Wednesday, June 25, 2008

ရှက်တတ်ရင် ...



ကျမ email ထဲကို ရောက်လာ ဘူးပါတယ်..
ရွေဂုံတိုင်က ဟော်တယ်ဆိုလား ဘာလား .. ဗီဒီယိုဖိုင်လေး တခုပါ ..
သာမန်အရပ်သူ တယောက် အနေနဲ့ သူ့ ဘာသာ ဘယ်လိုနည်းနဲ့ မှကို လိုလိုလားလား
ဗီဒိယိုအရိုက်ခံ လူကြားသူကြား မြင်သာစေချင်မယ် မဟုတ်ဘူးလို့ တွေးမိလို့ သေချာကို မကြည့်မိပါဘူး ..
မကောင်းမှုကို အားပေးခြင်းဖြင့် ကြည့်ရှု ခြင်း ဝေမျှခြင်း ကျမ မလုပ်ချင်ပါ . ဒီနေ့ တော့
ကိုရဲရင့်နဲ့ စကားစပ်မိတာနဲ့ အဲဒီအကြောင်းကို သူရေးချင်ကြောင်း ပြောလာတာနဲ့ ကျမလည်း
ချရေးမိပါတယ် …



အဓိက က တော့ အဲဒီဗီဒီယိုနဲ့ ပတ်သက်ပြီး နေရာအတိအကျ နာမယ်ကြီး နေတာတောင် သွားရောက် စစ်ဆေးခြင်း စုံစမ်းခြင်း မကြားမိလို့ ပါပဲ .. အပြစ်မရှိတဲ့ လူပေါင်းများစွာကို သာ ပုဒ်မမဲ့ ထောင်
ထဲထည့် ရဲတယ် .. နှမခြင်း မစာနာတဲ့ လူတသိုက်ကိုတော့ အရေးချင် ယူပုံ မရပါဘူး ..
နောက်တခုက တော့ .. အားပေးတဲ့ သူယုတ်မာတွေ အသံ .. ဟုတ်ကဲ့ .. ရှာဖွေ နားဆင်ကြတော်မူပါ ..
ကျမတို့ ရဲ့ ဆွေမျိုးပေါက်ဖော် ခါတော်မှီ မြန်မာနိုင်ငံသားတွေပါ .. ထမိန်စိမ်းပြာ အ၀ါတွေဝတ်
မိန်းမသားများ မဟုတ်တဲ့ ကျမတို့ မြန်မာ နိုင်ငံက မြန်မာမိန်းမသားတွေ ဘယ်လောက်
အကာအကွယ် မဲ့နေလိုက်သလဲ ..
အစိုးရက တာဝန်ဘယ်လောက် ပျက်နေလိုက်သလဲဆိုတာ ချီးထုတ်ကြီး .. ပွင့်တာပဲ ..

ယဉ်ကျေးစွာ ပြည့်တန်ဆာလို့ သုံးနှုန်းတား တာ အလကားမဟုတ်ပါဘူး .. မတတ်သာလို့ 
ခန္ဓာရင်းပြီး စီးပွားရှာရဦးတော့ .. ဖြစ်ချင်းဖြစ် ပြည့်တန်ဆာ ပဲ ဖြစ်ရင်တော်သေးတယ်..
အခုတော့ တရုတ်တန်ဆာဖြစ်နေရသေးတယ်..
ဘီယာတပုလင်းစာနဲ့ သိပ်မကွာတဲ့ ငွေ5000အတွက်
ဘယ်လိုရင်း နေရလည်း ဆိုတာ တွေးမိရင် ရင်နာဖို့ ကောင်းလှလိုက်တာ..
မိန်းကလေးတိုင်းကိုခေါင်းခေါက်ပြီးပဲ မေးမေး ရိုးရိုးပဲမေးမေး .. မေးကြည့်ကြစမ်းပါ …
မချစ်မနှစ်သော သူနဲ့ ပေါင်းဖော်ရခြင်း ဆင်းရဲ ဟာ ဘယ်လောက်ကြီးလိုက် မလဲဆိုတာ ..
လူတိုင်းကိုယ်ချင်းစာ နိုင်ပါတယ်…ဆေးလိပ် ငွေ့ အရက် နံ့  တွေကြား အပျော်အပါး
လိုက်စား တဲ့ လူတွေရဲ့ ကြားမှာ ထမင်းတလုပ်အတွက် ဘယ်လိုရင်းနေရလည်း ဆိုတာ
တွေးမိတာနဲ့ တင် ယူကြုံးမရ ဖြစ်မိပါတယ်..

အဆုံးမတော့ .. သတင်းစာတွေမှာ ဖန်တရာတေတာတွေ …



ကုလားမယား ..ကုလားမယား နဲ့ ..တိုင်းပြည်နာသလေး ဘာလေးနဲ့  .. အသံကောင်းဟစ် နေတာ တွေကို
အော်အော်ပြီးသာ ရီလိုက်ချင်တော့တယ်..
လူကြီးလူကောင်း တယောက်နဲ့ ဂုဏ်သရေရှိစွာ အတည်တကျ လက်ထပ် မိသားစု
တည်ထောင်ခဲ့တာ ကျတော့ .. ပြည်နာ သလေး ဘာလေးနဲ့  .. ဘိန်းက အစ မဟုတ်တာ အကုန်လုပ်
ပြီး မြန်မာပြည်ကို ခါးလည်က လာမျိုနေတဲ့ နေတဲ့ .. ခါတော်မှီ ဆွေမျိုး တွေဘယ်လို
မြန်မာအမျိုးသမီးတွေကို စော်ကားနေလည်းဆိုတာ ..

ရှက်တတ်ရင် လဲသေကြဖို့ တောင်ကောင်း သေးတော့တယ်.

ဗုဒ္ခဟူးနေ့သတင်းများ


သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 20:54 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။

ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က တောင်ဒဂုံမြို့နယ် ရပ်ကွက်အချို့မှ လေဘေးဒုက္ခသည် ၃ဝ ခန့်သည် စစ်အစိုးရပေးသည့် အထောက်အပံ့ နည်းပါးသဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်ချဉ်းကပ် အကူအညီတောင်းစဉ် သတင်းယူရာမှ မအိမ့်ခိုင်ဦး တာမွေ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကာ ယနေ့တွင် စတင်ရုံးထုတ်ခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ခုစလုံး ကျခံနိုင်ပြီး၊ ပုဒ်မ ၁၂၄ (က) သည် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

“မိသားစုဝင်တွေကတော့ ရှေ့နေငှားဖို့ စီစဉ်မယ် ပြောတယ်။ သူကိုယ်တိုင်ကလည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဆိုတော့ သူ့ဆရာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဘယ်သူ့ကို ငှားထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

မအိမ့်ခိုင်ဦးသည် ဥပဒေ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူတဦး ဖြစ်ပြီး ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက် လုပ်ငန်းသက် ၂ လခန့်သာ ရှိသေးသည်။

အန်ဂျီအိုထံ သွားရောက် အကူအညီ တောင်းသည့် ဒုက္ခသည်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်က ခေတ္တဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။


နာဂစ်က ပေးသွားတဲ့ ရောဂါ … အရေပြားရောဂါ …
ကြည်ဝေ ဇွန် ၂၅၊ ၂၀၀၈

အသက် သုံးဆယ်ကျော် မိန်းမတယောက်သည် ၃ နှစ်အရွယ်ကလေးငယ်ကို ချီလျက် တဲကလေးကို ငုံ့ပြီးဝင်လာ လေသည်။ အမျိုးသမီး တကိုယ်လုံးမိုးရေများဖြင့် ရွှဲရွှဲစိုလျက်ရှိသည်။ လုံချည်ကလည်း အနားတွင် ရေတစက်စက် ကျနေပြီး ဖိနပ် မပါသော ခြေဖျားတို့တွင် ပဲကြီးရေစိမ်တွန့်သလို ဖြူဖပ်ဖြူရော် ရှုံ့တွန့်နေကြသည်။

နဂိုက အသားခပ်ညိုညိုတွင် ပေရေညစ်ပတ်နေသောကြောင့် ညစ်ထပ်ထပ်ကလေး ဖြစ်နေသော ကလေးငယ်သည် ခေါင်းတွင်ဦးထုပ်တလုံးကို စောင်းထားသော်လည်း ၀တ်ထားသော အင်္ကျီကလေးမှာ မိုးရေကြောင့် အသားနှင့် ကပ်ပြီး လှိုင်းတွန့်ထနေလေသည်။

ဒေါက်တာ သီဟကျော်သည် သူတို့သားအမိကို စိတ်မသက်သာစွာ ပြုံးပြလိုက်ရင်း ထိုင်ပါ ဟုဆိုလိုက်သောအခါ အမျိုးသမီး သည် ကလေးကိုလက်ပြောင်းချီလိုက်ပြီး ဒေါက်တာသီဟကျော် ရှေ့မှ ကုလားထိုင်ပေါ်တွင် ခပ်ရို့ရို့ ၀င်ထိုင်ကာ ကလေးကို ပေါင်ပေါ်တင်ထားလိုက်လေသည်။

သူတို့သားအမိဝင်ထိုင်လိုက်သည်နှင့်ပင် အမျိုးသမီး၏လက်မှ ၀ဲစိုများ၊ ကလေး၏ကိုယ်ပေါ်မှ ၀ဲတချို့နှင့် အဆုတ် အအေးမိ နေသော လက္ခဏာတချို့ကိုလည်း သတိပြုလိုက်မိလေသည်။

