Friday, August 1, 2008

NASA | Get Ready for the August 1, 2008 Total Solar Eclipse




ကမ္ဘာမကြေဘူးဟေ့



Photobucket

Photobucket


ထိုင်းတရားစီရင်ရေးစနစ်နှင့် မြန်မာစစ်အစိုးရ တရားစီရင်ရေးစနစ်


(သတင်းသုံးသပ်ချက်)
ကိုဝိုင်း/ ၁ သြဂုတ် ၂၀၀၈
အခွန်ရှောင်လွှဲမှု ကျူးလွန်ခဲ့သူ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ဇနီးအား ထိုင်းရာဇ၀တ်မှု ဆိုင်ရာတရားရုံးတခုက ထောင် ဒဏ် (၃) နှစ် ချမှတ်လိုက်ခြင်းသည် ထိုင်းနိုင်ငံသားများကိုသာမက ကမ္ဘာအနှံ့မှ ပြည်သူများကိုပါ အံ့သြသွားစေခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးသြဇာ ငွေကြေးသြဇာ ကြီးမားသည် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ဇနီးအား စီရင်ချက် ရဲရဲတင်းတင်းချလိုက်သည့် ထိုင်းတရားစီရေးကဏ္ဍကို ကမ္ဘာက အာရုံစိုက်စရာ ဖြစ်လာသည်။

မစ္စတာတပ်ဆင်ကို မြန်မာနိုင်ငံအပေါ် EXIM ဘဏ်က ငွေချေးသည့် ကိစ္စနှင့် ပတ်သက်ပြီး လာမည့် လတွင် တရားခွင်၌ စစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း တရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီး နောက် တရက်၌ ၎င်း၏ ဇနီးသည်အား စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည့် တရားစီရင်ရေးစနစ်အား မြန်မာနိုင်ငံ၏ လက်ရှိ တရားစီရင်ရေး စနစ်နှင့် နှိုင်းယှဉ်ဖော်ပြနိုင်ရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ အတွင်းရေးမှူး ဦအောင်ထူးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းတို့ကို ခေတ်ပြိုင်က မေးမြန်း ခဲ့သည်။

ဦးအောင်ထူးက “ဒီကိစ္စက ထိုင်းနိုင်ငံမှာ စံထားလောက်တဲ့ မှုခင်းဖြစ်သွားတယ်။ ထိုင်းတနိုင်ငံလုံးမှာ shock ဖြစ်သွားတယ်။ သတင်းစာတွေမှာ အကြီးအကျယ် ရေးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာ တဦးချင်းအရ ပြောမယ်ဆိုရင် နိုင်ငံရေးအရ၊ ငွေကြေးအရ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်က မစ္စတာတပ်ဆင်ပဲ။ လက်ရှိတက်နေတဲ့ ပါတီကလည်းပဲ သူ့ပါတီလို့ ပြောလို့ရတယ်။ တရား စီရင်ရေးဟာ မှန်မှန်ကန်ကန် အလယ်က ရပ်ပြီးတော့ ခုလို သီးသန့်လုပ်ခဲ့တဲ့ကိစ္စက စိတ်ဝင်စားဖို့ ကောင်းတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ ဖြေရှင်းပုံမှာ တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးကို လွတ်လပ်စွာ ရပ်တည်စေပြီး အုပ်ချုပ်ရေးအပိုင်း၏ လုပ် ဆောင်ချက်များကိုသာမက အတိုက်အခံများ၏ လုပ်ဆောင်ချက်များကိုလည်း ကြီးကြပ်စေခြင်း ဖြစ်ကြောင်း၊ ထိုနည်းလမ်းကို ထိုင်းနိုင်ငံရှိ ပြည်သူအများစုကလည်း လက်ခံလာနေကြပြီ ဖြစ်ကြောင်း ဦးအောင်ထူးက ယူဆသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ထိုင်းနိုင်ငံသည် ဥပဒေစိုးမိုးမှု ပိုရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးမှု အလွန်အားနည်းပြီး ပြည်သူများ၏ မူလအခွင့်အရေးသည် ပင် ပိတ်ပင်ခံနေရကြောင်း ပြောသည်။

ဦးဥာဏ်ဝင်းက “ဘာပဲဖြစ်ဖြစ် ယိုးဒယားအနေနဲ့ တရားဥပဒေ စိုးမိုးမှုရှိတယ်။ တရားဥပဒေ စိုးမိုးမှု ရှိလို့သာ နိုင်ငံ့ဝန်ကြီးချုပ်ဟောင်းရဲ့ဇနီးက တရားဥပဒေရဲ့ အဆုံးအဖြတ် ခံယူရတယ်လို့ ကျနော်တို့ အဲဒီလို ပြောနိုင်ပါတယ်။ သူတို့ဆီမှာ ဒီမိုကရေစီရှိတယ်။ ရှိလို့လည်း ဆန္ဒပြခွင့် ဆန္ဒထုတ်ဖော်ခွင့် တွေဟာ ကျနော်တို့ အမြဲတမ်း သတင်းထဲ မြင်နေရတယ်။ ဒီမိုကရေစီ အနေအထားကတော့ မြန်မာနိုင်ငံထက်တော့ သာတာပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ဘာဒီမိုကရေစီမှမရှိဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံက ၎င်း၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနေပုံအား မြန်မာနိုင်ငံသားများအနေဖြင့် လေ့လာသင့်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးယန္တရားသည် လွတ်လပ်ရေးရပြီးနောက် ယန္တရားများအနက် အဆိုးဆုံးဖြစ်ကြောင်း၊ အာဏာပိုင်များ၏ လွှမ်းမိုးမှုကိုခံနေရသည်သာမက အဂတိလိုက်စားမှုများလည်း ရှိနေကြောင်း ဦးအောင်ထူးက ထောက်ပြသည်။

ဦးအောင်ထူးက “လက်ရှိ တရားစီရင်ရေးက လုံးဝပျက်စီးသွားပြီ။ တပြည်လုံးမှာ အမြင့်ဆုံးလို့ ပြော ရမယ့် တရားသူကြီးချုပ်တွေကို ဘယ်အခါမှာ ခန့်မယ်၊ ဘယ်လိုဖြုတ်မယ်ဆိုတာ ဥပဒေမရှိဘူး။ ခန့်ချင်သလိုခန့်တယ်၊ ဖြုတ်ချင်သလိုဖြုတ်တယ်။ တရားသူကြီးချုပ်တွေကိုတောင် ဖြုတ်ချင်တိုင်း ဖြုတ်လို့ ရတယ်ဆိုတော့ တရားစီရင်တဲ့ ကဏ္ဍတခုလုံးက အာဏာပိုင်တွေကို ရာနှုန်းပြည့် ကြောက်ရ တဲ့အနေအထား ဖြစ်သွားတယ်။ ဥပဒေအတိုင်း စီရင်ချက်တွေမလုပ်ဘဲ ရေးချင်သလိုရေးပြီး စီရင် ချက်တွေချနေတာ၊ ဒီထက်ပိုဆိုးတာက လဘ်စားမှုအပိုင်း။ ဘယ်လောက်ထိအောင် ဆိုးလည်း ဆိုတော့ တရားစီရင်မှု ပရ၀ုဏ်ထဲက ရဲအချုပ်ခန်းကနေ တရားခံကို တရားရုံးဆီကို ပို့ဖို့တောင်မှ ပိုက်ဆံမပေးရင် ရုံးရှေ့ကို မခေါ်ပေးဘူး” ဟု ပြောသည်။

ထို့အပြင် မြန်မာစစ်အစိုးရက အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်သည်လည်း ပျက်စီး နေသော လက်ရှိ တရားရေးစနစ်ကိုသာ ဆက်လက်အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံသားများအတွက် မည်သည့်အခွင့်အရေးမျှ အာမခံထားခြင်း မရှိကြောင်း၊ အခွင့်အရေး ချိုး ဖောက်ခံရသည့် နိုင်ငံသားများအတွက် အကာကွယ်ပေးမည့် တရားစီရင်ရေး အာမခံချက်လည်း မရှိသဖြင့် အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံအား လက်မခံဘဲ စစ်မှန်သည့် ဥပဒေလမ်းကြောင်းကိုသာ ပုံဖော်သွားသင့်ကြောင်း ဦးအောင်ထူးက ပြောသည်။

ဦးအောင်ထူးက “နအဖရဲ့ ဖွဲ့စည်းပုံအောက်မှာတော့ ဒီလို အခွင့်အရေးမျိုးတွေ လုံးဝ ရနိုင်စရာ အကြောင်းမရှိဘူး။ ဘယ် section ကို ကိုင်ပြီး ဒါ ငါတို့အခွင့်အရေးလို့ ပြောစရာကို မရှိဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးထားတယ်ဆိုတာက အောက်မှာပါတယ်။ အပေါ်မှာက နိုင်ငံတော်ရဲ့ လုံခြုံရေးအရ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုတဲ့ဟာကြီးက ကန့်သတ်ထားတဲ့အတွက် ဘာမှပြောလို့မရတော့ဘူး။ အဲဒီတော့ ဖွဲ့စည်းပုံလမ်းကြောင်းအပြင်ကနေ ပြီးတော့ ဒီဖွဲ့စည်းပုံကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို လက်ညှိုးထိုးပြပြီး တိုက်ပွဲဝင်သွားပြီးတော့ စစ်မှန်တဲ့ ဥပဒေလမ်းကြောင်းကို ပုံဆောင်သွားတာသာ အကောင်းဆုံးဖြစ်တယ်” ဟု ပြောသည်။

စင်စစ် ထိုင်းတရာစီရင်ရေးစနစ်သည် ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်မှ လွတ်လပ်သည် မဟုတ်၊ ထိုင်းစစ်အစိုးရ လက်ထက်မှာပင် စစ်အစိုးရ၏ သြဇာလွှမ်းမိုးမှုအောက်က ကင်းလွတ်ခဲ့ သည်။ မကြာခင်ကလည်း ၀န်ကြီးချုပ်ဟောင်း တပ်ဆင်၏ အမှုလိုက်ပေးသည့် ရှေ့နေ (၃) ဦးက တရားခွင်မှာပင် တရားသူကြီးအား ဒေါ်လာ (၆) သောင်းနှင့် ညီမျှသည့် ဘတ်ငွေများကို ပြောင် လာဘ်ထိုးရန် ကြိုးစား၏။ ထိုရှေ့နေ (၃) ဦးလုံးကို တရားသူကြီးက ထောင် (၆) လစီ ချလိုက်သည်။ ထိုအချိန်မှစပြီး တပ်ဆင်အတွက် လိုက်ပေးသည့် ရှေ့နေအင်အား လျော့ကျသွားသည်ဟု လေ့လာ သူများက သုံးသပ်သည်။ ။

မြန်မာ..သောကြာနေ့သတင်းများ

ရှစ်လေးလုံး စိတ်ဓာတ်
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ 01 2008 18:44 - မြန်မာစံတော်ချိန်
ယခု သြဂုတ်လဆိုလျှင် အနှစ် ၂၀ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။ သေမင်းတမန်များ ပြေးဝင်လာနေသည့် အကြားမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ တက်လှမ်းလိုပါသည်ဟု ဆန္ဒထုတ်ဖော် ပြသခဲ့သော်လည်း ဒီမိုကရေစီ၏ အရသာကို မြန်မာလူထု မခံစားရသေးပေ။

