Friday, June 13, 2008

ဒီနေ့မြန်မာသတင်းများ(သောကြာနေ့)





မြန်မာပြည်တွင်း အင်တာနက် သုံးစွဲမှု ခက်ခဲကြံ့ကြာ
ကိုစိုး | ဇွန် ၁၃၊ ၂၀၀၈

အစိုးရခွင့်မပြုသော အင်တာနက် သတင်းစာမျက်နှာများနှင့် ဘလော့(Blog) များကို ဝင်ရောက်ဖတ်ရှုနိုင်ရန် အသုံးပြုသည့် ပရောက်စီ(Proxy) နံပါတ်များကို မြန်မာစစ်အစိုးရက ပိတ်လိုက်ပြီးနောက်ပိုင်း အင်တာနက် အသုံး ပြုသူများနှင့် ဘလော့ဂါများ အင်တာနက်သုံးစွဲရာတွင် အချိန်ကြံ့ကြာ၍ အခက်အခဲများဖြစ်နေကြောင်း သိရသည်။

ယင်းသို့ သုံးနေကျ ပရောက်စီများကို ပိတ်ပင်လိုက်ပြီးနောက် အင်တာနက်အမြန်နှုန်းများလည်း တချို့နေရာ များ တွင် အလွန်နှေးကွေးသောကြောင့် ဓာတ်ပုံများပေးပို့ရာတွင် ကြံ့ကြာပြီး ခက်ခဲကြောင်း အင်တာနက်သုံးစွဲသူ များ က ပြောသည်။

“အင်တာနက်က ဒီမှာ အရမ်းခက်နေတယ်၊ ဓာတ်ပုံ တင်လိုက် ပြုတ်ကျလိုက်နဲ့ အီးမေးလ်ကလည်း မထွက်၊ အဲဒါနဲ့ တခြား အလုပ်လုပ်ရင်း တင်ထားတာ၊ ပြန်ကြည့်လိုက်တော့လည်း မတက်၊ ပရောက်စီကတော့ သုံးရတယ်၊ ကျော်ပြီးသွားရတာ ပေါ့”ဟု ဘလော့ဂါ ကိုညီလင်းဆက် က ဧရာဝတီသို့ ပြောသည်။

အင်တာနက်အမြန်နှုန်း အလွန်ကျဆင်းသောကြောင့် တခြားသော ပရောက်စီများ ရှာဖွေ အသုံးပြုသော်လည်း အဆင်မပြေ သည့် အတွက် ၎င်း၏ ဘလော့တွင် ဓာတ်ပုံမတင်နိုင်ဘဲ စာသားသက်သက်သာ ရေးတင်ရသည်ဟု လည်း ကိုညီလင်းဆက်ကပြောသည်။

“ကွန်နက်ရှင်က အမြန်နှုန်း အရမ်းကျတော့ ဘယ်ပရောက်စီသုံးသုံး အဆင်မပြေဘူး၊ ဝမ်းမက် ဖိုင် တောင် ပို့လို့ မထွက်ဘူး၊ အဲဒါကြောင့် ကျနော့် ဘလော့မှာ စာပဲရေးနိုင်တယ်၊ ပုံမတင်နိုင်ဘူး၊ ဘလော့ တော်တော်များများက အဲဒီလိုဖြစ်နေကြတယ်၊ ဘယ်လိုဖြေရှင်းရမလဲ မသိဘူး”ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သော မေလ ကုန်ပိုင်းက စစ်အစိုးရ အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာ တယ်လီပို့ ဝက်ဘ်ဆိုက် မှ တဆင့် Proxy Server ပြောင်းလဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်မြို့က အင်တာနက်သုံးစွဲသူတဦးကလည်း“မြန်မာတယ်လီပို့က ပရောက်စီ နံပါတ်တွေ ဖြုတ်လိုက်တဲ့ ၂ ပတ် ကျော်ကျော်နောက်ပိုင်း၊ ပရောက်စီ လိပ်စာအတော်များများလည်း ပိတ်လိုက်တယ်၊ အရင်က ယူဟိုက်တို့၊ ဒယ်ဘယ်လ် ဟိုက် တို့ စတဲ့ အထဲကသုံးနေကျ ပရောက်စီလိပ်စာတွေ၊ အတော်များများ သုံးလို့မရဖြစ် သွား တယ်၊ ဒါပေမယ့် လူတွေက တခြားနည်းတွေတော့ ရှာဖွေနေကြတာပဲ၊ ဘလော့ သမားတွေတော့ တော်တော် အခက်အခဲဖြစ်တယ်၊ သူတို့တွေက လှည့်ပတ်ဝင်ရတယ်၊ မြန်မာ့ဆက်သွယ်ရေးက ဘလော့ တော်တော်များကို လည်း ပိတ်လိုက်တယ်၊ မုန်တိုင်းပြီး ၂ ပတ်လောက်မှာပဲ”ဟု ပြောသည်။

ဘလော့များကို ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး ၎င်း၏ ဘလော့ အစိုးရပိတ်သည့် အထဲတွင် ပါဝင်သွားသည်မှာ မကြာသေး ခင်က ပြီးစီးသွားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဆန့်ကျင်ရေးသားထားသည်များ ဖော်ပြထားသောကြောင့် ဖြစ်မည်ဟု အမျိုးသမီး ဘလော့ဂါ တဦးကလည်း ပြောသည်။

“ဟိုတလောက ဘလော့တွေ အခု ၅၀ လောက် ပိတ်တဲ့အထဲမှာ ကျမ ဘလော့ လည်း ပါသွားတာပေါ့၊ ဟိုတခါ ပရောက်စီ တွေပြောင်းကတည်းက ပိတ်လိုက်တာ၊ ဘာကြောင့် ပိတ်လည်းဆိုတော့ ကျမ ဘလော့မှာ ဆန္ဒခံယူပွဲ လက်မခံတဲ့အကြောင်း တင်ထားလို့နဲ့ တူတယ်”ဟု ၎င်းက ပြောပြသည်။

မြန်မာပြည်တွင်း၌ ဘလော့ပေါင်း ရာနှင့်ချီ၍ ရှိနေပြီး နေ့စဉ် အသစ်တင်နိုင်သော ဘလော့မှာ ၅၀ ဝန်းကျင်ခန့်ရှိ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များ ဖြစ်ကြောင်း၊ ယင်းဘလော့ဂါ အများစုမှာ အစိုးရ အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် ပါးနပ်စွာ လုပ်ကိုင်နေကြရကြောင်း သူမက ဆက်ပြောသည်။

ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းကလည်း ဘလော့ဂါ ကိုနေမျိုးကျော်(ခ)ကိုနေဘုန်းလတ်အား စစ်အစိုးရကဖမ်းဆီး ခဲ့ကာ ၂၀၀၇ နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များမေတ္တာပို့ လမ်းလျှောက်သည့် ဓာတ်ပုံများ ဖော်ပြ ထားသော မိုးကုတ် ဘလော့ ပြုလုပ်သူ ကိုသားဖြူကို အာဏာပိုင်များ ခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ယင်း စက်တင် ဘာ အရေးအခင်း ကာလ အတွင်း ဓာတ်ပုံများ၊ သတင်းများကို ဦးဦးဖျားဖျားဖော်ပြခဲ့သော မိုးဇက် အမည်ရှိ မြန်မာ ဘလော့ တခုကိုလည်း စစ်အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်။

ထိုသို့ အစိုးရက အင်တာနက် သုံးစွဲမှုနှင့်ပတ်သက်ပြီး တင်းကျပ်စွာ ပိတ်ဆို့ အရေးယူနေသော်လည်း လုံးဝ ပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း၊ ပိတ်ပင်လိုက်ပါက အင်တာနက် ဆိုင်များကို ထိခိုက်မည်ဖြစ်ပြီး အစိုးရဆက်သွယ် ရေး လုပ်ငန်း အကျိုးစီးပွားကိုလည်း ထိခိုက်နိုင်ကြောင်း အထက်ပါ ရန်ကုန် အင်တာနက်သုံးစွဲသူကပြောသည်။

“အခုက ဆိုင်တွေမှာက https နဲ့တော့ ဝင်နေကြတာပဲ၊ ဆိုင်အများစုက အဲဒီအတိုင်းသုံးနေကြတယ်၊ လုံးဝ ပိတ်လိုက်ဖို့ တော့မလွယ်ဘူး၊ ပိတ်မယ်လို့လည်း မထင်ဘူး၊ ပိတ်ရင်လည်း နည်းလမ်းထပ်ရှာကြမှာပဲ၊ ဂျီမေးလ် အပေါ် မှာလည်း မူတည်တယ်၊ ဂျီမေးလ်သုံးလို့မရရင် ဆိုင်တွေကို လူတွေက သွားမှာမဟုတ်ဘူး၊ ဂျီမေးလ် အတွက် တပေါက်တော့ ဖွင့်ထားပေးမယ်လို့ ထင်တယ်၊ အဓိကက အစိုးရကို ဆန့်ကျင်တဲ့ ဆိုက်တွေကို မကြည့် စေချင် တာလို့ ထင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။


မိုးကုတ်တွင် မိုးသည်းထန်မှုကြောင့် တောင်ပြို၍ လူ ၁၂ ဦးသေဆုံး
အောင်သက်ဝိုင်း/ရန်ကုန် | ဇွန် ၁၃၊ ၂၀၀၈

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် ယမန်နေ့အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုမှု ဖြစ်ပွားကာ လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက အတည်ပြု ပြောကြား သည်။

ဇွန်လ ၁၁ ရက်နေ့ ည သန်းခေါင်ယံအချိန်မှစပြီး မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ၁၂ ရက်နေ့ နံနက် ၄ နာရီ တွင် မိုးကုတ်မြို့ ဆင်ခြေဖုံး ပိတ်ဆွဲ၊ ဟိုမိုင်း ဘက် စွန်းလွန်း ဒေသအောက်ရှိ တောင်လေးစွန်းတွင် တောင်ကျချောင်းရေ ကြောင့် မြေပြိုမှုဖြစ်ပွားကာ လူများသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မိုးက တအားရွာတာ ည ၁၁ နာရီလောက်ကတည်းက ရွာတာ မနက် ၄ နာရီ ကျော်လောက် ကျတော့ တောင်ကျချောင်း ရေတွေများပြီး တောင်လေးစွန်းမှာတောင်တွန်း (ဒေသအခေါ်ဖြစ်ပြီး မြေပြိုခြင်းကိုပြောခြင်းဖြစ်သည်) တာ အိမ်တွေပါ သွားတယ်၊ အားလုံးပေါင်း ၁၂ ယောက် သေတယ်၊ အိမ်အလုံး ၂၀ လောက် မြေအောက် မှာပိသွားတယ်၊ အလောင်းတွေ အခုထိတော့ ဖော်နေကြတုန်းပဲ”ဟု မိုးကုတ်မြို့ခံတဦးက တယ်လီဖုန်းဖြင့် ပြောသည်။

မိုးကုတ်မြို့ ပြည်သူ့ ဆေးရုံကြီးကမူ ယင်းတောင်ပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် မိုးကုတ်မြို့ပေါ် ခ ရပ်ကွက် မြေနိမ့်ပိုင်းတွင်လည်း ရေကြီးမှုဖြစ်ပေါ်ကာ လူသေဆုံး မှုများရှိခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြို့လယ်ရှိ ရေနီချောင်းတွင်လည်း ရေလျှံမှုများဖြစ်ပွားကာ အိမ်တချို့ပြိုကျပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“ရေနီချောင်းကလေ တောင်ကျရေကြောင့် ရေတအားတက်လာတယ်၊ ၃ ပေလောက် အထိ တက်တယ်၊ ဒါပေမယ့် ချက်ချင်း ပြန်ကျသွားတယ်”ဟု မိုးကုတ်မြို့သားတဦးက ပြောသည်။

အဆိုပါသတင်းကို ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းတိုအဖြစ်ဖော်ပြပြီး လူသေဆုံးမှု စာရင်းနှင့် အပျက်အစီးစာရင်းကို ထုတ်ပြန်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလဆန်းပိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့် လူ တ သိန်းကျော် သေဆုံးပြီး လူဦးရေ ၃ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် ဖြစ်ပွားသော မြေပြိုမှုမှာ လူအသေ အပျောက်ရှိသည့် သဘာဝဘေးအန္တရာယ် တခုဖြစ်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း ယခုလ ၁၆ ရက်နေ့မှစပြီး သံလွင်မြစ်ရေကြီးမှု ဖြစ်ပွားနိုင်သည်ဟု ဆိုကာ အာဏာပိုင်များက သောင်းဂဏန်းရှိ ဒေသခံအများအပြားကို ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


WFP ဆန်ဝယ်ယူနေခြင်းကို စစ်အစိုးရပိတ်ပင်
ကိုစိုး | ဇွန် ၁၃၊ ၂၀၀၈

မုန်တိုင်း ဒုက္ခသည်များစားသုံးရန်အတွက် ပေးပို့လှူဒါန်းရာတွင် လိုအပ်သော ဆန်များကို မြန်မာပြည်တွင်း ဆန်လုပ်ငန်းရှင် များထံမှ ဝယ်ယူနေခြင်းအား ပိတ်ပင်လိုက်ကြောင်း မြန်မာအစိုးရက ကူညီကယ်ဆယ်ရေး အဖွဲ့များကို ပြောသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အရာရှိတဦးက အတည်ပြုပြောဆိုသည်။

“ဒီကိစ္စက အခုလက်ရှိဖြစ်နေပြီဆိုတော့ ပြည်ပကနေ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်”ဟု WFP ပြောရေး ဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဆိုသည်။

ယခုကဲ့သို့ ပြည်ပက ဆန်များမတင်သွင်းမီ အစိုးရထံမှခွင့်ပြုချက်အကြောင်းကြားစာ ရရှိမှသာ လိုအပ်သော ဆန်များကို ဝယ်ယူနိုင်မည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ WFP က ကူညီပေးနေသော ဆန်အရေအတွက်သည် နောက် ၆ ပတ် အတွက်သာ လုံလောက်မှုရှိ ကြောင်း၊ မုန်တိုင်းဒဏ် ဆိုးရွာစွာ ခံရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့မှာ တနှစ် စာခန့် လိုအပ်ကြောင်း မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ က ပြောဆိုထားသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံး၍ လယ်ယာသုံးပစ္စည်းများ လိုအပ်ချက် ကြောင့် ယခုနှစ် မုတ်သုန်ရာသီ ဆန်စပါး စိုက်ပျိုးချိန်တွင် လယ်သမားအများစုမှာ စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း လည်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြစ်ဝကျွန်းပေါ်ဒေသ၌ စိုက်ပျိုးမြေ ဟက်တာ ၁.၃ သန်း ရှိရာ တွင် မုန်တိုင်းကြောင့် ဟက်တာ ၂ သိန်း ခန့် သို့မဟုတ် ၁၆ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးရသည့်အတွက် ယခုနှစ် စိုက်ပျိုး ရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ဆိုသည်။

အကူအညီပေးရေးနှင့်ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ ခေါင်းမာနေမှုကြောင့် လာမည့်နှစ် မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကလည်း အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာကမူ ဆန်စပါး မလုံလောက်မှုရှိသည်ဟူသော ပြောဆို နေခြင်းများသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း ပြောဆိုသည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သတင်းစာ၌ ဝန်ကြီးက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ဆန်စပါးပျက်စီးမှုမှာ တပြည်လုံး ဆန် အထွက်၏ ၂.၃ ရာခိုင်နှုန်းသာရှိပြီး လာမည့် မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်မည့် လယ်ဧက မှာ လည်း တပြည်လုံး စပါးစိုက် ဧက ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း ပြောဆိုသည်။

ယခုနှစ်အတွက် သီရိလင်္ကာနှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဆန် တန်ချိန် ၆ သိန်း တင်ပို့ မည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရ ပယ်ဖျက်ထားသည်ဟုလည်း ဆိုသည်။
WFP အနေနှင့်မူ မုန်တိုင်း ဒဏ်သင့် ဒေသများသို့ ပြည်တွင်း ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရရှိထား သော ဆန်များထဲမှ ဆန်တန်ချိန် ၁၁၀၀၀ ကျော် ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ WFP ကို ဆန်ယူခွင့်ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုသည်။

“အစိုးရက သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ဖျက်လိုက်တဲ့ဆန်တွေက အရန်ဆန်တွေပါ၊ တကယ်လို့ အဲဒီဆန်တွေကို သူတို့က WFP ကို ပြန်ရောင်းမယ်ဆိုရင်လည်း ရောင်းမှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

WFP သည် ယခုအခါ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပေးပို့ရန် ကုလ သမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် မြန်မာစစ်အစိုးရတို့မှ ကျွမ်းကျင်သူပေါင်း ၂၅၀ ပါဝင်သည့်အဖွဲ့အပါအဝင် ရဟတ်ယာဉ် ၆ စီးဖြင့် ဆောင်ရွက်ခွင့် ရနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၂.၄ သန်းခန့်ရှိ မုန်တိုင်း ဒုက္ခသည်များအတွက် လိုအပ်သော ယာယီအမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေ သန့်များအပါအဝင် မြစ်ဝကျွန်းပေါ် တလျှောက်ရှိ ပျက်စီးသွားသော အိုးအိမ်များနှင့် လယ်ယာလုပ် ငန်းများ ပြန်လည်ထူ ထောင်ရေးကို ထောက်ပံ့ကူညီပေးရန်ဆောင်ရွက်နေကြောင်း အေပီသတင်းတွင်လည်း ဖော်ပြထားသည်။

WFP ရဟတ်ယာဉ် ၂ စီး လာရောက်ကြောင်းနှင့် ရွာပေါင်း ၄၀၀ ခန့်ရှိ ဘိုကလေးမြို့နယ်မှ ၂၁ ရွာအတွက် စားနပ်ရိက္ခာများ ပို့ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်က ယင်းရဟတ်ယာဉ်များကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်နေသူ ကိုဘားကူ က ဆိုသည်။

ဘိုကလေးတွင် ရုံးဝန်ထမ်းများအပါအဝင် အကူအညီပေးရေးလုပ်သား ၆၂ ဦး ရှိသည့် WFP ရုံး တရုံး ကို ဖွင့် လှစ်ထား ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့ခံတဦးက WFP ရဟတ်ယာဉ်နှင့် ဖြန့်ဝေသည့် စားနပ်ရိက္ခာများမှာ လတ်တလော စားသုံးရန် အတွက်ဖြစ်ပြီး ရေရှည်အတွက် များစွာလိုအပ်ချက်ရှိကြောင်း ပြောဆိုသည်။

“လယ်သမားတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့မှာ စားရေရိက္ခာ ရရှိမှဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

စားရေရိက္ခာအပြင် လယ်ယာလုပ်ငန်းအတွက် ကျွဲ နွား စက်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ လပွတ္တာမြို့ရှိ ကျေးရွာများမှ တခြားသောနေရာဒေသများသို့ ပြောင်ရွှေ့ခံရသည့် မုန်တိုင်း ဒုက္ခသည် များသည် လည်း တလ စာ အတွက်သာ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ကို ရရှိသည့်အတွက် လုံလောက်မှု မရှိကြောင်း သူက ပြောပြသည်။

ရန်ကုန်မြို့ရှိ မုန်တိုင်း ဒုက္ခသည် ၂၅ ဦးခန့်သည် အင်္ဂါနေ့တွင် နိုင်ငံတကာ ကြက်ခြေနီ ရုံး ICRC သို့ အကူအညီ သွားရောက် တောင်းခံ ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

၎င်း ဒုက္ခသည်များသည် ဒဂုန်မြို့သစ် အရှေ့ပိုင်းမှဖြစ်ကြောင်း ICRC ပြောခွင့်ရ ခရစ် စထရက်တန်က ပြောသည်။

ဖမ်းဆီးခံထားသည့် ၎င်း ဒုက္ခသည်များထဲမှ ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ ခန့်သေဆုံး၍ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေ၀င်ချိန် နီးလာပြီ
ဧရာဝတီ | ဇွန် ၃၊ ၂၀၀၈

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် "လူသားမျိုးနွယ်တို့အပေါ် ရာဇ၀တ်မှုကြီး ကျူးလွန်" ခဲ့ပြီဟု စွပ်စွဲ နေကြသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်းဒဏ်သင့်အပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကို ကူညီရန်အတွက် နိုင်ငံတကာမှ ကမ်းလှမ်းချက်များကို ပယ်ချအပြီး ထိုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပေသည်။

မုန်တိုင်းအပြီး တလခန့်ကြာမြင့်လာခဲ့သော်လည်း အရေးပေါ်အကူအညီများသည် အသက်ရှင်ကျန်ရစ်ရသူ ဒုက္ခသည် အများ အပြားထံသို့ မရောက်ရှိ နိုင်သေးဘဲ ဖြစ်နေသည်။ တချိန်တည်းတွင် အကူအညီပစ္စည်း အနည်းငယ်သာ လက်ခံ ရရှိခဲ့သော ဒုက္ခသည်များအား ၎င်းတို့ ယာယီခိုလှုံနေထိုင်ရာ နေရာများမှ မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သော မူရင်း ကျေးရွာများသို့ ပြန်ရန် အာဏာပိုင်များမှ ဖိအားပေးနေသည်ဟုလည်း သတင်းများက ထွက်ရှိလာခဲ့သည်။ ပြီးခဲ့သော သောကြာနေ့က အစိုးရ ဆောက်လုပ်ပေးထားသော ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည် များအား မူရင်းကျေးရွာ များသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်း ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂတာဝန်ရှိ ၀န်ထမ်းများက အတည်ပြု ပြောဆို ခဲ့သည်။

ဒုက္ခသည်များအား ထိုသို့အတင်းအဓမ္မပြန်လည် ပို့ဆောင်ရန် နေပြည်တော်တွင် ရုံးစိုက်နေထိုင်သော ဗိုလ်ချုပ်သန်းရွှေမှ တိုက်ရိုက် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် အကူအညီပေးရေးလုပ်ငန်းများ စမည်မကြံရသေးခင်မှာပင် အကြီးအကျယ် အခက်အခဲတွေ့ ကြန့်ကြာစေခဲ့ရသည်။

လတ်တလောနေပြည်တော်တွင် ကျင်းပခဲ့သည့် ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမှ ၀န်ကြီးများနှင့် စစ်တပ် ခေါင်းဆောင်များအား တပ်မတော်သည် မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော သဘာဝကပ်ဘေးအား ကိုယ့်အားကိုယ်ကိုး၍ ဖြေရှင်းနိုင်သော စွမ်းရည်ရှိသည်ဟု မြွက်ကြားခဲ့သည်။ နိုင်ငံတကာမှ အကူအညီများကို လက်ခံရန်လိုလားသော ထိပ်ပိုင်း စစ်ခေါင်းဆောင် အချို့အနေဖြင့် ခေါင်းမာလွန်းလှသည့် သူတို့ဗိုလ်ချုပ်မှူးကြီး၏ ဆုံးဖြတ်ချက်ကြောင့် အလွန်အမင်းစိတ် ပျက်သွားခဲ့ကြရကြောင်းလည်း သိရှိရသည်။

