Tuesday, September 9, 2008

မြန်မာ့ပညာရေး




ပြည်သူနဲ့ တန်တဲ့ အစိုးရ

ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပြောင်းလည်းထွန်းကားဖို့ အသက်တွေ ပေး။ ဘ၀တွေပေးကြိုးစားလုပ် ဆောင်ခဲ့တာ အနှစ် ၂၀ ပြည့်ခဲ့ပါပြီ၊

ပြီးတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုကရော ၀န်ထမ်းတွေအပါအ၀င် စစ်သားအများစုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ ပါတယ်၊ ပြည်သူတွေက အာဏာရှင် စစ်အစိုးရကို မလိုလားဘူးဆိုတာ ထင်ရှားတဲ့ပြယုဂ် တခုပါ။

လက်ရှိ အခြေအနေကိုပြန်ကြည့်ရင် ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေကရော။ ရဟန်း တော်တွေကပါ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှု။ မေတ္တာပို့ ဆုတောင်းလှုပ်ရှား မှုတွေနဲ့ ၂၀၀၇ မှာ လုပ်ခဲ့ကြလို့ အဖမ်းခံ အနှိပ်ကွပ် ခံနေရတာ အခုဆိုရင် တချို့ဆိုရင် အမှု ရင်ဆိုင်ဆဲ (ထောင်ကြီးချုပ်နဲ့ ပြစ်ဒဏ် အချမှတ်မခံရသေး) အခြေအနေမှာပါ။ အခု စက်တင်ဘာ ပထမ အပတ်မှာ စတင် ပြစ်ဒဏ်ချမှတ်လာတာလည်း မြင်ကြ ကြားနေကြရပါပြီ။

ကျနော်အခုလို ပြောနေရတာက ပြီးခဲ့တဲ့ အပတ်က ကျနော် လူတွေ ငြင်းခုန်နေတဲ့ " ပြည်သူ တွေဟာ သူတို့နဲ့  ထိုက်တန်တဲ့ အစိုးရကိုသာ ပိုင်ဆိုင် ရရှိကြသည်" ဆိုတဲ့ အချက်ပြောပြ ချင်လို့ ပြန်ပြောပြနေရတာပါ။

ဒီစကားက နေရာဌာနကို လိုက်ပြီး ပြောရမယ့် စကားလို့ ကျနော်မြင်ပါတယ်။ ဘာလို့ လည်း ဆိုတော့ မြန်မာနိုင်ငံလို ဒီမိုကရေစီလိုချင်ပြီး တိုက်ပွဲ ၀င်နေ တဲ့ နိုင်ငံတွေ အများအပြားပါ။တချို့  နိုင်ငံတွေမှာ ပြတ်အသတ် အနှိပ်ကွပ်ခံရပြီး နောက်တဖန် ဘာမှလှုပ်ရှားခွင့်မရှိတဲ့ နိုင်ငံတွေ လည်းရှိပါတယ်။

အထင်ရှားဆုံး သာဓကကိုပြရရင် တရုတ်ပြည် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ရုရှားက ချေချင်းညှာ လှုပ်ရှားမှုနဲ့  ကိုယ်ပိုင်နိုင်ငံဘ၀ကို စွန့် လွှတ်လိုက်ရတဲ့ တိဗက်နိုင်ငံအထင်အရှားပါ။ ဒီနိုင်ငံက လူတွေ ညံ့လို့ သူတို့နဲ့ ထိုက်တန်တဲ့ အာဏာရှင် အစိုးရကို လက်ခံရတာမဟုတ်ပါ။ လက်နက်အားမမျှလို့ အင်းအားနဲ့ အဆမတန် နှိပ်ကွပ်ခံရလို့ပါ။


နောက်တခုက ပြည်သူတွေအုံကြွလာရင် အစိုးရဆိုတဲ့ သူက နှိပ်ကွပ်မှာ မြေကြီးလက်ခတ် မလွဲပါ။ ခေါင်းဆောင်လုပ်တဲ့ သူက နောက်ပြည်သူတွေ အစိုးရဘက်က နှိပ်ကွပ်ခဲ့ရင် အသက်သာဆုံးဖြစ်အောင် ဘယ်လိုအကာအကွယ် အတားအဆီးတွေ လုပ်ရမယ်ဆိုတာ ပြင်ဆင်စဉ်းစားရပါမယ်။ အစိုးရ ဘက်က နောက်ခံ အင်အားကြီးနိုင်ငံတွေ ဘက်ဂရောင်း ထားပြီးလုပ်နေရင် ကိုယ့်ဘက်ကလည်း ဘယ်လိုကျောထောက်နောက်ခံရှိဖို့ လိုမယ်- ရှာထား ရမယ်ဆိုတာ ထည့်တွက်ပြင်ဆင်ရပါမယ်။ ပြည်သူဆိုတာ ခေါင်းဆောင် အယုံအကြည်ရှိဖို့ အထူးလိုပါတယ်။

စစ်သဘောအရ တိုက်ပွဲတပွဲဆင်နွှဲရာမှာ ရန်သူကို အများဆုံးသတ်ဖြတ်နိုင်ပြီး ကိုယ့်ဘက်က အကျအဆုံးနည်းနည်းနဲ့ တဖက်လုကို အနိုင်ယူဖို့ လုပ်နိုင် မှ စစ်ခေါင်း ဆောင် ကောင်းပါ။ ဒီလိုပဲ လက်နက်မဲ့နိုင်ငံရေး လုပ်ငန်းစဉ်မှာလဲ ကိုယ့်လူတွေ အထိအနာဆုံးနည်းနိုင် သမျှနည်းပြီး အစိုးရကို အထိအနာ ဆုံးဖြစ်အောင်လုပ်နိုင်မှ နိုင်ငံရေးအမြတ်ရမှ ခေါင်းဆောင်ကောင်းဖြစ်မှာပါ။

ခေါင်းဆောင် ကိုအယုံအကြည်မရှိခဲ့ရင် နောက်လိုက်ပြည်သူက ဘယ်လောက် ခေါင်းဆောင် က ခေါ်ခေါ် ထွက်မှာ မဟုတ်ပါ။

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူက လေးစားတာကို နမူနာယူလုပ်ဆောင်ရင် ပြည်သူက နောက်က ထပ်ကြပ်မကွာ ခေါင်းဆောင်နောက်က အမြဲ ရှိနေ မှာပါ။ ” အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ထားပါတယ်”ဆိုတဲ့ ဗိုလ်ချုပ်စကားကို ကျင့်သုံးတဲ့ ခေါင်းဆောင် နောက်မှာ ပြည်က ၀မ်းသာအားရ ယုံကြည်အားကိုးကြမှာပါ။

ပြည်သူတွေကို မြှောက်ပေးပြီး ပြည်သူတွေ နှိပ်ကွပ်ခံရတဲ့ အချိန်မှာ ”ကျနော်တို့ နအဖ စစ်အစိုးရလုပ်ရပ်ကို ကန့်ကွက်ပါတယ်၊ ”ဆိုတဲ့ စကားပြောရုံ လောက်နဲ့ နောက်လိုက်ပြည်သူ ကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါ။ ပြည်သူကလည်း အဲလို ခေါင်းဆောင်နောက်မှာ ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ဖို့ စဉ်းစားကြမှာပါ။

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေဟာ သူတို့နဲ့  ထိုက်တန်တဲ့ အစိုးရကိုသာ ပိုင်ဆိုင်ရရှိကြ သည်" ဆိုတဲ့စကားပြောရင် မှန်မှာဖြစ်ပေမယ့် ကျူးဘား လိုနိုင်ငံမျိုး၊ မြောက်ကိုရီးယား လိုနိုင်ငံမျိုး၊ရုရှား။တရုတ်နဲ့  မြန်မာနိုင်ငံလို မျိုးမှာတော့ ဒီစကားပြောမယ်ဆိုရင် အသက်ပေးပြီးဖြစ်တဲ့ ပြည်သူကျောင်း သား ရဟန်းတော်တွေ မျက်နှာ ပြန်ကြည့်သင့်ပါတယ်၊ ပြည်သူတွေညံ့လို့ စစ်အစိုးရ ပိုင်ဆိုင်ရရှိခြင်းမဟုတ်ကြပါ၊ အားမသန် သေး၊ ထိရောက်စွာ ကူညီ မယ့်ကျောထောက်နိုင်ငံ အားကိုးကောင်းစွာမရသေး၊ ယှဉ်နိုင်သောလက်နက်မရှိသေး သဖြင့်သာ စစ်အစိုးရကို လက်ခံရေသေးခြင်းဖြစ်ပါတယ်။ နိုင်ငံ ရေးပန်းတိုင် မရောက်သေး တာကို ပြည်သူတွေဘက် ပုံချ အပြစ်ပြောမယ်ဆိုရင် နိုင်ငံရေးသမားတွေအဖို့ ဆင်ခြင်ဖို့လို ပါမယ်။ မဆင်မခြင် ပြောမယ်ဆို ရင်တော့ အဲဒီလူတွေအဖို့ ကျဆုံးခန်းက ကြိုဆိုနေမည် သာဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း။

ကိုသောကြာ( အညာမြေ) ၆။ ၀၉။၂၀၀၈


ကျော်ဟိန်း၊ ရိုးရိုးကြီးဇေယျနဲ့ ဦးမြသန်းစံ

မိုးဒေ၀ါ

ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်ဆိုတဲ့ သတင်းက သူ ကြေညာထားတာ ကြာပါပြီ။

ဦးကျော်ဟိန်း ရုပ်ရှင်လောကက အနားယူရုံသက်သက်ဆိုရင်တော့ ဒီလို ပေါ်ပင်ဖြစ်အောင် နယ်လှည့်နှုတ်ဆက်ပွဲတွေလုပ်၊ အနားယူတော့မယ့်အကြောင်း ထပ်တလဲလဲ ကြေညာနေတာ ဒီလောက် ပြောမိမှာ မဟုတ်ပါဘူး။ သူလဲ မနားခင် ငွေနဲ့ ကျော်ကြားမှုကို ရသလောက် သဲ့ယူသွားချင်လို့ မားကက်တင်း လုပ်တယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ခုတော့ ဘာသာရေးကို အသုံးချလာပြီမို့ မပြောမဖြစ်လို့ ပြောရပါတော့မယ်။

