Tuesday, August 19, 2008

မူဆာရက်နူတ်ထွက်ပြီးပါကစ္စတန်အခြေအနေ



ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်

မြကြေးမုံ
အမေ့သားအသက်က ၁ ရက်၊ ဒါပေမယ့် သူလဲ ဒုက္ခသည်

မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။

လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။

နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ “မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့”ပြောတော့ တပိဿာကို လူ ၁၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။

“ဆန်က တအိတ် ၂သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်ပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”

“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ် သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”

“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”

“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”

ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း “သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်“တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမေရိကားက ကက်တရီးနား မုန်တိုင်းဘေး ဒုက္ခသည်မျိုးတွေအတွက် လိုအပ်မယ့် အကြံပေးစကားတွေ ဟာ ငါတို့ မြန်မာပြည်နဲ့ ဘာမှ မဆိုင်သေးမှန်း သိလိုက်ပြီ။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေး ဘူးခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။

ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ သူတို့နဲ့ ပြောင်းပြန် တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။

ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။

“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။

မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။

ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။

ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။

နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။

“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”

“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”

“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”

“...................................... ဆို”

“...............................ဆို”

သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။

ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။

၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။

အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။

လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”

တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။

“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”

အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။

ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူ ချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။

မကျေနပ်ချက်များ မပျောက်ကွယ်



ဝိုင်းပီး၊ မြင့်မောင်
အင်္ဂါနေ့၊ သြဂုတ်လ 19 2008 21:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နအဖ က အကြမ်းဖက် နှိမ်နင်းနေသော်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူများ၏ မကျေနပ်ချက်များသည် ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ပြည်တွင်းရှိ လှုပ်ရှားတက်ကြွသူများက ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ကျရောက်သည့် လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများ တနှစ်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လှုပ်ရှားတက်ကြွသူ ကျောင်းသားလူငယ်များက ယခုလို ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

ပြည်သူတွေက မကျေမနပ်ဖြစ်နေတာဟာ ပျောက်ကွယ်မသွားဘူး၊ ဆက်လက် မကျေမနပ်ဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ် ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးဟိန်းကလည်း ဓကျနော်တို့ အဖိနှိပ်ခံ နေရတာတွေကို တဦးချင်းစီ ကိုယ့်ရင်ထဲ၊ အသဲထဲမှာ ကိန်းအောင်းပြီးတော့ ဒီမိုကရေစီရရှိရေးကို အဆုံးရောက်တဲ့အထိ ကြိုးစားဆောင်ရွက်ရမယ်လို့ သန္နိဋ္ဌာန်ချပါတယ် ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အကြမ်းဖက် တုံ့ပြန်နေခြင်းသည် အမှန်တကယ် ဆောင်ရွက်ရမည့် တိုင်းပြည်စီးပွားရေး အခြေအနေကို တိုးတက်စေရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဆန္ဒထုတ်ဖော်သည့် ပြည်သူများကိုသာ ဖမ်းဆီးနေသည်မှာ ရောဂါနှင့် ကုသနည်းက မသက်ဆိုင်ကြောင်း ဦးဉာဏ်ဝင်းက ယခုလို ဆက်ပြောသည်။

သူက တကယ့် ရောဂါအရင်းအမြစ် ပျောက်ကင်းစေတဲ့ ကုနည်းနဲ့ ကုတာ မဟုတ်ဘူး။ တကယ်တမ်း ကိစ္စတွေက တယောက်ချင်းကို၊ သူတို့တွေကို ဖမ်းဖို့မဟုတ်ဘူး။ ဒီလိုမဖြစ်အောင် စီးပွားရေးကို တိုးတက်အောင် လုပ်ရမယ် ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လမ်းလျှောက်ချီတက်ပွဲ နောက်ပိုင်းတွင် နအဖ က အာဏာပိုင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များကို အသုံးပြုကာ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးအား စတင်ဖမ်းဆီးခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ၊ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂက မြန်မာအာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ၂ဝဝ၇ စက်တင်ဘာလအတွင်း ရဟန်းသံဃာနှင့် ပြည်သူ ၃ဝ ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အတိုက်အခံများက ၂ဝဝ ကျော် သေဆုံးကာ ခြောက်ထောင်နီးပါး ထိန်းသိမ်းခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။

