Wednesday, June 18, 2008

၆၃နှစ်မြောက်အမေ့မွေးနေ့

အမေ... ၆၃မှသည်နှစ်ပေါင်းများစွာ ကျမ်းမာပါစေ...အမေချစ်တဲ့အိမ်.. အမေချစ်တဲ့သားသမီးတွေအတွက် ကြံကြံခံပေးနေတဲ့အမေ.. (အမှန်တရားဝါဒီတယောက်ရဲ့ ရင့်ကျူးသံ...) Burma ကိုသိလား မေးတော့မသိဖူးတဲ့..ဒါဆိုစုကြည် ကိုရောဆိုတော့သိတယ်တဲ့အမေ...
ဝန်ကြီးချုပ်ဖြစ်သွားတာ နေရူးပါ..ဂန္ဒီကြီးရဲ့အပြုံးတွေအမေ့ နုတ်ခမ်းထောင့်မှာလည်းရှိနေတယ် ဆိုတာကိုဂုဏ်ယူရင်းကျတဲ့မျက်ရည် တွေနဲ့ရှင်းပြနေမိတယ်...(အမေ)
PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket
birthday

ဒီနေ့မြန်မာသတင်းများ(ဗုဒ္ခဟူးနေ့)

ရွှေတိဂုံပေါ်မှ ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းမှတ်တမ်းများ ပျောက်ဆုံးသွား
NEJ/ ၁၈ ဇွန် ၂၀၀၈
ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ ပုည ကုသလအသင်း ဓမ္မာရုံရှိ ကျောက်စိမ်းဆင်းတု တော်၌ ထားရှိသော ဆင်းတုတော်၏ သမိုင်း မှတ်တမ်းများ ပျောက်သွားကြောင်း ဘုရားဖူးများက ပြောသည်။
ယခင်က ကျောက်စိမ်းဆင်းတုတော်၏ သမိုင်းကို ဆင်းတုတော်ရှေ့ ဘေးတဖက်တချက်၌ စိုက်ထူ ထားသော တိုင်ပေါ်တွင်တင်ထားသည့် ကြေးပြားများတွင် ရေးထားခြင်းဖြစ်ပြီး ယခု ထိုတိုင်(၂) တိုင်ကို မတွေ့ရတော့ကြောင်း ဘုရားဖူးများက ပြောသည်။ “ရွှေတိဂုံ လုံခြုံရေးအဖွဲ့က လုံခြုံရေးဝန်ထမ်းတဦးကို မေးကြည့်တော့ နာဂစ်တိုက်ပြီးနောက်ပိုင်း သိမ်းထားတာလို့ပြောတယ်။ သိမ်းထားရတဲ့အကြောင်းကိုတော့ မသိရဘူး။ ဒါဆိုရင် အခြား ဘုရားတွေရဲ့ သမိုင်းစာကိုလည်း သိမ်းရမှာပေါ့။ အခုက အဲဒီဘုရားရဲ့သမိုင်းစာကိုပဲ သိမ်းတာ ဆိုတော့ လူတွေက ပိုပြီး စိတ်ဝင်စားကုန်တယ်” ဟု နိုင်ငံခြားသားဧည့်လမ်းညွှန်တဦးက ပြောသည်။
ပြီးခဲ့သည့် (၁၀) ရက်ခန့်က အဆိုပါ ကျောက်စိမ်းဆင်းတုကို လာရောက်ဖူးမြော်သူထက် လာရောက်လေ့လာကြည့်ရှုသူ ပိုများကြောင်း မျက်မြင်များက ပြောသည်။
“အပြင်မှာ ကောလာဟလတွေ ထွက်နေတာဗျ။ ဒီကျောက်စိမ်းဆင်းတုတော်ကို သန်းရွှေမျက်နှာနဲ့ ဆင်အောင် ထုထားတာလို့ ပျံ့နေတဲ့သတင်းတွေကြောင့် လာကြည့်ကြတာဖြစ်မယ်” ဟု ရွှေတိဂုံ ဘုရားပေါ်တွင် အမြဲတမ်း တရားလာထိုင်နေသူတဦးက ပြောသည်။
အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို နိုင်ငံခြားသားများ ပို၍ဖူးမြော်ကြကြောင်း၊ နအဖက မည်သည့်နိုင်ငံမှဖြစ်စေ လာရောက်သော သံတမန်များအား ယင်းဆင်းတုတော်ကို တကူးတက ဖူးမြော်ပူဇော်ခွင့်ရစေရန် ဆောင်ရွက်ကြောင်း နိုင်ငံအကြီးအကဲများ သွားရာတွင် လိုက်ပါခွင့် ရသူတဦးက ပြောသည်။

၎င်းက “တရုတ်ဧည့်သည်တွေ လာတုန်းကလည်း အဲဒီဘုရားကို လိုက်ပြတယ်။ ဖူးမြော်ကြတယ်။ ကျနော်ကတော့ အဲဒီတုန်းက အမှုမဲ့အမှတ်မဲ့ပါပဲ။ နောက်ပိုင်း လူပြောများလာတော့မှပဲ ဂရုတစိုက် ကြည့်မိတော့ တူသလိုလိုတော့ရှိသား၊ နာမ်နှိမ်ချင်တဲ့သဘောနဲ့ အခုလို ထုထားတာလို့လည်း ကြားရတာပဲ” ဟု ပြောသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း “အင်တာနက်သတင်းတချို့မှာပါတဲ့ ဓာတ်ပုံတွေဆိုရင် လူကြီးလမ်းကြောင်းနောက်က ဓာတ်ပုံဆရာတွေဆီက ရတာကလွဲရင် ဘယ်သူ့ဆီကမှ မရနိုင်ဘူး လေ။ ဂမ်ဘာရီနဲ့ ဘန်ကီမွန်းလာတော့ အဲဒီကျောက်စိမ်းဆင်းတုတော်ကို ဦးနှိမ်ချကန်တော့နေတဲ့ ပုံဟာ ဒီသတင်းသမားတွေဆီက မထွက်ရင် ဘယ်ကမှ မထွက်နိုင်ဘူး။ ဒီဘုရားမျက်နှာတော်ဟာ သန်းရွှေမျက်နှာအတိုင်း ထုထားတယ်ဆိုတဲ့ သတင်းကလည်း သူတို့အထဲက သိတဲ့သူတွေက ပြောတဲ့သတင်းပဲဆိုတာ သေချာတာပေါ့” ဟု ပြောသည်။

အဆိုပါကျောက်စိမ်းဆင်းတုတော်အား ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်သည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာနမှ ထုလုပ်လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ပလ္လင်အပါ
အ၀င် ဆင်းတုတော်၏ အလေးချိန်မှာ (၁၀၁) ကီလိုဂရမ်ကျော် ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသက် (၄၀) နှစ်က ရုပ်အတိုင်း ထုထားခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသား ဧည့်လမ်းညွှန်များထံမှ သိရသည်။

ယခုအခါ အဆိုပါကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ကြည့်သူများ ရှိသော်လည်း ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ မလျှော်ကန်မတင့်တယ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများက ဝေဖန်ပြော ကြားကြသည်။ ။

မိုးကုတ်မြို့ရေကြီးခြင်း နအဖ စိတ်မ၀င်စား ရေကြီးမှုထပ်ဖြစ်မည်ကို မြို့ခံများ စိုးရိမ်နေ
NEJ/ ၁၈ ဇွန် ၂၀၀၈
မိုးကုတ်မြို့ရေကြီးရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျောက်မျက် ဖက်စပ်လုပ်ငန်းများ တောင်ဖြို ချခြင်းကြောင့်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ဇွန်လ (၁၂) ရက်တွင် မိုးကုတ်မြို့၌ ရေကြီးပြီး မြေပြိုခဲ့သည့်အတွက် လူများသေဆုံးပြီးနောက်ပိုင်း အလားတူဖြစ်ရပ်မျိုး ထပ်မံ ကြုံလာမည်ကို မြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။ ယခုကဲ့သို့ မိုးကုတ်မြို့ ရေကြီးရခြင်းမှာ မိုးကုတ်မြို့တွင် အဓိကစီးဆင်းနေသည့် ရေနီချောင်း ရေလျှံမှုကြောင့်ဖြစ်ပြီး ယင်းရေနီချောင်းသည် ကျောက်မျက်တူးဖော် လုပ်ကိုင်နေကြသော ရပ်ကွက်များအနီးမှ မြစ်ဖျားခံလာပြီး မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်၍ စီးဆင်းကြောင်း သိရသည်။
“ကျောက်မျက်ဖက်စပ်လုပ်ငန်းတွေက တောင်တွေကို ဖြိုချတာ။ အဲဒီကနေ ရေနဲ့အတူ မျောလာတဲ့ သဲမြေတွေဒဏ်ကို မခံနိုင်ဖြစ်တာ၊ ရေတွေဒလဟော စီးလာတာတွေကို မခံနိုင်လို့ အခုလို ရေကြီး တာဖြစ်တာပဲ” ဟု မိုးကုတ်ဒေသခံ ဦးကံညွန့်က ပြောသည်။

အခြား မိုးကုတ်မြို့ခံတဦးကလည်း “အရင်နှစ်တွေက ရေကြီးတယ်။ ဒါပေမယ့် လူမသေဘူး။ ဒီနှစ်က လူသေတာ ပထမဦးဆုံးပဲ။ (၁၅) ယောက်ဝန်းကျင်လောက် သေတယ်။ ဒဏ်ရာရတဲ့
သူတွေများတယ်၊ အခု မိုးရာသီ စတာပဲရှိသေးတယ်။ နောက်ထပ် (၄) လလောက် မိုးတွေ ရွာနေမယ်ဆိုရင် အခုလိုမျိုး ရေကြီးမှုတွေ ပေါ်နေမှာပဲ၊ သေချာတယ်” ဟု ပြောသည်။

ရေကြီးရခြင်းအကြောင်းရင်းမှာ မိုးကုတ်မြို့ နေရာအနှံ့မှ စီးဆင်းသော ရေများ ရေနီချောင်းသို့
စီးဝင်ပြီး မြို့လယ်တည့်တည့်ကိုဖြတ်ကာ စီးဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ခံ ဦးနီတွတ်က “ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင် လုပ်ကွက် တွေက ကျောက်တူးတဲ့နေရာကနေ ဖြိုချလိုက်တဲ့ တောင်မြေတွေ ရေနဲ့တိုက်စားပြီးကမ်းပါးတွေ၊ ကျင်းထဲက ထုတ်ထားတဲ့ သဲမြေတွေဟာ ဒီချောင်းထဲကိုပဲ ရောက်လာကြတာ။ ပြီးတော့ မြေတူး စက်တွေကလည်း မြေတွေကို ရေနီချောင်းထဲကိုပဲ သွန်ချတယ်။ ဒါကြောင့် ဒေသခံတွေက ရေနီ ချောင်းကို ရေတွေ လျှံမတက်လာနိုင်အောင် အုတ်ရိုးစီကာထားတယ်။ ရေက မြင့်လာလိုက်၊ အုတ်ရိုးအကာ မြင့်လာလိုက်ပေါ့။ ရေနီချောင်းမှာ ရေတွေနဲ့အတူ ကျောက်ခဲတွေ အားလူးသီးကနေ ထောပတ်သီးအထိ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ကျောက်မျက်ဖက်စပ်လုပ်ငန်းများကြောင့် မိုးကုတ်မြို့၏ အနေအထားမှာ နှစ်စဉ်ရေကြီး ရေလျှံကာ မြေပြိုမှုများဖြစ်နေသည်ကို နအဖက မသိကျိုးကျွန်ပြုနေသည်ဟုလည်း ၎င်းက ပြောသည်။

“အစိုးရမသိတာဆိုလို့ ဘာမှမရှိဘူး၊ မသိသလိုနေတာ။ ဦးပိုင်ဆိုတာလည်း နအဖလုပ်ငန်းပဲ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်မယ်ဆိုပြီး ပညာပေး ပိုစတာတွေ၊ နံရံကပ်ကြော်ငြာတွေ ပလူပျံနေတယ်။ ဘာတခုမှ မလုပ်ဘူး။ တနှစ်ပြီးတနှစ် ဒီသဘာဝပတ်ဝန်းကျင် သတိပေး နှိုးဆော် စာတွေကို အသစ်ပြောင်းကပ်တယ်။ ဒါပေမယ့် ဒီကျောက်မျက်တူးတာကြောင့် ရေကြီးတဲ့ကိစ္စကို ဘယ်လိုမှ ခေါင်းထဲမထည့်ဘဲ မသိသလိုနေတာ” ဟု ဦးနီတွတ်က ပြောသည်။

မိုးကုတ်မြို့၏ အဓိကချောင်းဖြစ်သည့် ရေနီချောင်းထဲသို့ အမှိုက်များမပစ်ရန်၊ ကျောက်မျက်တူးဖော် သည့်အခါ အသုံးပြုထွက်လာသည့်ရေများကို ရေစစ်ကန်ပြုလုပ်ပြီး အနည်ထိုင်ပြီး ရေများကိုသာ ချောင်းတွင်းလွှတ်ရန်နှင့် ကျောက်မျက်တူးဖော်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ရှေ့တန်းမတင်ဘဲ မြို့နေပြည်သူများကို စာနာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

နအဖအနေဖြင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပေါ်နေခြင်းကို စိတ်ဝင်စားမှုမရှိကြောင်း၊ ယမန်နှစ်ကလည်း ရေကြီးခဲ့ကြောင်း၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ကျောက်မျက်တူးသူများအား နှိုးဆော်မှုများ မပြုလုပ်ခဲ့ကြောင်း၊ ထိုကျောက်မျက်သမားတို့၏ ပယောဂကြောင့် ယခုကဲ့သို့ ရေကြီးခြင်းဖြစ်ပြီး ၎င်းတို့မှာ နအဖလက်အောက်ခံ ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ။






