Saturday, June 21, 2008

စနေနေ့သတင်းများ

ဘီလူးကျွန်းတဝိုက် အစိမ်းရောင်အလံများ စိုက်ထူ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇွန်လ 21 2008 15:56 - မြန်မာစံတော်ချိန်

မော်လမြိုင်။ ။ ရေကြီးမည်ဆိုသော ကောလာဟလကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင် တွင် အာဏာပိုင်များက ယခုအခါ အစိမ်းရောင် အလံများ လွှင့်တင်ထားကြသည်။ဘုန်းတော်ကြီးတပါးက နမိတ်ဖတ် ပြောသည်ဆိုကာ မွန်ပြည်နယ် ဘီလူးကျွန်းတဝိုက် တောင်ပေါ် ဒေသများနှင့် ရေနှင့် ဝေးမည့် နေရာသို့ ပြောင်းရွှေ့မှုများ ရှိခဲ့သည်။ ထိုမှ အာဏာပိုင်များက မယက၊ ရယကရုံးနှင့် လူစည်ကားသော နေရာများတွင် ရေကြောင်းဆိုင်ရာ အန္တရာယ် ကင်းရှင်းခြင်း အမှတ်အသား အစိမ်းရောင် အလံများ စိုက်ထူလာခြင်း ဖြစ်သည်။
“ဘုန်းကြီးဟောတဲ့ အချက်အလက်ရှိနေ၊ ၁၅ ရက်နေ့မှာ မိုးလေဝသနဲ့ ဇလဗေဒ ရဲ့ ကြေညာချက်ထွက် ဆိုတော့ သူတို့ ကြောက်ကြတာပေါ့” ဟု ခိုလှုံခွင့်ပေးခဲ့သူ မော်လမြိုင်မြို့ တောင်ပိုင်းရပ် ဆရာတော်က မိန့်ကြားတော်မူသည်၊
ဇွန် ၁၇ ရက်နေ့တွင် နေရပ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သော ထွက်ပြေးလာသည့် မိသားစုမှ အမျိုးသမီးက ပြောရာတွင် “ဘီလူးကျွန်း မရမ်းမှာဆို ရွာလုံးကျွတ် ပြောင်းသွားကြတာ၊ အိမ်မှာစောင့်ဖို့ ယောက်ျား တယောက်ပဲ ထားခဲ့တယ်” ဟု ပြောသည်။
“မိုးဇလက တနာရီ မိုင် ၄၅-၅ဝ ရှိတယ် ပြောပေမယ့် ဧရာဝတီတိုင်းတုံးကလည်း ဒီလိုပဲ ကြေငြာတာ၊ နာဂစ်ုမုန်တိုင်း ဗီစီဒီတွေကတဆင့် လူတွေ သေကြတာ မြင်တော့ စိတ်မကောင်းဘူ၊ ကိုယ်လဲ ဒီလိုပဲ ဖြစ်မှာဆိုပြီး ကြောက်ကြတာပေါ့” သူမက ဆက်ပြောသည်။
ရေကြီးမည်ဆိုသော ကောလာဟလကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင်တွင် အာဏာပိုင်များက ယခုအခါ အစိမ်းရောင် အလံများ လွှင့်တင်ထားကြသည်။


ဒုက္ခသည်များနေ့မှာ မြန်မာအစိုးရကို အမေရိကန်သမ္မတ ကတော်က ဝေဖန်
21 June 2008
မနေ့က ကမ္ဘာတ၀ှမ်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်အနား ကျင်းပခဲ့ကြပါတယ်။ ဒုက္ခသည်များနဲ့ လူဝင်မှုဆိုင်ရာ အမေရိကန် ကော်မတီက ကမ္ဘာတ၀ှမ်း ဒုက္ခသည်ပေါင်း ၁၄ သန်းထက်မနဲ ရှိတယ်လို့ ကြာသပတေးနေ့က ပြောဆိုပြီး ဒါဇင်နဲ့ချီ နိုင်ငံတွေမှာ သူတို့ဟာ မတရားပြုကျင့်ခံရပြီး အကူအညီ မရကြဘူးလို့ ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်ကနေ လူ ၂ သန်းလောက် ထွက်ပြေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အီရတ်ဒုက္ခသည် အများအပြားဟာ ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အခြေချခဲ့ကြပေမယ့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရကြဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ မနေ့က အိမ်ဖြူအခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်က အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ နေထိုင်တဲ့ မိသားစု အများအပြားဟာ ခြိမ်းခြောက်မှု ခံနေရတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကို ဒုက္ခသည်စခန်းတွေဆီရောက်အောင် ဖိနှိပ်ချုပ်ချယ်တဲ့ မြန်မာစစ်အစိုးရက တွန်းထုတ်ခဲ့တယ်လို့ သမ္မတကတော်က ဆက်လက်ပြောကြားပါတယ်။

