Wednesday, July 9, 2008

ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ခေတ်ပြိုင်မေးမြန်းခန်း

၂၀၀၈ ခုနှစ်ကုန်မှစပြီး ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့် ပေးတော့မှာ ဖြစ်ကြောင်း အမျိုးသားညီလာခံ ကိုယ်စားလှယ် တက္ကသိုလ်မြတ်သူက ရန်ကုန်အခြေစိုက် ပေါ်ပြူလာဂျာနယ်သို့ မကြာခင်က ပြောခဲ့သည်။ သို့သော် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲဝင်ခွင့် ရမရကိုမူ တက္ကသိုလ် မြတ်သူက ပြောခဲ့ခြင်း မရှိပေ။ မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုအခြေအနေများနှင့် ပတ်သက်၍ ပြည့်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ အတွင်းရေးမှူး ဦးအေးသာ အောင်ကို ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ဦးအေးသာအောင်က ယခုကဲ့သို့ စတင် ဖြေကြားသည်။

ဖြေ- ဟုတ်ကဲ့… ကျနော့်အမြင် ပြောရမယ်ဆိုရင်... ဒီလို လုပ်လာလိမ့်မယ်လို့တော့ ကြိုတင်ပြီး တော့ ကြားထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘယ်နှလအလို ဘယ်နှလပဲ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ သိပ်စိတ်မ၀င်စားဘူး။ ဘာကြောင့် လည်းဆိုရင် ကျနော်တို့က အခု ပြီးခဲ့တဲ့ referendum အပါအ၀င် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်မ၀င်စားဘူး။ ဘာကြောင့်လည်းဆိုရင် ဒီ Road map အပါအ၀င် အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေဟာ တကယ့် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလို့လည်း မမြင်သလို ဒီလို လုပ်လိုက်တဲ့အတွက်ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ရလိမ့် မယ်လို့လည်း မယုံကြည်ဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံဟာ တကယ့် ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ လိုသလို၊ တိုင်းရင်းသားတွေအပါအ၀င် အမျိုးသားပြန်လည်သင့်မြတ် ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသားလုပ်ငန်းစဉ်တွေကို ချမှတ်ပြီးတော့ သွားမှသာလျှင် အနာဂတ်မှာ တိုင်းပြည်အတွက်ရော ဒီနိုင်ငံမှာရှိကြတဲ့ အများ ပြည်သူအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်လို့ပါ။

မေး- ဟုတ်ကဲ့ခင်ဗျ။ ဦးအေးသာအောင်ပြောသလို မူအားဖြင့် ကြည့်မယ်ဆိုရင်တော့ တွေ့ဆုံ ဆွေးနွေးရေးဟာ ငြင်းပယ်စရာ မရှိတဲ့အချက်ပါပဲ။ စစ်အစိုးရဘက်က လိုက်လျောလာမယ် ဆိုရင်ပေါ့လေ။ သို့သော်… စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ လုံးဝ မဖြစ် နိုင်ဘူး၊ ဆွေးနွေးစရာအကြောင်း မရှိဘူးဆိုတဲ့ အချက်ကိုလည်း သူက အကြိမ်ကြိမ်အဖန်ဖန် တရားဝင် ထုတ်ဖော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ နောက်တချက်ကလည်း နာဂစ်မုန်တိုင်း ဖြစ်နေတဲ့ ကာလမှာပဲ ဇွတ်ရော၊ အဓမ္မရော စစ်အစိုးရဘက်ကနေပြီးတော့မှ သူတို့ သတ်မှတ်ထားတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကို လုပ်တယ်။ တရားမျှတသည်ဖြစ်စေ၊ မမျှတ သည်ဖြစ်စေ၊ သူတို့အောင်မြင်သွားပြီ၊ အတည်ဖြစ်သွားပြီဆိုတဲ့အကြောင်းလည်း ကြေညာထားပြီး ဖြစ်တယ်။ မကြာခင် (၄-၅) လ အလိုမှာလည်းပဲ ပါတီတွေ မှတ်ပုံတင်ရတော့မယ်လို့ ဆိုတဲ့အတွက် အခြေအနေဟာ ကိုယ်တောင်းဆိုထားတဲ့ အခြေအနေ၊ မိမိမယုံကြည်ဘူးဆိုတဲ့ အခြေအနေနဲ့ ဆန့်ကျင်ပြီးတော့ စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ သူချပေးတဲ့ လမ်းကြောင်းနဲ့ ဖြစ်နေတဲ့ အခါကျတော့ ရွေးချယ်စရာဟာ (အထူးသဖြင့် အန်အယ်လ်ဒီပေါ့) ဆရာဦးအေးသာအောင်တို့ ဘက်ကနေ ပြန်ကြည့်သည်ဖြစ်စေ၊ အန်အယ်လ်ဒီဘက်က ပြန်ကြည့်သည်ဖြစ်စေ အန်အယ်လ် ဒီဟာ ရွေးချယ်ဖို့ အချိန် (၅) လ (၆) လပဲ ကျန်တော့တဲ့အတွက် အန်အယ်လ်ဒီရဲ့ ကံကြမ္မာ ဘယ်လိုဆုံးဖြတ်သင့်တယ်လို့ ဦးအေးသာအောင် ယူဆပါသလဲ ခင်ဗျ။

ဖြေ- အန်အယ်လ်ဒီရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ကတော့ အန်အယ်လ်ဒီမှာ တာဝန်ရှိတဲ့ CEC အပါ
အ၀င် ပါတီဝင် ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ဒါ သူတို့တာဝန်ပဲလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောမယ်ဆိုရင်တော့ နအဖက တဖက်သတ်လုပ်ရပ်တွေဟာ တောက်လျှောက်ပေါ့နော်။ လုပ်လာခဲ့တာတွေဟာ အချိန်အနေနဲ့ပဲဖြစ်စေ၊ လုပ်ရပ်အနေနဲ့ပဲဖြစ်ဖြစ် တဖက်သတ် လုပ်ခဲ့တာတွေဟာ တောက်လျှောက်ပါပဲ။ ခုလည်းပဲ referendum အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဟာလည်း တဖက်သတ်လုပ်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တဖက်သတ်လုပ်ရပ် မှန် သမျှကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေက တောက်လျှောက်လိုက်လာခဲ့တာဖြစ်တယ်။ ဒီတော့ ဒီနေရာမှာ ကျနော့်အနေနဲ့ အရင့်အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ဒီလို တဖက်သတ် လုပ်သမျှကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေက လုပ်နေကြမှာလား။ လိုက်နေကြမှာလား။ တကယ်တိုင်းပြည်မှာ လိုအပ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုကော ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဖြစ်မြောက်အောင် လုပ်ဖို့၊ ကြိုးစားဖို့ မလိုဘူးလားလို့ ကျနော့်အနေနဲ့ နိုင်ငံရေးသမားတွေကိုရော၊ နိုင်ငံရေးပါတီတွေကိုရော ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ နအဖဘက်က ဘယ်လိုဖြစ်ဖြစ် တဖက် သတ်လုပ်လာမယ့် လုပ်ရပ်တွေအပေါ်မှာတော့ ကျနော်တို့က လက်မခံတဲ့အပြင် ရှေ့ဆက်ပြီး တော့လည်းပဲ တိုင်းပြည်မှာ တကယ်ဖြစ်သင့်တဲ့ တကယ်လိုအပ်တဲ့ အခြေအနေအရပ်ရပ်တွေ ပေါ်ပေါက်လာအောင် တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်။

မေး- နောက်တချက်က အရေးကြီးတဲ့အချက်က စီအာပီပီ ကဏ္ဍပေါ့နော်။ ဦးအေးသာအောင်တို့ရဲ့ စီအာပီပီဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီလို့ ကျနော်တို့ နားလည် ထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်တရပ် မပေါ်ပေါက်မချင်း အဲဒီလွှတ်တော်ရဲ့ကိုယ်စား ဆောင်ရွက်ဖို့ဆိုပြီး တော့မှ ကြေညာထားတဲ့အတွက် အခု စစ်အစိုးရက သူ ရွေးကောက်ပွဲ ၂၀၁၀ မှာလုပ်မယ်။ နောက် မကြာခင် လွှတ်တော် ခေါ်တော့မယ် ဆိုတဲ့အခါကျတော့ စစ်အစိုးရ ခေါ်မယ့် လွှတ်တော်ဟာ
(၂) နှစ်ကျော်ကျော်လောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်ဟာ စီအာပီပီရဲ့ လွှတ်တော်နဲ့ သွားပြီးတော့ တိုက်ဆိုင်နေမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ စီအာ
ပီပီဟာ ဆက်လက်ပြီး တည်တံ့နေဦးမှာလား။ ဒါမှမဟုတ် စီအာပီပီရဲ့ အနာဂတ်ကိုရော ဘယ်လို ဆုံးဖြတ်ပါလဲ ခင်ဗျ။

ဖြေ- ဒီနေရာမှာ ကျနော် အလေးအနက်ထားပြီး ပြောချင်တာက မြန်မာနိုင်ငံမှာ အာဏာကို ရယူထားတဲ့ နအဖအစိုးရက ကျင်းပခဲ့တဲ့ ၉၀ ရွေးကောက်ပွဲဆိုတာ တရားလည်း ၀င်ပါတယ်။ တရားမျှမှုလည်းရှိပြီးတော့ အသိအမှတ်ပြုမှုဖြစ်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲရလဒ်ကို တစုံတရာ အကောင်အထည် မဖော်ဘဲနဲ့ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာဟာလည်း နိုင်ငံနဲ့ လူမျိုးအတွက် သိက္ခာလည်းကျတယ်။ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အတူ ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာဟာလည်းပဲ တကယ်တော့ ကျနော်တို့ရဲ့ စိတ်ဆန္ဒနဲ့ ဖော်ဆောင် ထားတာမဟုတ်ဘဲနဲ့ တကယ့်ရွေးကောက်ပွဲရဲ့ ရလဒ်က ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို တစုံတခု အကောက်အထည်မဖော်ဘဲနဲ့ သွားမယ်ဆိုရင် စီအာပီပီ အပါအ၀င် လွှတ်တော် ရွေးကောက်ပွဲနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကလည်းပဲ တစုံတခု အတိုင်းအတာအထိ ရှိနေလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ ယုံကြည်ပါတယ်။

မေး- အဲဒီ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ တစုံတရာ အတိုင်းအတာထိ ရှိနေမယ်ဆိုတာ ဟာ အချိန်ကာလအားဖြင့် လပိုင်းပဲ ကျန်ပါတော့တယ်။ နောက် ပါတီတွေ မှတ်ပုံတင်တော့မယ် ဆိုတဲ့အချိန်မှာ အန်အယ်လ်ဒီ မှတ်ပုံမတင်ခဲ့ရင် အန်အယ်လ်ဒီပါတီဟာ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကနေ လျော့ကျပြီးတော့မှ တဖြည်းဖြည်းနဲ့ ပါတီ ဖျက်သိမ်းခံရနိုင်တယ်။ မှတ်ပုံတင် လိုက်ပြန်ရင်လည်းပဲ အန်အယ်လ်ဒီအနေနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်း ပြီးသား ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ရန်ကုန် အန်အယ်လ်ဒီအဖွဲ့ဝင်တချို့ကိုယ်တိုင်က ယူဆနေတဲ့ သဘောလည်းရှိတယ်။ အတိုက်အခံတချို့ကလည်း ယူဆပါတယ်။ ဦးအေးသာအောင် ဘယ်လို မြင်ပါသလဲခင်ဗျ။

ဖြေ- ဒီနေရာမှာ တနည်းအားဖြင့် အန်အယ်လ်ဒီပါတီဟာ အဖျက်ခံရမယ်၊ မခံရဘူးဆိုတာကတော့ နအဖရဲ့ ခွဲခြားသတ်မှတ်တဲ့ ဥပဒေတွေပေါ်မှာ တည်ပါလိမ့်မယ်။ တကယ်တော့ တရားဝင်ပါတီ တရပ်ကို ဖျက်ဖို့ဆိုတာဟာ ကျနော်တို့ အမြင်အရ ပြည်သူတွေရဲ့ ဆန္ဒမဲအပေါ်မှာ တည်သလား။ ဒါမှမဟုတ်ဘဲနဲ့ နအဖကပြုလုပ်မယ့် ဥပဒေပေါ်မှာ တည်သလားဆိုတာကတော့ ဒီနေ့ နအဖက ကျင့်သုံးနေတဲ့ ဥပဒေတွေရဲ့ အပေါ်ကနေပြီးတော့ ကျင့်သုံးနေတဲ့အပေါ်မှာ တနည်းအားဖြင့် တည်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တည်ရှိ လာတဲ့ အန်အယ်လ်ဒီဆိုတာဟာ နအဖက ဖျက်သိမ်းလိုက်သည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ပေါ်မှာ ရှိနေမှာပါ။ ဒါကြောင့်မို့လို့ တကယ်လို့ နိုင်ငံရေးအရ အန်အယ်လ်ဒီဟာ ရပ်တည်သွားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရပ်တည်လို့ ရတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းတခုက စီအာပီပီနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲ လုပ်တော့မယ်။ ပြီးရင် ပထမအကြိမ် လွှတ်တော်ခေါ်မယ်။ ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာမှာ ပထမအကြိမ်လွှတ်တော် ခေါ်မယ်လို့ အတိအလင်း ကြေညာထားတဲ့အတွက် စီအာပီပီသည် စင်ပြိုင်လွှတ်တော် နှစ်ရပ်အဖြစ် မရှိသင့်တဲ့အတွက် စီအာပီပီကို ဖျက်သိမ်းပါလို့ စစ်အစိုးရက ပြောလာမယ်ဆိုရင် ဦးအေးသာအောင်တို့ဘက်က စီအာပီပီကို ဖျက်သိမ်းဖို့ အဆင်သင့် ပြင်ဆင်ထားပါသလားခင်ဗျ။

ဖြေ- ဒါကတော့ ကျနော်တယောက်တည်းရဲ့ သဘောထားနဲ့ ဖြေကြားဖို့ထက် စီအာပီပီ အဖွဲ့ဝင်
အားလုံး ဆုံပြီးတော့မှ အစည်းအဝေးတရပ်ကနေသော်လည်းကောင်း၊ အများစုအနေနဲ့သော် လည်းကောင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြီးတော့ စီအာပီပီဆိုတာကလည်း ပါတီတခု၊ အဖွဲ့အစည်းတခုအနေနဲ့ ဖွဲ့စည်းခြင်းထက် တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အပါအ၀င် တိုင်းရင်းသားပါတီများက တူညီတဲ့ ဘုံလုပ်ငန်းစဉ်တခုကို ဖော်ဆောင်ဖို့ ကော်မတီ တရပ်အနေနဲ့ ဖွဲ့ခဲ့ခြင်းသာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။


ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းနှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း
မကြာခင် ရက်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တွေ့ ဆုံခဲ့သည့် ဒီမိုကရေစီ သစ်တပ်မတော်-ကချင် (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကို ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။ လက်နက်ချ ရန်ကိစ္စအတွက် မြောက်ပိုင်းတိုင်းမှူးသစ်က ဖိအားပေး ခဲ့ခြင်းရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ဥက္ကဋ္ဌ ဦးဇခုန် တိန့်ယိန်းက ယခုကဲ့သို့ စတင်ဖြေကြားသည်။

ဖြေ-မဟုတ်ပါဘူး။ အဲဒါတွေ မပြောပါဘူး။

မေး- တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနဲ့ ဦးဇခုန်တိန့်ယိန်းတို့ တွေ့တာ အဓိကဘာကိစ္စပါလဲ။ ဘယ်သူ
တွေ ပါသေးလဲ။ ဘယ်မှာတွေ့တာပါလဲ။
ဖြေ- မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တွေ့တာပါ။ အဓိက မိတ်ဆက်တာပါပဲ။

မေး- အခုဟာက ပါတီထောင်မလား၊ လက်နက်ချမလားဆိုပြီး မေးနေတယ်ဆိုတဲ့ သဘောမျိုးတွေ ကြားနေရလို့ပါ။
ဖြေ- ရွေးကောက်ပွဲ ရောက်လာရင်တော့ ပါတီထောင်ရမှာပေါ့။

မေး- ဦးဇခုန်တိန့်ယိန်းတို့ရော ပါတီထောင်ဖို့ရှိပါလား။
ဖြေ- ကျနော်တို့တော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ကချင်တွေကတော့ ထောင်ရမှာပဲလေ။

မေး- ဘယ်လိုပုံစံနဲ့ထောင်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ- အတိုက်အခံအနေနဲ့ ထောင်ဖို့ စိတ်ကူးမရှိကြပါဘူး။ အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံတော်မှာ တက်လာတဲ့အစိုးရ ဘယ်သူပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ စိတ်ကူးကတော့ ရှိတယ်။

