Thursday, July 3, 2008

ကြာသာပတေးသတင်းများ


မူးယစ်ဆေးဝါးအမှု စုံစမ်းနေ၊ မောင်ဝိတ် အပြစ်ကြီးလေးစွာ ခံရဖွယ်ရှိ နေရွှေသွေးအောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်များနှင့် နိုင်ငံတော် အခမ်းအနားတခုတွင် တွေ့ရစဉ်
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 17:41 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လျှို့ဝှက် စုံစမ်းစစ်ဆေးမှု အပြီးတွင် ငယ်ရွယ်သော စီးပွါးရေး လုပ်ငန်းရှင် မောင်ဝိတ်သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် ကြီးလေးစွာ အပြစ်ပေးခံရဖွယ် ရှိသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဘီလျံနာ မောင်ဝိတ်ကို ရဲစစ်ကြောရေး စခန်းတွင် စစ်ဆေးနေရာမှ လွန်ခဲ့သော သောကြာနေ့ ကတည်းက နာမည်ဆိုး ဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်သို့ လသာ၊ ဒဂုံ၊ ကြည့်မြင်တိုင် မြို့နယ်များတွင် နေထိုင်သော သူ့မိတ်ဆွေ ၆ ဦးနှင့်အတူ ပြောင်းရွှေ့ချုပ်နှောင် ထားလိုက်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းထောင် အာဏာပိုင်တို့နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

“သူ (မောင်ဝိတ်) ထောင် နှစ် ၂ဝ ကနေ တသက်တကျွန်းအထိ ကျနိုင်တယ်” ဟု ပုဂ္ဂိုလ်တဦးက ပြောသည်။

ဤမူးယစ်ဆေးရာဇာ တရားခံကို ဗဟန်းမြို့နယ် သံလွင်လမ်းရှိ သူ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အထက်လွှာ ရေပေါ်ဆီများအကြား မူးယစ်ဆေးဝါး သုံးစွဲနေမှုများကို နှိမ်နင်းရာမှ ငွေကျပ် သန်း ၁၂ဝဝ နှင့် မက်တာအင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ် နိုင်သည့် စက်တလုံးကိုပါ ရဲများက သိမ်းဆည်း ရမိခဲ့သည်။ ဤမူးယစ်ဆေးဝါး ဂိုဏ်းကြီးကို မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာက ခေါင်းဆောင် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ရဲများက ဆိုသည်။

ဤမူးယစ်ဆေးဝါး ဂိုဏ်းတွင် ပါဝင်နေသူ နောက်တဦးဖြစ်သည့် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်နှင့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်ကိုမူ ဝက်ထီးကန် မူးယစ်ဆေးစွဲလူနာ ပြန်လည်ပျိုးထောင်ရေး စခန်းသို့ ပို့လိုက်သည်ဟု သိရသည်။

ဤအငြင်းပွါးဘွယ် မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွင် သူ၏သား ပါဝင်နေသည်ဟု သင်္ကာမကင်း ဖြစ်ခံရပြီးနောက် အမှတ် ၁ စစ်ဆင်ရေး အထူး ဌာနမှူး (ကစထ ၁) ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားယူခိုင်းလိုက်သည်ဟု ဆိုသည်။ သို့သော် ဤသို့ ရဲမြင့်အား အငြိမ်းစားယူစေသည့် ညွှန်ကြားချက် ထုတ်ပြန်အပြီး စစ်တပ်အတွင်း အကြီးအကျယ် အရွှေ့အပြောင်း၊ အပြောင်းအလဲများနှင့် အတူ ထွက်ပေါ်လာခဲ့သည်။

အကဲခတ်များနှင့် မိတ်ဆွေများကမူ မောင်ဝိတ်အပေါ် အာဏာရှိ ထိပ်တန်း အသိုင်းအဝိုင်းမှ ပူးပေါင်း လုပ်ကြံမှုများ ရှိခဲ့သလောဆိုသည်ကို သံသယ ပွါးနေကြသည်။

“ကျနော် သိသလောက်တော့ မောင်ဝိတ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ထဲမှာ မပါပါဘူး” ဟု စစ်တပ်နှင့် အဆက်အသွယ်ရှိသူ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ အကဲခတ် ဦးဝင်းမင်းက ပြောဆိုသည်။

“ဒါပေမဲ့ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့်က ပါတီတွေ တက်ရင် မူးယစ်ဆေးဝါးတော့ အတူသုံးကြတယ်။ ရုပ်ရှင်သရုပ်ဆောင်တချို့ အပါအဝင် ပါတီတက်တဲ့သူတွေကို မူးယစ်ဆေးဝါးကို လက်ဆောင်အဖြစ် ပေးတာမျိုးတော့ ရှိတယ်” ဟု သူက ဆက်ပြောသည်။

“မောင်ဝိတ်က ရာဘတော့ ထုတ်မှာ မဟုတ်ဘူးလို့ ကျနော် ရိုးရိုးသားသား ထင်တာပါပဲ။ ကျနော် ဒီသတင်းကြားတယ်။ ဒါပေမဲ့ သံသယ ရှိတယ်” ဟု ရန်ကုန်မြို့မှ စီးပွါးရေးသမား တဦးက ပြောသွားသည်။

မြန်မာနိုင်ငံသည် အာရှတွင် မက်တာအင်ဖက်တမင်း အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာနေပြီး၊ ဤဓာတုဆေးဝါး အခြေခံ မူးယစ်ဆေးဝါး များသည် ဘိန်းနှင့် ဘိန်းဖြူကို အစားထိုး တွင်ကျယ်နေသည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါး အေဂျင်စီများက ပြောကြားကြသည်။

၁၉၈၈ ခုနှစ်က ဒီမိုကရေစီ လိုလား၍ လမ်းပေါ်ဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်း၍ အာဏာသိမ်းခဲ့သော အစိုးရသည် မူးယစ်ရာဇာကြီးများနှင့် ပလဲနံပသင့် လက်တွဲလုပ်ဆောင်မှုများ ရှိခဲ့သည်ဟု ကျယ်ပြန့်စွာ စွပ်စွဲခံခဲ့ရသည်။ ထိုသို့ ထင်မြင်အောင်လည်း ပံ့ပိုးပေးသည့် အချက်များမှာ တချိန်တခါက ကမ္ဘာ့နိုင်ငံများက ဖမ်းဆီရမိရန် အလိုချင်ဆုံး ဘိန်းရာဇာထဲမှ တဦးဖြစ်သည့် ခွန်ဆာမှာ အောက်တိုဘာလ ၂ဝဝ၇ ခုနှစ် မသေဆုံးမီအထိ ရန်ကုန်တွင် သူ၏ အစောင့်အရှောက်နှင့် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သည်။

တချိန်က ကွန်မြူနစ်ဖြစ်ခဲ့ပြီး အင်အားကောင်းလှသော လက်နက်ကိုင် တပ်များရှိသော မူးယစ်ရာဇာ အဖွဲ့တခုဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ သူ၏ ပင်တိုင် လုပ်ငန်းဖြစ်သော ဘိန်းနှင့် မက်တာဖီတမင်း ဆေးပြား ထုတ်လုပ်မှုကို အနိမ့်ဆုံး သူ ထိန်းချုပ်ထားသော နယ်မြေများတွင် လုံးဝနီးပါး လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရထားသည်။

ထို့အပြင်လည်း များပြားလှစွာသော မူးယစ်ဆေးဝါး ကုန်သည်ကြီးများ၏ ငွေဖြူလျော်ဖွတ်ရာ နိဗာန်ပုံတခုလည်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အကျော်အမော် ရုပ်ရှင်သရုပ်ဆောင်များ၊ ချမ်းသာ ကြွယ်ဝလှသည့် စီးပွါးရေးသမားများ၊ အာဏာရ အသိုင်းအဝိုင်းမှ ဆွေမျိုး သားချင်းများ ပါဝင်ပတ်သက်နေသည့် ဤလူပြောများလှသော မူးယစ်ဆေးဝါးဂိုဏ်း နှိမ်နင်းမှုကြီးသည် တိုင်းပြည်၏ အာဏာအရှိဆုံးပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ အရေးနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (၁၇ နှစ်) သည် ဤအမှုကြီး၏ ဗဟိုအချက်အချာ နေရာတွင် ရှိနေသည်ဟု ရုပ်ရှင်လုပ်ငန်း အသိုင်းအဝိုင်းမှ ထင်မြင် ယူဆကြသည်။ နည်းပညာတက္ကသိုလ် (ရန်ကုန်အနောက်ပိုင်း) မှ ကျောင်းသားဖြစ်သူ လက်ဝယ်တွင် မူးယစ်ဆေးပြားများ တွေ့ရှိရပြီးနောက် သန်းရွှေ အလွန် ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။
နေရွှေသွေးအောင် တက်ရောက်နေသည့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ဓါတ်ပုံ - မဇ္ဈိမ
ဤနိုင်ငံတော် အကြီးအကဲ မိသားစုက ဖိုးလပြည့်ကို မူးယစ်ဆေးဝါး စတင်သုံးစွဲစေခဲ့သူ သူ့သူငယ်ချင်းများနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများကို အပြစ်ဖို့ခဲ့ကြသည်။

ဤအချက်မှာ အံ့သြစရာ မရှိပါ။ မြန်မာ့အာဏာရှင်ကြီး၏ မိသားစုနှင့် ရင်းနှီး ကျွမ်းဝင်လိုသောကြောင့် စီးပွါးရေးသမား အချို့က ဤအချစ်တော် မြေးကလေးကို မူးယစ်ဆေးဝါးနှင့် မြှူဆွယ်ခဲ့ကြသည်။ အသက် ၁၇ နှစ်အရွယ် ငယ်ရွယ်သေးသော်လည်း တေဇ အပါအဝင် စီးပွါးရေး လုပ်ငန်းရှင်ကြီးများက သူ့ကို အနှိပ်ခန်းများ၊ အခြား ဖျော်ဖြေရေး ဌာနများ စသည်တို့ကို ခေါ်ဆောင်သွားတတ်ပြီး နောက်ဆုံး အင်ဖက်တင်းပုံစံ စိတ်ကြွဆေးပြားများ (ATS) ကို စွဲသွားတော့သည်။

ဤမြေးတော်ကလေးကို မည်သူက မူးယစ်ဆေးဝါး ပုံမှန် ထောက်ပံ့ ပေးကမ်းနေသည် ဆိုသည်ကို ရှင်းလင်းစွာ မသိသော်လည်း နောက်ပိုင်း တွင် ပုလိပ်က မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်ကို သင်္ကာမကင်း ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်သော ထူးထရေဒင်း ကုမ္ပဏီမှ တေဇ နှင့် ဖိုးလပြည့်ကို ဟိုတယ်၏ (Siam Spa) ရေချိုးခန်းတွင် အမြဲတွေ့နေကျ ဖြစ်သည်ဟုလည်း ဟိုတယ်နစ်ကိုး (Hotel Nikko) ၏ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

“စီးပွါးရေးသမား အားလုံးက စီးပွါးရေး အဆက်အသွယ်ကောင်းတွေ ရဘို့ သန်းရွှေမြေးကို မိတ်ဖွဲ့ချင်ကြတဲ့ သူချည်းပါပဲ” ဟု စီးပွါးရေးသမား တဦးက ပြောသွားသည်။

သူ့မြေးကလေး မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့၍ သန်းရွှေ ဒေါကန်ခဲ့သည်မှာ မှန်သော်လည်း ဤနှိမ်နင်းရေး အမိန့်ကြီးသည် သန်းရွှေထံမှ လာသည် မဟုတ်ခဲ့ပါ။

