Wednesday, July 23, 2008

ထိချင်တာထိပစ်မှာပဲ...'' '' အုန်း " "


မျက်စိမှုန်သော်လည်းမျက်မှန်တပ်ခွင့်မရသူ၏အမြင်အာရုံကြောနှင့်ဆက်စပ်နေသောဦးဏှေက်ကကြာလာ
တော့အရာဝတ္တုပုံစံများကိုထိုသူမြင်သည့်အတိုင်းသတ်မှတ်ပေးလိုက်တော့သည်။မျက်မှန်မတတ်မခြင်းသူ
တွေ့တာကပင်အမှန်ဖြစ်နေပေတော့သည်။ ။
ကိုယ်ရေးတာကိုယ်တာဝန်ယူရမည်ဆိုသောဆောင်ပုဒ်၊ဘယ်ချောင်ကထွက်လာသည်မသိ၊ဒီမိုဘလော့ကာ
များထိုးနှက်ချက်များမခံချင်၍လက်တွေတွန့်ကုန်သည်။ပို့စ်တွေတက်မလာတော့၊အရှိန်တွေတန့်ကုန်သည်။
အသံလွှင့်ဌာနတွေပါသတင်းလွှင့်တာအစီအစဉ်တွေလျော့ရဲလာသည်။
ဤသို့မဖြစ်သင့်ပေ။နာမည်ရဘလော့ကာများတင်လိုက်သည်ပို့စ်ကိုဖတ်ပြီးသည်နှင့်ဘာရည်ရွယ်သည်မ
စဉ်းစား(သို့)စဉ်းစားမိသော်လည်းမိမိကနအဖခွေးဖြစ်နေ၍အရိုးတချောင်းအတွက်မဖြစ်မနေအပုပ်ချကြ
ပေတော့သည်။
ပြည်တွင်းရောပြည်ပပါနအဖမီဒီယာတွေကနေ့တိုင်းဒီမိုမုန်းတီးရေးကိုလုပ်ကြံ..လန်ကြုတ်တွေလွှင့်သည်၊
ရှေ့မှီနောက်မှီစိတ်ဓါတ်ကြံ့ခိုင်သူများကဒါမဟုတ်မှန်းသိသလိုပြန်လည်တုန့်ပြန်သည်။အနှစ်၂၀ကြာ
ညောင်းလာတော့ပြန်လည်တုန့်ပြန်မှုအားနည်းလာသလိုနေ့တိုင်းဒါပဲဖတ်နေရတော့မီဒီယာမာယာမှာ
မျော၊သူတို့ပြောတာအမှန်ဖြစ်မှန်းမသိဖြစ်လာသည်။၁၉၉၂..၉၃၀န်းကျင်၌ကြံဖွတ်ဝင်သူများသည်မိမိဝင်
ထားတာကိုပေါ်ပေါ်ထင်ထင်မပြောရဲပေ၊ဒီမိုအင်အားစုကအားသာနေသည်။နအဖကကြံ့ဖွတ်ကဒ်လက္ခံမှ
ကျောင်းသားကဒ်ထုတ်ပေးခြင်း၊လူငယ်ကြိုက်မက်လုံးလေးများပါမကျန်ရေရှည်စီမံကိန်းဆွဲ၍စည်းရုံးရာမှ
ယခုဆိုလျှင် ဘီလူးဇာတိရုပ်အမှန်သိအောင် အတော်ပင်ပြန်လည်စည်းရုံးရတော့မည်၊အာဏာရှင်စနစ်မုန်း
တီးရေးသူတို့ရင်ထဲအမြဲရှိနေစေရမည်။
ဒီတော့ကာသူတို့လိုပဲတန်ပြန်တိုက်စစ်ဆင်ရမည်။သန်းရွှေမတော်ရာပဲထိထိ၊သန္တာရွှေတော်ရာပဲထိထိပြစ်
သာပစ်၊ထိချင်ရာထိ...
ဒီမိုဘလော့ကာများမှာလည်းတိုက်ကွက်တွေရှိတာရဲရင့်သိသည်၊ရှေ့ကိုသာရဲရဲလျှောက်..ပစ်သာပစ်....
အနောက်မှားမပစ်ပြီးရောဗျာ။လူတွေမှာမူမမှန်တဲ့အာဏာရှင်မုန်းတီးရေးရင်ထဲအပြည့်ရောက်ဖို့ပဲလိုသည်။
ဒီမိုဘလော့စာမျက်နှာများသည်ကာရံနဘေညှိသည့်လေထန်ကုန်းမဟုတ်။နအဖကိုသတ်ကွင်းဖွင့်ထား
သည့်စစ်တလင်းဖြစ်သည်။စစ်တလင်းဆိုတော့အနံခံကောင်းတဲ့ခွေးတွေကတော့လာမှာပဲ၊မပူပါနဲ့..ဒီမို
အင်အားစုစာဖတ်ပရိတ်သတ်ထဲမှာအနှစ်၂၀လုံးနအဖခွေးတွေကိုကျောင်းနည်းရှယ်ကျင့်ထားသူအများ
ကြီးရှိပါတယ်။သူတို့ကာကွယ်ပေးပါလိမ့်မယ်...အသံလွှင့်ဌာနတွေလည်းထိုနည်း၎င်းပါပဲ။
တိုက်ပွဲမှာတရားတာမှားတာမရှိဘူး..လဂွန်းအိမ်ပြောသလိုကတိဆိုတာလည်းမရှိဘူး..
တိုက်ပွဲမှာရွက်ကုန်သာဖွင့်လွှင့်ကြပါစို့....ဒီမိုဘလော့ကာအပေါင်းတို့...>အောက်မှာ

Photobucket
PhotobucketPhotobucket

ရုရှားက အကူအညီပေးနေတဲ့ မြန်မာ အနုမြူစီမံကိန်း ထောက်လှမ်းတွေ့ရှိချက်များ

ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း
ညိုထက်ညို
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 16:40 - မြန်မာစံတော်ချိန်

သူ လက်ဖက်ရည်ဆိုင်နားရောက်တော့ သူထိုင်နေကျ ဆိုင်အဝင်ဝ စားပွဲပုပုလေးမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရသည်။ မရှေးမနှောင်းပင် သူ့ကိုမြင်သော စားပွဲထိုးလေးထံမှ ရှယ်ကျဆိမ့်ဝမ်း ဟူသော အသံက သူ့ထံ လွင့်ပျံလာလေသည်။ လန်ဒန်တပွဲကိုတော့ သူကိုယ်တိုင်ပဲ ကောင်တာသို့ သွားယူလိုက်ပါသည်။ သည်နေ့တော့ သူဆိုင်ရောက်တာ နည်းနည်းစောသည်။ စောသည်ဆိုတာက သူ့အတွက် သူ ပြောခြင်း၊ တကယ်က ၁၀ နာရီထိုးခဲ့ပြီ ဖြစ်သည်။ လန်ဒန်တလိပ်ကို မီးညှိရင်း လက်ဖက်ရည်ဆိုင် နံဘေးရှိ စာအုပ်ဆိုင်သို့ သူ လှမ်းကြည့်သည်။ ဂျာနယ်တွေက တိုးလို့တွဲလောင်း။ တစောင်လောက် ဝယ်ဦးမှဟူသော အတွေးနှင့် သူ ထမည်လုပ်ပြီးမှ ဒီသတင်းတွေ ပါပဲလေ အလကား ပိုက်ဆံကုန်ပါတယ် ဟူသော အတွေးနှင့် ပြန်ထိုင်သည်။

လက်ဖက်ရည်ပင် အငွေ့ သေသွားခဲ့ပြီ။ သူ မသောက်ဖြစ်သေး။ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် ရှိသော မန်းသီရိ တေးသံသွင်းသို့ သူ တွေတွေငေးငေး ကြည့်နေမိပြန်သည်။ ဇော်ဝင်းထွဋ်၏ မျှော်လင့်ချက်ကမ်းခြေ ဆိုင်းဘုတ်ကြီးက ထီးထီးမားမား။ ဆိုင်ရှေ့ရှိ ဗာဒံပင်ထံ သူ့အကြည့် ရောက်သွားမိပြန်သည်။ အုတ်ခုံပေါ်တွင် လူနှစ်ယောက် ကျားထိုးလျက်၊ ပလက်ဖောင်းပေါ်တွင်တော့ နီရော်ရော် ဝါကြန့်ကြန့် ရွက်ခြောက်များက ပျံ့ကျဲနေသည်။ အုတ်ခုံဘေးတွင်တော့ ….. လက်ထဲတွင် ထမင်းချိုင့်ကလေးနှင့် …. သူမြင်နေကျ ကောင်မလေးကို တွေ့လိုက်ရပါသည်။

ခဏနေတော့ ကောင်မလေးက လမ်းကိုကူး၍ သူထိုင်နေရာ လက်ဖက်ရည်ဆိုင်ဘက်ဆီ လျှောက်လာသည်။ သူ့ စားပွဲနားရောက်တော့ သူနှင့် မျက်မှန်း တမ်းမိနေပြီဖြစ်သော ကောင်မလေးက သူ့ကို လှစ်ခနဲ ပြုံးပြသည်။ သူ ပြန်ပြုံးပြ လိုက်ချိန်မှာတော့ ကောင်မလေးက သူ့ စားပွဲဘေး တိုက်လှေကားရင်းသို့ ရောက်နေပြီ။ မရေမရာ မျက်နှာထားလေးနှင့် နောက်သို့ သမင်လည်ပြန် ကြည့်သည်။ နောက်မှ စိတ်ဒုံးဒုံး ချလိုက်ဟန်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ သူကတော့ ဆက်ပြီး စောင့်ကြည့်နေမိသည်။ ၅ မိနစ်မျှအကြာ လူလတ်ပိုင်းအရွယ် လူတယောက် လမ်းတဖက်မှ ကူးလာပြီး ကောင်မလေးနောက်သို့ လိုက်တက်သွားသည်။ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ် ညာဘက်အခန်း။ နှစ် ၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော တည်းခိုခန်း ကလေးသို့ ဖြစ်ပါလိမ့်မည်။ နောက် သူ ထပ်တွေ့ရမည့် မြင်ကွင်းတွေကိုတော့ ရုပ်ရှင်ကားဟောင်းတခုကို ကြည့်နေရသလို သူ့စိတ်ထဲ မြင်နေမိသည်။

နာရီဝက် သို့မဟုတ် ၄၅ မိနစ်လောက်အကြာတွင် ကောင်မလေး ပြန်ဆင်းလာလိမ့်မည်။ ထို့နောက် ၅ မိနစ်မျှ ကြာလျှင် ခုနက တက်သွားသောသူ ပြန်ဆင်းလာမည်။ လက်ထဲတွင် တစ်ရှုး တာဝါတခုကို ကိုင်ထားလိမ့်မည်။ စီးကရက်တလိပ်လည်း သောက်ချင် သောက်နေလိမ့်မည်။ ဒါပဲ ဖြစ်ပါလိမ့်မည်။ သူ ဆက်ထိုင်လိုစိတ် မရှိတော့သောကြောင့် လက်ဖက်ရည်တခွက်နှင့် လန်ဒန်နှစ်လိပ်စာ ပိုက်ဆံကို ပန်းကန်ပြားနှင့် ဖိ၍ ထိုင်ရာက ထလိုက်သည်။ “ဘယ်လိုမှ အသက်ရှူ မဝဘူး” တဲ့ …. သူ ထွက်လာချိန်တွင် လက်ဖက်ရည်ဆိုင် ဆောင်းဘောက်စ် ဆီက ခင်ဘုဏ်း၏ သီချင်းသံက နောက်တွင် လွင့်ပျံကျန်နေခဲ့လေသည်။

စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် သည်လက်ဖက်ရည်ဆိုင်လေးတွင် သူ ထိုင်ခဲ့သည့် သက်တမ်းက ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ လောက်ကတည်းက၊ ဆိုင်ဖွင့်စကတည်းက ဆိုပါတော့။ သူ့အိမ်နှင့် နီးသည်တကြောင်း၊ ကက်ဆက်ကောင်းကောင်း ဖွင့်သည်တကြောင်းတို့ကြောင့် သူ ပုံမှန် ထိုင်ဖြစ်ခဲ့လေသည်။ သူ ထိုင်စက တခွက် ၁၀ လက်ဖက်ရည်သည်ပင် ယခု တခွက် ၂၀၀ ။ ယခင်ကတော့ နေ့တိုင်းမရောက်။ ၂၀၀၃ ခုနှစ်လောက်က စပြီး သူ တနေ့ သုံးခါ ရောက်ဖြစ်ခဲ့လေသည်။ နံနက်၊ နေ့လယ်၊ ည၊ သည်မှာပင် သူ တသက်လုံး နေထိုင်ခဲ့ရာ ရန်ကုန် မြို့လယ်ခေါင်၏ မြင်ကွင်းအသစ် တခုကို သူ စတွေ့ရခြင်း ဖြစ်သည်။ ထိုနေ့က မန်းသီရိတွင် သူ ခွေ ဝင်ဝယ်မိသည်။ သူ ခွေဝယ်ပြီး လက်ဖက်ရည်ဆိုင်သွားရန် လမ်းကူးမည် အလုပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က သူ့ကို တစုံတရာ လှမ်းပြောသည်။ “သွားမလား” ဟု သူ ကြားမိလိုက်သည် ထင်သည်။ သူ တအံ့တသြ ပြန်ကြည့်တော့ ထို အမျိုးသမီး မျက်နှာလွှဲသွားသည်။ သူ ဘာမှ ပြန်မပြော မိတော့ဘဲ လမ်းကူး၍ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။

လက်ဖက်ရည် သောက်ရင်း ဆိုင်ရှင် ဆရာကျောင်း (သူပေးထားသော အမည်ဖြစ်ပါသည်) နှင့် စောစောကအကြောင်း ပြောမိတော့ ဆရာကျောင်းက ဟက်ဟက်ပက်ပက် ရယ်လေသည်။ မင်းကလည်း ခုမှသိလား၊ ပစ္စည်းတွေ ကားဂိတ် ရောက်နေတာဖြင့် နှစ်ပတ်လောက် ရှိတော့မယ်ဟုလည်း ပြောသည်။ ဟိုမှာ ကြည့်ပါလား ၇ ယောက်၊ ၈ ယောက်လောက် ရှိတယ်ဟုလည်း လမ်းတဖက်ဆီ မေးငေါ့ပြသည်။ သည်တော့မှ သူ သတိထားမိလေသည်။ ဘတ်စ်ကား စောင့်နေသူများကြားတွင် ရောနှော ရပ်နေသော အမျိုးသမီးများ။ အများစုက ငယ်ငယ်ရွယ်ရွယ်။ တယောက်၊ နှစ်ယောက်ကတော့ အတော် အသက်ကြီးပြီ။ လက်ထဲတွင် ထီးနှင့် ထမင်းချိုင့် ကလေးများကို ကိုင်သူကိုင်ထားကြသည်။ ဝတ်ထား စားထားသည်ကတော့ နွမ်းနွမ်းပါးပါး။ သြော် … သည်လိုပါလား …။ နောက်တော့လည်း နေ့စဉ် မြင်တွေ့နေရသော ထို မြင်ကွင်းက သူ့အတွက် ရိုးသွားခဲ့သည်။
--------------------------------------

ဟိုယခင် သူ ဆယ်ကျော်သက် အရွယ်တုန်းကတော့ နတ်သမီးကလေးများ၏ အဓိက ကျင်လည် ကျက်စားရာက ကန်တော်ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၁ လောက်အထိ။ သည့်ရှေ့ပိုင်းတွင် မည်သို့ ရှိသည်ကိုတော့ သူ ငယ်ရွယ်သေးသောကြောင့် မသိ။ သို့သော် သူသိထားသည့် အတိုင်းအတာတွင်က ရန်ကုန်မြို့လယ်သည် နတ်သမီးလေးများ မွေ့လျော်ရာမဟုတ်။ ထိုစဉ်က မွေ့လျော်ခွင့်ပဲ မပြုသည်တော့လားတော့ မသိ။ ရှိတော့ ရှိသည်၊ ရှားသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်က နတ်သမီး ကလေးများကို တွေ့ရတတ်သည်က ဆူးလေပန်းခြံလေး နားတွင် ဖြစ်သည်။ ကျောက်တံတား ရဲစခန်းနှင့် မျက်စောင်းထိုးလောက်တွင်၊ နောက် ၂၈ လမ်း ၂၉ လမ်းအောက်ဘက် ကုန်သည်လမ်းပေါ်တွင်။ သည်မျှလောက်သာ ဖြစ်သည်။ ဒါကလည်း ညပိုင်းလောက်သာ။ ယခုလို ကားဂိတ်တွေတွင် ကျက်စားခြင်း မရှိသည်ကိုတော့ မြို့လယ်တွင် တသက်လုံး နေလာခဲ့သော သူ အသိဆုံးဖြစ်သည်။ သို့သော် သည်အခြေအနေက မှောက်သောခွက်ကို လှန်လိုက်သလို ၂၀၀၃ ခုနှစ်လောက်တွင် စတင် ပြောင်းလဲသွားခဲ့သည်။ သူ စတွေ့သည်ကတော့ အထက်က ဆိုခဲ့သလို အနော်ရထာလမ်းပေါ် လမ်း ၄၀ ထိပ် ကားဂိတ်တွင် ဖြစ်သည်။ လအတော်ကြာလာတော့ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် သူ ခွဲခြားသိလာသည်။ ဒါကလည်း မဆန်း၊ နေ့စဉ်နေ့တိုင်း သည်လူတွေချည်း ဖြစ်နေသောကြောင့် ဖြစ်သည်။
ခွဲ၍ ပြောမည်ဆိုလျှင်တော့ နံနက်ဂိုဏ်းနှင့် ညဂိုဏ်းဟု ခွဲပြောနိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်း စလုံးတွင် လူက ၁၀ ယောက်ဝန်းကျင်။ များသောအားဖြင့် နံနက်ဂိုဏ်းက အပြောင်းအလဲမရှိ။ ညဂိုဏ်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိသည်။ လာနေကျသူများအပြင် အခြား ပျံကျများလည်း ရောက်လာတတ်သည်။ နံနက်ဂိုဏ်း၏ အချိန်က မနက် ၈ နာရီသာသာမှ ညနေ ၃ နာရီ ဝန်းကျင်လောက်အထိ။ ညဂိုဏ်းကတော့ ညနေ ၃ နာရီမှ ည ၁၀ နာရီ ဝန်းကျင်တိုင်။ ဘယ်သူကမှ ခွဲခြား သတ်မှတ်ထားတာတော့ မဟုတ်ပါ။ သူတို့ အလုပ်ချိန်နှင့် သူတို့ သွားချိန်ပြန်ချိန် သူတို့ဘာသာ ချိန်ကိုက်ထားခြင်း ဖြစ်ပါလိမ့်မည်။

