Saturday, August 16, 2008

ခြောက်တိုက်မှာ လောက်ကိုက်ခံချင် သလားနှင့် အခြားထောင် ၀တ္တုတိုများ (၃ )


Type
( ၆ ) တိုက်မှ

တခါတော့ ဘယ်နှယ်လဲဟေ့ ဒံပေါက်ထမင်းလေး နွေးနွေးလေးကွာလို့
ကျော်ထူးကို မျောက်အိုကြိးက သွားကလိတော့ ၊
'' ဒီလို ဒံပေါက်ထမင်းလေး ခင်ဗျားလဲစားကြည့်ပါလား '' လို့ ပြန်နှက်သံကြား
လိုက်ရပါတယ်။ ကိုဒါသတော့ ပြန်နှက်နေပြီလို့ စိတ်ထဲက လက်ခုတ်တီး အားပေးရင်း ဆက်နားထောင်ကြည့်လိုက်တော့ .........
''အမလေး-မောင်မင်းကြီးသားတို့ပဲ စားကြပါ။ဝအောင်စားကြပါ၊ငါတော့မစားပါ
ရစေနဲ့ ၊ မင်းတို့သာတိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တဲ့ အလောင်း လေးတွေဆိုတော့ ၊ငါပြောတာ အလောင်းအလျာ မဟုတ်ဖူးနော်
အလောင်းလေးတွေ ၊ အလောင်းလေးတွေ '' ဆိုတဲ့ မျောက်အိုကြီးရဲ့ မျက်နှာကို အခန်းရှေ့က ဖြတ်ထွက်သွားတာ မြင်လိုက်ရပါတယ်။ ကျွန်တော်ပြုံးလိုက်မိပါတယ် ။
သေနတ်အကြောင်းသိပြီ သေနတ်ကိုင်လာခဲ့တဲ့သူ သေနတ်နဲ့သတ်ဖြတ်လာခဲ့တဲ့သူဟာ သေနတ်ကို ပိုကြောက်တတ်သလို ၊ ထောင်ထဲတိုက်ထဲအကြောင်းသိပြီး ထောင်နဲ့တိုက်နဲ့အသက်မွေးဝမ်းကျောင်းပြုလာခဲ့သူ ထောင်နဲ့တိုက်
နဲ့ ညှည်းပန်းနှိပ်စက်လာခဲ့သူဟာလည်း ထောင်နဲ့တိုက်ကို ပိုပြီး ကြောက်လန့်တတ် တုန်လှုပ်တတ်ပုံရပါတယ်။
ကြောက်တတ်သူတတ်သူဟာ ခြောက်တတ်သူလဲ ဖြစ်ပုံရပါတယ်။
မျောက်အိုကြီးရဲ့ လက်သုံးစကားကတော့ '' (၆)တိုက်မှာ လောက်ကိုက်ခံချင်သလား '' ဆိုတာနဲ့ '' (၆)တိုက်မှာ မှာ လောက်ကိုက်ခံဖူးသလား '' ဆိုတာ ဖြစ်ပါတယ်။ ပြသနာတခုခုပေါ်ရင်း
အလိုမကျတဲ့ ကိစ္စတခုပေါ်လာရင် '' (၆)တိုက်မှာ လောက်ကိုက်တာခံသွားရမယ် '' ဆိုတာကို အားရပါးရ ရှုံ့မဲ့ပြိးပြောလေ့ ရှိပါတယ်။ အစကမှ ခပ်ကျဉ်းကျဉ်းမျက်ပေါက်အစုံဟာ ရှုံ့မဲ့ပြီး အားရပါးရပြောလိုက်တဲ့ အခါ နဖူးကြောရှုံ့ရှုံ့ကြိးတွေကြားထဲမှာ မျဉ်းတသားတည်းလို ဖြစ်သွားတတ်ပါတယ်။
အခုတော့ မျောက်အိုကြီးရဲ့ '' (၆) တိုက်မှာ လောက်ကိုက်တာခံဖူးသလားဟေ့ '' ဆိုတဲ့စကားကို ကျွန်တော် လက်တွေ့ခံစားသိရှိနေရပါပြီး။နာနာကျည်းကျည်း ခါးခါးသီးသီး ကြုံတွေ့နေရပါပြီ။
ဆက်ရန် .................................................. ....................

ဦမောင်မောင်နှင့်မေးမြန်းခန်း



ကိုကျော်သူအကူအညီ လိုအပ်နေ

နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008 14:17 - မြန်မာစံတော်ချိန်
(နာရေး ကူညီမှုအသင်း - ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဆက်သွယ် မေးမြန်းချက်)
အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေသည့်အပြင် သေဆုံးသူ ဆင်းရဲသားများအတွက်ပါ အသုဘ ယာဉ်မောင်းကာ လိုက်လံ သဂြုင်္ိဟ်ပေးနေသော နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသဂြုင်္ိဟ် ပေးနေသလို၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။ သို့သော် လာမည့်နှစ် ဇူလိုင်လတွင် ဆေးခန်းနေရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သဖြင့် အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် ကျပ်ငွေသိန်းပေါင်း ၁၂ဝဝ ခန့် လိုအပ်နေသည်ဟု သိရသည်။

အခြေအနေကို သိရှိနိုင်ရန်အတွက် အသင်း ဥက္ကဋ္ဌ ဦးကျော်သူကို နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ နောက်နှစ် ဇူလိုင်လကုန်မှာ ကိုကျော်သူတို့ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းဟာ သင်္ကန်းကျွန်းမြို့နယ် ဘုန်းကြီးကျောင်းကနေ ပြောင်းရွှေ့ပေးရမယ်လို့ ကြားလို့ပါ။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျာ။ သင်္ကန်းကျွန်း ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင်က ရွှေ့ပေးဖို့ ပြောလာတဲ့ အတွက်ကြောင့် ပြောပါတယ်။ ဒါကြောင့် မြောက်ဒဂုံမြေကွက်မှာ တနှစ်အတွင်း ၃၁၊ ၇၊ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ကျနော်တို့ ရွှေ့ပေးရမှာ။ ကျနော်တို့ အဆောက်အဦး ဟိုမှာ ပြန်ဆောက်ရမယ်။

လောလောဆယ်တော့ ပလပ်စတစ် အမှိုက်ပုံ ဖြစ်နေတယ်။ မြေက ကျယ်တယ်၊ ၂ ဧက ကျယ်တယ်။ နိုင်ငံတော်ကပဲ ချပေးထားတာပါ။ ကျနော်တို့ တိုင်ရိုက်ပြီး ဆောက်ရမယ်။ အဆောက်အဦးအတွက် အလှူငွေ လိုအပ်နေတာပါ။ လောလောဆယ်တော့ ဝင်းတော့ ခတ်ထားပြီးပြီ။

မေး။ ဘာကြောင့် ရွှေ့ခိုင်းတာလဲရှင့်။

ဖြေ။ ကျောင်းထိုင်ဆရာတော်က သူ့စာသင်သားတွေ ထပ်ထည့်ဖို့ လုပ်နေတာဆိုတော့။ ကျောင်းက ပရိယတ္တိ စာသင်တိုက်ဆိုတော့လေ။ စာသင်သားတွေ ထပ်တိုးချဲ့ဖို့ ရှိတယ်ဆိုတော့ နေရာအခက်အခဲ ရှိနေတော့ ကျနော်တို့ ရှိနေတဲ့ အတွင်း နေရာလေး ရွှေ့ပေးဖို့ အဲလို ပြောလာလို့ပါ။

မေး။ ဘုန်းကြီးကျောင်းမှာ နာရေးကူညီမှုအသင်း ဖွင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ကျနော်တို့စလုပ်ခဲ့တာ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလကနေ စလုပ်ခဲ့တာ ဒီနေ့အထိပါ။

မေး။ လတ်တလော အရေးပေါ် ဘာလိုအပ်လဲရှင့်။

ဖြေ။ ကျနော်တို့ လောလောဆယ် အဆောက်အဦး ဆောက်ဖို့ အလှူငွေ လိုအပ်နေတာပါ။ အဆောက်အဦးက ရုံးအဆောက်အဦး လိုမယ်။ အလှူခံဌာန၊ ဆေးခန်းလိုမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခမဲ့ ဆေးခန်း (သုခကုသိုလ်ဖြစ် ဆေးခန်း) ပါ ရွှေ့ပေးရမှာမို့ပါ။ အဲဒီ အဆောက်အဦးတွေအတွက် အလှူငွေ လိုနေတာပါ။ အဆောက်အဦး မရှိလို့ မဖြစ်ပါဘူး။