ဤအဖြစ်အပျက် တရပ်လုံးမှာ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်နှင့် သတို့သား ဇေသီဟ တို့က တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ပါရန် သွားရောက် ဖိတ်ကြားရာမှ မတော်တဆ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဇေသီဟသည် မြရိပ်ညိုဟိုတယ် ပိုင်ရှင်၏ သားဖြစ်ပြီး သူ့ယောက်ဖမှာ ရွှေမန်း၏ သားဖြစ်သည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး ဘာကြောင့် သေခဲ့ရသလဲ ဆိုသည်ကို သိသလားဟု ရွှေမန်းက မင်းသမီးကို မေးခဲ့သည်ဟု မင်းသမီး၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။ ဒီကိစ္စ သူမ မသိပါဟု မင်းသမီးက တုံးတိတိ ယဉ်ကျေးစွာပင် ပြန်ဖြေခဲ့သည်ဟု ဆိုသည်။ ထို့နောက် ရွှေမန်းက ရုပ်ရှင်သရုပ်ဆောင်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ သုံးစွဲနေမှုများ ရှိကြောင်း၊ ဤကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနမှတဆင့် ကိုင်တွယ်နှိမ်နင်းရန် သူ ကြံစည်နေကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ် ရွှေမန်း၏ ကိုယ်ရေးအတွင်းရေးမှူးက သူ့သူငယ်ချင်း ပြည်ထဲရေးဌာန ဝန်ကြီး မောင်ဦး၏ ကိုယ်ရေး အတွင်းရေးမှူးထံ ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် မောင်ဦးက စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း စတင်ခဲ့သည်ဟု သိရသည်။ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း စစ်အစိုးရကမူ ဤအကြောင်းကို နှုတ်ပိတ်ရေငုံနေပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကိုပင် ဝန်မခံဘဲ ငြင်းဆိုခဲ့သည်။

“ကျနော်တို့ ဘယ်နာမည်ကြီး ပုဂ္ဂိုလ်ကိုမှ ဖမ်းဆီးထားတာ မရှိပါဘူး။ ဘယ်စီးပွါးရေးသမားကိုမှလည်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ စွဲချက်တင်ထား တာ မရှိပါဘူး” ဟု နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ပြောကြား သွားခဲ့သည်။

ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး
NEJ/ ၃ ဇူလိုင် ၂၀၀၈
ဇူလိုင် (၁) ရက် နံနက် ရန်ကုန် ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း တတိုင်းလုံးရှိ ကြံ့ဖွံ့ရုံးများတွင် လုံခြုံရေးအစီအစဉ်များ လုပ်ဆောင်နေပြီး ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထား စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

“ရွှေပြည်သာမှာ ကြံ့ဖွံ့ရုံး ဗုံးပေါက်တဲ့အတွက် အခုလို လုံခြုံရေးတွေ စတင်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက အခုလို စီစဉ်တာပါ။ ကြံ့ဖွံ့အဖွဲ့ဝင်တွေက မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်တွေမှာ အလှည့်ကျစီ စောင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့အဖွဲ့ ၀င်တဦးက ပြောသည်။

ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ ကြံ့ဖွံ့ရုံးတွင် ယခုလ (၁) ရက် နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်သည်။

ထိုသို့ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစ၍ ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထားကာ ကားများ ကို စစ်ဆေးနေကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “မင်္ဂလာဒုံကနေ မရမ်းကုန်းလမ်းဆုံထိ ပြည်လမ်းပေါ်မှာ (၃) ဂိတ်၊ အင်းစိန် ကနေ လှည်းတန်းလမ်းဆုံ (၂) ဂိတ်၊ လှည်းတန်းကနေ မြေနီကုန်းအထိ (၃) ဂိတ်၊ မြေနီကုန်း ကနေ စံပြရုပ်ရှင်ရုံအထိ (၃) ဂိတ်၊ မြို့ထဲမှာလည်း ဂိတ်တွေ အများကြီးချထားပြီး ကားအသွား အလာကို စစ်နေတယ်။ အထူးသဖြင့် ဆာ့ဖ်လို၊ ပါဂျဲရိုးလို ကားအကောင်းစားတွေကို အသေအချာ စစ်ဆေးနေတာ တွေ့တယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ပေါက်ကွဲမှုများ ဖြစ်ပေါ်တိုင်း ပြည်ပရောက် အတိုက်အခံများကို စွပ်စွဲလေ့ ရှိပြီး ယခုကဲ့သို့ စစ်ဆေးရေးလုပ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူမြင်ကွင်း၌ ချထားခြင်းတို့ လုပ်လေ့ရှိသည်။

သို့သော် ယခုတကြိမ်၌ စစ်ဆေးရေးဂိတ် အထူးများပြားခြင်း၊ ပြည်လမ်းမပေါ်ကဲ့သို့ နေရာမျိုးတွင် သံဆူးကြိုးခုံများ ချပြီး အသေအချာ စစ်ဆေးခြင်း၊ လိုင်းကားများ၊ ကြားကားများထက် အိမ်စီး ကားငယ်များ၊ ဇိမ်ခံကားအကြီးများကို ပိုမို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်များ၌ ယူနီဖောင်းဝတ် ရဲ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် လူများ ပူးပေါင်းပါဝင်ကြပြီး စစ်သားများကိုမူ ဂိတ်များ၏ မနီးမဝေးများတွင်သာ နေရာချထားကြောင်း၊ ညဘက်၌လည်း စစ်ဆေးရေးဂိတ်များ ချ စစ်ဆေးနေကြောင်း သိရသည်။

နအဖ စစ်အစိုးရ၏ ဇူလိုင် (၂) ရက် သတင်းစာများတွင် ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်း၏ အုတ်နံရံအကျယ် (၆) လက်မ၊ အမြင့် (၉) လက်မခန့် ပေါက်ထွက်ပျက်စီးကာ ရုံးအောက် ထပ်အ၀င် တံခါးကြီး၊ ပြူတင်းပေါက်မှန်များ၊ စာရေးစားပွဲ (၃) လုံး၊ ကုလားထိုင် (၆) လုံး၊ လက်နှိပ် စက် (၁) လုံး၊ တယ်လီဖုန်းကိုယ်ထည် (၁) ခု ပျက်စီးကြောင်း၊ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြပါရှိသည်။

ရွှေပြည်သာမြို့နယ်၌ တာဝန်ကျ ရဲတဦးကမူ ဗုံးအမျိုးအစားမှာ ယခင် ဧပြီ (၂၀) ရက်က ပေါက်ကွဲ သော ဗုံးများထက် ပေါက်အား ပြင်းထန်ကာ လူကိုသေစေနိုင်သည်အထိ အန္တရာယ်ရှိသော လက် လုပ်ဗုံးအမျိုးအစား ဖြစ်သည်ဟု ပြောသည်။

ယခုအခါ တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းနေပြီး အများပြည်သူများကလည်း မသင်္ကာဖွယ်ရာ လူများ တွေ့ရှိပါက အချိန်မီသတင်းပေးရန် အစိုးရသတင်းစာတွင် ရေးသားထားသည်။

နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မပြောင်း
ကျော်ထင် / ၃ ဇူလိုင် ၂၀၀၈
အင်းစိန်ထောင်အပါဝင် နယ်ထောင်များတွင် စီရင်ချက် မချရသေးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မပြောင်း လဲခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်နေကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားတွေ့ခဲ့ သည့် ဖျာပုံမြို့နယ်လွှတ်တော်အမတ် ဦးမင်းဆွေက ပြောသည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် သားဖြစ်သူကို ပြီးခဲ့သည့် တနင်္လာ နေ့က သွားရောက်တွေ့ဆုံခဲ့သော ဦးမင်းဆွေက ယခင်ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခြင်း ခံထား ရသူများကို ပုဒ်မ ၅၀၅ (ခ) သို့ ပြောင်းလဲလိုက်ကြောင်း ပြောသည်။

၁၂၄ (က) နှင့် ၅၀၅ (ခ) နှစ်ခုလုံးသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မများဖြစ်ကြပြီး ၁၂၄ (က) သည် အများဆုံး ထောင်ဒဏ်အနှစ် (၂၀) အထိ ချမှတ်နိုင်ပြီး ၅၀၅ (ခ) သည် (၂)နှစ် အထိသာ ထောင်ချနိုင်သည်။

ဦးမင်းဆွေက “၁၂၄ (က) နဲ့ စွဲချက်တင်ခံထားရတဲ့ ကျောင်းသားလေးတွေပါတာပေါ့၊ တက္ကသိုလ် တက်နေတဲ့ ကလေးတွေပေါ့၊ သူတို့ကိုလည်း ပုဒ်မပြောင်းတယ်လေ၊ ထူးခြားတာက ဒီအကျဉ်း သားတွေကို ဓာတ်ပုံတွေ လိုက်ရိုက်နေတယ်၊ အင်းစိန်တခုတင်မဟုတ်ဘူး၊ နယ်က ထောင်တွေမှာ လည်း ရိုက်တယ်“ ဟု ပြောသည်။

မည်သည့်အကြောင်းကြောင့် ဓာတ်ပုံရိုက်ယူနေသည်ကိုမူ မသိရှိရဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဒီချုပ်အဖွဲ့ဝင်များအပါဝင် စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဖမ်းဆီးထားသူများကို ပုဒ်မ ၁၂၄ (က) မှ ၅၀၅ (ခ) သို့ လျှော့ပေါ့ ပြောင်းလဲလိုက်ကြောင်း အတည်ပြုပြောကြားသည်။

သို့သော် စစ်အစိုးရသည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြစ်သည့် ပုဒ်မ ၁၀ (ခ) အရ ဒေါ်အောင်ဆန်းစုကြည်အား အများဆုံး (၅) နှစ်သာ ချုပ်နှောင်ထားခွင့်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ သက်တမ်း
တိုး ချုပ်နှောင်ထားဆဲဖြစ်သည်။ ။

လပွတ္တာမြို့သစ် တည်ဆောက်ရေး နအဖနှင့်နီးစပ်သည့် ကုမ္ပဏီများ အိမ်အလုံး (၁) ထောင်စီ ခွဲတမ်းရ
ပီတာအောင်/ ၃ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရန် လပွတ္တာမြို့သစ် စီမံကိန်း စတင် လျက်ရှိပြီး စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက နေအိမ်ဆောက်လုပ်ခွင့် ကန်ထရိုက်များ ရရှိထားကြောင်း သိရသည်။

လပွတ္တာမြို့နယ် (၃) မိုင်၊ (၅) မိုင်နှင့် (၇ ) မိုင်စခန်းဝန်းကျင်၌ မက်စ်(မြန်မာ)၊ ကမ္ဘောဇနှင့် ၀ါဝါ၀င်း
ကုမ္ပဏီတို့က လေဘေးသင့်သူများအတွက် နေအိမ်အလုံး (၁,၀၀၀) စီ စုစုပေါင်းအလုံး (၃,၀၀၀) တည်ဆောက်သွားမည်ဟု ယမန်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌ သတင်းထုတ်ပြန်သည်။

မြို့သစ်နေရာသည် လပွတ္တာမြို့၏ အရှေ့မြောက်ဘက် လပွတ္တာ- မြောင်းမြ ကားလမ်းနံဘေး၌ရှိပြီး မြောင်းမြသစ်တောကြိုးဝိုင်းအနီး ရေမရှိသည့် ဖုန်းဆိုးကုန်းမြေများပေါ်တွင် အကွက်များ ရိုက်၍ နေအိမ်များ ဆောက်လုပ်ပေးခြင်းဖြစ်သည်ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။

