Wednesday, July 30, 2008

ဒေါ်အောင်ဆန်းစုကြည်....ဒီပဲယင်းမေ၃၀...တိုက်ခိုက်မခံရစဉ်အချိန်လေးခဏ



Eye-witnesses from Depayin miscared - Ko Min Thein

Eye-witnesses from Depayin miscared - khin zaw

Eye-witnesses from Depayin miscared - Ko Naing

8888မှာတကယ်ပြောပြီးတကယ်ပစ်တဲ့နေ၀င်း




googleဖြင့်ကြည့်ရန်...

မြန်မာ..ဗုဒ္ခဟူးသတင်းများ

မုန်တိုင်းဒုက္ခသည် မိဘမဲ့ကလေးများကို မန္တလေး ဘုန်းတော်ကြီးများက စောင့်ရှောက်ထား
ကိုစိုး | ဇူလိုင် ၃၀၊ ၂၀၀၈
နာဂစ်မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မိဘမဲ့ ကလေးများကို မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းက ခေါ်ယူစောင့်ရှောက်ထားကြောင်း ဘုန်းတော်ကြီးများက ပြောသည်။
လပွတ္တာမြို့နှင့် ဘိုကလေး မြို့နယ်များမှ အသက် ၆ နှစ်မှ ၁၂ နှစ် အထိ ရှိသော မိဘမစုံသော ကလေးများ အပါအ၀င် မိဘမဲ့ကလေးများကို ခေါ်ယူစောင့်ရှောက် ထားခြင်းဖြစ်ကြောင်း မန္တလေးမြို့သစ် ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက် မှ ဆရာတော် ဦးတေဇောဘာသ က ပြောသည်။
“အခုက ပြန်သွားတာနဲ့ဆိုတော့ ၉ ဦး လောက်ပဲ ရှိတယ်၊ အားလုံး က ၁၂ ဦး ၊ လပွတ္တာနဲ့ ဘိုကလေး ဘက် ကနေ မစိုးရိမ် တိုက်သစ် နာယက ဆရာတော်တွေက ခေါ်လာတာ၊ မိဘ မရှိတာရော၊ မိဘ မစုံတာရော ၊ စုံတာ ရောပဲ၊ တချို့ကလေး တွေက မိဘရှိပြီး ဆင်းရဲလို့ ခေါ်လာတာ၊ စားရေး နေရေး နဲ့ အဓိက က ပညာရေး အတွက် ပေါ့၊ မိဘ ရှိတဲ့ ကလေးတွေ ကတော့ တချိန် မိဘတွေ ဆီ ပြန်ပို့ပေးရမှာပါ၊ ပညာသင်ကြားပေးပြီး ပြန်ပို့ပေးဖို့ ဘုန်းကြီး က ရည်ရွယ်ထားပါတယ်၊ တချို့ကလေးတွေက သိပ်တော့ မပျော်ဘူး၊ ဒေသ ခွဲလာရတာရယ်၊ အပေါင်း အသင်း သူငယ်ချင်းမရှိတာရယ်၊ စာသင်ရ တာလည်းပါတယ်”ဟု ဆရာတော် ဦးတေဇောဘာသ က ပြောပြသည်။
ရောက်ရှိလာသော ကလေးများထဲတွင် မိန်းကလေး ၂ ဦး ပါဝင် ပြီး အသက် ၆ နှစ် နှင့် ၈ နှစ် ဖြစ်ကြောင်းနှင့် ယောက်ျား လေး ၆ ဦးကို သင်္ကန်းစည်းပေးထားကြောင်း၊ ၎င်းတို့အား အတန်းပညာ အဓိက သင်ပေးကြောင်းနှင့် ဘာသာရေးစာပေ ကိုလည်း တ ရက် တနာရီခန့် သင်ကြားပေးကြောင်း သိရသည်။
အဆိုပါကလေးများအတွက် စရိတ်ကို သီးသန့်အလှူခံခြင်းမရှိဘဲ ကျောင်းတိုက်မှ ရရှိလာသည့် လာဘ်လာဘထဲ မှပင် သုံးစွဲရသည့်အတွက် ပေါပေါများများ မသုံးစွဲနိုင်ဟုလည်း ဦးတေဇောဘာသ က ပြောဆိုသည်။
ဆရာတော် ဦးတေဇောဘာသ ဦးဆောင်တည်ထောင်ထားသော ယင်း ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်ရှိပြီး ယခင်ကပင် ပထမ ငယ်၊ ပထမ လတ်၊ ပထမကြီး နှင့် ဓမ္မာစရိယ အတန်းများ ကို သင်ကြား သော ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် မူလတန်းလွန် စာသင်ကျောင်းလည်း ဖွင့်လှစ် ထားသောကြောင့် တချို့ဆွမ်းကွမ်းနှင့် စာအုပ်စာတန်းများကို လှူဒါန်း ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။
အလားတူ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်းကလည်း လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင် ကျွန်း မြို့နယ်များမှ မိဘမဲ့ ကလေး ၃၀ ခန့်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း ထိုကျောင်းမှ တာဝန် ခံ ဆရာတော် တပါးက ပြောဆိုသည်။
“ဇွန်လ ၂၈ ရက် လောက်ကတည်းက စခေါ်လာပြီး စောင့်ရှောက်ထားတာပါ၊ တော်တော်များများက သူတို့ သား ချင်းတွေ ကိုယ်တိုင် အပ်ကြတာပါ၊ ရာခိုင်နှုန်းအများစုက မိဘမဲ့၊ တချို့ကတော့ မိဘမစုံတော့တဲ့သူတွေ၊ နောက် ထပ် ၁၀ ဦး လောက်လည်း ရောက်ဖို့ရှိသေးတယ်၊ အခု ရောက်နေတဲ့ ကလေးတွေက အသက် ၅ နှစ် လောက် ကနေ တချို့ ၁၆ နှစ် လောက်အထိပါတယ်၊ စားရေးနေရေး၊ ၀တ်ရေး၊ ပညာရေးရော ကျန်းမာရေးပါ၊ အကုန် စောင့်ရှောက်ထားတာ၊ စရိတ် ကတော့ တော်တော်လေး ရှာရပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါဒုက္ခသည် ကလေးများကို မြစ်ဝကျွန်းပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ တဆင့် ပို့ဆောင် ပေးခြင်း ဖြစ်ပြီး ကလေးများကို သင်ကြားစောင့်ရှောက်ရန် သင်တန်းဆင်း ဆရာမ ၂ ဦးကို ထားရှိ၍ ကျန်းမာရေး အတွက်လည်း ကျောင်းဝန်းအတွင်းပင် ဆေးခန်းနှင့် စနစ်တကျ စီစဉ်ထားသည်ဟုလည်း သိရသည်။
ယခု ဒုက္ခသည်ကလေးများကို စောင့်ရှောက်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ယခင်ကပင် မိမဲ့ ကလေး ၇၅ ဦး ခန့်နှင့် ရှမ်း၊ ၀ ၊ ပလောင်၊ အခါ ၊ ကရင် စသည့် တိုင်းရင်းသားကလေးငယ် ၁၀၀ ခန့်ကိုလည်း စောင့်ရှောက် ထားသည့် ပရဟိတ ကျောင်းတကျောင်းအဖြစ် သက်ဆိုင်ရာကို အသိပေးဆောင်ရွက် ထားခြင်းဖြစ် ကြောင်း အထက်ပါ ဆရာတော်က ပြောဆိုသည်။
မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးများ အတွက် စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီက လပွတ္တာနှင့် ဖျာပုံတို့တွင် မိဘမဲ့ကလေး သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးကြောင်း အစိုးရ သတင်းစာများ တွင်ဖော်ပြထားသည်။

