က အင်မတန်မှကို အရေးပါနေပါပြီ။ ။


နေသန်မောင်


........................................................
ဆောင်းပါး ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ

ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ

လာရီဂျေဂင်
သောကြာနေ့၊ ဇွန်လ 06 2008 22:23 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံးမုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက် တိုက်ခတ် သွားခဲ့သည်မှာ ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၁ သန်းကျော်မျှသော မုန်တိုင်း ဒုက္ခသည်များမှာ ယခုထိ နည်းနည်းမျှ မရသေးသူနှင့် နည်းနည်းပါးပါးသာ ရသေးသူ တို့သာ ဖြစ်နေဆဲပင် ရှိသည် ဟု မြန်မာနိုင်ငံတွေင် လုပ်ကိုင်နေသော ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားကြပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် ကူညီရန် အသင့်ပြင်ထားခဲ့သော်လည်း စစ်အစိုးရကမူ နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများနှင့် သဘာဝ ကပ်ဘေးအန္တရာယ် ကျွမ်းကျင်သူများ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားဆီး ပိတ်ပင်နေဆဲ ရှိသေးသည်။ လက်ဆုပ်စာကိုသာ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဒေသများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။

စစ်အစိုးရသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟူသော သူ့ကတိကို ချိုးဖျက်၍ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကန့်သတ်မှုများ ပြုလုပ်တော့မည်ဟု မြန်မာစစ်တပ်၏ ယုံကြည် စိတ်ချရသော သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။ “အမေရိကန်နဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေက ငါတို့ နိုင်ငံကို ကျွန်လုပ်ချင်နေတာ။ ငါတို့ ပြည်သူတွေကို ကူညီချင်တာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး မောင်အေးက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်နေသည့် ဝန်ကြီးများအား ယခု ရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒေသခံ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း အလှူရှင်များ၏ ကျေးကျွန်များအဖြစ် မြင်နေကာ သူတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့် နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်ကပင် ဆက်လက် ပြောကြားသွားသည်။

မြစ်ဝကျွန်းပေါ် ဒေသရှိ အကူအညီ အပူတပြင်း အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များကို ဝင်ရောက် အကူအညီပေးရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အားလုံးက အသည်းအသန် ကြိုးပန်းနေရချိန်၌ ဒေသခံ မြန်မာ စေတနာရှင်များက မိမိတို့ဖာသာပင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။ သုံးပတ် ကျော်ကြာမျှ ရေသန့်နှင့် အစားအစာ ဘာမျှ မရခဲ့သည့် ကျေးရွာသားများထံ သူတို့၏ အကူအညီများ စတင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ကိုလည်း မြန်မာ စစ်အာဏာပိုင်များက အမြင်မကြည်လင်တော့။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဓိက ပုဂ္ဂိုလ်တဦး ဖြစ်သော ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာကို ယခု ရက်သတ္တပတ် အစောပိုင်းက ထိန်းသိမ်းလိုက်သည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိကြီးစွာ ထား၍ အကောင်းမြင်ပါသည်ဟု လူသိရှင်ကြား ပြောဆိုနေသော်လည်း ဆိုင်ကလုံး မုန်တိုင်းက ဖျက်ဆီးခဲ့သော အပျက်အစီးများမှ မြန်မာနိုင်ငံ ပြန်လည် နာလန်ထလာနိုင်ရေး အတွက် ပေါ်ပေါက် လာတော့မည့် ပြဿနာကြီးများကို ကိုင်တွယ် ဖြေရှင်းရန် လိုသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ နှင့် လူ့အခွင့်အရေး အုပ်စုများက သတိပေးလိုက်ကြသည်။