၎င်းက “ပင်လယ်ဘက်၊ တောဘက်ကို မပြန်နိုင်တော့တဲ့သူတွေ၊ အရပ်အခေါ် လယ်ယာကပ်ပါးလို့ ခေါ်တဲ့၊ လုပ်ငန်းရှင်ကို မှီခိုရတဲ့ အလုပ်သမားတွေ အများစုကို နေရာပေးတာပါ။ သူတို့မှာ မြေလည်း မရှိဘူး။ လုပ်ငန်းခွင်လည်းမရှိတော့ သူတို့ပြန်လို့လည်း မရတော့ဘူး။ အဲဒီလူတွေကို ချပေးလိုက် တာ။ မြို့ထဲကလူတွေကလည်း မိမိတို့သဘောနဲ့ မိမိ သွားနေလို့ရတယ်။ မရွှေ့ဘဲနေချင်လည်း ရပါတယ်” ဟု ပြောသည်။

လပွတ္တာမြို့ရှိ လေဘေးကယ်ဆယ်ရေးစခန်းများ၌ မူလက လေဘေးသင့်လူထု သောင်းနှင့်ချီ နေထိုင်ခဲ့ကြသော်လည်း အချို့နေရပ်ပြန်သွားကြပြီဖြစ်သဖြင့် လတ်တလော (၃) မိုင်စခန်း၌ ဒုက္ခသည် (၃) ထောင်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဒုက္ခသည်များအတွက် ဆောက်ပေးမည့် တန်ဖိုးနည်း အိမ်ရာများသည် သွပ်မိုး၊ ၀ါးထရံ (သို့မဟုတ်) သစ်သားကာရံထားသည့် ပျဉ်ထောင်အိမ်များဖြစ်ပြီး ဒီဇိုင်းပုံစံ (၄) မျိုးခန့်ရှိကာ အမျိုးအစားပေါ် လိုက်၍ ကျပ်ငွေ (၃) သိန်းမှ (၇) သိန်းထိ ရှိနိုင်သည်ဟု ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် နီးစပ်သူ တဦးက ပြောသည်။

ကုမ္ပဏီများအား အိမ်ဆောက်ခွဲတမ်းချပေးချိန်တွင် နအဖစစ်အစိုးရ၏ နာဂစ်မုန်တိုင်း အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကလည်း မုန်တိုင်းကြောင့် အိုးအိမ်ဆုံးရှုံးသွားရသူတို့ အတွက် လူနေအိမ် တလုံးလျှင် ကျပ် (၆) သိန်းဖြင့် လှူဒါန်းနိုင်ကြောင်း စစ်အစိုးရပိုင်မီဒီယာများမှ အလှူခံလျက်ရှိသည်။

စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီများကို နေအိမ်ဆောက်လုပ်ခွင့်များ ချပေးခြင်းဖြစ် ကြောင်း၊ ထိုစီမံကိန်းများကို အကြောင်းပြု၍ ကုမ္ပဏီများအနေဖြင့် သစ်ဝယ်ယူခွင့်ပါမစ်နှင့် အိမ် ဆောက်ပစ္စည်း ပြည်ပမှ တင်သွင်းခွင့်ပါမစ်များ ရနိုင်ပြီး နေအိမ်လှူဒါန်းသည့် အလှူရှင်များရှိပါ ကလည်း နေအိမ်ရောင်းရသလိုဖြစ်ပြီး အကျိုးအမြတ်ရရှိနိုင်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမား တဦးက ပြောသည်။

နေအိမ်များဆောက်လုပ်ရန် စစ်အစိုးရက ကုမ္ပဏီများကို အတင်းအကျပ် လုပ်ခိုင်းခြင်းသာဖြစ်ပြီး ကုမ္ပဏ်ီများအနေဖြင့် လတ်တလော အကျိုးအမြတ် မရယုံမက အိတ်စိုက်နေရသည်ဟု ဆောက်လုပ် ရေးကုမ္ပဏီတခုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒီကိစ္စဟာ ပိုက်ဆံရဖို့ထက် မလုပ်မနေရ ၀င်လုပ်ကြရတာ။ လောလောဆယ် ပိုက်ဆံစိုက် ထားရတာချည်းပဲ။ ငွေက ဘယ်အချိန်မှာ ပြန်ပေါ်မယ်မသိဘူး။ ဒါပေမယ့် ရှောင်လွှဲလို့ မရဘူး။ မရလည်း လှူတယ်လို့ သဘောထားရမှာပဲ။ လောလောဆယ်တော့ ဆောက်ဖို့ပဲ ပြောထားတယ်။ ဆောက်တဲ့အထဲမှာ လှူတဲ့ အလှူရှင်ရှိရင်လည်း အလှူရှင်ရဲ့ငွေနဲ့ ဆောက်တာပေါ့နော်။ သစ်တွေ ဘာတွေ အစိုးရက ၀ယ်ယူခွင့်ပေးတယ်။ အစိုးရကတော့ ငွေတပြားမှ မပေးသေးဘူး။ ခွဲတမ်း ချပေးတာပဲရှိတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီ (၃၀) ခန့်ကိုလည်း ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသ (၁၇) ခု၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွဲတမ်းများ အသီးသီး ချပေးထားကြောင်း သိရသည်။

ထိုကုမ္ပဏီများအနက် ထူး၊ ဧဒင်၊ ငွေဆင်၊ တော်ဝင်၊ FMI၊ ရွှေသံလွင်၊ အရုဏ်ဦး၊ တက်လမ်း၊ မက်စ်(မြန်မာ)၊ အေရှားဝေါလ်၊ ကမ္ဘောဇ၊ ဇေကမ္ဘာ၊ ယုဇန၊ ၀ါဝါ၀င်း စသည့် ကုမ္ပဏီများ ပါဝင်ပြီး မက်စ်(မြန်မာ)က လပွတ္တာနှင့် ပြင်စလူမြို့၊ ဇေကမ္ဘာက ပြင်စလူမြို့၊ အေရှားဝေါလ်က ကွန်းခြံကုန်း နှင့်ဒေးဒရဲ၊ ထူးကုမ္ပဏီက ဘိုကလေးမြို့နယ် စသဖြင့် ခွဲတမ်းများအသီးသီးရရှိထားကြသည်။ ။

ဆံပင်ရှည်နှင့် စက် ငြိမိကာ မြန်မာအလုပ်သမားတဦးသေဆုံး
NEJ/ ၃ ဇူလိုင် ၂၀၀၈

သေဆုံးသွားသူ မဇင်မာမြင့် အသုဘအခမ်းအနား မြန်မာအလုပ်သမတဦး လုပ်ငန်းခွင်တွင် ဆံပင်နှင့် စက် ငြိမိသွားသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိ သေဆုံး သွားသည်။

မဲဆောက် မယ်ပအရပ်ရှိ ခြေစွပ်အလုပ်ရုံမှ အသက် (၁၇) နှစ်အရွယ် အလုပ်သမ မဇင်မာမြင့်သည် အင်္ဂါနေ့၌ အလုပ်လုပ်နေစဉ် စက်ပစ္စည်းတခု စက်ခုံ အောက်သို့ ကျသွားသည်ကို ကုန်းကောက်ရာမှ

သူမ၏ ဆံပင်ရှည်မှာ လည်ပတ်နေသောစက်နှင့် လုံးထွေးသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွား သဖြင့် မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့၌ သေဆုံးသွားခြင်းဖြစ်သည်။

မြန်မာအလုပ်သမများသည် ဆံပင်ရှည်များကို သေသေသပ်သပ် ထုံးဖွဲ့စည်းနှောင်ခြင်းမပြုဘဲ စက်ရုံအလုပ်ရုံအတွင်း စက်ပစ္စည်းများနှင့် လုပ်ကိုင်သည့်အခါ အန္တရာယ်ရှိပြီး အသက်ဆုံးပါး နိုင်သောကြောင့် အထူးသတိပြုရန် အရေးကြီးသည်ဟု မဲဆောက်အခြေစိုက် မြန်မာအလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့က ပြောသည်။

အဖွဲ့၏တာဝန်ခံ ကိုမိုးကြိုးက “မြန်မာအလုပ်သမားတွေ အားလုံး လုပ်ငန်းခွင် ဘေးကင်းမူနဲ့ လုပ်ငန်းရဲ့ သဘောသဘာဝကို သိရှိဖို့လိုသလို လုပ်ငန်းရှင်ကလည်း လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးအတွက် ပညာပေးဖို့ တာဝန်ပျက်ကွက်တယ်။ အခုဖြစ်တာက ဆံပင်အရှည်ကို သပ်သပ် ရပ်ရပ်မထုံးဘဲ ဒီအတိုင်းချထားတော့ အခုလို ဖြစ်သွားရတာ။ သတိထားကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

မယ်ပအထည်ချုပ်စက်ရုံမှ ကိုကုလားက “ဒီကိစ္စ ပညာပေးမူတွေကိုတော့ စက်ရုံအတော်များများမှာ ရှိကြပါတယ်၊ အလုပ်သမားအဖွဲ့တွေလာပြီး ဟောပြောတာတွေ ရှိပါတယ်။ လူတွေက စိတ်မ၀င် စားကြဘူး၊ ကျနော်တို့စက်ရုံမှာလည်း ဆံပင်အရှည်ထားတဲ့ ယောင်္ကျားလေးတယောက် ဆံပင်နဲ့ စက်ညှပ်မိသွားတာ ဦးရေလှန်သွားတယ်၊ သေတော့မသေဘူး။ ဒီကိစ္စမျိုးက အသက်ဥာဏ်စောင့် တယ်၊ အားလုံးသတိရှိဘို့လိုတယ်” ဟု ပြောသည်။

မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့၏ မှတ်တမ်းအရ ပြီးခဲ့သည့် ၂၀၀၆ ခု၌ မဲဆောက်မြို့ကန်းဖိဘန်းရပ်ကွက်တွင် အလုပ်သမ မမေရီထွေးသည် ကားပေါ်မှ အဆင်းတွင် ဖားလျားချထားသည့် သူမ၏ဆံပင်ရှည်ဖြင့် ကားငြိမိကာ ထဘီစမှာလည်း ကားခြေ နင်းခုံနှင့် ငြိခဲ့သဖြင့် ကားပေါ်မှ ပြုတ်ကျ သေဆုံးမူတရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က သေဆုံးသူ မဇင်မာမြင့်သည် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှဖြစ်ပြီး မယ်ပရှိ ခြေစွပ် စက်ရုံတွင် စားစရိတ်ငြိမ်း တလထိုင်းဘတ်ငွေ (၁,၃၀၀) နှုန်းဖြင့် လုပ်ကိုင်နေသူသည်။

အလုပ်ရှင်က ဈာပနကိစ္စအတွက် တာဝန်ယူထားပြီး မဇင်မာမြင့်၏ ဈာပနကို မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ထားရှိကာ မနက်ဖြန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။ ။

ဗကသကျောင်းသူ ၈ ကြိမ်မြောက် ရုံးထုတ်
ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 15:00 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဖမ်းဆီးခံရနေသူ ဗကသ ကျောင်းသူ မဟန်နီထွန်းအား အင်းစိန်ထောင်မှ ခေါ်ထုတ်ကာ အရှေ့ပိုင်းခရိုင် တရားရုံးတွင် ယမန်နေ့က ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

၂ဝဝ၇ စက်တင်ဘာအတွင်း ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ရှိ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ဟု စွပ်စွဲကာ အာဏာပိုင်များက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ အသက် ၂၁ နှစ်အရွယ် မဟန်နီထွန်း (ဥပဒေ နောက်ဆုံးနှစ်) အား ဖမ်းဆီးခဲ့ရာမှ ယမန်နေ့က တာမွေမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“တရားရုံးကတော့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းထူထောင်ခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက် ရှိတယ်လေ။ ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ပါတာပဲလေ။ အဲဒီ အခြေအနေမှာ ကျောင်းသားတွေဟာ အသင်းအဖွဲ့ ထူထောင်ဖို့ အဆင့်တောင် မလုပ်သေးဘူးနော်။ ကျောင်းသားတွေက သူတို့ခံစားချက်ပေါ်မှာ လူစုဝေးပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ပေါ့နော်။ ဆူပူ အကြမ်းဖက်လိုတဲ့ ဆန္ဒ မရှိဘူးပေါ့နော်။ သူတို့ လုပ်တာဟာ သဘောရိုးနဲ့ လုပ်တာပဲလေ” ဟု အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