ရှားပါးတိရစ္ဆာန်များ အထူးဟင်းလျာအဖြစ် ရန်ကုန်တွင် ခေတ်စား
ကြည်ဝေ/ရန်ကုန် | ဇူလိုင် ၃၀၊ ၂၀၀၈
သောကြာနေ့ဆိုလျင် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက တရုတ်စားသောက်ဆိုင်ကလေးမှာ တခြားနေ့များထက် ပိုပြီး စည်ကားနေတတ်သည်။
ဆိုင်ထဲရှိ သာမန်စားပွဲများတွင် လူအနည်းငယ်ခန့်သာ ရှိသော်လည်း အထူးခန်းဟု ခေါ်သော စားသောက်ဆိုင်၏ အတွင်း ဘက် လေအေးပေးစက်တပ်ထားသည့် အခန်းငယ်လေး များတွင်တော့ အထူးဟင်းလျာနံ့များနှင့် ထုံမွှန်းပြည့်ကြပ်နေ တော့သည်။
ထိုဆိုင်ကလေးမှာ သောကြာနေ့ ဆိုလျင် ဆိုင်၏ မီးနူးစာအုပ်ထဲတွင် တွေ့ရလေ့မရှိသော အထူးဟင်းလျာများ ရရှိတတ် သည်။ မျောက်သား၊ မြွေသား၊ တောကြောင်သား၊ ဂျီသား၊ ဆတ်သား၊ လိပ်သား၊ ပင်လယ်ရေခူ၊ ငါးမန်းတောင်ဟင်းချို၊ ပင်လယ်မျှော့သုတ် စသည့် ဟင်းလျာများ ဖြစ်သည်။ မီနူးစာအုပ်ထဲတွင် ထည့်သွင်း ထားခြင်းမရှိသော အဆိုပါ အထူး ဟင်းလျာများအကြောင်း လူတိုင်းမသိနိုင်သော်လည်း ဖောက်သည်များ ကတော့ သိသည်။ သောကြာနေ့တိုင်း အထူး သီးသန့်ခန်းများတွင် ဖောက်သည်များနှင့် ပြည့်နေတတ်၏။
ယခုတပတ်အတွက် အထူးဟင်းလျာများမှာ မျောက်သားချက်နှင့် ငါးမန်းတောင်ဟင်းချို ဖြစ်သည်။ မျောက်သား မစားရဲ သူများအတွက် ချေသားချက်ကိုလည်း စီမံပေးထားသည်။
အတုံးလေးတွေတုံးကာ ကြော်ထားသော မျောက်သားကို တူဖြင့်ကော်ကာ စားနေကြသူများမှာ ဆိုင်မျက်နှာစာ ရှေ့နံရံတွင် ချိတ်ဆွဲထားသည့် ဥပဒေအရ ကန့်သတ်ထားသော သားရဲ တိရစ္ဆာန်များ၏ အသားကို ၀ယ်ယူ ရောင်းချခြင်းမပြု ဟူသော စာတမ်းကို ဖတ်ရှုခဲ့ဖူးသူများသာ ဖြစ်သည်။
ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တချို့တွင် သစ်တောဥပဒေမှ ပိတ်ပင်တားမြစ်ထားသော သားငှက်တိရစ္ဆာန်များကို အထူး ဟင်းလျာများအဖြစ် ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။
ရှားပါးမျိုးစိတ်များဖြစ်ကြသော တောဝက်၊ တောကြောင်၊ မျောက်၊ ၀က်ဝံ၊ မြွေအမျိုးမျိုး၊ ရေသတ္တ၀ါထဲမှ ငါးမန်း၊ လိပ်၊ ပင်လယ်မျှော့ စသည့် သတ္တ၀ါများကို စားသုံးနေကြခြင်းမှာ ၎င်းတိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ် စေခြင်း၏ အကြောင်း ရင်း တရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံသားငှက်တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“ပုပ္ပားတောင်ပေါ်က မျောက်တွေဆိုရင် အရင်တုန်းက အုပ်စုလိုက်ကို အများကြီးတွေ့ရတာ အခု တော်တော့်ကို နည်းသွား ပြီ။ ပုပ္ပားကလူတွေကို မေးကြည့်တော့ မျောက်ပစ်တဲ့ သူတွေကြောင့်လို့ ဖြေကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါဒေသမှ မျောက်ပစ်သူများသည် မျောက်သားစားချင်သောကြောင့် ပစ်ခြင်းမဟုတ်ဘဲ မျောက်တကောင် ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ဈေးပေးဝယ်သူများ ရှိသည့်အတွက် ရောင်းစားရန် ပစ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
မျောက်သားနှင့် မျောက်သွေးမှာ ဈေးကွက်ဝင်လျက်ရှိသကဲ့သို့ မျောက်အကောင်လိုက် ရောင်းချခြင်းမှာလည်း ခေတ်စား လျက်ရှိကြောင်း ပုပ္ပားတောင် ဘေးမဲ့ဥယျာဉ်မှ တောခေါင်း တဦးက ပြောပြသည်။
စားသောက်ဆိုင်များတွင် နာမည်ကြီးလှသော ငါးမန်းတောင်ဟင်းချိုကြောင့် မြန်မာ့ ပင်လယ် ပြင်မှ ငါးမန်း မျိုးစိတ်တချို့ ပျောက်ကွယ်မျိုးသုဉ်းသွားရကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ မြို့နယ် ဦးစီးမှူး တဦးက ပြောသည်။
“ငါးမန်းဈေးကွက် ကြီးလာတော့ ငါးမန်းကိုပဲ လိုက်ရှာဖမ်းတဲ့သူတွေ များလာတယ်။ ရခိုင်က လူတွေဆိုရင် လင်းရှူးသားကို ငါးမန်းစာအဖြစ် ငါးမျှားချိတ်မှာ တပ်ဖမ်းတော့ ငါးမန်းရော လင်းချူးတွေပါ ပျောက်ကုန် တော့တာပဲ” ဟု အဆိုပါ မြို့နယ်ဦးစီးမှူးက ဆိုသည်။
ငါးမန်းဖမ်းသည့် လင်းရှူးငါးများသည် ရှားပါးစားရင်းဝင် ငါးမျိုးစိတ်တမျိုးဖြစ်ပြီး ယခင်က ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုး တန်းတလျှောက်တွင် ပေါများစွာ တွေ့ရသော်လည်း ယခုအခါ စစ်တွေ-တောင်ကုတ် ရေလမ်းတလျှောက် အနည်းငယ်သာ တွေ့မြင်ရတော့ကြောင်း ၎င်းက ပြောသည်။
ငါးမန်းတောင်၊ ငါးမန်းသွားနှင့် ငါးမန်းအသည်းများမှာ ဈေးကောင်းလျက်ရှိပြီး ယခုအခါ ငါးမန်း သားပေါက်လေး များကိုပါ စစ်တွေ၊ မြိတ်၊ ထားဝယ်နှင့် ဟိုင်းကြီးကျွန်းရှိ ငါး ဈေးကွက်များတွင် ရောင်းချနေကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
မြန်မာနိုင်ငံတွင် ငါးမန်းမျိုးစိတ်ပေါင်း ၅၂ မျိုးနေထိုင် ကျက်စားလျက်ရှိရာမှ ပင်လယ် ရေငုပ်သမားများ၏ တရားမ၀င် ရောင်းဝယ် မှုများကြောင့် ယခုအခါ ငါးမန်းမျိုးစိတ်ပေါင်း ၁၆ မျိုးခန့်ကိုသာ တွေ့မြင်ရတော့ကြောင်း ၂၀၀၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော စာရင်းများအရ သိရှိရသည်။
ငါးမန်းအပြင် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေသတ္တ၀ါတမျိုးမှာ ပင်လယ်လိပ် ဖြစ်ကြောင်း သိရသည်။
“လိပ်ဥ၊ လိပ်သားကို လူတွေက ချက်စားလာတဲ့အပြင် လိပ်ခွံတွေကိုလည်း လူ့အသုံး အဆောင်ပစ္စည်းလုပ်ပြီး ရောင်းချလာကြတယ်။ အဲဒီဈေးကွက်က ပြည်တွင်းမှာတင် တော်တော်ကြီးနေတော့ လိပ်မျိုးထိန်းသိမ်းရေးဆိုင်ရာ ပြဿနာဖြစ်လာတာပဲ” ဟု ငါးလုပ်ငန်းဦးစီးဋ္ဌာန၊ ပင်လယ်လိပ် သားပေါက်ထိန်းသိမ်းရေး စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
လိပ်ဥ၊ လိပ်သားချက်များကို ပင်လယ်ကမ်းရိုးတန်း မြို့များတွင်သာမက ရန်ကုန် စားသောက်ဆိုင် များတွင်ပါ တွေ့မြင်လာ ရပြီး လိပ်များကို အကောင်လိုက် ဖမ်းဆီးကာ တရုတ်နိုင်ငံ အပါအ၀င် တခြားသော အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဂိတ် များမှ တဆင့် တရားမ၀င် တင်ပို့မှုများ ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ ပြင်သာလိပ်၊ လိပ်ကြက် တူရွေး၊ လိပ်ခွေးနှင့် လိပ်လောင်း ဟူ၍ ပင်လယ်လိပ် ၅ မျိုး ရှိခဲ့သော်လည်း ယခုအခါ လိပ်ဇောင်းလျား တမျိုးတည်းသာ တွေ့ ရတော့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန လိပ်ထိန်းသိမ်းရေးစခန်းများမှ စာရင်းများအရ သိရှိရသည်။
မျောက်လွှဲကျော်၊ ကြံ့၊ ဆင်၊ ရွှေသမင်၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ကျား၊ ကျားသစ်၊ ကြောင်သလင်း၊ ရေ၀က်၊ ၀ံပုလွေ၊ သင်းခွေချပ်၊ စိုင်၊ ဘဲခေါင်းပန်းရောင်၊ ၀ံပို၊ ရေငုံးအမျိုးမျိုး၊ ဇီးကွက်၊ ဒီးဒုတ်၊ မိကျောင်း၊ လိပ်၊ ဆတ်၊ မြင်းဝံ တို့မှာ မြန်မာနိုင်ငံတွင် ကာကွယ်ထိန်းသိမ်းထားသော တောရိုင်း တိရစ္ဆာန်များအဖြစ် ဥပဒေ ထုတ်ထားသော် လည်း ပြည်ပ နိုင်ငံများသို့ တရားမ၀င် ခိုးရောင်းနေကြသည်မှာ တနှစ်ထက် တနှစ်တိုးပွားလျက် ရှိနေကြောင်း သားငှက်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပြသည်။
မြန်မာနိုင်ငံမှ သားရဲတိရစ္ဆာန်များမှာ နယ်စပ်များမှ တဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် မှောင်ခို ရောင်းချခြင်း ခံနေရပြီး တချို့မှာမူ စားသုံးသူ တချို့၏ တရားမ၀င် ဈေးကွက်ဖြစ်လျှက်ရှိကာ မျိုးသုဉ်း ပျောက်ကွယ်ရန် ခြိမ်းခြောက် ခံနေရကြောင်း သိရှိရသည်။
“အဓိကကတော့ တရုတ်ပြည်ကို နယ်စပ်တွေကနေ အများဆုံးတင်ပို့နေလို့ပဲ။ တရုတ်ပြည်က တိုင်းရင်းဆေး ဖော်တဲ့နေရာ မှာ တိရစ္ဆာန်တွေရဲ့ အသွေး၊ အသားနဲ့ အရိုးတွေကို သုံးတယ်။ မြွေတို့ မျောက်တို့ သင်းခွေချပ်တို့ ဆိုရင် အရှင်လိုက်ကို ပို့နေကြတာ” ဟု သူက ဆက်ပြောပြသည်။

မြန်မာစစ်အစိုးရအပေါ် ကျောက်မျက်နှင့် ပတ်သက်၍ ထပ်မံပိတ်ဆို့ရန် ဘုရှ် ထုတ်ပြန်
ဧရာဝတီ | ဇူလိုင် ၃၀၊ ၂၀၀၈
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု သက်တမ်း ထပ်တိုး၍ အမေရိကန် ဈေးကွက်သို့ ကြားနိုင်ငံများမှ တဆင့် မြန်မာစစ်အစိုးရ၏ ကျောက်မျက်ရတနာ တင်သွင်းနေမှု များကိုပါ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ယမန် နေ့က စည်းမျဉ်းအသစ် ထုတ်ပြန်ကာ လက်မှတ် ရေးထိုးလိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသားဖော်ပြ ထားသည်။
တပြိုင်နက်တည်းတွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရပိုင် သို့မဟုတ် မြန်မာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းများနှင့် ပတ်သက်လျှက် ရှိသော ကျောက်မြက်ရတနာ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကို စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်သည်။
အိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် မြန်မာစစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက် ကြောင်း အတည်ပြုလက်မှတ် ရေးထိုးရင်း သမ္မတ ဘုရှ် က “မြန်မာစစ်အစိုးရကို သတင်းစကား ပါးချင်တာကတော့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ် တရားမျှတမှုကို ယုံကြည်တယ် ဆိုတာပါပဲ” ဟု ပြောကြား ခဲ့ကြောင်း သိရသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းအရေးကိစ္စတွင် မြန်မာစစ်အစိုးရက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ၂၀၀၃ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းပိတ်ဆို့မှုများကို သက်တမ်းထပ်တိုးလိုက်ခြင်း ဖြစ်သည်။
ဘုရှ်က စီးပွားရေး ပိတ်ဆို့မှုအသစ်အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြား အပါအဝင် တခြားသော ကျောက်မျက်ရတနာများကို ထိုင်းနိုင်ငံ၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ စသည့် ကြားနိုင်ငံများ မှတဆင့် အမေရိကန် ဈေးကွက်သို့ တင်ပို့ နေမှုကိုပါ ရပ်တန့်စေတော့မည်ဖြစ်သည်။
ကျောက်မျက်ရတနာမှာ မြန်မာစစ်အစိုးရအတွက် အဓိက ဝင်ငွေရရာ လမ်း ကြောင်း များထဲမှ တခုဖြစ်သည်။ အမေရိကန် နိုင်ငံသည် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ရုံသာမကဘဲ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစု များကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာပါ ပိတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ပိုင် လုပ်ငန်းများဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အဓိက ပစ်မှတ်ထား ပိတ်ဆို့လိုခြင်းဖြစ်သည်။ ၎င်း လုပ်ငန်းနှစ်ခုစလုံးမှာ ကျောက်မျက်ရတနာ ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှက်ရှိသည်။
ထို့အပြင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက မြန်မာ့ကျောက်မျက် ရတနာ တူးဖော်ရေးလုပ်ငန်းများကိုပါ တပါတည်း ပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကျောက်မျက်တူးဖော်ရေး လုပ်ငန်းများမှာ မြန်မာ့ သတ္ထုတွင်း ဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။
အမေရိကန်သမ္မတ ဘုရှ်သည် လာမည့် သြဂုတ်လထဲတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်၍ ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ့အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံ စကားပြောမည်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ လော်ရာဘုရှ်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရတနာပုံ တယ်လီပို့တွင် ရင်နှီးမြှုပ်နှံရန် ကုမ္ပဏီများအား ခွင့်ပြု
ဧရာဝတီ | ဇူလိုင် ၃၀၊ ၂၀၀၈
ပြည်တွင်း ပြည်ပရှိ သတင်းဆက်သွယ်ရေးနည်းပညာ (အိုင်တီ) ကုမ္ပဏီ ၁၂ ခုအား ရတနာပုံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ရတနာပုံ တယ်လီပို့၌ ရင်းနှီးမြှုပ်နှံရန် စစ်အစိုးရက ခွင့်ပြုလိုက်ကြောင်း သိရသည်။

