Thursday, July 17, 2008

သခင်အောင်ဆန်း၏သမိုင်းဝင်ဓါတ်ပုံများ

pdf fileဖြင့်သိမ်းလိုသူများ ဒီမှာဒီမှာယူပါ....

နင်ဖုံးသမျှငါရအောင်ဖေါ်မယ်

PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket

အဖေ



သောကြာသတင်း


အန်အယ်ဒီ အဖွဲ့ချုပ်ဝင် ၄ ဦး ဖမ်းဆီးခံရ
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 18 2008 15:10 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင် ၄ ဦးကို ယမန်နေ့ညပိုင်းတွင် အာဏာပိုင်များက နေအိမ်များသို့ လာရောက် ဖမ်းဆီးသွားသည်။

ဒဂုံမြို့သစ် လူငယ်တာဝန်ခံ ကိုသီဟန်၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ဦးမြင့်ဌေး (တာမွေ) နှင့် ဆက်သွယ်ရေးမှ ကိုဝင်းမြင့်မောင် (ခရမ်း) တို့ကို ယမန်နေ့ည ၁ဝ နာရီခန့်က နယ်မြေခံ အထူးရဲတပ်ဖွဲ့များမှ မေးမြန်းရန် ရှိသည်ဟုဆိုကာ နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“၁ဝ နာရီခွဲမှာ လူကြီးတွေ လာပြီးတော့ ခဏ မေးမြန်းစရာ ရှိလို့ပါတဲ့။ ကျမ မေးလိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြော၊ ဖမ်းတာလားဆိုတော့ ဖမ်းတာ မဟုတ်ပါဘူး၊ ခဏ ခေါ်သွားမလို့ပါ၊ မေးစရာလေး ရှိလို့ပါပေါ့နော်။ ကျမ မယုံကြည်နိုင်ဘူး။ စိတ်ချပါတဲ့။ ကျနော် အာမခံပါတယ်ဆိုပြီး ဖေဖေ့ကို ခွင့်တောင်းပြီးတော့ ခေါ်သွားတယ်” ဟု ကိုသီဟန်၏ အမဖြစ်သူ မယဉ်ယဉ်ထိုက်က ပြောသည်။

ဒဂုံမြို့နယ်မှ အထူး ရဲတပ်ဖွဲ့ဝင်များက နေအိမ်ဝန်းကျင်တွင် လုံခြုံရေးများ စောင့်ကြပ်ထားပြီး သတင်းတပ်ဖွဲ့ ရုံးချုပ်မှ ဦးဆွေလင်း၊ ဒဂုံမြို့နယ် ၁၉ ရက်ကွက်မှ ရယက ဥက္ကဋ္ဌ၊ ၅၄ ရက်ကွက်မှ စွမ်းအားရှင် ခေါင်းဆောင် ကိုခင်မြင့်ဦးတို့ ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ ခေါ်ဆောင်သွားသည်။

ဦးမြင့်ဌေးဇနီးက ဓညက ၉ နာရီခွဲလောက်မှာပေါ့နော်။ ကျမ အမျိုးသားက အပြင်သွားနေတာ။ ကိုမြင့်ဌေးနဲ့ တွေ့ချင်တယ်ဆိုပြီး ထိုင်စောင့်နေကြတာ။ ၁ဝ နာရီခွဲလောက် ကျမ အမျိုးသားက ရောက်လာပြီး သူတို့က ခဏပါ အာဇာနည်နေ့အကြောင်း မေးစရာ ရှိလို့ပါတဲ့။ ကျမလည်း အဝတ်အစားတွေ ထည့်ပေးလိုက်တော့ ခေါ်သွားတယ်။ ကျမ အမျိုးသားကို သူတို့ပြောတာက ပြည်ထဲရေးကိုပဲ ခေါ်သွားမှာပါ။ ဘယ်မှ မခေါ်သွားပါဘူးလို့ ပြောတယ်လေ” ဟု ပြောသည်။

ဦးမြင်ဌေးကို လာရောက် ဖမ်းဆီးသူများသည် တာမွေမြို့နယ် အထူး ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဌာနမှ ဒုရဲအုပ်တဦး အပါအဝင် ဒေသအာဏာပိုင် ၈ ဦးခန့်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ခရမ်းမြို့နယ်မှ အဖွဲ့ချုပ် ဆက်သွယ်ရေး တာဝန်ခံ ကိုဝင်းမြင့်မောင်သည် ယမန်နေ့က အမဖြစ်သူ နေထိုင်သည့် သန်လျင်မြို့သို့ သွားရောက် တည်းခိုနေစဉ် ဒေသအာဏာပိုင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေး တာဝန်ခံတဦးက ပြောသည်။

သံလျင်မြို့ရှိ လူငယ်တာဝန်ခံ မလှလှဝင်းကိုမူ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းဦးက အာဇာနည်နေ့တွင် မည်ကဲ့သို့ ကျင်းပမည်ကို မေးမြန်း စစ်ဆေးခဲ့သလို၊ ယခုအခါ လေ့လာ စောင့်ကြည့်မှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့တွင်လည်း အဖွဲ့ချုပ်ဝင်များက ဗဟန်းမြို့နယ် ရုံးချုပ်၌ အခမ်းအနား ကျင်းပနေစဉ်နှင့် ခေါင်းဆောင်ဖြစ်သူ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ သွားရောက်နေစဉ် အတွင်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အဖွဲ့ချုပ်ဝင် ၁၄ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။

သူတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က သူတို့ကို ဥပဒေနှင့် ဆန့်ကျင်သည့် ၅ ဦးထက် မနည်းသော လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ၅ဝ၅ (ခ) တို့ဖြင့် တရားစွဲလိုက်သည်။

အာဇာနည်များအတွက် ငှက်လွှတ်ပွဲကျင်းပ
မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008 13:38 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် ကျောင်းသားပြည်သူများနှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် ရည်စူးကာ ကောင်းမှုကုသိုလ် ပြုသည့်အနေဖြင့် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ငှက်လွှတ်ပွဲကို ယမန်နေ့က ရန်ကုန်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၁၅ ဦးက ပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်နေ့ ကျရောက်သည့် ယမန်နေ့က နံနက် ၆ နာရီခန့်တွင် သံဃာတော်များကို သင်္ကန်းကပ်လှူပြီး နံနက် ၁၁ နာရီခန့်တွင် မဟာဝိဇယ စေတီတော်၌ စာကလေးကောင်ရေ ၁၅ ကောင် လွှတ်ပေးကာ ကျဆုံးလေပြီးသော ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် ရည်ရွယ်ပြီး မဟာဝိဇယ စေတီတော်တွင် ကောင်းမှုကုသိုလ် ပြုခဲ့ကြခြင်း ဖြစ်သည်။

“ခေတ်အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေကို ရည်စူးပြီးတော့ ကျနော်တို့ ရဲဘော်အိမ်မှာ မနက် ၆ နာရီက အာရုံဆွမ်းနဲ့ ဝါဆိုသင်္ကန်းကို ကပ်လှူခဲ့တယ်။ နေ့လယ် ၁၁ မှာ အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်စူးပြီး ငှက်တွေ လွှတ်ခဲ့တယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေး အရပ်ဝတ် ထောက်လှမ်းရေး၊ အရပ်ဝတ်နယ်ထိန်းနဲ့ ရဲအရပ်ဝတ်တွေက စောင့်နေတဲ့အတွက် မဟာဝိဇယကို ပြောင်းလဲ လုပ်လိုက်တယ်” ဟု ပြောသည်။

မနက်ဖြန်တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ လူစည်ကားသည့် နေရာများ၊ လမ်းဆုံလမ်းခွများတွင် လက်နက်ကိုင် စစ်သားများကို လုံခြုံရေး တိုးချဲ့ချထားသလို၊ ဆူးလေဘုရားနှင့် ရွှေတိဂုံဘုရား အနီးတွင်လည်း အရပ်ဝတ် လုံခြုံရေးများ ထူထပ်စွာ ချထားကြောင်း အဖွဲ့ဝင် အခြား လူငယ်တဦးကလည်း ယခုလို ပြောပြသည်။

သူက “ဘုရားတွေမှာ အရပ်ဝတ် နယ်ထိန်းတချို့နဲ့ အရပ်ဝတ်ရဲတွေကို တွေ့ရပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ကျနော်တို့ ဒီကနေ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ လုံခြုံရေးတွေကတော့ မနေ့ကစပြီး ထပ်တိုးလိုက်တာကို တွေ့ရတယ်။ လမ်းထောင့် တော်တော်များများမှာ စစ်သားတွေ လိုက်ချထားတယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် စစ်သံမှူးများကို အာဇာနည်နေ့အတွက် ဖိတ်ကြားပြီးမှ ဖိတ်စာပြန်သိမ်း
NEJ/ ၁၈ ဇူလိုင် ၂၀၀၈
အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်အခြေစိုက် သံရုံးများမှ စစ်သံမှူးများအား ဖိတ်ကြားထား
ချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း စစ်အစိုးရက သံရုံးအသီးသီးသို့ အကြောင်းကြားထားသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။

စစ်သံမှူးများကို ဖိတ်ကြားပြီးမှ မည်သည့်အတွက် ဖိတ်စာ ပြန်သိမ်းသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရန်ကုန်တွင် အာဇာနည်နေ့မတိုင်မီ ယခုလဆန်းပိုင်းမှစပြီး လုံခြုံရေးများချထားကာ အာဇာနည်နေ့ နီးလာလေလေ လုံခြုံရေး ထူထပ်လာလေဖြစ်သည်။

မြို့ခံတဦးက “လုံခြုံရေးတွေကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရှိတဲ့ လမ်းအ၀င်တွေမှာတောင် ချထား တာတွေ့ ရတယ်။ အခုဆိုရင် အာဇာနည်ကုန်း အနီးတ၀ိုက်၊ ရွှေတိဂုံစေတီတော် အနီးအနား၊ သွေး ဆေးကန် စတာတွေမှာ တွေ့တယ်ဗျ” ဟု ပြောသည်။

ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်ရှေ့တွင် လုံခြုံရေးရဲ သုံးစုခန့် ချထားသည်ကို တွေ့ရကြောင်း၊ ပုံမှန် အခြေအနေတွင် ယခုကဲ့သို့ ယူနီဖောင်းဝတ် လုံခြုံရေး ချထားလေ့မရှိဘဲ ယခု အာဇာနည်နေ့နီးမှ ချထားခြင်းဖြစ်ကြောင်းလည်း အခြားမြို့ခံတဦးက ပြောသည်။

၎င်းက “အာဇာနည်ကုန်းဝင်းမှာတော့ လက်နက်ကိုင် စစ်သားတချို့လုံခြုံရေးယူထားတာ တွေ့ရပြီး လုံထိန်းရဲတွေကို ကားလမ်းနံဘေးမှာ တာဝန်ချထားတာတွေ့ရတယ်” ဟု ပြောသည်။

ဇူလိုင် (၁၇) ရက်မှစပြီး ရန်ကုန်မြို့တွင်း ရဲကားများ ကင်းလှည့်လည်မှု ပိုမိုများပြားလာပြီး အထူး သဖြင့် အန်အယ်လ်ဒီ ရုံးပတ်လည်လမ်းများ၊ ရွှေတိဂုံဘုရား ပတ်ပတ်လည်လမ်းများတွင် ပိုမို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဇူလိုင် (၁၇) ရက် ညနေအထိ သတင်းထောက်များအား အာဇာနည်နေ့နှင့် ပတ်သက်ပြီး သတင်း ယူရန်ကိစ္စကို အကြောင်းကြားခြင်းမရှိခဲ့ဟု သိရသည်။ ပြည်တွင်းသတင်းဂျာနယ်များကိုလည်း ယခင်နှစ်များနှင့်မတူဘဲ သီးသီးသန့်သန့်  ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ၀င်ခွင့် အားလုံးကို ရန်ကုန်မြို့တော်စည်ပင်က ကိုင်တွယ်စိစစ်မည်ဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက ပြောသည်။

“စည်ပင်က ဖုန်းနဲ့ ပြောတယ်။ အာဇာနည်ကုန်းအနီးက စည်ပင်ကွပ်ကဲရေးရုံးမှာ ၀င်ခွင့်ကတ်တွေ ကို လာထုတ်ပါတဲ့။ အာဇာနည်နေ့ကို မမေ့နိုင်လို့သာပါဗျာ၊သွားရမယ့်အရေးကို သူတို့က ကြပ်တာက အတော့်ကို စိတ်ညစ်စရာကြီးဗျ။ ကြည့်ရတာ ဗုံးပေါက်မှာကို ကြောက်နေပုံပဲ” ဟု ၎င်းက ပြောသည်။

အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနက ယမန်နှစ်များက တာဝန်ယူ
လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့တော်စည်ပင်က ယခုနှစ်တွင် အာဇာနည်ကုန်း ၀င်ခွင့်စိစစ်မှုကို စတင် ကိုင်တွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ။

မြန်မာငွေလဲလှယ်စနစ်ကြောင့် ကုလသမဂ္ဂအရှုံးပေါ်
Inner City Press / ၁၈ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရနှင့် ငွေကြေးလဲလှယ်ရာ၌ မုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် (၂၀) ရာခိုင်နှုန်းခန့် အကြီးအကျယ် ဆုံးရှုံး နေကြောင်း နယူးယော့ခ်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ Inner City Press က ထုတ်ဖော်ရေးသား သည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်ရာတွင် မြန်မာစစ်အစိုးရသည် မှောင်ခို ဒေါ်လာ ပေါက်ဈေးထက်နိမ့်သည့် အက်ဖ်အီးစီနှင့် လဲလှယ်ပေးနေသည့်အတွက် ထိုသို့ အရှုံးပြနေခြင်း ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလူသားချင်း စာနာမှုအကူအညီပေးရေးရုံး အကြီးအကဲ ဂျွန်ဟုမ်း မြန်မာနိုင်ငံသို့ လာမည့်သီတင်းပတ်၌ သွားသည့်အခါ မြန်မာကျပ်ငွေနှင့် မည်သို့မည်ပုံ လဲလှယ်သည်ကို စစ်ဆေးသွားမည်ဟု သိရသည်။

မြန်မာဒုက္ခသည်တွေ ကူညီနေတဲ့ ကုလသမဂ္ဂအဖွဲ့
ဘာကြောင့် အရှုံးပေါ်ရသလဲ
(သတင်းသုံးသပ်ချက်)
ပီတာအောင်/ ၁၈ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံတွင် မုန်တိုင်းကျပြီးစ၌ ကုလသမဂ္ဂ တောင်းခံငွေ ဒေါ်လာ သန်း (၂၀၀) ရှိသည့် အတွက် အဆိုပါ ငွေပမာဏနှင့် တွက်လျှင် ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရ ငွေလဲ နှုန်းကြောင့် ဒေါ်လာ သန်း (၄၀) ကျော် နစ်နာမည်ဖြစ်သည်။

နိုင်ငံတကာ လှူဒါန်းငွေ စုစုပေါင်း၏ (၅) ပုံ (၁) ပုံ စစ်အစိုးရလက်ထဲ ပျောက်သွားသည့်အတွက် အလှူရှင်များဘက်ကလည်း ငြိုငြင်မည့် အလားအလာရှိ၏။ ကုလသမဂ္ဂ နောက်ဆုံးမေတ္တာရပ်ခံ ထားသည့် ဒေါ်လာ သန်း (၄၈၀) နှင့်တွက်လျှင် ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရ ငွေလဲနှုန်းကြောင့် ဒေါ်လာ သန်း (၁၀၀) ကျော် ဆုံးရှုံးတော့မည်။

မုန်တိုင်းအကူပေးရေးအတွက် ကုလသမဂ္ဂထံမှ ဒေါ်လာ (၂၉) သန်း ရထားသည့် Save the Children နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အား မြန်မာနိုင်ငံ၌ မည်သည့်ငွေလဲနှုန်းဖြင့် မည်သို့ လဲလှယ် ကြောင်း Inner City Press က မေးမြန်းရာတွင် အဆိုပါအဖွဲ့မှ Rudy Von Bernuth က လန်ဒန် ရုံးကို မေးပါဟုသာ ပြန်လည်ဖြေကြားနိုင်ခဲ့သည်။

လူသားချင်းစာနာမှု အကူအညီပေးနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) မှ Eric Laroche အား မြန်မာနိုင်ငံ၌ ဒဗလျူအိတ်ခ်ျအို၏ ငွေလဲလှယ်ပုံ နည်းလမ်းအား ရှင်းပြရန် မေးမြန်း ရာ Eric Laroche က (၈) စက္ကန့်ခန့် ငြိမ်သက်သွားပြီးမှ “ဒီမေးခွန်းဟာ အင်မတန်ခက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဖြေဖို့ ပိုလို့တောင် ခက်ပါသေးတယ်။ ဒါကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ရတာပေါ့” ဟု ဖြေ၏။

ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် စစ်အစိုးရ၏ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (အမ်အက်ဖ် တီဘီ) မှတဆင့် ငွေလွှဲပြီး အက်ဖ်အီးစီဖြင့် ထုတ်ယူကာ ပေါက်ဈေးအတိုင်း ရောင်း၍ အသုံးပြု ကြကြောင်း၊ အချို့အန်ဂျီအိုများ အမ်အက်ဖ်တီဘီဘဏ်မှတဆင့် ငွေထုတ်သည့်နည်းအပြင် တရား မ၀င် ဟွန်ဒီငွေလွှဲသည့်နည်းကိုလည်း အသုံးပြုကြကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ် သည့် လုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ယူအန်ပဲဖြစ်ဖြစ်၊ အိုင်အန်ဂျီအိုပဲဖြစ်ဖြစ် အမ်အက်ဖ်တီဘီကိုဝင်တယ်။ အဲဒီကထုတ်ရင် အက်ဖ်အီးစီအနေနဲ့ပဲ ထွက်သွားတယ်။ ထွက်ပြီးရင် အပြင်ဈေးကွက်မှာ ရောင်းရတာပေါ့” ဟု ပြောသည်။

လတ်တလော ရန်ကုန်ဈေးကွက်၌ အက်ဖ်အီးစီ အသုံးပြုသူနည်းပြီး အရောင်းများ နေသဖြင့် အက်ဖ်အီးစီဈေးကျဆင်းနေကြောင်း၊ ယမန်နေ့ အက်ဖ်အီးစီပေါက်ဈေး (၁) ဒေါ်လာ အရောင်း ဈေးကျပ် (၉၀၀) ရှိပြီး ထို့ထက်အောက် ဆင်းမည့်အနေအထားရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။ အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ (၁) ဒေါ်လာလျှင် (၁,၁၈၀) ကျပ်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှ ဒေါ်လာပေးပြီး ရန်ကုန်တွင် မြန်မာကျပ်ငွေ ယူမည်ဆိုပါက အမေရိကန် (၁) ဒေါ် လာလျှင် (၁,၁၅၅ ) ကျပ်နှုန်း ပေါက်ဈေးရှိသည်ဟု ထိုင်းနိုင်ငံ ဟွန်ဒီဈေးကွက်မှ သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေ လဲလှယ်သည့်စနစ် တမျိုးတည်းရှိပါက အကောင်းဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံ၌ အက်ဖ်အီးစီဖြင့် လဲလှယ်သည့်စနစ် ဖျက်သိမ်းမည့်အရိပ်အယောင် မတွေ့ရသေးဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

၎င်းက “ ဒီတိုင်းပြည်မှာ ဒီစနစ်ကြီးကို မဖြတ်သန်းဘဲနဲ့ ဘယ်လိုမှမရဘူး။ ကြာပြီလေ ပြင်ဆင်သင့် တယ်ဆိုတာ။ ဘေးကနေ ထိုင်ပြောလို့တော့ ရတယ်လေ။ တကယ့်တကယ်မှာ ဒီဟာကိုပြင်ဖို့ ဟာက ငွေလဲနှုန်းတခုတည်းသွားဖို့ ဆိုတဲ့ဟာက မှတ်မိသလောက် အနည်းဆုံး နှစ် (၂၀၊ ၃၀) လောက်ရှိပြီ ပြောနေတာ။ ဒါပေမယ့် မလုပ်နိုင်ကြဘူး။ မလုပ်နိုင်သေးလို့ကို မလုပ်တာ။ ဘာ ကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေးပဲ။ တိုင်းပြည်မှာ နိုင်ငံခြားငွေက သိပ်ပြီးပေါများနေ တာမဟုတ်ဘူး။ အလျှံအပယ်ဖြစ်နေတာမဟုတ်ဘူး။ ကုန်သွယ်မှုတွေ မှန်နေတယ်၊ ရင်းနှီးမြှုပ်နှံ မှုတွေ မှန်နေတယ်ဆိုရင် ဒီဟာတခုတည်းရှိရင် အကောင်းဆုံးပဲ။ ဒါကြီးက တကယ်တမ်းကျတော့ အလုပ်ရှုပ်တာပဲ အဖတ်တင်တယ်။ ဘယ်သူမှလည်း ဒီဟာကြီးကို မလိုချင်ပါဘူး။ မလွှဲသာလို့သာ ဒီအတိုင်းပဲ ဆက်သွားနေတာလို့ ဆရာတော့ အဲသလိုပဲ နားလည်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်ရာတွင် အကြမ်းအားဖြင့် စနစ်သုံးမျိုးရှိ သည်။ တဒေါ်လာ (၆) ကျပ်နှုန်းက အစိုးရစက်ရုံများ၊ အစိုးရဌာနများနှင့် စစ်ဗိုလ်များ အခွင့်သာ စေသည့်နှုန်းဟု မြန်မာစီးပွားရေးပညာရှင်တချို့က ယူဆသည်။ တဒေါ်လာရရန် မြန်မာငွေနည်း နည်း ပေးရသည့်အတွက် အစိုးရစက်ရုံများအတွက် ကုန်ကြမ်းများများ ၀ယ်သွင်းနိုင်သည့် သဘောဖြစ်သည်။ သာမန်ပြည်သူများအတွက် ပြင်ပမှောင်ခို ဒေါ်လာဈေးကွက်နှုန်းနှင့် ကုလ သမဂ္ဂနှင့် နိုင်ငံခြားလုပ်ငန်းရှင်များအတွက် အချိန်အခါလိုက်ပြီး သတ်မှတ်သည့် ငွေလဲနှုန်းတို့ ဖြစ်သည်။

စီးပွားရေးပညာရှင်တဦးကမူ ငွေလဲနှုန်း အမျိုးမျိုးဖြစ်နေခြင်းကြောင့် ကုလသမဂ္ဂအဖွဲ့ မည်သို့ နစ်နာသည်ကို ယခုကဲ့သို့ ရှင်းပြသည်။