မဟန်နီဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ လူထုကို ဆူပူအောင် လှုံ့ဆော်မှု ၅ဝ၅ (ခ)၊ တရားမဝင် လူစုဝေးမှု ပုဒ်မ ၁၄၃၊ ၁၄၅ နှင့် အဖွဲ့အစည်း တခုကို မှတ်ပုံတင်ထားခြင်း မရှိဘဲ အသင်းဖွဲ့စည်းမှု ပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုထားသည်။

ပြစ်မှုထင်ရှားပါက ပုဒ်မ ၁၂၄ (က) အရ ထောင်ဒဏ်တသက်တကျွန်း၊ ၅ဝ၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၆ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၄၃ မှာ အနည်းဆုံး ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ၊ ပုဒ်မ ၁၄၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေများ ကျနိုင်သည်ဟု ဦးအောင်သိန်းက ပြောဆိုသည်။

မိသားစုဝင် တဦးကမူ “ဆန္ဒပြစဉ် ဦးဆောင်တယ်ဆိုပြီး ပြောတယ်။ တကယ်တော့ အဲဒီနေ့က စာမေးပွဲ ဖြေနေတယ်။ အန်အယ်ဒီ အခမ်းအနား တို့၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ မွေးနေ့ပွဲ သွားတယ်။ အမေရိကန်စင်တာမှာ သွားပြီး သင်တန်းတွေ တက်တယ်ပေါ့ဗျာ။ ဘီဘီစီ၊ အာအက်အေ၊ ဗီအိုအေတို့နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြောတယ်ဗျာ။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လူတွေနဲ့ ဆက်သွယ်တယ်ပေါ့နော်။ အဲလိုနဲ့ စွဲချက်တင်ထားတယ်” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တောင်ဥပလာပမြို့နယ် ၁၁ ရပ်ကွက်ရှိ အိမ်နံပါတ် ၅ဝ၅ တွင် သူငယ်ချင်း ၄ ဦးနှင့် အတူရှိနေချိန် စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက ဗကသ ကျောင်းသားများ တွေ့ဆုံစုဝေးသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်က “စာမေးပွဲ ဖြေနေပါတယ် ဆိုရင်တောင် ကျောင်းကို သွားပြီး ထောက်ခံစာ သွားတောင်းတာ မထုတ်ပေးဘူးဗျာ။ ပိတ်ဆို့ခံရတယ် လို့ ခံစားရတယ်ပေါ့ဗျာ။ တကယ်လို့ ဒါကို ထုတ်ပေးလိုက်ရင်၊ တရားဥပဒေ ပေါ်လွင်ရင် သူ့ဥပဒေအတိုင်း ကြိုက်သလို စီစဉ်ပေါ့နော်။ ကျနော်တို့ ဘာမှ ပြောပိုင်ခွင့် မရှိပါဘူးလေ။ ရသင့်တဲ့ဟာ မရတော့၊ ပိတ်ဆို့ခံရတယ်ဆိုတော့ စိုးရိမ်စရာ ဖြစ်လာတယ်ပေါ့နော်။ ပုဒ်မကကြီးတယ်၊ အသက်က ငယ်သေးတယ်” ဟု ပြောသည်။

မဟန်နီထွန်းတွင် အသက်ရှူကြပ်လေ့ရှိရာ ၂ လတကြိမ် ဆေးခန်းပြရသူဖြစ်ပြီး နာဂစ်မုန်တိုင်းနောက်ပိုင်း အသက်ရှူကြပ်လာသဖြင့် ထောင်တွင်း ဆရာဝန်နှင့် ပြသကာ နှလုံးဆေးများ သောက်နေရသည်။

ယမန်နေ့တွင် တရားရုံးက သက်သေအဖြစ် ရဲတပ်သား ၃ ဦးအား စစ်ဆေး မေးမြန်းခဲ့ပြီး၊ ယခုလ ၁၆ ရက်နေ့တွင် ထပ်မံ၍ ရပ်ကွက်အာဏာပိုင် ရယက တဦးနှင့် စွမ်းအားရှင်အဖွဲ့ဝင် တဦးအား စစ်ဆေးရန် လိုအပ်ကြောင်း မိသားစုဝင်က ပြောသည်။

အခွန်ငွေနှင့် လာဘ်ငွေ မတရားတောင်းခံမှုများကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခက်တွေ့
အောင်သက်ဝိုင်း/ရန်ကုန် ဇူလိုင် ၃၊ ၂၀၀၈
စစ်အစိုးရ၏ မတရားအခွန်ငွေကောက်ခံမှုများနှင့် လာဘ်ငွေတောင်းခံမှုများမှရှောင်လွှဲနိုင်ရန် ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီအများစုသည် အခွန်ရှောင်တိမ်းမှုများပြုလုပ်နေရပြီး အခွန်ရှောင်သည့် အေဂျင်စီများအပေါ် အစိုးရက တင်းကျပ်သည့် စည်းကမ်းဥပဒေများ ချမှတ်လာသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀န်း၏ ပြောဆိုချက်များအရ သိရှိရသည်။

ပြည်တွင်း၌ စီးပွားရေးအဆင်မပြေမှု၊ စားဝတ်နေရေးခက်ခဲမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသော မြန်မာပြည်သားအရေအတွက် အလွန်များပြားလာသည်။ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်သူများကြောင့် နိုင်ငံခြားသို့ အလုပ်သမားများပို့ဆောင်ပေးသည့် အေဂျင်စီများ၏ စီးပွားရေးအခြေအနေသည် တနှစ်ထက်တနှစ် တိုးတက်ကောင်းမွန်လာသော်လည်း မတရားအခွန်ကောက်ခံမှုများနှင့် လာဘ်ငွေတောင်းခံမှုများကြောင့် အေဂျင်စီများက စီးပွားရေးကျဆင်းပြီး အလုပ်မဖြစ်ဟုအကြောင်းပြကာ အခွန်ရှောင်ကြခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ဧရာဝတီကို ပြောသည်။

“အလုပ်သမားဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတိုင်း တနှစ်ကိုအလုပ်သမား ၃၀၀ နိုင်ငံခြားပို့ရမယ်ဆိုပြီး ညွှန်ကြားထားတယ်။ အေဂျင်စီတခုအနေနဲ့ တနှစ်ကို အလုပ်သမား ၃၀၀ ထက်မကများတဲ့အရေအတွက် နိုင်ငံခြားကိုပို့ကြတယ်။ ဒါပေမယ့် အေဂျင်စီတိုင်းက မတရားကောက်ခံမယ့်အခွန်အခတွေကိုကြောက်လို့ အမှန်စာရင်းမပြကြဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

စစ်အစိုးရက ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အခွန်ကောက်ခံရာတွင် တသမတ်တည်း ကောက်ခံခြင်းမရှိဘဲ အစိုးရဘတ်ဂျက်လိုငွေပြမှုပေါ်မူတည်ပြီး အခွန်များတိုးမြှင့် ကောက်ခံကြောင်း၊ အခွန်ကောက်ခံရာတွင် စီးပွားရေးလုပ်ငန်းများအားလုံးအပေါ် တပြေးညီ အခွန်ကောက်ခြင်းမဟုတ်ဘဲ စစ်အစိုးရအရာရှိကြီးများ၏ သား၊ သမီး၊ ဆွေမျိုး၊ မိတ်ဆွေအသိုင်းအ၀န်းများ ပိုင်ဆိုင်ကြသော စီးပွားရေးကုမ္ပဏီကြီးများမှာမူ အခွန်ဆောင်ကြခြင်းမရှိကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။

“ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထဲမှာတောင် အစိုးရအရာရှိတွေနဲ့ ဆွေမျိုးအသိုင်းအ၀န်းတွေပိုင်တဲ့ ကုမ္ပဏီတွေက အခွန်မဆောင်ကြဘူး။ အခွန်ဆောင်ရတဲ့အေဂျင်စီတွေကျတော့လည်း ငွေကျပ်သိန်းပေါင်း ရာဂဏန်းကျော်အခွန်ကောက်တော့ ဘယ်သူမှမဆောင်ချင်ကြဘူး” ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခု၏ မန်နေဂျာက ဆိုသည်။

ယခုအခါ စီးပွားရေးလုပ်ငန်းများကျဆင်းပြီး အလုပ်သမားဦးရေ တနှစ် ၃၀၀ ကို ပြည်ပနိုင်ငံများသို့ မပို့နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနသို့ စာရင်းတင်ပြထားသည့် အေဂျင်စီများကို လုပ်ငန်းလိုင်စင်သက်တမ်း ထပ်မံတိုးမပေးကြောင်း ညွှန်ကြားချက်တရပ်ကို နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ ဇွန်လ ၆ နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ ပြည်ပအလုပ်အကိုင် အေဂျင်စီများ အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာရကြောင်း သိရှိရသည်။

“စာရင်းအမှန်ပြရင်လည်း မတန်တဆအခွန်ငွေဆောင်ရမယ်။ စာရင်းအမှန်မပြပြန်ရင်လည်း လိုင်စင်သက်တမ်းတိုးမပေးဘူးဆိုတော့ တော်တော်တော့ အကြပ်ရိုက်လာတယ်။ ဆုပ်လည်းဆူး၊ စားလည်း ရူးဆိုတဲ့အခြေအနေပဲ” ဟု တာမွေမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ တနှစ်တကြိမ် ကုမ္ပဏီလိုင်စင်သက်တမ်းတိုးရပြီး နှစ်စဉ် အလုပ်သမားဝန်ကြီးဌာနသို့ စဘော်ငွေ ကျပ်သိန်း ၅၀ သွင်းရသည့်အပြင် အလုပ်သမားဝန်ကြီးဌာန အရာရှိကြီးများ ကိုလည်း လာဘ်ငွေသိန်းပေါင်းများစွာပေးရကြောင်း သိရှိရသည်။

“လိုင်စင်လျှောက်တုန်းကလည်း လိုင်စင်ရဖို့ ကျပ်သိန်း ၂၀၀ လောက်ရင်းပြီး ရအောင်လိုက်ရတယ်။ လိုင်စင်ရလာပြန်တော့လည်း တနှစ်တခါသက်တမ်းတိုးရတဲ့အပြင် အရာရှိတွေကို လာဘ်ထိုးရ၊သူတို့ မတန်တဆ ကောက်တဲ့အခွန်ငွေပေးရနဲ့ စီးပွားရေးက လုံးလည်ချာလည်လိုက်နေတယ်” ဟု ရန်ကုန်ရှိ အေဂျင်စီတခု၏ ပိုင်ရှင်တဦးက ပြောသည်။

ကျောက်တံတားမြို့နယ်မှ အေဂျင်စီတခု၏ပိုင်ရှင်တဦးကမူ ၎င်းအနေဖြင့် လုပ်ငန်းလုပ်ကိုင်သည့်အတွက် ထိုက်သင့်မျှတသော အခွန်ငွေပေးဆောင်ပြီး အေးချမ်းစွာလုပ်ငန်းလုပ်လိုကြောင်း၊ သို့ရာတွင် စစ်အစိုးရက အခွန်ငွေကို သတ်မှတ်ချက်မရှိ၊ တနှစ်ထက်တနှစ်တိုးမြှင့်ပြီး ပရမ်းပတာကောက်ခံမှုများကြောင့် လုပ်ငန်းရှင်များမှာ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အခက်အခဲဖြစ်လာရကြောင်း ရှင်းပြသည်။

