Tuesday, July 22, 2008

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ

ငြိမ်းဝေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 17:13 - မြန်မာစံတော်ချိန်

(၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အတွက် ၄၄ နှစ်မြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ် အခါသမယတွင် ဂုဏ်ပြုသည့်ဆောင်းပါး ဖြစ်ပါသည်။)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကို အခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓာတ်များ အနိုးကြားဆုံးကာလ

(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ

(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်း မဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပဲ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်က ကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ ၄ ခုအတွင်း မလွဲမသွေ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ ၄ ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ၊ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံး အပြီးအပိုင် ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက် ၁၅ နှစ်ကြာ ကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို ၁၀ နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့တွေဟာ ဗိုလ်ချုပ် ၃ ဦး ကွပ်ကဲတဲ့ စစ်အင်အား ၃၅၀၀၀ ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။
ကျွန်ဘ၀ကိုရောက်ရှိပြီး ၁၀ နှစ်၊ ၁၅ နှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ အသက်ဟာ ၂၀ ၀န်းကျင်ဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို အင်္ဂလိပ်တွေက အဆမတန် အင်အားသုံးပြီး နှိပ်ကွပ်ပြီးတဲ့နောက် အမျိုးသားရေးစိတ်ဓာတ်တွေ အညွှန့်ချိုးခံရသလိုဖြစ်ပြီး နယ်ချဲ့ကို အထင်ကြီး၊ နယ်ချဲ့ကို ကြောက်ရွံ့၊ နယ်ချဲ့နဲ့ ပူးပေါင်းသွားကြတဲ့ အမျိုးသားရေးစိတ်ဓာတ် ဖြူဖျော့သူများ ပေါ်ပေါက်လာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို အမျိုးသားရေးစိတ်ဓာတ် ဒီရေ ကျဆင်းနေတဲ့အချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက့ 

"သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက

ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်

စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု

တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့

မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်

တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်

နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... " ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးက ရပ်တည်ထားတဲ့ သူရိယသတင်းစာကြီးမှာ ရေးခဲ့တာပါ။
ဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့ လွတ်လပ်တဲ့လူမျိုးအဖြစ် ရပ်တည်ခဲ့တဲ့ ဒဇာတိပုညဒ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါ ခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့် လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကို အထင်ကြီးပြီး နယ်ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကို ဖြုတ်ပြီး မစ္စတာတွေ ရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကို ချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှု မှေးမှိန်ဖို့ ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ် မောင်မှိုင်းဝတ္ထုထဲက အင်မတန် ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင် 'မောင်မှိုင်း' ရဲ့ နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး 'မစ္စတာမောင်မှိုင်း' ကလောင်အမည်နဲ့ 'ဗိုလ်ဋီကာ' ဆောင်းပါးတွေကို ဒလစပ် ရေးပါတော့တယ်။ ဒီအခါကျတော့မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေး စိတ်ဓာတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။
ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး၊ ဇာတိပုညမှေးမှိန်မှုကို သတိပေးပြီး အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ဖို့ ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက် မွဲတေလာ ရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့ အတွေးကို ခြေရာခံနိုင်ဖို့ အခုလို ကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

” မွဲဘို့ရာကံကြမ္မာနှင့်

ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့

အထက်ဟိုအညာမှာလေ

ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု

အညာမြေ ဌါနေဟောင်းဆီက

အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့

'အမယ်မင်း' မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်

ခေါင်းတခါခါနှင့်ဆပ်လှစွာသော

လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ

ကျောင်းတကာကိုသာအပ်လိုက်ပေရော့

ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့

'မလေးရယ်' ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင်း ဆိုပြီး ”အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်း ထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက် ၄၀ ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက် မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီ လှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။
ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာ နေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ ခေတ်ကို ဖော်ထုတ် ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက "မှန်ကန်တဲ့ အမျိုးသားရေးသမား" တွေဘက်က ရပ်တည်ပါတယ်။
ဒီနေရာမှာ ဟိုခေတ်ဟိုအခါအနေနဲ့ လွယ်မယောင်နဲ့ ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ အိန္ဒိယနဲ့ တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲရေးပြဿနာ၊ တခါ ကုလားဗမာ အဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေး ကြိုးပမ်းမှု လှေကားထစ် အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကျပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ လှေကားထစ်တချို့မှာ အမျိုးသားရေး ၀ါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင် မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ဘဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။

ဒီတုန်းက ဆရာကြီးက အခုလို ကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

" သို့လော သို့လော၊ သဘောနှစ်ဖြာ

မြို့ရောတောပါ မကွဲတဲ့အပြင်

ပေါင်းအသင်း တညီတညာ

ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု

ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့

ရှင်ရောလူပါ သောက် သောက်လဲပါရော ... " ဆိုတဲ့ ကဗျာမျိုးကို ရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ဒ၀ိုင်၊ အမ်၊ ဘီ၊ အေဒ လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ် ၃ ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့ ဓမြန်မာပြည် အနာဂတ် အုပ်ချုပ်ရေးဓ ဆိုတာကိုပဲ ထောက်ခံကြောင်း ကြေညာတဲ့အခါ 'ဘေ၊ ပု၊ ရှိန်' သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခု မရှိတဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကို ရေးခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးကြိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်း၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့ သမိုင်းရေးပြဿနာတွေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါတယ်။

" အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး

ငို့ဘ ပလီဥာဏ်ဖြင့်

ဝစီကံ အလိမ်အညာစကားတွေနှင့်

အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်

အသား ပြာတာတာနှင့်

ကုလားမြန်မာခွဲလျင်ဖြင့်

မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ

ကိုးဆယ့်တဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု

တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့

ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်

အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့

သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး 'စူရတီဘဇာ' ကိုတောင်

ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး

အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့

သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့

ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့

ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်

မတရားတချို့ မတော်လေတယ်နော်ကွယ်

နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... "

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့ တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေး တိုက်ပွဲဝင်တဲ့ နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ ၂ စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အတိုင်း မမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား ၂၁ ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဘက်ကို လိုက်ရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဘက်က ထောက်ခံတဲ့ သတင်းစာနဲ့ တွဲရေးဘက်က ထောက်ခံတဲ့ သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဘက်က ထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့ အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးက နိုင်ငံရေးအမြင် မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား၂၁ ဦးနဲ့ ပတ်သက်ပြီး အခုလို ကဗျာဖွဲ့ပြီး ထိုးနှက်ရှုတ်ချလိုက်ပါတယ်။

"အစာမြင်လျင်။ ဗမာမခင်မူ၍

သာသနာပလ္လင်နှင့် ဝေးတဲ့အောင်

(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်

ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး

ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်

ခွေးနှစ်ဆယ့်တဦး ..." ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုတ်ချခဲ့တဲ့ အဲဒီခွဲရေးသမား ၂၁ ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာ ၅၀၀၀ ကို ယူခဲ့ကြတာမို့ အမျိုးသားရေး သစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။
တခါ ... ၊ တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေး တိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့ အခါမှာလည့်း့ 

"အော် ... ဝေးခရီးကပေမဲ့

အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့

ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက

မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ

' ထ ' ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့

' ထီ ' မထင်ကျောင်းတော်သားတွေရဲ့

အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ

မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့" လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ပါတယ်။

တခါ ... လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီး ပေါ်ပေါက်လာတဲ့ အခါကျပြန်တော့လည်း ဓရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ..." ဆိုပြီး အတိအလင်း ထောက်ခံအားပေးခဲ့ပါတယ်။
ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်၊ငါ စည်းခြားဖို့ လွယ်ကူတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရန်၊ငါ ခွဲခြားဖို့ခက်တဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပွားလာတဲ့ အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေး နည်းနာအရ အမှန်အမှား ခွဲခြားဖို့ရန် ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ' ကုလားဗမာ အဓိကရုဏ်း' ပြဿနာမျိုး ဖြစ်ပါတယ်။ ကုလားတွေဟာ မြန်မာတမျိုးသားလုံးရဲ့ ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလားဗမာ အဓိကရုဏ်းတွေ ဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့်သာဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်း လက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့ အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေး တရားတောင် ဟောခဲ့ကြသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက " သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ်ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာဓ ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုတ်ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကြိုးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် ၂ ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့ အဖြစ်အပျက်နဲ့ နောက် တခုက အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။
အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ် သပိတ်တိုက်ပွဲတွေကို ပြန်လည် အောင့်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ 'လွတ်လပ်ရေးအတိတ် သပိတ်ဘွဲ့ မဟာကဗျာ လေးချိုးကြီး' ထဲမှာ ဆရာကြီး က အခုလို ထည့်သွင်းရေးစပ်ပါတယ်။

" မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက်သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း) အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်) တောသပိတ် ဒကာမတွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊ သြဒိဿ အောင်သပြေ ညောင်ရေသွန်း ..." ဆိုပြီး ရေးပါတယ်။

ဒီနေရာမှာ ကြားညှပ်ပြီး ပြောစရာရှိတာက အထွေထွေသပိတ်ကြီးကို ကြောက်ပြီး ဘုရင်ခံ ဒဆာဒေါ်မန်စမစ်ဒ က ၀မ်းကိုက်လို့ဆိုတဲ့ အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ ဘုရင်ခံပြန်ပို့တဲ့ မေတ္တာစာလေးချိုးကို ရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်းချင်း အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရား ဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ ဖြတ်သန်းနေကြရတဲ့ ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက် ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့ အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

" မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက

လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊

ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်

မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး

သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့

ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်

လူအ လူန တက်တက်ရိုးတွေမို့

(အမယ်မင်း)အိုးတိုး အတနဲ့

အမျိုးမျိုး ဂွကျ ဂွကျပြီး

နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင်မပြုံးမှု၍

(သြော်)တန်ခိုးတပြပြ သူခိုးဓားပြကဲ့သို့သော

အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်းဓ

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ ကဗျာပါ။

" သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့

အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်

သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ..." ဆိုပြီး ရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီး ဖြစ်လာခဲ့ပါတယ်။ အမျိုးသား စည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလို အမျိုးသား ညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့ နည်းနဲ့သာ ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာရအစိုးရ တာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လျစ်လျှူရှုခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာ မှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေး လမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့ နည်းနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်း ထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးကို ဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ် ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး လုပ်ပါတယ်။ လူထုပရိသတ် ၂၀၀၀ ကျော် ပါဝင်ပြီး၊ သံဃာထု ၃၀၀၀ ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီး ဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေ ထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ " သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ" ဟာ တမျိုးသားလုံးရဲ့ နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။
ဒါပေမဲ့လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရ ဆီးမရ၊ ငြှိမ်းမရ သတ်မရ ဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလို ကဗျာမျိုးကို ဖွဲ့ပါတယ်။

" ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့

ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို

အလွန်လည်း ဆရာသနားမိတဲ့အပြင်

အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့

တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်ဒဆရာအောင်ဒနှင့်

မြန်မာဘောင် ကနက်ဘမရာသနဆီသို့

လာမယောင် ' စင်္ကြာ ' တမိပါတော့

လောကတခွင်မှာနော်ကွယ်

ဟောမရ ပြောမရတွေကြောင့် သောက ပူပင်" ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ' အလင်္ကာ ကျော်စွာဘွဲ့' အပ်နှင်းပါတယ်။ နိုင်ငံတော် အထောက်အပံ့ဆိုတာမျိုးတွေ ပေးပါတယ်။ ဒီအခါကျတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာ ခံနေရပြီလို့ ဝေဖန်ကြပါတယ်။ ဆရာကြီးကတော့ ဟောသလိုကဗျာမျိုး ရေးပြီး သူ့ရပ်တည်ချက်က ဘယ်လိုဆိုတာ နိုင်ငံသိအောင် ကြေညာလိုက်ပါတယ်။

" သြော် ...နှီသည့် အတွက်ကယ်ကြောင့်

ဆီထည့်သည့် ခွက်လိုပေါ့

ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်

ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့

တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့

သခင် - အထင်မရောက်ကြလေနဲ့

မကြောက်မညှာာ မှန်ရာလုပ်သူမို့

အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့

တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ

သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ

မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ..."

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။
၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီး ထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီးအဖို့ အင်မတန် သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို အသက် ၇၀ ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ရရှာပါတယ်။
၁၉၅၂ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံ ကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကို ဆရာကြီး တက်ရောက်ပြီး ကမ္ဘာ့စစ်မီး ထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်းကြဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကိုလည်း တက်ရောက်ခဲ့ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ငြှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့ တရားခံဟာ၊ နယ်ချဲ့သမားတွေနဲ့ ဖောက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲ မြင်ပါတယ်။ တခါ စစ်မီးတွေကို အပြီးအပြတ် ငြှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့ နည်းကို ဆရာကြီးက ယုံကြည်ပါတယ်။
တခါ ...၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းစားအမြင် ကြည်လင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား ၂ ရပ်ရဲ့ အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

" သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်

လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်

ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့

တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့

ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်

စစ်ကိုင်းအောင် ကမ္ဘားယံတခွင်

(အိုကွယ်)ကမ္ဘာ့က၀ိဓစ မှိုင်းရယ်လို့

သမိုင်းအောင်လံတင် ..." ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

" လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်း တူကြ၊မတူချင်လဲ နေကြပေါ့နော် ..."

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ၀န်းကျင်ကတည်းက လက်ခံယုံကြည် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အချက်ကို အံ့သြဘွယ် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ ဓမတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဓဆိုတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီး လက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ ကဗျာစာသားများဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။
ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဖို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော် တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။
အမှန်အားဖြင့် ၀န်ခံရမယ်ဆိုရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကျနော် တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော် လက်လှမ်းမီသလောက် အခုလို တင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များအတွက် တစုံတရာ အကျိုးရှိစေမယ့် တင်ပြချက် ဖြစ်နိုင်ကောင်းရဲ့လို့ ကျနော် ယုံကြည်မိပါတယ်။

ညှိနှိုင်းကိုးကားသည့် စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်

(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)

(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)

(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)

(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)

(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)

(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)

(၈) မှာတော်ပုံနှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)


အင်္ဂါသတင်းများ


ကုန်စည်ခွန် တိုးမြင့်သွားသဖြင့် မီဇိုရမ်သို့ မြန်မာကုန်ပစ္စည်း ရပ်တန့်သွား
ဇလပ်မေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 18:18 - မြန်မာစံတော်ချိန်
အိုက်ဇော။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဝင်ရောက်လာသော မြန်မာကုန်စည်များအပေါ် ကုန်စည်ခွန် တိုးမြှင့် ကောက်ခံနေသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းအမှတ် ၂ တွင် ကုန်ပစ္စည်းတင်သွင်းမှု ရပ်တန့်နေသည်။
နှစ်နိုင်ငံ နယ်စပ်ချောင်း တီရော် ဤငသ ချောင်းမှ မီဇိုရမ် မဲလ်ဘုခ်ရွာအထိ ဇိုခွါရ်ထာရ် လူမှုဖူလုံရေး အသင်းမှ မြန်မာကုန်ပစ္စည်း အခွန်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ၊ မဲလ်ဘုခ်မှ စန်ဖိုင်းအထိ စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂမှ ၁ ဒဿမ ၅ဝ ရူပီး တိုးကောက်လိုက်သဖြင့် မြန်မာပြည်မှ ကုန်စည်တင်သွင်းမှု ရပ်တန့်သွားစေခြင်း ဖြစ်သည်။
“မြန်မာပြည်မှာ ကုန်ဈေးနှုန်း မြင့်တက်နေတယ်။ ဒါတင်မကပဲ မီဇိုရမ်ပြည်ထဲမှာ အခုလို သယ်ယူပို့ဆောင်ခ တိုးကောက်လိုက်လို့ ဒီတခေါက် လုပ်ငန်းက အမြတ်ကို မရှိတော့ဘူး” ဟု မီဇိုရမ်ပြည်နယ်တွင် ခေတ္တလာရောက်သူ မြန်မာကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီး မဲလ်ဘုခ်ရွာတွင် ကုန်စည် ဂိုဒေါင်အသစ် ထပ်မံ တည်ဆောက်ခဲ့သည့်အပေါ် ဇိုခွါထာရ် လူမှုဖူလုံရေး အသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အခွန်နှုန်းထားများ အသီးသီး တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
မဲလ်ဘုခ် ဂိုဒေါင်မဆောက်မီ တီရောချောင်းမှ စန်ဖိုင်းအထိ သယ်ယူ ပို့ဆောင်ခမှာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ သာ ကောက်ခံလေ့ ရှိခဲ့သည်။
ယခုအခါ တီရောမှ မြို့တော် အိုက်ဇောအထိ ကုန်တင်ကား စီးလုံးဌားခသည်လည်း ယခင်က ရူပီး ၈ဝဝဝ ရှိရာမှ ၂၇ဝဝဝ ရူပီးအထိ မြင့်တက်သွားသည်။
မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေသော မြန်မာကုန်သည်များ အနေဖြင့် အခွန်နှုန်းများ ပုံမှန်အနေအထား ပြန်မရောက်သေးသရွေ့ အမြတ်အစွန်း ကျန်ရှိခြင်း နည်းပါးသွားသဖြင့် ကုန်စည်တင်သွင်းမှု ပြုလုပ်ဖွယ် မရှိကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။
မြန်မာကုန်သည်တဦးက “အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခ ပြန်မချသရွေ့တော့ လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။
ဂိုဒေါင်အသစ် တည်ဆောက်ခြင်းကို ဇိုခွါထာရ် လူမှုဖူလုံရေးအသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့ အချင်းများချိန်ကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်းခဲ့သေးသည်။
ဇွန်လနှောင်းပိုင်းတွင်မူ ကုန်သွယ်မှု ပြန်လည် စတင်ခဲ့သော်လည်း ကုန်စည်အခွန် တိုးမြှင့်ရာမှ မြန်မာကုန်သည်များအဖို့ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။