ရတနာပုံ တယ်လီပို့တွင် ရင်းနှီးမြှုပ်နှံခွင့်ရ သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှာ မြန်မာတယ်လီပို့ အပါအ၀င် FISCA Enterprise ၊ MCC and Fourtune International ၊ Myanmar World Distribution ၊ Yadanabon Cyber Corporation ၊ ထူး၊ နိဗ္ဗာန်၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသားနှင့် မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီများ ဖြစ်ကြသည်။
ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် ကုမ္ပဏီများမှာ ရုရှားပိုင် CBOSS Corpo-ration ၊ Maxinet of Australia နှင့် Global Technology ကုမ္ပဏီများ ဖြစ်ကြသည်။ Global Technology ကုမ္ပဏီသည် ထိုင်းနှင့် အင်္ဂလန် နိုင်ငံများတွင် အခြေစိုက်သည်ဟု ယူဆရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ် ထူထောင်ခဲ့သည့် ရှင်း ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ၊ တရုတ်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်သည့် ZTE ကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ IP Tel Sdn Bhd ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် မရကြကြောင်း စစ်အစိုးရနှင့် နီးစပ်သူများမှတဆင့် သိရသည်။
အိုင်တီ ကုမ္ပဏီ ၁၂ ခုသည် အမေရိကန်ဒေါ်လာ ၂၂ သန်းကို ရင်နှီးမြှုပ်နှံကြရန် သဘောတူထားကြသည်ဟု မြန်မာတိုင်းစ် ဂျာနယ်တွင် ဖော်ပြထားသည်။
စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများနှင့် သတင်းအချက်အလက်များကိုထုတ်လွှင့်သည့် အင်တာနက် စာမျက်နှာများနှင့် အင်တာနက်အသုံးပြုသူများကို ရတနာပုံ တယ်လီပို့ အစီအစဉ်ဖြင့် တင်းကျပ်စွာ ပိတ်ပင်ရန် ရှိသည်ဟုလည်း ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။
မြေဧကတသောင်း အကျယ်အ၀န်းရှိသည့် ရတနာပုံ တယ်လီပို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိပြီး ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည်။ မြေနေရာအကျယ်အ၀န်း၏ ငါးပုံတပုံကို ကွန်ပျူတာ ဆော့ဝဲလ်နှင့် ဟတ်ဝဲလ် ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာတယ်လီပို့နှင့် ကြံ့ဖွံ့ပိုင် Information Technology Central Services တို့က ချုပ်ကိုင်ထားကြပြီး ၎င်းဌာနများသည် ရန်ကုန်တွင် အခြေစိုက်လျက် ရှိသည်။
မြန်မာနိုင်ငံသည် အင်တာနက်စည်းကမ်းများနှင့်ပတ်သက်၍ ထိန်းချုပ်မှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။

မြန်မာအစိုးရပိုင် လုပ်ငန်းများအား အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒဏ်ခတ်
U.S Treasury Department/ ၃၀ ဇူလိုင် ၂၀၀၈
ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်နေသည့် ကုမ္ပဏီများအပါအ၀င် မြန်မာ အစိုးရ (သို့) မြန်မာစစ်အရာရှိများ ထိန်းချုပ်သည့် (သို့) ပိုင်ဆိုင်သည့် ကုမ္ပဏီ (၁၀) ခုကို ငွေ ကြေးဆိုင်ရာ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ ဇူလိုင်လ (၂၉) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုငွေကြေးပိတ်ဆို့မှုသည် (ကွယ်လွန်သူ အထက်လွှတ်တော်ကိုယ်စားလှယ် ) တွမ်လန်တို့စ်၏ မြန်မာ့ကျောက်မျက် ပိတ်ပင်ရေး ၂၀၀၈ ဥပဒေကို သမ္မတ လက်မှတ်ထိုးချိန်နှင့် တိုက်ဆိုင်နေ သည်။
ထိုဥပဒေ ပြဌာန်းခြင်းသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို စီးပွား ရေးအရရော နိုင်ငံရေးအရပါ ထောက်ပံ့ပေးသူများ၊ ၎င်းတို့၏ အနီးစပ်ဆုံး မိသားစုဝင်များ၊ စစ် အစိုးရ၏ ဘဏ္ဍာငွေအတွက် အရေးပါသည့် အရင်းအမြစ်ဖြစ်သော မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းတို့ကို ပိတ်ဆို့ထားမှုများ ထပ်မံချဲ့ထွင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
“ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ တွေကို ပိုပြီးတင်းကျပ်တဲ့ ငွေကြေးပိတ်ဆို့မှု လုပ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ကလုန်းဒုက္ခသည် တွေကို ကာကွယ်ပေးဖို့၊ ကယ်ဆယ်ရေးအကူအညီတွေ ခွင့်ပြုဖို့ကို စစ်အစိုးရ ငြင်းဆန်လိုက် တာဟာ ပြည်သူတွေကို အကြင်နာမဲ့စွာ လစ်လျူရှုထားတာကို ပြလိုက်တဲ့ နောက်ထပ် ဥပမာ တခုပါပဲ”ဟု နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့၏ ဒါရိုက်တာ အဒမ် ဂျေ ဇူဘင်းက ပြော သည်။
ယမန်နေ့က ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှုသည် မြန်မာစစ်အစိုးရအတွက် အရေးကြီး သည့် ကဏ္ဍအမျိုးမျိုးတွင် လုပ်ပိုင်ခွင့်များ ကြီးကြီးမားမား ရှိနေသည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကြီး နှစ်ခုစလုံးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုစစ်အစိုးရပိုင် ကုမ္ပဏီနှစ်ခုသည် ကျောက်မျက်ရတနာလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း မျိုးစုံတွင် အကျိုးစီးပွား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများ ဖြစ်သည်။
ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှု၏ ရလာဒ်အဖြစ် မြန်မာ့စီးပွားရေးဦးပိုင်၏ လက်ခွဲကုမ္ပဏီ လေးခုဖြစ်သည့် မြန်မာ ပတ္တမြားအင်တာပရိုက်စ်၊ မြန်မာအင်ပါရီယယ် ကျောက်စိမ်းကုမ္ပဏီ လိမိ တက်၊ မြ၀တီ ကုန်သွယ်ရေး လိမိတက်နှင့် မြ၀တီဘဏ် လိမိတက်တို့ကိုလည်း နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံသားများ။ အမေရိကန် အဖွဲ့အစည်း များနှင့် စီးပွားရေးမလုပ်ရန် နာမည်ပျက်ပုဂ္ဂိုလ်အဖွဲ့စာရင်းတွင် ထည့်သွင်းထားသည်။
ယခုငွေကြေး ပိတ်ဆို့မှုထဲတွင် စစ်အစိုးရပိုင် မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်ခံ အမှတ် (၁) သတ္ထု တူးဖော်ရေးလုပ်ငန်း၊ အမှတ် (၂) သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် အမှတ် (၃) သတ္ထုတူး ဖော်ရေးလုပ်ငန်းတို့ကိုလည်း ပစ်မှတ်ထားသည်။ သမ၀ါယမ၀န်ကြီးဌာန လက်အောက်ခံ သမ၀ါ ယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလည်း ပါဝင်သည်။

မြန်မာစစ်အစိုးရဖြစ်စေ စစ်အစိုးရ၏ အရာရှိတဦးဖြစ်စေ၊ အရာရှိများဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်ထားသော၊ ထိန်းချုပ်ထားသော ပိုင်ဆိုင် မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးအား ပိတ်ဆို့ ခွင့်ပြုလိုက်သည့် သမ္မတအမိန့် (၁၃၄၆၄) အရ အရေးယူလိုက်ခြင်းဖြစ်သည်။ (၂၀၀၈) ခုနှစ် ဧပြီလ (၃၀) ရက်နေ့ကလည်း မြန်မာအစိုးရပိုင် လုပ်ငန်းသုံးခုဖြစ်သည့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ ပုလဲလုပ်ငန်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို သမ္မတအမိန့် နောက်ဆက်တွဲ (၁၃၄၆၄) အရ သမ္မတဘုရှ်က ပိတ်ဆို့ ခဲ့သည်။
အဆိုပါ ငွေကြေးပိတ်ဆို့မှု ဥပဒေသစ်အရ အမေရိကန် တရားစီရင်ရေးက သတ်မှတ်ထားသည့် အမေရိကန် နိုင်ငံသားများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် စီးပွားရေး မလုပ်ရန် နာမည်ပျက် ပုဂ္ဂိုလ်အဖွဲ့စာရင်းဝင် ပုဂ္ဂိုလ်အားလုံး၏ ပိုင်ဆိုင်မှုအလုံးစုံကို ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုသူများနှင့် မည်သည့်အမေရိကန်နိုင်ငံသား၊ မည်သည့် အမေရိကန်လုပ်ငန်း အေဂျင်စီများမဆို ဘဏ္ဍာရေး အရဖြစ်စေ ကူးသန်းရောင်းဝယ်မှုအရဖြစ်စေ တားမြစ်သည်။
မြန်မာစစ်အစိုးရအား အဓိက ထောက်ပံ့နေသော မြန်မာပြည်သူလူထုကို စနစ်တကျ ဖိနှပ်နေသည့် စစ်အစိုးရကို အထူးထောက်ပံ့ပေးနေသော ပိတ်ဆို့ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းအား သိရှိစေမည်ဖြစ်သည်။ ။