“ပေးသင့်တဲ့အခွန်ငွေပေးချင်တယ်။ ဒါပေမယ့် ၀န်နဲ့အား မမျှတဲ့အခွန်ငွေတွေကောက်တော့ ကျနော်တို့အဖို့ တော်တော်ကြီးကို အခက်တွေ့တယ်။ အဲဒီတော့ ပြည်တွင်းအခွန်ဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနက အရာရှိတွေကို အဘခေါ် လာဘ်ထိုးပြီး စီးပွားရေးလည်ပတ်အောင် လုပ်ရတာပဲ” ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက အလုပ်သမားတဦးကို ပြည်ပနိုင်ငံသို့ပို့ဆောင်တိုင်း အလုပ်သမားဝန်ကြီးဌာနသို့ ငွေကျပ် ၅ သောင်း ပေးသွင်းရကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအ၀န်းကတဆင့် စုံစမ်းသိရှိရသည်။

“အလုပ်သမားတဦး နိုင်ငံခြားပို့တိုင်းငွေ ၅ သောင်းအလုပ်သမားဝန်ကြီးဌာနကို သွင်းရတယ်။ အဲလို သွင်းရတာကတော့ တော်တော်ကြာပါပြီ” ဟု ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်အတွင်းက လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၀ သာရှိပြီး ယခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာနက ကုမ္ပဏီလိုင်စင် အသစ် ၄၀ ထပ်မံချထားပေးခဲ့သည့်အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီများမှာ နိုင်ငံရပ်ခြားသွားရောက်မည့် အလုပ်သမားရရှိရေးအတွက် အပြိုင်အဆိုင် ရှာဖွေကြရကြောင်း သိရှိရသည်။

“မလေးရှားသွားမယ့် အလုပ်သမားတဦးခေါ်လာပေးရင် အေဂျင်စီက ပွဲစားခ ကျပ်တသိန်းပေးတယ်။ စင်ကာပူသွားမယ့်အလုပ်သမားတဦးခေါ်လာပေးရင်တော့ ပွဲစားခက စင်ကာပူဒေါ်လာ ၁၀၀ ပေးတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ သုခစုစံပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတွက် အလုပ်သမားများ ရှာဖွေပေးနေသည့် အကျိုးဆောင်ပွဲစားတဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဈေးကွက်တွင် မလေးရှားသို့ အထွေထွေအလုပ်သမားများအဖြစ် သွားရောက်လိုပါက အလုပ်သမားတဦးအတွက် အေဂျင်စီများက ၀န်ဆောင်ခအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၅၀ မှ အများဆုံး ၁၅၀၀ အထိ ညီမျှသောမြန်မာငွေတောင်းခံကြကြောင်း၊ စင်ကာပူ နိုင်ငံသို့ အထွေထွေအလုပ်သမားအဖြစ် သွားလိုပါက ၀န်ဆောင်ခ အနည်းဆုံးစင်ကာပူဒေါ်လာ ၂၃၀၀ မှ အများဆုံး ၃၂၀၀ အထိ ညီမျှသော မြန်မာငွေ တောင်းယူကြပြီး အင်ဂျင်နီယာပညာရှင် အလုပ်သမားအဖြစ် သွားရောက်လိုပါက ၀န်ဆောင်ခမှာ အနည်းဆုံး စင်ကာပူဒေါ်လာ ၃၆၀၀ မှ ၅၀၀၀ အထိ ညီမျှသောမြန်မာငွေကို တောင်းယူကြကြောင်း ၊ ယူအေအီးသို့ အထွေထွေအလုပ်သမားအဖြစ်သွားလိုပါက ၀န်ဆောင်ခ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၀၀ ခန့်နှင့်ညီမျှသည့် မြန်မာငွေပေးချေရကြောင်း စုံစမ်းသိရှိရသည်။

အစိုးရက ၁၉၉၉ ခုနှစ် ဇူလိုင်လတွင် ပြည်ပအလုပ်အကိုင် ဥပဒေကို နိုင်ငံတော်ဥပဒေ အမှတ် ၃/၉၉ ဖြင့်ပြဌာန်းခဲ့ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီများအား တရားဝင်ထူထောင်ခွင့် ခွင့်ပြုခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၇ ခုနှစ်အတွင်း တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများက အလုပ်သမား ၇၆၂၀ ကို ပြည်ပသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ အလုပ်သမားများမှ ပြန်လည်ပေးပို့သည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ ၁၇.၇ သန်းရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးတဦးက ဆိုသည်။

တရားမဝင်ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနေ
အေးလဲ့ ဇူလိုင် ၄၊ ၂၀၀၈
ရန်ကုန်မြို့နှင့်နေပြည်တော်မှအပ မြန်မာနိုင်ငံတဝန်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို ယခုလ ၁ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာ ဒေသရှိ ကညနရုံးတွင် တရားဝင်လိုင်စင်ပြုလုပ်ပေးလျှက်ရှိရာ မန္တလေးတိုင်း မန္တလေးမြို့တွင် လိုင်စင်ပြုလုပ်သူ လွန်စွာများပြားပြီး တာဝန်ကျ ရဲများက လာဘ်ငွေ ယူဆောင်မှုများရှိ နေကြောင်း သိရသည်။

လိုင်စင် ထုတ်ပေးရာ မန္တလေးမြို့ ရဲသိပ္ပံကွင်းရှိ ကညန ရုံးတွင် ဆိုင်ကယ်လိုင်စင်လုပ်သူများ တရက်ခန့်ကြို တင် တန်းစီစောင့်ကြရသည့်အတွက် အမြန်လုပ်ဆောင်လိုသူများကို ရဲများက လာဘ်ငွေယူ၍ ဦးစားပေး ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ဆိုင်ကယ်လိုင်စင် လုပ်ခဲ့သူ တဦးကပြောသည်။ မန္တလေး ရဲသိပ္ပံကွင်းတွင် ဆိုင်ကယ် လိုင်စင်လုပ်ရန် စောင့်ဆိုင်းနေသူများ
“အရှေ့ကို အလှည့်ကျော် လုပ်ချင်ရင် ကျပ် ၅၀၀၀ က ၇၀၀၀ အထိ ပေးရတယ်၊ အဲဒါ လူတွေက မကျေနပ် လို့ ပြောနေကြတယ်”ဟု ၎င်းက ပြောသည်။

မန္တလေး၌ တရက်လျှင် ဆိုင်ကယ် အစီးရေ ၇၀၀ ခန့် သာ ထုတ်ပေးနိုင်ရာ အလှည့်ကျော် ခံရသူများ မကျေ မနပ်ဖြစ်နေကြောင်းလည်း သိရသည်။

ယင်း ဆိုင်ကယ်လိုင်စင်များကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်း ဇူလိုင်လဆန်း ၁ ရက်မှ စတင်၍ ပြုလုပ်ပေးနေရာ လိုင်စင်ကြေးကုန်ကျစရိတ်မှာ ဆိုင်ကယ် မော်ဒယ်လ် ပေါ်တွင်မူတည်၍ ကျပ် ၁ သိန်းမှ ၄ သိန်း အထိ ကုန်ကျကြောင်း မြို့ခံ ဆိုင်ကယ်ပစ္စည်း အရောင်းအဝယ်လုပ်သူ တဦးက ပြောသည်။

“တရက်တည်းနဲ့ အပြီးလုပ်ပေးတယ်၊ အခုအထိ အစီး ၆၀၀ ကျော်လောက်လုပ်ပြီးပြီလို့ သိရတယ်၊ ဒီဘက်က ယိုးဒယားဆိုင်ကယ် ပိုများတယ်၊ တရုတ်ဆိုင်ကယ်လည်း ဝင်တာပါပဲ” ဟု ၎င်းကပြောသည်။

မြဝတီမြို့တွင်လည်း သက်ဆိုင်ရာက ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးနေပြီး ကုန်ကျစရိတ် ကျပ် ၃ သိန်းနှင့် နာဂစ်မုန်တိုင်း ရန်ပုံငွေအတွက် ကျပ်၂ သောင်း ကိုပါ ပေးသွင်းရကြောင်း မြဝတီ ဒေသခံတဦးက ပြော သည်။ ယင်းထိုင်းနယ်စပ် မြဝတီမြို့မှ ဆိုင်ကယ်အများစုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှ တင်သွင်းသည့် ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။

“လူတွေက ပိုက်ဆံကုန်ကျပေမယ့် သွားလုပ်ကြရတာပဲ၊ ဘာလို့လည်းဆိုတော့ လူတိုင်းက သူတို့ကိုယ်ပိုင် တရားဝင် ပိုင်ဆိုင်မှုဖြစ်ချင်ကြတယ် မဟုတ်လား” ဟု ၎င်းက ပြောသည်။

ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့တွင်မူ ယမန်နေ့က စတင်၍ ဆိုင်ကယ် လိုင်စင်များ ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးကပြောသည်။

“မနေ့က စပြီး ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေတယ်၊ အရင်ဆုံးရပ်ကွက်ရုံးကို သွားရတယ်၊ ပြီးတော့မှ ကညန ရုံးကိုသွားလုပ်ရတာ၊ ဆိုင်ကယ်တစီးကို နာဂစ် ရန်ပုံငွေအတွက် ကျပ် ၃ သောင်းအပါအဝင် ၂ သိန်း လောက် ကုန်ကျတယ်”ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ နေ့စဉ် တရားမဝင် ဆိုင်ကယ် အစီး ၅၀ ခန့် ဝင်ရောက်မှု ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းသို့ ဆိုင်ကယ်လိုင်စဉ်များပြုလုပ်ပေးပြီဟူသော သတင်းကြောင့် လိုင်စင်မလုပ်မီကပင် ဆိုင်ကယ်တန်ဖိုး များမြင့်တက်သွားပြီး အဝယ်လိုက်နေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး အသိုင်းအဝန်းမှ သိရသည်။

“တရုတ်ဆိုင်ကယ်ဆိုရင် အရင်ကအများဆုံးပေါက်ဈေးက ကျပ် ၆ သိန်း၊ အခုဆိုရင် ၈ သိန်း အထိရှိတယ်၊ ယိုးဒယား ဆိုင်ကယ်ဆိုရင်လည်း အရင်က ကျပ်၂၁ သိန်း အခုဆိုရင် ၂၆ သိန်းအထိဖြစ်သွားတယ်၊ ယိုးဒယား ဆိုင်ကယ် လိုင်စင်ကြေးက ၂၀၀၈ မော်ဒယ်လ်ကို ကျပ် ၄ သိန်းအထိရှိတယ်၊ တရုတ်ဆိုင်ကယ် ၂၀၀၈ မော်ဒယ်လ် ကတော့ ၁ သိန်း ၇ သောင်း ရှိတယ်”ဟု တောင်ကြီးမြို့ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး သမား တဦးကပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ရှင်များသည် အကောက်ခွန်ကြေး၊ လိုင်စင်ကြေး၊ အာမခံကြေး၊ ပြည်တွင်းသွင်းခွန်၊ စသည်တို့ကို ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့်ညွန်ကြားမှုဦးစီးဌာန) သို့ပေးသွင်း ရမည်ဖြစ်ပြီး တမြို့နှင့်တမြို့ကုန်ကျစရိတ်မတူညီ ဟု ဆိုသည်။

တခြားသော မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဗန်းမော်မြို့များတွင်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များ ကို လိုင်စင်ပြု လုပ်ပေးနေကြောင်း သိရသည်။

