Tuesday, July 1, 2008

ဖြစ်ရပ်မှန်နှင့်ဖြစ်ရမယ်...။

၉သြဂတ်စ်၁၉၈၈နေ့ညနေမစောင်းတစောင်းအချိန်ဖြစ်သည်။
မြို့တော်ခန်းမနှင့်မဟာဗန္ဒု့လပန်းခြံကြားစုရုံးဆန္ဒပြဟောပြောနေသူများကိုမြို့တော်ခန်းမဖက်မှ
နေရာယူထားသောတပ်များမှစတင်ပစ်ခတ်လူစုခွဲရာအနည်းဆုံးကျောင်းဆရာမတဦးကျဆုံးခဲ့ပါသည်။
ဘယ်ကလာမှန်းမသိသောကျည်ဆံများကြောင့်ဘယ်ဖက်ပြေးရမှန်းမသိဖြစ်ကုန်သည်။
မြို့တော်ခန်းမအတွင်းသို့ခုနလေးကမှရောက်လာပြီးနေရာယူပစ်ခတ်ပြီးသောအခါစစ်သားငယ်တဦးက
ဘေးမှအဖေါ်ကိုဒီလိုပြောလိုက်သည်။

""အလံတွေတလူလူလွင့်ပြီးတယောက်မှလည်းပြန်မပစ်ကြဖူး.......ဒီလိုသောင်းကျန်းသူဒီတခါပဲတွေ့ဖူးတယ်""
ဟူ၏။
...............................................................................................................................................

ထိုအချိန်တွင်မြို့ထဲသို့စုရုံးရန်ချီတက်လာသောဆန္ဒပြသူများမှာသမိုင်းလမ်းဆုံတွင်.....ဤစည်းမှမကျော်ရ၊
ဤစည်းမှကျော်လျှင်ပစ်မည်... ဆိုသောဝါးလုံးကြီးများဖြင့်တားထားခြင်းခံနေရသည်အချိန်အလံကိုင်မိန်းက
လေးတဦးမူးလဲ၍ကားတစီးငှားပြီးအင်းစိန်ဆေးရုံသို့ပို့ပြီး၊ပြန်အလာလူအုပ်အတွင်းရုတ်ရုတ်ရုတ်ဖြစ်နေပြန်
သဖြင့်အပြေးသွားကြည့်ရာ...........
ခါးတောင်းကိုမြောင်အောင်ကျိုက်၍အကျီင်္ရင်ပတ်ဟကွဲနှင့်လူတယောက်သည်မျက်ရည်တွေနှင့်ရှေ့သွားလိုက်
နောက်ပြန်လာလိုက်လုပ်ပြီးဒီလိုဟစ်ကြေွးသည်။

'''ငါ့ကိုပစ်ပြီးငါ့သွေးတွေနဲ့ခင်းတဲ့လမ်းပေါ်ဒီပြည်သူတွေကိုဆက်လျှောက်ခွင့်ပြု..................................။''

သူပြောစကားတွေကြောင့်ဘေးနားမှလူများမှာရီရမလိုနှစ်သိမ့်ရမလိုဖြစ်ကုန်သည်၊အဘယ်ကြောင့်ဆိုသော်
သူ့အရှေ့တွင်ပိတ်ခံနေရသောဆန္ဒပြသူအရည်အတွက်မှာ၆၀၀၀ထက်မနဲရှိ၍သူ့အနောက်
တွင်ဆယ်ဂဏန်းမျှသောဆန္ဒပြသူသာကျန်သောကြောင့်ဖြစ်သည်။

အင်္ဂါနေ့သတင်းများ

ဒီပရင်္ဂ ကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ (၂) ဦး အလုပ်ထုတ်ခံရ
NEJ/ ၁ ဇူလိုင် ၂၀၀၈


ချယ်ရီရသစုံမဂ္ဂဇင်း အမှတ် (၁၅၄) ဇွန်လထုတ် စာမျက်နှာ (၇) တွင် ပါရှိသော ဒီပရင်္ဂ ကဗျာကြောင့် အဆိုပါမဂ္ဂဇင်းမှ တာဝန်ခံအယ်ဒီတာနှင့် အမှုဆောင်အယ်ဒီတာတို့ အလုပ်မှ ရပ်နားခံလိုက်ရ ကြောင်း သိရသည်။

အဆိုပါကဗျာကို ကဗျာဆရာ ကြည်မောင်သန်းက ရေးဖွဲ့ထားပြီး ကဗျာပါ အကြောင်းအရာအချို့ကို လိုရာဆွဲတွေးကာ စာပေစိစစ်ရေးက အကြောင်းရှာခြင်းဖြစ်ကြောင်း ချယ်ရီမဂ္ဂဇင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ကဗျာတွင် ဒီပဲယင်းမြို့ကို ကဗျာဆရာက အမွှမ်းတင်ရေးသားခြင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့်ပတ်သက်၍ စစ်အစိုးရက ဒီပဲယင်းတွင် အရေးအခင်းဖြစ်ခဲ့သည်ကို အကြောင်းပြုရေး သားခြင်းဖြစ်သည်ဟု စာပေစိစစ်ရေးမှစွပ်စွဲကာ ယခုကဲ့သို့ အယ်ဒီတာများအား အလုပ်မှ ရပ်နား ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၀၃ ခု မေလ (၃၀) ရက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်များ စည်းရုံးရေးခရီးစဉ်တွင် ဒီပဲယင်းမြို့၌ အကြမ်းဖက်သမားများအုပ်စု၏
ဝင်ရောက်ရိုက်နှက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အလုပ်မှအနားပေးခြင်းခံရသည့် အယ်ဒီတာ (၂) ဦးမှာ တာဝန်ခံအယ်ဒီတာ ဒေါ်သပြေနှင့် အမှု ဆောင်အယ်ဒီတာ လင်းထိပ်သျှင်တို့ဖြစ်သည်။

ကဗျာဆရာ ကြည်မောင်သန်းက ၎င်း၏ကဗျာမှာ စာပေစိစစ်ရေးက ကျပြီးသားဖြစ်ကြောင်း၊ ၎င်းအား ခေါ်ယူစစ်ဆေးသည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ကဗျာနှင့်ပတ်သက်၍ အယ်ဒီတာ (၂) ယောက်ကို အလုပ်ထုတ်လိုက်ခြင်းသာဖြစ်ကြောင်း ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

“စာပေစိစစ်ရေးက သူ့အမှားနဲ့သူဆိုတော့ အယ်ဒီတာတွေကိုပဲ မဆီမဆိုင် အပြစ်ပေးလိုက်တာ” ဟု (၃၅) လမ်းမှ ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။

စာပေစိစစ်ရေးသည် သတင်းဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ရေးသားသည့်စာများအား သေချာစွာ စိစစ်ဖတ်ရှုကာ အဓိပ္ပာယ်များကို ၎င်းတို့တွေးထင်မိသည့်အတိုင်း ပယ်ချခြင်းများ ပြုလုပ်လျက် ရှိသည်။

သို့သော် ဂျာနယ် မဂ္ဂဇင်းများ ထွက်ပြီးမှသာ အဓိပ္ပာယ်ပေါက်သည်များလည်း ရှိကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း ကဗျာဆရာစောဝေ၏ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ရေးသား ဖော်ပြသော “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ အချစ်ဂျာနယ်တွင် ပါရှိပြီး ဂျာနယ်ထွက်ပြီးမှသာ စာပေ စိစစ်ရေးက ကောက်ကာငင်ကာ အဓိပ္ပာယ်ဖော်ကာ ကဗျာဆရာစောဝေအား ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ထိုကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု ယူဆရသည့် စကားလုံးများဖြင့် လှောင်ပြောင် သရော်ခဲ့သည်ဟု စွပ်စွဲကာ ကဗျာဆရာစောဝေကို နအဖအာဏာပိုင်များက ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးကာ ပြီးခဲ့သည့် ဇန်န၀ါရီ (၂၂) တွင် တရားစွဲဆိုခဲ့ပြီး ယခုအခါ (၃) ကြိမ် ရုံးထုတ်ပြီး ဖြစ်သည်။

ကဗျာဆရာ ကြည်မောင်သန်းကိုလည်း ကိုစောဝေကဲ့သို့ ဖမ်းဆီးရန် အလားအလာရှိကြောင်း စာပေအသိုင်းအ၀န်းတွင် ထင်ကြေးပေးနေကြသည်။

ကဗျာဆရာ ကြည်မောင်သန်းမှာ ကလောင်မျိုးစုံဖြင့် နိုင်ငံရေးကဗျာများကို ရေးသားသူဖြစ်ကာ ယခင်က လှသန်း၊ လိပ်ပြာသန့်သန့် စသောကလောင်များဖြင့် ရေးသားခဲ့သည်ကို စစ်အစိုးရက black list လုပ်ထားခဲ့ပြီးနောက် ကြည်မောင်သန်း ကလောင်ဖြင့် ဆက်ရေးနေခြင်းဖြစ်သည်။



အနုပညာရှင်များ မူးယစ်ဆေးဝါးဖြင့် မဖမ်းဆီးဟု ရဲချုပ်က ပြော
နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာမည်ကြီး အနုပညာရှင် အချို့နှင့် စီးပွားရေး လုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိန်းသိမ်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သော ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့’ အထိမ်းအမှတ် ဆိုင်ရာ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များအား ဖမ်းဆီးထိန်းသိမ်း၊ တရားစွဲဆိုခြင်း မရှိကြောင်း ရဲချုပ် ခင်ရီ၏ ငြင်းဆိုချက်ကို ရန်ကုန်အခြေစိုက် ယခုအပတ်ထုတ် Weekly Eleven ဂျာနယ်က ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အခုချိန်ထိ အနုပညာရှင်တွေကို ဖမ်းဆီးထားတာ မရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း အခုချိန်ထိ တရားစွဲဆိုခြင်း မရှိဘူး” ဟု ရဲချုပ်ခင်ရီမှ မြန်မာ သတင်းထောက်များ၏ မေးမြန်းချက်များကို ဂျာနယ်တွင် ဖော်ပြထားသည်။

နာမည်ကျော်ကြား မြန်မာအနုပညာရှင် ၃ဝ ဦးထက်မနည်းအား ပြီးခဲ့သည့် လလယ်ပိုင်းတွင် အာဏာပိုင်များက မူးယစ်ဆေးဝါး သုံးစွဲသူများဟု ယူဆကာ ခေါ်ယူ စစ်ဆေးခဲ့သလို၊ မူးယစ် ရောင်းဝယ်မှုဖြင့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်အား ဖမ်းဆီးခဲ့သည်ဟု ပြည်ပရှိ မြန်မာ သတင်းဌာနများက ရေးသားဖော်ပြမှုများ ထွက်ပေါ်လာပြီးနောက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်က ယခုလို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၁၇ ရက်နေ့ထုတ် First Music ဂျာနယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်၊ စိုးမြတ်သူဇာ၊ နဝရတ်၊ ဂန္တာဝင်၊ ဖိုးကျော်၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် အဆိုတော် ဖြိုးကြီး၏ ဓာတ်ပုံများနှင့် အတူ ‘မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် အနုပညာရှင်များ၏ အောင်မြင်မှုနှင့် ဘဝခရီးအား ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေနိုင်ကြောင်း’ ဖော်ပြခဲ့သည့်အတွက် အနုပညာရှင်များက ငြင်းဆိုခဲ့ရာ ဇွန်လ ၂၃ ရက် နေ့ထုတ် ဂျာနယ်တွင် တောင်းပန်စာ ပြန်လည် ရေးသားခဲ့ရသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ကိုစံမိုးဝေက ယခုလို အမှန်တရားကို သိသော်လည်း အဖြစ်အပျက် အမှန်များအား အာဏာပိုင်များက ဖုံးကွယ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သူက “အာဏာပိုင်တွေက ဗြောင်လိမ်နေတာပါ။ အမှန်တရား၊ သတင်းမှန်တွေကို သူတို့ ပါးစပ်ဖျားမှာ ကြိုက်သလို လုပ်နေကျပဲ။ သူတို့ ဘာပြောပြော ပြည်သူလူထုက သိပြီးသားပါ။ အာဏာပိုင်တွေ ကိုယ်တိုင် အရှုပ်ထဲမှာ ပါနေတော့ ဖုန်းကွယ်တော့တာပေါ့” ဟု ပြောသည်။

ကြံ့ဖွံ့နှင့် စွမ်းအားရှင်ကို ဥပဒေမဲ့ ကျူးလွန်ခိုင်းနေ
မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကို နှိမ်နင်းရန်အတွက် လူမှုရေးအသင်းကို ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်ခိုင်းနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

