Monday, July 14, 2008

တနင်္လာသတင်းများ

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား
အင်တာဗျူး
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:36 - မြန်မာစံတော်ချိန်
အတိုက်အခံများ၏ အားပေးထောက်ခံမှု မပါရှိဘဲ ကျင်းပခဲ့သည့် နအဖ ၏ နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၇ ဆင့်အနက် နံပါတ် ၄ အဆင့်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲကို ပြီးခဲ့သည့် မေလအတွင်းက အတည်ပြုခဲ့ပြီး ဖြစ်သည်။
လမ်းစဉ်အရ နောက်ဆင့်ကတော့ ရွေးကောက်ပွဲတခု ၂ဝ၁ဝ တွင် ပြုလုပ်ရေး ဖြစ်သည်။ မဲလိမ်မှုများနှင့် လှည့်ဖျားမှုများ ပြုလုပ်ခဲ့သည်ဟု စစ်အစိုးရ ဆန့်ကျင်ရေး အတိုက်အခံများက အကြီးအကျယ် ဝေဖန်ခဲ့ကြသည့် နိုင်ငံအုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းဂဏ္ဍကို တရားဝင် အသိအမှတ် ပြုပေးထားသည့် ဖွဲ့စည်းပုံအပေါ် ဆန္ဒခံယူမှုအပြီး ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလားဆိုသည့် လမ်းဆုံတရပ် ရောက်ရှိလာပြန်သည်။
ဝင်ပြန်လျှင်လည်း သဘောမတူခဲ့သည့် ဖွဲ့စည်းပုံအပေါ် အသိအမှတ်ပြုရာကျပြီး အမည်ခံ အတိုက်ခံ ဖြစ်မည့်အရေးနှင့် ရွေးကောက်ပွဲ မဝင်ပြန်လျှင်လည်း နိုင်ငံရေးနယ်ပယ် ပါဝင်ခွင့်မှ ပိုမို ကန့်သတ်ဘေးဖယ် ခံရမည့် အန္တရာယ်အပေါ် ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်ထည်ဖော်လိုသူ အတိုက်အခံများအတွက် စဉ်းစားစရာ ဖြစ်လာသည်။
စစ်အစိုးရအနေဖြင့်တော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဤနည်းဖြင့်သာ သွားလို့ ရနိုင်မည်ဟု ပြောနေခဲ့သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အနိုင်ရခဲ့သည့် ပါတီကြီးအတွက် ထိုရလာဒ်ကို စွန့်ပစ်လိုက်ရခြင်းလည်း ဖြစ်ပြန်သည်။
မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင် နှစ်သုတ်ခွဲ ကျင်းပခဲ့သော ဆန္ဒခံယူပွဲများတွင် မဲပေးသူ အားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း မေလ ၂၆ ရက်နေ့တွင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မဲကောက်ခံခဲ့သည့် လုပ်ငန်းစဉ်တလျှောက် ပွင့်လင်း လွတ်လပ်မှုကတော့ မရှိခဲ့ပါ။
သို့သော် အာဏာသိမ်း စစ်အစိုးရက တရားမျှတမှု မရှိသော်လည်း လမ်းပြမြေပုံ အဆင့် ၅ အရ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပသွားမည်ဟုလည်း ကြေညာခဲ့ပြီး ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပရှိ မြန်မာ့နိုင်ငံရေး နယ်ပယ်အသီးသီးမှ တသီးပုဂ္ဂများ၊ ပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြားတွင် လက်ရှိအချိန်တွင် မည်ကဲ့သို့ ရှုမြင် သုံးသပ်ချက်နေသည်ကို သိရှိနိုင်ရန်အတွက် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နှုတ် တင်ပြလိုက်ပါသည်။
ရွှေဝါရောင် တော်လှန်ရေးနှင့် ဂယက်၊ နာဂစ်မုန်တိုင်း တိုက်ပြီးခါစ အခြေအနေတွင် အချို့ကလည်း စဉ်းစားနေဆဲ၊ အချို့ကတော့ လုံးဝ လက်မခံရေးနှင့် အချို့ကတော့ ပြင်ဆင်သင့်သည်ဟု ကွဲပြား ထွက်လာတော့သည်။
မဇ္ဈိမအနေဖြင့် မတူကွဲပြားသော နိုင်ငံရေး အဖွဲ့အင်အားစုများ အားလုံး၏ ဤမြင်များကို ထင်ဟပ်နိုင်ရန် ကြိုးစားသွားမှာဖြစ်ပြီး ထပ်မံ၍လည်း တွေ့ဆုံမေးမြန်းမှုများ ယခု အကြောင်းအရာနှင့် ပတ်သက်၍ တင်ဆက်သွားမည် ဖြစ်သည်။

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အမတ်နေရာ ၈၂.၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး ပါတီလုပ်ငန်းများ လည်ပတ်မှုကိုလည်း စစ်အစိုးရက ကန့်သတ်ထားသည်။
မေး။ အန်အယ်ဒီ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရှိပါသလား။
ဖြေ။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ ပါဝင်နိုင်မယ်၊ မပါဝင်နိုင်ဘူး ဆိုတာကို သေချာ မပြောနိုင်သေးဘူး။
မေး။ အန်အယ်ဒီက ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ဘူးဆိုရင် နောက်ပိုင်း နိုင်ငံရေး အခန်းကဏ္ဍတွေမှာ ဘယ်လို လှုပ်ရှားသွားမလဲရှင်။
ဖြေ။ ရွေးကောက်ပွဲမှာတောင် ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာတောင် တိတိကျကျ မပြောနိုင်သေးခင်မှာ နောက်ဆက်တွဲတော့ကို ကျနော်တို့ မသိနိုင်သေးပါဘူး။

ဗိုလ်မှူးကြီး ဂွမ်မော် (ကချင်လွတ်မြောက်ရေးအဖွဲ့၊ KIO)
ကချင်အမျိုးသားများအကြား အကြီးဆုံး အင်အားစုတခုဖြစ်သည့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် စစ်အစိုးရ ဦးဆောင်ကျင်းပသော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်တပ်လည်း ရှိသည့်အဖွဲ့ ဖြစ်သည်။ ညီလာခံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုသည်များနှင့် ပတ်သက်ပြိး တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
မေး။ ကေအိုင်အို အနေနဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။
ဖြေ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစုံတခု ဆုံးဖြတ်ချက်ကို အခုအချိန် မချရသေးဘူး။ ဘာလုပ်မယ်ဆိုတာကို ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့အနေနဲ့ အခုအချိန်ထိ ဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ရသေးပါဘူး၊ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ နဂိုဆုံးဖြတ်ချက်ကို အခုအချိန်ထိ ဆက်လက် ကိုင်ထားဆဲပါပဲ။
မေး။ နဂိုဆုံးဖြတ်ချက်ဆိုတာ ဘာကို ပြောတာလဲ။
ဖြေ။ ကေအိုင်အို အနေနဲ့ နဂိုမူလက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဆိုတာက အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲကို တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘဲ အဖွဲ့ဝင်တယောက် ပါဝင်ခဲ့ရင်လည်း သူ့အနေနဲ့ ကေအိုင်အို အဖွဲ့ဝင်အဖြစ်ကနေ အနားယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါ အခုအချိန်ထိ ပြောင်းလဲသေးခြင်း မရှိသေးပါဘူး။ ဆက်လက် ဆုပ်ကိုင်ထားဆဲပါပဲ။
မေး။ ကျနော်တို့ သိရတာက ကေအိုင်အို အနေနဲ့ ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုတာ မှန်ပါသလား။
ဖြေ။ တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါက ဘာမှ တရားဝင် ဆုံးဖြတ်တာတွေ မရှိသေးပါဘူး။ ပြောနေတဲ့အဆင့်မှာပဲ ရှိသေးတာပါ။
မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ သဘောထားက ဘယ်လိုပါလဲ။
ဖြေ။ ကျနော်တို့ကတော့ အခုချိန်ထိ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့၊ အားလုံးထောက်ခံတဲ့ ပါတီတခု ထွက်လာဖို့ ထောက်ခံ အားပေးနေဆဲပါ။ ဒါကလည်း အဖွဲ့အစည်းတွေနဲ့ ကင်းရှင်းပြီး သီးသန့် ရပ်တည်နေတဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့ ပါတီပါ။
စစ်အစိုးရလည်း ကေအိုင်အိုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစုံတခု ဖိအားပေးတာမျိုးတွေ မရှိသေးပါဘူး။
မေး။ ငြိမ်းအဖွဲ့တွေကို လက်နက် ဖြုတ်သိမ်းခိုင်းတယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ လက်နက်ဖြုတ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ယခုအချိန်ထိ နအဖ ဘက်က တရားဝင် ပြောဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ ပြည်နယ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းစေဖို့ ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလတွေတော့ ကြားနေရပါတယ်။ ကေအိုင်အို အနေနဲ့ လက်နက်ချ ဖြုတ်သိမ်းဖို့တော့ မဖြစ်နိုင်တဲ့ အကြောင်းလည်း အဖန်တလဲလဲ ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ကိုနေမျိုးဝေ (တသီးပုဂ္ဂလ ၊ ရန်ကုန်)
မြန်မာ့လေကြောင်းမှ အင်ဂျင်နီယာတဦး ဖြစ်ပြီး အတိုက်အခံများကို အတိုက်အခံလုပ်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တသီးပုဂ္ဂလ အနေဖြင့် အင်တာနက် အီးမေးလ်မှတဆင့် သူ၏ နိုင်ငံရေးအမြင် သုံးသပ်ချက်များကို ဖြန့်ချီနေသူတဦး ဖြစ်သည်။ ၂ဝ၁ဝ တွင် ဖြစ်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲဝင်တွင် အခြေအနေပေးလျှင် ဝင်ပြိုင်ရန် စိတ်ဝင်စား ပြင်ဆင်နေသူ ဖြစ်သည်။ နိုင်ငံရေးတွင် ပါတီအဖွဲ့အစည်းထက် လူကောင်း လူတော်များ ပါဝင်လာအောင် လမ်းဖွင့်သင့်သည်၊ လူထုက မေးခွန်း ထုတ်သင့်သည်ဟု သူက ဆိုသည်။ စစ်အစိုရ၏ လမ်းပြမြေပုံကို ခေါင်းညိမ့်ယုံမှတပါး အခြားလမ်းမရှိဟု သူက ယုံကြည်ထားသည်။

မေး။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ဘယ်လို ပြင်ဆင်ထားပါသလဲရှင်။
ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီတွေတော့ သိပ်အများကြီးထွက်မှာ မဟုတ်ဘူး။ ပါတီက ၃ ခု၊ ၅ ခု အဲလောက်ပဲ ရှိမယ်ထင်တယ်။ ပါတီထောင်နိုင်မယ့် အနေအထားအရ။

မေး။ ဘာကြောင့် အခုလိုမျိုး ပြောရတာလဲရှင့်။
ဖြေ။ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေကို စိတ်ဝင်စားတဲ့လူတွေ အားနည်းတယ်။ လူတွေအကုန်လုံးက စားဝတ်နေရေးကိုပဲ စိတ်ဝင်စားနေရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု နည်းနေတာ။ ပါတီဆိုတာကလည်း အင်အားကြီးမှ ထောင်လို့ရတာ ဖြစ်တယ်။ စည်းရုံးရေးကောင်းမှ ထောင်လို့ရမှာ ဖြစ်တယ်။ ဖြစ်နိုင်ခြေများတာကတော့ ၅ ပါတီလောက် ရှိမယ်။

မေး။ ဖြစ်နိုင်ခြေများတဲ့ ပါတီတွေက ဘယ်လိုမျိုးတွေ ပြောတာလဲ။
ဖြေ။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကလည်း ဝင်လာနိုင်တယ်။ တစည ဆိုတာက ရပ်ကွက်တွေထဲမှာ အဖွဲ့ဝင်လေးတွေ တိုးလာတာ ရှိတယ်။ တစည ရှိတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကလည်း ပါတီ အသွင်သဏ္ဍာန် ပြောင်းလာနိုင်တယ်။ သူကတော့ ပြောင်းလာနိုင်ရင် အားများတယ်။ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) နအနေနဲ့လည်း ဝင်လည်း ဝင်လာနိုင်တယ်၊ မဝင်ဘူးဆိုရင်လည်း သူတို့အနေနဲ့ အန်အယ်ဒီ ပါတီဝင်တွေပဲ၊ ဒီလူတွေပဲ နောက်ထပ် ပါတီတခု ထပ်ပြောင်းပြီးတော့ ဝင်ရင်လည်း ဝင်လာနိုင်တယ်။ ၃ ခုရှိပြီးပေါ့နော်။ သက်သက် အသစ် တက်လာနိုင်တာကတော့ အမျိုးသားနိုင်ငံရေး အင်အားစုများကလည်း ပါတီထောင်နိုင်တယ်။ ထောင်နိုင်ရင် ထောင်နိုင်မယ်၊ မထောင်နိုင်ရင်လည်း မထောင်နိုင်ဘူး။ သူတို့တောင် ခန့်မှန်းဖို့ ခက်တယ်။ တနိုင်ငံလုံးအနေနဲ့ လုပ်ရမှာကိုး။ သူတို့အနေနဲ့ ကြိုးစားမယ်လို့ ပြောကြတာပါပဲ။

မေး။ ဘာကြောင့် ဒီလိုမျိုးပါတီတွေ ထောင်လာနိုင်တယ်လို့ မြင်တာလဲ။
ဖြေ။ ပြည်သူလူထုက နိုင်ငံရေးထဲကို ဆက်မသွားဘူးဗျ။ ပြည်သူလူထု နိုင်ငံရေးထဲကို ပြန်ဝင်လာနိုင်အောင် လုပ်ဖို့ တော်တော်လေး ခက်သွားပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေကို လူတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတယ်။ သို့သော် တကယ် သူကတော့ တကယ့်ကို အင်အားကြီးတဲ့ အထဲမှာ ပါသွားပြီ။ ကျနော်တို့ တွေ့ရတာပေါ့နော်။ ကျနော်တို့ ရပ်ကွက်ထဲမှာ ဖွဲ့စည်းပုံအတွက် မဲစာရင်း ကောက်တဲ့အခါမှာ ၁၈ နှစ်ကျော်တဲ့ အထဲမှာ ထောက်ခံမဲ ၄ဝဝဝ ကျော် ရတယ်။ အဲဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်က တော်တော်များများ ပါတယ်။ တကယ်ကို ခံယူချက်နဲ့ လုပ်တဲ့သူက ၃ ပုံ ၁ ပုံလောက် ရှိတယ်။ အဲဒီတော့ သူ့အင်အားက နည်းတာ မဟုတ်ဘူး။ နောက်ပြီးတော့ ပြောရရင် အမေရိကန် နိုင်ငံရေးသမိုင်းမှာ စကားရပ်တခု ရှိတယ်။ ငွေသည် နိုင်ငံရေးတွင် မိခင်၏ နို့ရည် ဖြစ်သည်လို့ ရှိတာ ကြားဖူးမှာပါ။ အဲလိုကျတောဗျာ ဒီမှာ တခုခုလုပ်ရင် စာရွက်ကလေး ဝေတာကအစ ငွေရေးကြေးရေး တောင့်တင်းဖို့ လိုတယ်။

မေး။ ဒီဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ယူဆပါသလား။
ဖြေ။ ကျနော်ကတော့ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်မယ်လို့ ယူဆတယ်၊ ယုံကြည်တယ်။ ကျနော်တို့လင်မယား ၂ ယောက်လုံး ထောက်ခံမဲ ပေးခဲ့တယ်။

မေး။ ဘာဖြစ်လို့ အဲလိုမျိုး ယုံကြည်ရတာလဲ။
ဖြေ။ ကျနော် ယုံကြည်တယ်၊ ဒီဖွဲ့စည်းပုံက တသက်လုံး မတည်မြဲဘူး။ ရာသက်ပန် မပြောင်းမလဲဘဲ တည်မြဲတဲ့အရာ ဘာမှ မရှိဘူး။ ခေတ်ကာလအရ လိုက်လျောညီထွေစွာ ဖွဲ့စည်းပုံဆိုတာ ပြောင်းလဲလာမှာပါပဲ။ ဒီခေတ်၊ ဒီကာလမှာ ဒါလေးပဲ သွားလို့ ရတာလေ။ ဒီအချိန်မှာ ဖွဲ့စည်းပုံကို ပြန်လည် ငြင်းခုံနေမယ် ဆိုရင်လည်း အချိန်လွန်သွားပါပြီ။ ကျနော်သာ ညီလာခံကို တက်ခွင့်ရနိုင်မယ်ဆိုရင် ကျနော့်မှာ ပြောစရာတွေ ရှိတယ်။ ထောက်ခံမဲ ပေးကြတဲ့အထဲက ၇ဝ ရာခိုင်နှုန်းကတော့ တကယ့်ကို ထောက်ခံကြတာပါ။ ကျနော် လောင်းရဲတယ်။ ငြင်းခုန်နေတာတွေ မြန်မြန်ပြီးသွားရင် ပြီးရောဆိုပြီး ထောက်ခံကြတာပေါ့။

မေး။ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ဖို့ စီစဉ်ရတယ်ဆိုတော့ ဘာကြောင့် ယှဉ်ပြိုင်ချင်ရတာလဲရှင်။
ဖြေ။ ပါဝင်ဖို့ ရှိပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံရေး လုပ်တဲ့အခါမှာ ပေါ်လစီတွေကို ပြောလို့ရတယ်၊ လွှတ်တော်အမတ်တွေရဲ့ တာဝန်ရှိတယ်။ လွှတ်တော်က ဥပဒေပြုလွတ်တော် အုပ်ချုပ်ရေးတွေကိုလည်း သူက ဦးဆောင် ဖွဲ့စည်းလို့ရတယ်။ လွှတ်တော်အမတ်တယောက် ဖြစ်ပြီဆိုရင်တော့ ဥပဒေတခု ထုတ်တယ်ဆိုရင်ကို ကိုယ်က ကြိုက်တယ်၊ မကြိုက်ဘူး တမဲပေးလို့ရတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ လူတိုင်း လက်နက်ကိုင်ခွင့် ရှိတယ်ဆိုရင် ကျနော်ကတော့ ဆန့်ကျင်တဲ့မဲကို အမြဲပေးတယ်ဗျာ။ ပညာရေးအနေနဲ့ စာသင်သားတွေကို ကျနော်ဝါဒတွေ ဖြန့်ချင်တာတွေ တရားဝင် လုပ်လို့ရမယ်။ အဲလိုပုံစံမျိုး ကျနော်က လုပ်လို့ရမယ်။ ဒါပေမဲ့ ငွေရေး၊ ကြေးရေးလည်း လိုသေးတာပဲ။

ပြောခွင့်ရပုဂ္ဂိုလ်တဦး (ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ UWSA)
တပ်မတော်မှလွဲလျှင် လက်နက်ကိုင် တပ်ဖွဲ့အင်အား အများဆုံးဖြစ်ပြီး လေယာဉ်ပစ် အမြောက်များပင် ပိုင်ဆိုင်သော ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ကြီး ဖြစ်သည်။ ကျန်အဖွဲ့များနှင့် ယှဉ်လျှင် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းများ ထိန်းချုပ်ရာ ဒေသများအနက် လုပ်ပိုင်ခွင့် သီးခြားအများဆုံး စစ်အစိုးရဆီက ရယူထားနိုင်သော အဖွဲ့လည်း ဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းကြောင့် နာမည်ပျက်ရသည့် အဖွဲ့လည်း ဖြစ်သည်။ လက်နက်မချနိုင်ဟု အခိုင်အမာ ပြောဆိုထားသည်။

မေး။ အဖွဲ့အနေနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလား။
ဖြေ။ ဝ’ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် အနေနဲ့ ရွေးကောက်ပွဲအတွက် အခုအချိန်ထိ ဆုံးဖြတ်ချက် တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ သို့ပေမဲ့လည်း ရွေးကောက်ပွဲကို ဝင်ရောက်ဖြစ်ခဲ့ရင် ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ကော်မတီဖြစ်တဲ့ ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။
ကျနော်တို့ ဒါအတွက် အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ တခုမှ မလုပ်ရသေးပါဘူး။ ဒီလိုပဲ စစ်အစိုးရဘက်ကလည်း ကျနော်တို့ကို တစုံတခု ပြောဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲပါ။ မဖြစ်မနေ ဝင်ပြိုင်ရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဝ’ပြည် သွေးစည်းညီညွတ်ရေး ပါတီက ဝင်ပြိုင်နိုင်ပါတယ်။

မေး။ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီက အားလုံးကို ကိုယ်စားပြုထားနိုင်ပါသလား။
ဖြေ။ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီက ဝ လက်နက်ကိုင် အဖွဲ့အစည်း တခုလုံးကို အဓိက ချုပ်ကိုင်ထားတဲ့ ဌာနပါ။ နောက်ပြီး ပြည်နယ်တခုလုံးနဲ့ စုပေါင်းနေထိုင်နေတဲ့ တိုင်းရင်းသား အနည်းဆုံး ၁ဝ စုလောက်ကိုလည်း ကိုယ်စားပြုပါတယ်။ နောက်ပြီး ဒီပါတီက လက်နက်ကိုင်အဖွဲ့အစည်း မစခင်ကတည်းက အရင် ရှိနှင့်ပြီးသားပဲ။ ဒီပါတီကပဲ အဓိက ဆုံးဖြတ် လုပ်ဆောင်သွားမှာပါ။

မေး။ ရွေးကောက်ပွဲဝင်ဖို့ သေချာသလောက်ရှိပြီလို့ ပြောလို့ရမလား။ လက်နက်ချခိုင်းတယ်ဆိုတဲ့ ကိစ္စက ဘယ်လိုရှိပါသလဲ။
ဖြေ။ မဖြစ်မနေဆိုရင်တော့ ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။ ဒါပေမဲ့ လက်နက်ချဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝ ပြည်နယ်က ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲ အပါအဝင်ပေါ့။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတဲ့လူ တော်တော်နည်းပါတယ်။ မဖြစ်မနေ လုပ်နေတဲ့ သဘောလောက်ပါပဲ။ အများပိုင်းကတော့ စိတ်မဝင်စားကြပါဘူး။

