Thursday, August 7, 2008

8888(12345)



ကျေးဇူးပြုသောမသဒ္ဒါကျေးဇူးတင်ပါသည်။

အန်အယ်လ်ဒီရဲ့ အတိုက်အခံအဆင့်အတန်းသတင်းသုံးသပ်ချက်

ပီတာအောင်/ ၇ သြဂုတ် ၂၀၀၈
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်အို ကွင်တန်နာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံခွင့်ပေးရာတွင် စစ်အစိုးရကိုထောက်ခံသည့် အဖွဲ့အစည်းများနှင့် အတူတွေ့ရန် စစ်အစိုးရက စီစဉ်ဆောင်ရွက်ခဲ့ခြင်းသည် အန်အယ်လ်ဒီပါတီကို ရည်ရွယ်ချက်ရှိရှိ တမင်ချိုးနှိမ်လိုက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီက ယူဆသည်။

ုမြန်မာနိုင်ငံရောက်ရှိနေသည့် ကွင်တန်နာနှင့် တွေ့ဆုံရန် အန်အယ်လ်ဒီပါတီခေါင်းဆောင်များကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အန်အယ်လ်ဒီပါတီဝင်ဟောင်း ဒေါက်တာစိုးလင်းဦး
ဆောင်သည့် ၀ံသာနုအန်အယ်လ်ဒီအဖွဲ့၊ ကိုအေးလွင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့တို့နှင့်အတူ ယမန်နေ့က မြရိပ်ညိုဟိုတယ်၌ တွေ့ဆုံရန် စစ်အစိုးရက စီစဉ်ခဲ့သည်။

တွေ့ဆုံရာတွင်လည်း (၁၀) မိနစ်ခန့်သာ တွေ့ခွင့်ရရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စများကို အကျဉ်းချုံးသာ တင်ပြနိုင်ခဲ့ကြောင်း၊ အပြန်အလှန် ဆွေးနွေးစကားပြောခွင့် မရရှိခဲ့ကြောင်း အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လုံးဝမလုပ်သင့်တာကို လုပ်တာပဲ။ တမင်တ ကာကို လုပ်တယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ သဘောပေါက်ပါတယ်။ နိုင်ငံရေးပါတီက အန်အယ်လ်ဒီနဲ့ တစညပဲရှိပါတယ်။ ကျန်တဲ့ (၄) စု အစုအဖွဲ့ဆိုတာ ဘာအစုအဖွဲ့မှန်းကို မသိဘူး။ တရားဝင်ပါတီ တွေ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ မကျေနပ်ဘူး။ ဒါဟာ တမင်သက်သက်လုပ်နေတာ။ တမင်သက်သက် ချိုးနှိမ်ပြီးလုပ်နေတာလို့ ဒီလိုပဲ သဘောပေါက်တယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အန်အယ်လ်ဒီပါတီကို အရေးစိုက်စရာ မလိုတော့ဟု ထင်မြင်သဖြင့် ထိုသို့စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီက မယူဆသော်လည်း အန်အယ်လ်ဒီကို စစ်အစိုးရက အရေးမပါတော့သည့် အခန်းကဏ္ဍမှ ထားလိုသည့်သဘောရှိကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က ယူဆသည်။

“အရေးမပါတဲ့ အခန်းကဏ္ဍကနေ ထားဖို့များမယ်ထင်တယ်။ သူ့တို့ဘာသူတို့ ရုပ်မက် (၇) ချက်တို့၊ လူထုဆန္ဒခံယူပွဲတို့ ဒါတွေပြီးသွားတဲ့အခါကျတော့ သူတို့ကတော့ သူတို့နည်းနဲ့ ဆက်သွားမယ်လို့ မြင်တယ်။ အန်အယ်လ်ဒီအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ အားနည်းတယ်လို့ ယူဆတယ်။ အားမရဘူး။ အဲဒါကြောင့် တဖက်က ပိုပြီးတော့ လက်ရဲဇက်ရဲ လုပ်လာတယ်လို့ထင် တယ်။ တကယ်လို့များ ၉၀ ရွေးကောက်ပွဲအပြီးမှာ မေတ္တာရပ်ခံနေတာ မဟုတ်ဘဲနဲ့ လွှတ်တော် ခေါ်မယ် ပြတ်ပြတ်သားသား ရပ်တည်လိုက်မယ်ဆိုရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အစိုးရကောင်းကြောင်း ပြောမည့်သူများကို စစ်အစိုးရက ရွေးချယ်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ပေးတွေ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမူ မလွှဲမရှောင်သာသည့် အတွက် တွေ့ခွင့်ပေးခြင်းဖြစ်သည်ဟုလည်း ၀ါရင့်နိုင်ငံရေးသမားကြီးက ပြောသည်။

အန်အယ်လ်ဒီအပေါ် လူထုနှင့် အဆက်ပြတ်စေရန်နှင့် အင်အားနည်းသွားစေရန် စစ်အစိုးရက
တလျှောက်လုံး ကြိုးစားခဲ့သော်လည်း အတိုက်အခံရှိနေသည်ဆိုသည့် ပြယုဂ် နိုင်ငံတကာသို့ ပြသလိုသည့်အတွက် အန်အယ်လ်ဒီပါတီကို လုံးဝပပျောက်သွားစေရန် မတရားသင်း ပယ်ဖျက် ပစ်ရန်ထိ စစ်အစိုးရက လုပ်မည်မဟုတ်ဟု ယူဆသူတို့လည်းရှိသည်။

အန်အယ်လ်ဒီပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ရှိနေသရွေ့ နအဖစစ်အစိုးရက မမှန်မကန် ဆောင်ရွက်နေသရွေ့ အန်အယ်လ်ဒီပါတီအနေဖြင့် အင်အားရှိနေဦးမည်ဖြစ်သည်ဟု စာရေး ဆရာတင်မောင်သန်းက ထင်မြင်ချက်ပေးသည်။

၎င်းက “နအဖက မဟုတ်တာတွေ လုပ်နေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေလိမ့်မယ်။ အန်အယ်လ်ဒီက လုပ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီက အင်အားရှိနေတာ မဟုတ်ဘူး။ အဓိက အားဖြင့် လူထုက အန်အယ်လ်ဒီကို ထောက်ခံတယ်၊ စိတ်ကိုင်းညွတ်မှုရှိတယ်ဆိုတာက အကြောင်း တချက် (၂) ခုကြောင့် နအဖ မဟုတ်တာ လုပ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကြောင့်၊ အဲဒီ (၂) ချက် ရှိနေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေဆဲပဲလို့မြင်တယ်” ဟု ပြောသည်။

မည်သို့ပင်ဆိုစေကာမှု နအဖ စစ်အစိုးရ၏ ယခုလုပ်ရပ်သည် ဆန္ဒခံယူပွဲအလွန်ကာလ၌ အန် အယ်လ်ဒီပါတီကို အလေးမထားကြောင်း ပြသသည့် ဒုတိယမြောက် ဖြစ်ရပ်တခုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနား၌ စွမ်းအားရှင်နှင့်ကြံ့ဖွံ့အဖွဲ့များက အန်အယ်လ်ဒီပါတီရုံးချုပ်ရှေ့သို့ လာရောက်၍ ပါတီဝင်များကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ဖူးသည်။

ကုလသမဂ္ဂမှ စေလွှတ်သည့် ကိုယ်စားလှယ်များအနေဖြင့် နအဖကပေးတွေ့ရန် စီစဉ်ထားသူများ ကို သံတမန်နည်းအရ တွေ့ဆုံသည်မှန်သော်လည်း တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် တွေ့သင့်တွေ့ထိုက်သူများကိုလည်း တွေ့ဆုံ၍ ကုလသမဂ္ဂအနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သင့်သည်ဟု ယူဆသူတို့ရှိသည်။

ထိုသို့မဟုတ်ဘဲ နအဖအလိုကျ လုပ်ဆောင်နေမည်ဆိုပါက လာမည့် မစ္စတာဂမ်ဘာရီ၏ မြန်မာ နိုင်ငံခရီးစဉ်သည်လည်း ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အကောင် အထည်မဖော်နိုင်ဘဲ ရေစုန်မျောဘွယ်ရှိသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က သုံးသပ်ပြောကြားသည်။ ။

အမေရိကန် သမ္မတကတော် ခရီးစဉ်နှင့် ပတ်သက်ပြီးမဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ဒေါက်တာ ဆင်သီယာမောင်နှင့် မေးမြန်းခန်း


NEJ/ ၇ သြဂုတ် ၂၀၀၈
အမေရိကန် သမ္မတကတော် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရောက်ရှိစဉ် မယ်တော် ဆေးခန်းကို သွားရောက်လေ့လာ ခဲ့သည်။ မဲတော်ဆေးခန်းမှ ဒေါက်တာ ဆင်သီယာမောင်အား ခေတ်ပြိုင်က အမေရိကန် သမ္မတကတော် လာရောက်ခြင်းကိစ္စမေးမြန်းရာ ဒေါက်တာ ဆင်သီယာမောင်က ယခုကဲ့သို့ စတင်ဖြေကြားသည်။

ဖြေ။ ။ ဟုတ်ကဲ့။ သူလာတဲ့ ရည်ရွယ် ချက်ကတော့ နယ်စပ်ဒေသမှာရှိနေတဲ့ ဒီရွှေ့ပြောင်းနေတဲ့ လူထုတွေပေါ့နော်။ ပြည်တွင်း ဒုက္ခသည်တွေ၊ ဒုက္ခသည် စခန်းမှာရှိနေတဲ့သူတွေ၊ ပြီးတော့ ဒီထိုင်း နိုင်ငံထဲမှာ အလုပ်သမားတွေပေါ့နော်။ ဒီအခြေအနေတွေကို ပိုပြီးတော့ ကြည့် ချင်လို့ လာတာလည်း ဖြစ်သလို ၈၈ ခုကနေပီးတော့ ဒီအနှစ် (၂၀) အတွင်းမှာပေါ့နော်။ အပြောင်းအလဲ နိုင်ငံရေးအပြောင်းအလဲ တစုံတရာ တိုးတက်မှုမရှိဘဲနဲ့ ပိုပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ် နေတဲ့အတွက်ကြောင့် သူ့အနေနဲ့ ဒါကို ဆန်းစစ်ချင်တဲ့အတွက်ကြောင့် လာတာဖြစ်ပါတယ်။

မေး။ ။ အမေရိကန်သမ္မတကတော်က ဆရာမရဲ့ဆေးခန်းမှာ တနာရီကျော်လောက်ကြာသွား တယ်လို့ကြားပါတယ်။ ဘာတွေပြောပြီးတော့ ဘာတွေလေ့လာသွားပါသလဲခင်ဗျ။

ဖြေ။ ။ ဒီဆေးခန်းထဲမှာတော့ မြေမြှုပ်မိုင်းကြောင့် ခြေအင်္ဂါမစုံတဲ့သူတွေ၊ ခြေအတုတတ် တဲ့နေရာကို လျှောက်ကြည့်တယ်။ ပြီးတော့ ဒီသားဖွားခန်းမှာပေါ့နော်။ မွေးကာစကလေးတွေနဲ့ ဆရာမတွေနဲ့ မိခင်တွေနဲ့ ဆုံတယ်။ ပြီးတော့ မျက်စိခွဲတဲ့ ဌာနမှာလည်း ဝေးဝေးလံလံကနေ လာပြီးတော့ ဒီမှာ မျက်စိလာခွဲတဲ့ လူတွေနဲ့ရော နောက်မျက်စိလာခွဲတဲ့ ဆရာဝန်တွေနဲ့လည်း သူတွေ့ဆုံစကားပြောဖြစ်ပါတယ်။ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတဲ့အခါကြတော့ ဒီလူမှုအဖွဲ့အစည်းတွေကနေပြီးတော့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ အကျပ်အတည်းတွေ ကိုလည်း လေ့လာမှတ်သားသွားပါတယ်။

မေး။ ။ အမေရိကန်သမ္မတကတော်အနေနဲ့ အထူးသဖြင့် ဆရာမဒေါက်တာဆင်သီယာမောင်ကို သီးခြားများ ပြောဆိုသွားတာ ဘာများရှိပါသလဲခင်ဗျ။

ဖြေ။ ။ သီးခြားပြောဆိုတာတော့ မရှိပါဘူး။

မေး။ ။ ခြုံပြီးတော့ ပြောမယ်ဆိုရင် ဆရာမရဲ့ဆေးခန်းနဲ့ပက်သက်ပြီး သူမှတ်ချက် ဘယ်လိုပေး သွားပါလဲခင်ဗျ။

ဖြေ။ ။ ကျမတို့ဆေးခန်းတခုတည်းအနေနဲ့လည်း မဟုတ်ပါဘူး။ ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်း တွေရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ သူ ဂုဏ်ယူအားပေးတယ်ဆိုတာမျိုးရယ်၊ နောက်တော့ ဒီလုပ် ငန်းမျိုးက ဆက်လက်ပြီးတော့ ကူညီနိုင်ဖို့ဆိုတာမျိုးရယ်။

မေး။ ။ နောက်တခုက ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းနဲ့ပက်သက်ပြီး သူ အကူအညီပေးဖို့ ကတိပြုသွားတာတွေ ရှိပါလားခင်ဗျ။

ဖြေ။ ။ အဲလိုမရှိပါဘူး။ ကျမတို့ U.S aid အနေနဲ့တော့ ဆေးခန်းမှာ ပံ့ပိုးနေတာတော့ ကြာပါပြီ။ (၁၀) နှစ်ကျော်ပါပြီ။

မေး။ ။ သူ့ရဲ့ခရီးစဉ်ပေါ်မှာ ဆရာမ ထူးထူးခြားခြား ဘာများမြင်မိပါလဲခင်ဗျ။ ဆရာမရဲ့ ကိုယ်ပိုင် အယူအဆပေါ့လေ။

ဖြေ။ ။ သူ့ခရီးစဉ်မှာတော့ ကျမတို့ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးအတွက်တော့ ဒီပံ့ပိုးမှု တစုံတရာ အားရကျေနပ်ရတယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ သူက ကျောင်းဆရာမ တယောက်ဖြစ်တဲ့အတွက်ကြောင့် အထူးသဖြင့် ဒီကလေးတွေရဲ့ အနာဂတ်ကိစ္စကိုလည်း သူ လေးလေးနက်နက် လေ့လာဆွေးနွေးသွားပါတယ်။

မေး။ ။ အဲဒီတော့ သတင်းစာရှင်းလင်းပွဲရော လုပ်သွားပါသေးလားခင်ဗျ။

ဖြေ။ ။ ဟုတ်ပါတယ်။ သူ ဒီမှာရှိတဲ့ Press တွေနဲ့ လုပ်သွားပါတယ်။

မေး။ ။ သမ္မတကတော်အနေနဲ့ ဒီမယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာတဲ့အခါမှာ ဒီဒုက္ခသည်စခန်းနဲ့ ပက်သက်ပြီး ဘာများ ထူးထူးခြားခြား ပြောပါလဲခင်ဗျ။

ဖြေ။ ။ ဒီဒုက္ခသည်စခန်းအကြောင်းကိုတော့ ကျမတို့ဆီမှာ မပြောသွားပါဘူး။ အဓိကတော့ ကျမတို့ ဒီဆေးခန်းထဲမှာ သူတွေ့ဆုံခဲ့ရတဲ့ မြင်ကွင်းတွေရယ်၊ ကျမတို့လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစကား ပြောရတဲ့အခါမှာ တွေ့ရတဲ့ လုပ်ဆောင်မှုတွေ၊ ရလဒ်တွေအကြောင်းနဲ့ နောက်သူ့ရဲ့ အားပေးကူညီမှုအကြောင်း သူပြောသွားပါတယ်။

မေး။ ။ ခုလို အမေရိကန်သမ္မတကတော် အခုထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ။ ဆရာမဆေးခန်းရောက်ရှိလာတဲ့အခါမှာ အားလုံး ဒီဆရာမဆေးခန်းရဲ့ဝန်ထမ်းတွေ အပါအ၀င် မြို့ခံတွေက သို့မဟုတ် အတိုက်အခံတွေဘက်က ဘယ်လိုများယူဆကြလဲ။ ဘယ်လိုများ မြင်ကြလဲခင်ဗျ။

ဖြေ။ ။ ကျမတို့ဆေးခန်းမှာရှိတဲ့ ၀န်ထမ်းတွေကတော့ ဒါ အမေရိကန်သမ္မတကတော် လာတဲ့အ တွက်ကြောင့် ဒါကျမတို့ရဲ့လုပ်ငန်းတွေကို အားပေးကူညီတဲ့အနေနဲ့ လက်ရှိ ကျမတို့မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ပိုပြီးတော့ လေ့လာနိုင်တဲ့ အခွင့်အလမ်း ရတယ်ဆိုတဲ့ အပေါ်မှာ အဓိက ပြင်ဆင်ကြပါတယ်။ သိသင့် သိထိုက်တယ် ဆိုတာမျိုးတွေပေါ့။

မေး။ ။အမေရိကန်သမ္မတဘုရှ်ကလည်းပဲ ပြောတယ်။ ဒီမြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုတွေ အဆုံးသတ်အောင်လုပ်မယ်။ အမေရိကန်သမ္မတကတော်ကလည်း ခုအားပေးသွား တယ်။ မြန်မာ့အရေးမှာ ကူညီသွားမယ်ဆိုပြီး အားပေးမယ်လို့ပြောတယ်။ ဆရာမအမြင်မှာ သူတို့ တကယ်ပဲ မြန်မာနိုင်ငံမှာ အမေရိကန်က ဒီမိုကရေစီရအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည် သလားခင်ဗျ။

ဖြေ။ ။ အဲဒါတော့ အမေရိကန်နိုင်ငံတခုတည်းအနေနဲ့မရပါဘူး။ အမေရိကန်နိုင်ငံနဲ့ တခြားအင် အားကြီးတဲ့ နိုင်ငံတွေက အများကြီးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ တညီတညွတ်တည်း ဆောင်ရွက် ကြဖို့လည်းလိုပါတယ်။


ရှစ်ဆယ့်ရှစ် နဂ္ဂတစ်များ (၂)


ညိုထက်ညို
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 09:42 - မြန်မာစံတော်ချိန်
အားလုံး၏ မျက်နှာတွေက စိတ်ထက်သန် တက်ကြွမှုဖြင့် အရောင်ထွက်နေသလော ထင်ရသည်။ ရဟန်းသံဃာတော်တွေ ကလည်း အများအပြား။ အလံတို့ကလည်း တလူလူ။ ကမ္ဘာမကြေ သီချင်းသံက တပျံ့ပျံ့။ တို့အရေး တို့အရေး ဟူသော ကြွေးကြော်သံ တွေကလည်း တခဲနက်။ မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧမာနွေလ ဘုရားကျောင်း နားမှနေ၍ သည်မြင်ကွင်းကို သူ တပြန့်တပြော မြင်နေရသည်။ သည်မျှနှင့် အားမရသည့်အဆုံး သူ အဖေ့ကို ချီခိုင်းသည်။ ကလေးအရွယ်သာ ရှိသေး၍ သူ့ရှေ့တွင် လူတို့က ပိတ်ဆို့ကာဆီး နေသော ကြောင့် ဖြစ်သည်။ ည ကိုးနာရီ ကျော်လောက်တွင်တော့ အဖေ က ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လေထုထဲတွင် ပျံ့နှံ့စ ပြုနေပြီ ဖြစ်သော တစုံတရာကို ၁၉၆၂ ခုနှစ် ၇ ဇူလိုင် အရေးအခင်း ကို တွေ့ကြုံ ဖြတ်သန်း ခဲ့ရသည့် အဖေ ရရှိနေသောကြောင့် ဖြစ်ပါလိမ့်မည်။ အန္တရာယ် ၏ အငွေ့အသက်... ဟုတ်သည်။ အန္တရာယ် ၏ အငွေ့အသက် တို့က လေထုထဲတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ထိုည ဆယ့်တနာရီ လောက်တွင် သူ အိပ်ရာ ဝင်ခဲ့သည်။ သို့သော် သူ အိပ်မပျော်။ တစ်နေ့လုံး တွေ့မြင်ခံစား ခဲ့ရသည့် အရောင်များ၊ အရိပ်များ၊ အသံများ က သူ စားမြုံ့ပြန် ဖို့အတွက် ခမ်းနား ကြီးကျယ်လွန်းနေသည်။ ည ၁၂ နာရီ ထိုးခါနီးတွင်တော့ ခပ်ဝေးဝေးမှ မသဲမကွဲ အသံဗလံများ သူ ကြားရသည်။ ဘာသံတွေပါလိမ့်…အိပ်ရာမှ သူ ငေါက်ခနဲ ထထိုင်သည်။ အောက်ဆင်းပြီး ဝရန်တာဆီ သွားမည်လုပ်တော့ အဖေ က သူ့ကို လှမ်းတားသည်။ နောက်တော့ ဝရန်တာမှ ခေါင်းပြူမထွက် ရန် ပြောပြီး သားအဖ နှစ်ယောက် ဝရန်တာတွင် ရပ်ကြည့်ကြသည်။ ၁၂ နာရီ ၁၅ လောက်တွင် အနော်ရထာ လမ်းဘက်ဆီမှ လူတစု ဗိုလ်တထောင်ဘက်ဆီသို့ ဦးတည်ပြေးလာ ကြတာ သူ တွေ့ရ သည်။ "ပစ်တယ်ဟ ပစ်တယ်ဟ ခွေးမသားတွေ တကယ်ပစ်တယ်" ဆိုသော စကားသံကိုလည်း သူ ကြားရသည်။ ည တနာရီ ခန့်တွင်မှ ပြေးလွှားသူများ စဲသွားသည်။ ထိုအချိန်ကျမှ သူ အိပ်ရာဝင်ခဲ့ ပါသည်။

ကိုးရက်နေ့ မနက်တွင်တော့ ည က ပစ်ခတ်နှိမ်နင်း ခဲ့မှုကြောင့် မြို့လယ်တွင် ဆန္ဒပြပွဲ များ ကျဲပါး နေခဲ့သည်။ ထိုနေ့တွင် ဆန္ဒပြပွဲ အများစု ဖြစ်ပွားသည်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ နှင့် သာကေတ အစရှိသော မြို့ပြင် ရပ်ကွက်များတွင်( ထိုစဉ်က အနေနှင့် ဖြစ်သည်)။ တနိုင်ငံလုံး အတိုင်းအတာ နှင့်မူ မြို့ပေါင်း ၄၀ အထိ ဆန္ဒပြပွဲ များ ပျံ့နှံ့ သွားခဲ့သည်။ ထိုနေ့အတွက် အပြင်းထန် ဆုံး ပစ်ခတ်မှုမှာ စစ်ကိုင်းမြို့တွင် ဖြစ်ပွားခဲ့ပါသည်။ စစ်ကိုင်း ရဲတပ်ဖွဲ့မှ စက်သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် လူပေါင်း ၃၀၀ သေဆုံးခဲ့ရသည်။ ရန်ကုန်မြို့တွင်လည်း ပစ်ခတ်မှု များက ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားခဲ့သည်။ ညပိုင်းတွင်မူ သူတို့ မိသားစု ရေဒီယို နားမှ မခွာကြတော့။ ဘီဘီစီ၊ ဗီအိုအေ တို့မှ ထုတ်လွှင့်သော သတင်းများကို အငမ်းမရ နားထောင်ကြရ လေသည်။ ဆယ်ရက်နေ့ တွင်တော့ လူထု ၏ အမျက်ဒေါသက လောင်ကျွမ်း ပေါက်ကွဲ ခဲ့ရပြီ ဖြစ်သည်။ ဘရင်းကယ်ရီယာ များပေါ်မှ ရက်ရက်စက်စက် ပစ်ခတ်နေသော စစ်သားများအား ဓားများ၊ ဂျင်ဂလိများ အသုံးပြု၍ ပြန်လည် တိုက်ခိုက်ကြတော့သည်။ အဆိုးဆုံး ဖြစ်ရပ် တခုကလည်း ရန်ကုန်ဆေးရုံကြီး တွင် ဖြစ်ပွား ခဲ့သည်။ မွန်းလွဲ တနာရီ ခန့်တွင် စစ်ကားတစီးမှ ဆေးရုံကြီး ထဲရှိ သူနာပြုများကြားသို့ ပစ်ခတ် သဖြင့် လူ အချို့ သေဆုံးခဲ့ရ ခြင်းဖြစ်သည်။ ညနေ အဖေ ရုံးမှ ပြန်ရောက်လာတော့ သတင်းတခု သူ ကြားရပြန်သည်။ မြောက်ဥက္ကလာတွင် ဒေါသထွက်နေပြီ ဖြစ်သော လူထုကြီးက ရဲတပ်သား အချို့ အား ခေါင်းဖြတ် သတ်လိုက်ခြင်း ဖြစ်သည်။

၁၂ ရက်နေ့တွင်တော့ နိုင်ငံတော် သမတ ဦးစိန်လွင် ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းကို မြန်မာ့ အသံ မှ ကြေညာလိုက်လေသည်။ အပြီးသတ်အောင်ပွဲ မဟုတ်သေးသော်လည်း သူ အပါအဝင် ပြည်သူအများ ပျော်ရွှင် ခဲ့ကြရသည်။ သည့်နောက်ပိုင်း ရက်များတွင်တော့ ဆန္ဒပြပွဲများ နေ့စဉ် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ တတိယပတ်တွင် သမတသစ်အဖြစ် ဒေါက်တာမောင်မောင် တက်ရောက် လာသည်။ "၁၄ နှစ်ဆိုတာ (၁၉၇၄ အခြေခံဥပဒေ ကို ရည်ညွှန်းသည်) သမိုင်းအနေနဲ့ ဆိုရင် မနေ့ တနေ့ကပါ" ဟု အစချီကာ တပါတီစနစ် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ဆန္ဒခံယူပွဲ ပြုလုပ် ပေးမည်" ဟု နိဂုံးချုပ်သည်။ ထိုရက်များ အတွင်း ဆန္ဒပြပွဲ များက နေ့စဉ်ဖြစ်ပွား ခဲ့လေသည်။ သြဂုတ် လ ၂၄ ရက်နေ့တွင်တော့ မာရှယ်လောကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အပြင်ဘက်၌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထု အား မိန့်ခွန်းပြောသည်။ သြဂုတ်လ ကုန်ပိုင်းလောက်တွင်တော့ တနိုင်ငံလုံး လူထုလူတန်းစား အသီးသီး ရုပ်ရှင်သရုပ်ဆောင် များနှင့် အဆိုတော်များပါ မကျန် အထွေထွေ သပိတ်ထဲသို့ ပါဝင်ခဲ့ကြပြီ ဖြစ်သည်။ လမ်းစဉ်ပါတီ ဝင်များ ပါတီမှ အစုလိုက်အပြုံလိုက် နှုတ်ထွက်ကြပြီး ဝန်ထမ်းပေါင်းစုံ ပါဝင်လာပြီ ဖြစ်သော သပိတ် ကြီးက အစိုးရ အုပ်ချုပ်ရေး ယန္တရား ကို လုံးဝ ရပ်ဆိုင်း ပစ်လိုက်သည်။

ထိုကာလ အတောအတွင်းတော့ သူတို့ ရပ်ကွက်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေပြီ ဖြစ် သဖြင့် အဖျက်အမှောင့် လုပ်ရပ်များ မပေါ်ပေါက်နိုင်စေရန် လမ်းလုံခြုံရေးကို ရပ်ကွက်ထဲရှိ လူငယ် များနှင့် စုဖွဲ့ထားရ လေသည်။ လမ်း ဟိုဘက်ထိပ် သည်ဘက်ထိပ် တွင် ဝါးကပ်များဖြင့် ကာရံကာ လူ အဝင်အထွက်ကို စစ်ဆေးရသည်။ ည ဘက်တွင်လည်း အလှည့်ကျ ကင်းစောင့်ကြရသည်။ သူတို့ မြို့ထဲရှိ ရပ်ကွက်များတွင်တော့ မည်သည့် ပြဿနာမျှ ထူးထူးခြားခြား မဖြစ်ပွားခဲ့ကြောင်း သူ မှတ်မိ နေပါသည်။ နောက်ထပ် သူ မှတ်မိနေသည်က အစိုးရပိုင် စတိုးဆိုင်များ (ပဒုမ္မာစတိုး ဟု သူ ထင်သည်) မှ ပစ္စည်းများကို လမ်းဘေးတွင် ချရောင်းကြတာ ဖြစ်သည်။ သူတို့လို သာမန် ပြည်သူ လူထု ဝယ်ယူခွင့် မရှိသည့် ပစ္စည်းများ၊ စားသောက်ကုန်များ၊ အသုံးအဆောင်များ ဖြစ်သည်။ သုတ ရတနာသိုက် ဟု အမည်တွင်သော ကလေးများအတွက် ဖတ်ရှုစရာ စာအုပ် အကောင်းစားများ ကိုလည်း သည်တော့မှပင် သူ ဖတ်ရှုဖူးတော့ခြင်း ဖြစ်ပါသည်။