မေး- ဆိုလိုတာက ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က ပါတီဖွဲ့မယ်ဆိုရင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပါတီထောင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါလား။
ဖြေ- ဟုတ်တယ် အဲလိုသဘောရှိတယ်။

မေး- သဘောက အစိုးရပါတီတွေဖြစ်တဲ့ တစညတို့၊ ကြံ့ဖွံ့တို့ကလည်း ပါတီဖြစ်မှာဆိုတော့ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ရှိပါသလား၊ မဟာမိတ်လုပ်ဖို့ ရှိပါသလား။
ဖြေ- အဲလို သဘောရှိပါတယ်။ သူတို့နဲ့ အတိုက်အခံလုပ်ဖို့တော့ သဘောမရှိပါဘူး။

မေး- ကချင်အနေနဲ့ ပါတီဖွဲ့မယ်ဆိုရင် ပြည်နယ်အနေနဲ့ ဖွဲ့မှာလား၊ တခြားဘယ်သူတွေ ပါနိုင် ပါသေးလဲ။ ထင်ရှားတဲ့ ကချင်ခေါင်းဆောင်တွေထဲကပေါ့လေ။
ဖြေ- ပြည်နယ်အနေနဲ့ ဖွဲ့ ရမှာပေါ့။ ကချင်ပြည်မှာနေတဲ့ တိုင်းရင်းသားတွေအားလုံး စည်းစည်း လုံးလုံးနဲ့ ဖွဲ့မှပဲ ကချင်ပြည်နယ်ကို ကိုယ်စားပြုလို့ဖြစ်မှာ။

မေး- ကချင်ပြည်နယ်ကို ကိုယ်စားပြုဖို့ ပါတီထောင်မယ်ဆိုရင် ကချင်ပြည်နယ်ထဲ တခြားဘယ် ပုဂ္ဂိုလ်တွေ ပါမယ်ထင်ပါသလဲ။
ဖြေ- မှန်းလို့မရဘူး။

မေး- ဦးဇခုန်တိန့်ယိန်းပြောတဲ့ အစီအစဉ် ထောက်ခံတဲ့ပုဂ္ဂိုလ်တွေ ကချင်ပြည်နယ်မှာရော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ဘယ်လောက်ရှိပါသလဲ။
ဖြေ- တော်တော်များပါတယ်။

မေး- ကေအိုင်အိုတို့ ကေဒီအေ ဦးမထူးနော်တို့ ပါပါသလား။
ဖြေ- ပါလာမယ်လို့ ယုံကြည်တယ်။

မေး- ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်အစိုးရဘက်က သီးခြားညွှန်ကြားချက်ပေးတာ ရှိပါသလား။
ဖြေ- မရှိဘူး။

မေး- တိုင်းမှူးသစ်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့အနေနဲ့ ပတ်သက်ပြီးဖြစ်စေ ဘာပြောတာများ ရှိပါသလဲ။
ဖြေ- ဘာမှမရှိပါဘူး။

မေး- တစညတို့ ကြံ့ဖွံ့တို့နဲ့ အဆက်အသွယ်ရပြီလား။
ဖြေ- အဲဒါတော့ မသိသေးဘူး။ ပါတီဖွဲ့ဖို့ ပြောသာပြောနေတယ်၊ တကယ်ကို အခိုင်အမာ ဘယ်လို လှုပ်ရှားကြမယ်ဆိုတာ ဘာမှမရှိသေးဘူး။

မေး- တစညပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီး ပြောတာက ၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကလို ပါတီတွေ အများကြီး လက်မခံတော့ဘူး။ ပါတီကြီး သုံးလေးခုကိုပဲ လက်ခံမယ်ပြောတယ်။ ကချင်ပြည်နယ်က တိုင်းရင်းသားအဖွဲ့တွေ လက်မခံဘူးဆိုရင် ဘာလုပ်ဖို့ အစီအစဉ်ရှိပါလဲ။
ဖြေ- ကျနော်တို့ဘက်ကလည်း ပါတီတွေ အများကြီးဖွဲ့တာ သဘောမကျဘူး။ ဒါပေမယ့် ကချင် ပြည်နယ်ကိုယ်စားပြုနိုင်မယ့် အခြေခံဥပဒေအရ ဖြစ်ပေါ်လာမယ့် အစိုးရဖြစ်နေဖို့အတွက်ပဲ ကြိုးစားကြမယ်ထင်ပါတယ်။

မေး- လက်ရှိအခြေခံဥပဒေသစ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အစိုးရက အတည်ပြု ပြီလို့ ပြောတဲ့အတွက် ဦှးဇခုန်တိန့်ယိန်းတို့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကံကြမ္မာဟာ ရွေးကောက် ပွဲအပြီးမှာ ဘာဖြစ်နိုင်မယ်လို့ မှန်းပါသလဲ။
ဖြေ- ဒါတော့ ဥပဒေနဲ့အညီ တခုခုတော့ ဖြေရှင်းရမှာပေါ့။ တိုင်းပြည်မှာ အေးအေးချမ်းချမ်း ဖြေရှင်း ဖို့ ကျနော်တို့က လိုလားတယ်။

မေး- လက်နက်ချဖို့ အဆင်သင့်ရှိပါသလား။
ဖြေ- လက်နက်ချဖို့တော့ အခုထိ မပြောပါဘူးး။ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ အစိုးရကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ အဖွဲ့အစည်းများကလည်း အားလုံးဒေသမှာ လိုအပ်တဲ့ တာဝန်တခု
ကိုတော့ နိုင်ငံတော်အတွက် ဆောင်ရွက်ဖို့ ကျနော်တို့ အဆင်သင့်ရှိတယ်ဆိုတာပါပဲ။

ကုလသမဂ္ဂအနေဖြင့် သတ်သတ် မှတ်မှတ် လုပ်ရန် လိုအပ်နေပေပြီ


ဧရာဝတီ | ဇူလိုင် ၈၊ ၂၀၀၈
မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားများ မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသများသို့ အကန့် အသတ်မရှိ အပြည့်အ၀ ၀င်ရောက်လုပ်ကိုင်ခွင့်ပေးပါမည်ဟု ကတိပြုခဲ့သည်မှာ ရက်သတ္တပတ် ၆ ပတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ မူလက လူအများသေကြေဆုံးရှုံးရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြရပြီး ကုလသမဂ္ဂက “၀င်ရောက် ကာကွယ်ပေးပိုင်ခွင့် တာဝန်” ကို အတင်းအကျပ် အသုံးပြုရတော့မည့် အခြေအနေတိုင် ဆိုက်ခဲ့ရပြီးနောက်၊ ဘန်ကီမွန်းက ဤသို့ ခွင့်ပြုလာချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့သည်။ သို့သော်လည်း သူ၏ "လမ်းဖွင့်နိုင်ခဲ့ပြီ" ဆိုသည့် စကား၏ တန်ဖိုးကိုမူ လူအများက သံသယရှိနေကြဆဲ ဖြစ်သည်။

ယခုကဲ့သို့ စစ်အစိုးရ၏ ခေါင်းမာမှုအပေါ် အလျှော့ပေး လိုက်လျှောကျေနပ်ခဲ့ရသည်မှာ ကုလသမဂ္ဂအဖို့ ယခုတကြိမ်တည်း မျှသာ မဟုတ်ပေ။ ဘန်ကီမွန်းက သူ၏ရှေ့တော်ပြေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရန် ယခုနှစ် အစောပိုင်းက စေလွှတ်ခဲ့သည့်အခါ စစ်ဗိုလ်ချုပ်များက မစ္စတာဂမ်ဘာရီကို ဆိုးသည့်ကလေး ကြိမ်ဆုံးမသည့် သဖွယ် ဆက်ဆံလွှတ်ခဲ့ကြသည်။ ကမ္ဘာတ၀ှမ်းလုံးက စစ်အစိုးရအပေါ် ပစ်ပယ်ရှုံ့ချသည့် သဘောထားရှိပြီး ဆက်ဆံနေမှု များကို မကျေနပ်ဒေါသဖြစ်နေကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက သူတို့၏ဒေါသများကို မစ္စတာဂမ်ဘာရီထံ ပုံအောဖွင့်ချခဲ့ ကြသည်။ သို့သော်လည်း ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်လာသည့်ကိစ္စက တမျိုးတဘာသာ ဖြစ်သည်။ သူက နိုင်ငံရေးကိစ္စနှင့် မပတ်သက်ဘဲ လာရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အကူအညီများ ပိုမိုရရှိလာစေရန် ကတိက၀တ်နှင့် တိတိကျကျ ရည်ရွယ်ချက်ချမှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ပို၍အဆင်ပြေချောမွေ့သော ဆက်ဆံခံရ ပြီး၊ ထိပ်တိုက်ရင်ဆိုင်တိုးရန်အခွင့်နည်းခဲ့သည်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းလာရောက်ခဲ့သည့် ခရီးစဉ် ရည်ရွယ်ချက်၏ အောင်မြင်မှုကို လူမည်မျှ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့သနည်းဟူသည့် အရေအတွက်ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။ ယုံကြည်ဖွယ်မကောင်းလှသည့် နာမည် ပျက်နေသူ စစ်အစိုးရ၏ ကတိစကားများဖြင့် တိုင်းတာဆုံးဖြတ်၍ ရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (Tripartite Core Group) က ဆောင်ရွက်ပေးနေသည့် ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကလည်း မရေမရာ မသဲမကွဲပင် ရှိနေသေးသည်။ ဤသုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ)၊ မြန်မာစစ်အစိုးရတို့ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ဤအဖွဲ့က နာဂစ်မုန်တိုင်းကပ်ဘေးဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်ဦးရွက် ပြုသွားမည်ဟုလည်း ဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UN OCHA) ၏ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် တသန်းကျော်မှာ ယခုတိုင် မည်သည့်အကူအညီမျှ ရရှိခြင်းမရှိသေး ဟု ဆိုပါသည်။ ပို၍ စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေမှာ လွန်ခဲ့သည့် တလခန့်က ထုတ်ဝေသည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါကလည်း ကိန်းဂဏန်းများ မပြောင်းမလဲ ရှိနေခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဇွန်လ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာအရ "ဇွန်လ ၄ ရက်နေ့တိုင် ပဏာမကြိုတင်ခန့်မှန်းမှုများအရ ကပ်ဘေး သင့်၍ ဒုက္ခခံစားရသည် လူဦးရေ ၂. ၄ သန်းအနက်မှ ၁. ၃ သန်းသော အကျိုးခံစာရဖွယ်ရှိသူများ (ဒုက္ခသည်များ) ထံသို့ သာ အကူအညီများရောက်ရှိနိုင်သေးသည်" ဟု ဆိုပါသည်။

နိုင်ငံတော်က ဦးဆောင်သည့်၊ နိုင်ငံတကာက ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ တလကြာမြင့်သည့် တိုင်အောင် မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် အရေအတွက် တ၀က်နီးပါးမျှမှာ မည်သည့်အတွက်ကြောင့် အကူအညီများ မရရှိ ဖြစ်နေရပါသနည်း။ မေးခွန်းထုတ်ဖွယ် ရှိလာပါသည်။ ဖြစ်နိုင်ဖွယ် အကြောင်းမျိုးစုံ ရှိနိုင်ပါသည်။ ရာသီဥတုပြဿနာ များကြောင့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားကျယ်ပြန့်ခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ် ရှိပါ သည်။ သို့သော်လည်း အခြားလွတ်လပ်သည့် သတင်းဌာနအမျိုးမျိုး၊ အစီရင်ခံချက် အမျိုးမျိုးမှ တွေ့ရှိနေရသည်ကား ပြဿနာ၏ အဓိက အစိတ်အပိုင်းမှာ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေပါသည်။ ၎င်းတို့က ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့် နှေးစေရန် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြပါသည်။

ကုလသမဂ္ဂ၏ ဌာနများက စစ်အစိုးရထံ အပြစ်ပုံ လက်ညှိုးမထိုးမိစေရန် သတိပြု ရှောင်လွှဲနေကြပါသည်။ သူတို့က တွေ့ ကြုံရသည့် အခက်အခဲများကို ခြေရာကောက်ပြီး ဒေသဆိုင်ရာ ဗြူရိုကရေစီ အဟန့်အတားများ၊ သို့မဟုတ် စစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာ ကြားဝင်စွက်ဖက်မှုများအဖြစ် အချက်ပြဖော်ပြခဲ့ကြပါသည်။ ဥပမာတင်ပြရလျှင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ " မကြာခဏ ဆိုသလို လူများရွှေ့ ပြောင်းနေခြင်းကြောင့်" သတ်မှတ်ထားသည့် လိုအပ်ချက်ရှိသူများထံ အကူအညီများရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက် မှု၌ ပြဿနာများ ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုထားပါသည်။ သို့သော်လည်း ကိစ္စအများစုတွင် ဤသို့ပြောင်းရွှေ့နေကြမှုသည် လူအများက ဆန္ဒအရပြောင်းရွှေ့ခြင်း မဟုတ်ကြောင်း၊ စစ်အာဏာပိုင်များက လူများကို ဒုက္ခသည်စခန်းများမှ နေ၍ ၎င်းတို့ နေထိုင်ရာ ကျေးရွာလယ်ကွက်များတွင် အလုပ်ပြန်လုပ်ကိုင်ကြစေရန် အတင်းအကျပ် ပြန်လည်နှင်ထုတ် ပြောင်းရွှေ့စေ ခြင်း ဖြစ်ကြောင်း သူတို့က မဖော်ပြခဲ့ကြပါ။

အလားတူ ကိစ္စရပ် များစွာရှိပါသေးသည်။ ရဟတ်ယာဉ်များ မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်ရန်အတွက် ခွင့်ပြုချက် ရရှိ ရန် နှောင့်နှေးကြန့်ကြာနေရမှုများ၊ ပြည်တွင်းမှ ဆန်ဝယ်ယူ၍ ဖြန့်ဖြူးရန် တားမြစ်ထားချက်များ၊ သတင်း အချက်အလက် များ ကန့်သတ်ထားခြင်းကြောင့် ထောက်ပံ့ရေးဆိုင်ရာ ပြဿနာကြုံရခြင်းများလည်း ရှိနေပါသေးသည်။ "သူတို့ (မြန်မာ အာဏာပိုင်များ) က ကျနော်တို့ကို အဲသည် မုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ ဆက်သွယ်ရေးကိရိယာတွေနဲ့ မရှိစေချင် ဘူးဆိုတာ သေချာပါတယ်။" အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်သူ နယ်စည်းမခြား အဝေးပြောဆက်သွယ်ရေးအဖွဲ့ (Telecoms Sans Frontieres) မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကုလသမဂ္ဂ တောင်းဆိုချက်အရ ထောက်ပံ့ပေးရန် မြန်မာ နိုင်ငံတွင်း ရောက်ရှိလာပြီးမှ လက်လျှော့ မထွက်ခွါရမီတွင် ပြောဆိုခဲ့ပါသည်။

ဤသို့သော ကန့်သတ်ချက် အခက်အခဲများမှာ ကုလသမဂ္ဂ အဖွဲ့အစည်းအတွက် တခုမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် လည်း ယခုအချိန်တွင် နိုင်ငံတကာအလှူရှင်များသို့ ၎င်းတို့၏ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ အောင်မြင်နေ ကြောင်း ဆင်ခြေပေး ပြသနေရပြီး ယခုအချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်အထမြောက်၍ ဆောလျင်စွာ ပြန်လည်နာလံထူ ခဲ့ကြောင်း ဆင်ခြေပေး တိုက်တွန်းနေရသည့် အခြေအနေဖြစ်နေပေသည်။

