Monday, September 8, 2008

emailကြောင့်ဆိုပဲ(ပုဒ်မအသစ်)

ဟင်းချက်တော်သောဝန်ကြီးချူပ်

ထိုင်းဝန်ကြီးချုပ် တရားစွဲခံရ
08 September 2008ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး။
စက်တင်ဘာ ၂၊ ၂၀၀၈။
တဖက်က ၀န်ကြီးချုပ်လုပ်နေပြီး တဖက်ကရုပ်မြင်သံကြားရဲ့ ချက်ပြုတ်ရေး အစီအစဉ်မှာသွားပြီးပါဝင်နေလို့ မူလအလုပ်ကို ထိခိုက်
စေနိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ ထိုင်းဝန်ကြီးချုပ်ရုံးတင်ခံနေရပါတယ်။ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံဥပဒေရေးရာရုံးတော်မှာ ၀န်ကြီးချုပ် ဆမတ်ဆွန်ထရာဝေး (Samak Sundaravej) ကသူ့ကို အဲဒီကုမ္ပဏီက ပါဝင်ဖို့ ငှားရမ်းခြင်း

သာဖြစ်ပြီး အဲဒီကုမ္ပဏီမှာ အမှုထမ်းလုပ်နေခြင်းမဟုတ်ဘူးလို့ လျှောက်လဲပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ်တယောက်အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီများမှာ
အလုပ်လုပ်ခွင့် မရှိပါဘူး။ အဲဒီအမှုနဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ စီရင်ချက်ချပါမယ်။
ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ဆမတ် ဆွန်ထရာဝေးဟာ ထိုင်းဝန်ကြီးချုပ်အဖြစ်က
နုတ်ထွက်ရပါမယ်။

ဝန်ကြီးချုပ်အဖြစ်က နုတ်မထွက်မခြင်း မရပ်ဘူးဆိုပြီး ဘန်ကောက်မြို့ အစိုးရ
အိမ်တော်ဝင်းအတွင်း ၁၄ ရက်ဆက်တိုက် ကန့်ကွက်ဆန္ဒပြနေကြစဉ် ၀န်ကြီးချုပ်
ဆမတ် အခုလို ရုံးတင်ခံရတာဖြစ်ပါတယ်။

သူ့ရဲ့ အပတ်စဉ် ထိုင်းနိုင်ငံသို့ ရုပ်သံလွှင့်မိန့်ခွန်းပြောကြားရင်း ဆမတ် ဆွန်ထရာ
ဝေးက သူ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလအတွင်း
သွားရောက် မိန့်ခွန်းပြောကြားနေတုန်း စစ်တပ်က အာဏာမသိမ်းပါဘူးလို့ နိုင်ငံကို
အာမခံ ပြောကြားသွားခဲ့ပါတယ်။

သူ့အရင် ၀န်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သွားရောက် မိန့်ခွန်း
ပြောကြားနေစဉ် စစ်တပ်က အာဏာသိမ်းခဲ့ဖူးလို့ အဲဒီလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အခြေအနေ

အစာငတ်ခံဆန္ဒပြနေမှု ရပ်ဆိုင်းရန် ဒေါ်ဆောင်ဆန်းစုကြည်ကို ၀ါရင့်နိုင်ငံရေးသမားကြီးများတိုက်တွန်း
ပီတာအောင်/ ၈ စက်တင်ဘာ ၂၀၀၈။ ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသည်ဆိုပါက ရပ်ဆိုင်းရန်နှင့် နအဖစစ်အစိုးရအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ချင်းစာသည့်အနေဖြင့် ပြန်လွှတ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများက ယနေ့ ကြေညာချက်ထုတ်ပြန်၍ မေတ္တာရပ်ခံလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေရသည့်သတင်း ထွက်ပေါ်နေသော်လည်း ယင်းသတင်းမှန်မမှန် နအဖစစ်အစိုးရရော၊ အန်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတို့ကပါ တိတိကျကျ အဖြေ မပေးနိုင်သေးဖြစ်နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်နေသဖြင့် ယခုကဲ့သို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ပြောသည်။

၎င်းက “ဒေါ်စုအနေနဲ့က ပြည်သူတွေက အားထားယုံကြည်ရတဲ့ခေါင်းဆောင်ဖြစ်နေတယ်။ ဘာပဲပြောပြော ရှေ့မှာဆက်ပြီးတော့လည်း တိုင်းပြည်ကို ခေါင်းဆောင်ဖို့ လိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူ လူထုရဲ့အကျိုးစီးပွားနဲ့ ပြည်သူရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အကယ်၍ ဒီသတင်းဟာ ဟုတ်နေတယ်ဆိုရင် ရပ်ဆိုင်းဖို့မေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အနေနဲ့လည်းပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်နေတဲ့အလျောက် ကိုယ်ချင်းစာနာတဲ့အနေနဲ့ မေတ္တာတရားရှေ့ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့်သတင်းအပေါ် ယမန်နေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဒေါ်အောင်ဆန်းစုကြည်အား (၄) ကြိမ်တွေ့ဆုံခဲ့ကြသူများ (ဦးကြည်ဝင်းနှင့် ဒေါက်တာတင်မျိုးဝင်းတို့) က ပြန်လည်သတင်းပို့ရာ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိမ်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေပါသည်ဆိုသည့်စကားမျိုး ကျနော်တို့ကို ပြောကြားသွားခြင်းမရှိဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နေ့စဉ် ပုံမှန်ပေးနေကျ ဈေးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က လုံးဝ လက်မခံတော့သည်မှာ ရက်သတ္တပတ် (၃) ပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသော အာဏာပိုင်တို့အပေါ်တွင် တာဝန်ရှိ ကြောင်း ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။

စက်တင်ဘာ (၁) ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေ ဦးကြည်ဝင်းက ဒေါ်အောင် ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သော်လည်း ကိုယ်အလေးချိန်ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့သည်ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကျခံနေရသူတဦး ရသင့်သည့် အခွင့်အရေးများ ချုပ်ချယ်ခံနေရသည့် အပေါ် တောင်းဆိုဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့်လလယ်ပိုင်းမှစ၍ ပြင်ပမှ အစားသောက်များကို လက်မခံ တော့သည့်အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ နအဖ ဆက်ဆံရေးဝန်ကြီးတို့နှင့် သွားရောက် တွေ့ဆုံခြင်း လည်း မရှိတော့ချေ။

ဒေါ်အောင်ဆန်းစုကြည်၏ လူယုံတော်ကို ဆေးရုံပြောင်း ကုသ
မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 19:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီစောင့်ရှောက်နေသူ အသက် ၂၈ နှစ်အရွယ် မဝင်းပပသည် ဆေးကုသနေသည့် ဆေးရုံမှ နှစ်ရက်မြောက် ယနေ့တွင် အခြားနေရာသို့ ပြောင်းရွှေ့သွားသည်။

ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်တံတားမြို့နယ် ဘားလမ်းရှိ ကုသိုလ်ဖြစ် မူဆလင်ဆေးရုံတွင် ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် တက်ရောက် ကုသနေရာမှ ပုဂ္ဂလိက ဆေးရုံတခုသို့ ယနေ့တွင် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

“ဒီကနေ့ ဆေးရုံပြောင်းတယ်လို့တော့ ကြားတယ်။ ဘယ်ဆေးရုံကို ပြောင်းသွားတယ် ဆိုတာကိုတော့ ကျနော်တို့ အတိအကျ အတည်ပြု ပြောဆိုနိုင်မှု မရှိသေးဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆေးကုသ ခံယူနေချိန်တွင် အစောင့်အကျပ်များ၊ အရပ်ဝတ် ရဲများနှင့် ရဲမေများသည် ခွဲစိတ်ခန်း အပါအဝင် ဆေးရုံ ပတ်ဝန်းကျင်တွင် လုံခြုံရေးအဖြစ် ချထားခဲ့သည်။

မဝင်းပပသည် မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေသူ ဖြစ်သည်။

ဦးဉာဏ်ဝင်းက “၂ဝဝ၄ ခုနှစ် ကနေ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်တယ်။ သူတို့မှာ ဘာအမှုမှ မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေတဲ့အတွက် သူတို့မိသားစုကို လွတ်လွတ်လပ်လပ် အပြင်ထွက်ခွင့် မပေးတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကလည်း “လွတ်လွတ်လပ်လပ် ထွက်ခွင့် မရဘူးလေ။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တင်ပြပေးဖို့ မှာတဲ့အတွက် ကျနော် စာရေးထားပါတယ်” ဟု ပြောသည်။

ဦးကြည်ဝင်းက ဆက်ပြီး “အထင်ကတော့ မှန်းကြည့်ရတာက သူတို့ကို လွှတ်ပါလိမ့်မယ် ထင်တယ်။ ဒေါ်ခင်ခင်ဝင်း အနေနဲ့ သူ့ သမီး မဝင်းပပကို ပြုစု စောင့်ရှောက်နေသလား။ ဒေါ်အောင်ဆန်းစုကြည် ဘေးမှာ ရှိတာလားဆိုတာ ကျနော့်အနေနဲ့ မပြောနိုင်သေးဘူး။ မနက်ဖြန်မှာ ပြန်မေးကြည့်ရအုံးမယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ့ထံ နေ့စဉ်ပုံမှန် ပေးပို့သော ဈေးခြင်းကို လက်မခံတော့သည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့် ရှိသွားပြီဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် (ဗဟို) က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုဆိုရင် ၃ ပတ်ကျော်သွားပြီဆိုတော့ စားစရာမရှိသလောက် ဖြစ်ပြီလို့ ကျနော်တို့ ယူဆတယ်။ သူရဲ့ ကျန်းမာရေး အခြေအနေက ဆိုးရွားစရာ၊ စိတ်ပူပန်စရာ ဖြစ်လာတယ်။ အဲဒီလိုပဲ ခြံထဲမှာ ရှိတဲ့ သူတွေကလည်း သူ့သမီးက ရုတ်တရက် ဆေးရုံ ကောက်တက်ရတယ် ဆိုတာကလည်း အစာရေစာ ချို့တဲ့တဲ့အတွက်ကနေ စမှာဖြစ်တယ်။ တယောက်ပြီး တယောက် ဖြစ်မယ့် သဘောရှိတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှာ အတွင်းရေးမှူး ကိုမြင့်စိုးက ပြောသည်။

ဂျပန်ရောက် မြန်မာများ အစာငတ်ခံ ဆန္ဒပြ
သန်းထိုက်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 19:15 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ရှီဘူရမြို့ရှိ ကုလသမဂ္ဂ ရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြပွဲတရပ်ကို ယနေ့မှ စတင်လိုက်သည်။

ကုလသမဂ္ဂနှင့် ဂျပန်အစိုးရတို့က ချက်ချင်း ဝင်ရောက် ဆောင်ရွက်ပေးရေးအတွက် ရည်ရွယ်ကာ ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (JAC) က ဦးဆောင်ကာ ယခုဆန္ဒပြပွဲကို ကျင်းပခြင်း ဖြစ်သည်။

“ဂျပန်စံတော်ချိန် ညနေ ၆ နာရီခန့်က ၅ ယောက်တသုတ်စီကို လောလောဆယ် ၇၂ နာရီ၊ ၃ ရက်တိတိ အစာငတ်ခံ ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခြင်း ဖြစ်တယ်။ ဒါက ပထမ အဆင့်ပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဒု-ဥက္ကဋ္ဌ ကိုလင်းအောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည်တွင်း အခြေအနေနဲ့ ကျနော်တို့ ခေါင်းဆောင်ရဲ့ လှုပ်ရှားမှု အခြေအနေ၊ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ နအဖရဲ့ တုံ့ပြန်မှု အခြေအနေ၊ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေပေါ် ရပ်တည်ပြီးတော့ ကျနော်တို့ ရေရှည် မြှင့်သွားဖို့ အစီအစဉ်တော့ ရှိပါတယ်ခင်ဗျာ။ ဘာဆက်လုပ်မလဲဆိုတာ အခု လောလောဆယ် ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

ယနေ့ ထုတ်ပြန်သော အဖွဲ့ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စားနပ်ရိက္ခာ လက်မခံသည်မှာ ရက်သတ္တ ၃ ပတ် ရှိနေပြီ ဖြစ်သည့်အတွက် သူမသည် အစာငတ်ခံ ဆန္ဒပြနေပြီဟု JAC က ယုံကြည်သည့်အပြင် သူမ၏ အသက် အန္တရာယ်နှင့် အခြေအနေကိုလည်း အလွန်စိုးရိမ်သည်ဟု ရေးသား ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နေရာမှ ပါဝင်သည့်အတွက် သူ့ ကျန်းမာရေးနှင့် လွတ်မြောက်ရေးသည် အထူး အရေးကြီးသည်ဟု ဆက်လက် ရေးသားထားသည်။

အလားတူပင် စက်တင်ဘာလ ၅ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ထုတ်ပြန်ခဲ့သော ကျေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ထံ နေ့စဉ်ပုံမှန် ပေးပို့သော ဈေးခြင်းကို လက်မခံတော့သည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့် ရှိသွားပြီဟု ကြားသိရသဖြင့် ပြည်သူလူထု အများစုနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထူး စိုးရိမ်လျက် ရှိကြောင်း ဖော်ပြ ပါရှိခဲ့သည်။

VOA Home VOA Burmese Regions & Topics Subscribe to E-mail Select Language About VOA

အကြောင်းအရာ
မျက်မှောက်ရေးရာ

စီးပွားရေးကဏ္ဍ

အမေရိကန်နိုင်ငံရေး

သိပ္ပံနဲ့ နည်းပညာ

ကျန်းမာရေးကဏ္ဍ

အမျိုးသမီးကဏ္ဍ

ဒီမိုကရေစီရေးရာ

မြန်မာပြည်မှပေးစာ

လူငယ်ကဏ္ဍ

သက်ကြီးစကား

တိုက်ရိုက်လေလှိုင်း

အနုပညာကဏ္ဍ

အင်္ဂလိပ်စာသင်ခန်းစာ


ရုပ်/သံသတင်း

သတင်းနားဆင်ရန်

တပတ်စာသတင်း

ဗွီဒီယိုသတင်း


မြန်မာပိုင်းအစီအစဉ်
ဌာနမိတ်ဆက်


နေ့ စဉ်ကဏ္ဍများ

မီတာလှိုင်းများ

Services
အီးမေးလ်သတင်းလွှာ

ဆက်သွယ်ရန်



See Also
Asia News in English

Music Mix

Radio Free Asia


ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသတင်း စစ်အစိုးရငြင်းဆို

07 September 2008

ဦးအောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3)
ဦးအောင်လွင်ဦး - နားဆင်ရန် (MP3)


နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတာ မဟုတ်ပါဘူးလို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ငြင်းဆန်လိုက်ပါတယ်။ ပြီးခဲ့တဲ့လက စလို့ ပုံမှန်ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေခဲ့တာမို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ကတော့ ဒီလိုပြောဆိုလိုက်လို့ စိတ်သက်သာရာတော့ မရခဲ့ပါဘူး။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့အကြောင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ပြောဆိုလိုက်တာပါ။ နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာစစ်အစိုးရရဲ့ ရဲချုပ် ခင်ရီ က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစာငတ်ခံနေတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရတဲ့အကြောင်း၊ သူတို့အနေနဲ့ ဒါနဲ့ ပတ်သက်လို့ ဘာသတင်းစကားမှလည်း မကြားရတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ တရားဝင် ကြေငြာချက်တစောင် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်မိတဲ့အကြောင်း၊ သူမအနေနဲ့ တစုံတရာ ဖြစ်တယ်ဆိုရင် ထိန်းသိမ်းထားသူ အာဏာပိုင်တွေရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်လို့ ပြောဆိုထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အနေနဲ့ကတော့ ဒီလို မရေမရာ ပြောဆိုမှုကြောင့် ပိုလို့သာ စိုးရိမ်မှုတွေဖြစ်ရတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောဆို လိုက်ပါတယ်။