စက်တင်ဘာလ ပထမပတ်တွင် အစိုးရ ရုံးဌာန အသီးသီးက ဆိုင်ရာဆိုင်ရာ ဝန်ထမ်းသမဂ္ဂများကို ဖွဲ့စည်းလိုက်ကြသည်။ သူ့ ဖခင်၏ ရုံးတွင်လည်း ဝန်ထမ်းသမဂ္ဂ ကို သူ့ ဖခင်မှ ဥက္ကဌ တာဝန်ယူကာ ဖွဲ့စည်းလိုက်သည်။ သည်မှာပင် သူလည်း သူ့ဖခင်နှင့် နေ့စဉ်ရက်ဆက် လိုက်၍ ဆန္ဒပြဖြစ်သည်။ သူ့ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် လူထုတိုက်ပွဲ တွင် ပါဝင်ဖူးခြင်း။ သူ့ အရွယ် လူမမယ်ကျောင်းသား ငယ်ကလေးများ ကိုလည်း ဆန္ဒပြစစ်ကြောင်းများ ထဲတွင် သူ တွေ့ရသည်။ သံဃာတော်များ၊ သီလရှင် လည်းပါသည်။ မိတ်ကပ် အလှဖန်တီးရှင် များလည်းမကျန်။ အိမ်ရှင်မများ သမဂ္ဂ (ဒေါက်တာ မောင်မောင် က ဆန္ဒပြသူ များတွင် အိမ်ရှင်မများ မပါဝင်သေးကြောင်း ပြောဆိုခဲ့သောကြောင့် ဖြစ်သည်) မှ သူ့ အမေအရွယ် အမျိုးသမီး များကိုလည်း သူ တွေ့ရသည်။ ထို အချိန်တွင် ပြည်သူပိုင် သတင်းစာ များကလည်း လွတ်လွတ်လပ်လပ် ဖော်ထုတ်ရေးသား နေကြပြီ ဖြစ်သည်။ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင် စသည်…။ ပြင်ပတွင် နေ့စဉ် ထုတ်ဝေနေသော ဂျာနယ် များကလည်း သူ့ စိတ်ထင် ဆယ့်ငါးမျိုး အမျိုးနှစ်ဆယ် ရှိသည်။ ဒို့အရေး ဂျာနယ် စသဖြင့်။ သမတရုံ ၏ နဖူးစည်းတွင် WE WANT DEMOCRACY ဟူသော စာတန်းကြီးအား အနီရောင် ဖောင်းကြွ စာလုံးများဖြင့် ရေးထိုး ထားတာလည်း သူ မှတ်မိသည်။ တရက်တွင်တော့ ဝန်ကြီးချုပ်ဟောင်း ဦးနု က စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာသည်။ ထိုနေ့ ညနေဘက်တွင် သူ ပန်းဆိုးတန်း သို့ ရောက်ရှိနေသည်။ ညနေ လေးနာရီ ခန့်တွင်တော့ သူ တခါမှ မတွေ့ဖူးသေးသော ဆန္ဒပြ စစ်ကြောင်းတစ်ကြောင်း ကို သူ တအံ့တသြ တွေ့ရှိ ရလေသည်။ တပ်မတော်ယူနီဖောင်း များကို ဝတ်ဆင်လျက်။ တပ်မတော်(လေ) မှ စစ်သည်များ။ ပြည်သူ့တပ်မတော် တို့တပ်မတော် ဟူသော လူထုကြီး၏ ကောင်းချီးပေးမှု အောက်တွင် သူလည်း ပျော်ဆင်းသွားသည်။ လမ်းဘေးမုန့်ဆိုင် မှ ပူတင်းပေါင်မုန့် တထုပ်ကို သူ ကမန်းကတမ်း ပြေးဝယ်သည်။ ထို့နောက် စစ်သည်တဦး လက်ထဲသို့ သူ ထည့်လိုက်သည်။ ဘောင်းဘီတို နှင့် ကောင်လေးတစ်ယောက်…. တပ်မတော်(လေ)မှ စစ်သည်တဦး…. ပန်းဆိုးတန်း လမ်းမထက်တွင်….။ စက်တင်ဘာလ ၉ ရက်နေ့ ဖြစ်ပါသည်။

ထို့နောက်ပိုင်း ရက်များတွင်တော့ ပြည်သူ့ရဲ များကပါ ဆန္ဒပြပွဲ၌ ပူးပေါင်း ပါဝင်လာကြသည်။ ပြည်သူ လူထုက အစိုးရ နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုလာသည်။ အစိုးရ က ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြပွဲ များ၏ အရှိန်အဟုန်က ပိုမို ပြင်းထန်လာသည်။ အချိန်က စက်တင်ဘာ တတိယပတ်ထဲတွင်။ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးခြင်း မရှိပါက ရန်ကုန်မြို့ရှိ စစ်ရေး ပစ်မှတ်များကို လေတပ် မှ ဗုံးကြဲ ၍ ရေတပ် မှ အမြောက်ဖြင့် ပစ်မည် ဟူသော ကောလဟလ ကလည်း ထွက်ပေါ် လာသည်။ တပ်မတော် တခုလုံးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှ နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကြေညာသည်။ ကြေညာပြီး နှစ်ရက်မျှသာ ကြာပါသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ လေးနာရီ ခန့်တွင် ရေဒီယိုမှ စစ်ချီသီချင်း သံများ ပေါ်ထွက်လာသည်ကို သူတို့ ကြားရသည်။ မှန်သည်။ ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်၍ တပ်မတော်မှ အာဏာသိမ်းယူ လိုက်ပြီ ဖြစ်သည်။

ထိုညသည် သူ မမေ့နိုင်သော ညဖြစ်သည်။ လျှပ်စစ်မီးများ ဖြတ်တောက်ထား၍ ရန်ကုန် တမြို့လုံး မှောင်အတိကျလျက်။ ည ကိုးနာရီ သာသာခန့်တွင် ဝုန်းခနဲ ဒိုင်းခနဲ မြည်ဟီးပေါက်ကွဲ သံကြီးများကို သူ ကြားရသည်။ သူ ကြားဖူးနေခဲ့ ပြီ ဖြစ်သည့် လက်နက်ငယ် ပစ်ခတ်သံမဟုတ်။ သူ တခါမှ မကြား ဖူးသော အသံကြီးများ (ထိုညက ရန်ကုန်မြို့လယ် တွင် နေထိုင်ခဲ့သူများ မှတ်မိလိမ့်ဦးမည် ဟု သူ ထင်သည်)။ ခြောက်သည့် လှန့်သည့် သဘောဖြင့် အသံသက်သက် ထွက်အောင် ပြုလုပ်သည်လား။ ဒါကိုတော့ ယနေ့တိုင် သူ ဝေခွဲမရ။ နောက် သူ ထပ်ကြားရသည်က သူ့ ရပ်ကွက်မှ ကင်းသမားတို့၏ ကြွေးကြော်သံများ။ "နှစ်ယောက်ကျရင် လေးယောက်တက်မယ် လေးယောက်ကျရင် ရှစ်ယောက် တက်မယ်" စသဖြင့်။ နောက်တနေ့ (စက်တင်ဘာ၁၉) တွင်တော့ ဆန္ဒပြ စစ်ကြောင်းများကို စစ်တပ် မှ အပြင်းအထန် ပစ်ခတ်နှိမ်နင်း တော့သည်။ တနေ့လုံး ပစ်သံခတ်သံ များကို သူ့ အိမ်မှ အတိုင်းသား ကြားနေခဲ့ရလေသည်။ အသံကျယ်ကျယ် မြည်ဟိန်းသော ဂျီသရီးသံ၊ တဖောက်ဖောက် အသံသာ မြည်သော ကာဘိုင်သံ အစရှိသဖြင့် သူ ကြားနေရသည်မှာ မိုးချုပ်သည် အထိဖြစ်ပါသည်။ ထို့နောက် ညဘက်တွင်တော့ သူ့ လမ်းထဲသို့ စစ်ကားတစီး ဝင်လာသည်။ ဝှက်ထားသော လက်နက် များ ရှိပါက အပ်နှံရန် နှင့် ရှာဖွေတွေ့ရှိ ပါက ပစ်သတ်ခံရမည် ဖြစ်ကြောင်း ကို အသံချဲ့စက်နှင့် ပြောင်ပြောင်တင်းတင်း ပြောတာ သူ မှတ်မိသည်။ သည်အသံကို ကြားတော့ အမေက အရေးတော်ပုံ အတွင်း သူ နေ့စဉ် ဝယ်ယူစုဆောင်း ထားခဲ့သည့် ဂျာနယ်များကို ရေစည်ပိုင်းထဲ ထည့်ဝှက်သည်။ သူ သိမ်းဆည်း ထားသော သမိုင်းမှတ်တမ်းများ ထာဝရ ပျက်စီးသွားရတော့သည်။

သူ့ အတွေးစ တွေကို ဖြတ်တောက်လိုက်တော့ ၁၂ နှစ်သား အရွယ် ချာတိတ်ကလေးက ၃၂ အရွယ် လူလတ်ပိုင်း တဦး ဖြစ်သွားသည်။ နှစ်နှစ်ဆယ် တိုင်ခဲ့ပြီပဲ….အခုတော့…။ သည် နှစ်နှစ်ဆယ် အတွင်း မှာလည်း ဇာတ်ကွက်ဇာတ်လမ်း အခန်းခန်း ကို သူ ဖြတ်သန်းတွေ့ကြုံ ခဲ့ရသည်။ တခုပဲရှိတာက သူ က ပွဲကြည့် ပရိသတ်မဟုတ်။ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သူ ဖြစ်နေခဲ့ တာပဲ ဖြစ်သည်။ သူ အပါအဝင် ပြည်သူလူထု ကြီးတရပ်လုံး။ သြော်…အနှစ်နှစ်ဆယ် တောင်တိုင်ခဲ့ပြီပဲ။ သည် အနှစ် နှစ်ဆယ်အတွင်းတွင် အခြေခံ ကျောရိုး မခိုင်မာသူ တို့ကိုလည်း သူ ဒုနှင့်ဒေး တွေ့ခဲ့ရသည်။ အသွေး အရောင် ဖြူသွားဖျော့သွား သူတို့ကလည်း မရှား။ တဖက်တွင်လည်း အာဇာနည် တို့က ကြံကြံခိုင်ခိုင် ရပ်မြဲ ရပ်တည်လျက်။ အသစ်အသစ် မွေးဖွားလျက်။ သည် အနှစ်နှစ်ဆယ် က လူ့စည်း/ ဘီလူးစည်း ကို ပိုင်းခြားပေးခဲ့ လေသည်။ သမိုင်းက ဆန်ကာတိုက်ချခြင်း…။ သူကတော့ သည်လိုပဲ ခေါ်ဝေါ် သတ်မှတ်မိသည်။ အာဏာပိုင် တို့ဘက်ကလည်း ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ၏ အခန်းကဏ္ဍ ကို ဖျောက်ဖျက် ပစ်ရန် တရံမလပ် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အရေးတော်ပုံ ၏ ဂုဏ်သိမ်က သေးသိမ် မသွား။ အရေးတော်ပုံ ၏ ဝိညာဉ်က မှေးမှိန်မသွား။ လူထုအင်အား ဖြင့်သာ အရေးတော်ပုံ က ညွှန်ပြ ခဲ့သော ပြည်သူ့လွတ်မြောက်ရေး ပန်းတိုင်ဆီ အရောက်ချီရန် ပြည်သူလူထု တရပ်လုံးက ပိုင်းဖြတ် ထားပြီး ဖြစ်သည်။ အမျှော် ကိုသော်လည်းကောင်း၊ အကြောက် ကိုသော်လည်းကောင်း အပြီးတိုင် ဖယ်ရှားပစ်ရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။ အရေမပျော် အရောင်မပြောင်း၊ ပတ္တမြား မှန်လျှင် နွံမနစ်။ စင်စစ် အာဏာရှင်စနစ် တစ်ရပ် ကို ဖြိုဖျက်ခြင်း ဟူသည် သူ ငယ်ငယ်က ဖတ်ဖူးခဲ့သော "တောင်ဖြိုခြင်း" ပုံပြင် နှင့် အလားသဏ္ဍာန်တူသည် ဟု သူ ခံစားရသည်။ အဖိုးမှသည် အဖေ၊ အဖေ မှသည် သား။ တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ….။ အဆုံးတစ်နေ့ တွင်တော့ တောင်က မုချ ပြိုရ ပေလိမ့်မည်။ သူတို့ ဆင်နွှဲ ခဲ့သမျှ တိုက်ပွဲ တိုင်းက တောင်ကို ဖြိုသည့် ပေါက်တူးချက်များ….သူတို့ ပေးလှု ခဲ့သမျှ အသက်တိုင်းက တောင်ကို ဖျက်သည့် တူရွင်းချက်များ….။ သူကတော့ သည်သို့ပဲ ယုံကြည် နေမိသည်။ ယုံကြည်ချက် နှင့် တဆက်ထဲတွင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေက ကျဆုံး သွားခဲ့ရရှာသော ညီမလေး ဝင်းမော်ဦး ၏ မျက်နှာနုနုကလေးကို သူ ကွက်ခနဲ မြင်ယောင် လာသည်။ ထာဝရ အသက်ကို ပိုင်ဆိုင်ခဲ့ကြပြီ ဖြစ်သော ညီမလေး ဝင်းမော်ဦး နှင့်တကွ အာဇာနည် များ၊ ဒီမိုကရေစီ ရမှ အမျှဝေပါ ဟု မှာကြားသွားခဲ့ ကြသော တိုင်းပြည်အတွက် စွန့်လွှတ်သွားကြ သူများ၊ သွေးရဲရဲ သံရဲရဲ….လမ်းပေါ်တွင် ပြန့်ကြဲ နေသော ဖိနပ်ကလေးများ……။ သည် ဖိနပ်ကလေး များ၏ ပိုင်ရှင် ပြည်သူလူထု တစ်ရပ်လုံး ကတော့ သူတို့ လိုလားတောင့်တရာ လွတ်လပ်ရေး ပန်းတိုင် ဆီ တစ်နေ့ မုချ ရောက်ရ ပေလိမ့်မည်။ သူတို့ခွန် သူတို့အား ဖြင့် သူတို့ပြည် သူတို့ရွာ ကို အသစ် တဖန် ပြန်လည် တည်ဆောက် နိုင်ကြ ပေဦးမည်။ သည်သို့ပင် သူ ခိုင်ခိုင်မတ်မတ် ယုံကြည်နေမိ သည်။ နောင်တွင်လည်း ယုံကြည်နေလိမ့် ဦးမည်သာ ဖြစ်ပါသည်။ ။

ရည်ညွှန်းကိုးကား။ ။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ရပ်များ ပြက္ခဒိန်၊ ကိုယ်ပိုင်မှတ်စုများ

ညိုထက်ညို


မြန်မာ့လူမှုရေး မီးတောင်ကြီး ပေါက်ကွဲရန် အသင့်ဖြစ်နေ


လယ်ရီဂျေဂင်
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 10:00 - မြန်မာစံတော်ချိန်


သံဃာများနှင့်လူထုက စစ်ခေါင်းဆောင်များကို ခြိမ်းခြောက်နေ
မြန်မာတနိုင်ငံလုံးကို ရပ်တန့်သွားစေခဲ့ပြီး တိုင်းပြည်၏ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျလုဆဲဆဲ ဖြစ်စေခဲ့သည့် ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပွါးခဲ့သည်မှာ အနှစ် ၂ဝ ရှိသည့် အခါတွင် မြန်မာနိုင်ငံကို အပြောင်းအလဲ ဖြစ်စေနိုင်ခဲ့လောက်သည့် အကောင်းဆုံး အခွင့်အရေးမှာ ယခုအခါ အတိတ်တွင် ကျန်ရစ်ခဲ့ပါပြီ။ နောက် ၁ လကျော်ကြာလျှင်ပင် စစ်တပ်က ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အကြမ်းဖက်ကာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ချေမှုန်း ပစ်လိုက်သည်။

ထိုအချိန်မှစ၍ စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲကို ဖြစ်စေနိုင်လောက်သည့် လှုပ်ရှားမှုဟူ၍ အနည်းအကျဉ်းသာ တွေ့ခဲ့ရတော့သည်။ နှစ် ၂ဝ ကြာ၍မှ တိုးတက်မှု တစုံတရာကို မမြင်ရသောအခါ မြန်မာပြည်သည် နောက်ဆယ်စုနှစ်ပေါင်း များစွာ စစ်အာဏာရှင် စနစ်အောက်တွင် နေရတော့မည်ဟု မြန်မာလူမျိုး အများအပြားက ယုံကြည်လာကြတော့သည်။

သို့သော် ယမန်နှစ်က ခေတ်သစ်ကြီးသို့ ရောက်တော့မည်လောဟု မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပြန်သည်။ သံဃာတော်များ လမ်းပေါ်သို့ ထွက်လာပြီး စစ်အစိုးရကို ဆန္ဒပြကြကာ ရွှေဝါရောင် တော်လှန်ရေးတည်း ဟူသော လှုပ်ရှားမှုသစ်တရပ် ပေါ်ထွက်လာခဲ့သည်။ ဤတကြိမ်တွင်လည်း စစ်တပ်က အင်အားသုံး၍ ရက်ရက်စက်စက် နှိမ်နင်းခဲ့ရပြန်သည်။ တိုင်းပြည်တွင်းရှိ လှုပ်ရှား တက်ကြွသူ အများအပြားလည်း ထောင်ကျသူကျ၊ မြေအောက်လျှိုးသူလျှိုးရ ဖြစ်ကုန်ပြန်သည်။

မယ်မယ်ရရ လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ ဖြစ်ခဲ့သည်ကိုတော့ လွန်ခဲ့သော နှစ်က အဖြစ်အပျက်များက သက်သေပြနေသည်။ ပြည်တွင်းရှိ မြန်မာလူမျိုး စီးပွါးရေးသမား အများအပြားက မြန်မာနိုင်ငံသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် လူမှုရေး မီးတောင်ကြီး ဖြစ်နေပြီဟု ကျနော့်အား ပြောခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပါပြီ။ လိုနေတာ မီးပွါးလေးပါပဲ၊ အဲဒါကလဲ အချိန်မရွေး ပေါ်လာနိုင်တာပဲ ဟု သူတို့က ပြောကြပါသည်။

လွန်ခဲ့သောနှစ် ၂ဝ သြဂုတ်လ နောက်ပိုင်း ဖြစ်ပွါးခဲ့သော အဖြစ်အပျက်များကို မည်သူကမျှ နောက်တကြိမ် ပြန်မဖြစ်ချင်ကြတော့ပါ။ ဆန္ဒပြပွဲများကို စစ်တပ်က အညှာတာ ကင်းမဲ့စွာ နှိမ်နင်းခဲ့ရာတွင် ကျောင်းသားများနှင့် လှုပ်ရှားတက်ကြွသူများ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးအုန်းဂျော်ကမူ ဤအရေးအခင်းတွင် သေသူမှာ ၄ ဦးသာ ရှိပါသည်၊ ယင်းတို့မှာလည်း အချင်းချင်း တက်နင်းမိကြ၍သာ သေခြင်းဖြစ်ကြောင်း၊ စစ်တပ်က ပစ်၍ မဟုတ်ကြောင်း ကျနော့်ကို အကြောက်အကန် ပြောဖူးပါသည်။ ခွဲခြမ်းစိတ်ဖြာ လေ့လာသူ အများစုကမူ စစ်တပ်က ပစ်ခတ်၍ လူ ၃ဝဝဝ ခန့် သေဆုံးခဲ့နိုင်သည် ဟု ဆိုခဲ့ပြီး စစ်တပ်က တိုးတိုးတိတ်တိတ် ပွင့်ပွင့်လင်းလင်း ဝန်ခံသည်က မူ လူပေါင်းအနည်းဆုံး ၆ဝဝဝ သေဆုံးခဲ့သည်ဟု ဆိုပါသည်။

အမှန်စင်စစ် ယခု ထိန်းသိမ်းခံနေရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နီးစပ်သည့် ထောက်လှမ်းရေး အရာရှိတဦးက လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော့်ကို ပြောပြဖူးသည်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကိုယ်ပိုင် ခန့်မှန်းချက်အရပင် သေဆုံးသူပေါင်း ၁ဝဝဝဝ ကျော်သည်ဟု ဆိုသည်။ “အလောင်း တော်တော်များများက တိတ်တိတ်ကလေး မီးသဂြိုလ် လိုက်တာ၊ ဒီတော့ အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အထောက်အထားလဲ မရှိတော့ဘူးပေါ့” ဟု သူက ပြောပါသည်။ ဤသို့ အလားတူ အဖြစ်အပျက်မျိုး ယမန်နှစ် စက်တင်ဘာ၊ အောက်တိုဘာလများကလဲ ဖြစ်ခဲ့ဖွယ် ရှိပါသည်။ သို့သော် အတိုင်းအတာ ပမာဏကမူ အတော်ပင် နည်းပါလိမ့်မည်။

လူအများစု နားမလည်ကြသေးသည့် အချက်မှာ လွန်ခဲ့သောနှစ် ၂ဝ က ဖြစ်ပွါးခဲ့သည့် “လူထုလှုပ်ရှားမှု” ကြီးသည် စစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့လုနီးနီး ဖြစ်ခဲ့သည် ဆိုသည့်အချက် ဖြစ်သည်။ “ကျနော်တို့ ဆန္ဒပြသမားတွေကို အလျှော့ပေး လိုက်လျောလိုက်ဘို့ နဲနဲလေး လိုတော့တာဗျ” ဟု ယခုအခါ လာဘ်စားမှု၊ နိုင်ငံတော် ပုန်ကန်မှုတို့နှင့် ထောင်ဒဏ် ၁၉၇ နှစ်ကျခံနေရသော အကြီးတန်း ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးချုပ် သိန်းဆွေက သူ၏ ရင်းနှီးသော မိတ်ဆွေတဦးကို ပြောပြခဲ့ပါသည်။ “ဆန္ဒပြပွဲတွေသာ နောက်ထပ် ၂ ပတ်လောက် ဆက်ဖြစ်နေရင် ကျနော်တို့ အလျှော့ပေးပြီး စစ်တန်းလျားကို ပြန်ရတော့မှာ” ဟု သူက တွေးတွေးဆဆ ပြောခဲ့ပါသည်။

သို့သော် ဆန္ဒပြသူများက အရင် လက်လျှော့ အရှုံးပေးလိုက်ကြသည်။ ထောင်ပေါင်းများစွာ သေခဲ့ရပြီး ထို့ထက်ပိုသော အရေအတွက်က နိုင်ငံရပ်ခြားသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ လွန်ခဲ့သောနှစ် ၂ဝ ကျောင်းသားများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများ ပြီးကတဲက မြန်မာ ၂ သိန်းခွဲကျော် နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ရသည်။ ပထမအသုတ်က တောတောင်များကို ကျော်ဖြတ်၍ မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ကို ရောက်လာခဲ့သည်။ မြန်မာတပ်ဖွဲ့များက တွေ့ရာနေရာတွင် ပစ်သတ်မည်စိုး၍ ယင်းတို့ကို ရှောင်ကွင်းကာ ထွက်ခွါလာခဲ့ကြရသည်။ လမ်းတွင်အဖျား ရောဂါနှင့် အခြားရောဂါ မျိုးစုံဖြစ်သော ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး တို့ကို ခံခဲ့ကြရသည် သာမက လမ်းတွင် စားနပ်ရိက္ခာ ပြတ်တောက်မှုကိုလည်း ကြုံခဲ့ကြရသေးသည်။

သူတို့ အများအပြားကို ယခုအချိန်အထိ မြန်မာစစ်တပ်ကို အံတု တိုက်ခိုက်နေသေးသည့် တိုင်းရင်းသား သူပုန်အဖွဲ့များက အကူအညီများ ပေးခဲ့ကြသည်။ အထူးသဖြင့် ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းသူပုန်အဖွဲ့များ ဖြစ်သည်။ ဤအခြေအနေက မြန်မာ အတိုက်အခံများကို တိုင်းရင်းသား အုပ်စုများ၏ တရားဝင် စိုးရိမ်ပူပန်မှုနှင့် တောင်းဆိုမှုများကို အသိအမှတ် ပြုစေခဲ့သည်။ သူတို့၏ အရေးတော်ပုံကို ဒီမိုကရေစီ လှုပ်ရှားမှုက အသိအမှတ်ပြုခဲ့ပြီး သူတို့ အနာဂါတ် နိုင်ငံရေး စီမံကိန်းများ၏ အစိတ်အပိုင်းတရပ် ဖြစ်လာခဲ့သည်။

ထောင်ပေါင်းများစွာသော သူတို့တွင် စိတ်ထိခိုက်ဖွယ် ရင်နာစရာ ဇာတ်လမ်းများ ရှိကြသည်။ သူတို့ကို နောက်ထပ် နှစ် ပေါင်း ၂ဝ ကျော် မတွေ့ကြရတော့သည့် မိဘများ၊ ညီအကို မောင်နှမများကို ခွဲခွါ ထားရစ်ခဲ့ကြရသည်။ အချို့မှာ သူတို့ ကလေးငယ်များကို လွတ်လပ်ရေးခရီး လမ်းခရီးရှည်ကြီး၏ ဒဏ်ကို မခံနိုင်မည်စိုး၍ အဖိုးအဖွါးများနှင့် ထားခဲ့ကြရသည်။ ဤကလေးငယ်များသည် သူတို့ မိဘများကို မတွေ့မမြင်ဖူး၊ အချို့ဆိုလျှင် သူတို့ မိဘများကို စကားပင် မပြောဖူးဘဲ အရွယ် ရောက်လာခဲ့ကြသည်။

ဤစွန့်လွှတ်ခဲ့ရမှုများသည် ထွက်ပြေးလာခဲ့သူများကို သာမက ကျန်ရစ်ခဲ့သူများ အပေါ်တွင်လည်း ဖျက်မရသည့် အမာရွတ်များ ကျန်ရစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ကျိုးပဲ့၍ ဒုက္ခိဖြစ်နေသော လူ့အဖွဲ့အစည်း ဖြစ်သည်။ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း လှုပ်ရှားမှုအပေါ် တက်ကြွ၍ မဟာဗျူဟာကျသော ခေါင်းဆောင်မှုကို မပေးနိုင်ခဲ့။ ဤဒီချုပ်၏ မအောင်မြင်ခဲ့မှုများကြောင့် ပါတီတွင်း အထင်အမြင် သေးမှုများပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြင့် ဤခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းရန် ၁၉၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို လူထု အများအပြားက လှမ်းမျှော် ကြည့်လာကြသည်။

ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းပြီးနောက် ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျောင်းသား ခေါင်းဆောင်များ လွတ်လာသည့်အခါ အကောင်းမြင် အယူအဆများ ပြန်လည် မွေးဖွါးလာပြန်သည်။ “နောက်ဆုံးတော့ ဖြစ်နိုင်စရာကောင်းတဲ့ ခေါင်းဆောင်က ကိုကိုကြီးပဲ” ဟု အမည်မဖေါ်လိုသူ မြန်မာပညာရှင် တဦးက အဆိုပါ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာအပြီးတွင် ပြောကြားခဲ့သည်။ “သူက အတိုက်အခံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အထက်ဆုံးသူ တဦးဘဲ” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သို့သော် အနှစ် ၂ဝ ကြာသည့် အချိန်တွင် အဆိုပါ အဓိက ခေါင်းဆောင်များမှာလည်း ခဏလေးသာ လွတ်လပ်စွာ နေလိုက်ရပြီး ထောင်ထဲသို့ တဖန် ရောက်သွား ပြန်သည်။ သို့သော် အရေးကြီးသည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ငွေဖေါင်းပွမှုများကို ကန့်ကွက် ဆန္ဒပြသည့် ဆန္ဒပြပွဲများအတွက် အခြေခံကောင်းများကို ချမှတ်ပေးခဲ့သည်။ သူတို့သည် ထိုနှစ်အစောပိုင်းက တိုင်းပြည်၏ စီးပွါးရေး ဒုက္ခများနှင့် စပ်လျဉ်းသည့် လူထုကြား ဆွေးနွေးပွဲများနှင့် စာများ ထုတ်ဝေ ဖြန့်ချိပေးပို့သည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ထိုအခါ သူတို့ကို နောက်တကြိမ် အသံတိတ်သွားစေရန် စစ်အစိုးရ အတွက် အပူတပြင်း လိုအပ်လာပြန်သည်မှာ အံ့သြစရာ မရှိပါ။

ယမန်နှစ်က ဆန္ဒပြပွဲများ၏ အဓိက အကြောင်းအချက်ကြီးဖြစ်သော လောင်စာဆီနှင့် စားသောက်ကုန် ဈေးနှုံးများ တက်နေမှုမှာ ယခုထိ ဆက်ဖြစ်နေဆဲ ရှိသည်။ ဆင်းရဲမွဲတေမှု အဆင့်အောက် ရောက်နေသော မြန်မာလူထုမှာ ပိုမို များပြားလာနေသည်။ ဤပြဿနာသည် နောက်ထပ် လမ်းပေါ်တွင် ဆန္ဒပြပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် မီးခဲ ပြဿနာများ ဖြစ်သည်။ လူအများ သိပ်သတိမထားမိလိုက်သည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သည့် ဆန္ဒပြပွဲများတွင် အရေးပါသော အစိတ်အပိုင်းမှ ဆန္ဒပြပွဲတွင် လူငယ် အများအပြား ပါဝင်ခဲ့သည့်အချက် ဖြစ်သည်။ ဤအသက် ၃ဝ အောက် လူငယ်များသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ဆန္ဒပြပွဲများအကြောင်း မမှတ်မိ မသိရှိနိုင်ကြပါ။ သူတို့၏ နောင်တော်များလိုပင် ၂ဝဝ၇ ခုနှစ် သြဂုတ်လ အရေးအခင်းက သူတို့ကို နိုင်ငံရေး ဇာတ်သွင်းပေးလိုက်ပြန်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ အရေးအခင်း ပြီးကတဲက သိသိသာသာ တိုးတက်လာသည့် အချက်မှာ စစ်အစိုးရအပေါ် လူထု၏ ဒေါသ ဖြစ်သည်။ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ရွှေဝါရောင် တော်လှန်ရေးက လူထု၏ နာကျည်းမှုနှင့် အမျက်ဒေါသကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ မကြာသေးခင်က ဖြစ်ပွါးခဲ့သည့် ဆိုင်ကလုံး၏ ဖျက်ဆီးမှုကို စစ်အစိုးရက ချက်ချင်း တုံ့ပြန် ဆောင်ရွက် အရေးယူမှု မရှိခဲ့ခြင်းက ဘာလာလာ လုပ်နိုင်သည် ဆိုသည့် စစ်အစိုးရ၏ ပုံရိပ်ကို နောက်ထပ်အိုးမဲ သုတ်လိုက်ပြန်သည်။ ပိုအရေးကြီးသည့် အချက်မှာ ဤအကြပ်အတည်းကို အရပ်သားများနှင့် လူမှုရေး အုပ်စုများက မိမိတို့ဘာသာ တုံ့ပြန် ဆောင်ရွက်နိုင်ခဲ့ခြင်းက သူတို့ကိုယ်သူတို့ ပိုမို ယုံကြည်မှု ရရှိသွားစေခဲ့သည်။

မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ ကြောက်ရွံ့စိုးရိမ်နေသည်မှာ သံဃာတော်များနှင့် လူထုက အစိုးရကို နောက်တကြိမ် ထပ်ချရန် ပြင်ဆင်နေသလား ဆိုသည့်အချက် ဖြစ်သည်။ သူတို့ကို နှိမ်နင်းရန် အလွန် ကြမ်းတမ်း ပြင်းထန်သည့် အစီအစဉ်များ ချမှတ် ကြိုးပန်းနေပြန်သည်။ ဤသို့ နောက်ထပ် လမ်းပေါ်ထွက် ဆန္ဒပြကြမည့် အရိပ်အယောင်ကို မမြင်ရသေးသော်လည်း စစ်ခေါင်းဆောင်များ အတွက်တော့ အကျပ်ရိုက်စရာ အခြေအနေများနှင့် ကြုံနေရသည်။ ဖွဲ့စည်းပုံ ဥပဒေတွင် ပြဌာန်းထားရှိသည့်အတိုင်း စစ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲသည့် နည်းဖြင့် လူထု၏ ထောက်ခံမှုကို ရမလားဟု လုပ်နေရပြန်သည်။ ဤအစီအစဉ်အရ ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ပေးရမည် ဖြစ်သည်။

ယခုအချိန်ကား မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည့် အချိန် ဖြစ်သည်။ ဤရွေးကောက်ပွဲများ မတိုင်မီတွင် ဆန္ဒပြပွဲများနှင့် အပြောင်းအလဲများ မြန်မာပြည်တွင် ဖြစ်ပွါးလာနိုင်သည်။ နောက် ၂ နှစ် ဆိုသော အချိန်ကာလသည် တကယ့်ကို မတည်ငြိမ်သော ကာလ ဖြစ်သည်။ သံဃာများနှင့် ကျောင်းသားများ ခေါင်းဆောင်သည့် နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

(လယ်ရီဂျေဂင်၏ Burma's social volcano ready to erupt ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

ကျနော်နှင့် အတိတ် မှန်ကူကွက်များ


နေသန်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 16:52 - မြန်မာစံတော်ချိန်

၁၉၈၈ မတ်လရဲ့ ပူပြင်းလှတဲ့ နွေရာသီဟာ (၅) တန်းကျောင်းသား ကျနော့်ရဲ့ အတန်းတင် စာမေးပွဲကြီး ဖြေနေရချိန် ဖြစ်ပါတယ်။ စာမေးပွဲ နောက်ဆုံးရက်တွေမှာ ကျောင်းသားတွေကို မိသားစုဝင်တွေက ဂရုတစိုက် လာရောက် စောင့်ကြိုကြလေ့ ရှိပေမယ့် အဲဒီနေ့က အမေ့မျက်နှာဟာ တမူထူးခြားနေတယ်။ အမေ့မျက်နှာပေါ်မှာ ကျနော် စာမေးပွဲ ကောင်းကောင်းမှ ဖြေနိုင်ပါ့မလား ဆိုတဲ့ပုံမျိုး ပူပန်နေတာထက် တစုံတခုက ပိုကဲနေပါတယ်။ အမေ ဘာတွေများ စိုးရိမ်နေတာလဲ။ အဖေ အိမ်ပြန်မရောက်သေးလို့လား။ ဒါမှ မဟုတ် ....။

သားဖြေနိုင်ရဲ့လား ဆိုတဲ့မေးခွန်းက အမေရဲ့မေးနေကျ မေးခွန်းဖြစ်ပေမယ့် ဒီနေ့မှာ အမေ မမေးတော့ဘဲ အိမ်အမြန် ပြန်ရအောင်သား တဲ့။ တခုခုတော့ မှားနေပြီ အမေ။ ဆရာမကလည်း ပြောလိုက်တယ် ... မနက်ဖြန်ဖြေရမယ့် နောက်ဆုံး တဘာသာကို လာဖြေစရာ မလိုတော့ဘူးတဲ့။ အိမ်အပြန် လမ်းတလျောက် အမေစကားတစ်ခွန်းမှ မပြောဘူး။ မနက်ဖြန်ကျန်တဲ့ တစ်ဘာသာကို မဖြေရလို့ စိတ်ပေါ့ပါးနေရမယ့်အစား (၁၁)နှစ်သား ကျနော်ရဲ့ရင်ထဲမှာ တစ်စုံတခုကြောင့် လေးလံနေခဲ့ပါတယ်။

လှည်းတန်းလမ်းဆုံကိုဖြတ်ပြီး အိမ်ပြန်ခဲ့ရတဲ့ အဲဒီနေ့ရဲ့ခံစားမှုက အိမ်ပြန်ရောက်မှ ကောလိပ် ကျောင်းသူ အမရဲ့ ကန်ဘောင်ပေါ်က နွေအိပ်မက်ဆိုးကို ကြားလိုက်ရတယ်။ ဆံပင်တွေ ဖွာရာကျဲနေတဲ့ အမရဲ့ မျက်နှာပေါ်က ကြောက်ရွံ့တုန်လှုပ်မှုက ရင်ထဲမှာ သိမ့်ခနဲ ...။

+++++

ဘန်ကောက် ဒွန်မောင်း လေဆိပ်ထဲကနေ ဂျပန်နိုင်ငံ နာဂိုရာ လေဆိပ်ဆီ ဦးတည်ပျံသန်းမယ့် (ှသကအ့နျေအ) လေကြောင်းပေါ်က ထိုင်ခုံမှာ ထိုင်လိုက်တဲ့အခါ ရင်ထဲမှာ သိမ့်ခနဲ။ ဒီတခါတော့ အပြီး နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီ။

မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် ကျိန်းစပ်နေတဲ့ မျက်လုံးတွေက စူးအောင့်နေပေမယ့် အိပ်မပျော်။ ဒီတခါ သွားရမယ့် ခရီးက အိမ်ကထွက်ခဲ့တဲ့ လွန်ခဲ့တဲ့ (၆) နှစ်က ခရီးထက် ပိုပြီး ဝေးတယ်။ အမေ့အိမ်က ထွက်ခဲ့တဲ့ အချိန်ကစပြီး ကျနော် မနားတမ်း ခရီးတွေ သွားနေဆဲ။ အမေ့သား အလည် လွန်နေပြန်တယ်။

လေယာဉ်က ကောင်းကင်ပေါ် အရှိန်ပြင်းပြင်းနဲ့ ထိုးတက်သွားတယ်။ လှိုက်ခနဲ ... လှိုက်ခနဲ။ ကျနော် ၀မ်းနည်းနေတယ်။ ကျနော် ချစ်တဲ့သူတွေနဲ့ ခွဲရပြန်ပြီ။ ဒီတကြိမ် ကျနော် ထားခဲ့ရမှာက ကျနော်ချစ်တဲ့ အမေ တယောက်တည်းကို မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ (၆) နှစ်က ဒေါနတောင်တန်းတွေမှာ ခံစားရတဲ့ ခံစားချက်နဲ့ အတူတူပေါ့။ ချစ်သူကို၊ တိုင်းပြည်ကို၊ သူငယ်ချင်းတွေကို ထာဝရ ခွဲခွါရပြီဆိုတဲ့ အသိနဲ့ ဒေါန တောင်တန်းတွေပေါ်က ကားတစင်းရဲ့ ခေါင်မိုးပေါ်က မျက်ရည်တွေနဲ့ ဒီတစ်ခါ ကျတဲ့မျက်ရည်ကလည်း သိပ်မကွာဘူး။

နည်းနည်းလေး ဝေးတဲ့နေရာကနေ ပိုပြီးဝေးတဲ့နေရာကို သွားရတာမို့ ဒီတခါအလွမ်းက ဆောင်းအိပ်မက်တွေထက် ပိုပြီး အေးစက် အထီးကျန် ဆန်လှပါတယ် အမေ။ အမေကတော့ မှာရှာပါတယ်။ သား ကျောင်းပြန်တက်ပါတဲ့။

++++

သားကျောင်းပြန်တက်ရမယ်လို့ အမေပြောတော့ ကျနော် ပျော်သွားတယ်။ ဒီတခါဆို ကျနော် (၆) တန်း ကျောင်းသားကြီး ဖြစ်ပြီပေါ့။ အဖြူအစိမ်းဝတ် ကျောင်းသားတယောက်ရဲ့ ရှေ့မှာ ဘာတွေရှိနေမလဲဆို အမေ မသိပေမယ့် အမေသိတာ တခုတော့ ရှိတယ်။ ဇွန်လ ရန်ကုန်မိုးက အငြိုးသည်းပေမယ့် အမေ့ရင်ထဲက အပူတွေကို မငြိမ်းသတ်နိုင်ဘူးထင်ရဲ့။ အမတို့ကျောင်းလည်း ပြန်ဖွင့်တော့မယ်တဲ့။

ဒီတခါ ကျောင်းပြန်သွားရတယ် ကျနော်ပျော်တယ်။ ကျောင်းမှာ စာကောင်းကောင်း မသင်ဘူး။ နေ့လည် ကျောင်းလွှတ်ချိန်ရောက်ရင် လှည်းတန်းလမ်းဆုံမှာ ရန်ကုန် တက္ကသိုလ်ထဲကနေ အမနဲ့အတူ ကျောင်းသားတွေ စုရုံးစုရုံးနဲ့။ သူတို့ဝေတဲ့ စာရွက်တွေ စုစုပြီး လွယ်အိပ်ထဲ သိမ်းထားရတဲ့ အလုပ်ဟာ (၆) တန်း ကျောင်းသားတယောက်ရဲ့ မဟာတာဝန်ကြီးတခု။

နောက်တော့ ကျနော်လည်း ဖွဲ့လိုက်ကြတဲ့ သမဂ္ဂပေါင်းများစွာရဲ့ အဖွဲ့ဝင်တဦး။ အထက်တန်းကျောင်းသား အကိုတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ် လမ်းလျှောက်ရတာကိုက အရသာ။ ဆေးရုံကြီးရှေ့မှာ ထမင်းထုပ်တွေစား၊ အဖွဲ့အသီးသီးက ဝေငှကြတဲ့ ကြေညာချက်တွေ၊ စာစောင်တွေ၊ ကြွေးကြော်သံတွေပါတဲ့ စာရွက်တွေကို သေသေချာချာ ဖိုင်တွဲပြီး ကျောင်းလွယ်အိပ်ထဲမှာ သိမ်း၊ အိပ်ခါနီးရင် ရေဒီယို နားထောင်နေတဲ့ အိမ်သားတွေ ကြားထဲမှာ ၀င်ထိုင်ပြီး ရေးထားသမျှတွေ အကုန်ဖတ်၊ ကြားသမျှတွေ အကုန်နားထောင်။ မနက်ဖြန်ဆို သူငယ်ချင်းတွေကို သတင်းတွေ ပြန်ပြောရမယ်။

ကျနော်တို့ အိမ်ရှေ့က ပြည်လမ်းမကြီးဟာ နေ့စဉ် ထောင်နဲ့ချီတဲ့ လူတွေနဲ့ ပြည့်နှက်နေကျ။ ကျနော်တို့လို ကျောင်းသားငယ်တွေကလည်း သီချင်းတွေဆိုပြီး ချီတက်ကြ၊ ကြွေးကြော်သံတွေ တိုင်ကြနဲ့ ... မဆလ တံတိုင်းကြီးကို ခေါင်းနဲ့ ၀င်ဆောင့်ကြတယ်။

ကျောင်းမှာ မသင်တဲ့ ဦးနေ၀င်းအကြောင်း ကျနော် ပိုသိလာတယ်။ သူများတွေ မုန်းသလို ကျနော်လည်း ဦးနေ၀င်းကို မုန်းတယ်။

ကျနော် အရမ်းအားကျခဲ့တဲ့ စစ်သားတွေက ကျနော် ချစ်တဲ့သူတွေကို သေနတ်တွေနဲ့ ပစ်သတ်တယ်။ ညအိပ်ရာဝင်တိုင်း နောက်တနေ့အတွက် အမြဲလိုလို တက်ကြွနေတယ်။ နောက်နေ့လည်း မြို့ထဲဘက်ကို ချီတက်ကြဦးမှာ။ ဒီမိုကရေစီ ရတော့မယ်တဲ့။ ကျနော် ကျောင်းမတက်ရတာကိုပဲ ပျော်နေတယ်။

ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိနိုင်သေးပေမယ့် နေတိုင်း လမ်းမတွေပေါ် လူတွေ ပြည့်နေတာကို မြင်ရတဲ့အတွက် သဘောကျတယ်။ မနက်သတင်းစာ၊ ညနေခင်း သတင်းစာတွေကို တွေ့ရပြီ။ နေ့နေ့ညည သတင်းတွေဖတ်၊ မှတ်စုထဲ ပြန်ကူးချရေးနဲ့ ကျနော် အလုပ်ရှုပ်နေခဲ့တယ်။

++++

နေ့တိုင်း သတင်းတွေရေး၊ သတင်းတွေ လိုက်နေရတဲ့ ဘ၀ကို ရင်ခုန်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကျနော်အတွက် တကယ်ပဲ အနာဂတ်မရှိဘူး။ ကျနော် ထိုင်းစကား မပြောတတ်ဘူး။ ပြီးတော့ ထိုင်းရဲတွေကို ကျနော် ကြောက်တယ်။ ဒါပေမယ့် ကျနော် သတင်းစာတွေကို ချစ်တယ်။ ထောင်က ထွက်လာတဲ့ ကျနော့် သူငယ်ချင်းတွေက ကျနော်သတင်းစာ ထုတ်နေတာကို သိပ်သဘောကျတယ်လို့ ပြောတယ်။ ကျနော်လည်း စာတွေ၊ သတင်းတွေ ရေးပြီး အသက်ရှင်ရတာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့ ထင်တယ်အမေ။

သတင်းတွေနဲ့ အသက်မွေးရမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပေမယ့် သတင်းစာသမား ဖြစ်ရတဲ့အတွက် ကျနော် ဂုဏ်ယူတယ်။ ထိုင်းနိုင်ငံဟာ ကျနော့် နိုင်ငံမှ မဟုတ်ဘဲ။ ဒါပေမယ့် အိမ်နဲ့ နီးနီးနေရသလို ခံစားရတဲ့အတွက် ကျနော် သိပ်မလွမ်းဘူး။

ကျနော် ညတိုင်း အမေကြည့်နေတဲ့ မြန်မာ့ ရုပ်မြင်သံကြားကို ကြည့်တယ်။ အမေကြိုက်တဲ့ ကိုရီးယားကားတွေကိုလည်း ကျနော် ကြိုက်ပါတယ်။ ချင်းမိုင်မှာ ရှိတဲ့ ကျနော့်ဆီ အကိုက လာလည်တယ်။ ပြီးတော့ ကျနော့်တို့တတွေ ထမင်းအတူတူ စားကြတယ်။ တီဗီအတူတူ ကြည့်ကြတယ်။ မြန်မာဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည် နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေ ဆင်းတဲ့အတိုင်း သူသွားလေရာမှာ လူစုလူဝေးနဲ့ ကားရပ်ပြီး ဒေသခံပြည်သူတွေကို လက်ဆွဲ နှုတ်ဆက်တာတွေ တီဗီမှာ မြင်ရတယ်။

ဒီမိုကရေစီ ဘယ်တော့ရမလဲ ကျနော်တကယ် မသိဘူး အမေ။

++++

ဒီမိုကရေစီရရှိရေး ဆိုတဲ့ ကြွေးကြော်သံတွေက ဧရာမ လူလှိုင်းလုံးကြီးတွေ ဆီကနေ လိမ့်လိမ့်ဆင်းလာနေတာ ကြက်သီမွေးညှင်း ထစရာ ကောင်းလောက်တယ်။ မြင်သမျှ နေရာတိုင်းမှာ အရေးတော်ပုံ အောင်ရမည်၊ ဒို့အရေးဆိုတဲ့ အသံတွေက တနေ့ထက်တနေ့ ပိုပြီး ကျယ်လောင်နေတယ်။

အဲဒီညမှာ ဦးနေ၀င်း နောက်ဆုံး မိန့်ခွန်းပြောတယ်။ မိန့်ခွန်းဆုံးတော့ ကျနော့်အဖေက သက်ပြင်းရှည်ကြီး တချက် ချတယ်။ ကျနော့်အကိုတွေ၊ အမတွေ အိမ်ရှေ့ကို ပြေးထွက်သွားတယ်။ လူအုပ်ကြီးဟာ လက်ခုပ်လက်ဝါးတွေ တီးပြီး ဦးနေ၀င်းကို နှုတ်ဆက်ကြတယ်။ နောက်ရက်တွေမှာ ကျနော့်ဘ၀ရဲ့ ပထမဦးဆုံးအဖြစ် သေနတ်သံတွေ စကြားဖူးတယ်။ အနီရောင် ပုဝါတွေ လည်ပင်းမှာ စည်းထားတဲ့ စစ်သားတွေဟာ အိမ်ရှေ့က ပြည်လမ်းမပေါ် ၀ုန်းခနဲကားတွေ ရပ်ပြီး အကျအန ဒူးထောက်ထိုင်ကာ သေနတ်တွေနဲ့ ရပ်ကွက်ထဲက လမ်းတွေထဲကို လှမ်းပစ်တယ်။

အိမ်ရှေ့ဝရန်တာ ကြမ်းပြင်မှာ ပြားပြားဝပ်ပြီး မျက်မြင်သက်သေ လုပ်နေတဲ့ ကျနော့် ရှေ့တည့်တည့်ကို ပစ္စည်းတခုကျလာတယ်။ ခပ်လှမ်းလှမ်းကို လိမ့်သွားပြီးမှာ အငွေ့ဖြူဖြူတွေ ထွက်လာတယ်။ အမေနဲ့ အကိုတွေက ကျနော့်ကို လက်ဆွဲပြီး အိမ်အောက်ထပ်ကို ဆင်းပြေးတယ်။ နောက် အိမ်နောက်ဖေးကနေ ဘုန်းကြီးကျောင်းထဲက ရေကန်ဆီ ပြေးကြတယ်။ မျက်လုံးတွေ ဘာမှ မမြင်ရတော့ဘူး။ ရေကန်ထဲမှာ ခေါင်းတခုလုံး စိမ်ထားရတယ်။

ကျနော် မငိုချင်ဘဲ မျက်ရည်တွေချည်းပဲ ကျတဲ့နေ့။

++++++

မျက်လုံးထဲမှာ မျက်ရည်တွေလား၊ နှင်းတွေလား မသိတော့။ ဒွိုင်အင်းထနွန်းဆိုတဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးသော တောင်ပေါ်မှာ ကျနော် မတ်တပ် ရပ်နေတယ်။ ရှေ့မှာ ဘာမှ မမြင်ရတော့။ သစ်သားအိမ်လုံးထဲက ဂစ်တာသံသဲ့သဲ့ ကြားနေရတယ်။ ဆယ်လ်မွန်ငါးတို့အပြန် စာသားတွေ မပီမသ ၀ိုးတ၀ါး ကြားနေတယ်။ ကိုစိုးထွန်းနဲ့ သူငယ်ချင်းတွေ ထောင်က ပြန်လွတ်ကြပြီတဲ့။ ဦးနေ၀င်းလည်း ဆုံးသွားခဲ့ပြီ။ ထိုင်းကို ထွက်လာတုန်းကတော့ အများသူငါလိုပဲ (၂)နှစ်၊ (၃)နှစ်ပဲ ကြာမယ်ထင်တာ။ ဒီမိုကရေစီလည်း ရတော့မှာပဲဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့။ အခုတော့ ကျနော်ကပဲ အသက်ကြီးလာလို့လား၊ မျှော်လင့်ချက်တွေကပဲ မရေမရာ ရှိသွားတာလား မသိတော့ဘူး။

ဦးနေ၀င်းဆုံးတဲ့နေ့မှာ ထိုင်းမြန်မာနယ်စပ်က ကချင်ရွာလေးပွဲ မနောပွဲ ကျင်းပနေတယ်။ ကချင်ရိုးရာ ပွဲတော်လေးမှာ ခေါင်ရည်မသောက်ဘဲ ကျနော်မူးနေတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသက တောင်တန်းတွေရဲ့ ဆောင်းရာသီဒဏ်ကို ရန်ကုန်သား ကျနော် အံ့ကြိတ်ခံရတယ်။ မနောပွဲတော် ပြီးတော့ လူတွေဟာ ဈေးတန်းတလျောက် ပြည့်ကျပ်နေကြတယ်။ ခပ်လှမ်းလှမ်းက စတိတ်ရှိုးမှာ ကေဂျာနူးက ကချင်ဘာသာနဲ့ သီချင်းဆိုနေတယ်။ လူတွေက လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြတယ်။ ပျော်စရာကြီး။

++++

ရုတ်တရက်ကြီး လူတွေဟာ အံ့သြမင်သက်နေရာက ဟေးခနဲ ထအော်ပြီး လက်ခုပ်တွေ တဖြောင်းဖြောင်း တီးကြတယ်။ ဦးစိန်လွင် ရာထူးက ဆင်းပြီဆိုတဲ့ ရေဒီယိုက သတင်းလွှင့်ပြီးတာနဲ့ တရပ်ကွက်လုံး ဒန်အိုးဖုံးတွေ၊ ရေပုံးတွေကို တရစပ် တီးခတ်သံတွေက စီခနဲပေါ်လာတယ်။ တနိုင်ငံလုံး မကောင်းဆိုးရွားကို တောထုတ်တဲ့ အထိမ်းအမှတ်နဲ့ ရန်ကုန်သားသတ်သမားကြီးကို နှုတ်ဆက်ကြတယ်။ နောက်နေ့ လမ်းမတွေပေါ် လူတွေက ပုံမှန်ထက် ဆယ်ဆလောက် များနေတယ်။ မြင်လေရာရာ ... သပိတ်တပ်သားတွေ၊ အစာငတ်ခံ ဆန္ဒပြသူနေတွေ၊ ထိုင်သပိတ်တွေ ....။ အရေးတော်ပုံကြီးဟာ အရှိန်မြင့်တက်လာတယ်။

ကြည့်လေရာရာမှာ လူလှိုင်းလုံးကြီးတွေ၊ မော်တော်ကားတွေပေါ်မှာလည်း လူတွေက အပြည့်။ သြဂုတ်လ တလလုံး လူတွေဟာ အထွေထွေ သပိတ်ကြီးကို အားမာန်အပြည့်နဲ့ ဆင်နွှဲနေကြတယ်။

(၂၆) ရက်နေ့မှာ ကျနော်ဟာ ရွှေတိဂုံဘုရား အနောက်ဘက်ကို အမနဲ့အတူ ရောက်နေတယ်။ ကျနော့်တသက် ဘယ်တော့မှ မထင်မှတ်ထားတဲ့ လူအုပ်ကြီးကို တွေ့ဖူးခြင်းပဲ။ တော်လှန်ရေး ပန်းခြံနားလောက်ကစပြီး ခြေလှမ်းတွေကို ရှေ့ဆက်ရွှေ့ဖို့ ခက်လာတယ်။ နာရီပေါင်း အတော်ကြာကြာ လူအုပ်ကြီးထဲ မွန်းကြပ်နေပြီးတဲ့နောက် ဘုရားဝင်း တံတိုင်းပေါ်က အသံချဲ့စက်ကနေ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို ပီပီသသ ကြားရတယ်။ ဒေါ်အောင်ဆန်းစုကြည် .... ဒေါ်အောင်ဆန်းစုကြည်တဲ့။ သူမဟာ လူထုကြီးရှေ့မှာ မားမားရပ်နေတယ်။ လူတွေက သူမနာမည်ကို အကြိမ်တသောင်းမက အော်ဟစ်ခေါ်နေကြတယ်။

++++++

လူတွေက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အကြိမ်ပေါင်းများစွာ အော်ဟစ် ခေါ်နေကြတယ်။ နောက်ဆုံးတော့ နှစ်ရှည်လများ စိတ်ဒုက္ခကြီးစွာ စောင့်ဆိုင်းနေရတဲ့ သူမရဲ့ လွတ်မြောက်မှုက အမှန်တကယ် ဖြစ်ပေါ်ခဲ့ရပြီ။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဟာ လူအုပ်ကြားထဲကနေ ရုံးချုပ်ရှိရာကို တိုးဝှေ့ရောက်လာတယ်။ သူမရဲ့ ဒုတိယအကြိမ် လွတ်မြောက်မှုဟာ မျှော်လင့်ချက်တွေ တသီကြီးကို သယ်ဆောင်လာတယ်။ မြန်မာပြည်အတွက် အရုဏ်ဦးလို့ ပြောတယ်။ စာမျက်နှာသစ် ဖွင့်လိုက်ပြီလို့ ဆိုကြတယ်။

ကျနော်နေထိုင်ရာ ဖနွမ်းပင်မြို့က သတင်းစာပညာသင် ကျောင်းသားတွေ တည်းခိုတဲ့ အိမ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အထိမ်းအမှတ် လာအို၊ ကမောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ အမေရိကန် မိတ်ဆွေတွေ လွတ်မြောက်ရေး ပါတီပွဲတခုကို ကျင်းပနေကြတယ်။

ခမာတို့မြေမှာ ကျနော်ဟာ ကျောင်းသားတစ်ယောက်။ ကာလအကြာကြီး စာမသင်ခဲ့ရတဲ့ ကျနော်ဟာ စာသင်ခန်းထဲကို ခဏပြန်ရောက်တဲ့ အချိန်ပေါ့။

++++++

စာသင်ခန်းထဲကို နောက်တခေါက် ပြန်ရောက်လာတဲ့ ကျနော်ဟာ (၆) တန်းကို နောက်တကြိမ် ပြန်တက်ရတယ်။ မနှစ်က အရေးတော်ပုံကြီးကြောင့် ကျောင်းတနှစ် အောက်လိုက်ရတာမို့ (၆)တန်းကို နှစ်ခါ ပြန်တက်ရတာမျိုး။ ကျောင်းသားတိုင်းရဲ့ ရင်ဘက်မှာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုပုံ ရင်ထိုးလေးတွေ။ အများစုက အရေးတော်ပုံကို မမေ့နိုင်ကြသေး။ အာဏာသိမ်းတဲ့ညက တောခိုဖို့ တာစူနေတဲ့ အစ်ကို့ကို အမေက မျက်ရည်တွေနဲ့ တားတယ်။ နောက်ဆုံးတော့ အစ်ကိုလည်း တောမခိုဖြစ်ဘဲ ကျောင်းသားပါတီထဲ ၀င်လုပ်တယ်။ အဲဒီကာလမှာ ပါတီသစ်တွေ၊ ရုံးခန်းသစ်တွေ ရန်ကုန်မြို့အနှံ့မှာ မိုးဦးကျပေါက်တဲ့ မှိုတွေလို ဖွေးဖွေးကို လှုပ်လို့။

နောက်ဆုံးတော့လည်း ခမောက်ပုံကို မဲပေးကြတယ်။ ကျနော် (၇)တန်း အောင်တယ်။ အဖေဆုံးတယ်။ အစ်ကိုတယောက်က အဖွဲ့ချုပ်ရဲ့ မြို့နယ်စည်းရုံးရေးမှူး တာဝန်ယူတယ်။ ရန်ကုန်မြို့ကြီးမှာ ငြိမ်းချမ်းရေးအဖွဲ့တွေ ခေတ်စားတယ်။ ကုမ္ပဏီလုပ်ငန်းတွေ ခေတ်စားတယ်။ စီးကရက် ကြော်ငြာတွေ ခေတ်စားတယ်။ နောက်ဆုံး တီဗီမှာ ဗိုလ်ချုပ်တွေ၊ ဘုန်းကြီးတွေနဲ့ ထက်ထက်မိုးဦး ကြော်ငြာတွေ နေရာယူလာတယ်။ ၁၉၉၄မှာ ကျနော် ဆယ်တန်း အောင်တယ်။ (၈၈) တုန်းက ကျနော်သိမ်းထားတဲ့ အရေးတော်ပုံ ကြေညာချက်တွေ၊ သတင်းစာ ဖြတ်ပိုင်းတွေကို ပြန်ဖတ်တယ်။ ပလက်စတစ်အိတ်နဲ့ သေသေချာချာ ထုပ်ပိုးပြီး မြေကြီးထဲမှာ ထည့်မြုပ်ထားလိုက်တယ်။