ဤသို့တင်ပြချက်များကိုလည်း လူအများက ယုံကြည်လက်ခံရန် ခက်ခဲကြပေလိမ့်မည်။ အလျူရှင်များဖက်က ယုံကြည်မှု နည်းနေကြသည်။ စစ်အစိုးရက ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့များ ဆောင်ရွက်နိုင်ရန် အခြေခံမူ လုပ်ပိုင်ခွင့်များ သတ် မှတ်ပေးရန် ဆက်လက်ငြင်းဆန်နေခဲ့ပြီး၊ ဤအချက်ကြောင့်ပင် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ထိခိုက်နှောင့် နှေးနေ စေသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ (WFP) က သတိပေးပြောကြားရာတွင် အကယ်၍ နောက်ထပ် ရန်ပုံငွေများ မရရှိပါက ယခုထောက်ပံ့ရေးလုပ်ငန်းများအတွက် ပျံသန်းနေကြသည့် ရဟတ်ယာဉ်များလည်း ရပ်နားနေကြရ တော့မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် စစ်အစိုးရအလိုကျ ဖြစ်ရပေတော့မည်။ စစ်အစိုးရ က ဤရဟတ်ယာဉ် များ နိုင်ငံအတွင်း ပျံသန်းခွင့်ပြုရန် ကနဦးကတည်းက မလိုလားခဲ့ပါ၊ သို့အတွက်ကြောင့်ပင် ခွင့်ပြုချက် ပေးရေး တုံ့ဆိုင်း ဖင့်နှေးနေခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့က ဦးဆောင် ဆောင်ရွက်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ပူးတွဲအကဲဖြတ် စစ်ဆေးချက် (PONJA) ထွက်ပေါ် လာအပြီးတွင် ဤအကဲဖြတ်စစ်ဆေးမှုကြောင့် အကူအညီများ ပို၍ရလာဖွယ် ရှိသည်။ မြန်မာနိုင်ငံအဖွဲ့ဝင် ဖြစ်လာပြီး နောက် ဆယ်စုနှစ်တခုကြာ အကောင်းရလဒ်တခုမျှ မပြနိုင်ဘဲ ရှိနေရာမှ၊ ယခုအခါတွင် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြောင်း ဟိတ်ဟန်ထုတ်လွန်းလိုမှုကြောင့်လည်း ၎င်း၏အခန်းကဏ္ဍကို ပြန်၍ ဖျက်နေသည့်သဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အာဆီယံအဖွဲ့က ၎င်းတို့၏အစီအစဉ်များအတိုင်း အစီအစဉ်တကျ လုပ် ဆောင်နေနိုင်သည်ဟူသည့် ဗလာကတိ အာမခံချက်များထက်စာလျှင် အနည်းငယ်မျှသာ ပို၍ လုပ်ကိုင်ဆောင်ရွက်နိုင်ပါ သေးသည့် အခြေအနေ ရှိပါသည်။ "ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်ပြီး သူတို့က ဆောလျှင်စွာ ပြန်လည်နာလံထူနိုင်ကြ ပြီ" ဟု အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆူရင် ပစ်ဆူဝန်က (PONJA) အကဲ ဖြတ် စစ်ဆေးမှုအဖွဲ့၏ ကနဦး လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၏ ထိရောက်မှုအပေါ် သံသယဖြစ်နေကြမှုများ ပျောက်ကင်းကြရန်ဟု ဆိုလျှင် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအလိုကျ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေရ သည့် အခြေအနေမှ ရုန်းထွက်ရန် တနည်းသာ ရှိပါသည်။ အကူအညီပေးရေးလုပ်ငန်းများကို စစ်အစိုးရက ပြန်ပေးဆွဲထား သည့်သဖွယ် ပြုနေသည့် အခြေအနေကို ငြင်းဆန်ရန် လိုအပ်နေပါသည်။

ဤသို့ဖြစ်စေရန်ဆိုလျှင် စစ်အစိုးရက ယခုလူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် နောက် ထပ် နိုင်ငံတကာအကူအညီများ ရရှိရန်မျှော်လင့်နေသေးသည်ဆိုပါက၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှသာလျှင် လက်ခံ နိုင်ဖွယ် ရှိပါသည်။ ယခုဖြစ်ပွားခဲ့သည့် ကပ်ဘေးအခြေအနေက ပိုမိုဆိုးရွားသွားပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုများ ဆက် လက် ဖြစ်ပွားလာမည့် အန္တရာယ်လည်း ရှိနေပါသည်။

ယခုလကုန်ပိုင်းတွင် ကုလသမဂ္ဂ၏ အထူးသံ မစ္စတာဂမ်ဘာရီက သွားရောက်သွားရောက်ဦးမည် ဖြစ်ပြီး၊ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးအတွက် နောက်ထပ်သွားရောက်တိုက်တွန်း လိမ့်ဦးမည် ဖြစ်သည်။ ဤအချိန်တွင် စစ်အစိုးရက အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းစရာမလိုဟု မြင်ထား သည်။ သူ၏ အကြီးအကဲဖြစ်သူ မစ္စတာဘန်ကီမွန်က "မြန်မာပြည်သူများ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အပြည့်အ၀ရရှိ ခံစားနိုင်စေရေးအတွက် အပြင်းအထန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သံန္နိဌာန်ခိုင်ခိုင်မာမာ ချထားကြောင်း" ပြောထား ခဲ့သည်။ အကယ်၍ သူက ဗိုလ်ချုပ်သန်းရွှေ၏ ကတိအတိုင်း မြဲစေအောင် မလုပ်ဆောင်နိုင်ပါက သူ၏ကတိစကားသည် လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် လူလိမ်ကြီးများ၏ အနှစ်မဲ့ကတိစကားသဖွယ် အတူတူသာ ဖြစ်နေပေတော့မည်။ [Top

ဗုဒ္ခဟူးသတင်းများ


ရွေးကောက်ပွဲဝင်မည့်ပါတီများ ၂၀၀၈ ခုနှစ်ကုန်မှစပြီး မှတ်ပုံတင်ခွင့်ပေးမည်
ကိုဝိုင်း/ ၉ ဇူလိုင် ၂၀၀၈
၂၀၁၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နည်းဥပဒေနှင့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေများကို ဦးစားပေး ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီလာခံ ကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ်မြတ်သူက ပေါ်ပြူလာဂျာနယ်သို့ ဇူလိုင် (၈) ရက်က ထုတ်ပြောသည်။

“ယခုလောလောဆယ် ပါတီနဲ့ပတ်သက်တဲ့ ဥပဒေတွေကို အရင်ရေးဆွဲတာပေါ့” ဟု စာရေးဆရာ တက္ကသိုလ်မြတ်သူက ပြောသည်။ စာရေးဆရာ တက္ကသိုလ်မြတ်သူသည် အမျိုးသားညီလာခံ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တဦးဖြစ်ပြီး စစ်အစိုးရသတင်းစာများအတွက် ပင်တိုင်ဆောင်း ပါးရှင်ဖြစ်သည်။

ထို့ပြင် ပါတီများ မှတ်ပုံတင်ခြင်းကို ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၀၉ ခု နှစ်ဦးပိုင်းအထိ လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၀၉ ခုမှ ၂၀၁၀ နှစ်ဦးပိုင်းအထိ ပါတီများအနေဖြင့် ပါတီဝင်များကို စည်းရုံးနိုင်ကြောင်း၊ အမတ်လောင်းများက မဲဆွယ်မှုများ ပြုလုပ်နိုင်ကြောင်း ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်အား ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ Road map အပါ
အ၀င် နအဖ၏ လုပ်ငန်းစဉ် အဆင့်ဆင့်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက် အကူ မဖြစ်သောကြောင့် အယုံအကြည် မရှိကြောင်း ပြောသည်။

ဦးအေးသာအောင်က “နအဖ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွေ့ဆုံဆွေးနွေးရာကနေတဆင့် အမျိုးသား လုပ်ငန်းစဉ် တွေကို ချမှတ်သွားမှသာလျှင် တိုင်းပြည်အတွက်ရော၊ အများပြည်သူအတွက်ပါ အကျိုးရှိလိမ့် မယ်လို့ မြင်လို့ပါ” ဟုပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို အတည်ပြုရန် ကြိုးစားခဲ့သော နအဖစစ်အစိုးရ၏ လူထုဆန္ဒ ခံယူပွဲ အပါအ၀င် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုသည်မှာ နအဖ၏ တဖက်သတ် လုပ်ရပ်များသာဖြစ်၍ လက်မခံကြောင်း၊ နိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေများ ပေါ်လာစေရန် ၎င်းတို့ အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ပြောသည်။

နအဖက အတည်ပြုလိုက်သော အခြေခံဥပဒေသစ်အရ ပါတီများ မှတ်ပုံတင်ရမည့်ကာလ၌ အန်အယ်လ်ဒီပါတီအနေဖြင့် မှတ်ပုံတင်ခြင်း မပြုခဲ့ပါက တရားမ၀င်ပါတီအဖြစ် ကြေညာခြင်း ခံရနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်၍ ဦးအေးသာအောင်က “၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ တည်ရှိ လာတဲ့ အန်အယ်လ်ဒီဆိုတာဟာ နအဖက ဖျက်သိမ်းသည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ နိုင်ငံရေးအရ ရပ်တည်သွားမယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရပ်တည်လို့ရတယ်လို့ မြင်ပါ
တယ်” ဟု ပြောသည်။

ယင်းအပြင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအနေဖြင့်လည်း နအဖ၏ တဖက်သတ် လုပ်ရပ်အတိုင်း လုပ်နေကြမည့်အစား မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင်ရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က တိုက်တွန်းလိုက်သည်။

တိုက်ပိတ်သူများစာရင်း အင်းစိန်ထောင်က ကြေညာ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 18:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၏ အမည်စာရင်းကို ပြစ်မှု ဖြစ်ပွားပုံနှင့်တကွ ယခုလမှ စတင်ကာ ထောင်ဗူးဝတွင် ထုတ်ပြန် ကြေညာလာသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား အခြေအတင် ခွန်းကြီးခွန်းငယ် ပြောဆိုကြသဖြင့် တိုက်ပိတ်ထားရခြင်းကို A4 side စာရွက်ပေါ်တွင် ကွန်ပြူတာ စာစီကာ အများမြင်သာနိုင်သည့် နေရာရှိ ကြော်ငြာဆိုင်းဘုတ်တွင် ကပ်ထားခြင်း ဖြစ်သည်။

“အရင်က တခါမှ မရေးဖူးဘူး။ ရန်ဖြစ်တယ် ဆိုရင်လည်း ရန်ဖြစ်တဲ့ စကာလုံး ၏သည် မရွေးပေါ့နော်။ ဆဲဆိုတဲ့ စကားလုံးတွေကိုပါ ရေးထားတယ်လေ။ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေကိုပါ ရေးထားတယ်။ ကွန်ပြူတာ စာရွက်နဲ့ ရုံးသုံးစာရွက်နဲ့ ဆဲတဲ့စကားလုံးတော့ မပြောတော့ဘူးပေါ့နော်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း မဥမ္မာက ပြောသည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့က လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အခန်းအတွင်း အကျဉ်းထောင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေး၊ ဒေါ်သီတာဦးတို့က လာရောက် ရှာဖွေသည်ကို တာဝန်အရ လုပ်နေတာပါ ပြောဆိုပြီးနောက် တဦးနှင့်တဦး ခွန်းကြီးခွန်းငယ် ပြောဆိုသည့် စကားလုံးများကိုပါ ရေးသားထားသည်ဟု သူက ပြောသည်။

မစုစုနွေးကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထောင်စည်းကမ်း ဖောက်ဖျက်သဖြင့် ထောင်ဝင်စာ၊ ပါဆယ်ပေးခွင့်၊ ထောင်ဝင်စာ တွေ့ခွင့်များ ပိတ်လိုက်သည်ဟု ရေးသားထားသည်။

“အရင်တုန်းက သူတို့က ဒီလိုကိစ္စတွေကို ခိုးကြောင်ခိုးဝှက် လုပ်နေကြတယ်။ ဒီလို အသိပေးတာ မရှိဘူး၊ အခုဟာက ဂရုမစိုက်ဘူး။ ဒီလိုမျိုး လုပ်တယ်ဆိုတာကို ကျန်တဲ့လူတွေကိုပါ ဖွင့်ပြီး တိုက်လိုက်တဲ့ သဘောလို့ မြင်တယ်လေ” ဟု မဥမ္မာက ပြောသည်။

အကျဉ်းကျနေသူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဉာဏ်လင်းအောင်သည် အင်းစိန်ထောင် ဝန်ထမ်းများနှင့် ငြင်းခုန်မှုများ ဖြစ်သဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ တိုက်ပိတ်ထားကြောင်းလည်း ဖော်ပြထားသည်။

အကျဉ်းကျ နိုင်ငံရေးသမားများ၏ အနက်ရောင်ပါသည့် ပုဆိုးများကို ထောင်အာဏာပိုင်များက သိမ်းယူရာမှ အခြေအတင် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ဗကသ ခေါင်းဆောင် (စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်) အား ထောင်စည်းကမ်း ဖောက်ဖျက်သည်ဟု ဆိုကာ ယခုလ ၅ ရက်နေ့မှစတင်ကာ ၁၈ ရက်နေ့အထိ တိုက်ပိတ်ခြင်း ဖြစ်သည်။

“ဒီရက်ပိုင်းမှာ ယောပုဆိုးအနက်တို့၊ အနက်ရောင် အင်္ကျီတွေ၊ အနက်နဲ့ ပတ်သက်တဲ့ အဲဒါတွေ ပြန်ပို့ခိုင်းတယ်။ သူက ဘာကြောင့် သိမ်းရတာလဲ ဆိုပြီးတော့ ထောင်ဝန်ထမ်းတွေနဲ့ အချင်းများကြတယ် ပြောတယ်။ ၁၄ ရက် ပိတ်ခံရတယ်” ဟု တရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

သူက “ဘာဖြစ်လို့ သိမ်းတယ်ဆိုတော့ အနက်ရောင်၊ နီညိုရောင်တွေလည်း ပါတယ်။ ဒါပေမဲ့ အနက်ရောင် ယောပုဆိုးမလို့ သိမ်းတယ်တော့ မဟုတ်ဘူး။ ယောလုံချည်တို့၊ ကချင်လုံချည်တို့ ဆိုတာက တိုင်းရင်းသား ဝတ်စုံတွေပဲလေ။ ပင်နီတိုက်ပုံ၊ အမျိုးသား ဝတ်စုံအနေနဲ့ ရှိထားတာကို နိုင်ငံရေးသမားမှ ဝတ်တာမှ မဟုတ်ဘဲ။ အန်ကယ်တို့ ယူဆတာက အစိုးရိမ် လွန်ပြီးတော့ အခုလို လိုက်သိမ်းတယ်လို့ ထင်တယ်” ဟု ဆက်ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုဉာဏ်လင်းအောင်သည် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူ့အား ၂ဝဝ၈ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပုန်းအောင်းနေသည့် နေရာမှ အာဏာပိုင်များက ဖမ်းဆီးပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူတဦးက “မနေ့က ယောပုဆိုးအနက်တွေ ပြန်ထုတ်ပေးတယ်၊ အားလုံးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရက်တွေ ၇ ဇူလိုင်တို့ ရှိတယ်မလား။ နိုင်ငံရေးသမား အားလုံးက တထည်နှစ်ထည် ပါတယ်လေ။ အထဲမှာ ဝတ်ခွင့် ရှိတယ်” ဟု ပြောသည်။

သူကလည်း လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဉာဏ်လင်းအောင်နှင့် အခြားတဦးကို ထောင်ဝန်ထမ်းများနှင့် ရန်ဖြစ်သဖြင့် တိုက်ပိတ် ခံထားရသူများအဖြစ် အမည်စာရင်းကို ထောင်ပြင်ပတွင် ရေးသားထားသည်ဟု ပြောသည်။

ကိုဉာဏ်လင်းအောင်အား မရမ်းကုန်း တရားရုံးတွင် စွဲချက်တင်ထားကာ အမှု စစ်ဆေးခြင်း မပြုဘဲ ရုံးချိန်း ၆ ကြိမ်မျှ ပေးခဲ့ပြီးနောက် သူ နေထိုင်သည့်နေရာမှာ မရမ်းကုန်မြို့နယ်တွင် မဟုတ်သောကြောင့် တရားစီရင်ပိုင်ခွင့် မရှိသဖြင့် ယခုအခါ မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွှေ့လိုက်သည်။

အလားတူပင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဇော်ဇော်မင်းကိုလည်း ၁၄ ရက်ကြာ တိုက်ပိတ် ခံနေရကြောင်းနှင့် မည်သည့် အကြောင်းကြောင့် ယခုလို တိုက်ပိတ်ခြင်း ဖြစ်သည်ဟု မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ကိုဇော်ဇော်မင်းသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အတူ ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညက ပုန်းအောင်းနေသည့် နေရာတွင် ဖမ်းဆီးခံခဲ့ရသည်။ သူ့တွင် အဆုတ်ရောဂါ အခံရှိပြီး၊ သားဖြစ်သူ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကိုလည်း အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

သတင်းစာအသစ် ထုတ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ငြင်းဆို
နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 17:44 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နေပြည်တော်မှ သတင်းစာအသစ် ထုတ်ဝေမည်ဟူသည့် အပြောများ ရန်ကုန် စာနယ်ဇင်း လောကတွင် ထွက်ပေါ်နေသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုလိုက်သည်။