ယနေ့အထိ မြန်မာစစ်အစိုးရက ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ဆက်လက်၍ ဖမ်းဆီးနှိပ်ကွပ်နေသလို၊ ကျန်ရှိနေသည့် မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူများအား အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသူတဦးက အိမ်ပတ်ဝန်းကျင်မှာကို စောင့်နေကြတာ။ နေ့တိုင်းပဲ ၃-၄ ယောက် အမြဲတမ်း ရှိတယ်။ ဘတ်စ်ကား မှတ်တိုင်မှာရောပဲ ဟု ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုနှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ လူငယ်တဦးကလည်း သူနှင့် သူ၏ အပေါင်းအသင်းများအား မည်သည့်အချိန်တွင် လာရောက် ခေါ်ဆောင်သွားမည်၊ မည်သူအား ဖမ်းဆီးသွားပြီလဲဆိုသည့် စိုးရိမ်စိတ်ဖြင့် နေ့စဉ်နှင့်အမျှ အသက်ရှင်နေရကြောင်း ယခုလို ပြောသည်။

သူက မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ မနေ့က ကိုယ် စကားပြောခဲ့တဲ့ ကိုယ်ရဲ့သူငယ်ချင်း ဒီနေ့ ရှိပါ့တော့မလား၊ ပြန်တွေ့ရပါ့မလား၊ ငါ့ကိုတော့ ဘယ်တော့ လာဝင်ဆွဲသွားမလဲ ဆိုပြီးတော့ ကြောင့်ကြစိတ်တွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်ဗျာ ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် လှုပ်ရှားနေသည့် ကျောင်းသားလူငယ်များအား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း အန်အယ်ဒီလူငယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများက မိမိတို့တတ်နိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုကြသည်။

ကိုအောင်မိုးဟိန်းက ဓကျနော်တို့က မြန်မာလူမျိုးတွေအတွက် လူဖြစ်တာ။ ရှေ့ဆက်လျှောက်ရမယ့် ဒီမိုကရေစီပန်းတိုင်၊ ဆုံးရှုံးနစ်နာနေတဲ့ လူ့အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆက်လုပ်သွားမှာဖြစ်တယ်။ ဖမ်းတာက သူ့အလုပ်၊ လုပ်ရမယ့် အလုပ်က ကိုယ့်အလုပ်ဆိုတာ ကျနော်တို့ကိုယ် ကျနော်တို့ သတ်မှတ်ထားတယ် ဟု ပြောသည်။

သူက ဆက်ပြီး ကျနော်တို့ တနေ့နေ့မှာ အောင်မြင်မှုတော့ ရမှာပဲ။ တရားသဖြင့် ရပ်တည်နေတဲ့သူတွေ၊ အမှန်တရားကို ဆုပ်ကိုင်နေပြီး ရပ်တည်နေတဲ့သူတွေဆိုတော့ တနေ့နေ့ တချိန်ချိန်မှာ မလွဲမသွေ အောင်မြင်မှုဆိုတာ ရှိကိုရှိလာလိမ့်မယ်လို့ မျှော်လင့်ထားတယ် ဟု ပြောဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် အင်တာဗျူး


ကိုစိုး | သြဂုတ် ၁၉၊ ၂၀၀၈

မေး။ ။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို သိချင်ပါတယ်ခင်ဗျ။


ရှေ့နေ ဦးကြည်ဝင်း (ဓာတ်ပုံ - မိုးမခ)
ဖြေ။ ။ ဟုတ်ပါတယ်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀ နာရီ ၁၁ နာရီ လောက်က သူ့အိမ်မှာဒုတိယအကြိမ် တွေ့တာပါ၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ကျနေတာနဲ့ ပတ်သက်ပြီးတော့ လိုရင်း ပြောရရင် ဥပဒေကြောင်းအရ အယူခံဖို့ရာ ဆောင်ရွက်နေကြတာဗျ။

သူ့အပေါ်မှာ အရေးယူထားတာက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ခြင်း” ဆိုတဲ့ ဥပဒေ၊ အဲဒီ ဥပဒေ ၁၀ (ခ) နဲ့ အရေးယူခံထားရတဲ့ ပုဂ္ဂိုလ်ဟာ အရေးယူခံထားရတဲ့ ကာလအတွင်းမှာ ဘယ်အချိန်မဆို ပုဒ်မ ၁၉ အရ အယူခံနိုင်တယ်၊ အဲဒီ ပုဒ်မအရ ဒေါ်စုက ကျနော်တို့ကို သြဂုတ် ၈ ရက်နေ့က ဆွေးနွေး ပြီးတော့ အချက် ၅ ချက်ကို ပြန်ကြည့်ပေးပါတဲ့။

(၁) အချက်က အဲဒီ ၁၀ (ခ) အရ သူ့အပေါ်မှာ အရေးယူထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာ။ (၂) က သူ့ကို အရေးယူ ထားတဲ့ကာလ၊ သိတဲ့အတိုင်းပဲ ၂၀၀၃ ကနေ အခု ၂၀၀၈၊ ၅ နှစ် တောင်ကျော်ခဲ့ပြီ၊ မေလထဲက ကျော်ပြီ၊ အဲဒါ ဥပဒေနဲ့ ညီသလား မညီ ဘူးလား ဆိုတာ။