မြန်မာကုန်စည် အမေရိကန်တင်သွင်းခွင့် ပိတ်သည့်ဥပဒေကို သမ္မတက သက်တမ်းတိုး
Agencies/ ၃၀ ဇူလိုင် ၂၀၀၈
အမေရိကန်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေကို သမ္မတဂျော့ခ်ျ ဒဗလျူ ဘုရှ်က သက်တမ်းတိုးလိုက် ပြီး မြန်မာ့ကျောက်မျက်ရတနာများအား တတိယနိုင်ငံများမှတဆင့် တင်သွင်းမှုကို ပိတ်ပင်သည့် ဥပဒေအသစ်ကိုလည်း လက် မှတ်ရေးထိုး အတည်ပြုလိုက်သည်။
သမ္မတဘုရှ်က “အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အပြည့်အ၀ ယုံကြည်တယ် ဆိုတာကို မြန်မာစစ်အစိုးရကို ကျနော်တို့ အသိပေးချင်ပါတယ်” ဟု ယမန်နေ့က ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။
ထို့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လက်အောက်အရာရှိကြီးများ ပိုင်ဆိုင်(သို့) ထိန်းချုပ်ထားသော ကျောက်မျက်ကုမ္ပဏီများ အပါ အ၀င် ကုမ္ပဏီ (၁၀) ခုကို ဘဏ္ဍာရေးအရ ပိတ်ပင်ဆို့မှု ပြုလုပ်ခဲ့သည်။
၂၀၀၃ ခုတွင် သမ္မတဘုရှ် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေ The Burmese Freedom and Democracy Act အား ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး ကွယ်လွန်သူ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဟောင်း မစ္စတာ တွမ်လန်းတော့စ်က Block Burmese JADE Act ခေါ် အဆိုပါ မြန်မာ့ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ရေး ဥပဒေမူကြမ်းကို ၂၀၀၇ ခု၌ ဦးဆောင်ရေးဆွဲ အဆိုပြုခဲ့ခြင်းဖြစ်သည်။
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် လူ့အခွင့်အရေးချိုးဖောက်နေပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်နေသော မြန်မာစစ်အစိုးရကို နိုင်ငံခြားငွေ အဓိကရှာပေးနေသည့် လမ်း ကြောင်းတခုဖြစ်သဖြင့် ယခု ဥပဒေအသစ်ကြောင့် စစ်အစိုးရအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ နစ်နာစေမည်ဖြစ်သည်။
ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည် မဟုတ်သကဲ့သို့ တတိယနိုင်ငံများမှတဆင့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့ အစည်းများအား အသုံးပြုနေမှုကိုလည်း ယခု ဥပဒေသစ်အရ ကာကွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။
အမေရိကန်မှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု ဥပဒေများသည် မြန်မာစစ်အစိုးရ၏ ဘဏ္ဍာငွေ အရင်းအမြစ်များကိုသာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး သာမန်ပြည်သူများအတွက် နစ်နာမှုမရှိကြောင်း သမ္မတအိမ်တော် ပြောခွင့်ရ အမျိုးသမီး ဒါနာပရီနိုက ထပ်မံပြောဆိုသည်။
ပြောခွင့်ရအမျိုးသမီး ဒါနာပရီနိုက “စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်က သီးသန့် လုပ်ဆောင် နေတဲ့အပြင် အခြားနိုင်ငံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်နေကြတဲ့အတွက် ဒီပိတ်ဆို့ အရေးယူမှုဟာ ထိရောက်မှုရှိပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ သူတွေကိုသာ ဦးတည်တာပါ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေအတွက် မထိခိုက်နိုင်ပါဘူး” ဟု ပြောသည်။ ။

မြန်မာနိုင်ငံ၌ လူ (၁) ထောင်လျှင် (၇) ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ
ပီတာအောင်/ ၃၀ ဇူလိုင် ၂၀၀၈

ဒေါက်တာစန်ဂန် (၀ဲ) အား ဘန်ကောက်မြို့ (FCCT) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ကိုယ်ခံအားကျဆင်းစေသည့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံနေသူ အရေအတွက် သိသိသာသာ လျော့နည်းကျဆင်းသွားသော်လည်း လူ (၁) ထောင်လျှင် (၇) ဦး ကူးစက်ခံနေ ရဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ယူအန်အေ့ဒ်စ် (UNAIDS) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် အရွယ်ရောက်သူနှင့် ကလေးဦးရေသည် ၂၀၀၁ ခုတွင် (၃၀၀,၀၀၀) ခန့် ရှိရာမှ ၂၀၀၇ခု၌ (၂၄၀, ၀၀၀) ခန့်သာ ရှိတော့သည်ဟု ယမန် နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ထိုသို့ကျဆင်းသွားရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များ၌ ကူးစက်မှု ကျဆင်းသွား၍ ဖြစ်သည်ဟု ယူအန်အေ့ဒ်စ်အဖွဲ့ ဒေသတွင်းအစီစဉ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာစန်ဂန်က ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း၌ ယနေ့နံနက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ဆေးခန်းတွေက ရရှိတဲ့ စာရင်းတွေအရ များသောအားဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ အဲဒီအုပ်စု အကြားမှာ (၂.၅) ရာခိုင်နှုန်းလောက်ကနေ (၁) ရာခိုင်နှုန်း ကျော်ကျော်လောက်ထိ ကျဆင်းသွား တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအပါအ၀င် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာတော့ အိတ်ခ်ျအိုင်ဗွီ ကူးစက် နှုန်း အမြင့်မားဆုံး ဖြစ်နေတုန်းပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လူ (၁) ထောင်လျှင် (၇) ဦး အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ အသက် (၁၅) နှစ်မှ (၂၄) နှစ်အကြား လူငယ်အမျိုးသမီး (၁) ထောင်လျှင် (၆) ဦးနှင့် လူငယ်အမျိုးသား (၁) ထောင်လျှင် (၇) ဦးနှုန်း ဖြစ်ပွားနေပြီး ၂၀၀၇ ခုနှစ် စာရင်းအရ အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးသူ (၂၄,၀၀၀) ဦး ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
အာရှ ဒေသတခုလုံး၌ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း (၅) သန်းရှိပြီး တကမ္ဘာလုံး၌ (၃၃) သန်းရှိကြောင်းနှင့် နိုင်ငံအများအပြားတွင် လူငယ်လူရွယ်များအကြား ကွန်ဒုံးသုံးဆွဲမှု ပိုမိုများပြား လာကြောင်း ယူအန်အေ့ဒ်စ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

လယ်သမားများ ဓာတ်မြေသြဇာ အခက်အခဲဖြစ်
NEJ/ ၃၀ ဇူလိုင် ၂၀၀၈
ယခုနှစ် စပါးစိုက်ပျိုးရာသီ၌ လယ်သမားအများစု စိုက်ခင်းထဲသို့ ထည့်မည့် ဓာတ်မြေသြဇာ ၀ယ်ယူ ရန် ငွေကြေးမတတ်နိုင်၍ နီးစပ်ရာ အန်ဂျီအိုများနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့များထံ အကူအညီတောင်းထားကြကြောင်း လယ်သမားများက ပြောသည်။
လပွတ္တာမြို့နယ် ထုံးဘူးကျကျေးရွာအုပ်စု ဘီတွတ်ကျေးရွာမှ လယ်သမားတဦးက “အစိုးရက ရောင်းချပေးတဲ့ ပုလဲဓာတ်မြေသြဇာက အိတ်အရေအတွက် အနည်းငယ်သာ ရှိပြီး လယ်သမား တိုင်းမရလို့ အခက်တွေ့နေတယ်” ဟု ပြောသည်။
=ယခင်နှစ်များထက် ယခုနှစ်တွင် ဓာတ်မြေသြဇာ ပိုမိုလိုအပ်ကြောင်း၊ လိုအပ်ရသည့် အကြောင်းမှာ မျိုးစပါးအခက်အခဲကြောင့် အချိန်နောက်ကျမှ စပါးစိုက်နိုင်ပြီး တမန်းညက်အောင် မထွန်နိုင်သည့် အတွက်ဖြစ်ကြောင်း အဆိုပါ လယ်သမားက ရှင်းပြသည်။

က “ အချိန်နောက်ကျတော့ လယ်ထဲမှာ တမန်းညက်အောင် မထွန်နိုင်ဘူး။ မြက်တွေ မပုတ်ဘူး ဖြစ်နေတယ်။ ဒီတော့ စိုက်ပြီးနောက် ဓာတ်မြေသြဇာ ထည့်ဖို့ လိုလာတယ်။ ကျနော့်လယ်ဆိုရင် တဧက (၃) အိတ်လောက် ထည့်ရလိမ့်မယ်။ ဒါပေမယ့် ငွေက မရှိဘူး။ ဒီတော့ လပွတ္တာမြို့ပေါ် တက်ပြီး အန်ဂျီအို အဖွဲ့တွေကို တနည်းနည်းနဲ့ အကူအညီပေးပါလို့ မေတ္တာရပ်ခံထားတယ်။ ကူညီ တာမျိုးဖြစ်ဖြစ်၊ စပါးပေါ်ချိန် စပါး ပြန်ပေးရတာမျိုးဖြစ်ဖြစ်” ဟု ပြောသည်။
အဆိုပါ လယ်သမားကဲ့သို့ အခြားရွာများမှ လယ်သမားများလည်း လာရောက်အကူအညီ တောင်းခံ ထားခြင်းမျိုး ရှိကြောင်း လပွတ္တာာမြို့ပေါ်၌ ရုံးစိုက်ထားသည့် အန်ဂျီအိုတခုမှ တာဝန်ခံတဦးက ပြောသည်။
ယခုလက်ရှိ လေဘေးကယ်ဆယ်ရေးအတွက် နယ်စပ်သွင်း ကုန်ပစ္စည်းအချို့ကို အကောက်ခွန် လွတ်ငြိမ်းခွင့် ပြုခဲ့ရာတွင် ဓာတ်မြေသြဇာ မပါဝင်သည့်အတွက် ဈေးနှုန်း ကြီးမြင့်နေကြောင်း သိရသည်။
ဇူလိုင် (၂၈) ရက် ပေါက်ဈေး ရွှေတောင် အပင်အားတိုးဆေး ပုလဲဓာတ်မြေသြဇာ တအိတ် (၃၁,၃၀၀) ကျပ်၊ ဓူဝံတံဆိပ်က (၃၁,၅၀၀) ကျပ်၊ သံကွင်းတံဆိပ်က ကျပ် (၄၀,၀၀၀) အထိ ဈေးပေါက်နေပြီး ပြီးခဲ့သည့်နှစ် တအိတ် ကျပ် (၂၅,၀၀၀) ကျော်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာ ကြောင်း၊ အသီးအားတိုးဆေး တီစူပါ (၁၆) ရာခိုင်နှုန်းမှာ တအိတ် (၁၃,၈၀၀) ကျပ်၊ (၁၂) ရာခိုင် နှုန်းက (၁၂,၅၀၀) ကျပ် ဈေးနှုန်းရှိပြီး ကွန်ပေါင်းဓာတ်မြေသြဇာများကိုမူ အချိုးအစားလိုက်ပြီး ကျပ် (၅၀,၀၀၀) မှ (၂၂,၀၀၀) အထိ ဈေးပေါက်နေသည်။
ဓာတ်မြေသြဇာ အခက်အခဲ မပေါ်ခင်ကတည်းက လယ်ထွန်စက် အခက်အခဲ၊ လောင်စာဆီ အခက် အခဲ၊ မျိုးစပါးအခက်အခဲနှင့် ရရှိသည့် မျိုးစပါးများ အပင်မပေါက်သည့် ပြဿနာများ ကြုံခဲ့ရသည့် အတွက် လယ်သမားအများအပြားသည် လယ်မြေအများစုကို စိုက်ပျိုးနိုင်ခြင်း မရှိကြဘဲ စိုက်ပျိုး နိုင်သည့် လယ်သမားများသည်လည်း ဓာတ်မြေသြဇာပြဿနာ ထပ်ဆင့်ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံအတွင်း ဓာတ်မြေသြဇာ တင်သွင်းရာ၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသား အောင်သက်မန်း ပိုင် ဧရာရွှေဝါ ကုမ္ပဏီသည် အကြီးဆုံးဖြစ်ပြီး ဧရာဝတီတိုင်းရှိ ဓာတ်မြေသြဇာ ဈေးကွက်ဝေစုကို လည်း အကြီးမားဆုံး ရရှိထားသူဖြစ်ကြောင်း ဆန်စပါး လုပ်ငန်းရှင်များက ပြောသည်။

