Friday, August 22, 2008

သံဂါ့လှုပ်ရှားမှု



ထူးမခြားနား

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့
ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ
NEJ/ ၂၂ သြဂုတ် ၂၀၀၈
ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ မေတ္တာရပ် ခံချက်အရ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်းမရှိသည်မှာ ဒေါ်အောင်ဆန်းစု ကြည်၏ ကျန်းမာရေးကြောင့်မဟုတ်ဘဲ တွေ့ဆုံရမည့်အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက် မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
ကိုစိုး | သြဂုတ် ၂၂၊ ၂၀၀၈

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့ဆုံရန်အစီအစဉ်ပျက်သွားပြီးနောက် ၎င်း မပြန်မီ တွေ့ဆုံခွင့်ရရန် အထူး ကြိုးပမ်းနေ ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီသည် ယနေ့ပြီးဆုံးပြီဖြစ်သော ၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက် ထပ်မံတိုးလိုက်သည်ဟု လည်း ဆိုသည်။

ယင်းသို့ နေထိုင်ရက် တိုးရခြင်းသည် ဗုဒ္ဓဟူးနေ့ က တွေ့ဆုံရန် စီစဉ်ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိ၍ တွေ့ဆုံခွင့်မပေးသည့် အတွက် ဖြစ်နိုင်ကြောင်း စုံးစမ်းသိရှိရသည်။

မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် စီစဉ်ထားသော အစိုးရ ဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက် တွေ့ဆုံခြင်း မရှိကြောင်း၊ ယင်းအစီအစဉ် ပျက်ကွက်သွားခြင်းကို ကုလသမဂ္ဂ အပါအ၀င် စစ်အစိုးရ ဘက်ကပါ မည်သို့မျှ ထုတ်ပြန် ပြောဆိုခြင်းမရှိကြောင်းလည်း သိရသည်။

ယနေ့ နံနက်ပိုင်းက မစ္စတာ ဂန်ဘာရီ၏ လက်ထောက် ၂ ဦး တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပြင် ဘက်မှ နေ၍ မစ္စတာ ဂန်ဘာရီ အမည်ကို သုံးပြီး ဟစ်အော်အသံပြု ခေါ်သော်လည်း မည်သူတဦး တယောက် မှ ထွက်တွေ့ခြင်း မရှိခဲ့ဟုလည်း အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

ထို့အပြင် မစ္စတာ ဂန်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် ယနေ့ မွန်းလွဲပိုင်းက ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံကြောင်း သိရသည်။

စစ်အစိုးရ ဧည့်ဂေဟာ၌ မွန်းလွဲပိုင်း ၂ နာရီ ခန့်မှ စတင်၍ အချိန် တနာရီ ခွဲ ခန့် အကြာတွေ့ဆုံရာတွင် မစ္စတာ ဂန်ဘာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များအား ၎င်း အနေနှင့် ဆက်လက် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းစဉ် တချို့ကို ရှင်းလင်းခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။

“မစ္စတာ ဂန်ဘာရီနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးလို့ ကျနော်တို့အနေနဲ့ အသေးစိတ်မပြောနိုင်သေးပါဘူး၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ကိစ္စကိုလည်း အသေအချာမသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်း ကပြောဆိုသည်။

ယင်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်များနှင့် မစ္စတာ ဂန်ဘာရီ် သည် ဗုဒ္ဓဟူးနေ့က အစိုးရ စိမ်းလဲ့ကန်သာ ဧည့် ဂေဟာတွင် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ ဘက် က အားရကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

ယနေ့ မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံသော အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦး ပင်ဖြစ်သည်။

ယင်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ထိရောက်မှုမရှိကြောင်းနှင့် စိတ်ပျက် အားမရဖွယ် ဖြစ်ကြောင်း သံအမတ်ကြီးဟောင်းနှင့် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကဝေဖန် ပြောဆိုသည်။

“မြန်မာ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂကို အားကိုးလို့ကတော့ ရှေ့အလားအလာ မကောင်းနိုင်ဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့ တကယ်အရေးယူ ဆောင်ရွက်နိုင်တာက လုံခြုံရေးကောင်စီပဲ၊ လုံခြုံရေးကောင်စီကို တက်သွား ရင်လည်း တရုတ်နဲ့ ရုရှ က ဗီတို သုံးပြီးပယ်ချ ဆိုတော့ အားကိုးလို့မရနိုင်ဘူး” ဟု သခင်ချန်ထွန်းက ပြောဆို သည်။

မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင်ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရ က နိုင်ငံ တ၀န်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်