“ဥပမာ-နာဂစ်မုန်တိုင်းကိစ္စ ကူနေတဲ့ ကုလအဖွဲ့ စီမံကိန်းအတွက် တဒေါ်လာကို (၃၂၈) ကျပ်နဲ့ ငွေလဲနှုန်း သတ်မှတ်ပေးတယ်ဆိုပါစို့။ စီမံကိန်း ကုန်ကျငွေကို (၃၂၈) နဲ့စားပြီး ရတဲ့ဒေါ်လာကို MFTB ကို လွှဲရတယ်။ ဘဏ်က ဒေါ်လာနဲ့ညီမျှတဲ့ အက်ဖ်အီးစီ ထုတ်ပေးပါတယ်။ ဒါပေမယ့် စီမံကိန်းနဲ့ မဆိုင်တဲ့အချက်တွေ ရှိလာပါတယ်။ ဆိုပါစို့ ၀န်ကြီ်းဌာနက တဒေါ်လာကို (၃၁၀) နဲ့တွက်ပြီး (၃၂၈) ကျပ်နဲ့ ခြားနားချက်ကို ၀န်ကြီးဌာန သက်သာချောင်ချိရေးရန်ပုံငွေဆုပြီး ဖြတ် ပြန်ပါတယ်။ ဒါက စာရင်းရှိသေးတယ်။ ပိုဆိုးတာက (၃၂၈) ကျပ်နဲ့ ဖြတ်ထားတဲ့ အက်ဖ်အီးစီကို အပြင်ဈေးကွက်သွားရောင်းလို့ (၃၇၀) ရတယ်ဆိုရင် ခြားနားတဲ့ငွေဟာ စစ်ဗိုလ်တွေရဲ့ အိပ်ထဲ ရောက်ကုန်တယ်။ (၃၂၈) ကျပ် လဲနှုန်းနဲ့ (၃၇၀) လဲနှုန်း (၂) ခု ကွာဟချက်ကြောင့် ဒေါ်လာ တသိန်းတန် စီမံကိန်းတခုကနေ ဗိုလ်ချုပ်တွေ ကျပ် (၄) သန်းကျော် ပွသွားတာမျိုး ရှိပါတယ်။ နာဂစ်ကူနေတဲ့ ကုလအဖွဲ့တွေ ဒေါ်လာ သိန်းပေါင်း ဘယ်လောက်နစ်နာမလဲ စဉ်းစားကြည့်ပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငွေလဲနှုန်း စနစ်မျိုးစုံရှိနေပြီး ဆိပ်ကမ်း၌ အကောက်ခွန် ဂျူတီဆောင်ရာ၌ (၁) ဒေါ်လာလျှင် (၄၅၀) ကျပ်၊ နယ်စပ်ကုန်သွယ်မှုတွင် တဒေါ်လာ (၁,၂၀၀) ကျပ်ခန့်ရှိပြီး တရား
ဝင်ဈေးမှာ တဒေါ်လာ (၆) ကျပ် ကျော်ကျော်သာရှိသည်။ ထို့ကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုတွင် အမြဲပြဿနာပေါ်လေ့ရှိသည်။ ထိုအချက်က မြန်မာငွေကို တန်ဖိုးချပေးသင့်သည်ဟု နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများက ယူဆသော်လည်း စစ်အစိုးရကမူ အက်ဖ်အီးစီအစား ထိုးသည့်နည်းဖြင့်သာ ဖြေရှင်းနိုင်သေးသည်။

နာဂစ်မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံသို့ နိုင်ငံတကာအစိုးရများနှင့် ပုဂ္ဂလိကတို့မှ လှူဒါန်း သည့် နိုင်ငံခြားငွေများ ၀င်ရောက်လျက်ရှိပြီး ကုလသမဂ္ဂကလည်း ထပ်မံလှူဒါန်းကြရန် ကမ္ဘာ့နိုင်ငံ များကို ဆော်သြလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းနာဂစ်ဘေး ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ (၄၈၂) သန်း ရရှိအောင် ရှာဖွေနေရသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ သို့သော် မြန်မာစစ်အစိုးရ ငွေလဲနှုန်း မတည်ငြိမ်သည့်အတွက် အလှူရှင်နိုင်ငံများ ပေးသည့်ငွေသာ ယခုလို မြန်မာဗိုလ်ချုပ်များလက် ရောက်နေလျှင် သမင်မွေးရင်း ကျားစားရင်း ကိန်းဖြစ်နိုင်သည့် အတွက် ကုလသမဂ္ဂလိုသည့်ငွေကို အလှူရှင်များ ပေးပါ့မလားဆိုသည်မှာ မသေချာပေ။ သေချာ သည်ကတော့ နာဂစ်မုန်တိုင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပို၍ ချမ်းသာလာသည်ဆိုသည့် အချက်ဖြစ်သည်။ ။

ရန်ကုန် နေပြည်တော် လေးလမ်းသွား အမြန်လမ်းပြီးစီး
အရပ်ကားများ သွားလာခွင့်မရသေး
NEJ/ ၁၈ ဇူလိုင် ၂၀၀၈
ရန်ကုန်နေပြည်တော် တိုက်ရိုက် ရှစ်လမ်းသွားစီမံကိန်းမှ လေးလမ်းသွားအပိုင်း ပြီးစီးသွား သော်လည်း ဗိုလ်ချုပ်များ၊ ၀န်ကြီးများနှင့် နေပြည်တော်ရှိ အရာရှိကြီးများပိုင် ကားများသာ သွားလာခွင့်ရသည်။

လေးလမ်းသွား ပြီးစီးသွားပြီဖြစ်သော်လည်း ရန်ကုန် နေပြည်တော် သွားလာခွင့် ရနေသူများမှာ နေပြည်တော်ရှိ အရာရှိကြီးများနှင့် နေပြည်တော်သို့ အစိုးရရုံးလုပ်ငန်းပိုင်းကိစ္စ သွားရောက်မည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသာဖြစ်ပြီး ပြင်ပကားများ ၀င်ခွင့်မရပေ။

ယခုပြီးစီးသွားသည့် လေးလမ်းသွားမှာ သုံးလွှာခင်းထားသည့် ကွန်ကရစ်လမ်းဖြစ်သည်။ ပထမ အလွှာ (၉) လက်မထု၊ ဒုတိယအလွှာ (၆) လက်မထုနှင့် တတိယအလွှာ (၆) လက်မထုရှိကာ စုစုပေါင်း ထု (၂) ပေကျော် ခင်းထားခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ယူခဲ့ရသည့် ကုမ္ပဏီတခုမှ တာဝန်ခံတဦးက ပြောသည်။

“ကျနော်တို့တွေ ကန်ထရိုက်ရတယ်ဆိုပေမယ့် သိပ်မကိုက်လှပါဘူး။ ပထမ ဒီလမ်းကို တာဝန်ယူ
ဖောက်မယ့် စစ်အရာရှိတွေကနေတဆင့် ပြန်ကန်ထရိုက်ယူ လုပ်ရတာပါ။ သူတို့ကို ပေးရတဲ့ အတွက် ကျနော်တို့ဖို့ သိပ်မကျန်ပါဘူး” ဟု ၎င်းက ပြောသည်။

ဤလမ်းခင်းခဲ့ရာတွင် ပုဂ္ဂလိက ကုမ္ပဏီ (၁၂) ခုခန့်က လမ်းပိုင်းအလိုက် ကန်ထရိုက်ယူကာ ခင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာမီက ယင်းလမ်းကို သွားလာအသုံးပြုခဲ့သူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးကလည်း “အရင် ရန်ကုန်မန္တလေးလမ်းဟောင်းကနေ နေပြည်တော်သွားတုန်းကဆိုရင် (၇) နာရီလောက်ကြာအောင် မောင်းရတယ်။ ခု တိုက်ရိုက်လမ်းသစ်က သွားတာ (၄) နာရီကျော်ပဲ ကြာတော့တယ်” ဟု ပြောသည်။

အဆိုပါ ရန်ကုန်- နေပြည်တော် တိုက်ရိုက်ကွန်ကရစ်လမ်းမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အထွက်မှ စကာ ဖြူးမြို့အနီးမှဖြတ်ပြီး နေပြည်တော်သို့ တိုက်ရိုက်ချိတ်ဆက်ထားပြီး မည်သည့် လမ်းနှင့်မှ ချိတ်ဆက်ထားခြင်းမရှိဟု သိရသည်။

လမ်းအ၀င်အထွက်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး သွားလာခွင့်လက်မှတ်များကို စိစစ်ပြီးမှ ၀င်ထွက်ခွင့်ပြုခြင်းဖြစ်သည်။

ယခုဖောက်လုပ်သည့် လမ်းပိုင်းအတွင်းရှိ လှည်းကူးနှင့် ထန်းတပင်မြို့နယ်များမှ ရာဘာခြံများ၊ လယ်မြေများနှင့် လမ်းတလျှောက်ရှိ အချို့ကျေးရွာများမှ လယ်မြေယာမြေများ သိမ်းယူခံခဲ့ရပြီး မည်သည့်လျော်ကြေးမှ မရရှိကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ် ဆိုင်ကယ်ဖမ်းသည့်အမှု အဂတိလိုက်စားမှုနှင့်ဆက်စပ်
ကိုဝိုင်း/ ၁၈ ဇူလိုင် ၂၀၀၈
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား လာဘ်စားငွေ ဝေစု
မတည့်ဖြစ်ရာမှ မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းလာသော ဆိုင်ကယ် (၃၂) စီးအား မူးယစ်နှိမ်နင်း ရေးအဖွဲ့နှင့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တို့က ပူးတွဲဖမ်းဆီးခဲ့သည်။

ယခုလ (၁၃) ရက်နေ့ မနက် (၂) နာရီဝန်းကျင်တွင် ဖမ်းဆီးခံခဲ့ရသော အဆိုပါ ဆိုင်ကယ်များကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့တွင်းသို့ ခိုးသွင်းရန် တာဝန်ခံခဲ့သူ ယာဉ်ထိန်းရဲ ဒု-ရဲအုပ် သန်းစိုးနိုင်ကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီးဖြစ်ကြောင်း ဌာနဆိုင်ရာများနှင့် နီးစပ်သူ တာချီ လိတ်မြို့ခံတဦးက ပြောသည်။

တာချီလိတ်မြို့ခံက “အဲဒီဆိုင်ကယ်တွေက တရားဝင် ဖြတ်သန်းခွင့် မရှိဘူးလေ။ ဒီလိုပဲ ပိုင်ရာ ဆိုင်ရာတွေပဲ တရားမ၀င်လမ်းကနေ ကူးစားနေကြတာပေါ့နော်။ သူတို့ကဗျာ ရှင်းရှင်းပြောမယ် ဆိုရင် စားလို့ရတဲ့ဟာတွေကို ဘယ်သူ့မှ မပေးတဲ့အခါကျတော့ မူးယစ်နဲ့ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့က ၀င်ဖမ်းတာ” ဟု ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထားသည့် Honda Dream, Honda Wave X နှင့် Wave I အမျိုးအစား အဆိုပါဆိုင်ကယ်များကို ဖမ်းဆီးစဉ်က (၃၂) စီးဖြစ်သော်လည်း တာချီ လိတ် ရဲစခန်းသို့ (၂၉) စီးသာ ရောက်ရှိသောကြောင့် တာဝန်ရှိသူများအကြား အငြင်းပွားမှုများ ဖြစ်နေသဖြင့် ယင်းအမှုကို တာချီလိတ်ခရိုင်အဆင့်က မကိုင်နိုင်တော့ဘဲ တိုင်းအဆင့်သို့ တင်ထား ကြောင်း သိရသည်။

“အရင်ကတည်းက ရဲတွေက အဲဒီလို ခိုးဆိုင်ကယ်တွေကို မြို့ထဲ စီးစီးဝင်လာနေတာ တွေ့နေကြ တာပဲ။ ဒီမှာက အဲဒီလိုမျိုး ပစ္စည်းကူးတယ်ဆိုရင် အကြောင်းကို ကြားရတယ်။ အကြောင်းကြား ပြီးမှ ပေးသင့်တဲ့အဖွဲ့အစည်းကို ပေးရတယ်။ ဒါပေမယ့် တချို့အဖွဲ့အစည်းက သူတို့ ဘာမှမသိရ ဘူးဆိုရင် ၀င်ဖမ်းလို့လည်းရတယ်။ လုပ်မယ်ဆိုရင် အကုန်လုံးကို လိုက်ပေးနေရတော့မှာ” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

သို့သော် တာချီလိတ်ရဲစခန်းမှ တာဝန်ကျ ရဲတာဝန်ခံတဦးကမူ ဖမ်းမိဆိုင်ကယ်အရေအတွက်မှာ (၃၂) စီးမဟုတ်ဘဲ (၂၉) စီးသာဖြစ်ကြောင်း၊ ဒု-ရဲအုပ် သန်းစိုးနိုင်ကိုလည်း ဖမ်းဆီးထားခြင်း မရှိကြောင်း၊ တရားခံအမျိုးသားတဦး မိထားသော်လည်း အမည်ကိုမူ ၎င်းအနေဖြင့် ဖော်ပြခွင့် မရှိကြောင်း ပြောသည်။ တရားခံကို သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၅-၁ နှင့် စွဲဆိုထားပြီး မြို့နယ်တရားရုံးသို့တင်ထားကြောင်း ပြောသည်။

တစီးလျှင် ဘတ်ငွေ (၅) သောင်းကျော် တန်ဖိုးရှိသော အဆိုပါ ဆိုင်ကယ်များအား မယ်ဆိုင်မြို့မှ လှေငယ်များဖြင့် တင်ဆောင်၍ နှစ်နိုင်ငံကြားရှိ ရေချောင်းကိုဖြတ်ပြီး တာချီလိတ်သို့ ခိုးသွင်းခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်ကူးခအဖြစ် တစီးလျှင် ဘတ် (၆,၀၀၀) ပေးရကြောင်း သိရသည်။

“နေရာက တာချီလိတ် ဆန်စိုင်းဂရင်းရေဆိပ်ပေါ့။ တရားမ၀င်ပစ္စည်းတွေဆိုရင် ညဖက်ဆို အဲဒီကနေ ဖြတ်ကြတာပေါ့ဗျာ။ လှေလေးတွေပေါ်တင်ပြီးမှ ဖြတ်တာ။ လှေတစီးဆိုရင် (၅) စီး (၆) စီး လောက် ဆန့်တာပေါ့။ ၀ယ်တာကတော့ ထိုင်းဘက်ကမ်းမှာ သွားဝယ်လို့ရတယ်။ ဒါပေမယ့် ဒီဟာကြီးကို တံတားကနေ ဖြတ်လာလို့မရဘူး။ ပွဲစားတွေကနေတဆင့် ချိတ်လိုက်လို့ရှိရင် သယ်ပေးတယ်။ ဒါပေမယ့် အဖမ်းဆီးခံရရင်တော့ သူတို့က တာဝန်မယူဘူး” ဟု တာချီလိတ်မြို့ခံ အခြားတဦးက ပြောသည်။

အဆိုပါ ထိုင်းဆိုင်ကယ်များ၏ ဈေးနှုန်းသည် ယခင်က ဘတ် (၄) သောင်းကျော်သာ ရှိသော် လည်း မြန်မာစစ်အစိုးရက ဆိုယ်ကယ်လိုင်စင်များ ချပေးမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း
ဘတ် (၅) သောင်းကျော် ဖြစ်သွားကြောင်း၊ တာချီလိတ်တွင် ဘတ် (၆) သောင်းခန့်နှင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်သွားလျှင်မှု ကျပ်ငွေဖြင့် (၂) သန်းကျော်မှ (၄) သန်းအကြား ဖြစ်သွားနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ခိုးသွင်းလာသော ဆိုက်ကယ်များကို တစစီဖြုတ်၍ အပေါ်၌ ကုန်များဖုံးတင်ကာ ကားများဖြင့် တောင်ကြီး၊ ကျိုင်းတုံနှင့် မန္တလေးဘက်သို့ ပြန်လည် တင်သွင်းကြကြောင်း သိရသည်။ ။

သတင်းဆောင်းပါး
ရှင်လျှက်နှင့် သေနေသူများ
မိုးအောင်တင်/ဖျာပုံ | ဇူလိုင် ၁၈၊ ၂၀၀၈
တထပ်ပျဉ်ထောင်အိမ် ကလေးမှာ ဘယ်ဘက်သို့ ယိုင်နဲ့လျက်ရှိပြီး ပြိုမကျသွားအောင် မျောတိုင်သုံးတိုင်ဖြင့် ထောက်ထား ရသည်။ အိမ်ပေါ်လှမ်းတက်လိုက်သည့် အခါအိမ်မှာ အနည်းငယ်လှုပ်ခါသွားပြီး နောက်ဘက်မီးဖိုချောင် အကာမှာ ပွင့်လျက် ရှိပြီး ယခုအခါ သွပ်ပြားအဟောင်း တချပ်ဖြင့် ကာထားသည်ကို တွေ့ရသည်။


ပုဂ္ဂလိက အလှူရှင်များလှူမည့် ဆန်ကို စောင့်နေမျှော်နေကြသည့် လေဘေးဒုက္ခသည် ကံစုရွာသားများ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

၁၅ပေအကျယ် ပေ၂၀အရှည်ခန့်ရှိသည့် အိမ်အတွင်းတွင်တော့ တံခါးနှစ်ချပ်စလုံးမရှိသည့် ဘီရိုတစ်လုံးနှင့် မှန်ဘီရို တလုံးကို တွေ့ရသည်။ မုန့်ထုပ်များ၊ ဆေးလိပ်များနှင့် တိုတိုထွာထွာ အိမ်အသုံးအဆောင်များကို ချိတ်ထားသောကြောင့် အိမ်ဆိုင် ရောင်းနေသည်ဟု သဘောပေါက်နိုင်သည်။

အဆိုပါ အိမ်မှာအသက် ၃၈ နှစ်အရွယ် ကိုဝင်းဌေးနှင့် သူ့ဇနီး၊ ဇနီးဘက်က မောင်တွေနေထိုင်ကြပါသည်။ နာဂစ်မုန်တိုင်း တိုက်ပြီး ရေကြီးသည့်ညက ရွာနှင့် ၁ မိုင် မရှိတရှိအကွာအဝေး မုတ္တမပင်လယ်ကွေ့ကပင်လယ်ရေများ မြေသားနှင့် ဖို့ထားသောတာကို ချိုးကာ မိနစ်ပိုင်းအတွင်း ၀ါးလုံးထိုး ထိုးဝင်လာသည်ဟု ဆိုပါသည်။

ပင်လယ်ရေနှင့် လေကြောင့် ရေတွေအိမ်ထဲ လည်းဝင် နောက်ဖေးနံရံ လည်းပွင့်၊ အိမ်ကိုလည်းပဲ ယိမ်းယိုင်စေကာ အိမ်ထဲ က ပစ္စည်းတွေက ပွင့်သွားတဲ့ အိမ်ဘေး ပေါက် ကနေ ရေနှင့်အတူ အားလုံး မျောထွက်ကုန်ပြီး အ၀တ်အစားထည့်သည့် ဘီရို တလုံးသာ မှောက်ရက်ကျပြီး အိမ်ထဲမှာ ကျန်ခဲ့သည်။ ကိုဝင်းဌေးတို့ မိသားစုတွေလည်း တွယ်မိတွယ်ရာ တွယ်ပြီး အသက် ချမ်းသာရာရခဲ့ကြပါသည်။

နောက်တနေ့တွင် “အိမ်နီးနားချင်း၊ ရွာနီးနားချင်း တွေ၊ ဆွေမျိုးတော်စပ်သူတွေ အသက်ပေါင်း များစွာ ဆုံးရှုံးသွားတာ မြင်ရကြားရတော့ စိတ်ထဲမှာ ဘယ်လိုထိခိုက်မှန်း မသိဘူး” လို့ ကိုဝင်းဌေးရဲ့ ဇနီးက ပြောပါသည်။

သူ့ဇနီးဖြစ်သူလည်း အိမ်ဆိုင်ကို ပြန်မဖွင့်နိုင်ဘဲ လျှောက်သွားနေခဲ့သည်ကို ကိုဝင်းဌေးက“ အိမ်ဆိုင်လေးပြန် ဖွင့်တာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ကျနော့်မိန်းမလည်း မုန်တိုင်းတိုက်ပြီးကတည်းက စိတ်တွေလေနေပြီး အိမ်မကပ်တာ နှစ်လ ကျော်တယ်။ ကိုယ့်မိသားစုက အသက်မဆုံးရှုံးကြပေမယ့် ဒီရွာမှာရှိတဲ့ ကျနော့်ဘက်က အမျိုးတွေ၊ ဟိုဘက်ရွာမှာ ရှိတဲ့ သူ့ဘက်က အမျိုးတွေထဲက ရေထဲပါသွားပြီး သေကြတော့ အဲဒီမိသားစုတွေ ဆီသွားလည်ပြီး အားပေးရတယ်”ဟု ပြော သည်။

အဆိုပါရွာကလေးသည် ဖျာပုံမြစ်ဝအနီး မုတ္တမပင်လယ်ကွေ့နံဘေးမှာရှိသော ကံစုဆိုသည့် ရွာပင်ဖြစ်ပါသည်။ အိမ်ခြေ ၄၀ခန့်ရှိပြီး ရွာသား အများစုမှာ လယ်ယာစိုက်ပျိုးခြင့်နှင့် အသက်မွေးကြသော ရွာဖြစ်သည်။ ယင်း ရွာတွင် မုန်တိုင်းကြောင့် အသေအပျောက်က လူ ၄၀ ခန့်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းထဲက အခြားသော ရွာများလိုပဲ တသက်တွင် တကြိမ်သာကြုံ ဖူးရလောက်သော ပြင်းထန်သည့် နာဂစ် မုန်တိုင်းဒဏ်ခံစားရပြီး တသီးပုဂ္ဂလိက အလှူရှင်မျာမှလွဲလျင် အစိုးရ၏ အကူအညီမရဘဲ မိမိဘာသာ ရုန်းကန်ကြရပါသည်။

အဆိုပါရွာမှ ကျောင်းထိုင် ဆရာတော်ကိုယ်တိုင်က ဒကာ ဒကာမများ အသက်ဆုံးရှုံး ဥစ္စာပစ္စည်း ဆုံးရှုံးတာကို မြင်ရပြီး စိတ်ထိခိုက်ကာ ပျက်စီးသွားသော ဘုန်းကြီးကျောင်းကို ပြန်ပြင်ရန်ပင် စိတ်ဓာတ်ခွန်အားရော ရုပ်ဝတ္တု ခွန်အားပါ လျော့နည်းနေသွားခဲ့ရကြောင်း ဆရာတော်၏ တပြည့် ဦးပဉ္ဖင်းတပါးက ပြောပြသည်။

အဆိုပါဦးပဉ္ဖင်းက“အသက်ဆုံးရှုံးသွားကြတဲ့ အထဲ ဆရာတော်နဲ့ ညီမတော်သူ၊ အမတော်သူတွေ အများကြီးပါတာမို့လို့ ဆရာတော်လည်း စိတ်ဓာတ်ကျပြီး ဒကာတွေရဲ့ အိမ်မှာပဲ တလှည့်စီ သီတင်းသုံး နေခဲ့တယ်၊ ကျောင်းပြန်ပြင်ဖို့ မြို့တက် အကူအညီတောင်းဖို့၊ အလှူရှင်တွေရှာဖွေ ဆက်သွယ်ဖို့ကို တပြည့် ဦးပဉ္ဖင်းတပါးက ဆရာတော်ကို တိုက်တွန်းရတယ်”လို့ ပြောပါတယ်။