နိုဝင်ဘာမှာ ဦးကျော်ဟိန်း ဘုန်းကြီးဝတ်မယ်လို့ ပြောပါတယ်။ ဘုန်းကြီးဝတ်ပြီးရင် နယ်လှည့်မယ်၊ တရားတွေ ဟောတော့မယ်ဆိုပဲ။

ဦးကျော်ဟိန်း ဘုန်းကြီးဝတ်ရင် ဥပဇ္ဈာယ်ဆရာနဲ့ နိဿရည်းဆရာ ကိုယ်တော်တွေဟာ ဘယ်သူဖြစ်လိမ့်မယ် မသိရသေးပါဘူး။ ဦးကျော်ဟိန်း ဘာတွေလုပ်တော့မယ်ဆိုတာ ကြိုသိရင် သံဃာတွေအနေနဲ့ “ဒကာကြီးကျော်ဟိန်း၊ ဒကာကြီးကို ကျုပ်တို့ ရဟန်းပြုပေးဖို့ မဖြစ်နိုင်ဘူး”လို့ ပြောရမယ့်ကိန်းပဲ။ ကျော်ဟိန်းက ဘုန်းကြီးဝတ်ပြီးရင် နယ်တွေ လှည့်မယ်။ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်၊ နားထောင်ချင်တဲ့လူတွေ သူ့ကိုဖိတ်၊ သူလာဟောမယ်လို့ ခုကတည်းက ကြွေးကြော်နေပြီ။

ရဟန်းငါးဝါ မပြည့်သေးတဲ့ ရဟန်းဟာ ဥပဇ္ဈာယ်ဆရာနဲ့ ကင်းကွာပြီး မနေရပါဘူး။ စာဝါလိုက်ဖို့ စတဲ့ ရဟန်းကိစ္စအတွက် အရပ်တပါး ခရီးထွက်ချင်ရင်လဲ ဆရာဥပဇ္ဈာယ်ကို ခွင့်ပန်ပြီး သွားရပါတယ်။ ရဟန်းဝါ ငါးဝါမပြည့်သေးတဲ့ ရဟန်းဟာ တပါးပုဂ္ဂိုလ်ကို ရဟန်းပြုပေးခွင့်တောင် မရှိပါဘူး။ ကိုကျော်ဟိန်းက ဆရာဥပဇ္ဈာယ်ကို ခေါင်းထဲမထည့်ဘဲ သွားချင်ရာ သွားပြီး နယ်လှည့် တရားဟောလို့ မရပါဘူး။

ခု ဦးကျော်ဟိန်းက ဘုန်းကြီးဝတ်တော့မယ်ဆိုရင် အရင်ဆုံး ရဟန်းဝိနည်း ၂၂၇ သွယ်ကို ဖတ်ရှုလေ့လာပြီး ကိုယ် တလေးတစား ကျင့်ကြံနိုင်မလား စဉ်းစားရပါမယ်။ ၀ိနည်းတွေ ဘေးချိတ်ပြီး မော်ဒန်သာသနာသစ် ထူထောင်လို့ မရပါဘူး။ နောက်ပြီး သူတပါးကို တရားဟောချင်ရင် ကိုယ်က အရင်ဆုံး တရားကျင့်ရပါမယ်။ ကိုယ် မကျင့်ကြံဘဲ တရားဟောချင်တာကို သူတော်ကောင်းတို့ အားမပေးပါဘူး။

“ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးကို ဟောပြော ဆုံးမရာ၏။ ထိုသို့ကျင့်သော ပညာရှိသည် (သူတပါးတို့ ကဲ့ရဲ့ခြင်းဘေးမှ ကင်းလွတ်၍) စိတ်ပင်ပန်းညစ်နွမ်းခြင်း မဖြစ်ရာ။

သူတပါးကို ဆုံးမပြီးမှ မိမိကိုယ်ကိုယ် ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ကောင်းစွာ ဆုံးမပြီးမှ သူတပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယ် ဆုံးမရန်ကား အလွန်ခဲယဉ်း၏။”

(ဓမ္မပဒ)

လူ့ဘ၀မှာ မြီးကောင်ပေါက်တွေနဲ့အတူ ဟစ်ပ်ဟော့သီချင်းတွေ စင်ပေါ်တက်ပြီး ဟဲလိုက်၊ ကျော်ဟိန်းမိသားစု ဘယ်လိုတော်ကြောင်း (၀ိုင်အမ်စီအေက ကျင်းပတဲ့) ဟောပြောပွဲစင်ပေါ်မှာ ကိုယ်ရည်သွေးလိုက်၊ တခြားသရုပ်ဆောင်တွေရဲ့ သားသမီးတွေ သူ့သားသမီးတွေ လောက် မစွံကြောင်း စင်ပေါ်ကနေ ကဲ့ရဲ့လိုက် လုပ်နေသူတယောက်က ပြောရင်းလုပ်ရင်း တန်းလန်းကို မကြာခင် ဘုန်းကြီးဝတ်ပြီး သင်္ကန်းဝတ်နဲ့ ဆက်ပြောဦးမယ်ဆိုတာ သိရပြန်တော့ ဘုန်းကြီးကျော်ဟိန်းကို ကြည့်ပြီး သံဃာတော်တွေကို ကိုယ်ရည်သွေးသမားတွေ၊ ဓမ္မကထိက ပလ္လင်ပေါ်ကနေ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေသူတွေလို့ သိမ်းကျုံးထင်ကုန်မှာ စိုးရိမ်မိပါတယ်။

ရဟန်းဝတ်တော့မယ်လို့ ကြော်ငြာသတင်းလွှင့်နေတဲ့ ဦးကျော်ဟိန်းဟာ ရဟန်းမဖြစ်ခင် တရားကို ဘယ်လိုကြိုအားထုတ်မယ်၊ ရဟန်းပြုပြီးရင်လဲ ဘယ်ဆရာတော်တွေဆီမှာ ဘယ်ရိပ်သာမှာ နည်းနာခံပြီး ရဟန်းတရားကို ဘယ်လိုအားထုတ်လိုက်မယ်၊ စာပေပရိယတ္တိတွေကိုလဲ ဘယ်လို လေ့လာဆည်းပူးလိုက်မယ်ဆိုတာ ဘာမှ မစဉ်းစားဘဲ တရားဟောမယ်လို့ချည်း ပြောနေတာ သာသနာတော်ကြီးအတွက် ရင်လေးစရာပါ။ ကိုယ်က ဘာမှ မကျင့်ဘဲ တရားချည်းဟောမယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အထင်ကြီးလွန်ပြီး စိတ်ကြွရောဂါများ ရသွားပြီလား စိုးရိမ်ရပါတယ်။

ဦးကျော်ဟိန်းဟာ တခြားသူတွေကို တရားမဟောခင် ကိုယ်က အရင် ကျင့်ရပါမယ်။ ရဟန်းဘ၀ကို လာမယ်ဆိုရင် စင်ပေါ်ကနေ ပရိသတ်ကို စကားပြောရာမှာ “ခင်သန်းနုသား.....ဘိန်းစားလို့ သေသွားတယ်၊ ၀ါဝါ၀င်းရွှေသားတွေ ... မစွံဘူး” စတဲ့ ကိုယ့်သားသမီးတွေကို ဂုဏ်တင်ပြီး သူများသားသမီးကို ပုတ်ခတ် ပြောတတ်တဲ့ စရိုက်ဆိုးကို ထားခဲ့ရပါမယ်။ ရဟန်းမဟုတ်ဘဲ လူဆိုရင်လဲ ဒါမျိုး မလုပ်သင့်ပါဘူး။ ခင်သန်းနုသား ဝေယံမင်းခင် အသက် ၂၀ ကျော် အစိတ်ဝန်းကျင်မှာ မူးယစ်ဆေးနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှု၊ အငြိမ်းစား ဗိုလ်မှူးကြီး လူမမာဖခင်ရဲ့ မသာယာတဲ့ ဘ၀၊ မိခင်ရဲ့ အိမ်ထောင်သစ် စတဲ့ လောကဓံတွေကို ဆယ်ကျော်သက်မှာကတည်းက ခံခဲ့ရတဲ့ သူငယ်လေးတယောက်ကို သေပြီးကာမှ စင်ပေါ်ကနေ ဒီလို ချိုးဖဲ့နေလို့ အကျိုးမရှိတော့ပါ။ ဦးကျော်ဟိန်းကိုယ်တိုင်လဲ နှစ်ပေါင်းရှည်ကြာ ဘိန်းစားဖြစ်ခဲ့သူ၊ ဝေယံမင်းခင်အရွယ်မှာ စိန်ဂေါ်လီ လမ်းသရဲဂိုဏ်းက လမ်းသရဲတယောက်တောင် ဖြစ်ခဲ့သူဆိုတာ မိမိကိုယ်ကိုယ် ပြန်သတိပြုမိရင် ကိုယ်က ဘာမှ မမှားဖူးသူလို ဒီသွားလေသူ ကလေးတယောက်ကို မပုတ်ခတ်နေသင့်ဘူးဆိုတာ သိနိုင်ပါတယ်။

“သူတပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိ၏ အပြစ်ကို မြင်နိုင်ခဲ၏။ သူတပါးတို့၏ အပြစ်ကို ဖွဲလွှင့်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏ အပြစ်ကိုကား ဖုံးတတ်၏” (ဓမ္မပဒ)