သူ နေထိုင်ရာ ကျောက်တံတားမြို့နယ်တွင်တော့ နတ်သမီးကလေးများကို အများဆုံး တွေ့နိုင်သည်က အနော်ရထာ လမ်းပေါ်ရှိ လမ်း ၄၀ ကားဂိတ်တွင်။ တိတိကျကျ ပြောရလျှင်တော့ ၃၈ လမ်းထိပ် ပျံကျဈေးကလေးမှသည် ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား အပင်ရိပ် အုတ်ခုံများရှိရာတွင် ဖြစ်သည်။ လမ်း ၄၀ ထိပ်မှ နတ်သမီးလေးများ၏ ကွန်းခိုရာက သူထိုင်နေကျ လက်ဖက်ရည်ဆိုင် အပေါ်ထပ် တည်းခိုခန်းကလေး၌၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထိပ်ရှိ နတ်သမီးလေးများကတော့ ဆိပ်ကမ်းသာလမ်းထဲ ချိုးဝင်လျှင်ဝင်ချင်း တွေ့ရမည့် တည်းခိုခန်းလေးတွင်။ အဆင်ပြေရာ ပြေကြောင်းကို သူတို့ဘာသာ ခွဲခြား သတ်မှတ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

စီခနဲ ကြားလိုက်ရသော လူသံသူသံတို့ကြောင့် သူ သူ့သူငယ်ချင်းနှင့် စကားကောင်းနေရာက အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။ ဟိုဘက်လမ်းကူး ကားဂိတ်ဆီမှ အမျိုးသမီးတသိုက် ပြေးလာကြတာကို သူမြင်ရသည်။ ဦးတည်ရာက ဗိုလ်အောင်ကျော် လမ်းဆီသို့။ လမ်းသွားလမ်းလာတွေကလည်း ရပ်တန့် ငေးမောနေကြသည်။ သူ သေချာကြည့်လိုက်တော့ ပြေးနေသူတွေက နတ်သမီးကလေးများ။ သူ ကြည့်နေစဉ်တွင်ပင် ဗိုလ်အောင်ကျော်လမ်းကို ဖြတ်၍ ဗိုလ်တထောင် ၆ ဘက်ဆီ ဆက်ပြေးသွားကြသည်။

သည်တော့မှ သူသဘောပေါက်သည်။ ကျောက်တံတားအပိုင်မှ ဗိုလ်တထောင်အပိုင်သို့ ပြေးခြင်း။ သည်ည စီမံချက်ရှိ၍ လိုက်ဖမ်းခြင်း ဖြစ်လိမ့်မည်။ သို့သော် ရဲက နယ်ကျော်၍ မလိုက်။ ထိုစဉ်မှာပင် ကားဂိတ်ဆီမှ ဆူဆူညံညံ အသံများကို ထပ်ကြားရပြန်သည်။ သူ မနေနိုင်တော့။ ဆိုင်မှထ၍ လမ်းကူးသွားမိသည်။ လူအုပ်ကြီးအလယ်တွင် အမျိုးသမီးငယ် နှစ်ဦး။ ဖမ်းဆီးသူ နယ်ထိန်းနှင့် သူ့ ရပ်ကွက်ထဲရှိ မီးသတ်ကို ဒူးတုပ်၍ တောင်းပန် တိုးလျှိုးနေသည်ကို တွေ့ရသည်။ ခဏအကြာတွင်တော့ လက်ထိပ်ခတ်ပြီး အငှားကားတစီးကို တား၍ တင်သည်။ လူစုကွဲသော အချိန်တွင် ၁၀ နာရီ ကျော်နေခဲ့ပေပြီ။
-------------------------------------

တရက်တွင်တော့ နတ်သမီးကလေးများကို စစ်တမ်း ကောက်ကြည့်ရန် သူ စဉ်းစားမိသည်။ ဘာရယ်မဟုတ်၊ သူက လူ့ဘဝ ရုပ်ပုံလွှာတွေကို စိတ်ဝင်စားသည်။ အရောင်တွေ အရိပ်တွေကို စေ့ချင်ငုချင်သည်။ အတိမ်အနက် အကျဉ်းအကျယ်တို့ကို စူးချင်စမ်းချင်သည်။ အလင်းအမှောင် အမှိန်အဖျော့တွေကို ရှာချင်ဖွေချင်သည်။ သည်လိုနှင့် တမနက်တွင် သူ မြို့ထဲတခွင်သို့ နတ်သမီးကလေးများ လေ့လာရေး ထွက်မိသည်။ ၁၀ နာရီ သာသာခန့်။ သူ လက်ဖက်ရည်ဆိုင်မှ ထလာချိန်။ သူ့ ခရီးစဉ်ကို လမ်း ၄၀ ထိပ်မှ စသည်။ လမ်း ၄၀ ထိပ်မှ သည် ၃၈ လမ်းဈေးအထိ။ သည်တဝိုက်က နတ်သမီးကလေးများကိုတော့ သူ အားလုံးလိုလို သိပြီး ဖြစ်ပါသည်။ ၁၅ ယောက်ဝန်းကျင်။ ထို့နောက်တော့ ပန်းဆိုးတန်းကိုဖြတ်၍ ၃၆ လမ်းထိပ် ကားဂိတ်ဆီသို့ သူရောက်လာသည်။ သည်မှာလည်း ၇ ယောက်၊ ၈ ယောက်။ ဆူးလေဘုရားလမ်းရောက်တော့ သူ ညာကွေ့ပြီး ဗိုလ်ချုပ်လမ်းဆီ သွားသည်။ ရုပ်ရှင်ရုံများ အောက်တွင်လည်း နတ်သမီးကလေးများ။ ၁၄-၅ ယောက်တော့ ရှိလိမ့်မည်။ မနက်ပိုင်းကိုတော့ သည်မျှဖြင့် သူ အဆုံးသတ်လိုက်ပါသည်။

ညနေပိုင်းတွင်တော့ သူ မဟာဗန္ဓုလလမ်းဘက်သို့ ထွက်လာခဲ့သည်။ ၃၉ လမ်းထိပ် ကားဂိတ်ဆီသို့။ သည်မှာလည်း နတ်သမီးကလေးများကို အတော်များများကြီးကို သူ တွေ့ရပြန်လေသည်။ ၃၇ လမ်းထိပ် ထီရုံးမှသည် ၃၉ လမ်းထိပ်အထိ။ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တို့တွင် ကျောက်ချသူတို့က ကျောက်ချလျက်။ ကားဂိတ်တွင် ရောနှော ရပ်နေသူတို့လည်း မရှား။ ၂၀ ဝန်းကျင်တော့ ရှိလိမ့်မည်။ ကားဂိတ်ကြီးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဒါက သူ တွေ့မိသလောက်၊ မတွေ့မိသည်များလည်း ကျန်ဦးမည်။ မနက်ပိုင်းနှင့် ညပိုင်းကလည်း ကွဲဦးမည်။ သူ့လေ့လာရေး ခရီးစဉ်ကို သူ စာရင်းချုပ် ကြည့်လိုက်တော့ အယောက် ၁၀၀ ဝန်းကျင် စာရင်း ထွက်လာသည်။ သူ့တိုင်းသူ့ပြည်၏ စီးပွားရေးနှင့် လူမှုဘဝသည် ချွတ်ခြုံကျနေခဲ့ရပြီ ဖြစ်သည်။
---------------------------------
သူ တယ်လီဖုန်း လျှောက်လွှာတင်ပြီး စာတိုက်ကြီးမှ ထွက်လာတော့ နေ့လယ် ၂ ချက်ခွဲကျော်ခဲ့ပြီ ဖြစ်သည်။ မွန်းဘေကရီ ဆိုင်ရှေ့ရောက်တော့ သူ ကော်ဖီ သောက်ချင်စိတ် ပေါက်လာသည်။ ဂျာနယ်များလည်း ဖတ်ချင်၍ ဖြစ်သည်။ ဆိုင်ထဲတွင်တော့ လူတို့ ပြည့်သိပ်လျက်။ သည်မှာလည်း သူတို့ကို သူ တွေ့မိပြန်သည်။ သူတို့ကတော့ ကားဂိတ်ရှိ နတ်သမီးကလေးများထက် အနည်းငယ် ပို၍ တောက်ပသည်။ ရုပ်ရည် ရူပကာလည်း သာသည်။ အထက်လွှာဟု ဆိုရမည် ထင်သည်။ အထက်လွှာ နတ်သမီးများ။ သူတို့ ထိုင်လေ့ရှိသည်က ဗိုလ်အောင်ကျော်လမ်းကို မျက်နှာမူထားသည့် စားပွဲတွင် ဖြစ်သည်။ သည်နေရာ တခုတည်းက ဆိုင်အပြင်မှရော အတွင်းမှပါ အပြန်အလှန် မြင်နိုင်သည့် နေရာဖြစ်သည်။ သူ ငေးနေမိချိန်မှာပင် ဗိုလ်အောင်ကျော်လမ်း တဖက်ရှိ ဆက်သွယ်ရေး တယ်လီဖုန်းမှ ဝန်ထမ်း အမျိုးသမီးက ဆိုင်အပြင်မှ လက်ဟန်ခြေဟန် ပြ၍ လာခေါ်သည်။ သူတို့ထဲမှ တယောက်ထသွားပြီး ဖုန်းသွားပြောနေသည်ကို သူ မြင်နေရလေသည်။ ဒါက သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်း။ ရေစီးကြောင်းတော့ ရေစီးကြောင်းပဲ ဖြစ်သည်။ ခေတ်ရေစီးကြောင်းဟု ခေါ်ချင်လည်း ခေါ်ဆိုနိုင်ပါသည်။

ဆိပ်ကမ်းသာ လမ်းထိပ်တွင် ကောင်မလေးကို တွေ့လိုက်ရတော့ သူ အနည်းငယ် အံ့သြသွားမိသည်။ ည ၁၀ နာရီ ပင်ထိုးတော့မည်။ သူ တွေ့နေကျ မနက်ဂိုဏ်းမှ ကောင်မလေး။ ညဂိုဏ်းသို့ပဲ ပြောင်းသွားလို့လား၊ လူသွားလူလာကတော့ အနည်းငယ် ရှင်းနေခဲ့ပြီ ဖြစ်သည်။ သူ ဘေးဘီကို ကြည့်ရင်း စိတ်ကူးတခု ရလာသည်။ ကောင်မလေးကို သူ အနည်းငယ် မေးချင်မြန်းချင်သည်။ သူနှင့် မျက်မှန်း တမ်းမိနေသောကြောင့်လည်း သူ မေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တကယ်က သည်နေရာက သူ့အိမ်နှင့် ဘာမှမဝေး၊ သို့သော် သူ မတတ်နိုင်။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော စိတ်ကိုထိန်းရင်း သူ ကောင်မလေးဆီ ချဉ်းကပ်သွားမိသည်။ သူ့ကို ကောင်မလေး အထင်လွဲတော့မည်က သေချာသလောက် ဖြစ်သည်။ ဒါ့ကြောင့် သူကပဲ အရင်ဦးအောင် ရှင်းပြဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ညီမ ညပိုင်း ပြောင်းသွားတာလား” ဟု သူ စကားစလိုက်တော့ ကောင်မလေးက “ဟုတ်တယ် အကို” ဟု တုံ့ပြန်သည်။ သူ့ကို မှတ်မိလားလို့ မေးတော့ ကောင်မလေးက ''မနက်တိုင်း လက်ဖက်ရည်ဆိုင် အဝမှာ ထိုင်ထိုင်နေတဲ့ အကို မဟုတ်လား'' ဟု ပြန်မေးသည်။ ဟုတ်ကြောင်း ပြန်ဖြေပြီး သူ့ကို တမျိုးမထင်ရန် သူ အမြန်ရှင်းပြရသည်။ သူ မေးစရာ နည်းနည်းရှိ၍ ဖြစ်ကြောင်း ပြောတော့ ကောင်မလေး အနည်းငယ် တွန့်ဆုတ်သွားသည်။ ''ရဲတို့၊ ထောက်လှမ်းရေးတို့တော့ မဟုတ်ပါဘူးနော်'' ဟု သူ့ကို မဝံ့မရဲ ပြန်မေးသည်။ မဟုတ်ကြောင်း သူ ပြောပြီး သူ သိလိုသည်တို့ကို မေးသည်။ တကယ်က ကောင်မလေးတို့က တကိုယ်တော် လှုပ်ရှားသူများ။ ချုပ်ကိုင်ထားသည့်သူ မရှိ။ တခုပဲရှိသည်။ သည်အပိုင်က နယ်ထိန်းကိုတော့ တရက် ၅၀၀ ပေးရသည်။ စီမံချက်ရှိ၍ ဖမ်းလျှင်တော့ ကိုယ်ဖြစ်ကိုယ်ခံ။ သည့်နောက်ပိုင်းတွင် မီးသတ်ကိုပါ ပေးပေးနေရသည်ဟု ပြောသည်။ ဒါကိုတော့ သူကောင်းကောင်း သိပါသည်။ သူ့ ဝန်းကျင်ရှိ ဂျပိုးတေလေများ မီးသတ်အဖွဲ့ဝင် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။

''ကိုယ်နဲ့ရင်းလို့ ရတဲ့ ပိုက်ဆံ အကိုရာ။ သူတို့မို့ မျိုရက် ဆို့ရက်တယ်'' ဟု ညည်းပြော ပြောရင်း ကောင်မလေးက စကားကို နိဂုံးချုပ်သည်။ ကောင်မလေး နေတာက ဒဂုံမှာ။ သည်အချိန် ကားရှိသေးလို့လား ဟု သူမေးတော့ သည်ညတော့ မဂိုလမ်းရှိ တည်းခိုခန်းမှာ အိပ်မည်တဲ့။ ထိုသို့ ပြောရင်း ကောင်မလေး၏ အကြည့်က သူ့ဆီ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ကပျာကရာ မျက်နှာလွှဲရင်း ပိုက်ဆံအိတ်ကို ဖွင့်သည်။ ''ညီမအတွက် မုန့်ဖိုးပါ'' ဟု ဆိုကာ ငွေ ၁၅၀၀ ကို ကောင်မလေး လက်ထဲထည့်ရင်း သူ နှုတ်ဆက်လမ်းခွဲ လိုက်တော့သည်။ 'သဇင်' ဟု ခေါ်သော ကောင်မလေးကတော့ သူ့ ကို နားမလည်သလို ကြည့်နေပေလိမ့်မည်။
------------------------------------
ခပ်လှမ်းလှမ်းမှ တက္ကစီတားနေသော စုံတွဲကို မြင်၍ သူ့ကားကို အရှိန်လျှော့လိုက်သည်။ ဝေဇယန္တာ လမ်းမကြီးပေါ်။ ဆီဈေးတို့ ကြီးမြင့်လာသဖြင့် ခရီးသွားဟန်လွှဲ လမ်းကြုံလျှင် သူ ပရိုက်ဗိတ် တက္ကစီ မောင်းလေ့ရှိသည်။ ''ဘယ်သွားမလဲ အကို'' ဟု သူ မေးတော့ အမျိုးသားထံမှ အသံမထွက်။ အမျိုးသမီးငယ်ဆီမှသာ အသံထွက်လာသည်။ ဝေဇယန္တာလမ်းမကြီး ပေါ်တွင်ပင်ရှိသော နယ်စပ်မြို့လေး တမြို့ အမည်ကို ယူထားသည့် တည်းခိုခန်းသို့။ သူ ဈေးပြောတော့ မဆစ်တော့ဘဲ ကားပေါ်သို့ တက်သည်။ ခရီးက ဘာမျှမဝေး၊ ၅ မိနစ်သာသာ မောင်းရုံနှင့် သူ တည်းခိုခန်းရှေ့သို့ ရောက်သည်။ ''ခဏလေး စောင့်ပေးပါလား ညီလေးရာ၊ အကို အရင်မေးကြည့်မလို့'' ဟု ကားခရှင်းရင်း အမျိုးသားက ပြောတော့ သူ ခေါင်းညိတ်သည်။