ပထမဆုံး နာဂစ်ရန်ပုံငွေ ဟစ်ဟော့ရှိုးပွဲ
NEJ/ ၃၀ ဇူလိုင် ၂၀၀၈

နာဂစ်ရန်ပုံငွေ ရှာမည့် နာမည်ကြီး ဟစ်ဟော့အဆိုတော် အချို့
နာဂစ်အတွက် ရန်ပုံငွေရရှိစေရန် မြန်မာ့ပထမဆုံး ဟစ်ဟော့ အဆိုတော်များ တစုတပေါင်းတည်း ပါဝင်ကြမည့် ဟစ်ဟော့ပွဲကို သြဂုတ် (၃) ရက် သုဝဏ္ဏ အမျိုးသားအားကစားရုံ၌ ကျင်းပပြု လုပ်မည်။
ဟစ်ဟော့တေးဂီတဖြစ်သော်လည်း နာဂစ်နှင့် ပတ်သက်၍ ရန်ပုံငွေ ရှာသည့်ပွဲဖြစ်သဖြင့် သီဆို ဟန်များ၊ ကခုန်မှုပုံစံများ၊ စင်ပေါ်က ပရိသတ်ကို နှုတ်ဆက်ဟန်ကစ၍ နွေးထွေးမှု ကရုဏာအပြည့် ပုံစံဖြင့် သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ဟစ်ဟော့ အဆိုတော်များက အခကြေးငွေမယူဘဲ တဦးလျှင်၊ အဖွဲ့တဖွဲ့လျှင် သီချင်း (၂) ပုဒ် သီဆိုပေးကြမည်ဖြစ်သည်။
ပါဝင်သီဆိုကြမည့်သူများမှာ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ စောညီညီ (too big)၊ အနဂ္ဂ၊ ဘာဘူ၊ သားစိုး၊ J-me၊ ကြက်ဖ၊ထွန်းထွန်း(Example)၊ မိုးမိုး၊ လင်းလင်း၊ ကျော်သူစိုး၊ ချမ်းအေးဝင်း၊ ဘိုလေး (ယုန်လေး)၊ လင်းပင်ဟိန်း၊ ဂျောက်ဂျက်၊ Wai လျှံ၊ အာဘွိုင်း၊ ၀ိုင်းစုခိုင် သိန်း၊ နန်းဆုရတီစိုး၊ ပြည့်ဖူးခိုင်၊ စန္ဒီမြင့်လွင့်၊ သီရိဆွေ၊ သဇင်၊ No (ရီမွန်+ရတနာ)၊ Cartoon၊ Blueberry၊ Cyclone၊ Double Beatz၊ Project #1 စသည်တို့ဖြစ်ကြောင်း သိရသည်။
ဝင်ကြေးများကို (၈,၀၀၀) နှင့် (၅,၀၀၀) သတ်မှတ်ရောင်းချမည်ဖြစ်ပြီး လေဘေးသင့် ပြည်သူများ အတွက် ရည်ရွယ်၍ စိတ်ဖြေသိမ့်မည့် သီချင်းများကို သီဆိုပေးသွားမည်ဖြစ်ကြောင်း ဟစ်ဟော့ အဆိုတော် အနဂ္ဂက ပြောသည်။
ဟစ်ဟော့တေးဂီတ အဆိုရှင်များ အနေဖြင့် နာဂစ်နှင့် ပတ်သက်၍ ၎င်းတို့ ရေးစပ်ထားကြသည့် သီချင်းများကို လွတ်လပ်စွာ သီဆိုကြမည်ဖြစ်ကြောင်း၊ ဟစ်ဟော့ လူငယ် (၂၀) တို့က အထူး ရေးဖွဲ့ထားသော သီချင်းတပုဒ်ကိုလည်း စီစဉ်တင်ဆက်သွားမည်ဖြစ်ပြီး ရေးသူမှ မိမိရေးသော သီချင်းပိုဒ်ကို ကိုယ်တိုင်သီဆိုသွားမည် ဖြစ်သည်ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။
မြန်မာ့ဟစ်ဟော့ အဆိုတော်များကို အစိုးရက စောင့်ကြည့်လေ့ရှိပြီး အက်ဆစ်ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်ကို ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုကြောင့် နာဂစ်ရန်ပုံငွေ ဟစ်ဟော့ပွဲတွင်လည်း အစိုးရကစောင့်ကြည့်နိုင်သည်ဟု ဟစ်ဟော့အသိုင်းအ၀န်းက ဝေဖန် ပြောဆိုနေကြသည်။ ။

အာဏာပိုင်များနှင့်နီးစပ်သူများက ဖမ်းဆီးတရုတ်ကုန်ပစ္စည်းများကို ထုတ်ယူ
NEJ/ ၃၀ ဇူလိုင် ၂၀၀၈
ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထားသည့် ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေကြကြောင်း နယ်စပ်ကုန်သည် အသိုင်းအ၀န်းက ပြောသည်။
၂၀၀၆ ခု ဧပြီအတွင်း (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ဖွင့်စဉ်ကာလအတွင်း ကုန်ကားများ ဆင်းခွင့် မရဘဲ တရုတ်ပြည်ဘက် ရက်အတော်ကြာ စုပြုံထားပြီးနောက် မြန်မာပြည်ဘက် ပြန်ဆင်းချိန်တွင် အပိုသယ်လာသည့် ဓာတ်ဆီ၊ ဒီဇယ်၊ အမျိုးအမည်၊ အရေအတွက် စာရင်းလိမ်ပြီး အခွန်မဆောင်ဘဲ သွင်းလာသည့် ကုန်စည်များကို ကား (၉၉) စီးနှင့်အတူ ၂၀၀၆ ခု မေ (၅) ရက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဓီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်တွင် ရမခ လက်အောက်ခံ တပ်များက စစ်ဆေး ဖမ်းဆီးခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ရေးဇုန်မှ နကသအရာရှိများ အပါအ၀င် ကုန်သည်များ၊ အေးဂျင့်များ၊ ကားသမားများကို ဖမ်းဆီးခဲ့သကဲ့သို့ အချို့ကုန်သည်များလည်း ထွက်ပြေးတိမ်း ရှောင်ခဲ့ကာ နယ်စပ်ကုန်သွယ်ရေး ကမောက်ကမများ လအတော်ကြာ ဖြစ်သွားခဲ့သည်။
ကုန်ပစ္စည်းပိုင်ရှင်များမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး အချို့လည်း မိမိပစ္စည်းပါဟု ၀န်ခံထွက်ဆို ခြင်းမရှိသည့်အတွက် ပိုင်ရှင်မဲ့အဖြစ် သိမ်းယူထားသည့် ပစ္စည်းများမှ အချို့ကို လေလံတင် ရောင်း ချပြီး အချို့ကို ရမခက ထုတ်ယူသွားခဲ့ကာ ယခုနောက်ဆုံး လက်ကျန်ပစ္စည်းများကို ရမခနှင့် နီးစပ်သည့် ကုန်သည်များက ထုတ်ယူနေသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။
၎င်းက “ကျန်နေတာက ကုန်မာပစ္စည်းတွေလိုမျိုးပဲ။ လူသုံးကုန်တွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေလိုမျိုးပေါ့။ ကားတစီးစာ အဲဒီတုန်းက ဈေးနဲ့ကို သိန်း (၅၀၀) အထက် မှာ ရှိတယ်။ အခုဆို ဈေးတွေတက်တော့ သိန်း (၁,၅၀၀) လောက် ရှိနေပြီ။ အဲဒါကို ပိုင်ရာဆိုင်ရာက တဆင့် ရမခကို ဘာရန်ပုံငွေ၊ ညာရန်ပုံငွေဆိုပြီး သိန်း (၂၅၊ ၃၀) ထည့်လိုက်ရင် ကားတစီးတိုက်စာ ထုတ်လို့ရပြီ။ နောက်တခုက ကျမ်းကျိန်တာပေါ့။ ကိုယ့်ရဲ့ ပစ္စည်းတွေပါဆိုပြီး တရားရုံးမှာ ကျမ်း ကျိန်ပြီး ဒဏ်ကြေးဆောင်တာရယ်၊ ပေးကမ်းရတာတွေရယ် သိန်း (၇၀၊ ၈၀) လောက်ရင်းပြီး ပစ္စည်းတွေ ပြန်ထုတ်ပဲ။ ဘယ်ကားနဲ့ ဘာပစ္စည်းတွေ ပါတယ်ဆိုတဲ့အကြောင်း သူ့ဇစ်မြစ်တော့ သိဖို့ လိုတာပေါ့။ ဒါလည်း စာရေးတွေ၊ ဘာတွေကနေ လိုက်လို့ရတာပဲ” ဟု ပြောသည်။
ဖမ်းဆီးခဲ့သည့် ကား (၉၉) စီးနှင့် ဓာတ်ဆီ၊ ဒီဇယ်များကို ၂၀၀၆ ခုနှစ်အတွင်းမှာပင် ရမခနှင့် နီးစပ် သူများကိုသာ လက်သိပ်ထိုး ရောင်းချလိုက်ပြီး ၂၀၀၇ ခု နိုဝင်ဘာတွင် ဖယောင်းများကို လေလံတင် ရောင်းချခဲ့ကြောင်း၊ ဓာတ်မြေသြဇာများကိုမူ ရမခ၌ တပ်စိုက်ခင်းများ၊ လယ်မြေများတွင် အသုံးပြု ခဲ့ကြောင်း အဆိုပါ ကုန်သည်က ပြောသည်။
ပစ္စည်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ ပစ္စည်းများကို ပြန်မထုတ်ရဲသဖြင့် အခြားကုန်သည်များက အာဏာပိုင်များနှင့် ပေါင်းပြီး ကလိမ်ကကျစ်ကျကာ ထုတ်ယူနေမှုကို သိသိကြီးနှင့် ငြိမ်နေရခြင်း ဖြစ်သည်ဟု ပစ္စည်းပိုင်ရှင် ကုန်သည်တဦးက ပြောသည်။
၎င်းက “အဲဒီမှာ လယ်ယာသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး ကျန်သေးတယ်။ အဲဒီပစ္စည်းတွေကို နာဂစ်ဒုက္ခသည် ကယ်ဆယ်ထောက်ပံ့ရေးတွေမှာ သုံးလိုက်စမ်းပါ။ ကျနော်တို့ ကျေကျေနပ်နပ် လက်ခံတယ်။ အခုတော့ အဖမ်းခံရမှာကြောက်လို့ သွားပြီး မျက်နှာမပြရဲတာကို အခွင့်ကောင်းယူ လုပ်နေတာ” ဟု ပြောသည်။
ကုန်သွယ်မှုစည်းကမ်းများနှင့် မကိုက်ညီသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားသည့် အဆိုပါ ကား (၉၉) စီးတိုက် ကုန်ပစ္စည်းများမှ လက်ကျန်ပစ္စည်းများကို အာဏာပိုင်များနှင့် နီးစပ်သည့် ကုန်သည်များက ဇူလိုင်လဆန်းပိုင်းမှ စတင်၍ ထုတ်ယူနေကြခြင်းဖြစ်သည်ဟု ဒေသခံကုန်သည် များက ပြောသည်။ ။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် မြန်မာစစ်အစိုးရအား ငွေချေးသည့်အမှု စစ်တော့မည်
Agencies/ ၃၀ ဇူလိုင် ၂၀၀၈
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာက ၎င်းအာဏာရှိစဉ် မြန်မာစစ်အစိုးရကို ငွေထုတ် ချေးခဲ့မှု အရှုတ်အရှင်းနှင့်ပတ်သက်၍ ထိုင်းတရားရုံးချုပ်က ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ယနေ့သဘောတူလိုက်သည်။
“စုံစမ်းစစ်ဆေးသူတွေ တင်သွင်းခဲ့တဲ့ စွပ်စွဲမှုတွေဟာ ကြားနာစစ်ဆေးဖို့ ခိုင်လုံလို့ တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာပါ” ဟု တရားသူကြီး ပန်ယာ ဆူထိဘိုဒီက တရားရုံး၌ပြောသည်။ အမှုကို ယခုနှစ် စက်တင်ဘာ ဒုတိယပတ်တွင် စတင်ကြားနာမည်ဟုလည်း သတ်မှတ်ကြသည်။
ထိုင်းသွင်းကုန်-ထုတ်ကုန်ဘဏ်မှ မြန်မာစစ်အစိုးရသို့ ထုတ်ချေးခဲ့သည့် ငွေများသည် မစ္စတာ တပ်ဆင်၏ Shin Satellite ဂြိုလ်တုကုမ္ပဏီမှ ၀န်ဆောင်မှုများ ၀ယ်ယူနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ၂၀၀၆ ခု အာဏာသိမ်းစစ်တပ်က ထောက်ခံသော စုံစမ်းစစ်ဆေးသူများက စွပ်စွဲ ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့် Shin Satellite ကုမ္ပဏီမှ ၀န်ဆောင်မှုများ ပိုမိုဝယ်ယူနိုင်ရန် ထိုင်းသွင်း ကုန်-ထုတ်ကုန်ဘဏ်မှ မြန်မာသို့ ထုတ်ချေးမည့် အမေရိကန်ဒေါ်လာ (၈၉) သန်းကျော်နှင့် ညီမျှ သော ထိုင်းဘတ်ငွေ သန်း (၃,၀၀၀) အစား သန်း (၄,၀၀၀) ထုတ်ပေးရန် မစ္စတာတပ်ဆင်က ညွှန်ကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက စွပ်စွဲသည်။
Shin Satellite ကုမ္ပဏီသည် မစ္စတာတပ်ဆင် တည်ထောင်ခဲ့သော ရှင်းကော်ပိုရေးရှင်း တယ်လီ ကွန်အုပ်စု၏ အစိတ်အပိုင်းတခုဖြစ်ပြီး ၂၀၀၆ ခုနှစ်ဆန်းပိုင်းတွင် စင်္ကာပူအစိုးရနှင့် ဆက်စပ်နေ သော Temasek Holdings သို့ အခွန်လွတ် သဘောတူညီမှုဖြင့် ရောင်းချခဲ့သည်။ ယင်းကိစ္စကြောင့် ပြည်သူများ ဆန့်ကျင်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး စစ်တပ်အာဏာသိမ်းမှုဆီသို့ ဦးတည် သွားခဲ့ သည်။
အဆိုပါအမှုသည် မစ္စတာတပ်ဆင် ရင်ဆိုင်နေရသော ၎င်း၏ဇနီးအား နိုင်ငံပိုင် မြေကွက်တခုကို ပေါက်ဈေး၏ သုံးပုံတပုံခန့်ဖြင့် ၀ယ်ယူခွင့်ရရှိရေး၌ အာဏာအလွဲသုံးမှု အပါအ၀င် အဂတိမှုများ အနက် တခုဖြစ်သည်။
မြန်မာစစ်အစိုးရသို့ ကိုယ်ကျိုးအတွက် ရည်ရွယ်၍ ငွေထုတ်ချေးမှုအား ကြားနာရန် ယနေ့ သဘော တူခဲ့သော တရားရုံးသို့ မစ္စတာတပ်ဆင်နှင့် ၎င်း၏ရှေ့နေများ တက်ရောက်ခြင်း မရှိပေ။ ။