နေပြည်တော်လျှပ်စစ်မီးအတွက် လူပေါင်း (၃,၅၀၀) ကျော် နေစရာမဲ့ဖြစ်မည်
ပီတာအောင်/ ၁၈ ဇွန် ၂၀၀၈
မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ယူမည့် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် လူပေါင်း (၃,၅၀၀) ကျော် အိုးအိမ်မဲ့ဖြစ်ကြရ မည်ဟု ကယန်းအမျိုးသမီးသမဂ္ဂက ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။

“ကယန်းမြေမှ အစိမ်းရောင်တစ္ဆေများ ရေနစ်မြုပ်ခြင်း” ဟု အမည်ပေးထားသည့် ထိုအစီရင်ခံစာ၌ စစ်အစိုးရသည် နေပြည်တော်အရှေ့ဘက် (၂၆) မိုင်အကွာတွင် တရုတ်ကုမ္ပဏီတခု၏ ရင်းနှီး မြှုပ်နှံမှုဖြင့် (၁၄၀) မီဂါဝပ်ထွက်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို တည် ဆောက်နေကြောင်း၊ ၂၀၀၉ ခု နှစ်ကုန်တွင် ထိုစီမံကိန်းပြီးစီးပါက ယင်းဒေသရှိ တောင်ယာ လုပ်ကိုင်သူ တိုင်းရင်းသားလူမျိုးစုများ နေရပ်စွန့်ထွက်ပြေးကြရမည်ဟု ဖော်ပြသည်။

ရေးလွှမ်းမိုးခံရမည့်နေရာများမှာ ပေါင်းလောင်းမြစ်ဝှမ်းဒေသရှိ ကျွဲကုန်း၊ ဟင်္သာကုန်း၊ သင်္ဘော ကုန်း၊ ကံလှ၊ သပြေကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း စသည့်ရွာပေါင်း (၁၂) ရွာ၊ အိမ်ခြေ (၇၀၀) ခန့် ဖြစ်ပြီး ကယန်း၊ ပဒေါင်၊ ရှမ်း၊ ပအိုဝ်းနှင့် ဗမာလူမျိုး စုစုပေါင်း (၃,၅၇၀) ခန့်တို့ ထိခိုက် နစ်နာ မည်ဟု သိရသည်။

ကယန်းအမျိုးသမီးသမဂ္ဂမှ မူးကယန်က “လွန်ခဲ့တဲ့နှစ် (၄၀) လောက်တုန်းက ရန်ကုန်ကို လျှပ်စစ် ထောက်ပံ့ပေးဖို့အတွက် ကျမတို့ ကယန်းပြည်သူတွေ၊ ကျမတို့အလေးအမြတ်ထားတဲ့ မြေတွေ ဆုံးရှုံးခဲ့ရတယ်။ ခုတခါ ကျမတို့ကိုးကွယ်တဲ့ သူရဲကောင်းဝိညာဉ်တွေ နေထိုင်တဲ့နေရာဟာ နေပြည်တော် လျှပ်စစ်ဓာတ်အားအတွက် ရေနစ်မြုပ်ကြရဦးမယ်” ဟု ပြောသည်။

စစ်အစိုးရသည် ၂၀၀၅ ခုက ယင်းဒေသ၌ပင် အောက်ပေါင်းလောင်းရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကာ နေပြည်တော်အတွက် အသုံးပြုခဲ့သည်။ ယခု လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရန် အထက်ပေါင်းလောင်း ဆည်ဆောက်လုပ်ခြင်းဖြစ်သည်။

အစီရင်ခံစာ ရေးသားရာတွင်ပါဝင်သည့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ရက်မှ အတွင်း ရေးမှူး ကိုအောင်ငဲ က “ဒေသခံတွေ အခုကတည်းက ဒုက္ခရောက်နေရတယ်။ ဆည်ဆောက် နေစဉ်မှာ လုံခြုံရေးအပြည့်အ၀ရအောင် စစ်တပ်တွေတိုးချလာတယ်။ ရွာသားတွေကို တောင်ယာ လွတ်လွတ်လပ်လပ် မပေးခုတ်တော့ဘူး။ ဆည်ပြီးရင် ရေကြီးလာမှာကို ရွာသားတွေကသိတော့ တချို့ ကယားပြည်နယ်ဘက်ကို ပြောင်းသွားကြကုန်ပြီ။ ဒီ ဆည်ကြောင့် အကျိုးရလဒ်အနေနဲ့ နေပြည်တော်အတွက်ကတော့ လျှပ်စစ်မီးရသွားမှာပေါ့။ လူထုအတွက် ဘာမှဂရုမစိုက်တဲ့ အစိုးရ အောက်မှာ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို ကြည့်ရင်တော့ အရမ်းရင်လေး မိတယ်” ဟု ပြောသည်။

ရေကာတာတည်ဆောက်မှုကြောင့် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အခြားညှဉ်းပန်းနှိပ်စက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ ယခင်ကလည်း ကယားပြည်နယ်အတွင်း မိုးဗြဲဆည် တည်ဆောက်မှု ကြောင့် ရွာ (၁၁၄) ရွာ ရေလွှမ်းမိုးပြီး လည်ပင်းရှည်ပဒေါင်များနှင့် ကယန်းလူမျိုးများ ထိုင်းနိုင်ငံ၌ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ကြရကြောင်း ကယန်းအမျိုးသမီးသမဂ္ဂက ပြောသည်။




ထိုင်းတွင် အဏုမြူစွမ်းအင်ထုတ်လုပ်ရန် လေ့လာမှုလုပ်မည်
Bangkok Post / ၁၈ ဇွန် ၂၀၀၈
ထိုင်းအစိုးရပိုင် လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (Egat) က နိုင်ငံအတွင်း၌ အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အခြေခံလေ့လာမှုလုပ်ငန်းများကို လာမည့်လတွင် စတင်မည်ဖြစ်သည်။

ယင်းလေ့လာမှုလုပ်ငန်းများ အပြည့်အ၀ပြီးစီးရန် (၂) နှစ်ကြာမည်ဖြစ်ကြောင်း The Electricity Generating Authority of Thailand (Egat) ၏ စွမ်းအင်စက်ရုံတည်ဆောက်ရေးဆိုင်ရာ တွဲဖက် အုပ်ချုပ်ရေးမှူး ဒေါက်တာ ကာမိုး တာကာဘတ်က အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ပါဝင်သည့် ယမန်နေ့၌ ပြုလုပ်သော အစည်းအဝေးတွင် ပြောသည်။

လေ့လာမှုကို ဦးစီးလုပ်ကိုင်ရန် အမေရိကန်နိုင်ငံမှ Black & Veatch Co နှင့် Burns & Roe၊ ဂျပန်မှ Newjec Inc နှင့် Japan Atomic Power Company၊ ဆွစ်ဇာလန်မှ AF Colenco Co တို့ကို ပဏာမ ရွေးချယ်မှုအဖြစ် လျာထား၍ အပြီးသတ်ရွေးချယ်မှုကို လာမည့်လတွင် ကြေညာမည်ဖြစ်သည်။

အဆိုပါလေ့လာမှု၌ စက်ရုံတည်ဆောက်ရန် သင့်လျော်သောနေရာများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေး၊ လုံခြုံမှုစံသတ်မှတ်ချက်၊ လူအရင်းအမြစ်၊ ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာအကြောင်းရင်းများ၊ စီမံကိန်းဘဏ္ဍာငွေဆိုင်ရာများ ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာကာမိုးက ပြောသည်။

ထိုင်းစွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ Egat က ၁၉၈၂ ခုမှစ၍ပြုလုပ်ခဲ့သည့် ယခင်လေ့လာမှု၌ စက်ရုံတည်ဆောက်ရန် သင့်လျော်သည့်နေရာ (၅၀) ကို စဉ်စားထားသော်လည်း ယခုအခါ (၁၀) နေရာသာ ပြင်ဆင်သတ်မှတ်ခဲ့သည်။ အဆိုပါ စာရင်းထဲမှ (၃) နေရာသာ ရွေးချယ်မည်ဖြစ်သော် လည်း မည်သည့်နေရာများဖြစ်သည်ကိုမူ ကြေညာခြင်းမရှိသေးပေ။

နိုင်ငံအတွင်း စွမ်းအင်အသုံးပြုမှုသည် နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်း သို့မဟုတ် မီဂါဝပ် (၁,၀၀၀ မှ ၂,၀၀၀) တိုးမြင့်လာနေသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ စွမ်းအင်အရင်းအမြစ်များကို ယခုကဲ့သို့ တိုးချဲ့လာရခြင်းဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်အတွင်း ကမ္ဘာ့လောင်စာဈေးနှုန်းများ အဆမတန်မြင့်တက်လာသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ သဘာဝဓာတ်ငွေ့နှင့် ရေနံအပေါ် အဓိကထား မှီခိုခဲ့ရသည့် ထိုင်းနိုင်ငံကို ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

“ထိုင်းနိုင်ငံဟာ ဇီဝဓာတ်ငွေ့လောင်စာ၊ သစ်ပင်ကထုတ်တဲ့လောင်စာ၊ လေရဟတ်သုံးစွမ်းအင်၊ နေရောင်ခြည်သုံးစွမ်းအင် စတဲ့ စွမ်းအင်ရနိုင်မယ့်နည်းအသစ်တွေ ရှာဖွေထုတ်လုပ်တာကို အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု စွမ်းအင်ဆိုင်ရာ ဒု-အမြဲတမ်းအတွင်းရေးမှူး နာခွန် စစ်ထီပွန်းက ပြောသည်။

လက်ရှိအကောင်အထည်ဖော်နေသော ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာများ တည် ဆောက်ရာတွင် သက်ရှိနှင့် သက်မဲ့ဆက်စပ်မှု ဂေဟစနစ်အား ထိခိုက်မှုရှိနိုင်သဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး ကျောက်မီးသွေးစွမ်းအင်စက်ရုံသည် ပတ်ဝန်းကျင်ထိခိုက်နိုင်ကြောင်း ထိုင်းနိုင်ငံမှ မူဝါဒရေးဆွဲသူများက ပြောသည်။

ယနေ့ ကမ္ဘာပေါ်တွင် အဏုမြူစွမ်းအင်ထုတ်လုပ်မှု၏ လုံခြုံရေးစံချိန် ကျဆင်းနေကြောင်း သတိပေး မှုများ ဖြစ်ပေါ်နေကြောင်းလည်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောသည်။

Greenpeace သဘာဝပတ်ဝန်းကျင်အဖွဲ့ကြီး၌ ပါဝင်လှုပ်ရှားနေသူ တာရာ ဘူရာခမ်စရီက “ဖင်လန် နိုင်ငံမှာဖြစ်ခဲ့တာက ဥပမာပဲလေ။ အဏုမြူစွမ်းအင်စက်ရုံဆောက်ပြီးလို့ (၂) နှစ်အတွင်းမှာပဲ အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်တွေ ပေါ်ပေါက်လာနိုင်တဲ့ နေရာ (၁,၅၀၀) တွေ့ရတယ်” ဟု ပြောသည်။

အဏုမြူစွမ်းအင်ထုတ်လုပ်မှုအစီအစဉ်မှ လျှပ်စစ်ပမာဏ (၄,၀၀၀) မီဂါဝပ်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၀ ခုနှင့် ၂၀၂၁ ခုတို့တွင် (၂,၀၀၀) မီဂါဝပ်စီ အသီးသီးထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ အဏုမြူစွမ်းအင်ထုတ်လုပ်မှု အပြည့်အ၀ လည်ပတ်နိုင်မည်ဆိုလျင် ထိုင်းနိုင်ငံ လျှပ်စစ် လိုအပ်မှု၏ (၁၀) ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ ။





မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်
18 June 2008
ဦးကျော်ကျော်သိန်း -
မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက လယ်သမား ၅၂,၀၀၀ ဟာ နိုင်ငံတကာရဲ့ အကူအညီတွေသာ မရခဲ့ရင် စပါးပြန်စိုက်နိုင်မှာ မဟုတ်ဘူးလို့ FAO ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလယ်သမားတွေကို ကူညီဖို့ ရေတို ရေရှည် စီမံကိန်းတွေအတွက် အကူအညီငွေ အမေရိကန်ဒေါ်လာ ၈၃ သန်းလိုအပ်နေတယ် လို့လည်းဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပါတယ်။

နာဂစ်မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ နိုင်ငံတကာကျွမ်းကျင်သူတွေ၊ FAO ကျွမ်းကျင်သူတွေနဲ့ မြန်မာ အစိုးရဘက်က ကျွမ်းကျင်သူတွေ သီးခြား လွတ်လွတ်လပ်လပ် တိုင်းတာစစ်ဆေးမှုကနေ တွေ့ရှိခဲ့တာတွေကို ဒီကနေ့ ဘန်ကောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ FAO တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့တာပါ။

ဆိုင်ကလုံးမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစားကုန်ဖြစ်တဲ့ ဆန်စပါးထုတ်လုပ်ရာ စပါးကျီဒေသကို မွှေနှောက်ခဲ့တဲ့အတွက် လယ်သမားတွေရဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ၊ စိုက်ပျိုးရေးကိရိယာတွေပျက်စီးပြီး လယ်ထွန်တဲ့ကျွဲနွားတွေလည်း သေဆုံး ခဲ့ရတယ်လို့ FAO အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြီးအကဲ ဟိရိုယုကိ ကိုနုမ (Hiroyuki Konuma) ကပြောပါတယ်။ ဒါ့ကြောင့်

"ပြည်ပက အထောက်အပံ့တွေမရှိရင် သူတို့တွေဟာ ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ကာလတာရှည် ခံစားကြရပါ လိမ့်မယ်။ ဒါ့အပြင် ပြည်ပကအကူအညီတွေပေါ်မှာ ကာလတာရှည် ဆက်ပြီးတော့ မှီခိုနေကြရပါလိမ့်မယ်။" လို့ ပြောပါတယ်။