အဆိုပါ ၀န်ကြီးများ အစည်းအဝေးအပြီး ကောလဟာလသတင်းတခုလည်း ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေ၏ သစ္စာခံ ၀န်ကြီးများ၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်တို့က မြို့တော်ကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးကို အမျှော်အမြင်ကြီးပါ ပေ့ဟု ဂုဏ်ပြုသည့် အခမ်းအနားတခု ကျင်းပခဲ့ကြသေးသည်ဟု သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရာတွင် မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့ခဲ့ရသည် ကို စစ်အစိုးရက ရှင်းလင်းစွာ ဖော်ပြပြောကြားခဲ့ခြင်း မရှိပေ။ ယခုအချိန်တွင် ဗိုလ်ချုပ်သန်းရွှေနှင့် မိသားစုဝင်များကတော့ မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရပါသည်။ သို့သော် မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံအပြီး ပျက်စီးရမှုများနှင့် လူထုအများ ခံစားနေကြရသည့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ဆိုးကျိုးများကို ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့မှုအတွက်တော့ ဗိုလ် ချုပ်မှူးကြီး၏ အာဏာပိုင်စိုးမှု အတွက် စိုးရိမ်ဖွယ်ပင် ဖြစ်သည်။ ဤသို့ ပြောင်းရွှေ့၍ သဘာဝဘေး ကင်းဝေးရုံဖြင့်တော့ အေးချမ်းနိုင်လိမ့်မည် မဟုတ်ပါ။

ယခုမုန်တိုင်းဖျက်ဆီးလိုက်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ထမင်းအိုးဟု ဆိုပါကလည်း မမှားပေ။ စပါး အဓိကထွက်ရှိရာဒေသ ပျက်စီးသွားခြင်းသည် စီးပွားရေးအရ တိုင်းပြည်အတွင်း အခြားသော ထပ်မံဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပါသည်။ ဆင်းရဲတွင်း ပိုမိုနက်ရှိုင်းလာခြင်းနှင့်အမျှ မြစ်ဝကျွန်းပေါ်ဒေသတွင်း၌ ရောဂါဘယများ ထူပြောကျ ရောက်လာခြင်းနှင့် တဆက်တည်းပင် မကြာခင်ကာလ၌ တိုင်းပြည်အတွင်း သေရေးရှင်ရေးတမျှ အရေးပေါ်သည့် အခြေအနေများ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

မုန်တိုင်းအပြီး တလအကြာကာလတွင် သက်ရှင်ကျန်ရစ်ရသူများသည် ဗိုလ်ချုပ်သန်းရွှေ ကယ်တင်ခဲ့၍ ကျန်ရစ်သူများ မဟုတ်ပေ။ ထိုသူတို့ကို ကူညီကယ်တင်ခဲ့သူများမှာ မြန်မာပြည်၏ ရဟန်းသံဃာတော်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသ ခံလူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ အန်ဂျီအိုများနှင့် နာမည်ကြီး အနုပညာသည်များသာ ဖြစ်ကြပါသည်။ ထိုသူများက စားရေရိက္ခာများ၊ ငွေကြေးများနှင့် လိုအပ်သော ပစ္စည်းအမျိုးမျိုးတို့ ဖြန့်ဝေပေးခြင်းဖြင့် ကူညီခဲ့ကြသည်။ ထိုသူများကား မြန်မာပြည်အတွက် မှတ်တမ်းတင်ထိုက်သည့် သူရဲကောင်းများ ဖြစ်ကြသည်။

ဝေးကွာလှသည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များမှ ပြည်သူများကလည်း မြစ်ဝကျွန်းပေါ်အထိ ခရီးထွက်လာခဲ့ကြပြီး ၀ိုင်းဝန်း ကူညီကြသည်။ အဝေးရောက် မြန်မာ အဖွဲ့အစည်းများမှလည်း အလှူငွေများကောက်ခံကာ ဒေသခံလူမှုရေး အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်း ကူညီခဲ့ကြသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း များ လက်ချင်းတွဲ၍ ဒုက္ခသည်များအတွက် ကူညီကြသည်။ ထိုင်းနှင့် မြန်မာ ကျန်းမာရေးလုပ်သားများ အတူပူးပေါင်း၍ ဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လယ်သမားများအတွက် စပါးမျိုးစေ့များ ကိုလည်း ဖြန့်ဝေ ကူညီပေးခဲ့ကြသည်။

ထိုသို့လူတန်းစားမျိုးစုံမှ ဒုက္ခသည်များကို တတ်အားသရွေ့ ကူညီနေချိန်တွင် စစ်အစိုးရ သတင်းစာများမှ လယ်သမား များအနေဖြင့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရန် လိုကြောင်း၊ လယ်ထဲတွင်ပေါက်သော သဘာဝဟင်းသီးဟင်းရွက် များနှင့် ဖား ငါးများ ရှာဖွေစားသောက်၍ နေနိုင်ကြောင်း ရေးသားပါသည်။ ကမ္ဘာတ၀ှန်းလုံးရှိ လူပရိတ်သတ်အပေါင်းက တော့ စိတ်ပျက်စွာ ခေါင်းရမ်း၍ မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ်ကူးစိတ်သန်းများကို ထူးထွေအံ့သြ နေကြရပါသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က အခုလို ပြောကြားခဲ့သေးသည်။ " အခုမုန်တိုင်းကိစ္စနဲ့ ပတ်သက် ပြီး နိုင်ငံတကာ မိသားကနေ တင်ပြတောင်းဆိုနေတာကို ကျနော်တို့ ကြားသိနေရပါတယ်။ ကျနော်တို့ဟာ ဆွံ့အနားမကြားတဲ့ သူတွေ မဟုတ်ပါဖူး။ ဆွံ့အချင်ယောင်ဆောင်နေသူကတော့ မြန်မာစစ်အစိုးရသာ ဖြစ်ပါတယ်။ ကျနော်တို့က ကမ်းလှမ်းပေမဲ့ သူတို့ဖက်က တုတ်တုတ်တောင် မလှုပ်ပါဖူး " ဟု ဆိုခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက အဆိုပါမှတ်ချက်ကို မေလ ၃၀ မှ ဇွန်လ ၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပ ပြုလုပ်သော အာရှလုံခြုံရေး အစည်းအဝေးပွဲကြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့ အစည်းများကို မြန်မာပြည်အတွင်း လာရောက်နိုင်ရန် စစ်အစိုးရက ငြင်းပယ်နေသည့်အပေါ် အမေရိကန် ကာကွယ်ရေး ၀န်ကြီးအနေဖြင့် အထူးစိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။ ကယ်တင်ရေးပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ် စစ်သင်္ဘောများကို မြန်မာရေပိုင်နက်အနီးတွင် ကျောက်ချရပ်နားထား၍ စောင့်ဆိုင်းနေကြသော်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုခဲ့ပေ။

နောက်ဆုံးတွင် ပြင်သစ်စစ်သင်္ဘောက နောက်ကြောင်းပြန်လှည့်သွားကြရ၍ အမေရိကန် စစ်သင်္ဘောများအနေဖြင့်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုပါက နောက်ကြောင်း လှည့်ပြန်ရန် ကိန်းဆိုက်နေသည်။

မြန်မာစစ်အစိုးရသည် ဆိုင်းငံ့ထားသော ဗီဇာလျှောက်ထား သူ ကုလသမဂ္ဂ ကူညီရေးဝန်ထမ်းများအတွက် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် အတည်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် လည်း အတွေ့အကြုံနှင့် နည်းပညာ အဆင့်မြင့်သော နိုင်ငံတကာ အဖွဲ့အစည်းများ ရာနှင့်ချီ၍ မကြာခင်အတွင်း မြန်မာ နိုင်ငံသို့ ၀င်ရောက်လာခြင်း မဟုတ်ပါ။ အမှန်တကယ် ဗီဇာရသူ အရေ အတွက်မှာ ၄၅ ဦးသာ ရှိပါသည်။

ဗိုလ်ချုပ်သန်းရွှေသည် လူသားမျိုးနွယ်တို့အပေါ် အမှန်တကယ်ပင် ရာဇ၀တ်မှုများ ကျူးလွန်နေသူ ဖြစ်သည်။ ပြည်တွင်း ပြည်ပ တွင်းရှိနေသော မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများအနေဖြင့် သန်းရွှေစစ်အုပ်စုအား ဖယ်ရှားရန်အတွက် ပိုမိုကောင်း မွန်သည့် ဗျူဟာများ ချမှတ်လုပ်ဆောင်ရန် အချိန်တန်ပေပြီ။ အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ဖြုတ်ချရန် နောက်ထပ် နည်းလမ်းတခု ရှိသေးကြောင်း ပြသနိုင်ရန် လိုအပ်နေပါသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စစ်အစိုးရအပေါ်ဆက်လက်၍ ဖိအားများပေးနေရန်လည်း လိုအပ်ပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များကို ဆက်လက်ကူညီရန် လိုအပ်ပါသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လည်း တသံတည်း တညီတညာ ဆောင်ရွက်ဖို့ လိုပါသည်။ ဗိုလ်ချုပ်သန်းရွှေ၏ စစ်အုပ်စုကား ရေရှည် သက်ဇိုးရှည်နိုင် တော့မည် မဟုတ်။

အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ မရှိတော့ပါက ကျွန်ုပ်တို့ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မြန်မာ ပြည်သစ် ကိုလည်း ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါသတည်း။




ကျောင်းမအပ်နိုင်သည့် ကလေးများစွာ ကျန်ရှိနေသေး
ကြည်ဝေ/ရန်ကုန် | ဇွန် ၁၃၊ ၂၀၀၈

ဒုတိယတန်း တက်ရတော့မယ့် ၇ နှစ်အရွယ် သမီးနဲ့ ငါးတန်းတက်ရတော့မယ့် ၁၁ နှစ်အရွယ်သားကို ခုချိန်ထိ ကျောင်း မအပ်နိုင်သေးတဲ့အတွက် ဖခင်တယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း လှိုင်သာယာမြို့နယ် ရပ်ကွက် ၂၀ မှာ နေထိုင်တဲ့ ကိုအောင်မြင့်က ပြောပြပါတယ်။

“ကျောင်းအပ်ခနဲ့ စာအုပ်ဖိုး စုစုပေါင်း ကလေးနှစ်ယောက်ပေါင်း ငွေ ၅၀၀၀ လောက် ကုန်မယ်ဆိုတော့ မအပ်နိုင်ပါဘူး၊ ကျနော်တို့မှာ ခုချိန်ထိ တဲတောင် ပြန်မဆောက်နိုင်သေးပါဘူး” လို့ သူက ဆိုပါတယ်။

နာဂစ်မုန်တိုင်းထိထားတဲ့ သူတို့ရပ်ကွက်မှာ သူ့တို့လိုပဲ ကျောင်းမအပ်နိုင်သေးတဲ့ ကလေးတွေ အများကြီးရှိနေပြီး မိဘတွေ အနေနဲ့ စားရေးနဲ့ နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ကြရတဲ့အတွက် ကလေးတွေ ကျောင်းအပ်နိုင်ရေးအတွက် အဆင်မပြေဘူးလို့ သူက ပြောပြပါတယ်။

သူတို့တွေဟာ မေလ ၂ ရက်နေက တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မေလ ၇ ရက်နေ့မှာ ကိုယ့်နေ့ရာကိုယ် ပြန်နေကြဖို့ ဒုက္ခသည် စခန်းကနေ ဆန်တပြည်ပေးကာ မောင်းထုတ် ခံခဲ့ရ သူတွေဖြစ်ပါတယ်။

အစိုးရ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းက ထွက်ခဲ့ရပြီးကတည်းက ဘယ်လိုအထောက်အပံ့ အကူအညီတခုမှ မရတော့ဘဲ ကြပ်တည်းဆင်းရဲစွာနဲ့ နေထိုင်နေရတယ်လို့ သူက ပြောပြပါတယ်။

“ကျနော်တို့ဆီကို ဘယ်အလှူရှင်မှ မလာတော့ဘူး။ အစိုးရဆီကလည်း ဘာအထောက်အပံ့မှ မရပါဘူး။ ကျနော်တို့မှာ အိမ် တွေလည်း ပြန်မဆောက်နိုင်ကြသေးဘူး။ ဖြစ်သလိုပဲ နေနေ ကြရတယ်။ ကလေးတွေ ကျောင်းနေဖို့ ကိစ္စလည်း အတော့်ကို အခက်အခဲ ဖြစ်နေပါတယ်” လို့ ကျောင်းသား ၃ ဦးရဲ့ ဖခင် တယောက်က ပြောပါတယ်။

သူတို့အနေနဲ့ ကလေးတွေ ကျောင်းအပ်နှံရေးအတွက် လာရောက်ကူညီ ပံ့ပိုးပေးမယ့် အလှူရှင်တွေကို မျှော်လင့်နေဆဲဖြစ် ကြောင်း ပြောပြကြပါတယ်။

အစိုးရအနေနဲ့ နာဂစ် လေမုန်တိုင်းတိုက်ခတ်ပြီး တလအကြာဖြစ်တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဧရာဝတီတိုင်းအတွင်း မုန်တိုင်း ဒဏ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ ကျောင်းတချို့ကလွဲပြီး ကျန် အခြေခံပညာကျောင်း အားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း လေဘေးသင့်မြို့နယ်တခုမှ အထက်တန်း ကျောင်းအုပ် ဆရာမကြီး တဦးကလည်း ကျောင်းကို လာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေက အရင်နှစ်ကထက်စာရင် သိသိသာသာ ကျဆင်းသွားပြီး အမှန်တကယ် ကျောင်းအပ်မယ့် ကျောင်းသားဦးရေရဲ့ လေးပုံ တပုံပဲ ကျောင်းကို ပြန်လည်ရောက်ရှိလာတယ်လို့ ပြောပြပါတယ်။

“ကျောင်းသားတယောက်အတွက် ကျောင်းအပ်ခနဲ့ စာအုပ်စာတမ်းဖိုး ကုန်ကျစရိတ်က တယောက်ကို အနည်းဆုံး ကျပ် ၃၀၀၀ ကျော် ၅၀၀၀ လောက်ထိတော့ ကုန်ကြတာပဲ။ အဲဒီလောက် ငွေတောင် အခက်အခဲရှိပုံရတယ်။ တော်တော် များများက ကျောင်းမအပ်နိုင်ကြသေးဘူး” လို့ အဆိုပါ ကျောင်းအုပ် ဆရာမကြီးက ဆိုပါတယ်။

အစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်းခဲ့ လေးဘေးသင့်ခဲ့တဲ့မြို့နယ်တွေထဲက ကျောင်းအားလုံးကို ပြန်လည်ပြင်ဆင်ပေးခြင်း မရှိတဲ့အပြင် အဆိုပါ မြို့နယ်တွေထဲက လေးဘေးသင့် မိသားစုဝင်တွေရဲ့ ကလေးတွေ ကျောင်းအပ်နှံရေးအတွက်လည်း ကူညီထောက်ပံ့တာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တွံတေးမြို့နယ် အတွင်းမှာလည်း ကျောင်းသားအများစု အနေနဲ့ ကျောင်းစာသင်ခန်းထဲကို မ၀င်နိုင်ကြသေးဘဲ မူလတန်း ကလေးငယ်တချို့သာ ကျောင်းတက်နိုင်ကြပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုတော့ ကျောင်းပြန်တက် နိုင်တာ မတွေ့ရသေးဘူးလို့ တွံတေးမြို့နယ်အတွင်းမှာရှိတဲ့ အထက်တန်း ကျောင်းဆရာ တဦးက ပြောပြပါတယ်။

တွံ့တေးမြို့နယ်က လေဘေးသင့်ခံခဲ့ရတဲ့ ကျောင်းသားမိဘတဦးကတော့ “ကျမတို့မှာ ကျောင်းတက်ဖို့အတွက် လွယ်အိတ် နဲ့ စာအုပ်တောင် ၀ယ်မပေးနိုင်တော့တာ ကလေးကို ဘယ်လိုလုပ်ပြီး ကျောင်းလွှတ်နိုင်မှာလဲ” လို့ သူတို့ရဲ့ အခက်အခဲကို ပြောပြခဲ့ပါတယ်။

အစိုးရပိုင် သတင်းစာတွေမှာ လေဘေးသင့် မိသားစုဝင်တွေအတွက် ဗလာစာအုပ်တွေ စာရေးကိရိယာတွေ လှူဒါန်းတယ် ဆိုပြီး သတင်း ဖော်ပြထားတာ တွေ့ရပေမယ့် လှိုင်သာယာမြို့နယ်၊ တွံ့တေးမြို့နယ်၊ တောင်ဒဂုံမြို့ နယ် စတဲ့ မြို့နယ် တွေက လေဘေးသင့်မိသားစုဝင် အများစုကတော့ အဲဒီ စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို မရပါဘူးလို့ ပြောဆိုကြ ပါတယ်။

ကျောင်းသားမိဘတဦးကတော့ အစိုးရအနေနဲ့ မုန်တိုင်းသင့်မိသားစုဝင်တွေရဲ့ စာရင်းကို အတိအကျ ကောက်ယူပြီး အဲဒီမိသားစုဝင်တွေရဲ့ သားသမီးတွေကို ကျောင်းဝင်ကြေးအခမဲ့ သတ်မှတ်ပေးတာ၊ စာရေးကိရိယာ စတာတွေကို သေသေချာချာ ကူညီထောက်ပံ့တာမျိုးတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အခြေခံပညာကျောင်းတွေမှာ ဘယ်လိုအကြောင်းနဲ့မှ အလှူငွေ မကောက်ခံဘူးလို့ စာကပ်ထုတ်ပြန်ထားတာ တွေ့မြင်ရပေမယ့် ကျောင်းတချို့မှာ ကျောင်းသား မိဘတွေနဲ့ နားလည်မှုယူပြီး အလှူငွေ ထည့်ဝင် နေရတာတွေရှိနေ တယ်လို့ ကျောင်းသားမိဘတွေဆီက သိရှိရပါတယ်။

“ကုမ္ပဏီတွေက တာဝန်ယူပြီး ပြင်ပေးတယ်ဆိုတဲ့ ကျောင်းတွေက မြို့ပေါ်တို့ လမ်းမပေါ်တို့က လူမြင်များတဲ့ ကျောင်းတွေ ကိုပဲ ပြင်ပေးကြတာပါ။ တကယ်တမ်း ဆင်ခြေဖုံး ရပ်ကွက်တွေက ကျောင်းတွေဆိုရင် စာရင်းတောင် လာမကောက်ကြဘူး။ အဲဒီလို ကျောင်းတွေကျတော့ ကျောင်းသားမိဘတွေကပဲ မရှိ ရှိတာ ၀ိုင်းထည့်ပြင်ကြရတယ်” လို့ တောင်ဒဂုံမြို့နယ် အတွင်းမှာနေထိုင်တဲ့ ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။

မေလ ၂ ရက်နေ့နဲ့ ၃ရက်နေ့တွေက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီး အချို့က အခြေခံပညာ ကျောင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပြီး အဲဒီ ကျောင်းတွေကို ကျောင်းဖွင့်အမီ ပြင်ဆင်ရေးအတွက် ပြင်ပ အန်ဂျီအို အဖွဲ့တွေ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တာဝန် ပေးအပ်ပြီး ပြင်ဆင်စေခဲ့တယ်လို့ သိရပါတယ်။

“သူတို့တွေ ပြင်ပေးတယ်ဆိုတာ သဘောလောက်ပဲ။ အမိုးတွေပြင်ပေးတယ်၊ အိမ်သာပြန်ပြင်ပေးတယ်၊ စာသင်ခုံတွေ ပျက်စီးကုန်တာကိုတော့ ခုချိန်ထိ ပြုပြင်ပေးမယ့်သူ မရှိဘူး။ အဲဒီလိုမျိုး ကျောင်းတွေမှာ လိုအပ်တာတွေ ပြုပြင်ဖို့ အတွက် အလှူငွေတွေ လိုအပ်ပါတယ်” လို့ တာမွေမြို့နယ် အထက်တန်းကျောင်း တကျောင်းက ဆရာမ တဦးက ပြောပြခဲ့ပါတယ်။ Top


ပွဲဆက်ရန် ရှိသေးသည်
နီးလ် လောရင့်စ်/ရန်ကုန်၊ ဇွန် ၁၃၊ ၂၀၀၈

သာမန်မြန်မာပြည်သူများက နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဖျက်ဆီးခံရအပြီးတွင် သူတို့၏ ကြံ့ကြံ့ခံနိုင်သော စွမ်းရည်ကို ဖော်ထုတ်ပြသခဲ့ကြသည်။ အုပ်ချုပ်သည့် စစ်အာဏာပိုင် များကတော့ သူတို့၏ ဆန္ဒခံယူပွဲကြီးကို မည်သည့် သဘာဝ ဘေးကမျှ မဖျက်ဆီးနိုင်ကြောင်း ခေါင်းမာမာဖြင့် ပြသခဲ့လေသည်။

မှတ်မိသိရှိနိုင်သမျှသော သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးသော မုန်တိုင်းကြီး မြန်မာနိုင်ငံအပေါ် ကျရောက်ခဲ့သည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်တို့၏ ထုထောင်းမှု ဒဏ်ကို ၄၆ နှစ်တာ ခံထားရသော ပြည်သူများအဖို့ ဤနာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကို အသင့် အံတုနိုင်ရန် လေ့ကျင့်ပြင်ဆင်ပေးထားသလို ဖြစ်နေခဲ့ပါသည်။

မေလ ၂ ရက် နှင့် ၃ ရက်နေ့များတွင် တိုက်ခတ်ဖျက်ဆီးခဲ့သည့် မုန်တိုင်းကြီးအပြီး တပတ်မပြည့်မီပင် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်က ဖြည်းဖြည်းချင်း ပြန်၍ လူးလဲထလာခဲ့သည်။ ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ အမှိုက် အညစ်အကြေး များ၊ လဲကျ နေသည့် သစ်ပင် သစ်ကိုင်းများ၊ စသဖြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော်လည်း ရန်ကုန်မြို့က အရှုံး မပေးဘဲ သိက္ခာရှိရှိ ပြန်၍ ချီတက် ရှေ့ဆက်နိုင်ခဲ့သည်။

အသက်ရှင်သန်နိုင်ရုံ လည်ပတ်နေသော စီးပွားရေးစနစ်၏ ပြယုဂ်ဖြစ်သည့် လမ်းဘေး ဈေးများ၊ လက်ဖက်ရည်ဆိုင်များ သည်လည်း မြန်မာနိုင်ငံရှိ သာမန်လူထုတို့ အားထားနေကြရသည့်နည်းတူ အချိန်မဆိုင်းဘဲ ပြန်ဖွင့်ခဲ့ကြသည်။ ထိုအချိန်တွင် ပင် ဖိနပ်မပါသည့် ကလေးများသည်လည်း ထရိတ်ဒါးဟိုတယ် နောက်ဘက် လမ်းကျဉ်းလေး၌ ယင်များအုံနေသည့် အမှိုက် ပုံများကို ဂိုးတိုင်ပြု၍ ဘောလုံးပြန်ကစား နေကြပြီ။ အခြား သူတို့သည်လည်း ဘ၀ပြဿနာများကို ဖြေရှင်းရန်အတွက် ခပ်သုတ်သုတ် ပြန်လည် ပြေးလွှား သွားလာနေကြပြီ ဖြစ်သည်။

ဆယ်စုနှစ်များစွာ စစ်အစိုးရအဆက်ဆက်၏ လွဲချော်သည့် စီးပွားရေး စီမံခန့်ခွဲမှု များကြောင့် ခက်ခက်ခဲခဲ ရရှိထားသည့် လူတို့၏ ခံနိုင်ရည်မှာ အကန့် အသတ်တော့ ရှိနေပါသေးသည်။ ဤသို့ ဇွဲသတ္တိကိုဖော်ပြနေသည့် မျက်နှာစာ အောက်တွင်ပင် သေချာကြည့်ပါက သဲရှပ်နေသည့် အမှန်တရား လက္ခဏာများကို မြင်တွေ့နိုင် ပါသေး သည်။