မြန်မာစစ်အစိုးရကို ငွေချေးသည့်ကိစ္စ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို တရားစွဲမည်

30 July 2008
ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်အပေါ် အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်အသစ်တင်ထားတာကို ကြားနာဖို့ ထိုင်းတရား ရုံးချုပ်က သဘောတူလိုက်ပါတယ်။ထိုင်းထုတ်ကုန်သွင်းကုန်ဘဏ်ကနေ မြန်မာအစိုးရကို အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးဖို့ အတည်ပြုခဲ့တာဟာ သူ့ကိုယ်ကျိုး စီးပွားအတွက်လုပ်ခဲ့တာလို့ အစိုးရစုံစမ်းစစ်ဆေးရေးကော်မတီတခုက စွပ်စွဲထားတာပါ။ ဒေါ်လာ သန်း ၁၂၀ ချေးငွေနဲ့ အဲဒီအချိန် က မစ္စတာတက်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တုကုမ္ပဏီကနေ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံက၀ယ်ယူဖို့ ရည်ရွယ်ခဲ့ပါတယ်။
အမှုအတွက် ပထမဆုံးကြားနာပွဲကို စက်တင်ဘာလလယ်မှာလုပ်ဖို့ သတ်မှတ်ထားပါတယ်။
သူဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းဖြစ်ခဲ့တယ်ဆိုတဲ့ အကျင့်ပျက်ခြစားမှုစွဲချက် အများအပြားကို မစ္စတာ တက်ဆင် ရင်ဆိုင်နေရရပါတယ်။ သူ့အစိုးရက နိုင်ငံတော်အောင်ဘာလေထီ စဖွင့်ခဲ့တဲ့အချိန်တုန်းက ထီနဲ့ဆိုင်တဲ့ဥပဒေကို ချိုးဖောက်မှု ရှိ-မရှိ မစ္စတာတက်ဆင်အပါအ၀င် ၀န်ကြီးဟောင်း ၄၇ ယောက်တို့ကို ကြားနာစစ်ဆေးဖို့ တနင်္လာနေ့ကပဲ တရားရုံး ချုပ်က သဘောတူခဲ့ပါသေးတယ်။
မစ္စတာတက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာထူးကဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းစစ်တပ်က ကော်မတီတရပ်ဖွဲ့စည်းပြီး အာဏာအလွဲသုံးစားလုပ်မှု၊ သူ့အစိုးရအဖွဲ့ရဲ့ မလျော်မကန်ပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဘောစနီးယားခေါင်းဆောင်ဟောင်း ရာဒိုဗန် ခရာဒစ်ရှ်ကို ICC မှာ ရုံးတင်တော့မည်
30 July 2008
ဘော်စနီးယား-ဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန် ခရာဒစ်ရှ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ အတွက် The Hague မြို့က ကုလသမဂ္ဂရဲ့ နိုင်ငံတကာရာဇ၀တ်တရားခုံရုံးကို ရောက်သွားပါပြီ။
ခရာဒစ်ရှ်ဟာ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မြို့ကနေ ဗုဒ္ဓဟူးနေ့မနက် လင်းအားကြီးအချိန်မှာ နယ်သာလန်ကို လေယာဉ်နဲ့ ရောက်သွားတာပါ။ ၁၂ နှစ်ကြာ ၀ရမ်းပြေးနေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖမ်းဆီးခဲ့ပြီး ဘဲလ်ဂရိတ်မှာ ထိန်းသိမ်းထားခဲ့ ပါတယ်။
ခရာဒစ်ရှ်ဟာ ကမ္ဘာမှာ အလိုအရှိဆုံး ၀ရမ်းပြေးတွေထဲက တဦးပါ။ ဘော်စနီးယားမြို့၊ ဆရီဘရန်နီကာမှာ မူစလင်အမျိုးသားနဲ့ ယောက်ျားလေး ၈၀၀၀ ကို ၁၉၉၅ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာမှာ သူပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇ၀တ် တရားခုံရုံးက သူ့အပေါ် စွဲဆိုထားတာပါ။