သူ့တွင် ဘာမှ အထွေအထူး လုပ်စရာမရှိ။ အမျိုးသမီးငယ်ကပင် ဦးဆောင်၍ တည်းခိုခန်းအတွင်း ဝင်သွားသည်။ သူ အပြင်မှ တည်းခိုခန်းကြီးကို အကဲခတ်ကြည့်တော့ အခန်းတွေက မနည်းမနော။ ရာကျော်လိမ့်မည်ဟု သူထင်သည်။ ၅ မိနစ်မျှအကြာ စောစောက စုံတွဲ ပြန်ထွက်လာသည်။ အခန်းပဲ အဆင်မပြေသည်လား ဘာဖြစ်သည်လဲ … သူ တွေးတောနေမိစဉ်တွင်ပင် အမျိုးသားထံမှ ''အခန်းမကြိုက်လို့ ညီလေးရာ။ ဘယ်သွားရင် ကောင်းမလဲ မသိဘူး'' ဟု စကားသံ ထွက်လာသည်။ အမျိုးသမီးငယ်ကတော့ သည်ကိစ္စတွင် ကျွမ်းကျင်ဟန် ရှိသည်။ သူ့ကို ဘုရင့်နောင်ဘက်ရှိ တည်းခိုခန်းကြီးတခု၏ အမည်ကိုပြောရင်း ဈေးမေးသည်။ သူ ဈေးပြောတော့ အမျိုးသားက မဆစ်တော့ပါ။ သူကလည်း ပုံမှန်ဈေးပဲ ပြောပါသည်။ ကားမောင်းလာရင်း မိုးက ရွာလာသည်။ ဘုရင့်နောင် မီးပွိုင့် မရောက်မီတွင် သူ ဘယ်ဘက်သို့ ချိုးလိုက်သည်။ သည်လမ်းက သူ ကျောင်းသွားတိုင်း မီးပွိုင့်ရှောင်ရန် သုံးနေကျလမ်း။ တည်းခိုခန်း၏ နောက်ဘက်ရှိ ကားပါကင်တွင် သူ ကားရပ်သည်။ မိုးက ပို၍ သည်းလာသည်။ သူ့ကားပေါ်မှ စုံတွဲ ဆင်းသွားသော်လည်း သူ ကားပြန် မထွက်ဖြစ်သေး။ မိုးစဲအောင် ခဏစောင့်ရန် သူ ဆုံးဖြတ်သည်။ ထိုစဉ်မှာပင် ကားပါကင်မှ ဝိတ်တာကလေးက သူ့ထံ ချဉ်းကပ်လာသည်။ သူ့ကို ခရီးသည် လိုက်ပို့သူဟု ထင်ပုံမရ။ ''အကိုကော မတက်တော့ဘူးလား'' ဟုမေးသည်။ သူ ပြုံးရင်း ''ပြန်တော့မှာ'' ဟုပြောတော့ ဝိတ်တာလေးက သူ့အတွက် အဖော် ခေါ်ပေးမည်ဟု ဆိုပြန်သည်။ သူ နည်းနည်း စိတ်ဝင်စားလာသဖြင့် ဝိတ်တာလေးကို အကျိုးအကြောင်းမေးရင်း အခန်းတခန်းယူရန် ဆုံးဖြတ်လိုက်သည်။

၃ နာရီ တဆက်ရှင်။ သူတို့ကတော့ ရှိုးလို့ ခေါ်ကြလေသည်။ ပထမထပ်တွင် သူ အခန်းတခန်း ရသည်။ သူ အခန်းထဲရောက်ပြီး ခဏနေတော့ စောစောက ဝိတ်တာကလေး ပြန်ရောက်လာသည်။ သူ့ဘေးတွင် နတ်သမီးကလေး တဦး။ နတ်သမီးကလေးက အခြား အခန်းတခန်းမှ ကူးလာပုံရသည်။ ပိန်ပိန်သွယ်သွယ်၊ ၁၉-၂၀ အရွယ် ။ ပုံစံ အသွင်အပြင်က ညှိုးရော် နွမ်းလျနေသည်။ သူ့ကို ဟန်လုပ်ပြုံးပြနေသော နတ်သမီးလေးကို ကြည့်ရင်း သူ စောစောက စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူ ဝိတ်တာလေးကို စကားလှအောင် ပြောရင်း နတ်သမီးလေးကို ပြန်လွှတ်လိုက်သည်။ အခန်းကလည်း ယူပြီးပြီ။ ခဏတော့ နေလိုက်ဦးမည်ဟူသော အတွေးနှင့် သူ အခန်းကို စေ့ငုမိသည်။ နှစ်ယောက်အိပ် ကုတင်တလုံး၊ ရေချိုးခန်း အိမ်သာတွဲလျက်၊ တီဗီတလုံးနှင့် တယ်လီဖုန်းလည်း ပါသည်။ အပြင်အဆင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့် တော့ရှိသည်။ သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိသည်နှင့် တီဗီဖွင့်လိုက်သည်။

ချယ်နယ်တို့ကို ဟိုရွှေ့သည်ရွှေ့ လုပ်ရင်း စောစောက ဝိတ်တာလေး ပြောသွားသော ချယ်နယ်ကို သူ တွေ့ရသည်။ ၂၄ နာရီ အပြာကားများ ပြသည့်ချယ်နယ်။ အောက်ထပ်ရှိ စက်ခန်းမှ ခွေထိုးပြနေခြင်း။ သူ ပျင်းပျင်းရိရိနှင့် အိပ်ရာပေါ် လဲလျောင်းရင်း တီဗီကြည့်သည်။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာလျက်။ ဗုဒ္ဓဝင်မှ အလွန် ကုံလုံပြည့်စုံသော သူကြွယ်ကြီးတဦး၏ အမည်နာမကို ခံယူထားသည့် တည်းခိုခန်းကြီး တခုလုံး တိတ်ဆိတ်နေသည်။ သူ မှေးခနဲ အိပ်ပျော်သွားသည်။
--------------------------
ည ၈ နာရီ ကျော်ပြီမို့ သိမ်ကြီးဈေး၏ ညက သက်ဝင်လှုပ်ရှားလာသည်။ zero zone မှ လွင့်ပျံလာသော တေးသံများကို သူ အတိုင်းသား ကြားနေရသည်။ သူက မင်္ဂလာရုံ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ဖခင်ကို ဆေးခန်းလိုက်ပို့ရာ တိုကင်နံပါတ် နောက်ကျသောကြောင့် နောက်တနာရီလောက်တော့ အနည်းဆုံး စောင့်ရပေဦးမည်။ လမ်းတလျှောက်ရှိ ကလပ်များကို သူ အပေါ်စီးမှ ငေးကြည့်နေရင်း ငြီးငွေ့လာသဖြင့် အောက်ဆင်း၍ လက်ဖက်ရည်သောက်ရန် ဆုံးဖြတ်လိုက်သည်။ အောက်ရောက်တော့လည်း ဘယ်မှာထိုင်ရမည်ကို သူ ဝေခွဲမရ။ သိမ်ကြီးဈေးအတိုင်း လျှောက်လာရင်း အနော်ရထာလမ်းနှင့် ဆုံရာ လူကူးတံတား အောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို တွေ့သည်။ နတ်သမီးကလေးတွေ ထိုင်နေပါလား …။ မင်္ဂလာရုံနှင့် နီးနီးနားနားမှာပဲ ထိုင်တော့မည် ဟူသော အတွေးနှင့် သူ ပြန်လှည့်လာသည်။

သည်လိုနှင့် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့် လူကူးတံတားအောက်မှ လက်ဖက်ရည် ဆိုင်ကလေးတွင် သူ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ သူ သတိပြုမိလေသည်။ သည်မှာလည်း နတ်သမီးလေးများ။ သူ့ဘေးကပ်လျက် ဝိုင်းတွင် ထိုင်နေကြသည်။ ခဏကြာတော့ တယောက်က သူ့ထံမှ မီးခြစ် လှမ်းတောင်းလေသည်။ ပေးလိုက်တော့ ''ဆေးလိပ်လေးပါ ပေးပါလား'' ဟု နောက်တယောက်က ပြောင်စပ်စပ် ပြောပြန်သည်။ သူ့ဆေးလိပ်ဗူး လှမ်းပေးလိုက်ချိန်မှာပင် အခြားဝိုင်းမှ လူငယ်နှစ်ယောက် ထလာကာ နတ်သမီးကလေးတို့၏ ဝိုင်းတွင် ဝင်ထိုင်လေသည်။ နိုက်လား၊ ရှိုးလား ဟူသော အသံများ၊ တပုလင်းခွဲ နှစ်ပုလင်းဟု တုံ့ပြန်သံများ၊ ခိုးခိုးခစ်ခစ် ရယ်မောသံများ၊ သူ ထဖို့ ဆုံးဖြတ်သည်အထိ သူတို့ ညှိနှိုင်းပွဲ မပြီးဆုံးသေး။ မင်္ဂလာရုံအပေါ်ထပ် ရောက်မှ သူ့ စီးကရက်ဗူး သူ ပြန်သတိရလေသည်။ နတ်သမီးလေးများထံတွင် ကျန်နေခဲ့ပြီ။
---------------------------------------
“ဗိုက်ဆာတယ်ကွာ။ ထမင်းကြော် သွားစားရအောင်“ ဟု သူ့ သူငယ်ချင်းက ပြော၍ နာရီကို သူ လှမ်းကြည့်လိုက်သည်။ ည တချက် ထိုးတော့မည်။ သည်အချိန် ဘယ်သွားမလဲ။ ၁၇ လမ်းသွားဖို့ပဲ ရှိတော့သည်။ သူတို့ ရောက်တော့ ဆိုင်ကလေးက လူရှင်းနေသည်။ သည်ည ဘာဘောလုံးပွဲ မှမရှိ။ သည်အချိန် ထမင်းစားချင်စိတ် မရှိတော့၍ သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ ဆိုင်တွင် ဝိုင်းက ၃ ဝိုင်းတည်း။ ယောက်ျားလေး ဝိုင်းဆို၍ သူတို့ တဝိုင်းသာ။ ကျန်နှစ်ဝိုင်းတွင်က ကလပ်မှ ပြန်လာသော နတ်သမီးလေးများ။ သည်ဆိုင်ကလေးက ညလုံးပေါက် ဖွင့်သော ဆိုင်ကလေးမို့ သူတို့ ထိုင်နေကြခြင်း ဖြစ်သည်။ တခါတရံ စီမံချက် ရှိလျှင်တော့ နတ်သမီးလေးများက ဗိုလ်ချုပ်လမ်းပေါ်ရှိ အစိုးရ ဝင်းတဝင်းအတွင်း ဖွင့်သော လက်ဖက်ရည်ဆိုင်သို့ ပြောင်းထိုင်တတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၇ လမ်းက စစ်ကြိုခေတ်က နတ်မိမယ်များ တရားဝင် ပျော်စံရာ ဖြစ်ခဲ့ကြောင်းကိုတော့ ဆရာသော်တာဆွေ ရေးတာ သူ ဖတ်ရဖူးသည်။

နတ်သမီးလေးများကို ကြည့်ရင်း သူ တခု တွေးမိလာ၍ ပြုံးမိသည်။ သူ့ နေ့စဉ်ဘဝတွင် နတ်သမီးလေးများကို မတွေ့ရသည့်နေ့ မရှိ။ နံနက် မိုးလင်းချိန်မှ စတွေ့ လိုက်သည်မှာ ယခု ည တနာရီအထိ တွေ့တုန်း ဖြစ်သည်။ သူ့ ချစ်သူကိုပင်လျှင် သူ နေ့စဉ်မတွေ့၊ တပတ်လုံးလုံး မတွေ့ဖြစ်သည်လည်း ရှိသည်။ နတ်သမီးလေးများကိုတော့ ….. ''ဘာပြုံးတာလဲ'' ဟု မေးသည့် သူ့ သူငယ်ချင်းကို ''ဘာမှ မဟုတ်ပါဘူး'' ဟုသာ သူပြန်ဖြေလိုက်သည်။ ညက တိတ်တိတ်ဆိတ်ဆိတ်၊ ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည် သောက်လိုက်ရသဖြင့် သူ့ မျက်လုံးများ ပြန်ကျယ်လာသည်။ နတ်သမီးလေး တယောက်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း အဖော်များအား တစုံတရာ တီးတိုးပြောသည်။ ရယ်သံများ သူကြားရချိန်တွင် လှုပ်ရှား သွားသော စိတ်ကို ဖုံးကွယ်ရန် ရေနွေးတစ်ခွက် ငှဲ့လိုက်ရလေသည်။ ဆေးရုံကြီးဘက်ဆီက ခွေးဟောင်သံ သဲ့သဲ့ကို သူကြားရသည်။ ဆောင်းဝင်လာပြီမို့ ညက တဖြည်းဖြည်း အေးစက်လာလေသည်။

နိုင်ငံခြားမှ ခေတ္တပြန်ရောက် လာသော သူငယ်ချင်းများနှင့် တွေ့ဆုံသည့် ပွဲမို့ သူတို့ဝိုင်းက အတော်ညဥ့် နက်သွားခဲ့သည်။ ဘီယာပုလင်းတို့က အလဲလဲ အပြိုပြို။ ဘယ်ဆက်သွားမလဲဟု အမေရိကားမှ သူငယ်ချင်းကမေး၍ သူ နာရီကို ကြည့်လိုက်တော့ ည တချက်ကျော်ခဲ့ပြီ။ သူတို့ ဘယ်ဆက်သွားမလဲ…။ သူတို့ တဝိုင်းလုံး မူးယစ်ရီဝေလျက်။ ခဏတဖြုတ် အိပ်လို့ရမည့် နေရာတနေရာ…။ လပေါ်သို့ တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ လပြည့်ညမို့ လ က ထိန်ထိန်သာ နေလေသည်။

၃၉ လမ်း အထက်လမ်းရှိ တိုက်တတိုက်၏ ငါးလွှာသို့ သူတို့ရောက်တော့ ည တချက်ခွဲ ခဲ့ပြီ။ စန္ဒာငွေလမင်း၏ အမည်ကို အင်္ဂလိပ်လို ရေးသားထားသော ဆိုင်းဘုတ်ဝါဝါ ကလေးကို ကြည့်ရင်း သူ တံခါးခေါက်လိုက်တော့ ဆိုင်ရှင် မနိုင် ကိုယ်တိုင် တံခါးလာဖွင့်လေသည်။ မနိုင် က ယခင်ကတည်းက သူနှင့် သိကျွမ်းသူ။ အရင်ကတော့ အိမ်ပွဲစား၊ အခုတော့လည်း သည်ရေစီးကြောင်းထဲမှာ။ “သားကြီးပါလား။ ဘော်ဒါတွေလည်း ပါတာပဲ။ လာ လာ“ ဟူသော မနိုင် စကားအဆုံးမှာတော့ သူတို့အားလုံး အခန်းထဲ ဝင်လိုက်ကြလေသည်။ အခန်းထဲတွင် ကောင်မလေးတွေက ထိုင်သူထိုင် လှဲသူလှဲလျက်။ ဗီစီဒီခွေ မှ ဟစ်ဟော့သီချင်းကို လိုက်ညည်းသူက ညည်းနေကြသည်။ သည်ည ဧည့်သည် ပါးပုံရသည်။ “ကိုသားကြီး လက်ဖက်သုတ်စားပါဦး“ ဟူသော ကောင်မလေး တယောက်၏ ဖိတ်မန္တကပြုမှုကို သူ ပြုံး၍ ခေါင်းခါရင်း သူ့ သူငယ်ချင်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ရသည်။ အခန်း၏ နောက်ဘက်တွင် ရှိနေတာက လူ ၅ ယောက်စာ နှစ်ခန်း။ တခန်းက လုံးလုံးအားနေသည်။ သူတို့အဖွဲ့က လူ ၆ ယောက်မို့ သူ့ သူငယ်ချင်း ၅ ယောက်ကို အခန်းတခန်း ပေးလိုက်သည်။ သူကတော့ နောက်တခန်းထဲ ဝင်ခဲ့လေသည်။

သူ ဝင်လာသည့် အခန်းထဲတွင် အခြား ဧည့်သည် ၄ ယောက်။ သူက အခန်း၏ အလယ်တွင် နေရာရသည်။ တခန်းလုံးက မှောင်မိုက်လျက်။ အိပ်ရာတို့ကို ကြမ်းပြင်ပေါ် ခင်းထားသည်။ အိပ်ရာတခုနှင့် တခုကြားတွင်တော့ ခန်းဆီးပါးကလေးများ ခြားထားသည်။ အိပ်ချင်စိတ်က စိုးမိုးနေသည်မို့ သူ့ကို နှိပ်နေသော ကောင်မလေးကိုပင် သူ ဘာမှမပြောမိ။ သို့သော် သူ ခေါင်းချလိုက်မိစဉ်မှာပင် သူ့ ဘယ်ဘက်ဘေး အိပ်ရာမှ ကောင်မလေး၏ အသံကို သူကြားလိုက်ရသည်။ “ဘာလို့ အများကြီး ယူလာတာလဲ။ တခုဆို တော်ရောပေါ့“ တဲ့။ စကားသံ သဲ့သဲ့ကို သူကြားရပြန်သည်။ ခဏနေတော့ တီးတိုးညည်းညူသံများ။ သည်အသံများနှင့်အတူ ခြေထောက်တဖက်က ခန်းဆီးစကိုကျော်၍ သူ့ အိပ်ရာဘက်ဆီ ရောက်ရှိလာသည်။ သူ ဆက်အိပ်၍ မရတော့။ မှောင်မိုက် လောင်အိုက်နေသော အခန်းထဲတွင် သူ ဇောချွေးပြန်စ ပြုလာသည်။ ခဏအကြာ ညည်းညူသံများ ထပ်ကြားရပြန်သည်။ သည်တခါ သူ့ ညာဘက်က။ သည်းမခံနိုင်တော့သည့်အဆုံး အခန်းထဲမှ ထွက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဆေးလိပ်ဗူးကို နှိုက်သည်။ ဆေးလိပ် မကျန်တော့။ သူ့ သူငယ်ချင်းများ ရှိရာ အခန်းဆီ သူ ကူးခဲ့လေသည်။

