Tuesday, July 8, 2008

7 July အရေးအခင်းကိုဘာကြောင့်နှစ်စဉ်အထိမ်းအမှတ်ပြုနေရတာလဲ

အင်္ဂါသတင်းများ

စင်ကာပူအိမ်ရှင် နှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်တဦး ထွက်ပြေးသေဆုံး
08 July 2008
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် အလွှာအသီးသီးက မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရာမှာ စင်ကာပူလိုနေရာမှာ ပညာတတ်တွေကို အလုပ်အကိုင် ကောင်းကောင်းပေးမယ်
ဆိုပြီး မက်လုံးပေး ခေါ်ယူနေတဲ့ ပွဲစားတွေကြောင့် အကြောင်းမလှဘဲ ဘ၀ဆုံးသွားကြရသူတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ စင်ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေရတဲ့မခင်ချိုဦးဟာ အိမ်ရှင်နှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးရာက အိမ်ပေါ်ကပြုတ်ကျပြီးကွယ်လွန်သွားခဲ့ရပါတယ်။ မခင်ချိုဦးဟာ မြန်မာနိုင်ငံမှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး
ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်ဖို့ လက်မှတ်ရထားသူလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မခင်ချိုဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး စင်ကာပူမှာရှိနေတဲ့ ဦးလေးအရင်းဖြစ်သူဦးထွန်းလွင်က မခင်ချိုဦးရဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုစပြောပြပါတယ်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျနော်တို့ စကားပြောဖြစ်တယ်ဆိုတာက ကျန်ခဲ့တဲ့ စနေနေ့မှာ သူ အိမ်ကထွက်လာတယ်။ သူက ဟိုတယ်ကထွက်လာပြီး အဖော်နဲ့ အဲဒီမှာအိပ်ပြီးတော့ ကျနော့်ဆီကို ကားငှားပြီးလာတယ်။ ပြီးတော့ စနေနေ့ညနေက ကျနော့်အခန်းကို
သူလိုက်ခဲ့တယ်။”

သူက ဦးထွန်းလွင်နဲ့တွေ့တဲ့အချိန်မှာ သူ အလုပ်ကထွက်ချင်တယ်ဆိုတာ ပြောလား။ သူဘာကိုမကျေနပ်တာလဲ၊ ဘာကို စိတ်မချမ်းသာတာလဲ။ ဒီအလုပ်ကိုထွက်ချင်တယ်ဆိုရင်သူ့မှာ အကြောင်းပြချက်တော့ ရှိမှာပေါ့။ ပွဲစားနဲ့ချုပ်ခဲ့တဲ့ စာချုပ်အပေါ်မှာ မကျေနပ်တာလား၊ ဘယ်လိုစာချုပ်နဲ့ ရောက်လာလို့ သူက ဒီအလုပ်ကိုလုပ်ရတာလဲ။

“ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရမယ်ဆိုပြီး ထွက်လာတာတဲ့။ ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေတယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီး
ပြောထားတယ်။ အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့
သွားတယ်။ နောက် အလုပ်က ပင်လည်းပင်ပန်းတယ်။ ခြေထောက်ကလည်း ယောင်၊ကျန်းမာရေးကလည်း မကောင်းလို့ မလုပ်တော့ဘူးဆိုပြီး ကျနော့်ဆီ ပြန်လာတယ်။အိမ်ရှင်မိန်းမက အရမ်းဆိုးတယ်လို့တော့ ကျနော့်ကိုပြောပါတယ်။”

အခုကိစ္စက အေးဂျင့်ကို ဆက်သွယ်လို့ မရသေးဘူး၊ သံရုံးကလည်း ဘာမှလုပ်ပေးမယ်
လို့ ဆက်သွယ်လို့မရဘူးပေါ့။

“ဟုတ်ကဲ့၊ သူ့အဖေကို ခေါ်မယ်လို့ပြောတယ်။ ခေါ်မယ်ဆိုတော့ ရန်ကုန်မှာ ပါ့စ်ပို့လုပ်ဖို့ဒီက ထောက်ခံစာတွေဘာတွေ ယူသလားလို့ မနက်က သံရုံးကိုသွားမေးတော့ထောက်ခံစာ လာမယူပါဘူးတဲ့၊ အေးဂျင့်ကလည်း လာမယူပါဘူးလို့ သံရုံးက ကျနော့်ကို
ပြောပါတယ်။”
အိမ်ရှင်ကရော ဘာလုပ်ပေးမယ်ပြောပါလဲ။
“အိမ်ရှင်က သူ့အဖေလာဖို့ကိစ္စတွေကို အကုန်ဆောင်ရွက်ပေးတယ်လို့ ပြောတယ်။ဒါပေမယ့် ကျနော့်အစ်ကို ဒီတပတ်ထဲမှာပဲ ရောက်အောင်လာမယ်လို့ ကျနော့်အစ်ကိုမနက်က ကျနော့်ကိုပြောပါတယ်။”

အသုဘချတဲ့ကိစ္စကရော။

“အသုဘချဖို့ ဒီမှာ အရာရှိတွေနဲ့ တိုင်ပင်တဲ့အခါကျတော့ သူ့အဖေလာမှ သင်္ဂြိုဟ်လို့ရမလားလို့မေးတော့ ရပါတယ်တဲ့။ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးပါဘူး။”

မခင်ချိုဦးရဲ့ ဦးလေး ပြောသွားတာဖြစ်ပါတယ်။

မခင်ချိုဦးသေဆုံးခဲ့တဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် အဝေးရောက် မြန်မာမိသားစုများက ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့ အကြောင်းကိုလည်း အဖွဲ့ဝင် ကိုစိုးမိုးကအခုလိုပြောပြပါတယ်။

“စင်ကာပူမှာရှိတဲ့ မြန်မာကလပ်က တရားဥပဒေနည်းလမ်းအတိုင်း အစစအရာရာဖြစ်ဖို့ လုပ်နေပါတယ်။ မျိုးချစ်မြန်မာလူငယ်တွေက လိုက်ကူညီနေပါတယ်။ အခုကျနော်တို့ ပင်နင်ဆူလာပလာဇာမှာ သူ့အမျိုးတွေနဲ့ တွေ့နေတယ်။ တွေ့တော့
လောလောဆယ် သူတို့ အခုအချိန်အထိ အလောင်းကိုလည်း မကြည့်ရသေးဘူး။ ဒီမှာရှိတဲ့အေးဂျင့်ကလည်း သူတို့ကို တိုက်ရိုက်စကားပြောတာတွေ၊ ဆက်ဆံတာတွေ မရှိသေးဘူး။ မြန်မာပြည်ဘက်က အေးဂျင့်ကတော့ ရန်ကုန်အိမ်မှာ သူတို့ကိုသွားပြီး
ညှိနေတာတွေ ရှိတယ်ဆိုတော့ တချို့ဟာတွေက ပုံမှန်မဟုတ်တဲ့ဟာတွေ တွေ့နေရတယ်။ အဲတော့ တရားဥပဒေအတိုင်း ပုံမှန်အတိုင်းဖြစ်ဖို့၊ လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်ဖို့မြန်မာကလပ်က အတွင်းရေးမှူးကိုယ်တိုင်ဆင်းပြီး လိုက်လုပ်နေပါတယ်။”

နေဘုန်းလတ်ကို ပုဒ်မပြောင်း တရားစွဲ
ဖနိဒါ
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 14:49 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဖမ်းဆီးခံထားရသည့် စာရေးဆရာ ဘလောက်ဂါ နေဘုန်းလတ်အား အာဏာပိုင်များက ပုဒ်မ ပြောင်းလဲကာ တရားစွဲဆိုလိုက်သည်။

၆ လခန့်ကြာမြင့်သွားပြီဖြစ်သော ဖမ်းဆီးခံနေရသော ကိုနေဘုန်းလတ်အား ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂ (ခ) မှ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) သို့ ပုဒ်မ ပြောင်းလဲကာ စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

မနေ့က အရေးပေါ် ပုဒ်မ ၅ (ည) တဲ့၊ ပြန်တပ်တယ်။ နှစ်ရက်နေ့က လာပြောတယ်တဲ့လေ။ SB တို့ပေါ့နော်။ ထောင်ထဲမှာ တာဝန်ကျတဲ့ လူတွေပေါ့နော်။ လာပြောတယ်တဲ့။ ၃၂ (ခ) ကနေပြီးတော့ ပြောင်းလိုက်တယ်။ အဲဒီကနေ ၁၆ ရက်နေ့ကို ရက်ချိန်း ထပ်ယူထားတယ်။ ဒါပေမဲ့ ရုံးထုတ်မှာ မဟုတ်ပါဘူးလို့ သူက ပြောတယ်။ ဒီလိုပဲ၊ ရမန်ပဲ ထပ်ထပ်ယူတာ ဖြစ်လိမ့်မယ်လို့ ပြောတယ်လေ ဟု ယမန်နေ့က ထောင်ဝင်စာသွားတွေ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

ဗီဒီယိုအက် ဥပဒေ ၃၂ (ခ) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၆ လ ကျခံရနိုင်ပြီး၊ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) သည် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်ကြောင်း ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းက ပြောသည်။

သူက ဥပဒေ ချိုးဖောက်၊ မဖောက်က ဥပဒေအသုံးပြုတဲ့ အာဏာပိုင်တွေ ကိုယ်၌က ဥပဒေကို လေးစားလိုက်နာတဲ့ ပုံစံ မရှိဘဲလေ။ အဲတော့ ပုဒ်မ ပြောင်းချင်သလို၊ လုပ်ချင်သလို လုပ်နေတာပေါ့နော်။ သူတို့ကလည်း ရမန်ကို ယူပြီးတော့ ရှိသမျှ ပုဒ်မတွေ ပြောင်း၊ ရုံးလည်း မထုတ်နိုင်၊ ရုံးထုတ်ဖို့လည်း လုံလောက်တဲ့ အကြောင်းအရင်းတွေ မရှိ၊ ဒီလိုပဲ ချုပ်ထားတာပဲလေ ဟု ပြောသည်။

ဘလောက်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ရုံးမထုတ်ဘဲ ရမန်ပေးလာခဲ့ရာမှ၊ ယခုအခါ ပုဒ်မပြောင်းလဲ စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က လူတွေ့ ညွှန်ကြားချက် ရယူခွင့်စာ ရရှိရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် အင်းစိန်ထောင်တွင် စာတင်ခဲ့သော်လည်း ယနေ့အထိ တွေ့ရှိခွင့် မရသေးပေ။

သားဖြစ်သူ မျက်စိဝေဒနာ ခံစားနေရသဖြင့် ထောင်အာဏာပိုင်များထံ ဆေးကုသခွင့် တောင်းထားကြောင်း မိခင် ဒေါ်အေးသန်းကလည်း ယခုလို ပြောသည်။

သူက မျက်လုံး မကောင်းဘူး။ ကုသခွင့်ရအောင်တော့ တောင်းထားတယ်။ ညဘက်ဆို မျက်ရည်တွေ ကျတယ်လို့ ပြောတယ်လေ။ အထဲမှာ အဖော်ဆိုလို့ စာဖတ်တာပဲ ရှိတယ်လေ။ အဲတော့ ဆရာဝန်နဲ့ ပြလိုက်ရင်တော့ လိုအပ်တဲ့ အားဆေးတွေ ပေးရင် ကုသမှု နောက်မကျနိုင်ဘူးပေါ့နော်။ အန်တီက စိုးရိမ်တယ်။ ကုသမှု နောက်ကျလို့ရှိရင် တခုခုဖြစ်သွားမှာ စိုးရိမ်နေတယ်။ မျက်လုံးက အရမ်းနူးညံ့တဲ့ အပိုင်းပေါ့နော် ဟု ပြောသည်။

ကိုနေဘုန်းလတ် ထိုကဲ့သို့ ကြုံတွေ့နေရစဉ်မှာ အင်းစိန်ထောင်အတွင်း တိုက်ပိုက်ခံနေ၇သော ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးမှာ သွေးပေါင်တက်ခြင်း ဖြစ်ပွားနေသည်။

ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် အမဖြစ်သူ ဒေါ်ဌေးဌေးကြည်က မနေ့က လူနဲ့ မတွေ့ခဲ့ရဘူး။ စားသောက်ကုန်နဲ့ ပါဆယ်ပဲ ပို့လို့ရတယ်။ တွေ့ခွင့် ပိတ်ထားတယ်လို့ ပြောတယ်။ ထောင်စည်းကမ်း မလိုက်နာလို့ ပိတ်တယ်၊ ပြောတာပဲလေ။ ၃ဝ ရက်နေ့က ထောင်ဝင်စာ သွားတွေ့တော့ နောက်ဆုံးတွေ့တဲ့အချိန် သွေးပေါင်ချိန် ၁၆ဝ၊ ၁၄ဝ မကျဘူးလို့ ပြောတယ်လေ။ သွေးပေါင်တက်လို့ မိသားစုဆရာဝန်ကို ပြောပြီး ဆေးထုတ်ဖို့ ဆေးစာပေးလိုက်တယ်။ မနေ့က သွင်းထားလိုက်တယ်။ ရောက်မရောက်တော့ မသိသေးဘူး ဟု ပြောသည်။