”သတိ”ဆိုတဲ့ အရေးအကြီးဆုံးတရား ချွတ်ယွင်းနေတဲ့ ဦးကျော်ဟိန်းက ရဟန်းဝတ်ပြီး ပရိသတ်ကို တရားဟောမယ်ဆိုတာ မဖြစ်သင့်တဲ့ အမှုပါ။ စိတ်ဓတ်ကျနေတဲ့ သူတွေကို အားပေးမယ်၊ စိတ်မြှင့်တင်ရေး တရားတွေ ဟောမယ်ဆိုရင် လူဝတ်နဲ့ လည်ဟောလို့ ရပါတယ်။ ရဟန်းတရားကို အားမထုတ်နိုင်ဘဲနဲ့ လူတွေ လက်အုပ်ချီ ရှိခိုးတာ၊ ရိုသေတာ ခံချင်တဲ့ လောဘကြောင့် သာသနာ့ဘောင် လာမယ်ဆိုရင် ဦးကျော်ဟိန်းအတွက် ကိုယ့်အပါယ်လမ်း ကိုယ်ဖောက်သလို ဖြစ်ပါလိမ့်မယ်။

မဟာမြိုင်ဆရာတော် ဦးဇောတိကဟာ လူ့ဘ၀ကို စွန့်ပြီး တောထွက် ရဟန်းပြုခဲ့ပါတယ်။ ဆရာတော် ဦးဇောတိကရဲ့ တရားတွေဟာ လူတွေကို စိတ်မြှင့်တင်ပေးတဲ့၊ စိတ်ခွန်အားဖြည့်ပေးတဲ့ တရားတွေဆိုတာ ရဟန်းရှင်လူတွေ လက်ခံထားကြပါတယ်။ ဒီလို စိတ်အားဖြည့် တရားတွေ မေတ္တာထား ဟောကြားနိုင်ဖို့ ဆရာတော် ဦးဇောတိကဟာ ကိုယ်တိုင်လဲ များစွာ ကျင့်ကြအားထုတ် ခဲ့ရပါတယ်။ လူတွေကို တရားအားထုတ်ဖို့၊ သတိဆိုတဲ့ အိမ်မှာနေဖို့ ဟောကြားနေတာ ကိုယ်ကျင့်တဲ့တရားမို့ အရသာသိလာလို့ တပါးသူတွေကို ပြန်မျှဝေပေးနေတာပါ။

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)လဲ တရားကို နှစ်ပေါင်းများစွာ တစိုက်မတ်တပ် ရှာဖွေ၊ လမ်းမှန်မတွေ့သေးခင် ဘာသာအယူဝါဒ မျိုးစုံကြားမှာ တ၀ဲလည်လည် ကျင်လည်ခဲ့ပြီးမှ နောက်ဆုံး ဗုဒ္ဓရဲ့ တရားကို လက်ခံပြီး ဥပသကာ ဖြစ်ခဲ့တာပါ။ ရဟန်းပြုပြီး ဒကာဒကာမတွေကို တရားပြန်ဟောကြားတာလဲ နှစ်ပေါင်းများစွာ ဖြည့်တင်းလာခဲ့တဲ့ ၀မ်းစာ ရှိထားလို့ပါ။

ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကဟာ တရားအားထုတ်ခြင်းကို မွေ့လျော်ပြီး တရားနဲ့သာ နေတော့မယ်၊ စာပေပရိယတ်ကိုတောင် အချိန်မပေးလိုတော့တဲ့အထိ သဒ္ဓါတရား ပျင်းပျလာချိန်မှာ ဆရာတော်ကြီး တပါးက ဓမ္မာစရိယတော့ အောင်အောင်ဖြေပါလို့ မျက်ရည်များကျပြီး တောင်းပန်မိန့်ကြားလို့ ဓမ္မာစရိယ ပြီးတဲ့အထိ ပရိယတ္တိကို ဆက်အားထုတ်ခဲ့ပါတယ်။ ပရိယတ်တင်မက ပရိပတ္တိမှာလဲ ကိုယ်တိုင် နှစ်ပေါင်းများစွာ အားထုတ်ကျင့်ကြံထားတဲ့ ၀မ်းစာ ရှိနေတော့ ဒကာဒကာမတွေကို ဒုက္ခငြိမ်းရာ ချမ်းသာကြောင်း တရားတွေ ပြန်ဟောကြားနိုင်တာပါ။

ဆူနာမီဆရာတော် ဦးဥတ္တမသာရဟာ လူ့ဘ၀က မိတ်ဆွေကောင်းတယောက် ကျေးဇူးနဲ့ တရားထိုင်မိရာကနေ တရားဓမ္မကို သက်ဝင်ကြည်ညိုပြီး ဇွဲပြင်းပြင်းနဲ့ အားထုတ်ခဲ့ပါတယ်။ ဓမ္မတန်ဖိုး သိလာချိန်မှာ ၀ိဇ္ဖာမှ အ၀ိဇ္ဖာသို့ တရားအလှူတော်လုပ်ငန်းဆိုတာကို ထူထောင်ပြီး တရားစာအုပ်၊ ကက်ဆက်ခွေ စသည်များ အခမဲ့ ကုသိုလ်ပြု ငှားရမ်းခဲ့ပါတယ်။ နောက်ဆုံး အသက် ၃၃ နှစ်မှာ ရှာဖွေထားသမျှ စီးပွားတွေအားလုံးကို စွန့်ပြီး ရဟန်းပြုခဲ့ပါတယ်။ ရှိသမျှ တိုက်ခန်း၊ ကား၊ ဖုန်း၊ ငွေ အားလုံးကို လှူဒါန်းလိုက်ပြီး သပိတ်တလုံး သင်္ကန်းတစုံနဲ့ သာသနာ့ဘောင် ၀င်လာတော့ ဘယ်လိုများ ရပ်တည်မလဲ၊ ဆရာတော် (အဲဒီအချိန်က ဦးဇင်းလေး) အမြင်က ရှင်းပါတယ်။

“တရားအားကိုးရင်းသာ အများအကျိုး ဆောင်၇ွက်မည်၊ တရားက ထားသော နေရာမှာသာ နေမည်၊ တရားကဆင်သော သင်္ကန်းကိုသာ ၀တ်မည်၊ တရားကကျွေးသော အစာကိုသာ စားမည်၊ နေစရာ မရှိလျှင် သစ်တပင်အောက်မှာ နေမည်၊ ၀တ်စရာ မရှိလျှင် လူသေကောင် အ၀တ်များကိုပင် သင်္ကန်းချုပ်ဝတ်မည်၊ စားစရာ မရှိလျှင် တရားနှလုံးသွင်းရင်းသာ အသေခံလိုက်မည်၊ တရားကလွဲလျှင် ဘာကိုမှ အားမကိုး”

ဒီဦးဇင်း (ခု ဆရာတော် ဦးဥတ္တမသာရ) ရဟန်းပြုပြီးတော့ ပရိယတ်ကို နှစ်နှစ်လောက် သင်ဦးမယ်၊ တရားမဟောသေးဘူးလို့ စိတ်အကြံ ဖြစ်ပါတယ်။ ဒါပေမယ့် တရားပြတတ်မှန်း သိသွားတော့ ဥပဇ္ဈာယ်ဆရာတော်ကြီး ဦးဉေယျသာဂရ (သက်တော် ၈၀ ကျော်) ကိုယ်တိုင်က တရားဟောခိုင်းလို့ တရားဟော တရားပြအလု့ပ်ကို စထမ်းဆောင်ခဲ့ရပါတယ်။ လူ့ဘ၀မှာကတည်းက ၀မ်းစာများစွာ ရှိခဲ့ပြီးသား ဆိုတာရယ်၊ ဆရာဥပဇ္ဈာယ်ရဲ့ ယုံကြည်တာဝန်ပေးချက်နဲ့ တရားဟောခဲ့တယ်ဆိုတာရယ်ကို သတိပြုသင့်ပါတယ်။

သံဃာတော်များ တရားဟောတယ်ဆိုတာ ဘာမှ ၀မ်းစာမရှိဘဲ လွယ်လွယ် ဟောနေတာ မဟုတ်ကြောင်း ဒီဥပမာတွေ ကြည့်ရင် သိနိုင်ပါပြီ။

မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ (ပိဋကတ်သုံးပုံဆောင်) ဖြစ်တော့ ဒီလိုဖြစ်အောင် အားပေးတိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ တပါးအပါဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ဓမ္မစာရီက သားသဖွယ် ဖြစ်နေတဲ့ မောင်ပဉ္ဇင်း (သက်တော် ၄၂ နှစ်)ကို ရှင်နာဂသိန်ဟာ မိလိန္ဒမင်းကြီးကို မိမိရှင်းပြဟောကြားခဲ့တဲ့ တရားတွေကို ပြန်နှလုံးသွင်းဆင်ခြင်ရင်း ကိုယ်တိုင် ရဟန္တာ ဖြစ်ခဲ့တယ်ဆိုတဲ့အတိုင်း မိမိ အာဂုံဆောင်တဲ့ ပိဋကတ်သုံးပုံကို နှလုံးသွင်းဆင်ခြင်ဖို့ သတိပေးတိုက်တွန်းစာ မင်းကွန်းကနေ ရန်ကုန်ကို ပါးလိုက်ပါတယ်။

ရဟန်းပြုတယ်ဆိုတာလဲ မြန်မာပြည်မှာသာ ဓမ္မရွှေအိုး ရှိတဲ့တိုင်းပြည်မို့ လွယ်နေပေမယ့် ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ပြီး စည်းစိမ်ဥစ္စာတွေစွန့်၊ သာသနာ့ဘောင် ၀င်လာကြတဲ့ အနောက်တိုင်းသားတွေဆိုရင် ပေးဆပ်စွန့်လွှတ်ခဲ့ရတာာ အတော်များပါတယ်။ အီတာလျံလူမျိုး ဓာတုဗေဒ ပညာရှင်တယောက်ဟာ ဓမ္မပဒကို ဖတ်မိရာက ဗုဒ္ဓရဲ့ တပည့်သား ဖြစ်လာခဲ့ပါတယ်။

