Wednesday, September 10, 2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုမိုလုပ်ဆောင်ဖို့ Betancourt က တိုက်တွန်း


10 September 2008
ဘတ်တန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်၊အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)

ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီထက်ပို လုပ်ဆောင်ဖို့ တချိန်က ကိုလံဘီယာသူပုန်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ အင်းဂရစ် ဘတ်တန်ကုတ် က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ လွတ်မြောက် မလာနိုင် သေးတာဟာလည်း ဒီလို ကြိုးပမ်းလုပ်ဆောင်ဖို့ လိုနေတယ်ဆိုတာကို ပြသနေတာပါပဲလို့လည်း သူက ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးတဲ့အကြောင်း တချိန်က ကိုယ်တိုင်လည်း ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရတဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်တာပါ။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မနေ့က အင်္ဂါနေ့က ပြုလုပ်တဲ့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ကမ္ဘာနဲ့အ၀န်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အခမ်းအနားမှာ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်ရင်း အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခဲ့တာပါ။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတယ် အစားအသောက်တွေ လက်မခံပဲ နေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်လာတာနဲ့အမျှ စိုးရိမ်ပူပန်သံတွေ ထွက်ပေါ် နေတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်ပေးဖို့ လိုတယ်လို့လည်း မစ္စ ဘတ်တန်ကုတ် က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပမ်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် ဟာ ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံရဲ့ လက်ဝဲ၀ါဒီ FARC သူပုန်တွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး ဒီနှစ် ဇူလိုင်လထဲမှာမှ အစိုးရ တပ်ဖွဲ့တွေက ပြန်လည် ကယ်တင် လွတ်မြောက်လာခဲ့တာပါ။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် အဂတိလိုက်စားမှုတွေကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်တဲ့ မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမယ်လို့လည်း ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေတုန်း သတင်းထောက်တွေက ပြောပါသေးတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ဆုံခွင့် မရခဲ့တာ၊ သူမရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကလည်း ဒီခရီးစဉ်ဟာ အောင်မြင်မှု မရှိဘူးလို့ ပြောတာဆိုတာတွေကလည်း ရှိခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ဝေဖန်သံတွေလည်း ထွက်ခဲ့တာပါ။ မစ္စ ဘတ်တန်ကုတ် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မလာသေးတာဟာ ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် ကြိုးပမ်း ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိသေးတဲ့ အဓိပ္ပါယ်ပါပဲလို့ ဆိုပါတယ်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”

ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား ဖြစ်ခဲ့တဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) ဖြစ်ပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာတော့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ဥပဒေကြောင်းအရ အကာအကွယ်တွေ ရနိုင်ဖို့ အပါအ၀င် ကိစ္စတွေကို ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ မစ္စ ဘတ်တန်ကုတ်လည်း တက်ရောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ကုလသမဂ္ဂက စစ်အစိုးရကိုဖယ်ရှားရေး မထိရောက်နိုင်


10 September 2008
ဦးကျော်ကျော်သိန်း
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် စစ်အစိုးရက ကိုယ်စားပြုနေတာဟာ တရားမ၀င်တဲ့
အတွက်ကြောင့်မို့လို့ ကန့်ကွက်ပယ်ဖျက်ပေးဖို့အတွက် Credential Challenge လို့ခေါ်တဲ့
တင်ပြတောင်းခံလွှာကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့က အင်္ဂါနေ့မှာ ကုလသမဂ္ဂကို
တင်သွင်းလိုက်ကြပါပြီ။ ဒါပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသား
ညွန့်ပေါင်းအစိုးရ (NCGUB) က လက်မှတ်ရေးထိုးပေးဖို့ ငြင်းဆန်ခဲ့တဲ့ကြားထဲကပဲ အခုလို
ကုလသမဂ္ဂကို တင်သွင်းလိုက်တာကြောင့်မို့လို့ ဒီတင်ပြ တောင်းခံလွှာရဲ့ ထိရောက်မှုက
ဘယ်လောက်များ ရှိနိုင်မှာပါလဲ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

NCGUB ကလက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ
ထဲက ပြည်ပရောက်နေတဲ့ ကိုယ်စား လှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ MPU လွှတ်တော်ကိုယ်စား
လှယ်များသမဂ္ဂရဲ့ဒုဥက္ကဋ္ဌ ဒေါ်စန်းစန်းက လက်မှတ်ထိုးပြီး တင်သွင်းလိုက်ပြီလို့ ဒီလှုပ်ရှားမှုရဲ့
ကမ်ပိန်းညွှန်ကြားရေးမှူး ကိုကိုလေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒီနေ့ ၁၁ နာရီမှာ ကျနော်တို့အနေနဲ့ Press Conference တခုကျင်းပခဲ့ပါတယ်။ အဲဒီ Press
Conference မှာ MPU ဒုဥက္ကဋ္ဌက လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကို ကျနော်တို့ ဘန်ကီ
မွန်း ရုံးခန်းကို တင်ခဲ့ပါတယ်။ အဲဒီဥစ္စာက Credential Challenge နဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့
ကုလသမဂ္ဂမှာ စစ်အာဏာရှင်တွေကို ကိုယ်စားလှယ်အဖြစ်နဲ့ မထားတော့ဘဲနဲ့ စစ်မှန်တဲ့
ကိုယ်စားလှယ်တွေဖြစ်တဲ့ MPU က ကိုယ်စားလှယ်တွေကို ထားဖို့အတွက်ကို ကျနော်တို့
တောင်းဆိုခဲ့တာဖြစ်ပါတယ်။”

ကနဦးတုန်းကတော့ စင်ပြိုင်အစိုးရတရပ်ကလက်မှတ်ထိုးပြီး တင်မယ်ဆိုရင် ပိုထိရောက်မယ်
ဆိုပြီး NCGUB က လက်မှတ်ထိုးပေးဖို့ လှုပ်ရှားမှုဦးဆောင်သူတွေက တင်ပြခဲ့ကြတာပါ။ အခု
တော့ NCGUB ကလက်မှတ်မထိုးပေမယ့်လည်း MPU ဒုဥက္ကဋ္ဌက လက်မှတ်ထိုးပြီး တင်သွင်း
လိုက်ပြီဆိုတော့ ထိရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး ကိုကိုလေးက -

“ဒီ MPU ဆိုတာလည်း ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့က ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောချင်တာက စစ်အာဏာရှင်တွေက မြန်မာ
နိုင်ငံကို ကိုယ်စားမပြုဘူး၊ ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာပြည်သူ
လူထုကို ကိုယ်စားပြုတယ်ဆိုတာ ပြောချင်ပါတယ်။


“နောက်ပြီး ကျနော်တို့ ထိရောက်မှုဆိုတာကတော့ Government အနေနဲ့က Qualification
ပေါ့နော်။ ကျနော်တို့ ပြီးခဲ့တဲ့ Credential Challenge တွေမှာ Government to Government
Challenge လုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါကတော့ MPU တွေအနေနဲ့ လုပ်တာဆို
တော့ တမျိုးတမည်ပေါ့ဗျာနော်။”


NCGUB က လက်မှတ်မထိုးပေမယ့် ဒီကိစ္စကို စိတ်ဓာတ်ကျ စိတ်ပျက်စရာတခု အဖြစ်မမြင်ဘဲ
ပါဝင်မှုရှိလာအောင် ဆက်ကြိုးစားသွားမယ်လို့လည်း ကိုကိုလေးကပြောပါတယ်။


မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ ဒီလှုပ်ရှားမှုအပေါ် သိပ်အကောင်းမမြင်ဘဲ အောင်မြင်
နိုင်ခြေနည်းတဲ့လှုပ်ရှားမှုအဖြစ် ဝေဖန် ပြောဆိုသူကတော့ မြန်မာ့အရေးသုံးသပ်သူ ဂျော့ဂ်ျ
တောင်းတက္ကသိုလ်က အာရှဒေသရေးရာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး ပါမောက္ခ David
Steinberg ပါ။


“ဒါက သရုပ်ဖော်ဇာတ်လမ်းသက်သက်ပါဗျာ၊ မူဝါဒအားဖြင့် အလေးအနက်မရှိပါဘူး။ ဒါ
ဖြစ်လာမှာလည်းမဟုတ်ပါဘူး။ အမေရိကန်က ဖြစ်ချင်တယ်ဆိုရင်တောင်မှ တရုတ်ကအဖြစ်ခံ
လိမ့်မယ်လို့ထင်လား၊ မဖြစ်နိုင်ဘူးဗျ။ ရလဒ်ကဘာဖြစ်မလဲ ဆိုတော့ သူတို့က ဒီလို အရိပ်
လက္ခဏာပြလိမ့်မယ်၊ အဲဒီအရိပ်လက္ခဏာက၊ ဟုတ်ပါပြီ၊ မြန်မာအစိုးရကို ကျနော်တို့မကြိုက်
ပါဘူး၊ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်တာ ဘာမှမရှိပါဘူးဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။”


အခု တရားဝင်ကိုယ်စားပြုမှုအပေါ် ကန့်ကွက်တဲ့စာကို တင်သွင်းရတဲ့ ကုလသမဂ္ဂကော်မတီရဲ့

အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလို ဗီတိုအာဏာသုံးပိုင်ခွင့်မရှိတဲ့
အတွက် ကော်မတီအနေနဲ့ ဒါကို လက်ခံစဉ်းစားရမယ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံကို
လိုအပ်သလို ဆက်ပြီး တင်သွင်းရလိမ့်မယ်လို့ လှုပ်ရှားသူတွေဘက်ကပြောထားဖူးပါတယ်။


ပါမောက္ခစတိုင်းဘာ့ဂ်က ဒီအချက်ကိုလက်ခံပေမယ့် ဇင်ဘာဘွေနိုင်ငံကို သူကထောက်ပြခဲ့ပါ
တယ်။ ဇင်ဘာဘွေနိုင်ငံက အခြေအနေတွေကို နိုင်ငံအများအပြားက မကြိုက်ကြပေမယ့်
ကုလသမဂ္ဂထဲကနေ ဇင်ဘာဘွေကို မောင်းမထုတ်နိုင်ကြပါဘူးတဲ့။
ဒီအခြေအနေဟာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာပါပဲလို့လည်း သူက
ပြောပါတယ်။


“တစိတ်တပိုင်း ဒဏ်ခတ် အရေးယူတာမျိုးတွေ ရနိုင်ပါတယ်။ အမေရိကန်က ဒဏ်ခတ်အရေး
ယူမှု ချမှတ်ထားပါတယ်၊ ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ထားပါတယ်။ ဒါပေမယ့်
ဒါတွေက ပြည့်စုံမှုမရှိပါဘူး။ ဆိုတော့ ဒီကိစ္စကိုလုပ်ဆောင်ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ
တွေ၊ တိုင်းပြည်နဲ့လူထု ဒီကနေ့ကြုံတွေ့နေရတဲ့ အခြေအနေပေါ်မှာ အားမလိုအားမရ မချင့်မရဲ
ဖြစ်နေကြသူတွေအတွက်တော့ အတော့်ကို စိတ်ပျက်စရာဖြစ်မယ်ဆိုတာ သေချာပါတယ်။
ဒါပေမယ့် အခုချိန်ထိတော့ သူတို့ ထိထိရောက်ရောက်လုပ်နိုင်တာ နည်းနည်းလေးပဲရှိပါ
သေးတယ်။”


မြန်မာ့အရေးသုံးသပ်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်က ကုလမဂ္ဂမှာ မြန်မာအစိုးရကိုယ်စား
ပြုမှုအပေါ် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ စိန်ခေါ် ကန့်ကွက်နေကြတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်
ပြီး ဝေဖန်ပြောဆိုသွားတာပါ။


စက်တင်ဘာဘူဘောင်းများ



သံဃာ့တပ်ပေါင်းစုတိုးချဲ့



မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်မှုများ ရပ်ဆိုင်း

NEJ/ ၁၀ စက်တင်ဘာ ၂၀၀၈။ ။

မှုခင်းသတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ သတင်းထုတ်ပြန်ပေးမှုများကို စက်တင်ဘာလဆန်းပိုင်းမှစပြီး ရပ်ဆိုင်းလိုက်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတပ် ဖွဲ့ဝင်တဦးက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ (၄) ရက်၌ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၃၇) လမ်း အပေါ်ဘလောက်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်၍ အတည်ပြုချက် ရယူရန် မေးမြန်းချက်ကို အဆိုပါရဲဝန်ထမ်းက ဖြေကြားခွင့်မရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ မှုခင်းတွေနဲ့ပတ်သက်ပြီး ကျနော်တို့မြို့နယ်ရဲစခန်းက လုံးဝဖြေကြားခွင့်မရှိတော့ပါဘူး။ သိချင်ရင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို မေးပါ။ သူတို့ကပဲ ဖြေပါလိမ့်မယ်” ဟု ပြောဆိုသည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၃၇) လမ်း အထက်ဘလောက်တွင် စက်တင်ဘာ (၄) ရက် ညက လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲများနှင့်အတူ သက်သေအဖြစ် ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။

ရဲများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည့် ရပ်ကွက် ရယက အဖွဲ့ဝင်တဦးက “ကျနော်တို့ရောက်သွားချိန်မှာ အသတ်ခံရသူဟာ အခန်းတွင်းမှာ မှောက်လျက် လဲကျသေဆုံးနေတယ်။ ဦးခေါင်းနောက်ဘက်မှာ ဦးနှောက် တွေ ပွင့်ထွက်နေတာ မြင်ရတယ်၊ နောက်ပြီး အနားမှာ သွေးစွန်းနေတဲ့ သော့ခလောက်ကြီးတလုံးကို တွေ့ရ တယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားရာ တိုက်ခန်းအနီး နေထိုင်သူများကမူ ည (၇) နာရီ ၀န်းကျင်လောက်တွင် အဆိုပါတိုက်ခန်းမှ လူ (၂) ယောက် မြွေရေခွံအိတ်ဖြူထမ်းပြီး ဆင်းလာသည်ကို မြင်ရကြောင်း၊ အသင့်ရပ်ထားသည့် ကားဖြူ တစီးနှင့် ထွက်သွားသည်ကို မြင်ရကြောင်း ပြောသည်။

သေဆုံးသူမှာ အသက် (၄ဝ) ကျော်အရွယ် ဦးညွန့်ဆောင်ဆိုသူ အခွန်ဦးစီးအရာရှိတဦးဖြစ်ကြောင်း သိရသည်။

ဦးညွန့်ဆောင်သည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်မြို့၊ ကုန်သွယ်အခွန်လုပ်ငန်းရုံးတွင် တာဝန်ထမ်း ဆောင်သူတဦးဖြစ်ပြီး၊ လူပျိုကြီးတဦးဖြစ်ကာ တိုက်ခန်းတွင် တဦးတည်းနေထိုင်သူဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသည့် အခွန်ဦးစီးအရာရှိတဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ည (၉) နာရီ အချိန်လောက်တွင် ရဲကားအများအပြား ထပ်မံ ရောက်ရှိလာပြီး (၃၇) လမ်း အထက်ဘလောက် တခုလုံးကို အနော်ရထာလမ်းဘက်မှရော၊ ဗိုလ်ချုပ်လမ်းဘက်မှပါ ပိတ်ဆို့ခဲ့ကာ လမ်းအတွင်း နေထိုင်သူများကိုသာ စစ်ဆေးဝင်ခွင့်ပေးခဲ့သည်ဟု အဆိုပါလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် မေးမြန်းသူကိုသာ မည် သည့်ဂျာနယ်၊ မည်သူဖြစ်သည် စသဖြင့် ပြန်လှန်စစ်မေးပြီး လူသတ်မှုနှင့် ပတ်သက်၍ လုံးဝဖြေကြားခြင်း မပြုပေ။