“ကျွန်တော် သတင်းစာ ရှင်းလင်းပွဲက စကားလုံးတွေကိုတောင် မမြင်ရဘူး။ အခု ပြောတဲ့ စကားလုံးက အစာငတ်ခံ ဆန္ဒပြနေတဲ့ အရိပ် လက္ခဏာ မတွေ့ရဘူး။ ဒါနဲ့ ပတ်သက်ပြီး သူတို့ တိတိကျကျ ဖြေကြားထားတာ မဟုတ်ဘူး။ စကားလုံး အသုံးအနှုန်းအရ သူတို့က မဟုတ်ဘူးလို့ ဒီလို ငြင်းတာမျိုး မဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ဘာဖြစ်နေလဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် အနေနဲ့ ဆက်သွယ်မှု မရှိတဲ့အတွက် ပိုပြီးတော့ စိုးရိမ်တယ်။ အခု ဖြေတော့လည်း မဟုတ်ပါဘူးလို့ ဒီလို ဖြေတာမျိုး မဟုတ်ဘဲနဲ့ အရိပ်လက္ခဏာ မရှိပါဘူးဆိုတော့ ဒီစကားလုံးတွေက တိုက်ရိုက် ငြင်းနေတာမဟုတ်ဘူး။ မဟုတ်ဘူးလို့ ပြောတာတဲ့ စကားလုံး မဟုတ်ဘူး။”

တကယ်တော့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘဲ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြင်ပကနေ နောက်ဆုံး သွားရောက် တွေ့ဆုံခွင့် ရခဲ့တာကတော့ သူမရဲ့ ဥပဒေ အကျိုးဆောင် ဦးကြည်ဝင်း ပဲ ဖြစ်ပါတယ်။ ဒီလို အစာငတ်ခံနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စိုးရိမ်ပူပမ်မှုတွေ ရှိနေတဲ့အတွက် ရှေ့နေဖြစ်သူက မေးမြန်းခဲ့ပေမယ့် တိုက်ရိုက်ဖြေကြားခဲ့တာတော့ မရှိခဲ့ဘူးလို့ ဦးကြည်ဝင်း က ပြောပါတယ်။

“ကျွန်တော် ခြံထဲရောက်သွားပြီးတော့ ဒေါ်စုကို တွေ့တယ်။ ကျွန်တော်က အထူးတင်ပြတာက ဒေါ်စု အခု အစားငတ်ခံ နေတယ် ဆိုပြီးတော့ သတင်းက ဖြစ်ပေါ်နေတယ်လို့။ အဲဒီသတင်း ဖြစ်မှုအပေါ်မှာ ကျွန်တော်တို့ ပြည်သူတွေလည်း တော်တော်များများဟာ စိတ်ပူပင် သောကရောက်နေကြတယ်။ ဒီတော့ကာ ကျွန်တော်အပြင်ကို ထွက်သွားတဲ့အခါမှာ ပထမဦးဆုံး မေးခံရမယ့် မေးခွန်းက သူအစာငတ်ခံနေပါသလား။ ဘယ်လို တွေ့ခဲ့သလဲလို့ မေးကြလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော် ဘယ်လို ဖြေရမလဲလို့ သူ့ကို မေးလိုက်တယ်။ မေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲဆိုတော့ အန်ကယ်တဲ့ ဒီလိုပြောပါတဲ့။ I AM WELL.အင်္ဂလိပ်လို ပြောတယ်။ I AM WELL BUT I HAVE LOST A LITTLE WEIGHT. လို့ ပြန်ပါတဲ့။ ဒါပဲဗျာ။ ကျွန်တော်လည်း ဒီထက် တိုးပြီးတော့ ဒီမေးခွန်းပေါ်မှာ ဖြေလို့ မရဘူး။”

အစာငတ်ခံနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က သူမ နေထိုင်ကောင်းတယ်၊ ဒါပေမယ့် ကိုယ်အလေးချိန် အနည်းငယ် လျော့နေတယ် ဆိုတဲ့ အကြောင်းသာ ပြောခဲ့တယ်လို့ ပြောခဲ့တဲ့အကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်း ပြောသွားခဲ့တာပါ။

နေအိမ် အကျယ်ချုပ် သက်တမ်းစေ့သွားပေမယ့် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတာ၊ နောက် သူနဲ့အတူ အဖော်အဖြစ် နေထိုင်သူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လျှောက်လဲဖို့အရေး တောင်းဆိုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစားအသောက် ပို့ဆောင်တာကို လက်မခံပဲ နေခဲ့တာ ပြီးခဲ့တဲ့ လကတည်းကပဲ ဖြစ်ပါတယ်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံနေတယ်ဆိုတာနဲ့ ပတ်သက်လို့ အတိအကျ ပြောနိုင်တဲ့ အခြေအနေမျိုး မရှိပေမယ့်၊ အရင့်အရင်တုန်းကလည်း ထိန်းသိမ်းခံနေရစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီလို ဆန္ဒပြဘူးတဲ့ သတင်းတွေလည်း ထွက်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းက အခုလို ထိန်းသိမ်းခံနေရစဉ် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ တောင်းဆိုတဲ့ အနေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့ဘူးပြီးတော့၊ နောက်ပိုင်းမှာ အာဏာပိုင်တွေဖက်က အာမခံချက်တွေ ရခဲ့တဲ့အတွက် ဆန္ဒပြနေတာကို ရပ်ဆိုင်းခဲ့တဲ့အကြောင်း ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်လ် အဲရစ် သွားရောက် တွေ့ဆုံခွင့်ရခဲ့အပြီး ပြောဆိုတာလည်း ရှိခဲ့ဘူးပါတယ်။ ဒီလို အခြေအနေတွေကြားကပဲ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ခံနေရစဉ်ကာလ တလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်နေသူ အသက် (၄၅) နှစ် အရွယ်ရှိ မ၀င်းမမ ဟာဆိုရင်လည်း ကျန်းမာရေး ပြဿနာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေရတယ်လို့ အန်အယ်လ်ဒီ ပါတီက ပြောပါတယ် ခင်ဗျာ။
By NEJ

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအခြေအနေ

စက်တင်ဘာ ၈။ ရဲအောင်သော်၊ HT

ဒေါ်အောင်ဆန်းစုကြည်ကို တအိမ်တည်း အတူနေပြီး ပြုစုချက်ပြုတ်ရေး တာဝန်ယူပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏သမီး ဆေးရုံတက်ရပြီး မိခင် ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာ သမီးနှင့်အတူ ရှိနေခြင်းကြောင့် အိမ်မှာ ကျန်ရစ်သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် လူထုက စိုးရိမ်ပူပန်လျက် ရှိသည်။

အစာငတ်ခံ ဆန္ဒပြနေခြင်း ဟုတ်မဟုတ် အစိုးရက ဖြေရှင်းချက် မပေးသေးပါ။ ဒေါ်အောင်ဆန်းစုကြည် ဈေးခြင်းလက်မခံသည်မှာ ၃ ပတ်ရှိ၍ စိုးရိမ်မိကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်ကို အန်အယ်လ်ဒီ လူငယ်တဦးဖြစ်သူ ဘလော့ဂါ ရန်ကုန်သားက နောက်ကျလွန်းကြောင်း ဝေဖန်သည်။ “ကျနော်တို့ လူငယ်တွေလဲ အန်တီနဲ့ တသားတည်း ရှိပါတယ်။ အန်တီက ကျနော်တို့ကို အချက်ပြလိုက်ပြီ”ဟု ပြောကြားသည်။

ဒေါ်ခင်ခင်ဝင်း၏ သမီးမှာ အရေးပေါ် ဆေးကုသမှု ခံနေရကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။ မည်သည့် အရေးပေါ် ဆေးကုသခံရသည့် အခြေအနေ ဖြစ်ကြောင်း မသိရသေးပါ။

အများပြည်သူ ကြားထဲတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းကို အထူးစိတ်ဝင်စားနေကြသည်။ ပြီးခဲ့သည့် မေလက အကျယ်ချုပ်သက်တမ်း ငါးနှစ် ပြည့်ခဲ့သော အတိုက်အခံ ခေါင်းဆောင်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မကြာသေးမီ လာရောက် လည်ပတ်စဉ်က အတွေ့မခံခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ အစိုးရက တစုံတရာ ပြောကြားခြင်း မရှိချိန်တွင် အသက် ၇၀ ကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေး ဆိုးရွားနေသည်ဟူသော သတင်း ထွက်ပေါ်လာသော်လည်း လူထုက ဒေါ်အောင်ဆန်းစုကြည် သတင်းလောက် စိတ်ဝင်စားမှု မရှိသလို စိုးရိမ်ပူပန်ခြင်းလည်း မရှိပေ။

“သူ သေတော့မယ်ဆိုရင်တောင် သတင်းကောင်းလို့ပဲ ပြောကြမှာ။ သေမယ် သတင်းထွက်ပြီး မသေသေးတာ ခုထိပဲ။ ဒေါ်စု စိတ်ပူပြီး သူ့ စိတ်မပူကြတာတော့ တတ်နိုင်ဘူး။ စိတ်ပူစရာမှ မရှိတာ ဘာသွားပူရမှာလဲ”ဟု ကဗျာဆရာ တဦးက ပြောကြားသည်။


ကုလသမဂ္ဂတာဝန်ပေးသည့်အတိုင်း လုပ်ဆောင်ရန် မစ္စတာဂမ်ဘာရီအား တိုင်းရင်းသားနှင့်ဝါရင့်အဖွဲ့ တိုက်တွန်း


NEJ/ ၈ စက်တင်ဘာ ၂၀၀၈။ ။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ယခုတိုင် သိသာထင်ရှားသည့် ရလဒ်တစုံတရာကို မဖော်ထုတ်နိုင်ခဲ့သဖြင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ မလုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့(UNA) က ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ စက်တင်ဘာ (၈) ရက် နေ့စွဲဖြင့် ပေးပို့သည့် UNA ၏ စာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါစာတွင် ကုလသမဂ္ဂ အထူးအကြံပေးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ အကြံပြုတင်ပြထားခြင်းဖြစ်ပြီး ဂမ်ဘာရီသည် နအဖ၏ ၂၀၁၀ ခုတွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုမည့်အစား မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် ၎င်းအား တာဝန်ပေးထားသည့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အတိုင်း ပြုမှုလုပ်ဆောင်ရန် တာဝန် ရှိသည်ဟုလည်း ဖော်ပြထားသည်။

၂၀၀၅ ခုမှစ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ (၆) ကြိမ် ရောက်ရှိခဲ့ပြီး အစိုးရအာဏာပိုင်များ၊ ၎င်းတို့နှင့်ဆက်နွယ်နေသည့် အဖွဲ့အစည်းများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို တွေ့ဆုံခဲ့ခြင်းမရှိဟုလည်း စာတွင်ဖော်ပြထားသည်။

ထို့ကြောင့် UNA ၏ သဘောထားကို အသိပေးရန် စာပို့ရခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သည့် ဇိုမီးအမျိုးသား ကွန်ဂရက်ဥက္ကဋ္ဌ၊ စီအာပီပီအဖွဲ့ဝင် ပူကျင့်ရှင်းထန်က ပြောသည်။

၎င်းက “ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေစုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဖြစ်နေတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လာညှိတဲ့အချိန်အခါမှာ ဒီလူတွေရဲ့သဘောထားကို ဘာလို့ မမေး တာလဲ။ အဲဒါတွေ့ဖို့ကောင်းတယ်၊ ပါတီအနေနဲ့ ပယ်ဖျက်ပြီးသား ပါတီတွေပါပေမယ့် တရားဝင်ပါတီ (၂) ပါတီ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ရှမ်းပါတီရှိသေးတယ်။ အဲဒါကို ချန်ထားပြီး မတွေ့တော့ ကျနော်တို့ကို ကိုယ်စားပြုတဲ့ ပြည်သူလူထုက မပါဘူးလိုဖြစ်နေတော့ အဲဒါ သူတို့က သိသွားရင် အကြံဥာဏ်ထုတ်တဲ့နေရာမှာ၊ လာပြီးတော့ ဖျန်ဖြေတဲ့နေရာမှာ ပိုပြီးတော့ လွယ်မလား ဆိုတဲ့အနေနဲ့ ပို့တာပါ။ စာကော်ပီကို မစ္စတာဂမ်ဘာရီကိုလည်း ပေးထားပါတယ်။ ယူအန်က မင်းဒိတ်ရတဲ့ အတိုင်း လုပ်မလာဘူးဆိုတဲ့သဘောပါ” ဟုပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စ ကိုင်တွယ်ဖြေရှင်းပေးရန် သြဂုတ် (၁၈) ရက်မှ (၂၃) ရက်အထိ (၆) ရက်တာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စစ်အစိုးရ၀န်ကြီးအချို့၊ အန်အယ်လ်ဒီ စီအီးစီအဖွဲ့၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး နအဖနှင့်တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ကျွမ်းကျင်မှု အကူအညီပေးရေး ပြောကြားခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ယူဆတာကတော့ အခုလို မကျေနပ်တဲ့အကြောင်းတွေ တဖွဖွပြောပေမယ့် တကယ်တော့ လုံခြုံရေး ကောင်စီတို့၊ ယူအန်တို့ကနေပြီးတော့ သူလုံလောက်တဲ့ ပါဝါကို ဂမ်ဘာရီကို မပေးလို့ သူမလုပ်နိုင်တာလား။ သူလိုအပ်တာကို ယူအန်အစည်းအဝေးကပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကောင်စီကပဲဖြစ်ဖြစ် သိလိမ့်မယ်ဆိုပြီးတော့ အဲဒါကို ဖော်ပြနေတာပါ ” ဟု ပူကျင့်ရှင်းထန်က ဆက်လက်ပြောသည်။

နိုင်ငံရေးတည်ငြိမ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်အာဏာပိုင်တို့ အကြား တွေ့ဆုံဆွေးနွေးမှုမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် နအဖစစ်အစိုးရကို ကုလသမဂ္ဂက ဖိအားပေးသင့်သည်ဟုလည်း UNA ၏ စာတွင် ဖော်ပြထားသည်။

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း စက်တင်ဘာ (၅) ရက် နေ့စွဲဖြင့် စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ကြိုးပမ်းမှု တစုံတရာအောင်မြင်သည်ကို မတွေ့ရဘဲ ကုလသမဂ္ဂကချမှတ်သည့် ဆုံးဖြတ်ချက်များကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ရုံသာမက မြန်မာနိုင်ငံတွင် အခြေအနေကို ပိုမိုရှုပ်ထွေးလာစေနိုင်ပါသည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လုပ်ကိုင်မည့်သူမျိုးကိုသာ ၎င်း၏အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်သင့်ကြောင်းလည်း ၀ါရင့်နိုင်ငံရေး သမားကြီးများက တောင်းဆိုထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ ဦးမင်းလွင်က “အဓိကကတော့ ကုလသမဂ္ဂကို စိန်ခေါ်တာမဟုတ်ဘူး။ ကုလသမဂ္ဂကို ယုံကြည်တယ်။ ကိုးစားတယ်။ ကုလသမဂ္ဂကလုပ်ပေးနိုင်မယ်လို့မျှော်လင့်တယ်။ ယူအန်က လည်းပဲ အထွေထွေညီလာခံမှာ နှစ်စဉ် ၁၉၉၄ ကစပြီး မြန်မာပြည်အရေးကို ပြဋ္ဌာန်းပေးထားတာရှိတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်က လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်ကရှိတယ်။ ရှိရဲ့သားနဲ့ မစ္စတာဂမ်ဘာရီက လက်တွေ့ကျတော့ အဲလိုဖြစ်မြောက်အောင် ဘာမှမလုပ်ဘဲနဲ့ မဆိုင်တဲ့ကိစ္စတွေ၊ ဗမာပြည်မှာ အငြင်းပွားစရာ ကိစ္စတွေ ပြောတဲ့အတွက် ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စတွေလာပြီးပြောသွားတယ်။ အဲဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ကိုင်နိုင်တဲ့ ပိုမိုသင့်တော်တဲ့ပုဂ္ဂိုလ်တယောက် အသစ်ခန့်အပ်ပြီး စေလွှတ်ဖို့နဲ့ ဘန်ကီးမွန်းလာမယ့်ကိစ္စလည်း ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ ” ဟုပြောသည်။

ကုလသမဂ္ဂကမူ အထွေထွေညီလာခံ ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်အတိုင်း မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် စေ့စပ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အထွေထွေညီလာခံဥက္ကဋ္ဌ မစ္စတာ ဆာဂျန်ကီရင်မ်က ပြောကြားသည်။