သာသနာ့ဘောင်ဝင်မယ်ဆိုတော့ မိဘက ခွင့်မပြုပါ။ အနောက်တိုင်းမှာ ၁၈ နှစ်ပြည့်ရင် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ ရတယ်ဆိုပေမယ့် ရဟန်းပြုဖို့ဆိုတာ မိဘခွင့်ပြုချက် ရှိရမယ်လို့ မြတ်စွာဘုရားက ပညတ်ထားပါတယ်။ ဒီဓာတုဗေဒပညာရှင် ဘာလုပ်ခဲ့သလဲ။ အာရှတိုက်ကို လာပြီး သိမ်ဝင်ပြီး ရဟန်းခံပါတယ်။ ရဟန်းလောင်းကို စစ်ဆေးရတဲ့ သိမ်ဝင်သံဃာများက အသက် ၂၀ ပြည့်ရဲ့လား၊ လူသားစင်စစ် ဖြစ်ရဲ့လား၊ ကြွေးမြီကင်းရှင်းရဲ့လား စတဲ့ မေးခွန်းတွေကို ပြည့်ပါတယ်။ မှန်ပါတယ် စသည်ဖြင့် ဖြေကြားပါတယ်။

“မိဘခွင့်ပြုရဲ့လား”

ဂေါတမ မြတ်စွာဘုရားသခင်ကို မိဘအရာထား နှလုံးသွင်းပြီး ရဟန်းလောင်းဟာ “ခွင့်ပြုပါတယ်”လို့ ရဲရဲကြီး ဖြေကြားလိုက်ပါတယ်။

ဒီအကြောင်းကို ပြန်ပြောင်း မိန့်ကြားရာမှာ ဦးလောကနာထက “ဘုန်းကြီးက မြတ်စွာဘုရား ခွင့်ပြုချက်နဲ့ ရဟန်းပြုခဲ့တာ”လို့ ပြန်အမိန့်ရှိတတ်ပါတယ်။ ရဟန်းဖြစ်ပြီး ဇာတိ အီတလီကို တခေါက်ပြန်ကြွတော့ ဗုဒ္ဓဘာသာ ရဟန်းပြုခြင်းကို မလိုလားတဲ့ မိသားစုက အပြန်စရိတ် မထောက်ပါ။ ဆရာတော်ဟာ အီတလီပြည်ကနေ တောတွေတောင်တွေ ဖြတ်ပြီး အာရှတိုက်ကို ခြေလျင် ခရီးနှင်ပြီး ပြန်ကြွခဲ့ရပါတယ်။

ဒီလို သံဃာမြတ်တွေ ရဟန်းဘ၀ ခဲရာခက်ဆစ် ယူခဲ့ရပုံကို ဆင်ခြင်ပြီး ဦးကျော်ဟိန်းဟာ ရခဲလှတဲ့ ရဟန်းဘ၀ကို ယူမယ်ဆိုရင် တလေးတစား ကျင့်ကြံအားထုတ်သင့်ပါတယ်။

ဒီနေရာမှာ စိတ်ပူမိတာက “လောဘမရှိဘူး”လို့ လူ့ဘ၀မှာကတည်းက ပြောနေတဲ့ ကိစ္စပါ။ လောဘ မရှိတော့ရင် ဦးကျော်ဟိန်းဟာ အနာဂါမ်တောင် မကတော့ပါ၊ ရဟန္တာစင်စစ် ဧကန်ဖြစ်သွားပါပြီ။ လောဘ မရှိတော့ရင် ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာတွေလဲ အားလုံး ချုပ်ငြိမ်းသွားပါပြီ။ ဦးကျော်ဟိန်းဟာ လောဘမရှိဘူးလို့ ရဲရဲကြီး ပြောနေတာသာ တကယ်မှန်ရင် သံဃာတော်တွေ အပါအ၀င် ရဟန်းရှင်လူ အားလုံးက ဦးကျော်ဟိန်းကို ကိုးကွယ်ရပါတော့မယ်။ သာသနာတွင်း ကာလမှာ မြတ်စွာဘုရားမှလွဲရင် လောကမှာ ဒုတိယ အမြတ်ဆုံးသော ဘုရားငယ် ဖြစ်တဲ့ ရဟန္တာကြီး ဖြစ်နေတာ မှန်ရင်ပေါ့။

ဒါဆိုရင် ရဟန္တာကြီး ဦးကျော်ဟိန်းဟာ ရဟန်းချက်ချင်းမပြုဘဲ လူ့ဘ၀ကို တွယ်တာမက်မောနေမှာလဲ မဟုတ်ပါ။ လောဘ ကင်းတဲ့ ရဟန္တာဟာ ဘာမှ မတပ်မက်တော့ပါ။ ဦးကျော်ဟိန်းဟာ သူပြောသလိုဆိုရင် ရဟန္တာဖြစ်နေပါရက်နဲ့ ရဟန်းဘ၀လဲမပြောင်း၊ ရဟန်းဘ၀ မလာချင်ရင်လဲ လူဝတ်နဲ့ ပရိနိဗ္ဗာန် မစံသေးတာ ထူးခြားနေပါတယ်။

အပ္ပမာဒမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမြသန်းစံဟာ ဒီတာဝန်တွေ အားလုံးကို စွန့်ပြီး နယ်မှာ သွားတရားအားထုတ်မယ်လို့ သိရပါတယ်။ ရဟန်းမပြုဘူးလားလို့ စာနယ်ဇင်းတစောင်က မေးတော့ ရဟန်းကိုးကြိမ် ခံဖူးကြောင်း၊ အပြီး ရဟန်းဝတ်မယ်ဆို ရဟန်းဝိနည်းနဲ့အညီ (ဦးက) မနေနိုင်ကြောင်း၊ ၀ိနည်းနဲ့အညီ မနေနိုင်ရင် ငယ်ကတည်းက ၀တ်လာတဲ့ ရဟန်းတွေကို အားနာစရာ ကောင်းကြောင်း ရိုးသားစွာ ဖြေကြားခဲ့ပါတယ်။

ဦးမြသန်းစံဟာ တရားဓမ္မကို အားထုတ်လာတဲ့သက်တမ်း ကောင်းကောင်း ရှိထားသူပါ။ ရေးတဲ့ ဓမ္မစာပေတွေကို ဖတ်ရင်လဲ တရားအထုံ အတော်ရှိနေပြီဆိုတာ မှန်းနိုင်ပါတယ်။ တချိန်က ပေါ်လစီသီချင်းရေးဆရာ စစ်ဗိုလ်ဘ၀နဲ့ လူထုမုန်းစရာ ဖြစ်ခဲ့ဖူးပေမယ့် ဒီစက်ဆုပ်စရာ ဘ၀ကိုလဲ သူ စွန့်လွှတ်ခဲ့ပါပြီ။ တရားသမားဘ၀မှာလဲ ဓမ္မကို ခုတုံးလုပ်ပြီး အစိုးရကို မျက်နှာလိုအားရ လုပ်တဲ့စာတွေ မရေးခဲ့ပါ။ ခု အယ်ဒီတာချုပ်တာဝန်၊ ဦးစီးနေတဲ့ စာနယ်ဇင်းနှစ်စောင် ဒါတွေကို မိသားစုနဲ့ မိတ်ဆွေများနဲ့ လွှဲပြီး အေးချမ်းရာ နေရာတခုခုမှာ အချိန်တခုထိ တရားသွားအားထုတ်မယ်ဆိုတာ မိတ်ဆွေတွေကို အသိပေးတဲ့ အခါမှာလဲ အေးအေးချမ်းချမ်းပါပဲ။ ဒါ ဘာမားကက်တင်းမှ မလုပ်ရမယ့် အလုပ်ဆိုတာ တရားရှင်ပီပီ နားလည်ခဲ့ပါတယ်။ မဂ္ဂဇင်း အရောင်းတက်အောင် အယ်ဒီတာချုပ်ကြီး ရာထူးကိုစွန့်၍ ဘယ်နေ့ဘယ်ရက် တရားအားထုတ်တော့မည်၊ လက်ရှိဘ၀ကို စွန့်ရန် ဘယ်နှစ်ရက်သာ လိုတော့သည်လို့ ထပ်တလဲလဲ ကြော်ငြာမနေပါ။

မင်းသားကြီး ဇေယျဟာ ရိုးရိုးကြီးဇေယျဆိုတဲ့ နာမည်နဲ့ လိုက်အောင် အင်မတန် ရိုးပါတယ်။ သျှမ်းသျှမ်းတောက် အောင်မြင်နေပေမယ့် ရုပ်ရှင်ရိုက်ရင် ဇာတ်ဝင်ခန်းမှာ ၀တ်ရမယ့် အ၀တ်အစားတွေကို လက်တဖက်က အိတ်နဲ့ဆွဲပြီး ရိုက်ကွင်းကို ရိုးရိုးကြီး လာသူပါ။ နယ်မှာ ဖျော်ဖြေပွဲတခုအတွက် သရုပ်ဆောင်တွေ သွားကြတော့ မင်းသမီးငယ်လေးတယောက်ကို သူ့ခင်ပွန်းနဲ့ တခါက ရည်းစားဖြစ်ဖူးတယ်လို့ သ၀န်တိုသူ နယ်ခံအရာရှိကတော်တဦးက ဒီမင်းသမီးလေး ဒီမြို့လာ မဖျော်ဖြေရလို့ အနုပညာသည်အဖွဲ့ လိုက်ပါလာတဲ့သင်္ဘော ကမ်းအကပ်မှာ တားမြစ်ပါတယ်။