လွန်ခဲ့သည့် ၁ဝ ရက်ကျော်က ရန်ကုန်ရှိ ဗဟိုရုံးချုပ်အတွင်း စစ်အစိုးရ ကျောထောက်နောက်ခံပြု စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေး အသင်းသားများ သည် အတင်းဝင်ရောက်ကာ ပါတီဝင်များကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်ပိုင်း အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လုံခြုံရေးအဖွဲ့ဝင်တွေ ရှေ့မှာ လူမှုရေး အသင်းအဖွဲ့ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက သူတို့အနေနဲ့ လုံခြုံရေးသမားတွေလို အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ရုံးရှေ့မှာ အတင်းဝင်ပြီးတော့ ရိုက်နှက် ဖမ်းဆီးတာက စဖမ်းကတည်းက ဥပဒေနဲ့ ညီမှ မညီတာ”ဟု သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

သူက ဆက်ပြီး “ဒီတိုင်းပြည်မှာ ဥပဒေဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာပဲ ဥပဒေမှ မရှိတာပဲ။ ဒီပဲယင်းကိုပဲ ကြည့်ပါလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအဝင် ရိုက်နှက်ခံရတယ်။ ရိုက်တဲ့နှက်တဲ့ သူတွေကို အရေးမယူဘဲနဲ့ အရိုက်ခံရတဲ့ သူတွေကို အရေးယူထားတယ် ဆိုတဲ့ဟာကို ကြည့်လို့ရှိရင် ဒီတိုင်းပြည်မှာ ဥပဒေရှိလား၊ မရှိလားဆိုတာ သိနိုင်တယ်” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးကလည်း “ဒါက အခုမှ မဟုတ်ဘူး။ စက်တင်ဘာ ကတည်းက ဒီလိုပဲ သုံးတာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ကျင်းပရာ နအဖ စစ်ခေါင်းဆောင်များ ကိုယ်တိုင် ဦးစီးကွပ်ကဲနေသည့် လူမှုရေးအသင်း ကြံ့ခိုင်ရေး အဖွဲ့ဝင်များနှင့် စွမ်းအားရှင် ဆိုသူများက လုံထိန်း၊ ရဲနှင့် ထောက်လှမ်းရေးများ ရှေ့မှောက်တွင် ရုံးချုပ်ဝန်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ ပါတီဝင်အချို့ကို ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ ထိုနေ့က ရုံးဝန်း အတွင်းအပြင် ဖမ်းဆီးမှုတွင် ပါတီဝင် အနည်းဆုံး ၁၄ ဦး ပါရှိသွားသည်။

ပါတီလူငယ်က “နိုင်ငံရေးသမားတွေကို သူတို့က ကိုယ်တိုင် ရင်မဆိုင်တော့ဘူး။ ကျနော်တို့နဲ့ စွမ်းအားရှင်တွေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေကို ထိပ်တိုက်တွေ့ခိုင်းတာ ဖြစ်တယ်။ ဒီသဘောက ယုတ်မာတယ်၊ ဘယ်လို ယုတ်မာလဲဆိုတော့ သူတို့လုပ်တာ မဟုတ်ဘူး၊ ပြည်သူအချင်းချင်း လုပ်တာ ဖြစ်တယ်လို့ ပြောလေ့ရှိတယ်။ ဒီလို ပြဿနာတွေကို အခုလို မရှင်းသင့်ဘူး။ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်နိုင်သည့်တိုင်အောင် ဒီလိုမျိုး ယုတ်မာတဲ့ နည်းလမ်းတွေကို မလုပ်သင့်ဘူး” ဟု ပြောသည်။

ဒေါက်တာဝင်းနိုင်ကလည်း “အဲဒီလို ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံဘူးလို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဒီလို သတ်တာ ဖြတ်တာတွေ လုပ်လာတဲ့ ဟာတွေက သူတို့တာဝန်ပဲလေ။ သူတို့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီးတော့ ကျနော်တို့ လုပ်စရာ ရှိတာကို လုပ်သွားမယ်” ဟု ပြောဆိုသည်။

ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်း တိုင်း ဒီပဲယင်း ဒေသအနီးတွင် စစ်အာဏာပိုင်များ အနီးကပ် ကြီးကြပ်ကာ ကြံ့ဖွံ့အသင်းသားများက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သလို၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာလူထု ဆန္ဒပြပွဲကိုလည်း အဆိုပါ လူမှုရေး အသင်းသားများက အကြမ်းဖက် ဖြိုခွဲခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်အစိုးရက ၎င်း၏ နိုင်ငံရေး ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ပေးရန်အတွက် လူမှုရေးအသင်းအဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နိုင်ငံသားဦးရေ၏ ထက်ဝက်နီးပါးမျှ ရှိသည့် လူဦးရေ ၂၄ သန်းသည် အသင်းဝင်ဖြစ်သည်ဟု နအဖ စစ်အစိုးရက ပြောဆိုလေ့ ရှိသည်။
ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင် ဗုံး ပေါက်ကွဲ

သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 16:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့အစည်း တခုဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးတရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ရွှေပြည်သာမြို့နယ် စစ်တောင်းလမ်းရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် အေးချမ်းသာယာရေးနှင့် တွဲလျက် တည်ရှိသော ကြံ့ဖွံ့ရုံးခန်း ရှေ့တွင် အင်္ဂါနေ့ နံနက်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မနက် ၆ နာရီ ၁ဝ မိနစ်လောက်မှာ သူတို့ ရုံးအရှေ့မှာ ကားတိုက်မှု ဖြစ်တယ်။ ကားတိုက်မှုဖြစ်တော့ အဲဒီရုံးထဲက ကြံ့ခိုင်ရေးတွေ ထွက်ကြည့် ကြတယ်။ ထွက်ကြည့်နေကြရင်း အဲဒီအချိန်မှာ ပေါက်တာဖြစ်တယ်” ဟု ရွှေပြည်သာနေ အခင်းဖြစ်ပွားပြီးနောက် သွားရောက်ကြည့်ရှုခဲ့သူ တဦးက ပြောသည်။ သို့သော် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲ ပြီးပြီးချင်း အခင်းဖြစ်ရာမှ ကိုက် ၅ဝ အကွာခန့်တွင် စစ်ဘက်၊ ရဲဘက် လုံခြုံရေးများ ချထားလိုက်ပြီး လူအများ ဖြတ်သန်း သွားလာခွင့်ကို တားမြစ်လိုက်သည်။

ယခု ဗုံးပေါက်ကွဲမှုသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့တွင် ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားတိုင်း မြောက်များလှစွာသော စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းများကို လက်ညိုးထိုးလေ့ ရှိသော်လည်း တရားခံမမိခဲ့သည့် ထုံးစံအတိုင်းပင် ယခု ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်သည်တရားခံကို ဖမ်းဆီးနိုင်လိမ့်မည်ဟု အများက ယုံကြည်ထားခြင်း မရှိပေ။

လွန်ခဲ့သည့် ဇန်နဝါရီလကလည်း နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ရန်ကုန် ဘူတာကြီး အနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရှိသည့် ဗုံးပွဲမှု ဖြစ်ခဲ့သေးသည်။ ထို့အပြင် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးပွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲမှု တွင် ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။

စက်သုံးဆီနှင့် မျိုးစပါး ခက်ခဲနေဆဲဖြစ်

ဖနိဒါ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 12:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းသင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ကျေးရွာအချို့တွင် စစ်အစိုးရက ကျွဲနွားနှင့် ထွန်စက်များ ချပေးသော်လည်း လယ်သမား များအဖို့ စက်သုံးဆီနှင့် မျိုးစပါး အခက်အခဲ ရှိနေသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နှင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ ကျေးရွာ အများအပြားတွင် လယ်သမားများကို အနည်းဆုံး လယ်ဧက ၆ဝ ရှိလျှင် စစ်အစိုးရက လက်တွန်းထွန်စက်နှင့် ကျွဲနွားများ အရစ်ကျ ချပေးသော်လည်း စက်သုံးဆီ ဝယ်ယူနိုင်မှု မရှိသလို၊ မျိုးစပါး များလည်း မရသဖြင့် လယ်စိုက်ရေး အခက်ကြုံနေခြင်း ဖြစ်သည်။

“ကော့မှူးမြို့နယ်ထဲက ကိုးတောင်၊ ကန်သုံးကန်၊ ဖရုံချောင်နဲ့ ကြာကန်ရွာမှာ မျိုးစပါး ရပေမယ့် ရွာတချို့ကျ မျိုးစပါးနဲ့ လက်တွန်းထွန်စက် မရလို့ ကိုယ့်နည်းကိုယ့်ဟန် လုပ်ကိုင်နေရတယ်” ဟု ကော့မှူးဒေသခံက ပြောသည်။

“အရစ်ကျ ဆိုတာက တယောက်ယောက်က အာမခံပေးတယ်ပေါ့လေ။ ပြောမယ်ဆိုရင် ဝိုင်းပြီးလုပ်တဲ့ ပုံစံပေါ့နော်။ တယောက်က စိုက်ထားရင် ကျန်တဲ့တယောက်က အာမခံပေးတယ်ပေါ့နော်။ ဒါမှမဟုတ် ခြံ၊ လယ်၊ အိမ် ဂရမ်တွေ ပြရတယ်ပေါ့လေ။ အရစ်ကျ ဆိုတာကတော့ တနှစ်တကြိမ် သုံးနှစ်ပေါ့နော်။ (ထွန်စက်ဖိုး ၁၅ သိန်းမှာ) တနှစ် ၅ သိန်း ပေးချေရမယ်ပေါ့နော်” ဟု ဘိုကလေးဒေသခံ လယ်သမားတဦးက ပြောသည်။

ဘိုကလေးမြို့နယ်ရှိ မလော၊ ဒေါင့်ကြီး၊ ပတ္တမြားကုန်းနှင့် စပ်စုကျေးရွာအုပ်စုများတွင် အချို့ရွာသားများ မျိုးစပါး ရသော်လည်း အချို့ကျေးရွာ များတွင် မျိုးစပါး မရသေးသဖြင့် အခက်ကြုံနေရသည်။

သူက “ဘိုကလေးမြို့နယ်မှာရှိတဲ့ ဟေမန်ကြိမ်ကြောင်းလေး ကျေးရွာမှာလိုပေါ့နော်။ လိုအပ်တာရဲ့ သုံးပုံတပုံ လောက်တော့ ရတယ်ပေါ့နော်။ မျိုးစပါးက အားလုံး ၂ဝဝ တင်း ရရမှာ၊ ၃ဝ တင်းလောက်ပဲ ရောက်တယ်။ နည်းနည်းတော့ နောက်ကျပြီပေါ့နော်။ အခု အချိန်ရောက်ရင်တော့ တော်သေးတယ်။ တရွာနဲ့တရွာ မတူဘူး” ဟု ဆက်ပြောသည်။

ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာရှိ လယ်သမားများကို တဦးလျှင် မျိုးစပါး ၇ တင်း ပေးမည်ဟူသည့် ဒေသ အာဏာပိုင်များ၏ ပြောဆိုချက် များကြောင့် ရွာသားအချို့ မြို့ပေါ် တက်လာကြသော်လည်း မျိုးစပါးက ရောက်ရှိလာခြင်း မရှိသေးပေ။

ဘိုကလေးမြို့နယ်ရှိ မဂူကျေးရွာအုပ်စုရှိ ရေဝင်ဥတို ကျေးရွာမှ လယ်သမားကမူ “ကျနော်က လယ်ဧက ၇ဝ ရှိတယ်။ မျိုးစပါးခွဲတန်းက များမယ် ပြောပြီး အခုရတာက ၃ တင်းပဲ ရသေးတယ်။ ဘယ်လို ကျဲမလဲ။ မျိုးစပါး အချိန်မီ မရရှိသေးလို့ ရာသီချိန်မှာ စိုက်နိုင်မှာ မဟုတ်ဘူးလေ။ ကျနော်တို့ စိုးရိမ်နေတယ်” ဟု ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ကျွဲ၊ နွား အများအပြား သေဆုံးသွားပြီဖြစ်ရာ ယခုအခါ လက်တွန်းထွန်စက်ကိုသာ အားကိုး နေရမည့် အခြေဆိုက်နေသော်လည်း မရှိသည့် ကျေးရွာများ ရှိနေပြန်သည်။