အမေရိကန် အရေးယူမှုစာရင်းမှာ စစ်အစိုးရနှင့်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတချို့ ထပ်မံထည့်သွင်း
30 July 2008
ဦးအောင်လွင်ဦး -
ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ လုပ်နေတဲ့ မြန်မာစစ်အစိုးရကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေကို နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ကြေငြာလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို နောက်ထပ်တိုးမြှင့် အရေးယူတာတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီတော့ အခုအရေးယူ ဆောင်ရွက်မှုတွေက မြန်မာစစ်အစိုးရနဲ့ မြန်မာ့စီးပွားရေးမှာ ဘယ်လိုများ သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဘောဂဗေဒ ပညာရှင် ဦးမော်သန်း ကို ဦးအောင်လွင်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာစစ်အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက တိုးမြှင့် လုပ်ဆောင်လာတဲ့ နေရာမှာ မနေ့ကဆိုရင်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမယ့် အမည်စာရင်းထဲမှာ နောက်ထပ် ထည့်သွင်းလိုက်တာပါ။ အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လက်အောက်ခံ ကျောက်မျက်၊ ဘဏ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိက ပစ်မှတ်ထား အရေးယူခဲ့တာပါ။ ဒီအထဲမှာ၊ Myanmar Ruby Enterprise, Myanmar Imperial Jade Company Ltd., Myawaddy Trading Ltd., နဲ့ Myawaddy Bank Ltd., စတဲ့ လုပ်ငန်း ၄ ခု တို့အပြင် သတ္တုတွင်းလုပ်ငန်း အမှတ် - ၁၊ ၂၊ ၃၊ နောက် သမ၀ါယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတို့ကိုလည်း အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေလုပ်နေတဲ့ အစိုးရအတွက် ၀င်ငွေရပေါက်ရလမ်းတွေကို ပိတ်ဆို့ဖို့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာပါ။ ဒီရည်ရွယ်ချက်ပစ်မှတ်တွေ ဘယ်လောက်အတိုင်းအတာ အထိ ထိရောက်မှု ရှိနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ရဲ့ အမြင်ကို ကျနော် မေးကြည့်ပါတယ်။
"အဲဒါက ရှင်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်နဲ့ ပတ်သက်လို့ အဓိက ၀င်ငွေက ကျောက်စိမ်းတို့၊ ကျောက်မျက်ရတနာတွေတို့ ပေါ့လေ။ အစိုးရက လုပ်နိုင်တဲ့ လုပ်ငန်းတွေပေါ့။ အစိုးရက သူပဲ reserved လုပ်ထားတယ်။ သူပဲ ကိုင်နိုင်ခွင့်ရှိတယ်။ ကျန်တဲ့ ကုမ္မဏီတွေ ကိုင်ခွင့်မရှိဘူး။ အဲဒါတွေ ကိုင်ရင်တော့ အစိုးရ ကော်ပရေးရှင်းတွေ ပိုပြီး ထိခိုက်မှာပေါ့။ တိုင်းပြည်အနေနဲ့လည်း နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ဒီလုပ်ငန်းတွေ ပေါ်မှာ အမှီပြုရတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုထိခိုက်တာပေါ့။"
ဒါပေမဲ့လည်း ဒီလို ပြည်ပနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ အကျိုးထက်အပြစ်သာဖြစ်စေတယ်ဆိုပြီး လက်မခံလိုသူတွေရှိကြသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလည်း တိုင်းပြည်နဲ့ လူထုကိုသာ ထိခိုက်နစ်နာစေတယ် ဆိုပြီး တုန့်ပြန်တာတွေလည်း ရှိပါတယ်။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ အခုလို သုံးသပ်ပါတယ်။
"တိုက်ရိုက်ထိခိုက်မှာကတော့ သက်ဆိုင်ရာ ကော်ပရေးရှင်းတွေ ပေါ့လေ။ နိုင်ငံပိုင် ကော်ပရေးရှင်းတွေဆိုတာက အစိုးရနဲ့ ဆိုင်တာပေါ့လေ။ သူတို့မှာတော့ တိုက်ရိုက်သွားပြီး ထိခိုက်မှာပေါ့။ သူတို့ပေါ်မှာ မှီနေတဲ့ ပြည်သူကတော့ အလုပ်အကိုင် ရရှိမှု အနေနဲ့ ထိခိုက်မယ်။ နောက်တခုက နိုင်ငံအတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်း၊ ၀င်ငွေ ရပေါက်ရလမ်းက ဒီကော်ပရေးရှင်းတွေပေါ်မှာမှီရတယ်ဆိုတော့ နိုင်ငံလည်းပဲ ထိခိုက်မှာပါပဲ။ ဒီကော်ပရေးရှင်းအနေနဲ့ အဓိကအားဖြင့် လှုပ်ရှားတဲ့နေရာမှာ၊ ပြည်ပနဲ့ ဆက်သွယ်တဲ့နေရာမှာ အဓိက တံခါးပေါက်လို ဖြစ်နေတာ။ အကျိုးခံစားခွင့် ကိစ္စရပ်တွေအတွက် ဒီကော်မတီကြီးက ဂိတ်ပေါက်လို ဖြစ်နေတာ။ ကျန်တဲ့ စီးပွားရေးကတော့၊ ပုဂ္ဂလိက ကဏ္ဍကတော့ ဒီလောက် ထိခိုက်မယ်မထင်ပါဘူး။"
နိုင်ငံတကာက မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတဲ့အထဲမှာ အပြင်းထန်ဆုံးလို့ ဆိုရမယ့် အမေရိကန် ပြည်ထောင်စုက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံထဲ တင်သွင်းတာတွေကို တိုးမြှင့်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတရပ်ကိုလည်း သမ္မတ ဂျော့ဂ်ျ ဘုရှ် က မနေ့ကပဲ လက်မှတ် ရေးထိုး အတည်ပြုလိုက်ပါတယ်။ အရင်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ မြန်မာ့ကျောက်မျက်တွေကို တတိယ နိုင်ငံတွေက တဆင့် အမေရိကန်နိုင်ငံထဲ တင်သွင်းတာတွေကို တားမြစ်ထားတာမျိုး မရှိပဲ ဖြစ်နေရာက အခုတော့ အဲဒီလိုပါ တင်သွင်းခွင့် မရှိတော့တဲ့ ဥပဒေသစ် တရပ်ကို ချမှတ်လိုက်တာပါ။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ ဒီဥပဒေသစ်နဲ့ ပတ်သက်လို့ အခုလို မြင်ပါတယ်။
"နိုင်ငံခြားကို ဒီကျောက်မျက်ရတနာတွေနဲ့ ပတ်သက်လို့ ထွက်ပေါက်က ပြည်ပနိုင်ငံတွေက အကုန်လုံး အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် တော်တော်ထိခိုက်မယ်ပေါ့။ ဒီလိုမှ မဟုတ်ဘူး၊ အမေရိကန် တနိုင်ငံထဲဆိုရင် တော့ ထိခိုက်မှုက သက်သာမှာပေါ့။ မြန်မာနိုင်ငံက အာစီယံ အဖွဲ့ဝင်တို့ ဖြစ်နေတော့ အဲဒီကလည်း ထွက်နိုင်တယ်။ သို့မဟုတ် တရုတ်နိုင်ငံတွေက ထွက်ပေါက်ရှိနေမယ်ဆိုရင်တော့ သိပ်ပြီးတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်အနေနဲ့ အမေရိကန် ဈေးကွက်က ကမ္ဘာ့ ဈေးကွက်မှာ တစိတ်တပိုင်းပဲ ရှိတာ။ ဥပမာ ဥရောပသမဂ္ဂလို၊ တရုတ် ပြည်ပကြီးတို့လို၊ ရေနံနိုင်ငံတွေလို၊ အိန္ဒိယနိုင်ငံတွေလို အဲဒီလို ဈေးကွက်တွေလည်း ရှိတာပေါ့။ အကုန်လုံးက အမေရိကန်နဲ့ ၀ိုင်းပြီးတော့ပါတယ်ဆိုရင်တော့ ပိုပြီးတော့ နာမှာပေါ့။"
စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကလည်း အမေရိကန် ပြည်ထောင်စုက အလားတူ ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ စစ်အစိုးရ အတွက် နိုင်ငံခြားဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်း တို့ကို အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းဒုက္ခသည်များကို ကျန်းမာရေး နယ်လှည့်ဆရာဝန်များအဖွဲ့ စောင့်ရှောက်
30 July 2008
Lisa Schlein’s Report in Burmese -
မြန်မာနိုင်ငံမှာ မေလဆန်းက တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခ
ရောက်ခဲ့သူ ထောင်ပေါင်းများစွာအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့
လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို နိုင်ငံတကာ နေရပ်ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ
အဖွဲ့ (အိုင်အိုအမ်) က ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့တယ်လို့
အိုင်အိုအမ်က ပြောပါတယ်။ အိုင်အိုအမ် ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ ဗွီအိုအေ
သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို
ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
လူသူအရောက်အပေါက်နည်းပြီး ခရီးသွားဖို့ ခက်ခဲလှတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
မုန်တိုင်းသင့်နေရာတွေက အသက်မသေ ကျန်ရစ်သူ ဒုက္ခသည်တွေဆီ ရောက်အောင်
သွားနိုင်ဖို့အတွက် အလွယ်တကူ ရွေ့ရှားနိုင်တဲ့ ဆေးကုသရေး အဖွဲ့ငယ်လေးတွေ
(Mobile Medical Teams) ကို အရင်ဖွဲ့စည်းရပါတယ်လို့ အိုင်အိုအမ် ပြောရေးဆိုခွင့်ရှိသူ
ယွန်း ဖိလစ် ရှောက်ဇေ (Jean -phillippe Chauzy) က ဗွီအိုအေကို ပြောပါတယ်။ အဲဒီ
ရွေ့ရှားဆေးကုသရေး အဖွဲ့ငယ်လေးတွေဟာ မြစ်ချောင်း ကျဉ်းကျဉ်းမြောင်းမြောင်းတွေ
ကြားမှာ ရေကြောင်းလမ်းကို အတော်လေး ရှာဖွေပြီး သွားခဲ့ကြရတယ်လို့ သူက ဆိုပါ
တယ်။ သူပြောပြတာကတော့ …
"ကျနော်တို့လုပ်တာက တကယ်တမ်းမှာ အတော်လေး စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
အင်ဂျင်အောက်ထိုင်ရော၊ အပေါ်ထိုင်ရော နှစ်မျိုးလုံးပါတဲ့ ဇိုးဒီယက်ဆိုတဲ့ ရာဘာလှေ
တွေ တစုတဝေးကြီးနဲ့ မြစ်တွေ ချောင်းတွေထဲ ဟိုရွာဝင် ဒီရွာထွက်နဲ့ အနှံ့သွားခဲ့ကြတဲ့
အတွက် စိတ်ဝင်စားစရာ ကောင်းခဲ့တာပါ။ ကျနော်တို့ရဲ့ ဆေးပစ္စည်းကိရိယာတွေကို
ရွာစဉ်ရွာတိုင်း သွားလေရာ ယူသွားခဲ့ကြတယ်။ ဒါက ကျယ်ပြန့်လှတဲ့ ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းကြီးထဲက အစိတ်အပိုင်းတခုပါ။ မုန်တိုင်းကြောင့် ကျေးရွာ
ဆေးပေးခန်းတွေ လုံးလုံးပျက်စီးသွားတဲ့ ရွာတွေမှာ ယာယီတဲတွေထိုးပြီး ဆေးခန်း
ဖွင့်ခဲ့ကြတာ တဲဆေးခန်း ၁၅ ခု ဖွင့်နိုင်ခဲ့ကြပါတယ်။"
အခုအချိန်အထိ မြစ်ဝကျွန်းပေါ်ဒေသ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့ ကျေးရွာ
ပေါင်း ၃၂၇ ရွာက လူနာပေါင်း ၂၅,၀၀၀ နီးပါးကို အိုင်အိုအမ်ရဲ့ ရွေ့ရှားဆေးကုသရေး
အဖွဲ့ငယ်လေးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးခဲ့နိုင်ပါပြီ။ နာဂစ်မုန်တိုင်း
ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆေးရုံဆေးခန်းအားလုံးရဲ့ ၇၅% ကို ချေမွ
ဖျက်ဆီးသွားခဲ့တာပါ။ မသန့်တဲ့သောက်ရေ၊ မသန့်တဲ့အစားအသောက်တွေကြောင့်
လူတွေဟာ မကျန်းမမာတွေဖြစ်၊ အမိုးအကာ မလုံမခြုံနဲ့ အ၀တ်အစား မလောက်ငတာ
တွေဖြစ်၊ အညစ်အကြေးစွန့်မှု ပရမ်းပတာတွေဖြစ်နဲ့ လူတွေဟာ မုန်တိုင်းသင့်ဝေဒနာ
မျိုးစုံကို အပြင်းအထန် ခံစားနေကြရတယ်လို့ ယွန်း ဖိလစ် ရှောက်ဇေကပဲ ပြောပြပါ
တယ်။
အသက်မသေ ကျန်ရစ်ကြတဲ့ မုန်တိုင်းသင့်ဒုက္ခသည်တွေဟာ ဘ၀တသက်တာမှာ
ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြီးကို ရုတ်တရက် ဆုံတွေ့လိုက်ရတဲ့ အတွေ့
အကြုံက စိတ်နှလုံး ထိခိုက်ကြေမွသွားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မြှင့်တငကူညီပံ့ပိုး
ပေးဖို့ သိပ်ကိုလိုအပ်နေတယ်လို့လည်း မစ္စတာ ချောက်စီက အခုလိုပြောပြပါတယ်။
"ကျနော်တို့ရဲ့ ဆေးကုသရေးအဖွဲ့တွေမှာ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ
ကျွမ်းကျင်သူတွေလည်း ပါဝင်ကြပါတယ်။ မုန်တိုင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်
ပူဆွေးနေတဲ့လူတွေ၊ ကြောက်ရွံ့ထိတ်လန့် ဖြစ်နေကြတဲ့လူတွေကို သူတို့တွေက
အတတ်နိုင်ဆုံး၊ အကောင်းဆုံး စိတ်ဓာတ်ရေး ကုသမှုတွေ ပေးခဲ့ကြပါတယ်။ ဒီ
စိတ်ဓာတ်ရေးရာ ကုသပေးရမှာက ရေရှည်လုပ်ငန်းတာဝန်ကြီးတခုပါ။ ဒီမုန်တိုင်းကြီး
ကြောင့် ညှိုးငယ် စိတ်ဓာတ်ကျနေတဲ့ လူကြီး လူငယ်တွေကို ကျနော်တို့ ဆက်ပြီး
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးဖို့ လိုအပ်နေပါတယ်။"
ဒီလို ဆေးကုသမှုတွေအပြင် တိုက်ရိုက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေအဖြစ်
ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ကြဖို့ တာပေါ်လင် ဖျင်စတွေ၊ သန့်ရှင်းတဲ့ရေပုံး
တွေ၊ ရေသန့်ဖို့ခပ်တဲ့ ကလိုရင်းဆေးတွေ၊ တကိုယ်ရေသန့်ရှင်းဖို့ အသုံးအဆောင်တွေ
နဲ့ ပိုးသတ်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကိုပါ မုန်တိုင်းသင့်ဒုက္ခသည်တွေကို
အိုင်အိုအမ်အဖွဲ့ကြီးက ဝေငှခဲ့ပါတယ်။

မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန်ထပ်တိုး
30 July 2008
Michael Bowman’s Report in Burmese