+++++

ကျောင်းသား နိုင်ငံရေးဘ၀ကို သတင်းသမား တယောက်အဖြစ် သေသေချာချာ မြုပ်နှံလိုက်တယ်။ ထိုင်းနိုင်ငံမှာ ကျနော် ရင်းနှီးခဲ့သူ အများစုဟာ သတင်းသမားတွေ၊ နောက်ပြီး သတင်းစာတွေဟာ ကျနော့်ကို ဆွဲဆောင်မှု အရှိဆုံး။ ကျနော် တာဝန်ယူလုပ်ကိုင်တဲ့ (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီက အပတ်စဉ် ထုတ်ဝေတဲ့ သမဂ္ဂသတင်းလွှာမှာ အယ်ဒီတာ တာဝန်ယူတယ်။ နောက်တော့ အမြင်သစ် သတင်းစာကို ကိုယ်ပိုင် စထုတ်တယ်။ ထိုင်းရောက်ပြီး တနှစ်အကြာမှာ ကျနော် သတင်းစာသမား ဖြစ်လာပြီ။

အမြင်သစ်ဟာ ကိုစိုးထွန်းပေးခဲ့တဲ့ နာမည်။ ဒီနာမည်ကို သူထောင်ကျနေတဲ့ အချိန်မှာ ကျနော်က သတင်းစာ နာမည်အဖြစ်နဲ့ ပြန်သုံးခဲ့တယ်။ အမြင်သစ်ဟာ မူလကတော့ စာကြည့်တိုက်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတစုရဲ့ စာပေကလပ်လေးရဲ့ အမြုတေ။ အခုတော့ သတင်းစာ။

ကိုစိုးထွန်းနဲ့ စပြီးဆုံတာက ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာ။ လူချင်းတခါလောက် တွေ့ဖူးပေမယ့် မရင်းနှီးကြသေးဘူး။ ကျနော်က ဒုတိယနှစ် သင်္ချာကျောင်းသား။ လှိုင်ကောလိပ်က။ သူက စက်မှုပဉ္စမနှစ် ကျောင်းသား။ ကိုစိုးထွန်းအပါအ၀င် ကျနော်တို့တွေ အမြင်သစ်ကို စလုပ်တာက ၁၉၉၇ နွေရာသီမှာ။ လှည်းတန်းက အမြင်သစ်စာပေဟာ မြေပေါ်ကျောင်းသား လှုပ်ရှားမှုရဲ့ ဆုံချက်။ သိပ်မကြာခင်မှာပဲ ကိုစိုးထွန်းနဲ့ (၄)ယောက် ဖမ်းခံလိုက်ရတယ်။ ဆိတ်ဖလူးရနံ့ သင်းတဲ့မြေမှာ (၇) နှစ်ကြာမယ်တဲ့။ ကျနော်တို့တွေ အမြင်သစ်ကို ပိတ်လိုက်ကြတယ်။ အိမ်ပြန်မအိပ်ကြတော့ဘူး။ အမေက အလည်လွန်နေလို့ ခဏခဏ ဆူတယ်။ ကျနော် အမှန်တကယ် အလည်လွန်တော့ အမေ မဆူနိုင်တော့ဘူး။ ကျနော်ပြောတဲ့ စကားတွေကို အမေ ငြိမ်ငြိမ်လေး နားထောင်နေတယ်။

++++++

အမေက ကျနော်ပြောတာကို ငြိမ်ငြိမ်လေး နားထောင်နေတယ်။ ဒီတခါ ကျနော်တို့ လုပ်ပြီးရင် အိမ်ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။ (၆)လ၊ တစ်နှစ်လောက်တော့ တခြားမှာ ရှောင်နေရမယ်။ အမေ ကျနော့်ကို နားလည်ပါ ... ကျနော် ဆုံးဖြတ်ပြီးပြီ ... ကျနော် အဖမ်းမခံနိုင်ဘူး ...။ အမေထိုင်နေတဲ့ ခုံနံဘေးနေကြည့်ရင် ပြောင်းဖူးပင်တွေက လေယူရာ ဟိုသည်ယိမ်းလို့။ ကျနော်တို့ ... နေ့လည် (၁၂)နာရီမှာ ... လှည်းတန်း၊ ဆန္ဒပြမယ် ...။ အဲဒီနေ့ဟာ ကျနော့်ရဲ့ ကောလိပ်ကျောင်းသားဘ၀ရဲ့ နောက်ဆုံး စာမေးပွဲနေ့ ဖြစ်သလို သူပုန်ကျောင်းသားအဖြစ် စတင် ပုန်းရှောင်ခဲ့ရတဲ့ ပထမဦးဆုံးနေ့ပါပဲ။ ကျနော့်ရဲဘော်တွေ တယောက်ပြီးတစ်ယောက် ရက်တိုတိုအတွင်း ပျောက်သွားကြတယ်။ ကျနော်ဟာ ရန်ကုန်မြို့စွန်က အခန်းလေးတခန်းမှာ ရက်ပေါင်းများစွာ ... လပေါင်းများစွာ။ အမေနဲ့အကိုကို ထောက်လှမ်းရေးတွေက ဖမ်းသွားပြီး (၃)ရက်ကြာ စစ်တယ်။ ဆွေမျိုးတွေရှိတဲ့ အိမ်တိုင်းကို ၀င်ရှာတယ်။ မြန်မာပြည်ဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ လုပ်ရမယ့်အချိန်။ ရန်ကုန်ကို ခြေပြန်ချခွင့် မရတော့။ (၉)လပင် ကျော်လာလည်း အိမ်ကို မပြန်နိုင်တော့။ ပုန်းနေဆဲ လူတွေလည်း ပြောင်သလောက်နီးနီး ရှိနေပြီ။ ကျနော်နေတဲ့ ရွာကလေးမှာ ဒီနှစ် သင်္ကြန်စည်တယ်။

+++++

သင်္ကြန်ဟာ ရန်ကုန်မှာတော့ အရင်လိုပါပဲ။ သင်္ကြန်သီချင်းတွေ လ်းမတွေပေါ် ဖိတ်စဉ်နေစဉ်မှာပဲ မြို့ကနေ တိတ်တိတ်ကလေး ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကျနော်ဟာ အမေအိမ်ကို အပြေးပြန်ချင်တယ်။ အမေ့ကို နောက်ဆုံး လူချင်းတွေ့ပြီး နှုတ်ဆက်ချင်တယ်။ ဒါပေမယ့် ... ရန်ကုန်ဟာ ကျနော့်အတွက် နယ်ကျဉ်းခဲ့ပြီ။ မြို့ကြီးဟာ သိပ်ကို တစိမ်းဆန်တယ်။ လှည်းတန်းလမ်းဆုံကို နောက်ဆုံးအဖြစ်နဲ့ ခြေချချင်တယ်။ မွန်သစ်မှာ ဒီအချိန် လူတွေ စည်နေဆဲလား၊ မောင်အေးဆိုင်မှာ ဘီအီးနဲ့မြည်းဖို့ ဆိတ်သားနဲ့ပဲဟင်းကရော အရင်လိုပဲလား။

ဒီလိုနဲ့ ကျနော်ဟာ စစ်တောင်း တံတားကြီးကိုဖြတ်၊ ဖားအံမှာ ညအိပ်ပြီး ကောကရိတ်မှာ ရင်ခုန်သံ မြန်ခဲ့ရတယ်။ ကျနော် အိပ်မပျော်တဲ့ညတွေ များနေပြီ။ ရဲဘော်ရှောင်း ပြောသလိုဆို ရဲဘော် ... တိုက်ပွဲဟာ အကျအဆုံး သိပ်များတယ် ...ပေါ့။ ၁၉၉၉ ဧပြီနွေဟာ ဒေါနတောင်ပေါ်မှာ ပျောက်သွားပြီ။ မြူတွေဝေ့ဆိုင်းလို့ ...။

ဒေါနတောင်တန်းဟာ သိပ်ကိုမြင့်မားပြီး ကြီးမား ခံညားလွန်းတယ်။ တောင်ပတ်လည်ကို ဖောက်ထားတဲ့ ကားလမ်းဟာ ခနော်ခနဲ့။ ချိုင့်ထဲ ဘီးရောက်သွားတိုင်း ခေါင်းမိုးပေါ်မှာ ထိုင်လိုက်လာတဲ့ ကျနော်ဟာ ရင်ခုန်သံ တဒုတ်ဒုတ်၊ နွေရဲ့နေကြောင့် ချွေးစက်တွေဟာ ပါးပြင်ပေါ်မှာ။ အမှန်တော့ ကျနော်မငိုသေးပါဘူး အမေရယ်။ ကျနော် မောနေတာပါ။

မြ၀တီကားကြီးဝင်းထဲမှာ ကျနော့်ရင်ခုန်သံတွေ အမြန်ဆုံး။ လွတ်မြောက်ရေးဟာ ပဓာန၊ အလွမ်းဟာ ဒုတိယပေါ့။ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ် နံနက် ဝေလီဝေလင်း ဗွေဆော်ဦး ရောက်နေသူဟာ မျက်ရည် မကျရဘူးတဲ့လား အမေ။ ဒါပေမယ့် ကျနော် နောက်လှည့်ပြီး မကြည့်တော့ပါဘူး။

++++++

ကျနော် နောက်လှည့်ပြီး မကြည့်တော့ဘူး။ ပစိဖိတ် သမုဒရာပေါ်မှာ နေ့နဲ့ညအကူးကို မြင်တွေ့ရပြီးချိန်မှာ ထပ်ပြီး ရင်ဆိုင်ရမှာတွေကို ကြိုမတွေးချင်တော့ဘူး။ လေယာဉ်ဟာ ကယ်လီဖိုးနီးယား ကမ်းခြေပေါ် ၀ဲဝိုက်ပျံနေတာ အတော်ကြာတယ်။ ရေခဲတွေတစ်ချို့ ခပ်မြင့်မြင့် တောင်တွေပေါ်မှာ ရိပ်ခနဲ၊ ရိပ်ခနဲ။

လေယာဉ်ဘီးနဲ့ ကြမ်းပြင်အထိ ဒုတ်ခနဲ ဖြစ်သွားတယ်။ ခရီးက မဆုံးသေးဘူး။ အဲဒီည သန်းခေါင်လောက်မှာ ကျနော့်ရဲ့ အိမ်အသစ်ဆီ ရောက်တယ်။ အဲဒီနေ့ဟာ ပူပြင်းလှတဲ့ မတ်လဖြစ်ပေမယ့် နွေဦးရာသီဟာ ကျနော်ထင်ထားတာထက် ပိုပြီး အအေးကဲတယ်။ ။


နေသန်မောင်

ဘုရှ် မြန်မာနိုင်ငံကို စိတ်ဝင်စားလာခြင်းအပေါ် ကျနော် နားလည်သမျှ


စိန်ဝင်း
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 21:26 - မြန်မာစံတော်ချိန်

“ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း သမတ ဂျော့ဘုရှ်သည် မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံလိမ့်မည်” ဆိုသော သတင်းသည် ပြည်ပရောက် မြန်မာ အသိုင်းအဝိုင်းအကြား ရေပန်းစားနေခဲ့သည်။ ဤသတင်းသည် နာဂစ် ကယ်ဆယ်ရေး ကိစ္စတွင် စစ်အစိုးရက ခေါင်းမာမာနှင့် ဘာမှလဲ မလုပ်နိုင်ခဲ့ခြင်းအပေါ် တိုင်းပြည်တွင်း ကြေကွဲဝမ်းနည်းမှုနှင့် မချင့်မရဲ ဖြစ်ခဲ့ရသည့် နောက်ဆုံး ဖြစ်ရပ်အတွက် မျှော်လင့်ချက် အသစ်သဖွယ် ဖြစ်နေသည်။

သမတကြီး၏ ဤသတင်းစကားသည် နေရာတိုင်းရှိ မြန်မာများကို စိတ်ဓါတ်အရ အားရှိစေခဲ့၊ ညှို့ယူဖမ်းစားထား နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး ပုဂ္ဂိုလ်တဦးက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုရှေ့မှ မားမားမတ်မတ် ရပ်သည်ဆိုသည့် သတင်းသည် သတင်းထူးကြီးလည်း ဖြစ်သည်။ သူ၏ သတင်းစကားမှာ ရှင်းလင်းလှသည်။ “ခင်ဗျားတို့နဲ့ အတူ ကျနော်ရှိနေပါသည်” တဲ့။

သို့သော် အမှန်တွင်မူ ဤအချိန်က ပျော်စရာကောင်းလှသော အချိန်မဟုတ်။ လာမည့်သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာ့ဒီိမိုကရေစီ အရေးထောက်ခံသူများက ၈၈၈၈ အရေးတော်ပုံ၏ နှစ် ၂ဝ ပြည့် အခမ်းအနားများကို ကျင်းပကြပါလိမ့်မည်။ နှစ်ပေါင်း ၂ဝ ကြာသည့်တိုင်အောင် စစ်တပ် ဗိုလ်ချုပ်ကြီးများနှင့် အတိုက်အခံဘက်တို့ အကြား ရင်ကြားစေ့ရေးမှာ အရိပ်အယောင်ပင် မမြင်ရသေးပါ။ ၂ ဘက်ကြား ပို၍ ဝေးကွာလာနေသည့် အချိန်မှာပင် ဆိုင်ကလုံး ဒုက္ခသည်များအတွက် ပြည်တွင်းပြည်ပ အကူအညီများမှာ တဟုန်ထိုး ကျဆင်းလာနေသည်။

ခဏလေး တမိနစ်လောက် စောင့်ပါဦး။ နောက်ထပ် အရေးကြီးတဲ့ အချက်က ဘုရှ်ရဲ့ သမတ သက်တမ်းက ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျနော် မမေးဘဲ မနေနိုင်တဲ့ အချက်က လွန်ခဲ့တဲ့ ၇ နှစ်က ဘာလို့ ခုလို မြန်မာတက်ကြွ လှုပ်ရှားသူတွေနဲ့ နေ့လည်စာ မစားခဲ့တာလဲ ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျနော် သိပ်ပြီး အဆိုးမြင်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုကျမှ မြန်မာ အတိုက်အခံတွေနဲ့ ပတ်သက်လို့ အမြင်သဘောထား ချဉ်းကပ်မှုတွေ ဘယ်လို လှုံ့ဆော်မှု ဘယ်လိုအရင်းခံ အကြောင်းအချက်တွေကြောင့် ခုလို ပြောင်းလဲသွားရတာလဲ ဆိုတာ ကျနော့်စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ပေါ်လာပါတယ်။

ဘုရှ်အစိုးရ၏ နိုင်ငံခြားရေးဝါဒ သြဇာအာဏာ အတက်ဆုံး အချိန်သည် သူ့သမတ သက်တမ်း ပထမအကြိမ် အစောပိုင်း ကာလများက စက်တင်ဘာ ၁၁ အကြမ်းဘက် တိုက်ခိုက်ခံရပြီးချိန်တွင် ဖြစ်သည်။ ယင်းအချိန်ကသာ မြန်မာပြည်အတွက် သူလုပ်ခဲ့မည် ဆိုလျှင် မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေးတို့အတွက် သူအများကြီး လုပ်ကိုင်နိုင်ခဲ့မည်သာ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ကဲ့သို့သော တိုင်းပြည်များသည် သူ့ဦးစားပေး စာရင်းတွင် မပါခဲ့ပါ။

ထို့ပြင် မြန်မာပြည်၌လည်း ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝဝ၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အကျယ်ချုပ်မှ တဖန်လွတ်မြောက်လာခဲ့သည်။ လုပ်လိုက် ရပ်လိုက်ဖြစ်နေသော ညှိနှိုင်းဆွေး နွေးမှုများလည်း ပြုလုပ်လာခဲ့သည်။ ဤအချိန်ကသာ အမေရိကန် ဦးဆောင်သော ဒီမိုကရေစီ အုပ်စုကြီးက မြန်မာစစ်အစိုးရကို ဖိအားပေးနိုင်ခဲ့လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အတော်ပင် အဆော တလျင် ခရီးရောက်ခဲ့ပေလိမ့်မည်၊။

ဘုရှ်၏ သေသေချာချာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လှိုက်လှိုက်လှဲလှဲ ရှိလှသော ကမ္ဘာတဝှမ်း ဒီမိုကရေစီ မြှင့်တင်ရေး လုပ်ငန်းကြီးနှင့် “အာဏာရှင်စနစ် ကမ္ဘာပေါ်တွင် အဆုံးသတ်ရေး” ဆိုသည့် အစီအစဉ်ကို ကျနော် သံသယ မရှိပါ။ သို့သော် သူ့ကိုယ်ပိုင် နိုင်ငံရေးမှ ထိရောက်၍ ဦးစားပေးမှုရှိသော နိုင်ငံတော် ပေါ်လစီတရပ် အဖြစ်သို့ မြန်မာ့အရေးကို ပြောင်းလဲ မပစ်နိုင်ခဲ့ပါ။

ဟုတ်ပါသည်၊ သမတကြီးနှင့် သမတကတော်တို့သည် ရံဖန်ရံခါ မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံ၍ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုများ၊ ဗွီဒီယို ကွန်ဖရင့်များ ပြုလုပ်ခဲ့ကြသည်။ သို့သော် ၂ဝဝ၁ ခုနှစ် ဒုတိယနှစ်ဝက် နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။ ၂ဝဝ၃ ခုနှစ် အီရတ်စစ်ပွဲက အီရတ်တွင် ဒီမိုကရေစီနှင့် တည်ငြိမ်မှုကို မရရှိစေခဲ့ကြောင်း၊ သူတို့ ဤကိစ္စတွင် ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။ စစ်အေးခတ်ပြီး ကာလတွင် ပြိုင်ဘက်မရှိ ဗိုလ်စွဲ နေခဲ့သော အမေရိကန်၏ အနေအထားကို တရုတ်နှင့် ရုရှတို့လို နိုင်ငံများက အရင်ထက် ပို၍ တိတ်တဆိတ် စိန်ခေါ်နိုင်သည့် အခြေအနေများ ပေါ်ထွက်လာခဲ့သည်။

ဝင်ရိုးစွန်း အများရှိသော ကမ္ဘာ့စနစ်သစ်တရပ် ပေါ်ပေါက်လာပြီဟု ပြောရန်မှာမူ စောပါသေးသည်။ သို့သော် တရုတ်နှင့် ရုရှတို့သည် ကမ္ဘာပေါ်ရှိ လစ်ဘရယ် မဟုတ်သော အစိုးရများကို အမေရိကန်က တိုက်ခိုက်နေသည့် အစောပိုင်းနေ့ရက်များတွင် ဝင်ရောက် မင်းမူလာခဲ့သည်။

၂ဝဝ၃ ခုနှစ်သည် မြန်မာနိုင်ငံအတွက်လည်း ကံဆိုးမိုးမှောင် ကျသောနေ့ ဖြစ်သည်။ ဤနှစ်တွင် ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ခဲ့သည်။ ယင်း၏ အကျိုးဆက်အဖြစ် စစ်အစိုးရ အတွင်းမှ အပျော့ပျောင်းဆုံးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် အလားအလာ အရှိဆုံး အင်အားစုထဲက ဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်ကို သူ့အထက် အရာရှိ ခေါင်းမာဂိုဏ်းက ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ဤခေါင်းမာဂိုဏ်းသည် ထိုအချိန် ကတဲကစ၍ ပို၍ပင် အစွန်းရောက်သော နိုင်ငံရေး လမ်းကြောင်းကို ချမှတ် ကျင့်သုံးလာခဲ့သည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွင် အိမ်နီးချင်း နောင်တော်ကြီး တရုတ်နိုင်ငံက သူတို့ကို ပို၍ပင် အကာအကွယ် ပေးလာနိုင်သည်၊ ယင်းအကိုကြီး၏ နောက်တွင် သူတို့ အသာလေး အကာအကွယ်ယူ ပုန်းအောင်း နေနိုင်သည့် အနေအထားများ ပိုမို ဖြစ်ပေါ်လာခဲ့သည်။

ဒီပဲယင်း အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးပြီးမှ သမတကြီးနှင့် သမတကတော်တို့ မြန်မာ့အရေးကို တက်တက်ကြွကြွ စိတ်ဝင်စားလာသည်ကို ကြည့်လျှင် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေး စာရင်းနှင့် မြန်မာနိုင်ငံ အဘယ်မျှ ဝေးကွာသည်ကို သိနိုင်သည်။

မြန်မာပြည်မြေပုံကို နောက်ခံကားလုပ်၍ သမတကတော် လော်ရာဘုရှ်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ခြင်းနှင့် စခဲ့ရသလို သမတကြီးက ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကိုပင် အသံထွက်မှန်အောင်၊ ရှေ့နောက် အစီအစဉ် မှန်အောင် အတော်ကြိုးစားပန်းစား ခေါ်နေခဲ့ရသည်။

သို့သော် သူတို့၏ အိမ်ဖြူတော် နောက်ဆုံးရက်များတွင် မြန်မာပြည်သူတို့၏ ဆင်းရဲဒုက္ခကို သမတကြီးနှင့် သမတ ကတော်တို့ လူသိရှင်ကြား စိတ်ဝင်စားမှု ပြခဲ့ခြင်းသည် ရေရှည် သဘောဆောင်သော၊ အပြု သဘောဆောင်သော ဂယက်ရိုက်ခတ်မှုများ မရှိဘဲ နေမည်မဟုတ်ပါ။

နောက်တက်မည့် အမေရိကန် အစိုးရအဖွဲ့သစ်သည် ဘုရှ်သမတ သက်တမ်းကာလ အတွေ့အကြုံများကို သင်ခန်းစာ ယူနိုင်ပါလိမ့်မည်။ သူ့သမတသက်တမ်း နောက်ဆုံး ကာလများအတွင်း ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ပုံရိပ်ကို မြှင့်တင်နိုင်ပါလိမ့်မည်။ မြန်မာ့အရေးနှင့် သူလုပ်ခဲ့သော လမ်းအတိုင်း မလိုက်လျှင် နောက်တက်မည့် သမတအတွက် ပေးဆပ်ရမည့် နိုင်ငံရေး တန်ဘိုးများကို တပုံကြီးဖြစ်အောင် ဘုရှ် လုပ်နိုင်ခဲ့ပါသည်။ နောက်ဆုံးအနေနှင့် သူအနားယူပြီး နောက်တွင်လည်း သူထူထောင်မည့် ဒီမိုကရေစီ ဖောင်ဒေးရှင်းမှတဆင့် သူ့နိုင်ငံရေး အစီအစဉ်အတိုင်း မြန်မာ့ ဒီမိုကရေစီရေး၊ ရင်ကြားစေ့ရေး ကိစ္စများကို ဆက်လက် တိုက်ပွဲဝင်နိုင်ပါလိမ့်မည်။

ထိုင်းနိုင်ငံတွင် တထောက်နားခဲ့သည့် ယခု ရက်သတ္တပတ် သမတကြီး၏ ခရီးစဉ်အတွင်း ကိစ္စကောင်းများ အကောင်အထည် ပေါ်လာနိုင်ပါသည်။ သို့သော် ကျန်နေသေးသည့် အရေးကြီးသည့် အချက်မှာ အထူးသဖြင့် မြန်မာ့ အတိုက်အခံများ အနေဖြင့် သူပြောခဲ့သော စကားများကို အကဲဖြတ်နိုင်ဘို့၊ တခဏတာအတွင်း သူလုပ်ခဲ့သမျှကို သင့်တော်သော အဆက်အစပ် အခြေအနေများအတွင်း မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဘို့ ဖြစ်ပါသည်။

စိန်ဝင်း
(Understanding the Bush interest in Burma ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)



လွတ်မြောက်မှုအတွက် ပေးဆပ်သူများ …


ကြည်ဝေ | သြဂုတ် ၇၊ ၂၀၀၈

ဖေဖေအိမ်မှာရှိသော ညများတွင် အိမ်ရှေ့တံခါးမကြီးဆီမှ တဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်း ဖေဖေ့ကို လာခေါ်ပြန်ပြီလားဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။

သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။

ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။ ပြီးတော့ တရက်တွင် သူမ၏ ဖေဖေ သည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို ပွေ့ချီရင်း သူ့လက်မောင်းတွင် စည်းထားသော အနီရောင်အစလေးကို ဖြုတ်ကာ သူမ၏ လက်မောင်းရင်းတွင် စည်းပေးခဲ့တာ အမှတ်ရသည်။

ဖေဖေပေးသော အနီရောင်အစလေးကို သူမလက်မောင်းမှာ အမြဲတမ်းစည်းထားခဲ့ပြီး သူငယ်ချင်းတွေနှင့်အတူ “ဒို့အရေး” လုပ်တမ်းကစားခဲ့ကြတာ အမှတ်ရသည်။

ပြီးတော့ သေနတ်သံတွေကြားသည့်နေ့က ကစားနေသော သူမကို မေမေက အိမ်ထဲဆွဲခေါ်ခဲ့ပြီး ခုတင်အောက်တွင် ၀ပ်ခိုင်း နေခဲ့တာ၊ ခုတင်အောက်မှာ အကြာကြီးနေရသောကြောင့် ညောင်းလာသည့်အတွက် လှဲအိပ်ရာမှ သူမ အိပ်ပျော်သွားခဲ့တာ လည်း မှတ်မိခဲ့သေးသည်။

နောက်တော့ အရေးအခင်းဖြစ်နေစဉ်တွင်းမှာပင် ရက်ကြာလာသည်နှင့်အမျှ သူမတို့အိမ်မှာ စားစရာ ဆန်မရှိ တော့သလို၊ အိမ်နားက အိမ်တွေမှာလည်း စားစရာ ဆန်မရှိတော့သောကြောင့် အဒေါ်ရဲ့ ပဲစက်ထဲက ကုလားပဲ တွေကိုယူပြီး ပြုတ်စား ကြရတာ၊ နောက်တော့ ဖေဖေ့ကို လာခေါ်သွားကြပြီး ရက်တော်တော်ကြာ မတွေ့ရတော့ တာ တွေကို မှတ်မိနေခဲ့သည်။

သူများတွေပြောစကားအရ ဖေဖေက ဒို့အရေးလုပ်သောကြောင့် အဖမ်းခံရသည်ဟု သူမ ကြားလိုက်ရသည့် အတွက် ဖေဖေ့ကို တွေ့ချင်သည့်စိတ်နှင့် ဖေဖေ့လို အဖမ်းခံရအောင် ဒို့အရေးလုပ်မည်ဟု စဉ်းစားကာ သူမသည် ဖေဖေပေးခဲ့သော အနီရောင်အစလေးကို နဖူးပေါ်မှာစည်း၊ အိမ်ရှေ့က လမ်းမပေါ်မှာ ဒို့အရေးအော်တော့ ၄ နှစ် အရွယ် ညီမလေးကလည်း သူလည်း ဖေဖေ့ကို တွေ့ချင်သည့်အတွက် အဖမ်းခံမည်ဟုဆိုကာ သူမနောက် လိုက် ပြီး ဒို့အရေး အော်ခဲ့တာ၊ သူမတို့ ညီအမနှစ်ယောက် ဒို့အရေးအော်နေသည်ကို မြင်တွေ့သွားသော အဒေါ် က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြေးလာပြီး နှစ်ယောက်စလုံးကို ချိုင်းမှ လက်တဘက်ဆီဆွဲကာ အိမ်ထဲ ဆွဲသွင်း ခဲ့ တာလည်း သူမ မမေ့ခဲ့ပါ။

"အဲဒီတုန်းက အဒေါ်က ကျမတို့ကိုပြောတယ်၊ ဒို့အရေးအော်ရင် သေနတ်နဲ့ပစ်သတ်ခံရလိမ့်မယ်၊ မအော်ရဘူးတဲ့၊ အဲဒီလို ပြောပြီး ဖေဖေပေးခဲ့တဲ့ အစ အနီလေးကို သိမ်းသွားတယ်" ဟု ၁၉၈၈ လူထုဆန္ဒ ပြပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမား တဦး၏ သမီးဖြစ်သူ မမင်းမင်းထက် ကပြောပြခဲ့သည်။

ထိုစဉ်က ဆန္ဒပြကြသော ကျောင်းသားများကို စစ်သားများက ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ သုံးထောင် ထက် မနည်း သေဆုံးခဲ့သည်ဟု အဒေါ်ဖြစ်သူ ထံမှ ကြားသိခဲ့ရကြောင်း မမင်းမင်းထက်က ပြောဆိုသည်။

"ဒေါ်လေးပြောစကားအရ ဆိုရင် အင်းလျားကန်ကရေဆိုတာ သွေးရောင်ကို လွှမ်းနေတာပဲ၊ တံတားဖြူနားမှာ ကျောင်းသား တွေကို စစ်သားတွေက သံတုတ်တွေနဲ့ ရိုက်တဲ့ တခွပ်ခွပ်ဆိုတဲ့ အသံတွေကို တံတားဖြူနားက အိမ်တိုင်းလိုလို ကြားရတယ်" ဟု သူမက သူမဒေါ်လေးထံမှ ကြားရသည်ကို ပြန်ပြောပြခဲ့သည်။

ထိုစဉ်က သူမ၏ ဒေါ်လေးမှာ အာစီထဲတွင် ကျောင်းတက်နေခဲ့သူဖြစ်ပြီး စစ်သားများက ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည့်အခါ တံတားဖြူထိပ်မှ အိမ်တအိမ်ထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရ သည်။

မမင်းမင်းထက်၏ ဖခင် ဦးရဲထက်သည် ၈ လေးလုံး အရေးတော်ပုံအတွင်း မြို့နယ်တခု၏ သပိတ်ကော်မတီတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ၁၉၈၈ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် တရားစွဲကာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

၈၈ နောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသော နိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာ မြို့နယ်များအလိုက် ဖြစ်ပေါ်လာသော လူထုခေါင်းဆောင်များသည် နိုင်ငံရေးပါတီများသို့ဝင်ရောက်ခဲ့ကြသည်။ ဦးရဲထက်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၀င်ရောက်ခဲ့ပြီး စည်းရုံးရေးမှူးတယောက်ဖြစ်လာခဲ့သည်။