နှလုံးရောဂါ ဝေဒနာရှင် မစုစုနွေးသည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ထောင်ဝန်ထမ်းများနှင့် စကားများပြီး အုတ်နံရံကို ခေါင်းနှင့် ဆောင့်သဖြင့် သတိလစ်ခဲ့ပြီးနောက် သူ့ကို တိုက်ပိတ်ခြင်းဖြစ်သည်။

ထောင်ဝမှာ မစုစုနွေးက ထောင်ဝန်ထမ်းတွေနဲ့ အကြိမ်ကြိမ် စကားများတယ်။ နောက်ပြီးတော့ ပြောတာ ဆိုတာတွေလည်း ရှိတယ်ပေါ့နော်။ ၁၄ ရက် တိုက်ပိတ်တယ်လို့ ရေးထားတယ်လို့ Notice ကပ်ထားတာ တွေ့တယ်လေ ဟု ပြီးခဲ့သည့် သောကြာနေ့က ထောင်ထဲတွင် တွေ့မြင်ခဲ့ပုံကို ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

မစုစုနွေးအား ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့တွင် အစိုးရဆန့်ကျင်ရေး စာတမ်းချိတ်ဆွဲစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၅၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားသည်။ သူ့ကို မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်သည်။

ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်
ဖနိဒါ တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 17:06 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဆဲဗင်းဂျူလိုင်နေ့တွင် ရန်ကုန်တိုင်း မြို့နယ်များတွင် အာဏာပိုင်များမှ လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။

ယနေ့ ကျရောက်သည့် ၄၆ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့၊ မြို့နယ် အများအပြားရှိ လမ်းဆုံလမ်းခွများနှင့် တက္ကသိုလ်များ အနီးတွင် စွမ်းအားရှင်များ ချထားသလို၊ စစ်သားများကလည်း ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သည်။

“လုံခြုံရေးကတော့ တော်တော်များတယ်။ ဒါပေမဲ့ ထူခြားတာကလေ ရဲ မရှိဘူး။ စွမ်းအားရှင်တွေပဲ ချထားတယ်။ ရုံးရှေ့မှာ ၅ဝ၊ ၆ဝ လောက် ရှိတယ်။ ထိုင်ပြီး စောင့်နေကြတယ်။ ဒိုင်နာကား ၄ စီးလောက် ရှိတယ်။ ဆူးလေမှာကတော့ ၃ဝ၊ ၄ဝ လောက် ရှိတယ်” ဟု အဖွဲ့ချုပ် လူငယ် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သူ ကိုနိုင်ငံလင်းက ပြောသည်။

မဇ္ဈိမ ပြည်တွင်း သတင်းထောက်ကလည်း “မနေ့ညကတည်းက ရဲကားထဲမှာ စစ်သားတွေကော ကင်းလှည့်နေတာကို ဒီနေ့ ထူးထူးခြားခြား လမ်းဆုံလမ်းခွ အတော်များများမှာ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင် ပုံစံမျိုးတွေ တွေ့ရတယ်။ အခုမနက် လှည့်ကြည့်တဲ့ အနေအထားအရ လုံခြုံရေးအင်အား ဖြန့်ထားတာ တွေ့ရပါတယ်။ 7 July ဖြစ်နေတော့လေ။ ဒီနေ့ ပိုပြီး လုံခြုံရေးအင်အား ဖြန့်ထားတဲ့ အနေအထားပေါ့” ဟု ပြောသည်။

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်လည်း ရဲမှူးကြီးတဦးက မာစဒါဂျစ် တစီး၊ လုံးထိန်းကား တစီး၊ စွမ်းအားရှင် ၂ဝ ခန့် ချထားသည်ဟု သူက ဆက်ပြောသည်။

ကုက္ကိုင်းမီးပွိုင့်၊ ရွှေဂုံတိုင်၊ ဆူးလေ၊ သင်္ကန်ကျွန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှည်းတန်း၊ တောင်ဥက္ကလာပ၊ လမ်းမတော်၊ လသာ စသည့် မြို့နယ်များတွင် ဝတ်စုံအပြည့်ဖြင့် ရဲများ၊ စစ်သားများနှင့် အရပ်ဝတ် စွမ်းအားရှင်များ ထိုင်နေကြောင်းလည်း ရန်ကုန် ဒေသခံတဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်တို့မှာ လုံခြုံရေး ချရန်အတွက် ဒေါပုံမြို့နယ်မှ စွမ်းအားရှင် ၈ဝ ခန့်ကို မြို့နယ် မယကမှ ယနေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်း စစ်ကောင်စီက လက်နက်နှင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးတေဇက “သူတို့ကတော့ ကျောင်းသားတွေ ဆူပူမှုတွေ လုပ်လာမယ်လို့ အမြဲတမ်း ကြောက်နေကြတာပဲလေ။ အခု ဗကသ ကျောင်းသားတွေကလည်း ကျောင်းတိုင်းလို စာကပ်နေတာတွေ ရှိနေတယ်လေ” ဟု ပြောသည်။

ဗကသ က ယနေ့ ထုတ်ပြန်လိုက်သည့် “စစ်ကျွန်မခံ ဒို့တွန်းလှန် ... ခွပ်ဒေါင်းအလံ လွှင့်ကြစို့” ဟူသည့် ကြေညာချက်များကို ရန်ကုန်တိုင်းရှိ ဝိဇ္ဇာသိပံ္ပ တက္ကသိုလ်၊ ကွန်ပြူတာ ကောလိပ်၊ ဂျီတီစီ၊ အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းများတွင် လိုက်ကပ်ထားသည်ဟု သိရသည်။

ကြေညာချက်ထဲတွင် အခြေအနေဆိုးများမှ အမှန်တကယ် လွန်မြောက် ကျော်လွှားနိုင်မည့် အကောင်းဆုံးနှင့် အငြင်သာဆုံး နည်းလမ်းမှာ တခုတည်းသာ ရှိပြီး မတရား ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ်များ အပါအဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

“ပညာရေးက နိုင်ငံရေး ဖြစ်တယ်။ ပညာရေး လွတ်လပ်မှ နိုင်ငံရေး လွတ်လပ်မယ်ဆိုတဲ့ ပုံစံအတိုင်း ယူပြီးတော့ ကျောင်းသား လူငယ်တွေရဲ့ လူအများကို ဖွင့်ဟချင်စိတ်၊ လွတ်လွတ်လပ်လပ်နဲ့ ဆန္ဒအမှန်အတိုင်း သင်ယူခွင့်ရအောင် ကျနော်တို့က ရှေ့ဆုံးကနေ ဦးဆောင်ပြီး လုပ်နေတာပါ” ဟု ကိုမျိုးတေဇက ပြောသည်။

လက်နက်အားကိုး၊ လူမိုက်အားကိုးဖြင့် တဖက်သတ် အဓမ္မ အနိုင်ကျင့်လုပ်ဆောင်မှု မှန်သမျှသည် လတ်တလောတွင် ပြဿနာများ ပြေလည်သွားမည် မဟုတ်ဘဲ ပိုမို ရှုပ်ထွေးစေသကဲ့သို့ ရေရှည်တွင်လည်း အုံကြွမှုများနှင့် ကပ်ဘေး ဒုက္ခအမျိုးမျိုးတို့ ကျရောက်ကာ နိုင်ငံတခုလုံး ဆုံးရှုံး ပျက်သုဉ်းမည့် အခြေအနေသို့ ဆိုက်ရောက် သွားစေလိမ့်မည်ဟု ဗကသ ကြေညာချက်က ဆိုသည်။

ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်ဝါဒ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသား လှုပ်ရှားမှုများ၏ စုရုံးရာ လွတ်လပ်ရေးသမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးအား ဗိုလ်ချုပ်နေဝင်း၏ စစ်ကောင်စီက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်ခဲ့သည်။

နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၀၀ ကျော် မြန်မာပြည် ၀င်ခွင့်ဗီဇာ ထုတ်ပေးခဲ့
08 July 2008
မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာ
အကူအညီပေးလုပ်သား ၁,၅၀၀ ကျော်ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ
ပေးခဲ့တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ အစိုးရအာဘော် သတင်းစာတွေကို ကိုးကားပြီး
အေပီသတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီလုပ်သားတွေထဲက တ၀က်ဟာ
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ကြသူတွေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက် ၃ ရက်နေ့တွေမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့
နောက် အကူအညီပေးချင်ကြတဲ့ နိုင်ငံတကာက လုပ်သားတွေကို မြန်မာစစ်အစိုးရက
ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အစောပိုင်းမှာ ဝေဖန်ခံခဲ့ရပါတယ်။ မုန်တိုင်းကြောင့်
လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။

မေလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အကူအညီပေး လုပ်သားတွေကို
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီ သွားခွင့်ပြုဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်သားတွေ လွတ်လွတ်
လပ်လပ် သွားလာလုပ်ကိုင်နိုင်ခွင့်တွေပေါ်မှာတော့ အကန့်အသတ်တွေ လုပ်ထားခဲ့ပါ
တယ်။

ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး
08 July 2008
ဦးသိန်းထိုက်ဦး -
ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်ခရိုင် အတွင်းမှာရှိတဲ့
ဟွေပူကဲကျေးရွာအနီး ပဒေါင်တိုင်းရင်းသားတွေ နေထိုင်ရာကျေးရွာက ပဒေါင်လူမျိုး
၁၁ ယောက်ကို အမည်မသိလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး
ပြအစားခံရတဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသားတွေဟာ လူကုန်ကူးသူတွေ ဖမ်းဆီး
ခေါ်ဆောင်တာ ခံရလေ့ရှိတဲ့ လူမျိုးတမျိုး ဖြစ်လာနေတယ်လို့လည်း ဒေသခံတွေက
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီ ပဒေါင်လူမျိုးတွေကို ဘယ်သူဘယ်ဝါ ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့
အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရတဲ့အထဲမှာ ကလေးငယ် ၄ ယောက်နဲ့ လူကြီး
၇ ယောက် ပါဝင်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းတွေ စွတ်ထားလေ့ရှိတဲ့ ပဒေါင်လူမျိုးတွေကို ထိုင်းနိုင်ငံရဲ့
ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသလေ့
ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း အထူးစိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ပြစားဖို့ လူကုန်ကူးသူတွေ မျက်စိကျစရာ
လူမျိုးစုတခု ဖြစ်လာနေတဲ့အကြောင်း ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်က ပြောပြပါတယ်။

“အရင်တုန်းက လိမ်ပြီး ခေါ်သွားတာတွေတော့ ရှိတယ်။ ပွဲစားတွေပေါ့။ သူတို့က
ချင်းမိုင်စခန်းမှာဖြစ်ဖြစ်၊ ပဒေါင်စခန်းလေးမှာပဲဖြစ်ဖြစ် ပြစားဖို့ ခေါ်သွားတာတို့ ရှိတော့
ရှိဖူးတယ်။ စီးပွားရေးသမားတွေ လုနေတဲ့သဘောမျိုး ရှိနေတယ်။”

ဒီလို အဖမ်းခံရတဲ့သူတွေဟာ လူကုန်ကူးသူတွေရဲ့လက်ချက်နဲ့ အဖမ်းခံရတာ ဖြစ်နိုင်
တယ်ဆိုတာကို မဲ့ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကလည်း သတ်မှတ်ထား
ကြပါတယ်။ ဒါကြောင့်လည်း အပြင်းအထန် ရှာဖွေနေပါတယ်။ မဲ့ဟောင်ဆောင်နဲ့
အခြားနေရာတွေကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပြီး ရှာဖွေနေတာ
ပါ။ ပဒေါင်လူမျိုးတွေ နေထိုင်ရာဒေသ၊ အဖမ်းခံရတဲ့ နေရာကိုလည်း အခုလိုပြောပါ
တယ်။

“မဲ့ဟောင်ဆောင်နဲ့ ဟွေပူကဲက ခရီးတထောက်ဆိုရင် ၇ ကီလိုမီတာလောက်ပဲရှိမယ်။
မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ နန်းစွယ်ရွာနားက ကယန်းသာယာဆိုတဲ့ ကယန်းရွာ
တရွာရှိတယ်။ နောက်တခုက မဲ့ဟောင်ဆောင်ခရိုင်မှာပဲ ဟွေပူကဲမှာ တရွာရှိတယ်။
ဟွေစထောက်မှာ တရွာရှိတယ်။ အမှန်ကတော့ သုံးရွာပဲ။ ဒီသုံးရွာထဲကပဲ ပြီးခဲ့တဲ့
နှစ်လောက်တုန်းကမှ ထိုင်းဒေသအာဏာပိုင်တွေ စီစဉ်တဲ့နေရာကို ရွှေ့ချင်တဲ့လူတွေ
ရွှေ့ပြောင်းလို့ရတယ်၊ သွားနေလို့ရတယ်ဆိုပြီး လုပ်ပေးတာရှိတယ်။ လူဦးရေက စုစု
ပေါင်းဆိုရင် တရွာမှာ အနည်းဆုံး ၅၀၀ လောက်ရှိတယ်။ သုံးရွာဆိုရင် အနည်းဆုံး
၁,၅၀၀ ပေါ့။ ဒါ ကျနော် ပျှမ်းမျှ ခန့်မှန်းတာပဲ။”