မုန်တိုင်း ဒုက္ခသည်များ၏ စိတ်ဒဏ်ရာနှင့် ပရိဒေဝ သောကများသည် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် အဓိက အဟန့်အတားများ ဖြစ်လာဘွယ် ရှိသည်ဟု ဥရောပ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကပြောဆိုလိုက်ပြီး၊ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ တိုးပွါးလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်တန်းချက်များကြောင့် စိုးရိမ် ပူပန်မိသည်ဟု ဆိုလိုက်သည်။ သူတို့ ခိုလှုံရာ နေရာများမှ အတင်းအကြပ် မောင်းထုတ်ခြင်း၊ နေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အတင်းအကြပ် စစ်တပ်ထဲ ဝင်စေခြင်း၊ လူကုန်ကူးခြင်း နှင့် လယ်မြေများ အဓမ္မ သိမ်းပိုက်ခြင်း စသည်တို့က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး ကြိုးပန်းမှုများအား အတားအဆီး အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။

ဤကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသူ အားလုံးအတွက် အဓိက ပြဿနာမှာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက်ခွင့် ရရှိရေး ဖြစ်သည်။

“ညှိနှိုင်း အစည်းအဝေးတွေမှာ လူတွေတော့ အများကြီး တွေ့နေရတာဘဲ။ ဒါပေမဲ့ အဖွဲ့အစည်းတွေတော့ အများကြီး မတွေ့ရဘူး” ဟု (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများဆိုင်ရာ အကြီးအကဲ (Frank Smithuis) က မဇ္ဈိမကို ပြောကြားသွားပါသည်။ ယခုအခါ သူတို့၏ နိုင်ငံတကာဝန်ထမ်း ၂ဝ ကျော်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ အရောက် ပို့နိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ၂၅ဝ ခန့်နှင့်အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီဟု ဆိုသည်။

“နေ့တိုင်းဘဲ ကျနော်တို့ အဖွဲ့သားတွေ မုန်တိုင်း တိုက်ပြီးကတဲက ဘာအကူအညီမှ မရသေးပါဘူးလို့ ပြောတဲ့ ရွာသားတွေနဲ့ တွေ့နေရတယ်။ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ ဘာမှ မလုပ်နိုင်သေးပါဘူး။ ခုထိ အရေးပေါ် အခြေအနေ အဆင့်မှာဘဲ ရှိနေပါသေးတယ်” ဟု သူက ဆက်လက် ပြောကြားသွားသည်။ အမေရိကန် အခြေစိုက် (World Vision) နှင့် သြစတြေလျ အခြေစိုက် (CARE) တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အတော် များများသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများကို စေလွှတ် ချထားနိုင်ခဲ့ပြီး ဖြစ်သည်။ အခြား ဝေးလံ ခေါင်သီလှသည့် မြစ်ဝကျွန်းပေါ် ဒေသတနေရာသို့ (CARE) အဖွဲ့ သွားရောက်ခဲ့ရာ ကျေးရွာသားများက “ကျနော်တို့ ဝမ်းစာစပါးတွေလဲ အကုန် ပျက်စီးသွားပြီ။ အုန်းသီးတွေ ကောက်စားနေရတယ်၊ ရေစိုဆန်အောက်တွေ စားပြီး အသက်ရှင်နေရတယ်” ဟု သူတို့ကို ပြောကြားခဲ့ကြသည်။ ဤအကြောင်းကို သတင်းထောက်များအား (CARE) အဖွဲ့ကြီး၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ဤကျေးရွာသို့ ယခု ရက်သတ္တပတ် အစောပိုင်းက သွားရောက် လေ့လာအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၂ဝ ခန့်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုဒေသတွင် ကြာရှည်နေခွင့် မရသေးဟု ဆိုသည်။ “မြစ်ဝကျွန်းပေါ် ဒေသကို အရောက်သွားရရေးဟာ စိန်ခေါ်မှုကြီး တရပ်ဖြစ်ဆဲပါဘဲ” ဟု ပေါလ်ရစ်စလေ (Paul Risley) က ယခု ရက်သတ္တပတ် အစောပိုင်းက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

“လွန်ခဲ့တဲ့ ၂ ပတ်က မစ္စတာ ဘန်ကီမွန်းနဲ့ သန်းရွှေတို့ တွေ့ပြီးကတဲက မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ရရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပါတယ်။ ခရီးသွားခွင့် ခွင့်ပြုမိန့် ရရေးအတွက် နှေးကွေး လေးလံလှတဲ့ ဗျူရိုကရက် ဆန်သည့် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်နိုင်ခဲ့ပါသည်” ဟု လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောဆိုလိုက်ပါသည်။