ငြိမ်းချမ်းစွာ လမ်းပေါ် ဆန္ဒပြရင်း အကြမ်းဖက်သူတစု၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသူတို့၏ ၀ိဥာဉ်များလည်း တွယ်ရာမဲ့ လွင့်ပါမျောလျက်ပင် ဖြစ်သည်။ သတိမေ့တတ်သော လူတစုကတော့ ကယ်တင်ရှင်ကြီးများ လုပ်ကာ "ဒါ မကောင်းဘူး။ ဒါ လုပ်" ဟု ညွှန်းဆိုကောင်းတုန်းပင်။
သို့သော်လည်း "၈၈၈၈ အရေးတော်ပုံကြီး" ကား အကျိုးမဲ့ အချည်းနှီးမဟုတ်။ မတရားမှုများကို မီးမောင်းထိုးပြခဲ့ပြီး ထွက်ရပ်လမ်း အမှန်တကယ်ပင် ရှိနေပါသေးသည် ဆိုခြင်းကို ပြသခဲ့သလို အဓမ္မတို့၏ အဆုံးသတ်သွားရာလမ်း မကောင်းခြင်းကို ခိုင်ခိုင်မာမာ စိုက်ထူပြသသော သာဓကကြီး ဖြစ်သည်။ အနှစ် ၂၀ တိုင်ခြင်းအပေါ် အပြစ်မြင်နိုင်သလို ရှစ်လေးလုံးမှ မွေးထုတ်ပေးလိုက်သော ရှစ်လေးလုံးစိတ်ဓာတ် အလျံငြီးငြီး ဆက်လက် တောက်လောင် နိုင်ခြင်းမှာလည်း ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။
ဒီစိတ်ဓာတ်ကို သေနတ်ပြောင်းထိုးကာ နည်းလမ်းအသွယ်သွယ်ဖြင့် ပပျောက်စေရန် ကြိုးစားနေကြသော်လည်း အခိုင်အမာ ဆက်လက် ရှင်သန်နေခြင်းကား ဓမ္မ၏ အောင်ပွဲပင် ဖြစ်သည်။ ကျူးလွန်ထားသူတို့က ပွဲပြီး မီးသေ ဖြစ်စေချင်သော်လည်း အထမမြောက်ဘဲ ဖြစ်နေရသည်။
တပါတီ အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ရွံရှာလာကြပြီဖြစ်သော လူထုကြီးက အမြင်တိုးတက်ပြီး စွန့်လွှတ်စွန့်စားဝံ့သော ကျောင်းသားလူငယ်များ ဦးဆောင်မှုအောက် တညီတညွတ်တည်း လိုက်ပါခဲ့ကြပြီး မိမိတို့ဆန္ဒကို ထုတ်ဖော် ပြသခဲ့ကြ၍ ၈ ရက် သြဂုတ်လ ၁၉၈၈ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြသည်။ အမျိုးမျိုး ကျားကန်ခဲ့သော်လည်း လက်ဝါးကြီးအုပ် လုပ်ထားသော ပါတီကြီး အဆုံးမှာ ပြိုကျပျက်စီး သွားရပေတော့သည်။ အလိုအလျောက် ဖြစ်လာသည်တော့ မဟုတ်၊ "အညတရ သူရဲကောင်း" အများအပြား အသက် ပေးဆပ်ခဲ့ရသည်။
ထိုမှသည် ခေတ်သစ် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ဖြစ်လာခဲ့သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်တွင် ကျင်းပလာနိုင်ခဲ့သည်။ မြန်မာတို့သည်လည်း မျက်စိပိတ်၊ နားပိတ် ဘ၀မှသည် အနည်းဆုံး တစိတ်တပိုင်းဖြစ်ဖြစ် ကမ္ဘာနှင့် ထိတွေ့ ကူးလူးဆက်ဆံခွင့် ရခဲ့ကြသည်။ လက်ရှိ ဖွံ့ဖြိုးမှု အသီးအပွင့်များကား ရှစ်လေးလုံး စိတ်ဓာတ်၏ အကျိုးဖြစ်ပေသည်။ "ငါလုပ်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟူသော အတွေးများဖြင့်တော့ လူ့သမိုင်း တိုးတက် ထွန်းကားလာစရာ မရှိ။
စိန်ခေါ်မှုများကတော့ အမှန်ပင် များပြားနေဆဲ ဖြစ်ပါသည်။ သို့သော် ၈၈၈၈ အရေးတော်ပုံကြီး သက်သေ သာဓကကို ယူကာ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်သည့် အခွင့်အလမ်းများ အမြဲတစေ ရှိမြဲ ဖြစ်သည်ကို မမေ့လျော့သင့်ဟု တိုက်တွန်းလိုက်ရပေသည်။

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်
အေးလဲ့ | သြဂုတ် ၁၊ ၂၀၀၈
နာမည်ကျော် ဗေဒင်နက္ခတ္တ ဆရာ၊ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။
“မနက် ၆ နာရီခွဲ ဝန်းကျင်လောက်က ဆုံးတာ၊ အဓိကကတော့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ဆုံးသွားပါတယ်”ဟု သုခကမ္ဘာ ဆေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။
အဆိုပါ မင်းသိင်္ခ (အမည်ရင်း ဦးအောင်ထွန်း) သည် ကွယ်လွန်ချိန် တွင် အသက် ၇၀ နှစ်ရှိပြီး ရန်ကုန်မြို့ ကျောက်မြောင်း တွင် အဖ ပန်းချီဆရာ ဦးစံရှိန်နှင့် အမိဒေါ်တင်တို့မှ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ၇ ဦးရှိသည့်အနက် သားအကြီးဆုံးဖြစ်သည်။
မင်းသိင်္ခ၏ တပည့်တဦးဖြစ်သူ ဇင်ယော်နီက “အဘမဆုံးခင်က မနေ့ မနက်ပိုင်းလောက်မှာ ဆေးရုံတင်လိုက်ရသေးတယ်၊ အခု အဘရဲ့ အလောင်းကိုတော့ မှော်ဘီကိုပြန်သယ်လို့ မရတော့တဲ့အတွက် ရေဝေး သုသာန် ရေခဲတိုက်မှာ ထားပါတယ်” ဟု ပြောသည်။
မင်းသိင်္ခသည် ၂၀၀၃ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရပြီး နောက်ပိုင်း ကျန်းမာရေး မကောင်းဖြစ်ခဲ့ကြောင်း လည်း ၎င်းကပြောသည်။
မင်းသိင်္ခသည် စိန်ပေါလ် ကျောင်းတွင် ဆယ်တန်းတက်နေချိန် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ကြောင်းနှင့် အလံနီကွန်မြူနစ် ပါတီတွင် ၀င်ရောက်လှုပ်ရှားခဲ့မှုကြောင့် ထောင် ၇ နှစ် ကျခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း ၁၉၇၀ ကျော်ကာလများ၌ တောင်ကြီးမြို့တွင် ဗေဒင် စတင်ဟောကြားပြီး စာလည်း ရေးကြောင်းသိရသည်။
၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်ရောက်ပြီး မင်းသိင်္ခသည် မနုစာရီ လုံးချင်းဝထ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး နာမည်ကျော် “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ အကြားတွင် စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရကြောင်းကို စာဖတ်သူတဦးက ယခုလို ပြောသည်။
“အသက် ၁၁ နှစ်သား အရွယ်ကတည်းက “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်၊ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုမိုးဆွေ၊ မိုးသီး၊ ကိုသေတ္တာတို့က စွန့်လွှတ်စွန့်စားတယ်၊ အနစ်နာခံတယ်၊ ဒါတွေဟာ လူငယ်တွေကို စံပြထားလောက်တဲ့ ဇာတ်ကောင်တွေဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။
မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား စတဲ့စာအုပ်များမှာလည်း မင်းသိင်္ခ၏ ရေပန်းအစားဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။
မင်းသိင်္ခသည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားချိန်တွင်လည်း တရားဟောပြောခဲ့မှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့လယ်တွင် အဖမ်းခံခဲ့ရပြီး ထပ်မံ၍ နှစ်ရှည်ထောင်ဒဏ် ကျခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ထောင်မှ ပြန်လွတ်သည်။
ထောင်မှ ထွက်လာပြီးနောက်ပိုင်းတွင် မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ခြံတွင်နေထိုင်ပြီး လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သည်။
မင်းသိင်္ခသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် နက္ခတ္တ ဗေဒ ပါရဂူဘွဲ့ နှင့် ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (၂) ခုကိုလည်း သွားရောက်ယူရမည်ဟု သိရသည်။
မင်းသိင်္ခ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ၌ ရေဝေးသုသာန်တွင် ဂူသွင်း င်္သဂြိုလ်မည် ဖြစ်ကြောင်း ဇင်ယော်နီက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသား ကျော်ကျော်ထွေး ဆေးရုံတင်ထားရ
ကိုသက် | သြဂုတ် ၁၊ ၂၀၀၈
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုကျော်ကျော်ထွေး (ခ) ကိုမာဂီသည် အင်းစိန်ထောင်တိုက်အတွင်း၌ ချော်လဲရာမှ ဆီးခုံရိုးအက်သွားသဖြင့် အင်းစိန်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည်ဟု မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
ကျော်ကျော်ထွေး (ဓာတ်ပုံ - ဧရာဝတီ)
“တိုက်ထဲမှာ ချော်လဲတဲ့ဒဏ်ပေါ့ … ပထမ ၇ ရက်လောက် ခံနေရပြီး ဓာတ်မှန် ရိုက်ကြည့်မှ ဆီးခုံရိုး အက်သွားတယ်လို့သိရတာ။ အခု အင်းစိန်ဆေးရုံမှာ ထားတာ ၃ ရက်ရှိပြီ။ ခဲဆွဲရမယ်လို့ ပြောတယ်” ဟု ကိုကျော်ကျော်ထွေး၏ မိသားစုဝင်က ပြောသည်။
ကိုကျော်ကျော်ထွေး၏ ဆီခုံရိုးအက်သည့်ဒဏ်ကြောင့် ထိုင်ခြင်းနှင့် မတ်တပ် ရပ်ခြင်းတို့ကို အချိန်ကြာကြာ အလုပ်နိုင်ဟု ၎င်းက ဆက်ပြောသည်။
ကိုကျော်ကျော်ထွေးသည် အင်းစိန်ထောင်အတွင်းမှ ညီဖြစ်သူ ကိုဇော်နိုင်ထွေး နှင့် စာအဆက်အသွယ် လုပ်သည်ကို အာဏာပိုင်က သိသွားသဖြင့် တလ တိုက်ပိတ်ခံခဲ့ရသည်။ ကိုဇော်နိုင်ထွေးကိုလည်း အာဏာပိုင်တို့က အင်းစိန် ထောင် တိုက်အမှတ် (၃) တွင် ဖမ်းဆီးထားသည်။
ကိုဇော်နိုင်ထွေး၏ ဇနီးဖြစ်သူ မမိုးမိုးက “ကိုဇော်နိုင်ထွေးအမှုကို မစစ်ဆေး သေးပါဘူး။ ရုံးပဲ ထုတ်ထုတ်နေတယ်” ဟု ဧရာဝတီကိုပြောသည်။
စစ်အစိုးရက လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်းများကို အဆမတန် တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မော်တော်ယာဉ်စီးခနှုန်းထားများလည်း နှစ်ဆတက်သွားသည့်အပေါ် ၁၈ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်၍ လူဦးရေ တရာခန့်က လမ်းလျှောက်ပြီး ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အာဏာပိုင်က ဆူပူမှုဖြစ်အောင်လှုံ့ဆော်သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ကိုကျော်ကျော်ထွေးလည်း အဖမ်းခံခဲ့ရသည်။

