Tuesday, June 10, 2008

တို့တိုင်းပြည်

တို့တိုင်းပြည်

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။

များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။
(ဆရာဇော်ဂျီ ၁၉၃၅ ခုနှစ် လွတ်လပ်ရေး မရခင်)

ဒီနေ့မြန်မာသတင်းများ(အင်္ဂါနေ့)

မေလက အဖမ်းခံရသည့် အန်န်အယ်လ်ဒီအဖွဲ့ဝင် ၁၅ ဦး ပြန်လည်လွတ်မြောက်

မေလ ၂၇ ရက်နေ့က အန်န်အယ်လ်ဒီပါတီဝင်များ ဆန္ဒပြခဲ့စဉ်။ မေ ၂၇၊ ၂၀၀၈။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့၊ မေလ ၂၇ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၁၅ ဦးကို အာဏာပိုင်တွေက မနေ့ညက ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို ပုဒ်မတခုခုနဲ့ စွဲချက်တင် အရေးယူတာမျိုးမလုပ်ဘဲ ၁၄ ရက်ကြာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီးတဲ့နောက်မှာမှ အခုလို ပြန်လွှတ်ပေးခဲ့တာပါ။ အပြည့်အစုံကို ဘန်ကောက်ရောက်၊ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။မေလ ၂၇ ရက်နေ့က ဗဟန်းမြို့နယ် NLD ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်ဘက်ကို စုဝေးသွားရောက်ခဲ့ချိန်မှာ လမ်းခုလတ်မှာပဲ အဲဒီလူတွေ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဗဟန်းမြို့နယ်က တာဝန်ရှိသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေက သူတို့ကို ဆက်မသွားဖို့ တားဆီးခဲ့တဲ့အကြောင်း၊ ရုံးချုပ်ဘက်ကို သူတို့ လှည့်ပြန်ဖို့အလုပ်မှာ ကားနဲ့လိုက်ပို့မယ်ဆိုပြီး အာဏာပိုင်တွေက အတင်းအကျပ်လုပ်ခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်တဲ့ တွံတေးမြို့နယ်က အလွတ် ပညာသင်ကျောင်းဆရာ ဦးအောင်ဖေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။“ကျနော်တို့ကို ကားပေါ်တင်လိုက်တယ်။ ကားပေါ်ရောက်တော့ သူတို့က အဖွဲ့ချုပ်ရုံးကို ပြန်လိုက်ပို့မယ်လို့ပြောတယ်။ သူတို့ ကတိတည်ပါတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ လူတယောက်က ဖုန်းဆက်နေတယ်။ ဟုတ်ကဲ့ပါ အဘ၊ ဟုတ်ကဲ့ပါ အဘနဲ့ ဖုန်းဆက်ပြီးတော့ ရွှေဂုံတိုင်အ၀လည်းရောက်ရော ကားကို ပြန်ကွေ့လိုက်တယ်။ ပြန်ကွေ့လိုက်ပြီး နောက်မှာ ရဲကားနှစ်စီးနဲ့ တခြားကားတွေ ပါလာတယ်။ အတင်းပဲ တာလပတ်တွေချပြီး ကားကို မောင်းသွားတယ်။ နောက်ဆုံးကျတော့ ရောက်သွားတဲ့နေရာက အင်းစိန် ဂျီတီအိုင်လို့သိရတယ်။ အဲဒီလည်းကျရော ရဲတွေကလည်း အများကြီးပဲ။ အဲဒီမှာ နှစ်ယောက်တတွဲဆင်းပြီး အဲဒီကတည်းက စဖမ်းတာပဲ။”အင်းစိန် စက်မှုလက်မှုသိပ္ပံ GTI ကျောင်းဟာ ကျောင်းသားတွေ ပညာသင်ကြားရာနေရာ မဟုတ်တော့ဘဲ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းသူတွေကို စစ်ဆေးမေးမြန်းတဲ့နေရာ ဖြစ်လာခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုမှာ ဖမ်းဆီးခဲ့သူတွေကို ထိန်းသိမ်းခဲ့တဲ့နေရာအဖြစ် အထင်ရှားဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂရဲ့ မြန်မာပြည် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာတောင်မှ အဲဒီကျောင်းဝင်းထဲကို အာဏာပိုင်တွေက ခေါ်ပြခဲ့ပါသေးတယ်။ဦးအောင်ဖေတို့ကို စစ်ဆေးမေးမြန်းတဲ့နေရာဟာ အရင်တုန်းကတော့ စာသင်ခန်းတွေဖြစ်ပြီး အခုတော့ စစ်ကြောရေးစခန်းတွေအဖြစ် ပြောင်းလဲထားတဲ့နေရာတွေပါ။“အဲဒီ အင်းစိန်ဂျီတီအိုင်ထဲမှာ အရင်တုန်းက စာသင်ခန်းတွေလို့ ပြောပါတယ်။ အခု အဲဒီစာသင်ခန်းတွေကို ပြုပြင်မွမ်းမံထားတယ်။ ထွက်လို့မရအောင် ပြတင်းပေါက်ကို ပြန်ရိုက်ထားတာတို့ ဘာတို့ လုပ်ထားတယ်။ စာသင်ခန်း သမံတလင်းပေါ်မှာ ငါးထပ်သားပြားတွေ ခင်းထားပြီး အဲဒီပေါ်မှာပဲ ကျနော်တို့ အိပ်ရပါတယ်။ ရဲတွေက ကျနော်တို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ လာယူတယ်။ စစ်ဆေးမေးမြန်းတာတော့ အက်စ်ဘီတွေပါ။ တယောက်ချင်း ခုံမှာထိုင်ပြီး ခန်းမကြီးတခုထဲမှာ ၁၅ ယောက်လုံးကို တချို့လည်း အက်စ်ဘီနှစ်ယောက်၊ ကျနော်တို့ဘက်က တယောက်၊ အဲလိုထိုင်ပြီး မေးပါတယ်။”ဦးအောင်ဖေတို့ အဖမ်းခံရတဲ့နေ့မှာ NLD က ရွေးကောက်ပွဲနှစ်ပတ်လည် အခမ်းအနားကို နေ့လယ် ၂ နာရီထိုးမှာကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ ဦးအောင်ဖေတို့ကို စစ်ဆေး မေးမြန်းသူတွေက အခမ်းအနားကို ဘာဖြစ်လို့ နေ့လယ် ၂ နာရီမှာမှ ကျင်းပရသလဲဆိုတာကို အဓိကထား မေးမြန်းခဲ့တာကထူးခြားတယ်လို့ ဦးအောင်ဖေက သုံးသပ်ပါတယ်။

ထိန်းသိမ်းခံ လူရွှင်တော် ဇာဂနာအတွက် ကုလ စိုးရိမ်မကင်းဖြစ်
10 June 2008
မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးတွေလုပ်နေတဲ့ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် သူ့အနေနဲ့ အလွန့်အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ကုလ
သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အသစ် ထောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။ကိုဇာဂနာရဲ့သတင်းကိုရဖို့ သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်သွယ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူး၊ အခုအခါ ကိုဇာဂနာ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိရှိရဘူးလို့လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို စေတနာ့ဝန်ထမ်း ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးပြီး ကိုဇာဂနာရဲ့အိမ်ကို အာဏာပိုင်တွေက ရှာဖွေရာမှာ ဒုက္ခသည်တွေကို ကူညီဖို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ ဆိုင်ကလုံးဒဏ်သင့်ဒေသတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့စီဒီခွေတွေကိုလည်းသိမ်းယူသွားခဲ့ပါတယ်။