အစိုးရအာဘော်တပိုင်းဟု ဆိုနိုင်သည့် မြန်မာတိုင်းမ် (စ်) သတင်းစာပါ ဆောင်းပါး တပုဒ်တွင် ရာဇ၀တ်မှုနည်းပါးသည်ဟု မှတ်ချက်ပြုထားကြသည့် မြို့ကြီး၌ ထူးထူး ခြားခြား သံဆူးကြိုးခွေများ အ၀ယ်လိုက်နေကြောင်း ဖော်ပြထားသည်။ လူလတ်တန်း စား အမျိုးသမီးတဦးက သူမအမေနေထိုင်ရာ တရားစခန်းတွင် သူခိုးထူပုံကို ညည်းညူ ပြောဆိုနေပြီး စင်္ကာပူအခြေစိုက် မြန်မာစီးပွားရေးသမားတဦးက “ည ၉ နာရီကျော်ရင် တော့ မထွက်လေနဲ့” ဟု လေသံတိုးတိုးနှိမ့်၍ သတိပေးပါသည်။ ခဏဆိုင်းနေပြီးမှ “လူတွေက စိတ်ရင်းတော့ ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ဗိုက်ပြည့် ၀မ်းဝဖို့ လိုတယ်လေ” ဟု ပြောပါသည်။

တချိန်တည်းမှာပင် လွန်ခဲ့သည့် ၇ လ ကျော်ကာလက နိုင်ငံတကာသတင်းစာများ၊ ရုပ်သံများ၏ ခေါင်းကြီးသတင်းအဖြစ် နေရာယူခဲ့သည့် သံဃာများဦးဆောင်သော ဆန္ဒပြပွဲများကို အကြမ်းဖက် ရက်ရက်စက်စက် ဖြိုခွဲပြီးသည့်နောက် နိုင်ငံကို အုပ်ချုပ် နေသည့် စစ်အစိုးရက ၎င်း၏ အခြားမျက်နှာစာတဘက်ကို အပြည့်အ၀ လှစ်ဟပြ ပြန်သည်။ ရန်ကုန်မြို့ခံ လူထု ကမူ မုန်တိုင်းပြီးပြီးချင်းကာလများ၌ ထူးထူးခြားခြား စစ်သားများကို မတွေ့ခဲ့ကြရဟု ဆို၏။ နောက်ပိုင်းရက်များမှ ကိုရွှေ စစ်သားများ ပြန်လည်ပေါ်ထွက်လာကြပြီး လူကုံထံရပ်ကွက်များနှင့် မြို့တော်၏ အချက် အခြာကျသည့် လမ်းဆုံနေရာများမှ ပိတ်ဆို့နေသည့် သစ်ပင်များကို လာရောက် ရှင်းခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့ အစိုးရကတော့ လူတွေကို ပစ်ထားတာပဲ။ လူတွေက စောဒကတက် ပြောကြပြန်တော့လည်း သူတို့က ဗိုလ်ကျ ကြပြန်တယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။ သူကအတိုချုပ်၍ စစ်အစိုးရ လက်ကိုင်ပြုနေသည့် မူဝါဒ ၂ ရပ် ကိုလည်း ပြောခဲ့သေးသည်။ လူအများ၏ လိုအပ်ချက်ကို လျစ်လျူရှုထား။ ဆန့်ကျင် အံတုလာမည်ကို သိပါက ချက်ချင်း ချေမှုန်း ဆိုသည့် အချက် ၂ ချက် ဖြစ်သည်။

မြန်မာစစ်အစိုးရအဖို့ သူတို့ဂရုစိုက်နေသည့် ကပ်ဘေးမှာ သူတို့အာဏာ ကိုင်စွဲ ထားမှုကို ခြိမ်းခြောက်လာမည့် ကိစ္စများသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် အပျက်အစီး များကြားမှ ပုံမှန်အခြေအနေ ပြန်ရောက်ရန် ရုန်းကန်နေရစဉ် ဧရာဝတီတိုင်း၌ အိပ်မက်ဆိုးသဖွယ် ပျက်စီးသေဆုံးရမှုများက ခြောက်လှန့်နေစဉ်တွင် စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင် ရေးအတွက် ဆန္ဒခံယူပွဲ ဇွတ်တိုးလုပ်ဆောင် ခဲ့ကြခြင်းကိုလည်း မြန်မာပြည်သူများက အံ့သြခြင်း မရှိကြပါ။ သူတို့က အစိုးရ အကြောင်း သိထားပြီးဖြစ်သလို အတည်ပြုခိုင်းနေသည့် ဖွဲ့စည်းပုံကလည်း စစ်တပ်က နိုင်ငံရေးအာဏာ ပိုမို ချုပ်ကိုင်နိုင်ရေး အတွက် ပြဌာန်းလိုနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်ကြပါသည်။

ဖွဲ့စည်းပုံမူကြမ်းတွင် ၂၅ ရာခိုင်နှုန်းသော နိုင်ငံခေါင်းဆောင်နေရာများကို စစ်တပ် အတွက် ဖယ်ချန်ထားပြီး ဤဖွဲ့စည်းပုံ ကိုပင် စစ်တပ်က မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ပြဿနာပေါင်းသောင်းခြောက်ထောင် အတွက် အဖြေဟု ညွှန်းနေခဲ့ပါ သည်။ ပို၍ တိတိကျကျဆိုရလျင် ၁၉၉၀ ပြည့်နှစ်က ပြည်သူများကရွေးချယ်၍ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်ပွဲရလဒ်ကို ချေဖျက်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။

၁၈ နှစ်ကြာပြီးသည့်တိုင် စစ်အစိုးရက ဤရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်မှုဒဏ်ကို ခံစားနေကြရဆဲ ဖြစ်သည်။ သူတို့ က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ပြီး အာဏာလွှဲပြောင်းပေးရန် တောင်းဆိုချက်များကိုလည်း ဆန့်ကျင်နေခဲ့ရာမှ ယခုအခါ နိုင်ငံအတွက် အခြားစင်ပြိုင် နိုင်ငံရေးလမ်းတခုကို အတင်းအကျပ် ချမှတ်လာခြင်း ဖြစ်သည်။ အစိုးရ ထိန်းချုပ် ထားသည့် သတင်းဌာနများက မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲကို “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်” ဖော်ဆောင် နိုင်ရေးအတွက် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ၏ အရေးပါမှုအဖြစ် အမွှမ်းတင်ဖော်ပြနေခဲ့ကြသည်။

မည်သူမျှ ဂရုမစိုက်လည်းနေ၊ အရေးမကြီးလှပါ။ နာဂစ်မုန်တိုင်း စက်ကွင်းမှ လွတ်ရာဒေသဖြစ်သည့် ပဲခူးမြို့ရှိ မဲရုံတွင် မဲရုံတာဝန်ရှိသူများက မဲလာထည့်မည့်သူများကို ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ အလားတူ လူသူကင်းရှင်းနေ သည့် မဲရုံ မြင်ကွင်းမျိုးကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးတွင်လည်း မြင်တွေ့ကြရသည်ဟု သတင်းများ က ဆိုပါသည်။ လူအများက စစ်အစိုးရ အတည် ပြုခိုင်းသည့် ဥပဒေထက် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် အကူအညီ ပေးရေးကိုသာ ပို၍ အားသန်နေခဲ့ကြပါသည်။

မေလ ၁၅ ရက်နေ့တွင် စစ်အစိုးရက မဲဆန္ဒရှင်များ၏ ၉၉ ရာခိုင်နှုန်းနီးပါး လာရောက် မဲပေးကြပြီး ၉၂. ၄၈ ရာခိုင်နှုန်း က လိမ်လည်လှည့်ဖျားထားသည့် ဖွဲ့စည်းပုံကို ထောက်ခံ အတည်ပြုကြသည်ဟု ကြေညာခဲ့ပါသည်။ နောက်နှစ်ပတ်အကြာ နာဂစ် မုန်တိုင်း ကြောင့် အသက်များစွာ သေကြေဆုံးရှုံး အိုးအိမ်ပျက်စီး ခဲ့ရသည့် အတွက် ကြောင့် ဆန္ဒခံယူပွဲ ယာယီဆိုင်းငံ့ ခဲ့ရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင်လည်း မဲဆန္ဒပေးပွဲများ ကျင်းပခဲ့ပြီး အလားတူရလဒ်ပင် ရရှိသည်ဟု ကြေညာခဲ့ကြ ပြန်သည်။

အကယ်၍ စစ်ဗိုလ်ချုပ်များ အလိုကျသာ ဖြစ်လာပါက စစ်အုပ်ချုပ်ရေးက အခြားပုံစံ တမျိုးမျိုးဖြင့် ဤမြေပေါ်တွင် ဆက်လက်ရှိနေတော့မည် ဖြစ်သည်။ ဤအနေအထား တွင် နိုင်ငံရေးမိုးသက်မုန်တိုင်းလည်း ကျရောက်လာဖွယ် ရှိနေပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မရေမတွက်နိုင်သည့် အသက်အိုးအိမ်များကို ဖျက်ဆီးခဲ့သည့် သဘာဝဘေး မုန်တိုင်း သဖွယ် ပြင်းထန်စွာ ကြုံရတော့မည် ဖြစ်သည်။ လွဲမှားစွာ အုပ်ချုပ်နေသော စစ်တပ်၏ ရာစုနှစ်တ၀က်မျှ သက်တမ်းတွင် မြန်မာနိုင်ငံသည်လည်း ကံကောင်း၍ ရှင်ကျန်ရစ်ရသူများ၏ နိုင်ငံတခု ဖြစ်လာပေလိမ့်မည်။ ထိုမျှမက ကျရှုံး နိုင်ငံတခုအဖြစ် ဆက်လက် မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။ မြန်မာနိုင်ငံသည် သဘာဝကပ်ဘေးများနှင့်ပတ်သက်၍ အစောပိုင်း ကတည်းက အန္တရာယ်ရှိနေပြီး အဆိုးဆုံးအနေအထား ဖြစ်လာနိုင်ခြေလည်း ရှိနေသေးသည်။

ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အကြပ်အတည်းများအဖြစ် ထင်ထင်ရှားရှား မြင်တွေ့ရသည်မှာ စစ်အစိုးရအနေဖြင့် မည်သည့်အခြေအနေကိုမျှ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ အကျိုးစီးပွား အတွက် လည်း ဆက်လက်၍ လိမ်လည်အမြတ်ထုတ်နေနိုင်လိမ့်မည် မဟုတ်ပါ။ စစ်အစိုးရက ဆန္ဒခံယူပွဲကို သူတို့၏ ထွက်ပေါက်ဟု ယူဆခဲ့ကြပြီး ဤအတိုင်းလည်း ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ ဧရာဝတီတိုင်းအတွင်းတွင်လည်း အစိုးရက သူတို့ဦးစီး သည့် အတုအယောင် ဟန်ပြအကူအညီပေးရေး လုပ်ငန်းများ လုပ်ခဲ့ ကြပါသေးသည်။

အနောက်တိုင်းသံတမန်တဦးက “လေဘေးသင့် ဒေသတွေမှာ စစ်အစိုးရရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေက ဆန္ဒခံ ယူပွဲ ပြီးတဲ့နောက်မှာ ၂ ဆ ကျော် ၄ ဆလောက်ထိ တိုးတက်လာတယ်” ဟု မှတ်ချက်ချ ပြောဆိုပါသည်။ တပတ်ကြာ ပြီးသည့်နောက်တွင်မှ စစ်အစိုးရ၏ အားစိုက်ထုတ်နေမှုများ မည်သည့်နေရာတွင် လမ်းလွဲနေကြောင်း သိသာထင်ရှားလာ ရပါသည်။ ကပ်ဘေးသင့်ဒေသများသို့ နိုင်ငံခြားသားများကို သွားရောက်ခွင့် ၂ ပတ်ကြာ ပိတ်ပင်ထားပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးဉာဏ်ဝင်းက နိုင်ငံအတွင်းရှိ အမေရိကန် သံရုံးထိပ်တန်းတာဝန်ခံ ရှာရီ ဗီလာ ရိုဆာကို မြစ်ဝကျွန်းပေါ် ဒေသသို့ ခြံရံပို့ဆောင် ပေးခဲ့သည်။ ရန်ကုန်ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံဖြစ်သူ ရှာရီ ဗီလာရိုဆာကမူ မြင်တွေ့ရသည်မှာ အထင်ကြီးစရာမရှိဟု ဆိုခဲ့ပါသည်။

“လုပ်ပွဲပါပဲ။ သူတို့ ပြချင်တာလောက်ကိုပဲ ကျမတို့ကို မြင်စေချင်နေတာ” ဟု ရှာရီ ဗီလာရိုဆာက အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံနှင့် အကျိုးစီးပွားအရ ဆက်စပ်နေသည့် အခြားအစိုးရ၀န်ကြီးအချို့ကလွဲ၍ လူအားလုံးနီးပါးက စစ်အစိုးရ၏ ဆန္ဒခံယူပွဲကို အတုအယောင်ဟု ငြင်းပယ်ပြောဆို ခဲ့ကြပါသည်။ စစ်အစိုးရ ဆောင်ရွက်နေသည့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆိုသည်ကိုလည်း သံသယမျက်လုံးဖြင့် စောင့်ကြည့်ရုံမှတပါး ထောက်ခံပြောဆိုပေးရန် ခက်ခဲလှပါသည်။

စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်မြင်သံကြားတွင်တော့ စစ်ဗိုလ်ချုပ်များက လူထုကိုနှစ်သိမ့်နေသည့်ပုံ၊ လေမုန်တိုင်း သင့်ဒုက္ခသည်များက ကျိုးနွံစွာ အလှူပစ္စည်းများ လက်ခံနေကြပုံကို ပြသနေသည်။ သို့သော်လည်း ဒေသတွင်း အကူအညီ ပေးလာသည့် စစ်သားဟူ၍ အနည်းအကျဉ်းမျှသာ တွေ့ရပြီး ပြသနေသည်နှင့် လုံးဝခြားနားမှုရှိနေပါသည်။ ဥပမာဆိုရသော် မြစ်ဝကျွန်းပေါ်ဒေသ ကွန်းခြံကုန်းသို့ သွားရာလမ်းတလျှောက်တွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ၏ အခြား ဒေသများမှနေ၍ ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းလာသောပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများကို လူအများက ၀မ်းပန်းတသာ ကြိုဆိုနေပုံ မြင်ကြရပါသည်။

လေဘေးသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်တပ်၏ မလုံလောက်သော ကြိုးပမ်းဆောင်ရွက်ချက် များကို သာမန်မြန်မာပြည်သူများက ကြိုးစားဖြည့်ဆီးခဲ့ကြပါသည်။ သို့သော်လည်း သူတို့၏ လွတ်လပ်စွာ ကူညီလှူဒါန်းနိုင် ခွင့်ကိုပင် ပိတ်ပင်ကန့်သတ်မှုများ ကြုံလာခဲ့ရသည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဤအလှူယာဉ်တန်းများ ကို ရဲကင်းများချ၍ ရပ်တန့်စေခြင်း၊ လာဘ်ငွေပေးဆောင်ပြီးမှ ရှေ့ခရီးဆက်စေခြင်းများကို အာဏာပိုင်များက ဆောင်ရွက် နေကြပြန်သည်။

မည်သို့ပင် ဖြစ်စေ၊ ပုဂ္ဂလိကအလှူရှင်များက ဆက်လက်အားသွန် ကြိုးပမ်းနေကြဆဲ ဖြစ်ပြီး တချို့သောကိစ္စများတွင် ဗုဒ္ဓဘာသာရဟန်းများက ဦးဆောင်ဦးရွက် ပြုနေ ကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ အဆိုးဆုံး မုန်တိုင်းသင့်ခဲ့ရသည့် ဒေသများတွင် အကူအညီပေးရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထဆောင်ရွက်နေသူ မြန်မာလူမျိုး တဦးက ပြောပြရာတွင် တချို့သော မုန်တိုင်းသင့်ဒုက္ခသည်များသည် အစိုးရက စည်းကမ်းတင်းကျပ်စွာ ထိန်းချုပ်ထားသည့် စခန်းများမှ ထွက်ပြေး ၍ ဘုန်းတော်ကြီးကျောင်းများတွင် အစားအစာနှင့် ခိုလှုံရာ ရှာနေခဲ့ကြသည်ဟု ဆိုသည်။ ဤမုန်တိုင်းဘေးမှ ကံကောင်း ထောက်မ၍ ရှင်ကျန်ရစ်ခဲ့ရသူများမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်ခံစားနေကြရပြီး ဒေသအတွင်း စစ်တပ်တိုးချဲ့ချ ထားမှုကြောင့် စိုးရိမ်စိတ်များ မလျော့ကျခဲ့ဟု ဆိုကြသည်။

ကမောက်ကမ ဖြစ်ရပ်များလည်း ရှိခဲ့သည်။ မုန်တိုင်းဖျက်ဆီးခံရပြီးနောက်ပိုင်း ရက်များတွင် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ဆန္ဒခံယူပွဲအတွက် ပြင်ဆင်ရေး လုပ်ငန်းများနှင့် အလုပ်များနေခဲ့ကြပြီး သဘာဝကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ မလုပ်နိုင်အောင် ဖြစ်ခဲ့ရသည်။ သို့အတွက်ကြောင့် အစိုးရမဟုတ်သည့် အကူအညီများဖြင့်သာ သူတို့ သက်သာမှု ရခဲ့သည်။

“ပထမပိုင်းရက်တွေမှာတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်း ရခဲ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် နှစ်အတန် ကြာ နေထိုင်လုပ်ကိုင်ခဲ့သူ အနောက်တိုင်းမှ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။ “ကျနော်တို့ အာဏာပိုင်တွေနဲ့ ပြောဆို ဆွေးနွေးတဲ့အခါ သူတို့က သွား..သွား... လုပ်သာလုပ်..လို့ ပြောကြတာချည်းပဲ။ သူတို့က အခုအခြေအနေကို ဘယ်လိုတုံ့ပြန် ဆောင်ရွက်ရမှန်း မသိဘူး ဖြစ်နေ ကြတယ်” ဟု သူက ဆိုသည်။

သို့သော်လည်း နောက်ပိုင်းတွင် ပြည်ပအကူအညီများအတွက် ပိုမိုတံခါးဖွင့် လုပ်ကိုင်ခွင့် ပေးရန် ဖိအားများ သက်ရောက်လာ သည့်အခါ စစ်အစိုးရ၏ သဘောထား ပြောင်းလဲ သွားတော့သည်။ နိုင်ငံရပ်ခြား ကျွမ်းကျင်သူများကို ပြည်ဝင်ခွင့် ဗီဇာ လျှောလျှော လျှူလျှူ ထုတ်ပေးရမည့်အစား စစ်အစိုးရက ပြည်တွင်းရှိနေသူများကိုပင် ပို၍ တင်းကျပ် ကန့်သတ်မှုများ ပြုလာခဲ့သည်။ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တခုတွင် လုပ်ကိုင်နေသူ မြန်မာလူမျိုးတဦး၏ အဆိုအရ ဆန္ဒခံယူပွဲပြီး သည်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြား အကူအညီပေးရေး အဖွဲ့အစည်းများကို ဆင့်ခေါ်ခဲ့ပြီး “လှူဒါန်းလိုလျှင် အစိုးရထံမှ တဆင့် လှူဒါန်းပါ။ မဟုတ်ပါက တပတ်အတွင်း နိုင်ငံအတွင်းမှ ထွက်သွားရမည်” ဟု ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြန်မာပြည်တွင်းရှိ နိုင်ငံရပ်ခြားအကူအညီပေးရေး ၀န်ထမ်းများသည်လည်း လိုက်နာကြရုံသာ ရှိတော့သည်။ “အခုအချိန်က အစိုးရနဲ့ တုံ့ပြန်ပြောနေရတော့မယ့် အချိန်မဟုတ်တော့ဘူး” ဟု နိုင်ငံအတွင်း နှစ်ကြာရှည် လုပ်ကိုင်လာခဲ့သူ ၀န်ထမ်း တဦးက ပြောသည်။

“စစ်အစိုးရကတော့ ထင်ထားသလို တသွေးတသံ ညီညွတ်နေတာမဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။ သူဆိုလိုသည် မှာ အထက်က မူချသော်လည်း အောက်ခြေ တွင် တချို့သောအဖွဲ့များက နားလည်မှုယူ၍ ဒုက္ခသည်များထံ တိုက်ရိုက်ကူညီ လှူဒါန်းနေကြသည်ကို ပြောလိုခြင်း ဖြစ်သည်။

တသွေးတသံဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သေချာသည်ကတော့ စစ်အစိုးရက ၎င်း၏အမိန့်ပေး ယန္တရားများကို ပြန်လည် ချုပ်ကိုင်စုစည်းလာခြင်းပင် ဖြစ်သည်။ စစ်အစိုးရက ပြင်ပကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အစား နိုင်ငံတကာ အကူအညီ များကို ထိန်းချုပ်စုစည်းနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများက ပို၍ အာရုံရလာပုံ ရှိပါသည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ တချို့သော မုန်တိုင်းသင့် ဒုက္ခသည်များက စစ်အစိုးရ အနေနှင့် နိုင်ငံတကာအကူအညီ များကို ပိတ်ဆို့နေကြောင်း သိသည်ဟု ဆိုသည်။ ရန်ကုန်တွင် စစ်သားများက နိုင်ငံတကာအလှူရှင်များထံမှ ရရှိ သည့် ပစ္စည်းများ ပြင်ပတွင် ခိုးရောင်းနေကြသည်ဟု ကောလာဟလများ အစဉ်တစိုက် ထွက်ပေါ်နေခဲ့ပြီး နိုင်ငံတကာ လေယာဉ်ကွင်းအနီးရှိ ဈေးတွင် ၀ယ်ယူရနိုင်သည်ဟု ဆိုနေကြသည်။ အတည်ပြုရန် ခက်ခဲလှသော်လည်း ဤပြောဆိုချက်များက ယခုကပ်ဘေး နှင့် ပတ်သက်၍ စစ်အစိုးရ၏ တုံ့ပြန်ကိုင်တွယ်ပုံအပေါ် မကျေနပ်ကြကြောင်း အတိအလင်း ဖော်ပြနေသကဲ့သို့ ဖြစ်နေ ပါသည်။

ဤသို့ မကျေနပ်မှုများ ကြီးထွားလာနေသော်လည်း နောက်ထပ် လူထု ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ဟု ပြောရန် စောနေ ပါသေးသည်။ ယမန်နှစ်က ဆန္ဒပြပွဲများကို အကြမ်းဖက်၍ ရက်ရက်စက်စက် ချေမှုန်းခဲ့သည့် မြင်ကွင်းများကို လူတိုင်းက အမှတ်ရနေကြဆဲ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များကို တရားမျှတမှု ရှေ့မှောက်သို့ ရောက်လာစေရန် တိုက်တွန်းကြိုးပမ်းမှု အသစ်များ ဆောင်ရွက်လိုကြသည့်စိတ်က စစ်အစိုးရ၏ အမျိုးသားညီလာခံကို လိုလားထောက်ခံမှုကဲ့သို့ပင် အားပျော့နေဆဲ ဖြစ်သည်။

