Tuesday, August 12, 2008

နှစ်ပေါင်းနှစ်ဆယ်

ကျော်ဗလ
ရှစ်လေးလုံးအရေးတော်ပုံသည် ယခု နှစ်ပေါင်းနှစ်ဆယ်တိုင်ခဲ့ပြီ

ယင်းသို့သော အခါသမယတွင် အတွေ့အကြုံကို သင်ခန်းစာထုတ် နိဂုံးချုပ်ရန် လိုပေလိမ့်မည်။ အတိတ်က သင်ခန်းစာထုတ်ခြင်းမှာ သမိုင်းတရားခံရှာပြီး နိုင်ငံရေးစွဲချက်တင်ရန် မဟုတ်ပါ။ နောင်မမှားအောင် ပြုပြင်ဖို့သာဖြစ်ရပါလိမ့်မည်။ ထိုသို့ဖြစ်ရန် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ စသည့်အစွဲအလမ်းများကင်းပ၍ ဓမ္မဓိဋ္ဌာန်ကျစွာ ပကတိဖြစ်ရပ်များနှင့် ကိုက်ညီလက်တွေ့ ကျရန် လိုပါလိမ့်မည်။

ရှစ်လေးလုံး အရေးအခင်းကြီးမှာ ဘာကြောင့် ဒီမိုကရေစီတိုက်ပွဲဟာ အောင်ပွဲမရခဲ့တာလဲ။ နိုင်ငံရေးအင်အားစုနှင့် ပြည်သူလူထုဘက်က ပြောရရင် တစည်းတလုံးတည်း မညီညွတ်နိုင် ခဲ့ကြလို့ ပြောရပါလိမ့်မည်။

ဘယ်သူတွေ မညီညွတ်တာလဲဆိုရင် အဓိကကျတဲ့ခေါင်းဆောင်တွေ မညီညွတ်တာလို့ဆိုရမှာပါ။ ဒါကို “ခေါင်းဆောင်မှုပြဿနာ” လို့ ယေဘုယျပြောဆိုနေကြတာ မပြည့်စုံ မလုံလောက်ပါဘူး။

ဒီခေါင်းဆောင်မှုပြဿနာကို ဗမာပြည်က အရေးအခင်းတွေ နောက်ပိုင်းမှ ဖြစ်ပေါ်ခဲ့တဲ့ ဖိလစ် ပိုင်ပြည်သူ့တော်လှန်ရေး အောင်ပွဲရခဲ့တာနှင့် ယှဉ်ထိုး ပေါင်းချုပ် သင်ခန်းစာထုတ်ရရင် “ဗမာပြည်မှာ ကိုရာဇန်အကွီနိုလို ခေါင်းဆောင်မျိုးရှိခဲ့ပေမယ့် ရာမို့စ်လိုခေါင်းဆောင်မျိုးတော့ မရှိခဲ့ဘူး” လို့ ပြောရပါလိမ့်မယ်။

အကွီနိုလို ရဲရင့်တက်ကြွပြီး ပြည်သူချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရှိခဲ့ပေမယ့် စစ်တပ်ကို ဖြိုခွဲပြီး အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းလှည့်ပေးနိုင်စွမ်းတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ရာမို့စ် လို ပုဂ္ဂိုလ်မျိုး မပေါ်ခဲ့ဘူး။ စစ်တပ် မပြိုကွဲတော့ စစ်အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်သလို၊ ဒီမို ကရေစီလည်း မရနိုင်ခဲ့ကြဘူး။

စစ်တပ်ပြိုကွဲအောင် ဘာကြောင့် မဖြိုခွဲနိုင်တာလဲ

တကယ်က ရှစ်လေးလုံးကာလမှာ ဗိုလ်နေ၀င်း စစ်တပ်လည်း ကွဲအက်ပဲ့ထွက်နေကြပါပြီ။ ဒါကို ခေါင်းဆောင်မှုက အလေးထားကိုင်တွယ်မှု အားနည်းခဲ့ကြတာပါ။ ဒီလိုဖြစ်ရတာ ခေါင်းဆောင် မှုမှာ တော်လှန်ရေး စကားလုံးသာရှိပြီး တော်လှန်ရေးစိတ်ဓာတ်နှင့် အတွေးအခေါ် မရှိခဲ့ကြလို့ပါ။ စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုး စစ်တပ်ကို ဖြိုခွဲပြီး ပြည်သူ့လက်နက်ကိုင် အင်အားတရပ်ကို ထူထောင်ဖို့ မကြိုးစားခဲ့ကြဘူး။ အဆိုးဆုံးကတော့ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ် နိုးကြားတက်ကြွမှုအမြင့်မားဆုံးအချိန်မှာ “တပ်မတော်ကို စိတ်နှင့်တောင် မပြစ်မှားနှင့်” လို့ ထကြွေးကြော် ဒေါက်ဖြုတ်ခဲ့တဲ့ နိုင်ငံရေးဖျက်မြင်းတွေက အဓိက ခေါင်းဆောင်မှုထဲမှာ နေရာ ယူထားတာပဲ။

ပြတ်သားမှန်ကန်တဲ့ တိုက်ပွဲသဏ္ဌာန်တရပ် မချမှတ်နိုင်ခဲ့ကြ

ဗမာပြည်သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့ သွေးအသက်ပေါင်းများစွာ စတေးခဲ့ကြပေမယ့် တော်လှန်ရေးတွေ ရှည်ကြာပြီး အောင်ပွဲမရနိုင်ခဲ့တာ ခေါင်းဆောင်မှုက ပြတ်သားမှန်ကန်တဲ့ တိုက်ပွဲသဏ္ဌာန်တရပ် မချမှတ်နိုင်ခဲ့လို့ဆိုတဲ့ အကြောင်းအချက်တရပ် ပါဝင်ပါတယ်။ နိုင်ငံရေး တိုက်ပွဲ အားကောင်းနေပြီဆိုရင် စစ်ရေးတိုက်ပွဲနှင့် ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။

ငြိမ်းချမ်းရေးတိုက်ပွဲ အရှိန်အဟုန် ကောင်းနေပြီဆိုရင် လက်နက်ကိုင်တိုက်ပွဲနှင့် ပေါင်းစပ်ရေး ဖင့်နှေးအားနည်းနေတတ်တယ်။ ဥပဒေအတွင်း တိုက်ပွဲကို အလေးထားပြီဆိုရင် ဥပဒေတိုက် ပွဲကို မေ့လျော့ပစ်ပယ်ထားတတ်ကြတာ အစဉ်အလာလိုဖြစ်နေပါပြီ။ တိုက်ပွဲသဏ္ဌာန်မျိုးစုံကို အဓိကတိုက်ပွဲနှင့် အပြန်အလှန် ပေါင်းစပ်ပေးရေးမှာ ဘယ်ခေါင်းဆောင်မှ ဟန်ချက်ညီ လှုပ်ရှား ပေးနိုင်စွမ်းမရှိခဲ့ပါ။

ဒါကြောင့်လည်း ရှစ်လေးလုံးကာလအတွင်းက လွတ်လပ်စွာ ဆန္ဒပြခွင့်၊ စည်းရုံးလှုပ်ရှားခွင့် ရခဲ့ တာကို လုံးဝဒီမိုကရေစီရပြီလို့ ထင်မှတ်မှားခဲ့ကြခြင်းဖြစ်ပါတယ်။ အစိုးရယန္တရား ရပ်ဆိုင်းပြီး ကိုယ့်မြို့တွင်း ရပ်ကွက်တွင်းမှာ အုပ်ချုပ်ခွင့်ရတာကို ပြည်သူတွေ အာဏာရပြီလို့ စိတ်ကူး ယဉ်ခဲ့မိကြတယ်။ တကယ်တမ်း အာဏာစက်ကို ဖန်တီးပေးနိုင်တဲ့ လက်နက်တွေကိုတော့ ဘုန်းကြီးကျောင်းအောက်က ထင်းပုံကြားမှာ ထိုးထားခဲ့ကြတယ်။ စစ်အာဏာရှင်တွေကတော့ နည်းတောင်နည်းသေးတယ်လို့ မှတ်ချက်ချနေပါလိမ့်မည်။

ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးဦးတည်ချက်ကို တညီတညွတ်တည်း မချမှတ်နိုင်ခဲ့ကြ

ရှစ်လေးလုံးကာလအတွင်းက “ကြားဖြတ်အစိုးရဖွဲ့စည်းရေး” တောင်းဆိုချက်ဟာ အခြေအနေ
နှင့် ကိုက်ညီမှန်ကန်ခဲ့ပါတယ်။ မကိုက်ညီ မမှန်ကန်ခဲ့တာက ဒီတောင်းဆိုချက်အတိုင်း ခေါင်း ဆောင်မှုက ညီညီညာညာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့ကြတာပါပဲ။ တချို့က “အာဏာပြန်အပ် ရေး” ကို တောင်းဆိုပြီး အစိုးရအဖွဲ့ဖွဲ့ဖို့အထိ ကြိုးပမ်းလာတော့ ခေါင်းဆောင်အင်အားတွေ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြတာပေါ့။

အစိုးရအဖွဲ့ ဖွဲ့တယ်ဆိုတာ ဆိုင်းဘုတ်လေးချိတ်လိုက်ရုံနှင့် ကြေညာချက်လေး ထုတ်ပြန်လိုက် ရုံနှင့် ဖြစ်တာမဟုတ်ဘူး။ ဒီအစိုးရရဲ့အာဏာကို ကျောထောက်နောက်ခံပြုပေးမည့် စစ်တပ် တတပ်နှင့် အာဏာကို ဖြန့်ကြက်သက်ဝင်လှုပ်ရှားစေမည့် အစိုးရယန္တရားတရပ် ရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒီအချိန်က ရှစ်လေးလုံးအရေးတော်ပုံကြောင့် အစိုးရယန္တရား ရပ်ဆိုင်းသွား တာကို ဒီမိုကရေစီ ရပြီထင်ပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ စိတ်ကူးယဉ်ခဲ့ကြပုံရပါတယ်။ ဒီလိုစိတ်ကူး
ယဉ်ပြီး အာဏာရတော့မည် ထင်လာတော့လည်း သဘာဝကျစွာပဲ ခေါင်းဆောင်ပိုင်းမှာ ဂိုဏ်း
ဂဏနှင့် အာဃာတတွေ ခေါင်းထောင်လာပြီး ညီညွတ်ရေး ပြိုကွဲပျက်စီးခဲ့ရတာပါပဲ။

အာဏာပါးဝနေပြီဖြစ်တဲ့ ဗိုလ်နေ၀င်းကတော့ မဆလပါတီ ပြိုကျနေတာကို လက်ခုပ်တီးပေး နေပြီး အစိုးရယန္တရား ရပ်ဆိုင်းသွားတာကို ထိုင်ကြည့်နေခဲ့တယ်။ အာဏာရဲ့ ကျောရိုးဖြစ်တဲ့ စစ်တပ်ကိုပဲ လက်ထဲမှာ မြဲမြဲဆုပ်ထားခဲ့တယ်။ လူထုအုံကြွမှု အရှိန်မြင့်တက်လာပြီး စစ်တပ်
ထဲကို အနည်းအပါး ဂယက်ရိုက် ပဲ့ထွက်လာလိုက်တာနှင့် တပြိုင်နက် ဗိုလ်နေ၀င်းက အာဏာ ကောက်သိမ်းလိုက်တော့တာပါပဲ။

အာဏာသိမ်းပွဲမှာ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ပြီးနောက် ရွေးကောက်ပွဲ ကျင်းပပေးမည်လို့ ကြေညာလိုက်တာဟာ လူထုကို ဒီမိုကရေစီပေးဖို့ မဟုတ် ပါဘူး။ သွေးဆူနေတဲ့ ကျောင်းသားတွေနှင့် သွေးတက်နေတဲ့ နိုင်ငံရေးသမားတွေ သွေးပျက်ကွဲ ထွက်သွားအောင် နိုင်ငံရေး သပ်ရိုက်ထည့်ပေးလိုက်တာပါ။ ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း နှစ်ရာကျော်တောင် ပေါ်လာတယ်ဆိုတော့ န၀တရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ပဲ ဆိုရ မှာပေါ့။

အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်မှုအနေအထား

တကယ်တော့ န၀တလိုလားတဲ့ နိုင်ငံရေးမီဒီယာသမားတချို့ ပြောနေကြသလို အန်အယ်လ်ဒီ ပါတီရဲ့ လက်ဝဲလက်ယာ အမှားတွေကြောင့် ဗမာပြည်မှာ ဒီနေ့လို နိုင်ငံရေးအကျပ်အတည်း တွေ့ကြုံနေရတာဆိုတဲ့ ကောက်ချက်မှာ အမှန်တရား တရွေးသားတောင် မပါပါဘူး။ န၀တရဲ့
“၈၉ ရွေးကောက်ပွဲဥပဒေ၊ ၁/၉၀ ကြေညာချက်” တွေမှာ ဘာတွေပဲရေးထားထား၊ ဘယ်လို MANDATE တွေပေးပေး မပေးပေး နိုင်ငံရေးပါတီတွေကို အာဏာလွှဲပြောင်းပေးရေးဆိုတာကို သူတို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ စစ်တပ်ပါတီဖြစ်တဲ့ မဆလ ပါတီတဖြစ်လည်း တစည ပါတီအာဏာရရေးအတွက်သာ န၀တက အစွမ်းကုန် အားပေးကူညီခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးအတွေ့အကြုံ ကြီးမားပြီး အမြော်အမြင်ရှိတဲ့ ပြည်သူတွေက အန်အယ်လ်ဒီ ကိုပဲ ၀ိုင်းဝန်းစုပြုံပြီး မဲပေးလိုက်တဲ့အခါ န၀တခမျာ နိုင်ငံရေးအရ ရုတ်တရက် အရှိုက်အထိုးခံ လိုက်ရကာ အကြီးအကျယ် နိုင်ငံရေးအရ အကြပ်ရိုက်သွားခဲ့တာပဲဖြစ်တယ်။ ဒီအကျပ်အတည်း ကို ပေးခဲ့တဲ့ ကတိက၀တ်မှန်သမျှ ဗိုလ်ချုပ်စောမောင်အပေါ် ပုံချ စတေးလိုက်ကြပြီး န၀တက ကိုယ်လွတ်ရုံးဖို့ ကြိုးစားခဲ့ကြတာပါပဲ။

န၀တ ဗိုလ်ချုပ်တွေအနေဖြင့် ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်ဥပဒေ၊ အမိန့်၊ ဘယ် အခြေခံဥပဒေကိုမဆို ချိုးဖောက်ဖို့ အသင့်ရှိသလို ဘယ်သူ့ကိုမဆို သစ္စာဖောက်ဖို့ရာလည်း ၀န်
မလေးကြပါဘူး။ အခုနောက်ဆုံး တပ်မတော်ရဲ့ ခေါင်းကိုင်ဖခင် (God Father) အဖြစ် သဘော ထားခဲ့ကြတဲ့ ဗိုလ်နေ၀င်းကိုတောင် အာခံသစ္စာဖောက်လာကြတဲ့အထိ လက်ရဲဇက်ရဲ နိုင်လာ ခဲ့ကြပါပြီ။ နအဖ အဖွဲ့ရဲ့ ဒီလိုအာဏာအရူးချီးပန်းစိတ်နှင့် ကောက်ကျစ်ယုတ်မာစွာ ထင်ရာလုပ် လာခဲ့လို့ ဖြစ်လာခဲ့တဲ့ အကျိုးရလဒ်၊ အကျပ်အတည်းမှန်သမျှ အန်အယ်လ်ဒီပါတီ အပေါ် ပုံချ နေကြတာ အလွန်ရက်စက် ရိုင်းပျတဲ့ နိုင်ငံရေးလုပ်ကြံမှုတွေပါပဲ။

အန်အယ်လ်ဒီပါတီအနေဖြင့် ပြည်သူလူထုတရပ်လုံးက ထောက်ခံအပ်နှင်းတဲ့ ၉၀ ရွေးကောက် ပွဲရလဒ်တွေ၊ အသီးအပွင့်တွေကို ကာကွယ်ရပ်တည်ရင်း မိုးသက်မုန်တိုင်းကြားမှာ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးများစွာ ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ဦးနှောက်လို့ ပြောရမယ့် အရေးပါတဲ့ခေါင်း ဆောင်တွေဟာ ထောင်ထဲမှာနေ၊ ထောင်ထဲမှာ သေနေကြရတာ ယနေ့အထိပါပဲ။

အန်အယ်လ်ဒီပါတီရဲ့ ခြေလက်လို့ပြောရမယ့် အင်အားစုတွေဟာလည်း ရေရှည် တိုက်ပွဲစဉ် အဆင့်ဆင့်မှာ ပါဝင်ရင်း နှောင်ကြိုးတည်း ခြေချုပ်မိနေသူတွေ၊ ကျဆုံးရသူတွေ အနတက္ကမ များလှပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အန်အယ်လ်ဒီပါတီအနေနှင့် ယနေ့တိုင် ၉၀ ပြည့်နှစ်ရလဒ်တွေကို ဆက်ခံကာကွယ်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအလံ လွှင့်ထူရပ်တည်နိုင်စွမ်းရှိနေတာကို ဒီမိုကရေစီအင်အားစုများ အားလုံးက အသိအမှတ်ပြု ထောက်ခံကြိုဆိုရမှာဖြစ်ပါတယ်။

ဒီလိုပြောလို့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်မှုအပေါ် ဝေဖန်ထောက်ပြစရာ ချို့ယွင်းအား နည်းချက်တွေ မရှိဘူးလို့ မဆိုလိုပါဘူး။ အန်အယ်လ်ဒီပါတီရဲ့ ရပ်တည်မှုဟာ ဒီနေ့အထိ အခြေခံအားဖြင့် မှန်ကန်တယ်လို့ ထောက်ခံအသိအမှတ်ပြုခြင်းသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှစ်လေးလုံး လှုပ်ရှားမှုအတွင်းက ပြည်သူလူထုဟာ အန်အယ်လ်ဒီအလံကို ဂန္ဒီခန်းမအထိ သယ်ဆောင်ဝန်းရံပေးခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်တက်ကြွမှုသာရှိပြီး ခြေလှမ်းမရှိ၊ နည်း ပရိယာယ်မရှိတဲ့ ခေါင်းဆောင်မှုဟာ လူထုကို အောင်ပွဲဆီအထိ ပို့ဆောင်မပေးနိုင်ခဲ့ပါဘူး။ စစ်အစိုးရက “အမျိုးသားညီလာခံ” ဆိုတဲ့ သင်္ကြန်အမြောက် ပစ်ဖောက်လိုက်တော့လည်း သဘောထားလုပ်ငန်းစဉ် ပီပီပြင်ပြင်မရှိတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေကိုယ်တိုင် ၀င်နွှဲ လိုက်ကြပါသေးတယ်။