ဒီအခြေအနေကနေ ပြန်လည် ရုန်းထနိုင်ရေး ကူညီဖို့အတွက် ရေတို ရေရှည် စီမံကိန်းတွေကို FAO က အစီရင်ခံစာပြုစုပြီး နိုင်ငံတကာ အလှူရှင်တွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဆီကို ပေးပို့ထားပါတယ်။ အဲဒီလို အစီရင်ခံစာ ပြုစုနိုင် အောင် လိုအပ်ချက်တွေကို တိုင်းတာ စစ်ဆေးတဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး သီတင်းသုံးပတ်ကြာ တိုင်းတာစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါ တယ်။ စစ်ဆေးမှုကနေ တွေ့ရှိတဲ့ အချက်အလက်တွေကနေ တဆင့် ရေတို ရေရှည် စီမံကိန်းတွေအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၃ သန်း လိုအပ်မယ်လို့ FAO ကဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို ဦးဆောင်ခဲ့သူ FAO ရဲ့ လိုအပ်ချက်တိုင်းတာစစ်ဆေးရေးအဖွဲ့က မစ္စတာ အယ်လ် ဘတ်တ် လိုင်းဘာ့ဂ် (Albert Lieberg) က

"အရေးပေါ်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းလိုအပ်မယ့်အကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျနော်တို့ အဆိုပြုတင်ပြထားပါတယ်။ ဒီထဲမှာ သီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်တောလုပ်ငန်း တွေအတွက် ပါဝင်ပါတယ်။ ၂၄ လအထိကာလရှိတဲ့ ရေရှည် ပြန်လည်ထူထောင်ရေးအတွက်တော့ စုစုပေါင်းရန်ပုံငွေ လိုအပ်ချက် ၅၁ သန်းရှိမယ်လို့ တင်ပြ ထားပါတယ်။" လို့ အယ်လ်ဘတ် လိုင်းဘာ့ဂ်က ပြောပါတယ်။

FAO အပါအ၀င် ကျွမ်းကျင်သူတွေ တိုင်းတာ စစ်ဆေးခဲ့တဲ့ မြို့နယ် ၁၁ မြို့နယ်မှာ လယ်မြေဧကပေါင်း ၁ ဒဿမ ၄ သန်းကျော် ဟာ ရေဖုံးလွှမ်းနေတာကို တွေ့ခဲ့ရတယ်လို့ အယ်လ်ဘတ်တ်က ပြောပါတယ်။ လယ်ယာစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ ကျွဲနွားတွေ စသည် ဆုံးရှုံးသွားရလို့ လယ်ပြန်စိုက်ဖို့ အခက်အခဲ တွေ့နေရတဲ့ စုစုပေါင်း လယ်သမား အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ပြောရာမှာ -

"ဒီမုတ်သုန်ရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်သမားအရေအတွက်ဟာ ၅၂,၀၀၀ ရှိပါတယ်။ သူတို့ကို ထောက်ပံ့ ကူညီ တာတွေ မလုပ်ဘူးဆိုရင်တော့ ၂၀၀၈ ခုနှစ် မုတ်သုန်စပါးစိုက်ရာသီမှာ စပါးစိုက်ပျိုးနိုင်ကြမှာမဟုတ်ပါဘူး။" လို့ အယ်လ်ဘတ်တ်က ပြော ပါတယ်။

ဒီလယ်သမားတွေ စပါးမစိုက်နိုင်တဲ့အတွက် လျော့ကျသွားမယ့်စပါးအထွက်နှုန်းဟာ စပါးမက်ထရစ်တန် သန်းဝက်၊ တန် ၅၀၀,၀၀၀၊ တနိုင်လုံး စပါးထုတ်လုပ်မှုရဲ့ ၂% ပဲရှိပါတယ်။ ဒါပေမယ့် ဒီ ၂% လောက်ကိုပဲ ကြည့်လို့မရဘူးလို့ အယ်လ်ဘတ်တ်က ဆိုပါတယ်။

"ဒီ ၂ ရာခိုင်နှုန်းက နည်းနည်းလေးပဲလို့ ထင်ရပေမယ့် ဒီရာခိုင်နှုန်းပေါ်မှာပဲ ကျနော်တို့ပြောမယ်ဆိုရင် အကြီးအကျယ်ကို မှားယွင်းပါလိမ့်မယ်။ အရေးကြီးတာကဘာလဲဆိုတော့ ဘေးဒုက္ခရောက်ကြမယ့် မိသားစုအရေအတွက်၊ အရေးပေါ် အကူအညီတွေ လိုအပ်တဲ့ မိသားစုအရေအတွက်ပါ။ ဒါဟာ တခုတည်းသော အဓိကကျ အရေးပါတဲ့အချက်ပါပဲ။" လို့ပြောပါတယ်။

မုန်တိုင်းကြောင့် လယ်ထွန်ရာမှာ အဓိကအရေးပါတဲ့ ကျွဲနွားကောင်ရေ ၁၂၀,၀၀၀ ကျော် ဆုံးပါးခဲ့ရပါတယ်။ သူတို့နေရာမှာ လယ်ထွန်စက်တွေကို အစားထိုး အသုံးပြုဖို့ တရုတ်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေက လယ်ထွန်စက်တွေ ပေးပို့ထားပေမယ့် အခက် အခဲတွေက ရှိနေပါတယ်။ ဒီလယ်ထွန်စက်တွေကို လယ်သမားတွေက ချက်ခြင်း အသုံးမပြုတတ်သလို အသုံးပြု တတ်ပြန်ရင် လည်း ဒီဇယ်လောင်စာဆီ လိုအပ်ချက်က ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာရှ-ပစိဖိတ်ဒေသ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန် ဒေါက်တာ နိုးလင်းန်း ဟေးဇာ (Noeleen Heyzer) က မြန်မာနိုင်ငံအတွက် ဒီဇယ်လောင်စာဆီ ဂါလန် တသန်း ကူညီကြဖို့ အထူးသဖြင့် အရှေ့တောင် အာရှဒေသ နိုင်ငံတွေကို အကူအညီတောင်းခံခဲ့ပါတယ်။

ဒါပေမယ့် FAO ရဲ့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်ကတော့ သူ့အနေနဲ့ ဒီလိုအပ်ချက်ကို သီးခြား အတည်မပြုနိုင်ကြောင်းနဲ့ ဒီ ဂါလန် တသန်းလုံးဟာ လယ်ယာစိုက်ပျိုးရေးအတွက် မဟုတ်ဘဲ တခြား လိုအပ်ချက်တွေ အတွက်လည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ထဲမှာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပြင် နောက်ကဏ္ဍတခုကတော့ ငါးဖမ်းလုပ်ငန်းပါ။ မုန်တိုင်း အတွင်း ငါးဖမ်းလုပ်ငန်းနဲ့ ဆက်စပ်သူပေါင်း ၃၀,၀၀၀ သေဆုံးခဲ့ဖွယ်ရှိကြောင်း FAO ကဆိုပေမယ့် အရေအတွက် အတိအကျက တော့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူးလို့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်က ပြောခဲ့ကြောင်းပါခင်ဗျား။





မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ
18 June 2008
ဒေါ်လှလှသန်း -
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ (Mr. Gambari) အနေနဲ့ မြန်မာနိုင်ငံကို နောက်လသွားရောက်ဖို့ မျှော်လင့်တယ်လို့ အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီးက ထုတ်ဖော်ပြောကြားသွားပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခံရသူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ မေလက နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်အတွင်း အီရတ်နိုင်ငံအရေးမှာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေလို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အသံတိတ်ခဲ့ပေမယ့် နောက်လကျ မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး မစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ရှေးရှုဆောင်ရွက်ပေးဖို့ မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂ လတာအတွင်း ဘယ်လိုခြေလှမ်းတွေ ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားလို့ မရနိုင်တဲ့အကြောင်း” မစ္စမွန်းတပ်စ်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေ ဦးစီးတဲ့ ဆန္ဒပြမှုကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့အပြီး မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခွင့် ရခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံအကျိုးကို ရှေးရှုပြီး မြန်မာစစ်အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ရည်ညွှန်းထားတဲ့ ကြေညာချက်ကို မစ္စတာဂမ်ဘာရီ ယူဆောင်ခဲ့ပါတယ်။

ဒီနှစ်အတွင်း စောစောပိုင်း ဧပြီလလယ်လောက်မှာ မြန်မာနိုင်ငံကို လာခွင့်ရရှိထားတဲ့ မစ္စတာဂမ်ဘာရီအနေနဲ့ မတ်လစောစောပိုင်းက လေးရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီခရီးစဉ်မတိုင်မီ ဗွီအိုအေမြန်မာပိုင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မျှော်မှန်းချက်ကို အခုလိုပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ဇွဲ၊ လုံ့လ မလျှော့ဘဲ ကြိုးစားသွားကြရမှာပါ။ အဓိကအချက်တွေကို မျက်ခြည်ပြတ် မခံဖို့ပါပဲ။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့၊ လူ့အခွင့်အရေးကို ရိုသေလေးစားတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ပါပဲ။ ဒါကို မြန်မာနိုင်ငံသားတွေက လိုလားကြသလို အိမ်နီးချင်းနိုင်ငံတွေကရော၊ အာဆီယံရော၊ နိုင်ငံတကာကရော လိုလားကြတာပါ။ ဒီလိုဖြစ်လာရေးအတွက်လည်း ကျနော်တို့ ဆက်ပြီး အားပေးလုပ်ဆောင်သွားမှာ ဖြစ်သလို မြန်မာစစ်အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မေလမှာ ကျင်းပပေးပြီး သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးဖော်ဆောင်မှုမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားအုပ်စုအားလုံး ပါဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောကြားမှုကလည်း သူ့ရဲ့ နောက်ဆုံးခရီးစဉ်အတွင်း ပေါက်မြောက်အောင်မြင်တဲ့ အရိပ်လက္ခဏာ မတွေ့ခဲ့ရဘူးလို့ မြန်မာအကဲခတ် ပုဂ္ဂိုလ်တွေက သုံးသပ်ခဲ့ကြပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး အသစ်ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအကြောင်းကို လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာတစောင် အခုလစောစောပိုင်းက တင်သွင်းခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားတဲ့အတိုင်း နိုင်ငံတကာက လက်ခံနိုင်တဲ့၊ ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ လိုအပ်တဲ့အတိုင်း သူနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာစစ်အစိုးရအတွက်လည်း အကျိုးရှိမှာမို့ မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုဖို့ မစ္စတာကင်တားနားက တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် နာဂစ်ဆိုင်ကလုံးမုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် မြန်မာစစ်ခေါင်းဆောင်ပိုင်းက အလုပ်ရှုပ်နေတာကြောင့် လာခွင့်ပြုနိုင်မယ်၊ မပြုနိုင်ဘူးဆိုတာကို ချက်ချင်း အဖြေမပေးနိုင်သေးဘူးလို့ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုစဉ်က ဖြေကြားသွားပါတယ်။

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ရှေ့တိုးလုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုများ ရှိနေတာကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ခွင့် စောင့်ဆိုင်းနေချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လ မြန်မာနိုင်ငံကိုသွားရောက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ရုတ်တရက် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်ထွန်းတိုးတက်မှုဟာ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် နိုင်ငံတကာရဲ့ အထောက်အကူတွေရရှိအောင် ကြိုးပမ်းပေးရာမှာ ကူညီခဲ့သူ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ သံတမန်ရေး ကြိုးပမ်းချက်တရပ်လို့ ရှုမြင်ပါတယ်။ မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာစစ်အစိုးရကို ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လမ်းပြမြေပုံကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့လည်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ အစီရင်ခံရာမှာ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။



မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇ၀တ် ပြစ်မှု ကျူးလွန်မှုရှိမရှိ အမေရိကန်အစိုးရ စိစစ်ပေးဖို့ တောင်းဆို
18 June 2008
ဒေါ်ခင်မျိုးသက်

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်ကယ်ရီ။
သန်းနဲ့ချီတဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသူတွေအတွက် နိုင်ငံရပ်ခြားက ကူညီမှုတွေကို မြန်မာစစ်ခေါင်းဆောင်တွေ ကန့်သတ်ပိတ်ပင်တာတွေဟာ နိုင်ငံတကာဥပဒေအရ လူသားချင်းစာနာမှု ရာဇ၀တ်မှုမြောက်မမြောက် တရားရေးထင်မြင်ချက်တရပ် နိုင်ငံခြားရေးဌာနက ပေးအပ်ဖို့ နိုင်ငံရေးသြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ (John Kerry) က တောင်းခံလိုက်ပါတယ်။ မစ္စတာကယ်ရီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleeza Rice) ဆီကို စာပေးပို့ တောင်းခံခဲ့တာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေအတွက် အလွန်စိတ်ပူပန်တယ်လို့လည်း ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၄ ခုနှစ်တုန်းက သမ္မတဘုရှ်နဲ့ယှဉ်ပြီး သမ္မတလောင်း ၀င်အရွေးခံခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီက ဇွန်လ ၁၇ ရက် နေ့စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့စာတစောင် ပေးပို့ခဲ့တာပါ။ မြန်မာစစ်အာဏာရှင်တွေက နိုင်ငံရပ်ခြားက ကူညီပံ့ပိုးမှုတွေ လက်ခံဖို့ ငြင်းပယ်တာမို့ ဒါဟာ မြန်မာလူထုကို ဆိုးဝါးလှတဲ့ဒုက္ခနဲ့ တွေ့ကြုံစေပြီး ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်စေတယ်၊ မြန်မာဒုက္ခသည် တသန်းအတွက် အသက်အန္တရာယ် ထပ်ပြီးမကြုံတွေ့စေဖို့ နိုင်ငံတကာက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကမ်းလှမ်းခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေက စနစ်တကျ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တာမို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု အကူအညီတွေ စစ်အစိုးရဘက်က ပေးခွင့်ပြုလာဖို့အတွက် တတ်နိုင်သမျှနည်းလမ်းနဲ့ ဖိအားပေးဖို့ စဉ်းစားသင့်ပါတယ်လို့လည်း မစ္စတာကယ်ရီက ပြောပါတယ်။