မြစ်ဝကျွန်းပေါ် ဒေသသို့ သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများ စေလွှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ယခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ကို ကြီးမားစွာ ကန့်သတ် တားဆီးမှုများ လုပ်သည်ကို ခံနေရဆဲ ရှိသည်။ သူတို့ သွားလေရာ အစိုးရက ထည့်ပေးသည့် အစောင့်အရှောက်များ ပါနေသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် သွားလိုရာ ဒေသသို့ အရောက်သွားခွင့် ရရေးသည် အဓိက ပြဿနာ ဖြစ်မြဲပင် ရှိသေးသည်။ ဤပြဿနာကို အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့၏ အကြီးတန်း ကိုယ်စားလှယ် ၉ ဦး ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။ မေလ (၃၁) ရက်နေ့ စနေနေ့တွင် တကြိမ်၊ ဇွန်လ (၂) ရက်နေ့ တနင်္လာနေ့တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ရန် ကုလဝန်ထမ်းများ မြစ်ဝကျွန်းပေါ် ဒေသတွင် ကြာရှည်စွာ နေခွင့်ရရေးမှာ တကယ့် ပြဿနာတရပ် ဖြစ်သည်။

“နိုင်ငံတကာ ကျွမ်းကျင်သူတွေ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို အရောက်သွားနိုင်ဘို့ လိုတယ်။ အခုအထိတော့ တံခါးက ကျယ်ကျယ် ဖွင့်မပေးသေးဘူး” ဟု ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောကြား လိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ဝန်ထမ်းများ သွားရောက်၍ ကြာကြာနေခွင့် ရရေးအတွက် ကုလသမဂ္ဂက ကြိုးစားလျက် ရှိသည်။ သို့သော် မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ဆိုသည့် အရိပ်အယောင် တစုံတရာ မတွေ့ရသေးပါ။ ကုလသမဂ္ဂက အကောင်း မျှော်လင့်နေသော်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများကမူ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်း၏ ပင်မ နေရာများအဖြစ် သတ်မှတ်ထားသည့် လပွတ္တာနှင့် ဘိုကလေး မြို့များသို့သာ သွားခွင့် ပေး၍ အဆိုပါ ဝန်ထမ်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားလိမ့်မည်ဟု ယုံကြည်နေကြသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ သန်းပေါင်း များစွာသော လူတို့၏ အသက်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဒေသခံ မြန်မာအုပ်စုများ၏ မုန်တိုင်းဒဏ်ခံ ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်ပေးနိုင်မှု အပေါ်တွင် မူတည်နေသည်။ သို့သော် အစိုးရဘက်မှ ပြသခဲ့သော လက္ခဏာများမှာမူ မကောင်းပါ။ ယခု ရက်သတ္တပတ် အစောပိုင်းက တိုင်းပြည်၏ ဒုတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အခြား အဓိကကျ အရေးပါသည့် ဗိုလ်ချုပ်တယောက် ဖြစ်သော အတွင်းရေးမှူး ၁ တို့ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒေသမြို့တော် ပုသိမ်တွင် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် ပေးနေသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား “အစိုးရက အလှူရှင်တွေဆီက အလှူငွေတွေ လက်ခံ ရယူနေတဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို စစ်ကြေညာထားပြီ” ဟု လွန်ခဲ့သော ၂ ရက်က ပြောကြားခဲ့သည်။

မောင်အေးသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအပေါ် ကြာမြင့်စွာ ကတဲကပင် သင်္ကာမကင်း ဖြစ်နေခဲ့သူ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းဆီးခဲ့စဉ်က နိုင်ငံတကာ အန်ဂျီအိုများ၏ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်မှု အတိုင်းအတာ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ရရှိနေသည့် လုပ်ကိုင် ဆောင်ရွက်ခွင့်များကို တွေ့ရှိသွားပြီး အတော် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။ ဤတိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေသများတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အုပ်စုများကို လက်နက် ဖြုတ်ရန် အစိုးရ၏ ကြိုးပန်းမှုများကို (INGOs) များက မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူစိုးရိမ် ထိတ်လန့်ခဲ့သည်။