ပြီးခဲ့တဲ့ သောကြာနေ့က ပဒေါင်လူမျိုးတွေ အဖမ်းခံခဲ့ရတယ်ဆိုတာကို အဲဒီကျေးရွာ
အကြီးအကဲ လူကြီးတယောက်ကလည်း အခုလို အတည်ပြုပြောပါတယ်။

“ကီလို ၂၀ ကျော်လောက်ကွာမယ်။ ကားနဲ့သွားရင် တနာရီတောင်မရှိဘူးဗျ။ အားလုံး
သုံးရွာပေါင်းတော့ ၁,၅၀၀ ကျော်ရှိတယ်။”

တယ်လီဖုံးလိုင်း အခက်အခဲကြောင့် အသံမရှင်းမလင်းဖြစ်တာပါ။ အဖမ်းခံရတဲ့နေရာ
ဟာ မဲ့ဟောင်ဆောင်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့နေရာလို့ ပြောပါတယ်။

ပဒေါင်လူမျိုးတွေဟာ အရင်က မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး
စုတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခနဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြားမှာ အိမ်နီးချင်းနိုင်ငံကို
ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်ကတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“အဲဒီပဒေါင်ဆိုတာ ကျနော်တို့ရဲ့ ကရင်နီပြည်ကပေါ့။ ကရင်နီပြည်နဲ့ ရှမ်းပြည်
တောင်ပိုင်း ဖယ်ခုံဘက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာမှာ မရှိပါဘူး။ ထွက်လာတဲ့
အကြောင်းကလည်း နှစ်ပေါင်း ၂၀ နီးပါးလောက်ရှိပြီပေါ့။ ဖြတ်လေးဖြတ်ပေါ့။ မဆလ
ခေတ်ကတည်းက ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာတို့၊ ဖျက်ဆီးခံရတာတို့၊
အကန့်အသတ်တွေ လုပ်တာတို့ကြောင့် သူတို့က ဒီနယ်စပ်ကို ထွက်ပြေးလာတယ်လို့ပဲ
ပြောရမှာပေါ့။”

ပဒေါင်လူမျိုးတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး မဲ့ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်တာမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်ပါ
တယ်။ ရဲနဲ့ အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့ပြီးတော့လည်း
အပြင်းအထန် ရှာဖွေနေပါတယ်။

ဒီပဒေါင်တွေဟာ စစ်မက်ဖြစ်ပွားရာ နေရာတွေကနေ ဘေးလွတ်ရာကို ပြေးခဲ့ကြပေ
မယ့် ကမ္ဘာလှည့်ခရီးသည်တွေ အကြည့်ခံရဖို့ သူတို့ကို ခြံခတ်ပြီး အပြခံရတဲ့နေရာတွေ
မှာ အထားခံရတယ်၊ အခုတော့ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်နေပြီလို့
ပြောဆိုနေကြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ဘ၀သမိုင်းကြောင်းနဲ့ အကျပ်အတည်းတွေ
ထက် ကြေးကွင်းတွေတပ်ထားတဲ့ သူတို့လည်ပင်းတွေကိုပဲ ပိုပြီးစိတ်ဝင်စားနေကြတယ်
လို့လည်း ဝေဖန်သူတွေ ရှိနေပါတယ်။

မုန်တိုင်းဒဏ်သင့် ကလေးများအား အလုပ်စေခိုင်းမှုများရှိနေ
အောင်သက်ဝိုင်း ဇူလိုင် ၈၊ ၂၀၀၈
ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ခိုကိုး ရာမဲ့ ဖြစ်နေသော ကလေးငယ်များကို အခိုင်းအစေ အလုပ် သမားများအဖြစ် အသုံးချမှုများရှိနေကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင် တိုက်များမှ သံဃာ တော်များ၊ လပွတ္တာမြို့နယ်မှ သံဃာတော်များနှင့် ဧရာဝတီတိုင်းလေဘေးသင့် ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့် ရန်ကုန်မြို့မှ သံဃာတော်များက အတည်ပြု ပြောသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မိဘဆွေမျိုးများသေဆုံးသွား၍သော်လည်းကောင်း၊ မုန်တိုင်း တိုက်ခတ်စဉ် ဖြစ်ပေါ်လာသော ပင်လယ်ဒီရေလှိုင်းများနှင့် မျောပါသွားပြီး မိဘဆွေမျိုးများနှင့် ဝေးရာအရပ်ဒေသ များဆီသို့ ရောက်ရှိ သွား၍သော်လည်း ကောင်း ခိုကိုးရာမဲ့ ကလေးငယ် အများအပြား ရှိနေကြောင်း သိရှိရသည်။

ထိုကဲ့သို့သော ကလေးငယ်များမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် ရက်ပိုင်းအတွင်း ၄င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင် ဒေသ များရှိ အိမ်ထောင်စုများထံတွင် ၀င်ရောက်ခိုလှုံခဲ့ကြပြီး ယခုမုန်တိုင်းသင့်ဒေသများတွင် အနည်းငယ် ပြန်လည် နာလန် ထူလာချိန်တွင် အလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေးလုပ်ငန်း များတွင် အသုံးချခံနေရကြောင်း ဧရာဝတီတိုင်းဒေသခံ သံဃာတော်များက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေ၊ မိဘဆွေမျိုးပျောက်ဆုံးသွားတဲ့ ကလေးတွေက ဒုက္ခသည် စခန်းတွေနဲ့ လေဘေးဒုက္ခသည်တွေ ခိုလှုံတဲ့ဘုန်းကြီးကျောင်းတွေဆီ ရောက်မလာခဲ့ဘူး။ နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေ ဆီမှာပဲ နေလိုက်ကြတယ်။ အခု ဒီကလေးတွေက လယ်ယာတွေ၊ တံငါလုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားလေးတွေအဖြစ် အခိုင်းခံနေရတယ်”ဟု မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဘုရားကြီးကျောင်းတိုက်မှ ဦးပဉ္ဖင်းတပါးက မိန့်ကြားသည်။

ယခု ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်တွင် ကလေးငယ် ၈၀၀ ကို မူလတန်း ပညာသင်ကြားပေးနေသည့် မော်လမြိုင် ကျွန်းမြို့ ပေါ် ကျောင်းတိုက်တတိုက်မှ တာဝန်ခံဆရာတော်တပါးကလည်း မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေးငယ်များကို အခိုင်း အစေအလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များ၊ မော်ကျွန်းမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် အရောင်းအ၀ယ်လုပ်ငန်း များတွင် အသုံးပြုနေမှုအများအပြား ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါကလေးငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် အလုပ်သမားများအဖြစ် အသုံးချခံနေရသည့် ခိုကိုးရာမဲ့ကလေးငယ် အများအပြားကျန်ရှိနေသေးကြောင်း မိန့်ကြားသည်။

“မုန်တိုင်းတိုက်ပြီး နှစ်လအတွင်းမှာ အခိုင်းအစေတွေလို အလုပ်ခိုင်းခံနေရတဲ့ ခိုကိုးရာမဲ့ကလေး ၂၀ ကျော်ကို ဦးပဉ္ဖင်းတို့ ကယ်တင်နိုင်ခဲ့တယ်။ ဒီကလေးတွေကို ဦးပဉ္ဖင်းတို့ကျောင်းတိုက်နဲ့အဆက်အသွယ်ရှိတဲ့ မန္တလေး ဖောင်တော်ဦးပရဟိတ ကျောင်းကို ပို့ပေးထားတယ်။ ဒီလို ကလေးတွေ အများကြီးကျန်နေသေးတယ်။ ဦးပဉ္ဖင်း တို့လည်း သတင်း စုဆောင်းပြီး ကယ်ဖို့ကြိုးစားနေတယ်”ဟု အဆိုပါဆရာတော် က မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေသော လပွတ္တာမြို့ခံသံဃာတော် တပါးကလည်း ယင်းသို့လေဘေးသင့်ဒေသ များမှ ခိုကိုးရာမဲ့ကလေးငယ်များကို အလုပ်ခိုင်းစေမှုများ လပွတ္တာမြို့နယ်အပိုင် ကျေးရွာများတွင် ရှိနေပြီး အချို့ သော ကလေး ငယ်များမှာ မြို့ပြဒေသကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် ရောက်ရှိအလုပ်လုပ်နေ ကြကြောင်း မိန့်ကြားသည်။

“မြေနိမ့်ရာလှံစိုက်ဆိုသလိုပါပဲကွယ်။ မိဘဆွေမျိုးတွေမရှိတော့လို့ ဒုက္ခရောက်နေတဲ့ ကလေးတွေ ထမင်းစား ကျွန်ခံဘ၀နဲ့ အခိုင်းအစေ တွေဖြစ်နေကြတယ်”ဟု အဆိုပါဆရာတော် ကမိန့်သည်။

ထိုကဲ့သို့သော ခိုကိုးရာမဲ့ကလေးငယ်များအား အခိုင်းအစေများအဖြစ် အသုံးချမှုများကို ကာကွယ်တားဆီးနိုင်ရန် အစိုးရ ပိုင်းက ပြင်းထန်သော သတိပေးတားမြစ်ချက်များထုတ်ပြန်ပြီး စံပြအရေးယူမှုများပြုလုပ်သင့်ကြောင်း ဆရာတော်က အကြံပြုသည်။

မုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးငယ်များသာမက မုန်တိုင်းကြောင့် စီးပွားရေးများပျက်စီးပြီး စားဝတ်နေရေး အခက် အခဲများကြုံတွေ့နေရသည့် ဧရာဝတီတိုင်းဒေသခံတချို့မှာ ၄င်းတို၏ကလေးငယ်များကို ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နှင့်အိမ်ဖော်လုပ်ငန်းများတွင် အလုပ်သမားများအဖြစ်အလုပ်လုပ်ရန် သွားရောက်ပို့ ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

“ငပုတောက ကလေး၂ ယောက်ရောက်လာတယ်။ ဆိုင်မှာခိုင်းဖို့ဆိုပြီး ကလေးဆွေမျိုးတွေကိုယ်တိုင် အထောက် အထားနဲ့ လာပို့သွားတာ။ တယောက်ကို တလ ၈၀၀၀ နဲ့ ခြောက်လစာ လစာ ကြိုထုတ်ပေးလိုက်ရ တယ်”ဟု လှိုင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကဆိုသည်။

ရန်ကုန်မြို့မှ အိမ်ဖော် ပွဲစား အမျိုးသမီးကြီးများ၏အဆိုအရ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း လေဘေးသင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ငပုတောဒေသမှ အိမ်ဖော်အလုပ်လုပ်ကိုင်ရန် အမျိုးသမီးအများ အပြားရောက်ရှိ လာရာတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် အများအပြား ပါဝင်ကြောင်း သိရှိရသည်။

“၁၀ နှစ် ကနေ ၁၆ နှစ် ကလေးမလေးတွေ ပါတယ်။ ကျမတို့ကလည်း ဥပဒေနဲ့ငြိမှာစိုးလို့ သူတို့ မိဘဆွေမျိုးတွေရဲ့ လက်မှတ်တောင်းပြီးမှ အိမ်ဖော်လုပ်ဖို့ပို့ပေးတယ်။ များသောအားဖြင့် ကလေးတွေရမယ့် လစာကို ကြိုထုတ်သွား ကြတယ်” ဟု အင်းစိန်မြို့နယ် အိမ်ဖော်အကျိုးဆောင်ပွဲစား အမျိုးသမီးကြီးတဦးက ဆိုသည်။

ယင်းသို့ မိမိတို့ရင်သွေးငယ်များကို အလုပ်သမားများအဖြစ်ပို့ဆောင်ပြီး ရရှိလာသော ငွေကြေးများဖြင့် ပျက်စီးချို့ ယွင်းသွား သည့် နေအိမ်များပြန်လည်တည်ဆောက်ခြင်း အပါအ၀င် အခြားလိုအပ်ချက်များ ၀ယ်ခြမ်းဖြည့်ဆည်းရ သည်ဟု အသက် ၁၄ နှစ်အရွယ် သမီးမိန်းကလေးငယ်ကို အိမ်ဖော်အလုပ်လုပ်ရန် အပ်နှံခဲ့သူ လေဘေးသင့် ဖျာပုံဒေသခံ မိခင်တဦးက ဆိုသည်။

