Tuesday, August 26, 2008

လက်ဖြောင့်တပ်သားများ



ပီနန်ဆရာတော်ဘုရားကြီးအား တွေ့ဆုံ လျှောက်ထားချက်များ



ကုလသံတမန်ကို မြန်မာ အတိုက်အခံများက ဝေဖန်ပြစ်တင်



ဇာနည်
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 14:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးသည့်အတွက် ကုလကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို စစ်အစိုးရ ပြသည်ထက် ပို၍မြင်အောင် မကြည့်နိုင်ခဲ့ဘဲ အခြေအနေမှန်များနှင့် ကင်းကွာနေပြီး၊ သူ၏ ခရီးစဉ်အတွင်း တွေ့ဆုံရမည့် အစီအစဉ်များကိုလည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကာ ကန့်ကွက် ဆန့်ကျင်ခြင်း မရှိခဲ့ကြောင်း အန်အယ်ဒီက ဝေဖန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “သူ (ဂမ်ဘာရီ) က စစ်အစိုးရ စီစဉ်ထားတဲ့အတိုင်း သွားပြီး သူတို့ ရုပ်ပြ လုပ်ထားတာတွေပဲ ကြည့်ခဲ့ရတော့ အခြေအနေမှန်ကို ဘယ်သိမှာလဲ။ တကယ့် အခြေအနေမှန်ကို ဒီလို အချိန်တိုလေးအတွင်းမှာ သိဖို့၊ နားလည်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင် လုပ်ကိုင်နေသည့် TCG သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံအကြား ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုနှင့် လက်တွဲ ဆောင်ရွက်မှုတို့၏ နမူနာ ပြယုဂ်တခု ဖြစ်ကြောင်းဖြင့် မစ္စတာ ဂမ်ဘာရီက ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရ၊ အာဆီယံနှင့် ကုလအဖွဲ့ကြီးတို့မှ စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် TCG သည် ဆိုင်ကလုံး နာဂစ်ဒဏ်ခံခဲ့ရသူများကို လူသားချင်း စာနာသည့် အကူအညီအထောက်အပံ့များ ပေးသည်သာမက တိုင်းပြည်တွင်း အခြားနေရာများတွင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကူအညီများကိုပါ ပေးအပ်သင့်ကြောင်းဖြင့်လည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးစဉ်ကို စနေနေ့က အဆုံးသတ်ခဲ့သည့် နိုင်ဂျီးရီးယားလူမျိုး သံတမန်ကြီး၏ ဤမှတ်ချက် စကားသည် သြဂုတ်လ ၁၈ ရက် တနင်္လာနေ့က TCG အဖွဲ့ဝင်များနှင့် တွေ့ဆုံအပြီး ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ယခုလို ကုလသံတမန်တဦးက လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး လုပ်ငန်းများကို လျှောက်ကြည့်၍ မှတ်ချက်များ ပေးနေခြင်းသည် သူ၏ အဓိက လုပ်ငန်းဖြစ်သည့် မြန်မာ့အတိုက်အခံ အုပ်စုနှင့် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရေး လုပ်ငန်းကြီးကို လမ်းချော်သွားစေခဲ့သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

“သူ (ဂမ်ဘာရီ) က စစ်အစိုးရကို အရမ်းကို မျက်နှာချိုသွေး နေတာပဲလို့ ကျနော်တို့ ခံစားရပါတယ်။ ဒါနဲ့ပဲ သူလုပ်ရမယ့် အဓိက လမ်းကြောင်းကနေ လမ်းချော်သွားတာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူ၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ ဂမ်ဘာရီသည် မြန်မာစစ်အစိုးရ၏ အငယ်တန်း ဝန်ကြီးများနှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သော်၊ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်သော် တွေ့ဆုံခွင့် မရရှိခဲ့ပါ။

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်အစိုးရအကြီးအကဲ သန်းရွှေနှင့် ထိပ်တန်း စစ်ခေါင်းဆောင်များ နေထိုင်ရုံးစိုက်ရာ တောတွင်းတွင် တည်ဆောက်ထားသည့် မြို့တော်သစ် နေပြည်တော်သို့ပင် လာရောက်ရန် ဖိတ်ကြားခြင်း မခံခဲ့ရဟု သတင်းရပ်ကွက်များက ပြောဆိုကြသည်။

စစ်အစိုးရသည် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ကို သူတို့ အပေါ်ယံ လုပ်ဆောင်ထားသည့် ရုပ်ပြလုပ်ငန်းများကို ထုတ်ဖော်ပြသရန်နှင့် သူတို့အကျိုးအတွက် အသုံးချခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီဆင် (David Scott Mathieson) က ပြောသည်။

“မြန်မာပြည်ကို လာသမျှ သံတမန်တွေအားလုံးဟာ ဒီအတိုင်းချည်းပါပဲ။ နအဖ က ကြည့်စေချင်တာကိုပဲ ကြည့်ရတာပဲ။ ဒါနဲ့ပဲ နအဖ က ဟန်ပြလုပ်ထားတဲ့ ဟာတွေပဲ သူတို့ ကြည့်ခွင့်ရကြတာပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်အဖြစ် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် မစ္စတာရာဇာလီ အစ္စမေးလ် အပါအဝင် ယခင် ကုလသံတမန်များကို ရည်ညွှန်းကာ မက်သီဆင်က ပြောကြားသွားသည်။

“မစ္စတာ ဂမ်ဘာရီဟာ နှစ်ဘက်လုံးကို ကြည့်ဖို့လိုတယ်” ဟုလည်း မက်သီဆင်က ပြောသည်။

ဤခရီးစဉ်အတွင်း ဒီချုပ်ခေါင်းဆောင်များနှင့် ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့်လည်း တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်ခေါင်းဆောင်က သူနှင့်တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

သို့သော် ကုလသံတမန်ကြီးကမူ ကုလသမဂ္ဂ၏ ကြိုးပန်းဆောင်ရွက်မှုများ၏ အဆက်အဖြစ် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် ဒီဇင်ဘာလတွင် လာရောက် လည်ပတ်မည်ဟု ပြောဆိုသည်။

သို့သော် ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ အစိုးရနှင့် အတိုက်အခံ ၂ ဘက်စလုံးကို စေ့စပ်ဆွေးနွေးကြရန် သြဇာအာဏာသုံး ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ဂမ်ဘာရီနှင့် ဘန်ကီမွန်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်များသည် အချိန်ဖြုန်းခြင်း သက်သက်မျှသာ ဖြစ်လိမ့်မည်ဟု ပြောဆိုသည်။

“ဒီအချိန်ဟာ စစ်အစိုးရက မတွေ့ချင်တဲ့ တစုံတဦးကို စေလွှတ်ပြီး အချိန်ဖြုန်းနေမယ့်အစား မြန်မာစစ်အစိုးရက လက်ခံ နားထောင်နိုင်မယ့် သံတမန်တွေကို ကုလသမဂ္ဂက စေလွှတ်ရမယ့် တကယ်အရေးကြီးတဲ့ အခြေအနေ ရောက်နေပြီလို့ ကျနော် ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ



ဆောင်းပါး
နိုင်ငွေသိမ်း
တနင်္လာနေ့၊ သြဂုတ်လ 25 2008 21:51 - မြန်မာစံတော်ချိန်
“ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ”

“ရရှိပြီးသော ညီညွတ်ရေးကို ဘယ်လို ထိန်းသိမ်းမလဲ”

“ဘယ်လို ရှေ့ဆက်ကြမလဲ”

နိုင်ငွေသိမ်း

ဤစာတမ်းကို ရေးသားရာတွင် မည်သည့် အာဃာတတရားမှ ထားရှိခြင်း မရှိပါ။ စာရေးသူ၏ လေ့လာထားရှိခဲ့သော ညီညွတ်ရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများနှင့် နှစ်ပေါင်း ၆ဝ ကျော်ခန့် နိုင်ငံရေးဘဝ အဖုံဖုံတွင် ကျင်လည်ခဲ့သော အတွေ့အကြုံ၊ သင်္ခန်းစာများကို ပေါင်းစပ် တင်ပြခြင်း ဖြစ်ပါသည်။

ကျနော်သည် ပြီးပြည့်စုံသော နိုင်ငံရေးသမား မဟုတ်ပါ။ အဖက်ဖက်မှ လိုအပ်ချက်များ ရှိပါမည်။ သို့သော် ဤစာတမ်းကို မှန်ကန်သော၊ ဒီမိုကရေစီ ပြည့်ဝသော ညီညွတ်ရေး တည့်မတ်လိုခြင်း ဆန္ဒကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့သဖြင့် ရိုးသားပွင့်လင်းစွာ တင်ပြခြင်း ဖြစ်ပါသည်။ မှားယွင်းချက်များ၊ လိုအပ်ချက်များ အမြောက်အမြား ရှိပါမည်ကို ကျနော် ဝန်ခံပါသည်။ အထက်ပါ လိုအပ်ချက်၊ မှားယွင်းချက်များ ရှိပါက ဖြည့်စွက်ပြုပြင်ပေးလျှင် ကျနော့် အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံရန် အဆင်သင့် ရှိနေပါသည်။ ၎င်းအတွက် ကူညီကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

ကျနော့်ကိုယ်တွေ့ လေ့လာတွေ့ရှိသမျှတွင် ...