ICRC ရုံးသွားသည့် လေဘေးဒုက္ခသည် တချို့ အဖမ်းခံရ
10 June 2008
မအေးအေးမာ -
လေဘေးဒုက္ခသည်တွေ အကူညီ အထောက်ပံ့ရဖို့ တန်းစီ စောင့်ဆိုင်း နေကြစဉ်
ဒီနေ့ ရန်ကုန် ဒဂုံအရှေ့ခြမ်းက လေဘေးဒုက္ခသည် သုံးဆယ်လောက်ဟာ ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ရုံးနဲ့ UNDP ကုလသမဂ္ဂ ရုံးတွေကို သွားရောက်ပြီးတော့ သူတို့ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေကို တင်ပြခဲ့ကြပါတယ်။ ဒီလို လေဘေး ဒုက္ခသည်တွေ သွားတဲ့လမ်းမှာ အာဏာပိုင်တွေဖက်က လုံခြုံရေးတွေကိုလည်း တင်းတင်း ကြပ်ကြပ် ချထားသလိုပဲ အခုဆိုရင် ဒီ အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီ ရုံးကို သွားခဲ့တဲ့ သူတွေထဲက တချို့ အဖမ်းခံခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအကြောင်း မအေးအေးမာက တင်ပြပေးထားပါတယ်။ မြောက်ဒဂုံက မုန်တိုင်း ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း လုပ်ထားတဲ့နေရာကနေ အတင်းအကြပ် ရွေ့ပြောင်း ခိုင်းနေတာကြောင့် ရန်ကုန် အိုင်စီအာရ်စီ ရုံးနဲ့ ယူအဲန်ဒီပီ ရုံးကိုသွားပြီး သူတို့ကို အကူအညီပေးဖို့အတွက် ဒုက္ခသည် ၃၀ ကျော်က တောင်းဆိုရာမှာ ဒုက္ခသည် ၆ ဦးထက်မနည်း အဖမ်းခံခဲ့ရပါတယ်။
ဒုက္ခသည်တွေအရေးကို ပြောကြားဖို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အမျိုးသမီး နှစ်ဦး ဦးဆောင် သွားခဲ့ကြတာလို့ ဆိုပါတယ်။ ယူအဲန်ဒီပီ ရုံးရှေ့ကို ရောက်တဲ့အခါမှာ အဖမ်းခံရတဲ့ မြင်ကွင်းကိုတော့ ဒုက္ခ သည်တွေကို ကူညီဖို့ လိုက်ပါသွားတဲ့ မျက်မြင် တွေ့ရှိသူက အခုလို ပြောပြပါတယ်။
“အဲဒီ ယူအဲန်ဒီပီရုံး ရောက်တော့ ရုံးက တံခါးမဖွင့်ပေးဘူး။ တံခါး မဖွင့်ပေးတော့ အဲဒီ ဒုက္ခသည်တွေနဲ့ ရှေ့က ဦးဆောင်လာတဲ့ ကြက်ခြေနီ နှစ်ယောက်က ဘယ်သွားရမှန်း မသိဘူးပေါ့နော်။ ပထမ အဲဒီနားမှာ ထိုင်ဖို့လုပ်ကြတယ်ဗျာ။ နောက် မထိုင်ဖြစ်ပဲနဲ့ နောက်ဖက်ပေါက်ကနေ ၀င်ဖို့မယ်ဆိုပြီးတော့ လုပ်နေကြတဲ့ အချိန်မှာပဲ စွမ်းအားရှင် တွေနဲ့ အဲဒီနားမျာ စောင့်နေတဲ့သူတွေက ရောက်လာ ကြတယ်ဗျာ။ နောက် ဟိုဖက် ရှေ့ကနေပြီးတော့ ဦးဆောင်တဲ့ ကြက်ခြေနီ ကောင်မလေးကို သူတို့က ခေါ်သွားတာ။ ခေါ်သွားတော့ နောက်က ဒုက္ခသည်တွေ ကလည်း သူ့နောက်ကလိုက်လို့ မှာထားတော့ အဲဒီ နောက်ကိုပဲ လိုက်သွားကြတာ။ လိုက်သွားကြပြီးတော့ ရှေ့ကွေ့ ပန်းခြံထဲမှာက ရဲကား ရှိနေတယ်။ ရဲကားရှိနေတော့ ပါလာတဲ့ဒုက္ခသည်တွေက မလိုက်ဘူးဆိုပြီး အဲဒီနားမှာ ထိုင်ချ လိုက်ကြတယ်။ ရဲကားက ရှိနေတာကို။ ရဲကားရှိနေတော့ ဒုက္ခသည်တွေက သူတို့ကို ဖမ်းမှန်းသိပြီးတော့ ထိုင်ချလိုက်ကြတာ။ ကောင်မလေးကိုတော့ ဆွဲတင်သွားတယ်။ နောက် အဲဒီရှေ့မှာရှိတဲ့ ဦးဆောင်တယ်လို့ ယူဆတဲ့သူတွေကို သူတို့ ဆွဲတင်သွားတာပေါ့။ ကျနော်တို့ တွေ့ခဲ့သလောက် ကတော့ လေး၊ ငါး၊ ခြောက်ယောက်ပဲဗျ။”
ဒုက္ခသည်တွေအနေနဲ့ ဘာကြောင့် အိုင်စီအာရ်စီနဲ့ ယူအဲန်ဒီပီရုံးကို သွားခဲ့ကြပါသလဲလို့ မေးတော့ -
“ဒီဒုက္ခသည်တွေဟာ ဒုက္ခသည် အခွင့်အရေးတွေ မရဘူးပေါ့နော်၊ သူတို့တွေ ရသင့်ရထိုက်တာတွေ မရတဲ့ အတွက် ရအောင်လုပ်ပေးဖို့ တောင်းဆိုကြတာပါ။ နောက်ပြီးတော့ သူတို့ကို မြောက်ဒဂုံ ဒုက္ခသည်စခန်းကနေ ပြောင်းခိုင်းနေပြီ။”
ဒုက္ခသည်တွေအနေနဲ့ ကုလသမဂ္ဂကို သူတို့ရဲ့ ဒုက္ခတွေ ဖြေရှင်းပေးမယ့် အဖွဲ့အစည်းအဖြစ် အားကိုးခဲ့ပုံကိုလည်း အခုလို ပြောပါတယ်။
“သူတို့ကတော့ အားကိုးကြတယ်ဗျာ၊ အဲဒီမှာမှ ဒီ ကုလသမဂ္ဂကို တိုင်တည်ရာ တခုအနေနဲ့ ကြားကနေပြီးတော့ သေသေ ချာချာ မျှမျှတတ ၀င်ရပ်တဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့က အားကိုးတာပေါ့ဗျာ။ သူတို့ မတရားလုပ်နေတာတွေကို ကြားကနေ မားမား မတ်မတ်ရပ်ပေးမယ့် အဖွဲ့အစည်းတခုဆိုပြီးတော့ သူတို့က အားကိုးတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ဒီနေ့လုပ်လိုက်တဲ့ ပုံစံအရဆိုရင် တော်တော်ကြီးလည်း စိတ်ပျက်စရာ ကောင်းတယ်၊ ပြီးတော့ ကျနော်တို့ မြင်ထားတဲ့ အားကိုစရာ ရွှေတောင်ကြီး ကလည်း အလကား ခြတောင်ကြီး ဖြစ်နေပြီ။ တကယ်တမ်း ပြောရရင်တော့ ကုလသမဂ္ဂကို အများကြီး မျှော်လင့်ထားတာပေါ့။ အခု ဒီနေ့လို အခြေအနေမျိုး တွေ့ရခြင်းအားဖြင့် ကျနော်တို့ မြန်မာပြည် သားတွေရဲ့ အရေးကို ဘယ်လိုမှ ဆက်ပြီးတော့ ရှေ့မှာ ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို မြင်တာပေါ့နော်။”
ယူအဲန်ဒီပီရုံးက ပြန်အထွက်မှာ ဒုက္ခသည်တွေ ၆ ဦးထက်မနည်း အဖမ်းခံရပြီးတဲ့နောက် အားလုံး လူစုခွဲခဲ့ရကြောင်း ပြောပြပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ အိုင်စီအာရ်စီ ရုံးကို သွားတဲ့အခါမှလည်း သူတို့ကို အကူအညီ မပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပြပါတယ်။