ဇခုန်တိန့်ရိမ်း (ဒီမိုကရက်တစ် ကချင်တပ်မတော်သစ်၊ NDA-K)
ကချင်အဖွဲ့ကွဲတခုဖြစ်ပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး အဓိကထား လုပ်ကိုင်နေသော အဖွဲ့တခုဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ပြိုင်ဘက်ဖြစ်ပြိး ရွေးကောက်ပွဲတွင် ကချင်အမျိုးသားပါတီ များမည်ကို စိုးရိမ်နေသူ ဖြစ်သည်။
မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်အရွေးခံမှာလား။ အဖွဲ့အစည်းကို ပါတီနာမည်ပြောင်းပြီး အရွေးခံမယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ အဲဒါ မမှန်ပါဘူး။ အဖွဲ့အစည်း အနေနဲ့တော့ နာမည်ပြောင်း၊ ပါတီဖွဲ့ပြီး တိုက်ရိုက် ယှဉ်ပြိုင်ဖို့ မရှိပါဘူး။
ကျနော်တို့အနေနဲ့ ပါတီအဖြစ် နာမည်ပြောင်းပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီ ပေါ်ပေါက်လာဖို့ အတွက်ကတော့ အားပေး ထောက်ခံသွားမှာပါ။

မေး။ ရွေးကောက်ပွဲကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ကချင်ပြည်သူတွေအနေနဲ့ ပါတီဖွဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် သင့်ပါတယ်။ အဲဒါမှလည်း ကိုယ်ကြိုက်တဲ့ အုပ်ချုပ်သူတွေ ရမှာကိုး။

မေး။ ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ မျှော်လင့်သလား။
ဖြေ။ ဒါကတော့ ပြောဖို့ စောပါသေးတယ်။ လူထုအနေနဲ့ ကိုယ်ကြိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ရရှိချင်တယ် ဆိုလို့ရှိရင် ပါတီကို ရွေးချယ်ခန့်ထားပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပါပဲ။

မေး။ ကချင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါတီဆိုတာ ဘယ်လိုပါတီကို ဆိုလိုချင်ပါသလဲ။
ဖြေ။ ပြည်သူအားလုံးကို ကိုယ်စားပြုထားတဲ့ အားလုံးရဲ့ ထောက်ခံမှုရ ပါတီသစ်တခု ဖြစ်ပေါ်လာဖို့ တိုက်တွန်း ထောက်ခံ၊ အားပေးနေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အဲဒီ ပါတီတခုထဲ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့အနေနဲ့ ဆန္ဒရှိပါတယ်။
ပါတီအများကြီး ပေါပေါက်လာဖို့ မတွေ့ချင်ပါဘူး၊ အားလည်း မပေးပါဘူး။ လိုတာက အားလုံး (လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် ကချင်လူမျိုးစု အားလုံး) ကို ကိုယ်စားပြုနိုင်တဲ့ ပါတီတခုထဲပါ။
(ဆက်လက်၍ အင်တာဗျူးများ တင်ဆက်သွားပါမည်။)

မြန်မာ့နိုင်ငံရေး ရှေ့ခရီး
မုံပီး
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 21:51 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “တခဲနက်” အတည်ပြုပြီးနောက် မြန်မာစစ်အစိုးရသည် သူတို့၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက် သွားရောက်ရန် သံန္နိဌာန် ချမှတ်ထားကြောင်း ထုတ်ဖေါ်ပြသခဲ့ပြီး ဖြစ်သည်။
သို့သော် အဆိုပါ လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သည့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာ ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
နိုင်ငံရေး အင်အားစု အများအပြားသည် စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ကွဲပြားနေကြသည်။
စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်တိုင်းကို ဆန့်ကျင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည် ဆိုသည်ကို ယခုထိ မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဆိုသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ယခုတိုင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ကျနော်တို့ အခုထိ ၂ဝ၁ဝ ခုနှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မယှဉ်ပြိုင်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ဟု စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင် ပြောကြားသွားခဲ့ပါသည်။
၁၉၉ဝ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ ရလဒ်ကို စွဲကိုင်ခြင်း မရှိဘဲ နောက်ထပ် ရွေးကောက်ပွဲတရပ် ကျင်းပမည် ဆိုလျှင် စစ်အစိုးရ အနေဖြင့် မိမိ၏ဥပဒေကို မိမိပြန်၍ ချိုးဖောက်ရာ ကျလိမ့်မည်ဟု ဒီချုပ်က ပြောကြားလိုက်ပါသည်။
စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် တရားဝင်မှု ကင်းမဲ့ကာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲက အပ်နှင်းထားသည့် ပြည်သူလူထု ကိုယ်စား လုပ်ပိုင်ခွင့်ကိုလည်း လွှမ်းမိုး ပယ်ဖျက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဟု နိုဘယ် ငြိမ်းချမ်းရေးဆုရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီချုပ်က ပြောဆိုသွားပါသည်။ အဆိုပါ ၁၉၉ဝ ခုနှစ်ရွေး ကောက်ပွဲတွင် ဒီချုပ်က ပါလီမန် အမတ်နေရာ ၈ဝ% ကျော်ကို အနိုင်ရရှိခဲ့သည်။
ဒီချုပ်လိုပင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားကလည်း စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လိုက်ရေးကို ယခုထိ မဆုံးဖြတ်နိုင်သေးဘဲ မပြတ်မသား ဖြစ်လျက်ပင် ရှိသေးသည်။
စစ်အစိုးရကို နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အခိုင်အမာ ပေါ်လစီတရပ်ကို ချမှတ်ရဦးမည် ဖြစ်သည်ဟု ပြောဆိုသွားပါသည်။
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားကာ လမ်းပြမြေပုံ၏ ပထမအဆင့်ဖြစ်သော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ သည့် (KIO) သည် သူတို့၏ ယခင်ပေါ်လစီဟောင်းကို ယခုထိ ကိုင်စွဲထားဆဲ ဖြစ်သည်ဟု ပြောဆိုသွားခဲ့ပါသည်။
“ကျနော်တို့ ခုထိတော့ အရင် ပေါ်လစီဟောင်း အတိုင်းဘဲ သွားနေတယ်။ စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် (KIO) အဖွဲ့အနေနဲ့တော့ မသွားဘူး၊ တဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ သွားမယ်ဆိုရင်လဲ သူတို့ ဆုံးဖြတ်ချက် အတိုင်းပါဘဲ။ (KIO) နဲ့တော့ ဘာမှမဆိုင်တော့ဘူးပေါ့” ဟု (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဂွမ်မော် က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။
နောက်ထပ် အပစ်ရပ်အဖွဲ့ တခုဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလည်း ၂ဝ၁ဝ ခုနှစ်တွင် စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ယခုထိ ပြတ်ပြတ်သားသား ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် စစ်အစိုးရ လမ်းပြမြေပုံ၏ အခြားအဆင့် ၄ ဆင့်တွင် ပါဝင်ခဲ့သည့် (UWSA) အဖွဲ့၏ ဆုံးဖြတ်ချက်သည် သူတို့အပေါ် စစ်အစိုးရက ပေးအပ်လာမည့် ဖိအားပေါ် မူတည်နေသည်ဟုလည်း ညွှန်းဆို ပြောကြားသွားခဲ့သည်။
“၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ အခုထိ အစည်းအဝေးလည်း မလုပ်ရသေးဘူး၊ ဆုံးလဲ မဆုံးဖြတ်ရသေးဘူး၊ အစိုးရဆီကလည်း ကျနော်တို့အခုထိ ဘာအကြောင်းကြားချက်မှ မရသေးပါဘူး” ဟု (UWSA) ၏ ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမ ကို ပြောကြားသွားခဲ့ပါသည်။
ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဤအဖွဲ့များက ဆုံးဖြတ်ချက် မချမှတ်နိုင်ကြသေးသော်လည်း အခြား အပစ်ရပ် အဖွဲ့တခု ဖြစ်သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) (NDA-K) ကမူ သူတို့အနေဖြင့် ကချင်ပြည်သူ အားလုံးအတွက် တခုတည်းသော နိုင်ငံရေးပါတီတရပ် ပေါ်ပေါက်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ဆိုလိုက်ပါသည်။
အဖွဲ့အမည်ကို ပြောင်းလဲ၍ နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ဤသတင်း မဟုတ်မှန်ကြောင်း (NDA-K) က ငြင်းဆိုသွားခဲ့ပါသည်။ “ကျနော်တို့အဖွဲ့ နာမည်ကိုလည်း ပြောင်းမှာ မဟုတ်ဘူး၊ နိုင်ငံရေးပါတီ တရပ်အဖြစ်အသွင် ပြောင်းလဲပြီးတော့လည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကချင်လူထု တရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ သီးခြား နိုင်ငံရေးပါတီတရပ် ပေါ်ထွက်လာရေး အတွက်တော့ တွန်းဆော်သွားမှာပါ” ဟု (NDA-K) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ အားလုံးတွင် အယူအဆ အမျိုးမျိုး ကွဲပြားချက်ပင် ရှိသေးသည်ကို တွေ့ရပါသည်။
လက်နက်ကိုင် တပ်ဖွဲ့တရပ်ရှိသည့် တိုင်းရင်းသား မွန်နိုင်ငံရေး ပါတီတရပ် ဖြစ်သော “မွန်ပြည်သစ်ပါတီ” (NMSP) ကမူ စစ်အစိုးရ အဆိုပြုထားသည့် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း ပြောဆိုထားပါသည်။ စစ်အစိုးရ၏ အမျိုးသား ညီလာခံမှ နှုတ်ထွက်ထားသည့် (NMSP) က အားလုံး ပိုမိုပါဝင်မှုရရှိမည့် လမ်းပြမြေပုံ တရပ်ကို တောင်းဆိုထားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ ဖြစ်စဉ်မှာ ကျနော်တို့ ပါခဲ့တာ မဟုတ်လို့ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူး။ လမ်းပြမြေပုံမှာ မပါဝင်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောကြားသွားပါသည်။
စစ်အစိုးရ၏ စီမံကိန်း
ဤသို့ ဒီချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားက စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် လိုလိုလားလား မရှိကြကြောင်း ပြသခဲ့ကြသော်လည်း သူ့စီမံကိန်းကို ထောက်ခံသူများမှာမူ မနည်းလှပါ။
ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် မည်သူ့ကို ဝင်ရောက်ခွင့်ပြုမည် ဆိုသည်ကို စစ်အစိုးရက စီမံကိန်းတရပ် ရေးဆွဲချမှတ်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်နိုင်ဦး က ပြောဆိုသွားခဲ့ပါသည်။
“ဒီရွေးကောက်ပွဲမှာ အတိုက်အခံတွေ အများကြီးကို စစ်အစိုးရက ဝင်ပြိုင်ခွင့် ပေးမယ်လို့ ကျနော်မထင်ဘူး။ ဒါသူတို့ သေချာစီစဉ် ကျင်းပတဲ့ ကစားပွဲဆိုတော့ သူတို့ စိတ်ကြိုက် စည်းကမ်းတွေအတိုင်း ကစားအောင် သေချာ စီစဉ်ထားမှာဘဲ” ဟု ဦးအောင်နိုင်ဦး က ပြောဆိုသွားပါသည်။
စစ်အစိုးရကို ထောက်ခံသည့် လူထု အခြေပြု အဖွဲ့အစည်းတရပ်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၊ စစ်အစိုးရကို ထောက်ခံသည့် နောက်ထပ် ပါတီတရပ်ဖြစ်သော အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (NUP) တို့အပြင် တသီးပုဂ္ဂလများကိုလည်း ဝင်ရောက် ယှဉ်ပြိုင်စေရန် စစ်အစိုးရက အားပေးနိုင်သည် ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
“ဘာတွေ ဖြစ်လာမယ်ဆိုတာ တိတိကျကျ ခန့်မှန်းဘို့ ခက်ပေမဲ့ သေချာတာတခုတော့ ရှိတယ်။ စစ်အစိုးရက ဘယ်အတိုက်အခံ ပါတီကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး၊ ဘယ်အတိုက်အခံကိုမှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ဘို့ အလားအလာ ရှိသော်လည်း မြန်မာ လူထုမှာ သူတို့ အသက်ရှင် ရပ်တည်နိုင်ရေး အတွက်သာ ရုန်းကန် လှုပ်ရှားနေကြရသဖြင့် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် အချိန်လည်း မပေးနိုင်၊ စိတ်လည်း မဝင်စားကြသဖြင့် နိုင်ငံရေးပါတီ အများအပြားမူ ထွက်ပေါ်လာဘွယ်မရှိဟု ရန်ကုန်မြို့ မှ လူငယ် နိုင်ငံရေးသမားတဦး ဖြစ်သည့် ကိုနေမျိုးဝေ က ပြောဆိုသွားပါသည်။
“မြန်မာလူထုက တနေ့လုပ်မှ တနေ့စားကြရတာ ဆိုတော့ နေ့စဉ် ဝမ်းရေးအတွက်ဘဲ ရုန်းကန်နေကြရတာ။ ဒီတော့ နိုင်ငံရေး ပါတီအများဆုံး ၅ ပါတီလောက်ဘဲ ပေါ်လာစရာ ရှိပါတယ်” ဟု ကိုနေမျိုးဝေ က ပြောဆိုသွားပါသည်။ သူသည် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းအကြားတွင် နိုင်ငံရေး အတွေးအခေါ် ပြဿနာများကို ထုတ်ဖေါ် တင်ပြနေသူ ဖြစ်သည်။
အခြား အတိုက်အခံများနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အမြင်မတူဘဲ ကိုနေမျိုးဝေကမူ စစ်အစိုးရ၏ လမ်းပြမြေပုံသည် မြန်မာ့နိုင်ငံရေး ရှုခင်းတရပ်လုံးကို မုချမလွဲမသွေ အပြောင်းအလဲများ ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောဆိုသွားခဲ့ပါသည်။
“ဘယ်အရာမဆို မပြောင်းမလဲ အမြဲတမ်း တည်ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံ လိုက်တာက အခုလောလောဆယ်မှာ အကောင်းဆုံး အဖြေပါ၊ ဖွဲ့စည်းပုံဆိုတာလဲ အချိန်နဲ့အမျှ လိုက်ပြီး ပြောင်းလဲနေ မှာပါဘဲ” ဟု ကိုနေမျိုးဝေ က ပြောသွားခဲ့ပါသည်။
သူကတော့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ လက်ရှိ အခြေအနေတွင် ယင်းသည်သာ တခုတည်းသော အဖြေတရပ်ဖြစ်သည်ဟု သူယုံကြည်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
“ရွေးကောက်ပွဲဝင်ဘို့ ကျနော် ပြင်ဆင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီထဲမှာပါမှ ကျနော်ကြိုက်တာ မကြိုက်တာကို ပြောလို့ရမယ်။ အပြင်မှာနေရင် ဒီဖြစ်စဉ်မှာ ကျနော် ဘယ်လိုမှ ပါလို့ရမှာ မဟုတ်ဘူး” ဟု သူကပြောသွားပါသည်။
(USDA) စစ်အစိုးရလိုလားသောအဖွဲ့အစည်းများ
လွန်ခဲ့သော ၁၅ နှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းတည်ထောင်ခဲ့သည့် စစ်အစိုးရ လိုလားသော အဖွဲ့တခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် စစ်အစိုးရက အရပ်သား အုပ်ချုပ်ရေးတရပ် ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်နေရာတွင် နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံယုံကြည်ကြည် ပြောဆိုနေကြသည်။
စစ်အစိုးရ၏ ဝါဒဖြန့်ချိရေးနှင့် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ၏ အုံကြွမှုအပါအဝင် အတိုက်အခံများ အားလုံးကို ချေမှုန်းနှိမ်နင်းရာတွင် ကြံ့ဖွတ် (USDA) သည် အလွန်အစွမ်းထက်ကြောင်း မကြာသေးခင် ကာလများက သက်သေပြခဲ့ပြီး ဖြစ်သည်။
(USDA) အဖွဲ့ကို ထဲထဲဝင်ဝင် သုတေသန ပြုလုပ်ထားသည့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ အဖွဲ့ဝင်တဦးဖြစ်သော ဒေါက်တာနိုင်အောင် ကလည်း ကြံ့ဖွတ် ကို ဖွဲ့စည်းထားရှိခြင်း၏ စစ်အစိုးရ၏ တခုတည်းသော ရည်ရွယ်ချက်မှာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားရာတွင် အသုံးပြုနိုင်မည့် ရုပ်သေးနိုင်ငံရေး ပါတီတရပ် အဖြစ် အသွင်ပြောင်းလဲရေးပင် ဖြစ်သည် ဟု ပြောဆိုလိုက်ပါသည်။
“USDA ကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခိုင်းမယ်ဆိုတာ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ဒေါက်တာနိုင်အောင် က ပြောဆိုသွားပါသည်။
သို့သော် အများက ပြောဆိုနေသကဲ့သို့ ကြံ့ဖွတ်ကို နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲ ဝင်စေလိမ့်မည်ဟူသော အပြောအဆိုမျိုးကို လက်မခံသည့် ဦးအောင်နိုင်ဦး အပါအဝင် လေ့လာ သုံးသပ်သူ အနည်းအကျဉ်းကမူ စစ်အစိုးရသည် ကြံ့ဖွတ်ကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းမည် မဟုတ်ဘဲ သြဇာရှိသည့် တသီးပုဂ္ဂလများကိုသာ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေလိမ့်မည်ဟု ယူဆနေကြပါသည်။
“စစ်အစိုးရက ကြံ့ဖွတ်ကို နိုင်ငံရေး ပါတီအဖြစ် အသွင်ပြောင်းလိုက်ရင် ကြံ့ဖွတ်ကို အစားထိုးမဲ့ နောက်ထပ် လူထုအခြေပြု အဖွဲ့အစည်းတရပ် လိုလာဦးမယ်” ဟု ဦးအောင်နိုင်ဦးက ပြောဆိုလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ကြံ့ဖွတ်ကို နိုင်ငံရေးပါတီ တရပ်အဖြစ် အသွင်ပြောင်းလဲနိုင်သည် ဟူသော အချက်ကိုမူ သူကမငြင်းပါ။
“ကြံ့ဖွတ်နဲ့ ပတ်သက်လို့ စစ်အစိုးရ ဘာလုပ်မယ်ဆိုတာ ခန့်မှန်းဘို့ ခက်ပါတယ်။ သူတို့မှာ တခြား ဖြစ်နိုင်စရာ နည်းလမ်းတွေ အများကြီး ရှိတာဘဲ” ဟု သူက ပြောဆိုသွားပါသည်။
စစ်အစိုးရ အုပ်ချုပ်မှု၏ အခြားနည်းလမ်းများ
စစ်အစိုးရ ဘာဘဲလုပ်လုပ် တခုတည်းသော ရည်ရွယ်ချက်မှာ သူတို့၏ အုပ်စိုးမှုကို သက်ဆိုးရှည်စေရန်သာ ဖြစ်သည့် အတွက် စစ်မှန်သော အပြောင်းအလဲများ ပေါ်ပေါက်လာရန်မှာမူ အလားအလာ နည်းပါးလှပါသည်။
“ဒီအပြောင်းအလဲတွေ အကုန်လုံးဟာ အပြုသဘော ဆောင်လိမ့်မယ်လို့တော့ ကျနော်မထင်ပါဘူး။ စစ်အစိုးရ လုပ်သမျှဟာ သူတို့ အာဏာ တည်မြဲရေးအတွက်ဘဲ” ဟု ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါသည်။
ယခုကဲ့သို့ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်များက သူတို့၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ် မလုပ်နိုင်ခြင်းသည် သူတို့ကို အကြီးအကျယ် ထိခိုက်နစ်နာစေမှာ ဖြစ်ကြောင်း၊ အကြောင်းမူ စစ်အစိုးရက သူ့အတွက် ကိုယ်ပိုင် စီမံကိန်းတရပ်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည် ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
စစ်အစိုးရက ယခုကဲ့သို့ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဟု ပြောဆိုနေချိန်တွင် ပြတ်သားရှင်းလင်းသည့် ရည်မှန်းချက် တရပ်မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြိုကွဲသွားနိုင်သည်ဟု တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုလိုက်ပါသည်။
“စစ်မှန်တဲ့ အပြောင်းအလဲတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ဘဲ ပုံစံသစ်နဲ့ ပေါ်လာမှာ” ဟု ဦးအောင်ကျော်ဇောက ပြောဆိုသွားခဲ့ပါသည်။
ဤအခြေအနေကြောင့် လူအချို့သည် အရာအားလုံးကို စွန့်လွှတ်၍ သူတို့၏ သာမန် အရပ်သားဘဝသို့ ပြန်ရောက်သွားနိုင်ပြီး၊ အချို့မှာမူ သူတို့၏ တိုက်ပွဲကို စွန့်ခွါ၍ အကျိုးအမြတ် ရရှိရေးအတွက် စစ်အစိုးရနှင့် ပေါင်းသွားနိုင်သည် ဟု လည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
“ဒါပေမဲ့ စစ်မှန်တဲ့ အပြောင်းအလဲအတွက် တိုက်ပွဲကတော့ ရှိနေဦးမှာဘဲ။ စစ်မှန်တဲ့ အပြောင်းအလဲကို တကယ်လိုချင်တဲ့ အနည်းစုကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လုပ်သွားမှာဘဲ” ဟု ဦးအောင်ကျော်ဇော က ပြောဆိုသွားခဲ့ပါသည်။
(အင်တာဗျူးများနှင့် သတင်းအချက်အလက်များကို မဇ္ဈိမ သတင်းထောက်များထံမှ ရရှိသည်)