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းမှု ပိတ်ပင်သည့်ဥပဒေကို သမ္မတဘုရှ် လက်မှတ်ရေးထိုးနေစဉ်။ ဇူလိုင် ၂၉၊ ၂၀၀၈။
မြန်မာပြည်သူတွေအပေါ် စစ်အစိုးရက ဖိနှိပ်နေမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့အတွက်ပါစစ်အစိုးရကို အရေးယူဒဏ်ခတ်တဲ့အနေနဲ့လွန်ခဲ့တဲ့ ၅ နှစ်ထဲက မြန်မာနိုင်ငံက ကုန်
ပစ္စည်းတွေ တင်သွင်းမှုကို အမေရိကန်ကပိတ်ပင်ထားတာကို ဗုဒ္ဓဟူးနေ့မှာ သမ္မတဘုရှ် (Bush) က လက်မှတ်ထိုး သက်တမ်း
ထပ်တိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို တတိယ
နိုင်ငံတွေကတဆင့် အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေ
ပါဝင်တဲ့ Block Burmese Jade Act ဥပဒေကိုလည်း သမ္မတက လက်မှတ်ရေးထိုး
အတည်ပြုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မိုက်ကယ်
ဘိုးမန်း (Michael Bowman) သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြပေးထား
ပါတယ်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ မတိုင်ခင်မှာ သမ္မတ
ဘုရှ်က …
"မြန်မာအစိုးရသိဖို့ ကျနော်တို့ ပြောချင်တာကတော့ အမေရိကန်ပြည်ထောင်စုဟာ
ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ယုံကြည်တယ်ဆိုတာပါပဲ။"
မြန်မာစစ်အစိုးရအပေါ် ဖိအားပေးတဲ့ ခုလို ဥပဒေတွေကို လက်မှတ်ရေးထိုးတဲ့ပွဲမှာ
သမ္မတကတော် လော်ရာဘုရှ် (Laura Bush) နဲ့ လွှတ်တော်အမတ်တချို့ တက်ရောက်
ပါတယ်။ သူတို့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိပြီး လူ့အခွင့်အရေး အခြေအနေ
တိုးတက်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်သွားခဲ့တဲ့ ကွယ်လွန်သူ လွှတ်တော်အမတ်
တွမ် လန်းတို့စ် (Tom Lantos) ရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရရဲ့ စစ်အသုံးစရိတ်နဲ့ ထိပ်ပိုင်းအရာရှိကြီးတွေအတွက် အဓိကဖြစ်နေတဲ့
နိုင်ငံခြားဝင်ငွေတွေကို ပိတ်ဆို့နိုင်ရေး ရည်ရွယ်တဲ့ Block Burmese Jade Act လို့
အမည်ရတဲ့ ဥပဒေဖြစ်လာဖို့အတွက် မစ္စတာ လန်းတို့စ်က ဦးဆောင်ကြိုးပမ်းခဲ့တာ
ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တင်ပို့ရောင်းချမှုကနေ တနှစ်ကို အမေ
ရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ လောက် ၀င်ငွေရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ဒီ
ဥပဒေထဲမှာ မြန်မာ့ကျောက်မျက်တွေကို တတိယနိုင်ငံတွေကတဆင့် အမေရိကန်
ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေ တခုထဲမဟုတ်ဘဲ မြန်မာစစ်အစိုးရ
နဲ့ စစ်အစိုးရနဲ့ပူးပေါင်းပြီး စီးပွားရေးအမြတ်ထုတ်နေသူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ
ထိန်းချုပ်တာကို သမ္မတကိုယ်တိုင်က ဆောင်ရွက်နိုင်ရေး၊ အမေရိကန်သမ္မတက
ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိရေး၊ မြန်မာ
နိုင်ငံ ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို အမေ
ရိကန်အစိုးရက တိုးပေးရေးတို့လည်း ပါဝင်ပါတယ်။
ခုလို မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုတွေ လုပ်နေပေ
မယ့် ထိရောက်မှုမရှိဘူးလို့ ဝေဖန်နေကြသူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး
အိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနို (Dana Perino) က ပိတ်ဆို့အရေးယူမှုတွေဟာ
ထိရောက်မှုရှိပါတယ်လို့ မနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဖြေသွားပါတယ်။ အရေးယူဒဏ်ခတ်မှုတွေဟာ ထိရောက်တယ်ဆိုတာ သိပါတယ်။
ဒါကြောင့်ပဲ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ဖို့ အမေရိကန်က တနိုင်ငံထဲအနေနဲ့ရော၊
နိုင်ငံစုံအနေနဲ့ပါ အရေးယူဒဏ်ခတ်မှုတွေကို လုပ်နေတာပါ။ အမေရိကန်ရဲ့ ရည်ရွယ်
ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ အစိုးရကို ဖိအားတွေ တိုးပေးဖို့ပါ။ ပြည်သူတွေကို
ထိခိုက်စေဖို့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဖိနှိပ်ခံနေရတဲ့ နိုင်ငံတွေက ပြည်သူတွေ
အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို အမေရိကန်က ရက်ရက်
ရောရော ပေးနေတာပါလို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနိုက ပြောခဲ့ပါတယ်။

မြန်မာပြည်မှ ကလေးအလုပ်သမားများ
ညိုညိုလွင်
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသက မူလတန်းကျောင်းနေရမဲ့အရွယ် ကလေးငယ် ၂၇ သန်းဟာ ကျောင်း မတက်နိုင်ပဲ ကလေးအလုပ်သမားတွေအဖြစ် လုပ်ငန်းခွင်တွေမှာ ရှိနေကြရတယ်လို့  အိုင်အယ်လ်အို (ILO) အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့ကြီးရဲ့ လတ်တလော ကလေးအလုပ်သမားဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်၊ မြန်မာပြည် က ကလေးငယ်တွေဟာ စားသောက်ဆိုင် လုပ်ငန်းတွေမှာ အများအားဖြင့် အလုပ်လုပ်ကြပါတယ်၊ ဒါ့အပြင် ဆောက်လုပ်ရေး၊ သယ်ယူပို့ ဆောင်ရေး၊ သန့် ရှင်းရေး၊ စိုက်ပျိုးရေး၊ အိမ်တွင်းစက်လက်မှုနဲ့ အိမ်ဖေါ်လုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့် ပြန့်  အလုပ်လုပ်ကိုင်နေကြပါတယ်။
(ကလေးအလုပ်သမား) "ကျနော်က ၁၃ နှစ်ပါ၊ စားဝတ်နေရေး အဆင်မပြေလို့  ဒီမှာ လာအလုပ်လုပ်နေတာပါ၊ ကျနော်ရတဲ့ လခ လေးကို ပုံမှန် ပို့ ပေးနေရပါတယ်၊ ကျနော် ကျောင်းအရမ်း တက်ချင်ပါတယ်၊ ဒါပေမဲ့ စားဝတ်နေရေး မပြေလည်လို့မတက်ရပါဘူး။ ကျနော် ၆ တန်းမှာ ကျောင်းထွက်လိုက်ပါတယ်၊ အဲဒါကြောင့် ဒီမှာလာအလုပ်လုပ် နေတာပါ။ ကျနော် တောင်ဒဂုံမှာ နေပါတယ် ပြည်ရေးကို လေးစားတန်ဘိုးထားတတ်တဲ့ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ ကျောင်းနေရမဲ့အရွယ်တွေကို ကျောင်းထားတဲ့နူန်း ၈ဝ ရာခိုင်နူန်းကျော်ရှိပေမဲ့ ကျောင်းပြန်ထွက်သွားတဲ့နူန်းကလည်းမြင့်မားနေပြီး မူလတန်း ပညာရေး ပြီးဆုံးသူဦးရေဟာ ၅၅ ရာခိုင်နူန်းတောင်မရှိဘူးလို့ ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။"
(စားပွဲထိုးကလေးငယ်) "ကျနော်တို့မောင်နှမ ၂ ယောက်ရှိတယ်။ အဖေက အခု လောလောဆယ် ကွက်သစ်မှာ ထင်းထမ်းနေတာ လေ၊ အမေက ကလေးနဲ့ဆိုတော့ အလုပ်မလုပ်နိုင်ဘူး၊ ကျနော်တို့ပဲ ရှာကျွေးနေရတယ်။"
မေး ။ ။ မင်းကျောင်းနေချင်တဲ့စိတ် မရှိဘူးလား?
ဖြေ ။ ။ ဟာ၊ ရှိတာပေါ့ဗျာ၊ စီးပွါးရေးအဆင်မပြေလို့မနေတာပေါ့၊ ဒီလကုန်ရင် ထွက်မယ်လို့ စိတ်ကူးထားတယ်။
မေး ။ ။ ထွက်ပြီး ဘာလုပ်မလဲ?
ဖြေ ။ ။ ထွက်ပြီး လစာပိုရတဲ့ဆိုင် သွားလုပ်ရမှာပေါ့၊ ဒီဆိုင်မှာ လခက ၅ဝဝဝ ပဲရတာလေ၊ ၅ဝဝဝ က နည်းတယ်၊ အိမ်ပေးရတာနဲ့ ကုန်နေတာ၊ ဟိုဆိုင်က ၇ဝဝဝ လေ၊ ၁ လ ကို ၂ဝဝဝ ပိုနေတာပဲ၊ ကျနော့်ညီကို ကျောင်းထားနိုင်မှာ ပေါ့၊ ကျနော့်လို စာမတတ်မှာစိုးလို့လေ။

(ကလေးအလုပ်သမား) "ကျနော့်မိသားစု ၇ ယောက်ရှိပါတယ်၊ အဖေရော၊ အမေရော ရှိပါတယ်၊ မိသားစု အဆင်မပြေလို့ ရန်ကုန်မှာ လာပြီး အလုပ်လုပ်နေရတာပါ၊ ကျနော်အိမ်ကို ပိုက်ဆံ ပုံမှန် ပို့ပေးနေရပါတယ်။"

ကလေးအလုပ်သမားတွေဟာ တနေ့ကို အလုပ်ချိန် ၁၂ နာရီလောက် အလုပ်လုပ်ကြရပြီးတော့ အများအားဖြင့် လုပ်ငန်းခွင်မှာပဲ နေထိုင်ကြပါတယ်၊ ကိုယ့်ဒေသထက် ဝင်ငွေပိုကောင်းတဲ့ ရန်ကုန်၊ မန္တလေးစတဲ့မြို့ ကြီးတွေမှာသာမကပဲ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း မြန်မာပြည်သား ကလေးငယ်တွေဟာ အလုပ်လုပ်ကိုင် နေကြပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို လုပ်ငန်းခွင်တွေမှာ ခိုင်းစေတာတွေကို ၁၉၉၃ ခု ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ ဒေသတွေမှာတော့ ကလေးအလုပ်သမားတွေ အလုပ်လုပ်နေ တာမျိုး မတွေ့မရှိရအောင် လုပ်ငန်းရှင်တွေကို ရပ်ကွက်အာဏာပိုင်တွေက တရားဝင်မဟုတ်ပဲ ညွှန်ကြားတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်၊ အိုင်အယ်လ်အို (ILO) အဖွဲ့ကြီးကတော့ လာမဲ့ ၂ဝ၁ဝ ခုမှာ ကမ္ဘာတဝှမ်း ကလေး အလုပ်သမားတွေ ပပျောက်အောင်ဆောင်ရွက်ဘို့ စီစဉ်ထားပါတယ်ရှင်။