ကားမှောက်၍ နော်အုန်းလှ ပြင်းထန်စွာ ဒဏ်ရာရ
မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 16:32 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှသည် ယမန်နေ့က မှော်ဘီမြို့နယ်အတွင်းရှိ အောင်ဆန်းကျေးရွာသို့အသွား လိုက်ပါလာသည့် မော်တော် ကား တိမ်းမှောက်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ် လူနာအဖြစ် ဆေးကုသခံနေရသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲများ ပြုလုပ်နေသည့် မှော်ဘီမြို့သူ ဒေါ်နော်အုန်းလှသည် ဒဏ်ရာပြင်းထန်စွာရကာ ဆေးရုံကြီးသို့ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာပြီး နောက် ကျား၊မ ဆောင် - ကုတင်နံပါတ် ၁ ၊ ခွဲစိတ်ကုသဆောင် ၅၊၆ တွင် အရေးပေါ် လူနာအဖြစ် ကုသခံနေရ ခြင်းဖြစ်သည်။
“သူ ရတဲ့ ဒဏ်ရာကတော့ တော်တော် ပြင်းထန်ပါတယ်။ ဦးခေါင်းမှာ ကွဲပြီးတော့ ၁၇ နှစ်ချက် ချုပ်လိုက်ရတယ်။ ဝဲဘက် ညှပ်ရိုးကျိုးသွားတယ်။ ခါးဆစ်ရိုးကလည်း ကျေသွားတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သူ့ကို ကုတင်ပေါ်မှာ တွေ့ရတယ်။ သူက သတ္တိကောင်းတဲ့ အမျိုးသမီးဆိုတော့ သူ့ကို လာတွေ့တဲ့ အဖွဲ့ချုပ်ဝင်တွေကို စကား ပြောဆို နိုင်ပေမယ့် ဒဏ်ရာက အတော်ကို ပြင်းထန်တယ်” ဟု ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ရန်ကုန် အန်အယ်ဒီ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
မွန်းလွဲ ၂ နာရီခန့်က မှော်ဘီမြို့နယ် အောင်ဆန်းကျေးရွာတွင် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အတိုက်အခံခေါင်းဆောင် လွတ်မြောက်ရေးအတွက် သံဃာတော်များကို ဆွမ်းကပ်ရန်နှင့် ဝါဆိုသင်္ကန်း ကပ်လှူ ပွဲအတွက် လိုင်းနံပါတ် ၁၃၈ ၊ တိုက်ကြီး-ရန်ကုန် ကားလိုင်း (ဟိုင်းလပ်စ်ကား ပ၊၈၆၇၉) နှင့် စီးနင်း လိုက်ပါ သွားစဉ် အောင်ဆန်းရွာအနီးတွင် ကားတိမ်းမှောက်ခြင်းဖြစ်သည်။
ဒေါ်နော်အုန်းလှနှင့် ခရီးသည်တဦးသည် အရေးပေါ် လူနာအဖြစ် ကုသခံနေရသလို၊ ၅ ဦးသည် သာမန် ထိခိုက် ဒဏ်ရာများ ရရှိကာ၊ သူနာပြုဆရာမ တဦးမှာမူ အခြေအနေဆိုးရွားကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဒေါ်နော်အုန်းလှ ဦးဆောင်သည့် ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားသို့ အပတ်စဉ် သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြု ဆုတောင်းလေ့ရှိခဲ့သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သဖြင့် နောက်ပိုင်းတွင် မှော်ဘီမြို့ပြင်ပသို့ ခရီးမထွက်ရန် ခြေချုပ်ချထားခြင်းခံခဲ့ရသည်။ ယခင်ကတည်းက အရိုး၊ အကြောကု ဆရာများနှင့် ကုသနေခဲ့ရသူ ဒေါ်နော်အုန်းလှသည် ခြေချုပ်ကျခံရပြီးနောက် ပြသနေကျ ဆရာများထံ သွားရောက် ကုသခွင့် မရခဲ့ပေ။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ၄ နှစ်မြောက်ဖြစ်သဖြင့် အောင်ဆန်းကျေးရွာ ရွှေမှော် တင်စေတီအတွင်းရှိ ဘုရားကြီးကျောင်းတိုက်မှ သံဃာတော်များထံ ဆွမ်း၊ သင်္ကန်းကပ်လှူရန် သွားရောက်နေစဉ် ယခုလို ကားမှောက်ခဲ့ရခြင်းလည်းဖြစ်သည်။
သို့သော် အင်္ဂါနေ့တိုင်း ကပ်လှူသည့် အစီအစဉ်နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ကျန်ရှိသူများက ဆက်လက်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်စုလွတ်မြောက်ရေး အားသွန်ကြိုးစားမည်ဟု ဂျိုဒီဝီလျံ ပြောဆို
ဧရာဝတီ | ဇူလိုင် ၂၂၊ ၂၀၀၈
အမေရိကန်အမျိုးသမီး နိုဘဲလ်ဆုရှင်တဦးဖြစ်သူ ဂျိုဒီ ဝီလျံက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်သည့် မြန်မာစစ်အစိုးရအား ဝေဖန်ပြစ်တင် ရှုတ်ချခဲ့ပြီး စင်ကာပူတွင် ကျင်းပခဲ့သည့် အာဆီယံဝန်ကြီးများ အစည်းအဝေးပွဲတွင် ပြောခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၏ စကားများကို အယုံအကြည်မရှိကြောင်း ပြောကြားလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီဆိုရင်တော့ သူတို့ပြောတာတွေကို ကျမယုံမယ်။ ခုတော့ မြန်မာ စစ်ခေါင်းဆောင် တွေ ပြောသမျှ ဘာကိုမှ မယုံနိုင်ဘူး။ ဘာလို့လည်း ဆိုတော့ သူတို့ကအမြဲ လိမ်နေကြတာ။ သူတို့က မြန်မာပြည်သူလူထုကို ဂရုစိုက်တာမဟုတ်ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး တခုတည်း ကိုပဲ ကြည့်တာ” ဟု ဂျိုဒီက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် တွင် ကျင်းပသော နိုဘဲလ်ဆုရှင် အမျိုးသမီးများနှင့် ဒီမိုကရေစီ အရေးအတွက် တက်ကြွလှုပ်ရှားသူ ထိုင်းနှင့် မြန်မာအမျိုး သမီး ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ အမျိုးသမီးရေးရာ လေ့လာရေးဌာနက ပူးတွဲကျင်းပသော အဆိုပါအစည်းအဝေးတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ထိုင်းနှင့် မြန်မာ အမျိုးသမီးခေါင်းဆောင်များနှင့် နိုဘဲလ် ဆုရှင် ပါမောက္ခ ဂျိုဒီဝီလျံ၊ အမေရိကန် ရုပ်ရှင်မင်းသမီး မီယာဖာရိုး၊ အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူ တရုတ် အမျိုးသမီး ကွင်ဇန်း နှင့် အာဖဂန် နစ္စတန်မှ ဒေါက်တာ စီမာဆာမာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်း အခမ်းအနားကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာ အမျိုးသမီးခေါင်းဆောင် များဖြစ်ကြသည့် နန်းချန် တောင်း၊ မတင်တင်ညိုနှင့် မသင်းသင်းအောင်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ၎င်းတို့အထဲမှ ရှမ်းအမျိုးသမီး နန်းချန် တောင်းက မြန်မာပြည်၏ နိုင်ငံရေး စီးပွားရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသူ မြန်မာ အမျိုးသမီးများ အကြောင်း၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခခံစားရ သည့် မြန်မာပြည်သူလူထု၊ မြန်မာစစ်အစိုးရ၏ နိုင်ငံတကာ အကူအညီများကို ကန့်သတ်မှု စသည်ဖြင့် ဗီဒီယို နောက်ခံဖြင့် တင်ဆက်သွားခဲ့သည်။
