Monday, August 11, 2008

ခေတ်သစ်မောင်ပေါက်ကျိုင်းဇာတ်


(၁)

" မယားနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်၊ ကြပ်မင်းသားကြီးလို စစ်ဝတ်စစ်စားကြီးနဲ့ဆို၊ တကယ့်ကို ရီစရာကောင်းတယ်၊ ရီစရာ ကောင်းတယ်ရှင် … ၊ "

" ကျွန်မစကားကို မောင်နားထောင်ရင် မယားနိုင်မင်း မဖြစ်ပေမယ့် ကျွန်မကိုမနိုင်တဲ့ ကုလားထိုင်မင်းတော့ ဖြစ်မှာ ဧကန်ပင် ….. ။ "

" ဟေး …. မအိပ်မနေ ခြင်ကိုက်သေ ဒီစကားတွေ တကယ့်ကိုမှန်တယ်၊ အချိန်မှန်မှန် အိပ်ရမယ်ရှင့်၊ အချိန်မှန်မှန် စားရမယ်ရှင့် ..။ "

" ဟေး …. မေးပါများရင် စကားရပေမယ့် chatting မိန်းကလေး လှလှတွေနဲ့ စကား မပြာရပါဘူးရှင် .."
" ဟေး …. သွားပါများရင် ခရီး ရောက်တယ်တဲ့ လည်တာသွားတာ တားရမယ်ရှင် .. "
" ဟေး …. ကျားကြောက်လို့ ရှင်ကြီးကိုး ကျားထက်ပင် ဆိုးမဲ့ဟန်ပြင် .. ။ ….. "
" သ၀န်ကြောင်တာ မဟုတ်ဘူးရှင် ကျမကြင်နာတဲ့ သခင် ..။ ….. "
" အိမ်ထောင်ရေးမှာ အရေးကြီးတာက ဒန်အိုးဒန်ခွက်ပင် .. ။ ….. "
" မိန်းမသားတွေရဲ့ သခင် တွယ်တာစရာ တစ်ဦးတည်း ချစ်လင် အားကိုးကာ ပေါင်းရတယ်ရှင် … ရှင် .. ရှင့် .. "

ဟူ၍ .. တခေတ်တခါက အနှစ်ပါပါ ရေဒီယို ကျော်ကြား သီချင်းတစ်ပုဒ်ဖြစ်တဲ့ နဂါးနိုင်မင်း (မှားရင်လည်း မောက်စ်လေးနဲ့ ထောက်ပြတော် မူကြပါ၊ ) ကို ဒီစာနဲ့ ကိုက်ညီအောင် ပြန်လည် ပြုပြင်ထားတဲ့ “ကုလားထိုင် မင်း” သီချင်းလေးဆုံးတယ်ဆိုရင်ပဲ … ခေတ်သစ်မောင် ပေါက်ကျိုင်းကား ဤသို့ဤနှယ် ဖြစ်ချေတော့၏။

တိုင်းမသိ ဗာရာဏသီဆိုတဲ့အတိုင်း ဗာရာဏသီ ပတ်စပို့ကိုင်၊ စတိုင်က မောက်ကြွား၊ “ ဟောက် တိုင်းမကြောက်တဲ့ ကပေါက်ကျိုင်း ဟဲ့ .. ” လို့ (ကိုယ့်ဘာသာကိုယ်) ကြွေးကြော်လေ့ရှိသူ ဥမယ်စာမြောက် လူငယ်လေး တစ်ယောက် ဟာ University တက္ကသိုလ်ပြည်ကြီးမှာလ၊ ပညာ ဆည်းပူးဖို့ အမိအဖက အစိမ်း ဒေါ်လာ အထပ်လိုက်ကို တစ်သိန်းသော်မက မပြတ် ပို့ပေသော်ငြား၊ မောင်ပေါက်ကျိုင်း မတော့ Club လျှောက်တက်နေတာက တမျိုး၊ ငါးသောက်နေတာက တသွယ်၊ weed ရှိုက်နေတာက တမည်၊ ဤသုံးလီမက၊ ရသမျှ အဿပြာတွေ ဖြုန်း၊ နည်းစုံကာ အချိန်ကုန် နေတာရယ်ကြောင့် တက္ကသိုလ်ကြီးရဲ့ ပရော်ဖက်ဆာ ချုပ်ကြီးခမျာ လက်လျှော့လိုက် ပါသတဲ့ .. (လျှော့ဆို သူ့ အောက်က စာထောက် ချပေးတဲ့ ပါမောက္ခလေးက ခုလိုပြောဆိုသကိုး ..၊ မနိုင်တာ၊ မနိုင်တာ .. ။)