ကော့မှူးဒေသခံကလည်း “ဘာကြောင့် မပေးလဲဆိုတော့ အဲဒီကျေးရွာက လူကြီးတွေက လဒ်ထိုးလဒ်စား ရှိတယ်။ မယက နဲ့ ကပ်ပေါင်းတယ် လေ။ ဘုန်းကြီးကျောင်းတွေကိုလည်း လက်တွန်းထွန်စက် ချပေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ မြစန္ဒီမှာတော့ ဘာမျိုးစပါးမှ မပေးသေးဘူး။ စက်လည်း မပေးဘူး” ဟု ပြောသည်။

ကျေးရွာတရွာလျှင် ကျွဲနှင့် နွားအကောင်ရေ ၃ ကောင်မှ ၄ ကောင်အထိသာ ချပေးသဖြင့် လက်တွန်းထွန်စက် ရရှိရန် ကျေးရွာလူကြီး၏ ထောက်ခံချက် လိုအပ်ပြီး၊ စက်ရရှိနိုင်သူများမှာ အာဏာပိုင်များနှင့် နီးစပ်သူ အများစုဖြစ်နေကာ ချို့ယွင်း ပျက်စီးနေသည့် စက်များလည်း ပါရှိနေသည်ဟု မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က ဆိုသည်။ စက်ပြင်စရိတ်မှာ အနည်းဆုံး သိန်းဂဏန်း ရှိသည်။

မြစန္ဒီကျေးရွာသား လယ်သမားက “အစိုးရက ပေးမယ်ပြောတာပဲ။ ပတ်ဝန်းကျင်က ပြောနေတာပဲ။ တခါမှလည်း မရပါဘူး။ လယ်တဧကကို တဂါလံ ပေးမယ်လို့ ပြောထားတယ်လေ။ တခါမှလည်း မရသေးဘူး။ ကျနော်တို့ရွာကိုတော့ ဘာမှ လာပေးသေးဘူး။ ဈေးကြီးရင်လည်း ဝယ်သုံး ရတယ်လေ” ဟု ပြောသည်။

ဒီဇယ်တဂါလံ အစိုးရဈေးနှုန်း ၃၅ဝဝ ကျပ်ဖြင့် ရရှိမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယခုထိ ပုဂ္ဂလိကဈေးနှုန်း တဂါလံ ၆၅ဝဝ ကျပ်ကျော်ဖြင့် ပြင်ပမှ ဝယ်ရမည်ဖြစ်သဖြင့် ငွေမတတ်နိုင်သောကြောင့် အသုံးမချနိုင်သေးကြောင်း ဧရာဝတီတိုင်း ကွန်းခြံကုန်းမြို့နယ် ဝက်သိုက် ကျေးရွာသားက ပြောသည်။

သူက ဆက်ပြီး “ထွန်စက်နဲ့ နွားနဲ့ ထွန်တယ်။ ကိုယ်ပိုင်စက်တွေ များတယ်။ မယက ပေးတာက နည်းပါတယ်။ မျိုးစပါးကလည်း ကိုယ့်ရွာသား အချင်းချင်း ချေးပြီး စိုက်ရမယ်ပေါ့နော်။ ဆီမပေါတဲ့ အခါကျတော့ ရန်ကုန်ကနေ ဝယ်ရတယ်။ တပေပါကို ၃ သိန်း ဝယ်ရတယ်။ ကွမ်းခြံကုန်းက လိုင်းကားတွေလည်း တပေပါကို တသောင်း ယူတယ်လေ” ဟု ပြောသည်။

ဒီကေဘီအေ နှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွား
ဧရာဝတီ ဇူလိုင် ၁၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိရာ အခင်းဖြစ်ပွားရာ ထိုင်းနိုင်ငံနယ်စပ် ဒေသလုံခြုံရေးအတွက် ထိုင်းအစိုးရက စစ်တပ်များကိုလွှတ်ထားကြောင်း ဒေသခံများက ပြောသည်။

ထိုင်းနိုင်ငံ ဖိုးဖရာ့ခရိုင်၊ ဖဒေးရွာ၏ ကျေးရွာလူကြီးက ထိုင်းနယ်နိမိတ်အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ထိုင်းအာဏာပိုင်တို့က ၎င်းဒေသရှိ ရွာသား ၂၀၀ ကို ဘေးလွတ်သည့်နေရာသို့ ပို့ဆောင်ထားကြောင်း ဧရာဝတီကို ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ ၆ ၏ တပ်ရင်း ၂၀၁၊ ဝေါလေခီးဒေသကို ဒီကေဘီအေ တပ်များက ယမန်နေ့နံနက် အစောပိုင်းကစတင်တိုက်ခိုက်ရာက တိုက်ပွဲများဖြစ်ပွားခြင်း ဖြစ်သည်။ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကေအန်အယ်လ်အေ တပ်သား တယောက်ကျဆုံးပြီး တယောက်အဖမ်းခံရသည်။

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံဘက်အခြမ်းမှလည်း ရွာသား ၂၀၀ ခန့် ထိုင်းနယ်မြေအတွင်း ထွက်ပြေးလာရာ ယခုအခါ ဖဒေးကျေးရွာရှိ စာသင်ကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကေအန်အယ်လ်အေ တပ်များသည် တပ်ရင်း ၂၀၁ နေရာကိုပြန်လည်ရယူရန် ကြိုးပမ်းခဲ့ကြသည်ဟု ကေအန်ယူ ပြန်ကြားရေးဌာန အတွင်းရေးမှူး ဗိုလ်မှူး လှငွေက ပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နအဖ စစ်အစိုးရ၏ ၄၀၉ ခြေလျှင်တပ်ရင်းမှ တပ်သားတရာခန့်က ဒီကေဘီအေ ဘက်က ကူညီတိုက်ခိုက်ပေးခဲ့သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားသားများတည်းခိုသည့် ဟိုတယ်များကို မကြာခဏစစ်ဆေးနေတင့်လွင်/ရန်ကုန် ဇူလိုင် ၁၊ ၂၀၀၈
ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် ဧည့်သည်မရှိချိန် အခန်းတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကြောင်း နိုင်ငံခြားသား ဧည့်သည်များက ပြောသည်။

ယခုလဆန်းပိုင်းက ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ ဂရင်းပလာဇာ ဟိုတယ်တွင် တည်းခိုခဲ့သော ပြင်သစ် အမျိုးသမီးတဦး က ၎င်းမရှိချိန်တွင် အခန်းတွင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးထားကြောင်း တွေ့ရသည်ဟု ပြောပြသည်။

“ကျမအပြင်ကပြန်ရောက်လာတော့ အခန်းထဲမှာ ပုံမှန်မဟုတ်တာတွေ့ရတယ်။ လက်ဆွဲ သေတ္တာကို စစ်ဆေးကြည့်တော့ ပွင့်နေတယ်။ ပစ္စည်းတွေတော့ ဘာတခုမှမပျောက်ပါဘူး” ဟု သူမက ပြောသည်။

သူမက ၄င်းဟိုတယ်တွင် ရောက်ရှိပြီး ဒုတိယနေ့တွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဟောင်ကောင်နိုင်ငံသား တဦးကလည်း ၄င်း မသိရှိဘဲ အခန်းအတွင်းသို့ ၀င်ရောက် ရှာဖွေနေသူတဦးကို တွေ့ကြုံရကြောင်း ပြော သည်။

“အခန်းထဲဝင်လိုက်တော့ မထင်မှတ်ဘဲ လူတယောက်ကိုတွေ့လိုက်ရ တယ်။ ဘာလုပ်တာလဲလို့မေးလိုက်တော့ လုံခြုံရေး (Security)လို့ အဲဒီလူကပြန်ပြောတယ်။ တခန်းလုံး ဟိုကြည့်ဒီကြည့်နဲ့ ခုတင်အောက်တောင် မချန်ဘူး။ သူ့ကြည့်ရတာလည်း ဟိုတယ်ဝန်ထမ်း ဟုတ်ပုံမရဘူး” ဟု အဆိုပါ ဟောင်ကောင်နိုင်ငံသား က ဆိုသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများသို့ လာရောက်တည်းခိုသော ဧည့်သည်မှတ်တမ်းများနှင့်စာရင်းများကိုလည်း သက်ဆိုင်ရာ မ.ယ.က၊ ရဲစခန်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံသို့ နေ့စဉ်ပေးပို့ရသည်ဟု ဟိုတယ် ၀န်ထမ်းတဦးက ပြော သည်။

“ဟိုတယ်မှာရှိတဲ့ ဧည့်သည်စာရင်းကို နေ့တိုင်းပို့ပေးရတယ်။ သူတို့မသင်္ကာလို့စစ်ဆေးချင်ရင် တပ်က ဒု ဗိုလ်မှူးကြီး တစ်ယောက်နဲ့ သူ့အဖွဲ့တွေလာတယ်။ ဟိုတယ်ဝန်ထမ်းတွေကတော့ အခန်းလိုက်ပြရုံပါပဲ။ သူတို့စစ်ဆေးချင်တဲ့ အခန်းကို ဖွင့်ပေးရတယ်” ဟု ၄င်းဟိုတယ် ၀န်ထမ်းကပြောပြသည်။

ပြင်သစ်အမျိုးသမီး ဧည့်သည်ကမူ “လူမရှိတုန်းအခန်းထဲဝင်ရောက်ရှာဖွေတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့် ကိုထိပါး တာပါပဲ။ နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ ဟိုတယ်တခုအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်သတင်းယူခဲ့ကြပြီး နိုင်ငံတကာ ရုပ်မြင်သံကြားသတင်းများတွင် မြန်မာနိုင်ငံ ၏ မုန်တိုင်းသတင်းများကိုပြန်လည် ထုတ်လွှင့်ခဲ့သည့်အတွက် မေလ ၁၁ ရက် နေ့ မှ စတင်ကာ နိုင်ငံခြားသားများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ယခုလ ၂၂ ရက်တွင် ကိုရီးယား အမျိုးသမီး အလွတ်သတင်းထောက် Lee Yu Kyong ကို ပြန်လည် နှင်လွှတ်ခဲ့ပြီး မေလ ၅ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက် ရှိလာသော ဘီဘီစီ သတင်းထောက် Mr. Andrew Willam Harding ကို မြန်မာစစ်အာဏာပိုင်များက အဝင်မခံဘဲ လေဆိပ် မှ ပြန်လည် နှင်လွှတ်ခဲ့သည်။

အလားတူ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းက စီအင်အင်သတင်းထောက်နှင့် တိုင်းမဂ္ဂဇင်း သတင်းထောက်များကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။

ထိုအချိန်မှစတင်ပြီး ဟိုတယ်များရှိဧည့်သည် စာရင်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံသို့ပုံမှန်ပေး ပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ဒေါ်စုမွေးနေ့ အဖမ်းခံရသူများလွှတ်ရန် အဖွဲ့ချုပ်တောင်းဆို
အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် အန်အယ်လ် ဒီအဖွဲ့ဝင် ၁၄ဦးမှာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းတို့အားလုံးကို အမြန်ဆုံးပြန်လွှတ် ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(အန်အယ်လ်ဒီ) က ယမန်နေ့တွင် ကြေညာချက် တစောင်ထုတ်ပြန်၍ တောင်းဆို လိုက်သည်။

ယင်းကြေညာချက်၌ လုံခြုံရေးအဖွဲ့အစည်းများဟုဆိုသည့် လုံခြုံရေးစီမံကွက်ကဲသူများရှေ့တွင် အန်အယ်လ်ဒီ အဖွဲ့ဝင်များ အား အကြမ်းဖက်ရိုက်နှက် ထိုးကြိတ်ဖမ်းဆီးနေခြင်းကို မည်သူမျှ ဟန့်တားခြင်း၊ ထိန်းသိမ်းခြင်း မပြုခဲ့ကြကြောင်း၊ ယင်း လုပ်ရပ်သည် တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် လည်း ဆန့်ကျင်ကြောင်းတို့ ပါဝင် သည်ဟု အန်အယ်လ်ဒီ ပြည်ကြားရေးအဖွဲ့မှဒေါက်တာဝင်းနိုင် က ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းမြင့် (ဗဟန်းမြို့နယ် အတွင်းရေးမှူး) ၊ ဦးလှအေး (လှိုင်သာယာ မြို့နယ် စည်းရုံး ရေး အဖွဲ့ဝင်) ၊ ကိုမောင်မောင်သိမ်း(မင်္ဂလာဒုံ အဖွဲ့ဝင်)၊ ဦးစိုးအုန်း (ဗဟန်းမြို့နယ် တွဲဖက် အတွင်းရေမှူး)၊ ဦးစံဘော်၊ ဦးချစ်ခင်(တွံတေး အဖွဲ့ဝင်) ၊ ဦးဌေးအောင်(ဝါးခယ်မမြို့နယ် ဒု ဥက္ကဌ)၊ ဦးဟန်စိန် (အင်းစိန်မြို့ နယ် အဖွဲ့ဝင်)၊ ဦးသိန်းအေး (တောင်ဥက္ကလာ အဖွဲ့ဝင်)၊ ဦးရောဘတ်ဆန်းအောင်၊ ဦးမြင့်ဆွေ(ခေါ်) ဦးပဉ္ဖင်း တပါး၊ အမည်မသိသူ ၃ ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဇွန်လ ၁၉ရက်နေ့တွင် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့၌ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အန်အယ်လ်ဒီ အဖွဲ့ဝင်များက ငှက်များလွှတ်ပြီး ဆုတောင်းမေတ္တာပို့နေစဉ် လူ အင်အား ၃၀၀ ခန့်ရှိ ရဲများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ဒိုင်နာကား ၁၀ စီး ခန့်ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဆီးထားသူများအား မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယခုအချိန်အထိ အာဏာပိုင်များက မိသားစုသို့ အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