တချိန်တည်းတွင် ရန်ကုန်မြို့တွင်း၌ ဆိုင်ကယ်စီးခွင့်ပြုထားသူများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပြီး ၎င်းတို့အနေနှင့် ဇွန်လ ကုန်ပိုင်းမှစတင်၍ ဓာတ်ပုံနှင့်အတူ သက်ဆိုင်ရာဌာနများကို ဖော်ပြထားသည့် လည်ဆွဲကတ်ပြားများ ချိတ်ဆွဲ စီးနင်းရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း ယာဉ်ထိမ်း ရဲတပ်ဖွဲ့မှူး ရုံးမှ ကြေညာ ချက်ထုတ်ပြန်ထားကြောင်း နောက်ဆုံး ထုတ် Weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ် က တရားဝင်လိုင်စင် ချပေးသည့် ဆိုင်ကယ်စီးရေ စုစုပေါင်း ၄ သိန်း ခြောက်သောင်း ရှိပြီး ယခု ဒုတိယအကြိမ်ချပေးခြင်းဖြစ်ရာ တရားမဝင် ဆိုင်ကယ်အစီးရေစုစုပေါင်း ၅သိန်းခန့်ရှိကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်း တပ်ဖွဲ့ရုံး စာရင်းအရသိရသည်။

ယခင်က နယ်စပ်ဒေသများမှ ပြည်တွင်းသို့ တရားမဝင် တင်သွင်းသည့် ဆိုင်ကယ်များကို အစိုးရက ပိတ်ပင်ထားသော်လည်း နည်းအမျိုးမျိုးဖြင့် တင်သွင်းနေခဲ့ကြကြောင်း ဆိုင်ကယ် ရောင်းဝယ်ရေး အသိုင်းအဝန်း က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေ၀င်ချိန် နီးလာပြီ
ဧရာဝတီ ဇွန် ၃၊ ၂၀၀၈
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် "လူသားမျိုးနွယ်တို့အပေါ် ရာဇ၀တ်မှုကြီး ကျူးလွန်" ခဲ့ပြီဟု စွပ်စွဲ နေကြသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်းဒဏ်သင့်အပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကို ကူညီရန်အတွက် နိုင်ငံတကာမှ ကမ်းလှမ်းချက်များကို ပယ်ချအပြီး ထိုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပေသည်။

မုန်တိုင်းအပြီး တလခန့်ကြာမြင့်လာခဲ့သော်လည်း အရေးပေါ်အကူအညီများသည် အသက်ရှင်ကျန်ရစ်ရသူ ဒုက္ခသည် အများ အပြားထံသို့ မရောက်ရှိ နိုင်သေးဘဲ ဖြစ်နေသည်။ တချိန်တည်းတွင် အကူအညီပစ္စည်း အနည်းငယ်သာ လက်ခံ ရရှိခဲ့သော ဒုက္ခသည်များအား ၎င်းတို့ ယာယီခိုလှုံနေထိုင်ရာ နေရာများမှ မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သော မူရင်း ကျေးရွာများသို့ ပြန်ရန် အာဏာပိုင်များမှ ဖိအားပေးနေသည်ဟုလည်း သတင်းများက ထွက်ရှိလာခဲ့သည်။ ပြီးခဲ့သော သောကြာနေ့က အစိုးရ ဆောက်လုပ်ပေးထားသော ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည် များအား မူရင်းကျေးရွာ များသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်း ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂတာဝန်ရှိ ၀န်ထမ်းများက အတည်ပြု ပြောဆို ခဲ့သည်။

ဒုက္ခသည်များအား ထိုသို့အတင်းအဓမ္မပြန်လည် ပို့ဆောင်ရန် နေပြည်တော်တွင် ရုံးစိုက်နေထိုင်သော ဗိုလ်ချုပ်သန်းရွှေမှ တိုက်ရိုက် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် အကူအညီပေးရေးလုပ်ငန်းများ စမည်မကြံရသေးခင်မှာပင် အကြီးအကျယ် အခက်အခဲတွေ့ ကြန့်ကြာစေခဲ့ရသည်။

လတ်တလောနေပြည်တော်တွင် ကျင်းပခဲ့သည့် ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမှ ၀န်ကြီးများနှင့် စစ်တပ် ခေါင်းဆောင်များအား တပ်မတော်သည် မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော သဘာဝကပ်ဘေးအား ကိုယ့်အားကိုယ်ကိုး၍ ဖြေရှင်းနိုင်သော စွမ်းရည်ရှိသည်ဟု မြွက်ကြားခဲ့သည်။ နိုင်ငံတကာမှ အကူအညီများကို လက်ခံရန်လိုလားသော ထိပ်ပိုင်း စစ်ခေါင်းဆောင် အချို့အနေဖြင့် ခေါင်းမာလွန်းလှသည့် သူတို့ဗိုလ်ချုပ်မှူးကြီး၏ ဆုံးဖြတ်ချက်ကြောင့် အလွန်အမင်းစိတ် ပျက်သွားခဲ့ကြရကြောင်းလည်း သိရှိရသည်။

အဆိုပါ ၀န်ကြီးများ အစည်းအဝေးအပြီး ကောလဟာလသတင်းတခုလည်း ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေ၏ သစ္စာခံ ၀န်ကြီးများ၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်တို့က မြို့တော်ကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးကို အမျှော်အမြင်ကြီးပါ ပေ့ဟု ဂုဏ်ပြုသည့် အခမ်းအနားတခု ကျင်းပခဲ့ကြသေးသည်ဟု သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရာတွင် မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့ခဲ့ရသည် ကို စစ်အစိုးရက ရှင်းလင်းစွာ ဖော်ပြပြောကြားခဲ့ခြင်း မရှိပေ။ ယခုအချိန်တွင် ဗိုလ်ချုပ်သန်းရွှေနှင့် မိသားစုဝင်များကတော့ မုန်တိုင်းဘေးမှ ကင်းဝေးခဲ့ရပါသည်။ သို့သော် မြစ်ဝကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံအပြီး ပျက်စီးရမှုများနှင့် လူထုအများ ခံစားနေကြရသည့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ဆိုးကျိုးများကို ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့မှုအတွက်တော့ ဗိုလ် ချုပ်မှူးကြီး၏ အာဏာပိုင်စိုးမှု အတွက် စိုးရိမ်ဖွယ်ပင် ဖြစ်သည်။ ဤသို့ ပြောင်းရွှေ့၍ သဘာဝဘေး ကင်းဝေးရုံဖြင့်တော့ အေးချမ်းနိုင်လိမ့်မည် မဟုတ်ပါ။

ယခုမုန်တိုင်းဖျက်ဆီးလိုက်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ထမင်းအိုးဟု ဆိုပါကလည်း မမှားပေ။ စပါး အဓိကထွက်ရှိရာဒေသ ပျက်စီးသွားခြင်းသည် စီးပွားရေးအရ တိုင်းပြည်အတွင်း အခြားသော ထပ်မံဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပါသည်။ ဆင်းရဲတွင်း ပိုမိုနက်ရှိုင်းလာခြင်းနှင့်အမျှ မြစ်ဝကျွန်းပေါ်ဒေသတွင်း၌ ရောဂါဘယများ ထူပြောကျ ရောက်လာခြင်းနှင့် တဆက်တည်းပင် မကြာခင်ကာလ၌ တိုင်းပြည်အတွင်း သေရေးရှင်ရေးတမျှ အရေးပေါ်သည့် အခြေအနေများ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

မုန်တိုင်းအပြီး တလအကြာကာလတွင် သက်ရှင်ကျန်ရစ်ရသူများသည် ဗိုလ်ချုပ်သန်းရွှေ ကယ်တင်ခဲ့၍ ကျန်ရစ်သူများ မဟုတ်ပေ။ ထိုသူတို့ကို ကူညီကယ်တင်ခဲ့သူများမှာ မြန်မာပြည်၏ ရဟန်းသံဃာတော်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသ ခံလူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ အန်ဂျီအိုများနှင့် နာမည်ကြီး အနုပညာသည်များသာ ဖြစ်ကြပါသည်။ ထိုသူများက စားရေရိက္ခာများ၊ ငွေကြေးများနှင့် လိုအပ်သော ပစ္စည်းအမျိုးမျိုးတို့ ဖြန့်ဝေပေးခြင်းဖြင့် ကူညီခဲ့ကြသည်။ ထိုသူများကား မြန်မာပြည်အတွက် မှတ်တမ်းတင်ထိုက်သည့် သူရဲကောင်းများ ဖြစ်ကြသည်။

ဝေးကွာလှသည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များမှ ပြည်သူများကလည်း မြစ်ဝကျွန်းပေါ်အထိ ခရီးထွက်လာခဲ့ကြပြီး ၀ိုင်းဝန်း ကူညီကြသည်။ အဝေးရောက် မြန်မာ အဖွဲ့အစည်းများမှလည်း အလှူငွေများကောက်ခံကာ ဒေသခံလူမှုရေး အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်း ကူညီခဲ့ကြသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း များ လက်ချင်းတွဲ၍ ဒုက္ခသည်များအတွက် ကူညီကြသည်။ ထိုင်းနှင့် မြန်မာ ကျန်းမာရေးလုပ်သားများ အတူပူးပေါင်း၍ ဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လယ်သမားများအတွက် စပါးမျိုးစေ့များ ကိုလည်း ဖြန့်ဝေ ကူညီပေးခဲ့ကြသည်။

ထိုသို့လူတန်းစားမျိုးစုံမှ ဒုက္ခသည်များကို တတ်အားသရွေ့ ကူညီနေချိန်တွင် စစ်အစိုးရ သတင်းစာများမှ လယ်သမား များအနေဖြင့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရန် လိုကြောင်း၊ လယ်ထဲတွင်ပေါက်သော သဘာဝဟင်းသီးဟင်းရွက် များနှင့် ဖား ငါးများ ရှာဖွေစားသောက်၍ နေနိုင်ကြောင်း ရေးသားပါသည်။ ကမ္ဘာတ၀ှန်းလုံးရှိ လူပရိတ်သတ်အပေါင်းက တော့ စိတ်ပျက်စွာ ခေါင်းရမ်း၍ မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ်ကူးစိတ်သန်းများကို ထူးထွေအံ့သြ နေကြရပါသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က အခုလို ပြောကြားခဲ့သေးသည်။ " အခုမုန်တိုင်းကိစ္စနဲ့ ပတ်သက် ပြီး နိုင်ငံတကာ မိသားကနေ တင်ပြတောင်းဆိုနေတာကို ကျနော်တို့ ကြားသိနေရပါတယ်။ ကျနော်တို့ဟာ ဆွံ့အနားမကြားတဲ့ သူတွေ မဟုတ်ပါဖူး။ ဆွံ့အချင်ယောင်ဆောင်နေသူကတော့ မြန်မာစစ်အစိုးရသာ ဖြစ်ပါတယ်။ ကျနော်တို့က ကမ်းလှမ်းပေမဲ့ သူတို့ဖက်က တုတ်တုတ်တောင် မလှုပ်ပါဖူး " ဟု ဆိုခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက အဆိုပါမှတ်ချက်ကို မေလ ၃၀ မှ ဇွန်လ ၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပ ပြုလုပ်သော အာရှလုံခြုံရေး အစည်းအဝေးပွဲကြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အကူအညီပေးမည့် နိုင်ငံတကာအဖွဲ့ အစည်းများကို မြန်မာပြည်အတွင်း လာရောက်နိုင်ရန် စစ်အစိုးရက ငြင်းပယ်နေသည့်အပေါ် အမေရိကန် ကာကွယ်ရေး ၀န်ကြီးအနေဖြင့် အထူးစိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။ ကယ်တင်ရေးပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ် စစ်သင်္ဘောများကို မြန်မာရေပိုင်နက်အနီးတွင် ကျောက်ချရပ်နားထား၍ စောင့်ဆိုင်းနေကြသော်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုခဲ့ပေ။

နောက်ဆုံးတွင် ပြင်သစ်စစ်သင်္ဘောက နောက်ကြောင်းပြန်လှည့်သွားကြရ၍ အမေရိကန် စစ်သင်္ဘောများအနေဖြင့်လည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုပါက နောက်ကြောင်း လှည့်ပြန်ရန် ကိန်းဆိုက်နေသည်။