“ကျနော်တို့ အစိုးရက လူထုတော်လှန်ရေးတွေအပေါ်မှာ ထိန်းချုပ်မှုကတော့ သိပ်တော်တယ်” ဟု နိုင်ငံရေး စိတ်မ၀င်စားဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကိုသာ အားကြိုးမာန်တက် ဆောင်ရွက်နေသူ နိုင်ငံတကာအန်ဂျီအိုကြီးတခု၏ မြန်မာလုပ်သား တဦးက ပြောသည်။

ကာလကြာရှည် ဒုက္ခရောက်နေခဲ့ကြရသည့် ပြည်သူများအနေဖြင့် နောက်ထပ် လူထုအုံကြွမှု တခုဖြစ်လာခဲ့လျင်သော်မှ သူတို့၏ဘ၀များ ချက်ချင်း တိုးတက် ပြောင်းလဲလာမှု မရှိနိုင်ဟု သူက ယူဆနေပါသည်။ သူက ဤသို့ လူထု အုံကြွမှု ဖြစ်လာမည့်အရေးကိုလည်း မလိုလားပါ။

“နိုင်ငံအတွင်းမှာ ကျနော်တို့ လုပ်နိုင်တာတွေ အများကြီးရှိနေပါသေး တယ်။ တခုခုလုပ်နေတာက ဘာမှမဖြစ်တာထက် စာရင်တော့ ကောင်းပါတယ်” ဟု သူက ဆိုသည်။

မြန်မာကယ်ဆယ်ရေး လုပ်သားအများစုက အစိုးရကို မြင်ထားကြပုံမှာလည်း အလားတူပင် ဖြစ်သည်။ သူတို့က စစ်အစိုးရကို ဆင်းရဲမွဲတေမှု ကပ်ဘေးတခု၊ ရောဂါတခုသဖွယ် မြင်နေကြပါသည်။ ဤရောဂါက ကုသအမြစ်ဖြတ်ရန် မဖြစ်နိုင် သော်လည်း ရောဂါဒဏ်ရာ သက်သာရာ သက်သာကြောင်းတော့ ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု ထင်သည်။

သူ့ကို ယခု စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေခြင်းက တခုခုမရှိတာထက် ပိုကောင်းနိုင်မလားဟု မေးကြည့်ဖြစ် သည်။ သူက “ရှင် စဉ်းစားကြည့်ပေါ့။ အဆိပ်ခတ်ထားတဲ့ အစာကို ကျွေးလာရင် တခုခုမရှိတာထက်စာရင် ရှိတာက ပို ကောင်းတယ်လို့ ရှင်ပြောပြီး စားမလား” ဟု တုံ့ပြန်ဖြေဆိုခဲ့ပါသည်။



ဆန်အိုးကြီး ပြည့်ပါ့မလား
အေးချမ်းမြေ့ | ဇွန် ၁၃၊ ၂၀၀၈

နာဂစ်မုန်တိုင်းက အပျက်အစီးများ၊ ဝမ်းနည်းကြေကွဲမှုများ၊ ဒဏ်ရာများကို ချန်ထား ရစ်ခဲ့ပြီး ပြန်ထွက်သွားသည်မှာ ၁ လ ကျော်ကြာခဲ့ပြီ။

သို့သော်လည်း ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်ကြီးကို ကာယကံရှင်များ ဘယ်လိုမှ မမေ့နိုင်သေး။ ခုပြန်တွေး ခုချောက်ချားမိသည်မှာ ကာယကံရှင်မပြောနဲ့ ကျမတို့လို ကြားသတင်းဖြင့် မှန်းဆစိတ်ကူးရသူများအတွက်ပင် အချိန်တိုင်း သစ်နေဆဲ ဖြစ်သည်။

စစ်အစိုးရက ဘယ်လိုပဲ ကူပါတယ် ပြောပြော၊ ယူအန်အပါအဝင် အန်ဂျီအို အမျိုးမျိုးက ဘယ်လိုထောက်ပံ့တယ် ဆိုဆို တကယ့်တကယ် ခံခဲ့ရသော နေရာများကို အပြည့်အဝ ကူညီ ကယ်တင်မှုများ မရောက်တာကတော့ သေချာလှသည်။

အဲဒီလို မရောက်နိုင်သောနေရာများကို ပြည်တွင်းက စေတနာရှင် အလှူရှင်များက ကိုယ့်စရိတ်နှင့်ကိုယ် ရှာဖွေကာ တတ်နိုင်သမျှ သွားပေးကြသည်။ နည်းမျိုးစုံဖြင့် လှူဒါန်း ကြသည်။ အစားအသောက်၊ အဝတ်အထည်၊ အိုးခွက် ပန်းကန်၊ စောင်၊ ခြင်ထောင်မှ စ၍ အသုံးအဆောင် အမျိုးမျိုး သွားပေးသူများရှိသလို။ အမိုးအကာအထိ တာဝန်ယူဆောင် ရွက်ပေးနေကြသည်။

ပြည်တွင်းအလှူရှင်များ၏ ထောက်ပံ့မှုက ဘယ်လောက်ထိရောက်သည်ဟု သေချာပေါက် မပြောနိုင်သော်ငြားလည်း။ မိမိလက်ဖြင့် လိုအပ်သူတို့၏ လက်သို့ တိုက်ရိုက် ပေးလိုက် ရသောကြောင့် ရရှိသွားသူတို့မှာ အထိုက်အလျောက် အဆင် ပြေသွားသည်ဟု ဆိုရမည် ဖြစ်သည်။ ပေးသူလည်းကြည်နူးရ၊ လက်ခံရသူလည်း ကျေနပ်ရသည်။

သို့သော် ခုလို တလကျော်ကြာလာပြီဆိုတော့ ကူသူကယ်သူများကော လှူသူများပါ စိတ်ညောင်း လက်ညောင်း ဖြစ်ကုန်ပြီ။ တချို့လည်း လက်ပန်းကျ၊ လက်အံသေ ကုန်ပြီထင်သည်။

“ကူညီမယ့်သူတွေ နည်းကုန်တာမဟုတ်ဘူး အမ။ ရှိကိုမရှိတော့တာပါ။ ကူမယ့်သူတွေ ကိုယ်နှိုက်ကလည်း အားနည်းလာ ပြီထင်ပါရဲ့ အမရယ်” ဟု ကျမကို ကွမ်းခြံကုန်းသား သတင်းစာ ဆရာလေး တဦးကပြောပြသည်။ သူပြောသလိုလည်း ဖြစ်နိုင်ပါသည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးအခြေအနေကိုက ဘယ်လိုမှမကောင်းသည့် အနေအထားလေ။ ပေးလို သူတို့ မှာလည်း စိတ်တခုတည်း ရှိရုံဖြင့်မရ။ ရုပ်ဝတ္ထုပစ္စည်းကလည်း လိုသေးသည် မဟုတ်လား။

သတင်းစာ ဆရာလေးပြောသလို လုံးဝမရှိတော့တာတော့မဟုတ်ပါ။ လှူဒါန်းသူတို့ ရှိနေပါသေးသည်။ နည်းသွားတာသာ ဖြစ်၏။ ခုနောက်ပိုင်းမှာတော့ လက်ရှိစားသောက်ဖို့ လှူသူများရှိသလို ရေရှည်အတွက် လှူသူများ ပိုများလာသည်ဟု သိရသည်။ ပုံစံတူတဲများ လှူဒါန်းသည့် အဖွဲ့တဖွဲ့အကြောင်းကိုလည်း သတင်းတပုဒ်တွင် ဖတ်လိုက်ရသည်။

“ဒီတခါတော့ ကျနော်တို့က ရေရှည်အတွက် လှူမယ်လို့ စဉ်းစားတယ်ဗျ။ အရင်အပတ်က သွားခဲ့ပြီး ကြည့်ခဲ့တဲ့ ရွာတွေကို မျိုးစပါးရယ်၊ လက်တွန်းထွန်စက်ရယ်၊ မောင်းဖို့ ဒီဇယ် ဆီရယ် ဝမ်းဆက် လှူကြမှာ” ဟု ကိုအောင်စန်းဝင်းက ကျမကို ပြောပြသည်။ ကိုအောင်စန်းဝင်းမှာက သန်လျင်နှင့် သုံးခွကြားက ရွာတရွာမှာ ဆန်စက်ရှိသည်။ သူက မျိုးစပါး တင်း ၁၀၀ လှူမည်ဟု ပြောသည်။

သူတို့ သူငယ်ချင်းတစု ယခင်အပတ်က ရှေ့ပြေးသဘောမျိုး အစားအသောက်များလည်း လှူရင်း သွားလည်းလေ့လာရင်း ကြည့်ခဲ့သည့် လပွတ္တာ မြို့နယ်အတွင်းမှ ရွာ ၈ ရွာရှိသည်။ အဲဒီရွာတွေက ယခင်က စည်ပင်ဝပြောခဲ့သည့် ချမ်းသာသော ရွာများ ဖြစ်သည်။ ခုတော့ ဘာဆိုဘာမှ မကျန်ခဲ့တော့။

မြစ်ပေါက်အုပ်စု ဟုခေါ်သော သဲကုန်းရွာမှာ လူဦးရေ ၃၀၀ အထက်သေဆုံးသည်။ အခု လူ ၅၀၀ ကျော်ကျန်သည်။ ကန်ညီနောင်ရွာတွင်တော့ လူ ၃၀ ကျော် သေသည်တဲ့။ ထန်းပင်ချောင်းရွာတွင် လူ ၇၀၀ ကျော်ရှိရာ ခု ၂၀၀ နီးပါးသာ ကျန်တော့သည်ဟု ကိုအောင်စန်းဝင်းက ပြောပြသည်။

“အဲဒီ ထန်းပင်ချောင်းမှာ မိန်းမက ၇ ယောက် ကလေးက ၂ ယောက်ပဲ ကျန်ခဲ့တယ်။ ကျန်တာ ယောက်ျားကြီးတွေချည်းပဲ” ဟု သူက ပြောပြ၏။

ငှက်သိုက် ဆိုသည့်ရွာတွင် လူ ၅၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်သေသည်။ ရေတွင်းကုန်းရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိရာ ၁၂၀ ကျော်သေသည်။ စစ်ကုန်းရွာတွင် လူ ၁၅၀ ရှိသည့်အနက် ၃၀ ကျော်သေသည်။ ညောင်ချောင်းခေါ် ဆတ်ချောင်းရွာတွင်တော့ လူ ၁၀၀ ကျော် သေသည်ဟုသိရသည်။

“ဘီတွတ်ကျေးရွာကတော့ အစက ဘယ်လောက်ရှိလည်းမသိဘူး သေတာ ၁၅၀၀ ကျော်တယ်လို့ ပြောတယ်” ဟု ကိုအောင်စန်းဝင်းက ဆက်ပြောသည်။ ထိုရွာ ၈ ရွာတွင် ကျန်ရစ်သူတို့က မိုးဦးအမီ စပါးစိုက်ချင်သည်ဟု သူတို့ကို ပြောလိုက်ရာ ယခုလို သူတို့ စီစဉ် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

မျိုးစပါးက တင်း ၁၀၀ လျင် ကျပ် ၅ သိန်းကျသည်။ ထိုဈေးက ပုံမှန်ဈေးတော့မဟုတ်။ လှူဒါန်းရန် ဆိုသောကြောင့် ရရှိခြင်းဖြစ်သည်။ တကယ့်ပုံမှန်ဆို ၇ သိန်း၊ ၈ သိန်းခန့် ရှိမည်တဲ့။ တင်း ၁၀၀ ဆိုလျှင် ဧက ၁၀၀ စိုက်လို့ရမည်။ ဒေသခံများက ထို တင်း ၁၀၀ စိုက်လိုက်လျင် နောက်နှစ်အတွက် ဝမ်းစာစပါးနှင့် မျိုးစပါးအတွက် မပူရတော့ကြောင်း ပြောသည် ဆို၏။

“ကျနော်တို့ သူငယ်ချင်း အုပ်စုက အယောက် ၂၀ လောက်ရှိတယ်။ ကိုယ့်ဘာသာ ထည့်ကြတာကော နီးစပ်ရာ အလှူခံ တာကော နောက်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကလည်း ပို့ပေးတယ်” ဟု ကိုအောင်စန်းဝင်းက ဆက်ပြောသည်။

ကိုအောင်စန်းဝင်းက စပါး တင်း ၁၀၀ မတည်လိုက်တော့ ကျန်သည့် သူငယ်ချင်းများ စိုက်ဝင်ငွေဖြင့် လက်တွန်း ထွန်စက် နှင့် ဒီဇယ်ဆီ ဝယ်နိုင်ခဲ့သည်။ လက်တွန်းထွန်စက်က တစီးကို ကျပ် ၆ သိန်းဖြစ်သည်။ လက်တွန်းထွန်စက် ၅ စီးရသည်ဟု ပြောသည်။

“တရွာကို လက်တွန်းထွန်စက် ၁ လုံးတော့ ပေးချင်တယ်။ ဒါပေမယ့် မပေးနိုင်သေးလည်း မျှပြီး သုံးရမှာပေါ့” ဟု သူက ဆိုသည်။ လက်တွန်းထွန်စက်များကို ကုမ္ပဏီက ဝါးခယ်မ အရောက်ပို့ပေးမည်တဲ့။ လပွတ္တာ မြို့နယ်ထဲက ရွာများဆို သော်လည်း ဝါးခယ်မဘက်က သွားရသည်ဟု သိရသည်။

လက်တွန်းထွန်စက်က လူတယောက်မောင်းလျင် တနေ့ ၄၊ ၅ ဧက ပြီးသည်။ သို့သော်လည်း အပြီးအစီးထွန်ပြီးချင်းတော့ မဟုတ်။ တခြား မြေလှန်ခြင်းအပြင် အဆင့်ဆင့် ၂ ရက် ၃ ရက် ပြန်လုပ်ရသေးသည်ဟု ကိုအောင်စန်းဝင်းက ပြောပြသည်။ သူတို့က လယ်ယာများလည်း ရှိသောကြောင့် နားလည်သည်။

ဒီဇယ်ဆီကတော့ ၁ ပီပါကို ကျပ် ၃ သိန်းခွဲနှင့် ၄ သိန်းကြားမှာရှိသည်။ ထွန်စက် ၁ လုံးကို ၁ ရက်စာအတွက် ၂ ဂါလန် အနည်းဆုံးကုန်ကျမည်ဟု သိရသည်။ ထိုဒေသမှာ တနှစ်စာ အတွက် ထွန်ယက်ဖို့ဆိုလျင် အနည်းဆုံး ဒီဇယ် ပီပါ ၅ လုံးတော့ ဝယ်ရမည်။

မေ ၃၁ ရက်နေ့က စတင်ပြီး စစ်အစိုးရက လပွတ္တာ မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်း များကို ထွန်စက်များ၊ ကျွဲနွားများ ပေးပို့သော်လည်း ပမာဏအားဖြင့် ဆယ်ဂဏန်းခန့်သာ ရှိကြောင်း ၎င်းဒေသသို့ ရောက်ရှိနေခဲ့သော ဧရာဝတီ သတင်းထောက်က ပြောသည်။

တောင်သူလယ်သမားများကတော့ ဘယ်လောက်ပဲ ဒုက္ခရောက်ခဲ့သည်ဆိုဆို အချိန်တန် မိုးရွာသည်နှင့် စပါးစိုက်ချင်ကြ ပေလိမ့်မည်။ ဘိုကလေး၊ ဖျာပုံခရိုင်ဘက်မှ စက်ဆန်းရွာ ဆိုလျင် ရေငန် အနည်းငယ်သာ ဝင်ရောက်ခဲ့ သောကြောင့် မျိုးစပါးနှင့် ထွန်စက်သာရလျင် လယ်ပြန်စိုက်နိုင်မည်ဟု ဒေသခံများက ပြောသည်။

“အစိုးရက ပေးတာကတော့ ထွန်စက်ပမာဏက အရမ်းနည်းပါတယ်။ ခုကြားရ သလောက်က ရယက ဥက္ကဌ တွေပဲရတယ် တဲ့။ သူကပိုက်ဆံစိုက်ထားရတာကိုး။ အဲဒီလောက် ပမာဏနဲ့တော့ ဘာမှ လုပ်လို့ မရနိုင်ဘူး” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်မြေတော်တော်များများတွင် ရေငန်များ တင်ကျန်နေသေး သဖြင့် ထွန်ယက်၍ မရနိုင်သေးဘဲ ထိုရေငန်များ ကျသွားလျင်ပင် ဆားကျင်းများ ကျန်ခဲ့မည် ဖြစ်သောကြောင့် လယ်မြေများကို စိုက်ပျိုးနိုင်ရန် အချိန် အတော်ကြာ ပြုပြင်ယူရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီဒေသက စပါးက ရေငန်ထိရင် သေကုန်တာပဲ။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂက ဒီဧရာဝတီတိုင်းက ရေငန်ဝင်ခဲ့တဲ့ မြေကြီးတွေကို ခြောက်နှစ်လောက် ပြန်ပြုပြင်ယူမှ ပုံမှန်အခြေအနေ ပြန်ရောက်မယ်လို့ ပြောခဲ့တာ” ဟု သူက ဆို၏။

ဧရာဝတီတိုင်းကို မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ယခုကာလ မေလ နှင့် ဇွန်လတို့မှာ ဧရာဝတီတိုင်း ၏ နာမည်ကျော် မျိုးကောင်း နှစ်ရှည်စပါး စတင် စိုက်ပျိုးရမည့် ရာသီဖြစ်သည်။ သို့သော် နာဂစ် ဆိုင်ကလုံးက ၎င်းဒေသ၏ အရည်အသွေး မြင့် စပါးစိုက်ဧကအားလုံးနီးပါးကို ဖျက်ဆီးပစ်လိုက်သည်။

ယခုအခါ အရည်အသွေးမြင့် ဆန်များ၏ ဈေးနှုန်းမှာ ၂ ဆနီးပါးခန့် မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်း ဘုရင့်နောင်ဆန်ပွဲရုံပိုင်ရှင် တဦးက ပြောပြသည်။ တတင်းဝင် ပေါ်ဆန်းမွှေး ဆန်တအိတ်ကို ယခင်က ၂၃၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ၃၉၈၀၀ ကျပ် အထိ မြင့်တက် ရောင်းချနေရပြီဟု ဆိုသည်။

ရန်ကုန်နေ ပြည်သူများအနေနှင့် နေ့စဉ် ဆန်အိတ်ပေါင်း ၆ သိန်း စားသုံးနှုန်းရှိရာ ထိုဆန် ပမာဏ၏ ၇၅ ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းမှ တင်သွင်းသော ဆန်များဖြစ်သည်။

“ခုအခြေအနေအရဆိုရင် သေချာတာကတော့ ဆန်ပေါ်ချိန် တော်သလင်းလလောက်မှာ မြန်မာနိုင်ငံမှာ အကြီးအကျယ် ဆန်ပြတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ဦးမြတ်လှက သုံးသပ်သည်။

မေ ၂၅ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးစိုးသာက နာဂစ်ဆိုင်ကလုံးကြောင့် အမေရိကန်ဒေါ်လာ ၂၂၀.၇၈ တန်ဖိုးရှိ ဓာတ်မြေသြဇာများ၊ မျိုးစပါးများ အပါအဝင် လယ်ယာသုံးကုန်ပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် စပါးစိုက်ဧက သန်း ၂၀ ရှိသည့်အနက် ဆိုင်ကလုံးကြောင့် ဧက ၂.၄ သန်းခန့် ပျက်စီးခဲ့ရာ ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း ကြေညာခဲ့သည်။

“မြန်မာလူမျိုးကတော့ မရှိရှိတာနဲ့ ဖြစ်အောင်ထလုပ်မယ်ဆိုတဲ့လူမျိုးဟ။ တခြားလူမျိုး တွေလို လာမကူညီရင် ဘာမှ မလုပ်တော့ဘဲ ငုတ်တုတ်ထိုင်အော်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် သနားစရာ အရမ်း ကောင်းတယ်ဟာ။ အစိုးရက ဒီလောက် ကြီးတော့ လျစ်လျူရှု မထားသင့်ဘူး” ဟု ပြောခဲ့သော ကျမ သူငယ်ချင်းတယောက်၏ စကားသံကို ပြန်လည် ကြားယောင်မိသည်။ အဲဒီသူငယ်ချင်းက ဘိုကလေး ဘက်က ရွာများသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့တဖွဲ့နှင့် လိုက်ပါသွားသူဖြစ်သည်။

ကိုအောင်စန်းဝင်းတို့လို ရေရှည်အတွက် ကူညီသူတွေ ရှိနေသော်လည်း အင်နှင့်အားနှင့် မဟုတ်သောကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေလိမ့်မည်။ မြန်မာနိုင်ငံ၏ စပါးကျီ ကြီးကို ပြန်ဖြည့်ဖို့ ဆိုလျင်တော့ တာဝန်အရှိဆုံးဖြစ်သည့် အစိုးရက အင်နှင့်အားနှင့် ဖြည့်ဆည်းပေးမှ ရလိမ့်မည်။



အလှူပေးသူထက် မုန်တိုင်းဒဏ် ခံစားရသူ အရေးကို ပိုဦးစားပေးကြပါ
မိုးအောင်တင် | ဇွန် ၁၃၊ ၂၀၀၈

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး မြန်မာနိုင်ငံမှ လူတန်းစားအလွှာ အသီးသီးကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့သည်။

ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး၊ ပညာတတ် မတတ်မရွေး၊ လူကြီးလူငယ်မရွေး တတ်နိုင်သည့်ဘက်မှ ၀င်ရောက်ကူညီ လုပ်ဆောင်ဖို့ ထွက်လာကြသည်။ အချင်းချင်းတိုင်ပင်ကာ ဒုက္ခရောက်နေသည့်နေရာများသို့ ပစ္စည်းများလှူဒါန်း ကြသည်။ ပို့ဆောင်ပေးကြသည်။

သံဃာတော်များက ဒုက္ခရောက်သူ မြို့သား၊ တောသား၊ ကျားမ၊ ဘာသာမရွေး ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်ထဲ လက်ခံ ထားကာ ရှိသည့် ရေ၊ စားစရာ၊ ဆေးဝါးတို့ဖြင့် ကူညီထောက်ပံ့ ပေးထားခဲ့သည်။

ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားတန်ဆောင်းများထဲမှာမှီခိုနေကြသည့် ဒုက္ခသည်များကိုကြည့်ပြီး မြို့ခံလူထုများကလည်း မိမိတို့နေအိမ်ပျက်စီး စီးပွားရေးလုပ်ငန်း ရပ်တန့်နေသည်တို့ကိုမေ့ကာ တတ်နိုင်သည့်ဘက်မှ ၀င်ကူညီခဲ့ကြသည်။ အစိုးရက ချက်ခြင်းအရေးယူဆောင်ရွက်ခြင်း မပြုသည်ကိုလည်း မည်သို့မျှတိုက်တွန်းပြောဆိုခြင်းမပြုဘဲ နောက်ထပ် အသက်တွေ မဆုံးရှုံးအောင် တတ်နိုင်သည့် ဆောင်ရွက်မှုကို တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြသည်။

ဥပမာအားဖြင့် လပွတ္တာမြို့တွင် မုန်တိုင်းတိုက်ပြီး နောက်တရက်မှ စတင်ကာ အနီးအနားရှိရွာများမှ ဒုက္ခသည်များ စတင် ၀င်ရောက်လာကြကာ သကျမာရဇိန် ဆုတောင်းပြည့်တန်ဆောင်းတွင် မှီခိုနေထိုင်ကြသည့် ဒုက္ခသည်များကို မြို့ခံနာရေး ကူညီမှု အသင်းအဖွဲ့ဝင်များက ဆန်ပြုတ်တိုက်ရန် စတင်လုပ်ဆောင်ခဲ့ကြသည်။