ပြီးခဲ့သည့်သြဂုတ် (၁၉) ရက် သင်္ကန်းကျွန်း (၂) လောင်းပြိုင် လူသတ်မှုသတင်းကို ရေးသားခဲ့သူ ဖလားဝါးနယူးဂျာနယ် သတင်းထောက်ချုပ် စောမြင့်သန်း ဖမ်းဆီးခံခဲ့ရသဖြင့် ပြည်တွင်းသတင်းဂျာနယ်များရှိ သတင်းထောက်များ ယခုလူသတ်မှုသတင်းအား ဖမ်းဆီးခံ ရမည်ကို စိုးရိမ်သည့်အတွက် သတင်းမလိုက်ရဲကြကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီကိုယ်တိုင် စက်တင်ဘာ(၇) ရက်၊ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မှုခင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းတွင် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ကို Focal Point အဖြစ် ထားပေး ထားကြောင်း၊ ၎င်းတဦးတည်းကသာ ဖြေကြားသတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့သည်။

နအဖစစ်အစိုးရ ရဲတပ်ဖွဲ့က ပုံမှန်အားဖြင့် တရားခံဖမ်းဆီးရမိခြင်း မရှိသည့် မှုခင်းများကို သတင်းထုတ်ပြန် ပေးလေ့မရှိပေ။

ယခုတလော ရန်ကုန်မြို့လယ်ခေါင်တွင် ပစ္စည်းယူလူသတ်သည့် ရာဇဝတ်မှုခင်းကြီးများ ဆက်တိုက် ဖြစ်ပွား လျက်ရှိကာ ပြီးခဲ့သည့် သြဂုတ် (၁၉) ရက်က သင်္ကန်းကျွန်း မြို့နယ် ပြည်သာယာလမ်းတွင် (၂) လောင်းပြိုင် လူသတ်မှု၊ ဇူလိုင် (၁၄) ရက်က လှည်းတန်း ကမာရွတ် ရွှေမူဆယ် အထည်ဆိုင် လူသတ်မှု စသဖြင့် ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီးတဦးက ပြောသည်။

ထို့အပြင် လူအများစိတ်ဝင်စားသည့် အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုသည်လည်း ယနေ့ထိ တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။



နအဖစစ်အုပ်စု မြန်မာလူထုကို ကိုယ်စားမပြုကြောင်း ကုလသမဂ္ဂ၌ မြန်မာအမတ်များ တင်သွင်း


ပီတာအောင်/ ၁၀ စက်တင်ဘာ ၂၀၀၈။ ။

နအဖစစ်အစိုးရနှင့် စစ်အစိုးရ၏ ကိုယ်စားလှယ်သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုကို ကိုယ်စား မပြုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ကုလသမဂ္ဂသို့ တရားဝင် ကန့်ကွက်လွှာ ယမန်နေ့က တင်သွင်းလိုက်သည်။

အမ်ပီယူ ဒု- ဥက္ကဋ္ဌ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက အဖွဲ့ကိုယ် စား လက်မှတ်ရေးထိုးကာ ကန့်ကွက်လွှာ တင်သွင်းခြင်းဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်အတွင်းရေးမှူးချုပ်ရုံး၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီရုံး၊ ကုလသမဂ္ဂ တရားရေးဌာနနှင့် သံတမန်ရေးရာဌာနများသို့ ကန့်ကွက်လွှာ ပေးပို့ခဲ့ပြီး ကုလ သမဂ္ဂက လက်ခံရယူထားကြောင်း အမ်ပီယူအဖွဲ့က ပြောသည်။

အမ်ပီယူအဖွဲ့၏ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်းခံထားရသည့် အမ်ပီယူ အတွင်း ရေးမှူး မန္တလေး အနောက်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဦးက “၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ပေါ်မှာ အခြေပြုပြီးတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်အာဏာ ရရှိထားတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကနေ နအဖစစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ကိုယ်စား ကုလသမဂ္ဂမှာ နေရာယူထားတာကို အသိအမှတ်မပြုသင့်ဘူး ဆိုတာကို ကျနော်တို့ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ကုလသမဂ္ဂမှာ နအဖက မြန်မာနိုင်ငံရဲ့ ကိုယ်စား လှယ်အဖြစ် လာရောက်တာကို ကန့်ကွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ကန့်ကွက်မှုအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)၊ သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ပ) တို့က ထောက်ခံကြောင်း လက်မှတ်ထိုးပေးခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ အချို့ကလည်း နယူယော့ခ်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့၌ နအဖစစ်အစိုးရကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြသည်။

ဒေါက်တာစိန်ဝင်းဦးဆောင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီ ယူဘီ) ကမူ ယင်းသို့ ကန့်ကွက်မှု လက်တွေ့ဖြစ်နိုင်ခြေမရှိဟုဆိုကာ ကန့်ကွက်လွှာ၌ ကိုယ်တိုင် ပါဝင်လက်မှတ် ထိုးခဲ့ခြင်း မရှိသော်လည်း နအဖစစ်အုပ်စုသည် အာဏာကို မတရားယူထားသည့် တရားမ၀င် စစ်အာဏာရှင်တစုသာဖြစ်၍ စစ်အုပ်စု၏ တရားမ၀င်မှုအား စိန်ခေါ်ခြင်းအပေါ် နိုင်ငံရေး အရ သဘောတူကြိုဆိုကြောင်း ကြေညာထားပြီးဖြစ်သည်။

အန်စီဂျီယူဘီ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်းက “တခုခုလုပ်ရင် နိုင်နိုင်သလား၊ မနိုင်နိုင်သလား တွက်ရတာပေါ့။ လုံခြုံရေးကောင်စီတင်တုန်းက အဖွဲ့ဝင် (၁၅) နိုင်ငံရှိတဲ့အထဲမှာ (၁၀) နိုင်ငံ ထောက်ခံမယ်ဆိုတာ သိတဲ့အချိန်ကျမှ တင်ခဲ့တာ။ အခု နိုင်ငံပေါင်း (၁၈၀) ရှိတယ်။ မဲခွဲရင် ဘယ်နှနိုင်ငံက တို့ဘက်ပါမလဲလို့ စဉ်းစားတယ်။ ကိုယ့်မဟာမိတ်နိုင်ငံ ဘယ်နှနိုင်ငံကရော ကိုယ့် ဘက်မှာ ပါမှာလဲ။ ဗမာပြည်လိုနိုင်ငံတွေက ကမ္ဘာမှာ အများကြီး။ ထောက်ခံလိုက်ရင် ကိုယ့်ဘက် လည်း လှည့်လာနိုင်တယ်ဆိုပြီး အဲလိုပြဿနာတွေကို ကုလသမဂ္ဂဖြေရှင်းတာကို သိပ်မကြိုက်ဘူး။ အဲဒါကြောင့်ပါ။ နအဖက ဒီမှာ မထိုင်သင့်ဘူးဆိုတာကိုတော့ သဘောတူပါတယ်။ သို့သော်လည်း ကုလသမဂ္ဂမှာ ဒီလို စိန်ခေါ်မှု လုပ်သင့်မသင့်ကို ကျနော်တို့က အဲလိုစဉ်းစားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖြစ်နိုင်ခြေရှိမရှိဆိုသည်မှာ ဒီမိုကရေစီအင်အားစုများအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းအားထုတ်မှု အပေါ်တွင် မူတည်ကြောင်း၊ နအဖက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်မည်ဖြစ်သဖြင့် အချိန်မနှောင်းခင် ကုလသမဂ္ဂက တိတိကျကျ ဆောင်ရွက်လာစေရန်နှင့် နိုင်ငံတကာအစိုးရများနှင့် ပြည်သူများ သိရှိစေရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။

အမ်ပီယူအဖွဲ့သည် ပြည်ပရောက် လွှတ်တော်အမတ် (၃၀) ကျော်ပါဝင် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ ကန့်ကွက်လွှာတင်သွင်းမှုကို ကုလသမဂ္ဂက မည်သို့တုံ့ပြန်မည် မသိရသေးသော်လည်း စက်တင်ဘာ (၁၆) ရက်တွင် ကျင်းပမည့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် ဦးကျော်တင့်ဆွေ တက်ရောက်ရန်ရှိသည်။



၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ


ညိုထက်ညို
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 16:48 - မြန်မာစံတော်ချိန်


(နေ့စဉ်မှတ်တမ်း)

Aug 27.1998 (ကြာသပတေးနေ့)။ ။ မနက်ဖြန်ကျရင် ကျနော်တို့ တနှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျနော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယ နှစ်တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ် နဲ့ ပဉ္စမနှစ်) နဲ့ ဒုတိယအသုတ် (စတုတ္ထနှစ် နဲ့ တတိယနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တသုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲ စစ်ခဲ့တာပေါ့။ ကျနော့်ဆီကိုတော့ ကျောင်းပြန်ဖွင့်မယ့် အကြောင်း အသိပေးတဲ့စာက လွန်ခဲ့တဲ့ တလလောက်က ရောက်လာပါတယ်။ ဒါနဲ့ပဲ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး ကျူရှင်တွေတော့ ပြန်တက်နေကြပါပြီ။ ဒီတခါ စာမေးပွဲ စစ်ပြီးရင်ကော ကျောင်းဘယ်လောက်ကြာကြာ ထပ်ပိတ်ဦးမလဲ။ နောက်တခါ ပြန်ဖွင့်ရင်ကော ကျနော်တို့ မူရင်းကျောင်းတော်ကြီးမှာ တက်ခွင့်မှ ရပါတော့မလား။ ကျောင်းကို လှိုင်သာယာ ရွှေ့တော့မယ်ဆိုတာ တကယ်လား ( ၁၉၉၇ ကတည်းက ကြားနေတဲ့သတင်းပါ )။ ကျနော့်စိတ်ထဲမှာ ကျနော်ဘယ်လိုမှ မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့ ထွေးလုံးရစ်ပတ် နေမိတယ်။ တကယ်လို့ ကျောင်းကိုများ ရွှေ့တော့မယ်ဆိုရင် မနက်ဖြန်ကစပြီး လာမယ့်ခုနစ်ရက်ဟာ ကျနော်တို့ ကိုယ့်မိခင် ကျောင်းတော်ကြီးမှာ နောက်ဆုံး တက်ရတဲ့ နေ့တွေ ဖြစ်လာတော့မှာပါ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC2)၊ ဗိုလ်တထောင် နယ်မြေ (RC1) နဲ့ ကြည့်မြင်တိုင်နယ်မြေ (RC3) က ကျောင်းသူကျောင်းသားတွေဆို ဒီအခွင့်အရေးတောင် မရကြရှာပါဘူး။ အခြေခံပညာ အထက်တန်းကျောင်း တွေမှာပဲ သက်ဆိုင်ရာ စာမေးပွဲတွေ သွားဖြေခဲ့ရတယ်။ သူတို့ကိုကျတော့ အဝေးသင် နဲ့ သန်လျင်ဘက်ကို ရွှေ့မယ်ဆိုလားပဲ။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျနော်တနေ့လုံး ယောက်ယက်ခတ် နေမိတယ်။ ဒီတခါတော့ နအဖ အစိုးရ ဟာ သတိကြီးကြီး ထားပြီး အစစအရာရာ ပြင်ဆင်ထားပုံ ရတယ် ဆိုတာကိုလည်း ကျနော် သတိထား လိုက်မိတယ်။ ခုနစ်ရက်ကလေး ကျောင်းပြန်ဖွင့် တာတောင် ကျနော်တို့ ခြောက်တန်းစလုံး တပြိုင် နက် မဖွင့်ရဲဘဲ နှစ်တန်းစီ သုံးသုတ် ခွဲဖွင့်တဲ့ အချက်က ဒါကို ပြနေပါတယ်။ ပထမအသုတ် နဲ့ ဒုတိယ အသုတ်ကတော့ ချောချောမောမောပဲ ဘာမှမဖြစ်ဘဲ စာမေးပွဲ စစ်ပြီးသွားပါပြီ။ ကျနော်တို့ နောက်ဆုံး အသုတ်ကကော….။ လွန်ခဲ့တဲ့ နှစ်ရက် (Aug 25 လို့ ထင်ပါတယ်) လောက်ကတော့ ကျနော်တို့ နီးစပ်ရာ ကျောင်းသားတွေစုပြီး လှည်းတန်းလမ်းဆုံမှာ ထိုင်သပိတ်သဘောမျိုး ဆင်နွှဲ ခဲ့ကြပါတယ်။ ချိန်းတဲ့ အချိန် လွဲသွားလို့ ကျနော်ရောက်တဲ့ အချိန်မှာတော့ ဘယ်သူနဲ့မှ မတွေ့လိုက်ရဘူး။ မနက်ဖြန် အတွက် စာအုပ်သုံးလေးအုပ်ကို လွယ်အိတ်ထဲထည့်ရင်း ကျနော် တသီတတန်းကြီး တွေးနေမိတယ် ။ နောက်ဆုံးအသုတ်…. နောက်ဆုံး အခွင့်အရေး….. ကျောင်းရောက်မှ မီးစင်ကြည့် ကတော့မယ်ဆိုတဲ့ အတွေးနဲ့ ကျနော်စောစော အိပ်ရာဝင်လိုက်တယ်။ အိပ်မပျော်ပါဘူး။