ရန်ကုန်တိုင်း ၁၄ မြို့နယ်တွင် တရားမဝင်ဆိုင်ကယ်များကို အခွန်ကောက်ပြီး လိုင်စင်ထုတ်ပေး
အောင်သက်ဝိုင်း/ရန်ကုန် | သြဂုတ် ၁၊ ၂၀၀၈
ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ တရားမဝင် မော်တော်ဆိုင်ကယ်များကို အခွန်ကောက်ခံပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ တရားဝင်လိုင်စင်များ ထုတ်ပေးနေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမည်မဖော်လိုသော အကြီးတန်းအရာရှိ တဦးက ပြောသည်။
စစ်အစိုးရ အနေဖြင့် ဘတ်ဂျက် လိုငွေပြမှုများကြောင့် ရန်ကုန်တိုင်းအတွင်းသာမက မြန်မာ တနိုင်ငံလုံးရှိ တိုင်းဒေသကြီး များတွင်ပါ ဆိုင်ကယ်များ အခွန်ကောက်ခံပြီး တရားဝင်လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပ မြို့နယ် ၁၂ ခုနှင့် လှိုင်မြစ် တဘက်ကမ်းရှိ မြို့နယ် ၂ ခု အပါအ၀င်စုစုပေါင်း ၁၄ မြို့နယ်ရှိ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအားလုံးကို သြဂုတ်လ ၁ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၃ လ အတွင်း အခွန်ကောက်ခံပြီး တရားဝင် မှတ်ပုံတင်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဆိုင်ကယ် လိုင်စင်ထုတ်ပေးမည့် ရန်ကုန်တိုင်း မြို့နယ်များမှာ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဥက္ကံ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ တွံတေး စုစုပေါင်း ၁၄ မြို့နယ်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း အချက်အချာကျ မြို့နယ်များ ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
မော်တော်ဆိုင်ကယ်များကို အခွန်ကောက်ခံရာတွင် တရုတ်၊အန္ဒိယ၊ ထိုင်း၊ ဂျပန် စသည့် ထုတ်လုပ်ရာ နိုင်ငံအလိုက် အခွန် ကောက်ခံမည်ဖြစ်ပြီး တရုတ် နိုင်ငံထုတ် မော်ဒယ်လ် ၂၀၀၀ ခုနစ်အထိ ၁၁၀ စီစီအောက် ဆိုင်ကယ်တစီးလျင် ငွေကျပ် ၇၅၀၀၀၊ ၂၀၀၁ ခုနစ်အထိ ၁၂၅ စီစီအောက် ဆိုင်ကယ်တစီးလျင် ၁၁၂၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထိ ၁၁၀ စီစီအောက် ၁၀၅၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထိ ၁၂၅ စီစီအောက် ဆိုင်ကယ်တစီးလျင် ၁၄၄၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထက် ၁၁၁ စီစီအောက်ဆိုင်ကယ်တစီးလျင်ငွေ ၁၃၅၀၀၀၊ ၂၀၀၅ ခုနစ် အထက် ၁၂၅ စီစီ အထက် ဆိုင်ကယ်တစီးလျင် ၁၇၆၀၀၀ ကျပ်အခွန်ဆောင်ရမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံလုပ် ဆိုင်ကယ် များ အနေဖြင့်လည်း မော်ဒယ်လ်နှင့် ထုတ်လုပ်သည့် ခုနှစ် လိုက်ပြီးဆိုင်ကယ်တစီးလျင် အနည်းဆုံး ငွေကျပ် ၁၂၀၀၀၀ မှ အများဆုံး ၂၂၄၀၀၀ ကျပ်ထိ အခွန်ငွေပေးရမည်ဖြစ်ကာ ထိုင်း နိုင်ငံထုတ် ဆိုင်ကယ်တစီးလျင် အနည်းဆုံး ငွေကျပ် ၁၅၀၀၀၀ ကျပ် မှ အများဆုံး ၂၅၆၀၀၀ ကျပ်နှင့် ဂျပန် နိုင်ငံထုတ် ဆိုင်ကယ်တစီးလျင် အနည်းဆုံးငွေကျပ် ၂၂၅၀၀၀ မှ အများဆုံး ၄၈၀၀၀၀ ကျပ် အခွန်ပေးဆောင် ရမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအခွန်ငွေအပြင် ဆိုင်ကယ်တစီးလျင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ငွေ ၇၉၀၀ ကျပ် ထပ်မံပေးဆောင် ရမည်ဖြစ်ပြီး စာရွက်စာတမ်းခ အဖြစ် ငွေကျပ် ၁၀၀၀၀ နီးပါး ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စာရေး ဝန်ထမ်းတဦးက ပြောပြသည်။
စစ်အစိုးရ အနေဖြင့် မန္တလေးတိုင်း၊မကွေးတိုင်းအပါအ၀င် မြန်မာတနိုင်ငံလုံးရှိ တိုင်းဒေသ ကြီးများတွင် ဆိုင်ကယ်များ အခွန်ငွေကောက်ခံခြင်းကို ဇွန်လကုန်ပိုင်းမှ စတင်၍ ဆောင်ရွက် လာခြင်းဖြစ်သည်။

ရန်ကုန်ရှိ တက္ကသိုလ်များ လုံခြုံရေး တင်းကျပ်
ကြည်ဝေ | သြဂုတ် ၁၊ ၂၀၀၈
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာများနှင့် ရှစ်လေးလုံး အထိမ်းအမှတ် စာများကပ်သည့် လှုပ်ရှားမှု ကြောင့် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
ဒဂုံတက္ကသိုလ် ပထ၀ီဋ္ဌာန ပါမောက္ခရုံးခန်းနှင့် စာသင်ဆောင် အမှတ် ၃၀ တို့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာနှင့် ရှစ်လေးလုံး အထိန်းအမှတ်စာတမ်းတချို့ကို ဇူလိုင်လ ၃၀ ရက်နေ့က ကပ်ခဲ့ခြင်းဖြစ်သည်ဟု ပထ၀ီဋ္ဌာနမှ ဆရာမတဦးက ပြောဆိုသည်။
“ပါမောက္ခကတော့ ကြားကြားခြင်း ချက်ခြင်းသွားဖြုတ်တာပဲ၊ ကျောင်းသားတချို့တော့ တွေ့သွားကြတယ်”ဟု ၎င်းက ပြောသည်။
ဒဂုံတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်အတော်များများတွင် စာကပ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စာဋ္ဌာန၏ စာသင်ဆောင်တချို့ တွင် ကပ်ထားကြောင်း မြင်တွေ့ခဲ့သော ကျောင်းသားများကလည်း ပြောပြသည်။
ယင်းလှုပ်ရှားမှု နောက်ပိုင်း၌ ဒဂုံ တက္ကသိုလ်အပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များတွင် ကျောင်းသား အယောင် ဆောင်ရဲများ၊ ထောက်လှမ်းရေးများမှာ ကျောင်းတွင်းနေရာ အနှံ့ရှိနေကြပြီး ကျောင်းဆောင်များရှိ ဆရာ၊ ဆရာမများ နားနေ ခန်းများပါမကျန် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ကျောင်းသား အယောင်ဆောင် ရဲများမှာ စာသင်ဆောင်များ၊ ကျောင်းသား နားနေဆောင်များ၊ စားသောက်ဆိုင် ကန်တင်း များ၊ ဘတ်စ်ကားမှတ်တိုင်များ စသည့်နေရာတို့တွင် စောင့်ကြပ်လျက်ရှိသလို၊ ၎င်းတို့ကိုလည်း လုံခြုံရေးကင်း စောင့်ခိုင်း လျက်ရှိကြောင်း ဆရာ၊ ဆရာမများက ပြောသည်။
“ပါမောက္ခတွေရော၊ ကထိကတွေရော အားလုံးပဲ လုံခြုံရေးအရ ကင်းစောင့်နေရတယ်”ဟု ဒဂုံတက္ကသိုလ်မှ ပါမောက္ခ ဆရာမ တဦးက ပြောဆိုသည်။
ထိုသို့ ကျောင်းတွင်း စာကပ်ခံရခြင်းကြောင့် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ကိုလည်း နေပြည်တော်မှ ခေါ်ယူစစ်ဆေးသည်ဟု ဒဂုံတက္ကသိုလ် ၀န်ထမ်းများထံမှ ကြားသိရသည်။
“ကျောင်းသားရေးရာ ဋ္ဌာနကိုဝင်ပြီး ကျောင်းသားတွေရဲ့ ကိုယ်ရေးတွေတောင်းနေတယ်လို့ သိရတယ်။ သူတို့ သံသယရှိတဲ့ ကျောင်းသားတွေကိုလည်း စောင့်ကြည့်နေတယ်”ဟု ဒဂုံ တက္ကသိုလ် ၀န်ထမ်းတဦးက ပြောသည်။
ဒဂုံတက္ကသိုလ်သည် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များတွင် ကျောင်းသားဦးရေ အများဆုံး တက္ကသိုလ် တခုဖြစ်ကြောင်း သိရှိရသည်။

အဖမ်းဆီးခံ ကိုဇော်သက်ထွေး မိသားစုနှင့် တွေ့ ခွင့်မရသေး
နန်းဒေဝီ
သောကြာနေ့၊ သြဂုတ်လ 01 2008 19:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်နေစဉ် ဖမ်းဆီးခံခဲ့ရသည့် အားကစား ဆောင်းပါး ရေးသားသူ ကိုဇော်သက်ထွေးကို ဖမ်းဆီးခံခဲ့ရပြီး တလကျော်သည့်တိုင် မိသားစုက တွေ့ခွင့် မရသေးပေ။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင်အတွင်း ကိုဇော်သက်ထွေး ခေါ် ကိုသက်ဇော် ကို ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့သည်ဟု ကြားသိရသည့်အတွက် ဇနီးဖြစ်သူ မခိုင်ချိုဇော်ဝင်းတင့်သည် ယမန်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာ အင်းစိန်ထောင်ဗူးဝမှ လှည့်ပြန်ခဲ့ရခြင်း ဖြစ်သည်။
“ရုံးထုတ်တယ် ကြားလို့ မနေ့က သွားမေးပါတယ်။ ဘာမှ မသိခဲ့ရဘူး။ အင်းစိန်ထောင်မှာ ရှိတယ်ဆိုတာ ကြားတာလည်း သိပ်မကြာသေးဘူး။ တကယ် ရုံးထုတ်၊ မထုတ်ဆိုတာလည်း သိချင်လို့လေ” ဟု သူက ပြောသည်။
ကိုဇော်သက်ထွေးကို ဖမ်းဆီးသည်မှာ ၄၇ ရက်ရှိသော်လည်း ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များက တစုံတရာ အကြောင်းကြား၊ အသိပေးခြင်း မရှိသည့်အပြင် မိသားစုဝင်များနှင့် တကြိမ်မှ တွေ့ဆုံပေးခြင်း မရှိသည့်အတွက် မိသားစုဝင်က စိုးရိမ်နေကြသည်။
“ဖမ်းသွားတဲ့ နေ့ကပဲ တွေ့ရတာပဲ ရှိတယ်။ နောက်ပိုင်း တခါမှ မတွေ့ရသေးဘူး။ အခုလည်း ဘယ်ရောက်နေလဲ ဆိုတာ အတိအကျ မသိတဲ့အတွက် အလုံးစုံအတွက် မိသားစုဝင်တွေ စိတ်ပူရပါတယ်” ဟု မခိုင်ချိုဇော်ဝင်းက ပြောသည်။
ဗုဒ္ဓဟူးနေ့က ရုံးထုတ်သည့် ကိုဇော်သက်ထွေးနှင့် (ဟာသ သရုပ်ဆောင်) ကိုဇာဂနာ ကို လူထု မငြိမ်မသက် ဖြစ်စေရန် လှုံ့ဆော်မှု - ပုဒ်မ ၅ဝ၅ (ခ) အပါအဝင်ဖြင့် အမှုကို စတင် စွဲဆိုလိုက်ကြောင်းနှင့် တရားရုံးက ယခုလ ၇ ရက်နေ့သို့ ရုံးချိန်းရက် ပေးခဲ့ကြောင်း ကြားသိရသည်ဟု ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းက ပြောသည်။
လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် သူတို့ နှစ်ဦးကို ပြီးခဲ့သည့် ဇွန်လအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦးနှင့် နီးစပ်သူတဦးက “ထောင်ဝင်စာ သွားတွေ့တော့ အာဏာပိုင်တွေက ကိုဇော်သက်ထွေးနာမည် စာရင်း မဝင်သေးဘူးလို့ ပြောတယ်။ ကိုဇာဂနာ အကြောင်းလည်း မေးတာပဲ။ ဒါပေမဲ့ ဘာမှ မသိရဘူး ဖြစ်နေတယ်။ အတွင်းထဲက လူတွေပြောတာကတော့ အင်းစိန်ထောင်မှာ ရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းရှိ လေဘေးသင့် ဒုက္ခသည်များထံ သွားရောက်ကာ အစားအသောက်နှင့် အဝတ်အထည်များ သွားရောက် ကူညီနေသူ ကိုဇော်သက်ထွေးသည် မကွေးတိုင်း မင်းဘူးမြို့တွင် နေထိုင်သည့် နေထိုင်မကောင်း ဖြစ်နေသူ ၇၅ နှစ်အရွယ် မိခင်ကြီးထံ သွားရောက် တွေ့ဆုံပြီး ပြန်လာစဉ် ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အာဏာပိုင်များက ရန်ကုန်ရှိ သူ၏ နေအိမ်သို့လည်း ဝင်ရောက် ရှာဖွေပြီးနောက် လက်ကိုင်ဖုန်းတလုံး၊ ကွန်ပြူတာ၊ စီဒီချပ်များနှင့် မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းခဲ့သည်။
သူသည် မြန်မာ့အားကစား လောကအတွင်း အဂတိ လိုက်စားမှုများအကြောင်း ရေးသားခဲ့သည့် ဆောင်းပါး တပုဒ်ကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ်စီရင်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် ၃ နှစ်သို့ ပြစ်ဒဏ် လျှော့ချပြီးနောက် ပြန်လည် လွတ်မြောက်ခဲ့သည်။