ဆိုင်ကလုံးဒဏ်ခံရပြီးနောက် အငတ်ဘေး၊ ရောဂါဘယဘေးနဲ့ ချို့တဲ့မှုဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်တာ အားလုံးအသိဖြစ်ပေမယ့် ကုလသမဂ္ဂ အဆိုအရ မုန်တိုင်းဒဏ်ခံရသူ ၂.၄ သန်းရှိတဲ့အထဲက တသန်းကျော်ဟာ မုန်တိုင်းဒဏ်ခံခဲ့တာ သီတင်း ၆ ပတ်ကျော်လာတဲ့တိုင် ကယ်ဆယ်ကူညီမှုတွေ မရကြသေးဘူးလို့ သိရတဲ့အတွက် ဒီဒုက္ခသည်တွေအတွက် ကူညီမှုတွေကို USAID ကူညီရေးအဖွဲ့က ထိထိရောက်ရောက် မပေးနိုင်အောင် တားဆီးပိတ်ဆို့မှုတွေလည်း အခုထိ ရှိနေတုန်းပဲလို့ စာထဲမှာ ရေးသားထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ကလည်း NGO အစိုးရမဟုတ်တဲ့ စေတနာရှင် ကူညီရေးအဖွဲ့တွေအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတာ သိပ်ကိုနှေးကွေးလွန်းတာမို့ သွားရောက်နိုင်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စမျိုးတွေဟာ လက်ခံနိုင်လောက်တဲ့ အနေအထားတွေ မဟုတ်တဲ့အပြင် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် (Robert Gates) ကလည်း ဒီစစ်အာဏာရှင်တွေဟာ သူ့ပြည်သူလူထုရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်ဘဲ ရာဇ၀တ်မှုသင့်တဲ့ လျစ်လျူရှုမှုတွေ လုပ်နေတာ ထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။

ရောမ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အက်ဥပဒေ အပိုဒ် ၇ မှာ လူထုအပေါ် တိုက်ရိုက် ထိခိုက်နစ်နာစေမှုရှိအောင် စနစ်တကျပဲလုပ်လုပ်၊ အများနစ်နာစေအောင် လုပ်တဲ့ထဲမှာ တစိတ်တပိုင်းပဲပါပါ၊ ဒီပြစ်မှုမျိုးကို လူသားချင်းစာနာမှုဆိုင်ရာ ရာဇ၀တ်မှုအဖြစ်နဲ့ သတ်မှတ်ထားတာမို့ အခု မြန်မာနိုင်ငံတွင်းက နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေအတွက် မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရားရေးရှုထောင့်ကနေ ဘယ်လိုရှုမြင်တယ်ဆိုတဲ့အပေါ် တရားရေးထင်မြင်ချက်ကို တောင်းခံထားတာပါ။

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီက နိုင်ငံခြားရေးဝန်ကြီး မစ္စရိုက်စ်ဆီပို့တဲ့စာကို နိုင်ငံခြားရေးဝန်ကြီးဌာန တရားရေးအကြံပေး
ဂျွန်ပီ ဘလင်ကာဆီကိုပါ မိတ္တူတွဲပို့ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံကို လုယက်ဖျက်ဆီးနေကြခြင်း
ရှောင် တာနဲ | ဇွန် ၁၈၊ ၂၀၀၈
တချိန်က အရှေ့တောင်အာရှဒေသတွင် အကြွယ်ဝဆုံးနိုင်ငံတခုဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဆင်းရဲတွင်း နက်နေရပြီ ဖြစ်သည်။ စစ်တပ် အုပ်ချုပ်ရေးစနစ်၏ အောက်တွင် မှားယွင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုများကို နှစ် ၅၀ ကျော် ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံ၏ စီးပွားရေးစနစ်လည်း ပျက်သုဉ်းခဲ့ရသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မှာမူ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်း စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးသူ တဦးအဖြစ် ထင်ရှားပေါ်ထွက်ခဲ့ပြန် သည်။ ပင်လယ်ကမ်းလွန်ရှိ ပြန်လည်မဖြည့်ဆီးနိုင်သော အရင်းအမြစ် ဓါတ်ငွေ့သိုက်များကို ကျေးဇူးတင်ရပေတော့မည်။ ဤဓါတ်ငွေ့များရောင်းချရာမှ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေကြေး အများအပြား ၀င်လာနေခဲ့ပြီ။ ယခုအခါ ဤ၀င်ငွေ အများစု (ဈေးနှုန်းအတက်အကျပေါ် မူတည်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၁. ၅ ဘီလီယံခန့် တန်ဖိုး) ကို ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ရောင်းချခြင်းဖြင့် ရရှိနေပြီ ဖြစ်သည်။ မုတ္တမပင်လယ်ကွေ့ ကမ်းလွန်ပင်လယ်ပြင်မှ ပိုက်လိုင်းဖြင့် သွယ်တန်းရောင်းချနေသည့် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့များဖြင့် ဘန်ကောက်မြို့၏ ၂၀% ကို လျှပ်စစ်ဓါတ်အားပေးနေနိုင်ခြင်း ဖြစ်သည်။

မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့သည့် ဘင်္ဂလားပင်လယ်အော်ရှိ ဓါတ်ငွေ့သိုက်များသာ အခြေအနေကောင်းပါက၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ်သို့လည်း ဓါတ်ငွေ့များ တင်ပို့နိုင်တော့မည် ဖြစ်သည်။ ယူနန်ပြည်နယ်အတွင်းရောက်အောင် ပို၍ ရှည် လျားသည့် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လိုအပ်ပြီး၊ မြန်မာနိုင်ငံ တလျားဖြတ်သွားမည့် ဓါတ်ငွေ့ပိုက်လိုင်းကို တည် ဆောက်ရလိမ့်မည် ဖြစ်သည်။ ဤဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးမှာ ခက်ခဲဖွယ်ရှိပြီး၊ အချင်းများဖွယ်လည်း ရှိနေပါ သည်။ မည်သို့သော သဘာဝပတ်ဝန်းကျင် စံသတ်မှတ်ချက်များ၊ လုပ်အား စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဖြစ်စေ-မကိုက်ညီသည်ဖြစ်စေ ဤပိုက်လိုင်းကိစ္စကို ရှေ့ဆက်ကြမည် ဖြစ်သောကြောင့်ပင်။

ဤသို့ စွမ်းအင်လောင်စာကြွယ်ဝမှုကို ကြည့်ပါက မြန်မာနိုင်ငံ အစိုးရအဖို့ ၀င်ငွေတိုးတော့မည်ဟု ခန့်မှန်းတွက်ချက်ကြ ဖွယ် ရှိပါသည်။ ပိုလျှံလာသည့် ၀င်ငွေများကို ကျန်းမာရေး၊ ပညာရေးနှင့် အထူးလိုအပ်ချက်ရှိနေသည့် နိုင်ငံ၏ ကဏ္ဍအများ အပြားအတွက် သုံးစွဲနိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားကြဖွယ် ရှိပါသည်။ မဟုတ်ရပါ။ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့များ ရောင်းချမှုမှ ၀င်ငွေတပြားတကျပ်မှ နိုင်ငံ့ဘဏ္ဍာအတွင်းသို့ ၀င်မလာကြပါ။ စစ်အစိုးရက ပါးနပ်ကောက်ကျစ်စွာ ဖန်တီး ထားသည့် နေရာဌာနများသို့သာ ရောက်သွားကြပါသည်။

ဤသို့နေရာဌာနများမှာ ဖန်တီးရန် လွယ်ကူလွန်းလှပါသည်။ အာဏာရှင်များက အုပ်ချုပ်ထားကြသည့် နိုင်ငံအများအပြား ကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေကြေး ဖလှယ်မှု စနစ် ၂ မျိုးရှိနေပါသည်။ တရားဝင် ငွေလဲနှုန်းဖြင့် မြန်မာကျပ် ငွေကို ချိတ်ဆက်ထားပြီး၊ အမေရိကန် ၁ ဒေါ်လာကို ၆ ကျပ် ဖြင့် ဈေးသင့်ပါသည်။ ပြင်ပမှောင်ခို ဈေးကွက်ရှိ ပေါက်ဈေးမှာ ၀ယ်လိုအား၊ ရောင်းလိုအားအပေါ် မူတည်၍ ကျပ်ငွေ၏ တန်ဖိုးကို သတ်မှတ်နိုင်ပါ သည်။ မြန်မာကျပ်ငွေကို ပြင်ပဈေးကွက် တွင် ရောင်းဝယ်ခြင်းသည် ပုံမှန်အားဖြင့် တရားမ၀င် ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရနှင့် ဆက်စပ်ပတ်သက်မှု မရှိသူ များအဖို့ ဤနည်းသည်သာ နိုင်ငံခြားငွေကြေးရရှိနိုင်ရန် ဆောင်ရွက်ကြရသည့် တခုတည်းသော နည်းဖြစ်ပါသည်။

တရားဝင်မဟုတ်သည့် ပြင်ပပေါက်ဈေးအရ ကျပ်ငွေ၏ တန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁,၀၀၀ ကျပ်ခန့် ဈေးပေါက် နေပါသည်။ ဤသို့ ငွေလဲလှယ်မှု စနစ် ၂-မျိုးနောက်ကွယ်တွင် မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ ရောင်းချမှုမှ ရရှိသည့် ၀င်ငွေကို ဖုံးကွယ်ထားရန် များစွာလွယ်ကူစေပါသည်။ သဘာဝဓါတ်ငွေ့ရောင်းချမှုမှ ရငွေကို တရားဝင်ငွေလဲနှုန်းဖြင့် မှတ်တမ်းတင်ပြီး၊ ဤငွေများ၏ အမှန်တကယ်တန်ဖိုးရှိရမည့် ပမာဏထက် အဆ ၂၀၀ ခန့် လျှော့နည်း၍ စာရင်းဝင်သွား ပါသည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ ၂၀၀၆-၀၇ ခုနှစ်အတွက် ဓါတ်ငွေ့ရောင်းချမှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁. ၂ ဘီလီယံ မှာ အစိုးရဘဏ္ဍာအတွင်းသို့ ကျပ်ငွေအားဖြင့် ၇. ၂ ဘီလီယံသာ စာရင်းဝင်သွားပါတော့သည်။ ဤပမာဏမှာ စစ်အစိုးရ၏ တရားဝင် အသုံးစားရိတ်၏ ၁% ထက်ပင် နည်းနေပါသေးသည်။ အကယ်၍ ပြင်ပပေါက်ဈေး ငွေလဲနှုန်းအတိုင်း စာရင်း သွင်းခဲ့လျှင်မူ ၀င်ငွေအားဖြင့် ၁. ၂ ထရီလီယံကျပ် စာရင်းပေါက်ရမည် ဖြစ်ပါသည်။ ဤပမာဏသည် မြန်မာအစိုးရ၏ ဘတ်ဂျက်လိုငွေပြနေမှုကို အဆုံးသတ်ပေးရန် လုံလောက်သည့် ပမာဏ ဖြစ်ပါသည်။ ထို့အပြင် စစ်အစိုးရက ဘတ်ဂျက်လို ငွေပြနေမှုကို ဖြေရှင်းနိုင်ရန် အားထားသုံးစွဲနေသည့်၊ အကျိုးဆုတ်ယုတ်စေပြီး ငွေကြေးဖောင်းပွမှု ဖြစ်စေသော ပိုက်ဆံရိုက် ထုတ်သုံးစွဲနေရမှုကိုလည်း ရပ်ဆိုင်းသွားစေမည် ဖြစ်ပါသည်။

ဤသို့ အစိုးရဘဏ္ဍာတွင်းသို့ အ၀င်မပြဘဲ ခိုးဝှက်ထားသည့် ငွေကြေးပိုက်ဆံများကို မြန်မာဗိုလ်ချုပ်များက မည်သည့်နေရာ များတွင် သိုမှီးထားကြပါသနည်း။ မေးစရာ ရှိလာပါသည်။ မြန်မာဗိုလ်ချုပ်များကသာ သိနိုင်ကြပါလိမ့်မည်။ မည်သူမျှ သိနိုင် ဖွယ် အကြောင်း မရှိပါ။ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဘဏ် ငွေတိုက်အတွင်း စတင်စစ်ဆေးကြည့်နိုင်လျှင်တော့ ကောင်းပါလိမ့်မည်။ သို့သော်လည်း ဤသို့ မရိုးမသားကိစ္စများကို လုပ်ကိုင်ပေးနေကြသည့် ဘဏ်များလည်း ပြည်ပတွင် အမြောက်အများ ရှိနေကြပါသေးသည်။

မြန်မာနိုင်ငံ၏ ခိုးဝှက်ထားသည့် ကြွယ်ဝမှုများကို မည်သည့်နေရာတွင် ထားသိုထားသည်ဖြစ်စေ၊ ဤစုဆောင်းထားသည့် ငွေကြေးများကို စစ်ခေါင်းဆောင်များက ၎င်းတို့အလိုကျ သုံးစွဲနေနိုင်စရာ ဖြစ်လာပါသည်။ အဏုမြူဓါတ်ပေါင်းဖို၊ မြို့တော် သစ်၊ စစ်တပ်အတွက် လခတိုးပေးခြင်း စသဖြင့် စိတ်ကူးပေါက်ရာ သုံးနိုင်ရန် ဖြစ်လာပါသည်။ ဤမျှသာမက အခြားစာရင်း တို့ထားသည့် ကိစ္စ အများအပြား ရှိနေနိုင်ပါသေးသည်။ ဤအကျိုးရလဒ်များ၊ ဤကြွယ်ဝမှုများမှ ခံစားခွင့် မရရှိကြသည်မှာ မြန်မာနိုင်ငံ၏ အများစုသော လူထုကြီးသာ ဖြစ်ပါတော့သည်။ ဤပြည်သူများသည်သာ အမှန်တကယ် ပိုင်ဆိုင်ခံစား ထိုက်ကြသူများ ဖြစ်ပြီး၊ ဤအကျိုးရလဒ်များမှာ သူတို့၏ ဆင်းရဲမွဲတေမှုနှင့် လိုအပ်နေမှုများကို အဆုံးသတ်စေနိုင်မည့် နိုင်ငံ၏ ကြွယ်ဝမှုဓနများလည်း ဖြစ်ပါတော့သည်။