ရွှေပြည်သာရှိ ကြံ့ဖွံ့ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်
ကြည်ဝေ/ရန်ကုန် ဇူလိုင် ၁၊ ၂၀၀၈

ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် ကားကြီးဂိတ်မှတ်တိုင်နှင့် ရွှေညောင်ပင်မှတ်တိုင်အကြား ကြံ့ဖွံ့ရုံး အရှေ့နားတွင် အသေးစားဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသလို ပျက်စီးမှုလည်းမရှိကြောင်း မျက်ပြင်သက်သေများ၏ ပြောပြချက်အရ သိရှိရသည်။

“မနက် ၈ နာရီလောက်က ကြံ့ဖွံ့ရုံးနားမှာပေါက်တာပဲ၊ အသံက ကားကြီးဘီးပေါက်သလောက်ပဲ ရှိတယ်။ အုံးခနဲမြည်တယ် … လူလည်းမထိပါဘူး” ဟု မြင်တွေ့ခဲ့ရသူ ရွှေပြည်သာမှ ဆူးလေသို့ လိုင်းကားပြေးဆွဲသည့် ကားဆရာတဦးက ဧရာဝတီကို ပြောဆိုသည်။

အဆိုပါ ဗုံးပေါက်မှုဖြစ်ပွားပြီးနောက် လုံထိန်းရဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာက ဗုံးပေါက်ကွဲသော နေရာနှင့် ကိုက် ၈၀၀ ၀န်းကျင်တွင် လမ်းများပိတ်လိုက်ကြပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်း၊ ကားလမ်းပိတ်ထားသောကြောင့် လမ်းလျှောက်သွားကြသူများမှ ၄င်းတို့ (အာဏာပိုင်) မသင်္ကာသူများအား ခေါ်ယူမေးမြန်းစစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ရဲနှင့်လုံခြုံရေးများသည် ရွှေပြည်သာသို့သွားမည့် လိုင်းကားများပြေးဆွဲသည့် အင်းစိန်မြို့နယ်တွင်းမှစ၍ ရွှေပြည်သာသွား လိုင်းကားများပေါ်တွင်ပါလာသည့် ခရီးသည်များအား စစ်ဆေးခြင်း၊ မှတ်ပုံတင်နံပါတ် မေးခြင်းများကို ယနေ့ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကြံ့ဖွံ့ရုံးကို ဖောက်တယ်လို့ထင်ကြတာပဲ … ဒါပေမယ့် ရုံးက မနက် ၁၀ နာရီနောက်ပိုင်းမှ ဖွင့်တာ၊ ဗုံးပေါက်တဲ့အချိန် ရုံးထဲမှာ လူမရှိသေးဘူးဆိုတော့ ခြောက်လှန့်ရုံလောက်လို့လည်း ပြောလို့ရတာပဲ”ဟု ဗုံးပေါက်ကွဲရာနေရာအနီးရှိ ထန်းခြောက်ပင်ရပ်ကွက်တွင် နေထိုင်သူ တဦးကပြောဆိုသည်

ရန်ကုန်မြို့၏ ယနေ့လုံခြုံရေးအနေအထားသည် ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်အစိုးရသည် အတိုက်အခံအဖွဲ့အစည်းများကို စွပ်စွဲပြောဆိုလျက်ရှိသော်လည်း ရန်ကုန်မြို့ ခံများက အစိုးရသာလျှင် ဖောက်ခွဲမှုများပြုလုပ်ပြီး လူထုကိုခြောက်လှန့်နေခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုလျက် ရှိသည်။

ဒီပဲယင်းတွင် ဦးတင်ဦးကားမောင်းခဲ့သူ ကွယ်လွန်အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

ဒီပဲယင်းအရေးအခင်းတွင် ဦးတင်ဦး၏ ကားမောင်းခဲ့သူ၊ မန္တလေးတိုင်း အန်အယ်လ်ဒီစည်းရုံးရေးအဖွဲ့ဝင် အသက် ၆၁ နှစ်ရှိ ဦးအောင်စိုးသည် ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင်ကွယ်လွန်သွားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

ဦးအောင်စိုးသည်မကွယ်လွန်မီတွင် နှလုံးရောဂါဝေဒနာခံစားခဲ့ရပြီး ၎င်းဝေဒနာဖြင့် မန္တလေးမြို့ရှိ နေအိမ်တွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အန်အယ်လ်ဒီ စည်းရုံးရေးမှုးဦးမျိုးနိုင်က “ဦးအောင်စိုးက ဈေးချိုထဲမှာ ဆိုင်ခန်းနဲ့ အတော်ကို စီးပွားရေး တောင့်တင်းခဲ့သူတယောက်ပါ၊ နောက်ပိုင်းမှာတော့သူ့ နိုင်ငံရေးယုံကြည်ချက်အရ နိုင်ငံရေးကိုဝင်ခဲ့ပါတယ်၊ အခု အသက် ၆၀ ကျော်လည်း လူငယ်တယောက်လို ထက်ထက်မြက်မြက်နဲ့ ဖြစ်ပါတယ်၊ ကျနော်တို့ အဖွဲ့ချူပ်အနေနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေကပါ ဆုံးရှုံးရပါတယ်”ဟု ပြောသည်။

ဦးအောင်စိုးသည် ၁၉၉၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းအတွင်း လူရွှင်တော် ဦးပါပါလေး နှင့် ဦးလူဇော်တို့၏ အငြိမ့်ပွဲကို စီစဉ်ညွန်ကြားခဲ့သောကြောင့် အာဏာပိုင်းများက ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ထောင် ၇ နှစ် ချမှတ်ခဲ့သည်။

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်းတွင် အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး၏ ကားမောင်းတာဝန် ယူခဲ့သူ အဆိုပါ ဦးအောင်စိုးသည် ယင်း မေ ၃၀ မှ စပြီး ၉ လကြာ ရွှေဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။

ဦးအောင်စိုး ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်ရီနှင့် သားသမီးသုံးဦး ကျန်ရစ်သည်။ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို မန္တလေးတောင်မြင့် သုသာန်တွင် မီးသင်္ဂြီုဟ်မည် ဖြစ်သည်ဟု အန်အယ်လ်ဒီက ပြောသည်။

ရန်ကုန် လောင်းကစားဝိုင်းများ အသွင်ပြောင်းအောင်သက်ဝိုင်း ဇူလိုင် ၁၊ ၂၀၀၈

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးကြပ်တည်းမှုကြောင့် စားဝတ်နေရေးပြေလည်စေရန် ချဲထီ၊ နှစ်လုံးထီ၊ ဘောလုံးအပါအ၀င် လောင်းကစားလုပ်ငန်းများကို ၀င်ငွေရှာသည့် လုပ်ငန်းများအဖြစ် လူအများ လုပ်ကိုင်နေကြရာ ရန်ကုန် မြို့၌ ကလေးကစားကွင်းများနှင့် တွဲဖက်ပြီး ဖွင့်လှစ်ထားသော ဖျော်ဖြေရေးအပန်းဖြေ စင်တာများတွင် ငွေကြေးအခြေခံ လောင်းကစားမှုများ အကြီးအကျယ် ပြုလုပ်နေကြကြောင်း သိရှိရသည်။

ငွေကြေးမပါဝင်ဘဲ အပျော်တမ်း ဖျော်ဖြေရေးအတွက်သာ ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုသော ဖဲရိုက်ခြင်း၊ အကြွေစေ့လှည့်ခြင်း အပါအ၀င် ကွန်ပျူတာနည်းပညာဖြင့် ပြုလုပ်ထားသော လောင်းကစားစက်များရှိရာ ဖန်တက်စီဝေါနှင့် အာလာဒင် အပန်းဖြေ စင်တာများတွင် တနေ့တခြား လောင်းကစားသူများ တိုးတက်များပြားလာပြီး နေ့စဉ် လောင်းကစားသူ နှစ်ထောင်နှင့် ငါးထောင်အကြားရှိကြောင်း ရန်ကုန် ဟံသာဝတီကားပွဲစားတန်းမှ ယင်းအပန်းဖြေစင်တာများတွင် သွားရောက်လောင်း ကစားသည့် ကားပွဲစားများက ပြောသည်။

“တနေ့တနေ့ ဘာအလုပ်မှ မယ်မယ်ရရမရှိတော့ ဖန်တက်စီဝေါကိုသွား အကြွေစေ့ဝယ် လောင်းကစားကြတယ်။ ဖဲရိုက်တာ တွေ၊ အကြွေစေ့လှည့်တာတွေနဲ့ တခြားလောင်းကစားနည်းတွေ အများကြီးပဲ၊ ဆယ်ကျော်သက်တွေနဲ့ လူကြီးပိုင်းတွေ၊ ပွဲစားတွေ တော်တော်များများ လာကစားကြတယ်”ဟု ကားပွဲစားတဦးက ဆိုသည်။

အဆိုပါ ဖန်တက်စီဝေါနှင့် အာလာဒင် အပန်းဖြေစင်တာများတွင် အကြွေစေ့များ တရားမ၀င် ရောင်းဝယ်ကြခြင်းနှင့် လောင်း ကစားပြုလုပ်ခြင်းများ လုံးဝခွင့်မပြုဆိုသော သတိပေးစာတန်းများ ကပ်ထားသော်လည်း စင်တာဝန်ထမ်းများ ကိုယ်တိုင် လောင်းကစားရာတွင် အသုံးပြုရသည့် အကြွေစေ့များ ပြန်လည်ဝယ်ယူမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။

“ဒီအပန်းဖြေစင်တာတွေက လောင်းကစားဖို့ အကြွေစေ့ရောင်းပေးတယ်။ လောင်းကစားလို့ရလာတဲ့ အကြွေစေ့တွေကို စင်တာကပဲ တခြားအကြွေစေ့ ပွဲစားတွေဆီက တဆင့်ပြန်ဝယ်တယ်။ ဒါပေမယ့် လောင်းကစားရာကနိုင်တဲ့ အကြွေစေ့တွေ ငွေပြန်မလဲပေးဘဲ လက်ဆောင်ပစ္စည်းသာ ထုတ်ယူရန်ဆိုတဲ့ စာတန်းတွေကတော့ စင်တာတွေ အားလုံးမှာ ကပ်ထားတယ်” ဟု မဟာဗန္ဓုလပန်းခြံဘေးရှိ ဖန်တက်စီဝေါကစားကွင်းတွင် ပုံမှန်လောင်းကစားလေ့ရှိသူ ရန်ကုန်မြို့ခံလူငယ်တဦးက ဆိုသည်။

အဆိုပါစင်တာများက လောင်းကစားရန် အကြွေစေ့များကို တစေ့လျှင် ငွေတရာကျပ်နှုန်းဖြင့် ရောင်းချပြီး လောင်းကစားပြီး ရရှိသော အကြွေစေ့များကို ပွဲစားများမှတဆင့် တစေ့ ငွေကိုးဆယ်ကျပ်နှုန်းဖြင့် မူလ ရောင်းဈေးထက် ငွေ ၁၀ ဈေးနှိမ်ပြီး ပြန်လည်ဝယ်ယူကြကြောင်း သိရှိရသည်။