၈၈ ကျောင်းသား ခေါင်းဆောင် ကိုမာကီ ဆေးရုံတက်နေရ
မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ 01 2008 18:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီ (ခေါ်) ကိုကျော်ကျော်ထွေးသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ ခံနေရသည်။
ပြီးခဲ့သည့် လအတွင်းက တိုက်ပိတ်ခံထားရစဉ် တိုက်ခန်းအတွင်း ချော်လဲ၍ ဆီးခုံရိုး အက်သွားသဖြင့် အင်းစိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၃ဝ ရက်နေ့မှ စတင်ကာ ဆေးကုသ ခံယူနေရခြင်း ဖြစ်သည်။
“ချော်လဲသွားတော့ ၇ ရက်လောက် မထနိုင်ဘူး။ နည်းနည်း သက်သာသွားတယ်။ နောက်ပိုင်း လှုပ်လှုပ်ရှားရှား လုပ်တဲ့ အချိန်မှာ အောင့်သွားတဲ့အတွက် အိပ်လို့ မရဘူး။ မတ်တပ်ရပ်လို့ မရဘူး၊ ထိုင်လို့ မရဘူး။ အဲဒါနဲ့ ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ ဆီးအိမ်က အရိုးအက်တယ် ပြောတယ်။ တလလောက် ဂဲ (ခဲ) ဆွဲရမယ်ဆိုပြီး အင်းစိန်ဆေးရုံမှာ ဗုဒ္ဓဟူးနေ့က ပို့လိုက်တယ်” ဟု မိသားစုဝင်တဦးဖြစ်သူ မမိုးမိုးက ပြောသည်။
ဆေးရုံတက်ပြီး နောက်တရက် နံနက်တွင် ကြားသိရသဖြင့် မိသားစုက သွားရောက်ကာ အစားအသောက်နှင့် လိုအပ်သည်များ ဝယ်ပေးနိုင်ခဲ့သော်လည်း ညနေပိုင်းတွင် ထပ်မံသွားရောက်ရာ တွေ့ခွင့်မရဘဲ အခန်းအပြင်မှ စကားလှမ်းပြောရကြောင်း သူက ဆက်ပြောသည်။
ကိုမာကီ ကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၂ ဦးကဲ့သို့ အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က “တိုက်ပိတ်ပြီး ချော်လဲတယ် ဆိုတာကိုပဲ သိရတယ်။ တိုက်ပိတ်ပြီး ချော်လဲတယ် ဆိုတာက တယောက်ယောက်က တွန်းလို့ ချော်လဲတာလား၊ ခြေတောက်နဲ့ ကန်လို့လား၊ ပုံစံထိုင်ခိုင်းလို့ ချော်လဲတာမျိုးလား။ သေသေချာချာ မသိပေမဲ့ အခန်းကျဉ်းလေးမှာ ချော်လဲစရာ မရှိဘူး” ဟု ပြောသည်။
ကျောင်းသားခေါင်းဆောင်များအပြင် အခြား နိုင်ငံရေး အကျဉ်းသားအချို့သည် တိုက်ခန်းအတွင်း နှစ်ပေါင်းများစွာ နေလာခဲ့သည့်အတွက် မျက်လုံး၊ အာရုံကြောနှင့် နောက်ကျော ရောဂါဝေဒနာများ ခံစားကြရကြောင်း သူက ဆက်ပြောသည်။
အေအေပီပီ အတွင်းရေးမှူးက “ဥပမာ ကိုမင်းကိုနိုင် ဆိုရင် လက်တဖက် ကပ်နေတယ်လို့ ကြားတယ်။ အဲဒီလိုပဲ ကိုကျော်စိုးတို့ ဆိုရင်လည်း အခု ထောက်လှမ်းရေးမှာ ထပ်ရိုက်ခံရတဲ့အတွက် အကြီးအကျယ် အနာတရဖြစ်ပြီး အဲဒီဒဏ် ပြန်ပေါ်နေတယ်” ဟု ပြောသည်။
အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် နှလုံးရောဂါအခံရှိသူ ကိုမြအေးသည် ရင်ဘတ် အောင့်နေရသလို၊ ကိုမင်းကိုနိုင်သည် အရိုးကျည်းပေါင်းတက်၊ ခြေထောက်အရိုး အတက်ထွက်နှင့် မျက်လုံးဝေဒနာ ခံစားနေရကြောင်းနှင့် ကိုကိုကြီးလည်း ယခင် ဖမ်းဆီး ချုပ်နှောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့်ဒဏ်များ ပေါ်နေကြောင်း မိသားစုနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

သံဃာနှင့် ကျောင်းသားများက ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံ
ဖနိဒါ
သောကြာနေ့၊ သြဂုတ်လ 01 2008 17:25 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ပြည်တွင်းရှိ စစ်အစိုးရ ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသား အဖွဲ့အစည်းများက ၂ဝ၁ဝ ရွေးကောက်ပွဲကို ကန့်ကွက်လိုက်ပြီး မေလ ဆန္ဒခံယူပွဲ ရလဒ်ကို ပယ်ချလိုက်သည်။
သံဃတပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် အမတ်များ၏ သဘောထားကို ပဲ့တင့်သံထပ် ပြောဆိုလိုက်ခြင်း ဖြစ်ကာ စစ်အစိုးရ၏ အရေးပါဆုံး ခြေလှမ်းတခုဖြစ်သော နောင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို သပိတ်မှောက်မည့် အရိပ်ရောင်များ ပြသလိုက်ခြင်း ဖြစ်သည်။
“၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ် မပြုတာကို ထောက်ခံတယ်။ ... အတင်းအဓမ္မ ရှေ့ဆက်သွားနေတဲ့ လမ်းကြောင်းဟာ မြန်မာပြည်သူတွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ ကုလအနေနဲ့ လူ့အခွင့်အရေးနဲ့ ညီညွတ်တဲ့ လုပ်ဆောင်ချက်တွေကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်” ဟု သံဃတပ်ပေါင်းစုမှ ဦးဆောင်သူ အရှင် ဦးသြဘာသက မဇ္ဈိမသို့ ဆက်သွယ် ပြောကြားသည်။
ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်တွင်ခဲ့သော ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲများတွင် သံဃာတော်များနှင့် ကျောင်းသားအဖွဲ့များ၏ ဦးဆောင်မှုက အရေးပါခဲ့သည်။
အတိုက်အခံ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သူ ရဟန်းတော်အချို့လည်း အဖမ်းခံရ၊ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်ရ ဖြစ်ခဲ့ရသည်။
ဇူလိုင်လ ၂၁ ရက်က တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ အပါအဝင် ၁၉၉ဝ ခုနှစ် ရွေးချယ်ခံ လွှတ်တော်အမတ် ၅ ဦးက နအဖ၏ လမ်းပြမြေပုံကို အသိအမှတ်မပြုရန် ကမ္ဘာ့ကုလသမဂ္ဂသို့ စာရေးပန်ကြားခဲ့သည်။
အခြေခံဥပဒေမူကြမ်းကို ထောက်ခံမှုရလေဟန် ဆန္ဒခံယူပွဲ လိမ်ညာလုပ်ခဲ့သည်ဟု ဝေဖန်သူများက ကျယ်လောင်စွာ ပြောဆိုခဲ့သော်လည်း စစ်အစိုးရကတော့ ၉၂ ဒဿမ ၄ ရာခိုင်နှုန်းကျော်က ထောက်ခံမဲထည့် အတည်ပြုခဲ့သည်ဟု ပြောပြီး ဒီမိုကရေစီ လမ်းပြမြေပုံ၏ နောက်တဆင့်ဖြစ်သော ရွေးကောက်ပွဲများကို ကျင်းပမည်ဟု ကြေညာထားသည်။
ဗကသ ပြောရေးဆိုခွင့်ရှိသူ မခင်မျိုးဆက်က “စစ်အစိုးရရဲ့ လမ်းကြောင်းဟာ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှု မရှိလို့ ကျမတို့ တင်ပြချက်တွေနဲ့ ခံစားချက်တွေကို အလေးအနက် တိုက်တွန်းပေးဖို့နဲ့ မတရား ပြုလုပ်ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲကို တရားမဝင်ကြောင်း ကျေညာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ညွန့်ပေါင်း ၃ ပွင့်၏ ကျေညာချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်မှ မြန်မာနိုင်ငံအပေါ် ပွင့်လင်းစွာ အရေးယူ တောင်းဆိုမှုများ လုပ်ခဲ့လျှင် တရုတ်နှင့် ရုရှား အနေအထားကို ပြောင်းလဲမှု လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ရေးသားထားသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်က “တွေ့ဆုံဆွေးနွေးရေး အခုထိ အကောင်အထည် မပေါ်တာကို ယူအန်(ကုလ)ကိုယ်၌က ပါဝင်ဖို့ လိုနေပြီ။ ရွေးကောက်ပွဲကို အဓိပ္ပာယ်မဲ့တယ်ဆိုတဲ့ အကြောင်းတွေကို သူကိုယ်တိုင် ပြတ်ပြတ်သားသား ပြောဖို့ လိုနေပါပြီ” ဟု ပြောသည်။
ယခုသတင်းနှင့်ပတ်သက်၍ မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသူ အားလုံးမှာ ပြည်တွင်းတွင် လျှို့ဝှက် လှုပ်ရှားနေသူများ ဖြစ်ပြီး မိမိတို့ ပြောလိုသည်များကို ပြည်ပအခြေစိုက် မီဒီယာများကတဆင့် ပြည်သူလူထုသို ထုတ်ပြန်လေ့ ရှိသည်။
ထိုကဲ့သို ဖြစ်ထွန်းနေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို သြဂုတ်လလယ်ပိုင်းတွင် လာရောက် လည်ပတ်ရန် စစ်အစိုးရက ဖိတ်ကြားထားသည်။
သို့သော်လည်း ဒီမိုကရေစီလိုလားသော အတိုက်အခံများက မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အပေါ်မှ သိသာကောင်းမွန်သော ရလာဒ်များ ဖြစ်ပေါ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားဘဲ ရှိနေသည်။