Aug 28,1998 (သောကြာနေ့)။ ။ ကျနော်ကျောင်းကိုရောက်တော့ မနက် ကိုးနာရီ ထိုးပါတော့မယ် ။ တနှစ်ရှစ်လ ကျော်ကျော်လောက် ကွဲကွာနေပြီး ခုမှ ပြန်ဆုံကြတာမို့ ကျနော်တို့ ကျောင်းသူ ကျောင်းသားချင်းတော့ နည်းနည်း စိမ်းနေကြပါတယ်။ နောက်တခုကလည်း အခုဖွင့်တဲ့ အသုတ်က ပထမနှစ် နဲ့ ဒုတိယနှစ် ဆိုတော့ အတန်းကြီးတွေလို အသိအကျွမ်း မများကြသေးပါဘူး။ ပထမနှစ် ကျောင်းသားတွေဆို စုစုပေါင်း ကျောင်းတက်ရက်မှ ၁၉၉၆ တုန်းက သုံးလလောက်ပဲ ရှိသေးတာပါ။ သူ့ နီးစပ်ရာ အစုကလေးတွေ အလိုက်ပဲ သွားလာနေကြတာကို ကျနော်တွေ့ရတယ်။ အချိန်ဇယားတောင် ကျနော်မကြည့်နိုင်သေးဘဲ ကင်တင်းဘက်ကို အရင် ဆင်းသွားလိုက်တယ်။ ၉၆ တုန်းက သူငယ်ချင်းတွေကို တွေ့မလားဆိုတဲ့ အတွေးနဲ့။ ဘယ်သူနဲ့မှ မတွေ့တာနဲ့ အပေါ် ပြန်တက်လာပြီး စာသင်ခန်းဘက်ကို လာလိုက်ပါတယ်။ အတန်းထဲမှာတော့ လူတော်တော် စုံနေပါပြီ။ နယ်က အဆောင်နေ ကျောင်းသား တချို့နဲ့တွေ့မှပဲ ကျနော်လည်း အခြေအနေကို တီးခေါက်ကြည့်ရပါတယ်။ စတွေ့တွေ့ချင်းဆိုတော့ ဘယ်သူကမှ ဘာမှ မပြောနိုင်သေးပေမယ့် နေ့လယ် ထမင်းစားချိန် တွေ့ကြဖို့တော့ ချိန်းလိုက်ကြတယ်။ ကျနော်လည်း တခြားအတန်းတွေ (လူရှစ်ရာကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး ခွဲထားတာပါ) ကို စနည်းနာဖို့ စာသင်ချိန် မပြီးခင်ပဲ အတန်းထဲက ပြန်ထွက်လာလိုက်တယ်။ ကင်တင်းဘက် ပြန်သွားရင် ကောင်းမလား… ရှေ့က Mechanical ဆောင်တွေ ဘက်ကိုငေးရင်း ကျနော် စဉ်းစားနေတုန်းမှာပဲ ကျနော့်နာမည် ခေါ်သံကြားလို့ ကျနော် လှည့်ကြည့်လိုက်တယ်။ ကျနော်တို့ ဒုတိယနှစ်က သူငယ်ချင်း (သူက Architecture ကပါ ) တယောက်ကို ကျနော် တွေ့လိုက်ရတယ်။ ၁၉၉၆ ကတည်းက ကျနော်တို့ သိကျွမ်းခဲ့တာပါ။ ကျနော်တို့ နှစ်ယောက် ကင်တင်းဘက်ကို ပြန်ဆင်းလာပြီး Mini Hi မှာ ဝင်ထိုင်လိုက်ကြတယ်။ ကျနော်တို့ စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သူက ကျနော့်ကို ကျနော်တို့ တခုခုလုပ်ရင် ကောင်းမယ် ဆိုတဲ့အကြောင်း စကားစတယ်။ ဒါနဲ့ ကျနော်လည်း သူ့မှာ ဘာအစီအစဉ် ရှိလဲ လို့ သူ့ကို မေးလိုက်တော့ သူက ခဏစဉ်းစားပြီး အခုလောလောဆယ် ရေတိုအနေနဲ့ အခုလုပ်နေတဲ့ ခုနစ်ရက် ပညာရေးကို ကန့်ကွက်ဖို့ သူ စိတ်ကူးရတဲ့ အကြောင်း ကျနော့်ကို ပြောပါတယ်။ ကျနော်တို့ ဆက်ပြောနေတုန်းပဲ ခုနက ကျနော်နဲ့ ချိန်းထားတဲ့ နယ်ကျောင်းသားတွေ ကင်တင်း ဆင်းလာတာ တွေ့လို့ ကျနော် လှမ်းခေါ်လိုက်တယ်။ ဒါနဲ့ပဲ ကျနော်တို့ တိုင်ပင်ပြီး ရှေ့ဆက်လုပ်ဖို့ အစီအစဉ်တွေကို အကြမ်းဖျင်း ချမှတ်လိုက်ကြတယ်။ ကျနော်တို့မှာ စုစုပေါင်းမှ အချိန် ခုနစ်ရက်ပဲ ရတယ်။ ဒီခုနစ်ရက်မှာ လုပ်စရာရှိတာကို မြန်မြန် လုပ်ကြမှ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အစီအစဉ်ကတော့ လက်ရှိ စာသင်နေတဲ့ တန်းခွဲရှစ်ခု (ပထမ နဲ့ ဒုတိယနှစ်) ဆီကနေပြီး ခုနစ်ရက် ပညာရေးကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းကို လက်မှတ်တွေလိုက်ပြီး ကောက်ခံရမယ်။ တန်းခွဲတခုကို လူနှစ်ယောက် တာဝန်ယူရမယ်။ ဒါနဲ့ပဲ ကျနော်လည်း ကျနော့်တန်းခွဲအတွက် တာဝန် ယူလိုက်ပါတယ်။ လက်မှတ် စုထိုးကြမယ့် စာရဲ့ခေါင်းစဉ်ကိုတော့ ကျနော်တို့ အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံး “ခုနစ်ရက် ပညာရေးကို ကန့်ကွက်၍ စာသင်ချိန် တိုးမြှင့်ပေးရန် ပန်ကြားခြင်း” ဆိုတာကိုပဲ အတည်ပြုလိုက်တယ်။ အစပိုင်းတုန်းက ပိုပြီး ပြင်းထန်တဲ့ စကားလုံးတွေ သုံးဖို့ စိတ်ကူးမိပေမယ့် ကျနော်တို့ ကျောင်းသားထုကြား ညီညွတ်ရေးကို ဘာမှ မတည်ဆောက်ရသေးတာမို့ စကားလုံးတွေကို ဖျော့ပေးလိုက်တာပါ။ တချို့ နုနယ်တဲ့ ကျောင်းသားကျောင်းသူတွေ လက်မှတ်ထိုးဖို့ လက်တွန့်သွားမှာ စိုးတာလဲ ပါတာပေါ့။ အားလုံး တိုင်ပင်ပြီးတဲ့ အချိန်မှာတော့ ကျနော်က သူငယ်ချင်းကို (သူပဲ အစီအစဉ် အသေးစိတ် ချပြတာမို့ သူ့ကို ခေါင်းဆောင် အနေနဲ့ သဘောထားလိုက်ပါပြီ) စည်းရုံးရေး ကိစ္စ အတွက် မေးရတယ်။ တကယ်က ကျနော်က ဒီဘာသာရပ်မှာ ကျွမ်းကျင်သူ မဟုတ်လှပါဘူး။ သူ နဲ့ ကျနော်နဲ့ အသေးစိတ် ထပ်ဆွေးနွေးပြီး လောလောဆယ် အနေနဲ့တော့ အလျားလိုက် စည်းရုံးရေးကိုပဲ ဦးစားပေးလုပ်ဖို့ သဘောတူ ဆုံးဖြတ်လိုက်တယ်။ ကျယ်ပြန့်ရေးပေါ့ ။ ဒေါင်လိုက် (မြှင့်တင်ရေး) စည်းရုံးရေး ကိုတော့ နောက်မှပဲ လုပ်ရပါတော့မယ်။ ဟုတ်ပါတယ်။ ကျနော်တို့ အချိန်မရပါဘူး။ ကျနော်တို့ အားလုံး လူစုခွဲတော့ ညနေ သုံးနာရီ ထိုးပါတော့မယ်။ တန်းခွဲတွေက လေးနာရီမှာမှ ပြီးမှာ ဖြစ်ပေမယ့် ကျနော် အိမ်ပြန်ပြီး လိုတာလေးတွေ ပြင်ဖို့ အတွေးနဲ့ ပစ္စည်းမဲ့ ဂိတ်ကလေးဆီ ဦးတည် လိုက်တယ်။ အတန်းမတက်ဖြစ်လိုက်လို့ လွတ်သွားတဲ့ စာတွေကိုတော့ သူငယ်ချင်းတွေဆီကပဲ ဖိုတို ပြန်ဆွဲ လိုက်တော့မယ်။ ဒီလိုတွေးရင်း ကျောင်းဝင်းက အထွက်မှာပဲ ဒီနေ့ဟာ သြဂတ်စ် ၂၈ ရက်နေ့ ဆိုတာ ကျနော်ဖျတ်ခနဲ သတိရလိုက်တယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းတာ ဆယ်နှစ်မြောက်တဲ့နေ့ပါ။ ကျနော့်ရင်တွေ ခုန်နေတယ်…. ၁၉၉၆ က သွေးတွေနဲ့…..။

Aug 29,1998 (စနေနေ့) ။ ။ ဒီနေ့မနက်တော့ ရှစ်နာရီ လောက်ကတည်းက ကျနော်ကျောင်း ရောက်ပါတယ်။ ကင်တင်းမှာပဲ ကျနော်တို့ လက်မှတ် လိုက်ကောက်ခံမယ့် ကိုယ်စားလှယ်တွေ တွေ့လိုက်ကြတယ်။ မနက်ကိုးနာရီ စာသင်ခန်း ဖွင့်တာနဲ့ ကျနော်တို့ အားလုံး လက်မှတ်ကောက်ခံမယ့် စာရွက်ကိုယ်စီနဲ့ ကိုယ့်တန်းခွဲကိုယ် သွားလိုက်ကြတယ်။ ပထမ စစချင်း စာရွက်ပေါ်က ကျနော့် ခုံနံပါတ်မှာ ကျနော့် အမည် နဲ့ လက်မှတ်ကို ရေးထိုးလိုက်ပါတယ်။ နောက်တော့ ရှေ့မှာ ဆရာစာသင် နေတုန်းပဲ (စာမေးပွဲမှာ ပါမယ့် အပုဒ်တွေကို ရွေးသင်နေတာပါ) ကျနော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေဆီ တခုံပြီးတခုံ ကူးသွားပြီး လက်မှတ် လိုက်စုရတယ်။ တချို့လည်း ချက်ချင်း မထိုးရဲ ကြသေးပါဘူး။ အခြေအနေ စောင့်ကြည့် နေကြပါတယ်။ ဒါကြောင့် ကျနော်က လူရင်းတွေဆီ အရင် ချဉ်းကပ်ရတာပါ ။ နေ့လယ် ထမင်းစားချိန်မှာတော့ အတန်းထဲက လူတဝက်ကျော်လောက်ရဲ့လက်မှတ်တွေ ရခဲ့ပါပြီ။ ဒါနဲ့ ကျနော်တို့ အဖွဲ့ ကင်တင်းမှာ ပြန်ဆုံပြီး သူ့အခြေအနေ ကိုယ့်အခြေအနေ ဆန်းစစ်ရတယ်။ နေ့လယ် ကျောင်းပြန်တက်ချိန် မှာတော့ ကျန်နေသေးတဲ့ လက်မှတ်တွေကို ထပ်ပြီး လိုက်စုရပါတယ်။ တချို့ကိုလည်း အကျိုးအကြောင်း နားဝင်အောင် ရှင်းပြရတယ်။ တခြားသူတွေရဲ့ လက်မှတ်တွေကို ပြရင်း ကျောင်းသားအားလုံးရဲ့ အရေးမို့ ပါဝင် လက်မှတ် ရေးထိုးပေးဖို့ စည်းရုံးရပါတယ်။ ကျနော်တို့မှာ အချိန် အကန့်အသတ်က အလွန်ကြီးမားနေလို့ တရက်တည်းနဲ့ ပြီးအောင် ကြိုးစားရတာပါ။ ညနေ ကျောင်းဆင်းချိန်မှာတော့ ကျနော့် တန်းခွဲက အားလုံးနီးပါး ရဲ့လက်မှတ်တွေကို ကျနော် ရရှိခဲ့ပါပြီ ။ မနက်ဖြန်ကျရင် လက်မှတ် ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ် ဦးညီလှငယ် နဲ့ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဦးသောင်း (အသစ်ဖွင့်လိုက်တဲ့ ဌာနပါ၊ ကျနော်တို့ ကျောင်းလည်း ပညာရေး ဝန်ကြီးဌာန လက်အောက်ကနေ ရောက်ခဲ့ရပါတယ်) ဆီကို တင်ပြဖို့ သဘောတူလိုက်ကြတယ်။ ကျနော်တို့ အတွက် မိတ္တူတွေကိုတော့ ရဲဘော်တယောက်က တာဝန်ယူ ဖိုတို ဆွဲပေးပါတယ်။ ဒါနဲ့ပဲ ကျနော်တို့လည်း လူစုခွဲ လိုက်ကြတယ်။ ညနေငါးနာရီ လောက်ပေါ့။

Aug 30,1998 (တနင်္ဂနွေနေ့) ။ ။ ဒီကနေ့ မနက် ကျောင်းရုံးခန်း ဖွင့်ဖွင့်ချင်းပဲ ကျနော့် သူငယ်ချင်း က လက်မှတ် ရေးထိုးထားတဲ့ လျှောက်လွှာတွေကို ပါမောက္ခချုပ်ဆီ ကိုယ်တိုင် သွားပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် မနေ့ကအထိ ကျနော်တို့ လှုပ်ရှားမှု က ဘာမှ တရားဝင် မဖြစ်သေးပါဘူး။ ဒီမနက် မှာတော့ လှုပ်ရှားမှုက စပြီး အသက် ဝင်လာခဲ့ပါပြီ။ ကျနော်တို့ ကင်တင်းမှာ ခဏထိုင်ပြီး ရှေ့ဆက် လုပ်မယ့် အစီအစဉ် တွေကို တိုင်ပင်ရတယ်။ ဒီနေ့ နေ့တွင်းချင်းပဲ ပါမောက္ခချုပ်ဆီက တုံ့ပြန်မှု တခုခု က ပြန်လာတော့မယ်။ ပြန်လာမယ့် အချိန်မှာလည်း ကျနော်တို့ ဘက်က တန်ပြန်ဖို့ အဆင်သင့် ရှိမှ ဖြစ်ပါလိမ့်မယ်။ နေ့လယ် ဆယ့်နှစ်နာရီ လောက်မှာတော့ ပါမောက္ခချုပ်ဆီက အကျိုးအကြောင်း မေးကြည့်ဖို့ Building one မှာ လူစစုကြပါတယ်။ တနာရီလောက်မှာတော့ ဦးညီလှငယ် ရုံးခန်းထဲက ထွက်လာပြီး စာမေးပွဲအတွက် ပြင်ဆင်ချိန် နည်းလွန်းတဲ့အတွက် တိုးမြှင့်ပေးဖို့ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို မဖြစ်နိုင်တဲ့အကြောင်း ရှင်းလင်း ပြောပြပါတော့တယ်။ ကျနော်တို့ ဘက်ကလည်း ခုနစ်ရက် သင်ကြားရုံ နဲ့ စာမေးပွဲ ဖြေဆိုဖို့ ဘယ်လိုမှ မလုံလောက်တဲ့ အကြောင်း၊ အထူးသဖြင့် နယ်က ကျောင်းသားများအဖို့ ပိုပြီး ထိခိုက်ကြောင်း၊ ရန်ကုန်က ကျောင်းသားတွေက ကျူရှင်ယူဖို့ ဖြစ်နိုင်သေးကြောင်း ပြန်ပြီး တင်ပြပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒီလို ပါမောက္ခချုပ် နဲ့ ကျနော်တို့ အချီအချ ပြောနေကြတုန်းပဲ ကျနော်တို့ ကျောင်းပြောင်းရမယ့် ကိစ္စ ရောက်လာပါတယ်။ ဒါကိုတော့ ပါမောက္ခချုပ်က သူ့အနေနဲ့ ဘာမှ တရားဝင် မသိရှိရသေးဘူးလို့ပဲ မယုတ်မလွန် ပြောသွားပါတယ်။ ဒါနဲ့ ကျနော်တို့လည်း ဒီနေ့ ညနေ၊ ဒါမှမဟုတ် မနက်ဖြန်ကျရင် ဝန်ကြီး ဦးသောင်း နဲ့ တွေ့ဆုံလိုတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။ ညနေပိုင်းမှာတော့ မနက်ဖြန်ကျရင် ဝန်ကြီး လာလိမ့်မယ် ဆိုတဲ့ သတင်းစကား ကို ကျနော်တို့ ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုက နောက်တဆင့် တက်ခဲ့ရပါပြီ။