မေး။ အဆောက်အဦးတွေအတွက် ကုန်ကျစရိတ် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

ဖြေ။ ဆေးခန်းမပါဘဲ ရုံးအဆောက်အဦးပဲဆိုရင် မြန်မာကျပ်ငွေသိန်း ၁၂ဝဝ လောက်လိုမယ်။ အဆောက်အဦးက မရှိရင် မဖြစ်ပါဘူး။ အဲဒါသာ ပြီးသွားရင်တော့ ဆေးခန်းတော့လည်း ဖြစ်လာမှာပါ။ အဲလို ဖြစ်သွားရင်တော့ တကယ်ကုချင်တဲ့ လူနာတွေ ကျနော်တို့ရှိတဲ့ နေရာဆီကို အရောက်လာမှာပါ။

အလှူရှင်တော်တော်များများ ပြည်တွင်းကနေ လှူနေကြပါတယ်။ နာရေးအတွက်ဆို နာရေးအတွက် လှူတယ်။ ဆေးခန်းအတွက်ဆို ဆေးခန်း၊ အဲလို လှူကြတယ်။ အဆောက်အဦး ဆောက်မယ်ဆိုတာတော့ လူတွေ သိပ်မသိကြသေးဘူး။ လူတွေသိအောင် ကျနော်တို့ ကြိုးစားနေတာပါ။ ကျနော်တို့က နာရေးအတွက် လှူရင် နာအရေးအတွက်ပဲ သုံးတယ်။ ဆေးခန်းအတွက်လှူရင် ဆေးခန်းအတွက် သီးသန့် လိုင်းခြားထားတော့ ကျနော်တို့အတွက် အဲဒီ အခက်အခဲတွေ ရှိနေတာ။

မေး။ အဆောက်အဦးအတွက် အလှူရှင်တွေရော ခေါ်ထားတာ မရှိဘူးလား။

ဖြေ။ အခုမှ ကျနော်တို့စပြီး လုပ်မလို့ပါ။ ဝဘ်ဆိုဒ်တွေမှာ တင်ဖို့လုပ်နေတာပါ။

မေး။ အခမဲ့ ကုသပေးတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို လူနာတွေ အလာများလား။

ဖြေ။ တော်တော်လာကြပါတယ်။ တရက်ကို လူနာ ၁၅ဝ ကနေ ၂ဝဝ အထိ လာတယ်။ မနက်ပိုင်းကနေ စပြီးတော့ ညနေအထိပေါ့။ အားလုံးကို အခမဲ့ ကုသပေးနေပါတယ်။ မျက်စိခွဲ၊ အရိုးအကြော၊ ကလေးအထူးကု၊ အမျိုးသမီး အထူးကု၊ Ultra sound အခမဲ့ ရိုက်ပေးပါတယ်။

မေး။ နာရေးကူညီမှုအသင်း ဖြစ်လာပုံလေး ပြောပြပါအုံးရှင့်။

ဖြေ။ ကျနော်တို့ စစချင်းတော့ အလုပ်အမှုဆောင်တွေ အပါအဝင် ၁၂ ယောက်၊ ၁၅ ယောက်လောက်နဲ့ စခဲ့တာပါ။ မန္တလေး ဗြဟ္မစိုရ်အသင်းက နာရေးကို စခဲ့တာ။ ကျနော့်အမျိုးသမီး ဒေါ်ရွှေဇီးကွက်ရဲ့ အဒေါ် ပါတယ်။ သူ့အဒေါ်က ရန်ကုန်မှာလည်း လုပ်ချင်နေတဲ့အခါမှာ ဘဘ ဦးသုခ ကနေပြီးတော့ နာရေးကူညီမှု အသင်း ဖွဲ့ရင် ကောင်းမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ ဘဘအိမ် သွားကြပြီးတော့ ကျနော်တို့ မတည်ငွေတွေ ထည့်ဝင်ကြပြီးတော့ ကျနော်တို့ စလုပ်ကြတာပါ။

ဘဘ ဆေးရုံတက်တုန်းက အမေအိုတယောက်က ဆင်းရဲနွမ်းပါးတဲ့အတွက် မိသားစုဝင်တွေက လာလာကြည့်တယ်။ တရက်ကျတော့ ဆရာဝန်က အမေအိုကြီးကို အိမ်ပြန်ခေါ်သွားတော့ အစွမ်းကုန် ကုပြီးပြီ၊ မရတော့ဘူး ဆိုပြီးတော့ ပြောလိုက်တဲ့ နောက်ပိုင်းတော့ မိသားစုဝင်တွေ ပြန်လာမကြည့်တော့ဘူး။ မလာတဲ့အဆုံး ဆေးရုံကနေ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရတယ်။ အဲဒီ မိသားစုဝင်တွေ အနေနဲ့ အမေအိုအတွက် ကျွေးမွေးစရိတ်၊ ကုသစရိတ်၊ သဂြုင်္ိဟ်စရိတ် မတတ်နိုင်တဲ့အတွက် ဒီလို ပစ်ထားခဲ့တာ ဖြစ်တဲ့အတွက်၊ ဘဘ ဦးသုခကနေပြီးတော့ မဖြစ်တော့ဘူး။ ငါတို့ ဗုဒ္ဓဘာသာမှာ နာရေးကူညီမှုအသင်း ဖွဲ့မှဖြစ်မယ်။ ဒီ့ပြင် ဘာသာတွေမှာ ရှိတယ် ဆိုပြီးတော့ စခဲ့တာပါ။

မေး။ အလုပ်စလုပ်တုန်းက အခက်အခဲ ဖြစ်တဲ့ဟာမျိုးလေး။

ဖြေ။ တချို့ဆိုရင် မသေဘဲနဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်တာနဲ့ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ ဘယ်လမ်း၊ ဘယ်အိမ်မှာလာပြီး အလောင်းလာသယ်ပါ ပြောလို့ ကျနော်တို့ သွားတဲ့အခါကျတော့ အဲဒီလူနဲ့ တိုက်ရိုက်တိုးတာမျိုး ရှိတယ်။ အဲလို နောက်တာမျိုးတွေနဲ့ ကြုံခဲ့ရတယ်။ နောက်တော့ ကျနော်တို့ သဂြုင်္ိင်းလက်မှတ်ဆိုတာကို တောင်းတယ်။ အမှတ်စဉ်ပေါ့။ ကျန်းမာရေးဌာနကနေ ထုတ်ပေးတဲ့ စာရွက်ကို တောင်းတယ်။ အဲဒါ မှန်ကန်မှပဲ ကျနော်တို့ သွားတော့တယ်။

အခုဆို တနေ့ ၄ဝ ကနေ ၄၅ လောင်းအထိ လိုက်သဂြုင်္ိဟ်ပေးနေရတယ်။ အားလုံး အခမဲ့ ဆောင်ရွက်ပေးတာပါ။ ဆင်းရဲ၊ ချမ်းသာမရွေး အကုန်လုပ်ပေးပါတယ်။

မေး။ အခမဲ့ နာရေးလုပ်ဆောင်ခဲ့တာ ၇ နှစ် ရှိခဲ့ပြီဆိုတော့ အခက်အခဲဆုံး အရာတခုကို ပြောပြပါလား။

ဖြေ။ အခက်အခဲဆုံး အရာဆိုရင် အရင်တုန်းကဆိုရင် ရပ်ကွက်တွေထဲ ဝင်တယ်ဆိုရင် ညာဘက်က နေဝင်တယ်ဆိုရင် ဘယ်ဘက်က မထွက်ရဘူး။ အယူသည်းတာတွေ ရှိတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်ကနေ ထွက်တယ်ဆိုရင် ဘယ်ဘက်က လူတွေ သေမဲ့သူတွေ ရှိတယ်ပေါ့လေ။ အဲလို အယူသည်းတာတွေ ရှိခဲ့တယ်။ အခု အဆင်ပြေသွားပါပြီ။