တောင်းဆိုဆန္ဒပြမှုတွေ ရှိနေပေမဲ့ ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်မည်မဟုတ်

ဝန်ကြီးချုပ် ရုံးရှေ့မှာ စုဝေးနေကြတဲ့ ဆန္ဒပြသူများဇွန်လ ၂၁၊ ၂၀၀၈
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ လူအမြောက် အများက တောင်းဆိုနေကြပေမဲ့ ၀န်ကြီးချုပ် ကတော့ ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ရာထောင်ချီတဲ့ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ် ရဲ့ ဗန်ကောက်က ရုံးခန်းအပြင်မှာ စတည်းချ နေကြပါတယ်။ ဒါပေမဲ့လို့ ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာပဲ ပြောကြား သွားပါတယ်။
သောကြာနေ့တုန်းကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား ကတောက်ကဆ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၀န်ကြီးချုပ်ရဲ့ ရုံးရှေ့မှာ ထိုင်သပိတ် မှောက်ဖို့ ရုံးဝန်းခြံ တံခါးနားအထိ ရောက်လာတဲ့ ဆန္ဒပြသူ လူအုပ်ကြီးကို ရဲက တားဆီး ခုခံတာမျိုး မလုပ်သလောက်ပါပဲ။ ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောကြားပြီး အလံတွေ ဝှေ့ယမ်း သီချင်းတွေ ဟစ်အော် သီဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်တဲ့အထိ ရုံးရှေ့မှာ ထိုင်ကြမယ်လို့လည်း သူတို့က သံဓိဋ္ဌာန်ချထားကြတာပါ။
မစ္စတာ ဆမတ် ရာထူးက နှုတ် ထွက်ဖို့အတွက် အတိုက်အခံ တပ်ပေါင်းစု တခုဖြစ်တဲ့ People's Alliance For Democracy အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ၃ ပတ်လုံး လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။


ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ
ညိုထက်ညို
စနေနေ့၊ ဇွန်လ 21 2008 16:11 - မြန်မာစံတော်ချိန်
(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်)
"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။
အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့ အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ" ။
ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်းဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။

ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။

အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်….ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။

"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် ….." အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။

သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။



အဖေနှင့်ဦးလေးစစ်ဗိုလ်ငမွဲများ


လူတိုင်းလူတိုင်းမိမိတို့ဆွေမျိုးများအကြောင်းပြောစရာရှိသလိုရဲရင့်လည်းပြောချင်သည်။
ဘကြီးကနေစပြောလျှင် ကောင်းမည်။အခုလောက်ဆို၇၅..၈၀လောက်ရှိတော့မည်။ဖက်ဆစ်တော်လှန်ရေး
သမားကြီးတဦးဖြစ်သည်။ ဇာတိကနတ်မောက်...မြို့သစ်။ဗိုလ်လရောင်သူပုန်ထသည့်ဒေသ၊ဖဆပလ
လက်ထက်ရောက်တော့ကွန်မြူနစ်ပါ တီဝင်ဖြစ်သွါးသည်။မြိုသစ်မှာမနေတော့၊ရန်ကုန်မှာပဲအခြေချနေ
ထိုင်သည်။နေ၀င်းအစိုးရလက်ထက်ရောက် တော့တောတွင်းကွန်မြူနစ်နှင့်ဆက်သွယ်သည်ဟုဆိုပြီးအဖမ်း
ခံရသည်။နောက်တော့ပြန်လွတ်လာသည်။အဖေအပါအ၀င်ညီ၃ယောက်ကိုမြို့မှာခေါ်ထားသည်။
""ဘကြီးဘယ်မှာအလုပ်လုပ်လဲ"'မေးလျှင်ရိုးရိုးမဖြေ''ရန်ကုန် အစိုးရလို့အပြောခံရတဲ့အချိန်ကရင်သူပုန်
တွေအင်းစိန်မြို့နယ်ထဲကစက်ရုံတရုံကိုစီးထားပြီးအခြေကုတ်ယူထား တာပေါ့.အ၀င်အ၀သံဂိတ်တံခါးကြီး
ကလည်းထူမှထူ။အင်အားကလည်းတောင့်ဆိုတော့ဘယ်လိုမှတိုက်မရဖြစ်နေ ချိန်ဘယ်သူရောက်
လာတယ်မှတ်လည်း...(ဟာဗျာ...ဘကြီးကလည်းစက်ရုံနာမည်လေးမေးမိတာဒီနေ့ပြီးအုံးမှာ လား..
ရဲရင့်ဘော်လုံးသွားကန်မလို့)..အေးပါကွ..အဲဒီမှာလှိုင်မြစ်ကြောင်းကနေတက်လာတဲ့အဖွဲ့ကိုဦးဆောင်
လာ တာက..ချင်းလူမျိုးဗိုလ်တိုက်ချွန်းပေါ့..အပြင်မှာဝိုင်းထားတဲ့အဖွဲ့ကတိုက်မရဖူးပြော
တော့ဗိုလ်တိုက်ချွန်းကဂျစ် ကားမှာသံချပ်ကာတွေနဲ့ဝင်တိုက်လိုက်တာပြီးသွားရောအဲဒါစောင်(၂)စက်
ရုံပေါ့.ဗိုလ်တိုက်ချွန်းအကြောင်းက ဖတ်ပြီးနေပြီ။သီးခံနားထောင်ပေးရသည်။သူ့ဆီကမုန့်ဖိုးအများဆုးံထွက်
သည်မို့..။၁၉၈၂လောက်မှာနေ၀င်းအ စိုးရကမော်ကွန်းဝင်လာယူဖို့စာလာသည်။သွားမယူ..အမေနှင့်ရဲင့်ကအတင်းသွားယူခိုင်းသည်။တသိန်းကျော် တောင်ရမှာလေးဘီးကားတစီးဝယ်လို့၇သည်။
အဖမ်းခံ၇စဉ်ကခေါင်းကိုအိပ်စွပ်၍စစ်ဖိနပ်နှင့်ကျောကုန်းကိုအ ကန်ခံထားရလို့ဟုပြောသည်။
စစ်အတွင်းမှာမခံရပဲနေ၀င်းနဲ့ကျမှခံရတာဘယ်တော့မှမကြေဖူး..(အမေတံခါး တွေထပိတ်သည်)
ဟုပြောသည်။ရဲရင့်တို့အိမ်မှာပဲသူပြောလို့ရသည်။ပင်စင်ယူပြီးတော့အညာပြန်ပြီးဆေးဆရာ
လုပ်စားသည်။ဦးလေးငမွဲအမှတ်တစ်ဖြစ်သည်။အမှတ်နှစ်ကအဖေ၊၁၉၇၄မတိုင်ခင်ကသမိုင်းချည်မျှင်အထည်စက် ရုံမှာစိတ်မှုးဖြစ်နေပြီ..အလုပ်သမားသပိတ်ဖြစ်တော့
အဖေကဦးဆောင်သူတွေထဲမှာပါသည်.စက်ရုံအပြင်ရောက် တော့မျက်ရည်ယိုဗုံးမိပြီးမျက်လုံးထိသွား၍