၁။ ပုဂ္ဂိုလ်တဦးချင်း ညီညွတ်ရေး၊
၂။ နိုင်ငံရေးလုပ်ငန်းတွင် - (က) နိုင်ငံရေးအဖွဲ့တွင်း ညီညွတ်ရေးနှင့် (ခ) နိုင်ငံရေး အဖွဲ့အစည်းများ ညီညွတ်ရေး (နိုင်ငံရေး တပ်ပေါင်းစုများအတွင်း ညီညွတ်ရေးများ) ကို တွေ့ရှိရပါသည်။

(၁) ပုဂ္ဂိုလ်ရေး ညီညွတ်ရေးများမှာ ပုဂ္ဂိုလ်တဦးနှင့်တဦး သစ္စာရှိမှု၊ လူမှုရေး၊ စီးပွားရေး (ငွေရေးကြေးရေး) ကိစ္စများ မပေါ်ပေါက်ရေးနှင့် သဘောထား ကွဲလွဲမှုများကို ဒေါသတရား ရှေ့မထားဘဲ တဦးနှင့်တဦး ပျော့ပျော့ပြောင်းပြောင်း ညှိနှိုင်း ဆွေးနွေးခြင်းအားဖြင့် အသက်ထက်ဆုံး အခင်အမင်မပျက် ပူးပေါင်း သွားကြရမည်ဟု ထင်မြင် ယူဆပါသည်။

တဦး၏ အမှား သို့မဟုတ် မိမိ၏ အမြင်နှင့် ကွဲလွဲပါလျှင် တဖက်နှင့်တဖက် တိုက်ခိုက် အပုတ်ချခြင်းသည် မည်သို့သော ညီညွတ်ရေးကို မရနိုင်ပါ။ ယုံကြည်ချက်တခုတည်း တူညီခဲ့ပါလျှင် ဝေဖန်-ညီညွတ်-ဝေဖန်နည်း ... ... ဝေဖန်ရေးကြောင့် ညီညွတ်ရေးကို ဖြစ်စေပြီး ပိုမိုညီညွတ်ရန် အပြုသဘောဆောင်သော ဝေဖန်ရေး ဆက်လက် ကျင့်သုံးသွားရန် ဖြစ်ပါသည်။

(၂) နိုင်ငံရေး လုပ်ငန်းတွင် (က) နိုင်ငံရေး အဖွဲ့အစည်းအတွင်း ညီညွတ်ရေးသည် အထူးအရေးကြီး လိုအပ်ချက် ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အတွင်း ညီညွတ်ရေး၏ အဓိက လိုအပ်ချက်မှာ ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်ရပြီး ပါတီတွင်း ဒီမိုကရေစီ (၄) ရပ်ကို ကျင့်သုံးရမည်ဟု နိုင်ငံရေး ခေါင်းဆောင်များက ဖော်ကျူးကြပါသည်။ ပါတီတွင်း ဒီမိုကရေစီမှာ အများသိရှိကြပါမည်ဟု ယုံကြည်ပါသည်။ သို့သော် အလျဉ်းသင့်၍ အကြမ်းအားဖြင့် ဖော်ပြပါမည်။

ဒီမိုကရေစီပါတီတွင် တာဝန်ခံ ဆောင်ရွက်သူများသည် အောက်ခြေမှ ရွေးကောက် တင်မြှောက်သူများ ဖြစ်ရပါမည်။ အထက်မှ အောက်ခြေပါတီ အဖွဲ့အစည်းများသို့ အချိန်မှန်မှန် ညွှန်ကြားရပါမည်။ အောက်ခြေ အဖွဲ့အစည်းများကလည်း အထက် အဖွဲ့အစည်းများသို့ မှန်မှန် အစီရင်ခံရပါမည်။ အများစု၏ ဆုံးဖြတ်ချက်များကို အနည်းစုက လိုက်နာ ကျင့်သုံးရပါမည်။ သို့သော် အနည်းစု၏ ယုံကြည်ချက်များကို အစည်းအဝေးများတွင် ထပ်မံ တင်ပြခွင့် ပြုရပါမည်။

နောက်ဆုံး အရေးကြီးဆုံးအချက်မှာ ပါတီတွင်းတွင် ပါတီ၏ စည်းလုံးညီညွတ်မှုနှင့် ပြန်လည် ပြုပြင်သင့်သည့် နည်းဗျူဟာဆိုင်ရာများ ပါတီတွင်း ပုဂ္ဂိုလ်အရ ချို့ယွင်းချက်များကို အပြုသဘော ဝေဖန်ချက်များကို ပါတီ၏ အထက်အဆင့်နှင့် အောက်အဆင့်များကပါ ကျင့်သုံးရပါမည်။ ပါတီတွင်း ဝေဖန်သည့် ပါတီတွင်း မှားယွင်းချက်များကို ပြုပြင်နိုင်သော တခုတည်းသော နည်းလမ်းဖြစ်ပြီး ပါတီတွင်း ဝေဖန်ရေး ပျက်သုဉ်းသွားပါက ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက် ပျက်စီးသွားနိုင်ပါသည်။

(ခ) နိုင်ငံရေး အဖွဲ့အစည်း အချင်းချင်း ညီညွတ်ရေး တနည်းဆိုရလျှင် တပ်ပေါင်းစု တည်ဆောက်ရာတွင် အထူးခက်ခဲမှုများ ရှိပါသည်။ အင်အားကြီးမားသော ပါတီ၊ ပါတီကြီးများ မိမိတို့နှင့် လာရောက် ပေါင်းစည်းသော အဖွဲ့အစည်းငယ်များကို မိမိတို့ ပါတီကြီး၏ လက်အောက်ခံ အဖွဲ့အစည်းများ သတ်မှတ်၍ ပါတီကြီးများ၏ ဆုံးဖြတ်ချက်များကို ပြန်လည်ဝေဖန် သုံးသပ်ခွင့် မပေးဘဲ အတင်းအကျပ် နာခံ လုပ်ကိုင်စေခြင်းများသည် တပ်ပေါင်းစုကို ပျက်စီးစေသော အဓိကအချက် ဖြစ်သည်။ နိုင်ငံရေး တိုက်ပွဲတခု၊ သို့မဟုတ် လှုပ်ရှားမှုတခုခု လုပ်လျှင် တပ်ပေါင်းစုတွင်း ဆွေးနွေး၍ ပါတီကြီးငယ်များ အပြန်အလှန် ညှိနှိုင်း၍ လုပ်ရန် လိုအပ်ပါသည်။ ဤသို့ မကျင့်သုံးပါက တပ်ပေါင်းစု၏ စည်းလုံးညီညွတ်ရေးကို အနည်းနဲ့အများ ထိခိုက်သွားပါမည်။

ဤစာတမ်းကို ညီညွတ်ရေး တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်၍ တင်ပြပါသည်။ မိမိတို့၏ ကိုယ်ပိုင် အခွင့်အာဏာအရ မိမိတို့ ဘာသာ ဆုံးဖြတ် ကျင့်သုံးနိုင်ကြပါစေ။

ဤစာတမ်းသည် ညီညွတ်ရေးအတွက် တခုသော အတိုင်းအတာ အထောက်အကူဖြစ်လျှင် ကျနော့်အတွက် အထူးဝမ်းမြောက်ပါမည်။

(စာရေးသူ နိုင်ငွေသိမ်းသည် မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ခေါင်းဆောင်တဦး ဖြစ်သည်။)


ဂန်ဘာရီ ပြန်ပါပြီ


- ပီတာအောင် (သတင်းသုံးသပ်ချက်) - (၂၅-၈-၂၀၀၈)
မစ္စတာဂမ်ဘာရီ၏ စတုတ္ထအကြိမ်မြန်မာနိုင်ငံခရီးစဉ်သည်ပြီးခဲ့သည့် စနေနေ့ကအဆုံးသတ် သွားခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရသလို ဒေါ်အောင်ဆုကြည်နှင့်လည်း တွေ့ခွင့်မရခဲ့ပေ။ သိသာထင်ရှားသည့်
ရလဒ် တစုံတရာထွက်မလာသဖြင့် အောင်မြင်မှုမရဘဲ အချိန်သာကုန်သည့် ခရီးစဉ်ဖြစ်ကြောင်း အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် အတိုက်အခံအချို့ကရှုမြင်ကြသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ဘာကြောင့်လဲဆိုတော့ ခရီစဉ်ရဲ့ ရည်ရွယ်ချက်တွေက တခုမှ
အကောင်အထည် မပေါ်ဘူး။ ဆိုတော့ အဲဒီလို အခြေအနေမှာ ခရီးစဉ် အာင်မြင်တယ်လို့ ပြောလို့မရဘူး။ လာတာ
က နိုင်ငံရေးကိစ္စ၊ ကယ်ဆယ်ရေးကိစ္စတွေ လျှောက်ကြည့်နေတာဟာ အချိန်ဖြုန်းတာပဲပေါ့” ဟုဝေဖန်ပြောကြား
သည်။