မင်းသားကြီး ဇေယျက ရှင်းပါတယ်။ ငါနဲ့ မဆိုင်ဘူး၊ ဒီကောင်မလေးကလဲ ဘာနာမည်မှ မရှိသေးတဲ့ မင်းသမီး အငယ်လေးပဲဆိုပြီး အရေးမစိုက်ဘဲ မနေခဲ့ပါဘူး။ အတူလိုက်လာတာ ဒီကလေးမလေး တယောက်တည်း ပြန်သွားရလို့ ကောင်းမလား၊ ဒါဆို တဖွဲ့လုံး ပြန်ရမယ်ဆိုပြီး ပြောတော့ ကျန်တဲ့ အဖွဲ့သားတွေလဲ မင်းသားကြီးစကားကို တညီတည်း လက်ခံပြီး သင်္ဘော ရန်ကုန်ကို ပြန်လှည့်စေခဲ့ပါသတဲ့။ လူ့ဘ၀မှာကတည်းက ဒီလောက် ရိုးဖြောင့်တဲ့ မင်းသားကြီးဟာ ရဟန်းပြုတော့လဲ ရိုးသားစွာပဲ သာသနာ့ဘောင်ဝင်ပြီး သီလဂုဏ်နဲ့ ပြည့်စုံတဲ့ သံဃာတော်တပါးအဖြစ် ရိုးသားစွာ ကျင့်ကြံအားထုတ် သီတင်းသုံးသွားခဲ့ပါတယ်။

ဦးကျော်ဟိန်း ကြိုးစားအားထုတ်မှုကြောင့် လူ့ဘ၀မှာ အောင်မြင်မှုတွေ ရခဲ့တာ သာဓုခေါ်ပါတယ်။ ရဟန်းဘ၀ လာမယ်ဆိုရင်တော့ မြတ်စွာဘုရား အလိုတော်နဲ့ ဆန့်ကျင်တဲ့ စကားတွေကို သင်္ကန်းဝတ်ပြီး လက်အုပ်ချီခံဘ၀နဲ့ ပြောလိုက်မယ်ဆိုတဲ့ မိစ္ဆာသင်္ကပ္ပ (မှားယွင်းသော စိတ်အကြံ)ကို အရင်ဆုံး ပယ်ဖျောက်ပေးစေချင်ပါတယ်။

ရိုးသားမှန်ကန်စွာ အောင်မြင်မှုများ ရပါစေ။


ကုလသမဂ္ဂမှာ စစ်အစိုးရ ကိုယ်စားပြုမှု တရားမ၀င်ကြောင်း ကန့်ကွက်တော့မည်

09 September 2008
ဦးကျော်ကျော်သိန်း -
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်ရှိမြန်မာစစ်အစိုးရက မြန်မာနိုင်ငံကိုကိုယ်စားပြုနေတာဟာ တရားဝင်မှု မရှိဘူး
ဆိုပြီး အင်္ဂါနေ့မှာ တရားဝင်ကန့်ကွက်လွှာတင်သွင်းမယ်လို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက ကြေညာလိုက်ပါ
တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့က
ဦးဆောင်ပြီး တင်သွင်းကြမှာပါ။ ဒီ့မတိုင်ခင်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံအဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ
(NCGUB) က ဒီကန့်ကွက်လွှာကို လက်မှတ်မထိုးဘူးဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

NCGUB အနေနဲ့ကတော့ ဒီကိစ္စအပေါ် လက်မှတ်မထိုးပါဘူး။ အဲဒီလို လက်မှတ်မရေး
ထိုးတဲ့အကြောင်း NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို
အတည်ပြုပြောပါတယ်။ ဘာ့ကြောင့် မထိုးတာပါလဲလို့ မေးတဲ့အခါ ဒေါက်တာစိန်ဝင်း
က …

"ဒီကိစ္စကို စဆွေးနွေးကတည်းက ကျနော်ရှင်းပြပါတယ်။ ကျနော်တို့ရဲ့ အနေအထား၊
ယုံကြည်ချက်နဲ့ ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေ၊ လုပ်တဲ့အခါမှာ ဘာတွေဖြစ်နိုင်သလဲ၊ စသည်
အားဖြင့် ကျနော်တို့ သေချာရှင်းပြပါတယ်။ ကုလသမဂ္ဂရဲ့ အခင်းအကျင်းတွေလည်း
ကျနော်တို့ ရှင်းပြပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့အနေနဲ့ ဒီ Credential
Challenge ကို လက်မှတ်ထိုးရမယ့်အလုပ်တွေ၊ Credential ကော်မတီကို Apply
လုပ်ရမယ့်အလုပ်မျိုးတွေကို မလုပ်ဘူးဆိုပြီး ပြောပြီးသားပါ။"

NCGUB က လက်မှတ်ထိုးပြီး တာဝန်ခံတင်သွင်းတာမျိုး မဟုတ်ပေမယ့်လည်း NCUB နဲ့
MPU တို့က ဦးဆောင်ပြီး ဆက်လက်တင်သွင်းသွားမယ့်အကြောင်း တရားဝင်ကန့်ကွက်
လွှာ တင်သွင်းရေး လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ NCUB အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်က ပြောပါတယ်။

"ကျနော်တို့ကတော့ File လုပ်မှာပါ။ ဒါကို NCUB အနေနဲ့ File လုပ်ဖို့တော့ ပြင်ဆင်ပြီး
သွားပါပြီ။ မနက်ဖြန် နောက်ဆုံးနေ့ဆိုတော့ နောက်ဆုံးနေ့မှာ ကျနော်တို့ File လုပ်မှာ
ပါ။ NCUB ဗဟိုကလည်း ကျနော့်ကို ညွှန်ကြားချက်လာပါတယ်။ ဆက်လက်ပြီး
ဆောင်ရွက်ပါဆိုလို့ ကျနော် ဆောင်ရွက်မှာပါ။"

ဒီလှုပ်ရှားမှု စပြီးလုပ်တဲ့အချိန်တုန်းက NCGUB အနေနဲ့ ထောက်ခံတဲ့အကြောင်း
ကြေညာချက် ထုတ်ပြန်ဖူးပါတယ်။ ဒီအပေါ်မှာ ဒေါက်တာစိန်ဝင်းရဲ့ ရှင်းလင်းချက်
ကတော့ …

"နိုင်ငံရေးအနေနဲ့ နအဖပဲဖြစ်ဖြစ်၊ န၀တပဲဖြစ်ဖြစ် သူတို့က တရားမ၀င်တဲ့အစိုးရဖြစ်တဲ့
အတွက် ဒီမှာမထိုင်သင့်ဘူး၊ ကျနော်တို့ ဒီအပေါ်မှာတော့ ထောက်ခံတယ်။ သို့သော်
ကျနော်တို့ရဲ့အမြင်၊ ကျနော်တို့ရဲ့ မူဝါဒ၊ ကျနော်တို့ရဲ့ တွက်ချက်မှုအရ ဒီလို Credential
ကိစ္စတွေမှာ မပါဘူး။ Campaign အနေနဲ့ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲတော့ ဒီလို
လုပ်ရင်လည်း ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ကျနော်ပြောတာပါ။"

ဒီကိစ္စဟာ အခုတလော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အ၀န်းအ၀ိုင်းထဲမှာ အတော်လေး
ဆွေးနွေးပြောဆိုနေကြတဲ့ ကိစ္စဆိုလို့ရှိရင် မမှားပါဘူး။ အဓိကဦးဆောင်ပြီး လှုပ်ရှား
နေသူတွေဘက်ကလည်း ဒီလှုပ်ရှားမှုအပေါ်မှာ ပြည်တွင်းပြည်ပက ထောက်ခံတာတွေ
ရှိတယ်ဆိုပြီးတော့ ပြောကြတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာမှ အခုလို NCGUB က
လက်မှတ်မထိုးတဲ့အပေါ် သဘောထားတွေနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်မယ်၊ ဒါဟာ
ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ညီညွတ်ရေးကို ထိခိုက်နိုင်၊ မထိခိုက်နိုင်ဆိုတာတွေ အပေါ်မှာ
တော့ ဒေါက်တာစိန်ဝင်းက …

"ဘာ့ကြောင့်လဲဆိုတာကို ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ရှင်းနေပါတယ်။ Publicly
ရေဒီယိုကနေ မပြောချင်လို့ ကျနော်မပြောတာ။ နောက်တခုက ကျနော်တို့ရဲ့အရေးကို
နိုင်ငံတကာက အစအဆုံး ဖြေရှင်းပေးမှာတော့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့
မှားယွင်းတဲ့မျှော်လင့်ချက်တွေတော့ မပေးသင့်ဘူး။ ပြည်ပက ကူညီတယ်၊ သိပ်ကောင်း
တယ်၊ အခုထိလည်း ပြည်ပက အကူအညီတွေကို ရနေတယ်၊ ဒါကိုလည်း ကျနော်တို့
ကြိုးစားရမှာပဲ။ သို့သော်လည်း တိုင်းပြည်လွတ်မြောက်ရေးအတွက် အစအဆုံးကတော့
ပြည်ပက လာမှာမဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေ၊ ပြည်ပမှာရှိတဲ့ တိုင်းရင်း
သားနိုင်ငံသားတွေ အားလုံး လုပ်နိုင်ဖို့ အရေးကြီးတယ်။ အဲတော့ ဒီကိစ္စက စိတ်ဝမ်းကွဲ
ပြီး အကွဲကွဲအပြားပြားဖြစ်မယ့်ကိစ္စ မဟုတ်ဘူးလို့ ကျနော်ယုံကြည်တယ်။"

ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကလည်း မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု
အတွင်းမှာ အငြင်းပွားတဲ့အပေါ်ထက် နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့အပေါ်ကို အာရုံ
စိုက်သွားမယ့်အကြောင်း ပြောပါတယ်။