မြန်မာပြည်သူများ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း နားမလည်ကြဟု စစ်တမ်း ကောက်ယူမှုကဆို
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စစ်အစိုးရ ရေးဆွဲ၍ သူတို့ ထောက်ခံမဲ ပေးခဲ့ကြပြီး မကြာသေးခင်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည် သိရှိခြင်း မရှိဟု ရန်ကုန်မြို့နေ မြန်မာပြည်သူ အများအပြားက ပြောဆိုကြသည်။
မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က တခဲနက် ထောက်ခံမဲ ပေးခဲ့ပါသည်ဟု စစ်အစိုးရက ပြောနေသော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့နေ လူထုများအကြား မဇ္ဈိမက ပြုလုပ်ခဲ့သော ကျပန်း ဆန္ဒသဘောထား ကောက်ယူမှု စစ်တမ်းများအရ ဖြေဆိုသူ အများစုသည် သူတို့ အနာဂါတ်ကို အဆုံးအဖြတ်ပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို သိရှိ နားလည်ခြင်း မရှိဟု ဖေါ်ပြနေပါသည်။
တယ်လီဖုံးဖြင့် ပြုလုပ်ခဲ့သော ဆန္ဒသဘောထား ကောက်ယူမှုတွင် ဖြေဆိုသူ ၅ဝ အနက် ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းရှင် တဦးတည်းကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအရာများကို နားလည် သဘောပေါက်ကြောင်း၊ မြန်မာပြည်သူများအတွက် သင့်တော် ကောင်းမွန်သည်ဟု သူယုံကြည်၍ လက်ခံကြောင်း ဖြေဆိုခဲ့ပါသည်။
သို့သော် အခြားဖြေဆိုသူ ၄၉ ဦးစလုံးကမူ ဖွဲ့စည်းပုံ ဥပဒေတွင် ဘာတွေပါသလဲ ဆိုသည်ကို သူတို့ မသိကြောင်း ဖြေဆိုခဲ့ကြပါသည်။ သို့သော် ရီစရာကောင်းသည်မှာ အမျိုးသမီး ဈေးဆိုင်ပိုင်ရှင် တဦးနှင့် စီးပွါးရေးသမား အမျိုးသားတဦးမှ အပ ကျန် ၄၇ ဦးစလုံးသည် မေလအတွင်း ကျင်းပခဲ့သော ဆန္ဒခံယူပွဲဆိုင်ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ဘာတွေပါတယ် ဆိုတာတော့ မသိပါဘူး။ စိတ်ရှုပ် စိတ်ညစ်တာ သက်သာအောင် မဲသွား ထည့်ခဲ့တာပါဘဲ” ဟု ကျောက်တံတား မြို့နယ်မှ ပုဂ္ဂလိက ဈေးဆိုင်ရှင် တဦးက ပြောသွားပါသည်။
အလားတူပင် အခြား ဖြေဆိုသူ အများစုကလည်း သူတို့မှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် ဖွဲ့စည်းပုံဆိုတာ ဘာလဲ ဆိုသည်ကိုပင် စဉ်းစားချိန်မရခဲ့ပါဟု ဖြေဆိုသွားကြပါသည်။
အတိုက်အခံများ ပါဝင်ခြင်း မရှိဘဲ တဘက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအား အတည်ပြုနိုင်ရန် မြန်မာ စစ်အစိုးရသည် မေလ (၁ဝ) ရက်နေ့က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတရပ်ကို ပြုလုပ်ခဲ့သည်။
သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပခြင်းကို မေလ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာက ကန့်ကွက် ဆန့်ကျင် ရှုတ်ချနေကြသော်လည်း စစ်အစိုးရသည် ဆန္ဒခံယူပွဲကို ဆက်လက် ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ကြေညာခဲ့သည်။ ထို့ပြင် ဆန္ဒခံယူပွဲ၌ လာရောက် မဲဆန္ဒပေးသူ ဦးရေကိုလည်း မဲဆန္ဒပေးခွင့်ရှိသူ အားလုံး၏ ၉၈.၁၂% ရှိသည်ဟု ကြေညာခဲ့သေးသည်။
မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁ဝ% ကျော် ပမာဏရှိသော လူဦးရေ ၆ သန်း နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ကြီးတွင် နေထိုင်ကြသူ ပြည်သူအများစုသည် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသဖြင့် ဖွဲ့စည်းပုံ ဥပဒေအကြောင်း ဘာမျှမစဉ်းစားနိုင်၊ အချိန်မပေးနိုင်ဟု ရန်ကုန်မြို့မှ နိုင်ငံရေးအရ နိုးကြားတက်ကြွသူ လူငယ်တဦးက ပြောဆိုသွားပါသည်။
“လူတွေက သူတို့ နေ့စဉ်ဘဝ အတွက်ဘဲ ရုန်းကန်နေကြရတာ၊ နိုင်ငံရေးကိစ္စကို အချိန်လဲ မပေးနိုင်ဘူး၊ စိတ်လဲ မဝင်စားဘူး” ဟု ထိုလူငယ်က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

နအဖ ဖမ်းဆီးသွားသူသည် ကေအန်ယူ အဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆို
သန်းထိုက်ဦး
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:32 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ထိုင်းပိုင်နက်ထဲကို ဝင်ရောက်ကာ မြန်မာစစ်သားများက ဖမ်းဆီးခံနေရသူသည် ကရင်အမျိုးသား အစည်းအရုံး အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအန်ယူက ယနေ့ ငြင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအနီး၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က နအဖ စစ်သားများက ကေအန်ယူမှ မူးယစ်ဆေးဝါးရေး နှိမ်နင်းရေးအဖွဲ့မှ ဒုဗိုလ်ပူးပူးအား ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုပေးနိုင်တာက အဖွဲ့အစည်းနဲ့ မပတ်သက်ဘူးဆိုတာ ပေးနိုင်တယ်” ဟု ကေအန်ယူ ဗဟို ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှငွေက မဇ္ဈိမကို ပြောသည်။
ကေအန်ယူမှ ဒုဗိုလ် ပူးပူး အား မဲဆောက် ချစ်ကြည်ရေး တံတားအနီးအနား တနေရာသို့ နအဖ စစ်သားများက ချိန်းဆိုသဖြင့် ရောက်ရှိလာချိန်တွင် အရပ်ဝတ်ဖြင့် လူ ၆ ဦးခန့်က မေ့မြောသည်အထိ ဝိုင်းဝန်းရိုက်နှက်ပြီး မှန်လုံကားတစီးဖြင့် မြန်မာနိုင်ငံ မြဝတီဘက်ကမ်းသို့ ခေါ်ဆောင်သွားသည် ဟူသည့် သတင်းကို ကေအန်ယူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ပဒိုစောလှငွေက “သူက ကေအန်ယူ အသိုင်းအဝိုင်းက ခေါင်းဆောင်ပိုင်းတွေဆီမှာတော့ ဝင်ထွက်သွားလာတာ ရံဖန်ရံခါတော့ ရှိကောင်း ရှိမယ်။ သို့သော်လည်း တာဝန်အရ အဖွဲ့အစည်းက ဆိုလို့ရှိရင်တော့ ဘာမှ မဆိုင်တော့ဘူးလို့ ကျနော် ပြောချင်တယ်” ဟု ပြောသည်။
အဖမ်းခံရသူသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်ချိန်က ကေအန်ယူနှင့် ပါဝင်ဆောင်ရွက်သူ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကေအန်ယူ အဖွဲ့အစည်းနှင့် မပတ်သက်သည်မှာ ကြာမြင့်ခဲ့ပြီဟု သူက ဆက်ပြောသည်။
ပဒိုစောလှငွေက “သူက တခါတခါ မယ်လ ဒုက္ခသည်စခန်းတွေမှာလည်း နေတယ်လို့ သိရတယ်။ အပြင်ထွက်ပြီးတော့ ကျဘမ်းအလုပ်တွေလည်း လိုက်ပြီးတော့ လုပ်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း မြန်မာစစ်သားများက ဝင်ရောက် ဖမ်းဆီးနေချိန်၌ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကေအန်ယူမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူသွားခဲ့သည့် ကေအင်ယူ-ကေအင်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော တပ်ဖွဲ့မှ အရာရှိအချို့သည် ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းလာသည်။
ဗိုလ်ချုပ်ထိန်မောင်၏ သမက် စောလယ်မူး လုပ်ကြံခံရမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ၍ ဒု ဗိုလ်မှူးကြီး စောဂေထူးနှင့် နောက်လိုက်အချို့က ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

အဖွားအိုတဦး ကြိုးတုတ်ပြီး အသတ်ခံရ
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 15:39 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ ရန်ကုန်မြို့တွင် အသက် ၇၀ အရွယ် အမျိုးသမီးကြီးတဦး ကြိုးများတုပ်နှောင်ခံရပြီး သေဆုံးနေသည်ကို အိမ်နီးပတ်ဝန်းကျင်များက ယနေ့နံနက်တွင် တွေ့ရှိခဲ့ကြသည်။
ကမာရွတ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ရွှေမူဆယ်အဆင့်မြင့် အပ်ချုပ်ဆိုင်မှ အဖွားအိုသည် အိမ်ထဲတွင် တဦးတည်းရှိနေပြီး နံနက် ဆိုင်ဖွင့်ချိန်တွင် မတွေ့ရသည့်အတွက် အိမ်နီးချင်းများက သင်္ကာမကင်းဖြစ်ပြီး ဆွေမျိုးများကို ခေါ်ယူ အကြောင်းကြာရာမှ အလောင်းကို တွေ့ရှိရခြင်း ဖြစ်သည်။
"နံနက် ကိုးနာရီ၊ ကိုးနာရီခွဲလောက်မှာမှ သိရတာ ဖြစ်ပါတယ်..။ အဖွားအိုဟာ ကြိုးတွေနဲ့ တုပ်နှောင်ခံထားရပြီး ပါးစပ်ကိုလည်း အ၀တ်နဲ့ စည်းခံထားရကာ ခုတင်ပေါ်မှာ သေဆုံးနေတာ" ဟု အိမ်နီးချင်းတဦးက မဇ္ဈိမ သို့ ပြောပြသည်။

မြန်မာပြည်သူများ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း နားမလည်ကြဟု စစ်တမ်း ကောက်ယူမှုကဆို
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စစ်အစိုးရ ရေးဆွဲ၍ သူတို့ ထောက်ခံမဲ ပေးခဲ့ကြပြီး မကြာသေးခင်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည် သိရှိခြင်း မရှိဟု ရန်ကုန်မြို့နေ မြန်မာပြည်သူ အများအပြားက ပြောဆိုကြသည်။
မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က တခဲနက် ထောက်ခံမဲ ပေးခဲ့ပါသည်ဟု စစ်အစိုးရက ပြောနေသော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့နေ လူထုများအကြား မဇ္ဈိမက ပြုလုပ်ခဲ့သော ကျပန်း ဆန္ဒသဘောထား ကောက်ယူမှု စစ်တမ်းများအရ ဖြေဆိုသူ အများစုသည် သူတို့ အနာဂါတ်ကို အဆုံးအဖြတ်ပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို သိရှိ နားလည်ခြင်း မရှိဟု ဖေါ်ပြနေပါသည်။
တယ်လီဖုံးဖြင့် ပြုလုပ်ခဲ့သော ဆန္ဒသဘောထား ကောက်ယူမှုတွင် ဖြေဆိုသူ ၅ဝ အနက် ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းရှင် တဦးတည်းကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအရာများကို နားလည် သဘောပေါက်ကြောင်း၊ မြန်မာပြည်သူများအတွက် သင့်တော် ကောင်းမွန်သည်ဟု သူယုံကြည်၍ လက်ခံကြောင်း ဖြေဆိုခဲ့ပါသည်။
သို့သော် အခြားဖြေဆိုသူ ၄၉ ဦးစလုံးကမူ ဖွဲ့စည်းပုံ ဥပဒေတွင် ဘာတွေပါသလဲ ဆိုသည်ကို သူတို့ မသိကြောင်း ဖြေဆိုခဲ့ကြပါသည်။ သို့သော် ရီစရာကောင်းသည်မှာ အမျိုးသမီး ဈေးဆိုင်ပိုင်ရှင် တဦးနှင့် စီးပွါးရေးသမား အမျိုးသားတဦးမှ အပ ကျန် ၄၇ ဦးစလုံးသည် မေလအတွင်း ကျင်းပခဲ့သော ဆန္ဒခံယူပွဲဆိုင်ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ဘာတွေပါတယ် ဆိုတာတော့ မသိပါဘူး။ စိတ်ရှုပ် စိတ်ညစ်တာ သက်သာအောင် မဲသွား ထည့်ခဲ့တာပါဘဲ” ဟု ကျောက်တံတား မြို့နယ်မှ ပုဂ္ဂလိက ဈေးဆိုင်ရှင် တဦးက ပြောသွားပါသည်။
အလားတူပင် အခြား ဖြေဆိုသူ အများစုကလည်း သူတို့မှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် ဖွဲ့စည်းပုံဆိုတာ ဘာလဲ ဆိုသည်ကိုပင် စဉ်းစားချိန်မရခဲ့ပါဟု ဖြေဆိုသွားကြပါသည်။
အတိုက်အခံများ ပါဝင်ခြင်း မရှိဘဲ တဘက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအား အတည်ပြုနိုင်ရန် မြန်မာ စစ်အစိုးရသည် မေလ (၁ဝ) ရက်နေ့က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတရပ်ကို ပြုလုပ်ခဲ့သည်။
သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပခြင်းကို မေလ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာက ကန့်ကွက် ဆန့်ကျင် ရှုတ်ချနေကြသော်လည်း စစ်အစိုးရသည် ဆန္ဒခံယူပွဲကို ဆက်လက် ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ကြေညာခဲ့သည်။ ထို့ပြင် ဆန္ဒခံယူပွဲ၌ လာရောက် မဲဆန္ဒပေးသူ ဦးရေကိုလည်း မဲဆန္ဒပေးခွင့်ရှိသူ အားလုံး၏ ၉၈.၁၂% ရှိသည်ဟု ကြေညာခဲ့သေးသည်။
မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁ဝ% ကျော် ပမာဏရှိသော လူဦးရေ ၆ သန်း နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ကြီးတွင် နေထိုင်ကြသူ ပြည်သူအများစုသည် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသဖြင့် ဖွဲ့စည်းပုံ ဥပဒေအကြောင်း ဘာမျှမစဉ်းစားနိုင်၊ အချိန်မပေးနိုင်ဟု ရန်ကုန်မြို့မှ နိုင်ငံရေးအရ နိုးကြားတက်ကြွသူ လူငယ်တဦးက ပြောဆိုသွားပါသည်။
“လူတွေက သူတို့ နေ့စဉ်ဘဝ အတွက်ဘဲ ရုန်းကန်နေကြရတာ၊ နိုင်ငံရေးကိစ္စကို အချိန်လဲ မပေးနိုင်ဘူး၊ စိတ်လဲ မဝင်စားဘူး” ဟု ထိုလူငယ်က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

အာဇာနည်နေ့ အခမ်းအနားသို့ သတင်းထောက်များ ဖိတ်ကြားမည်
သတင်းအကျဉ်းချုပ်
ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:05 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်မြို့ရှိ ဂျာနယ်တိုက်များမှ သတင်းထောက်များအား အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် သတင်းယူရန် အာဏာပိုင်များ စီစဉ်လျက် ရှိသည်။
အခမ်းအနားသို့ ယခင်နှစ်များက ရန်ကုန်အခြေစိုက် နိုင်ငံခြား ကြေးနန်းသတင်းဌာန သတင်းထောက်များကိုသာ တက်ရောက်ခွင့် ပေးခဲ့သည်။
“ခေါ်မယ်လို့တော့ ကြားတယ်။ ဘာမှတော့ တရားဝင် အကြောင်းမကြားသေးဘူး။ အရင်တုန်းကတော့ မခေါ်ဘူး။ စောသေးလို့ ထင်ပါတယ်။ နောက်နှစ်ရက်လောက် ဆိုရင်တော့ အကြောင်းကြားမယ် ထင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးလာချိန်တွင် ရန်ကုန်မြို့တွင် လုံထိန်းရဲများ ကင်းလှည့်မှု များပြားလာနေသည်။
“ဒီနေ့ စတွေ့တယ်ပေါ့နော်။ ကားနံပါတ် ၇ (ခ) ၁၇၅၃ လေ၊ ဆူးလေမီးပွိုင့်ကနေ အန်တီစု အိမ်ဘက်ပေါ့နော်။ ကုက္ကိုင်းမီးပွိုင့်မှာလည်း နှစ်ယောက်တွဲ၊ သုံးယောက်တတွဲ လည်ပတ်အဝါတွေနဲ့ ကားပေါ်မှာရော အောက်မှာက လုံထိန်းတွေ နှစ်ယောက်တတွဲ လက်နက်အစုံပေါ့နော်။ နောက်တခါ ၁ (ဂ) ၂၇ဝ၈ လုံထိန်းကားပေါ့နော်။ ဆူးလေကနေ ကုက္ကိုင်းဘက်ကို လှည့်ပတ်သွားတာ တွေ့တယ်။ ကားပေါ်မှာ ၂ဝ ဝန်းကျင်လောက်ပါတယ်။ လက်နက်အပြည့်ပဲ” ဟု ရန်ကုန်မြို့ခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။
အာဇာနည်နေ့တွင် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။
“၁၉ ရက် မတိုင်ခင် တော်တော်များများ စောင့်မယ်လို့ ထင်တယ်။ သူတို့က တခုခုဖြစ်မှာ အမြဲတမ်း စိုးရိမ်တယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ လိမ်တာတွေ ညာတာတွေ တောက်လျှောက် ရှိတယ်ဆိုတော့ ပြည်သူလူထုက မကျေနပ်လို့ လူတွေ စုမိရင် Campaign လုပ်မယ်၊ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လေ။ အဲဒါကြောင့် အင်အားပြတာ၊ ပြည်သူတွေ ကြောက်သွားအောင် လုပ်ပြတာလို့ မြင်တာပဲလေ” ဟု ပြောဆိုသည်။

ဘီဂျင်း အိုလံပစ်ပွဲတွင် မြန်မာအားကစားသမား ၆ ဦးသာ ပါဝင်ယှဉ်ပြိုင်နိုင်
အေးလဲ့ | ဇူလိုင် ၁၄၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ အနှစ် ၂၀ ပြည့် ၈ ရက် ၈ လ ၂၀၀၈ ခု ၌ စတင်ကျင်းပမည့် တရုတ်နိုင်ငံ ဘေဂျင်းအိုလံပစ် အားကစားပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား ၆ ဦးပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ အိုလံပစ်ပွဲတွင် ပြေးခုန်ပစ်အားကစားအတွက် စိုးမင်းသူ၊ လဲ့လဲ့ဝင်း၊ ရေးကူးအတွက် ကျော်ဇင်၊ မြားပစ် နေမျိုးအောင်၊ လှေလှော်ရွက်တိုက် ရွှေဇင်လတ်နှင့် ဘုန်းမြင့်တေဇာ တို့ဖြစ်သည်ဟု မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှုး ဦးခင်မောင်လွင်က Xinhua news သို့ပြောသည်။
“အခုလို အိမ်နီးချင်း မိတ်ဆွေ တရုတ်နိုင်ငံရဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခွင့်ရတာကို အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ ကျနော်တို့မြန်မာနိုင်ငံက ပြည်သူတွေကလည်း ဂုဏ်ယူဝမ်းသာမိပါတယ်၊ ဒီအိုလံပစ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်လိမ့် မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုပါဝင် ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာအားကစားသမားများအတွက် အတွေ့အကြုံ ရရှိရန်နှင့် ရင်းနှီးချစ်ကြည် မှုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း၊ သို့ သော် အကောင်းဆုံး ဆုတံဆိပ်များရရှိရန်အတွက်ကိုမူ စိုးရိမ်ပူပန်စိတ် ဖြစ်မိကြောင်းလည်း ဦးခင်မောင်လွင်ကပြောဆိုသည်။
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၀၅ နိုင်ငံမှပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော ယင်း တရုတ် အိုလံပစ်ပွဲတော် စတင်မည့်ကာလ သည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ(၈.၈.၈၈ အရေးတော်ပုံ) အနှစ် ၂၀ ပြည့်မြောက် သည့် သြဂုတ်လ ၈ ရက်နေ့ဖြစ် သည်။
ထို့ကြောင့် အိုလံပစ်ပွဲတော် ကျင်းပသည့် ကာလအတွင်း ၎င်းပွဲကို ရုပ်မြင်သံကြားမှကြည့်မည့်အစား မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများအား ဂုဏ်ပြုသည့် အခမ်းအနားများကျင်းပကြရန်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူပြုသည့် ဆွေးနွေးပွဲများပြုလုပ်ရန်နှင့်တရုတ်သံရုံးရှေ့တွင် ဆန္ဒပြပွဲများပြုလုပ်ကြရန် အမေရိ ကန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma က တိုက်တွန်းနှိုးဆော်ထားသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း နိုင်ငံတကာ ပြည်သူလူထုအား အိုလံပစ်ပွဲတော်ကို မသွားရောက် ကြရန် နှင့် အိုလံပစ်ဖွင့်ပွဲအပါအဝင် အားကစားပွဲစဉ်များကို ရုပ်မြင်သံကြားမှလည်းမကြည့်ရှုကြဘဲ သပိတ် မှောက်ကြရန် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။
မြန်မာစစ်အစိုးရအား နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများတွင် တရုတ်အစိုးရက အကာအကွယ်များပေးခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဗီတိုအာဏာသုံးကာ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပြုနေခြင်းသည် မြန်မာပြည်သူများကို တရုတ်အစိုးရက သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ်နေခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ထောက်ပြ ပြောဆိုခဲ့သည်။
တရုတ်အစိုးရကမူ ဘေဂျင်းအိုလံပစ်အားကစားပွဲကို ဆန့်ကျင်သပိတ်မှောက်မှုများမဖြစ်ပေါ်စေရန် နှင့် အိုလံပစ်ပွဲကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများ မဖြစ်ပွားနိုင်ရန်တို့အတွက် လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

ဒိုက်ဦးမြို့အနီး ခရီးသည်တင်ကား ဗုံးကွဲ
ဧရာဝတီ | ဇူလိုင် ၁၄၊ ၂၀၀၈
ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်တွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင်ကားတစီး ဗုံးကွဲပေါက်ကွဲ၍ လူ သေဆုံးမှု ရှိကြောင်း သိရသည်။
နံနက် ၈ နာရီခန့်က ကျောက်ကြီးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ရွှေခရီးသည် အမည်ရှိ ခရီးသည်တင်ကား တစီးသည် ဒိုက်ဦးမြို့အထွက် ကောလိယ တံတားအနီးတွင် မောင်းနှင်လာစဉ် ကားပေါ်ပါလာသည့် ဗုံးပေါက်ကွဲ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် လူတဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရှိသည်ဟုလည်း ဆိုသည်။ အတည်မပြုနိုင်သေးသော သတင်းများ အရ လူ ၄ ဦးခန့် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ယင်း ရွှေဧည့်သည်အမည်ရ ခရီးသည်တင်ကားသည် ကျောက်ကြီးမြို့ ကြံ့ဖွံ့အဖွဲ့ပိုင် ကားဖြစ်သည်ဟုလည်း ဆိုသည်။