“စိတ်လည်းချရမယ့်အိမ်၊ ပြီးတော့ကလေးအဆင်ပြေမယ့်အိမ်ကို ရွေးပြီးမှပို့တာပါ။ ကျမတို့ရွာက တရွာလုံးနီးပါး မြို့မှာတက် အိမ်ဖော်လုပ်နေကြတာ အဆင်ပြေတယ်။ အမြဲဖုန်းအဆက်အသွယ် လုပ်နိုင်တယ်ဆိုတော့ ကလေးအတွက် သိပ်စိတ်မပူ ပါဘူး”ဟု ယင်းအမျိုးသမီးကြီးကဆိုသည်။

မုန်တိုင်းသင့် ဧရာဝတီဒေသများမှ ခိုကိုးရာမဲ့ကလေးငယ်များနှင့် အမျိုးသမီးငယ်များမှာ အလုပ်သမားများအဖြစ် အလုပ်လုပ် နေရရုံသာမက တချို့မှာ လူကုန်ကူးခံရမည့် အနေအထားများတွင်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ထုတ် ဘိုင်ဝိကလီးအီလဲဗင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် လေဘေးဒုက္ခသည် ကလေးများနှင့် အမျိုးသမီး ၈၀ ကျော်ကို လူကုန်ကူးခံရမည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့်ရဲ အရာရှိကြီးတဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

လပွတ္တာမြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့်နိုင်ငံတကာ INGO တခု မှ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းမန်နေဂျာတဦးကမူ လေဘေးသင့် ဧရာဝတီ တိုင်းဒေသများမှ အိမ်နီးချင်း နိုင်ငံများသို့လူကုန်ကူးခံရမှုများ သေချာပေါက်ရှိနေပြီဖြစ် ကြောင်း၊ အစိုးရပိုင်းနှင့် ပြည်တွင်း NGO နှင့် နိုင်ငံတကာ INGO များ မသိရှိလိုက်သည့် လူကုန်ကူးမှုများရှိနိုင်ပြီး အစိုးရပိုင်း၏ လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်ချက်များမှာ လေဘေးသင့်ဧရာဝတီတိုင်း ဒေသတခုလုံးကိုခြုံငုံ နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထို့ပြင်ဧရာဝတီတိုင်း ဒေသခံအများစုမှာ စာတတ်မြောက်မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းနှင့် လတ်တလော ရင်ဆိုင်ကြုံ တွေ့နေရသော စီးပွားရေးမပြေလည်မှု၊ လက်ရှိ နာဂစ်မုန်တိုင်းသင် ဒေသများတွင် ပြန်လည်နေထိုင်လိုစိတ် မရှိခြင်းတို့ ကြောင့် လူကုန်ကူးခံရမည့်အခြေအနေများ ပိုမိုများနေကြောင်း ၄င်းကသုံးသပ်ပြောသည်။

“လူတွေက ဒုက္ခတွေအရမ်းရောက်တော့ ထွက်ပေါက်ရှာကြပြီ။ ဒီအချိန်မှာ ဘာပြောပြော သူတို့ ဖြစ်ချင်တာက ဒုက္ခတွေ ကျော်လွှားချင်တယ် ။ သူတို့အတွက် အိမ်မက်ဆိုးတခုလိုဖြစ်နေတဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့နေရာတွေမှာ ပြန်မနေချင် တော့ဘူး။ ဒီအထဲမှာကလေးတွေနဲ့ အမျိုးသမီးတွေလည်း အပါအ၀င်ပေါ့”ဟု အဆိုပါ ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းမန်နေဂျာက ရှင်းပြသည်။

ဧရာဝတီတိုင်းရှိမုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးများ အလုပ်သမားများအဖြစ် အသုံးချခံရမှုများနှင့် လူကုန်ကူးခံရ မည့် အခြေအနေများရှိနေလင့်ကစား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် မြန်မာစစ် အစိုး ရတို့ကမူ လေဘေးသင့်ဒေသများတွင်မိဘမဲ့ကလေးများအပါအ၀င် ကလေးသူငယ်များနှင့် သက်ဆိုင်သော အရေး ကိစ္စများ အောင်မြင်တိုးတက်စွာ ကိုင်တွယ်နိုင်ပြီဖြစ်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zafrin Chowdhury က မုန်တိုင်းသင့် ဒေသများ တွင် အစိုးရ၏ဆောင်ရွက်ချက်များမှာ ချီးကျူးဖွယ်ဖြစ်ပြီး အခြေအနေများတိုးတက် ကောင်းမွန်ကာ ကလေးငယ်များ၏ အရေးကိစ္စများမှာလည်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် အခြေအနေဆိုးရွားခြင်းမရှိဟု ဇူလိုင် လ ၇ ရက်တွင် ရန်ကုန်မြို့ တွင်ပြောကြားကြောင်း အေပီနှင့် အေအက်ဖ်ပီ သတင်းဌာနများ၏ ဖော်ပြချက် အရသိရှိရသည်။

မြန်မာစစ်အစိုးရကလည်း ၄င်းပိုင် သတင်းမီဒီယာများမှတဆင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလွန် အောင်မြင် နေပြီး လေဘေးသင့်ဒေသများအားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် မူလပုံမှန်အနေအထားပြန်လည် ရောက်ရှိနေပြီဟု ဂုဏ်ယူ ၀င့်ကြွားစွာ ထုတ်ဖော်ပြောနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်အခြေစိုက် နာဂစ်မုန်တိုင်းဒဏ်ခံဒေသများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေသည့် လူငယ်အဖွဲ့ တခုမှ တာဝန်ရှိသူတဦးကမူ“ဒီအခြေအနေမှာ အားလုံးကောင်းမွန်နေတယ်လို့ ပြောလို့မရသေးဘူး။ တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ပြောရင် ၅၀ အောက်မှာပဲရှိတယ်။ အစိုးရပြောသလောက် နာ လန်ထူနိုင် တယ်၊ မထူနိုင်ဘူး ဆိုတာ လက်တွေ့လုပ်နေတဲ့ သူတွေပိုသိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း ရဲ့အောင် မြင်မှုကရေရှည် အခြေအနေပေါ် မှာပဲမူတည်နေတယ်”ဟု သုံးသပ်သည်။

တုပ်ကွေးရောဂါ ပျံ့နှံ့မှာ စိုးရိမ်နေရ
ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈
မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလာမှုကို ရန်ကုန်မြို့လူနေထူထပ် သည့်နေရာ များရှိ ကလေးငယ်တချို့၌တွေ့ရှိရသည့်အတွက် တခြားသော နာဂစ် မုန်တိုင်း ဒဏ်သင့် ဒေသများ တွင်လည်း ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ ၎င်း၏ ပုဂ္ဂလိက ဆေးခန်းသို့ လာရောက် ဆေးကုသမှုခံယူသော ကလေးများထဲမှ ၈၀ ရာခိုင် နှုန်းသည် သွေးလွန်တုပ်ကွေးဖြစ်နေသည်ကို တွေ့ရှိရသည်ဟု အမည်မဖော်လိုသော ဆရာဝန် တဦးကပြောသည်။

“အခုမိုးရာသီမှာ လူကြီးတွေရော ကလေးငယ်တွေပါ သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်ပါတယ်၊ အထူးသဖြင့် နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ နေရာကလူတွေပါ၊ အဲဒီက လူအများစုက ဆင်းရဲဒုက္ခရောက်သူတွေ ဆိုတော့ ခြင်မ ကိုက်အောင်ကာကွယ်တဲ့ ခြင်ထောင် မသုံးနိုင်ကြပါဘူး”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ယင်းသွေးလွန်တုပ်ကွေးရောဂါသည် ယခုကဲ့သို့သော မိုးဦးကျစ ဇွန်လအတွင်း စတင်ဖြစ်ပွားတတ်ပြီး သွေးလွန် တုပ်ကွေး ရောဂါပိုး သယ်ဆောင်သည့် ခြင်များကိုက်ရာမှ ရောဂါကူးစက်ကာ ရောဂါဖြစ်ပွားသူ ကလေး၊ လူကြီး အသက်အန္တရာယ် ရှိနိုင်သည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

လူသေဆုံးမှု မရှိသေးသော်လည်း မိုးရာသီတွင် လူနေထူထပ်သည့် ရပ်ကွက်များရှိ ရေကြွင်းရေကျန်များရှိရာ ရေအိုး ရေပုံး များ၊ ရေဆိုးမြောင်းများ အတွင်း ခြင်များပေါက်ပွားတတ်ပြီး ယင်းခြင်များကို သုတ်သင်ရှင်းလင်းခြင်း မပြုသည့် အတွက် ခြင်မှတဆင့် သွေးလွန် တုပ်ကွေး ရောဂါ ဆက်လက်၍ ကူးစက်ဖြစ်ပွားနိုင်သည်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

“ရန်ကုန်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတော့ ခြင်တွေပေါက်ပွားနိုင်တဲ့ ကျန်နေခဲ့တဲ့ အပျက်အစီးတွေ၊ ပိတ်ဆို့ နေတဲ့ ရေမြောင်းတွေကို တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ရှင်းလင်းတဲ့ အစီအစဉ်မတွေ့ရသေးဘူး”ဟု ရန်ကုန် ရန်ကင်း မြို့နယ်ရှိ ပုဂ္ဂလိက ဆေးခန်း တခုမှ သူနာပြု မမီးမီးက ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ မြန်မာ့အလင်းသတင်းစာတွင်မူ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရန်ကုန်မြို့ လူနေထူ ထပ်သည့် မြို့နယ် ၂ ခု တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်မှုများ စတင်ပြုလုပ်နေ ကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ ဒဂုန်မြို့သစ် တောင်ပိုင်းနှင့် သာကေတမြို့နယ်များရှိ ပြည်သူများအား အစိုးရ ကျန်းမာရေးအဖွဲ့က သွေးလွန် တုပ်ကွေး ကူးစက်ရောဂါ ဆိုင်ရာ အသိပညာပေးမှုများကို စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ပြုလုပ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

၂၀၀၇ ခုနှစ် ပထမ ၇ လအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀၀ နီးပါးသေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ဆိုသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)တို့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း မုန်တိုင်းဒဏ် သင့် ၁၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သိန်း သုံးစွဲဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ် မေလ နှောင်းပိုင်း က သွေးလွန်တုပ်ကွေး လူနာ ဧရာဝတီတိုင်းအတွင်း ၄၈၁ ဦးနှင့် ရန်ကုန်တိုင်းအတွင်း ၇၈၁ ဦးကို မှတ်တမ်း ပြုစုရရှိကြောင်း WHO က ဆိုသည်။

အစိုးရသတင်းဌာနများကမူ မေလ အစောပိုင်းကပင် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်ပေါင်း ၂၀၆၀၃၉ မှာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိထားသည့်အတွက် ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သော အဖွဲ့က လေဘေးဒုက္ခသည်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်းလည်း အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

အက်ဖ်အီးစီဈေး တန်ဖိုးကျဆင်းနေ
အေးချမ်းမြေ့ ဇူလိုင် ၈၊ ၂၀၀၈
မြန်မာနိုင်ငံအတွင်း လက်ရှိ အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာဈေးနှုန်းထက် အဆမတန် ထိုးကျနေကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝန်းမှ ကြားသိရသည်။

လက်ရှိအပြင်ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေး ၁၁၈၀၊ ဝယ်ဈေး ၁၁၉၀ ကျပ် ဝန်းကျင်ရှိနေပြီး အက်ဖ်အီးစီ ရောင်းဈေးမှာ ၉၆၅ ကျပ် ဝယ်ဈေး ၉၉၀ ခန့်သာ ရှိနေသဖြင့် ဒေါ်လာနှင့် ၂၀၀ ဝန်းကျင်ခန့် ကွာခြား နေကြောင်း သိရသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာပြည်တွင်း ဝင်မွှေသွားပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားငွေများ အလှူငွေအဖြစ် အင်နှင့် အားနှင့် ဝင်လာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးထိုးကျသွားခြင်း ဖြစ် ကြောင်း ရန်ကုန်ရှိ စီးပွားရေးသမားတဦးက ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် အန်ဂျီအိုတခုမှ စာရင်းကိုင်တဦးကလည်း ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးနှုန်းများ ထိုးကျလာခြင်းမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ပြည်ပမှ အလှူငွေများ အလုံးအရင်းနှင့် ဝင်လာခြင်း ကြောင့်ဖြစ်သည်ဟု သုံးသပ်သည်။

“ပြည်ပက အလှူငွေတွေက နိုင်ငံခြားငွေနဲ့ဝင်တယ်။ အဲဒါတွေကို ဈေးကွက်မှာ သုံးလို့မရဘူး ဘဏ်ကို အပ်ရတယ်။ ဘဏ်က ပြန်ထုတ်တော့ အက်ဖ်အီးစီပဲ ပြန်ထုတ်လို့ ရတယ်။ အဲဒါကြောင့် အက်ဖ်အီးစီတွေ အပြင်မှာဖောင်းပွပြီး ဈေးကျကုန်တာပါ” ဟု ၎င်းက ပြောပြသည်။