ဂျိုဒီဝီလျံက သူ၏ ပဏာမ မိန့်ခွန်းတွင် “နိုဘဲလ် အမျိုးသမီးတွေရဲ့တာဝန်က ကျမတို့ရဲ့ လူသိများမှုနဲ့ စွမ်းရည်ကို အသုံး ချပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုနိုင်ခွင့် ရယူဖို့ပါပဲ။ ခုဒီကိုရောက်လာရတာ ကလည်း မြန်မာပြည်က အမျိုး သမီးတွေ၊ ထိုင်းနိုင်ငံက အပယ်ခံအမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို သယ်ဆောင်သွားပြီး ကမ္ဘာကသိအောင် ပြောပြဖို့ပါပဲ။ အဲဒီသတင်းတွေကို ကျမတို့ နားထောင်မယ်။ ပြီးရင် ကမ္ဘာပေါ်က အမျိုးသမီးထုကြီး တရပ်လုံးသိအောင် ပြန်ဝေမျှပါမယ်” ဟု ပြောကြားခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်သည်ဟူသည့် သတင်းကို အာဆီယံနိုင်ငံ ဝန်ကြီးများ အစည်း အဝေးတွင် အပြော များနေပြီး ၎င်းအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာဝန်ကြီး ဦးဥာဏ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်လိုက်သည့်အပေါ် များစွာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် ၆ လအတွင်း လွတ်မြောက်နိုင်သည်ဟူ၍ တနင်္ဂနွေတနေ့လုံး လူပြောများနေခဲ့ပြီး နောက် တနင်္လာ နေ့တွင်မူ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုးက ၆ လအတွင်းဆိုသည်မှာ ၂၀၀၉ မေလမှ စတင်ရေတွက်ရမည် ဖြစ်ပြီး နားလည်မှု လွဲမှားသွားကြခြင်းသာ ဖြစ်သည်ဟု ထပ်မံပြောကြား လိုက်သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်နီးပါး နေအိမ် အကျယ်ချုပ်ကျနေပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက် နေခဲ့ရသည်။
ကမ္ဘာ့နိုဘဲလ်ဆုရှင်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂမှတဆင့် တောင်းဆိုနေချိန်တွင် နိုဘဲလ်ဆုရှင်အမျိုးသမီးများက ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာ စစ်အစိုးရကို ကမ္ဘာကဖိအားပေးရန် သီးခြား ဆက်တိုက် တောင်းဆိုမှု ပြုလုပ်သွားကြမည် ဖြစ်ကြောင်း သိရသည်။
“ကျမကိုယ်တိုင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်နေတဲ့အတွက် ကျမတို့ရဲ့ ညီအစ်မတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့တိုင်းပြည်ဒီမိုကရေစီရဖို့ ကြိုးပမ်းရာမှာ ထောက်ပံ့ပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားပါမယ်” ဟု ဂျိုဒီဝီလျံက ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် လာမည့် စက်တင်ဘာလတွင်လည်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ဂျိုဒီနှင့် တခြားသော နိုဘဲလ်ဆုရှင် ၆ ဦးတို့ စုစည်းကာ မြန်မာပြည်အရေး လှုပ်ရှားမှုတရပ် ပြုလုပ်သွားဦးမည်ဟုလည်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်နော်အုန်းလှ ဒဏ်ရာရ
ဧရာဝတီ | ဇူလိုင် ၂၂၊ ၂၀၀၈
နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းပွဲများကို ဦးဆောင် သည့် ဒေါ်နော်အုန်းလှသည် ယမန်နေ့ညနေ ၅ နာရီခန့်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် ၎င်းစီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တိမ်းမှောက်ကာ ဒဏ်ရာရသဖြင့် ရန်ကုန်ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် တိုက်ကြီးမြို့ကို ပြေးဆွဲသည့် မော်တော် ယာဉ်လိုင်းအမှတ် ၁၃၂ ဟိုင်းလတ်ကားသည် မှော်ဘီမြို့ နယ်သဲအင်းဂူ ဘုန်းတော်ကြီးကျောင်းအနီးတွင် တိမ်းမှောက် ခြင်းဖြစ်ရာ ဒေါ်နော်အုန်းလှ၏ ခေါင်းကွဲပြီး ဘယ်ဘက်ညှပ်ရိုး ကြိုးကာ ခါးဆစ်ရိုးတို့တွင် ဒဏ်ရာရသည်ဟု ရန်ကုန် ဆေးရုံကြီးသို့ သွားရောက် ကြည့်ရှူခဲ့သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူအဖွဲ့မှ ဦးမြင့်အေးက ဧရာဝတီကို ပြောသည်။
“မှော်ဘီဆေးရုံမှာ ခေါင်းကဒဏ်ရာကို ၀င်ချုပ်ရသေးတယ်။ ဘယ်ဘက်ချိုစောင်း ကနေ ညာဘက်ချိုစောင်းအထိ ကန့်လန့်ဖြတ်ဒဏ်ရာကြီးက ကြီးတယ်ဗျ။ သတိတော့ မလစ်ဘူး၊ နာလို့ ညည်းညူတာတော့ရှိတယ်” ဟု ဦးမြင့်အေးက ပြောသည်။
မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်နော်အုန်းလှကဲ့သို့ပင် ဒဏ်ရာရသူ ၃ ဦးသည်လည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆေးဝါးကုသလျက် ရှိသည်။
ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ၀တ်ပြု ဆုတောင်းပွဲများ ပြုလုပ်သဖြင့် မှော်ဘီမြို့နယ်ပြင်ပသွားလာခွင့်မရသည့် ပုဒ်မ ၅ (၁) စဆ အရ ခံဝန်ခြေချုပ်တနှစ် ကျနေသူဖြစ်သည်။
ဒေါ်နော်အုန်းလှသည် ခံဝန်ခြေချုပ် မကျမီက ရန်ကုန်ရှိ ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းခဲ့ပြီး ခံဝန် ခြေချုပ်နှင့်နေရသည့်ကာလများတွင် မှော်ဘီမြို့နယ်ရှိ ရွှေမျှင်တင်ဘုရားတွင် ၀တ်ပြုဆုတောင်းနေကြောင်း စုံစမ်း သိရှိရသည်။