တတိယ အချက်က သူနဲ့ အတူနေနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ သူ့ သမီးရှိတယ်၊ အိမ်ဖော် သဘောမျိုးတော့ မဟုတ် ဘူး၊ သူ့ကို အဖော်အဖြစ်နဲ့နေတာ၊ သူတို့က ဒေါ်စုနဲ့ တအိမ်တည်းနေပြီး ချက်ရေးပြုတ်ရေးတွေ ဘာတွေလုပ်တယ်။

အဲဒီ ဒေါ်ခင်ခင်ဝင်းတို့ကို သတင်းတပ်ဖွဲ့တွေ ဘာတွေက စည်းကမ်း လေးတွေနဲ့ ထိန်းချုပ်တယ်၊ အဲဒီလို ဖြစ်လာတော့ ဒေါ်စုက ကျနော်တို့ကို မေးမြန်း တာဝန်ပေးထားတာက အခု သူ့အပေါ်မှာ ချမှတ်ထားတဲ့ ၁၀ (ခ) ဆိုတဲ့ ကန့်သတ်မိန့် ၊ တားဆီးမိန့်က ဘာဖြစ်လို့ ဒေါ်ခင်ခင်ဝင်း တို့ကိုသွားပြီး သက်ရောက်တဲ့ သဘောမျိုး ဖြစ်ရသလဲ၊ မဖြစ်သင့်ဘူးပေါ့၊ အမှန်တော့ သူ့ အပေါ်ချတာ၊ ဒေါ်ခင်ခင်ဝင်းတို့အပေါ် ချတာမှမဟုတ်ဘဲ၊ အဲဒါကို မေးတယ်။

မှန်ပါတယ်၊ ဒါကလည်း ရှင်းနေတာပါ၊ ကျနော်တို့ ဥပဒေမှာကိုက ဆိုပါတယ်၊ ဆိုင်တာက အမိန့်က ဗဟိုကချတဲ့ အမိန့် ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချတဲ့အမိန့်၊ ဒေါ်ခင်ခင်ဝင်းတို့ သူ့သမီးတို့ကို ချတဲ့အမိန့် မဟုတ်ဘူး။

အမှန်စင်စစ် လွတ်လွတ်လပ်လပ် သွားလာနိုင်ရမယ်၊ သို့သော် တဘက်ကလည်း ထောက်လှမ်းရေးပေါ့ဗျာ၊ သတင်း တပ်ဖွဲ့ ပေါ့၊ သူ့မှာလည်း စောင့်ကြည့်ဖို့တော့ တာဝန်ရှိတာပေါ့၊ အဲဒီမှာနည်းနည်းလေး တာဝန်ထမ်းတာက၊ အောက်ပိုင်းက ကျနော် မြင်တာက၊ အခု ပြောပြတဲ့ အပိုင်းမှာ ဒေါ်ခင်ခင်ဝင်း ဆေးခန်းသွားတော့ ဓာတ်ပုံ လိုက်ရိုက်တယ်၊ ဆေးခန်းမှာလည်း ၀င်ပြီး ထိုင်ပြီး စောင့်တယ်၊ အဲဒီ အသေးစိတ် ကလေးတွေကတော့ နည်းနည်းတော့ တွက်ရမှာပေါ့လေ၊ ဒါကို လူငယ်ပိုင်းက အဲဒီ လောက်ထိအောင် တာဝန်ထမ်းသွားတာဟာ လွတ်လပ်တဲ့ နိုင်ငံသားတယောက်ရဲ့ မူလအခွင့်အရေးကို ထိပါးတယ် ဆိုတာ မျိုးကို သူတို့ သတိထားပုံမရဘူး၊ အဲဒီလို ဖြစ်တယ်၊ ကျနော်ကတော့ ညှိပေးနေတယ်။

ဒေါ်စုကလည်း သူ့အတွက်ကြောင့် ဒေါ်ခင်ခင်ဝင်းတို့သားအမိ လူ့အခွင့်အရေး မူလအခွင့်အရေး မဆုံးရှုံးစေချင်ဘူး။

မေး။ ။ အခုလိုတွေ့ဆုံတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်အရ တွေ့ရတာလားခင်ဗျ။ တွေ့ဖို့ ကိုရော ဘယ်လို စီစဉ်ပေးလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်အရဆိုတာ မှန်ပါတယ်။ တွေ့ဖို့ကတော့ အက်စ်ဘီက သွားပြီးတော့၊ တွေ့မယ့်ရက်ကြတော့ ဒေါ်ခင်ခင်ဝင်းတို့ကို ဆက်သွယ်တယ်၊ ဒေါ်ခင်ခင်ဝင်းတို့ကို ပြောတယ်၊ ရှေ့နေကို ၀င်ခွင့်ပြုပါပြီ ပေါ့၊ ကျနော် ပထမအကြိမ် ၀င်ခွင့်ပေးတုန်းကတော့ ဗဟန်းမြို့နယ်က တရားသူကြီးတဦး ပါတယ်၊ တခြား ရယကတွေ ဘာတွေတော့ ကျနော်လည်း အသေအချာ မသိဘူး၊ သတင်းတပ်ဖွဲ့က ကျနော့်ကို ဆက်သွယ်တယ်။