သူ့ သူငယ်ချင်းများ အခန်းတွင်တော့ မီးလင်းနေသည်။ သူငယ်ချင်းရှိရာရောက်တော့ ကောင်မလေးနှင့် စကား ပြောနေသည်ကို တွေ့သည်။ သူငယ်ချင်းထံမှ ဆေးလိပ်တလိပ် တောင်းယူရင်း အိမ်ရှေ့ခန်းဘက် သူ ထွက်ခဲ့လေသည်။ ဝရန်တာတွင် ဆေးလိပ်သောက်လိုက်မှ သူ နည်းနည်း နေသာထိုင်သာ ရှိလာသည်။ သည်မှာပင် အနှိပ်ခန်းများအကြောင်း သူ စဉ်းစားမိသည်။ ဟိုယခင်ကတော့ အနှိပ်ခန်းလုပ်ငန်းကို အကြီးအကျယ် လုပ်သည်က ဗိုလ်အောင်ကျော်လမ်း အောက်ဘက်ရှိ ဟိုတယ်ကြီး တခုတွင်။ ထိုစဉ်က ယခုလို နေရာတိုင်းတွင် မရှိသေး။ ပြီးတော့ ယခုလို လိင်ဖျော်ဖြေရေး မပါ။ အနှိပ်ခံရုံ သက်သက်မျှသာ။ အဆင်ပြေလျှင် အပြင်တွင် ချိန်းတွေ့။ သည်မျှလောက်သာ ဖြစ်သည်။

မြို့ထဲတခွင်တွင် အနှိပ်ခန်းများ မှိုလို ပေါက်လာသည်ကတော့ သူ မှတ်မိသလောက် ၂၀၀၅ ခုနှစ်မှ စ၍။ ၂၀၀၅ နှစ်ကုန်ပိုင်းလောက်တွင်တော့ မြို့ထဲရှိလမ်းတိုင်းတွင် အနှိပ်ခန်းများ ပျံ့နှံ့နေခဲ့ပြီ။ မြို့ထဲရှိ လမ်းတလမ်းတွင် အထက်လမ်း၊ အလယ်လမ်းနှင့် အောက်ဆုံးနှစ်လမ်း ဟူ၍ ဘလောက် ၄ ခု ရှိရာ ၄ ခုစလုံးကို သူ ဆိုလိုပါသည်။ ဆိုင်းဘုတ်ဝါဝါ၊ ပြာပြာလေးများ ကိုယ်စီကိုယ်ငှ။ သည်လုပ်ငန်းက များသောအားဖြင့် အထပ်မြင့် ငါးလွှာ ခြောက်လွှာ အခန်းများတွင် လုပ်လေ့လုပ်ထ ရှိသည်။ ထူးထူးခြားခြား ၃၈ လမ်းဈေးမှ ဆိုင်တဆိုင်ကတော့ မြေညီထပ်တွင် ဖွင့်ထားသည်။ ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖွင့်ထားသည့်ပုံပင် မရှိတော့။ ပေါ်ပေါ်တင်တင်ပဲ ဖြစ်ပါသည်။ ပြီးတော့ သည်တခါ ထူးခြားသည်က အနှိပ်ခန်းအများမှာ သာမန်မဟုတ်။ လိင်ဖျော်ဖြေရာ ဌာနများ။ လာရောက်သူ အမျိုးသားများအတွက်ကလည်း ဒါက ပိုအဆင်ပြေသည်။ ယခင်ကကဲ့သို့ တကူးတက အမျိုးသမီးအဖော် လိုက်ရှာရန် မလိုတော့။ တည်းခိုခန်းလည်း သွားစရာမလို။ အနှိပ်ခန်း တဆက်ရှင်ခနှင့် နှိပ်ပေးသူ ကောင်မလေးကို မုန့်ဖိုး အနည်းအကျဉ်း ပေးလိုက်ရုံသာ ဖြစ်သည်။

သည်မှာပင် အနှိပ်ခန်းများ နာမည်ကြီးသထက် ကြီးလာသည်။ အနှိပ်ခန်း တခန်းတွင် နတ်သမီးလေးများက အနည်းဆုံး ၁၀ ယောက်ဝန်းကျင်တော့ ရှိတတ်သည်။ သြော် … မြေပေါ်သို့ မသက်သည့် ဘုံခုနစ်ဆင့် တိမ်ယံငွေနန်းမှ နတ်သမီးကလေးများ …..။ သူ အိမ်ပြန်ချင်ပြီမို့ အတွေးကို ဖြတ်ရင်း အခန်းထဲ ပြန်ဝင်ခဲ့သည်။ “သူတို့က နတ်တွေလေ အငွေ့ပဲစားတာ“ သူ့ကို ခုနက နှိပ်သည့် နတ်သမီးလေးက မကြားတကြား လှမ်းစလေသည်။ ''သည်မှာတော့ နတ်ဖြစ်တာပဲ ကောင်းပါတယ် ကောင်မလေးရယ်'' … သူ့စိတ်ထဲမှ ပြန်ပြောရင်း သူငယ်ချင်းများထံ ပြန်သွားသည်။ သူနှင့် လိုက်ပြန်မည့်သူ သိပ်မရှိ။ ကျန်သူငယ်ချင်းများက ညအိပ်ကြလိမ့်မည်။ မနိုင် ကို နှုတ်ဆက်ပြီး လပေါ်မှ မြေပေါ် ပြန်ရောက်တော့ မနက် ၃ နာရီ။ လ က သာမြဲ သာနေပါသည်။
--------------------------------
သူ စစ်တမ်းကောက်ပြီး ၃-၄ လ အကြာတွင် ကားဝပ်ရှော့တခု၌ အင်ဂျီအို အဖွဲ့တခုမှ ဝန်ထမ်းတယောက်နှင့် သွားဆုံသည်။ ကွန်ဒွန်များ ဝေငှနေခြင်း။ သူ့ကို ကမ်းပေးလိုက်သော လက်ကမ်းစာရွက်လေးကို ကြည့်ရင်း အေအိုင်ဒီအက်စ် ဖြစ်ပွားသူဦးရေ သူ့ နိုင်ငံတွင် မည်၍မည်မျှ ရှိသည်ကို သူ စုံစမ်းမိသည်။ အစိုးရ ထုတ်ပြန်ထားသော စာရင်းက ၃၈၅၀၀၀။ သို့သော် သူသိလိုသည်က တကယ့် အစစ်အမှန်။
-------------------------------
“ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း” သူ ငယ်ငယ်က ဝှက်ခဲ့သော စကားထာ ကလေးကို သူ ပြန်သတိရသည်။ “ရေလယ်ခေါင် သောင်ထွန်း” တဲ့ ။ သည်စကားထာလေးကို သူ နေ့စဉ် မြင်တွေ့နေရသော နတ်သမီးလေးများနှင့် သူ ထင်ကြည့်ဟပ်ကြည့်သည်။ သူ နေထိုင်ရာ မြို့လယ်ခေါင်သည် သောင်တခု ဖြစ်ခဲ့ပြီလား …. အခြားနေရာများထက်တော့ သောင်သောင်သာသာ ရှိ၍ နတ်သမီးလေးများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်သမီးလေးများအတွက် ဘဝလှိုင်းတံပိုးများ အကြားတွင် မနစ်မြုပ်ရန် ယာယီဖြစ်စေ ခေတ္တရပ်တည် နေရသည့်သောင်။ သည်သောင်ကကော ဘယ်လောက်ကြာကြာ ခံမည်လဲ ….။ တကယ်က သူတို့အားလုံးက သည်ခေတ်၊ သည်စနစ်၏ သားကောင်များ …

သူကကော …. သည်ခေတ်ကို ပြောင်းနိုင်ရန် သူ့တာ သူ့ဝန်ကို ဘယ်၍ဘယ်မျှ ထမ်းရွက်ခဲ့ပြီလဲ …..။ သူ စဉ်းစားရင်း ခေါင်းတို့ နောက်ကျိ ရီဝေလာသည်။ နတ်သမီးလေးများက သည်ခေတ် သည်စနစ်၏ ပြယုဂ်တခု၊ သူ့ပြည်သူ့ရွာ၏ ရုပ်ပုံလွှာတချပ် ဖြစ်နေသည်။ သည်ပန်းချီကားက စုတ်ချက် ကြမ်းလှပါလား။ သည်လိုပဲ သူ ခံစားမိသည်။ နတ်သမီးလေးများအတွက် အနာဂတ်ဟူသည် မရှိ။ မနက်ဖြန် ဆိုသည်မရှိ။ “အကိုကသာ ကွန်ဒွန် သုံးရဲ့လား မေးနေတာ။ တချို့ဖောက်သည်တွေက သုံးချင်တာ မဟုတ်ဘူး။ ညီမတို့လည်း ဘာတတ်နိုင်မှာလဲ။ မျက်စိ မှိတ်လိုက်ရတာပဲ” ကောင်မလေး၏ စကားသံက သူ့ထံ ပဲ့တင်ပြန်လာသည်။ သည်ခေတ် သည်စနစ်ကြီးအတွက် ပေးလိုက်ရသည့် တန်ဖိုးက မနည်းပါလား စိတ်ကူးယဉ်သည်ဟုပဲဆိုဆို …… သူ တင်စားခေါ်ဝေါ် မိခဲ့သော နတ်သမီးလေးများကို နောင်ဘဝတွင်တော့ တကယ့် နတ်သမီးကလေးများ သူ ဖြစ်စေလိုလှသည်။ နတ်တို့တွင် အစာနှင့် နေစရာ ရှာရန် မလိုအပ်ဟု သူ ဖတ်ဖူးမှတ်ဖူးခဲ့သောကြောင့် ဖြစ်ပါသည်။ ။

ညိုထက်ညို

ဗုဒ္ခဟူးသတင်းများ

အကယ်၍ ဘေးအန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့မည်ဟု စစ်အစိုးရအနေဖြင့် ခံစားရခြင်းရှိမရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား အေပီသတင်း ထောက်တဦးက မေးမြန်းခဲ့ရာ စင်ကာပူဝန်ကြီးချုပ် ဂျော့ခ်ျယိုးက“နိုင်ငံရေးမေးခွန်း” ဆိုပြီး ပယ်ချခဲ့သည်။
မုန်တိုင်းကြောင့် ဒေါ်လာ သန်းလေးထောင် ဆုံးရှုံး
AP/ ၂၃ ဇူလိုင် ၂၀၀၈
နိုင်ငံတကာ ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၁) ထောင် ထပ်မံမရရှိပါက ဆိုင်ကလုန်း နာဂစ် ဘေးမှ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဒုတိယမြောက် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း ယခုလ (၂၁) ရက်ထုတ် ပထမဆုံးအကြိမ် သဘာဝဘေး အကဲဖြတ်ချက် အစီ ရင်ခံစာ (PONJA) က ဖော်ပြသည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပိုင်ဆိုင်မှု တန်ဖိုး ဆုံးရှုံးမှု ပမာဏမှာ ဒေါ်လာ (၁.၇) ဘီလီယံနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဆုံးရှုံးမှု ဒေါ်လာ (၂.၃) ဘီလီယံရှိပြီး စုစုပေါင်း ဒေါ်လာ သန်း (၄) ထောင် ဆုံးရှုံးသည်ဟု အစီရင်ခံစာ၌ တွက်ပြ ထားသည်။ ယင်းသို့ စာရင်းဇယားများဖြင့် ကျားကန်ဖော်ပြထားသော်လည်း သဘာဝဘေး အန္တရာယ်အပေါ် မြန်မာစစ်အစိုးရ၏ တုံ့ပြန်မှု နှေးကွေးခဲ့ခြင်းကိုမူ တစွန်းတပါဒမျှ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိခဲ့ပေ။
အကယ်၍ ဘေးအန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့မည်ဟု စစ်အစိုးရအနေဖြင့် ခံစားရခြင်းရှိမရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား အေပီသတင်း ထောက်တဦးက မေးမြန်းခဲ့ရာ စင်ကာပူဝန်ကြီးချုပ် ဂျော့ခ်ျ ယိုးက “နိုင်ငံရေးမေးခွန်း” ဆိုပြီး ပယ်ချခဲ့သည်။
နာဂစ်ဆိုင်ကလုန်း ကျရောက်ပြီး ပထမသီတင်းပတ်အတွင်း အလောင်းများ ရေထဲမျောပါနေ ကြောင်း သတင်းများ ထွက်ပေါ်ချိန်တွင် မြန်မာစစ်သားများ၏ တုံ့ပြန်မှု တစုံတရာမျှ မတွေ့ရှိရသဖြင့် ကမ္ဘာတ၀န်းရှိ ပြည်သူများအနေဖြင့် အံသြတုန်လှုပ်ခဲ့ကြရသည်။
ထို့အပြင် မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကိုလည်း နှေးကွေးစွာ လက်ခံခဲ့သည် သာမက မုန်တိုင်းဒဏ်ပြင်းထန်စွာ ခံရသော ဒေသများသို့ သွားရောက်ကူညီလိုသူ ကယ်ဆယ်ရေး လုပ်သားများကိုလည်း ကိုယ်ထိလက်ရောက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတကာအစိုးရများကလည်း မြန်မာစစ်အစိုးရ၏ ဂရုမမူ နှေးကွေးသည့်တုံ့ပြန်မှုအပေါ် ပြင်းထန် စွာ ဝေဖန်ခဲ့ကြသကဲ့သို့ စစ်ခေါင်းဆောင်များအား အကူအညီများ ရယူရန် ဖျောင်းဖျပြောဆိုခဲ့ ကြသည်။ ။