ဒေါက်တာသီဟကျော်သည် သက်ပြင်းချလိုက်သည်။ ဒီရွာမှ လူအတော်များများတွင် ၀ဲများပေါက် နေ၍ တချို့မှာ အာဟာရ ချို့တဲ့ကာ အအေးမိရောဂါ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်သော ရောဂါများလည်း ခံစားနေကြရသည်ကို တွေ့ရသည်။

သူသည် သူမြင်တွေ့နေရသော လူနာများအတွက် အမိုးအကာ လုံလုံခြုံခြုံနှင့် ဆေးပစ္စည်းများ ပြည့်စုံသော ဆေးရုံများကို စိတ်တွင်းမှ ပြင်းပြင်းထန်ထန် တောင့်တမိလေသည်။

အမှန်တကယ်တော့ ဒေါက်တာ သီဟကျော်မှာ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ လိုက်လံကုသပေးလျက်ရှိသော စေတနာ့ ၀န်ထမ်းဆရာဝန်များအဖွဲ့ တခုမှ ဆရာဝန်တဦးသာဖြစ်သည်။

သူ့အနေနှင့် မုန်တိုင်းသင့်ဒေသ အတော်များများကိုရောက်ခဲ့ပြီးပြီ။ သူတို့အဖွဲ့သည် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာနှင့် အနီးအနားရှိ ရွာများသို့ မော်တော်ဘုတ် နှင့်နယ်လှည့်ဆေးကု သပေးခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းအတွင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။

သူတို့အဖွဲ့တွင် မီးယပ်နှင့်သားဖွားအထူးကု ဆရာဝန်ကြီး ၁ ဦး၊ အထွေထွေရောဂါကု သမားတော်ကြီး ၁ ဦးနှင့် ဒေါက်တာ သီဟကျော်တို့လို လူငယ် အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သူနာပြုဆရာမ ၂ ဦးနှင့် အကူ ကျန်းမာရေးစေတနာ့ ၀န်ထမ်း ၄ ဦးပါဝင်သော အဖွဲ့ဖြစ်သည်။

ယခုသူတို့အဖွဲ့ရောက်နေသော နေရာမှာ ကော့မှူးမြို့နယ် ဆင်ခြံရွာဖြစ်သည်။ ထိုရွာသည် မုန်တိုင်းဖြစ်စဉ်က ရွာထဲသို့ ရေ၀င်ပြီး ၄ ရက်တိုင်တိုင် ရေပြန်မဆင်းခဲ့သောကြောင့် ရွာသားများမှာ ရေထဲတွင် နေကြရသော ရွာဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်လည်း လာသမျှ ကလေးနှင့် လူကြီးတိုင်းလိုလိုတွင် ၈၀ ရာခိုင်နှုန်းလောက်က ၀ဲပေါက်နေကြတာကို တွေ့မြင်ရ ခြင်းဖြစ်သည်။ တချို့ဆိုလျှင် ၀ဲကြီးများက ခြေထောက်များနှင့်လက်များတွင်ပြွတ်သိပ်နေပြီး အနံ့ အသက်ပင် မကောင်း တော့။ သောက်ဆေးပေးရုံဖြင့် မရတော့ဘဲ ဆေးထိုးသင့်တဲ့သူ တော်တော်များများတွေ့ ရပြီး တချို့ကလည်း ပြည်တည် နာများပေါက်လျက်ရှိသည်ကို တွေ့ရသည်။

"သူတို့အနာတွေက သေချာအချိန်ယူပြီး ကုပေးမှ ပျောက်မယ့်အနေအထားဖြစ်နေတယ်၊ ပြီးတော့ သူတို့တွေ အားလုံး လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနဲ့ နေသင့်ပေမယ့် သူတို့ နေနေကြတာက အမိုးအကာ မလုံမခြုံနဲ့ဗျာ၊ သူတို့မှာ ခြင်ထောင် တောင်မရှိကြဘူး" ဟု ဒေါက်တာ သီဟကျော်က စိတ်မကောင်းသော မျက်နှာမျိုးဖြင့် လေသံ တိုးတိမ်စွာ ပြောဆိုခဲ့သည်။

သူရောက်ရှိခဲ့သော မုန်တိုင်းသင့်ဒေသများမှ ကျေးရွာများတွင် ထိုရွာလို တရွာလုံး ၀ဲပေါက်သူများကိုတွေ့မြင်ရသလို၊ ကာလ၀မ်းရောဂါပုံစံ ၀မ်းပျက်ဝမ်းလျှောဖြစ်သူများ၊ အသက်ရှုလမ်းကြောင်းပိုးဝင်နေသူများ၊ အာဟာရ ချို့တဲ့ နေသူများနှင့် အအေးမိနေသူများလည်း တွေ့ရကြောင်း၊ တချို့မှာ ဆေးရုံတင်ပြီး ထိုးဆေးထိုးကာ စနစ် တကျ ကုသမှု ခံယူရန် လိုအပ်သော အနေအထားမျိုးဖြစ်လျက်ရှိကြောင်း သူက ပြောဆိုသည်။

ထို့ကြောင့်လည်းသူ့အနေနှင့် ထိုဒေသများတွင် ဆေးပစ္စည်းများနှင့် ပြည့်စုံသော၊ နွေးထွေးလုံခြုံသော၊ လူနာ အမြောက် အများဆန့်သော ဆေးရုံဆေးခန်းများကို တောင့်တမိခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။

ဒေါက်တာသီဟကျော်က လူတိုင်းကို နွေးနွေးထွေးထွေးလုံလုံခြုံခြုံရှိသော အမိုးအကာများအောက်တွင် ရှိစေ ချင် သလို၊ တခြားသောနယ်လှည့်ဆေးကုနေခဲ့သည့် ဆရာဝန် တဦးကလည်း မုန်တိုင်းသင့်ဒေသများမှ ရေများကို အမြန်ဆုံးနည်းဖြင့် သန့်စင်ပစ်ချင်သည်ဟု ဆိုသည်။

"ကျနော်ရောက်ခဲ့တဲ့ မုန်တိုင်းသင့်ဒေသတွေမှာ ရေ မသန့်တဲ့ပြဿနာတော်တော်ကြီးနေတာ တွေ့ရတယ်၊ ရေ သန့် စင်ပေး ဖို့က အဓိက လိုအပ်ချက်ဖြစ်နေတယ်" ဟု နယ်လှည့်ဆေးကုသခဲ့သော အဆိုပါ ဆရာဝန်က ဆို သည်။

နယ်လှည့်ဆေးကုရာတွင် လိုက်လံကူညီပေးခဲ့သူ စေတနာရှင်တဦးကလည်း မုန်တိုင်းသင့်မိသားစုများအနေနှင့် ရေကောင်း ရေသန်ရရရှိရန် ခက်ခဲမှုရှိပြီး မသန့်ရှင်းသော ရေများကိုပင် သုံးစွဲနေရကြောင်း၊ တချို့ကို သုံးစွဲမည် ဆိုလျှင် ကလိုရင်း ဖျော်ရည် ဖြင့် သတ်မှတ်ထားသော သုံးစွဲပုံအညွှန်းအတိုင်းသုံးစွဲရန် သင်ကြားပေးနိုင်ခဲ့သော် လည်း၊ သူတို့အဖွဲ့ အပါအ၀င် အဖွဲ့အတော်များများသည် မြို့နှင့် အလှမ်းဝေးသော ကျေးရွာများထိ သွားရောက် ရန် အားနည်းသောကြောင့် အကန့် အသတ်ရှိကြောင်း၊ ထိြု့ပင် အများစုမှာ ရေကို ကျိုချက်ရန်ပင် ထင်းမီးအခက် အခဲ၊ အိုးခွက် အခက်အခဲတို့ကြောင့် ဒီအတိုင်းသာ သုံးစွဲကြသည်ကိုတွေ့မြင်ရကြောင်း ပြောပြသည်။

မုန်တိုင်းသင့်ဒေသများတွင်နေထိုင်ကြသူများအနေနှင့် ဗဟုသုတပိုင်းဆိုင်ရာ အားနည်းချက်များရှိသည်မှာ မှန်သော်လည်း၊ သူတို့ဒေသတွင် ရေချို ရေသန့်မရှိခြင်း၊ မရရှိခြင်းတို့ကြောင့် အဆိုပါ မသန့်ရှင်းသော ရေများ ကိုပင် သောက်သုံးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

မုန်တိုင်းသင့်ဒေသများမှ ရေများကို နမူနာယူကာ ရန်ကုန်တိုင်း သာကေတမြို့နယ်တွင်ရှိသော ငါးလုပ်ငန်းဦးစီး ဋ္ဌာနပိုင် ဓာတ်ခွဲစမ်းသပ်ရေးဋ္ဌာနတွင် ရေများကို စစ်ဆေးကြည့်ခဲ့ရာ ရေထဲတွင် Coliform ပိုးနှင့် E. coli ပိုးများ ပါဝင်နေသည်ဟု အဖြေထွက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန အရာရှိတဦးထံမှ ကြားသိရသည်။