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး အန်အယ်တို့ ဥပဒေ သမားတွေ အနေနဲ့ ဥပဒေကြောင်းအရ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ သြော် … အဲဒါက ကျနော်တို့ အယူခံမယ်၊ အယူခံတဲ့ အခါကြတော့ အခု အယူခံလွှာကို ကျနော်နဲ့ ဦးဥာဏ်ဝင်းနဲ့ ရေးနေတယ်၊ အဲဒီလိုရေးနေကြတော့ အယူခံအကြောင်းပြချက်ဆိုတာ ၃-၄-၅ ချက်တော့ ပါမှာပေါ့ဗျာ …။ အဲဒါတွေ ရေးပြီး တော့မှပဲ ပြောပါရစေလား …။ လတ်တလောတော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးတော့လေ …။ အဲဒီဟာ ကျနော်တို့က ရေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ဒါ ထုံးစံအတိုင်းပေါ့ဗျာ ...။ တင်ပြရမှာပေါ့ဗျာ …။ ပြင်ချင်တာတို့ ဖြည့်ချင် တာတို့ လုပ်ရမှာပေါ့…။

မေး။ ။ အခုလို အန်ကယ်တို့ စီစဉ်တာကတော့ ဥပဒေလမ်းကြောင်းအရ ဥပဒေနဲ့အညီပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ အရေးယူထားတာကိုရော ဥပဒေနဲ့ ညီတယ်လို့ အန်ကယ်တို့ ယူဆထားပါသလား …။

ဖြေ။ ။ အဲဒါကို ကျနော်တို့ ပြောလို့ မဖြစ်သေးဘူး၊ ပြောလို့လည်း မသင့်သေးဘူး၊ ဘာလို့လည်းဆိုတော့ သိတဲ့အတိုင်းပဲ ရှေ့နေလောကကတော့ ဟိုက်ကုတ်ကို တင်ပြီ၊ သို့မဟုတ် တိုင်းတရားရုံးကို၊ ဘယ်ရုံးဖြစ်ဖြစ် တင်ပြီးတော့ အလားအလာတို့ ဘာတို့ လျှောက်ပြောရင် တဘက်မှာ တရားရုံးကို စော်ကားသလို ဖြစ်မှာလည်း ရှိတယ်။

မေး။ ။ အခုက ဒီအယူခံလွှာက ဘယ်ကို တင်ရမှာလဲ ခင်ဗျ။

ဖြေ။ ။ အခု အယူခံက ဘယ်ကို တင်ရမှာလည်းဆိုတော့ အစိုးရအဖွဲ့ကိုပါ၊ အင်္ဂလိပ်လိုကတော့ Council of Ministers တဲ့၊ အစိုးရအဖွဲ့ဆိုတော့ ကက်ဘိနက်ပဲ၊ ဟိုတုန်းက ၀န်ကြီးအဖွဲ့ဗျ၊ အခု အစိုးရအဖွဲ့လို့ ခေါ်တာ၊ တနည်းအားဖြင့် ပြောရင် နေပြည်တော် သွားပြီးတင်ရမှာပါ …။

မေး။ ။ အခုအယူခံက အဆင်မပြေခဲ့ရင် ဘယ်လိုဆက်လက် ဆောင်ရွက်ဖို့ ရှိပါလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါဖြင့်တော့ မပြောတတ်သေးဘူးဗျ၊ အဲဒီအပိုင်းကတော့ ကျနော်တို့လည်း ကြည့်သေးတာပေါ့။

မေး။ ။ အန်ကယ်တို့ သွားတွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ ခင်ဗျ။

ဖြေ။ ။ ကျနော်မြင်ရသလောက်တော့ ကောင်းပါတယ်၊ စိတ်ဓာတ်အားဖြင့်ကို ကောင်းပါတယ်၊ တကယ့် Physical ကျန်းမာ ရေးကတော့ အဲဒီနေ့က ဒေါက်တာတင်မျိုးဝင်း ၀င်ပြီးဆေးစစ်ခွင့်ရသွားပြီလေ။ ဆေးစစ်ခွင့်ရသွားတော့ ဆရာတင်မျိုးဝင်းက ပိုပြီးပြောနိုင်မှာပါ။ ကျနော်တို့ အမြင်အားဖြင့်တော့ စိတ်ဓာတ်အားဖြင့် ကောင်းတယ်လို့ မြင်ရပါတယ်။