မေး။ နာရေးကူညီမှုအသင်းက အတိုင်းအတာတခုထိ တိုးတက်မှုရှိလာပြီလို့ ပြောနိုင်ပြီလားရှင့်။

ဖြေ။ တိုးတက်ပါတယ်။ အများကြီး တိုးတက်လာပါတယ်။ ကျနော်တို့ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီကဆိုရင် အလောင်း ၄ဝ ပဲ သဂြုင်္ိဟ်ပေးခဲ့ရတယ်။ အခု ၂ဝဝ၈ ခုနှစ် ဇန်နဝါရီဆိုရင် အလောင်း ၁ဝ၅၂ လောင်း သဂြုင်္ိဟ်ပေးခဲ့ရတယ်။ ကူညီမှုအပိုင်းက တော်တော် မြင့်မားလာပါတယ်။

မေး။ နောက်ထပ် နာရေးကူညီမှု အသင်းအတွက် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်လာနိုင်အုံးမလဲရှင့်။

ဖြေ။ နောက်ထပ် ဘာတွေ ဖြစ်လာအုံးမလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဘယ်လို ဖြစ်လာအုံးမယ် ဆိုတာလည်း မပြောနိုင်သေးတော့ ကျနော်တို့ကတော့ ကိုယ့်ဟာကိုယ်နေ၊ ယောဆရာတော် ဟောထားတဲ့အတိုင်း၊ ကိုယ်ပြုသော ကံအတိုင်း ကိုယ့်ဆီပြန်လာမယ် ပြောတဲ့အတိုင်းပဲ ကျနော်တို့ ကောင်းမှုကုသိုလ် လုပ်ပေးနေပါတယ်။

မေး။ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းမှာ အလုပ်လုပ်တဲ့သူ စုစုပေါင်း ဘယ်လောက်ရှိနေလဲ။

ဖြေ။ သူနာပြု ဆရာမကြီး ၂ ယောက်နဲ့ နာ့စ် Nurse တွေ ၄ ယောက်လောက် ရှိပါတယ်။ ဆရာဝန်တွေ အားလုံးကတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာကုပေးတဲ့သူတွေပါ။ ကျနော်တို့ မငှားရပါဘူး။ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လာကူညီပေးနေတာပါ။


မြန်မာ့အရေး အမေရိကန်ပြည်ထောင်စုက ပို၍ အရေးယူဆောင်ရွက်ရန်လိုအပ်


ဧရာဝတီ | သြဂုတ် ၁၁၊ ၂၀၀၈
အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ စစ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်စေရန် အစဉ် စွမ်းစွမ်းတမံထောက်ခံ အားပေးခဲ့ကြသလို၊ ယခုလက်ရှိ အစိုးရကလည်း ခြွင်းချက်မထား ဆက်လက်ထောက်ခံအားပေးခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုက ကျင့်သုံးနေသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ များမကြာဆို သလို ဝေဖန် ဆန့်ကျင်မှုများ ရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများကမူ သူတို့ကို ဖိနှိပ်ချုပ်ချယ်နေသည့် နေပြည် တော်ရှိ မြန်မာ စစ်အစိုးရအပေါ် ပြတ်ပြတ်သားသားရပ်တည် ဆန့်ကျင်ခဲ့မှုကြောင့် သမ္မတဘုရှ်ကို လေးစားထောက်ခံမှုရှိနေ ခဲ့ကြသည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒီပဲယင်းဒေသ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကို ထောက်ခံသူများအပေါ် စစ် အစိုးရက ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ချိန်တွင် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေ (Freedom and Democracy Act) ကို ပြဌာန်း၍ စစ်အစိုးရကို အရေးယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင်းလည်း သမ္မတဘုရှ်က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကြွင်းကျန်တည်ရှိနေသည့် "အာဏာရှင်များ၏ ခံက တုတ် နိုင်ငံတခု" အဖြစ် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ် နိုင်ငံများနှင့် အတူ တတန်းတည်း ထား၍ ဝေဖန်ခဲ့ပြန်သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းခဲ့ချိန်တွင်လည်း သမ္မတဘုရှ်က စစ်အစိုးရအပေါ် အကြိမ်ကြိမ်ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လက်ဝေခံစီးပွားရေးသမားများကို ဒဏ် ခတ်ပိတ်ဆို့မှုများ တိုး၍ ချမှတ်ခဲ့သည်။ ထပ်မံ၍ အားပေးထောက်ခံမှု လက္ခဏာဖော်ပြချက်တခုအနေဖြင့် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အရပ်သားများသို့ အမြင့်ဆုံးဂုဏ်ပြုဆုအဖြစ် ချီးမြှင့်လေ့ရှိသည့် ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု (Congressional Gold Medel) ကို ဒေါ်အောင်ဆန်းစုကြည်သို့ လွန်ခဲ့သည့်ဒီဇင်ဘာ လက အပ်နှင်းချီးမြှင့်ခဲ့ပြန်သည်။ ထို့နောက် ဇူလိုင်လတွင် သမ္မတဘုရှ်က မြန်မာနိုင်ငံမှ ကျောက်စိမ်းများအပါအ၀င် အဖိုး တန် ကျောက်မြက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ဥပဒေ (Burma Jade Law) ကို လက်မှတ်ရေးထိုးပြဌာန်း၍ စီးပွား ဒဏ်ခတ်မှုကို တဆင့်တိုးခဲ့သည်။

ရှုပ်ထွေးသည့် ပြဿနာများကို အဖြူနှင့် အမည်းဖြစ်သာ ခွဲခြားရှုမြင်လေ့ရှိသူဟု သမ္မတဘုရှ်ကို လူအများက များမကြာ ဆိုသလို ဝေဖန်မှု ရှိခဲ့ကြသည်။ သူ၏ နိုင်ငံရေးအယူအဆကို အီရတ်နိုင်ငံအပေါ် ဇွတ်အတင်း သွတ်သွင်းခဲ့သည့်အတွက် သမ္မတဘုရှ်ကို လူအများက ပြစ်တင်ရှုံ့ချကြသော်လည်း၊ လူတချို့က ထောက်ပြဝေဖန်ကြရာတွင် မြန်မာနိုင်ငံ အရေးကိစ္စ၌ မူ သူ၏ စံတန်ဖိုးထားချက်များအတိုင်း ရပ်တည်ဆောင်ရွက်ရန် ပျက်ကွက်နေသေးသည်ဟု ဆိုကြပါသည်။ လက်တွေ့ အခြေ အနေကလည်း သူတို့ဝေဖန်ကြသည့်အတိုင်း ရှိနေခဲ့ပါသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော် လော်ရာဘုရှ်တို့က မြန်မာ့နိုင်ငံအရေးအပေါ် ပုဂ္ဂိုလ်ရေးအရ ပြင်းပြစွာ စိတ်ဝင်စားမှုရှိနေ ကြောင်း ဖော်ပြခဲ့ကြပါသည်။ သြဂုတ်လဆန်းပိုင်းတွင် သမ္မတနှင့် သမ္မတကတော်တို့က ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာ အတိုက်အခံကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်လည်ပတ်ခဲ့ ကြပါ သည်။ ဤအဖြစ်အပျက်မှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးအကြိမ်ဟု ဆိုရမည်ဖြစ်ပြီး အမေရိကန်သမ္မတနှင့် သမ္မတကတော်တို့က မြန်မာ့ဒီမိုကရေစီအရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးအာရုံစိုက်၍ ပုဂ္ဂိုလ်ရေးအရ ကိုယ်တိုင်ကိုယ်ကျ အလေးပေးခဲ့သည်မှာ ဤတကြိမ်သာ ရှိပါသေးသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော်တို့ထံမှ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံအားပေးမှု ရရှိနေသည်မှာ မြန်မာပြည်သူများအတွက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့က မြန်မာ့အရေးကို နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာတွင် ရှေ့တန်းရောက် လာအောင် တွန်းတင်ပေးနိုင်ကြသူများလည်း ဖြစ်ပါသည်။