Aug 31,1998 (တနင်္လာနေ့) ။ ။ ဒီနေ့ နေ့လယ် ဝန်ကြီး ဦးသောင်း ရောက်လာခဲ့ပါတယ်။ ပါမောက္ခ ချုပ်ရုံးခန်း ကနေ ပါမောက္ခချုပ်နဲ့ နှစ်ယောက်တွဲ ထွက်လာပြီး တင်ပြစရာ ရှိတာ တင်ပြကြဖို့ ကျနော်တို့ကို ပြောပါတယ်။ ဒါနဲ့ပဲ ကျနော့် သူငယ်ချင်း အပါအဝင် တခြား ကိုယ်စားလှယ်တွေ (နယ်ကျောင်းသား အများစုပါ) တယောက်ပြီး တယောက် ထပြီး ( သြဘာလမ်းထိပ်မှာ ကျနော်တို့ စုထိုင် နေကြတာပါ) ကျနော်တို့ရဲ့ လိုလားချက်တွေကို တင်ပြရပါတယ်။ အဓိက ကတော့ စာသင်ချိန်ကို တိုးမြှင့် ပေးဖို့ပါ။ ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာတော့ ကျနော်တို့ လိုလားချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ပင်မ အရေးအကြီးဆုံး အချက်အနေနဲ့က ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကျောင်းတော်ကြီး ပြောင်းရွှေ့ခံရတော့မယ့် အရေးကို ကာကွယ် တားဆီးဖို့ လုပ်နေရတာပါ။ ကျောင်းအရွှေ့မခံ ရတော့မှပဲ ကျန်တဲ့ အရာအားလုံးကို ကျနော်တို့ ဆက်လုပ်နိုင်တော့မှာပါ။ ကျနော်တို့ မနှစ်က အစုလိုက် အပြုံလိုက် အဖမ်းခံရပြီး ထောင်ဒဏ် ကျခံနေရပြီ ဖြစ်တဲ့ ၉၆ ကျောင်းသား လှုပ်ရှားမှုက ရဲဘော် ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်ရေး တောင်းဆိုဖို့ကော၊ ကျနော်တို့ ကျောင်းသား လှုပ်ရှားမှုတွေ ကွင်းဆက်မပြတ်၊ မျိုးဆက်မပြတ်ဖို့ကော ဒါတွေ အားလုံးဟာ ကျောင်းအရွှေ့မခံရရေး အပေါ်မှာပဲ တည်နေမှီနေပါပြီ။ ဒါကြောင့်မို့ပဲ ပထမဆုံး ခြေလှမ်းအနေနဲ့ စာသင်ချိန်ကို အရင်ကလိုပဲ ပုံမှန် စာသင် နှစ်တနှစ် အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။ အခြေအနေ တခုလုံးကို ခြုံပြီး ပြောမယ်ဆိုရင်တော့ လမ်းအားလုံးဟာ ရောမမြို့ကြီးကို ဦးတည်နေတယ် ဆိုသလိုပဲ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ တိုက်နေတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကျောက်ခဲကို ရေညှစ် နေသလိုပါပဲ။ ဦးသောင်းဆီက ဘာတခုမှ ရေရေရာရာ စကားထွက်မလာပါဘူး။ နောက်ဆုံးတော့ အထက်က ညွှန်ကြားချက်အရ စာသင်ချိန်ကို တိုးမြှင့် မပေးနိုင်ဘူးလို့ပဲ ယတိပြတ် ပြောချလိုက်ပါတော့တယ်။ စစ်အုပ်စု ရဲ့ သက်တမ်း တလျှောက်လုံး ကျင့်သုံးလာခဲ့တဲ့ တလက်မမှ နောက်မဆုတ်ရေး မူကို လက်တွေ့ကျင့်သုံးတာကို ကျနော်တို့ ကြုံရပြန်ပါပြီ။ အရယ်အပြုံး မရှိ၊ ခံစားချက် တစွန်းတစ မထင်၊ လူတယောက် ရဲ့ မျက်နှာထက် ဖားတကောင်ရဲ့ မျက်နှာ နဲ့ တူနေတဲ့ ဦးသောင်း ရဲ့ မျက်နှာသေ ကို ကျနော်ငေးကြည့်နေမိတယ်။ အဖြေကို ကြိုသိနေပြီး ဖြစ်လို့လည်း ထူးပြီးတော့ မအံ့သြ တော့ပါဘူး။ တခုပဲ ရှိပါတော့တယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြဖို့ပါ။

Sept 1,1998 (အင်္ဂါနေ့) ။ ။ မနက်ကိုးနာရီ ဝန်းကျင်လောက်မှာပဲ ကျနော် ကျောင်းကို ရောက်ပါတယ်။ အတန်းဘက် ခဏသွားကြည့်ပြီး ကင်တင်းဆီ ကျနော် ပြန်ဆင်းလာခဲ့တယ်။ ဆယ်နာရီ လောက်ကျတော့ ကျနော်တို့ အဖွဲ့ လူစုံပြီး ရှေ့ဆက် မတိုးနိုင်ဘဲ ဖြစ်နေတဲ့ ကျနော်တို့ရဲ့ လှုပ်ရှားမှု ကို အဆင့်တခု ထပ်မြှင့်ဖို့ ဆွေးနွေးရတယ်။ နောက်ဆုံး ကျနော်တို့ အားလုံး ကိုယ့်တန်းခွဲကိုယ် သွားပြီး ကျောင်းသားထုကြား ဖြစ်နေတဲ့ သဘောထားတွေကို လက်လှမ်းမီသလောက် တီးကြည့်ခေါက် ကြည့်ဖို့ သဘောရကြပါတယ်။ နေ့လယ် နှစ်နာရီလောက် ပြန်တွေ့ဖို့လည်း ချိန်းလိုက်ကြတယ်။ ဒါနဲ့ ကျနော်လည်း ကျနော့်တန်းခွဲ ပြန်သွားပြီး အခြေအနေကို လေ့လာကြည့်တော့ ထက်သန်တက်ကြွ မှုတော့ နည်းနည်း လျော့ရဲ နေတာကို သတိထားမိပါတယ်။ ပြောမယ့်သာ ပြောရတယ်၊ ၁၉၉၆ တုန်းက အခြေအနေ ဝန်းကျင်နဲ့ တော်တော် ကွာခြားသွားပါပြီ။ ဒါကလည်း သဘာဝကျပါတယ်။ ဟိုတုန်းကတော့ အတန်းကလည်း ခြောက်တန်းစလုံး၊ လူကလည်း ငါးထောင်နီးပါး၊ နှစ်ပြည့် ကျောင်းတက်နေရတဲ့ အချိန် ၊ တခြား တက္ကသိုလ် တွေနဲ့ ကျောင်းသူကျောင်းသား တွေကလည်း ကိုယ့်အနီးအနားမှာ၊ အားလုံးက တင်းပြည့်ကျပ်ပြည့်ပါ။ အခုကတော့ အတန်းကလည်း နှစ်တန်းထဲ၊ လူကလည်း တထောင်ကျော်ကျော် တခြား ကိုယ်နဲ့ တူတူ တိုက်ပွဲဝင်ဖို့ တက္ကသိုလ်တွေကလည်း ပိတ်ထားတော့ အခြေအနေက ကွာခြား ချင်တိုင်း ကွာခြား သွားပါပြီ။ နေ့လယ် နှစ်ချက်ထိုး လောက်မှာတော့ ကျနော့် သူငယ်ချင်း နဲ့ “မေတ္တာ ပေါင်းကူး“ မှာ ပြန်တွေ့ ကြပါတယ်။ သူ ကျနော့်ကို ကင်တင်းမှာ စကားပြောချင်ပုံ မရဘူး။ ကျနော်လည်း သူ့လိုပါပဲ။ ဒါနဲ့ ကျနော်တို့ နှစ်ယောက် ကင်တင်း ဘေးလမ်းက ဖဲ့ထွက်ပြီး ဘောလုံးကွင်း ဘက်ဆီ လျှောက်လာလိုက်တယ်။ ရာသီဥတု က မှိုင်းညို့နေတယ်။ ဟိုးအဝေးက တလိပ်လိပ်တက် နေတဲ့ မီးခိုးတန်း ဖြူဖြူကလေးကို ကျနော်မြင်နေရတယ်။ ကျနော့် ရင်ထဲမှာလည်း အမျိုးအမည် မသိတဲ့ ခံစားချက်တွေနဲ့ လေးလံတင်းကြပ် နေတယ်။ ဘောလုံးကွင်းနား ရောက်တော့ ကျနော်တို့ နှစ်ယောက် လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ်။ ခဏ ငြိမ်နေမိကြပြီး သူငယ်ချင်းဆီက စကားသံ တိုးတိုးညင်းညင်း ထွက်လာတယ်။ ကျနော်တို့ ဆီမှာ ရှိတဲ့ အခြေအနေ အတိုင်းအတာ တွေနဲ့ပဲ ကျနော်တို့ လှုပ်ရှားမှု ကို ရှေ့ဆက်မယ် ဆိုတဲ့ အကြောင်းပါ။ ဟုတ်ပါတယ်။ မနက်ဖြန်မှာ ခုနစ်ရက် ပညာရေး ကို ကန့်ကွက်ဖို့ ကျနော့် သူငယ်ချင်း နဲ့ တခြား ရဲဘော်တွေ တိုင်ပင်ပြီးကြပါပြီ။ ဒါနဲ့ ကျနော်လည်း ကျနော်တို့ အလံကို ဘယ်အဆင့်အထိ လွှင့်မလဲ ဆိုတာ သူ့ကိုမေးတော့ သူက “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကန့်ကွက်ချက် ကိုပဲ ပင်မ အဖြစ်ထားမယ် ဆိုတာ ကျွန်တော့် ကိုပြောတယ်။ တခြား တောင်းဆိုချင်တာတွေကတော့ အရံပေါ့။ ဒါလောက်ဆို ကျနော် နားလည် လိုက်ပါပြီ။ နောက် သူက ကျနော့်ကို အတန်းပြန်ပြီး တတ်နိုင်သမျှ စည်းရုံးထားဖို့လည်း ပြောပါတယ်။ ဒါနဲ့ပဲ မနက်ဖြန် ကိုးနာရီ မှာ ဆုံဖို့ ကျနော်တို့ ချိန်းလိုက်ပြီး အခု လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်တော့ ခါတိုင်းထက်ပိုပြီး သူ ကျနော့်လက်ကို ဖျစ်ညှစ် နှုတ်ဆက်တာ ကျနော် သတိထားမိလိုက်တယ်။ ဒီမှာပဲ ကျနော်သူ့မျက်နှာကို တချက် စိုက်ကြည့် မိတယ်။ ပိုင်းဖြတ်ထားတဲ့ သူ့အသွင်ကို ကျနော်မြင်နေရတယ်။ သူ ပြောချင်တဲ့ စကားအားလုံး ကို ကျနော် ကြားလိုက်ရတယ်။ တိုက်ပွဲ… တိုက်ပွဲ…. ဟုတ်တယ်… တိုက်ပွဲ နဲ့ပဲ ကျနော်တို့ အဆုံးသတ် ရတော့မယ်။

Sept 2,1998 (ဗုဒ္ဓဟူးနေ့) ။ ။ ဒီနေ့မနက် အစောကြီး ကျနော် နိုးနေပါတယ်။ အမေ့ကိုတော့ ကျောင်းစောစော သွားမယ့် အကြောင်းပြောပြီး ပြင်ရဆင်ရတယ်။ အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ကျနော့် Drawing board ပေါ်က အောက်ခံ ကတ်ထူပြားကို ကျနော် ဖြုတ်လိုက်တယ်။နောက်ပြီး ၁၉၉၆ တုန်းက ကျနော်ကိုင်ခဲ့တဲ့ ခွပ်ဒေါင်းအလံ ပိုစတာ ကို ကတ်ထူပြားထဲ လိပ်ထည့်လိုက်တယ်။ အတူတူ ကျောင်းသွားနေကျ သူငယ်ချင်းတွေဆီ ဖုန်းခေါ်တော့ တယောက်မှ ဒီနေ့ ကျောင်းမတက်ဖြစ်ကြပါဘူး။ အိမ်မှာပဲ စာကျက်တော့မယ် လို့ ပြောကြပါတယ်။ ကျနော်နာရီ ကို ကြည့်လိုက်တော့ ခုနစ် နာရီ ကျော်နေပါပြီ။ ကျနော်လူစုဖို့ ဆက်မကြိုးစား တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်ရပါတယ်။ တော်ကြာ နောက်ကျနေတော့မယ်။ ကျောင်းကို ရောက်တော့ ရှစ်နာရီခွဲ နေပါပြီ။ ကင်တင်းကို ခဏ ဆင်းသွားလိုက်ပြီး ကိုးနာရီ ထိုးခါနီးမှာ ကျနော်အတန်းထဲ ဝင်ထိုင်နေလိုက်ပါတယ်။ ကိုးနာရီ အတိမှာတော့ ကျနော့် သူငယ်ချင်း ဦးဆောင်တဲ့ ဆန္ဒပြမယ့် ကျောင်းသားတွေ ပိုစတာကိုယ်စီနဲ့ ကျနော်တို့ အခန်းဝရှေ့ ရောက်လာပါတော့တယ်။ “ခုနစ်ရက် ပညာရေး အလိုမရှိ“ ဆိုတဲ့ ကြွေးကြော်သံ နဲ့ပေါ့။ ကျနော့် သူငယ်ချင်းက အခန်းထဲ ဝင်လာပြီး ဆရာမကို “ကျနော်တို့ ခုနစ်ရက်ပညာရေး ကို ကန့်ကွက်လိုက်ပါပြီ“ လို့ ရိုရိုသေသေပဲ ခွင့်တောင်းရင်း အတန်းထဲ ထိုင်နေတဲ့ ကျောင်းသားတွေကို လှမ်းကြည့်လိုက်ပါတယ်။ ကျနော်လည်း အိတ်ထဲက အသင့်ပါလာတဲ့ ပိုစတာကို ထုတ်ကိုင်ပြီး အခန်းဝက သူတို့နဲ့ သွားပူးပေါင်း လိုက်တယ်။ ကျနော့်နောက်က ကျောင်းသား နှစ်ဆယ်လောက် ပါလာ ပါတယ်။ ဒါနဲ့ ကျနော်တို့လည်း စာသင်ခန်း ရှစ်ခန်းကို လှည့်လည်စည်းရုံး ပြီး တိုင်ကြီး ၁၈ တိုင် အောက် ရောက်လာပါတယ်။ ဒီအချိန်မှာပဲဗျာ “လုံထိန်းတွေ ရောက်လာပြီ လုံထိန်းတွေ ရောက်လာပြီ“ ဆိုတဲ့ အသံကို ကျနော် ကြားလိုက်ရတယ်။ ကျနော့် ခန့်မှန်းခြေ ကျနော်တို့ ဆန္ဒပြတဲ့ အချိန်နဲ့ ငါးမိနစ်တောင် မကွာပါဘူး။ ထောက်လှမ်းရေးတွေ သတင်း ပို့လိုက်ပြီ လို့ ကျနော်တို့ တွက်ဆလိုက်ပါ တယ်။ သမိုင်းလမ်းဆုံက အဝါရောင် အဆောက်အဦး ကြီးထဲမှာ လုံထိန်းတပ်ရင်း တပ်စွဲထားတာကိုး။ ဒီအချိန်မှာပဲ ပစ္စည်းမဲ့ ဂိတ်ကလေးဆီကနေ “အပြင်ကနေ ကင်မရာတွေနဲ့ ဗီဒီယို ရိုက်နေတယ်ဟေ့“ ဆိုတဲ့ အသံ ထပ်ထွက်လာပြန်တယ်။ ကျနော်တို့ နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လုံထိန်းတွေ ရုတ်တရက် ကျောင်းဝင်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ပါ။ နောက်တော့ Building One ရှေ့မှာ ရပ်ထားတဲ့ တီအီးကားတစီး ကို ကျောင်းသားတစု တွန်းလာပါတယ်။ ကျနော်တို့ကို အပြင်က မြင်ကွင်း ကွယ်သွားအောင် ဆိုတဲ့ သဘောနဲ့ပါ။ ကျနော်ကိုင်ထားတဲ့ ပိုစတာကို ရဲဘော်တယောက်ကို ပေးပြီး ပစ္စည်းမဲ့ဂိတ်ကလေးဘက် ကျနော် သွားကြည့်လိုက်တော့ လမ်းပေါ်မှာ အတန်းလိုက် နေရာယူထားတဲ့ လုံထိန်းတွေကို တွေ့ရတယ်။ ဒီအချိန်မှာပဲ လူပေါဂိတ်ဘက် သွားကြည့်တဲ့ ကျောင်းသားတွေ ပြန်ရောက်လာပြီး လူပေါဂိတ်ရှေ့ အင်းစိန်လမ်းမ ပေါ်မှာလည်း လုံထိန်းတွေ ရောက်နေပြီ ဆိုတာ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့လည်း အားလုံးရဲ့သဘောတူ ဆုံးဖြတ်ချက်အရ ကျောင်းဝင်းထဲမှာပဲ ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျနော့် သူငယ်ချင်းဆီက “ရဲဘော်တို့ ခုနစ်ရက် ပညာရေးကို ကျောင်းသားထု တရပ်လုံးရဲ့ ကိုယ်စား ငါတို့ အခုစတင် ကန့်ကွက်မယ်၊ စည်းကမ်းရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ငါတို့ ဆန္ဒကို ထုတ်ဖော်ကြရမယ်“ ဆိုတဲ့ စကားအဆုံးမှာတော့ “သပိတ် သပိတ် မှောက်မှောက်“ ဆိုတဲ့ အသံက မြည်ဟိန်းသွားပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့နဲ့ ထပ်လာပူးပေါင်းတဲ့ ကျောင်းသားကျောင်းသူ အချို့ရောက်လာပါတယ်။ ခန့်မှန်းခြေ စုစုပေါင်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်ပေါ့။ ဒါနဲ့ ကျနော်တို့လည်း ကျောင်းဝင်းတလျှောက် ကင်တင်း အပါအဝင် လှည့်လည် ဆန္ဒပြကြ ပါတော့တယ်။ အချိန်က မနက် ဆယ်နာရီခွဲ လောက်ရှိပါပြီ။ ဒီအချိန် မှာဆန္ဒပြတဲ့ သတင်းကို မြို့ထဲက ကြားလို့ လာကြတဲ့ ကျောင်းသားတွေကတော့ သမိုင်းလမ်းဆုံ အကျော်မှာပဲ ပိတ်ဆို့ခံလိုက် ရပါတယ် (ကျနော်နောက်မှ ပြန်သိရတာပါ)။ နေ့လယ်ပိုင်းရောက်တော့ ကျနော်အိမ်ကို ဖုန်းဆက်ဖို့ ဆက်သွယ်ရေး ရုံးကလေးဘက် ထွက်လာလိုက်တယ်။ ရုံးကကင်တင်း ထောင့်စွန်းမှာပါ။ ကျနော်ရောက်တော့ ဖုန်းဆက်ဖို့ တန်းစီနေတဲ့ ကျောင်းသူကျောင်းသား တွေကို တွေ့ရတယ်။ ဝင်တန်းစီပြီးကာမှ ကျနော်တခု သတိရလာတယ်။ ခုလောက်ဆို မြို့ထဲမှာ သတင်း တွေ ပျံ့နေတော့မယ်။ ကျနော်ဆက်ရင် အမေက ကျနော့်ကို ပြန်လာခိုင်းတော့မယ်။ ကျနော် သူရဲကောင်းတယောက် မဟုတ်ပေမယ့် ဒီအချိန်မှာ မပြန်နိုင်ပါဘူး။ ကျနော် ဆုံးဖြတ်လိုက်ပြီး လူတန်းထဲက ပြန်ထွက်လိုက်တော့တယ်။