“ခုလဲ ဇာဂနာ နဲ့ ကိုကျော်သူလို ဒေသခံ မြန်မာ စေတနာရှင် အဖွဲ့တွေက လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ အတိုင်းအတာကို ကြည့်ပြီး သူလန့်နေမှာဘဲ။ စစ်အစိုးရက လုပ်နေတာက သူတို့ လုပ်နေတာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး ဖြစ်နေတယ်” ဟု လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက မဇ္ဈိမကို ပြောကြားသွားပါသည်။

အကူအညီပေးရေး အေဂျင်စီ အများအပြားက ကားများ၊ ထရပ်ကားများ၊ လှေငယ်များကို ငှါးရမ်းကာ ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးနေကြသည်။ ၎င်းတို့ထဲမှ အများအပြားမှာ ယခုထိ အရောက် မသွားနိုင်သေးသည့် ဒေသများတွင် ရှိနေသေးသည်။ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးပို့ရာတွင် အကူအညီ ရစေရန် ရဟတ်ယာဉ်များ သုံးဘို့ ကုလသမဂ္ဂက ကြိုးစားခဲ့သေးသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနှင့် သူတို့ ကိုယ်ပိုင်ရဟတ်ယာဉ် တစင်းကိုသာ သုံးခွင့်ရသေးသည်။ လွန်ခဲ့သော ၂ ပတ်ကျော်က ကွာလာလမ်ပူမြို့မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခုအထိ လပွတ္တာမြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေးနေသည်။

နောက်ထပ် (WFP) ၏ ရဟတ်ယဉ် ၉ စင်းမှာ ရန်ကုန်သို့ ပျံသန်းခွင့်ရရန် ထိုင်းနိုင်ငံတွင် စောင့်ဆိုင်းနေဆဲ ရှိသေးသည်။ ယင်းတို့အနက်မှ ၂ စင်းမှာ တောင်အာဖရိကနိုင်ငံမှ သြစတြေလျ ကုန်တင် လေယဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပြန်လည် တပ်ဆင်ပြီး စောင့်နေသည်မှာ တပတ် ကျော်သွားပြီ ဖြစ်သည်။ “ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်တဲ့ လုပ်ငန်းမှာ ရဟတ်ယာဉ်တွေက မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှာ သေချာပါတယ်” ဟု (Smithuis) က ပြောကြားပါသည်။ သို့သော် စစ်အစိုးရကမူ နိုင်ငံတကာ လေယာဉ်များကို မြန်မာနိုင်ငံ နယ်နိမိတ်တဝိုက် ပျံသန်းခွင့် ပေးရန် ဝန်လေးနေဆဲပင် ရှိသည်။ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် မြန်မာ စစ်တပ်၏ ရဟတ်ယဉ် ၄ စင်းကိုမူ အသုံးပြုခွင့် ပေးထားသည်။

နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ သန်းနှင့်ချီရှိသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သည့် ဒုက္ခသည်များထံ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပို့ရေး ဖြစ်သည်။ အများစုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်လုံးလုံး အစားအစာသော် လည်းကောင်း၊ ရေသော် လည်းကောင်း မရဘဲ ရှိခဲ့သည်။ သူတို့ကို အမိုးအကာအောက်သို့ အရောက်ပို့ရန်လည်း လိုသည်။ အချို့မှာ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း ပြသနေသည်။

“သူတို့ အစာစားရဘို့ လိုတယ်။ အခုအတွက်ဘဲ မဟုတ်ဘူး၊ နောက်လ အတော်တော်များများ အတွက်ပါ လိုတာ။ သူတို့ စပါးပြန်စိုက်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မျိုးစပါး လိုတယ် လို့ ဒီလူတွေက ကျနော်တို့ကို ပြောကြတယ်။ အခု စိုက်မဲ့ စပါးတွေ အောင်မယ်ဘဲထားဦး၊ အဲဒီ စပါးတွေမပေါ်ခင် ၅ လလောက် စားဘို့က လိုသေးတယ်။ မြစ်ဝကျွန်းပေါ် အနှံ့ ကျေးရွာတွေအတွက် အစားအစာ အကူအညီတွေ ပေးဘို့ဟာ အဓိက ရေရှည် ဦးစားပေး လုပ်ငန်းပါ” ဟု (CARE) ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ပြောကြား သွားပါသည်။