ပါမောက္ခ ။ ။ " ဆရာကြီး .. အခု ဆရာကြီးကျွန်တော့် အပ်ထားတဲ့ ပေါက်ကျိုင်းကတော့ ကျွန် တော် ကြားဖူးတဲ့ ရှေးနဂါးနိုင် ဇာတ်ထဲက နဲ့ လုံးလုံးကို မတူဘူးခင်ဗျ။ ဆရာကြီးတာဝန် ပေးလို့ သာ ကျွန်တော် သင်ပေးနေရတယ်။ သူဟာ စာပေဆိုတာကို တယ်စိတ် မ၀င် စားဘူးဘဲ..။ "

ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ဟုတ်သလား .. အေး .. ကျုပ်ကလည်း မကောင်းတတ်လို့ လက်ခံထားရတယ်။ သူရို့အမိအဖက ငါ ဆရာ ကြီးဆီမှ အပ်ချင်ပါတယ်ဆိုတော့၊ သိပ်ပြီး မငြင်းချင်လို့ ဆရာလေးရယ်။ ခက်ပါဘိတော့ ..၊ ထောက်ထား ရမှာတွေကလည်း ရှိသကိုး..။ "

ပါမောက္ခ ။ ။ " ကျွန်တော် သိသလောက် အဲဒီပေါက်ကျိုင်းလေးဟာ ဘယ်လိုနည်းနဲ့မှ အသိပညာ အတတ်ပညာ သင်ပေးလို့ မရနိုင် ဘူးခင်ဗျ။ သူစိတ်ဝင်စားတာ တခြား၊ ကျွန်တော်တို့ တက္ကသိုလ်ကြီးက သင်ပေးနိုင်တာက တမျိုး ..ဆိုတော့၊ သူ့အမိအဖ မျက်နှာ ထောက်ရမယ် ဆိုလည်း တစ်ခုခုတော့ စီစဉ်ပေးပါဦးဆရာကြီး။ နို့မို့ရင် ကျွန်တော်တို့ တက္ကသိုလ်ကြီးလည်း သူ့ကြောင့် ဂုဏ်ပျက်ရသလို သူ လည်း အချိန်ကုန် လူပမ်း၊ ဘယ်နည်းနဲ့မျှ ရှေ့ရေး လှနိုင်မယ်မထင်ပါဘူး ခင်ဗျာ ..။ "

ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ဟုတ်ပါပြီကွယ်၊ ဒီအတိုင်း ဟုတ်မှန်ရာပြောပြီး ပြန်လွှတ်လိုက်ရင် နောက်ဆို သူတို့ တိုင်းပြည်က ကျောင်းသား အသစ်ရဖို့ ခက်ပြီ၊ ဘာသင်သင် မတတ်ပဲ လွှတ်လိုက်ရင်လည်း ဆရာလေး ပြောသလို ကျုပ်တို့က မကောင်း ဖြစ်ရော့ မယ်။ "

အခုခေတ်မှာ ရုရှားတက္ကသိုလ်ကြီးများနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းရိုက်စားကြသလိုပဲ ဆိုပါတော့ ..

ဒီလိုနဲ့ ပရော်ဖက်ဆာကြီးဟာ အတန်ကြာ စဉ်းစားပြီးတော့ သူ့ရဲ့ တပည့်ကျော် မောင်ပေါက်ကျိုင်းလေးကို ခေါ်ပြီး ခုလို မိန့်မှာပါတယ်။

ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ကဲ .. ကဲ .. တပည့်မောင်ပေါက်ကျိုင်း၊ ဆရာကြီးတို့ ဆီမှာ အမောင် ပညာရည်နို့ သောက်စို့ခဲ့တာ ခုဆို ရင် ဂျီမေးလ်၊ ရာဟူး အထူးတတ်မြောက်ခဲ့ချေပြီ၊ (ဟုတ်ပါဘူး၊ မှားလို့) အဲ အဲ .. ယောင်္ကျားတို့ တတ်အပ်တဲ့ အဌာရဿ (၁၈) ရပ်ကို တော့ ဒီ ကျောင်းတော်ကြီးက အစွမ်းကုန် သင်ပေး လိုက်ချေပြီ။ သို့ပေမယ့်၊ အမိတက္ကသိုလ်ကြီးက အမောင်ပေါက်ကျိုင်းကို ကျောင်းပညာ အရာမှာ ဒေါ်လာအစိမ်း မျက်နှာနဲ့ တော်ရာမနှေး တစ်သက်စာ ဘွဲ့လက်မှတ်ကြီးကို အပ်နှင်းလိုက်ပြီဆိုသော်ငြား၊ အဟမ်း ဟမ်း .. ဘ၀ တက္ကသိုလ်ဆိုတဲ့ ဇာတ်ခုံကြီးမှာ ဆက်လက် လျှောက်လှမ်းဖို့တော့ မပြည့်စုံသေး။ အဟမ်း ဟမ်း .. မောင်ပေါက် ကျိုင်း .. ဆရာကြီး မိန့်မှာ တာ သဘောကော ပေါက်ရဲ့လားကွယ် .. မင်းကြည့်ရတာ ရီဝေယံ မျက်ခွက်ကြီးနဲ့ ပါလား .. "

ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ ဆရာကြီး၊ သဘောရော လူရော ပေါက်ပါတယ်။ ကျွန်တော် နဲနဲ ကွဲနေလို့ပါ။ "

ပရော်ဖက်ဆာချုပ်ကြီး ။ ။ " အိမ်း .. အိမ်း .. ကောင်းပါပေ့တော့။ ဒါကြောင့် အမောင့်အနေနဲ့ ဒီကျောင်းကနေ ပညာသင်ယူမှုကတော့ ဆုံးခမ်းတိုင်ပြီပေါ့။ ဒို့လက်ကလွတ် .. ဗလွတ် .. (အဲ .. မှားတာ .. မှားတာ..)၊ အင်း အင်း .. ဘ၀တက္ကသိုလ်လွင်ပြင်ကျယ်ကြီးကို လျှောက်လှမ်းရာမှာ အမောင်ပေါက်ကျိုင်း အနေနဲ့ လိုက်နာရမဲ့ အရေးအကြီးဆုံး စကားကြီးသုံးခွန်းကို မှတ်သားသွားစေချင်တယ်ကွဲ့ .."

ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ခင်ဗျ။ မှတ်သားပါ့မယ်။ "

ပရော်ဖက်ဆာ ။ ။ " အေး .. အဲဒီစကားကြီး သုံးခွန်းကတော့ နံပါတ်တစ်.. မအိပ်မနေအသက်ရှည်၊ နံပါတ်နှစ်.. မေးပါများ စကားရ၊ နဲ့ နောက်ဆုံးနံပါတ်သုံးကတော့ သွားပါများခရီးရောက် ဆိုတဲ့ စကားတွေပဲ။ အမောင့် အနေနဲ့ ဘယ်အရာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ခု ဆရာကြီး မိန့်မှာခဲ့တဲ့ စကားကြီး သုံးခွန်းအတိုင်း သင့်တော် သလို လိုက်နာ ကျင့်ကြံနေထိုင်ပေတော့ကွယ် .. ။ "

ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့၊ ကျွန်တော် မှတ်သားလိုက်နာပါ့မယ် ဆရာကြီးခင်ဗျား ….။ "

အဲသလိုမျိုး အရေးအကြီးဆုံး မှတ်သားဖွယ် စကားကြီးသုံးခွန်းနဲ့ ဆရာကြီးဟာ မောင်ပေါက်ကျိုင်းကို Graduate လုပ်ပေးလိုက်ပါသတဲ့။

ဒီလိုနဲ့ တက္ကသိုလ်ဘွဲ့ရ ပညာတတ်ကြီးလို့ သွေးတွေ နားထင်ရဲ့ဟိုးအပေါ်ဘက်ကို ရောက်သွားတော် မူရှာတဲ့ အနှီ မောင်ပေါက်ကျိုင်း လေးဟာ .. သူခြေဦးကို GPRS လို သဘောထား၊ ကားယားကားယားနဲ့ ကျောမှာ Laptop လွယ်၊ ယယ်ကလယ် ကယ်ကလယ်နဲ့ ခရီးသဝေ ထိုးသွားလိုက်တာ၊ ဆွေမျိုးများက Online မှာတောင် သူ့မတွေ့တာကြာပေါ့ လို့ ညည်းညူရသတဲ့။ မတွေ့ဆို laptop လွယ်ပေမယ့် လမ်းမှာ မီးမရဘူးလေ၊ မီးမရဘူးဆို မြန်မာပြည်ထဲ ရောက်နေတာ။ မြန်မာပြည်ထဲရောက်နေဆိုတာကဆရာကြီးရဲ့ နောက်ဆုံးစကား ကြီး “သွားပါများ ခရီးရောက်” ဆိုတဲ့အတိုင်း ကျင့်ကြံနေတာပါဘဲ။ ခရီးရောက်မရောက်တော့ မသိ၊ ကြပ်ပြည် တော့ ရောက်နေပြီ။ ဆက်ကြည့် ရအောင်။