ရာသီဥတုဆိုင်ရာ နိုင်ငံတကာညီလာခံမှာ မြန်မာ့မုန်တိုင်းအရေး ဆွေးနွေးမည်
10 June 2008
ကိုသိန်းထိုက်ဦး -
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်
မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင် ၂၀၀ ပါဝင်မယ့် အစည်းအဝေးကြီးတရပ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) က ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု အပြောင်းအလဲတွေ အကြောင်း ဆွေးနွေးမယ့် ညီလာခံမှာ မြန်မာနိုင်ငံအရေး ကိစ္စကလည်း အဓိက အကြောင်းအရာတခု ဆိုတော့ ဘာတွေ စီစဉ်ထားတယ် ဆိုတာ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေး ပါရှင်။
လာမယ့် ဂျွန်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထား တဲ့ ဒီညီလာခံမှာ နိုင်ငံတကာက ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဒီညီလာခံနဲ့ ပတ်သက်လို့ ကမ္ဘာတ၀ှမ်း ကြုံတွေ့ရင်ဆိုင် နေရတဲ့ စားနပ်ရိက္ခာရှားပါးမှုတွေ ရာသီဥတု အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လူသားတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ ကြား ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖြစ်တဲ့အကြောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညီလာခံကြီးရဲ့အင်တာနက် စာမျက်နှာကနေ အခုလို ကြေညာထားပါတယ်။
“ရာသီဥတုပြောင်းလဲမှုတွေ ကြုံရတဲ့အချိန် လူသားတွေရဲ့ ကံကြမ္မာကို ကျနော်တို့ အခု ကမ္ဘာတ၀ှမ်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညီလာခံကနေ ဆွေးနွေးတင်ပြကြမှာပါ။ ဒီညီလာခံကို ဂျနီဗာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဘေးဒုက္ခရင်ဆိုင်ရတဲ့နေရာတွေမှာ အားလုံး လက်တွဲပြီး အကူအညီပေးရေးကိစ္စတွေကို လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေသွား မှာပါ။”
ရာသီဥတု အပြောင်းအလဲတွေ ရင်ဆိုင်ရပြီးတဲ့နောက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေမှာ ရေကြီးတာ တွေ၊ မုန်တိုင်းတိုက်တာတွေ၊ တချို့နေရာတွေမှာ မိုးခေါင်တာတွေ ကြုံနေရတယ်လို့ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က ပြောပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ လေဘေးကိစ္စကလည်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ကြေညာထားပါ တယ်။ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့လုပ်ငန်းတွေမှာ ပုံမှန်အားဖြင့် လုပ်ကိုင် လေ့မရှိတဲ့ အခြားသူတွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ ဒီထက် ကူညီရေးကိစ္စတွေ အများကြီးကောင်းအောင် ဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ။ စစ်မှုထမ်းတွေပါ ပါဝင်ဆောင်ရွက်တာမျိုးပါ။ အကူအညီလိုအပ်နေတဲ့သူတွေကို အဓိကထားပြီး ကျနော်တို့ လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် အများကြီး ပြောင်းလဲအောင် လုပ်နိုင်မှာပါ။ ကျနော်တို့ ညီလာခံက ဒါကို ဦးတည်ဆွေးနွေး ကြမှာပါ။”
လူသားချင်းစာနာထောက်ထားမှု ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အားလုံး ပါဝင် လက်တွဲဖို့ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောသွားတာပါ။ မတူညီတဲ့ နောက်ခံတွေနဲ့ ကွဲပြားတဲ့ နေရာတွေအသီးသီးက ခေါင်းဆောင်တွေ စုစည်းပြီး တူညီတဲ့ ရည်မှန်းချက်အတွက် အားလုံး လက်တွဲဆောင်ရွက်မယ်လို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညီလာခံ စာမျက်နှာကနေ ကြေညာထားပါတယ်။