မုန်တိုင်းတိုက်အပြီး ရွာက ဒုက္ခရောက်နေသူတွေအားလုံးကို ရှိသည့်ဆန်နှင့် တပတ်နီးပါး ချက်ပြုတ်ကျွေးပြီး သူ့အိမ် ပေါ်မှာ လက်ခံထားခဲ့သူ လယ်သမားကြီး ဦးကျော်စိန်ကလည်း နာဂစ်ပြီးနောက် ရွာသားများ၏ စိတ်အခြေအနေကို ယခုလိုပြောပြသည်။

“အဲဒီအချိန်က အိမ်မှာ လူရာကျော်အတွက် ထမင်းချက်တဲ့ အခါ ပုံမှန်စားနိုင်တာရဲ့ ၄ပုံ၁ပုံပဲ ကုန်တယ်။ စိတ်ထိခိုက်ပြီး ထမင်းတောင် မစားနိုင်ကြဘူး။ လူတိုင်းလည်း မျက်နှာမကောင်းကြဘူး၊ အချင်းချင်း မိသားစုတွေသေသွားတာကို ပြန် ပြောကြ ငိုကြ၊ တခါတခါ ညသန်းကောင်ကျော် ထပြီးငိုတဲ့ သူတွေလည်းရှိတယ်။ အဲဒီရက်တွေက နေစရာ ပြန် မလုပ် နိုင်သေးတော့ ကျနော်တို့ အိမ်မှာပဲ စုပြီးနေကြစားကြတော့ အဲဒီအဖြစ်အပျက်တွေ မြင်ခဲ့ရတယ်”ဟု ဦးကျော်စိန်က ပြောသည်။


နာဂစ်ဒဏ် ခံခဲ့ရသည့် ကံစုရွာမှ ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

မုန်တိုင်းတိုက်ပြီး တလကျော် နှစ်လနီးလာသည့်အချိန်တွင် ရွာအခေါ် ဝေခြမ်းရေးဟု ခေါ်သောပုဂ္ဂလိက အလှူရှင်များ လည်း လာတာ မရှိသလောက်ဖြစ်သွားပြီး လယ်စိုက်ရန် အချိန်လည်းသိပ်မကျန်တော့ပေ။ ယခုအချိန်ထိ အစိုးရဆီမှ ထွန်စက်တလုံး၊ ကျွဲနွားတကောင်မှ မရသေးဘဲ ဒီဇယ်ဆီ ခွဲတမ်းအနည်းငယ်သာ လယ်သမား တချို့ရကြောင်း သိရသည်။ ယခုအခက်ခဲဆုံးမှာ မျိုးစပါး အခက်အခဲဖြစ်ကြောင်းလည်း ဦးကျော်စိန်က ပြောသည်။

“ပြီးခဲ့တဲ့တစ်ပတ်ကျော်က ရွာနီးချုပ်စပ်ကိုလှည့်ပြီး မျိုးစပါးလိုက်ဝယ်တယ်။ ပေါက်မလားမေးတော့ ပေါက်မယ်လို့ ဆို တယ်။ ဒါပေမယ့် မျိုးဖေါက်တော့ တ၀က်ကျော်ကျော်မပေါက်ဘူး၊ ကုန်ထားသမျှ ငွေလည်းရှုံးတဲ့ အပြင် အချိန်ပါဆုံး ရှုံးတယ်။ အခုဆိုရက်က သိပ်မကျန်တော့ မနက်ဖြန် မျိုးစပါး ရှာဝယ်ထွက်ရဦးမယ်၊ မျိုးစပါး တတင်းကို တသောင်း ကျော်နဲ့ ၀ယ်လဲ မပေါက်ဘူး။ အခုထက်ထိ တင်း ၁၄၀ ကျော်မပေါက်လို့ ရှုံးပြီးပြီ”ဟု ဦးကျော်စိန်က ဆက်ပြောသည်။

ကံစုရွာက ဦးကျော်စိန်ကဲ့သို့ ကွမ်းခြံကုန်းမြို့နယ် ကျောင်းစုရွာကလယ်သမားတွေ၊ တိုးမြစ်နံဘေး ကျုံကနန် ရွာကလယ် သမားတွေ အားလုံးသည် စပါးစိုက်ရန် နောက်ဆုံးကျန် ရက်အနည်းငယ်တွင် မျိုးစပါးနှင့် စိုက်ပျိုးနိုင်ရေးတို့အတွက် ပူပင် နေကြသည်ကို ကြားသိရသည်။

ကံစုရွာ လယ်သမားများအတွက် မိုးစပါးစိုက်နိုင်ရေးသည် သူတို့ ဘ၀ အတွက် အရေးကြီးသည့် အခြေအနေဖြစ်နေပြီး အစိုးရထံမှ မျိုးစပါး၊ လယ်ထွန်စက်၊ လောင်စာဆီစသည် ရရှိရန် မျှော်လင့်သော်လည်း ကားလမ်းနှင့် ဝေးလံသော နေရာ၊ ကြိမ်ချောင်းကြီးလို၊ ပြင်ခရိုင်လို၊ လှိုင်းဘုန်းလို မီဒီယာတွင် အသိများသော ရွာများမဟုတ်ပါက အစိုးရ၏ အကူအညီများ မရောက်သည်ကို တွေ့ရသည်။

လူသိနည်းသော ကျေးရွာများဆီ ပုဂ္ဂလိက အလှူရှင်ကလွဲလျင် အစိုးရလည်းမလာ မည်သည့်ကုမ္ပဏီမှလည်း မလာ သောကြောင့် မုန်တိုင်းအလွန် နှစ်လကျော်လာပြီးသည့်နောက်တွင် ကံစု ကျေးရွာကလူများမှာ ကိုယ်ထူကိုယ်ထ ကြိုးစား နေကြရသည်ကို တွေ့မြင်ရပါသည်။

လွန်ခဲ့သည့် နှစ်လက ရွာသားများ၏ မျက်နှာကို ပြန်အမှတ်ရပြီး ကိုးဝင်းဌေးက“အဲဒီရက်က အသက်ရှင်လျက် ကျန်ခဲ့တဲ့ လူတွေရဲ့ မျက်နှာဟာ သေနေတဲ့လူတွေလို ဖြစ်နေတယ်၊ မိသားစုတိုင်းနီးပါးမှာ သေကြ ဆုံးရှုံးကြတာမို့ အားလုံးရဲ့ မျက်နှာ မှာ အဲဒီ ဒဏ်တွေ ပေါ်နေတာ”ဟု ပြောပြပါခဲ့သည်။

ဆောင်းပါး Printable View
ကရုဏာတရားကို လက်တွေ့ပြသသူ
ကျော်စွာမိုး/မဲဆောက် | ဇူလိုင် ၁၈၊ ၂၀၀၈
ကရုဏာတရား၏ အဓိပ္ပာယ်ကို မြန်မာလူမျိုးများ အမှန်တကယ် နားလည်ပါ၏လော။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသ များတွင် ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဦးစီးဦးဆောင်လုပ်ကိုင်နေသော ထင်ရှားကျော် စောသည့် ဆရာတော်တပါး၏ အဆိုအရမူ နားမလည်သေးဟု ဆိုရပေလိမ့်မည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဆေးခန်းတခုတွင် လူနာတဦးကို သီတဂူဆရာတော်မှနေ၍ နှစ်သိမ့်နေစဉ်
“လူတွေ အိုးအိမ်မဲ့ကြရတယ်၊ ရဟန်းသံဃာတွေလည်း နေစရာမရှိ။ အဲဒီလို ကြားရတဲ့အခါမှာ တရားနာ ပရိသတ် ဘယ်လိုခံစားရမလဲ လူပေါင်း တသိန်းသုံးသောင်းကျော် သေကြေခဲ့ရပြီး ၂. ၄ သန်းလောက် ဆိုးဆိုးရွားရွား ဒုက္ခ ကြုံတွေ့ခဲ့ရတယ် ဆိုရင်ကော ဘယ်လိုခံစားရမလဲ”

ထိုမေးခွန်းကို မေးမြန်းအပြီးတွင် ဆရာတော်က ခေတ္တမျှ ငြိမ်သက်၍ တရားနာ ပရိတ်သတ် ၃၀၀၀ ခန့်ကို ကြည့်နေ သည်။ ဤတရားပွဲကို မြန်မာနိုင်ငံ၊ မြ၀တီမြို့ တဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ရှိ တောရ မြန်မာဘုန်းတော် ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ တရားနာပရိသတ်ကြီးက သူတို့အတွက် စိုးရိမ်တယ်၊ ပူပန်တယ်လို့ ခံစားရရင် အဲဒါ ကောင်းတယ်။ သဘောက တရားနာပရိသတ်ကြီးမှာ ကရုဏာတရား ရှိတယ်လို့ ဆိုလိုတာပဲ” ဟု ဆရာ တော်က ဆက်မိန့်ကြား ခဲ့သည်။

သို့သော် တရားနာလူထု၏ စိတ်ထဲ၌ ဆရာတော်ထိုသို့ မြွက်ကြားသည့်အပေါ် ကျေနပ်ပီတိ မဖြစ်ရသေးခင် ပင်တွင် ဆရာတော်က ဆက်၍ “ကောင်းတော့ ကောင်းတယ် ပရိသတ်ကြီး။ ဒါပေမယ့် မပြီးသေးဘူး” ဟု ဆိုလိုက်သည်။

ဤတရားပွဲတွင် ဟောကြားနေသည့် ဆရာတော်မှာ မြန်မာနိုင်ငံ၏ အထင်ကရဆရာတော်များအနက် တပါး ဖြစ်တော်မူသော သီတဂူဆရာတော်ဟု လူသိများသည့် ဒေါက်တာ အသျှင် ဉာဏိဿရ ဖြစ်သည်။ လွန်ခဲ့ သော ဇွန်လအကုန်ပိုင်းက ဆရာတော်သည် ထောင်သောင်းချီသော မဲဆောက်နေ မြန်မာလူထုကို ကရုဏာ တရားတော်အကြောင်း ဟောကြားရင်း နာဂစ်ဆိုင်ကလုန်းတိုက်ခတ်အပြီး သန်းနှင့်ချီ၍ ဒုက္ခရောက်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများအတွက် အကူအညီများ အလှူခံရန် ကြွချီလာခဲ့ခြင်း ဖြစ်သည်။

မေလ ၂ ရက်၊ ၃ ရက် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ သီတဂူဆရာတော်က သူ၏ နောက်လိုက် ဒါယိကာ၊ ဒါယိကာမများကို စုစည်း၍ မုန်တိုင်းဒဏ်သင့်ခံခဲ့ရသော မြို့တော်ဟောင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ဘ၀တူ နိုင်ငံသားများအတွက် အကူအညီများ ပေးပို့နိုင်ရန် စတင် လုပ်ဆောင်လာခဲ့သည်။ ဆရာတော်၏ မြွက်ကြားချက်က ရိုးရိုးရှင်းရှင်းပင် ဖြစ်၏။ ကရုဏာတရားက အရေးကြီးပါသည်။ သို့သော် ဤတခုတည်းမျှနှင့်မပြီး။ လက်တွေ့အလုပ်နှင့် ပေါင်းစပ်ရမည်ဟု ဆိုသည်။

“ကရုဏာတရားမရှိရင် ခင်ဗျားဟာ တာဝန်မဲ့သူ တဦးဖြစ်သွားမှာ” ဟု သက်တော် ၇၁ နှစ် အရွယ် ဆရာတော်က ဘုန်းကြီး ကျောင်း ခန်းမထဲတွင် နေရာမရသောကြောင့် ကျောင်းပြင်ပ မြေကြီးတွင် ထိုင်ကာ တရားနာနေရသည့် ပရိသတ်ကို မိန့်ဆိုလိုက်သည်။

“ဒါပေမယ့် ကရုဏာတရားကို စိတ်ထဲ၊ စကားလုံးထဲမှာထားရုံနဲ့ မုန်တိုင်းသင့်ဒေသက ဒုက္ခသည်တွေကို ကူညီရာ မရောက် ဘူး။ အဲဒီလို ကရုဏာတရားက ငတ်မွတ်နေတဲ့ လူတွေအတွက် အစားအစာ ရောက်လာ အောင် ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူး” ဟု ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။

ဆရာတော်သည် သူဟောကြားခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ရင်း အလုပ် များနေခဲ့သည်။ မုန်တိုင်းတိုက် ခတ်ခံရပြီးချိန်မှစ၍ သီတဂူ နိုင်ငံတကာ ဗုဒ္ဓသာသနာပြုအဖွဲ့ကြီးသည် ဧရာဝတီတိုင်း အတွင်း ရှိ မုန်တိုင်းသင့် ဒေသများသို့ ကုန်းလမ်းမှ တသွယ်၊ ရေလမ်းဖြင့် တနည်း အထောက်အပံ့ ပစ္စည်းများ စတင် ပေးပို့ ကူညီနေခဲ့သည်။ ၎င်းဗုဒ္ဓသာသနာပြု အဖွဲ့ကြီးကို ဆရာတော်ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးတို့ ဘိုကလေးကနေ အမာရွာအထိ ရောက်ခဲ့တယ်။ ပြီးတော့ မြစ်ကိုဖြတ်ပြီး ကဒုံကနိဘက်ကို ကူးတယ်။ ဘိုကလေးကို ပြန်လာပြီး မြစ်တဖက်ကမ်းက ရွာတွေကိုလည်း သွားခဲ့သေးတယ်” ဟု ဆရာတော်က တွေ့ဆုံမေးမြန်းခန်း တခုတွင် ထိုဒေသ၏ မြေပုံကို ထောက်ပြရင်း မိန့်ဆိုခဲ့သည်။

သဘာဝ ကပ်ဘေးဒဏ် ခံခဲ့ရသည့် ဒေသကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် စိတ်ထိခိုက် ခံစားခဲ့ရပြီး ရှေ့လုပ်ငန်းများ လုပ်ဆောင်ရန် တွန်းအားပေးသလို ဖြစ်စေခဲ့သည်ဟု ဆို၏။

“ဘုန်းကြီးရဲ့ ဒါယိကာ၊ ဒါယိကာမတွေ၊ သံဃာတွေ အခုလို ဆိုးဆိုးရွားရွား ဒုက္ခရောက်နေတာကို တွေ့ခဲ့ရတော့ နှလုံးသား ထဲကို အပ်အစင်းပေါင်း တရာလောက် စိုက်ဝင်သွားသလို ဘုန်းကြီးခံစားခဲ့ရတယ်” ဟု ပြောပြခဲ့သည်။

သဘာဝ ကပ်ဆိုးကျရောက်ပြီး ရက်သတ္တပတ်မျှ မပြည့်မီ အချိန်တွင် သီတဂူနိုင်ငံတကာ ဗုဒ္ဓ သာသနာပြု အဖွဲ့ကြီးသည် မြစ်ဝကျွန်းပေါ်ဒေသအတွင်း အပျက်စီးဆုံး ဒေသများဖြစ်သော ကဒုံကနိ၊ အမာ၊ စက်ဆန်းနှင့် ကွမ်းသီးချောင်းကျေးရွာ များတွင် အရေးပေါ် ကယ်ဆယ်ရေး ဌာနများနှင့် ဆေးပေးခန်းများ ဖွင့်လှစ်ကူညီပေး နိုင်ခဲ့သည်။

မုန်းတိုင်းတိုက်ပြီး တလအတွင်း သာသာနပြုအဖွဲ့ကြီးက မုန်တိုင်းဒဏ်ခံရသည့် ဒေသအတွင်းရှိ ဘုန်းတော် ကြီးကျောင်း ပေါင်း ၁၃၄၄ ကျောင်းကို အထောက်အပံ့များ ပေးခဲ့သည်။ သာသာနာပြုအဖွဲ့ကြီး၏ အသေး စိတ်ဖေါ်ပြထားသော ငွေစာရင်း အရ ဘုန်းကြီးကျောင်းတကျောင်းအတွက် အမိုးများပြင်ရန် သွပ်ပြားများ ထောက်ပံ့ပေးခဲ့ပြီး ကျပ်ငွေ တသိန်းမှ တသန်း အထိ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

သာသာနာပြုအဖွဲ့ကြီးသည် ငွေကြေးအပြင် တခြားလိုအပ်သော ပစ္စည်းများဖြစ်သည့် အစားအစာ၊ ဆေးဝါး၊ အ၀တ်အထည်၊ ခြင်ထောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများကိုလည်း မြို့နယ် ၆ ခု အတွင်းရှိ ကျေးရွာ ၉၀၀ မှ ဒုက္ခသည်များကို ထောက်ပံ့ပေး နိုင်ခဲ့ကြသည်။ ကူညီထောက်ပံ့ရေးပစ္စည်းများကို ထရပ်ကား အစီး ၃၀၀ ကျော် သုံး၍ ဝေငှပေးခဲ့ကြသည်။

ပြည်တွင်း၊ ပြည်ပမှ ကူညီလှူဒါန်းကြသော ငွေကြေးများဖြင့် သာသနာပြုအဖွဲ့ကြီးသည် အစိုးရပိုင်ဆေးရုံ ၃ ရုံကို ခွဲစိပ်ခုတင် များမှသည် အာထရာဆောင်းစက်၊ နှလုံးလှိုင်းစစ်ဆေးစက် (ECG) စသည့် ကုသရေး ကိရိယာ များနှင့် ငွေသား အမေရိကန် ဒေါ်လာ ၁၅၀၀၀၀ ကူညီထောက်ပံ့နိုင်ခဲ့သည်။

ဘိုကလေးမှ ပြန်ရောက်လာသော ဒေသခံ အန်ဂျီအိုဝန်ထမ်းတဦးက သီတဂူဆရာတော်၏ ပေးပို့ကူညီမှုများကို ဒုက္ခသည် များ လက်ခံရရှိကြပြီး ဆရာတော်အပေါ် လူထုက ကြည်ညိုလေးစားပုံကို ၀န်ခံ အတည်ပြု ပြောပြခဲ့သည်။ သာသနာပြု ဆရာတော်များ၏ သံန္နိဌာန် ခိုင်ကျည်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသော တခြားသူများနှင့် မတူ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် အခြေအနေကိုလည်း သူက ခွဲခြားပြောပြခဲ့သည်။

“မုန်တိုင်းတိုက်ပြီး ၂ လလောက်အကြာမှာ စေတနာ့ဝန်ထမ်း ကူညီသူတွေကို ရှားရှားပါးပါးပဲ တွေ့ရ တော့တယ်။ နောက်ဆုံး ကျန်ခဲ့တဲ့ အင်အားစုကတော့ သံဃာတော်တွေပါပဲ” ဟု အမည်မဖေါ်လိုသူ ထို ၀န်ထမ်းက ဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် သီတဂူဆရာတော်က မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များကို ခေါက်ဆွဲ ခြောက်ထုပ်များ ပေးဝေငှနေစဉ်
မုန်တိုင်းဒဏ်ခံခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ် တွင် အစားအစာနှင့် နေရာထိုင်ခင်း စီစဉ်ကူညီ ပေးထားသော ဘုန်းကြီးကျောင်းများမှ ခိုလှုံနေ သည့် ဒုက္ခသည်များကို အစိုးရအာဏာပိုင်များက မောင်းနှင် ထုတ်ခဲ့သော်လည်း သံဃာတော်များက ကူညီထောက်ပံ့မှုများ ဖြန့်ဝေပေးပို့သည့် လုပ်ငန်း များတွင် အဓိက အခန်းကဏ္ဍမှ ဆက်လက် ပါဝင် နေကြဆဲဖြစ်သည်။ သဘာဝဘေးဒဏ်ခံခဲ့ရသော ဒေသများသို့ တခြားသော စေတနာ့ဝန်ထမ်း အလှူရှင်များ ၀င်ရောက်ခွင့်မရသော်လည်း သံဃာတော်များ၊ အထူးသဖြင့် သီတဂူဆရာတော် ကဲ့သို့သော အများပြည်သူလေးစားကြည်ညိုသည့် သံဃာတော်များက ထိုဒေသများအတွင်း လွတ်လပ်စွာ သွားလာနိုင်၍ အကူအညီပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြသည်။

မန္တလေး မဇ္ဖျိမဂုဏ်ရည် ဆရာတော်၊ ဓမ္မစေတီ ဆရာတော်နှင့် ရန်ကုန်မှ ရွှေညာဝါ ဆရာတော်အပါအ၀င် တခြားထင်ရှား သော ဆရာတော်များကလည်း မုန်တိုင်းသင့် ဒုက္ခသည်များကို အကူအညီပေးရာတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြ သည်။ ဆရာတော်များသည် လှူဖွယ်ပစ္စည်းများကို လက်ခံခြင်းသာမက အမှန်တကယ် လိုအပ်နေသည့် ဒုက္ခသည်များထံ အကူအညီများကို တိုက်ရိုက် ပို့ဆောင်ပေးကြသည်။

ရွှေညာဝါကျောင်းတိုက်မှ ၀ါတော်ရ ဆရာတော်တပါးက သူ၏ကျောင်းမှ သံဃာတော်များ၊ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်း များနှင့်အတူ ဆေးဝါးကိရိယာများ၊ အထောက်အပံ့ပစ္စည်းများပါသော နှစ်ထပ်သင်္ဘော တစင်းဖြင့် လပ္ပတ္တာမြို့နယ်အတွင်း လှည့်လည်သွားလာ ကူညီနေခဲ့သည်ဟု ဆိုသည်။ ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာ နာမကျန်းသူများ၊ မုန်တိုင်းကြောင့် ဒဏ်ရာ အနာတရရှိခဲ့သူများကို ကူညီရန်နှင့် သေဆုံးခဲ့ သူများအတွက် ဘာသာရေးထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်ပေးရန်ဖြစ်သည်ဟု ထိုဆရာတော်က ပြောပြခဲ့ သည်။

အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများထံမှ အကူအညီတစုံတရာ မရရှိသေးသော ဒုက္ခသည်များအတွက် ပုဂ္ဂလိကအလှူရှင်များက ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းကြပြီး သံဃာများ ကလည်း အမှန် တကယ် ရရှိရန် ပို့ဆောင် ကူညီခဲ့ကြသည်။ ပြည်သူအများစုကလည်း တရားဝင်အဖွဲ့အစည်း များထက် ပို၍ယုံကြည်ရ၊ လေးစားရသော ဘုန်းကြီး ကျောင်းများမှတဆင့် လှူဒါန်းလိုကြသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် လူထုခံစားနေရသော စီးပွားရေးအကျပ် အတည်းကို လူထုကိုယ်စား သံဃာတော်များက ဦးဆောင်ရှေ့ထွက်၍ လှုပ်ရှားခဲ့ကြပြီး နောက်ပိုင်းတွင် သံဃာများကို ပို၍ ကိုးစားလာကြသည်။

လူမှုရေးလုပ်ငန်းများဆီသို့ ကူညီထည့်ဝင်လိုစိတ် များပြားလာသော်ငြားလည်း မြန်မာပြည်သူ အများစုသည် ကရုဏာတရား ၏ အဓိပ္ပာယ်ကို အပြည့်အ၀ နားမလည်သေးဟု သီတဂူဆရာတော်က မိန့်ကြားခဲ့သည်။