အဲသလိုမျိုး ခြေစင်္ကြာဖြန့်ရင်း တစ်နေရာမှာရပ်မိတော့ လွင်တီးခေါင်ပြင်ကြီးထဲ ခြုံပုတ်ကအစ မီးထိန်ထိန် လင်းနေတဲ့ တိုင်းပြည်ကြီးကို တွေ့တယ်။ ဒါနဲ့ ၀င်ကြည့်ဦးမှပဲ ဆိုပြီးဝင်လိုက်တာ .. အလားလား တိုင်းပြည်ကြီး က “ သေပြည်တော် ” ဆိုပဲ။ မောင်ပေါက်ကျိုင်းလေး ပါးစပ်ရော မျက်စိပါ ဟောင်းလောင်း ဖြစ်သွားရတယ်။

သူစိတ်ဝင်စားသွားပြီ။ .. ဆိုတော့ အင်မီဂရေးရှင်း ကောင်တာနား ကပ်သွားပြီး ဆရာကြီးရဲ့ ပထမဆုံး စကားကြီးကို လက်တွေ့ အကောင်အထည် ဖေါ်ပါတော့တယ်။ ဒါပေမယ့် မေးပါးများစကားရဆိုတာ ဒီနဂါးနိုင် ဇာတ်မှာ ချက်ချင်း အတိအကျ မရဘူးဖြစ်နေတယ်။ သို့သော် မောင်ပေါက်ကျိုင်းလေးက တက္ကသိုလ်ကြီးက ဘွဲ့ကြီးကြီးရလာတာပဲ မဟုတ်လား၊ စီးကရက်တစ်တောင့် ထိုးထည့်ပြီး စကား ကြီး နံပါတ်တစ်ကို တရစပ် ပစ်သွင်းပါတော့တယ်။ ဒါနဲ့ပဲ အဖိုးတန် စကားလေးတစ်ခွန်းကို ကြားလိုက်ရတယ်ဆိုပါတော့။

ဟိုကလည်း တိုးတိုးလေး ကပ်ပြောတာမျိုး။ စီးကရက်တစ်တောင့်လေ ..

" ဒီသေပြည်တော်မှာ အနယ်နယ်က လူကြီးသားများအား အထူးလိုလားနေကြောင်း .. "

ဒါနဲ့ မောင်ပေါက်ကျိုင်းဟာ ချက်ချင်းပဲ အတွေးပေါက်ပြီး အဲဒီက အရာရှိကြီးကြီးတစ်ယောက်ကို Duty Free က ဘလက် လေဘယ်လ် တစ်လုံး ထောင်ပြပြီး ကျွန်တော်ဟာ နိုင်ငံတစ်ခုက အရေးပါ အရာရောက်တဲ့ လူကြီး တစ်ယောက်ရဲ့ သားပါ.. လို့ ရွှီးပါများ စကားဖြစ်လုပ် လိုက်ပါတော့တယ်။

သိပ်မကြာပါဘူး .. အမဲဖမ်းတဲ့ မျက်လုံးတွေနဲ့ လူစိမ်း (အစိမ်းရောင်ဝတ်များ) ရောက်လာပြီး သေပြည်တော်က ကြက်ဆူပင်မင်းတရားဆီ ပို့ ဆောင်လိုက်ကြသတဲ့ ..။

မောင်ပေါက်ကျိုင်းလေးဟာ စကားကြီး နံပတ်တစ်နဲ့ အလုပ်ဖြစ်ခဲ့ပေမယ့်၊ မေးရန် တစ်ခုတော့ ကျန်ခဲ့ရှာပါ တယ်။ ပညာရှိသတိဖြစ်ခဲ မဟုတ်ပေလား … ။