ချင်းပြည်နယ် အငတ်ဘေးနှင့် ကြုံနေရ
အေးလဲ့ | ဇူလိုင် ၂၂၊ ၂၀၀၈

ချင်းပြည်နယ်ရှိ ၁ သိန်းနီးပါးသော ချင်းတိုင်းရင်းသားများသည် အစားအစာ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ကထုတ်ပြန် ကြေညာသည်။
ချင်းပြည်နယ်တွင် ရွာပေါင်း ၂၀ ကျော်မှ ချင်းတိုင်းရင်းသား ၁သိန်း နီးပါးက အစားအစာ ငတ်ပြတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီး၊ ချင်းပြည်သူလူထု၏ ၂၀ ရာခိုင်နှုန်းသည်လည်း အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းနေထိုင်လာကြ ကြောင်းကို ချင်းလူ့အခွင့်အရေးအဖွဲ့က ယခုလ ၉ရက်နေ့တွင် ထုတ်ပြန်ထား သည်။
“ချင်းတိုင်းရင်းသား ၉ သောင်းကနေ တသိန်းကြား အထိ အစားအသောက် ငတ်ပြတ်မှုကိုရင်ဆိုင်နေရတယ်၊ အဓိက ပလက်ဝမြို့နယ်၊ မတူပီ မြို့နယ်၊ ထန်တလိုင်၊ ဖလန်း၊ တွန်းဇောင် စတဲ့ ဒေသခံများက ဒီ ဒုက္ခတွေ ကို အရင်နှစ်အစောပိုင်း ကတည်းက စပါးရိတ်သိမ်းချိန် အတွင်း ကြွက်တွေ စိုက်ခင်းထဲဝင်ဖျက်တာနဲ့ ရင်ဆိုင် ရ တယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆူးခါးကပြော သည်။
ယင်းပြဿနာဖြစ်ရခြင်းးမှာ ဝါးပင်မှပွင့်သော ဝါးပွင့်များကို စားသုံးရန် ရောက်ရှိလာသည့် ထောင်ပေါင်းများစွာသော ကြွက် များက လယ်ယာစိုက်ခင်းများထဲသို့ပါ ဝင်ရောက်ဖျက်ဆီးခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ရှိမြို့နယ်အနှံ့မှဒေသခံ ချင်းတိုင်းရင်းသားများသည် စားဝတ်နေရေးပိုမိုကြပ်တည်းခြင်းကြောင့် အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ထောင်နှင့်ချီ ရွှေ့ပြောင်းနေထိုင်သူများကို မီဇိုရမ်ရှိ ဒေသဆိုင်ရာ အစိုးရမှ အကူအညီပေးသည်ဟု ဒေါက်တာဆူးခါးက ပြောသည်။
“ထောင်နဲ့ ချီပြီးတော့ အန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ရွှေ့ပြောင်းလာကြတယ်၊ အခုလိုအခြေအနေမှာဆိုရင် ရွေ့ပြောင်းနေ ထိုင်တဲ့ သူတွေ ပိုမိုများပြားလာဖို့ရှိတယ် အန္ဒိယနိုင်ငံ ဒီမီဇိုရမ်မှာရှိတဲ့ ဒေသဆိုင်ရာ အစိုးရ တွေနဲ့ ပြည်သူတွေက ဒီလို အစာရေစာရှားပါးလာတော့ ကိုယ်ချင်းစာပြီး ကူညီပါတယ် ” ဟု ဒေါက်တာဆူးခါး ကပြောသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇီုရမ်ပြည်နယ်တွင်လည်း ကြွက်များ ထောင်နှင့်ချီ၍ ရောက်ရှိလာပြီး ဖျက်ဆီး သဖြင့် ပုံမှန် စားသုံး နိုင်သည့် ဆန်စပါး ၅ ပုံ တပုံ ခန့်ပျက်စီးခဲ့ပြီး လူပေါင်း ၁ သန်းခန့် အစားအစာ ရှားပါးမှု ပြဿနာနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရဖူးသည်။
PhotobucketPhotobucket
ယခုကဲ့သို့ ချင်းပြည်နယ်တွင် ကြွက်ထောင်ပေါင်းများစွာက ၀ါးပွင့်များကို လာရောက်စားသုံးရာမှ ဖြစ်ပွား သည့် အစားအစာ ပြဿနာသည် နှစ် ၅၀ တွင် တကြိမ်သာဖြစ်လေ့ရှိသော်လည်း ပျက်စီးသွားသည့် စိုက်ခင်း များ ပြန်လည်ထူထောင်ရန်မှာ ၄-၅ နှစ် ခန့် အချိန်ယူရမည်ဖြစ်သည်ဟုလည်း ဒေါက်တာဆူးခါး က ဆိုသည်။
အဆိုပါ ချင်းပြည်သူများကြုံတွေ့နေရသည့် အစားအစာရှားပါးငတ်မွတ်မှုအခက်အခဲ နှင့်ပတ်သက်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့က အကန့် အသတ်ဖြင့် ထောက်ပံ့ကူညီပေးသွား မည်ဟု ကတိပေးပြောကြားကြောင်း ချင်းတိုင်းရင်းသားများ ကူညီ ကယ်ဆယ် ရေး အဖွဲ့ ၏ ပြောဆိုချက်အရ သိရသည်။
ယခုနှစ် အစောပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်လည်း ယင်းကြွက်များ ပေါက်ပွား ဖျက်ဆီးမှုကြောင့် အစားအစာ ရှားပါးမှု ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတကာ ဆန်စပါး သုတေသန အဖွဲ့(IRRI) က ပြောသည်။

မေဖလားဝါးဘဏ်မှ ထုတ်ရန်ရှိသော ငွေများ ယခုနှစ်ကုန် နောက်ဆုံးထုတ်ပေးမည်
အောင်သက်ဝိုင်း | ဇူလိုင် ၂၂၊ ၂၀၀၈
မြန်မာမေဖလားဝါးဘဏ်လီမီတက်တွင် အပ်နှံထားသည့်အပ်နှံငွေ အမျိုးမျိုးနှင့် ပေးရန်ရှိသောငွေကြေးများကို ပြန်လည်ရရှိ လိုသူများအနေနှင့် စစ်အစိုးရ ဘဏ္ဍာာရေး နှင့် အခွန်ဝန် ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန တွင်၂၀၀၈ ခုနှစ်ကုန် နောက်ဆုံးထား ထုတ်ယူရမည် ဖြစ်ကြောင်း ရန်ကုန် မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ မြန်မာမေဖလ၀ါးဘဏ် ရုံးချုပ်၊ ငွေစာရင်းဌာနမှ ၀န်ထမ်း တဦးက ပြောသည်။
“ဇူလိုင်လ ၁၉ ရက်နေ့မှာ တရားဝင်ကြေညာတယ်။ ငွေကြေးအပ်နှံထားသူတွေ၊ မြီရှင်တွေ မေဖလ၀ါးဘဏ်မှာ ငွေကြေးအပ် နှံထားတာတွေ၊ ရစရာရှိတွေကို ၂၀၀၈ နှစ်ကုန် နောက်ဆုံးထားပြီး ဘဏ်နဲ့ဆက်သွယ်။ ပြီးတော့ အစိုးရကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှာ သွားထုတ်နိုင်ပါတယ်။ ဒီနှစ်ကုန်လို့ မှမထုတ်ရင်တော့ အစိုးရဘဏ္ဍာ ဖြစ်သွားမှာပါ”ဟု ယင်းဘဏ်၏ ငွေစာရင်းဌာန ၀န်ထမ်းက ဆိုသည်။
ထိုသို့ မေဖလ၀ါးဘဏ်တွင် အပ်နှံထားသည့် ငွေကြေးများပြန်လည်ထုတ်ယူရန် ကြေညာထားသည်ဟု ဆိုသော်လည်း ငွေအပ်နှံထားသူအများစုက မသိရှိရကြောင်း ပြောသည်။
“သတင်းစာထဲမှာ ကြေညာထားက စာလုံးသေးသေးလေးတွေနဲ့ ကြေညာထားတာဆိုတော့ မသိလိုက်ဘူး။ အဲဒါ တဆင့် စကား
တဆင့်ကြားပြီး စုံစမ်းမှပြန်ထုတ်လို့ရတာသိတာ။ ငွေအပ်ထားတဲ့သူ တော်တော်များက မသိကြဘူး”ဟု မေဖလားဝါး ဘဏ်မှ အပ်ငွေပြန်လည်ထုတ်ယူရန် ကျန်ရှိနေသေးသည့် ရန်ကုန်စီးပွားရေးလုပ်ငန်းရှင် တဦး က ဆိုသည်။
မြန်မာမေဖလားဝါးဘဏ်မှ အပ်ငွေပြန်လည်ထုတ်ယူလိုပါက ငွေစုစာအုပ်၊ မှတ်ပုံတင်မူရင်းနှင့် မည်သို့ မည်ပုံ ငွေကြေး ရရှိ အပ်နှံခဲ့သည်ဆိုသော အထောက်အထားများ ပြသစစ်ဆေးခံပြီးမှ ပြန်လည် ငွေထုတ်ယူခွင့် ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး မှအရာရှိက ပြောသည်။
“အပ်နှံသူကိုယ်တိုင်လာရမယ်။ မေဖလားဝါးဘဏ်ရဲ့ စိစစ်ထောက်ခံချက်လည်း ပါရမယ်။ ပြီးတော့ ငွေစုစာအုပ်၊ မှတ်ပုံတင် မူရင်း၊ Current Account ဆိုရင် ငွေစာရင်းအမှတ် နဲ့ Cheque စာအုပ်မူရင်း ပါ တပါတည်းယူလာရ မယ်” ဟု ၄င်းအရာရှိက ပြောဆိုသည်။
အဆိုပါ မေဖလားဝါးဘဏ်၏ အပ်ငွေနှင့်ပေးရန်ရှိသော ကြွေးမြီများ ပြန်လည်ထုတ်ပေးမှုကို ၂၀၀၅ ခုနှစ် မှစတင် ရပ်ဆိုင်းခဲ့ရာမှ ၂ နှစ်ကျော်အကြာ ၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အပ်ငွေများနှင့်ကြွေးမြီများကို ပြန်လည် ပေးအပ်ရန် စစ်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ထံ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေ အပိုဒ်-၁၉၉ အရ တာဝန်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