ရှစ်လေးလုံးကျောင်းသားလူငယ်တွေ စတင်ဖောက်ခွဲလိုက်တဲ့ ရဟန်းသံဃာတော်များရဲ့ စက်တင်ဘာအရေးအခင်းအတွင်းမှာ အန်အယ်လ်ဒီပါတီ ရဲဘော်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် စွန့်လွှတ်မှုဟာ လေးစားစရာကောင်းသလောက် ခေါင်းဆောင်မှုရဲ့ ဖော်ပြချက်တွေကတော့ အတော်စိတ်ပျက်စရာပါပဲ။ ဒီစက်တင်ဘာ လူထုတိုက်ပွဲဟာ နအဖအဖွဲ့ကို တုန်လှုပ်ချောက် ချားသွားစေခဲ့သလို အန်အယ်လ်ဒီခေါင်းဆောင်မှုရဲ့ အားနည်းချက်ကို ဖုံးဖိလို့မရအောင် ဖွင့်ပြလိုက်သလိုလည်း ဖြစ်စေခဲ့ပါတယ်။ လက်တွေ့တိုက်ပွဲထဲမှာ အန်အယ်လ်ဒီခေါင်းဆောင် တွေကို ခေါင်းရှောင်တွေ၊ နောက်မြီးဆွဲတွေလို့ လူထုတချို့က မြင်လာကြပါတယ်။
တဆက်တည်းဆိုသလို---

အန်အယ်လ်ဒီခေါင်းဆောင်တွေဟာ နိုင်ငံရေးခေါင်းဆောင်တွေနှင့် မတူဘဲ ကြေညာချက်တွေ၊ သတင်းတွေ ထုတ်ပြန်ရုံသာ လုပ်တတ်တဲ့ အစိုးရရုံးဌာနက အရာရှိကြီးတွေနှင့် တူနေပြီး ပါတီကို နိုင်ငံရေးပါတီတရပ်အဖြစ် စည်းရုံးတည်ဆောက်နိုင်ဖို့ မကြိုးပမ်းဘဲ နာရေးကူညီစောင့်ရှောက် ရေးအသင်းတသင်းလောက်ပဲ လှုပ်ရှားနေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်စုမရှိရင် ခေါင်းဆောင်မရှိ၊ ဘာလှုပ်ရှားမှုမှမရှိ၊ အားလုံးဟာ အရုပ်ကြိုးပြတ် ဖြစ်နေကြပြီ။ စတဲ့ အမြင် အမျိုးမျိုးတွေ ထွက်ပေါ်လာနေတယ်။ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ။

ရှင်းပါတယ်။ အန်အယ်လ်ဒီပါတီမှာ ခေါင်းဆောင်တွေသာရှိပြီး လမ်းညွှန်အဖြစ် ကိုင်စွဲကျင့်သုံး ရမယ့် လုပ်ငန်းစဉ် လမ်းစဉ်မရှိလို့ပါပဲ။ အန်အယ်လ်ဒီပါတီမှာ တပါတီလုံး ၀ိုင်းဝန်းဆွေးနွေး ချမှတ်ထားတဲ့ လုပ်ငန်းစဉ် လမ်းစဉ်မရှိသလို၊ ပေါ်လစီ နည်းနာလုပ်ဟန် စတဲ့ နိုင်ငံရေးပါတီ တရပ်ရဲ့ လမ်းညွှန်တွေလည်း မရှိပါဘူး။ ဒီတော့လည်း လတ်တလော ဖြစ်ရပ်တွေနောက်ကို သန့်စင်ရာ ကျည်ပွေ့လိုက် ဖြေရှင်းနေကြရတာပေါ့။

“ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှလုပ်ကြတာပေါ့” သဘောထားမယ်ဆို ရင်တော့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အတော်တာဝန်မဲ့ရာ ကျပါလိမ့်မည်။ ဒေါ်အောင် ဆန်းစုကြည် ဘယ်တော့လွတ်မယ်ဆိုတာ ဗိုလ်သန်းရွှေကလွဲလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အနည်းဆုံး ၂၀၁၀ ပြည့်နှစ် မတိုင်မီတော့ လွတ်လာနိုင်စရာမရှိပါဘူး။ ဒါကို ခေါင်းဆောင်တွေ အနေနဲ့ ရုံးခန်းထဲက ထိုင်စောင့်နေနိုင်ပေမယ့် ဖြစ်ရပ်တွေကတော့ ထိုင်စောင့်နေမှာ မဟုတ်ပါ ဘူး။ အချိန်နှင့်အမျှ ပြောင်းလဲနေမှာပါပဲ။

မြင်သာသလောက် ပြောရရင် အခုဆို ပြဿနာတွေက တန်းစီစောင့်နေပါပြီ။ နအဖရဲ့ လမ်းပြ မြေပုံအရကို မကြာခင် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတည်ထောင်ခွင့်ပြုရတော့မည်။ ရွေးကောက် ပွဲအတွက် စည်းရုံးလှုပ်ရှားခွင့် ပြုကြရတော့မည်။ တဆက်တည်းမှာ နိုင်ငံရေးအရ ရှင်းလင်း အောင် အဖြေပေးရမည့် မွေးခွန်းတွေကလည်း နည်းမှာမဟုတ်ဘူး။ ရွေးကောက်ပွဲအပေါ် သဘောထား ဘာလဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ် သဘောထား ဘာလဲ၊ ဖွဲ့စည်း မည့်လွှတ်တော်အပေါ် သဘောထား ဖြေကြားပေးကြရပါလိမ့်မည်။

အခုလာမည့် (၂) နှစ်တာကာလာဟာ ဗမာပြည်ရဲ့နိုင်ငံရေးကံကြမ္မာအတွက် အရေးကြီးလှသလို အန်အယ်လ်ဒီပါတီရဲ အနာဂတ်အတွက်လည်း အရေးပါလှပါတယ်။ ဒီလို ဗမာပြည်ရဲ့ နိုင်ငံရေး ကံကြမ္မာအတွက် အရေးပါလှတဲ့ကာလမှာ ပြည်သူတွေဘက်က တခုတည်းသော အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်များအနေနဲ့ မလွဲမသွေ လမ်းညွှန် သဘောထား တွေ အဖြေပေးရပါတော့မည်။ ဒီအချိန်မှာ လမ်းညွှန်သဘောထား မှန်ကန်ဖို့ အရေးကြီးသလို အဖြေမမှားဖို့လည်း လိုအပ်ပါလိမ့်မည်။

လတ်တလောလုပ်ငန်းစဉ်ဆိုင်ရာ အကြံပေးချက်

(၁) ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူတွေအနေနှင့် ရှစ်လေးလုံးအရေး အခင်းကြီးက မွေးထုတ်ပေးလိုက်တဲ့ အန်အယ်လ်ဒီပါတီကိုပဲ အားပေးဝန်းရံ ထောက်ခံရမှာပါ။ အန်အယ်လ်ဒီပါတီရဲ့ ၉၀ ပြည့်နှစ်ရလဒ်ကို အသိအမှတ်ပြုရေး အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ အခိုင်အမာရပ်တည်ကြရပါလိမ့်မည်။

(၂) တချိန်တည်းမှာ ဒီမိုကရေစီအင်အားစုတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစု တွေ၊ လူထုအဖွဲ့အစည်းတွေနှင့်အတူ ပူးတွဲလှုပ်ရှားနိုင်မည့် ဘုံလုပ်ငန်းစဉ်တရပ် (သို့မဟုတ်) လက်တလော လုပ်ငန်းစဉ်တရပ်ကို အန်အယ်လ်ဒီပါတီအနေဖြင့် ဦးဆောင်ဖော်ထုတ်သင့်ပါ တယ်။ အဆိုပါ ဘုံလုပ်ငန်းစဉ်ရဲ့ လတ်တလောဦးတည်ချက်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင် တိုက်ဖျက်ရေးဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မည်။ တချိန်တည်းမှာ ကျယ်ပြန့်တဲ့ အင်အားစုများ
ပါဝင်နိုင်မည့် လုပ်ငန်းစဉ်နှင့် ခြေလှမ်းတွေလည်း ပါဝင်သင့်ပါတယ်။

(၃) အဆိုပါ ဘုံလုပ်ငန်းစဉ်တရပ် ဖော်ထုတ်အကောင်အထည်ဖော်တဲ့ ဖြစ်စဉ်အတွင်းမှာ ကျယ်ပြန့်တဲ့ ဒီမိုကရေစီတပ်ပေါင်းစုတရပ် ဖော်ထုတ်နိုင်ရေးအတွက်လည်း အားထုတ်ကြိုးပမ်းဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုတရပ်ရဲ့ အောင်ပွဲကို အာမခံချက်ပေးတာ ပါတီ၊ တပ်နှင့် တပ်ပေါင်းစုဆိုတဲ့ ပြဒါးရှင် (၃) လုံးဖြစ်ပါတယ်။ ဒါပေမယ့် ပါတီတွေဟာ နိုင်ငံရေးအရ အောင်မြင်နေပြီဆိုရင် တပ်ပေါင်းစုကို ချောင်ထိုးထားတတ်ပြီး အကျပ်အတည်း ဆိုက်ပြီဆိုမှ သတိရတတ်တဲ့ အမှားမျိုးကို သတိထားဖို့ လိုအပ်ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အန်အယ်လ်ဒီအနေ ဖြင့် လူထုလူတန်းစား အဖွဲ့အစည်း၊ အမျိုးသားအဖွဲ့အစည်း မျိုးစုံပါဝင်တဲ့ ဒီမိုကရေစီတပ်ပေါင်း စုတရပ် ဦးဆောင်ဖွဲ့စည်းဖို့ လိုအပ်ပါပြီ။

(၄) အထက်မှာ ဖော်ပြခဲ့တဲ့ ပြဒါးရှင် (၃) လုံးဟာ အောင်ပွဲအတွက် အာမခံချက်ပေးမည့် အခြေခံ အင်အားဖြစ်ပေမယ့် တကယ်တမ်း အောင်ပွဲခံမည့် ခြေလှမ်းတွေကို အဆုံးအဖြတ်ပေးမှာ နည်းပရိယာယ် လုပ်ငန်းစဉ် လမ်းစဉ်ဖြစ်ပါတယ်။ နည်းပရိယာယ်လုပ်ငန်းစဉ် မှန်ကန်မှ မဟာဗျူဟာ ရည်မှန်းချက်အောင်မြင်မှာ ဖြစ်ပါတယ်။ နည်းပရိယာယ်လုပ်ငန်းစဉ်မှန်ကန်ဖို့
လက်ဝဲလက်ယာ တိမ်းစောင်းမှုတွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါလိမ့်မည်။

နည်းပရိယာယ်လုပ်ငန်းစဉ်ဆိုတာ ငြိမ်းချမ်းတဲ့နည်းလမ်းနှင့် အကြမ်းဖက်တဲ့နည်းလမ်း၊ ဥပဒေ တွင်းနှင့် ဥပဒေပလုပ်ငန်း၊ နိုင်ငံရေးနည်းလမ်းနှင့် အုပ်ချုပ်ရေးနည်းလမ်း စတဲ့ တိုက်ပွဲသဏ္ဌာန် မျိုးစုံကို အချိန်အခါ အခြေအနေအလိုက် သမမျှတအောင် ပေါင်းစပ်ပေးရတာဖြစ်လို့ ခေါင်း ဆောင်မှုအနုပညာကို စမ်းသပ်တဲ့ မှတ်ကျောက်ကြီးဖြစ်ပါတယ်။ အခု ဒီမှတ်ကျောက်ပေါ်မှာ အန်အယ်လ်ဒီခေါင်းဆောင်တွေဝင်ပြီး အစစ်ဆေးခံကြရပါလိမ့်မည်။
(က) အခြေခံဥပဒေကို အာခံမှာလား၊ နာခံမှာလား။
(ခ) ရွေးကောက်ပွဲဝင်ရေးလား၊ ကြဉ်ရေးလား။
(ဂ) ၉၀ ရလဒ်စွန့်ရေးလား၊ ပါတီစွန့်ရေးလား။
ဒီအရေးကြီးတဲ့ မေးခွန်းတွေကို မကြာမီ မလွဲမသွေ အဖြေပေးကြရပါတော့မည်။

(၅) ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဦးစီးဦးဆောင်ပြုနေတဲ့ အန်အယ်လ် ဒီပါတီ ဒီနေ့ထမ်းဆောင်နေရတဲ့ တာဝန်ကြီးလေးသလို ရင်ဆိုင်နေရတဲ့ နိုင်ငံရေးဖိအားကလည်း အလွန်ကြီးမားလှကြောင်းကို အားလုံးက အသိအမှတ်ပြုကြရပါလိမ့်မည်။ ဒါ့အပြင် ပြင်းထန်တဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်းကြားမှာ ဖြတ်သန်းခဲ့ကြရတဲ့ ခယောင်းလမ်းကလည်း နှစ်ပေါင်း (၂၀) တိုင်ခဲ့ပါပြီ။ ပြောရရင် ရှစ်လေးလုံးကာလက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ (၆၀) တန်း ခေါင်း ဆောင်များသည်ပင်လျှင် ယခုအခါ အသက် (၈၀) ကျော် အိုမင်းတွင်းဆုံးဘ၀ ရောက်နေကြပါပြီ။ ဒီနေ့ထိ အန်အယ်လ်ဒီပါတီရဲ့ ဒီမိုကရေစီအလံ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလံ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအလံတွေ ဆက်လက်လွင့်ပျံနေနိုင်တာ လက်ရှိခေါင်းဆောင်တွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု ဂုဏ်ပြုကြရမှာပါ။

တချိန်တည်းမှာ အန်အယ်လ်ဒီပါတီ ဒီကနေ့ ကြုံတွေ့နေရတဲ့ အကျပ်အတည်း ကြီးမားလှသလို ရှေ့ဆက်ထမ်းဆောင်ရမည့် တာဝန်တွေကလည်း များပြားလေးလံလှတာကို သတိပြုရမှာပါ။ ဒီလိုအချိန်အခါမျိုးမှာ လက်ရှိခေါင်းဆောင်မှု၊ ဖယ်ရှားပယ်လှန်ရေး သဘောထားမျိုး မထား အပ်ပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာခံဝန်းရံရေးသဘောထားမျိုးသာ ထားရှိ ထိုက်ပါတယ်။

အခြားတဖက်မှ အရွယ်နှင့်မမျှအောင် မနိုင်ဝန်ထမ်းနေကြရသော လူကြီးများကလည်း လက်ရှိ အခြေအနေ တောင်းဆိုမှုနှင့် ကိုက်ညီမျှတမည့် ခေါင်းဆောင်မှုအင်အား ဖြည့်တင်းရေးကို အလေးပေး စဉ်းစားသင့်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကြာ ဖြတ်သန်းလာခဲ့တဲ့ အန်အယ်လ်ဒီ ပါတီမှာ အစမ်းသပ်ခံပြီး လူကြီး၊ လူလတ်၊ လူငယ်များ ရှိထားပြီးဖြစ်ပါတယ်။ ရှစ်လေးလုံးမှ စက်တင်ဘာအရေးအခင်းအထိ ဖြတ်သန်းလာခဲ့သော မျိုးဆက်သစ်လူငယ် ကျောင်းသားများ ကိုလည်း စည်းရုံးသိမ်းသွင်း မွေးမြူတည်ထောင်သင့်ပါတယ်။ သမင်မွေးရင်း ကျားစားရင်း ကိန်းဆိုက်နေသော ခေတ်သမယတွင် ခေါင်းဆောင်မျိုးဆက် မပြတ်ရေးကို အလေးထားဖို့ လိုပါလိမ့်မည်။ ခေါင်းဆောင်မှုပြဿနာ ဖြေရှင်းနိုင်ရင် အရေးတော် အောင်မြင်ဖို့ (၅၀) ရာခိုင်နှုန်း သေချာနိုင်ပါတယ်။ ဒီနေ့လို ဗမာပြည်ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့မှာ ဒီမိုကရေစီ အရေးတော် အောင်ပွဲရရေးရဲ့ အဓိကဆက်ထုံးဟာ ခေါင်းဆောင်မှုပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်စွမ်း ရှိမရှိအပေါ်မှာ မူတည်နေပါတယ်။




မြန်မာနိုင်ငံအတွက် နောက်ကြောင်းပြန်လှည့်စရာမရှိ

ဘင်ဂျမင် ဇာဗက်စကီး (မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)


“ကျနော်တို့ ရှေ့ကို ချီတက်ရမယ်။ မြန်မာနိုင်ငံမှာလည်း ရှေ့ကို ချီတက်ရမယ်။ ကျနော်တို့ နောက်ကြောင်း လှည့်စရာမရှိဘူး” ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံ (၈၈၈၈) အရေးအခင်းမှာ
ပါဝင်ခဲ့ပြီး နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်လာရသူတဦးက ကျနော့်ကို ပြောပြတာပါ။ မြန်မာနိုင်ငံထဲမှာ ပြည်သူ့အာဏာဆိုတာ ဖြတ်ခနဲ အချိန်လေး ရလိုက်ပေမယ့်လည်း နှစ်ပေါင်း (၂၀) ကျော် ကြာပြီးတဲ့နောက်မှာ သန်းပေါင်းများစွာချီတဲ့ ပြည်သူလူထုတွေဟာ မဖြစ်စလောက် တိုးတက်မှုလေးနဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဝေဒနာတွေ ခံစားနေရတုန်းပါ။

အနာဂတ် ကောင်းစားရေးအတွက်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အိမ်နီးချင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြု မထားသင့် တော့ပါဘူး။ ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေ စတင်သင့်နေ ပါပြီ။

၁၉၈၈ခုနှစ် သြဂုတ်လမှာ ကျောင်းသားတွေဟာ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ချီတက်ပြီး အစိုးရ ဆီမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တောင်းဆိုခဲ့ကြတယ်။ နောက် (၁) လခွဲလောက် ကြာပြီး တဲ့အခါမှာ ဆန္ဒပြတဲ့ ပမာဏဟာ ကြီးထွားလာပြီး ပြည်သူအများ ထောက်ခံမှုတွေလည်း ရသလို နိုင်ငံအ၀ှမ်း ကျယ်ပြန့်သွားခဲ့ပါတယ်။ အဲဒီမှာပဲ အစိုးရရဲ့ လုံခြုံရေးတပ်တွေ ၀င်ရောက်လာပြီး ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းတော့တာပါပဲ။ အစိုးရဘက်က ပြည်သူတွေ (၃၀၀၀) ကျော် သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့အရေအတွက် မသိရတဲ့ လူတွေကိုလည်း အတင်းအကျပ် ကွယ်ပျောက်စေခဲ့ပါတယ်။

အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ နိုင်ငံတွင်း မှာရှိတဲ့သူတွေရော၊ ပြည်ပမှာရှိတဲ့သူတွေကပါ မြန်မာနိုင်ငံတော့ “နိဂုံးချုပ်ပြီ” လို့ ယုံမှတ်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ အဲဒီလို စံတင်လောက်တဲ့ ပမာဏနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘယ်လိုလုပ် သည်းခံနိုင်တော့မှာလဲ။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေ အတွက် ကြေကွဲစရာ ကောင်းတာကတော့ “နိဂုံးချုပ်ပြီ” လို့ နိုင်ငံတကာက ထင်တာ မှားနေတယ် ဆိုတာပါပဲ။

မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လည်းဖြစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ စံပြခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ (၁၉) နှစ်ကြာ ကာလအတွင်း နေအိမ်အကျယ်ချုပ်နဲ့ (၁၃) နှစ်ကြာ ထိန်းသိမ်း ခံထားရတယ်။ ဒေါ်စုပါတီရဲ့ လူကြီးပိုင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာလည်း (၁၉) နှစ် လုံးလုံး ထောင်သွင်းအကျဉ်းချ ခံထားခဲ့ရပြီး မြန်မာနိုင်ငံမှာ အပြစ်မရှိလည်း ပြစ်ဒဏ်ကျခံနေရတဲ့ နှစ်အရှည်ဆုံး အကျဉ်းသားတယောက်တောင် ဖြစ်နေရပါပြီ။ အသက်ကလည်း (၇၈) နှစ်တောင် ရှိပြီ။ (၁၉၈၈) ခုနှစ်ကတည်းက ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆိုတာလည်း မနည်းဘူး။ ထောင်ထဲမှာတင် သေသွားတဲ့သူတွေကပဲ (၁၃၇) ဦးရှိတယ်။ သေကြတဲ့အထဲမှာ တချို့က ညှဉ်းပန်းနှိပ်စက်လို့၊ အချို့က ဆေးကုသမှု ဂရုတစိုက် မရှိခဲ့လို့ပါ။

အခု ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိပါတယ်။ အဲဒီအထဲက သုံးပုံ တပုံဟာ ပြီးခဲ့တဲ့နှစ် သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာ အရေးအခင်းမှာ အကြမ်းဖက် နှိမ်နင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။

စက်တင်ဘာ အရေးအခင်းဆိုတာကလည်း (၈၈၈၈) ကတည်းကဆိုရင် အကြင်နာမဲ့တဲ့၊ ရက်စက် ကြမ်းကြုတ်တဲ့ စစ်အစိုးရကို ပြည်သူတွေက အခွင့်အရေး တောင်းဆိုတဲ့ အဓိက တတိယမြောက် အင်တိုက်အားတိုက် ဆန္ဒပြမှုပါပဲ။ အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းမှု ပြီးသွားတဲ့နောက် ရက်ပိုင်းအတွင်း ရက်စက်မှုဘေးကနေ သီသီလေး ပြေးလာကြတဲ့ သံဃာတော်တွေနဲ့ ပါဝင်လှုပ်ရှားသူအချို့က ထိုင်း-မြန်မာ နယ်စပ်မှာ ကျနော့်ကို ဖြစ်ကြောင်းကုန်စင် ပြောပြကြပါတယ်။

မြို့ကြီးတွေရဲ့ ပြင်ပ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မီးမောင်းထိုးထားမှု မျက်ကွယ်မှာ မြန်မာ စစ်တပ်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး တိုင်းပြည်ရဲ့ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်း တွေကို ဆက်တိုက် စစ်ဆင်နေခဲ့ပါတယ်။ အဲဒီ စစ်ဆင်မှုခံရတဲ့အထဲမှာ ကရင်လူမျိုးစုတွေလည်း ပါတာပေါ့။ စစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ကို ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေဆိုတာ (၁၉၉၀) ခုနှစ်တွေကတည်းကပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က စစ်တပ်ဟာ ကရင် လူမျိုးတွေကို နောက်ထပ် အင်တိုက်အားတိုက် ထိုးစစ်ဆင်တယ်။ ဒီနေ့အထိလည်း တိုက်နေ တုန်းပဲ။ ဒီတချီမှာတော့ စစ်တပ်ဟာ (KNLA) ကိုရှောင်ပြီး အကာအကွယ်မဲ့တဲ့ ရွာသူရွာသားတွေကို ပစ်မှတ်ထားပြီး စစ်ဆင်နေတယ်။

စစ်တပ်ဟာ ကရင်လူမျိုးတွေအပေါ်မှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အခွင့်အရေး အကြီး အကျယ် ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်။ အဲဒီအထဲမှာ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ အာဏာသုံး အစဖျောက်မှုတွေ၊ တရားလက်လွတ် ဖမ်းဆီးတာတွေ၊ အဓမ္မ ခိုင်းစေတာတွေ၊ သီးနှံတွေ ဖျက်ဆီးတာတွေ၊ မတရား သိမ်းတာတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်တာတွေ၊ မတရား အခွန်အခ ကောက်ခံ ဒဏ်ရိုက်တာတွေ၊ မြေမြှုပ်မိုင်း ထောင်တာတွေ ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ၊ တိုင်းရင်းသား လူနည်းစုတွေကို ညှဉ်းပန်းတာတွေရဲ့ နောက်ထပ် အကျိုးဆက်တခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း ထောင်ပေါင်းများစွာချီတဲ့ လူတွေဟာ ကိုယ့်အရပ်ဒေသတွေကို စွန့်ခွာပြီး အိမ်နီးနားချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ကြရတာပါပဲ။ ခန့်မှန်းခြေ လူဦးရေ (၅၁) သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေထဲမှာ ရွာပုန်းရွာရှောင် လုပ်နေကြရတဲ့ လူအရေအတွက်က (၅) သိန်းထက် မနည်းဘူး။ ကျနော့်ကိုယ်တွေ့မျက်မြင်အရဆိုရင် အတော် များများဟာ မနှစ်မြို့ဖွယ်ရာ အခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အမြဲ ကြောက်စိတ်ဝင်နေကြ တယ်။ သူတို့အကြောင်းကို ကမ္ဘာကတောင် သိမှ သိပါ့မလားလို့တောင် ကျနော် စဉ်းစားမိတယ်။

အဲလို ရွာပုန်းရွာရှောင် လုပ်နေတဲ့ လူတွေအားလုံးရဲ့ တ၀က်လောက်ကိုသာ အိမ်နီးနားချင်းနိုင်ငံ တွေက ဒုက္ခသည်တွေအဖြစ် တရားဝင် အသိအမှတ်ပြုကြတယ်။ အများစုက တရားဝင်ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရတဲ့အပြင် ရတဲ့အခွင့်အရေးကလည်း နည်းလွန်းလှတယ်။ ကလေးမျိုး ဆက်သစ်တခုလုံး နိုင်ငံခြားမှာ မွေးလာတဲ့အလျောက် ဒုက္ခသည် တော်တော်များများဟာ ကမ္ဘာ့ အခိုင်မာဆုံး၊ အရဲရင့်ဆုံး လူ့အခွင့်အရေး လှုပ်ရှားသူအချို့ ဖြစ်လာကြတယ်။ (၈၈ မျိုးဆက်
အဖွဲ့ဝင်တွေပေါ့လေ။)

လွန်ခဲ့တဲ့ သုံးလက မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းကြီး တိုက်ခတ်လာတော့ အစိုးရဟာ မုန်တိုင်း ဒုက္ခသည်တွေကို ဒီအတိုင်း လစ်လျူ ရှုထားတယ်။ စစ်အစိုးရအနေနဲ့ မိမိပြည်သူတွေ စားဝတ်
နေရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းစတဲ့ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ အကြီးအကျယ် ချိုးဖောက်နေကြောင်း ကယ်ဆယ်ရေးလုပ်သားတွေ၊ သံတမန်တွေ၊ သတင်း ထောက်တွေ၊ မုန်တိုင်းဒုက္ခသည်တွေက ထိတ်လန့်တကြားနဲ့ မယုံနိုင်လောက်အောင် ကျနော့်ကို ထပ်တလဲလဲ ပြောပြကြတယ်။

အစိုးရဟာ အင်အား (၄) သိန်းကျော်ရှိတဲ့ စစ်တပ်အင်အားကို မုန်တိုင်းသင့်ဒေသတွေမှာ တပ်ဖြန့်ဖို့ ငြင်းဆန်တဲ့အပြင် နိုင်ငံတကာ အကူအညီကိုလည်း ပယ်ချခဲ့တယ်။ ဒုက္ခသည်တွေကို ကယ်တင်ရ မယ့်အစား အာဏာပိုင်တွေဟာ ကိုယ်ကျိုးနည်းပြီး သောကမီးတွေ တောက်နေတဲ့၊ ထိတ်လန့်တ ကြား ဖြစ်နေတဲ့၊ သေသူတွေအတွက် ပူဆွေးနေတဲ့၊ ငတ်မွတ်ဆာလောင်နေတဲ့သူတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အတွက် မဲပေးဖို့ပဲ အဓမ္မအကျပ်ကိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆို တာကလည်း လူ့အခွင့်အရေးကို မကာကွယ်နိုင်တဲ့အပြင် ဥပဒေကျူးလွန်တဲ့ အရာရှိအရာခံတွေကို အပြစ်ကနေ လွတ်အောင် စနစ်တကျ ရေးဆွဲထားတာ ဖြစ်နေတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ခွာတာရယ်၊ နာဂစ်မုန်တိုင်းနဲ့ ပတ်သက် ပြီး အစိုးရရဲ့ တုံ့ပြန်တာရယ်တွေက လူသားဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တာကြောင့်မို့ ကုလသမဂ္ဂရဲ့ နည်းစနစ်ကို ကျင့်သုံးလာရတယ်။ ကုလသမဂ္ဂကလည်း (၁၉၈၈) ခုနှစ် နောက်ပိုင်းကတည်းက တရားဝင်အရာရှိရော တရားမ၀င်အရာရှိတွေပါ မြန်မာနိုင်ငံကို လူပေါင်းများစွာ စေလွှတ်ခဲ့တယ်။ ဒီလထဲမှာဆို နောက်နှစ်ခုတောင် တိုးလာတယ်။ ခုဆို မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက် ထားမှုအဖွဲ့ အများအပြား ရှိနေပါပြီ။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကျိုးသက်ရောက်မှုကတော့ နည်းနည်းပဲ ရှိရင်ရှိမယ်၊ ဒါမှ မဟုတ် လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂမှာ တကယ်အာဏာရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရကို ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ခဲ့ဘူး။ မလုပ်ချင်တာလည်း ဖြစ်နိုင်တာပဲ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပထမဆုံး သတင်းအချက်အလက်တွေ ရရှိဖို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တာ မလုပ်ခဲ့သလို နိုင်ငံမှာရှိတဲ့ စစ်လက်နက်တွေ တင်သွင်းခွင့်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဥပဒေပြဌာန်းပြီး အရေးယူတာမျိုးလည်း မလုပ်ခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး မှတ်တမ်းနဲ့ ပတ်သက်ပြီး ရှုံ့ချတဲ့ တခုတည်းသော အဖြေကတော့ (၂၀၀၇) ခုနှစ် ဇန်န၀ါ
ရီလမှာ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှက မဲပေးခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ အင်ဒိုနီးရှားကတော့ မဲမပေးဘဲ နေခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်နောက်ပိုင်း လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌအနေနှင့် ထုတ် သည့် ကြေညာချက် နှစ်ရပ်သာ ရှိခဲ့သည်။ တခုမှာ စက်တင်ဘာအရေးအခင်းတွင် အကြမ်းဖက် နှိမ်နင်းမှုနှင့် ပတ်သက်ပြီး “ပြင်းထန်စွာ ရှုံ့ချသည်” ဆိုတဲ့ ကြေညာချက်နဲ့ နောက်တခုက (၂၀၀၈) ခုနှစ် မေလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ “သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိရေး သေချာရန် လိုအပ်သည်” ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ကြေညာချက်တွေကတော့ စက်တင်ဘာအရေးအခင်းမှာ အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းမှုကို ဝေဖန်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတာ ကြိုဆိုတယ်။ ဒီတော့ အာဆီယံအဖွဲ့အစည်းက (အဖွဲ့ဝင်နိုင်ငံတွေ အပါအ၀င်) လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လုံး လုံး မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခြွင်းချက်မရှိ ခွင့်လွှတ်ပေးနေတယ်လို့ ဆိုရမယ်။ ကမ္ဘာအင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း စိုးရိမ် တကြီး ပြစ်တင်ရှုံ့ချတာလောက်ပဲရှိတယ်။

ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။

(နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဘင်ဂျမင် ဇာဗက်စကီး၏ No moving backwards for Myanmar ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)




တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူ့လွတ်လပ်ရေးအတွကအာဏာရှင်စနစ်ကို ငါတို့ငြင်းဆိုသည်

ယောဆွေ
တို့နိုင်ငံသည် ကျွန်နိုင်ငံ၊ တို့လူမျိုးသည် ကျွန်လူမျိုးအဖြစ် သမိုင်းတွင် အကြိမ်ကြိမ် နှစ်ပေါင်းရှည် ကြာဖြစ်ခဲ့ဘူးပြီ။ လက်နက်စွဲကိုင်ခြင်းမရှိသော ပြည်သူများ အပေါ် လူစုဓားကိုင်ပြီး မင်းလုပ်ခဲ့ကြ သော ရှေးပဒေသရာဇ်ဘုရင်များ၊ သေနတ် လက်နက်စွဲကိုင်၍ ပြည်သူကို ကျွန်ပြုအုပ်ချုပ်ခဲ့သော အင်္ဂလိပ်သခင်ကြီးများ၊ ထို့ နောက် အမြောက်၊ သေနတ်၊ လေယာဉ်အစုံအညီနှင့် ၀င်ရောက်
သိမ်းပိုက်ခဲ့ကြသော နိပွန်ဂျပန် မာစတာများ၊ ထိုအာဏာရှင် အားလုံး၏ တူညီသော အချက်မှာ ပြည်သူ၏ အလိုဆန္ဒမပါ၊ အာဏာကို လက်နက်အားကိုးဖြင့် အနိုင်အထက် ရယူကြပြီး အာဏာတည်မြဲရေးအတွက် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်ဖို့ ၀န်မလေးကြခြင်းပင်။

အစွယ်ရှိသော သတ္တ၀ါက အစွယ်မဲ့သော သတ္တ၀ါအပေါ်၊ အချွန်အတက်ရှိသော သတ္တ၀ါက အချွန်အတက်မဲ့သော သတ္တ၀ါအပေါ်၊ အားကြီးသောသတ္တ၀ါက အားနည်းသော သတ္တ၀ါအပေါ် ထင်သလိုပြုကျင့်ခွင့်၊ ကြီးနိုင်ငယ်ညှဉ်းခွင့်သည် တောတွင်းတိရစ္ဆာန် ဥပဒေသာဖြစ်သည်။ လက်နက်ရှိသူက လက်နက်မဲ့သူအပေါ် ထင်သလိုအနိုင်ကျင့် ဗိုလ်ကျတောင်းဆိုရန် မည်သည့် လူသားတွင်မှ အခွင့်အရေးမရှိ။ ထို့အတူ လူသားသည် လက်နက်ကင်းမဲ့ခြင်းအကြောင်းကြောင့် တောတွင်း တိရစ္ဆာန်ဥပဒေကို ထိတ်လန့်ကျိုးနွံစွာ လိုက်နာရန် တာဝန်မရှိ။

လူတို့မွေးဖွားလာခြင်းငှာ အားကြီးသူပြုသမျှ ငုံ့ခံ၍ ကျွန်အဖြစ် အသက်ရှင်ကြရန် မဟုတ်။ လူသည် လွတ်လပ်သော စိတ်ဓာတ် ကိန်းအောင်းမွေးမြူရန်၊ လွတ်လပ်သော နှုတ်စကား ပြောကြားနိုင်ရန်၊ လွတ်လပ်သော အပြုအမူ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မွေးဖွားလာခဲ့ကြခြင်းဖြစ်သည်။ ထိုအခွင့် အရေးတို့ တားမြစ်ပိတ်ပင် ချုပ်ချယ်ခံရသည့်အခါ ထိုအာဏာရှင်တို့ကို ငြင်းဆိုရန်၊ ခုခံရန်၊ ဆန့်ကျင်ရန်၊ တွန်းလှန်ရန် လူသားတွင် မွေးရာပါအခွင့်အရေး၊ ရှောင်လွဲခွင့်မရှိသော မွေးရာပါ တာဝန် ဖြစ်လာရပေသည်။

ထိုအခွင့်အရေးကို စွဲကိုင်၍ ထိုတာဝန်ကို ထမ်းဆောင်ရန် ၁၈၈၅ မှ ၁၉၄၂ အထိ မြန်မာပြည်သား ငါတို့အဘိုးအဘွား၊ အမိအဘတို့သည် တောင်သူလယ်သမားအရေးတော်ပုံ၊ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဌာနပေါင်းစုံသပိတ်၊ လူ ထုတိုက်ပွဲမျိုးစုံဖြင့် လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြ သည်။

အောင်မြင်ခြင်းမရှိသော အခါ ၁၉၄၂ တွင် ဂျပန်လက်အောက်ခံ (BIA) စစ်တပ်ကြီးဖွဲ့ပြီး အင်္ဂလိပ် တို့ကို တိုက်ထုတ်သောပွဲတွင် ပါဝင်ခဲ့ကြသည်။ ရလဒ်အဖြစ် ဂျပန်ကျွန်ဖြစ်ရပြန်သည်။ ၁၉၄၅ တွင် ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြပြန်သည်။ ရလဒ်အဖြစ် အင်္ဂလိပ်ကျွန် ဖြစ်ကြရပြန်သည်။

၁၉၄၅ မေလမှ ၁၉၄၈ ကြား လက်နက်ကိုင်တော်လှန်ရေးမရှိတော့။ လွတ်လပ်ရေးကို သေနတ်ကိုင် တိုက်ရုံ သက်သက်ဖြင့် မရခဲ့။ သို့သော် လွတ်လပ်ရေးအတွက် အသက်ပေးရန်အသင့်ရှိနေသော နိုင်ငံရေးဦးဆောင်သူများ၊ လက်နက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွှဲရန် အသင့်ရှိနေသော တော်လှန်ရေး သမားများ၊ လွတ်လပ်ရေးအတွက် မည်သည့်စွန့်လွှတ်မှုကိုမဆို စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသော ပြည်သူတရပ်လုံး၏ အားကို အင်္ဂလိပ်တို့ မလွန်ဆန်နိုင်တော့ပေ။ ပြည်သူတို့၏ “နေသူရိန်” ညီလာခံ နိုင်ငံရေး ဆုံးဖြတ်ချက်အောက်တွင် ဂန္ဒီစာချုပ်၊ အောင်ဆန်းအက်တလီစာချုပ်၊ လက်ျာဖရီးမင်း စာချုပ်၊ ပင်လုံစာချုပ်၊ နုအက်တလီစာချုပ်များဖြင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ထိုင် စာချုပ်အဆင့်ဆင့် ချုပ်ဆိုပြီး လွတ်လပ်ရေး အရယူခဲ့ကြသည်။

၁၉၄၈ ဇန်န၀ါရီ (၄) ရက်။ ဤနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဤလူမျိုးသည် လွတ်လပ်သော လူမျိုးများဖြစ်ကြောင်း ကမ္ဘာသို့ ကြေညာခဲ့ကြသည်။ လွတ်လပ် ရေးကြေညာစာတမ်း အပိုဒ် (၅) တွင် ဤသို့ ဖော်ပြခဲ့ကြသည်။

အပိုဒ် (၅)။ ။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက်၊ တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူတဦးတယောက်၊ တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတဦး တယောက်၊ တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ၊ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ ---လူ အပေါင်းတို့ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန်၊ မစွန်းမငြိ------ လူအပေါင်းတို့ ဆန္ဒ သာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို ငါတို့ လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ။----ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