လက်ရှိ ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light of Myanmar အပြင် ၄ စောင်မြောက် သတင်းစာကို နေပြည်တော်မှ ထုတ်လုပ် ဖြန့်ချိသွားမည်ဟု ပြောဆိုခြင်းသည် မမှန်ကန်ကြောင်း နေပြည်တော်ရှိ “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်က “လောလောဆယ်တော့ ကျနော်တို့ ဘာမှ မကြားရသေးပါဘူးခင်ဗျာ။ ကျနော်တို့ သေသေချာချာ ဂဃနဏ မသိရသေးပါဘူး။ ဒီရုံးမှာတော့ မကြားဘူးဗျ။ ဘယ်သူသိလဲ ဆိုတော့လည်း ကျနော်တို့လိုပဲ ဖြစ်နေတယ်။ Confirm မဖြစ်ပါဘူးဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်း အယ်ဒီတာတဦးကတော့ စစ်အစိုးရအနေဖြင့် သတင်းစာအသစ်တခု ထုတ်လုပ်ရန် စီစဉ်နေပြီး စမ်းသပ်လည်ပတ်မှုကို မကြာမီ လုပ်လိမ့မည်ဟု ပြောသည်။ ထို့အပြင် ထွက်ရှိလာမည့် သတင်းစာသည် လက်ရှိ သတင်းစာများနှင့် ခြားနားမှု ရှိမည်ဟု ပြောသည်။

“နောက်အပတ်ဆို ထုတ်ပြီ။ သတင်းစာနာမည် အကြမ်းဖျင်း “နေပြည်တော်” လို့ ပေးထားတယ် ပြောတယ်။ အရင် သတင်းစာတွေနဲ့ ပုံစံကွဲမယ်။ အရင် သတင်းစာတွေထက် ပိုကောင်းမယ်။ သတင်းတွေ ပိုလွတ်လပ်မယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

သူက ပြန်ကြားရေးဌာနမှ ညွှန်ချုပ်ဖြစ်သူ၏ ငြင်းဆိုချက်အပေါ် ယခုလို ဆက်လက်၍ ဝေဖန်ပြောဆိုသည်။

“သူတို့ကြည့်ရတာ မအောင်မြင်ရင် ဆက်မထုတ်ဘဲ ရပ်မယ်ထင်တယ်။ အဲဒါကြောင့် သိပ်မကျယ်ပြန့်စေချင်ပုံပဲ” ဟု သူက ပြောသည်။


ကြံ့ဖွံ့များ ၂၄ နာရီ အချိန်ပြည့် လုံခြုံရေးချထား
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 16:26 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရွှေပြည်သာမြို့နယ် ဗုံးပေါက်ကွဲမှုအပြီး ရန်ကုန်တိုင်း မြို့နယ် အများအပြားရှိ ရပ်ကွက် ကြံ့ဖွံ့ရုံးများတွင် အလှည့်ကျ ၂၄ နာရီအချိန်ပြည့် လုံခြုံရေးအဖြစ် အလှည့်ကျ ကင်းစောင့်နေကြရသည်။

ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက် စစ်တောင်းလမ်း၌ ရှိသော မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးတွင် အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့အပြီး နောက်တရက်မှ စတင်ကာ ကြံ့ဖွံ့လုံခြုံရေးများကို စတင် ချထားလိုက်ခြင်း ဖြစ်သည်။

“ကြံ့ဖွံ့ရုံးတွေ အားလုံးပဲ အသေအချာ၊ အလုံအခြုံ ချထားတယ်။ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ကြံ့ဖွံ့ရုံးတွေ အကုန်လုံးပဲ” ဟု အမည်မဖော် ပြည်တွင်းဂျာနယ် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဆိပ်ကမ်း၊ ဒဂုံနှင့် အခြားမြို့နယ် အချို့တွင် ယခုလို လုံခြုံရေး ချထားမှုမျိုး တွေ့မြင်နေရသည်ဟု သူက ဆက်ပြောသည်။

ရန်ကုန်ဒေသခံ တဦးကလည်း “၇ ရက်နေ့တုန်းက လူစည်ကားတဲ့ နေရာတွေ၊ အဆောက်အဦတွေနဲ့ ရပ်ကွက် ရုံးတွေမှာ မနက် ၆ နာရီလောက်ကတည်းက တွေ့နေရတယ်။ တောင်ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ ရွှေပြည်သာ အနီးတဝိုက်မှာ ရှိတဲ့ ရပ်ကွက်ရုံးတွေမှာ တရက်မှာ ကြံ့ဖွံ့အဖွဲ့ဝင် ၁ဝ ယောက်ကျော်လောက် ချထားတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ယခုလ ၂ ရက်နေ့က ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်များကို တွေ့ဆုံခဲ့စဉ်က ယခုလို ဆောင်ရွက်ရခြင်းသည် ယင်းကဲ့သို့ (ဗုံးပေါက်ကွဲမှု) မသမာသော လုပ်ရပ်များ ထပ်မံ မဖြစ်ပေါ်စေရန် အထူးလုံခြုံရေး ချပေးသွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွှေပြည်သာရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်တရက်တွင် နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (UWSB) က သူတို့လက်ချက် ဖြစ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာ စစ်အစိုးရ သတင်းစာ၌ လူများ ထိခိုက်ဒဏ်ရာ မရရှိဘဲ ယင်းဗုံးပေါက်ကွဲမှုကြောင့် ရုံး၏ အောက်ထပ် အဝင်တံခါးမကြီး၊ ပြတင်းပေါက်မှန်၊ စာရေးစားပွဲ၊ ကုလားထိုင်၊ လက်နှိပ်စက်၊ တယ်လီဖုန်း စသဖြင့်သာ ပျက်စီးသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရွှေပြည်သာ ဗုံးကွဲမှုသည် ယခုနှစ်အတွင်း မြို့ကြီး ၃ မြို့တွင် ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။

ဇန်နဝါရီလအတွင်းက နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့ကာ၊ ရန်ကုန် ဘူတာကြီးအနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရရှိသည့် ဗုံးကွဲမှု ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးကွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့သလို၊ ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲရာ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

ကလေး ၄ဝဝ ကျော် မိဘများကို ရှာဖွေနေဆဲဟု ယူနီဆက်က ပြော
ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 12:41 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မုန်တိုင်းတိုက်ပြီး ၂ လကျော် ကြာမြင့်ခဲ့သော်လည်း ကလေးငယ် ၄ဝဝ ကျော်မှာ သူတို့၏ ပျောက်ဆုံးနေသော မိဘများကို လိုက်လံရှာဖွေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားလိုက်သည်။

ဇွန်လကုန်အထိ ကလေးငယ် ၄၂၈ ဦးမှာ မိဘအုပ်ထိန်းသူများနှင့် ကွဲကွာနေဆဲ ဖြစ်သည်ဟု ယူနီဆက်၏ ဆိုင်ကလုံးနာဂစ် တုံ့ပြန်မှု ရက် ၆ဝ လုပ်ငန်း အစီရင်ခံစာတွင် ရေးသားထားခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် ယူနီဆက်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zafrin Chow Chury က “၁၅ ယောက်ကတော့ မိဘတွေနဲ့ ပြန်တွေ့သွားပြီ။ ဒါပေမဲ့ တခြားကလေးတွေကတော့ သူတို့ရဲ့ မိဘတွေပြန်တွေ့ဖို့ သဲလွန်စ ရှာနေတုန်းပဲ” ဟု ပြောသည်။

ကလေးများ၏ မိသားစုများကို ပြန်လည်ရှာဖွေရေး လုပ်ငန်းသည် ဒုက္ခသည်များမှာ ယာယီစခန်းများမှ နေရင်းကျေးရွာများသို့ ပြန်သွားခြင်းနှင့် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းသွားနေမှုများမှာ ကြီးစွာသော အတားအဆီး အနှောင့်အယှက် ဖြစ်နေသည်ဟု ယူနီဆက်က ပြောသည်။

“လောလောဆယ်မှာတော့ မိဘတွေကို ပြန်ရှာနေတဲ့အတွက် ကျနော်တို့ရဲ့ မိတ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်း လုပ်ဆောင်ပေးနေပါတယ်” ဟု ကုလအေဂျင်စီက ပြောသည်။


ပညာရေး
ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းပေးရေး လုပ်ဆောင်နေရသလို စာသင်ကျောင်းများ အကြီးအကျယ် ပျက်စီး ဆုံးရှုံးသွားခဲ့ခြင်းအတွက် ကလေးငယ် အများစုမှာ ပညာသင်ကြားနိုင်ခြင်း မရှိသည့်အပေါ် ယူနီဆက်၏ အဓိက ပူပန်ကြောင့်ကြမှုတရပ် ဖြစ်နေသည်။

ယူနီဆက် အဆိုအရ မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သော နာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း စာသင်ကျောင်းပေါင်း ၄၁ဝဝ ကျော် ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် တခုတည်းတွင်ပင် အနည်းဆုံး ကျောင်းပေါင်း ၁၂ဝဝ တစိတ်တဒေသ သို့မဟုတ် အလုံးစုံ ပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု ကုလအေဂျင်စီက ပြောသည်။

“စာသင်ကျောင်းပေါင်း ၁၃၂၆ ကျောင်းလောက် ပြင်ဖို့အတွက် ကျနော်တို့ ကူညီခဲ့ပါတယ်” ဟု ပြောဆိုခွင့်ရှိသူ Chury က ပြောကြားရင်း နောက်ထပ်လည်း ကျောင်းအများကြီး ပြင်ဆင်ရန်နှင့် ပြန်တည်ဆောက်ရန် လုပ်ရဦးမှာဟု ဆိုသည်။

“ကျောင်းအဆောက်အဦတွေ ပြိုကျပျက်စီးသွားတဲ့ နေရာတွေမှာ ယာယီစာသင်ဖို့ တဲတွေ၊ ပစ္စည်းတွေ ထောက်ပံ့နေတယ်” ဟု သူက ပြောသည်။


ကျန်းမာရေး
ယူနီဆက် အစီရင်ခံစာအရ ဆိုင်ကလုံးနာဂစ်သည် ဆေးပေးခန်း၊ ဆေးရုံ ၆ဝဝ ကျော်ကို ဖျက်စီးပစ်လိုက်ပြီး ရေတွင်းပေါင်း ၄ဝဝဝ ကျော် ရေညစ်ညမ်းမှုဖြစ် သောက်သုံးမရ ဖြစ်သွားသည်ဟု ဆိုသည်။

“ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဓိက စိန်ခေါ်မှုတွေကတော့ ဆေးပေးခန်း၊ ဆေးရုံတွေ ပျက်စီးမှုနဲ့ ဆေးဝန်ထမ်းတွေ သေဆုံးမှုတွေဖြစ်ပြီး ဝန်ထမ်း နည်းပါးကုန်တာ” ဟု ယူနီဆက်က ပြောသည်။

ရေနှင့်ပတ်သက်၍ ဖြစ်ပွားသော ရောဂါများ ကပ်ဘေးအဆင့် ဖြစ်ပွားမှုမရှိသော်လည်း ယူနီဆက် အပြောအရ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများ ဖြစ်ပွားနိုင်ချေရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေး ရောဂါများအတွက် ကြိုတင် ကာကွယ်နိုင်ရန် ကာကွယ်ဆေး၊ ဗိုက်တာမင် အေ ကဲ့သို့သော ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

လေဘေးတည်ဆောက်ရေးကုမ္ပဏီများ ကားပါမစ်ရ
NEJ/ ၉ ဇူလိုင် ၂၀၀၈
လေဘေးသင့်ဒေသများ၌ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နအဖ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများကို ကားတင်သွင်းခွင့်ပါမစ်များ ချပေးနေကြောင်း ယုဇနကုမ္ပဏီမှ မန်နေ ဂျာတဦးက ပြောသည်။

၎င်းက “ကျနော်တို့ကုမ္ပဏီက အစီး (၂၀) စာ ပါမစ်ရတယ်။ အခြားကုမ္ပဏီတွေလည်း ရကြတယ်။ ဒါပေမယ့် ကားအစီးရေ ဘယ်လောက်စီအထိ ရကြသလဲ တိတိကျကျတော့ မသိဘူး” ဟု ပြော သည်။

နအဖစစ်အစိုးရက လေဘေးသင့်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ၊ ၀ါဝါ၀င်း)၊ ဦးချစ်ခိုင် (ဧဒင်)၊ ဦးတေဇ (ထူး)၊ ဦးဌေးမြင့် (ယုဇန)၊ ဦးဝင်းအောင် (ဒဂုံ)၊ ဦးကျော်ဝင်း (ရွှေသံလွင်)၊ ဦးမောင်ဝိတ် (မောင် ၀ိတ်)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) စသည့် နာမည်ကြီး လုပ်ငန်းရှင် (၃၀) က တာဝန် ခွဲဝေယူ ထားကြသည်။

လေဘေးသင့်မြို့နယ်အုပ်စု (၁၁) စုတွင် လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်ကျွန်း၊ ဟိုင်းကြီး၊ ငပုတော၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ သံလျင်၊ ကျောက်တန်း ခရမ်း၊ သုံးခွ၊ ဒလ၊ ဆိပ်ကြီး၊ ခနောင်တိုတို့ ပါဝင်သည်။

အဆိုပါကုမ္ပဏီများကို အာဏာပိုင် အဖွဲ့အစည်းများ၏ ရုံးများ၊ ရဲစခန်း၊ စစ်တပ်ဘားတိုက် စသည်တို့ ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း များကိုမူ ပြုပြင်ရေး၊ လယ်ယာလုပ်ငန်းခွင်အတွက် အစိုးရလုပ်ငန်းများကို ကူညီရေး စသည်တို့ အတွက် တာဝန်ပေးထားခြင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်ကိုင်ပေးရန်အတွက် အစိုးရက အဆိုပါ ကုမ္ပဏီများကို ကုန်ကျစရိတ်၏ (၁၀) ရာခိုင်နှုန်း အမြတ်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်၏ (၃) ရာခိုင်နှုန်းကို အခွန်ပြန်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် သစ်ထုတ်လုပ်ခွင့်၊ ကားပါမစ်နှင့် အခြား အခွင့်အရေးများလည်း ရကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ရရှိသော ကားပါမစ်များသည် ပြင်ပ၌ အနည်းဆုံး ကျပ်သိန်း (၁) ထောင် အထက်ရှိသည့် အတွက် ကုမ္ပဏီတခုကို ကျပ်သိန်းပေါင်း သောင်းနှင့်ချီ အကျိုးအမြတ်ရကြမည်ဟု ခန့်မှန်းနေ ကြပြီး ရန်ကုန်မြို့တွင် ၂၀၀၄ မော်ဒယ် လင်ခရူဆာ ကားတစီး ကျပ် သိန်း (၂,၆၀၀)၊ ၂၀၀၈ မော်ဒယ်ဆူပါကပ် ကျပ် သိန်း (၄,၀၀၀) အထက် ဈေးပေါက်နေပြီး နိုင်ငံတကာတွင် ပေါက်ဈေး ဒေါ်လာ သောင်းဂဏန်းခန့်သာရှိကြောင်း သိရသည်။ ။

လိုင်စင်လုပ်ခွင့် ပြုထားချိန် ကျော်လွန်က လိုင်စင်မဲ့ ဆိုင်ကယ်များ အရေးယူခံရနိုင်
ပီတာအောင်/ ၉ ဇူလိုင် ၂၀၀၈
လိုင်စင် လုပ်ခွင့်ပေးထားသည့် အချိန် ကျော်ပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား မည်သို့ အရေးယူမည်ကို မဆုံးဖြတ်ရ သေးကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ အရာ ရှိတဦးက ပြောသည်။

ကညန ညွှန်ကြားရေးမှူး ဦးသိန်းဦးက “ကျနော်တို့အနေနဲ့ကတော့ (၄) လ အတွင်းမှာတော့ လိုင်စင်လုပ်ခွင့်ပေး ထားတယ်။ အောက်တိုဘာ (၃၁) ထိပေါ့။ ပြီးရင် ဘယ်လိုလုပ်မယ်ဆိုတာတော့ မသိသေးဘူး။ မဆုံးဖြတ်ရသေးဘူး။ ပြည်ထဲရေးတို့ ရဲတို့ကပဲ ဆက်လုပ်ရမယ်။ အရေးယူတာတွေ လုပ်တော့ လုပ်လိမ့်မယ်။ တချို့လည်း တိုင်းမှူးတွေက သူ့အစီအစဉ်နဲ့ သူလုပ်ကြမယ်။ သိမ်းတဲ့လူလည်း သိမ်းကြတာပဲ” ဟု ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များအား ကညနအနေဖြင့် ဇူလိုင် (၁) ရက်မှစ၍ မြို့နယ် အလိုက် လိုင်စင်များ လုပ်ခွင့်ပေးနေပြီး အောက်တိုဘာကုန်ထိ (၄) လကြာ အချိန်အတွင်း အရေ အတွက် အကန့်အသတ်မရှိ ခွင့်ပြုမည်ဟု တရားဝင် ကြေညာထားသည်။