သတင်းဆောင်းပါး
ကိုယ်ထူကိုယ်ထ ဖျာပုံ
အောင်သက်ဝိုင်း/ဖျာပုံ ဇွန် ၁၀၊ ၂၀၀၈
ဖျာပုံမြို့နယ်အပိုင် ကျေးရွာများရှိ မုန်တိုင်းသင့် ဒုက္ခသည်အများစုမှာ တလကျော် ကြာသည်အထိ အာဏာပိုင်များနှင့် နိုင်ငံ တကာအဖွဲ့ အစည်းများ၏ အကူအညီများ အပြည့်အ၀ မရရှိသေးဘဲ စားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရကြောင်း တွေ့ရှိရသည်။
ဖျာပုံမြို့နယ်တွင် အောက်ကွင်း၊ စံပြ ၊ ကနိ ၊ ဖျာပုံမြစ်တန်း တလျှောက်ကျေးရွာများ။ ဘုန်းကြီးသောင်၊ ဖိုးရှမ်းကြီး၊ ကပျက်၊ ညီနောင်၊ သကြားဟင်းအိုး၊ မကျီးကန်း၊ ကျုံဓမင်း၊ ကန်ဆိပ် ကျေးရွာအပါအ၀င် မုန်တိုင်းသင့် ကျေးရွာပေါင်း တရာနီးပါး ရှိသည်ဟု သိရသည်။
နာဂစ်မုန်တိုင်းကြောင့် ဖျာပုံမြို့နယ်တွင် အနည်းဆုံးလူဦးရေ တသောင်းကျော်သေဆုံးရပြီး ပျောက်ဆုံးသည့် အရေအတွက် ကိုမူ မသိရှိရကြောင်း ဖျာပုံမြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးခဲ့ချိန် ရက်အနည်းငယ်က ဖျာပုံမြို့နယ်တွင် ဒုက္ခသည် စခန်း ဆယ်ခု နီးပါးကို မြို့ပေါ် ဘောလုံးကွင်း၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပရ၀ဏ်များအတွင်းတွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ၎င်း ဒုက္ခသည်များအားလုံးကို မေလ ၂၃ ရက်နေ့နောက်ပိုင်းတွင် နေရပ်ရင်း ကျေးရွာများသို့ အတင်းအကျပ် ပြန်လွှတ်ခဲ့ပြီး မေလမကုန်ခင် စခန်းများအားလုံး ပိတ်သိမ်းခဲ့ကြောင်း ဖျာပုံမြို့ခံများက ပြောသည်။
နေရပ်ရင်းကျေးရွာများသို့ ဒုက္ခသည်များကို ပြန်လည်စေလွှတ်သော်လည်း လိုအပ်သည့် စားဝတ်နေရေးနှင့် ပြန်လည်ထူ ထောင်ရေး အကူအညီများကိုမူ အနည်းအကျဉ်းသာ လုပ်ဆောင်ပေးသည်ဟု ဒေသခံများက ဆိုသည်။
“နေစရာကတော့ ဖျာပုံမြစ် ကမ်းနားတလျှောက်က ဓနိတောတွေမှာရှိတဲ့ ဓနိတွေသွားခုတ်၊ ၀ါးတွေခုတ်ပြီး တဲတွေ ပြန်ဆောက်ကြဆိုတော့ အရမ်းကြီးဒုက္ခ မရောက်ဘူး။ စားစရာနဲ့ အ၀တ်အထည် အရမ်းဒုက္ခဖြစ်တယ်။ ရွာတွေကို စစ်တပ်က ရိက္ခာလာပေးပေမယ့် ရွာလူဦးရေနဲ့ မမျှတော့ မဲဖောက်ပေးရတာမျိုးတွေရှိတယ်။ မြို့ပေါ်က အဖွဲ့အစည်း အကူအညီတွေက ရောက်တဲ့ ရွာတွေရောက်တယ်။ ဒါပေမယ့် အကူအညီမရတဲ့ ကျေးရွာတွေများတယ်” ဟု တင်မလွှဲကျေးရွာအုပ်စုမှ ရွာလူကြီးတဦးကပြောသည်။
ဖျာပုံမြို့နယ်တွင် နာဂစ်မုန်တိုင်းကြောင့် လူအသေအပျောက်မရှိဘဲ နေအိမ်၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းခွင်များသာ ပျက်စီး ဆုံးရှုံးခဲ့ရသည့် ကျေးရွာ အများအပြားရှိနေသည်။ အဆိုပါ ကျေးရွာများတွင် သီတင်းလေးပတ် ကျော်လာသည့် အချိန်ထိ စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ အမိုးအကာများကို အာဏာပိုင်များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ လုံလုံ လောက်လောက် မရရှိသေးဘဲ ရန်ကုန်နှင့် မြို့ပြဒေသကြီးများမှ လာရောက် လှူဒါန်းသည့် အလှူရှင်များကိုသာ မှီခိုနေ ရကာ မုန်တိုင်းဖြစ်ပြီး တလကျော်ကြာလာချိန်တွင် အလှုရှင်အရေအတွက် လျော့ကျသွားသောကြောင့် အခက်အခဲများ ကြုံတွေ့ရကြောင်း သိရှိရသည်။
“မုန်တိုင်းဖြစ်စက အလှူရှင်တွေအရမ်းလာတော့ ဆန်တို့၊ ပဲတို့ လုံလောက်တယ်လေ။ ဒါပေမယ့် အခု အလှုရှင်တွေ အလာ ကျဲသွားတော့ ရှိတဲ့ဆန်လေးကို ဆန်ပြုတ် ပြုတ်သောက်တယ်။ ဆန်ပြုတ်ဖို့ မရှိတော့ရင် နေလှန်းထားတဲ့ ရေစိုဆန်တွေ ချက်စားပေါ့” ဟု ဖိုးရှမ်းကြီး ကျေးရွာသား တဦးကဆိုသည်။
နေလှန်းထားသည့် ရေစိုဆန်များမှာ ဝါကျင်ကျင် ဖြစ်နေပြီး အနံ့အသက်ဆိုးကာ ချက်ပြုတ်စားသောက်ရာတွင် အရသာလုံးဝ မရှိကြောင်း ဒေသခံများက ဆိုသည်။ ဖျာပုံမြစ် အဆုံး ပင်လယ်ဝနားတွင် အခြေစိုက်ထားသော အစိုးရစစ်တပ်က နီးစပ်ရာ ကျေးရွာတချို့ကို ဆန်အနည်းငယ်စီ လိုက်လံဝေငှသော်လည်း အလွန် နည်းပါးကြောင်း ဒေသခံများက ပြောပြသည်။
“မုန်တိုင်းတိုက်ပြီးတဲ့အချိန်က စလို့ အခုအချိန်ထိ အကူအညီဆိုလို့ ဖျာပုံ ဓမင်းဆိပ်ကျေးရွာမှာ အခြေစိုက် တပ်စွဲထားတဲ့ တပ်မ ၃၆ က လာပေးတဲ့ ဆန် စုစုပေါင်း ၃ ပြည်ပဲရသေးတယ်” ဟု လူဦးရေ ၆ ဦးသာ ကျန်ခဲ့သော ဘုန်းကြီးသောင်ရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးကြီး တဦးကပြောသည်။
သောက်သုံးရေ နှင့်လက်ရှိအခြေအနေတွင် မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် မိုးရေခံအသုံးပြု၍ ရနေပြီး ချက်ပြုတ် စားသောက်ရေးအတွက် အိုးခွက်ပန်းကန်နှင့် အ၀တ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။
“ဒန်အိုး၊ ဒန်ခွက်တွေ ပြီးတော့ အ၀တ်အထည်။ မိန်းမတွေအတွက် ထဘီ အရမ်းလိုအပ်တယ်။ ယောက်ျားတွေအတွက် ပုဆိုး လိုတယ်။ မိုးရာသီရောက်လာတော့ စောင်တို့ ခြင်ထောင်တို့ လည်းလိုတယ်” ဟု အသက် ၄၀ ကျော်အရွယ် ကနိရွာသား တဦးက ဆိုသည်။
ဖျာပုံမြို့ပေါ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ်စိုးနိုင် ဦးစီးပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အန်ဂျီအိုတချို့နှင့် ဒဂုံအင်တာနေရှင်နယ်၊ ယုဇန၊ ပြည်ဖြိုးကျော် မင်းရာဇာကုမ္ပဏီ အစရှိသည့် ပြည်တွင်းစီးပွားရေး ကုမ္ပဏီများ လာရောက်အခြေစိုက်ကာ အကူအညီနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်မှုများရှိသော်လည်း ကျေးရွာများရှိ ဒုက္ခသည်များ၏ အခြေအနေမှာ အနည်းငယ်သာ တိုးတက်ကောင်းမွန်၍ အများစုမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသေးကြောင်း သိရှိရသည်။
ဖျာပုံမြို့ပေါ်ရပ်ကွက်များတွင်လည်း စားဝတ်နေရေး အဆင်မပြေသည့် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များရှိနေပြီး အများ စုမှာ အကူအညီမရရှိဘဲ ရပ်ကွက်လူကြီးများက စီစဉ်ပေးသည့် အတိုင်း မဲနှိုက်၍ ဆန်၊ ဒန်အိုးနှင့် လိုအပ်သောအကူအညီ များကို တန်းစီစောင့်ဆိုင်း ရယူနေရကြောင်း သိရသည်။
ဖျာပုံမြို့၁ ရပ်ကွက်မှ ဒုက္ခသည်တဦးက “ရပ်ကွက်တွေအားလုံးက လူတွေအတွက် ဆန်၊ ဆီနဲ့ တခြားမီးဖိုချောင်ပစ္စည်း တွေ ဝေပေးဖို့ မဖြစ်နိုင်ဘူးတဲ့။ အဲဒါတွေက အစိုးရဆီက ခွဲတမ်းနဲ့ပဲ ရတယ်လို့ ရယကတွေကပြောတယ်။ တခြား အန်ဂျီအိုနဲ့ အလှုရှင်တွေဆီက ရတာတွေ ကလည်း လူအရေအတွက်နဲ့ ပစ္စည်းက မမျှတော့ မဲဖောက်ပေးရတာလို့ ပြောတယ်။ ကျနော် ဆိုရင် မနေ့က ယူနီဆက်ဓာတ်ဆားတထုပ် မဲပေါက်တယ်။ ဒီနေ့တော့ ထွေးခံတလုံး မဲပေါက်တယ်” ဟုဆိုသည်။
ဖျာပုံမြို့နယ်သည် ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းဒဏ်ကို အနည်းဆုံး ခံခဲ့ရသော ဒေသဖြစ်သော်လည်း ပြန်လည် ထူထောင်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများကို လပွတ္တာ၊ ဘိုကလေးဒေသများကဲ့သို့ပင် အင်တိုက်အားတိုက် ဆောင်ရွက်ရန် အထူးလိုအပ်နေကြောင်း ပြည်တွင်း အန်ဂျီအိုတခုမှ လူငယ်တဦးက ပြောသည်။

ဖျာပုံဒေသ၏စီးပွားရေးအခြေအနေ
ရေလုပ်ငန်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ

ဖျာပုံမြို့နယ်တွင် လုပ်ကိုင်လျှက်ရှိသည့် ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများမှာ ဧရာဝတီတိုင်း၏ အကြီးမားဆုံးနှင့် ရင်းနှီး မြှုပ်နှံမှုအများဆုံးသော လုပ်ငန်းများ စာရင်းတွင် ပါဝင်ပြီး နာဂစ်မုန်တိုင်းကြောင့် ရာနှုန်းပြည့်နီးပါး ပျက်စီးသွားရကြောင်း ဖျာပုံဒေသခံ ရေလုပ်သားများကပြောသည်။
ဖျာပုံမြို့နယ်၏ ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် ကျပ်သိန်း ထောင်သောင်း ချီ၍ လုပ်ကိုင်နေသည့် ဒေသခံစီးပွားရေး ကုမ္ပဏီများနှင့် လုပ်ငန်းရှင် ရာဂဏန်းကျော်ရှိပြီး တနိုင်တပိုင် ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းရှင် ထောင်ဂဏန်းကျော် ရှိကြောင်းသိရသည်။
နာဂစ်မုန်တိုင်းကြောင့် ရေလုပ်သားထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခြင်း၊ ငါးဖမ်း သဘောင်္များ နစ်မြုပ်ပျောက်ဆုံးခြင်း၊ ဖျာပုံမြစ်ကမ်းတလျှောက်ရှိ ရေထွက်ပစ္စည်း သိုလှောင်ရုံများ ပျက်စီးရခြင်း၊ ပိုက်နှင့် ငါးဖမ်းကိရိယာ ဆုံးရှုံးခြင်းများ အပါ အ၀င် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအားဖြင့် ကျပ်သိန်း သောင်းပေါင်း များစွာရှိနိုင်ကြောင်း ဖျာပုံရေလုပ်ငန်းရှင် အသိုင်းအ၀န်းက ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ လက်ရှိ ကောက်ခံရရှိသော ပျက်စီး ဆုံးရှုံးမှု စာရင်းဇယားများ အရ နာဂစ် မုန်တိုင်း ကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေသင်္ဘော ၂၀၈၈ စီး နစ်မြုပ်ကာ ရေလုပ်သား ၁၇၈၇၆ ဦးသေဆုံး၍ ၉၆၁၂ ဦးပျောက်ဆုံးနေကြောင်းသိရသည်။ ပိုက်နှင့် ငါးဖမ်းပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၇၆၀ ဖိုးဆုံးရှုံးခဲ့ရပြီး ပိုမိုတိကျသော စာရင်းဇယားများ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက် နေကြောင်း ဖော်ပြထားသည်။
နာဂစ်မုန်တိုင်း ၀င်ရောက်မှုကြောင့် ဖျာပုံမြို့နယ်မှ သေဆုံးခဲ့ရသူများတွင် ငါးဖမ်းလုပ်သား အများဆုံးဖြစ်ပြီး အသက်ရှင် ကျန်ရစ်သည့် ရေလုပ်သားများမှာလည်း လုပ်ငန်းများ ပြန်လည် မစတင်နိုင်သေးသောကြောင့် စားဝတ်နေရေး အကြပ် အတည်းများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။
“မုန်တိုင်း တိုက်ပြီးကတည်းက အလုပ်မရှိတော့တာ။ အလုပ်တွေကလည်း အခုအချိန်ထိ ပြန်မစနိုင်သေးဘူး။ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေက ကမ်းတင်နေတဲ့ ငါးဖမ်းသင်္ဘောတွေ ပြန်ရှာကြ၊ ပြင်ဆင်ကြတဲ့ အဆင့်ပဲ ရှိသေးတယ်။ အလုပ်တွေပြန်စ ဖို့ မလွယ်သေးဘူး။ အလုပ်မရှိတော့ မြို့ပေါ်တက် အိမ်ပြင်ဘာပြင်နဲ့ တနေ့ ၁၅၀၀ လောက်တော့ ရတယ်” ဟု ဖျာပုံမြစ် ကမ်းဘေးရှိ ငါးဖမ်းလုပ်ငန်းအလုပ်ရုံမှ လုပ်သားတဦးကဆိုသည်။
ဖျာပုံမြစ် ကမ်းဘေး ဒေးဒရဲဘက်ခြမ်းတွင် ကမ်းတင် ပျက်စီးနေသည့် ဘုံကျောင်း၊ မျှောပိုက်၊ ဂျူတ်၊ ကျား၊ စိန်ပိုက် စသည်ဖြင့် ငါးဖမ်းစက်လှေ ရာပေါင်းများစွာ ရှိနေပြီး တလကျော် ကြာလာသည့် အချိန်ထိ သက်ဆိုင်ရာ ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက ပြန်လည် ပြင်ဆင်ခြင်းများ မပြုလုပ်ကြသေးကြောင်း သိရှိရသည်။
“ဖျာပုံမြစ် ဒေးဒရဲကမ်းဘက်ခြမ်း မိုင်ကျွန်း၊ ငမေးကြီးသောင်၊ ကျုံနမေး ကမ်းနဲ့ ကမ်းနားတလျှောက်မှာ ကမ်းတင်နေတဲ့ ငါးဖမ်းသင်္ဘောနဲ့ စက်လှေတွေအများကြီးပဲ။ တချို့က ကမ်းနားမှာမြုပ်နေတယ်။ တချို့လှေတွေက ကုန်းတွင်းပိုင်း ကမ်းနား နဲ့ တော်တော် ဝေးတဲ့နေရာထိ ရောက်နေတယ်။ ဒီသင်္ဘောနဲ့ စက်လှေတွေ ရေထဲပြန်ရောက်ဖို့ဆိုတာ တော်တော် လုပ်ယူ ရမယ်” ဟု ဖျာပုံမြစ်တွင်း ခရီးသည်တင် မော်တော်နှင့် စက်လှေ အငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်နေသော ဒေသခံ တဦးက ဆိုသည်။
ငါးဖမ်းလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးသောကြောင့် ဖျာပုံဒေသမှ ရေလုပ်သားများမှာ ရန်ကုန်မြို့မှ ငါးဖမ်းသင်္ဘော များတွင် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့မှုများရှိပြီး တချို့ရေလုပ်သားများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မိသားစုလိုက် ပြောင်းရွှေ့မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖျာပုံအပါအ၀င် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် စစ်အစိုးရ က ကျပ်ငွေ သိန်းနှစ်သောင်း ကူညီချေးငှားသွားမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ထား သော်လည်း တနေ့စာတနေ့ ရှာဖွေ အသက်မွေးနေရသော ငါးဖမ်း လုပ်သားများ အတွက် တစုံတရာစီစဉ်ထားပေးခြင်း မရှိဟု ၎င်းတို့ကပြောပြသည်။
“ပိုက်ကော၊ လှေကောမရှိတော့ဘူး။ ဘာလုပ်ကိုင်စားရမလဲဆိုတာ အခုထက်ထိ စဉ်းစားလို့ မရသေးဘူး” ဟု ဘုန်းကြီးသောင် ကျေးရွာမှ တံငါတဦးကဆိုသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း
ဖျာပုံမြို့နယ် ကျေးရွာများရှိ လယ်ယာမြေများမှာ ပျက်စီးမှုများ ရှိသော်လည်း ယခု မိုးရာသီတွင် အချိန်မီ ပြင်ဆင်စိုက်ပျိုး ပါက အဆင်ပြေ နိုင်မည်ဖြစ်သည်။ သို့ရွာတွင် ကျွဲနွားနှင့် မျိုးစပါးများ မရှိသောကြောင့် လယ်ယာလုပ်ငန်းများ ပြန်လည် မစတင် နိုင်သေးကြောင်း ဒေသခံ လယ်သမား တဦးကပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖျာပုံမြို့နယ်အပိုင် ကျေးရွာများတွင် ကျွဲနွားများနှင့် စပါးသိုလှောင်ရုံများ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ဆန်စက်အများအပြားလည်း လုံးဝနီးပါး ပျက်စီးသွားကြောင်း သိရှိရသည်။
လယ်ယာလုပ်ငန်းများပြန်လည်စတင်ရန် အကူအညီများ အရေးပေါ်လိုအပ်နေသောကြောင့် ဖျာပုံမြို့ပေါ်ရှိ ပြန်လည် ထူထောင်ရေး လုပ်ကိုင်နေသည့် အာဏာပိုင်များထံ စာတင်ပြ အကူအညီ တောင်းခံထားသော်လည်း တစုံတရာ အကြောင်း ပြန်ခြင်း မရှိကြောင်း သိရသည်။
“မြို့ပေါ်က အာဏာပိုင်တွေကိုအကြောင်းကြားထားတယ်။ ရွာမှာ လယ်တွေ ပြန်စိုက်လို့ ရနေပြီ။ လက်တွန်းထွန်စက်တလုံး ရရင် ရွာကလယ်တွေ အလှည့်ကျ စနစ်နဲ့ ထွန်ပြီး မျိုးစပါးကိုတော့ ရွာသားတွေ စုဝယ်စိုက်မယ်။ အဲဒါ လက်တွန်း ထွန်စက် ရအောင် ဆောင်ရွက်ပေးပါ ဆိုပြီး အကြောင်းကြားထားတယ်။ သွားပြောထားတာ ၁၅ ရက်ကျော်နေပြီ ဘာမှပြန်မပြောဘူး” ဟုကနိရွာသား လယ်သမားတဦးက ဆိုသည်။
ကျေးရွာတချို့တွင်မူ ကျန်ရစ်သည့် ကျွဲနွားများဖြင့် လယ်ယာမြေများ ထွန်ယက် ထားနိုင်သော်လည်း မျိုးစပါးဈေးနှုန်း မြင့်မားမှုကြောင့် လယ်ယာလုပ်ငန်းများ မစတင်နိုင်သေးကြောင်း ကြားသိရသည်။
“မျိုးစပါးက ရွှေဝါထွန်းလို အကြမ်းကို တင်းတစ်ရာ ၈ သိန်း၊ အချောက တင်းတရာ ၁၀ သိန်း။ ဒါတောင် ၀ယ်ချင်တိုင်းဝယ် လို့ မရဘူး” ဟု ကနိကျေးရွာမှ လယ်သမားကြီးတဦးက ဆိုသည်။
ဆန်စပါး ဈေးနှုန်းများမှာလည်းမြင့်တက်နေပြီး စပါးအကြမ်းတင်းတရာ ငျွေ၃၅၀၀၀၀ ကျော်ရှိကာ အချောတင်းတရာလျင် ငွေ ၄၀၀၀၀၀ ကျော်ရှိပြီး အရောင်းအ၀ယ် လုံးဝ မရှိကြောင်း သိရှိရသည်။
မုန်တိုင်းသင့် ဒေသများမှ လယ်ယာများ ပြန်လည်စတင်ရန်အတွက် ချေးငွေ၊ မျိုးစပါးနှင့် လက်တွန်း ထွန်စက် မြေသြဇာနှင့် ပိုးသတ်ဆေး အစရှိသော အကူအညီများ ရရှိမှသာ ဖြစ်နိုင်မည်ဟု လယ်သမားများက ပြောကြသည်။
လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် လယ်မြေ ၁၀၆၆၂၇၁ ဧက၊ ရန်ကုန်တိုင်းတွင် ၃၀၀၇၁၃ ဧကနှင့် ကျွဲနွားစုစုပေါင်း ၂၈၈၄၇၄ ကောင် ဆှုံးရှုံးခဲ့ကြောင်း သိရသည်။