ဒီတိုင်းပြည်ကို အခြားသော ခုနှစ်ပြည်ထောင်က မင်းသားတွေ ဘုရင်လာလုပ်ကြတာ တစ်ညပဲခံပြီး ရှောကုန် ကြသမို့ အီးယူတွေ၊ အာစီယံ အဖွဲ့ဝင်နိုင်ငံတွေက လူကြီးသားတွေ၊ ပြီးတော့ ဒီနိုင်ငံကစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သား၊ စစ်ဗိုလ်လေးတွေတောင် အနားမကပ်ဝံ့ကြဘူး တဲ့ကွယ် .. ။ လက်ရှိ နိုင်ငံရဲ့ ဥလျှောင် မင်းတရားကြီးက သူရှောနင်းကီးကာနီးပြီဆိုတော့ကာ ဆက်ခံမဲ့ ဘုရင် အသဲအသန် လိုအပ်နေ တာလည်း ဖြစ်နိုင်မှာပေါ့လေ။

ပြီးတော့လည်း ဘုရင်လုပ်သူတွေ တစ်ခါ သေဆုံးပျက်စီးပြီးတိုင်း ရှေးတရုတ်သိုင်းကားတွေထဲကလို နံရံမှာ သွေးတွေနဲ့ ဟောသလို ရေး ရေး ထားခဲ့ပြန်သတဲ့။

“ နောက်တစ်ခါ အာဏာသိမ်းရင် ဆက်ဒန်ဟူစိန်လိုဖြစ်အောင် လုပ်ပစ်မယ် ”

အဲဒီလိုမျိုး အကြိမ်းခံထားရတာကြောင့် သေပြည်တော် မင်းတရားချုပ်ကြီးခမျာ ဘုရင့် ယောက်ခမတော် ရာ ထူးရယ်၊ စစ်ဦးချုပ်ရာထူး ရယ်နဲ့ ရှိသမျှငါပိုင် ရာထူးလောက်သာ ယူထားပြီး သူ့ပါမစ်ပါမှ အီးပေါက်ခွင့်ရှိတဲ့ ဘုရင်ဆိုသူကို သမီးနဲ့ပေးစားပြီး ကျေနပ်နေရသတဲ့ ..

ခုနက မောင်ပေါက်ကျိုင်းလေးခမြာ စကားကြီး နံပါတ်တစ်တော့ အကျိုးပေးပြီဟေ့ .. လို့ ပျော်ရွှင်စွာ လိုက်သွား ပေမယ့် သေပြည်တော် ကြက်ဆူပင် မင်းတရားရှေ့မှောက် ရောက်တဲ့ အချိန်မှာတော့ မင်းတရားကြီးစကား ကြားပြီး၊ သူ့မျက်ခွက်ဟာ ထီပေါက်ပြီးမှ အခွန် မဆောင်ထားလို့ ငွေမရတဲ့အပြင် လူပါ အချုပ်ထဲ ရောက်တော့ မဲ့ စီးပွားရေးသမားလို ဖြစ်သွားပါတယ်။

မင်းတရားကြီး ။ ။ " ကဲ.. မောင်မင်း ရှင်းရှင်းပဲပြောမယ်။ ဒီနိုင်ငံမှာ ဘုရင်လုပ်မလား . သူလျှိုဆိုပြီး အဖမ်းခံ မလား ...။ "

မောင်ပေါက်ကျိုင်း ။ ။ " ခင်ညာ .. ကျနော့်ကို ဧည့်သည်လုပ်ဖို့ ခေါ်လာတာလား..၊ ပေါ်တာဆွဲလာတာလား ခင်ည .. ။ "

သလွန်ပေါ် ဟန်တစ်ခွဲသားနဲ့ပေမယ့် ၀ဲစားဟန်ပေါက်နေရှာတဲ့ မိဘုရားထွဋ်ခိုင် မယ်လဒကြိုင်ကြီးက၊ သူလည်း ပါဝါရှိတယ်ဆိုတာ ပြချင် ဇောနဲ့ ခုလို ၀င်ငေါက်ပါတယ်။

မိဖုရားကြီး ။ ။ " မဟုတ်ဘူး .. မင်းကို နွားမရွံ့ပိတ်လုပ်ဖို့ ခေါ် .. အဲလေ .. အို..မောင်တော်သန်းကလည်း.. မိဘုရားလုပ်မယ့် သမီး တော်လေးနဲ့ ပေးတွေ့ ချည်ပါဦး ..။ "