သို့သော်လည်း သမ္မတဘုရှ်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ကျင့်သုံးနေသည့် မူဝါဒများအပေါ် ဝေဖန်နေကြသူများလည်း မရှား လှပါ။ ဝေဖန်ပြောဆိုနေကြသူများလည်း ရှိနေကြပါသေးသည်။

တချို့သော ဝေဖန်သူများက ထောက်ပြကြရာတွင် တိုက်ခိုက်ဝေဖန်မှုများ ကြုံနေရသည့် သမ္မတအတွက် မြန်မာ့အရေး သည် သိပ်ရှုပ်ထွေးမှု မရှိလှသည့် နိုင်ငံခြားရေးမူဝါဒ ပြဿနာဖြစ်ပြီး နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် သူက အမြဲတစေ သမ္မာဒေ၀၊ နတ်သူတော်များသဖွယ် အပေါ်စီးယူ ရပ်တည်လေ့ရှိသည်ဟု ဆိုကြပါသည်။

တချို့ဝေဖန်နေကြသူများကလည်း အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မြန်မာနိုင်ငံတွင် စစ်မှန်သည့် နိုင်ငံရေး ပြောင်းလဲမှုများကို လေးလေးနက်နက် လုပ်ဆောင်လိုပါက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု သက်သက်မျှနှင့် မလုံလောက်နိုင်၊ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ဒေသအတွင်းရှိ အဓိကအင်အားစုများဖြစ်သည့် တရုတ်၊ အာဆီယံနိုင်ငံများနှင့် လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်ရန် လိုမည်ဟု ဆိုကြပါသည်။ အမေရိကန်ပြည်ထောင်စုက ရန်ကုန်တွင် မကြာသေးမီ ကာလက သံရုံးအသစ်တည်ဆောက်ခဲ့သော်လည်း အမှန်မှာမူ မြန်မာနိုင်ငံနှင့် ၎င်းတို့၏ သံတမန်ရေးဆက်ဆံမှု အဆင့် အတန်းကို ၁၉၈၈ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းမှုများ ဖြစ်ပွားစဉ်ကပင် စတင်၍ အဆင့်အတန်းလျှော့ချ ထားရှိခဲ့ပါသည်။

နောက်ထပ် အလေးအနက်ပြုစရာ အချက်တခုမှာ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မဟာဗျူဟာ ဆိုင်ရာ အကျိုးစီးပွား ရှိမနေခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံကမူ အကျိုးစီးပွားအလျှောက် ၁၉၈၉ ခုနှစ်မှစတင်၍ မြန်မာ နိုင်ငံ၏ အဓိက ကုန်သွယ်ဖက် ဖြစ်လာခဲ့ပြီး အဓိကလက်နက်တင်ပို့ ထောက်ပံ့သူလည်း ဖြစ်လာခဲ့သည်။

ဤအနေအထားကြောင့်ပင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာဆက်ဆံရေး မျက်နှာစာများတွင် တရုတ်နိုင်ငံကို အားကိုးအားထားရာ ဖြစ်လာခဲ့ရပါသည်။ ဘေဂျင်းရှိ တရုတ်အစိုးရကလည်း မြန်မာ့အရေးကဲ့သို့သော ကိစ္စများ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်သွင်း ဆွေးနွေးရန် ရှိလာပါက ဗီတိုအာဏာသုံး၍ ပိတ်ပင်တားဆီးကာ စစ်အစိုးရကို ဆက်လက်ကာကွယ် ပေးထားခဲ့သည်။

တချို့သော အကြံပေးသူများကမူ အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလ နောက် ပိုင်း ဖြစ်လာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းကာလကို ရေရှည်မျှော်မြင်၍ မူဝါဒချမှတ် ပြင်ဆင်သင့်သည်ဟု ဆို ကြပါသည်။ ဤရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ရှိနိုင်ငံရေး ဇာတ်ခုံမှ စွန့်ခွာ၍ ထွက်သွားဖွယ်လည်း ရှိနေပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အနီးကပ်လေ့လာစောင့်ကြည့်၍ ဆုံးဖြတ်ဆောင်ရွက်သင့်သည့် ကဏ္ဍတခုလည်း ရှိပါ သေးသည်။ ၎င်းမှာ မြန်မာ့တပ်မတော်နှင့် မည်သို့သော ဆက်ဆံရေးများ ရှေ့ဆက်ဆောင်ရွက်မည်နည်းဟူသည့် ကိစ္စ ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် တခြားသော ဥရောပသမဂ္ဂ အပါအ၀င်
အနောက်တိုင်း နိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ အတိုက်အခံ အင်အား စုများနှင့် ပို၍ မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ပါသည်။ သို့ပါသော်လည်း မြန်မာ့တပ်မတော်အတွင်း အပြောင်းအလဲကို ဖန်တီးနိုင်မည့် အင်အားစုများကို အမေရိကန်က ဖော်ထုတ် သတ်မှတ်နိုင်ခဲ့ခြင်း မရှိသလို မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။
သံသယဖြစ်ဖွယ်မလိုသည့်အချက်မှာ မြန်မာ့တပ်မတော်ရှိ အရာရှိအများအပြားက ဗိုလ်ချုပ်သန်းရွှေအနေဖြင့် ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနှင့် ငြိမ်းချမ်းသင့်မြတ်သည်ကို မြင်လိုလှပြီး သူတို့က အမေရိကန်ပြည်ထောင်စုအနေဖြင့် ပို၍ ပြတ်ပြတ်သားသား၊ ပို၍ ဦးဆောင် ကမကထပြုသည့် မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်လာသည်ကိုလည်း မြင်တွေ့လို နေကြပါသည်။ တချို့သော မြန်မာစစ်အရာရှိများက အမေရိကန်ပြည်ထောင်စုအနေဖြင့် တပ်မတော်အတွင်း ပို၍ လှုပ်သာ လှည့်သာမည့် နေရာလပ်များ၊ လုပ်ပိုင်ခွင့်များ ဖန်တီးပေးရန် လိုလားနေကြပါသည်။ သို့မှသာ သဘောထားပျော့ပြောင်း သည့် အင်အားစုများက ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် ခေါင်းမာဂိုဏ်းသားများကို ဆန့်ကျင်တွန်းလှန်နိုင်ရန် အခွင့်သာ စေလိမ့်မည် ဖြစ်သည်။

ဝေဖန်နေကြသူများကရော မြန်မာအတိုက်အခံများကပါ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှု များတိုး၍ ဆောင်ရွက်ရန် လိုလားနေကြပါသည်။ မြန်မာ့တပ်မတော်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့် ကြည့်၍ အာဆီယံနိုင်ငံများနှင့် ၀ါရှင်တန်အကြား လွန်းပျံပြေးလွှားဆောင်ရွက်နေမည့် သံတမန်ဆက်ဆံရေးမျိုး ဖြစ်စေ လိုနေကြပါသည်။

သေချာသည့်အချက်မှာ စစ်အစိုးရက ၎င်းဆက်လက်တည်မြဲနေရေးအတွက် ထိန်းသိမ်းနိုင်စွမ်း ရှိမနေပါ။ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ရေတို ရေရှည် မဟာဗျူဟာများကို သေချာချမှတ်၍ မြန်မာနိုင်ငံကို စီးပွားဒဏ်ခတ်ပိတ်ဆို့ ထားသည်နှင့် တပြိုင်တည်း၌ ဒေသအတွင်း ပို၍ တက်ကြွစွာ တွန်းထိုးဆောင်ရွက်ရန် လိုအပ်နေပါသည်။ ဒေသအတွင်းရှိ ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်အင်အားစုများနှင့် ပို၍ နီးကပ်စွာ ဆောင်ရွက်ရန် လိုနေပါသည်။

ဤသို့ တက်ကြွစွာဆောင်ရွက်ခြင်းဖြင့်သာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြုပြင် ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်လာစေရန် အပြောမဟုတ်၊ အလုပ်ဖြင့် သက်သေပြနေကြောင်း ထင်ရှားလာစေမည် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်လက်အောက်ရှိ ပြည်သူများအတွက် စိတ်ဓာတ်ရေးရာ ပံ့ပိုးမှုမျှသာ ပေး နေသည်မဟုတ်၊ လွတ်လပ်မှုအခွင့်အရေးများကို ကာကွယ်ပေးသူဟူ၍ ၎င်းအတွက်နာမည်ကောင်းရရုံ ဆောင်ရွက်ပေးနေ သည် မဟုတ်ကြောင်း ပြသနိုင်လိမ့်မည် ဖြစ်ပါကြောင်း။