အဆိုပါပိုးများ ပါဝင်နေသောကြောင့် ရေကို ကျိုချက်သောက်သုံးမှသာ အန္တရာယ်ကင်းနိုင်မှာဖြစ်ပြီး မုန်တိုင်းသင့် ဒေသများ မှ ရေများကိုသောက်သုံးရန်ပင်မဆိုထားနှင့် သုံးစွဲရန်ပင်မသင့်ကြောင်း ဆရာဝန်များက ပြောဆိုသည်။

ပြည်တွင်းအလှူရှင်တချို့က ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသတချို့မှ ရေငန်ဝင်ရောက်ခဲ့သော သောက်ရေ ကန်များရှိ ရေများကို စက်များဖြင့်စုပ်ထုတ်ခြင်း၊ ရေသန့်စင်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်း ထုတ် ဂျာနယ်များတွင် ဖော်ပြကြသည်ကို တွေ့ရသည်။

ရေကန်များမှ မသန့်စင်သောရေများကို အခမဲ့ လိုက်လံ စုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက ဧရာဝတီ တိုင်းရှိ ကမ်းရိုးတန်းဒေသအနီးမှ သောက်ရေကန်များကို ဦးစားပေး သန့်စင်လျက်ရှိသော်လည်း မသန့် စင်ရသေးသော ကျေးရွာများ ကျန်ရှိနေသေးကြောင်း၊ ထိုကျန်ရှိနေသော ရွာများတွင် ရေချိုရေသန့်ရရှိရန် အခက် အခဲရှိသည့်အတွက် ထိုမသန့်သောရေများကိုသာ သုံးစွဲနေလျှင် ရောဂါများ ဖြစ်ပွားနေဦးမှာ ဖြစ်ကြောင်း ပြောဆို သည်။

"အဲဒီ ဒေသတွေမှာ မသန့်ရှင်းသေးတဲ့ ရေတွေကိုမသုံးစွဲဖြစ်အောင် ၊ သူတို့မှာ ဒီရေကလွဲရင် တခြားသုံးစရာ ရေမရှိဘူး ဆိုတာမျိုးလည်း မဖြစ်ရအောင် အစိုးရက ပံ့ပိုးသင့်တယ်" ဟု ရေကန်များမှ မသန့်စင်သောရေများကို စေတနာဖြင့် အခမဲ့ လိုက်လံစုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ဗြူရိုကရေစီ ကပ်ဘေး
ရဲနည် ဇွန် ၂၅၊ ၂၀၀၈

မကြာသေးမီက မြန်မာစစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ သွားရောက်အကူအညီ ပေးခွင့်ကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ ဤအခြအနေက မြန်မာနိုင်ငံအနေဖြင့် ကျရှုံးနိုင်ငံ (failed state) တခုအဖြစ်သို့ နစ်မြုပ် ကျဆင်းဖွယ် အခြေအနေကို ထပ်မံဖော်ပြလိုက်သည့် ၀မ်းနည်းဖွယ် သက်သေပြချက်တခု ဖြစ်နေတော့သည်။

ဇွန်လ ၉ ရက်နေ့က မြန်မာစစ်ဗိုလ်ချုပ်များက ဗြူရိုကရေစီကန့်သတ်ချက်အသစ်များ ထပ်မံချမှတ်၍ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ အကူအညီများ မရောက်နိုင်ရန် ထပ်မံ၍ ချုပ်ချယ်ခဲ့ပြန်သည်။ ဤလမ်းညွှန်ချက်အသစ်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အားလုံးသည် ခရီးသွားလာရန်နှင့် အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများမှ သီးသန့်ခွင့်ပြုချက်များ ကြိုတင်၍ တောင်းခံရမည်ဟု ဆိုထားပြန်သည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများတွင် တာဝန်ယူနေကြသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ တရားဝင်ခွင့်ပြုချက် လက်မှတ်များ ရယူကြရမည် ဖြစ်သည်။

မြန်မာအဖွဲ့အစည်းများသည်လည်း ဒေသခံ အာဏာပိုင်များ၊ ရဲများ၊ စစ်တပ် စစ်ဆေးရေးဂိတ်များနှင့် ကြုံတွေ့ဆက်ဆံနေ ကြရပြီး၊ ထိုသူများက နောက်ကွယ်တွင် လာဘ်တောင်းခံသည်နှင့်လည်း မကြာခဏဆိုသလို ကြုံနေရပြန်သည်။

တပ်မ (၆၆) နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်များကိုလည်း ဥပဒေစည်းကြပ်ရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသ တွင် တာဝန်ပေးခဲ့ပြီး၊ ယခုအခါ ဒေသတွင်း ခရီးသွားလာရေးကိစ္စများကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းချုပ်နေ ကြပြီ ဖြစ်သည်။

တချိန်တည်းမှာပင် စစ်သားများက "ခရီးသွားလာခွင့် လက်မှတ် မရှိသူ" များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ပြုနေပြီး၊ မေလ ၂-၃ မုန်တိုင်းတိုက်ခတ်ပြီးစဉ် ကာလများကတည်းကစ၍ အရဲစွန့် ကူညီပေးခဲ့ကြသူများကိုလည်း ဖမ်းဆီးနေကြပြန်သည်။ နာမည်ကြီး အနုပညာရှင်တဦးဖြစ်သူနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုဇာဂနာမှာ မြစ်ဝကျွန်းပေါ်ဒေသ အတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေခဲ့သူတဦး ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီး အကျဉ်းချခံထား ခံခဲ့ရသည်။

အလားတူပင်၊ ယခင် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးမှာလည်း မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး အကူအညီများ ဝေငှပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။ တနေ့တည်း မှာပင် "သေဆုံးသူများကို မြှုပ်နှံပေးသူအုပ်စု" ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် အဖွဲ့မှ အခြားစေတနာ ၀န်ထမ်း ကယ်ဆယ်ရေးလုပ်သား ၇ ဦးလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ မြှုပ်နှံပေးပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။

ယနေ့တိုင် စစ်အစိုးရက ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သူတို့၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသွားကြသူများအတွက် စိုးရိမ်ပူပန်နေကြရပါသည်။

လေ့လာသူများက သုံးသပ်ကြသည်မှာ ဤသို့ဖမ်းဆီးမှုများသည် ပြည်တွင်းမှ ကိုဇာဂနာကဲ့သို့သော လေးစားဖွယ် ရှိသူများ၊ လူအများ ယုံကြည်ခံရသူများထံသို့ ပြည်ပရှိ မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ ပံ့ပိုးလှူဒါန်းသူများက ငွေကြေးများ ဆက် လက်ထောက်ပံ့ပေးပို့နေသည်နှင့် စပ်ဆိုင်မှု ရှိမည်ဟု ယူဆကြပါသည်။ ထိုသူများက အစိုးရဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များထံသို့ မလှူဒါန်းကြဘဲ အောက်ခြေလူထုအဖွဲ့များထံသို့သာ လှူဒါန်းလိုကြသည်ကို အစိုးရက မကြည်ဖြူဖြစ်နေပုံ လည်း ရှိပါသည်။

အစိုးရ၏ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ၌ ပြည်တွင်းမှ လှူဒါန်းမှု များအားလုံးသည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မီတီ၊ သို့မဟုတ် ၎င်း၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများသို့သာ လှူဒါန်းရမည်ဟုလည်း ဖော်ပြထားခဲ့သည်။

ယခုအခါ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အလှူရှင်အများစုက ပြောကြရာတွင် အစိုးရ၏ အတားအဆီး အကန့်အသတ်များ၊ အညိုအညင်ပေးမှုများကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သူတို့ စိတ်ကုန်နေကြပြီဟု ဆိုလာခဲ့သည်။

ဤအခြေအနေများအောက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက အရေးပါသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအဖြစ် ပို၍ တက်ကြွသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ၎င်းရဟန်းတော်များက ပုဂ္ဂလိကအလှူရှင်များနှင့် အမှန် တကယ် လိုအပ်နေသူများအကြား ကြားခံအဖြစ် ပေါင်းကူးဆောင်ရွက်ပေးနေကြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှာ မေလ ၂-၃ ရက်နေ့များ၊ မုန်တိုင်းတိုက်ခတ်ပြီးချိန် ကာလမှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် စောင့်ရှောက် ရေးစခန်းများအဖြစ် ခိုလှုံခွင့်ပေးထားခဲ့ကြသည်။ အစိုးရဌာနများက လျစ်လျူရှုထားကြသည့် အချိန်၌ ဒုက္ခရောက်လာသူ များက ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံရာ နေစရာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် နွေးထွေးမှု အကြင်နာ တရားတို့ကို ရရှိခံစားနိုင်ခဲ့ကြသည်။

ပို၍ စိုးရိမ်ဖွယ် ရှိနေသောကိစ္စတခုမှာ၊ အကယ်၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်စပါးစိုက်ပျိုးရေးအတွက် လယ်သမားများ သာ အချိန်မီ ပြန်မစတင်နိုင်ခဲ့ပါက ယခုနှစ်တွင် ဆန်စပါးရှားပါး ပြတ်တောက်မှု ကြုံရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။ စပါးစိုက်ရာသီမှာ ဇွန်လဆန်းပိုင်းတွင် စတင်လေ့ရှိကြပြီး၊ ကျွဲနွားများသုံး၍ ထွန်ယက် စိုက်ပျိုးကာ အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိကြသည်။ အခုအချိန်တွင် စပါးစိုက်ရန် အချိန်လွန်နေခဲ့ပြီဟု ကျွမ်းကျင်သူများကလည်း သတိပေးနေကြ သည်။