By NEJ



ငါးလောင်းပြိုင် လူသတ်မှု လူသတ်သမားမှာ လင်ခရူဆာဖြင့် လာရောက်ခဲ့


မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 17:35 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ခြောက်လကျော်သွားပြီ ဖြစ်သော်လည်း လက်သည် မပေါ်နိုင်သေးသော ရန်ကုန်မြို့ လူကုံထံရပ် ငါးလောင်းပြိုင် လူသတ်မှုတွင် လူသတ်သမားဟု စီးနင်းလာသည်ဟု သံသယရှိသော ကားအမျိုးအစားကို သိသော်လည်း စစ်အစိုးရ အသိုင်းအ၀ိုင်း အရေးပါသော ပုဂ္ဂိုလ်များကို ကြောက်ရွံ့၍ စုံစမ်းစစ်ဆေးမှုများ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်။

လူသတ်သမားများ အသုံးပြုလာသူည်ဟု ရဲက ယူဆသော အနက်ရောင် တိုယိုတာ လင်ခရူဇာ ဆိုက်ဂနပ်ကား ပိုင်ရှင်အချို့ကို စစ်ဆေးပြီးစီးခဲ့သော်လည်း အချို့မှာ စစ်အစိုးရ အဖွဲ့အတွင်း အရေးပါသော သူများ ပိုင်သောကားများ ဖြစ်နေ၍ စစ်ဆေးမှု ဆက်လက် မပြုဝံ့ဟု သိရသည်။

လက်ရှိပေါက်ဈေး သိန်း ၃ ထောင် နီးပါးရှိသည့် လင်ခရူဆာ ဆိုက်ဂနပ် ပိုင်ရှင်အချို့မှာ စစ်ဘက် ရာထူးမြင့် လက်ရှိ ပိုင်ဆိုင်သူများ ဖြစ်နေသည်၊

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး နေအိမ်တခုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦး စုစုပေါင်း ၅ ဦး မတ်လ ၃ ရက်နေ့က နေ့ခင်း ကြောင်တောင်တွင် သေနတ်များဖြင့် ပစ်သတ်ကာ ငွေအမြောက်အများ လုယူသွားခဲ့သည်။

ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ ရှိ နေအိမ်တွင် အိမ်ရှင် ကျောက်ကုန် ကုန်သည်ကြီး ဦးချာလီ (ဦးစောကြည်ဖ) ၆ဝ နှစ်နှင့် ဇနီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ်၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆) နှစ်၊ မနှင်းပွင့်အေး (၂၇) နှစ် နှင့် အိမ်ဖေါ် မအယ်ဖော (၁၅) နှစ်တို့ကို ခေါင်းကို သေနတ်ဖြင့် ပစ်သတ်၍ ကျပ်သိန်း ၂ ထောင်အနည်းဆုံး ယူဆောင်သွားခဲ့သည်။

ရဲမှုခင်း စစ်ကြောရေးများ ပြုလုပ်ရာတွင် အသတ်ခံရသူ မိသားစုနှင့် ပတ်သက်သူ လူအတော်များများ စစ်ဆေးခံခဲ့ရသော်လည်း တရားခံကို မဖမ်းနိုင်သေးဘဲ ဖြစ်နေသည်။ အမှုစစ်ဆေးရာတွင် ရိုက်နှက် စစ်ဆေးမှုကြောင့် လူတဦး အသက်ဆုံးရှုံးခဲ့ရသော်လည်း ရဲက သတင်းမှောင်ချထားခဲ့သည်။

အနက်ရောင် လင်ခရူဆာ ဆိုက်ဂနပ်ကားသည် မူခင်းဖြစ်ပွားရာ နေအိမ်ခြံဝင်းသို့ အခင်းဖြစ်ပွားသည့် နေ့က အနည်းဆုံး ၅ ကြိမ် ၀င်ထွက်မှုပြုခဲ့သည်ဟု လုံခြုံရေး တပ်ဖွဲ့များက ယုံကြည်နေကြသည်။

နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းပေးနိုင်သူကို ဖိတ်ခေါ်ခြင်းဖြင့် တရားခံကို ဖော်ထုတ်နိုင်မည်ဟု ရဲက ယုံကြည်ထားသော်လည်း အထက် အာဏာပိုင်များက မလုပ်ဆောင်ရန် ဖိအားပေးမှုများ ရှိသည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

ယခု ပြောကြားချက်အပေါ် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိဘဲ ဘယ်အကြောင်းကြောင့် တားမြစ်သည်ကိုလည်း မသိရှိနိုင်ဘဲ ဖြစ်နေသည်။



၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ


ညိုထက်ညို
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 16:48 - မြန်မာစံတော်ချိန်
(နေ့စဉ်မှတ်တမ်း)

Aug 27.1998 (ကြာသပတေးနေ့)။ ။ မနက်ဖြန်ကျရင် ကျနော်တို့ တနှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျနော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယ နှစ်တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ် နဲ့ ပဉ္စမနှစ်) နဲ့ ဒုတိယအသုတ် (စတုတ္ထနှစ် နဲ့ တတိယနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တသုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲ စစ်ခဲ့တာပေါ့။ ကျနော့်ဆီကိုတော့ ကျောင်းပြန်ဖွင့်မယ့် အကြောင်း အသိပေးတဲ့စာက လွန်ခဲ့တဲ့ တလလောက်က ရောက်လာပါတယ်။ ဒါနဲ့ပဲ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး ကျူရှင်တွေတော့ ပြန်တက်နေကြပါပြီ။ ဒီတခါ စာမေးပွဲ စစ်ပြီးရင်ကော ကျောင်းဘယ်လောက်ကြာကြာ ထပ်ပိတ်ဦးမလဲ။ နောက်တခါ ပြန်ဖွင့်ရင်ကော ကျနော်တို့ မူရင်းကျောင်းတော်ကြီးမှာ တက်ခွင့်မှ ရပါတော့မလား။ ကျောင်းကို လှိုင်သာယာ ရွှေ့တော့မယ်ဆိုတာ တကယ်လား ( ၁၉၉၇ ကတည်းက ကြားနေတဲ့သတင်းပါ )။ ကျနော့်စိတ်ထဲမှာ ကျနော်ဘယ်လိုမှ မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့ ထွေးလုံးရစ်ပတ် နေမိတယ်။ တကယ်လို့ ကျောင်းကိုများ ရွှေ့တော့မယ်ဆိုရင် မနက်ဖြန်ကစပြီး လာမယ့်ခုနစ်ရက်ဟာ ကျနော်တို့ ကိုယ့်မိခင် ကျောင်းတော်ကြီးမှာ နောက်ဆုံး တက်ရတဲ့ နေ့တွေ ဖြစ်လာတော့မှာပါ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC2)၊ ဗိုလ်တထောင် နယ်မြေ (RC1) နဲ့ ကြည့်မြင်တိုင်နယ်မြေ (RC3) က ကျောင်းသူကျောင်းသားတွေဆို ဒီအခွင့်အရေးတောင် မရကြရှာပါဘူး။ အခြေခံပညာ အထက်တန်းကျောင်း တွေမှာပဲ သက်ဆိုင်ရာ စာမေးပွဲတွေ သွားဖြေခဲ့ရတယ်။ သူတို့ကိုကျတော့ အဝေးသင် နဲ့ သန်လျင်ဘက်ကို ရွှေ့မယ်ဆိုလားပဲ။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျနော်တနေ့လုံး ယောက်ယက်ခတ် နေမိတယ်။ ဒီတခါတော့ နအဖ အစိုးရ ဟာ သတိကြီးကြီး ထားပြီး အစစအရာရာ ပြင်ဆင်ထားပုံ ရတယ် ဆိုတာကိုလည်း ကျနော် သတိထား လိုက်မိတယ်။ ခုနစ်ရက်ကလေး ကျောင်းပြန်ဖွင့် တာတောင် ကျနော်တို့ ခြောက်တန်းစလုံး တပြိုင် နက် မဖွင့်ရဲဘဲ နှစ်တန်းစီ သုံးသုတ် ခွဲဖွင့်တဲ့ အချက်က ဒါကို ပြနေပါတယ်။ ပထမအသုတ် နဲ့ ဒုတိယ အသုတ်ကတော့ ချောချောမောမောပဲ ဘာမှမဖြစ်ဘဲ စာမေးပွဲ စစ်ပြီးသွားပါပြီ။ ကျနော်တို့ နောက်ဆုံး အသုတ်ကကော….။ လွန်ခဲ့တဲ့ နှစ်ရက် (Aug 25 လို့ ထင်ပါတယ်) လောက်ကတော့ ကျနော်တို့ နီးစပ်ရာ ကျောင်းသားတွေစုပြီး လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်သဘောမျိုး ဆင်နွှဲ ခဲ့ကြပါတယ်။ ချိန်းတဲ့ အချိန် လွဲသွားလို့ ကျနော်ရောက်တဲ့ အချိန်မှာတော့ ဘယ်သူနဲ့မှ မတွေ့လိုက်ရဘူး။ မနက်ဖြန် အတွက် စာအုပ်သုံးလေးအုပ်ကို လွယ်အိတ်ထဲထည့်ရင်း ကျနော် တသီတတန်းကြီး တွေးနေမိတယ် ။ နောက်ဆုံးအသုတ်…. နောက်ဆုံး အခွင့်အရေး….. ကျောင်းရောက်မှ မီးစင်ကြည့် ကတော့မယ်ဆိုတဲ့ အတွေးနဲ့ ကျနော်စောစော အိပ်ရာဝင်လိုက်တယ်။ အိပ်မပျော်ပါဘူး။

Aug 28,1998 (သောကြာနေ့)။ ။ ကျနော်ကျောင်းကိုရောက်တော့ မနက် ကိုးနာရီ ထိုးပါတော့မယ် ။ တနှစ်ရှစ်လ ကျော်ကျော်လောက် ကွဲကွာနေပြီး ခုမှ ပြန်ဆုံကြတာမို့ ကျနော်တို့ ကျောင်းသူ ကျောင်းသားချင်းတော့ နည်းနည်း စိမ်းနေကြပါတယ်။ နောက်တခုကလည်း အခုဖွင့်တဲ့ အသုတ်က ပထမနှစ် နဲ့ ဒုတိယနှစ် ဆိုတော့ အတန်းကြီးတွေလို အသိအကျွမ်း မများကြသေးပါဘူး။ ပထမနှစ် ကျောင်းသားတွေဆို စုစုပေါင်း ကျောင်းတက်ရက်မှ ၁၉၉၆ တုန်းက သုံးလလောက်ပဲ ရှိသေးတာပါ။ သူ့ နီးစပ်ရာ အစုကလေးတွေ အလိုက်ပဲ သွားလာနေကြတာကို ကျနော်တွေ့ရတယ်။ အချိန်ဇယားတောင် ကျနော်မကြည့်နိုင်သေးဘဲ ကင်တင်းဘက်ကို အရင် ဆင်းသွားလိုက်တယ်။ ၉၆ တုန်းက သူငယ်ချင်းတွေကို တွေ့မလားဆိုတဲ့ အတွေးနဲ့။ ဘယ်သူနဲ့မှ မတွေ့တာနဲ့ အပေါ် ပြန်တက်လာပြီး စာသင်ခန်းဘက်ကို လာလိုက်ပါတယ်။ အတန်းထဲမှာတော့ လူတော်တော် စုံနေပါပြီ။ နယ်က အဆောင်နေ ကျောင်းသား တချို့နဲ့တွေ့မှပဲ ကျနော်လည်း အခြေအနေကို တီးခေါက်ကြည့်ရပါတယ်။ စတွေ့တွေ့ချင်းဆိုတော့ ဘယ်သူကမှ ဘာမှ မပြောနိုင်သေးပေမယ့် နေ့လယ် ထမင်းစားချိန် တွေ့ကြဖို့တော့ ချိန်းလိုက်ကြတယ်။ ကျနော်လည်း တခြားအတန်းတွေ (လူရှစ်ရာကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး ခွဲထားတာပါ) ကို စနည်းနာဖို့ စာသင်ချိန် မပြီးခင်ပဲ အတန်းထဲက ပြန်ထွက်လာလိုက်တယ်။ ကင်တင်းဘက် ပြန်သွားရင် ကောင်းမလား… ရှေ့က Mechanical ဆောင်တွေ ဘက်ကိုငေးရင်း ကျနော် စဉ်းစားနေတုန်းမှာပဲ ကျနော့်နာမည် ခေါ်သံကြားလို့ ကျနော် လှည့်ကြည့်လိုက်တယ်။ ကျနော်တို့ ဒုတိယနှစ်က သူငယ်ချင်း (သူက Architecture ကပါ ) တယောက်ကို ကျနော် တွေ့လိုက်ရတယ်။ ၁၉၉၆ ကတည်းက ကျနော်တို့ သိကျွမ်းခဲ့တာပါ။ ကျနော်တို့ နှစ်ယောက် ကင်တင်းဘက်ကို ပြန်ဆင်းလာပြီး Mini Hi မှာ ဝင်ထိုင်လိုက်ကြတယ်။ ကျနော်တို့ စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သူက ကျနော့်ကို ကျနော်တို့ တခုခုလုပ်ရင် ကောင်းမယ် ဆိုတဲ့အကြောင်း စကားစတယ်။ ဒါနဲ့ ကျနော်လည်း သူ့မှာ ဘာအစီအစဉ် ရှိလဲ လို့ သူ့ကို မေးလိုက်တော့ သူက ခဏစဉ်းစားပြီး အခုလောလောဆယ် ရေတိုအနေနဲ့ အခုလုပ်နေတဲ့ ခုနစ်ရက် ပညာရေးကို ကန့်ကွက်ဖို့ သူ စိတ်ကူးရတဲ့ အကြောင်း ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ ဆက်ပြောနေတုန်းပဲ ခုနက ကျနော်နဲ့ ချိန်းထားတဲ့ နယ်ကျောင်းသားတွေ ကင်တင်း ဆင်းလာတာ တွေ့လို့ ကျနော် လှမ်းခေါ်လိုက်တယ်။ ဒါနဲ့ပဲ ကျနော်တို့ တိုင်ပင်ပြီး ရှေ့ဆက်လုပ်ဖို့ အစီအစဉ်တွေကို အကြမ်းဖျင်း ချမှတ်လိုက်ကြတယ်။ ကျနော်တို့မှာ စုစုပေါင်းမှ အချိန် ခုနစ်ရက်ပဲ ရတယ်။ ဒီခုနစ်ရက်မှာ လုပ်စရာရှိတာကို မြန်မြန် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အစီအစဉ်ကတော့ လက်ရှိ စာသင်နေတဲ့ တန်းခွဲရှစ်ခု (ပထမ နဲ့ ဒုတိယနှစ်) ဆီကနေပြီး ခုနစ်ရက် ပညာရေးကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းကို လက်မှတ်တွေလိုက်ပြီး ကောက်ခံရမယ်။ တန်းခွဲတခုကို လူနှစ်ယောက် တာဝန်ယူရမယ်။ ဒါနဲ့ပဲ ကျနော်လည်း ကျနော့်တန်းခွဲအတွက် တာဝန် ယူလိုက်ပါတယ်။ လက်မှတ် စုထိုးကြမယ့် စာရဲ့ခေါင်းစဉ်ကိုတော့ ကျနော်တို့ အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံး “ခုနစ်ရက် ပညာရေးကို ကန့်ကွက်၍ စာသင်ချိန် တိုးမြှင့်ပေးရန် ပန်ကြားခြင်း” ဆိုတာကိုပဲ အတည်ပြုလိုက်တယ်။ အစပိုင်းတုန်းက ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေ သုံးဖို့ စိတ်ကူးမိပေမယ့် ကျနော်တို့ ကျောင်းသားထုကြား ညီညွတ်ရေးကို ဘာမှ မတည်ဆောက်ရသေးတာမို့ စကားလုံးတွေကို ဖျော့ပေးလိုက်တာပါ။ တချို့ နုနယ်တဲ့ ကျောင်းသားကျောင်းသူတွေ လက်မှတ်ထိုးဖို့ လက်တွန့်သွားမှာ စိုးတာလဲ ပါတာပေါ့။ အားလုံး တိုင်ပင်ပြီးတဲ့ အချိန်မှာတော့ ကျနော်က သူငယ်ချင်းကို (သူပဲ အစီအစဉ် အသေးစိတ် ချပြတာမို့ သူ့ကို ခေါင်းဆောင် အနေနဲ့ သဘောထားလိုက်ပါပြီ) စည်းရုံးရေး ကိစ္စ အတွက် မေးရတယ်။ တကယ်က ကျနော်က ဒီဘာသာရပ်မှာ ကျွမ်းကျင်သူ မဟုတ်လှပါဘူး။ သူ နဲ့ ကျနော်နဲ့ အသေးစိတ် ထပ်ဆွေးနွေးပြီး လောလောဆယ် အနေနဲ့တော့ အလျားလိုက် စည်းရုံးရေးကိုပဲ ဦးစားပေးလုပ်ဖို့ သဘောတူ ဆုံးဖြတ်လိုက်တယ်။ ကျယ်ပြန့်ရေးပေါ့ ။ ဒေါင်လိုက် (မြှင့်တင်ရေး) စည်းရုံးရေး ကိုတော့ နောက်မှပဲ လုပ်ရပါတော့မယ်။ ဟုတ်ပါတယ်။ ကျနော်တို့ အချိန်မရပါဘူး။ ကျနော်တို့ အားလုံး လူစုခွဲတော့ ညနေ သုံးနာရီ ထိုးပါတော့မယ်။ တန်းခွဲတွေက လေးနာရီမှာမှ ပြီးမှာ ဖြစ်ပေမယ့် ကျနော် အိမ်ပြန်ပြီး လိုတာလေးတွေ ပြင်ဖို့ အတွေးနဲ့ ပစ္စည်းမဲ့ ဂိတ်ကလေးဆီ ဦးတည် လိုက်တယ်။ အတန်းမတက်ဖြစ်လိုက်လို့ လွတ်သွားတဲ့ စာတွေကိုတော့ သူငယ်ချင်းတွေဆီကပဲ ဖိုတို ပြန်ဆွဲ လိုက်တော့မယ်။ ဒီလိုတွေးရင်း ကျောင်းဝင်းက အထွက်မှာပဲ ဒီနေ့ဟာ သြဂတ်စ် ၂၈ ရက်နေ့ ဆိုတာ ကျနော်ဖျတ်ခနဲ သတိရလိုက်တယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းတာ ဆယ်နှစ်မြောက်တဲ့နေ့ပါ။ ကျနော့်ရင်တွေ ခုန်နေတယ်…. ၁၉၉၆ က သွေးတွေနဲ့…..။