ကာရစ်ဘီယံ ကွင်းဆက်



ဝီလီယံ ဘွတ် | သြဂုတ် ၁၄ ၊ ၂၀၀၈

ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများက ဗြိတိန်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ပြုထားရာ ကာရစ်ဘီယံ ပင်လယ်ကွေ့ရှိကျွန်း ငယ်များနှင့် ဘာမြူဒါဒေသကို အသုံးချ ပုံဖျက်ကာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေလျှက်ရှိသည်။ ဤနည်းအားဖြင့် သူတို့က နိုင်ငံတကာ စီးပွားပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ကွင်းနိုင်ကြသလို၊ လူအများအာရုံစိုက် ဝေဖန် ခံရခြင်းမှလည်း ကင်းလွတ်ခွင့် ရနေစေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က စစ်အစိုးရကို အထီးကျန်ဖယ်ကျဉ်ထားရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုများ ဖြစ်ပေါ်လာစေရန် ဖိအားပေးသည့်အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားကြသော် လည်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်ငန်းက ကြီးထွားတိုးတက်နေလျက် ရှိသည်။

ဤကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအချို့မှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ၀င် ရောက်လာနေကြပြီး ၎င်းနိုင်ငံများက စီးပွားပိတ်ဆို့ဒဏ်ခတ်သည့် မူအပေါ်လည်း ဆန့်ကျင်ရပ်တည်နေခဲ့ကြသည်။ သို့ သော် ဤရင်းနှီးမြှုပ်နှံမှုများတွင် အနောက်တိုင်းကုမ္ပဏီများက ဘဏ္ဍာရေးအရ ပတ်သက်ဆက်စပ်မှုများလည်း ရှိနေကြပြီး ၎င်းတို့က ပုံဖျက်ဖုံးကွယ်၍ ဆောင်ရွက်နေကြသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုနေကြသည်။

မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅၀၅ သန်းအနက် ၉၀ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများအတွက် ၀င်ရောက်လာခဲ့ကြသည်ဟု ဆိုပါသည်။

စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄၇၅ သန်းမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများသို့ ၀င်ရောက် မြှုပ်နှံခဲ့ ကြပြီး ၂၀၀၆ ခုနှစ် ပမာဏနှင့် နှိုင်းယှဉ်လျှင် ၃ ဆခွဲကျော်တိုးတက်များပြားလာခဲ့သည်ဟု ၎င်းဝန်ကြီးဌာန၏ စာရင်းများ အရ သိရှိကြရသည်။

မြန်မာနိုင်ငံက ဖော်ပြရာတွင် ၂၀၀၇ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ၄၀ ရာခိုင်နှုန်းမှာ ဗြိတိန်မှ လာကြသည်ဟု ဆိုပါသည်။ ဗြိတိန်အစိုးရမှာ မြန်မာစစ်အစိုးရအပေါ် ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်ထားပြီး ပိုမိုတင်းကျပ်သည့် အရေးယူမှုများ ချမှတ်ရန်လည်း တလျှောက်လုံး တိုက်တွန်းလာခဲ့သည်။

သို့သော်လည်း လန်ဒန်ရှိ ဗြိတိန်အစိုးရကမူ တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ပြုနေသည်ဟူသည့် အချက်ကို ငြင်းပယ်နေဆဲဖြစ် ပါသည်။ သူတို့က ဖော်ပြကြရာတွင် ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကုမ္ပဏီများအပေါ် အစိုးရနှင့် ပြည်သူများ၏ ဖိအားပေးမှုနှင့် ဥရောပသမဂ္ဂက ကမကထပြုနေသည့် အရေးယူဆောင်ရွက်မှုများကြောင့် တနှစ်လျှင် အနည်းဆုံး ဒေါ်လာ ၃ သိန်းမျှအထိ ကျဆင်းနေသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် စာရင်းကိန်းဂဏန်းများမှာလည်း ရာနှုန်းပြည့် ယုံကြည်ကိုးစား၍ မဖြစ် နိုင်ပါ။ အကြောင်း မှာ မြန်မာ့စီးပွားရေးက မမြင်သာသည့် တွင်းနက်ကြီးသဖွယ်ဖြစ်နေပြီး ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (အိုင်အမ်အက်ဖ်) တို့ကပင် သူတို့၏ ဖွံ့ဖြိုးရေးချေးငွေများပေးအပ်မည့် နိုင်ငံများစာရင်းမှ ပယ် ဖျက်ထားခဲ့ကြပါ သည်။ မြန်မာနိုင်ငံက ကြွေးမြီများ ပေးဆပ်ရန် ပြဿနာရှိနေပြီး ဘဏ္ဍာရေးအရ ကူညီထောက်ပံ့နိုင်ရန် အနိမ့်ဆုံးလိုအပ် သည့် စာရင်းဇယားများကိုလည်း တင်သွင်းရန် ပျက်ကွက်နေကြပါသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ အခြားနေရာများမှ ငွေကြေးများ စီးဝင်နေကြဆဲ ဖြစ်သည်။ ဤသို့ငွေကြေးစီးဝင်နေ သည့် နေရာများတွင် အခွန်ကင်းလွတ် ရှောင်တိမ်းနိုင်ရာဟု လူသိများကြသည့် ဗြိတိသျှဗာဂျင်းအိုင်လင်း ကျွန်းများ (British Virgin Islands) နှင့် ဘာမြူဒါကျွန်းများ ပါဝင်နေသည်ကို တွေ့ရှိလာကြပြီ ဖြစ်သည်။

၎င်းဗြိတိသျှအစောင့်အရှောက်ခံ ကျွန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ အများအပြားက မှတ်ပုံတင်ထားကြပြီး အမေရိကန်၊ ဗြိတိန်စသည့် သူတို့၏ အစိုးရများက စီးပွားဒဏ်ခတ်ပိတ်ဆို့ထားသည့် အခြေအနေကိုလည်း ရှောင်ကွင်း၍ ဆောင်ရွက်နိုင်ကြပါသည်။ ထိုမျှမက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုရန်လည်း မူရင်းနေရာကို ပုံဖျက်ဖုန်းကွယ် ထားနိုင်ကြပါသည်။

"ကျနော်တို့ ပြောနိုင်သလောက်ကတော့ ဗြိတိသျှကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ သွားပြီး ရင်းနှီးမြှုပ်နှံနေတာ မဟုတ်ပါဘူး။ ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်း၊ ဒါမှမဟုတ် ဘာမြူဒါမှာ လက်ခွဲဖွင့်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေက သူတို့ရဲ့ကုမ္ပဏီအခွဲ တွေကတဆင့် မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြှုပ်နှံနေကြတာပါ" လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign UK ၏ ဒါရိုက်တာ မာ့က် ဖာမာနာ (Mark Farmaner) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

“ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းနဲ့ ဘာမြူဒါက ယူကေရဲ့အစောင့်ရှောက်ခံဒေသတွေ ဖြစ်နေတော့ (မြန်မာစစ်အစိုးရအနေ နဲ့) ဗြိတိသျှ ရင်းနှီးမြှုပ်နှံမှုဆိုပြီး မှတ်ပုံတင်စာရင်းသွင်းလိုက်တာပါ။ ကျနော်တို့က ၁၀ နှစ်တိုင်တိုင် ယူကေ အစိုးရကို ဒီလို နေရာမျိုးတွေကို ပိတ်ပစ်ဖို့၊ ဗြိတိန်နိုင်ငံကို ဒီလိုအသုံးချခံနေရတဲ့ အနေအထားမျိုးကို ရပ်ဆိုင်းဖို့ တိုက်တွန်းနေခဲ့တာပါ။ သူတို့ကတော့ ငြင်းပါတယ်။ ဥရောပသမဂ္ဂ တခုလုံးအနေနဲ့ စတင်လှုပ်ရှားလာတာမျိုး ဖြစ်စေချင်တယ်လို့သာ ပြောနေကြပါ တယ်"ဟု မာ့က် က ပြောသည်။

"ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ် (Total) နဲ့ အမေရိကန်ရေနံကုမ္ပဏီ ယူနိုကယ်၊ ချယ်ဗရွန် (Unocal/Chevron) တို့ က ဘာမြူဒါကတဆင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပါတယ်။ ဒါတွေအားလုံးကို စစ်အစိုးရရဲ့စာရင်းမှာ ဗြိတိန်ရဲ့ရင်းနှီးမြှုပ်နှံ မှုအဖြစ် တွက်ချက်ဖော်ပြနေကြတယ်"ဟု လည်း ၎င်းက ဆိုသည်။

Burma Campaign UK အဖွဲ့က မြန်မာစစ်အစိုးရနှင့် စီးပွားဆက်ဆံနေကြသည့် ကုမ္ပဏီများ ကို အမည်စာရင်းဖော်ပြ၍ "ရှက်ဖွယ်ကုမ္ပဏီများ" အဖြစ် စာရင်းပြုစုခဲ့ပါသည်။

ဤသို့ "နာမည်ပျက် ကုမ္ပဏီများ" စာရင်းတွင် နိုင်ငံရပ်ခြားကုမ္ပဏီ ၁၅၄ ခုကို အမည်ဖော်ပြထားပြီး နောက်ဆုံးစာရင်း များအရ ရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ လက်ခွဲကုမ္ပဏီ များမှတဆင့်ဖြစ်စေ ပါဝင်ပတ်သက်နေကြသည့် ကုမ္ပဏီ ၃၃ ခု ရှိ နေပါသည်။

"နောက်ဆုံးစာရင်းဖြည့်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကတော့ သတင်းအချက်အလက် အသစ်တွေရတာရယ်၊ မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်တိုးလာလို့ပါ" ဟု ဤလှုပ်ရှားမှု၏ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ ဂျော်နီ ချက်တာတွန် (Jonny Chatterton) က ဆိုပါသည်။

နောက်ဆုံးပြုစုထားသည့် စာရင်းများအရ ရေနံ၊ သဘာဝဓာတ်ငွေလုပ်ငန်းနှင့် ရေအားလျှပ်စစ်စသည့် အခြားစွမ်းအင်ဆိုင် ရာလုပ်ငန်း စီမံချက်များတွင် အသစ်ဝင်ရောက်မြှုပ်နှံလာသည့် ကုမ္ပဏီ ၁၄ ခု ရှိနေပါသည်။

ဤသို့ ပုံဖျက်ဝင်လာကြသည့် ကုမ္ပဏီများသည် MPRL E&P Limited (အမ်ပီအာရ်အယ်လ် အီး အဲန် ပီ လီမီတက်) နှင့် ချိတ်ဆက်၍ ၀င်လာကြသည်ကို တွေ့ရပါသည်။ ၎င်းကုမ္ပဏီက စင်္ကာပူနိုင်ငံတွင် ဌာနချုပ်ဖွင့်လှစ်ထားသော်လည်း ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခုဖြစ်သည်။

၎င်း MPRL E&P ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် ကုန်းတွင်းမန်းရေနံမြေအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ပါသည်။ မကြာသေးမီကာလတွင် ၎င်းကုမ္ပဏီက ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ အေ-၆ လုပ်ကွက် (A 6 Block) တွင်လည်း ရင်းနှီးမှုများပြုခဲ့ကြောင်း Burma Campaign UK အဖွဲ့က ဆိုပါသည်။

ဤသို့ အခွန်ကင်းလွတ်ခွင့်ရရာ ဒေသများကို အခြေခံ၍ ရင်းနှီးမြှုပ်နှံလာသည့် ကုမ္ပဏီတခုမှာ ဖိုးကပ်စ် အင်နာဂျီ (Focus Energy) ဆိုသည့် ကုမ္ပဏီဖြစ်ပြီး ကုန်းတွင်းရေနံတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ဖိုးကပ်စ် အင်နာဂျီ ကုမ္ပဏီ၏ ရုံးမှာ ရန်ကုန်မြို့တွင်ပင် အခြေစိုက်ထားသော်လည်း ဗြိတိန်ရှိ လှုပ်ရှားနေသူများ၏ လေ့လာတွေ့ရှိချက်အရ ဗြိတိသျှကုမ္ပဏီတခု ဖြစ်နေပြီး ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခု ဖြစ်ပါသည်။

ထို့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူများက မြန်မာနှင့် အခြားအာရှနိုင်ငံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ပြစ်တင်ဝေဖန်ခံနေရသည့် မလေးရှား သစ်ကုမ္ပဏီတခုဖြစ်သော ရင်မ်ဘူနန် ဟိုင်ဂျူးအုပ်စု (Rimbunan Hijau Group) ကလည်း မကြာသေးမီက ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ၎င်း၏ လက်ခွဲ ရင်မ်ဘူနန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Rimbunan Petrogas)ကို အသုံးချ၍ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အတွင်းသို့ ခြေချလာခဲ့ပါသည်။

"ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းနဲ့ ဘာမြူဒါဒေသက ဗြိတိသျှ အစောင့်ရှောက်ခံနယ်တွေပါ။ ဘာမြူဒါကျွန်းက အလွန်သေး ပေမယ့် နိုင်ငံရပ်ခြားငွေကြေးလုပ်ငန်းတွေနဲ့ အလွန်ကြွယ်ဝချမ်းသာနေကြပါတယ်။ တနိုင်ငံလုံး ကော်ဇောခင်းထားနိုင် လောက်တဲ့အထိ ချမ်းသာနေကြပါတယ်"ဟု ဟောင်ကောင်အခြေစိုက် ငွေကြေးခ၀ါချမှုကိစ္စ ကျွမ်းကျင်သူ၊ ငွေကြေးရင်း နှီးမြှုပ်နှံမှုများအတွက် အန္တရာယ်အကဲဖြတ်ပေးနိုင်သူ ပီတာ ဂဲလို (Peter Gallo) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြပါသည်။

"သိပ်ပြီး လက်ခံယုံကြည်ဖွယ်မရှိတဲ့ ရှင်းပြချက်တခုကတော့ (ဗြိတိသျှ) အစိုးရအနေနဲ့ ဒီ ကာရစ်ဘီယံပင်လယ်ကွေ့ဒေသ က ကျွန်းငယ်လေးတွေကို အခွန်ကိစ္စ ရှောင်တိမ်းတဲ့ နေရာတွေမှာ အသုံးချဖို့ အားပေးအားမြှောက်လုပ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒီလိုနဲ့ လုပ်လာလိုက်တာ နောက်ဆုံး ဘရိတ်အုပ်ဖို့ ခက်လာတဲ့ အနေအထားရောက်လာတယ်လို့ ပြောကြပါတယ်။ ပင်လယ်ရပ်ခြားမှာ စီးပွားရင်းနှီးမြှုပ်နှံကြတဲ့ကိစ္စတွေအတွက် ရှောင်တိမ်းအလွဲသုံးစားလုပ်လို့ အကောင်းဆုံး အခြေအနေ ပါ" ဟု လည်း ၎င်းက ဆိုသည်။

ဤနာမည်ပျက်စာရင်းတွင်ပါသည့် တခြားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများမှာ စကော့တလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံများတွင် အခြေစိုက်ထားပြီး သူတို့နိုင်ငံများက ချမှတ်ထားသည့် မြန်မာ နိုင်ငံအပေါ် စီးပွားပိတ်ဆို့ အရေးယူမှုမူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသည်ကို တွေ့ကြရပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ရရှိရေး အသည်းအသန်ရှာတော်ပုံ ဖွင့်နေကြချိန်၊ ရေနံဈေးနှုန်းများက ခေါင်ခိုက်အောင် မြင့်တက် နေကြချိန်တွင် တချို့သော နိုင်ငံများနှင့် ကုမ္ပဏီများက အမျိုးသား အကျိုးစီးပွားနှင့် အကျိုး အမြတ်ကို ရှေ့တန်းတင် ဆောင်ရွက်လာကြပါသည်။