လိုင်စင်ကြေး ကောက်ခံရာ၌ ဆိုင်ကယ် မော်ဒယ်နှင့် အင်ဂျင်ပါဝါအလိုက် ဈေးကွာဟမှုရှိပြီး အကြမ်းဖျင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်ဆိုင်ကယ်ဟူ၍ အုပ်စု (၄) မျိုး ခွဲထားသည်ဟု ကညန အရာရှိက ပြောသည်။

လိုင်စင်ကြေး တရုတ်ဆိုင်ကယ် ကျပ် (၇၅,၀၀၀) မှ- (၁၇၀,၀၀၀)၊ အိန္ဒိယဆိုင်ကယ် (၁၀၀,၀၀၀) မှ (၂၂၀,၀၀၀)၊ ထိုင်းဆိုင်ကယ် (၁၅၀,၀၀၀) မှ (၂၅၀,၀၀၀) ကျော်၊ ဂျပန်ဆိုင်ကယ် (၂၂၀,၀၀၀) မှ (၄၀၀,၀၀၀) ထိ သတ်မှတ်ထားသည်။ လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် လိုင်စင်ကြေး အပြင် အင်ဂျင်ခဲချစ်ခ (၆,၈၀၀) နှင့် အာမခံကြေး (၁၀,၀၀၀) တို့ ထပ်ဆောင်းပေးရသည်။

ဆိုင်ကယ်များ လိုင်စင်လုပ်ခွင့် ရသွားသဖြင့် ရဲကို လာဘ်ငွေ ပေးစရာမလိုတော့ဘဲ လွတ်လပ်စွာ စီးခွင့်ရသော်လည်း ဆိုင်ကယ်ဈေးများ ထိုးတက်သွားသည်ဟု မန္တလေး၊ မုံရွာနှင့် နယ်စပ်မြို့များရှိ ဒေသခံကုန်သည်တို့က ပြောသည်။

မုံရွာမြို့ခံကုန်သည်တဦးက “တရုတ်ဆိုင်ကယ် ကျားလျှင် အမျိုးအစားဆိုရင် ဟိုတုန်းက (၆) သိန်းခွဲ (၇) သိန်းလောက်ကနေ အခု (၇) သိန်း (၇) သောင်းလောက်ထိ တက်သွားတယ်။ အရင်က ဟွန်ဒါဆူပါကတ်တစီးကို (၇) သိန်းလောက်နဲ့ ၀စ်သောက် စီးနေရတာပေါ့။ ခုတော့
(၉) သိန်းလောက် ဖြစ်သွားတယ်။ ဒါတောင်မှ ၀ယ်ချင်တဲ့လူများနေတယ်။ အ၀င်ကနည်းနေ တယ်” ဟု ပြောသည်။

မန္တလေးမြို့၌လည်း ဟွန်ဒါဒရင်းဆိုင်ကယ်များ ကျပ်(၂) သိန်းကျော် (၃) သိန်းခန့်အထိ
ဈေးတက်သွားပြီး ယာမဟာ ဖီနိုစကူတာအမျိုးအစားမှာ (၁၇) သိန်းခန့်မှ (၂၄) သိန်းထိ တက်သွားသည် ဟု မန္တလေးမြို့ခံ စီးပွားရေးသမားတဦးက ပြောသည်။

ပြည်တွင်း၌ ဆိုင်ကယ်ဈေးကောင်းနေသဖြင့် ထိုင်း၊ တရုတ် နယ်စပ်များမှတဆင့် တရားမ၀င် ဆိုင်ကယ်များ နေ့စဉ် ခိုးသွင်းမှုများ ရှိနေပြီး ဖမ်းဆီးခံရမှုအချို့ရှိကြောင်း နယ်စပ်နေ ကုန်သည် များထံမှ သိရသည်။

မြန်မာနိုင်ငံ၌ လိုင်စင်မဲ့ ဆိုင်ကယ် (၁) သန်းနီးပါးခန့် ရှိနိုင်ပြီး လိုင်စင်ကြေး ကောက်ခံမှုမှ အခွန် ငွေ ကျပ်ဘီလီယံ (၁၀၀) မှ (၂၀၀) ကြား ရနိုင်သည်ဟု ရန်ကုန်တိုင်း အခွန်ဦးစီးမှူးရုံးမှ အရာရှိ တဦးက ခေတ်ပြိုင်သို့ ခန့်မှန်းပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံဒေသအနှံ့ လိုင်စင်များ ချပေး၍ အများပြည်သူများကို ဆိုင်ကယ်စီးခွင့် ပြုထားသော် လည်း နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် သာမန်အရပ်သားများကို ဆိုင်ကယ်စီးခွင့် ပိတ်ပင် ထားသည်။ ဌာနဆိုင်ရာဝန်ထမ်းများ ဆိုင်ကယ်စီးမည်ဆိုပါကလည်း စီးသူ၏ ဓာတ်ပုံနှင့် ကိုယ် ရေး အချက်အလက်ပါကတ်ပြားကို လည်၌ဆွဲ၍ စီးရန် အမိန့်ထုတ်ထားသည်။ ။

လေဘေးသင့်ပြည်သူများ ဆန်လိုအပ်ချက် ကြီးမားဆဲ
NEJ/ ၉ ဇူလိုင် ၂၀၀၈

ဘိုကလေးမြို့နယ် ကျေးရွာတရွာမှ စပါးအိတ်များ ပျက်စီးနေပုံ

နအဖစစ်အစိုးရက လေဘေးသင့် ဒေသနှင့် ပတ်သက်ပြီး ကယ်ဆယ်ရေးကိစ္စ ပြီးသွားပြီး ပြန်လည်ထူထောင်ရေးသာ လုပ်ရတော့မည်ဟု ကြေညာခဲ့သော်လည်း မုန်တိုင်းဒဏ်ခံ ပြည်သူများအကြား ဆန်လိုအပ်ချက် ကြီးမားနေဆဲဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့၌ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “ခုရက်ပိုင်း မော်လမြိုင်ကျွန်း အနီးအနား ကျေးရွာကလူတွေ နေ့စဉ် မြို့ပေါ် တက်လာ နေကြတယ်။ သူတို့လက်ထဲမှာ အရင်က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) လို အဖွဲ့တွေက ဆန်ထောက်ပံ့ခဲ့ဖူးတဲ့ စလစ်စာရွက်လေးတွေ ပါလာတယ်။ ခုနောက်ပိုင်း WFP အဖွဲ့က ရောက် မလာသေးလို့ မြို့ကို တက်လာကြတာ။ ကျနော်တို့ကတော့ သူတို့ကို ထောက်ပံ့ပေးနိုင်မယ့် WFP နဲ့ အခြား အိုင်အန်ဂျီအိုရုံးတွေဆီ ခေါ်သွားပေးတယ်။ သူတို့က အဲဒီမှာ အကူအညီ တောင်းကြ
တယ်” ဟု ပြောသည်။

လေဘေးသင့် ပြည်သူအများစုသည် ယနေ့အချိန်အထိ WFP နှင့် ပုဂ္ဂလိက အလှူရှင်များ လှူဒါန်း သည့်ဆန်များကို အဓိကထား စားသောက်နေရဆဲဖြစ်သည်။ ယခုနောက်ပိုင်း ပုဂ္ဂလိက အလှူရှင် များ အလာနည်းသွားကာ လာသည့်အလှူရှင် အနည်းငယ်ကလည်း အစိုးရ၏ ၀ါဒဖြန့်မှုကြောင့် ဆန်များ ပါမလာကြတော့ဘဲ လယ်ထွန်စက်၊ မျိုးစပါး၊ လယ်ယာ လုပ်ငန်းသုံး ပစ္စည်းကိရိယာ များနှင့် စာသင်ကျောင်းများအတွက်သာ ပါလာကြသည်။ ထို့ကြောင့် ဆန်ပြတ်လတ်စ ပြုလာသည့် ရွာသူရွာသားအချို့ မြို့ပေါ်တက်ပြီး ဆန်အကူအညီ လာတောင်းကြခြင်းဖြစ်ကြောင်း အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောသည်။

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် ကျုံဒတ်ကျေးရွာအုပ်စုရှိ လယ်သမားများထံ မကြာခဏ သွား ရောက် အကူအညီပေးနေသူတဦးက ၎င်းရောက်ရှိသွားရာ ကျေးရွာများ၌ အချို့လယ်သမားများ မှာ ၀မ်းစာစပါး (၁) လ၊ (၂) လစာသာ ကျန်ကြောင်း၊ အများစုမှာ (၂) ပတ်စာ စားရန်သာ ဆန်ရှိ ကြောင်း၊ အဆိုပါ ဆန်များမှာ ပုဂ္ဂလိက အလှူရှင်များ လာရောက် လှူဒါန်းခြင်းဖြစ်ပြီး WFP ၏ အကူအညီများ မရောက်ကြောင်း၊ အကယ်၍ ပုဂ္ဂလိက အလှူရှင်များ၏ ဆန်လှူဒါန်းမှု ရပ်သွား
ပါက စားသောက်ရေး အခက်အခဲ ဖြစ်နိုင်ကြောင်း ပြောသည်။

WFP က မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဇွန်လလယ်အထိ အစားအစာ တန်ချိန် (၁) သောင်း နီးပါး ပေးပို့ခဲ့ပြီး (၄,၄၆၅) တန်ကို လေဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါ အကူအညီသည် ရည်မှန်းချက်၏ (၆၇) ရာခိုင်နှုန်း၊ လူပေါင်း (၅) သိန်းစာခန့်ရှိပြီး နောက်ထပ် လူပေါင်း (၇) သိန်းခွဲကို ကူညီပေးဦးမည်ဟု WFP က ပြောသည်။ ထို့ကြောင့် ဆန်တန်ချိန် (၅) သောင်းခန့် ထပ်မံလိုအပ်နေပြီး တ၀က်ခန့်ကို ထိုင်းနှင့် အိန္ဒိယမှ ၀ယ်ရန် စီစဉ်နေပြီး မကြာမီ ဇူလိုင် (၁၇) ရက်တွင် အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် (၃,၁၂၅) ရောက်ရှိလာမည်ဟု WFP ၏ ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင် အစည်းအဝေးတခု၌ မြန်မာနိုင်ငံမှ ၀န်ကြီးဦးစိုးသာက လေဘေးဒဏ်ခံ ပြည်သူများအတွက် ရေသန့်နှင့် ဆန်များ မလိုအပ်တော့ဘဲ ထွန်စက်နှင့် လောင် စာဆီများကိုသာ လှူကြပါဟု ပြောဆိုခဲ့သည်။ ။

စစ်အစိုးရ၏ စီးပွားရေးသမားများ လေဘေးလုပ်ငန်း မလုပ်ဘဲ ရှောင်နေ
မုံပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 11:09 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် မုန်တိုင်းသင့် ဒေသများ၌ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို တာဝန် ပေးအပ်ခဲ့သည်။ သို့သော် သူတို့ လိုအပ်သော ငွေကြေးများရမည် မရမည် မသေချာသည့်အတွက် အတော်များများက ဤအလုပ်ကို လက်ခံရန် ဝန်လေးနေကြကြောင်း သတင်းရပ်ကွက်များက ပြောဆိုကြပါသည်။

စစ်အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အပြောအရ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၃ဝ ကျော်ကို စစ်အစိုးရက တာဝန် ပေးအပ်ခဲ့သည်ဟုဆိုသည်။ သို့သော် ကုမ္ပဏီအများအပြားမှာ ရှေ့ဆက်လုပ်ရန် အတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့် စစ်အစိုးရနှင့် အမြီးစားဖက် ခေါင်းစားဖက် ဖြစ်ကြသော အဆိုပါ စီးပွါးရေး အုပ်စုများမှာ စစ်အစိုးရ၏ မည်သည့် စီမံကိန်းအတွက်မဆို အပြေးအလွှားသွား၍ ဝင်ရောက် လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများသာ ဖြစ်သည်။ ဤသို့ လုပ်ပေးခြင်းဖြင့် သူတို့အတွက်လည်း “စီးပွါးရေး အခွင့်အလမ်း” များဆိုသည့် အထူး အခွင့်အရေးများကို စစ်အစိုးရက ပြန်လည် ဆုချလေ့ ရှိခြင်းကြောင့် ဖြစ်သည်။

“ဒီလို ကုမ္ပဏီတွေအတွက် ဒါမျိုးတွေက အသက်သွေးကြောလို ဖြစ်နေတာလေ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောဆိုသွားပါသည်။

သို့သော် ယခုအခါတွင်မူ မည်သည့် “စီးပွါးရေး အခွင့်အလမ်း” မျိုး အပြန်အလှန်အားဖြင့် ကျေးဇူးပြုခံရမည်ကို မသေချာသဖြင့် အဆိုပါ ကုမ္ပဏီများသည် မုန်တိုင်းသင့် ဒေသများတွင် ဤသို့ စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းများ သွားလုပ်ပေးရမည်ကို အင်တင်တင် ဖြစ်နေကြသည်။

ဤသို့ စီးပွါးရေးသမား အတော်များများက သူတို့၏ စိုးရိမ်ကြောင့်မှုများကို ထုတ်ဖေါ် ပြောဆိုခဲ့ကြသော်လည်း အချို့မှာမူ မုန်တိုင်း အပျက်အစီးများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသောအခါ စိတ်အလွန်ထိခိုက်ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အပြည့်အဝ ဝင်ရောက် ဆောင်ရွက်နေကြသူများလည်း ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးသုံးသပ်သူ ဦးအောင်နိုင်ဦး ကပြောဆိုသွားပါသည်။

သို့သော် တချိန်တည်းတွင်ပင် အချို့သော ကုမ္ပဏီ အများအပြားကလည်း မုန်တိုင်း ဒုက္ခသည်များအတွက် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ပေးခြင်းဖြင့် သူတို့အတွက် ဘာပြန်ရနိုင်မလဲ ဆိုသည်ကို အပေးအယူလုပ် ဈေးစကားပြောလျက်ပင် ရှိသေးကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

“မြစ်ဝကျွန်းပေါ်က လူထုတွေကြားမှာ ပြောနေကြတာ ရှိတယ်။ ဒီဆိုင်ကလုံးက စီးပွါးရေးသမားတွေ ကြားထဲ ဘယ်သူက လူသားဆန်တဲ့ နှလုံးသား ရှိတယ်၊ ဘယ်သူက မရှိဘူး ဆိုတာ မုန်တိုင်းက ကွဲကွဲပြားပြား ပြပေးလိုက်တာဘဲလို့ ပြောနေကြတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသွားပါသည်။

ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာရန် မြန်မာနိုင်ငံ စစ်အစိုးရက သူ၏ ဝန်ကြီး အများအပြားကို မုန်တိုင်းသင့် ဒေသများရှိ မြို့နယ်များသို့ စေလွှတ် တာဝန်ပေးထားသည်ဟု ဆိုသည်။

စစ်အစိုးရနှင့် နီးစပ်သူများ၏ အပြောအရ စစ်အစိုးရသည် ဤပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အရှက်တကွဲနှင့် သိက္ခာအကျခံပြီး လုပ်နေရသည်ဟု ဆိုပါသည်။

စစ်အစိုးရ၏ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးက ဟိုင်းကြီးကျွန်းသို့ သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒေသမှ ကျေးရွာသားများအား “ကျုပ်တို့က ဒီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အရှက်တကွဲ နဲ့ သိက္ခာအကျခံပြီး လုပ်နေရတာ” ဟု ပြောသွားသည်ဟု သတင်းရပ်ကွက် တခုက ပြောဆိုပါသည်။

ဤသို့ တင်အောင်မြင့်ဦး ပြောဆိုသွားသည်ကို သီးခြား လွတ်လပ်သည့် အတည်ပြုချက် မရရှိနိုင်သော်လည်း ရန်ကုန်တိုင်းတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးနေသည့် အကူအညီပေးရေး လုပ်သားများက ပြောဆိုသည်မှာ ယခုအခါ မုန်တိုင်း ဒုက္ခသည်များကို သူတို့ခိုလှုံရာ မုန်တိုင်း ကယ်ဆယ်ရေး ယာယီစခန်းများမှ ပြောင်းရွှေ့ခိုင်းနေပြီး အခြေအနေများ ပုံမှန်သို့ ပြန်လည် ရောက်ရှိနေပြီဟု ထင်မြင်အောင် ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“အခုဆိုရင် ယာယီ ကယ်ဆယ်ရေးစခန်းတွေ အတော်များများ ပိတ်ပစ်လိုက်ပြီဗျ။ လူတွေကို အတင်းအကြပ် ကိုယ့်နေရာကိုယ် ပြန်ခိုင်းနေတယ်။ အဲဒီမှာလဲ နေစရာဆိုလို့ ဘာမှ ကျန်တော့တာ မဟုတ်ဘူး” ဟု ကွမ်းခြံကုန်း၊ ဒေးဒရဲ နှင့် ကော့မှူး မြို့နယ်များတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးအပ်နေသော အကူအညီပေးရေး လုပ်သားတဦးက ပြောဆိုသွားခဲ့ပါသည်။