စီးပွားရေးပညာရှင်တဦးကမူ ယခုကဲ့သို့ အက်ဖ်အီးစီဈေးနှုန်းများ ကျဆင်းရခြင်းမှာ မြန်မာအစိုးရအနေနှင့် နိုင်ငံခြားငွေ ကိုင်ဆောင် သုံးစွဲမှုကို ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အက်ဖ်အီးစီပဲ သုံးရမယ်ဆိုတော့ လူတွေအတွက် အက်ဖ်အီးစီတွေ ပိုလိုလာရော။ ဒီတော့ အက်ဖ်အီးစီတွေ ပိုပြီး ပုံနှိပ် ထုတ်ဝေရရော။ အဲဒါကြောင့် ဈေးက ပိုပို ကျလာတာ” ဟု သူက ပြောသည်။

နိုင်ငံခြားငွေကို မည်သည့် မြန်မာနိုင်ငံသားတဦးတယောက်မှ ကိုင်ဆောင်ခွင့်မရှိဘဲ ပြည်ပမှ နိုင်ငံခြားငွေ လွှဲလိုပါက တရားဝင်အားဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို လွှဲရမည်ဖြစ်သည်။

အမှန်အားဖြင့် အက်ဖ်အီးစီ၏ တရားဝင်သက်မှတ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် တန်ကြေး အတူတူပင် ဖြစ်သည်။ သို့ရာတွင် ပြင်ပပေါက်ဈေးတွင်မူ အမေရိကန်ဒေါ်လာက ဈေးပိုရသည်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မတိုင်မီက အက်ဖ်အီးစီ နှင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၁၀၊ ၁၅ ကျပ် ခန့်သာကွာခြားမှုရှိကြောင်း သံရုံးဝန်ထမ်းတဦးကပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းမတိုင်မီက အက်ဖ်အီးစီကို ဖုန်းကြေးပေးသွင်းရန် အဓိက ဝယ်ယူကြရပြီး ဧည့်လမ်းညွှန်များမှာ အခွန်ကြေးပေးသွင်းရန် သက်သာဖို့အတွက် ဝယ်ယူ ဆောင်ထားကြောင်း ဧည့်လမ်းညွှန်တဦးကပြောပြသည်။

“ကျနော်တို့ကတော့ အက်ဖ်အီးစီ လိုက်ဝယ်ထားရတယ်။ ဧည့်သည်တွေလာရင် ဧည့်သည်တွေက ဒေါ်လာပေးခဲ့ပေမယ့် အက်ဖ်အီးစီလဲပြီးပေးခဲ့တာပါ ဆိုပြီး ပြကြတယ်။ အခွန်ကြောင့်ရယ် တခုထဲတော့မဟုတ်ဘူး ကျနော်တို့ ဧည့်လမ်းညွှန်တွေ ထဲမှာ နိုင်ငံခြားငွေ ကိုင်သုံးခွင့် မရှိတဲ့သူများတယ်” ဟု ၎င်းကရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်းအင်ဂျင်နီယာအလုပ် လုပ်ကိုင်လျှက်ရှိသူတဦးကလည်း ယခင်က ၎င်း၏ ဇနီးဖြစ်သူထံသို့ မြန်မာနိုင်ငံခြား ကုန်သွယ်ရေးဘဏ်မှ တဆင့် ငွေ လဲလှယ်ပေးခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိက ငွေလွှဲသူများထံမှ တဆင့်သာ လွှဲပေးတော့သည်ဟု ပြောပြသည်။

“မနှစ်ကတော့ အက်ဖ်အီးဘဏ်က တဆင့် ငွေလွှဲသေးတယ်။ ခုတော့ မလွှဲတော့ဘူး။ ဈေးက အရမ်းကွာတယ်လေ။ သူတို့ အက်ဖ်အီးစီကိုလည်း လုံးဝအယုံအကြည့်မရှိဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံခြားငွေနှင့် တန်ဖိုးတူ အက်ဖ်အီးစီများကို ၁၉၉၄ ခုနှစ်မှ စတင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်ကို ထိန်းညှိရန် ကြိုးစား ခဲ့သည်။

“ကျနော်တို့က လစာကို ဒေါ်လာနဲ့ ရတယ်ဆိုပေမယ့်။ အကောင့်ကိုသွင်းပေးတာ ဆိုတော့ အကောင့်ကနေ တိုက်ရိုက် ထုတ်ရင် အက်ဖ်အီးစီပဲ ထုတ်လို့ရတယ်။ တိုက်ရိုက်ဗမာငွေ ရောင်းပြီးသားထုတ်မယ်ဆိုရင်လည်း အကောင့်ကို တခါဖြတ် တိုင်း ၁ ယူရို အနုတ်ခံရ တယ်။ အဲဒီတော့ ဒေါ်လာက ၁၁၉၀ ပေါက်တယ်။ အက်ဖ်အီးစီက ၉၇၀ ပေါက်တယ်ဆိုရင် အကောင့်က ဗမာငွေ တိုက်ရိုက်ထုတ်ရင် ၁၁၃၅ ကျပ်ပဲရတယ်” ဟု ဖက်စပ် ရေနံကုမ္ပဏီ တခုတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာ တဦးကပြောသည်။

မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု မြင့်တက်လာပြီးနောက်ပိုင်း နိုင်ငံတော် သုံးငွေအတွက် ငွေမာကို ဒေါ်လာမှ ယူရိုငွေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့နေ စီးပွားရေးသုံးသပ်သူတဦးကမူ စစ်အစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ မှ နာဂစ် ဆိုင်ကလုန်းအတွက် အလှူ ငွေများကို အခွန်ငွေ မစည်းကြပ်ဟု ဆိုသော်လည်း လက်ရှိတွင် ပြင်ပပေါက်ဈေး၂၀၀ ကျပ်ကွာခြားနေသောကြောင့် ၁ ဒေါ်လာအတွက် ၂၀ ရာခိုင်နှုန်း အခွန်ဖြတ်တောက်နေသည်နှင့် တူသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် နိုင်ငံတကာမှ နာဂစ်ဆိုင်ကလုန်းအတွက် လှူဒါန်းသည့်တန်ဖိုးမှာ ငွေကြေးနှင့် ပစ္စည်းတန်ဖိုးအပါအဝင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းခန့်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ (UNOCHA) က ထုတ်ပြန်ထားသည်။ ၎င်းအထဲမှ တချို့သော ငွေများမှာ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် ကိုဖြတ်သန်းပြီးမှ ပြည်သူများထံရောက်ရှိခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း (၃) လ စပါး မစိုက်သည့် လယ်သမားများကို လယ်မြေသိမ်းမည်ဟု စစ်အစိုးရက ခြိမ်းခြောက်
NEJ/ ၈ ဇူလိုင် ၂၀၀၈
ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများ စိုက်ပျိုးရန် စပါးကို နအဖ က သတ်မှတ်စိုက်ခိုင်းနေပြီး စိုက်ခိုင်းသော စပါးမျိုး မစိုက်ပါက လယ်ယာမြေများကို သိမ်းမည်ဟု ပြောကြောင်း ဒလမြို့နယ်မှ လယ်သမားတဦးက ပြောသည်။

ဒလမြို့နယ် သပြေကုန်းရွာမှ လယ်သမားတဦးက “ကားလမ်းဝဲယာရှိတဲ့ လယ်မြေတွေမှာ သူတို့ စိုက်ခိုင်းတဲ့ စပါးမျိုး ဆင်းသွယ်လတ်ဆိုတာကို မစိုက်ရင် လယ်ကို သိမ်းမယ်လို့ ပြောထားတယ်။ ဒီအတွက် သိမ်းမှာကြောက်လို့ စိုက်ရတယ်။ အဲဒီစပါးက တဧကကို (၂) တင်းမျိုး သုံးရတယ်။
(၁) တင်းကို (၅,၀၀၀) ကျပ် ကနေ (၈,၀၀၀) ကျပ် ဈေးထိ ရယက က ရောင်းပေးတယ်။ အခု ဆိုရင် မျိုးစပါး (၁) တင်းကို (၁၀,၀၀၀) ကျပ် ဖြစ်နေပြီ” ဟု ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် မျိုးစပါးများ ရေစိုသွားသည့် လယ်သမားအများစုသည် ယခုကဲ့သို့ နအဖက မျိုးစပါး ရောင်းချပေးနေသော်လည်း ယခုအချိန်သည် ပျိုးစိုက်ချိန် ရောက်နေပြီ ဖြစ်သည့်အတွက် မျိုးချချိန် မရှိတော့ဟု လယ်သမားများက ပြောသည်။

စစ်အစိုးရက ယခု ရောင်းချပေးနေသည့် မဖြစ်မနေ စိုက်ရမည့် ဆင်းသွယ်လတ် စပါးမျိုးမှာ (၃) လဖြင့် ရိတ်သိမ်းနိုင်သော သက်နုစပါးမျိုးဖြစ်ကြောင်း၊ ပုံမှန်စိုက်ပျိုးနေကျ စပါးမျိုးများကဲ့သို့ အထွက်နှုန်း မကောင်းကြောင်း၊ သို့သော် လယ်သမားများအနေဖြင့် လယ်သိမ်းခံရမည်ကြောက်၍ စိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ဒီဒေသမှာ စိုက်တဲ့စပါးမျိုးက တောင်ပျံ၊ ဘေးကျားစပါးမျိုး ဖြစ်တယ်။ အဲဒီစပါးက ရိတ်သိမ်းနိုင်ဖို့ (၅) လလောက်ကြာတယ်။ (၁) ဧကကို တင်း (၆၀) ကျော် ထွက်တယ်။ ဆင်းသွယ်လတ်က (၃) လ လောက်မှာ ရိတ်သိမ်းနိုင်တယ်။ (၁) ဧကကို တင်း (၂၀) လောက်ပဲ ထွက်တယ်။ ပြီးတော့ အဲဒီ စပါးမျိုး ဆန်ကို ချက်စားကြည့်၊ အရသာက လုံးဝကွာတယ်။ အစိုးရက (၃) လနဲ့ စပါးသီးပေါ်တာ ကိုပဲ မြင်တယ်။ အထွက်နှုန်းနဲ့ အရည်အသွေးကို မမြင်ဘူး။ သိတဲ့သူတွေကလည်း မတင်ပြရဲကြ ဘူး။ ပြောရင် ပြောတဲ့အတိုင်းပဲ ခေါင်းညိတ်ကြတယ်။ လယ်သမားတွေက နစ်နာတာပဲ အဖတ် တင်တယ်” ဟု အဆိုပါ သပြေကုန်းရွာမှ လယ်သမားက ပြောသည်။

လယ်ဧက (၃၀) ခန့်ရှိသည့် ကော့မှူးမြို့နယ် လယ်စိုက်ကျေးရွာမှ လယ်သမားတဦးကမူ ရယက မှရောင်းသည့် (၃) လစပါးမျိုးကို ကားလမ်း ၀ဲယာရှိ လယ်ကွက်များတွင် စိုက်ရန် ၀ယ်ထားသော် လည်း ကျန်သည့်လယ်ကွက်များတွင် ၀မ်းစာစပါးကို ပြန်စိုက်မည်ဟု ပြောသည်။

၎င်းက “မုန်တိုင်းတိုက်တော့ စပါးအားလုံး ရေစိုကုန်တယ် သုံးလို့မရတော့ဘူး။ ဒါကြောင့် ဒီနှစ် တော့ စားဖို့ထားတဲ့ စပါးကျီက ရေမစိုဘဲ ဖုံးဖိထားလို့ ကျန်လိုက်တဲ့ ၀မ်းစာစပါးကို မျိုးပြန်လုပ်ပြီး စိုက်ထားတယ်။ ဖြစ်ချင်ရာဖြစ်ဗျာ၊ ရှိတဲ့မျိုးကို စိုက်ရတာပဲ။ သူတို့ရောင်းပေးတဲ့ (၃) လစပါးထက် သာတယ်ဗျ” ဟု ပြောသည်။

တွံတေးမြို့နယ်အတွင်းရှိ လယ်သမားများကမူ “အစိုးရ ရောင်းပေးတဲ့ မျိုးစပါးက (၃) လစပါး၊ အချိန်တိုတိုနဲ့ စပါးမြန်မြန် ဖြစ်တယ်ဆိုပေမယ့် မိုးရာသီမကုန်ခင် မှည့်တာဆိုတော့ စပါးရိတ်သိမ်း
ရ ခက်တယ်။ တလင်းလည်းမရှိ၊ တာလမ်းမပေါ် တင်ပြီး စပါးတွေကို ခြွေလှည့်ပြန်တော့ ဟိုလူ ကအော်၊ ဒီလူက ငေါက်နဲ့” ဟု ပြောသည်။