တရုတ်နိုင်ငံက အရာကိစ္စအားလုံးထက် ကိုယ်ကျိုးစီးပွားသာ ရှေ့တန်းတင်ဆောင်ရွက်သည့်နေရာ၌ နာမည်ကြီးပြီး မြန်မာ နိုင်ငံတွင် တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသလို မြန်မာစစ်အစိုးရကိုလည်း နိုင်ငံရေးအရ ထောက်ခံအားပေးမှုများ ပြုနေပါသည်။ ထိုင်းနိုင်ငံကလည်း နှစ်ရှည်လများ မြန်မာစစ်ဗိုလ်ချုပ်များထံမှ ဓါတ်ငွေ့ဝယ်ယူ၍ ငွေကြေးထောက်ပံ့နေခဲ့ သည်။ ယခုအခါ အိန္ဒိယနိုင်ငံကလည်း ဤလမ်းကြောင်း လိုက်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မြန်မာစစ်အစိုးရက လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရခြင်းအပါအ၀င် ပြီးခဲ့သည့် မေလက မုန်တိုင်းသင့်ဒုက္ခသည်များအပေါ် လူမဆန်စွာ လျစ်လျူရှုခဲ့မှုများကို အကျယ်အပြန့် တွေ့ခဲ့ကြရပြီးနောက်ပိုင်းတွင် ဤသို့ မြင်ရသည့် စာရင်းကိန်းဂဏန်းများက အမှန်တကယ် စိတ် အနှောင့် အယှက်ဖြစ်ဖွယ်ပင် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံကြသူများအနေဖြင့်လည်း တခဏတာမျှ အနည်းဆုံး ပြန်စဉ်းစားကြည့် ဖို့ ကောင်းသောအခြေအနေ ဖြစ်သည်။

စစ်အစိုးရက ကြေညာထုတ်ပြန်ထားသည့် နှစ်စဉ် ဘတ်ဂျက် ရသုံးငွေစာရင်း၏ တ၀က်ကျော်ကို စစ်တပ်အတွက် အသုံး ချနေပြီး ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၁.၄ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ အတွက် သုံးစွဲနေပါသည်။ အာရှတိုက်၏ နောက်ထပ်အဆင်းရဲဆုံးနိုင်ငံတခုဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံ ထက် စာလျှင် ဤကဏ္ဍများတွင် သုံးစွဲမှု တ၀က်မျှ လျှော့နည်းနေပါသေးသည်။ ကာကွယ်ရေးအသုံးစာရိတ်ကို ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ နှစ်ခုပေါင်းထက် ပို၍သုံးစွဲနေသည်မှာ အာရှတိုက်တွင်မြန်မာတနိုင်ငံတည်းသာ ရှိပါတော့သည်။ ဤအခြေ အနေများ ကြောင့်လည်း မြန်မာနိုင်ငံတွင် ကလေးသေနှုန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထအမြင့်ဆုံးနိုင်ငံ ဖြစ်နေရပါသည်။


William Boot ရေးသားသည့် The Caribbean Connection ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်ထဲတွင် ရှိနေပါသည်

မောင်သြ| သြဂုတ် ၁၄၊ ၂၀၀၈
ဇူလိုင် ၂၂ ရက် နေ့ထုတ် နိုင်ငံတော် အစိုးရပိုင် ကြေးမုံသတင်းစာမှာ နအဖအကြိုက် မြှောက်ထိုးပင့်ကော် ရေးထားတဲ့ “နိုင်ငံရေးပြစ်မှု နိုင်ငံရေး အကျဉ်းသားနှင့် မြန်မာနိုင်ငံ ဥပဒေ ပြဌာန်းချက်များ” ဆိုတဲ့ နိုင်မြင့် (တောင်သာ) ရဲ့ ဆောင်းပါး ကို တွေ့လိုက်ရတယ်။ ဆောင်းပါးက သုံးရက် အခန်းဆက် ဆောင်းပါးပါ။ အကြောင်းအရာကတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စပါပဲ။ နိုင်ငံရေး အကျဉ်းသားများ ရှိ မရှိဆိုတဲ့ အကြောင်းအရာပေါ်မှာ ဥပဒေသတွေ၊ အကျဉ်းထောင် အက်ဥပဒေ၊ အကျဉ်းထောင် လက်စွဲတွေနဲ့ ယှဉ်ပြီး ဖော်ပြထားတာပါ။ အဓိက ဆောင်းပါးရှင်ရဲ့ ဆန္ဒက ဒီနေ့ နအဖ အစိုးရ လက်ထက် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ (လုံးဝ) မရှိဘူးဆိုတာကို မျက်စိစုံမှိတ်ပြီး မစားရ ဝခမန်း ဖားရေးထားတာပါ။

ကျနော် သူ့ဆောင်းပါးကို ဖတ်ရတော့ ရယ်မိတယ်။ ပြုံးမိတယ်။ တခါက ကျေးလက်ဒေသတခုကို လေဘေး ကယ်ဆယ်ရေး အဖွဲ့နဲ့ လိုက်သွားလို့ အဲဒီကျေးရွာက အမျိုးသမီးငယ်တဦးက “ဦးဦး … အကြည်တော်တို့၊ ဗျူးတို့ရေးတဲ့ ဟာသ ဝတ္ထုတွေ ရယ်ရသလို သတင်းစာ ဆောင်းပါးတွေကလည်း ရယ်ရတယ်” လို့ ပြောဖူးတယ်။ အဲဒါလေးကို အမှတ်ရပြီး ပြုံးလဲ ပြုံး၊ ရယ်လည်း ရယ်မိတာပါ။ ဆောင်းပါးရှင်က ဥပဒေအကြောင်းကို အပိုဒ်လိုက်၊ အပိုဒ်လိုက် ရှင်းပြထားတာ တွေ့ရတယ်။ ဒီနေ့ အုပ်ချုပ်နေသူများက ဥပဒေနဲ့အညီ ဆောင်ရွက်နေတာလားဆိုတာ ကျနော်တို့ သုံးသပ်ကြည့်ရတယ်။ တချိန်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာက ဒီလိုမဟုတ်ပါဘူး။ ဥပဒေအထက်မှာ အာဏာနဲ့ အာဃာတ တရားတွေ ဖိနှိပ်လွှမ်းမိုးနေတာ တွေ့နေရတယ်။

ဒါကြောင့် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား လုံးဝ (လုံးဝ) မရှိဘူးဆိုတဲ့ ဆောင်းပါးရှင် နိုင်မြင့် (တောင်သာ) ကို မိမိကိုယ်တိုင် အကျဉ်းထောင်ထဲမှာ တနှစ်လောက် ထောင်ကျခံကြည့်လိုက်ရင် သူရေးတဲ့ ဥပဒေအချက်အလက်တွေဟာ တကယ် လက်တွေ့ မကျဘဲ စာအုပ်ထဲမှာ၊ စက္ကူပေါ်မှာရှိတာပါလားဆိုတာ လူမိုက်နောင်တ နောက်မှရ ဆိုတာလို သိနိုင်ပါလိ့မ်မယ်။

ကျနော် ထောင်နှစ်ကြိမ် ကျဖူးခဲ့တယ်။ ၁၉၉၇ - ၉၈ တုန်းက ၂ နှစ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ၂၁ နှစ်။ ထောင်ကျခဲ့တဲ့ ၂ ကြိမ်လုံး ဥပေဒအရ ထောင်ကျခဲ့တာ မဟုတ်ဘူး။ အာဏာနဲ့ အာဃာတ အငြိုးနဲ့ ပစ်ဒဏ်ပေးခံခဲ့ရတာပါ။ မတရား ထောင်ချခံခဲ့ရတာဆိုရင် ပိုမှန်တယ်။ ကျနော်က NLD အဖွဲ့ချုပ်ရဲ့ မြို့နယ်ကြီး တမြို့က ဥက္ကဌတာဝန် ယူထားသူပါ။ လှုပ်ရှားတက်ကြွတဲ့ မြို့နယ်ဥက္ကဌတွေဆိုရင် ဘယ်လိုဖမ်းရမယ်၊ ဘယ်လို ထောင်ချရမယ်ဆိုတာ အာဏာပိုင်များက အပြစ်မရှိ မပြစ်ရှာ စောင့်ကြည့်နေကြတာ။