ရက်အတော်အတန်ကြာသည် အထိ လပွတ္တာမြို့မှ အာဏာပိုင် မယကနှင့် တပ်မတော်က အဆိုပါ ဒုက္ခသည်များအတွက် မည်သည့် ကယ်ဆယ်ရေးမှ မလုပ်ဆောင်ခဲ့ကြပေ။

ရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းများမှာလည်း ဒုက္ခသည်များဖြင့် ပြည့်လျှံသွားခဲ့ပြီး ဆရာတော်သံဃာတော်များက စားရေးသောက်ရေး နေထိုင်ရေးကို အစွမ်းကုန် နေ့မအိပ်ညမအိပ် စီစဉ်စောင့်ရှောက်ကြသည်။ ယခုကဲ့သို့ အရေးအကြီးဆုံး အချိန်အခါတွင် မည်သည့် ဆိုင်းဘုတ်မျှ မတင်ကြ။ မည်သူက လုပ်ဆောင်သည်ဆိုသည့် အချက်ထက် ဒုက္ခသည်များ အမြန်ဆုံး သက်သာရာ ရရေးသာဖြစ်သည်ကို ကူညီသူ အားလုံးက သဘောပေါက်ထားကြသည်။

ကိုယ်ဘယ်သူဆိုတာကို မေ့ထားကြပြီး ဒုက္ခရောက်နေသူများကို ပိုမိုထိရောက်အောင် ဘယ်လိုကူညီကြမလဲဆိုတာကိုပဲ ခေါင်းထဲမှာ ထည့်သွင်းထားကြသည်။

နအဖ အစိုးရရဲ့ ဗိုလ်ချုပ်တွေက ရဟတ်ယာဉ်တွေနှင့် ပျံသန်းကာ ရေသန့်ပုံး ၁ ဒါဇင်၊ ၂ ဒါဇင်နှင့် ခေါက်ဆွဲခြောက်ထုပ် ၂ ဖာ ၊ ၃ ဖာကိုသာပေးပြီး ဓာတ်ပုံအရိုက်ခံ၊ ဗီဒီယိုအရိုက်ခံကာ ကယ်ဆယ်ရေးကို အပြသဘောလုပ်ဆောင်နေကြသည့် အချိန်မှာ သံဃာနှင့် လူထုက ယခုထက်ပိုပြီးကူညီနိုင်အောင် ကြိုးစားနေခဲ့ကြသည်ကို မြင်ရသည်။

နအဖ အစိုးရ၏ အပြသဘောလုပ်ရပ်ကို မုန်တိုင်းဒဏ်ခံဒေသများသို့ ရောက်သည့်သူတိုင်း ကိုယ်တိုင်ကိုယ်ကျမြင်ကြရပြီး ဒေါသဖြစ်ကြရသည်။ နိုင်ငံတကာအသိုင်းအ၀န်းကို ပစ္စည်းသာ အကူအညီတောင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီခွင့် မပေးသည်ကိုလည်း လူထုတွေက မကျေမနပ်ဖြစ်ကြရသည်။

လပွတ္တာမြို့နယ်ထဲမှ ပင်လယ်ပိုင်းကျသည့် ရွာများသို့ အမိန့်မရသောကြောင့် သွားမကယ်ဘဲ ဒုက္ခသည်များ သောက်စရာ ရေမရှိ၍ ရေငန် ၀င်နေသည့် ရေသောက်ပြီး ၀မ်းလျှောကာ သေဆုံးကြရသည်ဆိုသည့် သတင်းများကြားပြီး စိတ်ဆိုး ဒေါသ ထွက်ကြရသည်။

ယခုအချိန်တွင် အားလုံး၏ရင်ထဲ အသည်းထဲမှာ ဘယ်လိုကူညီရမလဲ ဆိုသည့်ဆန္ဒသာလွှမ်းမိုးနေကြသည်။ ဘယ်သူ လှူသလဲ ဆိုတာထက် ဘယ်သူတွေရသွားပြီး ဒုက္ခမှ သက်သာရရသွားကြသည့် အချက်ကို ပိုအရေးထားနေကြသည်။

နအဖ အစိုးရကို အဆိုးဆုံးအရက်စက်ဆုံး အစိုးရအဖြစ် သတ်မှတ်ထားကြပြီး သတင်းစာထဲမှာဖေါ်ပြနေသည့် ဒုက္ခသည် များကို ပစ္စည်းဝေငှ ပေးကမ်းနေသည့် သတင်း၊ အခြေအနေမေးမြန်းနေသည့် သတင်းများကို အမှန်တကယ် လုပ်ဆောင် နေသည်ဟု မည်သူကမျှ မယူဆကြတော့။

အစိုးရနှင့် နီးစပ်ပြီး နအဖ ခေါင်းဆောင်များနှင့် အကျိုးစီးပွားတူ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်ကြီးများဖြစ်သည့် ထူး ကုမ္ပဏီ၊ မက်စ်မြန်မာ၊ ဧဒင်၊ ရွှေသံလွင်၊ ဇေကမ္ဘာ၊ ယုဇန စသည့်ကုမ္ပဏီများက ဒုက္ခသည်များအတွက် သိန်းဘယ်နှထောင် လှူဒါန်းသည် ဆိုသည့်ဆိုင်းဘုတ်များဖြင့် သတင်းစာတွင် ထည့်သွင်းဖေါ်ပြနေသည်ကိုလည်း လူထုက အယုံ အကြည်မရှိ တော့။ အဆိုပါ ကုမ္ပဏီများအနေဖြင့် အကျိုးမျှော်ကိုးပြီးသာ လှူဒါန်းနေကြသည်ဟု ပြည်သူများက နားလည် ထားကြသည်။

ဒုက္ခရောက်သူများအရေးထက် သူတို့ ကုမ္ပဏီ ဆိုင်းဘုတ်ကိုသာ ပိုအရေးထားနေကြသည် ဟုလည်း ရှုမြင်ကြသည်။

ထူးကုမ္ပဏီက သိန်းပေါင်း ၁ သောင်း လှူဒါန်းသည်ဟု သတင်းစာတွင် အကြိမ်ကြိမ်ဖေါ်ပြပြီး နောက်တဖန် သိန်းတထောင် လှူသည်၊ သိန်း ၃ထောင်လှူသည် ဟူသည့် အဆိုပါ ကျပ် သိန်း ၁ သောင်းကို ထပ်ကာထပ်ကာ ဖေါ်ပြကြော်ငြာသည့် သတင်းတွေလည်း မကြာခဏ အစိုးရသတင်းစာမှ ဖေါ်ပြလျှက်ရှိသည်။

မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များကိုကူညီသည့် အဖြစ်အပျက်ထဲတွင် မိမိတို့ကုမ္ပဏီ၏ အမှတ်တံဆိပ်၊ နာမည်ကိုပါ ကြော်ငြာလိုသည့် အဖြစ်သည် ဖတ်ရှုတွေ့မြင်ရသူတို့ နှလုံးမသက်မသာ ဖြစ်ကြရသည်။ မိမိတို့ ကုမ္ပဏီ လှူသည့် ကိစ္စက ဒုက္ခရောက်သူများကို ကူညီသည့် ကိစ္စထက် ပိုအရေးကြီးသကဲ့သို့ ပြုမူလျှက်ရှိကြသည်။

ပြည်သူချစ်သည့် အနုပညာရှင်များ ကလည်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအား ကူညီသည့် လှုပ်ရှားမှုတွင်ပါဝင်လာကြ သည်။ ထို့သို့ ပါဝင်လာခြင်းကို အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြပါသည်။

သို့ရာတွင် ဒုက္ခသည်များ အရေးထက် ပုဂ္ဂိုလ်ရေး ရှေ့တန်းရောက်ကုန်မှာကို စိုးရိမ်ပါသည်။ ဒုက္ခရောက်နေပြီး အကူအညီ မရသေးသူ ဘယ်လောက်ကျန်သေးသလဲ၊ သွားလာရခက်ခဲသည့် နေရာဒေသများသို့ ဘယ်လိုလုပ်ပြီး ရောက်အောင် သွားကြမလဲ ဆိုသည့်အချက်က လောလောဆယ်မှာ အရေးကြီးဆုံးဟု ထင်ပါသည်။

ကုမ္ပဏီများတင်မကဘဲ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဆိုသော ပုဂ္ဂလိက မီဒီယာများ ဖြစ်သည့် သတင်းဂျာနယ် တချို့ကပါ မိမိတို့ မီဒီယာ၏ ဆိုင်းဘုတ်တွေက အလှူကိစ္စထက် ပိုအလေးပေး ဖေါ်ပြလာကြသည်။

ဘာအတွက်လှူသည်၊ ဘယ်လောက်လိုအပ်နေသေးသည်၊ မရောက်သေးတဲ့ ဒေသတွေဆီဘယ်လို လှူဒါန်းသင့်သည် ဆိုသည့်အချက်ကို မျက်ချည်မပြတ်သင့်ဟု နားလည်မိပါသည်။

မိမိတို့ မီဒီယာမှ နှိုးဆော်ပြီး အလှူရှင်တွေ စုထည့်ကြသည့် ကျပ်ငွေ သိန်းဘယ်နှဆယ်ကို ဘယ်နေ့က မိမိတို့မီဒီယာမှ ကိုယ်ထိလက်ရောက် သွားရောက်လှူဒါန်းခဲ့ကြပြီ နတ်လူသာဓု ခေါ်စေသော်ဝ် ဆိုသည့် ကြော်ငြာဆန်သော ဖေါ်ပြချက် မျိုးသည် မုန်တိုင်းဒဏ်ခံစားနေရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၏ အဓိက ရုပ်ပုံလွှာကို ဖုံးအုပ်မသွားစေသင့်ဟု ယူဆမိပါသည်။

ဒုက္ခရောက်နေသူပေါင်း ထောင်နှင့်ချီရှိနေသေးကာ နောက်တရက်အတွက်၊ နောက်တပတ်အတွက် ထမင်းစားဖို့ ပူပန် နေရသူပေါင်း သောင်းနှင့်သိန်းနှင့် ချီရှိနေသေးသည်ကို မမေ့သင့်ပါ။

ကယ်ဆယ်ရေးစခန်းများကို အမိန့်အာဏာသုံးကာ ပိတ်စေပြီး ဆန် ၅ ပြည်၊ ငွေ ၅ ထောင် နှင့် ပလတ်စတစ် တာပေါ်လင် ၁၀ကိုက်ဖြင့် ဘာမှ မကျန်တော့သည့် ရွာများသို့ ပြန်နှင်ထုတ်နေသည့် အဖြစ်အပျက်များကိုလည်းမျက်ချည်မပြတ်သင့်ပါ။

မိမိတို့ရဲ့ အတ္တ၊ မိမိတို့ကုမ္ပဏီရဲ့ နာမည် တွေကို ဘေးမှာထားပြီး သဘာဝဘေးအန္တရာယ် ကပ်ဘေး ခံစားနေကြရသူများ အရေးကို နံပါတ် ၁ ဦးစားပေးအနေနှင့် စဉ်းစားပေးသင့်ကြပြီ ဟု ထင်မြင် ယူဆမိပါသည်။


ရောဂါဖြစ်မှုများသော်လည်း ကပ်ဘေးအဆင့် မဟုတ်ဟု MSF ပြော

ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 18:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများအကြား ၀မ်းရောဂါနှင့် အသက်ရူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှိနေသော်လည်း ကပ်ဘေးတခု အနေအထားအထိ ရောက်ရှိသည့် လက္ခဏာ မတွေ့ရသေးဟု ပြောလိုက်သည်။

"အဲဒီဒေသမှာ ၀မ်းပျက် ၀မ်းလျောဖြစ်တာ လူနာ ၅၀ ကျော် တွေ့ရတယ်" ဟိုင်းကြီးကျွန်းပေါ်တွင် အဖွဲ့နှင့်အတူ ဆေးကုသရေး လုပ်ကိုင်နေသူ မြန်မာ ဆရာဝန်တဦးက ဗုဒဟူးနေ့က မဇ္ဈိမသို့ ပြောသည်။

"ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီး ရောဂါကပ်ဘေး အနေနဲ့ ပျံ့ပွားမယ့် အနေအထား မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ဆရာဝန်နှင့် သူဆေးအဖွဲ့သည် မေ ၂ ရက်နေ့က မုန်တိုင်း တိုက်ခိုက်မှု ခံရသည့် ဟိုင်းကြီးကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာ ၁၀၀ ကျော်ကို သွားရောက်ခဲ့ပြီးနောက် ယခုလို သုံးသပ်ပြခြင်း ဖြစ်သည်။

လပွတ္တာမြို့တွင် ကိုယ်ပိုင် ဆေးခန်းတွင် ဆိုင်ကလုံး ဒုက္ခသည်များကို ဆေးကုသမှု ပေးနေသူ ဒေါက်တာအေးကြူက သူ၏ ဆေးခန်းသို့ နေစဉ် လူနာ ၂၅ ဦးခန့် ၀မ်းရောဂါနှင့် ပတ်သက်ပြီး လာရောက်ကုသမှု ခံယူလျှက် ရှိသည်ဟု ပြောသည်။

ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ လူပေါင်း ၆၈၅ ယောက် အသက်ရူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရပြီး ၀မ်းရောဂါဖြစ်ပွားသူ ၁၁၇ ယောက်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃ ဦး၊ အသည်းရောင်အသားဝါ ဖြစ်သူ ၄ ဦးတို့ကို ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းအတွင်း တွေ့ရှိခဲ့သည်ဟု ပါရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကပ်ဘေးတခု အနေဖြင့် သတ်မှတ်ခြင်း မပြုပေ။ ထို့အပြင် ဆေးဝါး အထောက်အပံ့များ ဝေးလံ ခေါင်ဖျား ဒေသများအထိ ပို့ဆောင်ရန် လုပ်ဆောင်ပြီး ဖြစ်သည်ဟုလည်း ပြောသည်။

သို့သော်လည်း ကယ်ဆယ်ရေး လုပ်သားများကို ကန့်သတ် တားမြစ်ခြင်း ခံရလျှင် ဆေးဝါးကုသမှု အကူအညီများ ချက်ခြင်း မရောက်နိုင်လျှင် လူအမြောက်အများ သေစေနိုင်သည့် "ဒုတိယမြောက် သေမင်းတမန် လှိုင်းလုံးကြီး" ဖြစ်သွားမည့် အန္တရာယ် ရှိသည်ဟုတော့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးထားသည်။




သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 12 2008 23:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အတူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည် ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။

“မြန်မာ အကြီးတန်းအရာရှိ အတော်များများကတော့ စစ်အစိုးရက ခုလို နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု လုပ်ငန်း (PONJA) မှာ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွဲပြီး လေ့လာ စူးစမ်းမှုတွေ လုပ်မယ်ဆိုတဲ့ ကိစ္စကို တော်တော့်ကို မချင့်မရဲ ဖြစ်နေကြတယ်” ဟု (TCG) တွင် ပါဝင်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသွားပါသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ပင်မအုပ်စု (Core Group) ဟု သိကြသည့်အဖွဲ့ကို အာဆီယံ အဖွဲ့ကြီး၏ အကူအညီဖြင့် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၊ ကုလအေဂျင်စီများ၊ ဝန်ကြီးဌာန အသီးသီးမှ မြန်မာအရာရှိများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်လှမ်းရေး အရာရှိ အများစုမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်ကြပြီး သူတို့ ဝင်လာနိုင်ရန်အတွက် ဤလုပ်ငန်းတွင် မူလက တာဝန်ပေးထားသော အရာရှိများမှာ နေရာ ဖယ်ပေးခဲ့ကြရသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆက်လက် ပြောကြားပါသည်။

ဤမစ်ရှင်အဖွဲ့၏ အဖွင့် အခမ်းအနားကို အင်္ဂါနေ့က ရန်ကုန်မြို့ Chatrium ဟော်တယ်၌ ကျင်းပပြီးနောက် အဆိုပါ အမြင်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် TCG အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်သူ တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရင်း ပစ်ဆူဝမ်း Mr. Surin Pitsuwan လည်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

ထိုနေ့တွင်ပင် မုန်တိုင်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ အစိုးရ လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှအဖွဲ့ဝင် ၂၅ဝ ကျော်ကိုလည်း စေလွှတ်ခဲ့သည်။

အဆိုပါ ကြံ့ဖွံ့ အဖွဲ့ဝင်အချို့သည် အစိုးရ သတင်းပေးများ အဖြစ်လည်း ဆောင်ရွက်ကြလိမ့်မည်ဟု လေ့လာသူများက ပြောဆို နေကြပါသည်။ စစ်အစိုးရ၏ အခြေအမြစ် မရှိသည့် စိုးရိမ်ကြောင့်ကြမှုများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်း မရှိဘဲ အမေရိကန် ရေတပ် စစ်သင်္ဘော ၄ စင်း ပြန်လည် ထွက်ခွါသွားပြီး နောက်မှာပင် နိုင်ငံခြား အကူအညီပေးရေး လုပ်သားများအပေါ် စစ်အစိုးရက သင်္ကာမကင်းဖြစ်ဆဲ ရှိသေးသည် ဟု သူတို့က ဆက်လက် ပြောဆိုသွားကြပါသည်။

မည်သည့် နိုင်ငံခြားသားများကိုမျှ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ လူနေ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် ရပ်ကွက်နှင့် မြို့နယ် အဆင့် ဒေသခံ အာဏာပိုင်များကို အမိန့်ပေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောကြားခဲ့ပါသည်။

“မြန်မာအစိုးရက သူတို့ ကတိပေးထားသလို နိုင်ငံခြားသား အကူအညီပေးရေး ဝန်ထမ်းတွေကို ပိုမို ဝင်ရောက်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့တာ ပါဘဲ။ ဒါပေမဲ့ ခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်လက်ရှည် စောင့်နေသေးပေမဲ့ ထင်ထားသလို ခွင့်မပြုသေးပါဘူး” ဟု အမည် မဖေါ်လိုသူ ထိုပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်မှာ တလကျော် ကြာမြင့်သည့်တိုင်အောင် လူတသန်းကျော်မှာ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီမျှ ယခုတိုင် ရရှိခြင်း မရှိသေးဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။

အဆိုပါ လေ့လာအကဲဖြတ်ရေး အဖွဲ့သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သည့် လူပေါင်း ၂.၄ သန်းအတွက် လိုအပ်မည့် အစားအစာ၊ သောက်ရေသန့်၊ ယာယီ အမိုးအကာများကို လေ့လာ တွက်ချက်သွားမည် ဖြစ်ပြီး၊ အိမ် များ၊ ကျောင်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စီးပွါးရေးတို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ခန့်မှန်း တွက်ချက်သွားမည် ဖြစ်သည်။

ကျွမ်းကျင်သူ ၂၅ဝ ခန့် ပါဝင်သည့် အဆိုပါ အဖွဲ့သည် ပင်မအုပ်စု (Core Group) ၏ ခေါင်းဆောင်မှုဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ထရပ်ကားများ၊ လှေသင်္ဘောများ၊ ရဟတ်ယဉ်များဖြင့် လေ့လာ စူးစမ်းမှုများ ပြုလုပ်ရန် အင်္ဂါနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။




ဆန္ဒခံယူပွဲရလဒ်အပေါ် သူတို့ သဘောထား (ဆက်သွယ်မေးမြန်းချက်များ)

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 15 2008 22:53 - မြန်မာစံတော်ချိန်
Article Index
ဆန္ဒခံယူပွဲရလဒ်အပေါ် သူတို့ သဘောထား (ဆက်သွယ်မေးမြန်းချက်များ)
စာ - ၂
All Pages
Page 1 of 2


ယခုလ ၁ဝ ရက်နေ့တွင် ကျင်းပခဲ့သည့် စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၂၂ သန်းကျော်အနက် ၂ဝ၇၈၆၅၉၆ (၉၂ ဒဿမ ၄ ရာခိုင်နှုန်း) က ထောက်ခံမဲပေးခဲ့သည်ဟု ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ဥက္ကဋ္ဌ ဦးအောင်တိုးက နိုင်ငံပိုင် ရေဒီယိုကတဆင့် ယနေ့ကြေညာလိုက်သည်။

ဤကိစ္စနှင့်ပတ်သက်၍ နအဖ လူထုဆန္ဒခံယူပွဲနှင့် မဲရလဒ်များအပေါ် ပြည်တွင်းပြည်ပရှိ အတိုက်အခံခေါင်းဆောင်များ၊ မဲပေးခွင့်ရသူများ၏ သဘောထားကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။ အဲဒါပဲ ပြောမယ်"
---------------------------

ဒေးဗစ်ထော (ကရင် အမျိုးသား အစည်းအရုံး)

"အခုလိုကြေညာလိုက်တဲ့ ထောက်ခံမဲ ၉၃ ရာခိုင်နှုန်း ရတာနဲ့ ပတ်သက်ပြီးတော့ သိပ်တော့ မအံ့သြဘူး။ အဲဒါက နည်းသေးတာပေါ့။ ၉၉ ရာခိုင်နှုန်းလို့ ပြောအုံးမလား မသိဘူး။ မဲနဲ့ပတ်သက်ပြီးတော့ မဲရုံမှာ ရှိတဲ့ မဲရုံမှာ စောင့်ကြည့်လေ့လာသူတွေ ပြောတဲ့ တင်ပြချက်ကို ကြည့်ရမယ်ဆိုရင် မဲရုံမှာ လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲနဲ့ သေသေချာချာ လိုက်လံကြည့်ရှုပြီးတော့ ထောက်ခံမဲပေးဖို့အတွက်ကို သူတို့ကလမ်းကြောင်းပေးတာတို့၊ ခြိမ်းခြောက် တာတို့ အဲဒီလိုမျိုးလုပ်တော့ လူတွေက သူတို့ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ပေးခွင့်မရတာတွေလည်း ပါတယ်။ တရားမျှတမှု မရှိဘူးဆိုတာကို သိပေမယ့် အတင့်ရဲရဲ လုပ်မယ်လို့ မထင်ခဲ့ဘူး။ သူတို့ ညစ်မယ်ဆိုတာကိုတော့ လူတိုင်းသိတယ်"

"အမှန်တကယ်က ၉၃ ရာခိုင်နှုန်းက ထောက်ခံမဲ ဖြစ်နေပြီဆိုတာနဲ့ ကျန်ရစ်ခဲ့တဲ့ မဲရုံတွေကို မလုပ်တောင်မှ နိုင်နေပြီးသားပါ။ သူတို့လုပ်မယ်ဆိုရင် တောင်မှ အလကားပင်ပန်းတယ်လို့ ကျနော်တို့က ပြောချင်တယ်။ လိမ်လက်စ ဆက်လိမ်ပါလို့ အားပေးချင်တယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ မတရား လုပ်နေတယ်လို့ ထင်သလို၊ ၂ဝ၁ဝ မှာ ဖြစ်လာမယ့် ရွေးကောက်ပွဲကလည်း တရားမှာ မဟုတ်ဘူးလို့ ကျနော်အနေနဲ့ပြောချင်တယ်။ ပြည်သူတွေအနေနဲ့ မတရားတဲ့ ဟာတွေကိုတော့ ငုံ့ခံမှာ မဟုတ်ဘူး။ အခြေအနေ အချိန်အခါပေးတာနဲ့ သူတို့ကို တွန်းလှန်မယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားတယ်"
---------------------------

ဒေါက်တာ လျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလူမျိုးများ ကောင်စီ)