ကင်တင်းက ကျနော်ပြန်တက်လာပြီး Building One အောက် ကျနော်ပြန်ရောက်တော့ သူငယ်ချင်းတွေ တိုင်ကြီး ၁၈ တိုင်အောက် ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတာ တွေ့ရတယ်။ ပြန်ချင်တဲ့သူ တွေကို ပြန်ခွင့်ပေးလိုက်ပြီ ဆိုတာလည်း ကြားရပါတယ်။ နေ့လယ်နှစ်ချက်ခွဲ လောက်မှာတော့ ပါမောက္ခချုပ် ရုံးခန်းထဲက ထွက်လာပြီး ကျနော်တို့နဲ့ တွေ့ပါတယ်။ ဒါနဲ့ ကျနော်တို့လည်း စာသင်ချိန် တိုးမြှင့်ပေးဖို့ ကိစ္စကိုပဲ ထပ်ပြီး တင်ပြကြပါတယ်။ ဒါပေမဲ့ ဘာမှ မထူးတော့ပါဘူး။ အဖြေကတော့ အရင်အတိုင်း ပါပဲ။ စာသင်ချိန် ခုနစ်ရက်ပဲ ဖြစ်ဖြစ် ခုနစ်လပဲ ဖြစ်ဖြစ် အဆင့် ၁ ကနေ ၈၀၀ အထိပဲ ဖြစ်မှာမို့ ဘာမှ မထူးတဲ့ အကြောင်း ထပ်တလဲလဲ လက်ဟန်ခြေဟန် နဲ့ ရှင်းပြနေတဲ့ ဦးညီလှငယ် ကိုပဲ ကျနော် ငေးကြည့် နေမိတော့တယ်။ ညနေ လေးနာရီ လောက်မှာတော့ ကျနော်တို့ ဆန္ဒပြ ကျောင်းသားအားလုံး တိုင်ကြီး ၁၈ တိုင်အောက် စုထိုင် နေလိုက်ကြတယ်။ တနေ့လုံး မှိုင်းညို့နေတဲ့ ရာသီဥတုအောက်မှာ ကျောင်းကြီးတကျောင်းလုံး တိတ်ဆိတ် နေပါတယ်။ ဒီအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေကို လာခေါ်တဲ့ သူတို့ အိမ်က ကားတွေလည်း အလျှိုအလျှို ရောက်လာကြပါပြီ။ ကားမရှိတဲ့သူ တွေအတွက် တော့ ပြန်ဖို့ ကားနှစ်စီးလားမသိ စီစဉ်ပေးထားပါတယ်။ မိန်းကလေးတွေကတော့ အကုန်လုံး ပြန်ကြပါပြီ။ တဖြည်းဖြည်းနဲ့ ညနေ ငါးနာရီလောက်မှာတော့ ကျနော်တို့ တိုင်ကြီး ၁၈ တိုင်အောက်မှာ ထိုင်နေတဲ့ ကျောင်းသား ငါးဆယ်ကျော် ခြောက်ဆယ်လောက်ပဲ ကျန်ကြပါတော့တယ်။ ဒီအထဲကမှ အများစုက နယ်ကလာတဲ့ အဆောင်နေ ကျောင်းသားတွေပါ။ တဆက်တည်း ကျနော်တို့ ခုနစ်ရက် စာသင်ကြားရေး အစီအစဉ်ကိုလည်း ဒီနေ့ပဲ အဆုံးသတ်လိုက်ပြီ ဆိုတဲ့ သတင်းလည်း ကျနော် သိလိုက်ရတယ်။ စာမေးပွဲနေ့ကျမှပဲ လာဖြေဖို့ပဲ ရှိတော့တာပေါ့။ ညနေ ခြောက်နာရီ လောက်မှာတော့ ကျနော်တို့ တိုက်ပွဲ နိဂုံးချုပ်သွားပြီလို့ ကျနော် နားလည်လိုက်တော့တယ်။ မိုးက တဖြည်းဖြည်း မှောင်လာပြီး မိုးစရွာလာပါတယ်။ နောက်ဆုံးကျန်တဲ့ ကားတစီးစ နှစ်စီးစ ကလွဲလို့ ဘာမှ မကျန်တော့ ပါဘူး။ ကျနော့် သူငယ်ချင်းကို လိုက်ရှာတော့ တိုင်ကြီး၁၈ တိုင်ရဲ့ထောင့်စွန်းက တရုတ်စကားပင် နားမှာ ရပ်နေတာကို ကျနော် တွေ့လိုက်တယ်။ ကျနော်သူ့ဆီသွားပြီး နှုတ်ဆက်တော့ “အေးကွာ လုပ်စရာရှိတာ အားလုံး လုပ်ခဲ့ပြီးပြီပဲ“ ဆိုပြီး သူ့ဆီက စကားသံ ထွက်လာတယ်။ ကျနော်ကိုယ်တိုင် ကတော့ ဘာမှ မပြောနိုင်တော့ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ စိတ်ဓာတ်ကျပုံ မရတဲ့ သူငယ်ချင်းကို ငေးကြည့် နေမိတယ်။ သြော်…ပန်းချီဆရာ ကျနော့် သူငယ်ချင်း။ တိုက်ပွဲကို ရဲရဲရင့်ရင့် ခေါင်းခံ ဦးဆောင်ခဲ့သူ။ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ကို အိပ်ခန်းထဲမှာ ဆွဲထားသူ…။ ဒီအချိန်မှာပဲ တိုတောင်းပေမယ့် အမှတ် ရစရာတွေချည်း ဖြစ်ခဲ့ရတဲ့ ကျနော့်ရဲ့ ကျောင်းသားဘဝ နေ့ရက်တွေဟာ ရုပ်ရှင်အနှေးပြသလို ကျနော့်မျက်လုံး ထဲမှာ တကွက်ချင်း ပြန်ပေါ်လာပါတယ်။ ရွာကြီး လို့ ကျနော်တို့ ချစ်စနိုး ခေါ်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ ကင်တင်း၊ ပစ္စည်းမဲ့ ဂိတ်ကလေးက ဝင်လာပြီး ကင်တင်းကို ဆင်းသွားရာက အပေါ် ပြန်မတက်ဖြစ်တော့တဲ့ နေ့တွေ၊ ကျောင်းသားအများစုရဲ့ မှီခို အားထားရာ ပဲထမင်း နဲ့ မုန့်ဟင်းရည်၊ “နွေးအေး၊ အောင်သိပ္ပံ၊ Mini Hi၊ ကန်သာယာ၊ မေတ္တာပေါင်းကူး၊ ဝင်း နဲ့ အင်းဝ“ ၊ ကျောင်းထဲမှာ ရှိတဲ့ နောက်ဆုံးနှစ် အစ်ကိုကြီး တွေရဲ့ အဆောင်မှာ စက်ကျခဲ့တဲ့ နေ့တွေ၊ သြဘာလမ်းကလေးထဲ ဖြတ်ပြေးဖူးတဲ့နေ့၊ ဟိုးဝေးဝေးက ဂျီဟောလ်၊ စွယ်တော်လမ်းကလေး၊ အစ်ကိုကြီးတယောက် နဲ့ မတင်မိုးလွင် နောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့နေ့၊ ကားနဲ့လာရင် ဝင်လာရတဲ့ ခန့်ခန့်ထည်ထည် လူပေါဂိတ်ကြီး၊ ကျနော်ချစ်တဲ့ တိုင်ကြီး ၁၈ တိုင်၊ ပြီးတော့ ကျနော့် ရဲ့သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေ၊ ကျနော်လာရင် အမြဲ ပြေးပြေး ကြိုတတ်တဲ့ ကင်တင်းက ခွေးမကလေး မြီးတို၊ ဒါတွေအားလုံး…ကျနော့်နှလုံးသားထဲက အရာအားလုံးနဲ့ ကျနော်အခုခွဲရ တော့မယ်…ဘယ်တော့မှ ပြန်ဆုံမယ်မှန်း မသိတော့တဲ့ ခွဲခြင်းနဲ့ကို ခွဲရတော့မယ်။ ကျနော်တင် မကဘူး၊ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံး အနေနဲ့ပါ ကျနော်တို့ ချစ်မြတ်နိုးတဲ့ တက္ကသိုလ် ကြီးတွေကို အပြီးတိုင် ခွဲရတော့မယ်။ ကျနော်တို့ ညီ ညီမတွေကော၊ နောက်လာမယ့် ကျနော်တို့ မျိုးဆက်သစ်တွေပါ တက္ကသိုလ်ကြီး တွေဆီ ဘယ်တော့မှ ပြန်ရောက်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် တော့ပါဘူး။ ဟစ်တလာ က ဂျူးတွေကို အပြီးသတ်ဖြေရှင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးတုံး သတ်ဖြတ်ခဲ့သလိုပဲ၊ ၁၉၆၂ ကစပြီး ကျနော်တို့ ကျောင်းသားတွေကို အငြိုးကြီးကြီး နဲ့ ဖိနှိပ်ချေမှုန်း ခဲ့တဲ့ စစ်အုပ်စုဟာ နောက်ဆုံးအနေနဲ့ ကျနော်တို့ကို တက္ကသိုလ်ကြီးတွေဆီကနေ လယ်ကွင်း ဖုန်းဆိုး မြေကြီးတွေဆီ မောင်းထုတ်တော့မယ်။ တလျှောက်လုံး အကိုင်းအခက်တွေကို ချိုင်ခဲ့ရာက အခု နောက်ဆုံး ပင်စည်ကိုပါ ချိုင်ကြတော့မယ်။ အပြီးသတ်ဖြေရှင်းရေး…ရှေ့မှာကြိုနေတော့မယ့် လွင်တီးခေါင် ကျတ်တီးကုန်း မြေယာတွေ…အစိတ်စိတ် ကွဲပြိုအက် နေတဲ့ ကျနော်တို့ရဲ့ အနာဂတ် တွေ…ဒီအတွေးနဲ့ ကျနော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာတယ်။ ဖြန့်ကျက်ထားတဲ့ ကျနော့်လက်ထဲက ခွပ်ဒေါင်းအလံ ပိုစတာကို ကျနော်ပြန်လိပ်လိုက်တယ်။ ထိုင်နေကြတဲ့ ရဲဘော်တွေကို နောက်ဆုံးအနေနဲ့ ကျနော်ကြည့်လိုက်တယ်။ တိုင်ကြီး ၁၈တိုင် နဲ့တကွ ကျောင်းကြီး တခုလုံးကိုပါ ကျနော်လွှမ်းခြုံကြည့်လိုက်တယ်။ လွယ်အိတ်ကို ပြင်လွယ်ပြီး ကျနော်ချာခနဲ လှည့်ထွက် ခဲ့တော့တယ်။

ကျနော်ကျောင်းဝင်း အပြင်ရောက်တဲ့ အချိန်မှာပဲ စောစောက ဖွဲဖွဲ ရွာနေတဲ့ မိုးစက်တွေက သည်းသည်းထန်ထန် ရွာလာတယ်။ နောက်ဆုံး နှုတ်ဆက်ခြင်း အနေနဲ့ ပဲလား…အိမ်အပြန် လမ်းတလျှောက်လုံးလည်း တခုတည်းသော အတွေးကိုပဲ ကျနော်ထပ်တလဲလဲ တွေးလာမိတယ်။ ကျနော်တို့ ရှုံးနေပြီလား…ကျနော်တို့ ရှုံးသွားပြီလား ဆိုတဲ့ မေးခွန်းတွေကိုပါ။ ကျနော်တို့ ဒီနေ့ သပိတ်တိုက်ပွဲ အနေနဲ့ကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့…ဒီမှာပဲ ကျနော့် ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ တိုက်ပွဲရှိမှ မျှော်လင့်ချက် ရှိမယ်။ တိုက်ပွဲသေရင် မျှော်လင့်ချက်လဲ သေလိမ့်မယ် ဆိုတဲ့ အတွေးပါ။ အခု အနည်းဆုံး ကျနော်တို့ တိုက်ပွဲရှိနေတယ်။ ဒါဆို မျှော်လင့်ချက်လဲ ရှိသေးတယ်။ ကျနော်တို့ဟာ အာဇာနည်မျိုးတွေ၊ သေရိုးဆိုတာ မရှိဘူး၊ သေတယ်ဆိုတာ မသိဘူး၊ ကျနော်တို့ သေတတ်မှဖြင့် သေခဲ့တာ ကြာရော့မယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်တော့မှ မသေခဲ့ဘူး၊ ကျနော်တို့ မှာ သေရိုးမရှိဘူး…ဒီလိုတွေးရင်း ကျနော်အဖြေတခု ရလာတယ်။ ကျနော်တို့ အခု တရွေ့ရွေ့ သွားနေတာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဘယ်ကိုလဲ…အောင်ပွဲ ဆီကိုပါ…အပြီးသတ်အောင်ပွဲ ဆီကိုပါ။ ဒီအတွေးနဲ့ ကျနော့်ရင်ထဲ အားသစ်မာန်သစ် တွေပြန်ဝင်လာတယ်။ ကျနော်ကားအပြင်ကို တချက် လှမ်းကြည့်လိုက်တယ်။ မိုးက သည်းကြီးမည်းကြီး ကို ရွာချနေတယ်။ ခုနစ်နာရီ ခွဲတော့မယ်။