မျက်မှန်ထူကြီးနှင့်ယခုတိုင်အောင်ပါပဲ...အလုပ်ပြန်ရပေမဲ့မူလရာထူး ပြန်မရတော့...ရန်ကုန်သူအမေ့ကြောင့်သာရဲရင့်တို့အသက်ရှုချောင်ရသည်။မဆလမ၀င်လို့မြို့နယ်ယူနစ်ရုံးခဏ ခဏရောက်သှ်။အယုံအကြည်ဘာကြောင့်မရှိရလဲမေးခွန်းကိုသွားသွားဖြေရသည်။ရဲရင့်၈၈၈၈မတိုင်ခင်
..မင်းကို နိုင်..မိုးသီးဇွန်တို့STATEMENTစာရွက်တွေတော့ကုန်ကျစရိတ်ကိုအမေမသိအောင်ပေးသည်။
သူရာထူးပြုတ် တာဂုဏ်ယူစွာကြွားနေတတ်သည်။ဒါကတော့အဖေငမွဲနံပါတ်၂ဖြစ်ပေတော့သည်။
တတိယမြောက်ဦးလေးက တော့စစ်တပ်ထဲကိုအကြပ်ကြီးစာရေးနှင့်စ၀င်သည်။ရဲရင့်တို့အရွယ်ရောက်
သည့်အချိန်ရန်ကုန်မှတ်တမ်းရုံးမှာ၃ ပွင့်ဖြစ်နေပြီ။မှတ်တမ်းရုံးဝင်းထဲလိုင်းခန်းမှာပဲမိသားစုနှင့်နေသည်။
ထမင်စားချိန်သွားလည်လျှင်ဦးစိန်အောင်မင်း အိမ်နှင့်မျက်နှာချင်းဆိုင်သစ်စက်အနောက်ရှိမှတ်တမ်းရုံး
ဝင်းအတွင်းတဲအမိုးလေးနှင့်အပြင်ထက်၎ဆလောက် ဈေးသက်သာသောထမင်းဆိုင်မှာလိုက်
ကျွေးသည်။ရဲဘော်တွေကနေရာဖယ်ပေးတာကလွဲလို့စားရတာချင်းတော့အတူတူပင်ဖြစ်သည်။
ရဲရင့်ပါလာသောစီးကရက်ကိုနှစ်လိပ်ဆက်တိုက်သောက်သည်။သူသောက်နေကျက
ဆေးပေါ့လိပ်သာဖြစ်သည်။ပုခုံးမှအပွင့်ကလွဲလို့ဘာတခုမှတောက်တောက်ပြောင်ပြောင်မရှိသော
ဘုရားစူးစစ် ဗိုလ်ကားတတိယမြောက်ဦးလေးငမွဲဖြစ်ပေတော့သည်။အငယ်ဆုံးဦးလေးကတော့စာတော်
သည်။အင်္ဂလိပ်စာအ ရမ်းကောင်းသည်။ရဲရင့်တို့မောင်နှမတွေကိုသူပဲစာပြခဲ့သည်။ဆယ်တန်းအောင်တော့
DSAပါသွားသည်။လေတပ် ထဲရောက်သွားသည်။ဗိုလ်မှုးဘ၀တွင်အိမ်ထောင်ကျသည်။သူယောက္ခမ
ကြီးကအရမ်းလည်သည်။သားဆိုလျှင်သံ လွင်လမ်းကမိန်းကလေးမှ။သမီးဆိုလွ်င္သေဘာၤကပၸတိန္ဗိုလ္မႈး
လောက်မှ....ဦးလေးနှင့်ရသည့်အဒေါ်ကချောသှ်.....။ ကလေး၂ယောက်နှင့်(......)လေတပ်စခန်းတွင်
ဒုတိယဗိုလ်မှုးကြီးအဖြစ်လေယာဉ်မောင်းသင်ပေးရသည်။ရဲရင့် သွားလည်လျှင်ရဟတ်ယာဉ်လိုက်စီးခွင့်ရ
သည်။တခါပြင်သစ်ရေနံကုမ္မဏီမှရဟတ်ယာဉ်မောင်းသမားနှင့်ဦးလေး စကားပြောတော့ပြင်သစ်လေ
ယာဉ်မှုးကနာရီနှင့်မောင်းရကြောင်း။တလပျမ်းမျှ၆၀၀၀ရကြောင်းပြောသည်။ဦး လေးနုတ်ပိတ်နေသည်။
ပေါက်ဈေးနှင့်အလျင်အမြန်ရဲရင့်ချတွက်လိုက်သည်။တရာပင်မကျော်။Trainerတဦးဆိုတာပါသိသွားလျှင်
ဘာပြောမလဲမသိပေ။ဦးလေးကဒါလေးတော့ကြိုက်သည်။ရဲရင့်နဲ့အသက်သိပ်မကွာတော့အ
တူတူပုလင်းထောင်ဖြစ်သည်။အမေ့အံဆွဲထဲကဟာလေးတွေနှင့်ရဲရင့်ပဲအကုန်ခံလိုက်ရသည်။
တပ်တွင်းကသူ့သူ ငယ်ချင်းဗိုလ်(မူး)တွေပါခေါ်၍အလှုလက်ဖက်နှင့်မျက်နှာလုပ်လိုက်သေးသည်။