မင်းသိင်္ခ ကွယ်လွန်
ဖနိဒါ
သောကြာနေ့၊ သြဂုတ်လ 01 2008 13:26 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နာမည်ကျော် စာရေးဆရာနှင့် ဗေဒင်ဆရာ မင်းသိင်္ခ (၇ဝ နှစ်) သည် ယနေ့နံနက် ၆ နာရီတွင် လူကြီးရောဂါများဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
“ဟုတ်တယ်၊ ဒီမနက် ၆ နာရီမှာ ဆုံးတယ်ပေါ့နော်။ ဇူလိုင်လ ၄ ရက်နေ့မှာ ဆေးရုံတက်တယ်။ ညာဘက်ခြေထောက် သွေးကြောပိတ်ပြီးတော့ ဖြတ်ရမယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်လိုက်တယ်။ အဲလို အချိန်မှာ ခြေထောက်က မဖြတ်ရဘဲနဲ့ ပြန်ကောင်းလာရော။ ၁၅ ရက်နေ့မှာ ကျန်းမာရေး ကောင်းတယ် ဆိုပြီးတော့ ဆေးရုံကနေ မင်္ဂလာခြံကို ပြန်ရောက်တယ်။ နှစ်ပတ်လောက်နားပြီး မနေ့က မလန်းဆန်းတာနဲ့ ဆေးရုံကို ပို့လိုက်တယ်” ဟု ဆရာမင်းသိင်္ခ၏ တပည့်ဖြစ်သူ ဆရာမင်းသိမ်းခိုင်က ပြောသည်။
ဆရာမင်းသိင်္ခသည် သဲထိတ်ရင်ဖို ဖြစ်စေပြီး လျှို့ဝှက်ဆန်းကြယ်သည့် အမှုအခင်းများကို စုံစမ်းဖော်ထုတ်သည့် ဇာတ်လမ်းများ၊ စိတ်အားတက်ကြွ စွန့်စားမှုနှင့် ရှေးဟောင်း ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းအသားပေး ဝတ္ထုများကို ရေးသားရာတွင် အထူးပင် အောင်မြင်ခဲ့သူ ဖြစ်သည်။ သူ၏ ဇာတ်လိုက်များအဖြစ် ဆားပုလင်း နှင်းမောင်နှင့် စနေမောင်မောင်တို့မှာ အထူး ထင်ရှားလှသည်။
ထို့အပြင် နက္ခတ်ဗေဒင်များကို လေ့လာလိုက်စား ဟောကြားရာတွင်လည်း အထူးပင် အောင်မြင်ခဲ့သူ ဖြစ်သည်။
------------------------------------
(နာရေး)မင်းသိင်္ခ
ဆားပုလင်းနှင်းမောင်ကို ဖန်တီးခဲ့သူ စာရေးဆရာကြီး မင်းသိင်္ခသည် အသက် ၇၀ အရွယ် သြဂုတ် ၁ ရက်၊ ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ စာရေးကောင်း၊ စကားပြောကောင်းပြီး စိတ်ကူးယဉ်ဝတ္ထုများကို တကယ်ရှိလေဟန် ဆက်ဟပ် ဖန်တီးခဲ့သူ အနုပညာ ပစ္စလက်ပိုင်ရှင် မင်းသိင်္ခမှာ နက္ခတ် ဗေဒင် ဟောပြောရာတွင်လည်း တမူထူးခြားစွာ ဂိုဏ်းတခု ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။
သူ၏ ထူးထူးခြားခြား လုပ်ဆောင်ချက်များက ဝေဖန်ခံရမှုများနှင့် လွတ်ကင်းသည်တော့ မဟုတ်ပါ။ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ထင်ရှားသော ဦးဆောင်မှုကြောင့် ဖမ်းဆီး ထောင်ကျခံခဲ့ရဖူးသည်။ ထောင်မှ လွတ်မြောက်လာပြီးနောက် နကတ် ဗေဒင် ဟောပြောမှုကို အားစိုက် လုပ်ဆောင်ခဲ့ပြန်ရာ ထင်ရှားလာပြန်သည်။ သူ၏ နောက်ပိုင်း စာအရေးအသားများတွင်လည်း ဗေဒင်ပညာရပ်ဆိုင်ရာများ လွန်ကဲခဲ့သည်။
ထို့နောက် ဂန္ဓာရီ လှည့်လည်သည်ဆိုကာ ထိုစဉ်အခါက တန်ဖိုးကြီးကားဖြင့် နိုင်ငံအ၀ှမ်း လှည့်လည်ပြီး ဘာသာရေး ကိစ္စများ လုပ်ခဲ့သည်။
သေဆုံးသည်အထိ မှော်ဘီမြို့နယ် မရမ်းသလင်းခြံတွင် နေထိုင်သွားခဲ့ပြီး ဗေဒင် သင်ကြားမှုများ လုပ်ခဲ့သည်။
မင်းသိင်္ခဟု ခေါ်တွင်လာမည့် မောင်အောင်ထွန်းကို ဇွန် ၂၅ ရက်၊ ၁၉၃၉ ခုနှစ်တွင် အဖ ပန်းချီဆရာကြီး ဦးစံရှိန်နှင့် အမိ ဒေါ်တင်တင်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။
ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပြီး အေဗီ ကောလိပ်ကျောင်းတွင် ဆယ်တန်းအထိ သင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် စစ်တပ်တွင် ၀င်ရောက် အမှုထမ်းခဲ့ပြီး ငါးနှစ်ကြာသော အခါ ထွက်ခဲ့ရာ တပ်ကြပ်ကြီး အောင်ထွန်းဟုလည်း သိကြသည်။ ဆီစက် ညစောင့်ဘ၀၊ စပါးအင်စပက်တော် ဘ၀၊ ဆန်စက် မန်နေဂျာဘ၀ တို့ဖြင့် ကျင်လည်ခဲ့ပြန်သည်။
၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဗေဒင်ဆရာဘ၀ကို စတင် ထူထောင်ခဲ့ပြီး တချိန်တည်းမှာပင် မင်းသိင်္ခ ကလောင်အမည်ဖြင့် စာရေးသားခဲ့ရာ ဆားပုလင်းနှင်းမောင် ၀တ္ထုများဖြင့် လူသိများခဲ့သည်။
ကမ္ဘာကျော် စာရေးဆရာကြီး ဆာအာသာ ကိုနင်ဒွိုင်း Sir Arthur Ignatius Conan Doyle ၏ ရှားလော့ဟုမ်း Sherlock Holmes လိုပင် မင်းသိင်္ခမှာ ကိုနှင်းမောင်ကို ဖန်တီးပြီး မြန်မာနိုင်ငံ၏ ဆာအာသာ ကိုနင်ဒွိုင်း ဖြစ်တော့သည်။
စာအုပ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့ပြီး မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် ၀ထ္ထုများမှာ ပရိတ်သတ်များအကြား စွဲထင် ကျန်စေခဲ့သည်။
၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဗေဒင်ဟောခြင်းကို မိတ်ဆက်ခဲ့သည်။ နိုင်ငံရေးကြောင့် ထောင်ကျရာ ထောင်အတွင်း လူငယ်များကို သူ၏ ဗဟုသုတ ပြောကောင်းသူ တယောက်အဖြစ် သိခဲ့ကြသည်။ ထောင်မှလွတ်ပြီးနောက် ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့ သန်းခေါင်ယံအချိန်မှစကာ လုပ်လက်စအလုပ်များ ရပ်တန့်ပြီး ဂန္ဓာရီ ထွက်ရာ သုံးနှစ် ကြာမြင့်ခဲ့သည်။
၂၀၀၉ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်က ချီးမြှင့်သည့် နက္ခတဗေဒ ပါရဂူဘွဲ့ကို "မြန်မာမင်း (၁၂၂) ပါး၏ ကံကြမ္မာ" ကျမ်းစာအုပ်ဖြင့် ရရှိထားသူလည်း ဖြစ်သည်။
ဆရာကြီး၏ ဈာပန အခမ်းအနားကို သြဂုတ်လ ၅ ရက်နေ့၌ ရန်ကုန်မြို့ ရေဝေး သုဿန်တွင် ပြုလုပ်မည် ဖြစ်သည်။
ကွယ်လွန်ချိန်တွင် သားတယောက် ကျန်ရစ်ခဲ့သည်။

နေပြည်တော်မှာ သမ္မတနှင့် ဒု-သမ္မတအိမ်တော်များ ဆောက်လုပ်ပြီး
ဆောက်လက်စလွှတ်တော် (၄) နှစ်ခန့်ကြာနိုင်
NEJ/ ၁ သြဂုတ် ၂၀၀၈
မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲ မလုပ်ရသေးသော်လည်း ရွေးကောက်အပြီး ထွက်ပေါ်လာ မည့် အရပ်သားအစိုးရ ခေါင်းဆောင်များဖြစ်သည့် သမ္မတနှင့် ဒု-သမ္မတတို့ နေထိုင်ရန် အိမ်တော်များကို နေပြည်တော်မှာ အကြမ်းဆောက်ပြီးနေပြီ ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
အနာဂတ် သမ္မတနှင့် ဒု-သမ္မတတို့ မည်သူဖြစ်မည်ကို တိုင်းပြည်က မသိသေးသော်လည်း နေပြည်တော်မှာ သမ္မတအိမ်တော်နှင့် ဒု-သမ္မတအိမ်တော် ဆောက်နေခြင်းသည် မည်သူ သမ္မတဖြစ်မည်၊ မည်သူ ဒု-သမ္မတဖြစ်မည်ကို စစ်အစိုးရက ကြိုသိနေပုံရသည်ဟု အမည် မဖော်လိုသည့် နေပြည်တော် အင်ဂျင်နီယာများက ပြောသည်။
သို့သော် ဆောက်လက်စ လွှတ်တော်အဆောက်အအုံမှာ (၁၀) ရာနှုန်းခန့်သာ ပုံပေါ်သေးသည့် အတွက် နောက်ထပ် (၄-၅) နှစ်နှင့် ပြီးရန်မလွယ်ဟု နေပြည်တော် မျက်မြင်သက်သေများက မှန်းသည်။ နေပြည်တော် သပြေကုန်းအ၀ိုင်းကနေ ၀န်ကြီးဌာနပေါင်းစုံသွားသည့် ရာဇဌာနီ လမ်းမကြီး၏ လက်ဝဲဘက်ခြမ်းမှာ ပြည်သူ့လွှတ်တော် အဆောက်အအုံသစ်ကို ဆောက်လုပ် နေခြင်းဖြစ်သည်။ အဆောက်အအုံပုံစံမှာ နည်းပညာကောလိပ် အကြီးစားပုံ ပေါက်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြန်မာလူထုထံသို့ သမ္မတဘုရှ် ရေဒီယိုမှ သတင်းစကားပါးမည်
NEJ/ ၁ သြဂုတ် ၂၀၀၈
အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်သည် မြန်မာအသံလွှင့်ဌာနများမှတဆင့် မြန်မာနိုင်ငံ ပြည်သူများထံသို့ တိုက်ရိုက် သတင်းစကား ပြော ကြားမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ အာရှရေးရာ ဒါရိုက်တာ ဒန်းနစ်ဝယ်လ်ဒါ
က ဇူလိုင် (၃၀) ရက် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
သမ္မတဘုရှ်၏ တောင်ကိုးရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့သို့ သွားရောက်လည်ပတ်မည့် တပတ်ကြာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသည့်အခါ ယင်းသို့ပြောကြားရန် အစီအစဉ်ရှိခြင်းဖြစ်သည်။
သမ္မတဘုရှ်သည် သြဂုတ် (၇) ရက်၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနှင့် ပတ်သက်၍ အန်ဂျီအိုများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နေ့လည်စာစားရင်း တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း ထို့နောက် မြန်မာလူထုအား တိုက်ရိုက် သတင်းစကားပါးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ထုတ်လွှင့်နေသည့် အသံလွှင့်ဌာနများအား အင်တာဗျူး လက်ခံဖြေကြားမည်ဟု သိရသည်။
တချိန်တည်း၌ပင် သမ္မတကတော် လော်ရာဘုရှ်သည်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်၍ မယ်လဒုက္ခသည်စခန်းနှင့် ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက် လည်ပတ်ရန် အစီအစဉ်ရှိသည်။ ။