တိုက်ပွဲ အတွေ့အကြုံ သုံးသပ်ချက် နှင့် အကျိုးရလဒ် ။ ။ ၁၉၉၈ ခုနှစ် ခုနစ်ရက် ပညာရေးကို ကန့်ကွက် ခဲ့ကြတဲ့ သပိတ်တိုက်ပွဲ ဟာ ရုပ်ဝတ္ထု အခြေအနေ အကန့်အသတ် အင်မတန် ကြီးမားနေတဲ့ကြားက မဖြစ်မနေ ဆင်နွှဲ ခဲ့ရတဲ့ တိုက်ပွဲ အမျိုးအစား ဖြစ်ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း အကောင်အထည် ဖော်ခဲ့ရတာမို့ ကျောင်းသားထုကြား စည်းလုံးညီညွတ်ရေးကို လုံးဝနီးပါး တည်ဆောက် နိုင်ခဲ့ခြင်း မရှိဘဲ ရှိသမျှ အင်အားနဲ့ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နောက်ဆုံးနေ့မှာ ရည်မှန်းချက်ကို ရရှိဖို့ တိုက်ပွဲကို အဆင့်မမြှင့် နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ စစ်အုပ်စု အနေနဲ့ကတော့ ကျောင်းတွေကို နေရာမရွှေ့ခင် နောက်ဆုံး ရင်ဆိုင်ရတဲ့ တိုက်ပွဲ ဖြစ်လို့ သတိအကြီးဆုံး ထားပြီး ကိုင်တွယ်ခဲ့တာ တွေ့ရပါတယ်။ဆန္ဒပြပွဲ ဖြစ်ဖြစ်ချင်းပဲ ကျောင်းသားတွေ လမ်းပေါ် မထွက်နိုင်အောင် လုံထိန်းတပ်ရင်း တွေနဲ့ ကျောင်းပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့ပါတယ်။ ဘယ်လောက်တောင် သတိကြီးလည်း ဆိုရင် ကျနော်တို့ သပိတ်တိုက်ပွဲ ကို ဦးဆောင်ဆင်နွှဲ ခဲ့တဲ့ ကျနော့် သူငယ်ချင်း အပါအဝင် နယ်ကျောင်းသား အချို့ကို စက်မှုတက္ကသိုလ် မှာတောင် စာမေးပွဲ ပေးမဖြေဘဲ အင်းစိန် ဂျီတီအိုင် မှာ အများနဲ့ ခွဲပြီး ဖြေခိုင်းခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လုံးဝ ချွတ်ချော် တိမ်းစောင်းမှု မရှိအောင် အဘက်ဘက်က ကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း သိသာထင်ရှား စေပါတယ်။ စာမေးပွဲ ဖြေအပြီး မှာလည်း ကျောင်းတွေကို နောက်တနှစ်ခွဲ တိုင်တိုင် ဆက်ပိတ်ထား ခဲ့ပြီး ကျောင်းပြောင်းရွှေ့မယ့် အစီအစဉ်ကို အပြီးသတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျောင်း တွေကို ပြောင်းရွှေ့လိုက်ခြင်းဟာ မြန်မာပြည် ကျောင်းသားလှုပ်ရှားမှုကြီး တရပ်လုံး အတွက်ကော မြန်မာပြည် ပညာရေး အဆောက်အအုံကြီး တခုလုံး အတွက်ပါ အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။ အခြေအမြစ် တခုလုံး ယိုင်လဲပျက်စီး သွားခဲ့ရပါတယ်။ ကျောင်းအားလုံးဟာ မြစ်ကူး ချောင်းခြား အရပ်တွေမှာပဲ ရှိပြီး ရန်ကုန်မြို့ရဲ့ အရှေ့အနောက် တောင်မြောက် တကွဲစီ ရွှေ့ပစ်ခဲ့တဲ့ အတွက် ကျောင်းသားထုကြား တည်ရှိပြီး ဖြစ်တဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားခဲ့ရပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အားလုံး ပြတ်တောက် သွားခဲ့ရပါတယ်။ နယ်ကျောင်းသားတွေ အနေနဲ့လည်း ရန်ကုန် မှာ တက်ခွင့် မရှိတော့တာကြောင့် အရေးတော်ပုံ အားလုံးလိုလို ရဲ့ အရှိန်ယူ သန္ဓေတည်ရာ ဖြစ်တဲ့ အဆောင်နေ ကျောင်းသား ကလပ်စည်း တွေ ကွယ်ပျောက် သွားခဲ့ရပါတယ်။ နောက် ပိုပြီး ထိခိုက်စေ တဲ့အချက်ကတော့ ကျောင်းတွေကို ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် တက္ကသိုလ်တွေရဲ့ ယဉ်ကျေးမှု အဆင်တန်ဆာ ဖြစ်တဲ့၊ အခေါင်အထွတ်ဖြစ်တဲ့ အသင်းအပင်း အနုပညာ အဖွဲ့အစည်း အားလုံး ခြေရာ လက်ရာ မကျန်ရစ်အောင် ပြယ်ပျက် သွားခဲ့ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere ပျက်စီး သွားခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ အညွန့်တလူလူ ဖြစ်နေတဲ့ စိတ်တွေအားလုံး အနည်း နဲ့ အများ ဆိုသလို ထိခိုက်ပျက်စီး ခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ ၇၅ နှစ်တိုင်တိုင် ထည်ထည်ဝါဝါ ရပ်တည်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတော်ကြီး တွေဟာ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်ကျန်ခဲ့ရပြီး မျိုးဆက်သစ် ကျောင်းသူကျောင်းသား တွေရဲ့ နိုင်ငံရေး ရေချိန်လည်း သိသိသာသာ လျော့နည်း ကျဆင်းသွားခဲ့ ရပါတော့တယ်။ ပေးဆပ်ခဲ့ရမှု အနေနဲ့ကတော့ ကျနော့်တို့ ဆန္ဒပြပွဲ မှာ ဦးဆောင်လှုပ်ရှား ခဲ့တဲ့ ကျနော့် သူငယ်ချင်း အပါအဝင် ရဲဘော်ကျောင်းသား အားလုံး စာမေးပွဲ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ခုနစ်နှစ် နဲ့ အထက် ပြစ်ဒဏ် စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အကြီးမားဆုံး နဲ့ တခုတည်း သော အကျိုးအမြတ်ရလဒ် အနေနဲ့ကတော့ သမိုင်းစဉ် တလျှောက်လုံး ဝံ့ဝံ့ကြွားကြွား ရပ်တည်လာခဲ့တဲ့ မြန်မာပြည် ကျောင်းသားထုကြီး တရပ်လုံးရဲ့ အမျိုးသားနိုင်ငံရေး ဂုဏ်သိက္ခာ နဲ့ ခွပ်ဒေါင်းအောင်လံ ကို ကျောင်းသားထုကြီး တရပ်လုံးရဲ့ ကိုယ်စား တိုက်ပွဲနဲ့ပဲ ဂုဏ်ရောင်ပြောင်ပြောင် ရှေ့လာမယ့် အနာဂတ် ဆီ လက်ဆင့်ကမ်း သယ်ဆောင် နိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ သပိတ်တိုက်ပွဲ ဟာ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ရဲ့ နောက်ဆုံး ကြိုးပမ်းမှု အနေနဲ့ သမိုင်းထဲကို တိုးဝင်သွားခဲ့ ရပါတော့တယ် ။ ။


ကျနော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်

အင်တာဗျူး
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 12:47 - မြန်မာစံတော်ချိန်

မိုးသီးဇွန်နှင့် မေးမြန်းချက်

၁၉၈၈ နိုင်ငံအ၀ှမ်း လူထုအုံကြွမှုအတွင်း ဦးဆောင်ခဲ့သူ တဦးဖြစ်ပြီး အေဘီအက်စ်ဒီအက်ဖ်၏ ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ကိုမိုးသီးဇွန်သည် အကြမ်းဖက် ဗုံးဖောက်ခွဲရေး လုပ်ငန်းများကို ပံ့ပိုး ကြိုးကိုင်ပေးနေသူ တဦးအဖြစ် စက်တင်ဘာလ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် စစ်အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ စွပ်စွဲပြောကြားမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် အခြေစိုက် နေထိုင်သူ ကိုမိုးသီးဇွန်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

မေး - ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတယ်။ အဲဒီမှာ ခင်ဗျားကို ဖေါက်ခွဲရေးသမား၊ အကြမ်းဖက်သမား လို့စွပ်စွဲထားတယ်။ ဒီကိစ္စကို ခင်ဗျား ဘာပြောချင်လဲ။

မိုး- မဆလ၊ နအဖ ခေတ်အဆက်ဆက်က ကျနော်တို့ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကို သောင်းကျန်းသူတွေ၊ အကြမ်းဖက်သမားတွေ ခွဲထွက်ရေးသမားတွေ စသဖြင့် နည်းမျိုးစုံ
စွပ်စွဲခဲ့တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်ဆိုရင် အကြိမ်ပေါင်းရာနဲ့ချီပြီး ကျနော်တို့ကို စွပ်စွဲခဲ့တာပဲ။ သူတို့ပဲ တယောက်ပြီးတယောက် ကျဆုံးကုန်တာပဲ။ ကျနော်တို့ကတော့ ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ။ ကျနော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်လို့ပါပဲ။

တကယ် အကြမ်းဖက်သမားတွေက သန်းရွှေ စစ်အစိုးရပဲ ဖြစ်ပါတယ်။ ၈၈ ပြည်သူ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၁ သောင်းလောက် သေဆုံးခဲ့ရပါတယ်။ ဒီပဲယင်း အရေးခင်းမှာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ လူမဆန်စွာ အသတ်ခံခဲ့ရတယ်။ နယ်စပ်ဒေသမှာ လူမျိုးစု တိုင်းရင်းသား ရွာတွေ မီးရှို့လူသတ် မုဒိမ်းကျင့်မှုတွေကို အဆက်မပြတ် ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်။

၂၀၀၇ ခုနစ်မှာ သံဃာတွေကို သတ်ဖြတ်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာ ဧရာဝတီတိုင်းက လေဘေး ဒုက္ခသည်တွေ ၁ သိန်းကျော် သေခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ အသက်မသေ ကျန်ရစ်သူ ယောင်္ကျား၊ မိန်းမ၊ ကလေး ၊ သံဃာ ၂ သန်းကျော်ရဲ့ အသက်ကို အချိန်မှီ ကယ်တင်ခြင်း မလုပ်ဘူး။ နိုင်ငံတကာ လူမှုရေးအကူညီတွေ နှောင့်နှေးအောင် လုပ်ပြီး လူတွေရဲ့ အသက်ကို ဇီဝိန်ချွေခဲ့တယ်။ ဒါကြောင့် နအဖ စစ်အစိုးရသာ အကြမ်းဖက်သမား အစစ် ဖြစ်ပါတယ်။

သူတို့က အခု ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေတာကို ဖုံးကွယ်ဖို့အတွက် ပြည်သူလူထုကို အထိန်တလန့် ဖြစ်အောင် လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။

မေး- သူတို့ဘာရည်ရွယ်ချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တာလို့ ခင်ဗျားထင်လဲ။ သူတို့လုပ်ရပ်က ထိရောက်မှုတွေ ရှိတယ်လို့ ထင်သလား။

မိုး- အဓိကကတော့ ၀ါဒဖြန့်ချီတာ ပါပဲ။ ဒီမိုကရေစီ အင်အားစုတွေကို လူထု အထင်လွဲအောင် အကြည်ညိုပျက်အောင် လုပ်တာပါ။ Image ကို Damage လုပ်တာပေါ့။ ဥပမာ ဒေါက်တာသက်လွင်ဆိုရင် လူဆိုးကြီးပုံ၊ လူ့အခွင့်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ကိုမြင့်အေးကို ဖေါက်ခွဲရေးသမားပုံ၊ ကျနော်တို့ကို ဆိုရင်တော့ ရစရာ မရှိအောင် လုပ်တော့တာပေါ့လေ။ ဒီလို ၀ါဒဖြန့် မှိုင်းတိုက်တာတွေက ဒုတိယ ကမ္ဘာစစ်တုံးက လုပ်ခဲ့တဲ့ နည်းတွေ၊ စစ်အေး တိုက်ပွဲကာလနဲ့ ၁၉၆၂ နောက်ပိုင်း မဆလက ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ လူမျိုးစု ခေါင်းဆောင်တွေကို သုံးခဲ့တဲ့ နည်းတွေပါ။ ဟိုတုံးက ဒီနည်းတွေက ထိရောက်သင့်သလောက် ထိရောက်ခဲ့ပေမယ့် ခုခေတ်ကတော့ လုံးဝ ကို ထိရောက်မှု မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုခေတ်က သတင်းမီဒီယာခေတ် ဖြစ်လာတယ်။ ပြည်သူတွေမှာ အင်တာနက် မီဒီယာ ရှိလာတယ်။ သူတို့ တဖက်သတ် စွပ်စွဲချက်ကို ကျနော်တို့ဘက်က ပြန်ရှင်းလင်းလာနိုင်တယ်။ သတင်းအမှန်တွေကို အထောက်ထားတွေနဲ့ ပြသလာနိုင်တယ်။ မြန်မြန်ဆန်ဆန် တုန့်ပြန်လာနိင်တယ်။

နောက်တခုကတော့ ခုလို သတင်းစာ ရှင်းလင်းပွဲတွေက နအဖအတွက် Negative Consequences တွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ငယ်ငယ်က မဆလ က သခင်သန်းထွန်း နောက်ဆုံးနေ့များ ဆိုတဲ့ စာအုပ်ကို ထုတ်တယ်။ အဓိကတော့ တော်လှန်ရေး ခေါင်းဆောင်ရဲ့ ရုပ်ပုံကို ဖျက်ဆီးတာပေါ့။ ဒါကတော့ ထောက်လှမ်းရေး သီအိုရီအရဆိုရင် ကယ်တင်ရှင် ( Savior) ရဲ့ ပုံရိပ်ကို လူတွေ အကြည်ညိုပျက်အောင် လုပ်တဲ့သဘောပေါ့။

ဒါပေမဲ့ လူဆိုတာက တရိစ္ဆာန်တွေမှ မဟုတ်ပဲ စဉ်းစားဥာဏ် ရှိတာကိုး။ ကျနော် ဒီစာအုပ်ကို ၈ တန်း ကျောင်းသားအသက် ၁၃ နစ်လောက်မှာ ဖတ်ရတာ။ ခေါင်းထဲမှာ မေးခွန်းတွေ ဖြစ်လာတာက သခင်သန်းထွန်း ဆိုတာ ဘယ်သူလဲ၊ သူဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေက မသိစိတ်ထဲမှာ စွဲဝင်သွားတယ်။ နောက်တော့ သိချင်စိတ် - Curiosity ကို လှုံ့ဆော်ပေးနေသလို ဖြစ်လာတာပေါ့။ ဒီစာအုပ် ဖတ်အပြီးမှာ နိုင်ငံရေးကို စိတ်ဝင်စားမှု စတင် လာတယ်တော့တာပဲလို့ ပြောချင်ပါတယ်။ အဲဒါ သူတို့ဝါဒ ဖြန့်ချီမှုတွေဟာ မထိရောက်တော့ဘူး ဆိုတာကို ကျနော် ပြောချင်တာပါပဲ။

မေး- သူတို့ပြောတဲ့ ခင်ဗျားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကရော။

ဖြေ- သူတို့ဟာ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကလောက် သတင်း အချက်အလက်တွေ မရတော့ဘူး။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကလည်း ကျနော်တို့ဖက်က ထုတ်တဲ့ စာစောင်တွေထဲက သတင်း အချက်အလက်နဲ့ ဓါတ်ပုံတွေကိုပဲ သူတို့ ပြန်သုံးနိုင်တာပါ။ ရှင်းရှင်းပြောရရင် ကျော်ဆန်းဟာ ကျနော်တို့ ဘာတွေ လုပ်နေမှန်း မသိတော့ဘူး။ အရမ်းကာရော လျှောက်ပြောနေတာပါပဲ။

မေး- ခင်ဗျားကျောင်းပြီးတော့ လုပ်ခဲ့တဲ့ အလုပ်တွေကရော ဟုတ်လား။ (ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ကိုမိုးသီးဇွန်သည် ဘွဲ့ရရှိပြီးနောက် ဓာတ်ဆီဆိုင် လုပ်သား၊ မီးသွေးရောင်း၊ ပလတ်စတစ်စက်ရုံ နေ့စားလုပ်သားအဖြစ် လုပ်ဆောင်ခဲ့သည်ဟု ပြောကြားသွားသည်။)

ဖြေ- ဟုတ်တာပေါ့။ ဒါက ကျနော်နဲ့ ရင်းနှီးတဲ့ လူတိုင်းသိတာပဲ။ ဒါက မိသားစု စီးပွားရေး လုပ်ငန်းလေ၊ ကျနော်မှာ တာဝန်ရှိတာပေါ့။ မိဘကို ကူရမယ်။ ကျနော် မိဘတွေက သိမ်ကြီးဈေးမှ ဆိုင်တွေ ရှိတယ်။ အဖိုးအဖွားတွေ အင်္ဂလိပ်ခေတ် ကတည်းက ဖွင့်လာတဲ့ ဆိုင်တွေပါ။