ဒေါ်စုလွတ်မြောက်ရေး ဆန္ဒပြသူများ ပြန်လွတ်
ကိုစိုး ဇွန် ၁၀၊ ၂၀၀၈
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေလ ၂၇ ရက်နေ့က ချီတက်ဆန္ဒပြ သောကြောင့် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၅ ဦးကို အာဏာပိုင်များက ယမန်နေ့ညတွင် ပြန်လွှတ်လိုက်သည်။
ဖမ်းဆီးခံခဲ့ရသော ၎င်းတို့ ၁၅ ဦးအား ဝန်ခံကတိ လက်မှတ်များထိုးခိုင်းပြီး အင်းစိန် ဂျီတီအိုင်မှနေ၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ယမန်နေ့ည ၉ နာရီခန့်က ပြန်လွတ်လာသူ မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင်) က ပြောသည်။

“ကျမတို့ကို ဥပဒေအရ ဖမ်းဆီးထားတာ မဟုတ်ဘဲနဲ့ လက်မှတ်ထိုးခိုင်းတဲ့ ဝန်ခံကတိ ၃ ချက်ကို ကျမတို့က ဖျက်ပေးဖို့ တောင်းဆိုပါတယ်၊ သူတို့က ဒါ အခုလက်မှတ်ထိုးခြင်း သက်သက်ဖြစ်ပြီးတော့ အကျုံးမဝင်ပါဘူးတဲ့၊ လွှတ်ပေးဖို့အတွက် သက်သက် လက်မှတ်ထိုးခိုင်းခြင်း ဖြစ်ပါတယ်တဲ့၊ နောက်တကြိမ်လည်း အကျုံးမဝင်ပါဘူးတဲ့၊ ကျမတို့ အားလုံးပေါင်း ၁၄ ရက်နေခဲ့ရပါတယ်”ဟု မထက်ထက်ဦးဝေက ဧရာဝတီသို့ ပြောသည်။

၎င်းတို့အား အော်ဟစ်ဆူပူ ဆန္ဒပြခြင်းပြုလုပ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် နိုင်ငံတော် အေးချမ်းသာယာရေးကို ပျက်စီးစေသည်ကို သိရှိကြောင်း၊ တည်ဆဲ ဥပဒေအရ အရေးယူခံရမည်ကို သိရှိကြောင်း စသည့် အချက်များကို ဝန်ခံ လက်မှတ်ထိုးခိုင်းသော်လည်း အော်ဟစ် ဆူပူခြင်းမရှိဘဲ စီတန်းလမ်းလျှောက်ခြင်းသာ ဖြစ်သည်ဟု မထက်ထက်ဦးဝေက ဆိုသည်။

မထက်ထက်ဦးဝေတို့ ၁၅ ဦးအားဖမ်းဆီးစဉ် အရပ်ဝတ် အာဏာပိုင်များက အန်အယ်လ်ဒီ ရုံးသို့ ပြန်ပို့ပေးမည်ဟုဆိုကာ အင်းစိန် ဂျီတီအိုင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ထို့နောက် ခမောက် ၁၁ လုံးနှင့် ပင်နီ အင်္ကျီ ၆ ထည်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် သိမ်းဆည်းလိုက်ကြောင်းလည်း သိရသည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော် သိသလောက် သူတို့ကို ခေါ်သွားစဉ်က ဘယ်တရားရုံးကိုမှ မခေါ်သွားဘူး၊ ဘယ်တရားသူကြီးကမှလည်း သူတို့ဆီမလာဘူး၊ ဒါကြောင့် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းပဲ ဖြစ်တယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး ဥပဒေနှင့် လုံးဝမညီကြောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးအဖွဲ့အနေနှင့် ဥပဒေနှင့်ညီသည်ဆိုပါက အယူခံခွင့်ပေးရန်နှင့် မိမိတို့မှာ အယူခံခွင့်ရှိကြောင်း၊ မိမိတို့အနေနှင့် ဥပဒေနှင့် မညီညွတ်ကြောင်း တင်ပြရန်အဆင်သင့်ရှိကြောင်း ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ထားသည် ဟုလည်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

ယမန်နေ့ညက ပြန်လွတ်လာသူများမှာ မထက်ထက်ဦးဝေ အပါအဝင် ကိုရန်နိုင် (ကြည့်မြင်တိုင် လူငယ်တာဝန်ခံ-၁)၊ ကိုထွန်းထွန်းဝင်း (စမ်းချောင်း လူငယ်တာဝန်ခံ-၁)၊ စောပြည့်ဖြိုးအောင် (ဒလ မြို့နယ်)၊ ထက်စိုးလင်း (ဒလ မြို့နယ်)၊ ဦးအောင်ဖေ (တွံတေး)၊ သက်နိုင်ထွန်း (လှိုင်သာယာ)၊ ပြည့်ပြည့် (စမ်းချောင်း)၊ ကျော်မျိုးနိုင် (တာမွေ)၊ ကျော်နိုင် (လှိုင်သာယာ)၊ မောင်စန်း(ခ) စန်းနိုင် (လှိုင်သာယာ)၊ ဦးကျော်ဒင်(လှိုင်သာယာ)၊ လှမျိုးနိုင် (မင်္ဂလာဒုံ)၊ ထွန်းဝင်းသိန်း (မင်္ဂလာဒုံ)၊ ဦးကြည်လွင် (တောင်ဒဂုန်) စသည်တို့ ဖြစ်သည်။