နာဂစ်အကူငွေ ဒေါ်လာ သန်းတထောင် ဘယ်ကရမလဲ
(သုံးသပ်ချက်)
ပီတာအောင်/ ၂၃ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်ဖိုး ပျက်ဆီးဆုံးရှုံး သွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် (၃) နှစ်စာအတွက် ဒေါ်လာ (၁) ဘီလီယံ (ဒေါ်လာ သန်းတထောင်) ကျော် အကူငွေ လိုအပ်ကြောင်း မြန်မာ၊ အာဆီယံနှင့် ကုလ သမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ပူးတွဲအကဲဖြတ်ချက် အစီရင်ခံစာ (PONJA) ၌ ရေးထားသည်။
ဒေါ်လာငွေ သန်းလေးထောင် ဆုံးရှုံးရသည်ကို ဒေါ်လာ သန်းတထောင် လိုအပ်သည်ဟု အစီရင် ခံစာက ချပြသည်ကို မြန်မာစစ်အစိုးရ ကြိုက်မကြိုက် မသိရသော်လည်း ပြီးခဲ့သည့်မေလ နိုင်ငံ တကာအလှူငွေ ကတိက၀တ်ပြုသည့် အစည်းအဝေးပွဲ၌ စစ်အစိုးရက ပြောကြားထားသည့် ဒေါ်လာ ငွေပမာဏ (၁၁) ဘီလီယံထက်စာလျှင် စစ်အစိုးရလိုအပ်ချက်နှင့် များစွာကွာဟနေသည်က အမှန်ပင် ဖြစ်သည်။
လက်တွေ့အခြေအနေကိုကြည့်လျင် စစ်အစိုးရလိုအပ်သည့် ဒေါ်လာသန်း (၁,၀၀၀) ရရှိရန် မဆို ထားနှင့် ကုလသမဂ္ဂက တကြော်ကြော် အော်ဟစ်တောင်းခံနေသည့် ဒေါ်လာသန်း (၄၈၀) ကျော် ရရှိရန်ပင် မလွယ်သည့်ကိန်း ဖြစ်နေသည်။
တကယ်တမ်း ရရှိသည့်ငွေမှာ ဒေါ်လာသန်း (၁၈၀) ကျော်သာ ရရှိသေးသည်။ အဘယ်ကြောင့် အလှူရှင်နိုင်ငံများက အလှူငွေထည့်ဝင်ကြရန် လက်တွန့်နေကြသနည်းဟု မေးလျှင် မြန်မာပြည် သူလူထုကို စေတနာမရှိ၍ မဟုတ်ဘဲ စစ်အစိုးရကို အယုံကြည်မရှိ၍ဟု ဖြေမည့်သူက အများစု ဖြစ်သည်။
ကယ်ဆယ်ရေး အကူအညီပေးသူများကို စစ်အစိုးရက လွတ်လပ်စွာ သွားလာကယ်ဆယ်ခွင့် ပေး မထားဘဲ ချုပ်ချယ်ကန့်သတ်ချက်ထားမှု၊ မြန်မာနိုင်ငံ၏ အမျိုးမျိုး အဖုံဖုံဖြစ်နေသည့် ငွေကြေး လဲလှယ်ရေးစနစ်နှင့် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကလည်း အလှူရှင် များကို အလှူငွေထည့်ဝင်ရန် လက်တွန့်စေသည့် အကြောင်းတရားများဖြစ်၏။
၁၉၉၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် လေဘေးအကူအတွက် အရေးပေါ် အကူအညီ (၁.၈) ဘီလီယံ နိုင်ငံတကာကို တောင်းခံရာတွင် ဒေါ်လာသန်းအနည်းငယ်သာ ထည့်ဝင်ကြသော်လည်း ၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲအတွက် အမေရိကန် ကုန်ကျသည့် (၆၁) ဘီလီယံ ကျော် စစ်အသုံးစရိတ်ကိုမူ ကမ္ဘာ့နိုင်ငံများက ဘီလီယံနှင့် ချီ၍ ထည့်ဝင်ကြသည့် သာဓကလည်း ရှိနေပြန်သည်။
ယနေ့ မြန်မာ့နာဂစ်ဘေးအတွက် နိုင်ငံတကာက လုံးဝလျစ်လျူရှုထားသည်တော့မဟုတ်။ ဂျပန်က (၂၁) သန်း၊ သြစတြေးလျက ဒေါ်လာ (၂၉) သန်း အကူထပ်ပေးဦးမည်ဟု ကတိပေးထားပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း အထိုက်လျောက် ထည့်ဝင်ကူညီကြသည်။ မြန်မာ့ အိမ်နီးချင်း အာဆီယံနိုင်ငံ (၉) နိုင်ငံမှ ကူညီသည့်ငွေမှာမူ အားလုံးပေါင်းမှ ဒေါ်လာ (၁၀) သန်းပင် မပြည့်ဘဲ (၈) သန်းကျော်ကျော်သာရှိသည်။
သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ချပြထားသည့် ဆုံးရှုံးမှုပမာဏ ဒေါ်လာသန်း (၄,၀၀၀) အနက် ရုပ်ဝထ္တု အဆောက်အဦနှင့် ပစ္စည်းပစ္စယပိုင်းဆိုင်ရာ ပျက်စီးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း (၁,၇၅၄) ဖိုးဖြစ်ပြီး အပျက်အစီးကြောင့် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုအပိုင်းမှ ဆုံးရှုံးသည့် ပမာဏမှာ ဒေါ်လာသန်း (၂,၂၆၈) မှ (၂,၃၈၀) သန်းထိ ဖြစ်သည်။
ပြန်လည်တည်ဆောက်ရေး လိုငွေ ဒေါ်လာသန်း (၁,၀၀၀) ကျော်အနက် ကျန်းမာရေးကဏ္ဍ အတွက် (၃၄) သန်း၊ ပညာရေးကဏ္ဍ၌ (၁၈၃) သန်း၊ လူနေမှုဘ၀များ ပြန်လည်ထူထောင်ရန် (၁၁၈) သန်း၊ ဘာသာရေး အဆောက်အဦများအတွက် (၁၆၂) သန်း၊ အိုးအိမ်အတွက် (၃၆၂)
သန်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် (၅၉) သန်းနှင့် စိုက်ပျိုးရေးအတွက် (၅၁) သန်း စသဖြင့် လိုအပ်နေသည်။
ငွေလဲနှုန်းကို တွက်ချက်ရာ၌ ပြီးခဲ့သည့် မေလ မုန်တိုင်းအလှူငွေ ကတိက၀တ်ပြုသည့် နိုင်ငံတကာ အစည်းအဝေး၌ မြန်စစ်အစိုးရ အသုံးပြုခဲ့သည့် အမေရိကန် (၁) ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁,၁၀၀) ကိုပင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့က အသုံးပြုထားသည်။
ထိုသို့ ပြန်လည်ထူထောင်ရေးအတွက် ငွေအမြောက်အမြားလိုအပ်နေချိန်တွင် နာဂစ်ကြောင့် တိုင်းပြည်၏ ငွေဖောင်းပွမှုမှာ (၄၀) ရာနှုန်းထိတက်သွားနိုင်ပြီး ၂၀၀၈ ခုနှစ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂.၇) ရာခိုင်နှုန်းဆုံးရှုံးမည်ဟု သုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ခန့်မှန်းသဖြင့် မြန်မာ့စီးပွားရေးအခြေအနေမှာလည်း ရတက်မအေးစရာဖြစ်သည်။
သို့သော် ယမန်နှစ်က မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စွမ်းအင်ကဏ္ဍ တခုတည်းမှ ဒေါ်လာ သန်း (၄၇၄) ရရှိထားသည်။ ပြီးခဲ့သည့် ၂၀၀၇-၀၈ ဘဏ္ဍာနှစ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ (၂.၆) ဘီလီယံ မြန်မာနိုင်ငံက ၀င်ငွေ ရရှိထားသည်။
ထိုဝင်ငွေ၏ ရာခိုင်နှုန်း မည်ရွေ့မည်မျှကို နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဟု မသိရှိရသော်လည်း စစ်အသုံးစရိတ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပြင်ဆင်သည့် လုပ်ငန်းများတွင် အသုံးပြု ဖွယ်ရှိသည်ဟု ယူဆရသည်။
တကယ်တမ်းဆိုလျှင် တိုင်းပြည်၏ ၀င်ငွေက ဤရွေ့ဤမျှရှိသည်။ အရန်ငွေအင်အားက မည်မျှရှိ သည်။ နာဂစ်ဘေးအကူ လိုအပ်သည့်ငွေ မည်မျှရှိသည်။ အစိုးရကဖြင့် မည်မျှတတ်နိုင်သည်။ လိုနေသည့် ငွေပမာဏမှာ အဘယ်မျှရှိသည်ဟု စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြည်သူကို ချပြထိုက်၏။ သို့သော် တစုံတရာ ရှင်းပြခြင်း မရှိခဲ့ပေ။
ပြည်သူလူထုက ချစ်ခင်လေးစားသည့် အစိုးရတရပ်ဆိုလျှင် လိုအပ်နေသည့်ငွေကို လူထုက
ထည့်ဝင်ကြမည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။ လူတဦး (၁) ဒေါ်လာ ထည့်ဝင်လျှင်ပင် လူဦးရေ သန်း (၅၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၌ ဒေါ်လာသန်း (၅၀) ကျော် ရနိုင်သည်။ ပျမ်းမျှ တယောက် (၁၀) ဒေါ်လာထည့်နိုင်လျှင် သန်း (၅၀၀) ကျော်ထိ ရရှိနိုင်သည်။ နိုင်ငံတကာ အကူနှင့်ပေါင်းပါက ယခုပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် လိုအပ်နေသည့် ငွေပမာဏ ရနိုင်ချေရှိသည်။
သို့ရာတွင် မြန်မာစစ်အစိုးရကို တိုင်းသူပြည်သားကလည်း အယုံအကြည်မရှိ၊ ငွေသာလာပါ လူ မလာပါနှင့် ဆိုထားသဖြင့် နိုင်ငံတကာကလည်း အယုံအကြည်ကင်းမဲ့ပြီး ရက်ရက်ရောရော အလှူငွေ ထည့်သင့်သလောက် မထည့်ကြသဖြင့် ကြားက နာဂစ်မုန်တိုင်းဘေးသင့် ပြည်သူ ငထွားတို့ခမျာ ခါးနာကြရမည့်ကိန်းသာ ဆိုက်မည့်ကိန်း ဖြစ်နေသည်။ ။

ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-မလေးရှား အမ်အေအိုင်လေကြောင်းလိုင်း
အရေးပေါ် ရပ်ဆိုင်းပြီ
ပီတာအောင်/ ၂၃ ဇူလိုင် ၂၀၀၈
လတ်တလော ယာယီအပိတ်ခံရသည့် ထိုင်းလေကြောင်းလိုင်းတခုမှ လေယာဉ်များငှားရမ်း အသုံး ပြုနေရသည့် မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (အမ်အေအိုင်) ပြေးဆွဲနေသော ရန်ကုန်-နိုင်ငံ တကာခရီးစဉ်အချို့ကို ယနေ့မှစ၍ အရေးပေါ် ရပ်ဆိုင်းလိုက်ရသည်။
ရန်ကုန် အမ်အေအိုင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမြသာက “၀မ်းတူးဂိုးကိစ္စကြောင့်ပါ။ သူတို့ ရပ်ဆိုင်းခံရတဲ့အခါကျတော့ ကျမတို့လည်း အဲဒီလေယာဉ်ပျံကို ငှားထားမိရက်သားဖြစ်သွားတော့ နောက်ပိုင်း ဘယ်လိုမှလဲ အဆင်မပြေနိုင်တော့ဘဲ ပြန်အပ်လိုက်တာပေါ့နော်။ အခု အဲယားဘတ်စ် လေယာဉ်တစီး အသစ်ရထားတော့ အဲဒါနဲ့ပြန်ပြီး (၂၅) ရက်နေ့ကျရင် ပြန်ဆွဲမှာပါ။ ၀မ်းတူးဂိုးက တစီးပဲ ယူထားတာပါ” ဟု ပြောသည်။
ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ် (၂) ခုကို ယနေ့စ၍ ရပ်ဆိုင်းလိုက် ကြောင်း၊ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားသူများကို ငွေပြန်လိုချင်ပါက ငွေပြန်အမ်းပေး ကြောင်းနှင့် ယခုရက်အတွင်း ခရီးသွားလိုသူများကို ဘန်ကောက်လေကြောင်းလိုင်း၊ ထိုင်းလေ ကြောင်း (တီဂျီ) တို့ဖြင့် ခရီးသွားနိုင်အောင် စီစဉ်ပေးနေကြောင်း ၎င်းက ပြောသည်။ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကိုမူ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း သိရသည်။
သတ်မှတ်သည့် လုပ်ငန်းစံချိန်စံညွှန်း မမီသည့်အတွက် ထိုင်းနိုင်ငံ ၀မ်းတူးဂိုးလေကြောင်းလိုင်း အား ရက်ပေါင်း (၃၀) ပျံသန်းခွင့် ပိတ်လိုက်ကြောင်း ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက ကြေညာပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပြေးဆွဲနေသည့် နိုင်ငံတကာလေယာဉ် ခရီးစဉ်အချို့ကို ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) က ထုတ်ဖော်ပြောဆို ခြင်းဖြစ်သည်။
ဝမ်းတူးဂိုး လေကြောင်းလိုင်းသည် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်း များကို ချိုးဖောက်ခဲ့သည့်ပြင် လေကြောင်းလိုင်းကိုလည်း မှန်ကန်စွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိဟု ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက စစ်ဆေးတွေ့ရှိသည်။ နောက်ဆက်တွဲအဖြစ် ၀မ်းတူးဂိုး လေကြောင်းလိုင်းမှ လေယာဉ်မှူး (၉) ဦးကိုပါ လေယာဉ်မောင်းနှင်ခွင့်လိုင်စင် ပြန်ရုပ်သိမ်းခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ၀မ်းတူးဂိုး လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖူးခက်တွင် ပျက်ကျ၍ လူ (၈၉) ဦးသေဆုံးသည့်ကိစ္စ စစ်ဆေးအပြီးတွင် ၀မ်းတူးဂိုးလေကြောင်းလိုင်းအား ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရပိုင် မြန်မာ့လေ ကြောင်းနှင့် ဘရူနိုင်းဘုရင့်လေကြောင်းလိုင်း အထောက်အပံ့ ယူထားသည့် စင်ကာပူ ကုမ္ပဏီတခု တို့ဖြင့် ဖက်စပ်တည်ထောင်ခဲ့သည်။ ယမန်နှစ်က မြန်မာ့လေကြောင်းက (၅၁) ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီး စင်ကာပူပိုင် Region Air (HK) Ltd. က (၄၉) ရာခိုင်နှုန်း ရှယ်ရာထည့်ဝင်၍ လုပ်ကိုင်နေသည်။ ။

ဘလော့ဂါ ကိုနေဘုန်းလတ်အမှုကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး
ကိုစိုး ဇူလိုင် ၂၃၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် မြန်မာလူငယ် ဘလော့ဂါ တဦးဖြစ်သူ ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်၏ အမှုကို ယမန်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးကြောင်း သိရသည်။
ကိုနေဘုန်းလတ်ကို စွဲဆိုထားသော အမှု ပုဒ်မ များမှာ ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုခြင်း ဖြစ်ပြီး ယမန်နေ့က တရားလို သက်သေကို စစ်ဆေးခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ်အမှု၏ အကျိုး ဆောင် ရှေ့နေကြီး ဦးအောင်သိန်း ကပြောသည်။
“မနေ့က တရားလို သက်သေကို စပြီး စစ်တယ်၊ ဒဂုံမြို့နယ်က ဒုရဲအုပ် ရဲအောင် ဆိုတာ၊ စစ်တာက အနောက်ပိုင်း ခရိုင် တရားရုံးက စစ်တာ၊ အဲဒီ ဒုရဲအုပ် ရဲအောင်က စရဖ က သူ့ကို အပ်လို့ ကားပေါ် ခေါ်တင်လာပြီး ရဲစခန်း ကျမှ သီးလေးသီး အခွေ ဆင်ဆာမဲ့ ၃ ချပ်စီ တွေ့တယ်ဆိုပြီးတော့ ပြောတယ်၊ ဘာအခွေ ဘယ်တုန်းက အခွေလို့တော့ မပြောဘူး၊ တခြား အထောက် အထားလဲ မပြောဘူး၊ ဆင်ဆာမဲ့ အခွေ လက်ဝယ်တွေ့ရှိမှုနဲ့ စွဲတာ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။
လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့ က အဆိုပါ ကိုနေဘုန်းလတ်ကို ဖမ်းဆီးစဉ်ကပင် အတူတကွဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်သည်လည်း ဗီဒီယို ပုဒ်မ၊ ၅၀၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် တရားစွဲဆိုခြင်း ခံရပြီး ယမန် နေ့က ရုံးအတူထုတ်ကြောင်းနှင့် မိသားစုဝင်များနှင့် တွေ့ကြရကြောင်း သိရသည်။
“ဒါ ပထမဆုံး အကြိမ် ရုံးထုတ် အမှုစစ်တာ ဖြစ်တယ်၊ သူတို့ ၂ ဦးကို စဖမ်းတာက ၂၉ ရက် ၁ လ ၂၀၀၈ မှာ ဖမ်းတာ၊ ယမန်ယူတော့ ပုဒ်မ အမျိုးမျိုးနဲ့ လှည့်ယူတယ်၊ အမှုတင်နိုင်တဲ့ အခါကျမှ အမှုတင်ပုဒ်မပေါ့၊ ပုဒ်မ တပ်တာက တခုချင်းစီ၊ ၂ ယောက်တွဲတခု၊ ၅၀၅ (ခ) က တယောက်တခုစီ၊ အီလက်ထရွန်းနစ်က တခုစီ”ဟု လည်း ဦးအောင်သိန်းက ပြောဆိုသည်။
ယခုစွဲဆိုထားသော ပြစ်မှုကြောင်းအရ ဗီဒီယို ဥပဒေသည် ပြစ်ဒဏ် ၆ လ ကျခံရမည်ဖြစ်ပြီး အာမခံပေးနိုင်သည့် အမှုဖြစ် ကြောင်း၊ အများပြည်သူ ဆူပူမှုဖြစ်ရန် လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ (ခ) မှာ ထောင်ဒဏ်၂ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင် ကြောင်းနှင့် အီလက်ထရွန်းနစ် ဥပဒေမှာ ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရှိရသည်။
“အမှုမြောက် မမြောက်ကတော့ အခု တရားလိုကို စစ်နေတုန်းဆိုတော့ ပြောလို့ မရသေးပါဘူး၊ ကြိုပြောလို့လည်း မရပါဘူး၊ ကြိုပြောလို့လည်း မသင့်ပါဘူး၊ သူတို့ဘက်ကလည်း မရရအောင် စွဲမှာပဲ၊ ကိုယ့်ဘက်ကလည်း ထုခြေရမှာပေါ့”ဟု ဦးအောင်သိန်းက ဆက်လက် ပြောဆိုသည်။
နောက်ဆုံးအခြေအနေအရ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ အမှုကို လာမည့် အပတ် အင်္ဂါနေ့သို့ ရုံးချိန်းပြန်ချိန်း လိုက်ကြောင်းနှင့် ၎င်းတို့ ၂ ဦးလုံးကို အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မူးယစ်မှုတွင် ပတ်သက်နေသည်ဟု စွပ်စွဲခံရသူ တဦး ထပ်မံ အဖမ်းခံရ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 18:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အနုပညာရှင်များ ပတ်သက်နေသည့် ဟိုလေးတကျော် ဖြစ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတွင် ပါဝင်ပတ်သက်သည်ဟု သံသယ ဖြစ်ခံရသူတဦးကို ထပ်မံ ဖမ်းဆီးလိုက်သည်ဟု စုံစမ်း သိရှိရသည်။
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ၀ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်အချို့နှင့် ဆက်စက်မှုရှိနေသော ဘီအမ်အီး ၁ ကလပ် မန်နေဂျင်း ဒါရိုက်တာ ကိုသက်နိုင် အဖမ်းခံရခြင်း ဖြစ်သည်။