ထိုအချိန်ကစပြီး စစ်ထောက်လှမ်းရေးများက အင်အားအများဆုံးပါတီတခုဖြစ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးသမားများကို မကြာခဏ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ပြန်လွှတ်ပေးပြီး မကြာခင် ပြန် ဖမ်းဆီးလိုက်နှင့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လာ သည်မှာ ၁၉၈၈ခုနှစ်မှ ယနေ့ထိတိုင် ဖြစ်ကြောင်း သိရှိရသည်။

"ဥပဒေအရ ဆိုရင် လူတယောက်ကို ၂၈ ရက်ထက်ပိုပြီး ဖမ်းဆီးထိန်းသိမ်းထားလို့မရဘူး၊ ဒါပေမယ့် အာဏာရှင် စစ်အစိုးရ ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ထိ ၂ နှစ်ကျော်ကြာအောင် ထောင်ချတယ်၊ နောက် ၁၉၉၂ မှာ လပိုင်း လောက်အချုပ်ခံရတာ ၊ ၁၉၉၅ မှာလည်း ၃ လလောက် အဖမ်းခံထားရတယ်၊ နောက် ၁၉၉၈ ကနေ ၂၀၀၆ ထိ ၂နှစ်နဲ့ ၈ လ ကြာအောင် အဖမ်းခံခဲ့ ရတယ်၊ ဒါဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖမ်းထားတာ" ဟု ဦးရဲထက်က ပြောဆိုသည်။

ဦးရဲထက် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များ နှင့် ပါတီစည်းရုံးရေးမှုးများကို စစ်ထောက်လှမ်းရေးများက မည်သို့သော အကြောင်းပြချက်မှ မပေးဘဲ ၄င်းတို့ နေအိမ်မှ မကြာခဏဆိုသလိုပင် ဖမ်းဆီးသွားလေ့ရှိပြီး ရဲမွန်တပ်နယ်တွင် လည်းကောင်း၊ သံလျင်ခြေမြန် တပ်ရင်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။

မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။
"သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။

ထို့ပြင် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားသူများအား ရှေ့နေဆိုလျှင် ရှေ့နေလိုင်စင်သိမ်းခြင်း၊ ဆရာဝန်ဆိုလျှင်လည်း ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသလို၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများကိုလည်း အဆိုပါ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိစေရန်အတွက် အကိုင်းချိုင်ခြင်း မူဝါဒကို သုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကိုင်ချိုင်ခြင်းမူဝါဒ ဟူသည်မှာ အပင်တပင်လုံး၏ အကိုင်းအခက်များကို ဖြတ်တောက်ပစ်ပြီးနောက်ဆုံး အပင် ကိုယ်ထည် ချည်းပဲ ထားခဲ့သော မူဝါဒ ဖြစ်ကြောင်း သိရသည်။

၈၈ မတိုင်မီ ပုံနှိပ်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတဦးအား ၁၉၉၀ ခုနှစ်တွင် အဆိုပါ လုပ်ငန်း လိုင်စင် သက်တမ်းတိုးသည်ကို သက်တမ်းတိုးခွင့်မပြုတော့သောကြောင့် အဆိုပါ ပုံနှိပ်တိုက်ပိတ်ပစ်ရခြင်း၊ စားသောက်ဆိုင် ဖွင့်ထားသော နိုင်ငံရေးသမားတဦး၏ ဆိုင်ကိုလည်း ဆိုင်မှာ ကျန်းမာရေးနှင့်မညီညွှတ်ဟု ဆိုကာ ဆိုင်ပိတ်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများ ရပ်တည်ရေးခက်ခဲစေရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ နိုင်ငံရေး သမားများက ပြောဆိုကြသည်။

"ကျနော် အဖမ်းခံရပြီးကတည်းက မိန်းမက မိသားစု စားဝတ်နေရေးအတွက် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာလေး ၁ လုံး ၀ယ်ပြီးစာစီစာရိုက်လုပ်ငန်းလေး လုပ်ဖို့ ကြိုးစားတယ်၊ စည်ပင်သာယာဥပဒေအတိုင်း လိုအပ်တာတွေ အကုန်လုပ် တယ်။ ဒါပေမယ့် စာပေစိစစ်ရေးနဲ့ ပုံနှိပ်ဥပဒေအရ ကွန်ပျူတာကို လိုင်စင်လုပ်ရမယ်ဆိုလို့ လိုင်စင် သွားလုပ်တော့ နေ့ရွှေ့ ညရွှေ့နဲ့ လိုင်စင် ထုတ်မပေးဘူးနောက်တော့ ကွန်ပျူတာကို ပြန်ရောင်းလိုက်ရ တော့တာပဲ"ဟု ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ၄င်း၏ အဖြစ်အပျက်ကို ပြောပြသည်။

ထိုနည်းအတိုင်းပင် မိသားစု စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင်လေးတဆိုင်ဖွင့်ပြီး စီးပွားရှာနေသော မမင်းမင်း ထက်တို့၏ မိခင်ကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း နှစ်လုံးထီ ရောင်းချသူများကို ရောင်းချခွင့်ပြု သည်ဟုဆိုကာ ဆိုင်ပိတ် ပစ်လိုက်ကြောင်း မမင်းမင်းထက်၏ ပြောပြချက်အရ သိရသည်။

ထို့အတူပင် နိုင်ငံရေးမိသားစုတစုက မိသားစုစီးပွားရေးလုပ်ငန်းတခုအနေနှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ခဲ့ရာ၊ နိုင်ငံခြားဇာတ် ကားများ ဆိုင်တွင် ထားရှိသည်ဟူသော ပြစ်မှုနှင့် ဆိုင်ကို ပိတ်ပြီး၊ ပြစ်ဒဏ်ချခဲ့ကြောင်း၊ မြန်မာ နိုင်ငံတ၀န်းရှိ ဗီဒီယို အခွေငှားဆိုင်များသည် နိုင်ငံခြားဇာတ်ကားပါ ဗီဒီယိုခွေများ၊ ဗီစီဒီများ၊ ဒီဗီဒီများကို နားလည် မှုဖြင့် ငှားရမ်းနေကြသော် လည်း နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုဝင်များကတော့ အများသူငါ တွေလို စီးပွား ရေး ကို လုပ်ပိုင်ခွင့်မရခဲ့ကြောင်း သိရှိရသည်။

"၈၈ နောက်ပိုင်းကတည်းက သူတို့က ခဏခဏလာဖမ်းတော့ စီးပွားရေးလည်းမလုပ်နိုင်တော့ဘူး၊ အိမ်ကို ပိုက်ဆံမပေးနိုင် တော့ဘူး၊ မိသားစု စားဝတ်နေရေးအတွက် ဘာမှကို လုပ်မပေးနိုင်တော့ဘူး၊ ပြီးတော့ သားတွေ သမီးတွေကိုလည်း မစောင့် ရှောက်မသွန်သင်နိုင်တော့ဘူး၊ အဲဒီအတွက် မိသားစုထဲမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ တယ်၊ ဥပမာ တခုပြောရမယ်ဆိုရင် သမီးကြီး အိမ်ထောင်ကျသင့်တဲ့ အချိန်ထက် စောပြီးအိမ်ထောင်ကျသွား တယ်၊ သားတွေ ဆယ်တန်းမအောင်ဘူး၊ အဲဒီလို မိသားစု ဘ၀ ကိုပေးခဲ့ရတယ်" ဟု စစ်ကိုင်းတိုင်းမှ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။

စစ်အစိုးရသည် နိုင်ငံရေးသမားမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲရှိစေရန် ၄င်းတို့၏စီးပွားရေး လုပ်ငန်း များကို အကြောင်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို ဖိနှိပ်ခြင်းများ ပြုလုပ် လျက်ရှိသော ကြောင့် တချို့ နိုင်ငံရေးသမားများမှာ အခြေအနေအရ နိုင်ငံရေးလောကကို ကျောခိုင်းသွားရခြင်း များရှိလာသည် ကို တွေ့မြင်ရသည်။

"၁၉၉၈ ခုနှစ်မှာ ပြန်လွတ်လာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေ တော်တော့ကို ဆိုးနေတာတွေ့ရတယ်၊ အမေ့ အိမ်ကို ပေါင်ထားရတဲ့အပြင် သားကြီးကိုလည်း ကျောင်းဆက်မထားနိုင်လို့ အဝေးသင်ပြောင်းခိုင်းပြီး မိသားစု စား ၀တ်နေရေး အတွက် အလုပ်ဝင်ခိုင်းထားရတယ်၊ ကျနော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားမိတယ်၊ ဒါပေမယ့် မိသားစုက ကျနော့်ကို ပါတီထဲကနေ ထွက်ပေးပါလို့ မတောင်းဆိုပါဘူး" ဟု မန္တလေးတိုင်းမှ နိုင်ငံရေးသမားတဦး က ၄င်းတို့မိသားစု အခြေအနေ ကို ပြောပြသည်။

မမင်းမင်းထက်တို့ သည်လည်း ဖခင် ဦးရဲထက် မကြာခဏဖမ်းဆီးခံနေရသောကြောင့် အိမ်၏ စီးပွားရေးကို မိခင် ဖြစ်သူက ခက်ခဲပင်ပန်းစွာ ဦးဆောင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းစွာ ကျောင်းတက်ခဲ့ရကြောင်း၊ ကျောင်းတက် စဉ် ကာလများတွင် မမင်းမင်းထက်တို့ညီအစ်မ၂ ယောက်ကို အိမ်မှ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့သလို တခါတရံ ဘတ်စ် ကားခပင် မရှိသောကြောင့် ကျောင်းပျက်ခဲ့ရသည့်နေ့များရှိခဲ့ကြောင်း၊ မမင်းမင်းထက်မှာ အစ်မကြီးဖြစ်သော ကြောင့် အထက်တန်းအောင်ပြီးကတည်း က အဝေးသင်တက်ကာ ကလေးတွေကို ဂိုက်သဘောမျိုး အိမ်လိုက်ပြီး စာသင်ပေးသည့်အလုပ်ကို လုပ်၍ မိသားစုစားဝတ် နေရေးကို ဖြည့်ဆည်းခဲ့ရကြောင်းပြောပြသည်။

နိုင်ငံရေးသမားမိသားစုဝင်များအနေနှင့် ယနေ့ထိအောင်ပင် ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးသမားတဦး၏ သားဖြစ်သူ ကိုအောင်နိုင်ကလည်း ပြောဆိုသည်။

"ကျနော်တို့တွေကို စစ်အစိုးရက သူများတွေနဲ့ တန်းတူအခွင့်အရေးဘယ်တော့မှ မပေးခဲ့ဘူး၊ သူများတွေ လုပ်လို့ ရတဲ့ အလုပ်တွေကို ကျနော်တို့လုပ်လို့မရဘူး၊ ပတ်ဝန်းကျင်မှာလည်း သူ့အဖေဟာ နိုင်ငံရေးသမားတယောက် ဆိုတဲ့ အမြင်ကို အတိုင်းအတာတခုထိ လွှမ်းမိုးအောင် လုပ်ထားတယ်" ဟု သူက ဆိုသည်။

သူသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပံ္ပဘွဲ့ကို ရရှိခဲ့ပြီး မဟာသိပ္ပံဘွဲ့ကို ဆက်တက်ခဲ့သော်လည်း သူဖြစ်ချင် သော တက္ကသိုလ် ဆရာတယောက်ဖြစ် မလာခဲ့ဟုသိရသည်။

မဟာတန်းတက်နေသူများနှင့် မဟာဘွဲ့ရများ မည်သူမဆို လျှောက်ထားပါက ၉၉ ရာနှုန်း သေချာလေ့ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်မှာ သူကတော့ ရှားရှားပါးပါး ၁ ရာနှုန်းထဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောပြ သည်။

၁၉၈၈ ခုနှစ် မတ်လတွင်မွေးဖွားခဲ့သော နိုင်ငံရေးသမားတဦး၏ သမီးမှာ သူမအနေနှင့် ဖခင်ဖြစ်သူနှင့် အတူတူ နေရသည် မှာ ရက် ၃၀ ပင် မပြည့်ခဲ့ကြောင်း ပြောပြသည်။

ဖခင်ဖြစ်သူမှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ တကြိမ်၊ ၁၉၉၂ ခုနှစ်မှ ပြန်အဖမ်းခံလိုက်ရသည်မှာ ၂၀၀၄ ခုနှစ်တွင် အင်းစိန် ထောင်မှ ပြန်လွတ်လာခဲ့ပြီး အိမ်သို့ ပြန်ရောက်ပြီးမကြာခင်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။

“အဖေက အိမ်မှာထက် ထောင်မှာက များတော့ အဖေ့မျက်နှာကို သေချာတောင် မမှတ်မိဘူး၊ သေသွားတဲ့နေ့မှ အ၀ ကြည့်လိုက်ရတယ်”ဟု သူမက ပြောပြခဲ့သည်။ ။ [Top]

(အမည်ရင်းများကို လုံခြုံရေးအရ လွှဲ၍ဖော်ပြထားပါသည်

မြန်မာ..ကြာသာပတေးနေ့သတင်းများ


စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်လျင် နအဖကို ဆုပေးသလိုဖြစ်မည်ဟု သမ္မတဘုရှ် ပြောကြား
အေးချမ်းမြေ့ | သြဂုတ် ၇၊ ၂၀၀၈

မြန်မာပြည်အပေါ် အရေးယူဆောင်ရွက်နေသော အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ အမေရိကန် သမ္မတက “စီးပွားရေး ပိတ်ဆို့တာကို ခုချက်ချင်း ရုတ်သိမ်းလိုက်ရင် နအဖကို ဆုပေးလိုက်သလိုဖြစ်သွားမယ်” ဟု ယနေ့ နေ့လယ်က ပြောသွားကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြိ့ရောက် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်နှင့် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်တို့ နေ့လယ်စာစားပွဲတွင် မြန်မာ့အရေး ပြောဆိုဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေပီ)
ယနေ့ နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်နှင့် ပြည်ပ ရောက် မြန်မာအတိုက်အခံများ နေ့လယ်စာ အတူ စားသောက်ရင်း အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်ကြောင်း ယင်းနေ့လယ်စာ စားပွဲသို့ တက်ရောက် ခဲ့သည့် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

အမေရိကန်သမ္မတက စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်ပါက တခြားသော နိုင်ငံများဆိုလျင် ပူးပေါင်းဆောင်ရွက်၍ ဖြစ်နိုင်သော်လည်း နအဖ အစိုးရနှင့်မူ ပူးပေါင်းဆောင်ရွက်၍ ရ၊ မရ မသေချာ ဟု ပြောသွားကြောင်း ဦးဝင်းမင်းက ဆက်လက် ပြောပြသည်။

“အထူးသဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မဖြစ်နိုင်လောက်ဘူးလို့ သူကပြောသွားတယ်။ ကြည့် ရတာ စီးပွားရေးပိတ်ဆို့မှုကိုတော့ လောလောဆယ် ရုတ်သိမ်းဖို့ အစီအစဉ် ရှိပုံမရဘူး” ဟု ၎င်းကဆိုသည်။

၎င်း နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကလည်း တဦးချင်းစီ ပစ်မှတ်ထား၍ ဆောင်ရွက်သော စီးပွားရေး ပိတ်ဆို့မှုမှာ ထိရောက်ကြောင်း အတိုက်အခံများဘက်မှ တင်ပြခဲ့သည်ဟု ဆိုသည်။

“နအဖအစိုးရအနေနဲ့ ပြည်သူတွေကို သတ်နေတဲ့ ကျည်ဆန်တွေကို လွယ်လွယ်နဲ့ မရနိုင်တော့တဲ့အတွက် ဒီလို ပစ်မှတ်ထား ပိတ်ဆို့မှုဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ထိရောက်တဲ့ လက်နက်တခုဖြစ်တယ်လို့ ကျနော်တို့ဘက်က ပြောခဲ့ပါတယ်” ဟု ၎င်းကပြောပြသည်။

အမေရိကန် သမ္မတက မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေသည့် အတိုက်အခံ အင်အားစုများကို ချီးကျူး ဂုဏ်ပြုကာ အားပေးသည့် အနေနှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများနှင့် နေ့လယ်စာ အတူ စားသောက်ခြင်းဖြစ်သည်ဟု ထိုနေ့ လယ်စာ စားပွဲတွင် ပြောဆိုသွားကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို သေချာ ထပ်ပြီး ရှင်းပြရင်း အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို တတ်နိုင်သမျှအားပေးကူညီဖို့ ပြောခဲ့ကြပါတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

အမေရိကန်သမ္မတဘုရှ်သည် ၎င်းနေ့လယ်စာစားပွဲတွင် မြန်မာအတိုက်အခံများကို ထောက်ခံကြောင်းနှင့် သူ့ဇနီးသည်၏ ပါဝင်ထောက်ခံမှုကိုလည်း ချီးကျူးကြောင်း ပြောကြားသွားသည်ဟု သိရသည်။ ထို့ပြင် ၈ ရက်နေ့တွင် ကျင်းပမည့် ပေကျင်း အိုလံပစ် ဖွင့်ပွဲသို့ သွားရောက်ရင်း မြန်မာပြည်အကြောင်းကို အတတ် နိုင်ဆုံး ပြောပြသွားမည်ဟု ဆိုကြောင်း နေ့လယ်စာ ထမင်းစားပွဲ တက်ရောက်ခဲ့သည့် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

ဦးဝင်းမင်းက ဆက်လက်ပြီး အမေရိကန်သမ္မတနှင့် နေ့လယ်စာ အတူစားသူ မြန်မာ အတိုက်အခံများ ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တရုတ်၊ အိန္ဒိယ နှင့် တခြားသော အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုလက်တွဲ ဆောင်ရွက်ရန် ပြောခဲ့သည်ဟု ဆိုသည်။

“ဒီလိုတွေ့ဆုံ စကားပြောဖြစ်ခဲ့လို့ အများကြီးတော့ မျှော်လင့်လို့ မရနိုင်ပေမယ့် တစုံတရာတော့ မျှော်လင့်လို့ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ သူ့ရာထူး ရှိနေမယ့် ၆ လတာအတွင်း လုပ်နိုင်တဲ့ အတိုင်းအတာ တခုထိ လုပ်ပေးသွားလိမ့်မယ်လို့ ထင်တယ်” ဟု ဦးဝင်းမင်းက သုံးသပ်သည်။

ယခုကဲ့သို့ မြန်မာ အတိုက်အခံများကို ခေါ်ယူတွေ့ဆုံခြင်းက အမေရိကန်အစိုးရ အနေနှင့် မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ၎င်းတို့မည်မျှ စိတ်ပါဝင်စားကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်သည်ဟု ယူဆကြောင်း ဒေါက်တာ နိုင်အောင်က ပြောသည်။

နေ့လယ်စာစားပွဲတွင် ဦးအောင်ဇော်၊ ဦးဝင်းမင်း၊ ပလောင်အမျိုးသမီးအဖွဲ့မှ မလွေးအေးနိုင်တို့ သမ္မတဘုရှ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)
“အထူးသဖြင့် တရုတ်ရယ်၊ ကမ္ဘာ့ကုလ သမဂ္ဂ လုံခြုံ ရေးကောင်စီရယ်ကို ပိုပြီး ဖိအားပေး လုပ်ဆောင်ဖို့ ဆက်ပြောသွား မယ့်သဘောရှိတယ်ဗျ။ နောက်ပြီး ထိုင်း နိုင်ငံကိုလည်း မြန်မာဒုက္ခသည်တွေကို ပိုစောင့် ရှောက်ပေးဖို့ သူပြောလိမ့်မယ်။ မြန်မာ အစိုးရကိုလည်းသူတို့လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက တရားမဝင်ဘူး၊ အားနည်းတယ် စသည်ဖြင့် ဆက်ပြော သွားမယ့်သဘောရှိတယ်” ဟု ဦးဝင်းမင်း က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်း သားများ စောင့်ရှောက်ရေးအသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် မြန်မာပြည်တွင်း ဖမ်းဆီးထိမ်း သိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတအနေနှင့် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ပြောပြသည်။

“အမေရိကန် သမ္မတအနေနဲ့ သူတာဝန်ယူရမယ့်ကာလ ၆ လတာ အတွင်းမှာ အတတ်နိုင်ဆုံး လုပ်သွားမယ် ဆိုပေမယ့် နောက်ထပ်တာဝန်ယူမယ့် သမ္မတကို ငဲ့ရမယ့် အပိုင်းတွေကလည်း ရှိဦးမယ်လေ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးက ကျနော် တို့ အားလုံးရဲ့ တိုင်ပင် အကြံထုတ်မှုပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော် တော့မြင်ပါတယ်” ဟု ဒေါက်တာ နိုင်အောင်က ပြောသည်။

အမေရိကန်သမ္မတနှင့်အတူ နေ့လယ်စားစားသောက်သည့် ထမင်းစားပွဲသို့ ဒေါက်တာနိုင်အောင်၊ ဦးဘိုကြည်၊ ဦးဝင်းမင်း၊ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် တို့ အပါအဝင် မြန်မာ အတိုက်အခံ ၉ ဦးတက်ရောက်ခဲ့ပြီး ၎င်းနေ့လယ်စာ စားပွဲမှာ မွန်းတည့် ၁၂ နာရီမှ နေ့လည် ၁ နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတနှင့် မြန်မာအတိုက်အခံများ နေ့လယ်စာစားနေသည်နှင့် တချိန်တည်းတွင် ၎င်း၏ ဇနီးလော်ရာဘုရှ် ကလည်း ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော် ဆေးခန်းနှင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာနေပြီဖြစ်ကြောင်း သိရသည်။

ဇာဂနာ၊ ဇော်သက်ထွေးနှင့် အမှုတွဲ ၂ ဦး ဒုတိယအကြိမ် ရုံးထုတ်
ကိုသက် | သြဂုတ် ၇၊ ၂၀၀၈

လူရွှင်တော် ကိုဇာဂနာ၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကိုတင်မောင်အေး တို့ကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် သီးသန့်ရုံးထိုင်ထားသည့် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ် သည်ဟု ကိုဇာဂနာ၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။


ဇာဂနာ
ဇော်သက်ထွေး
ကိုဇာဂနာ မိသားစုဝင်က “ရှေ့နေပါဝါမလွှဲရသေးလို့ လာမယ့် ၁၄ ရက်နေ့ကို ရုံးချိန်းပြန်ပေးတယ်။ ကိုဇာဂနာရဲ့ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ တနင်္လာနေ့ကျ ရင်တော့ ပါဆယ်ပို့ခွင့်ရမယ်” ဟု ပြောသည်။

ကိုဇော်သက်ထွေး၏ ဇနီးလည်း ရုံးချိန်းရှိရာသို့ လာရောက် တွေ့ဆုံသည်ဟု ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနှင့် အမှုတွဲများကို ၅၀၅ (ခ)၊ ၁၇/၁ အပါအ၀င် ဥပဒေပုဒ်မ ၈ ခုနှင့် တရားစွဲဆိုထားပြီး ဗီဒီယို အက်ဥပဒေပုဒ်မ ၃ ခုလည်းပါဝင်သည်ဟု ကိုဇာဂနာ၏ မိသားစုဝင်က ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများလည်းဖြစ်ကြသည့် ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် လေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို စာပေ၊ ရုပ်ရှင်နှင့် ဂီတနယ်ပယ်တို့မှ အနုပညာရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ် အပြီး တလခန့် အကြာတွင် ၎င်း၏လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ခဲ့ကြသည်ဟု ကိုဇာဂနာ အဖမ်းမခံရစဉ်က ဧရာဝတီကို ပြောဆိုခဲ့ဖူးသည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းက ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို မှတ်တမ်းတင်ထားသည့် စီဒီဓာတ်ပြားတချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင်ဓာတ်ပြား၊ စိန်စီသောည စီဒီဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တလုံး၊ အမေရိကန်ဒေါ်လာ တထောင်နှင့် FEC ၃၀ တို့ကို အာဏာပိုင်တို့က သိမ်းယူသွားခဲ့သည်။

ကိုဇာဂနာ အဖမ်းခံရပြီးနောက် ၎င်းတို့၏ လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ကိုဇော်သက်ထွေးနှင့် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်တို့က ဆက်လက်ဦးဆောင်ခဲ့သော်လည်း ကိုဇော်သက်ထွေး အဖမ်းခံရပြီးနောက် ၎င်းတို့၏ ကယ်ဆယ်ရေး လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။ လွန်ခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် ကိုဇော်သက်ထွေးကို အာဏာပိုင်တို့က မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးမြို့တွင် ဖမ်းဆီးခဲ့သည်။

“ကိုဇာဂနာတို့အဖွဲ့ဟာ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သူတို့တတ်စွမ်းသရွှေ့ ကြိုးစားကြတဲ့ လူမှုဝန်ထမ်းကောင်းတွေအဖြစ် ဆောင်ရွက်ခဲ့၊ ကူညီခဲ့ကြတာပါ။ နိုင်ငံတကာရောက်နေကြတဲ့ ဒုက္ခသည်တွေရဲ့ ဆွေးမျိုး၊ အပေါင်းအသင်းတွေကလည်း ကိုဇာဂနာကိုယုံကြည်ကြလို့ သူကတဆင့် ကူညီခဲ့ကြတာပါ။ ဒါကို နအဖ က ပုဒ်မ ၈ ခုတပ်ပြီး တရားစွဲဆိုတဲ့ကိစ္စကတော့ ပုဂ္ဂိုလ်ရေးအငြိုးထားတဲ့ ကိစ္စလို့ မြင်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ပြောဆိုသည်။

ရဲဘက်စခန်းရောက် နိုင်ငံရေးအကျဉ်းသားတဦး ကျောက်တုံးပိ
ကိုသက် | သြဂုတ် ၇၊ ၂၀၀၈

လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မွန်ပြည်နယ် တောင်စွန်းမြို့နယ်ရှိ တောင်စွန်းရဲဘက်စခန်းသို့ အပို့ခံရသည့် ကိုနေလင်းစိုး (ခ) နေလင်းဦးသည် ယခုအပတ်အတွင်း ကျောက်တုံးပိသဖြင့် တောင်စွန်းဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်ဟု ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ကြေညာသည်။

ရန်ကုန်မြို့ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင်နေထိုင်သည့် ကိုနေလင်းဦးသည် အစ္စလာမ်ဘာသာဝင် တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာအရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဇူလိုင်လကုန်ပိုင်းက ကိုနေလင်းဦးအပါအ၀င် သံဃာအရေးအခင်းတွင်ပါဝင်ခဲ့သည့် ကျောင်းသားလူငယ် ၁၀ ဦးကို ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ဆီချမှတ်ကာ ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် ရဲဘက်စခန်း များသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ ၁၀ ဦးအနက် အများစုသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြသည်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “နဂိုကတည်းက ဒီ ၁၀ ယောက်ကို ရဲဘက်စခန်းပို့လိုက်တဲ့အချိန်မှာ ဒီလူငယ်တွေ ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတယ်လို့ အေအေပီပီ က ပြောပြီးပါပြီ။ ကောင်းတဲ့အခြေအနေ မဟုတ်ပေမယ့် အခု ကျနော် တို့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာခဲ့ပြီ။ ကျန်တဲ့ ၉ ယောက်ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်၊ နိုင်ငံတကာအသိုင်းအ၀န်းက နအဖကို ဖိအားပေးဖို့ လိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။

တောင်စွန်းရဲဘက်စခန်းရှိ အကျဉ်းသားများသည် ကျောက်တောင်ကို မိုင်းဖြင့်ခွဲကာ ဖြိုခြင်း၊ ကျောက်တုံးကြီးများကို ရထား လမ်းခင်းသည့် ကျောက်တုံးငယ်ကလေးများဖြစ်အောင် ထုခွဲခြင်းများ ပြုလုပ်ရသည်ဟု အေအေပီပီ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ရဲဘက်စခန်းမှ အကျဉ်းသားများသည် ပင်ပန်းသည့်ဒဏ်ကို မခံနိုင်သည့်အတွက် သေဆုံးမှုနှုန်း များပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းများလည်း လစဉ်ရှိကြောင်း အေအေပီပီက ဆိုသည်။

“နိုင်ငံတကာအသိုင်းအ၀န်းနဲ့ နအဖ အစိုးရကို ပြောချင်တာကတော့ ရဲဘက်စခန်းအပို့ခံရတဲ့ အကျဉ်းသားတယောက်ဟာ အသက်ရှင်ရက်နဲ့ ပြန်လာလေ့မရှိဘူး။ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ရဲဘက်စခန်းပို့နေတဲ့ကိစ္စဟာ နအဖမှာ တာဝန် ရှိပါတယ်။ သေဆုံးမှုတွေအတွက် တချိန်မှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

ကိုနေလင်းစိုး၏ မိသားစုဝင်များလည်း တောင်စွန်းဆေးရုံသို့ သွားရောက်တွေ့ဆုံကြကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးတွင်လည်း လုံခြုံရေးတင်းကျပ်
ကိုစိုး | သြဂုတ် ၇၊ ၂၀၀၈

ပဲခူးမြို့တွင် ရှစ်လေးလုံးအထိမ်းအမှတ် အနှစ် ၂၀ ပြည့် လှုပ်ရှားမှုများ မပြုလုပ်နိုင်ရန် ယခု တပတ်အတွင်း လုံခြုံရေးများ တင်းကျပ်လျက်ရှိပြီး အနီရောင်ဝတ်ဆင်ခြင်းနှင့် အနီရောင်ဆေးများ အသုံးမပြုနိုင်ရန်လည်း အာဏာပိုင်များက ပိတ်ပင် ထားကြောင်း သိရသည်။