လွန်ခဲ့သည့် မေလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များက ဖြိုခွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့်မြောက်ခဲ့ ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

အမေရိကန်နိုင်ငံ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော (Freedom Now) အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့ကလည်း မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် လွန်ခဲ့သည့် မေလ ၂၃ ရက်က ကြေညာချက် တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန် ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။ [Top]

ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 10 2008 18:35 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ နာဂစ်မုန်တိုင်းဒဏ် ခံရ၍ အရေးပေါ် အကူအညီ လိုနေသူ လူတစုက ရန်ကုန်ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ အကူအညီ တောင်းခံရန် ကြိုးစားရာ ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်မှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများထံ အကူအညီရရေး ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသည့် ဒုက္ခသည်များကို တွေ့ရစဉ်။ ဒုက္ခသည် များမှာ လမ်းခုလတ်တွင်ပင် ရဲက ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဓါတ်ပုံ - မဇ္ဈိမတောင်ဒဂုံမြို့နယ်မှ အနည်းဆုံး လူ ၃ဝ ကျော် ပါဝင်သော လူတစုက ဒိုင်နာကားတစီးဖြင့် အင်္ဂါနေ့နံနက် ၁ဝးဝဝ နာရီ အချိန်မှစ၍ ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည် ဟု မျက်မြင် သက်သေများက ပြောသည်။အဖမ်းခံရသူများတွင် ကလေးများလည်း ပါဝင်သည် သိရသည်။တောင်ဒဂုံ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၇ ရပ်ကွက် နှင့် ၈ ရပ်ကွက်များတွင် စုစုပေါင်း လူ ၅ဝဝ ခန့်သည် လယ်ကွင်းများတွင် တဲထိုးနေကြရသည်။ ထိုသူများအနက်မှ အစိုးရ၏ ကူညီ ထောက်ပံ့မှု နည်းပါး လွန်းသည်ဟု မခံမရပ်နိုင် ဖြစ်ကာ တိုက်ရိုက် တောင်းခံရန် ကြိုးစားကြခြင်း ဖြစ်သည်ဟု အဖမ်းမခံရမီ ဒုက္ခသည် များက ပြောကြသည်ဟု ဓာတ်ပုံ မှတ်တမ်း တင်လိုက်နိုင် သူ မျက်မြင်သက်သေ တဦးက ပြောသည်။
“သူတို့အိမ်ရာ ထူထောင်ဖို့ရာ အတွက်က ကယ်ဆယ်ရေး ပစ္စည်းတွေဟာ ပြန်လည် တည်ဆောက်ဖို့ရာ မရောက်လာတဲ့အတွက် မိုးထဲ ရေထဲမှာ သူတို့ ဖြစ်သလို နေထိုင်နေကြရတဲ့ အခက်အခဲတွေ သူတို့မှာ ရှိတယ်လို့ ပြောတယ်” ဟု သူက မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။

ဒုက္ခသည်များသည် မိမိတို့ နေရပ်များမှ ဘတ်စ်ကားများဖြင့် အသီးသီးဖြင့် စုရပ်တခုသို့ ရောက်ရှိလာပြီးမှ ဒိုင်နာကားတစီးတွင် အတူစီးကာ မြို့လယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

သွားရောက်တောင်းခံသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အမည်နာမပင် ဆန္ဒပြသူများ ကိုယ်တိုင် ရှင်းလင်းကွဲပြားဟန် မရှိသော်လည်း အကူအညီ ပေးနိုင်လိမ့်မည်ဟု ယုံကြည် နေကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ အထောက်တော် တဦးက ပြောသည်။

မြစ်ဝကျွန်းပေါ် ဒေသသို့ ကုလရဟတ်ယာဉ်များ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနေ
ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 10 2008 14:20 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကုလ ရဟတ်ယာဉ်များက ကူသယ် ခေါက်သယ် သယ်ပို့ပေးနေသဖြင့် နောက်ဆုံးတွင် အကူအညီများ တဖြေးဖြေးချင်း ရောက်ရှိနေပုံ ရပါသည်။ သို့သော် ဤသို့ နောက်ကျခြင်း သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် ကြီးမားစွာထိ ခိုက်နစ်နာစေခဲ့မည်ကို စိုးရိမ်ရကြောင်း ဝေဖန်သူများက ပြောကြားကြပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လွန်ခဲ့သော အပတ်ကမှ လေကြောင်းဖြင့် ပထမဆုံး ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သယ်ပို့ပေးရန် ယခု ရက်သတ္တပတ် ကုန်ပိုင်းက နောက်ထပ် ရဟတ်ယဉ် ၅ စင်းကို မြန်မာ စစ်အစိုးရက ခွင့်ပြုခဲ့သည်။

“မနေ့က ရဟတ်ယဉ် ၂ စင်းသွားတယ်။ ၄ စင်းက ဒီနေ့ အစားအစာတွေ သွားပို့တယ်” ဟု ဘန်ကောက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားလိုက်ပါသည်။

“ဘယ်တော့မှတော့ အရမ်း နောက်ကျသွားပြီရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ပြဿနာက ခုအချိန်ဆိုရင် လူအတော်များများက သေပြီး ဖြစ်နေတော့ မှာ” ဟု ကင်ပိန်းအုပ်စု တခုဖြစ်သည့် ယှဉ်ပြိုင် အာဆီယံ ကွန်ရက် (Altsean) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) က ပြောဆိုသွားပါသည်။

“ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက ပြည်သူတွေ အတွက်ကတော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးပါဘဲ၊ ဘာအကူအညီမှ မရဘဲ နေခဲ့ရတာ တလကျော်နေပြီ” ဟု စတော့ဟတ် (Stothard) က ဆက်လက် ပြောဆိုသွားပါသည်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုနှင့် လုပ်ကိုင်နေသော မြန်မာ အကူအညီပေးရေး လုပ်သားတဦးကလည်း မည်သို့ပင် ဖြစ်စေ အကူအညီပေးရေး ပစ္စည်းများ ဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှုသည် အလွန် နည်းနေဆဲ ဖြစ်ပြီး နေရာ အများအပြားကို ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ပြောဆိုသွားပါသည်။

“လူအတော်များများက ဘာအကူအညီမှ မရဘဲ သူတို့ဖာသာ သူတို့ အသက်ရှင်နေရတာ။ ရောဂါမျိုးစုံ ဖြစ်နေတာ ခံနေရတာ ခုဆို တလကျော်ပြီ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှ မကြာသေးခင်ကမှ ပြန်လည် ရောက်ရှိလာသူ အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောကြားသွားခဲ့ပါသည်။

အစိုးရ၏ ကန့်သတ်မှုများကလည်း အကူအညီ အပူတပြင်း လိုအပ်နေသော ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး ကြန့်ကြာစေသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

“လူတွေ အများကြီးဆီ အရောက်သွားပြီး ကူညီကယ်ဆယ်နိုင်ဘို့ ဆိုတာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ရဘို့ လိုပါတယ်” သူကပင် ထပ်မံ ပြောဆိုသွားပါသည်။

ဤအတောအတွင်း သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၃၆ ဦး မြန်မာအစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီး ဖြစ်သည် ဟု (WFP) က ပြောဆိုပါသည်။ သို့သော် ဘန်ကောက်တွင် စောင့်ဆိုင်းနေသော သူတို့၏ ရဟတ်ယဉ် ၄ စင်း ယခုထိ ဝင်ခွင့် မရသေး၍ စောင့်ဆိုင်း နေရကြောင်းကိုလည်း ဆက်လက် ပြောဆိုသွားပါသည်။

မြန်မာနိုင်ငံကို မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သွားခဲသော့ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စုစုပေါင်း မုန်တိုင်း ဒုက္ခသည် ၂ သန်းခွဲအနက် ယခုအခါ ဒုက္ခသည် ၁.၃ သန်းခန့်မှာ အကူအညီများ ရရှိခဲ့ပြီ ဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ပြောကြားပါသည်။