မြန်မာ စစ်အစိုးရက အတောမသတ်နိုင်သည့် ဟန့်တားမှုများ၊ ဗြူရိုကရေစီအရ တင်းကျပ်မှုများ၊ ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသောကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် ထူထောင်ရေးလုပ်ငန်းများ ပို၍ အခက်အခဲ ဖြစ်နေစေရာ ဒုက္ခသည်များမှာ များမကြာမီကာလတွင် ထိုင်းနိုင်ငံတွင်းသို့ အစုအပြုံလိုက်ဝင်ရောက် ခိုလှုံကြတော့မည့် အရေးကို တွေး၍ အမှန်တကယ် ရင်မအေးဖွယ် ဖြစ်နေကြရပြီ။ ဤသို့သာ စစ်အစိုးရက တာဝန်မဲ့ ဆက်လက်၍ ဆောင်ရွက် နေပါက မူလကတည်းက ဆင်းရဲတွင်းနက်နေရသည့် မြန်မာ နိုင်ငံအဖို့၊ ပိုမို ပြင်းထန်သည့် လူမှုရေး၊ စီးပွားရေး ကပ်ဘေး ဒုက္ခများ ချောက်တွင်းသို့ ထိုးကျဆင်းရဖွယ် ရှိနေပါတော့သည်။


ဂျပန်လူမျိုးများ မြန်မာသံရုံးကို ဆန္ဒပြ
ဧရာဝတီ ဇွန် ၂၅၊ ၂၀၀၈

သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့သည့် ၂၀၀၇ ခု စက်တင်ဘာလ အရေးအခင်းအတွင်း စစ်အစိုးရ လက်နက်ကိုင် တို့၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင်သေဆုံးခဲ့သည့် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိ၏ ဗီဒီယို ကင်မရာ ပြန်လည်ရရှိရေးအတွက် ဂျပန်လူမျိုး ၁၀ ဦးက လူလေးသောင်း၏ လက်မှတ်ထိုး တောင်းဆိုချက်များနှင့်အတူ တိုကျိုမြို့ရှိ မြန်မာသံရုံးကို ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုသူ ၁၀ ဦးတွင် သေဆုံးသွားသူ ကန်ဂျီ၏ ညီမတော်စပ်သူ နိုရီကို အိုဂါဝါလည်း ပါဝင်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်က ဆိုသည်။

ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးရှိ ဆန္ဒပြပွဲများကို သတင်းယူနေစဉ် အနော်ရထာလမ်းမပေါ်တွင် စစ်အစိုးရ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ကန်ဂျီနာဂါအိ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းက စစ်အစိုးရအား အပြင်းအထန် ပစ်တင်ဝေဖန်ခဲ့ပြီး ဂျပန်အစိုးရကလည်း စစ်အစိုးရနှင့်ဆွေနွေးရန် ဂျပန်ရဲတပ်ဖွဲ့နှင့် နိုင်ငံခြားရေးဌာနရှိ တာဝန်ရှိသူများကို ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

ဂျပန် ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ ကန်ဂျီနာဂါအိသည် အနီးကပ်ပစ်သတ်ခံလိုက်ရသဖြင့် ပွဲချင်းပြီး သေဆုံးရခြင်း ဖြစ်ပြီး စစ်အစိုးရက မတော်တဆ ထိမိခြင်းဖြစ်သည်ဟုသာ ဖြေရှင်းခဲ့သည်။

လပ္ပတ္တာနယ်၏ စီးပွားရေး ယခုနှစ် နာလန်မထူနိုင်
ကိုသက် ဇွန် ၂၅၊ ၂၀၀၈

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆားလုပ်ငန်းများ အချိန်ကိုက်ပြန်လည်မလုပ်နိုင်သဖြင့် လပ္ပတ္တာမြို့နယ်၏ စီးပွားရေး အခြေအနေသည်လည်း ယခုနှစ်အတွင်း နာလန်ထူနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။

လပ္ပတ္တာမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကုန်ရောင်းကုန်ဝယ် လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းတိုက်ခတ်အပြီး ၂ လ နီးပါးအထိ ရေလုပ်ငန်းတချို့မှလွဲ၍ ကျန်လုပ်ငန်းများ ပြန်မစနိုင်သေးပေ။

“လာမယ့်နှစ်အတွက် ဆားလုပ်ဖို့က မလွယ်ဘူး၊ ငွေးကြေးစရိတ်တွေက များတယ်။ ဆားဖိုတွေမှာ အရင်းအနှီးမရှိတော့ဘူး။ ဆားဖိုတွေက ဆားလှမ်းတဲ့လူအများစုကလည်း မုန်တိုင်းတိုက်လို့ သေကုန်ပြီ။ ဆားလှမ်းတဲ့လူတွေက အထက်မြန်မာပြည် ဘက်က လာလုပ်ကြတာများတယ်” ဟု လပ္ပတ္တာနယ်ခံတဦးက ပြောသည်။

ဆားဖိုတဖိုတွင် ဆားလှမ်းသည့်လုပ်သား ၅၀ မှ ၆၀ ခန့်အထိရှိကြသည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။

ဆားချက်လုပ်ငန်းကို နှစ်စဉ် မိုးရာသီကုန်ချိန်တွင် စတင်လေ့ရှိပြီး ယခုနှစ်အတွက်သိုလှောင်ထားသည့် ဆားအားလုံးနီးပါး သည် မုန်တိုင်းကြောင့် ပျက်စီးသွားသည်။ လပ္ပတ္တာဒေသမှထွက်သည့် ဆားပမာဏသည် တနိုင်ငံလုံးအတိုင်းအတာ၏ လေးပုံတပုံရှိကြောင်း သိရသည်။

“ဆားဈေးက ပိဿာတရာကို ကျပ်သိန်း ၄၀ ကနေတက်သွားလိုက်တာ မုန်တိုင်းတိုက်ခါနီးမှာ သိန်း ၂၀၀ အထိ တက်သွား တယ်၊ တခါမှမကြုံဖူးဘူး။ ဒီနှစ်က ဆားအထွက်လည်းနည်းတော့ ရှိတဲ့ဆားတွေကို လှောင်ထားကြတာ မုန်တိုင်းတိုက်တော့ အကုန်ပါတော့တာပဲ” ဟုလည်း လပ္ပတ္တာနယ်ခံက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ လပ္ပတ္တာဒေသရှိ လယ်မြေ ၈၀ ရာခိုင်နှုန်းသည် ယခုအချိန်အထိ စပါးစိုက်ရန် မထွန်ရသေးကြောင်း လပ္ပတ္တာမြို့ခံ ဒေါက်တာ အေးကြူက ပြောသည်။

“လယ်ထွန်ဖို့ အခုအချိန်အထိ ဘာထွန်စက်မှမရကြသေးဘူး၊ ရယက နဲ့ စက်မှုလယ်ယာဌာနရယ်ပေါင်းပြီး တသိန်းခွဲပေးရင် ပေးမယ်လို့ပြောတယ် … နောက်တော့ အလကားပေးမယ်ပြောတယ်၊ လက်တွေ့ကျတော့ မရဘူး၊ အဲဒီလိုတွေဖြစ်နေတယ်။ အစိုးရပေးတဲ့ စပါးမျိုးကိုလည်း စိတ်မချကြဘူး၊ အနံ့တွေနံပြီး ကြည့်ရတာ ဖွယ်တယ်တယ်နဲ့ … ပျိုးပြီးမှ ဒုက္ခရောက်မှာစိုးလို့ အခုမှမျိုးရှာနေတဲ့လူတွေလည်းအများကြီးလို့ လယ်သမားတယောက်က ပြောတယ်” ဟု ဒေါက်တာ အေးကြူက ပြောသည်။

အရည်အသွေးကောင်းမွန်သော ထိုင်းနိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များသည် လယ်သမားများအတွက် အသုံးတည့် သော်လည်း တန်ဖိုးမှာ ကျပ်သိန်း ၂၀ ကျော်သဖြင့် ကျပ် ၈ သိန်းမှ ၁၀ သိန်းအကြား တန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များကိုသာ အားထားနေရကြောင်း သိရသည်။

လပ္ပတ္တာမြို့နယ်အတွင်းရှိပြည်သူများ ဘေးဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသော်လည်း မြို့ပေါ်နေလူတချို့အတွက် အလုပ်အကိုင် နှင့် စီးပွားရေးအခွင့်အလမ်း ရရှိလာသည်ကိုလည်း တွေ့မြင်ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်းပြည်ပမှ အန်ဂျီအို အဖွဲ့အစည်းများနှင့် ၎င်းတို့၏၀န်ထမ်းများသည် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် လပ္ပတ္တာမြို့၌ ရုံးခန်းများဖွင့်လှစ်လုပ်ကိုင်နေကြသဖြင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များအဆင်ပြေသကဲ့သို့ အဆိုပါအဖွဲ့အစည်းများတွင် အလုပ်ရကြသည့် လူငယ်တချို့လည်း အဆင်ပြေကြ သည်ဟု ဒေါက်တာ အေးကြူက ပြောသည်။