ပဲခူးမြို့ရှိ ဆေးဆိုင်များကို ဆေးဘူး အနီများ၊ မှုတ်ဆေး အနီများ မရောင်းရန်၊ အထည်ဆိုင်များကိုလည်း အင်္ကျီ အနီရောင် များ၊ ဦးထုပ် အနီများမရောင်းရန်၊ အထူးသဖြင့် လူငယ်များကိုမရောင်းချရန်နှင့် ကျောင်းများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများကို လည်း အနီရောင် မ၀တ်ဆင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ပိတ်ပင် ညွှန်ကြားထားသည်ဟု ပဲခူးမြို့ခံ အမျိုးသမီး တဦးက ပြောသည်။

“ပဲခူးမှာ ၈၈ ခုနှစ် သြဂုတ် ၆ ရက်က သွေးစွန်းတဲ့နေ့ မို့လို့ အဲဒီအထိမ်းအမှတ် အနေနဲ့ သက်ဆိုင်ရာက ကျောင်းတွေ၊ ဌာန ဆိုင်ရာ ၀န်ထမ်းတွေကို အနီရောင် မ၀တ်ရဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြော ဆို သည်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း ပဲခူးမြို့ အထက်တန်းကျောင်း အမှတ်(၃)၊ အမျိုးသားကျောင်းရှေ့တွင် သွေးစွန်းခဲ့သော သြဂုတ်လ ၆ ရက်နေ့ကို အဓိကထား၍ အာဏာပိုင်များက တင်းကျပ် ပိတ်ပင်ခြင်းဖြစ်သည်ဟု ပဲခူးမြို့က ရှစ်လေးလုံး အရေးတော်ပုံကို သိမီ လိုက်သည့် ကျောင်းသား လူငယ်တဦးကလည်း ပြောသည်။

“အထူးသဖြင့် ကျောင်းသားတွေကိုပစ်သတ်ခဲ့တဲ့နေရာ၊ အမှတ် (၃) ကျောင်းရှေ့မှာ၊ အဲဒီနေရာမှာ သွေးစွန်းတဲ့ကျောက်တိုင် ဆိုတာ ရှိတယ်၊ အခု အဲဒီကျောက်တိုင်ကို ဖျက်ပစ်လိုက်ပြီးတော့ ဟင်္သာ ရုပ်တု ၂ ခုလုပ်ထားတယ်၊ အဲဒီနေရာမှာ ပန်းခြင်း တွေ ဘာတွေချမှာစိုးလို့၊ အဓိကက အဲဒီနေရာပေါ့”ဟု ၎င်းက ပြောပြသည်။

ပဲခူးမြို့၌ လွန်ခဲ့သော ၃-၄ ရက်က စတင်၍ ကျောင်းသားများက ရှစ်လေးလုံးနှင့်သက်ဆိုင်သည့် စာများ ကပ်ခြင်း၊ ရေးသား ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်၍ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပြီး ရဲ၊ အက်စ်ဘီ ၊ စရဖ စသည့် အဖွဲ့များ ကို တမြို့လုံးတွင် နေ့ ည လုံခြုံရေး ချထားကြောင်းနှင့် ဖောက်ခွဲရေးသမား ၄ ဦး နှင့် ပတ်သက်သည့် ကြေညာချက် တခုကိုလည်း ထုတ်ပြန် ထားကြောင်း သိရသည်။

အဆိုပါဖောက်ခွဲရေးသမား ၄ ဦးဖြစ်သည့် မောင်ကိုနိုင်(ခ) ကိုကိုနိုင်၊ အေမီကျော်(ခ) အေစမီကျော်၊ ကျော်သီဟ၊ ကိုသက်ထွန်းတို့အား အမှုပေါ်သည်အထိ စုံစမ်းပြီး ဖမ်းပေးနိုင်ခဲ့ပါလျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆုငွေ အဖြစ် ကျပ် ၂၅ သိန်း ပေးမည်ဖြစ်ကြောင်း ပဲခူးဘူတာတွင် ကပ်ထားသည့် ယင်းကြေညာချက်ကို ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်။

“အဲဒါ ကပ်တာ ၃-၄ ရက်လောက်ပဲ ရှိဦးမယ်၊ ပဲခူးမြို့မ ဈေးကြီး အ၀င်တို့ ဘူတာတို့ စတဲ့ လူစည်ကားတဲ့ နေရာ တော်တော် များများမှာ ကပ်ထားတယ်၊ ဖောက်ခွဲရေး သမား ၄ ဦးဆိုပြီး ဓာတ်ပုံတွေနဲ့ စာတွေ ကပ်ထားတယ်၊ ဓာတ်ပုံတွေက သိပ်မထင် ရှားပါဘူး၊ ခဲပန်းချီပုံကို ကော်ပီကူးထားတာ”ဟု အထက်ပါ ကြေညာချက် ဖတ်ရှုခဲ့ရသူက ဆိုသည်။

ယခုလဆန်းကတည်းကပင် ရန်ကုန်အခြေစိုက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် အတွက် အသက်ပေးခဲ့ကြသော ကျောင်းသားလူငယ်များကို အသိအမှတ်ပြုစေရန် ရည်ရွယ်ပြီး ပြုလုပ်သည့် အနီရောင် လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်းရှိ ဆိုင်းဘုတ်များ၊ နံရံများတွင် ဆေးအနီရောင်များ သုတ်ခဲ့ကြသည်။

ရန်ကုန်ရှိ တက္ကသိုလ်များတွင်လည်း ရှစ်လေးလုံး အထိမ်းအမှတ်စာများနှင့် စစ်အစိုးရကို ဆန့်ကျင်သည့်စာများကို ကျောင်းသားများက နံရံများတွင် ကပ်ခြင်း၊ ရေးသားခြင်းများလည်း ပြုလုပ်သည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ဖူးသူများကမူ အနှစ် ၂၀ ပြည့်သည့် ယခုလ ၈ ရက်နေ့တွင် ၀မ်းနည်းသည့် အထိမ်း အမှတ်အနေနှင့် အနက်ရောင် ၀တ်ဆင်ခြင်းပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ၂ ပတ်ကျော်ကပင် ရန်ကုန်မြို့တွင် အာဏာပိုင်များက လုံခြုံရေး တင်းကျပ်ထားသည်။

ကိုဇာဂနာတို့အမှု ရုံးချိန်းဖြင့်သာ အဆုံးသတ်
ဖနိဒါ
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 18:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဟာသရုပ်ဆောင် ကိုဇာဂနာကို ယနေ့ ရုံးထုတ်သော်လည်း ရှေ့နေများ လွှဲစာ မကျသေးသဖြင့် နောက်ထပ် ရုံးချိန်း သတ်မှတ်ခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။

တရား ရင်ဆိုင်နေရသူများ ကိုယ်စား လိုက်ပါဆောင်ရွက်မည့် ရှေ့နေများက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများ တတ်တက်ကြွကြွလုပ်ခဲ့သည့် ကိုဇာဂနာ၊ ဆောင်းပါးရှင် ကိုဇော်သက်ထွေးနှင့် အခြားသူ နှစ်ဦးအတွက် တရားဝင်လွှဲစာ ရုံးတော်သို့ တင်ပြထားခဲ့သော်လည်း ခွင့်ပြုချက် မကျသေးသောကြောင့် ယနေ့ စစ်ဆေးမှု မပြုလုပ်ခြင်းဘဲ သြဂုတ် ၁၄ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်။

“ဒီနေ့က ကိုသူရတို့ ထုတ်လို့ သူတို့ ရုံးချိန်းကို အန်ကယ်တို့ သွားတယ်၊ ကိုသူရနဲ့ နောက်တယောက်ကို သူတို့ မိသားစုက ရှေ့နေ power ပေးထားတယ်၊ ၄ ရက်နေ့အတွက်ကို ကြိုတင်ထားတယ်၊ ဒီနေ့တော့ ခွင့်ပြုမိန့် မကျသေးဘူးဆိုပြီး ဝင်လို့ မရဘူး၊ မိသားစုက ဝင်လို့ရတယ်” ဟု ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့က အင်းစိန်ထောင်အတွင်း ထိုအမှုကို ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

ကိုဇာဂနာကို စွဲဆိုထားသည့် အမှုတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ ဗီဒီယိုနှင့် အီလက်ထရောနစ် အက်ဥပဒေများ ပါဝင်နိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်က ခန့်မှန်း ပြောဆိုသည်။ အသေးစိတ် အချက်အလက်ကိုမူ နောက်တကြိမ် ရုံးထုတ်မှသာ သိရှိနိုင်မှာ ဖြစ်သည်။

နိုင်ငံကျော် ဟာသမင်းသား၊ ဒါရိုက်တာ ကိုဇာဂနာနှင့် First Eleven ဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့သည် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းအတွင်းရှိ ဒေသများမှ ဒုက္ခသည်များအတွက် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေချိန် ဇွန်လအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ယနေ့တွင် အခြားသော နိုင်ငံရေး အမှုအချို့လည်း တရားရင်ဆိုင်ရခြင်း မရှိဘဲ နောက်ထပ် ရုံးချိန်းသာ သတ်မှတ်ပေးခဲ့မှုများ ရှိခဲ့သည်။

ဗီဒီယို အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကျော်ကိုကိုနှင့် ဥာဏ်လင်းအောင်တို့ကို မရမ်းကုန်းမြို့နယ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွှေ့ကာ သြဂုတ် ၁၄ ၇က်နေ့သို့ နောက်ထပ် ရုံးချိန်းပေးလိုက်သည်။

၂ဝ နှစ်မြောက် ပြည်သူလူထုအုံကြွမှု ၈၈၈၈ နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့် အမျှ လုံခြုံရေးများ ရန်ကုန်မြို့တွင် ထူထပ်လာခဲ့သည်။

တက္ကသိုလ်အချို့တွင် အနည်းဆုံး လူ ၃ဝဝဝ ကျော် သေဆုံးခဲ့သည့် ရှစ်လေးလုံးအတွက် ဝမ်းနည်းသော အထိမ်းအမှတ် အနက်ရောင်များ ဝတ်ဆင်လာရန် မြေအောက် လှုပ်ရှားသူများက လှုံ့ဆော်ထားကြသလို အာဏာပိုင်များဘက်ကလည်း မျက်လုံးဒေါက်ထောက် စောင့်ကြည့်လျှက် ရှိသည်။

စီးပွားရေး ပိတ်ဆို့မှုတွင် ပူးပေါင်းရန် တရုတ်ကို လော်ရာဘုရှ်က တောင်းဆို

သန်းထိုက်ဦး
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 16:54 - မြန်မာစံတော်ချိန်

မဲဆောက်။ ။ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးဒုက္ခသည်များကို တွေ့ဆုံခဲ့သည့် အမေရိကန် သမတကတော် လော်ရာဘုရှ်က တရုတ်အပါအဝင် အခြားသော နိုင်ငံများကို မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့မှုတွင် ပါဝင် လုပ်ဆောင်လာကြပါရန် တောင်းဆိုလိုက်သည်။

လော်ရာဘုရှ်သည် ယနေ့ နံနက်က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းနှင့် မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ လှည့်လည် ကြည်ရှုခဲ့သည်။

“တရုတ်နိုင်ငံ အနေနဲ့ တခြားနိုင်ငံတွေ လုပ်သလို မြန်မာဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ဖို့ ကျမတို့ တောင်းဆိုပါတယ်” ဟု လော်ရာဘုရှ်က ပြောသည်။

အခြားသော နိုင်ငံများလည်း ပိတ်ဆို့ အရေးယူမှုတွင် ဝိုင်းဝန်း ဆောင်ရွက်မှုရှိရန် သူမက ပန်ကြားသွားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် စစ်အစိုးရ၏ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလုံနေထိုင်နေသူ ၁ သိန်း ၄ သောင်းခန့် ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး စာရင်းအရ သိရသည်။

သမတကတော်သည် မဲဆောက်မြို့နှင့် ကီလိုမီတာ ၄ဝ ခန့် အကွာအဝေးတွင် ရှိသော ဒုက္ခသည် ၃၈ဝဝဝ ခန့် မှီခိုနေထိုင်ရာ မယ်လ ဒုက္ခသည်စခန်းအား သွားရောက် လေ့လာခဲ့ပြီး အပြန်တွင် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ရောက်ရှိကာ မြန်မာနယ်စပ်တွင် မြှုပ်နှံထားသော မြေမြှပ်မှိုင်းများ နင်းမိ၍ ဒဏ်ရာရခဲ့သူများ ရှိရာ အဆောင်သို့ သွားရောက် အားပေးစကား ပြောခဲ့သည်။

ဆရာမ စင်သီတာမောင်က “အဓိက ကျမတို နယ်စပ်မှာ တွေ့နေရတဲ့ ဒီပြဿနာတွေထဲမှာပေါ့နော်၊ မိုင်း ကိစ္စတွေ၊ နောက်တော့ ကျမတို ဒီထိုင်းနိုင်ငံထဲမှာ မွေးလာတဲ့ ကလေးတွေရဲ့ ပညာရေး ကိစ္စတွေ အဲဒါတွေ ဆွေးနွေးဖြစ်တယ်” ဟု ပြောသည်။

“မြန်မာပြည်ထဲက နေပြီးတော့ အဝေးကြီးကနေပြီးတော့ မျက်စိခွဲစိတ်ဖို့ လာတဲ့ အတွက်ကြောင့်လည်း ဒီမြန်မာပြည်မှာရှိတဲ့ ကျန်းမာရေး အခြေအနေဟာ ပိုပြီးတော့ ကြပ်တည်း လာတယ်တိုတာကိုလည်း တွေ့ရတယ်ပေါ့နော်။ နှစ် ၂ဝ အတွင်းမှာ နယ်စပ်ဒေသမှာ ရှိတဲ့ ကျန်းမာရေး အခြေအနေ ပညာရေး အခြေအနေနဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ အခြေအနေတွေက ပိုပြီးတော့ အခက်အခဲ အကြပ်အတည်း တွေ့ရှိလာတဲ့အတွက်ကြောင့် လက်ရှိ စစ်အစိုးရကို ပိုပြီးတော့ အမေရိကန် အစိုးရ အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့” သူမက ထပ်ပြောသည်။

မြန်မာပြည်ရဲ့ မာသာထရီဇာ ဟု ခေါ်ဝေါ်ကြသည့် ဒေါက်တာ စင်သီယာမောင် ဦးစီးသော မယ်တော်ဆေးခန်းသို့ မြန်မာနိုင်ငံတွင်းမှ နှစ်စဉ် လူ ၅ သောင်းခန့် ဆေးဝါး လာရောက်ကုသကြသည်။

အမေရိကန်သမတ ဂျော့ဘုရှ်ကလည်း ဘန်ကောက်တွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် နေ့လည်စာ အတူစားသုံးခဲ့ပြီး မြန်မာ့အရေးအတွက် နှီးနှောဖလှယ်မှု ပြုလုပ်ခဲ့သည်။

ထို့နောက် အိုလံပစ်ပွဲ တက်ရောက်ရန် သမတကြီးနှင့် ဇနီးသည် တရုတ်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ယနေ့တွင်ပင် ဆက်လက် ထွက်ခွာသွားသည်။

အမေရိကန် သမတကြီးနှင့် မြန်မာ့အရေး လှုပ်ရှားသူများ တွေ့ဆုံဆွေးနွေး
ဖနိဒါ
ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 16:26 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမေရိကန်သမတ ဂျောရ့ှ်ဒဗလျူဘုရှ်သည် မြန်မာအတိုက်အခံ လှုပ်ရှားသူများနှင့် ယနေ့တွင် နေ့လည်စာ အတူစားကာ မြန်မာ့အရေးအတွက် နှီးနှောဖလှယ်မှု ပြုခဲ့သည်။

ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် သမတကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့အရေး လေ့လာသူများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသမီး အဖွဲ့ခေါင်းဆောင်များ ပါဝင်သော မြန်မာပြည်ဖွား ၁ဝ ဦးခန့် ပါဝင်ခဲ့သည်။ အချို့သော သူများ၏ အမည်စာရင်းကို လုံခြုံရေးကြောင့် လျို့ဝှက်ထားသည်။

“မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် မြန်မာတွေကိုယ်တိုင် ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတာ လက်ခံပြီး ဒီမိုကရေစီ အရေးအတွက် အမေရိကန် အစိုးရဟာ အထောက်အပံ့ ပြုတာမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရှိနေမှာပါ” ဟု သမတ ဘုရှ်က ပြောကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ အမည်မဖော်လိုသူ တဦးက ပြောပြီး ဆွေးနွေးမှုက လေးလေးနက်နက် ရှိခဲ့သည်ဟု ဆိုသည်။

“သူနဲ့ လော်ရာဘုရှ်တို့ဟာ မြန်မာ့အရေးကို တာဝန်အရ လုပ်ရုံတင်မကဘူး။ မြန်မာ့ဒီမိုကရေစီ အရေးကို တကယ်ကို စိတ်ဝင်စားတာ”

ဆွေးနွေးပွဲ တက်ရောက်ခွင့်ရသူ မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက တနာရီခန့် ကြာမြင့်သော နှီးနှောဖလှယ်မှုသည် ရင်းနှီးနွေးထွေးမှု ရှိသည်ဟု ဆိုသည်။

“မြန်မာစစ်အစိုးရကို ပြန်ပြီး ရင်းနှီးအောင် လုပ်ဖို့၊ မြန်မာစစ်အစိုးရ အထီးကျန်ဆန်နေသည့် ကိစ္စကို ဖြတ်ပစ်ဖို့၊ မြန်မာစစ်အစိုးရနဲ့ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ပေးဖို့ အဲဒီအချက်တွေကို အဓိက ပြောခဲ့တယ်၊ တချိန်ထဲမှာလည် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးတော့ ပြောနေဖို့ တောင်းဆိုဖို့ လိုအပ်နေတယ် ဆိုတဲ့ အချက်တွေကို တင်ပြခဲ့တယ်” ဟု ကိုအောင်နိုင်ဦးက သူတင်ပြ ဆွေးနွေးခဲ့သည်များကို ပြန်လည် ပြောပြသည်။

ထို့အတူ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကိုဝင်းမင်းကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများဖြင့် ပူးပေါင်းသင့်ကြောင်း၊ အထူးသဖြင့် တရုတ် အိန္ဒိယတို့ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု သမတကြီးကို တင်ပြခဲ့သည်။

“သမတဘုရှ် အနေနဲ့ကတော့ သူ့အမျိုးသမီး ကိုယ်တိုင်လဲ မြန်မာ့အရေးကို ထောက်ခံတယ်၊ နယ်စပ်ကို သွားခဲ့တယ်၊ ရာထူးမကျခင် ၅လ ၆ လအတွင်းမှာ အကောင်းဆုံး ကြိုးစားပြီးတော့ မြန်မာ့အရေးကို ဦးစားပေး ဖိအားပေးသွားမယ်၊ ဒါပေမဲ့ ကျနော်တို့ တောင်းဆိုတဲ့ နိုင်ငံတွေအကြားထဲမှာလည်း မတူညီတဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှုက တစုံတရာ ခက်နေမိတယ်လို့ ပြောသွားပါတယ်” ဟု သမတဘုရှ်၏ ပြန်လည် ဆွေးနွေးချက်ကို ကိုဝင်းမင်းက ပြောသည်။

သမတ ကတော် လော်ရာဘုရှ်သည်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းနှင့် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းများသို့ ယနေ့တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ထိုင်း-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ၁၅၇ ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် သမတဘုရှ်နှင့် ဇနီးသည် ထိုင်းနိုင်ငံသို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး မကြာမီပင် ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒါလာဝပ်နှင့် ညစာ စားသုံးခဲ့သည်။

သမတကြီးနှင့် ဇနီးသည် ယနေ့ မွန်းလွဲတွင်ပင် တရုတ်နိုင်ငံသို့ ခရီး ဆက်လက် ထွက်ခွာသွားကြသည်။

သတင်းထောက်များသို့ ဖြန့်ချီသော သူ၏ မိန့်ခွန်းထဲတွင် မြန်မာပြည်အရေးနှင့် ပတ်သက်၍ သမတကြီးက ပြောကြားရာတွင် အာဏာရှင် အဆုံးသတ်သွားအောင် နည်းလမ်း ရှာဖွေသွားမည်ဟု ဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အခြားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန်လည်း တောင်းဆိုလိုက်ပြီး အမေရိကန်၏ အာရှမိတ်ဆွေများကလည်း ဝိုင်းဝန်းကူညီရန် ပန်ကြားလိုက်သည်။

သမတကြီးသည် မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ဖြစ်ပြီး သူ၏ မိန့်ခွန်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကို ဂုဏ်ပြု ချီးကျူးသွားသည်။

မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ်အောင်လုပ်မည်
Agencies/ ၇ သြဂုတ် ၂၀၀၈

အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ်သည် မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ်အောင်လုပ်မည်ဟု ပြောဆိုပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုမည်ဟု ယနေ့ ဘန်ကောက်၌ ပြောကြားမည့် သမ္မတ မိန့်ခွန်း မိတ္တူထဲတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေမှုကို အဆုံးသတ်ဖို့ ကျနော်တို့လုပ်မှာပါ။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားနိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ အမေရိကန်နိုင်ငံအနေနဲ့ ထပ်လောင်းပြောချင်ပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့ လွတ်လပ်ရေး ခံစားခွင့်ရတဲ့အထိ ကျနော်တို့ လုပ်ဆောင် သွားမှာပါ” ဟု မိန့်ခွန်းထဲတွင် ပြောထားသည်။

ဆိုးလ်မြို့မှ ဘန်ကောက်သို့ သမ္မတဘုရှ် လာနေချိန်တွင် အာရှနိုင်ငံများပေါ်တွင် အမေရိကန် နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်သည့် အမေရိကန်သမ္မတ မိန့်ခွန်းမိတ္တူ ထုတ်ပြန်ခြင်းဖြစ်သည်။ သောကြာနေ့တွင် ဖွင့်လှစ်မည့် တရုတ်နိုင်ငံ အိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်မီ အာရှနိုင်ငံများသို့ လည်ပတ်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် စမတ်ကလည်း သမ္မတဘုရှ်တို့ ဇနီးမောင်နှံကို ညစာစား ဧည့်ခံပွဲမတိုင်မီ စကားလက်ဆုံ ပြောကြားမည်ဖြစ်သည်။

ယနေ့တွင် သမ္မတဘုရှ်သည် အရှေ့အာရှနှင့် အမေရိကန် ဆက်ဆံရေး နှင့်ပတ်သက်သော အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားမည်ဖြစ်ပြီး အမေရိကန်သမ္မတ သက်တမ်းကာလ အတွင်း အာရှနိုင်ငံတွင် နှုတ်ဆက်မိန့်ခွန်း ပြောကြားခြင်းဖြစ်မည်ဟုလည်း ယူဆရသည်။

ကျူးဘား၊ အီရန်၊ မြောက်ကိုးရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရပ်စ်နိုင်ငံများနှင့် တန်းတူ "ရက်စက် ကြမ်းကြုတ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ" အဖြစ် အမေရိကန်သမ္မတ ဘုရှ်က သတ်မှတ်ခဲ့သည့် မြန်မာနိုင်ငံကိုလည်း ဘုရှ်၏ ဒီမိုကရေစီရေး ပြောစကားများထဲတွင် ပစ်မှတ်ထား အပြောခံရ မည်ဖြစ်သည်။ ။


အမေရိကန်သမ္မတကတော် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းလေ့လာ
Agencies / ၇ သြဂုတ် ၂၀၀၈

မြန်မာစစ်အစိုးရကို ထဲထဲဝင်ဝင် ဝေဖန်တတ်သည့် အမေရိကန်သမ္မတဘုရှ်၏ ဇနီးဖြစ်သူ လော်ရာဘုရှ်သည် ယနေ့ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတခုသို့သွားရောက်ကာ အတိုက်အခံ များနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒုက္ခသည်စခန်းသို့ လော်ရာဘုရှ် လာရောက်ရသည့် အဓိကအကြောင်းအရင်းမှာ မြန်မာစစ်အစိုးရ ၏ ညှဉ်းပန်းနှိပ်စက်မှုများကို မီးမောင်းထိုးပြလို၍ဖြစ်သည်။ စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများ ကြောင့် ထွက်ပြေးခိုလှုံလာရသည့် လူထောင်ပေါင်းများစွာ ကွန်းခိုနေရသော ဒုက္ခသည်စခန်းကို လော်ရာဘုရှ်သည် သမီးဖြစ်သူ ဘာဘာရာနှင့်အတူ ရွှံ့တောထဲ ဖြတ်လျှောက်ကာ သွားရောက် ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်ပေါင်း (၁၂၀,၀၀၀) နေထိုင်နိုင်သည့် စခန်း (၉) ခု တန်းစီ ထားရှိပေးထားသည့်အတွက်လည်း ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း လော်ရာဘုရှ်က ပြောသည်။

“မြန်မာစစ်အစိုးရထဲမှာ အပြောင်းအလဲတခု မြင်နိုင်မယ်ဆိုရင် ဒုက္ခသည်တွေအနေနဲ့ မိမိအရပ်ကို ဘေးရန်ကင်းကင်း ပြန်နိုင်ကြမှာပါ။ ပြန်နိုင်မယ်ဆိုရင် အကောင်းဆုံးရလဒ်ဖြစ်သွားပြီပေါ့လေ” ဟု လော်ရာဘုရှ်က ဒုက္ခသည်စခန်း ခေါင်းဆောင်ပိုင်းများကို ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေကစပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်ဆိုရင်တော့ အကောင်းဆုံး အဖြေ ဖြစ်မှာပါပဲ” ဟု ဒုက္ခသည်များက ရိုးရာဝတ်စုံများနှင့် သီချင်းသီဆို နှုတ်ခွန်းဆက်သပြီးချိန်တွင် လော်ရာဘုရှ်က ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူ (၃၅,၀၀၀) ခန့်သည် လူနည်းစု လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများကို အကြမ်းဖက် နှိမ်နင်းတိုက်ပွဲဝင်နေသောကြောင့် အသက်စွန့်ပြီး ထွက်ပြေးလာကြသူများ ဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် မြန်မာတပ်များက ကရင်ပြည်နယ်သို့ ထိုးစစ်ဆင်ရာ ထောင်ပေါင်းများစွာသော ပြည်သူများ ပြည်နယ်တွင်းမှ ထွက်ပြေးလာကြပြီးနောက်တွင် မယ်လဒုက္ခသည်စခန်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဒုက္ခသည်ပေါင်း (၂၆,၈၁၁) ဦးကို ပြန်လည်အခြေချပေးမည်ဟု ကတိပြုခဲ့ပြီး လော်ရာဘုရှ်တို့သားအမိသည် အမေရိကတွင် နေထိုင်ရသည့်ဘ၀အကြောင်း သင်ကြားပေးသည့် စာသင်ခန်းသို့လည်း သွားရောက်လည်ပတ်ခဲ့သေးသည်။

“တော်တော်များများက တတိယနိုင်ငံတွေကို မပြောင်းရွှေ့ချင်ကြဘူး။ ရွာတွေမှာရှိတဲ့ သူတို့ရဲ့ အိမ်တွေကိုပဲ လုံလုံခြုံခြုံ စိတ်ချလက်ချ ပြန်ချင်နေကြတယ်”ဟု လော်ရာဘုရှ်က ပြောသည်။ ယခုကဲ့သို့ အမေရိကန်သမ္မတကတော် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းသွားသည့် ကိစ္စ၊ အမေရိကန်သမ္မတက မြန်မာစစ်အစိုးရအပေါ် ဝေဖန်သည့်ကိစ္စများနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရဘက်က ယခုထိ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ ။

အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းလေ့လာမြန်မာ့ဒီမိုကရေစီရေး ဆက်အားပေးမည်ဟုပြော
NEJ/ ၇ သြဂုတ် ၂၀၀၈
မစ္စစလော်ရာဘုရှ် (၀ဲ) နှင့်
ဒေါက်တာ ဆင်သီယာမောင် မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန် ပြည်သူများသည် မြန်မာပြည်သားများနှင့် တသားတည်းရှိပြီး မြန်မာ့ဒီမိုကရေစီ အောင်ပွဲ အတွက် ထောက်ခံအားပေးမှု ပြုသွားမည်ဟု ယနေ့မွန်းလွဲပိုင်းက မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းတွင် အမေရိကန်သမ္မတကတော် မစ္စစ်လော်ရာဘုရှ်က ပြောကြားသည်။

မစ္စစ်လော်ရာဘုရှ်သည် ယနေ့နံနက်ပိုင်းက မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု ခဲ့ပြီး မွန်းလွဲပိုင်းတွင် မယ်တော်ဆေးခန်းသို့ လာရောက်ကြည့်ရှုလေ့လာအပြီးတွင် ဒေသခံ သတင်းထောက်များအား ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

မယ်လဒုက္ခသည်စခန်းကော်မတီဝင် (၆) ဦးနှင့် စခန်းအခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး သူမက “အခုလို ဒုက္ခသည်တွေကို တွေ့ရတာ ကိုယ်ချင်းစာနာတယ်။ သူတို့ဟာ သူတို့နိုင်ငံ ကိုလည်း ပြန်လို့မရဘူး။ ၈၈ က ထွက်လာတာဆိုရင် အနှစ် (၂၀) ရှိပြီ။ ဒီလူတွေ အမေရိကန်မှာ အခြေချနိုင်မယ်ဆိုရင် သူတို့ကလေးတွေဟာ အမေရိကန်နိုင်ငံ သားဖြစ်ပြီး ပညာသင်ကြားခွင့်ပါ ရမယ့်အတွက် ပထမဆုံး အမေရိကန်နိုင်ငံရဲ့ ကရင်လူမျိုးသမ္မတတောင် ဖြစ်နိုင်ပါတယ်။ ကျမတို့အနေနဲ့ ဒီလူတွေ ဒီမှာရှိစဉ်ကာလမှာ ပညာရေး၊ ကျန်းမာရေးနဲ့ အမေရိကန်သွားနိုင်ဖို့ ဆက်လက် ကူညီဆောင်ရွက်ပေးနေတယ်" ဟု ပြောကြားသည်။