မြန်မာစစ်အစိုးရသည် ဆိုင်းငံ့ထားသော ဗီဇာလျှောက်ထား သူ ကုလသမဂ္ဂ ကူညီရေးဝန်ထမ်းများအတွက် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးရန် အတည်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် လည်း အတွေ့အကြုံနှင့် နည်းပညာ အဆင့်မြင့်သော နိုင်ငံတကာ အဖွဲ့အစည်းများ ရာနှင့်ချီ၍ မကြာခင်အတွင်း မြန်မာ နိုင်ငံသို့ ၀င်ရောက်လာခြင်း မဟုတ်ပါ။ အမှန်တကယ် ဗီဇာရသူ အရေ အတွက်မှာ ၄၅ ဦးသာ ရှိပါသည်။

ဗိုလ်ချုပ်သန်းရွှေသည် လူသားမျိုးနွယ်တို့အပေါ် အမှန်တကယ်ပင် ရာဇ၀တ်မှုများ ကျူးလွန်နေသူ ဖြစ်သည်။ ပြည်တွင်း ပြည်ပ တွင်းရှိနေသော မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများအနေဖြင့် သန်းရွှေစစ်အုပ်စုအား ဖယ်ရှားရန်အတွက် ပိုမိုကောင်း မွန်သည့် ဗျူဟာများ ချမှတ်လုပ်ဆောင်ရန် အချိန်တန်ပေပြီ။ အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ဖြုတ်ချရန် နောက်ထပ် နည်းလမ်းတခု ရှိသေးကြောင်း ပြသနိုင်ရန် လိုအပ်နေပါသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စစ်အစိုးရအပေါ်ဆက်လက်၍ ဖိအားများပေးနေရန်လည်း လိုအပ်ပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များကို ဆက်လက်ကူညီရန် လိုအပ်ပါသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လည်း တသံတည်း တညီတညာ ဆောင်ရွက်ဖို့ လိုပါသည်။ ဗိုလ်ချုပ်သန်းရွှေ၏ စစ်အုပ်စုကား ရေရှည် သက်ဇိုးရှည်နိုင် တော့မည် မဟုတ်။

အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ မရှိတော့ပါက ကျွန်ုပ်တို့ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မြန်မာ ပြည်သစ် ကိုလည်း ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါသတည်း။

မြန်မာလေဘေးဒုက္ခသည် ၈၀ ကို လူမှောင်ခိုလက်ထဲမှ ထိုင်းရဲတပ်ဖွဲ့ ကယ်တင်
03 July 2008
နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း မုန်တိုင်းသင့်ဒေသက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို အိမ်နီးချင်း တဖက်နိုင်ငံတွေဆီ တရားမ၀င် လူကုန်ကူးတဲ့ ပြဿနာတွေကို မြန်မာအာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ် လို့ Weekly Eleven Journal မှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဒါဟာ မုန်တိုင်းသင့်ပြီးနောက်ပိုင်း ပထမဆုံး မုန်တိုင်းသင့် ဒုက္ခသည်တွေရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ပထမဆုံး ထွက်လာခဲ့တဲ့သတင်းပါ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပျဉ်းမနား နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံဖြတ်ကျော် ကူးသန်းမှု တားမြစ်ရေး ဌာနက ရဲမှုးကြီးက ပြောခဲ့တာကို Weekly Eleven Journal မှာရေးသားထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ ကလေးမွေးစားတဲ့ ပြဿနာတွေနဲ့အတူ လေဘေးသင့် ဧရာဝတီတိုင်း အတွင်းက ကလေးသူငယ်တွေနဲ့ အမျိုးသမီး ၈၀ ကို နိုင်ငံဖြတ်ကျော်ပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ်လို့ အဲဒီဂျာနယ်ထဲမှာ ရေးသားထားပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုစစ်ဆေးမှုမရှိဘဲ မွေးစားချင်တိုင်း မွေးစားခွင့် မရှိသလို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးသလိုလိုနဲ့ အလုပ်အကိုင်နဲ့ ငွေကို အကြောင်းပြပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေ တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း ရေးသားထားပါတယ်။ မြန်မာနိုင်ငံထဲမှာ မုန်တိုင်းကာလတွေ နောက်ပိုင်း အလားတူ ပြဿနာမျိုးတွေ ရှိခဲ့ပေမယ့် အခုမှသာ လူကုန်ကူးတဲ့ သတင်းကို ပထမဆုံး ရေးသားခွင့် ရတာလို့ ရန်ကုန်က ဂျာနယ်သတင်းထောက် တဦးက ပြောပါတယ်။

"မုန်တိုင်းတိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒါ ပထမဦးဆုံး လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းဂျာနယ်တွေကလည်း ရေးလို့ရတဲ့သတင်းပေါ့နော်။ ကလေးသူငယ်တွေကို မွေးစားတာတွေဘာတွေပေါ့နော်။ လူကုန်ကူးတဲ့ကိစ္စ အဲဒီသတင်းကြားတယ်။ ဒါပေမယ့် အဲဒါက ရေးခွင့်မရခဲ့ဘူးပေါ့နော်။ ရေးတာကတော့ ဒီနေ့မှာ Weekly Journal ကပဲ ထွက်တာလေ။ ကျန်တဲ့ဂျာနယ်တွေက မတွေ့ရသေးဘူးပေါ့။ နောက်ရက်ပိုင်းတွေဆိုရင်တော့ မပြောတတ်သေးဘူးပေါ့နော်။ ပထမရက် ထွက်တဲ့ဂျာနယ်တွေထဲမှာတော့ အဲဒီသတင်းကတော့ ရေးလို့မရဘူး။ ကျန်တဲ့ဂျာနယ်တွေကတော့ ရေးလို့မရသေးပါဘူး။ ရေးတာ မတွေ့သေးဘူးပေါ့နော်။"

ရန်ကုန်မြို့က လူငယ်သတင်းသမားတယောက် ပြောပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ လေဘေးသင့်ဒေသက ပြည်သူတွေဟာ စားဝတ်နေရေးပြဿနာ အခက်အခဲတွေကြောင့် အလုပ်အကိုင်ရနိုင်မယ့်နေရာကို သွားချင်နေကြတယ် လို့လည်း သိရပါတယ်။ အာဏာပိုင်တွေကတော့ အိမ်နီးချင်း တဖက်နိုင်ငံတွေကို ကူးနိုင်တဲ့နေရာတွေက စစ်ဆေးရေး ဂိတ်တွေ အားလုံးမှာ စီမံချက်တွေချပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများစုသွားနေကြတဲ့ မြ၀တီဘက်မှာတော့ အလွယ်တကူ အစစ်အဆေးမရှိဘဲ သွားနိုင်ပါတယ်လို့ ဖားအံမြ၀တီကို သွားနေကျ ခရီးသည်တဦးက အခုလို ပြောပြပါတယ်။

"သွားတာကတော့ ဒီမှာက သွားနေကြတာပဲ။ ဧရာဝတီဘက်က ဆင်းလာတဲ့လူတွေဆိုရင် နည်းနည်းလေး စစ်ဆေးတာတော့ ရှိတယ်။ ဥပမာအားဖြင့် ၁၄/ ပေါ့နော်။ အဲဒီလူတွေ ဆိုလို့ရှိရင်တော့ သူတို့က နည်းနည်းလေး သတိထားတယ်။ ဥပမာ - ဖားအံ ၀င်တော့မယ်ဆိုလို့ရှိရင် ဒီဘက်မှာ သူတို့ကားတွေ ရောက်လာပြီ။ သူတို့ကားတွေမှာ လာလာပြီးတော့ လူခေါ်တယ်။ ပုဂ္ဂလိကတွေလည်း ရှိတယ်။ တချို့ကတော့ သူတို့ ဘယ်လို ပြောလဲဆိုတော့ အဖွဲ့အစည်းကား ဆိုပြီးတော့ ပြောတယ်။ အဖွဲ့အစည်းဆိုတာကတော့ သူများ နားလည်တာကတော့ ဒီကေဘီအေ အဖွဲ့အစည်းတွေကို ပြောတာ။ အဲဒီလိုမျိုး ဗဟိုက လာခေါ်တာပေါ့။ အဖွဲ့အစည်းကားပေါ့။ အဖွဲ့အစည်းကားနဲ့လိုက်လို့ရှိရင် မှတ်ပုံတင် ပြစရာ မလိုဘူး။ ဟိုအရောက် အားလုံး အပြီးအစီး လုပ်ပေးမယ် ဆိုပြီး အဲဒီလို ခေါ်တာမျိုးတွေ ရှိတယ်။ ကျပ်တဲ့အချိန်မျိုးဆိုရင်တော့ တယောက်ကို ၆,၀၀၀ တို့၊ ၇,၀၀၀ တို့။ နည်းနည်းလေး သိပ်မကျပ်ဘူးဆိုရင်တော့ ၄,၀၀၀၊ ၅,၀၀၀ လောက်နဲ့ပေါ့။ အဲဒီလိုမျိုးသူတို့ကလည်း နေ့တိုင်း ခေါ်နေတာပဲ။ တခါတလေကျရင် ဟိုး ဘီးလင်းလောက် ကနေပြီးတော့ ခေါ်နေတာပဲ။ မြ၀တီ၊ မြ၀တီ ဆိုပြီးတော့။ အဲဒီမှာလည်း လူတွေ တပုံကြီးပဲ သွားနေတာပဲ။"
ဖားအံ မြို့ခံတဦး ပြောပြခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးရန် ဗြိတိသျှနှင့်အမေရိကန် အဆိုပြု
02 July 2008
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာပေါ်က ဘယ်အကြောင်းရပ်တွေ ဘယ်နိုင်ငံတွေအကြောင်း ဆွေးနွေးမလဲ ဆိုတာ လစဉ် အစောပိုင်း ဆွေးနွေးပြီး အချိန်ဇယားသတ်မှတ်လေ့ရှိပါတယ်။ အခု လာမယ့် ဇူလှိုင်လအတွက် မနေ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအကြားမှာ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့် ရက်သတ်မှတ်နိုင်ခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။ ဦးသားညွန့်ဦးက အကြောင်းစုံ ပြောပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လာမယ့် ဇူလှိုင်လ ဘာတွေ ဆွေးနွေးမယ် ဘယ်အကြောင်းအရာတွေကို ကိုင်တွယ် ဖြေရှင်းမယ် ဆိုတာတွေကို ကြိုတင် အချိန်ဇယား သတ်မှတ်ဖို့ ကောင်စီအဖွဲ့ဝင်တွေ အကြား ဆွေးနွေးတဲ့ နေရာမှာ မြန်မာနိုင်ငံ အကြောင်းရပ်ကို ထည့်သွင်းထားဖို့ အမေရိကန်နဲ့ ဗြိတိသျှ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေက ကြိုးပမ်း ခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာမေလ်း ခါလီဇတ်က အခုလို ပြောပါတယ်။

“ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ပြောဆို တိုင်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် ကပ်ဘေးကျရောက်မှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု အခြေအနေတွေ အပေါ်လည်း စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေ နှစ်ခုစလုံးအပေါ်မှာ ကျနော်တို့ အလေးပေး စဉ်းစားနေပါတယ်။ ဒါပေမယ့် ဘယ်ရက် ဆွေးနွေးဖြစ်မလဲဆိုတဲ့ အချိန် သတ်မှတ်ချက်တော့ မရသေးပါဘူး။ လုံခြုံရေးကောင်စီ သဘာပတိအနေနဲ့ အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ပြီးတော့ ရက်သတ်မှတ် ပါလိ့မ်မယ်။”

