Sunday, August 31, 2008

အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း



ဆန်းသစ်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 27 2008 12:22 - မြန်မာစံတော်ချိန်

အခြားနိုင်ငံများနေ မြန်မာများ သူတို့နေထိုင်ခွင့် VISA အတွက် စိုးရိမ်ရသော်လည်း အမေရိကန် နိုင်ငံတွင် သိပ်မပူပင်ရပါ။ နည်းမျိုးစုံဖြင့် နေထိုင်ခွင့် ရနေဆဲပင် ဖြစ်ပါသည်။ အမေရိကန်များက မြန်မာ ၃ သောင်းခန့်ကို ဒုက္ခသည်စခန်းများမှ ၂၀၀၇ ခုနှစ်တွင် လက်ခံပြီး ဆက်လက်ပြီး လက်ခံရန် အစီအစဉ် ရှိသည်ဟု သိရပါသည်။

လော့စ်အိန်ဂျယ်လိစ်တွင် မြန်မာ အသိုင်းအ၀ိုင်း ကြီးမားလှသည်။ မြန်မာပြည်မှ အဆိုတော်၊ ဂီတပညာရှင်မှအစ စာပေ၊ အနုပညာရှင်၊ လုပ်ငန်းရှင် များစွာနှင့် မြန်မာများအတွက် အခမဲ့ လစဉ်ထုတ် သတင်းစာများပင် အမေရိကန် တ၀ှမ်းသို့ ပို့ပေးနေသည်ကို ၂၀၀၈ တွင် တွေ့ရသည်။ ထိုသတင်းစာများကို ဖတ်ကြည့်ပါက မြန်မာများ အမေရိကန်တွင် လှုပ်ရှားနေထိုင်ပုံ အကြမ်းဖျင်း သိနိုင်ပါသည်။

အမေရိကားသို့ မြန်မာများ မည်ကဲ့သို့ ရောက်ရှိလာသလဲ? အမေရိကန်မှ မစ်ရှင်ဆရာ ယုဒသန် (Judson) မြန်မာပြည်သို့ ဘိုးတော်ဘုရားလက်ထက် ၁၈၁၂ တွင် ရောက်ခဲ့သည်မှ စခဲ့ပုံရပါသည်။ အင်္ဂလိပ်များက သူတို့ အင်္ဂလိပ် Christian Mission များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် နေထိုင်စေပြီး၊ အမေရိကန် Mission များမှာ အင်္ဂလိပ်မစ်ရှင်များ မသွားချင်သော တောင်တန်းဒေသ မိရိုးဖလာ နတ်ကိုးကွယ်သော တိုင်းရင်းသားများဆီ သွားရပါသည်။ ထိုသို့ မြန်မာပြည်ရောက် အမေရိကန်အသိုင်းအ၀ိုင်းမှ ထူးချွန်သူမြန်မာများကို ပညာသင်များအဖြစ် အမေရိကန်သို့ စေလွှတ်ခဲ့ကြသည်ကို မြန်မာပညာသင်များ သမိုင်းသုတေသန စာအုပ်တွင် ဖတ်ရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ပညာတတ် မြန်မာများ အမေရိကန် တက္ကသိုလ်များကို ပိုမိုရွေးချယ်လာခဲ့သည်။ ၁၉၆၂ ဦးနေ၀င်း၏ စစ်အစိုးရ တက်လာပြီးသည့်နောက်တွင် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းရာမှာ အမေရိကန်သို့ အသင့်အတင့် ပြောင်းရွှေ့မှုများ ရှိလာပြီးသည့်နောက် ၁၉၈၈ နောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် ပြောင်းရွေ့လာကြပါသည်။ ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ နယ်စပ်မှ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် Refugee များ ကုလသမဂ္ဂ UNHCR Project အဖြစ် တတိယနိုင်ငံသို့ ပို့ဆောင်ပေးရာတွင် အမေရိကန်သည် အများစုကို လက်ခံနိုင်သောကြောင့် ယခုအခါ အမေရိကန်ရောက် မြန်မာများ ဦးရေမှာ သိန်းဂဏန်းကျော်သွားပြီဖြစ်သည်။

အမေရိကန် လူဦးရေ သန်း ၃၀၀ ခန့်တွင် တရားမ၀င် နေထိုင်သူ ခန့်မှန်းခြေ သန်း၂၀ နီးပါးရှိသည်ဟု ဆိုသည်။ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံမှ ကူးလာသူများဖြစ်သည်။ သူတို့သည် စပိန် ဘာသာစကားကို ပြောပြီး သူတို့ Native Language လည်း ရှိပါသည်။ မြန်မာများက သူတို့ကို "ပဲ" ဟု ခေါ်ကြသည်။ ဘာကြောင့်ရယ်မသိ၊ ပဲ စားပြီး အားကောင်းမောင်းသန်သည့် သဘော အဓိပ္ပာယ် သက်ရောက်နိုင်ပါသည်။

အများအားဖြင့် မက္ကဆီကို တောင်ပေါ်သားများမှာ အလုပ် အင်မတန် လုပ်နိုင်သူများ ဖြစ်ကြသည်။ စင်ကာပူသို့ အလုပ်လာလုပ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ အလုပ်သမား လူတန်းစားများကဲ့သို့ ဖြစ်သည်။ အိန္ဒိယ၊ ထိုင်း ဆောက်လုပ်ရေး လုပ်သားများထက်ပင်လျင် အပင်ပန်းခံနိုင်၊ အလုပ်လုပ်နိုင်သူများဖြစ်ပြီး အာရှမှ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်၊ မြန်မာများ သူတို့ကို ယှဉ်၍ အလုပ်ကြမ်း မလုပ်နိုင်ပါ။

စားသောက်ဆိုင်၊ မြို့ကြီး၊ ကုန်တိုက်၊ အမှိုက်ကြုံး၊ သန့်ရှင်းရေး စသည့် အလုပ်သမား လောကတွင် မက္ကဆီကန်များက ကြီးစိုးထားပါသည်။ နယ်ဘက် လယ်ယာစိုက်ပျိုးရေး၊ ခြံခင်း၊ သတ္တု ရေနံလုပ်ငန်း၊ ဆောက်လုပ်ရေး စသည့် အလုပ်ကြမ်းလောကတွင်လည်း ထိုသူများပင် အားကိုးရပါသည်။

၂၀၀၈ တရားဝင်စာရင်းကို မသိနိုင်သေးသော်လည်း အမေရိကန် လူဦးရေစာရင်း တရားဝင် ကျေညာချက်အရ http://factfinder.census.gov ၂၀၀၆ တွင် တနိုင်ငံလုံး လူဦးရေ ၂၉၃ သန်းရှိပြီး စပိန်စကားပြော လူဖြူ ၃၅ သန်း အပါအ၀င် လူဖြူ ၂၂၁ သန်း၊ လူမဲ ၃၆ သန်း၊ Red Indian (Native American) ၅ သန်း၊ အာရှတိုက်သား ၁၂ သန်းနဲ့ အခြားလူမျိုး ၁၈ သန်း ရှိသည်ဟု ရေးထားသည်။ အာရှတိုက်သားများတွင် စာရင်းအရ အများဆုံး လူမျိုးများမှာ တရုတ် ၂.၄ သန်း၊ အိန္ဒိယ ၁.၇ သန်း၊ ဖိလစ်ပိုင် ၁.၉ သန်း၊ ဗီယက်နမ် ၁.၁၂ သန်း၊ ကိုရီးယား ၁.၀၇ သန်း၊ ဂျပန် ၀.၈ သန်း ဖြစ်ကြပြီး လူတသိန်းခန့်ရှိသည့် လူမျိုးများမှာ သီရိလင်္ကာ၊ တိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လော၊ ပါကစ္စတန်၊ Hmong လူမျိုး၊ ထိုင်း၊ မလေးရှားများ ဖြစ်သည်။

မြန်မာလူမျိုးရေ တသိန်း မရှိသေးသော်လည်း ယခု ၂၀၀၇ နောက်ပိုင်း အစုလိုက်အပြုံလိုက် ဒုက္ခသည်များကို လက်ခံနေသောကြောင့် မြန်မာလူဦးရေသည် အမေရိကန်တွင် သေချာပေါက် များလာနေပြီဖြစ်သည်။ တရုတ်၊ အိန္ဒိယ လူဦးရေ များခြင်းမှာ သဘာဝကျသည်။ ဖိလစ်ပင်းက တတိယအများဆုံး ဖြစ်ရခြင်းမှာ အမေရိကန် ကိုလိုနီအဖြစ် ၁၉၄၆ အထိ နေရသောကြောင့်ဖြစ်သည်။ ကိုရီးယားစစ်ပြီး ၁၉၅၃ နှင့် ဗီယက်နမ်စစ်ပြီး ၁၉၇၅ တွင် ဒုက္ခသယ်များစွာ အမေရိကန်က လက်ခံခဲ့သောကြောင့် ထိုလူမျိုး ၂ ခုမှာ နံပါတ် ၄ နှင့် ၅ အများဆုံး အာရှတိုက်သားများ ဖြစ်နေရသည်။ ယခု မြန်မာဒုက္ခသည်များကို လက်ခံခြင်းဖြင့် မြန်မာများ ၂၀၀၈ နောက်ပိုင်း အမေရိကန်တွင် နံပါတ် ၆ အများဆုံး အာရှတိုက်သားများဖြစ်ရန် အခွင့်အလမ်းများနေပြီဟု ဆိုနိုင်ပေသည်။ မြန်မာများ ပြည်ပထွက် အလုပ်လုပ်ရခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရကို အပြစ်ပုံချရမည်ဖြစ်သည်။