“အန်ဂျီအို ရုံးတွေမှာအလုပ်ရတဲ့လူငယ်တွေကတော့ အတော်လေးအဆင်ပြေပါတယ်၊ လူများစုတော့မဟုတ်ဘူးပေါ့ … လစာလည်းကောင်းကြတယ်။ တခြားလူတွေကတော့ ဘာမှလုပ်စရာမရှိဘူး၊ မြို့ရဲ့ဖွံ့ဖြိုးမှုလည်းမရှိဘူး၊ အရောင်းအ၀ယ် လည်း မရှိဘူး” ဟု ဒေါက်တာအေးကြူက ဆက်ပြောသည်။

အာဆီယံအတွင်းရေးမှူးချုပ် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာသတင်းစာ ဆရာများ နှင်ထုတ်ခံရ
ဧရာဝတီ ဇွန် ၂၅၊ ၂၀၀၈

အာဆီယံအတွင်းရေးမှူးချူပ် ဒေါက်တာ ဆူရာပစ်ဆူဝမ် ဦးစီးကျင်းပသည့် နာဂစ်မုန်တိုင်းသင့် ဒေသများ ပြန်လည်ထူထောင် ရေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတခု ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာသတင်းစာဆရာ ၂၀ ကျော် နှင်ထုတ် ခံခဲ့ရပြီး အာဆီယံနိုင်ငံတချို့မှ သတင်းဌာနလေးခုကိုသာ တက်ရောက် သတင်းယူခွင့် ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ချက်ထရီရမ်ဟိုတယ်တွင် ဇွန်လ ၂၄ ရက်နေ့က အာဆီယံ၊ ကုလသမဂ္ဂနှင့် စစ်အစိုးရ အရာရှိများပါဝင်သော သုံးပွင့်ဆိုင် မုန်တိုင်းသင့်ဒေသများ ညှိနှိုင်းကူညီရေးအဖွဲ့နှင့် နိုင်ငံတကာအလှူရှင် နိုင်ငံများတက် ရောက်သည့် ASEAN ROUNTABLE ON POST NARGIS JOINT ASSESSMENT FOR RESPONSE, RECOVERY AND RECONSTRUCTION အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာသည့် မြန်မာ သတင်းစာဆရာများ နှင်ထုတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းဝင် သတင်းထောက်တဦးက ပြောကြားသည်။

“အစည်းအဝေးက မနက် ၉ နာရီက စတယ်။ ဒီက မြန်မာသတင်းထောက်တွေ တက်ဖို့သွားတော့ အစည်းအဝေးအပြီး ညနေ ၆ နာရီမှာသတင်းစာ ရှင်းလင်းပွဲလုပ်ပေးမယ်ဆိုပြီး ပြန်လွှတ်တယ်။ အဲဒါနဲ့ မြန်မာသတင်းသမား တွေအားလုံးပြန်သွားကြ ရတယ်” ဟု ၎င်းနိုင်ငံခြားသတင်းထောက်က ပြောသည်။

အစည်းအဝေးအပြီး ညနေ ၆ နာရီတွင် မြန်မာသတင်းထောက်များအားလုံး ရောက်ရှိလာရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဖိတ်ကြားထားသည့် စင်ကာပူ ချယ်နယ်နယူးအေးရှား သတင်းဌာန၊ မလေးရှားဘနားမား သတင်းဌာန၊ စင်ကာပူ စထရိတ် တိုင်း(မ်) သတင်းစာနှင့် အင်ဒိုနီးရှား ကွန်ပတ်သတင်းစာ စုစုပေါင်း မီဒီယာ ၄ ခုကိုသာ ၎င်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အခြားသတင်းထောက်များအားလုံး ခန်းမအတွင်းမှ ထွက်ခွာကြရန်ပြောဆိုနှင်ထုတ်ခဲ့ကြောင်း သိရသည်။

“အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အတွင်းရေးမှူးအမျိုးသမီးက သတင်းစာရှင်းလင်းပွဲကို ဖိတ်ထားတဲ့လူပဲတက်ရမယ်။ မဖိတ် ထားတဲ့သူတွေမတက်နဲ့လို့ ပြောတယ်။ မြန်မာ သတင်းထောက်တွေအားလုံး စိတ်ဆိုးပြီး ခန်းမထဲက ထွက်သွားတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် အသင်းဝင်တဦးက ပြောသည်။

သတင်းစာရှင်းလင်းပွဲမှထွက်ခွာသွားရသည့် မြန်မာသတင်းစာဆရာ ၂၀ ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒန်းဘတ်ကာတို့ က ဟိုတယ်ဧည့်ခန်းတနေရာတွင် သီးခြားတွေ့ဆုံပြီး ရှင်းလင်းပွဲတရပ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“သတင်းစာရှင်းလင်းပွဲက နှင်ထုတ်ခံရတဲ့ မြန်မာသတင်းထောက်တွေအတွက် သီးခြားရှင်းလင်းပွဲလုပ်ပေးတယ်။ အာဆီယံ အတွင်းရေးမှုးချူပ်နဲ့တော့ မတွေ့ရဘူးပေါ့” ဟု မြန်မာ သတင်းစာဆရာ တဦးက ဆိုသည်။

အာဆီယံ အတွင်းရေးမှုးချူပ်၏ ခွဲခြားဆက်ဆံမှုကို မြန်မာသတင်းသမားများက စိတ်ဆိုးလျှက်ရှိပြီး ဝေဖန်ပြောဆို နေကြသည်။

မြန်မာသတင်းသမားများအတွက် သီးခြားပြုလုပ်ပေးသည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ် ကြီးက မုန်တိုင်းသင့်ဒေသများနှင့် ပတ်သက်သော ပျက်စီးဆုံးရှုံးမှုများ စာရင်းကို ဇူလိုင်လ ၂၀၊ ၂၁ ရက်တွင် စင်ကာပူနိုင်ငံ ၌ ကျင်းပမည်ဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် နယူးယောက်တွင် ဇူလိုင်လအတွင်း ကျင်းပမည့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ အစည်းအဝေးတို့တွင် နိုင်ငံတကာအလှူရှင် များသို့ ထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံအတွင်းရေးမှူးချုပ်၏ သတင်းစာရှင်းလင်းပွဲမှ နှင်ထုတ်ခံခဲ့ရသည့် မြန်မာသတင်းစာဆရာများထဲတွင် တရုတ် ဆင်ဟွာ၊ အေပီ၊ ရိုက်တာ၊ အေအက်ဖ်ပီနှင့် တခြားသော နိုင်ငံတကာ သတင်းဌာနများမှ မြန်မာနိုင်ငံသား သတင်းစာဆရာ များပါဝင်ကြောင်း သိရသည်။


နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၁) သိန်းခွဲနီးပါးရှိနိုင်
NEJ/ ၂၅ ဇွန် ၂၀၀၈


မုန်တိုင်းကြောင့် သေဆုံးသူဦးရေကို (၈) သောင်းခွဲရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရဘက်က တရားဝင်ထပ်မံ အတည်ပြုလိုက်သည့်အတွက် မူလမှန်းထားသည့် ကိန်းဂဏန်းထက် (၉) ရာနှုန်း တက်လာသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ဧရာဝတီတိုင်း ပျက်စီးမှုများကို လေ့လာအပြီးတွင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးတဦးက မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ပျောက်ဆုံးသူဦးရေကိုလည်း (၅၃,၈၃၆) ရှိသည်ဟု ထုတ်ပြန်သည့်အတွက် လွန်ခဲ့သည့်
(၁) လခွဲက စစ်အစိုးရ ကိန်းဂဏန်းထက် (၄) ရာနှုန်း လျော့ကျသွားသည်။

မုန်တိုင်းကျပြီး (၂) လနီးပါးကြာသည်ထိ ပျောက်ဆုံးသူ ဦးရေ (၅) သောင်းကျော်နေသေးသည် ဆိုသော်လည်း ထိုပျောက်ဆုံးသူများအတွက် မည်သို့ရှာဖွေ ကယ်ဆယ်ရေးလုပ်နေသည်ကိုမူ စစ်အစိုးရဘက်က ယခုထိ ပြောဆိုခြင်းမရှိပေ။ အဆိုပါ ပျောက်ဆုံးသူအားလုံး သေသည်ဟု တွက်လျှင် မြန်မာနာဂစ်မုန်တိုင်းကြောင့် စုစုပေါင်းသေဆုံးသူဦးရေမှာ စစ်အစိုးရကိန်းဂဏန်း အရပင် (၁) သိန်းခွဲနီးပါး ရှိမည်ဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၁) သိန်းခွဲထိ ရှိနိုင်ကြောင်း Oxfam ကယ်ဆယ်ရေးအဖွဲ့ ကြီးက မုန်တိုင်းကျပြီး (၁) ပတ်အတွင်း ခန့်မှန်းခဲ့သည်။ တချိန်တည်းမှာပင် မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်းထိ ရှိနိုင်ကြောင်း ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms Shari Villarosa ကလည်း မှန်းခဲ့သည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု စစ်အစိုးရဘက်က ပြင်ဆင်အတည်ပြု ခဲ့သော်လည်း စုစုပေါင်းသေဆုံးသူ (၁) သိန်းထိ ရှိနိုင်ပြီး ပျောက်ဆုံးသူ အရေအတွက်ကို (၂၂၀,၀၀၀) ရှိနိုင်သည်ဆိုသည့် ကုလသမဂ္ဂ၏ ခန့်မှန်းချက်ကို ယခုထိ ပြင်ဆင်ခြင်း မရှိသေးပေ။