ချင်းပြည်နယ် မြို့နယ်အချို့တွင် တပ်စခန်းများ တိုးချဲ့ချထားလာ
ဇလပ်မေ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 18:01 - မြန်မာစံတော်ချိန်
အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တပ်အင်အား တိုးချဲ့ ချထားလိုက်သလို စစ်ကြောင်းလှည့်မှုများလည်း ယခင်ထက် အကြိမ်အရေအတွက် ပိုများလာသည်။
ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်များတွင် ခြေလျင်တပ်ရင်း (ခလရ) နှင့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ ၁၂ ခုထက်မနည်း တိုးချလာသလို လှုပ်ရှားတပ်များကလည်း ဒေသခံများကို စစ်ဆေးမှုများ ကြပ်မတ်လာခြင်း ဖြစ်သည်။
“အရင်တုန်းက ရွာမှာ ၃-၄ လဆိုရင် တခါလောက်ပဲ လှည့်တတ်တယ်။ အခု အရင်လှုပ်ရှားတဲ့ နေရာတွေမှာ တလမှာ ၄ ခါလောက် လှုပ်ရှားလာကြတယ်။ အဝင်အထွက် စစ်ဆေးတာတွေ အရမ်းလုပ်လာတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာလည်း ခဏခဏပဲ။ အဲဒီလိုမျိုး စစ်ဆေးတော့ ခရီးသွားလာရတာ ကျပ်လာတယ်” ဟု ထန်တလန်မြို့နယ်ရှိ Sopum ကျေးရွာမှ ကိုတွာနိုက ပြောသည်။
ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ဘက်တွင် ခလရ ၂၂၈၊ ၂၂၉၊ ၈၇၊ ၈၉၊ ခမရ ၁၆ နှင့် ပလက်ဝမြို့နယ်တွင် ခမရ ၃၅၅၊ ၅၅ဝ၊ ၅၃၉၊ ခလရ ၃ဝ၊ ၂ဝ တပ်ရင်းများ တပ်စွဲလာကြပြီး လှုပ်ရှားတပ်အဖြစ် တပ်ရင်း ခလရ ၁၁ဝနှင့် ၂၈၉ ကို စစ်ကြောင်းဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။
လှုပ်ရှားတပ်များက ထန်တလန်မြို့နယ် zanak တောင်ကျောအုပ်စုရှိ ရွာသားတဦးအား ချင်းသူပုန်များနှင့် ဆက်သွယ်သည်ဟု မသင်္ကာကာ သေနတ်ဒင်ဖြင့် ထုနှက်စစ်ဆေးသဖြင့် နှာခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်းနှင့် အမျိုးသမီးအချို့လည်း အဓမ္မ ပြုကျင့်ခံရမှုများ ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ ထွက်ခွါလာသည့် ဒေသခံအချို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထို့အပြင် ထန်တလန်မြို့နယ်အတွင်းရှိ Vanzang ရှိ Sopum, Tlanglo နှင့် Tlangpi ကျေးရွာများတွင် စစ်ရေးအရ ယာယီအခြေချလေ့ရှိပြီး ထိုဒေသများကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။
ယခင်ကတည်းက ထိုဒေသများတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army - CNA) က အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ဒေသတွင်း စစ်တပ်များသည် ဂရုတစိုက် စစ်ကြောင်းထိုးလေ့ ရှိခဲ့သည်။
“တပ်ရင်းတွေ တိုးချဲ့မယ်ဆိုတာက သူတို့ဗျူဟာပဲ။ တပ်ရင်းတွေ များများချလေ၊ ချင်းပြည်သူတွေ အခြေအနေ ဆိုးလေပဲ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြေရှင်းပေးတာမရှိဘူး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးတာ မရှိဘူး။ ချင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တပ်အင်အားက မမျှဘူးဖြစ်နေတယ်။ တပ်ရင်းများလာလေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာတွေ များလာမယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးတာန်းရမ်က မဇ္ဈိမကို ပြောသည်။
ဟားခါးမြို့နယ် Sen Thang နယ်ရှိ ကျေးရွာပေါင်း ၂၈ ရွာရှိ ဒေသခံများအား ကြက်ဆူပင်စိုက်ပျိုးရန်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်း နှုန်းကောက်ခံပြီး စပါးမျိုးစေ့ဝယ်ရန်ဟုဆိုကာ တအိမ်ထောင်လျှင် ကျပ် ၅ဝဝ စီ ကောက်ခံနေသည်။ မပေးနိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု ကျေးရွာ ရယက များက အမိန့်ထုတ်ပြန်ထားသည်။
ထို့အပြင် Sur Khar ကျေးရွာတွင် ရဲစခန်း ဆောက်လုပ်ရန် တအိမ်ထောင် ကျပ် ၅ဝဝ ကောက်ခံသလို၊ ငွေမပေးနိုင်ပါက စခန်းဆောက်လုပ်ရေး လုပ်အားပေး ဆင့်ခေါ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲကျင်းရာတွင် ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ရှိ ဒေသအများအပြားတွင် ကန့်ကွက်မဲ အနိုင်ရခြင်းကြောင့် တပ်ရင်းများ ယခုလို တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။
ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်ဘက်တွင် ကန့်ကွက်မဲ အရေအတွက် ပိုများခဲ့သည်ဟု မီဇိုရမ်အခြေစိုက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) က ပြောသည်။
“ကျနော်တို့က မဲဆန္ဒမကျင်းပခင် ပြည်တွင်းကနေ ကိုယ့်လူတွေ၊ စိတ်ချရပြီး ပြည်တွင်းမှာ သြဇာနည်းနည်း ရှိတဲ့သူတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ CNC ကလည်း နယ်ဆင်းပြီး သင်တန်းပေးထားတဲ့ သူတွေဆီက အချက်အလက် ရယူတာ ဖြစ်တယ်” ဟု CNC မှ ကန့်ကွက်မဲထည့်ဝင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အဓိက သတင်းအချက်အလက် စုဆောင်းသူ (တာဝန်ခံ) ကိုဟန်နရီက မဇ္ဈိမကို ပြောသည်။
ဃ္ဒဃ သည် မေလတွင် ကျင်းပခဲ့သည့် မဲဆန္ဒပေးပွဲ မတိုင်မီ အရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သွားရောက်ကာ ချင်းပြည်သူများကို ဟောပြော စည်းရုံးခဲ့သေးသည်။

မြန်မာကာတွန်းအချို့ ဆင်ဆာထိ
သန်းထိုက်ဦး၊ နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 16:06 - မြန်မာစံတော်ချိန်

ချင်းမိုင်၊ နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းသင့်သူများ ကူညီရေး ရန်ပုံငွေအတွက် မြန်မာ ကာတွန်းဆရာများ၏ ‘မုန်တိုင်းမှ နိုးထခြင်း’ အမည်ရှိ ကာတွန်းပြပွဲတွင် စစ်အစိုးရ ပေါ်လစီနှင့် ငြိစွန်းသည်ဟု ယူဆရသော ကာတွန်းအချို့ကို ပြသခွင့်မပြုရန် အာဏာပိုင်များက ယမန်နေ့ နံနက်ပိုင်းတွင် တားမြစ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ကာတွန်းပြပွဲ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ ၅ ဦးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီခန်းမ နံရံတွင် ချိတ်ဆွဲထားသည့် ရန်ပုံငွေ ရရှိရေးအတွက် ရောင်းချသွားမည့် မြန်မာကာတွန်းဆရာ ၆၄ ဦး၏ ကာတွန်းပေါင်း ၁၄၆ ကားထဲမှ ၄ ကားကို ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
“အရာရှိ ၂ ယောက်နဲ့ သာမန်ဝန်ထမ်း ၃ ယောက်ပေါ့။ ကာတွန်းတွေကို ၂ နာရီကြာလောက် စစ်ဆေးတယ်။ မနက် ၁ဝ နာရီခွဲကစတာ။ ပြီးတော့ ကာတွန်း ၄ ကားကို ဖြုတ်ခိုင်းတယ်။ ပြပွဲကို အသိအမှတ်ပြုတဲ့အကြောင်း လက်မှတ် ထိုးပေးပြီးတော့ ပြန်သွားကြတယ်။ တခြား ဘာမှတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ ပြပွဲ ဦးဆောင်သူတဦးက မဇ္ဈိမကို ပြောသည်။
ကာတွန်းဆရာ ဝင်းအောင်၊ အောက်တိုဘာ အောင်ကြီး၊ အောင်ကောင်းတို့၏ နာဂစ်မုန်တိုင်းနှင့် သက်ဆိုင်သည့် ကာတွန်းများကို အများပြည်သူများ လာရောက်ကြည့်ရှုခြင်း မပြုမီ နံရံအထက်မှ ဖြုတ်သိမ်းခဲ့သည့်အပေါ် ပြပွဲကျင်းပသူများဘက်က တစုံတရာ ကန့်ကွက်ပြောဆိုခြင်း မရှိခဲ့ကြောင်း ကာတွန်းပြပွဲတွင် ပါဝင်ပြသသည့် ကာတွန်းဆရာတဦးက ယခုလို ပြောပြသည်။
“အဲဒါမျိုး လုပ်နေကျပဲ။ ပန်းချီ၊ ကာတွန်းပြပွဲတွေတိုင်းလိုလို အဖြုတ်ခံရတာ ၄-၅ ကားလောက် အမြဲရှိတယ်။ မထူးဆန်းတော့ပါဘူး။ သူတို့စိတ်ထဲမှာ အစိုးရပေါ်လစီကို ထိတယ်လို့ ယူဆတဲ့ဟာတွေဆို အကုန် လူမြင်ကွင်းက သိမ်းခိုင်းတာပဲ” ဟု သူက ပြောသည်။
ပြပွဲကျင်းပရေး ကော်မတီဝင် ကာတွန်းဆရာ အော်ပီကျယ်က “ကျနော် ၂ ပုံ၊ ၃ ပုံလောက်တော့ သွားကြည့်လိုက်သေးတယ်။ ဆင်ဆာဖြတ်ခံထိတဲ့ ကာတွန်းပုံ ၄ ပုံမှာ ကျနော်ကြည့်တဲ့ တပုံနှစ်ပုံကတော့ သစ်တော ပြုန်းတီးနေတာတွေနဲ့ ပတ်သက်တာတွေပေါ့နော်။ သစ်တောပြုန်းတီးလို့ မုန်တိုင်းဝင်တာ နည်းနည်း များသွားတာပေါ့နော်။ အဲဒါမျိုး ရေးထားတဲ့ ဟာကို ဖျက်တာ” ဟု ပြောသည်။
အလားတူပင် ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ကုန်းတွင် ပန်းခွေချ အလေးပြုသည့် အခမ်းအနားအတွက် ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်များမှ သတင်းထောက်များအား အာဏာပိုင်များက တရားဝင် ခေါ်ယူ ဖိတ်ကြားခဲ့သော်လည်း အကန့်အသတ်အချို့ ပြုလုပ်ခဲ့ကြောင်း ဂျာနယ်တိုက်တခုမှ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။
“ဖိတ်တယ်။ အခမ်းအနား မတက်ခင်ကတည်းက ဘာတွေ ယူလာမယ်ဆိုတာ အသေးစိတ် ပြောပြရတယ်။ ဟိုရောက်တော့လည်း မှတ်ပုံတင်ပြပြီး ဝင်ရတယ်။ သတင်းယူခွင့်တော့ ပေးတယ်။ ဒါပေမဲ့ အခမ်းအနား တက်လာတဲ့ လူတွေကို အင်တာဗျူးခွင့် မပေးဘူး” ဟု သူက ပြောသည်။
သူက ဆက်ပြီး “အလွတ်သွားတဲ့ သူတွေသာ ခွင့်မပြုတာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတဲ့သူတွေ၊ ဖိတ်ထားတဲ့အထဲ မပါတဲ့သူတွေကိုတော့ သတင်း၊ ဓာတ်ပုံ ရိုက်ခွင့်မပေးဘူး။ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတောင် ပြန်ဖျက်ခိုင်းတယ်” ဟု ပြောသည်။
မြန်မာစစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေး၏ ဆိုးဝါးသော ဆင်ဆာ ဖြတ်တောက်မှုများသည် စာပေလွတ်လပ်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်များ ဆုံးရှုံးရသည့်အပြင် ပြည်သူလူထုက လတ်တလော ဖြစ်ပျက်နေသော အခြေအနေမှန်များ သိရှိခွင့်ကိုပါ ကန့်သတ်ဘောင်အတွင်း၌ ထားရှိနေသည်ဟု နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့် ရရှိရေး ကြိုးပမ်းနေသည့် အဖွဲ့အစည်းများက ပြောဆိုဝေဖန်ကြသည်။

မြန်မာသံရုံး မီးရှို့မှုကြောင့် မလေးရောက်မြန်မာများ စိုးရိမ်
ကိုသက် ဇူလိုင် ၂၃၊ ၂၀၀၈
ယမန်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မြန်မာသံရုံးကို မီးရှို့ရန်ကြိုးစားသူ မြန်မာနိုင်ငံသားအား မလေးရှားရဲ များက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မလေးရှားရောက် မြန်မာပြည်သားများကို ဒေသအာဏာပိုင်တို့က လုံခြုံရေး ပိုမိုတင်းကျပ် လာမည်ကို စိုးရိမ်လျက် ရှိသည်။
အသက် ၂၅ နှစ် ၀န်းကျင်ရှိ ကိုစောနောင်သည် မိမိကိုယ်ကို ဓာတ်ဆီလောင်းကာ သံရုံးအတွင်းဝင်ရောက်ရန် ကြိုးစားသည့် အပြင် ဓာတ်ဆီပုံးတပုံးကိုလည်း ပစ်သွင်းခဲ့ရာ မလေးရှားရဲက အချိန်မီဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မလေးရှား အန်အယ်လ်ဒီ ဌာနခွဲ၏ ဥက္ကဌ ကိုကျော်ကျော်က “မနေ့ကဖြစ်ဖြစ်ချင်း ရဲက ကျနော့်ကိုလှမ်းမေးတယ်၊ မင်တို့တွေ ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲလို့၊ ကျနော်တို့အားလုံး ရုံးမှာရှိနေကြလို့ ဘာမှမပြောတော့တာ … အနည်းနဲ့ အများ ကျနော်တို့အပေါ်ကို ထိခိုက်တယ်လို့ မြင်တယ်။ မလေးအာဏာပိုင်က ဒါဟာ တဦးတယောက်ရဲ့ အကြံအစည်လို့ ယူဆထား တယ်လေ” ဟု ဧရာဝတီကို ပြောသည်။
မြန်မာသံရုံးအား မီးရှို့တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရားခံကိုစောနောင်အား မလေးရဲတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှ မလေးရှားရောက် မြန်မာအတိုက်အခံများကို အာဏာပိုင်ဘက်က စကားပြောရန် စီစဉ်ထားသည်ဟု ကိုကျော်ကျော်က ပြောသည်။
အခင်းဖြစ်ပွားချိန်၌ ကိုစောနောင်သည် မူးယစ်ဆေးဝါး တမျိုးမျိုးကို အလွန်အကျွံသုံးစွဲထားကြောင်းလည်း သိရသည်။
“အခြေအနေက စိုးရိမ်ဖို့ကောင်းတယ်။ အစကတည်းက ကျနော်တို့ မြန်မာနိုင်ငံသားတွေ မလေးရှားမှာ အဖိနှိပ်ခံနေရတာ အခုလိုပုံစံမျိုးဖြစ်လာတော့ မြန်မာနိုင်ငံသားတွေတင်မက ကျနော်တို့လို အဖွဲ့အစည်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်” ဟု ကိုကျော်ကျော်က ပြောသည်။
မလေးရှားနိုင်ငံတွင် အာဏာရပါတီနှင့် အတိုက်အခံများအကြား နိုင်ငံရေးပြဿနာများရှုပ်ထွေးလာပြီးနောက်ပိုင်း ဒေသ အာဏာပိုင်တို့က မြန်မာ့ဒီမိုကရေစီ အင်အားစုများအပေါ် ယခင်ကထက် ပိုမိုတင်းကျပ်လာသည်ဟုလည်း မလေးရှားရောက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုရန်နိုင်ထွန်းက ပြောသည်။
“အာဏာပိုင်ကခေါ်ပြီး သတိပေးတာတွေရှိတယ်။ ရှင်းရှင်းပြောရရင် သူတို့က (မှုခင်းရဲ) အတိုက်အခံနဲ့ မပေါင်းစေချင်ဘူး” ဟုလည်း ကိုရန်နိုင်ထွန်းက ပြောသည်။

ဗေဒင် နက္ခတ္တ ဆရာ မင်းသိင်္ခ ကျန်းမာရေး ဆိုးရွား
အေးလဲ့ ဇူလိုင်၂၃၊ ၂၀၀၈
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဗေဒင်နက္ခတ္တ ဆရာ မင်းသိင်္ခသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယခုလအတွင်း ခြေထောက်ဖြတ်ရမည့် အခြေအနေအထိ ရောဂါဆိုးရွားခဲ့၍ ဆေးဝါး ဆက်လက်ကုသမှု ခံယူကာအနားယူနေရကြောင်း ဆရာမင်းသိင်္ခ၏ တပည့်ဖြစ်သူတဦးက ပြောသည်။