အာဏာပိုင်များက သူတို့၏ ကြိုးပန်းမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ယခုအခါ အခြေအနေမှာ ပုံမှန်သို့ ပြန်လည် ရောက်ရှိသွားပြီဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြချင်နေသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသွားပါသည်။

ကရင်နီဒုက္ခသည်များ ထိုင်းနယ်စပ်ကို ထွက်လာဆဲ
သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 16:40 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ဟုဆိုကာ ယခုနှစ်အတွင်း ကရင်နီလူမျိုး ၁၆၅ ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်းများသို့ ထွက်ပေးခိုလှုံလာခဲ့ကြသည်ဟု စခန်းတာဝန်ရှိသူများအပြောအရ သိရသည်။

ဒေသခံများအား သူပုန်များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခြိမ်းခြောက်မှု အပါအဝင် အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းမှု၊ လုပ်အားပေးခိုင်းစေမှုများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုသို့ ကယားပြည် ရှားတောနှင့် ဖရူးဆိုးမြို့နယ် အတွင်းက ဒေသခံ ၁၆၅ ဦးသည် ဇန်နဝါရီလမှ စတင်ပြီး ယနေ့အထိ ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်သည်။

နအဖ စစ်သားတွေက သူတို့ကို ခဏ ခဏ ခေါ်တယ်၊ မေးတယ်။ နောက် ပြဿဿနာရှာတယ်။ အဲဒီလိုမျိုးပေါ့။ သူတို့ ကြောက်ပြီး ထွက်လာကြတယ်။ နောက် တချို့က မသင်္ကာမှုပေါ့နော်။ သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့မှ အဲဒီလိုမျိုး သူတို့ကို စွပ်စွဲတယ်။ စွပ်စွဲတော့ ရွာမှာ မနေရဲလို့ သူတို့ တောထဲမှာ နေနေပြီးတော့ သူတို့ ရောက်လာကြတယ် ဟု ကရင်နီ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဋ္ဌ ဖိုးပြားက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင်တော်လှန်နေသော ကရင်နီတိုးတက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး ၂ ခူးဦးရယ်ကလည်း သူတို့ကျေးရွာတွေ မကြာခဏ ရွှေ့ခိုင်းတယ်။ အတင်းအကျပ် လုပ်အားပေးနေတာလည်း နေ့တိုင်းပဲ။ တပ်စခန်းတွေကို မွမ်းမံခိုင်းတာတွေ၊ ပြင်ခိုင်းတာတွေ ရှိတယ်။ ခြံကာခိုင်းတာတွေ ရှိတယ်။ သစ်ဝါးတွေ တောင်းတာ ရှိတယ်။ ဆန်တွေ၊ အသားငါးတွေ တောင်းတယ် စသဖြင့်ပေါ့။ ကျေးရွာတွေ ရွေ့ပြောင်းတဲ့အထိ ဖြစ်တာလည်း ဥပမာ သတင်းတွေ ထိန်ဝှက်တယ် ပြောပြီးတော့ ပြဿဿနာရှာ ရွှေ့ပြောင်းခိုင်းတာ၊ တချို့ကလည်း အနီးနားမှာ တိုက်ပွဲဖြစ်တာကို အကြောင်းပြပြီး ပြဿဿနာရှာ ရွှေ့ခိုင်းတာတွေ။ လူတွေက မလွဲမရှောင်သာ၊ လုံးဝ နေလို့ မဖြစ်မှသာ သူတို့ လာကြတယ် ဟု ပြောသည်။

လက်ရှိအချိန်တွင် ရှားတောနှင့် မော်ချီးဒေသဘက်တွင် ကေအန်ပီပီ တပ်ရင်းနှင့် အစိုးရတပ်များအကြား တိုက်ပွဲငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်းနှင့် အဆိုပါ ဒေသတဝိုက်တွင် ခြေမြန်တပ်ရင်း (ခမရ) ၄၂၆ ၊ ၅၃ဝ နှင့် ၅၃၁ တို့ တပ်စွဲထားကြောင်း သိရသည်။

ယခုလို စခန်းသို့ ထွက်ပြေးရောက်ရှိလာသော ကရင်နီများသည် ဆွေမျိုးနီးစပ်သူများထံတွင် နေထိုင်ခွင့် ပြုထားသလို စားနပ်ရိက္ခာများကို စခန်းကော်မတီက ကူညီထောက်ပံ့ပေးထားသည်။

ခိုလှုံလာသူများအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် ခရိုင်အာဏာပိုင်များနှင့် ဆွေးနွေးရန် စခန်းကော်မတီက စီစဉ်နေသည်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ နှစ်ခုပေါင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၂၃ဝဝဝ ခန့် ရှိကြောင်း စခန်းတာဝန်ရှိသူ ပြောပြချက်အရ သိရသည်။

ကြေးမုံဦးသောင်း အမှတ်တရစာအုပ် ထွက်ပြီ
ကိုသက် ဇူလိုင် ၉၊ ၂၀၀၈
လွန်ခဲ့သည့် ဧပြီလတွင် ကွယ်လွန်ခဲ့သည့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ကို အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့က ထုတ်ဝေလိုက်သည်။
၎င်းစာအုပ်သည် မိုးမခ မီဒီယာတွင် ဖော်ပြခဲ့သည့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ ဆောင်းပါးများနှင့် မောင်စွမ်းရည်၊ ၀င်းဖေ၊ မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်)နှင့် မောင်ရစ် တို့ရေးသားသည့် ကြေးမုံဦးသောင်းအကြောင်း ဆောင်းပါးများကို စုစည်းတင်ပြထားပြီး စာအုပ်ရောင်းရငွေကို သပိတ်မှောက်စာနယ်ဇင်းသမားများ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု မိုးမခ အယ်ဒီတာအဖွဲ့ဝင် ကိုမောင်ရစ်က ဧရာဝတီကို ပြောသည်။

“ကြေးမုံဦးသောင်းဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် သူ့ကလောင်ကို ပြည်တွင်းမှာစတေးပြီး ပြည်ပမှာ ပြန်တည်ဆောက်ခဲ့တာ အနှစ် ၆၀ လုံးလုံး ကွယ်လွန်သွားတဲ့အထိ တိုက်သွားတာကို အလေးဂရုပြုတဲ့အနေနဲ့ … နောက်ပြီး ပြည်တွင်းမှာ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအတွက် အာဏာပိုင်ကို အာခံနေတဲ့လူတွေအတွက်ပေါ့ဗျာ” ဟု ကိုမောင်ရစ်က ပြောသည်။

ကြေးမုံဦးသောင်းကဲ့သို့ပင် ၂၀၀၇ ခုနှစ် နေက်ပိုင်း၌ မြန်မာနိုင်ငံတွင် အာဏာပိုင်အလိုကျမရေးပဲ ဖိနှိပ်မှုများကို တော်လှန်ဖောက်ထွက်သည့် ကိုစောဝေ၊ ကိုအောင်ဝေး၊ ကိုကြည်မောင်သန်း တို့ကဲ့သို့သော စာပေသမားများ ပိုများလာသည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။

ကြေးမုံဦးသောင်းသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် စစ်တပ်ကို ဝေဖန်သည့်စာများရေးသားရင်း နာမည်ကြီးလာကာ ၁၉၆၄ ခုနှစ် ကြေးမုံသတင်းစာတိုက်ကို ပြည်သူပိုင် အသိမ်းခံရပြီးနောက် ကြေမုံဦးသောင်း ထောင်ဒဏ် ၃ နှစ် ချခံရသည်။

ကြေမုံဦးသောင်းသည် ၁၉၇၃ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်း၌ တတိယ အထွေထွေမန်နေဂျာ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ ယခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်အထိ ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။

ကြေးမုံဦးသောင်း အမှတ်တရစာအုပ်သည် မိုးမခ မီဒီယာအဖွဲ့၏ တတိယမြောက် စာအုပ်ဖြစ်ပြီး
ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း တလပြည့် အထိန်းအမှတ်နှင့် ၆ လပြည့် အထိန်းအမှတ် စာအုပ်များကို ထုတ်ဝေခဲ့ပြီ့း ဖြစ်သည်။

စစ်အစိုးရက ၁၉ နှစ်ကြာအောင် အကျဉ်းချခံထားရသည့် သတင်းစာဆရာကြီး ဦးဝင်းတင် အကြောင်းကို မိုးမခက စာအုပ်ထုတ်ဝေရန် အစီအစဉ်ရှိသည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။

ကြေမုံးဦးသောင်း အမှတ်တရစာအုပ်တန်ဖိုးမှုာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာဖြစ်ပြီး ၀ယ်ယူအားပေးလိုပါက contact@moemakha.org (သို့မဟုတ်) PO Box 320-207, San Francisco, CA 94132-0207, USA ကို ဆက်သွယ်မှာကြားနိုင်သည်။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ ပါတီထောင်ရန် အသင့် မဖြစ်သေး
အေးလဲ့ ဇူလိုင် ၉၊၂၀၀၈
စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား လက်နက် စွန့်လွှတ်၍ နိုင်ငံရေးပါတီထောင်ပြီး၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ဖိအားပေးမှုများရှိနေ သော်လည်း ဆုံးဖြတ်ချက်မချရသေးကြောင်း ယင်းအပစ်ရပ်အဖွဲ့များက ပြောသည်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့ တဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) အနေနှင့် နိုင်ငံရေးပါတီ တခု အဖြစ်ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာလဂျာ က“ကျနော်တို့ အနေနဲ့ကလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ဖြစ်နေတော့ နိုင်ငံရေးပါတီ ထူထောင်ဖို့ အပြောင်းအလဲ မရှိသေးဘူး၊ ဒါပေမယ့် ကချင်လူထု သဘောထားအတိုင်း ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတာရှိပါတယ်၊ သူတို့ပြင်ဆင်မူကိုတော့ ကျနော်တို့ထောက်ခံပါတယ်၊ ဒီ ကချင်လူထုကို ကိုယ်စား ပြု ပြီးဖြစ်လာမယ့်ပါတီကတော့ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး” ဟုပြောသည်။

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များနှင့် စစ်အစိုးရ စစ်တပ် ခေါင်းဆောင်များ တွေ့ စဉ် လက်နက်ကိစ္စနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့သည်ဟု လည်း ဒေါက်တာ လဂျာက ပြော သည်။

“တိတိကျကျသတ်မှတ်ချက် အခြေအနေမျိုးမရှိဘဲနဲ့ လက်နက်ချတာမျိုးမဖြစ်ဖို့ကို ကျနော်တို့ ခေါင်းဆောင် တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့တိုင်း အကြိမ်ကြိမ်ပြောနေကြပါ၊ ဒါနဲ့ ပတ်သက်ပြီးလည်း တပ်မ တော် ခေါင်းဆောင်တွေက အမြဲတမ်းအာမခံချက်ပေးပါတယ်၊ သင့်တော်တဲ့နည်းနာ သူတို့ အကြီးအကဲ၊ လူကြီးတွေက စဉ်းစားထားတယ် လို့ ပြောပြပါတယ်”ဟု ၎င်းက ဆက် ပြောသည်။

KIO သည် ၁၉၆၁ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ခုနှစ်တွင် စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့မှ တဖွဲ့ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP) အနေနှင့်လည်း စစ်အစိုးရ၏ ၂၀၁၀ ခု ရွေကောက်ပွဲဝင်ရေး ပါတီထောင်ရန်မှာ တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

“လောလောဆယ် တိတိကျကျဆုံးဖြတ်ထား တာ မရှိသေးဘူး၊ အခုက အဓိကကျတဲ့ နိုင်ငံရေးအလှည့် အပြောင်း တခုဖြစ်နေတယ်၊ ဒါကြောင့်ကျနော်တို့ပါတီ အနေနဲ့ ဆုံးဖြတ်ချက်ကိုတော့ ပါတီအဖွဲ့အစည်းရဲ့ ဗဟိုဆုံးဖြတ်ချက် ဒါမှမဟုတ် ညီလာခံဆုံးဖြတ်ချက် တွေယူပြီးမှ သိနိုင်မယ်”ဟု NMSP ပြောရေး ဆိုခွင့် ရှိသူ နိုင်အောင်မငေး က ပြောသည်။

၎င်းကဆက်လက်ပြီး နအဖက ရှေ့ဆက်၍ ဖိအားပေးပြောဆိုလာပါက အရေးပေါ်စည်းဝေးပွဲခေါ် ယူပြီး ဆုံးဖြတ်ရမှာဖြစ်ကြောင်းနှင့် တိုင်းရင်းသားအခွင့်အရေး တိတိကျကျ မရှိပါက နိုင်ငံရေး ပြဿနာ ပြေလည် မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့ ပေါ်လစီ လမ်းပြမြေပုံ ၇ချက် အရ ဒါတွေက လုပ်လာမယ်ဆိုတာကို ကျနော်တို့သိပြီသားပါ၊ ဒါပေမယ့် ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်မဟုတ်ဘူး၊ တိုင်းရင်းသားအခွင့်အရေး တိတိကျကျ ပြတ်ပြတ် သားသား ပေါ်ပေါ်လွင်လွင်မရှိဘူး ဆိုရင်တော့ ရှေ့ဆက်သွားမယ့်နိုင်ငံရေး ပြဿနာမှာ ပြေလည်လိမ့်မယ် လို့ မထင်ဘူး ” ဟုလည်း နိုင်အောင်မငေးက ဆိုသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူခဲ့ပြီး ၂၀၀၃ ခုနှစ် က နအဖ ကျင်းပသည့် အမျိုးသားညီလာခံကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကာ ၂၀၀၅ ခုနှစ် မှစတင်၍ ညီလာခံ ပြီးဆုံးသည်အထိ လေ့လာသူ အဖြစ်တက်ရောက်ခဲ့သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (SSA-S) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တို့အနေနှင့်လည်း၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်းနှင့် UWSA မှာ ၎င်းတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ စိတ်ဝင်စား မှု ရှိနေကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်း က ပြောသည်။

SSA-S ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆိုင်းမွန်းကမူ“ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေအနေနဲ့ သူတို့မှာ ရွေးစရာ နှစ်လမ်းပဲရှိတယ်၊ တလမ်းကတော့ လက်နက်ချပြီး တော့ နအဖခိုင်းသလို နိုင်ငံရေးပါတီပြောင်း ရွေးကောက်ပွဲဝင်ဖို့နဲ့ နောက်တလမ်းကတော့ လက်နက်ကိုင် တိုက်ဖို့ပဲရှိတယ်” ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့(DKBA)အဖွဲ့တွင် လက်နက်စွန့်၍ နိုင်ငံရေးပါတီ ထောင်ရန် မူတရပ်အနေနှင့် အစီအစဉ် မရှိ သေးကြောင်း၊ လက်ရှိတွင် ၎င်းတို့သည် စီးပွားရေးနှင့် ကရင်လူထု ဖွံ့ဖြိုးရေးကို သာ စိတ်ဝင်စား ကြောင်း DKBA နှင့်နီးစပ်သူတဦးကလည်း ပြောသည်

ဇူလိုင် ၆ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အနေ နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုစွန့်ပစ်၍ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအသစ် ကို လက်ခံပါဝင်ယှဉ်ပြိုင်ရန် ရေးသား ဖော်ပြထားသည်။

အရပ်ဖက် အဖွဲ့အစည်းများ အားကောင်းလာစေရေး အားပေးရန် လိုသည်
ရဲနည် ဇူလိုင် ၈၊ ၂၀၀၈
မယုံကြည်နိုင်လောက်စရာ ကောင်းသည်။ မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒုက္ခသည်များက ကပ်ဘေးကျရောက် ရအပြီး ၂-လအကြာတွင် စစ်အစိုးရ အာဏာပိုင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိကြသော်လည်း ကြံ့ကြံ့ခံ၍ သူတို့၏ ဘ၀များကို ပြန်လည် တည်ဆောက်နေကြပြီ ဖြစ်သည်။