မင်းတရားကြီး ။ ။ " အေး..ဟုတ်တယ်.. ငါ့သမီးတော်လေးကိုကြည့်ချေဦး .အမြည်းပေါ့၊ ဟဲဟဲ .. ခြင်ဖိုတောင် မသန်းဘူး ..ဆင်ဖိုပဲ သန်းတဲ့ သမီးတွေလေ၊ သမီးထွေးလေး စက်တော် ခေါ်နေတယ်လားမသိ၊ ဟဲ့ .. သမီး ငယ် ..၀က်သန္တာခွေရေ .. ။ "

သမီးတော်လေးမှာ အထွေးဆုံးဆိုသော်ငြား အိုလှပြီ။ မျက်နှာတော်က မေးနှစ်ထပ်နှင့် ခွေးဆပ်ကပ်ထဲက ခေါင်း ဆောင် ခွေးဘီလူးနဲ့ နင်လားနင်လား။ အတွင်းဆောင်မှ ကပိုကယိုနှင့် မိန်းမတန်း ရဲဖမ်းသလို ထွက်လာသော အမူအရာကား .. မြို့တော်ဝန်ဟောင်း ငကို လေးပင် မယားစိတ် ကုန်သွားနိုင်၏။

သမီးတော်လေး ။ ။ " ဖျာ ဖျာ့ .. ဒယ်ဒီဘုရား .. ဒယ်ဒီဘုရား .. သမီးတော်ကိုခေါ်တယ်ဆို ..ဆို..ဆို………….. "

မောင်ပေါက်ကျိုင်း ။ ။ " အမငီး . ဒါကြီး .. ဒါကြီး =ကသမီးတော် .. သမီးတော် သမော်ဒီး .. အပျော်ကြီးတောင် ကြံချင်ဝူးဂျာဂစ် ..။ "

မောင်ပေါက်ကျိုင်းလေးခမျာ သနားစရာ ကောင်းလှသည်။ သေပြည်တော်မှ ကြက်ဆူပင် မင်းသမီး၏ ၀သောခန္ဓာ၊ အမေရိကန်ပြည့်ရှင် သမီးတော် လော်ရာဘုရှ်ပင် မထားဖူး၊ မကြံစည် ဖူးရှာသော မောက်မာသည့် မျက်နှာထား ကပ်ထားသော မယ်ကုဝဏ် ၀မ်းရှောပြီး ကာစ သကြားမပါ သံပုရာရည် သက်သက် သောက်မိ၍ ဖြစ် လာရသော မျက်နှာထားပိုင်ရှင် ၀က် သန်ဒါခွေကို မြင်ရသည့်အခိုက် နှလုံး လေစိမ်း ရိုက်ကာ မူးမေ့သွား ရှာလေ၏။

(၂)

အိပ်မက်လေလား ၀ိုးတ၀ါးပေါ့။ အမှန်က ပေါက်ကျိုင်းတို့ ဆရာကြီး၏ ဒုတိယမြောက် စကားကြီးအတိုင်း လိုက်နာ ကျင့်သုံးနေခြင်းသာ ဖြစ်သည်။ ခဏတာမျှ သတိ လွတ်သွားသော်လည်း အသိပြန်ဝင်သည့်အခိုက် မအိပ်မနေ အသက်ရှည် ဆိုတဲ့အတိုင်း သတိရနေတာကို ဒီအတိုင်း ဆက်ပြီး မေ့ချင် ယောင်ဆောင်နေတာလေ။ အဲဒီလို မှိန်းနေတုန်းမှာဘဲ ၀က်မကြီး သန်ဒါခွေပြောတဲ့ စကားကို ကြားလိုက်ရတဲ့ အခါမတော့ ငါ .. ပေါက်ကျိုင်း တစ်ခါတည်း အသက် ပါမသွားတာ မှားလေခြင်းဟု နောင်တ ရနေမိတော့သည်။

ဝက်သန်ဒါခွေ ။ ။ " မောင်တော်ဖျာ့ ..မောင်တော်ဖျာ့ .. ဒါပဲနော်.. မောင်တော့် အိုပယ် မိန်းမကြီးကို မမြင်ချင် ဘူး ကြောင်တောင် နှိုက်တယ်ပဲဆိုဆို၊ ခွက်ပုန်းခုတ်တယ်ပဲ ပြောပြော၊ သူများလင် လုရုံပဲ လုပြီး ကြာခိုတာ အပြစ် မဟုတ်ဘူး ..နော်နော်.. ။ "