မြန်မာနိုင်ငံ ကိစ္စ လာမယ့်ဇူလှိုင် လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ဆိုတဲ့ အဆိုကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်က တင်သွင်းတာလို့ သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဆာဂျွန် ဆောဝါးက အခုလို ပြောပါတယ်။

“မြန်မာ့အရေး ကိစ္စဆွေးနွေးဖို့ ကျနော် အဆိုပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ပြီးကတည်းက ဘာတွေ ထူးခြား တိုးတက်မှု ရှိသလဲဆိုတာကို အတွင်းရေးမှုးချုပ်ရုံးကနေ ဘာမှ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကပ်ဆိုးကြောင့် အာရုံ စိုက်လုပ်နေရာကနေ အခု နိုင်ငံရေး အခြေအနေဖက်ကို ပြန်စဉ်းစားဆောင်ရွက်ရမှာပါ။”
ဒါပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲ မြန်မာ့အရေးဆွေးနွေးသင့် မသင့်ဆိုတဲ့အပေါ် ကောင်စီ အဖွဲ့ဝင်တွေအကြား သဘောကွဲလွဲမှု ရှိပုံရပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိကတော့ ဗီယက်နမ် နိုင်ငံပါ။ ဗီယက်နမ် သံအမတ်ကြီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖိုဆိုတဲ့ အဆိုပြုချက်ရှိပါတယ်။ ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အခုအချိန်မျိုးမှာ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ဆိုတာ ဆွေးနွေးသင့် မသင့် ဆိုတာတွေ တိုင်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ အကြားမှာ သဘောတူညီချက်တော့ မရသေးပါဘူး။ အခုလို ဆွေးနွေးတိုင်ပင်တာနဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မလားဆိုတာ သဘောတူညီချက်မရပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီကတော့ အခု ဇူလှိုင်လထဲမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဖက်ကတော့ မစ္စတာ ဂမ်ဘာရီ လာရောက်နိုင်ဖို့ မီးစိမ်းပြသေးတဲ့ပုံ မရပါဘူး။ အကယ်၍ သူသွားဖြစ်ခဲ့လို့ ပြန်လာရင်တော့ ထုံးစံအတိုင်း လုံခြုံရေးကောင်စီကို မစ္စတာ ဂန်ဘာရီ ပြန်အစီရင်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းပါ - မနေ့က တရုတ်နိုင်ငံကို ရောက်ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ တရုတ်သမ္မတနဲ့ တွေ့စဉ်မှာ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်းပြောသွားတယ်လို့သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကုလသမဂ္ဂဖက်က ထုတ်ပြန်တာမရှိသေးပါဘူး။

နှစ်ကြာ ပြန်ပေးဆွဲခံထားရသည့် Ingrid Bentancourt ကိုလံဘီယာတပ်များ ကယ်ဆယ်
02 July 2008

ကိုလံဘီယာနိုင်ငံမှာ လက်ဝဲ သူပုန်တွေကနေ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းက ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ အမေရိကန် ကာကွယ်ရေးဌာန ကန်ထရိုက် ၀န်ထမ်း သုံးဦးနဲ့ ပြင်သစ်နွယ် ကိုလံဘီယာ နိုင်ငံရေးသမား အင်းဂရက် ဘန်တန်ကုတ် ကို လုံခြုံရေးအဖွဲ့တွေက တောတွင်း တနေကနေ ကယ်ဆယ်ခဲ့တယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

ကိုလံဘီယာ အရှေ့ဖက်ခြမ်းမှာ လုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးအတွင်း ကိုလံဘီယာ လုံခြုံရေးအဖွဲ့ဝင် ၁၁ဦးကိုလည်း ဘာမှ အထိအခိုက် မရှိစေပဲ ကယ်တင် နိုင်ခဲ့ပါတယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး Juan Manuel Santos က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။ ဒီစစ်ဆင်ရေးကို ကိုလံဘီယာ ထောက်လှမ်းအဖွဲ့ကနေ စီစဉ် ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့အားလုံးကို Bogota ကို စစ်လေယဉ်နဲ့ ခေါ်ဆောင်သွားရာမှာ အဲဒီမှာ Bentancourt ဟာ မိခင်ဖြစ်သူ ခင်ပွန်းဖြစ်သူတို့နဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည် ဆုံတွေ့ခဲ့ပါတယ်။

အခုလို သူတို့ကို ဘေးမသီရန်မခ ပြန်လည် လွတ်မြောက်လာစေမှုအတွက် ဘုရားသခင်ကိုရော ကိုလံဘီယာစစ်တပ်နဲ့ သမ္မတ Alvaro Uribe ကိုပါ ကျေးဇူး တင်တယ်လို့ ဘန်တန်ကုတ်က ပြောပါတယ်။ အခု စစ်ဆင်ရေးဟာ အံဖွယ် ကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ ပြောပါတယ်။

ပြန်ပေးဆွဲ အထိန်းသိမ်း ခံနေရစဉ်အတွင်း သူမ လွတ်မြောက်ရေးအတွက် စိတ်ထဲမှာထား ပြောဆို ဆောင်ရွက်ခဲ့ကြတဲ့ ကိုလံဘီယာ ပြည်သူတွေနဲ့ ပြင်သစ် နိုင်ငံကိုပါ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ သူမ လွတ်မြောက်ရေးအတွက် ပြင်သစ်နိုင်ငံက အတော်လေးကို အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ သူမ အတော်လေး နာမကျန်း ဖြစ်နေတယ်လို့ သတင်းရတဲ့နောက် ပြင်သစ်ကနေ လူသားချင်းစာနာ ကူညီမှုအဖွဲ့ တဖွဲ့ ကိုလံဘီယာကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဝဲသူပုန်တွေက ဒီအဖွဲ့နဲ့ သူမ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

ကိုလံဘီယာပြည်သူ့တော်လှန်ရေးတပ်မှ ပြန်ပေးဆွဲခံရသူများ လွတ်မြောက်
Agencies / ၃ ဇူလိုင် ၂၀၀၈
ကိုလံဘီယာနိုင်ငံမှ မာ့က်စ်ဝါဒစွဲ ကိုလံဘီယာပြည်သူ့တော်လှန်ရေးတပ် (FARC) သူပုန်များ၏ ပြန်ပေးဆွဲခံရသူ သမ္မတလောင်း အင်ဂရစ်ဘက်တန်ကော့နှင့် အမေရိကန်နိုင်ငံသား (၃) ဦး တို့သည် အခြားသူများနှင့်အတူ ယမန်နေ့က လွတ်မြောက်လာသည်။

ကိုလံဘီယာ သမ္မတလောင်း မစ္စစ်ဘက်တန်ကော့၊ အမေရိကန်များအပါအ၀င် ကိုလံဘီယာ လုံခြုံ ရေးတပ်ဖွဲ့ဝင် (၁၁) ဦးတို့ကို စစ်ရဟတ်များ အကူအညီဖြင့် အထူးစစ်ဆင်ရေးတခုအတွင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဂျုယံ မာနူး စန်တိုးစ်က ပြောသည်။

၎င်းက “FARC ပြန်ပေးဆွဲထားတဲ့သူ (၁၅) ဦးလုံးကို တစုံတရာ ထိခိုက်မှုမရှိဘဲ ကယ်တင်နိုင်ခဲ့ ပါတယ်။ အဲဒီအထဲမှာ အင်ဂရစ် ဘက်တန်ကော့၊ အမေရိကန် (၃) ဦးနဲ့ ကျနော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် (၁၁) ဦးတို့ ပါဝင်ပါတယ်” ဟု သတင်းစာရှင်းပွဲ၌ ပြောသည်။

ပြင်သစ်နှင့် ကိုလံဘီယာ (၂) နိုင်ငံသားဖြစ်သူ မစ္စစ်ဘက်တန်ကော့သည် ၂၀၀၂ ခုနှစ်၊ ၎င်း၏ သမ္မတ မဲဆွယ်ပွဲခရီးစဉ်အတွင်း ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး အမေရိကန်များမှာ အမေရိကန် နိုင်ငံခြားရေးဌာန၏ ၂၀၀၃ ခု မူးယစ်ဆေးတိုက်ဖျက်မှု စစ်ဆင်ရေးတခု၌ လေယာဉ်ပျက်ကျရာမှ အဖမ်းခံရခြင်းဖြစ်သည်။ ကိုလံဘီယာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာမူ သူပုန်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အဖမ်းခံရခြင်းဖြစ်သည်။

တောနက်အတွင်း (၆) နှစ်ကြာ နေထိုင်ခဲ့ရသည့် အသက် (၄၆) နှစ်အရွယ် မစ္စစ်ဘက်တန် ကော့သည် မြို့တော်ဘိုဂိုတာသို့ ကိုလံဘီယာစစ်လေယာဉ်ဖြင့် ယမန်နေ့က ဆိုက်ရောက်ခဲ့ပြီး ၎င်းအား မိခင်နှင့် ခင်ပွန်းတို့က ကြိုဆိုခဲ့သည်။

မစ္စစ်ဘက်တန်ကော့က “ဒီအံ့သြဖွယ်အဖြစ်အပျက်ကို ဘုရားသခင်က ဖန်တီးပေးတာပါပဲ။ ဒီအဖြစ် အပျက်ဟာ အင်မတန်မှ အံ့ဖွယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမရဲ့ မိသားစု၊ ကလေးတွေအပြင် ကျမနဲ့ထပ်တူ သင်တို့အားလုံး ခံစားနေကြရတယ်ဆိုတာ ကျမ သိနေလို့ပါ။ ပြည့်စုံကောင်းမွန်တဲ့ စစ်ဆင်ရေးအတွက်လည်း ကိုလံဘီယာပြည်သူအားလုံး ဂုဏ်ယူရမယ့် အခိုက်အတန့်တခုပါပဲ” ဟု ပြောသည်။

ကိုလံဘီယာ စစ်ထောက်လှမ်းရေးများက FARC ၏ ခေါင်းဆောင်ပိုင်းအတွင်း ထိုးဖောက်စိမ့်ဝင်၍ ယခုလွတ်မြောက်လာသူများကို နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ရဟတ်ယာဉ်များဖြင့် တင်ဆောင် ကယ်ယူလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သူပုန်များကမူ ၎င်းတို့အဖွဲ့အတွင်းမှပင် လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဆကြကြောင်း ကာကွယ်ရေးဝန်ကြီး မစ္စတာ စန်တိုးစ်က ပြောသည်။

အဆိုပါ လွတ်မြောက်လာသူများ၏ သတင်းကို မြို့တော် ဘိုဂိုတာလမ်းမပေါ်တွင် ထောင်နှင့်ချီသော ကားများက ဟွန်းတီး၍လည်းကောင်း၊ မြို့သူမြို့သားများက လမ်းပေါ်ထွက်၍ နိုင်ငံတော်အလံ
ဝှေ့ယမ်းပြီး အော်ဟစ်၍လည်းကောင်း ကြိုဆိုကြသည်။

FARC သည် ကိုလံဘီယာ အစိုးရကို နှစ်ပေါင်း (၄၀) ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်နေသော ကိုလံဘီယာကွန်မြူနစ်ပါတီ၏ စစ်ရေးဆိုင်ရာအဖွဲ့ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား (၆,၀၀၀) ကျော်ရှိကာ အဖွဲ့ ရံပုံငွေအတွက် ကိုကင်းမူးယစ်ဆေး ရောင်းဝယ်မှုများ၌ ပါဝင်ပတ်သက်နေသည်ဟု ကိုလံဘီ ယာအစိုးရက ခန့်မှန်းသည်။

လူပေါင်း (၇၀၀) ခန့်ကို ပြန်ပေးဆွဲထားသည့် အဆိုပါအဖွဲ့ကို ကိုလံဘီယာ၊ အမေရိကန်၊ ကနေဒါ အစိုးရများနှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြသည်။