စစ်အစိုးရ ရောင်းသည့် (၃) လ စပါးမျိုးမှာ ပြန်ရောင်းပါက တင်း (၁၀၀) လျှင် ပုံမှန်ဈေး (၄) သိန်းခန့်ရှိပြီး ဒေသခံများ စိုက်လေ့ရှိသော စပါးမှာ ပုံမှန်ဈေး တင်း (၁၀၀) လျှင် (၆) သိန်းကျော် ရောင်းရကြောင်း လယ်သမားများက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ် စပါး ပိုမိုထွက်ရှိရန် နအဖက စီမံချက်ချကာ တတိုင်းလုံးတွင် နွေစပါး၊ မျိုးစပါး စိုက်ပျိုးဧက (၁၄) သိန်းခန့်ကို စိုက်ပျိုးကာ တင်းပေါင်း သိန်း (၁,၀၀၀) ထွက်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ စပါးထုတ်လုပ်ရောင်းချသူများအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခင်နှစ်များက စုစုပေါင်းဧက (၁၃) သိန်းခန့် စပါးစိုက်ပျိုးခဲ့သော်လည်း
ရန်ကုန်တိုင်းရှိ ပြည်သူများအတွက် ဆန်လုံလောက်မှုမရှိ၍ ဧရာဝတီတိုင်းမှ နေ့စဉ် ဆန်အိတ်ရေ (၄) သောင်းခန့် တင်ပို့ခဲ့ရသည်၊ ယခုနှစ်တွင် ဧက (၁) သိန်း ပို၍ ရန်ကုန်တိုင်းတွင် တိုးချဲ့စိုက်ပျိုး မည်ဆိုသော်လည်း နာဂစ်မုန်တိုင်းကြောင့် လယ်သမားများ မျိုးစပါးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ ။

ပြည်ပခရီးစဉ်လေယာဉ်လက်မှတ်ခများ (၃၂) ရာနှုန်းထိ ဈေးခုန်တက်
ပီတာအောင်/ ၈ ဇူလိုင် ၂၀၀၈
ကမ္ဘာ့လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံရှိ ပြည်ပခရီးစဉ် ပြေးဆွဲနေသည့် လေယာဉ် လက်မှတ်ခ ဈေးနှုန်းများမှာ (၁၃) ရာနှုန်းမှ (၃၂) ရာနှုန်းထိ မြင့်တက်သွားသည်ဟု လေယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ်တို့က ပြောသည်။

ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) တွင် အမေရိကန်ဒေါ်လာ (၁၆၀) မှ (၁၈၀) ထိ (၁၃) ရာနှုန်းတက်သွားပြီး ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း တီဂျီမှာ ဒေါ်လာ (၂၁၆) မှ (၂၈၆) ထိ (၃၂) ရာနှုန်း တက်သွားသည်။

အလားတူ ရန်ကုန်- ကွာလာလမ်ပူ အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ အမ်အေအိုင်က ဒေါ်လာ (၃၅၃)၊ မလေးရှား အဲယားလိုင်းက ဒေါ်လာ (၄၂၈) ထိ ဈေးတက်သွားသည်။ ရန်ကုန်-စင်ကာပူ အသွားအပြန် (၁) လ လက်မှတ်ဈေးနှုန်းများတွင် အမ်အေအိုင်က ဒေါ်လာ (၃၆၆) ရှိပြီး Silk အဲယားက ဒေါ်လာ (၃၇၇) မှ (၃၈၇) ဖြစ်သွားသည်။ လက်မှတ်ကိုယ်စားလှယ် တဦးနှင့်တဦး ဈေးနှုန်းကွာဟမှုရှိသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ တက်သွားခြင်းဖြစ်ပြီး ကမ္ဘာ့လေကြောင်းလိုင်းများ အားလုံးလိုလို ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ လာမည့် (၁၅) ရက်နောက်ပိုင်း ဈေးနှုန်း ထပ်တက်ဖွယ်ရှိသည်ဟု ရန်ကုန် အမ်အေအိုင်ရုံးမှ လေယာဉ် လက်မှတ် အရောင်းတာဝန်ရှိသူတဦးက ခေတ်ပြိုင်ကို ပြောသည်။

ဘန်ကောက် အမ်အေအိုင်ရုံးမှ တာဝန်ရှိသူတဦးကလည်း “လေယာဉ်လက်မှတ်ဈေး တက်သွား တာကတော့ အဓိက လောင်စာဆီ ဈေးတက်လို့ပဲ။ ကမ္ဘာ့ဆီဈေးတက်တော့လည်း အားလုံး လိုက်တက်ကြရတာပေါ့။ မတက်ရင်လည်း ရှုံးသထက် ရှုံးမှာပဲ။ နိုင်ငံတကာမှာ ဖြစ်တာပဲ။ ကျနော်တို့ အဲလိုင်းကတော့ ခရီးစဉ်တခုကို (၁၀) ဒေါ်လာလောက် တက်သွားတယ်” ဟု ပြောသည်။

လေယာဉ်ခ ဈေးနှုန်းသစ်များကို လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံ အကြောင်း ကြားထားပြီး ဖြစ်ကြောင်းနှင့် ခရီးသည်များ သယ်ဆောင်ခွင့်ရသည့် ခရီးဆောင်အိတ် luggage နှင့် လက်ဆွဲ (Hand Carry) သယ်ဆောင်ခွင့်ရသည့် အိတ်အလေးချိန်တို့မှာ မူလအတိုင်း အပြောင်းအလဲမရှိဟု သိရသည်။
ပြည်ပခရီးစဉ် လက်မှတ်ခနှုန်းများ မြင့်တက်သွားသော်လည်း ပြည်တွင်းလေကြောင်း ခရီးစဉ် လေယာဉ်လက်မှတ်ခများ အပြောင်းအလဲမရှိသေးဟု စုံစမ်းသိရသည်။ ။

နာဂစ်မုန်တိုင်းအပြီး (၂) လကျော်သော်လည်း ရန်ကုန်မှာ ဖုန်းများပျက်နေဆဲ
NEJ/ ၈ ဇူလိုင် ၂၀၀၈
ရန်ကုန်ရှိ မြို့နယ်အချို့တွင် နာဂစ်မုန်တိုင်း တိုက်ပြီး (၂) လကျော်ပြီ ဖြစ်သော်လည်း တယ်လီဖုန်း လိုင်းများ မရရှိသေးကြောင်း သိရသည်။
ပြည်လမ်းပေါ်ရှိ (၇) မိုင်၊ သလ္လာဝတီလမ်းမှ လမ်းသူလမ်းသားအချို့က “ဒီနေရာမှာ နေတာ တွေက နအဖနဲ့ ပတ်သက်တဲ့ ထိတ်ထိတ်ကျဲတွေ နေတာ။ လုံးချင်းတွေကလည်း နိုင်ငံခြားသား တွေ ငှားထားတာတွေရှိတယ်။ တယ်လီဖုန်းလိုင်းကို ဘာကြောင့် လာမပြင်လည်းဆိုတာ စဉ်းစား လို့မရဘူး။ သူတို့နဲ့ ပတ်သက်တဲ့သူတွေမှာက ဟမ်းဖုန်းတွေနဲ့ စကားပြောနိုင်တယ်လေ။ ကျမတို့ အထင်ကတော့ နိုင်ငံခြားသားတွေက အင်တာနက်လိုင်းချိတ်ပြီး အင်တာနက်သုံးတယ်။ ဒီအတွက် ဒီတယ်လီဖုန်းလိုင်းတွေကို ပြင်မပေးတာလို့ ထင်တယ်” ဟု ပြောသည်။

နအဖ၏ နေ့စဉ်ထုတ် သတင်းစာမှ ယခုလ (၆) ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန် ရှိ တယ်လီဖုန်း လိုင်းများအားလုံး ရာနှုန်းပြည့်နီးပါး အသုံးပြုနိုင်ပြီး ချွတ်ယွင်းနေဆဲ ဖုန်းများကို တအိမ်ချင်း အမြန်ဆုံး ပြုပြင်ပေးမည်ဟု ဖော်ပြထားသည်။ ထို့အပြင် တယ်လီဖုန်းသုံးစွဲသူများက မိမိတယ်လီဖုန်း ချွတ်ယွင်းနေဆဲဖြစ်ပါက (၁၀၆)၊ (၁၀၂) နှင့် ဖက်စ် ၃၉၂,၂၄၄ ကို ဆက်သွယ် အကြောင်းကြားပါဟု ကြေညာချက်တွင် ပါရှိသည်။

“(၁၀၆) ကို ဆက်တာ အခါတရာလောက် ရှိနေပြီ။ အဲဒီ (၁၀၆) ဟာ နေပြည်တော်ကလို့ ပြော တာပဲ။ ဘာမှမထူးဘူး၊ နောက်ဆုံးတော့ ပိုက်ဆံပေးပါမယ်ဆိုတာတောင် လာမလုပ်ပေးဘူး။ ဘယ်ကို တိုင်လို့ တိုင်ရမှန်း မသိဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တော့တယ်” ဟု ကြည့်မြင် တိုင်မြို့နယ် သရက်တောရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ဖုန်းလိုင်းကောင်းသည့် နေအိမ်များတွင်လည်း မကြာခဏ ဖုန်းပျက်နေကြောင်း ကျောက်တံတား မြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။

အနော်ရထာလမ်းရှိ စတိုးဆိုင်တဆိုင်မှ တာဝန်ရှိသူကလည်း “နာဂစ်မုန်တိုင်းအပြီး (၁၅) ရက် လောက်မှာ ဖုန်းပြန်ရတယ်။ လက်ဖက်ရည်ဖိုး ပိုက်ဆံ (၅,၀၀၀) ကျပ် ပေးလိုက်တယ်။ ဒါပေမယ့် အခု ဖုန်းက မကြာ မကြာ ပျက်တယ်၊ မြို့နယ်ဖုန်းလိုင်းတာဝန်ရှိသူက လုံးဝ မပျက်စေဖို့
တာဝန်ယူတယ်။ တနှစ်စာ လိုင်းကြေး (၅၀,၀၀၀) ကျပ် ပေးရင် ရမယ်လို့ ပြောတယ်” ဟုပြောသည်။

(၃၁) လမ်းရှိ လက်ဖက်ရည် အရောင်းဆိုင် တဆိုင်တွင် ပြီးခဲ့သည် (၁၅) ရက်ခန့်က ဖုန်းလိုင်း ပျက်၍ သက်ဆိုင်ရာ ဖုန်းရုံးကို အကြောင်းကြားသော်လည်း လာရောက်မပြင်သဖြင့် လိုင်းပြင် သူကို ခေါ်ယူခဲ့ရာ လုံးဝမပျက်စေရန် တာဝန်ယူသည်ဟုဆိုကာ လိုင်းကြေးငွေ (၅၀,၀၀၀) ကျပ် တောင်းသဖြင့် (၃၅,၀၀၀) ကျပ်နှင့် ဈေးဆစ်ပေးလိုက်ရကြောင်း ဆိုင်ပိုင်ရှင်က ပြောသည်။
ရန်ကုန်တွင် တယ်လီဖုန်းလိုင်းများ မကြာခဏပြတ်ကာ ပြန်ပြင်ရန် လိုင်းပြင်သူကို ခေါ်ပါက တခါမှမပျက်စေရန် တနှစ်စာ လိုင်းကြေးငွေ တောင်းခံမှု မြို့နယ်တိုင်းတွင် ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။ ။
Exchange Rate
US 1 $ = 1190 Ks
Thai Bht 1= 35.00 Ks

7 July 2008
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် ကော့သောင်း ရောက်လာသူများအတင်းအကျပ် ပြန်ပို့ခံရ
ကျော်ထင်/ ၈ ဇူလိုင် ၂၀၀၈
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ရန် ရည်ရွယ်ပြီး အနယ်နယ်အရပ်ရပ်မှ ရောက်လာသူများအား ပြီးခဲ့သည့်လများမှ စ၍ ကော့သောင်းမှ မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဟားခါးသင်္ဘောဖြင့် လူ (၅၀) ကျော်ခန့်ကို ပို့ဆောင်လိုက်သည်။

ပြန်ပို့ခံရသူများသည် ကော့သောင်းမြို့သို့ လေယာဉ်၊ သင်္ဘော၊ ကားလမ်းများမှတဆင့် ၀င်ရောက် လာသူများဖြစ်ကြပြီး ပြန်ပို့ခြင်းမခံရမီ မြို့ပေါ်ရှိ ရယကရုံး၊ ကြံဖွံ့ရုံးများတွင် ထိန်းသိမ်းခြင်း ခံထားရသူများဖြစ်သည်။

ယနေ့ ပြန်ပို့ခံရသူများထဲမှ တဦးကို ငွေဖြင့် ရွေးထုတ်လာသူ ကော့သောင်းမြို့ခံက “မနက် (၅) နာရီကို သင်္ဘောဆိပ်အရောက်ဆိုပြီးတော့ သူတို့ပြောထားတယ်လေ။ ဒီက ပတ်သက်တဲ့လူတွေက ကိုယ့်လူတွေကို ရွေးထုတ်လို့ ရလိုရငြားသွားတာ၊ ရဲကို အဖမ်းခံထားရတဲ့သူ သူ့နာမည်နဲ့ အဖေ နာမည် ပြောလိုက်တော့ ခေါ်ချလာတယ်။ အဲဒါ ဗမာငွေ (၂) သောင်း ပေးလိုက်ရတယ်လေ” ဟု ပြောသည်။