Aug 29,1998 (စနေနေ့) ။ ။ ဒီနေ့မနက်တော့ ရှစ်နာရီ လောက်ကတည်းက ကျနော်ကျောင်း ရောက်ပါတယ်။ ကင်တင်းမှာပဲ ကျနော်တို့ လက်မှတ် လိုက်ကောက်ခံမယ့် ကိုယ်စားလှယ်တွေ တွေ့လိုက်ကြတယ်။ မနက်ကိုးနာရီ စာသင်ခန်း ဖွင့်တာနဲ့ ကျနော်တို့ အားလုံး လက်မှတ်ကောက်ခံမယ့် စာရွက်ကိုယ်စီနဲ့ ကိုယ့်တန်းခွဲကိုယ် သွားလိုက်ကြတယ်။ ပထမ စစချင်း စာရွက်ပေါ်က ကျနော့် ခုံနံပါတ်မှာ ကျနော့် အမည် နဲ့ လက်မှတ်ကို ရေးထိုးလိုက်ပါတယ်။ နောက်တော့ ရှေ့မှာ ဆရာစာသင် နေတုန်းပဲ (စာမေးပွဲမှာ ပါမယ့် အပုဒ်တွေကို ရွေးသင်နေတာပါ) ကျနော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေဆီ တခုံပြီးတခုံ ကူးသွားပြီး လက်မှတ် လိုက်စုရတယ်။ တချို့လည်း ချက်ချင်း မထိုးရဲ ကြသေးပါဘူး။ အခြေအနေ စောင့်ကြည့် နေကြပါတယ်။ ဒါကြောင့် ကျနော်က လူရင်းတွေဆီ အရင် ချဉ်းကပ်ရတာပါ ။ နေ့လယ် ထမင်းစားချိန်မှာတော့ အတန်းထဲက လူတဝက်ကျော်လောက်ရဲ့လက်မှတ်တွေ ရခဲ့ပါပြီ။ ဒါနဲ့ ကျနော်တို့ အဖွဲ့ ကင်တင်းမှာ ပြန်ဆုံပြီး သူ့အခြေအနေ ကိုယ့်အခြေအနေ ဆန်းစစ်ရတယ်။ နေ့လယ် ကျောင်းပြန်တက်ချိန် မှာတော့ ကျန်နေသေးတဲ့ လက်မှတ်တွေကို ထပ်ပြီး လိုက်စုရပါတယ်။ တချို့ကိုလည်း အကျိုးအကြောင်း နားဝင်အောင် ရှင်းပြရတယ်။ တခြားသူတွေရဲ့ လက်မှတ်တွေကို ပြရင်း ကျောင်းသားအားလုံးရဲ့ အရေးမို့ ပါဝင် လက်မှတ် ရေးထိုးပေးဖို့ စည်းရုံးရပါတယ်။ ကျနော်တို့မှာ အချိန် အကန့်အသတ်က အလွန်ကြီးမားနေလို့ တရက်တည်းနဲ့ ပြီးအောင် ကြိုးစားရတာပါ။ ညနေ ကျောင်းဆင်းချိန်မှာတော့ ကျနော့် တန်းခွဲက အားလုံးနီးပါး ရဲ့လက်မှတ်တွေကို ကျနော် ရရှိခဲ့ပါပြီ ။ မနက်ဖြန်ကျရင် လက်မှတ် ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ် ဦးညီလှငယ် နဲ့ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဦးသောင်း (အသစ်ဖွင့်လိုက်တဲ့ ဌာနပါ၊ ကျနော်တို့ ကျောင်းလည်း ပညာရေး ဝန်ကြီးဌာန လက်အောက်ကနေ ရောက်ခဲ့ရပါတယ်) ဆီကို တင်ပြဖို့ သဘောတူလိုက်ကြတယ်။ ကျနော်တို့ အတွက် မိတ္တူတွေကိုတော့ ရဲဘော်တယောက်က တာဝန်ယူ ဖိုတို ဆွဲပေးပါတယ်။ ဒါနဲ့ပဲ ကျနော်တို့လည်း လူစုခွဲ လိုက်ကြတယ်။ ညနေငါးနာရီ လောက်ပေါ့။

Aug 30,1998 (တနင်္ဂနွေနေ့) ။ ။ ဒီကနေ့ မနက် ကျောင်းရုံးခန်း ဖွင့်ဖွင့်ချင်းပဲ ကျနော့် သူငယ်ချင်း က လက်မှတ် ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ်ဆီ ကိုယ်တိုင် သွားပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် မနေ့ကအထိ ကျနော်တို့ လှုပ်ရှားမှု က ဘာမှ တရားဝင် မဖြစ်သေးပါဘူး။ ဒီမနက် မှာတော့ လှုပ်ရှားမှုက စပြီး အသက် ဝင်လာခဲ့ပါပြီ။ ကျနော်တို့ ကင်တင်းမှာ ခဏထိုင်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ် တွေကို တိုင်ပင်ရတယ်။ ဒီနေ့ နေ့တွင်းချင်းပဲ ပါမောက္ခချုပ်ဆီက တုံ့ပြန်မှု တခုခု က ပြန်လာတော့မယ်။ ပြန်လာမယ့် အချိန်မှာလည်း ကျနော်တို့ ဘက်က တန်ပြန်ဖို့ အဆင်သင့် ရှိမှ ဖြစ်ပါလိမ့်မယ်။ နေ့လယ် ဆယ့်နှစ်နာရီ လောက်မှာတော့ ပါမောက္ခချုပ်ဆီက အကျိုးအကြောင်း မေးကြည့်ဖို့ Building one မှာ လူစစုကြပါတယ်။ တနာရီလောက်မှာတော့ ဦးညီလှငယ် ရုံးခန်းထဲက ထွက်လာပြီး စာမေးပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတဲ့အတွက် တိုးမြှင့်ပေးဖို့ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို မဖြစ်နိုင်တဲ့အကြောင်း ရှင်းလင်း ပြောပြပါတော့တယ်။ ကျနော်တို့ ဘက်ကလည်း ခုနစ်ရက် သင်ကြားရုံ နဲ့ စာမေးပွဲ ဖြေဆိုဖို့ ဘယ်လိုမှ မလုံလောက်တဲ့ အကြောင်း၊ အထူးသဖြင့် နယ်က ကျောင်းသားများအဖို့ ပိုပြီး ထိခိုက်ကြောင်း၊ ရန်ကုန်က ကျောင်းသားတွေက ကျူရှင်ယူဖို့ ဖြစ်နိုင်သေးကြောင်း ပြန်ပြီး တင်ပြပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီလို ပါမောက္ခချုပ် နဲ့ ကျနော်တို့ အချီအချ ပြောနေကြတုန်းပဲ ကျနော်တို့ ကျောင်းပြောင်းရမယ့် ကိစ္စ ရောက်လာပါတယ်။ ဒါကိုတော့ ပါမောက္ခချုပ်က သူ့အနေနဲ့ ဘာမှ တရားဝင် မသိရှိရသေးဘူးလို့ပဲ မယုတ်မလွန် ပြောသွားပါတယ်။ ဒါနဲ့ ကျနော်တို့လည်း ဒီနေ့ ညနေ၊ ဒါမှမဟုတ် မနက်ဖြန်ကျရင် ဝန်ကြီး ဦးသောင်း နဲ့ တွေ့ဆုံလိုတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။ ညနေပိုင်းမှာတော့ မနက်ဖြန်ကျရင် ဝန်ကြီး လာလိမ့်မယ် ဆိုတဲ့ သတင်းစကား ကို ကျနော်တို့ ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုက နောက်တဆင့် တက်ခဲ့ရပါပြီ။

Aug 31,1998 (တနင်္လာနေ့) ။ ။ ဒီနေ့ နေ့လယ် ဝန်ကြီး ဦးသောင်း ရောက်လာခဲ့ပါတယ်။ ပါမောက္ခ ချုပ်ရုံးခန်း ကနေ ပါမောက္ခချုပ်နဲ့ နှစ်ယောက်တွဲ ထွက်လာပြီး တင်ပြစရာ ရှိတာ တင်ပြကြဖို့ ကျနော်တို့ကို ပြောပါတယ်။ ဒါနဲ့ပဲ ကျနော့် သူငယ်ချင်း အပါအဝင် တခြား ကိုယ်စားလှယ်တွေ (နယ်ကျောင်းသား အများစုပါ) တယောက်ပြီး တယောက် ထပြီး ( သြဘာလမ်းထိပ်မှာ ကျနော်တို့ စုထိုင် နေကြတာပါ) ကျနော်တို့ရဲ့ လိုလားချက်တွေကို တင်ပြရပါတယ်။ အဓိက ကတော့ စာသင်ချိန်ကို တိုးမြှင့် ပေးဖို့ပါ။ ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာတော့ ကျနော်တို့ လိုလားချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ပင်မ အရေးအကြီးဆုံး အချက်အနေနဲ့က ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကျောင်းတော်ကြီး ပြောင်းရွှေ့ခံရတော့မယ့် အရေးကို ကာကွယ် တားဆီးဖို့ လုပ်နေရတာပါ။ ကျောင်းအရွှေ့မခံ ရတော့မှပဲ ကျန်တဲ့ အရာအားလုံးကို ကျနော်တို့ ဆက်လုပ်နိုင်တော့မှာပါ။ ကျနော်တို့ မနှစ်က အစုလိုက် အပြုံလိုက် အဖမ်းခံရပြီး ထောင်ဒဏ် ကျခံနေရပြီ ဖြစ်တဲ့ ၉၆ ကျောင်းသား လှုပ်ရှားမှုက ရဲဘော် ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်ရေး တောင်းဆိုဖို့ကော၊ ကျနော်တို့ ကျောင်းသား လှုပ်ရှားမှုတွေ ကွင်းဆက်မပြတ်၊ မျိုးဆက်မပြတ်ဖို့ကော ဒါတွေ အားလုံးဟာ ကျောင်းအရွှေ့မခံရရေး အပေါ်မှာပဲ တည်နေမှီနေပါပြီ။ ဒါကြောင့်မို့ပဲ ပထမဆုံး ခြေလှမ်းအနေနဲ့ စာသင်ချိန်ကို အရင်ကလိုပဲ ပုံမှန် စာသင် နှစ်တနှစ် အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။ အခြေအနေ တခုလုံးကို ခြုံပြီး ပြောမယ်ဆိုရင်တော့ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ် ဆိုသလိုပဲ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ တိုက်နေတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကျောက်ခဲကို ရေညှစ် နေသလိုပါပဲ။ ဦးသောင်းဆီက ဘာတခုမှ ရေရေရာရာ စကားထွက်မလာပါဘူး။ နောက်ဆုံးတော့ အထက်က ညွှန်ကြားချက်အရ စာသင်ချိန်ကို တိုးမြှင့် မပေးနိုင်ဘူးလို့ပဲ ယတိပြတ် ပြောချလိုက်ပါတော့တယ်။ စစ်အုပ်စု ရဲ့ သက်တမ်း တလျှောက်လုံး ကျင့်သုံးလာခဲ့တဲ့ တလက်မမှ နောက်မဆုတ်ရေး မူကို လက်တွေ့ကျင့်သုံးတာကို ကျနော်တို့ ကြုံရပြန်ပါပြီ။ အရယ်အပြုံး မရှိ၊ ခံစားချက် တစွန်းတစ မထင်၊ လူတယောက် ရဲ့ မျက်နှာထက် ဖားတကောင်ရဲ့ မျက်နှာ နဲ့ တူနေတဲ့ ဦးသောင်း ရဲ့ မျက်နှာသေ ကို ကျနော်ငေးကြည့်နေမိတယ်။ အဖြေကို ကြိုသိနေပြီး ဖြစ်လို့လည်း ထူးပြီးတော့ မအံ့သြ တော့ပါဘူး။ တခုပဲ ရှိပါတော့တယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ပါ။