ဆောင်းပါး
ဆင်ပွဲတော်
လ၀ီ ၀မ် | ဇူလိုင် ၁၄၊ ၂၀၀၈
မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပြီး ထိုင်းနိုင်ငံ နယ်စပ်တွင် နေထိုင်နေကြသော ကရင်ကျေးရွာသားများသည် ၎င်းတို့၏ ကူဖော်လောင်ဖက် မိတ်ဆွေဆင်များကို စုပေါင်း၍ ကျေးဇူးတင်သည့်အနေဖြင့် နှစ်စဉ် ဇွန်လတိုင်းတွင် ပွဲတော်ကျင်းပ၍ ဂုဏ်ပြုကြသည်။
ပွဲတော်တခုတွင် ရပ်ရွာရှိ လူများကို တင်ဆောင်၍ ဆင်တန်းကြီးလှည့်လည်လာစဉ် (ဓာတ်ပုံ- ဧရာဝတီ)
စံခရဘူရီ၊ ထိုင်းနိုင်ငံ။ ။ လွန်ခဲ့သော ၃ နှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ကရင်အမျိုးသား ဆင်ဦးစီးများ သည် ထိုင်းနိုင်ငံ ကျေးရွာတခုဖြစ်သော ဘန့်မိုင် ပထနာရွာ တလျှောက် ၎င်းတို့ဆင်များကိုစီး၍ စီတန်းလှည့်လည် ပြသကြပြီး ပွဲကျင်းပလေ့ရှိ သည်။ ထိုရွာကလေးသည် မြန်မာနိုင်ငံနှင့် နယ် နိမိတ်ဆက်စပ်နေသော ထိုင်းနိုင်ငံ အနောက် ဘက်ခြမ်း ကန်ချနဘူရီ ခရိုင် စံခဘူရီမြို့နယ် အတွင်း တည်ရှိသော ထိုင်းကျေးရွာတရွာ ဖြစ်သည်။
မြန်မာနိုင်ငံအရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းတွင် အဓိကနေထိုင်ပြီး ထိုင်းနိုင်ငံ၏ တချို့သောနေရာ များတွင်လည်း ရာစုနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြသော ကရင်တိုင်းရင်းသား များသည် ၎င်းတို့၏ သစ်ထုတ်လုပ်ရေး လုပ်ငန်း များအတွက် ဆင်များကို အသုံးပြုကြသည်။
တနေ့တာ ပင်ပင်ပန်းပန်း လုပ်ငန်းဆောင်တာများ ပြီးသည့်နောက် လုပ်ငန်းခွင်သုံးဆင်များက ရွာကိုဖြတ်၍ စီးဆင်းသွား သော စမ်းချောင်းကလေးတွင် အနားယူအပန်းဖြေလေ့ရှိသည်။ ဤဆင်များစခန်းချနေကြသော ဘန့်မိုင် ပထနာရွာကိုလည်း ဒေသခံများက “ဆင်ရွာ”ဟု လူသိများကြသည်။ ထိုဆင်မိတ်ဆွေများကို နှစ်စဉ် ဂုဏ်ပြုပွဲတော် ကျင်းပရန်အတွက် ဤရွာ ကလေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘာဝအရပင် လူအများက ရွေးချယ်ခဲ့ကြသည်။
ဒေသခံများအတွက်မူ ၎င်းဆင်ပွဲတော်သည် အဆန်းတကျယ်ဖြစ်ရပ် တခုမဟုတ်တော့ပေ။ အဘယ်ကြောင့် ဆိုသော် လူသား အရှင်သခင်များအတွက် အမှုထမ်းရွက်ပေးသော တိရိစ္ဆာန်များကို ပြန်လည်ကျေးဇူးဆပ်သည့်အနေဖြင့် နှစ်ပေါင်းကြာရှည် စွာကပင် ပြုလုပ်လာခဲ့ကြသော ရိုးရာအစဉ်အလာ တခုဖြစ်နေသောကြောင့်ပင်။ လွန်ခဲ့သော ကာလများက ထိုင်းဘုရင်နှင့် မြန်မာဘုရင်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ဆင်များ တိုက်ရဲခိုက်ရဲရှိလာစေရန် ဆင်များအတွက် ပွဲတော်များ ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခဲ့ကြသည်။
ကရင်တိုင်းရင်းသားများက သူတို့၏ ဆင်များကို ဇိမ်ခံကားတစီးကဲ့သို့ပင် တန်ဖိုးထားကြသည်။
ထိုကရင်တိုင်းရင်းသားများက ဆင်များကို သစ်ဆွဲရန်အတွက်သာ အသုံးပြုခြင်းမဟုတ်ဘဲ၊ တောင်ကုန်းများပေါ်မှ စပါး များအားတောင်အောက် တောတွင်းရှိ ၎င်းတို့၏ အိမ်များဆီသို့ သယ်ယူရာတွင်လည်း အသုံးပြုကြသည်။ သို့သော် ဆင် များသည် ခရီးကြမ်းသုံးမော်တော်ယာဉ်များ အားလုံးထက် ပို၍ အသုံးတည့်သည်။ အကြောင်းမှာ ဆင်များသည် လုပ်ဖေါ် ကိုင်ဖက်များသဖွယ် လူများနှင့် အတူတကွ အလုပ်လုပ်နိုင်ကြသော မိတ်ဆွေများ ဖြစ်နေသောကြောင့် ဖြစ်သည်။
ပွဲတော်ကျင်းပသည့်နေ့သည် ဆင်များအတွက် အလုပ်ပါးပြီး အနားယူချိန် ရာသီစတင်ခြင်း အထိမ်းအမှတ်နေ့ တနေ့လည်း ဖြစ်သည်။ ဆင်များသည် ယခုနားချိန်မှအပ ကျန်ရာသီများတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရပြီး တခါတရံတွင် ၀လင် အောင် အစာမစားရသောကြောင့် ဤပွဲတော်နေ့တွင် ဆင်များကို အဆင့်ကိုးဆင့်ရှိ သည့် စေတီပုံဖေါ်ထားသော သစ်သီးများ ကို အလျှံအပါယ်ကျွေးမွေး၍ စားသောက်စေကြသည်။ ဖရဲသီး၊ ကြံ၊ ငှက်ပျောသီးနှင့် ပိန္နဲသီး အပုံကြီးကို ဆင်များက ၂ ရက် တိုင်တိုင် ကျေကျေနပ်နပ်ကြီး သုံးဆောင်နိုင်သည်။
ယခုနှစ်တွင် ကြံတမျိုးတည်းအတွက်ပင် ဘတ်ငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ နီးပါး) အသုံးပြုခဲ့၍ ဆင်များကို ကျွေးမွေးခဲ့ကြသည်။
နာရီဝက်ခန့်အကြာ တရကြမ်း စားသောက်ပြီးသည့်တိုင်အောင် စေတီပုံစင်ပေါ်တွင် အစားအစာများစွာ ကျန်ရှိနေသေးသည်။ ဤအချိန်တွင် ဒေသခံ ကလေးငယ်များကလည်း စေတီပုံ စင်ထိပ်ဖျားသို့တက်ခါ အောက်မှ စောင့်နေသော သူငယ်ချင်းများ အတွက် အသီးအနှံများ၊ ကြံများ ပစ်ချပေးကြသည်။ ဆင်ပိုင်ရှင်များ၏ သားသမီးများအဖို့ ပို၍ အခွင့်အရေးရသည်။ သူတို့က ဆင်ပေါ်တက်ကာ အမြင့်ဆုံးသစ်သီးစင် နေရာသို့ အလှမ်းမီနိုင်သောကြောင့် ဖြစ်သည်။
ယခုနှစ်ပွဲတော်တွင် အထူးကျွမ်းကျင်ဖြတ်လတ်သော ကလေးငယ်တဦးကို တွေ့ခဲ့ရသည်။ သူ့သူငယ်ချင်းများက သူ့နာမည် ကို မကြာခဏ အော်ခေါ်၍ အသီးများ ပစ်ချပေးရန် တောင်းနေကြသည်ကို ခဏခဏဆိုသလို ကြားနေရသည်။ တနာရီခန့် အကြာတွင် ကလေးတိုင်းလိုလိုက စင်ထိပ်ဖျားသို့ ကုတ်ကပ်တက်နိုင်ခဲ့ကြ ပြီး ဆင်ပေါ်ရှိနေသူကသာ မောင်ပိုင်စီးထားမှုကို သူတို့ရှောင်ရှားလွတ်မြောက်နိုင်ခဲ့ကြသည်။
ဆင်ပွဲဟူ၍သာ အမည်သညာပြုထားသော်လည်း လူများအတွက်လည်း ဆွဲဆောင်စရာ ပွဲတော်တခုလည်း ဖြစ်သည်။ လာရောက်လည်ပတ်သူများသည် ထိုင်း၊ မွန်နှင့် ကရင်တိုင်းရင်းသားများ၏ ရိုးရာအကများကို ကြည့်ရှုနိုင်သလို၊ အစားအစာ စင်များပေါ်မှလည်းယူ၍ အခမဲ့ စားသောက်နိုင်ကြသည်။ ကလေးများပစ်ချပေးသော အသီးအနှံများကို ၀ိုင်းဖမ်းကာ လက် နှစ်ဘက်ဖြင့် အားရပါးရ စားသုံးကြသဖြင့် တခါတရံတွင် လူများက ဆင်များထက်ပင် လောဘကြီးပုံရနေသေးသည်။
ဆင်ပွဲတော်သည် အပျော်ပွဲသက်သက်သာ မဟုတ်ဘဲ ပိုမိုလေးနက်သော ရည်ရွယ်ချက်တခုအတွက်လည်း ကျင်းပခြင်း ဖြစ်သည်။ ပွဲတော်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစုများအကြား ဆင်များရအပ်သည့် အခွင့်အရေးများကို ပိုမိုသိရှိ နားလည်လာစေရန်နှင့် ထိုင်းနှင့်ကရင်လူမျိုးများအကြား ပိုမိုခိုင်မာသော ရင်းနှီးဆက်ဆံမှု တည်ဆောက်နိုင်စေရန် အတွက်လည်း ရည်ရွယ်ကြခြင်း ဖြစ်သည်။
လေးစားမှုကိုပြသသောအားဖြင့် ပွဲတော်စီစဉ်သူများသည် ဆင်များ၏ရှေ့တွင် သံဃာတော်များကို ပင့်ဖိတ်၍ ၀တ်ပြုဆု တောင်းစေကာ၊ ဆင်များ၏ဦးကင်းထက်သို့ ရေမန်းများ ပက်ဖျန်းပေးကြသည်။ ထို့နောက်အဆောင် လက်ဖွဲ့များအား ဆင်ပိုင်ရှင်များကို ပေးလိုက်ပြီး ၎င်းပိုင်ရှင်များက ဆင်များ၏ ရှေ့ခြေများတွင်အဆောင်ကြိုးများ ချည်နှောင်ပေးကြသည်။ အဆောင်များသည် ဆင်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုများမှ အကာအကွယ်ပေးသည်ဟုလည်း သူတို့က ယုံကြည်ကြသည်။
ဆင်များကို အစားကျွေးရန်အတွက် အသုံးပြုသော စေတီပုံစင်က ဆင်များသည် သာမန်တိရိစ္ဆာန်ထက် သာလွန်သည် ဟူသော ယုံကြည်မှုကို ထပ်လောင်းပြသလိုက်ခြင်းလည်း ဖြစ်သည်။
သစ်သီးစင်ကို စေတီပုံများ အဖြစ်အသုံးပြုသော အစဉ်အလာသည် မြန်မာဘုရင်များလက်ထက်ကတည်းက ကျင့်သုံးလာ ကြသည်ဟုဆိုပြီး ဆင်တကောင်ပေါက်ဖွားလာပါက ပွဲလမ်းအဖြစ် ကျင်းပလေ့ရှိသော အစဉ်အလာမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုစေတီပုံများတည်ဆောက်ခြင်း အတတ်ပညာသည် ပျောက်ကွယ်လုနီးပါးဖြစ်နေသော အနုပညာတခုဖြစ်သည်။ "သစ်သီး စေတီစင် တည်ဆောက်ဖို့အတွက်က ကျနော်တို့ ဆရာခေါ်ရပါတယ်" ဟု ပွဲတော်စီစဉ်သူ တဦးက ပြောပြသည်။
"သင်ယူဖို့လည်း တကယ်ခက်ခဲသလို လူတိုင်းလည်း မလုပ်နိုင်ပါဘူး" ဟု သူကပင် ဆက်ပြောပြသည်။ ယင်း ဓလေ့ထုံးစံ ကွယ်ပျောက်သွားမည့်အရေးအား လူအများက စိုးရိမ်ပူပန်နေကြသည်။
ဤအခြေအနေတွင် ကန်ချနဘူရီခရိုင်အတွင်းရှိ ထိုင်းအာဏာပိုင်များကလည်း မတူညီသော လူမျိုးစုများနှင့် မတူညီသော ယဉ်ကျေးမှုများ ထိန်းသိမ်းပေးရန်၊ အတူတကွပေါင်းဆုံ၍ တဦးအပေါ်တဦး သိရှိနားလည်လာကြစေရန် ရည်ရွယ်၍ ဤပွဲတော်ကို ဆက်လက်ထိန်းသိမ်း ကျင်းပစေရန်လည်း အားပေးကြသည်။
"ဆင်နဲ့ လူသားဆိုတာ အတူတူပါပဲ။ ကျနော်တို့အားလုံးက အတူတူပါပဲ၊ ဒီပွဲတော်ကနေ ကျနော်တို့ အားလုံးကို လက်ကမ်း ကြိုဆိုပါတယ်။ မြန်မာပြည်က ဆင်တွေလည်း ဒီပွဲတော်မှာလာပြီး ပါဝင်ဆင်နွှဲနိုင်ပါတယ်" ဟု ဒေသခံ ထိုင်းအရာရှိတဦးက ပြောခဲ့သည်။
သို့သော်လည်း ဆင်ပွဲတော်သည် လူသားများနှင့် ဆင်များအတွက် တဦးအပေါ်တဦး အပြန်အလှန်မေတ္တာထားကြောင်း ဖော်ပြသည့် ငြိမ်းချမ်းရေးပွဲတော် တခုမျှသာ မဟုတ်ပေ။ စီးပွားရေးအတွက် ရည်ရွယ်ချက်ဖြင့် ကျင်းပကြခြင်းလည်း ဖြစ်သည်။ သေချာသည်မှာ ဤဆင်ပွဲတော်ကျင်းပခြင်းအားဖြင့် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်စရာ ပွဲတော်တခု ဖြစ်မည်မှာ မလွဲပေ။
မြန်မာနိုင်ငံမှ ဆင်ပိုင်ရှင်တချို့ကိုလည်း ၎င်းတို့၏ဆင်များကို ပွဲတော်သို့ ယူဆောင်လာပါက ဘတ်ငွေ ၁၀၀၀ ရရှိကြသည်။
ရိုးရာအစဉ်အလာအရ ပွဲတော်အား ဧပြီလတွင် ကျင်းပလေ့ရှိသော်လည်း ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဆုန်ခရန်ပွဲတော် (သင်္ကြန်နှစ်သစ်ကူးပွဲတော်) နှင့် မတိုက်စေရန်အတွက် ဇွန်လသို့ ရွှေ့ ၍ ကျင်းပရန် အကြံပြုသဖြင့် ဇွန်လ တွင် ကျင်းပခဲ့သည်။ ပွဲတော်သည် ငွေကြေး အမြတ်အစွန်းရရှိရန်အတွက် ဆင်များကို အသုံးချသည့် နောက်ထပ်နည်းလမ်း တခု ဖြစ်လာမည့် အရေးကို တချို့ကလည်း စိုးရိမ်မကင်းဖြစ်နေကြသည်။
ထိုကဲ့သို့ စိတ်ပူပန်မှုများ ရှိနေကြသော်လည်း ဆင်များသည် ၎င်းတို့၏ ပုံမှန် အလုပ်လုပ်ချိန်မှ အနားယူခွင့် ရသင့်သည် ဟူသောအချက်ကို လူအများစုက သဘောတူကြပါသည်။ ကံအကြောင်းမလှစွာပင် ဆင်အများစု ဤပွဲတော်ကို ရောက်မလာ နိုင်ခဲ့ကြပါ။
ယခုနှစ် ပွဲတော်သို့လာရောက်နိုင်သော ဆင်အကောင်ဦးရေက ၁၈ ကောင်မှ ၁၄ ကောင်အထိ ကျဆင်းသွားခဲ့ပါသည်။
"ပွဲတော်ကို မလာရောက်နိုင်တဲ့ ဆင်လေးကောင်က အလုပ်လုပ်နေရလို့ပါ။ ဆင်တကောင်အတွက်တော့ ဒီအဖြစ်က တကယ့် ကို စိတ်မကောင်းစရာ ဘ၀ကြမ်းပါပဲ" ဟု ပွဲတော် စီစဉ်သူတဦးက ရှင်းပြခဲ့ပါသည်။