ဖမ်းဆီးပြန်ပို့မှုများ ပိုမိုများပြားလာသဖြင့် မြိတ်မြို့မှ ကားလမ်းဖြင့် လာသူများသည် ကော့သောင်း သို့ မရောက်မီ (၁၀) မိုင်ကျော်ခန့်တွင် ကားပေါ်မှ ဆင်းကာ ဆိုင်ကယ်တက္ကစီများဖြင့် ကော့ သောင်းသို့ ၀င်ရောက်နေကြကြောင်း သိရသည်။

အဆိုပါ ကော့သောင်းမြို့ခံက “မရောက်ခင် (၁၀) မိုင်၊ (၁၅) မိုင်လောက်ကနေပြီး ဆိုင်ကယ် သမားတွေက အုပ်စုဖွဲ့ပြီး စောင့်နေကြတယ်။ ကားရပ်ပေးတာနဲ့ ဆိုင်ကယ်သမားတွေက သူဆွဲ ငါဆွဲနဲ့လေ၊ သူ့လူ ကိုယ့်လူ အတင်းခေါ်ကြတာပေါ့။ လမ်းမှာတွေ့တဲ့ ဂိတ်တွေကိုပါ ရှင်းဖို့အတွက် ဆိုင်ကယ်သမားကို တခါတည်း ပေးရတယ်လေ။ ကျနော့်အိမ်ကို မနေ့က ရောက်လာတဲ့ လူငယ် (၂) ယောက်ဆိုရင် ဆိုင်ကယ်ခ (၃) သောင်းခွဲစီ ပေးလိုက်ရတယ်” ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ ၀င်ရောက်မည့်သူများကို နည်းမျိုးစုံနှင့် တားဆီးနေသော်လည်း အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကြောင့် လူကုန်ကူးမှုကို တိုက်ဖျက်၍ မရနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီအရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဦးမြင့် ဝေက ပြောသည်။
၎င်းက “အခုက လူကုန်ကူးမှု တိုက်ဖျက်တာ အကြောင်းပြပြီး မတရားတဲ့နည်းနဲ့ ပိုက်ဆံစားခွင့် အခွင့်အလမ်းကို ဖန်တီးပေးထားတာနဲ့ အတူတူပဲပေါ့။ ဧပြီလက ကားပေါ်မှာ (၅၄) ယောက် လေမွန်းလို့ သေတဲ့နောက်ပိုင်းကျမှ နိုင်ငံတကာကလည်း လူကုန်ကူးမှု ဥပဒေနဲ့ ပြင်းပြင်း ထန် ထန် ကိုင်တွယ်ပြီး အားလုံးက သူတို့ကိုလည်း အပြစ်တင်တဲ့အခါကျတော့ သူတို့က အဲဒါကို
ထပြီး ဖြေရှင်းဖို့ ကြိုးစားတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းကလည်း ရနောင်းမှတဆင့် ထိုင်းနိုင်ငံ ဖူးခက်ဒေသသို့ ခိုးဝင်လာသည့် မြန်မာ (၅၄) ဦး ကားနောက် အအေးခန်းတွင်း အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ အလားတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ လူမှောင်ခိုသွင်းပြီး နယ်စပ်တနေရာရာတွင် အကြောင်းအမျိုး မျိုးဖြင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ။

၂၀၀၆ ခုနှစ်ထက်လျော့လာ
NEJ/ ၈ ဇူလိုင် ၂၀၀၈
ထိုင်းနိုင်ငံအတွင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စုစုပေါင်းဦးရေသည် ယခုနှစ် မေလကုန် အထိ (၁) သိန်းခွဲခန့် ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် တီဘီဘီစီခေါ် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး ၂၀၀၆ ခုနှစ် စာရင်းထက် (၁) ရာနှုန်းနီးပါး လျော့နည်းသွားသည်။

ထိုင်းနိုင်ငံရှိ ပြည်နယ် (၅) ခုမှ မြန်မာဒုက္ခသည် အရေအတွက် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပြီး မဲဟောင်ဆောင်ပြည်နယ်တွင် မြန်မာဒုက္ခသည် ပိုများလာသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များမှာ ချင်းမိုင်ပြည်နယ်အတွင်း စခန်း (၁) ခု၊ မယ်ဟောင်ဆောင်ပြည်နယ်အတွင်း စခန်း (၄) ခု၊ တာ့ခ်ပြည်နယ်အတွင်း စခန်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် စခန်း (၁) ခုစီတို့ ဖြစ်ကြ ပြီး ဒုက္ခသည်ဦးရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များတွင် ကရင်လူမျိုး အများစုဖြစ်ပြီး (၆၁) ရာခိုင်နှုန်းရှိကာ ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၁) ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကရင်နီလူမျိုးသည် ဒုတိယ အများဆုံးဖြစ်ပြီး (၁၇) ရာခိုင်နှုန်း ရှိသဖြင့် ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၄) ရာခိုင်နှုန်း တိုးလာသည်။

နေရာဒေသအားဖြင့် ပဲခူးတိုင်းမှ (၆) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှ (၁) ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ (၂) ရာခိုင်နှုန်း အသီးသီးဖြစ်သည်ဟု ဖော်ပြထားသည်၊ ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှလည်း လာရောက် သူများရှိပြီး (၂) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း၌ တာ့ခ်ပြည်နယ်အတွင်းရှိ မဲလစခန်းသည် လူဦးရေအများ ဆုံးဖြစ်ပြီး (၃၈,၀၀၀) ဦးကျော်ရှိသည်။ ဒုတိယအများဆုံးမှာ မယ်ဟောင်ဆောင်ပြည်နယ်အတွင်းရှိ ဘန်းနိုင်းစွိုင်စခန်းဖြစ်ပြီး (၁၉,၀၀၀) ဦးကျော်ရှိသည်။ မွန်ဒုက္ခသည် ပြန်လည်နေရာချထားရေး စခန်း (၄) ခုရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ (၉,၄၈၉) ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ဒုက္ခသည် စုစုပေါင်း၏ (၅) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီက ဖော်ပြသည်။

ယခင်လကုန်က ထုတ်ပြန်သည့် တီဘီဘီစီ စာရင်း၌ (ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ/ မတင်ထားသူ) ကျောင်းသူ/သားများ အပါအ၀င် စခန်းအတွင်း နေထိုင်သူအားလုံး ပါဝင်ပြီး စခန်းပြင်ပ၌ ခေတ္တ (သို့) အမြဲတမ်း နေထိုင်သူများ ပါဝင်ခြင်းမရှိပေ။

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ကလည်း မြန်မာဒုက္ခသည် အရေအတွက်ကို ယခင်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းအတွင်း၌မူ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများ၊ ဆိုင်းငံ့ခံထားရသော ပီအေဘီများနှင့် ကျောင်းသူ/သား အချို့ပါဝင်သည်။ သို့သော် ထပ်မံရောက်ရှိလာသော ဒုက္ခသည်များ မပါဝင်ပေ။
၎င်း၏ ထုတ်ပြန်ချက်အရမူ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မြန်မာဒုက္ခသည် အရေအတွက်မှာ (၁၂၅,၅၀၀) ဦးသာ ဖြစ်သည်။ ယင်းအပြင် အဆိုပါဒုက္ခသည်များအတွင်း၌ အမျိုးသမီး (၆၁,၆၁၆) ဦးနှင့် အမျိုးသား (၆၃,၈၈၄) ဦး ရှိကြောင်းလည်း ဖော်ပြသည်။ ။

နိုင်ငံတကာဝန်ထမ်းများ ဗီဇာရရှိရေးနှင့် ပြည်တွင်းသွားလာခွင့် ယခုထိ မချောမောသေး
UNOCHA/ ၈ ဇူလိုင် ၂၀၀၈
နိုင်ငံခြား NGO များ ဗီဇာရရှိရေးကိစ္စနှင့် မုန်တိုင်းသင့် ဒေသများသို့ ခရီးသွားလာခွင့်များ ယခု အချိန်အထိ အခက်အခဲ ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇူလိုင် (၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇွန် (၂၀) ရက်ကတည်းက နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ၏ ဗီဇာကိစ္စများ၊ ဗီဇာ သက်တမ်းတိုးကိစ္စများကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့မှ လုပ်ကိုင်ဆောင်ရွက်ပေးနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် (၇) ရက်နေ့အထိ ကုလသမဂ္ဂ၀န်ထမ်း (၃၁၇) ဦးကို ဗီဇာချပေးခဲ့ပြီး (၁၃) ဦးမှာ ဆိုင်းငံ့ထားခြင်းခံရသည်။ ဗီဇာများမှာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့သို့ ပို့ပေးပြီး (၂) ရက် (၃) ရက်အတွင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗီဇာအများစုမှာ အနည်းဆုံး နေထိုင်ခွင့် (၂) ပတ်နှင့် (၁) ကြိမ်သာ
ဝင်ခွင့်ပြုသည်။ ဗီဇာရရှိသူ ပြည်တွင်းရောက်မှသာ လျှောက်လွှာတင်ပြီး သက်တမ်းတိုးခွင့်ပြုသည်။

သို့သော် မေ (၅) ရက်မှ ဇွန် (၃၀) ရက်အတွင်း ကုလသမဂ္ဂ၀န်ထမ်းများ၊ NGO များမှ ၀န်ထမ်း များနှင့် တသီးပုဂ္ဂလများ စုစုပေါင်း (၁,၆၇၀) ဦး ဗီဇာပေးခဲ့သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

နိုင်ငံတကာ ကယ်ဆယ်ရေး ၀န်ထမ်းများအနေဖြင့် မုန်တိုင်းသင့် ဒေသများသို့ ခရီးသွားလာခွင့် များကိုမူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ကြီးကြပ် ဆောင်ရွက်နေသည်။ မုန်တိုင်းထိခိုက်ရာ ဒေသများသို့ သွားရောက်မည့် ခွင့်ပြုချက်ရရန် (၄) ရက်မှ (၅) ရက်အထိ ကြာသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဇူလိုင် (၇) ရက်နေ့အထိ ထိုဒေသများသို့ ကုလသမဂ္ဂ၀န်ထမ်း (၂၇၀) ကျော်နှင့် NGO များမှ နိုင်ငံတကာ ၀န်ထမ်းအတော်များများ ရောက်ရှိပြီးပြီ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။

ထိုအစီရင်ခံစာထဲတွင် စိုက်ပျိုးရေး လိုအပ်ချက်များနှင့် သုံးသပ်ချက်များ ဖော်ပြထားရာတွင် မုန်တိုင်းသင့်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း စုစုပေါင်း (၁၁) မြို့နယ်တွင် သေဆုံးခဲ့ရသည့် ကျွဲနွားတိရစ္ဆာန် အရေအတွက် စုစုပေါင်း (၂၂၇,၂၆၈) ကောင်ရှိပြီး ထိုအထဲမှ (၁၂၂,၅၂၄) ကောင်မှာ လုပ်ငန်းခွင်သုံး ကျွဲနွားများဖြစ်သည်။ အခြားတိရစ္ဆာန်များမှာ ၀က် (၆၆,၀၀၀) ကောင်၊ အိမ်မွေးကြက် (၁,၁၃၄,၀၀၀) ကောင်၊ ဘဲ (၄၉၈,၀၀၀) ကောင်နှင့် ဆိတ် (၇,၀၀၀) ကောင်တို့ ဖြစ်ကြသည်။

မုန်တိုင်းဒဏ် အထိအနာဆုံး ဒေသများဖြစ်သည့် လပွတ္တာနှင့် ဘိုကလေးမြို့နယ်တို့တွင် ကျွဲနွား အရေအတွက် သေဆုံးမှုမှာ လပွတ္တာ၌ (၇၀) ရာခိုင်နှုန်းကျော်နှင့် ဘိုကလေးမြို့၌ (၅၁) ရာခိုင်နှုန်း ကျော်အထိ ရှိကြသည်။ ထို့အပြင် ကျွဲနွားများအတွက် အစားအသောက်များဖြစ်သည့် ကောက်ရိုး နှင့် အခြားစားရိက္ခာများ ရေတွင် ပါသွားခြင်းရှိသကဲ့သို့ ဆားငံရေ ၀င်ခြင်းကြောင့် သုံးမရ ဖြစ်သွား သည်များလည်း ရှိသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားပြီး ကျွဲနွားများ နေစရာ တင်းကုပ် များနှင့် စားခွက်များလည်း ပျက်စီးသွားရသည်ဟု ဆိုသည်။