လွတ်လပ်သောနိုင်ငံတခုသက်တမ်းတွင် တကြိမ်သာ ဖော်ပြခွင့်ရှိသော ပြောင်းလဲ ပြင်ဆင်ခွင့် မရှိ တော့သည့် အပြီးသတ် ဆုံးဖြတ်ချက် ကြေညာစာတမ်းဖြစ်သည်။

ကမ္ဘာစစ် ပြာပုံဘ၀မှ ငါတို့ရုန်းထခဲ့ကြသည်။ အနှောင့်အယှက်၊ အဖျက်အဆီး မျိုးစုံကြားမှပင် လွတ်လပ်ရေးသစ်ပင် ရှင်သန်ကြီးထွားလာခဲ့သည်။ ၁၉၆၀ ၀န်းကျင် ရောက်သောအခါတွင်မူ ထို လွတ် လပ်ရေးသစ်ပင်၌ အသီးအပွင့်များ စတင်မြင် တွေ့ခဲ့ကြရပြီ။ ထိုအချိန်က ငါတို့နိုင်ငံသည်----

ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဒီမိုကရေစီနိုင်ငံတော်
ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်အစိုးရ
နိုင်ငံရေးအားဖြင့် ကမ္ဘာ့ဘက်မလိုက်နိုင်ငံများအဖွဲ့၏ ဦးဆောင်နိုင်ငံ။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အကြီးအကဲတို့ လာရောက်လည်ပတ်နေရသော နိုင်ငံ။
စီးပွားရေးအားဖြင့် ဘဏ်တိုက်တွင် ရွှေအပြည့်၊ ငွေအပြည့်ဖြင့် အာရှ၏ ချမ်းသာကြွယ်ဝသောနိုင်ငံတခု။
စိုက်ပျိုးရေးအားဖြင့် ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့သောနိုင်ငံ။
အရှေ့တောင်အာရှ၏ အစောဆုံးသော နိုင်ငံတကာလေယာဉ်ကွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်း။
စက်မှုလက်မှုထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့စပြုနေသောနိုင်ငံ။
ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် အရှေ့တောင်အာရှနိုင်ငံအားလုံးက စံနမူနာပြု ငေးကြည့်နေရသောနိုင်ငံ။
ကျန်းမာရေးအားဖြင့် တနိုင်ငံလုံး ဆေးရုံဆေးခန်းများတွင် အခမဲ့ဆေးကုသ စောင့်ရှောက်မှု။
ပညာရေးအားဖြင့် အာရှ၏ထိတ်တန်းနိုင်ငံ။
လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိသော သတင်းစာနယ်ဇင်းခေတ်။


၁၉၆၂ မတ်လ (၂) ရက်။ ထိုလွတ်လပ်ရေး သစ်ပင်ပျိုသည် ရုတ်ခြည်း ခါးလယ်မှ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။ စစ်အာဏာသိမ်းမှုဖြင့် အရပ်သား နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်း ဆောင်များအားလုံး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ နိုင်ငံသားတို့၏ လွတ်လပ်ရေး ရုတ်တရက် ဆုံးရှုံးခဲ့ကြရပြန်သည်။ ၁၉၆၂ မှ ယနေ့တိုင် စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ စစ်အာ ဏာရှင်စနစ်။ အသွင်သဏ္ဌာန်ပြောင်း၊ လူအမျိုးမျိုး ပြောင်းခဲ့သော်လည်း အနှစ်သာရအားဖြင့် မပြောင်းလဲခဲ့ကြပေ။

ထိုအာဏာရှင်စနစ်သည်---

တိုင်းပြည်လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော လွတ်လပ်ရေး ကြေညာစာတမ်းနှင့် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို စက္ကူစုတ်အဖြစ် ဆွဲဆုတ်ပစ်ခဲ့သည်။
ပြည်သူကို ကိုယ်စားမပြုနိုင်သည့် လူတဦးတစုက ပြည်သူ့အာဏာကို အပိုင်သိမ်းယူ ထားသည့် အာဏာရှင်အစိုးရ။
“တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ” အာဏာရှင်လူတစုအလိုကျ ထင်သလို အုပ်ချုပ်မှု၊ တရားစီရင်မှု။
နိုင်ငံစီးပွားရေးကို အာဏာရှင်တို့ ထင်သလို စီမံခန့်ခွဲမှု။


နှစ်ပေါင်း (၄၀) ကျော် အာဏာရှင်စနစ်သည် အောက်ပါခါးသီးဖွယ် အနိဋ္ဌာရုံများကို ပေါက်ဖွား စေခဲ့သည်။

(က) ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်သကဲ့သို့၊ ၀ါးသီးသည် ၀ါးပင်ကို သတ်သကဲ့သို့ လွတ်လပ်ရေးအတွက် ပြည်သူက မွေးကျွေးခဲ့သော လက်နက်ကိုင်တပ်သည် မိဘပြည်သူကို ပြန်လည်ဖိနှိပ်အုပ်ချုပ်နေရခြင်းဖြင့် ပြည်သူ့လွတ်လပ်ရေးကို ဖျက်ဆီးခဲ့သော တပ်ဘ၀ ရောက် ခဲ့ရသည်။

(ခ) ၁၉၆၀ ခုနှစ်ဝန်းကျင်က ဥပဒေမဲ့ တောတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် သုံးလေးထောင်ခန့်သာ ရှိတော့ရာမှ ယခုအခါ သုံးသောင်းလေးသောင်း။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည်။

(ဂ) တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် လက်နက်မဲ့ တောသူ တောင်သား တိုင်းရင်း သားများ သိန်းဂဏန်းရှိနေပြီ။

(ဃ) နိုင်ငံရေးအားဖြင့် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအများက ဘေးဖယ်ဝိုင်းကျဉ်ခံနေရသည့် အာဏာရှင်တို့အုပ်စိုးခံ သိက္ခာမဲ့နိုင်ငံအဖြစ်။

(င) စီးပွားရေးအားဖြင့် ဘဏ်တိုက်ရှိ ရွှေ၊ ငွေများ ကုန်ခန်းသွားပြီး နိုင်ငံတကာ ကြွေးမြီများဖြင့် နွံနစ်နေသည့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခု၊ အရှေ့တောင်အာရှ၏ အောက်ဆုံးပိတ် နိုင်ငံတခု။

(စ) နိုင်ငံသားတို့ သုံးစွဲရန် အပ်၊ ဓား၊ အိုးခွက်ပန်းကန်မှအစ အ၀တ်အထည်၊ လူသုံးကုန် ပစ္စည်းအလယ်၊ ယာဉ်ကား၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သံထည်၊ ဘိလပ်မြေအဆုံး တိုင်းတပါးက တင်သွင်းနေရသောနိုင်ငံ။

(ဆ) စိုက်ပျိုးရေးအားဖြင့် နိုင်ငံတကာသို့ ဆန်တင်ပို့ရောင်းချနိုင်ခြင်း မရှိတော့ရုံမက မကြခဏ ဆန်စပါးသီးနှံ ရှားပါးမှုပင် ကြုံတွေ့ခဲ့ရသောနိုင်ငံ။

(ဇ) သားစဉ်မြေးဆက် သုံးမကုန်နိုင်ဟု မှတ်ယူခဲ့သော သစ်တောများ၊ မြေပေါ်မြေအောက် ကျောက်မျက်ရတနာ သယံဇာတများ ဆယ်စုနှစ် တခုနှစ်အတွင်းပင် ကုန်ခန်းပျောက်ကွယ် သွားစေခဲ့ပြီ။

(ဈ) ဆေးရုံ ဆေးခန်းများတွင် ဆေးမရှိတော့ရုံမက ဆေးဘက်ဝန်ထမ်းအများတို့သည် လူနာနှင့် ငွေရှာစားနေရသော အသပြာဆေးဝန်ထမ်းများအဖြစ် ရောက်ခဲ့ရပြီ။

(ည) ကျောင်းများတွင်လည်း စာသင်ကြားရေးစနစ် ချွတ်ယွင်းပျက်စီးသွားရုံမက ဆရာများသည် ကျောင်းသားနှင့် ငွေရှာစားနေရသော အသပြာဆရာများဘ၀ ကျရောက်ခဲ့ရပြီ။

(ဋ) အဆိုးဆုံးအဖြစ် နိုင်ငံသားလူငယ်များ တိုင်းတပါးသို့ ကျွန်ခံသွားနေရပြီ။ ယောက်ျားလူငယ် အများသည် သူတပါး မလုပ်လိုသော အလုပ်ကို နည်းပါးသော အခကြေးငွေဖြင့် ကာယကျွန်အဖြစ် လုပ်နေရပြီး မိန်းကလေးငယ်အများ ကာမကျွန်ဘ၀ ရောက်နေကြရပြီ။

(ဌ) ပြည်သူတို့ လွတ်လပ်ရမည်ဟူသော နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်နက်စွဲကိုင်ခြင်း မရှိသော ပြည်သူထောင်ပေါင်းများစွာသည် အကျဉ်းထောင်များတွင် နှစ်ပေါင်း သောင်းကျော် ကျရောက်ခံခဲ့ကြရပြီ။

(ဍ) လွတ်လပ်ခြင်းကင်းစွာ အာဏာရှင်အလိုကျ ရေးသားဖော်ပြနေကြရသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ။

(ဎ) တိုင်းပြည်အကျိုးမငဲ့ကွက်၊ ကိုယ်ကျိုးသက်သက်သာ ကြည့်တော့သည့် အခွင့်သာလျှင် ဘနဖူး သိုက်တူးဖို့ ၀န်မလေးတော့သည့် ကိုယ်ကျိုးစီးပွား လူပေါင်းများစွာ “အာဏာရှင်စနစ်နွံ” မှ ပေါက်ဖွားကြီးထွားစေခဲ့ပြီ။

ပြည်သူလွတ်လပ်ခြင်းမရှိလျှင် နိုင်ငံသည်လည်း လွတ်လပ်သော နိုင်ငံမဟုတ်တော့ပေ။ တိုင်းပြည် လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူခဲ့ကြသူများ ခုအချိန် အသက်ရှိနေလျှင် သူတို့ ဘာလုပ်ကြမည်နည်း။ ဘာပြောကြမည်နည်း။

တို့နိုင်ငံ ကြီးစွာသော နိုင်ငံရေးအမှား ဖြစ်ပွားခဲ့ပြီးပြီ။

*အဘိုးအဘွားတို့ ထားရစ်ခဲ့သည့် ခက်ခဲကြီးလေးသည့် သမိုင်းပေးဝန်ကို မျှဝေထမ်းဆောင်ရန်...
*တို့ ညီငယ် ညီမငယ်များ လွတ်လပ်သောလေ ရှူရှိုက်နိုင်စေရန်...
*တို့သား၊ တို့သမီးများ လွပ်လပ်ရေး၏ အသီးအပွင့်များ ပြန်လည်ခံစားနိုင်စေရန်...

ယနေ့ခေတ်တွင် လူဖြစ်နေရသော ငါတို့သည် တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူ့လွတ်လပ်ရေး အတွက် အာဏာရှင်စနစ်နှင့် ထိုစနစ် သက်ဆိုးရှည်စေရေး ဆောင်ရွက်ချက်များကို ငြင်းဆိုရန်မှတပါး အခြားရွေးရန် လမ်းမရှိ။ ။




ထိုင်းနိုင်ငံရေး ထိုင်းတရားစီရင်ရေးနှင့် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် အပြေး



ကိုဝိုင်း/ ၁၂ သြဂုတ် ၂၀၀၈


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် ဇနီးတို့သည် အဂတိမှုနှင့် အာဏာအလွဲသုံးစားမှုများကို ရင်ဆိုင်ဖြေရှင်းရမည့်အစား ဗြိတိန်နိုင်ငံသို့ ထွက်ပြေးသွားခြင်းသည် မိမိကိုယ်မိမိသာမက ထိုင်းပြည်သူများနှင့် လက်ရှိတရားစီရင်ရေးစနစ်အား စော်ကားလိုက်ခြင်းဖြစ်ကြောင်း သတင်း ဌာနများက ရေးသားကြသည်။

၂၀၀၃ ခု၌ မြေကွက်တခုကို ဇနီးသည် ပွတ်ဂျမန်အား ကာလပေါက်ဈေးထက် များစွာလျော့နည်း ပြီး ၀ယ်နိုင်စေရန် ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်နေသည့် မစ္စတာတပ်ဆင်အနေဖြင့် အာဏာအလွဲ သုံးခဲ့ကြောင်း စွပ်စွဲမှုနှင့် ပတ်သက်၍ စစ်ဆေးခံရန် တရားရုံးချုပ်သို့ ယမန်နေ့က ရောက်လာခြင်း မရှိဘဲ တရုတ်နိုင်ငံမှတဆင့် ဗြိတိန်သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

မစ္စတာတပ်ဆင်ကမူ ဤသို့ ထွက်ပြေးခဲ့ရခြင်းမှာ ထိုင်းတရားရေးစနစ်အား အယုံအကြည်မရှိခြင်း၊ ခြိမ်းခြောက်မှုများ ခံနေရခြင်းတို့ကြောင့်ဖြစ်ပြီး တရားရင်ဆိုင်ရန် ထိုင်းနိုင်ငံသို့ ပြန်လာမည် မဟုတ် ကြောင်း သတင်းဌာနများမှတဆင့် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် နာရီပိုင်းအတွင်း၌ တရားရုံးချုပ်က ၎င်းတို့နှစ်ဦးအား ၀ရမ်းပြေးများအဖြစ် သတ်မှတ် ၍ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အာမခံကြေးငွေများဖြစ်သော မစ္စတာတပ်ဆင်အတွက် ဘတ် (၈) သန်းနှင့် ဇနီး ပွတ်ဂျမန်အတွက် ဘတ် (၅) သန်း တို့ကိုလည်း (၅) ရက်အတွင်း လွှဲပြောင်းပေးရန် သက်ဆိုင်ရာဘဏ်များသို့ ညွှန်ကြားလိုက်သည်။

ထိုင်းနိုင်ငံ၌ နိုင်ငံရေးနှင့် ငွေကြေးအရ သြဇာကြီးမားသော မစ္စတာတပ်ဆင်နှင့် ဇနီးတို့ တရားရင် ဆိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ထွက်ပြေးသွားခဲ့ခြင်းအပေါ် တုန့်ပြန်ဝေဖန်မှုများလည်း အမျိုးမျိုးဖြစ် ပေါ်နေသည်။

တရားစီရင်ရေးစနစ်အား ယုံကြည်မှုမရှိကြောင်း ဖော်ပြသည့် မစ္စတာတပ်ဆင်၏ ယမန်နေ့ ထုတ်ပြန်ချက်သည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထိုင်းလက်နက်ကိုင်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘွန်းစရန် နီယမ်ပရာဒစ်နှင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အာဘီဆစ်တို့က ယမန်နေ့တွင် ဝေဖန်ပြစ်တင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ဘွန်းစရန်က ၎င်းအနေဖြင့် ထိုင်းတရားစီရင်ရေးစနစ်ကို အပြည့်အ၀ယုံကြည် ကြောင်း၊ ထိုင်းဘုရင်ကလည်း တရားရုံးနှင့် တရားသူကြီးများ၏ အရေးပါမှုအား အလေးထား ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းပြည်သူများအနေဖြင့် ဘုရင်၏ လမ်းညွှန်မှုကို လိုက်နာကြရမည် ဖြစ်ကြောင်းပြောသည်။

၂၀၀၆ ခု ဧပြီလအတွင်းက ထိုင်းဘုရင်သည် အရေးပါသည့် တရားရုံး (၃) ခုမှ တရားသူကြီးချုပ် များကို နန်းတော်အတွင်း ဆင့်ခေါ်၍ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရမည့်တာဝန်သည် တရားသူကြီးချုပ်များ၏ အဓိကတာဝန်ဖြစ်ကြောင်း ပြောကြားခဲ့မှု များလည်းရှိသည်။

တရားစီရင်ရေးစနစ်ကို ယုံကြည်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည့် မစ္စတာတပ်ဆင်သည် အခြား သူများကို အဘယ်ကြောင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် အံ့သြ နားမလည် ဖြစ်ရကြောင်း အတိုက်အခံခေါင်းဆောင် မစ္စတာအာဘီဆစ်က ပြောသည်။

မစ္စတာတပ်ဆင်သည် ၎င်းနှင့် လက်ရှိအစိုးရတို့ကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု (ပီအေဒီ) မှ အမာခံခေါင်းဆောင်များ၊ ခရိုင်ဆတ်ချွန်ဟာဗန်၊ ဒီမိုကရက်ပါတီဝင်များ အပါအ၀င် လွှတ်တော်အမတ်ဟောင်းများကို တရားစွဲရန် ပြင်ဆင်မှုများရှိခဲ့သည်။

ထိုင်းနိုင်ငံတရားစီရင်ရေးစနစ်သည် လွတ်လပ်စွာ ဆုံးဖြတ်ချက်များ ချမှတ်နေသည်ကို နိုင်ငံ တကာမှ အံ့သြတွေ့ရှိခဲ့ရသောကိစ္စမှာ မစ္စတာတပ်ဆင်၏ ရှေ့နေများကို တရားသူကြီးများအား လာဘ်ထိုးမှုဖြင့် ယခုနှစ် ဇွန်လအတွင်းက ထောင်ဒဏ်ချနိုင်ခဲ့သည့် အချက်ဖြစ်သည်။

ပို၍ အံသြသွားရသည်မှာ ပွတ်ဂျမန်၊ သူမ၏မောင်နှင့် အတွင်းရေးမှူးတို့အား တပ်ဆင်မိသားစုပိုင် တယ်လီကွမ်းလုပ်ငန်း အစုရှယ်ယာများ လွှဲပြောင်းရာ၌ အခွန်ငွေ ဘတ် (၅၄၆) သန်း ရှောင်တိမ်း မှုဖြင့် ယခင်လကုန်က ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပွတ်ဂျမန်သည် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသော်လည်း အာမခံကြေး ဘတ် (၅) သန်းဖြင့် ထောင်ပြင်ပ၌ နေထိုင်ခွင့်ရရှိခဲ့သည်။

မစ္စတာတပ်ဆင် ဗြိတိန်သို့ ထွက်ပြေးရန် ဆုံးဖြတ်ရာတွင် အဆိုပါ ထောင်ဒဏ်ချမှတ်မှုသည်လည်း တွန်းအားတခုဖြစ်နိုင်သည်ဟု သုံးသပ်သူများရှိသည်။ အဘယ်ကြောင့်ဆိုသော် မစ္စတာတပ်ဆင် သည် နှစ်လုံးနှင့် သုံးလုံးထီ အရှုတ်အရှင်း၊ မြန်မာနိုင်ငံသို့ ထိုင်းသွင်းကုန်၊ ထုတ်ကုန်ဘဏ်မှ အတိုးနည်းငွေချေးမှု အရှုတ်အရှင်း စသည့် ၎င်းတဦးတည်း ရင်ဆိုင်ရမည့် အမှုများသာမက ၎င်း၏ အပေါင်းအပါများနှင့်အတူ ရင်ဆိုင်ရမည့် အခြားအမှု (၅) ခုလည်း ရှိနေသေးသဖြင့် လွတ်လမ်း မမြင်တော့ဘဲ ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။