၂၀၀၃ ခုနှစ် မြန်မာမေဖလ၀ါးဘဏ်၏ ဘဏ်လုပ်ငန်းများ စတင်အစစ်အဆေးခံရစဉ်ကပင် အပ်ငွေအမျိုးမျိုးနှင့် ပေးအပ်ရန် ရှိသော ငွေကြေးများကို ၂၀၀၅ ခုနှစ်အထိ ပြန်လည်ထုတ်ပေးခဲ့သော်လည်း လာရောက်ထုတ် ယူခြင်း မရှိသည့်သူ အများ အပြားကျန်ရှိခဲ့ကြောင်း၊၂၀၀၅ ခုနှစ်တွင်မူ စစ်အစိုးရက မြန်မာမေဖလားဝါးဘဏ်၏ ဘဏ်နှင့် ငွေကြေး လုပ်ငန်းများအား လုံးကို ပိတ်ပင်လိုက်မှုကြောင့် မေဖလားဝါးဘဏ်က ပေးအပ်ရန်ရှိသည့် အပ်ငွေများနှင့် တခြားပေးရန်ရှိသော ငွေကြေးများ ကို လုံးဝ ပြန်လည် ပေးအပ်နိုင်ခြင်းမရှိတော့ဘဲ ဘဏ်တွင်ငွေကြေး အပ်နှံ ထားသည့် ပြည်သူများ အခက်အခဲ ကြုံတွေ့ခဲ့ ရသည်။
၁၉၉၄ ခုနှစ် ဇွန်လ၌ စတင်တည်ထောင်ခဲ့သော မြန်မာမေဖလားဝါးဘဏ်သည် တရားမ၀င် လုပ်ငန်းများ၊ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ နှင့် ဆက်နွယ်မှုကြောင့် ၂၀၀၃ ခုနှစ် တွင် အာရှဓနဘဏ်နှင့်အတူ ငွေကြေး ခ၀ါချမှုကြောင့် ဘဏ်လုပ်ငန်းများ ရပ် ဆိုင်း ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

နာဂစ်ကာတွန်းပြပွဲ ရန်ကုန်တွင်ကျင်းပ
အေးချမ်းမြေ့ | ဇူလိုင် ၂၂၊ ၂၀၀၈
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်ပြည်သူများအား လှူဒါန်းရန်အတွက် မြန်မာ ကာတွန်းဆရာများ စုပေါင်းပြုလုပ်သည့် ကာတွန်းပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပန်းဆိုးတန်း လောကနတ် အနုပညာခန်းမတွင် ကျင်းပရာ ကာတွန်းဆရာ ၇၀ ကျော်၏ ကာတွန်း လက်ရာပေါင်း ၄၀၀ နီးပါး ပြသခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နာဂစ်ဆိုင်ကလုန်းကြောင့် ကွယ်လွန်ခဲ့သော ပြည်သူများအား ရည်စူး၍ ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် တမိနစ်ငြိမ်သက်စွာ နေခြင်းဖြင့် အစပြုပြီး ပြပွဲစီစဉ်သူ အီကိုဗီးရှင်းဂျာနယ် အယ်ဒီတာချုပ် ကာတွန်းဝင်းအောင်က အဖွင့်စကား ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် စာနယ်ဇင်း ဆရာများကိုယ်စား ဆရာမောင်ဝံသက အမှာ စကားပြောကြားရာ စာရေးဆရာနှင့် ကာတွန်းဆရာများ ပူးပေါင်း၍ နိုင်ငံရေး လူမှုရေး ကိစ္စအဝဝတို့ ဆောင်ရွက်ခဲ့ပုံကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ကာတွန်း ရွှေတလေးတို့ ပူးပေါင်းရေးသားခဲ့သည့် သမိုင်းအချက်အလက်များ ကိုးကား၍ ပြောကြားခဲ့ပြီး ကာတွန်း အော်ပီကျယ်က ကာတွန်းဆရာများကိုယ်စား စကားအနည်းငယ် ပြောကြောင်း သိရသည်။
“ဒီပြပွဲကိုလုပ်တာ ကာတွန်းဆရာတွေလည်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရတဲ့ ပြည်သူတွေကို ပါဝင်ကူညီချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်အတ္တကို လျှော့ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဘယ်သူတော်တယ်၊ ဘယ်သူညံ့တယ် ဆိုတာ ပြောရမယ့် ကာလ မဟုတ်ဘူးလို့ထင်ပါတယ်။ တချို့ကာတွန်းဆရာကြီးတွေဆို သေသေချာချာ ဖိတ်ရဲ့သားနဲ့လုံးဝ မပါဝင်တာတွေ့ရတော့ စိတ်မကောင်းဘူးဗျာ” ဟု ကာတွန်းအော်ပီကျယ်က ဧရာဝတီသို့ ပြောပြသည်။
ပြပွဲတွင် ကတ်တလောက်စာအုပ်များအစား ပြပွဲ အမှတ်တံဆိပ်ပါ ဗလာစာအုပ်ငယ် တအုပ်လျင် ကျပ် ၂၀၀ နှင့် လည်းကောင်း၊ ပြပွဲ အမှတ်တံဆိပ်ပါ တီရှပ်တထည်လျင် ကျပ် ၅၀၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်ဟု သိရသည်။
၎င်းကာတွန်းပြပွဲ ဖွင့်ပွဲကို ကာတွန်းလက်ရာများဖြင့် ပါဝင်သည့် ကာတွန်းဆရာ ၇၀ အနက် ၅၀ ကျော်တက်ရောက်ကာ ရောင်းချသည့် စာအုပ်ငယ်များတွင် ကာတွန်းပုံကလေးများ အမှတ်တရ ရေးဆွဲပေး ခဲ့ကြောင်း ပြပွဲစီစဉ်သူတဦးကပြောသည်။
“ဒီနေ့တနေ့တည်းကို ကာတွန်း ၇ ကား ရောင်းလိုက်ရတယ်။ ၅ ရက် ပြမှာပါ။ ပထမတရက်တည်း မှာပဲ ကျပ် ၅ သိန်းဖိုးလောက် ရောင်း လိုက်ရတယ်ဆိုတော့ အောင်မြင်တယ်လို့ ဆိုရမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
လူငယ် ကာတွန်းဆရာတချို့၏ ကာတွန်းလက်ရာ ၆ ကားခန့်ကိုသာ စိစစ်ရေးက ပယ်ခဲ့ပြီး ကျန်ကာတွန်းကားများကို ပြသခွင့်ပေးခဲ့သည်ဟု သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ငွေဖောင်းပွမှု (၄၀) ရာနှုန်းကျော်နိုင်
သတင်းထောက် မောင်မန်း / ၂၂ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှု နှုန်းမှာ ၂၀၀၇ ခုတွင် (၃၄) ရာနှုန်းရှိရာမှ ၂၀၀၈ ခုတွင် (၄၀) ရာနှုန်းထိ ထောင်တက်သွားနိုင်ပြီး မြန်မာ စီးပွားရေးအတွက် စိုးရိမ်ဖွယ် အခြေအနေမှာ ဆက်လက်ရှိနေမည်ဟု ဇူလိုင် (၂၁) ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (PONJA) အစီရင်ခံစာက ထောက်ပြထားသည်။
သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ကာလများတွင် ငွေဖောင်းပွမှုနှုန်းပါ တွဲပါလာတတ် သည့် သာဓကအများအပြားရှိခဲ့သည်။ ဆူနာမီဘေးထိ ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အာချဲပြည်နယ်ဆိုလျှင် ဆူနာမီမတိုင်မီက ငွေဖောင်းပွမှုနှုန်း (၇) ရာနှုန်းကနေ ပြန်လည်ထူထောင်ရေးကာလတွင် ငွေဖောင်းပွမှု (၄၀) ရာနှုန်းထိ တက်သွားသည်ဟု အစီရင် ခံစာက ထောက်ပြထားသည်။ သို့သော် အမှန်တကယ် ငွေဖောင်းပွမှုနှုန်းက (၄၀) ရာနှုန်းထက် ပိုများနိုင်သည်ဟု မြန်မာစီးပွားရေး ပညာရှင်များက မှန်းထားသည်။
PONJA အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံ ငွေဖောင်းပွမှုနှုန်းသည် နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်၊ လုပ်ကိုင်ပုံအနေထား၊ လိုအပ်ချက်တွေ ပြည့်မီအောင် ဖြည့်ဆည်းမှုအတိုင်းအတာပေါ် မူတည်၍ ထပ်တက်လာနိုင်သည်ဟု ဆိုသည်။
မုန်တိုင်းတိုက်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပျက်စီးမှု၊ ဈေးကွက်များ၊ သိုလှောင်ရိက္ခာ ပျက်စီးမှု၊ အသက်ဆုံးရှုံးမှုတို့ကြောင့် လက်ရှိငွေဖောင်းပွမှုနှုန်းကို တိုးမြင့်စေသကဲ့သို့ ကုန်စည် ဖြန့်ဖြူးရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
မုန်တိုင်းထိသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စသည်နှင့် လုပ်အားလို လာခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပိုမိုလိုလာခြင်း စသည့်အချက်များကြောင့် လည်း ငွေဖောင်းပွမှုကို ထပ်မံမြင့်တက်စေသည့် အကြောင်းတရားများဖြစ်သည်ဟုပါ အစီရင် ခံစာတွင် ထောက်ပြထားသည်။

အမျိုးသမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့်အဖွဲ့ ချင်းမိုင်တွင် မြန်မာ့အရေးဆွေးနွေး
ကျော်ထင်/ ၂၂ ဇူလိုင် ၂၀၀၈
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပါမောက္ခJody Williams ၊ ယူနက်စကို၏ ငြိမ်းချမ်းရေးသံတမန် ရုပ်ရှင်သရုပ်ဆောင် Mia Farrow အပါအ၀င် နိုင်ငံတကာမှ ထင်ရှားသည့် နိုင်ငံရေးအခွင့် အရေးလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ဆွေးနွေးပွဲပြု လုပ်ခဲ့သည်။
ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် Jody Williams နှင့် အမျိုးသမီးခေါင်းဆောင်များက ဆူဒန်၊ အာဖဂန်နစ္စတန်နှင့် တရုတ်နိုင်ငံတို့တွင် အမျိုးသမီးများ အခွင့်အရေးချိုးဖောက်ခံရမှု များနှင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသမီးများအရေးကို အလေးထား ဆွေးနွေးခဲ့ကြသည်။
၁၉၉၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Jody Williams နှင့်အဖွဲ့သည် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ကြပြီး ယခု သူမတို့ခရီးစဉ်နှင့် ပတ်သက်ပြီး လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြသွားမည်ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောသည်။
စင်ကာပူတွင် ကျင်းပဆဲဖြစ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွတ်မြောက်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာမှုအပေါ် Jody Williams က “သူ တကယ်လွတ်မြောက်တဲ့အခါကျမှ ကျမယုံကြည်မယ်၊ ကျမအနေနဲ့ မြန်မာ စစ်အာဏာရှင်တွေအပေါ် ဘယ်လိုမှ ယုံကြည်မှု မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူတို့က လိမ်နေ တာလေ၊ သူတို့က ကိုယ့်ပြည်သူတွေကို သတ်ဖြတ်ပြီး အာဏာတည်မြဲရေး လုပ်နေတာပဲ” ဟု ပြောသည်။
မြန်မာအမျိုးသမီးများကိုယ်စား ပါဝင်ဆွေးနွေးသူတဦးဖြစ်သည့် WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင် တင်ညိုက ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားတက်ကြွသည့် အမျိုးသမီးများအရေး အပါအ၀င် နယ်စပ် ဒုက္ခသည်စခန်း အခြေအနေ၊ ပြည်တွင်း ပုန်းရှောင်ဒုက္ခသည်များ အရေးကိုလည်း နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင်များအဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း ပြောသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့၏ မြန်မာ့အရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ၎င်းက “သူတို့ဟာ နိုင်ငံတကာမှာဆိုရင် အသိမှတ်ပြုခံရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြီးတော့ Jody Williams တို့လို၊ Mia Farrow တို့လို အမျိုးသမီးတွေက ကမ္ဘာက အသိမှတ်ပြုခံရတဲ့သူတွေ၊ သြဇာညောင်းတဲ့သူတွေလေ။ သူတို့အနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာမှာ လိုက်ပြီး လေးလေး နက်နက်နဲ့ Lobby လုပ်ပေးနိုင်မယ်၊ ပြောပေးနိုင်မယ်ဆိုရင် ကျမယုံကြည်တာက နိုင်ငံတကာ အစိုးရတွေ၊ UN ရှိတဲ့လူတွေ၊ သာမန်လူတွေကအစ ပိုပြီးတော့ ကျမတို့အရေးကို အာရုံစိုက် လာမယ်၊ အလေးအနက်ထားလာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး(၁၂) ဦးအား ချီးမြှင့်ပေးခဲ့ပြီး လက်ရှိတွင် (၇) ဦး သက်ရှိ ထင်ရှားရှိကာ ၎င်းတို့အထဲ၌ ဒေါ်အောင်ဆန်းစုကြည်မှာ တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်း ရေးဆုရှင်ဖြစ်သည်။

နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲ ဆင်ဆာအလုပ်ခံရ
NEJ/ ၂၂ ဇူလိုင် ၂၀၀၈