“လာကစားကြတဲ့သူတွေက ထမင်းချိုင့်နဲ့လာပြီး မနက် ၁၀ နာရီလောက်ကနေ ည ၁၀ နာရီထိုးမှပြန်ကြတယ်။ စီးပွားရေး လုပ်တဲ့ပုံစံနဲ့ကို လာကစားကြတာ။ တနေ့ကိုအနည်းဆုံး လောင်းကစားတဲ့သူ ငါးရာလောက်ရှိတယ်။ စနေ၊ တနင်္ဂနွေနေ့တွေ ဆိုရင်တော့ ကစားသူ ထောင်ကျော်တယ်”ဟု ရန်ကုန် မြို့တွင်း ဗိုလ်အောင်ကျော်လမ်းတွင် ဖွင့်လှစ်ထားသည့် အာလာဒင် အပန်းဖြေစင်တာမှ လုံခြုံရေးဝန်ထမ်းလူငယ်တဦးက ဆိုသည်။

အဆိုပါစင်တာများတွင် လာရောက်လောင်းကစားကြသူများတွင် ဆယ်ကျော်သက်အရွယ် လူငယ်များမှ သက်ကြီးပိုင်း ၅၀ ကျော် အရွယ်လူကြီးများလည်းပါဝင်ပြီး လောင်းကစားပြုလုပ်သည့် ရန်ကုန်မြို့ခံ အမျိုးသမီးအများအပြားလည်း ရှိနေ ကြောင်း အာလာဒင်နှင့် ဖန်တက်စီဝေါ အပန်းဖြေစင်တာများမှ ၀န်ထမ်းများ၏ ပြောဆိုချက်အရ သိရှိရသည်။

“မနက် ၁၁ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ လာကစားတယ်။ တနေ့ကို အရင်းက တသောင်းရှိတယ်။ အမြတ်ကတော့ ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရတယ်။ အိမ်စရိတ် ကာမိတာပေါ့။ အမြတ်ကျန်ဖို့ ဒီကစားနည်းတွေကို အမြဲတမ်းလေ့လာကစားရင် ဘယ်လိုကစားရမယ်ဆိုတာ သိလာတယ်။ အဓိက လောဘမကြီးဖို့နဲ့ စိတ်ရှည်ဖို့ပဲ”ဟု ရန်ကုန် သိမ်ကြီးဈေးရှိ ဖန်တက်စီဝေါ အပန်းဖြေစင်တာတွင် လာကစားသည့် ကျောက်တံတားမြို့နယ်မှ အသက် ၃၉ နှစ်အရွယ် အိမ်ရှင်မတဦးက ပြောသည်။

မဟာဗန္ဓုလပန်းခြံဘေးရှိ ဖန်တက်စီဝေါအပန်းဖြေစင်တာတွင် ပုံမှန်လောင်းကစားနေသူ ရန်ကုန်မြို့ခံ အဝေးသင်တက္ကသိုလ် မြန်မာစာအထူးပြု ကျောင်းသားတဦးကလည်း အပန်းဖြေစင်တာများတွင် လောင်းကစားခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရှာသည့် သူ အများအပြားရှိလာကြောင်း ရှင်းပြသည်။

“နိုင်တဲ့သူတွေရှိသလို၊ ရှုံးတဲ့သူတွေလည်း အများကြီးပဲ။ နောက်ဆုံး တကယ်နိုင်တာက ဒိုင် (အပန်းဖြေစင်တာ) ပေါ့။ ဒါပေ မယ့်လည်း ကျနော်ကိုယ်တိုင် အသုံးစရိတ်လေး ရနိုးနိုးနဲ့ နေ့စဉ်သွားကစားဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အပန်းဖြေစင်တာများတွင် လောင်းကစားသည့် ဆယ်ကျော်သက် အရွယ်များတွင် အခြေခံပညာအထက်တန်း ကျောင်းသား များပါ ကျောင်းမတက်ဘဲ လောင်းကစားမှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

“မုန့်ဖိုးစုပြီး သူငယ်ချင်းတွေနဲ့ လာကစားတာ။ နေ့တိုင်းတော့ မဟုတ်ဘူး။ တပတ်ကို တခါတော့လာတယ်”ဟု ဗိုလ်အောင် ကျော်လမ်း အာလာဒင် အပန်းဖြေစင်တာတွင် လာကစားသည့် အသက် ၁၅ နှစ်အရွယ် အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်း လှိုင်မြို့နယ်တံဆိပ်ပါ ကျောင်းစိမ်းဝတ်စုံကို ၀တ်ဆင်ထားသည့် လူငယ်တဦးက ပြောသည်။

ရန်ကုန်မြို့တွင် တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစား အပန်းဖြေစင်တာ သုံးခုရှိပြီး သိမ်ကြီးဈေးတွင် ဖန်တက်စီဝေါစင်တာတခု၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ဖန်တက်စီဝေါစင်တာတခုနှင့်ဗိုလ်အောင်ကျော်လမ်းတွင် အာလာဒင် အပန်းဖြေစင်တာတခု ရှိကြောင်း၊ တရားဝင်မဟုတ်သည့် လောင်းကစားစင်တာ အများအပြားလည်း ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းစင်တာများမှာ ရဲများကို ငွေပေး၍ ဖွင့်လှစ်ကြခြင်းဖြစ်ကြောင်း၊ အပန်းဖြေစင်တာများမှာ မနက် ၉ နာရီမှ ည ၁၁ နာရီ အထိ ဖွင့်လှစ်ကြပြီး အမြတ်ငွေမှာလည်း နေ့စဉ် ကျပ် သိန်း ၃၀ နှင့် ၅၀ အကြားတွင်ရှိကြောင်း ရန်ကုန်မြို့ခံများထံမှ စုံစမ်း သိရှိရသည်။

“တနေ့ကို ကျပ် ၂၇ သိန်း အထက်မှာ အမြတ်ရှိတယ်။ အခု မဟာဗန္ဓုလပန်းခြံဘေးက ဖန်တက်စီဝေါကို အခန်းတွေ ထပ်ချဲ့ပြီး စက်တွေထပ်ပြီးတပ်ဖို့ လုပ်နေတယ်။ သိမ်ကြီးဈေးက ဖန်တက်စီဝေါကိုလည်း မကြာခင် ထပ်တိုးချဲ့ သွားမှာပါ” ဟု မဟာဗန္ဓုလ ပန်းခြံဘေးရှိ ဖန်တက်စီဝေါ အပန်းဖြေစင်တာမှ ကြီးကြပ်ရေးမှူး တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ အပန်းဖြေစင်တာများတွင် ကွန်ပျူတာ နည်းပညာဖြင့်ပြုလုပ်ထားသော လောင်းကစားနည်း အများအပြားရှိရာ Fire Train (ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး အစရှိသည့် အသီးအနှံများကို အကြွေစေ့ထိုး၊ လှည့်ပြီး အလျော် အစားပြုလုပ်ပေး သည့် လောင်းကစားနည်း)၊ Caribbean Boule (ဖဲချပ်များကို အကြွေစေ့ထိုးရွေးချယ် အလောင်းအစားပြုလုပ်လောင်း ကစားနည်း)၊ Doubble Cherries (အကြွေစေ့လှည့် လောင်းကစားနည်း)၊ Bingo party (နံပါတ်ရေးထိုးထားသည့် ဘောလုံး များကို ရွေးချယ်လောင်းကစားရသည့် လောင်းကစားနည်း)၊ Black Jack (ဖဲချပ်ဖြင့် အလျော်အစားပြုလုပ်လောင်းကစား နည်း)၊ Uruma (အကြွေစေ့လှည့် လောင်းကစားနည်း) နှင့် Magic Circus (မြန်မာသုံးကောင် ဂျင်ကစားနည်းကဲ့သို့သော လောင်းကစားနည်း) တို့မှာ ရန်ကုန်မြို့ခံများ အများဆုံးကစားကြသည့် လောင်းကစားနည်းများဖြစ်ကြောင်း အပန်းဖြေ စင်တာများမှ စုံစမ်းသိရှိရသည်။

မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်တချို့ ပျောက်ကွယ်ကြည်ဝေ ဇူလိုင် ၁၊ ၂၀၀၈

မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားကြောင်း သိရှိရသည်။မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက် ရှိသော ဟင်္သာငှက်၊ ကြိုးကြာငှက်၊ ငှက်ကျားနှင့် စင်ရော် ငှက်များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟသာင်္ငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၀င်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။

“ငှက်တွေ ပျက်စီးဆုံးရှုံးမှုဟာ ဇီဝမျိုးစုံမျိုးကွဲဖြစ်တည်မှုမှာ ဟာကွက် တခုဖြစ်လာပြီ၊ ဒါထက် ပိုဆိုးတာက ရေပျော် ငှက်တွေ နေထိုင်ရာ စားကျက်ဝန်းကျင်ပျက်စီးသွားတာပဲ”ဟု ၎င်း က ပြောသည်။

ထို့ပြင် ဦးစိုးညွှန့်က မုန်တိုင်းတိုက်ချိန်တွင် ၎င်းဒေသရှိဆောင်းခိုငှက်တချို့မှာ တခြားဒေသများသို့ပြောင်းရွှေ့သွားကြောင်း၊ လာမည့် ပွင့်လင်းရာသီတွင် အဆိုပါငှက်များ နှင့် လာနေကျ ငှက်မျိုးများမှာ ၄င်းနေရာများသို့ ပြန်လာမလာကို သေချာစောင့် ကြည့်ရန်လိုအပ်ကြောင်း ၊ ငှက်မျိုးသစ်များလည်း လာရောက်နေထိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ၄င်းဒေသ များတွင် ကျက်စားရာဒေသ အပြောင်းအလဲဖြစ်ပေါ်ခြင်းများလည်းရှိနိုင် ကြောင်း ပြောဆိုသည်။

ကျက်စားရာဒေသ အပြောင်းအလဲဖြစ်ပေါ်ခြင်း၏ သာဓကအဖြစ် ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသမှ ပြောင်းရွှေ့ လာဟန် တူသော ရေပျော်ငှက်တမျိုးဖြစ်သည့် ငှက်ကျားများ အကောင် ၅၀ ၀န်းကျင်ကို အုပ်စုလိုက်အနေဖြင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် ဇွန်လဆန်းပိုင်းက တွေ့ရသလို၊ မွန်ပြည်နယ် မုဒုံတ၀ိုက်တွင် လည်း အဆိုပါ ငှက်မျိုးကို ဇွန်လမှာပင် တွေ့ခဲ့ရကြောင်း ငှက်လေ့လာသူများက ပြောသည်။

၎င်းတို့၏ ပြောပြချက်များအရ အဆိုပါငှက်ကျားများမှာ တခြားဒေသများသို့ပြောင်းရွှေ့သွားလာ ကျက်စားနေရသောကြောင့် ရေနှင့်အစာအတွက် အခက်အခဲရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၀၀၀ ကျော်နေထိုင်ကျက်စားလျက်ရှိရာ တောတောင်များတွင် နေထိုင်သော ငှက်မျိုး များမှာ ချိုး၊ သစ်တောက်ငှက်၊ အောက်ချင်းငှက်၊ ဇီးကွက် စသည့် ငှက်အမျိုးအစားတို့ ဖြစ်ကြပြီး ကြိုးကြာ၊ တင်ကျီး၊ တောဘဲ၊ ဟင်္သာ၊ ကြာဖက်နင်း၊ စင်ရော် စသည့် ငှက်မျိုးများမှာ ရေပျော်ငှက်များဖြစ်ကြသည်။

ရေပျော်ငှက်များအနေနှင့် ရေထွက်ပစ္စည်းများဖြစ်ကြသော ကဏန်း၊ ပုစွန်၊ ငါး စသည့် ရေသတ္တ၀ါများကို စားသောက်ကြပြီး ယခုခါ ၄င်းတို့အများဆုံး နေထိုင်ကျက်စားလျက်ရှိသော ဧရာဝတီတိုင်း ပျက်စီးသွားသည့် အတွက် ကျက်စားရာဝန်းကျင်မှာ အပြောင်းအလဲ ရှိပြီဖြစ်သောကြောင့် ရေရှည် အသက်ရှင် ရပ်တည်ရန် အတွက် ခက်ခဲလာခြင်းဖြစ်သည်။