ထိုင်းနိုင်ငံ ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကြီး၌မူ မစ္စတာတပ်ဆင်သည် လက်ရှိ ၀န်ကြီး
ချုပ်စမတ်နှင့် ယခင်လက တွေ့ဆုံပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများအား မည်သို့ကိုင်တွယ်မည် ကို ဆွေးနွေးခဲ့သည့်အပြင် မစ္စတပ်ဆင်ပြည်တွင်း၌ ရှိနေခြင်းသည် လက်ရှိအစိုးရအား အယုံအ ကြည်မရှိဖြစ်စေကြောင်း ဆွေးနွေးမှုများလည်း ရှိခဲ့သည်ဟု ၀န်ကြီးချုပ်၏ပါတီ (PPP) မှ အဆင့်မြင့် အရာရှိများကို ကိုးကား၍ ဖော်ပြသည်။

မစ္စတာတပ်ဆင်နှင့် နီးစပ်သူ ဒုဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆူရာပွန်ကမူ တပ်ဆင်၏ ယခု အပြုအမှုသည် လက်ရှိ အစိုးရနှင့် (PPP) အား ထိခိုက်မှု မရှိနိုင်ကြောင်းပြောသည်။ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရသူ ထာရစ်ချရန်ဝတ်က မစ္စတာ တပ်ဆင် ဗြိတိန်တွင် နိုင်ငံရေးခိုလှုခွင့် တောင်းမတောင်းကို ၎င်းထံသို့ အကြောင်းကြားမှု မရှိသေးကြောင်း၊ မစ္စတာတပ်ဆင်၏ နိုင်ငံကူး လက်မှတ်များ ပြန်လည်ရုတ်သိမ်းရန်လည်း အချက်အလက်များ ပိုမိုစုဆောင်းရဦးမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တရားစီရင်နိုင်ရန် မစ္စတာတပ်ဆင်အား ပြန်လည်လွှဲပြောင်းပေးရေး တောင်းဆိုမှု လုပ်ငန်းစဉ်ကိုလည်း တရားရုံးချုပ်ထံမှ တောင်းဆိုစာမရရှိမချင်း စတင်ဦးမည်မဟုတ်ကြောင်း ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီး မစ္စတာတပ်ဆင်သည် ထိုင်းရတ်ထိုင်းပါတီကို ၁၉၉၈ ခုတွင် တည်ထောင်ခဲ့ပြီး ၂၀၀၁ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၀န်ကြီးချုပ်အဖြစ် သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရပြီး ၂၀၀၅ တွင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံခဲ့ရသည်။

သို့သော် ၎င်းပြည်ပရောက်နေစဉ် မစ္စတာတပ်ဆင်အား အဂတိမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ၍ ၂၀၀၆ ခု စက်တင်ဘာလ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ခုံရုံးဖွဲ့၍ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မစ္စတာတပ်ဆင်သည် ပြည်ပ၌ လှည့်လည်နေထိုင်ခဲ့ရပြီးနောက် ၎င်း၏ လက်ဝေခံ
ဝန်ကြီးချုပ်စမတ် ဦးဆောင်သော လက်ရှိအစိုးရ တက်လာပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှသာ ပြည်တွင်းသို့ ပြန်လည်ရောက်လာခဲ့သည်။

ယင်းနောက် ၎င်းအား စွပ်စွဲမှုများသည် မမှန်ကန်ကြောင်း၊ ၎င်းအနေဖြင့် အမှားများ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း နည်းမျိုးစုံဖြင့် ပြောဆိုကာကွယ်လုပ်ဆောင်ခဲ့သော်လည်း ထိုင်းတရားရေးစနစ်အား မည်သို့မျှ ထိုးဖောက်ကြိုးကိုင်၍ မရဘဲဖြစ်နေခဲ့ပြီးနောက် ယခုကဲ့သို့ ဗြိတိန်သို့ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

၎င်းကျောထောက်နောက်ခံပြုထားသည့် ၀န်ကြီးချုပ်ဦးဆောင်သော လက်ရှိအစိုးရသည်လည်း ဆန့်ကျင်ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေရပြီး ၀န်ကြီးအစားထိုးမှု၊ ၀န်ကြီးနေရာ အပြောင်းအလဲများ ပြုလုပ်ခြင်းဖြင့် မတည်မငြိမ် ဖြစ်နေသည်။

လက်ရှိအစိုးရကို အဓိက ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) အဖွဲ့ကလည်း မစ္စတာတပ်ဆင် ထွက်ပြေးသွားသော်လည်း ၎င်းတို့၏ ဆန္ဒပြပွဲများကို ရပ်တန့် သွားမည်မဟုတ်ကြောင်း၊ တရားရုံးတွင် ရင်ဆိုင်ခြင်းမပြုဘဲ ထွက်ပြေးခြင်းဖြင့် တပ်ဆင်သည် ၎င်း၌ အပြစ်ရှိကြောင်းကို ပြသလိုက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

ယခုအခါ မစ္စတာတပ်ဆင်နှင့် ဇနီးအပါအ၀င် ၎င်းတို့၏ သားသမီးများသည် ဗြိတိန်သို့ ရောက်ရှိ နေပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံ၊ မတောင်းခံနှင့် ပတ်သက်၍ တရားဝင်သတင်းများ ထွက်ပေါ် လာခြင်း မရှိသေးသော်လည်း ၎င်းတို့နှစ်ဦး မပါဝင်ဘဲ အမှုများကို စီရင်ချက်ချသည်အထိ ဆက် လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စီရင်ချက်ချသည့်နေ့တွင် တရားခံများ မရှိပါက ရက်ပေါင်း (၃၀) သာ စောင့်မည်ဖြစ်ကြောင်း တရားရုံးချုပ် တရားသူကြီး ကရီရန်ကရိုင်က ပြောသည်။

နိုင်ငံရေးသမားများ လာဘ်စားမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အာဏာသိမ်းမှုများလည်း မကြာ ခဏဖြစ်ပွားလေ့ရှိသည့် ထိုင်းနိုင်ငံတွင် ငွေကြေးအရ နိုင်ငံရေးသြဇာအရ ကြီးမားလှသည့်
ဝန်ကြီးချုပ်ဟောင်းတပ်ဆင်နှင့် ဇနီးကို ယခုကဲ့သို့ အမှု စစ်ဆေးရန်ကြိုးစားခြင်း၊ စီရင်ချက် ချနိုင်ခြင်းသည် ထိုင်းနိုင်ငံအတွက် စံထားရမည့် တရားစီရင်မှုဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ တရား စီရင်ရေးစနစ်သည် ခိုင်မာတောင့်တင်းလာကြောင်းကိုလည်း ပြသရာရောက်နေကြောင်း သုံးသပ်သူများက ပြောသည်။ ။


ကျွန်းတောထဲက ငှက်ကလေးတကောင်

ငြိမ်းဝေ
အင်္ဂါနေ့၊ သြဂုတ်လ 12 2008 13:58 - မြန်မာစံတော်ချိန်

၁၉၉၉- ခုနှစ်တုန်းကပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တရားမ၀င် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆင်ရေးကြီး လုပ်ပြီး ဖမ်းပါတယ်။ တမြို့လုံး ပါတ်ပြီး စစ်သားတွေ၊ နယ်ခြားစောင့် တပ်တွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေက ကားတွေ တန်းစီပြီး ညှပ်ပူးညှပ်ပိတ် လုပ်ပြီး ဖမ်းတာပါ။ မြို့ပေါ်မှာလည်း ရဟတ်ယာဉ် တစင်းက ၀ဲနေပါသေးတယ်။ ဒီတုန်းက အခုလို တရားဝင် အလုပ်သမား လက်မှတ်တွေလည်း ထုတ်မပေးသေးတဲ့ အချိန်ဆိုတော့ ကျနော်တို့ မြန်မာပြည်သားတွေဆိုတာ ကြက်တွေ ငှက်တွေကို ခြင်းထဲ ကောက်ထည့်သလို အစုအပြုံလိုက် အဖမ်းခံကြရ၊ ပြန်ပို့ခံကြရတာပါ။ တမြို့လုံးမှာ ရှိတဲ့၊ စက်ရုံတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေ အားလုံး မြို့ပြင်ဘက် ကွင်းတွေ တောတွေထဲ ရောက်ကုန်ကြပါတယ်။ လူတွေ လမ်းတွေပေါ်မှာ စုပြုံပြီး အဖမ်းခံရတဲ့ မြင်ကွင်း၊ သောင်ရင်းမြစ်ထဲ တယောက်လက် တယောက်ဆွဲပြီး ရင်ဆို့လောက်ရေမှာ လူတထောင်လောက် သက်စွန့်ဆံဖျား ဖြတ်ကူးကြရတဲ့ မြင်ကွင်းဟာ တကယ့်ကို ကြေကွဲစရာ၊ ရင်နာစရာပါ။ တမြို့လုံးလည်း အိမ်တွေ တခါးတွေပိတ် ... တိတ်ဆိတ် သွားလိုက်တာ။ မဲဆောက်မြို့ဆိုတာ မြန်မာပြည်သားတွေ အများဆုံး လာနေတဲ့မြို့။ မြို့ခံထက်တောင် ပိုများတယ်လို့ ထင်တယ်။

ဒီတုန်းက ကျနော်လည်း နေစရာ ခိုစရာမရှိအောင် ဖြစ်ခဲ့ပါတယ်။ နေရာ သုံးနေရာလောက် ပြောင်းနေပေမယ့် မလုံခြုံပါဘူး။ တခါတလေများ ခြုံတွေတောတွေထဲ ဆင်းအိပ်ရတဲ့အထိ မလုံခြုံ ခဲ့ပါဘူး။ ဒါနဲ့ပဲ မြို့စွန်က ဥယျာဉ်ကြီး တခုထဲမှာ တဲထိုးပြီး သွားနေရပါတယ်။ မြို့စွန်လည်းဖြစ်ပြန်၊ လူနေကလည်း ကြဲတော့ အဲဒီဖက်ကို ထိုင်းရဲတွေ လာခဲပါတယ်။ ကျနော်ကတော့ တလစာ ရိက္ခာဝယ်ပြီး အဲဒီမြို့စွန်၊ ဥယျာဉ်ကြီးထဲက တဲကလေးမှာ ပုန်းခိုကျင်း လုပ်ခဲ့ကြပါတယ်။

တနေ့ ... နေ့လည်ထမင်းစားပြီးတဲ့အချိန် ကျနော်စိုက်ထားတဲ့ ပဲတိုင်တောင်ခင်း၊ ငြုပ်ခင်း၊ ရုန်းပဒီသီး ခင်းဘေးမှာ လမ်းလျှောက်နေတုန်း ငှက်အော်သံတခုကို သတိမထားမိနိုင်လောက်အောင်ကိုပဲ ကြားနေခဲ့ရ ပါတယ်။ ငှက်ကလေးတကောင်ဟာ ကျနော် လမ်းလျှောက်နေတဲ့ ဟင်းရွက်ခင်းဘေးက ချောင်းကလေးတခုရဲ့ တဖက်မှာရှိတဲ့ ကျွန်းခင်းကြီးထဲမှာ အချိန်အကြာကြီး အော်နေခဲ့ပါတယ်။

ငှက်အော်သံက ထူးခြားတော့ ကျနော့်စိတ်နဲ့ ကျနော့်နားက သူ့ဆီကိုပဲ ရောက်နေခဲ့ပါတယ်။ ငှက်ကလေး ဟာ ကျနော့်တဲနား၊ ကျွန်းတောအစပ်အထိ ရောက်လာလိုက်၊ ကျွန်းတောကြီးထဲ ၀င်သွားလိုက်နဲ့၊ ဟိုးဖက် ကျွန်းတောအစပ်တွေဆီ ရောက်သွားလိုက်နဲ့။ သူအော်တဲ့ အသံကလည်း ကျနော်နဲ့ နီးလာလိုက်၊ ဝေးသွားလိုက်၊ ပြန်နီးလာလိုက်နဲ့။

ဒီလို အဆက်မပြတ် အော်နေတော့ ဒီငှက်ကလေး ဘာပြုလို့များလဲပေါ့။ သူ့ကြင်ဖော်ငှက်ကလေး ပျောက်သွားလို့ လိုက်ရှာနေတာများလား၊ သူ့အသိုက်ကို တခြားငှက်တွေ မြွေတွေကများ ဖျက်ဆီးလို့ အော်နေတာများလား ... ။ အမျိုးမျိုးတွေးလိုက် ... သူ့အသံကို နားထောင်လိုက်ပေါ့။ အချိန်တော်တော် ကြာအောင် အော်ပြီးတော့မှ ငှက်ကလေးအော်တဲ့အသံ တိတ်သွားပါတယ်။ အဆက်မပြတ် အော်နေတဲ့ ငှက်အော်သံ တိတ်သွားတော့မှပဲ ကျနော်လည်း အမောပြေသလို ဖြစ်ရပါတယ်။ ကာယကံရှင် ငှက်ကလေး ကတော့ ဘယ်လိုနေမလဲ မသိဘူး။ ကျနော်ကတော့ သက်ပြင်းချပြီးကို အမောဖြေရပါတော့တယ်။

ဒီလိုနဲ့ ... နောက်တနေ့ ဒီလိုအချိန်ကြတော့လည်း မနေ့တုန်းက အော်ခဲ့တဲ့ ငှက်ကလေးရဲ့အော်သံကို မမျှော်လင့်ပဲ ကြားလာရပြန်ပါတယ်။ ဒီလိုပဲ ငှက်ကလေးဟာ အချိန်တော်တော် ကြာတဲ့အထိ နေရာအနှံ့သွားပြီး အော်ဟစ်လိုက် နားလိုက်လုပ်နေပါတယ်။ ကျနော်ကလည်း ငှက်ကလေးရဲ့အော်သံဗေဒကို ခွဲခြမ်းစိပ်ဖြာရင်း အလုပ်တွေ ရှုပ်ရတော့ပြန်တာပေါ့။ ဒီငှက်ကလေးက ဘာပြုလို့ နှစ်ရက်ဆက်ပြီး အော်နေရတာလဲ။ ညတုန်းက သူဘယ်မှာ သွားအိပ်ခဲ့သလဲ။ သူ့အသိုက်လေးကောရှိမှ ရှိသေးရဲ့လား။ သူ့ရဲ့ပျောက်သွားတယ်လို့ ထင်ရတဲ့ သူ့ကြင်ဖော်ငှက်ကလေးနဲ့ အခုထက်ထိ မတွေ့သေးဘူးလား။ တွေ့တယ်ဆိုရင်လည်း ဒီကနေ့ကြမှ ဘာပြုလို့ ထပ်ပြီး လိုက်အော်နေရတာလဲ ...။ ကျနော့်အတွေးထဲမှာ ဆိုင်တာကော၊ မဆိုင်တာကော ဆီလျော်တာကော၊ မဆီလျော်တာကော ကျနော်တွေးနိုင်သလောက်တွေးပြီး ငှက်ကလေးဋီကာဖွင့်တော့တာပါပဲ။

ဒီလိုနဲ့ နောက်တနေ့ ... ။

ဒီလိုနဲ့ နောက်တနေ့ ...

(၅) ရက်မြောက်တဲ့နေ့မှာတော့ အချိန်မှန်မှန် ကြားခဲ့ရတဲ့ ငှက်ကလေးတကောင်ရဲ့အသံကို ကျနော် မကြားရတော့ပါဘူး။ ညနေပိုင်း ရောက်တဲ့အထိ၊ ညပိုင်းရောက်တဲ့အထိ၊ အိပ်ယာဝင်တဲ့အထိ သူ့အသံလေးကို ကြားရဦးမလားဆိုတဲ့ စိတ်နဲ့ တချိန်လုံး နားစွင့်နေခဲ့မိတယ်။

ညအိပ်တော့လည်း အိပ်မက်ထဲမှာ "ငှက်မြည်သံ" ကို ကြားလို့ လန့်နိုးလာခဲ့ရတယ်။ အိပ်ယာထဲက လူးလဲထပြီး၊ တဲအပြင်ဖက် ထွက်ရပ်ရင်း ချောင်းကလေးတဖက်က ကျွန်းတောကြီးဆီ နားစွင့်ထားမိသေးတယ်။

အဲဒီနေ့ကစပြီး ... (၄) ရက်လောက် ဆက်တိုက်ကြားခဲ့ရတဲ့ ငှက်ကလေးရဲ့အော်သံကို ကျနော်ထပ်ပြီး မကြားရတော့ပါဘူး။ ဘာကြောင့်ရယ်တော့မသိ။ ဒီကနေ့အထိ အဲဒီ ငှက်ကလေးအကြောင်း တွေးမိတိုင်း အလိုလို ကြေကွဲနေမိတာ အမှန်ပါပဲ။ ဘာကြောင့်မှန်း တကယ်ကို မသိပေမယ့် ကျနော် ...............။

ဒီလိုနဲ့ အဲဒီ ငှက်ကလေးကို စွဲပြီး ဂျပန်ဟိုက္ကူ ကဗျာလေးတပုဒ်ကို စာရွက်ပေါ်မှာရေး ပလပ်စတစ် လောင်းပြီး၊ ကျနော်သွားလေရာ ပိုက်ဆံအိပ်ကလေးထဲမှာ ဆောင်ထားခဲ့တာ အခုဆိုရင် (၉) နှစ် တင်းတင်း ပြည့်ပါပြီ။

ဘီလုံးငှက်ကလေးတကောင်
တချိန်လုံး တနေ့လုံး
နေ့စဉ်ရက်ဆက် သီချင်းဆို
လုံလောက်သွားတယ်ရယ်ကို မရှိဘူး

ဗသျှိုး
(၁၆၄၄-၁၆၉၄)

အနီရောင်ဝိညာဉ်တွေအကြောင်း …

ရှင်းနီနီ | သြဂုတ် ၈၊ ၂၀၀၈

ကြောက်တတ် လန့်တတ်တဲ့ မိဘနှစ်ပါးလက်အောက်မှာ ကြီးပြင်းခဲ့ရလို့ပဲလား…၊ ဒါမှမဟုတ် ကျမ ကြီးပြင်းရာ ရပ်ဝန်းက ကျမကိုကြောက်စိတ်နဲ့ကြီးထွားလာအောင် သွေးလှန့်ထား ခဲ့လို့ပဲလား မသိ။ တခုခုဆိုရင် ကြောက်မယ် လန့်မယ်၊ အိမ်ထဲမှာ ပုန်းနေမယ် ဆိုတဲ့မိန်းကလေးမျိုးပါ။ ဒီလောက်တောင်မှ ကြောက်တတ်တဲ့ မိန်းကလေးကို ကြောက်သထက်ကြောက် အောင် ပုတ်ခါတပ်လှန့်လိုက်တဲ့ အဖြစ်ဆိုးတခုက သြဂုတ်လမှာ ဖြစ်ပျက်ခဲ့တယ်။

အကြောက်တရားနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးပီပီ မိမိအပေါ်တခုခု အဆိုးသက်ရောက်လာမှာကို တွေးကြောက် လေတော့ တယောက်ယောက်ကို ပြောပြလိုက်ဖို့ မ၀ံ့ရဲဘူး။ ဒါနဲ့ပဲ ကျမဟာ အနှစ် နှစ်ဆယ်ကြာတဲ့ အထိ မျိုသိပ် မှုတွေနဲ့ကြီးထွားခဲ့ တယ်။ ဒီအခါ အနှစ်နှစ်ဆယ်လုံးလုံး မျိုသိပ်ခဲ့တဲ့ပုံရိပ်တွေကို ဒီသြဂုတ်လထဲမှာပဲဖြန့်ကြဲချလိုက် မိတော့တယ်။