မြန်မာလူမျိုးအများစုသည် လူမှုရေးကောင်းမှု ကုသိုလ်ထက် ဘာသာရေးကောင်းမှုကုသိုလ်ကို ပို၍ စိတ်ဝင်စားကြသည်ဟု ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ဆရာတော်က မိန့်ကြားခဲ့သည်။ ဤအချက် သည် ထေရ၀ါဒဗုဒ္ဓဘာသာ ယုံကြည်ချက်နှင့် ပတ်သက်နေပြီး တရားထိုင်ခြင်းဖြင့် ကောင်းမှုကုသိုလ် ရနိုင်သည်ဟူသော အချက်ကို အလေးပေးနေကြ ခြင်းဖြစ်သည်ဟု ဆိုသည်။ မဟာယာန ဗုဒ္ဓ ဘာသာကမူ စိတ်ပိုင်း ဆိုင်ရာကျင့်စဉ်၏ အစိတ်အပိုင်းတခုအဖြစ် တခြားသူများ အတွက် အလုပ်အကြွေးပြုခြင်းကို အာရုံစိုက်ကြ သည်ဟု ဆရာတော်က ရှင်းပြခဲ့သည်။

“အလုံပိတ်အခန်းထဲမှာ တရားထိုင်နေရင် ပြင်ပမှာ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီနိုင်မှာ မဟုတ်ဘူး။ ထေရ၀ါဒဗုဒ္ဓ ဘာသာကို မိရိုးဖလာအရ ယုံကြည်ကြတဲ့ မြန်မာလူမျိုးအများစုက ကရုဏာတရားကို အရင်း ခံတဲ့လုပ်ငန်းတွေအပေါ်မှာ သိပ်ပြီး တန်ဖိုးမထားတတ်ကြဘူး။ ဒါကြောင့် နိစ္စဓူဝ လူတိုင်းကို ဒီအကြောင်းပဲ ဘုန်းကြီး ထပ်တလဲလဲ ပြောနေရတာ။ အဲဒီအရာက လူမှုရေးကောင်းမှုကုသိုလ်တွေ ပိုမို ခိုင်မာလာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာတခုဖြစ်တယ်” ဟု ဆရာတော်က ပြောပြခဲ့သည်။

မုန်တိုင်းကပ်ဘေးကြောင့် ဖြစ်ပေါ်ခဲ့ရသော ဒုက္ခရောက်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတခုတည်းသာ နှေးကွေးနေခြင်း မဟုတ်။ တတိုင်းပြည်လုံးက ၎င်းတို့၏ ကရုဏာတရား အရင်းခံသော လုပ်ငန်းများ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်ဟု သီတဂူဆရာတော်က ပြောပြခဲ့သည်။ “အစိုးရတခုတည်းကိုပဲ ဘုန်းကြီး တို့ အပြစ်ပုံချလို့ မရဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကအလှူရှင်များ၏ အခန်း ကဏ္ဍကိုကြည့်ပါက ယင်းလေ့လာချက်က အံအားသင့်စရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသူများသည် တတိုင်းပြည် လုံး၏ လူဦးရေနှင့် ယှဉ်ကြည်ပါက အနည်းစုကိုသာ ကိုယ်စားပြုပြီး သဘာဝ ကပ်ဘေးကြီးအတွက် လိုအပ်သည့် အတိုင်း အတာတခုအထိ စုစည်းနိုင်ရန် တိုင်းသူပြည်သားများ ပျက်ကွက်ခဲ့သည်ဟု ဆရာတော်က ထပ်လောင်း မိန့်ကြားခဲ့သည်။

မြန်မာလူမျိုးများသည် တဦးချင်း ကရုဏာတရားထားရှိရန် သဘောတူ လက်ခံကြသော်လည်း လူ့အဖွဲ့အစည်း တခုလုံးအရ မလိုလားအပ်သောဒုက္ခဘေးများကို ကာကွယ်ဟန့်တားနိုင်ရန်အတွက် စနစ်ယန္တရားတခုအဖြစ် မည်သည့်အခါမှ မပေါ်ထွက်၊ မစုစည်းနိုင်ကြဟု ဆရာတော်က တွက်ဆပြောကြားခဲ့သည်။

“ရုပ်ဝတ္ထုအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ အတတ်ပညာအရ ဖွံ့ဖြိုးမှု မရှိသေးတဲ့ တိုင်းပြည်တွေဟာ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခါမှာ အရမ်းအထိနာ တတ်ကြတယ်။ တကယ်တမ်းကျတော့ ဘုန်းကြီးတို့ တိုင်းပြည်တပြည်လုံး၊ တိုင်းပြည် ရဲ့ စနစ်တခုလုံးက မဖွံ့ဖြိုးသေးဘူး” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာတော်၏ အဆိုအရမူ “ကရုဏာတရားကို အရင်းခံသော ဘုံ လုပ်ငန်းစဉ်” တခုကို တည်ဆောက်ရမည်ဟူ၍ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် တဦးချင်းစီက ကျဉ်းမြောင်းသော တကိုယ်ရေ အကျိုးစီးပွားကို ကျော်လွန်စဉ်းစားရန်ဖြစ်ပြီး တခြားသူများ၏ လိုအပ်ချက် သည်လည်း အလားတူ အရေးကြီးကြောင်း အသိအမှတ်ပြုရမည်ဟု ဆိုသည်။

“အင်္ဂလိပ် စကားလုံးဖြစ်တဲ့ Success ဆိုတဲ့ ဝေါဟာရကို ကြည့်ကြည့်ပါ။ အကယ်၍ U (သင်) ဆိုတဲ့ စကားလုံးကို ဖြုတ် လိုက်ရင် အောင်မြင်ခြင်းဆိုတဲ့ စကားလုံးကို မရနိုင်တော့ဘူး။ ဒါပေမယ့် မြန်မာလူမျိုး အများစုကတော့ ငါ တယောက်တည်း ဘယ်အရာမဆို အကုန်လုပ်နိုင်တယ်။ မင်းကို မလိုဘူးလို့ ထင်မှတ်နေကြတယ်” ဟု ဆရာတောက်က ရှင်းပြသည်။

ဆရာတော်ပြောပြသည့် အချက်သည် တဦးချင်း၏ နေထိုင်မှု ဘ၀တွင်သော်လည်းကောင်း၊ နိုင်ငံများ၏ သမိုင်းကြောင်းတွင် သော်လည်းကောင်း လက်တွေ့ဖြစ်နေသည်ဟု မိန့်ကြားခဲ့သည်။

“မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဒုက္ခတွေ၊ အီရတ်နဲ့ အာဖဂန်မှာဖြစ်နေတဲ့ သတ်ဖြတ်မှုတွေ၊ ကမ္ဘောဒီးယားက လူသတ် ကွင်း စတဲ့အရာအားလုံးဟာ အတ္တကနေ ဖြစ်လာကြတာ။ လူသားတွေ ဖန်တီးထားတဲ့ ကပ်ဘေးဒုက္ခတွေ အားလုံးဟာ အဲဒီ အတ္တရဲ့ တွန်းအားပေးမှုကြောင့် ဖြစ်လာရတာ။ လူတွေဟာ တခြားသူတွေရဲ့ လိုအပ်ချက်တွေနဲ့ သူတို့တွေအတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားဖို့ လိုအပ်တယ်။ အဲဒီလိုမှပဲ အများကောင်းကျိုးအတွက် အတူတကွလုပ်ကိုင်နိုင်မှာ” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

မြန်မာနိုင်ငံသားများသည် အသင်းအဖွဲ့စိတ်ဓာတ်မရှိသောကြောင့် ၎င်းတို့၏ လိုအပ်ချက်ထက် ကျော်၍မကြည့်နိုင်ခြင်းကို ပြသနေသည်ဟုလည်း ဆရာတော်က ဆိုခဲ့သည်။ “အသင်းအဖွဲ့စိတ်ဓာတ်ဆိုတာ မြန်မာနိုင်ငံမှာ အစဉ်အလာအရ တန်ဖိုး မထားခဲ့ကြဘူး။ ဒါကြောင့်ပဲ တိုင်းပြည်က အမြဲတမ်း ပြိုလဲပျက်စီး နေရတာ” ဟု ဆရာတော်က ကောက်ချက်ချခဲ့သည်။


မုန်တိုင်းဒဏ်သင့်ရသည့် ဒေသတွင်းရှိ ဘုန်းကြီးကျောင်းတခုတွင် သံဃာများက ဒုက္ခသည်များထံသို့ အစား အသောက်များ ဝေငှပေးနေစဉ်
“မြန်မာလူမျိုးတွေက သူရဲကောင်းကို ကိုးကွယ်ကြ တယ်အနော်ရထာဘုရင် နတ်ရွာစံသွားတာနဲ့ သူ့ရဲ့ ထီးနန်း ပြိုလဲသွားတယ်။ အလောင်ဘုရား နတ်ရွာ စံသွားတော့လည်း ဒီအတိုင်းပဲ” ဟု အမျိုးသားညီ ညွတ်ရေးအတွက် သြဇာတိက္ကမနှင့် ပြည်စုံသည့် သူရဲကောင်းများအပေါ် မှီခိုအားထားကြပုံနှင့် ပတ်သက်၍ မြန်မာ့ သမိုင်းကြောင်းကို ထောက်ပြ ကာ ဆရာတော်က မှတ်ချက်ချခဲ့သည်။ မြန်မာ့ သမိုင်းတွင် အလားတူ အဖြစ်အပျက်များ အကြိမ် ကြိမ် ဖြစ်ပွားခဲ့သည်ကို ဆရာတော်က ထောက်ပြ ခဲ့သည်။

ဒီမိုကရေစီ အတိုက်အခံအုပ်စုများသည်လည်း အလားတူဖြစ်ရပ် အကျဉ်းအကျပ်အတွင်း ကျရောက်နိုင်သည့် အခြေအနေရှိသည်ဟု ဆရာတော်က ဖြည့်စွက်ပြောပြခဲ့သည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကြည့်။ ဒေါ်အောင်ဆန်းစုကြည် မရှိတော့ဘူးဆိုရင် အလိုလို ပျောက်ကွယ်သွားလိမ့်မယ်” ဟု ဆို၏။

ဒီမိုကရေစီ လှုပ်ရှားမှု၏ ခေါင်းဆောင်များသည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီသို့ ဦးဆောင်ခေါ်ယူရမည့်အစား မြန်မာ လူမျိုးတို့၏ ထုံးတမ်းစဉ်လာထဲ နစ်မြုပ်နေကြပြန်သည်။ သူတို့လမ်း သူတို့ဘာသာလျှောက်ကြရမည့်အစား အပေးအယူ ညှိနှိုင်းမှု ပြုလိုကြသည်ဟု ဆရာတော်က မိန့်ကြားသည်။

“၁၉၈၈ ခုနှစ်က စပြီး ဒီမိုကရေစီလှုပ်ရှားမှု အစိတ်စိတ်အမွှာမွှာ ဖြစ်နေတာ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေကြားမှာ ဘုံတူညီချက် ရှာမရသေးလို့ပဲ။ ဒီအချက်ဟာ ဒီကနေ့ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ဒုက္ခရောက်နေရတဲ့ အခြေခံအချက်တွေထဲက အချက်တခုပဲ” ဟု ဆက်လက် ပြောကြား သည်။

မိမိ အကျိုးစီးပွား တခုတည်းကိုသာ မြင်သော မျက်ကန်းစိတ်ဓာတ်ကြောင့် ပျက်ဆီးခဲ့ရသည့် အဖြစ်အပျက်များကို ညွှန်ပြ၍ ဘာသာရေးခေါင်းဆောင်များက ပြည်သူလူထုကို ပြန်လည် သင်ပြပေးနိုင်လိမ့်မည် ဟုလည်း ဆရာတော်က ဆိုခဲ့သည်။ သို့သော် လူထုအကျိုးအတွက် လုပ်ငန်းများ အတူတကွလုပ်ဆောင်ရန်မှာ ဘာသာရေးခေါင်းဆောင်များအနေနှင့် ဘုရား ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဗလီများ၏ ပြင်ပသို့ ထွက်၍ လုပ်မှသာ အောင်မြင်နိုင်မည်ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဘာသာရေး ခေါင်းဆောင်များ ဦးစီးသော လူမှုလှုပ်ရှားမှု ဖော်ဆောင်ရန် နောက်ထပ် အတားအဆီးတခုမှာ အစိုးရက မည်သို့သော စုစည်းလှုပ်ရှားမှုမျိုးကိုမှ မယုံကြည်ဘဲ သံသယ ရှိနေခြင်းပင် ဖြစ်သည်။ သို့သော် သီတဂူဆရာတော် က နှိုင်းနှိုင်းဆဆဖြင့် မျှော်လင့်ချက်ထားနေသည်။

“တကယ်လို့ ဘာသာရေးခေါင်းဆောင်တွေဟာ တိုင်းပြည်သာယာဝပြောရေးအတွက် တနိုင်တပိုင် ထမ်းရွက်နေတယ်ဆိုတာ အစိုးရက နားလည်ရင် အတူတူ အလုပ်လုပ်ကြဖို့ ခွင့်ပြုပေးနိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေး အုပ်စုတွေက အစိုးရကို တိုက်ခိုက်မယ့်သူ၊ ဝေဖန်မယ့်သူတွေလို့ မြင်ရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း သဟဇာတဖြစ်မှာ မဟုတ်တော့ဘူး” ဟု ဆရာတော်က ကောက်ချက်ချ မိန့်ကြားခဲ့သည်။

မီးသွေး ဈေးကြီးသောကြောင့် ထင်းအစားထိုး သုံးလာ
ကြည်ဝေ | ဇူလိုင် ၁၈၊ ၂၀၀၈
ရန်ကုန်တိုင်းအတွင်းရှိ မီးသွေးသုံးစွဲသူများသည် မီးသွေးဈေးမြင့်မားမှုကြောင့် မီးသွေးအစား ထင်းကို ပြောင်းလဲ သုံးစွဲလာ ကြကြောင်း သိရှိရသည်။

မီးသွေးဈေးမှာ ၂၀၀၈ ဧပြီလကုန်ပိုင်းမှာပင် တပိဿာကျပ် ၃၅၀ ပေါက်ဈေးရှိသော်လည်း မေလဆန်းပိုင်း နာဂစ်မုန်တိုင်း အပြီးကာလတွင် တပိဿာ ကျပ် ၈၀၀၊ ၉၀၀ ဈေးထိ စတင်မြင့်တက်သွားခြင်းဖြစ်သည်။

"မီးသွေးက ဈေးကောင်းလာတော့ လူတွေက မသုံးနိုင်ကြတော့တာလဲ ပါတယ်၊ ထင်းက သုံးရတာ ပိုအလုပ်ရှုပ် ပေမယ့် မီးသွေးထက်တော့ ပိုအသုံးခံတယ်၊ ဒါကြောင့် ခုဆို အရင်က မီးသွေးပုံမှန်သုံးနေတဲ့သူတွေ တောင် ထင်း ကိုပြောင်းသုံးလာ ကြတာ" ဟု အင်းစိန်မြို့နယ်မှ မီးသွေးနှင့်ထင်းအရောင်းဆိုင်လုပ်ငန်းရှင် တဦးက ဆိုသည်။

လက်ရှိ မီးသွေးပေါက်ဈေးမှာ အနည်းဆုံး(အကျိုးအကျေ)တပိဿာ ကျပ် ၅၀၀ ၊ (အလယ်တန်းစား) ကျပ် ၆၀၀မှ (အကောင်းစား) ကျပ် ၈၀၀ ပေါက်ဈေးရှိပြီး၊ ထင်းဈေးမှာ အနည်းဆုံး(အပိုင်းအစအတို)တပိဿာ ကျပ် ၁၀၀၊ (တောစုံ) တပိဿာ၂၀၀ ကျပ် မှ (သစ်မာ)တပိဿာ ကျပ် ၃၀၀ ၊ ပျဉ်းကတိုး တပိဿာ ကျပ် ၃၅၀ ထိပေါက် ဈေး ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းအတွင်းသို့ မီးသွေးအများဆုံးတင်ပို့လျက်ရှိသော ဧရာဝတီတိုင်း၊ ဘိုကလေး မီးသွေးမှာ ယခုအခါ နာဂစ် မုန်တိုင်းကြောင့်တင်ပို့မှု လျော့ကျလာပြီး၊ ရန်ကုန်တိုင်းအတွက် လိုအပ်သော မီးသွေးကို ပဲခူးတိုင်းမှ ၀ယ်ယူ တင်သွင်းနေ ရခြင်းဖြစ်ကြောင်းလည်း အဆိုပါလုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ထင်းနှင့်မီးသွေးသုံးစွဲသူများမှာ ၈၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်ဟု ပြည်တွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တဦး၏ ၂၀၀၄ ခုနှစ် စစ်တမ်းကောက်ယူမှုအရ သိရှိရသည်။

လက်ရှိအခြေအနေတွင် မီးသွေးအရောင်းပါးလျက်ရှိသောကြောင့် ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ယခင်ဈေး တပိဿာ ၃၅၀ ကျပ်နှုန်းကို ပြန်မရောက်နိုင်၍ မီးသွေးသုံးစွဲသူများမှာ ထင်းကို ပြောင်းလဲသုံးစွဲ လာ ကြခြင်းဖြစ်ကြောင်း၊ ယခုအခါ မီးသွေးရောင်းအားမှာ ယခင်လများထက် စာလျှင် ထက်ဝက်ကျော်ခန့် ကျဆင်း သွားသလို၊ ထင်းရောင်း အားမှာမူ ယခင်ကထက် ၂ ဆကျော်ကျော်ခန့် တက်လာကြောင်း သိရှိရသည်။

ယခင် ရန်ကုန်တိုင်းအတွင်းရှိ ထင်းဈေးကွက်တွင် အမြင့်ဆုံးထင်းအနေနှင့် တောစုံထင်းမျိုးစုံကိုသာ အတွေ့ များသော် လည်း နာဂစ်မုန်တိုင်းပြီးကတည်းက သစ်မာထင်းမျိုးများ ဈေးကွက်အတွင်း ပေါပေါများများဝင်ရောက် လာကြကြောင်း ထင်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

"ခုဆိုရင် ပျဉ်းကတိုးသစ်တောင် ထင်းအဖြစ်ဝင်လာတာတွေရှိတယ်၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင် တွေက ခုဆို ပျဉ်းကတိုးသစ်ကိုပဲ အနည်းဆုံး အချိန် ၁၀၀ ပိဿာ လောက်ထိ ၀ယ်ပြီး စုလာကြတယ်" ဟု ထင်းရောင်း သူ တဦးက ပြောဆိုသည်။

ယခင်ထင်းဈေးကွက်တွင် ထင်းအသုံးပြုသူများမှာ အခြေခံလူတန်းစားများနှင့် အရက်ချက်လုပ်ငန်း၊ အုတ်ဖုတ် လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများတွင်း အများဆုံး အသုံးပြု ကြ ကြောင်း၊ ယခုအခါ မီးသွေးဈေးကြောင့် အဆိုပါ လုပ်ငန်းများအပြင် လက်ဖက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များနှင့် တခြားစီးပွား ရေးလုပ်ငန်းတချို့ကပါ ပြောင်းလဲသုံးစွဲလာကြကြောင်း သိရှိရသည်။

ယခုအခါ ထင်းဈေးကွက်၏ လိုအပ်ချက်အတွက် ရန်ကုန်မြို့တွင်းရှိ နာဂစ်မုန်တိုင်းကြောင့် ပြိုလဲခဲ့သော သစ်ပင် များမှ သစ်ကိုင်းများနှင့် သစ်အပိုင်းအစများမှာ ထင်းအဖြစ် ဈေးကွက်ဝင်လာကြခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အပင်ပေါင်း ၁၃၀၀၀ ကျော် လဲပြိုခဲ့ ကြောင်း၊ ထို ၁၃၀၀၀ ကျော်မှာ ရန်ကုန်မြို့တွင်ရှိသော အပင်အားလုံး၏ ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ အပင် ကြီးများမှာ ၃၀ ရာခိုင်နှုန်း ခန့်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဋ္ဌာနမှ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ပြိုလဲသွားသော သစ်ပင်များတွင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသော သစ်ပင်ကြီးများ ပါဝင်ခဲ့ပြီး သစ်အမျိုးအစားများမှာ ကုက္ကိုပင်၊ ခရေပင်၊ ကျွန်းပင်၊ ပိတောက်ပင်၊ ပျဉ်းကတိုး၊ ညောင်ပင်၊ သရက်ပင်၊ ပိန္နဲပင်တို့ အများဆုံးပါဝင်သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်များက ရန်ကုန်မြို့တွင်း လူနေရပ်ကွက်များအတွင်းနှင့် စည်ပင်သာယာပိုင် နယ်နိမိတ်များမှ နာဂစ်မုန်တိုင်းကြောင့် လဲပြိုခဲ့သော သစ်ပင်များကို လွှစက်များ၊ ငမန်းလွှများနှင့် ဖြတ်တောက် ကြကာ ထင်းအဖြစ် အသုံးပြုနိုင်သော အရွယ်အစားဝင် သစ်များကို သိမ်းယူသွားခဲ့ကြပြီး ယခုအခါ ထင်းဈေး ကွက်အတွင်း ပြန်လည် ရောင်းချနေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အဆိုပါ စစ်တပ်များအနေနှင့် လိုက်လံသိမ်းဆည်းထားသော သစ်တုံးများ၊ သစ်လုံးများကို ထင်းအဖြစ်အသုံးပြုလျက် ရှိသလို၊ မီးသွေးဖုတ်လုပ်ငန်းများဆီသို့ ပုတ်ပြတ်စနစ်နှင့်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ပုတ်ပြတ်စနစ်ဆိုသည်မှာ ထင်းမျိုးစုံ ကားတစီးတိုက်ကို အနည်းဆုံးကျပ် ၈ သောင်းမှ အမြင့်ဆုံး ကျပ် ၁ သိန်း ၂ သောင်း နှုန်းဖြင့် ဖိုအရောက်ပို့ပေးခြင်းစနစ်ဖြစ်သည်။

"ထင်းကို အစိုအတိုင်းရောင်းရင်တော့ ဈေးက သိပ်မရဘူး၊ နည်းနည်းအခြောက်ခံပြီး ရောင်းရင်တော့ ဈေးနည်းနည်း ပိုရတယ်၊ တပ်ထဲမှာတော့ ထင်းကို ဖောဖောသီသီသုံးလို့ရတာပေါ့" ဟု မင်္ဂလာဒုံမြို့နယ်တွင်းမှ စစ်တပ် မိသားစုဝင် တဦးကပြောဆိုသည်။

မြန်မာနိုင်ငံတွင် စွမ်းအင်လိုအပ်ချက်၏ ၈၄. ၁၁ ရာခိုင်နှုန်း ကို ထင်း၊ မီးသွေးတို့မှ အသုံးပြုနေရဆဲဖြစ်ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။