မစ္စတာဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း နအဖစစ်အစိုးရ၏ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂)ကြိမ်တွေ့ ဆုံ
ရာတွင် အဓိကအချက် (၅) ရပ်ကိုတင်ပြဆွေးနွေးခဲ့သော်လည်း နအဖစစ် အစိုးရထံမှ သေချာရေရာသည့် အဖြေ
တခုမျှ ရခဲ့ခြင်းမရှိချေ။

မစ္စတာဂမ်ဘာရီတင်ပြခဲ့သည့် အချက် (၅)ချက်အနက် ပထမအချက်ဖြစ်သည့် နအဖနှင့် ဒေါ် အောင်ဆန်းစုကြည်
တို့ အကြားတွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သင့်သည်ဟု ယူဆကြောင်း မစ္စတာဂမ်ဘာရီ၏ပြောဆိုချက်
ကို နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးကို ယခင်ဆောင်ရွက်
ခဲ့သည့် နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဟုပြန်လည် တုံ့ပြန်ခဲ့သည်။

ယခင် ဆောင်ရွက်ခဲ့သည့်နည်း ဆိုသည်မှာ မည်သည့်နည်းဆိုသည်ကိုမှု ဗိုလ်မှူးချုပ်ကျော်ဆန်းက ရှင်းရှင်းလင်းလင်း
ပြောဆိုခဲ့ခြင်း မရှိချေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး
ဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်
ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြီးခဲ့သည့်မတ်လက မစ္စတာ ဂမ်ဘာရီခရီး
စဉ်၌ ပြောကြားထားသည်။ ယခုလည်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ထိုလေးချက်လမ်းစဉ်ကိုပင် ဆက်
လက်ကိုင်စွဲမည်ဟု ရည်ညွှန်းသည့်သဘော သက်ရောက်နေသည်။

ဒုတိယအချက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ နိုင်ငံတကာ ယုံကြည်လက်ခံမှု ရရှိရေးအတွက် ကုလသမဂ္ဂ၏ ကျွမ်းကျင်
မှု အကူလက်ခံဆောင်ရွက်သင့်ကြောင်း မစ္စတာဂမ်ဘာရီ၏ ပြောဆိုချက်ကိုမူ နအဖပြန်ကြားရေး ၀န်ကြီးကပြန်လည် တုံ့
ပြန်ခဲ့ခြင်းမရှိချေ။

တတိယအချက်ဖြစ်သည့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘ၀ ပြန်လည်မြှင့်တင်ရန် စီးပွားရေး ဖိုရမ်ထူ ထောင်ပေးရေး
ကိစ္စကိုမူ စဉ်းစားလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးနှင့်ဆက်လက် ဆွေးနွေးသွားမည်ဟုသာ ဗိုလ်မှူးချုပ်ကျော်
ဆန်းက အဖြေပေးသည်။

စတုတ္ထအချက်ဖြစ်သည့် မြန်မာနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး အကြား ပုံမှန်ဆက်ဆံရေး လမ်းကြောင်း ထူထောင်
လိုကြောင်း မစ္စတာဂမ်ဘာရီ၏ တင်ပြချက်ကို တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟုသာ ဗိုလ်မှူးချုပ်ကျော်
ဆန်းက မယုတ်မလွန် တုံ့ပြန်ခဲ့သည်။

မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာသည့် ရှုထောင့်မှ ထိန်းသိမ်းထားသည့် အသက်ကြီးရင့်သူများ နာမကျန်းဖြစ်
နေသူများ၊ မြန်မာ့အရေး ဆွေးနွေးရာတွင် ပူးပေါင်းပါဝင်ဖြေရှင်းနိုင်မည့်သူများ ကိုပြန်လွှတ်ပေးမည်ဆိုပါက ပိုမိုအကျိုး
ရှိမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ဗိုလ်မှူးချုပ် ကျော်ဆန်းက ကျနော်တို့နိုင်ငံတော်အစိုးရအနေနဲ့
အမြဲတမ်း အဲဒီလို စဉ်းစား သုံးသပ်ဆောင်ရွက်တဲ့ အစဉ်အလာရှိကြောင်းသာ မရေမရာဖြေကြား၏။

မြန်မာသတင်းစာပါ စစ်အစိုးရဘက်က ထုတ်ပြန်သည့် ဂမ်ဘာရီတောင်းဆိုချက် ၅ ချက်သည် အန်အယ်ဒီက ပြောသည့်
၅ ချက်နှင့် ကွဲလွဲနေသည့်အတွက် မည်သည့်အချက်က အမှန်ဆိုသည်မှာလည်း ရေရေ ရာရာမရှိပြန်ပေ၊ သို့သော် သေ
ချာသည့်အချက်မှာ ဂမ်ဘာရီတင်ပြခဲ့သည့်အချက် ၅ ချက်အပေါ် စစ်အစိုးရဘက်က မည်သည့်အချက်ကိုမျှ တိတိကျကျ ကတိပေးခဲ့ခြင်းမရှိသည်ကို တွေ့ရသည်

မစ္စတာဂမ်ဘာရီသည်ခရီးစဉ်အတွင်း သိသာထင်ရှားသည့် ရလဒ် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပြင် ဒေါ်အောင်
ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မရခဲ့သဖြင့် ခရီးစဉ် မအောင်မြင်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသား ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းကပြောသည်။

မစ္စတာဂမ်ဘာရီသည် တွေ့သင့်တွေ့ထိုက်သူများကိုမတွေ့ပဲ နအဖစီစဉ်ထားသူများကိုသာတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံရာ
တွင်လည်း ကုလသမဂ္ဂဆုံးဖြတ်ချက်ဘောင်ကို ကျော်လွန်၍ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ တိုက်တွန်းမှုများ ပြောဆိုလာ
သည့်ခြင်းသည် ခရီးစဉ်မအောင်မြင်ရသည့် အကြောင်းရင်းများဖြစ်ကြောင်း ဒေါက်တာ သောင်းထွန်းက ဆက်ပြော
သည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးရှေ့ဆက်ကိုင်တွယ်ရန် မစ္စတာ ဂမ်ဘာရီအစား ကိုယ်စားလှယ်အသစ်တယောက်
ပြောင်းရန်နှင့် လုပ်နည်းလုပ်ဟန် ပြောင်းလဲသင့်သော်လည်း တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်လာရန်မှာ နအဖစစ်အစိုးရ
အပေါ်တွင်သာ အဓိကမူတည်နေသည်ဟု ဒေါက်တာ သောင်းထွန်းက ယူဆသည်

ဝါရင့်နိုင်ငံရေးသမားကြီးသခင်ချန်ထွန်းကလည်း “ဆွေးနွေးဖို့ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အပေါ်မှပဲ လုံးဝတည်
နေတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်မပြောင်းရင်တော့ နောက်တစ်ယောက်ပြောင်းလည်း လူ ပြောင်းလဲပြောင်းတာ
ပဲရှိမှာပေါ့။ ဘန်ကီမွန်းတောင်မှ နာဂစ်ကိစ္စ စာပေးတယ်၊ တယ်လီဖုန်းနဲ့ခေါ် တယ်၊ လူကိုယ်တိုင်လာတော့မှ အထိုက်အ
လျောက် လိုက်လျောပြီး လုပ်ကိုင်သွားတာ။ တွေ့ဆုံဆွေးနွေးရေး တစ်ခွန်းမှပြောမသွားဘူး။ ခုမှ နိုင်ငံရေးအတွက်ပဲလာ
ပါမယ်ဆိုတော့ ဒီကျတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတွေ့ခံမလား မခံဘူးလားမသိဘူး။ သံသယရှိတယ်”ဟုပြောသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင် ကလည်း မစ္စတာဂမ်ဘာရီ
သည် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံကာ သဘောထားအမြင်များ တောင်းခံခဲ့ခြင်းမရှိကြောင်း ယင်းသို့လုပ်ဆောင်ခြင်းမရှိဘဲ နအဖတဖက်သတ်ဆုံးဖြတ်ထားသည့် လမ်းပြမြေပုံ (ရုဒ်မက်) အတိုင်းအတိုင်းလက်ခံ
ပြီး ဆက်လုပ်နေပါက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း အောင်မြင်မည် မဟုတ်ဟု ပြောသည်။