ဆောင်းပါး
ကြွေးသံသရာ
မင်းခက်မောင်| ဇူလိုင် ၁၄၊ ၂၀၀၈
ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လယ်သမားများအတွက် ထွန်ယက်စိုက်ပျိုးနိုင်သည့် လယ်မြေများ၊ ထွန်စက်များ၊ ကျွဲနွားများ၊ မျိုးစေ့များ၊ ဓာတ်မြေသြဇာများနှင့် တခြားသော ထောက်ပံ့မှုများ အလျင်အမြန် လိုအပ်နေသည်။ ဤလိုအပ်ချက်များ အားလုံးကို ဝယ်ယူရန် ငွေချေးယူကြရသောကြောင့် ကြွေးလည်ပင်းခိုက်နေကြရရှာသည်။နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီး လယ်ပြန်ထွန်နေသော ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လယ်ယာမြေမြင်ကွင်း(ဓာတ်ပုံ - တင့်အောင်/ဧရာဝတီ)
လယ်သမားကြီး ဦးဝင်းထွန်းက ခြစ်ခြစ်တောက်ပူနေသည့် နေရောင်အောက်ရှိ မထွန်ယက်ရသေးသော သူပိုင် လယ်ကန် သင်းရိုးဘောင်တခုပေါ် ထိုင်ရင်း “သီးနှံတွေပျက်စီးရတာကို စဉ်းစားမိတိုင်း ကျနော် တော်တော်လေး စိုးရိမ်နေတယ်။ နောက်ထပ် မုန်တိုင်းတခုလောက်သာ ထပ်လာရင်တော့ ကြွေးသံသရာထဲက ထွက်နိုင်တော့မှာ မဟုတ်ဘူး” ဟု ပြောနေသည်။
ဤသို့ စိုးရိမ်ပူပန်နေရသည်မှာ ဦးဝင်းထွန်းတဦးတည်း မဟုတ်။ မေလ ၂ - ၃ ရက်နေ့များက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း ဆားငံရေ၀င်၍ လယ်မြေများပျက်စီးခဲ့ရပြီး ကျွဲနွားများစွာ ဆုံးရှုံးခဲ့ ရသော လယ်သမားတိုင်းပင် ဖြစ်သည်။
ခန့်မှန်းခြေအရ လယ်ယာစိုက်မြေ ဟက်တာပေါင်း ၇၈၀,၀၀၀ (ဧကအားဖြင့် ၂ သန်းနီးပါး) မျှ မုန်တိုင်းအတွင်းပျက်စီးခဲ့ရပြီး ကျွဲနွားကောင်ရေပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရကြောင်း သိရသည်။
ပုံမှန်အားဖြင့် လယ်သမားများမှာ သီးနှံများပျက်စီးဆုံးရှုံးရမည့် အရေးနှင့် သူတို့၏ လယ်ယာများမှ သီးနှံအထွက်ကျဆင်း မည့်အရေးကို အလွန်စိုးရိမ်ကြသည်။ တရာသီလောက် မစိုက်ဘဲ နေကြရမည် ဆိုသည်ကို တွေးပင် မတွေးဝံ့ကြ။ ယခုအခါ တွင်တော့ လယ်သမားတောင်သူဦးကြီးများမှာ ဘာမျှမရှိဘဲ လုပ်ငန်း ပြန်စကြရတော့မည်။ အတိုးနှင့်ငွေချေး၍ သူတို့၏ လယ်ယာလုပ်ငန်း များကို ပြန်စတင်နိုင်ရန် ကြိုးပမ်းကြရပေတော့မည်။
ပုဂ္ဂလိကအလှူရှင်များနှင့် အဖွဲ့အစည်းများက လိုအပ်ချက်ရှိနေသည့် လယ်သမားများကို လူသားချင်းစာနာမှု အကူအညီ အဖြစ် လက်တွန်းထွန်စက်များ ထောက်ပံ့ပေးခဲ့ကြသည်။ သို့သော်လည်း တခြားအရေးကြီးကိစ္စ များအတွက် သုံးစရာ ငွေကြေး လိုအပ်နေသေးသည်။ ဥပမာ - မျိုးစပါး၊ လောင်စာဆီနှင့် ဓာတ်မြေသြဇာ စသည်တို့အတွက် ငွေကြေး လိုအပ်သည်။
စစ်အစိုးရအာဏာပိုင်များက ကျွဲနွားများ ၀ယ်ယူ၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ပေးပို့ပေးနေသည်များ ရှိသည်။ သို့သော် သတင်းများအရ လယ်သမားအနည်းစုသာ ဤထောက်ပံ့ပေးမှုများကို ငွေပေးစရာမလိုဘဲ ရရှိခဲ့ကြသည်။ အများစု မှာမူ ဤထောက်ပံ့မှုများ ရရှိရန် အာဏာပိုင်များမှတဆင့် တင်ပြတောင်းခံ ကြရပြီး နောင်တွင် ချေးငွေအဖြစ် အရစ်ကျ ပြန်ဆပ်ကြရပေလိမ့်မည်။ နှစ်စဉ်အတိုးနှုန်းက ၁၇ ရာခိုင်နှုန်းမျှ ယူထားသေးသည်။
ယခင်နှစ်အထိ လယ်သမားတဦး မြေတဧကရှိလျင် စိုက်ပျိုးရေးစရိတ်ချေးငွေအဖြစ် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ဘဏ်မှ ၈,၀၀၀ ကျပ် နှင့် အများဆုံး ၁၀ ဧက အထိ ချေးငွေရရှိနိုင်သည်။ တခြားသော ထောက်ပံ့ရေးပစ္စည်းများအတွက် ကိုမူ စိုက်ပျိုးရေးဝန်ကြီးဌာနမှတဆင့် တင်ပြလျှောက်ထားနိုင်သည်။
လယ်သမားတဦး ထွန်ယက်မှု စတင်ရန်အတွက် ပထမဆုံး စက်ထွန်တုံးလိုအပ်သည်။ ၎င်းဖြင့် မြေကိုထွန်ယက်၍ မျိုးစေ့ ချရမည် ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများထံသို့ မုန်တိုင်းအပြီးတွင် ဒေသခံ အာဏာပိုင်များက လက်တွန်း ထွန်စက်များကို ချေးငွေစနစ်ဖြင့် ထောက်ပံ့ပေးခဲ့ကြသည်။ ဤချေးငွေကို လယ်သမားများက ၃ ရစ်ပေး ချေရန် သဘောတူ ကြရပြီး ယခုနှစ် သီးနှံထွက်ချိန်တွင် သုံးပုံတစ်ပုံ ပြန်ဆပ်ကြရမည် ဖြစ်ကာ ကျန်ငွေကို နောက်လာမည့်နှစ်တွင် ပြန်ပေး ဆပ်ကြရမည် ဖြစ်သည်။
လယ်သမားများ၏ အဆိုအရ ထွန်ယက်ပြီးချိန်နှင့် စိုက်ပျိုးမည့်အချိန်အကြား အချိန်တခုယူကြရဦးမည်။ ပုံမှန်အရဆိုလျင် မြေကိုထွန်ယက်ပြီး ရက်အနည်းငယ် သည်အတိုင်း ပစ်ထားလိုက်ကြသေးသည်။ သို့မှသာ မျိုးစေ့များ ရှင်သန်ပေါက်ရောက် ရန် ကောင်းမွန်သည့် မြေသားကို ရနိုင်သည်ဟု ဆို၏။ ယခုနှစ်အတွက် နောက်ဆုံးဖြစ်နိုင်ခြေရှိသည့် စိုက်ချိန်သည် ဇွန်လ အကုန်သာ ဖြစ်နိုင်တော့သည်။ ယခုနှစ်တွင် မျိုးစပါးမရှိ သူများ၊ မထွန်ယက်နိုင်ကြသူများ အဖို့ စိုက်ရာသီတခု လက်လွှတ် လိုက်ကြရတော့မည်။ နိုဝင်ဘာလ လယ်ယာသိမ်းချိန်တွင်လည်း မည် သည့်ဝင်ငွေမျှ ရရှိကြတော့မည် မဟုတ်ပေ။ သူတို့ အတွက် ငွေကြေး အခက်အခဲ ပို၍ ကြုံရဖွယ် ရှိနေသည်။
အကယ်၍ လယ်သမားများအနေဖြင့် စိုက်ရာသီတခု လက်လွှတ်ရပြီဆိုပါက သူ့အတွက် ငွေဝင်စရာလမ်း ရှိတော့မည် မဟုတ်ကြောင်း ကွမ်းခြံကုန်းမြို့နယ်အတွင်း နေထိုင်သည့် လယ်သမားတဦးက ဧရာဝတီသို့ ပြောပြသည်။ ၎င်းတို့အနေနှင့် စားဝတ်နေရေးပြဿနာ ကြုံတွေ့ရတော့မည် ဖြစ်သဖြင့် ငွေချေးယူ စားသောက်ရတော့မည် ဖြစ်ကာ လယ်ယာစိုက်ပျိုးရေး ကိရိယာများ အတွက် တင်ရှိနေသည့် ကြွေးများအပြင် ထပ်ဆောင်း၍ ၀န်ပိလာပေတော့မည်ဟု ဆိုသည်။ နောက်ဆုံး အကြွေးကို လုံးဝ ပြန်မဆပ်နိုင်တော့သည့် အခြေ အနေထိပင် ရောက်သွားနိုင်သည်ဟု ၎င်းကပြောပြသည်။
ဒီဇယ်ဆီဈေး ကြီးမြင့်လာမှုကလည်း နောက်ထပ်ပြဿနာတခု ဖြစ်နေသေးသည်။ ဒေသခံအာဏာပိုင်များက လောင်စာဆီ ကို ခွဲတမ်းဖြင့်သာ ပေးနေသည့်အတွက် ခြစားမှုများနှင့် ပြင်ပမှောင်ခိုဈေးကွက်များ ရှိလာခဲ့ သည်။ မုန်တိုင်းမတိုက်မီက ဒီဇယ်ဆီတဂါလံကို ငွေ ၄၅၀၀ ကျပ်မျှ ဈေး ပေါက်နေခဲ့သည်။ ယခုအခါတွင် လမ်းဘေး မှောင်ခိုဈေး၌ တဂါလံကို ကျပ် ၆၀၀၀ ကျော်နှင့် ရောင်းဝယ်နေကြသည်။ လယ်သမားအများစုက လိုအပ်သည့် ဒီဇယ်ဆီကို အကြွေးဖြင့် ၀ယ်ယူသုံးစွဲနေ ကြရပြန်သည်။
နောက်ထပ် ခေါင်းကိုက်စရာကိစ္စမှာ လယ်လုပ်သားအကူ ရှားပါးလာသည့် ပြဿနာပင် ဖြစ်၏။ မုန်တိုင်း ကြောင့် လူအများ သေကြေဆုံးရှုံးခဲ့ကြရပြီး မုန်တိုင်းအပြီး နေအိမ်ရွှေ့ပြောင်းသူများပြားလာသည့် အတွက်ကြောင့် လယ်လုပ်သားအကူ ပို၍ ရှားပါးလာဖွယ် ရှိနေသည်။ လူအများစုက သဘာဝ ကပ်ဘေး ကြောင့် စိတ်ဒဏ်ရာသင့်နေကြပြီး ပင်လယ်နှင့် နီးသည့် ဒေသများ၊ ကျေးရွာများသို့ ပြန်ရန် ကြောက်ရွံ့ နေကြသည်။
“ကျနော်တို့က လယ်လုပ်ခတိုးပေးပါမယ် ပြောတာတောင် လုံလောက်တဲ့ လယ်လုပ်သားအရေအတွက် မရနိုင်ဘူး ဖြစ်နေတယ်” ဟု လယ်ရှင်တဦးဖြစ်သူ ဦးတင့်လွင်က ဆိုသည်။
များသောအားဖြင့် လယ်လုပ်သားများကို စပါးပေါ်ချိန်တွင် စပါးတင်းမည်မျှပေးမည်ဟူသော ကမ်းလှမ်းချက်ဖြင့် ခေါ်ဆိုကြ ခြင်း ဖြစ်သည်။ အကယ်၍ ယခုနှစ်တွင် ဆန်ပြတ်လပ်မှုဖြစ်ခဲ့ပါက ဤသို့ပေးနိုင်မည့် အလား အလာလည်း ရှိနိုင်တော့မည် မဟုတ်ပေ။
ဓာတ်မြေသြဇာများလည်း မရနိုင်ကြသေး။ ပုံမှန်အားဖြင့် လယ်သမားများက ကျွဲနွားချေးများကို လယ်ကွက်အတွင်း ဖြန့်ကျဲ၍ မြေသြဇာအဖြစ် သုံးခဲ့ကြသည်။ ကျွဲနွား အများအပြား သေဆုံးကြရသည့် အခြေအနေ၌ လယ်သမားများအဖို့ သဘာဝ မြေသြဇာအစား ဓာတ်မြေသြဇာကို ၀ယ်ယူသုံးစွဲကြရတော့မည့် အနေအထားတွင်ရှိနေရာ ဤအတွက်လည်း ချေးငှားကြရဦး တော့မည် ဖြစ်သည်။
အကယ်၍ လယ်သမားများက မျိုးစေ့ကို အကြွေးနှင့် ၀ယ်ယူရမည်ဆိုပါက နောက်ထပ်အကျပ်အတည်း ကြုံလာရဖွယ်လည်း ရှိနေပြန်သည်။ အာဏာပိုင်များက ထောက်ပံ့သည့် မျိုးစေ့များမှာ အရည်အသွေးအား ဖြင့် ညံ့ဖျင်းသည့် မျိုးစေ့များဖြစ်နိုင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ မြေများတွင် ကောင်းမွန်စွာ စိုက်ပျိုး၍ ဖြစ် ထွန်းချင်မှ ဖြစ်ထွန်းပေလိမ့်မည်။ လယ်သမားအများ စုက တခြားမျိုးစေ့အသစ်များနှင့် စိုက်ပျိုးရမည်ဆိုလျင် ယုံကြည်မှု မရှိချင်ကြပေ။ သူတို့က ရှေးဦးမဆွ ရိုးရာအတိုင်း စိုက်ပျိုးခဲ့ကြသည့် မျိုးစေ့များအပေါ်တွင်သာ ယုံကြည်မှု ရှိကြသည်။
နောက်ထပ်ခက်ခဲသည့် အနေအထား တခုမှာ လယ်သမားများအနေနှင့် ပိုင်ဆိုင်မှု တခုခု မတင်ပြနိုင်ပါက လွယ်လွယ်ကူကူ ငွေချေးငှား၍ မရနိုင်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ငွေချေးယူရရှိရန် သူတို့၏ လယ်ယာ၊ သို့မဟုတ် စက်ပစ္စည်းများကို အပေါင်အဖြစ် တင်ပြနိုင်ကြသည်။ သို့သော်လည်း မုန်တိုင်းက အားလုံး ဖျက်ဆီးခဲ့သည်။ လယ်သမားများ အဖို့ ပိုင်ဆိုင်မှုများ အားလုံးဆုံးရှုံးခဲ့ကြရပြီး ဤသို့အပေါင်အဖြစ် တင်ပြရန်လည်း မည်သည့်အဖိုးတန်ပစ္စည်းမျှ မကျန်ရှိတော့ပေ။
“ကျမတို့မှာ ဓာတ်မြေသြဇာကို အကြွေးနဲ့ ရောင်းပေးဖို့တောင် အပေါင်တင်စရာ၊ ပြစရာ ဘာမှ မကျန်တော့ဘူး” ဟု မုန်တိုင်း အတွင်း မုဆိုးမ ဖြစ်ခဲ့ရသူ ဖျာပုံမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် လယ်သူမကြီး ဒေါ်တင်စိန်က ပြောသည်။ ဒေါ်စိန်တင်အဖို့ ပျက်စီးနေသည့်အိမ်နှင့် ကလေးငယ် ၃ ဦးသာ ကျန်ရှိခဲ့သည်။
“လယ်သမားတွေမှာ လိုအပ်နေတာက သူတို့ဘ၀နဲ့ သူတို့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုံလုံခြုံခြုံ တည်တည်ငြိမ်ငြိမ် နဲ့ လုပ်ကိုင်နိုင်ဖို့ အာမခံချက်ပဲ။ ဒါပေမယ့် အခုအချိန်အထိ ဘယ်သူကမှလာပြီး ဒီအာမခံချက်ကို မပေးကြသေးဘူး” ဟု ဒေသတွင်းရှိ လေ့လာစောင့်ကြည့်နေသူတဦးက ပြောသည်။

ကျောက်ကြီး-ရန်ကုန် ခရီးသည်တင်ဘတ်စ်ကား ဒိုက်ဦးမြို့အထွက် ပေါက်ကွဲမှုဖြစ်
14 July 2008
ကျောက်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ ရွှေခရီးဆိုတဲ့ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ
ဒီကနေ့မနက် ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက်
လူတယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့
ပတ်သက်ပြီး ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတော့
ဒိုက်ဦးဒေသခံ မျက်မြင်တဦးက အခုလိုစပြောပြပါတယ်။

“မနက်က အဲဒီနားမှာ ဗုံးပေါက်တယ်ကြားလို့ ကျနော်တို့သွားကြည့်တော့ ကားကြီးက
နောက်မြီးပွင့်ပြီး လူတယောက်သေနေတာကို တွေ့တယ်။”
သေသွားတာ ခရီးသည်လားခင်ဗျ။
“သေသွားတာ ရှေ့နေလို့တော့ ပြောတာပဲ။ နာမည်တွေဘာတွေတော့ သေသေချာချာ
အတိအကျ မသိသေးဘူး။ ကျနော်တို့လည်း အဲဒီနားသွားကြည့်ပြီး လူတွေကလည်း
အရမ်းရှုပ်နေတော့ တအောင့်ကြည့်ပြီး ပြန်ထွက်သွားတာပဲ။ အဲဒီတယောက်ပဲ
သေတယ်တဲ့။ တယောက်ကတော့ အူထွက်ပြီး ဆေးရုံတက်သွားတယ်လို့ ပြောတာပဲ။”

ကားပုံစံ ဘယ်လိုဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
“ကားပုံစံကတော့ နောက်က ပွင့်ထွက်သွားတာပဲလေ။ လူတွေကရှုပ်၊ ရဲတွေကလည်း
ရှုပ်နေတော့ သိပ်ပြီးတော့လည်း သေသေချာချာ သွားမကြည့်ရဲဘူး။”

ဘယ်နေရာမှာလဲခင်ဗျ၊ ဖြစ်တဲ့နေရာကို ပြောပြပါလား။
“ဖြစ်တဲ့နေရာနားမှာတော့ အဟောင်းဆိုင် ပစ္စည်းတွေဘာတွေ ၀ယ်တဲ့ဆိုင်ရှိတယ်။
ဒိုက်ဦးထဲဝင်တဲ့ သံတံတားရဲ့ ဟိုဘက် ကိုက် ၂၀၀-၃၀၀ လောက် ကွာတာပေါ့။
မြို့အ၀င်ပေါ့။”
မြို့အထွက်လို့လည်း ပြောလို့ရတာပေါ့၊ တဖက်ကကြည့်ရင်။
“ဟိုဘက်ကလာရင်တော့ အထွက်ပေါ့၊ ဒီဘက်ကသွားရင်တော့ အ၀င်ပေါ့။ မဌေးမြိုင်
ဆိုင်ရှေ့မှာပဲ။ ဖွဲနု၊ ဖွဲကြမ်းရောင်းတဲ့ဆိုင်ရှေ့မှာ။”
ဒိုက်ဦးမြို့က မျက်မြင်သက်သေတဦး ပြောပြသွားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တရားဝင် သိရှိရအောင် ဗွီအိုအေက ဒိုက်ဦးရဲစခန်းကို
ဆက်သွယ်ကြည့်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်တဲ့သတင်းနဲ့ပတ်သက်ပြီး မေးချင်လို့ပါ။
“ဟုတ်ကဲ့၊ အထက်ဌာနကိုမေးပါခင်ဗျာ၊ ကျနော်တို့ ဖြေကြားခွင့်မရှိပါဘူး။”
ဒိုက်ဦးရဲစခန်းက အခုလို ဖြေဆိုနိုင်ခြင်းမရှိတဲ့အတွက် တိုင်းရဲစခန်းကို အကြိမ်ကြိမ်
ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာခဲ့သူတွေကို ပဲခူးမြို့ ဆေးရုံကြီးကို သယ်သွားတယ်လို့
ဒေသခံတွေက ပြောတဲ့အတွက် ဗွီအိုအေက ပဲခူးဆေးရုံကြီးကို ဆက်သွယ်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးက ကားဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့လူနာတွေ ပဲခူးဆေးရုံ သယ်လာ
တယ် ကြားလို့ပါ။
“တယောက်တည်းရှင့်။”
ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် သိရှိနိုင်ဖို့ ဆေးရုံအုပ်ကြီးကို
ဆက်သွယ်ဖို့ ပြောတဲ့အတွက် ဆေးရုံအုပ်ကြီးကို ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါ
ဘူး။
အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရွှေခရီး ခရီးသည်တင်ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလ
တုန်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုတုန်းကတော့ လူတွေ
ထိခိုက်သေကျေတာတော့ မရှိခဲ့ပါဘူး။ နောက်တခါ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့တုန်း
ကလည်း ရွှေပြည်သာမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာလည်း
အသေအပျောက်တော့ မရှိခဲ့ပါဘူး။ စစ်အစိုးရက အခုလို ပေါက်ကွဲမှုတွေဖြစ်ပွားတိုင်း
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတပ်တို့ရဲ့ လက်ချက်လို့
စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ အခုပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ
အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

မုန်တိုင်းသင့်လူထု ၇၀% သောက်သုံးရေသန့် လိုအပ်နေဆဲ
14 July 2008
ဦးသိန်းထိုက်ဦး -
နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်သွားရ သည့် ဒေးဒရဲမြို့နယ်မှ မိသားစုတစု။
ဇွန် ၁၄၊ ၂၀၀၈။
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နှစ်လကျော်ကြာလာခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်းလေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသမှာ လူဦးရေရဲ့
၇၀% ဟာ ဘေးကင်းတဲ့ သောက်ရေသန့်မရသေးတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။ သောက်ရေသန့်နဲ့
ရေအဆိပ်သင့်တာတွေကို စစ်ဆေးတဲ့ဆိုင်ရာကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသတွေမှာ
ရေတွေအဆိပ်သင့်တဲ့အတွက် ကျန်းမာရေးအရ ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို သတိပေးနေကြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်လကျော် မုန်တိုင်းဒဏ်ခံရပြီးနောက်မှာ ဧရာတီတိုင်းအတွင်း ရေသန့်ရနိုင်တဲ့
နေရာတွေ ပျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသား
ချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ
လီယန် ကုပန်းစ် (Lianne Kuppeans) က အခုလိုပြောပါတယ်။
“ရေပေဝေးတဲ့စနစ် အများစုက ပျက်ဆီးခဲ့ပါတယ်။ ရေပေးဝေတဲ့ နေရာတွေ၊ ရေတိုင်
တွေ၊ ရေကန်တွေ ပျက်ဆီးခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ နေရာတိုင်းလိုလို
ရေလွှမ်းမိုးခဲ့ပြီးတော့ လယ်ကွင်းတွေ စပါးခင်းတွေ ရေလွှမ်းခဲ့ပါတယ်။ ရေပိုက်တွေ
လည်း အဆိပ်သင့်တာတွေ ရှိပါတယ်။ ရေကန်တွေလည်း အလားတူပါပဲ၊ လူအများစု
အတွက် စိတ်ချလက်ချ ဘေးကင်းကင်းသုံးနိုင်တဲ့ ရေမရနိုင်သေးပါဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လူဦးရေရဲ့ ၇၀% လောက် ဘေးကင်းတဲ့ရေသန့် မရနိုင်သေးတဲ့
အချိန် ကုလသမဂ္ဂအနေနဲ့ သောက်ရေသန့်အပြင်၊ ရေသန့်ရနိုင်တဲ့ စနစ်ထူထောင်ရေး
အကူအညီတွေ အတော်များများ ပေးနေတယ်လို့ လီယန် ကုပန်းစ်က ပြောပါတယ်။
တချိန်တည်းမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ သတိပေးနှိုးဆော်တာတွေလည်း လုပ်နေ
ရတယ်လို့ ပြောပါတယ်။
“တကိုယ်ရေသန့်ရှင်းအောင် နေထိုင်ဖို့အတွက် နှိုးဆော်ပညာပေးတာတွေ လုပ်ရပါ
တယ်။ ရေကြောင့် ဘယ်လိုရောဂါအန္တရာယ်တွေ ကြုံလာရနိုင်တယ်ဆိုတာမျိုးနဲ့
လက်တွေ စင်ကြယ်အောင်ဆေးဖို့၊ ရေကိုအသုံးမပြုခင် ဘယ်လိုသိုလှောင်ရမယ်
ဆိုတာကအစ ပညာပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်” လို့ ပြောသွားတာပါ။
အခုလို မိုးရာသီမှာ မိုးရေတွေကို ဘယ်လိုသိုလှောင်မယ်၊ အသုံးပြုမယ်ဆိုတာကအစ
ပညာပေးလုပ်ငန်းတွေ ကျန်းမာရေးအရ နှိုးဆော်တာတွေ လုပ်နေပါတယ်။ ရေဖြည့်ဖို့
ပုံးတွေလည်း ပေးပါတယ်။ ဒါပေမယ့် လုပ်ဖို့လိုအပ်နေတာတွေ အများကြီးရှိနေပါ
တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ
ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ လီယန် ကုပန်းစ်က ပြောသွားတာပါ။
မြစ်ဝကျွန်းပေါ်ဒေသ သောက်ရေသန့်ရှားပါးမှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံ
တကာ အဖွဲ့အစည်းတွေ သတိပေးနေခဲ့တာ ကြာခဲ့ပါပြီ။ ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့
ရေသန့်ဘူးသွားလှူတာတွေရှိသလို ရေရှည် ရေသန့်ရေကောင်းရနိုင်အောင် ပြင်ဆင်
ပေးတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သူတို့
အဖွဲ့ဝင်တွေ ရေကန်တွေ သန့်ရှင်းရေးလုပ်နေတာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါ
တယ်။
“လပွတ္တာမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ ရွာပေါင်း ၆ ရွာမှာ ရေကန်ပေါင်း
၁၀ လုံးကို ကျနော်တို့က စေတနာရှင်များ ရေကန်သန့်ရှင်းရေးအဖွဲ့ဆိုပြီး နာမည်ပေး
လိုက်ပါတယ်။ အဲဒီမှာ ရေစုပ်စက် ၆ လုံးနဲ့ ရွာတွေကိုရောက်သွားပြီး ရေကန်သန့်ရှင်း
ရေး သွားပြီးဆောင်ရွက်ပါတယ်။ ကျေးရွာတွေအထိ စက်တွေသယ်သွားတယ်။ ဟိုမှာ
ရေကန်တွေကို ရေဆိုးတွေ စုပ်ထုတ်ပစ်တယ်။ နွံတွေပါ ဆယ်ပေးတယ်။”
ဦးအုံးကြိုင် ပြောသွားတာပါ။
ဒေသခံ ကူညီပေးရေး လုပ်ကိုင်နေသူတွေကတော့ ဒီလို သောက်ရေသန့်ရရေး
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ် ဆိုပေမယ့်လည်း နေရာတိုင်းမှာ
ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ပြောပါတယ်။
“မိုးရေတွေကလည်း တကယ်တမ်းကျတော့ မလုံလောက်ဘူး။ မလုံလောက်တဲ့အခါကျ
တော့ အဲဒီရေကန်တွေက ရေတွေအကုန်လုံးကို ထုတ်ပစ်ဖို့လိုတာပေါ့။ အဲဒီက နုံးတွေ
ဘာတွေဆယ်ပြီးတော့မှ ဆေးတွေဘာတွေနဲ့ ပြန်လုပ်ရတယ်။ အဲဒီလိုလုပ်မှ ရေကန်
တွေက ပြန်သုံးလို့ရတယ်။ အဲဒီမှာ လိုက်ကြည့်တဲ့အခါကျတော့ ရေကန် အားလုံး ၉၇
ကန်တွေ့တယ်၊ လပွတ္တာမှာ။ အခုထိ လုပ်တော့လုပ်နေဆဲပဲ။ ဒေသတခုလုံး ဖြစ်တယ်
ဆိုတော့ လုပ်နိုင်တဲ့အတိုင်းအတာက တော်တော်နည်းပါတယ်။”
မကြာသေးခင်တုန်းကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုနဲ့ ရေအဆိပ်သင့်မှုတွေကို
လေ့လာတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒူဘန်းဒိုး (Dubendor) အခြေဆိုက် Swiss Federal
Institute of Aquatic Science and Technology အဖွဲ့က သုတေသနမှူးတွေ မြန်မာ
နိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွေမှာ
မြေအောက်ကထွက်လာတဲ့ ရေအဆိပ်သင့်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်ဆိုပြီး
သတိပေးခဲ့ပါတယ်။
ဒီလို သောက်ရေတွေကတဆင့် အဆိပ်သင့်နိုင်တဲ့အတွက် ကင်ဆာနဲ့ အခြားရောဂါတွေ
ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုကို လေ့လာတဲ့
အဖွဲ့ရဲ့ အကြီးအကဲ၊ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ် (Chris Zurbrugg) က
သောက်ရေသန့်ရနိုင်မယ့် နည်းလမ်းတွေကို သူတို့အနေနဲ့ အတတ်နိုင်ဆုံး ရှာဖွေနေ
တယ်လို့ ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အကုန်အကျနည်းနည်းနဲ့ သောက်ရေသန့်ကို ဘယ်လိုထုတ်လုပ်
မလဲ နည်းလမ်းရှာတယ်၊ ဒီလမ်းတွေကို အကူအညီပေးနေတဲ့ အစိုးရလက်အောက်ခံ
မဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ဖြန့်ဝေတယ်လို့ ပြောပါတယ်။
“ရေကို နှစ်ဖက်မြင်ရတဲ့ ပုလင်းအကြည်တခုထဲမှာထည့်ပြီး မသောက်ခင် နေရောင်
အောက်မှာ ခြောက်နာရီလောက် ထားလိုက်မယ်ဆိုရင် ရေထဲမှာပါတဲ့ ပိုးတွေကို
သတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒါက နေရောင်ခြည်ကိုသုံးပြီး ရေကို သန့်အောင်
ထုတ်လုပ်နိုင်တဲ့နည်းပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် ဆိုင်ကလုန်း
မုန်တိုင်းဒဏ် ထိပြီးနောက်ပိုင်းမှာ သောက်ရေသန့်ရအောင် အထိရောက်ဆုံး
ထုတ်လုပ်နိုင်တဲ့နည်းလမ်းပါ” လို့ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ်က ပြောသွားတာ
ပါ။ သူတို့အဖွဲ့တွေအနေနဲ့ အဆိပ်သင့်နေတဲ့ ရေတွင်းရေကန်တွေထဲက ရေတွေကို
သန့်စင်တဲ့ နည်းပညာတွေ လေ့လာနေတယ်လို့လည်း ပြောပါတယ်။
သောက်ရေသန့်မရတဲ့အတွက် ကျန်းမာရေးအန္တရာယ် ကြုံနေရတဲ့နိုင်ငံပေါင်း ၇၀
ကျော်ရှိပြီး လူပေါင်း သန်း ၁၃၀ ကျော် ရောဂါအန္တရာယ် ရင်ဆိုင်နေရတယ်လို့
ကျွမ်းကျင်သူပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အာရှနိုင်ငံတွေထဲမှာ အဆိုးဆုံး
နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ
တွေမှာလည်း အလားတူ ပြဿနာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ
ဒူဘန်းဒိုးအခြေဆိုက် Swiss Federal Institute of Aquatic Science and Technology
အဖွဲ့က ပြောဆိုထားပါတယ်။