… … … … …

ရန်ကုန်မှာကျောင်းတက်ရပေမယ့် ကျမရဲ့တက္ကသိုလ်ဟာ ပျော်စရာမကောင်းခဲ့ဘူး။ ရုတ်တရက် ငွေစက္ကူအရေး အခင်း ဖြစ်လို့ နိုင်ငံရေးသိပ္ပံ တဘာသာပဲဖြေပြီး ဗရုတ်ဗရက် နယ်ပြန်ကြရတယ်။ ရုတ်တရက်ပြန်ဖွင့်လို့ ကသုတ် ကရက်နဲ့ စာမေး ပွဲကောက်ဖြေရပြန်တယ်။ လူတွေကို အထူးသဖြင့် ကျမတို့ကျောင်းသားတွေကို ဘာဖြစ်လို့များ အကြပ်အတည်းဖြစ်အောင် လုပ်ရတာလဲ…ကျမ နားမလည်ဘူး။ စိတ်ထင်တိုင်း ဖွင့်လိုက် ပိတ်လိုက် ပညာရေး အခြေအနေဆိုးကြီး အောက်မှာ ကျမရဲ့ တက္ကသိုလ်ဟာ လိမ်ဖယ်လိမ်ဖယ်နဲ့။ ကျမကလည်း တကယ်ညံ့ပါတယ်။

ကျောင်းသားတွေ၊ ပြည်သူတွေ အုံကြွရင် ဘာကြောင့်ဒီလိုအုံကြွမှုတွေဖြစ်တယ်ဆိုတာ နားမလည်ဘူး။ အိပ်မက် ထဲက တက္ကသိုလ်လို ပျော်ရွှင်စွာကျောင်းတက်ခွင့် မရတာကိုဘဲ အားမလိုအားမရဖြစ်နေခဲ့သူပါ။ အဲသည်နှစ်က နယ်ကျောင်းသူ ကျမဟာ ခေမရဌ် ရှမ်းဆိုင်လေးနဲ့ ကပ်လျက်လမ်းမှာ အဆောင်ငှား နေရတယ်။

ပရယ်တီကယ် လုပ်အပြီး ဗိုက်ဆာတာနဲ့ အပန်းဖြေရိပ်သာ (RC) ထဲက ဖြတ်ဝင်၊ ဂျပ်ဆင်ဘေး ကင်တင်းမှာ ခေါက်ဆွဲကြော် မှာတယ်။ ဆာဆာနဲ့ စားပွဲပေါ်လာချတဲ့ခေါက်ဆွဲကြော်မွှေးမွှေးလေးကို စားမလို့အလုပ်မှာ ရုတ် တရက် ကျွက်စီကျွက်စီ အော်ဟစ်သံတွေကြားတယ်။ ဘာဖြစ်ပါလိမ့်။ အပန်းဖြေရိပ်သာဘက်ဆီက ၀ရုန်း သုန်း ကားဆူညံသံတွေကြားတယ်။

ခေါက်ဆွဲမစားအားတော့ဘဲ ကင်တင်းအပြင်ဘက်ကို ထွက်ကြည့်ခိုက်မှာ ပြေးပြေးလွှားလွှား အော်အော်ဟစ်ဟစ် ဖြစ်နေတဲ့ လူတွေက ကျမကို တယောက်ပြီးတယောက် ၀င်ဝင်တိုက်သွား ကြတယ်။ ဘယ်ဘက်က ၀င်တိုက် လိုက်၊ ညာဘက်က၀င် တိုက်လိုက်နဲ့ မွေးပွသိုးမွေးလွယ်အိတ်ကြီးတလုံးနဲ့ ကျမဟာ ခြေထောက်တွေလည်း မလှုပ် ရှားနိုင်တော့ဘူး။ ကြောက်လွန်း အားကြီးပြီး ထုံကပ်သွားလို့ ဘယ်ကိုမှ မရွေ့တော့ဘဲ အဲသည်နေရာမှာပဲ လွယ်အိတ်နဲ့ အတူ လုံးထွေး ပတ်ခြာလည်နေ တယ်။ ကျမ တကယ် ဘာမှ မသိဘူး။ ဘာဖြစ်တာလဲ၊ ဘာဖြစ်ကြတာလဲ … ဆိုတဲ့ မေးခွန်းတွေနဲ့အတူ လွယ်အိတ်ကြီးကို အားကိုးတကြီး ပွေ့ဖက်ရင်း ကြောင်စီစီဖြစ်နေတယ်။

အဲဒီမှာ အရပ်မြင့်မြင့် အသားညိုညိုနဲ့ ကျောင်းသားကြီး တယောက်က"ဟာ..ဒီနားမှာ ရပ်မနေနဲ့၊ အန္တရာယ် ရှိတယ်၊ ညီမ လာလာ၊ ဒီဘက်ကထွက် မြန်မြန်မြန်မြန်"ဆိုပြီး ကျမလက်ကို အတင်းဆွဲခေါ်တယ်။ ဂျပ်ဆင်ရှေ့က ဖြတ်ပြီး ပြည်လမ်းမ ဘက် ဂိတ်ပေါက်ရှိရာကို သူဆွဲခေါ်လာတာ၊ ကျောင်းသားတွေအားလုံးလည်း ဒီဂိတ်ကနေပဲ ထွက်ပြေးနေကြတာ ကျမတွေ့ တယ်။ ကျောင်းဝင်းအပြင်ရောက်တော့ ကျမလက်ကို သူလွှတ်ပေးပြီး ကျောင်း ၀င်းထဲကို အရှိန်နဲ့ပြန်ပြေးဝင်သွားတယ်။

အဲဒီ ခဏလေးမှာ ကျမသိလိုက်တာက အဲဒီလူဟာ ကျမလိုပဲ အရေးအကြောင်းကြုံရင် ဘာလုပ်ရမှန်းမသိ၊ ဆွံ့အ ကြောက်ရွံ့ နေမယ့် ကျောင်းသူကျောင်းသားတွေကို အရေးပေါ်ကူညီမှုပေးနေတာလို့ ကျမနားလည် လိုက်တယ်။ လူတွေအားလုံးဟာ ပြည်လမ်းမပေါ်မှာ ရုတ်ရုတ်သဲသဲနဲ့။ အများစုကတော့ စံရိပ်ငြိမ်လမ်းကြားလေးထဲ ပြေးဝင်နေ ကြတယ်။ ကျမ ဖိနပ်လည်း မပါတော့ဘူး။ ဘယ်ဆက်ပြေးရမလဲမသိဘူး။

"ကျောင်းဝင်းထဲမှာမနေကြနဲ့၊ ပြေးပြေး" ဆိုတဲ့ အော်ဟစ်သံတွေကြားနေရတယ်။ တကယ်ဆို ကျမတို့လို နုနု နယ်နယ် ကျောင်းသူကျောင်းသားတွေအတွက် ဒီတက္ကသိုလ် ကျောင်းဝင်းဟာ အလုံခြုံဆုံးစိတ်အချဆုံး ဖြစ်ရမှာ မဟုတ်ဘူးလား။ အပြင်လမ်းမကြီးကမှ အန္တရာယ်ရှိတာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်မနေတဲ့ အဆောင်က တက္ကသိုလ်ရိပ်သာလမ်း၊ ခေမရဌ်ဆိုင်ရဲ့ လမ်းကြားထဲမှာ၊ ဒီကျောင်းဝင်းထဲကဖြတ်ပြီး ပြန်မှရမှာ၊ အရိပ်သုံးပါး နားမလည်တဲ့ကျွန်မက ကျောင်းထဲက ပြန်ဖြတ်ပြီး အဆောင်ကိုပြန်မယ်လုပ်မိတယ်။ကျောင်းဝင်း ဂိတ်က သော့ ပိတ်သွားပါပြီ။ ကျောင်းသားတချို့က ကျောင်းဝင်း တံတိုင်းကိုကျော်တက်ပြီး အပြင်ကိုခုန်ချနေကြတယ်။

"ကလေးမ သေချင်လို့လား၊ ပြေးပြေး၊ စံရိပ်ငြိမ်လမ်းထဲပြေး"လို့ လူတယောက်က ကျမကိုအော်ဟစ် သတိပေးရင်း သူကိုယ် တိုင်လည်း ပြည်လမ်းကို ဖြတ်ကူးပြေးသွားတယ်။ ဒီတော့မှ ကျမသူ့နောက်ကနေ ပြေးလိုက်မိတယ်။ ကျမပြည်လမ်းမကို ဖြတ်ကူးစဉ်မှာပဲ လမ်းမအလယ်ကောင်တည့်တည့်ကနေ စာရွက်ဖြူတရွက်ပင့် ကိုင်ရင်း တလှမ်းချင်း လျှောက်သွားနေတဲ့၊ ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့ ကျောင်းသားတယောက်ကိုမြင်မိတယ်။

လမ်းကြားထိပ်ကျမအရောက်မှာ "ဟာ""ဟင်" "အမလေး" "ကယ်ကြပါဦး"ဆိုတဲ့ အထိတ်တလန့် အော်ဟစ်သံတွေ ထွက်ပေါ် လာတယ်။ ကျမလည်း ပြေးနေရင်းကနေ ခြေလှမ်းတုံ့ခနဲဖြစ်သွားပြီး လမ်းမဘက်ကို လှည့်ကြည့်မိတော့ စောစောက စာရွက်ဖြူကိုင်ထားတဲ့ ကျောင်းသားဟာ လမ်းမအလယ်ကောင်မှာ ကုန်းကုန်းခွေခွေလေး လဲကျသွားတာမြင်တယ်။ ကျမ မျက်လုံးတွေပြာထွက်သွားတယ်။

ဘုရားရေ သူသေသွားပြီလား။ ဘာတွေဖြစ်ကုန်တာလဲ။ "သေကုန်ပြီ" "သေကုန်ပြီ" "ပြေးပြေး"ဆိုတဲ့အသံတွေ အကျယ်ကြီး ထွက်ပေါ်လာတယ်။ လူတွေအားလုံး ကစဥ့်ကလျားနဲ့ ဟိုကသည် သည်ကဟို အော်ဟစ် ပြေးလွှား ကြ တယ်။ အဲဒီမှာ အစိမ်းပုပ်ရောင်ဝတ်စုံတွေနဲ့ လူ အယောက်နှစ်ဆယ်လောက်ဟာ ကျမဘက်ကို ပြိုဆင်း လာ ကြတယ်။ သူတို့လက်ထဲမှာ လှံလိုထိပ်အချွန်တွေ ပါတဲ့ သေနတ်အရှည်ကြီးတွေနဲ့။

"တယောက်မှ မလွတ်စေနဲ့" အော်သံ ကြားတယ်။ အပြေးနိုင်ဆုံးထက် ပိုပြီးမြန်မြန်ပြေးရမယ်ဆိုတဲ့ အသိနဲ့ ကျမ အားသွန် ပြေးနေမိတယ်။ ပြေးရင်းနဲ့တချက်တချက်လှည့်ကြည့်မိတော့ လှံချွန်ချွန်ကြီးတွေက ကျမနောက် ကျော နဲ့ အတော်လေးကို ကပ်နေပြီ။ ကျောကော့ပြီး တအားပြေးတယ်။ အဲဒီမှာ ကျမနံဘေး က မိန်းကလေး တယောက် နဲ့ကောင်လေးတယောက်ကို သူတို့လှမ်းဆွဲမိပြီး မြေကြီးပေါ်တွန်းလှဲလိုက်တယ်။ တခွပ်ခွပ်ထိုးနှက် ရိုက်ပုတ် ကန် ကျောက်တဲ့အသံတွေ အနီးကပ် ပေါ်ထွက်လာတယ်။

ကျမ လမ်းအတိုင်းမပြေးတော့ဘဲ အကွေ့တနေရာမှာ တဲခြံဝင်းတခုထဲ ချိုးဝင် လိုက်တယ်။ "ဒီကိုလာ ဒီကိုလာ" လို့ အသံ အုပ်အုပ်လေးကြားတဲ့ တဲအိမ်လေးထဲပြေးဝင်လိုက်တယ်။ ကျမအရင်ပုန်းခိုနေတဲ့ ကျောင်းသူကျောင်း သားတချို့က တဲအိမ် အောက်ခြေမှာ ၀ပ်နေဖို့ လက်ဟန်ခြေဟန်နဲ့ပြလို့ ကပျာကယာ နဲ့ ၀မ်းလျားထိုး မှောက် ပြီး အသက်အောင့်ထားမိတယ်။ နာရီဝက်လောက်ကြာတဲ့အခါ အသံတွေအားလုံးတိတ်သွားတယ်။

"အားလုံးပြီးသွားပြီ ကိုယ့်နေရာ ကိုယ် ပြန်ကြတော့" လို့ လူတယောက်ကပြောတယ်။ ကျမ နားမရှင်းဘူး။ ဘာ တွေဖြစ်လို့ ဘာတွေပြီးသွားတာလဲ။ (အခုမှ အစပြုတာ လို့တော့ အသိစိတ်က အလိုလိုနားလည်လိုက်တယ်။ ပြည်လမ်းမမှာ အစိမ်းပုပ် ရောင်လူတွေကတော့ ရှိနေတုန်းပဲ၊ ပြည်လမ်းမကို ပိတ်ထားတယ် တဲ့။

ကျမအဆောင် ပြန်ဖို့မဖြစ်နိုင်တော့ဘူး။ ဒီလမ်းကြားထဲမှာလည်း အစိမ်းပုပ် ရောင်လူတချို့ လမ်းသလားနေကြတုန်းပဲ။ တဲအိမ်နဲ့ နောက်ကျော ချင်းဆက်နေတဲ့ တဘက် ထမင်းဆိုင် နောက်ဖေးလမ်းကြားတွေကိုဖြတ်ပြီး အင်းစိန်လမ်းမဘက်ကို ရောက်ခဲ့တယ်။ ဇေယျာသီရိ လမ်းကြားအတွင်းဆောင်မှာနေတဲ့ သူငယ်ချင်းဆီမှာသွား ခိုနေရတယ်။

ပထမညမှာပဲ လှည်းတန်းပွိုင့်ဘက်ဆီကနေ ကျမအမျိုးအစားမပြောပြတတ်တဲ့ သေနတ်သံတွေ ကြားတယ်။ အဲဒီမှာနေတဲ့ အတောအတွင်း ကျမသတိထားမိတာက လူတွေဟာ စကားကျယ်ကျယ် မပြောရဲကြဘူး။ စားသုတ် သုတ် လာသုတ်သုတ်နဲ့။ နေ၀င်မီးငြိမ်းတဲ့။ လူတချို့လက်ထဲမှာ ရေဒီယို တွေနဲ့။ တယောက်နဲ့တ ယောက် တွေ့ ရင် ခပ်အုပ်အုပ်အသံနဲ့ "ဘယ်လိုလဲ" လို့မေး ကြတယ်။ တယောက်က"အခြေအနေ မကောင်းဘူး"လို့ ဖြေတယ်။

ဘာတွေ အခြေအနေ မကောင်းတာလဲ.. တကယ်ပဲ ကျမ မသိဘူး။ သိဖို့လည်း မကြိုးစားမိဘူး။ နယ်မှာ ကျန်ခဲ့ တဲ့မိဘတွေ စိတ်မပူဖို့ သူတို့နဲ့ တယ်လီဖုန်း အဆက်အသွယ်ရဖို့ကိုပဲ ကြိုးစားနေမိတယ်။ သုံးရက် မြောက်နေ့ လမ်းပွင့်တဲ့အခါ အဆောင် ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်း"စန္ဒာ"က ကျမကို ဖက်ပြီးငိုတယ်။

"ကျောင်းထဲမှာ ပိတ်မိနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေအများကြီးပဲ၊ ဆရာတွေနေတဲ့အိမ်ထဲကို ပြေးဝင် ပုန်းခိုနေရ တဲ့သူတွေလည်း အများကြီးပဲတဲ့။ ကျောင်းထဲမှာ ပိတ်မိနေသမျှ ကျောင်းသားကျောင်းသူတွေကို ကား တွေနဲ့လှည့်ပတ် သိမ်းကျုံးပြီး ဖမ်းတင်ခေါ်သွားကြတယ်တဲ့။ လုံချည်အနီနဲ့ ကောင်မလေးနှစ်ယောက်က ရုန်းကန်လို့တဲ့၊ ရိုက်နှက်ပြီး ဆွဲတင် ဖမ်းခေါ်သွားကြတယ်တဲ့။ ငါ့မှာ အဲဒါ နင်များလားလို့ ငိုလိုက်ရတာ"လို့ပြောတယ်။

ဒီတော့မှ ကျမကိုယ်ကျမ လုံချည်အနီရောင်ဝတ်ထားမှန်း သိတော့တယ်။ ဖိနပ်မပါဘဲ ပြေးလွှားခဲ့ရတဲ့ ခြေဖ၀ါး တွေက ခုမှ စပ်ဖျဉ်းဖျဉ်းနဲ့ နာကျင်နေမှန်းသိရတော့တယ်။ ဖမ်းခေါ်သွားတဲ့ ကျောင်းသားတွေ အများကြီးပဲတဲ့။ ခုထိမလွှတ်ဘူးတဲ့။

ကျမမျက်စိထဲမှာ ပြည်လမ်းမပေါ်ကုန်းကုန်းခွေခွေလေးလဲကျသွားတဲ့ အင်္ကျီအဖြူရောင်နဲ့ကျောင်းသားလေးကို မြင်နေတယ်။ သူကိုင်ထားတဲ့စာရွက်မှာ ဘာရေးထားလဲ၊ သူများတွေလိုလိုက်မပြေးဘဲ သူကလမ်းမအလယ် ကောင်တက်ပြီး ဘာလုပ်တာ လဲ။ တကယ်ပဲ ကျမဘာမှ မသိဘူး။ ကျမသိတာက သူသေသွားခဲ့တယ် ဆိုတာပဲ။ ဘာဖြစ်လို့ သူ သေသွားခဲ့တာလဲ။ ဟင့်အင်း … ကျမ မသိဘူး။ သိအောင်လည်း မကြိုးစားမိဘူး။

ကျောင်းတွေကတော့ ပိတ်လိုက်ပြန်ပြီ။ ကျမ သိချင်တာကတခုပဲ။ ကျမရဲ့တက္ကသိုလ်ကျောင်း ဘယ်တော့ဖွင့်မှာလဲ။ ကျမက တက္ကသိုလ်နေ့ရက်တွေကိုသီချင်းတွေထဲကလို ပျော်ရွှင်မြူးထူးစွာ ဖြတ်သန်းမယ်လို့ စိတ်ကူးယဉ်အားခဲထားခဲ့သူပါ။ ကျောင်း မြန်မြန်ဖွင့်ပါစေလို့ တမ်းတနေတဲ့အတိုင်း ရုတ်တရက် ကျောင်းတွေပြန်ဖွင့်ခဲ့ပြီ။