“ညီလာခံ မစခင်ကတည်းက လုပ်ထုံးလုပ်နည်း မကျဘူးဆိုတာ သိထားတယ်။ ဒီမိုကရေစီ လမ်းကြောင်းနဲ့ မကိုက်ညီဘူး။ စစ်အစိုးရက စည်းရုံးရေး လုပ်တယ်။ ရေးဆွဲတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း စစ်အစိုးရကို ကာကွယ်ဖို့ ဥပဒေ ဖြစ်တယ်။ ကျနော်တို့ ဒါကို လက်မခံနိုင်ဘူး။ အခု လက်ရှိ သူတို့ ကြေညာသွားတဲ့ လူထုဆန္ဒ ခံယူပွဲမှာလည်းပဲ သူတို့လုပ်တဲ့ ပုံသဏ္ဍာန်က ဥပဒေနဲ့ ဆန့်ကျင်တယ်။ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ လူထုဆန္ဒခံယူပွဲ ဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ ပြည်သူလူထုကိုလည်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ပေးတာ မဟုတ်ဘူး”

“ဥပမာ တလကြိုပြီးတော့ အိမ်တိုင်ရာရောက် မဲတွေကို လိုက်ကောက်တယ်။ လိုက်ကောက်ပြီးတော့မှ အဲဒီမဲတွေကို တဦးချင်းပေးဖို့ မလိုဘူး။ အိမ်ထောင်စုလိုက် မဲပေးလို့ရတယ်။ အိမ်ထောင်စုက အိမ်ထောင်ဦးစီးက မဲပေးလို့ရှိရင် မိသားစုတခုလုံး မဲပေးသလို ဖြစ်တယ်။ အဲလို လုပ်တဲ့အခါကျတော့ မိသားစုတစုလုံးကနေ အိမ်ထောင်ဦးစီးက မဲပေးတဲ့အခါ မှတ်ပုံတင်ကို ပြရတယ်။ အဲဒီအခါကျတော့ သူ ဘာမှ အာမခံချက် မရှိဘူးပေါ့။ နောင် ပြောလို့ မရတော့ဘူးပေါ့၊၊ ဒါ့အပြင် စစ်အစိုးရရဲ့ လူထုဆန္ဒ ခံယူပွဲကို ပြည်ပမှာ ရှိကြတဲ့သူတွေ အားလုံးက ကန့်ကွက်တယ်၊၊ တရားမျှတမှု လုံးဝ မရှိဘူး၊၊ ပြည်သူတွေကို တဖက်သတ် ဆွဲဆောင်တဲ့အပြင် ဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေနဲ့ အနိုင်ယူနေတယ်”

“တကယ်တော့ ဒီလောက် လိမ်ညာပြီးတော့ လုပ်ရင်တော့ ဆန္ဒခံယူပွဲကိုတောင် လုပ်မနေဘဲနဲ့ ကျနော်တို့ ဒါတွေကို အတည်ပြုပါတယ် ဆိုပြီး သေနတ်ဖောက်ပြီးမှ လုပ်လိုက်ရုံပါပဲ။ ကျနော် ပြောချင်တာကတော့ ပြည်သူတို့ ခင်ဗျားတို့ရဲ့ မဲဆန္ဒတွေဆိုတာ ဒီ ဆန္ဒခံယူပွဲမှာ မပါပါဘူး”
---------------------------

ဦးညိုအုန်းမြင့် (အမျိုးသား ဒီမိုကရေစီအဖွဲ့၊ လွတ်မြောက်နယ်မြေ)

"၁ဝဝ ရာခိုင်နှုန်းရသင့်တယ်၊ ဘာကြောင့်မရလဲဆိုတာ စဉ်းစားနေတာ။ ဘာကြောင့်လဲဆိုတော့ ဒီသဘောထား ထောက်ခံမှုရဖို့ နည်းမျိုးစုံနဲ့ ညစ်ပြီးတော့မှ လုပ်ခဲ့တာ။ သူတို့ ဘာကြောင့် ၁ဝဝ မလုပ်ရဲတာက သူတို့ သတ္တိမရှိဘူးလို့ ပြလို့ရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလို့ ပြောလို့ ရပါတယ်"

"၂၄ ရက်နေ့ လုပ်မယ့် ဆန္ဒခံယူပွဲမှာလည်း ထပ်ညစ်ဖို့ လုပ်မှာပါ။ ဒါပေမဲ့ ကျနော်မမှားဘူးဆိုရင် နိုင်ငံရေးအရ တစုံတရာ ပြဿနာတက်လာ နိုင်တယ်။ လူထုက အစော်ကားခံရတဲ့အပေါ်မှာ ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်က လူတွေအပေါ်မှာ ပေါက်ကွဲသွားနိုင်တယ်"

"အခု သူတို့ရထားတဲ့ နံပါတ်က လုံလောက်ပြီးပါပြီ။ ကျနော်တို့က နိုင်နိုင်၊ ရှုံးရှုံး သူတို့က ကမ္ဘာကို ပြချင်နေတာက သူတို့ ထောက်ခံမဲရတာ ဒီဟာကို အတည်ပြုချင်နေတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရည်မှန်းချက်လို့ ထင်တယ်။ အဲဒီ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် လုပ်တယ်။ ဒီအတွက်တော့ နောက်ဆက်တွဲ အကျိုးရလဒ်ကို သူ ပေးရလိမ့်မယ်လို့ ကျနော်ထင်တယ်"
---------------------------

ဦးအောင်နိုင်ဦး (မြန်မာ့အရေးလေ့လာသူ)

စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည်အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု သူက ပြောသည်။

"အခုလိုအနေထားမျိုးမှာ စစ်အစိုးရအနေနဲ့ အများကြီးနိုင်တယ်ပြောရင် တိုင်းပြည်မှာ ပိုပြဿနာရှိမယ်လို့ ပြောတာရှိတယ်။ တဖက်မှာလည်း အများကြီး နိုင်ချင်မှ နိုင်မယ်။ ၆ဝ ရာခိုင်နှုန်း စသည်ဖြင့် နိုင်ကောင်းနိုင်မယ်ပေါ့။ နောက်တခုက သန်းရွှေက ခပ်ကြောင်ကြောင်ပဲ။ လက်ရှိအနေအထားနဲ့ အရမ်းကို ကင်းကွာနေတယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းကလည်း ၉၅ ရာခိုင်နှုန်း နိုင်မယ်။ အများကြီးနိုင်တယ်ဆိုပြီး ပြောကောင်းပြောမယ်လို့ ကျနော်တို့ ပြောတာရှိတယ်။ အခုလို ၉၂ ရာခိုင်နှုန်းနိုင်တယ်ဆိုတာက လိမ်တာညာတာ ခြိမ်းခြောက်တာပေါ့။ ကြိုတင်မဲတွေ တနိုင်ငံလုံး တဝက်လောက် ယူထားတာရှိတယ်။ အများကြီးနိုင်တဲ့ကိစ္စဟာ မြန်မာပြည်မှာ မဖြစ်နိုင်တဲ့ကိစ္စ"

"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ်ဆိုပြီး လိမ်တဲ့ ကိစ္စကတော့ တော်တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာဖြစ်နိုင်တယ်"
--ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့)

"ဒါကလည်း ပြောမယ်ဆိုရင် ဒီ Referendum က လုပ်စရာတောင် မလိုပါဘူးဗျာ။ သူတို့က နဂိုကတည်းက ဆန္ဒခံယူပွဲလို့သာ အမည်တပ်ထားတာလေ။ သူတို့လိုချင်တဲ့ ပုံသဏ္ဍာန်အတွက်က ကိုယ့်ဖဲ ကိုယ်ချိုးထားပြီးသား။ အစောကြီးကတည်းက ၉ဝ ဒဿမ ကျော်မယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းပြီးသားပဲ။ အဲဒီတော့ ကိုယ့်ဖဲကိုယ်ချိုးပြီး လုပ်သွားတဲ့ဟာကြီးကို ပြည်သူ့ဆန္ဒခံယူပွဲဆိုပြီး ခေါင်းစဉ်တပ်တယ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လူထုက အသိဆုံးပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လို အလိမ်ခံလိုက်ရတယ်၊ ဘယ်လို အဓမ္မ အနိုင်ကျင့်ခံလိုက်ရတယ်၊ ဘယ်လို ခြိမ်းခြောက်ဖိအားပေးခြင်း ခံရတယ်၊ လူထုကိုယ်၌က ကိုယ်ဘယ်လို မဲပေးချင်ပေမယ့် ဘယ်လိုမဲပေးလိုက်ရတယ် ဆိုတာတွေ လူထုက အသိဆုံးပဲဗျာ။ အဲဒီအတွက် လူထုက တချိန်ချိန်မှာတော့ မလွဲမသေ တုံ့ပြန်မှာပဲ"

"တကယ်လို့သာ ကျနော်တို့က မဲရုံကို သွားပြီးတော့ မဲမပေးဘဲနဲ့ Boycott လုပ်ကြမယ်လို့ ကျနော်တို့ ပြောမယ်ဆိုရင်လည်း သူ့အနေနဲ့က ၉ဝ ဒဿမ ကျော်အုံးမှာပဲ။ ဒါပေမဲ့ ကန့်ကွက်မဲ သွားပေးလိုက်တာ ဘာတခုကောင်းသွားလဲဆိုတော့ ရပ်ကွက်တွေမှာ၊ ရုံးတွေမှာ ဝန်ထမ်းတွေက ပြင်ဆင်ကြတယ် ဆိုတဲ့ အသံတွေ ထွက်တဲ့အခါမှာ သူတို့အခြေအနေမလှဘူးဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်သွားတယ်။ အဲဒီအခါမှာ သူတို့က ခိုးကြောင် ခိုးဝှက်တောင် မဟုတ်ဘဲ ပြောင်ပြောင်တင်းတင်း ညစ်ပတ်လာရတော့တယ်"

"မဲစာရင်း ကြေညာလိုက်တာက လူတွေရဲ့စိတ်ကို အများကြီး ထိခိုက်သွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုက ကန့်ကွက်မဲတွေ ပေးချင်တယ်ဗျာ။ ဒါပေမဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေက အများကြီး လုပ်တယ်ဗျာ။ နောက်ပြီး ကန့်ကွက်မဲ ပေးလိုက်တဲ့အခါကျတော့လည်း ကြေညာတဲ့အချိန်ကျတော့ ၉၂ ဒဿမ ၄ ဆိုပြီး ကြေညာလိုက်တယ်ဗျာ။ ဒါတွေဟာ မတရားဘူးဆိုတာ လူထုက ကိုယ်တိုင်ကိုယ်ကျ အသိဆုံးပဲ။ အဲဒီအတွက် သူ့ကြမ္မာ သူဖန်တီးဖို့အတွက် လူထုလှုပ်ရှားမှုဆိုတာ မလွဲမသွေဖြစ်လာမှာပဲ"
---------------------------

ဦးဝင်းမင်း (မြန်မာ့အရေး လေ့လာသူ)

"အခုလို ၉၃ ရာခိုင်နှုန်း ထောက်ခံမဲရတယ်ဆိုတာ လွန်လွန်းတာပေါ့ဗျာ။ တကယ့်ကို လွန်ပါတယ်။ တကယ်ဆို ၆ဝ ရာခိုင်နှုန်း၊ ၇ဝ ရာခိုင်နှုန်းလောက် နိုင်တယ်ဆိုရင် သဘာဝကျသေးတယ်။ အခုက ၉၃ ရာနှုန်းဆိုတော့ မဲခိုးမှန်း တအားသိသာပါတယ်"

"Free and Fair မရှိပါဘူး။ မဲပေးတဲ့သူတွေဆီကနေ တယောက်ကို ၃ ခါလောက် မဲထည့်ခိုင်းတဲ့သဘော ဖြစ်နေတယ်။ ကြိုတင်မဲ တကြိမ်၊ မဲရုံမှာ ထပ်ထည့်ခိုင်းတာမျိုး၊ နောက်ထပ်တကြိမ် တခြားနေရာမျိုးမှာ သွားထည့်ခိုင်းတာမျိုးတွေ လုပ်နိုင်တယ်"

"ကျန်တဲ့မြို့တွေမှာ ထပ်လုပ်ဖို့ မလိုအောင်ကို လုပ်နေတာလေ၊ အခု ၉၃ ရာခိုင်နှုန်း ဆိုတာ။ ထပ်လုပ်ဖို့လည်း မလိုတော့ပါဘူး။ ဘာလုပ်မှာလဲ၊ ထပ်လုပ်နေရင်လည်း ဘာမှ မထူးပါဘူး။ ကျနော် ပြောချင်တာကတော့ ရေဘေးသည်တွေကိုပဲ ဂရုစိုက်ပါတော့လို့။ မဲပုံးအစား စားစရာကို ပြည်သူတွေကို ပေးပါတော့လို့ ကျနော် ပြောချင်တယ်"
---------------------------

လူငယ်အဖွဲ့ဝင်တဦး (အောက်မြန်မာပြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

"ကျနော်တို့ အောက်မြန်မာပြည် လူငယ်လုပ်ငန်းအဖွဲ့၊ အထက်မြန်မာပြည် လူငယ်လုပ်ငန်းအဖွဲ့တွေ ပူးပေါင်းပြီး ရယူထားတဲ့ မှတ်တမ်းတွေအရ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် မဲပေးခွင့်မပေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရော၊ သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ လူထုဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်တာတွေရော၊ ဒါတွေက အများကြီး သိနိုင် မြင်နိုင်တယ်လေ။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ဒီထွက်ပေါ်လာတဲ့ အဖြေဟာ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ သဘောထား မဟုတ်ဘူးလို့ သဘောရပါတယ်"

သူတို့အနေနဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ ဆက်လုပ်ရင်လည်း ဘာမှ အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ လူထုဆန္ဒခံယူပွဲကို ရန်ကုန်နဲ့ ဧရာဝတီမှာ ဆက်လုပ်လိုက်ရင် အဲဒီဒေသက လူထုတွေရဲ့ ဆန္ဒအမှန်က ဘာလဲဆိုတာ သူတို့က တရားဝင် မဖော်ထုတ်ရင်တောင် တိုင်းပြည်အရာရှိတွေက လူထုက ဒီလိုဖြစ်နေပါလားဆိုတဲ့ အသိလေး ဝင်သွားစေချင်တယ်။ အမှန်တကယ်က ပြည်သူလူထုက ငတ်မွတ်ခေါင်းပါးတဲ့ ပြဿနာ ကြုံတွေ့နေရတယ်လေ။ ဒီလိုအခြေအနေမျိုးမှာ အဓမ္မ ပြည်သူလူထုရဲ့ ဆန္ဒကို ကောက်ယူတယ်ဆိုတာ သိပ်တော့ မကောင်းဘူးပေါ့နော်။ ဒါ အကြင်နာတရား ကင်းမဲ့လွန်းရာ ကျသွားမယ်"
---------------------------

ဒေသခံတဦး (ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း)

"မဲကို သွားပေးချင်စိတ်ကို မရှိတော့တာပါ။ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ဆိုတော့ ကျနော်တို့ မဲသွားပေးလည်း မထူးတော့ဘူးလေဗျာ။ တရားမျှတမှုက တော့ လုံးဝကို မရှိတာပါ။ သူတို့လူတွေကို ကြိုတင်မဲ၊ ထောက်ခံမဲတွေလည်း ပေးခိုင်းထားတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာပဲ။ ဒါတွေဟာ မတရားတာတွေပါပဲ။ သူတို့ရဲ့ ၉၂.၄ ရာခိုင်နှုန်းကို ကျနော်တို့ ကျန်တဲ့လူ ၅ သန်းလောက်က ဘယ်လိုမှကို မရနိုင်တော့ပါဘူး။ လူတွေကလည်း ဘာမှ စိတ်မဝင်စားပါဘူး။ လေဘေး ဒုက္ခသည်တွေဆီမှာပဲ စိတ်တွေက ရောက်နေကြတာ"

"ဒါပေမဲ့ သူတို့ကတော့ သူတို့ ထုံးစံအတိုင်း ကြေညာထားတဲ့ ၂၄ ရက်နေ့မှာ ဆက်လုပ်နေမှာပါပဲ။ ကျနော်ကတော့ သွားကို မပေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ထူးမှ မထူးတော့တာ။ တခြားနည်းလမ်းတွေနဲ့ပဲ ထုတ်ဖော်နိုင်ဖို့ ကြိုးစားတော့မယ်"
---------------------------

ဒေသခံတဦး - ၁ (မန္တလေးမြို့)

"ကျနော် ကိုယ်တိုင်ကို မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်၊ မော်လှကြီးရပ်ကွက်၊ အမှတ် ၇ဝ၄၊ မဲရုံ ၁ မှာ မဲစစ်တဲ့ ၁ဝ ယောက်ထဲမှာ ပါပါတယ်။ တရားမျှတမှု လုံးဝ မရှိပါဘူး။ သူတို့ ၉၂ ရာခိုင်နှုန်း မပြောနဲ့ ရာနှုန်းပြည့်လည်း လုပ်လို့ရတာပဲ"

'အစိုးရက လုပ်ချင်သလို လုပ်နေတာပဲ။ ကျနော့် တူမလေးတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက အမျိုးသမီးတွေက အမှန်ခြစ်လေး ခြစ်ပါဆိုပြီး အတင်းပြောကြတယ်တဲ့၊ အခန်းထဲ ဝင်ပြောကြတာ။ အဲလို မတရားတာတွေ ရှိတယ်ဗျာ။ ဘယ်လိုပဲ ကျနော်တို့ ရေးရေး အမှန်ခြစ်ပဲ လုပ်လိုက်ကြတာပါ။ ကျနော်အနေနဲ့ ပြောရရင် ၂၄ ရက်နေ့က မလိုဘူး"
---------------------------

ဒေသခံတဦး - ၂ (မန္တလေးမြို့)

"စစ်မှန်တဲ့ လူထုဆန္ဒခံယူပွဲ မဟုတ်ပါဘူး။ ရပ်ကွက်တော်တော်များများမှာ ကြိုတင်မဲတွေ ကောက်ထားတာ။ သူတို့ဆန္ဒ ထောက်ခံမဲတွေ လုပ်လိုက်ကြတယ်။ နောက်ပြီးတော့ လူထုဆန္ဒခံယူပွဲမှာ သူတို့က ပြောင်ပြောင်တင်းတင်းပဲ အမှန်ခြစ်တွေ လိုက်ခြစ်ခိုင်းတယ်။ တချို့လူတွေကိုလည်း မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းတွေက မဲတွေကို အမှန်ပဲခြစ်၊ အမှန်ကိုသာခြစ်ဆိုပြီး လိုက်ပြောနေတာတွေ၊ နောက် ပြည်သူတွေ ကြောက်လန့်အောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေ၊ အမျိုးသမီးရေးရာအသင်းတွေ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းတွေက ဝတ်စုံတွေနဲ့ ခြိမ်းခြောက်ကြတယ်။ ဒါတွေ ထားထားတာတွေကိုက မတရားတာပါ။ ကျနော်တို့ကို မလွတ်လပ်စေဘူး။ ဒါတွေဟာ တရားမျှတမှု မရှိပါဘူး။ ၂၄ ရက်နေ့ ကိုတောင် ဆက်လုပ်ဖို့ မလိုတော့ပါဘူးဗျာ-------------------------





နိုင်ငံတကာ မျိုးချစ်မြန်မာများရဲ့ လေဘေး ဒုက္ခသည်များအရေး လှုပ်ရှားမှု

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 19 2008 20:27 - မြန်မာစံတော်ချိန်

မြန်မာလေဘေး ဒုက္ခသည်များအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများက ရန်ပုံငွေ ကောက်ခံမှု၊ မြန်မာပြည်တွင်းသို့ လိုအပ်သည့် ပစ္စည်းများ တင်ပို့မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။

လေဘေးဒုက္ခသည်များ ကူညီရေးစောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုအပ်နေသည့် ဆေးဝါး၊ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများလည်း လိုက်လံကောက်ခံ၍ ပို့ဆောင်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အိန္ဒိယ၊ စင်္ကာပူ၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားမှ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ဦးဇင်း အဲမွန် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (အိန္ဒိယ)

မြန်မာ လေဘေး ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံရာတွင် ရူပီး ၅ သောင်းကျော် ရနေပြီ ဖြစ်သည်။ မြန်မာပြည်တွင်းမှာရှိ သာသနာ့ ဥသျှောင် အဖွဲ့ကြီးသို့ လွှဲပြောင်း ပို့သွားမည်ဖြစ်ကာ ၎င်းတို့မှတဆင့် လိုအပ်သည့် ဆေးဝါးနှင့် အခြားပစ္စည်းများ ဝယ်ယူ လှူဒါန်းသွားမည် ဖြစ်သည်။ ငွေသားများကို ဦးစွာ လွှဲပြောင်းပေးပို့မည် ဖြစ်ပြီး အဝတ်အစားများနှင့် ဆေးဝါးများကိုလည်း ထပ်မံ ပို့ဆောင်ရန် စီစဉ်ထားသည်။

အိန္ဒိယပြည်သူများထံမှလည်း အကူအညီများ ဆက်လက် ကောက်ခံနေသည်။
------------------------------------

ကိုဝင်းကျော် (စင်္ကာပူ)

“စင်္ကာပူနိုင်ငံမှာ လေဘေးဒုက္ခတွေနဲ့ ပတ်သက်ပြီး အလှူခံနေဆဲ ဖြစ်ပါတယ်။ မနေ့က ကောက်ခံ ရရှိငွေ စုစုပေါင်းက စင်္ကာပူဒေါ်လာ ၁ သိန်း ၃ နဲ့ ၄ သောင်းကြား ရရှိပါတယ်။ ကောက်ခံ ရရှိငွေတွေကို အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက် ရောက်အောင်၊ ကျနော်တို့တတွေ Overseas Burmese Patriots (OBP) ပြည်ပရောက် မျိုးချစ် မြန်မာများအဖွဲ့က ဦးဆောင်ပြီးတော့ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက်ရောက်အောင် လှူဒါန်းနေပါတယ်။ အစိုးရကနေပြီးတော့ အမျိုးမျိုး ပိတ်ပင်တားဆီးမှု ရှိပါတယ်။

အဲဒီ ကြားထဲကနေ အခက်အခဲပေါင်းစုံ ရှိပါတယ်။ ကျနော်တို့ လူတွေကို စစ်အစိုးရကနေ ခေါ်ယူ စစ်ဆေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ ဘယ်လို အခက်အခဲတွေ ရှိနေပါစေ၊ ရောက်အောင် လှူဒါန်းမယ်။ စင်္ကာပူရောက်နေတဲ့ မြန်မာအားလုံးရဲ့ မျိုးချစ် မြန်မာများရဲ့ အလှူငွေကို စစ်အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖို့အတွက် အမြဲ ကြိုးစားနေပါတယ်။ ဆက်ပြီးတော့လည်း လှူဒါန်းနေပါတယ်။ ဘိုကလေး၊ ကွမ်းခြံကုန်းမှာ သောက်ရေ အခက်အခဲ ရှိတယ်လို့ သိရတယ်။