ဆူဒန်သမ္မတကို ဒါးဖောဒေသ စစ်ရာဇ၀တ်မှုများအတွက် စွဲချက်တင်
14 July 2008ဆူဒန်သမ္မတ အိုမာအယ်လ်-ဘရှီးယား။
ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသမှာ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားအဖြစ်ကိုဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုတွေအတွက် ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘရှီးယား (Omar al-Bashir) အပေါ် နိုင်ငံတကာရာဇ၀တ်တရားခုံရုံး (ICC) ရှေ့နေချုပ်က စွဲချက်တင်လိုက်ပါပြီ။
လူသတ်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့တာ၊ အမျိုးသမီးတွေအပေါ် မတော်မတရားပြုကျင့်တာနဲ့ဒါးဖောဒေသက ဖားရ်၊ မာဆာလစ်တ်နဲ့ ဇာဂါဝါလူမျိုးစုတွေကို အတင်းအဓမ္မ နှင်ထုတ်ခဲ့တာတွေအတွက် ရှေ့နေ လူးဝစ္စ မာရီးနိုး အိုကမ်းပိုး (Luis Moreno-Ocampo) က
မစ္စတာဘရှီးယားကို ဒီကနေ့ စွပ်စွဲလိုက်တာပါ။
ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဖမ်းဆီးမိန့်ကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာတို့ဟာတနင်္ဂနွေနေ့က ဆူဒန်နိုင်ငံ ခါတွမ်မ်မြို့မှာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(Mr. Ban Ki-moon) နဲ့ ဆူဒန်သမ္မတတို့ တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။ဒါးဖောဒေသက ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ထိ
ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့လည်း မစ္စတာဘရှီးယားကို ကုလအတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်ရေး အပစ်ရပ် တိုင်းရင်းသားတွေအကြား ဆွေးနွေးမှုများရှိနေ
13 July 2008
ဦးသားညွန့်ဦး
မြန်မာစစ်အစိုးရရဲ့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အကြားမှာ နိုင်ငံရေးပါတီဖွဲ့ မဖွဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးတဲ့နောက် သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လို ရှေ့ဆက် ရပ်တည် မလဲဆိုတာ အခက်အခဲတွေ ရှိလာနိုင်တဲ့အပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့က စစ်အစိုးရနဲ့ နိုင်ငံရေးအရ အသေအချာ ဆွေးနွေးနိုင်တာမရှိသေးပေမယ့်လို့ အခု ဖွဲ့စည်းပုံကို စစ်အစိုးရက အတည်ပြုလိုက်ပြီဆိုတော့ - လက်ရှိဖွဲ့စည်းပုံအရ လက်နက်ဆက်ကိုင်ထားဖို့ အခက်အခဲတွေ ရှိလာပါတယ်။ ဒီအခြေအနေအပေါ်မှာတည်ပြီး သူတို့အဖွဲ့အစည်းပုံစံကို ဘယ်လို ပြောင်းမလဲ - ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီဖွဲ့မလား စသဖြင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အချို့ကြားထဲမှာ ဆွေးနွေးနေကြတာလို့ သိရ ပါတယ်။ တရားဝင်ကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြော ကြေညာတာမရှိသေးပါဘူး။ ကချင်ဒေသ အခြေအနေနဲ့ ပတ်သက်လို့တော့ ကချင်အမျိုးသားအစည်းအရုံး ကေအန်အို အင်္ဂလန်ဌာန တာဝန်ခံ ဦးလရှီး ကတော့ ကချင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဝင်တာဖြစ်လာနိုင်ပေမယ့်လို့ လက်နက်ဖြုတ်ဖို့တော့ ဖြစ်မှာမဟုတ်ဘူးလို့ ယူဆထားပါတယ်။
“သူတို့ လက်နက်တော့ စွန့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပါတီထောင်မယ်ဆိုတာကတော့ သူတို့ အဖွဲ့အစည်း အနေနဲ့ပဲ ဖြစ်ဖြစ်၊ တခြား နီးစပ်တဲ့သူတွေနဲ့ပဲ ဖြစ်ဖြစ်နဲ့ ပါတီအနေနဲ့ တည်ထောင်ပြီးမှ ၀င်မယ့် အပိုင်းရှိချင် ရှိမယ်။”
ဟုတ်ကဲ့ခင်ဗျ။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံကလည်း ထွက်လာပြီဆိုတော့ ရှိနေတဲ့ ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားတွေလည်း လက်ခံရမယ်ဆိုတဲ့ ကေအိုအေတို့ဆိုရင် ညီလာခံကို တက်ခဲ့တာကိုး။ ဒီဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်မှာလည်း ပါဝင်ခဲ့တဲ့ အခါကျတော့ ဒီဖွဲ့စည်းပုံကို လိုက်နာရမယ့် သဘော မသက်ရောက်ဘူးလားခင်ဗျ။
“ဒီစစ်အစိုးရနဲ့ ထိပ်တိုက် မရင်ဆိုင်ချင်တဲ့ အခြေအနေ တခုမှာမို့ ဒီဟာကို ကျွန်တော်တို့ သွားတယ်လို့ မြင်တယ်။ ကချင် ပြည်သူတွေအနေနဲ့ သူတို့ ပြောတဲ့ အခြေခံ ဖွဲ့စည်းပုံဟာလည်း တရား မ၀င်ဘူး။ နောက်ပြီးတော့ လွန်ခဲ့တဲ့ မေလက ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ကျွန်တော်တို့ ပြည်သူတွေ အားလုံးကလည်း နားလည်တယ်။ ဒါဟာ အတင်းအကျပ် လုပ်တယ်၊ တရား မ၀င်ဘူးလို့လည်း ကျွန်တော်တို့ ယုံကြည်တယ်။ လက်နက်လည်း စွန့်မှာမဟုတ်ဘူး။ ဒီထက် တင်းကျပ်လာတဲ့အခြေအနေ တခုခုမှာ ဆိုးပြစ်တွေ ဖြစ်လာနိုင်မယ်လို့ ယူဆတယ်ခင်ဗျ။”
ကချင်အမျိုးသားအစည်းအရုံး အင်္ဂလန်ဌာန တာဝန်ခံ ဦးလရှီးဖြစ်ပါတယ်။ မွန်ပြည်နယ်ဖက်မှာတော့ အဓိက မွန်နိုင်ငံရေးအဖွဲ့တွေအနေနဲ့ ဒီဖွဲ့စည်းပုံကို အသိအမှတ်မပြုတာကြောင့် ရွေးကောက်ပွဲကိုလည်း ၀င်ဖို့ မဖြစ်နိုင်ဘူးလို့ မွန်ပြည် ပြန်လည်ထူထောင်ရေးကော်မတီ အမေရိကန်ဌာနက ကွန်းယက္ခက အခုလို ပြောပါတယ်။
“မွန်ပြည်သစ် ပါတီက ရွေးကောက်ပွဲဝင်မယ်၊ လက်နက်ချမယ်ဆိုတာမျိုး သူတို့ ဘာမှ ဆုံးဖြတ်ချက် မချ ရသေးဘူး။ သူတို့ အစည်းအဝေးထိုင်မယ်၊ အရေးပေါ် ဗဟို ကော်မတီညီလာခံမှာ ဆုံးဖြတ်ချက် ချမှာပေါ့။ သေချာတာတခုကတော့ လက်နက်ချပြီးတော့ ရွေးကောက်ပွဲဝင်မယ့် အလားအလာ ကျွန်တော်တို့ မွန် တိုင်းရင်းသားတွေ၊ မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေမှာ မရှိနိုင်ဘူးလို့ပါပဲ၊ ”
ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နေရမယ့် အနေအထားမျိုး ဖြစ်နေတဲ့ အတွက် ကြောင့် လက်နက် ဆက်ကိုင်ထားမယ်ဆိုရင် ထိပ်တိုက် ဖြစ်လာစရာ အခက်အခဲတွေ ကြုံ မလာနိုင်ဘူးလား ခင်ဗျ။
“ဒါကတော့ အားလုံး သိတဲ့အတိုင်းပဲ သူတို့လုပ်တဲ့ NCက တရား မ၀င်ဘူး။ သူတို့လုပ်တဲ့ Referendumက တရား မ၀င်ဘူး။ ဖိအားပေးပြီးတော့ လုပ်ထားတဲ့ သဘော ရှိနေတယ်ဆိုတော့ Constitutionကို သူတို့ဘက်က အာဏာယူပြီးတော့ လုပ်တဲ့သဘောရှိတယ်။ ဘယ်သူမှ ဒါကို လက်မခံဘူး။ ဒီတော့ တချို့ငြိမ်းအဖွဲ့တွေ၊ အသိရအဖွဲ့တွေ ရွေးကောက်ပွဲကို ၀င်မယ်လို့ ပြောတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ Constitutionကို အတည်ပြုမယ်ဆိုရင် ပြည်တွင်းစစ်က မဖြစ်ချင်ဘဲနဲ့ ဖြစ်လာစရာ အကြောင်းရှိတယ်။ ပြီးတော့ နိုင်ငံရေးက ဘယ်လိုမှ တည်ငြိမ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ထင်တာထက် အခြေအနေက ပိုဆိုးသွားနိုင်တယ်လို့ ကျွန်တော်မြင်တယ်။”

ဟုတ်ကဲ့ခင်ဗျ။ အခု ၂၀၁၀ခုနှစ် ရွေးကောက်ပွဲရောက်လာရင်ရော မွန်ပြည်နယ် အတွင်းမှာ မွန်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေး ပါတီတွေ ပေါ်မလာနိုင်ဘူးလားခင်ဗျ။
“နိုင်ငံရေး ပါတီပေါ့နော်။လက်နက်ကိုင် မွန်ပြည်သစ် ပါတီရှိတယ်။ မွန်ပြည်သစ် ပါတီရဲ့ သဘောထားတော့ မသိဘူး။ တချို့ ခွဲထွက်တဲ့ အစိတ်အပိုင်း၊ လက်နက်ချထားတဲ့ အဖွဲ့အစည်းငယ်လေးတွေတော့ ရှိတယ်။ သတို့ကျတော့ ၀င်ကောင်းဝင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မွန်တမျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ ၀င်တယ်လို့ ပြောရမှာ အရမ်း ခက်တယ်ခင်ဗျ။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီ ဖွဲ့စည်းပုံရေးဆွဲတဲ့ အမျိုးသားညီလာခံကို တတ်ရောက်ပြီး သူတို့လိုလားချက်တွေကို တောင်းဆိုတင်ပြခဲ့ပေမယ့် - တကယ်တမ်း အဖြေထွက်လာတော့ ဖွဲ့စည်းပုံ ရေးဆွဲရေးကော်မရှင် ဒီတင်ပြမှုတွေကို ချန်လှပ်ထားပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲစဉ် တုန်းကလည်း နိုင်ငံရေးကိစ္စကို အမျိုးသားညီလာခံမှာ ဆွေးနွေးဆိုပြီး စစ်အစိုးရက ရှောင်ဖယ်ခဲ့တာပါ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လက်နက်တွေ ဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ကိစ္စမှာ နိုင်ငံရေးအရ စစ်အစိုးရနဲ့ ဆွေးနွေးနိုင်တာမရှိခဲ့ပါဘူး။ အပစ်ရပ်အဖွဲ့ငယ်တွေကိုတော့ စစ်အစိုးရက ဒီကြားထဲမှာပဲ ဖိအားပေးပြီး လက်နက်ဖြုတ်ခိုင်းတာ၊ လက်နက်အပ်ခိုင်းတာတွေလုပ်ခဲ့ပါတယ်။ ကချင် ကေအိုင်အို မွန်ပြည်သစ် ၀ စတဲ့ အဖွဲ့ကြီးတွေကိုတော့ စစ်အစိုးရဖက်က လက်နက်ဖြုတ်ခိုင်းတာ မရှိသေးပေမယ့် - ဒီအဖွဲ့တွေ ရပ်တည်ဖို့လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ကန့်သတ်တာတွေ လုပ်ထားတယ်လို့ သိရပါတယ်။

၄၃နိုင်ငံပါဝင်တဲ့ မြေထဲပင်လယ်သမဂ္ဂ ဖွဲ့စည်းလိုက်ပြီ
13 July 2008
ပြင်သစ်သမ္မတ Nicolas Sarkozy နဲ့အီဂျစ်သမ္မတ Mubarak၊ ပါရီမြို့ ဇူလိုင်လ ၁၃၊ ၂၀၀၈။
ဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနဲ့  အာဖရိကမြောက်ပိုင်းနိုင်ငံက ခေါင်းဆောင် တွေဟာ မြေထဲပင်လယ်သမဂ္ဂ ဖွဲ့ စည်းပြီး အထိမ်းအမှတ် အနေနဲ့ ပါရီ မြို့ တော်မှာ တနင်္ဂနွေနေက တွေ့ ဆုံပွဲတရပ်ကို ကျင်းပခဲ့ကြပါတယ်။
ပြင်သစ်နဲ့ အီဂျစ်နိုင်ငံဟာ ခုလာမယ့် ၂ နှစ်မှာ ပူးတွဲသဘာပတိအဖြစ်တာဝန်ယူမှာ ဖြစ်ပါတယ်။
ပြင်သစ် သမ္မတ Nicolas Sarkozy က ခုလိုအရှေ့ အလယ်ပိုင်းသမဂ္ဂဖွဲ့ စည်းလိုက် ခြင်းဟာ ဒေသတွင်းအတွက်သော်လည်းကောင်းပြင်သစ်နဲ့  ဥရောပ တိုက် အတွက်သော်လည်းကောင်း အရေးကြီးတဲ့ သမိုင်းတစ်ဆစ်ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ထိပ်သီးအစည်းအဝေးပွဲမှာ Syrian သမ္မတ Bashar Assad၊ Israeli ၀န်ကြီးချုပ် Ehud Olmert နဲ့  Palestine သမ္မတ Mahmoud Abbas တို့ လည်း ပါဝင်ခဲ့ကြ ပါတယ်။ ဒီ အသစ်ဖွဲ့ စည်းလိုက်တဲ့ သမ္မဂ္ဂ မှာ နိုင်ငံပေါင်း ၄၃ နိုင်ငံပါဝင်ပါတယ်။
Libya နိုင်ငံကတော့ သူတို့ရဲ့ဝန်ကြီးတဦးကို လေ့လာသူအနေနဲ့ တက်ရောက်စေခဲ့ပါတယ်။ လစ်ဗျား ခေါင်းဆောင် Gadhafi က ဒီ သမဂ္ဂ ဖွဲ့  စည်းလိုက်တာဟာ အာရပ်နဲ့ အာဖရိကနိုင်ငံများကို စော်ကားတာပဲဖြစ်တယ်လို့  ကန့်ကွက်လိုက် ပါတယ်။

အီရန်မှာအမေရိကန် သံရုံးထားရှိရေး အီရန်သမ္မတစဉ်းစားမည်
13 July 2008
အီရန် သမ္မတ Mahmoud Ahmadinejad က အီရန်နိုင်ငံရဲ့ Tehran မြို့ တော်မှာ အမေရိကန် သံရုံး ထားရှိဖို့ ကိစ္စကို လိုလိုလားလား စဉ်းစားမယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
ဆက်လက်ပြီး သူက အီရန်နဲ့ အမေရိကန်ပြည်သူတွေကြားမှာ ပိုပြီးရင်းနှီး ပျူငှာမှုတွေကို ဆောက်တည်ဖို့ ကိုကြိုဆို တယ်လို့ပြောပါတယ်။ အီရန်နိုင်ငံမှာ အမေရိကန်သံရုံး ဖွင့်ဖို့ ကိစ္စကို အမေရိကန်ဘက်က တရားဝင် ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူးလို့ လည်းသူကဆိုပါတယ်။
ပြီးခဲ့ ဇွန်လတုံးကတော့ အမေရိကန် အရာရှိတွေအကြား Tehran မြို့ တော်မှာ အမေရိကန်သံရုံး ဖွင့်သင့် မဖွင့်သင့်ကို အကြိတ်အနယ် ဆွေးနွေးခဲ့တာကို အမေရိကန် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
၁၉၇၉ ခုနှစ်က Tehran မြို့ တော်မှာရှိတဲ့ အမေရိကန် သံရုံးကို အီရန် အစွန်းရောက် အဖွဲ့ တွေက ၀င်ရောက် စီးနင်း ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ ၁၉၈၀ ကစပြီး တရားဝင် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန်အစိုးရရုံးများတွင် လုံခြုံရေးတင်းကျပ်
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာများအားလုံးတွင် လုံခြုံရေး တင်းကျပ်စစ်ဆေးရန် ညွှန်ကြားထား ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဌာနဆိုင်ရာတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ အတွက် အထက်က ပြီးခဲ့တဲ့ ဇွန် (၂၇) ရက်မှာ စတင် ညွှန်ကြားတာပါ။ ညွှန်ကြားချက်အရ မိမိတို့ ရုံးက ၀န်ထမ်းတွေအနေနဲ့ အလှည့်ကျ စောင့်ရမှာဖြစ်တယ်” ဟု ပြောသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ဌာနအောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးရုံးအပါအ၀င် ဌာနခွဲများ၊ ပြည်ပသို့ ထွက်ခွာသွားသူများအား စိစစ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှူးရုံး၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး အမှတ် (၁)၊ (၂) တို့ တည်ရှိသည့် အဆောက် အအုံများရှိ တာဝန်မှူးများ၊ တာဝန်ကျသူများ၊ အစောင့်များနှင့် သီးခြားအစောင့် မရှိသော ဌာန အဆောက်အအုံများအား ညအချိန်နှင့် ရုံးပိတ်ရက်များတွင် လှည့်လည်စစ်ဆေးကြည့်ရှုရန်
တာဝန်များ ချပေးထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိဖြစ်သူက ပြောသည်။
ဝန်ကြီးဌာနအသီးသီးရှိ ဌာနဆိုင်ရာရုံးများတွင်လည်း ထိုပုံစံအတိုင်း တာဝန်ခွဲဝေချထားကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာရုံးများ အသီးသီး၌ အစောင့်များချကာ တံခါးများကို လိုအပ်မှ ဖွင့်ပေးပြီး ရုံးတွင်းသို့ ၀င်ခွင့်ပေးကြောင်း ယာဉ်ထိန်းရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။
“အရင်တုန်းကတော့ (၅၁) လမ်း ယာဉ်ထိန်းရုံးမှာ တံခါး တခါမှ မပိတ်ထားဖူးဘူး။ အခုတော့ တံခါးကို အလုံပိတ်ထားပြီး လာတဲ့လူကို သေသေချာချာ စိစစ်မေးမြန်းပြီးမှ ၀င်ခွင့်ပြုတယ်” ဟု ၎င်းကပြောသည်။
ဇူလိုင် (၁) ရက်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားချက်များဖြင့် ဌာနဆိုင်ရာ ရုံးတိုင်း လုံခြုံရေး ချထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် ရဲသားတဦးက ပြောသည်။
စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ကလည်း အင်တာနက်ဝက်ဘ်ဆိုဒ်များ တွင် ၎င်းတို့အနေဖြင့် နအဖနှင့် ပတ်သက်သည့် အရာများအား ဖောက်ခွဲရေးများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာရုံးများ လုံခြုံရေး တင်းကျပ်လာခြင်းဖြစ်သည်။ ။