Sept 1,1998 (အင်္ဂါနေ့) ။ ။ မနက်ကိုးနာရီ ဝန်းကျင်လောက်မှာပဲ ကျနော် ကျောင်းကို ရောက်ပါတယ်။ အတန်းဘက် ခဏသွားကြည့်ပြီး ကင်တင်းဆီ ကျနော် ပြန်ဆင်းလာခဲ့တယ်။ ဆယ်နာရီ လောက်ကျတော့ ကျနော်တို့ အဖွဲ့ လူစုံပြီး ရှေ့ဆက် မတိုးနိုင်ဘဲ ဖြစ်နေတဲ့ ကျနော်တို့ရဲ့ လှုပ်ရှားမှု ကို အဆင့်တခု ထပ်မြှင့်ဖို့ ဆွေးနွေးရတယ်။ နောက်ဆုံး ကျနော်တို့ အားလုံး ကိုယ့်တန်းခွဲကိုယ် သွားပြီး ကျောင်းသားထုကြား ဖြစ်နေတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တီးကြည့်ခေါက် ကြည့်ဖို့ သဘောရကြပါတယ်။ နေ့လယ် နှစ်နာရီလောက် ပြန်တွေ့ဖို့လည်း ချိန်းလိုက်ကြတယ်။ ဒါနဲ့ ကျနော်လည်း ကျနော့်တန်းခွဲ ပြန်သွားပြီး အခြေအနေကို လေ့လာကြည့်တော့ ထက်သန်တက်ကြွ မှုတော့ နည်းနည်း လျော့ရဲ နေတာကို သတိထားမိပါတယ်။ ပြောမယ့်သာ ပြောရတယ်၊ ၁၉၉၆ တုန်းက အခြေအနေ ဝန်းကျင်နဲ့ တော်တော် ကွာခြားသွားပါပြီ။ ဒါကလည်း သဘာဝကျပါတယ်။ ဟိုတုန်းကတော့ အတန်းကလည်း ခြောက်တန်းစလုံး၊ လူကလည်း ငါးထောင်နီးပါး၊ နှစ်ပြည့် ကျောင်းတက်နေရတဲ့ အချိန် ၊ တခြား တက္ကသိုလ် တွေနဲ့ ကျောင်းသူကျောင်းသား တွေကလည်း ကိုယ့်အနီးအနားမှာ၊ အားလုံးက တင်းပြည့်ကျပ်ပြည့်ပါ။ အခုကတော့ အတန်းကလည်း နှစ်တန်းထဲ၊ လူကလည်း တထောင်ကျော်ကျော် တခြား ကိုယ်နဲ့ တူတူ တိုက်ပွဲဝင်ဖို့ တက္ကသိုလ်တွေကလည်း ပိတ်ထားတော့ အခြေအနေက ကွာခြား ချင်တိုင်း ကွာခြား သွားပါပြီ။ နေ့လယ် နှစ်ချက်ထိုး လောက်မှာတော့ ကျနော့် သူငယ်ချင်း နဲ့ “မေတ္တာ ပေါင်းကူး“ မှာ ပြန်တွေ့ ကြပါတယ်။ သူ ကျနော့်ကို ကင်တင်းမှာ စကားပြောချင်ပုံ မရဘူး။ ကျနော်လည်း သူ့လိုပါပဲ။ ဒါနဲ့ ကျနော်တို့ နှစ်ယောက် ကင်တင်း ဘေးလမ်းက ဖဲ့ထွက်ပြီး ဘောလုံးကွင်း ဘက်ဆီ လျှောက်လာလိုက်တယ်။ ရာသီဥတု က မှိုင်းညို့နေတယ်။ ဟိုးအဝေးက တလိပ်လိပ်တက် နေတဲ့ မီးခိုးတန်း ဖြူဖြူကလေးကို ကျနော်မြင်နေရတယ်။ ကျနော့် ရင်ထဲမှာလည်း အမျိုးအမည် မသိတဲ့ ခံစားချက်တွေနဲ့ လေးလံတင်းကြပ် နေတယ်။ ဘောလုံးကွင်းနား ရောက်တော့ ကျနော်တို့ နှစ်ယောက် လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ်။ ခဏ ငြိမ်နေမိကြပြီး သူငယ်ချင်းဆီက စကားသံ တိုးတိုးညင်းညင်း ထွက်လာတယ်။ ကျနော်တို့ ဆီမှာ ရှိတဲ့ အခြေအနေ အတိုင်းအတာ တွေနဲ့ပဲ ကျနော်တို့ လှုပ်ရှားမှု ကို ရှေ့ဆက်မယ် ဆိုတဲ့ အကြောင်းပါ။ ဟုတ်ပါတယ်။ မနက်ဖြန်မှာ ခုနစ်ရက် ပညာရေး ကို ကန့်ကွက်ဖို့ ကျနော့် သူငယ်ချင်း နဲ့ တခြား ရဲဘော်တွေ တိုင်ပင်ပြီးကြပါပြီ။ ဒါနဲ့ ကျနော်လည်း ကျနော်တို့ အလံကို ဘယ်အဆင့်အထိ လွှင့်မလဲ ဆိုတာ သူ့ကိုမေးတော့ သူက “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကန့်ကွက်ချက် ကိုပဲ ပင်မ အဖြစ်ထားမယ် ဆိုတာ ကျွန်တော့် ကိုပြောတယ်။ တခြား တောင်းဆိုချင်တာတွေကတော့ အရံပေါ့။ ဒါလောက်ဆို ကျနော် နားလည် လိုက်ပါပြီ။ နောက် သူက ကျနော့်ကို အတန်းပြန်ပြီး တတ်နိုင်သမျှ စည်းရုံးထားဖို့လည်း ပြောပါတယ်။ ဒါနဲ့ပဲ မနက်ဖြန် ကိုးနာရီ မှာ ဆုံဖို့ ကျနော်တို့ ချိန်းလိုက်ပြီး အခု လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်တော့ ခါတိုင်းထက်ပိုပြီး သူ ကျနော့်လက်ကို ဖျစ်ညှစ် နှုတ်ဆက်တာ ကျနော် သတိထားမိလိုက်တယ်။ ဒီမှာပဲ ကျနော်သူ့မျက်နှာကို တချက် စိုက်ကြည့် မိတယ်။ ပိုင်းဖြတ်ထားတဲ့ သူ့အသွင်ကို ကျနော်မြင်နေရတယ်။ သူ ပြောချင်တဲ့ စကားအားလုံး ကို ကျနော် ကြားလိုက်ရတယ်။ တိုက်ပွဲ… တိုက်ပွဲ…. ဟုတ်တယ်… တိုက်ပွဲ နဲ့ပဲ ကျနော်တို့ အဆုံးသတ် ရတော့မယ်။

Sept 2,1998 (ဗုဒ္ဓဟူးနေ့) ။ ။ ဒီနေ့မနက် အစောကြီး ကျနော် နိုးနေပါတယ်။ အမေ့ကိုတော့ ကျောင်းစောစော သွားမယ့် အကြောင်းပြောပြီး ပြင်ရဆင်ရတယ်။ အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ကျနော့် Drawing board ပေါ်က အောက်ခံ ကတ်ထူပြားကို ကျနော် ဖြုတ်လိုက်တယ်။နောက်ပြီး ၁၉၉၆ တုန်းက ကျနော်ကိုင်ခဲ့တဲ့ ခွပ်ဒေါင်းအလံ ပိုစတာ ကို ကတ်ထူပြားထဲ လိပ်ထည့်လိုက်တယ်။ အတူတူ ကျောင်းသွားနေကျ သူငယ်ချင်းတွေဆီ ဖုန်းခေါ်တော့ တယောက်မှ ဒီနေ့ ကျောင်းမတက်ဖြစ်ကြပါဘူး။ အိမ်မှာပဲ စာကျက်တော့မယ် လို့ ပြောကြပါတယ်။ ကျနော်နာရီ ကို ကြည့်လိုက်တော့ ခုနစ် နာရီ ကျော်နေပါပြီ။ ကျနော်လူစုဖို့ ဆက်မကြိုးစား တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်ရပါတယ်။ တော်ကြာ နောက်ကျနေတော့မယ်။ ကျောင်းကို ရောက်တော့ ရှစ်နာရီခွဲ နေပါပြီ။ ကင်တင်းကို ခဏ ဆင်းသွားလိုက်ပြီး ကိုးနာရီ ထိုးခါနီးမှာ ကျနော်အတန်းထဲ ဝင်ထိုင်နေလိုက်ပါတယ်။ ကိုးနာရီ အတိမှာတော့ ကျနော့် သူငယ်ချင်း ဦးဆောင်တဲ့ ဆန္ဒပြမယ့် ကျောင်းသားတွေ ပိုစတာကိုယ်စီနဲ့ ကျနော်တို့ အခန်းဝရှေ့ ရောက်လာပါတော့တယ်။ “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကြွေးကြော်သံ နဲ့ပေါ့။ ကျနော့် သူငယ်ချင်းက အခန်းထဲ ဝင်လာပြီး ဆရာမကို “ကျနော်တို့ ခုနစ်ရက်ပညာရေး ကို ကန့်ကွက်လိုက်ပါပြီ“ လို့ ရိုရိုသေသေပဲ ခွင့်တောင်းရင်း အတန်းထဲ ထိုင်နေတဲ့ ကျောင်းသားတွေကို လှမ်းကြည့်လိုက်ပါတယ်။ ကျနော်လည်း အိတ်ထဲက အသင့်ပါလာတဲ့ ပိုစတာကို ထုတ်ကိုင်ပြီး အခန်းဝက သူတို့နဲ့ သွားပူးပေါင်း လိုက်တယ်။ ကျနော့်နောက်က ကျောင်းသား နှစ်ဆယ်လောက် ပါလာ ပါတယ်။ ဒါနဲ့ ကျနော်တို့လည်း စာသင်ခန်း ရှစ်ခန်းကို လှည့်လည်စည်းရုံး ပြီး တိုင်ကြီး ၁၈ တိုင် အောက် ရောက်လာပါတယ်။ ဒီအချိန်မှာပဲဗျာ “လုံထိန်းတွေ ရောက်လာပြီ လုံထိန်းတွေ ရောက်လာပြီ“ ဆိုတဲ့ အသံကို ကျနော် ကြားလိုက်ရတယ်။ ကျနော့် ခန့်မှန်းခြေ ကျနော်တို့ ဆန္ဒပြတဲ့ အချိန်နဲ့ ငါးမိနစ်တောင် မကွာပါဘူး။ ထောက်လှမ်းရေးတွေ သတင်း ပို့လိုက်ပြီ လို့ ကျနော်တို့ တွက်ဆလိုက်ပါ တယ်။ သမိုင်းလမ်းဆုံက အဝါရောင် အဆောက်အဦး ကြီးထဲမှာ လုံထိန်းတပ်ရင်း တပ်စွဲထားတာကိုး။ ဒီအချိန်မှာပဲ ပစ္စည်းမဲ့ ဂိတ်ကလေးဆီကနေ “အပြင်ကနေ ကင်မရာတွေနဲ့ ဗီဒီယို ရိုက်နေတယ်ဟေ့“ ဆိုတဲ့ အသံ ထပ်ထွက်လာပြန်တယ်။ ကျနော်တို့ နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လုံထိန်းတွေ ရုတ်တရက် ကျောင်းဝင်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ပါ။ နောက်တော့ Building One ရှေ့မှာ ရပ်ထားတဲ့ တီအီးကားတစီး ကို ကျောင်းသားတစု တွန်းလာပါတယ်။ ကျနော်တို့ကို အပြင်က မြင်ကွင်း ကွယ်သွားအောင် ဆိုတဲ့ သဘောနဲ့ပါ။ ကျနော်ကိုင်ထားတဲ့ ပိုစတာကို ရဲဘော်တယောက်ကို ပေးပြီး ပစ္စည်းမဲ့ဂိတ်ကလေးဘက် ကျနော် သွားကြည့်လိုက်တော့ လမ်းပေါ်မှာ အတန်းလိုက် နေရာယူထားတဲ့ လုံထိန်းတွေကို တွေ့ရတယ်။ ဒီအချိန်မှာပဲ လူပေါဂိတ်ဘက် သွားကြည့်တဲ့ ကျောင်းသားတွေ ပြန်ရောက်လာပြီး လူပေါဂိတ်ရှေ့ အင်းစိန်လမ်းမ ပေါ်မှာလည်း လုံထိန်းတွေ ရောက်နေပြီ ဆိုတာ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့လည်း အားလုံးရဲ့သဘောတူ ဆုံးဖြတ်ချက်အရ ကျောင်းဝင်းထဲမှာပဲ ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျနော့် သူငယ်ချင်းဆီက “ရဲဘော်တို့ ခုနစ်ရက် ပညာရေးကို ကျောင်းသားထု တရပ်လုံးရဲ့ ကိုယ်စား ငါတို့ အခုစတင် ကန့်ကွက်မယ်၊ စည်းကမ်းရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ငါတို့ ဆန္ဒကို ထုတ်ဖော်ကြရမယ်“ ဆိုတဲ့ စကားအဆုံးမှာတော့ “သပိတ် သပိတ် မှောက်မှောက်“ ဆိုတဲ့ အသံက မြည်ဟိန်းသွားပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့နဲ့ ထပ်လာပူးပေါင်းတဲ့ ကျောင်းသားကျောင်းသူ အချို့ရောက်လာပါတယ်။ ခန့်မှန်းခြေ စုစုပေါင်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်ပေါ့။ ဒါနဲ့ ကျနော်တို့လည်း ကျောင်းဝင်းတလျှောက် ကင်တင်း အပါအဝင် လှည့်လည် ဆန္ဒပြကြ ပါတော့တယ်။ အချိန်က မနက် ဆယ်နာရီခွဲ လောက်ရှိပါပြီ။ ဒီအချိန် မှာဆန္ဒပြတဲ့ သတင်းကို မြို့ထဲက ကြားလို့ လာကြတဲ့ ကျောင်းသားတွေကတော့ သမိုင်းလမ်းဆုံ အကျော်မှာပဲ ပိတ်ဆို့ခံလိုက် ရပါတယ် (ကျနော်နောက်မှ ပြန်သိရတာပါ)။ နေ့လယ်ပိုင်းရောက်တော့ ကျနော်အိမ်ကို ဖုန်းဆက်ဖို့ ဆက်သွယ်ရေး ရုံးကလေးဘက် ထွက်လာလိုက်တယ်။ ရုံးကကင်တင်း ထောင့်စွန်းမှာပါ။ ကျနော်ရောက်တော့ ဖုန်းဆက်ဖို့ တန်းစီနေတဲ့ ကျောင်းသူကျောင်းသား တွေကို တွေ့ရတယ်။ ဝင်တန်းစီပြီးကာမှ ကျနော်တခု သတိရလာတယ်။ ခုလောက်ဆို မြို့ထဲမှာ သတင်း တွေ ပျံ့နေတော့မယ်။ ကျနော်ဆက်ရင် အမေက ကျနော့်ကို ပြန်လာခိုင်းတော့မယ်။ ကျနော် သူရဲကောင်းတယောက် မဟုတ်ပေမယ့် ဒီအချိန်မှာ မပြန်နိုင်ပါဘူး။ ကျနော် ဆုံးဖြတ်လိုက်ပြီး လူတန်းထဲက ပြန်ထွက်လိုက်တော့တယ်။