"အပြည်ပြည်ဆိုင်ရာကို တင်ပြတဲ့နေရာမှာ န၀တနဲ့ အပြိုင်လုပ်တဲ့ကိစ္စကို ကျနော်
အားလုံးကို အာရုံစိုက်စေချင်တယ်။ အမျိုးသားညွန့်ပေါင်းအစိုးရက သူတို့ မထောက်ခံ
ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ လက်မှတ်မထိုးဘူးလို့ ပြောတာ။ အဲတော့ ဒီဟာကို
နိုင်ငံရေးအရ ထောက်ခံတယ်ဆိုတာတော့ သူတို့ရေးထားတယ်။ လက်မှတ်ထိုးဖို့
အခက်အခဲရှိတယ်ဆိုတာ သူတို့ပြောတယ်။ ဒါကိုလည်း ကျနော် ရှင်းရှင်းလင်းလင်း
တင်ပြချင်တယ်။ ကျနော်တို့ နိုင်ငံရေးအရ န၀တကို ထိုးနှက်တဲ့ကိစ္စ ကုလသမဂ္ဂထဲ
ဝင်အောင် ကျနော်တို့ လုပ်နေတယ်ဆိုတာကို အာရုံစိုက်ဖို့ အားလုံးကို ပြန်ပြီး အသိ
ပေးချင်ပါတယ်။"

NCGUB ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ
ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့
အဝေးရောက်အစိုးရအဖြစ် ရပ်တည်လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အခုလို
NCGUB က လက်မှတ်မထိုးဘဲ တင်သွင်းတဲ့ကန့်ကွက်လွှာက အောင်မြင်မှုရပါ့မလား
ဆိုတဲ့အပေါ် ဦးမောင်မောင်က …

"ကျနော်တို့က NCUB၊ NCGUB၊ MPU ဆိုတာထက် ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းနဲ့
ပြည့်မလားဆိုတာကို စဉ်းစားရပါတယ်။ စဉ်းစားတဲ့နေရာမှာလည်း ကုလသမဂ္ဂက
သတ်မှတ်ထားတာက စဉ်ပြိုင်ကန့်ကွက်မှုဆိုတာ တင်ရင် တင်ဖို့ဆိုတဲ့ကိစ္စ ရှိတယ်။
ဒီနေရာမှာ အမျိုးသားညွန့်ပေါင်းအစိုးရကဲ့သို့သော အစိုးရတခုဖြစ်ရင် ကောင်းတာပေါ့။
ကျနော်တို့ ဒါကို ငြင်းစရာအကြောင်း မရှိဘူး။ သို့သော် မဟုတ်ရင်လည်း တင်ဖို့ကတော့
ကျနော်တို့ တာဝန်ရှိတယ်။ ဒါကို ကုလသမဂ္ဂရဲ့ ဘောင်အတွင်းက ဆုံးဖြတ်ရမှာကတော့
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရုံးခန်းရယ်၊ နောက်တခါ ကုလသမဂ္ဂ ဥပဒေ
ကြောင်းဌာနတို့၊ သံတမန်ရေးရာဌာနတို့ အားလုံးပေါင်းပြီး ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တဲ့
အတွက် မတင်သရွေ့တော့ မသိသေးဘူးလို့ ကျနော်ပြောချင်ပါတယ်။"

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၉ ရက်၊ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကနေ ၁၂ နာရီ
အတွင်း၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ
NCUB နဲ့ MPU တို့ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြတာ၊
သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာတွေနဲ့အတူ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာကော်မတီ
ထံကို Credential Challenge တရားဝင်ကန့်ကွက်လွှာ ပေးပို့တင်သွင်းသွားမယ်လို့
NCUB က ကြေညာထားပါတယ်။

သွေးရူးသွေးတန်းပြောလိုက်ပုံက

၂၀၁၀ ရွေးကောက်ပွဲ၌ ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရကို ထိုင်းကတောင်းဆိုမည်
Bangkok Post/ ၉ စက်တင်ဘာ ၂၀၀၈။ ။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ၌ ကုလသမဂ္ဂကို ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ထိုင်းနိုင်ငံက မြန်မာကို ကြိုးစားစည်းရုံး သိမ်းသွင်းမည်ဟု ထိုင်းဝန်ကြီးချုပ် စမတ် စွန်ထရာဝေ့ခ်ျက ပြောကြားသည်။

ယမန်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ မစ္စတာ စမတ်က “ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့၌ ရွေးကောက်ပွဲ စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ကုလသမဂ္ဂ၏ အတွေ့အကြုံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီ ပြန်လည်ရရှိလာအောင် အကူအညီဖြစ်စေနိုင်လိမ့်မည်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရ မည်ဆိုသည်ကိုမူ ၀န်ကြီးချုပ်က ပြောဆိုခြင်းမရှိချေ။ မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံစကားပြောသည့်အခါတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထားကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ကြောင်းလည်း မစ္စတာ စမတ်က ပြောသည်။

မြန်မာကိုတိုက်တွန်းပြောကြားမည့် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို လာမည့် ဒီဇင်ဘာလ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၌ ပြောဆိုမည်ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံသည် အာဆီယံ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

By NEJ



ထိုင်းဝန်ကြီးချုပ် တာဝန်မှ နုတ်ထွက်ရန် တရားရုံးက စီရင်ချက်ချ


ကိုစိုး | စက်တင်ဘာ ၉၊ ၂၀၀၈
မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ခွင့်ရရှိရန် ကြိုးစားသွားမည် ဟု ပြောကြားခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ကို ယနေ့ ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံး က အခြေခံဥပဒေချိုးဖောက်မှုဖြင့် တရားစီရင်လိုက်ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ (ဓာတ်ပုံ - AFP)
မစ္စတာ စမတ်ခ်အား ထိုင်းပုဂ္ဂလိက ရုပ်မြင်သံကြားဌာန ၂ ခု တွင် အခကြေးငွေယူ၍ အချက်အပြုတ် အစီအစဉ် တင်ဆက် သောကြောင့် ထိုင်းနိုင်ငံ အခြေခံဥပဒေပါ ပုဒ်မခွဲ ၂၆၇ ကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ၎င်းကို ယနေ့တွင် တရားရုံး က ၀န်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းသည့် စီရင်ချက်ချလိုက် ကြောင်း တရားသူကြီး ချတ် ချွန်လ၀မ်၏ ပြောကြားချက်ကို ကိုးကား၍ အေပီ သတင်းက ဖော်ပြသည်။

ထို့အပြင် မစ္စတာ စမတ်ခ်၏ ၀န်ကြီးအဖွဲ့သည်လည်း နုတ် ထွက်ရမည် ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ အခြေခံဥပဒေ၌ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ သည် နိုင်ငံတာဝန် ထမ်းဆောင်နေချိန်အတွင်း ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

မစ္စတာ စမတ်ခ်က ၎င်းအနေနှင့် လာမည့် စက်တင်ဘာ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သွားရောက် မိန့်ခွန်းပြောကြားရန်ရှိသောကြောင့် ယနေ့ရုံးချိန်းကို ရွှေ့ဆိုင်း ပေးရန် တရားရုံးသို့ မေတ္တာရပ်ခံ ထားသည်ဟု ဆိုသည်။ ၎င်းသည် စက်တင်ဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံမှ စတင်ထွက်ခွာ မည်ဖြစ်ပြီး ၂၇ ရက် တွင်ပြန်ရောက်မည်ဟုလည်း သိရသည်။

မစ္စတာ စမတ်ခ် ၏ ယမန်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြောကြားခဲ့သော ၂၀၁၀ ခုနှစ်တွင် မြန်မာစစ်အစိုးရ ပြုလုပ် မည့် အထွေထွေ ရွေးကောက်ပွဲ၌ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ခွင့်ရရှိရန် ကြိုးစားသွားမည်ဟူသော ပြောကြားချက်ကို ထိုင်းနိုင်ငံ ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အနေနှင့် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီယား ၊ အရှေ့တီမော စသည့် နိုင်ငံများက ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် ပြုလုပ်သော ရွေးကောက်ပွဲများနှင့် ပတ်သက်ပြီးကူညီ စည်းရုံးဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံရှိသည်ဟု မစ္စတာ စမတ်ခ်က ပြောကြားကြောင်းလည်း ယင်းသတင်းစာတွင် ပါရှိသည်။

သို့သော် ကမ္ဘာ့ကုလသမဂ္ဂက မည်သည့်နေရာမှ ပါဝင်မည်ဖြစ်ကြောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်းနှင့် ယခုကိစ္စအား မြန်မာ စစ်ဗိုလ်ချုပ်များကို မည်သည့် အချိန်တွင် ပြောဆိုမည်ဖြစ်ကြောင်းတို့ကို အသေးစိတ်ပြောကြားခြင်း မရှိဟုလည်း ဘန်ကောက်ပို့စ် က ရေးသားသည်။

မစ္စတာ စမတ်ခ်သည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာစစ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါရှိပါက ပိုမိုအလုပ်ဖြစ်နိုင်ကြောင်း၊ အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အရ အသုံးချခံ ကိရိယာတခုကဲ့သို့ ပြုလုပ်နေကြောင်း ပြောဆိုခဲ့သေးသည်။

ထိုသို့ မစ္စတာ စမတ်ခ် ၏ ဝေဖန်ပြောဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဥာဏ်ဝင်းက“တိုင်းပြည် ခေါင်းဆောင် တဦးအနေနဲ့ တခြားသော တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ ပတ် သက်ပြီး အခုလို ဝေဖန်ပြောဆိုမှုမျိုးကို မလုပ်သင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၀န်ကြီးချုပ် စမတ်ခ် အစိုးရအား မကျေနပ်၍ ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် လျက်ရှိပြီး စက်တင်ဘာ ၂ ရက်နေ့ နံနက်စောစောပိုင်းက ဖြစ်ပွားခဲ့သည့် လူ ၁ ဦး သေဆုံး၍ ၄၃ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိသည့် ရုန်းရင်းဆန်ခတ်မှု နောက်ပိုင်း ၀န်ကြီးချုပ် စမတ်ခ် က လူ ၅ ဦး ထက် ပိုမစုရ အမိန့် အပါအ၀င် အရေးပေါ်အခြေအနေ ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။