သို့သော် မြန်မာ စစ်အစိုးရကမူ အစိုးရ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ မုန်တိုင်း ဒုက္ခသည်များအား ‘အရေးပေါ် ကယ်ဆယ်ရေးအဆင့်’ ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အာရုံပြု လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ (Altsean) မှ ဒက်ဘီစတော့ဟတ် ကမူ အကူအညီ လုံးလုံးမရခဲ့ခြင်း၊ သို့မဟုတ် အနည်းအကျဉ်းသာ ရရှိခဲ့ခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးမှ အများအပြား သေဆုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ မုန်တိုင်း ဒုက္ခသည်များအား ကူညီကယ်ရေး ကိစ္စ ချဉ်းကပ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြန်လည် စဉ်းစားသင့်သည်ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။

“ဒီလိုသာ နောက်ထပ် ကြန့်ကြာနေဦးမယ် ဆိုရင် သူတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) အနေနဲ့ နအဖ (SPDC) ဆီက ခွင့်ပြုချက် မတောင်းဘဲ လူသားချင်း စာနာတဲ့ ဝင်ရောက် စွက်ဖက်မှုမျိုးကို ထောက်ခံသင့်တယ်” ဟု (Stothard) က ဆိုလိုက်ပါသည်။



ပုဂ္ဂလိက လှူဒါန်းမှုများ ကျဆင်းလာနေ

ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 10 2008 13:17 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ တလကျော် ကြာမြင့်လာပြီးနောက် လူပန်း ငွေနည်း ဖြစ်လာသဖြင့် နာဂစ် လေဘေး ဒုက္ခသည်များအတွက် ပုဂ္ဂလိက အကူအညီများ ယခုအခါ တဖြေးဖြေး ကျဆင်းလာနေသည်။
မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဒေသ အသီးသီးမှ တပိုင်တနိုင် အလှူရှင်များက ဧရာဝတီတိုင်းရှိ လေဘေး ဒုက္ခသည်များကို ထောက်ပံ့ကူညီမှု အမျိုးမျိုး ပေးလာခဲ့ရာမှ တလနှင့် ရက်သတ္တ တပတ်ခန့် အကြာတွင် အကူအညီများ သိသာစွာ ကျဆင်းသွားခြင်း ဖြစ်သည်။
“အခု သွားခဲ့တာက ဒုတိယအကြိမ်။ ပထမ အခေါက်တုန်းက၊ မေလ လယ်လောက်ကဆိုရင် လာလှူတဲ့ သူတွေက အများကြီး ရှိတယ်။ အခုတခေါက်မှာတော့ တော်တော် ပါးသွားတယ်” ဟု ဧရာဝတီတိုင်း လပွတ္တာဘက်သို့ သွားရောက် လှူဒါန်းခဲ့သူ ရန်ကုန်မှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

မန္တလေးမှ အသိမိတ်ဆွေများ စုပေါင်းကာ ဖျာပုံဘက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ပေးနေသူများကလည်း ရှေ့ဆက်လုပ်ရန် အခက်အခဲများ တွေ့နေရပြီဟု ဆိုသည်။

“ကျနော်တို့ ဒီလကုန်ရင်တော့ ဆက်မလုပ်နိုင်တော့ဘူး။ လူပန်းတာရယ်၊ ရန်ပုံငွေ မရှိတော့တာတွေရယ်ကြောင့်ပါ” ဟု အဖွဲ့ဝင်တဦးက ပြောသည်။
သူတို့အဖွဲ့သည် မုန်တိုင်းကျအပြီး အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများကို တပိုင်တနိုင် စတင် လှူဒါန်းခဲ့ရာမှ ယခု ၃ ကြိမ်မြောက်တွင်မူ ခြေကုန်လက်ပန်း ကျနေပြီဟု သူက ထပ်မံ ပြောသွားသည်။

ဘိုကလေးမြို့သို့ လာရောက် လှူဒါန်းသူ ပုဂ္ဂလိက အလှူရှင် အရေအတွက်သည်လည်း ယခင်ကထက် ၃ ပုံ ၁ ပုံ ခန့် နည်းပါးသွားသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသော ဒေသခံများက ပြောဆိုသည်။

မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်တပါးက “တကာ၊ တကာမတွေက အခုဆိုရင် လှူနိုင်တဲ့အား လျော့သွားတယ်။ ဦးဇင်းတို့ ဆိုရင်လည်း တော်တော် ပင်ပန်းနေကြပြီ။ အချိန်ကလည်း ကြာလာပြီလေ” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ပုဂ္ဂလိက အလှူရှင်များသည် မိမိတို့ နီးစပ်ရာ အသိုင်းအဝိုင်းများမှ အထောက်အပံ့ ပစ္စည်းများကို စုဆောင်းပြီး ဧရာဝတီတိုင်းရှိ ဒုက္ခသည်များထံ သွားရောက် ပေးလှူကြခြင်း ဖြစ်သည်။

ရန်ကုန်ရှိ နာရေး ကူညီမှု အသင်းကဲ့သို့သော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များကို လှူဒါန်းခြင်း ရှိသလို လေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းကြသူများလည်း ရှိကြသည်။

အလှူရှင် တဦးက “အခုဆို ကျနော်လှူတာ ၂ ခါရှိပြီ။ အစားအစာနဲ့ အဝတ်တွေပါတယ်။ သွားရတာတွေက ပင်ပန်းတာရယ်၊ နောက် ပစ္စည်းတွေ စုဆောင်းဖို့ အခက်အခဲတွေ ရှိနေတော့ အခုတခေါက်က တော်တော် အားနည်းသွားတယ်” ဟု ပြောသည်။

ရန်ကုန်မှ ပုဂ္ဂလိက အလှူရှင် တဦးကလည်း “သူတို့ ကြုံရတဲ့ ဒုက္ခက ကျမတို့ထက်တောင် ဆိုးတယ်။ ဆက်ပြီး ပေးချင်ပေမယ့် ကိုယ့်မိသားစု အရေးကလည်း ရှိသေးတယ်လေ။ သူတို့ဘို့ ဒီလောက်ပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဘူး” ဟု ပြောသည်။


လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား
ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 09 2008 20:43 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။
“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။

သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။

လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။

လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။

ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။

လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။

သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။

အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။

နာဂစ်

- မလေးရှားက ကြိမ်ဒဏ် အချက် ၂၀

UN envoy wants a dialogue with Burmese leaders


The new United Nations envoy on human rights in Burma has said he hopes for an open and cooperative dialogue with its military leaders. The envoy, Tomas Ojea Quintana from Argentina, said he would be going into such a dialogue with his eyes wide open: his own parents had been imprisoned by a military government. Mr Quintana -- in his post for a month -- has not yet received a reply to his request to visit Burma. But as a man whose own parents were imprisoned under Argentina's military government, he insisted he would be going into such a dialogue with his eyes wide open. " I am from Argentina, and I understand that I am dealing with a military regime. I understand that this military regime is violating human rights, so I'm not innocent of my function. What I'm saying is that I am expecting to build a relationship with the government of cooperation, of talking, of speaking, and I understand that this will be important in order to protect the rights of the people," Mr Quintana said.

New UN envoy wants Burma dialogue

The new United Nations envoy on human rights in Burma has said he hopes for an open and cooperative dialogue with its military leaders.

The envoy, Tomas Ojea Quintana from Argentina, said he would be going into such a dialogue with his eyes wide open: his own parents had been imprisoned by a military government.

Mr Quintana in his post for a month has not yet received a reply to his request to visit Burma.

He called for the release of all political prisoners there; Burmese officials deny anyone has been arrested there for political reasons.




Naked riders take to city streets

www.chinaview.cn 2008-06-08 08:48:26

Naked protesters ride on a street in Madrid, capital of Spain, on June 7, 2008. Hundreds of protesters hold a naked riding demonstration here on Saturday to protest against the expansion of the use of autos and call for riding instead of driving to reduce pollution as well as respecting the rights and interests of riders. (Xinhua Photo)