ကိုကိုဇော် ။ ။ " ဒီနိုင်ငံမှာ ဘုရင်လုပ်သမျှ အကောင်တွေ ကိုကိုဇော် ပေါက်သတ်ရတာ မောလှပါပြီ နှမတော် ရယ်၊ မင်းတို့ နိုင်ငံက တဗိုလ်ဆင်း တဗိုလ်တက်နဲ့ အကောင် လုပ်ချင်တဲ့ ကောင်တွေ တယ်ပေါများတာကိုး ကွဲ့ ..။ "

တစ်ဆက်တည်း ဘယ်ကမှန်းမသိ၊ သူတစ်ခါမျှ မကြားဖူးတဲ့ ယောင်္ကျားသံ တစ်သံကို ထပ်ကြားရတဲ့ အခါ မောင်ပေါက်ကျိုင်း ချက်ချင်း ပင် အသက်ထွက်ချင်စိတ် ပေါက်မိတော့၏။ သို့သော်လည်း သိချင်စိတ်ကြောင့် အသက်လေး မှန်မှန်ရှူကာ ဆက်နားစွင့်မိသည်။

".. ဒါတောင်တူများရုပ်ကြီးကို အော်ဂလီဆန်တာက တကြောင်း ဒီနိုင်ငံက အကောင်လုပ်ချင်တဲ့ စစ်ဗိုလ်တွေကို ၂၅၀ပေးပြီး ရုရှား လွှတ် ထားတာက တကြောင်းကြောင့် ရှိကိုမရှိတာ။ အခုရောက်နေတဲ့အကောင်လည်း ကိုကို ပေါက်သတ်လိုက်ရင် တချက်တည်းနဲ့ ကိုသေမှာပါ .. နော် .. ကိုကိုဇော်ရယ်.. ။ "

ဟိုက်ရှားပါး..၊ အောင်မယ်လေးဗျာ၊ ခုတမျိုး တော်ကြာတမျိုး၊ မျက်နှာများတဲ့ ဒဿဂီရိလို ၀က်မ ပါလား၊ ကြည့်စမ်းဝက်သန်ဒါခွေ၊ သင်း ဟာ နဂါးနဲ့ တောင်မရှောင်ဘူး .. ၊ နဂါးဆီကတောင် လင်ခိုးတာကိုး ဒီပြိတ္တာမ နှယ်…ကျွတ်..ကျွတ်..

မောင်ပေါက်ကျိုင်းလည်း ကြံမိကြံရာ သူ့ laptop လေးကို ကိုယ်ပေါ်တင်ပြီး ဖက်ထားမိသတဲ့။

အဲဒီအခိုက်မှာ ..

နဂါးမယား ငုတ်တုတ်နဲ့ပေမယ့် ခြံခုန်ချင်ရှာတဲ့ ငဇော်ဟာ မွှန်ထူပြီး အားရပါးရ ပေါက်ချလိုက်တာ၊ ပေါက်ကျိုင်း မထိပဲ သူ့အစွယ်ဟာ ပေါက်ကျိုင်း ရင်ဘတ်ပေါ်က Laptop နဲ့ ညိပြီး ဓာတ်လိုက် သေရှာပါလေရော .. (မယုံဘူးလား သေပြည်တော်မှာ ခြုံပုတ်တောင် မီးလင်းပါတယ် ဆိုမှဘဲ .. )

(၃)

အဲဒီကတည်းက မောင်ပေါက်ကျိုင်း ရူးသလိုလိုနဲ့ အခန်းထဲက ဆင်းပြေးပြီး၊ သေပြည်တော် မြို့မဈေးနားက တည်းခိုခန်းနားမှာပဲ နေလိုက်တာ ထောက်လှမ်းရေးကတဆင့် သမီးတော် ၀က် သန်ဒါခွေက ဆင့်ခေါ်မှပဲ သေပြည်တော် နန်းဆောင်ထဲ ၀င်ခစားတော့၏။

ဝက်သန်ဒါခွေ ။ ။ " ကဲ မောင်မင်း နင်လုပ်လို့ ငါ့တိတ်တိတ်ပုန်းလင်သေပြီ။ ငါ့ရုပ်ငါ့ရည်နဲ့ ဒီတသက် လင် မရတော့လို့ သူများလင် နှိုက်ထားရတာ .. ခု .. နင်လုပ်တော့ ငါ့မှာ အရှက်လည်းကွဲ၊ လင်လဲဆုံးပြီ။ "