"ဒီရေတောတွေကို ခုတ်ပြီး ဖုတ်တဲ့ ဘိုကလေးမီးသွေးကြောင့် ဧရာဝတီတိုင်း ဆုံးရှုံးခဲ့ရပြီးပြီ၊ ခုလိုပဲ ထင်းနဲ့ မီးသွေးကိုပဲ သုံးနေရဦးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးဟာ စိတ်မအေးစရာဘဲ" ဟု ရန်ကုန်မြို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် စာရေးဆရာ တဦးက ပြောဆိုသည်။

၁၉၇၀ ခုနှစ်နောက်ပိုင်းမှ စပြီး ဧရာဝတီတိုင်းရှိ ဒီရေတောများကို ခုတ်ယူပြီး မီးသွေးဖုတ်ကာ ဘိုကလေး မီးသွေး အဖြစ် အဓိက ရန်ကုန်ဈေးကွက်နှင့် တခြားပြည်နယ်များသို့ တင်ပို့ရောင်းချလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အစိုးရအနေနှင့် ထင်း၊ မီးသွေးစသည့်လောင်စာများနေရာတွင် ခေတ်မီလောင်စာစွမ်းအင်များ အစားထိုးနိုင်ရန် မကြိုး ပမ်းနိုင်သေးသမျှ မြန်မာနိုင်ငံတွင်းရှိ သဘာဝ သယံဇတများဖြစ်ကြသော သစ်ပင်၊ သစ်တောများမှာ ဆုံးရှုံးနေရဦးမည်သာ ဖြစ်ကြောင်း၊ သစ်ပင်သစ်တောတို့ဆုံးရှုံးခြင်းကြောင့်လည်း သဘာဝဘေးအန္တရာယ်ကို ခုလို ဆိုးဆိုးဝါးဝါးခံရခြင်းဖြစ် ကြောင်း အဆိုပါ ပညာရှင်က ပြောဆို သုံးသပ်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများဆိုင်ရာ ကြေညာစာတမ်း ၆၄ နိုင်ငံတင်သွင်း
19 July 2008
ဒေါ်ခင်မျိုးသက်
အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံ စုပေါင်းပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် (၆၀) ပြည့် နှစ်ပတ်လည် အထိန်းအမှတ်ဖြစ်တဲ့ ဒီနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်နေကြတဲ့ နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ Prisoners of Conscience လို့ခေါ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုင်ရာ ကြေညာစာတမ်းကို ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တရားဝင် တင်သွင်းခဲ့ကြပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်စေဖို့ နိုင်ငံတကာက လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံ စုပေါင်းပြီး လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်နေတဲ့ နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဆိုင်ရာ ကြေညာစာတမ်းကို တင်သွင်းခဲ့ကြတာပါ။ ဒီလို တင်သွင်းခဲ့တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ပတ်သက်ပြီး တချိန်က ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံမှာ အကျဉ်းချခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးလှုပ်ရှားနေတဲ့ USCB အဖွဲ့က ဦးအောင်ဒင်က အခုလို ပြောပါတယ်။ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ အကျဉ်းသားတွေ ရှိမယ်ဆိုလို့ရှိရင် အဲဒါတွေကို အမြန်ဆုံးလွှတ်ဖို့ လူသားအားလုံးကိုလည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေ ပေးဖို့ စသဖြင့် သူတို့ကနေပြီးတော့ တခြားနိုင်ငံတွေကို ဆက်ပြီးတော့ တိုက်တွန်း နှိုးဆော်သွားမယ်ပေါ့။ အခုသူတို့ ၆၄ နိုင်ငံက ကြေညာစာတမ်းကို လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ အဲဒီဟာကိုပဲ အခု ဒီကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံစလုံးကို ဆက်ပြီး ဖြန့်ချိထားပြီးသား ဖြစ်တယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ဒီကြေညာစာတမ်းကြီးမှာ လက်မှတ်ထိုးတဲ့နိုင်ငံတွေ များသထက်များလာအောင် သူတို့က ဆက်ပြီးတော့ လှုံ့ဆော် သွားမယ်။ အဲဒီလိုနဲ့ သူတို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများနဲ့ပတ်သက်ပြီး တကမ္ဘာလုံးက ခိုင်ခိုင်မာမာ ရပ်တည်သွားကြဖို့ သူတို့က လှုံ့ဆော် စည်းရုံးသွားကြမှာပါ။"

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ မစ်ရှင်အဖွဲ့က ပူးတွဲပြီး လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများဆိုင်ရာ ကြေညာစာတမ်းအတွက် တခြားနိုင်ငံများ တက်တက်ကြွကြွ ပါဝင်လာဖို့ လှုံ့ဆော်တဲ့ အခမ်းအနား တရပ်ကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီအခမ်းအနားမှာ ချက် သမ္မတ နိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဗားကလပ် ဟာဗဲလ် ကို အဖွင့်အမှာစကားပြောဖို့ ဖိတ်ကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံ ၆ နိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း ၆ ယောက်ကို သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံက အကျဉ်းသားဟောင်းတွေကိုယ်စား ဦးအောင်ဒင်ကို စကားပြောဖို့ ဖိတ်ကြားထားပြီး ကျန် ၅ နိုင်ငံကတော့ ဘဲလားရု(ခ်ျ)၊ ကျူးဘား၊ အုစဘက်၊ ဆီးရီးယားနဲ့ အေးထရီးယားနိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

"ကမ္ဘာပေါ်မှာ အဆိုးရွားအကြမ်းကြုတ်ဆုံး အာဏာရှင်စနစ်က အုပ်ချုပ်နေတဲ့ နိုင်ငံများကို ပြပါဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါတယ်။ အဲဒီလိုပဲ ကမ္ဘာပေါ်မှာ နိုင်ငံရေး အကျဉ်းသားအများဆုံး ရှိတဲ့နိုင်ငံ၊ ရည်ရွယ်ချက် ကြောင့် အကျဉ်းကျနေရသူများ အများဆုံးရှိတဲ့နိုင်ငံကို ပြပါဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါပါတယ်။ ဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျရသူများ ဆိုင်ရာ ကြေညာစာတမ်းကို အကောင်အထည် ဖော်ကြမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက မပါလို့ကို မရတော့ဘူး။"

ဟုတ်ကဲ့။ အခု မှတ်တမ်းရှိထားတဲ့၊ မှတ်တမ်းမရှိတဲ့သူတွေလည်း အများကြီး ရှိမှာပေါ့နော်။ မှတ်တမ်းရှိထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူ မြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်လောက် ရှိလဲရှင့်။ -

"အခု သိသလောက် လက်ရှိကာလမှာဆိုရင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျောင်းသားတွေပါမယ်၊ အမျိုးသမီးတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘုန်းတော်ကြီးတွေ၊ သီလရှင်ဆရာကြီး ဆရာလေးတွေ၊ တခြား ဘာသာရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားတွေ ပေါင်းလိုက်မယ်ဆိုရင် လူ ၂,၀၀၀ လောက်ရှိပါသေးတယ်။ လက်ရှိအချိန်မှာ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူ ဦးအောင်ဒင်က ပြောသွားတာဖြစ်ပါတယ်။

မန်ဒဲလား အသက် ၉၀ ပြည့်မွေးနေ့ တောင်အာဖရိက နိုင်ငံတ၀ှမ်းကျင်းပ
19 July 2008
Robertson in Burmese -
တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နယ်ဆင်မန်ဒဲလားဟာ မနေ့ သောကြာနေ့ အသက် ၉၀ ပြည့် မြောက်မွေးနေ့ပွဲကို သူ့နေအိမ်မှာ မိသားစုတွေနဲ့ သီးခြားကျင်းပပြုလုပ်သွားပါတယ်။ ဒါပေမယ့်လည်း တောင်အာဖရိက တနိုင်ငံလုံးမှာတော့ အများပြည်သူကနေ သူ့မွေးနေ့ပွဲကို အတော်လေး ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

တောင်အာဖရိက တနိုင်ငံလုံးမှာ မစ္စတာမန်ဒဲလားရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို တခမ်းတနား ကျင်းပကြပုံကို တောင်အာဖရိက ဂျိုဟမ်းစဘတ်မြို့ ဗွီအိုအေ ဌာနခွဲကနေ သတင်းထောက် Delia Robertson က သတင်းပေးပို့ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံတလွှား အစိုးရအဖွဲ့ရုံးတွေကနေ ဟိုးအောက်ဆုံး မူလတန်းကျောင်းတွေ အထိ နောက် ဆေးရုံဆေးခန်းတွေကနေ အကျဉ်းထောင်တွေထဲအထိ ကုန်တိုက်ကြီးတွေကနေ လမ်းဘေး ဈေးသည်တွေ အထိ တောင်အာဖရိက ပြည်သူတွေဟာ သူတို့ နှစ်သက်မြတ်နိုးတဲ့ နယ်ဆင်မန်ဒဲလားရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ မစ္စတာမန်ဒဲလားကို သူ့ရဲ့မျိုးနွယ်နာမည်ဖြစ်တဲ့ Madiba အနေနဲ့ တောင်အာဖရိကမှာ လူသိများကြပါတယ်။

အခုလို မစ္စတာ မန်ဒဲလားမွေးနေ့ ကျင်းပတာဟာ တောင်အာဖရိက နိုင်ငံအတွက် သူ့ရဲ့ စွမ်းဆောင်ခဲ့တာတွေကို ဂုဏ်ပြုခြင်း ဖြစ်တယ်လို့ တောင်အာဖရိကသမ္မတ Thabo Mbeki က ပြောပါတယ်။

"အခုလို ဒီမွေးနေ့ပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့အနေနဲ့က ပြီးခဲ့တဲ့ နှစ်ပေါင်း ၉၀ ကာလအတွက် ကျေးဇူးတင် အမှတ်ရစေရုံတင် မဟုတ်ဘဲနဲ့ ဒီနှစ်ပေါင်း ၉၀ ကာလမှာ ကျနော်တို့ ရှေ့ကို ဘယ်လို သွားမလဲဆိုတာ လမ်းညွှန်ခဲ့တာတွေ အတွက်လည်း အမှတ်ရစေဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်အာဖရိက နိုင်ငံရဲ့ အသွင်ကူးပြောင်းမှု တာဝန်ကြီးက အခုအချိန်အထိ မပြီးသေးလို့ပါ။"

အသားအရောင်ခွဲခြားရေး ဆန့်ကျင်မှုတွေကို ဦးဆောင်လှုပ်ရှားမှုကြောင့် မစ္စတာ မန်ဒဲလားဟာ နှစ်ပေါင်း ၃၀ လောက် အကျဉ်းချ ခံခဲ့ရပါတယ်။ ဒီကနေ သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး တောင်အာဖရိကတိုက် အသားအရောင် ခွဲခြားရေး လူဖြူအစိုးရရဲ့ နောက်ဆုံး သမ္မတ လုပ်ခဲ့သူ F.W de Klerk ကတော့ နိုင်ငံရေး အတိုက်အခံတွေနဲ့ ဖိနှိပ်အုပ်စိုးသူ ခေါင်းဆောင်တွေ အကြား အတူတကွ တွဲလုပ်ခဲ့ရတဲ့ ၆ နှစ်တာ ၀ရုန်သုန်းကား ကာလကြီးကို ပြန်အောင်မေ့ခဲ့ပါတယ်။ မစ္စတာ မန်ဒဲလားဟာ ၂၀ ရာစုရဲ့ အကြီးမားဆုံး ပုံရိပ်တခုဖြစ်သလို၊ သူ့ကို သူငယ်ချင်းမိတ်ဆွေအဖြစ် သတ်မှတ် ခေါ်ဝေါ်ရတဲ့ အတွက် သူ့မှာ ဂုဏ်ယူရတယ်လို့ မစ္စတာဒီကလပ်က ပြောပါတယ်။

"ပျော်ရွင်သောမွေးနေ့ ဖြစ်ပါစေ Madiba - မိတ်ဆွေကြီးရေ တောင်အာဖရိကတိုက်အတွက် ခင်ဗျား လုပ်ဆောင်ခဲ့တာဟာ အင်မတန် အံ့မခန်းပါပဲ။ ခင်ဗျားရဲ့ စွမ်းဆောင်ကြိုးပမ်းချက်တွေဟာ အမြဲတမ်း ထင်ကျန်နေမှာပါ။ ဒီလို ဆောင်ရွက် ကြိုးပမ်းမှုတွေ ထပ်တိုး လုပ်နိုင်ဖို့ နောက်ထပ် နှစ်အများကြီး အသက်ရှင်နေနိုင်ပါစေဗျာ။"

နေအိမ်ကနေပြောတဲ့ မိန့်ခွန်းတရပ်မှာတော့ ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှုတွေကို ဖြေရှင်းကြဖို့ ကမ္ဘာခေါင်းဆောင်တွေ ကိုရော စီးပွားရေး သမားကြီးတွေကိုပါ မစ္စတာ မန်ဒဲလားက တိုက်တွန်းခဲ့ပါတယ်။ ငယ်ရွယ်တဲ့ တောင်အာဖရိက လူငယ်တွေကိုလည်း သူတို့ဘ၀မှာ စည်းစနစ်ကျကျ နေထိုင်ကြဖို့ မှာကြားပါတယ်။ ဂျိုဟမ်းစဘတ်မြို့ ဆိုဝီတိုအရပ်က Zama လို့ ခေါ်တဲ့ လူငယ်ကျောင်းသား တဦးကတော့ မစ္စတာ မန်ဒဲလားမွေးနေ့အတွက် အမှတ်တရ နိုင်ငံတော်ပိုင် ရေဒီယိုကနေ အခုလို ပြောပါတယ်။

"အသက် ၉၀ ပြည့်မွေးနေ့အနေနဲ့ နယ်ဆင် မန်ဒဲလားအတွက် တခုခု လက်ဆောင်ပေးရမယ်ဆိုရင်တော့ အကျဉ်းထောင်ထဲ သူနေခဲ့ရတဲ့ နှစ်သက်တမ်းတွေ ကျနော်တို့ ဘ၀တွေ ကောင်းမွန်လာစေဖို့ သူ နှစ်မြုပ်လုပ်ကိုင်ခဲ့တဲ့ နှစ်ကာလတွေပဲ ဖြစ်ပါလိမ့်မယ်။ သူနဲ့ အခြား ဒီမိုကရက်တွေ ကျနော်တို့အတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကြောင့် ကျနော် ဒီနေရာကို ရောက်နေတာပါ။"

မစ္စတာမန်ဒဲလားရဲ့ မွေးနေ့ကို တောင်အာဖရိက နိုင်ငံအတွင်းနဲ့ အခြား ကမ္ဘာ့နေရာတွေမှာလည်း အတော်များများ ကျင်းပကြပါတယ်။ နှစ် ၂၀ လောက် သူနေခဲ့ရတဲ့ အကျဉ်းထောင်ရှိရာ ရောဘင်အိုင်း လမ်းတ၀ိုက် မာရသွန်ပြေးပွဲတွေ၊ အထိမ်းအမှတ် အမှတ်တရ စာအုပ်တွေ ပုံနှိပ်ဖြန့်ဝေတာတွေ၊ နှစ်စဉ်လုပ်နေကြ ကလေးငယ်တွေအတွက် ပွဲလမ်းသဘင်ကို သူဦးဆောင်ပြီး လုပ်ခဲ့တာတွေ၊ ဒီမတိုင်ခင်မှာလည်း မစ္စတာ မန်ဒဲလားရဲ့ ပရဟိတ္တလူမှုရေးလုပ်ငန်း ရံပုံငွေအတွက် လန်ဒန်မှာ ဂီတဖျော်ဖြေပွဲလုပ်တာတွေ ရှိခဲ့ပါတယ်။

လန်ဒန်က ပွဲမှာတော့ လူသားအချင်းချင်း ကူညီစောင်မတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို မွေးမြူကြဖို့ သူက တိုက်တွန်းခဲ့ပြန်ပါတယ်။

"အခု ပွဲမှာ အသက် ၉၀ အရွယ် လူကြီးတဦးအနေနဲ့ မှာရမယ်ဆိုရင်တော့ ဘယ်သူမဆို အသက် အပိုင်းအခြားမရွေးဘဲ လူသားအချင်းချင်း ချစ်ကြည်စည်းလုံးဖို့ နေ့ တဓူဝမှာလည်း အခြားသူတွေကို ဂရုဏာမေတ္တာတရားတွေ ထားပြီး ဆက်ဆံကြဖို့ ပြောလိုပါတယ်။"

မစ္စတာမန်ဒဲလားရဲ့ အခုမွေးနေ့ဟာဆိုရင်တော့ အရင် မိုဇန်ဘတ် သမ္မတကတော်ဟောင်း ဖြစ်ခဲ့တဲ့ Graca Machel နဲ့ လက်ထပ်ခဲ့တာ ၁၀ နှစ်မြောက် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

လေဘေးအကူ လေကြောင်းမှ ပေးပို့မှု ရပ်တော့မည်
18 July 2008
ဦးသိန်းထိုက်ဦး -

အစားအစာယူရန် စောင့်နေကြသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည်တချို့ (ဇူလိုင် ၃၊ ၂၀၀၈)
မြန်မာနိုင်ငံကို ပေးပို့နေတဲ့ အရေးပေါ် လေဘေးကယ်ဆယ်ရေး အကူအညီတွေကို ရဟတ်ယာဉ်တွေနဲ့ လေကြောင်းက ပေးပို့နေတာတွေကို ရှေ့လအတွင်းမှာ ရပ်ဆိုင်းတော့မယ်လို့ ကုလသမဂ္ဂအရာရှိတွေက ပြောဆိုနေတဲ့အတွက် လေဘေး အကူအညီတွေ ပို့ဆောင်ရေး မထိရောက်မှာကို ကယ်ဆယ်ရေးလုပ်သားတွေ စိုးရိမ်နေကြပါတယ်။ ဘန်ကောက်မြို့ ဒုံမောင်း လေဆိပ်ကို ထောက်ပို့စခန်းအဖြစ် သုံးပြီး လေကြောင်းကနေ အကူအညီတွေ ပို့ပေးနေတာတွေကိုလည်း ကုလသမဂ္ဂက ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ အပြည့်စုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။


အခုလို ရဟတ်ယာဉ်တွေနဲ့ အရေးပေါ် အကူအညီတွေ ပေးပို့နေတာတွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံတကာ အကူအညီတွေ မရလို့ လေဘေးအကူအညီ အရေးပေါ် ထောက်ပံ့မှု ရပ်ဆိုင်းတော့မယ့် လက္ခဏာ လားလို့ မေးကြည့်တော့ ဘန်ကောက်မှာရှိတဲ့ ကုလသမဂ္ဂရဲ့ ဘေးဒုက္ခ ကယ်ဆယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ရစ်ချတ်ဟိုဆေး (Richard Horse) က အခုလိုပြောပါတယ်။


"အကူအညီ လိုအပ်နေတယ်ဆိုပြီး ထပ်ပြီးတောင်းခဲ့တာကို ကြည့်ရင် အရေးပေါ်အကူအညီတွေကို လပေါင်းများစွာ ဆက်ပြီး ပေးမယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့အနေနဲ့ အရေးပေါ် အကူအညီ အမြောက်အများကို ဆက်ပြီး ပေးနေအုံးမှာပါ။ တကယ်လိုအပ်နေတဲ့ လူတွေလက်ထဲကို ရောက်အောင်ပေးရမယ့် အကူအညီတွေ အများကြီး လိုနေပါသေးတယ်လို့ ပြောဆိုသွားတာပါ။ ဒါ့အပြင် ရဟတ်ယာဉ်တွေပေါ်ကနေ ဆန်တွေနဲ့ တခြား အကူအညီ လေးလံတဲ့ပစ္စည်းတွေ ပို့ဆောင်ဖို့ဆိုတာကို သိပ်ကို အကုန်အကျ များပါတယ်။ စောစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆင့်မှာ လိုအပ်ပါတယ်။ အမြန်ဆုံးနဲ့ ထိရောက်အောင် အကူအညီတွေ ပေးရတာမို့ပါ။ ရေရှည်မှာ ပိုပြီး အကုန်အကျနည်းတဲ့ လမ်းကြောင်းကနေ ပေးပို့နိုင်အောင် ပြောင်းလဲစီစဉ်ရတာပါ။ ဒါက အကူအညီတွေကို ရပ်ဆိုင်းပစ်မယ့်သဘော မဟုတ်ပါဘူး။"

လေဘေး အကူအညီတွေကို အကုန်အကျနည်းနည်းနဲ့ ထိရောက်အောင် ပို့ပေးဖို့အတွက် ရဟတ်ယာဉ်တွေအစား သင်္ဘောတွေ ကုန်ကားတွေနဲ့ ပြောင်းလဲပို့ပေးမယ့် နည်းလမ်းကို သုံးမယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ကိုသုံးပြီး အကူအညီပေးပို့ တာတွေကိုလည်း သြဂတ်စ်လမှာ ရပ်ဆိုင်း တော့မယ် ဆိုတာနဲ့ပတ်သက်လို့တော့ အခုလို ရှင်းပြပါတယ်။

"ဒုံမောင်းလေဆိပ်က အကူအညီထောက်ပို့ပစ္စည်းတွေ ဘန်ကောက်ကနေ ရန်ကုန်ကို ပို့ပေးနိုင်ဖို့အတွက် ကုန်တင် စီးလုံးငှား လေယာဉ်တွေ ဆင်းသက်တဲ့ ကြားခံလေဆိပ်အဖြစ် အသုံးပြုခဲ့တာပါ။ ကမ္ဘာတ၀ှမ်းက ပေးပို့တဲ့ အကူအညီတွေ ဒုံမောင်းမှာ လာပြီး ဆင်းနိုင်တယ် ဆိုတဲ့ သဘောပါ။ ပစ္စည်းတွေ အသယ်အချ လုပ်ရတာလည်း လွယ်တယ်။ သိုလှောင်စရာ နေရာလည်း ပိုကြီးတယ်။ ဆက်သွယ်လို့လည်း ကောင်းတဲ့အတွက် သုံးခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလို အကူအညီတွေ လေကြောင်းကနေ ပို့ပေးတာက စောစောပိုင်း အရေးပေါ်လိုအပ်တဲ့ လတွေမှာသာ သုံးတာပါ။ အစားအသောက်တွေ လေကြောင်းကနေ ပို့ပေးရတဲ့ စရိတ်စခက သိပ်ကြီးပါတယ်။ နောက်ပိုင်း ပုံမှန်ပို့ပေးတဲ့ အကူအညီတွေကိုတော့ လေကြောင်းကို မသုံးဘဲ အခြား နည်းလမ်းတွေကို အသုံးပြုပါတယ်။"

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ထဲကပဲ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ရေး အရေးပေါ် လိုအပ်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ရဟတ်ယာဉ် တွေနဲ့ ထောက်ပို့ပစ္စည်းတွေ ပေးပို့နေတဲ့ အခြေအနေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်လိုအပ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ရဟတ်ယာဉ်တွေနဲ့ အကူအညီ ပေးပို့နေတာတွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံတွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