ကျောင်းများ ပြုပြင်ရေးနှင့် ယာယီကျောင်းများ ဆောက်လုပ်ရာတွင် ဦးစီးလုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြို့နယ်ပညာရေးမှူးတို့ အကြားရှိ ဆက်သွယ်ရေးနှင့် ညှိနှိုင်းရေး တို့မှာလည်း ယခုအချိန်အထိ ဆက်လက် စောဒက တက်နေရဆဲဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြို့နယ်ပညာရေးမှူးနှင့် ပုဂ္ဂလိကကုမ္ပဏီများအကြား သတင်းဆက်နွယ်မှုများ လိုအပ်နေသော ကြောင့် အချို့နေရာများတွင် လုပ်ပြီးသားကိစ္စကို ထပ်မံပြုလုပ်မိသောကြောင့် အခြေခံအရင်း
အမြစ် ဆုံးရှုံးမှုများ ရှိလာရသည်။ ပုဂ္ဂလိကကုမ္ပဏီများမှာ ပညာရေးဝန်ကြီးဌာနနှင့် စာချုပ် ချုပ်ဆိုထားခြင်းမျိုး မရှိသောကြောင့် ပညာရေးဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်ရာတွင် ပိုမို၍ အခက်ကြုံနေရသည်။
ကုမ္ပဏီများ ဆောက်လုပ်နေကြသော ကျောင်းများစာရင်းကို သိရှိရန်အတွက် ထိုကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်သွယ်မှု ရရှိရေးသည်လည်း လိုအပ်နေသေးသည်။ ပိုဆိုးသည်မှာ ထိုကုမ္ပဏီများ သည် လိုအပ်ချက်များကို ကျောင်းများ ဆောက်လုပ်ပြီးစီးချိန်အထိ သေသေချာချာ မသိရှိကြခြင်း ပင်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

ယူနီဆက်ထောက်ပံ့နေသည့် မုန်တိုင်းသင့်မြို့နယ်များတွင် ကျောင်း (၁,၅၀၀) ပျက်စီး
NEJ/ ၈ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် စုစုပေါင်း (၁,၄၃၅) ကျောင်းရှိသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဇူလိုင် (၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါမြို့နယ်များမှ ပျက်စီးသည့် ကျောင်းအရေအတွက်မှာ ယူနီဆက်အဖွဲ့မှ ထောက်ပံ့နေသည့် မြို့နယ်များရှိ ကျောင်းအပျက်အစီး စာရင်းဖြစ်သည်။
ယူနီဆက် ထောက်ပံ့နေသည့် မြို့နယ်များရှိ ပျက်စီးကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်တွင် (၁,၂၀၈) ကျောင်းရှိပြီး ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် (၂၂၇) ကျောင်းရှိသည်။
ဧရာဝတီတိုင်းတွင် ဘိုကလေးမြို့နယ်မှာ (၂၉၂) ကျောင်း ပျက်စီးသွားပြီး ကျောင်းအများဆုံး ပျက်စီးသည့် မြို့နယ်ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်မှာ ကျောင်းအများဆုံး ပျက်သည့် မြို့နယ်ဖြစ်သည်။

ချင်းတွင်းမြစ်ရေကြီး ရေဘေးဒုက္ခသည်များ မော်လိုက်နှင့် ခန္ဓီးတွင် ပိုများလာ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 15:03 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေ ထပ်မံမြင့်တက်နေပြန်ရာ ခန္ဓီးနှင့် မော်လိုက်မြို့များတွင် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ ယနေ့ ပိုမိုများပြားလာသည်။

မြန်မာပြည်အနောက်ပိုင်း စစ်ကိုင်းတိုင်းရှိ မြို့များအနက် ခန္ဓီးတွင် မြေနိမ့်ရာဒေသများမှ ပြောင်းရွှေ့လာသော အိမ်ထောင်စု ၆၁ စုသည် အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁ တွင်လည်းကောင်း၊ အိမ်ထောင်စု ၂၂ စုသည်
ပေါ်မိုင်းဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ မိသားစု ၁၀ စုသည် မူလတန်းကျောင်း အမှတ် ၃ ကျောင်းနှင့် အိမ်ထောင်စု ၅ စုသည် အလယ်တန်းကျောင်းတကျောင်းတွင် ခိုလှုံနေထိုင်နေကြရသည်။
မော်လိုက်တွင် အိမ်ထောင်စု ၆၈ စုသည် မြို့နယ်ခန်းမ၊ မူလတန်းကျောင်းအမှတ် ၁ နှင့် အားကစားကွင်းတခုတွင် အစုခွဲ ခိုလှုံနေထိုင်နေကြရသည်။
လူအသေအပျောက်နှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်ခြင်း မရှိသော်လည်း နောက်ထပ် ရေတက်လာနိုင်သေးကြောင်း အခင်းဖြစ်ရာဒေသအနီးရှိ မိုးလေ၀သစခန်းမှ အရာထမ်းတဦးက ပြောသည်။
ဟုမ္မလင်းတွင် ရေအမြင့် ၃၀၂၁ စင်တီမီတာ ဖြစ်နေရာ စိုးရိမ်ရေမှတ်ထက် ၁၂၁ စင်တီမီတာပိုမိုမြင့်တက်နေပြီး၊ ခန္ဓီးတွင် ၁၄၈၀ စင်တီမီတာဖြစ်နေပြီး စိုးရိမ်ရေမှတ်ထက် ၁၂၀ စင်တီမီတာဖြစ်ကာ ကလေးဝတွင် စိုးရိမ်ရေမှတ်ထက် ၁၂၄ စင်တီမီတာပိုမို ရောက်ရှိနေသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနေကြောင်း မြန်မာ့မိုးဇလက ထုတ်ပြန်ထားသည်။ ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံမိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု ပါရှိသည်။
မုတ်သုန်မိုးကြောင့် ချင်းတွင်းမြစ်ရေကဲ့သို့ပင် စစ်တောင်းမြစ်လည်း ရေတက်လျှက်ရှိရာ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၁၀၇၀ စင်တီမီတာအထက် ရေအမြင့်တည်ရှိလျှက်ရှိမည်ဖြစ်သည်ဟု မိုးဇလ၏ ယမန်နေ့နေစွဲနှင့် ထုတ်ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်းက ဖော်ပြထားသည်။

၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထက်ဝက်လျှော့ချရေး စက်မှုထိပ်သီးများ သတ်မှတ်
08 July 2008
သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တ၀က်ထိလျှော့ချဖို့ ရည်မှန်းချက်တရပ်ကို G-8 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေ သဘောတူချမှတ်လိုက်ကြပါပြီ။
G-8 အစည်းအဝေးကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး နိုင်ငံမြောက်ပိုင်းကဟော့ကိုင်းဒိုးကျွန်း အပန်းဖြေစခန်းမှာ ကျင်းပ
နေတာပါ။ သဘောတူညီချက်ကို အိမ်ရှင်ဂျပန်ဝန်ကြီးချုပ် ယဆုအို့ ဖုကုဒ (Yasuo Fukuda) က ဒီကနေ့ ကြေညာခဲ့တာဖြစ်ပါ
တယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို ရှေးရှုပြီး နိုင်ငံတခုချင်းစီဟာ သတ်မှတ်ကာလ တ၀က်အတွက် သူတို့ရဲ့ကိုယ်ပိုင် အားကောင်းတဲ့ ရည်မှန်းချက်တွေကို ချမှတ်နိုင်ရေး သဘောတူညီချက်က ခွင့်ပြုထားတယ်လို့ မစ္စတာဖုကုဒက
ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ အိန္ဒိယနဲ့ တရုတ်လို တိုးတက်လာနေတဲ့ နိုင်ငံတွေလည်းဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ သဘောတူရမယ်ဆိုတဲ့အမေရိကန်သမ္မတဘုရှ် (Bush) ရဲ့ တောင်းဆိုချက်နဲ့ လိုက်လျောညီထွေရှိတယ်လို့
မစ္စတာဘုရှ်ရဲ့ ပတ်ဝန်းကျင်ရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဂျင်မ် ကွန်နော်တန်ကပြောပါတယ်။

အီရန် နျူကလီးယား ဖျက်သိမ်းရေး နိုင်ငံတကာ၏ ကမ်းလှမ်းချက်အသစ်
08 July 2008

အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ မစ္စတာ ဟာဗီးယား ဆိုလားနား။ ဇွန် ၁၄၊ ၂၀၀၈။
အီရန် နျူကလီးယားအစီအစဉ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းကို ဖျက်သိမ်း၊ ရုပ်သိမ်းပေးရင်ဘဏ္ဍာရေး၊ သံတမန်ရေး ကူညီပံ့ပိုးမှုတွေ
ပေးမယ်လို့ နိုင်ငံတကာက ကမ်းလှမ်းထားမှုအပေါ်မှာ ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာ အီရန်အရာရှိတွေကြားမှာ အငြင်းအခုံ ဖြစ်နေပုံရတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က ပြောဆိုခဲ့ပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ
ပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack)က မနေ့ကပြောကြားခဲ့ရာမှာ နိုင်ငံတကာက မက်လုံးပေး ကမ်းလှမ်းမှုတွေအပေါ် အီရန်ဘက်က အစပျိုးတုံ့ပြန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့အကောင်းဆုံးတုံ့ပြန်မှု ပေးရေးအတွက် အီရန်အရာရှိတွေ အလေးအနက် ဆွေးနွေးခဲ့ကြတာကို လတ်တလော အီရန်ရဲ့ ကြေညာချက်တွေက ညွှန်ပြခဲ့တာဖြစ်တယ်လို့
မက်ကောမက်က ဆိုပါတယ်။နိုင်ငံတကာ မက်လုံးပေးကမ်းလှမ်းမှုကို အီရန်ရဲ့ အကြောင်းပြန်ကြားချက်ကို အီရန်က
ဥရောပသမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဟာဗီးယား ဆိုလားနား(Javier Solana) ကို သောကြာနေ့က ပေးအပ်ခဲ့ပါတယ်။ အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းအရာရှိ
ကြီးတွေ ဗွီဒီယိုကွန်ဖရင့်နဲ့ အီရန်ရဲ့တုံ့ပြန်ချက်အပေါ် မနေ့က ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့လည်း မက်ကောမက်က ဆိုပါတယ်။
အီရန်ရဲ့တုံ့ပြန်ချက်ဟာ ရှုပ်ထွေးပြီး ခက်ခဲတယ်လို့ အီးယူ မူဝါဒရေးရာ အကြီးအကဲ
မစ္စတာဆိုလားနားက ပြောပါတယ်။ ဒီလမကုန်ခင် သူ့အနေနဲ့ အီရန် နျူကလီးယား
ဆွေးနွေးညှိနှိုင်းရေးမှူး ဆာယိဒ် ဂျာလီလီ (Saeed Jalili) နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်
တယ်လို့လည်း မစ္စတာဆိုလားနားက ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုအကြောင်း စက်မှုထိပ်သီးညီလာခံ၌ အဓိက ဆွေးနွေးမည်
08 July 2008
G 8 ခေါ် ကမ္ဘာ့စက်မှုထွန်းကား ၈ နိုင်ငံ ထိပ်သီးစည်းဝေးပွဲ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်လာတဲ့အခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကိစ္စ အာရုံစိုက် ဆွေးနွေးဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။
ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ရေး သဘောတူညီချက် လက်ခံလာအောင် သမ္မတဘုရှ်အားဖိအားပေးကြဖွယ်ရှိတယ်လို့ အကဲခတ်သမား
များက ထင်ကြေးပေး တွက်ဆနေကြပါတယ်။အလုပ်ဖြစ်မယ့် သဘောတူညီချက်ရရှိရေး ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးကို သဘော
တူညီချက်မှာ ထည့်သွင်းတဲ့အခါ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ
တို့လည်း ဘယ်လိုသဘောတူညီချက်မှာမဆို ပါဝင်ရလိမ့်မယ်လို့ သမ္မတဘုရှ်က ပြောဆို
ထားပြီးဖြစ်ပါတယ်။ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းက G 8 ထိပ်သီးစည်းဝေးပွဲ အဖွင့်နေ့မှာတော့ အာဖရိကတိုက်ရဲ့ အထောက်အပံ့ကိစ္စများကိုသာ အချိန်ပေးပြီး အဓိကထား ဆွေးနွေးသွားပါတယ်။ G 8 ထိပ်သီးစည်းဝေးပွဲမှာ ဇင်ဘာဘွေနိုင်ငံအပေါ် တိုးပြီး ဒဏ်ခတ်အရေးယူဖို့ကိစ္စ တက်လာတဲ့အခါ အာဖရိကခေါင်းဆောင်တွေအကြား သဘောထားအမျိုးမျိုးကွဲပြားနေပါတယ်။
ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ သမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) တယောက်တည်းပြိုင်ပြီး တယောက်တည်း အနိုင်ယူကာ အာဏာ
ဆက်ပြီး ယူထားတာဟာ စိတ်ပျက်စရာပဲလို့ သမ္မတဘုရှ်က ပြောဆိုလိုက်ပြီး အာဖရိက
သမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ တန်ဇန်နီးယားနိုင်ငံ သမ္မတကတော့ ဇင်ဘာဘွေနိုင်ငံအပေါ်
ဒဏ်ခတ်အရေးယူမှာကို ဆန့်ကျင်ကြောင်း သတင်းထောက်များအား ပြောဆိုပါတယ်။