ဤနာဂစ်မုန်တိုင်းကြီးတွင် အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လူပေါင်း ၈၄,၅၃၇ အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၅၃,၈၃၆ ပျောက်ဆုံးနေခဲ့သည်။ ဤမျှ ပြင်းထန်ဖျက်အားပြင်းလှသည့် မုန်တိုင်းကြီးကို ညွှန်းဆို၍ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (အာဆီယံ) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က " မုန်တိုင်း ကြီး၏ ဆိုးရွားပြင်းထန်လှသည့် ဒေါသကို အံတု၍ အရှုံးပေးလက်မြှောက်ရန် ငြင်းဆန်ကြသည်၊ ပြန်လည်ထရပ်မည်ဟု သံန္နိဌာန် ပြုကြသည်၊ သူတို့၏ ဘ၀အတိုင်း ပြန်လည်ရပ်တည်လာကြသည်ကို တွေ့မြင်ကြရသည်မှာ မိမိတို့အားလုံးအတွက် အမှန်တကယ် စိတ်အားတက်ကြွဖွယ်ပင် ဖြစ်ပါသည်" ဟု ဆိုခဲ့သည်။

ဤသို့ မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် ချီးကျူးပြောဆိုခဲ့သည်ကို ကြားကြရသည်မှာ အထူးဝမ်းမြောက် ဖွယ်ပင် ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့ကြပြီး၊ ဤရဟန်းသံဃာ များက ပုဂ္ဂလိက အလှူရှင်များနှင့် လိုအပ်မှုရှိနေကြသည့် ဒုက္ခသည်များအကြား အရေးပါသည့်အခန်းကဏ္ဍမှနေ၍ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်း များတွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးဆိုရခြိမ့်မည်။ ထိုသူများ၏ ၀ိုင်းဝန်းကူညီမှု များကြောင့်သာ မုန်တိုင်းသင့်ဒုက္ခသည်များအနေဖြင့် ကပ်ဘေးရောဂါများနှင့် ငတ်မွတ်ခေါင်းပါး မှုဘေးကြောင့် နောက်ထပ် ဒုတိယအကြိမ် ကြုံရဖွယ်ရှိသည့် ကပ်ဘေးဒုက္ခဆိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အမှန်တွင် မကြာသေးမီ ကာလတိုင် မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အင်အားအချိနဲ့ဆုံး အခြေအနေတွင်ရှိခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင်လည်း မဖွံ့ဖြိုး ခေါင်းမထောင်နိုင်လောက်အောင် နှိပ်ကွပ် ခံခဲ့ရသည်။ အဆက်ဆက်သော အစိုးရများကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဖယ်ရှားနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပြီး၊ စစ်အစိုးရများ၏ အကျိုးဆောင်ပေးကြမည့် ထိန်းချုပ်ခံ အဖွဲ့အစည်းများကိုသာ ခွင့်ပြုထားခဲ့သည်။

ဤအရပ်ဖက် လူမှုအဖွဲ့အစည်းများက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ပြန်လည် နိုးကြား၍ ပေါ်ပေါက်ခဲ့ဖူး ကြသည်။ ကျောင်းသားအဖွဲ့အစည်းများ၊ သံဃာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့ အစည်းများ မိုးဦးမှိုများလို အနှံ့အပြား ပေါ်ပေါက်လာခဲ့ကြသည်။

ယခုတကြိမ်တွင်တော့ နာဂစ်မုန်တိုင်း အပြီးတွင် ပုဂ္ဂလိက စေတနာအလှူရှင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ အများအပြား ပေါ်ပေါက်လာကြသည်။ နာမည်ကြီး အနုပညာသည်များ၊ သတင်းမီဒီယာ အုပ်စုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူပေး ရေး အဖွဲ့များကလည်း စိတ်တူကိုယ်တူ လူထုများနှင့် စုပေါင်းဖွဲ့စည်း၍ ကယ်ဆယ်ရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။

သို့သော်လည်း ယနေ့ကာလတိုင် စစ်အစိုးရ အာဏာပိုင်များက လွတ်လပ်သည့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများကို စောင့်ကြည့်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရက မျက်နှာသာပေးမှ ပိုမိုလွတ်လပ် စွာ ဆောင်ရွက် ခွင့်ရနိုင်သည့် အခြေအနေလည်း ရှိနေသည်။

စစ်အစိုးရ ခေါင်းဆောင်များအတွင်း ယခုအချိန်တိုင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ရန်အတွက်လည်း စိတ်ဆန္ဒ မတွေ့ကြရသေးပေ။ ပြုပြင်ပြောင်းလဲရေးကိစ္စများ လုပ်ဆောင်ကြရမည့်အစား မြန်မာစစ်ဗိုလ် ချုပ်များက တက်ကြွလှုပ်ရှားသူများကို ဆက် လက်ဖမ်းဆီးခြင်း၊ လူထုများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်နေ ခြင်း၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု ပြည်သူများကို ဖိနှိပ်နေကြခြင်းများ ဆက်လက်ဆောင်ရွက်နေကြပြီး ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အပြေးအလွှား စီစဉ်နေလျှက် ရှိသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများကမူ လူထုအများ၏ မျှော်လင့်ချက်များ ပြန်လည်၍ ပျိုးထောင်မြှင့်တင်ပေးရန်၊ တရားမျှတမှု၊ ဗဟုဝါဒ လူ့အဖွဲ့အစည်း၊ နောက်ဆုံး ဒီမိုကရေစီရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက စွမ်းဆောင်နိုင်ကြောင်း အထင် ကြီးရလောက်အောင် လက်တွေ့သက်သေပြနိုင်ခဲ့ကြသည်။ သို့သော်လည်း ဤအဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်မှု ပေးရန်၊ မြေတောင်မြှောက် အားပေးရန်နှင့် ကျယ်ပြန့် သည့် ပို၍ စနစ်တကျစုစည်းမှုရှိသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် တာဝန်မည်သူယူပါမည်နည်း။ ဤမေးခွန်းအတွက် အဖြေမရှိသေးပါ။

ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့အနေဖြင့် စစ်အစိုးရနှင့် ပူးတွဲ၍ ရေတိုကာလ ပြဿနာများဖြစ်သည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး၊ အစားအစာနှင့် အမိုးအကာ ရရှိရေး၊ နောက်ထပ် အသက်များသေဆုံးရသည့် ကပ်ဘေးများ ထပ်မံ မကြုံစေရေး စသဖြင့် နိုင်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အကူအညီများ ရရှိရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းကြရန် မှန်သော်လည်း၊ နိုင်ငံရေးအရ သင့်မြတ်ပြေလည်မှုရစေရေး အတွက်လည်း ဆက်လက်ကြိုးပမ်းရန် လိုအပ်ပါသည်။

ရေရှည် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စအများ၌ ပိုမိုခိုင်မာ အင်အားကောင်း သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးကိုလည်း အရေးပေး အကောင်အထည်ဖော်ရန် လိုအပ်နေပါ သည်။ သို့မှသာ ကြုံတွေ့ရဖွယ်ရှိနေသည့် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများကို ကျော်လွှားနိုင်ကြဖွယ် ရှိပါတော့သည်။

လေဘေးဒဏ် ပြန်လည်ထူထောင်ရေး ရံပုံငွေ ပိုမိုလိုအပ်
09 July 2008
နိုင်ငံတကာ ကြက်ခြေနီ ဖက်ဒရေးရှင်း အဖွဲ့ IFRC နဲ့ လခြမ်းနီအဖွဲ့ တို့ က မြန်မာနိုင်ငံ လေဘေးသင့်ဒေသများ ပြန်လည် နလန်ထရေး ရံပုံငွေ အဖြစ် ဒေါ်လာ ၇၂ သန်းခွဲ အထိ အလှူရှင်တွေဆီက တိုးမြှင့်တောင်းခံလိုက်ပါတယ်။

အဲသလို ပြောင်းလဲ သတ်မှတ် လိုက်တဲ့ ရံပုံငွေ ဟာ ၃ နှစ်ကြာ အစီအစဉ်တွေ အတွက် ဖြစ်ပြီး၊ ရေရှည် သဘာဝ ဘေးအန္တရာယ် လျှော့ချရေး စီမံကိန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ် လို့ အိုင်အက်ဖ်အာစီ နဲ့ လခြမ်းနီ အဖွဲ့တို့က ပြောဆိုပါတယ်။

အဲသလို ဆောင်ရွက်ချက်တွေထဲမှာ သဘာဝ ဘေးဒဏ် ခံရဖွယ်ရှိတဲ့ ဒေသတွေကို သတ်မှတ်တာ၊ အရေးပေါ် လူတွေကို ဆိုင်ရာဒေသတွေက ဖယ်ရှား ပြင်ဆင်တာ၊ အဲသလို ဖယ်ရှား ပြင်ဆင်ဖို့ ကြိုတင် လေ့ကျင့်တာတွေ ပါဝင်ပါမယ်လို့ အိုင်အက်ဖ်အာစီရဲ့ ပြောရေး ဆိုခွင့်ရှိသူ Zach Abrahamက ပြောပါတယ်။

မုန်တိုင်းကျအပြီး၊ လူပေါင်း ၁၃၈၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေချိန်မှာ အိုင်အက်ဖ်အာစီ က ချက်ချင်းလက်ငင်း ဆောင်ရွက်စရာတွေအတွက် ဒေါ်လာ သန်း ၅၀ တောင်းခံခဲ့ပါတယ်။

"လေမုန်တိုင်း မကျမီကတည်းက ဆင်းရဲသား ထောင်ပေါင်းများစွာဟာ မရေရာလှတဲ့ ဘ၀မှာ နေခဲ့ကြရတာပါ" လို့ အာရှ ပစိဖိတ် ဇုံ အကြီးအကဲ Alistair Henleyက ဆိုပါတယ်။

"လေဘေး သင့်လိုက်တဲ့အခါ၊ သူတို့ခမျာ ပို အားနည်း၊ ပို ခံရဖွယ် ရှိသွားပါတယ်။" လို့ မစ္စတာ Henley က ပြောပါတယ်။

"သူတို့ ဆုံးရှုံးသွားတာတွေ ကို သူတို့ ပြန်ရစေဖို့ ကျွန်တော်တို့ သေချာအောင် လုပ်ကြရမှာ သာမက အနာဂတ် မှာ သူတို့ ဘ၀တွေ ပို ကောင်းပြီး၊ ပို လုံခြုံဖို့လည်း လုပ်ကြရမှာပါ။" လို့ သူ က ဆိုပါတယ်။

ဇူလိုင် ၈ ရက်နေ့ အထိ၊ ကြက်ခြေနီ အဖွဲ့ကြီးဟာ လူပေါင်း ၅ သိန်းဆီကို ရေတို အကူအညီတွေ ပေးပြီး ဖြစ်ပါတယ်။ ရပ်ရွာတွေကို ရေသန့်တွေ ရရှိအောင်၊ မသန့်ရှင်းတဲ့ ရေးတွင်းရေကန်တွေ ကို သန့်ရှင်းအောင် ကူညီခဲ့ပါတယ်။

စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးများ၏ဒုက္ခ ဗြိတိန်ပါလီမန်မှာ တင်ပြမည်
09 July 2008
မစုမြတ်မွန်
မြန်မာစစ်အစိုးရလက်အောက်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လို ဒုက္ခခံစား
နေကြရသလဲဆိုတာကို ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိသျှပါလီမန်မှာ မြန်မာအမျိုး
သမီး၃ ယောက်က တင်ပြဆွေးနွေးကြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း
သား မိသားစုတွေရဲ့ဘ၀၊ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ အခြေအနေနဲ့ နယ်စွန်
နယ်ဖျားတွေက အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အမျိုးသမီးလေး ၃ ယောက်က မီးမောင်းထိုး ပြောပြကြမှာ
ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ ဘ၀တွေကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်
လာစေဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ စီစဉ်
ပေးမှုနဲ့ ဗြိတိန်ရောက် မြန်မာအမျိုးသမီးများအဖွဲ့က အမျိုးသမီး ၃ ယောက်ကနေပြီး
ဗြိတိန်ပါလီမန်မှာ အမျိုးသမီးတွေရဲ့အရေးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ တင်ပြကြမှာ
ဖြစ်ပါတယ်။ အမျိုးသမီး ၃ ယောက်က သီးခြားခေါင်းစဉ် အကြောင်းအရာတွေကို
ပြောပြကြမယ့်အထဲမှာ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အဓိကထား ပြောပြမယ့် မယုဝါလှိုင်က ဘာကြောင့် ဒီ
ခေါင်းစဉ်ကို ရွေးပြီးပြောမှာလဲဆိုတာကို ခုလိုပြောပြပါတယ်။

“အဓိကကတော့ ကရင်၊ ကယား၊ ကရင်၊ ချင်းတွေရဲ့ နယ်စပ်ကနေပြီး ထိုင်းနယ်စပ်တို့၊
တရုတ်နယ်စပ်တို့ အဲလိုနယ်စပ်ကြားထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့အဖြစ်ကို အဓိက
ပြောချင်တာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ မိန်းကလေးတွေဟာ တကယ့် လူ့အခွင့်အရေး
အပြည့်မရဘူး။ ကရင်ပြည်နယ်၊ ကယားပြည်နယ် တကယ့်နယ်တွေမှာဆိုရင်
တော်တော်ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပါ။ အဲဒါကြောင့် ကျမက
ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ။

“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မိန်းကလေးတွေရဲ့အဖြစ်က တော်တော်ဆိုးတယ်ပေါ့
လေ၊ မြန်မာနိုင်ငံမှာနေရတာ။ လူ့အခွင့်အရေးခံစားခွင့် အပြည့်အ၀မရလို့ ကျမ
ဒီမိန်းကလေးတွေအကြောင်းကို ပြောလိုက်တာ။ ကယ်တင်မယ့်လူလည်း မရှိဘူး။
ဒါကြောင့် ဗြိတိသျှအစိုးရကလည်း သိရအောင်လို့။ မြန်မာမိန်းကလေးတွေက ဘယ်လို၊
ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတာ။ သူတို့မှာ လူကုန်ကူးခံရတဲ့အပြင် နအဖ
စစ်အစိုးရက သူတို့ကိုလည်း အဓမ္မ လိင်ဆက်ဆံခြင်းကို ပြုလုပ်တယ်ပေါ့။ သူတို့ရဲ့ဆန္ဒ
မပါဘဲ အတင်းအဓမ္မလုပ်တဲ့ကိစ္စတွေကို မြန်မာအမျိုးသမီးတွေက ခံနေရတာ။ သူတို့မှာ
ငြင်းဆိုခွင့်လည်းမရှိဘူး၊ ဆန့်ကျင်မှုလည်း လုပ်လို့မရတဲ့အဖြစ်ကို မြန်မာအမျိုးသမီး
တွေက ခံစားနေရတာ။ ဒါကို နိုင်ငံတကာက သိအောင်ဆိုပြီး ကျမ ဒီခေါင်းစဉ်ကို
ရွေးလိုက်တာ။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်က တိုင်းရင်းသား အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို စနစ်တကျ ပြုလုပ်နေတယ်ဆိုပြီး ဒီအပေါ်မှာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူသင့်တယ်ဆိုတဲ့ ခေါင်းစဉ်ကိုလည်း
နောက်ထပ် အမျိုးသမီးတယောက်က ပြောပြပါလိမ့်မယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရင်း ထောင်ကျ
နေသူတွေရဲ့ မိသားစုဘ၀ အခြေအနေတွေကိုလည်း ပြောပြကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အဓိကထား ပြောပြမယ့်သူကတော့ လက်ရှိထောင်ကျနေတဲ့
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန် ဖြစ်ပါတယ်။

“သမီးပြောမယ့်အကြောင်းအရာက သမီးရဲ့ မိသားစုဘ၀ပေါ့။ သမီးငယ်ငယ်တုန်းက
အဖေနဲ့ ဘယ်လိုမတွေ့ခဲ့ရဘူးဆိုတဲ့အကြောင်း၊ အဖေက သမီးငယ်ငယ်ကတည်းက
ထောင်ကျသွားပြီးတော့ ပြန်ထွက်လာပေမယ့်လည်း နောက်တခါ ထောင်ကျတယ်
ဆိုတဲ့အကြောင်း၊ သမီးမွေးပြီး ငါးလကတည်းက အဖေက ထောင်ကျသွားလို့ သမီး
အဖေကို မတွေ့ခဲ့ရဘူး။ သမီးအသက် လေးနှစ်လောက်အရွယ်ကျတော့မှ အဖေ့ကို
တွေ့ခဲ့ရတယ်။ အဲဒါကလည်း အင်းစိန်ထောင်မှာ သွားတွေ့ခဲ့ရတာ။ ဆိုတော့ သမီး
အဖေနဲ့ သမီးနဲ့ကြားမှာ သူများမိသားစုတွေလို ယုယကြင်နာမှုဆိုတာ မရှိခဲ့ဘူး။
စကားပြောတာလောက်ပဲရှိတယ်။