၁၉၈၈-၂၀၀၇ မြန်မာများ အမေရိကန်သို့ ရောက်လာသော နည်းလမ်းများတွင့့်

၁။ Green Card / Citizen ရသူများမှ သူတို့ ဆွေမျိုးများကို တရားဝင်ခေါ်ယူခြင်း၊

၂။ အမေရိကန်သို့ ကျောင်းလာတက် Student Pass နှင့်လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၃။ အလုပ်ကိုင်နှင့် အလည်အပတ်အဖြစ် H1, B1, B2 ဗီဇာများဖြင့် လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၎။ နယ်စပ်ဒေသများမှ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်း၊

၅။ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိခြင်း (ဥပမာ၊ DV မဲပေါက်ခြင်း၊ ဂူအမ်ကျွန်းမှတဆင့်လာခြင်း၊ ဂျမေကာ၊ မက္ကဆီကို၊ ဟွန်ဒူရပ် စသည့် နိုင်ငံများသို့ လာပြီး မက္ကဆီကိုနယ်စပ်မှ တရားမ၀င်လာသူများ လမ်းကြောင်းအတိုင်း ခိုးဝင်လာခြင်း . . စသည့် နည်းလမ်များစွာ ရှိပါသည်။)

အမေရိကန်အစိုးရက မျက်စိမှိတ်ပြီး မြန်မာများကို လက်ခံနေဆဲပင်ဖြစ်သည်။ Migrant, Work H1, DV, Student စသည့် ဗီဇာများအတွက် အမေရိကန်အ၀င်မှာ ဘာမှ စိုးရိမ်စရာမလိုပါ။ Visit VISA များအတွက် ၀င်ခွင့်မရဘဲ အမေရိကန်မြို့ လေဆိပ်များမှ Depot လုပ်ခံရသူ အလွန်နည်းပါးသော်လည်း အဆင်မပြေသူများ အနည်းအကျဉ်း ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန်ဗီဇာ လျှောက်ရာတွင် အမေရိကန်တွင်ပဲ ထာဝရ နေထိုင်ချင်လှသည့် ပုံစံနှင့်မလျှောက်ဘဲ အလည် ၆ လခန့်သာ နေချင်သည့်ပုံစံနှင့် အင်တာဗျူးဝင်လျှင် ဗီဇာရနိုင်သော်လည်း မြန်မာများအတွက် အမေရိကန်ဗီဇာမှာ ခက်ခဲနေဆဲပင်ဖြစ်သည်။ ဗီဇာရရှိပြီးနောက် အမေရိကန်ပြည်သို့ ၀င်ခွင့်ရလျှင် ၆ လ နေထိုင်ခွင့် တုံးထုပေးလိုက်ပြီး ထို ၆ လအတွင်းမှာ အခြားနည်းဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိအောင် ကြိုးစားရသည်။

အမေရိကန်တွင် အလည်ရောက်လာသော မြန်မာများအတွက် အခြေကျရန် ၅ နှစ် အနည်းဆုံး လိုအပ်သည်ဟု အခြေကျနေသူ မြန်မာများက ပြောဆိုကြသည်။ သို့ရာတွင် အမေရိကန် ဂရင်းကဒ် ၂ နှစ်အတွင်း ရရှိရေးအတွက် နည်းလမ်းများမှာ H1 Visa အလုပ်အကိုင် ရရှိရေးနှင့် ခိုလှုံခွင့်ဟု ခေါ်နေသော Asylum လျှောက်ထားရေးပင် ဖြစ်သည်။ Student Pass, Business Pass ဆက်လျှောက်ထား၊ နေထိုင်သွားလျှင်လည်း ရနိုင်ပါသည်။

အထူးသဖြင့် မြန်မာများအကြားတွင် ရေပန်းစားနေသော အမေရိကန်တွင် ခိုလှုံခွင့်ဗီဇာကို ၂၀၀၇ နောက်ပိုင်းတွင် ပိုမိုအားကိုးလာကြသည်။ မြန်မာအများစုမှာ မြန်မာစစ်အစိုးရကို လုံးဝမကြိုက်သော်လည်း စစ်အစိုးရ ဆန့်ကျင်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ မပါဝင်သောကြောင့် အမေရိကန်ရောက်လာပြီး ခိုလှုံခွင့် မလျှောက်လိုကြပါ။ ကျောင်းတက်၊ ဘွဲ့ရ၊ အလုပ်ရ၊ H1 Visa ရရှိပြီးနောက်ပိုင်း အိန္ဒိယကျောင်းသားများကဲ့သို့ ၅ နှစ်၊ ၁၀ နှစ် ကြိုးစားလျှင် အမေရိကန်တွင် ကြီးပွားအဆင်ပြေနိုင်ပေသည်။ သို့သော် ယခုခေတ်မှာ စစ်အစိုးရဖိနှိပ်မှုကို အမေရိကန်အစိုးက အပြင်းအထန် ကန့်ကွက်၊ စီးပွားရေး ပိတ်ဆို့နေချိန်ဖြစ်သည်။

ထို့ကြောင့် မြန်မာများ ခိုလှုံခွင့်တောင်းခံရာတွင် ရှေ့နေများနှင့် စနစ်တကျ ဇာတ်လမ်းသေချာ ရေးသားတောင်းဆိုမှုများကို အင်တာဗျူးဝင်ပြီး ကျေနပ်ပါက ခိုလှုံခွင့်ပေးလေ့ရှိပါသည်။ ဒုတိယနိုင်ငံ နော်ဝေး၊ ဒိန်းမတ်၊ အင်္ဂလန်၊တိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် နေထိုင်ခွင့်လက်မှတ် (ဥပမာ၊ အလုပ်ဗီဇာ၊ Permanent Resident ဗီဇာ ကိုင်ထားသူ) များကို အမေရိကန် ခိုလှုံခွင့်ပေးရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိရန် လိုအပ်ပါသည်။ အများစုမှာ ခိုလှုံခွင့် နေထိုင်အလုပ်လုပ်ခွင့်များ ရရှိပြီး အဆင်ပြေသွားကာ အချို့မှာ ၅ နှစ်ကျော်ပါက အမေရိကန် နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပင် ရရှိပါသည်။ ထို့ကြောင့် ခိုလှုံနေထိုင်ခွင့်ကို လာဘ်မြင်သူ မြန်မာများက ကောင်းကောင်း အသုံးချနေကြပါသည်။

နိုင်ငံရေးတွင် အမေရိကန်ကို အားကိုးချင်သော်လည်း လက်တွေ့ နိုင်ငံရေးအခြေအနေ လေ့လာသူများက အမေရိကန်၏ အာဖဂန်နစ္စတန်အပြီး၊ အီရတ်တွင် ၀င်ရောက်စွက်ဖက်မှုကြောင့် နိုင်ငံရေး အကျပ်အတည်း တွေ့နေပြီး၊ မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးနိုင်သော်လည်း တရုတ်၊ ရုရှား တို့ကြောင့် ရပ်တန့်နေရပါသည်။

စီးပွားရေးအခြေအနေတွင်လည်း စစ်စရိတ်ထောင်းသော အမေရိကန်မှ တရုတ်ပြည်သို့ ကုန်ထုတ်လုပ်ငန်း၊ ကွန်ပြူတာစက်ရုံများစွာ ပြောင်းရွှေ့သွားမှုများရှိနေ၍ အလုပ်အကိုင်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ အချို့က Recession စီးပွားကပ် ဆိုက်နေပြီဟု မှတ်ချက်ချသည်။

လွန်ခဲ့သော ၅ နှစ်ကျော်က စင်ကာပူနှင့် နှိုင်းယှဉ်လျှင် US$ 1 dollar = Singapore $1.8 ခန့် မှာ ယခုနှစ်တွင် စင်ကာပူဒေါ်လာ 1.3 ဈေးနှုန်းသို့ တဖြေးဖြေး ကျဆင်းသွားပြီး အမေရိကန် ဓာတ်ဆီဈေးမှာ ၂ ဒေါ်လာမှ ယခု ၄ ဒေါ်လာသို့ တက်သွားသည်။ လူတဦးချင်း ၀င်ငွေမှာ ပျှမ်းမျှ တနှစ် ၃ သောင်းခန့် ဆိုသော်လည်း တလ ဒေါ်လာ ၁၅၀၀ ရနိုင်သော အမြဲတမ်းအလုပ်မှာ အလွန်ရှားပါးနေပါသည်။ ယခင်က အမြဲတမ်း အလုပ်သမားများကို ဖြုတ်ပြီး ကန်ထရိုက် အလုပ်သမားများအဖြစ် ပြောင်းလဲခန့်ခြင်း၊ လစာများများ ရသူများကို အလုပ်အနားယူ Retrench လုပ်ခြင်း (သို့မဟုတ်) အလုပ် ၂ ခု လုပ်စေခြင်း စသဖြင့် ကပ်ဆိုက်နေချိန်ဖြစ်သည်။

Social Security ဖြင့် ထုတ်စားနေသော စနစ်မှာ ရေရှည်တွင် မဟန်တော့ကြောင်း သိလာသဖြင့် ယခုအခါ 401 Plan ဆိုသော စနစ်သစ်ကို စတင်ကျင့်လာရသည်။ နိုင်ငံသား အသက်ကြီးလာလျှင် ငယ်စဉ်ကာလ အလုပ်လုပ်ရာ၌ အလုပ်ရှင်နှင့် အချိုးကျငွေ စုဆောင်းထားသည့် စနစ်ဖြစ်သည်။ စင်ကာပူတွင် ၁၉၇၀ နောက်ပိုင်း စတင်ကျင့်သုံးသော CPF စနစ်ဖြစ်သည်။ မလေးရှားကလည်း EPF အဖြစ် ကျင့်သုံးပြီး သြစတြေးလျား၊ အင်္ဂလန်တို့ကလည်း ကျင့်သုံးနေပြီဖြစ်သည်။

အမေရိကန်ရောက် မြန်မာများအတွက် မည်သို့ဖြစ်စေ အခွင့်အလမ်းများစွာ ရှိပါသည်။ စီးပွားရေး ကပ်ဆိုက်သော်လည်း ကြိုးစားပြီး ဥာဏ်ပညာ၊ ၀ိရိယ အားစိုက်ပြီး အမေရိကန်စနစ်ကို သေချာလေ့လာ လုပ်ကိုင်ပါက ကိုရီးယား၊ ဗီယက်နမ်များထက် မသာလျှင်ပင် တန်းတူလိုက်လာနိုင်မည် ဖြစ်သည်။ ယခင်က လစာ၊ ၀င်ငွေ ကောင်းလှသော ဆရာဝန် အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းများသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးနေရသည်။ အားလုံးက မြန်မာပြည်ကြီး ပြည်တော်သာအဖြစ်၎င်း၊ ဒီမိုကရေစီနိုင်ငံအဖြစ်၎င်း မြင်ချင်သော်လည်း တဦးနှင့်တဦး ပူပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါ။

၂၀၀၇ သံဃာတော်လှုပ်ရှားမှု ပြီးသည့်နောက်တွင် အမေရိကန်ရောက် မြန်မာများသာမက ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ ထောက်ပံ့ငွေများကို ပူးပေါင်းကောက်ခံပေးခြင်းများ ရှိလာသည်။ ၂၀၀၈ မတ်လ မြန်မာ့သမိုင်းတွင် မကြုံဖူးသော နာဂစ်ဆိုင်ကလုန်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သားများ သိန်းနှင့်ချီ သေဆုံးပြီး ၂ သန်းခန့် အိုးအိမ်မဲ့ဖြစ်သွားရာတွင် မြန်မာစစ်အစိုးရ၏ ဥပက္ခာပြုလုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများက အံ့သြစုတ်သပ် ဖြစ်ရသည်။ ပြည်ပရောက် မြန်မာများ ဆက်လက် ပူးပေါင်းရံပုံငွေရှာ ထောက်ပံ့လုပ်ဆောင်ရသည်။ အမေရိကန် တ၀ှမ်းလုံးတွင် မြန်မာများ Fund Raising Events များ၊ ဆုတောင်းပွဲများနှင့် အချို့ အမေရိကန်မြန်မာများ ခွင့် လနှင့်ချီပြီး မြန်မာပြည်တွင်း ပြန်သွား ကူညီလုပ်ကိုင်ကြသည်။


အမေရိကန်ရောက် မြန်မာများ အထူးသဖြင့် အခြေမကျစဉ် (၅ နှစ်အတွင်း) အထူးခက်ခဲမှုများကို တွေ့ကြုံနေစဉ်တွင် အဓိကဖြစ်သော ပညာရေးအတွက် အချိန်ပေးနေသော မြန်မာလူငယ်များစွာ ရှိသည်မှာ အားရဖွယ်ရာဖြစ်သည်။ လူကြီးများလည်း စင်ကာပူကဲ့သို Self Upgrading Course များကို တက္ကသိုလ်၊ ကောလိပ်၊ Community Center များတွင် တက်နေကြသည်။ ရောက်ခါစတွင် မြန်မာများ ပညာရေး မလုပ်နိုင်သေးဘဲ ၀မ်းရေးအတွက် အလုပ်ဝင်လုပ်ရင်း လုံးပါးသွားပြီး ငွေကြေးကျွန် မဖြစ်ချင်ဘဲ ဖြစ်သွားရသူများလည်း ရှိပါသည်။ စင်ကာပူ၊ မလေးရှား၊ တရုတ်ပြည်များတွင် စီးပွားရေး ကောင်းနေဆဲတွင် တော်ရုံစိတ်ထားနှင့် အမေရိကား လာရောက် စီးပွားရှာလိုသူ ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အဆင်ပြေအောင် နေတတ်သူမှာ ဘယ်ရောက်ရောက် အဆင်ပြေမည်ဖြစ်သည်။ ငွေကြေးနောက်လိုက်သော လူများအဖို့ တရုတ်စကားပုံအရ ခြေ ၄ ချောင်းရှိသော ပိုက်ဆံသတ္တ၀ါ လက်အောက်သို့ ကျရောက်သွားလေ့ ရှိပါသည်။ ဘ၀အတွက် အဓိကလိုအပ်သော ပညာရေး၊ ပြည်သူ့နီတိ တရားများကို လက်ခံ ကျင့်သုံးသူများအဖို့ မည်သည့်နိုင်ငံရောက်ပါစေ စိတ်ချမ်းသာမည်။

ကံ၊ ဥာဏ်၊ ၀ိရိယ ၃ ပါးနှင့် ကိုက်ညီပါက ပညာ၊ ငွေကြေးဥစ္စာလည်း တိုးပွားလာမည်။ တိုးပွားနေသော အမေရိကန်ရောက် အောင်မြင်နေသော မြန်မာများကိုလည်း အားကျမိပါသည်။ နောင်တချိန်တွင် မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် ကမ္ဘာတွင် အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ ဒီမိုကရေစီအရှိဆုံး ဖြစ်သော အမေရိကန်ရောက်မြန်မာများ အဓိကအခန်းမှ ပါဝင်နိုင်စေရန် မျှော်လင့်ပါသည်။


ဒေါ်အောင်ဆန်းစုကြည်က အစာလက်မခံတာ ၂ ပတ်ခန့်ရှိပြီ



ဇာနည်
သောကြာနေ့၊ သြဂုတ်လ 29 2008 19:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိန်းသိမ်းခံ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစားအသောက်များကို ယနေ့ထိ လက်မခံသေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှ အစားအစာများကို လွန်ခဲ့သည့် ရက်သတ္တ ၂ ပတ်ခန့်ကတည်းက ငြင်းပယ်နေသည် ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ယနေ့ထိ အကြောင်းရင်း တစုံတရာ အတိအကျ မသိရသေး ဖြစ်နေသည်။

"အစားအသောက် လက်မခံဘူး ဆိုတာကိုပဲ သိရသေးတယ်။ အခြေအနေ အပြောင်းအလဲ မရှိသေးဘူး။ ကျနော်တို့လည်း သတင်းတွေ ရအောင် ကြိုးစားနေတုန်းပဲ။ သူ့အခြေအနေ၊ ဘာကြောင့်လဲ ဆိုတာတွေကို ခုထိ ဘာမှ အတိကျ မသိရသေးဘူး" ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည် ထိုသတင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်းကို ငြင်းဆိုထားသည်။ ထိုသတင်းမှာ ကောလာဟလသာ ဖြစ်သည်။ မဟုတ်မှန်ပါ။ သူ့ထံမှ နိုင်ငံရေးနှင့် ပတ်သက်သော တောင်းခံမှု တစုံတရာ မရှိပါဟု အမည်မဖော်လိုသူ အရာရှိတဦးက ပြောကြောင်း အေအက်ဖ်ပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် အစားအသောက်များ လက်မခံသည့် သတင်းနှင့်ပတ်သက်ပြီး အတိုက်အခံများက အမျိုးမျိုး ထင်ကြေးများ ပေးနေကြသည်။

"အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကိုယ်တိုင်က သူနဲ့ အဆက်သွယ် မရဖြစ်နေကြတော့ အတိအကျ ပြောဖို့ ခက်နေတယ်။ ဒါဟာ သူ(ဒေါ်အောင်ဆန်းစုကြည်)က သူ ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အပေါ်မှာ တောင်းဆိုဖို့များ လုပ်နေသလားလို့ စဉ်းစားစရာဖြစ်နေတယ်" ဟု ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) မှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်ကလည်း "အဓိက သူတောင်းဆိုတာ ကတော့ နိုင်ငံရေး အချက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့မယ်ဆိုတာတော့ ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။



ဤအတောအတွင်း အတိုက်အခံများကြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်တွင် အင်တာနက် တပ်ဆင်ခွင့်ပေးရန်၊ သူ၏ရှေ့နေနှင့် တွေ့ခွင့်ပေးရန်၊ သူ၏ မိသားစုဆရာဝန်နှင့် တွေ့ခွင့်ပေးရန်တို့ကို တောင်းဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

ထိုတောင်းဆိုချက်များနှင့် ပတ်သက်၍ ဦးဥာဏ်ဝင်းက "ရှေ့နေနဲ့ တွေ့ခွင့်တောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တွေ့ခွင့် ရ၊ မရ ကတော့ အခုထိ မသိရသေးဘူး" ဟု ပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ရုံးမှလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

"ကျနော်တို့မှာ သူ အစားအသောက်တွေ လက်မခံဘူးဆိုတာ ကြားနေရတယ်။ ပြဿနာက ဒါကို အတည်ပြုဖို့က တော်တော် ခက်နေတယ်။ ဒါပေမဲ့ ကျနော်တို့ သူ့ရဲ့ လက်ရှိ အခြေအနေကို တကယ် စိုးရိမ်နေပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးရုံး လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ်က သြဂုတ် ၂၈ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



ကမ္ဘာ့ သြဇာတိက္ကိမကြီးသူ အမျိုးသမီးများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အဆင့် ၃၈ ချိတ်



မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ 29 2008 17:41 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ Forbes မဂ္ဂဇင်းကြီးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်တွင် သြဇာ တိက္ကိမ ကြီးမားသူ အမျိုးသမီးများ စာရင်း၌ အဆင့် ၃၈ အဖြစ်သတ်မှတ် ဖေါ်ပြလိုက်ပါသည်။

နှစ်စဉ် ထုတ်ပြန်လေ့ရှိသော ဤစာရင်းသည် မီဒီယာများက ဖေါ်ပြမှု၊ ဘဏ္ဍာရေး အင်အားနှင့် အလုပ်အကိုင် ရာထူး စသည်တို့ကိုမူ တည်တွက်ချက်ခြင်း ဖြစ်ပြီး နိုဘယ်လ်ဆုရ မြန်မာခေါင်းဆောင်သည် သြဇာတိက္ကိမ ကြီးမားသော အမျိုးသမီး နိုင်ငံရေးသမားများ စာရင်းတွင် အဆင့် ၁၂ ချိတ်သည်။

ဤစာရင်းနှင့်အတူ တွဲ၍ပါသော ဆောင်းပါးတွင် နာမည်ကြီး အမျိုးသမီးများကို မိမိတို့၏ ထိပ်ဆုံးအဆင့် အမျိုးသမီး ၃ ဦးကို ရွေးချယ်ပေးပါရန် မေးမြန်းခဲ့ရာ Vogue မဂ္ဂဇင်းအယ်ဒီတာ ဂျုံးဂျူလီယက်ဘတ်ခ် (Joan Juliet Buck) က ဒေါ်အောင်ဆန်းစုကြည်ကို “အကျယ်ချုပ် ကျခံနေရတဲ့ သက်ရှိ အာဇာနည် အမျိုးသမီးဖြစ်၍” ဟု ဆိုကာ အဆင့် ၁ အဖြစ် ရွေးချယ်ခဲ့သည်။

ဤရွေးချယ် သတ်မှတ်မှုနှင့်အတူ ပူးတွဲပါရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိအကျဉ်းတွင် ရိုးတိုးရိပ်တိတ် ဖေါ်ပြထားချက်အရ ဤအဆင့် ရရှိခဲ့ခြင်းသည် လွန်ခဲ့သော လများအတွင်း မြန်မာနိုင်ငံကို မီဒီယာများက အာရုံစိုက် ဖေါ်ပြခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အထူးသဖြင့် နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်အပြီး မီဒီယာများတွင် မြန်မာနိုင်ငံ အကြောင်းများများ ပါလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။

မည်သို့ပင်ဖြစ်စေ သူမ၏ အဆင့်အတန်းသည် မဂ္ဂဇင်း၏ အဓိက အရေးထားရာဖြစ်သော အလုပ်အကိုင် ရာထူး အဆင့်အတန်းနှင့်လည်း သက်ဆိုင် ရောင်ပြန်ဟပ်မှု ရှိနေသည်။ သူမကို တိုက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်၎င်း၊ “ရာထူးမှ ဖြုတ်ချခံရသော ဝန်ကြီးချုပ်” အဖြစ်၎င်း ဖေါ်ပြထားခြင်းကြောင့်လည်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ သမတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သော မစ္စ ဟီလာရီ ရော့ဒမ် ကလင်တန် သည် “မီဒီယာ” အမှတ်အများဆုံး ရခဲ့ပြီး အဆင့် ၂၈ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မှ ကပ်လျက် နေရာ ရသွားသည်။

လက်ရှိ သမတကတော်နှင့် ထိန်းသိမ်းခံ နိုဘယ်ဆုရှင်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ထောက်ခံသူတဦးဖြစ်သူ လော်ရာဘုရှ် မှာမူ Forbes မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၄ အဖြစ် ရွေးချယ်ခံရသည်။

ဤအဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်သည် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာစစ်အစိုးရကို ကုလ လုံခြုံရေးကောင်စီ ဥက္ကဌ၏ ကြေငြာချက်တွင် ဖေါ်ပြပါရှိသော အစိုးရ၊ အခြား အတိုက်အခံ အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အချိန် သတ်မှတ်ချက်ရှိသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို လေးစားလိုက်နာရန် ပန်ကြားချက်နှင့် မရှေးမနှောင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

“ကုလအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ၏ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် တိုးတက်မှုများကို မြှင့်တင်ရန် ကြိုးပန်းမှုများကို မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုသည် နောက်တဖန် အလွန်အမင်း စိတ်ပျက်မိကြောင်း” ဟူ၍ နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ယမန်နေ့က ကြေငြာချက်ကို ဖတ်ကြား၍ ပြောကြားသွားခဲ့ပါသည်။ မစ္စတာ ဂမ်ဘာရီသည် ယခင်အပတ်က မြန်မာနိုင်ငံသို့ ၆ ရက်ကြာ လာရောက် လည်ပတ်ခဲ့သည်။

“မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေး တိုးတက်မှုသည် မြန်မာအစိုးရက ဤလမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ ရိုးရိုးသားသား လိုက်ပါ လျှောက်လှမ်းနိုင်မှုအပေါ်တွင် မူတည်နေသည်” ဟု နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဆွေးနွေးပွဲ ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး လိုအပ်ချက်ကို ရည်ညွှန်းကာ သတင်းထုတ်ပြန်ချက်ကို အဆုံးသတ်ခဲ့ပါသည်။

၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်များကမူ Forbes မဂ္ဂဇင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို အဆင့် ၄၇ နှင့် ၇၁ အဖြစ် အသီးသီး သတ်မှတ် ဖေါ်ပြထားခဲ့သည်။

ဂျာမဏီနိုင်ငံ အဓိပတိ အင်ဂျလာမာကယ်လ် (Angela Merkel) မှာ ယခုတကြိမ်တွင်လည်း သုံးနှစ်ဆက်တိုက် အဖြစ် အမြင့်ဆုံးအဆင့် အဆင့် ၁ အဖြစ် သတ်မှတ် ဖေါ်ပြခံခဲ့ရပါသည်။


ရဲရင့်ထက်မြက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်

စိုးနေလင်း
သောကြာနေ့၊ သြဂုတ်လ 29 2008 14:32 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂရဲ့ အထူးသံတမန်ကြီး မစ္စတာ ဂမ်ဘာရီကတော့ သူ့ရဲ့ တရက်တိုး ၆ ရက်တာခရီးစဉ်ကို သြဂုတ်လ ၂၃ ရက်နေ့က အဆုံးသတ် ပြန်လည် ထွက်ခွာသွားခဲ့ပြန်ပါပြီ။ ဒီတကြိမ်မှာတော့ သံတမန်ကြီးခမျာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မင်းနေပြည်တော်ကိုတောင် ဖိတ်ကြားတာ မခံခဲ့ရရှာပါဘူး။ တကယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ဆိုသူရဲ့ အနားကိုတောင် သီခွင့် မရခဲ့တာပါ။ ရုပ်သေးဝန်ကြီးတချို့၊ အကြီးအကဲ တချို့နဲ့ စစ်အစိုးရရဲ့ ကျောရိုးပါတီ တချို့က တာဝန်ရှိ ပုဂ္ဂိုလ်လေးတချို့နဲ့ ခဏ တွေ့ခွင့်ရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တကယ့် မြန်မာ့ ဒီမိုကရေစီရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ရှာပါဘူး။ ထူးခြားတာကတော့ စစ်အစိုးရက တွေ့ဆုံခွင့်မပေးလို့ တွေ့ဆုံခွင့် မရခဲ့တာမဟုတ်ဘဲ သံတမန်ကြီးက တွေ့ဆုံဖို့ ကြိုးစားခဲ့ပါရဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ့ကိုတွေ့ဆုံဖို့ ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအရတော့ သံတမန်ကြီးက မပြန်ခင်မှာ တွေ့ဆုံခွင့်ရဖို့ ထပ်ပြီး ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်မကောင်း ဖြစ်စရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အဲဒီလို လုပ်လိုက်ရတာကို စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို လုပ်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန် သင့်မြတ်လှပါတယ်။ သံတမန် တချို့ကတော့ အာရှ မဆန်ဘူး၊ သံခင်းတမန်ခင်းအရ မဖြစ်သင့်ဘူး ဘာညာ ဝေဖန်ပြောဆိုကြပေမယ့် မှန်ကန် ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဒီမိုကရေစီ ချစ်မြတ်နိုးကြသူ မြန်မာနိုင်ငံသား ပြည်သူအများစုကလည်း နှစ်ထောင်းအားရ ထောက်ခံကြမယ် ဆိုတာလည်း အသေအချာပါပဲ။ အခုတခေါက်ဟာ သံတမန်ကြီးရဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စတုတ္ထမြောက်ခရီးစဉ် ဖြစ်ပါတယ်။

အရင်ခရီးစဉ်တချို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ စစ်အစိုးရက နိုင်ငံတကာကို လှည့်စားဖို့သက်သက် ခန့်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်အောင်ကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့တာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လောက်လောက်လားလားရှိတဲ့ ရလဒ် ဘာတခုမှ ထွက်ပေါ်မလာခဲ့ပါဘူး။ အနိမ့်ဆုံး လွှတ်သင့်လွှတ်ထိုက်နေပြီ ဖြစ်တဲ့၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့၊ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားကြီးတွေကိုတောင် လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။ ရှင်းလင်းပေါ်လွင်နေတဲ့ အချက်ကတော့ စစ်အစိုးရဟာ ကုလ သံတမန်ကြီးကို စတင်တွေ့ဆုံခဲ့ကတည်းက ရည်ရွယ်ချက် မမှန်ကန်ဘူး ဆိုတာပါပဲ။

ကမ္ဘာကို သံတမန်ရေး ကစားကွက်နဲ့ လှည့်စားဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ သံတမန်ကြီးခမျာလည်း မြန်မာအာဏာရှင် ဗိုလ်ချုပ်တွေ ကြိုးဆွဲတဲ့အတိုင်း လိုက်ကရ၊ ခေါင်းညိမ့်ရ၊ အလိုက်သင့် ပြောဆိုဆက်ဆံရနဲ့ ဘာမှထူးခြားတဲ့ ရလဒ် ထွက်ပေါ်မလာခဲ့တော့ နိုင်ငံတကာ အလယ်မှာ မျက်နှာပျက်၊ သိက္ခာကျရတာပဲ အဖတ်တင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ David Scott Mathieson ကတော့ "မြန်မာစစ်အစိုးရဟာ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို သူတို့ အကျိုးစီးပွားအတွက် သူတို့လုပ်နေတာတွေကို ပြဖို့သက်သက် အသုံးချလိုက်တာပါပဲ။"

"မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရခဲ့တဲ့ သံတမန်တိုင်းဟာ ဒီလိုပါပဲ၊ သူတို့ဟာ စစ်အစိုးရက သူတို့ကို ကြည့်စေချင် တွေ့စေချင်တာတွေကို သွားကြည့်၊ သွားတွေ့ကြမယ်။ အဲဒီတော့ စစ်အစိုးရ လုပ်ကြံဖန်တီး ထားတာတွေကိုပဲ သူတို့ မြင်ရမှာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အဓိက ဦးဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အကျယ်ချုပ် ဖမ်းဆီးနေရတဲ့ ကာလက များနေတော့ နိုင်ငံရေးအရ လှုပ်ရှားဦးဆောင်မှုပေးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လည်း ကုလ သံတမန်ကြီးကများ ထိထိရောက်ရောက် မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပေးနိုင်မလားဆိုပြီး တွေ့ဆုံခဲ့၊ ဆွေးနွေးပြောဆိုခဲ့တာပါပဲ။ ဒါပေမဲ့ တဖက်က အာဏာရယူထားတဲ့ စစ်အစိုးရကိုယ်နှိုက်ရဲ့ စေတနာနဲ့ ရည်ရွယ်ဦးတည်ချက်က မမှန်ကန်လေတော့ သံတမန်ကြီးအနေနဲ့လည်း ဒီထက် ဘာမှ ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ကလည်း မြန်မာနိုင်ငံ စစ်အစိုးရကို မလိုက်နာမနေရ (binding) အရေးယူဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ ထိထိရောက်ရောက် ဖိအားပေးအရေးယူမှု လက်တွေ့မရှိတဲ့အတွက် စစ်အစိုးရ အတွက်ကတော့ နေသာသပ လေညာက ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ တခါ တရုတ်နဲ့ ရုရှတို့လို ဗီတိုအာဏာ သုံးခွင့်ရ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံကို အကျိုးစီးပွား မက်လုံးပေးပြီး အကာအကွယ် ယူထားနိုင်လေတော့ စစ်အစိုးရ ငရဲခွေးကြီးဟာ လွတ်ချင်တိုင်း လွတ်နေတော့တာပါပဲ။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကြိုးဆွဲတိုင်းကနေတဲ့ သံတမန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေလို့လည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ဘာမှ အကျိုးမရှိနိုင်ဘူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ သံတမန် စေလွှတ်နေတာတွေဟာလည်း ဘာမှ အရာမရောက်တဲ့အတွက် သူမအနေနဲ့ အရေးတယူ လက်ခံဆွေးနွေးနေရင် သူ့ပြည်သူလူထုကို မှားယွင်းတဲ့ အားကိုး ယုံကြည်မှုတွေ ပေးနေရာ ကျတော့မယ်လို့ ယုံကြည်လာတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုလိုက်တာ ဖြစ်မှာပါပဲ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဟာ စစ်အစိုးရက ခင်းပေးတဲ့အတိုင်း မျှောလိုက်မနေဘူး၊ နိုင်ငံတကာ သံခင်းတမန်ခင်းအရ အခွင့်အရေး ရသမျှ ဆွေးနွေးပြီးရင်း ဆွေးနွေး မျောမနေဘူးဆိုတာ၊ ခိုင်မာပြတ်သားတဲ့ ယုံကြည်မှု ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လုပ်နိုင်တယ်၊ လုပ်ရဲတဲ့သတ္တိ ရှိတယ်ဆိုတာကို အထင်အရှား ပြသလိုက်တာပါပဲ။

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတ၊ီ အပြည်ြပည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မီဒီယာရေးရာ ဥက္ကဌ Son Chhay ကတော့ "သူတို့နှစ်ယောက်စလုံး (ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ မစ္စတာ ဂမ်ဘာရီ) မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စုံစမ်းစစ်ဆေးပြီး အဲဒါတွေအတွက် အဖြေရှာပေးပါမယ်လို့ ကတိပေးထားခဲ့ကြတယ်လေ။ ဒါပေမဲ့ အခုထိ ဒီကတိတွေအတိုင်း လောက်လောက်လားလား လုပ်ပြတာ၊ လက်တွေ့ အကောင်အထည်ဖော်တာ ဘာတခုမှ မတွေ့ရသေးပါဘူး" တဲ့။

"ကျနော်တို့က ပိုပြီးလေးနက်တဲ့ လှုပ်ရှားမှုကို လိုချင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ တခြား တယောက်ယောက်ကို ခန့်အပ်သင့်ပါတယ်" လို့ မကြာသေးခင်က ပြောဆိုဝေဖန်သွားခဲ့ပါတယ်။

စစ်အာဏာရှင် အစိုးရကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံတွေရဲ့ ပြောစကား၊ မေတ္တာရပ်ခံချက်၊ သတိပေးချက်ကိုမှ လက်မခံဘဲ စစ်အာဏာ တည်မြဲရေးအတွက် တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းပြဌာန်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုတော့ဘဲ ရွေးကောက်ပွဲသစ် ကျင်းပဖို့ အတင်းစီစဉ်၊ ဒီမိုကရေစီလိုလားသူ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို အင်အားသုံး ပိတ်ပင်တားဆီး၊ တက်ကြွှလှုပ်ရှားသူတွေကို ဥပဒေမဲ့ ဖမ်းဆီး ထောင်ချနေတာတွေကို တိုးမြှင့်၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေကို ပိုပြီး ချိုးဖောက်လာတာတွေကို တွေ့နေရပါပြီ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ မတရား ဖိစီးနှိပ်ကွပ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို အများကြီးသည်းခံ အလျှော့ပေး ဆက်ဆံလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရပြီးတော့လည်း ဒီလိုပါပဲ။ အမြဲလျှော့ပေးပြီး အပျော့ပြောင်းဆုံး ဆက်ဆံခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းပြောဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်သာထင်ရှား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကြီးအပြီး အသက်အန္တရာယ်က သီသီကလေး လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင်နဲ့ ဒုဥက္ကဌ ဦးတင်ဦးကို ဆက်ပြီး မတရား ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

ဒါကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးက သည်းခံအလျှော့ပေးခဲ့တာပါပဲ။ ရက်စက် ကြမ်းတမ်းလွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် မနိုင်လို့ သည်းခံရခြင်းတွေကတော့ အများစုပေါ့လေ။

ဒီအချိန်မှာတော့ အနှစ်နှစ် အလလ မျောလာတဲ့ ဖြစ်စဉ်ကြီးကို ပြန်စဉ်းစားသုံးသပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် မဟာဗျူဟာသစ် နည်းပရိယာယ်သစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအတိုင်းတော့ ဆက်ပြီး လက်မခံနိုင်တော့ဘူးဆိုပြီး ကုလသမဂ္ဂသံတမန်ကြီးကို တွေ့ဆုံဖို့ကိုတောင် ငြင်းဆန်ပစ်ခဲ့ပါပြီ။ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း လူထုက ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို လူထုကို ယုံယုံကြည်ကြည်နဲ့ ဥပဒေတွင်း တိုက်ပွဲတွေ မြန်မာနိုင်ငံတ၀ှမ်းလုံး အုံးအုံးကျွက်ကျွက် တခဲနက် ဖြစ်ပေါ်လာအောင် ဦးဆောင်လမ်းညွှန်မှု ပေးဖို့ ကြိုးစားသင့်ပါပြီ။ စစ်အစိုးရ ခင်းပေးထားတဲ့ လမ်းအတိုင်းလျှောက်၊ ဥပဒေကြောင်းအရ တောင်းဆိုကန့်ကွက်နေရုံနဲ့တော့ စစ်အာဏာရှင်အစိုးရဟာ ပြည်သူလူထု ပိုင်ဆိုင်ထားတဲ့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ပြီး အသာတကြည် ပေးအပ်လိမ့်မယ် မဟုတ်ပါဘူး။ ဒီအချက်ကတော့ အထူး သက်သေပြနေစရာ လိုအပ်မှာ မဟုတ်ဘူးလို့ ကျနော်က ယုံကြည်ပါတယ်။

ကျနော့်အမြင်အရတော့ စစ်အစိုးရဟာ "ပြုပြင်လို့မရအောင် ကမ်းကုန်နေပါပြီ"

အဲဒီတော့ လူထုအုံကြွမှုနဲ့ ဆက်စပ်ပြီး အာဏာရှင်စနစ်ကို မြေလှန်ဖြိုလှဲပစ်ကြပါစို့။


ကုလရှိ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဖြစ်မှုကို ပြည်ပရောက် မြန်မာအတိုက်အခံများက စိန်ခေါ်



ဆော်လမွန်
တနင်္ဂနွေနေ့၊ သြဂုတ်လ 31 2008 23:09 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ စစ်အစိုးရ အဖွဲ့ဝင်ဖြစ်နေခြင်း၏ တရားဝင်မှုကို စိန်ခေါ်သည့် လှုပ်ရှားမှုတရပ်ကို စတင်သည့် အနေနှင့် စစ်အစိုးရ၏ အထွေထွေ ညီလာခံတွင် ကိုယ်စားပြု ပါဝင်နေမှုကို ပြန်လည် စဉ်းစားရန် ကုလသမဂ္ဂကို တိုက်တွန်းသည့် စာတစောင်ကို ပြည်ပရောက် အတိုက်အခံ ပါတီများက ပေးပို့သွားမည်ဟု ပြောကြားလိုက်ကြပါသည်။

တိုင်းပြည်ကို တရားမဝင် အုပ်ချုပ်နေသည့် အစိုးရ ဖြစ်ခြင်းကြောင့် မြန်မာ စစ်အစိုးရ၏ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေဖြင့် ကိုယ်စားပြု ပါဝင်နေမှုကို ကန့်ကွက် ပယ်ချပါရန် တိုက်တွန်းထားသည့် စာတစောင်ကို စက်တင်ဘာလဆန်းတွင် ကုလသမဂ္ဂသို့ ပေးပို့သွားမည် ဖြစ်ကြောင်းဖြင့် အတိုက်အခံ အင်အားစုများ၏ ပေါင်းစု အဖွဲ့အစည်းတရပ် ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ပြောကြားသွားခဲ့ပါသည်။

"ဒါတွေက စီစဉ်ထားပြီးသား ကိစ္စတွေပါ။ ကျနော်တို့ ရှေ့လဆန်းမှာ စာပို့ပါမယ်" ဟု NCUB ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) ဦးမျိုးဝင်း က ပြောဆိုသွားခဲ့ပါသည်။

"ကျနော်တို့ ဒီလှုပ်ရှားမှုကို စခဲ့တာ တော်တော်ကြာကြာ ကတည်းကပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒီကိစ္စကိုဆွေးနွေး နေပါတယ်" ဟု ဦးမျိုးဝင်းက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဤသို့ စိန်ခေါ်သည့် လှုပ်ရှားမှုကို မိမိတို့ လွန်ခဲ့သော နှစ်ကတည်းက ကြေငြာထားခဲ့ကြောင်း၊ သို့သော် တရားဝင်ဖြစ်မှု ဆိုသည့် ပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းသည့် နည်းဖြင့် စစ်အစိုးရက ဖြေရှင်းစေလိုသောကြောင့် စောင့်ဆိုင်းနေခဲ့ကြောင်း၊ သို့သော် စစ်အစိုးရသည် ထိရောက်သည့် နိုင်ငံရေးအရ ဆွေးနွေးမှုများကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်ခဲ့ပြီး ယင်းတို့၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက် လျှောက်လှမ်းနေသည့်အတွက် ယခုအခါ မိမိတို့ အဖွဲ့အစည်းအနေဖြင့် ဤစိန်ခေါ်သည့် လှုပ်ရှားမှုကို စတင်လိုက်ရခြင်း ဖြစ်ကြောင်းဖြင့် ဤအဖွဲ့ကြီးက ပြောဆို သွားခဲ့ပါသည်။

စစ်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဆိုသည်ကို မဲလိမ်မဲညစ်၍ မေလ အတွင်းက ဇွတ်အတင်း ကျင်းပပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင် ၉၈ % က ထောက်ခံသည်ဟု ကြေငြာခဲ့သည်။ ဤလုပ်ရပ်ကြောင့် မိမိတို့အနေဖြင့် ကုလသမဂ္ဂကို ဤသို့ စစ်အစိုးရ၏ တရားဝင်ဖြစ်မှုကို ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုရသည့် အခြေအနေအထိ ဖြစ်လာရကြောင်းဖြင့် NCUB က ပြောဆိုသွားပါသည်။

"ဒီကင်ပိန်းကို လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရပြီး တိုင်းရင်းသား အဖွဲ့အစည်း အုပ်စုအားလုံးရဲ့ အခွင့်အရေးကိုလဲ အာမခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ NLD-LA ၏ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောကြားသွားပါသည်။ ဤအဖွဲ့သည် NCUB ၏ အဖွဲ့ဝင် အဖွဲ့အစည်းတခုလည်း ဖြစ်သည်။

ဤကင်ပိန်းကို လုပ်ခြင်းအားဖြင့် စစ်အစိုးရ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ကုလသမဂ္ဂဝင် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်း တင်ပြနိုင်မည်ဖြစ်ပြီး၊ သူတို့ ကြေငြာထားသည့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဆိုသည့် အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲလိမ်မဲညစ်ဦးမည့် အန္တရာယ်ကိုပါ ကာကွယ် ပေးသွားနိုင်မည် ဖြစ်သည်ဟု ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများက ပြောကြားသွားကြပါသည်။

"ဒီကင်ပိန်းကို လုပ်လိုက်ခြင်းအားဖြင့် စစ်အစိုးရကို ကာကွယ်ပေးနေတဲ့ ဒေသတွင်း နိုင်ငံတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလဲ ကျနော်တို့နဲ့ ဆွေးနွေး လာရမယ်" ဟု ဦးညိုအုန်းမြင့်က ပြောသွားပါသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပါရန် မြန်မာအတိုက်အခံ အဖွဲ့အစည်းများက အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း စစ်အစိုးရသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအရသာ ပြုလုပ်နေကြောင်းဖြင့် ကြေညာခဲ့သည်။ ဤလမ်းမြမြေပုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အဓိက အတိုက်အခံ ပါတီများကို ဘေးဖယ်ထုတ်ထားပါသည်။

ဤလမ်းပြမြေပုံ၏ ပထမအဆင့်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် အမျိုးသား ညီလာခံ တရပ်ကို ၁၄ နှစ်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ ယခုနှစ် မေလတွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြန်သည်။ ထို့နောက် ပြည်သူများက သူတို့၏ ဖွဲ့စည်းပုံ ဥပဒေကို တခဲနက် ထောက်ခံခဲ့သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် အတိုက်အခံများနှင့် ဝေဘန်သူများကမူ ဆန္ဒခံယူပွဲ ဖြစ်စဉ်သည် "လွတ်လပ်မျှတ" မှု မရှိဘဲ မဲလိမ်မဲခိုးခဲ့ခြင်းသာ ဖြစ်သည်ဟု စစ်အစိုးရကို စွပ်စွဲ ပြောဆိုခဲ့သည်။

အကယ်၍သာ စစ်အစိုးရက ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များတို့နှင့် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတရပ် ကျင်းပ ပြုလုပ်ပြီး၊ မြန်မာနိုင်ငံ၏ ရှည်ကြာလှပြီဖြစ်သော နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှု ကို အဖြေရှာဖွယ် ရှိသည်ဟုဆိုလျှင် မိမိတို့အနေဖြင့် ဤလှုပ်ရှားမှုကို မလုပ်သေးဘဲ ဆိုင်းငံ့ ပေးထားမည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

"ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်ရတာ မြန်မာနိုင်ငံကို မှန်ကန်တဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ရှိစေချင်လို့ပါ" ဟု ဦးညိုအုန်းမြင့်က ဆိုလိုက်ပါသည်။

ဤလှုပ်ရှားမှုသည် မြန်မာစစ်အစိုးရကို ဖိအားပေးနိုင်လိမ့်မည်။ အကြောင်းမူ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေနှင့် ကိုယ်စားလှယ်ဖြစ်မှု စိန်ခေါ်မှု ကော်မတီ (Credential Challenge Committee) တွင် ဗီတို အာဏာသုံးပိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သို့သော် စစ်အစိုးရနှင့် ဒေသတွင်း နိုင်ငံများအနေဖြင့် ဤစိန်ခေါ်မှုကို တုံ့ပြန်ရန် ပျက်ကွက်ခဲ့လျှင် NCUB အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ပြီး ကုလအထွေထွေ ညီလာခံတွင် မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဖြစ်နေမှုကို စိန်ခေါ်မှုအား ဆက်လက် ပြုလုပ်သွားမည်ဟု NCUB က ပြောဆိုသွားပါသည်။

ဤအတောအတွင်း NLD အပါအဝင် မြန်မာ အတိုက်အခံ ပါတီများကလည်း ကုလအထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်များမှ ဘာမှ ခိုင်ခိုင်မာမာ ရလဒ် ထွက်ပေါ်လာခြင်း မရှိခဲ့သည့်အတွက် မိမိ တို့အနေဖြင့် လက်ရှိ ကုလသမဂ္ဂ၏ မြန်မာ ဗိုလ်ချုပ်ကြီးများနှင့် ဆက်သွယ် ဆောင်ရွက်နေမှုများကို ကျေနပ်အားရခြင်း မရှိကြောင်း ပြောဆိုလိုက်ပါသည်။

မြန်မာအမျိုးသမီး အဖွဲ့အစည်းများ၏ ထီးရိပ် အဖွဲ့အစည်းဖြစ်သော ထိုင်းနိုင်ငံအခြစိုက် အမျိုးသမီး အဖွဲ့ချုပ် (WLB) ၏ အထွေထွေ အတွင်းရေးမှူး မနန်းယဉ် ကမူ မြန်မာစစ်အစိုးရသည် လူထုက ရွေးကောက် တင်မြှောက်ထားသော အစိုးရ မဟုတ်သည့်အတွက် ကုလသမဂ္ဂတွင် ရရှိထားသော နေရာနှင့် မထိုက်တန်သောကြောင့် ဤလှုပ်ရှားမှုကို ထောက်ခံ သဘောတူပါကြောင်း ပြောဆိုသွားခဲ့ပါသည်။

"ဒီကိစ္စဟာ ဖြစ်သင့်တဲ့ ကိစ္စမို့ ဒီလှုပ်ရှားမှု အောင်မြင်တယ် ဆိုရင် ကောင်းပါတယ်" ဟု မနန်းယဉ် က ပြောသွားပါသည်။

သို့သော် WLB သည် မြန်မာ ဗိုလ်ချုပ်ကြီးများကို ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးသို့ တရားစွဲဆိုတင် ပို့နိုင်ရန်ကိစ္စကို အာရုံစိုက် ဆောင်ရွက်နေရသဖြင့် ယခု NCUB ၏ လှုပ်ရှားမှုတွင် အတူတွဲဖက် ပါဝင်နိုင်ခြင်း မရှိပါကြောင်း ပြောဆိုသွားခဲ့ပါသည်။

နွမ်းလုလု ပန်းကလေးတွေ

အေးချမ်းမြေ့ | သြဂုတ် ၂၉၊ ၂၀၀၈
သူတို့မျက်နှာထားတွေက အားလုံး တပုံစံတည်း။ သူတို့ ကိုဖမ်းမိလို့ တုံ့ပြန်ပုံကလည်း တထေရာတည်း။ သူတို့အားလုံး၏ အရွယ်၊ သူတို့လာတတ်သည့်အချိန်၊ သူတို့ လုပ်ပုံ လုပ်နည်းများက အားလုံး တပုံစံ တည်းဖြစ်သည်။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်တို့တွင် ကျက်စားနေသော ကလေး သူခိုး ကလေးများအကြောင်းကို စမ်းချောင်းသား တဦးက ပြောပြနေခြင်းဖြစ်၏။

ကလေးများ၏ အရွယ်မှာ ၁၂ နှစ် ၁၃ နှစ် ပတ်ဝန်းကျင်ဖြစ်ပြီး အုပ်စုတစုလျင် အနည်းဆုံး ကလေး ၃ ဦးမှ ၆ ဦးထိ ပါဝင် သည်ဟု သူကဆိုသည်။

“ကျနော်တို့ ရပ်ကွက်ထဲမှာတင် မိတာ ၉ ခါလောက်ရှိပြီ” ဟု သူက ပြောသည်။ ကလေး များ အဓိက ယူသည့် ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ အမ်ပီသရီး ပလေယာ၊ စတီးချိုင့် စသည့် တန်ဖိုးအလွန်မကြီး သော ပစ္စည်းများဖြစ်သည်။

သူတို့ပုံစံက လမ်းထဲတွင် ပလတ်စတစ်ကောက်သည့် ပုံစံအတိုင်း ပီနံအိတ်ခပ်ကြီးကြီး တလုံး လွယ်ထားသည်။ ခိုးယူထား သည့်ပစ္စည်းများကို အောက်တွင်ခံကာ အပေါ်တွင် ပလတ်စတစ်ပစ္စည်း အစုတ်များ ဖုံးထားတတ်သည်ဟု ဆိုသည်။

“ဖမ်းမိတဲ့သူတွေက ကလေးတွေပဲဆိုပြီး ပြောဆို ပြန်လွှတ်ကြတာပဲ။ ဒါပေမယ့် မိတဲ့ ကလေးအားလုံးက ဖြေတာ တပုံစံ တည်းဖြစ်နေတယ်။ ပလတ်စတစ်ကောက်ရင်း ဒီပစ္စည်းကို တွေ့လို့ ယူမိတာပါ လို့ဖြေတယ်” ဟု စမ်းချောင်းသားက ပြောပြသည်။

တန်ဖိုးနည်း ပစ္စည်းများဖြစ်ခြင်း၊ ခိုးယူသူတို့မှာ ကလေးများ ဖြစ်နေခြင်းကြောင့် ပစ္စည်း ပျောက်သူတို့မှာ ရဲစခန်းသို့မတိုင် တော့ဘဲ ပြန်လွှတ်လိုက်ကြသည်။ ထိုကလေးများက တန်ဖိုးကြီးမားသည့် ပစ္စည်းများကို ယူနိုင်သောအနေအထား ရှိသည့် တိုင် လုံးဝယူသွား ခြင်းမရှိကြောင်း သိရသည်။

“ဟန်းဖုန်းလို ပစ္စည်းမျိုး အလွယ်တကူတွေ့တာတောင် မယူဘူး” ဟု သူက ဆက်ပြောသည်။

ထိုနယ်မြေအတွင်းမှ ဒုရဲအုပ်အဆင့် ရှိသူတဦးက ကလေးများမှာ ကြည့်မြင်တိုင် ငါးဈေး တဘက်ကမ်း အေး ရွာမှ ဖြစ်နိုင် သည်ဟု သုံးသပ်သည်။ ၎င်းက ထိုကလေးများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်းနေသူ တဦး သို့မဟုတ် တဦး မက ရှိနိုင်သည်ဟု ဆိုသည်။

“အိမ်တအိမ်ကို ဝင်ရင် သွပ်ပြားကို ချိုးတာကအစ သပ်ရပ်တယ်။ သေသေချာချာ လေ့ကျင့် ထားတာသေချာတယ်။ အိမ်ထဲကို ကျွမ်းကျင်တဲ့ ၂ ယောက်ကဝင်တယ်။ အပြင်မှာ ကျန်တဲ့ လူတွေက စောင့်နေတယ်” ဟု ၎င်းကရှင်းပြသည်။

ကြည့်မြင်တိုင် မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကလည်း သူ့အိမ်ဘေးခြံစည်းရိုးကို ထိုကလေးများခွာ၍ ဝင်နေစဉ် ဖမ်းဆီးမိဖူးသည်ဟု ပြောပြသည်။ စစ်မေးသည့်အခါ ကလေးများက ကြောက်ရွံ့ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ဖြေသည် ဟု ဆို၏။

“ကြည့်မြင်တိုင် တဘက်ကမ်းကလို့ ပြောတယ်။ ခိုးလို့ရတဲ့ ပစ္စည်းတွေကို ကြည့်မြင်တိုင် ညဈေးမှာ သွင်းတယ်တဲ့။ အင်္ကျီ တထည် ခပ်လတ်လတ်ဆိုရင် ၅၀၀ လောက်ရတယ် ပြောတယ်။ ကြောက်လန့်ပုံတော့ လုံးဝမရဘူး” ဟု ၎င်းကပြောပြသည်။

ညပိုင်းတွင် ထိုကလေးများမှာ ညလုံးပေါက် နေထိုင်၍ ရသော သီရိမင်္ဂလာ ကုန်စိမ်း ဈေးတွင် အချိန်ဖြုန်းလေ့ရှိသည်တဲ့။

“ကြည့်မြင်တိုင် တဘက်ကမ်းမှာတော့ အဲဒီလို ကလေးတွေ အများကြီးပဲ။ အိမ်ခြေရာမဲ့တွေ၊ မိဘမဲ့ ကလေးတွေပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သည့် သတင်းထောက် တဦးကပြောပြသည်။ ၎င်းက ဆက်လက်၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် အမှုအခင်းများ ပိုမို ထူပြောလာသည်ဟု ဆိုသည်။

သြဂုတ်လဆန်းပိုင်းကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ ဇေယျဝတီ စာသင်တိုက်တွင် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ မိန်းကလေး ၂ ဦး ယောက်ျားလေး ၃ ဦးတို့ ဝင်ရောက် ခိုးယူ ခဲ့ရာ မိန်းကလေး ၁ ဦးနှင့် ယောက်ျားလေး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

“ချော့မေး၊ ခြောက်မေးတာ မရဘူး။ ဘုန်းကြီးက ရိုက်ပြီးမေးတော့မှ ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာက လို့ဖြေတယ်” ဟု ၎င်းဇေယျဝတီကျောင်းတိုက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။

ကလေး အရေအတွက် ၄၀၊ ၅၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် ၎င်းတို့၏ စုရပ်မှာ ကြည့်မြင်တိုင် ဗားကရာနှင့် နတ်စင်လမ်း တို့ဖြစ်သည်ဟု ဆိုသည်။

ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာ အပါအဝင် ရွာများမှ ကလေးငယ်များမှာ ညနေစောင်းသည်နှင့် စက်လှေစုငှားပြီး ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်ကြသည်ဟု ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်နေထိုင်သူ တဦးက ပြောပြသည်။

“ညနေပိုင်းမှာ မြို့ထဲထွက်တောင်းစားပြီး ည ၁၀ နာရီလောက်ကျတော့ သီရိမင်္ဂလာဈေးမှာ တညလုံး အချိန်ဖြုန်းကြတာ။ အဲဒီထဲက အကြီးပိုင်းတွေက မနက်အစောကြီး အိမ်တွေထဲ ဝင်ခိုးကြတာ” ဟု သူက ပြောပြသည်။

တောင်းစားသည့် ကလေးများကော ခိုးသည့်ကလေးများပါ အဖွဲ့နှင့်ဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းနေသော ဂိုဏ်းထောင် ထားသူများ ရှိကြသည်ဟု သူကပြောပြသည်။ ထိုကလေးများနှင့် လူကြီးတချို့တို့ စာရင်းရှင်း နေကြသည်ကို မြင်ဖူးသည်ဟု သူကဆိုသည်။

“လေလွင့်ကလေးတွေ အရမ်းများတယ်ဗျ။ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ ကလေးတွေအတွက် ရင်လေးဖို့ ကောင်းတယ်။ သူတို့ကြီးလာရင် ဆိုပြီးတွေးတောင် မတွေးရဲအောင်ဘဲ” ဟု ၎င်းကပြောသည်။

ယခုနောက်ပိုင်းတွင် စာနာတတ်သူများက မိဘမဲ့ဂေဟာများ ပရဟိတ ဂေဟာများ ထူထောင်လာကြသော် လည်း မိဘမဲ့ ကလေးများထဲမှ ၁၀ ရာခိုင်နှုန်းမျှကိုပင် လက်ခံနိုင်ခြင်းမရှိသေးကြောင်း အဖြူရောင်သက်တံ ပရဟိတ အဖွဲ့ဝင်တဦးက ပြောပြသည်။ ပရဟိတ ဂေဟာ အများစုမှာ လုပ်ချင်စိတ်အား ဖြင့်သာ ဖွင့်ထား ကြသော်လည်း အများစုမှာ အခြေခိုင်မာခြင်း မရှိဟု သူကဆိုသည်။

“လှည်းကူးက ဝိတိုရိယ ကလေးဂေဟာဆိုရင် ကလေး ၅၀ ကျော်ရှိတယ်။ ကလေးအားလုံးကို ကျောင်းထား ပေးတယ်။ ဒါပေမယ့် ကလေးတွေကလယ်ကွင်းထဲမှာ တဲထိုးပြီးနေရတယ်” ဟု သူကိုယ်တိုင်ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။

ထိုဂေဟာမှကလေးများမှာ နေ့စဉ် သောက်သုံးရေခပ်ကြရပြီး ချက်ပြုတ်ရန် ထင်းခွေထွက်ရသည်။ အလှူရှင် မရှိ၍ အဆင်မပြေသည့် နေ့များတွင် ထမင်းမစားရဘဲ ဆန်ပြုတ်သာ သောက်ရသည်တဲ့။

တချို့သော ကလေးဂေဟာများမှ ကလေးများကို အရွယ်မရောက်သေးခင်မှာပင် နိုင်ငံတော်က ခေါ်ယူကာ စခန်းသွင်း လေ့ကျင့်ပေးမှုများ အများအပြားရှိကြောင်း မကြာသေးခင်ကမှ အငြိမ်းစားပေးခံခဲ့ရသော ဗိုလ်မှူး ဟောင်းတဦးက ပြောပြသည်။

“ရဲမွန်တပ်မြို့က စခန်းသွင်း လေ့ကျင့်ပေးနေတဲ့ ကလေးတွေထဲမှာ အငယ်ဆုံးက ၉ နှစ်ပဲရှိသေးတာ တွေ့ဖူးတယ်” ဟု သူကပြောသည်။

ထိုကလေးများမှာ ဘဝအခြေမခိုင်ခင်မှာပင် မြန်မာ့တပ်မတော်၊ ရဲ၊ အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့၊ လုံထိန်း စသည့် နေရာများသို့ ရောက်သွားကြရသည်ဟု ဆက်ပြောသည်။

“တကယ်တော့ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး။ သူတို့ဘဝက အဖြူထည်သက်သက်ပဲ။ ဒါပေမယ့် သူတို့ရဲ့အနာဂတ် တွေကတော့ ကြောက်စရာကောင်းတယ်” ဟု ဗိုလ်မှူးဟောင်းက စိတ်မချမ်းမြေ့စွာ ဆိုသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းတွင် မိဘမဲ့ကလေး အမြောက်အများချီ၍ ကျန်ခဲ့သည်။ ထိုကလေးများအတွက် နိုင်ငံ တော်က ပြုလုပ်ပေးသော မည်သည့်အစီအစဉ်မှ မည်မည်ရရ မကြားရသေးပေ။

“ခက်တာက နိုင်ငံတော်ကလည်း ဘာမှမလုပ်ပေး၊ ကျနော်တို့လို ပြည်တွင်းက ပရဟိတ အလှူရှင်တွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ၊ ပေးနိုင်သလောက် ကျပြန်တော့လည်း ဆင့်ပါးစပ် နှမ်း ပက် သလောက်ပဲရှိတာ” ဟု ကလေးသူငယ် ကူညီစောင့်ရှောက်ရေး လူမှုဝန်ထမ်း တဦးက စိတ်ပျက်လက်ပျက် ကောက်ချက်ချသည်။