အဲဒီအတွက် ရေရှည် သောက်နိုင်အောင်အတွက် ရည်ရွယ်ပြီးတော့ သောက်ရေတွင်းတွေ တူးပေးဖို့အတွက် စင်္ကာပူမှာ လှူဒါန်းရရှိတဲ့ ငွေတွေနဲ့ စက်ရေတွင်းတွေ တူးပေးမယ်။ ကျနော်တို့ နိုင်ငံတကာက အကူအညီတွေ မရခင်မှာ ကျနော်တို့ အဖွဲ့ရဲ့ ကူညီမှုဟာ အတိုင်းအတာတခုထိ ထိရောက်တယ်လို့ ပြောချင်ပါတယ်။ စင်္ကာပူနိုင်ငံက ဆန်အိတ်ပေါင်း ၃ဝဝဝ ကျော် လှူဒါန်းပြီးပါပြီ။ ဆေးဝါးနဲ့ တခြားပစ္စည်းတွေလည်း လှူဒါန်းပြီး ဖြစ်နေပါတယ်။ ပြည်တွင်းမှာ လေဘေးကူညီမှု အသင်းတွေကို ဆန်အိတ်ပေါင်း ၅ဝဝ လှူဒါန်းထားတယ်။

ပြည်တွင်းမှာ လေဘေးအတွက် လုပ်ဆောင်နေတဲ့ ရဟန်းတော်တွေကတဆင့် ဆန်အိတ်ပေါင်း ၂၅ဝ လှူဒါန်းထားပြီး ဖြစ်ပါတယ်။ ဆေး၊ အာလူး၊ ပဲတို့ကိုလည်း စင်္ကာပူငွေ ၁ သောင်းခွဲဖိုးနဲ့ ညီမျှတဲ့ ပစ္စည်းတွေကိုလည်း လှူဒါန်းပြီး ဖြစ်တယ်”
------------------------------------

ဒေါက်တာဝင်းနိုင် (အင်္ဂလန်)

“သာသနာ့ ဥသျှောင် အဖွဲ့ကနေ ဦးဆောင်ပြီး အလှူငွေ ကောက်နေပါတယ်။ သာသနာ့ ဥသျှောင် ဥက္ကဋ္ဌ မုဒုံ ဆရာတော်ကနေပြီး ပြီးခဲ့တဲ့ တပတ်က ပထမဆုံးရတဲ့ ပေါင် ၃ဝဝဝ ကို မြန်မာပြည်အတွင်းမှာ ရှိတဲ့ ဆရာတော်တွေ ဦးဆောင်တဲ့ အဖွဲ့ကို ပို့ဆောင်ထားပါတယ်။ လန်ဒန်ရှိ ဥထ်သမိ တက္ကသိုလ်မှာလည်း လေဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းပွဲကို မနေ့က ကျင်းပခဲ့ပြီး ပေါင် ၆ဝဝဝ ကောက်ခံရရှိတယ်လို့ သိရပါတယ်။

ကျနော်တို့က အရမ်းလိုအပ်နေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်အောင်၊ လိုအပ်တာတွေ ပံပိုးပေးနိုင်အောင် ဒီကနေ လုပ်ပေးနေတာ ဖြစ်ပါတယ်။ တသီးပုဂ္ဂိုလ် အလှူရှင်တွေလည်း မြန်မာပြည်အတွင်းကို သွားရောက်ပြီးတော့ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အကူအညီပေးဖို့ သွားနေတာတွေ ရှိပါတယ်။

ကျနော်တို့ လန်ဒန်ကနေ ဆောင်ရွက်မှုတွေကတော့ အခုအချိန်အထိ ဘာမှ အနှောင့်အယှက် မရှိသေးဘဲ ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါတယ်။ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်စူးပြီး လေဘေး ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် ရံပုံငွေရှာဖို့ လန်ဒန်မြို့မှာ လုပ်မယ် ဖြစ်ပါတယ်။

လေဘေးကူညီဖို့အတွက် ပို့ငွေပေါင်း ဒေါ်လာ ၁ သောင်းခန့်ရှိပြီး လိုအပ်တဲ့ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်။ နောက်ထပ် ကောက်ခံရရှိတဲ့ ငွေကိုလည်း လာမယ့် အပတ်ထဲမှာ ထပ်ပို့သွားအုံးမှာပါ”
------------------------------------

ဒေါက်တာမင်းညို (ဂျပန်)

“ဂျပန်နိုင်ငံမှာရှိတဲ့ လေဘေး ကူညီထောက်ပံ့ရေး အသင်းက အလှူငွေ ယမ်း ၁ဝ သိန်း နီးပါးလောက် ကောက်ခံရရှိတယ် ပြောတယ်။ ကျနော်တို့က နေ့စဉ် ကောက်တာ ဖြစ်တယ်။ တနေ့ကို ၂ နာရီလောက်ပဲ ကောက်နိုင်တာ ဖြစ်တယ်။ တနေ့ကို ယမ်း ၇ သောင်းကနေ ၁ သိန်းကြား အလှူငွေ လက်ခံ ရရှိတာ ဖြစ်တယ်။

ကျနော် ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတွေကနေတဆင့် အလှူငွေတွေ ပေါင်းပြီးတော့ မြန်မာပြည်ထဲကို ပို့နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာရှိတဲ့ ပြည်သူတွေထံက လေဘေး ဒုက္ခသည်တွေအတွက် လူအင်အား စိုက်ပြီးတော့ အလှူခံလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ ကောက်ခံရရှိတဲ့ အလှူငွေတွေကို မြန်မာပြည် အတွင်းမှာရှိတဲ့ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ လက်ဝယ်ကို ရောက်ရှိဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်။

အဖွဲ့အစည်းတွေအပြင် ပုဂ္ဂိုလိက ကျောင်းသူတွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူလူထုအတွက် ဝိုင်းဝန်း လုပ်ဆောင်နေတာတွေ ရှိနေတယ်။ လူသားချင်း စာနာထောက်ထားတဲ့ မြန်မာပြည်က စာသင်နေတဲ့ ကျောင်းသူတွေ၊ လေဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည် ပြည်သူတွေအတွက် မိမိတို့ လုပ်ဆောင်နိုင်တဲ့ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်နေပါတယ်”
------------------------------------

ကိုမြင့်စိုး - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (ထိုင်း)

“ထိုင်းနိုင်ငံအခြေစိုက် လေဘေးဒုက္ခသည်များ ကူညီရေးအဖွဲ့ကနေပြီး ပြီးခဲ့တဲ့ ရက်က မြန်မာပြည်အတွင်းကို လိုအပ်တဲ့ ဆေးပစ္စည်းနဲ့ အဝတ်အထည်တွေကို ပို့ဆောင်လိုက်ပါတယ်။ ကွန်တိန်နာ တစီး ရှိပါတယ်။ နိုင်ငံတကာမှာ နိုင်ငံခြားသားတွေက ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်း တချို့လည်း ပါတယ်။ ဒီပစ္စည်းတွေကို လေဘေးဒဏ် ခံနေရတဲ့ ဘိုကလေးနဲ့ လပွတ္တာမြို့ကို ပို့သွားမှာပါ။ ပို့လိုက်တဲ့ ပစ္စည်းတွေကတော့ မနေ့က ရောက်သွားပါပြီ။ ပြည်တွင်းမှာရှိတဲ့ လေဘေးကူညီရေး အဖွဲ့အစည်း အသီးသီးမှာ လိုက်လံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”
------------------------------------

ကိုကျော်ကျော် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (မလေးရှား)

“မလေးနိုင်ငံအခြေစိုက် မြန်မာ လေဘေးဒုက္ခသည်တွေ ကူညီရေးအဖွဲ့က ဆေးဝါးနဲ့ တခြားပစ္စည်းတွေကို ပို့လိုက်ပြီ။ ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေလည်း ပါတယ်။ အဓိက ပို့တဲ့ ပစ္စည်းတွေက ဝမ်းရောဂါနဲ့ ရေသန့်ဆေးပြားတွေပါ။ မလေးငွေ ၃ သောင်းနဲ့ ညီမျှတဲ့ ပစ္စည်းတွေ ပို့တာပါ။ နယ်ခြားမဲ့ ဆရာဝန်တွေကတဆင့် လိုအပ်တဲ့ တခြားဆေးဝါးတွေကို ကူညီထောက်ပံ့ပေးတယ်”






နအဖဖွဲ့စည်းပုံ အတည်ပြုမှု ဥပဒကြောင်းအရ လက်ခံနိုင်ဖွယ်မရှိ (BLC ဦးအောင်ထူးနှင့် အင်တာဗျူး)

နေသွင်
တနင်္လာနေ့၊ မေလ 26 2008 18:08 - မြန်မာစံတော်ချိန်

ယခုလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင် နှစ်သုတ်ခွဲကျင်းပခဲ့သော နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများမှ စုစုပေါင်း ဆန္ဒမဲပေးသူအားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံကြသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ယနေ့ကြေညာလိုက်ပြီ ဖြစ်သည်။

နှစ်ကြိမ်စလုံးတွင် မဲလိမ်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကိုယ်၌က ဒီမိုကရေစီနှင့်တိုင်းရင်းသား လူမျိုးများ တန်းတူရေးကို ရှေ့ရှုဦးတည်ခြင်းမရှိဘဲ နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ် အဆင့်ဆင့်တွင် စစ်တပ်မှချုပ်ကိုင်လွှမ်းမိုးနိုင်ရန် ပြင်ဆင် ရေးဆွဲထားသည်ဟု ဥပဒေပညာရှင်များနှင့် မြန်မာအတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက ထောက်ပြဝေဖန်ထားကြသည်။

ယနေ့ ထွက်ပေါ်လာသည့် နအဖ ၏ အဆိုပါ ဥပဒေအတည်ပြုကြောင်း ကြေညာသည့်အပေါ် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများ ကောင်စီ (BLC) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောဆိုထားချက်များကို တင်ပြ လိုက်ပါသည်။

မေး။ ဆန္ဒခံယူပွဲရလဒ်က ဥပဒေကြောင်းအရ ဘယ်လောက် တရားဝင်သလဲခင်ဗျ။

ဖြေ။ ပြည်သူ့ဆန္ဒခံယူပွဲဟာ ဘယ်အခါမှ အထမြောက်တယ်ဆိုတာ ပါရမယ်။ ဆန္ဒမဲပေးသူရဲ့ ဘယ်နှစ်ရာနှုန်းက အတည်ပြုမှ အတည်ဖြစ်တယ်ဆိုတာ ပါရမယ်။ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးသွားတယ်ပြောတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တပြည်လုံးမှာ ဘယ်လောက်ရှိတယ်ဆိုတာ (ကြိုတင်) မကြေညာထားဘူး။ အဲဒါ မရှိခဲ့ဘူး။ နောက်တခုက ဆန္ဒခံယူပွဲမှာ သဘောထားပေးမယ့်လူတွေက သဘောတရားကို ကောင်းမွန်စွာ သိဖို့လိုပါတယ်။ ၁၉၇၃ တုန်းကတောင် မှ ဥပဒေနဲ့ပတ်သက်လို့ ရှင်းပြတာရှိတယ်။ အခုက မရှိဘူး။ ပိုဆိုးတာက အတည်ပြုမယ့် ဖွဲ့စည်းပုံကို စာပေဗိမာန်မှာ စာအုပ်ရောင်းတာကလွဲလို့ တပြည်လုံးမှာ လူဦးရေ သန်း ၅ဝ အနက်က သောင်းဂဏန်းတောင် စာအုပ်ကို မမြင်ဖူးခဲ့ဘူး။ ဘာတခုမှ လူထုက မတွေ့ရဘဲနဲ့ အတည်ပြုလိုက်တယ် ဆိုတာကတော့ ဥပဒေကြောင်းအရ လက်ခံနိုင်စရာမရှိဘူး။


မေး။ နိုင်ငံတကာမှာရော ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ နိုင်ငံတကာအခြေအနေမှာ လူထုသဘောထားနဲ့ ဆိုင်တယ်။ ဥပမာအားဖြင့် ထင်ရှားတဲ့အချက် - မဲရုံတွေက ဒါကို ကြေညာလို့မရဘူး။ ဘယ်လောက်ရတယ်ဆိုတာ မသိဘူး။ ရတဲ့ရလဒ်တွေကို ကော်မရှင်တွေကို ပို့လိုက်ရတယ်။ ကော်မရှင်တွေကလည်း မကြေညာဘူး။ နောက်ဆုံးမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က တပြည်လုံးကို ကြေညာတယ်။ ဘယ်အဆင့်မှာ ဘာတွေဖြစ်မှန်း ဘယ်သူမှ မသိဘူး။ တချိန်ထဲမှာ ခြိမ်းခြောက်လို့ပဲဖြစ်ဖြစ်၊ မဲပုံးနားမှ မတ်တပ်ရပ်လို့ပဲဖြစ်ဖြစ်၊ ကြိုတင်ဆန္ဒမဲနဲ့ဖြစ်ဖြစ် ထောက်ခံမဲရအောင် လုပ်တယ်။ ဒီအပေါ်မှာ ပြည်သူတရပ်လုံးကရော၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းရော၊ အထဲမှာ အဓိကကျတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကရော လက်ခံတယ်၊ မခံဘူးဆိုတာ အခြေခံအားဖြင့် သဘောထားထုတ်ပြန်ပြဖို့ လိုတယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာကို တင်ပြဖို့လိုတယ်။ ထုတ်ဖော်ပြတဲ့ ကျိုးကြောင်းဆီလျော်မှုနဲ့ ကျိုးကြောင်းခိုင်လုံ အားကောင်းမှုအပေါ်မှာ မူတည်ပြီး နိုင်ငံတကာက စဉ်းစားသွားမယ်လို့ ထင်တယ်။


မေး။ တတိုင်းပြည်လုံး ဒီလို ကမောက်ကမအချိန်မှာ လုပ်ပြီး ထွက်လာတဲ့ရလဒ်ကို နိုင်ငံတကာမှ ဘယ်သူတွေက ထောက်ခံကြမယ်ထင်လဲခင်ဗျ။

ဖြေ။ ကျနော်တို့ လောလောဆယ် စိတ်ဝင်စားတာ ဆန္ဒခံယူပွဲမဟုတ်ဘူးဗျ။ မုန်တိုင်းဘေးအန္တရာယ်။ ဒါတချက်။ ဒုတိယတချက်က ဆန္ဒခံယူပွဲဟာ ဘယ်လိုပဲ ရလဒ်တွေ ထွက်လာပါစေ။ ထောက်ခံမဲ ထွက်လာမယ်။ ဒါကို ထောက်ခံဖို့ ပြင်ဆင်ထားတာ အာဆီယံပဲ။ အာဆီယံက ဘယ်လောက်ပဲ ရှင်းပြပြ သူတို့က သဘောထား ချမှတ်ပြီးသားဖြစ်တယ်။ ဖိလစ်ပိုင်တို့လို တိုင်းပြည်တွေက လွဲလို့ပေါ့။ အာဆီယံ တော်တော်များများက နအဖ ပြောတဲ့အတိုင်း ခပ်လွယ်လွယ် လက်ခံသွားမယ်လို့ ထင်တယ်။ သို့သော် အာရှတိုက်က တိုင်းပြည် တော်တော်များများနဲ့ အနောက် ဒီမိုကရေစီ နိုင်ငံတွေက နအဖ က ဒီလောက်ပြောရုံနဲ့ အလွယ်တကူ လက်ခံသွားမယ်လို့ ကျနော်တော့ မယူဆဘူး။


မေး။ တချို့လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်ကို တရားစွဲမယ်ဆိုတာမျိုး လုပ်နေတာကြားရတယ်။ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိတယ်လို့ မြင်လဲ။

ဖြေ။ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ကို အရေးယူတာမျိုး ပြည်တွင်းမှာ ရှိချင်မှ ရှိမယ်။ သို့သော်လည်းပဲ အဲလို တရားစွဲနိုင်တယ်ဆိုကတည်းက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူထုအဖွဲ့အစည်းတွေက ဆန္ဒခံယူပွဲကို လက်မခံနိုင်ဘူးလို့ နိုင်ငံတကာမှာ ကမ်ပိန်းလုပ်ဖို့ ရည်ရွယ်ချက်ရှိရင် တရားစွဲတာ အင်မတန်ကောင်းတဲ့ အကြောင်းပြချက်ဖြစ်တယ်။


မေး။ နိုင်ငံတကာ ခုံရုံးတွေမှာရော တရားစွဲလို့ မဖြစ်နိုင်ဘူးလားခင်ဗျ။

ဖြေ။ ဒီဥစ္စာက နိုင်ငံတကာ ခုံရုံးနဲ့တော့ မဆိုင်ဘူးဗျ။ ပြည်တွင်းရေးသက်သက်ပဲ။ နိုင်ငံတကာနဲ့ဆိုင်တာက ပြည်တွင်းမှာ လုပ်တဲ့အပေါ်မှာ တရားဝင်လား၊ မဝင်လား ဆိုတာကို နိုင်ငံတကာက သဘောထား ပေးရတာဖြစ်တယ်။ ဥပမာ - ကမ္ဘောဒီယားမှာ ၁၉၉၁ က ရွေးကောက်ပွဲ ဖြစ် တယ်။ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းက ပါတီတွေက အငြင်းပွားတယ်။ ရွေးကောက်ပွဲရလဒ်ကို ကမကထပြု ကြီးကြပ်ပေးသွားတာက နိုင်ငံ တကာဖြစ်တယ်။




ကိုဇာဂနာ မလွတ်သေး၊ အိမ်ပြင်တွင် ရဲများ စောင့်ကြည့်နေသေး (အင်တာဗျူး)

ဝိုင်းပီး
အင်္ဂါနေ့၊ ဇွန်လ 10 2008 15:44 - မြန်မာစံတော်ချိန်

မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်နေသူ ဟာသသရုပ်ဆောင် ကိုဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးသွားပြီးနောက် တနင်္လာနေ့က ပြန်လွှတ်ပေးခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားသည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယမန်နေ့ညက မဇ္ဈိမက ကိုဇာဂနာ၏ မိသားစုသို့ ဆက်သွယ်၍ မရခဲ့ဘဲ ယနေ့တွင် ကိုဇာဂနာ၏ ယောက္ခမဖြစ်သူ ဒေါ်ကြည်ကြည်စိုးကို မေးမြန်းခွင့် ရခဲ့သည်။ ကိုဇာဂနာ လွတ်မြောက်လာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မည်သည့် နေရာတွင် ထားရှိသည် ဆိုခြင်းကိုပင် မိသားစုအနေနှင့် မသိရသေးပေ။ ဝိုင်းပီးက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ကိုဇာဂနာ ပြန်လွတ်ပြီလို့ ကြားပါတယ်၊ ဟုတ်ပါသလားရှင်။

ဖြေ။ အဲဒါ လုပ်ကြံသတင်းတွေပါ။ ဘယ်မှာထားလို့ ဘာဖြစ်နေတယ် ဆိုတာတောင် မသိရဘူး။ ခေါ်သွားကတည်းက မသိရသေးတာ။ အမေရိကားက ဇာဂနာ့ မိန်းမက ည ၂ နာရီမှာတုန်းက ဖုန်းဆက်မေးတယ် အမေ့ကို။ ဝဘ်ဆိုဒ်တွေမှာ ဇာဂနာ ပြန်လွတ်တယ်၊ နေအိမ် အကျယ်ချုပ် ထားတယ် ပြောလို့တဲ့။ မလွတ်ရပါဘူး သမီးရယ်လို့ အမေက ပြန်ပြောလိုက်တယ်။ အခုတောင် အမေ မောင်သူရ အခန်းထဲမှာ မြေးမလေးရဲ့ ခွေးကလေးနဲ့ နေနေတာ။ မလွတ်ရပါဘူး။ ဘာသတင်းမှကို မကြားရတာပါ။ အမေ လိမ်မပြောဘူး။ မုဿဝါဒ မသုံးပါဘူး သမီးရယ်။

မေး။ ဘာကြောင့် ကိုဇာဂနာကို အခုလို ဖမ်းသွားတယ်လို့ ထင်ပါသလဲရှင့်။

ဖြေ။ အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ဇာဂနာကို အာဏာပိုင်တွေက မီဒီယာတွေနဲ့ စကားမပြောရဘူးလို့ ဝန်ခံဂတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လေ။ အဲဒီနောက်ပိုင်း နာဂစ်မုန်တိုင်း ဖြစ်တော့ သူက ဒုက္ခသည်တွေကို လိုက်ကူညီနေတော့ မီဒီယာတွေနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အဲဒါကြောင့် အခုလို ဖမ်းသွားတယ်လို့ ထင်တယ်။

မေး။ အိမ်အပြင်မှာ အခု အစောင့်တွေ ရှိလားရှင့်။

ဖြေ။ ရှိပါ့။ အများကြီးပဲ။ ဘယ်နှစ်ယောက်လည်းတော့ မသိဘူး။ ဘယ်ကတွေလည်း မသိပါဘူး။ မနေ့ကလည်း အရာရှိ နှစ်ယောက် လာသွားတယ်။ အနောက်ဘက် ခရိုင်ရဲစခန်းက ၃ ပွင့်တယောက်၊ နောက်တယောက် ကတော့ မောင်သူရကို အမြဲတမ်း စောင့်ကြည့်နေရတဲ့ ၂ ပွင့်နဲ့ အရာရှိလေး။

မေး။ သူတို့တွေကို မေးကြည့်သေးလားရှင့်၊ ဦးသူရ အကြောင်းကို။

ဖြေ။ မေးပါ့ သမီးရယ်။ သူတို့ မသိပါဘူး။ ကျနော်တို့က ဦးသူရကို စောင့်ကြည့်နေရ ပြီးတော့ သူတို့အရာရှိတွေ လက်ထဲကို ထည့်ပေးလိုက်ရတာပါ၊ ဘာမှ မသိပါဘူးလို့ ပြောတယ်။

သမီးအလတ် မငြိမ်းဆီကို အလုပ် မရှိတော့လို့၊ ဒုက္ခရောက်နေလို့ ကလေးလေးတယောက်ကို ခေါ်ထားပေးပါ ဆိုပြီး၊ လင်မယား ၂ ယောက်က ကောင်လေးက အလုပ်ပြုတ်တော့ လုပ်စရာ မရှိတော့လို့ပေါ့၊ ခေါ်လာပေးလို့ ရပါတယ်ဆိုပြီး လက်ခံထားလိုက်တာ။ ထမင်းလေး ကျွေးထားရတာ ကုသိုလ်တောင် ရတယ်ဆိုပြီး ခေါ်ထားတာ။ ၂၃ နှစ် အရွယ်ပေါ့။ မြေးနှစ်ယောက်နဲ့အတူ အောက်မှာ အိပ်တာ။ ရောက်တာတော့ သိပ်မကြာသေးဘူး။ မောင်သူရကို မဖမ်းခင် ၃ ရက်လောက်က ရောက်တာ။ မောင်သူရနဲ့အတူ လေဘေး ကယ်ဆယ်ရေးတွေ လိုက်ကူညီ တာပေါ့။

မောင်သူရကို လာခေါ်တဲ့နေ့က သူ အပြင်သွားတယ်။ ပြန်လာတော့ အိမ်နီးနားချင်းတွေက သူ့ကို ပြောတာပေါ့။ ဦးသူရကို လာဖမ်းတယ် ပြောကြတော့ သူက ပြန်ထွက်သွားတယ်လို့ အိမ်နီးချင်းတွေက ပြောတယ်။ သူ့ဘာသာ သူပြန်သွားတာ အမေတို့လည်း မသိဘူးလေ။ ကလေးက ကတုံးဆံပင်နဲ့မို့ အမေတို့က ကတုံးလို့ ခေါ်တာ။ သူ့နာမည်လည်း မသိပါဘူး။