ဒါပေမယ့် တကယ်တမ်း ကြုံတွေ့လိုက်ရတဲ့ ကျမရဲ့တက္ကသိုလ်ကတော့ ခါးသီးတဲ့ရက်စွဲတွေနဲ့။ ဒဏ်ရာတွေ အပြည့်နဲ့။ သြဂုတ်လရဲ့နေ့စွဲတွေကို တစ္ဆေတကောင်က သိမ်းပိုက်ခြောက်လှန့်ခဲ့တယ်။ ကြောက်တတ်လွန်းတဲ့ ကျမကို ဘုရားသခင်က အရင်တခါကလို ကြောက်လန့်စရာအဖြစ်ဆိုးတွေနဲ့ ထိပ်တိုက်မတွေ့ရအောင်ဖယ်ရှား ပို့ဆောင်ပေးတယ်နဲ့တူပါရဲ့။ အဲဒီ နေ့က အစောပိုင်း ပရယ်တီကယ် လုပ်ပြီးတာနဲ့ စိတ်ထဲလေးလံနွမ်းနယ် သလို ဖြစ်ပြီး တံတားဖြူကန်လမ်းထဲမှာရှိတဲ့ ကျွန်မရဲ့အဆောင် ကို ပြန်လာခဲ့တယ်။ မကြာခင်မှာပဲ အဆောင်သူ တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြ တယ်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြပုံပဲ။ ဒီကန်လမ်းက ပင်မတက္ကသိုလ်မှာ တက်နေတဲ့ အဆောင်သူ အဆောင်သား တွေ အများအပြားရှိတဲ့ လမ်းဆိုတော့ သတင်းက ချက်ချင်းပျံ့နှံ့နေပြီ။

"အခြေအနေမကောင်းဘူး"ဆိုတဲ့စကားကို လူတိုင်းက မျက်လုံးပြူးမျက်ဆန်ပြူး အချက်ပေး ပြောဆိုနေကြပြီ။ ဆရာတွေက အကုန်ပြန်ကြဖို့ ပြန်လွှတ်နေကြတယ်တဲ့။ ကျောင်းဝင်းထဲမှာ ဘယ်သူမှ ကျန် မနေစေရဘူးတဲ့။ ကျောင်းသားတယောက် ကျန်နေတာတွေ့ရင် သက်ဆိုင်ရာ ဆရာကို ပြင်းထန်စွာ အရေးယူမယ်တဲ့။ ဒါဘာ သဘောလဲ ကျမနားမလည်ဘူး။ တခုခု ဖြစ်မယ်ကြံတာနဲ့ ကျောင်းသားတွေကို ကျောင်းဝင်းထဲမှာ မနေရ ဘူးလို့ နှင်ထုတ်တာကတော့ အဓိပ္ပာယ်မရှိတာဘဲ လို့ ကျမခံပြင်းစွာ တွေးနေမိတယ်။ ကျောင်းသားတွေဟာ ကိုယ်နေ တဲ့ ကျောင်းကို အရုပ်ဆိုး ပျက်စီးအောင် ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အဆောင်သူတွေ အားလုံး ပြန်ရောက် လာခဲ့ကြပေမယ့် ကျမရဲ့အရင်းနှီးဆုံး အခန်းဖော်သူငယ်ချင်း ပြန်ရောက်မလာသေးလို့ ကျမ ရင်တွေပူလာတယ်။

စက်မှုတက္ကသိုလ်က ကျောင်းသားတွေ အလုံးအရင်းနဲ့ချီတက်လာကြပြီတဲ့။ ပင်မတက္ကသိုလ်က ကျောင်းသားတွေ လည်း လူစုပြီး ထွက်လာ ကြမယ်တဲ့။ သူတို့အားလုံး ပူးပေါင်းကြမယ်တဲ့။ လှည်းတန်းပွိုင့်မှာ ဟောပြောဖို့ဆုံမှတ် ထားကြမယ်တဲ့။ အဲဒီမှာ အခန်းဖော်သူငယ်ချင်းဟာ ဖရိုဖရဲနဲ့ အဆောင်ထဲပြေးဝင်လာတယ်။ လူကဖရိုဖရဲပုံ ပေါက်နေပေမယ့် သူ့မျက်လုံး တွေက စူးရှတောက်ပလို့။ ကျမတခါမှမမြင်ဘူးတဲ့ အတောက်ပဆုံးမျက်လုံး တွေ။

သူက"လက်ကိုင်ပုဝါတွေ၊ ရေဘူးတွေ၊ ဦးထုပ်တွေ စုပေးကြပါ"လို့အော်တယ်။ "မြန်မြန်မြန်မြန်"တဲ့။ သူကိုယ် တိုင် လည်း ပျာယီးပျာယာနဲ့ တခန်းဝင်တခန်းထွက် ရှာဖွေ စုဆောင်းတယ်။ ကမသိလိုက်ပါပြီ။ တခါဖြစ်ဖူးတဲ့ အတွေ့ အကြုံက ကျမကို ရဲရင့်အောင် သင်ကြားပေးခဲ့ပြီ။ ကျမဟာ ဟိုတခါ တုန်းကလို ခြေထောက်တွေ ထုံကပ်ကြောက် လန့်ပြီး ကြောင်စီစီရပ်နေ မယ့် မိန်းကလေး မဟုတ်တော့ဘူး။

ပါးစပ်ကလည်း သူငယ်ချင်းနောက်က သံယောင်လိုက်ပြီး "မြန်မြန်မြန်မြန်၊ ရေဘူးတွေ၊ ဦးထုပ်တွေ၊ လက်ကိုင်ပုဝါတွေ" လို့အော်တယ်။ အဆောင်သူတွေအားလုံး မိနစ်ပိုင်းအတွင်းမှာပဲ လိုတဲ့ပစ္စည်းတွေ ရလိုက်တယ်။ ဆွဲခြင်းတွေ နဲ့ သိမ်းကျုံး ထည့်တယ်။ ပြည်လမ်းမဆီကို ပြေးကြတယ်။ လမ်းမနဲ့အပြည့် ကျပ်ခဲပြီးတလှုပ်လှုပ်ရွေ့လာနေတဲ့ လူ အုပ်ကြီးကို ခပ်လှမ်းလှမ်းမှာ မြင်တယ်။

ကျမသူငယ်ချင်း"စန္ဒာ"က ကျောင်းပြီးရင် လက်ထပ်ဖို့ စီစဉ်ထား တဲ့ သူ့ချစ်သူ"ကိုဦး"နဲ့ မျက်နှာချင်းဆိုင်ပြီးစကား တတွတ် တွတ်ပြောနေတယ်။ အမှန်က သူနှုတ်ဆက်နေတာပါ။ (ဒါဟာ သူတို့နှစ်ဦးအတွက် နောက်ဆုံးနှုတ်ဆက် ခြင်း ဖြစ်လိမ့်မယ် လို့တော့ အဲဒီတုန်းက ကျမလည်းမသိသေး ဘူးပေါ့)။ ကိုဦးရဲ့မျက်လုံးတွေက ဆုံးဖြတ်ချက်တွေ တသီတတန်းကြီးချထားပြီး မျှော်လင့်ခြင်းနဲ့လက်ဖြာ နေတဲ့ မျက်လုံးတွေ။ သူ့မျက်လုံးတွေရဲ့အတွင်းနက်နက် ထဲမှာ ကျမတို့မစဉ်းစားရဲ မတွေးရဲတဲ့ အရာတွေ ကိန်းဝပ်နေသလိုပဲ။

"စန္ဒာ့ အတွက်မပူနဲ့၊ နောက်လှည့်မကြည့်နဲ့၊ စိတ်ချပြီးသွား"လို့ စန္ဒာ က ပြောတော့ ကိုဦးက ခေါင်းညိတ်တယ်။ ကျမ တကယ်ပဲ မသိဘူး။ အဲဒီကိုဦးက ကျမသူငယ်ချင်းကို ထားခဲ့ပြီး ဘယ်အရပ်ဆီကိုသွားမှာလဲ…။

ဟစ်အော်သံတွေပြည့်လျှမ်းနေတဲ့ ကျောင်းသားလူအုပ်ကြီးဟာ ရွေ့လျားနှုန်းမြန်ဆန်လာတယ်။ ဒီလူအုပ်ကြီးကို အားပေး ချီးမြှောက်ဖို့ လက်ခုပ်တီးစောင့်ကြိုနေသူတွေ၊ ပြီးတော့ ဒီလူအုပ်ကြီးနဲ့အတူအဆုံးထိတိုင် တသားတည်း ပါဝင်စီးမျောဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ ကျောင်းသားတွေ ၊ အို..လမ်းတွေပေါ်မှာ လူတွေမှ မကြုံ စဖူး အများကြီးပါပဲ။

ကျမတို့ရှိရာ ကန်လမ်းထိပ်ကို သူတို့အားလုံး ရောက်လုရောက်ခင်လေးမှာ…။ မိုးကောင်းကင်ကြီးဝုန်းခနဲပြိုကျ လာသလို မြန်ဆန်လွန်းတဲ့အဖြစ်အပျက်တွေက ဒီလူအုပ်ကြီးထဲကို ရုတ်တရက်ကြီး ပြုတ်ကျမွှေနှောက်ခဲ့တယ်။ စနစ်တကျစီတန်း ရွေ့လျားလာတဲ့ လူအုပ်ကြီးဟာ မျက်တောင်တခတ် အချိန်လေးအတွင်းမှာပဲ ဖရိုဖရဲပြန့်ကြဲ သွားတယ်။ တခွပ်ခွပ်မြည်သံ တွေနဲ့အတူ အနီရောင် အစအနတွေဟာ ဖွားခနဲဖွားခနဲ လမ်းမပေါ်ဖြာကျတယ်။ ကျမတို့အားလုံး လူရော၊ သယ်ဆောင် လာတဲ့ ပစ္စည်းတွေပါ ရည်ရွယ်ရာဆီမရောက်နိုင်တော့ဘဲ ဟိုတစ သည် တစ ကွဲထွက် ဝေးလွင့်ကုန်တယ်။ တခုခုနဲ့တွန်း တိုက်မိသလိုမျိုးခံစားလိုက်ရပြီး ကျမလွင့်စင် လဲကျသွားတယ်။

သတိနဲ့ ကုန်းရုန်းထပြီး ကြည့်မိတော့ ဆူပွက် လှိုင်းထနေတဲ့ အနီရောင်မြင်ကွင်းတွေ။ ကျောင်းသားတချို့ က ကန်ပေါင်ပေါ် ကုပ်ခဲပြေးတက်နေကြတယ်။ လုံထိန်းတွေက နောက်က အာသာငမ်းငမ်းလိုက်လံ နှိပ်ကွပ်တယ်။ ကျောင်းသားတချို့ဟာ နံပါတ်တုတ်ကြီးတွေ တဆဆ ကိုင်ထားတဲ့ အစိမ်းပုပ်ရောင် လူတွေရဲ့လက်ထဲမှာ ယက် ကန်ယက်ကန်ဖြစ်နေကြတယ်။ အဲဒီမှာ ဖမ်းချုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသား လေးတ ယောက်ကို အစိမ်းပုပ်ရောင် လူသုံး ယောက်က ဘ၀အဆက်ဆက် အငြိုးရှိခဲ့သလိုမျိုး ပြိုင်တူဝိုင်းရိုက်လိုက်ကြတာ ကျမ တပ်အပ်မြင်လိုက်တယ်။ ခွေခေါက် လဲကျသွားတဲ့ ကျောင်းသားလေးဟာ အနီရောင်ထဲမှာ…။

ဝန်းကျင်တခုလုံး ရက်စက်တဲ့အနီရောင်တွေနဲ့ ချင်းချင်းနီဖုံးအုပ်သွားတယ်။ ကျမနာမည်ကို စူးခနဲငယ်သံပါအောင် အော်ခေါ် လိုက်တဲ့အသံတသံ ကြားမိတယ်။ အဲဒါ စန္ဒာ လား။ ထုံကျဉ်သွားတဲ့စိတ်တွေနဲ့ အဆောင်ကိုဘယ်လိုပြန် ရောက်ခဲ့လဲတောင် မသိတော့ဘူး။ အဆောင်ရောက်တော့ စန္ဒာက ပြန်ပြောပြတယ်။ ကန်လမ်းထဲကို အစိမ်းပုပ် ရောင် လူတွေ ကမူးရှူးထိုး ပြေးဝင်လိုက်ရိုက်ကြချိန်မှာ သူကျမကို အတင်းဆွဲခေါ်ခဲ့တာတဲ့။ အကြမ်းဖက် လူစုခွဲမှု ကြောင့် ဖရိုဖရဲ ဖြစ်သွားတဲ့ကြားကပဲ မရရအောင်ရုန်းထွက်ပြီး ဆက်လက်ချီတက်တဲ့ကျောင်းသား တွေလည်း အများကြီးပါပဲ တဲ့။

စက်မှုကျောင်းသားတွေဟာ ပင်မတက္ကသိုလ်ကျောင်းသားတွေနဲ့ မပူးပေါင်းနိုင်တော့ပေမယ့် လှည်းတန်းပွိုင့်မှာ ဆုံဖြစ်ကြဖို့ နည်းလမ်းရှာပြီးရောက်အောင်သွားနိုင်ကြမှာပါလို့ အားလုံးက မျှော်လင့်ခန့်မှန်းကြတယ်။ ဘာလုပ် ရမှန်းမသိ။

"ရက်စက်လိုက်တာ ရက်စက်လိုက်တာ"လို့ တက်တခေါက်ခေါက်ရေရွတ်သံတွေ အဆောင်တခုလုံး ပဲ့တင်ညံနေတယ်။

"ငါတို့ကျောင်းသားတွေ ဘာမှားလို့လဲ ဘာလုပ်လို့လဲ၊ ဘာလို့ ဒီလို အကြမ်းဖက်ဖြေရှင်းရတာလဲ" ဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ရင်ထဲဆို့ကျပ်နေတော့တယ်။ ငိုမဲ့မဲ့မျက်နှာတွေ တင်းကျပ်နေတဲ့စိတ်တွေနဲ့ ကျမတို့ ၀ိုင်းအုံ ထိုင်နေခိုက်မှာ စန္ဒာက အားလုံး စိတ်သက်သာရာရအောင်လို့ နဲ့တူပါရဲ့။

"ဖျာလိပ်နတ်ခေါ်ရအောင်"တဲ့။ ဖျာတချပ်လိပ်ပြီးကြိုးနဲ့ စည်းလိုက်တယ်။

အင်္ကျီလုံချည်စည်းနှောင်ဝတ်ပေးလိုက်တယ်။ သနပ်ခါးတွေလိမ်းလိုက်တယ်။ တင်းကျပ်တဲ့စိတ်တွေပြေလိုပြေငြား လုပ်ကာမှ ပိုဆိုးတော့တယ်။ အခါတိုင်းလိုပျော်စေပြက်စေ မေးခွန်းတွေမမေးမိဘူး။ အားလုံးသိချင်နေတာက အခု ချိန်မှာ ဒီအကြောင်း အရာ တခုတည်းပဲ ဖြစ်နေတယ်။ စောစောက ကျောင်းသား တွေ ဘယ်နား ရောက်နေပြီလဲ။ သူတို့စီစဉ်ထားတဲ့အတိုင်း အားလုံး ဆုံစည်းမိရဲ့လား။ အခြေအနေကောင်းရဲ့လား၊ စောစောကထက် အခြေအနေ ပိုဆိုးနိုင်လား … သူတို့ လွတ်မြောက် နိုင်ပါ့မလား…ဒါတွေပဲ သိချင်စိတ်ပြင်းပြ နေကြတယ်။

"အခု ဘယ်နားရောက်နေပြီလဲ" ဆိုတဲ့မေးခွန်းကို ဖျာလိပ်နတ်သမီးက လှည်းတန်းဘက်ဆီ ကိုင်းညွှတ်ပြပြီး ဖြေတယ်။

"အားလုံးပူးပေါင်းမိပြီး အင်အားကြီးရင်၊ အခြေအနေကောင်းရင် သိသာစွာယိမ်းထိုးပြပါ"ဆိုတော့ ဖျာက တုပ်တုပ်မှ မလှုပ်ဘူး။ ကျမတို့အားလုံး မျက်ရည်တွေတွေကျလို့ ငိုင်တွေ သွားကြတယ်။

မယုံနိုင်စရာပါပဲ။ အင်းယားဟာ တကယ်ပဲ သွေးနီရောင်လွှမ်းခဲ့ပါပြီ။ ပြည်လမ်းမဟာလည်း အနီရောင်။ တံတားဖြူ လှေကား ထစ်တွေဟာ အနီရောင်။ ကန်လမ်းလေးဟာလည်း နီစွေးစွေးလမ်းသွယ်လေး ဖြစ်ခဲ့ပြီပဲ။ အနီရောင် မြင် ကွင်းကြီး တခု လုံးက ကျွန်မတို့နှလုံးသားထဲမှာ အတိအကျကို စွန်းထင်းကျန်ရစ်ခဲ့ပါပြီ။ အနီရောင်တွေနဲ့ ပေကျံ နေတဲ့ တံတားဖြူအပါ အ၀င် ဒီဝန်းကျင်တခွင်လုံးဟာ မကြာမီရက်ပိုင်းအတွင်းမှာတော့ ထုံးဖြူဖြူတွေ ဖုံးအုပ်သုတ် လိမ်းလို့ ဟန်လုပ်ခံလိုက်ရပါပြီ။

ဒါပေမယ့် ဘယ်လောက်ပဲ ဟန်လုပ်ထားထား ဒီထုံးဖြူဖြူတွေအောက်မှာ အနီရောင်တွေ အသေအချာစွန်းထင်း တည်ရှိခဲ့ တယ်ဆိုတာ ကျွန်မတို့မျက်စိနဲ့တပ်အပ် မြင်တွေ့ခဲ့ပြီးသား၊ ဒါဟာ ဆယ်သက်ဆယ်ကမ္ဘာ ညာမရတဲ့ "အနီရောင်သမိုင်း"ပါ။

ထုံးဖြူဖြူတွေ အလွယ်တကူ သုတ်လိမ်းပစ်လိုက်ရုံနဲ့တော့ သမိုင်းဟာ ဖြူဖွေးစင်ကြယ်မသွားပါဘူး။ ခုအချိန်မှာ ကျမတို့ ပါးစပ်ဟခွင့်မရှိဘူး။ အသံထွက်ပြောဆိုခွင့် မရှိဘူး။ ဒါပေမယ့် တယောက်နဲ့ တယောက် မျက်လုံး ချင်းဆုံ တွေ့လိုက်တာနဲ့ တယောက်မျက်လုံးထဲမှာ ကိန်းဝပ်နေတဲ့ အရှင်လတ်လတ်ပုံရိပ်တွေကို တယောက်က အကြည့် တချက်နဲ့ပဲ ဖမ်းယူနားလည် တတ်ခဲ့ပါပြီ။ ပြီးတော့ ဒီလိုအကြည့်တချက်နဲ့ ဖမ်းယူထားတဲ့ ပုံရိပ်တွေကို တခြား တယောက်ဆီ အကြည့်လေး တချက်အား ဖြင့် လက်ဆင့်ကမ်း ဝေမျှ ပေးနိုင်ပါသေးတယ်။