အိမ်မှာလည်း ဆိုင်ရှိတယ်။ ကျနော် တို့မောင်နှမတွေ အားလုံး မိသားစု စီးပွားရေးမှာ ကူညီခဲ့ကြပါတယ်။

ခင်ဗျား ကြည့်စမ်း ကျနော်ဟာ ဘယ်လောက် ကိုယ့်အားကိုကိုယ်ပြီး အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့သလဲ ဆိုတာ သူတို့ပြန်ပြီး remind လုပ်မှ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ သူတို့လိုတော့ ပြည်သူပိုင် ပစ္စည်းတွေကို မခိုးခဲ့ပါဘူး။ ကိုယ့်အားကိုယ်ကိုးခဲ့တယ်။

သူတို့မပြောပဲ ထိန်ချန်တာတွေကတော့ သိမ်းကြီးဈေးကြီးကို ဖျက်တော့ မိဘတွေ ဆိုင်တွေ ပါသွားတယ်။ ရပ်ကွက်ကို ဖျက်တော့ မိဘတွေ အိမ်တွေကို ဖျက်ခဲ့တယ်။

၁၉၈၉ ခုနစ်ဒီဇင်ဘာ လကုန်ပိုင်းမှာ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ် ပေးခဲ့တယ်ဗျ၊ သတင်းစာ ရှင်းလင်းပွဲ ကျတော့ ကျနော့်ကို သေဒဏ် ပေးထားပါတယ် ဆိုရင် သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို သက်သေပြသလို ဖြစ်နေမယ်။ မိုးပေါ်မော့ပြီး တံတွေးထွေးသလို ဖြစ်နေမှာပေါ့။ ဒီတော့ ကျနော့်ကို တသက်တကျွန်း ပြစ်ဒဏ် ပေးထားပါတယ်လို့ လျှော့ပေါ့ပြီး လျှော့ချလိုက်ရတာပါပဲ။


ဒေါ်စု အစာငတ်ခံ ဆန္ဒပြနေသည့် ဆိုသည့် ကောလာဟလကြောင့် အမေရိကန် စိုးရိမ်ပူပန်


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 18:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အတိုက်အခံ ခေါင်းဆောင် ဆန္ဒပြနေသည် ဆိုပြီး ကောလဟလ အမျိုးမျိုး ပေါ်ထွက်နေချိန်၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့က ကြေငြာချက်တရပ် ထုတ်ပြန်၍ ပြောကြားသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမထံ ပေးပို့သော အစားအစာများကို လက်မခံတော့ဘဲ ငြင်းပယ်နေသည် ဟူသော သတင်းများကို မိမိတို့ ကောင်းစွာ သိရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနှင့် အဆက်ဖြတ်၍ အိမ်တွင် အကျယ်ချုပ် ချထားသည့်အတွက် ဤသတင်းများ မှန်ကန်မှု ရှိမရှိကို အတည်မပြုနိုင်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သူမ၏ ကောင်းကျိုး ချမ်းသာအတွက် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိပါကြောင်းဖြင့် ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်ကို နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်ကော်မ်မက် (Sean McCormack) က ဖတ်ကြား ကြေငြာသွားခဲ့ပါသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မိကြောင်း စိတ်မသက်သာစရာ ပေါ်ထွက်လာသည့် နောက်ဆုံး ထုတ်ဖေါ် ပြောကြားချက်သည် မြန်မာ စစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသော ကောလဟလများသည် လုံးဝ အခြေအမြစ် မရှိကြောင်း တိုက်ရိုက်စွပ်စွဲ ပြောကြားသွားအပြီး ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကသော်၎င်း၊ သူမ၏ မိသားစု ဆရာဝန်က သော်၎င်း ဤသို့ အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသည့် သတင်းကို ထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့် မကြာသေးခင်က တွေ့ဆုံအပြီး အစိုးရကို တစုံတရာ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိကြောင်းဖြင့် ပြောသွားပါသည်။

သို့သော် အတိုက်အခံ အများအပြားကမူ ဒေါ်အောင်ဆန်းစုကြည် အမှန်စင်စစ် အစာငတ် ဆန္ဒပြနေခြင်းသာ ဖြစ်သည် ဆိုသည့်သတင်းကို တွင်တွင်ကြီး ဆက်လက် ပြောကြားလျက်ပင် ရှိပြီး၊ ရံဖန်ရံခါ သူမ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားလာနေသည် ဆိုသည်အထိပင် ပြောကြားခဲ့ကြသည်။

အတိုက်အခံ ခေါင်းဆောင်သည် သြဂုတ်လ ၁၅ ရက်နေ့ ကတဲက သူမထံ အပတ်စဉ် ပေးပို့နေသည့် အစားအသောက်များကို လက်မခံဘဲ ငြင်းဆန်နေခဲ့သည်ဟု ဆိုပါသည်။

မက်ကောမက် က ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အရာရှိတဦးနှင့် ၂ဝဝ၃ ခုနှစ် ဧပြီလက နောက်ဆုံး တွေ့ဆုံခဲ့သည် ဆိုသည့် သတင်းကို မှတ်သား ဖေါ်ပြလိုက်ပြီး၊ အမေရိကန် ပြည်ထောင်စု၏ မြန်မာ့နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့် အခြေအနေအပေါ် ကြာရှည်စွာ ကိုင်စွဲထားခဲ့သည့် ရပ်တည်ချက် အနေအထားကိုလည်း ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးပါရန် မြန်မာ စစ်အစိုးရကို ဆက်လက် တိုက်တွန်းပါသည်။ ဒီမိုကရေစီ ကူးပြောင်းရေးကို ရှေးရှုသည့် စစ်မှန်၍ အချိန် သတ်မှတ်ချက်ရှိသော တွေ့ဆုံ ဆွေးနွေးမှုတရပ်ကို ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များ၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များတို့နှင့် စတင်ပြုလုပ်ပါရန်လည်း တိုက်တွန်းကြောင်း ပြောဆိုသွားခဲ့ပါသည်။



စစ်အစိုးရ၏ မှားယွင်းသော စွပ်စွဲမှုအပေါ် စွမ်းအားမြှင့် လှောင်ပြောင်


သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 23:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တွင် ဇူလိုင်လ အစောပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု တခု၏ လက်သည်အဖြစ် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို စစ်အစိုးရက စွပ်စွဲထားခြင်းအပေါ် လက်နက်ကိုင် ကျောင်းသား သူပုန်အဖွဲ့ တခုဖြစ်သော စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့က ဗုဒ္ဓဟူးနေ့က လှောင်ပြောင် ရှုတ်ချလိုက်သည်။

အစိုးရ ကျောထောက်နောက်ခံ ပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏ ရွှေပြည်သာမြို့နယ် ရုံးခွဲတခုကို ဇူလိုင်လ တရက်နေ့က ဗုံးခွဲ တိုက်ခိုက်မှုသည် သူတို့၏ လက်ချက် ဖြစ်သည်ဟု ရန်ကုန်တွင် လှုပ်ရှားမှု ပြုနေသည် ဆိုသော စွမ်းအားမြှင့်အဖွဲ့၏ ကြေညာချက် တခုတွင် ထပ်မံ ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကို ဗုံးခွဲသည် ဆိုကာ စစ်အစိုးရက ဖမ်းဆီးထားခြင်း အတွက်လည်း ထိုအဖွဲ့က ရှုတ်ချ ပြောဆိုထားသည်။

ဗုံးပေါက်ကွဲမှု၏ လက်သည်မှာ သူတို့ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း စစ်အစိုးရ အနေဖြင့် လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် အရှက်ပြေ လုပ်ရပ်အဖြစ် အကြမ်းမဖက် လမ်းစဉ်ကို ဆုပ်ကိုင်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း စွမ်းအားမြှင့်က ပြောသည်။

"အဆင့်အတန်း မရှိသော ဗြောင်လိမ် ရှင်းလင်းပွဲများ နောက်ကွယ်တွင် စွမ်းအားမြှင့် စစ်သည်တော်များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု သံသယရှိသူ မိသားစုဝင်များအား ရန်သူ စစ်အုပ်စုက အောက်လမ်းနည်းများဖြင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီး နှိပ်စက်နေခြင်းသည် ယခု တေဇ ကုမ္ပဏီအနီး ကားဗုံးကွဲသလို နိုင်ငံတ၀ှမ်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာရေး အတွက် ပိုမို တွန်းအားပေးနေသည်။" ဟု မြန်မာ အသိုင်းအ၀ိုင်းအကြား အီးမေးလ်မှတဆင့် ဖြန့်ဝေသော စွမ်းအားမြှင့်၏ ကြေညာချက်တွင် ပါရှိသည်။ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တရပ်တွင် အန်အယ်လ်ဒီ အဖွဲ့နှင့် လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး ကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးတို့ကို ဗုံးဖောက်ခွဲခဲ့သည်ဟု စွပ်စွဲ ပြောဆိုသွားသည်။

ဇူလိုင်လကတည်းက စစ်အစိုးရသည် အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူများအား ဖမ်းဆီး နှိမ်နင်း ထောင်ချမှုများ ပြုလုပ်နေသော်လည်း ပြည်တွင်းရှိ စစ်အုပ်စုအား ဆန့်ကျင်နေသူများ လျော့နည်း ပပျောက်သွားမည် မဟုတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲများ တစထက်တစ ပိုမို ပြင်းထန်လာစေလိမ့်မည်" ဟု စွမ်းအားမြှင့်၏ ကြေညာချက်တွင် ရေးသားထားသည်။

ယခု သတင်းပေးပို့ချိန်အထိ အီးမေးလ်သော် လည်းကောင်း၊ တယ်လီဖုံးဖြင့် သော်လည်းကောင်း ဆက်သွယ်၍ မရနိုင်ဘဲရှိသည့် စွမ်းအားမြင့်အဖွဲ့က ရွှေပြည်သာ ကြံ့ခိုင်ရေးရုံး ဗုံးဖောက်ခွဲမှုနှင့် ရန်ကုန်မြို့လယ်ရှိ အေဘီစီ စားသောက်ဆိုင်အနီး ဧပြီလ အတွင်းက ဖောက်ခွဲမှု လက်သည်မှာ သူတို့ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့ကလည်း ကြေညာခဲ့သည်။

ဖောက်ခွဲမှု နှစ်ရပ်လုံးတွင် လူအသေအပျောက် မရှိဘဲ မော်တော်ယာဉ်များနှင့် ပရိဘောဂများသာ ပျက်စီးခဲ့သည်။

ထိုအတောအတွင်း အတိုက်အခံ လှုပ်ရှားသူများကို စစ်အစိုးရက ဖြိုခွင်းမှုများ တိုးမြှင့် လုပ်ဆောင်လာနေရာ တင်္နလာနေ့က ရေနံချောင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးကို ဖမ်းဆီးပြီး မကြာသေးခင်က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းခဲ့သည်။

သို့ပေမယ့် နာရီ အနည်းငယ်အကြာ မေးမြန်းမှုပြုပြီး တက်ကြွ လှုပ်ရှားသူ ၄ ဦးစလုံးကို ပြန်လွှတ်ပေးခဲသည်။

စစ်ဆေးမေးမြန်း ခံရသူများတွင် ပါဝင်သူတဦး ဖြစ်သော ကိုသက်လွင်က မဇ္ဈိမသို့ ပြောကြားရာတွင် ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ် ရှိ၊ မရှိနှင့် နောက်ထပ် ဆန္ဒပြမှုများ ဆက်လုပ်ရန် ရှိ၊ မရှိ မေးမြန်း ခံခဲ့ရသည်ဟု ပြောကြားသည်။

လွန်ခဲ့သည့် နှစ်လအတွင်း လူဖမ်းပွဲကြီး တိုးမြှင့် လုပ်ဆောင်နေရာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သော လူထုအုံကြွမှုမျိုး မဖြစ်ပေါ်စေရန် အာဏာပိုင်များက ကြိုးစားနေကြောင်း စောင့်ကြည့် လေ့လာသူများက ပြောသည်။


လွတ်သွားခဲ့သော ငါးကြီးများ

အောင်ကျော် | စက်တင်ဘာ ၁၀၊ ၂၀၀၈
“လွတ်သော ငါးကြီးသည်” ဟု မြန်မာစကားရှိသလို “A bird in the hand is worth than two in the bush”ဟု အင်္ဂလိပ် စကားပုံ ရှိပါသည်။ ရလာသည့် အခွင့်အရေးကို အမိအရမဆုပ်ကိုင်နိုင်လိုက်၍ လက်လွတ်သွားလျှင် နောင်ခါကျမှ နောင်တ ရတတ်ပုံကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။

၁၉၈၈ အရေးအခင်းကာလက အစိုးရအာဏာစက် မသက်ရောက်တော့သည့်အချိန်၊ တပ်မတော်သားများ ဒီမိုကရေစီဖက်သို့ အလုံးအရင်းဖြင့် ကူးပြောင်းစပြုနေသည့်အချိန်မှာ အခွင့်ကောင်းယူ၍ ၀န်ကြီးချုပ်ဟောင်း ဦးနုက မိမိအာဏာကို ပြန်လည် ရယူလိုက်ကြောင်း ကြေငြာပေးခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးစာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။

အချိန်က ဒီမိုကရေစီဖက်သားတို့ အင်အားအကောင်းဆုံးအချိန်။ တပ်မတော်ကိုယ်တိုင် အခြေပျက်နေချိန်။ အစိုးရ မလှုပ် ရှားနိုင်တော့သည့်အချိန်။ တပ်မတော်သားများ ဘက်ပြောင်း ၀င်လာနေကြသည့်အချိန်။ သည်အချိန်မျိုးမှာ ဦးနုက ကြေငြာ ပေးခဲ့သည်မှာ အချိန်ကိုက် လှုပ်ရှားဆောင်ရွက်မှုပင် ဖြစ်သည်။

တကယ်ဆို ထိုအခွင့်ကောင်းကို လက်လွတ်မခံဘဲ အရယူလိုက်နိုင်ကြလျှင်၊ ဒီမိုကရေစီဖက်သားတို့ ကြားဖြတ်အစိုးရ ဖွဲ့နိုင် ကြမည်။ မိမိတို့လိုချင်သော ပန်းတိုင်အရောက် လှမ်းနိုင်ကြမည်။ တပ်မတော်သားများအဖို့လည်း ရွေးချယ်စရာလမ်း မရှိ တော့သည့်အတွက်ကို လာရောက်ပူးပေါင်းကြတော့မည်။

ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များက မည်သို့တုန့်ပြန်ခဲ့ကြပါသနည်း။ ဦးနုသည် အာဏာရူး ဖြစ်သည်။ ၎င်းအာဏာလိုချင် သဖြင့် စတန့်ထွင်ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထင်ရှားသော ခေါင်းဆောင် တစ်ယောက်ကဆိုလျှင် သည်လိုပွဲလန့် ဖျာခင်း ဒီမိုကရေစီမျိုး မလိုချင်ဟုပင် ပြောခဲ့သည်။ အချို့ကလည်း အစိုးရအဖွဲ့စာရင်းတွင် မိမိအမည်ပါလာပေမင့် မိမိဆန္ဒ မပါကြောင်း ထို့ကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။

အမှန်တော့ ဦးနုသည် အသက်ရှစ်ဆယ်ကျော်နေပြီ။ မိမိသိပ်မနေရတော့ဘူး ဆိုသည်ကိုလည်း သိသည်။ သို့ရာတွင် နောင်လာနောက်သားများအတွက် စစ်အစိုးရ၏ စစ်ဖိနပ်အောက်မှ အရဲစွန့်ကာ ဆွဲထုတ်ပေးဖို့ ကြိုးပမ်းသွားခြင်းကြောင်း မိမိလည်း အသက် ရှစ်ဆယ်ကျော်နေ၍ ကြာကြာမနေရတော့ မှန်းလည်း သိပါလိမ့်မည်။ အစိုးရ၏ အဖမ်းအဆီးသာခံရလျှင် သေဒဏ်ပေးခံရမည့် ပြစ်မှုကြီးဖြစ်သည်။ နောင်လာ နောက်သားတွေ ကောင်းစားရစ်ကြပါစေတော့ ဆိုသည့်စေတနာ။ ထိုစဉ်က နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်တိုင်းသိခဲ့ကြပါသည်။ အာဏာရယူပြီးလျှင် နိုင်ငံရေးခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ကြားဖြတ်အစိုးရ တစ်ခုဖွဲ့ပေးပြီး အနားယူရုံသာ။