ခရီးစဉ်မအောင်မြင်ကြောင်း အတိုက်အခံများက ဝေဖန်ပြောဆိုနေကြသော်လည်း တွေ့ဆုံ ဆွေးနွေးမှုကိုရပ်ဆိုင်းပစ်ရန်
မလိုအပ်ဟု မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံမှမထွက်ခွာခင် ပြောကြားခဲ့သည်။

ကုသမဂ္ဂအနေဖြင့် စေ့စပ်ဆွေးနွေးမှုဆက်လုပ်သွားရန်လိုအပ်ပြီး လုံခြုံရေးကောင်စီက ဗီတိုအာဏာသုံးနိုင်သည့် နိုင်ငံ
များအား ဆွဲဆောင်သိမ်းသွင်းနိုင်မှသာ မြန်မာ့အရေးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အလားအလာရှိမည်ဟု ယုံ
ကြည် သူတို့ကယုံကြည်ကြသည်။ သို့သော် လတ်တလောဖြစ်ပွားနေသည့် ရုရှား-ဂျောဂျီယာ ပဋိပက္ခကြောင့် အမေရိ
ကန်နှင့် ရုရှားတို့ကြား တင်းမာသွားပြန်သည်။ ထို့ကြောင့် နဂိုကတည်းက မြန်မာကိစ္စ ဗီတိုအာဏာသုံး၍ ကန့်ကွက်နေ
သည့် ရုရှားနိုင်ငံကို ဆွဲဆောင် သိမ်းသွင်းနိုင်ရန်မှာ ပို၍ခက်ခဲမည့် အနေအထားဖြစ်သည်။

နအဖစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကိုလက်ခံလာစေရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလိုအပ်
သကဲ့သို့ မြန်မာပြန်သူများကိုယ်တိုင်ပါဝင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးအေးသာအောင်နှင့် ၀ါရင့်နိုင်ငံရေးသမား
ကြီး သခင်ချန်ထွန်းတို့က ယူဆသည်။ သို့သော် ဒေါ်ဆောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီအား မတွေ့ဆုံပဲငြင်းပယ်
လိုက်သည့် ဖြစ်ရပ်ကို ကြည့်ပြီး ကုလသမဂ္ဂ၏ ဆောင်ရွက်မှုကို အယုံအကြည်မရှိတော့ ဟုကောက်ချက်ချသူတို့က
ကောက်ချက်ချသည်။

မစ္စတာဂမ်ဘာရီအား ဒေါ်ဆောင်ဆန်းစုကြည်က မတွေ့ဆုံပဲ ငြင်းပယ်လိုက်ခြင်းသည် အကျိုးမရှိဘဲ ရေစုန်မျောနေ
သည့် ကုလသမဂ္ဂ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အား ရပ်ဆိုင်းရန်အချက်ပြလိုက်ခြင်းဖြစ်သည်ဟု
ယူဆသူတို့ ကလည်း ယူဆကြသည်။ မတွေ့ဆုံရခြင်း၏ အကြောင်း ရင်းမှန်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
ထုတ်ဖော် ပြောကြားမှသာ အဖြေမှန်သိနိုင်မည် ဖြစ်သည်။

အဆိုးထဲက အကောင်းဟူ၍ ပြောရလျှင် မြန်မာစစ်အစိုး သတင်းစာများကို ကျေဇူးတင်ဖို့ ကောင်းသည့်အချက်တခုရှိ
သည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချိတ်ဆွဲထားသည့် “အာဇာနည်ပုဂ္ဂိုလ်
တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆက်လက်ဆောင်ရွက်ရမည်– ဗိုလ်ချုပ်အောင်ဆန်း” ဆိုသည့် ဆိုင်းဘုတ်ကို
ဂမ်ဘာရီ၏ အရာရှိနှစ်ဦးနောက်ခံတွင် ထင်သာမြင်သာအောင် ဓါတ်ပုံနှင့်တကွ ကြော်ငြာပေးသည့်အချက် ဖြစ်သည်။


နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်


- ဗိုလ်ထက်မင်း (၂၅-၈-၂၀၀၈)
မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီး
တော့ စီမံကိန်းတွေလည်း မအောင်မြင်ကြတာကိုတွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န်ကြီးချူပ်
ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေဖြစ်နေပြီး တိုင်းပြည်ကောင်းရာကောင်း
ကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့
ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီယံ
နိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက်တွေ့မယ့် အနေအထားရှိနေပါတယ်။ ဗိုလ်သန်းရွှေ
ဟာ နိုင်ငံရေးကစားကွက်ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေးလိုက်ပါတယ်။

ဗိုလ်ခင်ညွှန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်း
ဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်
လှမ်းရေးမှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၄င်းရုံးအား တွဲဘက်ကိုင်တွယ်ခွင့် တောင်း
ဆိုခဲ့ပါတယ်။

ဒီနေရာမှာ ဗိုလ်ခင်ညွှန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိများကို ဖွဲ့
စည်းပုံအသစ်ဖြစ်တဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ
လေ့လာရေး ဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ပြောင်းလဲထားရှိမယ့် အစီအစဉ်
ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။

နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်းရေး တွဲကိုင်ထား
တာမျိုး မရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါ
တယ်။

ဗိုလ်သန်းရွှေက သူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွှန့်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ပြီး နောက်ထပ်
တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တရက်ကြည့်ပါက ဟန်
ကျသလိုရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ် ဖြစ်လာပြီဆိုတာ ဗိုလ်ခင်ညွှန့်ဟာ ရိပ်မိလာပါတယ်။

ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်းစိန်တို့ (၂) ဦးနှင့်
အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွှန့်က အစိုး
ရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေး
မှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက သူ့ကိုနှစ်သိမ့်စကားပြောခဲ့ကြောင်း ငြီးတွားပြောဆိုခဲ့ပါတယ်။ သဘောကတော့
တိုင်းပြည်အုပ်ချုပ်ရေးအပိုင်းမှာ ဗိုလ်ခင်ညွှန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေးတော့မယ်လို့ ဗိုလ်ချုပ်မှူးကြီးပြောတာကို ဗိုလ်ခင်
ညွှန့်က မယုံကြည်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ထို့နောက် ဒုတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်စိုးဝင်းကျတော့ မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေး
မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံကိုလည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်တော့ ဗိုလ်
သန်းရွှေက ဒီလိုဖိတ်ကြားခဲ့တာကို ဆူပူကြိမ်းမောင်းတာမို့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးခမျာ မြန်မာနိုင်ငံ ၀င်မယ့်အ
ရေး ဆန့်ငင် ဆန့်ငင်ဖြစ်နေလို့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အတုံးလိုက် အတစ်လိုက် ကျဆင်းသွားခဲ့ရ
ပါတယ်။

ဒီလို ဗိုလ်သန်းရွှေရဲ့ မတရားကြိုးကိုင်ဝင်ရောက်စွက်ဖက်မှုတွေကြောင့် လက်ရှိ ၀န်ကြီးချုပ်ရာထူးရတဲ့သူတွေဟာ နိုင်ငံ
တကာမှာ မျက်နှာပျက်ရမယ့်ကိန်း ဆိုက်နေပါတယ်။ နောက်ပိုင်း ၀န်ကြီးချုပ် တွေဖြစ်လာတဲ့ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်သိန်းစိန်
တို့အနေနဲ့ မူလက တွဲကိုင်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်နဲ့ စစ်ရေးချုပ် အကြီးအကဲရာထူးများကို ဆက်လက်ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွှန့်လို အခွင့်အရေး မရတော့ဘဲ နောက်တက်လာတဲ့ အရာရှိများကိုသာ လွှဲပြောင်းပေး
လိုက်ရတာကြောင့် တပ်မဲ့ဗိုလ်ဘ၀နဲ့ ၀န်ကြီးချုပ် ရုံးအဖွဲ့ကိုသာ မှီခိုနေရပါတော့တယ်။

တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်သိန်းစိန်ကတော့ နအဖရဲ့ သြဇာအာဏာ စီနီယာ အဆင့်အလိုက်မှာ ယခင်
ဗိုလ်ခင်ညွှန့် လက်ထက်က ၀န်ကြီးချုပ်အဆင့်ဆိုရင် နံပါတ် (၂) နေရာမှာ ရှိနေရာက သူ့အလှည့်ကျတော့ ဗိုလ်မောင်
အေးနဲ့ ဗိုလ်ရွှေမန်းရှိနေကြတဲ့အတွက် အလိုအလျောက် အဆင့် နံပါတ်(၄) သို့ ကျဆင်းသွားခဲ့ပါတယ်။ သူလည်းပဲ က
လေးစစ်သား မြန်မာနိုင်ငံမှာရှိတယ်ဆိုတဲ့အကြောင်း အမှန်အတိုင်းဝန်ခံခဲ့ပြီးမှ ဗိုလ်သန်းရွှေရဲ့ ဆူပူမှုကိုခံရလို့ ပြန်လည်
ငြင်းဆန်ခဲ့ရ ပါတယ်။