“လူတွေကယ်ဆယ်ရေးပြီးရင်တော့ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးပြန်အကောင် အထည်ဖော်ရမှာပါ”ဟု ဦးစိုးညွှန်က ပြောဆိုသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် သဘာဝအလျှောက်ပေါက်ရောက်တတ်သော ဒီရေတောများပေါက်ရောက်လျက်ရှိသော ကြောင့် ငါးပုစွန်စသည့် ရေနေသတ၀ါများအတွက် မှီတင်း နေထိုင်ရာ အဓိကနေရာကြီးဖြစ်သလို၊ ရှားပါးသတ္တ၀ါများနှင့် ရေပျော်ငှက်များလည်း နေထိုင်ကျက်စားရာဒေသ ဖြစ်သောကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် သတ္တ၀ါများ အတွက် အရေးကြီးသော နေရာဒေသဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်းမှ မိန်းမလှကျွန်းသည် စံပြဘေးမဲ့တောဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရာ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအတွက်လည်း ထိခိုက်နစ်နာကြောင်း ခရီးသွားလုပ်ငန်းမှ ကျွမ်းကျင်သူ တဦးက ပြောဆို သည်။

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲအပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ဆဲ
NEJ/ ၁ ဇူလိုင် ၂၀၀၈

ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်သဖြင့် ဖဒိရွာထိပ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ထိုင်းရွာသားများ

ယမန်နေ့နံနက်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေ-မြန်မာစစ်တပ် ပူးတွဲအဖွဲ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယနေ့ဆက်လက် ဖြစ်ပွားရာ မိုးထဲရေထဲတွင် တဖက်နှင့်တဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။

ဒီကေဘီအေ-မြန်မာစစ်တပ်ပူးတွဲအဖွဲ့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူး တပ်ရင်း (၂၀၁) စခန်း တည်ရှိရာ ဝေါ်လေခီးဒေသအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ထိုင်းနိုင်ငံတွင်းသို့ ယနေ့နေ့လယ်က လက်နက်ကြီးကျည် (၃) လုံး ကျရောက်ခဲ့သည်။

ဝေါ်လေခီးဒေသ ထိုင်းဘက်ခြမ်းရှိ ဖဒိရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ထိုင်းရွာ သား (၂၀၀) ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရပြီး ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။

တိုက်ပွဲအခြေအနေကို ဖိစနို့လို့ခရိုင် နရေစွမ်တပ်မမှူး ဗိုလ်ချုပ်ဆူရတ်ချစ်ကာဒီ၊ မဲဆောက်အခြေ စိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဖွန်စို့နှင့် တပ်ဖွဲ့ဝင်များ အနီးကပ်လာရောက်စစ်ဆေးခဲ့ကြသည်။

ယနေ့နံနက်မှစတင်ကာ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နယ်စပ်မျဉ်းအနီး မည်သူ့ကိုမှ သွားလာခွင့် မပြုဘဲ စစ်ဆေးရေးဂိတ် (၃) ဆင့် ချထားကာ ထိုင်းနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသအား သိမ်းဆည်းနိုင်ရေးအတွက် ဒီကေဘီအေနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁၅) မိနစ်တကြိမ်ခန့် ပစ်ခတ် လျက်ရှိသည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက “မိုးထဲ ရေထဲမှာ တိုက်ပွဲကတော့ ပြင်းထန်တယ်။ သူတို့က ဒီနယ်မြေကို လိုချင်သလို ကျနော်တို့ကလည်း ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီးတော့ ကာကွယ်တိုက်ထုတ်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) တပ်စခန်းတည်ရှိရာ ဝေါ်လေခီး ဒေသအား ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့နံနက် (၄) နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည် (၂) ဦး လက်ရ ဖမ်းဆီးခြင်းခံရကာ (၁) ဦး ကျဆုံးခဲ့ပြီး ယနေ့တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးကို မသိရသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိပြီး ထိုင်းဘက် ခြမ်းတွင် ဖဒိ ထိုင်းကျေးရွာတည်ရှိသည်။
မုန်တိုင်းဒုက္ခသည်များအတွက် အမြဲတမ်းအိမ်ယာများ
ဆောက်လုပ်ရန် အစိုးရစီမံကိန်းဆွဲ
Xinhua/ ၁ ဇူလိုင် ၂၀၀၈


မြန်မာအစိုးရသည် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသကြီး (၂) ခုမှ အိုးအိမ်မဲ့များအတွက် နေအိမ်များ ဆောက်လုပ်ရန် စီမံကိန်းချနေပြီဖြစ်ပြီး ထိုအထူးစီမံကိန်းကို အကောင်အထည်ဖော်ရန် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဘဏ်လုပ်ငန်းရှင် စုစုပေါင်း (၁၈) ဖွဲ့ကို တာဝန်ပေးထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် လပွတ္တာမြို့များတွင် အမြဲတမ်းအိမ်ယာ (၄,၀၀၀)
ခန့် ဆောက်လုပ်မည်ဟု စီမံကိန်းတွင် ပါရှိသည်။

ထိုစီမံကိန်းကို ထူး၊ စီဘီဘဏ်၊ ကုန်သွယ်စက်မှုအသင်းချုပ် (UMFCCI)၊ အေးရှားဝေါလ်၊ ယုဇန၊ ဇေကမ္ဘာနှင့် တက်လမ်းကုမ္ပဏီတို့မှ လုပ်ဆောင်သွားမည်ဟု သိရသည်။

မုန်တိုင်းထိရာ ဒေသများတွင် မြေယာများ ပြန်လည်ဖော်ယူပြီး မုန်တိုင်းဒုက္ခသည် အိုးမဲ့အိမ်မဲ့များ အတွက် အကုန်အကျနည်းသော ယာယီအိမ်ယာ (၁) သိန်းအထိ ဆောက်လုပ်သွားမည်ဟုလည်း ပြည်တွင်းထုတ် Voice အပတ်စဉ်ထုတ်ဂျာနယ်တွင်လည်း အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ထိုအကုန်အကျနည်းအိမ်ယာ တလုံးလျှင် ကျပ်ငွေ (၅) သိန်း ကုန်ကျမည်ဖြစ်ပြီး လပွတ္တာ၊ ဘိုက လေး၊ ဒေးဒရဲနှင့် ဖျာပုံမြို့များရှိ ဒုက္ခသည်များအား အခမဲ့ဆောက်လုပ်ပေးမည်ဟု ဆိုသည်။

အစိုးရ၏ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ မုန်တိုင်းထိခိုက်ရာ ဒေသ (၁၇) ခုတွင် ပြန်လည်တည်ဆောက်ရေးများ ပြုလုပ်ရန်အတွက် စုစုပေါင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း (၃၀) ကို တာဝန်ပေးခဲ့ပြီးဖြစ်သည်။

မုန်တိုင်းထိခိုက်ရာ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ လပွတ္တာ၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲနှင့် ရန်ကုန်တိုင်းအတွင်းရှိ ခေါင်ရမ်းကုန်းအရပ်များမှ လယ်သမားများသည် သေဆုံးသွားသော ၎င်းတို့၏ ကျွဲနွားများအတွက် အစားထိုး လှူဒါန်းထားသည့် လယ်ထွန်စက်များဖြင့် စပါးစိုက်ရန် ထွန်ယက်နေကြပြီဟုလည်း သိရှိရသည်။

ဂျပန် ပလက်ဖောင်း ဖောင်ဒေးရှင်းကလည်း မုန်တိုင်းထိခိုက်ရာ ဒေသ (၂) ခုတွင် ဒုက္ခသည်များ အတွက် အိမ်ယာ (၂,၅၀၀) မှ (၃,၀၀၀) အထိ ဆောက်လုပ်လှူဒါန်းမည်ဖြစ်ပြီး ထိုစီမံကိန်းကို UMFCCI နှင့် တွဲဖက်ပြီး ဆောင်ရွက်သွားမည်ဟု စောစောပိုင်းသတင်းများတွင် ဖော်ပြထားသည်။

မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ပဏာမအဆင့်အနေဖြင့် အတိုင်းအတာတခုအထိ ပြီးစီး သွားပြီဖြစ်ပြီး ဒုတိယအဆင့်ဖြစ်သည့် ပြန်လည်နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးများ လုပ်ဆောင်နေပြီဟု မြန်မာအစိုးရက ကြေညာထားသည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် (၅) ခု ထိခိုက်ပျက်စီးခဲ့ပြီး အသေအပျောက် (၁၃၈,၃၇၃) ဦး ရှိကာ ထိခိုက်ဒဏ်ရာရသူ (၁၉,၃၅၉) ဦး ရှိပြီး အခြေခံအဆောက်အအုံများ အကြီး အကျယ်ပျက်စီးခဲ့ရသည်။

မြန်မာအစိုးရက ထိခိုက်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ (၁၀.၆၇) ဘီလီယံ ရှိပြီး လူဦးရေ (၅.၅)
သန်း ဒုက္ခရောက်ခဲ့ရသည်ဟု ခန့်မှန်းသည်။

ထိုင်းနိုင်ငံ လျှပ်စစ်ရထားဖောက်လုပ်ရေး တရုတ် ငွေချေးမည်
TNA / ၁ ဇူလိုင် ၂၀၀၈
မစ္စတာစမတ်(၀ဲ) နှင့် မစ္စတာ ၀န်ကြားပေါင် ထိုင်းနိုင်ငံ လျှပ်စစ်ရထားလမ်းဖောက်လုပ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများအတွက် အဓိကထား၍ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကူညီ မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀န်ကြားပေါင်က ပြောသည်။

တရုတ်နိုင်ငံသို့ ယမန်နေ့မှစ၍ (၄) ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ်
မစ္စတာစမတ်နှင့် တနာရီကြာဆွေးနွေးခဲ့ပြီး တရုတ်ဝန်ကြီးချုပ်က ယင်းသို့ပြောခြင်း ဖြစ်သည်။
အဆိုပါငွေများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ လျှပ်စစ်ရထားစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ကုမ္ပဏီများကို ချေးငွေများအဖြစ် ထုတ်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော စီချွန်ပြည်နယ် ငလျင်ဘေးအတွက် ထိုင်းတော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများ၏ ကူညီမှုများကို တရုတ်ပြည်သူများနှင့်ထပ်တူ ၎င်းကလည်း ကျေးဇူးအထူး တင်ကြောင်း တရုတ်ဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ကို ပြောသည်။

ထို့အပြင် နှစ်ဖက် ၀န်ကြီးချုပ်များသည် သြဂုတ်လ (၈) ရက်တွင် တရုတ်ပြည်၌ ကျင်းပမည့် ကမ္ဘာ့ အိုလံပစ် အားကစားပွဲတော်ဖွင့်ပွဲသို့ တက်ရောက်မည့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ စီရီဒုံအား ကြိုဆိုရေး အစီအစဉ်များ၊ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက် သွားရေးနှင့် ခေါင်းဆောင်ပိုင်း ချစ်ကြည်ရေးခရီးများ တိုးမြှင့်သွားရေးတို့ကိုလည်း ဆွေးနွေးကြ သည်။

တရုတ်နှင့်ထိုင်း နှစ်နိုင်ငံအကြား ပညာရေး၊ ယဉ်ကျေးမှုနှင့် တရုတ်-ထိုင်းယဉ်ကျေးမှုစင်တာ ဆောက်လုပ်ရေးအတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာကိစ္စအတွက် တရုတ်ဘက်က တိုးမြင့်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က တရုတ်ကုမ္ပဏီများအား ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်၊ အထူး သဖြင့် ပြည်သူပိုင် လုပ်ငန်းများနှင့် ဘန်ကောက် မြေပေါ်မြေအောက် လျှပ်စစ်ရထားလမ်းဆောက် လုပ်ရေးများတွင် ရင်းနှီးရန် ပြောသည်။

ယနေ့သည် ထိုင်း-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၃၃) နှစ်မြောက်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကို ၂၀၁၀ ခုတွင် အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံအထိ တိုးမြှင့်သွားနိုင် မည်ဟု မျှော်လင့်ထားသည်။

စစ်သုံးစရိတ် ထပ်ဆောင်းဥပဒေ သမ္မတဘုရှ် အတည်ပြု
01 July 2008
အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲတွေအတွက် စစ်အသုံးစရိတ် ထပ်ဆောင်း ဒေါ်လာသန်းပေါင်း
၁၆၂,၀၀၀ ပေးမယ့် ဥပဒေကို သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်
ရေးထိုးလိုက်ပါတယ်။ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (Paula
Wolfson) အသေးစိတ် သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်းက တင်ပြပေးထားပါ တယ်။