ရှောင်တာနဲ သည် သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ မက်ကွိုင်းယားတက္ကသိုလ်မှ စီးပွားရေးပါမောက္ခတဦး ဖြစ်ပါသည်။ သူ ရေးသားသည့် The rape of Burma: where did the wealth go? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါ

စပါးကျီကို ပြန်လည်တည်ဆောက်ခြင်း
ဝီလီယံ ဘွတ် | ဇွန် ၁၈၊ ၂၀၀၈

တချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ထွက်သည့် ဆန်စပါးများဖြင့် မြန်မာနိုင်ငံက ဆန်အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း နာဂစ်ဆိုက်ကလုန်းဒဏ် ခံရပြီးသည့် အချိန်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံကိုယ်၌က နိုင်ငံ တကာ ရိက္ခာအကူအညီများဖြင့် အသက်ဆက်ရတော့မည်ဟု အချို့သောပညာရှင်များက သတိပေးပြောဆိုနေကြသည်။

စစ်အစိုးရနှင့် အကျိုးသင့်မြတ်နေသူ ပုဂ္ဂလိကကုမ္ပဏီများက ဆိုက်ကလုန်းနာဂစ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တည်ဆောက်ရေးလုပ်ငန်းများတွင် တထောင့်တကဏ္ဍ၌ ပါဝင်အကျိုးခံစားခွင့် ရရန် လုံးပမ်းဆောင် ရွက်နေချိန်တွင် ထောင်သောင်းနှင့်ချီသည့် မုန်တိုင်းဒုက္ခသည်များမှာ ထမင်းတဇလုံရရှိရေး အတွက်၊ တနည်း တနေ့ဝမ်းစာ ပြည့်နိုင်ရေးအတွက် အလူးအလဲ ရုန်းကန်ကြိုးပမ်းနေကြရပါသည်။

တချိန်က အာရှတိုက်၏ "စပါးကျီ" ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းတွင် နေထိုင်ကြသူများအဖို့ ယခုအခါတွင် ခမာနီ အာဏာရှင် အုပ်ချုပ်ရေးပြီးနောက်ပိုင်း ကမ္ဘောဒီးယားနှင့် အလားတူ အခြေအနေမျိုး ကြုံတွေ့ခံစားရ ဖွယ်ရှိနေသည်၊ နိုင်ငံတကာ ပေးစာကမ်းစာကို မှီခို၍ အသက်ဆက်ကြရဖွယ်ရှိနေသည်ဟု အချို့ကျွမ်းကျင်သူ ပညာရှင်များ က သတိပေးပြောဆို နေကြပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရမှုသည် စပါးထုတ်လုပ်နိုင်မှု၊ အခြား စီးပွားဖြစ် ထုတ်လုပ် နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေမှ ရိုက်လှဲလိုက်ခြင်းဖြစ်သည်၊ ဤဆိုးကျိုးဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ဆက်လက်တွေ့ကြုံခံစားရဖွယ် ရှိနေသည်ဟု ယခုအခါ ကျွမ်းကျင်သူ ပညာရှင် အများအပြားက သိမြင် သဘောတူလာ နေကြပြီ ဖြစ်သည်။

ဒီရေ၀င်၍ ဆားငံရေများ သက်ရောက်ခဲ့ရသည့် မြစ်ဝကျွန်းပေါ်ဒေသ၏ လယ်ကွင်းများတွင် များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါ သည်။ မြေများ ပျက်စီးခဲ့ကြရသလို၊ သိုလှောင်ထားသည့် ဆန်နှင့် မျိုးစပါးများလည်း ပျက်စီးခဲ့ရသည်။ ထိုမျှမက အခြား ကျွဲနွား၊ တိရိစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရပါသည်။

စစ်အစိုးရက ပြန်လည်တည်ဆောက်ရေး စီမံကိန်းများအတွက် နီးစပ်ရာ စီးပွားရေးကုမ္ပဏီများကို လုပ်ငန်းကန်ထရိုက်များ ချပေးခဲ့ရာတွင် အေးရှားဝေါကုမ္ပဏီ၊ ထူးထရိတ်ဒင်း ကုမ္ပဏီ စသဖြင့် လက်သင့်ရာ စားတော်ခေါ်ချပေးခဲ့ကြသည်။ သို့ဖြစ် ရာ မြန်မာအစိုးရ၏ ထောက်ပံ့ငွေများအနေဖြင့် သာမန်လယ်သမားများထံ မည်သည့်အချိန်တွင် ရောက်ရှိလာ ပါ့မည်နည်းဟု နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့များက တွေးဆစဉ်းစား၍ နေရပါသည်။ အကြောင်းမှာ လယ် ကွက်များကို မှီခို၍ လယ်သမားတောင်သူများစွာ ဘ၀ရှင်သန်နေကြရသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းဖော်ပြခဲ့ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်ယာမြေများ ပြန်လည် ထူထောင်ရေး လုပ်ငန်းတခုတည်းကပင်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၄၀ ခန့် ကုန်ကျဖွယ်ရှိနေကြောင်း၊ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြန်လည်ဖော်ပြခဲ့ပါသည်။ မြန်မာအာဏာပိုင်များက ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်း ဒေါ်လာငွေ ၁၁ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ဖော်ပြနေကြပါ သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်တွင် လယ်ယာကဏ္ဍက ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ဖြည့်ဆီးထားမှု ရှိပြီး၊ ဤပမာဏ၏ သုံးပုံ နှစ်ပုံမှာ ယခုပျက်စီးသွားသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်ဟု သြစတြေးလျနိုင်ငံ၊ မက္ကိုင်းယားတက္ကသိုလ်မှ ပါမောက္ခ ရှောင်တာနဲ (Sean Turnell) က ဆိုပါသည်။

" မုန်တိုင်းမတိုက်မီ အခြေအနေတုန်းကတောင် လယ်သမားတွေက အရေးကြီးတဲ့ လယ်ယာကိစ္စ ထောက်ပံ့ဖြည့်ဆီးမှုတွေ မရကြဖူး။ ဥပမာ ဓါတ်မြေသြဇာလိုမျိုးပေါ့ " ရှောင်တာနဲက ပြောပါသည်။ " မြန်မာလယ်သမားတောင်သူ ၉၀ ရာခိုင်နှုန်း လောက်က ငွေကြေး အရင်းတွေ ချေးယူလို့ မရနိုင်ကြဘူး။ ဒါကြောင့် ရပ်တည်ရှင်သန်ရုံကလွဲလို့ တိုးလုပ်နိုင်ဖို့အတွက် အရင်းအမြစ်တွေ ရှိမနေကြဘူး။ အခု ပြန်လည်တည်ဆောက်ရေးကိစ္စတွေအတွက် ရနိုင်မယ့်နည်းလမ်းတွေဆိုရင် ပြော မနေပါနဲ့တော့၊ ပိုဆိုးတော့တာပေါ့" သူက ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအကြောင်းကို အနီးကပ်လေ့လာနေသူနှင့် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်ရေး စာစောင် (Burma Economic Watch bulletin) ထုတ်ဝေနေသူ ရှောင်တာနဲက သဘာဝဓါတ်ငွေ့ရောင်းရငွေမှနေ၍ စစ်အစိုးရက နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ခန့် ရရှိနေသည်ဟု ခန့်မှန်းပါသည်။

ရေတိုအနေဖြင့် ကုလသမဂ္ဂ၊ နိုင်ငံရပ်ခြား အစိုးရများနှင့် အကူအညီပေးရေး အဖွဲ့အစည်းများက အစားအစာနှင့် အခြား လိုအပ်သည့် အထောက်အပံ့များပေးရန် အနည်းဆုံး ၆ လ တိုင် ကူညီရန် အသင့်ရှိနေကြပါသည်။ ထိုမျှမက ရပ်တည်ရေး အခြေအနေ မသေမချာဖြစ်နေကြသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများကို နှစ်အချို့တိုင်လည်း ဆက်လက် ကူညီထားနိုင်ကြပါသည်။

အချို့လေ့လာသူများက ကမ္ဘောဒီးယားနိုင်ငံ အခြေအနေနှင့် ချိန်ထိုးစဉ်းစားကြည့်နေကြပါသည်။ ခမာနီအာဏာရှင် အုပ်ချုပ် မှုအောက်မှ လွတ်မြောက်လာနိုင်ကြသည့် လူထုများသည် ယနေ့တိုင် ကျိုးကြေ၊ ဆင်းရဲမွဲတေနေကြသေးပြီး၊ နိုင်ငံ တကာ အကူအညီများအပေါ်တွင်လည်း အားထားမှီခို၍ ရပ်တည်နေကြရဆဲ ဖြစ်ပါသည်။

သိုသော်လည်း ကွဲလွဲချက်မှာ ဖနွမ်းပင်အစိုးရက အကူအညီများကို လိုလိုလားလား ကြိုဆိုနေခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ကမူ နိုင်ငံတကာအကူအညီများထံမှ မာနတခွဲသားနှင့် ရွေးချယ်ကောက်ယူ လက်ခံနေခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဆန်စပါးဖူလုံသည်ဟု ပြော၍ရနိုင်ရုံမျှမက၊ ဒုတိယကမ္ဘာစစ်ကြိုကာလက တင်ပို့နိုင်သည်ထက် ပမာဏနည်းသော်လည်း ဆန်တင်ပို့သည့် နိုင်ငံတခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ဤသို့ဆန်တင်ပို့ နိုင်မှု ကျဆင်းလာခဲ့ရခြင်းမှာလည်း အဆက်ဆက်သောအစိုးရများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဆန်ထွက်ကျလာရခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း မတိုင်မီတွင် မြန်မာနိုင်ငံက ဆန်တင်ပို့ရောင်းချရန် တန်ချိန် ၆၀၀,၀၀၀ စာချုပ် ချုပ်ဆိုထားခဲ့ပါသည်။ ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သိုလှောင်ထားသည့်ဆန် မည်မျှကျန်သေးသည်၊ မည်မျှ စိုက်ပျိုးရန် ရှိနေသေး သည်ကိုမူ ကျန်လေ့လာသူများက အတိအကျ မသိရှိနိုင်ကြပါ။

"ဒီအကျိုးဆက်ကတော့ ရေတိုရော၊ ရေရှည်အတွက်ပါ ထိခိုက်ခံစားကြရဖို့ ရှိတယ်" ဟု စီးပွားရေး ပညာရှင် ရှောင်တာနဲက ပြောပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးခဲ့ရမှုသည် စီးပွားရေး ပြဿနာ သက်သက်မျှသာ မဟုတ်ပါ။ မိသားစု ထောင်သောင်းချီ၍ အိုးအိမ်များ၊ ကျန်းမာရေးစနစ်များ၊ အခြေခံ လိုအပ်ချက်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြရပါ သည်။ လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်ခြင်း မပြုမီ ဤကိစ္စများကိုလည်း ဖြည့်ဆီးကြရဦးမည် ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့က အတည်ပြုပြောကြားကြရာ တွင် မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများ၏ အနာဂတ်အတွက် စိုးရိမ်မှုရှိနေကြကြောင်း ဖော်ပြကြပါသည်။

"ရေတိုကာလမှာတော့ လက်ရှိစိုက်ခင်းတွေ၊ သီးနှံတွေ ဘယ်လောက်ပျက်စီး ဆုံးရှုံးရတယ်ဆိုတာ ကျနော်တို့ မြင်သာပါ တယ်။ ဒါပေမယ့်လည်း ပြောနိုင်တာက နောက်ထပ် စိုက်ရာသီ ၂ ခုလောက်အထိလည်း အကြီးအကျယ် ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒီကာလအတွင်းမှာ ဒီဒေသကနေပြီးတော့ ထွက်ကုန်လုံးဝ မရှိဘဲ ဖြစ်နေနိုင်တဲ့ အနေအထားပါ" ရှောင် တာနဲက ပြောသည်။ "ဒါကြောင့် လာမယ့် နှစ်တွေအတွင်းမှာ အစားအစာပြတ်လပ်တာတွေ၊ ဆန်ပြတ်လပ်တာတွေ ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားနိုင်တယ်" ဟု ထပ်မံဖြည့်စွက် ပြောဆိုခဲ့သေးသည်။

" စီးပွားရေးမှာ ထိခိုက်ရမှုတွေကတော့ အများကြီးအကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ တချိန်တည်းမှာ ကမ္ဘာ့ဆန်ဈေးနှုန်းက လည်း ခေါင်ခိုက်အောင် တက်နေတယ်၊ အခြားနိုင်ငံတွေကလည်း ဆန်တင်ပို့မှုကို ကန့်သတ်နေကြတော့ ပိုလို့ဆိုးဖွယ်မြင် ထားတယ်" သူက ဆက်ပြောသည်။

မြန်မာအပါအ၀င်ဖြစ်သည့် အရှေ့တောင်အာရှ ၁၀ နိုင်ငံစုဖွဲ့ထားသည့် အာဆီယံအဖွဲ့က မေလနောက်ပိုင်းတွင် စစ်အစိုးရနှင့် အစားအစာနှင့် အခြားအထောက်အပံ့များ အကြီးအကျယ် လှူဒါန်းပေးအပ်နိုင်သည့် အနောက်နိုင်ငံများ၊ အကူအညီပေး ရေး အခြားအဖွဲ့အစည်းများအကြားတွင် ကြားဝင် ဆောင်ရွက်ပေးနိုင်ရန် တိုးတက်လုပ်ဆောင်လာခဲ့ပါသည်။

စစ်အစိုးရက အနောက်နိုင်ငံမှ ကယ်ဆယ်ရေးလုပ်သားများကို လက်ခံရန် ငြင်းဆန်ခဲ့ပြီးနောက်၊ စစ်ဗိုလ်ချုပ်များက အာဆီ ယံ အဖွဲ့ဝင်နိုင်ငံများကိုတော့ အကူအညီများပေးအပ်ရေး လုပ်ငန်းစဉ်ကိစ္စကို တာဝန်လွှဲ ခွင့်ပြုခဲ့ပါသည်။ သဘောမှာ ၎င်း တို့က ကြားခံအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ အနောက်နိုင်ငံများနှင့် တိုက်ရိုက်ဆက်ဆံရေးကို ပိတ်ဆို့ထားမည် ဖြစ်သည်။