“အဖေတို့၊ သမီးတို့ မိသားစုတခုတည်း မဟုတ်ပါဘူး။ တခြားမှာလည်း မိသားစုတွေ
အများကြီးရှိတယ်။ အဲဒီလိုပဲ အမျိုးသမီးတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဖို့
အတွက် သူတို့လည်း ဘယ်လိုကြိုးစားနေရတယ်၊ မနီလာသိန်းတို့ မမီးမီးတို့ အဲဒီဘက်
ကိုဦးတည်ပြီး သမီးက ပြောထားတယ်။”

ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားရင်း ထောင်ချခံရ ဒါမှမဟုတ်လည်း တိမ်းရှောင်နေ
ရတဲ့ အမျိုးသမီးလှုပ်ရှားသူတွေ မိသားစုဘ၀ကိုရင်းပြီး ပေးဆပ်နေကြရတဲ့ အကြောင်း
ကိုလည်း မဝေနှင်းက ပြောပြမှာပါ။

“မနီလာသိန်း သူ့ရဲ့မိသားစုနဲ့ ဘယ်လိုခွဲသွားရတယ်ဆိုတဲ့အကြောင်း၊ သူ အခုထိ
သူ့သမီးနဲ့ တွေ့ခွင့်မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ မမီးမီးအကြောင်းကိုလည်း သမီး
ပြောထားတယ်။ မနီလာသိန်းတို့ မမီးမီးတို့ဆိုတာလည်း ၈၈ မျိုးဆက် ကျောင်းသား
အဖွဲ့ဝင်တွေပါပဲ။ သူတို့လည်း သမီးအဖေ ကိုမြအေးတို့ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲပြီး
လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေပါပဲ။”

ညီမတို့က ဗြိတိသျှပါလီမန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ
အကြောင်း၊ အမျိုးသမီးတွေရဲ့အကြောင်း ပြောပြမယ်ဆိုတော့ ညီမတို့ရဲ့ အဖြစ်အပျက်
တွေကို ကြားသွားတဲ့ ဗြိတိန်ကအမတ်တွေက ဘယ်လိုမျိုး အကူအညီတွေ ပေးလာဖို့
ကိုရော မျှော်လင့်ပါသလဲ။

“သူတို့ မြန်မာနိုင်ငံအကြောင်း ပိုသိလာတဲ့အခါကျတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက
မြန်မာအမျိုးသမီးတွေကို ထောက်ခံမှုတွေ၊ အားပေးမှုတွေ၊ ကူညီမှုတွေ ရလာနိုင်မယ်
လို့ သမီးတို့ မျှော်လင့်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန်က ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိန်ပါလီမန်မှာ ပြောပြမယ့်အချက်
တွေကို ရှင်းပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့ကိစ္စ၊ နယ်စပ်ဒေသတွေမှာ အစိုးရ
စစ်တပ်တွေရဲ့ အဓမ္မပြုကျင့် ခံနေရတဲ့ကိစ္စတွေ ရပ်သွားအောင် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာတ၀န်းမှာရှိကြတဲ့ မြန်မာအမျိုးသမီး
များအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဇင်ဘာဘွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဖိအားပေး
09 July 2008
ဇူလိုင် ၈၊ ၂၀၀၈။
အမေရိကန်က အမှူးပြုပြီး ဇင်ဘာဘွေနိုင်ငံကိုပိတ်ဆို့အရေးယူကြဖို့ ဆုံးဖြတ်ချက်မူကြမ်းဟာ
လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ အလုံအလောက် ရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်
ရာ ပြင်သစ်သံအမတ်ကြီး ဂျင်း မောရစ္စ ရီပေး(Jean-Maurice Ripert) က အင်္ဂါနေ့က
ပြောလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက် မူကြမ်းအရ ဇင်ဘာဘွေရဲ့
လက်နက် ကုန်သွယ်ရောင်းဝယ်ခွင့်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့တားမြစ်မှာ
ဖြစ်ပြီး သမ္မတမူဂါဘီ (Mugabe) ရဲ့ အစိုးရမှာပါဝင်သူ ၁၄ ဦးကိုလည်း အဓိက ပစ်မှတ်
ထားမှာ ဖြစ်ပါတယ်။

တဖက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်တလေ ချာကင် (Vitaly Churkin)
ကတော့ ဒီမူကြမ်းထဲမှာပါတဲ့ အချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ရုရှားနိုင်ငံ
အနေနဲ့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကတော့ ဒီလိုပိတ်ဆို့အရေးယူမှု
တွေဟာ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးစေမှာဖြစ်တယ်လို့ ပြောပါတယ်။ ဟယ်ရာရီး
မြို့မှာရှိတဲ့ ဇင်ဘာဘွေ တရားရေးဆိုင်ရာဝန်ကြီးက အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်
တွေဟာ သမ္မတ မူဂါဘီနဲ့တွေ့ဆုံဖို့ သဘောတူလိုက်ကြောင်း ပြောပါတယ်။ ဘယ်တော့
တွေ့ဆုံမယ်ဆိုတာတော့ မသိရသေးပါဘူး။
အတိုက်အခံပါတီဘက်ကတော့ ဒီလိုတွေ့ဆုံဖို့ စီစဉ်တာဟာ မှန်မမှန်ကြောင်းကို
အတည်ပြုပြောကြားဖို့ ငြင်းဆိုလိုက်ပါတယ်။

ထိုင်းစစ်ဦးစီးအရာရှိချုပ် ထိုင်း-မြန်မာနယ်စပ် စစ်ဆေး
NEJ/ ၉ ဇူလိုင် ၂၀၀၈

ဗိုလ်ချုပ်ကြီးမွန်တရီချွန်ဖူကျန်နှင့်အဖွဲ့ဝင်များ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိစဉ်

နယ်စပ်မူးယစ်ဆေးဝါးပြဿနာ၊ ဒုက္ခသည်စခန်းဆိုင်ရာ ကိစ္စနှင့် နိုင်ငံခြားသား အလုပ်သမားများ ခိုးဝင်သည့် ကိစ္စများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ထိုင်းစစ်ဦးစီး အရာရှိချုပ်နှင့်အဖွဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနှင့် မယ်လဒုက္ခသည်စခန်းသို့ လာရောက် ခဲ့သည်။

ထိုင်းနိုင်ငံ နိုင်ငံတော်ပြည်တွင်းလုံခြုံရေးဌာနအတွင်းရေးမှူး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မွန်တရီချွန်ဖူကျန်နှင့်အဖွဲ့သည် ယနေ့နံနက်က မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ယနေ့နံနက်ပိုင်းက မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာကွပ်ကဲရေးတပ် စည်းဝေး
ခန်းမတွင် အဆိုပါကိစ္စများကို တံခါးပိတ်အစည်းအဝေး ကျင်းပအပြီးတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က “ဒီကိစ္စသုံးခုအတွက် ဒေသခံတာဝန်ရှိ သူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး တာဖြစ်တယ်။ နိုင်ငံခြားသားအလုပ်သမား ခိုးဝင်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါး နယ်စပ်ကနေ ဝင်ရောက်
တဲ့ကိစ္စတွေ ဆက်လက်မဖြစ်ပွားရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များအား ပြောကြားသည်။

သို့ရာတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က ဒေသခံ သတင်းထောက်များ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ထိုင်းသတင်းထောက်တဦးက တတိယနိုင်ငံသို့ ဒုက္ခသည် များ ထွက်ခွာလျက်ရှိပြီး တတိယနိုင်ငံသို့ မထွက်ခွာလိုဘဲ ကျန်ရှိသူများအတွက် မည်သည့်အစီ အစဉ်များ ရှိပါသနည်းဟု မေးမြန်းရာ ဗိုလ်ချုပ်ကြီးက "ဒုက္ခသည်နဲ့ ပတ်သက်တဲ့ကိစ္စကို ထိုင်း အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်" ဟုသာ ဖြေကြားသည်။

ဗိုလ်ချုပ်ကြီး မွန်တရီနှင့်အဖွဲ့ဝင်များသည် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ သွားရောက် ကာ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကြည့်ရှုပြီး မွန်းလွဲ (၂) နာရီခွဲတွင် ရဟတ်ယာဉ် ဖြင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအတွင်း အခြေအနေများကို စစ်ဆေးခဲ့သည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောသာကဲက “အဲဒီလူကြီးအဖွဲ့ စခန်းကို လာသွားတယ်။ ကျနော်တို့ စခန်းကော်မတီ တာဝန်ရှိသူတွေနဲ့ မတွေ့ဘူး။ ထိုင်းစခန်းအုပ်ချုပ်ရေးမှူး နိုင်အခရပ်ဖန်းနဲ့ အဖွဲ့ကို တွေ့ပြီး ဆွေးနွေးကြတယ်၊ နောက်ပြီး စခန်းလုံခြုံရေး ယူထားတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့တယ်၊ ဘာတွေ ဆွေးနွေးလဲတော့ ကျနော်တို့လည်း မသိဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးမယ် ဆိုရင်တော့ စခန်းအုပ်ချုပ်ရေးမှူးက ကျနော်တို့ စခန်းကော်မတီကို ခေါ်ပြီး အခြေအနေကို ရှင်းပြမှာဖြစ်တယ်။ လောလောဆယ်တော့ ဘာမှမသိရသေးဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါအဖွဲ့တွင် ဗိုလ်ချုပ်ကြီးနှင့်အတူ အမှတ် (၃) စစ်ဒေသ ဒုတိယတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနုံဆတ်အဖိရတ်ယိုထင်၊ မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဘွန်းစို့နှင့် တာ့က်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး၊ ရဲနှင့် ထိုင်းလဝကအဖွဲ့ တာဝန်ရှိသူများ ပါရှိသည်။ ။

မြန်မာ့ရိက္ခာအခက်အခဲကြောင့် အာဆီယံ ပိုမိုအားကောင်းလာဟု
အာဆီယံအကြီးအကဲ ပြောကြား

Bangkok Post/ IRIN ၉ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံတွင် မုန်တိုင်းသင့်ပြီးနောက် ဆန်အခက်အခဲပါ ကြုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများပါ ထိခိုက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့အစည်း၏ အင်အားတောင့်တင်းမှုမှာ ပိုမိုထင်ရှားလာရသည်ဟု အာဆီယံ အကြီးတန်း အရာရှိတယောက်က ယမန်နေ့၌ ပြောကြား ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်များကို အရေးပေါ် အကူအညီပေးရာတွင် နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားမှု ကြိုးပမ်းချက်ကို အာဆီယံ (၁၀) နိုင်ငံမှ ဦးဆောင်နိုင်ခဲ့သောကြောင့် အာဆီယံအုပ်စုတွင် စည်းလုံးမှုနှင့် ယုံကြည်မှု စိတ်ဓာတ်ပြရာ ရောက်သည်ဟု အာဆီယံ အထွေ ထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က မနီလာမြို့ကို အလည်အပတ်ရောက်သည့် ခရီးစဉ် အတွင်း သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံပါဝင်သည့် TCG သုံးပွင့်ဆိုင် ဗဟိုအဖွဲ့သည် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းလွန်ကာလ အပျက်အစီးကို မကြာခင်က ကွင်းဆင်းလေ့လာခဲ့သည် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့တွင် အဖွဲ့ဝင် (၃၀၀) ကျော်ပါရှိပြီး ကုလသဂ္ဂ၊ အန်ဂျီအိုများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ အာဆီယံတို့မှ ပြည်တွင်းပြည်ပ ၀န်ထမ်းများ၊ လူမှုဝန်ထမ်းများနှင့် ပြည်တွင်း စေတနာ့ဝန်ထမ်းများ ပါဝင်သည်။
မုန်တိုင်းလွန်ကာလ အပျက်အစီး လေ့လာရေးအဖွဲ့၏ အဆိုအရ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုဝင် (၄၆) ရာခိုင်နှုန်းအတွက် ရိက္ခာမှာ (၂) ရက်စာမျှသာ ကျန်တော့သည်ဟု သိရသည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (၁၀) ရက်ကြာ ကွင်းဆင်းလေ့လာပြီး အချက်အလက်များ စုဆောင်း အကဲ ဖြတ်ရာတွင် ကျေးရွာအုပ်စုလိုက် ကွင်းဆင်းလေ့လာရေးအဖွဲ့မှ မန်နေဂျာဖြစ်သူ ရစ်ချတ် ဘလူး
ဝစ်က မုန်တိုင်းသင့် ဒုက္ခသည်များမှာ မရေမရာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

“မုန်တိုင်းသင့်တဲ့ဒဏ် အခံရဆုံး မြို့နယ် (၃၀) မှာ အရေးပေါ် လိုအပ်ချက်တွေ၊ အဆောတလျင် ပြန်လည် ထူထောင်ရေးတွေ လိုအပ်နေတယ်” ဟု ဘလူးဝစ်က ပြောသည်။

မုန်တိုင်းတိုက်ပြီးကတည်းက မုန်တိုင်းသင့် ဒုက္ခသည်များ မည်သို့ နေထိုင် ရှင်သန်ကြသည်ကို အထူးလေ့လာသည့် ကျေးရွာအုပ်စုလိုက် ကွင်းဆင်း လေ့လာရေးအဖွဲ့၏ အပြီးသတ် အစီရင် ခံစာကို ဇူလိုင်လထဲတွင် တင်ပြရမည်ဖြစ်ပြီး ထိုအစီရင်ခံစာတွင် မုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများ ပါဝင်မည်ဖြစ်သည်။

မုန်တိုင်းလွန်ကာလ ပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ (PONJA) ကလည်း နိုင်ငံတကာ ကယ်ဆယ် ရေးအေဂျင်စီများ၊ အလှူရှင် အစိုးရများကို မုန်တိုင်းကြောင့် ပျက်စီးမှုများ၊ လူသားချင်းစာနာ ထောက်ထားမှု ကယ်ဆယ်ရေးအားထုတ်မှုများကို ပွင့်ပွင့်လင်းလင်း ပြသနိုင်ရန် ရည်ရွယ်ထား သည်။

ကွင်းဆင်းလေ့လာရင်းတွေ့ရှိချက်များတွင် စားနပ်ရိက္ခာချို့တဲ့မှုကို တွေ့ရှိရပြီး အိမ်ထောင်စု (၆၀) ရာခိုင်နှုန်းမှာ သောက်ရေသန့် လောက်ငစွာသုံးစွဲနိုင်ခြင်းမရှိသကဲ့သို့ အိမ်ထောင်စု (၂၂) ရာခိုင်နှုန်းမှာ စိတ်ဖိစီးမှုဒဏ် ခံနေကြရသည်ဟု ဆိုသည်။ မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကြောင့်
မြစ်ဝကျွန်းပေါ်ဒေသရှိ အိုးအိမ် (၅၉) ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးမှု ကြီးစွာခံခဲ့ရသည်ဟုလည်း ကွင်းဆင်း လေ့လာချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များလုပ်နေမှုနှင့် ပတ်သက် သည့် အကဲဖြတ်ချက်အစည်းအဝေးကို နောက်အပတ်ထဲတွင် စင်ကာပူ၌ ကျင်းပမည်ဟု ဆူရင်က ပြောသည်။

၎င်းက “နိုင်ငံတကာ အသိုင်းအ၀န်းက ထောက်ပံ့တဲ့ အနေအထားဟာ အလွန့်အလွန် အားတက် စရာဖြစ်ခဲ့ပြီး မုန်တိုင်းသင့် ဒုက္ခသည်တွေကိုသာမက တခြားအာဆီယံနိုင်ငံတွေမှာရှိတဲ့ ဆင်းရဲနွမ်း ပါးသူတွေကိုပါ ကူညီပေးနိုင်ပါလားဆိုတဲ့အထိ ကျနော်တို့ကို အားတက်စေခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ အခက်အခဲနှင့် ဆန်အခက်အခဲသည် အာဆီယံအဖွဲ့၏ ကနဦး ဥပဒေအခြေခံသည့် ပဋိညာဉ်ကို အာဆီယံနိုင်ငံများ အတည်ပြုရေးတွင် တွန်းအားတရပ်အဖြစ် အထောက်အကူပြုခဲ့သည်ဟုလည်း ဆူရင်က ပြောသည်။

အာဆီယံပဋိညာဉ်ကို အဖွဲ့ဝင် (၆) နိုင်ငံမှ အတည်ပြုပြီးဖြစ်ပြီး ကျန်သည့် (၄) နိုင်ငံအနေဖြင့်
နိုဝင်ဘာတွင် ဘန်ကောက်၌ ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အချိန်မီအတည်ပြု မည်ဟု မျှော်လင့်ကြောင်းလည်း ဆူရင်က ပြောသည်။

“အားလုံးတညီတညွတ်တည်း အပြည့်အ၀အတည်ပြုပွဲကို ဘန်ကောက်မှာ ကျင်းပနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။ ။