ဘယ်ရမလဲ(ငါကွ)ကုန်သည့်ပိုက်ဆံ တန်အောင်နိုင်ငံရေးတရားဟောသည်။ပုလင်းတန်ခိုးနှင့်ငြိမ်နားထောင်
ကြသည်။အဒေါ်ကတော့အမေလိုပဲတံခါး ထပိတ်ရင်းမျက်စောင်းလှည့်ထိုးသွားသည်။
(တပ်တွင်းကကလေးစစ်သားမကြောက်စကားပုံကအမှန်ပင်)......
ယခုအချိန်တွင်စစ်ဖက်အရာရှိငယ်များပြည်ပတွင်အဖွဲ့လိုက်ပညာသင်ကြားခွင့်ရနေခြင်းသည်အနာ
ဂါတ်အ ပြောင်းအလဲအတွက်အခွင့်အရေးကောင်းတခုဖြစ်သည်။မြန်မာပြည်အဆိုးအကောင်းကိုအပေါ်စီး
မှအမှန်အတိုင်း ငုံ့ကြည့်ခွင့်ရသည်။တပ်တွင်းမှဗိုလ်မှုးကြီးများပင်အခြေအနေမှန်ကိုသူတို့လောက်မသိရှိ
နိုင်။လက်တဆုပ်စာနအ ဖ၏ချယ်လှယ်မှုကိုကြိတ်မှိတ်ခံရသည်။ရာထူးအဆင့်အလိုက်အနည်းငယ်စီခံစား
ခွင့်ပြုတာကလွဲလို့နအဖသားသမီးတွေလို$သန်းရာနှင့်ထောင်နှင့်ချီ၍ချမ်းသာသူမရှိ။
မိမိသားသမီးများ၏အနာဂါတ်အရေးမှာဆိုလျှင်ဝေလာဝေး။ တရက်ရဲရင့်ရောက်သွားတော့ဦးလေးနှင့်
အဒေါ်စကားများနေသည်။အဒေါ်ပေါက်ပေါက်ဖေါက်တာရောခံရသည်။ ဦလေးကကလောတွင်မြေကွက်တကွက်ရသည်။လေယာဉ်နှင့်ရောက်တုန်းတခါထဲရောင်းခဲ့ရန်မှာလိုက်သည်။
ပိုက်ဆံပြန်အပ်တာတ၀က်သာသာပဲ၇သည်။ကျန်တာသူငယ်ချင်းတွေပြုစုလိုက်သည်ဟုဆိုသည်။
အရက်သောက် တာတောင်တ၀က်ကုန်တယ်ဆိုတော့မြေကွက်တန်ဖိုးမေးစ၇ာပင်မလိုတော့ပေ။ဦးလေး
ငမွဲ၏ဘ၀သရုပ်အမှန်ပင်... ကံဆိုးမိုးမှောင်ကျချင်တော့အဒေါ်မိန်းကလေးရောဂါကင်ဆာနှင့်ငယ်ငယ်ရွယ်
အချိန်၌ထွက်ခွါသွားသည်။ အသုဘနေ့ဦးလေးတို့စစ်လေယာဉ်မှုးတွေအကုန်လေယာဉ်မောင်းသူအတွက်
သီးသန့်ရသောရေဘင်အနက် တွေလူတိုင်းတပ်ထားပြီးကြေကွဲမှုများကိုဖုန်းကွယ်ထားကြသည်။
ပျာယာခပ်နေသူများကတော့ဗိုလ်ကတော်များ ပင်၊လေတပ်ဦးစီးချူပ်ကတော်နှင့်ဒုဦးစီးချုပ်ကတော်တို့
လာသောကြောင့်ဖြစ်သည်။တပေခွဲခန့်ခြားထားသော ကြိမ်ကုလားထိုင်ကြီးများတွင်မိန့်မိန့်ကြီးထိုင်နေ
သော၂ယောက်အကြားဗိုလ်ကတော်တွေဆောင့်ကြောင့်လေး တွေထိုင်ပြီးချုပ်ကြီးကတော်ပြောသမျှ
ှယပ်ကလေးတခပ်ခပ်နှင့်နာယူနေကြသည်။ဒုချုပ်ကြီးကတော်ဖက်လည်း လှည့်၍ပြုံးပြရသေးသည်။
အဒေါ်ဆုံးတာတောင်မေ့နေပုံရသည်။ချုပ်ကြီးကတော်၂ဦးတယောက်နှင့်တယောက်
စကားမပြောတည်တည်ကြီးတွေနှင့်နေတာကတော့ထူးခြားချက်တခုပေ။အရေးထဲယောက္ခမကြီးက
သူတို့ရှေ့မှာ ပင်""အမေလင်ရှာပေးတာမှားသွားပီကွဲ့""တွေဘာတွေလုပ်နေလို့ပါးစပ်အတင်းလိုက်
ပိတ်ကြ၇သေးသည်။ သေချာတာကတော့ဝမ်းကွဲညီမနှစ်ယောက်လုံးကိုအမေကမွေးစားလိုက်၍ရဲရင့်တို့
ညီအကိုနှစ်ယောက်ဘုရားခန်း တွင်ဖျာခင်း၍ကွေးကွေးလေးအိပ်လိုက်ရခြင်းပင်ဖြစ်ပါတော့သည်။ ။