မေး။ ဒီကြားထဲမှာ ရဲတွေ လာသေးလားရှင့်။

ဖြေ။ ၆ ရက်နေ့က ဒီကလေး ဘယ်မှာရှိလဲ လာမေးကြတယ်။ အမေက မသိဘူး၊ အဲဒီနေ့ ကတည်းက ပြန်မလာဘူး၊ သူဘယ်သူလဲ ဆိုတာလည်း မသိဘူး၊ သူ့မိဘတွေလည်း မသိဘူးလို့ ပြောလိုက်တယ်။ အမေက ပြောလိုက်ရင် သူတို့ အဲဒီ လင်မယားကို သွားမေးကြမှာ စိုးတာ။ သူတို့က လူရိုးလေးတွေပါ၊ မောင်သူရ လိုပါပဲ။ ရဲတွေက မနက် ၁၂ နာရီလောက်ကတည်းက တခန်းဝင်တခန်းထွက် ရှာတယ်။ အိပ်ခန်း ၃ ခန်းကို ရှာကြတာ။

အဲဒီကတုံးကို မတွေ့လို့ရှိရင် အလတ်မ မငြိမ်းကို ခေါ်သွားမယ်၊ ဒါမှမဟုတ်ရင် အငယ်မကို ခေါ်သွားမယ်တဲ့လေ။ အဲဒီတော့ အငယ်မက ကြောက်တတ်တယ်။ နှလုံးရောဂါလည်း ရှိတော့ ရှော့ရိုက်သွားတယ်။ အဲဒီတော့မှ ဒုရဲအုပ်မတယောက်၊ ဆာဂျင်မ တယောက်ရယ်နဲ့ ကျန်တာတွေကတော့ မောင်သူရကို ခေါ်တုန်းက သူတွေပါပဲ။ ည ၁ဝ နာရီလောက်မှ ပြန်ကြတယ်။



လေဘေး ကယ်ဆယ်ရေး သံဃာတော် အရှင်သူမြတ်များလည်း ပါဝင်

နေသွင်
သောကြာနေ့၊ ဇွန်လ 13 2008 17:22 - မြန်မာစံတော်ချိန်

(အရှင်ပညာသီဟ - ရွှေညဝါ ဆရာတော်နှင့် အင်တာဗျူး)

နာဂစ်မုန်တိုင်းအပြီး လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စေတနာရှင် မြန်မာပြည်သူများနှင့် လူသားချင်း စာနာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာ သံဃာတော်များကလည်း ပြည်တွင်းပြည်ပမှ နေ၍ တတ်စွမ်းသမျှ ကြိုးပမ်း ကူညီနေပါသည်။

မကြာသေးခင်က ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့် ဒေသများသို့ ကြွရောက်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့် သံဃာတော်များလည်း ရှိပါသည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသများတွင် သံဃာနှင့် အရပ်သားများ ၁ဝဝ ခန့်ကို ဦးဆောင်ကာ အကူအညီပေးပြီး မကြာသေးခင်က ပြန်လည် ကြွရောက်လာသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (သက်တော် ၄၄၊ ဝါတော် ၂၄) ကို လျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ဆရာတော်ကြီးသည် နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်ပြီး အဘိဓမ္မာကို သင်တန်းဖွင့် ပို့ချပေးသူဖြစ်ကာ ပရိယတ္တိ လုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျောဇောထင်ရှားသူ ဖြစ်ပါသည်။

မေး။ ။ ဘယ်နေ့က ရန်ကုန် ပြန်ရောက်တာလဲ ဘုရား။

ဖြေ။ ။ ၁ဝ ရက်နေ့က ပြန်ရောက်တယ်။ ဦးဇင်းတို့ တက်သွားတာ ၅ ရက်နေ့က လပွတ္တာနယ် တနယ်လုံးမှာရှိတဲ့ ရွာတွေဆီ စက်လှေတွေ၊ ပဲထောင်တွေနဲ့ သွားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတယ်။ ပေါက်တူး၊ ပေါက်ပြား၊ ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ဓား၊ ယောက်မ၊ အဝတ်အထည်၊ ဆေး အဲဒါတွေ ရွာပေါင်း ၆ဝ ကျော်လောက် ဘုန်းကြီးတို့ လှူနိုင်ခဲ့တယ်။

မေး။ ။ လူဦးရေက ဘယ်လောက်ကို တွေ့ခဲ့ပါသလဲဘုရား။

ဖြေ။ ။ လူဦးရေက တချို့က ရွာလုံးကျွတ်၊ တရွာလုံးမှာ ၃ ယောက်လောက် ကျန်တာလေ။ ပျမ်းမျှဆိုရင် တရွာမှာ ၂ဝဝ-၃ဝဝ။ ရွာပေါင်း ၆ဝ ကို ကိုယ်ဘာသာ တွက်ကြည့်တော့။

မေး။ ။ အရှင်ဘုရားတို့ သံဃာအင်အားဘယ်လောက်နဲ့ သွားခဲ့တာလဲဘုရား။

ဖြေ။ ။ ဦးဇင်း အပါး ၄ဝ၊ ကပ္ပိယ လူပုဂ္ဂိုလ် ၇ဝ ကျော်၊ အားလုံးပေါင်း ၁ဝဝ ကျော်ပေါ့။

မေး။ ။ ရွာတွေမှာ အခြေအနေ ဘယ်လို ရှိသလဲဘုရား။ လူတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ဘယ်လောက် ရနေပြီလဲ။

ဖြေ။ ။ ကယ်ဆယ်ရေး ပစ္စည်းတွေက လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်၊ မရပါဘူး။ မယ်မယ်ရရ မရပါဘူး။ ရတာတွေကလည်း ဆန်လိုလို ပဲလိုလို၊ အာလူးလိုလို ဒီလောက်ပါပဲ။ တောရွာတွေက ဆိုးဆိုးရွားရွား ခံစားရပါတယ်။ မြို့ပြတွေမှာ ခိုအောင်းနေတဲ့ လူတွေက အတော်အတန် ရတယ်လို့ ဆိုရမှာပေါ့။ မြင်ရတာက လက်ရှိ အနေအခြေမှာ လုံလုံလဲလဲ၊ လောက်လောက်လားလား မရှိပါဘူး။ ပြောရရင်တော့ လူလိုတောင် မနေရပါဘူး။ ရေညစ်ရေညမ်းတွေ ဖယ်ထုတ်ပြီးတော့ သန့်ရှင်းရေး လုပ်နိုင်တာ ဘာမှ မရှိသေးပါဘူး။

မေး။ ။ အရှင်ဘုရားတို့ ရောက်သွားတဲ့အချိန်မှာ အခြား ဘယ်လိုအဖွဲ့တွေ ရှိနေသလဲ။

ဖြေ။ ။ မရှိပါဘူး။ မန္တလေး မစိုးရိမ်တို့၊ ပဲခူးသာမဏေကျော်တို့၊ ပခုက္ကူတို့ ဘာတို့ ပြောသံတော့ ကြားတယ်။ ကျုပ်တို့နဲ့တော့ တည့်တည့် မတိုးပါဘူး။

မေး။ ။ အစိုးရပိုင်းကရော ဘယ်သူတွေနဲ့ ဆုံခဲ့ပါသလဲ ဘုရား။

ဖြေ။ ။ အစိုးရပိုင်းကတော့ အစကတည်းက ပတ်သက်မှုမရှိတော့ မတွေ့ခဲ့ပါဘူး။ လပွတ္တာရောက်တော့ လာပြီး လျှောက်ထားတာပေါ့။ ဘုန်းကြီးပြောတာ နားထောင်တာပါပဲ၊ ဘာမှသိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောပါဘူး။

မေး။ ။ သူတို့ရော ကယ်ဆယ်ရေး လုပ်နေကြလား ဘုရား။

ဖြေ။ ။ စိတ်လည်း မဝင်စားဘူး။ လေ့လည်း မလေ့လာဘူး။ စိတ်အနှောင့်အယှက် ထပ်ဖြစ်မှာစိုးလို့၊ ဘာမှ မဖတ်တော့၊ ဘာမှ မသိတော့ ပိုမကောင်းဘူးလား။ ဒုက္ခရောက်နေတဲ့ လူတွေဆီက အရောက်သွားမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သွားတာပဲ၊ ပေးနိုင်သမျှ ပေးမယ်။ ကြည့်ရှုပေးတယ်။ ရေကန်တွေ သန့်ရှင်းပေးပြီး၊ ကူဘူတာစက်နဲ့ စုပ်ပေးတယ်။ အလောင်းကောင်တွေ မီးရှို့ သဂြုင်္ိဟ်ပေးတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သရဏဂုံ တင်ပေးပြီး အမျှဝေရေစက်ချ၊ သာဓုခေါ်တယ်။ ဘယ်ရွာ ဘယ်ရပ်ရောက်ရောက် ဘုန်းကြီးတို့ အဲဒါ လုပ်တယ်။ အဲဒါတွေက ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်ပဲ။

မေး။ ။ အရှင်ဘုရားတို့က အလောင်းတွေကို မီးရှို့ သဂြုင်္ိဟ်ပေးခဲ့တယ် ဆိုတော့ အရှင်ဘုရားတို့ ပြန်လာတော့ ဒီလုပ်ငန်းတွေ ပြီးပြတ်သွားပြီလား ဘုရား။

ဖြေ။ ။ အလောင်းတွေက ခွေးသေသေပြီး၊ ခွေးလို ပစ်ထားတာလေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးဘူး။ ဘယ်အဖွဲ့မှ မလုပ်ပေးဘူး။ ဦးကျော်သူတို့ အဖွဲ့က လုပ်နေတယ်လို့ ကြားရတာပဲ။ ဒါပေမဲ့ဗျာ၊ အလောင်းက မရေမတွက်နိုင်အောင် များနေတဲ့ အခြေအနေဆိုတော့ ဘာမှ အရာမရောက်ဘူး။ ကိုယ် တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အလောင်း ၇ဝ၊ ကျွဲ ၄ ကောင်၊ နွား ၁ ကောင်၊ မြေမြှုပ်တန်တာ မြှုပ်၊ မီး မီးသဂြုင်္ိဟ်တန် မီးရှို့သဂြုင်္ိဟ်ခဲ့တယ်။ ဘုန်းကြီးတို့ ပါသွားတဲ့ လောင်စာက ဒီလောက်ပဲလေ။ အလောင်းတွေက ကိုင်လို့တောင် မရတော့ဘူး။ ကိုင်လိုက်ရင် ခြေထောက်ကဆွဲရင် ခေါင်းက ပြုတ်ကျန်ခဲ့။ အဲဒါတွေ ကောက်ပြီး မီးရှို့၊ အဲလို လုပ်ရတာ။ အဲဒါတွေက ရေထုရော၊ လေထုရော အကုန်ကို ညစ်ညမ်းစေတယ်လေ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကတော့ ဆင့်ပွားဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာလေ။

မေး။ ။ ပြန်လာတော့ အရှင်ဘုရားတို့ အားလုံး ပြန်ကြွလာကြတာလား။

ဖြေ။ ။ ရေစုပ်စက် ၁၃ လုံးနဲ့၊ ကပ္ပိယ ၁၁ ယောက်ထားခဲ့တယ်။ ဆက်ပြီးတော့ စာရင်းပေးထားတဲ့ ရပ်ရွာတွေ၊၊ အားကိုး အားထားပြုတဲ့ ရေကန်တွေကို အကုန်ဆက်လုပ်နေတယ်။ ဘုန်းကြီးတို့ ရောက်တာက အကြိမ် ၅ ခေါက်ရှိပြီး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း ရောက်ပြီးပြီ။ လပွတ္တာက ထဲထဲဝင်ဝင် ဒေသတွေကို မရောက်သေးလို့ သွားခဲ့တာ။

မေး။ ။ ဒေသထဲက သာသနိက အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘုန်းကြီးတွေ သေတဲ့ ကျောင်းတွေက အများကြီး။ ကျောင်းတွေက မရှိတာ များပါတယ်။ ပြိုပျက်ကုန်ကြတာ များပါတယ်။ တချို့တိုင်တောင် မကျန်ဘူး။ အဲဒါတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။

မေး။ ။ ဝါတွင်းကျတော့ အရှင်ဘုရားတို့ လုပ်ငန်းတွေ ဘယ်လို ဖြစ်သွားမလဲဘုရား။

ဖြေ။ ။ ပုံမှန်အတိုင်းပေါ့ဗျာ။ ကျုပ်ကလည်း ဗုဒ္ဓ တက္ကသိုလ် ဖွင့်ထားတော့ အချိန်ရသလောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီးတော့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့လည်း ပြည်တွင်းအနေနဲ့ စေတနာ့ရှင်၊ အလှူရှင်တွေက လာရောက် လှူဒါန်းတာတွေ လက်ပမ်းကျလာတဲ့ သဘောရှိပါတယ်။ တဖြည်းဖြည်း သွေးအေးလို့ လက်ပမ်းကျသွားလို့ ရှိရင် ဒုက္ခသည်တွေ ရှေ့ရေးက ရင်လေးစရာ ကောင်းပါတယ်။ ပြန်လည် ထူထောင်ရေးက တော်တော်ကို မလွယ်သေးတဲ့ ကိစ္စပါ။ ပြည်တွင်းက အလှူရှင်တွေ ပေးနိုင်ကမ်းနိုင်လို့ရှိရင် နောက်ဆုံး ၆ လပိုင်း မကုန်ခင်ပေါ့ဗျာ။

မေး။ ။ ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ပြန်စနေတာ တွေ့ခဲ့လားဘုရား။

ဖြေ။ ။ စဖို့ နေနေသာသာ၊ လယ်တွေက ဆားငန်ရေတွေ ဝင်နေတယ်။ ဘယ်လို နိုင်ငံတကာ ပံ့ပိုးမှုတွေ ဘယ်ပုံရမယ်ဆိုရင် အားရစရာပေါ့ဗျာ။ အဲလို မဟုတ်ဘူး ဆိုရင်တော့ တောင်သူလယ်သမားတွေက လက်ရှိ ဘုန်းကြီးပေးတဲ့ ပေါက်တူးလေး တလက်တောင် အားရဝမ်းသာနဲ့ တော်တော်လေး ပေါက်တူးလေးဖက်ပြီး ဝမ်းသာနေကြတာ။ အဲလောက်လေးရတာ ဝမ်းသာတယ်ဆိုတော့ ကျွဲတွေ၊ နွားတွေမှ မရှိတော့ပဲ။ ကြားခဲ့တာက တအုပ်စုက ရေကန် သန့်ရှင်းရေး လုပ်ကိုင်နိုင်ဖို့ ၅ ရွာ၊ ၆ ရွာ စုထားတဲ့ ကျေးရွာအုပ်စုတွေ ရှိတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ရေစုပ်စက်၊ ၃ လက်မပိုက်နဲ့ တလုံးရတယ် ပြောတာပဲ။ ရနေတာ မဟုတ်ဘူး၊ ရမှာ ပြောတာ။

အနည်းစုတော့ အဆောက်အဦ ပုံသဏ္ဍာန်တော့ ကျန်ပါသေးတယ်။ ပြိုလဲသွားတာ များပါတယ်။ ဘာမှ မကျန်တာ များပါတယ်။

မေး။ ။ ရွာသားတွေက ဘယ်လို နေနေကြလဲဘုရား။

ဖြေ။ ။ ရွာသားတွေက အသက်ရှင် ကျန်နေတဲ့ သူတွေက စုစည်းပြီး တနေရာမှာ ကိုယ့်အိမ့် ကိုယ့်နေရာ မရွေးတော့ဘူး။ စုစုရုံးရုံးနေမှလည်း ကိုက်မှာလေ။ ညဘက်တွေမှာ တစုတဝေးထဲ ရှိမှကိုး။ အဲဒီမှာ တာပေါ်လင်စတွေနဲ့ ကာထားတာတို့၊ မိုးထားတာတို့ အဲလိုစုနေမှ ဖြစ်မှာကိုး။ စုမနေရင် ညဘက်ဆို အန္တရာယ် ရှိတာကိုး။ အဲဒီမှာက ညဘက်ကျတော့ သေသွားတဲ့ လူတွေက သေချင်းဆိုးတွေနဲ့ သေတာဆိုတော့ မကျွတ်မလွတ်တာတွေ များတယ်လေ။ ညဘက်ကျတော့ ကယ်ပါ၊ ယူပါ အသံဗလံတွေက တော်တော်များများ ကြားနေရတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အမျှအတန်း ဝေခဲ့တာပဲ။ ရနိုင်သူတော့ ရမှာပေါ့ဗျာ။ အကုန်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကံနည်းလို့ ဒီဘဝရတာကိုး။ အဘိဓမ္မာလို ပြောရင်တော့ ဘဝပေါင်းများစွာက ကံတခုကလည်း သာသနာနဲ့ ကြုံပြီး သာဓုခေါ်ဖို့ သတိရရင်တော့ ကျွတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဘယ်တတ်နိုင်မှာလဲ။ မဟုတ်ဘူးလား။

မေး။ ။ တပည့်တော်တို့လည်း ကြားပါတယ်ဘုရား။ ဒီကိစ္စတွေ။

ဖြေ။ ။ မနက်မိုးလင်း အာရုံဆွမ်း စားပြီးရင် သင်္ဘောကျောက်ချ၊ နှစ်စီး တွဲထားတာကိုး။ တပည့်တို့ တို့လာတာ ကယ်ဆယ်ရေး လုပ်ဖို့လာတာ။ မွန်မြတ်တဲ့ စိတ်စေတနာကို သစ္စာဓိဋ္ဌာန် ပြုပြီးတော့၊ ပဲ့ထောင်မှာ ဘယ်နှစ်ပါးတက်ကြ။ ကပ္ပိယ ဘယ်နှစ်ယောက်သွားကြ။ ပစ္စည်း ပစ္စယ တင်ကြ။ သွားကြ။ ညနေ ၆ နာရီမှ ပြန်မရောက်ရင် မင်းတို့ကိုတော့ ငါရေစက်ချ အမျှဝေလိုက်မယ်။ ငါတို့ ထိုနည်းလည်းကောင်း ဒီအတိုင်းပဲ ထွက်မှာကိုး။ လှိုင်းတွေ လှေတွေ၊ တံပိုးတွေကြားမှာ သွားရမှာကိုး။ သစ္စာတရား မှန်ကန်လို့လား မသိဘူး။ ဘေးမသီ၊ ရန်မခ အကုန် ပြန်ရောက်တယ်။ သွားတဲ့ နေရာတွေက သိပ်ဝေးလံတော့ လှိုင်းလေတွေက ကြီးတော့ မော်တော်သမား၊ ပဲ့ထောင်တွေက ကျွမ်းကျင်မှုနည်းရင် မပို့ရဲဘူး။ ထိုက်တန်တဲ့ အဖိုးအခတော့ ဘုန်းကြီးက ပေးပါတယ်။ ဝတ်ရွတ်တယ်။ ပရိတ်ရွတ်တယ်။ အမျှဝေပေးတယ်လေ၊ ညတိုင်း လုပ်ပေးတယ်။ ဘုန်းကြီးတို့ တခါတလေ အနံအသက်ဆိုးတွေ ရတယ်။ အမျှယူချင်လို့ လာကြတယ် ထင်တာပဲ။ တချို့ ဦးပဉ္စင်းတွေဆိုရင် ထင်ထင်ရှားရှားကြီးတွေ တွေ့ရ။ အနံ့အသက်တွေ ရကြ။ ဒါတွေက သူတို့ဘဝရဲ့ ဘဝအကျိုးပေးတွေပေါ့။ သူတို့ လာတယ်ဆိုတဲ့ အထောက်အထားတွေပေါ့။

မေး။ ။ ဘာများ မိန့်ကြားချင်သေးလဲ ဘုရား။

ဖြေ။ ။ လုပ်တဲ့ကိုင်တဲ့ သံဃာတွေလည်း ထိထိရောက်ရောက် သွားပြီးမှာတော့၊ ကိုယ်ပင်ပမ်းတာကို ပဓာနမထားဘဲနဲ့ ဒုက္ခသည်တွေ လက်ထဲကို ကိုယ်ထိလက်ရောက် သွားပေးနိုင်ရင် ကောင်းမှာပဲ။ ကြားပါတယ်။ ဘယ်ဆရာတော်က ဘယ်မြို့ကို ဦးတည်သွားပြီး ပုံအောပြီး အပ်ပစ်ခဲ့တာတို့၊ ကြားပါတယ်။ ငါ့လာအပ်ရင် ကောင်းမှာလို့၊ အပ်ပစ်ခဲ့တာ မသေချာဘူး။ ၅ဝ ရာခိုင်နှုန်း ရောက်ဖို့တောင် မသေချာဘူး။ တကယ့် နေရာတွေကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။





Foreign doctors leave cyclone-hit Burma

Foreign medical doctors have started leaving cyclone-hit Burma as the military junta has closed down many relief camps in the affected areas.

A coordinator for the Thai team said that the military government had told Thailand not to send a third batch of medics, meant to leave for Rangoon on Monday, as most of the camps in the Irrawaddy delta town of Myaung Mya had been closed.

Doctors from India, Japan and the Philippines have already left Burma as many camps have been closed down.



--------------------------------------------------------------------------------


Aid Team Head Says Team Will Have Full Access in Myanmar
By BERNICE HAN Published: June 13, 2008
SINGAPORE, June 12, 2008 (AFP) — A team of aid experts from the Association of Southeast Asian Nations and the UN will have full access to parts of cyclone-devastated Myanmar, ASEAN's secretary general said Thursday.
"Now we have 250-plus of our, what we call our post-Nargis assessment teams, in the Delta, in the Yangon division, in the south and they will be doing the full assessment and they will have full access to the affected region," Surin Pitsuwan told reporters in Singapore.
"I think if we look at that, it's already a great achievement and we will try to maintain that momentum", he said.
Cyclone Nargis pounded the southwest Irrawaddy Delta and the main city of Yangon on May 2-3 leaving more than 133,000 people dead or missing.
ASEAN said one week ago that the Emergency Rapid Assessment Team had begun to deploy in the delta region to start a long-awaited examination of the needs of millions of people affected by the storm.
It said then that its advance teams, ferried by UN World Food Programme helicopter, would compile a first-hand "progress report" for an ASEAN Roundtable meeting in Yangon on June 24.
Surin said there were no doubts that the team would be able to do its job adequately and with credibility, "coming up with a report that would be taken up by all parties in order to be the basis of rehabilitation and reconstruction later on."
Inciting international outrage, Myanmar's isolated military regime had largely barred foreign aid workers from gaining access to the delta, which bore the brunt of the cyclone.
Relief workers slowly moved into the region in late May after the junta started to ease restrictions on access, and asked fellow ASEAN nations to coordinate the international relief effort
But the United Nations estimates that while 2.4 million people need emergency aid, about one million have not yet received any foreign assistance.
The ASEAN team is working under a tripartite arrangement with the United Nations and the Myanmar government.
One Southeast Asian diplomat in Yangon said last week that the team would finish its work by month's end, although ASEAN says its findings will only be released in mid-July.
"We expect them to meet a lot of difficulties, with many parts of the delta remaining physically difficult to reach by road or boats," the diplomat said.
"We are hoping we may be able to fill in the gaps, although we realise there is a big void in terms of aid to be filled."
Surin said things had been going "very well" on the ground.
"Certainly there are rooms for improvement but we are working on that and we have been assured that, yes, we will work together until the mission is accomplished," he said on the sidelines of a meeting about human rights in ASEAN.
The deployment of the ASEAN team last week came a day after the United States gave up trying to convince the junta to allow aid-laden warships stationed off the delta to deliver their vital supplies.
ASEAN has often been criticised for failing to act firmly against its member Myanmar, which has frequently embarrassed its neighbours with its refusal to shift towards democracy.