စစ်ဖြစ်နေချိန်မှာ စစ်ရေးတာဝန် ထမ်းဆောင် နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို
ကျောထောက်နောက်ခံပေးဖို့ အမေရိကန်မှာ တာဝန်ရှိတယ်လို့ သမ္မတဘုရှ်က
ဆိုပါတယ်။
“ဒီ သူရသတ္တိပြောင်လှတဲ့ အမေရိကန်တွေဟာ ကျနော်တို့အပေါ်မှာ ကျေးဇူးရှိပါတယ်။
သူတို့အပေါ် မတွန့်မရွံ့ ထောက်ခံဖို့ ကျနော်တို့မှာ အကြွေးတင်နေပါတယ်။ အဲသလို
ထောက်ခံတာကို ပြသဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့အလုပ်တွေကို လုပ်ဖို့၊
သူတို့ အောင်နိုင်ဖို့၊ သူတို့လိုအပ်တဲ့ အရင်းအမြစ်တွေ သူတို့ကို ကျနော်တို့ ပေးတာ
ပါပဲ။”

စစ်ထောက်ပံ့ရန်ပုံငွေ ဥပဒေကို လက်မှတ်ရေးထိုးပြီးတဲ့ မိနစ်ပိုင်းအတွင်းမှာ မစ္စတာ
ဘုရှ်က ပြောခဲ့တာပါ။ ဒီဥပဒေက အိမ်ဖြူတော်နဲ့ လွှတ်တော်ကြား လပေါင်းများစွာ၊
ဆွေးနွေးညှိနှိုင်း၊ ငြင်းခုံ၊ စေ့စပ်ခဲ့တာရဲ့ ရလဒ်ဖြစ်ပါတယ်။

“ရွေးကောက်ပွဲနှစ်မှာတောင် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တွေဟာ ကျနော်တို့ရဲ့
တပ်တွေနဲ့ သူတို့ရဲ့မိသားစုတွေနောက်မှာ အတူတကွ ရပ်တည်နိုင်တယ်ဆိုတာကို
ဒီဥပဒေက ပြသတာပါပဲ။”

ဥပဒေကြမ်းအပေါ် အတူတကွ အလုပ်လုပ်ခဲ့ကြတဲ့ ပါတီ ၂ ပါတီလုံးက လွှတ်တော်
ခေါင်းဆောင်တွေကို သမ္မတက ချီးမွမ်းစကား ပြောဆိုခဲ့ပါတယ်။ ဘယ်လိုအကြောင်းမှ
အောက်ခံသတ်မှတ်မထားဘဲ လွှတ်တော်အမတ်တွေက အသုံးစရိတ်ကို ပေးခဲ့ပါတယ်
လို့ သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ တပ်မှူးတွေကို ချည်နှောင်မထားဘဲ၊ အီရတ်က ဆုတ်ခွာဖို့လုပ်ထားတဲ့
အချိန်ဇယား မသတ်မှတ်ဘဲ ဒီ အရေးကြီးလှတဲ့ ရန်ပုံငွေကို လွှတ်တော်က ရီပတ်
ဘလီကန်နဲ့ ဒီမိုကရက်အမတ်တွေက သဘောတူခဲ့ကြတာကို ကျနော် အသိအမှတ်ပြု
ပါတယ်။”

လွန်ခဲ့တဲ့ငါးနှစ်အတွင်း အီရတ်စစ်ပွဲအတွက် စုစုပေါင်း ဒေါ်လာသန်းပေါင်း ၆၅၀,၀၀၀
ကျော် ဖြစ်သွားအောင် ဒီဥပဒေက ဖြည့်ပေးလိုက်ပါတယ်။ အာဖဂန်နစ္စတန်အတွက်
ခန့်မှန်းသုံးငွေက အကြမ်းအားဖြင့် ဒေါ်လာသန်းပေါင်း ၂၀၀,၀၀၀ ဖြစ်လာပါတယ်။

သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကြောင့် စစ်ရေးဆိုင်ရာ အားထုတ်မှုတွေကို
၂၀၀၉ ခုနှစ်ထိ ကောင်းကောင်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
နောက်အသုံးစရိတ်ကိုတော့ သမ္မတဘုရှ်ကို ဆက်ခံမယ့် သမ္မတက တောင်းဆိုရမှာ
ဖြစ်ပါတယ်။

ဒီကေဘီအေသိမ်းပိုက် လိုက်တဲ့ ဝေါ်လေခီး စခန်းကို ကေအန်န်ယူ ပြန်တိုက်နေ

01 July 2008 ဦးမိုးဇော် -
ဒီကေဘီအေခေါ် တိုးတက်တဲ့ ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ်တပ်ဖွဲ့တွေ မနေ့က
သိမ်းယူခဲ့တဲ့ စခန်းကုန်းတခုကို ပြန်လည်ရရှိဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး
(ကေအန်န်ယူ) ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ကစတင်ပြီး ပြည်လည်
ထိုးစစ်ဆင် တိုက်ခိုက်နေတာ အခုညနေပိုင်းထိ တိုက်ပွဲတွေမပြီးဆုံးသေးဘူးလို့
ကေအန်န်ယူ ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြ၀တီမြို့
တောင်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကေအန်န်ယူ ရှေ့တန်းစခန်းတခုဖြစ်တဲ့
ဝေါ်လေခီးစခန်းကို ပြန်လည်ရယူဖို့အတွက် ကေအန်န်ယူက ပြန်လည်ထိုးစစ်ဆင်
နေတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။

ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် အစောပိုင်းက ကေအန်န်ယူ
အထူးတပ်ရင်း ၂၀၁ ရဲ့ဌာနချုပ်စခန်းကုန်းတခုကို လျှပ်တပြက် ၀င်ရောက်သိမ်းပိုက်
ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်န်ယူတပ်ဖွဲ့တွေက ဒီစခန်းကုန်းကို ရရှိဖို့
အတွက် ပြန်လှန်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်န်ယူ ပြန်ကြားရေးဌာနက တာဝန်ခံတဦး
ဖြစ်တဲ့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ဒီကနေ့မနက်မှာပဲ ပြန်တိုက်တယ်။ တောက်လျှောက်ပစ်နေတာပဲ။ တိုက်ပြီး အခုတော့
ခေတ္တရပ်နေတယ်။ သူတို့ အဲဒီမှာ ရိက္ခာတို့၊ လက်နက်ကျည်တို့ ပြန်ဖြည့်တာ လုပ်မယ်
ထင်တယ်။ တမနက်လုံးပစ်နေတော့ အများကြီး လျော့သွားမှာပေါ့။ လောလောဆယ်
တော့ ရပ်နေတယ်လို့ သူတို့ပြောတယ်။ နောက်ဆုံးအခြေအနေကတော့ စခန်း
ပြန်သိမ်းပြီး ၀င်ထားနိုင်တယ်။ အဲဒီမှာတော့ လောလောဆယ်က ကြိုးကြားကြိုးကြား
ပစ်နေတယ်။ စခန်းတခုလုံးရှင်းနိုင်ဖို့ အခြေအနေကတော့ ပြောလို့မရသေးဘူး။”

ဒီညနေပိုင်းအထိတော့ တိုက်ပွဲမှာ နှစ်ဖက် အသေအပျောက် အထိအခိုက်စာရင်းကို
ဘာမှမသိရသေးကြောင်း ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

မနေ့က ဒီကေဘီအေတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဝေါ်လေခီးစခန်းဟာ မြ၀တီမြို့ကနေ
မိုင် ၃၀ ခန့်ကွာဝေးပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။

ဒီစခန်းဟာ ကေအန်န်ယူအတွက် အရေးကြီးစခန်းတခု မဟုတ်ပေမယ့် ဒီစခန်းကို
ခြေကုပ်ရသွားရင် ကေအန်န်ယူဘက်က သွားလာလှုပ်ရှားဖို့ ခက်ခဲသွားနိုင်တယ်၊
ဒါကြောင့် ဒီစခန်းကို ကေအန်န်ယူက ရအောင်ပြန်တိုက်သိမ်းတာဖြစ်တယ်လို့
ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပါတယ်။

အခုအခါမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်း
ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသ
တလျှောက်ကို စစ်တပ်တွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇင်ဘာဘွေ ရွေးကောက်ပွဲ အနောက်နိုင်ငံတွေနဲ့ မသက်ဆိုင်ဟု မူဂါဘီ ပြောခွင့်ရပုဂ္ဂိုလ်က ဝေဖန်
01 July 2008
ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျော့ခ်ျ ချာရမ်ဘာ။
ဇူလိုင် ၁၊ ၂၀၀၈။
အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့
ဇင်ဘာဘွေ ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆို
ခွင့်မရှိဘူးလို့ သမ္မတ ရောဘတ် မူဂါဘီ (Robert
Mugabe) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျော့ခ်ျ ချာရမ်
ဘာ (George Charamba) က ပြစ်တင်ဝေဖန်
လိုက်ပါတယ်။

အီဂျစ်နိုင်ငံ ရှမ် အယ်လ် ရှိခ် (Sharm el-Sheikh)
မှာ ကျင်းပနေတဲ့ အာဖရိကသမဂ္ဂ ထိပ်သီး
ညီလာခံအတွင်း ဇင်ဘာဘွေနိုင်ငံမှာ
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်
အတည်းတွေကို တုံ့ပြန်ဖို့ ခေါင်းဆောင်တွေက
ပြင်ဆင်နေကြတဲ့အချိန်မှာ အခုလို ဝေဖန်ပြောဆိုမှု ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့စနေနေ့က ဇင်ဘာဘွေနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး
တရားမျှတမှုမရှိတဲ့အတွက် အဲဒီရလဒ်ကို အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့
ကုလသမဂ္ဂက ပယ်ချထားပြီး အာဖရိကသမဂ္ဂအနေနဲ့လည်း အလားတူ တုံ့ပြန်ကြဖို့
လိုလားနေကြပါတယ်။ ဒါပေမယ့် မစ္စတာ မူဂါဘီကတော့ ဒီ အာဖရိကသမဂ္ဂ ထိပ်သီး
ညီလာခံကို တက်လာကြတဲ့ တခြားခေါင်းဆောင်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကို ရရှိခဲ့ပါ
တယ်။ ဇင်ဘာဘွေနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တခု ထိပ်သီးစည်းဝေးပွဲမှာ
ဒီကနေ့ ချမှတ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လိုင်ဘေးရီးယား၊ ဆီရီယာ လီယွန်နဲ့ ဆီနီဂေါနိုင်ငံတွေ အပါအ၀င် အာဖရိကနိုင်ငံ
တော်တော်များများက ပြီးခဲ့တဲ့ ဇင်ဘာဘွေ တကျော့ပြန် ရွေးကောက်ပွဲအပေါ် ပြင်းပြင်း
ထန်ထန်ဝေဖန်တဲ့ ကြေညာချက်မျိုး ထုတ်ပြန်ဖို့ လိုလားနေကြပါတယ်။

တောင်အာဖရိကနိုင်ငံ အပါအ၀င် တခြားနိုင်ငံတချို့ကတော့ သမ္မတ မူဂါဘီရဲ့
ZANU–PF ပါတီအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ကြားဖြတ်အစိုးရဖွဲ့စည်းဖို့
လိုလားနေကြပါတယ်။

အလုပ်သမား အခွင့်အရေး ပြောဆိုသူများအမှု တရားရုံးချုပ် ပယ်ချ
01 July 2008
မခင်ဖြူထွေး -
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက် အလုပ်သမားနေ့တုန်းက ရန်ကုန်မြို့က အမေရိကန်
စင်တာမှာ အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမှုတွေ လုပ်ခဲ့
လို့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရတဲ့ ကိုသူရိန်အောင် အပါအ၀င် ၆ ဦးရဲ့
အမှုအတွက် အယူခံလွှာ တင်ထားတာကို တရားရုံးချုပ်က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ
ထပ်ပြီး ပယ်ချလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်
အရေးကော်မရှင်က ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂကို တိုင်ကြားဖို့
ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးကို
မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းကြည့်တော့ အမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးက
အခုလို စရှင်းပြပါတယ်။

“ကိုသူရိန်အောင်ပါ ၆ ဦးအမှုမှာ စွဲဆိုထားတဲ့အမှုတွေက ပုဒ်မ ၁၂၄(က) ရှိတယ်၊
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေရှိတယ်၊ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ကိစ္စတွေ
ရှိတယ်၊ ပြီးတော့ အသင်းအဖွဲ့ ထူထောင်ရေးကိစ္စတွေရှိတယ်။ အဲဒါတွေအားလုံးနဲ့
ပတ်သက်ပြီး သီးခြားစီ ပြစ်ဒဏ်ကျခံစေဆိုပြီး အမိန့်ချမှတ်ထားတဲ့အတွက် တယောက်
ကို အနည်းဆုံး ၂၈ နှစ်လောက် ပြစ်ဒဏ်ကျခံရမယ်လို့ သိရပါတယ်။

“အဲဒါတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး သက်ဆိုင်တဲ့ အကျိုးဆောင်တွေ
က တရားရုံးချုပ်ကို အယူခံလွှာတင်သွင်းတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက
တင်သွင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီအမှုကိုတော့ ဆိုင်းထားပြီး ပြီးခဲ့တဲ့ သောကြာ
နေ့ကမှ ဒီအမှုကို တရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်လို့ ကျနော်တို့ သိရှိရပါ
တယ်။”

အခုလို နောက်ဆုံးအဆင့် တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ကိုသူရိန်အောင်တို့
အနေနဲ့ ဘယ်လောက်ထိ ပြစ်ဒဏ်ကျခံရနိုင်ဖို့ ရှိသလဲရှင့်။

“သူတို့ကို စွဲဆိုထားတဲ့ပုဒ်မတွေအရဆိုရင် အားလုံး ၂၈ နှစ်လောက် ကျခံရဖို့ရှိပါ
တယ်။”

ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးတို့ရဲ့ AHRC အဖွဲ့က ဘာတွေ ဆက်လုပ်ဖို့
ရှိပါသလဲ။

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး
ကိစ္စ၊ အလုပ်သမားဥပဒေကို ရှင်းပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုမမြောက်တဲ့အကြောင်း၊
ဒီလိုမျိုး ရှင်းပြခြင်းဟာလည်း ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ
အရ ပြဋ္ဌာန်းချက်တွေကို ရှင်းပြခြင်းသာဖြစ်တဲ့အတွက် ဒီလူတွေမှာ အပြစ်မရှိတဲ့
အကြောင်း၊ ဒီလိုမျိုး စွဲဆိုထားတဲ့ကိစ္စရပ်တွေက မမှန်ကန်တဲ့အကြောင်း၊ ဒီလိုမျိုး
အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်လို့ ရှင်းပြတဲ့ကိစ္စက နိုင်ငံတော်ပုန်ကန်မှု
လည်း မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်တာလည်း
မဟုတ်ဘူး၊ နိုင်ငံတော်အတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူလူထု
နားလည်အောင် ရှင်းပြတာပဲဖြစ်တယ်ဆိုတာကို ကျနော်တို့ ဆက်လက်ပြီး တင်ပြ
သွားမယ်။

“ပြစ်ဒဏ်ချမှတ်တဲ့ဟာက ဥပဒေနဲ့မညီဘူး၊ ဥပဒေကို မျက်ကွယ်ပြုပြီး ဆုံးဖြတ်ရာ
ရောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို ဆက်တင်ပြဖို့ ရည်ရွယ်
ထားပါတယ်။ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ
အဖွဲ့အစည်း အသီးသီးကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့
အတွက် တင်ပြပေးဖို့ အစီအစဉ်ရှိပါတယ်။”
AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။




အိမ်အပြန်

အိမ်အပြန်
သမီးအတွက်တဲ့
စားပွဲထက်က ဗိုလ်ချုပ် မနက်စာ
အကြွေတချို့ နဲ့ 
ဘတ်စကားပြာဝါတွေ
ဂန္ဓ၀င်တွင်စရာမပါ
ဒါပေမယ့်တွေးမိတိုင်း
ငါလွမ်းမောပါတယ် .........
ရွေပြည်တော် မျှော်တိုင်း ဝေးပေမယ့်
တနေ့ တော့ အိမ်ပြန်လာမယ်နော် အမေ ။ ။

ချစ်ရသော ကျောင်းသွားဖော်
ဂျစ်ပစီမိုးတိမ် သီချင်း ညီးသော စာသင်ခန်း
ရင်ခုန်သံ ချိုပေါ့ကျနဲ့ 
သြဘာလမ်း ထက်က နှုတ်ဆက်ခြင်းတွေ
လွမ်းမသင့်ဘူး ငါသိပါတယ် ....
ဒါပေမယ့် တမ်းတအပ်သော ငါ့အတိတ်မဟုတ်လား
ငါတို့ ပြန်တွေ့ ရမှာပါ သူငယ်ချင်းတို့  ။ ။

ငါမြတ်နိုးသောနိုင်ငံ
အဆင်းရဲဆုံး ဒေသလေးတဲ့
မရှုမလှ အခေါ်ခံရတိုင်း အသဲနာတယ်
သခင်ကိုယ်တောင်မှိုင်း , ရိုင်းတဲ့သံလွင်ရေ
ကမ္ဘာမကြေသီချင်းအတိုင်း
သည်မြေပြင်ကို ငါချစ်ပါသည်
ခေတ်အဆက်ဆက်ထပ် ၍ ကျိမ်ဆိုမည်
ငါသည်အပြစ်သားမဟုတ် ...
ကြမ္မာ ရိုင်းသော နေ့ များ ညများ လွန်သော်
ငါအိမ်ပြန်ရစေသား ။ ။
မလေးမေ

ဒီပရင်္ဂ


ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။


ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည် တွင်ခဲ့ရ။


အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တစ်မြို့။


အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။


တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။


ကြည်မောင်သန်း


( ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း စာမျက်နှာ ၇ တွင် ပါရှိသော ကဗျာ)

‘ဒီပရင်္ဂ’ ကဗျာကြောင့် မဂ္ဂဇင်း အယ်ဒီတာ နှုတ်ထွက်ရ

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 30 2008 18:27 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သမိုင်းဝင် ဒီပဲရင်းမြို့အကြောင်း စပ်ဆိုရေးသားထားသည့် ‘ဒီပရင်္ဂ’ ကဗျာကို ပုံနှိပ် ထုတ်ဝေမှုကြောင့် ချယ်ရီမဂ္ဂဇင်းတိုက် တာဝန်ခံ အယ်ဒီတာတဦး အလုပ်မှ ထွက်ရသည်အထိ ဖြစ်ပွားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ နာမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးရုံးမှ ဇွန်လ ၂၄ ရက်တွင် ခေါ်ယူစစ်ဆေး မေးမြန်း ပြီးနောက် အယ်ဒီတာတဦးဖြစ်သူ ကိုဌေးအောင်အား အလုပ် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ကဗျာဆရာ ကြည်မောင်သန်း၏ ‘ဒီပရင်္ဂ’ သည် ဒီပဲရင်းမြို့ အကြောင်းကို သမိုင်းဝင် အဖြစ်အပျက်များဖြင့် ရေးသားထားသည်။

“သူ့ကို စာစစ်ဌာနက မေးတယ်။ ဒီကဗျာကို ဘယ်သူ တာဝန်ခံသလဲလို့ပေါ့။ အဲဒါနဲ့ ကိုဌေးအောင်က သူတာဝန်ခံပါတယ် ဆိုပြီး ပြောတယ်။ အဲဒါနဲ့ သူကတော့ အဲဒီကဗျာကို တာဝန်ယူရတဲ့သူ ဆိုတော့ ထွက်ပေးရတာပေါ့ဗျာ။ အဲလောက်လည်း pressure ပေးတာလည်း မဟုတ်ပါဘူး” ဟု ချယ်ရီ မဂ္ဂဇင်းတိုက်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

ကဗျာတွင် အကျဉ်းချုပ်မှာ မုံရွာ-ရေဦး ကားလမ်းပေါ်ရှိ ယခင် အလောင်းစည်သူမင်း လက်ထက်မှ အစပြုခဲ့သော မြို့လေးတမြို့ဖြစ်ကာ၊ စစ်သူကြီး မဟာဗန္ဓုလနှင့် သမိုင်းဝင် ရဟန်းပညာရှိ၊ လူအကျော်အမော်များ မွေးဖွားရာ၊ သမိုင်းဝင် သာသနိက အဆောက်အဦများ ရှိခဲ့သည့် မြို့ဖြစ်ခဲ့သော်လည်း သူရဲကောင်းများ ပျောက်ဆုံးခဲ့ပြီး၊ သစ္စာဖောက်များ အတောင်ပေါက်ခဲ့၊ လူငယ်လေးတဦး ဆိုင်ကယ်ကျပျောက်၊ အမျိုးသမီးတဦး သေကံမရောက် သက်မပျောက်ခဲ့ရ၊ အံကြိတ်ရ တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း ဖွဲ့ဆိုရေးသားကာ အဆုံးသတ်အပိုင်းတွင် ကဗျာဆရာမှ မုံရွာ-ရေဦး ကားလမ်းဖြတ်အသွား ၎င်းမြို့ကို လှမ်းကြည့်မိသောအခါ ‘အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့’ ဟု အဆုံးသတ် ရေးဖွဲ့ထားသည်။

သို့သော် နိုင်ငံရေး စည်းရုံးရေး ခရီးစဉ် လှည့်လည်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူမ၏ ပါတီဝင်များ၊ ထောက်ခံသူများကို စစ်အစိုးရ၏ လက်ပါးစေများက ကြိုတင်အကွက်ချ တိုက်ခိုက်မှုတရပ်လည်း ဒီပဲယင်းမြို့တွင် ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၆ဝ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။

ထို့နောက်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကော၊ ပါတီ၏ ဒုဥက္ကဋ္ဌ သူရဦးတင်ဦးပါ နေအိမ် အကျယ်ချုပ် အသီးသီး ချခံခဲ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်ခဲ့ဖူးသူ ဗိုလ်မှူး အောင်လင်းထွဋ်က မကြာသေးခင်က ဗီအိုအေ မြန်မာပိုင်း အစီအစဉ်နှင့် မေးမြန်းခန်းတွင် ဒီပဲယင်း လူသတ်မှုကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

စာပေစိစစ်ရေး ခွင့်ပြုချက်ရပြီးနောက် ထုတ်ဝေလိုက်သော်လည်း မဂ္ဂဇင်းတိုက်၏ တာဝန်ခံ အယ်ဒီတာ အလုပ်မှ ထုတ်ပယ် လိုက်ရသည့် အတွက် မဖြစ်သင့် မဖြစ်ထိုက်သည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ စာရေးဆရာ တဦးက ပြောသည်။

“အခုလို ကဗျာတပုဒ်ကြောင့် အလုပ်ဖြုတ်တဲ့ အဆင့်လုပ်တာ မကောင်းပါဘူး။ မလုပ်သင့် မလုပ်ထိုက်တာပါ။ ဒါကတော့ ဖြစ်နေအုံးမှာပါ။ စာပေစိစစ်ရေးနဲ့ ကျန်တဲ့ ဘယ်စာပေတိုက်၊ ဂျာနယ်တိုက်တွေပဲ ဖြစ်ဖြစ် သူတို့ (စာပေစိစစ်ရေး) ကို ဖြတ်နေရတယ်လေ” ဟု အမည်မဖော်လိုသူ ဝါရင့် စာရေးသူတဦးက ပြောသည်။

အလားတူ လစ်လပ်နေသည့် အမှုဆောင် အယ်ဒီတာ နေရာတွင် အစားထိုး အသစ်ခန့်အပ်ရန်အတွက် စာပေစိစစ်ရေးမှ အတည်ပြုချက် ရရှိရန် အယ်ဒီတာ အဖွဲ့ဝင်များထဲမှ တဦးဖြစ်သူ ဆရာပြည်သွေးနိုင် နာမည်အား တင်သွင်းထားကြောင်း စုံစမ်း သိရှိရသည်။

“အသစ်မခန့်ရသေးပါဘူး။ အခုနောက်ထပ် တာဝန်ခံ အယ်ဒီတာတဦးကို စာပေစိစစ်ရေးကို တင်ထားတယ်။ သောကြာနေ့က တင်လိုက်တာပါ။ ဒီတပတ်အတွင်းတော့ ကျလာဖို့ ရှိပါတယ်” ဟု ချယ်ရီမဂ္ဂဇင်း တာဝန်ခံ တဦးကလည်း အတည်ပြု ပြောကြားပြောသည်။

၁၉၈၆ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်းတိုက် စတင်ထုတ်ဝေခဲ့ပြီး၊ ယခင်ကတည်းက စာပေလောကတွင် ဝင်ရောက် လုပ်ကိုင်နေသော ကိုဌေးအောင်မှာ ယခင်က Beauty Max တွင် တာဝန်ခံ အမှုဆောင် အယ်ဒီတာနှင့် စိတ်ကူးချိုချို စာအုပ်တိုက်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ရာ ယခု ချယ်ရီ မဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာအဖြစ် သက်တမ်း တနှစ်ကျော် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

မလေးမေ