ထို ကြေညာချက်ထုတ်ပြန်ထားသော်လည်း ၀န်ကြီးချုပ် စမတ်ခ် အစိုးရ ပြုတ်ကျရေး အတွက် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း PAD အဖွဲ့က ပြောကြားသည်ဟု ထိုင်းသတင်းဌာန (TNA) အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းလတ်တလောဖြစ်ပွားနေသော ထိုင်းနိုင်ငံရေး ပဋိပက္ခမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကိုဆန့်ကျင်သည့် ပြည်သူ့ ဒီမိုကရေစီမဟာမိတ်အဖွဲ့ (People’s Alliance for Democracy-PAD) နှင့် သက်ဆင်ကိုလိုလားသည့် ၀န်ကြီးချုပ်စမတ်ခ်၏ ပြည်သူ့စွမ်းအားပါတီ (People’s Power Party – PPP) တို့အကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလကုန်ပိုင်းမှစတင် ဖြစ်ပွားလာရာ သြဂုတ်လအတွင်း၌ အရှိန်မြင့်လာခဲ့ကြောင်း သိရသည်။

မြန်မာပြည်က ကလေးအလုပ်သမားများ

အောင်သက်ဝိုင်း/ ရန်ကုန် | စက်တင်ဘာ ၉၊ ၂၀၀၈

ညနေ ၆ နာရီခွဲ မှောင်ရီပျိုးစအချိန် ရုတ်တရက် သဲသဲမည်းမည်းရွာချလိုက်တဲ့ မိုးကြောင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းတွေ ရောင်းဝယ်ရာ သီရိမင်္ဂလာဈေးရုံကြီး ပြင်ပမှာ ဈေးဝယ်သူတွေ၊ ကုန်စိမ်း ရောင်း သူတွေ၊ အထမ်း အလုပ်သမားတွေ နဲ့ လူပေါင်းများစွာ မိုးလွတ်ရာ အမိုးအကာ တွေအောက် ပြေးလွှား ၀င်ရောက်ရင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။


လမ်းဘေးရောက် မြန်မာကလေး အလုပ်သမားကလေးများ (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

ဒါပေမယ့် ဈေးရုံအနောက်ဘက် ဟင်းသီးဟင်းရွက် အနာအဆာတွေ၊ သစ်သီးပုပ်တွေ၊ ဟင်းရွက်ကုန်စိမ်း အပုပ်အနာ အဆာတွေ လွှင့်ပစ်ရာ အမှိုက်ပုံကြီးပေါ်မှာတော့ ညစ်ထေးထေး အ၀တ်အစားတွေနဲ့ ကလေးငယ် တစုက ရွာနေတဲ့ မိုးကို ဂရုမစိုက်အားဘဲ တစုံတခုကို အပြင်းအထန် ရှာနေကြတယ်။

သူတို့တတွေဟာ နံစော်ညစ်ပတ်နေတဲ့ အမှိုက်ပုံထဲမှာ အမှိုက်တွေကို ဟိုလှန်ဒီလှော လုပ်ရင်း ဟင်းရွက်ပုပ်၊ သစ်သီးပုပ် တွေရဲ့ အကောင်းပိုင်းတွေကို အလုအယက်ချိုးဖဲ့ယူပြီး ပါလာတဲ့ လွယ်အိတ်စုတ်တွေ ကျောပိုး အိတ်တွေထဲ ထည့်ကြတယ်။ သူတို့တွေနဲ့အတူ လူကြီးပိုင်း အရွယ်တွေလည်း တွေ့ရတယ်။

အမှိုက်ပုံမှာ သစ်သီး၊ ဟင်းသီးဟင်းရွက် ရှာဖွေနေသူအများစုက ကလေးငယ်တွေဖြစ်ပြီး အရေအတွက်အားဖြင့် သုံးဆယ် ကျော်လောက် ရှိပါတယ်။ သူတို့လေးတွေဟာ ပညာ သင်ယူရမယ့် အရွယ်တွေ ဆိုပေမယ့် ၀မ်းရေး အတွက် ရရာ ကြုံရာ ကျပန်း အလုပ်လုပ်နေရတဲ့ ကလေး အလုပ်သမားတွေပါပဲ။

“သမီးက လှိုင်သာယာက လာတာ။ ဒီနေရာမှာ မနက် ၄ နာရီ နဲ့ ညနေ ၆ နာရီခွဲလောက် ဆိုရင် ကုန်ကားနဲ့ ကုန်စည်ဒိုင် တွေက သစ်သီးနဲ့ ဟင်းရွက်အနာအပုတ်တွေ လာပစ်တယ်။ အဲဒီပစ်တဲ့ အမှိုက်တွေထဲက ကောင်းတဲ့ အပိုင်းတွေ ချိုးဖဲ့ပြီး ယူတယ်။ ပြီးတော့ ဈေးမှာ ရောင်းတယ်။ တနေ့ကို ကျပ် ၁၀၀၀ လောက်ရတယ်” လို့ သီရိမင်္ဂလာဈေး အမှိုက်ပုံမှာ လွှင့်ပစ် တဲ့ ဟင်းသီးဟင်းရွက် တွေထဲက အကောင်းပိုင်းတွေရှာပြီး လှိုင်သာယာ ပျံကျဈေးတွေမှာ ပြန်ရောင်းရတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ်က ရှင်းပြပါတယ်။

သူ့နာမည် ယွန်းအိစံပါလို့ မိတ်ဆက်တဲ့ အဲဒီမိန်းကလေးက ဒီလို အမှိုက်ပုံမှာ ကုန်စိမ်းရှာတဲ့ အလုပ်ကိုလုပ်တာ ၁ နှစ်ကျော် ရှိပြီဆိုတဲ့ အကြောင်းနဲ့ ဒီအလုပ်က ရတဲ့ ၀င်ငွေ ၁၀၀၀ က သူ့အတွက် လောက်ငှတဲ့အကြောင်း ရှင်းပြပါတယ်။

သာမန်အားဖြင့် ကလေးငယ်တဦးကို “ဘာလိုချင်သလဲ” လို့မေးရင် “အရုပ်လိုချင်တယ်” “မုန့်လိုချင်တယ်” လို့ ဖြေကြမှာ ဖြစ်ပေမယ့် ယွန်းအိစံကတော့ “သမီးလိုချင်တာ အပုပ်အနာအဆာနည်းတဲ့ ဟင်းသီးဟင်းရွက်တွေ” လို့ ကျနော့်ရဲ့မေးခွန်းကို ညှိုးနွမ်းတဲ့ မျက်နှာ အသွင်အပြင်နဲ့ ပြန်ဖြေပါတယ်။

ယွန်းအိစံဟာ ဒီအမှိုက်ပုံမှာ နေ့စဉ် လာအလုပ်လုပ်ရင်း နည်းပါးလှတဲ့ လုပ်ခငွေနဲ့ ဘ၀ကို ကိုယ်ထူကိုယ်ထ ရုန်းကန်နေရ တဲ့ ကလေးအလုပ်သမားတဦး ဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့တော်အပါအ၀င် မြို့ပြဒေသကြီးတွေမှာ ရှိတဲ့ ဈေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အလုပ်ရုံ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းတွေ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ တခြားအမျိုးမျိုးသော လုပ်ငန်း တွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေါင်းများစွာမှာ ယွန်းအိစံလို လုပ်ခနည်းနည်းနဲ့ ကိုယ်ထူ ကိုယ်ထ ဘ၀ကို ရုန်းကန်လှုပ်ရှား နေရတဲ့ ကလေးအလုပ်သမားတွေ များစွာ ရှိနေပါတယ်။

မိုး သည်းသည်းမည်းမည်း ရွာနေတဲ့ မနက် ၄ နာရီ၊ ရန်ကုန် - အင်းစိန် လမ်းမကြီးပေါ်မှာ ကား အသွားအလာမရှိ ငြိမ်သက် နေပြီး လူအများ အိပ်မောကျနေချိန်ဖြစ်ပေမယ့် မရမ်းကုန်းမြို့နယ် ထဲက `၀င်း´ လက်ဖက်ရည် ဆိုင်မှာတော့ ဆယ်ကျော် သက်အရွယ် ကလေးငယ် ၈ ဦး ငိုက်မြည်း နှေးကွေးစွာနဲ့ လုပ်ငန်းခွင်စတင်ဝင်နေကြပြီ ဖြစ်ပါတယ်။

ရေးနွေးအိုးနဲ့ လက်ဖက်ရည်ပန်းကန်လုံးတွေကို တိုက်သူတိုက်၊ အီကြာကွေးကြော်တဲ့ မီးဖိုထဲ ထင်းထိုးသူက ထိုး၊ ခုံတွေခင်း ဖုန်သုတ်တဲ့သူကသုတ် ကလေးငယ်တွေအားလုံး အလုပ် ကိုယ်စီ လုပ်နေကြတယ်။ သူတို့တတွေဟာ တခြားကလေးငယ် တွေလို မိဘရင်ခွင်မှာကွေးပြီး အနွေးဓာတ်ခိုလှုံရင်း အိပ်မောကျသင့်တဲ့ အရွယ်လေးတွေ ဖြစ်ပေမယ့် အဲဒီအခွင့်အရေး မရကြတဲ့သူတွေ ဖြစ်ပါတယ်။

“မနက် ၃ နာရီခွဲထ၊ ခုံတွေသုတ်၊ ထင်းခွဲ၊ ရေခပ်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပြင်ရတယ်။ မနက် ၅ နာရီခွဲမှာ ဆိုင်စဖွင့်တယ်။ ၆ နာရီကျော်လောက်ဆိုရင် လူစကျတာနဲ့ စားပွဲထိုးတယ်။ မနက် ၈ နာရီခွဲဆိုရင် မနက်စာ ဆိုင်ကကျွေးတယ်” လို့ `၀င်း´ လက်ဖက်ရည်ဆိုင်က အသက် ၁၂ နှစ်အရွယ် မောင်သော်ကောင်းဆိုတဲ့ စားပွဲထိုးငယ်လေးက ပြောပြတယ်။