မင်းသိင်္ခ (ဓာတ်ပုံ - ဧရာဝတီ)
“ဒီလ ၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သုခကမ္ဘာဆေးရုံမှာ တက်ရ တယ်၊ အဓိကကတော့ နှလုံးသွေးကြော ကျဉ်းပြီးတော့ ညာဘက် ခြေထောက် အောက်ပိုင်းကို သွေးမစီးနိုင်တော့တဲ့အတွက် ခြေထောက် ဖြတ်ရမလို ဖြစ်တဲ့အထိ ကျန်းမာရေး ဆိုးဝါးသွားပါတယ်၊ အခုတော့ ဆေးလိပ်ဖြတ်၊ အစားအသောက်ရှောင်ပြီးတော့ပဲ ကျန်းမာအောင် အနားယူနေရပါတယ်” ဟု ဆရာမင်းသိင်္ခ၏ တပည့် ဆရာမင်းသိမ်းခိုင် က ပြောသည်။
ဆရာ မင်းသိင်္ခတက်ရောက်ကုသသော သုခကမ္ဘာဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးကလည်း “နှလုံးသွေးကြောကျဉ်းတာနဲ့ ခြေထောက် ဖြတ်ရတာနဲ့ အမှတ်တမဲ့ကြည့်ရင်တော့ နှလုံးနဲ့ခြေထောက်က အဝေး ကြီးပဲလေ၊ နှလုံးသွေးကြောကျဉ်းသလို ခြေထောက်လည်း သွေးကြော ကျဉ်းသွားတယ်၊ ဆေးလိပ် သိပ်သောက်တဲ့သူတွေက သွေးကြော ကျဉ်းပြီး မာသွားပါတယ်၊ လောလောဆယ်တော့ ဖြတ်ဖို့မလိုသေး ပါဘူးး လော လောဆယ်ကိုပြောတာနော် နောက် တချိန်ချိန်မှာ အဲဒီ သွေးကြောကပိုပြီးကျဉ်း သွားပြီဆိုရင်တော့ အဲဒီ အခြေအနေကိုရောက်ရင်လည်း ရောက်သွားနိုင်တယ်၊ ကံသေကံမတော့ မပြောနိုင်ဘူး”ဟု ပြောသည်။
ဆရာမင်း သိင်္ခကို နှလုံးရောဂါအထူးကု ဒေါက်တာနွယ်နွယ်က ကုသနေပြီး ကိုယ်ခန္ဓာပြန်လည်လှုပ်ရှားမှုရရန် အကြောပြင် ဆရာက လေ့ကျင့်ခန်းကုထုံးဖြင့် ကုသနေကြောင်းလည်း သိရသည်။
ဆရာမင်းသိင်္ခမှာ သတိမေ့မြောသည့် အခြေအနေမဟုတ်ဘဲ စာရေးသားနိုင်ကြောင်းနှင့် နေ့စဉ် ယတြာပေးသည့် လုပ်ငန်း များကိုမူ ဆရာမင်းသိမ်းခိုင်တို့က ဦးစီးလုပ်ဆောင် ပေးနေသည်ဟု ဆိုသည်။
ဆရာမင်းသိင်္ခသည် အန္ဒိယနိုင်ငံ ကာလာ ကတ္တား တက္ကသိုလ် နက္ခတ္တဆိုင်ရာ သုတေတနဌာနမှ ပေးအပ်သည့် ၂၀၀၉ ခုနှစ် ရိုးရာ ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့အတွက် ရွေးချယ်ခြင်းခံရပြီး ၎င်းဘွဲ့ကို လာမည့် နိုဝင်ဘာလတွင် သွားရောက်ယူရန် စီစဉ်နေကြောင်းလည်း ဆရာ မင်းသိမ်းခိုင်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ၂၅ ရက်နေ့တွင် အသက် ၇၀ ပြည့်ပြီးဖြစ်သည့် ဆရာမင်းသိင်္ခသည် နှလုံး၊ ဆီးချို၊ သွေးတိုး စသည့်ရောဂါ များကို ခံစားနေရပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေထိုင်နေရသည်။ ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း မျက်စိ ခွဲစိပ်ကုသမှု ခံယူခဲ့ရသေးသည်။
ဆရာမင်းသိင်္ခသည် ယခုနှစ် ဇန်န၀ါရီလအတွင်းက ၎င်း၏ မှော်ဘီ ခြံအတွင်းသို့ စစ်တပ်အရာရှိ ဆိုသူတဦးက ၀င်ရောက် ရမ်းကားသည့် အမှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရကြောင်းလည်း သိရသည်။
“ဒီအမှုကိုတော့ ခရိုင်ရုံး၊ တိုင်းရုံး နောက်တော့ လှည်းကူးတရားရုံး၊ အခုလည်း ရုံးချူပ်ကိုလွဲလိုက်ပြန်ပြီ၊ အမှုမစစ်လည်းဘဲ လက်မှတ်တော့သွားထိုးနေရတယ်၊ ရှေ့လ ၁ ရက်နေ့မှာလည်း ရုံးချိန်းရှိတယ်” ဟု ဆရာမင်းသိမ်းခိုင်က ပြောဆိုသည်။

မုန်တိုင်းသင့် ဘိုကလေးမြို့နယ် ကျေးရွာတချို့ အကူအညီလုံလောက်စွာ မရရှိသေး
မိုးအောင်တင်/ဘိုကလေး ဇူလိုင် ၂၃၊ ၂၀၀၈
နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး၂ လ ကျော်ကြာသည်အထိ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာ တချို့ရှိ လေဘေးဒုက္ခ သည်များမှာ အကူအညီများ လုံလောက်စွာ မရရှိ၍ အခက်အခဲများဖြစ်နေကြကြောင်း သိရှိရသည်။

ကျုံပွန်ကျေးရွာမှ အပျက်အစီးတချို့နှင့် အကူအညီလိုနေသော ရွာသားများ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)
ဘိုကလေးမြို့နယ် အပိုင် ဂုံညင်းတန်းမြစ်နံဘေးတွင်ရှိသော ကျုံပွန်ရွာမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေအများ အပြား ပျက်စီးကာ ဆန်စပါးများအပါအ၀င် တခြားဝင်ငွေရသည့် အုန်းခြံနှင့် ကွမ်းသီးခြံများ ပျက်စီးခဲ့ရသော်လည်း ယခုအချိန်အထိ အကူအညီများလိုအပ်လျှက်ရှိနေသောကြောင့် လယ်ယာစိုက်ပျိုးရေးနှင့်တခြား အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ခက်ခဲလျှက်ရှိနေသည်ဟု ဒေသခံ လေဘေးဒုက္ခသည်များက ပြောသည်။
အဆိုပါရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက“ကျမတို့ ရွာကို မုန်တိုင်းတိုက်ပြီး ၁၀ ရက်လောက်မှာပဲ အကူ အညီလာပေးတာ တကြိမ်ရှိတယ်။ အဲဒီနောက်တခါ အစိုးရက ဆန် ၁၅ ရက်စာဆိုပြီး လူတယောက်ကို ၃ ပြည်နှုန်းနဲ့ ဝေတယ်။ အဲဒီနောက် ဘာအကူအညီမှလည်း မရတာ ဒီနေ့အထိပဲ။ ဟိုးလှမ်းမြင်နေရတဲ့ ကျုံကျိုက်ရွာဆို အကူအညီတွေ ရတယ်။ အဲဒီရွာက ဖျာပုံအပိုင် ကျမတို့ရွာက ဘိုကလေးအပိုင်ပါ”ဟု ပြောပြသည်။
ယင်းကျုံပွန်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာလည်း ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ကာ ယခုအချိန် အထိအပျက်အစီးများ နဂိုအတိုင်းကျန်ရှိနေဆဲ ဖြစ်ပြီး ဘုန်းတော်ကြီး ကျောင်းဆောင်များ ပြန်လည်ပြုပြင်နိုင်ရန် အတွက်လည်း ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည် ဟု ရွာခံများကပြောဆိုကြသည်။
ကျုံပွန်ရွာအပြင် ပျားရေစု၊ ပန်းပဲစု စသည့် ဘိုကလေး မြို့နယ်အတွင်းရှိ လူသိနည်းသော ရွာများမှာ အကူအညီ လုံလောက် စွာမရရှိကြကြောင်းလည်း ဒေသခံ ဒုက္ခသည်များက ပြောသည်။
“ဘိုကလေးမြို့နယ်ထဲမှာ ဆိုရင် မြင်းကကုန်းဆိုတဲ့ရွာရဲ့ တောင်ဘက်ပိုင်း ကတော့ မုန်တိုင်းနဲ့အတူ ဒီရေတိုးပြီး အသေ အပျောက်များလို့ဆိုပြီး အကူအညီရကြတယ်။ ကူညီရေး အဖွဲ့အစည်း တွေ သွားကြတယ်။ဒါပေမယ့် အဲဒီ မြင်းကကုန်း ရွာရဲ့ မြောက်ပိုင်းကျတဲ့ ရွာတွေကတော့ အကူအညီမရသလောက်ဘဲ၊ လယ်ပြန်စိုက်ဖို့အတွက် မျိုးစပါး လည်း သက်ဆိုင်ရာကို တောင်းထားတုန်းပဲ၊ အခုထိတော့မရသေးဘူး”ဟု ဒေသခံ ဒုက္ခသည် တဦးဖြစ်သည့် မခင်ခင်ဝင်းက ပြောဆိုသည်။
မခင်ခင်ဝင်းမှာ ယခုအခါ ကောက်ညှင်း ရွှေထမင်းမုန့်လုပ်ပြီး ရွာထဲတွင်ရောင်းချခြင်းဖြင့်ရပ်တည် နေရသည်ဟု ပြောဆိုသည်။
ပျားရေစု ကျေးရွာမှ အသက် ၇၆နှစ်ရှိ အဘွားအို ဒေါ်သန်းတင်ကလည်း ၎င်း အသက်မွေးသည့် အုန်းခြံသည် မုန်တိုင်း ဒဏ်ကြောင့် အုန်းပင်အများစုမှာ အသီးမသီးတော့၍ လတ်တလော ရပ်တည်ရန် ခက်ခဲလျက်ရှိသည်ဟု ပြောဆိုသည်။
ယခုလောလောဆယ်တွင် လယ်ယာပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါး ရရှိရေးမှာ လယ်သမားများအတွက် အရေးကြီးဆုံး အချက်ဖြစ်နေပြီး အချိန်မီ မရရှိပါက စပါးစိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ယင်း ကျုံပွန်၊ ပျားရေစု၊ ပန်းပဲစု ရွာမှ လယ်သမား များက ပြောဆိုကြသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျုံပွန်ရွာ ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)
ယခင် ပုံမှန်နှစ်များတွင် ယခုအချိန် ၌လယ်ကွက်အားလုံး မျိုးကျဲပြီး စိုက်ပျိုးပြီး ဖြစ်နေလေ့ရှိသော်လည်း ယခုနှစ်တွင် လယ်ထွန်ရန်နှင့် မျိုးစပါးရရှိရန်အခက်အခဲများကြောင့် ယခုကဲ့သို့ အချိန်လွန်နေရခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
စစ်အစိုးရ၏ သတင်းစာများတွင် လယ်ထွန်စက်နှင့် မျိုးစပါးများ ကိုဧရာဝတီတိုင်းမှ မုန်တိုင်းဒဏ်ခံရသည့် ရွာများသို့ ပေးအပ်နေသည်ကို နေ့စဉ်လိုလိုဖေါ်ပြနေသော်လည်း မုန်တိုင်းဒဏ်ခံရသည့် ရွာများထဲမှ ထင်ရှားသည့်ရွာနှင့် မြို့နယ် ခွဲ များဖြစ်သည့် ကြိမ်ချောင်းကြီး၊ သင်္ဃန်းကုန်း၊ ပြင်စလူ၊ အမာ၊ စက်ဆန်း စသည့် နေရာများတွင်သာ အကူ အညီများ ရရှိသည်ကို တွေ့ရပြီး မုန်တိုင်းဒဏ်ခံရသည့် တခြားမထင်ရှားသည့် ရွာများတွင်မူ ယခုအချိန်အထိ ကိုယ်ထူ ကိုယ်ထ လယ်ယာလုပ်ကိုင်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်ကို တွေ့ရသည်။
ဇူလိုင်လ ၁၇ရက်နေ့ထုတ် စစ်အစိုးရ ကြေးမုံသတင်းစာတွင် ဧရာဝတီတိုင်း၌ မိုးစပါးဧက ၂.၂သန်းစိုက်ပျိုးပြီးကြောင်း သတင်းတိုဖြင့် ဖေါ်ပြထားသော်လည်း တိုင်းတတိုင်းလုံး၏ စိုက်ဧက ဘယ်ရွေ့ဘယ်မျှရှိသည် စသည့် အချက်အလက်များ လုံးဝဖေါ်ပြထားခြင်း မရှိဘဲ နေပြည်တော်မှ သတင်း ထုတ်ပြန်သည်ဟုသာ ပါရှိသည်။

ဧရာဝတီတိုင်းမှာ မုန်တိုင်းနောက်ဆက်တွဲရောဂါများ ခံစားနေရ
မင်းရန်နိုင်/ ၂၃ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်မှ လွတ်မြောက်ရှင်သန်ခဲ့သူများမှာ ယခုအခါ မုန်တိုင်းအတွင်း ခံခဲ့ရသည့် ဒဏ်များကြောင့် စိတ်ဖိစီးမှုဒဏ် ခံရခြင်းအပါအ၀င် ယခင် မဖြစ်ခဲ့ဖူးသည့် ရောဂါဝေဒနာများ ခံစားနေကြရသည်။
အသက်မသေဘဲ လွတ်မြောက်ကျန်ခဲ့သည့် မုန်တိုင်းဒုက္ခသည်များသည် မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုးများကို အချိန်နှင့်အမျှ ပိုခံစားလာကြရသည်ဟု လပွတ္တာမြို့နယ်တွင်း ကျေးရွာများသို့ အခမဲ့ဆေးလှည့်လည် ကုသပေးနေသသည့် ပုဂ္ဂလိက စေတနာရှင် ဆေးကုသရေးအဖွဲ့တခုမှ ဆရာဝန်တဦးက ပြောသည်။
၎င်းက “အဓိက အများဆုံးတွေ့ပြီး ကုသပေးရတာက အားနည်း အာဟာရချို့တဲ့လူနာတွေပါ၊ သူတို့တွေက ဒီမုန်တိုင်းကြီးဒဏ် ခံခဲ့ကြရပြီး သားသေ၊ မယားသေ၊ ဆွေမျိုးတွေသေ အသက် အိုးအိမ်စည်းစိမ်တွေ အများကြီး ဆုံးရှုံးခဲ့တော့ မစားနိုင်၊ မသောက်နိုင် ဖြစ်ကြတာပေါ့။ ညဘက် ဆိုလဲ စိတ်ဆင်းရဲစရာတွေပဲ အလိုလိုပြန်တွေးမိပြီး အိပ်မပျော်ကြတော့ဘူး။ နောက် ဒီလိုမျိုးကြီး ထပ်ဖြစ်ဦးမလားဆိုပြီး စိုးရိမ်စိတ်တွေလည်း ဖြစ်နေတာမျိုးတွေ အများကြီး တွေ့ရပါတယ်” ဟု ပြောသည်။
ယခင်က တခါတရံမှ ဖြစ်လေ့ရှိသော အအေးမိ၊ နှာစေး၊ အဆုတ်အအေးပတ် ရောဂါဝေဒနာများကို မုန်တိုင်းအပြီး (၂) လကျော်ကြာထိ ခံစားနေကြရဆဲ လူနာများလည်း ရှိသည်ဟု ဆိုသည်။
ထို့ပြင် ယခင်က တခါမှမဖြစ်ဖူးသော နားလေထွက်၊ အရည်ထွက်နှင့် မျက်စိေ၀၀ါးသည့် ဝေဒနာ များ ခံစားလာကြရသူများ ရှိလာသည်ဟု သိရသည်။
“မုန်တိုင်းကြောင့် မြင့်တက်လာတဲ့ ဒီရေလှိုင်း ရိုက်တဲ့ဒဏ်၊ အဲဒီရေလှိုင်းထဲမှာ အချိန်အကြာကြီး နေခဲ့ရတဲ့ဒဏ်တွေ၊ ရေငန်ဝင်ခံခဲ့ရတာတွေကြောင့် ဒီလိုလက္ခဏာတွေ ဖြစ်လာတာပါ။ အချိန်မီ ဂရုစိုက်မကုသနိုင်ရင် နားလေး၊ မျက်စိမှုံပြီး ကွယ်တာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်” ဟု မျက်စိ အထူးကု ဆရာဝန်ကြီးတဦးက ရှင်းပြသည်။
အဆိုပါဒေသများတွင် လူအချို့မှာ မုန်တိုင်းအတွင်း ထိခိုက်မိသော ဒဏ်များကြောင့် အကြောများ ဆိုင်း၊ ခြေလက်များ လေးလံကာ ယခင်ကလို ပေါ့ပေါ့ပါးပါး သွားလာလုပ်ကိုင်နိုင်ခြင်း မရှိတော့ ကြောင်း သိရသည်။
အာဟာရချို့တဲ့လူနာများအတွက် အားဆေးပုလင်းဒရစ်များ သွင်းပေးခြင်း၊ အကြောအားဆေး ထိုးပေးခြင်း၊ စားသောက်ကောင်းစေရန် မာလ်တီဗီတာမင် အားဆေးများ ပေးခြင်း၊ အသက်ကြီး သူများကို အဓိက ဗိုလက်ဇုံအားဆေးများ ပေးခြင်းဖြင့် ကုသခဲ့ကြောင်း၊ မိမိတို့ ကုသပေးခဲ့ရသည့် ရွာများထဲမှ တရွာဆိုလျှင် ရွာသူရွာသား (၅၀၀) ခန့်ရှိရာ၌ အားလုံးနီးပါး အားနည်းနေကြောင်း၊ အထူးသဖြင့် အာဟာရချို့တဲ့နေသည့် ကလေးအများအပြား တွေ့ရှိကုသပေးခဲ့ရကြောင်း စေတ နာရှင် ဆေးကုအဖွဲ့မှ အဆိုပါ ဆရာဝန်က ဆက်လက်ရှင်းပြသည်။
“အကောင်းဆုံးကတော့ နှစ်သိမ့်ဆွေးနွေး အထူးကုအဖွဲ့တွေ၊ (Counseling) ကျွမ်းကျင်သူတွေ လာပြီး နှစ်သိမ့်ဆွေးနွေးပေးဖို့ ကောင်းတယ်။ အဲဒါမျိုး အဖွဲ့တွေ လုံးဝ မတွေ့ရသလောက်ပဲ။ စိတ်ဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ ဒိုင်ယာစီပင် (DZ) စတဲ့ ဆေးတွေ အများဆုံးပေးရတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့အဖွဲ့သည် လပွတ္တာမြို့နယ် ရွေးမြစ်တလျှောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရွာများသို့ အဓိက ကွင်းဆင်းကုသပေးခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်အတွင်း ကျေးရွာများသို့ ကွင်းဆင်းကုသနေသည့် ၎င်း၏မိတ်ဆွေ ဆရာဝန်ဆေးကုအဖွဲ့မှလည်း ယခုကဲ့သို့ ရောဂါ ဝေဒနာများ အတွေ့များကာ ကုသပေးခဲ့ရသည်ဟု ဆိုကြောင်း သိရသည်။
အစိုးရမှ စေလွှတ်သည့် အထူးကုဆရာဝန်များအဖွဲ့ရှိသော်လည်း ၎င်းတို့သည် မြို့ပေါ်တွင်သာ ကုသမှုပေးကြောင်း၊ နိုင်ငံခြားမှ ပြည်တွင်းအခြေချ အန်ဂျီအိုများနှင့် ပုဂ္ဂလိကစေတနာရှင် ဆေးအဖွဲ့များကသာ မြို့နှင့်ဝေးသည့် ရွာများသို့ စက်လှေများဖြင့် သွားရောက်ကုသပေးနေ ကြကြောင်း သိရသည်။ ။