နာဂစ်မုန်တိုင်း ၀င်နေချိန်မှာဖြစ်ဖြစ်၊ ၀င်ပြီးကာစဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဗိုလ်သိန်းစိန်အနေနဲ့ ချက်ချင်း ကွင်းဆင်း ကြည့်ရှု
စစ်ဆေးဖို့ လိုအပ်ကြောင်းသိပေမယ့် နအဖရဲ့အခြေခံဥပဒေ ဆန္ဒခံယူပွဲပျက်မှာ ကို စိတ်ပူနေတဲ့ ဗိုလ်သန်းရွှေကို မပြော
ရဲတဲ့ ဘ၀ ရောက်သွားခဲ့ရပါတယ်။ နိုင်ငံတကာက တရုတ် ၀န်ကြီးချုပ်နဲ့ နှိုင်းယှဉ်ဝေဖန်ခံရလို့ မုန်တိုင်း ကယ်ဆယ်ရေး
မှာ ကိုယ်တိုင်ပစ္စည်းတွေကို ထမ်းပိုးပေးရတဲ့ ကူလီထမ်းဘ၀အနေအထားထိ ရောက်သွားတဲ့ ရုပ်သေးဝန်ကြီးချုပ် ဗိုလ်
သိန်းစိန်ရဲ့ အနေအထားဟာ မသက်သာလှတာကို တွေ့ ရပါတယ်။

အာဆီယံထိပ်သီး ညီလာခံတွေမှာ နိုင်ငံအကြီးအကဲအဖြစ် တက်ရောက်သူများဟာ အနည်းဆုံး နိုင်ငံရဲ့ သြဇာအာဏာ
အဆင့် (၂) ရှိသူတွေသာ တက်ရောက်ကြတာမို့ မြန်မာနိုင်ငံအနေနဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင် တက်ရောက်ပေးဖို့ ဖိလစ်
ပိုင်နိုင်ငံက မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ခေါင်းရှောင်ချင်တဲ့ ဗိုလ်သန်းရွှေရဲ့ သဘောသရုပ်ကြောင့် လက်လျှော့ခဲ့ရတဲ့
သာဓကရှိပါတယ်။

ဗိုလ်သန်းရွှေ တာဝန်ပေးခဲ့တဲ့ ၀န်ကြီးချုပ်ရာထူးအဆင့်အတန်းဟာ နိုင်ငံတကာ မည်သည့် အစိုးရဖွဲ့စည်းပုံနဲ့မှ မကိုက်
ညီတာကိုလည်း တွေ့ရပါတယ်။

သမ္မတအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတွေ ဖြစ်ဖြစ်၊ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ နိုင်ငံတွေကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံလို မတွေ့ရ
ဘဲ အာဏာရှင်တွေအုပ်ချုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံတွေနဲ့အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက၊
ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ အာဏာရှင် တွေတောင် နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ဆုံ တာဝန်ယူပြီး အထိုက်အလျောက် ဖြေရှင်းပေးနိုင်ခဲ့တာ ရှိပါတယ်။

ကွန်မြူနစ်နိုင်ငံကြီး တရုတ်နိုင်ငံမှာတောင် တိန့်ရှောင်ဖိန်ဟာ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ယူခဲ့ပေမယ့် သမ္မတ ကျန်စီ
မင်းနဲ့ ၀န်ကြီးချုပ် လီပင်းတို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးခဲ့တာ တွေ့ရပါ တယ်။

မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကတော့ စီးပွားရေးကိုသာ ဦးတည်ပြီး လုပ်ခိုင်းတယ်ဆိုအုံးတော့၊ တကယ် တမ်း စီးပွားရေးကို ဦးမော့လာအောင် လုပ်ရမယ့် နိုင်ငံခြားငွေ FE အမေရိကန်ဒေါ်လာ သုံးစွဲခွင့်နဲ့ တည်ဆောက်ရေး လုပ်ငန်းအတွက် အ
ရေးကြီး ပစ္စည်း၊ သံချောင်းနဲ့ သံမဏိခွဲတမ်းတွေကို ခွဲဝေရာမှာတောင် ၀န်ကြီးချုပ်က လုပ်ပိုင်ခွင့်မရှိဘဲ ဗိုလ်သန်းရွှေက
သာ ဥစ္စာချောက်ပြီး ထိန်းချုပ်ထားပြန်ပါတယ်။

စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဆိုတာ ပြည်ပမှာသာမက ပြည်တွင်းမှာပါ ရုပ်သေးရုပ်ဘ၀အဖြစ်နဲ့ “က” နေရတာမျိုး ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်စိုးဝင်း သေဆုံးပြီးတဲ့နောက် မှာ ၀န်ကြီးတွေဟာ ရုပ်သေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို ခန့်အပ်ခံရဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။

ဗိုလ်သန်းရွှေဟာ အမိန့်ထုတ်ပြီးတဲ့အခါ ဖြစ်စေ၊ ကတိပေးပြီးတဲ့အခါဖြစ်စေ အင်မတန် ဗလောင်းဗလဲ ဖြစ်နေသူမို့ နိုင်ငံ့ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နဲ့ဘဲဖြစ်ဖြစ်၊ စစ်တပ်အကြီးအကဲ အင်္ဂါရပ်နဲ့ ဘဲကြည့်ကြည့် မညီညွတ်တဲ့ ဂုဏ်သိက္ခာမရှိ
တဲ့သူသာ ဖြစ်နေပါတယ်။

တရုတ်သမ္မတ ကျန်စီမင်း လာရောက်လည်ပတ်ခဲ့စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ်လူမျိုးများ တရုတ်သဘောင်္
များနဲ့ မြစ်အတွင်း လှည့်လည်သွားလာခွင့်ပြုဖို့ ဗိုလ်သန်းရွှေက သဘောတူ ကတိပေးခဲ့ရာမှ နောက်နေ့မှာ သဘောမ
တူခဲ့ပြန်လို့ ဗိုလ်ခင်ညွှန့်က တရုတ်သမ္မတအား ငပလီကို ခေါ်ဆောင်ပြီး ချော့မော့ ဖြေသိမ့်ပေးခဲ့ရပါတယ်။

ပြည်တွင်းရော၊ ပြည်ပမှာပါ ရုပ်သေးရုပ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တွေရဲ့ အနေအထားကြောင့် နိုင်ငံတကာမှ
ပံ့ပိုးပေးမယ့် အခွင့်အလမ်းများ နစ်နာဆုံးရှုံးခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း အဘက်ဘက်မှ အဖတ်ဆယ်
လို့မရအောင် ကျဆင်းနေရပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိကသမိုင်း တရားခံကတော့ ဗိုလ်သန်းရွှေသာ မလွဲဧကန်
ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။ ။

By NEJ


ထိုင်းအခြေအနေ....

ဒေါ်စုပါဖို့မပါဖို့ထက်သေပြည်တော်မှာခိုလှုံခွင့်ရဖို့သန်းရွှေဆီတောင်းခံဖို့ပြင်ထားပေတော့ စမတ် ဆန်ဒါရ၀ပ်
ဝန်ကြီးချုပ်ရုံးဝင်းအတွင်း ဆန္ဒပြသူများရောက်ရှိ
ဘဏ္ဍာရေးဝန်ကြီးကို (PDA) ဖိအားပေး
Bangkok Post/ ၂၆ သြဂုတ် ၂၀၀၈


(PAD) အဖွဲ့၏ အဓိက ခေါင်းဆောင် ချမ်လောင်း ဆရီမောင်သည် (PAD) ဆန္ဒပြသူများကို ဦးဆောင်ပြီး ယနေ့ညနေပိုင်းတွင် ၀န်ကြီးချုပ်ရုံးအတွင်းသို့ ၀င်ရောက်ကြသည်။

ထိုအဖွဲ့သည် ၀န်ကြီးချုပ်စမတ်နှင့် ၀န်ကြီးအဖွဲ့အား ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ၀န်ကြီး ချုပ်ရုံးတည်ရာသို့ လာသည့်လမ်းများကို ယနေ့မနက်ပိုင်း (၅) နာရီကတည်းက စတင်ပိတ်ဆို့ ထားကြသည်။ ထိုပိတ်ဆို့မှုများကြောင့် စမတ်နှင့် ၀န်ကြီးများသည် အပတ်စဉ် အစည်းအဝေး ကျင်းပရာနေရာကို ထိုင်းဘုရင်ကြည်းတပ် ဋ္ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ရသည်။

ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ရုံးခြံစည်းရိုးများကို ကျော်တက်ကာ ၀င်းထဲသို့ ဆန္ဒပြခေါင်းဆောင် နှင့် အဖွဲ့ဝင်များ ၀င်ရောက်ရန်အတွက် ခြံစည်းရိုးများ ဖွင့်ပေးကြသည်။

(PPP) ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် (PAD) မှ ဦးဆောင်သော ဆန္ဒပြသူများသည် ယနေ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသို့ ချီတက်ကြသည်။

နိုင်ငံ၏ အကျိုးအမြတ်များကို စံစားနေသည့် လက်ရှိအစိုးရ၏ လမ်းကြောင်းများထဲတွင် ဘဏ္ဍာရေး ၀န်ကြီးသည် လမ်းကြောင်းတခုဖြစ်သည်ဟု (PAD) ညှိနှိုင်းရေးမှူး ဆူရီယာဆိုင် ခက်တဆီလာက ဆိုသည်။ ခက်တဆီလာသည် ဘဏ္ဍာရေးဝန်ထမ်းများအား တရားမျှတစွာ လုပ်ကိုင်ရန် တောင်း ဆိုပြီး အစိုးရ၏ သုံးစွဲမှုသည်လည်း ပွင့်လင်းမှုမရှိဟု အခိုင်အမာဆိုသည်။

ဒု-၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် ဆူရာပေါင် ဆူးဘဝေါင်လီ နုတ်ထွက် ရန် ဖိအားပေးသည့်အနေနှင့် ဘဏ္ဍာရေးဝန်ကြီးရုံးရှေ့တွင် အနည်းဆုံး (၃) ရက်ကြာ ဆန္ဒပြသွား မည်ဟု ခက်တဆီလာက ပြောသည်။ ထို့ပြင် အစိုးရအေဂျင်စီများသို့ပေးသည့် ရေနှင့်မီးကိုလည်း ဖြတ်တောက်သွားမည်ဟု ထပ်လောင်းပြောသည်။ ။

ရာထူးမှမထွက်ဟု ထိုင်းဝန်ကြီးချုပ်အာခံ
Bangkok Post/ ၂၆ သြဂုတ် ၂၀၀၈
ဆန္ဒပြမှုတွေကြောင့် ရာထူးမှ နုတ်ထွက် မည်မဟုတ်ဘဲ တိုင်းပြည် ငြိမ်ဝပ်ပိပြားမှုရဘို့ နည်းလမ်းမျိုးစုံ သုံးမည်ဟု ထိုင်းဝန်ကြီးချုပ် စမတ် ပြောသည်။ ဆန္ဒပြသူတွေ နေအိမ် ပြန်ဘို့ပါ မေတ္တာရပ်ခံထားသည်။

အာဏာမသိမ်းဟု ထိုင်းစစ်တပ် အာမခံ
Bangkok Post/ ၂၆ သြဂုတ် ၂၀၀၈
ဘန်ကောက်မြို့တွင်းရှိ အရေးကြီးသော လမ်းမ များပေါ်တွင် အစိုးရဆန့်ကျင်ရေး (PAD) အုပ်စု ဆန္ဒပြနေသော်လည်း စစ်တပ်အနေနှင့် အာဏာသိမ်းမည်မဟုတ်ကြောင်းစစ်တပ်အကြီး အကဲ အနုဖောင်က အခိုင်အမာ ပြောဆိုသည်။


ထိုင်းအစိုးရ ဖြုတ်ချဘို့ ဘန်ကောက်မှာ သောင်းနှင့်ချီ ဆန္ဒပြ
အစိုးရပိုင် NBT ရုပ်မြင်သံကြားဌာနကို ဆန္ဒပြသူတွေ သိမ်း
ယနေ့ဆန္ဒပြပွဲကို နောက်ဆုံးတိုက်ပွဲဟု ပီအေဒီဆန္ဒပြအဖွဲ့က ကြွေးကြော်
Bangkok Post/Agencies/ ၂၆ သြဂုတ် ၂၀၀၈


ဝန်ကြီးချုပ်တပ်ဆင် ဆန့်ကျင်သူများမဟာမိတ်အဖွဲ့ (PAD) သည် ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံ
ထုတ် လွှင့်ရေးလုပ်ငန်း (NBT) ဌာနတွင်းသို့ ယနေ့ ၀င်ရောက်ပြီး ရုပ်သံထုတ်လွှင့်မှုကို အဓမ္မ
ရပ်ဆိုင်းလိုက်သည်။

စမတ်အစိုးရနှုတ်ထွက်ရေး တွန်းအားပေးမည့် ၎င်းတို့အစီအစဉ်အရ ယနေ့မနက်စောစောပိုင်းတွင်
(PAD) အဖွဲ့သည် ရုပ်သံလွှင့်ရုံဌာန နောက်ဖေးပေါက်မှ ၀င်ရောက်ကာ ၀န်ထမ်းများအားလုံးကို
အသံလွှင့်ရုံမှ အတင်းအကျပ်ထွက်ခွာစေခဲ့သည်။ ရုပ်သံလွှင့်မှု ဖြတ်တောက်ခြင်းမခံရမီ အချိန်ပိုင်း
လေးတွင် ဆန္ဒပြသူများ၏ ရုပ်ပုံများကို တခဏမျှ လွှင့်ထုတ်နေခဲ့သည်။

နောက်ပိုင်းတွင် ရဲများသည် ဆန္ဒပြသူတွေထဲမှ ပစ္စတိုနှစ်လက်၊ ဓားများနှင့် ဂေါ့ဖ်ရိုက်တံများ ကိုင်
ဆောင်ထားသည့် ဆန္ဒပြသူ (၈၀) ဦးကို ဖမ်းဆီးခဲ့သည် အခြား (PAD) ဆန္ဒပြသူများသည် သယ်
ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်သမ၀ါယမ၀န်ကြီးဌာန ၀င်းများအတွင်းသို့ ၀င်ရောက်
ခဲ့သော်လည်း မည်သည့်အဆောက်အဦအတွင်းမှ ၀င်ရောက်ခြင်းမရှိပေ။

အစိုးရရုံးစိုက်ရာဌာနများသွားသည့်လမ်းကိုလည်း ပိတ်ဆို့ခံထားရပြီး အစိုးရ၀န်ကြီးအဖွဲ့အပတ်စဉ်
အစည်းအဝေးကို ပယ်ဖျက်ရန်အကျပ်ကိုင်ထားသည်။ ၀န်ကြီးချုပ်စမတ်သည် ကာကွယ်ရေးဦးစီး
ချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အကြီးအကဲများကို ခေါ်ယူကာ အရေးပေါ်ဝန်ကြီးအစည်းအဝေးတရပ် ပြုလုပ်နေသည်ဟု ပြည်တွင်း မီဒီယာက ရေးသည်။

ဝန်ကြီးဌာနတွေရှေ့မှာ ဆန္ဒပြ

(PAD) အဖွဲ့၏ အဓိက အဖွဲ့ဝင် ဆွမ်ဆက် ကိုဆိုင်ခူလ် ဦးဆောင်သည့် ဆန္ဒပြသူ (၂၀၀၀) ခန့် သည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီးဌာနများ ရှေ့မှောက်
တွင် ယနေ့ ဆန္ဒပြနေကြသည်။ လက်ရှိအခြေအနေတွင် အရေးပေါ် အခြေအနေတရပ်အဖြစ် ကြေညာရန်မလိုဟု ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်က ပြောသည်။

နောက်ဆုံးတိုက်ပွဲ

ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရ၀ပ်နှင့် အစိုးရအဖွဲ့ပြုတ်ကျသွားမည်ဆိုသည့် ယုံကြည်မှုနှင့်အတူ
ယနေ့ ဆန္ဒပြပွဲတွင် (PAD) သည် ၎င်း၏ အနာဂတ်ကို လောင်းကြေးထပ်နေသည်။

ယနေ့သူနိုင်ကိုယ်နိုင်ဆန္ဒပြပွဲသည် “နောက်ဆုံးတိုက်ပွဲ”ဟု (PDA) ထဲမှ ခေါင်းဆောင်ပိုင်းတဦးဖြစ်
သည့် ဆွန်ဒီလင်ထောင်ခူလ်က “ဒီတကြိမ်မှာ ကျနော်တို့ရှုံးနိမ့်မယ်ဆိုရင် ကျနော်တို့ နောက်ဆုတ်
ပြီး နိုင်ငံကို သူတို့လက်ထဲ ပေးအပ်လိုက်မယ်။ လူတွေက ကျနော်တို့ကိုမှ ဂရုမစိုက်တဲ့နောက်
ကျနော်တို့ကလည်း ပြည်သူတွေကို ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ကို သူများတွေပဲ
ယူပစေတော့ပေါ့” ဟု ပြောသည်။