ရန်ကုန်မြို့တွင်း မီးပွိုင့်များ မပြင်နိုင်သေး
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
ရန်ကုန်မြို့ သိမ်ဖြူလမ်း မီးပွိုင့်တွင် ဆိုလာပြားမရှိသည့် တိုင်တခု
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရန်ကုန် မြို့ရှိ မီးပွိုင့်များ၊ ယာဉ်ထိန်းနားခိုတဲများနှင့် ဆိုလာပြားများကို ထိထိရောက်ရောက် ပြန်လည် ပြင်ဆင်မှုများ မရှိသေးဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာတဦးက မီးပွိုင့်များ၊ ဆိုလာပြားများ ပြင်ဆင်မှု နှောင့်နှေးကြန့်ကြာရသည်မှာ ပလက်ဖောင်းထရပ်ကားများ မလုံလောက်သည့်အတွက် ဖြစ်သည်ဟု ပြောသည်။
၎င်းက “ဒီပလက်ဖောင်းထရပ်ကားနဲ့ လိုက်ပြီး ပြင်ဆင်မှုတွေ လုပ်ရတယ်။ ဒါပေမယ့် အဲဒီထရပ် ကားမျိုးက မြို့တော်စည်ပင်မှာ တစီးတည်းသာရှိတယ်။ ရှိတဲ့တစီးကလည်း မကြာခဏ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းနေတယ်” ဟု ပြောသည်။
ရန်ကုန်တမြို့လုံးတွင် မီးပွိုင့်ပေါင်း (၁၂၉) ခုရှိပြီး ပွိုင့်များတွင် ယာဉ်ထိန်းနားခိုတဲ စုစုပေါင်း
(၁၁၈) ခုရှိကာ ဆိုလာပြားများ တပ်ဆင်ထားသည့် မီးပွိုင့် (၅၀) ကျော်ရှိကြောင်း အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြသည်။
မုန်တိုင်းကြောင့် မီးပွိုင့်ပေါင်း (၁၂၉) ခုတွင် (၁၀၀) ကျော် ပျက်စီးပြီး ဆိုလာပြား (၅၀) ကျော် အနက် လုံးဝပျက်စီးသွားသည့် ဆိုလားပြားတိုင် (၁၀) ခုခန့်ရှိကာ ကျန်သည့် ဆိုလားပြားများမှာ မပျက်စီးသော်လည်း ဆိုလာပြားနှင့် ချိန်ဆက်အသုံးပြုရသော အင်ဗာတာဘက်ထရီများ အားလုံး နီးပါး ပျက်စီးနေသည်ဟု အဆိုပါ မြို့တော်စည်ပင်မှ အင်ဂျင်နီယာက ပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အားမကိုးရဘဲ နေရောင်ခြည်ဖြင့် အသုံးပြုရသည့် ဆိုလားပြားများကို အသုံးပြုသည့်စနစ်ဖြင့် မီးပွိုင့်အချို့ကို အသုံးပြုနေခြင်းဖြစ်သည်။ ယင်းစနစ်တွင် မီးပွိုင့်အနီး တပ်ဆင်ထားသော ဆိုလာပြားတိုင်မှတဆင့် ယာဉ်ထိန်းနားခို တဲအတွင်း ထားရှိသည့် အင်ဗာတာ ဘက်ထရီမှ မီးပွိုင့်သို့ မီးပေးနေခြင်းဖြစ်သည်။
သို့သော် မီးပွိုင့်အားလုံးတွင် ဆိုလားပြားတိုင်များ တပ်ဆင်နိုင်ခြင်း မရှိသည့်အတွက် မီးပွိုင့်အများ စုမှာ လျှပ်စစ်မီးကိုသာ အသုံးပြုနေရဆဲဖြစ်သည်။
မြို့တော်စည်ပင် နယ်နိမိတ်အတွင်း မြို့နယ် (၃၃) မြို့နယ် ရှိသည့်အနက် ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းနှင့် လမ်းမ တော်မြို့နယ်များတွင်သာ မီး (၂၄) နာရီ ပေးကြောင်း၊ ကျန်မြို့နယ်များတွင် မီးပျက်ချိန်က များနေကြောင်း ပန်းပဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ဒါတောင် မြို့ထဲက (၆) မြို့နယ်မှာ (၂၄) နာရီ ပေးတယ်ဆိုထားပေမယ့် မီးက ပျက်တလှည့် လာတလှည့်ပဲ။ (၂၄) နာရီ ကွက်တိရတယ်ဆိုတာ မရှိပါဘူး” ဟု ပြောသည်။
အစိုးရ လျှပ်စစ်စွမ်းအားဌာန (အီးပီစီ) မှ မီးပေးသဖြင့် လျှပ်စစ်မီးလာချိန်တွင် အကောင်းအတိုင်း ရှိသည့် မီးပွိုင့်များမှ ယာဉ်အချက်ပြ မီးလင်း၍ အလုပ်လုပ်သော်လည်း မီးပျက်သည့်အချိန်တွင် ဆိုလာစနစ်ဖြင့် မီးပွိုင့်များ အလုပ်မလုပ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ ရှိနေဆဲ ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။
ယာဉ်ထိန်းနှင့် မြို့တော်စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အပြစ်များကို တလှည့်စီ ပြောဆိုမှုများ ရှိနေသော်လည်း မုန်တိုင်းတိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မီးပွိုင့်များကို ပြင်ဆင်နိုင်ခြင်း မရှိသေးသည်မှာ အထင်အရှားဖြစ်ကြောင်း အငြိမ်းစား စည်ပင်ဝန်ထမ်းတဦးက ပြောသည်။
“ယာဉ်ထိန်းရဲတွေ ဖမ်းဆီးဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို စည်ပင်ဝင်ငွေအဖြစ် ပေးရတယ်။ သူတို့ရဲ့ လစာကိုတော့ စည်ပင်က ပေးတယ်။ အခု ပြုပြင်ရမယ့် ပွိုင့်တွေကျ စည်ပင်က မပြင်ဘူး၊ လိုအပ်တဲ့ ယာဉ်အင်အား၊ ၀န်ထမ်းအင်အား မရှိလို့လေ။ ဒါဆို ရဲတွေကလည်း ပွိုင့်တွေမှာ သေသေချာချာ ထိန်းသိမ်းပေးသင့်တာပေါ့၊ အခုတော့ အဲလိုမဟုတ်ဘဲ သူတို့အချင်းချင်းသာ အပြစ်ပြောနေကြ တယ်။ ရန်ကုန်နယ်နိမိတ်တွင်းက ယာဉ်ထိန်းနားခိုတဲပျက်တွေ မပြင်နိုင်သေးတာလည်း မြို့တော်
ဝန်က ငွေကြေးချပေးတာ နှောင့်နှေးလို့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၎င်းတို့၏ ၀င်ငွေမှာ တနှစ်လျှင် ကျပ် (၃၀) ဘီလီယံခန့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသည်။ ။

အာဇာနည်နေ့အခမ်းအနား လုံခြုံရေးသတိဖြင့် ကျင်းပမည်
(သတင်းသုံးသပ်ချက်)
ပီတာအောင်/ ၁၄ ဇူလိုင် ၂၀၀၈
လာမည့် ဇူလိုင် (၁၉) ရက်တွင်ကျင်းပမည့် (၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေးသတိရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။
ပြီးခဲ့သည့် ဇွန် (၁၉) ရက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်း အားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ကားဖြင့် လာရောက်၍ အန်အယ်လ်ဒီပါတီဝင်အချို့ကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျနော်တို့ကတော့ တတ်နိုင်သလောက် လူငယ်တွေကို ထိန်းသိမ်းသွားမယ်။ ပိုပြီးတော့ ဂရုစိုက်သွားမယ်။ သက်ဆိုင်ရာမြို့နယ်ကိုတော့ ကျင်းပမယ့်အကြောင်း အကြောင်းကြားထားပါတယ်။ ကျနော်တို့ကတော့ အခမ်းအနားကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် ၀မ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားသည့် အာဇာနည်နေ့၌ ပဋိပက္ခဖြစ်ပွား မည်ကို မလိုလားကြောင်းနှင့် အကြမ်းဖက်လာမည့် အန္တရာယ်မှ ကာကွယ်ရန် လုံခြုံရေး တင်းတင်း ကျပ်ကျပ်ဖြင့် လုပ်သွားမည်ဟု အန်အယ်လ်ဒီဗဟို လူငယ်အဖွဲ့ဝင် ကိုရာဇာကလည်း ပြောသည်။
၎င်းက “ဒီလို အာဇာနည်နေ့လို နေ့ကြီး နိုင်ငံရဲ့အထင်ကရ နေ့ကြီးမှာ ဒါမျိုးမဖြစ်စေချင်ပါဘူး။ သူတို့ကိုယ်တိုင် အလေးအမြတ် ပြုရမယ့်နေ့ဗျ။ သူများကို ရန်ရှာရမယ့်နေ့ မဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေကတော့ လုံခြုံရေးတိုးမှာပေါ့။ တင်းတင်းကျပ်ကျပ်လုပ်မယ်။ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေမယ်ပေါ့ဗျာ။ ထပ်ဖြစ်မယ်ဆိုရင်တော့ အရမ်းကို ရုပ်ပျက်လွန်းသွားပြီ။ ခုမဖြစ်သေးခင် ပြောနေ တာပေါ့။ ဖြစ်တဲ့အချိန်မှာ သွေးဆူနေရင်တော့ မပြောနိုင်ဘူး။ ကျနော်တို့လည်း လူငယ်တွေပဲ” ဟု ပြောသည်။
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အန်အယ်လ်ဒီရုံးသို့ လာအကြမ်းဖက်မှု လုပ်ဆောင်ခဲ့ဖူးသဖြင့် အတင့်ရဲလာပြီး နောက်တခါ ထပ်လာရောက်နိုင်သည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ထင်မြင်ချက်ပေးသည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်ကမူ ယခုကဲ့သို့ အကြမ်းဖက် ၀င်ရောက်ရိုက်နှက် ဖမ်းဆီးမှု သည် မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် အကြမ်းဖက်မှုများ ပိုမို တိုးပွားလာမည်ကို စိုးရိမ်ပူပန်မိသည်ဟု ပြောသည်။
၎င်းက “အရပ်ဝတ်နဲ့ ဗြုန်းဒိုင်း ရောက်လာပြီးတော့ ရိုက်ရယ်၊ နှက်ရယ်၊ ဖမ်းရယ်၊ ဆွဲရယ်ဟာ မျိုးက မလုပ်သင့်တဲ့ဟာပဲ။ ဒါက တာဝန်ရှိတဲ့လူတွေက အသိအမှတ်ပြုထားသလို ဖြစ်နေတာ။ အဲဒါမျိုးက တိုင်းပြည်မှာ မရှိသင့်ဘူး။ အဲသလိုသာ ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်မှုတွေ အများ ကြီး ဖြစ်လာနိုင်တာပေါ့။ နောင်ကို ဒီအစဉ်အလာမျိုးက ထပ်ဖြစ်လာရင် ခံနိုင်တဲ့ လူက ခံနိုင်မယ်၊ မခံနိုင်လို့ တုံ့ပြန်မယ်ဆိုရင် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာရင် တိုင်းပြည်က နစ်နာမယ်။ တဖွဲ့နဲ့တဖွဲ့ လက်စားချေတဲ့ဟာတွေ ဖြစ်လာရင် တိုင်းပြည်အတွက် မကောင်းဘူးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့်လ အကြမ်းဖက် ဖမ်းဆီးမှုတွင် အဖွဲ့ချုပ်ဝင်နှင့် အရပ်သား (၁၄) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို အင်းစိန်ထောင်၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုဖြင့် တရားစွဲထားရ ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဇူလိုင် (၁၉) ရက်၌ ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ဗဟိုဌာနချုပ်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ချုပ်လူငယ်များက အာဇာနည်ဗိမာန်သို့ လွမ်းသူပန်းခွေ သွားပို့ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ။

မဲဆောက်တံတားအနီး အဖမ်းခံရသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် သောကြာနေ့က အမည်မသိ အဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ခြမ်းသို့ ခေါ်ဆောင်သွားခြင်းခံရသူ ကရင်အမျိုးသား သည် မိမိတို့တပ်ဖွဲ့မှ အရာရှိတဦးမဟုတ်ကြောင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူး စောအိုက် ဇက်က ခေတ်ပြိုင်သို့ ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘားအံခရိုင် ရဲမှူး စောအိုက်ဇက်က “အဖမ်းခံရတဲ့ စောပုပုကို အဖွဲ့က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး။ အခုကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဟိုဘက်ကမ်းက လူတွေနဲ့ ဆက်သွယ်ပြီး ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
၎င်းက “ပုပုဟာ အရင်က ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ရှိတယ်။ မနှစ်က အဖွဲ့ပိုင် လက်နက်ငယ် (၅) လက် ယူဆောင်သွားပြီး ဒီကေဘီအေကနေတဆင့် ဗိုလ်ဌေးမောင်ရဲ့ ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဆီမှာ သွားရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူမှားပါတယ်၊ သူ့ကို ခွင့်လွှတ်ပါ ပြန်လာပါရစေဆိုလို့ လူကြီးတွေက သဘောထားကြီးကြီးနဲ့ ပြန်လက်ခံတာပါ၊ သူ့ကို စောင့်ကြည့်တဲ့အဆင့်ပါ” ဟု ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအာတိုးက “သူ့ကို တာဝန်ရယ်လို့ ပေး ထားတာ မရှိဘူး။ အရင်ကလည်း စည်းကမ်းဖောက်ဖျက်လို့ သူ့ကို အရေးယူရတာတွေရှိတယ်။ ကျနော်တို့က ဒီကေဘီအေတို့၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့က ပြန်လာတဲ့လူတွေကို ဘာတာဝန်မှမပေးဘူး၊ ၀န်ခံချက်တွေနဲ့ အရပ်သားပုံစံတွေနဲ့ နေသွားကြ တာပဲ” ဟု ပြောသည်။
စောပုပု အဖမ်းခံရပုံနှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတားအနီး ပရိဘောဂပစ္စည်း ရောင်းချသူ မျက်မြင်သက်သေ မြန်မာအမျိုးသမီးတဦးက “အဲဒီနေ့က လူတယောက်ကို လူလေးငါးယောက်က ၀ိုင်းထိုးကြပြီး မှန်လုံကားထဲ ထည့်သွားတာ တချက်တွေ့လိုက်တယ်” ဟု ပြောသည်။
စောပုပု ဖမ်းဆီးခံရမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖောဒို့က“ဒီကိစ္စ သေချာတယ်ဆိုတာ ကျနော်တို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီနေ့ ထပ်ရတဲ့ သတင်းအရ သူ့ကို သတ်လိုက်ပြီလို့ သိရတယ်။ မြန်မာဘက် ခြမ်းက မျက်မြင်သက်သေကတော့ မနက်ဖြန်ရောက်မယ်” ဟုခေတ်ပြိုင်သို့ အတည်ပြု ပြော ကြားသည်။
စောပုပုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးမှန်း တိတိကျကျ မသိရသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) လက်နက်ကိုင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်ပြည်သိမ်းကို ဒီကေဘီအေက ဖမ်းဆီးထားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဗိုလ်ပြည်သိမ်းက မဟုတ်ကြောင်း ငြင်းဆိုသွားသည်။
ယခင်က လက်နက်ကိုင် ကရင်အဖွဲ့အစည်းများကြားနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင်သာ
ဝင်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကြား တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုသည် ဒေသအတွင်း
ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်သည်။ ။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များငှားရမ်းမှုကြောင့် လပွတ္တာမှာ အိမ်ဈေးခုန်တက်
ကိုဝိုင်း/ ၁၄ ဇူလိုင် ၂၀၀၈
လပွတ္တာမြို့တွင် အခြေစိုက်ပြီး မုန်တိုင်းဒုက္ခသည်များအား အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အိမ်ငှားမှု များလာသည့်အတွက် အိမ်ငှားခနှုန်းများ ခုန်တက်သွားကြောင်း မြို့ခံ တဦးက ပြောသည်။
တိုက်ခံအိမ်ငှားခများသည် ယခင် သောင်းဂဏန်းသာရှိခဲ့ရာမှ ယခု သိန်းဂဏန်းအထိ ထိုးတက် သွားခြင်းဖြစ်သည်။ အထူးသဖြင့် လပွတ္တာသည် မုန်တိုင်းဒဏ် အဆိုးဆုံး ခံရသည့်မြို့ဖြစ်သည့် အတွက် နာဂစ်မုန်တိုင်းတိုက်ပြီးချိန်မှစ၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များ လပွတ္တာတွင် အခြေစိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေခြင်းဖြစ်သည်။
အဆိုပါမြို့ခံက “ဒဗလျူအက်ဖ်ပီ၊ ယူအန်အိတ်စီအာ၊ ယူနီဆက်ဖ်ရှိတယ် တော်တော်များများ တွေ့ရပါတယ်။ အိမ်တွေလည်း ငှားကြတယ်။ အရင်တုန်းက သောင်းဂဏန်းပဲရှိတာ။ အခု လုံးချင်း တိုက်တလုံးငှား (၅) သိန်း၊ (၆) သိန်း၊ (၈) သိန်း ငှားပြီး ရုံးခန်းတွေ ဖွင့်နေကြတာ” ဟု ပြောသည်။
ရုံးခန်းငှားသူများသည် တိုက်များကို အများဆုံးငှားကြပြီး ငှားပေးလိုက်သော တိုက်ပိုင်ရှင်များမှာမူ မိသားစုဆွေမျိုးများနှင့် သွားရောက်နေထိုင်သူများရှိသကဲ့သို့ မိသားစုလိုက် ရန်ကုန်မြို့သို့ ပြောင်း ရွှေ့နေထိုင်သွားသူများလည်း ရှိသည်။
ယင်းအပြင် မြန်မာစစ်အစိုးရ သတင်းစာထဲတွင် လပွတ္တာမြို့၌ ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို အစိုးရ၏ ကူညီမှုဖြင့် ဆောင်ရွက်ပြီးစီးကြောင်း ဖော်ပြမှုသည် မဟုတ်မှန်ကြောင်း၊ လိုအပ်သည့် ပစ္စည်းများကို ပုဂ္ဂလိက ကုမ္ပဏီများထံမှ ၀ယ်ယူပြင်ဆင်ရခြင်းသာဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့ခံက “ဘာဖြစ်လို့လည်းဆိုတော့ သွပ်ကိုလည်း မက်စ်မြန်မာက ရောင်းပေးတာပဲ။ ကိုယ့် ဖာကိုယ် ၀ယ်ရတာပဲ။ ဖြစ်ကာစဆိုရင် မြို့ပေါ်မှာက အိမ်တွေ၊ တိုက်တွေ ရာနှုန်းပြည့်နီးပါး အမိုး အကာတွေ ပျက်သွားတာတွေ၊ အလုံးလိုက် လဲသွားတာ ရှိတာပေါ့နော်” ဟု ပြောသည်။
ပစ္စည်းရောင်းချပေးနေသော ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ဧရာရွှေဝါနှင့် ဇေကမ္ဘာတို့ဖြစ်ကြောင်း၊ မြို့ပေါ်၌ ပိတ်ဆို့နေသည့် မုန်တိုင်းကြောင့် ကျိုးပဲ့ပျက်စီးသွားသော သစ်ပင်များကိုလည်း အဆိုပါ ကုမ္ပဏီများကပင် ၎င်းတို့ပိုင် စက်အား လူအားဖြင့်သာ ရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြော သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အခြေစိုက် စခန်းသစ်တခုကို လပွတ္တာတွင် ဖွင့်ထားသော်လည်း မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး (၂) လကျော်ကြာခဲ့ပြီဖြစ်သော်လည်း (၃) မိုင်၊ (၅) မိုင်နှင့် ရတနာဒီပအားကစား ကွင်းဟုခေါ်သော လပွတ္တာမြို့မှ ဒုက္ခသည် စခန်း (၃) ခု၌ လယ်သမားဒုက္ခသည် စုစုပေါင်း (၉,၀၀၀) ၀န်းကျင် ရှိနေသေးကြောင်း အိုင်အာအိုင်အန် သတင်းတပုဒ်က ယခင်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ယခုအခါ ဧရာဝတီတိုင်းအတွင်း အစိုးရမဟုတ်သည့် ကူညီရေးအဖွဲ့အစည်းများ၏ ဆက်သွယ်ရေး လုပ်ငန်းများ အဆင်ပြေစေရန် ရည်ရွယ်၍ လပွတ္တာအပါအ၀င် ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ပုသိမ်နှင့် ဖျာပုံမြို့တို့၌ အင်တာနက်စခန်းများ ဖွင့်ပေးထားကြောင်း ယူနီဆက်ဖ်က ဖော်ပြသည်။