"အာဆီယံအဖွဲ့က အလုပ်အဖွဲ့ (Task force) ဖွဲ့ပြီး ဒီကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်မယ်လို့ အကြံပြုတာကအစ စိုးရိမ် စရာ ဖြစ်နေတယ်" အရှေ့တောင်အာရှ နိုင်ငံများရေးရာကို သုံးသပ်နေသည့် ဘန်ကောက်ရှိ ဥရောပသမဂ္ဂ သံရုံး တခုမှ အကဲဖြတ်ပညာရှင် တဦးက ဆိုပါသည်။ သူက ဤကိစ္စအပေါ် နိုင်ငံရေးအရ အကဲဆတ်သည့်အတွက်ကြောင့် နာမည် မဖော်ပြရန် မေတ္တာရပ်ခံခဲ့သည်။

"မျှော်လင့်ရတာကတော့ သူတို့တွေက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ပါပဲ။ အာဆီယံအဖွဲ့အနေနဲ့ သမိုင်းရှိတယ်။ လုပ်ငန်းအဖွဲ့ (Task force) တွေ ဖွဲ့လိုက်တာ ခမ်းနားတဲ့ ထုတ်ပြန်ကြေညာချက်တွေလောက်ပဲ ကျန်ပြီး ဘာမှ အကောင်အထည် ဖြစ်ဖြစ်မြောက်မြောက် မဖြစ်လာတာ အများကြီးပဲ" ၎င်းပညာရှင်က ဆိုပါသည်။

ခမာနီအုပ်ချုပ်ရေးပြီး နောက်ပိုင်း ကမ္ဘောဒီးယားနှင့် မြန်မာအကြား တူသယောင်ယောင်ရှိသော်လည်း အခြားကွဲလွဲချက် တခုလည်း ရှိနေပါသေးသည်။ ကမ္ဘောဒီးယားနိုင်ငံက အလယ်ခေတ် စမ်းသပ်မှုဆန်ဆန် အံ့သြနဘန်း စိုက်ပျိုးရေး လုပ်ငန်း များဖြင့် ကမ္ဘောဒီးယားကို ထူထောင်ရန် ပိုပေါ့နှင့် ၎င်း၏ဂိုဏ်းသားများက ကြိုးပမ်းကြရင်း၊ တိုင်းပြည်လည်း ဘဏ္ဍာရေးအရ မွဲပြာကျခဲ့ရသည်။ သို့သော်လည်း မြန်မာစစ်အစိုးရကမူ သဘာဝဓါတ်ငွေ့ရောင်းရငွေများဖြင့် လစဉ် အနည်းဆုံး အမေရိ ကန် ဒေါ်လာ သန်း ၁၀၀ ခန့် ငွေဝင်နေသည်ဟု ရှောင်တာနဲက ပြောပါသည်။

သို့သော်လည်း မေးရန်ရှိသည်မှာ ဤဘဏ္ဍာဝင်ငွေမှနေ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ဒုက္ခ သည် ပြည်သူများနှင့် ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများထံ မည်မျှ သွားမည်နည်း၊ သိပ်အရေးမပါလှသည့် အစိုးရ ယန္တယား ဌာနများကို ပြန်လည်တည်ဆောက်ရန် ကန်ထရိုက်ချပေးလိုက်သည့် စစ်အစိုးရ၏ လက်ဝေခံ ပြည်တွင်းစီးပွား ရေး ကုမ္ပဏီများထံ မည်မျှ ရောက်သွားမည်နည်း ဟူသည့် မေးခွန်းက ပို၍ အခရာကျနေပါတော့သည်။



အောင်သက်ဝိုင်း | ဇွန် ၁၈၊ ၂၀၀၈
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မိုးကောင်းလမ်းထိပ်မှာရှိတဲ့ ရတနာ ပုဂ္ဂလိကလိုင်စင်ရ ငွေချေးလုပ်ငန်းဆိုပြီး ဆိုင်းဘုတ်တပ်ထား တဲ့ တိုက်ခန်းအတွင်းကို အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ အထက်တန်း ကျောင်းတံဆိပ်ပါ အင်္ကျီနဲ့ အစိမ်း ရောင်မရှိတော့ဘဲ မွဲခြောက်ခြောက် လုံချည်စိမ်းကို ၀တ်ဆင်ထားတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတဦး ၀င်လာပါတယ်။

(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် သူမရဲ့မျက်နှာလေးက အရွယ်နဲ့မလိုက်အောင် အိုစာညှိုးနွမ်းလွန်းလှတယ်။ သူမ ကိုယ်ခန္ဓာက ကြုံလှီသေးကွေးလွန်းလှပြီး နီကျင်ကျင်အသားရေနဲ့ ခြေထောက်တွေမှာ ရွှံဗွက်အလိမ်းလိမ်းနဲ့ ပေကျံ ညစ်ပတ်နေပါတယ်။

တိုက်ခန်းထဲ ရောက်တယ်ဆိုရင်ပဲ အပ်ချည်ချူပ် အဖာရာတွေပြည့်နေတဲ့ သူမရဲ့ ခပ်စုတ်စုတ်လွယ်အိတ်လေး ထဲက သေသေသပ်သပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ်ကို ဆွဲထုတ်ပြီးအပေါင်ဆိုင်ပိုင်ရှင်ရဲ့လက်ထဲကို အပ် လိုက်တယ်။ သူမဟာ အထုပ်ကို ယူစစ်ဆေးနေတဲ့ ဆိုင်ရှင်ကိုပဲ အရောင်လက်နေတဲ့ မျှော်လင့်ချက် မျက်လုံး တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။

အထုပ်ထဲမှာ ပါလာတာကတော့ အရောင်ခပ်မွဲမွဲ ပါတိတ်ထဘီလေးတထည်ဖြစ်ပြီး ဆိုင်ရှင်က အထည်ကို သေသေချာချာ လှန်လှော စစ်ဆေးနေတယ်။

“သုံးရာရမယ်”ဆိုတဲ့ အပေါင်ဆိုင်ရှင်ရဲ့ စူးရှတဲ့အသံထွက်ပေါ်လာတယ် ဆိုရင်ပဲ ကျောင်းသူကလေးမရဲ့ အရောင်တောက် တဲ့ မျက်လုံးတွေက ဖျော့တော့နွမ်းလျသွားပါတယ်။

“အန်တီရယ် ငါးရာတော့ပေးပါ။ သမီး ဒီနေ့ကျောင်းစာအုပ်ဖိုးသွင်းရမှာမို့လို့ပါ”ဆိုတဲ့ တိုးညင်းလှတဲ့အသံလေးက သနား စဖွယ် ပေါ်ထွက်လာပါတယ်။ ဆိုင်ရှင်က ကျောင်းသူမလေးကို တချက် စိုက်ကြည့်လိုက်ပြီး အထည်ကို ကြိုးနဲ့ ချည်နှောင် ထုပ်ပိုးပြီး စာရင်းသွင်းလိုက်ပါတယ်။

ခဏကြာတော့မှ ဆိုင်ရှင်က ငွေငါးရာနဲ့ အဖြူရောင်ဘောက်ချာလေးတခုကို ကျောင်းသူမိန်းကလေးဆီ သံဆန်ခါတွေ ကာရံထားတဲ့ အပေါက်လေးထဲကနေ လှမ်းပေးလိုက်ပါတယ်။

အဲဒီနောက်မှာ ကျောင်းသူကလေးမဟာ ငွေငါးရာနဲ့ ဘောက်ချာကို လွယ်အိတ်ထဲထည့်ပြီး ရွှင်လန်းတက်ကြွ တဲ့ အသွင် အပြင်နဲ့ မိုးပေါက်လေးတွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်ကို အမိုးအကာမပါဘဲ ပြေးထွက်သွားပါတော့တယ်။

ရတနာ အပေါင်ဆိုင်ထဲမှာတော့ ပစ္စည်းပေါင်ပြီးငွေချေးဖို့ ရောက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကျောင်းသူ ကောင်မလေးကို စိတ်မကောင်းကြီးစွာ လှမ်းမျှော်ကြည့်နေကြပါတယ်။

သူတို့တွေအားလုံးရဲ့မျက်နှာမှာ ကလေးမကိုသနားစာနာတဲ့ အမူအရာတွေနဲ့ ကူညီရိုင်းပင်းလိုတဲ့ အသွင်အပြင်တွေ အထင်း သားပေါ်လွင်နေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်း ကျောင်းသူကလေးမလေးလိုပဲ စားဝတ် နေရေးနဲ့ စီးပွားရေး အကြပ်အတည်းဖြေရှင်းဖို့အတွက် အပေါင်ဆိုင်မှာငွေချေးမလို့ ရောက်နေကြ သူတွေ ပါပဲ။

“နာဂစ် မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်း အ၀တ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ အများဆုံးလာပေါင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးထဘီနဲ့ ဒန်အိုးဒန်ခွက်တွေကတော့ အများဆုံးလက်ခံရတဲ့ အပေါင်ပစ္စည်းတွေပဲ”လို့ လှိုင်သာယာမြို့နယ်က ပုဂ္ဂလိကလိုင်စင်ရငွေချေးလုပ်ငန်း အပေါင်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

ဘဝကို ပေါင်နှံနေကြရသူများ …
(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

နာဂစ်မုန်တိုင်း မတိုက်ခတ်မီကပင် ရန်ကုန် နယ်နမိတ်အတွင်းဖွင့်လှစ်ထားတဲ့ လိုင်စင်ရ ပုဂ္ဂလိက ငွေချေး လုပ်ငန်းတွေမှာ ပစ္စည်းလာရောက်ပေါင်နှံသူတွေ အများအပြားရှိနေပြီး နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းမှာ အပေါင်ဆိုင်ကိုလာရောက် တဲ့သူတွေ အလွန်ပေါများလာတယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အိမ်တွေပြို ၊ အလုပ်အကိုင်တော်တော်များလည်း ရပ်ကုန်တော့ လူတွေက ငွေရဖို့ အပေါင်ဆိုင်တွေကို အားကိုး လာရ တယ်။ ကျနော့်ဆိုင်မှာ အရင်တုန်းက တနေ့ကို လူ ၆၀ နဲ့ ၁၀၀ ကြားလောက်ပျမ်းမျှလာပေါင်တယ်။ နာဂစ် မုန်တိုင်းနောက် ပိုင်း လာပေါင်တဲ့လူ အရေအတွက် အရမ်းများလာတယ်”ဟု အင်းစိန်မြို့နယ် အင်းစိန် ဈေးအနီးရှိ အပေါင်ဆိုင်လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

နာဂစ် မုန်တိုင်းနောက်ပိုင်း အင်းစိန်မြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွေမှာ နေ့စဉ်လာရောက်ပေါင်နှံတဲ့ လူဦးရေ ၂၀၀ နဲ့ ၃၀၀ အကြားရှိနေပြီး အများစုမှာ အ၀တ်အထည် ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နဲ့ မီးဖိုချောင်သုံး ပစ္စည်း တွေ ပေါင်နှံကြတယ်လို့ သိရပါတယ်။

“ပစ္စည်းလာပေါင်ကြတဲ့ လူတွေက တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေ၊ အောက်ခြေအဆင့် အစိုးရ ၀န်ထမ်းတွေ အများဆုံးလာကြတယ်”လို့ လှိုင်မြို့နယ်မှ အပေါင်ဆိုင်ပိုင်ရှင်တဦးကလည်း ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အပေါင်ဆိုင်တွေမှာလည်း လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အများဆုံး လာ ရောက်ပေါင် နှံကြပြီး နေ့ချင်းပြန် ပစ္စည်းတွေပေါင်နှံရွေးယူမှု များပြားကြောင်း လှိုင်သာယာအပေါင်ဆိုင် တွေရဲ့ အပြောအရသိရပါတယ်။

“မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်တွေလာပေါင်ပြီး အလုပ်သွားလုပ်ဖို့ လမ်းစရိတ်နဲ့ မနက်စာ မုန့်လေး ဘာလေးစားဖို့ စရိတ်ရှာတယ်။ ညနေအလုပ်ကပြန်လာတဲ့ အခါ မနက်က ပေါင်ထားတဲ့ ဒန်အိုးဒန်ခွက်တွေကို အတိုးရော၊ အရင်းပါဆပ်ပြီး အိမ်မှာထမင်းဟင်းချက်ဖို့ အိုးခွက် တွေပြန်ရွေးတယ်။ အဲလို နေ့စဉ်ပေါင်နှံ လမ်း စရိတ်ရှာပြီးအလုပ်သွားတယ်”လို့ လှိုင်သာယာ ၂၁ ရပ်ကွက်မှာနေထိုင်ပြီး ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ နေ့စားပန်းရံဆရာတဦးက ဆိုပါတယ်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး လစာနဲ့မလုံလောက်တဲ့အတွက် ၀န်ထမ်းများအနေနဲ့လည်း ပစ္စည်းပေါင် ငွေချေးငှားကြရပြီး လစာရရှိချိန် ပြန်လည်ရွေးလိုက် လုပ်ရကြောင်း၊ အပေါင်ဆိုင်တွေနဲ့ကင်းရှင်းတဲ့ ၀န်ထမ်းရယ်လို့ အင်မတန်ရှားတယ်လို့ ဆိုကြပါတယ်။