(MSF) အဖွဲ့ကြီးအတွက်မူ နောက်ထပ် ပို၍ကြီးမားသည့် အခြေခံ ပြဿနာ အခက်အခဲကြီး တရပ် ရှိသေးသည်။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများ၏ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်သည်။ “မြစ်ဝကျွန်းပေါ်မှာ ကျနော် တွေ့ခဲ့တဲ့ သူတိုင်း စိတ်ခြောက်ခြားမှုလွန် စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ပရိဒေဝမီးတွေ တောက်လောင် ခံစားနေရတာကို တွေ့ခဲ့ရတယ်” ဟု မြစ်ဝကျွန်းပေါ်တွင် ၂ ပတ်ကြာ နေထိုင်ခဲ့သည့် (MSF) ၏ စိတ်ကျန်းမာရေး အကြံပေး Kaz de Jong က ပြောကြားသွားသည်။ “သူတို့ဟာ သိသိသာသာဘဲ ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ဝမ်းနည်းပူဆွေး နေကြတယ်။ ကလေးတွေက တယောက်နဲ့တယောက် ဖက်ထားကြတယ်။ မုန်တိုင်း မကျခင် နောက်ဆုံး သူတို့လက်ထဲ ရှိနေခဲ့တဲ့ အရာတွေကို တင်းတင်းကြီး ဆုပ်ထားကြတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“သူတို့ အိပ်မရဘူး၊ အိပ်မက်ဆိုးတွေ မက်တယ်၊ ဆိုင်ကလုံး မုန်တိုင်းမတိုက်ခင် နောက်ဆုံး အချိန်လေးကို သူတို့ စိတ်တွေက ပြန်ပြန် ရောက်သွားကြတယ်၊ မုန်တိုင်းအတွင်း အသက်ဆုံးပါးသွားကြတဲ့ သူတို့ ဆွေမျိုးတွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ အချိန်လေးကို ပြန်ပြန်မြင်နေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပြကြတယ်” ဟု သူက မဇ္ဈိမကို ပြောကြားသွားပါသည်။ သူတို့မှာ ခွန်အားတွေလဲ ဆုံးရှုံးသွားပြီ၊ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ဘူး၊ ဤအချက်များသည် သူတို့ဘဝများကို ပြန်လည် တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေလိမ့်မည်။ “ဒါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့ အခါ ပုံမှန် တုံ့ပြန်မှု တရပ်ပါဘဲ” ဟု de Jong က ပြောပါသည်။ သို့သော် ဤလူ့အသိုင်းအဝိုင်း တခုလုံး အပြည့်အဝ ပြန်လည် နာလန်ထူလာဘို့ ဆိုလျှင် ဤရောဂါကို ကုသမှ ရမည်။

မြစ်ဝကျွန်းပေါ်အနှံ့ စိတ်ပျက် အားငယ်မှုများကို တွေ့နေရသည်။ အတွေ့ရ အများဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့ရသည်ကို စိတ်မသန့် ဖြစ်နေခြင်း ဖြစ်သည်။ ကလေးများက ငူငူကြီးထိုင်ပြီး မိမိတို့ မိဘများက အသက်ရှင် ကျန်မနေခဲ့ဘဲ မိမိတို့က အသက်ရှင် ကျန်နေခဲ့သလဲဟု စဉ်းစား တွေးတောနေကြသည်။ “ဘယ်ကများ ဆန်ရပါ့မလဲလို့ တွေးပြီး ကျမတို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ စားတော့ စားရမှာဘဲ၊ စားတော့ စားချင်တာဘဲ။ မုန်တိုင်းထဲမှာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျမက ဘာလို့ စားနေဦးမှာလဲ” ဟု အဖွားအို တဦးက (MSF) ဆရာဝန်တဦးကို ပြောပြပါသည်။