မောင်သော်ကောင်းရဲ့ မျက်ဝန်းတွေက ၀ါကျင်ဖျော့တော့နေပြီး ကလေးငယ်ရဲ့ခန္ဓာာကိုယ်က အရိုးပေါ်အရေတင် ပိန်လှီ လွန်းလှတယ်။ သူ့ဆံပင်တွေက နီကျင်ကျင်အရောင်ပေါက်နေပြီး သူ့လက်ကလေးတွေက အရွယ်နဲ့ မလိုက်အောင် အသား မာတွေတက် ကြမ်းတမ်းနေတယ်။ရန်ကုန်မြို့တွင်းတနေရာတွင် တံမြက်စည်းရောင်းနေရသော မြန်မာကလေးငယ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
“တနေကုန် စားပွဲထိုးပြီး ည ၁၀ နာရီခွဲဆိုရင် ဆိုင်ပိတ်တယ်။ ဆိုင်ပိတ်ပြီး သိမ်းစရာရှိတာ သိမ်းနဲ့ ည ၁၂ နာရီလောက်မှ အိပ်ရတယ်။ ကျနော်က ဒီမှာလုပ်တာ ၃ နှစ်ရှိနေပြီဆိုတော့ တလ ၈၀၀၀ ရတယ်။ ဖိုးလုံးနဲ့ ၀ဲထူ (မောင်သော်ကောင်းနှင့် အတူ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေသည့် ကလေးငယ် ၂ ဦး) တို့လို အခုမှ အလုပ်စ၀င်တဲ့ သူတွေကျတော့ တလ ၄၅၀၀ ပေါ့။ ဆိုင်က ထမင်း ၂ နပ်ကျွေးတယ်။ အိပ်တာက တော့ ဒီခုံတွေစီပြီး အိပ်ကြတာ” လို့ သော်ကောင်းက ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ အရွယ်ရောက်ပြီး အလုပ် သမားတဦး ရဲ့ အလုပ်ချိန်ကို တောင် တနေ့ ၈ နာရီပဲလို့ သတ်မှတ်ပြဌာန်းထားပေမယ့် ကလေးအရွယ်သာရှိသေးတဲ့ မောင်သော်ကောင်းတို့ ကလေးငယ် တစုကတော့ လက်ဖက်ရည်ဆိုင်မှာ တနေ့ အလုပ်ချိန် ၁၇ နာရီကျော် အလုပ်လုပ် နေရပါတယ်။

မောင်သော်ကောင်းတို့လို တနေ့ ၁၇ နာရီကျော် အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေ မြန်မာနိုင်ငံတ၀န်း လက်ဖက်ရည် ဆိုင်နဲ့ စားသောက်ဆိုင် တော်တော်များများမှာ ရှိနေတယ်။ သူတို့ တွေအားလုံးက လုပ်ခလစာနည်းနည်းသာရပြီး အရွယ်နဲ့ မမျှတဲ့ အလုပ်တွေကို လုပ်နေကြရတာပါ။

“ဆိုင် စဖွင့်တုန်းက လူကြီးစားပွဲထိုး ၅ ယောက်နဲ့ တောက်တိုမယ်ရခိုင်းဖို့ ကောင်လေး (အသက် ၁၀ နှစ် ကျော်အရွယ် ကိုဆိုလိုခြင်းဖြစ်သည်) ၂ ယောက်ခေါ်ထားတယ်။ နောက်တော့ လူကြီးတွေက ခိုင်းလို့ မကောင်းဘူး။ ကောင်လေးတွေက တော့ အကောင်းအဆိုး မပြောဘူး ခိုင်းတာအကုန်လုပ်ကြတာနဲ့ ဆိုင်မှာ သူတို့အရွယ် ကောင်လေးတွေကိုပဲ ခေါ်ခိုင်းတော့ တယ်” လို့ ၀င်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် အမျိုးသမီးကြီးက ပြောတယ်။

လူကြီးတွေလို အကောင်းအဆိုး ခွန်းတုန့် မပြန်တတ်ကြဘဲ လစာအနေနဲ့လည်း အလုပ်ရှင်တွေ ပေးသလောက်သာ ယူကြတဲ့ အတွက် မြန်မာပြည်ရဲ့ လုပ်ငန်းခွင် တော်တော်များမှာ ကလေးအလုပ်သမားတွေ အများအပြားရှိနေရခြင်း ဖြစ်ပါတယ်။

“ကလေးအလုပ်သမားတွေက ဘာမှပြန်မပြောတဲ့သူတွေဆိုတော့ အလုပ်ရှင်တွေက အကြိုက်ပေါ့။ အခုနေရာတိုင်း အိမ်ဖော် အလုပ်က အစ ဆောက်လုပ်ရေးလုပ်ငန်းခွင်လို အကြီးစား လုပ်ငန်း ခွင်တွေထိ ကလေးအလုပ်သမား မရှိတဲ့နေရာက ခပ်ရှားရှားဖြစ်လာပြီ။ ဒါ အနာဂတ် တိုင်းပြည် အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချူပ် ကို ၁၉၉၁ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ပေမယ့် ကလေးသူငယ် အရေး ကိစ္စတွေမှာ အစိုးရရဲ့ဆောင်ရွက်ချက်တွေက အားရစရာမရှိ ကြောင်း ပြည်တွင်း ကလေး သူငယ်အရေး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်း တခုရဲ့ တာဝန်ရှိသူတဦးကပြောပြတယ်။

“ကုလသမဂ္ဂ သဘောတူထားတဲ့ အခွင့်အရေးတွေကို ဒီက ကလေးတွေ မရနိုင်ကြဘူး။ ဥပဒေတွေတော့ ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ တော်တော်ခက်နေတယ်” လို့ သူက ဆိုတယ်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူညီချက် မှာ ကလေးငယ်အားလုံး ဘ၀ရှင်သန်ခွင့်နဲ့ ပြည့်စုံတဲ့ အဓိက အခြေခံလိုအပ်ချက်ရှိရေး အပါအဝင် ခံစားခွင့်တွေ အများကြီး ရှိနေပေမယ့် မြန်မာစစ်အစိုးရက ဒီတာဝန် တွေကို အရေးယူ ထမ်းရွက်ဖို့ လုံးဝပျက်ကွက်နေတယ်လို့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာ ရုံးခန်းဖွင့်လှစ် ထားတဲ့ ၀ါရင့် တရားရုံးချူပ်ရှေ့နေကြီးတဦးကပြောပါတယ်။

စစ်အစိုးရအနေနဲ့ ကလေးငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်နေရုံမက သူတို့ကိုယ်တိုင်က ကလေးငယ်တွေကို စစ်သား အဖြစ် အသုံးပြု ခိုင်းစေတာတွေ ရှိနေကြောင်း သိရပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးနဲ့ သီရိမင်္ဂလာဈေး အနီးမှာ ကြုံရာ ကျပန်း လုပ်စားနေကြတဲ့ ကလေး အလုပ်သမားနဲ့ လေလွင့်ကလေးငယ်တွေကို စစ်သား အဖြစ် ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ ကြည့်မြင်တိုင် မြို့ခံတွေက ဆိုပါတယ်။

“သီရိမင်္ဂလာဈေးနဲ့ ငါးဈေးမှာက လမ်းပေါ်မှာ ကလေးတွေ တော်တော်များ ရှိတယ်။ တချို့လည်း မိဘရှိပေမယ့် ဆင်းရဲ လွန်းတော့ မကျွေးနိုင်လို့ လမ်းပေါ်မှာ ပစ်ထားရင်း လေလွင့်ကုန်တယ်။ တချို့ကတော့ လုံးဝကို မိဘဆွေမျိုး မရှိတာတွေ ပေါ့။ အဲဒီကလေး တွေက ကြုံရာကျပန်းလုပ်၊ လမ်းပေါ်မှာနေ၊ လမ်းပေါ် စားရင်း စစ်သားအဖြစ် စုဆောင်း တာတွေ မကြာ ခဏဆိုသလို ရှိနေတယ်” လို့ ကြည့်မြင်တိုင် ဗဟိုငါးဈေးအနီးက ဒေသခံ တဦးက ပြောပြတယ်။

ဒါပေမယ့်လည်း စစ်အစိုးရ သတင်းမီဒီယာတွေမှာတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားမရှိသလို စုဆောင်းမှုတွေကိုလည်း ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူနေတယ်လို့ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုနေတာ တွေ့ရပါတယ်။

လှည်းတန်းလမ်းစုံအနီးတွင် မထသ လိုင်းကား ဂက်စ်အိုးပေါက်


ဂက်စ်အိုးပေါက်ကွဲ၍ မထသ လိုင်းကား မီးလောင်နေစဉ်ပုံ
ကိုသက် | စက်တင်ဘာ ၉၊ ၂၀၀၈
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဆူးလေနှင့် အင်းစိန်ကို ပြေးဆွဲလျက်ရှိ သည့် မထသ လိုင်းအမှတ် ၄၅၊ မော်တော်ယာဉ်အမှတ် ၄ခ/ ၅၄၈၁ ဟီးနိုးကား ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားရာ စပယ်ယာနှင့် ခရီးသည်တဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး မော်တော်ယာဉ်လည်း အများအပြား ပျက်စီးသွားသည်ဟု မျက်မြင် သက်သေ တဦးက ဧရာဝတီကို ပြောသည်။

“ခရီးသည်တယောက်နဲ့ စပယ်ယာကို လူနာတင်ကားနဲ့သယ်သွားတာတွေ့တယ်။ ကားကတော့ မီးလောင်ပျက်စီးသွားတာ ပေါ့။ အခုတော့ လမ်းရှင်းသွားပါပြီ။ အခုနတော့ ပြည်လမ်းကို နာရီဝက်၊ တနာရီလောက် ပိတ်လိုက်ရတာပေါ့” ဟု မျက်မြင် သက်သေက ပြောသည်။

အခင်းဖြစ်ပွားသည့် နံနက် ၁၁ နာရီဝန်းကျင်သည် ဘတ်စ်ကားစီးခရီးသည် နည်းသည့်အချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရမှု နည်းသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းများက မော်တော်ယာဉ် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်။