“လကုန်ပြီး ၁၂ ရက်လောက်ဆိုရင် လက်ထဲမှာပိုက်ဆံပြတ်သွားပြီ။ တနေ့စာ တနေ့ စားဖို့ အပေါင်ဆိုင်တွေကို ပြေးရတယ်။ အရင်က ဌာနကပေးတဲ့ ဆန်၊ ဆီ တွေရတော့ စားဖို့ကို ရှိတာနဲ့ ဖြစ်သလိုစားတော့ အပေါင်ဆိုင်တွေ သိပ်သွားစရာမလိုဘူး။ ဒါပေမယ့် အစိုးရလစာတွေ တိုးမြှင့်ပြီးနောက်ပိုင်းတော့ ဆန်၊ ဆီတွေ မရတော့တဲ့ အတွက် အပေါင်ဆိုင်နဲ့ ၀န်ထမ်းတွေ ထိတွေ့လာရတယ်”လို့ တပ်မတော်ချည်မျှင်နဲ့ မိုးရေကာဖျင် ၀န်ထမ်း တဦးက ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အပေါင်ဆိုင်လုပ်ငန်းက တခုအပါအ၀င် ဖြစ်တဲ့အတွက် လုပ်ကိုင်လိုသူပေါများပြီး နှစ်စဉ်အပေါင်ဆိုင် အရေအတွက်တိုးများလာတယ်လို့ အပေါင်ဆိုင် လုပ်ပိုင်ခွင့်လိုင်စင် ချပေးတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်မြင့် အရာရှိကြီးတဦးက ပြောပြတယ်။

သူ့ အဆိုအရ ရန်ကုန်မြို့မှာ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ်က အပေါင်ဆိုင် ၁၃၇ ဆိုင်၊ ၂၀၀၁-၂၀၀၂ ခုနှစ် ဘဏ္ဍာရေး နှစ်မှာ အပေါင်ဆိုင် ၁၆၀ ၊၂၀၀၂-၂၀၀၃ ခုနှစ်မှာ ၁၆၂ ဆိုင်၊ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ၁၆၂ ဆိုင်၊၂၀၀၄-၂၀၀၅ ခုနှစ်မှာ ၁၈၉ ဆိုင်၊၂၀၀၅-၂၀၀၆ ခုနှစ်မှာ၂၁၄ ဆိုင်၊ ၂၀၀၆-၂၀၀၇ မှာ ၂၅၀ ဆိုင်၊ ၂၀၀၇-၂၀၀၈ မှာ ၂၅၅ ဆိုင် ရှိပြီး အခု ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ အပေါင်ဆိုင် ၂၅၆ ဆိုင်ရှိကြောင်း သိရှိရ ပါတယ်။

အပေါင်ဆိုင်လိုင်စင်ရဖို့ လုပ်ငန်းရှင်တွေအပြိုင်အဆိုင်လေလံဆွဲတဲ့နေရာမှာ စည်ပင်ကို လာဘ်ငွေထိုးရပြီး လာဘ်ငွေအများ ဆုံးပေးနိုင်တဲ့သူတွေသာ လိုင်စင်ရနိုင်တယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ရှင်းပြတယ်။
ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
“ရန်ကုန်ဆင်ခြေဖုံးမြို့နယ်မှာ အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေး သိန်းငါးဆယ် သွင်းရမယ်ဆိုရင် နောက်ထပ် စည်ပင် ကို လိုင်စင်ရဖို့ သိန်း ၂၀ လောက် လာဘ်ထိုးရတယ်။ အားလုံးပေါင်း လိုင်စင်ကြေးအတွက်ချည်းပဲ ငွေသိန်း ၇၀ လောက် ကုန်တယ်”လို့ လှိုင်သာယာမြို့နယ်မှ အပေါင်ဆိုင် ပိုင်ရှင် က ပြောပြတယ်။

အပေါင်ဆိုင်လိုင်စင်ကြေးမှာ မြို့နယ်အလိုက်ကွာခြားမှုရှိပြီး ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လိုင်စင်ကြေးက အနည်းဆုံး သိန်း ငါးဆယ် ရှိကြောင်း၊ မြို့တွင်းမှာ လိုင်စင်ကြေး အနည်းဆုံး သိန်း ရှစ်ဆယ်ရှိကြောင်း လုပ်ငန်းရှင် တွေရဲ့ အဆို အရ သိရပါတယ်။

အပေါင်ဆိုင်တခုတည်ထောင်ဖို့အတွက် သိန်း၂၀၀၀ ခန့် လိုအပ်ပြီး ရန်ကုန်မြို့အပေါင်ဆိုင်အများစုမှာ စုပေါင်း ရှယ်ယာစနစ်နဲ့ ဖွင့်လှစ်ကြကြောင်း၊ တနိုင်တပိုင် လိုင်စင် မလျှောက်ဘဲ လုပ်ကိုင်ကြတဲ့ တရားမ၀င် အပေါင်ဆိုင် အများအပြားလည်း ပေါ်ပေါက်နေကြောင်း လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။

“ရပ်ကွက်တွေထဲမှာ ငွေလိုတဲ့သူတွေကို အပေါင်ပစ္စည်းယူငွေချေးတဲ့ အပေါင်ဆိုင်လေးတွေ အများကြီး ရှိလာ တယ်။ သူတို့ကတော့ လိုင်စင်မလိုဘဲ တနိုင်တပိုင်လုပ်ကြတာ။ အဲဒီဆိုင်လေးတွေ များလာတော့ လိုင်စင်နဲ့ လုပ်တဲ့ အပေါင်ဆိုင်ကြီး တွေ လုပ်ငန်းနည်းနည်း ကျတာပေါ့”လို့ သင်္ကန်းကျွန်းမြို့နယ်မှ အပေါင်ဆိုင် လုပ်ငန်းရှင် တဦးကဆိုပါတယ်။


ကယ်ဆယ်ရေးလုပ်သားများ ဆက်တိုက်အဖမ်းခံနေရ
ကိုသက် | ဇွန် ၁၈၊ ၂၀၀၈
စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်တိုက်ပြုလုပ်နေပြီး နောက်ဆုံးအဖမ်းခံရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုတိုးကျော်လှိုင် ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကပြောဆိုလိုက်သည်။

အေအေပီပီ အဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “အခုရက်ပိုင်းမှာ ဖမ်းဆီးနေတာတွေ များပြီ။ အများအားဖြင့် မုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေလို့ သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားဖို့ လိုတယ်။ အခုလို လက်လွတ်စပယ် ဖမ်းဆီးနေတာကတော့ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက် တာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ကိုတိုးကျော်လှိုင်သည် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဘိုကလေးမြို့မှပြန်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်ဟု ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။အာဏာပိုင်တို့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ အတည်မပြုရသေးသည့် သတင်းများအရ ကိုတိုးကျော်လှိုင်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၃ ဦး အဖမ်းခံ ရသည်ဟုလည်း သိရသည်။

ကိုတိုးကျော်လှိုင်သည် အောင်မြင်သည့် အင်္ဂလိပ်စာပြ လူငယ်ကျူရှင်ဆရာတဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦး လည်း ဖြစ်သည်။ သံဃာတော်များ သပိတ်မှောက် ကံဆောင်ခဲ့သည့် စက်တင်ဘာ အရေးအခင်းပြီးနောက် အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသူတဦးလည်း ဖြစ်သည်။

အေအေပီပီအဖွဲ့က ရရှိသည့်စာရင်းအရ ကိုတိုးကျော်လှိုင်အပါအ၀င် ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၁၀ ဦး ကျော်ပြီဖြစ် ကြောင်း သိရသည်။

အေအေပီပီက ရရှိထားသည့် အဖမ်းခံရသူများစာရင်းမှာ လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေး၊ မအိမ့်ခိုင်ဦး၊ ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်း (ခ) ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင်းပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင်နှင့် ကိုတိုးကျော်လှိုင်တို့ ဖြစ်ကြသည်။ [Top


ဒေါ်စု မွေးနေ့အတွက် တယ်လီဖုံး မက်ဆေ့ခ်ျများ ပေးပို့နေကြ
ဂျေမိုး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 14:30 - မြန်မာစံတော်ချိန်
စင်္ကာပူ။ ။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ ကဗျာရွတ်ပွဲနှင့် အခြားစိတ်ဝင်စားစရာ အစီအစဉ်များ အကြောင်းကို စင်္ကာပူ ရောက် မြန်မာများအကြား တယ်လီဖုန်း မက်ဆေ့ခ်ျများ ပေးပို့နေကြသည်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ် ကျင်းပမည့် အစီအစဉ် သိရှိစေရန် မြန်မာများအကြား ဖုန်းမက်ဆေ့ခ်ျနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးပို့နေကြခြင်း ဖြစ်သည်။

မွေးနေ့ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် အလှူပွဲ၊ ကဗျာရွတ်ဖတ်ပွဲများဖြင့် စင်္ကာပူရှိ တိုပါရိုး မြန်မာဘုန်းကြီးကျောင်း၌ သူမကို ထောက်ခံသူများက ဦးစီးကျင်းပသွားရန် စီစဉ်ထားသည်။

မွေးနေ့အခမ်းအနားတွင် ကဗျာရွတ်ဆိုမည့်သူ တဦးဖြစ်သော ကိုပေါက "ကဗျာဆရာ ဖုန်းဆိုးရဲ့ ၅၄ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်" ကို ရွတ်ဖို့ ရွေးချယ်ထားတယ် အဲဒီကဗျာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် မျိုးရိုးကနေ ဆင်းသက်လာတယ်။ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိက ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ အတိတ် ပြဿနာသေတ္တာရဲ့ သော့တချောင်းဖြစ်သလို အနာဂတ်ဥယျဉ်တံခါးရဲ့ သော့တချောင်းလည်း ဖြစ်ပြန်တယ်လို့ ဆရာဖုန်းဆိုးက ရေးထားတယ်ဗျာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံတာတွေ၊ သူရဲ့ ထက်မြက်မှုတွေကို ဒီကဗျာထဲမှာ ဖေါ်ကျူးထားပြီးတယ်။ ဒီကဗျာကို ပြန်ဖတ်ရတာကလဲ ဒေါ်စုမွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရယ်၊ နောက်လူတွေကို ကိုယ်လုပ်ရမယ့် တာဝန်တွေကို သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ ရွတ်မှာ" ဟု ပြောဆိုသည်။


မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ
နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

“မြန်မာထရီဗျုး” ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

“ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။ ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။ လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။ အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ အတူတူ အလုပ်လုပ်တဲ့ သူတွေကိုတော့ မနေ့ကပဲ စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း လေဘေး ဒုက္ခသည်များကို ဝိုင်းဝန်းကူညီနေသူ စေတနာရှင်များအား အာဏာပိုင်များဘက်က မေးမြန်းစစ်ဆေးခြင်း၊ လိုက်လံတားဆီး နှောင့်ယှက်ခြင်းများ အပြင် ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာသည့်အပေါ် စာပေအနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “သူတို့ (အစိုးရ) ကိုယ်တိုင်က မလုပ်နိုင်တဲ့ ကိစ္စတွေကို လူထုဘက်က စေတနာရှင်တချို့က တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးတာ ကောင်းတဲ့အချက်ပါ။ ဒါကို လိုက်ပြီး နှောင့်ယှက်တာမျိုး၊ တားဆီး ပိတ်ပင်တာမျိုးလုပ်တာ ဒုက္ခ ရောက်နေတဲ့ လေဘေးဒုက္ခသည်တွေ ပိုပြီး ဒုက္ခ ရောက်စေပါတယ်” ဟု ပြောသည်။

ဦးအောင်ကျော်ဆန်းသည် “မြန်မာထရီဗျူး” ဂျာနယ်ကို လွန်ခဲ့သည့် ၂ လခန့်ကပင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်း ခဲ့ကာ နာဂစ် လေမုန်တိုင်းကြောင့် သေဆုံးသည့် ရုပ်အလောင်း အကြွင်းအကျန်များကို မြေမြှုပ်သဂြုင်္ိဟ်သည့် လုပ်ငန်းတွင် လုပ်အားဒါနဖြင့် ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။



ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 17:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း အပြောအရ သိရသည်။

မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်းကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။

“ကျမတို့က မုန်တိုင်းဖြစ်တဲ့ မြို့နယ်တွေကို ကိုယ်တိုင် ကွင်းဆင်းတယ်။ အဓိက ကျမတို့ သွားတာက တကယ့်ကို မုန်းတိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို သွားတယ်။ ကျမတို့ တပါထဲ ကောက်ခံခဲ့တာက ၄ဝ၆ စောင်၊ လျှောက်လွှာ (form) ရှိပါတယ်။ ကွင်းဆင်းနေတဲ့ အချိန်မှာ ၃၁ ယောက် တွေ့ပေးနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာကြက်ခြေနီ အသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ပြန်လည်ရှာဖွေ တွေ့ရှိနိုင်သူ အများစုသည် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေး မြို့နယ်များမှ ဖြစ်ကြသည်။ နာဂစ်ကြောင့် လူ ၇၇၇၃၈ ဦး သေဆုံးပြီး ၅၅၉၁၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။ သို့သော် အမှန်တကယ်အားဖြင့် စနစ်တကျ သန်းခေါင်းစာရင်း ကောက်ယူထားမှု မရှိသောကြောင့် အမှန်တကယ် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ကို မည်သူမျှ မသိနိုင်တော့ပါ။

ဘိုကလေးမြို့နယ် ကျေးရွာတခုမှ ဖြစ်ရပ်တခုတွင် သင်္ဘောစက်ပြင်သမား ဖြစ်သော သားဖြစ်သူသည် မုန်းတိုင်း ကျရောက်ပြီးနောက် နေရပ်သို့ ပြန်ရောက်မလာနိုင်ဘဲ ကယ်ဆယ်ရေး စခန်းတခုတွင် သောင်တင်နေစဉ် ရှာဖွေတွေ့ရှိသဖြင့် မိခင်ကြီးထံ သွားရောက် အကြောင်းကြားရာတွင် တွေ့ကြုံရသည့် မြင်ကွင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်ဟု ကြက်ခြေနီအသင်းမှ ပုဂ္ဂိုလ်က ဆိုသည်။

သူက “ဘိုကလေး ရွာတရွာမှာ တွေ့တယ်။ ဘေးပတ်ဝန်းကျင်က ရွာသားတွေ ပြောပြတာက ရူးမတတ် ဖြစ်နေတာ။ ဒီအဖွားကြီးက သူ့သား သတင်းလည်း ရလည်းရရော ချုံးပွဲချပြီးတော့ ဝမ်းသာလွန်းလို့ ငိုတာ တွေ့ရတယ်။ အဘိုးက သားနဲ့ မြေး ပျောက်လို့ ရှာတာမျိုးတွေကို ကျမတို့ အဆက်အသွယ်လုပ်လို့ ရသွားတာတွေ ရှိတယ်။ တချို့က လပွတ္တာက ကွဲကွာသွားတဲ့ သူတွေကို မြောင်းမြမြို့နယ်မှာ ရှာဖွေ တွေ့ရှိပါတယ်” ဟု ပြောသည်။