ဤစိတ်ဒဏ်ရာကို ကုသရန် မြန်မာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်များကို (MSF) က သင်တန်းပေးနေသည်။ သို့သော် ဤဝေဒနာသည် အားလုံးကို ကုသရမည့် အရေးမှာ အတော့်ကို ခက်ခဲသည့် လုပ်ငန်းကြီးတရပ် ဖြစ်နေသည်။ အချိန်များစွာ ယူရမည်။ သူတို့၏ နေအိမ်များ၊ သူတို့ လယ်ယာများ၊ သူတို့ ငါးကန်များကို ပြန်လည် တည်ဆောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် ဤဆင်းရဲလှသော လူထုအတွက် ဆိုင်ကလုံး မုန်တိုင်းက ချန်ထားခဲ့သည့် စိတ်ဒဏ်ရာမှ ကျော်နင်းလွန်မြောက်နိုင်ရန်မှာ တဘဝစာလဲ ကြာချင်ကြာလိမ့်မည်။


လာရီဂျေဂင်

................................
လုပ်ကြံသတင်းတပုဒ်



UN human rights expert report about Burma,,,,, Still stonewalling

The authorities in Burma have denounced foreign news organisations, saying they exaggerated the problems suffered by more than two-million survivors of Cyclone Nargis.

The military government also said opposition groups had colluded in producing false video footage that had damaged Burma's image.

Unconfirmed reports say at least a dozen people have been arrested for filming relief operations in the Irrawaddy delta.

The Burmese military has been criticised by international agencies for holding up relief shipments to the survivors.

Also in the report: Civil-military relationship researcher U Win Min analyses on why the military leaders want to hide true picture of cyclone survivors' sufferings.



--------------------------------------------------------------------------------

UN human rights expert report about Burma,,,,,



Authorities of Burma have been long accused of gross human rights viloation.
The United Nations human rights expert for Burma urged the military junta on Friday to investigate reports that its soldiers shot dead a number of prison inmates during the recent devastating cyclone Nargis.

Tomas Ojea Quintana, who reports to the world body's Human Rights Council, also called for aid to be allowed to flow freely to victims of the storm.

AAPP, the group campaigning for welfare of political prisoners in Burma says dysentry, typhoid and other diseases are spreading through Insein Prison in Rangoon as they were forced to eat rotten rice.


.....................................................................................
Still stonewalling
New York - The military junta of Burma has opened its doors to international relief aid. It was "in the right direction," said John Holmes, the top UN coordinator for emergency humanitarian operations. But it has failed to live up to its public promise to authorise full assistance to victims of last month's Cyclone Nargis.

The dictatorship has provided 180 entry visas to UN relief workers but should allow more aid workers and more relief goods inside the country, Holmes said on Friday.


He said there were still 20 pending applications for visas from UN workers and he expected them to be approved. The Association of Southeast Asian Nations (Asean) has sent 200 personnel to Burma, while Japan and Germany have teams working on water treatment there.


Burma has also allowed 20 personnel from the French group Doctors Without Borders to work, while relief workers from other groups have visited the country since Nargis struck its southern delta region on May 2. More than 100,000 people died or were still missing.


Holmes said about 15 relief flights have landed in Rangoon daily since the government openly accepted international assistance in mid- May. Sea and land routes are also opened to aid convoys, he said.


"It is our view that relatively few people are not reached or visited at all, but it's still quite a long way from being in the position where everybody is receiving everything they need in the long-term basis," Holmes said.


He said the UN has reached more than 1.3 million people of the estimated 2.4 million people in need of assistance. But Burma's own efforts and others have provided help to many other victims of the cyclone.


"There has been no evidence at the moment of unusual health risks or unusual health statistics coming to light, and no evidence of starvation at the moment even though many people still need significant aid," Holmes said.


He said the international community has pledged or given a total of 155 million dollars to the relief campaign.


In addition, Holmes said governments have contributed 83 million dollars and pledged 51 million dollars in response to the UN flash appeal of $201 million launched last month.


"We would like more contributions and pledges coming to make sure that the aid pipeline remains full in the coming weeks and months," he said. (cpa)


သန်းရွှေ၏ယုတ်ရပ်









ကမ္ဘာမကြေဘူးဟေ့

Photobucket

Photobucket