သုံးပွင့်ဆိုင်အဖွဲ့ကို မေ (၁၉) ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကြား ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။


နာဂစ်ဒဏ်ခံရသည့် ဘောလုံးကွင်းများပြန်ပြင်ရန်
ဖီဖာက ဒေါ်လာ (၁) သိန်းကူညီမည်

ပီတာအောင်/ ၂၅ ဇွန် ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ပျက်စီးသွားသည့် ဘောလုံးကွင်းများနှင့် အဆောက်အအုံများကို ပြုပြင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးသွားမည်ဟု ဖီဖာတာဝန်ရှိသူတဦးက ပြောသည်။

ဖီဖာမှ ဖွံ့ဖြိုးရေးအရာရှိ မစ္စတာ ၀င်ဆာပေါလ်ဂျွန်က “ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရတဲ့ ဘောလုံး ကွင်းတွေနဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ ဖီဖာက အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ဆီက အပျက်အစီးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကျနော်တို့ ရရှိထားပါတယ်။ ရန်ကုန်မှာရှိတဲ့ ဘောလုံး လေ့ကျင့်ရေးကွင်း၊ အဆောက်အအုံနဲ့ အားကစားပစ္စည်းတွေ ရေလျှံပြီး ပျက်စီးဆုံးရှုံးမှုရှိပါတယ်။ ပျက်စီးမှုတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ကျနော်တို့ သွားကြည့်မယ်။ ပြီးတော့ ဘယ်ဒေသက ဘယ်ကွင်းတွေမှာ အဓိက ပြင်ဆင်ဖို့လိုအပ်သလဲဆိုတာကြည့်ပြီး ပြုပြင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လာမည့် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ဘောလုံးကွင်း အပျက်စီးများကို ကိုယ်တိုင် သွားရောက် ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း၊ အကူငွေ ဒေါ်လာ (၁) သိန်းကို မြန်မာဘောလုံး အဖွဲ့ချုပ်ကို တိုက်ရိုက်ပေးမည်မဟုတ်ဘဲ အပျက်စီးများပြင်ဆင်ရန် ကန်ထရိုက်ငှား၍ ကန်ထရိုက် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း မစ္စတာ ၀င်ဆာပေါလ်ဂျွန်က ပြောသည်။

အလားတူ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း လေဘေးဒဏ်ခံရသည့် ဘောလုံး ကွင်းများပြုပြင်ရန် မြန်မာဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၃) သောင်း ကူညီထောက်ပံ့ မည်ဟုသိရသည်။

ဖီဖာက မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်ရန် ဘောလုံးသမားများ နေထိုင်သည့် အဆောင်များ၊ လေ့ကျင့်ရေး ဘောလုံးကွင်း၊ ရုံးခန်းစသည့် အဆောက်အအုံများကို ဂိုးစီမံကိန်းများ ချမှတ်၍ ကူညီထားကြောင်း၊ မုန်တိုင်းကြောင့် ၎င်းတို့ဆောက်ပေးထားသည့် အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်းနှင့် သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားကွင်း၌လည်း အမိုးများလန်ကာ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် လူနေအိမ်၊ ကျောင်း၊ ဆေးရုံနှင့် အားကစားကွင်းများအပါအ၀င် အခြေခံအဆောက်အအုံ အမြောက် အမြား ပျက်စီးဆုံးရှုံးခဲ့သည်။


ဖွဲ့ချုပ်ရုံးရှေ့ရိုက်နှက်ဖမ်းဆီးသည့် စွမ်းအားရှင်များတွင် လုံထိန်းပါဝင်
ကျော်ထင်/ ၂၅ ဇွန် ၂၀၀၈
ဇွန် (၁၉) ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်တွင် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်နေစဉ် လူ (၄) ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည့် စွမ်းအား ရှင်ဆိုသူများထဲတွင် အရပ်ဝတ် လုံထိန်း တဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၂၆) ရက်တွင် ရွှေတိဂုံဘုရား၊ ကြားတောရလမ်း၌ အဆိုပါ လုံထိန်း၏ ရိုက်နှက်ဖမ်းဆီးမှု ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ယခုရိုက်နှက် ဖမ်းဆီးမှုတွင်လည်း ၎င်းလုံထိန်းကို စွမ်းအားရှင်ပုံစံ အရပ်ဝတ်နှင့် တွေ့ရကြောင်း ပြောသည်။

၎င်းက “ဘယ်လိုမှတ်မိလဲဆိုတော့ အဲဒီတုန်းက လဲသွားတဲ့ ကောင်မလေးတယောက်ကို သူရိုက် နေလို့ ဆက်မရိုက်ဖို့ သွားတောင်းပန်တာ။ ဒါနဲ့ပဲ ကျနော့်ကို ဆက်ရိုက်တာ။ နောက်ပြီးတော့ လဲသွားတော့ မျက်နှာကို သူကကန်တယ်၊ ဘာမှလုပ်တာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကျနော့်ကို လုပ်စရာမလိုဘူးလို့ ကျနော်ပြန်ပြောတယ်။ သူနဲ့မျက်နှာချင်းဆိုင် ပြောလိုက်တာပေါ့၊ ရာဇ၀တ်
ကောင်လည်းမဟုတ်ဘူးလို့” ဟု ပြောသည်။

“နောက်ထပ် သေချာမှတ်မိတာတခုက ကျနော်တို့ကို ဒိုင်နာပေါ်မှာ ဖမ်းထားတဲ့အချိန်မှာ ဗဟန်း (၃) လမ်းဘက်က သံဃာတွေကိုရိုက်တော့ ဘုန်းကြီးကျောင်းထဲက ပြန်ချတယ်လေ။ လုံထိန်း တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်တော့ ကားပေါ်က ဖမ်းခံထားရတဲ့ ကောင်မလေးတွေက ကြောက်ပြီး အော်တယ်။ အဲဒီမှာ ဒီလုံထိန်းပဲ နောက်ရဲ (၂) ယောက်နဲ့ ကားပေါ်တက်လာပြီး ဆက်ရိုက်သေးတယ်၊ ဒီလုံထိန်းက (၂) ရစ်နဲ့လေ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စွမ်းအားရှင်များက ရိုက်ဖမ်းဆီးမှုသည် အာဏာပိုင်များကိုယ်တိုင် ဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောသည်။

BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “စွမ်းအားရှင်တွေထဲ လုံထိန်းတွေ ထည့်ထား တာက အာဏာပိုင်တွေနဲ့ ဆိုင်တယ်လေ။ ဥပဒေကြောင်းအရတော့ သာမန်ပြည်သူကိုဖမ်းမယ် ဆိုရင် ယူနီဖောင်းဝတ်တဲ့ ရဲသာလျှင် ဖမ်းခွင့်ရှိတယ်။ လုံထိန်းဖြစ်စေ၊ စွမ်းအားရှင်ဖြစ်စေ၊ ဒီလို ဖမ်းဆီးတယ်ဆိုရင်တော့ မတရားဖမ်းဆီးချုပ်နှောင်မှုကို အစိုးရအာဏာပိုင်တွေက ကျူးလွန် တာပဲလို့ ပြောရမှာ” ဟု ပြောသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်းမှစပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး ရိုက်နှက်ရာတွင် စွမ်းအားရှင်ဆိုသူများကို စတင်အသုံးချလာခြင်းဖြစ်သည်။


သီတဂူဆရာတော် မဲဆောက်တွင် အထူးတရားပွဲကျင်းပ
NEJ/ ၂၅ ဇွန် ၂၀၀၈
နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်သည် မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက အထူး တရားပွဲတရပ် ကျင်းပခဲ့သည်။

ယမန်နေ့ တရားပွဲတွင် ဆရာတော်က နာဂစ်မုန်တိုင်း ဘေးဒုက္ခကျရောက်သူများအပေါ် ကရုဏာ တရားဖြင့် ကူညီပေးကြရန် (ကရုဏာ) တရားတော်ကို ဟောကြားခဲ့သည်။

ဆရာတော်က “ဆွေမျိုးများပျက်စီးခြင်း၊ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ ရောဂါမျိုးစုံ နှိပ်စက်ခံ ရခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ဘုရားတရားသံဃာတို့အား မသိရှိတော့ခြင်းဆိုတဲ့ ဗျသနတရား ငါးပါးဆိုတာ လူသားတွေကို ဒုက္ခအပေးဆုံးပဲ။ ကမ္ဘာ့လူသားတွေရဲ့ လိုအပ်ချက်က ဒုက္ခရောက် သူတို့ (သို့မဟုတ်) ဗျသနတရားငါးပါး ခံစားနေရသူတို့အတွက် ကရုဏာလိုပါတယ်။ ဒုက္ခ ရောက်သူတွေ ဒုက္ခမှ လွတ်ပါစေ၊ ဘေးရန်သင့်သူတွေ ဘေးရန်မှ လွတ်ပါစေ၊ သောကရောက် သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ၊ အဲတာ ကရုဏာပို့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူ (၂) သန်းလောက် အသက်ရှင်လျက် ဒုက္ခဖြစ်ပြီးကျန်ရစ်တာ၊ လူ (၂) သိန်းလောက်အသက်သေပြီး ဒုက္ခဖြစ်သွားကြတာ၊ အဲဒီဒုက္ခကို တို့ကဘယ်လိုကူညီပြီး ဖြေရှင်းနိုင်မလဲ၊ ကာယကံမြောက်ဖို့တော့ လုပ်ဖို့လိုတယ်” ဟု ဟောကြားသည်။

မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော်သည် နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းအများ အပြားကို ပေးပို့လှူဒါန်းလျက်ရှိပြီး နိုင်ငံတကာသို့ လှည့်လည်ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် တရားပွဲများ ကျင်းပလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ အမာမြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်း (၁,၃၄၅) ကျောင်းအတွက် သွပ်အချပ်ရေ (၁၀၀)၊ ကျောင်းပြင်ဆင်ရန် တကျောင်းလျှင် ငွေကျပ် (၁) သိန်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ကားအစီး (၃၀၀) တိုက်ဖြင့် ကျေးရွာပေါင်း (၇၇၀) ကျော်အထိ ပေးပို့လှူဒါန်းပြီး အမာမြို့နယ်ဆေးရုံ၊ ကဒုံကနိကျေးရွာဆေးရုံနှင့် ဘိုကလေးမြို့နယ်ဆေးရုံတို့အတွက် ဆေးရုံသုံး ဆေးဝါးကိရိယာများနှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ (၂) သိန်းဖိုး လှူဒါန်းခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏တရားပွဲသို့ ဒေသတွင်းရောက် မြန်မာများနှင့် ဒေသခံများအပါအ၀င် တရားနာ ပရိသတ် (၂,၀၀၀) ခန့် လာရောက်ခဲ့ကြပြီး ကယ်ဆယ်ထောက်ပံ့ရေး အလှူအတွက် ငွေသားနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

သီတဂူဆရာတော်၏ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေး အထူးတရားပွဲတွင် တရားနာ ကြွရောက်လာသူများမှ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းကြပြီး မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် အရေးပေါ်ကူညီစောင့်ရှောက်ရေး Emergency Assistance Team အဖွဲ့ကလည်း ထိုင်းဘတ်ငွေ (၃) သိန်း လှူုဒါန်းခဲ့သည်။

ယနေ့ညတွင်လည်း ဆရာတော်၏တရားပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။


ထိုင်းစွမ်းအင်ကုမ္ပဏီနှင့် နအဖစစ်အစိုးရ သဘာဝဓာတ်ငွေ့စာချုပ် ချုပ်
AFP/ ၂၅ ဇွန် ၂၀၀၈
ထိုင်းစွမ်းအင်ကုမ္ပဏီတခုသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရန် စစ်အစိုးရနှင့် အရေးပါသော စာချုပ်တရပ် ချုပ်ဆိုလိုက်သည်ဟု ကုမ္ပဏီမှ အရာရှိတဦးက ပြောသည်။

မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M9 ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူစာချုပ်ကို ထိုင်းကုမ္ပဏီ PTT ရှာဖွေထုတ်လုပ်ရေး (PTTEP) နှင့် မြန်မာစစ်အစိုးရတို့သည် နေပြည်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း အဆိုပါအရာရှိက သတင်းထောက်များကို ယနေ့ ပြောကြားခြင်းဖြစ်သည်။

စာချုပ်ပါ ငွေကြေးပမာဏကို ယင်းအရာရှိက ပြောဆိုရန် ငြင်းဆိုသော်လည်း ထိုင်းနိုင်ငံထုတ်
The Nation သတင်းစာတွင် ထိုစာချုပ်ပါ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၂) ဘီလီယံ ခန့်ရှိမည်ဟု ဆိုထားသည်။

စာချုပ်ပါအတိုင်း ထိုလုပ်ကွက် M9 တိုးတက်ရေးအတွက် PTTEP သည် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်သွားမည်ဟု ထိုင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ အနွန်သီရိဆန်းတက်ဆင်က စတော့အိတ်ချိန်းသို့ ပေးပို့သည့် အစီရင်ခံစာတစောင်တွင် ပြောကြားထားသည်။

ထိုလုပ်ကွက်မှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း (၃၀၀) ထုတ်လုပ်နိုင်မည်ဟု ယူဆ ထားပြီး ယင်းအနက် (၈၀) ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ကာ ကျန် (၂၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ထောက်ပံ့သွားမည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

လောင်စာစွမ်းအင်လိုအပ်မှု မြင့်တက်လာသည်ကို ထောက်ပံ့ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရရှိခြင်းသည် နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိစေပြီး တိုင်းပြည်၏ ရေရှည် စွမ်းအင်လုံခြုံရေးအတွက်လည်း အားသာစေသောကြောင့် ထိုသဘောတူစာချုပ်သည် အလွန်ပင် အရေးကြီးကြောင်း ထိုင်းစွမ်းအင်ဝန်ကြီး ပွန်ပီရွမ် လစ်တပန်လော့ပ်က အစီရင်ခံစာတခုတွင် ပြောထားသည်။

စွမ်းအင်သုံးစွဲမှု လိုအပ်နေသည့် ထိုင်းနိုင်ငံသည် နိုင်ငံတွင်းသုံး သဘာဝဓာတ်ငွေ့ (၂၀) ရာခိုင်နှုန်း ကို မြန်မာနိုင်ငံမှ တင်သွင်းနေခြင်းဖြစ်သည်။

မြန်မာအစိုးရ မီဒီယာများက လုပ်ကွက် M9 တွင် ရှိသော သဘာဝဓာတ်ငွေ့မှာ ကုဗပေ (၈.၀) ထရီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၀၆ ခု တရားဝင်စာရင်းအရ မြန်မာနိုင်ငံတွင်း၌ နိုင်ငံခြား ရေနံကုမ္ပဏီ (၁၃) ခုသည် စီမံကိန်း ပေါင်း (၃၃) ခုတွင် လုပ်ကိုင်နေကြသည်ဟု သိရှိရသည်။


မြန်မာ ဆိုင်ကလုန်းအကူအညီများ လျော့နည်းလာ
Aljazeera/ ၂၅ ဇွန် ၂၀၀၈
နိုင်ငံတကာမှ အလှူငွေများ ထပ်မံမရရှိပါက (၃) ပတ်ကြာခန့်ကာလအတွင်း ဆိုင်ကလုန်းဒုက္ခ သည်များအား စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂက သတိပေးသည်။

မေလဆန်းပိုင်းကတည်းက မုန်တိုင်းဒုက္ခခံစားခဲ့ရသော သန်းချီသည့် ဒုက္ခသည်များသည် ယခု အချိန်အထိ အခြေခံရိက္ခာ ထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ ပြောသည်။

ကုလသမဂ္ဂ သတိပေးချက်သည် ဆိုင်ကလုန်းဒုက္ခသည်များ၏ လိုအပ်ချက်များ ပြည့်စုံနေပြီဟု အင်္ဂါနေ့က ပြောကြားသွားသည့် အာဆီယံအဖွဲ့၏ အကောင်းမြင်သုံးသပ်ချက်နှင့် လုံးဝ ဆန့်ကျင် နေသည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များနှင့် ပတ်သက်၍ ဇူလိုင်လလယ်ခန့်တွင် အာဆီယံမှ အစီရင် ခံစာ တင်ရမည်ဖြစ်သော်လည်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ကမူ မုန်တိုင်းကွင်းဆင်း အဖွဲ့များအနေဖြင့် အထိနာသည့် ဒေသများအားလုံးသို့ အကန့်အသတ်မရှိ၊ အချုပ်အချယ်မရှိ သွားရောက်ခွင့် ရရှိနေသည်ဟု ရန်ကုန်မြို့တွင် အင်္ဂါနေ့က ပြောသည်။

“စောစောစီးစီး နာလန်ထူနိုင်ဖို့အတွက် ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ အဆင်ပြေ နေပါပြီ” ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် စူရင် ပစ်စ၀မ်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအစီအစဉ် (WFP) က ရရှိနိုင်မည့် ဆန်ထောက်ပံ့မှုများသည် ဇွန်လကုန် အထိသာ ခံမည်ဟု သိရသည်။

မုန်တိုင်းဖြစ်ပြီးစအချိန်တွင် မြန်မာစစ်အစိုးရသည် ကယ်ဆယ်ရေးအတွက် တုံ့နှေးမှုများရှိခဲ့ပြီး နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ၀င်ခွင့်ပြုရန် ခါးခါးသီးသီး ငြင်းဆန်ခဲ့သောကြောင့် ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကုလသမဂ္ဂက စစ်အစိုးရကို အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်းရှိ အဖွဲ့အစည်းများ၊ အာဏာပိုင်များထံမှ အရေးပေါ် အထောက် အပံ့ တောင်းဆိုမှုများ တစထက်တစ လျော့နည်းလာနေပြီဖြစ်ပြီး အစီရင်ခံစာများအရ အဆိုးဆုံး အခြေအနေကို ကျော်လွန်ပြီဟု မဆိုသာသော်လည်း အခြေတကျဖြစ်သွားပြီဟု မြန်မာနိုင်ငံခြား ရေး ဒု-၀န်ကြီး ဦးကျော်သူက မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။