မြန်မာ့ ကြက်ခြေနီ အသင်းသည် မုန်တိုင်းဖြစ်သည့် နေရာများသို့ သွားရောက်ကာ ကြက်ခြေနီ ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြန်လည် ထူထောင်ရေးနှင့် ရေသန့် ဖြန့်ဖြူးရေးများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် ဆက်လက်၍လည်း ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းကာ ကျေးလက် ဒေသများအထိ သွားရောက်ကာ ကွဲကွာ ပျောက်ဆုံးနေသူများ ပြန်လည် ဆုံစည်းရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ကွဲကွာသွားသော မိသားစုများ၊ ဆွေမျိုးသားချင်းများထံ မိမိ သက်ရှိထင်ရှား ရှိနေကြောင်း ရှာဖွေပြောဆို လိုသူများနှင့် ပြည်ပတွင် ရောက်ရှိနေသူများက မုန်တိုင်းဒဏ် ခံရသော ဒေသရှိ ဆွေမျိုးသားချင်းများ အကြောင်း သိရှိလိုပါက စုံစမ်းပေးရန်အတွက် ရည်ရွယ်ကာ လျှောက်လွှာဖောင် နှစ်မျိုး ထားရှိသည်။ ရှာဖွေလိုသူများနှင့် လျှောက်ထားသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို အပြည့်အစုံ ဖော်ပြ လျှောက်ထားနိုင်သည်ဟု ကြက်ခြေနီအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။



မန္တလေး အငြိမ့်သဘင်များက လေဘေးအကူ သိန်း ၉ဝ ကျော် ကောက်ခံရရှိ
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 20:16 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မန္တလေး လူရွှင်တော်များနှင့် ဇာတ်သဘင် အနုပညာသည်များက နာဂစ်လေဘေးသင့် ပြည်သူများကို ထောက်ပံ့ရန် အလှူငွေ ကောက်ခံရာ ကျပ် ၉၂ သိန်း ရရှိခဲ့သည်။

နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ညီအကိုနှင့် အခြားလူရွှင်တော်များ၊ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဘိသိတ်မှ အနုပညာရှင်များက ယခုလအတွင်း ၆ ရက်ခန့် မော်တော်ကား၊ ခြေလျင်တို့ဖြင့် မန္တလေးမြို့ပေါ်နှင့် တိုင်းအတွင်း ဒေသအချို့တွင် ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ကာ စေတနာရှင်များ ထံက ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

လူရွှင်တော် ဦးပါပါလေးက “ကျနော်တို့က ပြည်သူတွေ ကျွေးလို့ စားခဲ့ရတယ်လေ။ ပြည်သူက ပေးပြီးပြီ။ ဒီတခါ လမ်းမှာ မူးမေ့လို့ သေချင် သေသွားပါစေ၊ ပြည်သူတွေကို ဒို့ ပြန်ပေးရမယ်၊ ဒို့မှာ တာဝန်ရှိတယ်လေ။ ဒါကြောင့် ကျနော့် ဆောင်ပုဒ်လေးက “ပြည်သူ့ကိုယ်စား ပါးစပ် အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော” ဆိုတဲ့အတိုင်း ပြည်သူတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ဒါကြောင့် ကျနော်က နာဂစ် ပြည်သူတွေအတွက် အဖြူရောင် သန့်သန့်ကလေးနဲ့ နေပူထဲမှာ ခေါင်းပေါင်းပေါင်း၊ ပုဆိုးဝတ်ပြီးတော့ အလှူခံ ခဲ့ပါတယ်” ဟု ပြောသည်။

အလှူခံထွက်ရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် တဦးက “၁၂ ရက်မှာ အောင်တော်မူ၊ ၁၃ ရက်နေ့မှာ စံပြကွက်သစ်၊ ၁၄ ရက်နေ့မှာ ခြေကျင် လျှောက်ပြီးတော့ ၁၄ ရက်နေ့မှာ ကျောက်ဆည်မှာလည်း ကပြခဲ့တယ်၊ အလှူခံတယ်” ဟု ပြောသည်။

လူရွှင်တော် ဦးပါပါလေး၊ ဦးဒီပါ၊ ဦးမြသာ၊ ဦးပေါက်စိန်၊ ဦးထင်ပေါ်၊ ဦးရန်အောင်နှင့် ဆိုင်း၊ ဘိသိတ် ဆရာကြီးများ၊ မင်းသမီးများ၊ လူငယ်များ အပါအဝင် အနုပညာရှင်များ ဝိုင်းဝန်း လုပ်ဆောင်ရာ ငွေသားအပြင် အဝတ်အစားများ၊ စားသုံးကုန်များ၊ သင်္ကန်းများလည်း ရရှိခဲ့သည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ တောရကျောင်း ဆရာတော်ကြီးထံ အဝတ်အထည်နှင့် ကျပ်သိန်း ၅ဝ ကျပ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဦးအောင်ဇေယျ ပရဟိတ မိဘမဲ့ ကလေးကျောင်းသို့ ကျပ် ၁၅ သိန်းနှင့် ကလေးပစ္စည်းများ၊ သင်္ကန်းများကို ဇွန်လ ၂၁ ရက်နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကာ မုန်တိုင်းသင့်ခံရသည့် ခေတ်လူဇော် ဇာတ်သဘင်အဖွဲ့ဝင် ၄၈ ဦးကိုမူ ယနေ့တွင် ကူညီ ထောက်ပံ့ကြသည်။

ယနေ့ ကျင်းပသည့် အလှူငွေ ပေးအပ်ပွဲသို့ စာနယ်ဇင်း၊ ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းဝိုင်း၊ ကုန်စည်ပွဲစားများနှင့် ဧည့်ပရိသတ် ၃ဝဝ ခန့် တက်ရောက်ကာ ခေတ်လူဇော် ဇာတ်အဖွဲ့သား ၄၈ ဦးကို တဦးလျှင် ကျပ် တသောင်း၊ ဆန်နှစ်ပြည်၊ အဝတ်အထည်တစုံနှင့် ပန်းကန် ခွက်ယောက်များ ပေးအပ်ခဲ့သည်။ ခေတ်လူဇော်အဖွဲ့သည် လပွတ္တာမြို့နယ် ပင်တောင်ကျေးရွာအုပ်စုမှ သဲကုန်းရွာသို့ ဇာတ်ကရန် သွားရောက်စဉ် နာဂစ်မုန်တိုင်း သင့်သဖြင့် ဇာတ်ပစ္စည်းများ ဆုံးရှုံးပြီး အသက်မသေ ပြန်လည် လွတ်မြောက်ခဲ့သည်။

ခေတ်လူဇော် ဇတ်သဘင်မှ ကပြရေး တာဝန်ခံ ကိုတဘာသာပြုံးချိုက “ပိုက်ဆံရဲ့ တန်ကြေး၊ ပစ္စည်းရဲ့ တန်ကြေးကိုတော့ မပြောလိုပါဘူး။ ကိုယ်နဲ့တန်းတူ လုပ်ကိုင်နေတဲ့ အနုပညာသမားတွေကို ကိုယ့်ကို ပြန်ကြည့်တယ်၊ ဒီလို နာဂစ် ဒဏ်မိလာတဲ့ ပြည်သူတွေအပေါ်မှာ မန္တလေးက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ စေတနာထားပြီး ပေးကမ်းတဲ့အတွက် မျက်ရည်ဝိုင်းပြီး ပီတိတွေ ဖြစ်မိတယ်။ ကျနော်တို့က စေတနာ ထားခဲ့တာကို ပရိသတ်က ကျနော်တို့ကို ချစ်တယ်ဆိုတာ၊ လူရွှင်တော်တွေ ကိုယ်တိုင် သွားရောက်လှူဒါန်းမယ် ဆိုတာကို သူတို့ ပျော်နေတာကို ကြည့်ပြီးတော့ ဝမ်းသာမိပါတယ်။ အဲလို ခံစားရတယ်” ဟု ပြောသည်။

အလှူငွေ ပေးအပ်ပွဲကို လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက သဘင်လုပ်သားများ စုပေါင်း တည်ဆောက်ခဲ့သည့် လောကနတ် ဇာတ်သဘင် ခန်းမ၌ နေ့လယ် ၁ နာရီတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း သဘင်အစည်းအရုံးက တားမြစ်သည့်အတွက် လမ်း ၈ဝ နှင့် ၈၁ လမ်းကြား၊ ၃၉ လမ်းပေါ်ရှိ ဂီတကြယ်လေး စိန်ဓူဝံတိုက်တွင် ကျင်းပခဲ့ရသည်။

သဘင်အစည်းအရုံးက တားမြစ်ခြင်းမှာ လူရွှင်တော် ပါပါလေး ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကလည်း လူရွှင်တော် အနုပညာရှင်များအား ရန်ကုန် ဗဟိုသဘင် အစည်းအရုံးမှ ဦးအောင်တင်ဝင်း၊ ဦးရဲဒွေး၊ မန္တလေး အစည်းအရုံးမှ ရွှေနန်းတင်၊ နန်းဌေးအောင်၊ ဦးစိန်လှမြိုင်၊ ဦးဝင်းကြိုင်၊ ဆိုင်းဆရာ ပစ်တိုင်းထောင်၊ အမှုဆောင်အတွင်းရေးမှူး ဦးဗိုလ်ဟိန်းတို့မှ အလှူကောက်ခံမှု မလုပ်ရန် တားမြစ်ခဲ့သေးသည်။

လူရွှင်တော် ပါပါလေးကို အာဏာပိုင်များက ၁၉၉၆ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ ၇ နှစ်ကြာ အကျဉ်းချကာ ဇာတ်သဘင် ကပြခွင့်ကို ရာသက်ပိုင် ပိတ်ပင်ထားသည်။

မန္တလေးရှိ အထက်မြန်မာပြည် စာပေအင်အားစုကလည်း နာဂစ် ဒုက္ခသည်များအတွက် ကျပ် ၅၂ သိန်း ကောက်ခံ ပေးလှူခဲ့ကြသေးသည်။



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်တော်ခေါ်ရန် တောင်းဆို
ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 22:13 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နိုင်ငံတွင် ဆိုးရွားလာနေသည့် အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ကြေညာချက်တွင် နာဂစ်မုန်တိုင်း ဖြစ်ပွားမှု အပါအဝင် လက်ရှိ အမျိုးသား စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန်ဟု ဆိုကာ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပါတီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ပြည်သူ့ လွှတ်တော်ဟာ တရားဝင် ရှိနေတယ်။ အမျိုးသား အကျပ်အတည်းလို့ ဆိုရာမှာ စီးပွားရေး အကျပ်အတည်းအပြင် အခြေခံဥပဒေ တရားဝင်မှု၊ မဝင်မှုဆိုတဲ့ အကျပ်အတည်း ပြဿနာလည်း ရှိတယ်။ အဲဒီ အကျပ်အတည်း ဝန်းကျင်ကြီး တခုလုံးကို ဖြေရှင်းနိုင်ဖို့က ဥပဒေကြောင်းအရ အမြင့်ဆုံး ဆောင်ရွက်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ” ဟု ပြောသည်။

ထုတ်ပြန်ရတဲ့ အရင်းခံ အကြောင်းကတော့ နာဂစ်ကြောင့် ပြည်သူလူထုတွေပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေကို ကုစားတဲ့အခါမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက် ရစေချင်တဲ့ ကျနော်တို့ရဲ့ အရင်းခံ သဘောထားပါပဲ” ဟု သူက ဆက်ပြောသည်။

ကြေညာချက်တွင် နိုင်ငံတကာ အကူအညီများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အလှူငွေ အမြောက်အမြား လိုအပ်နေသဖြင့် တိုင်းပြည်တပြည်၊ တဦးတယောက်တည်းနှင့် လုပ်ဆောင်ရန် မဖြစ်နိုင်ဟု ရေးသားထားသည်။

ငွေကြေးဖောင်းပွမှု အဆမတန် မြင့်မားနေပြီး အခြေခံ စားသောက်ကုန်များမှာလည်း အလွန် မြင့်တက်နေကာ ယခုကဲ့သို့သော အကျပ်အတည်း များသည် နိုင်ငံရေးနှင့် ဆက်စပ်နေသောကြောင့် မည်သည့် နိုင်ငံတွင်မဆို နိုင်ငံရေးကို ချန်လှပ်၍ ရမည်မဟုတ်ဟု ဆိုသည်။

ဦးသိန်းညွန့်က မုန်တိုင်းကြောင့် တိုင်းပြည် စီးပွားရေး ပိုပြီး ထိခိုက် ဆိုးရွားလာကာ တောင်းခံထားသည့် ငွေကြေးနှင့် အမှန်တကယ် ရရှိနေသည့် အခြေအနေ ကွာခြားပြီး ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံတကာ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဖြေရှင်းပေးရန် လွှတ်တော် ခေါ်လိုသည်ဟု ပြောသည်။

ကြေညာချက်ကလည်း တိုင်းပြည်တွင် အကျပ်အတည်းမျိုးစုံ ဖြစ်ပေါ်နေမှုကို ဖြေရှင်းရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုက်ရိုက် အချိုးကျနေကြောင်းနှင့် နိုင်ငံရေးကို ဖြေရှင်းရာတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပါတီစုံ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခက်အခဲကြားက ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ကျနော်တို့ မီးမောင်းထိုးပြတာပါပဲ။ အချုပ်ကတော့ အဲဒါပါပဲ” ဟု ဦးသိန်းညွှန့်က ကြေညာချက်နှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သောကြောင့် လုံးဝ လက်မခံကြောင်းလည်း ကြေညာချက်က ဆိုထားသေးသည်။