နာဂစ်မုန်တိုင်းအပျက်အစီးအတွက် အာမခံကြေးမရသေး
NEJ/ ၁ သြဂုတ် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးပျက်စီးမှုများ ရှိသည့်အနက် အာမခံထားသူများသည် မုန်တိုင်းပြီး (၃) လကြာသည့်တိုင် အာမခံလျော်ကြေးငွေ မရရှိသေးဘဲ နှောင့်နှေးကြန့်ကြာနေသည့်အတွက် ပြင်ဆင် မှုစရိတ်များ အခက်ကြုံနေကြသည်။
မုန်တိုင်းကြောင့် ရန်ကုန်တိုင်းအတွင်းရှိ နေအိမ်အဆောက်အအုံများ၊ စက်မှုဇုန်ရှိ ကုန်လှောင်ရုံများ၊ သင်္ဘောများ စသည့်ပျက်ဆီး ဆုံးရှုံးမှုများအတွက် အာမခံထားသူများသည် လျော်ကြေးငွေ မရ ကြသေးကြောင်း လှိုင်သာယာစက်မှုဇုန်မှ စက်ရုံပိုင်ရှင်များက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းကမူ နာဂစ်မုန်တိုင်းကြောင့် အာမခံလျော်ကြေး ရရှိမည့်သူများအား လျော် ကြေးငွေ အမြန်ဆုံးပေးမည်ဟု ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် ပြောကြားခဲ့သည်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် လျော်ကြေးငွေ ပေးရန် မိမိတို့ဌာနမှငွေကို မိမိတို့က ပြန်လည် တောင်းခံနေရသည့် အခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ အရာရှိတဦးက ပြောသည်။
၎င်းက“ မြန်မာ့အာမခံလုပ်ငန်းမှာ ၀င်ငွေတွေ ရှိပါတယ်။ ဒီလုပ်ငန်းက ရှုံးတယ်ဆိုတာမရှိတဲ့ လုပ်ငန်း ပါ၊ နှစ်စဉ် သိန်းထောင်ချီရနေတာပါ။ အခုက ကိုယ့်ငွေကို ကိုယ်ပြန်တောင်းနေရတာ၊ အတော်လေး တောင်းနေရတယ်၊ အဆင်ပြေပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းသည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်တွင် ရှိပြီး ၎င်း၏ နှစ်စဉ် ရရှိ သော အာမခံထားရှိမှုဝင်ငွေများကို အဆိုပါဝန်ကြီးဌာနသို့ အပ်နှံထားရကြောင်း၊ အစိုးရအနေဖြင့် မြန်မာ့အာမခံဌာနမှငွေကိုလည်း နိုင်ငံတော် အသုံးစရိတ်များတွင် အသုံးပြုကြောင်း ထိုအရာရှိက ပြောသည်။
ရန်ကုန်တိုင်းအတွင်း မေလ (၂) ရက်နှင့် (၃) ရက် နေ့များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကြောင့် စက်မှုဇုန်များ၊ စက်ပစ္စည်းများ၊ ကုန်လှောင်ရုံများ၊ အဆောက်အအုံများ စသည်တို့အတွက် အာမခံလျော်ကြေးငွေ ပေးရမည့်ပမာဏမှာ (၅) ဘီလီယံရှိပြီး ၁၉၅၂ ခုနှစ်မှစ၍ အာမခံလုပ်ငန်း ဆောင်ရွက်မှု သက်တမ်းတလျှောက်၌ စံချိန်တင်ရမည့် လျော်ကြေးငွေဖြစ်ကြောင်း၊ ယခုအာမခံ လျော်ကြေးငွေ ပေးရမည့်အမှုပေါင်း (၃၀၀) ကျော်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ပြောရေး ဆိုခွင့်ရှိသူ ယင်းအရာရှိက ဆက်လက်ပြောကြားသည်။
ကုန်လှောင်ရုံပိုင်ရှင်တဦးက “ကျနော့်မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့တန်ဖိုးက သိန်း ထောင်နဲ့ချီပါတယ်။ အခုတော့ အာမခံ လျော်ကြေးငွေ ပြန်ပေးမယ့် မျှော်လင့်ချက်တော့ရှိတာပဲ၊ ပြန်လည်ပြင်ဆင်ရမယ့် အနေအထားတခုအတွက်တော့ စရိတ်စက ကာမိသေးတာပေါ့ဗျာ၊ သိန်းသုံးရာလောက်တော့ ပြန်ရမယ်ထင်တာပဲ” ဟု ပြောသည်။ ။

ထိုင်းနယ်စပ်ရောက် နာဂစ်ဒုက္ခသည်များကို တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအသင်းက ထောက်ပံ့
NEJ/ ၁ သြဂုတ် ၂၀၀၈ အသင်းဥက္ကဋ္ဌက ကိုမောင်ကြီးကိုအကူငွေပေးအပ်စဉ်
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ထိုင်းနိုင်ငံ မဲဆောက် သို့ ရောက်ရှိလာသည့် မြန်မာဒုက္ခသည် အစစ် အမှန်များကို အကူအညီပေးသွားမည်ဟု တာ့ခ် ခရိုင် စက်မှုလုပ်ငန်းရှင်များအသင်းက ပြောသည်။

မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဧရာ ၀တီတိုင်း လပွတ္တာမြို့နယ်၊ ပြင်စလူရွာသား ကိုမောင်ကြီးသည် နာဂစ်မုန်တိုင်းကြောင့် ဇနီးသည်အပါအ၀င် သားသမီး (၃) ဦး ရေထဲ မြောပါ သေဆုံးခဲ့သူဖြစ်သည်။ ကိုမောင်ကြီးအား ယမန်နေ့ညနေက အကူငွေ ဘတ် (၅၀၀၀) ပေးအပ်အပြီးတွင် အသင်းဥက္ကဋ္ဌက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အသင်းဥက္ကဋ္ဌ နိုင်ချိုင်ယွတ် စေနိတန်တိကွန်းက “နာဂစ်ဒဏ်ခံရတဲ့ဒေသမှာ ကိုယ်တိုင်သွားလှူခွင့် မရတဲ့အတွက် မြ၀တီခရိုင် ခယကမှတဆင့် အကြိမ်ကြိမ် ပေးလှူခဲ့တယ်။ ဒုက္ခသည်တွေကိုယ်တိုင် ဒီကိုရောက်လာတော့ သူတို့လက်ထဲ ကိုယ်တိုင်ပေးချင်တယ်၊ လူသားချင်းစာနာတဲ့အနေနဲ့ ပေးတာ ပါ၊ နောက်ထပ် ရောက်လာမယ့် လူတွေကိုလည်း ဆက်လက်ကူညီပေးသွားမှာ ဖြစ်တယ်၊ ဒုက္ခသည် ဟုတ် မဟုတ်ကိုတော့ စိစစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ကိုမောင်ကြီး က`“မိသားစုတွေ ရေထဲပါသွားတယ် ကျနော်တယောက်ပဲ ကျန်တယ်၊ ဘာဆိုဘာမှကို မကျန်တော့ဘူး၊ နေစရာမရှိ စားစရာမရှိ ဖြစ်တဲ့အတူတူ ဒီဘက်ကို ထွက်လာတာပါ၊ မြ၀တီမှာ တလကြာတယ်၊ အဲဒီကနေ မဲဆောက်ရောက်တာပါ။ ရွာက ထွက်လာတာ နှစ်လပြည့်တော့မယ်၊ ရွာမှာက ဘယ်လိုမှ နေလို့မရတော့ဘူး။ မှတ်မှတ်ရရ အင်္ကျီတထည် ဆန်နှစ်ဗူးနဲ့ ဖရောင်းတိုင် ဆယ်တိုင်ပဲ ရဖူးတယ်။ အိုးအိမ်တွေ ထူထောင်ပေးမယ် ပြောတယ် ဒါကလည်း ဘယ်တော့ဖြစ် မှာလဲ၊ နိုင်ငံခြားက လှူတဲ့တဲတွေတောင်မှ သူတို့လူတွေပဲ နေရစားရတယ်ဆိုတော့ ကျနော်တို့ အတွက်ကတော့ ဒီကို ထွက်လာတာ အသင့်တော်ဆုံးပဲလို့ ထင်တယ်” ဟု ပြောသည်။
နာဂစ်မုန်တိုင်းဒဏ် ခံရသည့် မဲဆောက်ဒေသတွင်း ရောက်ရှိနေသူများအနေဖြင့် အကူအညီလိုအပ် ပါက တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအသင်း ရုံးဖုံးနံပတ် ၀၅၅-၅၄၂၃၈၁ သို့ ဆက်သွယ်နိုင် သည်ဟု သိရသည်။
မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် မဲဆောက်အခြေစိုက်
နာဂစ်မုန်တိုင်း အရေးပေါ် ကူညီစောင့်ရှောက်ရေးအဖွဲ့ (EMERGENCY ASSISTANCE TEAM) ၏ မှတ်တမ်းများအရ မဲဆောက်သို့ မုန်တိုင်းဒုက္ခသည် (၁၁၀) ခန့် ရောက်ရှိလာသည်ဟု သိရှိရသည်။
သို့သော်ယခုကဲ့သို့ တာ့ခ်ခရိုင်စက်မှုလုပ်ငန်းရှင်များအသင်း၏ အကူအညီပေးမှုကို ရရှိသည့် ကိုမောင်ကြီးသည် ဒေသတွင်းရောက်ရှိနေသည့် နာဂစ်ဒဏ်ခံရသူများထဲတွင် ပထမဆုံးဖြစ်သည်။

စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခင်္ကွယ်လွန်
မြန်မာပြည်ကောင်းဖို့နီးပြီဟု မကွယ်လွန်ခင်ပြောခဲ့
ပီတာအောင်/ ၁ သြဂုတ် ၂၀၀၈ စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခ
စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခ အသက် (၇၀) နှစ်သည် ယနေ့နံနက် (၆) နာရီက ရန်ကုန်မြို့ သုခ ကမ္ဘာ အထူးကုဆေးခန်း၌ နှလုံးသွေးကြောရပ် ရော ဂါဖြင့် ကွယ်လွန်သွားသည်ဟု ၎င်း၏ တပည့်သား ချင်းများက ပြောသည်။
နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ၀င်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။
(၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ အယူတော်မင်္ဂလာခြံဝင်းအတွင်း၌ နေထိုင် ကာ ဗေဒင်၊ လက္ခဏာ၊ ဂမ္ဘီရ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြားပေးနေသူဖြစ်ပြီး ထင်ပေါ်ကြော်ကြားသူတို့အတွက် နာမည်အပေးကောင်းသူတဦးဖြစ်သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဆရာမင်းသိင်္ခသည် ရှစ်လေးလုံးအရေးအခင်းတွင် လူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အစိုးရ ကို ဝေဖန်တိုက်ခိုက်သည့် ဟောပြောမှုကြောင့် အာဏာသိမ်း န၀တ စစ်အစိုးရ၏ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရသော်လည်း နှစ်ပြည့်မနေရခင် ပြန်လွတ်လာခဲ့သည်။
မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လ၀န်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။
မင်းသိင်္ခသည် မနုစာရီ ၀တ္ထုဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များအပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် 'မနုစာရီ' လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်၌ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည်။ 'ဆားပုလင်းနှင်းမောင်' လုံးချင်းဝတ္ထုများ တအုပ်ပြီးတအုပ် ထွက်လာခဲ့သည်။
မြန်မာစာဖတ်ပရိသတ်များအတွက် 'ဆားပုလင်းနှင်းမောင်' သည် မြန်မာရှားလော့ဟုမ်း ဖြစ်လာ ခဲ့သည်။ မင်းသိင်္ခ၏ အခြားလူကြိုက်များသော ဇာတ်လိုက်များမှာ 'ပုဏ္ဏားဘကွန်း' နှင့် စနေမောင်မောင်' တို့ဖြစ်သည်။
၎င်းကွယ်လွန်ချိန်၌ ဇနီးဟောင်း ဒေါ်အေးအေးနှင့် သားတဦးတို့ ကျန်ရစ်သည်။ ၎င်း၏ ဈာပနကို သြဂုတ် (၅) ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ရန် အစီအစဉ်ရှိ ကြောင်းသိရသည်။ ။