"ရဟတ်ယာဉ်တွေနဲ့စာရင်တော့ ထိရောက်တာ အကျိုးသက်ရောက်မှု အများကြီး ကွာတာပေါ့။ ရဟတ်ယာဉ်နဲ့ ပို့တာနဲ့ ကားသင်္ဘောနဲ့ ပို့တာနဲ့ ဆိုတာက၊ နောက်ပြီး ကျနော်တို့ ဒီ ဧရာဝတီတိုင်းအတွင်းမှာ တချို့ မြစ်လက်တက်တွေနဲ့ တချို့ အတွင်းပိုင်းက ရွာတွေက ရေလမ်း မပေါက်တာတွေ ရှိသေးတယ်ဗျ။ ရေလမ်းမပေါက်တဲ့ ကားလမ်းမပေါက်တဲ့ နေရာတွေ အဲဒီနေရာတွေကျတော့ ရဟတ်ယဉ်သုံးမှ ရနိုင်တဲ့ အနေအထား ရှိတာပေါ့ဗျာ။ ပို့ဆောင်မှုပိုင်းက ထိရောက်မှုပိုင်းက တော်တော်လေးကွာသွားမှာပေါ့။"

လေဘေးကယ်ဆယ်ရေး အကူအညီတွေကို ကုလသမဂ္ဂက ရဟတ်ယာဉ်တွေ၊ လေကြောင်းက ပေးပို့တာတွေ ရပ်ဆိုင်းတော့မယ် ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတယောက်က ပြောဆိုသွားတာပါ။

အာဆီယံပဋိညာဉ်စာချုပ် မြန်မာအတည်ပြု
18 July 2008
အာဆီယံ (ASEAN) အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ ပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံက အတည်ပြု သဘောတူ လိုက်ပြီလို့ စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီးက ဒီကနေ့ ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင်ဆယ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေဟာ နောက် သီတင်းပတ်ကျ စင်္ကာပူမှာ တွေ့ဆုံပြီး ပဋိညာဉ် စာတမ်းကို အတည်ပြုနိုင်ရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ ထူထောင်ရေးတို့ကို ဆွေးနွေးကြပါမယ်။ ပဋိညာဉ်စာချုပ် အတည်ပြုခဲ့တာကို မြန်မာဘက်က မကြာခင်မှာ ကြေညာလိမ့်မယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး George Yeo ကပြောပါတယ်။ ဆယ်နိုင်ငံ ဆွေးနွေးပွဲမှာ ပဋိညာဉ်စာချုပ်ကိစ္စဟာ အဓိကကိစ္စတခုဖြစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်။

ဆွေးနွေးစကားပြောရုံသက်သက် အဖွဲ့အစည်းတခုဖြစ်တယ်လို့ မကြာခဏအဝေဖန်ခံရတဲ့ အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရ ပေါင်းစပ်ယှက်နွယ်တဲ့ အဖွဲ့တခုအဖြစ် ပြောင်းလဲ ရောက်ရှိဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးခဲ့ကြပါတယ်။

ပဋိညာဉ်စာတမ်းကို အတည်ပြု သဘောတူဖို့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပဲ ကျန်ပါတော့တယ်။ နေအိမ် အကျယ်ချုပ် နဲ့ အထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူးဆိုရင် ပဋိညာဉ်စာတမ်းကို အတည်မပြုဘူးလို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သားအသုံးပြုမှု အမေရိကန်နှင့် အင်္ဂလန်ဝေဖန်
18 July 2008
ဦးသားညွန့်ဦး -
စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးငယ်တွေကို ကာကွယ်စောင့်
ရှောက်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးပွဲ
တရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီကလေးငယ်တွေကို အကာအကွယ်ပေးဖို့ရာ အစိုးရတွေ၊
သက်ဆိုင်ရာတာဝန်ရှိသူတွေမှာ နိုင်ငံရေးစိတ်ဆန္ဒ ရှိဖို့လိုတယ်လို့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က သတိပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအတွင်းမှာ
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာပေါ်က စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်းက ကလေးငယ်တွေကို
ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အထူး
ကိုယ်စားလှယ်တဦး ခန့်အပ်ထားသလို လုံခြုံရေးကောင်စီမှာလည်း ကလေးတွေကို
မတရားပြုကျင့်တာတွေကို တားမြစ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ မကြာခဏဆိုသလို
တကမ္ဘာလုံးက ကလေးငယ်တွေအပေါ် မတရားပြုကျင့်မှုတွေကို တင်ပြဆွေးနွေးလေ့
ရှိပါတယ်။

မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်း
ဆောင်ရွက်မှုတွေလည်း အရေးကြီးသလို အစိုးရတွေရဲ့ ပိုင်းဖြတ်မှုကလည်း အရေးကြီး
တယ်လို့ အခုလိုထောက်ပြ ပြောခဲ့ပါတယ်။

"နိုင်ငံရေးအရ ခံယူချက်က အရေးကြီးပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လက်တွဲ
ဖက်အဖွဲ့တွေ၊ အစိုးရတွေ အားလုံးပါဝင်တဲ့ နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုကသာ
လျှင် အခုလို စစ်ပွဲတွေအတွင်း နေနေရတဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်အခြေအနေ
ကို ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကလေးငယ်တွေ၊ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့
အသိုင်းအ၀ိုင်းတွေ အနာဂတ်ကောင်းမွန်လှပပြီး ဘ၀စိတ်ချလုံခြုံရေးအတွက် ခင်ဗျား
တို့အားလုံးနဲ့အတူ အလုပ်တွဲလုပ်ချင်ပါတယ်။"

စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်တွေရဲ့ အခြေအနေကို
ဆွေးနွေးကြတဲ့နေရာမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနေတာတွေ
ကို အလေးပေးပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့
ကလေးစစ်သား ပပျောက်ရေးကို အလေးပေးပြီး ဆောင်ရွက်နေတဲ့ကြားမှာပဲ
အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် နိုင်ငံအတော်များများမှာတော့ ကလေး
စစ်သား အသုံးပြုမှုတွေဟာ ရှိနေတုန်းပဲလို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇက်ကတော့ ဒီထဲမှာ
မြန်မာနိုင်ငံကို ဥပမာထားပြီး အခုလိုပြောဆိုသွားပါတယ်။

"ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်းက
ကလေးငယ်တွေကို အကာအကွယ်ပေးရေးလုပ်ငန်းတွေ ဒီလောက်လုပ်ကိုင်နေတဲ့
ကြားမှာပဲ နိုင်ငံအတော်များများမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးချ
တဲ့ မနှစ်မြို့စရာလုပ်ရပ်တွေ ရှိနေတုန်းပါ။ ဥပမာ မြန်မာနိုင်ငံဆိုပါစို့၊ စစ်အစိုးရနဲ့
အခြားလက်နက်ကိုင်အဖွဲ့တွေဟာ အသက် ၁၀ နှစ်လောက်ပဲငယ်တဲ့ ကလေးငယ်တွေ
ကိုတောင် စစ်ထဲသွင်း အသုံးချတာတွေ ရှိနေပါတယ်။"

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေမှာ တိုးတက်မှု
တွေ ရှိလာပေမယ့် မထူးခြားဘဲ စိန်ခေါ်ချက်တွေဖြစ်နေတဲ့ နိုင်ငံတွေလည်းရှိတယ်လို့
ဗြိတိသျှနိုင်ငံကိုယ်စားလှယ် ကရမ်းပီးယားစ်က အခုလိုပြောပါတယ်။

"မြန်မာအစိုးရအနေနဲ့ အထူးကိုယ်စားလှယ်ကိုပေးထားတဲ့ ကတိက၀တ်တွေအတိုင်း
ဆောင်ရွက်ဖို့နဲ့ ကလေးစစ်သား အသုံးပြုမှုအခြေအနေကို စောင့်ကြည့်လေ့လာအစီရင်
ခံတဲ့ အဖွဲ့တရပ်ထူထောင်ရေးမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဗြိတိသျှ
အစိုးရအနေနဲ့ တိုက်တွန်းတောင်းဆိုပါတယ်။ ဒီဥပမာတွေကို ကြည့်ခြင်းအားဖြင့်
ဒီပြဿနာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လုံခြုံရေးကောင်စီကနေ နေ့စဉ်နဲ့အမျှ
ကိုင်တွယ်ဆောင်ရွက်နေရတဲ့ အခြားကိစ္စရပ်တွေပေါ်မှာလည်း သက်ရောက်မှုရှိပါ
တယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေကလည်း မြန်မာနိုင်ငံ
အပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကြောင့် လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့
ဟာ ဥပဒေဘောင်အတွင်း ၀င်ရောက်ပြီး ငြိမ်းချမ်းမှုတွေ ရနေပါပြီလို့ မြန်မာသံအမတ်
ကြီး ဦးကျော်တင့်ဆွေက ဖြေရှင်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ပွဲနဲ့ လက်နက်
ကိုင်အကြမ်းဖက်မှုတွေ ရှိတဲ့နေရာမဟုတ်ဘူးလို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ
ကလေးစစ်သားအသုံးပြုမှုကို တားမြစ်တဲ့ဥပဒေလည်း ရှိတယ်လို့ သူက အခုလို
ထောက်ပြခဲ့ပါတယ်။

"မြန်မာ့တပ်မတော် ကာကွယ်ရေးရုံးရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေသထဲမှာ စစ်သား
စုဆောင်းဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ဟာ ၁၈ နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက
တပ်မတော်ကြည်း အပါအ၀င် တပ်ဖွဲ့တိုင်းမှာ ၀င်ရောက်လာကြသူတွေဟာ မိမိစိတ်
ဆန္ဒ သဘောထားနဲ့ ၀င်ရောက်လာကြသူတွေ ဖြစ်ပါတယ်။ အတင်းအကျပ် စစ်သား
စုဆောင်းတာမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။"

ဒါပေမယ့် အသက် ၁၈ နှစ်အောက် စစ်ထဲဝင်ခဲ့တဲ့ဖြစ်ရပ်တွေလည်း မြန်မာနိုင်ငံမှာ
ရှိခဲ့ဖူးတယ်လို့ သူက ၀န်ခံပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်မှာ အစိုးရက ဥပဒေသစ်တွေ
ထုတ်ပြန်ခဲ့ပြီး အစိုးရအာဏာပိုင် အဆင့်ဆင့်အနေနဲ့လည်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့
လက်တွဲပြီး ကလေးစစ်သား ပပျောက်ရေးအစီအစဉ်တွေကို ဆောင်ရွက်လုပ်ကိုင်ခဲ့
တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကလေးစစ်သား ပပျောက်
ရေးကို လုပ်ရုံတင်မက၊ ဒီကလေးငယ်တွေအနေနဲ့ လူ့အသိုင်းအ၀ိုင်းထဲကို ပြန်လည်
ဝင်ဆံ့လာဖို့အတွက် အကူအညီတွေလည်း လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

"ကလေးငယ်တယောက် ကလေးစစ်သားဘ၀က လွတ်မြောက်လာပြီဆိုတာနဲ့ ပဲရစ်
အခြေခံမူမှာ ချမှတ်ထားတဲ့အတိုင်း ဒီကလေးငယ်တွေ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း
ထဲ ပြန်လည်ဝင်ဆံ့လာဖို့ အပြည့်အ၀ အကူအညီပေးရပါမယ်။ လိုအပ်တဲ့အရင်းအမြစ်
တွေကို အသုံးပြုပြီး အစိုးရတွေ၊ ကျနော်တို့တွဲလုပ်နေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း
တွေ အခုလို အကူအညီတွေပေးနိုင်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ အားဖြည့်
ပေးကြဖို့ ကျနော် တိုက်တွန်းပါတယ်။ ဆင်းရဲမွဲတေမှုတွေနဲ့ ဖွံ့ဖြိုးရေးနောက်ကျမှုတွေ
ဟာ ကလေးငယ်တွေကို အသုံးချခံရစေဖို့၊ အကြမ်းဖက်မှုခံရစေဖို့ အားပေးသလို
ဖြစ်တယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။" လို့ မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Human Right Watch လူ့အခွင့်အရေး ကာကွယ်
စောင့်ရှောက်မှုအဖွဲ့က ထုတ်ပြန်မှုအရ ကမ္ဘာပေါ်မှာ ကလေးစစ်သားအသုံးပြုမှု
အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ထောက်ပြထားပါတယ်။

မုန်တိုင်းသင့်ဒေသ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း အထောက်အပံ့ ဒေါ်လာ ၃၃ သန်းကျော် FAO မှတောင်းခံ
18 July 2008
ဦးသားညွန့်ဦး -

စပါးစိုက်ပျိုးရန်ပြင်ဆင်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားအချို့။
ဇူလိုင် ၁၀၊ ၂၀၀၈။
မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးသင့်ခဲ့တဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စားနပ်ရိက္ခာဖူလုံရေး ထုတ်လုပ်ရေးတွေအတွက်
နောက်ထပ် အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်လိုအပ်နေတယ်လို့ FAO စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ကနေ နိုင်ငံ
တကာကို တောင်းခံလိုက်ပါတယ်။ အခါရောက်နေတဲ့ စိုက်ပျိုးရာသီအတွင်းလယ်ယာလုပ်ငန်းအတွက် အထောက်အပံ့၊
အကူအညီတွေ အမြန်ဆုံးလိုအပ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကိုကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အားထားရတဲ့ ဒေသ
တခုပါ။ အခုတော့ ဒီဒေသက လယ်သမား ၇၅% လောက်မှာ လုံလောက်တဲ့မျိုးစပါးတွေ
မရှိတာကြောင့် FAO က စိုးရိမ်ပူပန်နေပါတယ်။ အခု သြဂုတ်လအကုန်ဆိုရင်ပဲ စိုက်ပျိုး
ရာသီချိန် ကုန်မှာမို့ လယ်သမားတွေ စိုက်ပျိုးရေးအတွက် အကူအညီတွေ အလျင်အမြန်
ကို လိုအပ်နေတာပါ။ မေလတုန်းက ဒီဒေသကို ရိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း
ကြောင့် စပါးစိုက်ပျိုးမြေ ဟက်တာ ၈ သိန်းနီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၆၃% လယ်မြေ
တွေ ထိခိုက်မှုရှိခဲ့သလို၊ မျိုးစပါး ၈၅% ဟာလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ FAO က
ကြေညာခဲ့ပါတယ်။ ဒါကြောင့် အကူအညီတွေ အလျင်အမြန်ရရှိဖို့ FAO က နိုင်ငံတကာ
ကို အကူအညီတွေ တောင်းခံထားတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ
မာရီး အိုဂါဘီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါ
တယ်။

"မြန်မာနိုင်ငံမှာ အဓိက စိုက်ပျိုးရာသီမတိုင်ခင် စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့၊
အကူအညီတွေ အလျင်အမြန် လိုအပ်နေတာကြောင့် ဆိုင်ကလုံးဒေသ မိသားစုဝင်တွေ
စားဝတ်နေရေးနဲ့ ဒီအချိန်ကာလအတွင်း စိုက်ပျိုးထုတ်လုပ်ရေးတွေမှာ အကူအညီပေးဖို့
FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃.၅
သန်း ရရှိဖို့ တောင်းခံထားပါတယ်။"

စိုက်ပျိုးရေးတင်မဟုတ်ပါဘူး၊ ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ငါးမွေးမြူ
ရေး၊ ပင်လယ်နဲ့ ရေထွက်ပစ္စည်းလုပ်ငန်းတွေ စတဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးတွေ
အတွက်လည်း FAO က ကူညီထောက်ပံ့သွားမယ်လို့ မာရီးအိုဂါဘီးက ပြောခဲ့ပါတယ်။

"ဆန်စပါးထုတ်လုပ်မှု ကျဆင်းတာကြောင့် အဲဒီဒေသက လူထုအတွက် စားနပ်ရိက္ခာ
လုံလောက်ဖွယ်မရှိဘူးလို့ FAO က ပြောပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာ ဖူလုံရေး
အတွက်ဆိုရင် အဲဒီဒေသက မိသားစုဝင်တွေကို အခြား အစားထိုးသီးနှံ စိုက်ပျိုးရေး
နည်းလမ်းတွေမှာ အကူအညီတွေ ပေးဖို့လိုသလို၊ အိမ်မွေးတိရစ္ဆာန်တွေ၊ ငါးလုပ်ငန်း၊
ပင်လယ်လုပ်ငန်းတွေနဲ့ သစ်တောအခြေခံ စားဝတ်နေရေးလုပ်ငန်းတွေ အလျင်အမြန်
လုပ်ကိုင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။"

မြစ်ဝကျွန်းပေါ်ဒေသရဲ့ အခြား အဓိကထုတ်ကုန်ဟာ ငါးလုပ်ငန်းနဲ့ ပင်လယ်လုပ်ငန်းတွေ
ဖြစ်ပါတယ်။ အခုဆိုရင် မုန်တိုင်းကြောင့် ရေလုပ်သား ၁ သိန်းကျော်လောက် လုပ်ငန်း
ထိခိုက်ကုန်ပြီး သူတို့ရဲ့လှေတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါ
တယ်။ ဒါ့အပြင် မွေးမြူရေးကန် ပမာဏ ဟက်တာ ၂ သောင်းကျော်လည်း ပျက်စီး
ကုန်တယ်လို့ FAO က ဆိုပါတယ်။ ဒီအတွက် လာမယ့်တနှစ်အတွင်း ဒေါ်လာ သန်း ၅၀
ကျော် လိုအပ်နေတယ်လို့ ဆိုပါတယ်။

"လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်း၊ ပင်လယ်နဲ့ ရေထွက်ပစ္စည်းလုပ်ငန်းနဲ့ သစ်တော
လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ကူညီရေးလိုအပ်ချက်ဟာ
လာမယ့် ၁၂ လအတွင်း ဒေါ်လာ ၅၁ သန်း လိုအပ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်
အတွင်း မြန်မာ နာဂစ်မုန်တိုင်း ပြန်လည်ကယ်ဆယ်နေရာချထားရေးအတွက် ကုလ
သမဂ္ဂက တောင်းခံထားတဲ့ ငွေထဲက ပမာဏတခုပါ။ အဲဒီမှာတော့ စိုက်ပျိုးရေးလုပ်ငန်း
တွေ အပါအ၀င် ကူညီရေးလုပ်ငန်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၃၀၃ သန်း
တောင်းခံခဲ့ပါတယ်။"

FAO အနေနဲ့ အခုထပ်ပြီးတောင်းခံတဲ့ အကူအညီတွေဟာ လယ်သမားငယ်တွေ စပါး
စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးတွေအတွက် ဖြစ်ပါတယ်။
ဒီအထဲမှာ စပါးမျိုးစေ့တွေ၊ နွေကောက်ပဲသီးနှံမျိုးစေ့တွေ၊ မြေသြဇာတွေ ထွန်ယက်ဖို့
ကျွဲနွားတွေ၊ ရေစုပ်စက်တွေနဲ့ မြေယာပြုပြင်တာတွေ စိုက်ပျိုးဖို့တွေအတွက် လိုအပ်တဲ့
ပစ္စည်းပစ္စယတွေ ဝေငှသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အစွယ်လိုသူများ

အစွယ်လိုသူများ -
မင်းဟန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 07:00 - မြန်မာစံတော်ချိန်
(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး
“အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်”
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀) မှ

(၁)

၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင် ---။

“ဂျိုင်း” ----။

ကျယ်လောင်သည့် ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ် လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တပြတ် ----။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့် အရာဝတ္တုများအား ဆွဲထားရသည့်အတွက် “ တန်း” ၍ နေသည်။ မလှုပ်ရှား ----။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့် ဒေါက်ဖြုတ်သံ --- ။ ပြီးလျင် ---- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း ---။ မလှုပ်ရှား ---၊ ငြိမ်သက်လျက် ---။

(၂)
၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်။
နေသူရိန် ကဇာတ်ရုံ ၊ ရန်ကုန်မြို့။

စစ်ပြီးစ --- ရန်ကုန်မြို့သည် နာတာရှည် သူနာတယောက်၏ နာလန်ထ လူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်ကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍ နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက် သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏ အောက်၌ နေသူရိန်ကဇာတ်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ ----။

“(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယ အဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယ အနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။”

နေသူရိန် လူထု အစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာတ်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ ---- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ ----။

နေသူရိန် လူထု အစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေး တိုက်ပွဲအား လက်နက်ကိုင် တိုက်ပွဲမှ လူထုတိုက်ပွဲ သဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။

(၃)
၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။
ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှ အစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက် အရာရှိတဦး ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေး ခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား ----။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့် အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေး ခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေး ခေါင်းဆောင် တဦးရှိသင့်သည့် အရည်အချင်း ပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေး အင်အားစု အပေါင်းကို ညီညွှတ်သော တပ်ဦးတရပ် ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှု ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ် တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း ----။

(၄)
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။
အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမှ ပြန်လာခြင်း ဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန် ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန် ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံ အမှုဆောင် ကောင်စီကို အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ရန်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ ---။ ဘုရင်ခံက (ဖ ဆ ပ လ) အား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ) မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေး ဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေးပွဲက ဤမျှသာ ---။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏ အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍ နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့် ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏ တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း ----။ ပြီးလျှင် --- ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။

(၅)
၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။
ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည် လင်း၍၊ လင်း၍ ----။ တိမ်ဆိုင် တိမ်အုပ်များ မရှိ။ နေခြည်သည် အတားအဆီးမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့် လိမ်းကျံထားသဖြင့် ရွှေအိုရောင် ၀င်းပ၍ နေသည်။ ထိုးကျနေသည့် ရွှေတိဂုံ စေတီတော်၏ အရိပ်သည် အဆိုတင်သွင်းနေသူ အပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေ ယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆို တင်သွင်း၍ နေသည်။

“ ---- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသား အရင်းရှင် လူတန်းစားတွေဟာ ---- ။ ဟုတ်လား----။ နယ်ချဲ့ အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစား အဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီ လူတန်းစား အဖွဲ့အစည်း အသီးသီးက ကိုယ်စားးလှယ်တွေနဲ့ ---- ဟုတ်လား ----။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီး အတွင်းမှာ ညီညွှတ်စွာနဲ့ လုပ်ကိုင် သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် ----”

လက်ခုပ်သံများက ရွှေတိဂုံ အလယ်ပစ္စယံ အတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသား လွတ်မြောက်ရေးဆီသို့ ----။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်း လေးသိန်းကျော် တက်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေး အစည်းအဝေးပွဲကြီး ဖြစ်သည်။

“ဒိုမီနီယံ အလိုမရှိ”
“လုံးဝလွတ်လပ်ရေး ချက်ချင်းပေး”
“တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်”

(၆)
၁၉၄၆ ခုနှစ် မတ် (၂၇)ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

(ဂျပန်ကင်ဒို ဓါးရှည်သည် အပေါ်သို့ မြှောက်၍ တက်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား---။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှိ၏ အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့် ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ် စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။)

ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ စစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမ ဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေး ဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူ သွားနေ၏။ ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက် အင်္ဂလိပ် အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ၏ တပ်ဦးတွင် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်း ဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က -----

“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင် ဥပဒေ ထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး --- ဗမာ့ တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံ ရှိတယ်။ စစ်ပညာ ရှိတယ်။ စစ်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး -----“

အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်၍ သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င် အင်ပါယာကြီးအတွက် -----။

(၇)
၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင် အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင်၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေး လေ့ကျင့်သည် ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများ ပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊ သံဃာများလည်း ပါကြသည်။ မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်၍ ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ ----။ အာဏာ ဖီဆန်မှုများ ဖြစ်ပေါ်၍ လာတော့သည်။ လူထု သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှု အောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက် ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့် အမိန့်အာဏာအောက် မလူးသာ မလှုပ်သာ ရှိနေသည့်အပြင် အခြေခံ စားသုံးကုန် ဈေးနှုန်းက အဆမတန် တက်၍လာသည်။ ဂျပန် ငွေစက္ကူများအား တရားမ၀င် ကြေငြာလိုက်သဖြင့် ငွေကြေး အကျပ်အတည်း ဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ ----။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်း ဆက်သွယ်ရေးက လုံခြုံ ချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍ နေသည်။

အခြေအနေ အရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်း အစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

(ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟို အလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

“ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှု ကန့်ကွက်ပွဲအတွက် “

၁။ သြဂုတ်လ (၂၅) ရက် မတိုင်မှီ စီတန်း လမ်းလျှောက်ပွဲ လုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။
၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေး မဟုတ်သေးသဖြင့် လက်ရှိ ဥပဒေများကို ဖောက်ဖျက်ခြင်း စသော ကိစ္စမျိုး မလိုသေးပါ။
၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။
- ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်
- ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်
- ကာကွယ်ရေးဥပဒေ အလိုမရှိ
- လက်တလော ဥပဒေ တွေ အလိုမရှိ
- သတင်းစာတွေ မချုပ်ချယ်နှင့်
- ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး

(၈)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန် ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် ---- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများ လိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံ သပိတ်ကြီး -----။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရ ယန္တရားကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍ နေသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ် အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်း အတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယ သတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယ သတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစင်း လိုက်ပါ၍လာပြီ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့် ပစ်တော့သည်။ တချက် -------။ ဦးစောကား၏ မှန်ကို ထိသည်။ မှန်များ ကြေမွ လွှင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီ ဖြစ်သည်။ တတိယ တချက် ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

(၉)
၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်သက်မှုများအား လန်ဒန်ရှိ လေဘာအစိုးရသည် သူ၏ တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ) နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက် ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်ဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှ စစ်ဦးစီး ဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက် တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ ထင်မြင်ချက်များအား အစီရင်ခံ တင်ပြကြ၏။

“ဒုတိယ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ အရှေ့တလွှားသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူ ဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှ လက်အောက်ခံ အာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာ အမျိုးသား စစ်တပ်နှင့် တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော ပြည်သူလူထု အင်အားကြီးကို ဖြိုခွင်း အနိုင်ယူရန်မှာ နှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှ စစ်သားများက လေးငါးနှစ် ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ် မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသော ကာလအတွင်း၌ လွတ်လပ်ရေး ရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော ဂန္ဒီ၊ နေရူး အစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယ စစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေး ပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်”

(၁၀)
၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅) ရက်နေ့မှ စတင်ခဲ့သော “စက်တင်ဘာ အရေးတော်ပုံကြီး” သည် အားကောင်း၍ သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ) အား အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ) ၏ တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား ---

“ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်”

ဟူ၍ တဖက်မှ အားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်း လုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံ တင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏ အမှုဆောင် ကောင်စီအား (၁၁) ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် လုပ်ကိုင် ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ) တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင် တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုး ရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီ အမျိုးသားအစိုးရအဖြစ် အချုပ်အချာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ အရောက် ချီတက်တော့မည်။

(၁၁)
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေး ရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ) အဖွဲ့မှ ဘုရင်ခံ အမှုဆောင် ကောင်စီအစိုးရ အဖွဲ့တွင်ဝင်ပြီး တလကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ) အနေဖြင့် နောက်တဆင့် လွတ်လပ်ရေးအတွက် လန်ဒန် အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သို့ အဆိုတရပ် တင်၍ ဆွေးနွေးသည်။

ဗြိတိသျှ အစိုးရ အနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ ကျန်လူများမှာတော့ မည်သည့် သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏ သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏ သဘောထားအား အရင် မတင်ပြခြင်း ဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက် သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

“လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလို ဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင် ထည့်ထား လိုက်လိမ့်မယ်။ အဲဒါကြောင့် ဗြိတိသျှ အစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာ ဖီဆန်တယ်ဆိုတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်း အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာ ဖီဆန်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ ----“

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏ အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ် အမှုဆောင် အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးငယ် မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။

(၁၂)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်။
လောင်းဝစ္စလမ်း၊ ပြည်သူ့ရဲဘော် ဌာနချုပ်။

ကွန်မြူနစ်ပါတီအား (ဖ ဆ ပ လ)အတွင်းမှ ထုတ်ပယ် ပစ်လိုက်ပြီးသည့်နောက် (ဖ ဆ ပ လ) တွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့သာလျှင် အင်အားကြီးမားစွာနှင့် ကျန်ရှိခဲ့တော့သည်။ (ဖ ဆ ပ လ) အဖွဲ့ချုပ်ကြီး အတွင်း၌ အဖွဲ့အစည်း အလံများအား တိုးဝှေ့၍ စိုက်ထူနေကြသည်။ (ဖ ဆ ပ လ) အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်အဖွဲ့ ရှိပါလျက်နှင့် ဆိုရှယ်လစ်ပါတီက လယ်သမား ရှပ်နီတပ်အား စင်ပြိုင်ထောင်၏။ ပြည်ထဲရေးဌာနသည် ဆိုရှယ်လစ် ပါတီဝင်များအား သေနတ်လိုင်စင် ထုတ်ပေးသည်။ ပြည်သူ့ရဲဘော်များကိုမူ မထုတ်ပေး။ ထိုစဉ်က ပြည်ထဲရေး ၀န်ကြီးက ဦးကျော်ငြိမ်း ဖြစ်သည်။ သူက ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်။ ဤပြဿနာမျိုးက ခရိုင်တိုင်း၌ ဖြစ်ပေါ်၍နေ၏။ ပြဿနာက ကြီး၍သာ လာသည်။ မပေါက်ကွဲကြမှီ စေ့စပ် ဖြေရှင်းပေးရန် လိုပေမည်။ သခင်နုက မေမြို့တွင် ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းအား ကြေးနန်းရိုက်၍ ရန်ကုန်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ ညီညွှတ်ရေးအတွက် (ဖ ဆ ပ လ)က စေ့စပ်ရေး ပြုလုပ်ပေးသည်။

ပြည်သူ့ရဲဘော်အဖွဲ့ ဌာနချုပ်ဝင်းတ၀ိုက် လူများ တဖြည်းဖြည်း စုံလာကြပြီ။ ယောလုံချည်အကွက် ရင်ဖုံးအင်္ကျီနှင့် ဆရာဦးဘချိုသည် ညှိုးငယ်သော မျက်နှာဖြင့် ပြည်သူ့ရဲဘော်များအား လှမ်း၍ ကြည့်နေသည်။ ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ် ၀င်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်နေရင်း သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ တခါ တခါ ဆရာဦးဘချိုကို လှမ်း၍ စကားပြောသည်။ ဆိုရှယ်လစ်ပါတီမှ ခရိုင် တာဝန်ခံများလည်း စုံပြီ။ ပြည်သူ့ရဲဘော်မှ ခရိုင်ခေါင်းဆောင်များလည်း စုံကြပြီ။ သခင်နုကစ၍ စေ့စပ်ရေးစကား ပြောသည်။ ပြီးနောက် ဗိုလ်စိန်မှန်၊ ဦးဗဆွေတို့က ပြောကြသည်။ ညီညွှတ်ကြရန် အကြောင်းများအား နှုတ်ဖျားမှ ပြောနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စကားပြောရန် ရယ်မောကာ ထ၍လာသည်။ သူ့လက်ထဲတွင် ဒိုင်ယာရီ စာအုပ်ငယ်လေးအား ကိုင်ထားသည်။ သူ့ရှေ့ရှိ ဆိုရှယ်လစ် ပါတီဝင်များနှင့် ပြည်သူ့ရဲဘော်များအား ကြည့်ပြီး တုံးတိစကားအား ဆိုလေ၏။

“ ---- မဟုတ်ပါဘူး။ ဘာစကားများနေဖို့ ရှိလဲ။ မင်းတို့ အလကား စကားများနေတာပဲ။ ဒီလောက် မိုက်တွင်းမနက်ကြနဲ့။ ငါသာ အာဏာရှင်လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ။ ရဲဘော်တွေထဲကလည်း သောက်သုံးမကျကောင်တွေ အများကြီးပဲ။ ဆိုရှယ်လစ်ထဲကလည်း ဘ၀င်မြင့်ပြီး အလကား အထင်ကြီးနေတာတွေ တပုံကြီးပဲ။ ပြောချင်သေးတာက ငါဟာ ဘယ်တော့မှ နောက်လိုက် မရှာဘူး။ ကိုယ်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ တချို့ ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက် စုနေကြတယ်။ ငါဘယ်တော့မှ ဒီလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်လိုက်မမွေးလို့ အခုလည်း တယောက်တည်း၊ ထီးထီးပဲ”

ဗိုလ်ချုပ်အောင်ဆန်းသည် စကားဆုံးသည်နှင့် ပြန်၍ ထိုင်လိုက်သည်။ ပြီးလျှင် သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ မှောင်ရိပ်က သန်း၍ လာလေပြီ။ စိန်ဝေလျံ တူရိယာအဖွဲ့မှ `ညီညွှတ်ရေး သွေးဗိမာန်` သီချင်းသံသည် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ ဌာနချုပ်ဝင်းအတွင်း ပျံနှံ့၍ နေသည်။

(၁၃)
၁၉၄၇ ခုနှစ် ၊ ဇန်န၀ါရီလ (၂၇) ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ဒေါင်းနင်းလမ်း အမှတ် (၁၀)က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာအိမ် ဖြစ်သည်။ အင်္ဂလိပ် ဗိသုကာ ဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူးခြားခြား ထည်ဝါ ခန့်ညားခြင်းများ မရှိလှ။ အပြင်ဖက်မှ မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏ ၊ ထည်ဝါ၏၊ ခန်းလုံးပြည့် ခင်းထားသော ကောဇောကြီးများ။ ဗြိတိသျှ ပါလီမန်လွှတ်တော်၊ ဗြိတိသျှ နိုင်ငံရေးသမိုင်းတို့နှင့် ပါတ်သတ် စပ်ဆိုင်သော ပန်းချီကားများ၊ ဓါတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ ထားသည်။ အစည်းအဝေး ခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ် သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများ မဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂ အသုံးအဆောင်များ ဖြစ်သည်။ ထုထည်ကြီးသည်။ ခိုင်ခန့်သည်။ ပြီးလျှင် ---- တော်ဝင်ဆန်ပြီး လက်ရာမြှောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၃) ရက်နေ့မှ စ၍ မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ ကိုယ်စားလှယ် အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ဆွေးနွေးခဲ့ကြသည်။ နေ့စဉ်ရက်ဆက် ----။ ယခုမူ အပြီးသတ် သဘောတူညီချက်ပင် ရရှိခဲ့ပြီ။

လန်ဒန် ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍ လာတော့သည်။ စနိုးခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်းစွာ ကျလျက်ရှိသည်။ သဘောတူညီချက်တွင်က အပိုဒ် (၉) ပိုဒ်သာ ပါသည်။ သို့သော် ---- မြန်မာ့လွတ်လပ်ရေး အတွက်မူ အာမခံချက် ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေး ခန်းမတွင်းတွင်မူ နွေး၍နေသည်။ (ဖ ဆ ပ လ) ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် (၈) အပိုဒ်ခွဲ (ခ)နှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်းအား ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် (၈) အပိုဒ်ခွဲ(ခ) က ----

“နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒ သဘောထား မေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်”

အဓိပ္ပါယ်က တောင်တန်းဒေသ တိုင်းရင်းသားများ အနေဖြင့် မြန်မာတို့ အင်ပါယာအတွင်း ဒိုမီနီယံ အဆင့်နှင့် နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ရယူမလား။ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဘေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ” ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မျှော်လင့်သလို မဖြစ်ပါဘူး” ဟု ပြောပြီး ထပ်ဆွေးနွေးရန် မလိုတော့ဟု ဆိုသည်။ ဤတွင် ----- သဘောတူစာချုပ်က လက်မှတ် ရေးထိုးရန်သာ ကျန်တော့၏။ ပြီးပြီ။ သို့သော် ---- ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးက စာချုပ်ပါ အချက်များကို သဘောမတူ၍ လက်မှတ် ရေးမထိုးနိုင်ဟု တစခန်း ထလာကြသည်။ သူတို့က (ဖ ဆ ပ လ) ကိုယ်စားလှယ်များမဟုတ်။ အလိုတော်ရိများ ဖြစ်၏။ ငြင်းဆန်ခြင်းမှာ အပိုဒ် (၈) အပိုဒ်ခွဲ (ခ) ကြောင့်လည်း မဟုတ်။ (ဖ ဆ ပ လ) နှင့် ဗိုလ်ချုပ်အောင်ဆန်းအား တမင် ဆန့်ကျင်ကြခြင်းသာ ဖြစ်သည်။ ဤစာချုပ်က မြန်မာ့လွတ်လပ်ရေးသို့ သွားရာလမ်း ဖြစ်သည်။ ဤသည်ကို အလိုတော်ရိများ မလျှောက်လို။ လွတ်လပ်ရေးက အလိုတော်ရိများ၏ နိုင်ငံရေး သင်္ချိုင်းမြေဖြစ်ပြီး ဤစာချုပ်က သူတို့အတွက် သေဒဏ် စီရင်ချက်မျိုး ဖြစ်၏။ ဤသည်ကို အက်တလီတို့ကလည်း သိ၏။ သို့ဖြင့် စာချုပ်အား ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးမှ သဘောမတူကြောင်း မှတ်ချက်နှင့် လက်မှတ်ရေးထိုးပြီး ချုပ်ဆိုခဲ့ကြသည်။

“ အောင်ဆန်း-အက်တလီ စာချုပ်”

(၁၄)
၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်။
(ဖ ဆ ပ လ) ဌာနချုပ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးအတွက် အပင်ပန်းခံနိုင်သူ ဖြစ်၏။ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် လန်ဒန်မှ ရန်ကုန်သို့ ပြန်ရောက်ခဲ့သည်။ ပြီးလျှင် ---- ရှမ်းပြည်သို့ ခရီးထွက်ပြန်သည်။ မနား ---။ ပင်လုံတွင် တိုင်းရင်းသားများနှင့် တွေ့သည်။ စော်ဘွားကြီးများနှင့် တွေ့၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ တိုင်းရင်းသား လူထု ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၏။ ကိုလိုနီ စနစ်အောက်မှ လွတ်လပ်ရေး ရယူရာတွင် မြန်မာများနှင့်အတူ လက်တွဲပြီး အေးအေးပူပူ အတူတူ သွေးစည်း၍ လွတ်လပ်ရေးကြီးအား ရယူသင့်ကြောင်း စည်းရုံး၏။ တင်ပြ၏။ တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း သဘောတူ လက်ခံကြ၏။ ဤသို့နှင့်ပင်လုံ၌ ပြည်ထောင်စု စာချုပ်ကြီးအား ချုပ်ဆိုနိုင်ခဲ့တော့သည်။ ပင်လုံစာချုပ်-----။

ဗြိတိသျှအစိုးရများ အံ့အားသင့်၍ သွားတော့သည်။ ပြည်တွင်း အလိုတော်ရိများ မျက်နှာ ပျက်ခဲ့ကြသည်။ ဗြိတိသျှတို့မှ အောင်ဆန်း - အက်တလီ စာချုပ်တွင် သွင်းခဲ့သော အပိုဒ် (၈) အပိုဒ်ခွဲ(ခ) နှပ်ကြောင်းကား ထင်သလို ဖြစ်မလာခဲ့။ ဗြိတိသျှတို့၏ ခံစစ်ကုန်းများ ပြိုလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်အား ချုပ်ဆိုပြီးသည်နှင့် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်တွင် လူထုအား ရှင်းပြသည်။ အောင်ဆန်း-အက်တလီ စာချုပ်နှင့် ပင်လုံစာချုပ်တို့ အကြောင်း-----။ ပြီးလျှင် ---- (ဖ ဆ ပ လ) ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ပြန်သည်။ ဖေဖော်ဝါရီလ (၁၅) ရက်။ (ဖ ဆ ပ လ) ဌာနချုပ်၌ အောင်ဆန်း-အက်တလီ စာချုပ်၏ အနှစ်သာရအား ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးအဖွဲ့ အစည်းအဝေးတွင် ရှင်းပြသည်။

“အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာပြည်က ရရှိခဲ့သော အချက်များက အဘယ်နည်း။ ကြားဖြတ် အစိုးရသည် အမျိုးသား ကြားဖြတ်အစိုးရ အာဏာကို ရရှိခဲ့သည်။

ဗြိတိသျှပါလီမန်က ဥပဒေပြု ပြုလုပ်ပေးခြင်းက မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ် အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။

တိုင်းရင်းသား စစ်တပ်များကို လုံးဝ အုပ်ချုပ်နိုင်ပြီး နိုင်ငံခြား စစ်တပ်များမှာက ကြားဖြတ်အစိုးရ လက်အောက်မှာ မရှိသေး။

တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ်ရေး ဥပဒေအရ ရွေးကောက်ခြင်းမျိုး မဟုတ်ပဲ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက် အရွေးခံနိုင်သော လွှတ်တော် ဖြစ်ရပေမည်။

တိုင်းပြုပြည်ပြု လွှတ်တော်သည် အချုပ်အခြာ အာဏာပိုင် ၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြု လွှတ်တော် အချုပ်အခြာ အာဏာ ရှိသလားဆိုတာ လူထုအင်အား အပေါ်မှာ တည်တယ်။”

(၁၅)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်။
ရန်ကုန်မြို့။

ဘုရင်ခံဟောင်း ဆာပေါ်ထွန်း၊ ဂဠုန်ဦးစော၊ ဒေါက်တာဘမော်တို့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြသည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး တပါတ်အကြာတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ကိုလိုနီစနစ်နှင့် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲအတွင်း ပင်လုံ ခံစစ်ကုန်းအား ဗြိတိသျှတို့ လက်လွှတ်ပြီး ကာလအတွင်း ဖြစ်သည်။ ဦးစောမှ အောင်ဆန်းအား စွပ်စွဲ တိုက်ခိုက်တော့သည်။

အောင်ဆန်းသည် ကိုလိုနီအစိုးရနှင့် စေ့စပ်ပြီး အမျိုးသား လွတ်လပ်ရေးအား သစ္စာဖောက်သည်ဟု သတင်းစာ ဆရာများအား ပြောသည်။ ဦးစောမှ အောင်ဆန်း-အက်တလီ စာချုပ်အား ဒေါင်းနင်းလမ်း နေအိမ်၌ လက်မှတ်ရေးထိုးစဉ် အောင်ဆန်းသည် အက်တလီအား မလွန်ဆန်နိုင်၍ ရေးထိုးခဲ့ရကြောင်း လက်မှတ်ထိုးစဉ် အောင်ဆန်းသည် လက်တုန်တုန်နှင့် ရေးထိုးခဲ့ရခြင်း ဖြစ်သည်ဟု ဂဠုန်ဦးစောမှ ပြောသည်။ ပြီးလျှင် ----- ဂဠုန်ဦးစော၊ သခင်ဗစိန်၊ စောဘဦးကြီးတို့ သုံးယောက်တို့သည် အစိုးရအဖွဲ့မှ နုတ်ထွက် ခဲ့ကြတော့သည်။ အမျိုးသား လွတ်မြောက်ရေးလမ်းနှင့် ခွဲထွက်ခဲ့ကြခြင်း ဖြစ်သည်။ အလိုတော်ရိတို့၏ သွားရာလမ်း -----။

(၁၆)
၁၉၄၇ ခုနှစ်၊ ဧပြီ (၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အတွင်းဝန်ရုံးမှ ဗိုလ်ချုပ်အောင်ဆန်းသည် (ဖ ဆ ပ လ) ဌာနချုပ်သို့ တယ်လီဖုန်းဆက်၏။

“ဟယ်လို --- သခင်နုလား။ ခင်ဗျားနာမည် အမတ်လောင်း စာရင်းထဲမှာ မတွေ့ဘူး”

သခင်နုက ပြန်ပြော၏။ ဟုတ်တယ် ဗိုလ်ချုပ် ကျနော် ရွေးကောက်ပွဲ မ၀င်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းသည် တယ်လီဖုန်းမှ သခင်နုအား ဒေါသကြီးစွာနှင့် အော်၍ပြော၏။

“ခင်ဗျား မ၀င်လို့ မဖြစ်ဘူး။ The Country is doomed. “

သခင်နုက တယ်လီဖုန်းခွက်အား ချလိုက်သည်။ ဗိုလ်ချုပ် ဒေါသထွက်နေစဉ် သူနှင့် စကားပြော၍ မဖြစ်။

တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲက ဗမာပြည်၏ ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် ( ဖ ဆ ပ လ)မှ အရွေးချယ် ခံသည်။ ကွန်မြူနစ် ပါတီမှလည်း ၀င်ရောက် အရွေးချယ်ခံသည်။ ကေအင်ယူနှင့် ဂဠုန်ဦးစော၏ မျိုးချစ်ပါတီတို့မှ ရွေးကောက်ပွဲအား မ၀င်ရောက်။ သပိတ်မှောက်ကြသည်။ သခင်စိုး၏ အလံနီ ကွန်မြုနစ် ပါတီကလည်း ရွေးကောက်ပွဲအား ဆန့်ကျင်သည်။ ထားတော့ -----။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် အမတ် နေရာ (၁၈၂) နေရာ ရှိသည့်အနက် (ဖ ဆ ပ လ)မှ (၁၇၁) နေရာ အနိုင်ရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက (၇)နေရာ အနိုင်ရရှိသည်။ ပြည်သူများက လွတ်လပ်ရေးအတွက် အသဲကြားက မဲတပြားနှင့် သူတို့ ယုံကြည်ရာ ( ဖ ဆ ပ လ) သို့ ဆန္ဒပြုခဲ့ကြခြင်း ဖြစ်သည်။