အာချဲအိပ်မက် ပျက်မပျက်
နာဂစ်မုန်တိုင်းထိဒေသများကြောင့် မြန်မာနိုင်ငံ၌ ဆန်ပြတ်လပ်မှာ စိုးရိမ်စရာ မရှိကြောင်း စစ် အစိုးရက ကြေညာ၏။ သို့သော် လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှစ၍ ရန်ကုန်မှာ ဆန်ပြတ်လပ်ပြီး တပြည်လုံး လူမှုရေးအုံကြွမှုများ ဖြစ်လာနိုင်သည်ဟု ပကတိ စီးပွားရေး ကိန်း ဂဏန်းများကို အခြေပြုပြီး ခေတ်ပြိုင်က ထောက်ပြထား၏။
တဘက်ကလည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ သုံးလအတွက် ဆန်ကို ဈေးမတင်ဘဲ ထိန်းရောင်းပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် မောင်ပါက ရန်ကုန်ဘုရင့်နောင် ဆန်ကုန်သည် ကြီးများကို မကြာခင်က ကြိတ်ပြီး အမိန့်ထုတ်ထားပြန်၏။ ထိုအချက်က ဆန်ပြတ်လပ်မည့်ကိစ္စ စစ်အစိုးရ မည်မျှပူပန်နေသည်ကို ထင်ထင်ရှားရှား ပြနေ၏။ ဈေးကွက်ကို အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်ခြင်းသည် စင်စစ် ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ခြင်းဖြစ်၏။
ဒုတိယမြို့တော်ဝန် မောင်ပါ၏ အမိန့်ကြောင့် ဘုရင့်နောင် ဆန်ကုန်သည်ကြီးများ လုပ်စားရန် မဖြစ် တော့ဘဲ ဆန်ပွဲရုံများ ပိတ်ရမည့်ကိန်း ဆိုက်နေ၏။ လက်တွေ့အခြေအနေကို ကြည့်လျှင်လည်း စပါး ဈေးက အောက်မြန်မာနိုင်ငံတွင် တင်း (၁၀၀) ကို ကျပ် (၄) သိန်းဝန်းကျင်ထက် လျော့ခြင်းမရှိ။ ဆန်ဈေးကလည်း ထိပ်စဆန်ဈေးက တတင်းခွဲ တအိတ်ကို (၃၆,၀၀၀) ကျော်နေသည့်အတွက် ၂၀၀၆ ခုနှစ် ယခုအချိန် ဈေးထက် (၂) နှစ်အတွင်း (၁၂၅) ရာနှုန်း တက်လာ၏။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်သည့် စာရင်းအရ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၁) မြို့နယ်တွင် စပါးစိုက်နိုင်သည့် ဧကမှာ ထို (၁၁) မြို့နယ်ရှိ စုစုပေါင်း စိုက်ဧက၏ (၄၄) ရာနှုန်းသာရှိ၏။ ၂၀၀၈ မိုးစပါး စိုက်ရန် လိုသည့် မျိုးစပါးတန်ချိန်မှာ အဆိုပါ (၁၁) မြို့နယ်အတွက် တန်ချိန် (၃) ထောင်ကျော် လို၏။ အဆိုပါ (၁၁) မြို့နယ်၏ ခိုင်းကျွဲ၊ ခိုင်းနွား ဆုံးရှုံးမှုမှာ မုန်တိုင်းမတိုက်မီကာလ အရေအတွက်၏ (၃၄) ရာနှုန်းရှိ၏။
လက်တွေ့အခြေအနေကို ကြည့်လျှင် ဆားငန်ရေ၀င်သည့် ပြဿနာ၊ ခိုင်းကျွဲ၊ ခိုင်းနွား မလုံလောက် သည့်ပြဿနာ၊ လယ်လုပ်သား ရှားပါးသည့်ပြဿနာ စသည်တို့ကြောင့် (၄၄) ရာနှုန်းပြည့်အောင် ပြန်စိုက်နိုင်ရန်မလွယ်။ လိုအပ်သည့် မျိုးစပါးလည်း အပြည့်အ၀ မရသည့်ပြင် မိုးစပါးစိုက်ချိန်လည်း လွန်နေပြီဖြစ်၏။
မိုးစပါးအထွက်ကို မျှော်ကိုး၍ မရသည့်အခြေအနေတွင် ကုန်သည်ကို စစ်အစိုးရက ဓားကြိမ်းကြိမ်း ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအတွက် ဆန်ဈေးထိန်းရန်ဆိုသည်မှာ ရယ်စရာ ဖြစ်နေ၏။ မြန်မာစစ်အစိုးရ ကြိတ်ပြီး ချောက်ချားနေသည်မှာ ပေါ်လွင်၏။
စင်စင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေခြင်းကို စစ်အစိုးရ သဘောမပေါက်။ ပြည်သူတရပ်လုံး ယူကျုံးမရ ဖြစ်နေသည့် နာဂစ်မုန်တိုင်းဖြစ်သည့်ကိစ္စ အခွင့်ကောင်းယူပြီး အန်အယ်လ်ဒီနှင့် ပူးပေါင်း နိုင်ငံရေးအဖြေရှာခဲ့လျှင် ပြည်သူကလည်း ထောက်ခံမည်၊ နိုင်ငံတကာမှာလည်း မျက်နှာပွင့်မည်ကို စစ်ခေါင်းဆောင်များ သိဖို့ကောင်း၏။
ကမ္ဘာ့အတွေ့အကြုံကိုကြည့်လျှင် နိုင်ငံရေးနှင့် သဘာဝဘေးအန္တရာယ်တို့ ဆက်စပ်မှုရှိ၏။ သဘာဝ
ဘေးအန္တရာယ်ဒဏ် ဆိုးရွားလေ နိုင်ငံရေးမတည်ငြိမ်မှု ပိုများလေဖြစ်သည်ဟု နိုင်ငံတကာ လေ့လာ သူတွေက ယူဆ၏။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုနည်းသည့် နိုင်ငံများတွင် ပို၍ မတည်ငြိမ်မှုများလေဟု ထောက်ပြကြ၏။
၂၀၀၄ ဆူနာမီ မတိုင်ခင်ကဆိုလျှင် အင်ဒိုနီးရှားအစိုးရနှင့် ဆူနာမီဒဏ်ခံရသည့် အာချဲပြည်နယ်ကြား နိုင်ငံရေး ပဋိပက္ခကြီးမား၏။ အာချဲခွဲထွက်ရေးသမားများနှင့် အင်ဒိုနီးရှား အစိုးရကြား နှစ် (၄၀) ကျော် ဖြေရှင်းမရသည့် နိုင်ငံရေးပြဿနာဖြစ်၏။ အာချဲပြည်နယ်ကို ကမ္ဘာနှင့်အဆက်ဖြတ်ထားပြီး စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားသည့်အချိန် ဆူနာမီဝင်လာခြင်းဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ဆူနာမီမတိုင်မီ (၂) လအလိုမှာ အင်ဒိုနီးရှားသမ္မတဖြစ်လာသူ ဆူဆီလိုဘန်ဘန်းက အာချဲလက်နက် ကိုင် ခွဲထွက်ရေးသမားများနှင့် ဆွေးနွေး၏။
ဆွေးနွေးမှုရလဒ်အဖြစ် ဆူနာမီဒဏ်ခံရသည့် အာချဲကို နိုင်ငံတကာက အချိန်မီ ကယ်ဆယ်ခွင့် ရသကဲ့သို့ ပြန်လည်တည်ဆောက်ရေးကိုလည်း အလုံးအရင်းနှင့် ကူညီခွင့်ရ၏။ နောက်ဆုံး အင်ဒို နီးရှားအစိုးရနှင့် အာချဲခွဲထွက်ရေးသမားများကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်၏။ အာချဲခွဲထွက် ရေးခေါင်းဆောင်ကို အာချဲပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်နိုင်ခဲ့၏ ထိုအချက်ကို ကမ္ဘာက ဥပမာကောင်းအဖြစ် ယူဆ၏။
မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ပြီဆိုတော့ အာချဲမှာ ကူညီခဲ့သည့် နိုင်ငံတကာ စစ်သင်္ဘောများ ကယ်ဆယ်ရန် အချိန်မီရောက်လာ၏။ မြန်မာစစ်အစိုးရက အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး ဧရာဝတီ တိုင်း ကယ်ဆယ်ရေး ဖွင့်ပေးလေမလား ကမ္ဘာက မျှော်လင့်၏။ အာချဲကဲ့သို့ ဖြစ်နိုးနိုးအများက စိတ်ကူးယဉ်၏။ ပိတ်နေသည့် မြန်မာ့နိုင်ငံရေးကို နာဂစ်က ဖွင့်လေမလား အိပ်မက်မက်သူများက မက်၏။
လက်တွေ့အခြေအနေတွင်မူ အန်အယ်လ်ဒီသည် အာချဲခွဲထွက်ရေးသမားများကဲ့သို့ ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ပါတီမဟုတ်။ တပြည်လုံးက မဲဆန္ဒ ရှင်များလိုလားသည့်အချက် အကောင်အထည်ဖော်ရန် တာဝန်ရှိသည့် ပါတီဖြစ်၏။ အကြမ်းမဖက် လမ်းစဉ် စွဲကိုင်သည့်ပါတီဖြစ်၏။ ပါတီခေါင်းဆောင်ကလည်း အကျယ်ချုပ်ကျနေ၏။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဆူနာမီကာလ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းကဲ့သို့ စိတ်ရင်းမျိုးထားနိုင်သူမဟုတ်။ နာဂစ်ကြောင့် အလောင်းများ သိန်းသန်းချီနေသည်ကိုပင် သတင်း ပတ်အတော်ကြာသည်ထိ လှည့်မကြည့်ဘဲ နေရက်သူဖြစ်၏။ ပြည်သူနှင့် အတိုက်အခံအပေါ် ရက်စက်ရန် ၀န်မလေးသူဖြစ်၏။ ထို့ကြောင့်လည်း ဧရာဝတီတိုင်း ကယ်ဆယ်မည့် နိုင်ငံတကာ စစ်သင်္ဘောများကို လက်ညိုးထိုးပြီး ရန်လုပ်တော့၏။ ခေတ်သစ် ငရမာန်ကန်းနှင့် စောလူးမင်း ပုံပြင်ဟုပင် ဆိုနိုင်၏။
ဇာတ်ပေါင်းသော် ကယ်ဆယ်ရေးထက် ပြည်သူအလောင်းများပေါ် စစ်ဖိနပ်နင်း၊ ဆန္ဒခံယူပွဲလုပ်ပြီင်္း စစ်အစိုးရက တဖက်သတ်အနိုင်ယူသွား၏။ ပြည်သူများ မျက်ရည်မစဲခင် စစ်အုပ်ချုပ်ရေးကို အာမခံ ချက်ပေးမည့် ရွေးကောက်ပွဲခြေလှမ်းသစ်ကို စစ်အစိုးရက ပြင်၏။ အန်အယ်လ်ဒီကလည်း စစ်အစိုးရ ဆန္ဒခံယူပွဲကို ကန့်ကွက်ရင်း အသံတိမ်သွား၏။ ဤတွင် မြန်မာ့နိုင်ငံရေးအတွက် အာချဲအိပ်မက် ပျက်လေပလားဟု တွေးရန်ရှိ၏။
စစ်အစိုးရအခြေအနေမှာလည်း အာဏာ လက်နက်နှင့် အုပ်ချုပ်ခွင့်ရနေသည့်တိုင် နိုင်ငံရေးအရ အသာစီးမဟုတ်၊ စစ်အစိုးရမျှော်မှန်းသည့် ပထမကြိမ် လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ပြီးမှသာ စိတ် အေးရမည့် အနေအထားဖြစ်၏။ အန်အယ်လ်ဒီမှာလည်း စစ်အစိုးရနှင့် ဆွေးနွေးခွင့် မရသေးသည့် တိုင် နိုင်ငံရေးအရ နာလန်မထူတော့သည့် အနေအထားမဟုတ်။
အာချဲအိပ်မက် ပျက်မပျက်ဆိုသည်မှာ မြန်မာစစ်ခေါင်းဆောင်များအပေါ်တည်၏။ ဆန်အကျပ် အတည်းရောက်မှ အန်အယ်လ်ဒီနှင့် ဆွေးနွေးရသည်ဆိုလျှင် တိုင်းပြည် ပိုနာမည်။ မြန်မာစစ်ခေါင်း ဆောင်များ အမြင်မှန်ရရန် ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။ ။

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း ယခ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဌေးမောင်
သည် ယမန်နှစ် ဖေဖော်ဝါရီ (၁၁) ရက်က ကေအန်ယူမှ ခွဲထွက်ကာ အင်အား (၃၀၀) ခန့်နှင့်အတူ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နအဖနှင့် ပူးပေါင်းသွားခဲ့သည်။ ဗိုလ်မှူးချုပ်စောဌေးမောင်နှင့် ထော့ကိုကိုးစခန်းသို့ လိုက်ပါသွားသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးသည် မကြာခင်က ကေအန်ယူသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ကေအန်ယူအဖွဲ့မှ ခွဲထွက်ပြီး (၁) နှစ်ကျော်အကြာတွင် ပြန်လည်အလင်းဝင်လာသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးအား မိခင် ကေအန်ယူတပ်မဟာ (၇) သို့ ပြန်လာရသည့်အကြောင်းရင်းကို ခေတ်ပြိုင်ကမေးရာ
ဒု-ဗိုလ်မှူးကြီးစောဂေထူးက ယခုကဲ့သို့ စတင်ဖြေသည်။
ဖြေ။ ။ ဟိုမှာဆက်နေရင် နအဖရဲ့သွေးထိုးသပ်လျှိုမှုကြားမှာ ကောက်စားခံရမှာကို စိုးရိမ်ပြီး နောက်ကျောမလုံတဲ့အတွက် ဒီဘက်ကို ပြန်လာရတာဖြစ်တယ်။ ဟိုမှာလည်း စိတ်ကုန်ပြီး ပြန်လာ ချင်တဲ့လူတွေ အများကြီးရှိပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဘာရာထူးနဲ့ တာဝန်ယူခဲ့ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဒု-ဗိုလ်မှူးကြီး ဆက်သွယ်ရေးဌာနတာဝန်ခံ (ဗဟို) ဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိအင်အား (၈၀၀) ခန့်ရှိတယ်။ ကုလား၊ ကရင်၊ ရခိုင်၊ ဗမာ အစုံပဲ။ လက်နက် အင်အားက (၂၀၀) လောက်ရှိတယ်။ ရောက်ကာစက နအဖက လက်နက်ငယ် (၂၀၀) ပေးမယ် လို့ပြောတယ်။ အခုထိ တလက်မှ မပေးဘူး။ ကြည့်ရတာ ကျနော်တို့ကို မယုံဘူးနဲ့တူတယ်။ အဖွဲ့ ရပ်တည်ဖို့အတွက် နအဖက မြ၀တီနဲ့ မော်လမြိုင်ကို နော်တရာ ကားလိုင်းအမည်နဲ့ ကားဆွဲခွင့် ပေးတယ်။ အဲဒါကို တာဝန်ယူရတာက ကျနော်တို့အဖွဲ့က ဗိုလ်မှူးမောင်ကျော် ဖြစ်တယ်။ ဒီလူက ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်သုံးပြီး အဖွဲ့ကို တ၀က်လောက်ပဲပေးတော့ ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ဌေးမောင်က သူ့ကို အဖွဲ့က ထုတ်ဖို့အထိ လုပ်တယ်။ အဲဒါကို မောင်ကျော်နဲ့ ဝေစား
မျှစားလုပ်တဲ့ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးက ဗိုလ်ဌေးမောင်ကို သွားပြီး တကြိမ်တခါမှားတာ ခွင့်လွှတ်ပေးပါ၊ နောက်ကို မဖြစ်စေရပါဘူး၊ သူတာဝန်ယူပါတယ်လို့ သွား ပြောတဲ့အတွက် သူ့ကိုမထုတ်တာ။ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးကတော့ မောင်ကျော်ကို လုံးဝကြည့်လို့မရဘူး။ သူတို့ ပရိယာယ်လုပ်တာလားတော့ မသိဘူး။ အခုကြား တာကတော့ မောင်ကျော် ဂျာမနီပြန်သွားတယ်။ ကျနော်ထင်တယ် သူပြန်လာရဲတော့မှာ မဟုတ် ဘူး။ သူ့ကို မကြိုက်တဲ့လူ အဖွဲ့ထဲမှာ အများကြီးရှိတယ်။

မေး။ ။ အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးမောင်ရဲ့ အနေအထား သိပါရစေ။
ဖြေ။ ။ ဗိုလ်ဌေးမောင်ကတော့ ငြိမ်းချမ်းရေးလိုချင်တာ တခုပဲသိတယ်။ အခြားဟာတွေ သိပ် မတွေးဘူး။ သူထင်တာက ကရင်နဲ့ ဗမာ တိုက်တာ ကရင်လည်းမနိုင်ဘူး၊ ဗမာလည်းမနိုင်ဘူး။ ကရင်နဲ့ ဗမာ မတိုက်ခိုက်ကျရင် ငြိမ်းချမ်းရေးရပြီလို့ သူထင်တယ်။ အဖွဲ့ကို စောင့်ကြည့်တာဝန် ယူရတဲ့ နအဖ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးနဲ့ မင်းချစ်ဦးဟာ ဗိုလ်ဌေးမောင် ဘယ်ကိုပဲ သွားသွား အနောက်က အမြဲလိုက်တယ်။ သူဘာလုပ်လုပ် သူ့နားမှာ ထောက်လှမ်းရေးတွေ အမြဲရှိတယ်။ ဗိုလ်ဌေးမောင် နေထိုင်မကောင်းဖြစ်ရင် နအဖ ကောင်းကောင်းမွန်မွန် ဆေးဝါး ကုသပေးတယ်။ ဗိုလ်ဌေးမောင် သေမှာကို သူ့တို့ စိုးရိမ်တယ်။ ဗိုလ်ဌေးမောင် သေရင် ကျန်တဲ့ လူတွေ အကုန် တောပြန်ခိုမယ်လို့ သူတို့ယုံကြည်ထားတယ်။ ဗိုလ်ဌေးမောင်ကို နယ်စပ်ဘက် ပေးမလာတော့ဘူး။ ထော့ကိုကိုးနဲ့ ဘားအံ၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်းတွေကိုပဲ ပေးသွားတယ်။ သူ့ကို ပညာသားပါပါနဲ့ နအဖက ချုပ်ကိုင်ထားတယ်။

မေး။ ။ ယခင်နှစ်က ဗိုလ်ဌေးမောင်ရဲ့သမက် စောလယ်မူးလုပ်ကြံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ကျနော်ထင်တာကတော့ ဒီကိစ္စ နအဖလက်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ (၂၉) ရက်နေ့ ည (၁၂) နာရီမှာ လယ်မူးဟာ မယ်လမှာရှိတဲ့ သူ့အိမ်မှာ အိပ်နေရင်း အိပ်ယာအောက်မှာ ထောင် ထားတဲ့ဗုံးပေါက်ကွဲပြီး သေသွားတယ်။ ဗုံးမပေါက်ကွဲခင် စပ်ကြားမှာ မောဖားသူးစခန်းမှာ ထိုင်တဲ့ နအဖ တပ်ဖွဲ့တွေကနေ အကြောင်းကြားလာတယ်။ ခင်ဗျားတို့ သတိထားကြပါ။ ခင်ဗျားတို့ စခန်း အနီးအနားမှာ တစုံတခု ဖြစ်လိမ့်မယ်လို့ ပြောတယ်။ သူပြောပြီး မကြာဘူး၊ ဗုံးပေါက်ပြီး လယ်မူး သေသွားတယ်။ နအဖက ထပ်ပြောတယ်။ ဒီလုပ်ကြံမှုဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇၀၃) က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်အေးရဲ့ လက်ချက်ဖြစ်တယ်။ ကျော်အေးနဲ့အတူ နောက်ထပ် ပတ်သက်နေသူတွေရှိသေးတယ်လို့လည်း ပြောတယ်။ ဒီကိစ္စ ကျော်အေးနဲ့ မပတ်သက်ဘူးဆိုတာ အားလုံးသိတယ်။ ဒါကို လယ်မူးမိန်းမနဲ့ လယ်မူးတူတွေက မသိဘူး။ ဗိုလ်ကျော်အေးကို သွားဖမ်းလာပြီး ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်ကြပြီး ပစ်သတ်လိုက်တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ကျနော်တို့ ဆီမှာရှိတဲ့ တပ်မှူးတွေဟာ သြော်.. နအဖကတော့ ငါတို့ကို တကောင်ပြီး တကောင် ကောက်စားကြတော့မယ်ဆိုပြီးတော့ ပြောဆိုကြတယ်။ အဲဒီထဲက ကျနော်တို့လည်း နောက်ကျောသိပ်မလုံတော့ဘူး။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီးတော့ တွေးပူနေရတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ အခုလို ထွက်လာတာပါ။

မေး။ ။ ပဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင်ရဲ့အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ပဒိုမန်းရှာ သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင် ပြောတာကတော့ ပဒိုမန်းရှာဟာ မဲဆောက်မှာနေတာ ဘယ်လိုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ သူများသွားကြံလို့ရတာလည်းလို့ ပြော ဖူးတယ်။ အခြားတော့ ပဒိုမန်းရှာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောတာဆိုတာတွေတော့ မကြားမိပါဘူး။

မေး။ ။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်လေ့လာကြည့်သလောက် ကေအန်ယူ၊ ကေအန်ဒီအို၊ ဒီကေဘီအေနဲ့ အခြား ကရင်အဖွဲ့တွေဟာ ကိုယ့်အမျိုးကိုတော့ အားလုံးချစ်ကြတယ်။ အဓိက ညီညွတ်ရေးကို မတည် ဆောက်နိုင်တာ အဆိုးဆုံးပြဿနာပဲ။ နအဖကတော့ ခွဲမှာပဲ။ အဲဒါကို အားလုံး သတိရှိဖို့လိုတယ်။

မေး။ ။ ရှေ့ဆက် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ။ ကျနော်အသက် (၆၈) နှစ် ရှိပါပြီ။ ကေအန်ယူထဲကို ၁၉၅၈ ခုနှစ်မှာ ၀င်တယ်။ အဲဒီကနေ ဗိုလ်ဌေးမောင် ငြိမ်းချမ်းရေးကောင်စီနဲ့ မနှစ်က ဖေဖော်ဝါရီလမှာ ထော့ကိုကိုးပါသွားတယ်။ ကျနော် တို့ လိုချင်တာနဲ့ နအဖ ပေးတာတွေဟာ တခြားစီဖြစ်နေပါတယ်။ ကျနော်အသက်လည်း ကြီးပြီ။ တော်လှန်ရေးလည်း ဆက်မလုပ်ချင်တော့ဘူး။ မိန်းမလည်း ကျန်းမာရေးမကောင်းဘူး။ သားသမီး တွေနဲ့အတူ အေးအေးဆေးဆေးပဲ နေတော့မယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး နားလည်မှုပေးခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) က တပ်မ ဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။