မယ်လစခန်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခြေအနေများအား လိုက်လံကြည့်ရှု လေ့လာ ခဲ့ပြီး ကလေးငယ်များ၏ ပညာသင်ကြားမှုကို သွားရောက်လေ့လာအားပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် မယ်တော်ဆေးခန်းသို့ ရောက်ရှိပြီး ဆေးခန်းရှိ ကျန်းမာရေးဌာနအသီးသီးသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့အပြီးတွင် လော်ရာဘုရှ်က “အခုလို မြန်မာလူထုတွေအတွက် အနစ်နာခံ ဆောင်ရွက်ပေးတဲ့ ဒေါက်တာဆင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအတွက် ဂုဏ်ယူ ပါတယ်။ ဆထက်တပိုး ဆက်လက်ဆောင်ရွက်နိုင်အောင်လည်း ကူညီပံ့ပိုးသွားမယ်။ အမေရိ ကန်ဟာ မြန်မာတွေနဲ့ တသားတည်းပဲရှိတယ်။ ဒီမိုကရေစီအောင်ပွဲအတွက် ထောက်ခံအားပေး သွားမယ်" ဟုသတင်းထောက်များအား ပြောကြားသည်။

သူမ၏ မဲဆောက်ခရီးစဉ်တွင် ထိုင်းအာဏာပိုင်များနှင့် ထိုင်းသတင်းဌာနများ လာရောက်ခြင်းမရှိဘဲ မြန်မာသတင်းဌာနများနှင့် နိုင်ငံတကာသတင်းထောက်အချို့သာ လိုက်ပါသတင်းယူခဲ့ကြသည်။

မြန်မာ့အရေးလေ့လာသူ ထိုင်းရှေ့နေတဦး၏ အဆိုအရ “ထိုင်းသတင်းထောက်တွေ လိုက်ပါခွင့် မရတာ ကျနော့်အမြင်ပြောရရင် မယ်တော်ဆေးခန်းနဲ့ ဒုက္ခသည်စခန်းကို သမ္မတကတော်ကိုယ်တိုင် လာတဲ့သတင်းတွေ ထိုင်းမီဒီယာမှာ ဝေဝေဆာဆာ ပါသွားမယ်ဆိုရင် မြန်မာအစိုးရနဲ့ ဆက်ဆံရေး မထိခိုက်စေချင်လို့ ရှောင်ကွင်းတာလည်း ဖြစ်နိုင်တယ်" ဟု ပြောသည်။

ယခင်က ဒုက္ခသည်စခန်းများနှင့် မယ်တော်ဆေးခန်းသို့ နိုင်ငံတကာသံတမန်များ၊ လွှတ်တော် အမတ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များ လာရောက်လေ့ရှိသော်လည်း ယခုကဲ့သို့ သမ္မတကတော်အဆင့် မြန်မာ့အရေးအတွက် လာရောက်လေ့လာအားပေးခြင်းသည် ပထမဆုံး ဖြစ်သည်။ ။

တရုတ်ဆိုင်ကယ်များ လိုင်စင်ယူကာ သိုလှောင်သည့်လုပ်ငန်း ခေတ်စားလာ
NEJ/ ၇ သြဂုတ် ၂၀၀၈
ဇူလိုင် (၁) ရက်မှစ၍ မြန်မာပြည်အတွင်း ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနေရာ ယခုအခါ တရုတ်ဆိုင်ကယ်များကို ငွေ အရင်းအနှီးမြှုပ်နှံထားနိုင်သူများက ၀ယ်ယူ ကာ လိုင်စင်လုပ်ပြီး သိုလှောင်သည့်လုပ်ငန်း ပေါ်ပေါက်လာနေသည်။

မှောင်ခိုလမ်းကြောင်းမှတဆင့် ၀င်လာသည့် ဆိုင်ကယ်များကို ပြည်တွင်း၌ ၀ယ်ယူ၍ လည်းကောင်း၊ တရုတ်နယ်စပ်သို့ ကိုယ်တိုင် လာရောက်ဝယ်ယူကာ ကယ်ရီသမားများထံ အပ်နှံ၍လည်းကောင်း ဆိုယ်ကယ်များ စုဆောင်းကာ လိုင်စင်လုပ်ပြီး သိမ်းထားနေကြသည်ဟု မန္တလေးမှ ကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းက “လိုင်စင်က (၁) သိန်းကျော်၊ (၂) သိန်းဆိုတော့ တစီးကို အရင်း (၈) သိန်းလောက်ကျ တယ်ထား။ နောက်နှစ်ဆိုရင် တစီးကို ဆယ်ပိုင်းနဲ့ ပြန်ဖော်လို့ရပြီ။ လိုင်စင်ပါတော့ ရောင်းတဲ့ သူကော ၀ယ်စီးတဲ့သူကော အေးဆေးသွားပြီလေ။ ငွေတတ်နိုင်ရင် တတ်နိုင်သလောက် လုပ်လို့ ရနေတော့ တော်တော်များများ လုပ်ကြတယ်။ အဲဒီကောင်က ကျိန်းသေမြတ်မယ့်ဟာကိုး” ဟု ပြောသည်။

ယခင် အိမ်ယာမြေအရောင်းအ၀ယ်၊ ကားအရောင်းအ၀ယ်၊ ကျောက်အရောင်းအ၀ယ်များ အပါ အ၀င် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေသူအချို့ပါ အဆိုပါ လုပ်ငန်းများကို ပုံစံအမျိုးမျိုးဖြင့် ၀ယ်ယူသိုလှောင်လာကြပြီး အချို့ အစီးရေ ရာပိုင်းအထိ သိုလှောင်ထားကြသည်ဟု တရုတ် နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “နယ်စပ်ကုန်သွယ်ရေးဆိုရင် လုပ်တဲ့ခွင်က ကျဉ်းလာနေတော့ အခုက ဘယ်ဟာတော့ဖြင့် ခွင်ကောင်းနေတယ်ဆိုရင် စုပြုံလိုက်လုပ်ကြတာ။ နာဂစ်တုန်းကလည်း ဆောက်လုပ်ရေးပစ္စည်း တွေ ဂျူတီဖရီးဆိုတော့ တခါမှ မလုပ်ဘူးတဲ့သူတွေပါ လုပ်လိုက်ကြတာ။ အခု အောက်မှာ ပုံနေပြီ။ အခုမှ ထလုပ်ရင် အစောပိုင်းက အခွန်မဆောင်ရဘဲ သွင်းထားတဲ့ ကုန်တွေနဲ့ ယှဉ်ပြီး မရောင်း နိုင်တော့ဘူး။ အခုလည်း လိုင်စင်လုပ်ပေးမှာက အောက်တိုဘာလအထိဆိုတော့ ပေးတုန်းအချိန်မှာ အမိဖမ်းကြတာပဲ” ဟု ပြောသည်။

တရုတ်ပြည်လုပ် ဆိုင်ကယ်များဖြစ်သည့် Luojia ၊ KENBO ၊ Jialing တို့ကို အဓိက တင်သွင်းနေ ကြပြီး တစီးလျှင် မြန်မာငွေကျပ် (၄) သိန်းဝန်းကျင်မှ (၅) သိန်းကျော်အထိ ဈေးပေါက်ပြီး ကျယ် ဂေါင်မြို့မှ နေ့စဉ် ပျမ်းမျှ အစီးရေ (၅၀၀) ၀န်းကျင် တင်သွင်းနေသည်ဟု ကျယ်ဂေါင်ဒေသခံ တဦးက ပြောသည်။

၎င်းက “ အခုက မိုးတွေကျလာ၊ လမ်းမကောင်းတော့ နည်းသွားတာ။ အစောပိုင်းကဆို တရက်ကို (၁) ထောင်ကျော်နိုင်တယ်။ ဆိုင်တွေရှေ့မှာ တန်းစီစောင့်ရတာ။ ဆိုင်ကလည်း သူတို့ဖောက်သည်၊ တုံကင်ပြားပါတဲ့သူတွေကို ဦးစားပေးရောင်းတာ။ လော်ကျားဆို အပြင်လူ သွားဝယ်လို့ မရဘူး။ အဲလောက်ထိ ရောင်းအားကောင်းတာ။ အခုတောင် လော်ကျားဆိုင်ကယ်ဆို ဆိုင်မှာ တရုတ်ငွေ (၂,၉၀၀) နဲ့ ၀ယ်ရတယ်။ ဆိုင်ပြင်ရောက်ရင် (၃,၀၀၀) ကျော်နဲ့ ပြန်ရောင်းလို့ရတယ်။ ၀ယ်တဲ့ သူတွေ အသင့်ရှိတယ်” ဟု ပြောသည်။

ဆိုင်ကယ်များကို နမ်းခမ်းအနီး မံဝိန်းမှ ဗန်းမော်သို့လည်းကောင်း၊ မူဆယ်မှတဆင့် မန္တလေးသို့ လည်းကောင်း၊ လွယ်ဂျယ်မှတဆင့် ဗန်းမော်သို့လည်းကောင်း၊ လိုင်ဇာမှ မြစ်ကြီးနားသို့လည်း ကောင်း တင်သွင်းနေကြပြီး လမ်းခရီးတလျှောက်တွင် ရဲ၊ စစ်တပ်နှင့် စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေးသယ်ကြသည်။ တရုတ်-မြန်မာနယ်စပ်မှ မန္တလေးအထိ ကယ်ရီခမှာ တစီးလျှင်
ကျပ် (၁) သိန်းအထိ ရှိသည်ဟု ဆိုင်ကယ်လုပ်ငန်း လုပ်နေသူများက ပြောသည်။ ။

မီတာတပ်ဆင်ခြင်းသည် အကျိုးမရှိနိုင်ဟု တက္ကစီသမားများပြော
NEJ/ ၇ သြဂုတ် ၂၀၀၈

ရန်ကုန်မြို့တွင်း၌ တက္ကစီမီတာမတတ်ရသေးသော စီအန်ဂျီတက္ကစီများကို စီအန်ဂျီဓာတ်ငွေ့ အရောင်းဆိုင်များတွင် စောင့်ဖမ်းနေသဖြင့် တက္ကစီသမားများ အခက်တွေ့နေကြသည်။

စီအန်ဂျီပြောင်းပြီးသည့် တက္ကစီသမားအများစုမှာ မီတာမတပ်ဘဲ မောင်းနှင်နေကြသဖြင့် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ စစ်ဆေးရေးအဖွဲ့က ယခုကဲ့သို့ ဓာတ်ငွေ့အရောင်းဆိုင်များတွင် ၀င်ရောက်စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးရာတွင် တက္ကစီသမားများထံမှ Wheel Tax နှင့် စီအန်ဂျီထုတ်ခွင့် စာအုပ်များကို သိမ်းယူပြီး မီတာတပ်ဆင်ပြီးမှ ယာဉ်ထိန်းတပ်ဖွဲ့ရုံးတွင် လာရောက်ယူနိုင်သည်ဟု ပြောဆို ကြောင်း အဖမ်းခံရသည့် ကက နံပါတ်တပ် တက္ကစီသမားတဦးက ပြောသည်။

ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီက စီအန်ဂျီတက္ကစီအားလုံး မီတာတပ်ဆင်မှုကို ပြီးခဲ့သည့် ဇွန်လတွင် နောက်ဆုံးထား တပ်ဆင်ရမည်ဟု သတိပေးထားသည်။

သို့သော် တက္ကစီသမားအများစုက မီတာနှင့်ပြေးဆွဲသည်ထက် ပါးစပ်နှင့် ဈေးတောင်း ပြေးဆွဲနေ ကြသည်ဟု မြို့ခံများက ပြောသည်။

တက္ကစီအငှားယဉ်မောင်းတဦးက “မီတာနဲ့ ပြေးရင် ခရီးသည်နဲ့ ယာဉ်မောင်း ပြဿနာရှိတယ်။ ဥပမာ (၂,၅၀၀) ကျပ် ခရီးအကွာအဝေးကို မီတာနဲ့ဆို လမ်းမှာပွိုင့်မိတာတွေ၊ ယာဉ်ကြောကြပ် တာတွေနဲ့ဆို မီတာခွက်မှာ အဲဒီခရီးဟာ (၃,၅၀၀) ကျပ်လောက်ဖြစ်သွားတယ်။ ဒါပေမယ့် ခရီးသည်က ပေးနေကျ သွားနေကျ ခရီးဖြစ်နေတယ်လေ။ ဒါကြောင့် ပုတ်ပြတ်နဲ့ပဲ တောင်းတယ်” ဟု ပြောသည်။

မီးပွိုင့်များတွင် ရပ်စောင့်နေပါက မီတာမှာ တမိနစ်လျှင် (၅၀) ကျပ် တက်နေပြီး မီးပွိုင့်များမှာ အချိန်နှင့်နေရာကိုလိုက်၍ အနည်းဆုံး (၃) မိနစ်မှ (၁၀) မိနစ်ခန့်အထိ ကြာကြောင်း ခရီးသည် တဦးက ပြောသည်။

၎င်းက “လှည်းတန်းမီးပွိုင့်ဆို (၁၀) မိနစ်ကျော်လောက်ကြာတယ်။ တချို့မီးပွိုင့် ပျက်နေတဲ့နေရာ တွေဆို ရဲတွေက ထိုင်နေတာလေ။ ပြီးတော့ ဘယ်ကားက ဘယ်ကားကို ကျော်တက်လဲ၊ ဘောပင်နဲ့ မှတ်ယောင်ပြတယ်။ ဒီတော့ ကားသမားတွေက ကားပေါ်ကနေ ပိုက်ဆံပြစ်ချပေးလိုက်တယ်။ အကြီးတန်းစား သူတောင်းစားတွေပါပဲ။ ဒါကြောင့် တက္ကစီစီးရင် ပါးစပ်ဈေးနဲ့ပြောစီးတာ ပိုသက် သာတယ်” ဟုပြောသည်။

စီအန်ဂျီတက္ကစီတစီးလျှင် မီတာတပ်ဆင်ခ ကျပ် (၂) သိန်းပေးရပြီး စတင်တပ်ဆင်ပါက (၁) သိန်း လက်ငင်းပေးရကာ ကျန် (၁) သိန်းကို (၆) လကြာအရစ်ကျပေးသွင်းရကြောင်း၊ မီတာတပ်ဆင် ခွင့်ကို ပုဂ္ဂလိက ကုမ္ပဏီ (၄) ခုက ရရှိထားပြီး ယင်းတို့အနက် နအဖထိပ်ပိုင်းခေါင်းဆောင်အချို့၏ သားသမီးများပိုင်ဆိုင်သည့် LYNX Co,Ltd တွင်သာ မီတာတပ်ဆင်ကြရကြောင်း သိရသည်။

LYNX ကုမ္ပဏီတွင် မီတာတပ်ခဲ့သူ တက္ကစီသမားတဦးက“ သူတို့က ကျန်တဲ့ (၁) သိန်းကို (၆) လမှာ အရစ်ကျပေးလို့သာပြောတယ်၊ တကယ်တမ်းကျတော့ အတိုး(၂) သောင်းကို အပိုယူသေးတယ်၊ ဒါကုမ္ပဏီက နားလှည့်ပါးရိုက်လုပ်တာပဲ။ ယာဉ်ထိန်းရုံးနဲ့ပေါင်းလုပ်တာ လူတိုင်းသိတယ်။ ဒီမီ တာက ကားမှာတပ်ထားလည်း မီတာပြချင်မှပြမယ်။ ကားသမားက အဆင်ပြေအောင် မောင်းရ တာဆိုတော့ ငွေ (၂) သိန်း (၂) သောင်းကို ဘယ်ကလာ အကုန်ခံနိုင်တော့မှာလဲ။ ဒါကြောင့် မတတ်ကြတာဗျ။ အခုမတတ်တော့လည်း စီအန်ဂျီထုတ်တဲ့စာအုပ်ကို သိမ်းထားတယ်။ ကျနော်တို့ ဘ၀က ရှေ့မတိုးသာ နောက်မဆုတ်သာ ဘ၀ပါဗျာ” ဟု ဆိုသည်။

မီတာတတ်ခြင်းသည် ၎င်းတို့အတွက် အပိုငွေကုန်ကျခြင်းသာအဖတ်တင်ပြီး ခရီးသည်များက လည်း မီတာနှင့် မစီးလိုကြကြောင်း တက္ကစီကားသမားအများစုက ပြောသည်။

ရန်ကုန်မြို့တွင် စီအန်ဂျီပြောင်းထားသည့်တက္ကစီပေါင်း (၈) ထောင်ကျော် ရှိနေပြီး ရန်ကုန်တိုင်း အတွင်း စီတီတက္ကစီမောင်းနှင်နိုင်ရန် တနှစ်စာ မောင်းနှင်ခွင့်အတွက် ကားတစီးလျှင် ကျပ် (၄) သိန်းစီ မောင်းနှင်ကြေး ပေးဆောင်ရကြောင်း သိရသည်။ ။

မုန်တိုင်းဒုက္ခသည်များအတွက် ရိက္ခာပြတ်တောက်မှု ပိုမိုဆိုးဝါး
IRIN/ ၇ သြဂုတ် ၂၀၀၈


မြန်မာနိုင်ငံတောင်ပိုင်းကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၃) လအကြာတွင် ထောင်ပေါင်းများစွာ သော မုန်တိုင်းဒုက္ခသည်များ မိမိဘာသာမိမိ ပြန်လည်ရပ်တည်နိုင်သည့် အနေအထားမျိုးအထိ မရောက်ရှိနိုင်ကြသေးဘဲ ဖြစ်နေသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက အလွန်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတုန်းပဲ။ မိသားစုအများစုဟာ စားစရာမရှိကို ဖြစ်နေကြတာ” ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ဒေသဆိုင်ရာ ဒါရိုက်တာ ခရစ္စကေးက ပြောသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ အစီရင်ခံစာ (PONJA) အရ စားနပ် ရိက္ခာ သိုလှောင်ကုန် စုစုပေါင်း၏ (၄၂) ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ပြီး မိသားစု (၅၅) ရာခိုင်နှုန်းမှာ တရက်စာ (သို့) တရက်စာ လျော့လျော့ခန့်သာ စားစရာရှိတော့သည်။

ထို့အပြင် လူဦးရေ (၉၂၄,၀၀၀) သည် ယခုနှစ် စပါးရိတ်ချိန် နိုဝင်ဘာအထိ ရိက္ခာထောက်ပံ့မှုများ လိုအပ်လျက်ရှိပြီး လူဦးရေ (၃၀၀,၀၀၀) ခန့်သည် ၂၀၀၉ ခုနှစ် ဧပြီအထိ ထောက်ပံ့ပေးထားရန် လိုအပ်လျက်ရှိသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ (၁.၃၆) သန်းရှိသည့်အနက် (၁၆) ရာခိုင်နှုန်းမှာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်ခြင်းမရှိဟု ပြီးခဲ့သည့်ဇွန်လပိုင်းက ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) က အစီရင် ခံခဲ့သည်။

ပြီးခဲ့သည့်လပိုင်းများတွင် လယ်သမားများကို စပါးစိုက်ပျိုးရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရန် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သော်လည်း အဆင်မပြေဖြစ်ရသည်က ပိုများခဲ့သည်။ မုန်တိုင်းပြီး သုံးလကြာသည့်အချိန်တွင် မုန်တိုင်းကြောင့် သေပျောက်စာရင်း (၁၄၀,၀၀၀) ရှိခဲ့ပြီး ကျွဲနွားများ လည်း သေကျေပျက်စီးရကာ လယ်သမားများ စပါးအချိန်မီ စိုက်ပျိုးရန်အတွက် လယ်ယာသုံး ပစ္စည်းများ ချို့တဲ့ခေါင်းပါးနေသည်။

စပါးစိုက်ရာသီကုန်ရန် နီးကပ်လာနေပြီဖြစ်သော ဇူလိုင်လလယ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ လယ်သမား (၇၅) ရာခိုင်နှုန်းကျော်မှာ မျိုးစပါး မရှိကြဟု FAO က အစီရင်ခံထားသည်။ မြန်မာအစိုး ရက အချိန်မီ မစိုက်ပျိုးနိုင်သောလယ်မြေ ဟက်တာ (၈၀,၀၀၀) ရှိသည်ဟု ဆိုသော်လည်း လယ် သမား (၂၅) ရာခိုင်နှုန်းမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဟု အခြားအဖွဲ့အစည်းများက ခန့်မှန်းကြသည်။

စိုက်ပျိုးနိုင်သည်ဆိုသည့်တိုင်အောင် မျိုးစပါးအရည်အသွေး၊ မြေသြဇာကျွေးနိုင်မှုတို့မှာ မေးမြန်း စရာများ ရှိနေဆဲဖြစ်ပြီး ကောက်ရိတ်ချိန်တွင် အောင်မြင်စွာ ရိတ်သိမ်းနိုင်ခြင်း ရှိမရှိဆိုသည်မှာ လည်း သံသယဖြစ်စရာ ရှိနေဆဲပင်ဖြစ်သည်။

FAO ၏ အစီရင်ခံစာအရ နာဂစ်ကြောင့် တံငါသည် (၁၈,၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး (၁၀,၀၀၀) မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ငါးပုစွန်ကန် ဟက်တာ (၂၁,၀၀၀) ပျက်စီးခဲ့ပြီး ငါးဖမ်း စက်လှေကြီး (၂,၀၀၀) ကျော် ပျောက်ဆုံးခဲ့သည်။

ထို့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်ကြသော မိသားစုများ၏ သွားရေးလာရေး အတွက် သုံးဆောင်သည့် စက်မဲ့လှေငယ် (၁) သောင်းကျော်လည်း ဆုံးရှုံးခဲ့ရသည်။

မုန်တိုင်းသင့် ဒုက္ခသည်အများစုမှာ တနိုင်တပိုင် ငါးဖမ်းရင်းဖြင့် အိမ်စရိတ် ၀င်ငွေရရှိအောင် လုပ် ကိုင် ရပ်တည်နေကြသူများဖြစ်သောကြောင့် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ပစ္စည်းလက်မဲ့ဘ၀မျိုး ဖြစ်နေကြကာ ဆက်လက်နေထိုင်စားသောက်ရန် အလွန်ခက်ခဲကျပ်တည်းနေကြသည်။ ။

မြန်မာစစ်တပ် နယ်စပ်စစ်အင်အား တိုးမြှင့်
Bangkok Post/ ၇ သြဂုတ် ၂၀၀၈

လာမည့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု နှစ် (၂၀) ပြည့်နေ့အတွက် လုံခြုံရေးကို ပိုမိုအား ဖြည့်ရန် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာစစ်တပ်များကို မြန်မာစစ်အစိုးရက ထပ်မံ အင်အားတိုးမြှင့်ထားသည်ဟု နယ်စပ်သတင်းရပ်ကွက်တခုမှ သိရှိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း တပ်၊ ချင်းရိုင်၊ ချင်းမိုင်၊ မဲဟောင်ဆောင်ပြည်နယ်များနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနယ်စပ်တပ်များ၏ အင်အားတိုးချဲ့မှုများကို လွန်ခဲ့သည့် (၄) ရက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသများသို့ ပို့ဆောင်လိုက်သည့် စစ်အင်အားမှာ တပ်ရင်း (၁၀) ခုစာ ကျော်သည်ဟုလည်း ခန့်မှန်းထားသည်။

ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် မြန်မာနယ်စပ်မြို့ တာချီ
လိတ်မြို့ရှိ အဓိကကျသော အစိုးရဌာနများတွင်လည်း တပ်ဖြန့်နေရာယူထားသည်။

နယ်စပ်အရေး အချင်းများခဲ့ရသည့် ချင်းမိုင်ပြည်နယ် မယ်အိမြို့နှင့် မျက်နှာချင်းဆိုင် ဒွိုင်လန် တောင်တန်းပေါ်ရှိ (၃၂) မီတာပတ်လည်ရှိသော နေရာသို့လည်း မြန်မာတပ်များနှင့် အမြောက် တပ်များ စေလွှတ်ထားသည်ဟု သတင်းရရှိသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်ဆူပူလှုပ်ရှားမှုများ ဖြစ်လာနိုင်သည်ဆိုသည့် သတင်းကြောင့် နယ်စပ်လုံခြုံရေး ပိုမို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်လှုပ်ရှားမှု၏ မျှော်လင့်ချက်မှာ ထိုင်းနိုင်ငံသို့ အမေရိကန်သမ္မတဘုရှ်၏ အလည်အပတ် ခရီးကြောင့် ပိုမိုပေါ်လွင်လာရသည်ဟု ဆိုသည်။

“အမေရိကန်သမ္မတက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်။ ဒီတော့ မြန်မာအာဏာပိုင်တွေ ဒေါသထွက်စရာ ဖြစ်နိုင်တာပေါ့” ဟုလည်း နယ်စပ်သတင်းရပ်ကွက်က ပြောသည်။

သို့ရာတွင် ဖမောင်းအထူးတပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ချောင်ဝါလစ် သီရိကစ်ဂ်ျက ထိုင်း-မြန်မာနယ်စပ် တွင် အကြမ်းဖက် ဆူပူလှုပ်ရှားမှုများ ဖြစ်နိုင်သည်ဆိုသည့် သတင်းမျိုးကို ထိုင်းအာဏာပိုင်များက သတိမပြုမိကြပါဟု ပြောသည်။ နယ်စပ်တွင် စစ်အင်အားတိုးမြှင့်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးသာ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းကပင် ထိုင်း-မြန်မာနယ်စပ်ဒေသ ကော်မတီအစည်းအဝေးကို ချင်းရိုင်ပြည်နယ်၌ ယနေ့နှင့် မနက်ဖြန် ပြုလုပ်မည်ဟု ပြောသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ကော်မတီအစည်းအဝေး ပြုလုပ် သည့်ကာလအတွင်း အငြင်းပွားနေရသော နယ်စပ်ဧရိယာနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်နိုင်သည် ဟုလည်း လုံခြုံရေးသတင်းတရပ်က ဆိုသည်။ ။

မြန်မာ့အရေး တရုတ်ဝင်ပြောလာအောင် သမ္မတဘုရှ် ဆောင်ရွက်မည်
07 August 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3)
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3)
အမေရိကန်သမ္မတ ဂျော့ခ်ျဒဘလျူဘုရှ်။
သြဂုတ် ၇၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပေါ်လာအောင် တရုတ်ခေါင်းဆောင်တွေ
ကတဆင့် ဖိအားပေးနိုင်ရေး ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျ
ဒဘလျူ ဘုရှ် (George W. Bush) က ပြောပါတယ်။ ဘီဂျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲကို မသွား
ခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သမ္မတဘုရှ်က အခုလို ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးကို
တရုတ်အစိုးရခေါင်းဆောင်တွေ လက်ခံလာအောင် သံတမန်ရေးအရ အများကြီး
လုပ်ဆောင်ရလိမ့်ဦးမယ်လို့လည်း ပြောပါတယ်။ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနေအိမ်မှာ အမေရိကန်သမ္မတ
ဂျော့ခ်ျ ဒဘလျူ ဘုရှ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်ဟာ ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီးရဲ့နေအိမ်မှာ ဗွီအိုအေ အမေရိကန်အသံ အပါအ၀င် မြန်မာဘာသာနဲ့
အသံလွှင့်နေတဲ့ အသံလွှင့်ဌာန ၄ ခုက သတင်းထောက်တွေကို သီးသန့်တွေ့ဆုံပြီး
တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ပါတယ်။ ဒီလို သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးပြီဆိုရင်ပဲ
သမ္မတဘုရှ်ဟာ အိုလံပစ်ပွဲတော်ကျင်းပမယ့် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တဲ့
အတွက် မြန်မာ့အရေးကို တရုတ်ဘက်က ဖိအားပေးလာအောင် ဘယ်လိုဆောင်ရွက်
မယ်ဆိုတာက မေးစရာမေးခွန်းတခု ဖြစ်လာခဲ့ပါတယ်။ သမ္မတဘုရှ်က …

"တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဖြစ်တဲ့အခါ မြန်မာနိုင်ငံအကြောင်းကိစ္စကို
အကြိမ်တော်တော်များများ ကျနော် ပြောဆိုဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒါးဖောကိစ္စ
ကျနော်ပြောတယ်၊ တိဘက်ကိစ္စ ကျနော်ပြောတယ်။ တရုတ်နိုင်ငံအတွင်းက ဘာသာ
ရေး အခွင့်အရေးကိစ္စတွေကို ကျနော် ထည့်သွင်းပြောဆိုပါတယ်။ အခု အိုလံပစ်ပွဲတော်
ကို သွားတယ်ဆိုတာကလည်း တရုတ်ပြည်သူတွေကို လေးစားတဲ့အနေနဲ့ သွားရောက်
တာဖြစ်ပါတယ်။

"မြန်မာပြည်အကြောင်းနဲ့ ပတ်သက်လို့ မြန်မာပြည်အတွင်းက နိုင်ငံရေးအကျဉ်းသား
တွေကိစ္စ ကျနော်တို့ အလေးထားတယ်။ ဒီလို မြန်မာ့အရေး အလေးထားတယ်ဆိုတာ
မြန်မာပြည်သူတွေကို အကြောင်းကြားတယ်။ မြန်မာ့အရေး နိုင်ငံတကာ အတိုင်းအတာ
နဲ့ ဆက်ပြီး ဖိအားပေးနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ ကျနော်တို့ဘက်က တစိုက်
မတ်မတ် ဆက်ပြီး လုပ်ဆောင်သွားမယ်။ ဒါက ဆက်လက်လုပ်ဆောင်သွားမယ့်
လုပ်ငန်းစဉ်တခု ဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်" လို့ ဖြေဆိုသွားတာပါ။