အာဏာပြန်သိမ်းလိုက်ပြီဟု ကြေငြာခြင်းသည် နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကြီးဖြစ်ကြောင်း ကိုယ်တိုင် ၀န်ကြီးချုပ် လုပ်သက်ရင့်နေသူ တစ်ဦးအနေဖြင့် သိပါလိမ့်မည်။ တကယ်တော့ ဦးနုက မိမိအသက်နှင့် လောင်းကြေး ထပ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

အားနည်းချက်တစ်ခုဘဲ ရှိသွားသည်။ မိမိ အာဏာပြန်သိမ်းမည့်အကြောင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဖွင့်ဟတိုင်ပင် နိုင်ခြင်း မရှိခဲ့ခြင်းပင်။ စဉ်းစားကြည့်ပါ။ ဥပဒေကြောင်းအရ အကြီးဆုံး ပြစ်မှုကြီးကို ကျူးလွန်ရတော့မည့် အနေအထား၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့် ကိစ္စကြီးမှာ မည်သူ့ကိုမျှယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်၍ မရကောင်းမှန်း အများ သိကြပါလိမ့်မည်။

အကယ်၍သာ ထိုစဉ်က ဒီမိုကရေစီ ဖက်တော်သားအားလုံးက သဘောပေါက်ပြီး စုစည်းညီညွတ်စွာ ၀ိုင်းရံပေးလိုက်ကြမည် ဆိုပါလျှင်၊ ကျွန်တော်တို့တစ်တွေ လွန်ခဲ့သည့် အနှစ်နှစ်ဆယ် အချိန်ကတည်းက ဒီမိုကရေစီ ရနေလောက်ပြီ။

အခုတော့ ပွဲလန့်ဖျာခင်း ဒီမိုကရေစီ မလိုချင်သူလည်း နေအိမ်အကျယ်ချုပ်ဖြင့်။ ဦးနုအာဏာရူးတာပါ ဆိုသူလည်း ပြည်ပ မှာဘဲ အရိုးထုတ်ရတော့မည်။ သူတပါးကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်နေပြီး နိုင်ငံရေးပါး မ၀ခြင်းကိုသာ အားမလိုအားမရ ဖြစ်မိပါသည်။ ဒါက ပထမဆုံး လွတ်ထွက်သွားသည့် အခွင့်အလမ်း။

ဒုတိယကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံရစဉ်က။ စစ်အစိုးရသည် တရားဝင် အစိုးရမဟုတ် ကြောင်း။ မိမိတို့သာ အရွေးကောက်ခံ ပြည်သူ့ကိုယ်စားလည်များ ဖြစ်ကြောင်း၊ နိုင်ငံတကာကသိအောင် မလုပ်နိုင်ခဲ့ကြခြင်း က ဒုတိယလက်လွတ်ခံလိုက်ရသည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုစဉ်က စစ်အစိုးရ၏နောက်တွင် ရပ်တည်ပေးမည့် နိုင်ငံမရှိသေး။

NCGUB ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သိုရာတွင် စစ်အစိုးရကို တရားမ၀င်အစိုးရအဖြစ် ဘယ်သော အခါကမျှ မကြေငြာနိုင်ခဲ့ပါ။ ကုလသမဂ္ဂ စင်မြင့်မှလည်း မောင်းမထုတ်နိုင်ခဲ့ကြပါ။ အဆိုးဆုံးက မိမိမှာ ဘာကျောထောက် နောက်ခံမှ မရှိပါဘဲလျှက် “အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းရေး”၊ “နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း နည်းဖြင့် ဖြေရှင်းရေး” ပေါ်လစီများ ချမှတ်လာခြင်းဖြစ်ပါသည်။ ၎င်းနှစ်နည်စလုံးမှာ နိုင်ငံရေးလောကတွင် အလွန်အရသာ ရှိလှသော ပြော၍အကောင်းဆုံးသော စကားလုံးများဖြစ်ပေမည့် လုံးဝအသုံးမ၀င်ချေ။

အကြမ်းမဖက်သောနည်းကို နောက်ထောက် ကျောခံရှိထားမှသာ သုံးရန်သင့်ပါသည်။ အိန္ဒိယတွင် မဟတ္တမဂန္ဓီကြီး၊ တောင်အာဖရိကတွင် နယ်လဆင်မင်ဒဲလားတို့ ကျင့်သုံးအောင်မြင်ခဲ့ကြသည် မှန်ပါသည်။ မဟတ္တမဂန္ဓီကြီး၏ နောက်တွင် တက်ကြွစွာ ထောက်ခံနေကြသော သူပြောသည့်အတိုင်း လိုက်လုပ်နေကြသော အိန္ဒိယပြည်သူများ ရှိကြပါသည်။ နယ်လဆင်မင်ဒဲလား၏နောက်တွင် အင်အားကြီးသော ANC အာဖရိက အမျိုးသားကွန်ဂရက်ကြီး ရှိနေပါသည်။ ထိုအင်အား စုများ၏ ဆန့်ကျင်မှုကိုမခံနိုင်တော့၍ အပြောင်းအလဲ လုပ်ပေးလာရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့မှာ ထိုအင်အားမျိုး မရှိဟုဆိုရပါမည်။ ထိုသို့မရှိရသည့်အထဲက တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရအငြိုငြင် မခံလို၍ ကိုယ့်ဖက်က နစ်နာနေရသည်ကိုပင် ထုတ်မပြောရဲသည့်ဘ၀။ နောက်ဆုံး ဒီပဲယင်းမှာ လုပ်ကြံခံလိုက်ရသည်ကိုပင် အရိုက်ခံရသူတရားလိုကို နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်ပြောင်တင်းတင်း ချုပ်နှောင်ခံရသည့်ဘ၀ ဆိုက်နေပါပြီ။

ကဲ … တွေ့ဆုံဆွေးနွေးရေးဆိုတာကြီးကကော အလုပ်ဖြစ်ပါ့မလား။ လက်ရှိအစိုးရသည် မည်သူ အသိအမှတ်ပြုပြု မပြုပြု စင်မြင့်ပေါ်ရောက်နေပါပြီ။ ရာဇပလ္လင်ပေါ်ရောက်လို့မှ အနှစ်နှစ်ဆယ် ကျော်နေပါပြီ။ ကိုယ့်ကိုယ်ကိုတောင် ဘုရင်ဟုပင် အထင်ရောက်နေပါပြီ။ စစ်တပ်ကို ကြိုက်သလို အမိန့်ပေးခိုင်းနိုင်နေပါပြီ။ တက်ကြွသည့် နိုင်ငံရေးအတိုက်အခံများ အားလုံး နီးပါး ထောင်ထဲထည့်ထားနိုင်ပါပြီ။ သူတို့အလိုကျ အခြေခံဥပဒေကိုပင် ပြဌာန်းနိုင်နေပြီ။

အခုကာမှ တိုင်းပြည်ရှေ့ရေး ဆွေးနွေးချင်လို့ပါဆိုလျှင်၊ ဘာအကြောင်းနှင့် ဆွေးနွေးဖို့လိုနေပါသေးသနည်း။ ဆွေးနွေးမည် ဆိုကတည်းက သူတို့မှာ အားနည်းချက်ရှိလို့ဟု စွပ်စွဲရာရောက်ပေမည်။ သူတို့ရဲ့ Road Map ခုနစ်ချက်တွင် တွေ့ဆုံ ဆွေးနွေးရေးမပါပါ။

သူကြီးရေ့ … ခင်ဗျားလုပ်နေပုံတွေ ဟန်မကျလို့ ကျုပ်တို့နဲ့ဆွေးနွေးရအောင် ပလ္လင်ပေါ်ကနေ ဖျာပေါ်ဆင်းခဲ့ပါဟု ပြောနေ သယောင်ပင်။ ကိုယ်တိုင် သူကြီးဖြစ်နေယင်ကော အဲသလို အပြောခံနိုင်ကြပါ့မလား။ ကဲ … သဘောကောင်းလို့ လိုက်လျော ပြီး ဆွေးနွေးပါမယ်တဲ့။ လက်ရှိအားဖြင့် သူက ဆင်ပေါ်ကလူ။ သူမကြိုက်လို့ မဆွေးနွေးဘူးဆိုတော့ကော ဘာတတ်နိုင်ကြ ပါမည်နည်း။ ဦးနေ၀င်းလက်ထက်က တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့တာကို ပြန်ပြီး သင်ခန်းစာ ယူကြစေချင်ပါသည်။ သူက အာဏာရှိထားသူဆိုတော့ သူမဆွေးနွေးဘူးဆိုတာနဲ့ ဆွေးနွေးပွဲပျက်ခဲ့သည်။

အဲသည့်အချိန်ကျမှ ပြန်တိုက်ကြဖို့ဆိုတော့ အရမ်းကိုနောက်ကျသွားပြီ။ တွေ့ဆုံဆွေးနွေးချင်လျှင် ကိုယ်အာဏာရအောင် အရင်လုပ်မှဖြစ်မှာပါ။ သည်လိုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီကြီး ပျောက်ကွယ်သွားခဲ့ရပြီ။ ငြိမ်းချမ်းရေးအဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပျောက်ကွယ်ကြရတော့မည်။

အခုကော … ၁၉၉၀ ရွေးကောက်ပွဲပြီးစက မြေပေါ်မှာဆိုလည်း အားလုံးက မခံချင်စိတ်တွေနှင့် တင်းနေကြသည်။ တပ်မတော်အတွင်းကကို NLD ကို အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။ မြေအောက်မှာကျ ABSDF ကျောင်းသားတပ် မတော်ကြီး ရှိနေပြီ။ ပြည်ပမှာလဲ အဝေးရောက် အစိုးရအဖွဲ့နဲ့ဘာနဲ့။ ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ အားကလည်းရှိသေးသည်။ ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်းပဲ လိုအပ်ခဲ့သည်။

သည်တုန်းက ဦးကြည်မောင်က တင်ပြခဲ့ဖူးသည်။ တဖက်က တွေ့ဆုံဆွေးနွေးရေးလုပ်သလို၊ တစ်ဖက်ကလည်း ကိုယ်ပိုင် အင်အား ထူထောင်ထားဖို့။ ဦးကြည်မောင်ဆိုသည်က နှယ်နှယ်ရရ မဟုတ်။ စစ်ရေးရော နိုင်ငံရေးအမြင်ပါရှိသူ။ နိုင်ငံရေးပါး ၀သူ။ ဗိုလ်အောင်ကျော် အရိုက်ခံရ၍ လဲကျသွားချိန်က အလံလဲကျမသွားအောင် ရှေ့ဆုံးက ဆက်လက်တာဝန်ယူ ဦးဆောင် ချီတက်ခဲ့သူ။ ကျောင်းသားခေါင်းဆောင်ဟောင်း။ ဦးကြည်မောင် တင်ပြချက်ကို လက်မခံခဲ့။ နောက်ဆုံးတော့ ဦးကြည်မောင်သာ NLD ကို ကျောခိုင်းသွားခဲ့ရသည်။

ကဲ … အခုတော့ ဘာကျောထောက်နောက်ခံမှမရှိဘဲ ဘယ်လိုလုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ကြမှာလဲ။ ဘယ်သူက အရေးလုပ် နားထောင်နေမှာလဲ။ ကျောင်းသားတပ်မတော်ကို အင်အားမဖြည့်လိုက်နိုင်တော့ စစ်တပ်က သဘောကျပေါ့။ သူ့အင်အားကို ရသမျှချဲ့ပစ်လိုက်သည်။ သည်လိုနှင့် ကျောင်းသားတပ်မတော် ပျောက်ကွယ်သွားရတော့မည်။

တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ တစ်ဖက်သား မလိုက်လျောသေးသမျှ ဘာမှလုပ်မရ ဖြစ်သွားတတ်ပါသည်။ နိုင်ငံရေး အခွင့်အလမ်းအားလုံး ပိတ်ဆို့သွားတတ်ပါသည်။ အခုလဲကြည့်ပါ။ တွေ့ဆုံဆွေးနွေးရေး Stake က နအဖလက်ထဲမှာ။ NLD အဖို့ နအဖ၏ အရိပ်အကဲကိုပဲ စောင့်မျှော်နေရသည့်ဘ၀ ရောက်နေပါပြီ။

အင်အားကြီးနိုင်ငံများကထိပ်ဆုံးကသမတကြီးတွေကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီပံ့ပိုးပေးချင်တာတောင် “တွေ့ဆုံဆွေးနွေးရေး” လုပ်ချင်နေကြတာမို့ ဘယ်ကစလို့ ဘာကူညီရမှန်းမသိ ဖြစ်နေကြပြီလေ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဂန်ဘာရီလည်း မတတ်နိုင်ပါ။ ဘန်ကီးမွန်းလည်း မတတ်နိုင်ပါ။ နအဖ စိတ်မပါသေးသ၍ ခံပေဦးတော့ နှစ်ပေါင်းများစွာ။ အဲ … တိုင်းပြည်ပျက်တော့မည်ဆိုလျှင်တော့ ဒရောသောပါး ဆွေးနွေးနိုင်ဖို့ ကြိုးစားလာကြပါလိမ့်မည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်ဘာလုပ်ခဲ့ပါသနည်း။ ဖက်ဆစ်တွေကို ဘယ်လိုမောင်းထုတ်နိုင်ခဲ့ပါသနည်း။ ရှေ့သွားလမ်းပြရှိပြီးသားပါ။ ဘာဖြစ်လို့ သည်လမ်းမရွေးခဲ့ကြပါသနည်း။ ပြည်တွင်းစစ် ဖြစ်မှာစိုးလို့ဟု အကြောင်းပြကြ သည်။ ယခုအခြေအနေက ပြည်တွင်းစစ်ဖြစ်သည်ထက် ပိုဆိုးနေသည်။ ပြည်သူတွေအဖြစ်က ရေထဲထည့်ပြီးမှ မီးတိုက် သတ်ခံရသည့် ငါးကလေးတွေလို ဖြစ်နေသည်။ ရေပူမှာသာ ထည့်ခံရလျှင် ချက်ချင်း ခုန်ထွက်နိုင်မှာဖြစ်ပေမည့် ရေအေး ထဲမှာဆိုတော့ ပူလို့ ပူမှန်းမသိ။ တဖြည်းဖြည်းချင်းမှ ရေဆူပွက်သည့်ဒဏ်ကို တမြေ့မြေ့ခံစားရပြီး ဘ၀အဆုံးခံရမလို ဖြစ်နေကြပြီ။

သနားစရာ အကောင်းဆုံးကတော့ ခေါင်းဆောင်ကြီးတွေကို ယုံကြည်အားထားပြီး စွန့်လွှတ်စွန့်စား ကြိုးစားအားထုတ်ခဲ့ကြ ရတဲ့ ရဲဘော်များ ထောင်ထဲမှာပဲ အရိုးထုတ်ကြရတော့မယ့် အနေအထားပါ။ ကျွန်တော်တို့ ဘာများလုပ်ပေးနိုင်ကြပါသနည်း။ ခုပုံအတိုင်း သွားနေလို့ကတော့ ခေါင်းဆောင်ကြီးတွေမပြောနှင့် ကျွန်တော်တို့တွေ မသေခင်တောင် ဒီမိုကရေစီဆိုတာကြီး မြင်မှ သွားကြရပါ့မလားဗျာတို့ … ။ ။

စာရေးသူသည် မြန်မာပြည်တွင်းရှိ ဧရာဝတီ စာဖတ်ပရိသတ်တဦး ဖြစ်သည်။