ဒုတိယအကြိမ် ထောင်ဒဏ် ၂၁ နှစ် ကျခဲ့ပေမယ့် ကံကောင်းထောက်မစွာ ၅ နှစ်ပဲ နေခဲ့ရတယ်။ ထောင်ထဲမှာ စုစုပေါင်း ၇ နှစ် နေခဲ့ရတော့ ဘယ်သူဟာ သာမန်ရာဇဝတ် အကျဉ်းသား၊ ဘယ်သူက နိုင်ငံရေး အကျဉ်းသားဆိုတာ ကွဲကွဲပြားပြား တွေ့ဖြစ်ခဲ့ရတယ်။ သိခဲ့ရတယ်။ ဆောင်းပါးရှည်မှာစိုးလို့ သာမန်ရာဇဝတ် အကျဉ်းသား အကြောင်းကို မဖော်ပြတော့ဘဲ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုဟာလဲ သိရအောင် အောက်ပါ အချက်တွေနဲ့ တင်ပြသွားပါမယ်။

(၁) နိုင်ငံရေးသမားများကို အာဏာပိုင် အဖွဲ့အစည်းများက ဖမ်းဆီးလိုလျင် ည အချိန်မတော်တွင် လည်းကောင်း၊ လက်ဖက်ရည်ဆိုင်များတွင် လည်းကောင်း၊ လမ်းပေါ်တွင် လည်းကောင်း ဖမ်းဆီးတတ်ပြီး ခေါင်းစွပ်နှင့် ခေါ်ဆောင် သွားတတ်သည်။ သက်ဆိုင်ရာ ရဲစခန်းကို မခေါ်သွားဘဲ ထောက်လှမ်းရေးများ၏ စစ်ကြောရေး စခန်း ကို ခေါ်သွားကာ သုံးလေးရက် စစ်ကြောမေးမြန်းပြီး အင်းစိန် သီးသန့် အကျဉ်း ထောင်သို့ ပို့သည်။ ထိုသီးသန့်ထောင်တွင်ပင် ပုဒ်မတပ် ရုံးထုတ် စစ်ဆေးသည်။ ပုဒ်မကို တမျိုးပြီး တမျိုး အပြောင်းအလဲ လုပ်သည်။ အရေးပါသည့် နိုင်ငံရေး သမားဆိုလျင် အပြင်ရုံးမထုတ်ဘဲ အင်းစိန် ထောင်တွင်းရှိ တရားရုံးတွင်သာ စစ်ဆေးသည်။ ရှေ့နေခေါ်ခွင့် မရှိ။ အကျဉ်းရုံး စစ်ဆေးပြီး ထောင်ချသည်။ (၂၀၀၀ ပြည့်နှစ်လောက်က ဖြစ်၏။ ယခုတော့ ရှေ့နေခေါ်ခွင့် ပြုပါသည်)

(၂) ပြစ်ဒဏ်ကျခံပြီးလျင် သီးသန့်ထောင်မှ အင်းစိန် ဗဟိုအကျဉ်းထောင်သို့ ခေါင်းစွပ်ကာ ခေါ်သွားပြီး သက်ဆိုင်ရာ တိုက်ခန်းများသို့ ပို့သည်။

(၃) ထောင်ဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက စကားပြောခြင်း၊ ဒွေးရောယှက်တင်နေခြင်း မပြုရန်နှင့် နိုင်ငံရေးသမား အချင်းချင်း တခန်းနှင့်တခန်း စကားလှမ်းပြောခြင်း မပြုရန် ညွှန်ကြားထားသည်။

(၄) နိုင်ငံရေးသမားများ ရေချိုးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆေးခန်းသွားခြင်း၊ ထောင်ဝင်စာ ထွက်ခြင်းများတွင် ခေါင်းစွပ်များ စွပ်သွားရခြင်း။ (၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကြက်ခြေ နီအဖွဲ့များ၊ လူ့အခွင့်အရေး အဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့များ လာရောက်ပြီးနောက် ခေါင်းမစွပ်ရတော့ပါ)။

(၅) နိုင်ငံရေးသမားများ ထောင်ဝင်စာထွက်သောအခါ ထောင်ဝန်ထမ်းတဦး လိုက်ပါပြီး မိသားစုနှင့် ပြောသမျှ ဆိုသမျှ စကားများကို ရေးသား မှတ်တမ်းယူခြင်း၊ တချို့ မှန်အပြင်ဘက်မှနေ၍ ဖုန်းဖြင့် စကားပြောရသည်များကို ဖုန်းဖြင့် အသံဖမ်း၍ မှတ်တမ်းများယူခြင်း၊ မှတ်တမ်းများတွင် အာဏာပိုင်များ မကြိုက်သည့်စကားများ ပါလာလျင် ခေါ်ယူမေးမြန်း ရှင်းလင်းခံရခြင်း။

(၆) ထောင်ဒဏ် ကျခံခဲ့ရလျင် နိုင်ငံရေးသမားများအတွက် ပြစ်ဒဏ်လျှော့ရက်မရ။ လိုအပ်ပါက ပုဒ်မ ၁၀ (က) နှင့် နှစ်တိုး ထပ်ခံရခြင်း ရှိသည်။ ဥပမာ … သတင်းစာ ဆရာကြီး ဦးဝင်းတင်။ Dr သန်းငြိမ်း (ကျောက်တန်း ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်)။ Dr မေဝင်းမြင့် (မရမ်းကုန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) လွတ်ရက် စေ့သော်လည်း နှစ်တိုးခံစားနေရသည်။

(၇) နိုင်ငံရေးသမားများ မကျန်းမာ၍ ထောင်တွင်းဆေးရုံတွင် တက်ရောက် ကုသနေရပါက လစဉ် နို့မှုန့်တထုပ်၊ သကြားတထုပ်နှင့် ပေါင်မုန့် ရရှိသည့်ပြင် သောက်သုံးဆေးများကိုလည်း ရောဂါကြီးသလောက် တလလျင် ကျပ် ၂ သောင်းဖိုး ၃ သောင်းဖိုးမျှ ဝယ်ယူခွင့်ရသည်။

(၈) ထောင်မှ လွတ်ရက်စေ့လျင် ထောင်အာဏာပိုင်များ၏ အစည်း အဝေး ခန်းမတွင် နားနားနေနေ ထားပြီး လက်ဖက်ရည် မုန့်များနှင့် ဧည့်ခံစကားပြောဆိုခြင်း၊ သီးသန့် အထူး ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ပေးပြီး မိသားစု များနှင့်အတူ မှတ်တမ်း ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်သည်။

အဲဒီအချက်တွေအားလုံး အရေးပါသော အချက်တွေ ဖြစ်ပါတယ်။ ရေးမယ်ဆိုရင် အသေးစိတ်များ ကျန်ရှိနေပါသေးတယ်။ အဲဒီအချက်တွေကို လေ့လာခြင်းအားဖြင့် သာမန် ရာဇဝတ် အကျဉ်းသား၊ နိုင်ငံရေး အကျဉ်းသားဆိုပြီး ခွဲခြားသိနိုင် လောက်ပါပြီ။

ကဲ … ဆောင်းပါးရှင် ကိုနိုင်မြင့် (တောင်သာ) ရေ … ခင်ဗျားသာ ရာဇဝတ် ပြစ်မှုနဲ့ ထောင်ကျခဲ့ရင် အထက်ပါ အချက်တွေနဲ့ ကိုက်ညီ၊ မညီ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

စာအုပ်ထဲက ဥပဒေတွေ ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတာကြီးကို မျက်လုံးစုံမှိတ်ပြီး ကြည့်လဲဖားကြပါ။ ပြည်သူချစ်ရင် ကမ္ပည်းတင်ပါမယ်။ ပြည်သူမုန်းရင် ကမ္ပည်းတုံးပါလိမ့်မယ်။ မဟုတ်မမှန် အခွင့်အရေးကို မျှော်ပြီး ပြည်သူကို ဆန့်ကျင်တဲ့ ဆောင်းပါးရှင်တွေ တနေ့ကျ ပြည်သူရဲ့ ပေးအပ်တဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်ဆိုတာ မလွဲမသွေပါပဲ။ ။