ကင်တင်းက ကျနော်ပြန်တက်လာပြီး Building One အောက် ကျနော်ပြန်ရောက်တော့ သူငယ်ချင်းတွေ တိုင်ကြီး ၁၈ တိုင်အောက် ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတာ တွေ့ရတယ်။ ပြန်ချင်တဲ့သူ တွေကို ပြန်ခွင့်ပေးလိုက်ပြီ ဆိုတာလည်း ကြားရပါတယ်။ နေ့လယ်နှစ်ချက်ခွဲ လောက်မှာတော့ ပါမောက္ခချုပ် ရုံးခန်းထဲက ထွက်လာပြီး ကျနော်တို့နဲ့ တွေ့ပါတယ်။ ဒါနဲ့ ကျနော်တို့လည်း စာသင်ချိန် တိုးမြှင့်ပေးဖို့ ကိစ္စကိုပဲ ထပ်ပြီး တင်ပြကြပါတယ်။ ဒါပေမဲ့ ဘာမှ မထူးတော့ပါဘူး။ အဖြေကတော့ အရင်အတိုင်း ပါပဲ။ စာသင်ချိန် ခုနစ်ရက်ပဲ ဖြစ်ဖြစ် ခုနစ်လပဲ ဖြစ်ဖြစ် အဆင့် ၁ ကနေ ၈၀၀ အထိပဲ ဖြစ်မှာမို့ ဘာမှ မထူးတဲ့ အကြောင်း ထပ်တလဲလဲ လက်ဟန်ခြေဟန် နဲ့ ရှင်းပြနေတဲ့ ဦးညီလှငယ် ကိုပဲ ကျနော် ငေးကြည့် နေမိတော့တယ်။ ညနေ လေးနာရီ လောက်မှာတော့ ကျနော်တို့ ဆန္ဒပြ ကျောင်းသားအားလုံး တိုင်ကြီး ၁၈ တိုင်အောက် စုထိုင် နေလိုက်ကြတယ်။ တနေ့လုံး မှိုင်းညို့နေတဲ့ ရာသီဥတုအောက်မှာ ကျောင်းကြီးတကျောင်းလုံး တိတ်ဆိတ် နေပါတယ်။ ဒီအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေကို လာခေါ်တဲ့ သူတို့ အိမ်က ကားတွေလည်း အလျှိုအလျှို ရောက်လာကြပါပြီ။ ကားမရှိတဲ့သူ တွေအတွက် တော့ ပြန်ဖို့ ကားနှစ်စီးလားမသိ စီစဉ်ပေးထားပါတယ်။ မိန်းကလေးတွေကတော့ အကုန်လုံး ပြန်ကြပါပြီ။ တဖြည်းဖြည်းနဲ့ ညနေ ငါးနာရီလောက်မှာတော့ ကျနော်တို့ တိုင်ကြီး ၁၈ တိုင်အောက်မှာ ထိုင်နေတဲ့ ကျောင်းသား ငါးဆယ်ကျော် ခြောက်ဆယ်လောက်ပဲ ကျန်ကြပါတော့တယ်။ ဒီအထဲကမှ အများစုက နယ်ကလာတဲ့ အဆောင်နေ ကျောင်းသားတွေပါ။ တဆက်တည်း ကျနော်တို့ ခုနစ်ရက် စာသင်ကြားရေး အစီအစဉ်ကိုလည်း ဒီနေ့ပဲ အဆုံးသတ်လိုက်ပြီ ဆိုတဲ့ သတင်းလည်း ကျနော် သိလိုက်ရတယ်။ စာမေးပွဲနေ့ကျမှပဲ လာဖြေဖို့ပဲ ရှိတော့တာပေါ့။ ညနေ ခြောက်နာရီ လောက်မှာတော့ ကျနော်တို့ တိုက်ပွဲ နိဂုံးချုပ်သွားပြီလို့ ကျနော် နားလည်လိုက်တော့တယ်။ မိုးက တဖြည်းဖြည်း မှောင်လာပြီး မိုးစရွာလာပါတယ်။ နောက်ဆုံးကျန်တဲ့ ကားတစီးစ နှစ်စီးစ ကလွဲလို့ ဘာမှ မကျန်တော့ ပါဘူး။ ကျနော့် သူငယ်ချင်းကို လိုက်ရှာတော့ တိုင်ကြီး၁၈ တိုင်ရဲ့ထောင့်စွန်းက တရုတ်စကားပင် နားမှာ ရပ်နေတာကို ကျနော် တွေ့လိုက်တယ်။ ကျနော်သူ့ဆီသွားပြီး နှုတ်ဆက်တော့ “အေးကွာ လုပ်စရာရှိတာ အားလုံး လုပ်ခဲ့ပြီးပြီပဲ“ ဆိုပြီး သူ့ဆီက စကားသံ ထွက်လာတယ်။ ကျနော်ကိုယ်တိုင် ကတော့ ဘာမှ မပြောနိုင်တော့ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ စိတ်ဓာတ်ကျပုံ မရတဲ့ သူငယ်ချင်းကို ငေးကြည့် နေမိတယ်။ သြော်…ပန်းချီဆရာ ကျနော့် သူငယ်ချင်း။ တိုက်ပွဲကို ရဲရဲရင့်ရင့် ခေါင်းခံ ဦးဆောင်ခဲ့သူ။ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ကို အိပ်ခန်းထဲမှာ ဆွဲထားသူ…။ ဒီအချိန်မှာပဲ တိုတောင်းပေမယ့် အမှတ် ရစရာတွေချည်း ဖြစ်ခဲ့ရတဲ့ ကျနော့်ရဲ့ ကျောင်းသားဘဝ နေ့ရက်တွေဟာ ရုပ်ရှင်အနှေးပြသလို ကျနော့်မျက်လုံး ထဲမှာ တကွက်ချင်း ပြန်ပေါ်လာပါတယ်။ ရွာကြီး လို့ ကျနော်တို့ ချစ်စနိုး ခေါ်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ ကင်တင်း၊ ပစ္စည်းမဲ့ ဂိတ်ကလေးက ဝင်လာပြီး ကင်တင်းကို ဆင်းသွားရာက အပေါ် ပြန်မတက်ဖြစ်တော့တဲ့ နေ့တွေ၊ ကျောင်းသားအများစုရဲ့ မှီခို အားထားရာ ပဲထမင်း နဲ့ မုန့်ဟင်းရည်၊ “နွေးအေး၊ အောင်သိပ္ပံ၊ Mini Hi၊ ကန်သာယာ၊ မေတ္တာပေါင်းကူး၊ ဝင်း နဲ့ အင်းဝ“ ၊ ကျောင်းထဲမှာ ရှိတဲ့ နောက်ဆုံးနှစ် အစ်ကိုကြီး တွေရဲ့ အဆောင်မှာ စက်ကျခဲ့တဲ့ နေ့တွေ၊ သြဘာလမ်းကလေးထဲ ဖြတ်ပြေးဖူးတဲ့နေ့၊ ဟိုးဝေးဝေးက ဂျီဟောလ်၊ စွယ်တော်လမ်းကလေး၊ အစ်ကိုကြီးတယောက် နဲ့ မတင်မိုးလွင် နောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့နေ့၊ ကားနဲ့လာရင် ဝင်လာရတဲ့ ခန့်ခန့်ထည်ထည် လူပေါဂိတ်ကြီး၊ ကျနော်ချစ်တဲ့ တိုင်ကြီး ၁၈ တိုင်၊ ပြီးတော့ ကျနော့် ရဲ့သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေ၊ ကျနော်လာရင် အမြဲ ပြေးပြေး ကြိုတတ်တဲ့ ကင်တင်းက ခွေးမကလေး မြီးတို၊ ဒါတွေအားလုံး…ကျနော့်နှလုံးသားထဲက အရာအားလုံးနဲ့ ကျနော်အခုခွဲရ တော့မယ်…ဘယ်တော့မှ ပြန်ဆုံမယ်မှန်း မသိတော့တဲ့ ခွဲခြင်းနဲ့ကို ခွဲရတော့မယ်။ ကျနော်တင် မကဘူး၊ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံး အနေနဲ့ပါ ကျနော်တို့ ချစ်မြတ်နိုးတဲ့ တက္ကသိုလ် ကြီးတွေကို အပြီးတိုင် ခွဲရတော့မယ်။ ကျနော်တို့ ညီ ညီမတွေကော၊ နောက်လာမယ့် ကျနော်တို့ မျိုးဆက်သစ်တွေပါ တက္ကသိုလ်ကြီး တွေဆီ ဘယ်တော့မှ ပြန်ရောက်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် တော့ပါဘူး။ ဟစ်တလာ က ဂျူးတွေကို အပြီးသတ်ဖြေရှင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးတုံး သတ်ဖြတ်ခဲ့သလိုပဲ၊ ၁၉၆၂ ကစပြီး ကျနော်တို့ ကျောင်းသားတွေကို အငြိုးကြီးကြီး နဲ့ ဖိနှိပ်ချေမှုန်း ခဲ့တဲ့ စစ်အုပ်စုဟာ နောက်ဆုံးအနေနဲ့ ကျနော်တို့ကို တက္ကသိုလ်ကြီးတွေဆီကနေ လယ်ကွင်း ဖုန်းဆိုး မြေကြီးတွေဆီ မောင်းထုတ်တော့မယ်။ တလျှောက်လုံး အကိုင်းအခက်တွေကို ချိုင်ခဲ့ရာက အခု နောက်ဆုံး ပင်စည်ကိုပါ ချိုင်ကြတော့မယ်။ အပြီးသတ်ဖြေရှင်းရေး…ရှေ့မှာကြိုနေတော့မယ့် လွင်တီးခေါင် ကျတ်တီးကုန်း မြေယာတွေ…အစိတ်စိတ် ကွဲပြိုအက် နေတဲ့ ကျနော်တို့ရဲ့ အနာဂတ် တွေ…ဒီအတွေးနဲ့ ကျနော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာတယ်။ ဖြန့်ကျက်ထားတဲ့ ကျနော့်လက်ထဲက ခွပ်ဒေါင်းအလံ ပိုစတာကို ကျနော်ပြန်လိပ်လိုက်တယ်။ ထိုင်နေကြတဲ့ ရဲဘော်တွေကို နောက်ဆုံးအနေနဲ့ ကျနော်ကြည့်လိုက်တယ်။ တိုင်ကြီး ၁၈တိုင် နဲ့တကွ ကျောင်းကြီး တခုလုံးကိုပါ ကျနော်လွှမ်းခြုံကြည့်လိုက်တယ်။ လွယ်အိတ်ကို ပြင်လွယ်ပြီး ကျနော်ချာခနဲ လှည့်ထွက် ခဲ့တော့တယ်။

ကျနော်ကျောင်းဝင်း အပြင်ရောက်တဲ့ အချိန်မှာပဲ စောစောက ဖွဲဖွဲ ရွာနေတဲ့ မိုးစက်တွေက သည်းသည်းထန်ထန် ရွာလာတယ်။ နောက်ဆုံး နှုတ်ဆက်ခြင်း အနေနဲ့ ပဲလား…အိမ်အပြန် လမ်းတလျှောက်လုံးလည်း တခုတည်းသော အတွေးကိုပဲ ကျနော်ထပ်တလဲလဲ တွေးလာမိတယ်။ ကျနော်တို့ ရှုံးနေပြီလား…ကျနော်တို့ ရှုံးသွားပြီလား ဆိုတဲ့ မေးခွန်းတွေကိုပါ။ ကျနော်တို့ ဒီနေ့ သပိတ်တိုက်ပွဲ အနေနဲ့ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့…ဒီမှာပဲ ကျနော့် ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ တိုက်ပွဲရှိမှ မျှော်လင့်ချက် ရှိမယ်။ တိုက်ပွဲသေရင် မျှော်လင့်ချက်လဲ သေလိမ့်မယ် ဆိုတဲ့ အတွေးပါ။ အခု အနည်းဆုံး ကျနော်တို့ တိုက်ပွဲရှိနေတယ်။ ဒါဆို မျှော်လင့်ချက်လဲ ရှိသေးတယ်။ ကျနော်တို့ဟာ အာဇာနည်မျိုးတွေ၊ သေရိုးဆိုတာ မရှိဘူး၊ သေတယ်ဆိုတာ မသိဘူး၊ ကျနော်တို့ သေတတ်မှဖြင့် သေခဲ့တာ ကြာရော့မယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်တော့မှ မသေခဲ့ဘူး၊ ကျနော်တို့ မှာ သေရိုးမရှိဘူး…ဒီလိုတွေးရင်း ကျနော်အဖြေတခု ရလာတယ်။ ကျနော်တို့ အခု တရွေ့ရွေ့ သွားနေတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဘယ်ကိုလဲ…အောင်ပွဲ ဆီကိုပါ…အပြီးသတ်အောင်ပွဲ ဆီကိုပါ။ ဒီအတွေးနဲ့ ကျနော့်ရင်ထဲ အားသစ်မာန်သစ် တွေပြန်ဝင်လာတယ်။ ကျနော်ကားအပြင်ကို တချက် လှမ်းကြည့်လိုက်တယ်။ မိုးက သည်းကြီးမည်းကြီး ကို ရွာချနေတယ်။ ခုနစ်နာရီ ခွဲတော့မယ်။

တိုက်ပွဲ အတွေ့အကြုံ သုံးသပ်ချက် နှင့် အကျိုးရလဒ် ။ ။ ၁၉၉၈ ခုနှစ် ခုနစ်ရက် ပညာရေးကို ကန့်ကွက် ခဲ့ကြတဲ့ သပိတ်တိုက်ပွဲ ဟာ ရုပ်ဝတ္ထု အခြေအနေ အကန့်အသတ် အင်မတန် ကြီးမားနေတဲ့ကြားက မဖြစ်မနေ ဆင်နွှဲ ခဲ့ရတဲ့ တိုက်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း အကောင်အထည် ဖော်ခဲ့ရတာမို့ ကျောင်းသားထုကြား စည်းလုံးညီညွတ်ရေးကို လုံးဝနီးပါး တည်ဆောက် နိုင်ခဲ့ခြင်း မရှိဘဲ ရှိသမျှ အင်အားနဲ့ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နောက်ဆုံးနေ့မှာ ရည်မှန်းချက်ကို ရရှိဖို့ တိုက်ပွဲကို အဆင့်မမြှင့် နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ စစ်အုပ်စု အနေနဲ့ကတော့ ကျောင်းတွေကို နေရာမရွှေ့ခင် နောက်ဆုံး ရင်ဆိုင်ရတဲ့ တိုက်ပွဲ ဖြစ်လို့ သတိအကြီးဆုံး ထားပြီး ကိုင်တွယ်ခဲ့တာ တွေ့ရပါတယ်။ဆန္ဒပြပွဲ ဖြစ်ဖြစ်ချင်းပဲ ကျောင်းသားတွေ လမ်းပေါ် မထွက်နိုင်အောင် လုံထိန်းတပ်ရင်း တွေနဲ့ ကျောင်းပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့ပါတယ်။ ဘယ်လောက်တောင် သတိကြီးလည်း ဆိုရင် ကျနော်တို့ သပိတ်တိုက်ပွဲ ကို ဦးဆောင်ဆင်နွှဲ ခဲ့တဲ့ ကျနော့် သူငယ်ချင်း အပါအဝင် နယ်ကျောင်းသား အချို့ကို စက်မှုတက္ကသိုလ် မှာတောင် စာမေးပွဲ ပေးမဖြေဘဲ အင်းစိန် ဂျီတီအိုင် မှာ အများနဲ့ ခွဲပြီး ဖြေခိုင်းခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လုံးဝ ချွတ်ချော် တိမ်းစောင်းမှု မရှိအောင် အဘက်ဘက်က ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း သိသာထင်ရှား စေပါတယ်။ စာမေးပွဲ ဖြေအပြီး မှာလည်း ကျောင်းတွေကို နောက်တနှစ်ခွဲ တိုင်တိုင် ဆက်ပိတ်ထား ခဲ့ပြီး ကျောင်းပြောင်းရွှေ့မယ့် အစီအစဉ်ကို အပြီးသတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျောင်း တွေကို ပြောင်းရွှေ့လိုက်ခြင်းဟာ မြန်မာပြည် ကျောင်းသားလှုပ်ရှားမှုကြီး တရပ်လုံး အတွက်ကော မြန်မာပြည် ပညာရေး အဆောက်အအုံကြီး တခုလုံး အတွက်ပါ အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။ အခြေအမြစ် တခုလုံး ယိုင်လဲပျက်စီး သွားခဲ့ရပါတယ်။ ကျောင်းအားလုံးဟာ မြစ်ကူး ချောင်းခြား အရပ်တွေမှာပဲ ရှိပြီး ရန်ကုန်မြို့ရဲ့ အရှေ့အနောက် တောင်မြောက် တကွဲစီ ရွှေ့ပစ်ခဲ့တဲ့ အတွက် ကျောင်းသားထုကြား တည်ရှိပြီး ဖြစ်တဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားခဲ့ရပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အားလုံး ပြတ်တောက် သွားခဲ့ရပါတယ်။ နယ်ကျောင်းသားတွေ အနေနဲ့လည်း ရန်ကုန် မှာ တက်ခွင့် မရှိတော့တာကြောင့် အရေးတော်ပုံ အားလုံးလိုလို ရဲ့ အရှိန်ယူ သန္ဓေတည်ရာ ဖြစ်တဲ့ အဆောင်နေ ကျောင်းသား ကလပ်စည်း တွေ ကွယ်ပျောက် သွားခဲ့ရပါတယ်။ နောက် ပိုပြီး ထိခိုက်စေ တဲ့အချက်ကတော့ ကျောင်းတွေကို ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် တက္ကသိုလ်တွေရဲ့ ယဉ်ကျေးမှု အဆင်တန်ဆာ ဖြစ်တဲ့၊ အခေါင်အထွတ်ဖြစ်တဲ့ အသင်းအပင်း အနုပညာ အဖွဲ့အစည်း အားလုံး ခြေရာ လက်ရာ မကျန်ရစ်အောင် ပြယ်ပျက် သွားခဲ့ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere ပျက်စီး သွားခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ အညွန့်တလူလူ ဖြစ်နေတဲ့ စိတ်တွေအားလုံး အနည်း နဲ့ အများ ဆိုသလို ထိခိုက်ပျက်စီး ခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ ၇၅ နှစ်တိုင်တိုင် ထည်ထည်ဝါဝါ ရပ်တည်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတော်ကြီး တွေဟာ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်ကျန်ခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ နိုင်ငံရေး ရေချိန်လည်း သိသိသာသာ လျော့နည်း ကျဆင်းသွားခဲ့ ရပါတော့တယ်။ ပေးဆပ်ခဲ့ရမှု အနေနဲ့ကတော့ ကျနော့်တို့ ဆန္ဒပြပွဲ မှာ ဦးဆောင်လှုပ်ရှား ခဲ့တဲ့ ကျနော့် သူငယ်ချင်း အပါအဝင် ရဲဘော်ကျောင်းသား အားလုံး စာမေးပွဲ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ခုနစ်နှစ် နဲ့ အထက် ပြစ်ဒဏ် စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အကြီးမားဆုံး နဲ့ တခုတည်း သော အကျိုးအမြတ်ရလဒ် အနေနဲ့ကတော့ သမိုင်းစဉ် တလျှောက်လုံး ဝံ့ဝံ့ကြွားကြွား ရပ်တည်လာခဲ့တဲ့ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံးရဲ့ အမျိုးသားနိုင်ငံရေး ဂုဏ်သိက္ခာ နဲ့ ခွပ်ဒေါင်းအောင်လံ ကို ကျောင်းသားထုကြီး တရပ်လုံးရဲ့ ကိုယ်စား တိုက်ပွဲနဲ့ပဲ ဂုဏ်ရောင်ပြောင်ပြောင် ရှေ့လာမယ့် အနာဂတ် ဆီ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ သပိတ်တိုက်ပွဲ ဟာ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ရဲ့ နောက်ဆုံး ကြိုးပမ်းမှု အနေနဲ့ သမိုင်းထဲကို တိုးဝင်သွားခဲ့ ရပါတော့တယ် ။ ။

လူဆိုးသူခိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်

ရဲနည် | စက်တင်ဘာ ၈၊ ၂၀၀၈
ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဖလားဝါး သတင်းဂျာနယ်၏ သတင်းထောက်ချုပ်စောမြင့်သန်းကို စစ်အစိုးရက လွန်ခဲ့ သည့် တနင်္လာနေ့က ဖမ်းဆီးလိုက်သည်ဟု ကြားသိရသည်မှာ ခံပြင်းဒေါသဖြစ်ဖွယ် ကောင်းလှသည်။ သူ့ကိုဖမ်းဆီးရသည့် အကြောင်းမှာ လူသတ်မှုတခုအကြောင်း သတင်းရေးသားဖော်ပြ၍ မြို့တော်ရှိရဲများကို မီးလှန့်သံချောင်းခေါက်ခဲ့သောကြောင့် ဖြစ်သည်။

ရန်ကုန်အခြေစိုက် သတင်းထောက်များအဆိုအရ စောမြင့်သန်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့ကဆင့်ခေါ်ခဲ့ပြီး သူ့ကို သတင်းတပုဒ်နှင့် ပတ်သက်၍ ဆူပူကြိမ်းမောင်းခဲ့သည်ဟု ဆိုသည်။ သူနှင့် အခြားသတင်းထောက်တဦးတို့က ဂျာနယ်တွင် သင်္ကန်းကျွန်းမြို့၌ ဖြစ်ပွားခဲ့သည့် လင်မယားစုံတွဲတခု သတ်ခံရမှုအကြောင်း ရေးသားခဲ့ကြသည်။ သူ့ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဂျာနယ်ကိုပိတ်ပစ်မည်ဟုလည်း အာဏာပိုင်တို့က ဆိုခဲ့ကြသည်။

အမှန်မှာ ဤသတင်းဖော်ပြမှုက စစ်အစိုးရ၏ စာပေစိစစ်ရေးရုံးကို ဖြတ်ပြီးမှ ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အခြား ဂျာနယ်များတွင်လည်း ဤသတင်းကိုဖော်ပြထားကြသည်။

ဧရာဝတီမဂ္ဂဇင်းအပါအ၀င် ပြည်ပရှိ မြန်မာသတင်းမီဒီယာများက စောမြင့်သန်းအပေါ် စစ်ဆေးမေးမြန်းမှုသတင်းကို ဖော်ပြ ခဲ့ကြပြီးနောက်တွင် သူ့ကို ကောလာဟလဖြန့်ချိမှု အပါအ၀င် အခြားပြစ်မှု ၃ ခုနှင့် စွပ်စွဲဖမ်းဆီးခဲ့သည်။ အီလက်ထရွန်နစ် ဥပဒေ၏ အချို့သောပုဒ်မများ ချိုးဖောက်ခြင်းအပါအ၀င် တားမြစ်ထားသော “တရားမ၀င်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု” ကို ချိုးဖောက်သည်ဟုလည်း သူ့ကို စွပ်စွဲခဲ့ကြသည်။

ဖလားဝါးသတင်းဂျာနယ် အပါအ၀င် အခြားဂျာနယ် ၆ ခုမှ အယ်ဒီတာများ၏ ရုံးခန်းများကိုလည်း အာဏာပိုင်များက လာရောက်စစ်ဆေးခဲ့ကြပြီး ပြည်ပရှိမြန်မာသတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် ဆက်သွယ်မှုမပြုရန် သတိ ပေးခဲ့ကြသည်။

ဤသို့ဆောင်ရွက်ပုံက အမြင်မတော်လှ။ သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊ သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်များ၊ သူတို့၏ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကျင့်ထုံးများအတိုင်း လုပ်ကိုင်ဆောင်ရွက်သည်ကို ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုနေသည်သာမက၊ ရဲများက ရန်ကုန်မြို့တွင်း ဖြစ်ပျက်ခဲ့သည့် ဤအမှု၏ လက်သည်တရားခံကို ဖော်ထုတ် ဖမ်းဆီးခြင်း မပြုနိုင်သည့် သူတို့၏ အားနည်းပျော့ညံ့ချက်များကိုလည်း ဖုံးကွယ် ဖျောက်ဖျက်လိုပုံရသည်။

လွန်ခဲ့သည့်မတ်လက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အနီးနေထိုင်သည့် မိသားစုတခုမှ လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရသည်။ အမည်မသိ လူသတ်သမားတဦးက လက်မရွံ့ဆန်ဆန် လုပ်ကြံခဲ့သည်။ တဖန် သောကြာနေ့တွင် ဧရာဝတီမဂ္ဂဇင်းက ရန်ကုန်မြို့လယ် ၃၇ လမ်းနေ အကောက်ခွန်အရာရှိတဦး သတ်ဖြတ်ခံရသည့် နောက်ထပ်လူသတ်မှုသတင်းကို ရရှိခဲ့ပြန်သည်။

ဤအကြမ်းဖက်မှုများကို ဖော်ပြရန် ကြိုးစားကြသည့် သတင်းထောက်များက ကြိုးနီစနစ်ဖြင့် တားဆီးပိတ်ဆို့ခြင်းခံကြရပြီး ရဲများက အမှုမှန်ပေါ်ပေါက်ရေးအတွက် သတင်းစာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အကြောက်အကန် ငြင်းဆန်ခဲ့ ကြသည်။

အာဏာပိုင်များက သတင်းထောက်များကို အမှန်တရား ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသည့် သိက္ခာရှိ ကျင့်ဝတ်သိသူများအဖြစ် သတ်မှတ်ရမည့်အစား သူတို့၏လွဲချော်နေသည့် စီမံခန့်ခွဲမှုများကိုဖော်ထုတ်သိက္ခာချမည့်၊ သူတို့ကို အန္တရာယ်ပြု ခြိမ်းခြောက် မည့်သူများဟု မြင်နေကြသည်။

ဖမ်းမည်ဆိုလျှင် လူဆိုးခိုးသားများကိုသာ ဖမ်းဆီးသင့်သည်။ လူအများစုကို အကျိုးပြုနိုင်မည့် သတင်းထောက်များကို ဖမ်းဆီးရန်မလိုအပ်ပါ။ အကာအကွယ်ပင် ပေးကြရမည် ဖြစ်သည်။ သို့မှသာ အမှန်တရားပေါ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။


ရဲချုပ် စွပ်စွဲချက်ကို အတိုက်အခံများ ပယ်ချ

ကိုစိုး | စက်တင်ဘာ ၈၊ ၂၀၀၈
ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ကြံ့ဖွံ့ရုံး ဗုံးကွဲမှုနှင့် ပတ်သက်ပြီး စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်တချို့နှင့် HRDP အဖွဲ့မှ ဦးမြင့်အေးတို့၏ လက်ချက်ဖြစ်ကြောင်း ပြောဆိုချက်ကို ကာယကံရှင် အဖွဲ့အစည်းများက ငြင်းဆိုလိုက်သည်။ စက်တင်ဘာ ၇ ရက်နေ့က နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသော ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ဓာတ်ပုံ - Reuters)
လွန်ခဲ့သော ဇူလိုင်လဆန်း ၁ ရက်နေ့က လူအသေအပျောက် ဒဏ်ရာရမှုမရှိသော ယင်း ရွှေပြည်သာကြံ့ဖွံ့ရုံး ဗုံးကွဲမှုအား လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)မှ ဦးမြင့်အေးသည် ပြည်ပအခြေစိုက်အတိုက်အခံအဖွဲ့အစည်းများနှင့် အဓိကဆက်သွယ် စီစဉ်သူ ဖြစ်သည်ဟူသော ယမန်နေ့က နေပြည်တော်တွင် ပြုလုပ် သည့် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ စွပ်စွဲပြောဆိုချက်မှာ မမှန်ကန်ကြောင်း ရန်ကုန်အခြေစိုက် HRDP အဖွဲ့မှ ကိုမောင်မောင်လေး က ပြောသည်။

“သတင်းစာရှင်းလင်းပွဲမှာ ဦးမြင့်အေးကို ဖောက်ခွဲရေးကိစ္စတွေနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတာ တွေ့ရ ပါတယ်၊ သေချာတာက သူဟာ လူ့အခွင့်အရေး ကိစ္စပဲ ဆောင်ရွက်တယ်၊ တခြားမည်သည့် ကိစ္စမှ မဆောင်ရွက် ပါဘူး”ဟု ကိုမောင်မောင်လေးက ပြောသည်။

စစ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီမှ အမှတ် ၁/၂၀၀၈ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ပအခြေစိုက် အစိုးရ အတိုက်အခံ အဖွဲ့အစည်းများဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(NLD-LA) ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) စသည့် အဖွဲ့များ၏ စီမံ ဆောင်ရွက်မှုများဖြင့် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့(New Generation For Democracy-NGD)နှင့် ဦးမြင့်အေး အပါအ၀င် သတင်းစာပါ စွပ်စွဲခံရသူများက ဗုံးခွဲမှုကို ပြုလုပ်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ့အလင်း သတင်းစာတွင် ဦးမြင့်အေး၏ ပြောဆိုချက်အရဟု ဆိုပြီး နေရာ ဒေသလိုက်၍ ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ် နိုင်သူများအား ချီးမြှင့် ငွေကြေး ပမာဏမှာ ကျပ် ၂ သိန်းမှ သိန်း ၁၀၀ အထိ ရှိကြောင်းလည်း ပါရှိသည်။

ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးခွဲမှုတွင် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်များဖြစ်သော ကိုရန်ရွှေ(ထန်းတပင်မြို့နယ်)၊ ကိုဇော်ဇော်အောင် (ရွှေပြည်သာမြို့နယ်)နှင့် ကိုရန်နောင်စိုး(လှိုင်သာယာမြို့နယ်)တို့က အဓိကဖောက်ခွဲကြသူ များ ဖြစ်သည်ဟုလည်း သတင်းစာက ရေးသားသည်။

ဖော်ပြပါဗုံးကွဲမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် လူငယ်များသည် လွန်ခဲ့သော ၄-၅ နှစ်ခန့်ကပင် အန်အယ်လ်ဒီ မှ ထုတ်ပယ်ခံထားရသူများဖြစ်ကြောင်းနှင့် လက်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များ ဖမ်းဆီးခံရမှုတွင် မပါဝင်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း ကပြောသည်။

“ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီ အဖွဲ့ဝင် တဦးတယောက်ကိုမှ ဖမ်းတာဆီးတာ ကျနော်တော့ မကြား သေးဘူး၊ အခု ပြောတဲ့ လူတွေက လွန်ခဲ့တဲ့ ၄-၅ နှစ်ကတည်းက အန်အယ်လ်ဒီ က ထုတ်ထားတဲ့ လူတွေ၊ အဓိက က အန်အယ်လ်ဒီ သိက္ခာကျအောင် ကြိုးစားတာပဲ”ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။

HRDP မှ ကိုမောင်မောင်လေး ကလည်း စစ်အစိုးရ၏ ယခုလုပ်ရပ်သည် လူ့အခွင့်အရေးသမားများကို ဂုဏ်သိက္ခာ ညှိုးနွမ်း စေရန် မဟုတ်မတရား လုပ်ကြံ၍ အမှုဆင်သည့် လုပ်ရပ်သာဖြစ်သည်ဟု HRDP အဖွဲ့က ယုံကြည် ကြောင်း ပြောဆိုသည်။

“ကျနော်တို့ HRDP က လူ့အခွင့်အရေး ပညာပေးရေးကိစ္စနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေကိုတတ်နိုင်သလောက် ကူညီရပ်တည် ဆောင်ရွက်ပေးတယ်၊ ဒီအလုပ် ၂ ခု ပဲလုပ်ပါတယ်”ဟု ကိုမောင်မောင်လေး က ပြော သည်။

အဆိုပါ ဦးမြင့်အေးကို လွန်ခဲ့သည့်လ ၈ ရက်နေ့ ရှစ်လေးလုံး နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့တွင် စစ်အာဏာပိုင် များက ဖမ်းဆီးခဲ့ပြီး ယခု ဆိုလျင် တလပြည့် ပြီဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခု နှစ်မှ စ၍ ၈ ကြိမ် ခန့် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရ ကြောင်း သိရသည်။

ကိုမောင်မောင်လေးကဆက်လက်ပြီး“ဖမ်းဆီးတဲ့ကိစ္စ ခပ်များများက ဥပဒေနဲ့ မဆီလျှော်တာတွေ တွေ့ရတယ်၊ ဦးမြင့်အေး ကို ၈ ရက် နေ့က ဖမ်းသွားတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာ တစုံတရာ မပြောဘူး၊ အခု တလ ပြည့်သွားပြီ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ ကျနော်တို့ လုံးဝ မသိရသလို သူ့မိသားစုနဲ့ ရှေ့နေလည်း မသိရဘူး”ဟု ပြောသည်။

သတင်းစာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် ပြန်လည် လွှတ်ပေးခြင်း မပေးခြင်းတို့သည် ဥပဒေအတိုင်းလုပ်ဆောင်ခြင်းများပင် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြသည်ဆိုသောကိစ္စသည်လည်း သွားရောက်တွေ့ဆုံခဲ့သော ရှေ့နေဦးကြည်ဝင်းနှင့် ဒေါက်တာ တင်မျိုးဝင်းတို့၏ သတင်းပေးပို့ချက်တွင်မပါရှိကြောင်း ဗိုလ်မှူးချုပ်ခင်ရီ၏ ပြောဆိုချက်ကိုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအစာ လက်မခံခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီ က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များကို ကန့်ကွက် သည့်အနေဖြင့် နေ့စဉ်ပေးပို့နေသော ဈေးခြင်း လက်မခံခဲ့သည်မှာ ၃ ပတ်ခန့်ရှိပြီ ဖြစ်၍ အထူးစိုးရိမ် ကြောင်း ဖော်ပြ ထားသည်။

ထို့အပြင် မတရား နေအိမ်အကျယ်ချုပ်ချခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မိန့်ပါ အချက်နှင့် အကျုံးမ၀င်သည့် ကိစ္စများကို အာဏာပိုင် တို့က အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့ အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသော အာဏာပိုင် တို့တွင် တာဝန်ရှိကြောင်း လည်း ယင်းကြေညာချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

ချိုးကျန်ရောင်းရန်ရှိသည်

ကြည်ဝေ/ရန်ကုန် | စက်တင်ဘာ ၈၊ ၂၀၀၈
စက်ဘီးတာယာဖာသည့် ပလတ်စတစ်ကော်ကို မီးနှင့် အပူတိုက်လိုက်သောကြောင့် ထွက်လာသော အငွေ့သည် သာမန်လူ များအတွက်ကတော့ အညှော်ငွေ့၊ အညှော်နံ့သာ ဖြစ်သော်လည်း သော်သော်တို့ အတွက်ကတော့ ထိုအငွေ့သည်ပင် အရသာဖြစ်သည်။
အသားမည်းမည်း၊ ကတုံးဆံပင်ပေါက်နှင့် သော်သော်သည် အသက် ၁၀ နှစ်မပြည့်မီမှာပင် ကော်ရှူတတ်သော ကလေး တဦး ဖြစ်နေပေပြီ။