မြန်မာနိုင်ငံကို အကူအညီပေးရေး ဒါမှမဟုတ် ပြုပြင်ပြောင်းလဲလာအောင် နားချတဲ့
အခါတွေမှာ စစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး မပြေလည်တဲ့အတွက်
အခက်အခဲတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်
စုဘက်က စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ ရပ်တည်ချက်ကို မပြောင်း
လဲတဲ့အတွက် စစ်အစိုးရဘက်က အမေရိကန်ပြည်ထောင်စုရဲ့ တိုက်တွန်းချက်တွေကို
မတုံ့ပြန်တာဆိုပြီး ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့သဘော
ထားကို မေးမြန်းတဲ့အခါ သမ္မတဘုရှ်က …

"ကျနော်စိုးရိမ်မိတဲ့ အချက်တခုက မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေဟာ ဖြစ်ပျက်နေတဲ့
အခြေအနေကို အရှိကို အရှိအတိုင်း မသိဘူးဆိုတာပါပဲ။ သူတို့ဘက်က တုံ့ပြန်ချက်တွေ
က အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။
အကူအညီတွေကို လက်မခံဘဲ ငြင်းဆိုခဲ့တာက တိုင်းပြည်မှာ ကြုံနေရတဲ့ ပကတိအနေ
အထားတွေကို စစ်အစိုးရဗိုလ်ချုပ်တွေ မသိတဲ့အတွက်ပါ။

"ကျနော်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ၆ လ ကျန်ပါသေးတယ်။
ကျနော့်တာဝန်က လူတွေခံစားနေရတဲ့ ဘေးဒုက္ခတွေက သက်သာရာရဖို့ပါ။ မြန်မာ
ပြည်တွင်းကလူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းရှာဖို့ပါ။ စစ်အစိုးရနဲ့
ကျနော်တို့ ဆက်ဆံရေးပြောင်းလဲလို့ ဒီလို လူတွေကို ကူညီနိုင်မယ့် ဦးတည်ချက်တွေ
ပြည့်မယ်ဆိုရင် ကျနော် ဒီကိစ္စကို အလေးအနက် စဉ်းစားပါ့မယ်။ ဒါပေမယ့် ကျနော်
ဒီလိုလုပ်သင့်တယ်လို့တော့ သဘောထားမရှိပါဘူး" လို့ ပြောဆိုသွားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာက တူညီတဲ့ တုံ့ပြန်မှုတွေရဖို့၊
အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို စစ်အစိုးရအပေါ် ဖိအားပေးလာအောင်
နားချနိုင်ဖို့ဆိုတာ သံတမန်ရေးအရ အများကြီးလုပ်ဆောင်ရဦးမယ်လို့ သမ္မတဘုရှ်က
ပြောပါတယ်။ ဒါပေမယ့်လည်း သူနဲ့ တရုတ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေး
ကောင်းမွန်မှုကတဆင့် ဒီလို ဖိအားပေးနိုင်အောင် နားချနိုင်မယ်လို့ မျှော်လင့်တဲ့
အကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရပြီဆိုတာကို ကြားခဲ့ရတဲ့ အချိန်ကတည်းက အမေ
ရိကန် ရေတပ်ကနေ အကူအညီတွေပေးနိုင်ဖို့ သူ ညွှန်ကြားခဲ့တယ်လို့ အမေရိကန်
သမ္မတ ဘုရှ်က ပြောပါတယ်။ ဒီအကူအညီတွေကိုသာ စစ်အစိုးရဘက်က လက်ခံခဲ့မယ်
ဆိုရင် မုန်တိုင်းဘေးဒဏ်သင့်ခဲ့တဲ့ နေရာတွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက်
ကူညီနိုင်မှာဖြစ်သလို လူတွေရဲ့ အသက်တွေကိုလည်း ဒီထက်ပိုပြီး ကယ်တင်နိုင်မှာ
ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီလိုအကူ
အညီတွေကို ငြင်းပယ်ခဲ့လို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေကနေ သင်ခန်းစာယူသင့်တယ်
လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့အချိန်တုန်းက စစ်အစိုးရက အကူအညီတွေကို လက်မခံခဲ့
ပေမယ့် အမေရိကန်ရေတပ်တွေ မြန်မာ့ရေပိုင်နက်ထဲဝင်ပြီး လေဘေးအကူအညီတွေ
ပေးမယ်လို့ မြန်မာပြည်သူ တော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။ လူသားချင်း
စာနာထောက်ထားမှုအရ အိမ်ရှင်နိုင်ငံက လက်မခံပေမယ့် မဖြစ်မနေ ၀င်ရောက်ပြီး
အကူအညီပေးတာမျိုးတွေ လုပ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒီလို ဘာကြောင့်မလုပ်
နိုင်ခဲ့တာလဲလို့ မေးကြည့်တော့ သမ္မတဘုရှ်က …

"ကျနော်တို့ဘက်က သာမန် ပုံမှန်ပေးနေကြ အကူအညီပေးနေတဲ့ လမ်းကြောင်းကိုပဲ
သုံးခဲ့ပါတယ်။ အခြေခံအားဖြင့် ကျနော်တို့က ဒီမှာ အကူအညီတွေရနိုင်ဖို့ အခွင့်အလမ်း
တွေ ရှိတယ်ဆိုတာကို အကြောင်းကြားခဲ့တာပါ။ စစ်အာဏာရှင်တွေဘက်က အကူအညီ
တွေကို မြန်မြန်ဆန်ဆန် လက်မခံခဲ့တဲ့အတွက် ကျနော် စိတ်ပျက်မိခဲ့ပါတယ်။

"ဒီအကူအညီတွေပေါ်မှာ အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေကို
ကူညီရာမရောက်ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့က စစ်ဘက်၊ အရပ်ဘက်တွေ
ကို ပြည်ဝင်ခွင့်မရှိလည်း ၀င်ဆိုပြီး လွှတ်လိုက်တာမျိုး၊ လက်ရှိအခြေအနေကနေ ပိုပြီး
ဆိုးဝါးသွားတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ စစ်အစိုးရဘက်က တုံ့ပြန်ခဲ့တာတွေနဲ့
ပတ်သက်လို့ စိတ်ပျက်မိတယ်ဆိုတာ ဟုတ်ပါတယ်။ အခြေအနေ ပိုဆိုးဖို့ထက်
ပိုကောင်းမယ့်နည်းလမ်းကို သုံးခဲ့တာပါ" လို့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူပေါင်းဆောင်ရွက်တဲ့အခါ အမေ
ရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာ မှားယွင်းတယ်လို့ သူ့အနေနဲ့ မမြင်မိတဲ့အကြောင်း၊
ဒါပေမယ့်လည်း တချို့နိုင်ငံတွေနဲ့ ချဉ်းကပ်ပုံ ကွဲလွဲချက်တွေ ရှိတဲ့အကြောင်းကို အမေ
ရိကန်သမ္မတ ဘုရှ်က ပြောဆိုသွားပါတယ်။

အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေက မြန်မာပြည်ရဲ့ တည်ငြိမ်ရေးဆိုတာကို ဦးစားပေး
တယ်လို့ ပြောဆိုလေ့ရှိပါတယ်။ သူကတော့ ဒီမိုကရေစီကိုပဲ အဓိကထားတယ်၊ လူတွေ
ကို ဂုဏ်သိက္ခာနဲ့အညီ ပြုမှုဆက်ဆံတဲ့၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာ
ရေးကို ဦးစားပေးတယ်လို့ ဆိုပါတယ်။

"ခင်ဗျားတို့ ရေဒီယိုအစီအစဉ်တွေကို နားဆင်နေတဲ့ သောတရှင် မြန်မာပြည်သူတွေ
အနေနဲ့ အမေရိကန်သမ္မတနဲ့ အခြားသူတွေက သူတို့အတွက်၊ သူတို့နေထိုင်နေရတဲ့
အခြေအနေတွေကို ဘယ်လိုစိုးရိမ်နေတယ်၊ သူတို့ကို လွတ်မြောက်စေချင်တယ်၊ မြန်မာ
နိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခွင့် ရှိစေချင်
တယ်၊ ဒါတွေ မနက်ဖြန်ဖြစ်မယ်လို့ အာမ မခံနိုင်ရင်တောင် ဒီအမြော်အမြင်တွေနဲ့
အားကောင်းတဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖော်ဖို့လိုပါတယ်။ ကျနော်တို့က မြန်မာ
ပြည်သူတွေကို ကူညီနိုင်ဖို့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ဆက်ပြီး
ဆောင်ရွက်သွားမှာပါ" လို့ အမေရိကန်သမ္မတက ပြောဆိုသွားပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေဆီက မြန်မာ့အရေးအတွက် သမ္မတဘုရှ် အကြံဉာဏ်တောင်း
07 August 2008
ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3)
ဦးကျော်ကျော်သိန်း - နားဆင်ရန် (MP3) အမေရိကန်သမ္မတဘုရှ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့်တွေ့ဆုံနေစဉ်။
(၀ဲမှယာ) လွေအေးနန်း၊ သမ္မတဘုရှ်၊ ကိုအောင်ဇော်။ သြဂုတ် ၇၊ ၂၀၀၈။
အမေရိကန်သမ္မတဘုရှ်ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီ
ရေးလှုပ်ရှားသူ ၉ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံချိန်မှာ သမ္မတဘုရှ်က အမေ
ရိကန်လူထုဟာ မြန်မာလူထုအပေါ် အလေးအနက် ဂရုစိုက်ပါကြောင်းနဲ့ မြန်မာလူထု
တနေ့မှာ လွတ်လပ်မှုရှိလာဖို့ မျှော်လင့်ဆုတောင်းနေပါကြောင်း ပြောခဲ့ပါတယ်။
သမ္မတဘုရှ်နဲ့ တွေ့ဆုံရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ပလောင်အမျိုးသမီးအဖွဲ့က
လွေအေးနန်းကို ဗွီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်ပြီး သမ္မတဘုရှ်ကို အဓိက ဘာတွေတိုက်တွန်း
ပြောဆိုတယ်ဆိုတာ မေးမြန်းတဲ့အခါ လွေအေးနန်းက ခုလိုစဖြေပါတယ်။

"အဓိကတိုက်တွန်းမှုအနေနဲ့ ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကို ကြည့်မယ်
ဆိုရင် တစုံတရာ သူတို့တွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ ထောက်ခံအားပေး
မှုတွေက တော်တော်လေးရပြီးသား ဖြစ်နေပါတယ်။ ပိုပြီးတော့ ရှိနေတဲ့သတင်းအချက်
တွေ သူတို့ကို ပြောပြတဲ့ဟာမျိုး၊ ရှင်းပြတဲ့ဟာမျိုး၊ ပိုပြီးတော့ ဖိအားတွေ ဆက်ပေးသွား
တဲ့ဟာမျိုးတွေ ကျမတို့ ပြောသွားတယ်။"

အခုလို တွေ့ဆုံရတဲ့ ရည်ရွယ်ချက်ဟာ လာရောက်ကြတဲ့ လှုပ်ရှားသူတွေရဲ့ ကိုယ်ပိုင်
အတွေ့အကြုံတွေကို နားထောင်ရုံသာမကဘဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့
အရေး ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးကြဖို့ ဖြစ်ပါတယ်လို့ တွေ့ဆုံပွဲ
စတဲ့အချိန်မှာ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့အင်အားကြီးခေါင်းဆောင်
တယောက်က တတိယနိုင်ငံတခုမှာ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ ဒါဟာ ပထမ
ဆုံးအကြိမ်ပါ။ ဒီတော့ အခုလို ထူးထူးခြားခြား တွေ့ဆုံကြတဲ့အချိန်မှာ အမေရိကန်
သမ္မတကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာ့အရေး ဒီ့ထက်ပို တွန်းတွန်း
တိုက်တိုက်လုပ်ဖို့ တညီတညွတ်ထဲ ဘယ်လောက်ပြောနိုင်ခဲ့ကြပါသလဲ၊ အမေရိကန်
သမ္မတ အနေနဲ့ကရော သူတို့ပြောတဲ့အပေါ် ဘယ်လောက်စူးစိုက်မှုရှိပါသလဲ၊
လွေအေးနန်းကတော့ သူတို့တတွေ တညီတညွတ်ထဲ ရပ်တည်ပြောဆိုနိုင်ခဲ့ကြသလို
သမ္မတရဲ့ တုံ့ပြန်မှုပေါ်မှာလည်း အားရတယ်လို့ ပြောပါတယ်။

"တွေ့တဲ့လူအားလုံးက မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် နအဖစစ်အစိုးရကို
ပိုပြီး တွန်းအားတွေ ပေးသွားဖို့လိုတယ် ဆိုတာမျိုး၊ ဒီအပေါ်မှာတော့ အကုန်လုံး
သဘောတူကြတယ်။ သမ္မတကိုယ်တိုင်က အရမ်းကို ရင်းရင်းနှီးနှီး ဆက်ဆံတာပေါ့နော်။
စကားပြောနေတဲ့အချိန် ကျမတို့ တဦးချင်းစီ တင်ပြတာတွေကို ကိုယ်တိုင် သေသေ
ချာချာ အလေးအနက် နားထောင်တယ်။ ပြီးတော့ ပြန်မေးစရာရှိရင် မေးတယ်၊
ပြန်ပြောစရာရှိရင် ပြောတယ်။ စိတ်ထဲမှာသိသွားတာက သမ္မတက မြန်မာပြည်အရေးနဲ့
ပတ်သက်ပြီး တကယ်လည်း စိတ်ဝင်စားတယ်၊ အချက်အလက်တွေလည်း သိတယ်။
နောက်ပြီးတော့ သေသေချာချာလည်း အလေးထားပါတယ်။"

တွေ့ဆုံသူတွေထဲမှာ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPPB) က တွဲဘက်အတွင်းရေးမှူး
ကိုဘိုကြည်လည်း ပါဝင်ပါတယ်။

"ဒီနေ့ သမ္မတနဲ့ တွေ့တဲ့အချိန်မှာ သမ္မတကလည်း သူလုပ်နိုင်တဲ့ သူ့ရဲ့ ပေါ်လစီပေါ့၊
အထူးသဖြင့် Targeted Sanction လုပ်တဲ့ဟာတွေ၊ တလောတုန်းက ချလိုက်တဲ့
Sanction တွေနဲ့ပတ်သက်ပြီး ကျနော်တို့ကို အမြင်တွေမေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံသားတွေ ထိခိုက်နိုင်မှုရှိမရှိ၊ အဲဒါတွေကို သူ မေးပါတယ်။ ကျနော်တို့က
လည်း Sanction က နအဖကို ထိခိုက်တယ်၊ ပြည်သူပြည်သားကို ထိခိုက်တယ်ဆိုတာ
သိပ်မရှိဘူး၊ အဲဒါတွေကို ပြန်ဖြေတယ်။

"နောက်တခုက ပြီးခဲ့တဲ့ နာဂစ်တုန်းက အမေရိကန်အစိုးရရဲ့ ကူညီမှုတွေ၊ Sanction
လုပ်ထားတယ်ဆိုပေမယ့် တချို့ဟာတွေကို လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ
လျှော့ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေကို ကျနော်တို့ပြောပြတယ်၊ မြန်မာ
နိုင်ငံသားတွေကိုယ်စား။ လက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဖြစ်
အောင် ဘယ်လိုမျိုး ဆက်လုပ်ကြရင်ကောင်းမလဲဆိုတာ ၀ိုင်းဝန်းဆွေးနွေးကြတာပါ။"

သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို
ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ သမ္မတဘုရှ်ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
ဆွေးနွေးဦးမှာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံဟာ အဓိကကျတဲ့
အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အပါအ၀င် မြန်မာ့
အရေးစိတ်ဝင်စားတဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ
တွေကရော တသဘောထဲ ရှိကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာစစ်အစိုးရနဲ့သာ နီးနီးကပ်ကပ်ဆက်ဆံ၊
စစ်အစိုးရကိုသာ စစ်ရေး၊ စီးပွားရေး အကူအညီတွေ ပေးနေရုံမက ကမ္ဘာ့နိုင်ငံရေး
ဇာတ်ခုံမှာပါ အကာအကွယ်ပေးနေပြီး ဒီမိုကရေစီရေးအတွက် ပြောဆိုလုပ်ဆောင်
တယ်ဆိုတာ မရှိသေးပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးအတွက် သမ္မတဘုရှ်က တရုတ်
နိုင်ငံကို ဘာတွေတိုက်တွန်းပြောဆိုဖို့ အကြံပေးခဲ့တယ်ဆိုတာ လွေအေးနန်းကို
မေးတော့ သူက …

"ရှမ်းပြည်မှာရှိနေတဲ့ ပလောင်ဒေသမှာဆိုရင် ဘိန်းထုတ်လုပ်မှုနှုန်းတွေ၊ ဘိန်းရှူမှုနှုန်း
တွေက တနှစ်တခြား တိုးတက်လာတာတွေရှိတယ်။ ပလောင်ဆိုရင်လည်း တရုတ်နဲ့
နယ်နိမိတ်ခြင်း ထိစပ်နေတဲ့အတွက် ထိခိုက်နစ်နာတာက တရုတ်ပြည်သူတွေရော၊
ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရော နှစ်ဖက်စလုံးဖြစ်နေတာပေါ့။ အဲဒါ တရုတ်ကို
အဲဒီ Message ပေးချင်တယ်။

"သေချာတာတခုကတော့ ကျမတို့နိုင်ငံမှာ အဓိကပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို
မဖြေရှင်းနိုင်မချင်း နယ်စပ်တလျှောက်မှာရှိနေတဲ့ တရုတ်ပြည်နယ်စပ်ရော၊ ဒီဘက်
ရှမ်းပြည်နယ်စပ်ရော၊ နှစ်ဖက် နယ်စပ်ကြားမှာ ဒီဘိန်းပြဿနာက ဆက်ပြီး ရှိနေဦး
မယ်။ အဲဒီသတင်းအချက်အလက်ကို တရုတ်ကိုသယ်ဆောင်သွားပြီး တရုတ်က မြန်မာ
နိုင်ငံနဲ့ပတ်သက်ပြီး သံတမန်ရေးလုပ်ငန်းတွေမှာ ပိုမိုပြီး နိုင်ငံရေးအပြောင်းအလဲတခု
ရဖို့အတွက် ထောက်ခံမှုတွေ၊ အားပေးမှုတွေ လုပ်သွားအောင်ဆိုပြီး အဲဒီသတင်း
အချက်အလက်တွေ ပေးပေးဖို့ ပြောတာပါ။ သမ္မတကိုယ်တိုင်ကလည်း အဲဒီသတင်း
အချက်အလက်တွေ ပေးသွားမယ်၊ ဆွေးနွေးသွားမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။"

သမ္မတဘုရှ်နဲ့ ဒီကနေ့ ဘန်ကောက်မြို့မှာတွေ့ဆုံချိန် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ပလောင်
အမျိုးသမီးအဖွဲ့က လွေအေးနန်း ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတာ
ထိရောက်မှု ရှိ-မရှိဆိုတာကိုလည်း သမ္မတဘုရှ်က မေးခဲ့တယ်လို့ လွေအေးနန်းက
ပြောပါတယ်။ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးချမှတ်လိုက်တဲ့
မြန်မာ့ကျောက်မျက်ရတနာတွေ အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းလို့မရအောင်
ပိတ်ဆို့တားဆီးလိုက်တဲ့ ဥပဒေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့
စီးပွားရေးသမားတွေကို တိုက်ရိုက်သက်ရောက်တာကြောင့် ထိရောက်မှုရှိတဲ့အကြောင်း
သူတို့ ပြန်ပြောပြခဲ့ပါတယ်လို့ လွေအေးနန်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံချိန်ဟာ စုစုပေါင်း ၁ နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး သမ္မတဘုရှ်က သူတို့
တယောက်ချင်းစီ ပြောပြတာတွေကို သေသေချာချာ ဂရုတစိုက်နားထောင်ခဲ့၊ မေးခွန်း
တွေပြန်မေးခဲ့ပြီး အရမ်းကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ရှိပါတယ်လို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတကတော်နှင့်သမီး မြန်မာ ဒုက္ခသည်စခန်း သွားမည်
07 August 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3)
အပြည့်အစုံ - နားဆင်ရန် (MP3)
အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ်ဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာစစ်ပြေး ဒုက္ခသည်များ စခန်းနဲ့ ဆေးကုသစခန်းတို့ကို သွားရောက်ကြည့် ရှုဖို့ပြင်ဆင်နေပါပြီ။

လော်ရာဘုရှ်နဲ့ သမီးဘာဘရာတို့ ဒီနေ့ ဘန်ကောက်ကနေ ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ် ခရိုင်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းသို့ လေယာဉ်ပျံနဲ့ သွားရောက်မှာပါ။ အဲဒီ ဒုက္ခသည်စခန်း မှာ မြန်မာဒုက္ခသည် သုံးသောင်းကိုးထောင်လောက် နေထိုင်ကြပြီး အများစုကတော့ မြန်မာပြည်တွင်းက ဆူပူမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ကရင် တိုင်းရင်းသားများ ဖြစ်ပါတယ်။ တချို့ ဟာ ဒုက္ခသည် စခန်းမှာ အနှစ်၂၀လောက် နေထိုင်နေကြရပြီး မြန်မာပြည်သို့ ပြန်ရေး သို့မဟုတ် အမေရိကန် အပါအ၀င် တတိယ နိုင်ငံတခုမှာ အခြေချနေထိုင် ခွင့်ရရှိရေး စောင့်ဆိုင်း နေကြတယ်လို့ ဆိုပါတယ်။

သမ္မတကတော်ရဲ့  ပြောခွင့်ရ အမျိုးသမီး Anita McBrideက ဒုက္ခသည် လူနာများအား ကူညီ ကုသပေးနေတဲ့ ဆေးခန်းကို သွားကြည့် လေ့လာပြီးနောက် အမေရိကန်မှာ နေထိုင်ခွင့် လျှောက်ထားတဲ့ ဒုက္ခသည်များကို လုံခြုံရေး စစ်ဆေးမှုတွေလည်း ကြည့်ရှုမယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည် သမ္မတဘုရှ်နဲ့ အတူ ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပါတ် ရောက်နေတဲ့ သမ္မတ ကတော်ဟာ မြန်မာ ဒုက္ခသည်များအား ငှက်ဖျား ရောဂါကာကွယ်တဲ့ ခြင်ထောင်များ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ကျောင်းသုံးပစ္စည်း စသည်များကို ပေးလှူလိမ့် မယ်လို့ သတင်းရရှိပါတယ်။

သမ္မတဘုရှ် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာအကြောင်း ပြောဆို
07 August 2008
ဒေါ်ညိုညိုလွင် - အစီအစဉ်ကိုရယူရန် (MP3)
ဒေါ်ညိုညိုလွင် - နားဆင်ရန် (MP3)
အမေရိကန် သမ္မတဘုရှ်ဟာ မနေ့ကပဲ အာရှ(၃) နိုင်ငံခရီးစဉ်ရဲ့ ဒုတိယမြောက် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ရောက်ရှိ ခဲ့ပါပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်တဲ့နေ့မှာပဲ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ထရာဝေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ အကြောင်း အပါအ၀င် အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်ညိုညိုလွင်က အပြည့်အစုံကို တင်ပြပေးပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး နှစ်ပေါင်း ၁၇၅ နှစ်ရှိလာပြီဖြစ်တဲ့ အထိန်းအမှတ်အနေနဲ့ အမေရိကန် သမ္မတဘုရှ် ထိုင်းနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပါတယ်။

သမ္မတဘုရှ်ရဲ့ အာရှ သုံးနိုင်ငံ ခရီးစဉ်အတွင်း တောင် ကိုးရီယားနိုင်ငံ ဆိုလ်းမြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပြီး အလံ ဝှေ့ယမ်း နှုတ်ခွန်းဆက် ကြိုဆိုကြသူတွေရှိသလို ဆန္ဒပြကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။

ရှေ့နှစ် ဇန္န၀ါရီလမှာ အိမ်ဖြူတော်ကနေ ထွက်ခွာရတော့မယ့် သမ္မတဘုရှ်အနေနဲ့ အာရှနိုင်ငံတွေအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့မှာ ထိုင်း ၀န်ကြီးချုပ် စမတ်စွန်ထရာဝေနဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားခဲ့ပါတယ်။

“အစိုးရကောင်းများ ထွန်းကားပြီး လွတ်လပ်ခွင့် ကျယ်ပြန့်လာရေးအတွက် အမေရိကန်နဲ့ ထိုင်းတို့ ပူးတွဲ လုပ်ဆောင်နေကြတယ်။ ထိုင်းနိုင်ငံမှာ ဒီ စံနစ်ပြန်လည် ကျင့်သုံးလာတဲ့အတွက် အဆွေတော်ဝန်ကြီးချုပ်ကို ကျေးဇူးတင်သလို ထိုင်းနိုင်ငံသားတွေကိုလဲ ချီးကျူးဂုဏ်ပြုပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသ ဒီမိုကရေ စံနစ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဒေသ တလျှောက်လုံးမှာ ဒီမိုကရေစံနစ် တန်ဖိုးမြှင့်တဲ့ အဖွဲ့အစည်းများ တိုးပွားအောင် ကျနော်တို့ အတူတကွ ရပ်တည်နေကြပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့လဲ မြန်မာ ပြည်သူပြည်သားတွေအတွက် ကျနော်တို့ လက်တွဲကူညီကြဖို့ လိုပါတယ်။ မြန်မာပြည်မှာ ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်ကလည်း ကျနော်တို့ ချက်ခြင်း အလျင်အမြန်ကို တုန့်ပြန် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ အဲဒီတုံးက ထိုင်းနိုင်ငံအနေနဲ့ အဓိက နေရာက ပါဝင်ဆောင်ရွက် ပေးခဲ့တာကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတုန်း ၀န်ကြီးချုပ် သာ့ဆင်နဲ့ တွေ့ဆုံစဉ်ကလည်း မြန်မာအရေးနဲ့ ပတ်သက်လို့ အခုလို ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။

“မြန်မာပြည်မှာ လွတ်လပ်ခွင့် ရရှိရေးကို ကျနော်တို့ အသဲလှိုက် အူလှိုက် လိုလားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ရင်တွင်းက အလေးထားသလို ခုလို နေနေရတဲ့အတွက် ၀မ်းနည်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို သိပ်ကို မြင်ချင်ပါတယ်။”

မြန်မာ စစ်အစိုးရဟာ မေလက တိုက်ခတ်ခဲ့တဲ့ ဆိုက်ကလုန်း မုန်တိုင်းဒဏ်သင့်သူတွေကို ထောက်ပံ့ကူညီမှုတွေ နှေးနှေးကွေးကွေးလုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ အထူး ဂရုပြု စောင့်ကြည့်မှုကို ခံခဲ့ရတာပါ။

ဒီအတွက် လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ့် ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံ The Nation သတင်းစာ ကာဗီ ချောင်ကစ်တာဗွန် ကတော့ အမေရိကန် အစိုးရက လောလောလတ်လတ် လုပ်ဆောင်ခဲ့တဲ့ မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး သမ္မတဘုရှ်ရဲ့ အခု ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဖိအားပေးပြောဆိုမှုတွေ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် သမ္မတဘုရှ်အနေနဲ့ မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့တာတွေကို အလေးအနက်ထား အထူး လုပ်ဆောင်ပြီး နောက်ဆုံး ဂျိတ်အက်လို့ ခေါ်တဲ့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာ တင်သွင်းရောင်းဝယ်မှုတွေ ပိတ် ပင်တဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် သမ္မတ ရာထူးကနေ အနားယူဖို့ လအနည်းငယ်သာ ကျန်တော့ပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူ အမြဲစဉ်စားနေတယ်ဆိုတာ မြင်နိုင်ပါတယ်လို့လည်း ကာဗီက ပြောဆိုခဲ့ပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ တဦးဖြစ်တဲ့ လယ်ရီဂျာဂင်ကလည်း ဘုရှ်အနေနဲ့ စစ်အစိုးရကို လိမ္မာ ပါးနပ်စွာနဲ့ အပြောင်းအလဲ လုပ်ဆောင်ဖို့ ပြောလိမ့်မယ်။ ဒါမှမဟုတ်လည်း ဆိုင်ကလုန်း မုန်တိုင်းကယ်ဆယ်ရေး ကိစ္စတွေမှာ အာဆီယံ ပါဝင်ဆောင်ရွက်ခဲ့သလို ညှိနှိုင်းပြောဆိုမှုတွေ ရှိလိမ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါဟာ ကြိုးစား လုပ်ဆောင်မှုတခု ဖြစ်ပါလိမ့်မယ်။ သမ္မတဘုရှ်အနေနဲ့ လိမ္မာ ပါးနပ်မှု ရှိမယ်ဆိုရင် တရုတ်နဲ့ ထိုင်း ကို နောက်ကွယ်ကနေ ဖိအားပေး ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံ နှစ်(၂၀) ပြည်နေ့ မတိုင်မီ ရက်ပိုင်းမှာပဲ သမ္မတဘုရှ်က အခုလို ပြောဆိုမှု တွေရှိခဲ့တာပါ။

သမ္မတဘုရှ်ဟာ ဒီကနေ့ နေ့လည်ပိုင်း မှာတော့ မြန်မာ သတင်းသမားတွေနဲ့ မြန်မာအရေး လှုပ်ရှားသူတွေကို တွေ့ဆုံဖို့ ရှိပါတယ်ရှင်။