(၁၇)
၁၉၄၇ခုနှစ်၊ ဇွန်လ (၉)ရက်။
တိုင်းပြုပြည်ပြုလွှတ်တော်၊ ရန်ကုန်မြို့။

လှိုင်မြစ်အတွင်း ဖြတ်သန်းလာသည့် မုတ်သုန်မိုးသည် ရန်ကုန်မြို့ပေါ်သို့ တဖွဲဖွဲနှင့် မစဲတော့။ မိုးဖွဲများအောက်၌ ရန်ကုန် မြို့သူမြို့သားများသည် မဟာဗန္ဒုလ ပန်းခြံအတွင်း စုဝေး၍ နေကြသည်။ ဗိုလ်ချုပ် ဦးဆောင်သည့် (ဖ ဆ ပ လ) တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များသည် မဟာ ဗန္ဒုလ ပန်းခြံအတွင်း စုရုံပြီး တိုင်းပြုပြည်ပြု လွှတ်တော် တည်ရှိရာ အတွင်းဝန်များရုံးသို့ ချီတက်ကြမည်။ ပရိတ်သတ်ကြီးသည် (ဖ ဆ ပ လ) လွှတ်တော် အမတ်များအား ထောက်ခံ အားပေးနေကြသည်။ ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် တိုက်ပုံအင်ကျီ အဖြူရောင် ၀တ်ဆင်ပြီး ပန်းနုရောင် ချိတ်အဆင် ပုဆိုးအား ခါးတွင် စည်းထားသည်။ ယခင်က ဘီဒီအေ စစ်ယူနီဖောင်း အမြဲဝတ်ဆင်လေ့ ရှိသည့် ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် ထူးဆန်း၍ နေသည်။ ပရိတ်သတ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ( ဖ ဆ ပ လ) လွှတ်တော်အမတ်များအား ---- ။

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ”

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ” ဟု ကြွေးကြော်နေကြသည်။

နံနက် (၁၁) နာရီအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး စသည်။ လွှတ်တော် အစည်းအဝေး စသည့်အခါ၌ ဗိုလ်ချုပ်သည် လွှတ်တော် အစည်းအဝေးအတွင်း ရှေးဦးစွာ ထိုင်ရာမှ ထပြီး -

“ကျနော် အဆိုတခု တင်ချင်ပါတယ်။ တိုင်းပြုပြည်ပြု အမတ်များ ခင်ဗျား- ဒီနေ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ထုံးစံအတိုင်း အစည်းအဝေးကို ထိန်းသိမ်း စောင့်ရှောက်သွားရန်အတွက် သဘာပတိ လိုပါတယ်။ ဒီလို သဘာပတီအဖြစ် တင်မြှောက်ဖို့ ကျနော်က ဘဏ္ဍာရေးဝန်ကြီး သခင်မြကို အဆို တင်သွင်းပါတယ်”

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအား မန်းဘခိုင်က ထောက်ခံလိုက်သည်။

(၁၈)

ဂဠုန်ဦးစောက ယူဂန္ဒာနိုင်ငံမှ ပြန်ရောက်ပြီးသည်နှင့် မျိုးချစ်ပါတီအား ပြန်လည် ဖွဲ့စည်းတော့သည်။ (ဖ ဆ ပ လ) အတွင်း ရောက်နေကြသည့် မျိုးချစ် ပါတီဝင်များအား ပြန်ခေါ်သည်။ ဦးစော၏ အကြံက ကြီး၏။ ၁၉၄၆ နှစ်ဦးမှစ၍ ဦးစောသည် နိုင်ငံတော် အာဏာအား ရယူနိုင်ရန် ကြံခဲ့၏။ (ဖ ဆ ပ လ)အား နိုင်ငံရေးအရ အတိုက်အခံ လုပ်၏။ ဗြိတိသျှ စစ်ဖက်နှင့် ပေါင်း၍ သေနတ်များအား စု၏။ အိန္ဒိယစစ်တပ် လျှပ်စစ်နှင့် စက်မှုလက်မှု အလုပ်ရုံတပ်မှူး မေဂျာယန်း ထံမှ ဆပ်မရှင်းဂန်း တလက်၊ ကာဘိုင် သုံးလက်၊ စတင်းဂန်းတလက်၊ တော်မီဂန်း နှစ်လက်၊ လူးဂါး ပစ္စတို တလက်၊ ခြောက်လုံးပြူး တလက်နှင့် ကျည်ဆံများအား ၀ယ်ယူခဲ့သည်။ ပြီးနောက် သူ၏ မြန်မာပြည်သိမ်း စီမံကိန်းအား ရေးဆွဲတော့သည်။

(၁) လက်နက်များ စုဆောင်းရန်
(၂) ခဲယမ်းမီးကျောက်များ စုဆောင်းရန်
(၃) ငွေကြေး အမြောက်အများ စုဆောင်းရန်
(၄) လက်နက် ခဲယမ်းများကို မျိုးချစ်ဂဠုန် တပ်ဖွဲ့များထံ လျှိုဝှက် ဖြန့်ချီထားရန်
(၅) ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို သုတ်သင်ရှင်းလင်းရန်
(၆) နယ်များမှ အရေးပါသော ခေါင်းဆောင်များကိုလည်း သုတ်သင်ရှင်းလင်းရန်
(၇) (ဖ ဆ ပ လ) စည်းရုံးရေး ဖရိုဖရဲ ဖြစ်လာစေရန်
(၈) (ဖ ဆ ပ လ) ခေါင်းဆောင်များ သေဆုံးသွားလျှင် (ဖ ဆ ပ လ) သည် ပြည်သူ့အပေါ် သြဇာ ရှိတော့မည်မဟုတ်
(၉) ထိုအခါ ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာအပ်လိမ့်မည်
(၁၀) မျိုးချစ်ပါတီ အာဏာရလာလျှင် လူထုကို ဆွဲဆောင် စည်းရုံးနိုင်မည်။

ဤကား ဦးစော၏ အာဏာသိမ်းရေး အနာဂတ်မြေပုံ လမ်းညွန်(၁၀) ချက် ဖြစ်သည်။ သို့မဟုတ်---- ဦးစော၏ Road Map ------။

(၁၉)
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
အမှတ် (၂၂၆)၊ ဗိုလ်တထောင်လမ်း၊ ရန်ကုန်မြို့။

အင်္ဂလိပ်အရာရှိ ဗိုလ်ကြီး ဗီဗီယန်းသည် ဂဠုန်ဦးစော၏လူ ဘညွှန့်အား ဖော်ရွေစွာ နှုတ်ဆက်၏။ ဘညွှန့်က ထုတ်ပြသည့် စာရွက်အား ကြည့်ပြီး လက်မှတ်ထိုးလိုက်သည်။ အားလုံးက အတုများသာ ဖြစ်သည်။ ဘရန်းဂန်း သေနတ် နှစ်ရာနှင့် ပြောင်းပို နှစ်ရာ ၊ မဂ္ဂဇင်းကျည်ကတ် ရှစ်ရာ တို့အား ထုတ်ယူခြင်း ဖြစ်သည်။ ပြီးလျှင် ---- ကားနံပါတ် အာဘီ ၃၁၁၅ နှင့် ဂဠုန်ဦးစော၏ နေအိမ်သို့ သယ်ဆောင် သွားတော့သည်။ ရှစ်မိုင်လမ်း ဂဠုန်ဦးစော၏ နေအိမ်သို့ လက်နက်များ သယ်ဆောင်လာသည့် ကားသည် အခက်အခဲမရှိ ၀င်ရောက်ခဲ့သည်။ ဂဠုန်ဦးစောမှ ဘညွှန့်အား ကြည့်ပြီး ----

“ဂဠုန်ကွ” ဟူ၍ ကြွေးကြော်သည်။ ပြီးလျှင် ---- လက်နက်များအား အင်းယားကန် အတွင်း၌ စည်းပိုင်းများဖြင့် ထည့်ပြီး ဖွတ်၏။ အချို့အား သာယာဝတီ ခရိုင်ဖက်သို့ ပို့၏။ မျိုးချစ်တပ်များအား လက်နက် တပ်ဆင်ခြင်း ဖြစ်သည်။ အကြမ်းဖက်၍ နိုင်ငံတော် အာဏာအား ရယူရန် ဂဠုန်တို့ ကြံကြလေပြီ။

(၂၀)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်။

မုတ်သုံမိုးက သွန်းဖြိုး၍ နေဆဲ။ ဂဠုန်ဦးစော၏ အကြံအစည်အား ရန်ကုန်မြို့သားများ သိ၍ နေကြသည်။ ဂဠုန်တပ်များ လက်နက် စုနေသည်ကို ရန်ကုန်အတွင်း ပြော၍နေကြသည်။ အတွင်းဝန်ရုံး၌လည်း ဤ သတင်းက ပြန့်နှံ၍နေသည်။ ဗြိတိသျှ အာဏာပိုင်များလည်း သိကြသည်။ ရဲမင်းကြီးလည်း သိသည်။ မည်သို့ လုပ်ကြမည်နည်း။ မည်သူမျှ လုပ်ကိုင် ဆောင်ရွက်မှုမရှိ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပျော်ဘွယ် ဦးမြနှင့်အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ထံသို့ သွား၍တွေ့သည်။ ဂဠုန်တပ်၏ အခြေအနေအား ရှင်းပြသည်။ ဘုရင်ခံမှ ထိရောက်သည့် အရေးယူမှု မပြုလုပ်ခဲ့။ နှာစေး၍ နေတော့သည်။

ဇူလိုင်လ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နုနှင့်အတူ ဘုရင်ခံထံသို့ ထပ်မံသွားရောက်ပြီး ဂဠုန်ဦးစော၏ လက်နက်ကိစ္စများအား ပြောပြပြန်သည်။ ဘုရင်ခံ၏ တုံ့ပြန်မှုက အားမရ။ ဤသို့နှင့် ------။

(၂၁)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။

ရန်ကုန်မြို့က တညလုံး စွေခဲ့သည့် မိုးကြောင့် စိုစွတ်၍ နေသည်။ အင်းယားရေပြင်အား ဖြတ်တိုက်၍ လာသော လေသည် မိုးငွေ့ကြောင့် အေးစိမ့်၍နေသည်။ ဦးစောသည် မနက် လက်ဖက်ရည် သောက်ပြီးသည်နှင့် မောင်စိုး၊ သက်နှင်းနှင့် စိန်ကြီးတို့အား သူ့အခန်းအတွင်းသို့ ခေါ်လိုက်၏။ သူ့အခန်း အတွင်း၌ကား စတင်းဂန်း၊ တော်မီဂန်းနှင့် အမှတ် (၁၂) အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများအား ပုံထားသည်။ ဦးစောနှင့် မောင်စိုးတို့ ဆွေးနွေး၍ နေသည်။ ပစ်ခတ်မည့် သူများအတွင်း လူတယောက် လိုနေ၏။ မည်သူကို ရွေးမည်နည်း ။ နောက်ဆုံး ဦးစောမှ ရန်ကြီးအောင်အား ရွေးလိုက်သည်။ ရန်ကြီးအောင်က ဦးစော၏ ညီဝမ်းကွဲမှ မွေးသော ဦးစော၏ တူဖြစ်သည်။ အသက်မှာ (၁၆)နှစ်သာ ရှိသေး၏။ ရန်ကြီးအောင်အား ဦးစော၏ အခန်းတွင်းသို့ ခေါ်လိုက်၏။ စစ်ယူနီဖောင်းများက ရန်ကြီးအောင်ထက် ကြီး၍နေသည်။ တော်မီဂန်း တလက်အား ရန်ကြီးအောင်သို့ ပေးလိုက်သည်။ လေ့ကျင့်ထားပြီး ဖြစ်သည့်အတွက် ပစ်ခတ်မှုတွင် ကျွမ်းကျင်၍ နေပြီ ဖြစ်သည်။ မိုးကမစဲသေး။ တဖွဲဖွဲနှင့် ရွာ၍ကောင်းနေဆဲ။ ဦးစောသည် အခန်းအတွင်းမှ ထွက်သွားသည်။ ဘညွှန့်နှင့် ခင်မောင်ရင်တို့အား ဧည့်ခန်းအတွင်း တွေ့ပြီး ရှင်းပြ၍နေသည်။ ခင်မောင်ရင်က အတွင်းဝန်ရုံး၌ ဒီနေ့ ၀န်ကြီးအစည်းအဝေး ပြုလုပ်ဖြစ်၊ မဖြစ်အား နောက်ဆုံး အတည်ပြုချက် ရယူရန်----။ ဘညွှန့်က လွှတ်တော်ဥက္ကဌ သခင်နု သူ၏ ရုံးခန်းတွင် ရှိ ၊ မရှိ စုံစမ်းရန် ဖြစ်သည်။ အေဒီလမ်း ဦးစော၏နေအိမ်မှ ဒေါ့ဂျစ် အမျိုးအစား ကားငယ်လေးသည် မြို့အတွင်းသို့ မောင်း၍ ထွက်သွားသည်။ ကားပေါ်၌ ဘညွှန့်၊ ခင်မောင်ရင်နှင့် မောင်နီတို့ ပါသွားသည်။

ဦးစော ဧည့်ခန်းအတွင်းမှ တယ်လီဖုန်း မြည်လာသည်။ မိုးသံလေသံများ အောက်မှ တယ်လီဖုန်းသံသည် စူးစူးရဲရဲ ----။ မိစ္ဆာတကောင် အော်ဟစ်နေသကဲ့သို့ ----။

ဦးစောသည် တယ်လီဖုန်းအား ကောက်၍ ကိုင်လိုက်သည် ။ ခင်မောင်ရင်နှင့် ဘညွှန့်တို့ထံမှ တယ်လီဖုန်း ဖြစ်သည်။ အစိုးရအဖွဲ့ အစည်းအဝေးအား အတွင်းဝန်ရုံး၌ လုပ်ဖြစ်သည်။ သခင်နုကမူ သူ၏ လွှတ်တော်ဥက္ကဌ ရုံးခန်း၌ မရှိ။ ဦးစောသည် တယ်လီဖုန်းအား ချလိုက်သည်။

“အောင်ဆန်းတို့ အစည်းအဝေး လုပ်ဖြစ်တယ်။ ကဲ --- သွားကြမယ်။ ထကြ၊ ပြင်ကြ”

ဂဠုန်ဦးစောမှ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့အား ပြောလိုက်သည်။ မိုးက ဖွဲဖွဲနှင့် ရွာ၍ ကောင်းနေဆဲ။ သုခသည် ကင်းဗတ်ဖိနပ်အား စီးထားသည်။ သူက ပစ်ခတ်မည့်သူများအား ကား ဖြင့် မောင်းပို့ရမည်။ ပစ်ခတ်မည့်သူများက မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ ဖြစ်သည်။

(၂၂)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အင်္ဂလိပ် ဗိသုကာ ဆရာများ၏ လက်ရာ အုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံး အဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍ နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သနပ်ခါးရောင် ပိုးပျော့ရင်ဖုံအင်္ကျီအား ၀တ်ထား၏။ ယခင်နေ့များကဲ့သို့ ဘီဒီအေ စစ်ယူနီဖောင်းနှင့် မဟုတ်။ ဘန်ကောက်လုံချည်၊ ပိုးပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနှင့် တဘာသာ ဆန်း၍နေသည်။ ဂငယ်ပုံစံ စားပွဲရှည်၏ ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ထိုင်၏။ သခင်မြ၊ ဦးဘ၀င်းစသည့် ၀န်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင် ထိုင်ကြပြီး၊ လက်ယာဖက် စားပွဲတွင်မူ ၀န်ကြီး ဦးဗဂျမ်း၊ ပျော်ဘွယ် ဦးမြတို့ ထိုင်ကြ၏။ ၀န်ကြီး စောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟောတို့ နှစ်ယောက်က အစည်းအဝေးသို့ မတတ်ရောက်နိုင်ကြ။ ခရီးလွန်နေကြသည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ ရောက်နေ၍ အစည်းအဝေးတွင် မရှိ။

၁၀း ၃၇နာရီ -----။

အတွင်းဝန် ဦးအုံးမောင်သည် ၀န်ကြီး၏ကိုယ်စား ၎င်းဌာန အခြေအနေများအား သခင်မြ၏ဘေးမှ မတ်တပ်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ အရှေ့မျက်စောင်းထိုးတွင် ထိုင်၍နေသည်။ သူ၏ အရှေ့တည့်တည့်၌က ၀န်ကြီး ဦးဗဂျမ်းနှင့် ပျော်ဘွယ်ဦးမြတို့ ရှိသည်။

အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ် (၁၂) တပ်မတော် ယူနီဖောင်းနှင့် လက်နက်ကိုင်လူ (၄) ယောက် ၀င်၍လာသည်။ အတွင်းဝန် ဦးအုံးမောင်က မသိ။ သူ၏ နောက်ကျောဘက်မှ ၀င်လာခြင်းဖြစ်၍ မတွေ့ရ။ အစည်းအဝေးသို့ ဆက်၍ အစီရင်ခံ တင်ပြ၍ နေသည်။ ၀င်လာသူ လေးယောက်သည် ဂငယ်ပုံ စားပွဲထိပ်ဝသို့ သွား၏။ ဗိုလ်ချုပ် အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် ၊ တည့်တည့် အနေအထာ ----။ သေနတ်များနှင့် ထိုး၍ ချိန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍ သွားတော့၏။

မောင်စိုးက အမိန့်ပေး၏။

“ပစ် ပစ်”

တော်မီဂန်းဖြင့် ရန်ကြီးအောင်သည် ပစ်၏။ ယမ်းပေါက်ကွဲသံများက ဆူညံ၍ နေသည်။ စိန်ကြီး၏ သေနတ်ပြောင်းဝမှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဘက်လက်ဖြင့် ပွေ့ကိုင်ထားသော စတင်းဂန်း သေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍ နေသည်။ သူ၏ ညာဖက်လက်ညှိုးမှာမူ “ထွေကာ” ကွင်းအတွင်းရှိ မောင်းခလုတ်ငယ်အား ကွေး၍ ထားသည်။ မရပ်တော့ -----။ ဗိုလ်ချုပ်အောင်ဆန်းသည် မတ်မတ် ရပ်နေရာမှ အနောက်သို့ လန်၍ ကျသွားသည်။ သူထိုင်သည့် ကုလားထိုင် နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ ပဲ့ထွက်သွားသည်။ တချက် ----၊ နှစ်ချက် ---- မရေမတွက်နိုင်တော့။ ဗိုလ်ချုပ်အောင်ဆန်းသည် ကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲ၍ ကျသွားသည်။ သွေးများက `တာ` ကျိုးသည့်အလား။ ဗိုလ်ချုပ်၏ကိုယ်မှ သွေးများ သွန်းကျ၍ နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့်သူများအား မုဆိုးဒူးထောက် ထိုင်၍ ပစ်ပြန်၏။ တော်မီဂန်း သေနတ်သံများက ဆူညံ၍ နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍ နေတော့သည်။ သွေးနံ့နှင့်ယမ်းနံ့ ရော၍သွားတော့၏။

ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေးသည် သေနတ်သံများ ကြား၍ ပြေးလာသည်။ ၀န်ကြီးများ အစည်းအဝေး ပြုလုပ်နေသည့် အခန်း၏အပြင်တွင် ဗြိတိသျှအမှတ် (၁၂) တံဆိပ် တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှ တော်မီဂန်းနှင့် ပစ်၏။ အတွင်းဝန်ရုံးက ယမ်းနှင့်သွေး လွှမ်း၍ သွားတော့သည်။ မိုးကမစဲတော့။ တဖွဲဖွဲနှင့် စွေ၍ ကောင်းနေဆဲပင်။

(၂၃)
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

ယမ်းပေါက်ကွဲသည့် အသံများသည် မိုးသံလေသံတို့နှင့် ရောထွေးပြီး စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းအတွင်းသို့ စီးဝင်၍ လာသည်။ စီအိုင်ဒီရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက် တည့်တည့်တွင် ရှိသည်။ ဗြိတိသျှ တပ်မတော်၏ မြန်မာနိုင်ငံ ကွပ်ကဲမှု ဌာနချုပ်အောက်တွင် ရှိသည့် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နက်(ရှ်)နှင့် ဗြိတိသျှ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် နိုက် (၂) ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် စကားပြောလျက် ရှိသည်။ ပြီးလျှင် ---- အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်အား နှုတ်ဆက်၍ အခန်းတွင်းမှ ထွက်သွားကြတော့သည်။ လျှို့လျှို့ဝှက်ဝှက် ----။

(၂၄)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။
စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) တို့ ဦးဆောင်သည့် စစ်ရဲတပ်နှင့် သောင်းကျန်းမှု နှိမ်နင်းရေး တပ်ဖွဲ့တို့သည် အေဒီလမ်းရှိ ဦးစော၏အိမ်သို့ ၀ိုင်းလိုက်ကြသည်။ ဦးစောခြံ၏ ခြံတံခါးအား လုံခြုံရေးတပ်များက ဖွင့်ခိုင်း၏။ မှုန်ကြီးက မဖွင့်ပေး။ လုံခြုံရေး တပ်သားများအား သေနတ်နှင့် စတင်၍ ပစ်၏။ ပစ်ခတ်မှုက ခဏငယ် အတွင်းပြီး၏။ ခြံအတွင်းသို့ လုံခြုံရေးတပ်သားများ စီးနင်း ၀င်ရောက်သွားကြပြီး ဖြစ်သည်။ မှုန်ကြီးက လက်တွင် ဒဏ်ရာရ၏။ ဦးစောက အခြေမပျက်။ ဟန်ဆောင်ကောင်းလှ၏။ သူတို့ အားလုံးအား ဖမ်းဆီးလိုက်ကြသည်။ သူတို့အား ရန်ကုန်ထောင်နှင့် အင်းစိန်ထောင်တို့တွင် ခွဲ၍ ချုပ်ထားလိုက်ကြသည်။

(၂၅)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်။
အင်းစိန် စီအိုင်ဒီရုံး။

စီအိုင်ဒီမှ ရဲမှူးကြီး ဦးလှအောင်သည် ဘညွှန့် ၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့၏ဖြောင့်ချက် လက်ရေးမူအား ဦးစော၏အမှုအား ကိုင်တွယ် စစ်ဆေးနေကြသည့် ရဲမှူးကြီး ဦးသိန်းအုန်း၊ ရဲအုပ် ဦးထွန်းမောင်၊ ဦးအောင်ချီ၊ ဦးကိုကိုကြီးနှင့် ဒုရဲအုပ်ဦးနွယ်တို့အား ပြ၏။ တရားခံအချို့အား ပြန်လည် စစ်ဆေးရန်လိုသည့် မေးခွန်းတို့အား ထုတ်ကြ၏။ သက်နှင်းနှင့် မောင်စိုးတို့ နှစ်ယောက်က ခေါင်းမာချင်ကြသည်။ အမှန်အတိုင်း မထွက်ဆိုချင်ကြသေး။ ဂဠုန်ဦးစောကမူ ဟန်ဆောင်မှု ကောင်းကောင်းနှင့် အချိန်ဆွဲထားလို၏။ အင်္ဂလန်ကျွန်းမှ ဆရာသခင်များ၏ ကယ်တင်ချိန်အား မျှော်နေဆဲ ဖြစ်၏။

(၂၆)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
အင်းစိန်ထောင်၊ အထူးခုံရုံး။

ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။ သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။

(၂၇)
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင်။

ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။

"Any Message from London"

ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။

"No Nothing, Very Sorry ---"

အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။

အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။

တလှမ်း ---၊ နှစ်လှမ်း ----။

တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။

ဦးစောမှ ----

“ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်” ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။

“ဂျိုင်း”


မင်းဟန်
------------------------------
ကိုးကား ----
ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
ဦးနု၏ တာတေစနေသား
သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
မောရစ်ကောလစ်၏ Last And First in Burma
တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု