Thursday, September 4, 2008

မောင်စူးစမ်းသို့စူးစမ်းမှု


မောင်စူးစမ်း!!!!!
ရုတ်မက်၇ချက်၏မည်သည့်အချက်ကိုယုံကြည်၍ဤသို့ပြောရပါသလဲ..(သို့)နောက်ခံအကြောင်းတစုံ
တရာကြောင့်ပြောရပါသလား..ဟုမေးချင်ပါသည်။ပြည်သူအပေါ်ရက်ရက်စက်စက်သတ်ဖြတ်...ဒီပဲရင်းလြိုပည်သူ
ထောက်ခံသောခေါင်းဆောင်ကိုတဖက်လှည့်နှင့်လုပ်ကြံသောနအဖ..၁၉၉၁မှ၂၀၀၈ထိနိုင်ငံရေးနှင့်ပတ်သက်၌လည်း
ကြံဖွတ်မှသည်ကျောင်းသားအမည်ခံအေးလွင်အဖွဲ့အထိဖွဲ့စည်းလှုပ်ရှားခွင့်တွေပေး၍ပြည်သူနှင့်နိုင်ငံရေးလှုပ်ရှားသူ
များကိုနည်းမျိုးစုံနှင့်ဖျက်စီးဟန့်တားခဲ့သည်။

ပြီးခဲ့သည့်ရက်ဖရက်ဒန်တွင်လည်းအိမ်ထောင်စုစာရင်းအတင်းကောက်၍၉၂ရာခိုင်နုန်းကျော်မဲလာထည့်သည်ဟုလိမ်ခဲ့
သည်။ပြည်သူသိန်းနှင့်ချီသေနေသောနာဂစ်သည်ဒုတိယ၊အာဏာတည်မြဲရေးရက်ဖရက်ဒန်သည်ပထမ၊ကျင့်သုံးခဲ့သော
နအဖ၊မည်သို့သောလေးစားယုံကြည်မှုကိုရင်မှာပိုက်ပြီး၊ရုတ်မက်၇ချက်ကိုလိုက်နာရပါမည်လည်း၊မောင်စူးစမ်းဖြေပါ။

ဒေါ်စု၊မင်းကိုနိုင်အပါအ၀င်နိုင်ငံရေးလမ်းကြောင်းတခုပေါ်တွင်ပြည်သူအုပ်စိုးသောအစိုးရပေါ်ပေါက်လာရန်ရဲရဲဝင့်ဝင်
့်တိုက်ပွဲဝင်နေသူများကို(ရွေးချယ်စရာလမ်းမရှိဆိုသော)သင့်စကားတခွန်းနှင့်မစော်ကားပါနှင့်၊သင့်သမိုင်းသင်ဖျက်စီး
ရာရောက်ပါသည်။

ငါလုပ်တာဘာမဆိုတင့်တယ်တယ်ဟုသွေးနထင်ရောက်၊မြန်မာပြည်သူရော၊ကမ္ဘာကပါလက်မခံနိုင်သည့်အကြမ်းဖက်
လုပ်ရပ်များ၊ကမ္ဘာတွင်မကြားဖူးသော ဥပဒေနှင့်အပြစ်ဒါဏ်များ၊ဘုရားထူးသူသာကြီးပွားစေသောစီးပွားရေးစနစ်၊ဘုရင်လို
လို..ဘုရားလိုလိုကိုယ့်ကိုကိုယ်ထင်နေသောသူတဦး၏ပြောချင်တာပြောလုပ်ချင်တာလုပ်နေသည့်တဖက်သတ်အစီအမံကို
သင်လက်ခံခဲ့လျှင်ရှေ့ရေးကိုမျှော်တွေးကြည့်လိုက်ပါ။

၁၉၉၀ရလဒ်ကြီးရင်မှာဖက်ပြီးတဖက်သတ်ဘူးခံငြင်းခြင်းမဟုတ်၊နိုင်ငံတိုင်းတွင်သင့်တင့်လျှောက်ပတ်(ရှဥ့်လည်းလျှောက်
သာ၊ပျားလည်းစွဲသာ)သောနိုင်ငံရေးအခင်းအကျဉ်းရှိသည်။ဖြစ်ခဲ့သမျှကိုခ၀ါချ၊နိုင်ငံအကျိုးမျှော်တွေး၍အသစ်ကစချင်
လည်းအချိန်မနှောင်းသေးပါ။သင့်တင့်လျှောက်ပတ်မှုတော့ရှိရပါမည်။

၂၀၁၀ရွေးကောက်ပွဲကိုနအဖအနှောင်အဖွဲ့မပါ၊နိင်ငံတကာအဖွဲ့အစည်း(သို့)ပြည်တွင်းမှလွတ်လတ်စွာစီမံခွင့်၊စောင့်
ကြည့်ခွင့်ရရှိလျှင်NLDအနေနှင့်နောက်ထပ်မှတ်ကျောက်အတင်ခံနိုင်ပါသေးသည်။သင်လည်းအနိုင်ရခဲ့ဖူးတာပဲ။
သင်အသက်..အတွေ့အကြုံ၊ယုံကြည်ကိုးစား၍သင့်အတွက်မဲထည့်ခဲ့သောပြည်သူများ၊သင်ရှက်တတ်လျှင်သင့်
စကားတခွန်းအတွက်လဲသေလို့ရသည်။

အကောင်းဆုံးဖြစ်နိုင်ခြေကတော့ဆွေးနွေးခြင်းသာပေ၊သမ္မတနေဖို့အိမ်ကိုသမ္မတဖြစ်လာမယ့်သူကိုဘယ်လိုပုံကြိုက်
လည်းမေး၍ဆောက်နေသည့်မြန်မာအရေးတွေးမိလျှင်ရင်မှာမချိပါဘု....အောင်မလေးမောင်စူးစမ်းရဲ့....သင်သာ
@#%^&*^%$#@&^%$#@%$#.......။ ။

စစ်အစိုးရ လမ်းပြမြေပုံမှလွဲ၍ ရွေးချယ်စရာမရှိဟု အန်အယ်လ်ဒီအမတ်ဟောင်းမောင်စူးစမ်းပြော


ပီတာအောင်/ ၄ စက်တင်ဘာ ၂၀၀၈

စစ်အစိုးရသွားနေသည့် လမ်းပြမြေပုံ (ရုဒ်မက်) အတိုင်း သွားရုံမှလွဲ၍ တခြားရွေးချယ်စရာ လမ်းမရှိသည့် အတွက် ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမည်ဖြစ်သည်ဟု အန်အယ်လ်ဒီ အမတ်ဟောင်းလည်းဖြစ်သည့် စာရေးဆရာ မောင်စူးစမ်းက ပြောသည့်အတွက် အတိုက်အခံ ဘက်က သဘောမတူကြောင်း ပြောဆိုသည်

သြဂုတ် (၈) ရက် ရန်ကုန်ထုတ် မော်ဒန်သတင်းဂျာနယ်ပါ ဆရာမောင်စူးစမ်း၏ “နိုင်ငံရေး သစ်ချင်း ဖျတ်ခနဲ ယှဉ်ကြည့်” ဆောင်းပါးနှင့် ပတ်သက်၍ ခေတ်ပြိုင်က သီးခြား ဆက်သွယ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါး၌ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အသစ်နှင့် အခင်းအကျင်းအသစ်ဖြစ်နေပြီဖြစ်၍ နိုင်ငံရေးအသစ်ဖြစ်မည်ဖြစ်ကြောင်း၊ အခြား ရွေးချယ်စရာ အစီအစဉ်နှင့် ဖိုရမ်တို့ ဖြစ်နိုင်ခြေမရှိ၍ ဖြစ်နိုင်ခြေ တကယ်ရှိနေသည့်အစီအစဉ်ကို မြန်မြန်ဖြစ်အောင်သာ တိုက်တွန်းရန်ရှိသည်ဟု ဆရာမောင်စူးစမ်းက ရေးထားသည်။

ဆရာ မောင်စူးစမ်းက “ဒါက No choice ဘယ်သူမှ ဒါနဲ့ယှဉ်ပြိုင်ရွေးစရာလမ်းမရှိဘူး။ No choice at all ကြိုက်သော်ရှိ မကြိုက်သော်ရှိ လက်ခံရမှာ။ စိတ္တဇဖြစ်ဖို့မလိုဘူး။ နိုင်ငံရေးသမား နိုင်ငံရေး ဆိုတာ စိတ္တဇဖြစ်ရတာမဟုတ်ဘူး။ ဒါက ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ ဒါကိုအသိအမှတ် မပြုဘူး ဆိုရင် ငါဘာလုပ်မလဲ။ (existential crisis) ခေါ်တယ်။ ဖြစ်တည်မှုအကျပ်အတည်းပဲ။ မေးကြည့် ပေါ့။ ကိုယ့်ဘာ့ကိုယ် ဒါမလုပ်ရင် ကိုယ်ဘာလုပ်မလဲဖြေပေါ့။ ဆိုလိုတာမဟုတ်ဘူး။ အဖြစ်အတိုင်း တင်ပြတာ။ အရှိအတိုင်း၊ ဒီလမ်းကလွဲလို့ မရှိဘူး” ဟု ပြောသည်။

ဆရာမောင်စူးစမ်း၏အမြင်ကို သဘောမတူကြောင်းနှင့် ရုဒ်မက်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “လူတွေမှာတော့ သီးခြားအမြင်ရှိမှာပေါ့ဗျာ။ ကျနော်တို့က ရုဒ်မက်ကို လက်မခံဘူး။ ရုဒ်မက်ကလွဲပြီး တခြားနည်းလမ်းရှိတယ်ဆိုပြီး ကျနော်တို့ ကြိုးစားနေတယ်။ သူကတော့ ဒါပဲရှိ တယ်လို့ ပြောတယ်။ မတူပါဘူး အမြင်ချင်း။ ကျနော်တို့တိုင်းပြည်က အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောပြီး လုပ်လို့ရတဲ့တိုင်းပြည်ဆိုရင် ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောပြီး အလုပ်လုပ်မှာပါ။ ဒီတိုင်းပြည်မှာ အဲဒီလိုလုပ်ခွင့်မရှိတဲ့အခါ ဘယ်လိုဘယ်ရွေ့ မပြောနိုင်ပါဘူး” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးရေးသည် အလှတန်ဆာဆင်ခြင်းသာဖြစ်ပြီး အနှစ်သာရ မဟုတ်ကြောင်း၊ အလှတန်ဆာဆင်မှုကို စွဲမက်လွန်းလျှင် ဤအလှတန်ဆာဆင်မှုထဲ ချောင်ပိတ်မိပြီး ထွက်နိုင်မည် မဟုတ်ဟုလည်း မောင်စူးစမ်းက သူ့ဆောင်းပါတွင်ပြောသည်။

“ခမ်းနားကြီးကျယ်ချင်တာပဲပြောနေတာ။ ဘာ Issue ကို ပြောမှာလဲ၊ Issue Oriented ဖြစ်မှပေါ့၊ ဒိုင်ယာလော့ဂ်ဆိုပြီး ပါးစပ်က ပြောတာပဲ ခမ်းနားကြီးကျယ်တဲ့ သဘာဝရှိတဲ့ဟာမျိုးကြီးတွေ ပြောနေတော့ လူ့အခွင့်ရေးရှိတယ်၊ constitutional affair ရှိမယ်၊ ပါဝါပြဿနာရှိမယ်၊ မဟာ ဗျူဟာ Issue တွေ မပြောဘဲနဲ့ ဘာလုပ်မလဲ။ ဖြစ်သင့်တာ မဖြစ်သင့်တာနဲ့မဆိုင်ဘူး။ နိုင်ငံရေး က ဒါနဲ့ကြည့်ရတာမဟုတ်ဘူး၊ ဖြစ်နေတာပဲကြည့်ရမယ်” ပြောသည်။

တွေ့ဆုံဆွေးနွေးမှုကို ဆရာ မောင်စူးစမ်းက မထောက်ခံသော်လည်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးကို အဖြေရှာနိုင်မည်ဟု အန်အယ်လ်ဒီက ယနေ့တိုင် ယုံကြည်ထားဆဲဖြစ်သည်။ ဆရာမောင်စူးစမ်း၏ တွေ့ဆုံဆွေးနွေးရေးသည် အလှတန်ဆာဆင်ခြင်းသာဖြစ်သည်ဆိုသည့် အယူအဆနှင့် ပတ်သက်၍ အန်အယ်လ်ဒီကို မေးမြန်းရာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့သဘော မတူပါဘူး။ အန်အယ်လ်ဒီကတော့သဘောမတူပါဘူး။ ကျနော်အသေးစိတ် တော့မပြောချင်ဘူး။ သူလွတ်လွတ်လပ်လပ်တွေးလို့ရတယ်။ ကျနော်တို့ကလည်း လွတ်လွတ် လပ်လပ်တွေးလို့ရတယ်။ သူ့ဆောင်းပါးတွေအပေါ်မှာ ကျနော်တို့အသေးစိတ်ပြောမယ်ဆိုရင် ကျနော်တို့ အဓိကလုပ်ရမယ့် အလုပ်တွေပျောက်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကိုယ့်အချင်း ချင်းကြားမှာပဲ စကားများနေကြတဲ့သဘောဖြစ်နေမယ်” ဟု အန်အယ်လ်ဒီက ပြောသည်။

စာရေးဆရာ မောင်စူးစမ်းခေါ် ဦးချမ်းအေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည်။

လက်ရှိအချိန် ဆရာမောင်စူးစမ်းသည် ဓန၊ ရနံ့သစ်၊ နွယ်နီ၊ အတွေးအမြင်၊ စံပယ်ဖြူ စသည့် မဂ္ဂဇင်းများအပြင် ဈေးကွက်၊ စာဖတ်သူ၊ ကုမုဒြာ၊ 7 Day News၊ ခေတ်ဆန်း၊ အကျိုးဆောင် စသည့် အပတ်စဉ် ဂျာနယ်များ၌ ပြည်တွင်း စီးပွားရေးနှင့် နိုင်ငံတကာရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။



မြန်မာနိုင်ငံတွင်း အကျဉ်းခံနေရခြင်း


ဆိုင်မွန်တစ်(စ်)ဒယ် (၄-၉-၀၈)။ ။

ရန်ကုန်နေအိမ်တွင် အကျယ်ချုပ်ချခံထားရ၊ သားသမီးများနှင့်ခွဲနေရ၊ ဧည့်သည်များလည်း ၀င်ခွင့်မရ၊ ဖုန်းလိုင်းလည်း ဖြတ်တောက်ခံရ၊ စာများလည်း ကြားဖြတ်အဖောက်ခံရ စသည့် အဖြစ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှာ မည်သို့သောဘ၀မျိုး ဖြစ်မည်ဆိုသည်ကို မှန်းဆရ ခက်လှသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအောင်မြင်မှု ရလဒ်ကို စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ (၁၃) နှစ်ထဲ ရောက်ရှိလာပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်ကတည်းက ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လပိုင်းက (၆၃) နှစ်ပြည့် မွေးနေ့ကိုလည်း တကိုယ်တည်း ကျင်းပခဲ့ရသည်။

အတည်မပြုရသေးသော အစီရင်ခံစာများ၏ အဆိုများအရ ယခင်က ကျန်းမာရေး ချူချာသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယခု ပြန်ပြီး နေထိုင်မကောင်း ဖြစ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် လက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့သည့် ဒေါ်စု၏ ရှေ့နေဦးကြည်ဝင်းက “ကျမ ပင်ပန်းနေပြီ၊ အနားယူဖို့လိုတယ်” ဟု ဒေါ်စုကို ကိုးကားပြောသည်။

နေအိမ်သို့ အစားအသောက်များ ပို့ပေးခြင်းကို ဒေါ်စုမှ ငြင်းဆန်လိုက်ပြီးနောက်တွင် ဒေါ်အောင် ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်လာသည်။ ၂၀၀၃ ခုနှစ်က ကိုယ်အလေးချိန်ထက်စာလျှင် ယခု ကိုယ်အလေးချိန် (၇) စတုန်ခန့် လျော့ကျသွား ကြောင်း ဒေါ်စု၏ ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆင်မပြေမှုအခြေအနေတွင် မရေရာမှုများ ၀န်းရံနေသည့်တိုင် သံဃာ့အရေးအခင်းကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး တနှစ်အကြာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး အခြေအနေများမှာမူ ယခင်နှင့် ထူးမခြားနားသာ ရှိနေသည်။ မည်သို့ အကဲဖြတ်စေကာမူ မြန်မာနိုင်ငံ၏ အခြေအနေမှာ သိသိသာသာ ပိုမိုဆိုးဝါးလာသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းနာဂစ်သည်လည်း ဆိုးဝါးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ သို့ရာတွင် အဆိုးတွေထဲမှ အများစုမှာ သဘာဝဘေးအန္တရာယ် ထက် လူကြောင့် ဖြစ်ရသည့် ဆိုးရွားမှုများပင် ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများ၊ ဝေဖန်တောင်းဆိုမှုများ အပြင်းအထန် ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရသည် ၁၉၈၉ ခုနှစ်ကတည်းက အကျဉ်းချ ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်ပိုင်းများ အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ဆက်လက် အကျဉ်းချထားဆဲဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းအားထုတ်မှုများသည်လည်း နည်းနည်းမျှ အရာမထင်ခဲ့ပေ။ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် စစ်ဗိုလ်ချုပ်များ စွမ်းအင် ထုတ်ကုန် စာချုပ်များ ချုပ်ဆိုခဲ့သောကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ကုန်သွယ်ရေး ပိတ်ဆို့ထားမှုများသည်လည်း အခြေမခိုင် ဖြစ်ခဲ့ရသည်။ မနှစ်က လောင်စာဆီနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းချမှုမှ ရရှိခဲ့သော ငွေကြေးသည် ဒေါ်လာ (၃.၃) ဘီလီယံအထိ ရှိခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဘင်ဂျမင် ဇာဗက်စကီး၏ အဆိုအရ မြန်မာနိုင်ငံ လူဦး ရေထဲမှ လူပေါင်း ငါးသိန်းခန့်သည် ပြည်တွင်းမှာပင် ရွာပုန်းရွာရှောင်များအဖြစ် နေထိုင်နေကြရ သည်ဟုဆိုသည်။ စစ်တပ်သည် ကရင်နှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ်တွင် “တရား လက်လွတ် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓမ္မ အစဖျောက်မှုများ၊ စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးမှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ သီးနှံဖျက်ဆီးမှုများ၊ သွားလာလှုပ်ရှားမှု ထိန်းကွပ် မှုများ” အပါအ၀င် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟုလည်း ဘင်ဂျမင်က ပြောသည်။

ကမ္ဘာကြီးထဲတွင် ဆိုးရွားသည့် ဆင်းရဲကျပ်တည်းမှု၊ ကျန်းမာရေးပြဿနာများ၊ အဂတိလိုက်စား မှုများကြား အများစု၏ တခုတည်းသော ဆန္ဒမှာ “လွတ်မြောက်လိုခြင်း” ဖြစ်သည်။ ကြာမြင့်စွာ ဒုက္ခဆင်းရဲ ခံစားခဲ့ကြရသည့် ဇင်ဘာဘွေနိုင်ငံသားများမှာပင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး နိုင်သည့် ရွေးချယ်ခွင့်တခုတော့ ရှိနေသည်။

သို့ရာတွင် မြန်မာနိုင်ငံသားများမှာမူ အုပ်ချုပ်သည့်အစိုးရက အကျဉ်းချထားခြင်း၊ ကန့်သတ်ထား ခြင်း ခံနေရသည့်ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများကလည်း လိုလိုလားလား လက်ခံမှုမရှိပေ။ ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း (၅၀) ကျော် နေထိုင်နေသော မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အကျဉ်းထောင်ကြီး ဖြစ်လာရသည်။

“ကုလသမဂ္ဂမှ ကိုယ်စားလှယ် စေလွှတ်သည့်ကိစ္စမှာ လုံးဝ အောင်မြင်မှုမရှိ” ဟု ဘားမားကမ့်ပိန်း ယူကေမှ ဒါရိုက်တာဖြစ်သူ မာ့ခ် ဖာမန်နာက ပြောသည်။

နိုက်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း အီဘရာဟင် ဂမ်ဘာရီကို ၂၀၀၆ ခုနှစ် မေလတွင် အထူးသံတမန်အဖြစ် ခန့်အပ်ပြီးချိန်ကတည်းက နိုင်ငံရေးအကျဉ်းသားဦးရေ နှစ်ဆတိုးလာခြင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်းတွင် တိုင်းရင်းသားလူနည်းစုများအား မျိုးပြုတ်အောင်သုတ်သင်မှု ပိုမို များပြားလာခြင်း၊ ဆိုင်ကလုန်းနာဂစ်အတွက် လူသားချင်းစာနာသည့် အကူအညီများကို ပိတ်ပင် တားဆီးခံရခြင်းတို့ ဖြစ်လာသည်ဟုလည်း မာ့ခ်က ပြောသည်။

“လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး အလွန်အကျွံ ဆိုးရွားမှုတွေ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဂမ်ဘာရီရဲ့ နောက်ဆုံး ခရီးစဉ်နှစ်ခုမှာ စစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းက သူ့ကိုတောင် မတွေ့ တော့ဘူး။ သူ့ကို စစ်အစိုးရအတွက် ဘက်လိုက်သူလို့ မြင်နေကြတော့ သူ့အနေနဲ့ နုတ်ထွက် သင့်ပြီလို့ ကျနော်တို့ထင်တယ်။ နှစ်ဘက်လုံးက သူ့ကို လေးစားမှုမရှိသလို ယုံကြည်မှုလည်း မရှိကြတော့ဘူးလေ” ဟု မာ့ခ်က ပြောသည်။

ဂမ်ဘာရီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဝေဖန်ပြောဆိုသည်။ သြဂုတ်လ (၂၃) ရက် နေ့တွင် အဆုံးသတ်သွားသည့် ဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်တွင် “အပြုသဘောဆောင်သည့် တိုးတက်မှုမရှိ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်သည်။

အတိုက်အခံများက လက်မခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အောက်တွင် ၂၀၁၀ ပြည့်နှစ်၌ စစ်အစိုးရမှ ရွေးကောက်ပွဲများ ပြုလုပ်ရေးတွင် ကုလသမဂ္ဂအထူးသံတမန်မှ ကူညီမည်ဆိုသည့် ကမ်းလှမ်းချက်သည် အထူးသံတမန်တဦး၏ လွတ်လပ်မှုကို အခြေယိုင်စေသည်။

ဒေါ်အောင်ဆန်းစုကြည်အပိုင်းကိုကြည့်လျှင် ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ဂမ်ဘာရီနှင့် တွေ့ဆုံမည့်အရေးကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သဖြင့် ဂမ်ဘာရီ တယောက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပေါက်ဝမှာ ရပ်နေခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အကြွမှု ထပ်မံမဖြစ်ပွားခင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းကိုယ်တိုင် တာဝန်ယူရမည့်အချိန် ရောက်လာပြီဟု မာ့ခ်က ပြောသည်။ ဘန်ကီမွန်းသည် ဒီဇင်ဘာလတွင် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးပြီး မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

“နှစ်ပေါင်း (၂၀) အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂက (၃၇) ကြိမ်တိုင်တိုင် သွားရောက်လည် ပတ်ခဲ့ပေမယ့်လည်း အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတယ်။ အခုဆိုရင် ကုလသမဂ္ဂ အနေနဲ့ စစ်အစိုးရ လုပ်ဖို့လိုတာတွေကို အချိန်ကန့်သတ်ချက်တွေ၊ စည်းကမ်းသတ်မှတ်ချက် တွေနဲ့ ဆောင်ရွက်ဖို့ လိုလာပါပြီ။ ပထမဆုံး စည်းကမ်းသတ်မှတ်ရမှာကတော့ နိုင်ငံရေးအကျဉ်း သားတွေအားလုံး လွှတ်ပေးရေးဖြစ်တယ်” ဟု မာ့ခ်က ပြောသည်။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးလုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အပြည့်အ၀ ကျားကန်ပေးရေးမှာလည်း မရှိမဖြစ်လိုအပ်သည်။ စစ်အစိုးရအနေဖြင့် လိုက်လျောခြင်းမရှိပါက လခြုံရေးကောင်စီအနေနှင့် ဒဏ်ခတ်မည့် ဆုံးဖြတ်ချက်မျိုးချမှတ်ရန် အသင့် ရှိနေရမည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်စေရေးအတွက် ကုလသမဂ္ဂနှင့် အခြားဆွေး နွေးပွဲများတွင် တက်တကကြကြွ စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းကိုတော့ မာ့ခ်က ချီးကျူးသည်။

သို့ရာတွင် အခြား အနောက်နိုင်ငံခေါင်းဆောင်များနှင့် တရုတ်နိုင်ငံကဲ့သို့သော အမှန်တကယ် သြဇာရှိသည့်နိုင်ငံများသည် မြန်မာ့အရေးအပေါ် စိုးရိမ်မှုနည်းလာသည့်ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာတော်လှန်ရေးကြောင့် အာရုံစိုက်ခဲ့ရသော မီဒီယာစိတ်ဝင်စားမှုမှာလည်း ယခု အချိန်တွင် အခြားနေရာများသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။

“စိတ်ပျက်စရာတွေ တိုးလာတယ်။ လူထုအုံကြွမှုပြီးတဲ့နောက်ပိုင်း လူတွေဟာ အလွန်စိတ်ဓာတ် ကျလာတယ်။ အရမ်းကြောက်လန့်လာကြတယ်။ ဒါပေမယ့်လည်း ဂမ်ဘာရီတော့ တခုခုလုပ်မှာ ပဲဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေကြတယ်။ အခု အဲဒီမျှော်လင့်ချက်လည်း ပျောက်သွားပြီး အရင်ကထက် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုများလာတယ်။ အခုအချိန်မှာတော့ ဒေါသထက် အကြောက် တရားက ပိုအားကောင်းနေတယ်။ ဒါပေမယ့် ဒီအခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်” ဟု မာ့ခ်က ပြောသည်။

(စက်တင်ဘာ ၂ ရက် လန်ဒန်မြို့ထုတ် The Guardian သတင်းစာပါ ပင်တိုင်ဆောင်းပါးရှင် Simon Tisdall ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

By NEJ



မျှော်ရုံတောမှာ မောလှပြီ


ဒေါက်တာလွဏ်းဆွေ (၃-၉-၂၀၀၈)။ ။ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေ ခံစားခဲ့၊ ခံစားနေရဆဲ အနှစ် (၂ဝ) နိုင်ငံရေးဝဋ်ဒုက္ခကို ကင်ပွန်းတပ်ရရင် ဆရာမြသန်းတင့်ရဲ ဘာသာပြန်ဝတ္ထု ခေါင်းစီးနဲ့ ခပ်ဆင်ဆင် ဖြစ်လိမ့်မယ်။ ပြင်သစ်ပန်းချီကျော် ဂေါ်ဂင်အကြောင်း ရေးထားတဲ့ Gorhan ရဲ့ The Gold of their Bodies ဝတ္ထုစာအုပ်ကို ဆရာမြသန်းတင့်က ‘မှော်ရုံတောမှာ မောလှပြီ’ ဆိုတဲ့နာမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ အခု ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအားလုံး ခံစားနေရတဲ့ နိုင်ငံရေး ဝဋ်ဒုက္ခကလည်း အဲဒီနာမည်နဲ့ ခပ်ဆင်ဆင် ‘မျှော်ရုံတောမှာ မောလှပြီ’ လို့ ဆိုရမှာပါ။

နဝတစစ်အုပ်စု အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့က စလို့ ကျနော်တို့အားလုံး ၉ဝ ရွေး ကောက်ပွဲကို မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ နေအိမ်အကျယ်ချုပ်က ဘယ်တော့လွတ်မလဲ မျှော်ရ၊ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ မဲအပြတ် အသတ်နဲ့ နိုင်တော့ အစိုးရဘယ်တော့ဖွဲ့မလဲ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့အခါ ဘာဆက်လုပ်မလဲ မျှော်ရ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ပေါ်လာတော့ ပြည်သူ့လွှတ်တော် ဘယ်တော့ခေါ်မလဲ မျှော်ရ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ရာဇလီအစ္စမေးလ်ကို ကိုယ်စားလှယ်လွှတ်တော့ စစ်အုပ်စုနဲ့ လူထုခေါင်းဆောင် တွေ့ဆုံ ဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ အကြိမ်ကြိမ်အခါခါ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ လက်ဆွဲ နှုတ် ဆက်တာ မြင်ရပြန်တော့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်တော့မလား မျှော်ရ၊ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ပေါ်လို ဆာဂျီရို ပီညဲရိုးလာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လေမလား မျှော်ရ၊ ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ ကျန်ခဲ့တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီ ဘယ်လို ဆက်လက်တိုက်ပွဲဝင်မလဲ မျှော်ရ၊ ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်တော့ အတိုက်အခံ လက်နက်ကိုင်အင်အားစု တွေ ဝင်ကယ်နိုး မျှော်ကိုးကြ၊ ရွှေဝါရောင် အရှိန်မြင့်ဆဲ ဒုတိယမြောက် ကုလ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ လာမယ်ဆိုပြန်တော့ ဘာများထူးခြားမလဲဆိုပြီး တိုက်ပွဲကို အရှိန်သပ်ပြီး မျှော်ပြန်ကြ.. အဲဒီလိုနဲ့ ဘန်ကီမွန်းကို မျှော်၊ ဂျော့ဘုရှ်ကို မျှော်၊ ကုလသမဂ္ဂတပ်ကြီးကို မျှော်နဲ့… မျှော်ရုံတောမှာ မောခဲ့ရတဲ့ ကျနော်တို့ရဲ့ ဇာတ်လမ်းရှည် ကြီးဟာ အနှစ်နှစ်ဆယ်ပြည့်လုပြည့်ခင်။

နောက်ဆုံးမျှော်ခဲ့ရတဲ့ ဇာတ်လမ်း တပုဒ်ကတော့ အခုအထိ ပဟေဠိဖြစ်နေကြဆဲ၊ ငြင်းခုန်နေကြဆဲ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ခွင့်မရဘဲ ပြန်သွားရတဲ့ ဂမ်ဘာရီရဲ့ ခရီးစဉ်ပါပဲ။ ဒီတခါ ခရီးစဉ် အပြီး ထူးခြားတာတခု ကတော့ မြန်မာပြည်သူတွေနဲ့ အတိုက်အခံ အင်အားစုတွေဟာ မျှော်ရုံတောမှာ မောခဲ့ရတဲ့ အဖြစ် သနစ်တွေကို သည်းမခံ နိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှု တွေ သံပြိုင်လုပ်လာကြတာပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့် ဂမ်ဘာရီကို တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်လိုက်တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှု အပါအဝင် ဘယ်လို မျှော်ကိုးမှုမျိုးကမှ အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာကို အချက်ပြလိုက်သလို ဖြစ်သွားလို့ အခုလို တူညီတဲ့ ဝေဖန်ပြောဆို သံတွေထွက်ပေါ်လာတာလို့ ထင်မိပါတယ်။

ဝေဖန်မှုတွေထဲမှာ ကုလသမဂ္ဂ အဖွဲ့ကြီး၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီတို့ကိုပါ နအဖကို ဝေဖန်ပြစ်တင်တဲ့နည်းတူ ပြင်းပြင်းထန်ထန် ပြောဆိုထောက်ပြလာကြတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း ဘန်ကီမွန်းနဲ့ ဂမ်ဘာရီတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ မူလလုပ်ငန်းစဉ်တွေ ဖြစ်မြောက်အောင် နအဖကို ဖိအားပေး ဆောင်ရွက်ဖို့ မကြိုး စားတော့ဘဲ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကိုသာ အမြန်ဆုံး အဆုံးသတ်ဖို့ တွန်းအားပေး ဆောင်ရွက်နေ တဲ့အတွက် အခုလို ဒေါသတကြီး ပြစ်တင်ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် နအဖက တဘက်သတ် ရေးဆွဲထားတဲ့ စစ်ကျွန်သက်ရှည်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားပေးမယ်လို့ တိုက်တွန်းပြောဆိုတဲ့အပေါ် အန်အယ်လ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုတွေက ဒေါသတကြီး တုံ့ပြန်ကြတာ ဖြစ်ပါတယ်။

ပြောရရင် ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေအပေါ် မြန်မာပြည်သူတွေနဲ့ အတိုက်အခံတွေ အခုလို ဒေါသသင့်လာကြတာကို အပြစ်မဆိုသာဘူးလို့ ပြောရပါမယ်။ ဆယ်စုနှစ် တစုနီးပါး ရှိတော့မယ့် ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်မှုတွေဟာ ကြာလာတာနဲ့ အမျှ မြန်မာပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး လမ်း ကြောင်းပေါ်ကနေ သွေဖည်သွားပြီး စစ်အုပ်စုသက်ဆိုးရှည် ရေးအတွက် အချိန်ဆွဲ လုပ်ဆောင်ပေးသလို ဖြစ်လာတာကို အထင်အရှား တွေ့ရလို့ပါ။

၂ဝဝဝ ပြည့်နှစ် ဧပြီလမှာ ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က မလေးရှားနိုင်ငံသား ရာဇလီ အစ္စမေးလ်ကို မြန်မာ့နိုင်ငံရေးမှာ ကြားဝင်စေ့စပ်ပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ခန့်ခဲ့တယ်။ မြန်မာပြည်ကို (၁၂) ကြိမ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ ဟန်ပြတွေ့ဆုံမှု နှစ်ကြိမ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတယ်။ နှစ်ဘက်အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုရဲ့ အချိန်ဆွဲမျက်နှာပြောင်တိုက်တာကို ခံရပြီး မအောင်မမြင်နဲ့ ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ရာဇာလီဟာ စစ်အုပ်စု လက်အောက်မှာ ကုမ္ပဏီတွေဖွင့်ပြီး အကျိုးတူ စီးပွားရေး လုပ်ဆောင်တာကို ဖော်ကျွန်းမဂ္ဂဇင်းက ဖွင့်ချလိုက်လို့ အရှက်တကွဲဖြစ်ပြီး နောက်ဆုံးမှာ ကုလအထူးကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ခဲ့ရပါတယ်။ သူနုတ်ထွက်ခဲ့တဲ့ နောက်ပိုင်း သူ့ရဲ့နေရာကို နိုက်ဂျီးရီးယားနိုင်ငံသား မစ္စတာဂမ်ဘာရီက ဆက်ခံဆောင်ရွက်ရာကနေ အခုလို အယုံအကြည်မဲ့ရတဲ့ အခြေအနေအထိ ဆိုက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

နာဂစ်အရေးတုန်းက နိုင်ငံရေးကိစ္စ မပြောပါဘူးဆိုပြီး ရောက်လာတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဗိုလ်သန်းရွှေနဲ့တွေ့တော့ လမ်းပြမြေပုံကို အမြန်အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပြန်လို့ အတိုက်အခံ အင်အားစုတွေ အထူးဒေါသထွက်ခဲ့ကြပါသေးတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ပုံပြီးအားကိုးလို့ မရဘူး၊ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာကို သတိပေးသူတွေ ပေးခဲ့ကြပေမယ့် မျှော်သူတွေက အများစုဖြစ် ခဲ့ကြတာမို့ တကယ်တမ်း လူထုတိုက်ပွဲဖြစ်လာတဲ့အခါ နိုင်ငံရေး အင်အားစုတွေအနေနဲ့ ဘာမှပြင်ဆင်ထားခြင်း မရှိတာကို ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အထင်းသား တွေ့ခဲ့ရပါပြီ။ မျှော်တော်ယောင် နိုင်ငံရေးပဲ လုပ်နေခဲ့ကြတာကို မျက်ဝါး ထင်ထင် တွေ့လိုက်ရတာပါ (အပြစ်ပြော ပြန်ပြီဆိုလည်း ခံရဦးမှာပါ)။ အခုတော့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုးကြဖို့ပဲ အချက်ပြလိုက်ပြီလို့ ယူဆရတာမို့ တိုက်ပွဲလမ်းကြောင်း ပိုပြီး ပြတ်သားရတော့မယ်လို့ ထင်မိပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားမှာ နအဖနဲ့ အတိုက်အခံတို့ရဲ့ အဓိက ခေါင်းဆောင်နှစ်ဦး အနေအထားက အတိတ်စိမ်းကောက်ပြီး မှန်းဆလုပ်ကိုင်နေကြရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ စစ်ဗိုလ်တွေကလည်း လူတောမတိုးတဲ့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်သန်းရွှေ နေပြည်တော်တောတွင်းကနေ အသံတိတ် ညွှန်ကြားနေတာကို မျက်တောင်မခတ် အသက်မရှူဘဲ အရိပ်အကဲကြည့် လှုပ်ရှားနေကြရသလို ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေအထားကလည်း အကျယ်ချုပ်ချခံထားရပြီး ပြင်ပနဲ့ အဆက်အသွယ် မလုပ်နိုင်တဲ့ အနေအထားမို့ ဒေါ်အောင်ဆန်းစုကြည် ဘာဆိုလိုတယ်၊ ဘယ်လို အခြေအနေဆိုတာကို ခြံရှေ့က ဆိုင်းဘုတ်ကို ဖတ်ပြီး အတိတ်ကောက်လိုက်၊ တဆင့်ကြားတွေကို မှန်းဆတမ်းတပြီးတော့ အဓိပ္ပာယ်ကောက် လိုက် လုပ်နေရတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။

ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံပေမယ့် ခေါင်းဆောင်မှု အပိုင်းကို တာဝန် ယူထားသူတွေက တိုက်ပွဲလမ်းကြောင်း ပြတ်ပြတ်သားသား ချမှတ်ပေးမှသာ တိုက်ပွဲဝင်ရတာ စုစည်းညီညွတ်မှု ရှိပြီး ခရီးတွင် အရာရောက်မယ်လို့ မြင်မိပါတယ်။ နို့မို့ဆိုရင်တော့ တယောက်တပေါက် လုပ်ချင်ရာလုပ်နဲ့ ဇာတ်မျောကြီး ဆက်ဖြစ်နေကြဦးမှာပါ။ အဓိက တွေ့ဆုံဆွေးနွေးရမယ့် နှစ်ဘက်ခေါင်းဆောင်နှစ်ဦး အနေအထားကလည်း အထက်မှာ ပြောခဲ့သလို အခြေအနေမျိုး ဆိုက်နေတော့ အပြင်က ဦးဆောင်မှုအပိုင်းမှာရှိနေတဲ့ အဓိက နိုင်ငံရေးခေါင်းဆောင်တွေ၊ အင်အားစုတွေအနေနဲ့ လက်တွေ့ကျတဲ့ တိုက်ပွဲလမ်းကြောင်းကို ချမှတ်ပြင်ဆင် အကောင်အထည်ဖော်မှုမျိုး၊ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးတာမျိုး မလုပ်ကြဘဲ ကိုယ့်ခေါင်းဆောင်ရဲ့ အနေအထားကို အတိတ်ကောက်ပြီး ပြောဆို အာလူးဖုတ်နေကြတာမျိုးတွေပဲ ဆက်လုပ်နေကြဦးမယ်ဆိုရင်ဖြင့် မျှော်ရုံတောမှာ ဆက်မောရမှာကို ရတက်မအေး ဖြစ်မိပါကြောင်း အပူအပင်စကား ပြောကြားလိုက်ရပါတယ်။



တောင်းဆိုချက်များမရရှိပါက ရုံးမထွက်ပဲ တိုက်ပွဲဝင်မည်ဟု အရှင်ဂမ္ဘီရမိန့်ဆို

ဗထူး။ စက်တင်ဘာ ၃၊ ၂၀၀၈

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရက တောင်းဆိုထားသည့်အချက်များကို လိုက်လျှော ခြင်း မရှိပါက ရုံးမထွက်ပဲ ပြည်သူလူထုနှင့် ရဟန်းသံဃာများအတွက် အသက်ပေးလှူပြီး တိုက်ပွဲဝင်သွားမည်ဟု မိသားစုဝင်များအား မိန့်ကြားလိုက်သည်။

ပုဒ်မ (၉) ခုဖြင့် တရားစွဲဆိုခံထားရသည့် အရှင်ဂမ္ဘီရအား စစ်အစိုးရတရားရုံးက ပြီးခဲ့သည့် တနင်္လာနေ့က ရုံးထုတ်စစ်ဆေးခဲ့ရာ လက်ထိပ်ခတ်ခံထားရသည်ကို မကျေမနပ်ဖြစ်ကာ ယခု ကဲ့သို့ မိန့်ခြင်းဖြစ်သည်။

“နောက်ရုံးထုတ်လို့ လက်ထိပ်ခတ်ထားမယ်၊ သင်္ဃန်းဝတ်ခွင့် မပေးဘူး၊ အများပြည်သူကြားနာ နိုင်မဲ့ နေရာမှာ တရားစီရင်မှု မရှိဘူးဆိုရင် လာမဲ့ရုံးချိန်းတွေမှာ ရုံးမထွက်တော့ဘူးလို့ မိန့်တယ်၊ အဲ့လိုရုံးမထွက်လို့ ညှင်းပမ်းနှိပ်စက်တာလုပ်ရင်လည်း ဦးဇင်းကြောက်သွားမှာ မဟုတ်ဘူး၊ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ကာကွယ်သွားမယ်လို့ မိန့်သွားတယ်” ပြီးခဲ့သည့် တနင်္လာနေ့က ရုံးချိန်းသို့သွားရောက်ခဲ့သူ မိသားစုဝင်တဦးက ပြောဆိုသည်။

ထိုနေ့ကအမှုစစ်ဆေးသူမှာ ကမာရွတ်မြို့နယ် တရားသူကြီးဖြစ်ပြီး ရှေ့နေဦးအောင်သိန်းမှ သံဃာများ၏ ဆန္ဒလည်းမပါ၊ ပါရာဇိကကံလည်းမမြောက်၊ ဝိနည်းမပျက်သည့်သံဃာတပါး၏ သင်္ဃန်းကိုအတင်းချွတ်၍ အရပ်ဖက်တရားစီရင်ခွင့်ကို ယခုအချိန်အထိ တရားဥပဒေတွင် ပြဌာန်းထားခြင်းမရှိကြောင်း လျှောက်လဲခဲ့ရာ တရားရုံးမှပယ်ချခဲ့သည်။ ယနေ့တွင် အရှင်ဂမ္ဘီရအပါအဝင် (၁၁) ဦးအား အနောက်ပိုင်းခရိုင်တရားရုံးနှင့် အလုံတရားရုံးတို့ တွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ရှေ့နေဦးခင်မောင်ရှိန်က ထိုသူများအားလုံး လက်ထိပ်ခတ်ထား ကြောင်း ပြောဆိုသည်။

ရှေ့နေဦးခင်မောင်ရှိန်က “ရဟန်းသံဃာတွေကိစ္စပေါ့ အရှင်ဂမ္ဘီရအတွက်က ပထမပိုင်းကလည်း လျှောက်ထားတာရှိတယ်၊ ရဟန်းသံဃာတော်များနှင့်ပတ်သက်ပြီး အရပ်ဖက်ဆိုင်ရာ တရားရုံး များက စီရင်ပိုင်ခွင့်အာဏာ မရှိသေး၍ အမှုဆိုင်းငံ့ထားပေးရန် လျှောက်ထားခြင်းဆိုပြီး လျှောက်ထားတယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်လျှောက်တယ်၊ အနောက်ပိုင်းခရိုင် တရားရုံးမှာကတော့ လျှောက်ထားချက်ကို လက်ခံထားတယ်၊ နောက်ရုံးချိန်းမှာ အမိန့်ချမယ်” ဟုပြောသည်။

နောက်ရုံးချိန်းတွင် လျှောက်ထားတင်ပြသည်ကို ရုံးမှ လက်ခံအမိန့်ချမှတ်ပါက အမှုအားဆိုင်းငံ့ ထားမည်ဖြစ်ပြီး ဝိနည်းနှင့်အညီ ဝိနိစ္စယခုံရုံးအဆုံးအဖြတ်ဖြင့် လူဝတ်လဲကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ ဆက်လက်ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ယနေ့ရုံးထုတ်ခဲ့သည့်သံဃာများမှာ အရှင်အိန္ဒိယ၊ အရှင်သုမန၊ အရှင်အ္ဒိက၊ ဦးကေလာသ၊ ကိုအောင်ကျော်ကျော်တို့အပြင် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ ကိုကျော်ဝင်း (မြစ်ချေ)၊ တောင်ဒဂုံမြို့နယ်တရားရုံးတွင် အရှင်ခေမာဝံသတို့ပါဝင်ပြီး သံဃာများ အားလုံးအတွက် အရပ်ဖက်ဆိုင်ရာ တရားရုံးများက စီရင်ပိုင်ခွင့်အာဏာမရှိသေး၍ အမှုဆိုင်းငံ့ ထားရန် လျှောက်ထားသည်ဟု ရှေ့နေဦးခင်မောင်ရှိန်ကပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား မနက်ဖြန်တွင်ရုံးထုတ်မည်ဖြစ်ပြီး အရှင်ဂမ္ဘီရ အမှုအား ယခုလ (၁၀) ရက်နေ့တွင် ရုံးချိန်းသတ်မှတ်လိုက်သည်။ အရှင်ဂမ္ဘီရ ယနေ့ရုံးထွက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးအောင်သိန်းက “မိသားစုတွေ ပြောတာတော့ ကြားတယ်၊ ရုံးမထွက်တော့ဘူးဆိုတာ၊ ဒါပေမဲ့ အခြေတခုရဲ့ အမိန့်တစုံတရာကို လည်း စောင့်ဖို့ရှိပါတယ်၊ အဲ့ဒါကြောင့် ထွက်နေသေးတယ်လို့ ထင်တယ်၊ တချို့အမှုတွေမှာ လျှောက်ထားတင်ပြထားတာရှိတယ်” ဟု ပြောဆိုသွားခဲ့သည်။

ဒေါ်စု ဒန်ဒီ လွတ်မြောက်ရေးဆု


နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှနိုင်ငံ စကောတလန်နယ် ဒန်းတီးမြို့ ကောင်စီ ကနေ Dundee Freedom Award လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် လိုက်ပါ တယ်။

မနေ့ ဗုဒ္ဒဟူးနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ ဒန်းတီးမြို့မှာပဲ မြို့တော်ဝန်ကနေ ဆုကိုချီးမြင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အင်္ဂလန်မှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က Anna Roberts က ဆု လက်ခံယူခဲ့ပါတယ်။ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ Anna Roberts က ဒီဆုနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ရှင်းပြ ပါတယ်။

“ဒန်းတီး မြို့တော်ကောင်စီကနေ ဒီကနေ ဒေါ်အောင်ဆန်းစုကြည်ကို မြို့တော်ရဲ့ လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် ပါတယ်။ ဒီဆုဟာ မြို့တော်ရဲ့ တန်ဖိုးထားတဲ့ ဆုတဆုပါ။ လူအတော်များများကို သူတို့ ပေးလေ့မရှိပါဘူး။ ဒါကြောင့် ဒီဆုတကယ်ကို ဂုဏ်ယူစရာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လူအများစိတ်ဝင်တစား သိလာစေဖို့ အခွင့်အလမ်း တရပ် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ စစ်အစိုးရဆိုတာ ဘာလဲ စသဖြင့် အများသိရှိလာစေဖို့ အခွင့်အလမ်းကောင်းပါ။”

ဆုပေးပွဲမျာတော့ ဒန်းတီးမြို့တော် ကောင်စီဝင်တွေ စကောတလန်နယ်ခံ လွှတ်တော်အမတ်တွေ နယ်ခံ မြန်မာ့အရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ကျော် တတ်ရောက်ခဲ့ကြပါတယ်။ ပွဲမှာ ကိုယ်စား ဆုလက်ခံခဲ့တဲ့ Anna Roberts က ကျေးဇူးတင်စကားပြောပါတယ်။ မြန်မာ့အရေး လက်ရှိအခြေအနေတွေ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ တတ်ရောက်လာသူတွေကို ရှင်းပြခဲ့တယ်လို့ သူမက ပြောပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်မိတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ ကျမတို့ အမြဲတမ်း စိုးရိမ် ပူပင်နေရပါတယ်။ အခုအချိန်မှာ သူ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းမျိုး အခြား မရေမရာ သတင်းမျိုးတွေ ကြားနေရပါတယ်။ ဒါပေမယ့် ကျိန်းသေတာတခုကတော့ - မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဆောင်ရွက်နေတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အရမ်း ဒေါသထွက်နေတယ် စိတ်ပျက်နေတယ် ဆိုတာကတော့ မြင်သာပါတယ်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ ငြင်းပယ်ဆိုတာလည်း ကုလသဂ္ဂဘက်က ဆောင်ရွက်ချက်တွေဟာ ဘာမှ ရလာဒ်ထွက်မလာဘူးလို့ မြင်တဲ့သဘောလို့ ထင်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် အချိန် သတ်မှတ်မှုရှိရမယ်၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်လာစေရမယ်၊ တကယ့်ကို စစ်မှန်တဲ့ နိုင်ငံရေး အသွင် ကူးပြောင်းမှုမျိုး ဖြစ်ရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လွတ်မြောက်ရေးဆုတွေ လူ့အခွင့်အရေးဆုတွေ ပေးကြတာ အတော်များပါပြီ။ အခုလို ဆုတွေ ပေးကြတာ၊ အခုလည်း ဒီ ဒန်းတီး လွတ်မြောက်ရေးဆုရတာတွေဟာ ဘယ်လောက် လေးနက်မှုရှိတယ်၊ မြန်မာနိုင်ငံအတွက် ဘယ်အတိုင်းအတာ ထိရောက်မှုရှိတယ်လို့ ယူဆသလဲခင်ဗျ။

“ဒါဟာ တကယ့်ကို စိတ်အားတတ်စရာပါ။ ဒန်တီးမြို့ရော ဗြိတိသျှနိုင်ငံတ၀ှမ်းမှာရော တကမ္ဘာလုံးမှာပါ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ စွမ်းဆောင်မှုနဲ့ ပိုင်းဖြတ်မှုတွေအပေါ် ဒီလိုဆုတွေ ပေးပြီး အသိအမှတ် ပြုကြတာပါ။ မြန်မာနိုင်ငံ ကိစ္စကို အလေးပေးလာဖို့ အများစိတ်ဝင်စားလာကြဖို့ အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်သူတွေအဖို့လည်း သူတို့ကို ကမ္ဘာက မေ့မထားဘူး၊ သူတို့နဲ့အတူ ကျမတို့ ရှိနေတယ်၊ ကျမတို့ လှုပ်ရှားဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံ လွတ်မြောက်သည်အထိ ကျမတို့ ဆက် လှုပ်ရှား သွားကြမယ်ဆိုတာ သိစေပါတယ်။”

ဒါကတော ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒန်းတီးလွတ်မြောက်ရေးဆုကို လက်ခံယူခဲ့တဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Anna Roberts ပြောသွားတာတွေ ဖြစ်ပါတယ်။ မနေ့ညပိုင်း ဆုပေးပွဲမှာတော့ မြန်မာနိုင်ငံအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀နဲ့ ပတ်သက်လို့ မှတ်တမ်းတင် ဗွီဒီယိုကိုလည်း ပြသခဲ့ပါတယ်။