စက်မှုတက္ကသိုလ်ဘက်မှာ ဖြစ်ပျက်ခဲ့ တာတွေ ကျမတို့နဲ့ အလှမ်းကွာဟနေလို့ ကျမတို့မသိနိုင်ဘူး မထင်ပါနဲ့။ မျက်စိနဲ့ တပ်အပ်မြင်တွေ့ သူတွေက သူတို့မျက်စိနဲ့ပဲ ဖမ်းယူထားပြီး မျက်လုံးချင်းဆုံခိုက်မှာ ကျမတို့ကို မျက်စိ ကတဆင့် ပုံရိပ်ဖော် ပြောပြသွားခဲ့ပြီးပါပြီ။

ကိုဖုန်းမော်အပါအ၀င် တခြား မရေမတွက်နိုင်တဲ့ ၀ိညာဉ်ပေါင်းများစွာအတွက် ကျမတို့ ကြေကွဲစွာ အမျှဝေ ဆုတောင်းပေး နေဆဲပါ။

တိုက်ဆိုင်လိုက်တာ။ သြဂုတ်လရဲ့ ပထမရက်စွဲမှာ သူငယ်ချင်းစန္ဒာနဲ့ ကျမ တွေ့တယ်။ သူ့ဘေးမှာ လူငယ်လေး တယောက်။

"ဒါ ငါ့သားလေ"လို့ သူက မိတ်ဆက်ပေးတယ်။ အသားညိုညို မျက်ခုံး ထူထူ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်းတွေနဲ့ ဒီလူငယ်လေး ကို ကျမစိတ်ထဲ မြင်ဖူးနေသလိုလို…။ မျက်ခုံးတွေမြင့်တက်သွားပြီး တုန်တုန်ယင်ယင်နဲ့မေးမိ လိုက်တယ်။

"သူ့..သူ့အဖေက…"။ စန္ဒာက လက်လက်ကလေးပြုံးလိုက်ပြီး"သူ့အဖေ ခရီးထွက်သွားတာ အနှစ် နှစ်ဆယ်ရှိပြီ" တဲ့။ ကျမ သက်ပြင်း ခိုးချမိတယ်။

"ဒါနဲ့ မင့်သားကို ဘာဖြစ်စေချင်လဲ"လို့ စကားလွှဲမေးတော့၊ စန္ဒာက "လွတ်မြောက်မှုအတွက် မှန်ကန်စွာ အသေခံ ရဲတဲ့ သူပဲ ဖြစ်စေချင်တယ်၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က သူ့အဖေလိုပေါ့"တဲ့။

ကျမမျက်စိထဲမှာ ပြည်လမ်းမပေါ် ကုန်းကုန်းခွေခွေလေးလဲကျသွားတဲ့ အင်္ကျီအဖြူရောင်နဲ့ ကျောင်းသားလေးကို မနေ့ တနေ့က ဖြစ်ခဲ့သလို ထင်းထင်းပြက်ပြက်ကြီးမြင်ယောင်မိသွားတယ်။ သူသေသွားခဲ့တယ်လို့ အဲဒီတုန်းက ကျမထင်ခဲ့တာ။ ဟင့်အင်း မဟုတ်ဘူး..အဲဒါ သေသွားခဲ့တာ မဟုတ်ဘူး။ အသေခံသွားခဲ့တာ။

ကျမလိုပဲ လွတ် အောင်ပြေးရင်ရရဲ့သားနဲ့။ ကိုယ်လွတ်မရုန်းဘဲ တမင်တကာအသေခံသွားခဲ့တာ။ ကျမတို့အားလုံး လွတ်မြောက်ဖို့ အသေခံသွားခဲ့တာ။ ဒီလို အသေခံ၊ စတေးခံခဲ့ရတဲ့ အသက်ဝိညာဉ်တွေ ဘယ်လောက်တောင်မှ များပြားခဲ့ပါ လိမ့်။ အနှစ် နှစ်ဆယ်လုံးလုံး ငြိမ်ဝပ်ပိပြားစွာအိပ်ပျော်နေခဲ့တဲ့ ကျမလို ညံ့ဖျင်းတဲ့လူစားတွေ ဘယ် လောက်တောင် ရှိနေပါလိမ့်။

ကျမ လွန်စွာ နောင်တရခဲ့ပါပြီ။ ကျမ နောက်ကျသွားပြီလား….။ လွတ်မြောက်မှုနဲ့အမှန်တရားကတော့ ကျမတို့ကို လူတန်း စားမရွေး အချိန်အခါမရွေး အစဉ်အမြဲဖိတ်ခေါ်နေမှာပါ။ နောက်ကျနေပြီ မင်းမလာနဲ့တော့လို့ သူတို့က ကျမကို ပြောမှာ မဟုတ်ပါဘူး။ မယိမ်းမယိုင်တဲ့စိတ်ဓာတ်နဲ့ သူတို့ရှိရာနေရာကို အရောက်လာဖို့ပဲ သူတို့အလိုရှိမှာ ပါ။ ကဲ … ကျမတို့ လွတ်မြောက်မှုနဲ့အမှန်တရားဆီ ခုပဲ အရောက်သွားကြရအောင်…..။

ထုံးဖြူဖြူတွေဟန်လုပ် သုတ်လိမ်းထားတဲ့ အနီရောင်သမိုင်းထဲက ၀ိညာဉ်အစအနတွေကို မမေ့မလျော့ ကောက်ယူ ထမ်းပိုးရင်းပေါ့ … ။ ။

၈.၈.၀၈

မြန်မာ့အရေး အမေရိကန်ပြည်ထောင်စုက ပို၍ အရေးယူဆောင်ရွက်ရန်လိုအပ်

ဧရာဝတီ | သြဂုတ် ၁၁၊ ၂၀၀၈

အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ စစ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်စေရန် အစဉ် စွမ်းစွမ်းတမံထောက်ခံ အားပေးခဲ့ကြသလို၊ ယခုလက်ရှိ အစိုးရကလည်း ခြွင်းချက်မထား ဆက်လက်ထောက်ခံအားပေးခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုက ကျင့်သုံးနေသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ များမကြာဆို သလို ဝေဖန် ဆန့်ကျင်မှုများ ရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများကမူ သူတို့ကို ဖိနှိပ်ချုပ်ချယ်နေသည့် နေပြည် တော်ရှိ မြန်မာ စစ်အစိုးရအပေါ် ပြတ်ပြတ်သားသားရပ်တည် ဆန့်ကျင်ခဲ့မှုကြောင့် သမ္မတဘုရှ်ကို လေးစားထောက်ခံမှုရှိနေ ခဲ့ကြသည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒီပဲယင်းဒေသ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကို ထောက်ခံသူများအပေါ် စစ် အစိုးရက ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ချိန်တွင် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေ (Freedom and Democracy Act) ကို ပြဌာန်း၍ စစ်အစိုးရကို အရေးယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင်းလည်း သမ္မတဘုရှ်က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကြွင်းကျန်တည်ရှိနေသည့် "အာဏာရှင်များ၏ ခံက တုတ် နိုင်ငံတခု" အဖြစ် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ် နိုင်ငံများနှင့် အတူ တတန်းတည်း ထား၍ ဝေဖန်ခဲ့ပြန်သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းခဲ့ချိန်တွင်လည်း သမ္မတဘုရှ်က စစ်အစိုးရအပေါ် အကြိမ်ကြိမ်ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လက်ဝေခံစီးပွားရေးသမားများကို ဒဏ် ခတ်ပိတ်ဆို့မှုများ တိုး၍ ချမှတ်ခဲ့သည်။ ထပ်မံ၍ အားပေးထောက်ခံမှု လက္ခဏာဖော်ပြချက်တခုအနေဖြင့် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အရပ်သားများသို့ အမြင့်ဆုံးဂုဏ်ပြုဆုအဖြစ် ချီးမြှင့်လေ့ရှိသည့် ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု (Congressional Gold Medel) ကို ဒေါ်အောင်ဆန်းစုကြည်သို့ လွန်ခဲ့သည့်ဒီဇင်ဘာ လက အပ်နှင်းချီးမြှင့်ခဲ့ပြန်သည်။ ထို့နောက် ဇူလိုင်လတွင် သမ္မတဘုရှ်က မြန်မာနိုင်ငံမှ ကျောက်စိမ်းများအပါအ၀င် အဖိုး တန် ကျောက်မြက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ဥပဒေ (Burma Jade Law) ကို လက်မှတ်ရေးထိုးပြဌာန်း၍ စီးပွား ဒဏ်ခတ်မှုကို တဆင့်တိုးခဲ့သည်။

ရှုပ်ထွေးသည့် ပြဿနာများကို အဖြူနှင့် အမည်းဖြစ်သာ ခွဲခြားရှုမြင်လေ့ရှိသူဟု သမ္မတဘုရှ်ကို လူအများက များမကြာ ဆိုသလို ဝေဖန်မှု ရှိခဲ့ကြသည်။ သူ၏ နိုင်ငံရေးအယူအဆကို အီရတ်နိုင်ငံအပေါ် ဇွတ်အတင်း သွတ်သွင်းခဲ့သည့်အတွက် သမ္မတဘုရှ်ကို လူအများက ပြစ်တင်ရှုံ့ချကြသော်လည်း၊ လူတချို့က ထောက်ပြဝေဖန်ကြရာတွင် မြန်မာနိုင်ငံ အရေးကိစ္စ၌ မူ သူ၏ စံတန်ဖိုးထားချက်များအတိုင်း ရပ်တည်ဆောင်ရွက်ရန် ပျက်ကွက်နေသေးသည်ဟု ဆိုကြပါသည်။ လက်တွေ့ အခြေ အနေကလည်း သူတို့ဝေဖန်ကြသည့်အတိုင်း ရှိနေခဲ့ပါသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော် လော်ရာဘုရှ်တို့က မြန်မာ့နိုင်ငံအရေးအပေါ် ပုဂ္ဂိုလ်ရေးအရ ပြင်းပြစွာ စိတ်ဝင်စားမှုရှိနေ ကြောင်း ဖော်ပြခဲ့ကြပါသည်။ သြဂုတ်လဆန်းပိုင်းတွင် သမ္မတနှင့် သမ္မတကတော်တို့က ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာ အတိုက်အခံကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်လည်ပတ်ခဲ့ ကြပါ သည်။ ဤအဖြစ်အပျက်မှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးအကြိမ်ဟု ဆိုရမည်ဖြစ်ပြီး အမေရိကန်သမ္မတနှင့် သမ္မတကတော်တို့က မြန်မာ့ဒီမိုကရေစီအရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးအာရုံစိုက်၍ ပုဂ္ဂိုလ်ရေးအရ ကိုယ်တိုင်ကိုယ်ကျ အလေးပေးခဲ့သည်မှာ ဤတကြိမ်သာ ရှိပါသေးသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော်တို့ထံမှ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံအားပေးမှု ရရှိနေသည်မှာ မြန်မာပြည်သူများအတွက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့က မြန်မာ့အရေးကို နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာတွင် ရှေ့တန်းရောက် လာအောင် တွန်းတင်ပေးနိုင်ကြသူများလည်း ဖြစ်ပါသည်။

သို့သော်လည်း သမ္မတဘုရှ်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ကျင့်သုံးနေသည့် မူဝါဒများအပေါ် ဝေဖန်နေကြသူများလည်း မရှား လှပါ။ ဝေဖန်ပြောဆိုနေကြသူများလည်း ရှိနေကြပါသေးသည်။

တချို့သော ဝေဖန်သူများက ထောက်ပြကြရာတွင် တိုက်ခိုက်ဝေဖန်မှုများ ကြုံနေရသည့် သမ္မတအတွက် မြန်မာ့အရေး သည် သိပ်ရှုပ်ထွေးမှု မရှိလှသည့် နိုင်ငံခြားရေးမူဝါဒ ပြဿနာဖြစ်ပြီး နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် သူက အမြဲတစေ သမ္မာဒေ၀၊ နတ်သူတော်များသဖွယ် အပေါ်စီးယူ ရပ်တည်လေ့ရှိသည်ဟု ဆိုကြပါသည်။

တချို့ဝေဖန်နေကြသူများကလည်း အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မြန်မာနိုင်ငံတွင် စစ်မှန်သည့် နိုင်ငံရေး ပြောင်းလဲမှုများကို လေးလေးနက်နက် လုပ်ဆောင်လိုပါက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု သက်သက်မျှနှင့် မလုံလောက်နိုင်၊ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ဒေသအတွင်းရှိ အဓိကအင်အားစုများဖြစ်သည့် တရုတ်၊ အာဆီယံနိုင်ငံများနှင့် လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်ရန် လိုမည်ဟု ဆိုကြပါသည်။ အမေရိကန်ပြည်ထောင်စုက ရန်ကုန်တွင် မကြာသေးမီ ကာလက သံရုံးအသစ်တည်ဆောက်ခဲ့သော်လည်း အမှန်မှာမူ မြန်မာနိုင်ငံနှင့် ၎င်းတို့၏ သံတမန်ရေးဆက်ဆံမှု အဆင့် အတန်းကို ၁၉၈၈ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းမှုများ ဖြစ်ပွားစဉ်ကပင် စတင်၍ အဆင့်အတန်းလျှော့ချ ထားရှိခဲ့ပါသည်။

နောက်ထပ် အလေးအနက်ပြုစရာ အချက်တခုမှာ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မဟာဗျူဟာ ဆိုင်ရာ အကျိုးစီးပွား ရှိမနေခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံကမူ အကျိုးစီးပွားအလျှောက် ၁၉၈၉ ခုနှစ်မှစတင်၍ မြန်မာ နိုင်ငံ၏ အဓိက ကုန်သွယ်ဖက် ဖြစ်လာခဲ့ပြီး အဓိကလက်နက်တင်ပို့ ထောက်ပံ့သူလည်း ဖြစ်လာခဲ့သည်။

ဤအနေအထားကြောင့်ပင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာဆက်ဆံရေး မျက်နှာစာများတွင် တရုတ်နိုင်ငံကို အားကိုးအားထားရာ ဖြစ်လာခဲ့ရပါသည်။ ဘေဂျင်းရှိ တရုတ်အစိုးရကလည်း မြန်မာ့အရေးကဲ့သို့သော ကိစ္စများ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်သွင်း ဆွေးနွေးရန် ရှိလာပါက ဗီတိုအာဏာသုံး၍ ပိတ်ပင်တားဆီးကာ စစ်အစိုးရကို ဆက်လက်ကာကွယ် ပေးထားခဲ့သည်။

တချို့သော အကြံပေးသူများကမူ အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလ နောက် ပိုင်း ဖြစ်လာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းကာလကို ရေရှည်မျှော်မြင်၍ မူဝါဒချမှတ် ပြင်ဆင်သင့်သည်ဟု ဆို ကြပါသည်။ ဤရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ရှိနိုင်ငံရေး ဇာတ်ခုံမှ စွန့်ခွာ၍ ထွက်သွားဖွယ်လည်း ရှိနေပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အနီးကပ်လေ့လာစောင့်ကြည့်၍ ဆုံးဖြတ်ဆောင်ရွက်သင့်သည့် ကဏ္ဍတခုလည်း ရှိပါ သေးသည်။ ၎င်းမှာ မြန်မာ့တပ်မတော်နှင့် မည်သို့သော ဆက်ဆံရေးများ ရှေ့ဆက်ဆောင်ရွက်မည်နည်းဟူသည့် ကိစ္စ ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် တခြားသော ဥရောပသမဂ္ဂ အပါအ၀င်
အနောက်တိုင်း နိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ အတိုက်အခံ အင်အား စုများနှင့် ပို၍ မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ပါသည်။ သို့ပါသော်လည်း မြန်မာ့တပ်မတော်အတွင်း အပြောင်းအလဲကို ဖန်တီးနိုင်မည့် အင်အားစုများကို အမေရိကန်က ဖော်ထုတ် သတ်မှတ်နိုင်ခဲ့ခြင်း မရှိသလို မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။
သံသယဖြစ်ဖွယ်မလိုသည့်အချက်မှာ မြန်မာ့တပ်မတော်ရှိ အရာရှိအများအပြားက ဗိုလ်ချုပ်သန်းရွှေအနေဖြင့် ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနှင့် ငြိမ်းချမ်းသင့်မြတ်သည်ကို မြင်လိုလှပြီး သူတို့က အမေရိကန်ပြည်ထောင်စုအနေဖြင့် ပို၍ ပြတ်ပြတ်သားသား၊ ပို၍ ဦးဆောင် ကမကထပြုသည့် မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်လာသည်ကိုလည်း မြင်တွေ့လို နေကြပါသည်။ တချို့သော မြန်မာစစ်အရာရှိများက အမေရိကန်ပြည်ထောင်စုအနေဖြင့် တပ်မတော်အတွင်း ပို၍ လှုပ်သာ လှည့်သာမည့် နေရာလပ်များ၊ လုပ်ပိုင်ခွင့်များ ဖန်တီးပေးရန် လိုလားနေကြပါသည်။ သို့မှသာ သဘောထားပျော့ပြောင်း သည့် အင်အားစုများက ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် ခေါင်းမာဂိုဏ်းသားများကို ဆန့်ကျင်တွန်းလှန်နိုင်ရန် အခွင့်သာ စေလိမ့်မည် ဖြစ်သည်။

ဝေဖန်နေကြသူများကရော မြန်မာအတိုက်အခံများကပါ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှု များတိုး၍ ဆောင်ရွက်ရန် လိုလားနေကြပါသည်။ မြန်မာ့တပ်မတော်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့် ကြည့်၍ အာဆီယံနိုင်ငံများနှင့် ၀ါရှင်တန်အကြား လွန်းပျံပြေးလွှားဆောင်ရွက်နေမည့် သံတမန်ဆက်ဆံရေးမျိုး ဖြစ်စေ လိုနေကြပါသည်။

သေချာသည့်အချက်မှာ စစ်အစိုးရက ၎င်းဆက်လက်တည်မြဲနေရေးအတွက် ထိန်းသိမ်းနိုင်စွမ်း ရှိမနေပါ။ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ရေတို ရေရှည် မဟာဗျူဟာများကို သေချာချမှတ်၍ မြန်မာနိုင်ငံကို စီးပွားဒဏ်ခတ်ပိတ်ဆို့ ထားသည်နှင့် တပြိုင်တည်း၌ ဒေသအတွင်း ပို၍ တက်ကြွစွာ တွန်းထိုးဆောင်ရွက်ရန် လိုအပ်နေပါသည်။ ဒေသအတွင်းရှိ ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်အင်အားစုများနှင့် ပို၍ နီးကပ်စွာ ဆောင်ရွက်ရန် လိုနေပါသည်။

ဤသို့ တက်ကြွစွာဆောင်ရွက်ခြင်းဖြင့်သာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြုပြင် ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်လာစေရန် အပြောမဟုတ်၊ အလုပ်ဖြင့် သက်သေပြနေကြောင်း ထင်ရှားလာစေမည် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်လက်အောက်ရှိ ပြည်သူများအတွက် စိတ်ဓာတ်ရေးရာ ပံ့ပိုးမှုမျှသာ ပေး နေသည်မဟုတ်၊ လွတ်လပ်မှုအခွင့်အရေးများကို ကာကွယ်ပေးသူဟူ၍ ၎င်းအတွက်နာမည်ကောင်းရရုံ ဆောင်ရွက်ပေးနေ သည် မဟုတ်ကြောင်း ပြသနိုင်လိမ့်မည် ဖြစ်ပါကြောင်း။