စာနာမှု အထောက်အပံ့ သာမက လူ့အခွင့်အရေး တိုးတက်အောင် ကုလသမဂ္ဂ လုပ်ဆောင်သင့်
01 August 2008
ဦးသိန်းထိုက်ဦး -
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် တစုံတရာ အထောက်အကူ ပြုနိုင်မယ်လို့ ဒီမိုရေစီရေး လှုပ်ရှားသူတချို့က မျှော်လင့်ကြပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်ရဲ့ အခြေအနေကို ချဉ်းကပ်တဲ့အခါ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတခုတည်းကို ရှေ့တန်းတင်တာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ ဒီမိုကရေစီ အင်အားစုတွေက သူတို့ သဘောထားကို ပြောခဲ့ကြတာပါ။
မစ္စတာ ကင်တာနား အနေနဲ့ ဒီနှစ် မတ်လ (၇) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူအဖြစ် တာဝန်ပေးအပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရဘက်က သူ လာရောက်မှာကို အခုမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မစ္စတာ ကွီတားနားအနေနဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေအပြင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။
"မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို အမှန်တကယ်လည်း သိသွားမယ်။ နောက် ဒီဟာနဲ့ပတ်သက်ပြီး တော့လည်း တိုးတက်မှု တစုံတရာတော့ ရနိုင်ပါတယ်လို့တော့ ကျနော်တို့ မျှော်မှန်းပါတယ်။"
အာဂျင်တီးနားနိုင်ငံသား သောမတ်စ် အိုဟေး ကင်တားနားဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ပေးခြင်းခံရတဲ့ ပဉ္စမမြောက် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းသူဖြစ်ပါတယ်။
သူအရင် ဘရာဇီးနိုင်ငံသား ပါမောက္ခ ပေါ်လိုဆာဂျေယို ပင်ညဲရိုး (Paulo Sergio Pinheiro)၊ မောရီရှတ်စ် နိုင်ငံသား ရက်ဆိုမာ လာလား (Rajossomer Lallah) နဲ့ ဂျပန်နိုင်ငံက ဆာဒကို အိုဂါတာ (Sadako Ogata) နဲ့ ပါမောက္ခ ယိုဇို ယိုကိုတာ (Yozo Yokota) တို့ကို ကုလသမဂ္ဂက ခန့်အပ်ခဲ့ဖူးပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာစုံစမ်းခဲ့တဲ့ တချိန်တည်းမှာ အထူး ကိုယ်စားလှယ်တွေ ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ရင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲအောင် တိုက်တွန်းနားချခဲ့တာတွေ ရှိပါတယ်။
ဒါပေမယ့်လည်း ဒီလို လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် သွားရောက်လေ့လာတဲ့ ခရီးစဉ်တွေဟာ မြန်မာနိုင်ငံ အခြေအနေ အမှန်တကယ် တိုးတက်ပါ့မလားဆိုပြီး သံသယနဲ့ တုံ့ပြန်သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ဦးမြင့်အေးကတော့ အခုလို ပြောပါတယ်။
"သူ လာလေ့လာတဲ့ကိစ္စက သူ သိသွားယုံပဲ ရှိမှာပေါ့။ ဒါလည်း တကယ် ဒီလို နိုင်ငံခြား ဧည့်သူတွေလာတဲ့အခါမျိုးမှာ တကယ်တမ်း ဖြစ်စဉ်တွေ အမှန်တွေကို သိရှိဖို့အတွက် ကျနော် သိသလောက်ကတော့ အများအားဖြင့် ဘယ်သူမှ အဲဒီအခွင့်အရေး မရသွားဘူးခင်ဗျ။ အခုတော့ သူလည်း အဲဒီလိုပဲ လာပြီး ပြန်သွားတာပဲ ဖြစ်မှာပဲ။ ဘာမှ တိုးတက်စရာ မရှိပါဘူး။"
ဦးမြင့်အေးပြောသွားတာပါ။ ဒီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအ၀င် အခြား ထိပ်တန်း အရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ခရီးစဉ်တွေအတွင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ကိစ္စတခုတည်းကိုပဲ ဦးတည်တယ်ဆိုပြီး လူ့အခွင့်အရေးကိစ္စတွေကို ပစ်ပယ်ခဲ့ကြတာကြောင့် ဝေဖန်တာတွေလည်း ခံခဲ့ကြရပါတယ်။
အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ ဒါနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
"ကျနော်တို့ သုံးသပ်တာကတော့ အဲဒီ မစ္စတာ ဘန်ကီမွန်းတို့ ဘာတို့ လေဘေး ဒုက္ခသည်တွေအတွက်ပဲ နိုင်ငံရေးမပါဘူးလို့ ပြောတာ ကြားရပါတယ်။ ဒါပေမယ်လို့ ဘယ်လိုပဲ ပြောပြော နိုင်ငံရေးက ပါကို ပါရပါတယ်။ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ နိုင်ငံရေး ကင်းလွတ်တဲ့ လူသားချင်းစာနာခြင်းဆိုတာလည်း မရှိနိုင်ဘူးလို့ပဲ ကျနော်တို့ နားလည်ပါတယ်။"
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေကို ကြည့်တဲ့အချိန်မှာ လူသားချင်း မစာမနာ အလုပ်ခံနေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း လစ်လျူရှု မထားသင့်ဘူး ဆိုပြီး ဒီမိုကရေစီအင်အားစုတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ဦးမြင့်အေးကတော့ အခုလို ပြောပါတယ်။
"လောလောဆယ်က ကျနော်တို့ကဗျာ၊ လူသားချင်းစာနာထောက်ထားတယ် ဆိုတာက နာဂစ်ကို အကြောင်းပြပြီး သူတို့ ပြောတာပေါ့။ တကယ်တော့ ကျနော်တို့ ဒီ လူသားချင်း စာနာထောက်ထားသင့်တဲ့ အကြောင်းအရာက နာဂစ်မတိုင်ခင်ကတည်းက တိုင်းပြည် အင်မတန်ကို ဆင်းရဲနေတဲ့ အကြောင်းရင်းက ရှိနေပါတယ်။ ဘာပဲလုပ်လုပ် လူသားချင်း ထောက်ထားစာနာတဲ့ ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် စာနာတယ်ဆိုတာကဗျာ၊ နိုင်ငံတကာ အကူအညီပေါ့ဗျာ။ ဒါကတော့ လိုနေတာပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးပြဿနာတွေ ရှိနေတယ်။ စီးပွားရေးပြဿနာတွေ ရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြဿနာတွေ ရှိနေတယ်ပေါ့ဗျာ။ အဲဒါတွေလည်း မျှမျှတတ ချိန်ပြီးတော့ ဖိအားပေးဖို့တော့ လိုအပ်ပါတယ်။
သြဂုတ်လတွင်း ကုလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တားနားအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ လည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကတော့ ကုလသမဂ္ဂဟာ ပြီးခဲ့တဲ့ မေလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံကို မသွားရောက်ခင် အနည်းဆုံး (၃၅) ကြိမ် မြန်မာနိုင်ငံကို အထူး ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
ဒါကြောင့်လည်း ဒီလို ခရီးစဉ်တွေကနေ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုတွေဟာ လက်တွေ့ အပြောင်းအလဲတွေ ပေါ်လာနိုင်တဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာအောင် ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း တိုက်တွန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

အိုလံပစ်ကို နိုင်ငံရေးနဲ့ မရောသင့်
01 August 2008 တရုတ်သမ္မတ ဟူကျင်းတောင်
လာမယ့် သီတင်းပတ်အတွင်း စတင်ဖွင့်လှစ်မယ့် ဘေဂျင်း အိုလံပစ်ပွဲဟာ တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေး မှတ်တမ်းအပေါ် မကျေနပ်ချက်တွေကို ဖော်ထုတ်ပြသမယ့်ပွဲ မဟုတ်ဘူးလို့ တရုတ်သမ္မတ ဟူကျင်းတောင် က ပြောလိုက်ပါတယ်။
မတူညီတဲ့တိုင်းပြည်က လူတွေအကြား အကြောင်းအရာ တော်တော်များများအပေါ် အမြင်ချင်း မတူညီကြတာဟာ မလွဲမရှောင်သာတဲ့ ကိစ္စဖြစ်တယ်လို့ ဒီကနေ့ ရှားရှားပါးပါး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဟူက အခုလို ပြောဆိုလိုက်တာပါ။ ဒါပေမယ့် အိုလံပစ်ပွဲကို နိုင်ငံရေးနဲ့ ရောယှက်တာဟာ အိုလံပစ်ရဲ့ စိတ်ဓါတ်နဲ့ ဆန့်ကျင်ရာ ရောက်တယ်လို့ တရုတ် သမ္မတက ပြောပါတယ်။
၂၀၀၁ ခုနှစ်တုန်းက အိုလံပစ်ပွဲ တရုတ်ပြည်မှာ ကျင်းပဖို့ မဆုံးဖြတ်ခင် တရုတ်အစိုးရက တိုင်းပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်မယ်လို့ ပေးထားတဲ့ကတိကို လိုက်နာခြင်းမရှိဘူးလို့ အခုသီတင်းပတ် အစောပိုင်းတုန်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကလည်း တရုတ်အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေအပေါ် လူ့ခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန့်ဖို့ အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသေးတယ်။
တခြား ဖြစ်ပေါ်မှုတခုမှာတော့ အစောပိုင်းက ပိတ်ထားခဲ့တဲ့ အင်တာနက် ၀ဒ်ဆိုက် တချို့ကို နိုင်ငံခြား သတင်းထောက်တွေကို အသုံးပြုခွင့်ပြုမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မီတီက ကြေညာလိုက်ပါတယ်။