လေဘေးသင့်ဒေသ ရိက္ခာ ပြတ်လပ်နိုင်ဟု အကဲဖြတ်အဖွဲ့ ဖော်ပြ
25 June 2008
ဦးကျော်ကျော်သိန်း -
မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မိသားစု ၄၆% မှာ နှစ်ရက်စာအတွက်တောင် စားစရာ အပြည့်အ၀မရှိဘူးလို့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာရုံး OCHA ရဲ့ ဒေသတွင်းသတင်းကွန်ယက် IRIN က ဒီကနေ့ မှာပဲ ဖော်ပြလိုက်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတခုအတွင်း သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှု အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကနဦးတင်ပြခဲ့တာကနေ အခုလိုထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဘန်ကောက် ရောက်၊ ဗွီအိုအေ ၀ိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပေးပါတယ်။

ပျောက်ဆုံး သေဆုံးသူပေါင်း ၁၃၈,၀၀၀ ရှိသွားပြီဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး သီတင်းရှစ်ပတ် အကြာ မှာ တောင် မုန်တိုင်းဒဏ်သင့်လူထုအတွက် စားရေရိက္ခာတွေ ပိုပေးပို့ဖို့လိုအပ်နေတယ်ဆိုတာကို ဒီတွေ့ရှိချက်က မီးမောင်း ထိုးပြနေ တယ်လို့ IRIN ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစားအစာပြတ်လပ်မှုဟာ ကနဦးတွေ့ရှိမှုရဲ့ တစိတ်တပိုင်းပဲရှိပါသေးတယ်။ မိသားစု ၆၀% ဟာ သန့်ရှင်းတဲ့ သောက်ရေ တွေ မရှိ သလို ၂၂% ကတော့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသက အိမ်ခြေ ၅၉% ဟာ အပြင်းအထန်ပျက်စီးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့်လူထုဟာ သူတို့နေဖို့အိမ်တွေကို တနည်းနည်းနဲ့ပြန်ဆောက်ခဲ့ကြပေမယ့် အိမ်တွေဟာ မခိုင်မခန့်ဝါးတွေနဲ့ ဆောက်ထားတာကြောင့် နှစ်နှစ်လောက်ပဲခံမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ နဂိုက ခိုင်မာတဲ့ သစ်သားအိမ်တွေထက် ပိုဆိုးရွား ပါတယ်တဲ့။

တရွာချင်းတိုင်းတာစစ်ဆေးမှုအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ရစ်ချတ် ဘလူးဝစ်တ် (Richard Blewitt) က လူတွေဟာ ပြန်တည် ဆောက်နေကြပြီဖြစ်ပေမယ့် နှေးကွေးကြောင်း၊ သူတို့ဟာ မတည်မငြိမ်ရှိနေပြီး ကူညီကယ်ဆယ်ရေး လိုအပ်ချက်တွေ ဆက် ရှိနေ သေးကြောင်း၊ ရွာသားတွေဟာ ပိုကောင်းလာဖို့ ပြန်တည်ဆောက်နေကြတာမဟုတ်ဘဲ၊ ပိုဆိုးလာဖို့ တည်ဆောက် နေကြကြောင်း စသည်ဖြင့်ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တစိတ်တပိုင်းက ဖော်ပြသလို လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို တိတိကျကျ သိနိုင် တာကြောင့် ပြီးခဲ့တဲ့ တိုင်းတာစစ်ဆေးမှုဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂနဲ့ အာဆီယံတာဝန်ရှိသူတွေက ပြော ကြတာပါ။ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဘန်ကောက်အခြေစိုက်၊ အာရှ-ပစိဖိတ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က -

"ဒီတွေ့ရှိချက်တွေကနေ အဖွဲ့အစည်းအားလုံးအနေနဲ့ သူတို့ရဲ့အကူအညီတွေကို သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက်နဲ့အညီ တိတိကျကျ ပေးအပ်နိုင်စေမှာမို့ အင်မတန်ကို အထောက်အကူဖြစ်ပါတယ်။ နေရာတိုင်းမှာ လိုအပ်ချက်တွေက အရမ်းကို ကွာ ခြားမှာဖြစ်ပြီး အဲဒီ မတူကွဲပြားတဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ရေးမှာ ဒီ တိုင်းတာစစ်ဆေးမှုဟာ အရေးပါပါတယ်။" လို့ ပြောပါ တယ်။

WFP ဟာ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေနဲ့ အကူအညီပေးခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ တိုင်းတာစစ်ဆေးမှုအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ၃၅၀ ပါဝင်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က အထောက်အကူပေးခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေမှာ မေလနှောင်းပိုင်းကနေ ဇွန်လ ပထမသီတင်းသုံးပတ်အထိ သုံးပွင့်ဆိုင်အဖွဲ့က စစ်ဆေး မှုတွေလုပ်ခဲ့ကြတာပါ။ တိုင်းတာစစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေဟာ အခြေအနေတွေကို ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ ရပြီး မုန်တိုင်းဒဏ်သင့် ရွာသူ ရွာသားတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီးချိန်မှာ ဒီသဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ သူတို့မျှော်လင့် ထားတာထက် ပိုကြီးမားနေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂတာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ တွေ့ရှိချက် တစိတ်တပိုင်းကိုကပဲ တိုင်းတာစစ်ဆေးမှုအဖွဲ့ဝင်တွေရဲ့ နားလည် မှုကို ထပ်ပြီးထင်ရှားစေပါတယ်။

သူတို့စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို အဆင့်ဆင့် သုံးသပ်ပြုစုနေတဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ ရောက်နေတဲ့ အခြေအနေကို မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံဆွေးနွေးပွဲမှာ ကနဦးတင်ပြခဲ့ပါတယ်။ သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှုအဖွဲ့ရဲ့ တွေ့ရှိချက်အပြည့်အစုံပါဝင်တဲ့ အစီရင်ခံစာကိုတော့ နောက်လ စင်္ကာပူမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၄၁ ကြိမ်မြောက် အစည်းအဝေးအတွင်း တင်သွင်းဖို့ စီစဉ်ထားကြောင်းပါခင်ဗျား။

သုံးပွင့်ဆိုင် ဗဟိုအဖွဲ့က မုန်တိုင်းအပျက်အစီး စစ်ဆေးပြီးစီး
25 June 2008
အရင်လက ကျရောက်ခဲ့တဲ့ မုန်တိုင်းရဲ့ အပျက်အစီးဒဏ်ကို နိုင်ငံတကာ သဘာဝဘေးအန္တရာယ် အကဲဖြတ်အဖွဲ့ကပြည့်ပြည့်စုံစုံ အကဲဖြတ် ပြီးသွားခဲ့ပါပြီ။ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ကိုယ်စားလှယ် ၃၅၀ နဲ့ ဖွဲ့စည်းထားတဲ့ ပူးတွဲ အကဲဖြတ်ရေးအဖွဲ့ဟာ လေဘေးသင့်ရွာပေါင်း ၃၈၀ က ပြန်ရောက်လာခဲ့ကြပါပြီ။သုံးပွင့်ဆိုင်အဖွဲ့လို့ခေါ်တဲ့ အဲဒီအဖွဲ့ဟာ သူ့အကဲဖြတ်ချက်ပြီးဆုံးကြောင်း အဖွဲ့ရဲ့ ပထမဆုံး သတင်းထုတ်ပြန်ချက်မှာ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
နောက်လ စင်ကာပူနိုင်ငံမှာကျင်းပမယ့် အစည်းအဝေးမှာ အဖွဲ့ရဲ့အစီရင်ခံစာကို တင်ပြမှာပါ။ အရင်ကလုပ်ခဲ့တဲ့ အကဲဖြတ်ချက်တွေကို အခုတွေ့ရှိချက်တွေက အနည်းနဲ့အများအတည်ပြုပေးပါတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ပူးတွဲအဖွဲ့ရဲ့ အင်္ဂါနေ့က အစည်းအဝေးမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူကသေဆုံးသူဦးရေဟာ ၈၄,၅၃၇ ယောက်ဖြစ်ပြီး ပျောက်ဆုံးနေသူက ၅၃,၈၃၆ ဖြစ်တယ်
လို့ ပြောပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ၈၄,၀၀၀ ကျော်ဖြစ်တယ်လို့မြန်မာစစ်အစိုးရက တိုးမြှင့်ပြောဆိုလိုက်ပြီး ၅၄,၀၀၀ ဟာလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လူ ၂၀,၀၀၀ က ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။
ဦးကျော်သူဟာ သုံးပွင့်ဆိုင် ဗဟိုဦးဆောင်အဖွဲ့က မြန်မာစစ်အစိုးရရဲ့ ထိပ်တန်းကိုယ်စားလှယ် သုံးယောက်အနက်တယောက်ဖြစ်ပါတယ်။



ရွေ့ရှားနေသောအဆောက်အဦး

ဒူဘိုင်းတွင်အီတလီဗိသုကာပညာရှင်တည်ဆောက်မည်။

Miss Universe candidates compete in national costumes


Undercover on Burma's aid trail

Newsnight's Simon Ostrovsky goes undercover to see the true picture in Burma's Irrawaddy Delta.

ဒီမှာကြည့်ပါ၊

Journalist Simon Ostrovsky went undercover in Burma to find out how those worst-affected by Cyclone Nargis were coping. ဒီမှာကြည့်ပါ၊
He met survivors in Burma's villages who outlined their needs for continuous aid of the right kind.