ပေါက်ကျိုင်း ။ ။ " အမ်မလေး ကျွန်တော်မျိုး ငပေါက်ကျိုင်း အမိုက်အမဲလေးမို့ တစ်ကြိမ်တစ်ခါ ခွင့်လွှတ်ပါ ခညာ .. ။ "

ဝက်သန်ဒါခွေ ။ ။ " ဟွင်း ဟွင်း .. ငါဟတ်ထိတဲ့ ကေ့စ်မှာ လာကပ်ညိတဲ့ မောင်မင်းကို ဘလိုင်းတော့ မသတ် ဘူး။ ကဲ.. ဒီတော့ ငါမေး တဲ့ မေးခွန်းသုံးခု နင်ဖြေ။ မဖြေနိုင်ရင် နင်အသေဘဲမှတ်။ နင့်ကို သတ်မယ်၊ သတ် မယ်.. ။ "

ဟုဆိုကာ အမေဂျမ်းဝင်သည့်နှယ် ခုန်ပေါက်နေလေသည်။

ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ခည၊ အမိန့်ရှိပါ။ ကျွန်တော် ကြိုးစားဖြေပါ့မယ်။ "

ဝက်သန်ဒါခွေ ။ ။ " အေး .. ကဲ .. ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ်ဆိုတာ .. ဘာလဲ ဖြေစမ်း .. "

မောင်ပေါက်ကျိုင်းလည်း မတတ်သာတာကြောင့် ဟန်းဖုန်းကို ဟန်ပါပါထုတ်ဆက်ကာ ..သူ့ခမည်းတော်ရှိရာ တိုင်းပြည်သို့ ဖုန်းခေါ် လေတော့သည်။

" ဒယ်ဒီ.. ဒယ်ဒီ ..Help me please ? "

" What up သားတော် ? "

((%&^*&^)@*($@()$&) ..

" ကဲ..သားတော် don't warry .. ဒယ်ဒီ Google Search ကနေရှာမယ်။ "

" Call me back Okiee ?? "

အဲဒီလိုမျိုး အချီအချနဲ့ သားအဖတတွေ ပြောဆိုပြီး သကာလမှာ အင်တာနက်ကနေ အဖြေ ရှာတွေ့သွားသော ပေါက်ကျိုင်းလည်း ၀မ်း သာ အားရ မှိုရသည့်မျက်နှာပေးနဲ့ ..

" ကဲ .. နှမတော် Listen up ..
ထောင်ပေးလို့ဆုတ်
ရာပေးလို့ချုပ်
ချစ်သူအရိုးဆံထိုးလုပ် ဆိုတာ ..
ခင်ညားကြီး ယောင်္ကျားအလောင်း နားရေးကူညီမှု လက်မအပ်ခင်ကို FEC တစ်ထောင်ပေးပြီး အရေကိုဆုတ် ..၊ ပိုက်ဆံအိတ်ချုပ် အရိုးကို ကျတော့ ဆံထိုးလုပ်ထားတာကိုပြောတာမှလား .. ငွား..ငွား.. ငါတဲ့ မောင်ပေါက် ကျိုင်း .. "

ဝက်သန်ဒါခွေ ။ ။ " ဟားးးးးးးးးး ဟားးးးးးးးးးးးးး……………၊ နင်က .. လက်စသတ်တော့ အင်တာနက်မှာ ဟိုမွှေ ဒီမွှေ စပ်စပ် စပ်စပ်နဲ့ လက်သရမ်းတဲ့ နယ်ခြားမဲ့ Blogger အင်တာနက်သမားကိုး …။ ငါတို့က Blogger ဆိုရင် ဘယ်သူ့ကိုမှ မရှောင်ဘူးဟဲ့ .. ငဲ့ .. ငဲ့ …။ "

မောင်ပေါက်ကျိုင်း ။ ။ " ညာ .. ( ခင်မျာတောင်မထွက်နိုင်ရှာတော့) "

ဇာတ်ပေါင်းသော် .. မောင်ပေါက်ကျိုင်းကား သီအိုရီ မှန်သော်ငြားလည်း ခေတ်ပျက် လူလုပ်ဝင် မိသဖြင့်၊ ဘုရင် မဖြစ်ရရှာပဲ ထောင်ထဲဝယ် နိုင်ငံတော် ပုန်ကန်မှုဖြင့် စံမြန်းရလေတော့သတည်း။ ။

မလေးမေ ရေးသားတင်ဆက်ပါသည်။