အိုလံပစ်ပွဲကာလအတွင်း တရုတ်ပြည်တွင် အင်တာနက် အသုံးပြုနိုင်ရေး ပြဿနာရှိနေ
01 August 2008
Adaptation of Stephanie Ho’s Report in Burmese - နိုင်ငံခြားသတင်းထောက်အချို့ အိုလံပစ်ပင်မ သတင်းစင်တာတွင် အင်တာနက်အသုံးပြု၍ အလုပ်လုပ်နေကြစဉ်။ ဇူလိုင် ၃၁၊ ၂၀၀၈။
တရုတ်နိုင်ငံမှာကျင်းပမယ့် နွေရာသီဘေဂျင်းအိုလံပစ်ပွဲစဖို့ ရက်သတ္တတပတ်သာ လိုပါတော့တယ်။ အားကစားပွဲကို
သတင်းရယူကြဖို့အတွက် နိုင်ငံခြားသတင်းဌာနတွေနဲ့ သတင်းသမားများစွာလည်းဘေဂျင်းကို ရောက်နေကြပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အိုလံပစ်ပွဲ သတင်းစင်တာတွေမှာ အင်တာနက်စာမျက်နှာတချို့ကိုကြည့်မရအောင် ပိတ်ပင်ထားတာတွေ
ကြောင့် တရုတ်အာဏာပိုင်တွေအပေါ်နိုင်ငံတကာသတင်းသမားတွေ အတော်လေး ပြောဆိုဝေဖန်နေကြပါတယ်။
နိုင်ငံခြားသတင်းသမားတွေအနေနဲ့အင်တာနက်စာမျက်နှာတချို့ကို ကြည့်မရအောင် တရုတ်အာဏာပိုင်တွေက ပိတ်ပင်
ထားတဲ့အပေါ် အိုလံပစ်ကျင်းပရေးကော်မတီကြားမှာ နားလည်လို့မရအောင် ဖြစ်မိသလို အခုလိုဖြစ်ခဲ့ရတဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ အိုလံပစ်ကျင်းပရေး သတင်းတာဝန်ခံ ကီဗင် ဂေါ့စ်ပါ (Kevan Gosper) က ပြောဆိုခဲ့တဲ့အကြောင်း ဘေဂျင်းမြို့က
ဗွီအိုအေသတင်းထောက် စတက်ဖ်နီ ဟိုး (Stephanie Ho) က သတင်းပေးပို့ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကျင်းပရေး သတင်းတာဝန်ခံက သူတို့အနေနဲ့ အိုလံပစ်ပွဲ
အတွင်း အင်တာနက်အသုံးပြုမှုတွေအပေါ်မှာ လုံးဝ ထိန်းချုပ်ကန့်သတ်မှာ မဟုတ်ဘူး
လို့လည်း ပြောဆိုလိုက်ပါတယ်။
"အားကစားပွဲတော်ကို သတင်းယူကြမယ့် နိုင်ငံတကာသတင်းမီဒီယာတွေ အံ့သြတကြီး
ကြုံရတဲ့ အခြေအနေပေါ်မှာ ကျနော် စိုးရိမ်တကြီး ဖြစ်ရပါတယ်။ ဒါဟာ ကျနော့်အဖို့
တော့ လက်ခံစရာအကြောင်း မရှိပါဘူး။"
ပြင်သစ်အခြေစိုက် RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ
ဗင်းဆင့် ဘရောစိုးကတော့ တရုတ်အစိုးရဟာ နိုင်ငံအတွင်း လွတ်လပ်ခွင့်တွေအပေါ်
ထိန်းချုပ်ထားတယ်ဆိုတဲ့ ဝေဖန်ထောက်ပြချက်တွေကို အခုပြဿနာက သက်သေ
ပြလိုက်တာလို့ ဆိုပါတယ်။
"ဒီသတင်းဟာ ထူးထူးဆန်းဆန်းလည်း မဟုတ်ပါဘူး၊ ပထမဦးဆုံးသတင်းတခုလည်း
မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရုတ်အာဏာပိုင်တွေဟာ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပြင် သတင်းလွတ်လပ်ခွင့်တွေမှာပါ တင်းတင်း
ကျပ်ကျပ် ကိုင်တွယ်နေတာပါ။ ဘေဂျင်းကော်မတီက သတင်းလွတ်လပ်ခွင့်တွေ
ထိန်းချုပ်ကန့်သတ်မှာမဟုတ်ဘူးလို့ ပြောနေပေမယ့် အခုလို အင်တာနက်တွေ
ထိန်းချုပ်တယ်ဆိုတာ ကြားရတော့ အပြောတခြား၊ အလုပ်တခြားဖြစ်နေတာကတော့
အံ့သြစရာပါဗျာ" လို့ မစ္စတာ ဗင်းဆင့်က ပြောပြသွားပါတယ်။
"လွတ်လပ်ပြီး တန်ဖိုးရှိတဲ့ အိုလံပစ်ပွဲတခုဖြစ်ဖို့အတွက် လူ့အခွင့်အရေး ညီမျှမှုတွေ၊
သတင်းလွတ်လပ်ခွင့်တွေရှိဖို့ လိုအပ်ပါတယ်။ တကယ်တော့ တရုတ်အစိုးရဟာ သူ့ကို
ဝေဖန်နေတဲ့အပေါ် လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းရင်း သက်သေပြသင့်ပါတယ်။
ကျနော်တို့ကလည်း နိုင်ငံတကာကို တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို သိစေချင်
ပါတယ်" လို့လည်း RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ
ဗင်းဆင့် ဘရောစိုးက ဆက်ပြောပြပါတယ်။
တရုတ်အစိုးရအနေနဲ့ အိုလံပစ်ပွဲ မကျင်းပခင်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေရဲ့
ဝေဖန်ထောက်ပြ ကန့်ကွက်မှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ
အပေါ်မှာလည်း အတော်လေး ဖြေရှင်းရုန်းကန်ရင်းနဲ့ အိုလံပစ်ပွဲကို အောင်အောင်
မြင်မြင် ကျင်းပနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို ရှေ့အပတ်ထဲ ရောက်ရှိမည်
01 August 2008
ဦးသားညွန့်ဦး -
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေးကွီတာနား။(ဓာတ်ပုံ-ယူအန်)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကွီတာနား (Thomas Ojea Quintana) ဟာ
ရှေ့လာမယ့်အပတ် သြဂုတ်လ ၃ ရက်နေ့ကနေ၇ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားမယ်လို့ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မစ္စတာကွီတာနားအနေနဲ့ မြန်မာနိုင်ငံသွားဖို့ပြင်တာကြာနေပေမယ့် အခုအချိန်ကြမှ မြန်မာစစ်အစိုးရက ဖိတ်ကြားခံခဲ့ရတာဖြစ်လို့ သွားမှာ
ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။ ဒါဟာ သူ့ကို ဒီတာဝန်ပေးပြီးနောက်မှာပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်နိုင်တာ ဖြစ်ပါတယ်။
မစ္စတာကွီတာနားအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံ
မှာဖြစ်သလို အစိုးရအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ၊ အခြား တိုင်းရင်းသား
ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လွတ်လပ်တဲ့ လူထုအဖွဲ့
အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူ
တွေနဲ့လည်း တွေ့ဆုံခွင့်ရဖို့ သူကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြပါတယ်။
ဒါ့အပြင် ဆိုင်ကလုံးမုန်တိုင်းသင့်ခဲ့တဲ့ဒေသကိုလည်း သွားရောက်ကြည့်ရှုနိုင်ဖို့ မြန်မာ
အစိုးရ အာဏာပိုင်တွေထံကို သူခွင့်တောင်းထားတယ်လို့ သိရပါတယ်။ အခု မစ္စတာ
ကွီတာနား မြန်မာနိုင်ငံကို သွားမယ့်အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို
ရှစ်လေးလုံးနှစ်ပတ်လည် နှစ် ၂၀ ပြည့်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံး
ကာလမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆန္ဒပြ လှုပ်ရှားသူ
တွေကို မြန်မာအစိုးရ အာဏာပိုင်တွေဘက်က အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့်
မြန်မာနိုင်ငံ လူ့အခွင့်အရေးသမိုင်းမှာတော့ ဆိုးဆိုးရွားရွား မှတ်တမ်းတင်ကျန်ခဲ့တဲ့
နေ့လို့ ပြောရမှာပါ။
အခုလိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မစ္စတာကွီတာနားကို မြန်မာနိုင်ငံလာရောက်
ခွင့် ပေးခဲ့တာနဲ့ပတ်သက်လို့ အန်န်စီဂျီယူဘီဝန်ကြီး ဦးဘိုလှတင့်ရဲ့ အမြင်ကို
မေးကြည့်ပါတယ်။
"လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို ကိုယ်ကြိုက်တဲ့အချိန်မှာ
လက်ခံတယ်၊ ကိုယ်မကြိုက်တဲ့အချိန်မှာ ငြင်းပယ်၊ အချိန်ဆွဲတယ်ဆိုတဲ့ နေရာကနေ
အခုလို ရှစ်လေးလုံးနှစ်ပတ်လည် နီးကပ်လာတဲ့အချိန်မျိုးမှာ လာရောက်တာကို ခွင့်ပြု
တယ်ဆိုတာကိုတော့ အပြုသဘောအနေနဲ့ သတိကြီးကြီးနဲ့ ကြိုဆိုကြရမှာဖြစ်ပါတယ်။
"ဒါပေမယ့် အဓိက အခု မစ္စတာကွီတာနားအနေနဲ့ သူ့ကို ကုလသမဂ္ဂက ပေးအပ်ထား
တဲ့ Mandate အရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မှန်မှန်ကန်ကန်
သိရှိနိုင်အောင် ဘယ်လောက် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်မှုရှိမလဲ၊ အဲဒါကို
နအဖအစိုးရကနေ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ပိုပြီးတော့
အရေးကြီးတယ်လို့ မြင်ပါတယ်။"
အခု မစ္စတာကွီတာနားရဲ့ ခရီးစဉ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံးသွားတဲ့ခရီးစဉ်
ဖြစ်တဲ့အခါကျတော့ အများကြီးတော့ မျှော်လင့်လို့မရဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံး
ခရီးစဉ်မှာ အောင်မြင်တယ်လို့ ပြောလို့ရအောင် တိုင်းတာနိုင်တဲ့စံမျိုးတွေဆိုရင်
ဦးဘိုလှတင့် ဘယ်လိုယူဆမလဲ။
"ကျနော်တို့အနေနဲ့ကတော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တဖက်က ဖိတ်ခေါ်ပြီး
တော့ ကိုယ်ပြချင်တဲ့ ရှုခင်းရှုကွက်တွေကို ပြတာမျိုးထက် တကယ့် နိုင်ငံရေးအကျဉ်း
သားတွေနဲ့ တွေ့ဆုံခွင့်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံခေါင်းဆောင်
တယောက်အနေနဲ့၊ ပြည်သူလူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ သူ့ရဲ့
လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို ပြောပိုင်ခွင့်တွေ ရှိမယ်ဆိုခဲ့
လို့ရှိရင်တော့ ဒါဟာ အားလုံးက ကြိုဆိုရမယ့် တိုးတက်ဖြစ်ပေါ်မှုတွေလို့ ကျနော်ယူဆ
ပါတယ်။"
အန်န်စီဂျီယူဘီ အဝေးရောက်ညွန့်ပေါင်းအစိုးရ၀န်ကြီး ဦးဘိုလှတင့် ပြောပြသွားတာပါ။
မစ္စတာကွီတာနားအနေနဲ့ ဒီခရီးစဉ်ရဲ့ရလဒ်ကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီကို တိုက်ရိုက် အစီရင်ခံစာတင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခြား ကုလသမဂ္ဂကိုယ်စားလှယ် နောက်တဦးဖြစ်တဲ့ ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ
(Mr. Gambari) ဟာလည်း သြဂုတ်လအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါ
တယ်။ မစ္စတာဂမ်ဘာရီ အခုသွားရောက်မယ့်ခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုရင်
လေးကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်။

Famous astrologer Min Thein Kha dies age 70


နာမည်ကြီး စာရေးဆရာ ဗေဒင်ဆရာ ဆရာမင်းသိခ် မှာ ဒီနေ့ မနက် က သုခကမ္ဘာအထူးကု ဆေးခန်းတွင်

ကွယ်လွန်သွားပြီဖြစ်ကြောင်း .. Mizzima သတင်းငှာန က

ကြားဖြတ်သတင်းအနေနဲ့ ဖော်ပြသွားပါပြီ

အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိသေးကြောင်း

ဝမ်းနည်းစွာ သတင်းပါးအပ်ပါသည်