နာဂစ်ရန်ပုံငွေအတွက် မြန်မာကာတွန်းဆရာများ၏ “မုန်တိုင်းမှ နိုးထခြင်း” အမည်ရှိ ကာတွန်းပြပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ လောကနတ် ပန်းချီခန်းမတွင် ပြသသည်။
ပန်းချီကားပေါင်း (၁၄၆) ကားကို ပန်းချီဆရာ (၆၄) ဦးက ရေးဆွဲကာ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် ရည်ရွယ်၍ ပထမဦးဆုံး ကျင်းပသည့် ကာတွန်းပြပွဲဖြစ်သည်။
ပါဝင်ပြသကြသည့် ကာတွန်းဆရာများမှာ နာမည်ကြီး ကာတွန်းဆရာ အော်ပီကျယ်၊ ကိုရွှေထူး (ပြည်) ကာတွန်းမြင့်သိန်း၊ ရွှေမင်းသား၊ စိုးသော်တာ၊ ကာတွန်းလှဖေ၊ အောက်တိုဘာအောင်ကြီး၊ အကိန်း၊ ဖေသစ်တည်၊ ညီပုချေ၊ အောင်ဌေးမင်း၊ အောင်မင်းမင်း၊ နောက်နောက်၊ မောင်နန္ဒ၊ မောင်တင်ယု စသူတို့ ပါဝင်ကြသည်။
ကာတွန်းဆရာတဦးလျှင် ကာတွန်း (၃) ခုထိ ပါဝင်ပြသခွင့်ရပြီး ကာတွန်းများကို စစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးသည်။
ကာတွန်းဆရာ ညီပုချေ၏ “ပြီးစလွယ်” ကာတွန်းကား၊ ဆရာအောင်ကောင်း၏ “ရုက္ခစိုး”၊ ဆရာ အောက်တိုဘာအောင်ကြီး၏ “ကံကောင်းခြင်းလက်ဆောင်”၊ ဆရာဝင်းအောင်၏ “လောကကိုအလှ ဆင်မယ်” စုစုပေါင်း ကာတွန်း (၄) ကားကို အားလုံးပြသရန် နံရံတွင် ကပ်ထားပြီးမှ ကာတွန်း စိစစ်ရေးက ပြသခွင့်မပြုဘဲ ပြန်ဖြုတ်ခိုင်းခဲ့သည်။
ပြပွဲလာသူ စာရေးဆရာ မောင်ဝံသက “ ဘ၀မုန်တိုင်း၊ လောကဓံမုန်တိုင်း၊ နိုင်ငံရေးမုန်တိုင်းတွေ ရှိတယ်။ မြန်မာကာတွန်းဆရာတွေက ပြည်သူတွေကို တင်ပြတဲ့အခါ မေတ္တာ၊ ဂရုဏာ၊ စေတနာ တွေနဲ့ တင်ပြတာရှိတယ်၊ အခုနာဂစ်နဲ့ ပတ်သက်ပြီး ကာတွန်းမှာ အဲဒီလို တင်ပြမှုတွေအပြင်
ဝိညာဉ်တွေက မုန်တိုင်းလာမယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ဘယ်လောက်ပြင်းမယ်ဆိုတာ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိခဲ့ဘူးဆိုတဲ့ ကာတွန်းတွေ၊ သစ်ပင်တွေကို ၀ိသမလောဘနဲ့ ခုတ်ရောင်း၊ စီးပွားရှာ၊ တဖက်နိုင်ငံကို ရောင်းလို့ ရာသီဥတုဖောက်ပြန်တဲ့အတွက် နာဂစ်တိုက်တာ ဆိုတာမျိုး၊ ဒီရေတောတွေ ပြုန်းတီးမှုပုံရိပ်တွေ၊ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါ ဖြတ်စား၊ လာဘ်စားလုပ်တာတွေ စသဖြင့် အားလုံးကို တင်ပြထားတာ တွေ့ရတယ်။ ဒါဟာ မြန်မာ ကာတွန်းဆရာတွေရဲ့ အနုပညာ အစွမ်းတွေပါ” ဟု ပြောသည်။
ကာတွန်းအားလုံးကို လာကြည့်သူတိုင်းက စိတ်ဝင်စား ကြိုက်နှစ်သက်ကြပြီး “အော်ပီကျယ်ရဲ့ ကာတွန်းမှာ မုန်တိုင်းတိုက်လို့ အားလုံးလွင့်ပြီးကုန်နေတာတောင် ထိုင်ခုံပျောက်မှာစိုးလို့ လက်နဲ့ အတင်းဖိထားတာ လူတိုင်းကြိုက်တယ်” ဟု ပြပွဲလာသူတဦးက ပြောသည်။
ကာတွန်းတကားလျှင် ကျပ်(၅,၀၀၀) မှ ကျပ် (၅၀,၀၀၀) ထိရောင်း ပြီး ယနေ့စတင်ပြသည့် မွန်းလွဲ ပိုင်းအထိ (၁၀) ကားခန့် ရောင်းရပြီး ပြပွဲကို ဇူလိုင် (၂၂) ရက်မှ (၂၆) ရက်အထိ ပြသသွားမည် ဖြစ်သည်။ ကာတွန်းပြပွဲကို Ecovision ဂျာနယ်က တာဝန်ယူ ဆောင်ရွက်ပြီး ကာတွန်းရောင်းရ ငွေများကို နာဂစ်မုန်တိုင်းရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်သည်။ ။

နာဂစ်မုန်တိုင်းအပြီး ကျားမ လူမှုရေးရာ ဂျင်ဒါစဉ်းစားဘို့ ယူနီဆက်ဖ်ထုတ်ပြန်
ကိုဝိုင်း/ ၂၂ ဇူလိုင် ၂၀၀၈
အမျိုးသားနှင့် အမျိုးသမီးများအကြား ဖြစ်တည်နေသော ကွဲပြားလျက်ရှိသည့် ပါဝင်မှုအခန်းကဏ္ဍ၊ စွမ်းဆောင်ရည်၊ ထိခိုက်နစ်နာလွယ်မှုနှင့် လိုအပ်ချက်များကို အသိအမှတ်ပြု စဉ်းစားမှသာလျင် ထိရောက်သော သဘာဝဘေးစီမံခန့်ခွဲမှုတခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ယခုလတွင် ထုတ်ပြန်သည်။
လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးနှင့် အမျိုးသားတို့၏ အခန်းကဏ္ဍကို ကွဲပြားစွာတည်ဆောက် ထားသောကြောင့် နာဂစ်ဆိုင်ကလုန်း တိုက်ခိုက်စဉ်ကာလတွင် ၎င်းတို့သည် မတူကွဲပြားသော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကြရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ကြောင့် သဘာဝဘေး စီမံခန့်ခွဲမှုကို ကျား-မ လူမှုရေးရာ (ဂျန်ဒါ) ရှုထောင့်မှ လုပ်ဆောင်ရာ၌ အဆိုပါ ကွဲပြားချက်များကို ထည့်သွင်းစဉ်းစားခြင်းသည် အရေးပါသော အဓိကအချက်ဖြစ်သည်။
အရေးပေါ်အခြေအနေတရပ်ကို တုံ့ပြန်ဖြေရှင်းရာ၌ ဂျန်ဒါအား ထည့်သွင်း အကောင်အထည် ဖော်ရာတွင် မူဝါဒ ရေးဆွဲရန်၊ စနစ်ကျသော လူမှုရေးရာနှင့် ကျား-မ ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ဂျန်ဒါဆိုင်ရာ သီးခြားစည်းမျဉ်းဥပဒေများကို ရှင်လင်းစွာ သိရှိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ကယ်ဆယ်ရေးလုပ်သားများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဒွိဟဖြစ်စေ နိုင်သော အခြေအနေ အကြောင်းရပ်များကို နားလည်ဖြေရှင်းနိုင်ရန် ရှင်လင်းပြတ်သားသော အတွေးအမြင်များ ရှိရမည်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ၎င်းတို့၏ အကောင်း-အဆိုး ခံစားချက်များကိုလည်း ဖြေရှင်းနိုင်ရမည်ဖြစ်သည်။
ထို့အပြင် ဆုံးဖြတ်ချက်ချသည့် အဆင့်အားလုံး၌ အမျိုးသမီးများ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ လိုအပ်ချက်များ စုဆောင်းကောက်ယူရာ၌ အမျိုးသမီးများ၏ အမြင်ကိုလည်း ရယူခြင်း၊ ရေတို ရေရှည် အကျိုးသက်ရောက်မှုများကို မှတ်တမ်းတင်မှုနှင့် စီမံကိန်းရေးဆွဲ စီစဉ်မှုတို့အတွက် အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်များကို ကျား-မ ခွဲခြမ်းကောက်ယူခြင်းတို့သည် ထိရောက်သော သဘာဝဘေး စီမံခန့်ခွဲမှုတခု ဖြစ်လာစေရန် ဂျန်ဒါ ရှုထောင့်ကို ထည့်သွင်း လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် ကောင်းမွန်လက်တွေ့ကျသည့် လုပ်ဟန်များဖြစ်ကြောင်း ဖော်ပြထားသည်။
မုဆိုးမ၊ အမျိုးသမီး ဦးစီးသော အိမ်ထောင်စုနှင့် မသန်မစွမ်း အမျိုးသမီးကဲ့သို့သော လူ့အသိုင်း
အ၀ိုင်းမှ ထုတ်ပယ်ခံထားရဖွယ် ရှိသူများကို အထူးပြု စဉ်းစား၍ ဆောင်ရွက်ရန်၊ အမျိုးသမီး များအား ခေါင်းပုံဖြတ်မှု၊ အကြမ်းဖက်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုတို့မှ ကာကွယ်ရန် ရည်ရွယ်၍ ကူညီရေး ပစ္စည်းအရင်းအမြစ်များ ဖြန့်ဝေပေးသည့် အသင်းအဖွဲ့များတွင် ကျား-မ ဦးရေ တန်းတူ ပါဝင်စေရန်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြ ထားသည်။