မူးယစ်ဆေးဝါးများကို နိုင်ငံတော်က မီးရှို့ဖျက်ဆီးလိုက်သော်လည်း ကျန်ရှိသည့် ချိုးများက တန်ဖိုးရှိနေသေးသည် (ဓာတ်ပုံ - ရိုက်တာ)
သော်သော့်ကို စက်ဘီးကပ်သည့်ကော်ဘူးကို ရှူလျင် မူးသည်ဟု ပြောပြခဲ့သူက သူ့သူငယ်ချင်း ဖိုးခွားဖြစ်သည်။ ဖိုးခွားက လည်း သူ့အကို ကော်ရှူနေသည်ကို တွေ့ဖူးသောကြောင့် အတုခိုးပြီး လိုက်ရှူကြည့်ရာမှ မူးယစ် ရီဝေစေသည်ကို သိသွား ခဲ့သည်။
ခုလို သော်သော်ကော်ရှူနေသည်ကို သော်သော့်မိဘတွေ မသိသလို၊ ကျောင်းက ဆရာမ များလည်း မသိပေ။ သော်သော့် လက်ထဲက ကော်ဘူးလေးကို သော်သော့်မေမေက ယူကြည့် သော်လည်း သော်သော်က အရုပ်ကပ်ဖို့ကော်ပါဟု ပြောလိုက် သောအခါ သော်သော့်မေမေက သားပြောစကားကို ယုံကြည်သွားဟန်တူသည် ဘာမှ ဆက်မမေးတော့ဟု သော်သော်က ပြောပြသည်။

ကော်ရှူရုံနှင့် မူးယစ်သည်ဆိုသည်ကို လူတော်တော်များများ မသိနိုင်ပေ။ ဆေးခြောက်သုံးစွဲသူများနှင့် ဘိန်းဖြူသုံးစွဲသူ များသာလျင် သိနိုင်သည်ဟု ကော်ရှူသူများ၏ ပြောပြချက်များအရ သိရသည်။

“ဒါက အသစ်၊ ပိုက်ဆံမရှိရင်လည်း ပျော်အောင် ကောင်းအောင် လုပ်လို့ရတဲ့ နည်းသစ်ပါ” ဟု ကော်ရှူသူ အသက် ၁၉ နှစ် အရွယ် လူငယ်တဦးက ပြောပြသည်။

ကော်ရှူခြင်းသည် သော်သော်တို့လို ကျောင်းသားအရွယ်ကလေးများနှင့် ရပ်ကွက်ထဲမှ ငွေကြေးနွမ်းပါးသူ လူငယ်များကြား ခေတ်စားလျက်ရှိကြောင်း၊ ကော်ရှူခြင်းကို စတင်ခဲ့ သည်မှာ ထိုင်းနိုင်ငံနယ်စပ်ဒေသများမှ ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဈေးကွက်တွင်းသို့ စိတ်ကြွဆေးဝါးများ စတင်ဝင် ရောက်လာခဲ့သလို ၁၉၉၆ ခုနှစ်တွင်တော့ စိတ်ကြွ ဆေးများအပြင် ဓာတုဗေဒပစ္စည်းများကို အခြေခံပြီးထုတ်လုပ်ထားသော စိတ်ပြောင်း ဆေးများပါ ဈေးကွက်အတွင်းသို့ တွင်တွင်ကျုယ်ကျယ် ၀င်ရောက်ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

လက်ရှိဈေးကွက်အတွင်းအရောင်းသွက်လျက်ရှိသော ဆေးဝါးများမှာ အက်တာစီ(Ecstasy)၊ မက်သာအဖက် တမင်း (Methamphetamine)၊ အိုက်စ် (Ice)၊ ကတ်တမင်း (Ketamine) စသည့် ဆေးများဖြစ်ပြီး မီးသွေးခဲနှင့် ချိုးများ (မူးယစ် အထူးအဖွဲ့မှ ဖမ်းဆီးရမိသော ဘိန်းနှင့် တခြား မူးယစ်ဆေးဝါးများကို အခမ်းအနားနှင့် မီးရှို့ ဖျက်ဆီးရာမှ မီးလောင်ကျွမ်း ပြီး ကျန်ခဲ့သော မီးသွေးခဲများနှင့် ပြာများကို မီးသွေးခဲနှင့် ချိုးကျန်ဟုခေါ်ကာ ဈေးကွက်အတွင်း ရောင်းချ နေသည်) မှာလည်း ဘိန်းအစားထိုးပစ္စည်းအဖြစ် အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

“အခုဒီမှာက ဘိန်းဖြူခေတ် မဟုတ်တော့ဘူး။ ဘိန်းဖြူက ဈေးကြီးလွန်းတော့ တော်ရုံလူ မသုံးနိုင်ကြတာလည်း ပါတယ်။ နောက်တခုက ဘိန်းဖြူသုံးတဲ့သူက ရုပ်ပျက်လွန်းတယ်။ ရာဘတို့ အက်တာစီတို့က သုံးပြီး သူလိုကိုယ်လို အလုပ်လုပ်နေလို့ ရတယ်။ မသိသာဘူး။ ဒါတွေကိုပဲ သုံးလာကြတာ များတယ်” ဟု လူငယ် အဆိုတော် တဦးက ပြောပြသည်။

လက်ရှိ ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံး မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြားဖြစ်ပြီး အတွင်ကျယ် ဆုံးနှင့် အကျယ်ပြန့်ဆုံးမှာ ရာဘနှင့် အက်တာစီတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိပြည်တွင်းတွင် ရာဘသုံးစွဲမှုနှုန်းမှာ နှစ်စဉ် နှစ်တိုင်း တိုးတက်လျက်ရှိရာ ယခုအခါ ယခင် ၁၉၉၆ ခုနှစ်က ရောင်းအား ထက် အဆပေါင်း ၁၀ ဆကျော်ခန့်ပင် တက်သွားပြီ ဖြစ်ကြောင်း ရာဘ သုံးစွဲ ဖြန့်ချိနေသူ တဦးက ပြောဆိုသည်။

“သုံးတဲ့သူတွေမပြောနဲ့ ရောင်းတဲ့သူတွေတောင် တနှစ်ထက် တနှစ်တော်တော်များလာတယ်။ သူက ငွေရင်း ၃ သိန်းလောက် ရှိတယ်ဆိုရင်ပဲ အရောင်းအ၀ယ် လုပ်လို့ရနေပြီ” ဟု ရောင်းချသူ တဦးက ဆိုသည်။

လက်ရှိ ဈေးကွက်ပုံစံမှာလည်း ကျယ်ပြန့်လျက်ရှိရာ ဆေးဆိုင်များနှင့် ဈေးဆိုင်များ တွင် သာမက ရပ်ကွက်များ အတွင်းမှ နေအိမ်များမှာပင် ၀ယ်ယူရရှိနိုင်ပြီး ယခုအခါ ကျောင်းသား လူငယ်များကပါ ရာဘကို စာကျက်၍ ကောင်းသော ဆေးအဖြစ် သုံးစွဲလာကြသောကြောင့် နှစ်ရှည် စွဲသုံးသူ များကပင် ရောင်းချသူများဖြစ်လာကြောင်း သူက ဆက်ပြော သည်။

“ကျောင်းက ကျောင်းသားတချို့ရဲ့ ထမင်းဘူးတွေထဲက ထမင်းတွေထဲမှာ ဆေးပြားတွေ ထည့် ၀ှက်လာတာ တွေ့လို့ ခေါ်စစ်တော့ ရာဘ ဆေးပြားဆိုတာသိရတယ်။ ကလေးတွေက ဒါ မူးယစ်ဆေးဝါးမဟုတ်ပါဘူးလို့ အတင်းငြင်းတယ်။ စာကျက်နိုင်အောင် သောက်တာပါ လို့ပြောတယ်” ဟု လသာမြို့နယ် အထက်တန်းကျောင်း တကျောင်းမှ အထက်တန်းပြ ဆရာမ တဦးက ပြောသည်။

ထိုဆေးပြားကို ဗန်းစကားအနေဖြင့် မြင်းဆေး ဟုလည်းကောင်း၊ ကြယ်သီးဟုလည်းကောင်း ခေါ်ဆိုလျက်ရှိပြီး အမျိုးအစား အားဖြင့်လည်း WY ၊ SY၊ R၊ R1 ဟု ရှိကာ ချောကလက်ရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အဖြူ ရောင်၊ အနက်ရောင် စသည့် အရောင်များ ရှိကြောင်းသိရှိရသည်။

အရောင်နှင့် အမျိုးအစားပေါ်တွင် မူတည်ပြီး ဈေးနှုန်း ကွာခြားလျက်ရှိရာ အနက်ရောင် ဆေးပြားမှာ တပြားလျင် ကျပ် ၈ သောင်း ဈေးပေါက်လျက်ရှိသဖြင့် ၀င်ငွေကောင်းသူများနှင့် အနုပညာရှင်များသာ အသုံးများကြောင်း သိရှိရသည်။ ထိုဆေး ပြားကို သုံးစွဲလျင် ၂၄ နာရီ ခံသည်ဟုလည်း သုံးစွဲသူများကပြောကြသည်။

WY အမျိုးအစားထဲကပင်လိမ်မော်ရောင် ဆေးတပြား၏ တန်ဖိုးမှာ ကျပ် ၇ ထောင်ဈေးရှိပြီး ထိုဆေးကို သောက်လျင် ၈ နာရီခံသည်ဟု သိရသည်။ တခြားအမျိုးအစားများနှင့် အရောင် များသည်ပင်လျင် တပြားကို ကျပ် ၅ ထောင်ဈေးရှိကာ သောက်သုံးပါက ၆ နာရီ ခံသည်ဟု သိရသည်။

ဒုတိယ လူသုံးအများဆုံးဆေးဝါးမှာ အက်တာစီဖြစ်ကြောင်း ရောင်းချသူများထံမှ သိရှိရသည်။

“အက်တာစီက ဈေးနည်းနည်းမြောက်တယ်။ ပိုပြီးတော့လည်း ပျော်ရတယ်။ ခံတာလည်း ရာဘထက် ပိုခံတော့ အဆိုတော် တွေနဲ့ သရုပ်ဆောင်တွေ အများဆုံးသုံးတယ်။ ပြီးတော့ အရာရှိသားသမီးတွေ သုံးကြတာများတယ်” ဟု အက်တာစီ ရောင်းချသူ တဦးက ပြောဆိုသည်။

အဆိုပါ အက်တာစီ ဆေးလုံးမှာ လူရိုင်းခေါင်းတံဆိပ်၊ သံကွင်းစက် တံဆိပ်၊ မြှားပစ်တံဆိပ် ဟူ၍ တံဆိပ် သုံးလေးမျိုးရှိပြီး ဈေးကွက်တွင်းတင်သွင်းလာကြသော နိုင်ငံများမှာလည်း ထိုင်း၊ တရုတ်၊ မလေးရှား၊ အမေရိကန် စသည်ဖြင့် အသီးသီးရှိပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းလာသော ဆေးပြားမှာ တပြားလျင် ကျပ် ၇ သောင်း၊ အမေရိကန်နိုင်ငံမှ ဆေးပြားမှာ တပြားလျင် ကျပ် ၁ သိန်း ၂ သောင်းထိ ပေါက်ဈေး ရှိကြောင်း သိရသည်။

အက်တာစီဆေးပြားလိုပင် သုံးစွဲသူ နှစ်သက်သော ဆေးပြားတမျိုးမှာ အိုက်စ် ဖြစ်သည်။ တပြားလျင် သုံးသောင်းခွဲဈေးရှိ သောကြောင့် လူငယ်တချို့နှင့် ပိုက်ဆံချမ်းသာသူများသာ သုံးစွဲနိုင်သော ဆေးပြား ဖြစ်သည်ဟု သိရသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသော ဒိုင်ယာစီပင်၊ ဗြူပရီနော်ဖင်း၊ ဆိုစီဂွန်၊ ဇိုလန် စသော စိတ်ကြွဆေးပြားများ သည်လည်း ဈေးကွက်အတွင်းရှိနေကာ တန်ဖိုးအနေနှင့် တပြားကို ကျပ် ၃ ထောင် ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းလာကြခြင်းနှင့် ဘိန်းဖြူ ဈေးမြင့်တက်လာခြင်းတို့ကြောင့် ဘိန်းဖြူ သုံးစွဲသူ လျော့နည်း လာသော်လည်း သုံးစွဲသူတချို့ရှိနေသေးကြောင်း ရောင်းချသူ များထံမှ သိရှိရသည်။

ဘိန်းဖြူ ပင်နဆလင်ပုလင်းနှင့် တပုလင်း၏ လက်ရှိပေါက်ဈေးမှာ ကျပ် ၃ သိန်း ၅ သောင်း ဈေးရှိပြီး ဘိန်းမည်းမှာ ကော်ဘူးတဘူးစာကို ကျပ် ၇၅၀၀ ဈေးရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဘိန်းနှင့် တခြားမူးယစ်ဆေးဝါးများကို အခမ်းအနားနှင့် မီးရှို့ဖျက်ဆီးရာမှ မီးလောင်ကျွမ်းပြီး ကျန်ခဲ့သော ချိုးကျန်ပြာ၏ တန်ဖိုးမှာ ပင်နဆလင် တပုလင်းလျင် ကျပ် ၅ ထောင်ရှိကာ မီးသွေးခဲတခဲလျင် ကျပ် ၃ထောင်မျှတန်ဖိုးရှိ သေးကြောင်း သိရသည်။

ဘိန်းဖြူကဲ့သို့ အာနိသင်ရှိသောကြောင့် ဘိန်းဖြူမသုံးစွဲနိုင်သူများနှင့် ဘိန်းအာနိသင်ကြိုက်သူ များ ၀ယ်ယူ သုံးစွဲကြရာ ဈေးကွက်ဖြစ်လျက်ရှိပြီး မီးရှို့ဖျက်ဆီးပွဲရှိလျင် မီးသွေးခဲနှင့် ချိုးကျန် များမှာ ဈေးကွက်အတွင်း ပေါပေါမျာများတွေ့ရ တတ်၍ ဈေးလည်း သာမန်အချိန်ထက် ပို သက်သာလေ့ရှိကြောင်း သူက ပြောပြသည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ၁၉၉၀ ပြည့်နှစ် ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ဇွန်လအထိ ရန်ကုန်မြို့တွင် အကြိမ် ၂၀ နှင့် တခြားမြို့များတွင် ၄၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော စာရင်းများအရ သိရှိရသည်။

ယနေ့မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအပါအ၀င် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သုံးစွဲနေကြသည်မှာ အသက် ၁၀ နှစ်အရွယ်မှ အသက် ၄၀ အရွယ်ထိ အမျိုးသား အမျိုးသမီးများဖြစ်ပြီး သုံးစွဲသူ ဦးရေမှာလည်း နှစ်စဉ် တက်လျှက်ရှိ ကြောင်း မူးယစ်ဆေးဝါး စွဲသူများကို ကုသပေးနေသော အန်ဂျီအို အဖွဲ့အစည်းတခု၏ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် စစ်တမ်း များအရ သိရသည်။

အဆိုပါ အန်ဂျီအိုမှ ဆရာဝန်တဦးက “နှစ်တိုင်း သုံးတဲ့သူနှုန်းက တနှစ်ကို အကြမ်းဖျင်း ၁၀ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်း လောက်ကို တိုးတိုးလာတာ တွေ့ရတယ်။ ဆေးတွေကို လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာက အဓိက အကြောင်းရင်းပဲ။ နယ်စပ်တွေက ကယ်ရီသမား တွေ ကတဆင့် ဆေးတွေ လှိမ့်ဝင်လာသလို စီးပွားရေး လုပ်ငန်း ရှင် တချို့ကလည်း ရောင်းဝယ်နေတာတွေရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံစာရင်း ကောက်ယူမှုအရ မူးယစ်ဆေးဝါး သုံးစွဲသူများ လျော့ကျ သွားကြောင်းနှင့် ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၆၁၄၅၅ ဦးရှိရာမှ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလအထိ စာရင်းကောက်ယူမှုအရ ၅၄၇၀၅ ဦးသာ ရှိကြောင်း ကို နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးနှင့်စိတ်ကြွရူးသွပ်ဆေးဝါးများဆိုင်ရာ ဥပဒေကို (၁/၉၃) ဖြင့် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့သည်။