သို့ရာတွင် မေလ (၂၅) ရက်နေ့ကတည်းကဆန္ဒပြနေခဲ့သော ထိုအဖွဲ့သည် ပါလီမန်ပြင်ပမှ ၀န်ကြီး
ချုပ်ရာထူးကို ဆင်းခိုင်းသည့်လှုပ်ရှားမှုမှန်သမျှကို ငြင်းဆန်နေသော ၀န်ကြီးချုပ်စမတ်၏ ဖီဆန် မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

အစိုးရသည် တရားဝင်အာဏာရအစိုးရဖြစ်သောကြောင့် အစိုးရကို ဖယ်ရှားရေးသည်လည်း ပါလီမန် မှတဆင့် ဖယ်ရှားခြင်းသာ ဖြစ်သင့်သည်ဟု မစ္စတာ စမတ်က ပြောသည်။

“၀န်ကြီးချုပ် တယောက်အနေနဲ့ တိုင်းပြည်တွင်း ငြိမ်ဝပ်ပိပြားရေးအတွက် ကျနော့်မှာ တာဝန်ရှိ
တယ်။ ဆန္ဒပြတာတွေဟာလည်း တရားဝင်စည်းဘောင်ထဲကနေပဲ လုပ်သင့်ပါတယ်။ တရားလွန်ုဖြစ်သွားမယ်ဆိုရင်တော့ ရဲတွေက အရေးယူမှာဖြစ်ပါတယ်” ဟု စမတ်က ပြောသည်။

မစ္စတာဆွန်ဒီက (PDA) ကိုထောက်ခံအားပေးသူ (၃) သိန်းခန့် ယနေ့ဆန္ဒပြမည်ဟုမျှော်လင့်ထား
သော်လည်း ရဲဖက်ကမူ ဆန္ဒပြမှုသည် အင်အားသောင်းချီသည် အထိသာရှိမည်ဟု ခန့်မှန်းထား သည်။

အစိုးရ ယန္တယားကို ဖြတ်တောက်ခြင်း

(PAD) ၏ဗျူဟာမှာ အုပ်ချုပ်ရေးနှင့် တိုင်းပြည်ကို တုံ့ဆိုင်းရပ်တန့်စေခြင်းဖြစ်သည်။ ထိုဗျူဟာထဲ
တွင် အစိုးရရုံးနှင့် ရချဒမ်နိုအင်လမ်းမတလျှောက်ရှိ ၀န်ကြီးဌာနအားလုံးကို စီးခြင်း၊ ဖူးခက်နှင့်
ဟက်ရိုင်တွင်ရှိ လေယာဉ်ကွင်း (၂) ခုကို အဆက်အသွယ်ဖြတ်တောက်ခြင်း၊ လမ်းများပိတ်ဆို့ခြင်း
တို့ ပါဝင်သည်ဟု မစ္စတာ ဆွန်ဒီက ဆိုသည်။

“ဒီနေ့ ဆန္ဒပြတာဟာ ထူးခြားတဲ့ပွဲပါပဲ။ အစိုးရ ယန္တရားတွေ အကုန်ရပ်တန့်မယ့် အရာမှန်သမျှ
ကျနော် တို့လုပ်မယ်။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခဖြစ်စေမယ့်အလုပ်မျိုး လုပ်မှာမဟုတ်ပါဘူး” ဟု ဆွန်ဒီက ပြောသည်။

ယခု အစိုးရရုံး လုံခြုံရေးအတွက် အရင်ထာရတ် ကွန်မင်ဒို (၁၀၀) ခန့် ပါဝင်သော တပ်ဖွဲ့တဖွဲ့
စေလွှတ်ထားသည်ဟု သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်စမတ်နှင့် အစိုးရအဖွဲ့ ရုံးမတက်နိုင်စေရေးအတွက် ဘန်ကောက်ရှိ အစိုးရရုံးသို့
သွားသည့် အဝေးပြေးလမ်းမများ၊ လမ်းများတွင် ပိတ်ဆို့ရန် ယမန်နေ့က ဆန္ဒပြသူ သောင်းချီ၍
စုရုံးခဲ့ကြသည်။

ဘန်ကောက်တွင် (PDA) ဆန္ဒပြသူများက အစိုးရရုံးသို့ဝင်စီးရန် စီစဉ်နေချိန်၌ (PDA) ကိုထောက်
ခံသောသူများက ဘန်ကောက်သို့လာသည့် အဓိကလမ်းမကြီးများကို ပိတ်ဆို့ထားမည်ဟုအဓိဋ္ဌာန်
ပြုကြသည်။ ။

ဆန္ဒပြ ပီအေဒီအဖွဲ့ ဆိုသည်မှာ

ဒီမိုကရေစီရေး ပြည်သူ့မဟာမိတ် (သို့) အမျိုးသားလွတ်မြောက်ရေးမဟာမိတ်အဖွဲ့ PAD သည် ထိုင်းဝန်ကြီးချုပ် တပ်ဆင်ကို ဆန့်ကျင်သော ဆန္ဒပြသူများစုစည်းထားသည့် မဟာမိတ်အဖွဲ့ တခုဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပိုင်းများတွင် မီဒီယာလောကထိပ်သီး ဆွန်ဒီ လင်ထောင်ခူ၊ နိုင်ငံရေးသမား ချမ်လောင် ဆရီမောင်းနှင့် ဗိုလ်ချုပ် ဆက်ပရန် ခလေယန်နန်မိတို့ ပါဝင်သည်။ (၂၀၀၅) မှ (၂၀၀၆) အတွင်း ထိုင်းနိုင်ငံ နိုင်ငံရေး အကျပ်အတည်း ကာလတွင် ထိုမဟာမိတ်အဖွဲ့သည် အဓိက လှုပ်ရှားသူများထဲတွင် အပါအ၀င်ဖြစ်ခဲ့သည်။ ဘန်ကောက်နေ လူလတ်တန်းစား အများစုဖြင့် ဖွဲ့စည်းထားသော ထိုမဟာမိတ်အဖွဲ့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီ အဖြစ် MASS PARTY ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သို့သော် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ထိုပါတီကို ပီအေဒီက ဖျက်သိမ်းခဲ့သည်။ ။

ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများက အစိုးရဌာနများကို ဝင်ရောက်မှုပြု၊ ဝန်ကြီးချုပ် သတိပေး
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 15:21 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင် အစိုးဆန့်ကျင်ရေး ဆန္ဒပြသူများက အင်္ဂါနေ့တွင် အစိုးရ အိမ်တော်ဝင်းသို့ အတင်းဝင်ရောက်မှု ပြုလိုက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာနတခုကို စီးနင်းထားသည်။

ထောင်ပေါင်းများစွာသော ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် People's Alliance for Democracy အဖွဲ့ဝင်များ က အစိုးရ အိမ်တော်ဝင်းအတွင်း ၀င်ရောက်သွားခြင်းကို ရဲများ လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ဆန္ဒပြသူတချို့က ခြံစည်းရိုး ကျော်ဝင်ရောက်ချိန်တွင် အချို့က ပိတ်နှောင်ထားသော သံချိန်းကြိုးများကို ဖြတ်တောက်ကာ ၀င်ရောက်သွားခြင်း ဖြစ်သည်။

ထို့အပြင် ဆန္ဒပြသူများသည် အန်ဘီတီ ရုပ်မြင်သံကြားချန်နယ် အသံလွှင့်ဌာန ၂ ခုလုံးကို လုံးဝ စီးနင်းထားပြီး ပညာရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးများအတွင်း နေ့လည် ၂ နာရီတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ က သူ့အစိုးရအနေဖြင့် သည်းခံနိုင်မှု အဆုံးစွန်သွားပြီဖြစ်ပြီး ဥပဒေချိုးဖောက်သော ဆန္ဒပြသူများကို ထိရောက်ပြင်းထန်စွာ အရေးယူမှု ပြုလုပ်သွားမည်ဟု သတိပေးကာ ဆန္ဒပြသူများ လူစုခွဲရန် သတိပေးလိုက်သည်။

အစိုးရ အိမ်တော်ဝင်း အတွင်းသို့ ဆန္ဒပြသူများ ပထမဆုံးအကြိမ် ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဆမတ်က ဆန္ဒပြ ခေါင်းဆောင်များ အနေဖြင့် ဆက်လက် ရှေ့တိုး လုပ်ဆောင်မည်ဆိုလျှင် သူ၏ အစိုးရအဖွဲ့အနေဖြင့် အခြေအနေကို ထိန်းသိမ်းရန် အစိုးရလုပ်ပိုင်ခွင့် နည်းလမ်းအများကြီး ရှိသည်ဟု သတိပေးလိုက်သည်။

ဆန္ဒပြမှုများ ရပ်ဆိုင်းရန် ထိုင်းဝန်ကြီးချုပ် တောင်းဆို
26 August 2008

ထိုင်းအစိုးရအိမ်တော် အပြင်ဘက်တွင် တွေ့ရသော ဆန္ဒပြသူများ။
သြဂုတ် ၂၆၊ ၂၀၀၈။
ထိုင်းနိုင်ငံ အစိုးရရုံးစိုက်ရာနေရာကို
ချိုးဖောက်ဝင်ရောက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေ
ဟာ နောက်ထပ် စစ်အာဏာသိမ်းမှုတခု
ဖြစ်အောင် လှုံ့ဆော်နေတာဖြစ်တယ်လို့
ထိုင်းဝန်ကြီးချုပ် ဆမတ်က် ဆွန်ထာရာဝေ
(Samak Sundaravej) က ပြောလိုက်ပါ
တယ်။

ဆန္ဒပြသူတွေဟာ သွေးထွက်သံယို
ဖြစ်ချင်နေကြပြီး စစ်တပ်က ၀င်စွက်ပြီး
တော့ နောက်ထပ် အာဏာသိမ်းစေချင်ကြတယ်လို့ မစ္စတာဆမတ်က်က သတင်း
ထောက်တွေကို ဒီကနေ့ပြောတာပါ။

ဒီကနေ့အစောပိုင်းမှာ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေက အစိုးရအိမ်တော်ကို
ဝန်းရံထားတဲ့ ၀င်းထဲကို ချိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် ရုပ်မြင်
သံကြားဌာနချုပ်ထဲကိုလည်း ဆန္ဒပြသူတွေ ၀င်ရောက်ခဲ့ကြပါတယ်။

အစိုးရရုံးတွေကို ၀န်းရံကြတဲ့ ဆန္ဒပြသူအရေအတွက် ၃၀,၀၀၀ လောက်ရှိမယ်လို့
ရဲတပ်ဖွဲ့က ခန့်မှန်းပေမယ့် ဆန္ဒပြပွဲကို လှုံ့ဆော်စည်းရုံးသူတွေကတော့ လူ ၃၀၀,၀၀၀
လောက်ထိပါဝင်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

ရုပ်မြင်သံကြားကနေ နိုင်ငံကို မိန့်ခွန်းပြောကြားရာမှာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းဖို့
မစ္စတာဆမတ်က်က တောင်းဆိုခဲ့ပါတယ်။

မရုပ်သိမ်းဘူးဆိုရင်တော့ ရဲတပ်ဖွဲ့က အရေးယူတာကို ဆန္ဒပြသူတွေ ရင်ဆိုင်ရမယ်လို့
မစ္စတာဆမတ်က်က ပြောပါတယ်။





ထိုင်းဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေးတွင် ဒေါ်အောင်ဆန်းစုကြည်မပါရန် ပြောဆို



ကိုစိုး | သြဂုတ် ၂၆၊ ၂၀၀၈

ထိုင်း ၀န်ကြီးချုပ် မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ က အနောက်နိုင်ငံများက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံရေးအရ အသုံးချခံ ကိရိယာတခုကဲ့သို့ ပြုလုပ်နေကြောင်း ယမန်နေ့က ဝေဖန် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ စနေနေ့က ပြန်လည်ထွက်ခွာသွားသည့် ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံ စဉ် မြန်မာ့ဒီမိုကရေစီရေး အတွက် မြန်မာစစ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရာတွင် ဒေါ်အောင် ဆန်းစုကြည်မပါရှိပါက ပိုမို အလုပ်ဖြစ်နိုင်ကြောင်း မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ က သံတမန်များကို ပြောကြားခဲ့ သည်ဟု အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

မစ္စတာ စမတ်ခ်က ဆက်လက်ပြီး “ဥရောပ က ဒေါ်အောင်ဆန်းစုကြည်ကို ကိရိယာ တခုလို သုံးနေပါတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး မရှိဘူးဆိုရင် မြန်မာအစိုးရနဲ့ အပြည့်အ၀ ဆွေးနွေးညှိနှိုင်း နိုင်မှာပါ”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအနေနှင့် အာဆီယံ ဥက္ကဌ ဖြစ်လာပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲတွင် လေ့လာသူများကို ခွင့်ပြုရန် ကြိုးပမ်းမည်ဟုလည်း မစ္စတာ စမတ်ခ် က ပြောသည်။

ယင်းသို့ ထိုင်းဝန်ကြီးချုပ်၏ပြောဆိုဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြန်လည် ငြင်းဆိုလိုက်သည်။

“တိုင်းပြည် ခေါင်းဆောင် တဦးအနေနဲ့ တခြားသော တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အခုလို ဝေဖန်ပြောဆို မှုမျိုးကို မလုပ်သင့်ပါဘူး”ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဥာဏ်ဝင်းက မစ္စတာ စမတ်ခ်သည် မြန်မာပြည်သူများကို လျစ်လျူရှုပြီး စစ်အစိုးရ ဘက်သို့ အကြိုက်လိုက်၍ ပြောကြား ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံထုတ်နေ့စဉ်သတင်းစာ The Nation သတင်းစာ အယ်ဒီတာ က၀ီ ချောင်ခစ်တာဗွန် ကလည်း မစ္စတာ စမတ်ခ်၏ ဝေဖန်ပြောဆိုချက်သည် အဓိပ္ပာယ် ကင်းမဲ့သည့်ပြောဆိုချက် ဖြစ်ကြောင်း ပြောသည်။

“သူ့အနေနဲ့မြန်မာနိုင်ငံက ဖြစ်ပေါ်နေတဲ့ အခြေအနေအပျက်တွေကို နားလည်ပုံမရဘူး၊ သူသဘောမကျတဲ့သူ၊ သူနဲ့ သဘော မတူညီတဲ့သူ ဘယ်သူ့ကို မဆို ကြမ်းကြမ်းတမ်းတမ်းပြောဆိုတဲ့ အကျင့်ရှိတယ်၊ ကျနော်တို့ ထိုင်း မီဒီယာ တွေကိုလည်း နေ့စဉ်ကြည့်ပြီး ဝေဖန်တိုက်ခိုက်တယ်”ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးကျင့်ရှင်းထန်ကလည်း မစ္စတာ စမတ်ခ်၏ ပြောကြားချက်သည် မြန်မာပြည်သူများကို စော်ကားမော်ကား ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အထောက်အကူမဖြစ်တဲ့ ပြောဆိုမှုပါပဲ”ဟုလည်း ၎င်း က ဆိုသည်။

မစ္စတာ စမတ်ခ်သည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးထက် ထိုင်းနိုင်ငံ၏ စီးပွားရေး အကျိုးအမြတ်ကို ကြည့်ရှု ခြင်းဖြစ်သည်ဟု သံအမတ်ကြီးဟောင်းနှင့် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဝေဖန်ပြော ဆိုသည်။

မစ္စတာ ဂန်ဘာရီက ဘန်ကောက်တွင် တွေ့ဆုံချိန်အတွင်း မစ္စတာ စမတ်ခ်အား ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသော မြန်မာပြည် နိုင်ငံရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂကို ကူညီထောက်ပံ့ရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ မစ္စတာ စမတ်ခ်က ဝေဖန်ပြောဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သည့် မစ္စတာ ဂန်ဘာရီ ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂက ယင်းခရီးစဉ်သည် အလဟဿ ခရီးစဉ် တခုမဖြစ် ကြောင်း ယမန်နေ့က ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် မစ္စ မေရီ အိုခဘဲက “မစ္စတာ ဂန်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ပုဂ္ဂလိက အလည်အပတ် ခရီးစဉ်တခုမဟုတ်ပါဘူး၊ ကုလ သမဂ္ဂရဲ့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်”ဟု ပြောကြားသည်။

မစ္စတာ ဂန်ဘာရီသည် နယူးရောက်သို့ မပြန်မီ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိကြောင်း မေရီအိုခဘဲ က ပြောသည်။

မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ


ကျော်စွာမိုး | သြဂုတ် ၂၆၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။

ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။

၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။

ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။

ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။

ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။

နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။

မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။

အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။

“ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။

သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။

တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။

ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။


“တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။

ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။

ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။

ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။

သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။

“၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။

၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။

အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။

“ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။

“ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။

၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။

ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။

အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။

“အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။

အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။

“၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။

ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။

“ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။

မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။

“၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။

ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။

“ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။

“ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။

“မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။

အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။

“ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။

ကျော်စွာမိုးရေးသားသည့် The Price of Disunity ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]