စစ်အစိုးရက ရွေးကောက်ပွဲကို တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်
သြတြေးလျနိုင်ငံက မြင်လို
Agencies/ ၂၃ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရ၏၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲအား အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစု များအားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲအဖြစ် တွေ့မြင်လို ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်က ပြောသည်။
မစ္စတာ စမစ်က “မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျနော် မနေ့က စကားပြောဖြစ်ပါတယ်။ မြန်မာ

မစ္စတာ စတီဖန် စမစ်
ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်စေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်ပေါ်လာမှာကို သြစတြေးလျအစိုးရက မြင်တွေ့လိုပါတယ်” ဟု စင်ကာပူ၌ သတင်းထောက်များအား ယနေ့ပြောသည်။
စင်ကာပူတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ယင်းသို့ပြောကြားခဲ့ရာ ဦးဥာဏ်ဝင်းထံမှမူ ၎င်းတို့အနေဖြင့် စစ်အစိုးရ Road Map အတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟူသော အဖြေကိုသာရခဲ့ကြောင်း မစ္စတာစမစ်က ပြောသည်။
စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသက်ဆိုး ရှည်စေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု စွပ်စွဲ၍ အတိုက် အခံ နိုင်ငံရေးအင်အားစုများက ပယ်ချထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ၂၀၁၀ ပြည့် နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် မြန်မာစစ်အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အာဆီယံပဋိညာဉ်စာချုပ်ကို ယခုလ (၂၁) ရက်တွင် သဘောတူခဲ့ သည့် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် လိုအပ်ကြောင်း မစ္စတာစမစ်က ယနေ့ ထပ်မံတိုက်တွန်းလိုက်သည်။
သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသော စစ်အစိုးရက အာဆီယံ ပဋိညာဉ်စာချုပ်ကို ယခုကဲ့သို့ သဘောတူခြင်းသည် ဟန်ပြသာဖြစ်၍ ပြောင်းလဲမည့် လက္ခဏာ တစုံတရာ မတွေ့ရကြောင်း လေ့လာသူများက ပြောသည်။
သြစတြေးလျအစိုးရက မြန်မာမုန်တိုင်းဘေးအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ (၂၉) သန်း ထပ်မံပေးမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။ ယခုငွေ မတိုင်မီကလည်း အမေရိကန်ဒေါ်လာ (၂၄) သန်းကျော် ကူညီပြီးဖြစ်သည်။ ။

မြန်မာ့အရေး ပိုလုပ်ရန် အာဆီယံကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း
23 July 2008
ဦးကျော်ကျော်သိန်း
မြန်မာ့အရေးမှာ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး တခုအတွင်းမှာ မစ္စရိုက်စ်က တိုက်တွန်းခဲ့တာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြထားပါတယ်။

ကွန်ဒိုလီဇာ ရိုက်စ်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ရှေ့မှာတင် အာဆီယံ အဖွဲ့ကို တိုက်တွန်း ပြောကြားတာဟာ ပထမဆုံး အကြိမ်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပြဿနာ အကြောင်းရင်းကို ကိုင်တွယ် ဖြေရှင်းရာမှာ အာဆီယံ အဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ မိမိတို့ယုံကြည်ကြောင်း ကွန်ဒိုလီဇာ ရိုက်စ်ကပြောခဲ့ပါတယ်။
မြန်မာ နိုင်ငံအရေး ကိစ္စနဲ့ ပတ်သက်လာရင် အမေရိကန် နိုင်ငံဟာ အပြင်းထန်ဆုံး ဝေဖန်လေ့ရှိတဲ့ နိုင်ငံပါ။ အခု တိုက်တွန်းတာက တော့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ထိထိရောက်ရောက် မလုပ်သေးတဲ့အတွက် ဖိအားပေးတာ ဖြစ်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သုံးသပ်ပါတယ်။
"နိုင်ငံတကာ အသိုင်းအ၀ိုင်းက နိုင်ငံ တခုရဲ့ အရေးအခင်းမှာ ပါဝင်ဆောင်ရွက်မှုဟာ တနေ့တခြား ပိုမို အရေးကြီး လာတယ်လို့ မြင်တယ်။ အထူးသဖြင့် အခု မြန်မာနိုင်ငံအရေးမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ ပိုမို အရေးကြီးလာတယ်။ အာစီယံဟာ ဒီနေ့အထိတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ အာစီယံအဖွဲ့အနေနဲ့တော့ တစုံတခုမှ ဆောင်ရွက်ပေးတာ ကျွန်တော်တို့ မတွေ့ရဘူး။ သို့သော်လည်းပဲ အခု အာစီယံ လုံခြုံရေး ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောတယ်ဆိုတာ ဒီလို မဆောင်ရွက်တာကို သိလို့၊ မဆောင်ရွက်ဖူးတာကို သိလို့ အဲဒီလို တွန်းအားပေးတဲ့ သဘောလည်း ရှိတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။"
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မုန်တိုင်းဒဏ်သင့် လူထု ကူညီ ကယ်ဆယ်ရေးတွေ အတွက် အာဆီယံအဖွဲ့ဟာ မြန်မာအစိုးရနဲ့ နိုင်ငံတကာကြားမှာ ကြားဝင် ပေါင်းကူး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ချီးကျူးပြောကြားခဲ့သလို အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီအပေါ် ကျေနပ် အားရပုံပေါ်ပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂက ၀င်ရောက် ဆောင်ရွက်တဲ့ အတွက် နိုင်ငံတကာကပါ ပူးပေါင်းလာခဲ့တာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းကကြိုဆိုပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်ပေးလို စိတ်ကိုတော့ ဦးဥာဏ်ဝင်းက သံသယရှိပါ တယ်။
"အာစီယံနဲ့ မြန်မာနိုင်ငံရေးမှာ ထင်ထင်ရှားရှား ကြေညာတာ၊ သုံးသပ်တာတော့ မရှိဘူး။ နိုင်ငံတခုချင်း အနေနဲ့ကသာ မိမိတို့ ခံစားမှုကို ပြောတာပဲ ကျွန်တော် ဒီလောက်ပဲ တွေ့တယ်။ ကုလသမဂ္ဂကတော့ သီးခြားပါ။ အာစီယံအနေနဲ့ ပါဝင် ဆောင်ရွက်လို စိတ်မရှိဘူးဆိုတာ ကျွန်တော် ဒီလိုပဲ သဘောရပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပါ။
နိုင်ငံရေးအရ ကွဲပြားမှုတွေရှိပေမယ့် မုန်တိုင်းကိစ္စ အကူအညီတွေကိုတော့ ဆက်ပေးသွားမှာပါလို့ ရိုက်စ်ကပြောပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Stephen Smith ကလည်း ဆိုင်ကလုန်းဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီ သြစတြေးလျဒေါ်လာ သန်း ၃၀ ထပ်ပေးမယ့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ပြောခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မှာ ကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးပြီး ပါဝင်ခွင့်ရစေဖို့လည်း စမစ်သ်က တောင်းဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံအဖြစ်၊ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့ မြန်မာနိုင်ငံအဖြစ်၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်တဲ့ မြန်မာနိုင်ငံအဖြစ် မိမိတို့မြင်ချင်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Stephen Smith က တောင်းဆို တိုက်တွန်းခဲ့ကြောင်းပါ။

နိုင်ငံရေးအကျဉ်းသားများ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ
23 July 2008
ဦးကျော်ကျော်သိန်း
စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတဦးဖြစ်သူ ကိုဥာဏ်လင်းအောင် ဟာ ထောင်တွင်းမှာ တိုက်ပိတ်ခံထားရတယ်လို့ သူ့ရဲ့မိခင်ဖြစ်သူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ ဆက်တိုက်လို ဖော်ပြရေးသား နေပါတယ်။ ဒီအကြောင်းတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
ကိုဥာဏ်လင်းအောင်နဲ့ ကိုမောင်မောင်လတ်တို့နှစ်ဦးကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက အင်းစိန် အကျဉ်းထောင် စစ်ခွေးတိုက်လို့ခေါ်တဲ့နေရာမှာ တိုက်ပိတ်ပြစ်ဒဏ်ပေးထားတယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်ခင်ဗျ။ အဲဒီစစ်ခွေးတိုက်ဆိုတဲ့ နေရာဟာ အကျဉ်းထောင်မှာအသုံးပြုတဲ့ အနံ့ခံစစ်ခွေးတွေကိုထားတဲ့နေရာပါ။ အဲဒီတိုက်ထဲမှာ သူတို့ နေထိုင်ရတဲ့အခြေအနေကို မိခင်ဖြစ်သူ ပြောပြခဲ့တာက ဒီလိုပါ။
"စစ်ခွေးတိုက် အခန်းရှေ့မှာ သူတို့ကို ထားတယ်ပေါ့။ နောက် ထမင်းနဲ့ ရေကလွဲပြီး ကျန်တာ ဘာမှ ပေးလို့မရဘူးတဲ့။ ဘာမှလည်း ယူလို့မရဘူး။ နောက် သမံတလင်းပေါ်မှာ အိပ်ရတယ်။ အပေါ့သွားရင်လည်း ဇလုံတလုံး ပေးထားပြီးတော့ ဒီအထဲမှာပဲ သွားရတယ်။ ရေတို့ စက္ကူတို့ ဘာမှ မပေးဘူး။ သူတို့မှာ ရှိတဲ့ အ၀တ်အစားတွေနဲ့ ဖြဲဆုတ် သုတ်ရတယ်။ ရေချိုးချိန်ကိုလည်း ၁၀မိနစ်လောက်ပဲ ပေးတယ်။ တနေ့လုံး တိုက်ထဲမှာပဲ ပိတ်ထားတယ်ပေါ့။ တိုက်ထဲမှာလည်း ကင်းခြေများတို့၊ ခြင်တို့၊ ယင်ကောင်တို့၊ ပိုးတို့တွေက အများကြီးရှိတာ။ ညဘက်ကြရင်လည်း မအိပ်ရဘဲနဲ့ တညလုံး ခဏခဏ ထကြည့်တယ်။ တခါတလေကြရင် တညလုံး မအိပ်ရဘဲနဲ့ ထိုင်နေရတယ်။
သူတို့ကိုတိုက်ပိတ်ရခြင်း အကြောင်းရင်းကတော့ အနက်ရောင်ပါတဲ့ အ၀တ်အစားတွေကို ထောင်အာဏာပိုင်တွေက သိမ်းမယ် ဆိုတာကို အသိမ်းမခံတဲ့အတွက် တိုက်ပိတ်တာလို့ပြောကြောင်း မိခင်ဖြစ်သူကပြောပါတယ်။
ကိုဥာဏ်လင်းအောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ တခြားကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကိုနဲ့ တရက်ထဲ အဖမ်းခံခဲ့ရတာပါ။
ကိုဥာဏ်လင်းအောင်တို့ကို တိုက်ပိတ်ထားတဲ့ အတောအတွင်းမှာပဲ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ မြန်မာ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေအရ သတ်မှတ်ထားတာမရှိဘူးဆိုပြီး ဆက်တိုက်လို ရေးသားဖော်ပြနေတာတွေ တွေ့ရပါ တယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင် ဖွဲ့စည်းထားပြီး အကျဉ်းသားတွေအရေး တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်း ရေးမှူး ကိုတိတ်နိုင်ကတော့ သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် ခုလို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်လို့ ပြောပါတယ်။
"နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေပြီးတော့ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားရင်းနဲ့၊ ပါဝင်ပတ်သက်ရင်းနဲ့ အဖမ်းခံရတဲ့ မည်သူမဆို၊ မည်သူမဆို ဆိုတဲ့အပေါ်မှာ အေအေပီပီက မှတ်သားထားတာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေပေါ့၊ ၅ညပါမယ်။ ၁၇ပါမယ်။ ၁၀ခပါမယ်။ ၁၀က ပါမယ်။ ၁၁၀ကျော် ကနေပြီး၊ ၁၄၀ ကျော်အထိ ပုဒ်မတွေ ပါတယ်။ ထို့အပြင် ခုနစာရင်းအရ တချို့ဆိုရင် မူးယစ်ဆေးဝါး ပြစ်ပြီး ဖမ်းတာရှိတယ်။ စီးပွားရေး ကိစ္စအတွက် ဖမ်းတာရှိတယ်။ ဒါပေမယ့် ဒီလူတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေရင်းနဲ့ အဖမ်းခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ဥပမာဆိုရင် ခွန်ထွန်းဦးဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ သေချာပါတယ်။ သူကိုတော့ တရား မ၀င်ငွေလဲမှုနဲ့၊ စီးပွားရေး မှုနဲ့ အများကြီးပဲ ပုဒ်မတွေ တပ်ပြီးတော့ ၃၃နှစ် ထောင်ချထားတယ်။"
အခု တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့ ကိုဥာဏ်လင်းအောင်ဟာ သူတို့ရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီ တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပါတယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။
ကိုဥာဏ်လင်းအောင်ရဲ့ မိခင်ကတော့ သားဖြစ်သူကို ခုလိုတိုက်ပိတ်ထားတဲ့အတွက် ကျန်းမာရေးထိခိုက်နေတာကြောင့် စိုးရိမ်မိ ကြောင်းပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းတွေအတွင်းကပဲ အမေရိကန်ပြည်ထောင်စုက ကမကထပြုရေးဆွဲပြီး ဥရောပပြည်ထောင်စု ၂၇ နိုင်ငံနဲ့ တခြား ၃၆နိုင်ငံတို့က သဘောတူထောက်ခံတဲ့ ယုံကြည်ချက်အကျဉ်းသား ကြေညာစာတမ်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ကြေညာစာတမ်းတခုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေထားပါတယ်။ အဲဒီစာတမ်းမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး လုပ်ဆောင်သွားဖို့နဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို တခြားနိုင်ငံ တွေနဲ့ ဆက်ဆံရေးမှာ အဓိကဦးစားပေးအချက်တရပ်အဖြစ် ကိုင်စွဲကျင့်သုံးသွားမယ် ဆိုတာတွေကို အဲဒီ ၆၄ နိုင်ငံက သန္နိဋ္ဌာန်ချ ကြေညာထားကြပါတယ်။
ဒီကြေညာစာတမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အထွေထွေညီလာခံမှာဆွေးနွေးပြီး သဘောတူကြတယ်ဆိုရင်ဖြင့် အထွေ ထွေညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းတာပဲဖြစ်ဖြစ်၊ ICC နိုင်ငံတကာရာဇ၀တ်တရားခုံရုံးနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ က လိုအပ်သလို ဆက်လုပ်ဖို့ လွှဲပြောင်းတာမျိုးပဲဖြစ်ဖြစ် ဖြစ်လာနိုင်တယ်လို့ ကိုတိတ်နိုင်က ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ အေအေပီပီက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။ ဒီထဲကအများအပြားဟာ ကျန်းမာရေးချို့ယွင်းနေကြပြီး ပြည့်စုံတဲ့ဆေးဝါးကုသမှုမရတဲ့အပြင် မကြာခဏဆိုသလို နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းခံနေကြရတယ်လို့ အေအေပီပီက ပြစ်တင် ဝေဖန်ထားပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအကျဉ်းသားတွေလွတ်မြောက်ရေးဟာ ပထမဆုံး မလုပ်မဖြစ်တဲ့ အဆင့်ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ ကလဲ ဒီအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မပြတ် တောင်းဆိုနေ ပါတယ်။
ဒါပေမယ့် မြန်မာအစိုးရကတော့ အခုရက်ပိုင်း သတင်းစာတွေထဲမှာ ပါနေသလိုပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကို အစဉ်တစိုက် ငြင်းဆိုနေကြောင်းပါ။

ရာဒိုဗန် ခရာဒစ်ရှ် ပြစ်မှုတရားရုံးတွင် ကိုယ်တိုင် ခုခံလျှောက်လဲမည်
23 July 2008

ဘော့စနီးယား ဆာ့ဗ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကရာဒစ်ရှ် (Radovan Karadzic) ဟာ သူ့အပေါ် စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲဆိုချက်တွေကို The Hague မြို့က စစ်ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးမှာ သူကိုယ်တိုင် ထုချေ လျှောက်လဲမယ်လို့ ကရာဒစ်ရှ် ရဲ့ ရှေ့နေ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ ဘော့စနီးယား ဥပဒေအကြံပေး အဖွဲ့တခုကလည်း ကရာဒစ်ရှ် အတွက် အကူအညီပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကုလသမဂ္ဂ တရားခုံရုံးဆီ လွှဲပြောင်းမယ့် ဆုံးဖြတ်ချက်ကိုလည်း ကရာဒစ်ရှ် က အယူခံဝင်မယ်လို့ ပြောပါတယ်။ ကရာဒစ်ရှ် ဟာ ဘဲလ်ဂရိတ်မြို့တနေရာကနေ နောက်တနေရာကို ခရီးသွားနေတုန်း တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ကူညီနေတယ်လို့ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်ပြီး ကရာဒစ်ရှ် ကို ခြေရာခံမိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ဘော်လကန်စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ ဘော့စ်နီးယား၊ ခရိုဧရှားနဲ့ မူဆလင်တွေကို သတ်ဖြတ်ခဲ့တာ၊ မတော်မတရား ပြုကျင့်ခဲ့တာ၊ နှိပ်စက်ညှင်းပမ်း ခဲ့တာတွေအတွက် ကရာဒစ်ရှ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးက သူ့ကို စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။